အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အပိုင်း ( 445 )
တစ်ကိုယ်တော် တိုက်ခိုက်မှု၊ ဆယ်ယောက်တစ်ယောက် ၂
လုံခြုံရေးဗျူရို၏ ဦးစားပေးပစ်မှတ်က လနတ်ဘုရားဂိုဏ်းဆိုသည်ကို လူအများက သိထားပြီးသား ဖြစ်သည်။
လနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲ/ခံတပ်တော်တော်များများသည် လုံခြုံရေးဗျူရို၏ ဖျက်စီးခြင်းကို ခံခဲ့ရသည်။
လုံခြုံရေးဗျူရိုသည် လနတ်ဘုရားဂိုဏ်း၏ တည်ရှိမှုကို အမှန်တကယ် စက်ဆုပ်ရွံ့ရှာနေခဲ့သည်။
အန်းမြောင်ရွှယ်မှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ ကောင်းတယ်၊ သူတို့လာကြပါစေ၊ အကုန်လုံးကို သတ်ပေးလိုက်မယ် “
ပြောရင်းဖြင့် သူမသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။
အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ လျှို့ဝှက်နယ်မြေသို့ လူများ ပိုမိုရောက်ရှိလာခဲ့သည်။
အန်းမြောင်ရွှယ်သည် ပဥ္စမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် အစွမ်းထက် တည်ရှိမှုများကို အာရုံခံမိနေခဲ့သည်။
သို့ရာတွင် ထိုလူများသည် သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်မပြသထားပေ၊ ထို့အစား သူတို့သည် သာမန်လူများကဲ့သို့သာ ပြုမူနေခဲ့ကြသည်။
သူတို့၏ အသွင်အပြင်များကို ကြည့်ခဲ့ရခြင်းဖြင့် သူတို့သည် အမည်မသိ ပြင်ပသိုင်းပညာရှင် ဖြစ်နေသည့်ပုံပင်။
သို့သော် အန်းမြောင်ရွှယ်သည် ထိုလူများထဲတွင် လနတ်ဘုရားဂိုဏ်း၏ အမှောင်သိုင်းပညာရှင်များ ရှိနေနိုင်သည်ဟု တွေးတောမိသွားကာ သတိကြီးကြီးထားနေခဲ့သည်။
“ ဝုန်းးး “
ထိုအချိန်၌ ကျယ်လောင်သော အင်ဂျင်ဟိန်းသံတစ်ခုသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့သည်။
“ သူတို့ ရောက်လာကြပြီ “ အန်းမြောက်ရွှယ်၏ အကြည့်များ စူးရှသွားခဲ့သည်။
လျူချင်းထန်နှင့် အဝါဝတ်လူငယ်လေးမှာလည်း ကောင်းကင်ထက်သို့ မော့ကြည့်လာခဲ့သည်။
ကောင်းကင်ပြင်၌ ကောင်းကင်ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်နေသည့် အလင်းတန်းတစ်ခုသည် တိမ်သားတိမ်စိုင်များကို ခုတ်ပိုင်းကာ အလင်းတန်းများ ထုတ်လွှတ်လာခဲ့သည်။
အလင်းတန်းအတွင်း၌ ပုံရိပ်သုံးခုသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်၊ ထိုလူမျိုးထဲမှ တစ်ဦးသည် ရှုကျိုးပင် ဖြစ်သည်။
တစ်ခြားလူနှစ်ဦးကမူ ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့ဖြစ်သည်။
“ ဗွီ “
ဝုချင်းရှန်၏ ပေါ်ပေါက်လာမှုသည် ဆွေးနွေးပြောဆိုမှု စကားသံများကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။
သူတို့က မည်ကဲ့သို့ ပေါ်လာလဲဆိုသည်ကို မည်သူမှ မမြင်တွေ့လိုက်ပေ။
ဝုချင်းရှန်သည် ကြီးမားသော တည်နေရာကူးပြောင်းခြင်း နည်းစနစ်ကို တမင်သပ်သပ် အသုံးပြု၍ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ရည်ရွယ်ချက်မှာ ရှုကျိုးက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းသားဆိုသည်ကို ပြောပြနေခြင်း ဖြစ်သည်။
ဝုချင်းရှန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းသားရဲတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ဖြစ်နေသည့် အသံတစ်သံသည် ကောင်းကင်ပြင်၏ အခြားတစ်ဖက်တွင် ပေါ်ပေါက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြီးမားပြီး တောက်ပသော အလင်းတန်းတစ်ခုသည် ကမ္ဘာကို ထိုးဖောက်၍ မိုင်ထောင်နှင့်ချီသော ဧရိယာတစ်ဝိုက်ကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။
အဆုံးမဲ့တိမ်ထု အတွင်း၌ ဧရာမမိုးကြိုးငှက်တစ်ကောင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ခံ့ညားသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူ၏ဆံပင်များသည် လေယူရာယိမ်းနွဲ့နေခဲ့ပြီး၊ မိုးကြိုးများကဲ့သို့ တလက်လက် တောက်နေခဲ့သည်။
“ လျူမိသားစုခေါင်းဆောင်၊ လျူတျန်ရှန် “
လူအုပ်ကြီးမှာ ရုတ်တရုတ်သဲသဲ ဖြစ်သွားတော့လေသည်။
လျူတျန်ရှန်၏ မိုးကြိုးနတ်စွမ်းရည်သည် နိယာမ နတ်စွမ်းရည်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်၊ လက်ဝေ့ယမ်းရုံဖြင့် ကမ္ဘာမြေကို ဖျက်စီးနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားခဲ့သည်။
ထို့အပြင် သူသည် နတ်စွမ်းရည်နှစ်မျိုးကို ဖွဲ့စည်းထားသည်ဟု ဆိုကြသည်။ မိုးကြိုးစွမ်းရည်ကိုသာလျှင် လူသိရှင်ကြား ထုတ်ဖော်ပြသထားခဲ့သည်။
တစ်ခြားသော နတ်စွမ်းရည်ကမူ သူ၏ ဝှက်ဖဲဖြစ်ပြီး၊ ၎င်းအား တစ်ကြိမ်တစ်ခါမှ ထုတ်ဖော် မပြသခဲ့ဖူးပေ။
လျူချင်းထန်သည် လေးစားမှုကို ပြသသည့်အနေဖြင့် ချက်ချင်း ရှေ့တက်လာခဲ့သည် “ မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် “
လျူတျန်ရှန်သည် သူ့အား အသာအယာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည်။
ယခုလက်ရှိအချိန်တွင် လျူတျန်ရှန်သည် အဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကာ၊ နဝမအဆင့်နှင့် ခြေတစ်လှမ်းမျှ လိုတော့သည်။ သူ၏ အရှိန်အဝါသည် ဝုချင်းရှန်ထပ် မည်သို့မျှ နိမ့်ကျမနေခဲ့ပေ။
လျူတျန်ရှန်သည် ဝုချင်းရှန်ကို ကြည့်ကာ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ကျောင်းအုပ်ဝု၊ ဂျူနီယာတစ်ယောက်ရဲ့ တိုက်ပွဲအတွက် လူကိုယ်တိုင် လာခဲ့တယ်ပေါ့ “
