← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂) - လော့ဖုန်း မဟာမိတ်အဖွဲ့

~"တကယ်ကြီး လုပ်လို့ဖြစ်ပါ့မလား"

ဆုမိုသည် ဇရပ်ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

ဒီနေ့ အလည်လာရခြင်း၏ ရည်ရွယ်ချက်က လက်ဖက်ရည်သောက်ရုံ သက်သက်ပင် ဖြစ်နေသလားဟု သူ တွေးမိလိုက်၏။

"ဘာလို့ မဖြစ်ရမှာလဲ"

ယန်ရှောင်ယွင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"ဝူတောက်ယိုက လော့ရှားမြို့ရဲ့ ဒုတိယ မြို့စား ဆိုပေမဲ့... ငါတို့ သံမဏိသွေး အာမခံဌာနကလည်း သာမန် ပုဂ္ဂိုလ်တွေမှ မဟုတ်တာ... (၁၀) နှစ်လောက် စောင့်ပါလို့ ပြောလိုက်တာကတောင် သူ့သား ဝူချန်ဖုန်းကို မျက်နှာသာ ပေးလွန်းရာ ကျနေပြီ... တကယ်လို့ သူတို့သာ ငါ့ကို ဒေါသထွက်အောင် လာဆွရင်... ငါ့ငွေလှံကို ဆွဲပြီး ဝူအိမ်တော်ထဲထိ ဝင်မွှေပစ်လိုက်မယ်... သူ့မျက်နှာကို မက်မွန်ပွင့်တွေ ပွင့်သွားအောင် ရိုက်ပစ်လိုက်မယ်... ကြည့်နေလိုက်"

ဆုမို ခေါင်းညိတ်လိုက်သည်။ ယန်ရှောင်ယွင်သည် တကယ်လည်း လုပ်ရဲမည့်သူ ဖြစ်ကြောင်း သူ ယုံကြည်သည်။

သံမဏိသွေး အာမခံဌာနသည် 'သံမဏိသွေး နဂါးလှံ' ဟု ကျော်ကြားသော ယန်ရီဇီကို အမှီပြုထားသည့်အတွက် မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။

သို့သော် သူ စူးစမ်းချင်စိတ် ဖြစ်မိသေးသည်။

"ဝူချန်ဖုန်းက ဒီတစ်ခါ ဘာစိတ်ကူးပေါက်လို့ ရောက်လာရတာလဲ"

"အင်း... ပြောရရင်တော့ ဇာတ်လမ်းက ရှည်တယ်"

ယန်ရှောင်ယွင်သည် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ဆုမိုအတွက် လက်ဖက်ရည် ထပ်ငှဲ့ပေးလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အရှိန်အဝါက သိသိသာသာ ကြီးမားလာခဲ့တယ်... အစတုန်းကတော့ လော့ရှားမြို့နဲ့ တျန်ယွီမြို့က မြို့စားနှစ်ယောက် ပေါင်းပြီး သိုင်းလောက မုန်တိုင်းတွေကို ခုခံဖို့ ဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ သက်သက်ပါပဲ... ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဖွဲ့ရဲ့ ဩဇာအာဏာက ကျယ်ပြန့်လာခဲ့တယ်... ဂိုဏ်းငယ်လေးတွေကလည်း အလုအယက် ဝင်ရောက်လာကြသလို၊ ကျုံးဖူမြို့နဲ့ ကျင်းယန်မြို့တွေတောင် ပါဝင်လာကြတယ်လေ"

"အခုဆိုရင် သူတို့ရဲ့ ဩဇာအာဏာက မြို့ကြီးလေးမြို့အပြင်၊ မြစ်သုံးသွယ်နဲ့ ပင်လယ်ကွေ့ နှစ်ခုအထိ လွှမ်းမိုးထားနိုင်ပြီ"

"အနောက်ဘက်မှာ 'ဝူရှန်း' ခန်းမဆောင်၊ တောင်ဘက်မှာ အဆုံးမဲ့ပင်လယ်၊ မြောက်ဘက်မှာ ကောင်းကင်ဓားဂိုဏ်း၊ အရှေ့ဘက်မှာတော့ ဂိုဏ်းပေါင်းစုံ စည်ကားနေတဲ့ တုန်းချန်မြို့... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အင်အားက ကြီးမားတယ် ဆိုပေမဲ့ အဲ့ဒီနေရာတွေမှာတော့ ခြေကုပ်ယူလို့ မရသေးဘူး"

"ဒါကြောင့် အခုလက်ရှိ အခြေအနေက နည်းနည်း ငြိမ်သက်နေတယ်လို့ ပြောလို့ရတယ်... သူတို့အနေနဲ့ နယ်မြေထပ်ချဲ့ဖို့ မလွယ်ကူတော့ဘူးလေ... လော့ဖုန်း မဟာမိတ်အဖွဲ့ကို ရန်စချင်တဲ့သူတိုင်း ကိုယ့်ခေါင်း ကိုယ်ပြန်စမ်းကြည့်ဖို့ လိုတဲ့ အခြေအနေပေါ့"

သူမ စကားတွေ အများကြီး ပြောလိုက်ရသဖြင့် လည်ချောင်းဆာသွားပုံရသည်။ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ဆုမို၏ မျက်နှာထားကို အကဲခတ်လိုက်ရာ စိတ်မရှည်သည့်ပုံ မပေါ်သည်ကို တွေ့လိုက်ရသည်။

သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားပြီး ဆက်ပြောလိုက်သည်။

"မူလအတိုင်းဆိုရင်တော့ အားလုံး အေးအေးဆေးဆေး ပြီးသွားမယ့်ကိစ္စပါ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဝေရူဟန်က အသက်အရွယ် ကြီးရင့်လာပြီ... အိုမင်းမစွမ်း ဖြစ်လာတော့ ဘယ်အချိန် သေမလဲ မသိနိုင်တော့ဘူး"

"သူက ရာထူးကနေ အနားယူချင်နေပေမဲ့... မဟာမိတ်ခေါင်းဆောင် နေရာကို ဒီအတိုင်း လစ်လပ်ထားခဲ့လို့မှ မရတာ"

"ကျန်ရစ်ခဲ့တဲ့ သူတွေထဲမှာ ဝူတောက်ယိုပဲ ဖြစ်ဖြစ်၊ တခြား ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်... အားလုံးက ဂုဏ်သတင်းရော၊ အတွေ့အကြုံပါ တန်းတူတွေချည်းပဲ... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အလံတော်ကို ဆက်လက်ကိုင်ဆောင်မယ့်သူ ရွေးချယ်ဖို့ ဆိုတာက ကောင်းကင်ပေါ် တက်ရတာထက်တောင် ခက်ခဲနေတဲ့ အခြေအနေပဲ"

ဆုမို ခေါင်းညိတ်လိုက်သည်။

"ဒါက တကယ့်ကို ခက်ခဲတဲ့ အခြေအနေပဲ... တကယ်လို့များ စောဒကတက်ပြီး ဆုံးဖြတ်လိုက်ရင် တစ်ယောက်ကိုတစ်ယောက် မကျေနပ်ကြဘဲ... ကြီးကျယ်ခမ်းနားတဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားဖို့က ခဏလေးပဲ ကြာလိမ့်မယ်"

"ဒါပေါ့... ငါ ပြောချင်တာ အဲ့ဒါပဲ"

ယန်ရှောင်ယွင်က ပြုံးလိုက်ပြီး ဆုမိုကို တစ်ချက် ကြည့်လိုက်သည်။

"အခု နင် နားလည်ပြီမလား"

ဆုမို ကြောင်သွားသည်။ ဘာကို နားလည်ရမှာလဲ။

သို့သော် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

" အော်.. ကျွန်တော် မှတ်မိသလောက်ဆိုရင် ဦးလေးယန်က သူ့ရဲ့ နဂါးလှံကို ကိုင်ပြီး အရှေ့ဘက်ဒေသကို တစ်ကိုယ်တည်း ထိုးဖောက်ဝင်ရောက်ခဲ့ဖူးတယ်... တောင်သုံးလုံး၊ ရွာခုနစ်ရွာ၊ ဂိုဏ်းပေါင်း (၁၈) ဂိုဏ်း... အဲ့ဒီနေရာတွေမှာ 'သံမဏိသွေး နဂါးလှံ' ဆိုတဲ့ ရွှေရောင်ဆိုင်းဘုတ်ကြီးကို စိုက်ထူနိုင်ခဲ့ရုံမကဘူး... ကျော်ကြားတဲ့ သိုင်းပညာရှင် အများအပြားနဲ့လည်း မိတ်ဖွဲ့နိုင်ခဲ့တယ် မလား... ဒီအခြေခံအုတ်မြစ်က သံမဏိသွေး အာမခံဌာနအတွက် လမ်းခင်းပေးခဲ့တာပဲ..."

