အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အခန်း (၂၈) - သေတ္တာထဲမှ နဂါးဟိန်းသံ
~သိုင်းလောကတွင် အမှားကို ဝန်ခံတတ်ခြင်းသည် အရေးကြီးသော အရည်အချင်းတစ်ခု ဖြစ်သည်။
ကျိရှုဟွာသည် ထိုအချက်ကို ကောင်းစွာ သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးတတ်သူ ဖြစ်သည်။
ဤလူက မိတ်ဆွေပေါများရခြင်း၏ အကြောင်းရင်းကို ဆုမို သဘောပေါက်သွားတော့၏။
ပညာသားပါပါ စမ်းသပ်တတ်သော်လည်း မသိချင်ယောင်ဆောင်မနေဘဲ ချက်ချင်းပင် တောင်းပန်တတ်သည်။
'ရယ်နေသော မျက်နှာကို မရိုက်ရ' ဟူသော စကား ရှိသည် မဟုတ်ပါလော။
စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေလျှင်တောင်... ဤကဲ့သို့ ရိုးသားသော ဝန်ခံမှုကြောင့် ဒေါသပြေသွားတတ်ကြသည်။
ဆုမို လက်ကာပြလိုက်သည်။
"သိုင်းသမားကြီးကျိက ဘာလို့ ဒီလိုပြောရတာလဲဗျာ... ကျွန်တော်က ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်သလို၊ ဇီယန် အာမခံဌာနကလည်း နာမည်မကြီးသေးတော့ သံသယဝင်တာ သဘာဝပါပဲ... ထိုင်ပါဗျာ... မြန်မြန် ထိုင်ပါဦး"
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု... ကျွန်တော့်အပေါ် အပြစ်မယူတဲ့အတွက်"
ကျိရှုဟွာ ပြုံးလိုက်ပြီး ပြန်ထိုင်လိုက်သည်။
ဆုမိုသည် သူ့လက်ထဲတွင် ရှိနေသော သေတ္တာကို အသေအချာ ကြည့်လိုက်သည်။ သေတ္တာအဖွင့်အပိတ်သည် ထိပ်ပိုင်းတွင် ရှိကြောင်း တွေ့လိုက်ရသည်။
သူသည် သေတ္တာကို ကြမ်းပြင်ပေါ် ချလိုက်ပြီး အဖုံးကို လက်ဖြင့် အသာပုတ်လိုက်ရာ... "ဝုန်း" ခနဲ နဂါးဟိန်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး၊ ပြင်းထန်သော ဓားအရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာ၏။
ဆုမို သေချာကြည့်လိုက်ရာ... သေတ္တာထဲတွင် ဓားတစ်ချောင်း ရှိနေကြောင်း တွေ့လိုက်ရသည်။
ဓားကို ဓားအိမ်မှ မထုတ်ရသေးသော်လည်း... ထက်မြက်သော အရှိန်အဝါက ကြောက်ခမန်းလိလိ ထွက်ပေါ်နေပြီ ဖြစ်သည်။
"ဒါက ဘာလဲ"
သူ ကျိရှုဟွာကို လှမ်းကြည့်လိုက်သည်။
"ဒီဓားရဲ့ နာမည်က 'နဂါးဟိန်း' တဲ့"
ကျိရှုဟွာက ရှင်းပြသည်။
"သွန်းလုပ်တုန်းက သူ့ရဲ့ ထက်မြက်မှု အရှိန်အဝါက အရမ်းပြင်းထန်လွန်းနေတော့... ကျွန်တော့်မိတ်ဆွေက အရှိန်အဝါကို ထိန်းချုပ်ဖို့အတွက် ဒီသေတ္တာကိုပါ တွဲဖက် ဖန်တီးခဲ့ရတာလေ... သူကတော့ နောက်ပြောင်ပြီး 'သေတ္တာထဲက နဂါးဟိန်းသံ' လို့ ခေါ်တယ်"
"..."
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲတွင် ဗီဒီယိုဂိမ်းတစ်ခုမှ ပုံရိပ်တစ်ခုကို ပြေးမြင်ယောင်မိလိုက်သည်။
သူ ချက်ချင်း ခေါင်းခါလိုက်ပြီး ချီးကျူးလိုက်သည်။
"တကယ့်ကို ဓားကောင်း တစ်လက်ပါပဲ... သိုင်းသမားကြီးကျိရဲ့ မိတ်ဆွေက တကယ့် ပညာရှင်ပဲ... လေးစားစရာ ကောင်းလိုက်တာ"
ကျိရှုဟွာက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"အဲ့ဒါ အမှန်ပဲဗျ... ကျွန်တော်လည်း အမြဲတမ်း အဲ့ဒီလိုပဲ ယုံကြည်ထားတာ... ဒါပေမဲ့ သူကတော့ အမြဲပြောတယ်... သူ့ပညာက မပြည့်စုံသေးဘူး တဲ့... တကယ်လို့သာ ပြီးပြည့်စုံတဲ့ အဆင့်ရောက်ရင် ဓားအရှိန်အဝါကို ထိန်းချုပ်စရာ မလိုတော့ဘူး... သေတ္တာထဲက နဂါးဟိန်းသံ ဆိုတာလည်း လိုအပ်မှာ မဟုတ်တော့ဘူး တဲ့"
ဆုမို မျက်ခုံးပင့်လိုက်မိသည်။ ကျိရှုဟွာ ပြောနေသော ထိုမိတ်ဆွေကို သူ တကယ် စိတ်ဝင်စားသွားမိသည်။
သို့သော် မေးမြန်းရမည့်အချိန် မဟုတ်သေးပေ။ ကျိရှုဟွာက သူ့မိတ်ဆွေသည် နာမည်ထုတ်မပြောချင်သောသူ ဖြစ်ကြောင်း ကြိုတင် ပြောထားပြီး ဖြစ်သည်။
သစ္စာရှိသော ကျိရှုဟွာသည် သူ့မိတ်ဆွေ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမည်မှာ သေချာသည်။
ထို့ကြောင့် သူ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါနဲ့... ဒီဓားကို ဘယ်နေရာဆီ ပို့ပေးရမှာလဲ မသိဘူး"
"ယွီလျို စံအိမ်"
ကျိရှုဟွာက ထိုစာလုံးလေးလုံးကို ပြောလိုက်သည်။
ယန်ရှောင်ယွင် လန့်ဖျပ်သွားသည်။ သူမသည် ဧည့်ခန်းထဲ ဝင်လာကတည်းက ဆုမို၏ ဦးဆောင်မှုကို လိုက်နာပြီး တိတ်ဆိတ်စွာ နေနေခဲ့သော်လည်း... ယခုအချိန်တွင်တော့ ဝင်မပြောဘဲ မနေနိုင်တော့ချေ။
"ယွီချင်းတောင်၊ ယွီကျင်းရေကန်ဘေးက ယွီလျို စံအိမ်ကို ပြောတာလား"
"အတိအကျပဲဗျာ... မိန်းကလေးက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ"
ကျိရှုဟွာက ဆက်ပြောသည်။
"ဒီဓားကို ယွီလျို စံအိမ်ရဲ့ သခင်... 'ယွီလျို ဓားနှလုံးသား' လို့ ကျော်ကြားတဲ့ လျူဆွေဖုန်းက အပ်ထားတာပါ"
