အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အပိုင်း ( 460 )
ဂိုဏ်းခွဲကို ဖျက်ဆီးခြင်း ၂
“ အဲ့တာကြောင့် ဒီနေ့ကစပြီးတော့ ငါ့ဖေးယုခန်းမက အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ အလုပ်လုပ်ချိန်က ၁၄နာရီကနေ ၁၈နာရီအထိ ဖြစ်သွားပြီလို့ ငါကြေညာတယ် “
“ မင်းတို့တွေရဲ့ ဒီနေ့ကြိုးစားအားထုတ်မှုတွေက နောင်အနာဂတ် အောင်မြင်မှုအတွက် လမ်းခင်းပေးသွားတာပဲ။ ငါတို့ဂိုဏ်းက မင်းတို့ကို မြင့်မြတ်တဲ့ ပုံရိပ်တွေအဖြစ် ပုံဖော်ပေးသွားမယ်။ လနတ်ဘုရားက မင်းတို့ရဲ့ နာမည်ကို သိသွားမယ် “
နောက်လိုက်နောက်ပါများသည် သူ၏ဦးခေါင်းများကို မော့ကာ တစ်ညီတစ်ညာတည်း အော်ဟစ်လာခဲ့သည် “ လနတ်ဘုရားအတွက် အရာအားလုံးကို စတေးဖို့ ဆန္ဒရှိပါတယ် “
“ ပြီးတော့ မင်းတို့က လူထုရဲ့အမြင်ကို ထပ်ပြီးတော့ ချယ်လှယ်စိုးမိုးကြ။ နောက်ထပ်ပစ်မှတ်တစ်ခုက အစစ်အမှန် သိုင်းပညာဌာနက ချင်ဖုန်းပဲ “ ဟုခရမ်းရောင်ဝတ်စုံနှင့် အဖွဲ့ခေါင်းဆောင်မှ ပြောလာခဲ့သည်။
“ ဟုတ် “
နောက်လိုက်နောက်ပါများသည် ခေါင်းငုံ့ကာ သူ၏အင်တာနက် စစ်ဆင်ရေးကို ထပ်မံ၍ ပြုလုပ်နေကြတော့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ခရမ်းဝတ်စုံနှင့် အဖွဲ့ခေါင်းဆောင်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
ထို့နောက်တွင် သူသည် ဆက်လက်ညွှန်ကြားလာခဲ့သည် “ အဖွဲ့တစ်၊ အဖွဲ့နှစ်၊ ထွက်လာခဲ့ကြ။ မင်းတို့အားလုံးအတွက် နောက်ထပ်မစ်ရှင်တစ်ခုရှိတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူအယောက်၂၀သည် လူအုပ်အတွင်းမှ ထလာခဲ့သည်။
ထိုလူများအနက် လူတစ်ဦးသည် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် မေးမြန်းလာခဲ့သည် “ ခေါင်းဆောင်၊ ဘာမစ်ရှင်လဲဗျ “
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်မှ ပြန်ပြောလာခဲ့သည် “ မင်းတို့တွေက လျူမိသားစုဆီသွားပြီးတော့ လျူချင်းထန်ကို ကူပြီးတော့ သူက လျူမိသားစုရဲ့ မိသားစုခေါင်းဆောင်ဖြစ်လာအောင် ကူညီပေးရမယ်။ မှတ်ထားပါ၊ ဒီကိစ္စက အရေးအကြီးဆုံးပဲ၊ ငါတို့ဂိုဏ်းရဲ့ ကိစ္စကြီးတွေနဲ့ ဆက်စပ်နေတယ် “
“ ဟုတ် “
လူအယောက် ၂၀သည် အလောတကြီး တုံ့ပြန်ပြောဆိုလာခဲ့သည်။
“ ဒင် “
ထိုအချိန်တွင် စွမ်းအင်လှိုင်းတစ်ခုသည် အပြင်ဘက် ကမ္ဘာမှ ရောက်ရှိလာခဲ့သည်။
၎င်းမှာ ချန်ခွမ်ကျောက်တုံး၏ အာရုံခံကိရိယာဖြစ်ပြီး၊ လူတစ်ဦး ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ထိုကဲ့သို့သော လှိုင်းတစ်ခုကို ထုတ်လွှင့်လာမည် ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်၊ ထို့နောက်တွင် စကားဆက်ပြောလာခဲ့သည် “ လျူချင်းထန် ရောက်လာပြီ၊ ငါ့နောက် လိုက်ခဲ့ကြ “
သူသည် လူတစ်ဦးဦးက လျူချင်းထန်အဖြစ် ဟန်ဆောင်ရုပ်ဖျက်ထားမည်ဆိုသည်ကို သံသယမဝင်ပေ၊ ချန်ခွမ်ကျောက်တုံး၏ ထောက်လှမ်းမှုကို ဖြတ်ကျော်လာရန်အတွက် မျက်လုံး စစ်ဆေးအတည်ပြုမှုကို လိုအပ်သည်။ ထို့ကြောင့် ခရမ်းရောင် ဝတ်စုံနှင့် ခေါင်းဆောင်သည် လူအယောက်၂၀ကို ဦးဆောင်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။
“ ထွက်လာဖို့ မလိုတော့ဘူး “
ထိုအခိုက်အတန့်တွင် သက်ကြီးပိုင်းလူတစ်ဦး၏ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ ဟမ် “
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည် “ ဘယ်သူလဲ “
၎င်းမှာ လျူချင်းထန်၏ အသံမဟုတ်ပေ။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ပုံရိပ်အနည်းငယ်သည် ခန်းမ၏ ဝင်ပေါက်ဝတွင် ပေါ်လာခဲ့သည်။
“ မင်းတို့ …… ဘယ်လိုဖြစ်နိုင်မှာလဲ “
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် အံ့ဩတကြီးဖြစ်သွားခဲ့သည်၊ ထိုလူများအနက် လူနှစ်ဦးမှာ နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်သည့် ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့ရာတွင် သူ့ကို အံ့အားအသင့်သွားစေဆုံး အရာမှာ တစ်ခြားလူတစ်ဦးဖြစ်သည်။
ထိုလူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဓားကဲ့သို့သော မျက်ခုံးများနှင့် ကြယ်များကဲ့သို့ တောက်ပနေသည့် မျက်လုံးများဖြင့် လူငယ်တစ်ဦးဖြစ်သည်။
၎င်းမှာ ရှုကျိုးပင် ဖြစ်သည်။
“ မဖြစ်နိုင်ဘူး၊ မင်းက သေသွားပြီလေ၊ ဘယ်လိုလုပ် ဒီမှာ ရှိနေရတာလဲ၊ မင်းက ဘယ်လိုလုပ် ဝင်လာတာလဲ “
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် မယုံကြည်နိုင်ဖြစ်နေခဲ့သည်၊ သို့သော် သူသည် စကားပြောဆိုနေရင်းဖြင့် သူ၏ကျင့်ကြံရေးကို အပြည့်အဝ ထုတ်လွှင့်ထားကာ နောက်သို့ ပျံသန်းသွားခဲ့သည်။
အကယ်၍ ရှုကျိုးတစ်ဦးတည်းသာဆိုပါက သူဤမျှလောက် ကြောက်လန့်နေလိမ့်မည် မဟုတ်ပေ။
သို့သော် ဝုချင်းရှန်မှာ အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်ပြီး၊ သူလုံးဝ မယှဥ်နိုင်သည့် လူတစ်ဦး ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤဖေးယုခန်းမတွင် ထွက်ပေါက်တစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ဘဲ၊ ဖုံးကွယ်ထားသည့် လွတ်မြောက်ရေး လမ်းကြောင်းများ ကျန်ရှိနေသေးသည်။
“ ဟမ့် “
ဝုချင်းရှန်မှ အေးစက်စွာ နှာမှုတ်၍၊ လက်ကို ရုတ်တရက် ဆန့်ထုတ်လာခဲ့သည်။
ခရက် ……..