"... သူတို့က အဲ့ဒီ အဆက်အသွယ် ကွန်ရက်ကို လိုချင်နေကြတာလို့ မပြောနဲ့နော်"

"လော့ဖုန်း မဟာမိတ်အဖွဲ့ အနေနဲ့ အခုအချိန်မှာ အင်အားသုံးပြီး နယ်မြေချဲ့ဖို့က အရမ်းခက်ခဲနေပြီလေ... သဘာဝကျကျ စဉ်းစားကြည့်ရင် လမ်းကြောင်းသစ် ဖောက်ဖို့ ကြိုးစားကြမှာပဲ... သားသမီး မရှိတဲ့ ဘယ်ငတုံးကများ ဝူတောက်ယိုကို ဒီလို အကြံပေးလိုက်လဲ မသိဘူး... သူ့ရဲ့ ငတုံးသားနဲ့ ငါ့ကို လက်ထပ်ပေးဖို့လေ... ဒီလို နည်းလမ်းနဲ့ အဖေ ပိုင်ဆိုင်ထားတဲ့ ကွန်ရက်ကို ရယူပြီး အရှေ့ဘက်ဒေသဆီ လမ်းကြောင်းဖောက်ဖို့ ကြံစည်နေကြတာ"

ယန်ရှောင်ယွင်က အံကိုကြိတ်လိုက်သည်။ ထိုအကြောင်း ပြောလိုက်တိုင်း သူမအား အကြံပေးသော 'သားသမီးမရှိတဲ့ လူ' ကို မြေလှန်ရှာပြီး သတ်ပစ်ချင်စိတ် ပေါက်လာမိသည်။

"ငါ့စိတ်ဓာတ်နဲ့သာဆိုရင် ဝူချန်ဖုန်း ငါ့ရှေ့ ပထမဆုံးအကြိမ် ပေါ်လာကတည်းက လှံနဲ့ ထိုးသတ်ပြီး မြို့တံခါးဝမှာ သုံးရက်သုံးည နေလှန်းထားလိုက်ပြီ... ဒါပေမဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ ဆိုတာက သေးငယ်တဲ့ အဖွဲ့အစည်းမှ မဟုတ်တာ... ဒီကိစ္စလေး တစ်ခုကြောင့်နဲ့ သံမဏိသွေး အာမခံဌာန တစ်ခုလုံးကို ငါ အလောင်းအစား မလုပ်ရဲဘူး"

"သူ့ကို အကြိမ်ကြိမ် ရိုက်နှက် မောင်းထုတ်လိုက်တော့ နှစ်ရက်လောက်တော့ ငြိမ်သွားသေးတယ်... ဒါပေမဲ့ ဒီနေ့ ထပ်ပြီး ငါ့ကို လာနှောင့်ယှက်ရဲလိမ့်မယ်လို့ ထင်မထားဘူး"

"သူက တကယ်ပဲ သေရမှာ မကြောက်ဘူးနဲ့ တူတယ်...နင်သာ မကျေနပ်ဘူးဆိုရင် ကျွန်တော် ဒီညဘက် ဝူအိမ်တော်ထဲ ခိုးဝင်ပြီး အဲ့ဒီလူကို အသံတိတ် သွားသတ်ပေးရမလား"

"စိတ်လိုက်မာန်ပါ မပြောပါနဲ့ဗျာ"

ဆုမိုမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

"အစ်မ သူများထောင်ချောက်ထဲ သက်ဆင်းမိမှာ မကြောက်ဘူးလား"

"ဟင်..နင် ဘာကို ဆိုလိုတာလဲ"

ယန်ရှောင်ယွင် အံ့သြသွားသည်။

" အစ်မရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ပဲ မှန်ကန်ပါစေ... သတိထားသင့်တဲ့ အချက် တစ်ချက် ရှိနေတယ်...အစ်မနဲ့ ကျွန်တော်ကြားမှာ လက်ထပ်ဖို့ ကတိကဝတ် ရှိထားပြီးသားလေ... ဦးလေးယန်က ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော့်ကို အထင်မကြီးခဲ့ပေမဲ့... လက်ထပ်စာချုပ်ကိုတော့ ဘယ်တုန်းကမှ မဖျက်ဆီးခဲ့ဘူး"

ပြောရင်းနှင့် ဆုမို ရပ်တန့်လိုက်မိသည်။ သူ ဒီအကြောင်းကို ပြောဖို့ ရည်ရွယ်ထားခြင်း မရှိသော်လည်း စကားစပ်မိပြီး ပြောထွက်သွားခြင်း ဖြစ်သည်။

သူ ယန်ရှောင်ယွင်ကို အကဲခတ်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် မနှစ်မြို့သည့် အရိပ်အယောင် မတွေ့ရပေ။ ဆုမို ပြောလိုက်သည့် စကားသည် ပုံမှန်ကိစ္စ တစ်ခုကဲ့သို့ပင် သဘောထားပုံရသည်။

သူ ခေါင်းကို အသာခါလိုက်ပြီး ဆက်ပြောလိုက်သည်။

"ဝူချန်ဖုန်းက တောက်လျှောက် လာနှောင့်ယှက်နေတာက... သူ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ... အစ်မရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေချင်တဲ့ သဘော သက်ရောက်နေတယ်... ဒါကြောင့် ဝူတောက်ယိုရဲ့ နောက်ကွယ်က အကြံပေးနေတဲ့သူက ရည်ရွယ်ချက် ကောင်းမရှိဘူးလို့ ကျွန်တော် သံသယ ဝင်မိတယ်"

"အင်း... နင် ပြောတာ ဖြစ်နိုင်ခြေ ရှိတယ်"

ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ဝူတောက်ယိုက ဒါကို မမြင်နိုင်ဘူးလား"

"ဘယ်သူ သိမှာလဲ"

ဆုမို ပြုံးလိုက်သည်။

"ဒီလိုလူတွေရဲ့ ဉာဏ်နီဉာဏ်နက်တွေ၊ လှည့်ကွက်တွေကို ခန့်မှန်းရခက်တယ်... လူငယ်ချင်း ချစ်ကြိုက်တဲ့ ကိစ္စတွေကို သူတို့က အရေးစိုက်ချင်မှ စိုက်မှာ... မိုင်တစ်သောင်းလောက် ဆုတ်ပြီး စဉ်းစားကြည့်ရင် ဝူတောက်ယို ကိုယ်တိုင်က မျှော်လင့်ချက် ထားနေတာလည်း ဖြစ်နိုင်တာပဲ"

"ဒါဆိုရင်တော့ သူ အိပ်မက်မက်နေတာပဲ"

ယန်ရှောင်ယွင်က အေးစက်စွာ နှာမှုတ်လိုက်သည်။

"လော့ရှားမြို့ တစ်မြို့လုံးက လူတွေ သိကြပါတယ်... ငါတို့နှစ်ယောက် ငယ်ငယ်ကတည်းက စေ့စပ်ထားတယ်ဆိုတာ... ငါက နင့်ရဲ့ ဇနီးလောင်း ဖြစ်လာမယ့်သူ ဆိုတာ လူတိုင်းသိတယ်... ဒါကို သူတို့က ငါ ယန်ရှောင်ယွင်ကို စိတ်လွယ်တဲ့ မိန်းမတစ်ယောက်လို့ ထင်နေကြတာလား"

"..."

