အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
အခန်း (၂၅) - သူများလက်ထဲက ဓားတစ်စင်း
~လုပ်ကြံမှု ဖြစ်ပျက်ခဲ့ပြီ... သို့သော် ပစ်မှတ်ထားခံရသူ မသေဆုံးသေးသဖြင့် ကိစ္စပြီးပြတ်သွားပြီဟု မဆိုနိုင်ပေ။
ဤကိစ္စသည် အစပျိုးရုံသာ ရှိသေးသည်ဟု ဆိုရပေမည်။
သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်များ မပေါ်ပေါက်လာမီတွင်... ပထမဆုံး ရောက်ရှိလာသူမှာ ယန်ရှောင်ယွင် ဖြစ်၏။
ဤသည်မှာ ဆုမိုအတွက် ထူးဆန်းသော ကိစ္စမဟုတ်သော်လည်း၊ အချို့သော အကြောင်းအရာများကို ပိုမိုခိုင်မာသွားစေသည်။
ယခုအချိန်တွင် ယန်ရှောင်ယွင်သည် ဇီယန် အာမခံဌာန၌ ရောက်ရှိနေပြီး၊ ဆုမိုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။
သို့သော် သူမ၏ စိတ်အခြေအနေမှာ ကောင်းမွန်ပုံမရပေ။
သူမသည် မျက်မှောင်ကြုတ်လျက် ဆုမိုကို စိုက်ကြည့်နေသည်။
"ဘာလို့ ငါ့ကို ချက်ချင်း အသိမပေးရတာလဲ"
"ရှူး... တိုးတိုး"
ဆုမိုသည် ပြုံးရွှင်စွာ လျှောက်လှမ်းလာသော ဦးလေးဖူကို လှမ်းကြည့်လိုက်ပြီး၊ ယန်ရှောင်ယွင်ကို စိတ်ရှည်သည်းခံရန် လက်ဟန်ပြလိုက်သည်။
"ဦးလေးဖူ မသိသေးဘူးလား"
ယန်ရှောင်ယွင် အံ့သြသွားပြီး ချက်ချင်းပင် အသံတိတ်သွား၏။
ဦးလေးဖူသည် လက်ဖက်ရည်နှစ်ခွက်ကို ကိုင်ဆောင်လျက် ရောက်ရှိလာသည်။
"သခင်မလေးယန်... ရော့... လက်ဖက်ရည် သောက်ပါဦး... သာမန် လက်ဖက်ရည်ကြမ်း ဆိုတော့ အရသာ သိပ်မကောင်းရင်လည်း သည်းခံပေးပါဦး"
"ရပါတယ် ဦးလေးဖူရယ်"
ယန်ရှောင်ယွင်က မတ်တပ်ထရပ်လိုက်သည်။
"ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး... ကျွန်မက ဒီနေရာကို ကိုယ့်အိမ်လို သဘောထားပြီးသားပါ... ဦးလေးက အားနာနေတော့ ကျွန်မကပဲ လူစိမ်းတစ်ယောက်လို ခံစားရတယ်"
"ဟားဟား... ဟုတ်ပါပြီဗျာ... ဟုတ်ပါပြီ"
ဦးလေးဖူက သဘောကျစွာ ရယ်မောလိုက်သည်။
"သခင်မလေးယန်က ငယ်ငယ်တုန်းက ဒီအိမ်ကို ခဏခဏ လာလည်နေကျပဲဟာ... သခင်လေးနဲ့ အတူတူ ခြံထဲမှာ လျှောက်ပြေးကြ၊ ဆော့ကြနဲ့... တစ်ခါတစ်လေကျ ရန်ဖြစ်ကြရင် သခင်လေးက ငိုကြီးချက်မနဲ့ ပြန်ရောက်လာပြီး 'မမလေးယန် ကျွန်တော့်ကို အနိုင်ကျင့်တယ်' ဆိုပြီး လာတိုင်တာလေ... ဟားဟား... အခုထိ နားထဲ ကြားယောင်နေတုန်းပဲ"
"..."
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားသည်။ သူ ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်ရာ သူမလည်း ရှက်နေပုံရသည်။
သူ မနေနိုင်တော့ဘဲ ကြားဖြတ် ပြောလိုက်ရသည်။
"ဦးလေးဖူ... ကျွန်တော်... မမလေးယန်နဲ့ ဆွေးနွေးစရာ ရှိလို့ဗျ"
"အင်း... ဟုတ်သားပဲ... ဟုတ်သားပဲ... ဦးလေး မနှောင့်ယှက်တော့ပါဘူး... စားစရာကောင်းကောင်းလေးတွေ သွားပြင်ဆင်လိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် ဦးလေးဖူသည် ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် လှည့်ထွက်သွား၏။
ဦးလေးဖူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယန်ရှောင်ယွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အရင်တုန်းက ဇီယန် အာမခံဌာနက အရမ်း စည်ကားခဲ့တာ... အခုတော့ ဦးလေးဖူ တစ်ယောက်တည်း ကျန်တော့တယ်... သူက ဆုမိသားစု (၃) ဆက်တိုင်တိုင် ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့သူပါ... အခက်အခဲဆုံး အချိန်တွေမှာတောင် ငါတို့ကို စွန့်ခွာမသွားခဲ့ဘူး... နောင်တစ်ချိန်ကျရင် သူ့ရဲ့ အိုဇာတာ ကောင်းအောင် ငါတို့ဘက်က တာဝန်ယူပေးသင့်တယ်"
"... အင်း"
ဆုမို ခေါင်းကို အသာညိတ်လိုက်သည်။ သူ ယန်ရှောင်ယွင်ကို ပိုပြီး နားလည်လာသလို ခံစားလိုက်ရသည်။
သူမအတွက် ငယ်စဉ်ကတည်းက စီစဉ်ထားသော လက်ထပ်ပွဲသည် ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့လေသည်။
ဆုမိုကို လက်ထပ်ခြင်းသည် သူမအတွက် ရှောင်လွှဲမရသော တာဝန်တစ်ရပ် ဖြစ်နေသည်။
ဤသည်မှာ အချစ်မေတ္တာနှင့် မသက်ဆိုင်ပေ။ သူမ၏ဖခင်နှင့် ဆုမို၏ဖခင်တို့ အတိတ်က ပေးထားခဲ့သော ကတိကဝတ်ကြောင့်သာ ဖြစ်သည်။
ယောက်ျားကောင်း တစ်ယောက်၏ ကတိသည် ပိဿာတစ်ထောင် လေးလံသည် မဟုတ်ပါလော။ ဤကတိကို မည်သို့မျှ ဖျက်ဆီး၍ မရနိုင်ပေ။
သို့သော်... ဤအချက်ကို နားလည်လိုက်လေ ဆုမို ပို၍ နားမလည်နိုင် ဖြစ်ရလေပင်။
ဘာကြောင့် ထူးဆန်းနေသလဲ ဆိုသည်ကိုမူ သူ အတိအကျ ပြောမပြတတ်ပေ။
သူ တွေဝေစဉ်းစားနေစဉ် ယန်ရှောင်ယွင်က ပြန်ထိုင်လိုက်ပြီး ဆုမိုကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
"ပြောစမ်း... တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ"
"... အစ်မ သိပြီးသား မဟုတ်ဘူးလား"
ဆုမို မရယ်ဘဲ မနေနိုင်တော့ပေ။
" အိမ်ပြန်တဲ့လမ်းမှာ လူတစ်စုက ခြုံခိုတိုက်ခိုက်ပြီး သတ်ဖို့ ကြိုးစားကြတယ်... အဲ့ဒါနဲ့ ကျွန်တော် သူတို့အားလုံးကို သတ်ပစ်လိုက်တယ်... ဒါပါပဲ"
"နင် ပြောတာကလည်း ပေါ့ပေါ့ပါးပါးပါလား"
ယန်ရှောင်ယွင်၏ မျက်ခုံးများ ပင့်တက်သွားသည်။ ဒေါသကို အတော်လေး ထိန်းချုပ်ထားရပုံ ပေါ်သည်။
