အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း (၁၆) - ဇရပ်ရှေ့က တွေ့ဆုံမှု
~"၁၀ မိုင် ဇရပ်" ( ရှီလီဇရပ် ) [ရှီ - တစ်ဆယ်၊ လီ- မိုင်]
ဤဇရပ်မှ တောင်ဘက် ၁၀ မိုင်ခရီးဆက်လျှင် လော့ရှားမြို့သို့ ရောက်ရှိမည် ဖြစ်၏။
မူလက "၁၀ မိုင် ဇရပ်" သည် ရိုးရှင်းသော နားနေဆောင် တစ်ခုမျှသာ ဖြစ်၏။ ရှေးခေတ်က ခရီးသွားလာရေး ခက်ခဲသောအချိန်တွင် အဝေးမှ မိတ်ဆွေများ လာရောက်လည်ပတ်လျှင်၊ အိမ်ရှင်က ၁၀ မိုင်အထိ လိုက်ပို့နှုတ်ဆက်လေ့ ရှိသလို၊ ၁၀ မိုင်အကွာအထိ သွားရောက်ကြိုဆိုလေ့ ရှိကြသည်။ ဒါသည် အိမ်ရှင်၏ လေးစားမှုနှင့် တန်ဖိုးထားမှုကို ပြသခြင်းပင် ဖြစ်၏။
ထို့ကြောင့် ဤဇရပ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
ဇရပ်တွင် ထိုင်ပြီး နှုတ်ဆက်ခွဲခွာကြသောအခါ၊ နောက်တစ်ကြိမ် မည်သည့် ဆောင်းဦး၊ နွေဦးမှ ပြန်လည်ဆုံတွေ့ရမည်ကို မည်သူမျှ မသိနိုင်ကြချေ။
သို့သော် မကြာမီမှာပင် လူအချို့က ဤအလေ့အထမှ အမြတ်ထုတ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားကြသည်။
ကြိုဆိုသည်ဖြစ်စေ၊ နှုတ်ဆက်သည်ဖြစ်စေ ၁၀ မိုင်ခရီးပေါက်လာပြီ ဖြစ်သဖြင့်၊ ခရီးဆုံးတွင် လက်ဖက်ရည်တစ်ခွက်၊ သေရည် တစ်အိုး သောက်သုံးကာ အနားယူကြသည်မှာ သဘာဝကျသော ကိစ္စပင်။
တတ်နိုင်သူများက ကိုယ့်ဘာသာ ယူဆောင်လာကြသော်လည်း၊ မတတ်နိုင်သူများ သို့မဟုတ် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်သူများအတွက်မူ မည်သို့နည်း။
ဤအခွင့်အရေးကို မြင်သောအခါ၊ လူအချို့က "၁၀ မိုင် ဇရပ်" ဘေးတွင် သေရည် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ တည်ဆောက်ကာ စီးပွားရှာကြလေတော့သည်။
နောက်ပိုင်းတွင် ကုန်သည်များနှင့် သိုင်းလောကသားများ ဖြတ်သန်းသွားလာရင်း ဝင်ရောက်နားခိုကြသဖြင့် "၁၀ မိုင် ဇရပ်" ၏ စီးပွားရေးမှာ စည်ပင်ဝပြောလာလေတော့၏။
ယခုအချိန်တွင် ဆုမိုသည် "၁၀ မိုင် ဇရပ်" ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်နေ၏။
ဆိုင်ထဲတွင် စားသုံးသူ အတော်အတန် များပြားနေပြီး၊ အချို့မှာ အနားယူနေသော ကုန်သည်များ ဖြစ်ကြကာ၊ အချို့မှာမူ တစ်ကိုယ်တော် သိုင်းလောကသားများ ဖြစ်ကြသည်။
အချို့က အုပ်စုလိုက် ဝိုင်းဖွဲ့ကာ ရယ်မောပြောဆိုနေကြပြီး၊ အချို့ကမူ တစ်ယောက်တည်း တိတ်ဆိတ်စွာ လက်ဖက်ရည် သောက်နေကြ၏။
ဆုမိုသည် အမြန်လိုလို၊ အေးဆေးလိုလိုနှင့် ခရီးနှင်လာခဲ့ရာ လဝက်ခန့်အကြာတွင် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
"၁၀ မိုင် ဇရပ်" ကို မြင်လိုက်ရပြီ ဖြစ်သဖြင့် အိမ်ပြန်ရောက်ခါနီးပြီဟု ဆိုနိုင်၏။ လက်ဖက်ရည်တစ်ခွက် သောက်ပြီး အနားယူကာမှ ပြန်လျှင်လည်း နောက်မကျသေးပေ။
…မူလကတော့ ဦးလေးဖူ နဲ့ သဘောတူထားတာ လဝက်လောက်ပဲ ကြာမယ်လို့ ပြောထားတာ... အခု ကျိမင် စခန်းကနေ ပြန်လာတာနဲ့တင် လဝက်လောက် ကြာသွားပြီ... အချိန်ပိုတွေ ကြာသွားတော့ ဦးလေးဖူ စိတ်ပူနေလောက်ပြီ..
ဆုမို လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
…ယွီလင်းရှင်းရဲ့ ကိစ္စထဲ မသိလိုက်ဘဲ ဝင်ပါမိသွားပေမယ့်... သူနဲ့ ဟိုအဖွဲ့အစည်းကြားက အငြိုးအတေးတွေက ဘာပဲဖြစ်ဖြစ်... အနည်းဆုံးတော့ ဒီခရီးစဉ်ကနေ ငါ ငွေ (၄၀၀) ရလိုက်တာပဲ... ပြီးတော့ စီနီယာရွှီရဲ့ ကိုယ်ကျိုးမဖက်တဲ့ အလှူငွေတွေလည်း ပါသေးတယ်... ပြန်ရောက်ရင် ဦးလေးဖူကို ပစ္စည်းတချို့ ဝယ်ခိုင်းလိုက်ဦးမှ... အာမခံ ဌာနက ဟာလာဟင်းလင်း ဖြစ်နေတာ... အကြီးစား ပြုပြင်ဖို့ လိုနေပြီ…
..အဝေးကြီး မတွေးပါနဲ့ဦး... အနည်းဆုံးတော့ မြင်းကောင်းတစ်ကောင်လောက် အရင်ဝယ်မှ ဖြစ်မယ်... ခရီးသွားတိုင်း ခြေထောက်နှစ်ချောင်းကိုပဲ အားကိုးနေလို့ မဖြစ်ဘူးလေ..
..အာမခံ ဌာန လုပ်ငန်းတွေ တိုးချဲ့လာရင် လူတွေစုရမယ်... မြင်းတွေ ဝယ်ရမယ်..
ပြီးရင် မြင်းလှည်းတွေ၊ အဝတ်အစားတွေ... အကုန်လုံးက ကုန်ကျစရိတ်တွေချည်းပဲ..
လက်ရှိ ရှိနေတဲ့ ငွေ (၄၀၀) ကျော်လောက်နဲ့ကတော့ ရေတစ်စက်လောက်ပဲ ရှိဦးမှာ..