ဆုမို ဆွံ့အသွားရသည်။ ယန်ရှောင်ယွင်သည် သာမန် မိန်းကလေးများနှင့် မတူကြောင်း သူ အမှန်တကယ် ခံစားလိုက်ရ၏။

စေ့စပ်ကြောင်းလမ်းခြင်း ကိစ္စနှင့် ပတ်သက်လျှင် သူမသည် မိန်းကလေးများတွင် ရှိတတ်သော ရှက်ရွံ့ခြင်းမျိုး မရှိပေ။ သူမ၏ အမူအရာနှင့် လေသံကို ကြည့်ရသည်မှာ... သူမက သူ့ကို လက်ထပ်ယူမည်လား၊ သူက သူမကို လက်ထပ်ယူမည်လား ဆိုသည်ကိုပင် ဝေခွဲမရ ဖြစ်နေသည်။

ယန်ရှောင်ယွင်၏ ပြောင်းလဲနေသော မျက်နှာထားကို ကြည့်ရင်း သူမ ဘာတွေ တွေးနေသလဲ ဆိုသည်ကို ဆုမို ခန့်မှန်း၍ မရနိုင်ပေ။

"ဘာဖြစ်လို့လဲ"

သူ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

ယန်ရှောင်ယွင် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"အဖေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတယ်... သူလည်း အဲ့ဒီလို မျှော်လင့်ချက်မျိုး ထားနေတာများလား"

"အာ... ဒါကတော့..."

"ယောက်ျားတစ်ယောက် ကမ္ဘာလောကမှာ ရပ်တည်တဲ့အခါ ကတိသစ္စာ တစ်လုံးက ပိဿာတစ်ထောင် လေးလံသင့်တယ်... အတိတ်တုန်းက လက်ထပ်ဖို့ ကတိပေးခဲ့တာ သူ ကိုယ်တိုင်ပဲလေ... အခု ဦးလေးဆု ဆုံးသွားပြီ... သူတို့က သွေးသောက်ညီအစ်ကိုတွေ ဆိုတော့... ဒီလိုအချိန်မျိုးမှာ သူက နင့်ကို ပိုပြီး ဂရုစိုက်သင့်တယ်... ပံ့ပိုးပေးသင့်တယ်... လူရာဝင်အောင် သွန်သင်ဆုံးမပေးသင့်တယ်... ဒါမှ ယောက်ျားကောင်း တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ညီမှာပေါ့"

"ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ သူ့ရဲ့ လုပ်ရပ်တွေကို ငါ နားမလည်နိုင်အောင် ဖြစ်နေရတယ်"

ယန်ရှောင်ယွင် ပြောရင်းနှင့် သက်ပြင်းချလိုက်မိပြန်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ဖော်ပြရခက်သော စိတ်ပျက်အားငယ်မှုများ ရောယှက်နေ၏။

ဆုမို ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"ဒီလို စကားမျိုးပြောဖို့ စောလွန်းနေပါသေးတယ်... ဦးလေးယန်မှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ"

"ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်... သူ ငါ့ကို ငယ်ငယ်တုန်းက သားယောက်ျားလေးတစ်ယောက်လို ပျိုးထောင်ခဲ့တာ... ယောက်ျားတစ်ယောက်ဆိုတာ ရည်မှန်းချက် ရှိရမယ်၊ စည်းကမ်း ရှိရမယ်၊ သိုင်းလောကမှာ ကိုယ်ကျင့်တရား ကောင်းရမယ်၊ ကတိတည်ရမယ်၊ လှည့်ဖြားခြင်း ကင်းရမယ်... ဒါမှ အသိနဲ့အကျင့် တစ်ထပ်တည်း ကျတယ်လို့ ခေါ်နိုင်မယ် တဲ့"

ယန်ရှောင်ယွင် ခေါင်းကို အသာခါလိုက်သည်။ ထို့နောက် မျက်ခုံးများ ပင့်တက်သွားပြီး ပြောလိုက်သည်။

"ဒါပေမဲ့ တကယ်လို့များ ငါက ဝူချန်ဖုန်းကို သတ်လိုက်ရင်... ဒါမှမဟုတ် သံမဏိသွေး အာမခံဌာနနဲ့ ဝူတောက်ယိုတို့ ရန်သူတွေ ဖြစ်သွားကြရင်... ဘယ်သူက အကျိုးအမြတ် အများဆုံး ရသွားမလဲ”

အခန်း (၂၃) - ဇာစ်မြစ်ကို ရှာဖွေခြင်း

~တကယ်တမ်းကျတော့ ယန်ရှောင်ယွင် မေးခွန်းထုတ်လိုက်ကတည်းက အဖြေက ရှိပြီးသားပင် ဖြစ်သည်။

ဆုမို ပြန်ဖြေရန် မစောင့်ဘဲ ယန်ရှောင်ယွင်က ဆက်ပြောလိုက်သည်။

"ငါ သတင်းတစ်ခု ကြားထားတယ်"

"ဟေ... ဘာသတင်းလဲ"

"ဝေရူဟန်က တကယ်တော့ မဟာမိတ်ခေါင်းဆောင် ရာထူးကို ဘယ်သူ့ကိုမှ လွှဲပြောင်းမပေးချင်ဘူး တဲ့"

ယန်ရှောင်ယွင်က ဆက်လက် ရှင်းပြသည်။

"ဝေရူဟန်မှာ မူလက သားသုံးယောက် ရှိတယ်... သူ့ရဲ့ သားအကြီးဆုံး ဝေချီဖုန်းက ဟန်မြစ်ကမ်းဘေးမှာ တိုက်ခိုက်ရင်း အသတ်ခံလိုက်ရပြီး အလောင်းကို မြစ်ထဲ ပစ်ချခံလိုက်ရတယ်... ဝေရူဟန်က သုံးနှစ်တိတိ ရှာဖွေခဲ့ပေမဲ့ အလောင်းကို ဘယ်လိုမှ ပြန်ရှာမတွေ့ခဲ့ဘူး"

"ဒုတိယသား ဝေချီရှုန်းကျတော့ 'ယင်ယန်ဧည့်သည်' ရဲ့ တပည့်အဖြစ် ခံယူခဲ့တယ်... 'ကောင်းကင်မြေကြီး ယင်ယန်ကမ္ဗည်းပြား' ကို လေ့ကျင့်ဖို့အတွက် မြောက်ဘက် အစွန်ဆုံးက ရေခဲပြင်ကြီးဆီကို တစ်ကိုယ်တည်း ထွက်ခွာသွားခဲ့တာလေ... အဲ့ဒီတုန်းကစပြီး ဒီနေ့အထိဆိုရင် (၂၃) နှစ် ရှိသွားပြီ... အခုထိ ပြန်မလာသေးဘူး ဆိုတော့ သေဖို့များနေပြီပေါ့"

"အငယ်ဆုံးသားကျတော့လည်း မွေးရာပါ ဉာဏ်ရည်မမီသူ ဖြစ်နေပြန်ရော... အိမ်ထဲမှာပဲ ထားပြီး ပြုစုစောင့်ရှောက်ထားတော့ ဘေးအန္တရာယ် ကင်းကင်းနဲ့ နေရမယ်၊ အလွယ်တကူ သေမှာမဟုတ်ဘူးလို့ ထင်ထားကြတာ... ဒါပေမဲ့ သူက ကြက်ဥစားရင်း လည်ပင်းနင်ပြီး သေသွားပြန်ရော"

"ဝေမိသားစုက မျိုးဆက်ပြတ်လုနီးပါး ဖြစ်သွားခဲ့တာပေါ့... ဒါပေမဲ့ လူတွေ မသိကြတဲ့ အချက်တစ်ချက် ရှိနေတယ်... အဲ့ဒါကတော့ ဝေချီဖုန်း မသေခင်တုန်းက သမီးလေးတစ်ယောက် မွေးခဲ့သေးတယ် ဆိုတာပဲ"