"ဒါ လုပ်ကြံမှုလေ... နင့်အသက် သေလုနီးပါး ဖြစ်ခဲ့တာကို"
"ဒါနဲ့ စကားမစပ်... နင် ဘယ်လိုလုပ် သိတာလဲ"
ဆုမိုက စကားလမ်းကြောင်း လွှဲလိုက်သည်။
"နင်က သံမဏိသွေး အာမခံဌာနကို လျှော့တွက်လွန်းနေပြီ... ဟုတ်ပါပြီ... အခု နင့်အရည်အချင်းတွေ တိုးတက်လာပြီး ကိုယ့်ကိုယ်ကို နှိမ့်ချတတ်နေပြီပေါ့... မနေ့က ငါနဲ့ လက်ရည်စမ်းတုန်းကလည်း ငါ့ကို အလျှော့ပေးခဲ့တာမလား... ကျဉ်းမြောင်းတဲ့ လမ်းကြားလေးထဲမှာ အသေခံတပ်သား (၄) ယောက်ကို သတ်ပစ်ခဲ့တယ်... ဝူချန်ဖုန်းကိုလည်း တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်လိုက်သေးတယ်... မနေ့ညနေက ဝူချန်ဖုန်းက လူလွှတ်ပြီး သတင်းစကား ပါးလိုက်တယ်... နောက်ဆို နင်နဲ့ ငါ ရှိတဲ့နေရာမှာ သူ လုံးဝ ပေါ်မလာစေရဘူး တဲ့"
"ဒီလောက်ဆိုရင် အကြောင်းရင်းက ရှင်းနေပြီ မဟုတ်ဘူးလား"
"တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာနဲ့ သေဆုံးသူတွေကို ဆက်စပ်ကြည့်ပြီး နည်းနည်းလောက် စုံစမ်းလိုက်ရင် ဘာများ နားမလည်နိုင်စရာ ရှိသေးလို့လဲ"
ယန်ရှောင်ယွင်က အေးစက်စက်နှင့် မထီမဲ့မြင် ပြောလိုက်သည်။
"ကဲ... ပြောပါဦး... သိုင်းပညာ ထူးချွန်လှတဲ့ သိုင်းသမားကြီး ဆုမိုက... ငါ့ကို ဝင်မပါနဲ့လို့ ပြောချင်နေတာလား"
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားသည်။
ဝူချန်ဖုန်းကတော့ တကယ့်ကို ပါးစပ်ဖွာတဲ့ကောင်ပဲ။
သို့သော် ထိုလူက ကတိတည်သည်။ မပတ်သက်တော့ဘူးလို့ ပြောပြီးတာနှင့် တကယ်ပဲ ပြတ်ပြတ်သားသား လုပ်ဆောင်သည်။
... ဝူချန်ဖုန်း ကိုယ်တိုင်က ဒီကိစ္စကနေ နောက်ဆုတ်ချင်နေတာ ကြာပြီများလား။
ဘာပဲပြောပြော... လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က သံမဏိနဲ့ လုပ်ထားတာမှ မဟုတ်တာ... ဘယ်နှခါလောက် အရိုက်ခံနိုင်မှာလဲ။
ဒေါသထွက်နေသော ယန်ရှောင်ယွင်ကို ကြည့်ပြီး ဆုမို ရယ်လိုက်မိသည်။
"အစ်မက လှံရေးမှာ ထူးချွန်တယ် ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ အစ်မရဲ့ စကားလုံးတွေက အစ်မရဲ့ ငွေရောင်လှံလိုပဲ ထက်မြက်လိမ့်မယ်လို့ မထင်ထားဘူး"
"... နင် နောက်ပြောင်ရဲသေးတယ်ပေါ့လေ"
ယန်ရှောင်ယွင်က ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။
"မစတော့ပါဘူး... မစတော့ပါဘူး"
ဆုမိုမှာ မတတ်သာသည့်အဆုံး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ရသည်။
"လက်ဖက်ရည် သောက်ပါ... လက်ဖက်ရည် သောက်ပါ"
"ဟွန်း"
ယန်ရှောင်ယွင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။
"ကဲ... ပြော... နောက်ကွယ်က ကြိုးကိုင်သူကို သဲလွန်စ ရပြီလား"
"ပြောရတော့ ခက်သားပဲ"
ဆုမို သက်ပြင်းချလိုက်သည်။
"ကျွန်တော်က တစ်စုံတစ်ယောက်ရဲ့ လမ်းကို ပိတ်နေမိလို့များလား"
တကယ်တမ်းကျတော့ ခန့်မှန်းရ ခက်ခဲလှသည် မဟုတ်ပေ။
သူ သေဆုံးသွားလျှင် ဘယ်သူ အကျိုးအမြတ် ရမလဲ ဆိုတာကို စဉ်းစားလိုက်ရုံသာ။
ဆုမို၏ လက်ရှိ အခြေအနေအရ နာမည်မကြီး လူမသိ သူမသိ ဖြစ်နေချိန်တွင်... သူ့ကို သတ်ချင်လောက်အောင် ဖြစ်စေသည့် အကြောင်းရင်းက တစ်ခုပဲ ရှိနိုင်သည်။
သူ့အကြည့်များက ယန်ရှောင်ယွင်ထံသို့ ရောက်ရှိသွားသည်။
"ဟို... သားသမီးမရှိတဲ့ လူတစ်စုလား... အစ်မနဲ့ ကျွန်တော် စေ့စပ်ထားတာကို သိနေကြတော့... ကျွန်တော် ရှိနေတာက ဝူချန်ဖုန်းအတွက် အဟန့်အတား ဖြစ်နေတယ်လေ... ဒါကြောင့် ကျွန်တော့်ကို သေစေချင်ကြတာလား"
ယန်ရှောင်ယွင်က နှာမှုတ်လိုက်သည်။
"လာ... သွားကြမယ်"
"ဘယ်ကိုလဲ"
"ဝူချန်ဖုန်းကို သွားရှာမယ်... ဝူတောက်ယိုကို ဘယ်သူက ဒီလို ယုတ်မာတဲ့ အကြံပေးခဲ့သလဲ ဆိုတာ မေးမယ်... သူ မသိရင် ဝူတောက်ယိုကို သွားမေးမယ်"
"ဘယ်လိုပဲကြည့်ကြည့် ဒီကိစ္စက သူတို့နဲ့ မကင်းနိုင်ဘူး"
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ရမယ်"
ပြောပြောဆိုဆိုနှင့် သူမက လက်တစ်ဖက်ဖြင့် ငွေရောင်လှံကို လှမ်းယူလိုက်ပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ဆုမိုကို ဆွဲခေါ်ရန် ပြင်လိုက်သည်။
"နေဦး... နေဦး... မလောပါနဲ့ဗျာ"
ဆုမိုက လက်ကာပြလိုက်သည်။
"ဒီကိစ္စမှာ စိတ်လိုက်မာန်ပါ မလုပ်တာ ပိုကောင်းမယ်လို့ ထင်တယ်"
"နင်က ငြိမ်ငြိမ်နေနိုင်သေးတယ်ပေါ့... ဒါ အရေးပေါ် အခြေအနေလေ"
ယန်ရှောင်ယွင်သည် သူမရှေ့မှ လူကို နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူက လုပ်ကြံခံရမလို ဖြစ်ခဲ့တာလေ... အခုကျတော့ ဘာမှ မဖြစ်သလို အေးဆေးထိုင်ပြီး လက်ဖက်ရည် သောက်နေတယ်... သူမကတော့ မီးစနှင့် ထိုးသကဲ့သို့ ပူလောင်နေရသည်။
"မီးက မျက်ခုံးမွှေး မလောင်သေးပါဘူးဗျ"
ဆုမိုက ယန်ရှောင်ယွင်ကို ပြန်ထိုင်စေလိုက်သည်။
"ကျွန်တော် အသက်ရှင်လျက် ရှိနေသေးတယ် မဟုတ်လား"