ဟင်းလင်းပြင်သည် ချက်ချင်း အေးခဲသွားပြီး၊ လေဟာနယ် အကျဥ်းထောင်အဖြစ် ဖွဲ့စည်းသွားကာ၊ ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်ကို ဖမ်းချုပ်လိုက်သည်။ သူမည်မျှပင် ရုန်းကန်နေပါစေ၊ မည်သို့မျှ မလွတ်မြောက်ခဲ့ပေ။
ဝုချင်းရှန်မှ အေးစက်စွာ ပြောဆိုလာခဲ့သည် “ မင်းတို့ကြွက်တွေက ငါ့ကျောင်းအနားမှာ ဂိုဏ်းခွဲတစ်ခု လာထားရဲတဲ့အထိ သတ္တိကောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ တကယ်ကို သေချင်နေတာပဲ “
ဤဖေးယုခန်းမသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်နှင့် ၁၀ကီလိုမီတာပင် မဝေးပေ။
၎င်းသည် ဤကြွက်များက မည်မျှ ရဲတင်းလဲဆိုသည်ကို သက်သေပြနေလျက်ရှိသည်။
“ အား …. မင်းတို့ ခွေးသူတောင်းစားကောင်တွေ “
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် ရုန်းကန်လှုပ်ရှားနေခဲ့သည်၊ သို့သော် မကြာခင် အချိန်မှာပင် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး၊ ခြောက်ခြားဖွယ်ကောင်းသည့် အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ဖြစ်တည်လာခဲ့သည်။
“ တကယ်လို့ ငါအသက်ရှင်ခဲ့မယ်ဆိုရင်၊ မင်းတို့အားလုံး ငါနဲ့အတူတူ သေကိုသေရမယ် “
စကားပြောခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ခဲလိုက်သည်။
၎င်းမှာ ခလုတ်တစ်ခုကို ဖွင့်လိုက်သည့်အလား ဖြစ်နေခဲ့ကာ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို အပြင်းအထန် လှုပ်ခါသွားစေခဲ့သည်။
“ ဘုမ်းးး “
သူတို့ရှိနေသည့် အဆောက်အဦးသည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ စတင်၍ လှုပ်ခါလာခဲ့သည်။
လျူချင်းယွမ်သည် အနည်းငယ် အံ့ဩသွားခဲ့သည် “ လနတ်ဘုရားဂိုဏ်းက ဖောက်ခွဲရေး မျိုးစေ့တွေ အများကြီး စိုက်ထားတယ် “
ဖောက်ခွဲရေး မျိုးစေ့ဟုခေါ်ဆိုသော အရာများသည် ခေတ်မှီနည်းပညာများနှင့် သိုင်းပညာ လက်နက်များကို ရောစပ်ဖန်တီးထားသည့်အရာ ဖြစ်သည်။ ၎င်းမှာ နျူကလီးယားဗုံးထပ်ပင် ပိုမိုကြောက်စရာကောင်းနေပြီး၊ ကျယ်ဝန်းသော ဧရိယာတစ်ခုကို ပေါက်ကွဲသွားစေနိုင်ကာ အဆင့်မြင့် ပညာရှင်များကိုပင် အပြတ်ရှင်းရန် လုံလောက်သည့် စွမ်းအားကို ထုတ်လွှတ်ပေးနေနိုင်သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးသည် တောင်တစ်လုံးကို ဖြိုခွဲရန်အတွက်ပင် လုံလောက်နေခဲ့သည်။
ဤဖေးယုခန်းမသည် တောင်တစ်လုံး၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ တောင်ပြိုကျလာသည်နှင့်တစ်ပြိုင်နက် ဤစခန်းမှာလည်း ချက်ချင်းဝါးမြိုခံလိုက်ရမည်ဖြစ်သည်။
အနီးအနားတွင် ရှိနေသည့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကပင် ပေါက်ကွဲအားကြောင့် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကို ခံစားသွားရနိုင်သည်။
လနတ်ဘုရားဂိုဏ်း၏ နောက်လိုက်လိုက်ပါများကလည်း ၎င်းကို အာရုံခံမိသွားကြသည်၊ သို့သော် မည်သူကမှ အထိတ်တလန့် မဖြစ်သွားခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် တစ်ညီတစ်ညာတည်း အော်ဟစ်လာခဲ့သည် “ လနတ်ဘုရားက ကျွန်ုပ်တို့နဲ့ အတူရှိ ……….. “
ဝုချင်းရှန်မှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝုန်းးး
အလွန်တရာ အားကောင်းသည့် ဒိုင်းကာတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အဆောက်အဦးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထို့နောက်စက္ကန့်ပိုင်းမျှ အကြာတွင် အပြင်ဘက်ရှိ တောင်များဆီမှ ပေါက်ကွဲသံများစွာ ပေါ်ထွက်လာခဲ့ပြီး၊ ဆက်တိုက်ပြိုကျလာခဲ့သည်၊ သို့သော် ၎င်းတို့သည် ဒိုင်းကာကို မည်သို့မျှ မလှုပ်ခတ်နိုင်ခဲ့ပေ။
ဖောက်ခွဲရေး မျိုးစေ့၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းမှာ ဝုချင်းရှန်က ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာတစ်ခု ဖြစ်နေသေးသည်။
တစ်ချိန်တည်းမှာပင် ဝုချင်းရှန်သည် သူ၏လက်ကို ဖြန့်ကျက်ကာ ဆယ်မိုင်မျှအချင်းရှိသည့် ကာကွယ်ရေးဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
ထိုဆယ်မိုင်အတွင်းရှိ တောင်အားလုံး ပျက်စီးသွားခဲ့သည်၊ သို့သော် ဆယ်မိုင်ကျော်ရှိ အရာအားလုံးကမူ မထိမခိုက်တည်မြဲနေခဲ့သည်။
အကယ်၍ ဝုချင်းရှန် မလှုပ်ရှားခဲ့ဘူးဆိုပါက အဆိုပါ ဖောက်ခွဲရေး မျိုးစေ့ပေါင်းများစွာ၏ စွမ်းအားသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တစ်ခုလုံးကိုပင် ပျက်စီးသွားစေမည် ဖြစ်သည်။
လနတ်ဘုရားဂိုဏ်း၏ နည်းလမ်းများသည် အမှန်ပင် ရက်စက်ကြမ်းကြုတ်လွန်းနေခဲ့သည်။ အကယ်၍ သူတို့အားလုံး သေဆုံးသွားရမည်ဆိုလျှင်တောင်မှ၊ သူတို့သည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကိုပါ သူတို့နှင့်အတူ ဆွဲချသွားချင်ခဲ့သည်။ အကယ်၍ ဝုချင်းရှန်နေရာတွင် တစ်ခြားသော အဌမအဆင့် ပညာရှင်တစ်ဦးဦးသာ ဖြစ်နေမည်ဆိုပါက ထိုလူသည် အရာအားလုံးကို ကာကွယ်ပေးနိုင်ခဲ့မည် မဟုတ်ပေ။
အဌမအဆင့် အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် ဝုချင်းရှန်ကပင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။
…