ဆုမို အနည်းငယ် အံ့အားသင့်သွားသည်။

"ဝေရူဟန်မှာ မြေးမလေး ရှိနေသေးတာလား"

ဝေရူဟန်၏ သားသုံးယောက် အကြောင်းသည် လော့ရှားမြို့တွင် ပြောဆိုရန် တားမြစ်ထားသော အကြောင်းအရာများ ဖြစ်သည့်အတွက် လူပြောနည်းလှသည်။

သို့သော် ဆုမိုကတော့ ကြားဖူးနားဝ ရှိပြီးသားပင်။

သို့သော်၊ ဒီမြေးမလေး အကြောင်းကိုတော့ သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

"မြေးမလေး ရှိနေရုံတင် မကဘူး... အဲ့ဒီ မြေးမလေးက ငယ်ငယ်လေးကတည်းက 'လင်ယွဲ့' နန်းတော်ရဲ့ တတိယ နန်းတော်သခင်ဆီမှာ တပည့်ခံပြီး ထိပ်တန်း သိုင်းပညာတွေကို သင်ယူခဲ့သေးတာ... မကြာသေးခင်ကမှ လော့ရှားမြို့ကို တိတ်တဆိတ် ပြန်ရောက်လာပြီး မြို့စားအိမ်တော်မှာ နေနေတယ်"

"အစ်မ ပြောချင်တာက... ဒီကိစ္စတွေ အားလုံးကို အဲ့ဒီ မင်းသမီးလေးက ကြိုးကိုင်နေတာပေါ့ ဟုတ်လား"

"ပြောရခက်တယ်"

ယန်ရှောင်ယွင်က ခေါင်းကို အသာခါလိုက်သည်။

"လော့ရှားမြို့ရဲ့ မြို့စားနေရာနဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာ ဆိုတာ ကြီးမားတဲ့ စည်းစိမ်ဥစ္စာနဲ့ အာဏာလေ... ဘယ်သူကများ ဒီလောက် လွယ်လွယ်ကူကူနဲ့ သူများလက်ထဲ ထိုးအပ်လိုက်ချင်မှာလဲ... ဒါပေမဲ့ အကြောင်းမဲ့သက်သက် သူများကို ဒီဇာတ်လမ်းထဲ ဆွဲထည့်တာကတော့ တကယ် စိတ်ပျက်စရာ ကောင်းလွန်းတယ်"

"သိုင်းလောကရဲ့ လှိုင်းတံပိုးတွေ ဆိုတာက အမြဲတမ်း ဒီလိုပါပဲ... ဘယ်သူမှ ထိန်းချုပ်လို့ မရနိုင်ဘူးလေ"

ဆုမို သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"နင်ပြောတာ မှန်တယ်"

ယန်ရှောင်ယွင်က ဆုမိုကို ကြည့်ပြီး ရုတ်တရက် ပြန်ပြုံးလိုက်သည်။

" နင်က ငါ့ကို တကယ် အံ့သြသွားအောင် လုပ်လိုက်တာပဲ... နင့်ရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ထိုးထွင်းသိမြင်မှုတွေက အရင်တုန်းကနဲ့ လုံးဝ မတူတော့ဘူး... ဦးလေးဆုသာ သိရင် ကောင်းကင်ပေါ်ကနေ ပျော်နေလောက်တယ်"

ထိုအခိုက်အတန့်တွင် နှစ်ယောက်စလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

ပြန်လည် စကားစမြည် ပြောကြသောအခါ သိုင်းပညာ အကြောင်းကိုသာ ဆွေးနွေးဖြစ်ကြတော့သည်။

ဆုမိုသည် မနက်ပိုင်းကတည်းက ရောက်နေခြင်းဖြစ်ပြီး နေ့လယ်ရောက်မှသာ နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။

ယန်ရှောင်ယွင်က ထမင်းစားပြီးမှ ပြန်ရန် တားသော်လည်း ဆုမိုက အတင်းငြင်းဆန်ကာ ပြန်ခဲ့သဖြင့် လက်လျှော့လိုက်ရသည်။

နောက်ဆုံးတွင် ယန်ရှောင်ယွင်သည် သံမဏိသွေး အာမခံဌာန၏ တံခါးဝအထိ ဆုမိုကို လိုက်ပို့ပေးပြီး အားလျှင် လာလည်ရန် ထပ်ခါတလဲလဲ မှာကြားနေ၏။

'တိမ်တိုက်ဖမ်းသူ' မှာမူ ဘေးတွင် ရပ်နေရင်း စကားတစ်ခွန်း ပြောချင်သော်လည်း ပြောမထွက် ဖြစ်နေရှာသည်။

...

...

စာကြည့်ခန်း အတွင်း၌...

အပြာရောင် မီးခိုးငွေ့များ တလူလူ လွင့်ပျံနေသည့်ကြားတွင် ယန်ရီဇီသည် စာကြည့်စားပွဲ နောက်တွင် ခါးကို မတ်မတ်ထား၍ ထိုင်နေပြီး လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထား၏။

ခြေသံများ နီးကပ်လာသည်။ 'တိမ်တိုက်ဖမ်းသူ' ရွှီရော့ရှန် ရောက်လာခြင်း ဖြစ်သည်။

"ခေါင်းဆောင်"

သူက လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်သည်။

ယန်ရီဇီ၏ မျက်လုံးများက စာအုပ်မှ ခွာမသွားဘဲ ခပ်တိုးတိုး မေးလိုက်သည်။

"သူ ပြန်သွားပြီလား"

"ပြန်သွားပါပြီ"

"သူ စကားပြောသွားသေးလား"

"သခင်မလေးက တောက်လျှောက် သူ့ဘေးမှာ ရှိနေတော့... သူ ပြောခွင့်မရလိုက်ပါဘူး"

ယန်ရီဇီ ခေါင်းကို အသာညိတ်လိုက်သည်။

"ဒါဆိုရင် နောက်တစ်ခါမှပဲ ပြောကြတာပေါ့"

"ဟုတ်ကဲ့ပါ"

ရွှီရော့ရှန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"အဲ့ဒီအချိန်တုန်းက ဝူမိသားစုက သခင်လေးဝူ လာလည်ပါသေးတယ်"

"အင်း... ပြီးတော့ရော"

"သခင်မလေးက သူ့ကို နောက် (၁၀) နှစ်ကြာမှ ပြန်လာခဲ့ပါလို့ ပြောခိုင်းလိုက်ပါတယ်"

ယန်ရီဇီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်လှုပ်သွားပြီး အကြည့်ကို စာအုပ်ဆီမှ ပြတင်းပေါက်ဆီသို့ ရွှေ့လိုက်သည်။

"သခင်လေးဝူ ပြန်သွားပြီလား"

"အာမခံဌာန တံခါးဝမှာ စောင့်နေပါတယ်"

ထိုအခါမှ ယန်ရီဇီသည် ရွှီရော့ရှန်ဘက်သို့ လှည့်ကြည့်လိုက်၏။

ရွှီရော့ရှန်သည် ငြိမ်သက်စွာ ရပ်နေ၏။

"ဘာပဲပြောပြော တစ်နေ့နေ့တော့ တွေ့ကြရမှာပဲဟာ... မကြာခင်နဲ့ အမြန်ပဲ ကွာခြားမှာပါ... သွားတော့... ကလေးကိစ္စတွေကို သိပ်ပြီး ခေါင်းရှုပ်မခံနဲ့"

"ဟုတ်ကဲ့ပါ"

ရွှီရော့ရှန်က ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။

ယန်ရီဇီသည် စာကြည့်စားပွဲ နောက်တွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေပြီးမှ လက်ထဲရှိ စာအုပ်ကို ချလိုက်၏။

...