ဆုမို စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သောအခါ အိတ်ကပ်ထဲမှ ငွေစ (၄၀၀) သည် စောစောကလောက် မဆွဲဆောင်နိုင်တော့သလို ခံစားလိုက်ရသည်။
သို့သော် သူသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။
ငွေ (၄၀၀) အပြင်၊ "ဒဏ်ရာခုနစ်ချက် လက်သီး" သိုင်းကွက်သည်လည်း နောက်ထပ် အမြတ်တစ်ခုပင်။
ဒါသည် အလွန် အန္တရာယ်များသော သိုင်းပညာတစ်ခု ဖြစ်သည်။
လူ့ခန္ဓာကိုယ်ကို ဓာတ်ကြီးငါးပါးဖြင့် ခွဲခြားထားသည် - နှလုံးသည် မီး၊ အဆုတ်သည် သတ္တု၊ အသည်းသည် သစ်သား၊ ကျောက်ကပ်သည် ရေ၊ ဘေလုံးသည် မြေကြီး။
ယင်နှင့် ယန် ဓာတ်ကို ပေါင်းစပ်လိုက်သောအခါ၊ ခုနစ်ချက်လုံး ဒဏ်ရာရလျှင် အားလုံး ပျက်စီးသွားမည်။
သူတစ်ပါးကို မထိခိုက်စေမီ မိမိကိုယ်ကို အရင် ထိခိုက်စေခြင်းပင် ဖြစ်၏။
သို့သော် "လုံရှန်း နတ်ဘုရား စွမ်းရည်" ပြီးပြည့်စုံခြင်းအဆင့်ဖြင့် ကာကွယ်ထားသဖြင့် ဆုမိုသည် "ဒဏ်ရာခုနစ်ချက် လက်သီး" ၏ ဘေးထွက်ဆိုးကျိုးကို မခံစားရပေ။
ထို့အပြင် သူသည် ဤလက်သီးသိုင်းကို "မဟာအောင်မြင်ခြင်းအဆင့်" သို့ တိုက်ရိုက် ရောက်ရှိသွားသဖြင့်၊ ပုံမှန်လေ့ကျင့်လျှင် ကိုယ့်ကိုယ်ကို အန္တရာယ်မဖြစ်စေရုံသာမက အတွင်းကလီစာများကိုပါ အားကောင်းစေ၏။
မိုးရွာသော ညတုန်းက အနက်ရောင်ဝတ် လူသည် ဆုမိုကို ဖမ်းဆီးပြီး ယွီလင်းရှင်းကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့သည်။
ထိုနည်းလမ်းက ထိရောက်သည် ဖြစ်စေ မထိရောက်သည် ဖြစ်စေ၊ ဆုမိုအတွက်တော့ စွမ်းရည်ပြသရန် အခွင့်အရေး ရလိုက်ခြင်းပင် ဖြစ်သည်။
"လုံရှန်း နတ်ဘုရား စွမ်းရည်" ၏ အတွင်းအားနှင့် "ဒဏ်ရာခုနစ်ချက် လက်သီး" ၏ စွမ်းအား ပေါင်းစပ်လိုက်သောအခါ ထိုလူကို ချက်ချင်းပင် အမှုန့်ကြိတ်ပစ်လိုက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
..ဒဏ်ရာခုနစ်ချက် လက်သီးက အရမ်း အန္တရာယ်များတယ်... သေရေးရှင်ရေး မဟုတ်ရင် တတ်နိုင်သမျှ မသုံးတာ အကောင်းဆုံးပဲ
..သိုင်းလောကမှာ အာမခံ ပို့ဆောင်တယ် ဆိုတာ ဆက်ဆံရေးက (၇၀) ရာခိုင်နှုန်း၊ သိုင်းပညာက (၃၀) ရာခိုင်နှုန်းပဲ... နောက်နောင်ကျရင် မိတ်ကောင်းဆွေကောင်း ဖွဲ့ဖို့က အရေးကြီးသေးတယ်..
အခု ငါ့မှာ နာမည်ဂုဏ်သတင်း မရှိသေးပေမယ့်... ဘိုးဘေးတွေ စုဆောင်းထားခဲ့တဲ့ ဂုဏ်သတင်းတွေကတော့ ကုန်သလောက် ရှိနေပြီ... ဒါပေမဲ့ ရိုးရိုးယှဉ်ပြိုင်တာလောက်နဲ့ဆိုရင်တော့ ဆက်ဆံရေး တည်ဆောက်လို့ ရနိုင်ပါသေးတယ်။
ငါ့ရဲ့ ဒဏ်ရာခုနစ်ချက် လက်သီးက ထိန်းချုပ်လို့ ရပါတယ်... တစ်ချက်တည်းနဲ့ အသက်မပါသွားအောင် လုပ်လို့ရပါတယ်... ဒါပေမဲ့ သူ့ရဲ့ ပြင်းထန်တဲ့ လက်သီးအားက အတွင်းကလီစာတွေကို တိုက်ရိုက် ထိခိုက်စေတာဆိုတော့... ခံနိုင်ရည် ရှိပါ့မလား..
ဆုမို ခါးသီးစွာ ပြုံးလိုက်ပြီး မော့ကြည့်လိုက်သောအခါ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။
အဝေးမှ မြင်းအမြန်အဖွဲ့တစ်ဖွဲ့ "၁၀ မိုင် ဇရပ်" ဆီသို့ ဒုန်းစိုင်း ဝင်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဆုမို မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီးမှ ပြန်လျော့လိုက်သည်။
`'ငါ သတိကြီးလွန်းနေပြန်ပါပြီ... မြင်းခွာသံ ကြားတိုင်း ပြဿနာ လာရှာတာမှ မဟုတ်တာ'`
`'ယွီလင်းရှင်းက တိတ်တဆိတ် လှုပ်ရှားရမယ့်သူလေ... မဟုတ်ရင် သူ့ရဲ့ လက်စားချေမယ့် စီမံကိန်းကြီး ပျက်စီးသွားမှာပေါ့... ဒါကြောင့် ငါ နှုတ်ပိတ်နေသလို၊ သူလည်း ပါးစပ်ပိတ်ထားမှာ သေချာတယ်'`
`'အဲဒီညက ကိစ္စတွေက လွန်သွားခဲ့ပြီ... သူ ငါ့ကို မသတ်နိုင်ခဲ့သလို၊ ငါ သူ့ကို သတ်လိုက်ရင်လည်း ငါ့အတွက် ပြဿနာတွေ ပိုများလာမှာ... ဒါကြောင့် တစ်နည်းအားဖြင့် ပြောရရင်... ငါ ဘေးဒုက္ခ မရောက်ချင်ရင် ထွက်သွားရုံကလွဲပြီး ရွေးချယ်စရာ မရှိသလို၊ သူလည်း ပြဿနာ မတက်ချင်ရင် ငါ့ကို လွှတ်ပေးလိုက်ရုံပဲ ရှိတယ်... အဲဒီကိစ္စက ပြီးသွားပါပြီ'`
`'ဒါကြောင့် အခု ဒီမှာထိုင်ပြီး လက်ဖက်ရည်သောက်နေရုံနဲ့တော့ ပြဿနာနဲ့ တိုးစရာ အကြောင်း မရှိပါဘူး'`
ထိုသို့ တွေးလိုက်မိသဖြင့် သူ စိတ်သက်သာရာ ရသွားသည်။
သို့သော် ထိုမြင်းစီးအဖွဲ့ ရောက်ရှိလာသောအခါ၊ ဆုမိုသည် စောစောက မထွက်ခွာမိခဲ့သည့်အတွက် နောင်တရသွားလေတော့သည်။
"သံမဏိသွေး အာမခံ ဌာန ပါလား"
မြင်းများ မရောက်မီမှာပင် အလံကို လှမ်းမြင်လိုက်ရသည်။
ကြီးမားသော "သံမဏိသွေး" စာလုံးကြီးကို မြင်လိုက်ရသည်နှင့် လက်ဖက်ရည်ဆိုင်ထဲမှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။
"လော့ရှားမြို့ရဲ့ အဓိက အာမခံ ဌာနကြီး (၃) ခုထဲက တစ်ခုပဲ"
" 'သံမဏိသွေး ယန်ရီဇီ' က တကယ့်ကို ထူးချွန်တဲ့ ပုဂ္ဂိုလ်ပဲ... ဘာမှ မရှိရာကနေ ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တာ... အခုဆိုရင် သံမဏိသွေး အာမခံ အလံ လွှင့်လိုက်တာနဲ့ သိုင်းလောကမှာ ဘယ်သူက မလေးစားဘဲ နေမလဲ"
