အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အခန်း (၃၁) - အလောင်းထားရာဇရပ်
~လော့ရှားမြို့မှ ယွီချင်းတောင်သို့ သွားရသည့် ခရီးလမ်းသည် တိုတောင်းလှသည် မဟုတ်ပေ။ ဆုမိုသည် အိမ်ပြန်ရောက်ပြီးနောက် ငွေစက္ကူ (၄၀၀) ကျော် ပါလာခဲ့သဖြင့် ဦးလေးဖူက မြို့ထဲမှ မြင်းကောင်းနှစ်ကောင် ဝယ်ယူပေးထားခဲ့သည်။
နေ့ရောညပါ အဆက်မပြတ် ခရီးနှင်လျှင်ပင် ဤခရီးလမ်းသည် အနည်းဆုံး လဝက်ခန့် ကြာမြင့်မည် ဖြစ်၏။
နေ့ဘက်ခရီးသွား၊ ညဘက်အနားယူပြီး သွားမည်ဆိုလျှင်တော့ လမ်းခရီး ကြန့်ကြာမှုများနှင့် ပေါင်းလိုက်ပါက အနည်းဆုံး တစ်လခန့် ကြာမြင့်နိုင်ပေသည်။
ခရီးစထွက်ပြီး ရက်အနည်းငယ် အတွင်းတွင်တော့ အရာရာ အဆင်ပြေချောမွေ့ခဲ့သည်။
လမ်းခရီးတွင် ဓားပြအချို့နှင့် ကြုံတွေ့ရသည်မှလွဲ၍ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေ။
ထိုဓားပြများကတော့...
ယန်ရှောင်ယွင်၏ လက်ထဲမှ ငွေရောင်လှံကို မြင်သည်နှင့် တန်းပြေးကြတော့၏။
အချို့သော သူများက သူမကို မှတ်မိကြပြီး လာရောက် နှုတ်ဆက်ကြသည်။ ထို့နောက် ယန်ရှောင်ယွင် အဘယ်ကြောင့် အလံတလူလူ လွှင့်ထူပြီး အာမခံဌာန အဖွဲ့ကြီးဖြင့် ခရီးမထွက်သနည်းဟု စပ်စုမေးမြန်းကြသည်။
ဤခရီးစဉ်သည် ဇီယန် အာမခံဌာနနှင့် အတူလိုက်ပါလာခြင်း ဖြစ်ကြောင်း သိရသောအခါ သူတို့အားလုံး ဆုမိုကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်ကြလေသည်။
သို့သော် ယန်ရှောင်ယွင်၏ ဂုဏ်သတင်းကြောင့် သူတို့သည် အခက်အခဲ မလုပ်ရဲကြဘဲ လမ်းဖယ်ပေးကြလေသည်။
အမှောင်ထဲတွင် ပုန်းခိုနေသော အန္တရာယ်ကတော့ လုံးဝ အရိပ်အယောင် မပြသေးပေ။
...
...
ထိုနေ့တွင် နှစ်ယောက်သားသည် ဖူနျူတောင် အနီးသို့ ရောက်ရှိလာကြသည်။
ဤနေရာသည် လူသူအရောက်အပေါက် နည်းပါးပြီး ခြောက်သွေ့ပြတ်လပ်သော်လည်း ယွီချင်းတောင်သို့ သွားရန်အတွက် မဖြတ်မဖြစ် ဖြတ်ရမည့် လမ်းကြောင်းဖြစ်၏။
လမ်းလွှဲသွားမည် ဆိုလျှင်လည်း မလိုအပ်ဘဲ ခရီးဝေးသွားမည်သာ ရှိသည်။
သူတို့နှစ်ဦးသည် ဖူနျူတောင်ကို အမြန်ဆုံး ကျော်ဖြတ်ရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။
လူတွေအတွက် ပြဿနာ မရှိသော်လည်း မိုးရွာပြီး လမ်းချော်နေပါက မြင်းများ ချော်လဲနိုင်ပြီး ဒုက္ခရောက်နိုင်ပေသည်။
မတတ်သာသည့်အဆုံး သူတို့သည် မိုးခိုရန် နေရာရှာရတော့၏။
သို့သော် ဤဒေသသည် တစ်ချိန်က သိုင်းလောက တိုက်ပွဲများ၊ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ဖူးသော နေရာဖြစ်၏။
သာမန်ပြည်သူများသည် စစ်မီးမကူးစက်စေရန်အတွက် ထိုနေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
နောက်ပိုင်းတွင် ဤနေရာ၌ လူသေအလောင်းများလွန်းပြီး သေဆုံးသူများ၏ ဝိညာဉ်များ မကျွတ်မလွတ်ဘဲ လူ့လောကတွင် လှည့်လည်ကာ ဒုက္ခပေးနေသည်ဟူသော ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။
ကောလဟာလများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ... ထိုကဲ့သို့သော ဇာတ်လမ်းများ ရှိနေခြင်းက လူများကို ဤနေရာသို့ ပြန်မလာရဲအောင် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။
နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းမည့်သူ မရှိဘဲ ပစ်ထားခဲ့သဖြင့် ဤနေရာတွင် အဆောက်အဦး ပျက်များနှင့် အပျက်အစီးများသာ ရှိတော့၏။ မိုးဒဏ်လေဒဏ် ကာကွယ်ရန် အမိုးအကာ တစ်ခုရှာတွေ့ဖို့ပင် မလွယ်ကူပေ။
ကံကောင်းစွာပင် အရှေ့နားတွင် သစ်ပင်များကြား၌ ဝှက်ကွယ်နေသော အတော်အတန် ကောင်းမွန်သည့် အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။
သို့သော် အနားသို့ ရောက်သွားသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ခြေလှမ်းတုန့်သွားကြသည်။
"အလောင်းထားရာဇရပ် လား"
ဤကဲ့သို့သော နေရာမျိုးကို အများအားဖြင့် ခေါင်းတလားများ ထားရှိရန် အသုံးပြုကြသည်။
ရပ်ဝေးမြေခြားတွင် သေဆုံးသွားပြီး ဇာတိမြေသို့ ပြန်လိုသူများသည် မသေမီကတည်းက စာ (သို့မဟုတ်) နှုတ်ဖြင့် မှာကြားခဲ့ကြသည်။ မိသားစုဝင်များ လာရောက်ပြီး အလောင်းကို သယ်ဆောင်ကာ မြေမြှုပ်သင်္ဂြိုဟ်ပေးရန် ဖြစ်၏။
သို့သော် မိသားစုဝင်များ မရောက်လာမီ စပ်ကြားတွင် အလောင်းများကို မြေမြှုပ်၍ မရသလို၊ တွေ့ကရာနေရာတွင် ထား၍လည်း မဖြစ်ပေ။
ထို့ကြောင့် ယာယီ ထိန်းသိမ်းထားရန်အတွက် ဤကဲ့သို့သော ဇရပ်များသို့ ပို့ဆောင်ထားလေ့ ရှိကြသည်။
