← Chapters

အခန်း (၁၀၀၃-၁၀၀၄)

Vol. 62 Ch. 1003-1004

အခန်း (၁၀၀၃-၁၀၀၄)

Vol. 62 Ch. 1003-1004

အခန်း ၁၀၀၃ ။ ဇာတ်သိမ်းပိုင်း (၄)

ရှောင်လင်းယွီ၏ အပန်းဖြေစခန်းများနှင့် ဆိုင်ခွဲများ အားလုံး ပြန်လည် ဖွင့်လှစ်လိုက်သည်။

အင်တာနက် အသုံးပြုသူ အများအပြားက သူတို့ ရှောင်လင်းယွီကို တောင်းပန်စရာ ရှိတယ် ဆိုပြီး ဆိုင်ပြန်ဖွင့်တာနဲ့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို လာလည်ဖို့၊ ဒါမှမဟုတ် ဆိုင်ခွဲတွေမှာ တန်းစီပြီး ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့၊ သူတို့ရဲ့ တောင်းပန်မှုကို ပြသချင်ကြတယ်။

ဒါပေမဲ့ ထောင်ယွမ်ရွာ အပန်းဖြေစခန်း ဖြစ်ဖြစ်၊ Green Freshအုပ်စု လက်အောက်ခံ တခြား အပန်းဖြေစခန်းတွေ ဖြစ်ဖြစ် ဧည့်သည် အရေအတွက်ကို ကန့်သတ်ထားပါတယ်။

ထောင်ယွမ်ရွာ အပန်းဖြေစခန်းက Green Freshအုပ်စု လက်အောက်ခံ အပန်းဖြေစခန်း ၇ ခုထဲမှာ အလှပဆုံးနဲ့ အကြီးဆုံး အပန်းဖြေစခန်း ဖြစ်ပေမဲ့ တစ်နေ့ကို ဧည့်သည် ၂ သိန်းပဲ လက်ခံပါတယ်။ နောက်ကျမှ လာတဲ့ ခရီးသွားတွေက အပန်းဖြေစခန်းထဲက လူတွေ ထွက်သွားမှ တန်းစီပြီး ဝင်လို့ရပါတယ်။

ရှောင်လင်းယွီကို တောင်းပန်ချင်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်နိုင်ငံလုံးက လူသန်းချီ ရှင်းယင်ခရိုင်ကို ရောက်လာကြပြီး ရှင်းယင်ခရိုင် တစ်ခုလုံး ပြည့်ကြပ်သွားမတတ် ဖြစ်နေတယ်။

အရင်တုန်းက ထောင်ယွမ်ရွာ အပန်းဖြေစခန်း ပိတ်ထားလို့ ရှင်းယင်ခရိုင် တစ်ခုလုံး ထိခိုက်ခဲ့ရတယ်၊ အရင်ကလို မစည်ကားတော့ဘဲ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဆိုင်ခန်းတွေမှာ ဧည့်သည် မရှိသလောက် ဖြစ်ခဲ့တယ်။

စီးပွားရေး ထိခိုက်လို့ လူအများကြီးက ရှောင်လင်းယွီကို ဆဲဆိုကြတယ်၊ စိတ်ထဲမှာ မကျေမနပ် ဖြစ်နေကြတယ်။

အခုတော့ Green Freshအုပ်စု လုပ်ငန်းအားလုံး ပြန်ဖွင့်လိုက်ပြီ၊ ထောင်ယွမ်ရွာ အပန်းဖြေစခန်း ပြန်ဖွင့်လိုက်ပြီ ဆိုတော့ ခရီးသွားတွေ အရပ်ရှစ်မျက်နှာကနေ ရောက်လာကြပြီး စီးပွားရေး ချက်ချင်း ကောင်းမွန်လာတယ်။

ဧည့်သည် အရေအတွက် များလွန်းလို့ ရှင်းယင်ခရိုင်က လက်မခံနိုင်တော့ဘဲ ထောင်ယွမ်ရွာ ပတ်ဝန်းကျင်က ရွာတွေတောင် ခရီးသွားတွေနဲ့ ပြည့်နှက်နေတယ်။ ဒါကြောင့် ခရီးသွား အများအပြားက ပတ်ဝန်းကျင် မြို့နယ်တွေမှာ တည်းခိုရတယ်။

ဧည့်သည် အရေအတွက် ကန့်သတ်ထားလို့ နောက်ကျမှ ရောက်လာတဲ့ ခရီးသွားတွေက ထောင်ယွမ်ရွာ အပန်းဖြေစခန်းထဲ ဝင်လို့မရဘဲ နောက်တစ်နေ့ လက်မှတ်ဝယ်ပြီးမှ ဝင်လို့ရတယ်။

တခြား ခရီးသွား နေရာတွေ ဆိုရင် ခရီးသွားတွေ မကျေမနပ် ဖြစ်ကြမှာ သေချာတယ်၊ ဒါပေမဲ့ ဒီမှာတော့ သူတို့ တိတ်တိတ်လေးပဲ စောင့်နေကြတယ်။ သူတို့ ဒီကို လာတာ ရည်ရွယ်ချက် နှစ်ခု ရှိတယ်၊ တစ်ခုက ခရီးသွားဖို့၊ နောက်တစ်ခုက တောင်းပန်ဖို့ပါ။ ဒါကြောင့် သူတို့ ဘာမှ ညည်းညူစရာ မရှိပါဘူး။

ဒီလို အခြေအနေ ဖြစ်လာတာက အရင်တုန်းက သူတို့ တစ်ဖက်သတ် စကား နားထောင်ပြီး ယုံကြည်ခဲ့လို့ Green Freshအုပ်စု ပိတ်သိမ်းခဲ့ရတာလေ။ အမှန်တရား ပေါ်လာတော့ လူအများကြီးက အပြစ်ရှိစိတ်နဲ့ လာရောက်ကြတာ။

…..

Green Freshအုပ်စု။

ဘရူးစ်က ရှောင်လင်းယွီကို မကျေမနပ် ကြည့်ပြီး ပြောလိုက်သည်။ "ဥက္ကဌရှောင်... အခု ဟွာရှ တစ်နိုင်ငံလုံးက ဆိုင်ခွဲတွေ ဖွင့်လိုက်ပြီဆိုတော့ နိုင်ငံခြား ရုံးခွဲတွေဆီ ပို့ဖို့ ကုန်ပစ္စည်း ပိုမရှိတော့ဘူးလား"

ပြည်တွင်း ဆိုင်ခွဲတွေ မဖွင့်တုန်းက ပုံနေမယ့် ကုန်ပစ္စည်းတွေ အကုန်လုံးကို နိုင်ငံခြား ရုံးခွဲအသီးသီးဆီ ပို့လိုက်လို့ နိုင်ငံခြား ရုံးခွဲတွေရဲ့ စီးပွားရေး ပိုကြီးထွားလာခဲ့တာ။

ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီရဲ့ အဆက်အသွယ်တွေကြောင့် နိုင်ငံခြား ဘယ်နေရာရောက်ရောက် အဆင့်မြင့် ဈေးကွက်ကို အမြန်ဆုံး ရယူနိုင်ခဲ့ပြီး ဈေးကွက် ခေါင်းဆောင်နေရာ ယူထားတဲ့ ဟွမ်လင်းအုပ်စုကို ချက်ချင်း ဖိနှိပ်နိုင်ခဲ့တယ်။

ဟွမ်လင်းအုပ်စုက အဆက်အသွယ်၊ ကုန်ပစ္စည်း အရည်အသွေးနဲ့ ဝန်ဆောင်မှု အပိုင်းတွေမှာ အခုမှ အခြေချတဲ့ ဟွာရှ Green Freshအုပ်စုကို မယှဉ်နိုင်ဘူး။

နိုင်ငံခြား ရုံးခွဲတွေရဲ့ စီးပွားရေး ကြီးထွားလာတာနဲ့အမျှ အဆင့်မြင့် ဈေးကွက်ကို သိမ်းပိုက်လာတာနဲ့အမျှ ဟွာရှ Green Freshအုပ်စုရဲ့ နိုင်ငံတကာ ဂုဏ်သတင်းလည်း ပိုပို ကြီးမားလာတယ်။

နောက်ပိုင်း ပြည်တွင်း ဆိုင်ခွဲတွေ ပိတ်ထားတုန်း ပုံနေမယ့် ကုန်ပစ္စည်းတွေကို နိုင်ငံခြား ပို့လိုက်တော့ ကုန်ပစ္စည်း အရင်းအမြစ် လုံလောက်သွားပြီး ဘရူးစ်နဲ့ တခြားလူတွေက အလယ်အလတ် ဈေးကွက်ကို ချက်ချင်း မျက်စိကျလာတယ်။

Green Freshအုပ်စုရဲ့ ကုန်ပစ္စည်းတွေက အဆင့်ခွဲထားတယ်၊ အဆင့်မြင့် ဈေးကွက်မှာ ရောင်းတာက အဆင့်မြင့် ကုန်ပစ္စည်းတွေ၊ ဈေးနှုန်းကလည်း အကြီးဆုံးပဲ။

ဒါဆို အလယ်အလတ် ဈေးကွက်မှာ ရောင်းတာက အဆင့်မြင့် ဈေးကွက် ကုန်ပစ္စည်းတွေလောက် မကောင်းတဲ့ ပစ္စည်းတွေ ဖြစ်မှာပေါ့။

ဒါပေမဲ့ အဆင့်မြင့် ကုန်ပစ္စည်းတွေလောက် မကောင်းဘူး ဆိုပေမဲ့ ဟွမ်လင်းအုပ်စုရဲ့ အဆင့်မြင့် ကုန်ပစ္စည်းတွေထက် အများကြီး သာလွန်ပါသေးတယ်။

ပြီးတော့ Green Freshအုပ်စုက နာမည်ရနေပြီ ဆိုတော့ အရူးမဟုတ်ရင် ဘယ်လို ရွေးချယ်ရမလဲ သိကြမှာပါ။

ဒါကြောင့် နိုင်ငံခြား ရုံးခွဲတွေက အလယ်အလတ် ဈေးကွက် တစ်စိတ်တစ်ပိုင်းကိုလည်း အမြန်ဆုံး သိမ်းပိုက်နိုင်ခဲ့တယ်။

ဘာလို့ တစ်စိတ်တစ်ပိုင်းပဲလဲ ဆိုတော့ ကုန်ပစ္စည်း အရင်းအမြစ် မလုံလောက်လို့ပါ။

ဒါတောင်မှ ဘရူးစ်နဲ့ တခြားလူတွေက ကုမ္ပဏီ ဂုဏ်သတင်းနဲ့ စီးပွားရေး တိုးတက်လာတာကို မြင်တော့၊ အထူးသဖြင့် ဟွမ်လင်းအုပ်စုကို ဒီလောက် မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်တာ မြင်တော့ စိတ်ဓာတ်တွေ တက်ကြွလာတယ်၊ တစ်ချိန်တည်းမှာပဲ ကိုယ်တိုင် အကောင်းဆုံး ရွေးချယ်မှု လုပ်ခဲ့တယ်လို့ တိတ်တိတ်လေး ဝမ်းသာနေမိတယ်။

ဒါပေမဲ့ အခု ဟွာရှ စီးပွားရေးတွေ ပြန်စတင်တော့ နိုင်ငံခြားကို ပို့မယ့် ကုန်ပစ္စည်းတွေ အများကြီး လျော့သွားမှာ သေချာတယ်၊ ဘရူးစ်နဲ့ တခြားလူတွေက သိမ်းပိုက်ထားတဲ့ အလယ်အလတ် ဈေးကွက်တွေ ဟွမ်လင်းအုပ်စု လက်ထဲ ပြန်ရောက်သွားမှာ စိုးရိမ်နေကြတယ်။

ဘရူးစ် စိတ်ထဲမှာ စိုးရိမ်တကြီး ပြောလိုက်သည်။ "ဥက္ကဌရှောင်... ကျွန်တော်တို့ အခုမှ ချဲ့ထွင်ထားတဲ့ အလယ်အလတ် ဈေးကွက်ကို ပြန်စွန့်လွှတ်ရတော့မှာလား။ ဒါဆို မဖြစ်ဘူး၊ ဒါက Green Freshအုပ်စုရဲ့ ယုံကြည်မှုကို တိုက်ရိုက် ဖျက်ဆီးပစ်သလို ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ သိကြတဲ့အတိုင်းပဲ၊ စီးပွားရေးသမားတွေက ယုံကြည်မှုကို အလေးအမြတ် ထားတယ် မဟုတ်လား။ ရုတ်တရက် ပစ္စည်း မရောင်းတော့ရင် ဂုဏ်သတင်း ထိခိုက်မှာ သေချာတယ်"

ရှောင်လင်းယွီ လက်ကာပြပြီး ပြောလိုက်သည်။ "ဘရူးစ်... မပူပါနဲ့၊ ကျွန်မ ပြောတာ နားထောင်ဦး"

"အင်း... ပြောပါ ဥက္ကဌရှောင်" ဘရူးစ် ခေါင်းညိတ်လိုက်ပေမဲ့ စိတ်ထဲမှာတော့ ပူပန်နေတုန်းပါပဲ။

Green Freshအုပ်စုရဲ့ အထက်တန်း စီမံခန့်ခွဲသူ အနေနဲ့ ကုမ္ပဏီရဲ့ နေ့စဉ် ထွက်ကုန် ပမာဏကို ရှင်းရှင်းလင်းလင်း သိထားတယ်။ ရှင်းရှင်းလင်းလင်း သိထားလို့ နိုင်ငံခြား စီးပွားရေး တာဝန်ခံ ဘရူးစ်က စိတ်ပူနေတာ။

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ဘရူးစ်... ကျွန်မ နိုင်ငံခြား ဒေသအသီးသီးမှာ အပန်းဖြေစခန်းတချို့ ဝယ်ဖို့ စီစဉ်ထားတယ်၊ ဘယ်လိုထင်လဲ"

ဘရူးစ် ကြားလိုက်ရတော့ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။ "နိုင်ငံခြားမှာ အပန်းဖြေစခန်း ဝယ်မယ် ဟုတ်လား။ ဥက္ကဌရှောင်... တကယ် ပြောနေတာလား"

ရှောင်လင်းယွီ မျက်နှာထား တည်ကြည်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မက နောက်နေမယ့်ပုံ ပေါက်လို့လား။ ကျွန်မ တကယ် အတည်ပြောနေတာ"

ထို့နောက် သူမ ရှင်းပြလိုက်သည်။ "ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ကုန်ဆုံးလွယ်တဲ့ ပစ္စည်းတွေ၊ အထားမခံဘူး၊ အဆင့်မြင့် ဇိမ်ခံဈေးကွက်အတွက်ဆိုရင်တော့ ကျွန်မ ဟွာရှကနေ နိုင်ငံခြားကို ပို့လို့ ရတယ်၊ သေချာပေါက် ဒါက ကုမ္ပဏီ အမှတ်တံဆိပ် ဂုဏ်သတင်း အတွက်လည်း ပါတာပေါ့။ အဆင့်မြင့် ဇိမ်ခံဈေးကွက်မှာ ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် များပေမဲ့ အကျိုးအမြတ် ပြန်ရတာလည်း များတယ်။

ဒါပေမဲ့ အလယ်အလတ် ဈေးကွက်ကျတော့ မရတော့ဘူးလေ။

အလယ်အလတ် ဈေးကွက်က အဆင့်မြင့် ဈေးကွက်ထက် အများကြီး ပိုကြီးမားတယ်၊ ကုန်ပစ္စည်း ရောင်းချတဲ့ ဈေးနှုန်းကလည်း အများကြီး နိမ့်တယ်၊ တကယ်လို့ အမြဲတမ်း ဟွာရှကနေ သယ်ယူပို့ဆောင်နေရင် ကုန်ကျစရိတ်က အများကြီး မြင့်တက်လာမယ်၊ အကျိုးအမြတ် အပိုင်းကျတော့ နည်းနည်းရောင်း များများမြတ် ဆိုတာထက် များများရောင်း နည်းနည်းမြတ်ဘက်ကို ရောက်သွားနိုင်တယ်၊ ဒါက ကျွန်မတို့ မျှော်မှန်းထားတာနဲ့ နည်းနည်း ကွဲလွဲနေတယ် မဟုတ်လား။

ဒါကြောင့် ကျွန်မတို့ အခု လုပ်ရမှာက အရည်အသွေး ကောင်းမွန်အောင် ထိန်းသိမ်းပြီး ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ပဲ။ ကျွန်မ ထင်တာတော့ နိုင်ငံခြားမှာ အပန်းဖြေစခန်း ငှားတာ၊ ဝယ်တာက အသင့်တော်ဆုံး နည်းလမ်းပဲ"

ဘရူးစ် ရှောင်လင်းယွီ ပြောတာ ကြားတော့ ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ခင်ဗျား ပြောတာ အဓိပ္ပာယ် ရှိတယ်။ အဆင့်မြင့် ဇိမ်ခံဈေးကွက်က ဒီလောက်ပဲ ရှိတာ၊ ဒါပေမဲ့ အလယ်အလတ် ဈေးကွက်က အများကြီး ပိုကြီးမားတယ်။ ကျွန်တော်တို့ နိုင်ငံခြား ရုံးခွဲတွေရဲ့ စီးပွားရေး အင်အားကလည်း ပြည်နယ်တစ်ခု၊ မြို့တော်တစ်ခုတည်းမှာ ကန့်သတ်ထားလို့ မရဘူး၊ ပြည်နယ်အသီးသီး၊ မြို့တော်အသီးသီးကို ချဲ့ထွင်ရမယ်။ ဒီလိုဆိုရင် ဟွာရှ ပြည်တွင်းက ကုန်ပစ္စည်း အရင်းအမြစ်က နိုင်ငံခြား လိုအပ်ချက်ကို ဘယ်လိုမှ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး"

ရှောင်လင်းယွီက ပြောသည်။ "ဟုတ်တယ်... ရှင် ပြောတာ မှန်တယ်။ ဒါပေမဲ့ ကျွန်မအစီအစဉ်ကတော့ နိုင်ငံခြား အပန်းဖြေစခန်းက ထွက်တဲ့ ကုန်ပစ္စည်း အရင်းအမြစ်တွေက အလယ်အလတ် ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက်ပဲ တည်ဆောက်မှာ။ အဆင့်မြင့် ဇိမ်ခံဈေးကွက်က ကုန်ပစ္စည်း အရင်းအမြစ်တွေကတော့ ဟွာရှကပဲ လာရမယ်၊ ကျွန်မတို့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကပဲ ထွက်ရမယ်"