"အခုတော့ ရှင်နေသေးတာပေါ့... ဒါပေမဲ့ သူတို့ ပထမတစ်ခါ မအောင်မြင်ရင် ဒုတိယတစ်ခါ ထပ်ကြိုးစားဖို့က သေချာသလောက်ပဲ... ဒီဒုတိယအကြိမ်က ကာကွယ်ရ ပိုခက်ခဲလိမ့်မယ်... သူခိုးက ရက်ပေါင်းတစ်ထောင် ခိုးနိုင်ပေမဲ့... သူခိုးကို ရက်ပေါင်းတစ်ထောင် စောင့်ဖမ်းဖို့က မလွယ်ဘူးလေ... ခြေတစ်လှမ်း မှားတာနဲ့ အသက်ပါသွားနိုင်တယ်"
"ဒါကြောင့်... ရှေ့ဆက်ပြီး ပိုသတိထားရမယ်"
"ပိုသတိထားရမယ် ဟုတ်လား"
ယန်ရှောင်ယွင် အံ့အားသင့်သွားပြီးနောက် ဒေါသထွက်သွားသည်။
"ရှောင်မို... နင့်အသက်ကို ဟာသလို သဘောမထားစမ်းပါနဲ့"
"ကျွန်တော့်အသက်နဲ့ ကျွန်တော် လောင်းကစား မလုပ်ချင်လို့ပဲ... စိတ်လိုက်မာန်ပါ မလုပ်ရဘူးလို့ ပြောနေတာ"
ဆုမို ဆက်ပြောလိုက်သည်။
"အနည်းဆုံးတော့... နောက်ကွယ်က ကြိုးကိုင်သူက ပုန်းနေတုန်းပဲလေ... ကျွန်တော်တို့က စိတ်မြန်လက်မြန် လုပ်လိုက်ရင် အကူအညီ မဖြစ်တဲ့အပြင်... သူတို့ရဲ့ နယ်ရုပ်တွေ ဖြစ်သွားနိုင်တယ်"
"ဟင်...ဘာကို ဆိုလိုတာလဲ"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး... ဇီယန် အာမခံဌာနရဲ့ သာမန် အာမခံ လုပ်သားလေး တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို သတ်တာက သူတို့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ဘူး... သူတို့ တကယ် လိုချင်တာက ကျွန်တော့်ကို သတ်လိုက်လို့ ရလာမယ့် အကျိုးအမြတ်ပဲ"
ဆုမို နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
"ကျွန်တော် ဝူချန်ဖုန်းနဲ့ ပြဿနာဖြစ်ပြီး မကြာခင်မှာပဲ... မှောင်မိုက်တဲ့ လမ်းကြားလေးထဲမှာ လုပ်ကြံခံရမလို ဖြစ်ခဲ့တယ်... တကယ်လို့ အစ်မသာ သူတို့နေရာမှာ ဆိုရင် ပထမဆုံး ဘာတွေးမိမလဲ"
"ဝူချန်ဖုန်း လုပ်တာလို့ ထင်မိမှာပေါ့"
ယန်ရှောင်ယွင်၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားသည်။
"အင်း... အဲ့ဒါက ပုံမှန် တွေးလေ့ရှိတဲ့ အတွေးပဲ... ဒါပေမဲ့ သူတို့ တစ်ခု တွက်ချက်မှားသွားတယ်... သူတို့က ငါ့သိုင်းပညာ အဆင့်အတန်း နိမ့်တယ်လို့ ထင်ပြီး အသေခံတပ်သား (၄) ယောက်လောက်ပဲ လွှတ်လိုက်တာလေ... ငါ့ကို အလွယ်တကူ သတ်လို့ရမယ် ထင်နေကြတာ... ဒါပေမဲ့ မထင်မှတ်ဘဲ ငါ အသက်ရှင်ခဲ့တယ်... ငါ အသက်ရှင်ခဲ့လို့ အချက် တစ်ချက်ကို သိလိုက်ရတယ်"
ဆုမိုက လက်ဖက်ရည်အိုးကို ကိုင်ကာ ယန်ရှောင်ယွင်အတွက် နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။
"မှန်ပါတယ်... ငါ ဝူချန်ဖုန်းနဲ့ ထိပ်တိုက် တွေ့ခဲ့တယ်... ဒါပေမဲ့ အသေခံတပ်သားတွေ ရောက်လာတာ မြန်လွန်းတယ်... ဒါ ဝူချန်ဖုန်းရဲ့ လက်ချက် မဖြစ်နိုင်ဘူး... ဒါဆိုရင် နောက်ကွယ်က တစ်ယောက်ယောက်ကများ ကုန်းတိုက်ပြီး အပြစ်ပုံချချင်နေတာလား... ဒါမှမဟုတ်... တံငါသည်လိုပဲ ကြားကနေ အကျိုးအမြတ် ထုတ်ချင်နေတာလား"
လော့ဖုန်း မဟာမိတ်အဖွဲ့တွင် ခေါင်းဆောင် (၈) ဦး ရှိသည်။ မြို့ကြီး (၄) မြို့တွင် (၂) ဦးစီ တာဝန်ယူထားကြသည်။
မဟာမိတ်ခေါင်းဆောင် ဝေရူဟန်မှလွဲ၍ ကျန် (၇) ဦးစလုံးသည် မဟာမိတ်ခေါင်းဆောင် နေရာကို မျက်စောင်းထိုးနေကြပြီး... တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကျိုးနေကြသည်။
ထို့အပြင် လင်ယွဲ့ နန်းတော်မှ သိုင်းပညာရှင် တစ်ဦးကလည်း ပြိုင်ဘက်အဖြစ် ရှိနေသေးသည်... အကယ်၍ သူမကသာ မဟာမိတ်ခေါင်းဆောင် နေရာကို စိတ်ဝင်စားသည် ဆိုပါက... ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။
ဝူတောက်ယိုက သံမဏိသွေး အာမခံဌာနနှင့် ပူးပေါင်းလိုသည်။ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ... အခြားသူများကတော့ ဒါကို လိုလားကြမည် မဟုတ်ပေ။
ထို့ကြောင့် ဤဖြစ်ရပ်အတွက် ဖြစ်နိုင်ခြေများစွာ ရှိနေ၏။
ဆုမိုသည်လည်း ဒေါသမထွက်တတ်သူ မဟုတ်ပေ။ လုပ်ကြံခံရမလို ဖြစ်ခဲ့ပြီးမှ အေးအေးဆေးဆေး လက်ဖက်ရည် ထိုင်သောက်နေသည် ဆိုသော်လည်း...
အဓိကကတော့... လက်တုံ့ပြန်ချင်ရင်တောင်... ကိုယ့်ကို ဘယ်သူ ရိုက်သွားလဲ ဆိုတာတော့ အနည်းဆုံး သိဖို့ လိုတယ် မဟုတ်လား။
မျက်ကန်းတစ္ဆေ မကြောက်ဘဲ ရမ်းသန်း လက်တုံ့ပြန်လိုက်ရင်... ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေပေမဲ့... တကယ်တမ်းကျတော့ သူများလက်ထဲက ဓားတစ်စင်း ဖြစ်သွားရုံပဲ ရှိမှာပေါ့။
အခန်း (၂၆) - သားကြီးလာရင် အဖေ စကားနားမထောင်တော့ဘူး
~ဆုမို၏ ခွဲခြမ်းစိတ်ဖြာ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယန်ရှောင်ယွင်၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
တကယ်တမ်းကျတော့ ယန်ရှောင်ယွင် ကိုယ်တိုင်လည်း ဤအချက်များကို စဉ်းစားမိကောင်း စဉ်းစားမိပါလိမ့်မည်။
သို့သော် ရှေးစကားအတိုင်းပင်... 'စိုးရိမ်လွန်ရင် အမှားပါတတ်သည်' မဟုတ်ပါလော။
သူမသည် ငယ်စဉ်ကတည်းက ဆုမိုကို မိသားစုဝင်တစ်ဦးလို သဘောထားခဲ့သည်။ သဘာဝကျကျပင် ဆုမိုနှင့် ပတ်သက်လာလျှင်၊ အထူးသဖြင့် အသက်အန္တရာယ်ရှိသော လုပ်ကြံမှုမျိုးနှင့် ကြုံလာရလျှင် သူမ စိတ်မငြိမ်မသက် ဖြစ်သွားမိသည်။
"နင် ပြောတာ ဟုတ်ပါတယ်... ငါ သတိမထားမိလိုက်ဘူး..."