ယွီချင်းတောင်ပေါ်တွင် ယွီကျင်းရေကန် ရှိပြီး၊ ထိုရေကန်ဘေးတွင် ယွီလျို စံအိမ် တည်ရှိသည်။
စံအိမ်သခင် လျူဆွေဖုန်းသည် တကယ့်ကို ထူးခြားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။
အတိတ်တုန်းက လျူမိသားစု၏ ဘိုးဘေးများသည် ယွီကျင်းရေကန်ဘေးတွင် နေရာချပြီး ကြီးမားသော စံအိမ်ကြီး တစ်ခု တည်ဆောက်ခဲ့ကြသည်။
သိုင်းကွက် (၈၁) ကွက် ပါဝင်သော ထူးခြားသည့် 'သက်တံ့ရောင် နှလုံးသားရှာ ဓားသိုင်း' ဖြင့် သိုင်းလောကတွင် ကျော်ကြားလာရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် မထင်မှတ်ဘဲ သိုင်းလောကထဲ ဝင်ရောက်သည့်အခါ ရှုံးပွဲများသာ ဆက်တိုက် ကြုံတွေ့ရပြီး... နောက်ဆုံးတွင် စိတ်ဓာတ်ကျကာ သေဆုံးသွားခဲ့ရသည်။
နောက်မျိုးဆက်များသည် ထိုနာကျင်မှုကို သင်ခန်းစာယူပြီး ဓားသိုင်းကို အနှစ် (၂၀) ကြာ ကြိုးစားလေ့ကျင့်ကာ သိုင်းလောကထဲ ပြန်ဝင်ခဲ့ကြသော်လည်း... နိုင်ပွဲထက် ရှုံးပွဲက ပိုများနေဆဲပင်။ နာမည်ကျော်ကြားမှုလည်း မရရှိခဲ့ကြပေ။
သို့သော် ယွီလျို စံအိမ်သည် လက်ဆင့်ကမ်း တည်ရှိနေဆဲ ဖြစ်သည်။
သိုင်းလောကတွင် အရေးပါအရာရောက်သော နေရာတစ်ခု မဟုတ်သော်လည်း... သိုင်းလောက၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေခဲ့သည်။
လျူဆွေဖုန်း ပေါ်ထွက်လာသည့် အချိန်အထိ ထိုသမိုင်းကြောင်းအတိုင်း သွားနေခဲ့သည်။
လျူဆွေဖုန်းသည် ပါရမီရှိရုံသာမက ဇွဲလုံ့လလည်း အလွန်ကြီးမားသူ ဖြစ်သည်။
အသက် (၅) နှစ်အရွယ်ကတည်းက နေ့ရောညပါ သိုင်းကျင့်ခဲ့ပြီး၊ အသက် (၁၀) နှစ်အရွယ်တွင် မိသားစု ဓားသိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သင်ယူစရာ ကုန်ခမ်းသွားသည်အထိ တတ်မြောက်ခဲ့သည်။
လိုချင်စိတ်က တီထွင်မှုကို ဖြစ်စေသည်၊ တီထွင်မှုက နားလည်မှုကို ဖြစ်စေသည်၊ နားလည်မှုက ကျွမ်းကျင်မှုကို ဖြစ်စေသည် ဟူသော စကား ရှိသည် မဟုတ်ပါလော။
မိသားစု ဓားသိုင်းကို ကျွမ်းကျင်ပြီးနောက် သူသည် အသစ်အဆန်းများကို ရှာဖွေတီထွင်သင့်သည်။
သို့သော် လျူဆွေဖုန်းက မတူညီပေ။ အထွတ်အထိပ်သို့ ရောက်ပြီးနောက် သူသည် ဓားသိုင်းကို ပြုပြင်ပြောင်းလဲလိုက်သည်။
မူလက (၈၁) ကွက် ရှိသော 'သက်တံ့ရောင် နှလုံးသားရှာ ဓားသိုင်း' ကို (၄၉) ကွက်အဖြစ် လျှော့ချလိုက်သည်။
ထို့နောက် သိုင်းလောကထဲ ဝင်ရောက်ကာ နိုင်ပွဲ၊ ရှုံးပွဲများ ကြုံတွေ့ခဲ့သော်လည်း... ပြောင်းလဲမှု အရှိန်အဟုန် စတင်လာခဲ့ပြီ ဖြစ်သည်။
(၃) နှစ်အကြာတွင် ယွီလျို စံအိမ်သို့ ပြန်လာပြီး တံခါးပိတ် ကျင့်ကြံကာ (၄၉) ကွက်ကို (၃၂) ကွက်အဖြစ် ထပ်မံ လျှော့ချလိုက်သည်။
သိုင်းလောကထဲ ပြန်ဝင်လာသည့်အခါ သူ၏ နိုင်ပွဲများက ရှုံးပွဲများထက် အဆပေါင်းများစွာ သာလွန်လာခဲ့သည်။
နောက်ထပ် (၇) နှစ်ကြာ တံခါးပိတ် ကျင့်ကြံပြီးနောက်... မူလ (၈၁) ကွက် ရှိသော ဓားသိုင်းကို (၁၆) ကွက်တည်းအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။
ကံဆိုးသည်မှာ (၁၆) ကွက်မြောက် ဓားသိုင်းအပြည့်အစုံကို မည်သူမျှ မမြင်ဖူးကြခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှစ၍ သိုင်းလောကသား အများစုသည် သူ၏ (၁၀) ကွက်မြောက် ဓားချက်ကိုပင် ခံနိုင်ရည်မရှိဘဲ ရှုံးနိမ့်သွားကြသောကြောင့် ဖြစ်သည်။
ဤလူသည် ဓားသိုင်းကို မွမ်းမံပြင်ဆင်ရန် နှစ်ပေါင်း (၂၀) နီးပါး အချိန်ပေးခဲ့ပြီး... နောက်ဆုံးတွင် အထွတ်အထိပ် ဓားသိုင်းပညာရှင် ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ 'ယွီလျို ဓားနှလုံးသား' ဟူသော နာမည်သည် သိုင်းလောကတွင် ဟိန်းထွက်လာခဲ့သည်။
ယွီလျို စံအိမ်၏ ဂုဏ်သတင်းသည်လည်း မိုးထိအောင် မြင့်တက်လာခဲ့သည်။
ထို့နောက် သူသည် ယွီလျို စံအိမ်၏ သခင်အဖြစ် ခံယူခဲ့သည်။
သို့သော် ဤလူသည် သိုင်းလောကကို လွှမ်းမိုးရန် စိတ်ဝင်စားမှု မရှိပေ။
ဓားသိုင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခြင်းမှလွဲ၍... သူ့ရည်ရွယ်ချက်မှာ ယွီလျို စံအိမ်အတွက် ဂုဏ်ယူစရာ ဖန်တီးပေးရန်သာ ဖြစ်သည်။
ဂုဏ်သတင်း ရရှိပြီးနောက် သူသည် ယွီလျို စံအိမ်တွင် အေးအေးဆေးဆေး နေထိုင်ပြီး သိုင်းလောက အရှုပ်အထွေးများကို စိတ်မဝင်စားတော့သလို ဖြစ်နေသည်။
သို့သော် သူ့ဂုဏ်သတင်းနှင့် ဩဇာအာဏာမှာ ကြီးထွားလာမြဲပင်။
လော့ဖုန်း မဟာမိတ်အဖွဲ့ပင်လျှင် သူ့ကို အလွယ်တကူ ရန်မစရဲပေ။
ကျိရှုဟွာ၏ တာဝန်က ထိုလူထံသို့ ပစ္စည်းပို့ပေးရမည် ဆိုသည်မှာ တကယ့်ကို အံ့သြစရာပင်...