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ခရမ်းရောင်ဝတ်စုံနှင့်လူသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
ဝုချင်းရှန်၏ စွမ်းအားက သူထင်ထားသည်ထပ် သာလွန်နေသောကြောင့် ဖျက်စီးမှု အစီအရင်က ကျဆုံးသွားပြီဆိုသည်ကို သူသိနေခဲ့သည်။
“ ကျောင်းအုပ်ကြီး၊ သူတို့တွေကို ကျွန်တော်ကိုင်တွယ်ပါရစေ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။
ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှုကျိုးသည် ခရမ်းရောင်ဝတ်စုံနှင့် လူအနားသို့ ချက်ချင်း ချဥ်းကပ်သွားတော့သည်။
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် သူ့ကို အေးစက်စွာ စိုက်ကြည့်၍ မာမာထန်ထန် ပြောလာခဲ့သည် “ ငါ့ကို မြန်မြန်သတ်လိုက် “
ရှုကျိုးသည် ချက်ချင်း မလှုပ်ရှားဘဲ မေးခွန်းတစ်ခုကို မေးလိုက်သည် “ လျူမိသားစုရဲ့ ဘိုးဘေးခန်းမ ပေါက်ကွဲမှုကိစ္စကို စီစဥ်ခဲ့ပြီးတော့ လူထုကို ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်ခဲ့တာက မင်းလား “
“ ငါပဲ၊ မင်း ဘာလိုချင်လို့လဲ “
ခရမ်းရောင်ဝတ်စုံနှင့် လူမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းရဲ့ နာမည်က ပျက်စီးသွားခဲ့ပြီးပြီ၊ တကယ်လို့ ငါ့ကို သတ်လိုက်မယ်ဆိုရင်တောင်မှ၊ အဲ့တာ ……… “
ဝှစ်
သူ့စကား မဆုံးခင် အချိန်မှာပင် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ခရမ်းရောင်ဝတ်စုံနှင့် ခေါင်းဆောင်၏ လည်ပင်းမှ သွေးစီးကြောင်း တစ်ခုပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် သူ၏ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ရှုကျိုးသည် အေးဆေးတည်ငြိမ်နေသည့် အမူအရာဖြင့် သူ၏ဓားကို သိမ်းလိုက်သည်။
“ မင်းဆိုရင် လုံလောက်နေပြီ “
ထိုမေးခွန်းကို မေးလိုက်ရခြင်းမှာ သူ၏သံသယများကို အတည်ပြုရန်အတွက် ဖြစ်သည်။
ထို့နောက်တွင် ရှုကျိုးသည် လနတ်ဘုရားဂိုဏ်း၏ နောက်လိုက်နောက်ပါများကို ကြည့်ကာ ရွံ့ရှာစက်ဆုပ်သွားခဲ့သည် “ အပြစ်သွေးကို မီးနဲ့ သန့်စင်ရမယ် …… “
ထိုစကားလုံးများနှင့်အတူ မီးလျှံတစ်ခုသည် သူ၏လက်ချောင်းများထိပ်တွင် ပေါ်ထွက်လာခဲ့သည်။
လေနှင့် တွေ့ဆုံသွားသည့်အချိန်တွင် ၎င်းသည် ပိုမိုကြီးမားလာခဲ့ပြီး၊ မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လနတ်ဘုရားဂိုဏ်းသားများကို ဝါးမြိုသွားခဲ့သည်။
“ အားးးးးးးး “
ကျောချမ်းဖွယ်ကောင်းသည့် အော်ဟစ်သံများ ပေါ်ထွက်လာခဲ့သည်။
တစ်ခဏခန့် အကြာတွင် လနတ်ဘုရားဂိုဏ်းသား အကုန်လုံးသည် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကွမ်ဟန်မြို့ရှိ လနတ်ဘုရားဂိုဏ်း၏ ဖေးယုခန်းမ ခံတပ်မှာ ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။
…
“ ပြီးသွားပြီ “
ရှုကျိုးသည် ပျက်စီးနေသည့် အဆောက်အဦးကို ကြည့်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် အနီးတွင်ရှိနေသည့် လနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲမှာ ဖြိုဖျက်ခံလိုက်ရပြီဖြစ်သည်။
“ ကျောင်းအုပ်ကြီး၊ ဆရာ၊ သွားကြရအောင် “ ရှုကျိုးမှ ပြောလာခဲ့သည် “ ကျွန်တော်တို့ရဲ့ အထောက်အထားတွေကို လူသိရှင်ကြား ထုတ်ပြဖို့ အချိန်ကျပြီ “
ဝုချင်းရှန်နှင့် လျူချင်းယွမ်တို့မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ လူသုံးဦးသည် အပေါ်သို့ ပျံသန်းသွားကြတော့သည်။
မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဤနေရာတွင် လူအတော်အတန် ရောက်ရှိနေပြီဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ဝုချင်းရှန်က ဖောက်ခွဲရေး မျိုးစေ့၏ စွမ်းအားကို အချိန်မှီ ထိန်းချုပ်ခဲ့သော်လည်း၊ ၎င်း၏ အံ့ဖွယ်ကောင်းသည့် စွမ်းအားသည် အနီးအနားရှိ ပညာရှင်များကို ဆွဲဆောင်သွားခဲ့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ ပညာရှင်များက အရင်ဦးဆုံး ရောက်ရှိလာခဲ့ပြီး၊ ကွမ်ဟန်မြို့နှင့် အနီးအနားရှိ မြို့များမှ အဆင့်မြင့် ပညာရှင်များလည်း လျင်မြန်စွာ စုဝေးလာခဲ့သည်။
အလင်းတန်းများသည် မိုးကုပ်စက်ဝိုင်းပေါ်တွင် ပေါ်ထွက်လာခဲ့ပြီး၊ လူပိုမိုရောက်ရှိလာခဲ့သည်။
ရှုကျိုးပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူတို့အားလုံး မှင်သက်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ၊ ရှုကျိုးက သေနေရမှာ မဟုတ်ဘူးလား
ရှုကျိုးသည် ထိုလူများကို မြင်တွေ့နေရသော်လည်း ချက်ချင်း စကားမပြောလိုက်ပေ။
သူသည် ဆက်လက်၍ စောင့်ဆိုင်းနေခဲ့သည်။ လူအလုံအလောက်ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး၊ ထိုအချိန်မှသာလျှင် အမှန်တရားကို ထုတ်ဖော်ပြောကြားမည် ဖြစ်သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 461 )
အမှန်တရား ပေါ်လာပြီ၊ အဆင့် ၅ စစ်ပွဲ အသင့်ဖြစ်နေပြီ
လူပိုများလာလေလေ တီးတိုးပြောဆိုသံများ ပိုညံလာလေလေ ဖြစ်သည်။
“ အဲ့တာ ရှုကျိုးလား၊ သူက တကယ်ကြီးကို မသေဘူးလား “
“ သူက တကယ့်ရှုကျိုးလား၊ အတုလား “
“ အဲ့ဒီကလေးက ဘယ်လို ကိစ္စမျိုးတွေကို ဖန်တီးနေတာလဲ။ လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့တာက မလုံလောက်သေးလို့၊ သူ့ရဲ့ကျောင်းကိုပါ ဖောက်ခွဲချင်နေခဲ့တာလား “
