← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အပိုင်း ( 439 )

အလယ်အလတ် စတုတ္ထအဆင့် ၃

အသားအပိုင်းတစ်စက အစာအိမ်အတွင်းသို့ ရောက်ရှိသွားခဲ့သည့်နောက်တွင် ၎င်းသည် အားကောင်း၊ သန့်စင်သော စွမ်းအင်များအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

“ ဝုန်းးး “

နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ အောက်ဘက်သို့ ပျံ့လွင့်သွားကာ မိုင်၁၀၀ တစ်ဝိုက်ရှိ မြေပြင်ကို အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။

“ ဒီစွမ်းအင်က …… “ နဂါးသားရဲကြီးသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ တော်တော်ကြီးကို ပြင်းထန်တာပဲ “

အဆိုပါ အသားတစ်ကိုက်တွင် ပါဝင်နေသည့် အာဟာရဓာတ်သည် အဆင့်မြင့်နှင့် အလယ်အလတ် အစစ်အမှန် နတ်သားရဲတို့၏ အသားများထပ် အနည်းဆုံးအနေဖြင့် အဆ၁၀၀အထိ ပိုမိုများပြား ကြွယ်ဝနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် ၎င်းက မည်မျှ ဝါးရခက်လဲဆိုသည်ကိုပင် ဂရုမစိုက်တော့ဘဲ၊ အားကုန်သုံး၍ ကိုက်ဝါးနေတော့သည်။

“ ဂျွတ် ဂျွတ် “

နာရီဝက်အကြာတွင်

နဂါးသားရဲကြီး၏ စားသောက်မှု ပြီးဆုံးသွားခဲ့သည်။

“ ဂျွီ ဂျွီ “

သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကြွက်သားများသည် သာမန်မျက်လုံးများဖြင့် မြင်နိုင်သော အမြန်နှုန်းမျိုးဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသားရဲကြီး၏ အရွယ်အစားသည် လုံးလုံးလျားလျား ကြီးထွားလာခဲ့သည်။

ထိုစဥ် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ ကွဲထွက်သွားပြီး၊ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ဆယ်မိနစ်ကြာခဲ့ပြီးသည့်နောက်တွင် ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ လှုပ်ခတ်မှုများသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

အဆင့် : ပဥ္စမအဆင့် အဆင့်၇ ( ၃၀% )

အသားတင် အလေးချိန် : ၂၀၄၀၂၈.၅ ကီလိုဂရမ်

“ အဆင့်၇အထိ ရောက်သွားတယ် …. “ နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ပဥ္စမအဆင့် အဆင့်၇သို့ ရောက်ရှိသွားခြင်းသည် နှောင်းပိုင်း ပဥ္စမအဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ပဥ္စမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် အဆင့်သေးတစ်ခု ချိုးဖျက်ခြင်းကပင် ကြီးမားသော တိုးတက်မှုတစ်ခုဖြစ်နေခဲ့သည်။ ဤအစားတစ်နပ်သည် နဂါးသားရဲကြီးအား သိသာထင်ရှားသော အကျိုးအမြတ်များကို ရရှိသွားစေခဲ့သည်။

သို့သော် ယခုလက်ရှိ အချိန်၌ နဂါးသားရဲကြီးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အပြောင်းအလဲများကို စစ်ဆေးကြည့်ရှုရန် အချိန်မရှိပေ။

“ မူလကိုယ်ကလည်း သိသိသာသာ တိုးတက်သွားလောက်ပါတယ် “

…

ကိုယ်ပွား၏ စားသောက်မှုပြီးဆုံးသွားခြင်းနှင့်အတူ ရှုကျိုး၏ခန္ဓာကိုယ်မှာလည်း ရုတ်တရက် တုန်ခါသွားခဲ့သည်။

“ လာပြီပဲ “

သူသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် ဆူနာမီကဲ့သို့သော စွမ်းအင်များကို ခံစားမိသွားခဲ့သည်။

၎င်းသည် သူ၏မရီဒန်နှင့် သွေးကြောများအနှံ့ ပျံ့လွင့်သွားကာ၊ ကလီစာငါးခုထဲသို့ တိုးဝင်သွားခဲ့သည်။

“ ကိုယ်ပွားက ကလီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို ထောက်ပံ့ပေးနေတာပဲ၊ အဲ့တာက ငါ့ကလီစာငါးခုရဲ့ ဆင့်ကဲပြောင်းလဲမှုကို အရှိန်မြှင့်ပေးနေတာပဲ “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောနေတော့သည်။

စတုတ္ထအဆင့်နယ်ပယ်၏ ကျင့်ကြံရေးသည် ကလီစာငါးခုကို ကျင့်ကြံခြင်းထပ် ၎င်းတို့ကို တိုးတက်ပြောင်းလဲအောင် ပြုလုပ်ရခြင်း ဖြစ်သည်။

အစောပိုင်းမှ အလယ်အလတ်အဆင့်အထိ၊ ထို့နောက်တွင် နှောင်းပိုင်းနှင့် အထွတ်အထိပ်အဆင့်၊ နယ်ပယ်သေးတစ်ခုချင်းစီတိုင်း၏ အဆင့်ထိုးဖောက်မှုတိုင်းသည် ပြောင်းလဲမှုတစ်ခုဖြစ်သည်။

စတုတ္ထအဆင့်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းသည် ကလီစာငါးခုက လုံးဝပြောင်းလဲသွားပြီး၊ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ညွှန်းဆိုနေခြင်းဖြစ်သည်။

၎င်းသည် ကလီစာငါးခု နတ်သန္ဓေသား ဖွဲ့တည်ရန် ကြိုတင်ပြင်ဆင်ခြင်းလည်း ဖြစ်သည်။

ကလီစာငါးခုကို အပြည့်အဝ ပြောင်းလဲတိုးတက်စေနိုင်မှသာလျှင် ကလီစာငါးခု နတ်သန္ဓေသားကို ကျင့်ကြံနိုင်မည်ဖြစ်သည်။