ဆုမိုသည် ကုလားထိုင်လက်တန်းကို လက်ချောင်းများဖြင့် အသာခေါက်နေမိသည်။ ယန်ရှောင်ယွင်၏ မျက်နှာထားမှာလည်း အနည်းငယ် ရှုပ်ထွေးသွား၏။
ထိုစဉ် ကျိရှုဟွာက ပြောလိုက်သည်။
"ဒီလိုပါ... ကျွန်တော့်မှာ ငွေကြေး အခက်အခဲ ရှိနေလို့... ငွေစက္ကူ (၁၀၀) တန် တစ်ရွက်နဲ့ပဲ ခေါင်းဆောင်ဆုကို အကူအညီတောင်းချင်ပါတယ်... တကယ်လို့ ခေါင်းဆောင်ဆု လက်ခံမယ်ဆိုရင် ကျွန်တော် အခုချက်ချင်း ပေးပါ့မယ်"
ပြောရင်းဆိုရင်း သူသည် ရင်ဘတ်ထဲမှ တာ့ယိုဘဏ်ထုတ် ငွေစက္ကူအသစ်စက်စက် တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
ကြည့်ရသည်မှာ ယခုလေးတင် သွားလဲလှယ်လာသည့်ပုံ ပေါက်နေသည်။
ဆုမို ပြုံးချင်စိတ်ကို ထိန်းရင်း သူ့ရှေ့တွင် ပေါ်လာသော စာတန်းကို ကြည့်လိုက်သည်။
[တာဝန် - 'သေတ္တာထဲက နဂါးဟိန်း' ဓားကို ယွီချင်းတောင်၊ ယွီကျင်းရေကန်ဘေးရှိ ယွီလျို စံအိမ်သခင် 'ယွီလျို ဓားနှလုံးသား' လျူဆွေဖုန်းထံသို့ ပို့ဆောင်ရန်]
[တာဝန် လက်ခံမည်လား]
ခဏမျှ စဉ်းစားပြီးနောက် သူသည် [လက်ခံမည်] ကို ရွေးချယ်လိုက်သည်။
ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဟားဟားဟား၊ သိုင်းသမားကြီးကျိက ကျွန်တော့်ကို ယုံကြည်မှတော့... ငြင်းရင် ရိုင်းရာကျမှာပေါ့... ဒီအာမခံတာဝန်ကို ကျွန်တော် ဆုမို လက်ခံလိုက်ပါပြီ"
ထိုစကားကို ကြားသောအခါ ကျိရှုဟွာ သက်ပြင်းချလိုက်နိုင်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု"
"စီးပွားရေး လုပ်တယ်ဆိုတာ လာသမျှ ဖောက်သည်ကို မငြင်းရဘူးလေ... သိုင်းသမားကြီးကျိက ကျေးဇူးတင်စရာ မလိုပါဘူး... ကျွန်တော်ကသာ အားပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ"
နှစ်ဖက် သဘောတူညီမှု ရရှိပြီးနောက် စာချုပ်ချုပ်ဆိုကာ အသေးစိတ် အချက်အလက်များကို မှတ်တမ်းတင်လိုက်ကြသည်။ ထို့နောက် ကျိရှုဟွာ ပြန်လည် ထွက်ခွာသွား၏။
'သေတ္တာထဲက နဂါးဟိန်း' ဓားနှင့် ငွေစက္ကူ (၁၀၀) တန် တစ်ရွက်တို့သည် ဇီယန် အာမခံဌာနတွင် ကျန်ရစ်ခဲ့၏။
"ကျိရှုဟွာက စိတ်သဘောထား ကြီးပြီး ပွင့်လင်းတယ် ဆိုပေမဲ့... သူ့မှာ ပြောမပြတတ်တဲ့ ဉာဏ်နီဉာဏ်နက်တွေ ရှိတယ်... အာမခံကြေး တစ်ခုလုံးကို ကြိုပေးလိုက်ပြီး လိမ်ခံရမှာလည်း မကြောက်ဘူး... ဒီဓားက 'ယွီလျို ဓားနှလုံးသား' ဆီ ပို့ရမှာမို့လို့များ စိတ်ချနေတာလား"
ယန်ရှောင်ယွင်သည် ထွက်ခွာသွားသော ကျိရှုဟွာကို ကြည့်ရင်း ဆုမိုကို တိုးတိုးလေး ပြောလိုက်သည်။
ဆုမို ခေါင်းကို အသာခါလိုက်သည်။
"သူက တောင်ပိုင်းပင်လယ်ကနေ အဝေးဆုံး အရပ်ဒေသတွေအထိ ခြေဆန့်ပြီး လူပေါင်းစုံနဲ့ ဆက်ဆံလာခဲ့တာ... ဒီနေ့အထိ အောင်မြင်နေတုန်းပဲ ဆိုတော့... ဒီလူက အပြင်ပန်း မြင်ရသလောက်တော့ ရိုးရှင်းမယ် မထင်ဘူး"
"အင်း... နင်ပြောတာလည်း ဟုတ်တာပဲ"
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး ဆုမိုကို ကြည့်လိုက်သည်။
"ဒါနဲ့... နင် ဒီအာမခံတာဝန်ကို လက်ခံလိုက်တာ နည်းနည်း လောသွားတယ်လို့ မထင်ဘူးလား”
အခန်း (၂၉) - လမ်းပိတ်ဆို့ခြင်း
~ဟင်းပွဲတွေကတော့ အကောင်းပကတိ စားပွဲပေါ်မှာ ကျန်ရှိနေဆဲ ဖြစ်သည်။
လက်ရှိပြဿနာ ပြေလည်သွားပြီဆိုတော့ စားလက်စကို ဆက်စားရပေတော့မည်။ သို့သော် ဦးလေးဖူကတော့ ပျောက်ချင်းမလှ ပျောက်သွားတော့၏။ ယန်ရှောင်ယွင်အတွက် အခန်းသွားရှင်းပေးနေသည်မှာ သေချာသလောက်ပင်။
ဆုမိုကတော့ ဟင်းပွဲများကို သူတစ်ဦးတည်း မြိန်ရေရှက်ရေ စားသောက်နေပြီး၊ သူ့ဘေးတွင် 'သေတ္တာထဲက နဂါးဟိန်းသံ' ကို ချထားလိုက်သည်။
ယန်ရှောင်ယွင်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း စားချင်စိတ် ပျောက်ဆုံးသွားပုံရသည်။
ဆုမို သူမကို ကြည့်ပြီး အသာပြုံးလိုက်သည်။
"ဒီအာမခံတာဝန်က ထူးဆန်းနေလို့ စိတ်ပူနေတာလား"
"နင် လုပ်ကြံခံရမလို ဖြစ်ပြီး မကြာခင်မှာပဲ ဒီတာဝန် ရောက်လာတာလေ... ကျိရှုဟွာ ပြောတာ မှန်ပါတယ်... သံမဏိသွေး၊ ယန်ဝေ နဲ့ ကောင်းကင်တံခါး... ဒီအာမခံဌာနကြီး (၃) ခုလုံးက လုပ်ငန်းကြီးတွေ ဖြစ်သလို၊ အခကြေးငွေလည်း ကြီးမြင့်တယ်"
"ဒါပေမဲ့ ဒီပစ္စည်းက လျူဆွေဖုန်းဆီ ပို့ရမှာလေ... တကယ်လို့သာ လျူဆွေဖုန်းဆီ ပို့ရမယ်ဆိုရင် အခမဲ့ ပို့ပေးရရင်တောင် သူတို့ လက်ခံကြမှာပါ"
ယန်ရှောင်ယွင်က တူကို ချလိုက်သည်။
"လွန်ခဲ့တဲ့ (၃) နှစ်က လျူဆွေဖုန်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးကတည်းက သူ့ရဲ့ (၁၆) ကွက်မြောက် 'သက်တံ့ရောင် နှလုံးသားရှာ ဓားသိုင်း' ကြောင့် သိုင်းလောက တစ်ခွင်လုံး ကျော်ကြားခဲ့တာ... ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ သူက အနေအထိုင် ဆင်ခြင်ပြီး သိုင်းလောကထဲ သိပ်မထွက်တော့ဘူး... တကယ်လို့ ဒီအခွင့်အရေးကို သုံးပြီး သူနဲ့ မိတ်ဖွဲ့နိုင်ရင် ရွှေတစ်သောင်းထက်တောင် တန်ဖိုးရှိဦးမယ်"
"အင်း... ဟုတ်တယ်"
ဆုမို ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် ဘယ်လိုပဲ စဉ်းစား စဉ်းစား... သူက ဇီယန် အာမခံဌာနကို ရွေးချယ်စရာ အကြောင်းမရှိဘူး"
"အာ... ဒါက..."
ယန်ရှောင်ယွင် ကပျာကယာ ပြန်ရှင်းပြသည်။
"ငါက ဇီယန် အာမခံဌာန မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူးနော်..."
"ကျဆင်းနေတယ် ဆိုတာက လက်တွေ့အရှိတရားပဲလေ... အမှန်တရားကို ဆွေးနွေးနေကြတာပဲဟာ...ကျွန်တော်က ဖန်သားလို ကျိုးပဲ့လွယ်တဲ့သူမှ မဟုတ်တာ"
"ဟင်... ဖန်သား ဟုတ်လား... အဲ့ဒါ ဘာကြီးလဲ"
"အာ..."
