အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အခန်း (၄၀) - ဓားငှားခြင်း
~လမ်းမကြီးပေါ်တွင် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြလေသည်။ ယန်ရှောင်ယွင်၏ ဘက်ကို ခေတ္တထား၍ ဆုမို၏ အကြောင်းကိုသာ ဆိုရပေမည်။ သူသည် မုန့်နှင့် အသားကင်အချို့ကို ဝယ်ယူလိုက်ပြီးနောက် မြို့ထဲတွင် လေညှင်းခံရင်း လမ်းလျှောက်နေလိုက်၏။
ဤဒေသသည် ဖူနျူတောင်နှင့် နီးကပ်နေသောကြောင့် လူသူကင်းမဲ့ပြီး ခြောက်သွေ့နေပုံရသည်။ လမ်းပေါ်တွင် လူသွားလူလာ နည်းပါးလှပေသည်။
မြို့ထဲရှိ အိမ်ခြေအများစုမှာလည်း လူမနေဘဲ ဟာလာဟင်းလင်း ဖြစ်နေကြ၏။
ဆုမိုသည် လမ်းကြားလေးတစ်ခုထဲသို့ ဝင်ရောက်သွားပြီး ရုတ်တရက် ခြေလှမ်းကို တုံ့ခနဲ ရပ်တန့်လိုက်လေသည်။
"ကျွန်တော် မြို့ထဲ ဝင်လာကတည်းက ခင်ဗျား နောက်ယောင်ခံ လိုက်နေတာ... ဘာကိစ္စ ရှိလို့လဲဗျ"
သူ လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူသည် အသက်မကြီးလှသေးပေ။ သို့သော် အဝတ်အစားများ စုတ်ပြတ်နေပြီး ဆံပင်များ ဖွာလန်ကြဲနေသဖြင့် ဆင်းရဲနွမ်းပါးပုံ ပေါက်နေသည်။ မျက်လုံးများက မှေးစင်းနေပြီး အိပ်ချင်မူးတူး ဖြစ်နေပုံရ၏။ ဆုမို၏ စကားကို ကြားသောအခါ ထိုလူက ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် ဆုမိုကို ကြည့်ခြင်း မဟုတ်ဘဲ၊ ဆုမို၏ ကျောနောက်ရှိ ဓားသေတ္တာကို စိုက်ကြည့်နေခြင်း ဖြစ်လေသည်။
ထို့နောက် အိပ်ချင်မူးတူး အသံဖြင့် ပြောလိုက်သည်။
"ဓား ငှားချင်လို့"
"ဓား ငှားချင်လို့ ဟုတ်လား"
ဆုမို မျက်ခုံးပင့်လိုက်မိသည်။
မြို့ထဲ ဝင်လာကတည်းက သူ့နောက်တွင် တစ်စုံတစ်ယောက် လိုက်ပါလာသလို ခံစားနေရ၏။ ရှိသလိုလို၊ မရှိသလိုလိုနှင့် မရေရာသော အငွေ့အသက်တစ်ခု ဖြစ်၏။
ထိုအငွေ့အသက်တွင် သတ်ဖြတ်လိုစိတ်၊ ရန်လိုစိတ်များ မပါဝင်သော်လည်း... ကျောဘက်တွင် ဆူးတစ်ချောင်း စိုက်ထားသကဲ့သို့ ခံစားရပေသည်။
တစ်စုံတစ်ယောက်က သူ့နောက်ကျောတွင် ကပ်လိုက်လာပြီး လည်ပင်းကို ဓားဖြင့် ချိန်ရွယ်ထားသကဲ့သို့ပင်။
သို့သော် ထိုလူက ဘယ်တော့မှ ဝင်မတိုက်ခိုက်ခဲ့ပေ။
ထို့ကြောင့် ဆုမိုသည် ယန်ရှောင်ယွင်နှင့် လမ်းခွဲပြီး လူသူကင်းမဲ့သော နေရာသို့ တမင် လာခဲ့ခြင်း ဖြစ်၏။
ရည်ရွယ်ချက်မှာ ထိုလူကို ဆွဲထုတ်ရန် ဖြစ်၏။ မည်သည့်ရည်ရွယ်ချက်ပင် ရှိစေကာမူ... လူရှင်းသည့် နေရာတွင် ရှင်းလိုက်ခြင်းက ပိုကောင်းသည် မဟုတ်ပါလော။
သို့သော် မထင်မှတ်ဘဲ... သူ့နောက်ကလူက ဝင်ရောက် တိုက်ခိုက်ခြင်း မရှိချေ။
ပွင့်ပွင့်လင်းလင်းပင် လိုက်ပါလာခဲ့သည်။
ထို့ကြောင့် ဆုမိုကလည်း ပွင့်ပွင့်လင်းလင်းပင် မေးလိုက်ခြင်း ဖြစ်၏။
မထင်မှတ်ထားသော အဖြေကို ကြားလိုက်ရလေသည်။
"ဟုတ်တယ်"
ထိုလူက ခေါင်းညိတ်လိုက်ပြီး ဓားသေတ္တာကို ဆက်လက် စိုက်ကြည့်နေ၏။
"အဲ့ဒီအထဲမှာ ဓားကောင်းတစ်လက် ရှိတယ်"
"ခင်ဗျား အထင်မှားနေပြီ"
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားပြီး ထွက်သွားရန် ပြင်လိုက်သည်။
"ငါ မမှားဘူး"
ထိုလူ ခေါင်းခါလိုက်သည်။
"ငါက တခြားအရာတွေမှာ မကျွမ်းကျင်ပေမဲ့... ဓားနဲ့ ပတ်သက်ရင်တော့ ငါ့မျက်လုံးထဲက ဘာမှ မလွတ်ကင်းနိုင်ဘူး... မင်း သဘောတူရင် ငါ့ကို ဓားငှားပါလား"
"သဘောတူတယ်၊ မတူဘူး ဆိုတာ... ကျွန်တော်က ဘာပြောရမှာလဲ"
ဆုမို မဲ့ပြုံး ပြုံးလိုက်သည်။
သို့သော် ထိုလူက ဆုမိုကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဆုမို အဘယ်ကြောင့် ဤသို့မေးရသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေပုံရသည်။
ထို့နောက် သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်း သဘောတူရင် ငါ ငှားမယ်... မင်း သဘောမတူရင် ငါ မငှားဘူးပေါ့"
"..."