"ယန်ရီဇီရဲ့ သိုင်းပညာက အထင်ကြီးစရာ ကောင်းတာတော့ မှန်ပါတယ်... ဒါပေမဲ့ သူ့ရဲ့ လူရွေးချယ်မှုကတော့ နှမြောစရာပဲ"
"ဘာကို ဆိုလိုတာလဲ"
"ယန်ရီဇီမှာ သားမရှိဘူးလေ... သမီးတစ်ယောက်တည်း ရှိတာ... ငယ်ငယ်ကတည်းက သည်းသည်းလှုပ် ချစ်ခဲ့ရတာပေါ့... သခင်မလေးယန်က တကယ် တော်ပါတယ်... လှပရုံတင်မကဘူး... ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာလည်း မခေဘူး... ယန်ရီဇီရဲ့ ပညာအမွေ (၇) ပုံ (၁) ပုံလောက် ရထားတယ်လို့ ကြားတယ်"
"နှမြောစရာက... သူ့အိမ်ထောင်ဖက် ရွေးချယ်မှုက မတန်မရာ ဖြစ်နေတာပဲ"
"ရှူး... တိုးတိုးနေ... သူတို့ ရောက်လာပြီ"
စကားဝိုင်းက ဒီနေရာမှာ ရပ်တန့်သွားသည်။ မပြီးဆုံးသေးသော်လည်း မည်သူမျှ ဆက်မပြောရဲကြတော့ပေ။ အကြောင်းမှာ မြင်းစီးအဖွဲ့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း။
ခေါင်းဆောင်မှာ မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။ လှပချောမောပြီး သူမ၏ နူးညံ့သော ရုပ်ရည်နှင့် မလိုက်ဖက်စွာ ငွေရောင်လှံတံကြီးကို ကိုင်ဆောင်ထား၏။ မြင်းကို ရပ်တန့်လိုက်ပြီး ဆင်းသက်လိုက်ပုံမှာ သူရဲကောင်းဆန်သော ကျက်သရေမျိုး ရှိနေ၏။
"ဦးလေးဝမ်... ဦးလေးလီ... ဒီခရီးစဉ်မှာ ပင်ပန်းခဲ့ကြပါပြီ... အိမ်ပြန်ရောက်ပြီ ဆိုတော့... ဆင်းပြီး လက်ဖက်ရည်လေး ဘာလေး သောက်ကြပါဦး"
မိန်းမပျိုလေးက နောက်လှည့်ပြီး သူမနောက်မှ လူများကို ပြောလိုက်သည်။
"သခင်မလေး အမိန့်အတိုင်းပါ"
ထိုစကားပြောပြီးနောက် လူတိုင်း မြင်းပေါ်မှ ဆင်းကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ရောက်လာကြသည်။
ခဏတာအတွင်း လူအများ၏ အကြည့်များက သူတို့ဆီသို့ ရောက်ရှိလာကြသည်။
ဆုမိုသည် ဘောင်းဘီထဲ ခေါင်းဝှက်ထားချင်စိတ် ပေါက်သွားသည်။
သို့သော် ထိုသို့ လုပ်လိုက်မှ လူပုံအလယ်တွင် ပိုပြီး ထင်းနေမည် မဟုတ်ပါလော။
ခေါင်းဆောင် မိန်းမပျိုလေးသည် မျက်လုံးကစားပြီး နေရာလွတ် ရှာဖွေနေစဉ် သူမ၏ အကြည့်က ဆုမိုအပေါ်သို့ ကျရောက်သွား၏။
သူမ၏ မျက်လုံးများက သူ့အပေါ်တွင် စူးစိုက်သွားပြီး ရုတ်တရက် အော်ဟစ်လိုက်လေ၏။
"ဆုမို"
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
`'မှတ်မိရင်လည်း ပြီးတာပဲကို... ဘာလို့ အဲဒီလောက် အကျယ်ကြီး အော်ခေါ်နေရတာလဲ'`
"ဆုမို" ဆိုသော အသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လူအများသည် ဟိုကြည့်ဒီကြည့် လုပ်လာကြပြီး တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာပြန်သည်။
"ဪ... သူက ဆုမို လား"
"ဆုမို ဆိုတာ ဘယ်သူလဲ... ဘယ်မိသားစုက သူရဲကောင်းလေးလဲ... ငါ တခါမှ မကြားဖူးပါလား"
"တိုးတိုးနေစမ်းပါ... ပါးစပ်သရမ်းရင် ဒုက္ခရောက်တတ်တယ်... သူက သူရဲကောင်းလေး မဟုတ်ပါဘူး... ဟို... နာမည်ပျက်နေတဲ့ ကောင်လေ"
ဆုမိုသည် "လုံရှန်း နတ်ဘုရား စွမ်းရည်" ကို ရရှိပြီးကတည်းက အာရုံခံစားမှုများ အလွန် ထက်မြက်လာခဲ့သည်။ ထို့ကြောင့် သူတို့ တိုးတိုးလေး ပြောနေကြသော်လည်း ရှင်းလင်းစွာ ကြားနေရသဖြင့် ပြောနေသူများကို ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။
သို့သော် မိန်းမပျိုလေးကမူ ခြေလှမ်းကျဲကျဲဖြင့် ရောက်ရှိလာပြီး ဆုမို၏ ပခုံးကို အားပါပါ ရိုက်ချလိုက်၏။ ပြင်းထန်သော အားတစ်ခု ပခုံးပေါ် ကျရောက်လာပြီး လန်းဆန်းသော ရယ်သံတစ်ခုပါ ပါလာလေ၏။
"နင် ဒီမှာ ဘာလုပ်နေတာလဲ... ဒီရက်ပိုင်း အိမ်မှာ သိုင်းလေ့ကျင့်နေတယ် ကြားလို့ ငါ ဝမ်းသာနေတာ... ဒီနေ့ကျမှ ဘာလို့ လေ့ကျင့်တာ ရပ်လိုက်တာလဲ... အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီး ပြည့်တန်ဆာအိမ် သွားမလို့လား"
--
အခန်း (၁၇) - ယန်ရှောင်ယွင်
~မိန်းကလေး တစ်ယောက် ဖြစ်သည်မှာ သေချာသော်လည်း၊ သူမ၏ စကားပြောပုံ၊ အနေအထိုင်နှင့် အပြုအမူ အားလုံးသည် "သံမဏိသွေးနဂါးလှံ" ဟု နာမည်ကျော်ကြားသော ယန်ရီဇီနှင့် တစ်ထပ်တည်း တူညီနေ၏။
သူမ၏ အကြည့်များ ရွေ့လျားသွားသောအခါ နွေးထွေးမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသော်လည်း၊ ပိုမို လွှမ်းမိုးထားသည်မှာကား သူမ၏ အရိုးထဲမှ စိမ့်ထွက်လာသော ကြီးမြတ်ခမ်းနားသည့် အရှိန်အဝါ ပင် ဖြစ်၏။
ဆုမို၏ နှုတ်ခမ်းများ တွန့်သွားပြီး၊ ယနေ့ သူ ကံဆိုးမိုးမှောင် ကျနေပြီဟု ခံစားလိုက်ရသည်။
`'ဘာလို့ ဒီမိန်းမနဲ့မှ လာတိုးရတာလဲ'`
သူမ၏ အမည်မှာ ယန်ရှောင်ယွင် ဖြစ်သည်။
သူမသည် ဆုမိုထက် အသက် (၂) နှစ် ကြီး၏။
သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသူများ ဖြစ်ကြသည်။ ထိုအချိန်က "သံမဏိသွေး အာမခံ ဌာန" သည် ယခုကဲ့သို့ အင်အားမကြီးမားသေးသလို၊ "ဇီယန် အာမခံ ဌာန" သည်လည်း ယခုကဲ့သို့ ကျဆင်းခြင်း မရှိသေးပေ။
ယန်ရီဇီနှင့် ဆုမို၏ ဖခင်တို့သည် သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။