သံမဏိသွေး အာမခံဌာနမှ ထွက်ခွာလာပြီးနောက် ဆုမိုသည် အိမ်သို့ တန်းမပြန်ခဲ့ပေ။

နေ့လယ်စာ စားချိန် ရောက်လုနီးပြီဖြစ်သဖြင့် တစ်ခုခု ဝင်စားရန် ဆုံးဖြတ်လိုက်သည်။

ဦးလေးဖူသည် အစားအသောက် ဂျီးမများသော်လည်း ဆုမိုအတွက် ပြင်ဆင်ပေးသော အစားအစာတိုင်းကို အလျင်စလို ချက်ပြုတ်ရလေ့ရှိသည်။

ဦးလေးဖူက သူ့ကို သံမဏိသွေး အာမခံဌာနတွင် နေ့လယ်စာ စားခဲ့မည်ဟု ထင်နေလောက်ပြီ။ ထို့ကြောင့် ဒီတစ်ခေါက်တော့ အဘိုးကြီးကို အနားပေးလိုက်ဦးမည်ဟု ဆုမို တွေးလိုက်မိသည်။

သူသည် ဖက်ထုပ်ဆိုင်တစ်ဆိုင်ကို တွေ့သဖြင့် ဝင်ထိုင်ကာ ဖက်ထုပ်တစ်ပွဲ မှာလိုက်သည်။

သူ စကားပင် မပြောရသေးမီ သူ့ရှေ့တည့်တည့်တွင် လူတစ်ယောက် လာထိုင်၏။

"မင်းက ဆုမို လား"

ထိုလူ၏ လေသံသည် အေးစက်စက်လည်း မဟုတ်သလို၊ နွေးထွေးမှုလည်း မရှိပေ။ သူ့အကြည့်များက ဆုမိုကို စူးစမ်းနေ၏။

ဆုမို ထိုလူကို တစ်ချက် ကြည့်လိုက်သည်။ အသက် (၂၀) ကျော်အရွယ်ခန့် ရှိပြီး ဆံပင်ကို ကျောက်စိမ်း ဆံထိုးဖြင့် သပ်ရပ်စွာ စည်းနှောင်ထားသည်။ အကယ်၍သာ မျက်နှာပေါ်တွင် မပျောက်ကင်းသေးသော ဒဏ်ရာများနှင့် မျက်လုံးတစ်ဖက်တွင် အညိုအမည်း စွဲနေခြင်း မရှိပါက ရုပ်ရည်သန့်ပြန့်သူဟု ဆိုနိုင်ပေသည်။

ဆုမို ပြောမည့်စကားများမှာ ထိုလူ၏ 'မိတ်ကပ်' ကြောင့် လည်ချောင်းဝတွင် တစ်ဆို့သွားရ၏။ ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"ယန်ရှောင်ယွင်က တကယ်ပဲ လက်မလျှော့တတ်ပါလား"

ထိုစကားက ထိုလူ၏ ရင်ကို ထိမှန်သွားပုံရသည်။ သူက မသိစိတ်ဖြင့် ခေါင်းညိတ်ကာ မျက်နှာပေါ်မှ ဒဏ်ရာများကို စမ်းသပ်ကြည့်လိုက်မိသည်။

"တကယ်ကို ရက်စက်လွန်းတယ်... မျက်နှာကိုပဲ ရွေးပြီး ရိုက်တာ..."

ဆုမို ဘာပြောရမှန်းမသိ တိတ်ဆိတ်သွားသည်။

ဝူချန်ဖုန်းလည်း ငြိမ်သက်သွားသည်။

သို့သော် တိတ်ဆိတ်မှုမှာ ကြာရှည်မခံပေ။ သူက စားပွဲကို ရိုက်ကာ အော်လိုက်သည်။

"ဆိုင်ရှင်... ဖက်ထုပ်တစ်ပွဲ"

ထို့နောက် ဆုမိုကို ကြည့်ပြီး ပြောလိုက်သည်။

"ငါ ဒကာခံမယ်"

"သဘောပဲလေ"

ဆုမို ပေါ့ပေါ့ပါးပါးပင် နှာမှုတ်လိုက်သည်။

ဖက်ထုပ်နှစ်ပွဲ ရောက်လာသောအခါ နှစ်ယောက်သား တိတ်တဆိတ် စားသောက်ကြ၏။ စကားတစ်ခွန်းမှ မပြောကြချေ။

ခဏအကြာတွင် ဖက်ထုပ်နှစ်ပွဲလုံး ကုန်သွားတော့၏။

ဝူချန်ဖုန်းက အရင် ထရပ်လိုက်သည်။

"ငါ့နောက်လိုက်ခဲ့"

ပြောပြောဆိုဆိုနှင့် သူက လှည့်ထွက်သွား၏။

ဆုမိုသည်လည်း တွေဝေမနေဘဲ လှည့်ထွက်ကာ အာမခံဌာန ရှိရာလမ်းသို့ ဦးတည်သွားလိုက်သည်။

ဝူချန်ဖုန်းသည် ခပ်လှမ်းလှမ်း ရောက်သည်အထိ လျှောက်သွားပြီးမှ နောက်တွင် ခြေသံမကြားရသဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ ဆုမိုမှာ မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူ လန့်ဖျပ်သွားပြီး ကပျာကယာ ပြေးလိုက်လေတော့သည်။ ခြေလှမ်းကျဲကြီးများဖြင့် ခုန်ပျံလိုက်သွားပြီး ဆုမိုကို မီအောင် လိုက်လိုက်သည်။

"နေဦး... ငါ့ကို စောင့်ဦးလေကွာ"

ဆုမို ရပ်တန့်လိုက်ပြီး ပြုံးလျက် လှည့်ကြည့်လိုက်သည်။

"သခင်လေးဝူက ဖက်ထုပ်ဝယ်ကျွေးလို့ ကျေးဇူးတင်စကား ပြောဖို့ မေ့သွားလို့လား"

"... မင်းကို ငါ့နောက် လိုက်ခဲ့လို့ ပြောတာလေ"

"ငါ လိုက်မယ်လို့ ပြောမိလို့လား"

"... မပြောမိပါဘူး"

"အေးလေ... ရှင်းပြီမလား"

...

ဝူချန်ဖုန်း ဒေါသထွက်သွားသည်။

"မင်း ငါ့ကို အရူးလုပ်နေတာလား"

"မလုပ်ရဲပါဘူးဗျာ"

ဆုမို ခေါင်းခါလိုက်သည်။

"လော့ရှားမြို့ ဒုတိယမြို့စားရဲ့ သားဖြစ်တဲ့အပြင်... မြို့စားလေးလို့တောင် သတ်မှတ်ခံထားရတဲ့ ခင်ဗျားကို... ကျဆုံးနေတဲ့ အာမခံဌာနလေးတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်က ဘယ်လိုလုပ် အရူးလုပ်ရဲပါ့မလဲ"

"ကောင်းပြီလေ... လော့ရှားမြို့ တစ်မြို့လုံးက ပြောနေကြတာတော့ မင်းက အသုံးမကျတဲ့ကောင် တဲ့... ဒါပေမဲ့ မင်းမှာ ဒီလောက် သတ္တိရှိမယ်လို့ ငါ ထင်မထားဘူး"

ဝူချန်ဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကဲ... ငါ မင်းကို ဘွင်းဘွင်းရှင်းရှင်းပဲ ပြောမယ်... ငါတို့ ပြိုင်ကြမယ်... ငါနိုင်ရင် မင်း ယန်မိသားစုကို သွားပြီး စေ့စပ်ထားတာကို ဖျက်သိမ်းပေးရမယ်... မင်းနိုင်ရင်တော့... နောက်ဆို မင်းနဲ့ ယန်ရှောင်ယွင် ရှိတဲ့နေရာမှာ ငါ လုံးဝ ပေါ်မလာစေရဘူး... အဝေးကြီးကနေ ရှောင်ပေးမယ်"

ဆုမိုက ဝူချန်ဖုန်းကို အစအဆုံး အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို အသာခါလိုက်ပြီး ပြောလိုက်သည်။

"တာ့တာ"

(မှတ်ချက်။ ။ တာ့တာ - နှုတ်ဆက်စကား)

ပြောပြီးသည်နှင့် သူ လှည့်ထွက်သွား၏။

ဝူချန်ဖုန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဆုမို၏ ပခုံးကို အလျင်အမြန် လှမ်းဆွဲလိုက်သည်။

"နေပါ..."