ဘရူးစ် ခေါင်းညိတ်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အင်း... ဒါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှို့ဝှက်ချက် ထားရှိတာပေါ့"

ရှောင်လင်းယွီ ပြုံးရုံသာ ပြုံးလိုက်သည်။

တကယ်တမ်း အဓိက အကြောင်းရင်းကတော့ အဲဒီ အဆင့်မြင့် ဇိမ်ခံဈေးကွက်က ကုန်ပစ္စည်းတွေ စိုက်ပျိုးထုတ်လုပ်ရာမှာ သန့်ရှင်းတဲ့ စမ်းရေ လိုအပ်လို့ပါပဲ။ သူမက နေ့တိုင်း အပြင်ထွက်နေလို့ မရဘူးလေ။

တခြား အဆင့်ရှိတဲ့ ကုန်ပစ္စည်းတွေကတော့ စမ်းရေကို အချိုးအစားအလိုက် ရောစပ်ထားတာပါ။

သေချာပေါက် သူမရဲ့ နေရာလွတ်က သူမရဲ့ လျှို့ဝှက်လက်နက်ပဲ၊ သူမ လျှို့ဝှက်လက်နက်ကို ယူပြီး နေ့တိုင်း နိုင်ငံခြား သွားနေလို့ မဖြစ်ဘူးလေ။

ဒါကြောင့် နိုင်ငံခြားမှာ ဝယ်မယ့် အပန်းဖြေစခန်းတွေက အဆင့်နိမ့်တဲ့ ကုန်ပစ္စည်းတွေ စိုက်ပျိုးဖို့အတွက်ပဲ သုံးလို့ရမယ်။

ရှောင်လင်းယွီ စဉ်းစားပြီး ပြောလိုက်သည်။ "အချိန်တစ်ခု သတ်မှတ်ပြီး တခြားလူတွေကို ပြန်လာခိုင်းလိုက်၊ အစည်းအဝေး လုပ်ကြမယ်"

ဘရူးစ် ခေါင်းညိတ် ပြောလိုက်သည်။ "အင်း... ဥက္ကဌရှောင်၊ ကျွန်တော် သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်"

သူ အခု ဒီအလုပ်ကို ပိုပို သဘောကျလာပြီ။

ရှောင်လင်းယွီ ထပ်ပြောလိုက်သည်။ "အခု ပြည်တွင်း ဆိုင်ခွဲတွေ အကုန် ပြန်ဖွင့်လိုက်ပြီ ဆိုတော့ ရှင့်ဘက်က အလယ်အလတ် ဈေးကွက် စီးပွားရေးကို ခဏ ရပ်ထားလိုက်လို့ ရပြီ"

ဘရူးစ် ချက်ချင်း သဘောမတူဘဲ ပြောလိုက်သည်။ "ဥက္ကဌရှောင်... ကျွန်တော့်အမြင်တော့ အလယ်အလတ် ဈေးကွက်စီးပွားရေးကို ခဏရပ်ထားဖို့ မလိုသေးပါဘူး"

ရှောင်လင်းယွီ မျက်ခုံးပင့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဪ... ဒါဆို ရှင် ဘယ်လို လုပ်ချင်လို့လဲ"

ဘရူးစ် ပြောလိုက်သည်။ "ကန့်သတ်ရောင်းချတာနဲ့ ငတ်မွတ်ခေါင်းပါးမှု ဈေးကွက်ရှာဖွေရေး နည်းလမ်း သုံးလို့ ရပါတယ်။ ရုံးချုပ်က နေ့တိုင်း ကုန်ပစ္စည်း အရင်းအမြစ်နည်းနည်း ခွဲပေးနိုင်ရင် ရပါပြီ။ ဒါပေါ့... ကုန်ကျစရိတ် တိုးလာမယ်၊ အမြတ်အစွန်း နည်းသွားမယ်၊ အမြတ်မရတာတောင် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ နိုင်ငံခြား အပန်းဖြေစခန်းက ကုန်ပစ္စည်း အရင်းအမြစ် ထွက်လာတဲ့အထိ တောင့်ခံထားနိုင်ရင် ရပါပြီ။ ဒီလိုဆိုရင် အလယ်အလတ် ဈေးကွက်ကို စွန့်လွှတ်စရာ မလိုတော့ဘူး၊ ပြောင်းပြန် အနေနဲ့ ပိုကြီးမားတဲ့ အမှတ်တံဆိပ် အကျိုးသက်ရောက်မှု ရရှိနိုင်တယ်၊ ဟွမ်လင်းအုပ်စုကတော့ မျက်လုံးပြူးပြီး ကြည့်နေရုံပဲ ရှိတော့မှာ"

"ဟားဟား..." ရှောင်လင်းယွီ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဘရူးစ်... ကျွန်မ သဘောပေါက်ပြီ။ ရှင်က ဟွမ်လင်းအုပ်စု ကောင်းစားမှာကို လုံးဝ မလိုလားဘူးပဲ"

တကယ်လို့ Green Freshအုပ်စုက အလယ်အလတ် ဈေးကွက်ကို ခဏ စွန့်လွှတ်လိုက်ရင် အလယ်အလတ် ဈေးကွက် ဝေစုက သေချာပေါက် ဟွမ်လင်းအုပ်စု လက်ထဲ ပြန်ရောက်သွားမှာ။

ဘာပဲပြောပြော အလယ်အလတ် ဈေးကွက်က ဖောက်သည် အများစုကလည်း ပိုက်ဆံရှိ၊ အာဏာရှိတဲ့ သူတွေပဲလေ၊ မင်း စီးပွားရေး မလုပ်ရင် သူတို့က သဘာဝကျကျပဲ စီးပွားရေး လုပ်နေသေးတဲ့၊ နာမည်ကြီးတဲ့ ကုမ္ပဏီဘက်ကို ယိမ်းသွားကြမှာပေါ့။

ကြားထဲမှာ ဒီဖောက်သည်တွေ ထပ်မဆုံးရှုံးရအောင် ဘာနည်းလမ်းတွေ သုံးမလဲ ဆိုတာတော့ Green Freshအုပ်စု ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

ဘရူးစ်က ရှက်သလိုလို၊ လေးနက်သလိုလို ပြောလိုက်သည်။ "အစက ကျွန်တော်နဲ့ ဟွမ်လင်းအုပ်စုက ဘာမှ မပတ်သက်တော့ပါဘူး၊ ခင်ဗျားတို့ ဟွာရှ စကားလို ပြောရရင် ရေတွင်းရေနဲ့ မြစ်ရေ မရောနှောဘူးပေါ့။ ဒါပေမဲ့ ဟွမ်လင်းအုပ်စုက မိုက်ကယ်က အရမ်းယုတ်မာကောက်ကျစ်တယ်၊ ကျွန်တော့် မိသားစုနဲ့ ခြိမ်းခြောက်ချင်တယ်၊ ဒါကို ကျွန်တော် သည်းမခံနိုင်ဘူး။ ဒါကြောင့် အခု သူတို့ ကောင်းစားမှာကို လုံးဝ မကြည့်ရက်တော့ဘူး"

သူတို့ အလယ်အလတ် ဈေးကွက်ကို စွန့်လွှတ်လိုက်တာက အလယ်အလတ် ဈေးကွက် ဝေစု ဟွမ်လင်းအုပ်စု လက်ထဲ ပြန်ရောက်သွားနိုင်တယ် ဆိုတာကို ဆိုလိုတာ။

ဘရူးစ်က ဟွမ်လင်းအုပ်စုကို ဒီနေရာမှာ ပြန်အကျိုးမြတ် ရသွားမှာ လုံးဝ မလိုလားဘူး။

သူက အငြိုးအတေး ထားတတ်သူ မဟုတ်ပေမဲ့ မိုက်ကယ်ရဲ့ လုပ်ရပ်က သူ့သည်းခံနိုင်စွမ်းကို ကျော်လွန်သွားလို့ သူ လက်တုံ့ပြန်ဖို့ ရွေးချယ်လိုက်ရတာ။

ဟွမ်လင်းအုပ်စုကို ဖိနှိပ်မထားရင် သူနဲ့ မိသားစု F နိုင်ငံ ပြန်ရောက်ရင်လည်း အေးဆေးနေရဖို့ ခက်ခဲလိမ့်မယ်။ နောက်ပိုင်း ဘာပူပန်စရာမှ မရှိရအောင် အခု ဟွမ်လင်းအုပ်စုကို ပူပန်စေရမှာပေါ့။

သူ ဘာမှ မမှားဘူးလို့ ခံစားရတယ်။

ရှောင်လင်းယွီက ဘရူးစ်ရဲ့ မျက်နှာထားကို ကြည့်ပြီး သူ့အတွေးကို ခန့်မှန်းမိတယ်၊ သူမ စဉ်းစားပြီး ပြောလိုက်သည်။ "ဒါဆိုရင် အထက်တန်း စီမံခန့်ခွဲမှု အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ကြတာပေါ့"

ဘရူးစ် မကန့်ကွက်ဘဲ ခေါင်းညိတ် ပြောလိုက်သည်။ "ဟုတ်ကဲ့"

"အင်း... ဒါဆို ရှင်နဲ့ ရှင့်အဖွဲ့က သက်ဆိုင်ရာ အကဲဖြတ် အစီရင်ခံစာ တစ်စောင် လုပ်ပေးပါ" ရှောင်လင်းယွီ ထပ်ပြောလိုက်သည်။ "တစ်ချိန်တည်းမှာပဲ ရုံးချုပ်က ဈေးကွက် ရှာဖွေရေး ဌာနကိုလည်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တစ်စောင် လုပ်ခိုင်းလိုက်မယ်"

"ဟုတ်ကဲ့... ကျွန်တော် သိပါပြီ" ဘရူးစ် ခေါင်းညိတ်လိုက်သည်။

…..

ညဘက်ရောက်တော့ ရှောင်လင်းယွီက ဘရူးစ်နဲ့ ပြောခဲ့တဲ့ အကြောင်းအရာတွေကို ကုန်းထျန်းဟောက်ကို ပြောပြလိုက်တယ်။

ကုန်းထျန်းဟောက် ကြားလိုက်ရတော့ ပြောလိုက်သည်။ "ကိုယ်လည်း ဘရူးစ်ရဲ့ အစီအစဉ်က မဆိုးဘူးလို့ ထင်တယ်။ ကိုယ်တို့ အလယ်အလတ်ဈေးကွက် တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ထားပြီးမှတော့ ဆက်လက် ထိန်းသိမ်းထားသင့်တယ်၊ ဟွမ်လင်းအုပ်စုကို အလကား ပေးမလိုက်သင့်ဘူး။ စီးပွားရေး ရောင်းချမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘရူးစ်တို့ကို တိုက်ရိုက် လွှဲပေးလိုက်ရင် ရပြီ။ သူတို့က ဒီလုပ်ငန်းခွင်မှာ လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ကိုယ်ပိုင် ရောင်းချမှု ဖြေရှင်းနည်းတွေ ရှိမှာ သေချာတယ်"

ရှောင်လင်းယွီက ပြောသည်။ "ကျွန်မလည်း အဲဒီလို ရည်ရွယ်ထားတာ။ နိုင်ငံခြား ဈေးကွက်မှာ နေရာလွတ်တွေ အများကြီး ရှိတယ်၊ ကျွန်မလည်း အပန်းဖြေစခန်းတွေ ဝယ်ဖို့ ပြင်ဆင်နေတာ၊ အလယ်အလတ် ဈေးကွက် ကုန်ပစ္စည်း အရင်းအမြစ်ကို ဒေသတွင်းမှာပဲ စိုက်ပျိုးထုတ်လုပ်ရင် ကုန်ကျစရိတ် အများကြီး လျော့ကျသွားမယ်၊ ပြီးတော့ နိုင်ငံခြား ရုံးခွဲတွေရဲ့ ကုန်ပစ္စည်း အရင်းအမြစ် ပမာဏလည်း အများကြီး တိုးလာမယ်"

"အင်း... အပန်းဖြေစခန်း ဝယ်တဲ့ ကိစ္စကိုတော့ ကိုယ့်ကို တိုက်ရိုက် လွှဲပေးလိုက်ပါ" ကုန်းထျန်းဟောက် ပြောလိုက်သည်။

"ကောင်းပြီ" ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "တကယ်တော့ ရှင် မပြောရင်တောင် ကျွန်မ ရှင့်ကို လွှဲပေးမလို့ပါ"

ကုန်းထျန်းဟောက်က နိုင်ငံခြားမှာ အဆက်အသွယ် များတယ်၊ သင့်တော်တဲ့ အပန်းဖြေစခန်း ရှာဖို့က ပိုလွယ်ကူတယ်။

ကုန်းထျန်းဟောက် ရယ်မောရုံသာ ရယ်မောလိုက်သည်။

နှစ်ယောက်သား စီးပွားရေး အကြောင်း ဆွေးနွေးပြီးနောက် ရှောင်လင်းယွီက လျန်ဖျောင့်ရွှယ်နဲ့ လျန်မိသားစု အကြောင်း တွေးမိသွားတယ်။

ရှောင်လင်းယွီ မေးလိုက်သည်။ "ထျန်းဟောက်... အခု လျန်မိသားစုက ဘယ်လို သဘောထား ရှိလဲ"

ကုန်းထျန်းဟောက်က သရော်သလို ပြောလိုက်သည်။ "ဟဟ... လျန်မိသားစု သခင်မလေးက တန်ဖိုးရှိတယ်လေ၊ မင်းကို တောင်းပန်တာက သူတို့ရဲ့ ရတနာ သမီးလေးကို စော်ကားသလို ဖြစ်နေမှာမို့လို့ သခင်ကြီးလျန်က လျန်အုပ်စု ဒေဝါလီခံရရင်တောင် သူ့ရဲ့ အဖိုးတန်မြေးမလေးကို ငါတို့ရှေ့ လာပြီး အစော်ကားမခံစေချင်ဘူးတဲ့"

ရှောင်လင်းယွီ ကြားလိုက်ရတော့ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

ဒီသခင်ကြီးလျန်က နည်းနည်း စိတ်မရှင်းမလင်းဖြစ်နေသလိုပဲ။

အရင်တုန်းက ဒီသခင်ကြီးလျန်ကို တွေ့တုန်းက အကြောင်းအကျိုး သိတတ်တဲ့ပုံ ပေါက်နေတာပဲ။

ရှောင်လင်းယွီ ရယ်မောရင်း ပြောလိုက်သည်။ "ကြည့်ရတာ ဒီလျန်ဖျောင့်ရွှယ်က လျန်မိသားစုရဲ့ ရတနာ တကယ် ဖြစ်ပုံရတယ်"

ကုန်းထျန်းဟောက် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ဟွန့်... လျန်ဖျောင့်ရွှယ်က လျန်မိသားစုရဲ့ ရတနာ ဆိုရင် ငါ့မိန်းမကလည်း ငါ ကုန်းထျန်းဟောက်ရဲ့ ရတနာ၊ ကုန်းမိသားစုရဲ့ ရတနာပဲ၊ ဘာကိစ္စ လျန်ဖျောင့်ရွှယ်ရဲ့ စွပ်စွဲ စော်ကားတာကို ခံရမှာလဲ"

ရှောင်လင်းယွီ မျက်နှာ ရဲသွားပြီး ရှက်ရွံ့သွားပေမဲ့ ရင်ထဲမှာတော့ အရမ်း ချိုမြိန်နေတယ်။

"သူတို့က လျန်အုပ်စု ဒေဝါလီခံရတာ ကိစ္စမရှိဘူးလို့ ထင်နေမှတော့ တကယ် ကိစ္စမရှိဘူးလား ဆိုတာ ကျွန်မ ကြည့်ချင်တယ်"

ကုန်းထျန်းဟောက် အထင်အမြင်သေးစွာ ပြောလိုက်သည်။ "ဟ... လျန်မိသားစု... လျန်အုပ်စု မရှိရင် အောက်ဆုံးတန်း မိသားစုတောင် မဟုတ်တော့ဘူး။ အထက်တန်းလွှာ လူနေမှုဘဝ၊ စည်းစိမ်ချမ်းသာတွေကို ခံစားနေကျ လူတွေက အရင်တုန်းက အထင်သေးခဲ့တဲ့ လူတွေကို တွေ့ရင် ခေါင်းငုံ့အရိုအသေပေးရမယ့် အောက်တန်းကျတဲ့ ဘဝမျိုးကို သွားနေရမယ်ဆိုရင် သေချာပေါက် လိုလားမှာ မဟုတ်ဘူး။

အခု လျန်မိသားစုက သခင်ကြီးလျန်ရဲ့ ခေါင်းမာမှုကြောင့်၊ ပြီးတော့ လျန်မိသားစု ဘဝက သိပ်မထိခိုက်သေးလို့ သခင်ကြီးလျန် လျန်ဖျောင့်ရွှယ်ကို ကာကွယ်ပေးနေတာကို သိပ်အရေးမထားကြသေးဘူး။

တကယ်လို့ ဒီအခြေအနေက ဆက်သွားပြီး လျန်မိသားစု လူတိုင်းရဲ့ အကျိုးစီးပွားကို လုံးဝ ထိခိုက်လာပြီ ဆိုရင် ဟဟ... အဲဒီကျရင် ကြည့်ကောင်းတော့မှာ။ ဘာပဲပြောပြော လျန်မိသားစုမှာ လျန်ဖျောင့်ရွှယ် ဆိုတဲ့ မြေးမလေး တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး၊ လျန်စစ်ချန် ဆိုတဲ့ သားတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး"

ဤနေရာသို့ ရောက်သောအခါ ကုန်းထျန်းဟောက် ထပ်မံ အေးစက်စွာ ရယ်မောလိုက်သည်။ "ဟဟ... သည်းခံနိုင်စွမ်း ယှဉ်ပြိုင်မယ် ဆိုရင် ဘယ်သူက ဘယ်သူ့ကို နိုင်မလဲ ကြည့်ကြတာပေါ့"

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ လုပ်ရပ်အပေါ် ဘာကန့်ကွက်ချက်မှ မရှိပါဘူး။