ဆုမို ခဏမျှ စဉ်းစားလိုက်သည်။
"သဲနဲ့ ပြုလုပ်ထားတဲ့ အကြည်ရောင် အရာဝတ္ထုလေ"
“....”
ယန်ရှောင်ယွင် လုံးဝ နားမလည်တော့ပေ။ စကားလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို နားလည်ပေမဲ့... ပေါင်းလိုက်သည့် အခါ ဘာမှန်းမသိ ဖြစ်သွားရသည်။
"ထားလိုက်ပါတော့... အရေးမကြီးပါဘူး"
ဆုမို လက်ကာပြလိုက်သည်။
"ဒီအာမခံတာဝန်က တကယ်ပဲ ထူးဆန်းနေတာ အမှန်ပဲ... ဒါပေမဲ့ လျူဆွေဖုန်းက ဓားတစ်လက် သွန်းလုပ်ခိုင်းထားတယ် ဆိုတာကတော့ အတုဖြစ်ပုံ မရဘူး... တစ်ခုခု ရှိရင်တောင် နောက်ကွယ်က လူတစ်ယောက်ယောက်က တမင်တကာ ဖန်တီးထားတဲ့ အခြေအနေ ဖြစ်လိမ့်မယ်"
"နင် သိရက်နဲ့ ဘာလို့ လက်ခံလိုက်တာလဲ"
ယန်ရှောင်ယွင် အံ့အားသင့်သွားသည်။
"ဒါက စိတ်ဝင်စားစရာ အခွင့်အရေး တစ်ခုပဲလေ... လက်လွတ်ခံလို့ မဖြစ်ဘူးဗျ"
ဆုမို ဆက်ပြောလိုက်သည်။
"အိမ်မှာပဲ ထိုင်ပြီး အချိန်ဖြုန်းနေရင် ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး... တစ်ဖက်မှာလည်း ဦးလေးဖူက သိုင်းပညာ မတတ်ဘူးလေ... တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရင် သူ ဒုက္ခရောက်သွားလိမ့်မယ်... ကျွန်တော့်က်ိုယ်ကျွန်တော် ယုံကြည်မှု ရှိတယ် ဆိုပေမဲ့ သူ့ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်မယ်လို့ အာမခံချက် မပေးနိုင်ဘူး... အခု ကျွန်တော်က ပြဿနာတွေကို အပြင်ဆွဲထုတ်သွားမှာ ဆိုတော့ သူတို့ရဲ့ အာရုံက ကျွန်တော့်ဆီမှာပဲ ရှိနေလိမ့်မယ်... ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော့်ကို သတ်ဖို့ မဟုတ်လောက်ဘူး ဆိုတော့... သဘာဝကျကျပဲ ဦးလေးဖူကို သွားပြီး ဒုက္ခပေးစရာ အကြောင်းမရှိတော့ဘူးပေါ့"
အန္တရာယ်ကို အပြင်ဆွဲထုတ်ပြီး ပြဿနာ ဖြေရှင်းဖို့ ဆိုသော အကြောင်းပြချက်အပြင်... ဆုမိုမှာ ထုတ်မပြောဖြစ်သည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးသည်။
မနေ့က လုပ်ကြံမှု ဖြစ်စဉ်တွင်... လုပ်ကြံသူ (၄) ဦးအပြင် အမှောင်ထဲတွင် ပုန်းခိုနေသော နောက်တစ်ယောက် ရှိသေးသည် မဟုတ်ပါလော။
မိတ်ဆွေလား... ရန်သူလား။
ရန်သူဆိုလျှင် ဒီခရီးစဉ်အတွင်း ထိပ်တိုက် တွေ့ဆုံလာနိုင်သည်... ထိုအခါ အပြတ်ရှင်းပစ်ရန် အခွင့်ကောင်း ရလိမ့်မည်။
မိတ်ဆွေဆိုလျှင်တော့ ပိုကောင်းတာပေါ့။
ဘာပဲဖြစ်ဖြစ် ဒီအာမခံခရီးစဉ်က ကျောက်စမ်းသပ်ပွဲ တစ်ခုလို ဖြစ်လာမှာပါ... မရေရာမှုတွေ အားလုံးအတွက် အဖြေပေါ်လာလိမ့်မည်
ထိုသို့ တွေးတောပြီးနောက် ဆုမိုသည် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ စိတ်ချရအောင်လို့... မမလေးရှောင်ယွင်ကို အကူအညီ တစ်ခုလောက် တောင်းချင်တယ်... ကျွန်တော်.. မရှိတဲ့ အချိန် ဦးလေးဖူကို စောင့်ရှောက်ပေးပါလား"
"လုံးဝ မဖြစ်နိုင်ဘူး"
ယန်ရှောင်ယွင်က စဉ်းစားခြင်းပင် မပြုဘဲ ခေါင်းခါလိုက်သည်။
".."
ဆုမို ကြောင်အမ်းအမ်း ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
သူ ထင်သည့်အတိုင်းပင်... ယန်ရှောင်ယွင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီခရီးစဉ်ကို ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"
"..."
ဆုမို မျက်တောင်ခတ်လိုက်မိသည်။
"ဒီခရီးက အန္တရာယ် များတယ်နော်"
"အန္တရာယ် များလို့ပဲ ငါ လိုက်ခဲ့ရမှာပေါ့"
"ဒါဆို ဦးလေးဖူကျတော့..."
"ငါ လူစီစဉ်ပေးခဲ့မယ်"
"ဦးလေးယန်က သဘောတူမှာ မဟုတ်ဘူး..."
"သားကြီးလာရင် အဖေ စကားနားမထောင်တော့ဘူးလေ"
"..."
ဆုမို နှုတ်ခမ်းထောင့်များ ထိန်းမရအောင် တွန့်လှုပ်သွားသည်။ ဒီအမျိုးသမီးကို သူ ဘယ်လိုမှ မနိုင်နိုင်တော့ပေ။
သူ မလိုက်နှင့်ဟု ပြတ်ပြတ်သားသား ပြောချင်သော်လည်း... ပြောလိုက်လျှင် သူမက ပိုပြီး ခေါင်းမာမာနှင့် တုံ့ပြန်လာမှာ သေချာသည်။
ကံဆိုးတာက တစ်ဖက်လူက စေတနာ အပြည့်နှင့် ကိုယ့်အတွက် ထည့်စဉ်းစားပေးနေတာ ဖြစ်နေသည်။
ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ် မောင်းထုတ်ရက်မှာလဲ။
သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ကောင်းပြီလေ... ကောင်းပြီလေ... အစ်မ သဘောရှိသာ လုပ်ပေတော့"
"ဘာကို သဘောရှိ လုပ်ရမှာလဲ"
ယန်ရှောင်ယွင်က ထိုစကားကို သဘောမကျပေ။
