← Chapters

အခန်း (၁၀၀၅-၁၀၀၆)

Vol. 62 Ch. 1005-1006

အခန်း (၁၀၀၅-၁၀၀၆)

Vol. 62 Ch. 1005-1006

အခန်း ၁၀၀၅ ။ ဇာတ်သိမ်းပိုင်း (၆)

ကုန်းထျန်းဟောက်သည် ဝမ်ကျင်းကျင်းကို မြေအောက်ခန်းထဲမှ ခေါ်ထုတ်လာပြီးနောက် ဗီလာ ဧည့်ခန်းထဲတွင် လှုပ်ရှားမှုများ ရှိနေသည်ကို တွေ့လိုက်ရသည်။

"ငြိမ်ငြိမ်နေ၊ မဟုတ်ရင် ငါပစ်လိုက်မှာနော်" ယောက်ျားတစ်ယောက်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

ကုန်းထျန်းဟောက် ဧည့်ခန်းအခြေအနေကို မြင်လိုက်သောအခါ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။

"ဖြောင်း... ဖြောင်း..."

လက်ခုပ်သံများ ထွက်ပေါ်လာပြီး အမျိုးသမီး အသံတစ်သံက သရော်သလို၊ အေးစက်သလို ပြောလိုက်သည်။ "ဟဟ... အချစ်ဟောင်း ဆိုတော့ တကယ်ပဲ အလှလေးကို ကယ်တင်ဖို့ ရောက်လာတာကိုး"

"လျန်ဖျောင့်ရွှယ်" ဝမ်ကျင်းကျင်း အံကြိတ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်လုံးထဲတွင် သူမအပေါ် အမုန်းတရားများ ပြည့်နှက်နေသည်။

ဒီအမျိုးသမီးက ပြန်ရောက်လာတဲ့ လျန်ဖျောင့်ရွှယ်ပါ။

အခု ဧည့်ခန်းထဲမှာ အနက်ရောင် ဝတ်စုံဝတ် ယောက်ျား ၁၀ ယောက်ကျော် ရပ်နေတယ်၊ နှစ်ယောက်က လျန်ဖျောင့်ရွှယ်ရဲ့ ကိုယ်ရံတော်တွေ ဖြစ်ပြီး ကျန်တဲ့လူတွေက သွေးဆာနေတဲ့ အရှိန်အဝါတွေ ရှိနေတယ်၊ သိသာတာက လူသတ်ဖူးတဲ့သူတွေပဲ၊ ဒါပေမဲ့ ကုန်းထျန်းဟောက်က သူတို့ ကြေးစားလူသတ်သမားတွေ ဆိုတာ တစ်ချက်တည်းနဲ့ သိလိုက်တယ်။

မူလက ကုန်းထျန်းဟောက်အတွက် လူတွေကို ဆွဲဆောင်ပေးဖို့ ကျန်ခဲ့တဲ့ ယွဲ့ချီလင်က အခု သေနတ်နဲ့ ခေါင်းချိန်ခံထားရတယ်။

သူ ကုန်းထျန်းဟောက်ကို မြင်တာနဲ့ အပြစ်ရှိသလို အော်ဟစ်လိုက်သည်။ "ဘော့စ်"

သူ အသုံးမကျလို့ပါ၊ ဗီလာထဲက လူတွေကို အသုံးမကျဘူး ထင်ခဲ့တာ၊ ရလဒ်ကတော့ သူများက မြို့ပျက် နည်းဗျူဟာ သုံးပြီး လိပ်ကို အိုးထဲ ဖမ်းထည့်လိုက်သလို ဖြစ်သွားတာ။ အဲ...... သူနဲ့ ကုန်းထျန်းဟောက်က လိပ်တော့ မဟုတ်ပါဘူး။

တကယ်လို့ သူ သတိထားခဲ့ရင် အနည်းဆုံးတော့ ဒီလူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရမှာ မဟုတ်ဘူး။

ယွဲ့ချီလင် အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ "ဘော့စ် ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့၊ ကိုယ့်ဘာသာ ထွက်ပြေးပါ"

သူ ယုံကြည်တယ်၊ သူ ဆိုတဲ့ ဓားစာခံ၊ ဝန်ထုပ်ဝန်ပိုး မရှိရင် သူဌေး ထွက်ပြေးလွတ်မြောက်ဖို့ ပြဿနာ ရှိမှာမဟုတ်ဘူး။