စကားလမ်းကြောင်း ပိတ်သွားချေပြီ။
ဆုမို ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ဒါဆို ကျွန်တော် သဘောမတူဘူးဗျာ"
"ဪ"
ထိုလူက ခေါင်းညိတ်လိုက်သည်။ ဘာမှ ဆက်မပြောသလို၊ လုယူမည့် အရိပ်အယောင်လည်း မပြပေ။
သူ့ပုံစံက စိတ်အားထက်သန်မှု အစအနမျှ မရှိသလိုပင်။ ဆုမို ထင်မြင်မိသည်မှာ... ယခုအချိန်တွင် ကုတင်တစ်လုံးသာ ပေးလိုက်လျှင် ထိုလူသည် ချက်ချင်း လှဲချပြီး ကမ္ဘာပျက်မတတ် အိပ်ပျော်သွားမည့်ပုံ ပေါက်နေလေသည်။
သို့သော် ဆုမို အကျပ်ရိုက်သွားရသည်။
တိုက်ခိုက်မည် ဆိုလျှင်လည်း... ဤလူက စတင်မည့်ပုံ မပေါ်ချေ။
မတိုက်ခိုက်ဘူး ဆိုလျှင်လည်း...
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျောပေးပြီး ထွက်သွားရဲသည့်သူ မည်မျှ ရှိမည်နည်း။
သို့သော် ဆုမို၏ တွေဝေမှုက ကြာရှည်မခံလိုက်ပေ။
"ဒါဆို ကျွန်တော် သွားတော့မယ်နော်"
"အင်း"
ထိုလူ ခေါင်းအသာညိတ်လိုက်သည်။
ဆုမို တကယ်ပင် လှည့်ထွက်သွားလေသည်။
ထိုလူသည် ရှေ့ဆက်တိုးရန် ခြေလှမ်းပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ့မျက်နှာပေါ်ရှိ အိပ်ချင်မူးတူး အမူအရာက ပိုမို ပေါ်လွင်လာပြီး သမ်းဝေလိုက်သေး၏။
မျက်နှာကို ပွတ်သပ်လိုက်ပြီး ဘေးဘက်ရှိ ခေါင်မိုးတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် လူတစ်ယောက် ရပ်နေလေသည်။
ငွေရောင်လှံကို ကိုင်ဆောင်ထားပြီး မတ်မတ်ရပ်နေသော လူတစ်ယောက်။
လေးနက်တည်ကြည်သော အရှိန်အဝါ တစ်ခုက သူ့ကို မမြင်ရသော ပိုက်ကွန်သဖွယ် လွှမ်းခြုံထားသည်။
အကယ်၍ သူသာ ရှေ့တစ်လှမ်း တိုးလိုက်ပါက... ကောင်းကင်ယံမှ သေမင်းတမန် တိုက်ကွက်များ ကျဆင်းလာမည်မှာ သေချာလှသည်။
ထို့ကြောင့် သူ သက်ပြင်းချလိုက်ပြီး ဆက်မသွားတော့ပေ။ ထိုနေရာတွင်ပင် ထိုင်ချလိုက်ပြီး နံရံကိုမှီကာ မျက်လုံးမှိတ် အိပ်စက်လိုက်လေတော့၏။
"..."
ယန်ရှောင်ယွင်သည် ဆုမိုထက် သိုင်းလောက အတွေ့အကြုံ ပိုများသည်ဟု ယူဆထားသော်လည်း... ဤကဲ့သို့သော လူမျိုးနှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဆုမို လမ်းကြားထိပ်သို့ ရောက်သွားသည်ကို မြင်မှ သူမလည်း လှည့်ထွက်လာခဲ့လေသည်။
ခဏအကြာတွင် သူတို့နှစ်ဦး မြို့အထွက်၌ ပြန်လည် ဆုံတွေ့ကြ၏။
အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆုမို နှုတ်ခမ်းထောင့်များ တွန့်လှုပ်သွားသည်။
"လူထူးလူဆန်းဗျာ"
"ထူးဆန်းတဲ့ ကိစ္စပဲ"
ယန်ရှောင်ယွင် ခေါင်းညိတ်ထောက်ခံလိုက်သည်။
လမ်းခွဲကတည်းက သူတို့နှစ်ဦး နားလည်မှု ရှိခဲ့ကြသည်။
အကြောင်းရင်း မရှိဘဲ ဆုမိုက လမ်းခွဲရန် အကြံပြုမည် မဟုတ်ပေ။
ယန်ရှောင်ယွင်က ထိုလူကို သတိမထားမိသော်လည်း ချက်ချင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဤအတောအတွင်း သူမသည် သံမဏိသွေး အာမခံဌာန၏ သီးသန့် ဆက်သွယ်ရေး နည်းလမ်းဖြင့် စာပို့ခဲ့သေး၏။
ထို့နောက် ဆုမိုနှင့် ပြန်တွေ့ရန် အမြန်လာခဲ့ခြင်း ဖြစ်၏။
သူတို့အမြင်တွင်မူ အချိန်ကိုက်ပင် ဖြစ်၏။
တကယ်လည်း ယန်ရှောင်ယွင် ရောက်လာသည်မှာ စောလည်း မစော၊ နောက်လည်း မကျဘဲ ကွက်တိ ဖြစ်နေခဲ့သည်။
သို့သော် သူတို့ မျှော်လင့်ထားသည့် ရန်သူအစား... လူထူးလူဆန်း တစ်ယောက်နှင့် တိုးခဲ့ရလေသည်။
ထိုလူက တိုက်ခိုက်လိုစိတ် မရှိသဖြင့် သူတို့လည်း တိုက်ခိုက်စရာ မလိုတော့ပေ။
စကားဆက်မပြောကြတော့ဘဲ မြင်းစီးပြီး ဆက်လက် ထွက်ခွာလာခဲ့ကြသည်။
တွက်ချက်မှုအရ ဆိုလျှင်... ယခု ဆက်သွားပါက နေမဝင်ခင် 'စူတို' မြို့သို့ ရောက်ရှိလိမ့်မည်။
ထို့ကြောင့်လည်း ဒီည ဤမြို့တွင် မအိပ်ကြခြင်း ဖြစ်၏။
နောက်ပိုင်း ခရီးစဉ်က ချောမွေ့ခဲ့လေသည်။
လမ်းတွင် ဘာပြဿနာမှ မရှိသလို၊ 'စူတို' မြို့မှ တည်းခိုခန်း ရောက်သည်အထိ ဘာအခက်အခဲမှ မကြုံရပေ။