ဝုချင်းရှန်မှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ကျောင်းသားက သူ့ရဲ့ အပြစ်ကင်းမှုကို ပြဖို့ လိုအပ်နေတယ်လေ။ ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာတဲ့လူတွေကို တားဆီးဖို့ ဒီကိုရောက်လာတာပါ “
လျူတျန်ရှန်မှာလည်း အေးအေးလူလူ ထပ်ပြောလာခဲ့သည် “ ကျွန်တော်ဒီမှာရှိနေတာကို ဘယ်သူက လှုပ်ရှားရဲမှာလဲ စလိုက်ကြတာပေါ့ “
ဝုချင်းရှန်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ရှုကျိုးကို လှည့်ကြည့်လိုက်သည်။
ရှုကျိုးသည် ခေါင်းငြိမ့်ပြလာခဲ့ကာ ရှေ့တက်သွားတော့သည်။
“ ထပ် “
လေပေါ်သို့ သူ့ခြေထောက်ချလိုက်သည့် အချိန်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့ပြီး၊ သူသည် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းက ထပ်ကြည့်လိုက်သည့် အချိန်တွင် သူတို့သည် ရှုကျိုးက လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်ဝတွင် ရှိနေသည်ကို မြင်တွေ့သွားကြသည်။
“ အဲ့လို အမြန်နှုန်းက ….. “
လူတော်တော်များများသည် တိတ်တဆိတ် အံ့ဩတုန်လှုပ်သွားကြသည်။
ယခင်က ရှုကျိုး၏ တည်နေရာနှင့် လျှို့ဝှက်နယ်မြေတို့ အကြားရှိ အကွာအဝေးတို့သည် ၁၀ကီလိုမီတာကျော်နေခဲ့သည်၊ သို့သော် ရှုကျိုးသည် ထိုနေရာသို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားခဲ့သည်။
ထိုကဲ့သို့သော အမြန်နှုန်းသည် သာမန်ပဥ္စမအဆင့် ပညာရှင်များထပ် များစွာသာလွန်နေလျက်ရှိသည်။
“ ငါ့ကို ပြဿနာရှာချင်တဲ့ လူတိုင်း လွတ်လွတ်လပ်လပ် ဝင်လာလို့ရတယ် “
အေးဆေးတည်ငြိမ်သော အသံသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားတွင် ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။
ထိုစကားလုံးကို ပြောခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ငွေရေကန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လျူချင်းထန်၊ အန်းမြောင်ရွှယ်နှင့် တစ်ခြားလူများမှာလည်း ငွေရေကန် လျှို့ဝှက်နယ်မြေထဲသို့ ပြေးဝင်သွားကြသည်။
ထို့နောက်တွင် သာမန်လူကဲ့သို့ ဖြစ်နေသည့် နှောင်းပိုင်း ပဥ္စမအဆင့်ထပ် ကျော်လွန်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် လူတစ်ချို့မှာလည်း ငွေရေကန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာကြသည်။
ဝင်ပေါက်ဝတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့သော်လည်း တကယ်ဝင်သွားကြသည့် လူများကမူ အယောက်နှစ်ဆယ်ပင် မပြည့်ချေ။
လူအများစုသည် အနောက်တွင်သာ ကျန်နေခဲ့ပြီး၊ တိတ်တဆိတ်စူးစမ်းလေ့လာနေကြသည်။
လေပေါ်ရှိ လျူချင်းယွမ်သည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် အမူအရာ အနည်းငယ် မည်းမှောင်သွားသည်။
ထိုနယ်မြေထဲသို့ ယခုလေးတင် ဝင်သွားကြသည့် လူများသည် ရှုကျိုး၏ ပြိုင်ဘက်များ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဤတိုက်ပွဲတွင် ရှုကျိုးသည် ဆယ်ယောက်တစ်ယောက်(သို့) ထို့ထပ်ပိုသည့် လူပမာဏကို ရင်ဆိုင်ရမည် ဖြစ်သည်။
“ ဘာလဲ “ ဝုချင်းရှန်သည် သူ၏ အမူအရာကိုသတိပြုမိသွားကာ စကားပြောလာခဲ့သည် “ မင်းရဲ့ တပည့်ကို စိတ်ပူနေတာလား “
“ အင်းးး “ လျူချင်းယွမ်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ သူက တစ်ယောက်တည်း တိုက်နေရပြီး၊ ကျွန်တော်ကတော့ …. “
ဝုချင်းရှန်မှ ခေါင်းခါပြလာခဲ့သည် “ စိတ်ချထားလိုက်စမ်းပါ၊ ရှုကျိုးရဲ့စရိုက်အရဆိုရင် ဒီကိုလာပြီဆိုကတည်းက ယုံကြည်ချက်ရှိနေလို့ပဲ “
“ဒါပင်မဲ့ ခုနက ဝင်သွားတဲ့ ပြင်ပသိုင်းပညာရှင်တွေကတော့ နည်းနည်းလေး ထူးဆန်းနေတယ်လို့ ကျွန်တော်ခံစားနေရတယ်၊ သူတို့ရဲ့ အသွင်အပြင်တွေကို ဖုံးကွယ်ထားကြတဲ့ပုံပဲ “
လျူချင်းယွမ်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ သူတို့တွေထဲမှာ လနတ်ဘုရားဂိုဏ်းရဲ့ လူတွေ သေချာပေါက် ရှိနေမှာ “
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါတို့က စောင့်ကြည့်နေမှာပဲ “
ဝုချင်းရှန်မှ လက်ဝေ့ယမ်းလိုက်ရာ လေထုထဲတွင် ကြီးမားသော အလင်းတန်းမျက်နှာပြင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုမျက်နှာပြင်ပေါ်တွင် ငွေရေကန် လျှို့ဝှက်နယ်မြေအတွင်းမှ ပုံရိပ်များကို ပြသနေခဲ့သည်။
…
ငွေရေကန်ဆိုသည်မှာ ငွေရောင်ရေကန်ကို ဗဟိုပြု၍ ပတ်ပတ်လည်ရှိ တောင်တန်းများက ဟက်တာပေါင်း ရာနှင့်ချီ၍ ဖုံးလွှမ်းနေသည့် အလုံပိတ် ကမ္ဘာတစ်ခုဖြစ်သည်။
အထဲသို့ရောက်လာခဲ့ပြီးသည့်နောက်တွင် အန်းမြောင်ရွှယ်၊ လျူချင်းထန်နှင့် တစ်ခြားလူများသည် ရှုကျိုးကို ချက်ချင်းရှာဖွေနေတော့သည်။
“ ဟိုမှာ “
အန်းမြောင်ရွှယ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ငွေရေကန်၏ အလယ်ဗဟိုတွင် နောက်ကျော်တွင် ဓားလွယ်ထားသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုသည် မျက်လုံးများ မှိတ်ထားကာ လေပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။
“ ဆွစ်ရှ် “
လေတိုက်ခတ်သွားရာ သူ၏ဝတ်ရုံ လှုပ်ရှားသွားခဲ့သည်။
“ ရှုကျိုး မင်းက ငါ့မိသားစုရဲ့ ဘိုးဘေးခန်းမကို ဖျက်စီးပြီးတော့ လူသားမျိုးနွယ်စုရဲ့ သူရဲကောင်းတွေကို စော်ကားခဲ့တယ်၊ မြန်မြန်အရှုံးပေးလိုက် “
လျူချင်းထန်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
ရှုကျိုးသည် မျက်လုံးများ ဖွင့်ကာ သူ့ကို ကြည့်လာခဲ့သည် “ မင်းတို့ လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖျက်စီးခဲ့တာ ငါမဟုတ်ဘူး၊ အဲ့ရက်တွေတုန်းက ငါက ကျောင်းမှာပဲ တံခါးပိတ်ကျင့်ကြံနေခဲ့တာ၊ အဲ့တာကို သက်သေပြဖို့အတွက် သက်သေအထောက်အထားရှိတယ် “
