← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အပိုင်း ( 454 )

ကြွယ်ဝသော ရိတ်သိမ်းမှု

ယခုလက်ရှိ အချိန်တွင် ရှုကျိုးသည် ဝန်ဆောင်မှု ကောင်တာအရှေ့ရှိ ဖန်သားပြင်ကို ကြည့်ရှုနေလျက်ရှိသည်။

မျက်နှာပြင်ပေါ်၌ လျူမိသားစု ပလက်ဖောင်းတွင် ရနိုင်သည့် အရင်းအမြစ်များကို ပြသထားခဲ့သည်။

ရှုကျိုးသည် ၎င်းကို ကြည့်နေရင်းဖြင့် တိတ်တဆိတ် အံ့ဩတုန်လှုပ်နေခဲ့သည်။

လျူမိသားစု ပလက်ဖောင်းတွင် ရှိနေသည့် အရင်းအမြစ်များမှာ အလွန်ပေါများ ကြွယ်ဝလွန်းနေခဲ့သည်။

အဆိုပါ ပစ္စည်းများကို သိုင်းပညာရှင်တို့၏ နယ်ပယ်များအလိုက် အမျိုးအစားခွဲခြားထားခဲ့သည်။

ဒုတိယအဆင့် :

[ စွမ်းအားကြီး အတားအဆီးချိုးဖျက်ဆေးလုံး : ၁၀မှတ် ]

[ စိတ်ဝိညာဥ်စွမ်းအား ပေါင်းစပ်ဆေးလုံး : ၁၀မှတ် ]

…

တတိယအဆင့် :

[ နတ်ချိတ်ဆက်မှုဆေးလုံး : ၁၀၀မှတ် ]

[ နတ်တံတား တည်ဆောက်ရေးဆေးလုံး : ၁၀၀မှတ် ]

…

စတုတ္ထအဆင့်:

[ နေနှလုံးမီးတောက်ဆေးလုံး : ၅၀၀မှတ် ]

[ ရေကျောက်ကပ် အဆီအနှစ်ဆေးလုံး : ၅၀၀မှတ် ]

[ လေဟာနယ် အသည်းသန့်စင်ဆေးလုံး : ၅၀၀မှတ် ]

…

ပဥ္စမအဆင့်:

[ ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး : ၂၀၀၀မှတ် ]

ဆဌမအဆင့် :

[ ဟုန်မန်ရွှေအူတိုင် စုစည်းမှုဆေးလုံး : ၁၀၀၀၀မှတ် ]

အရင်းအမြစ် အများစုသည် အမျိုးမျိုးသော ဆေးလုံးများ ဖြစ်သည်။

ပထမအဆင့်မှ သတ္တမအဆင့်အထိ အရာအားလုံး ရနိုင်ပေသည်။

အထူးသဖြင့် စတုတ္ထအဆင့် ကျင့်ကြံရေး အရင်းအမြစ်များဖြစ်ပြီး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်များ၊ အဆုတ်များနှင့် သရက်ရွတ်ဆေးလုံးများ စသည်ဖြင့် အမျိုးအစားစုံလင်စွာ ရရှိနေခဲ့သည်။

သို့ရာတွင် ပဥ္စမအဆင့်မှစ၍ ဆေးလုံးများ ပိုမို နည်းပါးလာခဲ့ပြီး၊ အများစုမှာ အမျိုးအစား တစ်ခုတည်းသာ ရှိနေခဲ့ကာ၊ ဈေးနှုန်းမှာလည်း အလွန်တရာ များပြားနေခဲ့သည်။

“ ငါက အဆင့်၄ အထွတ်အထိပ်နဲ့ သိပ်မဝေးတော့ဘူး၊ အဆင့်၄ဆေးလုံးတွေက ငါ့အတွက် မလိုတော့ဘူး “

ရှုကျိုးအတွေးနက်သွားတော့သည် “ အဆင့်၅နဲ့ အဆင့်၆ ကျင့်ကြံရေးအတွက် အရင်းအမြစ်တွေ ကြိုပြီးတော့ ပြင်ဆင်ထားရမယ် “

သူ၏ယခုလက်ရှိ နယ်ပယ်တိုးတက်ရေးသည် သူ၏ကိုယ်ပွားပေါ်တွင် မူတည်နေခြင်းဖြစ်သည်။

သို့ရာ၌ နှောင်းပိုင်း စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ကိုယ်ပွားထံမှ ရောက်ရှိလာသည့် ထောက်ပံ့မှုက ယခင်ကလောက် အားမကောင်းတော့ဘူးဟု ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။

မူလကိုယ်က ပဥ္စမအဆင့်သို့ အဆင့်ထိုးဖောက်နိုင်ခဲ့သည့် အချိန်တွင် တိုးတက်မှု အမြန်နှုန်းက အတော်အတန် လျော့ကျသွားမည်ဟု သူမှန်းဆမိနေခဲ့သည်။

ထိုအချိန်တွင် ဆေးလုံးအကူအညီများ လိုအပ်လာမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ချက်ချင်းမော့ကြည့်၍ စကားပြောလာခဲ့သည်။

“ ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး၊ ဆယ်ခုပေးပါ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အနက်ဝတ်လူမှာ အံ့ဩမှင်သက်သွားခဲ့သည် “ ချင်းထန်၊ မင်းက အဆင့်၅ အထွတ်အထိပ်ကို ရောက်နေပြီးသားလေ၊ ဘာလို့ အဆင့်၅ဆေးလုံးတွေ အများကြီး ဝယ်နေရတာလဲ “