သို့သော် မနက်မိုးလင်းသောအခါ... တည်းခိုခန်း တံခါးဝတွင် လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
အဝတ်အစားများ စုတ်ပြတ်နေပြီး ညစ်ပတ်ပေရေနေသော်လည်း... ထူးခြားသည့် အရှိန်အဝါ တစ်ခု ရှိနေသည်။
မည်သို့ ပြောရမည်နည်း... တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန် သူတောင်းစား မဟုတ်ကြောင်း သိသာနေသည်။
ဤလူက... သူတောင်းစား မဟုတ်ပေ။
မည်မျှပင် ဆင်းရဲနွမ်းပါးနေပါစေ... မည်မျှပင် စိတ်ဓာတ်ကျနေပါစေ... သူက သူတောင်းစား မဟုတ်ချေ။
ပေါက်စီတစ်လုံး ကိုင်ထားပြီး ဆန်ပြုတ် သောက်နေသော ဆုမို၏ အကြည့်များက ထိုလူထံသို့ ရောက်သွားလေသည်။
ထိုလူကလည်း ဆုမိုကို လှမ်းကြည့်ပြီး သမ်းဝေလိုက်သည်။
"စားမလား"
ဆုမို မေးလိုက်သည်။
ထိုလူ တိတ်ဆိတ်နေပြီး ခဏကြာမှ ခေါင်းခါလိုက်သည်။
"ဗိုက်မဆာဘူးလား"
"ဆာတယ်"
"ဒါဆို ဘာလို့ မစားတာလဲ"
"မင်းကျွေးတာ စားပြီးရင်... ငါ ဓားငှားဖို့ ပြောရတာ အားနာစရာ ဖြစ်သွားမှာပေါ့"
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဤလူက မူရှိပေသည်။
သို့သော် မူရှိလည်း ဓားက ငှား၍ မရနိုင်ပေ။
"ဒီဓားက ကျွန်တော့်ဟာ မဟုတ်ဘူး... ခင်ဗျား ဓားငှားချင်ရင်၊ ဝယ်ချင်ရင် တခြားနေရာ သွားရှာပါ"
"ငါက ဒီဓားကိုပဲ လိုချင်တာ"
"ကျွန်တော့်ဟာ မဟုတ်ပါဘူးဆို"
"ဒါဆို ငါ စောင့်မယ်"
"ဘာကို စောင့်မှာလဲ"
"မင်း ပိုင်ရှင်ဆီ သွားပို့မယ့် အချိန်ကို စောင့်မှာ"
"ပြီးရင်ရော"
"ပြီးရင် သူ့ဆီကနေ ဓားငှားမယ်"
ဆုမို ရယ်လိုက်မိသည်။
လူထူးလူဆန်း... တကယ့်ကို ထူးဆန်းသည့်လူပင်။
ဤသို့ ခေါင်းမာသော စိတ်ဓာတ်က ရယ်စရာ ကောင်းသလိုလို၊ စိတ်ပျက်စရာ ကောင်းသလိုလို ရှိသော်လည်း... မုန်းစရာတော့ မကောင်းပေ။
သို့သော် မမုန်းဘူး ဆိုရုံဖြင့်... ကိုယ့်နောက် တကောက်ကောက် လိုက်နေတာကို ကြိုက်သည်ဟု မဆိုလိုချေ။
ထို့ကြောင့် မနက်စာ စားပြီးသည်နှင့် ဆုမိုက ထိုလူကို ဂရုမစိုက်တော့ဘဲ ယန်ရှောင်ယွင်နှင့်အတူ မြင်းစီးပြီး ထွက်ခွာလာခဲ့လေသည်။
မထင်မှတ်ဘဲ... နောက်ရက်များတွင်လည်း ဤလူက ကပ်ပါးကောင်လို တွယ်ကပ်နေတော့၏။
နေ့ဘက်တွင် ဆုမိုတို့ မည်မျှ ဝေးဝေး သွားသွား... နောက်တစ်နေ့ မနက်ရောက်လျှင် သူက အနားတွင် ရောက်ရှိနေပြီး ဖြစ်၏။
ဆုမို မောင်းထုတ်လည်း မရ၊ ရိုက်နှက်လျှင်လည်း ထွက်ပြေးသွားပြီး... နောက်ရက်ကျ သရဲလို ပြန်ပေါ်လာတတ်လေသည်။ ဤသို့ဖြင့် သံသရာလည်နေလေတော့၏။
အခန်း (၄၁) - ခုနစ်ပါး အစွန်းရောက် ခန်းမ
ကိုယ့်နောက်တွင် ဤကဲ့သို့ လူတစ်ယောက် တကောက်ကောက် လိုက်နေခြင်းမှာ မည်သို့မျှ နေလို့ထိုင်လို့ ကောင်းမည် မဟုတ်ပေ။
သို့သော် သူ့ကို ခါထုတ်ပစ်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မည်မျှပင် ရုပ်ဖျက်ထားပါစေ၊ ပုန်းအောင်းနေပါစေ... ထိုလူသည် ငါးညှီနံ့ရသော ကြောင်တစ်ကောင်ကဲ့သို့ အမြဲတမ်း ပြန်ရှာတွေ့နေတတ်၏။
စိတ်ပျက်စရာ ကောင်းသော်လည်း သူ့ကို မည်သို့ လုပ်ရမှန်းမသိဘဲ အကျပ်ရိုက်နေရသည်။
ဆုမို ဖြစ်စေ၊ ယန်ရှောင်ယွင် ဖြစ်စေ... လူဆိုးလူမိုက်များနှင့် တွေ့လျှင် ရက်စက်တတ်ကြသူများ ဖြစ်၏။
သို့သော် ပြန်မတိုက်ခိုက်၊ ပြန်မပြောဘဲ ဓားငှားချင်ရုံ သက်သက်သာ ရှိသော... အတင်းအဓမ္မ လုယူခြင်းလည်း မပြုသော လူတစ်ယောက်ကို... ဒီအတိုင်းကြီး ရိုက်သတ်လိုက်လို့ မဖြစ်ဘူး မဟုတ်ပါလော။
ဤသို့ဖြင့် ရက်အတော်ကြာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေခဲ့ရသည်။ ထိုညတွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လမ်းခရီး၌ အခက်အခဲလေး တစ်ခု ကြုံရသဖြင့် 'စူတို' မြို့တွင် တည်းခိုရန် အချိန်နောက်ကျသွားခဲ့၏။
