အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အပိုင်း ( 457 )
ရှုကျိုး ပြန်ရောက်လာပြီ
အဘယ့်ကြောင့်ဆိုသော် တံခါးနောက်ရှိ အခန်းထဲတွင် လုံးဝဟာလာဟင်းပြင်းဖြစ်နေပြီး၊ မည်သည့်အရာမှ မရှိသောကြောင့် ဖြစ်သည်။
“ ဝင်လာခဲ့ “
အေးစက်စက် အသံတစ်သံသည် အရှေ့ဘက်မှ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုးမှ မော့ကြည့်လိုက်ရာ အရှေ့ဘက်ရှိ နံရံပေါ်တွင် ကင်မရာတစ်လုံးသာ ရှိနေခဲ့ပြီး၊ အသံသည် ထိုကင်မရာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တွေ့ဆုံမှုဟု ခေါ်ဆိုသော အရာသည် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း မဟုတ်ပေ။
လနတ်ဘုရားဂိုဏ်းက ဒီနွားတွေက တကယ်ကြီးကို သတိကြီးတာပဲ
သို့သော် ၎င်းမှာ ယုတ္တိရှိပေသည်။ ဤနေရာသည် အစိုးရရုံးအောက်ဘက်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ လနတ်ဘုရားဂိုဏ်းမှ အဖွဲ့ဝင်များသည် ဤနေရာသို့ အမှန်တကယ် လာမရပေ။ သူတို့က ကောင်းကောင်း ပုန်းကွယ်နေနိုင်သော်လည်း၊ အကယ်၍ သူတို့ကို ရှာတွေ့သွားမည်ဆိုပါက မည်သို့မျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
“ ဒီနေရာရဲ့ တာဝန်က အရှေ့ပိုင်းပြည်နယ် အစိုးရရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်တာနဲ့တူတယ် “
ရှုကျိုးနားလည်သွားခဲ့ပြီး၊ ထို့နောက်တွင် တံခါးကိုပိတ်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
အေးစက်စက် အသံမှ စကားပြောလာခဲ့သည် “ လျူချင်းထန်၊ မင်းက ရှုကျိုးကို သတ်လိုက်တယ်လို့ ပြောတယ်၊ အဲ့တာကို ဘယ်လို သက်သေပြမှာလဲ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည် “ ဒါပေါ့၊ ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိတယ် “
သူ့လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ နဂါးမီးလျှံ ဆေဘာ ပေါ်ထွက်လာခဲ့သည်။
“ ကျွန်တော်က ရှုကျိုးကို သတ်ခဲ့တယ်၊ အဲ့တာကြောင့် သူ့လက်နက်က ကျွန်တော့်ဟာဖြစ်လာပြီ “ ဟုရှုကျိုးမှ ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ငွေရေကန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သူများမှာ အနီရောင် လိပ်ပြာနှင့် တစ်ခြားသူများဖြစ်ပြီး၊ သူမတို့မှာလည်း သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် မည်သူကမှ သက်သေထွက်ဆိုနိုင်တော့မည် မဟုတ်ပေ။
နဂါးမီးလျှံ ဆေဘာကို ထုတ်ပြခြင်းဖြင့် ရှုကျိုးသည် သူအလိုရှိသည့်အရာကို စိတ်ကြိုက်ပြောဆိုနိုင်ပေသည်။
သူသည် လနတ်ဘုရားဂိုဏ်းက ကတိဖျက်သွားမည်ကို မစိုးရိမ်ပေ။ အကယ်၍ သူတို့က ဤကဲ့သို့သော ဆုလဒ်သေးသေးကိုပင် မပေးချေချင်ဘူးဆိုပါက၊ သူတို့အား မည်သူကမှ သစ္စာခံခဲ့လိမ့်မည် မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် အသံသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ စကားပြောလာခဲ့သည် “ ဒီတစ်ခါဆုလဒ်က နဂါးအကြေးခွံ မြက်သုံးပင်နဲ့ ကောင်းကင်ဘုံ ကံကြမ္မာ နတ်ဆေးလုံးတစ်လုံးပဲ၊ အခုချက်ချင်း မင်းကို ပေးလိုက်ပြီ “
ဘယ်မှာတုန်းဟ
ရှုကျိုးသည် ဇဝေဇဝါဖြစ်သွားတော့သည်၊ ထို့နောက်၌ ရုတ်တရက်ဆိုသလိုပင် သူ့အရှေ့ရှိ ဟင်းလင်းပြင်မှာ ဆုတ်ပြဲလာခဲ့သည်။
“ ဗွီ “
ဟင်းလင်းပြင် ဆုတ်ပြဲမှုနှင့်အတူ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက်တွင် ရှုကျိုးသည် သေတ္တာတစ်လုံးက မြေပြင်ပေါ်သို့ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ရှုကျိုးသည် အရှေ့သို့ လျှောက်သွား၍ သေတ္တာကို ဖွင့်ကြည့်လိုက်ရာ၊ အထဲတွင် သတ္ထုသေတ္တာလေးလုံး တည်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဟင်းလင်းပြင် ထိန်းချုပ်မှုလား “
ရှုကျိုးသည် တစ်ဖက်လူက ဤသေတ္တာကို အတော်လေး အဆင့်မြင့် ဟင်းလင်းပြင် ထိန်းချုပ်မှု နည်းစနစ်ကို အသုံးပြုကာ တစ်ခြားတစ်နေရာမှ တိုက်ရိုက်ပေးပို့လာသည်ကို နားလည်သွားခဲ့သည်။
တစ်ဖက်လူသည် ဟင်းလင်းပြင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အဆင့်မြင့် တည်ရှိုမှု ဖြစ်ပုံရသည်။
ရှုကျိုး၏ စိတ်မှာ လေးလံသွားခဲ့သည်၊ လနတ်ဘုရားဂိုဏ်း၏ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ဤနေရာတွင် ပုန်းအောင်းနေသည်မှာ ကောင်းသောအရာမဟုတ်ဘူးဆိုသည်ကို သူသိနေခဲ့သည်။