ရှုကျိုးသည် ခေါင်းခါပြ၍ ပြောလိုက်သည် “ ပြီးခဲ့တဲ့တိုက်ပွဲတုန်းက ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးတော့ ကျွန်တော့်ရဲ့နယ်ပယ်က ပြုတ်ကျသွားပါတယ်၊ ကုသဖို့အတွက် အဲ့တာတွေကို သုံးမလို့ပါ “

ထိုစကားကို ကြားခဲ့ရပြီးသည့်နောက်တွင် အနက်ဝတ်လူမှ အလောတကြီး ပြန်ပြောလာခဲ့သည် “ ချင်းထန်၊ မင်းက မိသားစုရဲ့ Sအဆင့် ပါရမီရှင်လေ။ တကယ်လို့ တာဝန်လုပ်နေတုန်းမှာ ဒဏ်ရာရခဲ့တယ်ဆိုရင် ကုသရေအရင်းအမြစ်တွေအတွက် အခမဲ့ရဖို့အတွက် လျှောက်လွှာတင်လို့ရတယ် “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ ဒီလိုကိစ္စကောင်းမျိုးက တကယ်ကြီး ရှိနေတာလားဟ။

သူသည် ချက်ချင်း ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည် “ အဲ့တာဆိုရင်တော့ ပြဿနာပေးမိပါပြီ၊ ကျွန်တော့်ကို ကူညီပြီးတော့ အခု၂၀စာရအောင် လျှောက်ပေးပါ “

ဖရီးကြောရရှိလာပြီဖြစ်သောကြောင့် သူသည် တတ်နိုင်သလောက် များများရအောင် ရိတ်သိမ်းမည် ဖြစ်သည်။

“ ပြဿနာ မရှိဘူး “ အနက်ဝတ်လူသည် နွေးနွေးထွေးထွေး ပြုံးပြလာခဲ့သည်၊ မိသားစု၏ ပါရမီရှင်များကို ကောင်းစွာဆက်ဆံရန် လိုအပ်ပေသည်။ နောင်အနာဂတ်၌ မိသားစုခေါင်းဆောင် နေရာကို ရယူနိုင်မည့် အလားအလာများမှာ ဤလူ့ထံတွင် ရှိနေလေသည်။

ရှုကျိုးမှ ထပ်ပြောလာခဲ့သည် “ ပြီးတော့ ကျွန်တော့်ကို ဟုန်မန်ရွှေအူတိုင် စုစည်းမှုဆေးလုံး ၈လုံးလည်း လဲပေးပါဦး “

ပဥ္စမအဆင့်အပြင် သူသည် အစောပိုင်း ဆဌမအဆင့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်ပေသည်။

အမှန်တိုင်း ပြောရမည်ဆိုပါက ရှုကျိုးသည် သတ္တမအဆင့် ဆေးလုံးများကို ဝယ်ယူချင်နေခဲ့သည်၊ သို့သော် သတ္တမအဆင့် ဆေးလုံးများမှာ အလွန်တရာ ဈေးကြီးနေခဲ့ပြီး၊ တစ်လုံးလျှင် အမှတ် ၁သိန်းအထိ တန်ကြေးရှိနေခဲ့သည်။

ထို့ကြောင့် အမြင့်ဆုံးအနေဖြင့် ဆဌမအဆင့် ဆေးလုံးများကိုသာ ဝယ်ယူစုဆောင်းနိုင်ပေသည်။

“ အိုကေ ……. နေဦး၊ ရှစ်လုံးလား “

သဘောတူလိုက်မည့် အချိန်တွင် အနက်ဝတ်လူသည် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည် “ ချင်းထန်၊ မင်းရဲ့လက်ကျန်က ငါးသောင်းလေးထောင်ပဲရှိတာလေ၊ ဟုန်မန်ရွှေအူတိုင် စုစည်းမှုဆေးလုံး ၈လုံးအတွက် အမှတ် ၈သောင်းလိုအပ်တယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြကာ စကားပြောလိုက်သည် “ ကျွန်တော့်ရဲ့ ချေးငှားမှု ခွဲတမ်းကို သုံးပေးပါ “

“ ဒါက …. ဟုတ်ပြီလေ “

အနက်ဝတ်လူသည် စကားများများစားစား ထပ်မပြောဘဲ ထင်ကြေးပေးမှန်းဆရုံသာ ပြုလုပ်လာခဲ့သည် “ သခင်လေး၊ မင်းက ဒဏ်ရာကုပြီးရင် အဆင့်၆ကို တက်မလို့ ပြင်ဆင်နေတာလား? “

“ ဟုတ်ပါတယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ ဒါဆိုရင်လည်း အဆင့်တက်နိုင်တဲ့အတွက် ကြိုပြီးတော့ ဂုဏ်ပြုထားပါရစေ “ အနက်ဝတ်လူမှ ပြုံးပြလာခဲ့သည်။

ရှုကျိုးမှာ တွေးတောတွက်ချက်နေခဲ့သည်၊ ချေးငှားခွဲတမ်းအရဆိုရင် အမှတ် ၂သောင်း ကျန်နေသေးတယ်။