"ငါက ဝူချန်ဖုန်းနဲ့ သူ့နောက်ကွယ်က ကောက်ကျစ်တဲ့ လူအကြောင်းပဲ တွေးနေမိတာ... လူငယ်ချင်း ဖြစ်တတ်တဲ့ ရန်ငြိုးရန်စလေးတွေ အပေါ်မှာပဲ အာရုံစိုက်နေမိတာ... ဒါပေမဲ့ ဒါက လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာလုပွဲနဲ့ ဆက်စပ်နေနိုင်တယ် ဆိုတာကို ထည့်မစဉ်းစားမိလိုက်ဘူး"
"ဒါပေမဲ့... သူတို့ နောက်တစ်ခါ လှုပ်ရှားလာမယ့်အချိန်ထိ ထိုင်စောင့်နေရမှာက အရမ်း အန္တရာယ်မများလွန်းဘူးလားဟယ်"
"တကယ်တော့... ဒီလုပ်ကြံမှု နှစ်ခုစလုံးရဲ့ ရလဒ်က မသေချာသေးဘူးလေ... တကယ်လို့ ငါသာ ပထမအကြိမ် လုပ်ကြံခံရတုန်းက ဘာမှ ပြန်မလုပ်နိုင်ဘဲ သူတို့လက်ထဲမှာ သေသွားခဲ့ရင်တော့ တစ်မျိုးပေါ့... ဒါပေမဲ့ အခု ငါက မသေသေးဘူး... ဒါကြောင့် အခြေအနေက မပြီးပြတ်သေးဘူး... ဒီလိုသာဆိုရင်..."
ဆုမို စကားကို ခေတ္တရပ်လိုက်သည်။
"ဘာဖြစ်လဲ"
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်ရင်း သူ ဆက်ပြောမည့် စကားကို စောင့်မျှော်နေသည်။
ဆုမို ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"တကယ်တော့ ကျွန်တော် သိချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်... သူတို့က ကျွန်တော့်ကို သတ်ချင်နေကြတာ... ကျွန်တော့်ကို သတ်လိုက်ရင် ဝူတောက်ယိုနဲ့ ဦးလေးယန်တို့ရဲ့ မဟာမိတ်ဖွဲ့မယ့် ကိစ္စကို တိုက်ရိုက် ဖျက်ဆီးနိုင်မယ်လို့ တွေးနေကြပုံရတယ်... ဒါပေမဲ့ မေးခွန်းက... အခုအချိန်ထိ ဦးလေးယန်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိနေသလဲ ဆိုတာပဲ"
"ဒါကတော့... ဒီနှစ်ပိုင်းတွေမှာ အဖေက လျှို့ဝှက်ချက်တွေ အရမ်းများလာတယ်... အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပြီး ငါ့ကို ဘာမှ ရှင်းရှင်းလင်းလင်း ပြောပြလေ့မရှိဘူး... ငါတို့ သားအဖ စကားပြောဖြစ်တာက လပိုင်းလောက် ရှိမှ... နင်နဲ့ ငါ တစ်ရက်တည်း ပြောတဲ့ စကားလောက်တောင် မရှိဘူး... သူ ဒီကိစ္စကို ဘယ်လိုမြင်လဲဆိုတာ ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ"
ယန်ရှောင်ယွင်၏ လေသံထဲတွင် မကျေနပ်မှု အရိပ်အယောင်များ ပါဝင်နေသည်။
မနေ့က သူမ ပြောခဲ့သော ယန်ရီဇီ၏ 'အသိနဲ့အကျင့် တစ်ထပ်တည်း ကျခြင်း' အကြောင်းကို ပြန်စဉ်းစားကြည့်လျှင် နားလည်ပေးနိုင်ပါသည်။
ဆုမို ခေါင်းကို အသာညိတ်လိုက်သည်။
"ဒီကိစ္စကို ခဏထားလိုက်ပါဦး... တကယ်လို့ ငါတို့ရဲ့ ထင်ကြေးသာ မှန်မယ်ဆိုရင်... သူတို့ တကယ်တမ်း တိုက်ခိုက်ချင်နေတဲ့သူက လက်ပိုက်ကြည့်နေမယ်လို့ နင် ထင်လား... ပန်းတွေ ပွင့်တာ၊ ညှိုးတာကို ဒီအတိုင်း ထိုင်ကြည့်နေမယ် ထင်လား"
"နင့်ကို သတ်ချင်နေတဲ့သူတွေရဲ့ အန္တိမ ရည်မှန်းချက်က... နောက်ကွယ်မှာ ဘယ်သူပဲ ရှိနေပါစေ... ဝူတောက်ယိုရဲ့ အစီအစဉ် မအောင်မြင်အောင် တားဆီးချင်တာပဲ ဖြစ်လောက်တယ်... ဒီကိစ္စက ဝူတောက်ယိုကို တိုက်ရိုက် ဓားနဲ့ ထိုးလိုက်သလိုပါပဲ"
ယန်ရှောင်ယွင် ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ဓားနဲ့ အထိုးခံရတာက ငါ ဖြစ်နေတာလေ"
"နင်လည်း သိသားပဲ"
ယန်ရှောင်ယွင်က ဆုမိုကို စိတ်မရှည်သလို စိုက်ကြည့်လိုက်သည်။
"ဒါပေမဲ့ ပြောရရင်... နောက်ကွယ်က လူက ဘယ်သူပဲ ဖြစ်ဖြစ်... အခု သူတို့ အကျပ်ရိုက်နေပြီ"
ဆုမို ပြုံးလိုက်သည်။
"ဒါဆို ပိုစိတ်ဝင်စားစရာ မကောင်းဘူးလား"
"ဒါဆို အခု ငါတို့ ဘာလုပ်သင့်လဲ"
"ဒါပေါ့... ကျွန်တော်တို့က ကျွန်တော်တို့ နေရာမှာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ရပ်တည်နေဖို့ပဲ လိုတယ်"
ဆုမိုက ပြုံးရွှင်စွာ ပြောလိုက်သည်။
"သူတို့က ခင်ဗျားကို တစ်ခုခု လုပ်စေချင်လေလေ...အစ်မ မလုပ်လေလေ ပိုကောင်းလေပဲ... မျက်ကန်းတစ္ဆေ မကြောက်ဘဲ လျှောက်လုပ်နေမယ့်အစား... ပွဲကြည့်ပရိသတ် လုပ်ပြီး ဝရုန်းသုန်းကား ဖြစ်လာတာကို ထိုင်ကြည့်နေတာက ပိုကောင်းတယ်... မဟုတ်ရင် ကျွန်တော်တို့ လော့ဖုန်း မဟာမိတ်အဖွဲ့ တစ်ခုလုံးကို တကယ် ဖြိုခွင်းနိုင်ရင်တောင်မှ... သိုင်းပညာ အားကိုးပြီး အကြမ်းဖက်လို့ ရမယ်လို့ ထင်နေလား"