လျန်ဖျောင့်ရွှယ်က အရူးလို သူမကို အမြဲ ဆွဲကိုင်ထားတာ၊ အခု လျန်မိသားစုကလည်း ပြဿနာ မရှိဘူး ထင်နေတာ၊ ဒါက တစ်ယောက်တည်း ပြဿနာ မဟုတ်တော့ဘူး၊ မိသားစု တစ်ခုလုံးရဲ့ ပြဿနာ ဖြစ်နေပြီ။

တကယ်လို့ သူမ ရှောင်လင်းယွီ တစ်ယောက်တည်း ဆိုရင် လျန်မိသားစုကို မယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ ဟွန့်... ဟွန့်... သူမမှာလည်း နောက်ခံ ရှိတယ်လေ၊ သူတို့ လျန်မိသားစုကို မကြောက်ပါဘူး။

ရှောင်လင်းယွီ တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။ "ထျန်းဟောက်... ကျွန်မတို့ အရင်တုန်းက လျန်ဖျောင့်ရွှယ်ရဲ့ ကံကြမ္မာကို ခန့်မှန်းခဲ့တာ မှတ်မိလား"

ကုန်းထျန်းဟောက် ချက်ချင်း တုံ့ပြန်လိုက်သည်။ "ယွီအာ... မင်း ဆိုလိုတာက လျန်ဖျောင့်ရွှယ်ကလည်း ပြန်လည်မွေးဖွားလာတဲ့သူပေါ့"

"ဟုတ်တယ်" ရှောင်လင်းယွီ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ် လက်ထဲက ကိုယ်ဖျောက်လို့ရတဲ့ အနီရောင် ကြိုးစလေးကို ကျွန်မ ပြန်သိမ်းယူလိုက်ပြီ ဆိုပေမဲ့။ သူက ပြန်လည်မွေးဖွားလာတဲ့သူပဲလေ။ သူ ဘယ်အချိန်က ပြန်လည်မွေးဖွားလာလဲ မသိပေမဲ့ သူ့မှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိမှာ သေချာတယ်။ ထျန်းဟောက်... မှတ်မိလား၊ အရင်တုန်းက ပိုင်ရှန်းရှန်းကို ခေါ်သွားတဲ့ လူတွေကို။ ပြီးတော့ နှစ်လကြာတော့ ဝမ်ကျင်းကျင်း အတုက ကျွန်မတို့ရှေ့ ပေါ်လာတယ်။"

"ဒါကြောင့် ယွီအာ... မင်း သံသယ ဖြစ်နေတာက..." ကုန်းထျန်းဟောက် မေးလိုက်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "အင်း... ကျွန်မ အခု သံသယ ဖြစ်နေတာက လျန်ဖျောင့်ရွှယ်က ရှင်နဲ့ ဝမ်ကျင်းကျင်း ဆက်ဆံရေးကို သိလို့ တမင် ဝမ်ကျင်းကျင်းကို ချဉ်းကပ်ခဲ့တာ၊ ရည်ရွယ်ချက်က တစ်နေ့ကျရင် အသုံးချဖို့ပဲ။ ရှင် ကြည့်လိုက်... လက်ရှိ ဖြစ်ပျက်နေတာတွေ၊ ဝမ်ကျင်းကျင်း အတု ဖြစ်ဖြစ်၊ ဝမ်ကျင်းကျင်း အစစ် ဖြစ်ဖြစ် အားလုံးက လျန်ဖျောင့်ရွှယ် အသုံးချခံနေရတာပဲ"

တကယ်ပဲ ပြန်လည်မွေးဖွားလာတဲ့သူက ပြန်လည်မွေးဖွားလာတဲ့သူကို အသိဆုံးပဲ။

အရင်တုန်းက သူတို့က ပြန်ပေးဆွဲခံရပြီး အသတ်ခံရတဲ့ အမှုတစ်ခုကို စုံစမ်းတုန်းက ထုန်ထုန်နဲ့ ရှောင်လင်ရဲ့ စွမ်းရည်ကို အားကိုးပြီးမှ နောက်ကွယ်က ကြိုးကိုင်သူက လျန်ဖျောင့်ရွှယ် ဆိုတာ တွေ့ရှိခဲ့တာ၊ ဒါပေမဲ့ လျန်ဖျောင့်ရွှယ်က လျန်မိသားစု အင်အားကို အသုံးပြုခဲ့တာ မဟုတ်ဘူး ဆိုတာ မတွေ့ရှိခဲ့ဘူး။

"ဒါကြောင့် ကျွန်မ သံသယ ဖြစ်တာက လျန်ဖျောင့်ရွှယ်က လျန်မိသားစု အင်အားစု အပြင် သူကိုယ်တိုင် တည်ထောင်ထားတဲ့ အင်အားစုတစ်ခု ရှိသေးတယ်" ရှောင်လင်းယွီ သံသယဖြင့် ပြောလိုက်သည်။ "အဲဒါက သူ့ရဲ့ တကယ့် ဝှက်ဖဲ ဖြစ်နိုင်တယ်"

ကုန်းထျန်းဟောက် ရှောင်လင်းယွီရဲ့ ခန့်မှန်းချက်ကို နားထောင်ပြီး ခဏ တိတ်ဆိတ်နေကာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က ပြန်လည်မွေးဖွားလာတဲ့သူဆိုတာ သိကတည်းက ကိုယ် လျန်ဖျောင့်ရွှယ်ကို အမြဲ လူလွှတ် စောင့်ကြည့်ခိုင်းထားခဲ့တယ်၊ နိုင်ငံခြား အထိ လိုက်သွားခဲ့တယ်"

ရှောင်လင်းယွီ မေးလိုက်သည်။ "ဒါဆို ဘာတွေ့လဲ"

ကုန်းထျန်းဟောက် ပြောသည်။ "တွေ့တာ နည်းနည်း ရှိတယ်။ အဲဒီတုန်းက လျန်ဖျောင့်ရွှယ် ပြန်ကန်မှု ခံရပြီး ရုပ်ပျက်သွားတုန်းက ဆေးရုံကို ခိုးသွားပြီး ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ သိလိုက်ရတော့ လျန်မိသားစု တွေ့သွားမှာ စိုးလို့ အမြန် နိုင်ငံခြား ထွက်သွားခဲ့တယ်။”

ရှောင်လင်းယွီ တိတ်တိတ်လေး နားထောင်နေသည်။

"ကိုယ့်လူတွေ အစီရင်ခံတာတော့ သူမ Y နိုင်ငံ ရောက်တာနဲ့ အနက်ရောင် ဝတ်စုံဝတ် လူတချို့ လာကြိုတယ်တဲ့၊ ပြီးတော့ သူ့အပေါ် အရမ်း လေးစားကြတယ်တဲ့။ အဲဒီ အနက်ရောင် ဝတ်စုံဝတ် လူတွေက မာဖီးယား ဂိုဏ်းသားတွေနဲ့ တူသလိုလို၊ မတူသလိုလိုပဲ၊ ဒါပေမဲ့ သူတို့ အရမ်း နီးကပ်အောင် မကပ်ရဲဘူး၊ ခွဲခြားမရဘူး၊ ဒါပေမဲ့ အခြေအနေကို အစီရင်ခံထားတယ်"

ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်ပြီး ဆက်ပြောသည်။ "လျန်ဖျောင့်ရွှယ် Y နိုင်ငံ ရောက်တာနဲ့ ပထမဆုံး လုပ်တာက မိန်းမ ရှာတာပဲ"

"မိန်းမ ရှာတယ်..." ရှောင်လင်းယွီ နည်းနည်း အံ့သြသွားတယ်။ "သူ မိန်းမ ရှာတာ ဘာလုပ်ဖို့လဲ"

"သူ ရှာမယ့် မိန်းမက အသားအရေ အရမ်းကောင်းပြီး သူနဲ့ ကိုက်ညီတဲ့ သူမျိုး"

ရှောင်လင်းယွီ ချက်ချင်း သဘောပေါက်သွားတယ်။ "ဪ... ကျွန်မ မှတ်မိပြီ။ သူ့အသားအရေက ကျောက်ပေါက်မာရာတွေ ဖြစ်သွားတာလေ၊ ဒါကြောင့် သူက အသားအရေ လဲလှယ်ချင်တာလား"

"ဟုတ်တယ်... သူ အသားအရေ လဲလှယ်ချင်တာ" ကုန်းထျန်းဟောက် ပြောလိုက်သည်။ "ဒါကြောင့် ဒီတစ်ခေါက် သူ ပြန်လာတော့ ကိုယ်ပေါ်မှာ ဘာထူးခြားမှုမှ မရှိတာ၊ သူ ရုပ်ပျက်သွားခဲ့ဖူးတယ်၊ ထိပ်ပြောင်ပြီး ကျောက်ပေါက်မာရာတွေ ဖြစ်ခဲ့ဖူးတဲ့ ရုပ်ဆိုးမလေးဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး"

ဤနေရာသို့ ရောက်သောအခါ ကုန်းထျန်းဟောက် စဉ်းစားပြီး ဆက်ပြောသည်။ "ကိုယ် စောင့်ကြည့်ခိုင်းထားတဲ့ လူတွေက သူ့အင်အား ကြီးလွန်းလို့ အနားမကပ်ရဲကြဘူး၊ သူ ဘယ်နေရာမှာ အသားအရေ လဲလှယ်လဲ၊ ဘယ်လို လဲလှယ်လဲ ဆိုတာ မသိကြဘူး။ ဒါပေမဲ့ ကိုယ့်လူတွေက အရမ်း လျှို့ဝှက်တဲ့ နေရာတစ်ခုမှာ သွေးသံရဲရဲနဲ့ တစ်ကိုယ်လုံး အရေခွံခွာခံထားရတဲ့ မိန်းမအလောင်း တစ်လောင်း တွေ့ခဲ့တယ်၊ ပြီးတော့ မျက်နှာအမူအရာနဲ့ မျက်လုံးတွေကို စစ်ဆေးကြည့်တော့ သူက အရမ်း နာကျင်စွာ သေဆုံးခဲ့ရတာ"

ကြားလိုက်ရတော့ ရှောင်လင်းယွီ အံ့သြတုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။ "အဲဒီမိန်းမ... အဲဒီမိန်းမက အရှင်လတ်လတ် အရေခွံခွာခံလိုက်ရတာလား" ဒါ အရမ်း ရက်စက်လွန်းတယ်။

တကယ်လို့ လျန်ဖျောင့်ရွှယ် လုပ်တာ ဆိုရင် သူမက တကယ် ရက်စက်ကြမ်းကြုတ်ပြီး စိတ်နှလုံး ယုတ်မာတဲ့ မိန်းမတစ်ယောက်ပဲ။

"ဟုတ်တယ်" ကုန်းထျန်းဟောက် ပြန်ဖြေလိုက်သည်။ "ကြားတာတော့ အကောင်းဆုံး အသားအရေ အခြေအနေကို ထိန်းသိမ်းဖို့အတွက် လူအရှင်လတ်လတ်ကို ခွာယူမှ ရမယ်တဲ့"

ရှောင်လင်းယွီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပြောလိုက်သည်။ "တကယ်လို့ လျန်ဖျောင့်ရွှယ် ဆိုရင်တော့ ကျွန်မတို့ လုံးဝ အထင်သေးလို့ မရတော့ဘူး"

တကယ်လို့ သူမမှာ အကူအညီတွေ မရှိရင်၊ နေရာလွတ်နဲ့ သားမရှိရင် သူမ လျန်ဖျောင့်ရွှယ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

သူမက သွေးနဲ့၊ အသားနဲ့၊ ဆွေမျိုးသံယောဇဉ်တွေ ရှိတဲ့ လူတစ်ယောက်၊ လျန်ဖျောင့်ရွှယ်ကတော့ တစ်ကိုယ်ကောင်းဆန်၊ အေးစက်၊ ရက်စက်တဲ့ လူတစ်ယောက်၊ ဒီလိုလူမျိုးက ဘာလုပ်လုပ် စိတ်နှလုံး ယုတ်မာပြီး ဘာမှ ငဲ့ကွက်နေမှာ မဟုတ်ဘူး။

ကုန်းထျန်းဟောက်က ပြောသည်။ "အင်း... အရင်တုန်းက လျန်ဖျောင့်ရွှယ်က နတ်ဘုရားပစ္စည်း အနီရောင် ကြိုးစလေးကို အားကိုးတယ်၊ ပြီးတော့ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိတယ်၊ လျန်မိသားစုရဲ့ အင်အားကို အားကိုးတယ် ဆိုတော့ သူ့ကိုယ်ပိုင် အင်အားစု တစ်ခု တည်ထောင်ဖို့က ပြဿနာ သိပ်မရှိပါဘူး။ ဒါကြောင့် ကိုယ် အခု သူ့ရဲ့ အဲဒီ အင်အားစုကို ဖော်ထုတ်ခိုင်းရမယ်"

မဟုတ်ရင် လျန်ဖျောင့်ရွှယ်ရဲ့ ရှောင်လင်းယွီအပေါ် အကြောင်းရင်းမရှိ ရန်လိုမုန်းတီးမှုတွေနဲ့ ဆိုရင် သူ လုံးဝ စိတ်မချနိုင်ဘူး။

ရှောင်လင်းယွီ ကြားလိုက်ရတော့ ချက်ချင်း စိုးရိမ်တကြီး ပြောလိုက်သည်။ "ထျန်းဟောက်... ရန်သူက အမှောင်ထဲမှာ၊ ကျွန်မတို့က အလင်းထဲမှာ၊ ဒါ အရမ်း အန္တရာယ်များတယ်။" လျန်ဖျောင့်ရွှယ်ရဲ့ နည်းလမ်းတွေကို ကြားလိုက်တာနဲ့ အဲဒီ အင်အားစုကို သူတို့ လုံးဝ အထင်သေးလို့ မရဘူး ဆိုတာ သိသာတယ်။

"ဒီလိုလုပ်... ကျွန်မ ထုန်ထုန်ကို ရှင့်ဘေးနား လိုက်ခိုင်းလိုက်မယ်၊ ရမလား" ရှောင်လင်းယွီ လေသံထဲတွင် စိုးရိမ်ပူပန်မှုနှင့် တောင်းပန်မှုများ ပါဝင်နေသည်။

သူတို့ မိသားစု လေးယောက်ထဲမှာ ကုန်းထျန်းဟောက်က သာမန်လူ ဖြစ်နေတယ်။

သူမ ဘေးနားမှာ နေရာလွတ်နဲ့ ရှောင်လင် ရှိတယ်၊ ထုန်ထုန်က ကျင့်ကြံသူ၊ ကုန်းထျန်းဟောက် တစ်ယောက်တည်း ဘာအကာအကွယ်မှ မရှိဘူး။

ကုန်းထျန်းဟောက်က ချက်ချင်း နှစ်သိမ့်လိုက်သည်။ "ယွီအာ... မပူပါနဲ့။ တကယ်လို့ အရင်တုန်းက နတ်ဘုရားပစ္စည်း ရှိပြီး ကိုယ်ဖျောက်နိုင်တဲ့ လျန်ဖျောင့်ရွှယ် ဆိုရင် ကိုယ် နည်းနည်း စိုးရိမ်မိမှာ။ ဒါပေမဲ့ အခု သူက သာမန်လူ တစ်ယောက်ပဲလေ။ သူ့လက်ထဲမှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်း ရှိရင်တောင် စဉ်းစားကြည့်၊ သူ့ရဲ့ အင်အားစုက ကိုယ့်ထက် ကြီးမားနိုင်မလား။ မကြီးမားနိုင်ဘူး မဟုတ်လား"

တကယ်လို့ လျန်ဖျောင့်ရွှယ်ရဲ့ အင်အားစုက ကုန်းထျန်းဟောက်ထက် ကြီးမားရင် သူမ စောစောစီးစီး အိမ်တိုင်ရာရောက် ရန်ရှာပြီးပြီ၊ အခုလို အမှောင်ထဲကနေ မကောင်းကြံစည်နေမှာ မဟုတ်ဘူး။

"သူ့ရဲ့ အင်အားစုက ကိုယ့်ကို မယှဉ်နိုင်မှတော့ ကိုယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာ သေချာတာပေါ့" ကုန်းထျန်းဟောက်က ဆက်ပြောသည်။ "ဒါကြောင့် မင်း စိတ်မပူပါနဲ့၊ လျန်ဖျောင့်ရွှယ်က ကိုယ့်ကို ဒုက္ခပေးမှာ၊ ထိခိုက်အောင် လုပ်မှာကို။ တကယ်တော့ ကိုယ်က အခု သူ လာရှာမှာကို စောင့်နေတာ၊ ပြီးရင် သူ့လက်ထဲက အဲဒီ အင်အားစုကို ဖျက်ဆီးပစ်လိုက်မယ်"

ကုန်းထျန်းဟောက် ရှောင်လင်းယွီကို ဖုံးကွယ်မထားပါဘူး။

ကုန်းထျန်းဟောက် ဆက်ပြောသည်။ "တကယ်လို့ သားကို ကိုယ့်ဘေးနား လိုက်ခိုင်းရင် တော်ကြာ သားက ကိုယ် သတိမထားမိခင် တန်ခိုးစွမ်းအား သုံးလိုက်ရင် ဘယ်လိုလုပ်မလဲ။ သားလည်း ပြောထားတယ်၊ ဒီကမ္ဘာမှာ တန်ခိုးစွမ်းအားသုံးရင် ပြန်ကန်မှု ခံရလိမ့်မယ်တဲ့။ ကိုယ်နဲ့ မင်းက သာမန်လူတွေပဲလေ၊ သား ပြန်ကန်မှု ခံရတဲ့အချိန်ကျရင် သားကို ကူညီပေးနိုင်တဲ့ စွမ်းရည် ဘာရှိလို့လဲ။ မရှိဘူး မဟုတ်လား"

ရှောင်ရှင်းယွီ တိတ်ဆိတ်သွားပြီး ဘာမှ မပြောဘူး၊ နောက်တော့ သူမ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အင်း... ကျွန်မ သိပါပြီ။ လောင်ကုန်း... ရှင် သေချာပေါက် ဂရုစိုက်နော်"