မတတ်သာသည့်အဆုံး လမ်းဘေးတွင်ပင် စခန်းချပြီး ညအိပ်ကြရတော့၏။
မီးပုံဘေးတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ညဉ့်နက်သန်းခေါင်၏ အမှောင်ထုကို ငေးကြည့်ရင်း ယန်ရှောင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။
"ယွီချင်းတောင် ရောက်ဖို့ လဝက်ပဲ လိုတော့တယ်... သူတို့ ဘာမှ မလုပ်ကြသေးဘူး"
"သူတို့ မပြင်ဆင်ရသေးလို့များလား"
ဆုမိုသည် မီးပုံကို သစ်ကိုင်းခြောက်ဖြင့် ထိုးဆွလိုက်၏။
"သူတို့က ကျွန်တော်တို့ကို ထိပ်တိုက် ရင်ဆိုင်ရမှာ ကြောက်နေတာ ဖြစ်နိုင်တယ်... တကယ်လို့သာ ကျွန်တော်က သူတို့နေရာမှာ ဆိုရင်... တခြားနည်းလမ်း တစ်ခုခု စဉ်းစားမိမှာပဲ"
"အို... ဟုတ်လား"
ယန်ရှောင်ယွင်၏ မျက်လုံးများ အရောင်လက်သွားသည်။
"တကယ်လို့ နင်သာဆိုရင်... ဘယ်လို နည်းလမ်းမျိုး သုံးမလဲ"
"ပြောရခက်တယ်ဗျ"
ဆုမို ခဏမျှ စဉ်းစားလိုက်သည်။
"ဥပမာ... ပြဿနာ တစ်ခုခု ဖန်တီးပြီး... ရေနှောက်တ။ာမျိုးပေါ့"
"ရေနှောက်မယ် ဟုတ်လား"
ယန်ရှောင်ယွင် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး အမှောင်ထုထဲသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
"အဲ့ဒီလူ လာတာလား"
"မဟုတ်ဘူး"
ဆုမို ခေါင်းခါလိုက်သည်။
ညဉ့်နက်သန်းခေါင်၏ တိတ်ဆိတ်မှုသည် ခေတ္တမျှ ကြာမြင့်သွားပြီးမှ လူခြေသံများ ထွက်ပေါ်လာလေသည်။ အရိပ်တစ်ခုသည် သူတို့ရှိရာသို့ လျင်မြန်စွာ တိုးကပ်လာ၏။
ထိုလူသည် ခရီးဝေး နှင်လာပုံရပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေသည်။ မီးပုံနားသို့ ရောက်သောအခါ သူသည် ဦးစွာ ရပ်တန့်လိုက်ပြီး အသက်ကို ဝဝရှူလိုက်လေသည်။ ထို့နောက် ဆုမိုနှင့် ယန်ရှောင်ယွင်ကို လှည့်ကြည့်လိုက်၏။
အနည်းငယ် ဦးညွှတ်လိုက်ပြီး ဟက်ဟက်ပက်ပက် ပြုံးပြလိုက်သည်။
"ခရီးသွား ညီအစ်ကို မောင်နှမတို့... ကျွန်တော် မီးလှုံရင်း ခဏလောက် အနားယူချင်လို့ပါ... အဆင်ပြေကြမလားဗျ"
"အဆင်မပြေပါဘူး"
ဆုမို ချက်ချင်း ငြင်းလိုက်သည်။
ယန်ရှောင်ယွင်သည် ဆုမိုကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ဘေးနားရှိ ငွေရောင်လှံကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားလိုက်သည်။
လူစိမ်းသည် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဆုမိုထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို မျှော်လင့်မထားခဲ့ပုံရ၏။
ခေတ္တမျှ ကြောင်ရပ်နေမိသည်။
ထို့နောက် မိမိကိုယ်မိမိ ပြန်လှောင်ပြောင်သလို ရယ်မောလိုက်သည်။
"ကျွန်တော်က မသမာတဲ့သူ မဟုတ်ပါဘူးဗျာ... မီးလေး နည်းနည်း လှုံချင်ရုံပါ... ကျေးဇူးပြုပြီး..."
သူ့စကား မဆုံးသေးခင်မှာပင် အဝေးမှ အေးစက်စက် ရယ်သံ တစ်ခု ထွက်ပေါ်လာလေသည်။
"ရယ်စရာ ကောင်းလိုက်တာ... သူတို့က မရဘူးလို့ ပြောနေတာတောင်... မင်းက အရှက်မရှိဘဲ ဆက်ကပ်နေတုန်းပဲလား"
အသံသည် ပြတ်သားပြီး အေးစက်လှ၏။ ခြိမ်းခြောက်မှု အငွေ့အသက်များလည်း ပါဝင်နေသည်။
လူစိမ်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။
"မင်းတို့ ရောက်လာတာ မြန်လှချည်လား"
တွေဝေခြင်း မရှိဘဲ သူသည် ဆုမိုနှင့် ယန်ရှောင်ယွင်ဘက်သို့ ချက်ချင်း လှည့်ကာ ဦးညွှတ်လိုက်သည်။
"နှောင့်ယှက်မိတာ တောင်းပန်ပါတယ်... သွားခွင့်ပြုပါဦး"
ပြောပြီးသည်နှင့် သူသည် လေပေါ်သို့ ခုန်တက်လိုက်ရာ ကောင်းမွန်သော ကိုယ်ဖော့ပညာကို ထုတ်ပြလိုက်ခြင်း ဖြစ်၏။
သို့သော် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားလေသည်။ သူသည် မီးပုံဝိုင်းအပြင်သို့ ရောက်ခါနီးတွင် အလွန်အမင်း ဒေါသထွက်ပြီး ထိတ်လန့်သွားသော ညည်းညူသံ တစ်ခု ထွက်ပေါ်လာ၏။
"မင်း..."