သိုင်းလောကတွင် သိုင်းပညာသည် အရေးကြီးသော်လည်း... သိုင်းပညာ တစ်ခုတည်းဖြင့် မိုက်ရူးရဲဆန်၍ မရပေ။
အထူးသဖြင့် ဆုမိုသည် အာမခံဌာန တစ်ခုကို ဦးစီးနေရသူ ဖြစ်သည်။ အာမခံဌာန စီးပွားရေး ကောင်းမွန်စေရန်အတွက် လုပ်ဆောင်ချက်တိုင်းသည် စနစ်တကျ ရှိရမည်။
သဘောထား ကွဲလွဲရုံမျှဖြင့် သွေးချောင်းစီးအောင် သတ်ဖြတ်ခြင်းသည် သာမန် လူမိုက်များ၏ လုပ်ရပ်သာ ဖြစ်ပြီး ရေရှည်အတွက် ကောင်းမွန်သော နည်းဗျူဟာ မဟုတ်ပေ။
တကယ်တမ်းကျတော့ သိုင်းလောကတွင် သိုင်းပညာအားကိုးဖြင့် အကြမ်းဖက်တတ်သူများသည် ကောင်းမွန်သော နိဂုံးနှင့် တွေ့ရလေ့ မရှိပေ။
မိစ္ဆာဂိုဏ်းသားများအဖြစ် သတ်မှတ်ခံရပြီး ဖြောင့်မတ်သော ဂိုဏ်းများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရတတ်သည်။
သို့မဟုတ်ပါက သူတစ်ပါးလက်ထဲတွင် မသိနားမလည်သော နယ်ရုပ်များ ဖြစ်သွားတတ်ပြီး... မိမိကိုယ်ကို အထင်ကြီးနေတတ်ကြသည်။
သူတို့ အမှန်တရားကို သိလိုက်ရချိန်တွင် နောင်တရရန်ပင် နောက်ကျသွားပြီ ဖြစ်သည်။
"နင်က တကယ်ပဲ တည်ငြိမ်တာပဲ... အရင်တုန်းကတော့ နင့်မှာ ဒီလောက်ကောင်းတဲ့ 'ချီ' ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး"
"လူဆိုတာ ဖိအားတွေအောက်မှာ ရင့်ကျက်လာတာလေ"
ဆုမိုက ဟာသအနေဖြင့် ပြောလိုက်သော်လည်း မော့ကြည့်လိုက်သည့်အခါ ယန်ရှောင်ယွင်၏ သနားကရုဏာသက်သော မျက်ဝန်းများကို တွေ့လိုက်ရသည်။
သူ့ကိုယ်သူ ပါးရိုက်ချင်စိတ် ပေါက်သွားမိသည်။
သူ့အတွက်ကတော့ ဒါက ဟာသ တစ်ခုပါ... သို့သော် ၊ ယန်ရှောင်ယွင်က ဘယ်လိုလုပ် အပြည့်အဝ နားလည်နိုင်မှာလဲ။
ဒီစကားကို ကြားပြီး သူမ ဘာတွေ တွေးနေမလဲ ဆိုတာ ဘယ်သူသိမှာလဲ။
သူ စကားလမ်းကြောင်း လွှဲရန် ပြင်လိုက်စဉ်မှာပင်... ယန်ရှောင်ယွင်က စားပွဲကို ရိုက်ကာ ရုတ်တရက် ပြောလိုက်သည်။
"ထားလိုက်ပါတော့... ဒီအတောအတွင်း ငါ အိမ်မပြန်တော့ဘူး"
"ဟင်... ဘာ"
ဆုမို ရုတ်တရက် မော့ကြည့်လိုက်သည်။
"အစ်မ ဘာကို ဆိုလိုတာလဲ"
"နောက်ကွယ်က လူက ဘယ်သူပဲ ဖြစ်ဖြစ်... သူတို့ ကြိုးကိုင်နေတာ ဟုတ်ဟုတ် မဟုတ်ဟုတ်... လုပ်ရပ်တစ်ခုစီက အရာအားလုံးအပေါ် ဘယ်လို သက်ရောက်မှု ရှိမယ် ဆိုတာ ငါ ဂရုမစိုက်ဘူး"
"ဝူတောက်ယိုက ဘာတွေ ဆုံးဖြတ်ထားလဲ ဆိုတာလည်း ငါ စိတ်မဝင်စားဘူး"
"အဲ့ဒါတွေ အားလုံးက ငါနဲ့ မဆိုင်ဘူး"
"ငါ့အတွက်ကတော့... အဲ့ဒါတွေ အားလုံးထက် နင့်အသက်က ပိုအရေးကြီးတယ်... ဒီကိစ္စ မပြေလည်မချင်း ငါ ဘယ်လိုလုပ် အိမ်ပြန်ပြီး ခြေပစ်လက်ပစ် အိပ်နိုင်မှာလဲ"
ယန်ရှောင်ယွင်သည် ကမ္ဘာပေါ်တွင် သဘာဝအကျဆုံး ကိစ္စတစ်ခုလို ပြောလိုက်သည်။
"ဒါကြောင့်... ငါ နင့်နားမှာ နေပြီး နင့်ကို ကာကွယ်ပေးရမယ်"
"... ဦးလေးယန်က သဘောတူမှာ မဟုတ်ဘူး"
"ငါ သုံးနှစ်သား ကလေးလေး မဟုတ်တော့ပါဘူး... နင် ဟို စကားပုံ မကြားဖူးဘူးလား"
"ဘာ စကားပုံလဲ"
"သားကြီးလာရင် အဖေ စကားနားမထောင်တော့ဘူး တဲ့"
"..."
ဆုမိုသည် ထိုစကားပုံကို တစ်ခါမှ မကြားဖူးရုံသာမက... ထိုစကားကို ဤမျှ တရားမျှတသည့် ပုံစံဖြင့် ပြောဆိုခြင်းကိုလည်း တစ်ခါမှ မကြားဖူးခဲ့ချေ။
သူ မျက်မှောင်ကြုတ်လိုက်မိသည်။
"မမလေးရှောင်ယွင်... ဒါ မသင့်တော်ဘူးလို့ ထင်တယ်...ကျွန်တော်တို့ စေ့စပ်ထားတယ် ဆိုပေမဲ့ လက်မှ မထပ်ရသေးတာ... အစ်မ ဇီယန် အာမခံဌာနမှာ လာနေမယ်ဆိုရင်...အစ်မရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်..."
"ဟင်... အဲ့ဒါက ဘာများ အရေးကြီးလို့လဲ... ဂုဏ်သိက္ခာ ဆိုတာ နင့်အသက်နဲ့ ယှဉ်ရင် ဘာမှ တန်ဖိုးမရှိဘူး"
ယန်ရှောင်ယွင်က လက်ကာပြလိုက်သည်။
"ပြီးတော့ ငါတို့က ဇနီးမောင်နှံတွေ ဖြစ်လာမယ့်သူတွေပဲလေ... ငါတို့ ငယ်ငယ်ကတည်းက စေ့စပ်ထားတယ် ဆိုတာ လော့ရှားမြို့ တစ်မြို့လုံး သိကြတာပဲ... ယန်မိသားစုက အမျိုးသမီးတွေက နှစ်ခါ မအိုကြဘူး... ဒါကြောင့် ဒီဆုံးဖြတ်ချက်က ငါ့ဂုဏ်သိက္ခာကို မထိခိုက်စေပါဘူး"
"အာ... ဒါက..."