အေးစက်စက်အသံမှ စကားထပ်ပြောလာခဲ့သည် “ ဆုလဒ်တွေကို ပေးခဲ့ပြီးပြီ။ လျူချင်းထန်၊ မင်းက ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပြီး၊ ငါတို့ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းတွေမှာ ပါဝင်ကူညီပြီးတော့ မင်းအပေါ်မှာထားထားတဲ့ ငါတို့ရဲ့မျှော်လင့်ချက်တွေအတိုင်း ကိုက်ညီအောင် နေနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် “
ထို့အတူ အားပေးနေသည့် အရိပ်အငွေ့များပါဝင်နေသော လေသံမျိုးဖြင့် ထပ်ပြောလာခဲ့သည် “ လျူမိသားစုက ငါတို့ဂိုဏ်းက မျက်စိကျနေတဲ့ မိသားစုတစ်ခုပဲ။ မင်းက နောင်တက်လာမဲ့ မျိုးနွယ်စုခေါင်းဆောင် ရာထူးကို သိမ်းနိုင်မှဖြစ်မယ်။ အဲ့အချိန်ကျရင် မင်းရဲ့ အဆင့်အတန်းကလည်း သိသိသာသာ မြင့်မားလာလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် လေးနက်သော အမူအရာဖြင့် ချက်ချင်းပြန်ပြောလိုက်သည် “ ကိုယ့်ကိုကိုယ် မီးစာအဖြစ် ရည်စူးပြီးတော့ ဂိုဏ်းရဲ့တောက်ပမှုအတွက် အရာအားလုံးကို လောင်ကျွမ်းစေပြီးတော့ ပိုင်နက်ကို ချဲ့ထွင်မယ် “
၎င်းမှာ သူတို့၏ စကားပြောမှတ်တမ်းတွင် လျူချင်းထန်က မကြာခဏပြောလေ့ရှိသည့် လက်သုံးစကားတစ်ခု ဖြစ်သည်။
ယခုတွင် ရှုကျိုး၏ ချဲ့ကားပြောဆိုမှုသည် ထိုလူများကို ကျေနပ်သွားစေပုံရသည်။
“ အရမ်းကောင်းတယ်၊ ငါတို့ဂိုဏ်းရဲ့ အဖွဲ့သားတွေဆီမှာ ဒီလိုရည်မှန်းချက်မျိုး ရှိနေသင့်တာ “ ထိုလူသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ လျူချင်းထန်၊ တကယ်လို့ မင်းဆီမှာ ဆန္ဒတစ်ခုခု ရှိရင် လွတ်လွတ်လပ်လပ် ပြောလို့ရတယ် “
ရှုကျိုးမှ ချက်ချင်း ပြန်ပြောလိုက်သည် “ ကျွန်တော်က နောက်လာမဲ့ မိသားစုခေါင်းဆောင် ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ မိသားစုထဲမှာ အဖွဲ့အစည်းတစ်ခု တည်ဆောက်မလို့ပါ။ အဲ့တာကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဖေးယုအဖွဲ့ လိုချင်ပါတယ် “
လနတ်ဘုရားဂိုဏ်းသည် လူထု၏ အထင်အမြင်များကို လမ်းလွှဲစေရန် ရည်ရွယ်၍ ဖေးယုဟုအမည်ရသည့် ခန်းမတစ်ခုကို ဖွဲ့စည်းထားခဲ့သည်။
ဖေးယုအဖွဲ့သည် ဖေးယုခန်းမ၏ အစိတ်အပိုင်းဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက ၎င်းသည် အင်တာနက် ကီးဘုတ်ဖိုက်တာအဖွဲ့ဖြစ်သည်။
အသံမှ မေးမြန်းလာခဲ့သည် “ မင်းကဘာကိုဆိုလိုတာလဲ “
ရှုကျိုးမှ ပြောလာခဲ့သည် “ ကျွန်တော်က ဂိုဏ်းရဲ့ ဖေးယုခန်းမဆီ အလည်သွားပြီးတော့ အဲ့တာက ဘယ်လိုမျိုး လည်ပတ်လဲဆိုတာကို ကြည့်ချင်ပါတယ် “
“ အဲ့တာက စီစဥ်ပေးလို့ရပါတယ် “
အသံသည် လျင်မြန်စွာ သဘောတူလက်ခံလာခဲ့သည်။ ဖေးယုခန်းမသည် လနတ်ဘုရားဂိုဏ်း၏ ပင်မအဖွဲ့တစ်ခု မဟုတ်ပေ။
လနတ်ဘုရားဂိုဏ်း၏ အရေးပါသော နယ်ရုပ်ဖြစ်သည့် လျူချင်းထန်၏ တောင်းဆိုမှုကို ငြင်းပယ်၍ ငြင်းပယ်၍ မဖြစ်ချေ။
မကြာခင်မှာပင် စာရွက်တစ်ရွက်သည် ရှုကျိုးအရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ပေါ်လာခဲ့သည်။
ရှုကျိုးသည် ၎င်းကို ယူလိုက်ပြီး၊ အထဲတွင် ပါဝင်နေသည့် အကြောင်းအရာများကို နားလည်သွားကာ၊ ၎င်းကို ချက်ချင်း မီးရှို့ဖျက်စီးလိုက်သည်။
…
မြေအောက်အတွင်းမှ ထွက်လာခဲ့ပြီးသည့်နောက်၌ ရှုကျိုး၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
“ လနတ်ဘုရားဂိုဏ်းရဲ့ ဖေးယုခန်းမက ကျောင်းနားမှာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
အစောပိုင်းအချိန်က လူကြီး ပေးခဲ့သည့် အလက်အလက်များအရ လနတ်ဘုရားဂိုဏ်း၏ ဖေးယုခန်းမသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အနီးအနားတွင် တည်ရှိနေခဲ့သည်။
ပြင်ပကမ္ဘာ၏ ပြဿနာ အသေးအမွှားလေးများက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ထဲတွင် တောမီးကဲ့သို့ ဟုန်းဟုန်းတောက်နေရခြင်းမှာ အံ့ဩဖွယ်ရာ မရှိတော့ပေ။ လနတ်ဘုရားဂိုဏ်းသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများကို လွှမ်းမိုးရန်အတွက် ဖေးယုခန်းမကို ထိုနေရာတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်နေနိုင်ပေသည်။
ဖေးယုခန်းမသည် ကွမ်ဟန်တက္ကသိုလ်မှာ နီးကပ်နေခဲ့ပြီး၊ ကျောင်းသူကျောင်းသားများအဖြစ် ရုပ်ဖျက်ကာ ဆိုးရွားသော မှတ်ချက်/လုပ်ရပ်များ ပြုလုပ်ရန် များစွာလွယ်ကူနေလျက်ရှိသည်။
“ ကောင်းပါတယ်လေ၊ ကျောင်းကိုသွားပြီးတော့ စစ်ဆေးသင့်တယ် “
ရှုကျိုးမှာ ရေရွတ်ပြောဆိုနေတော့သည် “ ဒါပင်မဲ့ ငါ့ရဲ့အထောက်အထားက ပေါ်သွားလို့ မဖြစ်ဘူး၊ ဖေးယုခန်းမကို မရောက်ခင်အချိန်အထိ သတိကြီးကြီးထားရမယ် “
အရှေ့ပိုင်းပြည်နယ် အစိုးရရုံးနှင့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တို့ကြားရှိ အကွာအဝေးမှာ အနည်းဆုံးအနေဖြင့် ကီလိုမီတာ ထောင်ဂဏန်းမျှ ရှိပေသည်။