စကားမဆုံးလိုက်ပေ။ သူ ပျံတက်သွားသကဲ့သို့ပင် ပြန်လည် လွင့်စဉ်ကျလာသည်။
သူ့ခန္ဓာကိုယ်သည် မီးပုံဘေးသို့ "ဘုန်း" ခနဲ ပြုတ်ကျလာပြီး သွေးများဖြင့် ရွှဲနစ်နေလေသည်။
သူ့ရင်ဘတ်ကို ဓားတစ်ချောင်း ထိုးဖောက်သွားခဲ့ပြီ ဖြစ်၏။
အမှောင်ထု၏ ဘေးတစ်ဖက်တစ်ချက်မှ လူတစ်ယောက်စီ ထွက်ပေါ်လာကြသည်။ တစ်ယောက်မှာ သွေးစက်လက်နေသော ဓားရှည်ကို ကိုင်ဆောင်ထားသည်။
ကျန်တစ်ယောက်ကမူ ခေါင်းကို အသာခါပြီး သက်ပြင်းချကာ လျှောက်လာလေသည်။
"မင်းရဲ့ ကိုယ်ဖော့ပညာ ကောင်းတယ် ဆိုတာ ငါ သိတာပေါ့... ဒါကြောင့် ငါ မပြင်ဆင်ဘဲ လာမယ်များ ထင်နေလား... ဒီလောက်ထိ လိုက်လာတာ... အပျော် လိုက်လာတယ်များ ထင်နေလား"
"... မင်း... မင်းတို့က တရားလွန်လွန်းတယ်"
မြေကြီးပေါ်မှ လူသည် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေပြီး အသက်စွမ်းအင်များ ကုန်ခမ်းလာနေပြီ ဖြစ်၏။ အတွင်းအားများ ဖရိုဖရဲ ဖြစ်နေပြီး စကားပြောရန်ပင် အနိုင်နိုင် ကြိုးစားနေရ၏။
သို့သော် သူသည် ဆုမိုနှင့် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ကိုယ့်အပြစ် ကိုယ်ခံရမှာပါ... ဒီနေ့ ဒီလူနှစ်ယောက်နဲ့ ဆုံမိတာ ကံတရားပါပဲ... ပြဿနာ ဖြစ်မယ်လို့ မထင်ခဲ့မိဘူး... မင်းတို့ ငါ့ကို သတ်ချင်ရင်သတ်... တခြားလူတွေကို မဆွဲထည့်ပါနဲ့"
"တခြားလူတွေ ဟုတ်လား"
ထိုလူနှစ်ယောက်သည် ဆုမိုနှင့် ယန်ရှောင်ယွင်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကြသည်။
"ဒီနေ့ အခြေအနေမှာ ဘေးလူ ဆိုတာ ရှိလို့လား... ဒီမြင်ကွင်းကို မြင်ပြီးမှ ဘယ်သူကများ ကိုယ်လွတ်ရုန်းနိုင်မှာလဲ... အပြစ်တင်ချင်ရင် ပထမဆုံး သူတို့ရဲ့ ကံဆိုးမှုကို အပြစ်တင်... ဒုတိယအနေနဲ့ မင်းကို အပြစ်တင်ရမှာပေါ့... မင်းက သူတို့ဆီ ကံဆိုးမိုးမှောင် ကျရောက်စေခဲ့တာကိုး"
ပြောပြီးသည်နှင့် သူသည် ဆက်ပြောချင်စိတ် မရှိတော့သကဲ့သို့ လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။
"အားလုံးကို သတ်ပစ်လိုက်"
လေသံက ပေါ့ပါးလွန်းလှသည်။ လူသတ်မည့်အကြောင်း ပြောနေသည်နှင့် မတူဘဲ၊ ထမင်းစား ရေသောက် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။
ဓားရှည်ကိုင်ထားသူသည် မျက်နှာထား တင်းမာသွားပြီး ဓားသွားများ ငွေရောင် ဝင်းလက်သွားကာ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာလေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ မျက်လုံးထောင့်များတွင် ခိုကိုးရာမဲ့သော အရိပ်အယောင်များ ပေါ်လာသည်။
ဓားသမားသည် လူသတ်ရန် ပြင်လိုက်စဉ်မှာပင်... လေတိုးသံများ တရွှီရွှီ မြည်ဟိန်းလာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တိတ်ဆိတ်နေသော တောအုပ်ထဲ၌ လူ (၁၀) ယောက်ကျော် ရောက်ရှိလာကြလေသည်။
ထိုလူများ မြေပြင်သို့ သက်ဆင်းပြီးနောက် တစ်ယောက်က ရှေ့သို့ ထွက်လာပြီး ရှိနေသူ အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
ကြက်ကလေး ငှက်ကလေး သတ်သလို လူသတ်ရန် ပြင်နေသော ဓားသမားသည် ချက်ချင်း အမူအရာ ပြောင်းသွားလေသည်။
"လက်အောက်ငယ်သားက 'ဓားသခင်' ကို ဂါရဝပြုပါတယ်... ဒီကိစ္စလေးကို ဓားသခင် ကိုယ်တိုင် လာဖြေရှင်းရမယ်လို့ မထင်ထားမိပါဘူး... ကျွန်တော် မစွမ်းဆောင်နိုင်လို့ပါ... ဓားသခင်ရဲ့ အပြစ်ပေးမှုကို ခံယူပါရစေ"
"အပြစ်ပေးရမှာပေါ့"
ဓားသခင်က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
"ပျောက်ဆုံးနေတဲ့ ပစ္စည်းကို ပြန်ယူခိုင်းတာ... မင်းက လူသတ်ဖို့ပဲ စိတ်စောနေတယ်... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ရဲ့ ဂုဏ်သတင်းက မင်းတို့လို လူတွေကြောင့် ပျက်စီးရတာ"
'ခုနစ်ပါး အစွန်းရောက် ခန်းမ' …
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။
သူတို့၏ မျက်နှာထားများတွင် ထူးဆန်းသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
'ခုနစ်ပါး အစွန်းရောက် ခန်းမ' သည် အတော်အတန် ထူးဆန်းသော အဖွဲ့အစည်းတစ်ခု ဖြစ်၏။
ဂိုဏ်းတစ်ခုဟု ခေါ်လျှင်လည်း မမှန်ကန်ပေ။ အတွင်း၌ ပညာအမွေ လက်ဆင့်ကမ်းမှု ရှိသော်လည်း ဆရာနှင့် တပည့် ပုံစံမျိုး မဟုတ်ပေ။
အရည်အချင်းကို အခြေခံသော စနစ်ဖြင့် လည်ပတ်နေခြင်း ဖြစ်၏။ ခန်းမအတွက် တာဝန်တစ်ခု ထမ်းဆောင်တိုင်း စွမ်းဆောင်မှု မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားပြီး၊ ထိုစွမ်းဆောင်မှုများဖြင့် အတွင်းပညာများကို လဲလှယ်ရယူရသည်။