သူသည် ဤဖြစ်ရပ်ကို အပြင်ဘက်မှ လူများက စောင့်ကြည့်နေမည်ဆိုသည်ကို သိနေသောကြောင့် လူတိုင်းသိသွားစေရန် ရည်ရွယ်ကာ ထိုစကားကို ပြောလာခဲ့ခြင်း ဖြစ်သည်။
ထိုလူများက ယုံ၊ မယုံဆိုသည်မှာ တစ်ခြားကိစ္စတစ်ခုသာ ဖြစ်သည်။
ငွေရေကန် အစွန်းဘက်ရှိ သုံးမီတာကျော် မြင့်မားသည့် တောင့်တောင့်တင်းတင်းဖြင့် လူကောင်ကြီးသော သိုင်းပညာရှင်တစ်ဦးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းရဲ့ ဗီဒီယိုက ကြိုရိုက်ထားတဲ့ဟာ ဟုတ်၊မဟုတ်ဆိုတာကို ဘယ်သူက သိမှာလဲ “
သူ့ဘေးနားရှိ ဝက်ခြံများရှိနေကာ သာမန်ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးသည် တခစ်ခစ် ရယ်မော၍ ပြောလာခဲ့သည် “ အမှန်ပဲ၊ နင်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောလိုက်ရုံနဲ့၊ အဲ့တာကို ဘယ်သူက ယုံကြည်မှာလဲ “
ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်၊ ထိုအကြောင်းအရာကို ဆက်ပြောနေခြင်းက အသုံးမဝင်ဘူးဆိုသည်ကို သူသိနေခဲ့သည်။
သူသည် လူအုပ်ကို ကြည့်ရှု၍ အေးအေးလူလူ စကားပြောလိုက်သည်။
“ အခု အားလုံးက လျှို့ဝှက်နယ်မြေထဲကို ရောက်နေကြပြီ၊ အဲ့နေ့က ငါ့အယောင်ဆောင်ခဲ့တဲ့လူပါရင် ချက်ချင်းထွက်လာခဲ့လိုက်၊ ပုန်းနေစရာ မလိုတော့ဘူး “
လူကောင်ကြီးကြီး သိုင်းပညာရှင်မှ အေးစက်စွာ ပြောလာခဲ့သည် “ ရှုကျိုး၊ အပြင်ဘက်က လူတွေက ဒီနေရာကို စောင့်ကြည့်နေကြတယ်ဆိုတာကို လူတိုင်းက သိတယ်၊ လှည့်ကွက်တွေ သုံးမနေနဲ့၊ တရားခံက မင်းဆိုတာကို လူတိုင်းက သိတယ် “
“ ဒါဆိုရင်လည်း တိုက်ကြတာပေါ့ “
ရှုကျိုးသည် စကားလုံးများ ဖြုန်းတီးမနေတော့ဘဲ အေးစက်စွာ အော်ပြောလိုက်သည်။
ထို့နောက်စက္ကန့်ပိုင်းမျှ အကြာတွင် နှင်းဖြူရောင် ဓားအလင်းတန်းသည် ကောင်းကင်ဘုံတွင် ရှိနေသည့် ဥက္ကာပျံကဲ့သို့ ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
ဝုန်းးး
အားကောင်းသော ဓားစွမ်းအင်သည် ကြီးမားသော မြစ်ကြီးများကဲ့သို့ တိမ်များကို ဖြိုခွင်းလာခဲ့သည်၊ ၎င်း၏ အားကောင်းလွန်းလှသော အရှိန်အဝါသည် ရေကန်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
“ ဆွစ်ရှ် “
ရှုကျိုးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လျူချင်းထန်ဆီသို့ ပြေးတက်လာခဲ့သည်။
“ လျူချင်းထန် ……. လျူမိသားစု ဘိုးဘေးခန်းမကို ဖျက်စီးခဲ့တာက ငါမဟုတ်ပင်မဲ့၊ လျူမိသားစုနဲ့ ပတ်သက်ပြီးတော့ ငါ့ခံစားချက်တွေက မကောင်းဘူး၊ အဲ့တာကြောင့် မင်းနဲ့စလိုက်မယ် “
“ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ “
လျူချင်းယွမ်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့ပြီး၊ သူ၏လက်ထဲတွင် လှံအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ လှံအလင်းတန်းသည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး၊ ကိုးပေမျှ ရှည်လျားသည့် လှံတံအဖြစ် သူ့အရှေ့တွင် ဖြစ်တည်လာခဲ့သည်၊ အဆိုပါလှံထိပ်ဖျားသည် ဘုံကိုးဆင့်ကောင်းကင်ပေါ်မှ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
သူသည် လှံကို ကိုင်ဆောင်ကာ ကျယ်လောင်စွာ ကြုံးဝါး၍ ရှုကျိုးဆီသို့ လှံကို အင်အားအပြည့်ဖြင့် ပစ်သွင်းလာခဲ့သည်။
“ ထပ် ထပ် ထပ် “
လှံတံသည် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာစေခဲ့ပြီး၊ ၎င်း၏ လမ်းကြောင်းတစ်လျှောက်လုံးတွင် ရှိနေသည့် လေထုကို ထင်သာမြင်သာရှိသည့် အက်ကြောင်းများ ဖြစ်ပေါ်သွားစေကာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားစေခဲ့သည်။
၎င်းသည် ပဥ္စမအဆင့် အထွတ်အထိပ် သိုင်းပညာရှင်၏ စွမ်းအားဖြစ်သည်။
ပဥ္စမအဆင့်သို့ ရောက်ခဲ့ပြီးသည့်နောက်တွင် သိုင်းပညာရှင်တစ်ဦးသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို နားလည်လာကာ ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖန်တီးနိုင်ပေသည်။
ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသည် ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုတည်းဖြင့် ဟင်းလင်းပြင်ကို အလွယ်တကူ ဆွဲဖွင့်နိုင်ပြီး၊ စတုတ္ထအဆင့် ပညာရှင်များကို ကလေးငယ်ကဲ့သို့ အားနည်းသွားစေနိုင်ပေသည်။
ခွမ်း
လှံနှင့် ဓားတို့ တိုက်မိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် တောက်ပသော အလင်းတန်းတစ်ခုနှင့် ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် အားလုံးသည် ပုံရိပ်တစ်ခုက လွင့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
အာရုံစိုက် ကြည့်ရှုနေသည့် လူများသည် အံ့ဩတကြီး ဖြစ်သွားကြသည်။
လွင့်ထွက်သွားသည့် လူမှာ လျူချင်းထန်မှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ရှုကျိုး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 446 )
ရက်စက်မှု
လျူချင်းယွမ်နှင့် တိုက်ကွက် ဖလှယ်ခဲ့စဥ်အချိန်က ရှုကျိုးသည် သူ၏ခွန်အားကို အကုန်အစင် အသုံးမပြုခဲ့ပေ။
သူသည် သူ့ခွန်အား၏ ၂၀%အောက်ကိုသာ အသုံးပြုထားခဲ့ခြင်း ဖြစ်သည်။
လျူချင်းထန်က တိုက်ကွက်ကြီးတစ်ခုကို ခံလိုက်ရသလိုမျိုး လွင့်ထွက်သွားတာလားဟ အဲ့လောက်ကြီးတောင် ဟန်လုပ်နေတာလားဟ
၎င်းမှာ ရှုကျိုးအတွက် ဟန်ဆောင်ထားသည်နှင့် တူညီနေပုံရသော်လည်း တစ်ခြားလူများအတွက်မူ ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။