သို့သော် အချို့သောသူများသည် ရုတ်တရက် သေဆုံးသွားပြီး မည်သည့်သတင်းစကားမျှ မပါးလိုက်နိုင်သူများလည်း ရှိသည်။
သေဆုံးပြီးနောက် သူတို့၏ အလောင်းများကိုလည်း ဤဇရပ်တွင် ခေတ္တ ထားရှိကြသည်။ အချိန်ကြာမြင့်သည်အထိ လာရောက်ရွေးယူမည့်သူ မရှိပါက နောက်ဆုံးတွင် လူမဲ့သင်္ချိုင်းတွင် မြှုပ်နှံလိုက်ကြသည်။
ဖူနျူတောင် တစ်ဝိုက်တွင် လူမနေတော့သော်လည်း ဤဇရပ်က အတော်အတန် ကောင်းမွန်နေသေးသည်မှာ မထင်မှတ်စရာပင်။
သို့သော် ယခုအချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် စိတ်ထဲတွင် လေးလံထိုင်းမှိုင်းသွားသည်မှာ အမှန်ပင်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သိုင်းပညာရှင်များ ဖြစ်ကြပြီး သိုင်းလောကထဲ ကျင်လည်နေသူများ ဖြစ်သည့်အတွက် သရဲတစ္ဆေများကို မယုံကြည်ကြပေ။
ထို့ကြောင့် မထင်မှတ်ထားသော အခြေအနေ ဖြစ်သော်လည်း သူတို့ သိပ်အလေးမထားဘဲ နေလိုက်ကြသည်။
သူတို့သည် မြင်းများကို ဆွဲပြီး ဇရပ်ထဲသို့ ဝင်သွားကြသည်။
ဇရပ်သည် မသေးငယ်လှပေ။ ဝင်ပေါက်တွင် ဆင်ဝင်တစ်ခု ရှိသည်။ ဆင်ဝင်၏ တစ်ဝက်ခန့်မှာ ပြိုကျနေသော်လည်း ဝင်ထွက်သွားလာ၍ ရသေးသည်။
ဆင်ဝင်ကို ကျော်ဖြတ်လိုက်သည်နှင့် ပေါင်းပင်များ ဖုံးလွှမ်းနေသော ခြံဝင်းကို တွေ့လိုက်ရသည်။ မိုးဒဏ်ကြောင့် ပေါင်းပင်များမှာ ယိုင်နဲ့နေကြသည်။
ဤပရဟိတ ဇရပ်ကို မပြုပြင်ဘဲ ပစ်ထားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။
ခြံဝင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အရှေ့ဆောင်နှင့် အနောက်ဆောင်များ ရှိသော်လည်း နှစ်ခုစလုံး ဟာလာဟင်းလင်း ဖြစ်နေသည်။ ခေါင်မိုးပေါ်မှ အုတ်ကြွပ်များ မစုံလင်တော့ဘဲ နေရာတော်တော်များများတွင် မိုးယိုနေသည်။ လူနေရန် မသင့်တော်သော်လည်း မြင်းများကိုမူ အဆင်ပြေသလို ထားရှိနိုင်သည်။
အလယ်ဗဟိုရှိ ပင်မခန်းမဆောင်သည် မူလက ဘုရားကျောင်းဆောင် ဖြစ်ဟန်တူသည်။ ပူဇော်သက္ကာ စားပွဲနှင့် ဆိုင်းဘုတ်များ ရှိသော်လည်း ယခုအခါ စားပွဲမှာ ဆွေးမြေ့နေပြီး ဆိုင်းဘုတ်များမှာလည်း စောင်းရွဲ့ကာ ဖုန်များ တက်နေတော့၏။
ပင်မခန်းမဆောင်၏ တစ်ဖက်တွင် ခေါင်းတလား အများအပြား ရှိနေသည်။ သို့သော် ခန်းမဆောင် ကျယ်ဝန်းသည့်အတွက် ကျဉ်းကျပ်မနေဘဲ ခြောက်ခြားဖွယ် ကောင်းသော အငွေ့အသက်များသာ ထွက်ပေါ်နေသည်။
ယန်ရှောင်ယွင်သည် နောက်ဖေးဘက်သို့ သွားကြည့်ရာ အခန်းအားလုံး ပြိုကျနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် ကျိုးပဲ့နေသော သစ်သားတချို့ကို ယူကာ ပင်မခန်းမဆောင် အလယ်တွင် မီးဖိုလိုက်ကြသည်။ ထို့နောက် ဈေးတန်းမှ ဝယ်လာသော အစားအစာခြောက်များကို မီးကင်ကာ စားသောက်လိုက်ကြသည်။
စားသောက်ပြီးစီးသောအခါ အပြင်ဘက်တွင် မိုးချုပ်သွားတော့၏။
ဆုမိုသည် ကိုယ်လက်ဆန့်တန်းလိုက်ပြီး ပင်မခန်းမဆောင် ရှေ့သို့ ထွက်လာခဲ့သည်။
"ဒီမိုးက ဘယ်လောက်ကြာကြာ ရွာဦးမှာလဲ မသိဘူး"
"ရွာတာ မြန်ရင် တိတ်တာ မြန်တယ်... ဒီမိုးက သိပ်ကြာမှာ မဟုတ်ဘူး... ဒီညလောက်ဆို တိတ်သွားမှာပါ... ဒါပေမဲ့ ငါတို့ ထွက်ချင်ရင်တော့ မနက်ဖြန်အထိ စောင့်ရဦးမယ်"
"ညဘက် ခရီးသွားရတာ အဆင်မပြေဘူးလေ... လမ်းတွေကလည်း စိုပြီး ချော်နေမှာ"
"ကြည့်ရတာ ဒီညတော့ ဒီဇရပ်မှာပဲ ဖြစ်သလို အိပ်ရတော့မယ် ထင်တယ်"
ဆုမို အသာပြုံးလိုက်သည်။
"ထုံးစံအတိုင်းပဲလေ... အစ်မ အရင်အိပ်... ညဉ့်နက်ပိုင်းကျ အစ်မ အလှည့်ယူပေါ့"
"ကောင်းပြီ"
ယန်ရှောင်ယွင် တွန့်ဆုတ်မနေပေ။
နှစ်ယောက်တည်း ခရီးထွက်သည့်အခါ ထူးဆန်းသော ပတ်ဝန်းကျင်တွင် သတိထားရမည်။ ဤဇရပ်သည် လူသူကင်းဝေးသဖြင့် စိတ်ချရသယောင် ရှိသော်လည်း... အမှောင်ထဲတွင် ပုန်းခိုနေသော ရန်သူများက ဘယ်အချိန် ထွက်ပြီး ဒုက္ခပေးမလဲ ဆိုတာ ဘယ်သူသိမှာလဲ။
ထို့ကြောင့် နေ့ဘက် ခရီးသွားပြီး ညဘက်တွင် အလှည့်ကျ အနားယူကြခြင်း ဖြစ်၏။
တောထဲတွင် ဖြစ်စေ၊ မြို့ထဲရှိ တည်းခိုခန်းတွင် ဖြစ်စေ... ဤနည်းအတိုင်းသာ လုပ်ဆောင်ကြသည်။
ယန်ရှောင်ယွင်သည် အနားယူမည်ဟု ပြောသည်နှင့် ချက်ချင်း အနားယူလိုက်သည်။ နှစ်ပေါင်းများစွာ ခရီးသွားလာရင်း ဤအလေ့အကျင့်ကို သူမ ပျိုးထောင်ထားခဲ့သည်။
အချိန်သည် လူကို မစောင့်ပေ။ သူတို့ကဲ့သို့သော လူများသည် အိပ်ချင်မူးတူး ဖြစ်နေ၍ မရပေ။ အရေးကြီးသော အချိန်တွင် အိပ်မပျော်ပါက မျက်စိတစ်မှိတ် အတွင်းမှာပင် အချိန်ကုန်သွားတတ်သည်။