တကယ်လို့ ငါသာ ပျံသွားမယ်ဆိုရင် လျှာထွက်ပြီး သေသွားလောက်တယ်။ အကောင်းဆုံးကတော့ လေယာဥ်စီးတာပဲ။
သို့ရာ၌ ရှုကျိုး၏ ယခုလက်ရှိ အထောက်အထားဖြင့် လက်မှတ် ဝယ်ယူခြင်း(သို့) ကိုယ်ပိုင်ဂျက်လေယာဥ်စီးခြင်းတို့မှာ လူအများ၏ အာရုံများကို ဆွဲဆောင်မိသွားမည် ဖြစ်သည်။
အကယ်၍ လနတ်ဘုရားဂိုဏ်း၏ သူလျှိုများက သိသွားမည်ဆိုပါက၊ သူ၏အထောက်အထားမှာလည်း အလွယ်တကူ ပေါ်သွားမည်ဖြစ်ပြီး၊ အကယ်၍ ဖေးယုခန်းမက ၎င်းကို သိရှိသွားမည်ဆိုပါက၊ နေရာကို ကြိုတင်ရွှေ့ပြောင်းသွားကြမည် ဖြစ်သည်။
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ဖုန်းကို ထုတ်၍ အန်းမြောင်ရွှယ်ကို ဆက်သွယ်လိုက်သည်။
“ ငါက အရှေ့ပိုင်းပြည်နယ် အစိုးရရုံးမှာ ရှိတယ်၊ ငါ့ကို လာကြိုပြီးတော့ ကွမ်ဟန်တက္ကသိုလ်ကို ပို့ပေး “
အန်းမြောင်ရွှယ်ကို သုံးလိုက်တာက အကောင်းဆုံး နည်းလမ်းတစ်ခုပဲ
တစ်ဖက်ရှိ အန်းမြောင်ရွှယ်ကမူ ရှုကျိုး၏ စကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် စူပုတ်သွားခဲ့သည်။ ဒီလူက ငါ့ကို အစေခံတစ်ယောက်လို တကယ်ကြီး ဆက်ဆံနေတာပဲ
…………………………………………………………………………………………………………………………………………
အပိုင်း ( 458 )
ရှုကျိုး ပြန်ရောက်လာပြီ ၂
ငါက လုံခြုံရေးဗျူရို ဒါရိုက်တာရဲ့ သမီးလေ၊ ငါ့ဆီမှာ ဒီကိစ္စအတွက် ဘယ်လိုလုပ် အချိန်ရှိမှာလဲ
သို့သော် သူမသည် ဤအချိန်တွင် ရှုကျိုးကို မငြင်းပယ်နိုင်ခဲ့ပေ၊ ဓာတ်ကြီးငါးပါး လက်စွပ်သည် သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေစဲဖြစ်သည်။
“ အိုကေ၊ အဲ့ကို လာခဲ့မယ် “
အန်းမြောင်ရွှယ်သည် ဖုန်းကို ချလိုက်ကာ၊ ချစ်စရာကောင်းသည့် အပြာရောင် ဂါဝန်ကို ဝတ်ဆင်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
ထိုစဥ် ရှုကျိုးသည် လူသူကင်းမဲ့နေသည့် လမ်းကြားအတွင်းသို့ လျှောက်လှမ်းလာခဲ့ပြီး၊ သူ၏အသွင်အပြင်ကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
လမ်းကြားအတွင်းမှ ထွက်လာသည့် အချိန်တွင် သူသည် တတိယအဆင့်နယ်ပယ်နှင့် သာမန်ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးအဖြစ် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
နာရီဝက်အကြာတွင်
ငွေရောင် ပြိုင်ကားတစ်စီးသည် လမ်းဆုံတွင် ရပ်လာခဲ့ပြီး၊ ကားထဲမှ အန်းမြောင်ရွှယ် ပေါ်ထွက်လာခဲ့ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု၍ သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းသည့် မျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ထိုအချိန်တွင် သူမသည် သာမန်လူတစ်ဦးက သူမအနားသို့ ချဥ်းကပ်လာခဲ့ပြီး၊ သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် လက်စွပ်က အနည်းငယ်တုန်ခါလာသည်ကို ခံစားလိုက်ရသည်။
“ သူပဲ၊ ဒီကောင်က သူ့ရဲ့ အသွင်အပြင်ကို ထပ်ပြောင်းထားပြန်ပြီ “
အန်းမြောင်ရွှယ်သည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည်၊ သို့သော် သူမ၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲပင် “ ကားထဲဝင် “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ ပြိုင်ကားအတွင်းသို့ ဝင်သွားခဲ့သည်။
“ ဘယ်အချိန်ရောက်မှ နင့်ရဲ့ အထောက်အထားကို ပြန်ယူဖို့ စီစဥ်ထားတာလဲ “ အန်းမြောင်ရွှယ်သည် ကားမောင်းနေရင်းဖြင့် မေးမြန်းလာခဲ့သည်။
ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းကို ရှင်းပြီးရင်ပေါ့ “
“ ဒီလိုရည်ရွယ်ချက်မျိုးက “ အန်းမြောင်ရွှယ်သည် တအံ့တဩဖြင့် ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ငါတို့လုံခြုံရေး ဗျူရိုကလည်း အဲ့လိုရည်မှန်းချက်မျိုး ထားထားတာပဲ၊ ဒါပင်မဲ့ နင်တစ်ယောက်တည်း လုပ်နေတာက ဘာမှထိရောက်မှာ မဟုတ်ဘူး “
ရှုကျိုးသည် သူမကို လှည့်ကြည့်လိုက်သည် “ မင်းက ငါ့ကို လုံခြုံရေးဌာနနဲ့ ပူးပေါင်းဖို့ ဆွဲဆောင်နေတာလား “
အန်းမြောင်ရွှယ်မှ ပြောလာခဲ့သည် “ နင့်ရဲ့ခွန်အားနဲ့ စွမ်းရည်တွေနဲ့ဆိုရင် နင်က လုံခြုံရေးဌာနအတွက် လမ်းကြောင်းတစ်ခု ဖောက်ပေးနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ် “
ရှုကျိုးမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “ နင့်အဖေရဲ့ လွှမ်းမိုးမှုနဲ့ ငါ့ကို ဖိအားပေးပြီးတော့ ဓာတ်ကြီးငါးပါး လက်စွပ်ကို ဖယ်ရှားမလို့ တွေးနေတာတော့ မဟုတ်ဘူးမလား “