…

ထိုအချိန်တွင် ကိုယ်ပွားထံမှ ကလီစာငါးခု လျှို့ဝှက်စွမ်းအားက အဆက်မပြတ် တိုးဝင်လာနေခဲ့ပြီး၊ ရှုကျိုး၏ နှလုံးမှာလည်း စတင်၍ ပြောင်းလဲလာခဲ့သည်။

“ ဗွီ “

ကြက်သွေးရောင် အလင်းတန်းသည် နှလုံးအတွင်းတွင် ပေါ်လာခဲ့ပြီး၊ ၎င်းကို ဖုံးလွှမ်းသွားခဲ့သည်။

ထပ်

ရုတ်တရက်ဆိုသလိုပင် နှလုံးခုန်သံ ရပ်တန့်သွားခဲ့သည်။

၎င်းသည် ပြီးပြည့်စုံစွာ အသွင်ပြောင်းသွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ပုံမှန်အားဖြင့် သာမန်လူတစ်ဦးအတွက် နှလုံးခုန်ခြင်း ရပ်တန့်သွားသည်ဆိုသည်မှာ ထိုလူသေသွားပြီဟု ဆိုလိုနေခြင်းဖြစ်ပြီး လူအများစုသည် ၎င်းကို အချိန်အတော်ကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။

သို့သော် စတုတ္ထအဆင့် ပညာရှင်တစ်ဦးအတွက်မူ နှလုံးက ခေတ္တခဏရပ်တန့်သွားမည်ဆိုလျှင်တောင်မှ မည်သည့်ပြဿနာမှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် အဆိုဖြစ်စဥ်သည် အလွန်ကြာရှည်၍ မရဘဲ အများဆုံးအနေဖြင့် ဆယ်မိနစ်မျှသာ ရှိရမည် ဖြစ်သည်။

ထို့ကြောင့် နှလုံးဆင့်ကဲပြောင်းလဲမှုသည် အလွန်တရာ ခက်ခဲနေခဲ့ပြီး၊ များသောအားဖြင့် အခက်အခဲ ဒါဇင်နှင့်ချီ၍၊ ရာနှင့်ချီ၍ပင် ရင်ဆိုင်ရနိုင်ပေသည်။

သို့သော် ရှုကျိုးကမူ လုံးဝကွဲပြားနေခဲ့သည်၊ ကိုယ်ပွား၏ ကလီစာငါးခု လျှို့ဝှက်စွမ်းအား ထောက်ပံ့မှုကြောင့် နှေးကွေးသော အဆိုပါဖြစ်စဥ်သည် အလွန်တရာ မြန်ဆန်သွားခဲ့သည်။

ဆယ်မိနစ်၊ မိနစ် ၂၀၊ နာရီဝက် ….

နာရီဝက်အကြာတွင်

“ ဒုတ် “

ကျယ်လောင်ကာ အားကောင်းသော နှလုံးခုန်သံတစ်သံသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊ အဆိုပါ အသံသည် များပြားကြွယ်ဝလှသော အသက်ဓာတ်များနှင့် စွမ်းအင်များ ပြည့်နှက်နေလျက်ရှိပြီး၊ ကမ္ဘာမြေ၏ နှလုံးသား ခုန်လှုပ်နေသည့်အလား မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားခဲ့သည်။

နှလုံးဆင့်ကဲပြောင်းလဲခြင်း အောင်မြင်သွားခဲ့လေပြီ

ရှုကျိုးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလာခဲ့သည် “ အလယ်အလတ် အဆင့်၄၊ အောင်မြင်ပြီ “

………………………………………………………………………………………………………………………………………….

အပိုင်း ( 440 )

အင်တာနက်ပေါ်မှ လူထုအထင်အမြင်များ

အလယ်အလတ် စတုတ္ထအဆင့်၊ နှလုံးအသွင်ပြောင်းလဲခြင်း။

နှောင်းပိုင်း စတုတ္ထအဆင့်၊ သရက်ရွက်နှင့် အဆုတ်များ အသွင်ပြောင်းလဲခြင်း။

စတုတ္ထအဆင့် အထွတ်အထိပ်၊ ကျောက်ကပ်များနှင့် အသည်း အသွင်ပြောင်းလဲခြင်း။

ယခုတွင် ရှုကျိုးသည် ပထမဦးဆုံး ပြောင်းလဲမှုကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကာ၊ အလယ်အလတ် စတုတ္ထအဆင့်သို့ အောင်မြင်စွာတက်လှမ်းလာနိုင်ခဲ့သည်။

နှလုံးအသွင်ပြောင်းလဲခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များသည် သိသာထင်ရှားလွန်းနေခဲ့သည်။

ခန္ဓာကိုယ်၏ ခွန်အား မြင့်တက်သွားခြင်းအပြင် နှလုံးအသွင်ပြောင်းလဲခြင်းသည် ချီ-သွေးကိုပါ တိုးတက်သွားစေခဲ့သည်။

အချိန်တိုအတွင်းမှာပင် ရှုကျိုး၏ ချီ-သွေးသည် ၂၀%အထိ တိုးတက်လာခဲ့သည်။

၂၀%ဆိုသည့် ပမာဏကို အထင်မသေးသင့်ပေ။ ယခုတွင် ရှုကျိုး၏ ချီ-သွေးက ကယ်လိုရီ တစ်သိန်းဆိုသည့် ပမာဏနှင့် နီးကပ်နေပြီဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။ ထိုကဲ့သို့သော အခြေခံအုတ်မြစ်နှင့်ဆိုပါက ၁%တိုးတက်လာခြင်းကပင် ကြောက်မက်ဖွယ်ကောင်းနေမည်ဖြစ်ပြီး၊ ၂၀%ဆိုပါက ပြောရန်ပင် မလိုတော့ချေ။

“ ချီ-သွေးအပြင် ငါ့နှလုံးရဲ့ လျှို့ဝှက်စွမ်းအားကလည်း နည်းနည်းလေးပြောင်းလဲသွားတဲ့ပုံပဲ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