ထို့ကြောင့် သူမသည် မျက်လုံးမှိတ်လိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားလေသည်။
တိတ်ဆိတ်နေသော ဇရပ်ထဲတွင် သူမ၏ ဟောက်သံသဲ့သဲ့လေး ထွက်ပေါ်လာပြီး အပြင်ဘက်မှ မိုးသံနှင့် ရောယှက်သွားလေသည်။
ဆုမိုကမူ တင်ပျဉ်ခွေ ထိုင်လျက် အတွင်းအားကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။
သူ ရရှိထားသော 'လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရားစွမ်းရည်' သည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ရရှိသည့် နေ့ကတည်းက သူသည် အတွင်းအား အားလုံးကို စုစည်းပြီး မိမိပိုင်ဆိုင်သော စွမ်းအားအဖြစ် ပြောင်းလဲထားပြီး ဖြစ်၏။ ထိုအချိန်မှစ၍ သူသည် လက်မောင်းကို လှုပ်ရှားသကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်နေပြီ ဖြစ်၏။
ယခုအခါ သူသည် ဇီယန်ဂိုဏ်း၏ အတွင်းအားကို တိတ်တဆိတ် လေ့ကျင့်နေခြင်း ဖြစ်၏။
ယင်းကို 'နေမင်းရောင်ခြည် နှလုံးသား ကျင့်စဉ်' ဟု ခေါ်သည်။
ဤအတွင်းအားသည် ဇီယန်ဂိုဏ်းတွင် ထိပ်တန်းအဆင့် မဟုတ်သော်လည်း သာမန်အဆင့်တော့ မဟုတ်ပေ။
ဂိုဏ်း၏ နတ်ဘုရားအဆင့် သိုင်းပညာ ဖြစ်သော 'ခရမ်းရောင် ကိုးသွယ် မီးလျှံ ကောင်းကင် ကျင့်စဉ်' နှင့် မယှဉ်နိုင်သော်လည်း ၎င်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိလေသည်။
'လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရားစွမ်းရည်' ကြောင့် ဆုမို ခန္ဓာကိုယ်တွင်းရှိ သွေးကြောများနှင့် အာရုံကြောများ အားလုံးနီးပါး ပွင့်နေပြီ ဖြစ်၏။ အတွင်းအား လှည့်ပတ်လိုက်သည့်အခါ 'နေမင်းရောင်ခြည် နှလုံးသား ကျင့်စဉ်' ၏ တိုးတက်မှုနှုန်းသည် အလွန် မြန်ဆန်လှသည်။
မူလက တတိယအဆင့်သာ ရှိသော်လည်း ယခုအခါ ကိုးဆင့်မြောက် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
ရုတ်တရက်... သူ့နားရွက်များ လှုပ်ရှားသွားပြီး ဆုမို မျက်လုံးဖွင့်လိုက်သည်။
ယခုအချိန်သည် သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း ပြတင်းပေါက် အပြင်ဘက်တွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး တဝေါဝေါ မြည်ဟည်းနေသည်။
ဘေးခန်းတွင် ထားရှိသော မြင်းများကလည်း ထိတ်လန့်တကြား ဟီသံများ ထွက်ပေါ်လာသည်။
လေထဲတွင် အသံတစ်သံ သဲ့သဲ့ ပါလာသလို ခံစားရသည်။
သေချာ နားစွင့်လိုက်သောအခါ... ငိုသံသဲ့သဲ့လေးများ ဖြစ်နေကြောင်း သိလိုက်ရသည်။
ထိုအသံများသည် ရင်ကွဲမတတ် နာကျင်စရာ ကောင်းလှပြီး၊ ထပ်ခါတလဲလဲ ထွက်ပေါ်လာကာ ကန့်လန့်ကာ တစ်ချပ်အလား လွှမ်းခြုံလာသည်။
အစပထမတွင် အဝေးတစ်နေရာမှ လာသကဲ့သို့ ရှိသော်လည်း... မျက်စိတစ်မှိတ် အတွင်းမှာပင် နားနားကပ်ပြီး အော်နေသကဲ့သို့ ခေါင်းထဲသို့ တိုးဝင်လာလေသည်။
ဆုမို၏ မျက်ဝန်းများ အရောင်လက်သွားသော်လည်း တည်ငြိမ်စွာပင် တိုးတိုးလေး ပြောလိုက်သည်။
"သိုင်းလောက အောက်ခြေက ခရီးသွားနှစ်ယောက်ကို ဘယ်သိုင်းသမားကြီးကများ နတ်ဘုရား ယောင်ဆောင်ပြီး နောက်ပြောင်နေတာလဲ မသိဘူးဗျာ"
သူ့အသံမှာ မကျယ်လောင်သော်လည်း အတွင်းအား ပါဝင်နေသဖြင့် ပတ်ဝန်းကျင်ရှိ သရဲငိုသံများ ချက်ချင်း တိတ်ဆိတ်သွားလေတော့၏။
အခန်း (၃၂) - ခရီးသွားများ
~မိုးသည်းထန်စွာ ရွာသွန်းနေသော ညတစ်ညတွင်... ဆူညံသံများကြားမှ အေးစက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာလေသည်။
လေပြင်းများ စတင်တိုက်ခတ်လာချိန်ကတည်းက ယန်ရှောင်ယွင်သည် မျက်လုံးများကို ဖွင့်ထားပြီး ဖြစ်၏။ ငွေရောင်လှံကို လက်တွင် ကိုင်ဆောင်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
ဆုမိုသည် ဘာသံမျှ ပြန်မကြားရတော့သဖြင့် ခေါင်းတလားများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ယန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူတို့ မဟုတ်ဘူး"
ယန်ရှောင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။
"တကယ်လို့ သူတို့သာဆိုရင်... ဒီလောက်ထိ ဆူညံအောင် လုပ်ပြီး အသိပေးနေမှာ မဟုတ်ဘူး"
ပြောပြီးသည်နှင့် ဆုမိုသည် မတ်တပ်ထရပ်ကာ လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။
"ကျွန်တော်တို့ မောင်နှမ နှစ်ယောက်က ခရီးသွားတွေပါ... မိုးသည်းထန်လို့ ဒီဇရပ်မှာ ခဏ လာနားခိုတာပါဗျာ"
"မနက်ဖြန် မိုးတိတ်လေငြိမ်တာနဲ့... ကျွန်တော်တို့ ချက်ချင်း ထွက်သွားပါ့မယ်... ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး"