လျူချင်းထန် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါတွင် လူကောင်ကြီးကြီး သိုင်းပညာရှင်မှ ချက်ချင်း အော်ပြောလာခဲ့သည် “ အားလုံးပဲ၊ သူ့ကို အထင်မသေးကြနဲ့၊ သူ့ရဲ့ ခွန်အားက အပေါ်ယံ မြင်ရသလောက် မရိုးရှင်းဘူး၊ အတူတူ တိုက်ကြမယ် “
ထို့နောက်တွင် လူကောင်ကြီးသည့် သိုင်းပညာရှင်သည် ရှုကျိုးထံသို့ အရင်ဦးဆုံး ပြေးတက်လာခဲ့သည်။
တစ်ခြားလူများကလည်း သူတို့၏ကိုယ်ပိုင် နည်းစနစ်များကို အသုံးပြုကာ ရှုကျိုးကို တိုက်ခိုက်လာခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ယခင်က အရင်ဦးဆုံး လှုပ်ရှားခဲ့သည့် လျူချင်းထန်ကမူ အနောက်တွင်သာ ကျန်နေခဲ့ပြီး မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်လာခဲ့ပေ။
ထိုစဥ် လုံခြုံရေးဗျူရိုမှ အန်းမြောင်ရွှယ်ကမူ ငွေရေကန်၏ အစွန်းတစ်ဖက်တွင် ထိုင်နေကာ အဝေးမှ စောင့်ကြည့်နေခဲ့သည်။
အန်းမြောင်ရွှယ်သည် မလှမ်းမကမ်းရှိ လျူချင်းထန်ကို ငေးကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒီလူ၊ သူက ရှုကျိုးအားကုန်မဲ့ အချိန်အထိ စောင့်သတ်ဖို့ ကြံနေတာလား ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်တဲ့ အစီအစဥ်လဲ “
မကြာခင်မှာပင် သူမသည် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းပြီး၊ မလှုပ်မယှက်ဖြင့်သာ စောင့်ကြည့်နေတော့သည်။
သူမထံတွင် ရှုကျိုးကို တိုက်ခိုက်လိုစိတ် မရှိပေ၊ အဘယ့်ကြောင့်ဆိုသော် သူမသည် ရှုကျိုးက တရားခံဖြစ်သည်ဟု မထင်သောကြောင့်သာလျှင် မဟုတ်ဘဲ၊ ယခုရောက်ရှိနေသည့် လူများကြားထဲတွင် လနတ်ဘုရားဂိုဏ်း၏ နောက်လိုက်များ ရှိနေနိုင်သည်ဟုပါ ယုံကြည်နေသောကြောင့် ဖြစ်သည်။
အန်းမြောင်ရွှယ်သည် သိလိုစိတ်ဖြင့် တိုက်ပွဲနယ်မြေကို စူးစမ်းလေ့လာနေခဲ့ပြီး၊ လနတ်ဘုရားဂိုဏ်း၏ အရိပ်အငွေ့များကို မြင်တွေ့ရပါက တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။
…
“ ခွမ်း ခလမ်း ခွမ်း “
တိုက်ပွဲနယ်မြေ၌ သတ္ထုထိခတ်မှုအသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
နဂါးမီးလျှံ ဆေဘာကိုကိုင်ဆောင်ထားသည့် ရှုကျိုးသည် လူတစ်ဒါဇင်ကျော်နှင့် အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။
သူတို့၏တိုက်ခိုက်မှု လှိုင်းလုံးများသည် ငွေရေကန်တစ်ခုလုံးကို ဆူပွက်သွားစေခဲ့ပြီး၊ မီတာ ၁ထောင်မြင့်မားသည့် လှိုင်းလုံးများကို ဖြစ်ပေါ်လာစေခဲ့ကာ မြစ်ကြမ်းပြင်ကိုပင် ပေါ်ထွက်လာစေခဲ့သည်။
သို့ရာ၌ ရှုကျိုးသည် ထိုလူများထဲမှ လူတော်တော်များများက သူတို့၏ခွန်အားကို ဖုံးကွယ်ထားသည်ဆိုသည်ကို အာရုံခံမိနေခဲ့သည်။
“ ကြည့်ရတာတော့ လနတ်ဘုရားဂိုဏ်းက ဒီတစ်ခေါက်မှာ လူတော်တော်လေး လွှတ်လိုက်တဲ့ပုံပဲ “
သူကဲ့သို့ ဟန်ဆောင်ကာ လျူမိသားစု၏ ဘိုးဘေးခန်းမကိုပင် ဖျက်စီးထားခဲ့သောကြောင့် သူသည် သူက လနတ်ဘုရားဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ရမည့် လူစာရင်း၌ အမြင့်ပိုင်းအဆင့်များတွင် ရှိနေသည်ဟု သိနေခဲ့သည်။
လနတ်ဘုရားဂိုဏ်းသည် အလွန်စွဲမက်ဖွယ်ကောင်းသည့် ဆုကြေးများဖြင့် ဆွဲဆောင်ထားမည် ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ် ငွေရေကန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာသည့်အချိန်တွင် ရှုကျိုးသည် အစွမ်းထက် ရန်သူတစ်စုနှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့သည်။
“ ဒါပင်မဲ့ ဒီလိုမျိုး ဆက်တိုက်နေတာက အဖြေမဟုတ်ဘူး၊ လနတ်ဘုရားဂိုဏ်းက လူတွေ ထွက်လာအောင် လုပ်မှဖြစ်မယ် “
ထိုအတွေးနှင့်အတူ ရှုကျိုးသည် ချက်ချင်း အော်ဟစ်လာခဲ့သည် “ ဆေဘာ၊ လာ “
ဘုမ်းးး
ငွေရေကန်ကို နှစ်ခြမ်းခွဲသွားတော့မည့်အလား ဖြစ်နေသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်။
အားကောင်းသော ချီ-သွေးစွမ်းအင်လှိုင်းသည် ကြယ်မြစ်တစ်စင်းကဲ့သို့ ဖြစ်နေပြီး၊ ဘက်ပေါင်းစုံကို လှုပ်ခါသွားစေခဲ့သည် “ ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ်လား “
ယခုတွင် ရှုကျိုး၏ နာမည်ကျော်တိုက်ကွက်က ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ်ဖြစ်သည်ဆိုသည်ကို လူတိုင်းက သိထားကြပြီ ဖြစ်သည်။
ယခုတွင် ရှုကျိုးသည် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ နဝမအဆင့် အထွတ်အထိပ်အထိ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ၎င်း၏စွမ်းအားသည် သူက ထိုနည်းစနစ်၏ နဝမအဆင့်သို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် အချိန်ကထပ် များစွာသာလွန်အားကောင်းနေလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ရှုကျိုး၏ ကျင့်ကြံရေးမှာလည်း ရုတ်တရက် မြင့်တက်လာခဲ့သည်။
“ နှောင်းပိုင်း အဆင့်၄လား “
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နောက်ဆုံးတစ်ခေါက်က ပြိုင်ပွဲမှာတုန်းကတောင် သူက အစောပိုင်း အဆင့်၄မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား “
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်သည့် သူတို့အတွက် နှောင်းပိုင်း စတုတ္ထအဆင့်ဆိုသည်မှာ အံ့ဩဖွယ်ကောင်းသည့် အရာမဟုတ်ပေ။
သို့သော် အဓိကအချက်မှာ လွန်ခဲ့သော ရက်ပိုင်းအနည်းငယ်ခန့်က ရှုကျိုးမှာ အစောပိုင်း စတုတ္ထအဆင့်တွင်သာ ရှိနေသေးခြင်း ဖြစ်သည်။
