← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အပိုင်း ( 451 )

ရှုကျိုးသေသွားပြီလား ၂

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်သည့် ဝုချင်းရှန်ကပင် အဌမအဆင့်တွင်သာ ရှိနေသေးသည်။

သို့သော် ကြယ်ပြာဂြိုဟ်ပေါ်ရှိ အစစ်အမှန် ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိသူများမှာ နဝမအဆင့် ပညာရှင်များသာ ဖြစ်သည်။

ထိုကိစ္စ ပေါ်သွားသည်နှင့်တစ်ပြိုင်နက် သူတို့သည် ရှုကျိုးကို သဘောကျလာမည် ဖြစ်သည်၊ သို့သော် သူတို့ထံတွင် မကောင်းသော ရည်ရွယ်ချက် ရှိ၊ မရှိဆိုသည်ကို မည်သူက သိနိုင်မည်နည်း။

လျူချင်းထန်ကပင် လနတ်ဘုရားဂိုဏ်း၏ ဆွဲဆောင်မှုကို ခံခဲ့ရသောကြောင့် နဝမအဆင့် ပညာရှင်များအနက် သစ္စာဖောက် ရှိ၊ မရှိဆိုသည်ကို မည်သူက သိနိုင်မည်နည်း။

ရှုကျိုးသည် သူ၏အသက်ကို ထိုကဲ့သို့သော မရေရာမသေချာသည့် အရာများနှင့် ချည်နှောင်ထားမည် မဟုတ်ပေ။

သူ့ထံတွင် လုံလောက်သော ခွန်အား မရှိခင် အချိန်အထိ သူသည် တစ်ချို့သော အရာများကို ဖုံးကွယ်ထားဦးမည် ဖြစ်သည်။ ၎င်းမှာ အကောင်းဆုံးသော နည်းဗျူဟာတစ်ခုဖြစ်သည်။

ရှုကျိုးသည် အန်းမြောင်ကို ကြည့်နေတော့သည်၊ သူ့ထံတွင် သူမကို သတ်ဖြတ်လိုသည့် အတွေးမျိုး အမှန်တကယ် ရှိနေခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူသည် တစ်ခြားအတွေးတစ်ခုကို တွေးတောမိသွားခဲ့သည်။

“ ဟူးးး “

ရှုကျိုးမှ သူလက်ဝါးကို ဖွင့်လိုက်ရာ၊ ငါးရောင်ခြယ်ရောင်ခြည်များ ရုတ်တရက် တောက်ပလာခဲ့သည်၊ ၎င်းသည် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ဖြစ်သည်။

အဆိုပါ နတ်စွမ်းရည်ငါးမျိုးသည် တစ်ခုနှင့်တစ်ခု လှည့်ပတ်နေကာ၊ ဒြပ်စင်ငါးပါး ရောင်ခြည်စက်ဝန်းတစ်ခုအဖြစ် ဖွဲ့စည်းနေခဲ့သည်။

“ နင့်ရဲ့ ကလီစာငါးခု ဟင်းလင်းပြင်ကို ဖွင့်လိုက် “ ရှုကျိုးမှ အန်းမြောင်ရွှယ်ကို စကားပြောလာခဲ့သည်။

အန်းမြောင်ရွှယ်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ သို့သော် သူမသည် အံကြိတ်၍ ထိုစကားအတိုင်း လိုက်နာခဲ့သည်။

သိုင်းပညာရှင်တစ်ဦးအတွက် ကလီငါးခု တံခါးပေါက်အား တစ်ခြားလူတစ်ဦးကို ဖွင့်ပြခြင်းမှာ အလွန်တရာ အန္တရာယ်များသည့် လုပ်ရပ်တစ်ခုဖြစ်သည်။

သို့သော် ယခုလက်ရှိ အချိန်၌ သူမထံတွင် ရွေးချယ်စရာ မရှိပေ။

“ သွား “

ရှုကျိုးမှ လက်ညှိုးထိုး၍ ညွှန်လာခဲ့ရာ၊ ဒြပ်စင်ငါးပါး ရောင်ခြည်တန်းသည် အန်းမြောင်ရွှယ်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။

“ အင်းး “ အန်းမြောင်ရွှယ်သည် မနေနိုင်တော့ဘဲ၊ ညင်သာစွာ ညီးညူမိသွားခဲ့ပြီး၊ ထူးဆန်းသော ပစ္စည်းတစ်ခုခုကက သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အလား အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှုကျိုးသည် သူမကို ကြည့်ကာ၊ ရုတ်တရက် အတွေးရသွားခဲ့သည်။

“ အား “

အန်းမြောင်ရွှယ်သည် တိုးညှင်းစွာ ညီးညူမိသွားခဲ့ပြီး၊ သူမ၏လက်များမှာလည်း သူမ၏သဘောဆန္ဒမပါဘဲ အလိုအလျောက် မြောက်တက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အသာအယာ ပြုံးနေကာ သူ၏စိတ်ကို ဖြေလျော့လိုက်ပြီး၊ အန်းမြောင်ရွှယ်ထံသို့ ထိန်းချုပ်မှုကို ပြန်လည်လွှဲပြောင်းပေးအပ်လိုက်သည်။

သူမ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်များဖြင့် ပြည့်နှက်နေခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သူမသည် ယခုလေးတင် သူမ၏ ခန္ဓာကိုယ်က သူမ၏ ထိန်းချုပ်အောက်တွင် မရှိတော့ဘူးဟု ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

၎င်းသည် ရှုကျိုး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။

ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ အဲ့ဒီလက်စွပ်က ငါ့ရဲ့ ဒြပ်စင်ငါးပါး နတ်နည်းစနစ်နဲ့ ဖွဲ့စည်းထားတာ။ အဲ့တာက နင့်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတာနဲ့ နင့်ရဲ့ အခြေအနေကို အချိန်မရွေး အာရုံခံနိုင်တယ် “

၎င်းမှာ ထိုလက်စွပ်မှတစ်ဆင့် သူနှင့် အန်းမြောင်ရွှယ်ကြားတွင် ဆက်နွယ်မှုတစ်မျိုးမျိုး တည်ဆောက်ထားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

၎င်းမှာ အစေခံ/ကျွန် စာချုပ်နှင့် ဆင်တူလှသည်၊ စာချုပ်ဖြင့် ချည်နှောင်ခံထားရသူသည် လှုပ်ရှားမှုတိုင်း စောင့်ကြည့်ခံရမည်ဖြစ်ပြီး၊ အရေးအကြီးဆုံး အခိုက်အတန့်တွင် သခင်သည် ဤလက်စွပ်မှတစ်ဆင့် အစေခံကို တိုက်ရိုက်ထိန်းချုပ်နိုင်ပေသည်။

၎င်းသည် အစောပိုင်းအချိန်များအတွင်းက နတ်စွမ်းရည် ငါးမျိုးကို ထုတ်ဖော်ပြသခဲ့ပြီးသည့်နောက်တွင် ရှုကျိုးနားလည်ခဲ့သည့် အကွက်ဖြစ်သည်။

ဤဟာသည် သူ့အတွက် စမ်းသပ်မှုတစ်ခုမျှသာဖြစ်ပြီး၊ အကယ်၍ အမှန်တကယ် အလုပ်ဖြစ်သွားမည်ဆိုပါက သူ့ထံတွင် နောက်ထပ်ဝှက်ဖဲတစ်ခု ရှိလာမည် ဖြစ်သည်။

လက်စွပ်၏ လုပ်ဆောင်မှုသည် လူသားခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ရုံတင်မဟုတ်ဘဲ၊ သားရဲမျိုးနွယ်စုများနှင့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ ခန္ဓာကိုယ်များထဲသို့ပါ ဝင်ရောက်နိုင်ပေသည်။