နှလုံးတံခါးပေါက်အတွင်းတွင် အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများသည် မီးနတ်စွမ်းရည်ကို ဖုံးလွှမ်းနေလျက်ရှိသည်။

နှလုံးအသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားသည့်နောက်တွင် အဆိုပါ နှလုံးလျှို့ဝှက်စွမ်းအား၏ အားဖြည့်ပေးခြင်း အကျိုးသက်ရောက်မှုသည် ပိုမိုအားကောင်းလာခဲ့သည်။

၎င်း၏ အားဖြည့်ပေးမှုအောက်တွင် နီရဲရဲ မီးလျှံသည် ပိုမိုတောက်ပလာခဲ့သည်။

“ ဝှစ် “

ရှုကျိုးမှ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ၊ နီရဲရဲ မီဘောလုံးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းသည် မီးတာအို၏ အံ့ဖွယ်ကောင်းသော လှိုင်းလုံးများကို ထုတ်လွှတ်နေခဲ့သည်။

“ ဒီဟာက …… “ ရှုကျိုးသည် ၎င်းကို ဂရုတစိုက် အာရုံခံကြည့်ရှုနေခဲ့ပြီး၊ တစ်ခဏအကြာတွင် တအံ့တဩဖြစ်သွားခဲ့သည် “ အနိမ့်ဆုံးအနေနဲ့ အရင်ကထက် ၃၀%တောင် ပိုပြီးတော့ အားကောင်းလာတယ်ပေါ့ “

နှလုံးအသွင်ပြောင်းလဲခြင်းသည် မီးနတ်စွမ်းရည်ကိုလည်း အားဖြည့်ပေးခဲ့လေသည်။

၎င်းသည် တစ်ခြားသော ကလီစာလေးခု၏ အသွင်းပြောင်းလဲမှုများက သူတို့၏ သက်ဆိုင်ရာ နတ်စွမ်းရည်များကို အဆင့်မြှင့်တင်ပေးမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည့် အချိန်တွင်၊ ရှုကျိုး၏ နတ်စွမ်းရည် ငါးခုစလုံးသည် သိသိသာသာ တိုးတက်သွားမည် ဖြစ်သည်။

“ ကလီစာငါးခု အသွင်ပြောင်းတာက အကျိုးအမြတ် ဒီလောက်ရလာလိမ့်လို့ ငါမထင်ထားခဲ့မိဘူး “

ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ ပြုံးစိစိ ဖြစ်သွားခဲ့သည်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ တတိယအဆင့်နယ်ပယ်မှာပင် နတ်စွမ်းရည်များ ဖွဲ့စည်းခဲ့သောကြောင့် ဖြစ်သည်။

တစ်ခြားလူများကမူ ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

“ လာမဲ့ရက်တွေမှာတော့ အဆင့်၄ နှောင်းပိုင်းကို ရောက်ဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်နေရမယ် “

ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည် “ ကိုယ်ပွား အခုလက်ရှိ တိုးတက်မှုအမြန်နှုန်းအရဆိုရင် အဆင့်၄ နှောင်းပိုင်းကို ရောက်ဖို့က သိပ်မကြာလောက်ပါဘူးလေ “

“ ပြီးတော့ ဒီကာလအတွင်းမှာ ငါ့ရဲ့တိုက်ခိုက်ရေး စွမ်းအား တိုးတက်လာအောင် လေ့ကျင့်ရမယ် “

“ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းနဲ့ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းတွေကိုလည်း အဆင့်၉ ပြီးပြည့်စုံခြင်းအဆင့်အထိရောက်အောင် လေ့ကျင့်ရမယ်။ ပြီးတော့ လူနဲ့ဓားတစ်သားတည်းဖြစ်တာရဲ့ နယ်ပယ်ကိုလည်း ဆက်တိုက်တိုးတက်အောင် လုပ်ရမယ် “

လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်းအား တုတ်ချောင်းကို ဓားအဖြစ် အသုံးပြုခြင်း၊ လက်ကို ဓားအဖြစ်သုံးခြင်း၊ အမွှေးအမျှင်များကို ဓားအဖြစ်သုံးခြင်းနှင့် အရာအားလုံးကို ဓားအဖြစ်သုံးခြင်း စသည်ဖြင့် အနိမ့်မှ အမြင့်အထိ၊ အဆင့်လေးဆင့်တိတိ ခွဲခြားထားခဲ့သည်။

နောက်ဆုံး အရာအားလုံးကို ဓားအဖြစ်သုံးခြင်းနယ်ပယ်အထိ ရောက်ရှိလာခဲ့ပါက လေထုကိုပင် နတ်ဓားတစ်လက်အဖြစ် သိပ်သည်းကာ အရာအားလုံးကို ဖြတ်တောက်နိုင်မည် ဖြစ်သည်။

အကယ်၍ ဟင်းလင်းပြင် ဖြတ်တောက်ခြင်းစွမ်းရည်နှင့် ပေါင်းစည်းလိုက်မည်ဆိုပါက၊ ၎င်း၏စွမ်းအားသည် အဆင့်မြင့် ပညာရှင်တစ်ဦးကိုပင် ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။

သို့ရာတွင် အဆိုပါ အဆင့်တစ်ဆင့်ချင်းစီတိုင်း၏ ကြားအတွင်းရှိ ကွာဟချက်သည် ချောက်နက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ရှုကျိုးသည် ယခုလက်ရှိ အချိန်တွင် လက်ကို ဓားအဖြစ်သုံးခြင်းနယ်ပယ်အထိသာ ရောက်ရှိသေးသည်၊ နောက်တစ်ဆင့်သို့ ရောက်ရှိရန်မှာ များစွာကြိုးစားအားထုတ်ရဦးမည် ဖြစ်သည်။

“ ပြီးတော့၊ ဒီနတ်လက်နက်ကိုလည်း အားဖြည့်ပေးရဦးမယ် “

ရှုကျိုးသည် မာစတာအဆင့် နတ်လက်နက်ဖြစ်သည့် နဂါးမီလျှံ ဆေဘာကို ထုတ်ယူလိုက်သည်။ အသစ်စက်စက် နတ်လက်နက်ဖြစ်သော်လည်း ၎င်း၏စွမ်းအားသည် အလွန်တရာ အစွမ်းထက်နေခဲ့သည်။