ကုန်းထျန်းဟောက်က ပြောသည်။ "ယွီအာ... မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာ။ ကိုယ်တို့ ဆွေမျိုးသားချင်း အားလုံးနီးပါးက ထောင်ယွမ်ရွာမှာ ရှိနေတာ၊ ကိုယ် စိုးရိမ်တာက အဲဒီ လျန်ဖျောင့်ရွှယ်က ရုတ်တရက် သူတို့ကို လက်လွှတ်လိုက်မှာကိုပဲ"

ရှောင်လင်းယွီက ပြောသည်။ "ထျန်းဟောက်... ဒါကို စိတ်မပူနဲ့။ ထုန်ထုန်က အရင်တုန်းက လူတွေ လာရန်ရှာတုန်းက ထောင်ယွမ်ရွာကို လုံခြုံရေး အစီအမံတွေ လုပ်ထားပြီးပြီ၊ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့သူတွေ ထောင်ယွမ်ရွာကို လာဖို့ ခက်ခဲတယ်။

ထုန်ထုန် ကျွန်မကို တိတ်တိတ်လေး ပြောပြထားသေးတယ်၊ အိမ်ကလူတွေကို ကာကွယ်ဖို့အတွက် သူ နေရာလွတ်ထဲမှာ ကာကွယ်ရေးမန္တာန်တစ်ခု ရေးဆွဲထားတယ်၊ ပြီးတော့ စမ်းရေနဲ့ ရောစပ်ပြီး လူတိုင်းကို တိုက်ထားတယ်၊ ဘယ်သူမဆို အန္တရာယ်ကြုံရင် သူ အာရုံခံလို့ ရတယ်တဲ့"

ကုန်းထျန်းဟောက် ကြားလိုက်ရတော့ ရယ်မောပြီး ပြောလိုက်သည်။ "အင်း... နတ်ဘုရားရဲ့ စွမ်းရည်က တကယ် ကြီးမားတာပဲ" ဘယ်လောက် ခက်ခဲတဲ့ ပြဿနာ ဖြစ်ဖြစ် သူ့လက်ထဲ ရောက်ရင် လွယ်လွယ်လေး ဖြေရှင်းလို့ ရတယ်။ "ဒါဆို ထုန်ထုန် ပြန်ကန်မှု ခံရမယ့် အန္တရာယ် ရှိလား"

ရှောင်လင်းယွီက ပြောသည်။ "နေရာလွတ်ထဲမှာ ကာကွယ်ရေးမန္တာန်ရေးဆွဲတာက ကောင်းကင်ဘုံ ဥပဒေသကို ပိတ်ပင်ထားတယ်၊ စမ်းရေထဲ တိုက်ရိုက်ရောစပ်ထားတာဆိုတော့ ရှာတွေ့မှာ မဟုတ်ဘူး၊ အန္တရာယ် မရှိပါဘူး"

ကုန်းထျန်းဟောက် စိတ်အေးသွားပြီး ပြောလိုက်သည်။ "အင်း... ဒါဆိုရင် ကောင်းတာပေါ့"

ရှောင်လင်းယွီက ဆက်ပြောသည်။ "ထျန်းဟောက်... ကျွန်မ အမြဲ ခံစားနေရတာ လျန်ဖျောင့်ရွှယ် ကျွန်မကို ပစ်မှတ်ထားတာက ကျန်းထောင်နဲ့ ပတ်သက်တာ တစ်ခုတည်း မဟုတ်လောက်ဘူး"

ကုန်းထျန်းဟောက် မျက်နှာထား တည်ကြည်သွားပြီး ချက်ချင်း မေးလိုက်သည်။ "ယွီအာ... မင်း ဘာသံသယ ဖြစ်နေသေးလို့လဲ"

ရှောင်လင်းယွီက ပြောသည်။ "ကျွန်မ သံသယ ဖြစ်တာက လျန်ဖျောင့်ရွှယ် ကျောက်စိမ်းဆွဲပြား နေရာလွတ်ကို ရှာနေတာ။ သူ အခု ကျွန်မကို မရပ်မနား ပစ်မှတ်ထားနေတာ၊ ကျောက်စိမ်းဆွဲပြား နေရာလွတ်က ကျွန်မလက်ထဲ ရှိနေတယ် ဆိုတာ ခန့်မှန်းမိသွားပုံ ရတယ်! ကျွန်မ ရှောင်လင် ပြောတာ ကြားဖူးတယ်၊ အနီရောင် ကြိုးစလေးကို ပြန်ခေါ်ပြီးနောက် အနီရောင် ကြိုးစလေးရဲ့ မှတ်ဉာဏ်ထဲကနေ သိလိုက်ရတယ်၊ အနီရောင် ကြိုးစလေးက လျန်ဖျောင့်ရွှယ်ကို ပြောဖူးတယ်၊ ကျောက်စိမ်းဆွဲပြား တစ်ခု ရှာရမယ် ဆိုပြီးတော့လေ။

ပြန်လည်မွေးဖွားလာသူ ဖြစ်ပြီး နတ်ဘုရားပစ္စည်း ပိုင်ဆိုင်ဖူးတဲ့ လျန်ဖျောင့်ရွှယ်က အနီရောင် ကြိုးစလေး ပြောတဲ့ ကျောက်စိမ်းဆွဲပြားက သာမန် မဟုတ်ဘူး ဆိုတာ သေချာပေါက် ခန့်မှန်းမိမှာပါ။

ကျွန်မ ထင်တာတော့ သူ ကျွန်မကို သံသယဖြစ်ပြီး ပစ်မှတ်ထားတာက အရင်ဘဝတုန်းက တစ်ခုခု ဖြစ်ပျက်ခဲ့လို့၊ ဒီကိစ္စကို သူ သိသွားလို့နေမှာ"

ကုန်းထျန်းဟောက် တိတ်တိတ်လေး နားထောင်နေပြီးနောက် ပြောလိုက်သည်။ "အင်း... မင်း ပြောတာ အဓိပ္ပာယ် ရှိတယ်။ တကယ်လို့ ဒါ အမှန် ဆိုရင် မင်းရဲ့ အခြေအနေက ပိုအန္တရာယ် များသွားပြီ။ မဖြစ်ဘူး... ကြည့်ရတာ ကိုယ် မင်းဘေးနားမှာ အမြဲ ကာကွယ်ပေးမှ စိတ်ချရတော့မယ်"

"..." ရှောင်လင်းယွီက ပြောသည်။ "ထျန်းဟောက်... မပူပါနဲ့၊ ကျွန်မဘေးနားမှာ သားရှိတယ်၊ ရှောင်လင်လည်း ရှိသေးတယ်လေ။ တကယ်လို့ အန္တရာယ် ကြုံလာရင်၊ မနိုင်ရင် ကျွန်မ နေရာလွတ်ထဲ ဝင်ပုန်းလိုက်လို့ ရတာပဲ"

ကုန်းထျန်းဟောက် စဉ်းစားပြီး ပြောလိုက်သည်။ "ကောင်းပြီ... မင်း သေချာပေါက် မှတ်ထားနော်၊ မနိုင်ရင် ပုန်းလိုက်၊ ဒါ ရှက်စရာ မဟုတ်ဘူး"

"အင်း... ကျွန်မ သိပါတယ်" ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

သူမ အခု နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်နေပြီ၊ နေရာလွတ် ပေါက်ကြားသွားမှာ မကြောက်တော့ပါဘူး။

ရှောင်လင် ပြောဖူးတယ်၊ ဒီကမ္ဘာမှာ သူမရဲ့ ခန္ဓာကိုယ်ပဲ ကျောက်စိမ်းဆွဲပြား နေရာလွတ် ဖွင့်ဖို့ သင့်တော်တာ၊ တစ်ယောက်ယောက်က လုယူသွားရင်တောင်၊ သူမ သေသွားရင်တောင် ဒီကျောက်စိမ်းဆွဲပြား နေရာလွတ်ကို နောက်ထပ် ဘယ်သူမှ ဖွင့်နိုင်မှာ မဟုတ်ဘူး၊ သခင် မရှိတဲ့ အခြေအနေမှာ ရှောင်လင်က နောက်တစ်ကြိမ် အိပ်ပျော်သွားမှာ၊ ဘယ်သူမှ နှိုးလို့ရမှာ မဟုတ်ဘူး။

လျန်ဖျောင့်ရွှယ်က ကျောက်စိမ်းဆွဲပြား သူမလက်ထဲ ရှိတယ်လို့ ခန့်မှန်းမိပေမဲ့ သူမ ဒီကျောက်စိမ်းဆွဲပြားကို လုံးဝ အသုံးပြုလို့ မရဘူး ဆိုတာ မသိပါဘူး။

အနီရောင် ကြိုးစလေး ကိစ္စကတော့ ရှောင်လင်ရဲ့ အကူအညီနဲ့ လျန်ဖျောင့်ရွှယ်နဲ့ စာချုပ် ဖျက်သိမ်းပြီးပြီ၊ ကျောက်စိမ်းဆွဲပြားနဲ့ ပေါင်းစပ်သွားပြီ၊ အနီရောင် ကြိုးစလေးကိုလည်း အသုံးပြုလို့ မရတော့ပါဘူး။

ဆိုလိုတာက တကယ်တမ်းကျတော့ လျန်ဖျောင့်ရွှယ် လုပ်သမျှ အရာအားလုံးက အလကား ဖြစ်နေတာ။

…..

ရှောင်လင်းယွီ ကုန်းထျန်းဟောက်နဲ့ ဖုန်းပြောပြီးနောက် ထုန်ထုန်နဲ့ ရှောင်လင်ကို ရှာလိုက်တယ်၊ ပြီးတော့ ကိုယ့်အခန်းထဲ ပြန်ဝင်ပြီး ၃ ယောက်သား နေရာလွတ်ထဲ ဝင်သွားကြတယ်။

ထုန်ထုန် နေရာလွတ်ထဲ ဝင်တာနဲ့ မေးလိုက်သည်။ "မားမား... သားတို့ကို ရှာတာ တစ်ခုခု ဖြစ်လို့လား"

ရှောင်လင်းယွီက ပြောသည်။ "ထုန်ထုန်... ဟို လျန်ဖျောင့်ရွှယ်လေ၊ သိလား"

"သေချာပေါက် သိတာပေါ့" ရှောင်လဲ့ထုန် မားမားကို ကြည့်ပြီး မေးလိုက်သည်။ "ဒါ ဘာဖြစ်ပြန်ပြီလဲ"

ရှောင်လင်းယွီက လျန်ဖျောင့်ရွှယ်အပေါ် သူမ ခန့်မှန်းချက်တွေကို ရှောင်လဲ့ထုန်ကို ပြောပြလိုက်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ်က ပြန်လည်မွေးဖွားလာတဲ့သူ ဆိုတော့၊ ပြီးတော့ ငါ ပြန်လည်မွေးဖွားပြီးမှ ပြန်လည်မွေးဖွားလာတာဆိုတော့ လျန်ဖျောင့်ရွှယ်ရဲ့ အဲဒီဘဝမှာ သား ရှိနေလား"

ဒီမေးခွန်း မေးရင်းနဲ့ ရှောင်လင်းယွီ မသင့်တော်ဘူးလို့ ခံစားလိုက်ရပြီး ထပ်ဖြည့်စွက်လိုက်သည်။ "အဲ... ထုန်ထုန်၊ မားမား ဆိုလိုတာက သူ့ရဲ့ အဲဒီဘဝမှာ သားက တခြားကမ္ဘာကနေ ကူးပြောင်းလာတာလားလို့"

သူမ ရုတ်တရက် ခံစားလိုက်ရတာက သူမနဲ့ လျန်ဖျောင့်ရွှယ် ကိုယ်စီ ပြန်လည်မွေးဖွားလာတဲ့ ကမ္ဘာတွေက နည်းနည်း ရှုပ်ထွေးနေသလိုပဲ။

"မဟုတ်ဘူး" ထုန်ထုန် အလွန် သေချာစွာ ပြောလိုက်သည်။

ရှောင်လင်းယွီ ချက်ချင်း နားမလည်နိုင် ဖြစ်သွားပြီး မေးလိုက်သည်။ "ဟာ... ဒါ ဘာလဲ"

ထုန်ထုန်က ပြောသည်။ "မားမား... သားရဲ့ ဝိညာဉ်က မားမားရဲ့ အရင်ဘဝက ထုန်ထုန်ပဲ။ သားရဲ့ ဝိညာဉ်က တခြားကမ္ဘာကို တိုက်ရိုက်ကူးပြောင်းသွားခဲ့တာ။ ဒီတစ်ခေါက် ပြန်လာတာတောင် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာ။ နောက်ထပ် ကမ္ဘာနှစ်ခု ဆက်တိုက် ကူးပြောင်းဖို့ မဖြစ်နိုင်တော့ဘူး"

ရှောင်လင်းယွီ ကြားလိုက်ရတော့ ရင်ထဲ နည်းနည်း နာကျင်သွားပြီး ခက်ခဲစွာ မေးလိုက်သည်။ " ဒီလိုပြောတော့ လျန်ဖျောင့်ရွှယ်ရဲ့ အရင်ဘဝမှာ သား မရှိဘူးလို့ ဆိုလိုတာလား" ဒါ လုံးဝ မဖြစ်နိုင်ဘူး။

အခု လျန်ဖျောင့်ရွှယ်က သူမကို မရပ်မနား ပစ်မှတ်ထားနေတာ၊ သူမ ကုန်းထျန်းဟောက်နဲ့ အတူရှိနေတယ် ဆိုတာ ပြသနေတာ ဖြစ်နိုင်တယ်။ ဆိုလိုတာက သူမ ပြန်လည်မွေးဖွားလာတာ၊ ထုန်ထုန်က ရှိနေတာ သေချာတယ်။

ထုန်ထုန် အမြန် အဖြေပေးလိုက်တယ်၊ အလွန် လေးနက်စွာ ပြောလိုက်သည်။ "မားမား... အထင်လွဲနေပြီ။ သား ဆိုလိုတာက ထုန်ထုန် ရှိနေပါတယ်၊ ဒါပေမဲ့ အဲဒီ ထုန်ထုန်က မားမားရဲ့ မူလကမ္ဘာက ထုန်ထုန် အစစ်ပါ၊ တခြားကမ္ဘာကနေ ကူးပြောင်းလာတဲ့ ထုန်ထုန် မဟုတ်ပါဘူး"

ရှောင်လင်းယွီ နဖူးကို ပွတ်လိုက်ပြီး မတတ်သာသလို ပြောလိုက်သည်။ "ခေါင်းရှုပ်ကုန်ပြီ။ ထုန်ထုန် ဆိုတာ ထုန်ထုန်ပဲ မဟုတ်ဘူးလား။ အခု ထုန်ထုန် နှစ်ယောက် ကွဲထွက်လာပြန်ပြီ"

ရှောင်လဲ့ထုန် စဉ်းစားပြီး ပြောလိုက်သည်။ "မားမား... အရမ်း ရှုပ်မနေပါနဲ့။ တကယ်တော့ ဘယ်ထုန်ထုန်ပဲ ဖြစ်ဖြစ် မားမားရဲ့ အရင်ဘဝက ထုန်ထုန်ပါပဲ"

ရှောင်လဲ့ထုန်လည်း မထင်မှတ်ထားခဲ့ဘူး၊ တခြားကမ္ဘာက ကျင့်ကြံရေး လက်နက်တစ်ခု ဒီအချိန်ကာလကို ကျရောက်လာတာကြောင့် သူတို့ကြားက ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေခဲ့မယ် ဆိုတာကို။ ဒါပေမဲ့ ကံကောင်းတာက ဒီကမ္ဘာကြီး ပျက်စီးသွားတာ၊ ဖျက်ဆီးခံလိုက်ရတာမျိုး မရှိခဲ့ဘူး။

ရှောင်လင်းယွီ ပြုံးလိုက်ပြီး ထိုင်ချကာ ထုန်ထုန်ကို ဖက်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်... ဘယ်ထုန်ထုန်ပဲ ဖြစ်ဖြစ် မားမားရဲ့ ထုန်ထုန်၊ မားမားရဲ့ သားလေးပါပဲ"

တကယ်တော့ ရှောင်လင်းယွီ နည်းနည်းလောက် စဉ်းစားကြည့်လိုက်တော့ နားလည်သွားတယ်။

ဖြစ်နိုင်တာက လျန်ဖျောင့်ရွှယ်ရဲ့ အရင်ဘဝမှာ သူမလည်း သားလေး ထုန်ထုန်ကို မွေးဖွားခဲ့တယ်၊ ထျန်းဟောက်နဲ့လည်း လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ ထုန်ထုန်က မမွေးဖွားခင်ကတည်းက အရမ်း သန့်ရှင်းပြီး ဗလာဖြစ်နေတဲ့ ထုန်ထုန်၊ သူက အရင်ဘဝက မှတ်ဉာဏ်တွေ မရှိဘူး၊ တခြားကမ္ဘာကို ကူးပြောင်းခဲ့တဲ့ အတွေ့အကြုံတွေ မရှိဘူး၊ ဒီကမ္ဘာက သာမန် ကလေးလေး တစ်ယောက်ပါပဲ။

ဒီအချက်ကို နားလည်သွားတော့ ရှောင်လင်းယွီ ဘာမှ ရှုပ်ထွေးစရာ မရှိတော့ဘူး။

ရှောင်လဲ့ထုန် ရှောင်လင်းယွီ လွှတ်ပေးလိုက်တော့ သံသယဖြင့် မေးလိုက်သည်။ "မားမား... ဘာကိစ္စ ဖြစ်လို့ ဒီကိစ္စကို ရုတ်တရက်ကြီး ရှုပ်ထွေးနေရတာလဲ"

ရှောင်လင်းယွီက ပြောသည်။ "မားမား စဉ်းစားနေတာက လျန်ဖျောင့်ရွှယ်က သား နတ်ဘုရား ဖြစ်နေတာကို သိလားလို့။ ဒါပေမဲ့ အခု သားရှင်းပြတာ ကြားလိုက်ရတော့ မားမား နားလည်သွားပြီ၊ သူ လုံးဝ မသိဘူး ဆိုတာကို"

သူမ ယုံကြည်တယ်၊ တကယ်လို့ သိရင် လျန်ဖျောင့်ရွှယ်ကို သတ္တိဆယ်ဆပေးရင်တောင် နတ်ဘုရားနဲ့ ရန်သူ မလုပ်ရဲဘူး။