ထိုအချိန်တွင် အရာအားလုံးသည် ဤလက်စွပ်ဖြင့် ကျွန်ပြုခံရမည် ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရပြီးသည့်နောက်တွင် အန်းမြောင်ရွှယ်၏ မျက်နှာလှလှလေးသည် မနေနိုင်တော့ဘဲ ရုပ်ဆိုးသွားခဲ့သည်။

သူမသည် ရှုကျိုးက သူမ၏ခန္ဓာကိုယ်ထဲတွင် ဤလက်စွပ်အား ထည့်ထားပြီး၊ ၎င်းသည် သူမ၏ သေခြင်းရှင်ခြင်းက ရှုကျိုး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဆိုသည်ကို သိနေခဲ့သည်။

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက ယခု၌ သူမသည် လွတ်လပ်ခွင့် အနည်းငယ်ပိုရထားသည့် အစေခံတစ်ဦးနှင့် များစွာတူညီနေလျက်ရှိသည်။

သို့ရာတွင် လုံခြုံရေးဗျူရို ဒါရိုက်တာ၏ သမီးတစ်ဦးအနေဖြင့် သူမသည် အခြေအနေနှင့် အချိန်အခါကို ကောင်းစွာနားလည်သူတစ်ဦး ဖြစ်သည်။

ထိုအချိန်တွင် သူမသည် ရှုကျိုးကို အနည်းငယ် ဦးညွတ်အရိုအသေပေးကာ စကားပြောလာခဲ့သည် “ သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်၍ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ နင်ပြောထားသလိုပဲ ဒီနေ့ကိစ္စတွေက ပေါက်ကြားသွားလို့ မဖြစ်ဘူး။ ပြီးတော့ …………… “

ပြောနေရင်းဖြင့် သူသည် ခြေထောက်သုံးဘက် ဒယ်စောက်ငယ်ကို ရုတ်တရက် ထုတ်ယူလိုက်သည်။

ချီ-သွေးစွမ်းအားဖြင့် အသက်သွင်းလိုက်သည့် အချိန်တွင် ခြေထောက်သုံးဘက်ဒယ်စောက်ငယ်သည် အလင်းတန်းတစ်ခုကို ချက်ချင်းထုတ်လွှတ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုကျိုး၏ အသွင်အပြင်မှာလည်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လျူချင်းထန်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုးသည် မည်သည့်ရုပ်ဖျက် နည်းစနစ်ကိုမှ မသိပေ၊ သို့သော် သူ၏ ကိုယ်ပွားထံတွင် သားရဲတစ်သောင်းတုပခြင်း စွမ်းရည်ရှိပြီး၊ ၎င်းကို မူလကိုယ်ကလည်း ကျွမ်းကျင်တတ်မြောက်ထားခဲ့သည်။

သို့သော် ကိုယ်ပွား၏လုပ်နိုင်စွမ်းနှင့် ယှဥ်လိုက်မည်ဆိုပါက မူလကိုယ်ရရှိထားခဲ့သည့် စွမ်းရည်သည် ပို၍အပစ်အနာအဆာ များနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ခြေထောက်သုံးဘက် ဒယ်စောက်ငယ်ကို ရရှိခဲ့ပြီး ၎င်းနှင့်သာဆိုပါက သူ၏ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နှင့် အရှိန်အဝါကိုပင် ပြောင်းလဲနိုင်ကာ၊ အဆိုပါ အပြစ်အနာအဆာများကို ဖာထေးနိုင်သွားခဲ့သည်။

ရှုကျိုးမှ ချီ-သွေးစွမ်းအားကို အသုံးပြု၍ ဒယ်စောက်ငယ်ကို အသက်သွင်းလိုက်ရာ မကြာခင် အချိန်မှာပင် သူ၏ မျက်လုံးများနှင့် လက်ဗွေရာတို့မှာလည်း လျူချင်းထန်နှင့် တစ်ထပ်တည်း ထပ်တူညီသွားခဲ့သည်။

သူသည် အစောပိုင်း အချိန်များကတည်းက ၎င်းတို့ကို စိတ်ဝိညာဥ်စွမ်းအားဖြင့် ဤအခိုက်အတန့်အတွက် ထောက်လှမ်းထားခဲ့ပြီးသား ဖြစ်သည်။

“ ဟူးး “

ဒယ်စောက်ငယ်မှ အလင်းတန်းတစ်ခု ထုတ်လွှင့်လာခဲ့ရာ၊ လျူချင်းထန်၏ လက်နက်နှင့်တူညီသည့် အနီရောင်လှံသည် ရှုကျိုး၏လက်ထဲတွင် ပေါ်လာခဲ့သည်။

“ နင် ……… “

အန်းမြောင်ရွှယ်သည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် တအံ့တဩဖြစ်သွားခဲ့သည်။

ရှုကျိုးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာခဲ့သည် “ အပြင်ထွက်ကြတာပေါ့၊ ရှုကျိုးက သေပြီလို့ပြောလိုက် “

“ ဟုတ်ကဲ့ “

အန်းမြောင်ရွှယ်သည် ချက်ချင်းသဘောတူလာခဲ့သည်၊ သို့သော် သူမသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ နင်က လျူချင်းထန်အဖြစ် ဟန်ဆောင်ပြီးတော့ လနတ်ဘုရားဂိုဏ်းက ဆုလဒ်တွေကို သိမ်းချင်နေတာလား? “

ရှုကျိုးသည် သူမကို ကြည့်ကာ ပြန်ပြောလိုက်သည် “ မမေးသင့်တာကို မမေးနဲ့။ နင့်အတွက်ကတော့ ဒီနေ့ကိစ္စကို ဖုံးထားတာက အကောင်းဆုံးပဲ “

“ ဟုတ်ကဲ့ “ အန်းမြောင်ရွှယ်သည် သူမ၏ နှုတ်ခမ်းလေးများကို ကိုက်ကာ ခေါင်းငြိမ့်ပြလာခဲ့သည်။

“ ဇွီ !! “

ထိုအချိန်၌ ဝဲဂယက်တစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်ပေါက်လာခဲ့သည်။

ထို့နောက်တွင် ရာပေါင်းများစွာသော ပုံရိပ်များ ပေါ်လာခဲ့ပြီး၊ အားလုံးသည် အစွမ်းထက် အရှိန်အဝါများကို ဖော်ထုတ်ထားခဲ့ကာ ၎င်းတို့အားလုံးသည် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များ ဖြစ်နေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် စစ်ကူများ ရောက်ရှိလာပြီဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

ခေါင်းဆောင်လာသော လူသည် အဖြူရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး၊ သူ၏ပါးစပ်ထောင့်တွင် မှည့်တစ်လုံး ရှိနေခဲ့ကာ ရှေ့တက်၍ အော်ပြောလာခဲ့သည် “ ကျွန်တော်က ရန်ပြည်ထောင် တပ်မတော်ရဲ့ တပ်မ ၅၁ရဲ့ တပ်မှူး၊ တုချန်ပါ “

ရှုကျိုးသည် ရှေ့တိုး၍ စကားပြောလိုက်သည် “ တပ်မှူးတုချန်၊ တိုက်ပွဲက ပြီးသွားပါပြီ “

တုချန်သည် သူ့ကို ကြည့်လာခဲ့သည်၊ ထို့နောက်တွင် အန်းမြောင်ရွှယ်ကို ကြည့်ကာ စကားပြောလိုက်သည် “ မမလေးအန်း၊ ဒီလူက လနတ်ဘုရားဂိုဏ်းရဲ့ အဖွဲ့သားတစ်ယောက်လား? “

လျူချင်းထန်နှင့် ယှဥ်လိုက်မည်ဆိုပါက သူသည် ဒါရိုက်တာ၏ သမီးဖြစ်သည့် အန်းမြောင်ရွှယ်ကိုသာ ပိုမိုယုံကြည်လေသည်။

အန်းမြောင်ရွှယ်မှ ခေါင်းခါပြလာခဲ့သည် “ မစ္စတာလျူက အဲ့လိုလူ မဟုတ်ပါဘူး “

တုချန်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ မင်းတို့နှစ်ယောက်ပဲလား? ရှုကျိုးကရော?? “

လျူချင်းထန်တစ်ဖြစ်လဲ ရှုကျိုးမှာလည်း သက်ပြင်းချ၍ ပြန်ပြောလိုက်သည် “ ရှုကျိုးက လနတ်ဘုရားဂိုဏ်းက လူတွေရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး ကျဆုံးသွားပြီ “

“ ဘာကြီး?? “

တုချန်သည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ထိုစကား၏ အလေးချိန်သည် အလွန်တရာလေးလံလွန်းနေခဲ့သည်။

ရှုကျိုးက ကျဆုံးသွားပြီလား?