၎င်း၏စွမ်းအား ကြီးမားလာရန်အတွက် စဥ်ဆက်မပြတ် အားဖြည့်ပေးနေရမည် ဖြစ်သည်။

အသစ်စက်စက် နတ်လက်နက်အကုန်လုံးသည် ကြီးထားမှု အမျိုးအစားဖြစ်ပြီး၊ လုံလောက်စွာ အားဖြည့်ပြီးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာမြေကို ဖြိုခွင်းနိုင်သည့် စွမ်းအားမျိုး ထုတ်လွှတ်လာနိုင်မည် ဖြစ်သည်။

ရှုကျိုး၏ နဂါးမီလျှံ ဆေဘာကမူ ဖွံ့ဖြိုးစဲအခြေအနေတွင်သာ ရှိနေသေးပြီး၊ ကြီးထွားလာရန်အတွက် ချီ-သွေးစွမ်းအင်ဖြင့် ဆက်လက်အားဖြည့်ပေးရမည် ဖြစ်သည်။

“ ကြည့်ရတာတော့ ငါ့ဆီမှာ လုပ်စရာတွေ အများကြီး ရှိနေတဲ့ပုံပဲ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်ရှရှရှူသွင်းကာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

ထို့အပြင် လနတ်ဘုရားဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ရှောင်ရှားရန်အတွက် သူသည် လာမည့်ရက်များအတွင်းတွင် သိုသိုသိပ်သိပ်သာ နေတော့မည် ဖြစ်သည်။

သူသည် ကျောင်းထဲတွင်သာ တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်နေရန် ဆုံးဖြတ်လိုက်သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

ရှုကျိုးကမူ သူစီစဥ်ထားခဲ့သည့်အတိုင်းပင် ကျောင်းထဲတွင်သာ နေနေခဲ့ပြီး အပြင်ဘက်သို့ ခြေတစ်လှမ်းပင် မချခဲ့ချေ။

သူ၏ခွန်အားသည် မည်သူမျှ မထင်မှတ်ထားသော အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။

ဤရက်ပိုင်းအတွင်းတွင် ဖြစ်ရပ်တစ်ခုသည် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့သည်။

…

ရန်ပြည်ထောင်၊ အရှေ့ပိုင်းပြည်နယ် ရုပ်မြင်သံကြားဌာန

“ ပြည်နယ်သတင်းပေးပို့ချက်အရ လျူမိသားစုသည် တိုက်ခိုက်မှုကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပါသည်၊ အမည်မသိ အလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ဦးသည် လျူမိသားစု၏ ဘိုးဘေးခန်းမအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး၊ အဆင့်၅ ပညာရှင်တစ်ဦးနှင့် အဆင့်၄ ပညာရှင်သုံးဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကာ၊ လျူမိသားစု၏ ဘိုးဘေးခန်းမကို ဖောက်ခွဲ၍ ပြန်ထွက်သွားခဲ့ပါသည် “

အစီအစဥ်တင်ဆက်သူသည် တီဗီအရှေ့တွင် နောက်ဆုံးရ သတင်းများကို စီစဥ်တင်ဆက်ပေးနေခဲ့သည်။

စကားပြောနေရင်းဖြင့် သူမ၏နောက်ဘက်တွင် ဗီဒီယိုတစ်ပုဒ်ကို ထုတ်လွှင့်ပြသထားခဲ့သည်။

ဗီဒီယိုထဲတွင် မျက်နှာဖုံးဝတ်ထားသည့် ပုံရိပ်တစ်ခုသည် လျူမိသားစု ဘိုးဘေးခန်းမအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး၊ မီးနှင့် မြေတာအို နတ်စွမ်းရည်များကို ထုတ်လွှတ်ကာ ခန်းမတစ်ခုလုံးကို ဖောက်ခွဲနေခဲ့သည်။

ဝင်ရောက်စွက်ဖက်လာကြသော လျူမိသားစု၏ သိုင်းပညာရှင် အနည်းငယ်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်၊ လျူမိသားစု၏ အဆင့်မြင့် ပညာရှင်များ မရောက်လာခင် အချိန်တွင် ထိုလူသည် အလောတကြီး ထွက်ပြေးသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါ၌ အစီအစဥ်တင်ဆက်သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

လျူမိသားစုသည် အရှေ့ပိုင်းပြည်နယ်၏ မိသားစုကြီးတစ်ခုဖြစ်သည်။

တစ်နည်းဆိုရသော် သူတို့သည် ထိုဒေသ/ပြည်နယ် အစိုးရထပ်ပင် ပို၍ဩဇာအာဏာ ရှိနေခဲ့သည်။

ယနေ့တွင် လျူမိသားစု၏ ဘိုးဘေးခန်းမ တိုက်ခိုက်ခံခဲ့ရပြီး၊ လျူမိသားစု၏ သိုင်းပညာရှင်များစွာ သတ်ဖြတ်ခံခဲ့ရကာ၊ ဘိုးဘေးခန်းမပင် ဖောက်ခွဲခံလိုက်ရသည်။

ထိပ်တန်းမိသားစုကြီးများက သူတို့၏ ဘိုးဘေးခန်းမများကို များစွာတန်ဖိုးထားသည်ဆိုသည်ကို သိရှိကြရမည် ဖြစ်သည်။

၎င်းတို့သည် သူတို့ဘိုးဘေးများ၏ ဂုဏ်ကျက်သရေဖြစ်ပြီး အထိခိုက်မခံသော အရာတစ်ခု ဖြစ်သည်။