"ဖြောင်း..." ခနဲ ယွဲ့ချီလင် ပါးရိုက်ခံလိုက်ရပြီး ပြင်းထန်စွာ သတိပေးခံလိုက်ရသည်။ "ငြိမ်ငြိမ်နေစမ်း"

"ဟွန့်... မင်းတို့ အစွမ်းရှိရင် ငါ့ကို အခု သတ်လိုက်လေ" ယွဲ့ချီလင်က သူတို့ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပါဘူး။

"မင်း... ကောင်းပြီ၊ မင်း စောင့်နေလိုက်" အဲဒီလူက ခဏတော့ ယွဲ့ချီလင်ကို မသတ်နိုင်သေးဘူး ဆိုတာ သိလို့ ရက်စက်တဲ့ စကားတွေပဲ ပြောနိုင်တော့တယ်။

လျန်ဖျောင့်ရွှယ်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... ငါ့ရှေ့မှာ ဆွံ့အနားမကြားပုံစံ မလုပ်နေနဲ့၊ ငါလိုချင်တဲ့ပစ္စည်းကိုသာ ပေးလိုက်။ ငါ ပြောတဲ့ပစ္စည်းက ဘာလဲ ဆိုတာ မင်း မသိဘူးလို့ ငါ မယုံဘူး"

ပြောပြီးတာနဲ့ သူမ ဘေးနားက ဝမ်ကျင်းကျင်းကို စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ ဆက်ပြောသည်။ "မင်းက မင်းရဲ့ အချစ်ဟောင်းကို ကိုယ်တိုင် လာကယ်တယ်ဆိုတော့ မင်း သူ့အပေါ် သံယောဇဉ် ရှိနေသေးတယ်ဆိုတာ ပြနေတာပဲ။ တကယ်လို့ မင်း စကားနားမထောင်ရင် မင်းရဲ့ အချစ်ဟောင်းက မင်းနဲ့ ခွဲခွာရတော့မယ် ထင်တယ်"

သူမ စကားဆုံးသည်နှင့် လူနှစ်ယောက် ချက်ချင်း ရှေ့တိုးလာပြီး ဝမ်ကျင်းကျင်းကို တိုက်ရိုက် ဆွဲခေါ်သွားကြတယ်။

"နင်တို့ ဘာလုပ်တာလဲ၊ လွှတ်... ငါ့ကို လွှတ်" ဝမ်ကျင်းကျင်း အော်ဟစ်လိုက်သည်။ "လွှတ်... လျန်ဖျောင့်ရွှယ်၊ မိန်းမယုတ်၊ နင် သေချာပေါက် ဝဋ်လည်လိမ့်မယ်"

ဝမ်ကျင်းကျင်းကို သူတို့ ဖမ်းသွားတာ မြင်ပေမဲ့ ကုန်းထျန်းဟောက် လုံးဝ မလှုပ်ရှားခဲ့ပါဘူး။

လျန်ဖျောင့်ရွှယ်က သူ့ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာထားကို သတိထားမိပြီး စိတ်ထဲမှာ ဒေါသထွက်လာကာ အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... မင်း မင်းရဲ့ ရည်းစားဟောင်းကို လိုချင်လား၊ ဒါမှမဟုတ် မင်းမိန်းမရဲ့ ပစ္စည်းကို လိုချင်လား၊ မင်းဘာသာ ကြည့်လုပ်။ ငါ မင်းကို ပြောလိုက်မယ်၊ ငါ မင်းကို စဉ်းစားဖို့ ၃ မိနစ်ပဲ အချိန်ပေးမယ်။ ၃ မိနစ် ကြာရင် အဖြေမရရင် ငါ မင်းရဲ့ အချစ်ဟောင်းကို အနောက်အရပ်ဆီ တိုက်ရိုက် ပို့လိုက်မယ်"

အသုံးချစရာ တန်ဖိုး မရှိတော့တဲ့ လူတစ်ယောက်ကို ထားထားပြီး ဘာလုပ်မလဲ၊ သတ်ပစ်လိုက်တာကမှ ကိစ္စပြတ်သွားဦးမယ်။

"မလုပ်ပါနဲ့... ထျန်းဟောက်... ငါ့ကို ကယ်ပါ" သေမင်းနဲ့ ရင်ဆိုင်ရတော့ ဝမ်ကျင်းကျင်း တကယ် ကြောက်လန့်သွားတယ်။