“ အပြင်မှာ စကားပြောကြတာပေါ့ဗျာ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။

“ ကောင်းတယ်၊ မင်းတို့နှစ်ယောက် အပြင်ကို အရင်ထွက်ကြပါ “

တပ်မှူးတုချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူသည် တစ်ခုခု တွေ့လိုတွေ့ညား မြင်တွေ့ချင်သည့်အတွက် ငွေရေကန်ပတ်ပတ်လည်ကို ရှာဖွေစစ်ဆေးမည့်ပုံပင်။

မကြာခင်မှာပင် ရှုကျိုးနှင့် အန်းမြောင်ရွှယ်တို့သည် လျှို့ဝှက်နယ်မြေအပြင်ဘက်သို့ ထွက်လာခဲ့သည်။

…

အပြင်ဘက်၌

သူတို့နှစ်ဦးထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့၏ အမူအရာများသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

လျူချင်းထန်အဖြစ် ရုပ်ဖျက်ထားသည့် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ လျူတျန်ရှန်ရှိရာဘက်သို့ ပျံသန်းသွားခဲ့သည်။

အချိန်အ‌တော်ကြာ ဆက်စောင့်နေခဲ့သော်လည်း မည်သူမှ မထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့သည် မအောင့်ထားနိုင်တော့ အန်းမြောင်ရွှယ်ကို ကြည့်ကာ မေးမြန်းလာကြသည် “ တစ်ခြားလူတွေကရော ဘယ်မှာလဲ “

အန်းမြောင်ရွှယ်မှ ပြန်ဖြေလာခဲ့သည် “ ငွေရေကန် လျှို့ဝှက်နယ်မြေထဲမှက ကျွန်မနဲ့ မစ္စတာလျူ ကလွဲရင် အားလုံးက သေသွားပါပြီ “

“ မင်းဘာပြောလိုက်တယ် “

ဝုချင်းရှန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

လျူချင်းယွမ်၏ မျက်နှာမှာလည်း ချက်ချင်း မည်းမှောင်သွားခဲ့သည် “ ရှုကျိုး ဘယ်မှာလဲ “

လျူတျန်ရှန်၏ အမူအရာပင် အနည်းငယ် ပြောင်းလဲသွားပြီး၊ လျူချင်းထန်တစ်ဖြစ်လဲ ရှုကျိုးကို လှည့်ကြည့်လာခဲ့သည် “ အထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ? “

ရှုကျိုးမှ ရှင်းပြလာခဲ့သည် “ ခုနကဝင်သွားခဲ့တဲ့ လူတွေထဲမှာ လနတ်ဘုရားဂိုဏ်းရဲ့ လူတွေ အများကြီးပါပါတယ်၊ အကုန်လုံးက အဆင့်၅ အထွတ်အထိပ် ပညာရှင်တွေချည်းပါပဲ “

“ ကျွန်တော်တို့က လူခွဲပြီး တိုက်ခိုက်ခဲ့ကြတာပါ၊ ရှုကျိုးကတော့ အဆင့်၆တစ်ပိုင်း ပညာရှင်ငါးယောက် ဝိုင်းတိုက်တာကို ခံခဲ့ရပြီးတော့ သူတို့နဲ့ အတူတူ သေသွားပါတယ် “

ရှုကျိုးသည် အသေးစိတ် ရှင်းပြနေခဲ့သည်။

သို့သော် လုပ်ကြံဇာတ်များသာ ဖြစ်နေခဲ့သည်။

“ ဒါပင်မဲ့ ရှုကျိုး လနတ်ဘုရားဂိုဏ်းရဲ့ ပညာရှင်တော်တော်များများကို ထိန်းပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့နှစ်ယောက်က လနတ်ဘုရားဂိုဏ်းက လူတွေကို သတ်နိုင်ခဲ့ပြီးတော့ လွတ်ခဲ့ကြတာပါ “

အခြေအနေကို သူရှင်းပြပြီးသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးတစ်အုပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့လေသည်။

“ ရှုကျိုးက တကယ်ကြီး ကျဆုံးသွားပြီလား? “

“ နှမြောစရာပဲ၊ တကယ်လို့ သူမသေဘူးဆိုရင်၊ သူက အစွမ်းအထက်ဆုံး အဆင့်မြင့်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်လာမှာ၊ ရှက်စရာပဲကွာ “

“ အဲ့တာလည်း ကောင်းတာပဲလေ၊ သူက လူသားဘိုးဘေးတွေကို ‌စော်ကားခဲ့တယ်၊ တကယ်လို့ သူက ပိုပြီးတော့ ကြီးပျင်းလာခဲ့မယ်ဆိုရင်၊ သူက ဘယ်လိုကပ်ဘေးမျိုး ဖြစ်လာစေမလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ “

“ အမှန်၊ လနတ်ဘုရားဂိုဏ်းက လူတွေနဲ့ အတူတူသေသွားတာကတော့ သူနဲ့တန်တယ် “

“ … “

အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။

ထိုစဥ် ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့၏ အမူအရာများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းနေလျက်ရှိသည်။

သူတို့သည် ရှုကျိုး သေဆုံးသွားပြီဆိုသည့် အချက်ကို လက်မခံနိုင် ဖြစ်နေသေးသည်။

ဆဌမအဆင့်အထက်မှ လူများ မဝင်ရဘူးဆိုသည့် တားမြစ်ချက်သာ မရှိဘူးဆိုပါက သူတို့သည် လျှို့ဝှက်နယ်မြေထဲသို့ ပြေးဝင်သွားခဲ့ပြီးပြီ ဖြစ်သည်။

လျူချင်းယွမ်မှ လေးလေးနက်နက် စကားပြောလာခဲ့သည် “ လျူချင်းထန်၊ မင်းပြောတာတွေက အမှန်တွေဆိုတာကို ဘယ်လိုသက်သေပြမှာလဲ? “

သူသည် လျူချင်းထန်ကိုလည်း အတော်အတန် သံသယဝင်နေခဲ့သည်။

ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ မမလေးအန်းက ဒီမှာရှိပါတယ်၊။ သူမက လုံခြုံရေးဗျူရို ဒါရိုက်တာရဲ့ သမီးပါ။ တကယ်လို့ ကျွန်တော် ပြောတာ မယုံဘူးဆိုရင်တောင်မှ သူမကို ယုံသင့်တယ်မဟုတ်ဘူးလားဗျ “

လျူချင်းယွမ်နှင့် ဝုချင်းရှန်တို့ နှစ်ဦးစလုံးသည် အန်းမြောင်ရွှယ်ကို ကြည့်နေကြတော့သည်။