ရက်ပိုင်းအတွင်းမှာပဲ အဆင့်သေးနှစ်ခုအထိ ကျော်ဖြတ်ခဲ့တာလား
အဲ့တာက မင်းရဲ့အဆင့်တက်နည်းလား
လူအုပ်အတွင်းရှိ လူတော်တော်များများ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာခဲ့သည်။
ထိုကဲ့သို့သော ပါရမီရှင်မျိုးအား ကြီးထွားခွင့် မပေးသင့်ချေ။
“ ဝှစ် “
ကောင်းကင်ထက်တွင် အနီရောင်သမ်းနေသည့် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ သွေးနီရောင် ဆေဘာအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ပြင်ကို ဖုံးလွှမ်း၍ ၎င်း၏ အရှိန်အဝါမှာလည်း ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
ထိုစဥ် ရှုကျိုး၏ လက်ချောင်းများထိပ်တွင် နီရဲရဲ မီးလျှံတစ်ခု ပေါ်လာခဲ့သည်။
“ သွား “
ရှုကျိုးမှ လက်ဝေ့ယမ်းလိုက်ရာ မီးလျှံသည် လေတိုက်တိုင်းကြီးမားလာခဲ့ပြီး၊ ငရဲမီးလျှံအဖြစ် ပြောင်းလဲသွားကာ ငွေရေကန်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
မီးနတ်စွမ်းရည်
ဓာတ်ကြီးငါးပါး မီးလျှံ
ရှုကျိုး၏ ယခုလက်ရှိ ကျင့်ကြံရေးနှင့် ဤစွမ်းရည်ကို အသုံးပြုလိုက်သည့် အချိန်တွင် ၎င်း၏စွမ်းအားသည် ယခင်ကနှင့် လုံးဝကွဲပြားနေခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် နတ်စွမ်းအား ဖိအားသည် ဆူနာမီကဲ့သို့ ပေါက်ထွက်လာခဲ့ပြီး၊ လူတော်တော်များများ၏ အမူအရာများကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
“ မကောင်းတော့ဘူး အားလုံးပဲ၊ ထိန်ချန်မထားနဲ့တော့၊ ရှိသမျှ အကုန်ထုတ်ကြ “
လူကောင်ကြီးကြီး သိုင်းပညာရှင်မှ အော်ပြောလာခဲ့သည်။
မီးလျှံများအောက်တွင် သွေးနီရောင် ဆေဘာအလင်းတန်းသည် လျူချင်းထန်၊ လူကောင်ကြီးကြီး သိုင်းပညာရှင်၊ ဝက်ခြံအမျိုးသမီးနှင့် တစ်ခြားလူများကို ချွင်းချက်မရှိ တိုက်ခိုက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဆေဘာအလင်းတန်းသည် နတ်စွမ်းရည်မီးတောက်နှင့် ရောစပ်သွားကာ အန်းမြောင်ရွှယ်ရှိနေသည့် နေရာအထိပါ ခုတ်ပိုင်းလာခဲ့သည်။
အန်းမြောင်ရွှယ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ အလောတကြီး ပိတ်ဆို့တားဆီးလာခဲ့သည် “ ဒီလူ ……. “
သူမသည် အစွန်းဘက်တွင် ရပ်ကြည့်နေရုံသာဖြစ်ပြီး ရှုကျိုးကို မတိုက်ခိုက်ခဲ့ပေ။ သူမသည် သူက သူ့ကိုပါ တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤအချိန်၌ ရှုကျိုးသည် မည်သို့မျှ သနားညှာတာနေမည် မဟုတ်ပေ။ လနတ်ဘုရားဂိုဏ်း ဟုတ်၊မဟုတ် ဤနေရာတွင် ရှိနေပြီဖြစ်သောကြောင့် သူတို့အားလုံးသည် ရန်သူများသာ ဖြစ်သည်။
“ ဗွီ “
အန်းမြောင်ရွှယ်၏ လက်ထဲတွင် ဓားအလင်းတန်း ပေါ်လာခဲ့ပြီး၊ ချက်ချင်းပေါက်ထွက်လာခဲ့ကာ သူမ၏နောက်တွင်လည်း ထိုက်ချိလေဟာနယ် စည်းတံဆိပ်တစ်ခုပါ ပေါ်လာခဲ့သည်။
၎င်းမှာ သူမ၏ နတ်ဓား၊ ဓားတာအိုနတ်စွမ်းရည်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဓားတာအိုနတ်စွမ်းရည်သည် ရှုကျိုး၏ ဆေဘာအလင်းတန်းနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိသည်။
“ ဂျွီ ဂျွီ ဂျွီ “
ရှုကျိုး၏ မီးနတ်စွမ်းရည်က အားကောင်းသော်လည်း၊ ၎င်းသည် အန်းမြောင်ရွှယ်၏ ဓားတာအိုနတ်စွမ်းထပ် အနည်းငယ် နိမ့်ကျနေခဲ့သည်။
တစ်ခဏခန့် အကြာတွင် ဆေဘာအလင်းတန်းပေါ်ရှိ မီးလျှံများ ငြိမ်းသက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုးထုတ်လွှတ်လိုက်သည့် ဆေဘာအလင်းတန်းမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ ဆေဘာအလင်းတန်းသည် များပြားလွန်းလှသည့် ဓားသွားငယ်လေးများအဖြစ် ပြောင်းလဲသွားကာ အန်းမြောင်ရွှယ်ကို တိုက်ခိုက်လာခဲ့သည်။
ကောင်းကင်ဖြိုခွင်းဆေဘာသိုင်း၏ နဝမအဆင့် အထွတ်အထိပ်သို့ အဆင့်တက်နိုင်ခဲ့ပြီးသည့်နောက်တွင် လူနှင့်ဓားတစ်သားတည်း ဖြစ်လာခဲ့ပြီး ဆေဘာတစ်လက်သည် ထောင်ပေါင်းများစွာသော ဓားသွားများအဖြစ် ပြောင်းလဲနိုင်လာပြီ ဖြစ်သည်။
“ ဒီလောက်တောင် ကိုင်တွယ်ဖို့ခက်တာလား “
အန်းမြောင်ရွှယ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သူမသည် လက်ကို အလျင်စလို ဝေ့ယမ်းလိုက်ပြီး၊ ဓားအလင်းတန်းသုံးခု ထုတ်လွှတ်လိုက်သည်။
ခွမ်း ခလမ်း ခွမ်းး …..
ဆက်တိုက်ထိတွေ့ တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် သူမသည် ဆေဘာအလင်းတန်း အကုန်လုံးကို ပျောက်ကွယ်သွားစေခဲ့သည်။
အန်းမြောင်ရွှယ်ကပင် ထိုမျှ ခက်ခက်ခဲခဲ ကိုင်တွယ်နေရသောကြောင့် တစ်ခြားလူများသာဆိုပါက ပြောရန်ပင် မလိုတော့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူခုနစ်ဦး(သို့) ရှစ်ဦး၏ ခန္ဓာကိုယ်များမှာ ဆေဘာအလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
…………………………………………………………………………………………………………………………………….
အပိုင်း ( 447 )
ရက်စက်မှု ၂
…
လျှို့ဝှက်နယ်မြေ အပြင်ဘက်၌
အားလုံးသည် အလင်းတန်းမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို ကြည့်ရှုကာ အံ့ဩတကြီး ဖြစ်သွားကြသည်။
“ ဒီရှုကျိုးက ……. သူ့ရဲ့ စွမ်းအားက ဒီလောက်တောက် ကြောက်ဖို့ကောင်းတာလား “
“ သူ့ရဲ့ နယ်ပယ်က နှောင်းပိုင်း အဆင့်၄မှာပဲ ရှိနေသေးတာလေ၊ အဆင့်၅ အထွတ်အထိပ် ပညာရှင်တွေကို ဘယ်လိုလုပ် ဖိနှိပ်နေနိုင်ရတာလဲ “
“ တော်တော်ကြီးကို အစွမ်းထက်တယ် “
“ နိုင်ငံတောင်အဆင့် ပြိုင်ပွဲမှာ ပထမဖြစ်ရတဲ့ အကျိုးအမြတ်က ဒီလောက်တောင် ကောင်းတာလား “