ဆုမို စကားပြောနေစဉ် ယန်ရှောင်ယွင်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေသည်။ တစ်စုံတစ်ရာ ထူးခြားမှု ရှိလာပါက ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားသည်။
သို့သော်... ဘာမျှ ထူးခြားမလာပေ။
အသက်ရှူသံ၊ ခြေသံ၊ နှလုံးခုန်သံ... ဘာသံမှ မကြားရပေ။
အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးသံသာလျှင် ပိုမိုကျယ်လောင်လာပြီး... ဇရပ်၏ ပင်မခန်းမဆောင် အတွင်းတွင်မူ ထူးဆန်းသော အေးစက်မှုများသာ ကျန်ရစ်ခဲ့သည်။
သို့သော်... ဤတိတ်ဆိတ်မှုသည် ကြာရှည်မခံပေ။
ရုတ်တရက်... ဂိတ်တံခါး အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာလေသည်။
ခဏအကြာတွင် သူတို့ ရောက်ရှိလာကြသည်။
မြင်းစီးသမား နှစ်ဦးသည် ဇရပ်ရှေ့သို့ ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်ကြပြီး မြင်းများကို ဆွဲကာ ခြံဝင်းထဲသို့ ဝင်လာကြသည်။
အမျိုးသမီး တစ်ဦး၏ စိုးရိမ်တကြီး မေးသံကို ဆုမို ကြားလိုက်ရသည်။
"အစ်ကိုကြီး... ဒီဇရပ်ထဲမှာ သရဲတွေ ရှိနေမလားဟင်"
မိုးသံလေသံများကြောင့် သူမ၏ အသံသည် ကျယ်လောင်သော်လည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
အမျိုးသားက ပြန်အော်ပြောလိုက်သည်။
"သိုင်းလောကထဲမှာ သရဲတစ္ဆေ ဆိုတာ ဘယ်ရှိပါ့မလဲဟာ... တကယ်လို့ သရဲသာ ရှိရင် ဘယ်သူက သိုင်းလောကထဲမှာ တိုက်ခိုက်ရဲတော့မှာလဲ... ဒီနေ့ ငါက နင့်ကို သတ်လိုက်လို့ မနက်ဖြန် နင်က သရဲလုပ်ပြီး ပြန်လာသတ်မယ်... ပြီးရင် ငါက သေသွားပြီး မကျွတ်မလွတ်တဲ့ သရဲဖြစ်... နင့်ကို ပြန်ဒုက္ခပေး... ဒီလိုနဲ့ သံသရာ လည်နေမှာပေါ့... ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး"
ပြောရင်းဆိုရင်း သူတို့သည် ပင်မခန်းမဆောင် ရှေ့သို့ ရောက်ရှိလာကြသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်ကို မြင်လိုက်ရသည့်အခါ သူ အနည်းငယ် လန့်ဖျပ်သွားသည်။
သူ့မျက်နှာပေါ်တွင် သဘာဝမကျသော အမူအရာများ ပေါ်လာသော်လည်း... ကြမ်းပြင်ပေါ်ရှိ မီးပုံကို မြင်လိုက်ရမှ စိတ်သက်သာရာ ရသွားပုံရသည်။
သူက လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။
"ခရီးသွားရင်း မိုးမိလို့ပါဗျာ... ဒီနားတဝိုက်မှာ နားခိုစရာဆိုလို့ ဒီနေရာလေးပဲ ရှိလို့ပါ... အထဲက မိတ်ဆွေများ အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါဦးဗျာ"
သိုင်းလောကတွင် အခက်အခဲ ကြုံတွေ့ရခြင်းသည် သဘာဝပင်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတစ်ပါးကို ကူညီခြင်းသည် ကိုယ့်ကိုယ်ကို ကူညီခြင်းပင် ဖြစ်၏။
ထို့အပြင် ဤဇရပ်သည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ပိုင်ဆိုင်သော နေရာမဟုတ်ပေ။ သူတို့အနေဖြင့် တားမြစ်ပိုင်ခွင့် မရှိချေ။
သို့သော် စောစောက ကြားလိုက်ရသော သရဲငိုသံသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ဆုမို ပြန်ဖြေရာတွင် အနည်းငယ် တွန့်ဆုတ်နေမိသည်။
"ကျွန်တော်တို့ နှစ်ယောက်အတွက်ကတော့ အဆင်ပြေပါတယ်... ဒါပေမဲ့ ဒီဇရပ်ရဲ့ မူလပိုင်ရှင်တွေက ဘယ်လို သဘောရမလဲတော့ မသိဘူးဗျ"
ထိုလူ မျက်မှောင်ကြုတ်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
"သူတို့ ဘယ်မှာ ရှိလို့လဲဗျ"
"အာ... လောလောဆယ်တော့ ကျွန်တော်လည်း မသိသေးပါဘူး"
ဆုမို ခါးသက်သက် ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... မိတ်ဆွေတို့ နှစ်ယောက် ပြဿနာ တက်မှာ မကြောက်ဘူးဆိုရင်... ဝင်နားခိုလို့ ရပါတယ်"
ဒီစကားက မရေမရာ ဖြစ်နေသဖြင့် ထိုလူ၏ မျက်နှာထား အနည်းငယ် မည်းမှောင်သွားသည်။ ဆုမိုက အကြောင်းပြချက် အမျိုးမျိုးပြပြီး သူတို့ကို လက်မခံချင်ဘူးဟု ထင်မှတ်သွားပုံရသည်။
သူ ခေါင်းခါလိုက်ပြီး အမျိုးသမီးငယ်ကို ခေါ်ကာ ဝင်လာခဲ့လိုက်သည်။
ထိုနှစ်ဦးသည် အသက်မကြီးလှသေးပေ။ အမျိုးသားမှာ အသက် (၂၀) ဝန်းကျင်ခန့် ရှိပြီး၊ အမျိုးသမီးငယ်မှာ (၁၇)၊ (၁၈) နှစ်ခန့်သာ ရှိဦးမည်။ အလွန်အမင်း လှပခြင်း မရှိသော်လည်း မျက်လုံးများက တက်ကြွရွှင်လန်းနေသည်။
ဇရပ်ထဲသို့ ဝင်လာသည်နှင့် သူတို့သည် ခေါင်းတလားများကို စိုးရိမ်တကြီး ကြည့်လိုက်မိကြသည်။ မကြည့်မိအောင် ထိန်းထားသော်လည်း အကြည့်များက မသိမသာ ရောက်သွားမြဲပင်။
နှစ်ယောက်စလုံး မိုးရေများ ရွှဲနစ်နေကြသည်။
အမျိုးသားက ပြောလိုက်သည်။