သာမန် လူသားတစ်ယောက်က နတ်ဘုရားနဲ့ တိုက်ရိုက် ရန်သူလုပ်တာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။

ဒါပေမဲ့ သိသာတာက လျန်ဖျောင့်ရွှယ်က သေမှာ မကြောက်တဲ့သူ မဟုတ်ပါဘူး။

ရှောင်လင်းယွီ တစ်ခုခုကို သတိရသွားပြီး ရှောင်လင်ကို မေးလိုက်သည်။ "ရှောင်လင်... သား ရှောင်ဟုန် (အနီရောင် ကြိုးစလေး) ကို မေးပေးလို့ ရမလား၊ လျန်ဖျောင့်ရွှယ် ပြန်လည်မွေးဖွားလာပြီးနောက် အင်အားစုတချို့ တည်ထောင်ခဲ့လား။ တကယ်လို့ ရှိရင် အခု အဲဒီ အင်အားစုတွေက ဘယ်မှာလဲ"

ရှောင်လင် ခေါင်းညိတ် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ"

ခဏကြာတော့ ရှောင်လင် လက်ဟန်တစ်ခု လုပ်လိုက်တယ်၊ အစိမ်းရောင် အလင်းတန်း တစ်ချက် လက်သွားပြီး သူတို့ရှေ့မှာ အနီရောင် ဝမ်းဗိုက်စည်း ဝတ်ထားတဲ့ ကလေးတစ်ယောက် ပေါ်လာတယ်။

အဲ... ဒီကလေးက သေချာပေါက် အနီရောင် ကြိုးစလေးပါပဲ။

ရှောင်လင်းယွီ အနီရောင် ဝမ်းဗိုက်စည်း ဝတ်ထားတဲ့ ဖြူဖြူဖတ်ဖတ် ကလေးလေးကို မြင်လိုက်ရတော့ အံ့သြဝမ်းသာစွာ ပွေ့ချီလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ဟားဟား... ရှောင်ဟုန်၊ မင်းကို ကြည့်ရတာ ပိုပို ချစ်စရာ ကောင်းလာတယ်၊ ဖြူဖြူဖတ်ဖတ်နဲ့။ လာ... သခင်မလေးကို တစ်ချက်လောက် နမ်းခွင့်ပေး"

ရှောင်လဲ့ထုန်နဲ့ ရှောင်လင် မြင်လိုက်ရတော့ သတိပေးခေါင်းလောင်းသံ မြည်သွားတယ်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချက်ချင်း သဘောပေါက်လိုက်တယ်၊ သူတို့ မားမားရှေ့မှာ အချစ်လျော့သွားပြီလား ဆိုတာကို။

ရှောင်လဲ့ထုန် ရှောင်ဟုန်ကို စောင်းကြည့်လိုက်တယ်၊ မျက်လုံးထဲမှာ အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားတယ်၊ ပြီးတော့ ရယ်မောကာ ပြောလိုက်သည်။ "မားမား... မေးစရာ ရှိရင် မြန်မြန် မေးလိုက်ပါဦး။ လျန်ဖျောင့်ရွှယ်ကြောင့် ရှောင်ဟုန် အခု အရမ်း အားနည်းနေတယ်၊ အနားယူဖို့ လိုအပ်နေတယ်"

ဒီစကား ပြောတုန်း ရှောင်လဲ့ထုန် ရှောင်လင်ကို မျက်ရိပ်ပြလိုက်တယ်။

ရှောင်လင် ချက်ချင်း နားလည်သွားပြီး ပြောလိုက်သည်။ "ဟုတ်တယ် မားမား... ရှောင်ဟုန် အခု အားနည်းနေတယ်၊ ဒီမှာ သေချာ ငြိမ်ငြိမ်သက်သက် အနားယူပြီး ကျင့်ကြံမှ ဖြစ်မယ်။ အခု မေးစရာ ရှိရင် သေချာ မေးလိုက်ပါ၊ မဟုတ်ရင် သူ ပြန်အိပ်ပျော်သွားရင် နှိုးလို့မရဘဲ နေဦးမယ်"

ပွေ့ချီခံထားရတဲ့ ရှောင်ဟုန်က ရှောင်လင်းယွီကို တွေ့ရတော့ ဝမ်းသာနေတာ၊ သူ ရှောင်လင်းယွီရဲ့ ပွေ့ဖက်မှုကို သဘောကျတယ်။

ဒါပေမဲ့ အစ်ကိုကြီးနှစ်ယောက်ရဲ့ သတိပေးမှုကို ရလိုက်တော့ ချက်ချင်း တုန်လှုပ်သွားပြီး အမြန် ပြောလိုက်သည်။ "ဟုတ်ပါတယ် မားမား... သား အခု အရမ်း အိပ်ချင်နေတယ်၊ မေးစရာ ရှိရင် တိုက်ရိုက် မေးလိုက်ပါ၊ သား သိတာ အကုန် ပြောပြပါ့မယ်"

ရှောင်လင်းယွီ ချက်ချင်း မေးလိုက်သည်။ "ရှောင်ဟုန်... သားက လျန်ဖျောင့်ရွှယ်ကို ရွေးချယ်ခဲ့မှတော့ ငါ မင်းကို မေးမယ်၊ လျန်ဖျောင့်ရွှယ်က အင်အားစု ဘာတွေ တည်ထောင်ခဲ့လဲ၊ အဲဒီ တည်ထောင်ထားတဲ့ အင်အားစုတွေက ဘယ်မှာလဲ"

ရှောင်ဟုန် ရုတ်တရက် သမ်းဝေပြီး ပါးစပ်ဟကာ ပြောလိုက်သည်။ "အဲဒီမိန်းမ ပြန်လည်မွေးဖွားလာတာက သား ဝိညာဉ်စွမ်းအား အကုန်သုံးပြီး သူ့ကို တစ်ခေါက် ပြန်လည်မွေးဖွားခွင့် ပေးခဲ့လို့ပါ။ ဒါပေမဲ့ သူ ပြန်လည်မွေးဖွားလာပြီးနောက် သား အားနည်းလွန်းလို့ အိပ်ပျော်သွားခဲ့တယ်။

ဒါပေမဲ့ သား နိုးလာတဲ့ အခါကျတော့ သူ့ကို ပြောလိုက်တယ်၊ သား သူမကို ပြန်လည်မွေးဖွားခွင့် ပေးခဲ့တာ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေနဲ့ ကိုက်ညီလို့ပါလို့။ ဒါပေမဲ့ သားက သားရဲ့ အဓိက ဆွဲပြား ကျောက်စိမ်းဆွဲပြားကို ရှာချင်တယ်၊ ဒါကြောင့် သူ့ကို ရှာခိုင်းတာ၊ ရှာတွေ့ရင် သားကို နှိုးလိုက်လို့ ပြောခဲ့တယ်"

ရှောင်လင်းယွီနှင့် အဖွဲ့ "..." ဒီကလေးက တကယ်ပဲ ရိုးအပြီး ကလေးဆန်လွန်းတယ်။

ဒီလို လွယ်လွယ်ကူကူနဲ့ သူမရဲ့ ကျောက်စိမ်းဆွဲပြား နေရာလွတ်ကို ဖွင့်ပြောလိုက်တာ၊ ဘယ်သူက ဒီကျောက်စိမ်းဆွဲပြား နေရာလွတ်ကို ရသွားမလဲ ဆိုတာ မကြောက်ဘူးလား၊ လျန်ဖျောင့်ရွှယ် သိသွားရင် လုယူပြီး ဒုက္ခပေးမှာ မကြောက်ဘူးလား။ သိထားရမှာက လူ့စိတ် ဆိုတာ မူလကတည်းက လောဘကြီးတာ။

ဒါပေမဲ့ သိသာတာက လျန်ဖျောင့်ရွှယ် တကယ်ပဲ ဒီလို လုပ်ခဲ့တယ်။

"ဒါပေမဲ့ သား အိပ်ပျော်နေတုန်း သခင်၊ အဲ... လျန်ဖျောင့်ရွှယ် အန္တရာယ် ရှိနေတာ ခံစားမိလို့ အတင်း နှိုးပြီး ကိုယ်ဖျောက်ကာ လူကို ကယ်ထုတ်ခဲ့ရတယ်။

အဲဒီတစ်ခါတည်းနဲ့ သူမ သားမှာ ကိုယ်ဖျောက်နိုင်တဲ့ စွမ်းရည်ရှိမှန်း သိသွားတယ်၊ သူမ အသက်အန္တရာယ် ကြုံလာရင် ထွက်ပြေးလွတ်မြောက်နိုင်အောင် သင်ပေးပါလို့ တောင်းဆိုခဲ့တယ်။

သား အဲဒီတုန်းက ဘာမှ သိပ်မစဉ်းစားမိဘူး၊ သားက သူ့ကို သခင်အဖြစ် ရွေးချယ်လိုက်ပြီ ဆိုတော့ သေချာပေါက် သူ့ကို ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လို့ ထင်ခဲ့တာ။ ပြီးတော့ သားက အချိန်အများစု အိပ်ပျော်နေတာ၊ နောက်တစ်ခါ သူ့ကို အချိန်မီ မကယ်နိုင်ဘဲ နေမှာ စိုးရိမ်တယ်။ သူ့ သေသွားရင် သား အစ်ကိုလင်ကို ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး။

ဒါကြောင့် သား သူ့ကို ကိုယ်ဖျောက်သိုင်း သင်ပေးလိုက်တယ်။ အဲဒီတုန်းက သား သူ့ကို ပြောခဲ့တယ်၊ ကိုယ်ဖျောက်သိုင်း သုံးတာက အသက်ကယ်ဖို့အတွက်ပဲ သုံးရမယ်၊ သူများကို ဒုက္ခပေးဖို့ မသုံးရဘူးလို့။ သူလည်း ကောင်းကောင်း ကတိပေးခဲ့တယ်။ နောက်တော့ သား ပြန်အိပ်ပျော်သွားတယ်။ နောက်တစ်ခါ အတင်း နှိုးခံရတဲ့ အခါကျတော့ သိလိုက်ရတယ်၊ သူက ကိုယ်ဖျောက်သိုင်း သုံးပြီး လူကို ဒုက္ခပေးခဲ့လို့ တန်ခိုးစွမ်းအား ပြန်ကန်မှု ခံစားနေရတယ်၊ သားကို ကယ်ခိုင်းနေတယ်တဲ့။

သားက သူမကို ရှင်းရှင်းလင်းလင်း သတိပေးခဲ့တာ၊ ဒီကိုယ်ဖျောက်သိုင်းက အသက်ကယ်ဖို့အတွက်ပဲ သုံးရမယ်၊ သူများကို ဒုက္ခပေးဖို့ မသုံးရဘူးလို့။ ဒါပေမဲ့ သူက တမင် နားမထောင်ဘဲ ကိုယ်ဖျောက်သိုင်း သုံးပြီး လူကို ဒုက္ခပေးတယ်၊ ပြီးတော့ သားကို ကယ်ခိုင်းနေသေးတယ်။ သူ ပြန်ကန်မှု ခံစားရတာ၊ သားက သူနဲ့ သခင်-ကျွန် စာချုပ် ချုပ်ထားတော့ သား ခံစားရတဲ့ ပြန်ကန်မှုက ပိုကြီးမားတယ်။

သား အရမ်း ဒေါသထွက်ပြီး သူ့ကို ဂရုမစိုက်ချင်တော့ဘူး၊ သူမကို ဆဲဆိုပြီးနောက် သား တိုက်ရိုက် ပြန်အိပ်ပျော်သွားတယ်၊ နောက်တော့ အစ်ကိုလင်၊ ခင်ဗျားတို့ သားကို ပြန်ရှာတွေ့သွားတာ"

ရှောင်လင်းယွီနှင့် အဖွဲ့ "..."

သူတို့ အခု နားလည်သွားပြီ၊ ဒီအနီရောင် ကြိုးစလေးက လျန်ဖျောင့်ရွှယ် ပြန်ရောက်လာအောင် လုပ်ပေးပြီးကတည်းက အိပ်ပျော်လိုက်တာကလွဲရင် အိပ်ပျော်နေတာပဲ၊ နိုးလာတဲ့ အချိန်က နည်းနည်းလေးပဲ ရှိတယ်၊ နိုးလာတာကလည်း လျန်ဖျောင့်ရွှယ်ကို ကယ်ဖို့အတွက် အတင်း နှိုးခံရတာ။

ရှောင်လဲ့ထုန် ပြောစရာ မရှိသလို မေးလိုက်သည်။ "ဆိုတော့... ဒီလောက် အကြာကြီး ပြောနေတာ၊ မင်းသခင်ဟောင်း လျန်ဖျောင့်ရွှယ်က ဘာအင်အားစုတွေ တည်ထောင်ထားလဲ၊ ဘယ်မှာလဲဆိုတာ မင်း မသိဘူးပေါ့"

ရှောင်ဟုန်ရဲ့ ဖြူဖွေးတဲ့ မျက်နှာလေး ရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "အင်း... သား တကယ် မသိဘူး"

ရှောင်လင်ကတော့ စိတ်လောနေပြီ၊ သူ သံသယဖြင့် မေးလိုက်သည်။ "မင်း ဘယ်လိုလုပ် မသိရတာလဲ။ မင်းတို့က သခင်-ကျွန် ဆက်ဆံရေး မဟုတ်ဘူးလား။ လျန်ဖျောင့်ရွှယ် ဘာလုပ်လဲ မင်း သိသင့်တာပေါ့"

ရှောင်ဟုန် ခေါင်းခါပြီး ရှင်းပြလိုက်သည်။ "ဒါပေမဲ့ အစ်ကိုလင်... အရင်တုန်းက ကျွန်တော် လျန်ဖျောင့်ရွှယ်နဲ့ စာချုပ်ချုပ်တုန်းက သူက သခင်၊ ကျွန်တော်က ကျွန်လေ၊ သူ ကျွန်တော့်ကို မသိစေချင်တဲ့ ကိစ္စတွေကို ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ။ ပြီးတော့ ကျွန်တော်က အချိန်အများစု အိပ်ပျော်နေတာ၊ သူက ကျွန်တော့်ကို နှိုးပြီး သူ့ကိစ္စတွေကို တိုက်ရိုက် ပြောပြဖို့ မဖြစ်နိုင်ဘူးလေ"

ရှောင်လင်းယွီနှင့် အဖွဲ့ "..." ဒါ တကယ် ဟုတ်တာပဲ။

ရှောင်ထုန်ထုန် ထပ်မေးလိုက်သည်။ "ဒါဆို လျန်ဖျောင့်ရွှယ် ကိစ္စတွေကို မင်း တစ်ခုမှ မသိဘူးပေါ့"

ရှောင်ဟုန် ခေါင်းညိတ် ပြောလိုက်သည်။ "မသိဘူး"

သူ့ဝိညာဉ်စွမ်းအားက အစ်ကိုလင်လောက် မပြည့်ဝဘူး၊ တန်ခိုးစွမ်းအားကလည်း နည်းနည်းလေးပဲ ရှိတာ၊ သေချာပေါက် အစ်ကိုလင်လောက် မစွမ်းဆောင်နိုင်ဘူးပေါ့။

ရှောင်လင် စိတ်ဆိုးသလို ပြောလိုက်သည်။ "မင်း... မင်း ဘယ်လိုလုပ် မသိရတာလဲ"

ရှောင်လင်းယွီ ကြည့်ပြီး ချက်ချင်း ပြောလိုက်သည်။ "ရှောင်လင်... စိတ်မဆိုးပါနဲ့။ ဒါ ရှောင်ဟုန် အပြစ် မဟုတ်ပါဘူး၊ ရှောင်ဟုန်က အမြဲ အိပ်ပျော်နေတာ၊ လျန်ဖျောင့်ရွှယ်က သခင်၊ သူက ကျွန် ဆိုတော့ သူ လျန်ဖျောင့်ရွှယ်ကို ထိန်းချုပ်လို့ မရဘူးလေ"

"ရှောင်ဟုန်... မင်း ထပ်အိပ်ချင်နေပြီလား" ရှောင်လင်းယွီက သမ်းဝေပြီး မျက်လုံးပွတ်နေတဲ့ အနီရောင် ကြိုးစလေးကို မေးလိုက်သည်။

"အင်း..." အနီရောင် ကြိုးစလေးက မျက်လုံးမှိတ်ပြီး ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... မင်း အိပ်ချင် အိပ်တော့၊ အားအင် ပြည့်အောင် မွေးထား" ရှောင်လင်းယွီ သူ့ခေါင်းလေးကို ပုတ်ပေးပြီးနောက် ရှောင်လင်ကို မှာကြားလိုက်သည်။ "ရှောင်လင်... ရှောင်ဟုန်ကို အိပ်ခိုင်းလိုက်တော့"

ရှောင်လင်က အနီရောင် ကြိုးစလေး ဆက်နေလည်း အသုံးမဝင်တော့ဘူး ဆိုတာ သိလို့ ခေါင်းညိတ်လိုက်တယ်၊ လက်ဟန်တစ်ခု လုပ်လိုက်တော့ အစိမ်းရောင် အလင်းတန်း တစ်ချက် လက်သွားပြီး အနီရောင် ကြိုးစလေး ပျောက်ကွယ်သွားတယ်။

ရှောင်ဟုန် ပျောက်ကွယ်သွားပြီးနောက် ရှောင်လဲ့ထုန် စဉ်းစားပြီး မေးလိုက်သည်။ "မားမား... သား တစ်ပတ်လောက် သွားကြည့်ပြီး လျန်ဖျောင့်ရွှယ် တည်ထောင်ထားတဲ့ အင်အားစုက ဘယ်မှာလဲ ဆိုတာ ကြည့်လိုက်ရမလား"

ရှောင်လဲ့ထုန် ပြောတဲ့ တစ်ပတ်လောက် သွားကြည့်မယ် ဆိုတာက လေထဲ ပျံဝဲပြီး အတည်ပြုတာကို ပြောတာပါ။

ရှောင်လင်းယွီ သူ့ခေါင်းလေးကို ပုတ်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အခု လောလောဆယ် မလိုသေးပါဘူး။ မင်းပါပါး ပြောတာ သူ အခု လျန်ဖျောင့်ရွှယ်ကို သူ့ရဲ့ ကိုယ်ပိုင် အင်အားစုကို အသုံးပြုအောင် ဖိအားပေးတဲ့ နည်းဗျူဟာ သုံးနေတယ်၊ ငါတို့ အခု သတင်းစောင့်ရုံပါပဲ။ မားမား ထုန်ထုန်တို့ အကူအညီ လိုတဲ့အခါ သေချာပေါက် ပြောပါ့မယ်"