ဆုမို အံကြိတ်လိုက်မိသည်။ ဘာပြန်ပြောရမှန်း မသိတော့ပေ။
ယန်ရှောင်ယွင်က သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဆုမိုက မျက်နှာပေါ်တွင် လက်ဖက်ရည်စွန်းနေသလားဟု အမှတ်တမဲ့ စမ်းကြည့်လိုက်မိသည်။
"ဘာဖြစ်လို့လဲ"
"ငါ နင့်ကို သေသေချာချာ ကြည့်ချင်လို့"
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်ရင်း ပြောလိုက်သည်။
"ငါတို့ ငယ်ငယ်ကတည်းက နင့်ကို ငါ ကြည့်လာခဲ့တာ... ဒါပေမဲ့ မတွေ့ဖြစ်တာ (၂) နှစ်လောက် ကြာသွားပြီး ပြန်တွေ့တဲ့အခါ... နင် ဒီလောက် ပြောင်းလဲသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
"... ဘယ်လို ပြောင်းလဲသွားလို့လဲ"
"အရင်တုန်းကဆို နင်က ပေါ့ပျက်ပျက်နဲ့ ဆုံးဖြတ်ချက် မခိုင်မာဘူး... နံရံမှာ ကပ်လို့မရတဲ့ ရွှံ့လိုပဲ"
ယန်ရှောင်ယွင်က ပြုံးရင်း ပြောသည်။
"ငါ ဒီလိုပြောလို့ စိတ်မဆိုးနဲ့နော်... တကယ်တမ်းကျတော့ အစတုန်းက ငါတို့ စေ့စပ်ထားတာကို ငါ သိပ်ဘဝင်မကျခဲ့ဘူး... ဒါပေမဲ့ ကတိကိုတော့ ဖျက်လို့မရဘူးလေ... ဒါကြောင့် ငါ နင့်ကို တစ်သက်လုံး ထောက်ပံ့သွားဖို့ ပြင်ဆင်ထားခဲ့တာ"
"အာ..."
ဆုမို ခေါင်းခါလိုက်သည်။
တကယ်လို့ လက်ထပ်ပြီး အတူနေကြမည် ဆိုလျှင်တောင်... တစ်ယောက်တည်းက အမြဲတမ်း ထောက်ပံ့နေဖို့ ဆိုတာ မဖြစ်နိုင်ပါချေ။
တကယ်သာ ထိုအတိုင်းဆိုပါက၊ ... ဘဝကြီးက အရမ်း ပင်ပန်းလွန်းအားကြီးသည်လေ။
"ဒါပေမဲ့ အခုတော့ မတူတော့ဘူး"
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်လိုက်သည်။
"နင်က အားကိုးရမယ့်ပုံ ပေါက်လာပြီ... လုပ်ကြံမှုနဲ့ ကြုံရတာတောင် တည်တည်ငြိမ်ငြိမ် ရှိတယ်... နင့်ရဲ့ စဉ်းစားတွေးခေါ်မှုတွေက ငါ မမီနိုင်လောက်အောင် ကောင်းမွန်တယ်... လူငယ်တွေကြားထဲမှာ ဝူချန်ဖုန်းက ကျွမ်းကျင်တယ်လို့ ပြောလို့ရတယ်... ဒါပေမဲ့ နင်က ပခုံးလေး တွန့်လိုက်ရုံနဲ့ သူ့ကို စားသောက်ဆိုင်ထဲ လွင့်သွားအောင် လုပ်နိုင်ခဲ့တယ်... အဲ့ဒီ အတွင်းအားက တကယ်ကို အံ့သြစရာပဲ..."
"ရှောင်မို... နင့်ရဲ့ အတွင်းအားက ဘယ်လိုဖြစ်ပြီး ဒီလောက် တိုးတက်လာရတာလဲ"
ဒီအမျိုးသမီးကတော့ တကယ့်ကို သိုင်းမယ်ဘွဲ့နှင့် ထိုက်တန်ပါပေသည်။ သိုင်းပညာ အကြောင်းရောက်သွားတာနှင့် သူမ၏ မျက်လုံးတွေ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်၏။
"လာ... ငါတို့ နောက်တစ်ပွဲလောက် စမ်းကြရအောင်... မနေ့ကတုန်းက နင့်ရဲ့ အတွင်းအားက နည်းသေးတယ် ထင်လို့ ငါ မသုံးရဲခဲ့ဘူး... အရှိန်မထိန်းနိုင်ဘဲ နင့်ကို ထိခိုက်မိမှာစိုးလို့လေ"
"အခု နင့်ရဲ့ အတွင်းအားက ထူးချွန်နေမှတော့... နောက်တစ်ပွဲလောက် တိုက်ခိုက်ကြတာပေါ့"
ပြောရင်းဆိုရင်း သူမသည် ဆုမိုကို လက်ရည်စမ်းရန် ဆွဲခေါ်လေတော့သည်။
ဆုမိုမှာ ရယ်ရခက် ငိုရခက် ဖြစ်နေစဉ်မှာပင်... ဦးလေးဖူသည် အဝေးမှ ရွှင်မြူးစွာဖြင့် ရောက်ရှိလာ၏။
"ဗိုက်ဆာနေကြပြီ မလား... ထမင်းဟင်းတွေ အဆင်သင့် ဖြစ်ပါပြီ... လာစားကြပါတော့”
အခန်း (၂၇) - ပစ္စည်းအပ်သူ ရောက်လာခြင်း
~ဒီနေ့ နေ့လယ်စာအတွက် ဦးလေးဖူက တကယ့်ကို အားစိုက်ထုတ်ပြီး ပြင်ဆင်ထား၏။
အတိတ်တုန်းက မိသားစုနှစ်ခု ရင်းနှီးကျွမ်းဝင်ခဲ့စဉ်က ယန်ရှောင်ယွင်သည် ဇီယန် အာမခံဌာနတွင် မကြာခဏ ထမင်းစားဖူးသူ ဖြစ်သည်။ ထို့ကြောင့် ဦးလေးဖူက သူမ ဘာကြိုက်သည်၊ ဘာမကြိုက်သည်ကို အလွတ်ရနေလေ၏။
စားပွဲတစ်ခုလုံးတွင် ခင်းကျင်းထားသော ဟင်းလျာများအားလုံးနီးပါးသည် ယန်ရှောင်ယွင် အကြိုက်ချည်းပင် ဖြစ်နေသည်။
ယန်ရှောင်ယွင် တစ်ယောက် ဟင်းတစ်လုပ်စားလိုက်၊ ဦးလေးဖူ၏ လက်ရာကို ချီးကျူးလိုက်နှင့် ပါးစပ်မပိတ်နိုင်အောင် ဖြစ်နေရသည်။
ဦးလေးဖူသည် ဆုမို၏ နောက်တွင် ရပ်လျက် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ မျက်လုံးများ ပိတ်သွားသည်အထိ သူ သဘောကျနေပုံရသည်။
"သခင်မလေးယန် ကြိုက်ရင် နောက်ကို မကြာမကြာ လာခဲ့လေ... ကျွန်တော် နောက်ထပ် ကောင်းတာလေးတွေ ချက်ကျွေးဦးမယ်"
"အင်း... အင်း"
ယန်ရှောင်ယွင်က ခေါင်းတညိတ်ညိတ် လုပ်ရင်း ပြောလိုက်သည်။
"ဦးလေးဖူ... နောက်တစ်ခါ ဆိုတာ မလိုတော့ပါဘူး... ဒီရက်ပိုင်းတွေမှာ ကျွန်မ ဇီယန် အာမခံဌာနကနေ ဘယ်မှ မသွားဘဲ ဒီမှာပဲ နေတော့မှာ"
"ဗျာ..."
ဦးလေးဖူ အံ့အားသင့်သွားပြီး ဆုမိုကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
ဆုမို ချောင်းတစ်ချက် ဟန့်လိုက်သည်။
"မမလေးရှောင်ယွင်... ဒီကိစ္စကို ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့"
"ဆွေးနွေးစရာ ဘာလိုသေးလို့လဲ... နင်က ဘာကိစ္စမဆို ရှည်ရှည်ဝေးဝေး လုပ်နေရတာကို ကြိုက်တာလား... ရိုးရိုးရှင်းရှင်းလေး နေလို့ မရဘူးလား"
ယန်ရှောင်ယွင်က ဆုမိုကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်သွားပြီး ဦးလေးဖူထံ အကူအညီတောင်းရန် လှမ်းကြည့်လိုက်သည်။ သို့သော် ဦးလေးဖူက လှည့်ထွက်သွားရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။
ဆုမို လန့်ဖျပ်သွားသည်။
"ဦးလေးဖူ... ဘယ်သွားမလို့လဲ"
"သခင်မလေးယန်အတွက် အခန်းသွားရှင်းမလို့လေ"
"..."