သူ့စကား မဆုံးခင်မှာပင် ဆုမို၏ ပခုံး အနည်းငယ် လှုပ်ရှားသွားပြီး ကြီးမားသော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ဝူချန်ဖုန်း တစ်ယောက် လေထဲသို့ လွင့်စဉ်သွားလေတော့သည်။

သူ့အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် လမ်းဘေးရှိ စားသောက်ဆိုင် တစ်ဆိုင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

လူငယ်တစ်စု သေရည် သောက်ရင်း စကားပြောနေကြစဉ် ဝူချန်ဖုန်းက ပြတင်းပေါက်မှတစ်ဆင့် ပျံဝဲဝင်ရောက်လာပြီး သူတို့ဝိုင်းရှိ လွတ်နေသော ထိုင်ခုံတစ်လုံးပေါ်သို့ အံကိုက် ကျရောက်သွား၏။

အားလုံး အံ့အားသင့်သွားကြပြီး သေချာကြည့်လိုက်သောအခါမှ သူ့ကို မှတ်မိသွားကြသည်။

"အစ်ကိုဝူ... ဘယ်ကနေ ရောက်လာတာလဲဗျ"

ဝူချန်ဖုန်း - "..."

ဝူချန်ဖုန်းတစ်ယောက် ကြောင်တောင်တောင်ဖြင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေစဉ်... လမ်းမကြီးပေါ်ရှိ အမှောင်ရိပ်ထဲမှ မျက်လုံးတစ်စုံသည် ဖြစ်ပျက်သမျှ အရာအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရ၏။

ထိုမျက်ဝန်းများထဲတွင် အံ့သြမှင်သက်မှုများ အပြည့်အဝ နေရာယူသွားလေတော့သည်။

အခန်း (၂၄) - လုပ်ကြံခြင်း

~ဆုမို၏ အမြင်တွင်ကား... ဝူချန်ဖုန်း၏ လုပ်ရပ်များသည် အဓိပ္ပာယ်မဲ့လွန်းလှသည်။

လက်ထပ်မည့်ကိစ္စ၊ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းမည့် ကိစ္စများမှာ အလွန်တရာ အရေးကြီးသော ကိစ္စရပ်များ ဖြစ်သည်။ ထိုသို့သော ကိစ္စကြီးများကို လမ်းဘေးရန်ပွဲ တစ်ခုလို သဘောထားပြီး အနိုင်အရှုံးဖြင့် ဆုံးဖြတ်၍ ရပါမည်လော။

အရေးအကြီးဆုံး အချက်မှာ သူ ဆုမို ကိုယ်တိုင်ကလည်း ဤလက်ထပ်ပွဲကို သဘောမကျသည်မှာ မှန်သော်လည်း... တစ်နေ့နေ့တွင် စေ့စပ်ပွဲ ဖျက်သိမ်းရမည် ဆိုလျှင်တောင် သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ဆောင်လိုသည်။

သူတစ်ပါး၏ အတင်းအကျပ် ဖိအားပေးမှုကြောင့်၊ သို့မဟုတ် အလောင်းအစားပွဲ တစ်ခု၏ ရလဒ်ကြောင့် စေ့စပ်ပွဲ ဖျက်သိမ်းရခြင်းမျိုးကို လုံးဝ လက်မခံနိုင်ပေ။

ဤသည်မှာ ယန်ရှောင်ယွင်ကို မလေးစားရာ ရောက်ရုံသာမက၊ သူ ဆုမို ကိုယ်တိုင်၏ ဂုဏ်သိက္ခာကိုပါ စော်ကားရာ ရောက်ပေသည်။

"လော့ရှားမြို့ ဒုတိယမြို့စားရဲ့ သားဖြစ်ပြီးတော့... ဘာလို့များ ဦးနှောက်မရှိတဲ့ ကလေးဆိုးလေး တစ်ယောက်လို ဖြစ်နေရတာလဲ... ဉာဏ်နီဉာဏ်နက်လည်း မရှိ၊ လှည့်ကွက်လည်း မရှိနဲ့..."

"ဒါကြောင့်လည်း သူတတ်နိုင်တာက တောက်လျှောက် လိုက်နှောင့်ယှက်ပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရုံလောက်ပဲ ရှိတာကိုး"

ဆုမို ခေါင်းကို အသာခါရင်း ဇီယန် အာမခံဌာနသို့ ဦးတည်ပြန်လာခဲ့လိုက်သည်။

ယနေ့ ယန်ရှောင်ယွင်နှင့် စကားပြောပြီးနောက် သံမဏိသွေး အာမခံဌာနသည် လော့ဖုန်း မဟာမိတ်အဖွဲ့၏ အတွင်းရေး ပဋိပက္ခများကြားတွင် ပါဝင်ပတ်သက်နေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိလိုက်ရသည်။

အဓိက သော့ချက်ကျသည့် အခန်းကဏ္ဍသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အချို့က ယန်ရီဇီ၏ အရှေ့ဘက်ဒေသ ခရီးစဉ်မှ ရရှိထားသော အဆက်အသွယ် ကွန်ရက်များကို လိုချင်ကြသည်။ အချို့ကမူ ယန်ရှောင်ယွင်ကို ပစ်မှတ်ထား၍ အကွက်ရွှေ့ရန် ကြိုးစားနေကြသည်။

ဤ ဉာဏ်နည်းသော ဝူချန်ဖုန်းမှာမူ သူကိုယ်တိုင် နယ်ရုပ်ကလေး တစ်ရုပ်အဖြစ် အသုံးချခံနေရသည်ကိုပင် သိရှိပုံမရပေ။

"ငါ့လက်ချက်နဲ့ လွင့်ထွက်သွားတာကို သင်ခန်းစာယူပြီး... အခက်အခဲကို သဘောပေါက်ကာ နောက်ဆုတ်သွားရင် ကောင်းမှာပဲ... ဒါဆိုရင် ငါ့အတွက် ပြဿနာတစ်ခု ရှင်းသွားသလို၊ ယန်ရှောင်ယွင်လည်း သက်သာရာ ရသွားမှာပေါ့"

သူ ဆက်လက် လျှောက်လှမ်းရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဝူချန်ဖုန်း၏ နှောင့်ယှက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်၍ သူသည် အတွင်းအားကို သုံးကာ ဝူချန်ဖုန်းကို စားသောက်ဆိုင်ထဲသို့ လွင့်စဉ်သွားအောင် လုပ်ခဲ့ပြီး၊ သူကိုယ်တိုင်ကမူ လူကြားမကောင်းအောင် လမ်းကြိုလမ်းကြားလေး တစ်ခုထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကျဉ်းမြောင်းသော လမ်းကြားလေးထဲ၌ လူသူအရိပ်အရောင် ကင်းမဲ့နေသော်လည်း... လေးလံထိုင်းမှိုင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များက လွှမ်းခြုံလာ၏။

မော့ကြည့်လိုက်သည့်အခါ... အပေါ်စီးမှ ကျဆင်းလာသော အနက်ရောင် ဝတ်စုံဝတ် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့၏ လက်ထဲတွင် ဓားတိုတစ်ချောင်းစီ ကိုင်ဆောင်ထားပြီး၊ ဆုမို၏ ဦးခေါင်းထိပ်တည့်တည့်သို့ ချိန်ရွယ်ကာ ထိုးစိုက်ချလာကြသည်။

