အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အခန်း (၃၇) - စကားပြောခြင်း၊ ဒါပေမဲ့ မယုံကြည်ခြင်း
~ထိုလူကား မည်သူနည်း။ မည်သည့်အရပ်မှ လာသနည်း။ ယင်တောင် သရဲဘုရင်ပင်လျှင် အဖြေမရှိချေ။
သို့သော် ထိုလူ၏ သိုင်းပညာကား အံ့မခန်း နက်နဲလှသည်။ ယင်တောင် သရဲဘုရင် ကိုယ်တိုင် ဝန်ခံခဲ့သည်။
"ငါ့ရဲ့ ဒဏ်ရာဟောင်းတွေသာ မရှိရင်တောင်မှ... သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ဘူး"
တိုက်ပွဲတစ်ပွဲ ပြီးဆုံးချိန်တွင် သူသည် မျက်လုံးများကို မှိတ်ကာ သေမင်းကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ သူ အသက်ရှင်ခွင့် ရခဲ့သည်။ ထို့အပြင် အခွင့်အရေး တစ်ခုကိုပါ ကမ်းလှမ်းခံခဲ့ရသည်။
သူတို့၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော ဓားအရှိန်အဝါကို ဖယ်ရှားပေးမည့် အခွင့်အရေး။
"အခွင့်အရေး တစ်ခု ပေးမယ်လို့ ပြောရုံနဲ့... ခင်ဗျားက သူ့ကို ယုံလိုက်တာလား"
ဆုမို ကြားဖြတ် မေးလိုက်သည်။
"ဟွန်း... မင်းလို သိုင်းလောက အတွေ့အကြုံ နုနယ်တဲ့ ကောင်လေးတောင်မှ 'အဆိပ်နဂါး ဆေးလုံး' အကြောင်းတော့ ကြားဖူးမှာပါ"
ယင်တောင် သရဲဘုရင်က မထီမဲ့မြင် ပြန်ပြောလိုက်သည်။
"အဆိပ်နဂါး ဆေးလုံး ဟုတ်လား"
ထိုစကားလုံး သုံးလုံးကြောင့် ရှိနေသူ အားလုံး၏ မျက်နှာထား ပြောင်းလဲသွားလေသည်။
ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
"ဆေးပညာရော၊ အဆိပ်ပညာမှာပါ ပြိုင်ဘက်ကင်းတဲ့ 'အဆိပ်နဂါး သခင်လေး' ဖော်စပ်ထားတဲ့... အဆိပ်ပေါင်း (၁၀၀) ကျော် ပါဝင်ပေမဲ့ ကမ္ဘာပေါ်က ဒဏ်ရာမှန်သမျှ ကုသပေးနိုင်တယ် ဆိုတဲ့... အဲ့ဒီ အဆိပ်နဂါး ဆေးလုံးကို ပြောတာလား"
"အေး... ဟုတ်တယ်... အဲ့ဒီဆေးလုံးပဲ"
ထိုအခါမှ
(၁၀) နှစ်လုံးလုံး သိုင်းလောကထဲက ပျောက်ကွယ်ပြီး ဒဏ်ရာကုသနေခဲ့တဲ့ ယင်တောင် သရဲဘုရင်က... ဘာကြောင့် ရုတ်တရက်ကြီး အသက်စွန့်ပြီး ပြန်ထွက်လာရသလဲ ဆိုသည်ကို
လူတိုင်း သဘောပေါက်သွားကြသည်။
အကယ်၍သာ တကယ် အဆိပ်နဂါး ဆေးလုံးသာ ဆိုလျှင်... သူ့ဒဏ်ရာတွေ ပျောက်ကင်းသွားရုံမက၊ သိုင်းပညာ အဆင့်ပါ ပိုမြင့်သွားနိုင်သည် မဟုတ်ပါလော။
အဘယ်ကြောင့်ဆိုသော် 'အဆိပ်နဂါး သခင်လေး' သည် အတိတ်က တကယ့်ကို ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။
ဆေးပညာနှင့် အဆိပ်ပညာ နှစ်မျိုးစလုံးတွင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သူ။ သူ၏ အဆိပ်ပညာကို အသုံးပြုလိုက်လျှင် လေနှင့်အတူ ပျံ့နှံ့သွားပြီး ညအမှောင်ထဲတွင် မိုးရေစက်များအလား တိတ်တဆိတ် စိမ့်ဝင်သွားကာ... မျက်စိတစ်မှိတ် အတွင်းမှာပင် လူပေါင်း (၁၀၀) ကို အဆိပ်သင့်စေနိုင်သည်။
သူသာ ဆန္ဒရှိလျှင် မြို့တစ်မြို့လုံးရှိ လူများကို တစ်ညတည်းနှင့် သတ်ဖြတ်နိုင်သည်ဟုပင် ပြောစမှတ် ပြုကြသည်။
သို့သော် လူထုက သူ့ကို ချစ်ခင်လေးစားကြခြင်းမှာ သူ၏ ဆေးပညာကြောင့် ဖြစ်၏။
သူ၏ အဆိပ်ပညာက ကြောက်မက်ဖွယ် ကောင်းသလောက်... သူသည် ရက်စက်ကြမ်းကြုတ်သူ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူသည် ဆေးကုသပေးရခြင်းကို နှစ်သက်ပြီး သိုင်းလောကထဲ လှည့်လည်သွားလာရင်း အခမဲ့ ကုသပေးလေ့ ရှိသည်။
သိုင်းသမားများ ဒဏ်ရာရလာလျှင်လည်း သူနှင့် တွေ့ဆုံပါက ဘယ်တော့မှ မျက်နှာလွှဲမသွားပေ။ အခြား ဆရာဝန်များကဲ့သို့ စည်းကမ်းချက်များ သတ်မှတ်ထားခြင်းလည်း မရှိပေ။
တတ်နိုင်သမျှ ကူညီပေးတတ်သဖြင့်... သူ့အဆိပ်ပညာက ကြောက်စရာ ကောင်းသော်လည်း ဖြောင့်မတ်သော သိုင်းလောကသား တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ... နောက်ပိုင်းတွင် သူ အဘယ်ကြောင့် ပျောက်ကွယ်သွားသလဲ ဆိုတာ ဘယ်သူမှ မသိကြတော့ပေ။
သိုင်းလောကတွင် ကောလဟာလ အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ အချို့က သူ သိုင်းလောကမှ အနားယူသွားပြီဟု ပြောကြသည်။ အချို့က လူမှား ကုသပေးမိသဖြင့် အသတ်ခံလိုက်ရသည်ဟု ခန့်မှန်းကြသည်။
ပို၍ ဆန်းကြယ်သော ကောလဟာလ တစ်ခုမှာ... သူသည် ဆေးနှင့် အဆိပ်ကို ပေါင်းစပ်ပြီး မသေဆေး ဖော်နည်းကို ရှာတွေ့သွားသဖြင့် တောတောင်များထဲတွင် ပုန်းအောင်းပြီး ကျင့်ကြံနေသည်ဟု ဆိုကြသည်။
မည်သို့ပင် ဖြစ်စေကာမူ... သူသည် အရိုးကျိုးသည်ကို ပြန်ဆက်ပေးနိုင်ပြီး သေလုမြောပါး ဖြစ်နေသူကို ပြန်လည် အသက်သွင်းပေးနိုင်သည် ဆိုတာကတော့ ငြင်းမရသော အချက်ပင်။
ထို့ကြောင့် သူ ကျန်ရစ်ခဲ့သော ဆေးဝါးများသည် သိုင်းလောကသားများ အသည်းအသန် လိုချင်ကြသော ရတနာများ ဖြစ်လာခဲ့သည်။
ထိုအထဲတွင် 'အဆိပ်သုံးပါး ဆေးလုံး' သည် တန်ဖိုးအကြီးဆုံး ဖြစ်ပြီး... 'အဆိပ်နဂါး ဆေးလုံး' သည် ၎င်းတို့အနက် တစ်ခု အပါအဝင် ဖြစ်လေသည်။
ရွှေပေး၍ပင် ဝယ်မရနိုင်သော ရှားပါးပစ္စည်းပင်။
...