"ညီမလေး... အတွင်းအားသုံးပြီး အအေးဓာတ်ကို ထုတ်လိုက်ကြရအောင်... နင် ကုနေတုန်း ငါ စောင့်ပေးမယ်"
ထိုစကားကို ကြားသောအခါ ညီမလေးဖြစ်သူသည် ခေါင်းတလားများကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ ထို့နောက် ဆုမိုနှင့် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျေးဇူးပါ အစ်ကိုကြီး"
ပြောပြီးသည်နှင့် သူမသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အတွင်းအားကို တိတ်တဆိတ် လှည့်ပတ်ကာ အအေးဓာတ်ကို ဖယ်ရှားပြီး အဝတ်အစားများကို ခြောက်သွေ့အောင် ပြုလုပ်လိုက်သည်။
အစ်ကိုကြီးဖြစ်သူသည် ညီမလေးဘေးတွင် ထိုင်လိုက်သည်။ သူ့အကြည့်များက ဆုမိုနှင့် ယန်ရှောင်ယွင်အပေါ် မရောက်သလို ရှိသော်လည်း မျက်လုံးထောင့်ကပ်၍ အမြဲ စောင့်ကြည့်နေလေသည်။
ဆုမို၏ စောစောက 'ငြင်းဆန်မှု' ကြောင့် သူ့စိတ်ထဲတွင် သံသယ ဝင်နေပုံရသည်။ ထို့ကြောင့် အနည်းငယ် သတိထားနေခြင်း ဖြစ်၏။
ဆုမို ခါးသက်သက် ပြုံးလိုက်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ပေ။
သူသည် မီးပုံကို ပြန်မွှေးလိုက်ရာ ဇရပ်အတွင်း ပိုမို လင်းထိန်သွားလေသည်။
ထိုအချိန်တွင် ယန်ရှောင်ယွင်၏ တိုးညင်းသော အသံက နားထဲသို့ ဝင်ရောက်လာသည်။
"သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ ခြေလှမ်းအသွားအလာနဲ့ ဝတ်စားဆင်ယင်ပုံအရ ဆိုရင်... 'လော့ရှင်း' ဂိုဏ်းသားတွေ ဖြစ်လောက်တယ်"
'လော့ရှင်း' ဂိုဏ်း ဟုတ်လား။
ဆုမို အစက စိမ်းနေသော်လည်း သေချာ ပြန်စဉ်းစားကြည့်လိုက်ရာ ထိုဂိုဏ်းအကြောင်းကို မှတ်မိသွားသည်။
'လော့ရှင်း' ဂိုဏ်းသည် လျှို့ဝှက်လက်နက်များကို အသုံးပြုရာတွင် ကျော်ကြားသော ဂိုဏ်းဖြစ်၏။
သို့သော် သူတို့သည် မျိုးဆက် တည်ဆောက်ပုံ ကျဉ်းမြောင်းပြီး တပည့် အများအပြား လက်ခံလေ့ မရှိကြပေ။
များသောအားဖြင့် တစ်ဦးတည်းသော တပည့် (သို့မဟုတ်) တပည့်နှစ်ဦးလောက်ကိုသာ လက်ခံပြီး ပညာအမွေ လက်ဆင့်ကမ်းလေ့ ရှိကြသည်။
သူတို့၏ အထွတ်အထိပ် သိုင်းပညာဖြစ်သော 'ကြယ်ကြွေလက်ညှိုး' သည် အလွန် နာမည်ကြီးလှသည်။
ဆုမို ဤဂိုဏ်းအကြောင်း သိပ်မရင်းနှီးရခြင်းမှာ လော့ရှင်းဂိုဏ်းသည် လော့ရှားမြို့နှင့် အလွန် ဝေးကွာသော အရပ်တွင် တည်ရှိသောကြောင့် ဖြစ်၏။
ထို့အပြင် လော့ရှင်းဂိုဏ်းသားများက သိုင်းလောကထဲ သိပ်မထွက်ကြသဖြင့် သတင်းအချက်အလက် နည်းပါးလှသည်။
"သူတို့ ဘယ်လိုလုပ် ဒီကို ရောက်လာကြတာလဲ"
ဆုမို အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသော်လည်း ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။
ပြီးခဲ့သည့် တစ်ခါတုန်းက စပ်စုလွန်းလို့ မပတ်သက်သင့်သော ပြဿနာတွေနှင့် ငြိခဲ့ရပြီလေ။
နောက်ပိုင်းမှာ အဆင်ပြေသွားတယ် ဆိုပေမဲ့... အစကတည်းက မသိချင်ယောင် ဆောင်နေခဲ့လျှင် မလိုအပ်သော ရှုပ်ထွေးမှုတွေ ဖြစ်လာမှာ မဟုတ်ပေ။
ဒီအချိန်မှာ သူများကိစ္စ စိတ်ဝင်စားနေလို့ ဘာထူးမည်လဲ။
ကိုယ့်ကိစ္စ ကိုယ်ကောင်းအောင် လုပ်လျှင် ပြီးတာပဲ။
ထိူ့အပြင်... ဒီနှစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို စဉ်းစားနေမည့်အစား... စောစောက ကြားလိုက်ရသည့် အသံရဲ့ ဇာစ်မြစ်ကို ရှာဖွေတာက ပိုကောင်းဦးမည်။
သို့သော် လော့ရှင်းဂိုဏ်းမှ မောင်နှမ နှစ်ယောက် ရောက်လာပြီးကတည်းက ထိုအသံ ထပ်မထွက်လာတော့ပေ။
ယန်ရှောင်ယွင်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူမ မျက်လုံး ပြန်မှိတ်လိုက်သည်။
ဇရပ်အတွင်း၌ အခြေအနေက နှစ်ဖက် ကွဲသွားသည်။
တစ်ဖက်တွင် လော့ရှင်းဂိုဏ်းမှ မောင်နှမနှစ်ယောက်၊ အခြားတစ်ဖက်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်။ ကိုယ့်ကိစ္စနှင့်ကိုယ် ရှိနေကြသည်။
ခြောက်ခြားဖွယ်ရာ ငိုသံလည်း ထပ်မကြားရတော့ပေ။ ညဉ့်နက်ပိုင်း ရောက်သောအခါ ယန်ရှောင်ယွင် နိုးလာပြီး ဆုမိုနှင့် နေရာချင်း လဲလိုက်သည်။
ဆုမို တစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ အစ်ကိုကြီး ဖြစ်သူသည် တင်ပျဉ်ခွေ ထိုင်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။ အစက ခေါင်းတလားများကို ကြောက်ရွံ့နေသော ညီမလေးမှာမူ... ယခုအခါ ခေါင်းတလား တစ်လုံးကို မှီ၍ အိပ်ပျော်နေတော့၏။
ဆုမို မျက်ခုံး ပင့်လိုက်မိသည်။ ထိုအချိန်တွင် အစ်ကိုကြီး ဖြစ်သူက ခေါင်းမော့လာပြီး သူ့ကို ခပ်စိမ်းစိမ်း ကြည့်လိုက်သည်။
"..."