အန်းမြောင်ရွှယ်သည် အသာအယာ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ မစ္စတာလျူပြောခဲ့တာတွေက အမှန်တွေချည်းပါပဲ၊ ကျွန်မနဲ့ သူပဲ အဆုံးထိ အသက်ရှင်နိုင်ခဲ့တာပါ၊ အမှောင်သိုင်းပညာရှင်တွေလည်း အသတ်ခံလိုက်ရပါတယ် “

သူမ၏ စကားလုံးများသည် တကယ့်အဖြစ်အမှန်များဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူချင်းယွမ်၏ စိတ်ဓာတ်သည် ဟိုအောက်ဆုံးအထိ ပြုတ်ကျသွားခဲ့သည်။

“ ရှုကျိုး ….. သူတကယ်ကြီး သေသွားပြီလား? “ သူသည် တိုးညှင်းစွာ ရေရွတ်ပြောဆို၍ ခန္ဓာကိုယ် တုန်ရင်သွားခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 452 )

လူလည်ဆိုသည်မှာ

“ နှမြောစရာပဲ၊ ကောင်းကင်ဘုံက ထူးချွန်တဲ့ ပါရမီရှင်တွေကို မနာလိုဖြစ်နေတာပဲ “

သူ့ဘေးနားရှိ လျူတျန်ရှန်မှာလည်း သက်ပြင်းတချချဖြစ်သွားခဲ့သည်၊ သို့သော် သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ရှိမနေခဲ့ပေ။

လျူမိသားစုခေါင်းဆောင်နှင့် နတ်သိုင်းဌာန၏ ပင်မအဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ သူသည် ရှုကျိုးကြောင့် နတ်သိုင်းဌာန၏ အကျိုးအမြတ်များကို လက်လွတ်ခဲ့ရကာ၊ ကြီးမားသော ဆုံးရှံးမှုများကို ခံယူခဲ့ရသည်။

ထို့ကြောင့် လျူတျန်ရှန်သည် ရှုကျိုးအပေါ်တွင် မည်သို့မျှ အကောင်းမြင်မနေခဲ့ပေ။

ရှုကျိုးသေဆုံးသွားပြီဟု ကြားလိုက်ရသောအခါတွင် သူသည် ဂုဏ်ယူဝင့်ကြွားနေမည် မဟုတ်သကဲ့သို့ ဝမ်းနည်းပူဆွေးနေမည်လည်း မဟုတ်ပေ။

လျူချင်းယွမ်သည် သူ့ကို ကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ငါတို့က ဒီနေ့ဖြစ်ရပ်ကို သေချာ စုံစမ်းစစ်ဆေးမှဖြစ်မယ် “

သူသည် ရှုကျိုး၏ သေဆုံးမှုကို လက်မခံနိုင်သေးပေ။

လျူတျန်ရှန်သည် အပြုံးဖြင့် ပြောလာခဲ့သည် “ ဒါပေါ့၊ လနတ်ဘုရားဂိုဏ်းရဲ့ ကြွက်တွေကို သေချာရှင်းလင်းပစ်ရမယ်။ ဒါပင်မဲ့ လျူမိသားစုကတော့ လုပ်ရမဲ့ ကိစ္စလေးတွေ ရှိနေသေးတော့ မင်းတို့ရဲ့ စုံစမ်းစစ်ဆေးရေးကို အကူအညီ မပေးနိုင်သေးဘူး “

“ ချင်းထန်၊ သွားကြစို့ “

“ ဟုတ်ကဲ့ “

ထို့နောက်တွင် ရှုကျိုးသည် လျူတျန်ရှန်နောက်သို့ လိုက်သွားကာ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။

ထိုစဥ် လျှို့ဝှက်နယ်မြေတွင် စုစည်းနေကြသည့် လူအုပ်ကြီးမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ထိုလူများ ထွက်ခွာသွားသည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းလုံးတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ မဖြစ်နိုင်ဘူး ….. ငါမယုံဘူး “

လျူချင်းယွမ်သည် လက်သီးဆုပ်ကာ ရေရွတ်ပြောဆိုနေတော့သည် “ အရင်က ရှုကျိုးရဲ့ စွမ်းအားနဲ့ဆိုရင်၊ သူသည် အဆင့်၅ အထွတ်အထိပ်ကို သေချာပေါက် သတ်နိုင်တယ်။ တကယ်လို့ ချုံခိုတိုက်ခိုက်နိုင်တယ်ဆိုရင်တောင်မှ သူက ဒီတိုင်းကြီး ပျောက်ကွယ်သွားမှာ မဟုတ်ဘူး “

“ ချန်ခွမ်ကျောက်တုံးနဲ့ ပိတ်ဆို့ခံခဲ့ရပြီးတဲ့နောက်မှာ လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ? “

သူ၏မျက်နှာတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ သူသည် ရှုကျိုး သေဆုံးသွားပြီဆိုသည်ကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

၎င်းမှာ သူ့အချစ်ဆုံး တပည့်ဖြစ်သည်။

ဝုချင်းရှန်သည် သက်ပြင်းချကာ ခေါင်းတခါခါ ဖြစ်နေတော့သည် “ ငါလည်း ဘာမှ မသိတော့ဘူး၊ ငါတို့ကို ကူညီပြီတော့ အထဲက အခြေအနေကို စစ်ဆေးဖို့အတွက် တစ်ယောက်ယောက်ကို ခေါ်မှ ဖြစ်မယ် “

လျူချင်းယွမ်သည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ဘာတွေပဲဖြစ်နေပါစေ၊ ရှုကျိုးအသက်ရှင်နေသေးတယ်လို့ ကျွန်တော်ယုံကြည်တယ် “

…

ရှုကျိုးကမူ ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့၏ စကားဝိုင်းကို မသိပေ။ သို့သော် သူသည် သူတို့၏ ခံစားချက်များကို သတိပြုမိနေခဲ့သည်။

သို့ရာတွင် ကံဆိုးစွာဖြင့် ယခုလက်ရှိ အချိန်တွင် သူသည် သူ၏အထောက်အထားကို မဖော်ထုတ်နိုင်သေးပေ။

သူသည် ရှေ့တွင် စောင့်ကြိုနေသည့် တာဝန်ကြီးတစ်ခုအတွက် လျူချင်းထန်၏ အထောက်အထားကို အသုံးပြုရဦးမည် ဖြစ်သည်။

လျူတျန်ရှန်၏ လမ်းညွှန်မှုအောက်တွင် ရှုကျိုးသည် လျူမိသားစု၏ လေယာဥ်ပေါ်သို့ ရောက်လာခဲ့ကာ၊ လျူမိသားစုရှိရာ အရှေ့ပိုင်းပြည်နယ်ဘက်သို့ ပျံသန်းသွားတော့သည်။

…

လေယာဥ်ပေါ်၌

လျူတျန်ရှန်သည် အပြုံးဖြင့် ပြောလာခဲ့သည် “ ချင်းထန်၊ ဒီတစ်ခေါက်မှာ မင်းကောင်းကောင်း လုပ်နိုင်ခဲ့တယ် “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သော်လည်း မည်သည့်စကားမှ မပြောလိုက်ပေ။

“ ဘာဖြစ်လို့လဲ၊ ဒဏ်ရာရထားလို့လား “ လျူတျန်ရှန်သည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။

ရှုကျိုးသည် ခေါင်းငြိမ့်ပြ၍ တလေးတနက် ဖြစ်နေသည့် လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ဒီတိုက်ပွဲမှာ တကယ်ပဲ အနာတရဖြစ်ခဲ့ပါတယ် “