သေတာထက် အသက်ရှင်နေရတာ ပိုကောင်းတယ်လေ။ အသက်ရှင်နေမှတော့ ဘယ်သူက သေချင်မှာလဲ။

ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက် အပေါ် စိတ်ပျက်သွားပြီဖြစ်သော်လည်း၊ အခု နာမည်ပျက်နေပြီ ဖြစ်သော်လည်း သူမ ကောင်းကောင်း အသက်ရှင်ချင်သေးတယ်။

လျန်ဖျောင့်ရွှယ်က အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ဘယ်လိုလဲ ကုန်းထျန်းဟောက်... မင်း ဘယ်လို စဉ်းစားမလဲ။ အချိန်စမှတ်မယ်"

အချိန်စမှတ်မယ် ပြောလိုက်တာနဲ့ တစ်ယောက်ယောက်က အချိန်စကြည့်နေတယ်။

လျန်ဖျောင့်ရွှယ် အချိန်စမှတ်မယ် ပြောလိုက်တဲ့ အချိန်မှာ တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်၊ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတယ်။

လျန်ဖျောင့်ရွှယ်က သူမ ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ပြီး မျက်နှာသေဖြင့် ကုန်းထျန်းဟောက်ကို တိတ်တိတ်လေး စိုက်ကြည့်နေတယ်။

တကယ်လို့ ရှောင်လင်းယွီ လက်ထဲမှာ နတ်ဘုရား ပြောတဲ့ ကျောက်စိမ်းဆွဲပြား တကယ်ရှိနေရင် အဲဒီ ကျောက်စိမ်းဆွဲပြားက သေချာပေါက် သာမန် မဟုတ်ဘူး။

ဒီနှစ်တွေအတွင်း ရှောင်လင်းယွီ ရောင်းချတဲ့ ပစ္စည်းတွေကိုကြည့်ရင် သိနိုင်တယ်။

ထောင်ယွမ်ရွာ အပန်းဖြေစခန်း မြေဆီလွှာ ပြဿနာ၊ ဒါမှမဟုတ် နွားဘုရင် ဆိုတာတွေ လာမပြောနဲ့၊ အဲဒါတွေက မသိနားမလည်တဲ့ သူတွေကို လိမ်လို့ ရပေမဲ့ သူမ လျန်ဖျောင့်ရွှယ်ကိုတော့ လိမ်လို့ မရဘူး။

ဘာလို့လဲဆိုတော့ သူမ လျန်ဖျောင့်ရွှယ်က သူများထက် တစ်ဘဝ ပိုအသက်ရှင်ခဲ့သူ ဖြစ်ရုံမက နတ်ဘုရားပစ္စည်း ပိုင်ဆိုင်ဖူးသူ တစ်ယောက် ဖြစ်နေလို့ပါပဲ။

ဒါကြောင့် သူမ အခု အဲဒီ ကျောက်စိမ်းဆွဲပြားကို ရယူဖို့ အရေးတကြီး လိုအပ်နေတယ်။

အနီရောင် နတ်ဘုရား (ကြိုးစလေး) ပြောဖူးတယ်၊ အဲဒီ ကျောက်စိမ်းဆွဲပြားက သူ့သခင်တဲ့၊ အနီရောင် နတ်ဘုရားတောင် ဒီလောက် အစွမ်းထက်တဲ့ တန်ခိုးစွမ်းအား ရှိနေတာ၊ အဲဒီ ကျောက်စိမ်းဆွဲပြားက သခင် ဖြစ်နေမှတော့ ပိုအစွမ်းထက်ပြီး ပိုများပြားတဲ့ တန်ခိုးစွမ်းအားတွေ ရှိမှာ သေချာတယ်။

သူမ အဲဒီ ကျောက်စိမ်းဆွဲပြားကို ရလိုက်တာနဲ့ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ။

ဟဟ... ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက သံယောဇဉ် နက်ရှိုင်းကြတယ် မဟုတ်လား။ အရင်ဘဝ ဖြစ်ဖြစ်၊ ဒီဘဝ ဖြစ်ဖြစ် သူတို့ရဲ့ သံယောဇဉ်က လူတွေကို အားကျစေသလို မနာလိုလည်း ဖြစ်စေတယ်။

လျန်ဖျောင့်ရွှယ်က သက်တော်စောင့် လက်ထဲက သူမဖုန်းကို ယူလိုက်တယ်၊ ပြီးတော့ ကုန်းထျန်းဟောက်ကို ချိန်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပုံရတယ်၊ ပြီးတော့ ခေါင်းငုံ့ပြီး ဖုန်းဆက်ကစားနေသလိုပါပဲ။