အန်းမြောင်ရွှယ်သည် မငြင်းပယ်ခဲ့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည် “ အဲ့တာကြီးက ငါ့ကို စိတ်မသက်မသာဖြစ်စေတယ်၊ ငါ့ကိုယ်ထဲမှာ ထူးဆန်းတဲ့ ပစ္စည်းတစ်ခုခု ရှိနေတယ်လို့ အမြဲလိုလို ခံစားနေရတယ်။ တကယ်လို့ နင်သာ အဲ့တာကို ပြန်သိမ်းပေးမယ်ဆိုရင်၊ နင့်ရဲ့တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိတယ် “
ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ အဆင့်၉ အထွတ်အထိပ်ကို မရောက်မချင်း ဓာတ်ကြီးငါးပါးလက်စွပ်ကို ပြန်ယူမှာ မဟုတ်ဘူး “
“ နင် ……….. “
အန်းမြောင်ရွှယ်သည် သူမ၏ နှုတ်ခမ်းလေးများကို ကိုက်ကာ စိတ်ထဲတွင် ကျိန်ဆဲနေတော့သည် “ ခွေးကောင် “
ဘာကို နဝမအဆင့် အထွတ်အထိပ်လဲ၊ မဖြစ်နိုင်တဲ့ ဟာတွေ
ကြယ်ပြာဂြိုဟ်၏ နှစ်ရာနှင့်ချီသော သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့်လူမှာ လက်တစ်ဆုပ်စာမျှသာ ရှိခဲ့သည်။
ထိုအဆင့်သို့ ရောက်ရှိရန်မှာ ပါရမီသာလျှင် မဟုတ်ဘဲ ကံကောင်းရန်ပါ လိုအပ်ပေသည်။ နှစ်ပေါင်းတစ်ရာအတွင်းတွင် မည်သူကမှ ထိုအဆင့်သို့ မရောက်နိုင်ဘူးဟု လူတော်တော်များများက ယုံကြည်လက်ခံထားကြသည်။
အကယ်၍ ရှုကျိုးက အမှန်တကယ် ထူးခြားနေမည်ဆိုလျှင်တောင်မှ၊ နှစ်၁၀၀အတွင်းတွင် နဝမအဆင့်သို့ ရောက်ရှိရန်မှာ ဖြစ်နိုင်ခြေ နည်းပါးလွန်းလှသော အရာဖြစ်သည်။
လူနှစ်ဦးစလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် အန်းမြောင်ရွှယ်သည် ရှုကျိုးကို ကိုယ်ပိုင်ဂျက်လေယာဥ်တစ်စီးထံသို့ ခေါ်သွားကာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆီသို့ ဦးတည်သွားတော့သည်။
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၌
ရှုကျိုးကျဆုံးမှုနှင့် ပတ်သက်သည့် လှုပ်ခတ်မှုများမှာ အားကောင်းနေစဲဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနတစ်ခုလုံး၏ လေထုမှာ အလွန်တရာ မှုန်မှိုင်းမည်းမှောင်နေလျက်ရှိသည်။
ရှုကျိုး၏ စံအိမ်အပြင်ဘက်၌ လီရို့ရှီသည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ နီရဲ မို့မောက်နေသည့် မျက်လုံးများဖြင့် သူမ၏နှုတ်ခမ်းလေးများကို ကိုက်၍ တစ်စုံတစ်ခုကို ရေရွတ်ပြောဆိုနေလျက်ရှိသည်။
မလှမ်းမကမ်းရှိ ချင်ဖုန်းသည် ဝမ်းနည်းတကြီးဖြစ်နေသည့် အမူအရာဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
ချန်းရှင် ချဥ်းကပ်လာခဲ့ကာ တိုးညှင်းစွာ ပြောလာခဲ့သည် “ သူမက ဒီမှာ စောင့်နေတုန်းပဲလား “
ချင်ဖုန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဂျူနီယာ ညီမလေးက ဒီမှာ ငိုနေတာ တစ်ရက်နဲ့တစ်ည ရှိနေပြီ၊ ……. ရှုကျိုး မရှိတော့လို့ ဘယ်သူကမှ လေ့ကျင့်ချင်စိတ် မရှိကြတော့ဘူး “
ချန်းရှင်၏ မျက်လုံးများမှာ အနည်းငယ် နီရဲလျက်ရှိသည် “ ဆရာကရော၊ သူက အဲ့တာကို ဘယ်လိုတောင့်ခံထားလဲ “
ချင်ဖုန်းမှ ပြန်ပြောလာခဲ့သည် “ ဆရာက ဂျူနီယာညီမလေးလိုပဲ၊ ရှုကျိုးကျဆုံးသွားပြီဆိုတာကို လက်မခံနိုင်ဘူး ဖြစ်နေတယ် ……… ငါကြားတာတော့ ငွေရေကန် လျှို့ဝှက်နယ်မြေမှာ ရှုကျိုးရဲ့ အလောင်းကို ရှာမတွေ့ခဲ့ဘူးလို့ ပြောကြတယ်။ အလောင်းမရှိတာကြောင့် ဆရာက ရှုကျိုး မသေသေးဘူးလို့ ယုံကြည်နေတယ် “
ချန်းရှန်မှ ပြောလာခဲ့သည် “ ငါရောပဲ၊ ဂျူနီယာမောင်လေးက ဒီလိုအလွယ်တကူ ကျဆုံးသွားမှာ မဟုတ်ဘူးလို့ ထင်တယ်၊ လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိနေမှာ သေချာတယ် “
ထိုစဥ် လေတိုးသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချင်ဖုန်းသည် ခေါင်းမော့ကြည့်၍ အလောတကြီး ပြောလာခဲ့သည် “ ဆရာ “
လျူချင်းယွမ်သည် သူ့ကို ခေါင်းငြိမ့်ပြလာခဲ့ကာ လီရို့ရှီထံသို့ ဦးတည်သွားခဲ့သည်။
ထို့နောက်တွင် သူသည် လီရို့ရှီကို လေသံတိုးတိုးလေးဖြင့် တစ်စုံတစ်ခုကို ပြောလိုက်ရာ၊ သူမ၏ အမူအရာသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် သူမသည် လျူချင်းယွမ်နောက်သို့ အလျင်အမြန် ပြေးလိုက်ကာ ဌာနဘက်သို့ ဦးတည်သွားတော့သည်။
လျူချင်းယွမ်မှ ချင်ဖုန်းကို ပြောလာခဲ့သည် “ ဒီမှာစောင့်နေ၊ ဒီနားကို ဘယ်သူမှ ကပ်မလာစေနဲ့ “
ချင်ဖုန်းနှင့် ချန်းရှင်တို့မှာလည်း လိုက်လာချင်ကြသည်၊ သို့သော် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူတို့သည် ဤနေရာတွင်သာ ကျန်ရစ်ခဲ့ရသည်။
…
အစောပိုင်း အချိန်များအတွင်းက
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် လေဆိပ်