...
ယင်တောင် သရဲဘုရင်က ဆက်ပြောပြသည်။
ထိုနေ့က ထိုလူသည် အဆိပ်နဂါး ဆေးလုံးကို ထုတ်ပြခဲ့သည်။ အစစ် ဟုတ်မဟုတ် မသေချာသော်လည်း... အသက်ရှင်ချင်လျှင် ဇွန်လ (၅) ရက်နေ့တွင် ဖန်ဟွေတောင်ရှိ 'လျှို့ဝှက်ချက်ရှာဖွေခြင်း တောင်ကြား' တွင် လာရောက် ဆုံတွေ့ရန် ပြောခဲ့သည်။
ပြောပြီးသည်နှင့် ယင်တောင် သရဲဘုရင်၏ အဖြေကိုပင် မစောင့်ဘဲ လှည့်ထွက်သွားခဲ့သည်။
အကြာကြီး စဉ်းစားပြီးနောက်... ယင်တောင် သရဲဘုရင်သည် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် မထင်မှတ်ဘဲ... ချိန်းဆိုထားသော နေရာသို့ ရောက်သောအခါ လူဆိုးလူမိုက်များ စုဝေးနေသော နေရာ ဖြစ်နေခဲ့သည်။
"အဲ့ဒီလူက ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး... ဒါပေမဲ့ သူက သိုင်းလောကရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးတွေကို စုစည်းထားနိုင်တယ်"
"ရိုတိုဘုန်းကြီး၊ တာအိုဆရာ ရှီရှင်း၊ ယန်ကျုံးကျွင်း... သူတို့ တစ်ယောက်ချင်းစီက တုန်းဟွမ်ဒေသမှာ လျှော့တွက်လို့မရတဲ့ အင်အားစုတွေပဲ... သူတို့ သတင်းသာ ပေါက်ကြားသွားရင် ဖြောင့်မတ်တဲ့ ဂိုဏ်းတွေက သေသည်အထိ လိုက်လံ ရှင်းလင်းကြမယ့်သူတွေ"
"ဒီလောက်များတဲ့ မိစ္ဆာကောင်တွေကို စုစည်းထားမှတော့... သူ ကြံစည်နေတာ သေးသေးမွှားမွှားတော့ မဟုတ်လောက်ဘူး... ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောဘူး... ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခု လုပ်ကြမယ် လို့ပဲ ပြောတယ်"
"အားလုံး ဝိုင်းဝန်း ကြိုးစားကြရင် အောင်မြင်မယ်... အောင်မြင်သွားရင် နောက်ဆို ဖြောင့်မတ်တဲ့ ဂိုဏ်းတွေကို ကြောက်စရာ မလိုတော့ဘူး... ထွက်ပြေးပုန်းရှောင် နေစရာ မလိုတော့ဘူး တဲ့"
"ဟွန်း... ငါတို့ ညီအစ်ကိုတွေကတော့ ဒါတွေကို စိတ်မဝင်စားပါဘူး... အဆိပ်နဂါး ဆေးလုံးသာ မပါရင်... ဘယ်သူက ဒီလို လူလိမ်လူညာမျိုးကို အဖက်လုပ်နေမှာလဲ"
ယင်တောင် သရဲဘုရင်က အေးစက်စွာ ရယ်မောလိုက်သည်။
"နောက်ပိုင်းကျတော့ သူက တစ်ယောက်ချင်းစီကို တာဝန်တွေ ခွဲပေးတယ်... ငါ့ကို ပေးတဲ့ တာဝန်ကတော့ မင်းတို့ သိတဲ့အတိုင်းပဲ... လော့ရှင်းဂိုဏ်းက ဒီကလေးမလေးကို ဖမ်းခေါ်လာခဲ့ရင် အဆိပ်နဂါး ဆေးလုံး ပေးမယ်လို့ ကတိပေးတယ်... ဒါပေမဲ့ မထင်မှတ်ဘဲ ပြဿနာက ဘယ်ကနေ ရောက်လာမှန်း မသိဘူး... မင်းတို့ ကလေးနှစ်ယောက် ဝင်ရှုပ်လို့ ငါ့အစီအစဉ် ပျက်သွားရတာ... ကံတရားပါပဲကွာ"
ပြောစရာရှိတာတွေ ကုန်သွားသည်။
ဖွင့်ဟလိုက်သော အချက်အလက်တွေကတော့ မနည်းလှပေ။
ဆုမို.. ချန်ဖေးယွီကို ကြည့်လိုက်သည်။
"ညီအစ်ကိုချန်... မေးစရာ ကျန်သေးလား"
"... မ... မရှိတော့ပါဘူး"
ချန်ဖေးယွီ ခေါင်းခါလိုက်သည်။ သူ့ခေါင်းထဲတွင် ထိုနာမည်များကို ပြန်လည် စဉ်းစားနေမိသည်။
ရိုတိုဘုန်းကြီး၊ တာအိုဆရာ ရှီရှင်း၊ ယန်ကျုံးကျွင်း...
သူတို့အားလုံးက လူသတ်ရတာကို ပျော်မွေ့တဲ့ မိစ္ဆာကောင်ကြီးတွေ။ ဘယ်သူကများ ဒီလောက် စွမ်းအားကြီးပြီး သူတို့ကို တစ်နေရာတည်းမှာ စုစည်းနိုင်ရတာလဲ။
ပြီးတော့ သူတို့ ဘာတွေ ကြံစည်နေကြတာလဲ။
သူ တွေးတောနေစဉ် ယင်တောင် သရဲဘုရင်က ပြောလိုက်သည်။
"လူငယ်... ငါ အမှန်အတိုင်း အကုန် ပြောပြပြီးပြီ... မင်း ကတိတည်မယ်လို့ ငါ မျှော်လင့်ပါတယ်... ငါတို့ အလောင်းတွေကို မစော်ကားပါနဲ့"
"စိတ်ချပါ"
ဆုမို ခေါင်းညိတ်လိုက်သည်။
"နောက်တစ်ခု ရှိသေးတယ်..."