ဆုမို နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားပြီး ပြန်ထိုင်လိုက်ကာ မသိချင်ယောင် ဆောင်နေလိုက်တော့၏။
အချိန်များ ကုန်ဆုံးသွားပြီး အပြင်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းမှုသည် တဖြည်းဖြည်း လျော့နည်းလာသည်။
မိုးဖွဲဖွဲလေး ရွာနေချိန်အထိ ဇရပ်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ရုတ်တရက်... လော့ရှင်းဂိုဏ်းမှ ညီမလေး မှီအိပ်နေသော ခေါင်းတလားသည် အနည်းငယ် လှုပ်ရှားသွားလေသည်။
အသံမထွက်စေဘဲ... အတွင်းထဲမှ တစ်စုံတစ်ယောက်က တွန်းလိုက်သကဲ့သို့... ခေါင်းတလား အဖုံးသည် အနည်းငယ် ပွင့်ဟလာပြီး နေရာလွတ်လေး တစ်ခု ပေါ်လာလေသည်…။
အခန်း (၃၃) - ယင်တောင် သရဲဘုရင်
~ပြတင်းပေါက် အပြင်ဘက်၌ မိုးစက်မိုးပေါက်များ ရွာသွန်းနေဆဲဖြစ်ပြီး... ဇရပ်အတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ ကြီးစိုးနေလေသည်။
သို့သော် ထိုအချိန်၌ပင် လော့ရှင်းဂိုဏ်းမှ ညီမလေး မှီအိပ်နေသော ခေါင်းတလားသည် ရုတ်တရက် လှုပ်ရှားသွားလေ၏။
အသံတစ်ချက်မျှ မထွက်ပေါ်စေဘဲ... အတွင်းထဲမှ တစ်စုံတစ်ယောက်က တွန်းဖွင့်လိုက်သကဲ့သို့ ခေါင်းတလား အဖုံးသည် အနည်းငယ် ဟသွားလေသည်။
ထို့နောက် ဟနေသော နေရာလွတ်ကြားမှ ခြောက်သွေ့နေသော လက်တစ်ဖက် ထွက်ပေါ်လာလေသည်။
ထိုလက်သည် အစိမ်းပုပ်ရောင် သမ်းနေပြီး ခြောက်သွေ့နေသော အလောင်းကောင် တစ်ကောင်၏ လက်ကဲ့သို့ပင်။ ရှည်လျားကောက်ကွေးနေသော လက်သည်းများသည် အေးစက်စက် အပြာရောင် အလင်းတန်းများကို သဲ့သဲ့ ထုတ်လွှတ်နေသည်။
လက်ချောင်းများ ဖြန့်ကားသွားပြီး မိန်းကလေးငယ်၏ လည်ပင်းဆီသို့ ဖြည်းညှင်းစွာ လှမ်းလာလေသည်။
မိန်းကလေးငယ်သည် ဘာမျှ မသိရှိသေးပေ။ သူမ၏ အစ်ကိုကြီးသည်လည်း သက်ရှိလူများကိုသာ သတိထား စောင့်ကြည့်နေပြီး... သူတို့၏ ကျောနောက်ဘက်ရှိ ခေါင်းတလားထဲမှ တစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်သည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ခြောက်သွေ့နေသော လက်ချောင်းများက မိန်းကလေးငယ်၏ လည်ချောင်းကို ဆုပ်ကိုင်ရန် လက်တစ်ကမ်းအလို...
ငွေရောင် အလင်းတန်းတစ်ခုသည် လေထုထဲတွင် ရုတ်တရက် ဝင်းလက်သွားလေသည်။
နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး... ပြင်းထန်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါများသည် ရှေးဟောင်း စစ်မြေပြင်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
လော့ရှင်းဂိုဏ်းမှ အစ်ကိုကြီး၏ မျက်နှာထား ပျက်ယွင်းသွားသည်။ ငွေရောင်လှံကို ကိုင်ဆောင်ထားသော အမျိုးသမီးက ဤမျှ ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် တိုက်ကွက်က အလွန် ပြင်းထန်လှသည်။
"မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်းပဲ"
သူ ချက်ချင်း မှတ်မိလိုက်သည်။ သို့သော် သူသည် တိုက်ရိုက် ခုခံရန် မရဲရုံသာမက မခုခံနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် တိုက်ကွက်၏ သဘောသဘာဝကို သူ သဘောပေါက်လိုက်ချိန်တွင် လှံသွားသည် သူ့ပါးပြင်ဘေးမှ ဖြတ်ကျော်သွားပြီး ဖြစ်နေသောကြောင့်ပင်။
သူ တတ်နိုင်သည်မှာ အော်ဟစ် သတိပေးရန်သာ ရှိတော့၏။
"ညီမလေး... သတိထား"
သူ့အော်သံသည် ညီမဖြစ်သူအား ငွေရောင်လှံ၏ အန္တရာယ်ကို သတိပေးရန် ရည်ရွယ်ခြင်း ဖြစ်၏။
သို့သော် အော်ပြီးပြီးချင်း သူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော်... ခြောက်သွေ့သော လက်တစ်ဖက်က ညီမလေး၏ လည်ပင်းဆီသို့ လှမ်းနေသည်ကို မြင်လိုက်ရပြီး... ငွေရောင်လှံက အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။ ထိတ်လန့်ကြောက်ရွံ့မှုများက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေတော့၏။
သို့သော် ငွေရောင်လှံသည် ရောက်ရှိနေပြီ ဖြစ်၏။
၎င်း၏ ပစ်မှတ်မှာ ညီမလေး မဟုတ်ဘဲ... ခြောက်သွေ့သော လက်မောင်းသာ ဖြစ်လေသည်။
ဤတိုက်ကွက်သည် အကယ်၍ ထိုလက်က ဆက်လက်၍ ဆုပ်ကိုင်ရန် ကြိုးစားနေပါက... လက်မောင်းကို လှံဖြင့် ထိုးဖောက်ခံရမည်မှာ သေချာသည်။ ရန်သူကို တိုက်ခိုက်ခြင်းဖြင့် မိတ်ဆွေကို ကယ်တင်သော ဗျူဟာပင်။
ထင်မှတ်ထားသည့်အတိုင်းပင်... ထိုလက်သည် မူလရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီး လက်ချောင်းများကို ကွေးကာ ယန်ရှောင်ယွင်၏ ငွေရောင်လှံကို တိုက်ရိုက် ရိုက်ပုတ်လိုက်လေသည်။