ဒါက ကုန်းထျန်းဟောက်ကို မျက်မှောင်ကြုတ်စေတယ်၊ သူ ခေါ်လိုက်သည်။ "လျန်ဖျောင့်ရွှယ်"

လျန်ဖျောင့်ရွှယ် ခေါင်းမော့လာပြီး မေးလိုက်သည်။ "ဘယ်လိုလဲ... စဉ်းစားပြီးပြီလား။ ၃ မိနစ်တောင် မပြည့်သေးဘူး ထင်တယ်"

ကုန်းထျန်းဟောက် ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... မင်း တကယ်တမ်း ဘာလုပ်ချင်တာလဲ။ လျန်မိသားစုကို မင်း တကယ် ဂရုမစိုက်တော့ဘူးလား"

"ဟားဟား..." လျန်ဖျောင့်ရွှယ် ရုတ်တရက် အသံကျယ်ကြီး ရယ်မောလိုက်သည်။ "ကုန်းထျန်းဟောက်... မင်းက လျန်မိသားစုနဲ့ ငါ့ကို ခြိမ်းခြောက်ချင်နေတာကိုး"

လျန်ဖျောင့်ရွှယ်ရဲ့ ရူးသွပ်နေတဲ့ ပုံစံကို ကြည့်ပြီး ကုန်းထျန်းဟောက် မျက်မှောင် ထပ်ကြုတ်လိုက်တယ်။

လျန်ဖျောင့်ရွှယ် မျက်နှာထား အေးစက်သွားပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... မင်း သူတို့နဲ့ ငါ့ကို ကြိုက်သလောက် ခြိမ်းခြောက်ကြည့်၊ ငါ မင်းကို ပြောလိုက်မယ်၊ ဘာမှ အသုံးမဝင်ဘူး။ မင်း သူတို့ကို အကုန်သတ်ပစ်လိုက်ရင်တောင် ငါ ဂရုမစိုက်ဘူး၊ အလွန်ဆုံး ငါ သူတို့အတွက် လက်စားချေပေးလိုက်ရုံပေါ့"

ယွဲ့ချီလင်နဲ့ ဝမ်ကျင်းကျင်း ဒီစကား ကြားတော့ အံ့သြမှင်သက်သွားကြတယ်။

ဒီ... ဒီမိန်းမက ရက်စက်လွန်းတယ်၊ သွေးအေးလွန်းတယ်။

သိထားရမှာက လျန်မိသားစုက သူမကို ရတနာ သမီးလေးလို သဘောထားပြီး ချစ်ခင်မြတ်နိုးကြတာလေ၊ သူမက အခု လျန်မိသားစု သေေကြပျက်စီးမှာကို ဂရုမစိုက်တော့ဘူး။

ကုန်းထျန်းဟောက် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။ "ဒီလျန်ဖျောင့်ရွှယ်က တကယ် ကိုင်တွယ်ရခက်မယ့်ပုံပဲ။ တကယ် သတိလက်လွတ် ဖြစ်သွားမိတယ်၊ ဒီလောက် လွယ်လွယ်ကူကူနဲ့ သူမ ထောင်ချောက်ထဲ ဝင်သွားမိတာ"

လျန်ဖျောင့်ရွှယ်က ကုန်းထျန်းဟောက် စကားမပြောတာ မြင်တော့ ပြောလိုက်သည်။ "မင်း ဆုံးဖြတ်ရခက်နေမှတော့ ငါ မင်းအစား ဆုံးဖြတ်ပေးလိုက်မယ်"

"မင်း ဘာလုပ်မလို့လဲ" ကုန်းထျန်းဟောက် တင်းမာစွာ မေးလိုက်သည်။

"ဘာမှ မလုပ်ပါဘူး၊ မင်း အဖမ်းခံရတဲ့ ဓာတ်ပုံကို မင်းရဲ့ အချစ်ဆုံး မိန်းမဆီ ပို့ပေးလိုက်ရုံပါပဲ"