ရှေးထုံးစံအတိုင်း ရင်းနှီးမှုအပေါ် ရင်းနှီးမှု ထပ်ဆင့်လိုကြသဖြင့်၊ ဆုမို ငယ်စဉ်ကတည်းက လက်ထပ်ရန် စေ့စပ်ထားသော ဇနီးလောင်းတစ်ဦး ရှိခဲ့၏။ ထိုသူမှာ ဤ ယန်ရှောင်ယွင်ပင် ဖြစ်၏။
သို့သော်... ဤလက်ထပ်ပွဲနှင့် ပတ်သက်၍မူ၊ ဆုမိုက ပြန်လည်၍ ကမ္ဘာ မကူးပြောင်းမီကရော ၊ ကူးပြောင်းပြီးနောက်ပါ အတော်လေး ငြင်းဆန်ချင်ခဲ့ပါ၏။
အဓိက အကြောင်းရင်းမှာ ယန်ရှောင်ယွင်သည် သာမန် မိန်းကလေးများကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း၊ စာနာနားလည်ခြင်း မရှိဘဲ၊ မိန်းမဆန်သော အလှဆင်ပစ္စည်းများထက် သိုင်းဝတ်စုံများကို ပိုမို နှစ်သက်သောကြောင့် ဖြစ်သည်။
သူမသည် အိမ်မှုကိစ္စများကို စိတ်မဝင်စားသလို၊ ကြင်နာမှုနှင့် ဂရုစိုက်မှုကို ပြသရန်လည်း ဝန်လေး၏။
ဓားများ၊ လှံများ၊ သံချွန်များ အကြောင်း ပြောလိုက်သည်နှင့် သူမ၏ မျက်လုံးများ အရောင်တောက်လာတတ်သည်။
သူမသည် ငယ်စဉ်ကတည်းက လမ်းမများပေါ်တွင် ဗိုလ်ကျစိုးမိုးခဲ့သူ ဖြစ်ပြီး၊ သူမ၏ ဖြူနုသော လက်သီးလေးများကြောင့် ကလေးအများအပြား ခေါင်းငုံ့ဝန်ခံခဲ့ကြရကာ၊ သူတို့၏ သကြားလုံးများကို 'ကြည်ကြည်ဖြူဖြူ' ဆက်သခဲ့ကြရသည်။
ထို့နောက်တွင် ယန်ရှောင်ယွင်သည် ထိုသကြားလုံးများကို ဆုမိုနှင့် မျှဝေစားသောက်လေ့ ရှိသည်။ နှစ်ယောက်သား မြိန်ရေရှက်ရေ စားသောက်ခဲ့ကြသည်။
သို့သော် သူတို့၏ ဆက်ဆံရေးသည် အမြဲတမ်း သာယာချိုမြိန်နေသည်ကား မဟုတ်ချေ။
သူမသည် ဆုမိုထက် (၂) နှစ်ကြီးပြီး စေ့စပ်ထားသူ ဖြစ်သောကြောင့်၊ ယန်ရှောင်ယွင်သည် အသုံးမကျသော သူမ၏ အနာဂတ် ခင်ပွန်းလောင်းကို ထိန်းကျောင်းရမည်မှာ သူမ၏ တာဝန်ဖြစ်သည်ဟု အမြဲ ခံယူထား၏။
ထို့ကြောင့် ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ရန် တိုက်တွန်းသော ကိစ္စတွင် ယန်ရှောင်ယွင်သည် ဆုမို၏ မိဘများထက်ပင် ပို၍ ဂရုစိုက်ခဲ့၏။
သို့သော် ဆုမို စကားနားမထောင်သော အခါများတွင်မူ ယန်ရှောင်ယွင်သည် သူ့ကို တကယ်ပင် ရိုက်နှက်တတ်၏။
ထို့ကြောင့် ဆုမိုသည် ယန်ရှောင်ယွင်ကို အလွန် ကြောက်ရွံ့ခဲ့ပြီး၊ သူမကို မြင်လိုက်သည်နှင့် ထွက်ပြေးချင်စိတ် ပေါက်လာသည်အထိ ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် ဆုမိသားစု ကျဆင်းလာခဲ့သည်။ ဆုမို၏ ဖခင်သည် သိုင်းလောက ခရီးလမ်းတွင် အသတ်ခံလိုက်ရပြီး၊ မိခင်ဖြစ်သူလည်း စိတ်ထိခိုက်ကာ ကွယ်လွန်သွားခဲ့သည်။ ကြီးကျယ်ခမ်းနားခဲ့သော အာမခံ ဌာနကြီးသည်လည်း ပြိုလဲပျက်စီးသွားခဲ့ရ၏။
သဘာဝကျစွာပင် ဤအဖြစ်အပျက်များသည် သူတို့၏ စေ့စပ်ထားမှုအပေါ် ကြီးမားသော သက်ရောက်မှု ရှိစေခဲ့သည်။
ထို့အပြင် ဆုမိုသည်လည်း အသုံးမကျသော သားဆိုးသားမိုက် တစ်ယောက် ဖြစ်ခဲ့သည်။ ဘဝကို တိုးတက်အောင် မကြိုးစားဘဲ အပျော်အပါး လိုက်စားကာ မိသားစု စည်းစိမ်ကို ဖြုန်းတီးပစ်ခဲ့၏။
ယန်ရီဇီသည် ထိုကဲ့သို့သော သိက္ခာမဲ့ လူငယ်တစ်ယောက်နှင့် သူ့သမီးကို မပတ်သက်စေလိုတော့ပေ။
ဒါသည် မူလဆုမိုအတွက် အကြိုက်တွေ့စရာ ဖြစ်သွားခဲ့သည်။ သူသည် နေ့စဉ်နှင့်အမျှ ပန်းပွင့်များကြားတွင် ပျော်ပါးရင်း ဘဝကို ဖြတ်သန်းခဲ့သည်။
သို့သော် "သံမဏိအမျိုးသမီး" သတင်းကြားသွားသောအခါ၊ သူမသည် ပြည့်တန်ဆာအိမ်သို့ တန်းတန်းမတ်မတ် ဝင်သွားပြီး၊ သူ့ကို ဆွဲထုတ်ကာ လမ်းလယ်ခေါင်တွင် အသေအလဲ ရိုက်နှက်ခဲ့လေတော့သည်။
ထိုဖြစ်ရပ်သည် အတော်လေး ဂယက်ရိုက်သွားခဲ့သည်။
လော့ရှားမြို့တစ်မြို့လုံးတွင် "သံမဏိအမျိုးသမီး" သည် နွေဦးရာသီ၏ လှပမှုများကိုပင် မှေးမှိန်သွားစေလောက်အောင် သူမ၏ ခင်ပွန်းလောင်းကို ဒေါသတကြီး ရိုက်နှက်ဆုံးမခဲ့ကြောင်း သတင်းကြီးသွားခဲ့သည်။ ယနေ့ထက်တိုင် ထိုအကြောင်းကို ပြောမဆုံးနိုင်အောင် ရှိနေကြဆဲ ဖြစ်သည်။
ထိုကိစ္စကြောင့် ဆုမို၏ ဂုဏ်သတင်းသည်လည်း ကျော်ကြားသွားခဲ့သော်လည်း၊ ကောင်းသော ကျော်ကြားမှုတော့ မဟုတ်ချေ။
နောက်ပိုင်းတွင် ထိုကိစ္စကြောင့် ယန်ရှောင်ယွင်သည် ယန်ရီဇီ၏ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီး၊ သားအဖနှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန် စကားများခဲ့ကြသည်ဟု ဆိုကြသည်။
အသေးစိတ်ကိုတော့ ဆုမိုပင် မသိရှိရပေ။ သို့သော် ထိုအချိန်မှစ၍ သူတို့နှစ်ဦး တွေ့ဆုံခြင်း နည်းပါးသွားခဲ့သည်။
ယခု ဆုမို ဝင်စားပြီးနောက်တွင် သူသည် အနေအထိုင် ဆင်ခြင်ပြီး လူများနှင့် အဆက်အဆံ နည်းပါးအောင် နေထိုင်ခဲ့သည်။
မထင်မှတ်ဘဲ... နောက်တစ်ကြိမ် ပြန်ဆုံတွေ့ရသည်မှာ ဒီလို အခြေအနေမျိုး ဖြစ်နေရ၏။
လူပုံအလယ်တွင် "အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီး ပြည့်တန်ဆာအိမ် သွားမလို့လား" ဟု အမေးခံလိုက်ရသောအခါ... ဆုမို မျက်နှာပူလွန်းသဖြင့် ဘယ်နားသွားထားရမှန်း မသိအောင် ဖြစ်သွားရသည်။
သူ ရုန်းကန်နေပြီး ဘယ်လို ပြန်ဖြေရမှန်း မသိဖြစ်နေစဉ်မှာပင်၊ ယန်ရှောင်ယွင်သည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်၏။
"ထိုင်လေ"
"..."