“ သူ့ဘေးနားမှာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်က ကျောင်းအုပ်ဝုနဲ့ ပညာရှင် လျူချင်းယွမ်တို့ ရှိနေတယ်လေ၊ သူတို့က ဘာလုပ်နေတာလဲ “
“ မြန်မြန်ကြည့်ကြဦး၊ လျူမိသားစုက လူတွေ ရောက်လာပြီ၊ ပြပွဲကောင်းလေးတစ်ခုတော့ ဖြစ်လာတော့မယ် “
ထိုအချိန်တွင် ပုံရိပ်အများအပြားသည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
ထိုလူများထဲတွင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ လျူတျန်မုပါ ပါဝင်နေခဲ့သည်။
ရှုကျိုးကို မြင်တွေ့လိုက်ရသောအခါတွင် လျူတျန်မုသည် ချက်ချင်းတအံ့တဩ ဖြစ်သွားခဲ့သည် “ ရှုကျိုးလား၊ သူက တကယ်ကြီးကို အသက်ရှင်နေတာလား “
ထို့နောက်တွင် သူသည် ရှေ့သို့တက်လာခဲ့ပြီး၊ ဝုချင်းရှန်ကို ကြည့်ကာ စကားပြောလာခဲ့သည် “ကျောင်းအုပ်ကြီး၊ ဘာလို့ ဒီမှာရှိနေရတာလဲဗျ။ ရှုကျိုးက ဒီမှာ ပြဿနာလာရှာနေလို့လားဗျ။ သူက လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့ပြီး၊ အခု ဒီမြေနေရာကိုပါ ဖျက်စီးနေပါတယ်၊ သူက တကယ်ကို သေသင့်ပါတယ် “
ဝုချင်းရှန်မှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ရှုကျိုးက လနတ်ဘုရားဂိုဏ်းရဲ့ ဌာနခွဲတစ်ခုကို ရှာတွေ့ခဲ့တယ်၊ ငါတို့က သူ့ကို အဖော်ပြုပေးပြီးတော့ လနတ်ဘုရားဂိုဏ်းရဲ့ အကိုင်းအခက်ကို ဒီမှာ ရှင်းလင်းနေရုံလေးပဲ “
“ ဘာကြီး၊ လနတ်ဘုရားဂိုဏ်းလား “
လျူတျန်မုသည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
တစ်ခြားလူများမှာလည်း တအံ့တဩဖြစ်နေသည့် အမူအရာများဖြင့် ဆွေးနွေးပြောဆိုနေကြတော့သည်။
ထိုအချိန်တွင် ရှုကျိုးသည် လူအလုံအလောက် ရောက်ရှိနေပြီကို မြင်တွေ့သွားကာ၊ စကားစပြောလာခဲ့သည် “ လူကြီးလူကောင်းများခင်ဗျာ၊ ကျွန်တော်က ကိစ္စတစ်ခုကို ဖြေရှင်းဖို့အတွက် ဒီနေရာကို ရောက်နေတာပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် သူ့ကို အာရုံစိုက်လာကြသည်။
ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ အဲ့နေ့က လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့တဲ့လူကို ကျွန်တော် ရှာတွေ့ခဲ့ပါတယ်၊ တရားခံက လျူမိသားစုက လျူချင်းထန်ပါ “
ဝိုးးးး
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
လျူတျန်မုမှာ ချက်ချင်း အော်ပြောလာခဲ့သည် “ ပေါက်ကရတွေ။ လျူချင်းထန်က လျူမိသားစုရဲ့ အလယ်အလတ်အဆင့်နယ်ပယ်က ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ ပါရမီရှင်ပြဿနာပဲ၊ နောက်လာမဲ့ မိသားစုခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ်လောင်းတွေထဲက တစ်ယောက်ပဲ။ သူက အဲ့လိုကိစ္စမျိုးကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ “
ရှုကျိုးသည် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည် “ အမှန်တရား ဟုတ်လား၊ မဟုတ်လားဆိုတာကို ကြည့်လိုက်တာနဲ့ သိရမှာပေါ့ကွာ “
ထိုစကားလုံးနှင့်အတူ ခြေထောက်သုံးခုပါသည့် ဒယ်စောက်ငယ်တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့ပြီး၊ ချီ-သွေးစွမ်းအားဖြင့် အသက်သွင်းလိုက်ရာ အရှိန်အဝါတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
ရှုကျိုးသည် လျူတျန်မု၏ အသွင်အပြင်အဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
“ ဒီဒယ်စောက်ကို ရုပ်ဖျက်နည်းစနစ်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်၊ လူတိုင်းရဲ့အသွင်အပြင်အဖြစ် ပြောင်းလဲလို့ရပါတယ်၊ နတ်စွမ်းရည်ကိုတောင်မှ တုပနိုင်ပါတယ် “
ထိုစကားနှင့်အတူ သူသည် နတ်စွမ်းရည်တုပမှုကိုပါ ဖော်ထုတ်ပြသနေတော့သည်။
ရှုကျိုးသည် မီးတာအို နတ်စွမ်းရည်ကို အသုံးပြု၍ လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် ဒယ်စောက်ကို သန့်စင်လိုက်ရာ၊ ဒယ်စောက်သည် အနည်းငယ် တုန်ခါလာခဲ့ပြီး၊ ၎င်း၏အတွင်းပိုင်းတွင် ဓားတစ်လက်ဖြစ်ပေါ်လာခဲ့သည်။
“ ဗွီ “
ဓားရှည်မှ ထုတ်လွှတ်နေသည့် လှိုင်းများသည် ဓားတာအို နတ်စွမ်းရည်၏ အငွေ့အသက်များသာ ဖြစ်သည်။
“ အသွင်ပြောင်း “
ရှုကျိုးမှ လက်ညှိုးဖြင့်ညွှန်၍ စေခိုင်းလိုက်ရာ ဓားရှည်သည် ဒယ်စောက်ထဲသို့ ပြန်၍ တိုးဝင်လာခဲ့ပြီး၊ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်မြူထုသည် ဒယ်စောက်အတွင်းမှ တိုးထွက်လာခဲ့သည်။
အမှောင်နတ်စွမ်းရည်
နတ်စွမ်းရည်အမျိုးမျိုးကို ဖော်ထုတ်ပြသခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ခြေထောက်သုံးခုပါ ဒယ်စောက်ကို ပြန်၍သိမ်းယူလိုက်သည်။
သူ့ကို ကြည့်နေသည့် လူအုပ်ကြီး၏ အကြည့်များထဲတွင် စိတ်အားထက်သန်မှုများ ပါဝင်နေခဲ့သည်။
အမျိုးမျိုးသော နတ်စွမ်းရည်များကို တုပနိုင်သည့် အဆိုပါ ဒယ်စောက်မှာ တကယ့်အထွတ်အထိပ် ရတနာတစ်ပါးပင် ဖြစ်သည်။
ရှုကျိုးမှ ဆက်ပြောလာခဲ့သည် “ အဲ့နေ့က လျူချင်းထန်က ဒီပစ္စည်းကို ငှားရမ်းခဲ့ပြီးတော့ ကျွန်တော့်ရဲ့ မီးတာအိုနဲ့ မြေတာအို နတ်စွမ်းရည်တွေကို တုပြီးတော့ ကျွန်တော့်ကို ထောက်ချောက်ဆင်ခဲ့တာပါ “
“ ငွေရေကန် လျှို့ဝှက်နယ်မြေထဲမှာ သူက ဒီကိစ္စကို ဝန်ခံခဲ့ပါတယ် “
သူမှ လက်ဝေ့ယမ်းလာခဲ့ရာ အလင်းတန်းမျက်နှာပြင်တစ်ခုသည် လေထုထဲတွင် ပေါ်လာခဲ့သည်။