လျန်ဖျောင့်ရွှယ်က ရည်ရွယ်ချက်ရှိရှိ ရယ်မောပြီး ပြောလိုက်သည်။ "ငါ ထင်တာ ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမ အသုံးမဝင်တော့ဘူး ထင်ခဲ့တာ။ မထင်မှတ်ထားဘူး၊ အသုံးဝင်သေးတာပဲ၊ အသုံးဝင်မှု ကြီးမားသေးတယ်၊ မင်းကို ဆွဲဆောင်နိုင်ခဲ့တယ်၊ အလှလေးကို သူရဲကောင်း လာကယ်တဲ့ ဇာတ်လမ်း ဖြစ်လာစေခဲ့တယ်။ မင်းရဲ့ အချစ်ဆုံး မိန်းမက မင်း ရည်းစားဟောင်းကို ကယ်ဖို့အတွက် အဖမ်းခံလိုက်ရတယ်ဆိုတာသိရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်လိုက်တာ"

ကုန်းထျန်းဟောက် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စူးရှသော မျက်လုံးများဖြင့် သူမကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... မင်း ဘာလုပ်လုပ် အောင်မြင်မှာ မဟုတ်ဘူး"

လျန်ဖျောင့်ရွှယ်က ချက်ချင်း နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ဟွန့်... ဘာမှမလုပ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး"

ပြောပြီးတာနဲ့ သူမ ဖုန်းကို တစ်ချက် ကြည့်လိုက်တယ်၊ ကောက်ကိုင်လိုက်ပြီး မျက်နှာပေါ်မှာ ကျေနပ်အားရတဲ့ အမူအရာ ပေါ်လာကာ ပြောလိုက်သည်။ "အခုခေတ်က အဆင်ပြေလိုက်တာ၊ သတင်းတစ်ခု ပေးချင်ရင် ဖုန်းနဲ့ ပို့လိုက်ရုံပဲ။ ဒီမှာ ကြည့်... မင်းက ရှောင်လင်းယွီကို အသိမပေးချင်ပေမဲ့ ၃ မိနစ် မပြည့်သေးပေမဲ့ ငါ မင်းအစား ဆုံးဖြတ်ချက် ချပေးလိုက်ပြီလေ၊ ဒါ အလုပ်ရှုပ် သက်သာတယ် မဟုတ်လား၊ ပိုမကောင်းဘူးလား"

ကုန်းထျန်းဟောက် နှုတ်ခမ်းထောင့်များ တွန့်သွားသည်၊ ဒီမိန်းမက ကိုယ့်ဘာသာ ပြောနေတာ၊ အရူးမ တစ်ယောက်ပါပဲ။

"ကဲ... ငါတို့ အခု မင်းမိန်းမက မင်းကို ပိုချစ်လား၊ အဲဒီ ပစ္စည်းကို ပိုချစ်လား ဆိုတာ စောင့်ကြည့်ကြတာပေါ့" လျန်ဖျောင့်ရွှယ်က ရယ်မောရင်း ပြောလိုက်သည်။ "ငါတော့ တော်တော် မျှော်လင့်နေမိတယ်"

ကုန်းထျန်းဟောက် အေးစက်စွာ ပြောလိုက်သည်။ "မင်း အောင်မြင်မှာ မဟုတ်ဘူး"

ချက်ချင်းဆိုသလို ကုန်းထျန်းဟောက် ပုံရိပ်က ရိပ်ခနဲ ဖြစ်သွားပြီး လူတိုင်း ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာ လျန်ဖျောင့်ရွှယ် ရှေ့ ရောက်သွားတယ်၊ ပြီးတော့ လျန်ဖျောင့်ရွှယ် လည်ပင်းကို လျင်မြန်စွာ ညှစ်လိုက်တယ်၊ မျက်စိတစ်မှိတ် အတွင်းမှာပဲ လျန်ဖျောင့်ရွှယ်က ကုန်းထျန်းဟောက် လက်ထဲက ဓားစာခံ ဖြစ်သွားတယ်။

လျန်ဖျောင့်ရွှယ်ရဲ့ လက်အောက်ငယ်သားတွေ အစတုန်းက ကြောင်သွားပြီးနောက် အားလုံးက လက်နက်တွေ ထုတ်ပြီး ကုန်းထျန်းဟောက်ကို ချိန်ရွယ်လိုက်ကြတယ်၊ စိတ်ထဲမှာတော့ "ဒီယောက်ျားရဲ့ လှုပ်ရှားမှုက မြန်လိုက်တာ" လို့ တွေးနေကြတယ်။

ကုန်းထျန်းဟောက်အနား အကပ်ဆုံး လူနှစ်ယောက် နဖူးက ချွေးစေးတွေ ထွက်လာတယ်၊ ဒီလောက် မြန်တဲ့ လှုပ်ရှားမှုနဲ့ ဆိုရင် သူ သူတို့ကို သတ်ချင်ရင် လွယ်လွယ်လေးပဲ။ ဒီလို တွေးမိပြီး ကြောက်လန့်သွားကြတယ်။