ဒီနေရာမှာ ရှိနေပြီဆိုတော့ ဘာလို့ အကုန်မသုံးလိုက်ရမှာလဲဟ

ရှုကျိုးသည် တစ်ခြားသော အရင်းအမြစ်များကို ဆက်လက်ကြည့်ရှုနေတော့သည်၊ လျူမိသားစု ပလက်ဖောင်းတွင် ကျင့်ကြံရေး အရင်းအမြစ်များအပြင် လက်နက်များနှင့် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာများလည်း ရှိနေခဲ့သည်။

သို့သော် ရှုကျိုးထံတွင် ထိုကဲ့သို့သော ပစ္စည်းများ ပြတ်လပ်မနေခဲ့ပေ။

သူ့ထံတွင် လက်နက်အတွက် နဂါးမီးလျှံ ဆေဘာရှိပြီး၊ ချပ်ဝတ်တန်ဆာအတွက်မူ Aအဆင့် ၁၀၀အမျိုးအစား ချပ်ဝတ်တန်ဆာနှင့် ဖိနပ်များ ရှိနေခဲ့သည်၊ ၎င်းတို့အား ဆဌမအဆင့်အထက်သို့ ရောက်ရှိသွားသည့် အချိန်မှာပင် ဆက်၍ အသုံးပြုနိုင်ပေသည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် ကျင့်ကြံရေး အရင်းအမြစ် စာမျက်နှာကို ပြန်၍ ကြည့်ရှုစစ်ဆေးနေတော့သည်။

ထို့နောက်တွင် စကားပြောဆိုလိုက်သည် “ ကျွန်တော်က အဆင့်၂နဲ့ အဆင့်၃ ဆေးလုံးတွေလည်း လိုချင်ပါတယ် “

အနက်ဝတ်လူသည် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည် “ သခင်လေး၊ အဆင့်၂နဲ့ အဆင့်၃ ဆေးလုံးတွေကို ဘာလုပ်ဖို့လဲဗျ “

ရှုကျိုးသည် သူ့ကို ကြည့်ကာ ချက်ချင်း ပြောလိုက်သည် “ မျိုးနွယ်စုထဲမှာ ရှိတဲ့ ကျွန်တော့်ရဲ့ နေရာကို ခိုင်မာအောင် လုပ်ဖို့အတွက် အနိမ့်ပိုင်း အဆင့်က လူတစ်ချို့ စုဆောင်းမလို့ပါ “

အနက်ဝတ်လူသည် ရင်ခုန်သံပင် ရပ်တန့်လုနီးပါးဖြစ်သွားခဲ့သည်။

သူသည် တစ်ဖက်လူက မိသားစုခေါင်းဆောင် နေရာအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေပြီဆိုသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

“ အမှန်ပဲ၊ အဆင့်၆ကို ရောက်လာပြီးတဲ့နောက်မှာ မိသားစုခေါင်းဆောင် အကြိုရွေးချယ်ပွဲမှာ ဝင်ပြိုင်လို့ရပြီ “ အနက်ဝတ်လူမှ တွေးတောစဥ်းစားနေတော့သည်။

ဆဌမအဆင့်သည် မိသားစုခေါင်းဆောင် နေရာအတွက် လုံလောက်မှု မရှိသေးပေ၊ သို့သော် ကြိုတင်ရွေးချယ်ထားသည့် မိသားစုခေါင်းဆောင် နေရာအတွက် ပြိုင်ဆိုင်ရန် လုံလောက်နေခဲ့သည်။

( အိမ်ရှေ့စံနေရာကို လုကြသလိုမျိုးပါ )

အကယ်၍ ထိုအဆင့်ကို အောင်မြင်ထားမည်ဆိုပါက၊ သတ္တမအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် မိသားစုခေါင်းဆောင်နေရာကို ရယူနိုင်မည့် အခွင့်အလမ်းက ပိုမိုများပြားသွားမည် ဖြစ်သည်။

“ မျိုးနွယ်စုထဲမှာက အဆင့်၆နယ်ပယ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပဲ၊ အဆင့်၇ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေအတွက်ပဲဖြစ်ဖြစ်၊ အကြိုမိသားစုခေါင်းဆောင် နေရာအတွက်ပဲဖြစ်ဖြစ်၊ သွေးစွန်းတဲ့ မုန်တိုင်းတွေကြီးပဲ ”

၎င်းကို တွေးမိသွားသောအခါတွင် အနက်ဝတ်လူသည် တလေးတစားဖြစ်နေသည့် မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

သူသည် ချက်ချင်း ပြန်ဖြေလာခဲ့သည် “ ပြဿနာ မရှိပါဘူး၊ သခင်လေးက ဘယ်လောက်လိုချင်တာလဲဗျ “

ရှုကျိုးသည် စိတ်ထဲတွင် စဥ်းစားထားခဲ့ပြီးသား ဖြစ်သောကြောင့် ချက်ချင်း ပြန်ပြောလာခဲ့သည် “ အဆင့်၂ ဆေးလုံး ၁ထောင်နဲ့ အဆင့်၃ဆေးလုံး အလုံး ၁၀၀ ပေးပါ၊ ဆေးအမျိုးအစားကတော့ ကြိုက်တာပေးပါ “

အနက်ဝတ်လူသည် တအံ့တဩဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာဆိုရင် သခင်လေးရဲ့ ချေးငှားမှု ခွဲတမ်းက လုံးဝကုန်သွားပြီနော် “

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ကုန်ရင်လည်း ကုန်ပါစေပေါ့လေ။ နောက်ကျရင် ကျွန်တော်က သေချာပေါက် ပြန်ဆပ်နိုင်မှာပဲကို၊ ပြီးတော့ စွန့်လွှတ်မှု မရှိပဲနဲ့ လူတွေရဲ့ စိတ်ကို ဘယ်လိုလုပ် အောင်နိုင်မှာလဲဗျာ “