သူတိတ်ဆိတ်နေရခြင်းမှာ သူသည် လျူချင်းထန်၏ ပုံမှန်စကားပြောဆိုမှုပုံစံကို မသိသောကြောင့် တစ်ခုခုလွဲချော်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် စကားနည်းနည်းပြောဆိုခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူတျန်ရှန်သည် ထပ်မံ၍ အာရုံစိုက်မနေတော့ဘဲ စကားပြောလာခဲ့သည် “ ဒီမစ်ရှင်မှာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တယ်၊ ပြန်ရောက်တဲ့ အချိန်ကျရင်၊ မင်းကို အပိုအမှတ်တစ်သောင်းရအောင် ငါလုပ်ပေးမယ် “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

အမှတ်လား

တက္ကသိုလ်တွေက အကျိုးပြုအမှတ်တွေလို ဟာမျိုးလား

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ကြီး “

သူသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ လျူချင်းထန် လုပ်ခဲ့တဲ့ ဒီမစ်ရှင်က လျူမိသားစုရဲ့ တာဝန်တစ်ခုလား။

ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့တဲ့လူက ငါလို့ သူတို့က ထင်နေကြတာလား၊ ဒါမှမဟုတ် ဒီဖြစ်ရပ်ကို သုံးပြီးတော့ ငါ့ကို အပြတ်ရှင်းချင်နေကြတာလား

ရှုကျိုး၏ စိတ်မှာ ဂဏာမငြိမ်ဖြစ်နေခဲ့သည်၊ သို့သော် သူ၏အမူအရာကမူ တည်ငြိမ်နေလျက်သာဖြစ်သည်။

လျူမိသားစုသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အဆိုပါ မေးခွန်းများအတွက် အဖြေရလာလိမ့်မည် ဖြစ်သည်။

…

တစ်နာရီကြာခဲ့ပြီးသည့်နောက်၌

လေယာဥ်သည် လျူမိသားစု၏ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။

အရှေ့ပိုင်းပြည်နယ်၏ ထိပ်တန်းမိသားစုကြီးတစ်ခုဖြစ်သည့် လျူမိသားစုသည် မြို့ရိုးများဖြင့် ဝိုင်းရံထားသည့် ကြီးမားသော နယ်မြေကြီးတစ်ခုကို အုပ်စိုးလျက်ရှိသည်။

ဤနေရာသို့ ရောက်ရှိလာသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ တအံ့တဩဖြစ်သွားခဲ့သည်။

ဧရိယာတစ်ခုတည်းကပင် လင်းဂျန်မြို့လောက် ကြီးမားနေခဲ့သည်။

လျူတျန်ရှန်နှင့် လမ်းခွဲခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် လမ်းထဲတွင် မတ်တပ်ရပ်နေရင်းဖြင့် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ ငါက လျူချင်းထန်ရဲ့ အိမ်ကို အရင်ဦးဆုံး စစ်ဆေးသင့်တယ်၊ အဲ့မှာ လနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိနေနိုင်တယ် ……. ဒါပင်မဲ့ လျူချင်းထန်က ဘယ်မှာနေတာလဲ? “

ရှုကျိုးသည် လျူချင်းထန်အဖြစ်သာ ရုပ်ဖျက်ထားခြင်းဖြစ်ပြီး၊ သူ၏မှတ်ဉာဏ်များကို မဝါးမြိုခဲ့ရပေ။

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေကာ ဖုန်းကို ထုတ်ယူ၍ အန်းမြောင်ရွှယ်ထံသို့ စာပို့လိုက်သည်။

ထို့နောက်တွင် ရှုကျိုးသည် လျင်မြန်စွာ ပြုံးမိသွားတော့သည်။

“ ထင်ထားတဲ့အတိုင်းပဲ၊ အန်းမြောင်ရွှယ်က လျူချင်းထန်ရဲ့ လိပ်စာကို သိနေတယ် “

ပဥ္စမအဆင့်နယ်ပယ်၏ ပါရမီရှင်တစ်ဦးအနေဖြင့် လျူချင်းထန်သည် ဤအသိုင်းအဝိုင်းက လူများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ရှိထားပြီး၊ တစ်ခါတစ်ရံ၌ သူ၏အိမ်တွင် စုဝေးပွဲ/ တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိသည်။

ထို့ကြောင့် အန်းမြောင်ရွှယ်က သူ၏လိပ်စာကို သိနေသည်မှာ ပုံမှန်သာဖြစ်သည်။

ရှုကျိုးသည် ဖုန်းကို သိမ်းကာ ထိုလိပ်စာအတိုင်း ချက်ချင်းလိုက်သွားတော့သည်။

ဆယ်မိနစ်ကြာခဲ့ပြီးသည့်နောက်တွင်

လူလုပ်ရေကန်ပါဝင်သည့် သုံးထပ်တိုက်စံအိမ်တစ်လုံးသည် ရှုကျိုး၏ အမြင်အာရုံထဲသို့ ရောက်ရှိလာခဲ့သည်။

“ ဝိုး၊ လျူချင်းထန်က ဘယ်လိုဇိမ်ခံရမလဲဆိုတာကို တကယ်ကြီး သိတာပဲ “ ရှုကျိုးသည် ထိုမြင်ကွင်းကြောင့် အံ့ဩသွားခဲ့သည်။

သို့ရာတွင် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် လျူမိသားစု၏ အလယ်အလတ်အဆင့် နယ်ပယ်မှ ကျော်ကြားသည့် ပါရမီရှင်တစ်ဦးအနေဖြင့် လျူချင်းထန်ထံတွင် အဌမအဆင့်(သို့) နဝမအဆင့်သို့ပင် ရောက်ရှိသွားနိုင်သည့် အလားအလာများ ရှိနေသည့်အတွက် ထိုကဲ့သို့သော အထောက်အပံ့များ ရရှိထားသည်မှာ နားလည်၍ ရပေသည်။

“ အစ်ကိုချင်းထန် “

ရှုကျိုးက စံအိမ်ထဲသို့ ဝင်တော့မည့် အချိန်တွင် အော်သံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးမှ လှည့်ကြည့်လိုက်ရာ ပုံရိပ် အများအပြားက သူ့ထံသို့ လျင်မြန်စွာ ချဥ်းကပ်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။

ထိပ်ဆုံးမှ ဦးဆောင်လာသည့် အပြာရောင်ဝတ်စုံနှင့် လူငယ်လေးမှ အူလှိုက်သည်းလှိုက် ရယ်မော၍ ပြောလာခဲ့သည် “ အစ်ကိုချင်းထန်၊ ကျုပ်တို့လျူမိသားစုရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ “

သူ့ဘေးနားရှိ နဖူးတွင် မှဲ့တစ်လုံး ရှိနေကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးမှာလည်း ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ဒီမစ်ရှင်က ရှုကျိုးကိုတင်မဟုတ်ဘဲ၊ လနတ်ဘုရားဂိုဏ်းရဲ့ ခွေးကောင်တွေကိုပါ သတ်ရတာလေ။ မိသားစုခေါင်းဆောင်က အပိုဆုကြေးပေးမယ်လို့ ကြားခဲ့ရတယ်၊ ဟုတ်တယ်မလားဗျ “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ အမှန်ပဲ “

“ ကျွန်တော်တော့ တော်တော် အားကျနေပြီဗျာ “ အဖြူဝတ်လူငယ်လေးသည် လေးစားမှုများဖြင့် ပြောလာခဲ့သည်။

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ဒီမစ်ရှင်ကြောင့်ပင် တော်တော်လေး ထိခိုက်ခဲ့ပါသေးတယ်ကွာ၊ အဲ့တာကြောင့် ကြာကြာစကားမပြောတော့ဘူး။ အထဲဝင်ပြီးတော့ အရင်နားလိုက်ဦးမယ် “

…………………………………………………………………………………………………………………………………………

အပိုင်း ( 453 )

လူလည်ဆိုသည်မှာ ၂

“ အို့၊ ဟုတ်သားပဲ၊ သွားပါ “

အပြာဝတ်လူငယ်လေးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ စံအိမ်အတွင်းသို့ဝင်သွားတော့သည်။