အန်းမြောင်ရွှယ်သည် လေယာဥ်ဆိုက်ကပ်ရန် ကြိုတင်လျှောက်ထားခဲ့ပြီး၊ လုံခြုံရေးဗျုရို ဒါရိုက်တာ၏ သမီးတစ်ဦးအနေဖြင့် သူမသည် ဆိုက်ကပ်ခွင့်ကို လျင်မြန်စွာ ရရှိခဲ့သည်။
မကြာခင် အချိန်မှာပင် သူမ၏ လေယာဥ်သည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။
ရှုကျိုးသည် လေယာဥ်အတွင်းမှ ထွက်လာခဲ့ကာ အန်းမြောင်ရွှယ်ကို စကားပြောလိုက်သည် “ ကျေးဇူးတင်ပါတယ် “
အန်းမြောင်ရွှယ် နှုတ်ခမ်းစူသွားတော့လေသည်၊ သူမသည် ရှုကျိုးက သူမကို ကျေးဇူးတင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက အဲ့လောက်ကြီး ခွေးကောင် မဟုတ်တဲ့ပုံဘဲ( မယုတ်မာဘူးဆိုတဲ့သဘောပါ)၊ ဒါပင်မဲ့ တော်တော်လေး ဆိုးနေတုန်းပဲ
“ ငါနင်နဲ့ လိုက်ရမှာလား “ ဟုအန်းမြောင်ရွှယ်မှ မေးမြန်းလာခဲ့သည်။
ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ မလိုပါဘူး၊ နင်ပြန်လို့ရတယ် “
အန်းမြောင်ရွှယ်မှ ထပ်မေးလာခဲ့သည် “ နင်က လျူမိသားစုဆီ ပြန်မသွားဘူးလား? “
“ ရက်ပိုင်းအတွင်းမှာပေါ့ “
“ ဒါဆိုရင်လည်း ငါဒီမှာပဲ စောင့်နေမယ် “ အန်းမြောင်ရွှယ်သည် သူမ၏နှုတ်ခမ်းလေးကို ကိုက်ကာ ပြောလာခဲ့သည်။
ရှုကျိုးသည် သူမကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည် “ အဆင်ပြေပါတယ်၊ နင့်သဘောပဲ “
ရှုကျိုးသည် ရင်းနှီးနေသည့် လမ်းကြောင်းများအတိုင်း လျှောက်လှမ်းလာကာ နှစ်ထပ်တိုက် အဆောက်အဦးထံသို့ ရောက်ရှိလာခဲ့သည်၊ ၎င်းမှာ ကျောင်းအုပ်ရုံးခန်း တည်ရှိရာ အဆောက်အဦးဖြစ်သည်။
“ ဟယ်လို၊ ကျောင်းအုပ်ဝုနဲ့ တွေ့ဖို့ ရောက်လာတာပါ “ ရှုကျိုးမှ အစောင့်ကို ပြောလိုက်သည် “ ငါက လုံခြုံရေးဗျူရို ဌာနချုပ်က ရောက်လာတာလို့ ပြောပေးပါ “
သူသည် စာရွက်စာတမ်းတစ်ခုကို ပြသလိုက်သည်၊ ၎င်းမှာ အန်းမြောင်ရွှယ်မှ စီစဥ်ပေးထားသော အရာဖြစ်သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် အစောင့်သည် ချက်ချင်း သတင်းပို့နေတော့သည်။
တစ်ခဏခန့် အကြာတွင် အနည်းငယ် ပင်ပန်းနေပုံရသည့် ဝုချင်းရှန်သည် အဆောက်အဦးထဲမှ ထွက်လာခဲ့ပြီး၊ သံသယဖြစ်နေသည့် မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ လုံခြုံရေးဗျူရိုကလား၊ ဘာလို့ ငါ့ကိုလာရှာတာလဲ “
“ အရေးပေါ် ကိစ္စပါ၊ အထဲမှာ ပြောကြရအောင် “
ဝုချင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ၏ စိတ်အခြေအနေမှာ သိပ်မကောင်းသောကြောင့် သူသည် လူတိုင်းကို မမြင်မတွေ့ချင်ပေ။ သို့ရာတွင် သူသည် သဘောတူ လက်ခံလာခဲ့သည် “ နောက်က လိုက်ခဲ့ပါ “
လုံခြုံရေးဗျူရို၏ အရေးပေါ် ကိစ္စဖြစ်သောကြောင့် သူသည် ၎င်းကို ငြင်းပယ်လိုက်၍ မရပေ။
ကိုယ်ရေးကိုယ်တာ ကိစ္စများက မည်မျှပင် ကြီးမားနေပါစေ၊ နိုင်ငံ့အရေးနှင့် ယှဥ်လာမည်ဆိုပါက ၎င်းတို့ကို နောက်ပို့ထားရမည် ဖြစ်သည်။
ဝုချင်းရှန်၏ ဦးဆောင်မှုအောက်တွင် ရှုကျိုးသည် အဆောက်အဦး၏ ထိပ်ဆုံးအထပ်သို့ ရောက်ရှိလာခဲ့သည်။
ရုံးခန်းအတွင်း၌ သူသည် လျူချင်းယွမ်ကိုပါ မြင်တွေ့လိုက်ရသည်။
“ သူက လုံခြုံရေးဗျူရိုကပဲ၊ အရေးကြီး သတင်းရှိတယ်လို့ ပြောတယ် “ ဝုချင်းရှန်သည် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ ရှုကျိုး ပြောလာခဲ့သည် “ ပြောပါ၊ ဘာကိစ္စလဲ “
သို့ရာတွင် ရှုကျိုးကမူ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေကာ ညတွင်းချင်း ဆံပင်ဖြူဖွေးသွားသည့် လျူချင်းယွမ်ကိုသာ ကြည့်နေခဲ့သည်။
ရှုကျိုးသည် အပြစ်ရှိစိတ်ကို ခံစားသွားခဲ့ရသည်၊ ဝုချင်းရှန်၏ စကားကို ကြားလိုက်ရသောအခါတွင် သူသည် သူ့ကိုလှည့်ကြည့်၍ စကားပြောလိုက်သည် “ ကျောင်းအုပ်ကြီး၊ ခင်ဗျားရဲ့ နတ်စွမ်းရည်ကို သုံးပြီးတော့ ဒီအခန်းကို ကာကွယ်ပေးပါ၊ ကျွန်တော်တို့ စကားဝိုင်းကို တစ်ခြားလူတွေ မကြားသွားရအောင် လုပ်ပေးပါ “
“ ကောင်းပြီလေ “
ဝုချင်းရှန်သည် ခေါင်းငြိမ့်ပြ၍ လက်ဝေ့ယမ်းလာခဲ့သည်။
ဇွီ
ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် သိသိသာသာ ဆုတ်ပြဲသွားခဲ့ပြီး၊ လေဟာနယ် ဒိုင်းကာအဖြစ် ဤအဆောက်အဦးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ သူ၏အသွင်အပြင်ကို ချက်ချင်းပြောင်းလဲလိုက်သည်။
တစ်ခဏ အကြာတွင် သူသည် သူ၏မူလအသွင်အပြင်ကို ပြန်လည်ရရှိသွားခဲ့သည်။
“ ဆရာ၊ ကျောင်းအုပ်ကြီး၊ ကျွန်တော် ပြန်ရောက်ပါပြီ “
“ ဝှစ် “
ဝုချင်းရှန်သည် အံ့ဩတကြီးဖြင့် မတ်တပ်ထရပ်မိသွားခဲ့သည်။
လျူချင်းယွမ်မှာလည်း အံ့ဩမှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် လေသံမာမာဖြင့် စကားပြောလာခဲ့သည် “ မင်းဆိုတာကို ဘယ်လို သက်သေပြမှာလဲ “