“ သခင်လေးရဲ့ စိတ်က သမုဒ္ဒရာလို နက်ရှိုင်းလွန်းပါတယ်၊ ကျွန်တော် အများကြီး လေးစားမိပါတယ် “

အနက်ဝတ်လူ၏ စိတ်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်၊ လျူချင်းထန်လို လူတစ်ယောက်ကပဲ မိသားစုခေါင်းဆောင်နေရာနဲ့ သင့်တော်တယ်။

ရှုကျိုးမှ အပြုံးဖြင့် မေးမြန်းလိုက်သည် “ ပစ္စည်းတွေက ဘယ်အချိန်မှာ ရောက်မှာလဲဗျ “

အနက်ဝတ်လူသည် လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ သခင်လေး စိတ်ချထားလိုက်လို့ ရပါတယ်၊ မနက်ဖြန် နေ့လည်မတိုင်ခင်မှာ သေချာပေါက် ပို့ပေးမှာပါ “

…………………………………………………………………………………………………………………………………………

အပိုင်း ( 455 )

ကြွယ်ဝသော ရိတ်သိမ်းမှု ၂

“ ဒါဆိုရင်လည်း အိမ်မှာပဲ သတင်းကောင်းကို ပြန်စောင့်နေပါ့မယ် “

ရှုကျိုးသည် အသာအယာ ပြုံးကာ လှည့်ထွက်သွားတော့သည်။

…

သုံးထပ်စံအိမ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် အသက်ကို ရှူထုတ်နေတော့သည်။

“ ငါက အကြိုမိသားစုခေါင်းဆောင် ရွေးပွဲကို ဝင်ပြိုင်ဖို့ အသင့်ဖြစ်ပြီလို့ အဲ့လူက ထင်သွားတဲ့ပုံပဲ “

ရှုကျိုးသည် ခေါင်းခါရမ်း၍ ပြုံးနေတော့သည်။ ၎င်းက ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်သည်။ တစ်ဖက်လူက ထိုကဲ့သို့ တွေးနေသောကြောင့် သူသည် ခေါင်းစားခံ၍ အကြောင်းပြချက်များ ရှာဖွေနေရန် မလိုတော့ပေ။

“ မနက်ဖြန်‌ရောက်တဲ့အထိ အေးအေးဆေးဆေး စောင့်နေတာပေါ့ကွာ “

ရှုကျိုး၏ မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ဤရုပ်ဖျက်မှု/ဟန်ဆောင်ခြင်း ခရီးစဥ်၏ အောင်မြင်မှုသည် မနက်ဖြန်အပေါ်တွင် မူတည်နေခဲ့သည်။

သို့သော် မထင်မှတ်ထားသော ဖြစ်ရပ်များလည်း ဖြစ်ပေါ်လာနိုင်ပေသည်။

သို့သော် ထိုကိစ္စများမတိုင်ခင် အချိန်တွင် သူသည် ဤအတိုင်း စောင့်မနေသင့်ဘဲ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု ခံစားနေခဲ့ရသည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မတ်တပ်ထရပ်ကာ ကွန်ပျူတာအခန်းထဲသို့ သွား၍ အဖွဲ့တစ်ခု တည်ထောင်ရန် လျူမိသားစု၏ ဝက်ဘ်ဆိုက်တွင် စာရင်းသွင်းနေတော့သည်။

လျူမိသားစုတွင် ထိုကဲ့သို့သော အဖွဲ့မျိုးမှာ အလွန်တရာ ရှားပါးနေခဲ့ပြီး၊ အဖွဲ့အများစုသည် လူငယ်မျိုးဆက် ပါရမီရှင်များက အချက်အလက်များ ဖလှယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အရာအားလုံးကို အင်တာနက်မှတစ်ဆင့် လုပ်ဆောင်နိုင်သောကြောင့် အဖွဲ့မှတ်ပုံတင်ခြင်း ဖြစ်စဥ်မှာ များစွာရှုပ်ထွေးမနေခဲ့ပေ။

ရှုကျိုးသည် နာမည်တစ်ခု သတ်မှတ်ပေးလိုက်ပြီး၊ စာရင်းသွင်းခြင်း လုပ်ငန်းစဥ်ကို အပြီးသတ်လိုက်သည်။

“ အသုံးဝင်ဝင်၊ မဝင်ဝင်၊ ရှိထားတာကတော့ ပိုကောင်းတာပေါ့ကွာ “ ရှုကျိုးသည် သူ၏အဖွဲ့အစည်းကို ကြည့်ကာ အသာအယာ ပြုံးနေတော့သည်။

“ ဒေါက်၊ ဒေါက်၊ ဒေါက် “

ထိုအချိန်တွင် တံခါးခေါက်သံ ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် သူသည် မတ်တပ်ထရပ်ကာ တံခါးသွားဖွင့်လိုက်သေးသည်။

တံခါးရှေ့တွင် ရပ်နေသည့်လူမှာ ရက်ပေါင်းများစွာ ကြာရှည်သည်အထိ မမြင်တွေ့ခဲ့ရသော လျူတျန်မုပင် ဖြစ်သည်။