'ခုနစ်ပါး အစွန်းရောက် ခန်းမ' သည် လက်သီး၊ လှံ၊ ကြာပွတ်၊ တူ၊ ဓား၊ သန်လျက် နှင့် အတွင်းအား ဟူသော ပညာ (၇) မျိုးတွင် ထူးချွန်သည်ဟု ကြွေးကြော်ထားသည်။
ထိုပညာ (၇) မျိုးနှင့် သက်ဆိုင်သော လက်နက် (၇) မျိုး ရှိသည်။။
လက်နက် တစ်မျိုးစီကို လူတစ်ယောက်က စီမံခန့်ခွဲသည်။
'ခုနစ်ပါး အစွန်းရောက် ခန်းမ' ၏ ခန်းမသခင်ကြီး ဖုန်းဝူရှန် သည် အထက်ဆုံးမှ ကွပ်ကဲသည်။
လက်နက်သခင် (၇) ဦးသည် တစ်ယောက်အောက်၊ လူတစ်သောင်းအထက် ဆိုသလို နေရာယူထားကြသည်။
ထို့ကြောင့် ဤအဖွဲ့အစည်းသည် ဂိုဏ်းတစ်ခုထက် ဂိုဏ်းခွဲတစ်ခုနှင့် ပိုတူသည်။
သို့သော် သူတို့သည် မည်သည့် ဂိုဏ်းခွဲ ပဋိပက္ခတွင်မှ ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ လော့ဖုန်း မဟာမိတ်အဖွဲ့နှင့်လည်း ထိပ်တိုက် မတွေ့ပေ။ ဂိုဏ်းကြီးများနှင့် ဂိုဏ်းခွဲများကြားတွင် ကိုယ့်နေရာနှင့်ကိုယ် နေကြသည်။
ထို့အပြင်... ယခုနှစ်ပိုင်းများတွင် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' သည် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။
ဂုဏ်သိက္ခာရှိသော ဂိုဏ်းတစ်ခုအဖြစ် ရပ်တည်နေသော်လည်း... ကောလဟာလများအရ သူတို့၏ လုပ်နည်းလုပ်ဟန်များသည် ပိုမို ရက်စက်ကြမ်းကြုတ်လာသည်ဟု ဆိုကြသည်။ သိုင်းလောက၏ ဖြောင့်မတ်သော ဂိုဏ်းသားများကပင် ရွံရှာမုန်းတီးလာကြသည်။
ဒီနေ့ မြင်ကွင်းကို ကြည့်ရတာ... ကောလဟာလတွေက အမှန်ပဲ ဖြစ်လောက်၏။
စောစောက လူက လူသတ်ဖို့ ဝန်မလေးတာကို ကြည့်ရင်... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က လူ့အသက်ကို တန်ဖိုးမထားဘူး ဆိုတာ သိသာနေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဤနယ်မြေတွင် 'ခုနစ်ပါး အစွန်းရောက် ခန်းမ' နှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
သူတို့ တွေးတောနေစဉ် ဒူးထောက်နေသော လူက အော်ဟစ်လိုက်သည်။
"လက်အောက်ငယ်သားက သေဒဏ် (၁၀၀၀) ခံထိုက်ပါတယ်... ဒါပေမဲ့ ဓားသခင်ကို တစ်ခုလောက် တင်ပြချင်ပါတယ်... အခိုးခံရတဲ့ ပစ္စည်းက သေးငယ်တဲ့ ကိစ္စ မဟုတ်ပါဘူး... လျှို့ဝှက်ချက်တွေ ပါဝင်နေတာမို့ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် ပေးလို့ မရပါဘူး"
"တိတ်စမ်း"
ဓားသခင် ရုတ်တရက် ဒေါသထွက်သွားပြီး လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"ငါတို့ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' က သိုင်းလောကရဲ့ အဓိက အဖွဲ့အစည်းတစ်ခုပဲ... ဘယ်လိုလုပ် လူသတ်ပြီး နှုတ်ပိတ်တဲ့ အလုပ်မျိုး လုပ်ရမှာလဲ... မင်း နောက်ထပ် စကားတစ်ခွန်း ပြောပြီး လူ့အသက်ကို တန်ဖိုးမထားကြောင်း ပြရင်... ငါကိုယ်တိုင် မင်းအသက်ကို အရင်ဆုံး ယူပစ်မယ်”
အခန်း (၄၂) - ဓားငှားသူ
~ဓားသခင်သည် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ရာ၊ မြေကြီးပေါ်မှ လူသည် မည်သို့မျှ ပြန်လည် ချေပနိုင်ခြင်း မရှိတော့ပေ။
ထို့နောက် သူသည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ဘက်သို့ လှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
"ညီအစ်ကို မောင်နှမ နှစ်ယောက် လန့်သွားကြပြီ ထင်တယ်... ဒီနေ့ကိစ္စက ကျွန်တော်တို့ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ရဲ့ စည်းကမ်း လျော့ရဲမှုကြောင့် ဖြစ်ရတာပါ... စိတ်ထဲ မထားကြပါနဲ့ဗျာ"
"ရပါတယ်ဗျာ... ကိစ္စမရှိပါဘူး"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း ဆက်ထိုင်နေရန် မသင့်တော်တော့သဖြင့် မတ်တပ်ထရပ်ကာ ပြန်လည် ဦးညွှတ်လိုက်ကြသည်။
သို့သော် ဓားသခင်၏ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားနေပြီး၊ ရုတ်တရက် ဆုမို၏ ဘေးရှိ ဓားသေတ္တာပေါ်တွင် ရပ်တန့်သွားလေသည်။
သူ့မျက်လုံးထဲတွင် လျှပ်စီးကြောင်းတစ်ခု လက်ခနဲ ဖြတ်သန်းသွား၏။
"ဟင်... ဒါက ဘာကြီးလဲ... ဘာလို့ မင်းတို့ဆီ ရောက်နေတာလဲ"
ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
"ဓားသခင်... ဘာသဘောနဲ့ ပြောတာလဲ"
"ဘာသဘောလဲ ဟုတ်လား... မင်းတို့ အသိဆုံး ဖြစ်မှာပါ"
ဓားသခင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။ ယဉ်ကျေးသိမ်မွေ့သော ပုံစံမှ ရန်လိုသော ပုံစံသို့ ချက်ချင်း ကူးပြောင်းသွား၏။