ဒါပေါ့... သူတို့ ဒီလိုတွေးတာ ပိုနေတာပါ။

ခေါင်းဆောင်ကို ဖမ်းဖို့ မြင်းကို ရပ်ရမယ်ဆိုရင် မြင်းထိန်းကို အရင်ပစ်ရမယ် ဆိုသလိုပါပဲ။

သူတို့က လူမိုက်လေးတွေပဲလေ၊ သူတို့ကို သတ်လိုက်လည်း ဘာမှ တန်ဖိုးမရှိဘူး၊ ခေါင်းဆောင်ကို အရင် ဖမ်းပြီး ထွက်ခွာသွားတာ ပိုကောင်းမယ်။

ကုန်းထျန်းဟောက် လျန်ဖျောင့်ရွှယ် လည်ပင်းကို ညှစ်ထားပြီး သူမရဲ့ လက်အောက်ငယ်သားတွေကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သူတို့ကို လွှတ်ပေးလိုက်" သူတို့ ဆိုတာ ယွဲ့ချီလင်နဲ့ ဝမ်ကျင်းကျင်းကို ပြောတာပါ။

ဒီလက်အောက်ငယ်သားတွေက ချက်ချင်း မလွှတ်ပေးကြဘူး။

ကုန်းထျန်းဟောက်ရဲ့ လှုပ်ရှားမှု ပိုကြမ်းတမ်းလာပြီး အသံအေးစက်စွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... လူလွှတ်ပေးလိုက်၊ မဟုတ်ရင် ငါ့ကို အားနာတယ်လို့ မပြောနဲ့"

လျန်ဖျောင့်ရွှယ် မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်၊ ချက်ချင်း စိတ်လှုပ်ရှားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "လွှတ်ပေးလိုက်... သူတို့ကို လွှတ်ပေးလိုက်လို့ ငါ အမိန့်ပေးနေတယ်လေ၊ မကြားကြဘူးလား"

သူမလည်း သေမှာ ကြောက်တာပေါ့။

နှစ်ဖက် အခြေအနေ ယှဉ်ပြိုင်နေတဲ့အချိန်မှာ သူမ သေချာပေါက် ကိုယ့်အတွက် စဉ်းစားရမှာပေါ့၊ အသက်ဘေးကင်းဖို့က အဓိကပဲ။

ဒါပေမဲ့ သူမ စိတ်ထဲမှာ ဒေါသထွက်သလို မကျေမနပ်လည်း ဖြစ်နေတယ်၊ ဒီလို အခြေအနေမျိုးမှာတောင် ကုန်းထျန်းဟောက်က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်လို့ သူမ လုံးဝ ထင်မှတ်မထားခဲ့ဘူး၊ သူ့ကိုယ်ခံပညာက မြန်လွန်းတယ်။

လက်အောက်ငယ်သားတွေ လျန်ဖျောင့်ရွှယ် စကားကြားတော့ သူတို့ကို လွှတ်ပေးလိုက်ရတယ်။

ယွဲ့ချီလင် ကုန်းထျန်းဟောက် ဘေးနား ချက်ချင်း ပြေးသွားပြီး ပတ်ဝန်းကျင်ကို သတိထားကာ ကြည့်နေတယ်။

ဝမ်ကျင်းကျင်းက ဒဏ်ရာ ပြင်းထန်နေတယ်၊ လွတ်မြောက်သွားပြီးနောက် သူမ လှုပ်ရှားမှုတွေ နှေးကွေးစွာနဲ့ ကုန်းထျန်းဟောက်ရဲ့ တခြားတစ်ဖက်ကို ပြေးသွားတယ်။

ကုန်းထျန်းဟောက်က ယွဲ့ချီလင်ကို ပြောလိုက်သည်။ "ချီလင်... မင်း သူ့ကို ခေါ်ပြီး အရင် ထွက်သွားနှင့်"

"ဟုတ်ကဲ့ သူဌေး" ယွဲ့ချီလင် တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။

သူ ကောင်းကောင်း သိပါတယ်၊ သူတို့ အခု ဆက်နေရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ၊ တိုက်ရိုက် ထွက်ခွာသွားတာ ပိုကောင်းမယ်။