သို့သော် ယနေ့တွင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရသည်။

၎င်းသည် အလွန်တရာ ရှက်ဖွယ်ကောင်းသည့် ကိစ္စတစ်ခုဖြစ်သည်။

လျူမိသားစုသည် ဤကိစ္စနှင့်ပတ်သက်ပြီး ငြိမ်နေကြမည် မဟုတ်ပေ။

အစီအစဥ်တင်ဆက်သူမှ ဆက်လက်၍ ပြောကြားလာခဲ့သည် “ လျူမိသားစု၏ အခုလက်ရှိ မိသားစုခေါင်းဆောင်ဖြစ်သူ၊ လျူတျန်ရှန်သည် ပြင်းထန်သော ရာဇသံတစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါသည် “

…

လျူမိသားစု၏ ဘိုးဘေးခန်းမ ဖောက်ခွဲခံလိုက်ရသည်ဆိုသည့် သတင်းစကားသည် ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။

၎င်း၏ သက်ရောက်မှုသည် ဝေးလံခေါင်ပါးသည့် တောကြိုအုံကြား နယ်မြို့များအထိပင် ရောက်ရှိသွားခဲ့သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 441 )

အင်တာနက်ပေါ်မှ လူထုအထင်အမြင်များ ၂

တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

“ လျူမိသားစု ဘိုးဘေးခန်းမကို ဖောက်ခွဲရဲတဲ့အထိ လုပ်ရဲတယ်ပေါ့ “

“ လျူမိသားစုရဲ့ အခုလက်ရှိ လုပ်ရပ်တွေက သိပ်မကောင်းပင်မဲ့၊ သူတို့ရဲ့ ဘိုးဘေးတွေကတော့ လူသားမျိုးနွယ်စုအတွက် ကောင်းကျိုးပြုပေးခဲ့ကြတယ်။ တကယ်လို့ အငြှိုးအတေးတွေ ရှိနေမယ်ဆိုရင်တောင်မှ ဘိုးဘေးခန်းမကို ဖောက်ခွဲတာကတော့ လက်ခံပေးလို့ မရဘူး “

“ မိုက်မဲတယ်၊ လုံးဝကို မိုက်မဲတယ်၊ လျူမိသားစုရဲ့ ဘိုးဘေးတွေကို လူသားမျိုးနွယ်စုရဲ့ သူရဲကောင်းတွေအဖြစ် သတ်မှတ်ထားတယ်လေ။ ဘိုးဘေးခန်းမကို ဖောက်ခွဲလိုက်တာက သူရဲကောင်းတွေကို မလေးမစားလုပ်လိုက်တာပဲ “

“ ငါတို့က သူ့ကို ဖမ်းရမယ်၊ လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ပေးလို့ မဖြစ်ဘူး “

“ အမှန်ပဲ၊ သူ့ကို ဖမ်းရမယ် “

အင်တာနက်တစ်ခွင်လုံးတွင် ရှုံ့ချမှုများဖြင့် ဟုန်းဟုန်းတောက်နေခဲ့သည်။

လူအများစုသည် လျူမိသားစုကို မျက်နှာသာမပေးကြပေ၊ သို့သော် ဘိုးဘေးခန်းမဆိုသည်မှာ သူတို့၏ သူရဲကောင်း ဆရာကြီးမျာကို ကိုယ်စားပြုနေသာ အရာဖြစ်သည်။

အဆိုပါ ဘိုးဘေးကြီးများသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက လူသားတို့၏ ကျင့်ကြံရေး လမ်းကြောင်းအတွက် အခြေခံအုတ်မြစ်ချထားပေးခဲ့ပြီး၊ ထို့နောက်တွင် ကမ္ဘာ့ကြယ်သို့ သွားရောက်ကာ ရန်သူကို တိုက်ခိုက်ခဲ့ပြီး၊ လူသားမျိုးနွယ်စုအတွက် ငြိမ်းချမ်းရေးနှင့် လူသားများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အချိန်တို့ကို ပေးအပ်ခဲ့ကြသည်။

ယနေ့ခေတ် မိသားစုကြီးများ၏ ဘိုးဘေးတိုင်းလိုလိုက ထိုကဲ့သို့ ပြုလုပ်ခဲ့ကြသည့် ရှေ့ဆောင်လမ်းပြများဖြစ်ပြီး၊ သူတို့အား သူရဲကောင်းများအဖြစ် လူသားမျိုးနွယ်စုတစ်ခုလုံးက မှတ်ယူထားခဲ့သည်။

ယခုတွင် တစ်စုံတစ်ဦးသည် လျူမိသားစု၏ ဘိုးဘေးခန်းမကို ဖောက်ခွဲဖျက်စီးခဲ့သည်၊ ၎င်းမှာ သူရဲကောင်းများကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့ ရာဇဝတ်မှုမျိုးသည် သေဒဏ်နှင့်ပင် ထိုက်တန်လွန်းလှသည်။

ထိုစဥ် ပို့စ်တစ်ခုသည် အင်တာနက်စာမျက်နှာပေါ်တွင် ပေါ်လာခဲ့ပြီး၊ လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။

[ အံ့ဩစရာပဲ တရားခံက သူပဲ ]

အဆိုပါ ပို့စ်၏ခေါင်းစဥ်နှင့် အကြောင်းအရာတို့သည် အလွန်ရိုးရှင်းနေခဲ့သည်၊ သတင်းအချက်အလက်များနှင့် ဗီဒီယိုအထောက်အထားတို့ အပေါ်တွင် အခြေခံ၍ လျူမိသားစု ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့သည့် လူအား ကောက်ချက်ချထားခြင်း ဖြစ်သည်။

လူအမြောက်အများသည် ထိုပိုစ့်ကို ဝင်ကြည့်လာကြပြီး၊ ၎င်းက ယုတ္တိရှိသည်ဟု ထင်မြင်သွားကြသည်။

မီးနှင့်မြေ နတ်စွမ်းရည်နှစ်မျိုး ပိုင်ဆိုင်ထားပြီး၊ လျူမိသားစုနှင့် အငြှိုးအတေးများ ရှိနေခဲ့သည်။

၎င်းတို့ကို အခြေခံရမည်ဆိုပါက တရားခံသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ပထမနှစ်ကျောင်းသား ရှုကျိုးပင်ဖြစ်သည်။