ထိုအခိုက်အတန့်တွင် များပြားလွန်းလှသော လူများသည် ရှုကျိုး၏ ခွန်အားကြောင့် တအံ့တဩ ဖြစ်သွားကြသည်။
နယ်ပယ်ပိုမြင့်လေလေ၊ အဆင့်ကျော်တိုက်ခိုက်ရန် ခက်ခဲလေလေဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားတွင် အဆင့်ကျော်တိုက်ခိုက်ခြင်းမှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်၊ သို့သော် နှစ်စဥ်နှစ်တိုင်းတွင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် ပါရမီရှင်များ ပေါ်ပေါက်လာလေ့ရှိသည်။
သို့သော် အလယ်အလတ် သိုင်းပညာရှင်များ ဖြစ်လာသည့် အခါတွင်မူ နယ်ပယ်သေး တစ်ခုချင်းစီတိုင်း၏ ကွာဟချက်မှာ ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ဖြစ်နေခဲ့ပြီး၊ အဆင့်ကျော် တိုက်ခိုက်ခြင်းဆိုသည်မှာ မဖြစ်နိုင်သလောက်နီးပါးဖြစ်နေသည့် ကိစ္စတစ်ခု ဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနမှာပင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် ပါရမီရှင်သည် နှစ်တစ်ရာမှ တစ်ယောက်သာလျှင် ပေါ်ထွက်လာတတ်သည်။
သို့သော် ရှုကျိုးကမူ နှောင်းပိုင်း စတုတ္ထအဆင့်တွင်သာ ရှိနေသေးပြီး၊ သူ၏ ခွန်အားကမူ ပဥ္စမအဆင့် အထွတ်အထိပ်နှင့်ပင် ယှဥ်နေနိုင်ပြီ ဖြစ်သည်။
၎င်းမှာ နယ်ပယ်ကြီးတစ်ခုထပ်ပင် ပိုနေခဲ့လေသည်။
ကောင်းကင်ထက်ရှိ လျူချင်းယွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ ဒီကလေးက အကြိမ်တိုင်းမှာ လူတွေကို တအံ့တဩဖြစ်သွားစေတာပဲ “
ဝုချင်းရှန်မှာလည်း တဟားဟား ရယ်မော၍ စကားပြောလာခဲ့သည် “ မင်းကျင့်သားရသွားပြီပဲ “
အဝေးရှိ လျူတျန်ရှန်ကမူ အမူအရာကင်းမဲ့စွာဖြင့် တည်ရှိနေခဲ့သည်။
ဝုချင်းရှန်သည် သူ့ကို ငေးကြည့်ကာ ပြောလာခဲ့သည် “ လျူအဘိုးကြီး၊ တကယ်လို့ ရှုကျိုးက ဒီတိုက်ပွဲမှာ တကယ့်တရားခံကို ဖမ်းနိုင်ခဲ့မယ်ဆိုရင်၊ မင်းတို့ လျူမိသားစုက ငါ့ကျောင်းသားရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးပေးရမယ် “
လျူတျန်ရှန်မှ အေးအေးလူလူ ပြောလာခဲ့သည် “ ကောက်ချက်ချဖို့ စောလွန်းနေသေးတယ်။ တကယ်လို့ ရှုကျိုးက ဒီတိုက်ပွဲကို နိုင်သွားမယ်ဆိုရင်တောင်မှ သူအပြစ်ကင်းတယ်လို့ သက်သေမပြနိုင်သေးဘူး “
“ အို့ “ ဝုချင်းရှန်သည် အသာအယာ ရယ်မောကာ မည့်သည့်စကားမှ ထပ်မပြောလိုက်တော့ပေ “ စောင့်ကြည့်ကြတာပေါ့ “
လျူတျန်ရှန်သည် အပြစ်ကင်းမှုကို သက်သေပြခြင်းက အရေးကြီး ကိစ္စ မဟုတ်ဘူးဟု တွေးထင်နေသည့်ပုံပင်။
စောင့်ကြည့်ကင်မရာမှ အထောက်အထားကို စစ်ဆေးရေး အေဂျင်စီတစ်ခုမှ အစစ်ဟုတ်၊ မဟုတ် အတည်ပြုပေးခဲ့ပြီးသည့် အချိန်တွင် အပြစ်ကင်းမှုကို သေချာပေါက် သက်သေပြနိုင်မည် ဖြစ်သည်။
ယခုလက်ရှိ အဓိက ပြဿနာမှာ တကယ့်တရားခံအား မည်ကဲ့သို့ ဖမ်းဆီးရမလဲဆိုသည်နှင့် လျှို့ဝှက်နယ်မြေအတွင်းရှိ လူများထဲတွင် တရားခံက မည်သူလဲဆိုသည်ပင် ဖြစ်သည်။
သူနှင့် လျူချင်းထန်တို့က ဤနေရာသို့ လူကိုယ်တိုင် ရောက်လာရခြင်းမှာ တိုက်ပွဲကို စောင့်ကြည့်ရုံသာလျှင် မဟုတ်ဘဲ၊ လနတ်ဘုရားဂိုဏ်းသားကို ဖမ်းဆီးရန်အတွက်ပါ ဖြစ်သည်။
ယခုတွင် အင်တာနက်ပေါ်ရှိလူထု၏ အထင်အမြင်ကို ထိန်းချုပ်နေသောကြောင့် ဤကိစ္စနောက်ကွယ်ရှိ လူမှာ အကောင်ကြီးတစ်ကောင် ဖြစ်နေရမည် ဖြစ်သည်။
ဝုချင်းရှန်က ၎င်းကို တွေးတောမိသွားသည့် အချိန်တွင် မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲ စခရင်က ဘာလို့ မည်းသွားရတာလဲ “
“ လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်နေတာလဲ “
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့လေသည်။
ဝုချင်းရှန်မှ လှည့်ကြည့်လိုက်ရာ အလင်းတန်းမျက်နှာပြင်အတွင်းရှိ ကောင်းကင်ပြင်သည် ပိတ်ပိတ်ပိန်းအောင် မည်းမှောင်နေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ပိတ်ဆို့ထားတာလား “ ဝုချင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့တာက လနတ်ဘုရားဂိုဏ်းရဲ့ ချန်ခွမ်ကျောက်တုံးလား “
သူ့ဘေးနားရှိ လျူတျန်ရှန်မှာလည်း စည်းတံဆိပ်များ ရေးဆွဲကာ သူ၏စိတ်ဝိညာဥ်စွမ်းအားကို လျှို့ဝှက်နယ်မြေထဲသို့ စေလွှတ်လိုက်သည်။
သို့သော် မကြာခင် အချိန်မှာပင် သူမျက်မှောင်ကြုတ်သွားခဲ့ရသည် “ အထဲက အခြေအနေကို ထောက်လှမ်းလို့ မရဘူး ……… တကယ်ကြီးကို ချန်ခွမ်ကျောက်တုံး ဖြစ်နေတာပဲ “
ချန်ခွမ်ကျောက်တုံးသည် ကမ္ဘာ့ကြယ် သလင်းကျောက်၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည့် လနတ်ဘုရားဂိုဏ်း၏ ရတနာတစ်ခု ဖြစ်သည်။
လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ ချန်ခွမ်ကျောက်တုံးကို အသက်သွင်းလိုက်သောအခါတွင် ကောင်းကင်နှင့် ကမ္ဘာမြေကို အလုံးစုံ ချိတ်ဆက်နိုင်ပြီး၊ အရာအားလုံးကို ခွဲထုတ်နိုင်ပေသည်၊ ၎င်းသည် စိတ်ဝိညာဥ် စွမ်းအားသော်လည်းကောင်း၊ အချက်ပြမှုများသော်လည်းကောင်း၊ သာမန်အမြင်အာရုံသော်လည်းကောင် အရာအားလုံးကို ကာဆီးနိုင်ပေသည်။
အဆိုပါ ပစ္စည်းသည် ကမ္ဘာ့ကြယ်မှ ပစ္စည်းဖြစ်ပြီး၊ လနတ်ဘုရားဂိုဏ်းကသာလျှင် ၎င်းကို ပိုင်ဆိုင်နိုင်ပြီး၊ ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် အရာရှိများကပင် ၎င်းကို အရမယူနိုင်ခဲ့ပေ။
လုံခြုံရေးဗျူရိုမှာလည်း ၎င်းကို အရယူချင်နေခဲ့သည်၊ သို့သော် လနတ်ဘုရားဂိုဏ်းခွဲများ ဖျက်စီးခံခဲ့ရသည့် အချိန်တိုင်းတွင် အဆိုပါ ပစ္စည်းများကို ၎င်းနှင့်အတူ ဖောက်ခွဲဖျက်စီးလေ့ရှိသည်။
တစ်နည်းဆိုရသော် လနတ်ဘုရားဂိုဏ်းအတွက်ပင် ၎င်းသည် အလွန်တရာတန်ဖိုးကြီးသော ရတနာတစ်ခု ဖြစ်သည်။