ထိုလူ့ကို မြင်တွေ့လိုက်ရသောအခါတွင် သူသည် ကွမ်ဟန်တက္ကသိုလ်သို့ ပထမဦးဆုံး ‌ရောက်လာခဲ့သည့် အချိန်ကိုပြန်၍ အမှတ်ရသွားခဲ့သည်။

ထိုအချိန်က သူသည် ပထမအဆင့် ပညာရှင်ပင် မဖြစ်သေးချေ၊ လျူတျန်မုကမူ ဒုတိယအဆင့် အထွတ်အထိပ်တွင် ရပ်တည်နေခဲ့သည်။

သူသည် ထိုလူ့ထံတွင် ရစရာအကြွေး ယွမ်၁ဘီလီယံ ရှိနေခဲ့ပြီး၊ ကျောင်းတွင်လည်း သူ့ကို ပြဿနာ ရှာခဲ့သောကြောင့် သူ၏ ထိပ်တန်း ရန်သူတော်ကြီးတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

ကံဆိုးစွာဖြင့် ရှုကျိုးက နှောင်းပိုင်း ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီး၊ တတိယအဆင့် အများအပြားကို သတ်ဖြတ်ခဲ့သည့် အချိန်တွင် လျူတျန်မုသည် ထိုအကြောင်းကို သိသွားပြီး၊ ကွမ်ဟန်သို့ ညတွင်းချင်း ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်ကတည်းက ရှုကျိုးသည် လျူတျန်မုကို မမြင်ခဲ့ရဘဲ၊ ထိုလူသည် သူ့အား ကြောက်ရွံ့နေသည်ကို သိရှိသွားခဲ့သည်။

ယခုတွင် သူသည် ထိုလူက ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့ရာတွင် ရှုကျိုးသ်ည ယခင်က စကားပြောမှတ်တမ်းများအရ၊ လျူတျန်မုနှင့် လျူချင်းထန်တို့ကြားတွင် ဆက်ဆံရေးကောင်း ရှိပြီး ကျင့်ကြံရေးနှင့် သက်ဆိုင်သည့် ကိစ္စများကို မကြာခဏ ဆွေးနွေးပြောလေ့ရှိသည် ဆိုသည်ကို သတိပြုမိထားခဲ့သည်။

“ ဘာလိုချင်လို့လဲ “ ရှုကျိုးသည် အမူအရာကင်းမဲ့နေသည့် မျက်နှာထားဖြင့် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

လျူတျန်မုကမူ ပြုံးပြုံး ရွှင်ရွှင် ဖြစ်နေခဲ့သည် “ အစ်ကိုထန်၊ ရှုကျိုးကို ရှင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက နောင်လာမဲ့ အကြိုမိသားစုခေါင်းဆောင် ရွေးပွဲအတွက် အများကြီး အကျိုးရှိနေမှာ သေချာတယ် “

“ ဒါပေါ့ကွ “ ရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလိုက်သည်၊ ထို့နောက်တွင် သူသည် လျူတျန်မုကို ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည် “ မင်းက ရှုကျိုးနဲ့ ရန်ငြှိုးတွေ ရှိလို့လား “

“ ရန်ငြှိုးရယ်တော့လည်း မဟုတ်ပါဘူး “

လျူတျန်မုသည် တစ်ဖက်လူက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ မေးမြန်းလာခဲ့လဲဆိုသည်ကို မသိသော်လည်း အမှန်တိုင်း ပြန်ဖြေလာခဲ့သည် “ အဓိကကိစ္စကတော့ ရှုကျိုးက အမြင်ကျဥ်းပြီးတော့ အငြှိုးထားတတ်တာကြောင့်ပါ၊ နည်းနည်းလေး နားလည်မှုလွဲတာနဲ့ တေးမှတ်ပြီး လက်စားချေတတ်ပါတယ်၊ ကျွန်တော် သူ့ကို သဘောမကျဘူး “

“ ဒါပင်မဲ့ ကျွန်တော်တို့မိသားစုရဲ့ ဘိုးဘေးခန်းမကို ရှုကျိုးက ဖျက်စီးခဲ့တယ်၊ အခုတော့ သူက ငွေရေကန် လျှို့ဝှက်နယ်မြေမှာ သေသွားရပြီ၊ အဲ့တာက သင့်တော်တဲ့ အဆုံးသတ်ပဲလေ “

လျူတျန်မုသည် အမှန်တကယ် ပျော်ရွှင်နေခဲ့သည်၊ ရှုကျိုး မရှိတော့သောကြောင့် သူသည် ကျောင်းသို့ ပြန်လာနိုင်ပြီ ဖြစ်သည်။

ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲပင် ဖြစ်သည် “ သဘာဝကျပါတယ်၊ လျူတျန်မု၊ မင်းနားမလည်တဲ့ ကျင့်ကြံရေးဆိုင်ရာ ရှုထောင့်တွေ ရှိလို့လား။ ငါက ကျင့်ကြံရေးမှာ ဉာဏ်အလင်းရထားတယ်၊ မင်းကို အကြံဉာဏ်ပေးနိုင်လောက်တယ် “

“ တကယ်လား “

လျူတျန်မုသည် အပျော်သွားတော့သည်၊ သို့သော် သူသည် လျင်မြန်စွာ မျက်မှောင်ကြုတ်သွားခဲ့သည် “ အစ်ကိုထန်၊ ငါကြားတာတော့ မင်းက နောက်ဆုံးတစ်ခေါက်တုန်းက တိုက်ပွဲကြောင့် ဒဏ်ရာ အပြင်းအထန် ရထားတယ်ဆို “