အဆိုပါ မျက်နှာပြင်ထဲတွင် သူနှင့်လျူချင်းထန်တို့၏ စကားပြောဆိုမှုများ ပါဝင်နေခဲ့သည်။
[ ရှုကျိုး : လျူချင်းထန်၊ ငါတော်တော်လေး သိချင်နေမိတယ်၊ မင်းရဲ့ ငါ့ရဲ့ နတ်စွမ်းရည်တွေကို ဘယ်လိုမျိုး တုပနိုင်ခဲ့တာလဲ ]
[လျူချင်းထန်သည် ခြေထောက်သုံးခုပါ ဒယ်စောက်ကို ထုတ်ပြလာခဲ့သည် : ဒီဟာကြောင့်ပါ ]
အဆိုပါ မျက်နှာပြင်သည် ယခင်က ငွေရေကန် လျှို့ဝှက်နယ်မြေအတွင်းတွင် ရှုကျိုးက တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့သော အရာဖြစ်သည်။
သူသည် အမှန်တရားကို ချပြရန်အတွက် ၎င်းကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။
“ ဆိုတော့ လျူမိသားစုရဲ့ ဘိုးဘေးခန်းမကို ဖောက်ခွဲခဲ့တာက တကယ်ကြီးကို လျူချင်းထန် ဖြစ်နေခဲ့တာလားဟ “
“ သူက အဲ့လိုကိစ္စမျိုးကို ဘာလို့လုပ်ရတာလဲ “
“ လျူချင်းထန်က လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနေတာကြောင့်ပဲ “ ရှုကျိုးမှ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒီဌာနခွဲက ဒီမှာရှိနေတယ်ဆိုတာကို လျူချင်းထန်နဲ့ လနတ်ဘုရားဂိုဏ်းက သူ့အထက်လူကြီးရဲ့ စကားဝိုင်းကနေတစ်ဆင့် သိခဲ့တာပဲ “
“ ဒါပင်မဲ့ အထိတ်တလန့် ဖြစ်နေဖို့ မလိုပါဘူး၊ လျူချင်းထန်က ငွေရေကန် လျှို့ဝှက်နယ်မြေထဲမှာက ကျွန်တော်သတ်လို့ သေသွားခဲ့ပြီးပြီ “
လျူတျန်မုသည် အံ့ဩတကြီး ဖြစ်သွားတော့သည် “ လျူချင်းထန်က သေနေပြီးသားလား၊ ဒါဆိုရင် မနေ့က ငါ ………… “
ရှုကျိုးသည် သူ့ကိုကြည့်၍ အသာအယာ ပြုံးပြလိုက်ကာ လျူချင်းထန်၏အသွင်အပြင်အဖြစ် ပြောင်းလဲကာ စကားပြောလိုက်သည် “ လျူတျန်မု၊ ငါ့ရဲ့လမ်းညွှန်မှုကို လိုအပ်နေသေးလား “
“ ဆိုတော့ မင်းပဲ “ လျူတျန်မုသည် ဒေါသတကြီးဖြင့် အမူအရာ ဖြူဖျော့သွားခဲ့သည်။
သူသည် ယမန်နေ့က လျူချင်းထန်က မည်သည့်အတွက်ကြောင့် သူ့အား ဆိုးဆိုးရွားရွား ရိုက်နှက်နေခဲ့တာလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့ကာ သူက လက်ချော်သွားသည်ဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်။
ယခုကြည့်ရသလောက်အရဆိုပါက အရာအားလုံးမှာ ရှုကျိုးက တမင်သက်သက် ပြုလုပ်ခဲ့သည့် အရာများသာ ဖြစ်နေသည့်ပုံပင်။
ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့ကို လျစ်လျူရှုထားပြီး စကားဆက်ပြောလာခဲ့သည် “ အဲ့တာတွေ အားလုံးက ဖြေရှင်းချက်ပါပဲ၊ အပြစ်မရှိတဲ့သူက ဖြူစင်နေတုန်းပါပဲ၊ လေ့ကျင့်ရေးအတွက် ပြန်ပါတော့မယ် “
“ အို့၊ လျူတျန်မု၊ မင်းက ငါ့ကို အဖွဲ့ချုပ်ဒဂ်ါး ယွမ် ၁၀ဘီလီယံ အကြွေးတင်နေတုန်းပဲနော်၊ ငါ့ကို ပြန်ဆပ်ဖို့ သတိရဦး “
လျူတျန်မု၏ အမူအရာသည် ချက်ချင်းမည်းမှောင်သွားခဲ့သည်၊ ဘယ်ကသောက်ကြွေးတုန်း
သို့သော် ယခု၌ သူ၊ လျူတျန်မု ဆယ်ယောက်ကပင် ရှုကျိုးကို အနိုင်မယူနိုင်သောကြောင့် သူသည် တိတ်ဆိတ်နေလိုက်ရုံမှတစ်ပါး မည်သည့်အရာကိုမှ မပြုလုပ်နိုင်ခဲ့ပေ။
“ ပီ ပီ ပီ “
ထိုအခိုက်အတန့်တွင် ဝုချင်းရှန်၏ စကားပြောစက်မှာ ရုတ်တရက် အော်မြည်လာခဲ့သည်။
ဝုချင်းရှန်သည် ၎င်းကို လက်ခံဖြေကြားလိုက်ပြီး၊ မကြာခင် အချိန်မှာပင် သူ၏အမူအရာ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူသည် လျူချင်းယွမ်နှင့် ရှုကျိုးကို ကြည့်ကာ စကားပြောလာခဲ့သည် “ အရေးပေါ်အခြေအနေ ဖြစ်နေတယ်၊ ငါကျောင်းကို ပြန်မှဖြစ်မယ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် ရှုကျိုးနှင့် လျူချင်းယွမ်တို့ကို စောင့်မနေတော့ဘဲ၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဘက်သို့ ဦးတည်သွားတော့သည်။
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ဤသည်မှာ ကျောင်းအုပ်ကြီးက အရေးပေါ်ဟု ပြောဆိုလာခဲ့သည်ကို ပထမဦးဆုံးအကြိမ်အဖြစ် သူမြင်တွေ့ဖူးခြင်းဖြစ်သည်။
ဘာတွေ ဖြစ်နေတာလဲဟ
လျူချင်းယွမ်မှာလည်း တစ်စုံတစ်ခုကို နားလည်သွားကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ကွမ်ဟန်မှာ တစ်ခုခု ဖြစ်နေပြီနဲ့တူတယ်၊ အခြေအနေ အသစ်တစ်ခု ပေါ်လာတာဖြစ်နိုင်တယ္၊ သွားကြစို့ “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ဆရာနောက်သို့ လိုက်သွားကာ မိုးကုပ်စက်ဝိုင်းပေါ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
…
မကြာခင်မှာပင် ထိတ်လန့်ဖွယ်ကောင်းသည့် သတင်းတစ်ပုဒ်သည် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့လာခဲ့သည်။
[ သေခြင်းတရားမှ လျှို့ဝှက်ဆန်းကြယ်စွာ လွတ်မြောက်လာခဲ့ပြီး၊ အသက်ပြန်ရှင်လာခဲ့သည့် ရှုကျိုး ]
[ တုန်လှုပ်စရာပဲ၊ လျူမိသားစုရဲ့ အနာဂတ်ခေါင်းဆောင် ကိုယ်စားလှယ်လောင်း၊ ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင် လျူချင်းထန်က လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းထားတယ် ]
[ အပြစ်ကင်းကြောင်း သက်သေပြခဲ့ပြီ။ လျူမိသားစုရဲ့ ဘိုးဘေးခန်းမ ဖောက်ခွဲမှုဖြစ်ရပ်ရဲ့ တရားခံက ရှုကျိုးမဟုတ်ဘူး၊ တကယ့်တရားခံက လျူချင်းထန်ပဲ ]
[ ရှုကျိုးက အရှေ့ပိုင်း ပြည်နယ်မှာရှိတဲ့ လနတ်ဘုရားဂိုဏ်းရဲ့ ဌာနခွဲတစ်ခုကို ဖြိုခွင်းလိုက်တယ် …… ]
………………………………………………………………………………………………………………………………………..