"ငါ့ကို ခေါ်သွားရတာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသလိုလိုနဲ့... ဟွန်း... သိုင်းသမားကြီး ဆုမိုက သိုင်းပညာတွေ တက်လာတော့... ငါ့လို မိန်းမသား အားနွဲ့လေးကို အထင်သေးနေပြီပေါ့လေ... ဟုတ်လား"
"ဘုရား... ဘုရား... မတွေးဝံ့ပါဘူးဗျာ"
ဆုမို ကပျာကယာပင် လက်ကာပြလိုက်သည်။
"ခင်ဗျားကို မိန်းမသား အားနွဲ့လေးလို့ ဘယ်သူပြောရဲလို့လဲ... ကျွန်တော် ပထမဆုံး ငြင်းမယ့်လူပါ"
"ဒါမှ ဟုတ်မှာပေါ့"
ဆုံးဖြတ်ချက် ချပြီးသွားပြီ ဖြစ်သဖြင့် ထပ်မံ ဆွေးနွေးနေစရာ မလိုတော့ပေ။
နှစ်ယောက်သား ဝလင်အောင် စားသောက်ပြီးနောက် ဇီယန် အာမခံဌာနတွင် ခရီးထွက်ရန် ပြင်ဆင်ကြ၏။
သိုင်းလောက ခရီးသွားခြင်းသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မလုံလောက်ပေ။ လက်ဗလာဖြင့် သွားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် အတူတူပင်။
အထုပ်အပိုးငယ် တစ်ခုကို ပြင်ဆင်ပြီး အရေးပေါ် ဖြေဆေးလုံးများ ထည့်သွင်းထားရမည်။ အဝတ်အစား တစ်စုံတစ်ရာ အပိုပါရမည်။ ပြီးတော့ မပါမဖြစ် သမင်ရေလက်အိတ်များ။
သိုင်းလောကတွင် အဆိပ်ခတ်နည်းလမ်းများက စုံလင်လှသည်။ မသိနားမလည်သော အရာဝတ္ထုတစ်ခုကို လက်ဗလာဖြင့် ထိတွေ့မိရုံနှင့် အဆိပ်မမိနိုင်ဘူးဟု ဘယ်သူ အာမခံနိုင်မလဲ။
ထို့ကြောင့် ပြင်ဆင်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားသင့်သည်။
ထို့အပြင် ငွေတုံးများ လျှော့သယ်ပြီး ငွေစက္ကူများ များများသယ်ခြင်းက ပိုကောင်းသည်။ ငွေစက္ကူက ဝှက်ရလွယ်ကူပြီး၊ ငွေတုံးများက သိသာလွန်းသည်။
ဥစ္စာဓနသည် လောဘကို နှိုးဆွတတ်ပြီး ပြဿနာကို ဖိတ်ခေါ်တတ်သည် မဟုတ်ပါလော။
အရာအားလုံး အဆင်သင့် ဖြစ်သောအခါ... ဒီည ဇီယန် အာမခံဌာနတွင် ကောင်းကောင်း အိပ်စက်အနားယူပြီး မနက်ဖြန် စောစောစီးစီး မြင်းစီးထွက်ခွာကြရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ဒီကြားထဲတွင် သူတို့ တစ်ယောက်စီ အလုပ်တစ်ခုစီ လုပ်ဆောင်ခဲ့ကြသည်။
ယန်ရှောင်ယွင်က တစ်ဖက်တွင် ဦးလေးဖူကို လျှို့ဝှက်ကာကွယ်ပေးရန် လူစီစဉ်ပြီး၊ တစ်ဖက်တွင် ယန်ရီဇီထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ မနှုတ်ဆက်ဘဲ ထွက်ခွာသွား၍ မဖြစ်ဘူးလေ။
ဒီညတော့ ယန်ရီဇီတစ်ယောက် ဇီယန် အာမခံဌာနကို ရောက်ချလာပြီး ပြဿနာရှာတော့မည်ဟု ဆုမို တွေးထားလိုက်သည်။
သို့ရာတွင်၊ မထင်မှတ်ဘဲ... ညတစ်ညလုံး ဘာမှ မဖြစ်ဘဲ အေးဆေးစွာ ကုန်ဆုံးသွားခဲ့သည်။
ဆုမိုကတော့... သူ အပြင်ထွက်ပြီး ဘာတွေ လုပ်ခဲ့သလဲ၊ ဘယ်သူနှင့် တွေ့ခဲ့သလဲ ဆိုတာကို တစ်လုံးမှ မဟခဲ့ပေ။
သူ ပြန်ရောက်လာသည့်အခါ မျက်နှာထားက ပုံမှန်အတိုင်းပင်... လမ်းလျှောက်ထွက်လာသလိုလို ဘာလိုလိုနှင့်။
နောက်တစ်နေ့ မနက်မိုးလင်းတော့ မနက်စာစား၊ ဦးလေးဖူကို နှုတ်ဆက်ပြီး ခရီးထွက်လာသည့် အချိန်အထိ ယန်ရီဇီ ပေါ်မလာခဲ့ပေ။
ဒါက ဆုမိုကို ပိုပြီး စိတ်ရှုပ်ထွေးစေသည်။ ယန်ရီဇီ ဘာတွေ တွေးနေလဲ ဆိုတာ ခန့်မှန်းရ ပိုခက်သွားသည်။
ယန်ရှောင်ယွင်က သူ့အဖေအပေါ် အပြစ်တင်တာ မလွန်ပါဘူးလေ... ။ တကယ်လည်း အားကိုးရမယ့်ပုံ မပေါက်ဘူးကိုး။
နောက်ဆုံးတော့... နှစ်ယောက်သား မြို့တံခါးဝကနေ ထွက်ခွာခါနီးအချိန်မှာ လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ရွှီရော့ရှန်... မြို့တံခါးဝတွင် မတ်မတ်ရပ်လျက် ရှိပြီး သူ့မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
"သခင်မလေး... ဘယ်ခရီးတွေ ဆက်မလို့လဲခင်ဗျာ"
"ဦးလေးရွှီ... ကျွန်မ မနေ့ညကတည်းက အဖေ့ဆီ စာရေးပြီး အကျိုးအကြောင်း ပြောပြပြီးသားပါ... အရေးကြီးကိစ္စ ရှိနေလို့ လမ်းမပိတ်ဘဲ ဖယ်ပေးပါရှင်"
ယန်ရှောင်ယွင်က 'ဦးလေး' ဟု ခေါ်သော်လည်း လေသံက လုံးဝ ယဉ်ကျေးခြင်း မရှိပေ။
သူမ ရင်ထဲတွင် ဒေါသအနည်းငယ် ရှိနေပုံရသည်။
ကိုယ့်အဖေဆီ စာရေးထားပါလျက်နဲ့... ကိုယ်တိုင်မလာဘဲ ရွှီရော့ရှန်ကို လွှတ်ပြီး လမ်းပိတ်ခိုင်းတာက လုံးဝ သဘာဝမကျဘူးလေ။
ရွှီရော့ရှန် သက်ပြင်းချလိုက်သည်။ ယန်ရှောင်ယွင်ကို စကားဆက်မပြောတော့ဘဲ ဆုမိုဘက်သို့ လှည့်ကာ အသာပြုံးလိုက်သည်။
"သခင်လေးဆု... သခင်လေးနဲ့ သခင်မလေးက စေ့စပ်ထားကြတယ် ဆိုပေမဲ့... ခေတ်ကာလက ပြောင်းလဲသွားပြီလေ... ဒီကိစ္စက အတည်ဖြစ်မဖြစ် ဆိုတာ ဆွေးနွေးစရာ ဖြစ်နေတုန်းပါ... အခု ဂိုဏ်းချုပ်ကို အသိမပေးဘဲ သခင်မလေးကို ခေါ်ထုတ်သွားမယ် ဆိုတော့..."