ထိုလက်၏ ဇာစ်မြစ်ကို မသိရသော်လည်း လက်သည်းများသည် သတ္တုဖြင့် ပြုလုပ်ထားသကဲ့သို့ မာကျောလှသည်။ လက်ချောင်းငါးချောင်းကို လိမ်ယှက်ကာ ယန်ရှောင်ယွင်၏ လှံသွားနှင့် ထိတွေ့လိုက်ရာ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စဉ်ထွက်သွားလေသည်။
လက်တစ်ဖက်နှင့် ငွေရောင်လှံတစ်ချောင်း... ဤကျဉ်းမြောင်းသော နေရာလေးထဲတွင် မျက်စိတစ်မှိတ် အတွင်းမှာပင် (၃) ကွက်၊ (၄) ကွက်ခန့် တိုက်ခိုက်ပြီးသွားကြတော့၏။
လော့ရှင်းဂိုဏ်းမှ ညီမလေးသည် ယခုမှ အပြည့်အဝ နိုးကြားလာခဲ့သည်။
သူမသည် အတွေ့အကြုံ နုနယ်ပြီး သိုင်းလောက ဗဟုသုတ နည်းပါးသော်လည်း... ယခုအချိန်ထိ နိုးမလာသေးလျှင်တော့ သူမ၏ သတိရှိမှုသည် အနုတ်လက္ခဏာပြနေပြီဟု ဆိုရပေမည်။
သို့သော် နိုးလာပြီးနောက် သူမသည် မလှုပ်ရဲတော့ပေ။
သူမဘေးနားတွင် လက်တစ်ဖက်နှင့် ငွေရောင်လှံတို့သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်နေကြသည်။ အနည်းငယ် မှားယွင်းလိုက်သည်နှင့် သေမင်းထံသို့ ရောက်သွားနိုင်သည်။
ထိုစဉ် ယန်ရှောင်ယွင်၏ အော်သံကို ကြားလိုက်ရသည်။
"မိပြီဟေ့"
သူမသည် ငွေရောင်လှံကို လှည့်ပတ်လိုက်ပြီး ထိုလက်ဆီသို့ တည့်တည့် ထိုးစိုက်လိုက်သည်။ လက်ချောင်းများကို ဖြန့်ကားထားသော ထိုလက်သည် အကွက်ပြောင်းရန် အချိန်မရတော့သဖြင့် အားကုန်သုံး၍ ခုခံလိုက်ရလေသည်။
"ဒင်" ခနဲ အသံနှင့်အတူ လှံသွားနှင့် လက်တို့ ထိတွေ့သွားသောအခါ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။
လော့ရှင်းဂိုဏ်းမှ ညီမလေးသည် ထိုစွမ်းအား၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး လေထဲသို့ လွင့်စဉ်သွားလေသည်။
ခေါင်းတလားသည် မူလနေရာမှ (၁၀) ပေခန့် အကွာသို့ လွင့်ထွက်သွားပြီး... ထိုလက်မှ သွေးများ စီးကျလာသည်မှာ ထင်ရှားစွာ မြင်တွေ့နေရသည်။
ယန်ရှောင်ယွင်သည် ငွေရောင်လှံကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ လှံတံကို သူမ၏ လက်မောင်းအောက်တွင် ညှပ်လိုက်ရာ လှံတံ၏ အမြီးပိုင်းသည် သူမ၏ ကျောဘက်တွင် တွဲလောင်းကျနေပြီး တုန်ခါနေဆဲ ဖြစ်၏။
"အရင်ဆုံး သရဲ ယောင်ဆောင်တယ်... ပြီးတော့ လျှို့ဝှက်လက်နက်နဲ့ တိုက်ခိုက်တယ်... ဆရာကြီး... ဒါက ဂုဏ်သိက္ခာမဲ့လွန်းရာ မကျဘူးလား"
ယန်ရှောင်ယွင်၏ အသံသည် အေးစက်နေသည်။ သူမသည် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး တုန်ခါနေသော လှံကို ငြိမ်သက်သွားစေရန် မြေကြီးပေါ်သို့ ဆောင့်ချလိုက်သည်။
"ဟီးဟီးဟီး..ကောင်းလိုက်တဲ့ 'မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း' ပါလား... မိန်းကလေး... မင်းရဲ့ သိုင်းပညာက အတော်လေး ကျွမ်းကျင်တာပဲ"
ခေါင်းတလားထဲမှ ထူးဆန်းသော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ စောစောက လက်သည် ခေါင်းတလားထဲသို့ ပြန်လည် ဝင်ရောက်သွားပြီးနောက်... လေထဲမှတဆင့် ရုတ်တရက် ထွက်ပေါ်လာပြီး လေပြင်းများနှင့်အတူ ဇောက်ထိုး ပြန်လည် ကျဆင်းလာသည်။
"ငါနဲ့ သံမဏိသွေး အာမခံဌာနက ရန်ငြိုးရန်စ မရှိပါဘူး... ငါ မင်းတို့ကို အခက်တွေ့အောင် လုပ်ချင်တဲ့ ဆန္ဒလည်း မရှိဘူး... မဟုတ်ရင် စောစောကတည်းက မင်းတို့ 'ဝိညာဉ်စားသရဲတစ်သောင်း' လက်ချက်နဲ့ သေနေလောက်ပြီ... မထင်မှတ်ဘဲ... မင်းလို အသက်ငယ်ငယ်လေးနဲ့ အခြေခံသိုင်းကွက်လောက်ပဲ တတ်ထားတဲ့ ကောင်မလေးက ငါ့ကိစ္စကို ဝင်စွက်ဖက်ရဲတယ်ပေါ့"
"အခုတော့... ယန်ရီဇီ ကိုယ်တိုင် လာရင်တောင် မင်း အသက်ရှင်ခွင့် မရှိတော့ဘူး"
စကားဆုံးသည်နှင့် သရဲငိုသံများသည် ရုတ်တရက် ကျယ်လောင်လာပြီး ရှုပ်ထွေးဆူညံလာကာ အရပ်မျက်နှာ အသီးသီးမှ တိုးဝင်လာသကဲ့သို့ ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် ခေါင်းတလားသည် "ဝုန်း" ခနဲ အသံနှင့်အတူ ရှေ့သို့ တိုးဝင်လာပြီး... အတွင်းထဲမှ လက်ဝါးတစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်ဝါးသည် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု စသဖြင့် ပွားများလာပြီး ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားလေတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်အပြည့် သရဲလက်ဝါးများ ဖုံးလွှမ်းသွားပြီး ယန်ရှောင်ယွင်၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော နေရာများကို ချိန်ရွယ် တိုက်ခိုက်လာကြသည်။
နားထဲတွင် သရဲငိုသံများ ဆူညံနေပြီး... မျက်စိရှေ့တွင် သရဲလက်ဝါးများ ပြည့်နှက်နေသည်!