ယင်တောင် သရဲဘုရင်သည် သူ့ဘေးရှိ အလောင်း (၃) လောင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါတို့ ညီအစ်ကိုတွေက အသက်ရှင်တုန်းကလည်း တစ်အိုးတည်း စားခဲ့ကြတယ်... သေရင်လည်း တစ်ကျင်းတည်း စပ်ချင်တယ်... မင်း အဆင်ပြေရင် အတူတူ မြှုပ်နှံပေးပါ... မဖြစ်နိုင်ရင်လည်း ခေါင်းတလား တစ်လုံးတည်းမှာ အတူတူ ထည့်ပေးပါ... သေမင်းနိုင်ငံကို သွားတဲ့ လမ်းခရီးမှာ လက်တွဲသွားရတာက တစ်ယောက်တည်း သွားရတာထက် ပိုကောင်းတယ် မဟုတ်လား"
"ဒါက ပိုတောင် လွယ်သေးတယ်"
ဒီဇရပ်ထဲမှာ ခေါင်းတလားတွေ အများကြီး ရှိသည်ပဲ... အဆင်ပြေသည်ပေါ့။
"ဟားဟား... ကောင်းတယ်"
ယင်တောင် သရဲဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"လာစမ်းပါ"
ဆုမို တွန့်ဆုတ်မနေတော့ပေ။ လက်ဝါးကို ပြန်လှန်လိုက်ပြီး ယင်တောင် သရဲဘုရင်၏ ဦးခေါင်းထိပ်ကို ရိုက်ချလိုက်သည်။ အတွင်းအား ပေါက်ကွဲထွက်သွားပြီး ဦးခေါင်းခွံ ကြေမွသွားလေသည်။ ယင်တောင် သရဲဘုရင်၏ ခေါင်း ငိုက်ကျသွားပြီး အသက်ပါသွားလေတော့၏။
ထိုမြင်ကွင်းကို ကြည့်ပြီး ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
"ယင်တောင် သရဲဘုရင်က လူကောင်းမဟုတ်ပေမဲ့... လက်တွေမှာ သွေးတွေ စွန်းနေပေမဲ့... သူ့ရဲ့ ညီအစ်ကို သံယောဇဉ်ကတော့ လေးစားစရာပဲ"
ဆုမို သူမကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။
ထို့နောက် သူသည် နောက်ဖေးသို့ သွားပြီး ခေါင်းတလား အလွတ်တစ်လုံး ရှာလိုက်သည်။ ယင်တောင် သရဲဘုရင်၏ အလောင်း (၄) လောင်းစလုံးကို ထိုခေါင်းတလားထဲသို့ ထည့်လိုက်သည်။
အပြင်ဘက်တွင် မိုးတိတ်နေပြီ ဖြစ်၏။
ဆုမိုသည် ခေါင်းတလားကို လက်တစ်ဖက်ဖြင့် မကာ ခြံဝင်းထဲသို့ သယ်ထုတ်လာခဲ့သည်။ မီးခဲတစ်တုံး ယူပြီး ခေါင်းတလားပေါ်သို့ ပစ်တင်လိုက်သည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး မီးတောက်များ ဟုန်းခနဲ ထတောက်လာလေသည်။
"ဒါက..."
လော့ကျင်းကျင်း အံ့အားသင့်သွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း ချန်ဖေးယွီက တားလိုက်သည်။
လော့ကျင်းကျင်း ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ရှင်... ရှင်က အလောင်းတွေကို မစော်ကားပါဘူးလို့ ကတိပေးထားပြီးတော့..."
သို့သော် ယန်ရှောင်ယွင်လည်း တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ ပါးစပ်ပိတ်လိုက်သည်။
ထိုအချိန်၌ပင်...
တောက်လောင်နေသော မီးတောက်များကြားမှ စူးရှသော အော်ဟစ်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
"မင်း... မင်း ကတိဖျက်တယ်... ငါတို့ အလောင်းတွေကို မီးရှို့တယ်”
အခန်း (၃၈) - ဖိတ်ကြားလွှာ
~နွေရာသီည၏ ရုတ်တရက် ရွာသွန်းသော မိုးသည် စဲသွားခဲ့ပြီ ဖြစ်၏။
ဇရပ်ဝင်းအတွင်း၌ကား မီးတောက်များသည် ကောင်းကင်ယံအထိ ဟုန်းဟုန်းတောက်လောင်နေလေ၏။ လင်းလက်နေသော မီးပွားများသည် အမှောင်ထုကို ဖယ်ရှားပေးခြင်း မရှိဘဲ၊ ဤအလောင်းထားရာ ဇရပ်၏ ခြောက်ခြားဖွယ် ကောင်းသော အငွေ့အသက်ကို ပိုမို ထင်ရှားစေသည်။
သို့သော် ထိုခြောက်ခြားဖွယ်ရာများကြားမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
"မင်း... မင်း ကတိဖျက်တယ်... ငါတို့ အလောင်းတွေကို မီးရှို့တယ်"
ဒေါသသံနှင့်အတူ ဆုမို၏ အတွင်းအားကြောင့် လောင်ကျွမ်းနေသော ခေါင်းတလား အဖုံးသည် ရုတ်တရက် ကွဲကြေသွားပြီး၊ မီးတောက်များ လောင်ကျွမ်းနေသော သေးငယ်သည့် ခန္ဓာကိုယ်တစ်ခု ခုန်ထွက်လာလေသည်။
သူသည် အော်ဟစ်ဆဲဆိုရင်း ခြေလက်များကို ဝှေ့ယမ်းကာ ကိုယ်ပေါ်မှ မီးတောက်များကို ငြိမ်းသတ်ရန် အသည်းအသန် ကြိုးစားနေလေသည်။
"သူ... သူ မသေသေးဘူး"
လော့ကျင်းကျင်း လန့်ဖျပ်သွားပြီး အစ်ကိုကြီး၏ နောက်ကျောတွင် အလိုအလျောက် ဝင်ပုန်းလိုက်မိသည်။
ချန်ဖေးယွီလည်း အလွန်အမင်း ထိတ်လန့်သွားလေသည်။
'သေသွားပြီလို့ ထင်ထားတာ... မီးရှို့လိုက်မှ ဘယ်လိုလုပ် ပြန်ရှင်လာရတာလဲ'