"သိပ်ပြီး မသင့်တော်ဘူးလို့ မထင်ဘူးလား"
ဆုမို ခေါင်းညိတ်လိုက်သည်။ ရွှီရော့ရှန် ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ ဟု ခံစားလိုက်ရသည်။
သို့သော် ယန်ရှောင်ယွင်ကတော့ ဒေါသကို မထိန်းနိုင်တော့ပေ။
"ပြောစရာရှိရင် အဖေကိုယ်တိုင် လာပြောခိုင်းလိုက်"
"သခင်မလေး... ဂိုဏ်းချုပ်က မနေ့ နေ့လယ်ကတည်းက အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူးဗျ... ဘယ်သွားမှန်းလည်း မသိရဘူး... သခင်မလေး ပေးလိုက်တဲ့ စာကိုတော့ ကျွန်တော် တွေ့လိုက်ပါတယ်... အတွင်းထဲက စာသားတွေကို မဖတ်ရဲပေမဲ့ သခင်လေးဆုနဲ့ ပတ်သက်နေမယ် ဆိုတာတော့ ခန့်မှန်းမိပါတယ်... ဒါကြောင့် ကျွန်တော် ရဲဝံ့ပြီး လာတားတာပါ... သခင်မလေးနဲ့ သခင်လေးဆု ဘာအစီအစဉ်တွေ ရှိလဲ ကျွန်တော် မသိပေမဲ့... တစ်ခုပဲ သတိပေးချင်ပါတယ်... မလုပ်ခင် သုံးခါလောက် ပြန်စဉ်းစားပါဦး"
"ဟင်... ရှင်ကများ ကျွန်မကို ဆရာလာလုပ်နေတာလား"
"မလုပ်ရဲပါဘူး"
"ကျွန်မက မဖြစ်မနေ သွားမယ်ဆိုရင်ရော"
ယန်ရှောင်ယွင်၏ လက်က ကျောနောက်ရှိ ငွေရောင်လှံဆီသို့ ရောက်သွား၏။
ရွှီရော့ရှန် သက်ပြင်းချလိုက်သည်။
"ဒီလိုဆိုမှတော့လည်း... သခင်လေးဆု... တောင်းပန်ပါတယ်... ခဏလောက် စောင့်ပေးပါဦး"
စကားဆုံးသည်နှင့် သူ၏ ခြေဖျားက မြေကြီးကို တို့ထိလိုက်ပြီး... အရိပ်နှင့် အလင်းကို ခွဲခြားလိုက်သကဲ့သို့ လျင်မြန်စွာပင် လေပေါ်သို့ ပျံတက်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆုမို၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး ပခုံးကို လက်ဝါးဖြင့် လှမ်းရိုက်လိုက်၏။
သူ့ရည်ရွယ်ချက်က သတ်ဖြတ်ရန် မဟုတ်ပေ။ ဆုမို မြို့ထဲကနေ ထွက်မသွားနိုင်အောင် ဒဏ်ရာရစေရုံ သက်သက်သာ ဖြစ်သည်။ တစ်ဖက်မှာလည်း စမ်းသပ်ချင်စိတ် ပါဝင်နေသည်။
ကျဉ်းမြောင်းသော လမ်းကြားလေးထဲမှာ အသေခံတပ်သား (၄) ယောက်ကို သတ်ခဲ့တာ... တကယ်ပဲ ဒီ အသုံးမကျသော ဆုမို ဟုတ်ရဲ့လား ဆိုတာကို သိချင်နေသည်။
သို့သော်... ဆုမိုက သက်ပြင်းတစ်ချက် ဖွဖွလေး မှုတ်ထုတ်လိုက်ပြီး လက်ကို မြှောက်ကာ လက်ဝါးချင်း ရိုက်လိုက်သည်ကိုသာ မြင်လိုက်ရသည်။
"ဝုန်း" ခနဲ အသံကြီး ထွက်ပေါ်လာသည်။ ရွှီရော့ရှန်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး... ခဏအကြာမှာပင် နောက်သို့ လွင့်စဉ်သွားလေတော့သည်။
အခန်း (၃၀) - ကောင်းကင်မြေကြီး လျှို့ဝှက်ချက်
~ရွှီရော့ရှန် ရောက်လာသည်မှာ မြန်သော်လည်း၊ ပြန်ထွက်သွားသည်မှာ ထို့ထက်ပင် ပို၍ မြန်ဆန်၏။
တကယ်တမ်းကျတော့ ဆုမိုသည် လက်လျှော့ပေးထားခြင်းသာ ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ လက်ဝါးတစ်ချက်တည်းဖြင့် ရွှီရော့ရှန်၏ အသက်ကို အိတ်ကပ်ထဲမှ ပစ္စည်း နှိုက်ယူသကဲ့သို့ လွယ်ကူစွာ နှုတ်ယူနိုင်ပေသည်။
သို့တိုင်အောင် ရွှီရော့ရှန်သည် လေထဲတွင် အကြိမ်ပေါင်းများစွာ လိမ့်ပါသွားပြီးမှ ယိုင်နဲ့နဲ့ဖြင့် မြေကြီးပေါ်သို့ သက်ဆင်းနိုင်ခဲ့သည်။
ခြေထောက် မြေကြီးနှင့် ထိသော်လည်း ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ (၃) လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။
ယိုင်နဲ့နဲ့ အနေအထားဖြင့် ရပ်တန့်နိုင်သောအခါ သူ့မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြမှုများနှင့် ပြည့်နှက်နေ၏။
"ခွင့်လွှတ်ပါ ခင်ဗျာ"
ဆုမိုသည် လက်သီးဆုပ် အရိုအသေ ပြုလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွား၏။
ယန်ရှောင်ယွင်သည် အံ့အားသင့်နေသော်လည်း ဆုမို၏ နောက်မှ ကပျာကယာ လိုက်ပါသွား၏။
ရွှီရော့ရှန်သည် တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ချက်ချင်းပင် မျက်နှာထား ပျက်ယွင်းသွားသည်။ သူသည် ရင်ဘတ်ကို အလိုအလျောက် ဖိလိုက်မိပြီး ရင်ခေါင်းထဲတွင် မွန်းကြပ်ကာ လည်ချောင်းဝတွင် သွေးစတို့၏ ချိုမြမြ အရသာကို ခံစားလိုက်ရသည်။ အတွင်းဒဏ် ရသွားပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
'ကြောက်စရာကောင်းလိုက်တဲ့ အတွင်းအားပါလား... ဆုမိသားစုရဲ့ သခင်လေးက အပြင်လောကမှာ ပြောနေကြသလို အသုံးမကျတဲ့သူ မဟုတ်ဘူးပဲ'
သူ လေတစ်ချက် ရှူသွင်းလိုက်ပြီး နောက်ထပ် လိုက်မတားရဲတော့ပေ။ ခဏမျှ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ခြေဆောင့်ကာ သံမဏိသွေး အာမခံဌာနသို့ ပြန်လှည့်သွားလေတော့သည်။
...
...
လော့ရှားမြို့ အတွင်းရှိ ကြီးမားသော အိမ်တော်ကြီးတစ်ခု...
ထိုအိမ်တော်အတွင်းရှိ လျှို့ဝှက်ခန်းဆောင်တစ်ခု...
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ့ရှေ့ရှိ လက်ဖက်ရည် စားပွဲပေါ်တွင် လက်ဖက်ရည် နှစ်ခွက် တည်ခင်းထား၏။
သို့သော်... သူ့မျက်နှာချင်းဆိုင်တွင် မည်သူမျှ ရှိမနေပေ။
သို့သော် လိုက်ကာနောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"သူတို့ ထွက်သွားကြပြီ"
"ငါ သိတယ်"
"မင်း သေချာလို့လား"
"အောင်မြင်ဖို့ အခွင့်အရေး ရှိမယ်လို့ ငါ ယူဆတယ်"
"မင်းက အန္တရာယ်များတဲ့ ကစားပွဲကို ကစားနေတာပဲ"
လိုက်ကာနောက်မှ အသံသည် ပိုမို လေးနက်လာသည်။
ထိုင်နေသော လူလတ်ပိုင်း အမျိုးသားက အသာပြုံးလိုက်ပြီး သူ့ခွက်ထဲသို့ လက်ဖက်ရည် ထပ်ငှဲ့လိုက်သည်။
"အဆုံးမဲ့ပင်လယ်က ရောက်လာတဲ့ ကစားစရာ အသစ်လေးတွေကို မင်း စမ်းမကြည့်ချင်ဘူးလား"
လိုက်ကာနောက်ကွယ်မှ လူသည် ဘာမျှ ပြန်မပြောသော်လည်း သတ်ဖြတ်လိုသော အရှိန်အဝါ တစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။
လူလတ်ပိုင်း အမျိုးသားက ဆက်ပြောသည်။
"အန္တရာယ်များပေမဲ့ ဒါက မှန်ကန်တဲ့ ရွေ့ကွက်တစ်ခုပါ... သူတို့ ထွက်သွားတာနဲ့ အခွင့်အရေး ပေါ်လာမှာပဲ... မင်းနဲ့ငါ မြင်ရတာတင် မကဘူးပေါ့"
လိုက်ကာနောက်မှ လူထံမှ တုံ့ပြန်သံ မကြားရသေးသော်လည်း သတ်ဖြတ်လိုသော အရှိန်အဝါသည် ပိုမို ပြင်းထန်လာသည်။
လျှို့ဝှက်ခန်းဆောင် တစ်ခုလုံးရှိ လေထုသည် လေးလံထိုင်းမှိုင်းလာပြီး အသက်ရှူရ ကြပ်လာသည်အထိ ဖြစ်လာသည်။
လက်ဖက်ရည် သောက်နေသော လူ၏ လက်သည်ပင် အနည်းငယ် တုန့်ဆိုင်းသွားရသည်။
နောက်ဆုံးတွင် လိုက်ကာနောက်မှ လူက စကားပြောလာသည်။
"ဒါပေမဲ့ တစ်ခုတော့ ကောင်းကောင်း မှတ်ထားပါ"
"ပြောပါ"
"တကယ်လို့ ဆုမို တစ်ခုခု ဖြစ်သွားခဲ့ရင်... လော့ဖုန်း မဟာမိတ်အဖွဲ့က ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် မပေးဘူး... မှတ်ထား"
စကားဆုံးသည်နှင့် ပြင်းထန်သော အတွင်းအား လှိုင်းတစ်ခု လျှို့ဝှက်ခန်းဆောင်ထဲတွင် ဝုန်းခနဲ ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်သောအခါ လိုက်ကာနောက်ကွယ်မှ လူမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လက်ဖက်ရည်ခွက် ကိုင်ထားသော လူလတ်ပိုင်း အမျိုးသားသည် ခဏမျှ ကြောင်ငေးနေပြီးမှ သက်ပြင်းတစ်ချက် ဖွဖွလေး ချလိုက်သည်။
"ငါ အသက်ကြီးလာပြီပဲ... ဘာလို့ ငါ့စိတ်က လူငယ်တွေလောက်တောင် မတည်ငြိမ်ရတာလဲ"
သူ လက်ဖက်ရည် ဆက်သောက်ရန် ပြင်လိုက်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် ခွက်ကို ပြန်ချလိုက်သည်။
စားပွဲကို လက်ချောင်းဖြင့် အသာခေါက်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။
"ဆုမို..."