ဆုမို ငြင်းဆန်၍ မရတော့သဖြင့် ဝင်ထိုင်လိုက်ရသည်။ သံမဏိသွေး အာမခံ ဌာနမှ အခြား အာမခံ ဝန်ထမ်းများကို ရံဖန်ရံခါ လှမ်းကြည့်လိုက်မိသည်။
လူတိုင်းကလည်း သူ့ကို တရိုတသေ ခေါင်းညိတ်ပြကြသည်။
လေးစားလို့တော့ မဟုတ်... လေးစားတယ် ဆိုရင်တောင် ဆုမိုရဲ့ ဖခင် မျက်နှာကြောင့်သာ ဖြစ်လိမ့်မည်။ အထင်သေးလို့လည်း မဟုတ်... အထင်သေးရင်တောင်မှ ဘာကိစ္စ အပြင်ထုတ်ပြပြီး သခင်မလေး စိတ်ငြိုငြင်အောင် လုပ်မလဲ။
ဒီအဆင့်ထိ ရောက်လာတသည့် လူတွေဆိုတာ သိုင်းပညာ မကောင်းလျှင်တောင် အနည်းဆုံးတော့ စိတ်လိုက်မာန်ပါ မလုပ်တတ်ကြတော့ပေ။ ခံစားချက်ကို မျက်နှာပေါ်မှာ ဖော်ပြတတ်သူတွေက သိုင်းလောကမှာ အသက်တိုတတ်ကြသည်လေ။
"နင် ဒီရက်ပိုင်း နေကောင်းရဲ့လား"
ထိုင်ပြီးနောက် ယန်ရှောင်ယွင်သည် ဆုမိုကို ကြည့်လိုက်သည်။ သူမ၏ လေသံသည် အနည်းငယ် ပျော့ပျောင်းသွားပြီး ဂရုစိုက်သော ပုံစံ ပေါက်နေသည်။
"ကျွန်တော်... နေကောင်းပါတယ်"
"ကောင်းတယ်... ကောင်းတာပေါ့"
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အစ်မကြီးတစ်ယောက်လို၊ မိခင်တစ်ယောက်လို မျက်နှာထားမျိုး လုပ်လိုက်ပြီး ပြော၏။
"ငါ ဒီရက်ပိုင်း အိမ်ကနေ ခွဲခွာနေရတာ... မကြာသေးမီ နှစ်တွေအတွင်းမှာ ဖေဖေက အာမခံ ဌာနကိစ္စတွေကို ငါ့ကို လွှဲပေးထားတာ များတယ်လေ... ငါ ဟိုပြေးဒီပြေးနဲ့ အလုပ်ရှုပ်နေတာမို့လို့ နင့်ကို နည်းနည်း လစ်လျူရှုမိသလို ဖြစ်သွားတယ်... စိတ်မရှိပါနဲ့နော်"
"ရပါတယ်... ဘာမှ မဖြစ်ပါဘူး"
ဆုမို ခေါင်းကို အမြန် ခါလိုက်သည်။
"အင်း..."
ယန်ရှောင်ယွင် တွန့်ဆုတ်သွားပြီး ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားပုံ ရသည်။ သူမသည် စားပွဲကို ရုတ်တရက် ရိုက်လိုက်လေ၏။
"စားပွဲထိုး... လက်ဖက်ရည် ချကွာ"
လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးသည် အဆင်သင့် စောင့်နေသည်မှာ ကြာပြီဖြစ်သဖြင့် ခေါ်သံကြားသည်နှင့် ပန်းကန်လုံးကြီးများဖြင့် လက်ဖက်ရည် လာချပေး၏။
ယန်ရှောင်ယွင်သည် အခွင့်ကောင်းယူပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံ ရသည်။ ပြုံးလိုက်ပြီး ပြော၏။
"နင် ဒီနှစ်တွေအတွင်း အများကြီး ပြောင်းလဲသွားတယ်လို့ ငါ ကြားတယ်... ပြည့်တန်ဆာအိမ် သွားတာ နည်းသွားပြီး သိုင်းပညာကို ပိုအာရုံစိုက်လာတယ် ဆိုပဲ... ကောင်းပါတယ်... သိုင်းလောကရဲ့ အခက်အခဲတွေက လူတစ်ယောက်ကို ထက်မြက်လာအောင် သွေးပေးနိုင်တာပေါ့... နင်က ဇီယန် အာမခံ ဌာနရဲ့ တာဝန်ကို ပခုံးပြောင်းယူရမယ့်သူပဲ... အတွေ့အကြုံများများယူပြီး ကြိုးကြိုးစားစား လေ့ကျင့်သင့်တာပေါ့"
"နင့်မိသားစုက သိုင်းပညာ သမိုင်းကြောင်း နက်ရှိုင်းတယ်... ဇီယန်ဂိုဏ်းရဲ့ သိုင်းပညာတွေက သာမန်ကာလျှံကာ မဟုတ်ဘူး... လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နင့်ဂိုဏ်းက တပည့်တွေ သိုင်းလောကထဲ ဝင်လာတာ နည်းပေမယ့်... နာမည်ကောင်း ကျန်ရစ်နေတုန်းပဲ"
"အခု နင့်လက်ထဲ ရောက်နေပြီဆိုတော့... ဒီဂုဏ်သတင်းကို ညှိုးနွမ်းအောင် မလုပ်မိစေနဲ့"
သူတို့နှစ်ဦးကြားက စကားဝိုင်းက အနည်းငယ် ထူးဆန်းနေသော်လည်း ယန်ရှောင်ယွင်၏ စကားများက အဖိုးတန်၏။ ဆုမိုသည် အမှားအမှန် မခွဲခြားတတ်သူ မဟုတ်သဖြင့် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့"
ဒီတုံ့ပြန်မှုက ယန်ရှောင်ယွင်ကို အနည်းငယ် အံ့အားသင့်သွားစေပုံ ရသည်။ ဆုမိုကို ကြည့်သော သူမ၏ အကြည့်များ ပြောင်းလဲသွားပြီး၊ ဘာမှ မရှိရာကနေ တောက်ပမှုတစ်ခု ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။
သူမ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး နူးညံ့စွာ ပြုံးလိုက်မိသည်။
"နင် တကယ် ပြောင်းလဲသွားတာပဲ... ငါ သိသားပဲ... ဦးလေးဆုက ထူးချွန်တဲ့ သူရဲကောင်း တစ်ယောက်လေ... နင်ကလည်း သာမန်လူ ဖြစ်လာမှာ မဟုတ်ပါဘူး"
"ကဲ... နင် အားရင် ငါ့အိမ်ကို လာလည်ပါလား"
"ဦးလေးဆု ရှိတုန်းကဆိုရင် ငါတို့မိသားစုတွေ မကြာခဏ တွေ့ဖြစ်ကြတယ်... ဘယ်လိုဖြစ်ပြီး တစ်ညတည်းနဲ့ အရာရာ ပြောင်းလဲသွားရတာလဲ မသိပါဘူး"
"လူတွေက ဒီလူတွေပဲ... မြို့ကလည်း ဒီမြို့ပဲ... အရာရာက အတူတူပဲလို့ ထင်ရပေမယ့်... အရာရာက ကွဲပြားသွားသလိုပါပဲ"
"နင်သာ မကြာခဏ လာလည်မယ်ဆိုရင်... ဖေဖေ ဝမ်းသာမယ်လို့ ငါ ထင်တယ်"
ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ သူ ယန်ရီဇီကို သတိရလိုက်မိသည်။
အပြုံးနည်းပြီး စကားနည်းသော ထိုလူကြီးသည် ဆုမိသားစု အဖြစ်ဆိုး ကြုံပြီးနောက် နာရေးအခမ်းအနားတွင် တစ်ကြိမ်သာ ပေါ်လာခဲ့ပြီး၊ ထို့နောက်ပိုင်း ဆုမိသားစု အိမ်သို့ ခြေတစ်လှမ်းမျှပင် မချတော့ပေ။
လူတွေပြောကြတာကတော့ ယန်ရီဇီက ဆုမိသားစုနဲ့ ဆက်ပြီး မပတ်သက်ချင်တော့ဘူးတဲ့။
ယန်ရှောင်ယွင်နဲ့ ဆုမိုကြားက ဆက်ဆံရေးကိုတောင် ကန့်သတ်ထားခဲ့သည်။
အောင်သွယ်တော်တချို့က ယန်ရှောင်ယွင်အတွက် သတို့သားလောင်းတွေ လာကမ်းလှမ်းကြပေမယ့်...