အပိုင်း ( 462 )
အမှန်တရား ပေါ်လာပြီ၊ အဆင့် ၅ စစ်ပွဲ အသင့်ဖြစ်နေပြီ ၂
သတင်းခေါင်းစဥ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အင်တာနက်တစ်ခွင်လုံး ပွက်လောရိုက် ဆူညံသွားခဲ့ရသည်။
သတင်းတစ်ခုချင်းစီတိုင်းသည် လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
ရှုကျိုးအသက်ရှင်နေခြင်းဖြစ်စေ၊ လျူချင်းထန်၏ သူလျှိုသရုပ်မှန် ပေါ်ထွက်လာခဲ့ခြင်းဖြစ်စေ၊ ထိုနှစ်ခုစလုံးသည် အလွန်တရာ မှင်သက်ဖွယ်ကောင်းလွန်းနေခဲ့သည်။
ပထမဦးဆုံးအနေဖြင့် လူတစ်ချို့မှာ ၎င်းကို မယုံကြည်ခဲ့ကြပေ၊ သူတို့သည် တရားခံက ရှုကျိုးဟုသာ ဆက်၍ပြောဆိုနေခဲ့ကြသည်။
သို့သော် ဗီဒီယိုအထောက်အထားကို မြင်တွေ့ခဲ့ရသည့် အချိန်တွင်မူ သူတို့သည် ယုံကြည်လက်ခံလိုက်ရုံမှတစ်ပါး မည်သည့်အရာကိုမှ မလုပ်နိုင်ကြတော့ပေ။
ထိုသတင်းများက ပျံ့နှံ့လာသည်နှင့်အမျှ မကြာခင်မှာပင် အားလုံးက ၎င်းကို သိရှိသွားကြသည်။
ထိုကိစ္စမှာ ပြောင်းပြန်လှန်ခံလိုက်ရပြီး၊ အမှန်တရားမှာလည်း ပေါ်ထွက်လာခဲ့သည်။
“ ရှုကျိုးက တရားခံ မဟုတ်ဘူးဆိုတာကို ငါသိနေတယ် “
“ စကားပြောကြဦးလေ၊ အိမ်ခွေးလေးတွေရာ “
“ အမှန်တရားက ပေါ်လာပြီလေ၊ အိမ်ခွေးလေးတွေ ဘယ်ရောက်သွားတာလဲဟ၊ ထွက်လာကြပါဦးဟ “
ရှုကျိုးကို အခိုင်အမာ ထောက်ခံနေခဲ့သူများသည် အဆုံးတွင် စကားပြောရဲလာကြပြီး၊ သူတို့တစ်ဦးချင်းစီတိုင်းသည် တရားမျှတမှု ပေါ်ထွက်လာပြီဟု ခံစားသွားကြရသည်။
အဓိကအားဖြင့် ၎င်းမှာ လနတ်ဘုရားဂိုဏ်း၏ ဖေးယုခန်းမ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
ယခင်က ရှုကျိုးအတွက် စကားပြောပေးခဲ့သည့် လူများသည် လနတ်ဘုရားဂိုဏ်း ကီးဘုတ်ဖိုက်တာများ၏ rpထုခြင်းကို ခံခဲ့ရပြီး၊ အကောင့်များ ပျက်ကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
( မသိတဲ့လူရှိမှာစိုးလို့ ပြောပြပါမယ်၊ reportပါ၊ facebookတို့ဘာတို့လို social media အကောင့်တွေကို reportလုပ်ရင် အကောင့်ပျက်သွားတာမျိုးပါ၊ လူတစ်ယောက်တည်းကလုပ်ရင် မရပါဘူး၊ ဒါပင်မဲ့ လူ ၁၀၀လောက်က ဝိုင်းလုပ်ရင်တော့ အကောင့်ပျက်တတ်ပါတယ် )
ယခု၌ သူတို့သည် တရားမျှတမှုကို ရရှိခဲ့ပြီဖြစ်သည်။
…
တစ်ချို့မှာ ပျော်ရွှင်နေကြပြီး၊ တစ်ချို့မှာ စိုးရိမ်ပူပန်နေကြသည်။
ရန်ပြည်ထောင်တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့လေသည်။
အရှေ့ပိုင်းပြည်နယ်၊ လျူမိသားစု
“ ဘာဖြစ်တယ် “
လျူတျန်ရှန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ ရှုကျိုးက မသေဘူးလား၊ လျူချင်းထန်က ငွေရေကန် လျှို့ဝှက်နယ်မြေမှာကတည်းက သေသွားတာလား “
“ အဲ့တာဆိုရင် အဲ့နေ့က ငါခေါ်လာခဲ့တာက ဘယ်သူလဲ “
လျူတျန်ရှန်သည် ဆိုးဝါးသော ခံစားချက်တစ်ခုကို ခံစားသွားရတော့သည်။
သူသည် သူ၏စိတ်ခံစားချက်များကို ဖိနှိပ်ကာ ချက်ချင်း အမိန့်ပေးလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက လျူချင်းထန်ရဲ့ လှုပ်ရှားမှုတွေကို ချက်ချင်းစုံစမ်းလိုက် “
“ ဟုတ်ကဲ့ “
လက်ထောက်သည် စုံစမ်းစစ်ဆေးရန်အတွက် ချက်ချင်းအပြင်ထွက်သွားတော့သည်။
ဆယ့်ငါးမိနစ် အကြာတွင်
လက်ထောက်သည် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည် “ မိသားစုခေါင်းဆောင်၊ ကျွန်တော် ရှာတွေ့ခဲ့ပါပြီ “
“ ပြော “ လျူတျန်ရှန်သည် လေးနက်စွာ ပြောလာခဲ့သည်။
လက်ထောက်သည် ဂရုတစိုက် တင်ပြလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက လျူချင်းထန်က အမှတ် တစ်သိန်းကို အကုန်သုံးခဲ့ပါတယ်။ အဲ့ထဲမှာ မိသားစုက ပေးထားခဲ့တဲ့ ချေးငှားမှု ခွဲတမ်းပါပါတယ်။ ပြီးတော့ သူက သူ့ရဲ့ အရည်အချင်းကြောင့် ဆေးဘက်ဆိုင်ရာ အာမခံချက်ကို သုံးပြီးတော့ အဆင့်မြင့် ဆေးလုံးဖြစ်တဲ့ ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး ၂၅လုံးနဲ့ တစ်ခြား ဆေးဝါးတွေကို ပမာဏ အများကြီး ဝယ်ယူခဲ့ ………… မိသားစုခေါင်းဆောင်၊ မိသားစုခေါင်းဆောင်၊ ဘာဖြစ်လို့လဲ ခင်ဗျ “
လျူတျန်ရှန်က မေ့လဲလုမတတ် ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် လက်ထောက်သည် ချက်ချင်း ရှေ့တိုးလာခဲ့ကာ သူ့ကို ထူမပေးလိုက်သည်။
လျူတျန်ရှန်သည် ဒေါသကြောင့် သတိမေ့လုမတတ် ဖြစ်သွားခဲ့သည်။
သူသည် တုန်တုန်ရင်ရင်ဖြင့် စကားပြောလာခဲ့သည် “ ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံး ၂၅လုံး၊ အမှတ် တစ်သိန်း ……….. ခွေးသူတောင်းစား၊ ခွေးသူတောင်းစားကောင် “
ကလီစာငါးခု နတ်သန္ဓေသား ယွမ်ဆေးလုံးတစ်လုံးသည် အမှတ် ၂၀၀၀တန်ကြေးရှိပြီး၊ အလုံး၂၀ဆိုပါက အမှတ် ၄၀၀၀၀ပေးချေရမည် ဖြစ်သည်။
၎င်းမှာ ရှုကျိုးက စုစုပေါင်းအေနဖြင့် အမှတ် ၁၄၀၀၀၀တိတိ အသုံးပြုခဲ့သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
အဖွဲ့ချုပ်ဒဂ်ါးဖြင့်ဆိုပါက ၎င်းမှာ ယွမ်ဘီလီယံ ၇၀ကျော်ပင်ဖြစ်သည်။
သို့ရာတွင် ၎င်းမှာ လျူမိသားစု၏ အတွင်းလမ်းကြောင်းကြောင့်သာဖြစ်ပြီး၊ အစိုးရက သတ်မှတ်ပေးထားသည့် စံနှုန်းအတိုင်းသာ တွက်ချက်ရမည်ဆိုပါက ၎င်းမှာ ယခုထပ်ပင် များစွာပိုများနေမည် ဖြစ်သည်။
၎င်းသည် လျူမိသားစုက အနည်းဆုံးအနေဖြင့် ယွမ်၇၀ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။
ထိပ်တန်းမိသားစုကြီးတစ်စုဖြစ်သည့် လျူမိသားစု၏ ပိုင်ဆိုင်မှုများမှာယွမ် ထရီလီယံနှင့် ချီ၍ရှိပေသည်။ သို့သော် ၎င်းမှာ ငွေသားစီးဆင်းမှုသာလျှင် ဖြစ်ပြီး၊ သူတို့အမှန်တကယ် အသုံးပြုနိုင်သည့် ပမာဏမှာ ငွေဘီလီယံ အနည်းငယ်မျှသာလျှင် ဖြစ်သည်။