သူ့စိတ်ထဲ ပထမဆုံး ဝင်လာသည့် အတွေးမှာ သွားရောက် ကယ်တင်ရန် ဖြစ်၏။
သို့သော် ချက်ချင်းပင် ပြန်လည် စဉ်းစားမိလိုက်သည်။
'ဘာသွားကယ်ရမှာလဲ... ဒါ ယင်တောင် သရဲဘုရင်လေ... သူက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးဖို့ ကြံစည်နေတာ... ဒါပေမဲ့ ဆုမိုက တကယ်ကြီး မီးရှို့လိုက်မယ်လို့ မထင်ထားခဲ့တာကိုး'
ကံကောင်းထောက်မစွာ မိုးတိတ်သွားခြင်းကို ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက မီးမလောင်ဘဲ သူ ထွက်ပြေး လွတ်မြောက်သွားနိုင်ချေ ရှိသည်။
ဤအကြောင်း တွေးမိလိုက်သည်နှင့် ချန်ဖေးယွီ တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာလေသည်။
'ယင်တောင် သရဲဘုရင်က ဘယ်လိုလူမျိုးလဲ... တကယ်လို့ သူသာ လွတ်သွားခဲ့ရင်... ငါတို့က သေပြီလို့ ထင်ပြီး ဘာမှ မပြင်ဆင်ထားတဲ့ အချိန်မှာ... သူ ပြန်လာပြီး ဘယ်လို လက်စားချေမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ ကြောက်စရာ ကောင်းနေပြီ'
ထို့ကြောင့် သူ ဆုမိုကို ကျေးဇူးတင်မိသလိုလို ဖြစ်သွားသည်။
သို့သော် ဆုမိုကို လှမ်းကြည့်လိုက်သည့်အခါ ဆုမို၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။ လုံးဝ အံ့သြပုံမရချေ။
ယန်ရှောင်ယွင်ပင်လျှင် သိပ်မထူးဆန်းသည့်ပုံ ပေါက်နေသည်။ သူမ ခေါင်းကို အသာခါလိုက်ပြီး ပြောလိုက်သည်။
"ထင်တဲ့အတိုင်းပဲ... နောက်ထပ် အကြံအစည် ရှိနေသေးတာကိုး"
"ခင်ဗျားတို့ သိနေတာလား"
ချန်ဖေးယွီ မနေနိုင်ဘဲ မေးလိုက်မိသည်။
"ညီအစ်ကို သံယောဇဉ်ကို ဒီလောက် တန်ဖိုးထားတဲ့သူက... အရေးကြီးတဲ့ အချိန်မှာ ကိုယ့်အသက်လွတ်ဖို့အတွက် ညီအစ်ကိုတွေရဲ့ အလောင်းကို ဖိနပ်ဟောင်းတစ်ရံလို လွယ်လွယ်လေး စွန့်ပစ်ပါ့မလား"
ဆုမို သက်ပြင်းချလိုက်သည်။
"မမလေးရှောင်ယွင် သတိပေးလိုက်လို့သာ... မဟုတ်ရင် ကျွန်တော်လည်း သတိထားမိမှာ မဟုတ်ဘူး"
"ငါက ပါးစပ်ထဲ ရှိတာ ပြောလိုက်မိတာပါ... ဒါပေမဲ့ နင်က လက်တွေ့ လုပ်လိုက်မှ ငါလည်း သဘောပေါက်သွားတာ"
ယန်ရှောင်ယွင် ပြုံးလိုက်သည်။
"သိုင်းလောက ဆိုတာ ယုတ်မာကောက်ကျစ်ပြီး ခန့်မှန်းရခက်တယ်... နင့်ရဲ့ ဉာဏ်ရည်က တကယ် လေးစားစရာပဲ"
ဆုမိုက ဘာမှပြန်မပြောဘဲ ယင်တောင် သရဲဘုရင်၏ ရုန်းကန်မှုများ တဖြည်းဖြည်း အားနည်းလာသည်ကို ကြည့်နေလိုက်သည်။
သူသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားပြီး ဖြစ်၏။ သို့မဟုတ်ပါက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးစရာ အကြောင်းမရှိပေ။
ယခုအချိန်တွင် ခေါင်းတလားထဲမှ ရုန်းထွက်နိုင်ခဲ့သော်လည်း အသက်ဆက်ရှင်ရန် ခွန်အား မရှိတော့ချေ။
ကိုယ်ပေါ်မှ မီးတောက်များကိုပင် မငြိမ်းသတ်နိုင်တော့ပေ။
ဤအဆင့်ရောက်သောအခါ သရဲဘုရင်သည် လွန်ကဲသော ထိတ်လန့်ဒေါသထွက်မှုများ၊ နာကျင်မှုများကြောင့် စိတ်ဝေဝါးသွားပုံရသည်။ သို့မဟုတ်ပါက ခြံဝင်းထဲတွင် ရွှံ့ဗွက်များနှင့် ရေများ ရှိနေသည်ကို သတိပြုမိပြီး လူးလှိမ့်လိုက်ပါက အသက်အနည်းငယ် ဆက်နိုင်သေးသည်။
သို့သော် ယခုမူ သူ၏ ရုန်းကန်သံများ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် မီးလောင်တိုက်သွင်းခြင်း ခံလိုက်ရလေတော့၏။
ယင်တောင် သရဲဘုရင် မီးကျွမ်းပြီး အရိုးစု ဖြစ်သွားသည်အထိ၊ ခေါင်းတလားထဲမှ ကျန်ရှိနေသော အလောင်းများ ပြာကျသွားသည်အထိ ဆုမိုနှင့် အခြားသူများသည် မလှုပ်ရှားကြပေ။ အားလုံး ပြီးဆုံးသွားမှသာ ဆုမို ရှေ့တိုးသွားပြီး မီးကျွမ်းနေသော အရိုးစုကို သေချာ စစ်ဆေးကြည့်လိုက်သည်။
မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။
"ဦးခေါင်းခွံက... အကောင်းပကတိပဲ"
သူ့လက်ဝါးရိုက်ချက်က လုံးဝ မလွဲနိုင်ပေ။ သို့ဆိုလျှင် ယခု ခုန်ထွက်လာသော သူသည် သူ လက်ဝါးဖြင့် ရိုက်သတ်လိုက်သော သူ မဟုတ်သည်မှာ သေချာသည်။
ဤကိစ္စကို နက်နက်နဲနဲ တွေးလေ၊ ကြက်သီးထစရာ ကောင်းလေ ဖြစ်၏။