ထူးဆန်းတာက ယန်ရီဇီက ဘယ်သူ့ကိုမှ လက်မခံခဲ့ဘူး။
ဆုမိုနဲ့ ယန်ရှောင်ယွင်ကြားက စေ့စပ်ထားတဲ့ ကိစ္စကိုလည်း ဘယ်တော့မှ ထုတ်မပြောတော့ဘူး။
ဒါက လူအများကြီးကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
အခု ယန်ရှောင်ယွင် ပြောတာကို ကြားလိုက်ရတော့ ဆုမို ဘယ်လို ပြန်ပြောရမှန်း မသိတော့ပေ။ နောက်ဆုံးတော့ သူ ပြောနိုင်တာက...
"အချိန်ရရင် ကျွန်တော် သေချာပေါက် လာလည်ပါ့မယ်"
"ဒါဆို သဘောတူပြီနော်... ငါ ခဏလောက်တော့ အိမ်မြဲနေဦးမှာ... နင် အာမခံ ဌာနကို လာခဲ့ရင် ငါ ကိုယ်တိုင် နင့်သိုင်းပညာကို ကြီးကြပ်ပေးမယ်"
"..."
အခန်း (၁၈) - အိမ်ပြန်ချိန်
~ပါးစပ်က ပြောထွက်ပြီးပြီးချင်းမှာပင် ဆုမို တစ်ယောက် နောင်တရသွားမိ၏။
'ငါ ဘယ်လိုဖြစ်ပြီး စိတ်ကူးပေါက်ရာ ကောက်ကတိပေးလိုက်မိတာပါလိမ့်'
သူ့စိတ်ထဲတွင် ငြင်းပယ်စကား ဆိုချင်သော်လည်း၊ ယန်ရှောင်ယွင်၏ မျက်နှာပေါ်တွင် ဖြာဝေသွားသော ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များကို မြင်လိုက်ရသည့်အခါ စကားကို ပြန်ရုတ်သိမ်းရန် ခက်ခဲသွားတော့သည်။
နောက်ဆုံးတွင် သူသည် ခါးသက်သက် အပြုံး တစ်ချက်ဖြင့်သာ ခေါင်းညိတ်လိုက်ရလေ၏။
'ထားလိုက်ပါတော့လေ... နောက်မှ အားတဲ့ အချိန်ကျမှပဲ သွားလည်ပြီး ကိစ္စဖြတ်လိုက်တော့မယ်'
ထို့နောက် ဆက်လက်ပြောဆိုကြသည့် စကားဝိုင်းသည်ကား ခေါင်းစဉ်ရှာ၍ ပြောနေရသည့် စကားဝိုင်းတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့နှစ်ဦးကြားတွင် ထိတွေ့ဆက်ဆံမှုဟူ၍ ကြီးကြီးမားမား မရှိခဲ့ပေ။ ဆုမို ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း၊ အတိတ်က မှတ်ဉာဏ်များမှလွဲ၍ လက်တွေ့တွင် သူတို့ကြား၌ မည်သည့် ဆက်နွယ်မှုမျှ မရှိခဲ့ချေ။
ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသည့် ကစားဖော်၊ ကစားဖက်များဟု ဆိုခြင်းထက်၊ "ရင်းနှီးသယောင်ရှိသော်လည်း စိမ်းသက်နေသူများ" ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
သို့သော် ယန်ရှောင်ယွင်က ဆုမို အပေါ် အမှန်တကယ် စိတ်ပူနေကြောင်းကိုမူ ထင်ရှားစွာ မြင်တွေ့နေရ၏။
သူမသည် သိုင်းလောကထဲတွင် ခရီးသွားလာခဲ့ရပုံများနှင့် ကုန်ပစ္စည်းပို့ဆောင်ခဲ့ရသည့် အတွေ့အကြုံများကို သူ့အား ဖောက်သည်ချ ပြောပြနေသည်။
ကံဆိုးသည်မှာ သူမ၏ စကားပြောစွမ်းရည်က သာမန်အဆင့်သာ ရှိပြီး၊ ဇာတ်ကြောင်းပြန်ပြပုံမှာ ရိုးရှင်းလွန်းနေခြင်းပင်။ ထို့အပြင် "သံမဏိသွေး" အာမခံဌာန ၏ အခြေအနေနှင့် ဆုမို ၏ ကျဆုံးလုနီးပါး ဖြစ်နေသော "ဇီယန်" အာမခံဌာန တို့၏ အခြေအနေမှာ မိုးနှင့်မြေလို ကွာခြားနေ၏။
အပြင်လောကတွင် သူမ သွားလာလှုပ်ရှားသည့်အခါ တောကြီးမြက်မဲ ဂိုဏ်းသားများက သူမကို မျက်နှာသာ မပေးဘဲ နေပါ့မလား။
အမှန်စင်စစ် ဤမျက်နှာသာပေးမှုသည် "သံမဏိသွေး" အာမခံဌာန ကြောင့်၊ သို့မဟုတ် သူမ၏ဖခင် ယန်ရီဇီကြောင့် ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ယန်ရီဇီ ချမှတ်ပေးခဲ့သော အခြေခံအုတ်မြစ်များနှင့် ယန်ရှောင်ယွင် ကိုယ်တိုင်၏ ထူးချွန်သော စွမ်းရည်များကြောင့် သူမ၏ ခရီးလမ်းမှာ ဖြောင့်ဖြူးချောမွေ့နေခဲ့သည်။
ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေရင်းဖြင့် ဆုမို ၏ ယန်ရှောင်ယွင်အပေါ် ထားရှိသော အမြင်များမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ယခင်က သူ့မှတ်ဉာဏ်ထဲရှိ ယန်ရှောင်ယွင်၏ ပုံရိပ်မှာ အကြမ်းဖက်လိုစိတ် ရှိသူ၊ ကြောက်ရွံ့ဖွယ်ကောင်းသူ တစ်ဦးအဖြစ်သာ စိုးမိုးနေခဲ့သည်။
ယခုအခါတွင်မူ ယန်ရှောင်ယွင်၏ သူ့အပေါ်ထားရှိသော စေတနာမှာ ဟန်ဆောင်မှုကင်းပြီး ရိုးသားဖြူစင်ကြောင်း တွေ့မြင်လာရ၏။
ထို့ပြင် သူမသည် ဆုမို အပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိနေပုံလည်း ရသည်။
ကျား၊ မ အချစ်မေတ္တာ ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ စောင့်ကြည့်ရပေဦးမည်။
ငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့ကြသည့် သံယောဇဉ်ကြောင့် ဖြစ်ပေါ်လာသော အကျင့်တစ်ခုဟု ဆိုလျှင် ပိုမှန်ကန်ပေလိမ့်မည်။
'ဒီလိုဖြစ်နေတာကလည်း ကောင်းပါတယ်လေ... ပြဿနာ အများကြီး သက်သာတာပေါ့'
သူတို့နှစ်ဦး လက်ဖက်ရည်သောက်ရင်း စကားလက်ဆုံကျနေစဉ်မှာပင် နေလုံးကြီးသည် အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ ဝင်ရောက်သွားတော့၏။ ထိုစဉ် သံမဏိသွေး အာမခံဌာန မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး သတိပေးလိုက်သည်။
"သခင်မလေး... အချိန်ဆွဲလို့ မရတော့ဘူးဗျ... ကျွန်တော်တို့ ပြန်မှ ဖြစ်တော့မယ်"
"ကောင်းပြီ... ဆုမို... နင်လည်း ငါတို့နဲ့အတူ ပြန်လိုက်ခဲ့လေ"
ဆုမို အတွက်လည်း အဆင်ပြေသွား၏။
သာမန်အားဖြင့်ဆိုလျှင် ဆုမို သည် ခြေကျင်လျှောက်ရသည်ကို ကျင့်သားရနေသူ ဖြစ်သည်။ သို့သော် ယခု သံမဏိသွေး အာမခံဌာန မှ လူများနှင့်အတူ ပြန်လိုက်သွားပါက အနည်းဆုံးတော့ မြင်းစီးခွင့်ရမည် မဟုတ်ပါလော။
သံမဏိသွေး အာမခံဌာန မှ သိုင်းပညာရှင်များကလည်း ကန့်ကွက်ခြင်း မရှိကြပေ။ ဆုမို စီးနင်းလိုက်ပါနိုင်ရန်အတွက် သူတို့ထဲမှ နှစ်ဦးက မြင်းတစ်ကောင်တည်းကို အတူစီးကာ နေရာဖယ်ပေးကြသည်။
ထို့နောက် သူသည် ထိုအဖွဲ့နှင့်အတူ လော့ရှားမြို့ဆီသို့ ပြန်လာခဲ့လိုက်သည်။ မြို့တံခါးဝသို့ ရောက်သည့်အခါတွင်မူ လူစုခွဲကာ ကိုယ့်လမ်းကိုယ် ဆက်ခဲ့ကြ၏။
"ငါ့ဆီ လာလည်ဖို့ မမေ့နဲ့နော်"
ယန်ရှောင်ယွင်က မထွက်ခွာမီ လက်လှမ်းပြရင်း ဆုမို ကို ထပ်မံ သတိပေးလိုက်သေး၏။
ဆုမို မှာ ခေါင်းညိတ်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။ ထို့နောက် သူသည် ဇီယန် အာမခံဌာန ရှိရာ လမ်းသို့ ဦးတည်ပြန်လာခဲ့လိုက်သည်။
...