ထို့နောက်တွင် ၎င်းသည် အလွန်အသေးစိတ်ကျသော အထောက်အထားများကို စာရင်းပြုစုထားပြခဲ့သည်။

အနီးအနားမှ ရပ်ကြည့်နေသူတစ်ဦး၏ သက်သေခံဗီဒီယိုပင် ပါဝင်နေခဲ့သည်၊ တိုက်ခိုက်နေစဥ်အတွင်းတွင် တရားခံ၏ မျက်နှာဖုံးသည် ပြုတ်ကျလုနီးပါးဖြစ်နေခဲ့ကာ၊ သူ၏မျက်နှာသွင်ပြင် အရိပ်အငွေ့များကို ပေါ်လွင်စေခဲ့သည်။

၎င်းသည် ရှုကျိုးနှင့် အတိအကျ တူညီနေခဲ့သည်။

တစ်ချက်မျှကြည့်လိုက်ရုံဖြင့် လယ်ပြင်တွင် ဆင်သွားနေသကဲ့သို့ ထင်ရှားနေခဲ့သည်။

သို့သော် မယုံမကြည်ဖြစ်နေကြသည့် လူတော်တော်များများ ရှိနေစဲပင် ဖြစ်သည်။

“ ဘာကြီး တရားခံက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က ရှုကျိုးလား “

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟ ရှုကျိုးက မကြာသေးခင်ကမှ ကွမ်ဟန်မှာ ကောင်းကောင်းလုပ်ခဲ့ပြီးတော့ နိုင်ငံတော်အဆင့် ဖလှယ်မှုပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့တာလေ၊ သူက ဘာလို့ အဲ့လိုအလုပ်မျိုးကို လုပ်ရမှာလဲဟ “

“ ငါတော့ မယုံဘူး၊ တရားခံက ရှုကျိုး မဖြစ်နိုင်ဘူး “

ကန့်ကွက်မှုများနှင့်အတူ ထောက်ခံအားပေးနေသည့် အသံများလည်း ပေါ်ထွက်လာခဲ့သည်။

“ ဘာလို့မဖြစ်နိုင်ရမှာလဲ ငါကြားတာကတော့ ရှုကျိုးနဲ့ လျူမိသားစုကြားမှာ ရန်ငြှိုးတွေ ရှိခဲ့ဖူးတယ်တဲ့၊ ပြီးတော့ ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းကလည်း မီးနဲ့ မြေနတ်စွမ်းရည်တွေကို ထုတ်ပြခဲ့တယ်လေ၊ အဲ့တာတွေက တရားခံရဲ့ စရိုက်လက္ခဏာတွေနဲ့ ကိုက်ညီနေတယ် “

“ အမြင့်ပိုင်း အဆင့်တွေအောက်မှာ နတ်စွမ်းရည်နှစ်မျိုး ပိုင်ထားတဲ့ လူတွေရှိနေပါသေးတယ်၊ ဒါပင်မဲ့ ရှုကျိုးကပဲ မီးနဲ့မြေနတ်စွမ်းရည်ကို ပိုင်ဆိုင်ထားတာလေ “

“ တစ်ခြားတစ်ယောက်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ဘူး၊ တရားခံက ရှုကျိုးပဲ “

“ ငါက ရှုကျိုးကို အများကြီး လေးစားအားကျခဲ့ဖူးတယ်၊ သူက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

“ ဘိုးဘေးခန်းမကို ဖောက်ခွဲပြီးတော့ သူရဲကောင်းတွေကို စော်ကားခဲ့တယ်၊ ယုတ်မာလိုက်တဲ့ သဘောထားပဲ “

“ ဒီနေ့ကစပြီးတော့ ငါက သူ့ရဲ့ ရန်သူပဲ လုပ်တော့မယ် “

“ ရှုကျိုးကို တစ်သက်လုံး အမည်ပျက်စာရင်းသွင်းသင့်တယ် “

…

အဆိုပါ ဖြစ်ရပ်သည် ဆက်လက်၍ ဆူပူနေခဲ့သည်။

မီဒီယာများနှင့် ဝေမျှမှုများကြောင့် အဆိုပါ သတင်းကို တစ်ကမ္ဘာလုံးက လျင်မြန်စွာ သိရှိသွားတော့သည်။

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာလည်း နိုင်ငံတစ်ဝှမ်းလုံး၏ အာရုံများကို ထပ်မံ၍ ဆွဲဆောင်သွားခဲ့ပြန်သည်။

တစ်ချိန်တည်းမှာပင် လျူမိသားစုသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်နှင့် ညှိနှိုင်းရန်အတွက် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ခဲ့ပြီး၊ ဤကိစ္စကို ရှင်းလင်းရန်အတွက် ရှုကျိုးကို လွှဲပြောင်းပေးရန် တောင်းဆိုလာခဲ့သည်။

…

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွင်း၌

ထိုသတင်းကို ကြားခဲ့ရပြီးသည့်နောက်တွင် တစ်ကျောင်းလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။

အစပိုင်းတွင် ကျောင်းသူကျောင်းသားအများစုသည် ၎င်းကို မယုံကြည်ကြပေ၊ သို့သော် အဆိုပါ ပို့စ်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင်မူ သံသယများ ဝင်သွားကြသည်။

တကယ်ကြီးကို ရှုကျိုးဖြစ်နေတာလား

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် သာမန်လူများထပ် သူရဲကောင်းများအကြောင်းကို လေးနက်စွာ နားလည်နေကြသည့် မိသားစုကြီးများမှ ကျောင်းသူကျောင်းသားများစွာ ရှိနေခဲ့သည်။

သူရဲကောင်းများကို စော်ကားခြင်းသည် အလွန်ပြင်းထန်သော ကိစ္စတစ်ရပ်ဖြစ်သည်။

ရှုကျိုးနှင့် အမြဲလိုလို စိတ်သဘေား ကွဲလွဲနေခဲ့သည့် လျူမိသားစု၏ မျိုးဆက်တစ်ချို့သည် သည်းမခံနိုင်လောက်သည်အထိ ဒေါသတကြီးဖြစ်သွားကြသည်။