"ဒီပစ္စည်းက ငါတို့ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ပိုင်တဲ့ ပစ္စည်းကွ... ဒီကောင် ခိုးသွားတာ"
သူက မြေကြီးပေါ်မှ လူကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကိုယ့်နားကိုယ်ပင် မယုံနိုင်အောင် ဖြစ်နေလေသည်။
ဓားသခင်က ဆုမိုနှင့် ယန်ရှောင်ယွင်ကို အေးစက်စွာ ကြည့်လိုက်သည်။
"အစကတော့ မင်းတို့ကို မသိနားမလည်ဘဲ ပါလာတာလို့ ထင်နေတာ... အခုကြည့်ရတာ ဒီကောင်နဲ့ ပူးပေါင်းကြံစည်နေကြတာပဲ... လက်ပူးလက်ကြပ် မိပြီဆိုတော့ ဘာမှ ပြောနေစရာ မလိုတော့ဘူး... ကဲ... အခု မင်းတို့ အေးဆေး လိုက်မလား... ဒါမှမဟုတ် အကြမ်းဖက် ခေါ်သွားရမလား"
"ပေါက်ကရတွေကွာ"
မြေကြီးပေါ်မှ လူသည် ထရပ်ရန် ကြိုးစားသော်လည်း မရသဖြင့် ထိုင်လျက်သားပင် ဓားသခင်ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့က ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းလို့ ခေါ်ရဲသေးတယ်လား... ကလေးကလား ဆန်ဆန် လိမ်ညာ စွပ်စွဲနေတာ... မင်းတို့ လုပ်ရပ်တွေက မိစ္ဆာကောင်တွေနဲ့ ဘာကွာလို့လဲကွ"
"သူခိုးကများ စကားလာရှည်နေသေးတယ်"
"ငါက သူခိုး ဟုတ်လား... ဟေ့ကောင်... ငါ့မှာ သိက္ခာ ရှိတယ်ကွ"
"သူခိုးက သူခိုးပဲ... ဓားပြက ဓားပြပဲ"
ဓားသခင်က အေးစက်စွာ ပြန်ပြောလိုက်ပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို ကြည့်လိုက်သည်။
"မင်းတို့ကြည့်ရတာ လူဆိုးလူမိုက်တွေနဲ့တော့ မတူပါဘူး... ငယ်ရွယ်သူတွေမို့ လူဆိုးတွေရဲ့ လှည့်စားတာ ခံလိုက်ရတယ် ဆိုရင် နားလည်ပေးလို့ ရပါတယ်... ငါနဲ့အတူ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ကို လိုက်ခဲ့ရင် သက်ညှာပေးလို့ ရသေးတယ်... မဟုတ်ရင်တော့..."
"ဟားဟားဟား"
ဆုမို မထိန်းနိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
"ခုနစ်ပါး အစွန်းရောက် ခန်းမ... တကယ်ကို မျက်စိဖွင့် နားဖွင့် ဖြစ်ရပါတယ်ဗျာ... ဓားသခင်... ခင်ဗျားက ကျွန်တော့်ကို (၃) နှစ်သား ကလေးလို့ ထင်နေတာလား"
"(၃) နှစ်တောင် မဟုတ်လောက်ဘူး"
ယန်ရှောင်ယွင်က ခေါင်းကို အသာခါလိုက်သည်။
"တကယ်လို့ (၃) နှစ်သား ကလေးဆိုရင်တောင်... တစ်ခုတော့ နားလည်မှာပါ"
"ဘာလဲ"
ဆုမို ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။
"သူများနယ်မြေထဲ ရောက်နေရင်... သူတို့ ပြောသမျှ ဟုတ်ကဲ့ လုပ်ရမယ်လေ... သူတို့က သမင်ကို မြင်းလို့ ပြောရင်တောင် ထောက်ခံရမှာ... အသက်ရှင်ဖို့က သူတို့လက်ထဲမှာ ရှိနေတာကိုး... ဘယ်မှာများ ပြန်ပြောခွင့် ရှိပါ့မလဲ"
"ဟုတ်သားပဲ"
ဆုမို ခေါင်းတညိတ်ညိတ် လုပ်လိုက်ပြီး ဓားသခင်ကို ကြည့်လိုက်သည်။
"ဓားသခင်... ကျွန်တော်လည်း ခင်ဗျားကို အကြံတစ်ခုလောက် ပေးချင်တယ်... ခင်ဗျားက သဘောထားကြီးသူ မဟုတ်ပေမဲ့... လောဘကြောင့် အမှားလုပ်မိလောက်အောင်တော့ မမိုက်မဲဘူးလို့ ထင်ပါတယ်... ကျွန်တော့်နောက်က ပစ္စည်းက ခင်ဗျားနဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုတာ အသာထား... မဆိုင်တဲ့ ပြဿနာကို ကိုယ့်ဆီ ဆွဲခေါ်ပြီး... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' တစ်ခုလုံး ဒုက္ခရောက်မှာ မကြောက်ဘူးလား"
"ကောင်းပြီလေ"
ဓားသခင် အော်ဟစ်လိုက်သည်။
"မင်းတို့က ခေါင်းမာချင်တယ်ပေါ့"
စကားဆုံးသည်နှင့် ဓားထုတ်သံများ "ချလွင် ချလွင်" မြည်ဟိန်းလာလေသည်။ 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ တပည့်များသည် ဓားများကို ဆွဲထုတ်လိုက်ကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို ဝိုင်းရံထားလိုက်ကြသည်။
ယန်ရှောင်ယွင်က အေးဆေးစွာ ပြုံးလိုက်ပြီး ရှေ့သို့ တိုးရန် ပြင်လိုက်သည်။
ထိုစဉ်... အသံတစ်ခု ထွက်ပေါ်လာလေသည်။
"နှစ်ယောက်လုံး ရပ်လိုက်ကြ"
အသံသည် အိပ်ချင်မူးတူး ဖြစ်နေပြီး အားမပါလှပေ။ စကားတစ်ခွန်း ပြောလိုက်လျှင်ပင် အသက်ထွက်သွားတော့မည့်ပုံ ပေါက်နေသည်။ စကားလုံး နှစ်လုံး ပြောပြီးတိုင်း ခဏနားနေရသည်။
သို့သော် ထိုအသံသည် အားနည်းနေသော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိလာ၏။
'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ လူများ အံ့အားသင့်သွားကြသည်။ ဓားသခင်၏ မျက်လုံးများ အရောင်လက်သွားပြီး ထိုလူကို ရှာတွေ့သွားလေသည်။