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့... အေးသွားရင် မြှုပ်နှံပေးလိုက်ကြတာပေါ့... သူတို့ တကယ်ပဲ အတူတူ သေဆုံးသွားရအောင်လို့လေ"
ထို့နောက်မှ သူတို့အားလုံး ဇရပ်၏ ပင်မခန်းမဆောင်ထဲသို့ ပြန်ဝင်လာကြသည်။
ချန်ဖေးယွီက ကျေးဇူးတင်စကားများ မဆုံးနိုင်အောင် ပြောဆိုနေပြီး၊ သူ့ဘေးနားရှိ လော့ကျင်းကျင်းကမူ တုန်လှုပ်နေဆဲပင်။ ခြံဝင်းထဲမှ မီးကျွမ်းနေသော အလောင်းကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"သူ... သူ တကယ်ရော သေသွားပြီလားဟင်... ပြန်မရှင်လာနိုင်တော့ဘူးမလား"
"သိုင်းလောကမှာ သိုင်းပညာတွေ အများကြီး ရှိတယ်... တစ်ခုနဲ့တစ်ခု မတူကြဘူး... တချို့ သိုင်းပညာတွေက သေစေလောက်တဲ့ ဒဏ်ရာ ရရင်တောင် မသေနိုင်ဘူး... 'ယင်ယန် မသေကျင့်စဉ်' ဆိုတာ ရှိတယ်... ဒီသိုင်းပညာက လူနှစ်ယောက် အတူတူ ကျင့်ရတာ... တစ်ယောက်က ယင်၊ တစ်ယောက်က ယန် ပေါ့... 'ယင်က ယန်ကို မခွဲဘူး၊ ယန်က ယင်ကို မခွဲဘူး' ဆိုတဲ့ သဘောတရား ရှိတယ်... ယင်နဲ့ ယန် အတူရှိနေသရွေ့ သူတို့ရဲ့ အသက်စွမ်းအင်တွေက ဆက်စပ် စီးဆင်းနေပြီး... အပြန်အလှန် ဖြည့်ဆည်းပေးနေကြတယ်... ဒါကြောင့် အသက်ရှင်နေနိုင်တာ"
"ပိုဆိုးတာက... ဒီလို အသက်စွမ်းအင် မပြတ်တောက်သရွေ့... ယင်နဲ့ ယန် မကွဲသရွေ့... ခေါင်းပြတ်သွားရင်တောင် ချက်ချင်း မသေဘူး"
"ပြတ်သွားတဲ့ ခေါင်းကို ပြန်ကောက်ပြီး ထွက်ပြေးလို့ ရတယ်... အချိန်ရရင် ပြန်ဆက်လို့တောင် ရသေးတယ်"
ယန်ရှောင်ယွင်က မီးပုံကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောပြလေသည်။
"တကယ်... တကယ်ကြီး အဲ့လို သိုင်းပညာမျိုး ရှိတာလား... ဒါဆို သူတို့ကို ဘယ်သူမှ နိုင်မှာ မဟုတ်တော့ဘူးပေါ့"
လော့ကျင်းကျင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒီလောကကြီးမှာ ပြိုင်ဘက်ကင်း သိုင်းပညာ ဆိုတာ ရှိလို့လား"
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
" 'ယင်ယန် မသေကျင့်စဉ်' က ကြောက်စရာ ကောင်းတာ မှန်ပါတယ်... ဒါပေမဲ့ သူတို့ကို သတ်နိုင်တဲ့ နည်းလမ်း နှစ်ခု ရှိတယ်... တစ်ခုခု အောင်မြင်ရင် သူတို့ သေမှာပဲ... ပထမနည်းကတော့ သူတို့နှစ်ယောက်ကို လုံးဝ ခွဲထုတ်ပစ်လိုက်တာ... 'ယင်က ယန်ကို မခွဲ၊ ယန်က ယင်ကို မခွဲ' ဆိုတော့ သူတို့ရဲ့ စွမ်းအင် စီးဆင်းမှုမှာ အကန့်အသတ် ရှိတယ်... အဲ့ဒီ အကန့်အသတ်ထက် ကျော်လွန်သွားရင် စွမ်းအင်တွေ ပေါင်းစပ်လို့ မရတော့ဘူး... အဲ့ဒီအချိန်မှာ သတ်လိုက်ရင် သေချာပေါက် သေပြီ"
"နောက်ပြီး... 'ယင်ယန် မသေကျင့်စဉ်' ကျင့်ထားတဲ့ သူတွေထဲက တစ်ယောက်ယောက် သေသွားရင်... ကျန်တစ်ယောက်လည်း ချက်ချင်း သိုင်းပညာ ပျက်စီးပြီး သေသွားတတ်တယ်"
"နောက်တစ်နည်းကတော့... အင်မတန် အားကောင်းတဲ့ သိုင်းပညာကို သုံးပြီး သူတို့နှစ်ယောက်ကြားက အသက်စွမ်းအင် ဆက်စပ်မှုကို ဖြတ်တောက်လိုက်တာ... ဒါက ပထမနည်းနဲ့ အာနိသင် အတူတူပဲ"
"ဒါပေမဲ့ ဒီနှစ်ချက်ထဲက တစ်ချက်ကို လုပ်ဆောင်ဖို့ ဆိုတာ အရမ်း ခက်ခဲတယ်... ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
" 'ထူးဆန်းသော ကျင့်စဉ်' မှာ လိပ်လို အသက်ရှူရပ်ပြီး သေချင်ယောင်ဆောင်နိုင်တဲ့ စွမ်းရည် ရှိကောင်း ရှိနိုင်တယ်... ဒါပေမဲ့ သူက မသေနိုင်တဲ့ နတ်ဆိုးတော့ မဟုတ်ပါဘူး... ဒီလောက်ထိ မီးလောင်သွားမှတော့ ဘယ်လိုလုပ် အသက်ရှင်နိုင်ဦးမှာလဲ"
လော့ကျင်းကျင်း ငြိမ်သက်စွာ နားထောင်နေသည်။ သူမ စိတ်ထဲတွင် တစ်စုံတစ်ရာကို တွေးတောနေပုံရပြီး မျက်လုံးများက အနည်းငယ် တွေဝေငေးမောနေ၏။
ဆုမိုက ချန်ဖေးယွီကို မေးလိုက်သည်။
"ညီအစ်ကိုချန်... ကျွန်တော်တို့က အခုမှ တွေ့ဖူးတဲ့ သူစိမ်းတွေ ဆိုပေမဲ့... ကျွန်တော် တစ်ခုလောက် ရဲရဲတင်းတင်း ပြောပါရစေ"
"ပြောပါဗျာ... ဘာမဆို ပြောပါ"
ချန်ဖေးယွီက ချက်ချင်း ပြန်ဖြေလိုက်သည်။
ဤအချိန်တွင် ချန်ဖေးယွီသည် ဆုမိုအပေါ် မည်သို့မျှ မကျေမနပ် ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