သို့သော် ယန်ရှောင်ယွင်သည် မတုန်လှုပ်သည့်အပြင် ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်လေသည်။
"ဒါက 'ထောင်ချီ အရိပ်လက်ဝါး' မလား... ဘယ်သူများလဲလို့ တွေးနေတာ... 'ယင်တောင် သရဲဘုရင်' ဖြစ်နေတာကိုး... ရှင်က သေသွားတာ ကြာပြီ မဟုတ်ဘူးလား"
သူမသည် ငွေရောင်လှံကို ကိုင်ဆောင်လျက် မတ်မတ်ရပ်နေလိုက်သည်။ သရဲလက်ဝါးများ နီးကပ်လာသည်နှင့်အမျှ နဂါးဟိန်းသံကြီးတစ်ခု အလိုအလျောက် ထွက်ပေါ်လာပြီး... သူမ၏ လက်ထဲမှ ငွေရောင်လှံတံ တစ်လျှောက်တွင် အတွင်းအားများ စုစည်းလာလေသည်။ သူမသည် နောက်သို့ မဆုတ်ဘဲ ရှေ့သို့ တိုးဝင်ကာ... လှံသွားကို နဂါးခေါင်းအလား အသုံးပြု၍ သရဲလက်ဝါးများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေတော့၏။
"ယင်တောင် သရဲဘုရင် ဟုတ်လား"
ထိုနာမည်ကို ကြားလိုက်ရသောအခါ လော့ရှင်းဂိုဏ်းမှ ညီမလေး၏ မျက်နှာတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ ယင်တောင် သရဲဘုရင် ဆိုတာ ဘယ်သူလဲ ဆိုတာ သူမ မသိသော်လည်း... နာမည်ကို ကြားလိုက်ရုံဖြင့် သာမန်လူ မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူမသည် ယန်ရှောင်ယွင်ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး အကူအညီတောင်းရန် အစ်ကိုဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။
အစ်ကိုဖြစ်သူမှာမူ ကြောင်အမ်းအမ်း ဖြစ်နေသည်။
ညီမဖြစ်သူက မသိသော်လည်း သူကတော့ ယင်တောင် သရဲဘုရင် အကြောင်းကို မသိဘဲ မနေပေ။
‘ယင်’တောင်သည် တုန်းဟွမ်ဒေသ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး မြူခိုးများနှင့် အရိပ်များ ဖုံးလွှမ်းနေသော နေရာဖြစ်၏။ သရဲခြောက်သည်ဟုပင် ကောလဟာလများ ထွက်ပေါ်နေသော နေရာဖြစ်၏။
အချို့သော သိုင်းပညာရှင်များသည် ထူးဆန်းသော သိုင်းပညာများကို လေ့ကျင့်ပြီး မိမိကိုယ်ကို 'သရဲ' ဟု အမည်တပ်ကာ လျှို့ဝှက်ဆန်းကြယ်အောင် ပြုလုပ်တတ်ကြသည်။
ယင်တောင် သရဲဘုရင် ဆိုသူသည် 'သရဲဂိုဏ်း ရတနာကျမ်း' ဖြစ်သော 'ထူးဆန်းသော ကျင့်စဉ်' ကို လေ့ကျင့်ထားသည်ဟု ပြောဆိုကြသည်။
ထိုကျင့်စဉ်ထဲတွင် ပါဝင်သော သိုင်းပညာများ အားလုံးသည် ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်ကာ အဆိပ်အတောက်များနှင့် ပြည့်နှက်နေသည်။
ထို့အပြင် ထိုကျင့်စဉ်ကို လေ့ကျင့်ထားသူသည် လူသေကဲ့သို့ အသက်မဲ့နေသယောင် ဖြစ်နေတတ်သည်။
ထို့ကြောင့်ပင် စောစောက ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ခေါင်းတလားထဲတွင် ယင်တောင် သရဲဘုရင် ပုန်းအောင်းနေသည်ကို ရှာမတွေ့ခဲ့ခြင်း ဖြစ်၏။
ဤလူသည် သိုင်းလောကထဲ ရောက်လာကတည်းက မကောင်းမှု ဒုစရိုက်များကိုသာ ကျူးလွန်ခဲ့သဖြင့် ဖြောင့်မတ်သော ဂိုဏ်းသားများ၏ ရွံရှာမုန်းတီးခြင်းကို ခံခဲ့ရသည်။
လွန်ခဲ့သော (၁၀) နှစ်က သူသည် သိုင်းပညာ စမ်းသပ်ရန်အတွက် 'ရှီးလင်' ချန်မိသားစု စံအိမ်မှ သာမန်ပြည်သူ (၁၀၀) နီးပါးကို သတ်ဖြတ်ခဲ့သဖြင့် သိုင်းလောက တစ်ခုလုံးကို ဒေါသထွက်စေခဲ့သည်။
နောက်ဆုံးတွင် ဂိုဏ်းပေါင်းစုံ ပူးပေါင်းပြီး သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။
..ဒါပေမဲ့ သူက ဘယ်လိုဖြစ်ပြီး ဒီဇရပ်ထဲကို ရောက်နေရတာလဲ။
ပိုပြီး အရေးကြီးတာက... သူက ယင်တောင် သရဲဘုရင် အစစ် ဖြစ်နေရင်တောင်မှ... လော့ရှင်းဂိုဏ်းနဲ့ သူနဲ့ ဘာရန်ငြိုးရန်စမှ မရှိခဲ့ဖူးဘူးလေ။
သူ ကံကောင်းလို့ မသေဘဲ လွတ်မြောက်လာခဲ့ရင်တောင်မှ... ဒီနေရာမှာ သူတို့ကို လာပြီး ဒုက္ခပေးစရာ အကြောင်းမရှိဘူး။..
သူ့စကားတွေကို နားထောင်ရတာ... သူက ငါတို့မောင်နှမ နှစ်ယောက်ကို တမင်သက်သက် လာရှာတဲ့ပုံ ပေါက်နေတယ်။..
ထိုသို့ တွေးမိနေစဉ် ညီမဖြစ်သူက စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲတွင် လျှို့ဝှက်လက်နက်များကို အဆင်သင့် ကိုင်ဆောင်ထားလိုက်သည်။
"ညီမလေး... မကြောက်နဲ့... ဟိုမှာကြည့်... သူ့အဖော်က အေးအေးဆေးဆေးပဲ ထိုင်နေတုန်းပဲလေ"
ညီမဖြစ်သူ အံ့အားသင့်သွားပြီး တိုင်ကိုမှီ၍ ထိုင်နေသော ဆုမိုကို လှမ်းကြည့်လိုက်သည်။ သူမ ခြေဆောင့်လိုက်မိသည်။
"ရှင်... ရှင့်အဖော်က သေရေးရှင်ရေး တိုက်ခိုက်နေရတာကို... ရှင်က ဒီတိုင်း ထိုင်ကြည့်နေနိုင်တယ်ပေါ့လေ... ရှင့်နှလုံးသားက သံနဲ့ လုပ်ထားတာလား"
"........."
ဆုမို ထိုမိန်းကလေးကို အံ့သြစွာ ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားသည်။
"ငါ ကူညီချင်ပါတယ်... ဒါပေမဲ့ ငါသာ အခု ဝင်ပါလိုက်ရင်... ငါ့ကို ပထမဆုံး လာရိုက်မယ့်သူက ငါ့အဖော် ဖြစ်နေလိမ့်မယ်... သူက ဒီတိုက်ပွဲကို သဘောကျနေတယ် ဆိုတာ မင်း မမြင်ဘူးလား”