...
ဇီယန် အာမခံဌာန ၏ တည်နေရာသည် လူသူကင်းမဲ့သော နေရာမျိုးမဟုတ်ဘဲ၊ လော့ရှားမြို့၏ အဓိက လမ်းမကြီးတစ်ခုပေါ်တွင် တည်ရှိသည်။
လူစည်ကားချိန်များတွင် ထိုဂိတ်တံခါးဝ၌ မြင်းရထားများ ဝင်ထွက်သွားလာနေကြပြီး အလွန်တရာ သက်ဝင်လှုပ်ရှားနေတတ်၏။
သို့သော် ယခုအချိန်သည် မိုးမချုပ်သေးသလို၊ ညဈေးတန်းလည်း မခင်းကျင်းရသေးသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
အာမခံဌာန ၏ ဂိတ်တံခါးဝ၌ ရပ်တန့်လိုက်ရင်း ဆုမို မော့ကြည့်လိုက်သည်။ ဂိတ်တံခါးထက်တွင် "ဇီယန် အာမခံဌာန" ဟူသော စာလုံးကြီးလေးလုံး ရေးထိုးထားသည့် ဆိုင်းဘုတ်ကြီးတစ်ခု မြင့်မားစွာ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။
စာလုံးများသည် ရှေးဟောင်းဆန်သော်လည်း ထည်ဝါသော လက်ရေးမွန်များ ဖြစ်သည်။
ရှေးယခင်က မိသားစုဘိုးဘေးတစ်ဦးဖြစ်သူ ဆုချန်ယွီ ကိုယ်တိုင် ဇီယန်ဂိုဏ်းသို့ သွားရောက်ကာ ဤဆိုင်းဘုတ်ကို တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြသည်။
ဤဆိုင်းဘုတ် ချိတ်ဆွဲထားသရွေ့ ဇီယန် အာမခံဌာန သည် ဇီယန်ဂိုဏ်း၏ အစောင့်အရှောက်အောက်တွင် ရှိနေသည်ဟု ယုံကြည်ထားကြ၏။
ကိုယ့်လူကိုယ် ပြန်လည်စောင့်ရှောက်ခြင်းတွင် ရှုပ်ထွေးမှုများ ရှိကောင်းရှိနိုင်သည်။
သေးမွှားသော ကိစ္စရပ်များဖြင့် ဂိုဏ်းတော်ကို ဒုက္ခပေးခြင်းမှာ မသင့်လျော်ပေ။
သို့သော် ဖြေရှင်း၍မရနိုင်သော မကျေနပ်ချက်ကြီးများ (သို့မဟုတ်) မိသားစုတစ်ခုလုံး၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာသည့် အန္တရာယ်မျိုးနှင့် ကြုံတွေ့ရပါက ဇီယန်ဂိုဏ်းသည် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
သို့သော် ထိုကတိကဝတ်သည် ဆုချန်ယွီ လက်ထက်ကသာ အသုံးဝင်ခဲ့ခြင်း ဖြစ်သည်။
ဆုမို အတွက်မူကား ဇီယန်ဂိုဏ်းနှင့် ဆက်သွယ်မှုမှာ အလွန်တရာ ရှားပါးလှ၏။ အတိအလင်း ရန်လိုမုန်းတီးမှု မရှိသော်လည်း၊ ဂိုဏ်းတော်သည် သူ့အား အရည်အချင်းမရှိသော ဆုမိသားစု၏ မျိုးဆက်တစ်ယောက်အဖြစ် သဘောထားကာ အထင်အမြင်သေးနေကြပုံရသည်။
ထို့ကြောင့် ဤဆိုင်းဘုတ်ကြီးသည် အမည်ခံ သက်သက်သာ ကျန်ရှိတော့၏။
ဆုမို သည် ခြံတံခါးဝသို့ လျှောက်သွားလိုက်ပြီး တံခါးခေါက်ကွင်းကို ကိုင်ကာ ခေါက်လိုက်သည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက် ခြံတံခါးမကြီးထဲမှ တံခါးပေါက်ငယ်လေး ပွင့်ဟလာပြီး မှုန်ဝါးနေသော မျက်ဝန်းအိုကြီးတစ်စုံ ပေါ်လာလေ၏။
တံခါးစောင့်အဘိုးအိုသည် မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းရန် ပြင်လိုက်သော်လည်း၊ ဆုမို ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းများတွင် အံ့ဩဝမ်းသာရိပ်တို့ဖြင့် လက်ခနဲ တောက်ပသွားတော့သည်။
"သခင်လေး... သခင်လေး ပြန်ရောက်လာပြီပဲ!"