အဖြူဝတ်လူငယ်လေးသည် စံအိမ်အတွင်းသို့ ဝင်သွားသည့် ရှုကျိုးကို ကြည့်နေရင်းဖြင့် ရုတ်တရက် စကားပြောလာခဲ့သည် “ ဒီလူ၊ လျူချင်းထန်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုမှားနေသလိုပဲ၊ ဟုတ်တယ်မလား “

“ ဘာမှားနေတာလဲ “

အပြာဝတ်လူငယ်လေးသည် ထိုလူကို လှည့်ကြည့်ကာ စကားပြောလိုက်သည် “ သူက မိသားစုရဲ့ အဓိက အန္တရာယ်ကြီးတစ်ခုကို ဖြေရှင်းပေးနိုင်ခဲ့တာလေ၊ အဲ့တာက အောင်မြင်မှုကြီးတစ်ခုပဲ။ တကယ်လို့ ပုံမှန်အခြေအနေတွေအောက်မှာဆိုရင် သူက မြောက်ကြွမြောက်ကြွ ဖြစ်နေသင့်တာလေ။ ဘာလို့ ဒီလောက်တိတ်ဆိတ်နေရတာလဲ “

“ အခုမင်းပြောမှပဲ တကယ်ကို ထူးဆန်းနေတဲ့ပုံပဲ “

အပြာဝတ်လူငယ်လေးမှာလည်း ဇဝေဇဝါဖြစ်နေခဲ့သည် “ သူက တကယ်ကြီးကို ဒဏ်ရာအပြင်းအထန် ရထားပြီးတော့ အနာယူဖို့ လိုနေတာများလား “

အဖြူဝတ်လူငယ်လေးမှ ခေါင်းခါပြလာခဲ့သည် “ မေ့လိုက်တော့။ သူက ဆုကြေးတွေကို ရပြီးသွားတာနဲ့ အဆင့်၆ကိုတောင် ရောက်သွားလောက်တယ်။ ငါတို့က သူ့နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့လို့ မဖြစ်ဘူး “

အပြာဝတ်လူငယ်လေးမှ ပြန်ပြောလာခဲ့သည် “ အဆင့်၆လား? ပြောတာကတော့ လွယ်တယ်။ သူက ဒဏ္ဍာရီလာ ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးကို မရဘူးဆိုရင်တော့၊ အချိန်အတော်ကြာ စောင့်နေရဦးမှာပဲ “

…

သုံးထပ်စံအိမ်အတွင်း၌

ရှုကျိုးသည် အိမ်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့ပြီး၊ အမူအရာ မည်းမှောင်သွားခဲ့သည်။

လျူချင်းထန် မိတ်ဆွေများ၏ ပြောစကားများအရ လျူမိသားစုသည် သူ့အား ခြိမ်းခြောက်မှုကြီးတစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။

သူတို့သည် ဆုကြေးကိုပင် တိတ်တဆိတ် ထုတ်ပြန်ထားပုံရသည်။

ထိုကဲ့သို့သော အပြုအမူမျိုးသည် လနတ်ဘုရားဂိုဏ်းနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။

“ လျူမိသားစု ….. သူတို့က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ “

ရှုကျိုးသည် လှောင်ပြောင်ပြောဆိုလိုက်ကာ၊ သူက လပိုင်းအတွင်းမှာပင် အလယ်အလတ်အဆင့် နယ်ပယ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့သည့်အတွက် ကံကောင်းသည်ဟု တွေးနေတော့သည်။

ထိုကဲ့သို့သာ မဟုတ်ဘဲ ဒုတိယအဆင့်တွင်သာ ရှိနေဦးမည်ဆိုပါက အတော်လေး အန္တရာယ်များနေလိမ့်မည် ဖြစ်သည်။

ယခုတွင်ကား အနည်းဆုံးအနေဖြင့် သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

အဆင့်မြင့် ပညာရှင်များကသာ ဝင်မစွက်ဖက်သရွေ့ သူသည် လွတ်မြောက်နိုင်ခြေများစွာ ရှိနေမည် ဖြစ်သည်။

အကယ်၍ လျူမိသားစုနှင့် လနတ်ဘုရားဂိုဏ်းကသာ သေရမည်ကို မကြောက်ဘူးဆိုပါက သူ့ကို အမဲလိုက်ရန်အတွက် အဆင့်မြင့် ပညာရှင်များကို စေလွှတ်မည် ဖြစ်သည်၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဖြစ်စေ၊ ရန်ပြည်ထောင် အဖွဲ့ချုပ်ဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းကမှ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို သည်းခံနေလိမ့်မည် မဟုတ်ပေ။

ရှုကျိုးက အမြင့်ပိုင်း အဆင့်များသို့ ရောက်ရှိသွားသည့်အချိန်တွင် သူသည် ထိုလူများကို တစ်ဦးပြီးတစ်ဦး စာရင်းရှင်းမည် ဖြစ်သည်။

“ အခုအတွက်ကတော့ လနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို အရင်ရှာတာပေါ့ကွာ “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

ယခင်က ငွေရေကန် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေခဲ့သည့် အချိန်က လျူချင်းထန်သည် သူ၏အထောက်အထားကို ဝန်ခံခဲ့ပြီးပြီဖြစ်ကာ၊ သူသည် လနတ်ဘုရားဂိုဏ်းကို သစ္စာခံထားခဲ့ပြီးပြီ ဖြစ်သည်။

လျူချင်းထန်မှာလည်း လနတ်ဘုရားဂိုဏ်း၏ အမြင့်ဆုံး ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။

ရှုကျိုးကို သတ်လိုက်ပါက၊ ဆုကြေးအနေဖြင့် နဂါးအကြေးခွံ မြက်သုံးပင်နှင့် ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးတစ်လုံး ရရှိမည် ဖြစ်သည်။

ယခုတွင် ရှုကျိုးသည် သူသေသွားပြီဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားကာ၊ ထိုပစ္စည်းများကို သိမ်းယူရန် ကြံရွယ်ထားခဲ့သည်။

အကယ်၍ ၎င်းတို့ကို ရရှိခဲ့မည်ဆိုပါက ဆဌမအဆင့်သို့ တက်လှမ်းမည့် သူ၏အနာဂတ်လမ်းကြောင်းမှာ အလွန်တရာ လွယ်ကူချောမွေ့သွားမည် ဖြစ်သည်။

“ ဘယ်နေရာမှာ ရှိနေမလဲ “

ရှုကျိုးသည် စံအိမ်ထဲတွင် စတင်၍ ရှာဖွေနေတော့သည်။

သူသည် လနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေရုံတင်မဟုတ်ဘဲ အဖိုးတန်းပစ္စည်းများကိုပါ ယူဆောင်ရန်အတွက် စံအိမ်ထဲတွင် လှန်လှောရှာဖွေနေတော့သည်။

“ အဲ့တာက ……. ဆေးလား “

ရှုကျိုးသည် ဆေးပုလင်းပေါင်းများစွာရှိနေသည့် သေတ္တာတစ်လုံးကို ရှာတွေ့ခဲ့ပြီး၊ ၎င်းကို ဖွင့်ကြည့်လိုက်သည့် အချိန်တွင် သင်းပျံ့သော မွှေးရနံ့တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဒါတွေက ဘာနဲ့လုပ်ထားလဲဆိုတာကို ငါမသိဘူး၊ ဒါပင်မဲ့ ကျောင်းက ပညာရှင်တစ်ယောက်ကို ကြည့်ခိုင်းလိုက်လို့ရတယ် “

ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့် လျူချင်းထန်က အိမ်တွင် သိမ်းထားသည့် ဆေးများမှာ သေချာပေါက် တန်ဖိုးရှိနေမည်ဖြစ်ပြီး၊ ၎င်းတို့က ပဥ္စမအဆင့်နယ်ပယ် ကျင့်ကြံရေးအတွက် အကျိုးရှိစေမည့်ပုံပင်။

ယခုလက်ရှိ အချိန်၌ ရှုကျိုးသည် နှောင်းပိုင်း စတုတ္ထအဆင့်တွင် ရှိနေခဲ့ပြီး၊ ပဥ္စမအဆင့်သို့ အဆင့်ထိုးဖောက်သည့် အချိန်တွင် ၎င်းတို့သည် သူ့အတွက် များစွာအထောက်အကူ ဖြစ်လာနိုင်ပေသည်။

“ ဗွီ “

ရှုကျိုးမှ လက်ဝေ့ယမ်းလိုက်ရာ ဝဲဂယက်တစ်ခုသည် သူ့အရှေ့တွင် ပေါ်လာခဲ့သည်။

သူသည် အဆိုပါ ဆေးပုလင်းအကုန်လုံးကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ရှာဖွေရေးလုပ်ငန်းကို ဆက်လက်၍ လုပ်ကိုင်နေတော့သည်။

သေတ္တာဖြစ်စေ၊ အဝတ်ဗီရိုဖြစ်စေ(သို့) ကုတင်အောက်ပင်ဖြစ်စေ၊ သူသည် မည်သည့်နေရာကိုမှ မချန်ခဲ့ပေ။

ဤဖြစ်စဥ်အတွင်းတွင် ရှုကျိုးသည် သံမဏိအခန်းတစ်ခု အတွင်းတွင် သီးသန့်သိမ်းဆည်းထားသည့် အနက်ရောင် သတ္ထုသေတ္တာတစ်လုံးကို ရှာတွေ့ခဲ့ပြီး၊ ၎င်းမှာ အတော်လေး တန်ဖိုးရှိနေပုံရသည်။

ရှုကျိုးမှ သံမဏိအခန်းကို ချိုးဖျက်ပြီး ပုလင်းကို ယူ၍ အဖုံးကို ဖွင့်လိုက်ရာ ထူးဆန်းသော ရနံ့တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ အရည်လား “ ရှုကျိုး အံ့ဩသွားခဲ့သည် “ ဒါက ဆေးရည်တစ်မျိုးမျိုးလား? “

သံမဏိအခန်းထဲတွင် သီးသန့်သိမ်းဆည်းခံထားခဲ့ရပြီး၊ တစ်ခုတည်း ရှိနေသောကြောင့် ယခင်က ဆေးပုလင်းများထပ် ပို၍များစွာ တန်ဖိုးကြီးနေမည်မှာ သေချာလှသည်။

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ၎င်းကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

…

နာရီဝက်အကြာတွင်

ရှုကျိုးသည် ဖရိုဖရဲဖြစ်နေသည့် ဧည့်ခန်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ လနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ မရှိဘူး ”

ယခု၌ ဖြစ်နိုင်ခြေနှစ်ခုသာ ကျန်ရှိနေတော့သည်။

၎င်းတို့မှာ ထိုအရာများက ဤအိမ်တွင် မရှိခြင်း(သို့) သူရှာရန် ကျန်နေသေးသည့် နေရာတစ်ခုခု ရှိနေသေးခြင်းတို့ပင် ဖြစ်သည်။

ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် ဒုတိယအထပ်ရှိ ကွန်ပျူတာ အခန်းသို့ ချက်ချင်း ပြေးတက်သွားတော့သည်။

အခန်းအတွင်း၌ ဒေါ်လာ သောင်းနှင့်ချီ၍ တန်ကြေးရှိသည့် ကွန်ပျူတာ တစ်လုံး ဆင်ထားခဲ့သည်။

ပါဝါဖွင့်လိုက်ပြီးသည့်နောက်တွင် ၎င်းကို အသုံးပြုရန်အတွက် မျက်လုံးစကင်ဖတ်ခြင်း လိုအပ်နေခဲ့သည်။

( လက်ဗွေလိုပေါ့၊ မျက်လုံးနဲ့ လော့ခတ်ထားတာပါ၊ မျက်လုံးမှာလည်း ကျွန်တော်တို့ မသိတဲ့ အသွင်အပြင်နဲ့ ကွဲပြားမှုတွေ ရှိပါတယ် )

ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် လျူချင်းထန်၏ မျက်လုံးများကို ပုံတူကူးခဲ့ပြီးသား ဖြစ်သောကြောင့် လော့ခတ်ထားခြင်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့နောက်တွင် ရှုကျိုးသည် ကွန်ပျူတာထဲတွင် ရှိနေသည့် စကားပြောမှတ်တမ်းများကို ရှာဖွေနေတော့သည်။

ဤကမ္ဘာပေါ်ရှိ စကားမှတ်တမ်းများကို ကြည့်ရှုရန်/အသုံးပြုရန်အတွက် မျက်လုံးအတည်ပြုခြင်းကို လိုအပ်သည်။ အဆင့်မြင့် ပညာရှင်များကပင် မျက်လုံးများကို ပြီးပြည့်စုံစွာ တုပပုံတူကူးရန် အလွန်ခဲယဥ်းနေခဲ့သည်။

၎င်းမှာ ရှုကျိုး၏ သားရဲတစ်သောင်း တုပခြင်းစွမ်းရည်ကြောင့်ဖြစ်ပြီး၊ ၎င်းသာမရှိဘူးဆိုပါက ၎င်းက မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ထင်ထားတဲ့အတိုင်းပဲ “

မကြာခင်မှာပင် ရှုကျိုး၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

လျူချင်းထန်သည် သီးသန့်စကားပြော ဆော့ဝဲလ်ကို အသုံးပြု၍ လနတ်ဘုရားဂိုဏ်း၏ အတွင်းပိုင်းကွန်ရက်နှင့် ဆက်သွယ်ထားပြီး၊ အဆိုပါ ကွန်ရက်သည် ကြယ်ပြာဂြိုဟ်နှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် ကြယ်ပြာဂြိုဟ်အဖွဲ့ချုပ်သည် ၎င်းကို ရှာဖွေထောက်လှမ်းနိုင်ရန် အခက်တွေ့နေခဲ့သည်။

အတွင်းပိုင်းကွန်ရက်အတွင်း၌ လျူချင်းထန်နှင့် လနတ်ဘုရားဂိုဏ်းတို့၏ စကားပြောမှတ်တမ်းကို သိမ်းဆည်းထားစဲပင် ဖြစ်သည်။

“ ဆိုတော့ ဒီလိုပေါ့ “

စကားပြောမှတ်တမ်းကို ဖတ်ရှုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ ပြုံးမိသွားခဲ့သည် “ လျူချင်းထန်နဲ့ လနတ်ဘုရားဂိုဏ်း တွေ့ကြတဲ့နေရာက အရှေ့ပိုင်းပြည်နယ် အစိုးရ စင်တာရဲ့ မြေအောက်ခန်းမှာပေါ့ “

သူသည် လနတ်ဘုရားဂိုဏ်းက အစိုးရရုံး၏စင်တာအောက်တွင် ဂိုဏ်းခွဲတစ်ခု တည်ဆောက်ရဲလိမ့်နေမည်ဟု မမျှော်လင့်ထာခဲ့ပေ။

၎င်းမှာ အန္တရာယ်အများဆုံးနေရာတွင် ပုန်းကွယ်ရခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

ချန်ခွမ်ကျောက်တုံး၏ စွမ်းရည်ကြောင့် လနတ်ဘုရားဂိုဏ်းက အစိုးရရုံး၏ မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူကမှ သံသယဝင်ကြလိမ့်မည် မဟုတ်ပေ။

ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်၊ ထို့နောက်တွင် အတွင်းပိုင်းကွန်ရက်မှတစ်ဆင့် စာပို့လိုက်သည် “ ငါ့ရဲ့ တာဝန်ပြီးပြီ၊ ဘယ်နေရာမှာ တွေ့ကြမလဲ? “

တစ်ခဏခန့် အကြာတွင် ပြန်စာ ရောက်ရှိလာခဲ့သည် “ မနက်ဖြန်နေ့လည်၊ ဆုံနေကြ နေရာမှာပဲ “

“ ကောင်းပြီ “

ရှုကျိုးမှာ ပြုံးရွှင်သွားတော့သည်၊ အဆုံးတွင် သူအလိုရှိသည့် အရာကို ရရှိတော့မည် ဖြစ်သည်။

“ ဒါပင်မဲ့ ငါက ဒီနေရာမှာ ရှိနေပြီဆိုတော့ လျူမိသားစုဆီကနေ လက်ဗလာနဲ့ ထွက်သွားလို့ မဖြစ်ဘူး “

ရှုကျိုးသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်နေရင်းဖြင့် အေးစက်စွာ ပြုံးနေတော့သည်။

…

နာရီဝက်အကြာတွင်

ရှုကျိုးသည် စံအိမ်ထဲမှ ထွက်လာခဲ့ကာ၊ လျူမိသားစု၏ ဆုလဒ်လဲလှယ်ရေးစင်တာသို့ လျှောက်လှမ်းလာခဲ့သည်။

လျူမိသားစု၏ ဆုလဒ် လဲလှယ်ရေးစင်တာသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ဝန်ဆောင်မှုခန်းမနှင့် တူညီနေလျက်ရှိပြီး၊ နှစ်ခုစလုံးသည် သက်ဆိုင်ရာခန်းမအတွင်းတွင် တည်ရှိနေခဲ့သည်။

သူရောက်လာခဲ့သည့် အချိန်တွင် ခန်းမကောင်တာတွင် ရှိနေသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည အပြုံးဖြင့် ချက်ချင်းစကားပြောလာခဲ့သည် “ ချင်းထန်၊ ဒီတစ်ခေါက်တော့ မင်းကောင်းကောင်းကြီး လုပ်ခဲ့တယ်၊ ငါတို့လျူမိသားစုအတွက် အောင်မြင်မှုကြီးတစ်ခု ယူလာပေးနိုင်ခဲ့တယ် “

ရှုကျိုးသည် စိတ်ထဲတွင် လှောင်ပြောင်ပြောဆိုနေခဲ့သော်လည်း အပြင်ဘက်တွင် အေးဆေးတည်ငြိမ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ အခုကျွန်တော့်ဆီမှာ အမှတ် ဘယ်လောက်ရှိလဲ? “

“ စစ်ကြည့်လိုက်ဦးမယ် “ အနက်ဝတ်လူသည် ဖန်သားပြင်ကို လှည့်ကြည့်ကာ ပြန်ပြောလာခဲ့သည် “ မင်းရဲ့ အမှတ်က ငါးသောင်းလေးထောင် ရှိတယ် “

“ ငါးသောင်းလေးထောင်လား “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ၎င်းမှာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် သူရရှိခဲ့သည့် အကျိုးပြုအမှတ်များထပ် အဆပေါင်းများစွာ ပိုများနေခဲ့သည်။

သူသည် ကွန်ပျူတာတွင် အနည်းငယ်မျှ စစ်ဆေးကြည့်ရှုခဲ့ပြီး၊ လျူမိသားစု၏ စနစ်ကို အတော်အတန် နားလည်ထားခဲ့သည်။

လျူမိသားစု၏အမှတ်များသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အကျိုးပြုအမှတ်ထပ်ပင် များစွာအဖိုးတန်နေခဲ့သည်။

တစ်မှတ်သည် အဖွဲ့ချုပ် ဒဂ်ါး ငါးသောင်းလေးထောင်နှင့် ညီမျှနေခဲ့သည်။

အမှတ် ငါးသောင်းလေးထောင်သည် ယွမ် ၂၇ဘီလီယံပင် ဖြစ်သည်။

အနက်ဝတ်လူသည် အပြုံးဖြင့် ပြောပြလာခဲ့သည် “ မိသားစုခေါင်းဆောင်က သူကိုယ်တိုင် လာခဲ့ပြီးတော့ မင်းကို တစ်သောင်းပိုပေးလိုက်ဖို့အတွက် ပြောသွားတယ်၊ မင်းရဲ့ခရက်ဒစ်ကဒ် အကန့်အသတ်ပါ အပါဆိုရင် အခု မင်းဆီမှာ အမှတ် တစ်သိန်း ရှိနေပြီ “

“ အမှတ်ချေးတာလား? “ ရှုကျိုး၏ စိတ်နှလုံးသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

လျူမိသားစုထံတွင် အမှတ် ချေးသည့်စနစ်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။

တိတိကျကျပြောရမည်ဆိုပါက ထိပ်တန်းမိသားစုကြီးတိုင်းလိုလိုတွင် အမှတ်ချေးသည့် စနစ်တစ်ခု ရှိနေခဲ့သည်။

၎င်းသည် မိသားစု၏ ပင်မအဖွဲ့ဝင်များကို အမြင့်ပိုင်း အဆင့်များသို့ တက်လှမ်းရာတွင် ကူညီပေးနိုင်ပေသည်၊ ဥပမာအားဖြင့် ပဥ္စမအဆင့်မှ ဆဌမအဆင့်သို့ ထိုးဖောက်ရာတွင် အမှတ်သောင်းနှင့်ချီ၍ တန်ကြေးရှိသော အရင်းအမြစ်များကို လိုအပ်မည် ဖြစ်သည်။

ထိုကဲ့သို့သော အချိန်မျိုးတွင် အမှတ်ချေးခြင်းမှာ အရေးပါလာမည် ဖြစ်သည်။

ချေးငှားခြင်းဖြစ်သောကြောင့် အတိုးပါသေချာပေါက် ရှိနေမည် ဖြစ်သည်။

လျူမိသားစု၏ အမှတ်ချေးခြင်းစနစ်သည် အမှတ်တစ်သောင်းကို ဆယ်နှစ်သက်တမ်းနှင့် ချေးယူခွင့်ပြုထားပြီး၊ ဆယ်နှစ်ကျော်သွားပါက အမှတ် နှစ်သောင်း ပြန်လည်ပေးချေရမည် ဖြစ်သည်။

ပြန်ပေးဆပ်နိုင်စွမ်းရှိသည့် လူများကသာလျှင် ထိုကဲ့သို့သော ချေးငှားခြင်းကို ပြုလုပ်ရဲကြသည်။ သာမန်မိသားစုဝင်များကမူ ချေးငှားခွင့်ပင် မရရှိခဲ့ပေ။

“ အမှတ်တစ်သိန်းက ယွမ် ဘီလီယံ၅၀နဲ့ ညီမျှတယ် “

ရှုကျိုးသည် လွန်စွာ စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုကဲ့သို့သော ငွေပမာဏမျိုးသည် သူ့အား ဆဌမအဆင့်(သို့) ဆဌမအဆင့် အထွတ်အထိပ်ထိပင် ရောက်ရှိသွားစေရန် ကူညီပေးနိုင်မည် ဖြစ်သည်။

ပြန်ပေးဆပ်ရန်အတွက်ကား တစ်သက်လုံး ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ချေးငှားသော လူမှာ လျူချင်းထန်သာ ဖြစ်ပြီး၊ သူ၊ ရှုကျိုးနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

ပြီးတော့ ညှစ်မယ်၊ တတ်နိုင်သလောက် များများ ညှစ်ထုတ်မယ်ဟေ့။

………………………………………………………………………………………………………………………………………

All Chapters