တစ်ချို့သည် အစစ်အမှန် သိုင်းပညာဌာနဆီသို့ ရောက်လာခဲ့ပြီး၊ သူတို့နှင့်ရင်ဆိုင်ရန်ပင် ရှုကျိုးကို တောင်းဆိုခဲ့ကြသည်။

အစစ်အမှန် သိုင်းပညာဌာန၏ စံအိမ်အိမ်ရာဝင်းအတွင်း၌

ချင်ဖုန်း၊ ချန်းရှင်နှင့် တစ်ခြားလူများသည် စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် ရှုကျိုး၏ စံအိမ်အရှေ့တွင် စုရုံးနေကြသည်။

လျူချင်းယွမ်သည် စိတ်ဝိညာဥ်စွမ်းအားဖြင့် ထောက်လှမ်းကြည့်ကာ လေးလေးနက်နက်ပြောလာခဲ့သည် “ ရှုကျိုးက လေ့ကျင့်နေတုန်းပဲ၊ ခဏလောက် ထပ်စောင့်ကြတာပေါ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ချင်ဖုန်းနှင့် တစ်ခြားလူများသည် အကြည့်များ ဖလှယ်နေကြတော့သည်။

“ ဆရာ၊ ရှုကျိုးက ဒီရက်ပိုင်းတွေမှာ အပြင်ထွက်နေသေးလားဗျ “ တစ်စုံတစ်ဦးမှ ရုတ်တရက် မေးမြန်းလာခဲ့သည်။

လျူချင်းယွမ်မှ ခေါင်းခါပြလာခဲ့သည် “ ရှုကျိုးရဲ့အဆင့်နဲ့ဆိုရင် သူလုပ်ချင်သလို လုပ်လို့ရတယ်၊ ငါက သူ့ကို ဆက်တိုက်စောင့်ကြည့်မနေနိုင်ဘူး “

“ ဒီကိစ္စကို ငါတို့ဂျူနီယာညီလေးက လုပ်တာ မဟုတ်ဘူး “ ဟုချင်ဖုန်းမှ ဝင်ပြောလာခဲ့သည်။

“ သူမလုပ်ဘူးဆိုတာ ငါသိတယ် “ လျူချင်းယွမ်မှ တလေးတနက် ပြောလာခဲ့သည် “ ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ သေချာပေါက် ရှိနေတယ်။ အဲ့အကြောင်းကို ဆွေးနွေးဖို့အတွက် ရှုကျိုးက သူ့ရဲ့လေ့ကျင့်ရေး အပြီးသတ်တာကို စောင့်ဖို့လိုအပ်တယ် “

အားလုံးသည် သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

ချင်ဖုန်းကမူ မျက်မှောင်ကြုတ်နေသေးသည် “ ကျွန်တော်ကြားတာတော့ လျူမိသားစုက အဆင့်မြင့် ပညာရှင်တစ်ယောက်ကို လွှတ်လိုက်တယ်ဆို၊ ကျောင်းက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မှာလဲ “

လျူချင်းယွမ်မှ‌ ပြောလာခဲ့သည် “ သက်သေအထောက်အထား မလုံလောက်ဘူးဆိုရင် ကျောင်းက လျူမိသားစုကို လိုက်လျောမှာ မဟုတ်ဘူး။ ဒါပင်မဲ့ တရားခံက မီးနဲ့မြေနတ်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာကတော့ နည်းနည်းလေး ပြဿနာရှိတယ် “

သူသည်လည်း ၎င်းကို ပြောနေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် လျူမိသားစုဝင် တော်တော်များများ ရှိနေခဲ့ပြီး၊ ထိုပတ်ဝန်းကျင်တွင်လည်း အပြင်လူများ ရှိနေခဲ့ကာ ရှုထောင့်မျိုးစုံမှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များ ပေါ်ထွက်လာခဲ့သောကြောင့် ဗီဒီယို၏ ယုံကြည်စိတ်ချရမှုကို ခိုင်မာအားကောင်းစေခဲ့သည်။

သိုင်းပညာရှင်များ၏ နည်းလမ်းများနှင့် အသွင်အပြင်များကို အတုပြုလုပ်၍ရသော်လည်း နတ်စွမ်းရည်များကိုမူ တုပ၍ မရနိုင်ပေ။

လူတော်တော်များများသည် မီးနှင့်မြေ နတ်စွမ်းရည်များက လူတစ်ဦးတည်းထံတွင် ရှိနေသည်ကို ကိုယ်တိုင် မြင်တွေ့ထားခဲ့ကြသည်။

ရှုကျိုးသည် လွန်ခဲ့သော ရက်ပိုင်းများအတွင်းက ပြီးဆုံးသွားခဲ့သည့် နိုင်ငံတော်အဆင့် ပြိုင်ပွဲတွင် အဆိုပါ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့သည်။

ထို့အပြင် အဆင့်မြင့် ပညာရှင်များကြားမှာပင် ရှုကျိုးတစ်ဦးတည်းကသာ ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။

အဆိုပါ စွပ်စွဲမှုများကို မရှင်းလင်းနိုင်ဘူးဆိုပါက ရှုကျိုးသည် ဒေါသထွက်လွန်းသဖြင့် မြစ်ဝါမြစ်ထဲသို့ပင် ခုန်ချသွားနိုင်လေသည်။

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ရှုကျိုးကိုပဲ စောင့်လိုက်ကြတာပေါ့ “ ဟုရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည်။

သူသည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်တရာ စိုးရိမ်နေလျက်ရှိသည်၊ သို့သော် သူသည် တရားခံက ရှုကျိုးမဟုတ်ဘဲ တစ်ခြားလူတစ်ဦးဦး ဖြစ်နေမည်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။

ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီကိစ္စက လနတ်ဘုရားဂိုဏ်းနဲ့ ဆိုင်နေမှာပဲ၊ ရှုကျိုးကို ကျောင်းအပြင်ရောင်အောင် လုပ်ပြီးတော့ ချုံခိုတိုက်ခိုက်ချင်နေတာပဲ ဖြစ်ရမယ် “