“ အဲ့ကြွက်တွေက ချန်ခွမ်ကျောက်တုံးလို ရတနာမျိုးကို တကယ်ကြီး ယူလာခဲ့တယ်ပေါ့ “
ဝုချင်းရှန်၏ အမူအရာသည် အနည်းငယ်လေးနက်သွားခဲ့သည်၊ ချန်ခွမ်ကျောက်တုံးကို လနတ်ဘုရားဂိုဏ်း၏ အရေးကြီးသော ဂိုဏ်းခွဲများတွင်သာ ဝှက်ထားလေ့ရှိပြီး၊ ၎င်းသည် ပုန်းကွယ်ခြင်းကို အားဖြည့်ကူညီပေးခဲ့သည်။
ယခုတွင် ထိုကဲ့သို့သော ပစ္စည်းမျိုးကိုပါ ထုတ်ယူလာခဲ့သောကြောင့် သူတို့က ရှုကျိုးအား မည်မျှ အလေးအနက်ထားလဲသည်ကို တွေးကြည့်နိုင်ပေသည်။
လျူချင်းယွမ်၏ အမူအရာမှာလည်း မည်းမှောင်သွားခဲ့သည် “ ရှုကျိုးက ပြဿနာတော့ မတက်လောက်ပါဘူးနော် “
“ ကြည့်ရတာတော့ ဒီတစ်ခေါက် ဝင်သွားတဲ့အထဲမှာ လနတ်ဘုရားဂိုဏ်းရဲ့ လူတွေ တော်တော်လေး ပါနေတဲ့ပုံပဲ “
ဝုချင်းရှန်မှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ စိတ်မပူပါနဲ့၊ ငါက ကောင်းကောင်းကြီး ပြင်ဆင်ထားပြီးသားပါ “
သူသည် အရေးပေါ် အစီအစဥ်တစ်ခုကို ပြုလုပ်ထားပြီးသား ဖြစ်ပြီး၊ ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုကို ချက်ချင်းနှိပ်လိုက်သည် “ မင်းတို့အားလုံး ဒီကို မြန်မြန်လာကြတော့ “
“ ကျောင်းအုပ်ကြီး၊ ခင်ဗျားက ….. “ လျူချင်းယွမ်သည် ဇဝေဇဝါ ဖြစ်နေစဲပင်။
ဝုချင်းရှန်မှ စကားထပ်ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းက ဒီတစ်ကြိမ်မှာ ပြဿနာရှာမယ်ဆိုတာကို ငါမျှော်လင့်ထားခဲ့ပြီသား၊ အဲ့တာကြောင့် မိုင်၁ထောင်အကွာမှာ အဆင့်၅ အထွတ်အထိပ် ပညာရှင်တွေကို စောင့်ခိုင်းထားတယ်။ တကယ်လို့ တစ်ခုခု ဖြစ်နေမယ်ဆိုရင် သူတို့က ချက်ချင်း ရောက်လာနိုင်တယ် “
“ သတင်းပေါက်ကြားမှာစိုးလို့ ဘယ်သူ့ကိုမှ မပြောပြခဲ့တာ “
ဝုချင်းရှန်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ လနတ်ဘုရားဂိုဏ်းမှ ကြွက်များက သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြသခြင်းကို စောင့်ဆိုင်းရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ယခုတွင် တစ်ဖက်က ဖုံးကွယ်မနေနိုင်သောကြောင့် သူကလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်ရမည် ဖြစ်သည်။
မိုင်၁ထောင်အကွာတွင် စောင့်နေခိုင်းရခြင်းမှာ လနတ်ဘုရားဂိုဏ်းသားများက ထောက်လှမ်းမိသွားမှာကို ကာကွယ်ရန်အတွက် ဖြစ်သည်။
မိုင်၁ထောင် အကွာအဝေးအတွက် အချိန်တစ်ချို့ယူရမည်ဖြစ်သော်လည်း၊ သူသည် ရှုကျိုးက အခြေအနေကို တစ်ခဏခန့် ထိန်းထားနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
လျူချင်းယွမ်သည် နားလည်သဘောပေါက်သွားကာ စိတ်သက်သာရာရသွားတော့သည်။
အဆိုပါ ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များက လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားသည့် အချိန်တွင် ဤကိစ္စမှာလည်း ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။
…
လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက
ရှုကျိုး၏ ဆေဘာအလင်းတန်းသည် ရေကန်တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ကာ၊ ရပ်တန့်မရသော အရှိန်အဟုန်မျိုးဖြင့် ကျင့်ကြံရေး အဆင့်နိမ့်သည့် လူတစ်ချို့ကို ချက်ချင်း ဒဏ်ရာရရှိသွားစေခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ်မျှ ကြာခဲ့ပြီးသည့်နောက်တွင် သိုင်းပညာရှင် တစ်ဝက်ကျော်သည် ဒဏ်ရာမျိုးစုံ ရရှိသွားခဲ့သည်။
ထိုလူများအနက် နှောင်းပိုင်း ပဥ္စမအဆင့် ပညာရှင်တစ်ချို့၏ ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်နေခဲ့သည်။
လူတော်တော်များများသည် အံ့ဩတုန်လှုပ်နေကြသည်။
အစက သူတို့သည် ရှုကျိုးက မည်မျှပင် သန်မာအားကောင်းနေပါစေ၊ နှောင်းပိုင်း ပဥ္စမအဆင့် ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် သူတို့လူစုက အရေအတွက်ကို အားကိုး၍ သူ့အား အလွယ်တကူ ဖြေရှင်းနိုင်မည်ဟုသာ ထင်ခဲ့ကြသည်။
သို့သော် ရှုကျိုး၏ စွမ်းအားသည် သူတို့တွေးထင်ထားသည်ထပ် များစွာကျော်လွန်နေခဲ့သည်။
ရှုကျိုးသည် လေပေါ်တွင် လက်တစ်ဖက်နောက်ပစ်၍ ရပ်နေခဲ့ကာ အေးအေးဆေးဆေး စကားပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်း၊ မင်းတို့ကိုယ်မင်းတို့ ကိုယ်ထင်မပြသေးဘူးလား “
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် နှောင်းပိုင်း ပဥ္စမအဆင့် ပညာရှင်တစ်ဦးမှ ဒေါသတကြီး အော်ပြောလာခဲ့သည် “ ကျောင်းအုပ်ဝုနဲ့ စီနီယာ လျူတျန်ရှန်တို့က အပြင်က စောင့်ကြည့်နေတဲ့ဟာကို လနတ်ဘုရားဂိုဏ်းက ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ ရှုကျိုး၊ မင်းက အခုထိ ငြင်းနေတုန်းပဲလား တရားခံက မင်းပဲ “
“ အရူး “
ရှုကျိုးမှ လှောင်ပြောင်လိုက်သည်။
ထို့နောက်တွင် ကောင်းကင်နှင့် မြေပြင်တို့သည် ရုတ်တရက် တုန်ခါလာခဲ့သည်။
“ ဇွီ “
အလင်းတန်းတစ်ခုသည် ငွေရေကန်၏ ထောင့်တစ်ဖက်မှ ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက် ကြီးမာသော စွမ်းအင်ဒိုင်းကာအဖြစ် ပြောင်းလဲသွားကာ ပန်းကန်လုံးတစ်လုံးကဲ့သို့ ရေကန်တစ်ခုလုံးကို ဖုံးအုပ်လာခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
“ ငါ့ရဲ့ စိတ်ဝိညာဥ်စွမ်းအားက အပြင်ဘက်ကို ထောက်လှမ်းလို့ မရတော့တဲ့ပုံပဲ “
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် အားလုံးသည် ဇဝေဇဝါဖြင့် အံ့ဩတုန်လှုပ်သွားကြသည်။