အသက်ကယ်ခြင်းသည် ဒုတိယအကြိမ် မွေးဖွားပေးလိုက်သကဲ့သို့ပင် ဖြစ်၏။
သူနှင့် သူ့ညီမလေးတင် မကဘဲ၊ လော့ရှင်းဂိုဏ်း တစ်ခုလုံးကပါ ဆုမိုကို ကျေးဇူးတင်ရမည့် အနေအထား ဖြစ်၏။
ချန်ဖေးယွီက ဆက်ပြောသည်။
"အစ်ကိုဆုမှာ ကျွန်တော့်အတွက် ညွှန်ကြားစရာ ရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါဗျာ"
"မဟုတ်တာ၊ စကားကြီး စကားကျယ်တွေ ပြောမနေပါနဲ့ဗျ"
ဆုမို ခေါင်းခါလိုက်သည်။
"ဒီည ဖြစ်ပျက်ခဲ့တာတွေက နည်းနည်း ထူးဆန်းတယ်... ယင်တောင် သရဲဘုရင် ပြောသွားတဲ့ စကားတွေကို (၁၀) ပုံ (၃) ပုံတောင် ယုံလို့ရမလား မသေချာဘူး... ဒါပေမဲ့... ခင်ဗျားတို့ နှစ်ယောက် သေသေချာချာ စဉ်းစားသင့်တဲ့ အချက်တစ်ချက် ရှိတယ်... ရှေ့ဆက်မယ့် ခရီးလမ်းက ဖြောင့်ဖြူးမှာ မဟုတ်ဘူး... ယင်တောင် သရဲဘုရင်တောင် ပါဝင်ပတ်သက်နေမှတော့... သတိထားပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်"
ယင်တောင် သရဲဘုရင်က သူတို့ကို နာမည်တပ်ပြီး လာရှာခြင်း ဖြစ်၏။ သူ၏ စကားများထဲတွင် အမှန်အမှား ရောထွေးနေနိုင်သော်လည်း အန္တရာယ် ရှိနေနိုင်သည် ဆိုတာကတော့ သေချာသလောက်ပင်။
လုံးဝ လိမ်ညာမှု သက်သက်ဟု သဘောထားလိုက်ပါက နောက်ထပ် ဘာတွေ ဖြစ်လာမလဲ မည်သူသိနိုင်မည်နည်း။
ချန်ဖေးယွီလည်း ခိုကိုးရာမဲ့ ဖြစ်သွားပုံရသည်။
"ဒါက မထင်မှတ်ထားတဲ့ ကိစ္စပါပဲဗျာ... ကျွန်တော်နဲ့ ညီမလေးက ဖိတ်ကြားလွှာ တစ်စောင် ရလို့ ခရီးထွက်လာကြတာပါ... မူလက ဖိတ်ကြားလွှာက ဆရာ့ဆီ လိပ်မူထားတာ... ဒါပေမဲ့ ဆရာက သိုင်းလောက ကိစ္စတွေကို စိတ်မဝင်စားတော့ဘူး... ခရီးဝေးလည်း မသွားချင်တော့ဘူး... ကျွန်တော်နဲ့ ကျင်းကျင်းကလည်း ပညာစုံပြီ ဆိုတော့... သိုင်းလောက အတွေ့အကြုံ ယူသင့်တယ် ဆိုပြီး ဒီခရီးကို လွှတ်လိုက်တာပါ"
"ဒီလို ပစ်မှတ်ထား ခံရမယ်လို့ ထင်မထားမိပါဘူး"
"ဖိတ်ကြားလွှာ ဟုတ်လား"
ယန်ရှောင်ယွင်က ချန်ဖေးယွီကို တစ်ချက် ကြည့်လိုက်သည်။
အကယ်၍ ယင်တောင် သရဲဘုရင်က ဤနေရာ၌ လာရောက် စောင့်ဆိုင်းနေသည် ဆိုပါက... သူတို့၏ ခရီးစဉ်ကို ကြိုတင် သိရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
လော့ရှင်းဂိုဏ်းသည် သိုင်းလောကအတွင်းသို့ ဝင်ထွက်သွားလာခြင်း သိပ်မရှိလှပေ။ သို့ဆိုလျှင် ယင်တောင် သရဲဘုရင်က မည်သို့သော နတ်ဘုရားစွမ်းရည်မျိုးဖြင့် သူတို့အား လာရောက် တားဆီးနိုင်သနည်း ဆိုသည်မှာ သိချင်ဖွယ်ရာပင် ဖြစ်သည်။
လက်တွေ့တွင်မူ မထင်မှတ်ထားသော ဖိတ်ကြားလွှာ တစ်စောင် ရှိနေခဲ့ခြင်း ဖြစ်သည်။
'အကယ်၍ ယင်တောင် သရဲဘုရင်သာ ဤဖိတ်ကြားလွှာ အကြောင်းကို သိရှိထားပါက... သူတို့၏ ခရီးစဉ်ကို ခန့်မှန်းရန်မှာ သိပ်ပြီး ခက်ခဲတော့မည့် ကိစ္စ မဟုတ်ပေ’
အခန်း (၃၉) - မိုးမရွာမီ ကြိုတင်ကာကွယ်ခြင်း
~ချန်ဖေးယွီသည် သိုင်းလောက အတွေ့အကြုံ နုနယ်သော်လည်း လူနုံလူအတော့ မဟုတ်ပေ။
အခြေအနေကို သဘောပေါက်လိုက်သည်နှင့် သူသည် ရင်ဘတ်ထဲမှ ဖိတ်ကြားလွှာ တစ်စောင်ကို ထုတ်ယူကာ ဆုမိုထံ ကမ်းပေးလိုက်သည်။
"အစ်ကိုဆု... ဒါလေး တစ်ချက်လောက် ကြည့်ပေးပါဦး"
ဆုမို ခဏမျှ စဉ်းစားပြီးနောက် လက်ခံလိုက်သည်။
လက်ရှိကိစ္စသည် လော့ရှင်းဂိုဏ်း တစ်ခုတည်းနှင့် သက်ဆိုင်တော့သည် မဟုတ်ပေ။ အကယ်၍ ယင်တောင် သရဲဘုရင် ပြောခဲ့သော စကားများသာ မှန်ကန်ပါက... ဖြောင့်မတ်သော သိုင်းလောကသား မည်သူမျှ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
သိုင်းလောကထဲတွင် အာမခံလုပ်ငန်း လုပ်ကိုင်သူများသည်လည်း သိုင်းပညာရှင်များ ဖြစ်ကြသည့်အတွက် ဤဂယက်ရိုက်ခတ်မှုကို ခံရနိုင်ပေသည်။
ဖိတ်ကြားလွှာကို ဖွင့်လိုက်သည်နှင့် တစ်ချက်တည်း ဖတ်ရှုလိုက်သည်။
သူ့မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
ဖိတ်ကြားလွှာ၏ ပထမစာကြောင်းတွင် "အစ်ကိုလော့ ဖတ်ရှုရန်" ဟု ရေးသားထားသည်။
ဤအချက်ကြောင့် ဆုမိုသည် လော့ကျင်းကျင်းကို မသိမသာ ခိုးကြည့်လိုက်မိသည်။
ဆက်လက် ဖတ်ရှုလိုက်ရာ...