ထိုလူသည် အရိပ်နှင့် အလင်းရောင်ကြားတွင် ရပ်နေသည်။ အဝတ်အစားများ စုတ်ပြတ်နေပြီး ဖုန်မှုန့်များ ပေကျံနေ၏။ မျက်နှာတွင် အိပ်ချင်မူးတူး ဖြစ်နေပြီး နှစ်ပေါင်းများစွာ အိပ်မပျော်ခဲ့သူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
စကားပြောပြီးသည်နှင့် သူသည် ပါးစပ်ကို ဟကာ သမ်းဝေလိုက်သေးသည်။
ထို့နောက် ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
"အင်း... ရပ်လိုက်ကြ"
"ဘယ်က ကောင်လဲကွ"
ဓားသခင် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကရော သူတို့နဲ့ တစ်ဖွဲ့တည်းလား... ဒါဆိုလည်း အတူတူ လိုက်ခဲ့ပေါ့"
"ငါ မလိုက်ဘူး"
ထိုလူ ခေါင်းခါလိုက်သည်။
ဓားသခင် ဒေါသတကြီး ရယ်မောလိုက်သည်။
"မင်းမှာ ရွေးချယ်ခွင့် မရှိဘူး"
စကားဆုံးသည်နှင့် တပည့်တစ်ယောက် ရှေ့သို့ ခုန်ထွက်လာပြီး ထိုလူ၏ နဖူးတည့်တည့်သို့ ဓားဖြင့် ထိုးစိုက်လိုက်လေသည်။
ဓားသခင်သည် မောက်မာစွာ ပြောဆိုနေသော်လည်း... ဤအမည်မသိ လူစိမ်းကို သတိထားနေဆဲ ဖြစ်၏။
လက်အောက်ငယ်သားကို စမ်းသပ်ခိုင်းလိုက်ခြင်း ဖြစ်၏။ ဓားတစ်ချက်တည်းနှင့် သေသွားလျှင် ကိစ္စမရှိ။ မသေလျှင်လည်း ထိုလူ၏ စွမ်းရည်ကို အကဲခတ်နိုင်မည် မဟုတ်ပါလော။
သို့သော်... ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကိုသာ မြင်လိုက်ရသည်။
ပြီးနောက်... လူတစ်ယောက် မြေကြီးပေါ် လဲကျသွားလေသည်။
အိပ်ချင်မူးတူး လူ မဟုတ်ဘဲ... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' မှ တပည့်သာ ဖြစ်နေလေသည်။
ဓားရှည်သည် တပည့်၏ လက်ထဲတွင် ရှိနေခဲ့ပြီး တိုက်ကွက်ကို အဆုံးထိ ထုတ်ဖော်ခဲ့သည်။
သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင်... ထိုဓားရှည်သည် အိပ်ချင်မူးတူး လူ၏ လက်ထဲသို့ ရောက်ရှိသွားပြီး... တပည့်၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
ဓားကို ပြန်ဆွဲထုတ်လိုက်ရာ သွေးများ ပန်းထွက်လာပြီး မြေကြီးပေါ်သို့ ကျဆင်းသွားလေသည်။ သို့သော် ထိုလူ၏ မျက်နှာထားမှာမူ အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။
အလောင်းကို တစ်ချက်မျှပင် ငုံ့မကြည့်ဘဲ... လက်ထဲမှ ဓားကိုသာ စိုက်ကြည့်နေလေသည်။
နောက်တစ်ခဏတွင် သူ့မျက်နှာပေါ်၌ ဒုတိယမြောက် ခံစားချက်တစ်ခု ပေါ်လာသည်။ ရွံရှာခြင်း...။
"ညံ့ဖျင်းလိုက်တဲ့ ဓား"
ဓားသည် ညံ့ဖျင်းခြင်း မရှိပေ။ သို့သော် ထိုစကား ပြောလိုက်သည်နှင့် တပြိုင်နက်... ကောင်းမွန်သော ဓားတစ်လက်သည် အမှိုက်သဖွယ် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် စကားနှင့်အတူ သူ့လက်ချောင်းများ လှုပ်ရှားသွားသောကြောင့်ပင်။
လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်လိုက်ရာ "ချွင်" ခနဲ အသံမြည်သွားပြီး ဓားသွားသည် နှစ်ပိုင်း ကျိုးသွားလေတော့၏။
လက်ချောင်းဖြင့် ဓားချိုးခြင်းသည် သိပ်အထူးအဆန်း မဟုတ်သော်လည်း... စောစောက ဓားကို လုယူပြီး ပြန်လည် သတ်ဖြတ်လိုက်သည့် အမြန်နှုန်းကမူ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဓားသခင်၏ မျက်လုံးများ လှုပ်ရှားသွားလေသည်။
"မင်း ဘယ်သူလဲ"
"ဓားငှားသူ"
ပြောရင်းဆိုရင်း ထိုလူသည် ဓားသခင်နှင့် ဆုမိုတို့ကြားသို့ ဝင်ရောက်လာပြီး ဆုမိုတို့ကို ကျောပေးကာ ဓားသခင်ကို ရင်ဆိုင်လိုက်သည်။
"ငါ သူတို့ဆီက ဓားတစ်လက် ငှားချင်လို့... သူတို့က ဒီဓားကို တခြားလူဆီ သွားပို့မလို့တဲ့... ပိုင်ရှင်ဆီ မရောက်ခင်မှာ မသမာတဲ့ လူတွေလက်ထဲ မရောက်စေချင်ဘူး... အေး... ငါ မင်းကို ပြောနေတာ"
"..."
ဓားသခင်၏ နှုတ်ခမ်းများ တွန့်လှုပ်သွားသည်။
"မင်းက 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ရဲ့ ကိစ္စကို ဝင်စွက်ဖက်နေတာလား"
"... အဲ့ဒါ ဘာကြီးလဲ"
ဓားငှားသူသည် နားမလည်နိုင် ဖြစ်နေပုံရသည်။
ဓားသခင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ဘာ"
"ငါ မေးနေတာ... 'ခုနစ်ပါး အစွန်းရောက် ခန်းမ' ဆိုတာ ဘာကြီးလဲ လို့"
မေးပြီးသည်နှင့် သူ ခေါင်းပြန်ခါလိုက်ပြီး သမ်းဝေလိုက်ပြန်သည်။
"ထားလိုက်ပါတော့... အရေးမကြီးပါဘူး"
ဓားသခင်၏ မျက်နှာသည် ဖြူလိုက်၊ နီလိုက် ဖြစ်သွားပြီး ဒေါသကြောင့် အံကြိတ်လိုက်လေသည်။
"ကောင်းပြီ... ကောင်းပြီ... သိုင်းလောကမှာ သေရမှာ မကြောက်တဲ့ကောင်တွေ များလာပြီပဲ... ဒီလိုဆိုမှတော့ ဒီနေ့ သွေးချောင်းစီးစေရတာပေါ့ကွာ”