“ ကိစ္စ မရှိပါဘူး၊ မင်းဘာတတ်ထားလဲ ထုတ်ပြ၊ ဒီရက်ပိုင်းအတွင်းမှာ မင်းက ဘယ်လောက်တိုးတက်လာလဲဆိုတာကို ငါကြည့်မယ် “ ရှုကျိုးသည် တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။

“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ….. “

လျူတျန်မုသည် မည်သည့်အရာကိုမှ ဆက်မမေးလာတော့ပေ၊ သူသည် လျူချင်းထန်၏ လမ်းညွှန်သင်ပြမှုက အဖိုးတန်သည်ဟု ယူဆထားပုံရသည်။

“ အစ်ကိုထန်၊ လာပြီနော် “

ဝှစ်

လျူတျန်မုသည် လက်ဝါးချက်ဖြင့် ရုတ်တရက် တိုက်ခိုက်လာခဲ့သည်။

ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ကို အသာအယာ တိမ်းစောင်းကာ လျူတျန်မု၏ မျက်နှာကို ဖြတ်ရိုက်သည်။

ဖပ်

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လျူတျန်မုသည် သွားသုံးချောင်း ကျိုးသွားကာ၊ နောက်သို့ လွင့်ထွက်သွားပြီး၊ အနီးအနားရှိ လူလုပ်တောင်ကုန်းတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။

“ အို့ ဆောရီး၊ ငါ အားမထိန်းထားမိလိုက်ဘူး “ ရှုကျိုးသည် စိတ်မကောင်းဖြစ်သွားသည့် အမူအရာမျိုးဖြင့် ပြောလိုက်သည်။

…

နောက်တစ်နေ့ နေ့လည်ခင်းတွင်

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံ ပေါ်ထွက်လာခဲ့သည်။

တံခါးဖွင့်လိုက်သောအခါတွင် ရှုကျိုးသည် စံအိမ်ဝင်ပေါက်ဝတွင် ထရပ်ကားတစ်စီး ရပ်ထားသည်ကို မြင်တွေ့သွားခဲ့သည်။

ယာဥ်မောင်းသည် သန်မာထွားကြိုင်းသည့် လူကောင်ကြီးကြီး လူတစ်ဦးဖြစ်ပြီး၊ ရှုကျိုးကို မြင်လိုက်ရသောအခါတွင် စကားလှမ်းပြောလာခဲ့သည် “ လျူချင်းထန်၊ မင်းရဲ့အမှာ ရောက်လာပြီ၊ အထောက်အထားကို အတည်ပြုပေးပါ “

ထို့နောက်တွင် သူသည် လက်ဗွေ၊ မျက်လုံးနှင့် အသံစစ်ဆေးမှု စနစ်များ ပါဝင်သည့် ဖန်သားပြင်တစ်ခုကို ထုတ်ယူလာခဲ့သည်။

ကုန်ပစ္စည်းများက အလွန်တန်ဖိုးရှိသောကြောင့် အိမ်တိုင်ရာရောက် ပို့ဆောင်ခဲ့ပြီးသည့်နောက်မှာပင် အထောက်အထားအတည်ပြုမှုကို လိုအပ်နေခဲ့သည်။

ရှုကျိုးသည် သူ၏ရုပ်ဖျက်မှုကို ယုံကြည်နေသည့်အတွက် မည်သို့မျှ ကြောက်မနေခဲ့ပေ။

သူသည် စစ်ဆေးမှုသုံးခုကို လျင်မြန်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

လူသန်ကြီးသည် ဖန်သားပြင်ကို သိမ်းဆည်း၍ ထရပ်ကား၏ နောက်တံခါးကို ဖွင့်လိုက်ရာ အနက်ရောင် သံသေတ္တာများနှင့် ပြည့်နှက်နေသည့် ကုန်တင်ခန်းတစ်ခု ပေါ်လာခဲ့သည်။

၎င်းတို့အနက် ဆယ်ခုသည် ခရမ်းနက်ရောင်ဖြစ်ပြီး၊ ရှစ်ခုမှာ ခရမ်းရွှေရောင် ဖြစ်နေခဲ့သည်။

၎င်းတို့သည် ရှုကျိုးမှာယူထားသည့် ပဥ္စမနှင့် ဆဌမအဆင့် ဆေးလုံးများ ဖြစ်ပုံရသည်။

လူသန်ကြီးသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ သေတ္တာများကို လျူချင်းထန်၏ စံအိမ်ထဲသို့ တစ်လုံးပြီးတစ်လုံး ရွှေ့ပြောင်းပေးနေခဲ့သည်။

အားလုံးကို ရွှေ့ပြောင်းပေးခဲ့ပြီးသည့်နောက်တွင်

“ မစ္စတာလျူ၊ ကြယ်ငါးလုံး မှတ်ချက်လေးပေးဖို့ မမေ့နဲ့နော် “ လူသန်ကြီးမှ ရှုကျိုးကို ပြောလာခဲ့သည်။

ရှုကျိုးမှ လက်ဝေ့ယမ်းပြလိုက်သည် “ သိပြီ၊ ခင်ဗျားသွားလို့ရပြီ “

ထိုအချိန်မှသာလျှင် လူသန်ကြီးသည် ထရပ်ကားကို မောင်းကာ ထွက်သွားတော့သည်။

စံအိမ်အတွင်းသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တောင်ကုန်းငယ်လေးကဲ့သို့ ဖြစ်နေသည့် သေတ္တာများကိုကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ ဒီတစ်ခါတော့ ငါက တကယ်ကြီး ထီပေါက်ပြီပဲ “