'မကြာသေးမီက သိုင်းလောကအတွင်းတွင် မငြိမ်မသက်မှု သတင်းများ ထွက်ပေါ်နေပြီး... ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်သည့် အလားအလာ ရှိနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဖြောင့်မတ်သော ဂိုဏ်းသားများ အနေဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ပေသည်။
နွေဦးရာသီ၏ နုနယ်သော လက်ဖက်ညွန့်များကို ခူးဆွတ်၍... နွေဦးလက်ဖက်ရည် တစ်အိုး ဖျော်စပ်ထားပါသည်။
သို့ဖြစ်ပါ၍ အစ်ကိုလော့နှင့်တကွ သိုင်းလောက မိတ်ဆွေအပေါင်းအား... လက်ဖက်ရည် သောက်ရင်း ဆွေးနွေးတိုင်ပင်ရန် ဖိတ်ကြားအပ်ပါသည်'
အောက်ဆုံးတွင် လက်မှတ်ထိုးထားသည်မှာ... 'ရွှမ်ကျီ တောင်ကြားမှ ချန်မင်း' ဟူ၍ ဖြစ်၏။
"တာအိုဆရာ ချန်မင်း လား"
ဆုမို မျက်ခုံး ထပ်မံ ပင့်တက်သွားပြန်သည်။ လွန်ခဲ့သော (၁၀) နှစ်က ယင်တောင် သရဲဘုရင်ကို ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သူများမှာ ယွီလျို စံအိမ်မှ လျူဆွေဖုန်းနှင့် ရွှမ်ကျီ တောင်ကြားမှ တာအိုဆရာ ချန်မင်းတို့ ဖြစ်ကြသည်။
ဖိတ်ကြားလွှာအရ ဆိုလျှင်... လော့ရှင်းဂိုဏ်း တစ်ခုတည်းကို ဖိတ်ကြားထားခြင်း မဟုတ်ကြောင်း ထင်ရှားနေသည်။
သို့သော် လော့ရှင်းဂိုဏ်းအပြင် မည်သူတွေ ဖိတ်ကြားခံရသလဲ ဆိုတာကိုမူ မသိရသေးပေ။
ယန်ရှောင်ယွင်လည်း ဖိတ်ကြားလွှာကို ယူကြည့်လိုက်ရာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
"ဒီကိစ္စက သေးငယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး... ကျွန်မ အမြင်အရတော့... ညီအစ်ကိုချန် အနေနဲ့ ညီမလေးကို ခေါ်ပြီး လော့ရှင်းဂိုဏ်းကို အရင် ပြန်လိုက်တာ ပိုကောင်းမယ် ထင်တယ်"
ချန်ဖေးယွီ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပုံရသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ ခေါင်းကို အသာခါလိုက်သည်။
"တကယ်လို့ ဒီဖိတ်ကြားလွှာမှာ ပြဿနာ ရှိနေတယ် ဆိုရင်... မုန်တိုင်းကြီး တစ်ခု ဖြစ်လာမှာ သေချာတယ်... ယင်တောင် သရဲဘုရင် ပြောတဲ့ စကားတွေက မှန်မမှန် ခွဲခြားရ ခက်ပေမဲ့... ဖြစ်နိုင်ခြေ အနည်းငယ် ရှိရင်တောင်မှ... အဲ့ဒီ မိစ္ဆာကောင်တွေကို ကာကွယ်ဖို့ လိုအပ်တယ်... ဒါကြောင့် ကျွန်တော်နဲ့ ညီမလေး လော့ရှင်းဂိုဏ်းကို ချက်ချင်း ပြန်လို့ မဖြစ်သေးဘူး"
"ရှေ့က မြို့ကို ရောက်ရင် ဂိုဏ်းကို စာရေးပြီး အခြေအနေကို အကြောင်းကြားလိုက်မယ်"
"ပြီးရင် ကျွန်တော်တို့ မောင်နှမနှစ်ယောက် ရုပ်ဖျက်ပြီး ရွှမ်ကျီ တောင်ကြားကို သွားရောက် စုံစမ်းကြည့်မယ်... အမှန်တရားကို ဖော်ထုတ်ရမယ်"
"တကယ်လို့ ပြဿနာ ရှိနေတယ် ဆိုရင်... ဂိုဏ်းက ဝင်ရောက် စွက်ဖက်ပြီး မဟာမိတ်တွေ ဖွဲ့လို့ရတာပေါ့... ဒါဆိုရင် အဲ့ဒီ မိစ္ဆာကောင်တွေ အကြံအစည် အောင်မြင်မှာ မဟုတ်တော့ဘူး"
ယန်ရှောင်ယွင်သည် ချန်ဖေးယွီ၏ စကားကို သဘောကျသွားပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းလိုက်တဲ့ စကားပါ ၊ မိတ်ဆွေချန်... လူကြီးလူကောင်း ပီသပြီး သတိရှိတဲ့ လုပ်ရပ်ပဲ... ဝမ်းနည်းစရာ ကောင်းတာက ကျွန်မတို့ နှစ်ယောက်မှာလည်း အရေးကြီးကိစ္စ ရှိနေလို့ ကူညီပေးလို့ မရတာပါပဲ"
သူမ နှုတ်မှ ထိုသို့ ပြောလိုက်သော်လည်း... စိတ်ထဲတွင်မူ ဤအာမခံခရီးစဉ်သည် ယွီလျို စံအိမ်သို့ သွားရမည် ဖြစ်ကြောင်း တွေးမိလိုက်သည်။
လျူဆွေဖုန်းနှင့် တွေ့ဆုံသည့်အခါ ဤကိစ္စကို ပြောပြလိုက်လျှင် အလှည့်အပြောင်းသစ် တစ်ခု ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလော။
သို့သော် အရေးကြီးသော အာမခံတာဝန်နှင့် မမြင်ရသေးသော အန္တရာယ်များ ရှိနေသဖြင့်... ယခုအချိန်တွင် ထုတ်ဖော်ပြောကြားရန် မသင့်တော်ပေ။
ထို့အပြင် တာအိုဆရာ ချန်မင်းက ယွီလျို စံအိမ်သခင် 'ယွီလျို ဓားနှလုံးသား' ကိုရော ဖိတ်ကြားထားသလား ဆိုတာ မသိရသေးပေ။
ထိုသို့ တွေးမိပြီး သူမ ဆုမိုကို မသိမသာ လှမ်းကြည့်လိုက်ရာ... ဆုမိုကလည်း သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ချန်ဖေးယွီသည် ယန်ရှောင်ယွင်၏ စကားကို ကြားပြီးနောက် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ငယ်ရွယ်သော်လည်း သိုင်းပညာ ထူးချွန်ကြသဖြင့် သူတို့သာ ကူညီမည်ဆိုပါက အင်အားကြီးမားသော အထောက်အကူ ဖြစ်လာမည်မှာ သေချာသည်။
သို့သော် ယခုလေးတင် သူတို့၏ အသက်ကို ကယ်တင်ပေးခဲ့သော ကျေးဇူးကြွေးက ကြီးမားလွန်းသဖြင့်... ထပ်မံ အကူအညီတောင်းရန် မရဲတော့ပေ။
ထို့ကြောင့် စိတ်ပျက်မိသော်လည်း နားလည်ပေးလိုက်ရသည်။
ထို့နောက် မည်သူမျှ စကားဆက်မပြောကြတော့ပေ။ လူနှစ်ယောက်ကို ကင်းစောင့်ခိုင်းပြီး ကျန်နှစ်ယောက်ကို အနားယူစေလိုက်သည်။
ထိုည မိုးလင်းသည်အထိ စကားသံ တိတ်ဆိတ်နေခဲ့သည်။ ကောင်းကင်ယံမှ အရုဏ်ဦး အလင်းရောင် သဲ့သဲ့ ပေါ်လာသည်နှင့် အားလုံး နိုးထလာကြသည်။
ပထမဦးစွာ အစားအစာ အနည်းငယ်ကို အပူပေး စားသောက်လိုက်ကြသည်။ ထို့နောက် (၄) ယောက်သား ပူးပေါင်းပြီး ယင်တောင် သရဲဘုရင် အဖွဲ့သားများကို ထိုနေရာတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြသည်။
သိုင်းလောကတွင် အလောင်းများကို လမ်းဘေးတွင် ပစ်ထားခဲ့ခြင်းသည် အဆန်းမဟုတ်ပေ။
သို့သော် အချိန်ရပါက ရန်သူပင် ဖြစ်လင့်ကစား အလောင်းကို တောထဲတွင် ပစ်မထားခဲ့ကြပေ။
မြေမြှုပ်ရန် အဆင်ပြေပါက ကျင်းတူးပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးလေ့ ရှိကြသည်။
ဤသည်မှာ အေးစက်သော သိုင်းလောကကြီး၏ ရှားပါးလှသော ကြင်နာမှု တစ်ခုဟု ဆိုရပေမည်။
...
...