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။ "အင်း... ဒါဆို ကောင်းပြီ"

သူ မိသားစုဝင်တွေကို ကာကွယ်ရေး ရေမန်း တိုက်ထားပြီးပြီ၊ ဘယ်သူမဆို အသက်အန္တရာယ် ကြုံလာရင် သူ ပထမဆုံး အချိန်မှာ အာရုံခံနိုင်တယ်။ ဒါကြောင့် သူ မိသားစု လုံခြုံရေးကို သိပ်မပူပါဘူး။

လျန်ဖျောင့်ရွှယ်ရဲ့ ပြဿနာကို သိပြီးနောက် ရှောင်လင်းယွီလည်း ဘက်ပေါင်းစုံကနေ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတယ်။

သူမ အခု လျန်ဖျောင့်ရွှယ်ကို လုံးဝ အထင်မသေးရဲတော့ဘူး။

အဲဒီလို တစ်ကိုယ်ကောင်းဆန်၊ ရက်စက်ကြမ်းကြုတ်ပြီး အဆိပ်ပြင်းတဲ့ မိန်းမတစ်ယောက်၊ ရည်မှန်းချက် မအောင်မြင်ခင်မှာ သေချာပေါက် ပြင်းထန်တဲ့ နည်းလမ်းတချို့ သုံးလာလိမ့်မယ်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၁၀၀၄ ။ ဇာတ်သိမ်းပိုင်း (၅)

လျန်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီ အများအပြားသည် Imperial Palaceအုပ်စုက လျန်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်သည်ကို သိသိချင်း စိတ်ပြောင်းသွားကြပြီး လျန်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လိုက်ပါ ရပ်ဆိုင်းလိုက်ကြသည်။

ဉာဏ်ကောင်းသော စီးပွားရေးသမားများနှင့် ကုမ္ပဏီများသည် လျန်အုပ်စု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးထွားမှုသည် Imperial Palaceအုပ်စု၏ စီးပွားရေးအပေါ် အများကြီး မှီခိုနေရသည်ကို အလွယ်တကူ မြင်နိုင်သည်။

Imperial Palaceအုပ်စုက ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်သည်နှင့် လျန်အုပ်စု၏ ကုမ္ပဏီ လည်ပတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် သေချာပေါက် ထိခိုက်မှု ကြီးမားသွားမည်၊ တကယ်လို့ ဒီအခြေအနေ အကြာကြီး ဆက်သွားရင် ကုမ္ပဏီ ဒေဝါလီခံရပြီး ပိတ်သိမ်းရသည်အထိ ဖြစ်သွားနိုင်သည်။

သူတို့ ကုမ္ပဏီငယ်လေးတွေက Imperial Palaceအုပ်စုလို ဧရာမ သတ္တဝါကြီးကို မယှဉ်နိုင်ဘူး၊ သဘာဝကျကျပဲ အန္တရာယ် မစွန့်စားချင်ကြဘူး၊ ဒါကြောင့် ပြတ်ပြတ်သားသားပဲ လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်ကြတယ်။

ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေနဲ့ ဖောက်သည်တွေ ဆက်တိုက် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းတာကို ကြည့်ပြီး လျန်အုပ်စုက ရုတ်တရက် အကျပ်အတည်း ကြီးမားတဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတယ်။

လျန်အုပ်စု ဥက္ကဌ လျန်စစ်ချန် ဒေါသထွက်လွန်းလို့ မီးခိုးထွက်မတတ် ဖြစ်နေတယ်။

အရင်းအမြစ် အားလုံးက Imperial Palaceအုပ်စုက လာတာ၊ Imperial Palaceအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြန်မစရင်၊ ဒီအတိုင်း ဆက်သွားရင် လျန်အုပ်စု တကယ်ပဲ ဒေဝါလီခံရပြီး ပိတ်သိမ်းရတော့မယ် ဆိုတာ သူ သိတယ်။

Imperial Palaceအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြန်စဖို့က သူ့သမီး လျန်ဖျောင့်ရွှယ်က ကုန်းထျန်းဟောက် မိန်းမ ရှောင်လင်းယွီကို တောင်းပန်လိုက်ရုံပဲ။

သူ့အဖေက ခေါင်းမာလွန်းတယ်၊ ရွှယ်အာကလည်း ဆိုးသွမ်းလွန်းတယ်၊ လျန်ဖျောင့်ရွှယ်ကို ကိုယ်တိုင် ရှောင်လင်းယွီဆီ သွားတောင်းပန်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

လျန်စစ်ချန် ကိုက်ခဲနေတဲ့ ခေါင်းကို ပွတ်လိုက်သည်။

"မဖြစ်ဘူး... အဖေက သူ့မြေးမလေး နစ်နာမှာကို မလိုလားဘူး။ ဒါပေမဲ့ ငါက လျန်မိသားစု ခေါင်းဆောင် အနေနဲ့ ရွှယ်အာ ဒီလောက် ဆိုးသွမ်းတာကို သည်းခံနေလို့ မဖြစ်ဘူး" လျန်စစ်ချန် စိတ်ထဲမှာ တွေးလိုက်တယ်။ "ဒါကြောင့် အခု ရွှယ်အာကို ကုန်းထျန်းဟောက် မိန်းမဆီ အတင်း ဆွဲခေါ်သွားပြီး တောင်းပန်ခိုင်းမှ ဖြစ်မယ်"

လျန်စစ်ချန် စဉ်းစားပြီး ဖုန်းတစ်ချက် ဆက်လိုက်သည်။

ခဏကြာတော့ ဖုန်းပြန်ဝင်လာပြီး ပြောလိုက်သည်။ "ဥက္ကဌ... သခင်မလေးကို ရှာမတွေ့ပါဘူး၊ သခင်မလေးနဲ့ ဆက်သွယ်လို့ မရပါဘူး"

လျန်စစ်ချန် မျက်လုံးမှေးလိုက်ပြီး ထူးဆန်းသလို မေးလိုက်သည်။ "ရွှယ်အာကို ရှာမတွေ့ဘူး၊ သူမ ဗီလာမှာ မရှိဘူးလား၊ ဒါမှမဟုတ် အပြင်ထွက်လည်နေတာလား"

လျန်ဖျောင့်ရွှယ် အဆင့်အတန်းနဲ့ ဆိုရင် အပြင်ထွက်လည်ရင် သက်တော်စောင့်တွေ ခေါ်သွားတတ်တယ်။ ဒီသက်တော်စောင့်တွေကို သေချာပေါက် လျန်မိသားစုက ငှားပေးထားတာ။ ဒါကြောင့် လျန်ဖျောင့်ရွှယ်ကို ရှာချင်ရင် သူမ ဘေးနားက သက်တော်စောင့်တွေကို ရှာလိုက်ရင် ရပြီ။

"ဥက္ကဌ... ကျွန်တော်တို့ သခင်မလေး ဘေးနားက လူတွေကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး" လက်အောက်ငယ်သားက အစီရင်ခံလိုက်သည်။

လျန်စစ်ချန် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အင်း... ငါ သိပြီ၊ ဒါဆို ငါ ကိုယ်တိုင် ရွှယ်အာကို ဆက်သွယ်လိုက်မယ်"

လက်အောက်ငယ်သားရဲ့ ဖုန်းချပြီးနောက် လျန်စစ်ချန် ချက်ချင်း လျန်ဖျောင့်ရွှယ်ဆီ ဖုန်းဆက်လိုက်တယ်၊ ဒါပေမဲ့ ဖုန်းခေါ်လိုက်တိုင်း "တူ... တူ..." အသံပဲ ကြားရပြီး ဝင်မသွားဘူး။

အကြိမ်ကြိမ် ခေါ်ပေမဲ့ ရလဒ်က အတူတူပဲ ဖြစ်နေတော့ လျန်စစ်ချန် ဖုန်းချလိုက်ပြီး သံသယဖြင့် ပြောလိုက်သည်။ "ဒီရွှယ်အာ ဘယ်ရောက်သွားတာလဲ၊ ဘာလို့ ဖုန်းခေါ်မရတာလဲ"

ထို့နောက် လျန်စစ်ချန် မိသားစုဝင်တွေဆီ ဖုန်းဆက်မေးတယ်၊ ကိုယ့်ဇနီး၊ သခင်ကြီးလျန်နဲ့ တခြားလူတွေဆီ မေးပေမဲ့ သူတို့ ဒီရက်ပိုင်း ရွှယ်အာကို မတွေ့ဘူး၊ ဆက်သွယ်လို့လည်း မရဘူးတဲ့။

လျန်ကတော်က ခင်ပွန်းသည် သမီးကို ဆက်သွယ်မရဘူး ပြောတာ ကြားတော့ ချက်ချင်း စိုးရိမ်တကြီး ပြောလိုက်သည်။ "ယောကျ်ား... ရွှယ်အာ ဆက်သွယ်မရဘူး ဆိုတာ တစ်ခုခု ဖြစ်သွားတာများလား"

သခင်ကြီးလျန်က မြေးမလေး ပျောက်သွားတာ သိလိုက်ရတော့ စိုးရိမ်သွားပြီး သားကြီးကို ပြောလိုက်သည်။ "ချန်အာ... ရွှယ်အာ ဘယ်သွားတာလဲ၊ ဘာလို့ ဆက်သွယ်မရတာလဲ"

လျန်စစ်ချန် ခေါင်းခါလိုက်သည်။ "ကျွန်တော်လည်း မသိပါဘူး၊ အခု ကျွန်တော် ရွှယ်အာကို ရှာခိုင်းထားပါပြီ။ အဖေတို့ စိတ်မပူပါနဲ့၊ ရွှယ်အာ ဘေးနားမှာ လူတွေ ရှိပါတယ်၊ ရွှယ်အာ ဘေးနားက သက်တော်စောင့်တွေက အတော်ဆုံးတွေပါ၊ တကယ်လို့ ရွှယ်အာ တစ်ခုခု ဖြစ်ရင် သူတို့ ကျွန်တော်တို့ကို သေချာပေါက် ဆက်သွယ်လာမှာပါ"

သမီး ပျောက်သွားတော့ လျန်ကတော် စိုးရိမ်ပူပန်လာပြီး ပြောလိုက်သည်။ "ယောကျ်ား... ရွှယ်အာ ကုန်းထျန်းဟောက် ဖမ်းသွားတာများလား"

ဒီမေးခွန်း မေးပြီးနောက် တခြားလူတွေ မဖြေရသေးခင် သူမ ဆက်ပြောသည်။ "သေချာပေါက် ကုန်းထျန်းဟောက် ဖမ်းသွားတာပဲ နေမှာ။ ကုန်းထျန်းဟောက်က ရွှယ်အာကို ခေါင်းငုံ့ပြီး သူ့မိန်းမကို တောင်းပန်ခိုင်းချင်နေတာ၊ ရွှယ်အာက မလိုလားတော့ သူက တိတ်တိတ်လေး ဖမ်းသွားတာ နေမှာ၊ ဟုတ်တယ်... သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ်"

"..." လျန်စစ်ချန် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပြောလိုက်သည်။ "မိန်းမ... မင်း လျှောက်မတွေးပါနဲ့။ ကုန်းထျန်းဟောက်က လျန်အုပ်စုကို တိုက်ခိုက်နေပြီ ဆိုမှတော့ ရွှယ်အာကို ထပ်ပြီး တိုက်ခိုက်စရာ အကြောင်း မရှိတော့ဘူး။ ကုန်းထျန်းဟောက် ဆိုတဲ့ လူက အေးစက်ပြီး ရက်စက်တယ်၊ မျက်နှာသာ မပေးတတ်ဘူး ဆိုပေမဲ့ သူက တရားမျှတပြီး ပွင့်လင်းတဲ့ လူတစ်ယောက်ပါ"

လျန်ကတော်က ဆက်လက် ခေါင်းမာပြီး ပြောလိုက်သည်။ "ဒါပေမဲ့ ရှင် သိပါတယ်၊ ကုန်းထျန်းဟောက်က သူ့မိန်းမကို ဘယ်လောက် ချစ်လဲ ဆိုတာ။ အရင်တုန်းက သူ့မိန်းမ ဒီလောက် ကြီးမားတဲ့ စွပ်စွဲမှု၊ အသရေဖျက်မှုတွေ ခံခဲ့ရတာ၊ ရွှယ်အာ လုပ်တာလေ။ သူက သူ့မိန်းမအတွက် ရွှယ်အာကို လက်တုံ့ပြန်မှာ သေချာတယ်။ အဖေ... ကျွန်မတို့ အခုပဲ ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်ပြီး ရွှယ်အာကို အမြန် ပြန်လွှတ်ပေးခိုင်းရအောင်၊ မဟုတ်ရင် ရွှယ်အာ တစ်ခုခုဖြစ်သွားရင် ကျွန်မ သူ့နဲ့ အသေအလဲ တိုက်ခိုက်ပစ်မယ်"

လျန်ဖျောင့်ရွှယ်က လျန်ကတော်ရဲ့ အသက်ပါပဲ။

သခင်ကြီးလျန်လည်း မျက်နှာထား အေးစက်စွာ လျန်စစ်ချန်ကို ပြောလိုက်သည်။ "ချန်အာ... မင်း အခုပဲ ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်ပြီး မေးကြည့်လိုက်၊ သူ ရွှယ်အာကို ဖမ်းသွားတာလားလို့"

သခင်ကြီးလျန်ရဲ့ အမိန့်ကို ရင်ဆိုင်ရတော့ လျန်စစ်ချန် ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်ရုံပဲ ရှိတော့တယ်။

ရုံးခန်းထဲက ကုန်းထျန်းဟောက် ဖုန်းဝင်လာတာ မြင်တော့ အနည်းငယ် သံသယ ဖြစ်သွားပေမဲ့ ကိုင်လိုက်သည်။ "ဦးလေးလျန်... ကိစ္စရှိလို့လား"

လျန်စစ်ချန် တိုက်ရိုက် မေးလိုက်သည်။ "ထျန်းဟောက်... ရွှယ်အာ ပျောက်သွားတယ်၊ မင်း ဖမ်းသွားတာလား"

ကုန်းထျန်းဟောက် မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ် ပျောက်သွားတယ် ဟုတ်လား။ သူ ဘယ်လို ပျောက်သွားတာလဲ"

"သူ ဘယ်လို ပျောက်သွားတာလဲ၊ သေချာပေါက် မင်း ဖမ်းသွားတာ နေမှာပေါ့" လျန်ကတော် ရုတ်တရက် အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... တကယ်လို့ ငါ့သမီး ရွှယ်အာ တစ်ခုခု ဖြစ်သွားရင် ငါ မင်းနဲ့ အသေအလဲ တိုက်ခိုက်ပစ်မယ်"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ" လျန်စစ်ချန် လျန်ကတော်ကို ဒေါသတကြီး ဟန့်တားလိုက်ပြီး ဆက်ပြောသည်။ "ထျန်းဟောက်... ဦးလေးလျန်ကို အမှန်အတိုင်း ပြောပြပါ၊ မင်း ရွှယ်အာကို ဖမ်းသွားတာလား။ တကယ်လို့ မင်း ဖမ်းသွားတာဆိုရင် ရွှယ်အာကို အရင် ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ငါတို့ ကောင်းကောင်း ဆွေးနွေးကြရအောင်၊ ရမလား"

ကုန်းထျန်းဟောက် သူတို့ ပြောတာ ကြားတော့ နှုတ်ခမ်းထောင့် စွန်းတက်ကာ သရော်သလို ပြုံးပြီး ပြောလိုက်သည်။ "ဪ... လျန်ဖျောင့်ရွှယ် ပျောက်သွားတာ၊ ခင်ဗျားတို့က ကျွန်တော် ဖမ်းသွားတယ်လို့ သံသယ ဖြစ်နေကြတာကိုး။ ဒါပေမဲ့ ကျွန်တော်က ဘာလို့ လျန်ဖျောင့်ရွှယ်ကို ဖမ်းရမှာလဲ။ သူက ကျွန်တော့်မိန်းမကို စော်ကားတယ်၊ ကျွန်တော့်မိန်းမကို မတောင်းပန်ဘူး၊ ကျွန်တော်က သူ တောင်းပန်တာကို စောင့်နေတာ၊ ခင်ဗျားတို့ လျန်မိသားစုရဲ့ သဘောထားကို စောင့်နေတာ၊ ကျွန်တော်တို့ ဘယ်သူက ဘယ်သူ့ကို အနိုင်ယူမလဲ ကြည့်ချင်လို့။ ဒါကြောင့် ကျွန်တော်က လျန်ဖျောင့်ရွှယ်ကို ဖမ်းဖို့ မလိုအပ်ပါဘူး"

"ပြီးတော့ ကျွန်တော် ကုန်းထျန်းဟောက်က စီးပွားရေးလောကမှာ နည်းလမ်း အမျိုးမျိုး သုံးတတ်ပေမဲ့ ကျွန်တော့် နည်းလမ်းတွေက တရားမျှတပြီး ပွင့်လင်းပါတယ်၊ အမှောင်ဘက်သန်းတဲ့ ညစ်ပတ်တဲ့ နည်းလမ်းတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါဘူး။ ဆောရီးပါ ဦးလေးလျန်... ကျွန်တော် အခု အလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်နော်"

ပြောပြီးတာနဲ့ ကုန်းထျန်းဟောက် ဖုန်းတိုက်ရိုက် ချလိုက်တယ်။

လျန်စစ်ချန် "တူ... တူ..." မြည်နေတဲ့ ဖုန်းကို ကြည့်ပြီး တခြားလူတွေကို ပြောလိုက်သည်။ "ငါ ပြောသားပဲ၊ ကုန်းထျန်းဟောက် လျန်ဖျောင့်ရွှယ်ကို ဖမ်းသွားမှာ မဟုတ်ပါဘူးလို့၊ မင်းတို့က မယုံကြဘူး"

လျန်ကတော်က ခေါင်းမာမာနဲ့ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ သေချာပေါက် ကုန်းထျန်းဟောက် ငါတို့ကို လိမ်နေတာ၊ သူ သေချာပေါက် ငါတို့ကို လိမ်နေတာ။ ကုန်းထျန်းဟောက်က မလိမ်တတ်ဘူးလို့ ဘယ်သူ ပြောလဲ"

ဇနီးသည် ဒီလိုပြောတာ ကြားတော့ လျန်စစ်ချန် ဒေါသထွက်ပြီး မေးလိုက်သည်။ "ဒါဆို မင်း ဘာလုပ်ချင်လဲ၊ ကုန်းထျန်းဟောက်ဆီ တိုက်ရိုက် သွားမေးပြီး လူပြန်တောင်းချင်နေတာလား။ မင်း ဒီလောက် သေချာနေရင် သွားလေ၊ ငါ မတားပါဘူး"

လျန်ကတော် စိတ်ထဲမှာ ချက်ချင်း ကြောက်ရွံ့သွားပြီး ပြောလိုက်သည်။ "ကျွန်မ..."