...
...
"ဆုမို..."
လော့ရှားမြို့မှ ထွက်ခွာလာပြီးနောက် ဆုမို၏ နောက်မှ လိုက်ပါလာသော ယန်ရှောင်ယွင်သည် သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
အကြည့်ခံရသော ဆုမိုမှာ ကြက်သီးမွေးညှင်းများပင် ထလာရသည်။
"ကျွန်တော့်ကို ဘယ်တော့လောက်မှ ကြည့်တာ ရပ်မှာလဲ"
"ရှေးလူကြီးတွေ ပြောဖူးတယ်... 'ယောက်ျားတစ်ယောက်နဲ့ (၃) ရက်လောက် ခွဲခွာပြီး ပြန်တွေ့ရင် အသစ်တစ်ယောက်လို မြင်ရတယ်' တဲ့... နင့်အတွက်တော့ ငါ့မျက်လုံးတွေကို အသစ်လဲဖို့ လိုနေပြီ ထင်တယ်"
ယန်ရှောင်ယွင်က လျှာတစ်ချက် သပ်လိုက်သည်။
"ရွှီရော့ရှန် ဆိုတာ သာမန်လူ မဟုတ်ဘူးနော်... 'တိမ်တိုက်ဖမ်းသူ' ဆိုတဲ့ ဘွဲ့က အလကား ရထားတာ မဟုတ်ဘူး... သူ့သိုင်းပညာက ဝူချန်ဖုန်းထက် အဆပေါင်းများစွာ သာလွန်တယ်... ဒါပေမဲ့ နင်က သူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ တွန်းထုတ်လိုက်တယ်... နင့်ရဲ့ အတွင်းအားက ဘယ်က ရောက်လာတာလဲ"
"အာ... အဲ့ဒါက ဇာတ်လမ်းရှည်တယ်"
ဆုမို သက်ပြင်းချလိုက်သည်။
"တစ်နေ့တုန်းက ကျွန်တော် လမ်းလျှောက်နေတုန်း သူတောင်းစားအဘိုးကြီး တစ်ယောက်နဲ့ တွေ့တယ်... သူက ကျွန်တော့်ကို ထောင့်တစ်နေရာ ဆွဲခေါ်သွားပြီး ပြောတယ်... ကျွန်တော့်မှာ ထူးခြားတဲ့ သိုင်းအရိုးအဆစ်တွေ ရှိတယ် တဲ့... ရာစုနှစ်တစ်ခုမှာ တစ်ယောက် ပေါ်ခဲတဲ့ သိုင်းပါရမီရှင် တဲ့... ပြီးတော့ သိုင်းသိုင်းကျမ်းအုပ် တစ်အုပ်ကို အတင်း ရောင်းတယ်... တကယ်လို့ ကျွန်တော်သာ သိုင်းပညာ အောင်မြင်သွားရင် ပျက်စီးနေတဲ့ သိုင်းလောကကြီးကို ကယ်တင်ရမယ့် တာဝန်က ကျွန်တော့်ပခုံးပေါ် ရောက်လာလိမ့်မယ် တဲ့"
"???"
ယန်ရှောင်ယွင်၏ မျက်လုံးထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားသော်လည်း သူမက နောက်ပြောင်ရန် မမေ့ပေ။
"သိုင်းလောက လိမ်လည်သူ မဟုတ်လား"
"ကျွန်တော်လည်း အစက အဲ့လိုပဲ ထင်တာ"
ဆုမို ခေါင်းညိတ်လိုက်သည်။
"ပုံမှန်အတိုင်းဆိုရင် ကျွန်တော် လှည့်ထွက်သွားသင့်တာပေါ့... ဒါပေမဲ့ အဲ့ဒီအဘိုးကြီးက အတင်းဆွဲထားပြီး မလွှတ်ဘူးလေ... ပြီးတော့ လျှို့ဝှက်သိုင်းကျမ်းအုပ် အများကြီး ထုတ်ပြပြီး ရွေးခိုင်းတယ်... သူ့ပုံစံက အဝတ်အစားတွေ စုတ်ပြတ်နေပြီး ပိန်ချုံးနေတာ မြင်တော့ သနားသွားတယ်... ဝမ်းရေးအတွက် ဒီလို လုပ်စားနေရရှာတာပဲလို့ တွေးမိတယ်... လောကကြီးက အန္တရာယ်များတယ်၊ ဘဝက ခက်ခဲတယ်လေ... ကျွန်တော့်အဖြစ်ကို ကျွန်တော် ပြန်တွေးပြီး ကိုယ်ချင်းစာသွားတာပေါ့"
"တကယ်လို့ တစ်နေ့နေ့ ကျွန်တော်သာ ဒီလိုဘဝ ရောက်သွားရင်... ထမင်းပူပူလေး တစ်နပ်လောက် စားရဖို့ မျှော်လင့်မိမှာပဲ မဟုတ်လား"
"အဲ့ဒီအချိန်တုန်းက ကျွန်တော် စိတ်နူးညံ့သွားလို့ သိုင်းကျမ်းအုပ် တစ်အုပ်ကို ကောက်ရွေးပြီး (၁၀) ပြားနဲ့ ဝယ်လိုက်မိတယ်"
ယန်ရှောင်ယွင်က နားလည်သဘောပေါက်သလို ရှိသော်လည်း အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
"နင် ပြောပုံအရဆိုရင်... ငါကပဲ နင့်ကို ဒုက္ခရောက်အောင် ပစ်ထားမယ့်ပုံ ပေါက်နေပြီ... နင် မိသားစု စည်းစိမ်တွေ ဖြုန်းတီးပစ်တုန်းက ငါ နင့်ကို ရိုက်ပြီး ပြန်ခေါ်သွားချင်ခဲ့တာ... ဒါပေမဲ့ အဖေက ခွင့်မပြုလို့လေ... ဒီနှစ်ပိုင်းတွေမှာ နင်က လိမ္မာလာပြီး အခွင့်အရေး မပေးလို့သာ... ဒါပေမဲ့ မှတ်ထား... ငါ မသေသရွေ့ နင့်ကို လမ်းဘေးရောက်အောင် အဖြစ်မခံဘူး"
ယန်ရှောင်ယွင်၏ စကားသည် ကတိသစ္စာ ပြုခြင်း မဟုတ်သော်လည်း... မည်သည့် ကတိထက်မဆို ပိုမို လေးနက်ခိုင်မာနေသည်။
ဆုမို သူမကို ကြည့်ပြီး သူ့ဇာတ်လမ်းကို ဘယ်လို ဆက်ပြောရမလဲ ဆိုတာကိုပင် မေ့လုနီးပါး ဖြစ်သွားသည်။
ကံကောင်းသည်မှာ ယန်ရှောင်ယွင်က စိတ်ဝင်စားနေဆဲ ဖြစ်သည်။
"ဒါနဲ့... နင် ဘာသိုင်းကျမ်းအုပ် ဝယ်လိုက်တာလဲ"
"အဲ့ဒီသိုင်းကျမ်းအုပ် နာမည်က... 'ကောင်းကင်မြေကြီး လျှို့ဝှက်ချက်' တဲ့"
"... ဟင်... ကောင်းကင်မြေကြီး လျှို့ဝှက်ချက် ဟုတ်လား... နာမည်က ဆန်းလှချည်လား"
"ကျွန်တော် ဘယ်သိမလဲ"