ကိစ္စအားလုံး ပြီးစီးသောအခါ (၄) ယောက်သား မြင်းစီးပြီး ထွက်ခွာလာခဲ့ကြသည်။ သို့သော် လမ်းများ စိုစွတ်ချောကျိနေသဖြင့် အရှိန်ပြင်းပြင်း မမောင်းနှင်ရဲကြပေ။
မြင်းခွာသံ တခွပ်ခွပ်ဖြင့် ဖြည်းညှင်းစွာ သွားလာရင်း မနက်ခင်းတစ်ခုလုံး ကုန်ဆုံးသွားပြီးနောက်... ရှေ့ဆုံးမှ မြို့တစ်မြို့သို့ ရောက်ရှိလာကြသည်။
ထိုမြို့တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လော့ရှင်းဂိုဏ်းမှ မောင်နှမနှစ်ယောက်ကို နှုတ်ဆက်လမ်းခွဲလိုက်ကြသည်။
လော့ကျင်းကျင်းသည် ခွဲခွာရမှာကို ဝန်လေးနေပုံရသည်။ ယန်ရှောင်ယွင်၏ လက်ကို ဆွဲကိုင်ထားပြီး အားလျှင် လော့ရှင်းဂိုဏ်းသို့ လာလည်ရန်၊ အသက်ကယ်ခဲ့သော ကျေးဇူးကို ပြန်ဆပ်ခွင့်ပြုရန် ထပ်ခါတလဲလဲ ပြောဆိုနေလေသည်။
ယန်ရှောင်ယွင်က ယဉ်ကျေးစွာဖြင့် ပြန်လည် ပြောဆိုပြီးနောက် ကိစ္စပြီးပြတ်သွားလေသည်။ မောင်နှမနှစ်ယောက် တည်းခိုခန်းတစ်ခုတွင် ဝင်ရောက် နားခိုသွားသည်ကို ကြည့်ပြီးမှ သူမ သက်ပြင်းချလိုက်နိုင်သည်။
လှည့်ကြည့်လိုက်သောအခါ ဆုမိုက သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ... ငါ့မှာ ဘာမှားနေလို့လဲ"
"ဘာမှ မဖြစ်ပါဘူး... မမလေးယန်ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်က ဘယ်ယောက်ျားသားနဲ့မှ မလဲနိုင်ဘူးလို့ တွေးမိလို့ပါ"
ဆုမို ပြုံးလိုက်သည်။
ယန်ရှောင်ယွင်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ရုတ်တရက် မျက်နှာထား ပြောင်းသွားသည်။
"နင်က ငါ့ကို မိန်းမ မဆန်ဘူးလို့ ပြောချင်တာလား"
"ဟာ... မဟုတ်ပါဘူးဗျာ... ဘယ်ကလာ"
ယန်ရှောင်ယွင်က ဆုမိုကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒီကိစ္စကို နင် ဘယ်လိုမြင်လဲ"
"နားမလည်နိုင်တာတွေ များလွန်းတယ်... အမှန်နဲ့အမှား ခွဲခြားရ ခက်လွန်းတယ်... အဓိကကတော့ ရွှမ်ကျီ တောင်ကြားကို စိတ်ပူမိတယ်"
ဆုမို သက်ပြင်းတစ်ချက် ဖွဖွလေး ချလိုက်သည်။
"တာအိုဆရာ ချန်မင်းက အလွန် လေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးပါ... မြောက်ဘက်ကြယ်လို ထွန်းလင်းတောက်ပတဲ့ သူမျိုး မဟုတ်ပေမဲ့... အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ... လျူဆွေဖုန်းရဲ့ ဓားသိုင်း မပြည့်စုံခင်တုန်းကဆိုရင် သူက လျူဆွေဖုန်းထက်တောင် ပိုကျော်ကြားခဲ့သေးတယ်... တကယ်လို့ ချန်ဖေးယွီတို့ ရထားတဲ့ ဖိတ်ကြားလွှာက ရွှမ်ကျီ တောင်ကြားကနေ တကယ် လာတာဆိုရင်... အဆိုးဆုံး တွေးကြည့်လိုက်ရင်... ရွှမ်ကျီ တောင်ကြားမှာ ကံဆိုးမိုးမှောင် ကျနေပြီလို့ ဆိုလိုတာပဲ"
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။
"နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခု ရှိသေးတယ်"
ဆုမို သူမကို ကြည့်လိုက်သည်။
"အယောင်ဆောင်ထားတာ..."
"ဟုတ်တယ်"
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။
"တစ်ယောက်ယောက်က ရွှမ်ကျီ တောင်ကြားက တာအိုဆရာ ချန်မင်းရဲ့ နာမည်ကို အသုံးပြုပြီး... ဂိုဏ်းအသီးသီးကို ရွှမ်ကျီ တောင်ကြားဆီ လာအောင် မျှားခေါ်နေတာ... ပြီးတော့ လမ်းမှာ ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးတာ... နင် ဘယ်လိုထင်လဲ... ဘာရည်ရွယ်ချက် ဖြစ်နိုင်မလဲ"
"ဘာရည်ရွယ်ချက်ပဲ ဖြစ်ဖြစ်... ဒီအကြံအစည်က သေးငယ်မှာတော့ မဟုတ်ဘူး"
"မှန်တယ်... တကယ်လို့ ဒါ အမှန်ဆိုရင်... ငါတို့လည်း ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး... သံမဏိသွေး အာမခံဌာနဆီ စာတစ်စောင်လောက် အမြန်ရေးမှ ဖြစ်မယ်... အဖေ ဒီကိစ္စကို နည်းနည်းလောက် သိထားမှ... မဟုတ်ရင် နောက်ကျမှ သူများထောင်ချောက်ထဲ သက်ဆင်းမိမှာ စိုးရတယ်"
ယန်ရှောင်ယွင် စကားတစ်ခွန်း ချန်လှပ်ထားခဲ့သည်။
ထိုနေ့က လော့ရှားမြို့မှ ထွက်ခွာလာစဉ် ရွှီရော့ရှန် လာတားတုန်းက ပြောခဲ့သည့် စကားကို သူမ သတိရလိုက်သည်။
'ဂိုဏ်းချုပ်က မနေ့ နေ့လယ်ကတည်းက အပြင်ထွက်သွားတာ ဘယ်သွားမှန်း မသိရဘူး' တဲ့။
တကယ်လို့ အခုထိ ပြန်မရောက်သေးဘူး ဆိုရင်... သူရော ရွှမ်ကျီ တောင်ကြားကို သွားနေတာများလား။
ဒါက သူမ၏ ထင်ကြေး သက်သက်ပါပဲ။ စိတ်ထင်တာကို အခြေခံထားတာမို့ ထုတ်မပြောဖြစ်ပေမဲ့... ရင်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေသည်။
ဆုမို ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ လူခွဲလိုက်ကြတာပေါ့...အစ်မက စာရေးပြီး ပို့လိုက်...ကျွန်တော်က ရိက္ခာခြောက် သွားဝယ်လိုက်မယ်"
"ဟေ"
ယန်ရှောင်ယွင် မျက်ခုံးပင့်လိုက်သည်။ အစက သဘောမတူချင်သော်လည်း ဆုမို၏ မျက်နှာထားကို ကြည့်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် မြို့အထွက်မှာ ပြန်ဆုံကြမယ်"
"ဟုတ်ပြီ..”