အကယ်၍ ၎င်းတို့အား လျူမိသားစု၏ တကယ့်ပါရမီရှင်အတွက် အသုံးပြုခဲ့ရမည်ဆိုပါက လျူတျန်ရှန်သည် ဤမျှလောက် နှမြောတသဖြစ်နေလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတွင်ကား သူသည် ထိုနေ့က သူနှင့်အတူ လျူမိသားစုဆီသို့ ပြန်ရောက်လာခဲ့သည့်လူက လျူချင်းထန်မဟုတ်ဘဲ၊ ရှုကျိုးဖြစ်သည်ဆိုသည်ကို အလွန်သေချာနေခဲ့သည်။
အကျဥ်းချုံး၍ ပြောဆိုရသော် လျူမိသားစုသည် သူတို့၏ ရန်သူအား ယွမ်ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးခဲ့လေသည်။
ဤအချိန်တွင် လျူတျန်ရှန်သည် သေချင်စော်ပင်နံသွားခဲ့သည်။
“ ရှုကျိုး၊ အရမ်းကောင်းတယ်၊ တော်တော်ကြီးကို ကောင်းတယ် “
လျူတျန်ရှန်၏ မျက်လုံးများသည် အလွန်တရာ နီရဲနေခဲ့ပြီး၊ ဒေါသထွက်လွန်းသဖြင့် သူ၏ဦးခေါင်းမှ မီးခိုးငွေ့များ ထွက်လာတော့မည့်အလား ဖြစ်နေခဲ့သည် “ ဒီကိစ္စကို ငါမှတ်ထားမယ်၊ သေချာပေါက် မှတ်ထားမယ် “
ထိုအချိန်တွင် လက်ထောက်မှ သတိတကြီးဖြင့် ပြောဆိုလာခဲ့သည် “ မိသားစုခေါင်းဆောင်၊ တကယ်တော့ အခုအချိန်မှာ ကျွန်တော်တို့က အစိုးရဘက်ကို အရင်ကိုင်တွယ်ဖြေရှင်းသင့်ပါတယ် “
“ လျူချင်းထန်က လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းထားတာကြောင့် ရန်ပြည်ထောင် အစိုးရက ကျွန်တော်တို့လျူမိသားစုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးဖို့ ပြင်နေတယ်လို့ သိရပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ထောက်လှမ်းရေးအဖွဲ့ကို စေလွှတ်လာနိုင်ပါတယ် “
လက်ထောက်၏ အထိတ်တလန့် ဖြစ်နေသည့် အမူအရာကို မြင်လိုက်ရသောအခါတွင် လျူတျန်ရှန်သည် မကျေမနပ် ဖြစ်သွားခဲ့သည် “မင်းက ဘာကိစ္စ အဲ့လိုဖြစ်နေရတာလဲ။ ငါ့မိသားစုက လူတစ်ယောက်ယောက်က လနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနေမယ်လို့ ထင်နေတာလား “
“ မဟုတ်ပါဘူး၊ ကျွန်တော်က စိတ်ပူ …… “
“ ငါ့ဖင်ကြီးကို စိတ်ပူလိုက်လေ “
လျူတျန်ရှန်မှ ဒေါသတကြီး ပြောဆိုလာခဲ့သည် “ ငါ့လျူမိသားစုက အာဇာနည်တွေဆီကနေ ဆင်းသက်လာခဲ့တာ။ ငါတို့က အဲ့လို စက်ဆုပ်ဖို့ ကောင်းတဲ့ ကိစ္စတွေကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ တကယ်လို့ ထောက်လှမ်းရေးအဖွဲ့က လာချင်တယ်ဆိုရင်လည်း၊ လာခိုင်းလိုက်ပေါ့။ ငါ့မိသားစုထဲမှာ နောက်ထပ် လျူချင်းထန်တစ်ယောက် ပေါ်လာလိမ့်မယ်ဆိုတာကို ငါမယုံဘူးကွာ “
“ ဟုတ်ကဲ့ “
လက်ထောက်မှာ နောက်ဆုတ်သွားခဲ့သည်။
လျူတျန်ရှန်သည် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည် “ လနတ်ဘုရားဂိုဏ်းက ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေခဲ့ပြီလား။ လျူချင်းထန်ကတောင် သူတို့နဲ့ ပူးပေါင်းသွားတယ်။ ငါ့မိသားစုမှာ အဲ့လိုမျိုး နောက်တစ်ယောက် ပေါ်မလာဘူးလို့ပဲ ငါမျှော်လင့်ပါတယ် “
“ မကြာသေးခင်ကမှ ကွမ်ဟန်က အဆင့်မြင့် ပညာရှင်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ကြတယ်။ တကယ်လို့ ငါတို့က ဒီမှာ ရှုံးသွားမယ်ဆိုရင်၊ အဲ့ကိစ္စကြောင့် လျူမိသားစုရဲ့ အရင်းအမြစ်တွေက ပြတ်တောက်သွားလိမ့်မယ်၊ အဲ့တာဆိုရင် ရှေ့ဆက်နိုင်ဖို့ ခက်သွားပြီ “
…
လနတ်ဘုရားဂိုဏ်း
ဟင်းလင်းပြင်တစ်ခု အတွင်း၌
“ ဘာကြီး၊ လျူချင်းထန်က ရှုကျိုးကို သတ်တာကို ခံခဲ့ရတာလား “
အမှောင်ထုထဲတွင် ကြက်သွေးရောင် မျက်ဝန်းတစ်စုံ လင်းလက်လာခဲ့သည် “ ဆိုတော့ နောက်ဆုံးတစ်ခေါက်တုန်းက ဆုကြေးလာထုတ်ခဲ့တာက ရှုကျိုးပေါ့ “
အရာအားလုံးကို နားလည်သွားခဲ့သည့်နောက်၌ အဆိုပါ မျက်လုံးများထဲတွင် ဒေါသများ ရှိမနေခဲ့ပေ၊ ထို့အစား ၎င်းတို့က ပို၍နီရဲသွားခဲ့သည်။
“ အရမ်းကောင်းတယ်၊ သိပ်ကောင်းတယ် …….. ရှုကျိုး၊ မင်းက ငါ့ကို တကယ်အံ့အားသင့်သွားစေခဲ့တာပဲ။ ကြည့်ရတာတော့ ငါတို့ရဲ့ အလုပ်တွေကို အရှိန်မြှင့်ပြီး လုပ်ရတော့မဲ့ပုံပဲ “
အဆိုပါ မျက်လုံးများထဲတွင် မုဆိုးက စိတ်ဝင်စားဖွယ်ကောင်းသည့် သားကောင်ကို ရှာတွေ့သွားသည့်အလား စိတ်ဝင်တစားဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ သွား၊ ကမ္ဘာ့ကြယ်ရဲ့ နယ်မြေ ၁၀က တပ်မှူးဆီကို ရှုကျိုးအကြောင်း သတင်းသွားပို့လိုက် “
“ ကွမ်ဟန်က အဆင့်မြင့် ပညာရှိတွေကြားက ပဋိပက္ခတွေက ပေါက်ကွဲထွက်လာတော့မှာ။ စစ်ပွဲက နီးလာနေပြီ၊ သူက ကွမ်ဟန်ကို သေချာပေါက် ထပ်သွားမှာပဲ။ အဲ့ဒီအချိန်ကျရင် သူ့ရဲ့ အဆုံးသတ်ကနေ လုံးဝမလွတ်မြောက်နိုင်တော့ဘူး “
…
အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကို ရှုကျိုးက မသိပေ။
ထိုအချိန်တွင် သူသည် ကျောင်းသို့ ပြန်ရောက်လာခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနသို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချင်ဖုန်းနှင့် ချန်းရှင်တို့ အပြေးအလွှားရောက်ရှိလာခဲ့ပြီး၊ ရှုကျိုးကို မြင်လိုက်ရသောအခါတွင် သူတို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။
“ ရှုကျိုး၊ ဘာတွေဖြစ်နေတာလဲ၊ ငါတို့အားလုံးက မင်းသေသွားပြီလို့ပဲ ထင်နေကြတာ ”
ချင်ဖုန်းမှ ဒေါကြီးမောကြီးဖြင့် အော်ပြောလာခဲ့သည်။
ချန်းရှင်၏ မျက်လုံးများမှာလည်း အနည်းငယ် နီရဲသွားရင်းဖြင့် စကားပြောလာခဲ့သည် “ အဆင်ပြေရဲ့လား “