ရှုကျိုးသည် စကားပြောမနေဘဲ သူ၏လက်ကို ဝေ့ယမ်းပြလိုက်သည်။
ဝှစ်
ငါးရောင်ခြယ် အလင်းတန်းတစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။
“ အဲ့တာက …….. ဒြပ်စင်ငါးပါး နတ်နည်းစနစ်ပဲ “ ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက် စကားပြောလာခဲ့ကာ၊ အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ ဒါပင်မဲ့ မဟုတ်သေးပါဘူး၊ ရှုကျိုးမှာက နတ်စွမ်းရည်နှစ်မျိုးပဲ ရှိတာလေ “
“ အဲ့တာက ကျွန်တော်က ဖုံးကွယ်ထားလို့ပါ “ ရှုကျိုးမှ ပြန်ဖြေလိုက်သည် “ တကယ်လို့ ဆရာက မယုံသေးဘူးဆိုရင်၊ ကျွန်တော့်ရဲ့ သွေးကြောမှတ်လည်ပတ်မှုကို စစ်ဆေးကြည့်လို့ ရပါတယ် “
ထိုစကားနှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းမှ အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှုသည် တလက်လက် တောက်ပနေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့သည် လုံးဝသဘောပေါက်၊ နားလည်သွားကြသည်။
ဤကမ္ဘာကြီးထဲတွင် ရှုကျိုးမှတစ်ပါး တစ်ခြားမည်သူကမှ နတ်စွမ်းရည် ငါးခုကို မဖွဲ့စည်းနိုင်ပေ။
“ မင်း ခွေးကောင်လေး “
လျူချင်းယွမ်သည် ရှုကျိုး၏လက်မောင်းကို ဒေါသတကြီး ရိုက်ချလာခဲ့သည် “ မင်းကို ငါတို့က ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲဆိုတာကို မသိဘူးလား “
ရှုကျိုးသည် အနည်းငယ် ရှက်ရွံ့သွားပြီး၊ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည် “ တောင်းပန်ပါတယ်၊ ဆရာ၊ ဆရာတို့က ဒီလောက်ကြီးအထိ တုံ့ပြန်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူးလေ “
ထိုအချိန်က သူသည် လျူတျန်ရှန်နှင့် ရှိနေခဲ့သောကြောင့်၊ အသံဖြင့် အကြောင်းမကြားနိုင်ခဲ့ပေ။
အဌမအဆင့် ပညာရှင်တစ်ဦးမှာ သူ့နယ်ပယ်အောက်မှ လူများက ထုတ်လွှင့်သည့် စိတ်ဝိညာဥ်လှိုင်းအတက်အကျများကို အလွယ်တကူ အာရုံခံထောက်လှမ်းနိုင်ပေသည်။
လျူမိသားစုတွင် ရှိနေခဲ့စဥ် အချိန်မှာလည်း အန္တရာယ် များသောကြောင့် စောင့်ဆိုင်းနေရုံမှတစ်ပါး မည်သို့မှ မလှုပ်ရှားနိုင်ခဲ့ပေ။
“ မင်းက ဒီနှစ်ရက်အတွင်းမှာ ဘယ်ကိုရောက်နေတာလဲ “ လျူချင်းယွမ်သည် သူ၏စိတ်အခြေအနေကို လျင်မြန်စွာ ထိန်းညှိ၍ မေးမြန်းလာခဲ့သည်။
ရှုကျိုးမှ ပြန်ဖြေလာခဲ့သည် “ ကျွန်တော်က လျူချင်းထန်အဖြစ် ရုပ်ဖျက်ပြီးတော့ လနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာဖို့အတွက် လျူမိသားစုဆီမှာ သွားနေနေတာပါ “
“ လျူချင်းထန်နဲ့ လနတ်ဘုရားဂိုဏ်းလား “ သူ၏စကားကို နားထောင်နေရင်းဖြင့် လျူချင်းယွမ်သည် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ရှုကျိုးသည် ထိုအကြောင်းအရာကို ဆက်မပြောသေးဘဲ ခေါင်းစဥ်ပြောင်း၍ ပြောလိုက်သည် “ အရင်ဦးဆုံးအနေနဲ့ ကျွန်တော့်အစ်မကို ခေါ်ပေးပါ၊ သူမကို စိတ်မပူစေချင်ဘူး “
“ ကောင်းပြီလေ “ လျူချင်းယွမ်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းထွက်ခွာသွားခဲ့သည်။
မကြာခင်အချိန်မှာပင် သူသည် လီရို့ရှီနှင့်အတူ ပြန်ရောက်လာခဲ့သည်။
ရှုကျိုးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လီရို့ရှီသည် သူမကိုယ်သူမ မထိန်းထားနိုင်တော့ဘဲ၊ မျက်ရည်များစီးကျလာခဲ့ကာ၊ အရှေ့သို့ ပြေးလာ၍ သူ့အား တင်းကြပ်စွာ ပွေ့ဖက်လာတော့လေသည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 459 )
ဂိုဏ်းခွဲကို ဖျက်ဆီးခြင်း
လီရို့ရှီသည် နီရဲနေသော မျက်လုံးများဖြင့် စကားပြောလာခဲ့သည် “ နင်ဘယ်ရောက်နေတာလဲ၊ အားလုံးက နင်သေသွားပြီလို့ပဲ ပြောနေကြတယ်၊ နင်ဘာမှမဖြစ်ဘူးဆိုတာကို ငါသိတယ် “
ရှုကျိုးသည် အသာအယာရယ်မော၍ ပြောလိုက်သည် “ ငါကအဆင်ပြေတာပဲလေ “
“ နင်၊ ခွေးကောင် “
လီရို့ရှီသည် သူ၏ရင်ဘတ်ကို ဒေါသတကြီး ထုရိုက်နေတော့သည်၊ သို့သော် အလွန်အားကောင်းလွန်းလှသောကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် ရှုကျိုးသည် မည်သည့်နာကျင်မှုကိုမှ မခံစားခဲ့ရပေ။
သို့သော် ရှုကျိုးသည် လီရို့ရှီက သူ့အား အမှန်တကယ် ရိုက်နှက်နေသည်ဆိုသည်ကို သိနေခဲ့သည်၊ ကြည့်ရတာတော့ သူမက အဲ့အချိန်တုန်းက တကယ်ကို ကြောက်နေခဲ့တဲ့ပုံပဲ
“ မနေ့က နင်ဘယ်ရောက်နေခဲ့တာလဲ၊ အားလုံးက နင်သေသွားပြီလို့ပဲ ပြောနေကြတာ “ လီရို့ရှီသည် သူမ၏ဦးခေါင်းလေးကို မော့ကာ ဒေါသတကြီး ပြောဆိုလာခဲ့သည်။
ရှုကျိုးသည် အပြုံးဖြင့် ပြောပြလိုက်သည် “ ငါနင့်အတွက် ကျင့်ကြံရေး အရင်းအမြစ်တစ်ချို့ ဝယ်လာတယ် “