ချင်ဖုန်း၊ ချန်းရှင်နှင့် တစ်ခြားလူများသည် ခေါင်းတငြိမ်ငြိမ့်ဖြစ်သွားကြသည်။

“ ကျွီ “

ထိုအချိန်တွင် စံအိမ်တံခါး ပွင့်လာခဲ့သည်။

ရှုကျိုးသည် လမ်းလျှောက်ထွက်လာခဲ့ပြီး လူအုပ်ကိုကြည့်ကာ တအံ့တဩဖြင့် မေးမြန်းလာခဲ့သည် “ ဌာနမှူး၊ ဆရာ၊ အားလုံးက ဒီကိုဘာလို့ ရောက်နေရတာလဲ “

“ ကိစ္စကြီးတစ်ခုဖြစ်နေပြီ၊ ကြည့်ကြည့်လိုက်ဦး “

လျူချင်းယွမ်မှ သူ့ဆီသို့ ဖုန်းကမ်းပေးလာခဲ့သည်။

ရှုကျိုးသည် ဖုန်းကို ယူ၍ ကြည့်လိုက်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ငါက လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖောက်ခွဲလိုက်တာလား “

သောက်ဂွပဲ၊ ငါက ဘာလို့ ဒီကိစ္စကို မသိရတာလဲဟ

“ ကျွန်တော်က ဒီရက်ပိုင်း အိမ်မှာပဲ ရှိနေတာလေ၊ စောင့်ကြည့်ကင်မရာတွေ ရှိနေတာပဲကို “ ရှုကျိုးသည် မော့ကြည့်၍ ပြောလာခဲ့သည်။

“ စောင့်ကြည့် ကင်မရာလား၊ အဲ့တာဆိုရင် ပိုလွယ်သွားပြီပေါ့ “ လျူချင်းယွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ ရှုကျိုးကသာ သူရှိနေသည့် တည်နေရာကို သက်သေပြနိုင်ခဲ့မည်ဆိုပါက၊ နောက်ဆက်တွဲကိစ္စများက ပိုမိုလွယ်ကူရိုးရှင်းသွားမည် ဖြစ်သည်။

ချင်ဖုန်းနှင့် တစ်ခြားလူများမှာလည်း စိတ်သက်သာရာရသွားကြသည်။

သို့သော် ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ အဲ့ကိစ္စကို ခဏလောက် ဖုံးထားလိုက်ကြတာပေါ့ “

“ ဟမ် “ ချင်ဖုန်းနှင့် တစ်ခြားလူများကို သူ့ကို ကြည့်လာကြတော့သည်။

လျူချင်းယွမ်မှာလည်း မျက်မှောင်ကြုတ်သွား၍ မေးမြန်းလာခဲ့သည် “ အဲ့တာက အတုလို့ လူတွေထင်သွားမှာကို ကြောက်နေတာလား “

“ အဲ့တာက ဒုတိယတစ်ချက်ပါ “ ရှုကျိုးမှ ပြောပြလာခဲ့သည် “ တရားခံက ကျွန်တော်ရဲ့ နတ်စွမ်းရည်တွေကိုပါ တုပနိုင်တယ်ဆိုတော့ ကျွန်တော် တော်တော်လေး စိတ်ဝင်စားသွားပြီ “

လူတော်တော်များများသည် နတ်စွမ်းရည်များကို မတုပနိုင်ဘူးဆိုသည်ကိုသာ သိထားကြသည်။

သို့သော် ယခု၌ ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်သည်။

“ အဲ့တာက လနတ်ဘုရားဂိုဏ်းရဲ့ လက်ချက်ပဲနေမှာ “ ရှုကျိုးသည် အဆိုပြုရင်းဖြင့် လျူချင်းယွမ်ကို ကြည့်လာခဲ့သည်။

လျူချင်းယွမ်သည် ခေါင်းငြိမ့်ပြနေသည့် ရှန့်ဝမ်ချန်းကို ကြည့်ကာ စကားပြောလာခဲ့သည် “ အမှန်ပဲ လျူမိသားစုက ဒီကိစ္စတွေကို သူတို့ဘာသာမစီစဥ်နိုင်ဘူး၊ မင်းနဲ့ ရန်ကြွေးရှိနေတဲ့ လနတ်ဘုရားဂိုဏ်းကပဲ ဒီလိုမျိုး လုပ်နိုင်တယ် “

လနတ်ဘုရားဂိုဏ်းက လူငယ်ပါရမီရှင်များကို အမဲလိုက်သည်ဆိုသည်မှာ လူအများ သိထားကြသည့် ကိစ္စတစ်ခုဖြစ်သည်။

ရှုကျိုးသည် ကျောင်းဝန်းအတွင်းမှာပင် တိတ်တဆိတ် လေ့ကျင့်နေခဲ့သောကြောင့် လနတ်ဘုရားဂိုဏ်းသည် သူ့ကို ဆွဲဆောင်ရန်အတွက် ဇာတ်ညွှန်းတစ်ခု ပြင်ဆင်လာခြင်းသာ ဖြစ်နေမည် ဖြစ်သည်။

ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းက ကျွန်တော် အပြင်ထွက်လာတာ လိုချင်နေတယ်ဆိုတော့ ဘာလို့ သူတို့နဲ့ လိုက်မကစားပေးလိုက်ရမှာလဲ ဒါပင်မဲ့ ကျွန်တော်ကတော့ တိုက်ပွဲကွင်းပြင်ကို ရွေးချယ်မယ် “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဆက်ပြော “

ရှုကျိုးသည် လျူချင်းယွမ်ကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ ဆရာ၊ အဆင့်၆အောက်က လူတွေပဲ ဝင်လို့ရတဲ့ နေရာမျိုးရှိလားဗျ “

“ အဆင့်၆အောက်လား “

လျူချင်းယွမ်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့လိုနေရာမျိုး တကယ်ရှိတယ် “

……………………………………………………………………………………………………………………………………

All Chapters