အရေးကြီးတဲ့ အချိန်ကျမှ သစ္စာဖောက်သွားပါရောလား။
ဆုမိုမှာ မတတ်သာသည့်အဆုံး ယန်ရှောင်ယွင်ကိုသာ မျက်နှာငယ်လေးဖြင့် ကြည့်လိုက်မိသည်။ သို့သော် သူမကတော့ ပြုံးဖြီးဖြီးဖြင့်သာ ပြောလိုက်သည်။
"စားကြရအောင်"
ထမင်းစား၍ မပြီးခင်မှာပင် ဦးလေးဖူ အပြင်မှ ပြန်ဝင်လာ၏။
"သခင်လေး... အပြင်မှာ သခင်လေးကို တွေ့ချင်လို့တဲ့... လူတစ်ယောက် ရောက်နေတယ်"
"ဦးလေး သိတဲ့သူလား"
"နာမည်က ကျိ တဲ့... မျက်နှာစိမ်းပဲ... ဆွေးနွေးစရာ ကိစ္စရှိလို့ ဆိုလားပဲ"
ဆုမို အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။
"ဧည့်ခန်းထဲမှာ စောင့်ခိုင်းလိုက်ပါ... ကျွန်တော် အခု လာခဲ့မယ်ဗျ"
"ကောင်းပါပြီ"
ဦးလေးဖူက ခေါင်းညိတ်ပြီး ပြန်ထွက်သွား၏။
ယန်ရှောင်ယွင်နှင့် ဆုမိုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ဦးစလုံး တစ်ယောက်၏ သဘောထားကို တစ်ယောက် နားလည်လိုက်ကြ၏။
"ဒီလို မရေရာတဲ့ အချိန်မျိုးမှာ... မျက်နှာစိမ်း ဧည့်သည်တွေကို သတိထားမှ ဖြစ်မယ်"
ယန်ရှောင်ယွင်က သတိပေးလိုက်သည်။
ဆုမို ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် အရင် သွားကြည့်လိုက်ဦးမယ်"
"ငါလည်း လိုက်ခဲ့မယ်"
ခဏမျှ စဉ်းစားပြီးနောက် ဆုမို မငြင်းတော့ပေ။
နှစ်ဦးသား ဇွန်း၊ ခက်ရင်းများကို ချပြီး အဝတ်အစား သပ်ရပ်အောင် ပြင်ဆင်ကာ ဧည့်ခန်းဆောင်သို့ ထွက်လာခဲ့ကြသည်။
ဇီယန် အာမခံဌာန၏ ဧည့်ခန်းဆောင်သည် သံမဏိသွေး အာမခံဌာနနှင့် နှိုင်းယှဉ်လျှင် ကွာခြားလှပေသည်။ ရိုးရှင်းသော ပရိဘောဂ အနည်းငယ်သာ ရှိပြီး ဧည့်ခံသော လက်ဖက်ရည်ကလည်း အကောင်းစား မဟုတ်ပေ။
မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ရည် သာမန်ကာလျှံကာ ဧည့်သည်သည် လက်ဖက်ရည် သောက်ရင်း တည်ငြိမ်စွာ ထိုင်စောင့်နေ၏။
သူ့ဘေးရှိ စားပွဲပေါ်တွင် သေတ္တာရှည်တစ်လုံး တင်ထားသည်ကို တွေ့ရသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ဧည့်ခန်းထဲသို့ ဝင်လာသည့် ခြေသံကို ကြားလိုက်ရသဖြင့် ထိုလူ မတ်တပ်ထရပ်လိုက်သည်။ သို့သော် သူတို့နှစ်ဦးကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
"ဟို... ခင်ဗျားတို့က ဘယ်သူတွေများလဲ မသိဘူး"
ယန်ရှောင်ယွင်မှာ အသံထွက်၍ပင် ရယ်မောလုနီးပါး ဖြစ်သွားသည်။
သူများအိမ်ကို ဧည့်သည်အဖြစ် လာပြီးမှ... အိမ်ရှင်က ဘယ်သူလဲလို့ မေးရတယ် ရှိသလား။
ဒီလောကကြီးမှာ ဘယ်လိုတောင် ယုတ္တိမရှိတဲ့ ကိစ္စမျိုး ရှိရတာလဲ။
ဆုမို ပြုံးလိုက်သည်။
"ကျွန်တော်က ဆုမို ပါ... ဇီယန် အာမခံဌာနရဲ့ ဂိုဏ်းချုပ်ပေါ့"
ထိုလူ ကြောင်အမ်းအမ်း ဖြစ်သွားပြီး အလိုအလျောက်ပင် လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်သည်။
"ဪ... ဂုဏ်သတင်း ကြားဖူးတာ ကြာပါပြီဗျာ..."
ပါးစပ်ကသာ ကြားဖူးပါသည် ပြောနေသော်လည်း... သူ့မျက်နှာထားကို ကြည့်ရသည်မှာ သူကိုယ်တိုင်ပင် မယုံကြည်သည့်ပုံ ပေါက်နေသည်။
သို့သော် သူသည် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းလိုက်သည်။
"စိတ်မရှိပါနဲ့ဗျာ... ဇီယန် အာမခံဌာနရဲ့ ဂိုဏ်းချုပ်က ဒီလောက် ငယ်ရွယ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိလို့ပါ... ဪ... ဟုတ်သားပဲ... ကျွန်တော့်နာမည်က ကျိရှုဟွာ ပါ... ခေါင်းဆောင်ဆုနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
ဆုမိုသည် ထိုနာမည်သုံးလုံးကို စိတ်ထဲတွင် ရေရွတ်လိုက်ပြီးသည်နှင့် ဒီလူ ဘယ်သူလဲ ဆိုတာကို ချက်ချင်း သိလိုက်သည်။ သူ အနည်းငယ် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"ဪ... 'သစ္စာတရား ထာဝရ ကျိရှုဟွာ' ကိုယ်တိုင် ရောက်လာတာကိုး... ကျွန်တော်က လူမသိလို့ မလေးမစား ဖြစ်မိရင် ခွင့်လွှတ်ပါဗျာ"
"သိုင်းလောက မိတ်ဆွေတွေက မြှောက်ပြောကြတာပါဗျာ... ကျွန်တော့်ကို အရှက်မခွဲပါနဲ့"
ကျိရှုဟွာ၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားသည်။ ပါးစပ်ကသာ ငြင်းနေသော်လည်း ဆုမို၏ စကားက သူ့အကြိုက်နှင့် ကွက်တိ တွေ့သွားပုံရသည်။
ဤ 'သစ္စာတရား ထာဝရ ကျိရှုဟွာ' ဆိုသူသည် သိုင်းလောကတွင် အတော်အတန် နာမည်ကျော်ကြားသူ ဖြစ်သည်။ သူ့သိုင်းပညာက သာမန်အဆင့်သာ ရှိသော်လည်း ထူးခြားချက် တစ်ခုကြောင့် လူသိများ၏။
ထိုအချက်မှာ... မိတ်ဆွေဖွဲ့ခြင်းကို ဝါသနာပါခြင်းပင်။
ဤလူသည် မိတ်ဆွေဖွဲ့ရာတွင် ဇီဇာကြောင်လေ့မရှိ။ လူတန်းစားပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှ လူများနှင့် မိတ်ဆွေဖွဲ့တတ်သည်။
ထို့အပြင် မိတ်ဆွေများ ဒုက္ခရောက်နေပါက ကူညီရန် ဘယ်သောအခါမျှ ဝန်မလေးတတ်ပေ။
ထို့ကြောင့်ပင် သူ့ကို 'သစ္စာတရား ထာဝရ' ဟု တင်စား ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