ဆုမို ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ နိဒါန်းမှာ ရေးထားတာကတော့ အကြီးကြီးပဲ... လောကမှာ ရှိသမျှ သိုင်းပညာ အားလုံးက ဒီထဲမှာ ပါဝင်တယ် တဲ့... မြစ်ချောင်းအင်းအိုင် အားလုံးကို ပင်လယ်က လက်ခံထားသလိုမျိုးပေါ့... သိုင်းလောက တစ်ခုလုံးရဲ့ အနှစ်ချုပ်လို့ ပြောလို့ရတယ် တဲ့"
"ဒါ လေကြီးတာ မဟုတ်ဘူးလား"
"ကျွန်တော်လည်း မသိပါဘူးဗျာ... ဒါပေမဲ့ နိဒါန်းအောက်မှာ စာတစ်ကြောင်း ရေးထားသေးတယ်... ဒီသိုင်းပညာကို နားလည်သဘောပေါက်ဖို့က ကျင့်ကြံသူရဲ့ ပါရမီနဲ့ ဉာဏ်ရည်ပေါ်မှာ မူတည်တယ် တဲ့... ဉာဏ်ရည်မြင့်လေ၊ ပါရမီကောင်းလေ... ထိပ်တန်းသိုင်းပညာတွေကို တတ်မြောက်ဖို့ အခွင့်အရေး များလေပဲ တဲ့... ထူးဆန်းတာက စာအုပ်တစ်အုပ်လုံးမှာ သိုင်းကွက်အကြောင်း တစ်လုံးမှ မပါဘူး... အဲ့ဒီစာတွေကို ဖတ်ပြီးတာနဲ့ စာအုပ်က ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရော"
"အဲ့ဒီနောက်ပိုင်း စာအုပ်ထဲက အကြောင်းအရာတွေက ကျွန်တော့်ခေါင်းထဲမှာ စွဲကျန်နေခဲ့တယ်"
"အချိန်ကြာလာတာနဲ့အမျှ... တကယ်ပဲ ထူးခြားတဲ့အရာတွေ ဖြစ်လာတယ်... ကျွန်တော် တကယ်ပဲ အတွင်းအားကျင့်စဉ် တစ်ခုနဲ့ လက်သီးသိုင်း တစ်ခုကို သဘောပေါက်လာတယ်... သိုင်းပညာတွေလည်း တစ်ဟုန်ထိုး တိုးတက်လာရော"
ယန်ရှောင်ယွင် အံ့အားသင့်သွားသော်လည်း ဆုမို လိမ်နေသည်ဟု မစွပ်စွဲပေ။ သူမ အံ့သြစွာ ရေရွတ်လိုက်သည်။
"ကမ္ဘာကြီးက ကျယ်ဝန်းသလို... သိုင်းလောက ဆိုတာလည်း နက်ရှိုင်းပြီး အတိုင်းအဆ မရှိဘူးပဲ... တကယ်ကို လူစွမ်းကောင်းတွေ ရှိနေတာပဲ... တောင်တွေရဲ့ အနောက်မှာ ပိုမြင့်တဲ့ တောင်တွေ ရှိတယ် ဆိုတာ ဒါမျိုးပေါ့... နင့်ရဲ့ ကြုံတွေ့မှုက တကယ်ကို မယုံနိုင်စရာပဲ... နင့်ကို ဒီသိုင်းပညာ သင်ပေးလိုက်တဲ့ သူတောင်းစားကြီးက သိုင်းလောကထဲ လှည့်လည်သွားလာနေတဲ့ ပြိုင်ဘက်ကင်း ပညာရှင်ကြီး ဖြစ်မှာ သေချာတယ်"
သူမ၏ မျက်နှာထားကို မြင်လိုက်ရမှ ဆုမို သက်ပြင်းချနိုင်တော့သည်။ သူ့ဇာတ်လမ်းက နည်းနည်း များသွားပြီဟု ထင်မိသော်လည်း...
ယန်ရှောင်ယွင်သည် ကမ္ဘာကြီးကို သူမ မြင်ဖူးသလောက် ကျဉ်းမြောင်းသည်ဟု ထင်မှတ်နေသူ မဟုတ်ပေ။ သူမ၏ အကန့်အသတ်ရှိသော အမြင်ကို အမှန်တရားဟု မှားယွင်းစွာ ယူဆတတ်သူ မဟုတ်ပေ။ သူမသည် သိုင်းလောက၏ ဆန်းကြယ်မှုများကို လေးစားတန်ဖိုးထားသူ ဖြစ်သည်။
ဒါ့အပြင်... ဆုမို ပြောတာမို့လို့ သူမက ယုံကြည်လိုက်ခြင်း ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ဆုမို တိုးတိုးလေး မေးလိုက်သည်။
"မမလေးယန်ရော 'ကောင်းကင်မြေကြီး လျှို့ဝှက်ချက်' နဲ့ ကျွန်တော် သဘောပေါက်ထားတဲ့ သိုင်းပညာ နှစ်ခုကို သင်ချင်လား"
"ဒါက နင့်ရဲ့ ကံတရားပဲလေ... ငါက ဘယ်လိုလုပ် ယူရက်မှာလဲ... ပြီးတော့ ယန်မိသားစုရဲ့ 'မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း' ကိုတောင် ငါ တစ်သက်လုံး လေ့ကျင့်ရင် ပြီးပြည့်စုံတဲ့ အဆင့် ရောက်ချင်မှ ရောက်မှာ... ငါ ဘယ်လိုလုပ် လောဘကြီးရမှာလဲ... ဒါပေမဲ့ နင် ဆန္ဒရှိရင်တော့ ငါတို့ မကြာခဏ လက်ရည်စမ်းကြတာပေါ့"
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်လိုက်သည်။
"ငါ နင့်ကို အကြံပေးချင်တာက... ဝါးတာ များရင် မျိုမကျ ဖြစ်တတ်တယ်ဟယ်... သိုင်းပညာ လမ်းစဉ်က အဆုံးမဲ့ သမုဒ္ဒရာကြီးလိုပဲ... အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးတာ ပိုကောင်းတယ်... ပြီးတော့... ဒီ 'ကောင်းကင်မြေကြီး လျှို့ဝှက်ချက်' အကြောင်းကို တတိယလူကို ဘယ်တော့မှ မပြောမိစေနဲ့... မဟုတ်ရင် ငါတို့ဆီ ဘေးအန္တရာယ် ရောက်လာလိမ့်မယ်... ကောင်းကောင်း မှတ်ထားနော်"
ဆုမို ခေါင်းတညိတ်ညိတ် လုပ်လိုက်သော်လည်း စိတ်ထဲတွင်တော့ သက်သာရာ ရသွားသည်။
ဒီကိစ္စပြီးရင် အာမခံတာဝန်တွေမှ ရလာမည့် ဘယ်သိုင်းပညာမဆို ဇာစ်မြစ် ရှိသွားပြီလေ။
ဒါ့အပြင် သူက ယန်ရှောင်ယွင်ကို လျှို့ဝှက်ထားဖို့ ပြောစရာတောင် မလိုတော့ပါ... သူမကိုယ်တိုင်က ပြန်ပြီး သတိပေးနေပြီ ဆိုတော့... သူ့အတွက် အလုပ်အများကြီး သက်သာသွားသည်ပေါ့။