သေစေနိုင်သော တိုက်ကွက်များပင်။

ဆုမို၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် 'နေမင်းကြီး လမ်းခွဲလက်ဝါး' ထွက်ပေါ်လာ၏။ သူ၏ လက်ဝါးသည် ထိုလူနှစ်ဦး၏ ဓားသွားများကို ရှောင်တိမ်းကာ ဝင်ရောက်သွားပြီး၊ သူတို့၏ လက်ကောက်ဝတ်များကို မြဲမြံစွာ ဖမ်းဆုပ်လိုက်လေတော့သည်။

အတွင်းအား ပေါက်ကွဲထွက်လာသည်နှင့်အမျှ... "ဂျွတ်... ဂျွတ်" ဟူသော အရိုးကျိုးသံ နှစ်ချက် ဆက်တိုက် ထွက်ပေါ်လာသည်။ ဆုမို၏ လက်ချက်ဖြင့် ထိုလူနှစ်ဦး၏ လက်ကောက်ဝတ်များ ကြေမွသွားခြင်း ဖြစ်သည်။

ဤ အနက်ရောင် ဝတ်စုံဝတ် လူနှစ်ဦးသည် မည်သည့်အရပ်မှ လာမှန်းမသိရသော်လည်း သတ်ဖြတ်လိုစိတ် ပြင်းပြနေကြသည်။

လက်ကောက်ဝတ်များ ကြေမွသွားသည့်တိုင် သူတို့သည် ညည်းညူသံ တစ်ချက်မျှ မထွက်ပေ။ ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ဓားကို လှမ်းယူကာ ဆက်လက် ထိုးစိုက်ရန် ကြိုးစားကြပြန်သည်။

သို့သော် ကြီးမားသော စွမ်းအားတစ်ခုက သူတို့၏ ခန္ဓာကိုယ်များကို ရစ်ပတ်လိုက်သည်။ လေထဲတွင် ဇောက်ထိုး အနေအထား ဖြစ်နေချိန်မှာပင် ဆုမိုက သူတို့နှစ်ဦးကို ကိုင်ပေါက်လိုက်ရာ ကျဉ်းမြောင်းသော လမ်းကြားလေး၏ ဘေးနံရံများနှင့် "ဒုန်း" ခနဲ ဆောင့်မိသွားကြ၏။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူတို့နှစ်ဦး ခေါင်းမူးနောက်သွားပြီး ရင်ခေါင်းထဲတွင် မီးစနှင့် ထိုးသကဲ့သို့ ပူလောင်သွားရသည်။

သူတို့ သတိပြန်မကပ်နိုင်သေးခင်မှာပင် ဆုမို၏ လက်ဝါးနှစ်ဖက်က ရောက်ရှိလာပြီး သူတို့၏ ခေါင်းများကို နံရံထဲသို့ မြှုပ်ဝင်သွားသည်အထိ ရိုက်ထည့်လိုက်လေတော့သည်။

ဦးခေါင်းခွံများ ကွဲကြေသွားပြီး ပွဲချင်းပြီး သေဆုံးသွားကြ၏။

သို့သော် လုပ်ကြံမှု လှိုင်းတံပိုးသည် ဤမျှနှင့် ရပ်တန့်မသွားပေ။ ထိုနှစ်ဦးကို သတ်ဖြတ်ပြီးသည်နှင့် ဆုမိုသည် အရှိန်မသတ်ဘဲ မြေကြီးကို ခြေကန်ကာ လေပေါ်သို့ ခုန်တက်လိုက်သည်။ ထို့ကြောင့် အနောက်ဘက်မှ ဝင်ရောက်လာသော ဓားတိုနှစ်ချောင်း၏ ထိုးနှက်မှုကို သီသီလေး ရှောင်လွှဲနိုင်လိုက်သည်။

လေထဲတွင် ရှိနေစဉ်မှာပင် သူသည် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ကံဆိုးသော အနက်ရောင် ဝတ်စုံဝတ် တစ်ဦးမှာ လက်သီးချက်ကို တည့်တည့်ကြီး ခံလိုက်ရသည်။ လက်သီးအားသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး အတွင်းကလီစာများကိုပါ ထိခိုက်သွားစေသည်။ ထိုသူသည် ရှေ့သို့ ယိုင်နဲ့နဲ့ ပါသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရာ သူ၏ မျက်နှာဖုံး အနက်ရောင်သည် သွေးများ၊ ကလီစာ အပိုင်းအစများဖြင့် စိုရွှဲသွားလေတော့သည်။

ကျန်ရှိနေသော နောက်တစ်ဦးမှာ တိုက်ကွက် လွဲချော်သွားသည်ကို မြင်သည်နှင့် အဝေးသို့ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ကိုယ်ဖော့ပညာကို ထုတ်သုံးရန် အချိန်မရလိုက်ပေ။ သူ့လည်ပင်းကို တစ်စုံတစ်ခုက တင်းကျပ်စွာ ရစ်ပတ်လိုက်သလို ခံစားလိုက်ရပြီး၊ ကြီးမားသော ဖိအားတစ်ခုက သူ့ကို ဖိချလိုက်ရာ "ဒုန်း" ခနဲ အသံနှင့်အတူ မြေကြီးပေါ်သို့ ပြားပြားမှောက် လဲကျသွား၏။

ဆက်တိုက် ဆိုသလိုပင် အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော နာကျင်မှုက ခြေလက်များမှတစ်ဆင့် နှလုံးသားဆီသို့ တိုးဝင်သွား၏။ သူ ခေါင်းလှည့်ကြည့်လိုက်သော အချိန်တိုလေး အတွင်းမှာပင် သူ၏ ခြေလက်လေးချောင်းစလုံး ဆုမို၏ လက်ချက်ဖြင့် လိမ်ဖယ်ချိုးနှိမ်ခြင်း ခံလိုက်ရတော့၏။

တစ်ပြိုင်နက်တည်းမှာပင် သူ့ခေါင်းပေါ်သို့ လေးလံသော အရာတစ်ခု ဖိကျလာသည်။ ဆုမိုက သူ့ခေါင်းကို ခြေထောက်ဖြင့် နင်းထားခြင်း ဖြစ်သည်။

ဆုမိုသည် ခါးကို ကုန်းလိုက်ပြီး ထိုလူ၏ မျက်နှာဖုံးကို ဆွဲခွာလိုက်ရာ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားမိသည်။

မျက်နှာဖုံးအောက်တွင် ရှိနေသည်မှာ အမာရွတ်များ ပြည့်နှက်နေသော မျက်နှာတစ်ခု ဖြစ်သည်။ မူလရုပ်သွင်ပြင် ပျောက်ကွယ်သည်အထိ ပျက်စီးနေသော မျက်နှာပင်။

"သေစမ်း... ကိုယ့်ကိုယ်ကို ဒီလောက်ထိတောင် ရက်စက်ကြသလား"

ဆုမိုက ခြေထောက်ကို ဖိအားပိုပေးလိုက်သည်။

"ပါးစပ်ဟစမ်း... ငါ ကြည့်မယ်"

ထိုစကားကို ကြားသောအခါ ထိုလူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ပါးစပ်ကို ပို၍ တင်းကျပ်စွာ စေ့ထားလိုက်သည်။

"မရဘူးပေါ့... ဟုတ်လား"

ဆုမို အနည်းငယ် အံ့သြသွားသည်။ သူက ခြေထောက်ကို ပိုဖိနင်းလိုက်ရာ ထိုလူ၏ ပါးစပ်မှာ မဖွင့်ချင်ဘဲ ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။ ရုတ်တရက်... သူ့ပါးစပ်ထဲမှ ချွန်ထက်သော အရာဝတ္ထုတစ်ခု ပစ်ခတ်ထွက်လာပြီး မျက်နှာချင်းဆိုင် နံရံတွင် သွားစိုက်၏။

ဆုမို လေတစ်ချက် ရှူသွင်းလိုက်မိသည်။ ခဏမျှ စဉ်းစားပြီးနောက် ရင်ဘတ်ထဲမှ သမင်ရေလက်အိတ်ကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ ထို့နောက်မှ ထိုလူ၏ မေးရိုးကို သတိထားပြီး ဖြဲကြည့်လိုက်သည်။

အနက်ရောင် ဝတ်စုံဝတ် လူ၏ မျက်နှာသာမက...