ယဉ်ကျေးမှုအရ အပြန်အလှန် နှုတ်ဆက်ပြီးနောက် အိမ်ရှင်နှင့် ဧည့်သည် နေရာယူလိုက်ကြသည်။ ထို့နောက် ဆုမိုက မေးလိုက်သည်။
"သိုင်းသမားကြီးကျိက ဘယ်ကနေ လာတာလဲ မသိဘူး"
သူက 'ဘာကိစ္စ ရှိလို့လဲ' ဟု တဲ့တိုး မမေးသလို၊ 'ကိစ္စမရှိဘဲ ဘယ်သူမှ မလာဘူး' ဟုလည်း မပြောပေ။ ထိုသို့ပြောခြင်းက မောက်မာရာ ရောက်သွားနိုင်သည် မဟုတ်ပါလော။
ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည့်အတွက် ယဉ်ကျေးမှုကို ထိန်းသိမ်းထားရန် လိုအပ်သည်။ 'ဘယ်က လာသလဲ' ဟု မေးခြင်းသည် 'ဘာကိစ္စနဲ့ လာသလဲ' ဆိုသည့် မေးခွန်းကို သွယ်ဝိုက်၍ မေးမြန်းခြင်းပင် ဖြစ်သည်။
"အမှန်အတိုင်း ပြောရရင်တော့... တစ်ယောက်ယောက်က အကူအညီ တောင်းလို့ ရောက်လာရတာပါ"
ကျိရှုဟွာက ပွင့်ပွင့်လင်းလင်းပင် ပြုံး၍ ပြောလိုက်သည်။
"ဒီလို ရုတ်တရက်ကြီး ရောက်လာရတာကလည်း... ပစ္စည်းတစ်ခု အပ်ချင်လို့ပါ"
"ဪ"
ဆုမိုသည် ကျိရှုဟွာ၏ ဘေးနားရှိ သေတ္တာကို တစ်ချက် ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ မေးလိုက်သည်။
"ဘယ်သူကများ အပ်လိုက်တာလဲ မသိဘူး"
"ကျွန်တော့် မိတ်ဆွေတစ်ယောက်ပါ"
ကျိရှုဟွာက ဆက်ပြောသည်။
"သူက နာမည်ကြီးတာ မကြိုက်လို့ သူ့နာမည်ကို ထုတ်ပြောလေ့ မရှိဘူး... သည်းခံပေးပါ ခေါင်းဆောင်ဆု"
ဆုမို မျက်ခုံးပင့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
ထို့နောက် ကျိရှုဟွာက ဆက်ပြောသည်။
"ကျွန်တော့်မိတ်ဆွေက အပြင်လောကမှာ နာမည်မကြီးပေမဲ့... သံထည်ပစ္စည်း ဖန်တီးတဲ့ နေရာမှာတော့ တကယ့်ကို ကျွမ်းကျင်သူပါ... မိတ်ဆွေရင်းချာတွေလည်း အများကြီး ရှိတယ်... မကြာသေးခင်ကမှ တစ်ယောက်က သူ့ဆီမှာ လက်နက်တစ်ခု လာအပ်ထားတယ်... လက်နက် ပြီးသွားတော့ လာမယူကြဘူး... ကျွန်တော်က လမ်းကြုံဝင်လည်ရင်း သူက ဒီအကြောင်း ပြောပြလာတယ်လေ"
"ခေါင်းဆောင်ဆုလည်း ကျွန်တော့်အကြောင်း ကြားဖူးမှာပါ... ကျွန်တော်က သူများကိစ္စဆို ဝင်ပါရမှ ကျေနပ်တာ... အထူးသဖြင့် ကိုယ့်မိတ်ဆွေကိစ္စဆိုတော့ ဘယ်လိုလုပ် လစ်လျူရှုထားနိုင်မှာလဲ"
"အစကတော့ ကျွန်တော်ကိုယ်တိုင်ပဲ သွားပို့ပေးမလို့ စိတ်ကူးထားတာ... ဒါပေမဲ့ လော့ရှားမြို့ကို ရောက်တော့ အခြားကိစ္စတစ်ခု ပေါ်လာပြန်ရော... ဒီပစ္စည်းကြီးကို သယ်သွားသယ်လာ လုပ်ရတာ အဆင်မပြေဘူး... တော်ကြာ ပေါ့ဆမိလို့ ပျောက်သွားရင် ပိုဆိုးမယ်"
"ဒါကြောင့် အာမခံဌာန တစ်ခုခုကို အပ်ပြီး ပို့ခိုင်းရင် ကောင်းမယ်လို့ စဉ်းစားမိလိုက်တယ်"
"သံမဏိသွေး တို့၊ ကောင်းကင်တံခါး တို့လို နာမည်ကြီး အာမခံဌာနတွေကို အပ်မလို့ စဉ်းစားပေမဲ့... သူတို့ အခကြေးငွေက အရမ်း ကြီးလွန်းတယ်"
"ကျွန်တော်က သိုင်းလောကထဲ လှည့်လည်သွားလာနေတဲ့သူ ဆိုတော့ ငွေအများကြီးဆောင်ထားလေ့ မရှိဘူး... စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဇီယန် အာမခံဌာန ရှိမှန်း သိလိုက်ရတာပါ"
"ဒီလို ရောက်ချလာတာ ရုတ်တရက် ဆန်လွန်းပေမဲ့... ခေါင်းဆောင်ဆု အနေနဲ့ ဒီအလုပ်ကို လက်ခံပေးနိုင်မလား ဆိုတာ သိချင်ပါတယ်"
သူ့စကားများက ချောမွေ့ပြေပြစ်နေသည်။ မိတ်ဆွေ၏ နာမည်ကို ထုတ်မပြောသော်လည်း ဇာတ်ကြောင်းတစ်ခုလုံးကို ရှင်းလင်းအောင် ပြောပြသွားသည်။
ဆုမို ခဏမျှ တွေးတောနေစဉ် ယန်ရှောင်ယွင်က သူ့ကို ခေါင်းအသာခါပြသည်။
ဆုမို သူမကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် ကျိရှုဟွာဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင်... အပ်မယ့်ပစ္စည်းကို ကျွန်တော် တစ်ချက်လောက် ကြည့်ခွင့် ရှိမလား"
"ရပါတယ်... ကြည့်ပါ ခေါင်းဆောင်ဆု"
စကားဆုံးသည်နှင့် သူသည် သေတ္တာကို လက်ဖြင့် အသာပုတ်လိုက်ရာ သေတ္တာသည် ဆုမိုထံသို့ လေထဲမှ ပျံဝဲသွား၏။
ဆုမို တိတ်ဆိတ်စွာ ပြုံးလိုက်သည်။ သေတ္တာ သူ့ထံ ရောက်လာသည်နှင့် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သေတ္တာသည် လေထဲတွင် နှစ်ပတ်၊ သုံးပတ်ခန့် လည်သွားပြီးနောက် သူ့လက်ဝါးပေါ်သို့ တည်ငြိမ်စွာ ကျရောက်လာ၏။
ကျိရှုဟွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး မတ်တပ်ထရပ်ကာ လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။
"စိတ်မရှိပါနဲ့ ခေါင်းဆောင်ဆု... ဂိုဏ်းချုပ်က အရမ်းငယ်ရွယ်နေပြီး... ဒီပစ္စည်းကလည်း အရေးကြီးနေတာမို့ ကျွန်တော် မဖြစ်မနေ စမ်းသပ်ကြည့်လိုက်ရတာပါ... ဒါပေမဲ့ ဂိုဏ်းချုပ်က ငယ်ရွယ်ပေမဲ့ သိုင်းပညာ အရာမှာတော့ အံ့မခန်း ထူးချွန်လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး... တကယ် လေးစားစရာပါပဲ... ကျွန်တော် ကျိရှုဟွာက စိတ်ရင်းနဲ့ တောင်းပန်ပါတယ်ဗျာ"
ပြောပြီးသည်နှင့် သူသည် ခါးကိုကိုင်းညွှတ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။ သူ့ပုံစံက တကယ့်ကို ပြတ်သားပွင့်လင်းလှပေသည်။