သူမက အိမ်မှာ ကုန်းထျန်းဟောက် လျန်ဖျောင့်ရွှယ်ကို ဖမ်းသွားတယ်လို့ သံသယ ဖြစ်နိုင်ပေမဲ့ ကုန်းထျန်းဟောက်ကို တကယ် ရင်ဆိုင်ရရင် စိတ်ထဲမှာ ကြောက်ရွံ့မိတယ်။

လျန်စစ်ချန်က ဇနီးသည်ကို နားလည်ပါတယ်၊ သူ တင်းမာစွာ ပြောလိုက်သည်။ "မလုပ်ရဲရင် ပါးစပ်ပိတ်ထား။ ငါတို့ အခု လုပ်ရမှာက ရွှယ်အာကို ရှာတွေ့ဖို့ပဲ"

တခြားလူတွေ ကြားလိုက်ရတော့ ချက်ချင်း တိတ်ဆိတ်သွားကြတယ်။

"ဒါပေမဲ့ ရွှယ်အာက ဘယ်သွားတာလဲ"

...

ကုန်းထျန်းဟောက် ဖုန်းချလိုက်ပြီးနောက် နှုတ်ခမ်းထောင့်များ တွန့်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ် ပျောက်သွားပြီ၊ လျန်မိသားစုက လျန်ဖျောင့်ရွှယ်ကို ရှာမတွေ့ဘူးတဲ့လား"

လျန်ဖျောင့်ရွှယ် ပြန်ပေးဆွဲခံရတယ် ဆိုတာ သူ လုံးဝ သံသယ မဖြစ်ပါဘူး၊ ဒါကြောင့် သူမ ကိုယ့်ဘာသာ ပုန်းနေတာ ဖြစ်နိုင်တယ်။

ဒါမှမဟုတ် ပုန်းနေတာ မဟုတ်ဘဲ တစ်ခုခုလုပ်ဖို့ ပုန်းကွယ်နေတာ၊ အိမ်နဲ့ အဆက်အသွယ် ဖြတ်ထားတာ ဖြစ်နိုင်တယ်။

ထိုအချိန်တွင် ကုန်းထျန်းဟောက် ဖုန်းတစ်လုံး လက်ခံရရှိသည်၊ ဖုန်းထဲကလူက ပြောလိုက်သည်။ "ဘော့စ် ဝမ်ကျင်းကျင်းကို လျန်ဖျောင့်ရွှယ် ဖမ်းသွားပါပြီ"

ကုန်းထျန်းဟောက် ကြားလိုက်ရတော့ အနည်းငယ် အံ့သြသွားပေမဲ့ ချက်ချင်း နားလည်သွားသည်။ "ဝမ်ကျင်းကျင်းက လျန်ဖျောင့်ရွှယ်ဖမ်းတာ ခံလိုက်ရတယ် ဟုတ်လား။ သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား။ လျန်ဖျောင့်ရွှယ်က ဘာလို့ ဝမ်ကျင်းကျင်းကို ဖမ်းလိုက်ရတာလဲ"

လက်အောက်ငယ်သားက အစီရင်ခံသည်။ "တကယ်ကို လျန်ဖျောင့်ရွှယ်က လူလွှတ်ပြီး ဝမ်ကျင်းကျင်းကို ဖမ်းလိုက်တာပါ"

"အခု လျန်ဖျောင့်ရွှယ် ဘယ်မှာလဲ" ကုန်းထျန်းဟောက် တိုက်ရိုက် မေးလိုက်သည်။

လက်အောက်ငယ်သားက အစီရင်ခံသည်။ "အခု လျန်ဖျောင့်ရွှယ်က မြို့စွန်က သူ့ရဲ့ ဗီလာ တစ်လုံးထဲမှာ ရှိနေပါတယ်။ ဝမ်ကျင်းကျင်းက အဲဒီမှာ အဖမ်းခံထားရတာပါ"

ကုန်းထျန်းဟောက် ပြန်ဖြေလိုက်သည်။ "ကောင်းပြီ... ငါ သိပြီ။ မင်းတို့ ဆက်စောင့်ကြည့်ထား၊ သတိထားနော်၊ ဒီလျန်ဖျောင့်ရွှယ်က မင်းတို့ ထင်သလောက် မရိုးရှင်းဘူး"

လက်အောက်ငယ်သားက အစီရင်ခံသည်။ "ဟုတ်ကဲ့... ကျွန်တော် သိပါပြီ"

သူဌေးက သူတို့ကို လျန်ဖျောင့်ရွှယ်အကြောင်း စုံစမ်းခိုင်းကတည်းက ဒီလျန်ဖျောင့်ရွှယ်က တကယ် သာမန် မဟုတ်ဘူး၊ စိတ်နှလုံး ရက်စက်ကြမ်းကြုတ်တဲ့ သူတစ်ယောက်ဆိုတာ စုံစမ်းသိရှိခဲ့ရတယ်။

...

ဒီအချိန်မှာ လျန်ဖျောင့်ရွှယ် ဘယ်မှာလဲ။

ကုန်းထျန်းဟောက် လက်အောက်ငယ်သား အစီရင်ခံသလိုပါပဲ၊ မြို့စွန်က ဗီလာ တစ်လုံးထဲမှာပါ၊ သူမ ဖုန်းပိတ်ထားရုံမက ဘေးနားက သက်တော်စောင့်တွေရဲ့ ဖုန်းတွေလည်း ပိတ်ထားတယ်၊ ရည်ရွယ်ချက်ကတော့ သူမကို ရှာမတွေ့အောင်လို့ပါ။

လျန်ဖျောင့်ရွှယ် မြေအောက်ခန်းထဲက ထွက်လာတယ်၊ ကိုယ်ပေါ်မှာ သွေးစတွေ ရှိနေသေးတယ်၊ ဘေးနားက သက်တော်စောင့်က သူမကို ပိုးပုဝါ တစ်ထည် ချက်ချင်း ကမ်းပေးလိုက်တယ်။

လျန်ဖျောင့်ရွှယ်က လက်ပေါ်က သွေးစတွေကို သုတ်ရင်း အေးစက်စွာ ပြောလိုက်သည်။ "သူ့ကို သေချာ စောင့်ကြည့်ထား၊ မသေစေနဲ့"

"ဟုတ်ကဲ့... သခင်မလေး" သက်တော်စောင့် တစ်ယောက်က ပြန်ဖြေလိုက်သည်။

ထို့နောက် နောက်ထပ် သက်တော်စောင့် တစ်ယောက်က အစီရင်ခံသည်။ "သခင်မလေး... သခင်ကြီးက လူလွှတ်ပြီး သခင်မလေးကို ရှာနေပါတယ်၊ အခု လျန်မိသားစုက သခင်မလေး ပျောက်သွားလို့ တော်တော် စိတ်ပူနေကြပါတယ်"

လျန်ဖျောင့်ရွှယ် ကြားလိုက်ရတော့ အေးစက်စွာပဲ ပြန်ဖြေလိုက်သည်။ "အင်း"

အိမ်ကလူတွေ စိတ်ပူပြီး ရှာနေတာကို လုံးဝ ဂရုမစိုက်သလိုပါပဲ။

ဘေးနားက သက်တော်စောင့် စကားမပြောရဲတော့ဘူး။

သာမန်လူတွေက သခင်မလေးရဲ့ စရိုက်အမှန်ကို မသိကြဘူး၊ သခင်မလေးရဲ့ မောက်မာမှုနဲ့ ဆိုးသွမ်းမှုကိုပဲ သိကြတယ်၊ ဒါပေမဲ့ သူမ ဘေးနားက သက်တော်စောင့်တွေကတော့ ဒီသခင်မလေးက အကြံအစည် ကြီးမားပြီး စိတ်နှလုံး ရက်စက်ကြမ်းကြုတ်ကာ အေးစက်တဲ့ စရိုက်ရှိမှန်း ကောင်းကောင်း သိကြတယ်။

လျန်ဖျောင့်ရွှယ် လက်ပေါ်က သွေးစတွေကို သုတ်ပြီးနောက် ဘေးလူကို အေးစက်စွာ ပြောလိုက်သည်။ "ဖုန်းပေး"

သက်တော်စောင့်က ဖုန်းကို လက်နှစ်ဖက်နဲ့ ချက်ချင်း ကမ်းပေးလိုက်တယ်။

လျန်ဖျောင့်ရွှယ် ဖုန်းထဲက ရာချီတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ချ်တွေကို ကြည့်ပြီး နှုတ်ခမ်းထောင့် စွန်းတက်ကာ သရော်ပြုံး တစ်ခု ပြုံးလိုက်တယ်၊ ပြီးတော့ သူမ ဖုန်းပြန်ခေါ်လိုက်တယ်။

တစ်ဖက်က ကိုင်လိုက်တာနဲ့ စိုးရိမ်တကြီး အသံ ထွက်ပေါ်လာသည်။ "ရွှယ်အာ... ဖုန်း ဝင်လာပြီပဲ၊ မင်း ဘယ်သွားနေတာလဲ။ သက်တော်စောင့်တွေ ဖုန်းလည်း ဆက်သွယ်မရဘူး၊ အဘိုးက မင်း တစ်ခုခု ဖြစ်သွားပြီ ထင်ပြီး ငါ့မြေးလေးအတွက် စိတ်ပူလွန်းလို့ သေတော့မယ်"

လျန်ဖျောင့်ရွှယ် ပြုံးပြီး ပြောလိုက်သည်။ "အဘိုး... စိတ်မပူပါနဲ့၊ သမီး အပြင်ထွက် လည်နေတာပါ၊ တောင်ပေါ်မှာ လိုင်းမမိလို့ ဖုန်းမကိုင်နိုင်တာပါ"

သခင်ကြီးလျန် ကြားလိုက်ရတော့ သံသယဖြင့် ပြောလိုက်သည်။ "ဪ... မင်း တောင်ပေါ် သွားလည်တာလား။ ကောင်းပြီ... မင်း ဘာမှ မဖြစ်ရင် ပြီးတာပါပဲ၊ မြန်မြန် ပြန်လာခဲ့နော်။ အဘိုး လွမ်းနေပြီ"

လျန်ဖျောင့်ရွှယ် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ အဘိုး၊ သမီး အခုပဲ ပြန်လာခဲ့ပါ့မယ်"

လျန်ဖျောင့်ရွှယ် အဘိုးနဲ့ စကားနည်းနည်း ပြောပြီး ဖုန်းချလိုက်တယ်၊ ပြီးတော့ နောက်ထပ် ဖုန်းတစ်ချက် ပြန်ခေါ်လိုက်တယ်၊ ဖုန်းဝင်တာနဲ့ ဟိုဘက်က စိုးရိမ်တကြီး အသံ ထွက်ပေါ်လာသည်။ "ရွှယ်အာ... ရွှယ်အာလား"

လျန်ဖျောင့်ရွှယ် ပြောလိုက်သည်။ "အင်း... အဖေ၊ သမီးပါ"

ဟိုဘက်က စိတ်အေးသွားပုံရပြီး ချက်ချင်း တင်းမာစွာ ဆူပူလိုက်သည်။ "ရွှယ်အာ... မင်း ဘယ်သွားနေတာလဲ၊ ဘာလို့ ငါတို့ ဆက်သွယ်လို့ မရတာလဲ။ ဒီလောက် ကြီးနေပြီ၊ ဘယ်သွားသွား အိမ်ကို အကြောင်းမကြားဘူးလား။ အိမ်ကလူတွေ ဘယ်လောက် စိတ်ပူနေလဲ မသိဘူးလား"

လျန်ဖျောင့်ရွှယ်က အဖေဖြစ်သူရဲ့ ဆူပူမှုကို ဂရုမစိုက်ဘဲ အေးစက်စွာ ပြောလိုက်သည်။ "သမီး အပြင်ထွက် လည်ချင်လို့၊ သက်တော်စောင့်တွေ ခေါ်ပြီး တောင်ပေါ် သွားလည်တာ၊ တောင်ပေါ်မှာ လိုင်းမမိလို့ပါ"

"..." လျန်စစ်ချန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အခု မြန်မြန် ပြန်လာခဲ့။ မင်းအမေ အခု ဘယ်လောက် စိတ်ပူနေလဲ မသိဘူး။ သူမက ကုန်းထျန်းဟောက် မင်းကို ဖမ်းသွားတယ်ထင်ပြီး ကုန်းထျန်းဟောက်နဲ့ သွားတိုက်ခိုက်မလို့ လုပ်နေတာ"

လျန်ဖျောင့်ရွှယ် စိတ်ခံစားမှု အမူအရာ ဘာမှ မရှိဘဲ လေသံအေးစက်စွာ ပြန်ဖြေလိုက်သည်။ "အင်း... သမီး အခုပဲ ပြန်လာခဲ့မယ်"

သမီးဖြစ်သူရဲ့ အေးစက်တဲ့ အသံကို ကြားတော့ လျန်စစ်ချန်က သူ လျန်ဖျောင့်ရွှယ်ကို ကုန်းကတော်ဆီ တောင်းပန်ခိုင်းလို့ စိတ်ကောက်နေတာလို့ ထင်ပြီး ဘာမှ သံသယ မဖြစ်တော့ဘူး။

လျန်ဖျောင့်ရွှယ် အဘိုးနဲ့ အဖေကိုပဲ ဆက်သွယ်ပြီး ဘယ်သူ့ကိုမှ ထပ်မဆက်သွယ်တော့ဘူး၊ ဘေးနားက သက်တော်စောင့်ကို ပြောလိုက်သည်။ "သွားမယ်... ငါတို့ ပြန်ကြမယ်"

"ဟုတ်ကဲ့... သခင်မလေး"

…..

ဒီဗီလာနဲ့ မဝေးတဲ့ နေရာက ခြုံပုတ် တစ်ခုမှာ အရပ်ရှည်တဲ့ ယောက်ျားနှစ်ယောက် ပုန်းနေကြတယ်။

ဘေးနားကလူက ကုန်းထျန်းဟောက်ကို ပြောလိုက်သည်။ "ဘော့စ် လျန်ဖျောင့်ရွှယ် ဝမ်ကျင်းကျင်းကို သွားဖမ်းတုန်းက ကျွန်တော်တို့ လူတွေ ဒီထိ လိုက်လာခဲ့တာ"

ကုန်းထျန်းဟောက် မျက်လုံးမှေးပြီး ဗီလာကို ကြည့်လိုက်တယ်။

"ဘော့စ် ကြည့်ပါဦး၊ လျန်ဖျောင့်ရွှယ် လူတွေ ခေါ်ပြီး ထွက်လာပြီ" ယွဲ့ချီလင် ပြောလိုက်သည်။

ကုန်းထျန်းဟောက် ပြောလိုက်သည်။ "အင်း... ခဏနေရင် ငါ အထဲဝင်ကြည့်လိုက်မယ်၊ မင်း အပြင်မှာ အကာအကွယ် လုပ်ပေး"

ယွဲ့ချီလင် အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။ "ဘော့စ် ဒီဗီလာက လုံခြုံရေး တင်းကျပ်မယ့်ပုံ ပေါက်တယ်၊ ကျွန်တော် ဝင်လိုက်ရမလား"

ကုန်းထျန်းဟောက် ခေါင်းခါလိုက်သည်။ "မလိုပါဘူး။ မင်းက အဲဒီလူတွေကို ဆွဲဆောင်ထားလိုက်ရင် ရပြီ၊ ငါ ဝင်ကြည့်လိုက်မယ်"

ယွဲ့ချီလင် သူဌေးရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်တော့ ခေါင်းညိတ် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ"

"ဘော့စ် သူတို့ ထွက်သွားပြီ"

"အင်း... ငါ သိတယ်၊ ခဏ ထပ်စောင့်ဦး၊ ပြီးရင် ငါတို့ ဝင်ကြမယ်"

ခဏ စောင့်ပြီးနောက် လျန်ဖျောင့်ရွှယ်နဲ့ သက်တော်စောင့်တွေ ထွက်သွားပြီး အရိပ်အယောင် မမြင်ရတော့မှ ကုန်းထျန်းဟောက် ယွဲ့ချီလင်ကို ပြောလိုက်သည်။ "လှုပ်ရှားတော့"

ယွဲ့ချီလင် ခေါင်းညိတ်လိုက်ပြီး ကိုယ်ကို ကိုင်းကာ ဗီလာနား ကပ်သွားလိုက်တယ်။

အပြင်ပန်းကြည့်ရင် ဒီဗီလာက ပုံမှန်ပါပဲ၊ ဒါပေမဲ့ အတွင်းထဲမှာ လျှို့ဝှက်ချက်အမျိုးမျိုး ရှိနေတယ်၊ လူတစ်ယောက် ကပ်သွားတာနဲ့ ဗီလာထဲက သက်တော်စောင့်တွေ သိသွားလိမ့်မယ်။

သာမန်လူတွေ ကပ်သွားရင် အသတ်ခံရနိုင်တယ်၊ အလောင်းတောင် ရှာမတွေ့နိုင်ဘူး။

ဒီအနီးအနားက ရွာသားတချို့ ပျောက်ဆုံးသွားတာ ဗီလာနား မတော်တဆ ကပ်မိလို့ အသတ်ခံလိုက်ရတာ၊ ဒါပေမဲ့ ရွာသားတွေက ရိုးသားတော့ ဒီလောက် ချမ်းသာတဲ့ လူတွေက လူသတ်မယ်လို့ မထင်ထားကြဘူး။