အဆိုပါ ပစ္စည်းများသည် ပဥ္စမအဆင့်နှင့် ဆဌမအဆင့်သို့ တက်လှမ်းရာတွင် သူ့အား များစွာကူညီပေးမည် ဖြစ်သည်။

အဓိကအချက်မှာ သူက ၎င်းတို့အားလုံးအတွက် မည်သည့်တန်ဖိုးကိုမှ မပေးချေခဲ့ရခြင်းပင် ဖြစ်သည်။

ထို့အပြင် သူသည် လျူမိသားစုထံမှ အမှတ် ၅၀၀၀၀နီးပါးပင် ချေးယူခဲ့သေးသည်၊ ထိုအကြောင်းကို သိသွားမည်ဆိုပါက လျူမိသားစုတစ်ခုလုံးမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်သွားကြရမည် ဖြစ်သည်။

“ ဒါပင်မဲ့ လျူမိသားစုရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် အမှတ်ငါးသောင်းလောက်က ဘာမှ မဟုတ်ပါဘူးကွာ “ ၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် အနည်းငယ် နောင်တရသွားခဲ့သည်။

………………………………………………………………………………………………………………………………….

အပိုင်း ( 456 )

ကြွယ်ဝသော ရိတ်သိမ်းမှု ၃

အကယ်၍ ပမာဏကြီးကြီးမားမား ချေးယူနိုင်ခဲ့မည်ဆိုက ………..

လျူမိသားစု ပြုလုပ်ခဲ့သည့် အရာများကို စဥ်းစားကြည့်လိုက်ပါက၊ သူသည် လျူမိသားစုကို ဒေဝါလီခံရလောက်သည်အထိ မပြုလုပ်နိုင်ဘူးဆိုပါက၊ သူ့ကိုယ်သူ အထင်သေးမိသွားမည် ဖြစ်သည်။

“ မေ့လိုက်ပါတော့၊ တကယ်လို့ ငါက လျူမိသားစုကို ဒေဝါလီခံသွားရအောင် တကယ်ကြီး လုပ်နိုင်ခဲ့မယ်ဆိုရင်၊ လျူတျန်ရှန်က လနတ်ဘုရားဂိုဏ်းနဲ့ သွားပြီးတော့ ပူးပေါင်းလောက်တယ် “

ရှုကျိုးသည် အသာအယာ ခေါင်းခါယမ်း၍ ကုန်ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေတော့သည်။

သေတ္တာများကို ဖွင့်လှစ်ခြင်းကပင် လက်ဗွေ၊ မျက်လုံးနှင့် အသံစစ်ဆေးမှု အတည်ပြုချက်များကို ပြုလုပ်ရသေးသည်။

“ ဇီ ဇီ “

အထောက်အထားကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် အဖြူရောင် မြူထုသည် သေတ္တာအတွင်းမှ လျှံထွက်လာခဲ့ပြီး၊ ထို့နောက်တွင် သေတ္တာသည် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။

အတွင်းပိုင်းတွင် ခရမ်းရွှေရောင် သတ္ထုပုလင်းတစ်လုံး ရှိနေခဲ့သည်။ ၎င်းမှာ ဟုန်မန်ရွှေအူတိုင် စုစည်းမှု ဆေးလုံးမှတစ်ပါး တစ်ခြားအရာမဟုတ်ပေ။

ရှုကျိုးမှ ၎င်းကို ဖွင့်လိုက်ရာ၊ ထူးဆန်းသော ရနံ့တစ်ခုသည် အဆိုပါ ပုလင်းထဲမှ ချက်ချင်းထွက်လာခဲ့ပြီး၊ ရှူရှိုက်မိသူတိုင်းကို မူးဝေဝေ ဖြစ်သွားစေခဲ့သည်။

“ ဝုန်းးး “

အဆိုပါ ရနံ့သည် ရှုကျိုး၏ ချွေးပေါက်များမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး၊ သူ၏ချီ-သွေးစွမ်းအင်များကို ရေစီးကြမ်းသည့် မြစ်တစ်စင်းကဲ့သို့ မြင့်တက်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် သူ၏အရိုးများနှင့် ကြွက်သားများက သန့်စင်သွားပုံရပြီး၊ မောပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။

“ ဒီအနံ့ကို တစ်ခါလောက် ရှူလိုက်တာနဲ့ ငါ့ရဲ့ ချီ-သွေးစွမ်းအားကို သိသိသာသာ မြင့်တက်သွားစေတာလား “

ရှုကျိုးသည် အံ့ဩတကြီးဖြစ်သွားခဲ့သည် “ အဆင့်၆ဆေးဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ၊ တကယ်လို့ အခုလက်ရှိ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ဒါကိုသောက်လိုက်မယ်ဆိုရင်၊ ငါ့ရဲ့ခန္ဓာကိုယ်က ချက်ချင်း ပေါက်ကွဲသွားနိုင်တယ် “

၎င်းသည် ဤဆေးလုံး၏ တန်ဖိုးကို သံသယဝင်စရာ မလိုအပ်ဘူးဟု သက်သေပြနေခဲ့သည်။

ဆေးလုံး၏ အရည်အသွေးကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်ခြားသော သတ္ထုသေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်ကြည့်နေတော့သည်။