ပြောနေရင်းဖြင့် သူသည် သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။
ဆွစ်ရှ်
ဝဲဂယက်တစ်ခု ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် ထောင်ပေါင်းများစွာသော သတ္ထုပုလင်းများသည် ကြမ်းပြင်ပေါ်သို့ လိမ့်ကျလာခဲ့ကာ တောင်ကုန်းအသေးစားတစ်ခုအဖြစ် ချက်ချင်းစုပုံသွားခဲ့သည်။
“ အဲ့တာတွေက ……. “
လီရို့ရှီသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လျူချင်းယွမ်သည် ပုလင်းတစ်လုံးကို ကောက်ယူ၍ အဖုံးကို ဖွင့်ကာ အနံ့ကို ရှူကြည့်လိုက်ပြီး၊ အံ့ဩတကြီးဖြင့် အော်ပြောမိသွားခဲ့သည် “ ဒါက အဆင့်၂နယ်ပယ် ကျင့်ကြံရေးအတွက် သုံးတဲ့ စွမ်းအားကြီး အတားအဆီးချိုးဖျက်ဆေးလုံးပဲ “
ရှုကျိုးသည် အပြုံးဖြင့် ပြောပြလိုက်သည် “ ဒီတစ်ခါ ကျွန်တော်က အဆင့်၂ဆေးပုလင်း တစ်ထောင်နဲ့ အဆင့်၃ ဆေးပုလင်းတစ်ရာ ဝယ်လာခဲ့တယ် “
“ ဒီပုလင်းတွေ အကုန်လုံးက စွမ်းအားကြီး အတားအဆီးချိုးဖျက်ဆေးပုလင်းတွေလို့ ပြောနေတာလား “
“ ဟုတ်ပါတယ်၊ အကုန်လုံးက အရည်အသွေး အတူတူပါပဲ “
လျူချင်းယွမ်သည် ချက်ချင်းပင် အံ့ဩတကြီး ဖြစ်သွားတော့သည်။
ဒုတိယအဆင့်နယ်ပယ် ကျင့်ကြံရေးအတွက် အစစ်အမှန် သိုင်းပညာဌာနသည် မရီဒန် ပေါင်းစပ်မှု ဆေးလုံးကို အသုံးပြုပြီး၊ ၎င်း၏ အကျိုးသက်ရောက်မှုမှာ သိပ်မကောင်းပေ။
ဆန့်ကျင်ဘက်အနေဖြင့် စွမ်းအားကြီး အတားအဆီးချိုးဖျက်ဆေးလုံးကမူ ပို၍ ထိရောက်မှုရှိပြီး၊ ၎င်း၏ဈေးနှုန်းမှာလည်း မရီဒန် ပေါင်းစပ်မှု ဆေးလုံးထပ် ဆယ်ဆအထိ ဈေးကြီးနေလျက်ရှိသည်။
အစိုးရမှ သတ်မှတ်ပေးထားသည့် ဈေးနှုန်းများအရ စွမ်းအားကြီး အတားအဆီးချိုးဖျက်ဆေးပုလင်း တစ်လုံးသည် အဖွဲ့ချုပ်ဒဂ်ါး ယွမ် တစ်သန်းအထိ တန်ကြေးရှိသည်။
ရှုကျိုးကမူ ၎င်းတို့အားလုံးကို လျူမိသားစုထံမှ လျှော့ဈေးဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ဆိုလျှင်တောင်မှ တစ်ပုလင်းလျှင် အမှတ် ၁၀မှတ်၊ ယွမ်၅သိန်း ပေးခဲ့ရလေသည်။
လီရို့ရှီမှာလည်း ဤဆေးပုလင်း၏ တန်ဖိုးကို သိနေသောကြောင့် အလာတကြီး ပြောလာခဲ့သည် “ ဒါတွေက တန်ဖိုးကြီးလွန်းတယ်၊ နင့်အတွက်ပဲ သိမ်းထားသင့်တယ် “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် “ နင်က ငတုံးလား၊ ငါက အဆင့်၄ အထွတ်အထိပ်ကို ရောက်တော့မှာလေ၊ ဘာလို့ ဒီဟာတွေကို သိမ်းထားရမှာလဲ “
သူသည် အပြုံးဖြင့် ဆက်ပြောလာခဲ့သည် “ ဒါတွေကို နင့်အတွက် ဝယ်လာခဲ့တာလေ၊ ဌာနကလည်း ဒါတွေကို သုံးလို့ရတာပဲ “
လျူချင်းယွမ်သည် လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ ဒါတွေက တန်ဖိုးကြီးလွန်းတယ်၊ မင်းဘယ်လောက် သုံးခဲ့ရလဲ “
“ သုံးခဲ့ရတာလား “
ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ဒါတွေကို လျူမိသားစုဆီကနေ ဝယ်ခဲ့တာလေ၊ တစ်ပြားမှ မပေးခဲ့ရပါဘူး “
“ ဘာကြီး “
ဝုချင်းရှန်ကပင် တအံ့တဩဖြစ်သွားခဲ့သည်၊ လျူချင်းယွမ်မှ အလောတကြီး မေးမြန်းလာခဲ့သည် “ မင်းက လျူမိသားစုမှာ ဘာတွေ လုပ်နေတာလဲ “
ရှုကျိုးသည် ရယ်ရယ်မောမောဖြင့် ပြောပြနေတော့သည် “ ကျွန်တော်က လျူချင်းထန်အဖြစ် ရုပ်ဖျက်ပြီးတော့ သူ့ရဲ့အမှတ်ခွဲတမ်းကို သုံးပြီး ချေးငွေ ယူလိုက်တာလေ၊ အမှတ် တစ်သိန်းတိတိ သုံးခဲ့တယ်၊ အဖွဲ့ချုပ်ဒဂ်ါးအနေနဲ့ဆိုရင်တော့ ယွမ်ဘီလီယံ ၅၀ပေါ့ “
“ ၅၀ …… ယွမ် ဘီလီယံ ၅၀လား “
လီရို့ရှီသည် အနည်းငယ် မိန်းမောသွားတော့သည်၊ သူမသည် ထိုကဲ့သို့သော ပမာဏမျိုးကို ရရှိလိမ့်မည်ဟု စိတ်ထဲမှာပင် မမှန်းရဲခဲ့ဖူးချေ။
ရှုကျိုးက အဲ့လောက်ပိုက်ဆံအများကြီးကို လျူမိသားစုဆီမှာ သုံးခဲ့တာလား၊ မဟုတ်ဘူး၊ သူက လျူမိသားစုဆီကနေ ယွမ်ဘီလီယံ ၅၀ကို အလကားရခဲ့တာ
တကယ်လို့ လျူမိသားစုကသာ ဒီကိစ္စကို သိသွားမယ်ဆိုရင်၊ ရူးပြီးတော့ သွေးအန်သွားကြမလားပဲ
လျူချင်းယွမ်နှင့် ဝုချင်းရှန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
ဒီကလေးက တကယ်ကြီးကို လုပ်ရဲကိုင်ရဲ ရှိတာပဲ
ဝုချင်းရှန်မှ ပြောလာခဲ့သည် “ ဒီအဆင့်၂ ဆေးပုလင်း တစ်ထောင်နဲ့ အဆင့်၃ ဆေးပုလင်း ၁၀၀နဲ့ဆိုရင်၊ အစစ်အမှန် သိုင်းပညာဌာနက ထိပ်တန်းပါရမီရှင် ဆယ်ယောက်ကျော်ကျော်လောက်ကို ပျိုးထောင်ပေးလို့ရတယ်။ ရှုကျိုး၊ မင်းက ငါတို့ အစစ်အမှန် သိုင်းပညာဌာနကို မျက်နှာသာ အကြီးကြီးပေးလိုက်တာပဲ “
လျူချင်းယွမ်ကမူ ၎င်းတို့ကို လျစ်လျူရှုထားပြီး ရှုကျိုးကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ ခုနက လနတ်ဘုရားဂိုဏ်းလို့ ပြောခဲ့တယ်လေ၊ အဲ့တာက ဘာကိုဆိုလိုတာလဲ “