သူ့လျှာပါ မရှိတော့ကြောင်း တွေ့လိုက်ရသည်။ လျှာအစား မဲနက်နေသော အိတ်ငယ်လေး တစ်ခုကို သွားများနှင့် ချိတ်ဆက်ကာ ယန္တရား ဆင်ထား၏။

ဤ ယုတ်မာသော ကိရိယာကို လိုအပ်သည့်အချိန်တွင် ပါးစပ်ထဲ ထည့်ထားပြီး၊ မလိုအပ်သည့်အခါ ဖြုတ်ထားနိုင်ပုံရသည်။

လိုအပ်သည့် အချိန်ကျမှ ပါးစပ်ကို ဟလိုက်သည်နှင့် ယန္တရားက အလုပ်လုပ်ကာ၊ အိတ်ထဲတွင် ဝှက်ထားသော လက်နက်သည် အရှိန်ပြင်းစွာ ပစ်ခတ်ထွက်လာပြီး တစ်ဖက်လူ၏ အသက်ကို နှုတ်ယူနိုင်ပေသည်။

အကယ်၍ ဆုမိုသာ သူ့မျက်နှာဖုံးကို မခွာမိဘဲ၊ ပါးစပ်ကို တင်းတင်းစေ့ထားသည်ကို သတိမထားမိခဲ့ပါက... ယခုအချိန်တွင် သူကိုယ်တိုင် အလစ်အငိုက် မိသွားနိုင်ပေသည်။

"လျှာကို အရင်းကနေ ဖြတ်ထားတော့... စကားလည်း ပြောနိုင်မှာ မဟုတ်တော့ဘူး"

ဆုမို သက်ပြင်းချလိုက်ပြီး တွေဝေမနေတော့ဘဲ ထိုလူကို လက်ဝါးတစ်ချက် ရိုက်ကာ အဆုံးစီရင်ပေးလိုက်၏။

အခြေအနေက ဒီအဆင့်ထိ ရောက်လာမှတော့... ဒီလူတွေရဲ့ ရက်စက်မှုက အစွန်းကုန် ရောက်နေပြီ ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ဆုမို၌ နှိပ်စက်မေးမြန်းမည့် နည်းလမ်း ရှိသည်ဖြစ်စေ၊ ထိုလူက စာရေးပြနိုင်သည် ဖြစ်စေ... ဘာမှ ထူးခြားလာမည် မဟုတ်ပေ။

နှစ်ခုစလုံး လုပ်နိုင်လျှင်တောင်မှ... သူက ဘာမှ ပြောပြမည်၊ ရေးပြမည် မဟုတ်ချေ။

ထို့အပြင် ဤကဲ့သို့သော အသေခံ တပ်သားများသည် မထွက်ခွာမီကတည်းက အဆိပ်သောက်လာခဲ့ကြခြင်း ဖြစ်နိုင်သည်။ လုပ်ကြံမှု ပေါက်ကြားသွားပါက (သို့မဟုတ်) အချိန်မီ ပြန်မရောက်ပါက အဆိပ်ပျံ့ပြီး သေဆုံးသွားနိုင်ပေသည်။

အချိန်ဖြုန်းနေမည့်အစား... သူ့အသက်ကို မြန်မြန် နှုတ်ယူပေးလိုက်တာက ပိုကောင်းပေလိမ့်မည်။

သို့သော် မတ်တပ်ထရပ်လိုက်ပြီးနောက် ဆုမို စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသည်။

သူက ဘာမှ မလုပ်ရသေးဘဲ အေးအေးဆေးဆေး နေနေပါလျက်... ဒီလူတွေက ဘာကိစ္စ သူ့ကို လာသတ်ချင်နေရသနည်း။

"ဝူချန်ဖုန်းက လက်စားချေချင်လို့များလား"

"မဖြစ်နိုင်တာ..."

"သံမဏိသွေး အာမခံဌာနကနေ ထွက်လာတုန်းက ဝူချန်ဖုန်းက ငါ့ကို တံခါးဝမှာ စောင့်နေတာလေ..."

"ငါ့လက်ချက်နဲ့ သူ လွင့်ထွက်သွားပြီးနောက်ပိုင်း... သူ အမိန့်ပေးဖို့ အခွင့်အရေး ရခဲ့ရင်တောင်မှ... ဒီလူတွေက ဒီလောက် မြန်မြန် ရောက်မလာနိုင်ဘူး"

"သူ မဟုတ်ဘူးဆိုရင်..."

ဆုမို အတွေးပြောင်းလိုက်သည်။

"ဒါဆို ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတော့မယ်... တစ်ခုက ယွီမိသားစုကို သတ်သွားတဲ့ အဖွဲ့က ငါ့နောက်ခံကို ခြေရာခံမိသွားပြီး... 'လျှို့ဝှက်ယန္တရား' နဲ့ ပတ်သက်တဲ့ သတင်းအစအနတွေကို ဖျောက်ဖျက်ဖို့ ငါ့ကို လာသတ်တာ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒီလုပ်ကြံသူတွေရဲ့ လှုပ်ရှားပုံကို ကြည့်ရတာ... အဲ့ဒီညတုန်းက တွေ့ခဲ့ရတဲ့ အနက်ရောင် ဝတ်စုံဝတ်တွေနဲ့ မတူဘူး... တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး"

"ပြီးတော့ ယွီလင်းရှင်း ကိုယ်တိုင်က 'လျှို့ဝှက်ယန္တရား' ကို ငါးစာအဖြစ် သုံးပြီး ဒီလူတွေကို မျှားခေါ်ခဲ့တာဆိုတော့... နောက်ကွယ်က စီမံကိန်းက အတော်လေး သေသပ်မှာပဲ... သဲလွန်စ ကျန်ခဲ့မှာ မဟုတ်ဘူး... ဒီအဖွဲ့အနေနဲ့ အဲ့ဒီညက ကိစ္စကနေ သဲလွန်စ ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်"

"နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့... ဟို... သားသမီး မရှိတဲ့ လူများလား"

ထိုသို့ တွေးမိလိုက်သည်နှင့် ဆုမို ခဏမျှ ကြောင်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာ ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။

"ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား"

စောစောက ထိုနေရာတွင် လူတစ်ယောက် ပုန်းအောင်းနေခဲ့သည်။

သို့သော် ထိုလူ၏ 'အသက်ရှူသံ ဖုံးကွယ်ခြင်း' နည်းစနစ်မှာ အလွန် ကောင်းမွန်လွန်းလှသည်။ ဤလုပ်ကြံသူများ ရုတ်တရက် ပေါ်လာသည့် အချိန်ကျမှသာ သူ ရှိနေကြောင်း အရိပ်အယောင် ပြလိုက်ခြင်း ဖြစ်သည်။

ဆုမိုသည် စောစောက အာရုံလွင့်သလို ဟန်ဆောင်နေခဲ့ခြင်းမှာ... ထိုလူကများ သူ့ကို ဝင်သတ်မလားဟု စောင့်ကြည့်လို၍ ဖြစ်သည်။

အကယ်၍သာ ဝင်သတ်ခဲ့လျှင်... ထိုအခွင့်အရေးကို အသုံးချပြီး လျှပ်စီးလက်သလို တန်ပြန်တိုက်ခိုက်ကာ ဖမ်းဆီးနိုင်မည် ဖြစ်သည်။

ဒါပေမဲ့ အခုတော့...

‘သိုင်းလောကရဲ့ မုန်တိုင်းတွေက ဘယ်တော့မှ မငြိမ်သက်ဘူး ဆိုတာ တကယ်ပါပဲလား... အိမ်ပြန်ရောက်တာတောင် ပြဿနာတွေက ပြီးမသွားပါလားနော်’

သူ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် ဆက်လက် တွေးတောမနေတော့ဘဲ ဇီယန် အာမခံဌာနသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လိုက်၏။

All Chapters