နာရီဝက်အကြာတွင်

ရှုကျိုးသည် အဆိုပါ သေတ္တာ အကုန်လုံးကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် သိုလှောင်ထားလိုက်ပြီး၊ စိတ်ကျေနပ်စွာ ပြုံးနေတော့သည် “ လျူမိသားစုဆီကို လာရတဲ့ ဒီခရီးစဥ်က တကယ်ကို အကျိုးရှိတာပဲ …. နောက်တစ်ခုကတော့ ငါက လနတ်ဘုရားဂိုဏ်းနဲ့ တွေ့သင့်ပြီ “

သူ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

…

တစ်နာရီ အကြာတွင်

ရှုကျိုးသည် အရှေ့ပိုင်းပြည်နယ် အစိုးရရုံးစင်တာတွင် ပေါ်လာခဲ့သည်။

စကားပြောမှတ်တမ်းရှိ အချက်အလက်များအရ လျူချင်းထန်နှင့် လနတ်ဘုရားဂိုဏ်းတို့သည် အစိုးရရုံးစင်တာအောက်တွင် တွေ့ဆုံလေ့ရှိကြသည်။

တစ်နည်းဆိုရသော် လနတ်ဘုရားဂိုဏ်းခွဲတစ်ခုသည် ဤအစိုးရရုံးစင်တာအောက်တွင် တည်ရှိသည်။

ရှုကျိုးသည် လမ်းကြားအသေးလေးတစ်ခုအထဲ လမ်းလျှောက်ဝင်လာခဲ့ပြီး၊ ထို့နောက်၌ အမှိုက်ပုံးနောက်တွင် ရှိနေသည့် လျှို့ဝှက်တံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။

ထိုလျှို့ဝှက်တံခါးမှတစ်ဆင့် သူသည် မှောင်မည်းနေသည့် လမ်းကြောင်းအတိုင်း တစ်ခဏခန့် လျှောက်လှမ်းနေခဲ့ရပြီး၊ မြို့၏ရေဆိုးမြောင်းစနစ်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်၌ ရှုကျိုးသည် ရေဆိုးမြောင်းစနစ်ထဲတွင် အကွေ့များစွာ ကွေ့ခဲ့ရပြီး၊ လျှို့ဝှက်တံခါး ဒါဇင်နှင့်ချီ၍ ကျော်ဖြတ်ကာ အဆုံးတွင် ကွင်းပြင်/ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာတစ်ခုကို မြင်တွေ့လာခဲ့ရသည်။

ချန်ခွမ်ကျောက်တုံး၏ အကျိုးသက်ရောက်မှုကြောင့် ရှုကျိုးသည် အရှေ့ဘက်၌ မည်သည့်အရာများ ရှိနေလဲဆိုသည်ကို မမြင်နိုင်ခဲ့ပေ။

ထို့နောက်တွင် သူ၏လက်များဖြင့် စည်းတံဆိပ်များ ရေးဆွဲကာ ထူးဆန်းသော ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည် “ အာလီ ဒို၊ ဂူက ရှန်က “

ဇွီ

သူ့အ‌ရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ဆုတ်ပြဲသွားခဲ့ပြီး၊ ချက်ချင်းဆိုသလိုပဲ မည်းနက်သော တံခါးပေါက်တစ်ခုသည် သူ့အရှေ့တွင် ပေါ်လာခဲ့သည်။

“ မျက်လုံး စစ်ဆေးအတည်ပြုခြင်း စတင်ပါ “

အက်ရှရှ အသံတစ်သံ ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ ချက်ချင်း ရှေ့တိုးကာ တံခါးပေါက်ပေါ်ရှိ အပေါက်သေးသေးအရှေ့တွင် မျက်လုံးကို ထားလိုက်သည်။

အနီရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တံခါးသည် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။

“ ဒီကြွက်တွေရဲ့ မြေအောက်စခန်းက တော်တော်လေးကို အပုန်းကောင်းတာပဲ “ ရှုကျိုးသည် ရေရွတ်ပြောဆိုရင်းဖြင့် လမ်းလျှောက်ဝင်သွားတော့သည်။

တိတိကျကျပြောရမည်ဆိုပါက ဤကဲ့သို့သော ဖုံးကွယ်မှုမျိုးကြောင့်ပင် ရန်ပြည်ထောင်အစိုးရက လနတ်ဘုရားဂိုဏ်းကို လုံးလုံးလျားလျား ဖယ်ရှားရန် အခက်တွေ့နေခဲ့ခြင်း ဖြစ်သည်။

လနတ်ဘုရားဂုဏ်း၏ အဖွဲ့ဝင်များကပင် ဂိုဏ်းခွဲ မည်မျှရှိသလဲဆိုသည်နှင့် ၎င်းတို့က မည်သည့်နေရာများတွင် တည်ရှိလဲဆိုသည်ကို မသိကြပေ။

ထို့ကြောင့်ပင် လနတ်ဘုရားဂိုဏ်းသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရများ၏ ဝရမ်းထုတ်ခြင်းကို ခံထားရသည့်ကြားမှ ရှင်သန်လွတ်မြောက်နေခဲ့ခြင်း ဖြစ်သည်။

ရှုကျိုးသည် တံခါးမှတစ်ဆင့် ဝင်သွားရာ၊ အနက်ရောင် အခန်းတစ်ခန်းသည် သူ၏အမြင်အာရုံထဲသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် ရုတ်တရက် မှင်သက်သွားခဲ့သည်။

…………………………………………………………………………………………………………………………………………..

All Chapters