ယွဲ့ချီလင် စကားတစ်ခွန်းမှ မပြောဘဲ ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမကို ပွေ့ချီပြီး ခြေလှမ်းကျဲကြီးနဲ့ ထွက်ခွာသွားတယ်။

သူ ဒီမိန်းမကို ပွေ့ချီပြီး ခေါ်သွားခံရဖို့ သိပ်ဆန္ဒမရှိပေမဲ့ပေါ့။

"အား..." စိတ်ပြင်ဆင်မှု မရှိတဲ့ ဝမ်ကျင်းကျင်း လန့်ဖျပ်သွားတယ်။

"ပါးစပ်ပိတ်ထား" ယွဲ့ချီလင် စိတ်မရှည်ဘဲ တင်းမာစွာ အော်ဟစ်လိုက်သည်။

ဝမ်ကျင်းကျင်း ချက်ချင်း ပါးစပ်ပိတ်သွားသည်။

လျန်ဖျောင့်ရွှယ်နဲ့ သူမရဲ့ လက်အောက်ငယ်သားတွေက မူလက ဓားစာခံ ဖြစ်နေတဲ့ သူတွေ သူတို့ မျက်စိရှေ့ကနေ ထွက်ခွာသွားတာကို ကြည့်နေရုံကလွဲရင် ဘာမှ မတတ်နိုင်ကြဘူး။

ခဏကြာတော့ လျန်ဖျောင့်ရွှယ် ပြောလိုက်သည်။ "ကုန်းထျန်းဟောက်... သူတို့ ထွက်သွားကြပြီ၊ ငါ့ကို လွှတ်ပေးလို့ ရပြီလား"

ကုန်းထျန်းဟောက် အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ဟဟ... လျန်ဖျောင့်ရွှယ်၊ မင်းက လူတိုင်းကို အရူးလို့ ထင်နေတာလား။ ငါ အခု မင်းကို လွှတ်ပေးလိုက်ရင် သူတို့ သွားလို့ ရပါဦးမလား"

သူ ပြောပြောဆိုဆိုနှင့် လျန်ဖျောင့်ရွှယ်ကို တရွတ်တိုက်ဆွဲပြီး တံခါးဝဘက် လျှောက်သွားတယ်။

ဗီလာ ခြံဝင်းထဲမှာ ကားနှစ်စီး ရပ်ထားတယ်၊ ယွဲ့ချီလင် တစ်စီး မောင်းထုတ်လိုက်ပြီး ကုန်းထျန်းဟောက်ကို အော်ပြောလိုက်သည်။ "ဘော့စ်"

ကုန်းထျန်းဟောက် လျန်ဖျောင့်ရွှယ်ကို ကားနားအထိ ဆွဲခေါ်သွားပြီး လျန်ဖျောင့်ရွှယ်ကို ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်... ဒီတစ်ခေါက် လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါကျရင် မင်း ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး"

ပြောပြီးတာနဲ့ လျန်ဖျောင့်ရွှယ်ကို အရှေ့ တွန်းလိုက်တယ်၊ ပြီးတော့ ကုန်းထျန်းဟောက်လည်း ကားပေါ် အမြန် တက်လိုက်တယ်။

သူ ကားပေါ် တက်တာနဲ့ ယွဲ့ချီလင် ကားမောင်းထွက်သွားတယ်၊ သူတို့ကို ကားအိတ်ဇောငွေ့တွေပဲ ချန်ထားခဲ့တယ်၊ အဲဒီလူတွေက ကားကို သေနတ်နဲ့ ပစ်ကြပေမဲ့ ကားက မကြာခင်မှာပဲ ပျောက်ကွယ်သွားတယ်။

"သခင်မလေး... အဆင်ပြေရဲ့လား" လက်အောက်ငယ်သားတွေ ဂရုတစိုက် မေးလိုက်ကြသည်။

"ဖြောင်း..."

"ဖြောင်း..."

...