အန်းမြောင်ရွှယ်၏ အမူအရာမှာလည်း လေးနက်သွားခဲ့သည် “ အဲ့တာက ……. ချန်ခွမ်ကျောက်တုံးများလား “
ခုနကလေးတင် စကားပြောခဲ့သည့် အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်မှာလည်း အမူအရာ ပြောင်းလဲသွားခဲ့သည် “ ချန်ခွမ်ကျောက်တုံးလား လနတ်ဘုရားဂိုဏ်းကလူ တကယ်ရှိနေတာလားဟ “
ထို့နောက်တွင် သူသည် ရှုကျိုးကို လှည့်ကြည့်ကာ အေးစက်စွာ အော်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက လှည့်ကွက်တွေ သုံးနေတာပဲ။ ငါသိပြီ၊ မင်းက လနတ်ဘုရားဂိုဏ်းက လူတစ်ယောက်ပဲ “
“ ဆူလိုက်တာကွာ “
ရှုကျိုးမှ လက်ဝေ့ယမ်းလိုက်ရာ၊ မြေဝါရောင် ဓားအလင်းတန်းသည် အနက်ဝတ် သိုင်းပညာရှင်ထံသို့ ပြေးဝင်လာခဲ့သည်။
၎င်းသည် တကယ့်ဓားတစ်လက်မဟုတ်ဘဲ၊ မြေနတ်စွမ်းရည်ဖြင့် ဖွဲ့စည်းထားသည့် ဓားတစ်လက်ဖြစ်သည်၊ ၎င်းသည် အားကောင်းကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ထားပြီး၊ အနက်ဝတ်သိုင်းပညာရှင်၏ လည်ပင်းကို ချက်ချင်း ထိမှန်သွားခဲ့သည်။
“ တော်တော်မြန်တယ် …… မင်း ……. “
အနက်ဝတ်လူသည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ ချက်ချင်း ဇက်ကျိုးကျသွားခဲ့သည်။
သူသည် သူ၏လည်ပင်းကို ကိုင်ဆောင်ထားကာ ပြူးကျယ်နေသည့် မျက်လုံးများဖြင့် ပြိုလဲသွားခဲ့သည်။
ယခုတွင် ချန်ခွမ်ကျောက်တုံးက ကောင်းကင်နှင့်မြေပြင်တို့ကို ခွဲထုတ်ထားပြီး၊ စောင့်ကြည့်နေသည့် မျက်လုံးများကို ပိတ်ဆို့ထားသောကြောင့် သူသည် လေကုန်ခံမတော့ဘဲ ချက်ချင်း ထိုလူ့ကို သတ်ဖြတ်လိုက်သည်။
သူသည် တိုက်ကွက်တစ်ခုတည်းဖြင့် နှောင်းပိုင်း ပဥ္စမအဆင့် ပညာရှင်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
လူအုပ်ကြီးမှာ ရုတ်တရုတ်သဲသဲ ဖြစ်သွားတော့သည်။
“ ဟားဟားဟား၊ ရှုကျိုး၊ မင်းကတကယ် ရက်စက်တာပဲကွ “
ထိုအချိန်တွင် ခြောက်ခြားဖွယ်ကောင်းသည့် ရယ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် သုံးမီတာကျော် အရပ်ရှိသည့် လူကောင်ကြီးကြီးသိုင်းပညာရှင်ထံမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး၊ သူသည် ရှုကျိုးကို လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တကယ်လို့ မင်းက ငါ့ရဲ့ လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင်၊ ဒီနေ့ ငါမင်းကို သက်ညှာပေးလို့ရတယ်၊ ဘယ်လိုလဲ “
“ ဘာကြီး လနတ်ဘုရားဂိုဏ်းလား “
ဘူ့ဘေးနားရှိ သိုင်းပညာရှင် အကုန်လုံးသည် အံ့ဩတကြီးဖြစ်သွားပြီး၊ အလျင်စလို နောက်ဆုတ်သွားကြသည်။
“ အို နောက်ဆုံးတော့ မင်းရဲ့ သရုပ်မှန်ကို ချပြချင်လာပြီပေါ့ “ ရှုကျိုးသည် စိတ်ဝင်တစားဖြစ်နေသည့် အမူအရာမျိုးဖြင့် သူ့ကို ကြည့်နေတော့သည်။
“ ဒါပေါ့၊ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လူတွေက နောက်တစ်နေ့ နေထွက်လာတာကို မြင်ရတော့မှာမှ မဟုတ်တာ “
ဤတစ်ကြိမ် စကားပြောလာခဲ့သည့် လူသည် ဝက်ခြံမျက်နှာနှင့် အမျိုးသမီးဖြစ်ပြီး၊ သူမ၏အသွင်သဏ္ဍာန် ပေါ်လာသည့် အချိန်တွင် သူမသည် အလွန်တရာ ဆွဲဆောင်မှုရှိသည့် အနီဝတ် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုစဥ် တစ်ခြားလူရှစ်ဦး၏ အသွင်သဏ္ဍာန်များမှာလည်း တစ်ပြိုင်နက် ပြောင်းလဲသွားခဲ့သည်။
သူတို့အားလုံးသည် လနတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်သည်။
တိုက်ပွဲနယ်မြေအစွန်းဘက်ရှိ အန်းမြောင်ရွှယ်မှာလည်း သိသိသာသာ မျက်နှာပျက်သွားခဲ့သည် “ လနတ်ဘုရားဂိုဏ်းက လူဆယ်ယောက်တောင် တကယ်ကြီး ပို့လိုက်တာလား ပြီးတော့ အားလုံးက အဆင့်၅ အထွတ်အထိပ်တွေချည်းပဲပေါ့ “
ဤတစ်ကြိမ်၌ ငွေရေကန် လျှို့ဝှက်နယ်မြေအတွင်းသို့ ရှုကျိုး သတ်လိုက်သည့် လူအပါအဝင် စုစုပေါင်း လူ၁၇ယောက် ဝင်လာခဲ့လေသည်။
ထို့ကြောင့် ယခုလက်ရှိ အချိန်တွင် သူမတို့ဘက်၌ လူခြောက်ဦးသာလျှင် ကျန်ရှိနေတော့သည်။
ထို့အပြင် သူမတို့ဘက်မှ လူနှစ်ဦးမှာ နှောင်းပိုင်း ပဥ္စမအဆင့်တွင်သာ ရှိနေသေးပြီး၊ ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။
အန်းမြောင်ရွယ်သည် အနီရောင်ဝတ်စုံနှင့် လှပသည့် အမျိုးသမီးကို ကြည့်ကာ အထိတ်တလန့် ဖြစ်သွားခဲ့သည် “ လနတ်ဘုရားဂိုဏ်းရဲ့ ကျောင်းကျိုးဌာနချုပ်ရဲ့ ခန်းမသခင် ဟုန်တျယ်( အနီရောင်လိပ်ပြာ) အဲ့လူက တစ်ခါတုန်းက အဆင့်၆ ပညာရှင်နဲ့တောင် အနိုင်အရှုံး မပြတ်သားတဲ့အထိ ယှဥ်တိုက်နိုင်ခဲ့တယ်၊ သူမကို ကိုင်တွယ်ဖို့က တော်တော်လေး ခက်တယ် ”
ကျန်ရှိနေသည့် လူများမှာလည်း အမူအရာ လေးနက်သွားကြသည်။
အန်းမြောင်ရွှယ်နှင့်အတူ ရှိနေသည့် အဝါရောင် ဝတ်စုံနှင့် လူငယ်သည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းရဲ့ အမှိုက်ကောင်တွေ၊ မင်းတို့က ဘယ်လိုလုပ်ပြီးတော့ ဒီကိုလာရဲနေရတာလဲ အကြီးအကဲ လျူတျန်ရှန်က မင်းတို့အားလုံးကို အပြတ်ရှင်းပစ်မှာကို မကြောက်ဘူးလား “
“ ဟီးဟီးဟားဟား “
အနီရောင်လိပ်ပြာသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောနေတော့သည်။
“ တကယ် အရူးပဲ၊ တုံးလွန်းတယ် “
သူမသည် အန်းမြောင်ရွှယ်နှင့် တစ်ခြားလူများကို ကြည့်ကာ ရယ်မောနေတော့သည် “ ချန်ခွမ်ကျောက်တုံးက ပြင်ပကမ္ဘာနဲ့ ဒီနေရာကို ခွဲထုတ်ထားတယ်လေ၊ နင်တို့အားလုံးကို သတ်နိုင်သရွေ့၊ ဒီနေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာကို လျူတျန်ရှန်က ဘယ်လိုလုပ် သိနိုင်မှာလဲ “
……………………………………………………………………………………………………………………………………..