ပြီးတော့ ပျောက်ဆုံးသွားတဲ့ သူတွေရဲ့ အလောင်းကို ရှာမတွေ့တော့ လူမတွေ့ အလောင်းမတွေ့ ဖြစ်နေတာ၊ သူတို့က ကောင်းတဲ့ဘက် တွေးပြီး တခြားနေရာ သွားလိုက်တယ်လို့ပဲ မျှော်လင့်နေကြတာ။

ယွဲ့ချီလင်က ကျွမ်းကျင် သက်တော်စောင့်လေ၊ အဲဒီ ရွာသားတွေလို စိတ်လိုက်မာန်ပါ လုပ်မှာ မဟုတ်ဘူး။

သူ တိတ်တိတ်လေး ဗီလာနား ကပ်သွားတယ်၊ လက်ပစ်ဗုံး အတု တစ်လုံး ကိုင်ပြီး နံရံကျော်ကာ အထဲ ပစ်ထည့်လိုက်တယ်။

"ဟာ... လက်ပစ်ဗုံး၊ မြန်မြန် ပြေး"

ဘယ်သူမဆို သေမှာ ကြောက်ကြတာပဲ၊ လူကို ကာကွယ်ပေးရတဲ့ သက်တော်စောင့် ဖြစ်ရင်တောင် သေမှာ ကြောက်တာပဲ။

လက်ပစ်ဗုံး မြင်တာနဲ့ သဘာဝကျကျပဲ အလိုအလျောက် ထပြေးကြတာ၊ ဘာမှ မစဉ်းစားတော့ဘူး။

ခဏချင်းမှာပဲ ဗီလာထဲက သက်တော်စောင့် အားလုံးနီးပါး ထွက်ပြေးလာကြတယ်၊ ပြီးတော့ ပြေးတာက မီတာ ဆယ်ချီ ဝေးတယ်။

ဘာပဲပြောပြော လက်ပစ်ဗုံး ပေါက်ကွဲအားကို အထင်သေးလို့ မရဘူးလေ၊ ဝေးဝေး မပြေးရင် မသေတောင် ဒဏ်ရာရမှာ။

သူတို့ မသိလိုက်တာက သူတို့ ဗီလာထဲက ပြေးထွက်လာတဲ့ အချိန်မှာပဲ ကုန်းထျန်းဟောက်က လျင်မြန်စွာနဲ့ နံရံပေါ် ခုန်တက်လိုက်တယ်၊ ပြီးတော့ ဗီလာထဲ တိုက်ရိုက် ခုန်ဆင်းလိုက်တယ်။

ဒီနှစ်တွေအတွင်း သူ့ခန္ဓာကိုယ်က စမ်းရေနဲ့ သန့်စင်ခံထားရလို့ လှုပ်ရှားမှုတွေ ပိုပို လျင်မြန် သွက်လက်လာတယ်။

ဒီလို နှစ်မီတာကျော် မြင့်တဲ့ နံရံကို သူ ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်တယ်၊ တီဗီထဲက သိုင်းသမားတွေလို ကိုယ်ဖော့ပညာ ရှိသလိုပါပဲ၊ ယွဲ့ချီလင် ကြည့်ပြီး တစ်ခဏ ကြောင်အသွားတယ်။

အခြေအနေ ပေးရင် သူ သေချာပေါက် ပြောမိမှာပဲ၊ "သောက်ကျိုးနည်း... ဒါ တကယ့် သိုင်းသမားကြီးပဲ"

သူတို့ လက်အောက်ငယ်သားတွေ သိပါတယ်၊ သူတို့ဘော့စ်က ကိုယ်ခံပညာတတ်တယ်၊ ပြီးတော့ မဆိုးဘူး ဆိုတာ၊ ဒါပေမဲ့ သူ လက်စွမ်းပြတာ တွေ့ရခဲတယ်။ ဘာပဲပြောပြော ကုန်းထျန်းဟောက် ပုံမှန်ဆို သက်တော်စောင့်တွေ ဝိုင်းရံနေတာ၊ ပြီးတော့ သက်တော်စောင့်တွေကလည်း တစ်ယောက်တစ်မျိုး တော်ကြတာ၊ သူ လက်စွမ်းပြစရာ မလိုဘူးလေ။

ကုန်းထျန်းဟောက် ဘေးနားမှာ နှစ်ပေါင်းများစွာ နေလာတဲ့ ယွဲ့ချီလင်တောင် ဒါ ကုန်းထျန်းဟောက် လက်စွမ်းပြတာ ဒုတိယအကြိမ် တွေ့ဖူးတာ။

ပထမအကြိမ် တွေ့တုန်းက သူ ထင်တာ ဘော့စ်ရဲ့ ကိုယ်ခံပညာက တကယ် ကောင်းတယ်၊ သူတို့ သက်တော်စောင့်တွေထက် သာတယ်လို့ ထင်ခဲ့တာ။

ဒါ ဒုတိယအကြိမ် ကုန်းထျန်းဟောက် လက်စွမ်းပြတာ တွေ့ရတာ၊ ဒီတစ်ခေါက် လက်စွမ်းပြတာက တိုက်ခိုက်တာ မပါဘူး၊ ဒါပေမဲ့ ဒီလို ကိုယ်ဖော့ပညာနဲ့ နံရံပေါ် အလွယ်တကူ ခုန်တက်သွားတာကို ကြည့်ပြီး ယွဲ့ချီလင် ကိုယ်နဲ့ ဘော့စ် ကြားက ကွာခြားချက်ကို သိလိုက်ရတယ်။

ကုန်းထျန်းဟောက် ဗီလာထဲ ခုန်ဆင်းလိုက်တာနဲ့ သွေးညှီနံ့ ရလိုက်တယ်၊ သူ အဲဒီ သွေးညှီနံ့အတိုင်း လိုက်ရှာတော့ မကြာခင်မှာပဲ မြေအောက်ခန်း တစ်ခု တွေ့လိုက်တယ်။

မြေအောက်ခန်းက သွေးညှီနံ့တွေ ထောင်းခနဲ ထွက်လာတယ်၊ ကုန်းထျန်းဟောက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပေမဲ့ ခြေလှမ်း မရပ်တန့်ဘဲ မြေအောက်ခန်းထဲ တိုက်ရိုက် ဝင်သွားတယ်။

မြေအောက်ခန်းက နည်းနည်း မှောင်နေပေမဲ့ ကုန်းထျန်းဟောက် မျက်လုံးတွေက စူးရှစွာ ဝေ့ကြည့်လိုက်တယ်။

ဒီမြေအောက်ခန်းက ဧရိယာ သိပ်မကျယ်ဘူး၊ ၃၀၊ ၄၀ စတုရန်းမီတာ လောက်ပဲ ရှိတယ်၊ ဒါပေမဲ့ ဒီ ၃၀၊ ၄၀ စတုရန်းမီတာ အကျယ်အဝန်းထဲမှာ ညှဉ်းပန်းနှိပ်စက်တဲ့ ကိရိယာတွေ ပုံနေတယ်၊ ရှေးခေတ် ထောင်ထဲက တရားခံ စစ်ဆေးတဲ့ နေရာလို အေးစက်ပြီး ကြောက်စရာ ကောင်းနေတယ်၊ ပြီးတော့ ကျောက်တုံးတွေနဲ့ စီထားတဲ့ ကုတင်တစ်လုံး ရှိတယ်၊ ကုတင်ပေါ်မှာ သွေးကွက်တွေ ပြည့်နေတယ်၊ သိသာတာက ဒီကုတင်ကလည်း လူကို ညှဉ်းပန်းနှိပ်စက်တဲ့ ကိရိယာ တစ်ခုပဲ။

ကုန်းထျန်းဟောက် အားနည်းတဲ့ ညည်းညူသံတွေ ကြားလိုက်ရတယ်၊ ကုန်းထျန်းဟောက် အကြည့်က ချက်ချင်း ရောက်သွားပြီး ထောင့်တစ်နေရာမှာ ကျုံ့ကျုံ့လေး ထိုင်နေတဲ့ လူရိပ်တစ်ခုကို တွေ့လိုက်ရတော့ မျက်လုံးအိမ် ကျဉ်းမြောင်းသွားတယ်။

"ဝမ်ကျင်းကျင်း" ကုန်းထျန်းဟောက် ခေါ်လိုက်သည်။

နာကျင်နေတဲ့ ဝမ်ကျင်းကျင်းက တစ်ယောက်ယောက်က သူမကို ခေါ်နေသံ ကြားလိုက်ရသလိုပဲ၊ ပြီးတော့ ဒီအသံက ရင်းနှီးနေတယ်၊ ဒီအခန်းထဲမှာ သူမကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ယောက်ျားတွေ အသံ မဟုတ်ဘူး။

ဒီအသံက အသက်ကယ်ဆေးလိုပဲ။

"ဘယ်သူလဲ" ဝမ်ကျင်းကျင်း နာကျင်မှုကို အောင့်အီးပြီး ခေါင်းမော့ကာ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လှေကားထစ်မှာ ရပ်နေတဲ့ အရပ်ရှည်ရှည် လူရိပ်တစ်ခုကို ဝိုးတဝါး မြင်လိုက်ရတယ်၊ ရင်းနှီးနေသလိုပဲ။

ဒီရက်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် သူမ အလိုလို ကြောက်လန့်နေတယ်၊ ဘယ်သူလဲ ဆိုတာ မသေချာခင်မှာ မကပ်ရဲဘူး။

ကုန်းထျန်းဟောက် သူမကို မဖြေဘူး၊ ဖြည်းဖြည်းချင်း ဝမ်ကျင်းကျင်း ရှေ့ လျှောက်သွားတယ်၊ ဝမ်ကျင်းကျင်းရဲ့ လက်ရှိ ပုံစံက ညှဉ်းပန်းနှိပ်စက်ခံထားရတာ အသိသာကြီးပဲ။

အဝတ်အစားတွေ စုတ်ပြတ်သတ်နေတယ်၊ ဆံပင်တွေ ရှုပ်ပွနေတယ်၊ ပေါ်လွင်နေတဲ့ အသားအရေတွေမှာ ကြာပွတ်ရာတွေ၊ အညိုအမည်းစွဲနေတဲ့ နေရာတွေ တွေ့ရတယ်၊ လူတွေ စော်ကားတာ ခံထားရတာ သိသာတယ်၊ ကြည့်ရတာ တကယ် သနားစရာ ကောင်းနေတယ်။

ကုန်းထျန်းဟောက်ကတော့ သူမကို မသနားပါဘူး။

သူမ ကျားနဲ့ ပူးပေါင်းဆောင်ရွက်တုန်းက ဒီလို ဇာတ်သိမ်းမျိုး ဖြစ်လာမယ် ဆိုတာ တွေးထားသင့်တယ်။

ဝမ်ကျင်းကျင်း ကုန်းထျန်းဟောက် သူမရှေ့ ရောက်လာတော့ ကြောက်လန့်ပြီး သတိထားနေတဲ့ မျက်နှာထား ဖြစ်နေတယ်၊ မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အမှောင်ထဲမှာ မျက်လုံး ကျင့်သားရလာတော့မှ လာတဲ့သူရဲ့ ရုပ်ရည်ကို သေချာ မြင်လိုက်ရပြီး ချက်ချင်း အံ့သြဝမ်းသာသွားတယ်။

သူမ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ထျန်းဟောက်... နင်လား။ နင် ငါ့ကို လာကယ်တာလား။ ဟီး... နင် မသိပါဘူး လျန်ဖျောင့်ရွှယ် ဆိုတဲ့ မိန်းမက တကယ့် နတ်ဆိုးမပဲ။ သူ ငါ့ကို ဖမ်းလာပြီးကတည်းက နေ့တိုင်း ကြာပွတ်နဲ့ ရိုက်တယ်၊ ပြီးတော့ အဲဒီယောက်ျားတွေကို ငါ့ကို စော်ကားခိုင်းတယ်။ ဟီး... ထျန်းဟောက်... သူက အရူးမပဲ"

ကုန်းထျန်းဟောက် လုံးဝ မလှုပ်ရှားဘဲ အေးစက်စွာ ပြောလိုက်သည်။ "သူက နတ်ဆိုးမ ဖြစ်နေတာတောင် မင်းက သူနဲ့ ပေါင်းပြီး ယွီအာကို ဒုက္ခပေးချင်နေသေးတယ်။ မင်းရဲ့ လက်ရှိ ဇာတ်သိမ်းက မင်း သူများကို ဒုက္ခပေးလို့ ရလာတဲ့ ဝဋ်လည်မှုပဲ" ပြောလိုက်တဲ့ စကားတွေက အေးစက်ပြီး ရက်စက်လိုက်တာ။

ဝမ်ကျင်းကျင်း အစတုန်းက အေးခဲသွားပြီးနောက် အော်ဟစ်ငိုယိုလိုက်သည်။ "ငါ မှားသွားပါတယ်။ ငါ... ငါ အရင်တုန်းက သူ ဒီလောက် ရက်စက်တဲ့ မိန်းမတစ်ယောက်မှန်း မသိခဲ့ပါဘူး၊ မဟုတ်ရင် ငါ သူနဲ့ သူငယ်ချင်း ဖြစ်မှာ မဟုတ်ဘူး၊ ပူးပေါင်းဆောင်ရွက်ဖို့ မပြောနဲ့"

ဤနေရာသို့ ရောက်သောအခါ သူမ ခနရပ်လိုက်ပြီး တောင်းပန်လိုက်သည်။ "ထျန်းဟောက်... ငါ နင့်ကို တောင်းပန်ပါတယ်၊ ငါ့ကို ကယ်ထုတ်ပေးပါ၊ ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူး၊ ငါ့ကို ဒီနတ်ဆိုး နေရာကနေ ခေါ်ထုတ်သွားပေးပါ၊ ရမလား"

ကုန်းထျန်းဟောက် ပြောလိုက်သည်။ "ငါ မင်းကို ကယ်ထုတ်ပေးလို့ ရတယ်၊ ဒါပေမဲ့ မင်း ငါ့ကို ကိစ္စတစ်ခု ကတိပေးရမယ်"

ဝမ်ကျင်းကျင်း ချက်ချင်း ပြန်ဖြေလိုက်သည်။ "အင်း... အင်း... ငါ သေချာပေါက် ကတိပေးပါ့မယ်။ ဒီသရဲခြောက်တဲ့ နေရာကနေ ထွက်သွားရမယ်ဆိုရင် ကိစ္စတစ်ခု မပြောနဲ့၊ ဆယ်ခု၊ ရာခု၊ ဘာလုပ်ခိုင်းခိုင်း ငါ လုပ်ပေးပါ့မယ်"

ကုန်းထျန်းဟောက် ပြောလိုက်သည်။ "ငါ မင်းကို ကိစ္စတစ်ခုပဲ ကတိပေးစေချင်တာ၊ ဘာကိစ္စလဲ ဆိုတာ အချိန်တန်ရင် ငါ ပြောပြမယ်"

ဝမ်ကျင်းကျင်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ကောင်းပြီ"

ကုန်းထျန်းဟောက် ဝမ်ကျင်းကျင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်း မတ်တတ်ရပ်ပြီး လမ်းလျှောက်နိုင်တယ် မဟုတ်လား"

ဝမ်ကျင်းကျင်း မတ်တတ်ရပ်ပြီး လမ်းလျှောက်ဖို့ ကြိုးစားလိုက်တယ်၊ ဒါပေမဲ့ သူမ ဒဏ်ရာတွေက နည်းနည်း ပြင်းထန်နေတော့ ကုန်းထျန်းဟောက်ကို မတတ်သာသလို မျှော်လင့်ချက်တွေနဲ့ ပြောလိုက်သည်။ "မရဘူး... ငါ လမ်းမလျှောက်နိုင်ဘူး"

သူမ သေချာပေါက် မျှော်လင့်တာက ကုန်းထျန်းဟောက် သူမကို ပွေ့ချီတာ၊ ကုန်းပိုးတာ လုပ်ပေးဖို့ပေါ့။

ဒါပေမဲ့ ကုန်းထျန်းဟောက်က ကိုယ့်မိန်းမကလွဲရင် တခြား ဘယ်မိန်းမကိုမဆို ထိရမှာ ရွံရှာတယ်။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ထောင့်တစ်နေရာမှာ သစ်သားတုတ် နှစ်ချောင်း တွေ့လိုက်တယ်၊ သစ်သားတုတ်ကို ကောက်ယူပြီး သူမရှေ့ တိုက်ရိုက် ကမ်းပေးလိုက်တယ်။

ဝမ်ကျင်းကျင်း "..." ဒါ ဘာလုပ်မလို့လဲ။

ကုန်းထျန်းဟောက် တိုက်ရိုက် ပြောလိုက်သည်။ "မင်း သစ်သားတုတ်ကို ကိုင်ထား၊ ငါ မင်းကို ခေါ်သွားပေးမယ်"

အခက်အခဲတွေ ဖြတ်ကျော်ပြီးနောက် ဝမ်ကျင်းကျင်း ရုတ်တရက် အသိတရား ရသွားသလိုပဲ၊ ကုန်းထျန်းဟောက်ရဲ့ ဒီလုပ်ရပ်ကြောင့် သူမ ရုတ်တရက် စိတ်ပျက်သွားတယ်။

ကုန်းထျန်းဟောက်က တကယ်ပဲ သူမကို နည်းနည်းလေးမှ မကြိုက်ဘူး၊ ရွံတောင် ရွံနေသေးတယ်၊ မဟုတ်ရင် သူမ ဒီပုံစံ ဖြစ်နေတာတောင် သူမကို ပွေ့ချီဖို့ မပြောနဲ့၊ တွဲပေးဖို့တောင် ဆန္ဒမရှိဘူး။

ဝမ်ကျင်းကျင်း လက်လှမ်းပြီး အဲဒီ တုတ်ချောင်းနှစ်ချောင်းကို ကိုင်လိုက်တယ်၊ ကုန်းထျန်းဟောက်က ဒီတုတ်ချောင်းနှစ်ချောင်းကို အသုံးပြုပြီး ဝမ်ကျင်းကျင်းကို ထောက်ကူပေးကာ မြေအောက်ခန်းထဲကနေ ခေါ်ထုတ်သွားတယ်။

မြေအောက်ခန်းကနေ တက်လာတာနဲ့ အပြင်ဘက်မှာ ဆူညံသံတွေ ကြားလိုက်ရတယ်။

***

All Chapters