တံခါးရွက်ကြီး ပွင့်ဟသွားသည်နှင့် အသက်ကြီးရင့်နေပြီဖြစ်သော အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။
ဦးလေးဖူ။
ဦးလေးဖူသည် အသက်အရွယ် အတော်ကြီးရင့်နေပြီဖြစ်ပြီး ယခုနှစ်တွင် အနည်းဆုံး အသက် (၆၀) ကျော်ပြီဖြစ်သည်။
ဆုမို အမှတ်ရနေသမျှ ကာလတစ်လျှောက်လုံးတွင် ဦးလေးဖူသည် အာမခံဌာန ၌ အမြဲတစေ အလုပ်လုပ်နေခဲ့သူ ဖြစ်သည်။
ကောလဟာလများအရ သူသည် ငယ်ရွယ်စဉ်က ဒုက္ခရောက်နေသူ တစ်ဦး ဖြစ်ပြီး ဆုမို ၏ အဘိုးဖြစ်သူက ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထိုအချိန်မှစ၍ သူသည် အာမခံဌာန တွင် ကြိုးကြိုးစားစား အမှုထမ်းခဲ့၏။
ဆုမိသားစု၏ မျိုးဆက် (၃) ဆက်တိုင်တိုင် အလုပ်အကျွေးပြုခဲ့သူ။
ဆုမို လက်ထက်တွင် ဂိုဏ်းသားများ ကွဲလွင့်ကာ အခြေအနေ ဆိုးရွားသွားချိန်၌ပင် ဦးလေးဖူသည် သစ္စာရှိစွာဖြင့် သူ့ဘေးတွင် ခိုင်မြဲစွာ ရပ်တည်နေခဲ့သည်။
ဆုမို ပြန်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ ဦးလေးဖူ၏ မျက်ဝန်းများတွင် ဖုံးဖိမရသော ပီတိများ ယိုဖိတ်လာသည်။ သို့သော် သူသည် အစေခံတစ်ယောက်၏ ဝတ္တရားကို မမေ့လျော့ဘဲ ဆုမို ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ပါ၊ မပါ စူးစမ်းကြည့်ရှုလိုက်၏။ လက်တစ်ဖက်၊ ခြေတစ်ချောင်းမျှ ပဲ့ပါမသွားဘဲ ဘေးကင်းကြောင်း သေချာသွားမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။
သူက ကပျာကယာပင် ခရီးဦးကြိုပြုလိုက်၏။
"သခင်လေး... အိမ်ထဲ ဝင်ပါဦး... ခရီးလမ်းမှာ ပင်ပန်းလာခဲ့ရပြီလား... ပြန်ရောက်လာမယ်လို့ ခန့်မှန်းထားတဲ့ရက်ထက် ရက်နည်းနည်း နောက်ကျနေတယ်... ဒီမနက်တင် ကျွန်တော် တွေးနေမိတာ... ဒီနေ့သာ သခင်လေး ပြန်မရောက်လာရင် မနက်ဖြန် မိုးလင်းတာနဲ့ 'ရှီလီ' (ဆယ်မိုင်) ဇရပ်အထိ လာကြိုတော့မလို့"
ဆုမို က ခါးသက်သက် ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
"ဦးလေးဖူရယ်... အဲ့လောက် ဒုက္ခခံမနေပါနဲ့... ဦးလေးက အသက်ကြီးနေပြီလေ... ကျန်းမာရေး ဂရုစိုက်မှပေါ့ဗျ"
"အာ... သခင်လေးကလည်း... ကျွန်တော်က ငယ်ငယ်တုန်းက သခင်ကြီးနောက်လိုက်ပြီး နှင်းဖုံးနေတဲ့ တောင်ကုန်းတွေပေါ်မှာတောင် အိပ်ခဲ့ဖူးတာပါဗျာ... အခုထိ သန်သန်မာမာ ရှိပါသေးတယ်"
ဦးလေးဖူက သွား (၃) ချောင်းသာ ကျန်တော့သော ပါးစပ်ကို ဖြဲ၍ ရယ်မောလိုက်သည်။ ဇရာရနေသော သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသည့် အပြုံးများ ပေါ်လာ၏။
"ဟုတ်ပါပြီဗျာ... ဟုတ်ပါပြီ... စိတ်မပူပါနဲ့... ဒီတစ်ခေါက် အာမခံတာဝန် က ခရီးတိုလေးပါ... လမ်းခရီးမှာလည်း ဘာပြဿနာမှ မရှိဘဲ ဘေးကင်းခဲ့ပါတယ်... စာပေသမားတစ်ယောက်ကို လိုက်ပို့ရတာဆိုတော့ သူ့ခြေလှမ်းတွေ နှေးလို့သာ နည်းနည်း ကြန့်ကြာသွားရတာပါ"
"ဪ... စာပေသမားတွေကတော့ ဒီလိုပါပဲဗျာ... သုံးစားလို့မှ မရတာ"
ဦးလေးဖူက နားလည်သဘောပေါက်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ထားပါတော့လေ... ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ တော်ပါပြီ... ကျွန်တော် မီးဖိုချောင်သွားပြီး ရေနွေးအမြန်ဆုံး သွားတည်လိုက်ဦးမယ်... သခင်လေး ရေအရင်ချိုးပြီး ခရီးပန်း ဖြေလိုက်ဦး... သန့်ရှင်းရေးလုပ်ပြီးမှ ထမင်းစားကြတာပေါ့"
"အင်း"
ဆုမို ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လှမ်းတားလိုက်သည်။
"နေဦး.. ဦးလေးဖူ... ဒါ ဦးလေးအတွက်ပါ"
စကားပြောရင်း သူသည် ငွေစက္ကူနှင့် လီရိရှု ပေးခဲ့သော ငွေတုံး (၅) တုံးကို ထုတ်ပေးလိုက်သည်။
"ဟာ... ဘာလို့ ဒီလောက်တောင် များနေရတာလဲ"
ဦးလေးဖူမှာ အနည်းငယ် အံ့ဩသွားပုံရသည်။
"ရပါတယ်... ထားလိုက်ပါ... စာရင်းထဲသာ ထည့်ထားလိုက်ပါဗျာ"
"ကောင်းပါပြီ... ကောင်းပါပြီ"
ဦးလေးဖူသည် သူ့အကျင့်အတိုင်း ဆက်လက် မမေးမြန်းတော့ဘဲ ငွေစက္ကူနှင့် ငွေတုံးကို အိတ်ထဲ ထည့်သိမ်းလိုက်၏။
ဟောင်းနွမ်းဆွေးမြေ့နေသော ဤ အာမခံဌာန လေး၏ ဝင်ငွေထွက်ငွေ ကိစ္စအဝဝကို ယခုအခါ ဦးလေးဖူကသာ စီမံခန့်ခွဲနေရခြင်း ဖြစ်သည်။
တကယ်တမ်းကျတော့ သူတို့နှစ်ဦးတည်းသာ ရှိသည့်အတွက် ဤမျှ စာရင်းအင်း အတိအကျ လုပ်နေစရာ လိုအပ်ပါသလားဟု ဆုမို တွေးမိဖူးသည်။
သို့သော် ဦးလေးဖူကတော့ စည်းမျဉ်းစည်းကမ်း မရှိလျှင် ဘာမှဖြစ်လာမည် မဟုတ်ကြောင်း၊ အာမခံဌာန သည် ဒီအခြေအနေအတိုင်း ထာဝရ ရှိနေမည် မဟုတ်ကြောင်း၊ အစကတည်းက မူဘောင်များ ချမှတ်ထားသင့်ကြောင်း အခိုင်အမာ ပြောဆိုလေ့ရှိသည်။
ယခုလောလောဆယ်တွင် သီးသန့်စာရင်းကိုင် မရှိသေးသဖြင့် သူကသာ ယာယီ တာဝန်ယူထားခြင်း ဖြစ်သည်။ နောင်တစ်ချိန် အာမခံဌာန ပြန်လည်စည်ပင်လာပါက စာရင်းကိုင်၊ မြင်းထိန်း၊ တံခါးစောင့် စသဖြင့် နေရာအသီးသီးတွင် တာဝန်ယူမည့်သူများ ရှိလာလိမ့်မည်ဟု သူ ယုံကြည်ထားပုံရသည်။
ဆုမို သည် ကောင်းမွန်သော အကြံဉာဏ်များကို ပယ်ချတတ်သူ မဟုတ်ပေ။ ပြန်စဉ်းစားကြည့်သည့်အခါ ဦးလေးဖူ၏ စကားမှာ အကျိုးကြောင်း ဆီလျော်မှု ရှိသဖြင့် လိုက်လျောခဲ့ခြင်း ဖြစ်ပါသည်။
ဆုမို ကို တံခါးဝမှတစ်ဆင့် အိပ်ခန်းဆောင်ဆီသို့ လိုက်လံပို့ဆောင်ပေးပြီးနောက်၊ ဦးလေးဖူသည် လျင်မြန်စွာပင် လှည့်ထွက်သွား၏။ ခဏအကြာတွင် သူ ပြန်ရောက်လာသော်လည်း ရေနွေး မဟုတ်ဘဲ ကြေးနီဇလုံကို ကိုင်လျက် ပြုံးဖြီးဖြီး မျက်နှာဖြင့် ပြောလိုက်၏။
"သခင်လေး... အိမ်ပြန်ရောက်တုန်း မျက်နှာသစ်လိုက်ပါဦးဗျာ”