ရှုကျိုးမှ လေးလေးနက်နက် ပြောပြနေတော့သည် “ လျူချင်းထန်က လျူမိသားစုထဲမှာ လနတ်ဘုရားဂိုဏ်းက ထည့်ထားတဲ့ နယ်ရုပ်တစ်ရုပ်ပါ။ ကျွန်တော် သူ့ရဲ့ အထောက်အထားကို သုံးနေရတဲ့ အကြောင်းအရင်းက လျူမိသားစုကို အခွင့်ကောင်း ယူဖို့တင်မဟုတ်ဘဲ အရှေ့ပိုင်းပြည်နယ်မှာ ရှိတဲ့ လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲကိုပါ ရှာမလို့ပါ “
လျူချင်းယွမ်သည် တအံ့တဩဖြစ်သွားခဲ့သည် “ လျူချင်းထန်က လနတ်ဘုရားဂိုဏ်းရဲ့ နယ်ရုပ်လား “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
လျူချင်းယွမ်နှင့် ဝုချင်းရှန်တို့သည် တစ်ဦးကို တစ်ဦးကြည့်ကာ တလေးတနက် ဖြစ်သွားကြသည်။
လျူချင်းထန်သည် လျူမိသားစု၏ နာမည်ကြီး ပါရမီရှင်တစ်ဦးဖြစ်သည်၊ သို့သော် ထိုကဲ့သို့သော လူတစ်ဦးသည် လနတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေခဲ့သည်၊ ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက လျူမိသားစုတစ်ခုလုံး အကြီးအကျယ် ထိခိုက်သွားလိမ့်မည် ဖြစ်သည်။
၎င်းသည် မိသားစုကြီး အကုန်လုံးကိုပင် လှုပ်ခတ်သွားစေနိုင်သည်။
“ လနတ်ဘုရားဂိုဏ်းရဲ့ အမှိုက်တွေက ပိုပိုပြီးတော့ စိမ့်ဝင်လာနေတာပဲ “
ဝုချင်းရှန်၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် ရှုကျိုးကို စကားပြောလာခဲ့သည် “ ရှုကျိုး၊ တိုးတက်မှု ရှိလား “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ လျူချင်းယွမ်ရဲ့ အထက်လူကြီးဆီကနေ လနတ်ဘုရားဂိုဏ်းရဲ့ ဝါဒဖြန့်ချီရေးဌာနဖြစ်တဲ့ ဖေးယုခန်းမရဲ့ တည်နေရာကို သိထားရပါပြီ၊ ကျွန်တော်တို့ ကျောင်းနားမှာ ရှိနေတာပါ “
ထိုအချိန်တွင် ရှုကျိုးမှ တလေးတနက် ပြောပြလာခဲ့သည် “ အဲ့တာကြောင့်ပဲ ကျွန်တော်က ဘယ်သူမှ ခိုးနားမထောင်နိုင်မဲ့ ပတ်ဝန်းကျင်မိုးကို လိုအပ်ခဲ့တာပါ၊ ကျွန်တော်ရဲ့ အထောက်အထားကို သူတို့က သတိမပြုမိလောက်သေးဘူး။ သူတို့မသိခင်မှာ အဲ့ခန်းမကို ဖျက်စီးရပါမယ် “
လျူချင်းထန်၏ အထောက်အထားမှာ ပေါ်လာတော့မည် ဖြစ်သည်။
သူသည် လျူချင်းထန်၏ ချေးငှာမှုမှတ်တမ်းကို အသုံးပြုကာ ရှိသမျှ အမှတ်အကုန်လုံးကို တစ်ပြိုင်နက် သုံးစွဲခဲ့ပေသည်၊ ထို့ကြောင့် ဉာဏ်ရှိသည့် မည်သူမဆို ထိုကိစ္စကို စုံစမ်းစစ်ဆေးလာကြမည် ဖြစ်သည်။
ထို့အပြင် သူသည် လျူချင်းထန်၏ စကားပြောဟန်နှင့် နေ့စဥ် သူလုပ်ဆောင်လေ့ရှိသည့် အလေ့အထများကို မသိပေ။
ရှုကျိုးသည် သူ၏သရုပ်ဆောင်မှုက ယိုပေါက်/ဟာကွက်မရှိဘူးဟု အာမမခံနိုင်ပေ။
အချိန်တိုအတွင်းမှာပင် လနတ်ဘုရားဂိုဏ်းသည် သူ၏အထောက်အထားကို သိသွားမည် ဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စများ မဖြစ်ပေါ်လာခင် အချိန်တွင် အဆိုပါ ဖေးယုခန်းမကို ဖျက်စီးရမည် ဖြစ်သည်။
ဝုချင်းရှန်မှာလည်း ဤကိစ္စ၏ အတိမ်အနက်ကို နားလည်နေခဲ့ပြီး၊ ချက်ချင်းပြောလာခဲ့သည် “ ဒါဆိုရင်လည်း ငါတို့ပါ မင်းနဲ့လိုက်ခဲ့မယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ အဲ့တာကြောင့်ပဲ ကျွန်တော်လာခဲ့တာလေ “
လီရို့ရှီသည် ရှုကျိုး ထွက်သွားတော့မည်ကို သိနေသောကြောင့် သူ့ကို အမြန်ဆွဲထားလိုက်သည် “ ရှုကျိုး၊ ဂရုစိုက်နော် “
“ စိတ်မပူပါနဲ့၊ ငါမြန်မြန် ပြန်လာမှာပါ “ ဟု ရှုကျိုးဟု ပြန်ပြောလာခဲ့သည်။
ထိုစကားနှင့်အတူ သူသည် ကျောင်းသို့ ရောက်လာခဲ့သည့် သာမန်လူတစ်ဦး၏ အသွင်အပြင်အဖြစ် ချက်ချင်းပြန်ပြောင်းလိုက်သည်။
ထို့နောက်တွင် ဤနေရာမှ ထွက်သွားတော့သည်။
…
လနတ်ဘုရားဂိုဏ်း၊ အရှေ့ပိုင်းပြည်နယ်ရှိ ဖေးယုခန်းမ
ဤဖေးယုခန်းမသည် တောအုပ်အတွင်းတွင် တည်ရှိပြီး၊ ချန်ခွမ်ကျောက်တုံးဖြင့် ဖုံးကွယ်ထားသာကြောင့် ဤနေရာမှ ဖြတ်သွားသည့် နဝမအဆင့် ပညာရှင်တစ်ဦးကပင် မည်သည့်အရာကိုမှ ထောက်လှမ်းမိလိမ့်မည် မဟုတ်ပေ။
ဖေးယုခန်းမအတွင်း၌
အယောက်၁၀၀ကျော်သည့် အဖွဲ့ဝင်များသည် ကွန်ပျူတာများရှေ့တွင် အလုပ်လုပ်နေကြသည်။
အဖွဲ့ခေါင်းဆောင်သည် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အခန်းအတွင်းသို့ အပြုံးဖြင့် လျှောက်လှမ်းလာကာ စကားပြောလာခဲ့သည် “ အားလုံးပဲ၊ ငါတို့ရဲ့ ပစ်မှတ်ကြီး ရှုကျိုးက ငါတို့ရဲ့ လူထုအမြင် လွှမ်းမိုးချက်အောက်မှာ ကျဆုံးသွားခဲ့ပြီ။ ဌာနချုပ်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးစိတ်ကျေနပ်နေတဲ့အတွက် ငါတို့ဖေးယုခန်းမရဲ့ အရင်းအမြစ်တွေကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ် “
…………………………………………………………………………………………………………………………………………..