ရှုကျိုးသည် ရယ်ရယ်မောမောဖြင့် ပြောဆိုနေတော့သည် “ ကျွန်တော်က အလတ်ကြီး ရှိပါသေးတယ်။ ကွမ်ဟန်စစ်မြေပြင်က အဆင့်၆ ပညာရှင်ကတောင် ကျွန်တော့်ကို မသတ်နိုင်ခဲ့တာကို၊ အဆင့်၅ ပညာရှင်တစ်စုလောက်ကတော့ ပြုတ်ပါသောက်လို့ရတယ် “
ချင်ဖုန်းမှ ကျိန်ဆဲလာတော့လေသည် “ တော်တော် ခေါင်းမာတဲ့ကောင်ပဲ၊ ငါတို့က မင်းကို သောက်ရမ်းစိတ်ပူနေခဲ့ရတာဟ “
ရှုကျိုးမှာ ရယ်မောနေတော့လေသည် “ ကျွန်တော်က မြန်မြန်ပြန်လာခဲ့တာပဲ မဟုတ်ဘူးလား “
စကားပြောဆိုရင်းဖြင့် ချင်ဖုန်းသည် တစ်စုံတစ်ခုကို မှတ်မိသွားကာ မေးမြန်းလာခဲ့သည် “ ငါကြားခဲ့တာကတော့ လနတ်ဘုရားဂိုဏ်းရဲ့ ဌာနတစ်ခုက ငါတို့ကျောင်းနားမှာ ရှိနေတာဆို၊ အဲ့တာ အမှန်ပဲလား “
“ အမှန်ပဲ၊ အခုပဲ ကျောင်းအုပ်ကြီးတို့နဲ့ အဲ့ကိစ္စကို ရှင်းပြီးပြန်လာခဲ့တာလေ “
“ အဲ့ကြွက်တွေက သတ္တိပိုကောင်းလာကြတာပဲ “ ချင်ဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှုကျိုးမှာ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော်တို့ကသာ လုံလုံလောက်လောက် သန်မာအစွမ်းထက်နေမယ်ဆိုရင်၊ အဲ့ကောင်တွေက အိမ်ရှေ့ထိ ရောက်နေမယ်ဆိုရင်တောင်မှ ဘာကိစ္စ ဂရုစိုက်နေရမှာလဲ “
စွမ်းအားအကြောင်းကို စကားဆက်မိသွားသောအခါ၌ ရှုကျိုးသည် သူက ဤရက်ပိုင်းအတွင်းတွင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ အမြန်ရောက်ရန် လိုအပ်နေပြီဆိုသည်ကို နားလည်သွားခဲ့သည်။
ယခုတွင် သူသည် ပဥ္စမအဆင့်နှင့် ဆဌမအဆင့် ကျင့်ကြံရေးများအတွက် ကျင့်ကြံရေး အရင်းအမြစ်များ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သောကြောင့် ပဥ္စမအဆင့်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ၏တိုးတက်မှုအမြန်နှုန်းက များစွာတိုးတက်လာမည် ဖြစ်သည်။
ထိုအချိန်တွင် လျူချင်းယွမ်သည် စိတ်တင်းကြပ်နေသည့် အမူအရာဖြင့် ပျံသန်းရောက်ရှိလာခဲ့သည် “ အားလုံးပဲ၊ ဌာန အစည်းအဝေး ခန်းမမှာ လူစုမယ် “
“ ဟုတ်ကဲ့ “
ထိုစကားကိုပြောခဲ့ပြီးသည့်နှင့် တစ်ပြိုင်နက် လျူချင်းယွမ်သည် ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရှုကျိုးနှင့် တစ်ခြားလူများသည် အကြည့်များ ဖလှယ်မိသွားကြပြီး ချင်ဖုန်းမှ အော်ကျယ်အော်ကျယ်ဖြင့် ပြောဆိုလာခဲ့သည် “ ဘာလို့ ရုတ်တရက်ကြီး အစည်းအဝေးခေါ်လာရတာလဲ။ ဂျူနီယာညီလေးရဲ့ ကိစ္စနဲ့ ပတ်သက်နေလို့များလား “
ချန်းရှင်မှာလည်း မျက်မှောင်ကြုတ်နေလျက်ရှိသည် “ ဒါပင်မဲ့ အဲ့တာက သတင်းကောင်း ဖြစ်နေသင့်တာ မဟုတ်ဘူးလား။ ဆရာက ဘာလို့ အလောတကြီး ဖြစ်နေရတာလဲ “
ရှုကျိုးသည် ဝုချင်းရှန်၏ အလောတကြီးဖြစ်နေသည့် အမူအရာကို အမှတ်ရသွားကာ စိတ်မသက်မသာ ဖြစ်သွားခဲ့သည် “ ကိစ္စကြီးတစ်ခုခု ဖြစ်လာလို့များလား “
သူသည် ချင်ဖုန်းနှင့် တစ်ခြားလူများကိုကြည့်ကာ စကားပြောလိုက်သည် “ အစည်းအဝေးခန်းမဆီ အရင်သွားကြည့်ကြတာပေါ့၊ လေးနက်တဲ့ကိစ္စတစ်ခုခု ဖြစ်လာလို့ထင်တယ် “
တစ်ခြားလူများသည် ခေါင်းငြိမ့်ပြလာခဲ့ကာ အစည်းအဝေးခန်းမရှိရာဘက်သို့ ပျံသန်းသွားကြတော့သည်။
…
အစည်းအဝေးခန်းမ အတွင်း၌
လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ဌာနလေးခုစလုံးမှ ပါရမီရှင် အကုန်လုံးသည် ဤနေရာသို့ ရောက်ရှိနေပြီး၊ ဇဝေဇဝါ ဖြစ်နေသည့် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိသည်။
သူတို့သည် အရေးတကြီး ဆင့်ခေါ်ခံခဲ့ရခြင်း ဖြစ်သည်။
ကျောင်းသူကျောင်းသားသာလျှင် မဟုတ်ဘဲ၊ ပညာရှင်နှင့် နည်းပြ ဆရာ၊ ဆရာမများ စသည်ဖြင့် လူတိုင်း ရောက်ရှိနေကြပြီး၊ အမူအရာများ လေးနက်နေကြသည်၊ သူတို့က သတင်းတစ်ချို့ကို ကြိုတင်သိရှိထားပုံရသည်။
ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါတွင် လူတိုင်းမှာ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုနေကြတော့သည်။
“ အဲ့တာက ရှုကျိုးကိစ္စကြောင့်များလား “
“ ဖြစ်နိုင်လောက်တယ်၊ အဲ့တာက တိုင်းသိပြည်သိ ကိစ္စတစ်ခုပဲလေ။ အဲ့တာအတွက်နဲ့တော့ အရေးပေါ် အစည်းအဝေး လုပ်ဖို့ မလိုဘူးလေ၊ ဟုတ်တယ်မလား “
ကျောင်းသူကျောင်းသားများသည် စိတ်ရှုပ်ထွေးနေသည့် အမူအရာများဖြင့် တီးတိုးပြောဆိုနေကြသည်။
ထိုအခိုက်အတန့်တွင် ဝုချင်းရှန်သည် စင်ပေါ်သို့ တက်လာခဲ့သည်။
“ အားလုံးပဲ၊ အခုဆိုရင် ရှေ့တန်းစစ်မျက်နှာပြင်မှာ အရေးပေါ်ကိစ္စဖြစ်နေပါတယ်၊ အဆင့်၅ တိုက်ပွဲက အသင့်ဖြစ်နေပါပြီ “
မထင်မှတ်ထားစွာဖြင့် သူသည် ရှုကျိုးကိစ္စအကြောင်းကို မပြောလာခဲ့ဘဲ၊ ရှေ့တန်းစစ်မျက်နှာပြင်ရှိ အခြေအနေများကိုသာ ပြောလာခဲ့သည်။
ဝုချင်းရှန်က အဆင့်၅ တိုက်ပွဲမှာ အသင့်ဖြစ်နေပြီဟု ပြောဆိုလာခဲ့သည်ကို ကြားလိုက်ရသောအခါတွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ထို့နောက်တွင် မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာများသည် အားလုံး၏ မျက်နှာများပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။
ရှေ့တန်းစစ်မျက်နှာပြင်ဆိုသည်ကို ကွမ်ဟန်စစ်မြေပြင်ကို ညွှန်းဆိုနေခြင်းဖြစ်သည်။
အဆင့်၅ စစ်ပွဲဆိုသည်ကမူ ………
ကြယ်ပြာဂြိုဟ် အဖွဲ့ချုပ်သည် စစ်ပွဲများကို အဆင့်၁မှ ၅အထိ ခွဲခြားသတ်မှတ်ထားခဲ့ပြီး၊ အဆင့်၅ဆိုသည်မှာ အမြင့်ဆုံးဖြစ်ကာ၊ စစ်ပွဲကြီးတစ်ခုဖြစ်ပြီး၊ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
……………………………………………………………………………………………………………………………………