လျန်ဖျောင့်ရွှယ် လူတိုင်းကို ပါးတစ်ချက်စီ ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "အသုံးမကျတဲ့ ကောင်တွေ"

ကုန်းထျန်းဟောက် ကားပေါ် ရောက်တာနဲ့ သူ့ဖုန်း မြည်လာတယ်။

သူ အမြန် ကိုင်လိုက်သည်။ "ဟယ်လို... ပေါင်ပေ့" လေသံက အရမ်း နူးညံ့နေတယ်၊ စောစောက ဝမ်ကျင်းကျင်းနဲ့ လျန်ဖျောင့်ရွှယ်ကို ရင်ဆိုင်တုန်းကနဲ့ လုံးဝ ကွဲပြားခြားနားနေတယ်။

"လောင်ကုန်း... ရှင် အခု ဘယ်မှာလဲ၊ ဘယ်လိုလဲ၊ ဘာမှ မဖြစ်ဘူးမလား" ရှောင်လင်းယွီ စိုးရိမ်တကြီး မေးလိုက်သည်။ "စောစောက နံပါတ်စိမ်း တစ်ခုက မက်ဆေ့ချ် ပို့လာတယ်၊ ရှင် ပြန်ပေးဆွဲခံရတယ် ဆိုပြီးတော့"

ကုန်းထျန်းဟောက် ချက်ချင်း နှစ်သိမ့်လိုက်သည်။ "ပေါင်ပေ့... မပူပါနဲ့၊ စောစောက မတော်တဆမှု နည်းနည်း ဖြစ်ခဲ့ပေမဲ့ အခု အဆင်ပြေသွားပါပြီ၊ မင်း စိတ်မပူပါနဲ့"

ရှောင်လင်းယွီက သံသယဖြင့် မေးလိုက်သည်။ "ရှင် အခု တကယ် ဘာမှမဖြစ်ဘူးလား"

ကုန်းထျန်းဟောက် ရယ်ချင်သလို ပြောလိုက်သည်။ "ကိုယ် အခု ဘာမှမဖြစ်ပါဘူး။ တကယ်လို့ တစ်ခုခု ဖြစ်ရင် ကိုယ် အခု မင်းဖုန်းကို ကိုင်နိုင်ပါ့မလား"

ရှောင်လင်းယွီ ကြားလိုက်ရတော့ စိတ်မချသေးဘဲ ပြောလိုက်သည်။ "မဖြစ်ဘူး... ကျွန်မ အခု ဖုန်းချပြီး ဗီဒီယို ကော ခေါ်မယ်"

ကုန်းထျန်းဟောက် မတတ်သာသလို ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"

နှစ်ယောက်သား ဖုန်းချပြီး ဗီဒီယိုကော ဖွင့်လိုက်ကြသည်။

ဗီဒီယို ပွင့်လာတာနဲ့ ဗီဒီယိုထဲက ကုန်းထျန်းဟောက်ကို မြင်လိုက်ရပြီး ဘာမူမမှန်တာမှ မတွေ့ရတော့မှ စိတ်အေးသွားပြီး ပြောလိုက်သည်။ "အင်း... ရှင် ဘာမှ မဖြစ်ရင် ပြီးတာပါပဲ။ ဒါနဲ့ စောစောက ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက်ကြီး တစ်ယောက်ယောက်က ကျွန်မကို မက်ဆေ့ချ် ပို့ပြီး ရှင် အလှလေးကို သူရဲကောင်း လာကယ်ရင်း အဖမ်းခံလိုက်ရတယ် ဆိုပြီး ပြောလာတာလဲ"

ကုန်းထျန်းဟောက် ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ "ကိုယ့်လူတွေက လျန်ဖျောင့်ရွှယ် ဝမ်ကျင်းကျင်းကို ဖမ်းသွားတယ်ဆိုတာ စုံစမ်းမိခဲ့တယ်၊ ပြီးတော့ ကိုယ်နဲ့ ချီလင်က ဗီလာအထိ လိုက်သွားခဲ့တာ"

"ဟမ်... ဝမ်ကျင်းကျင်းကို လျန်ဖျောင့်ရွှယ် ဖမ်းသွားတယ် ဟုတ်လား" ရှောင်လင်းယွီ သံသယဖြင့် မေးလိုက်သည်။ "သူတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား။ လျန်ဖျောင့်ရွှယ်က သူမကို ဘာလို့ ဖမ်းသွားတာလဲ"

ကုန်းထျန်းဟောက် နဖူးကို ပွတ်ပြီး ပြောလိုက်သည်။ "ကိုယ် ပေါ့ဆမိပြီး လျန်ဖျောင့်ရွှယ်ရဲ့ ဉာဏ်နီဉာဏ်နက်ကို လျှော့တွက်မိတာပါ။ သူက ကိုယ့်ကို ထောင်ချောက်ဆင်ထားတာ၊ ကိုယ်က တမင် ဝင်သွားမိတာ။ ဒါပေမဲ့ ကံကောင်းလို့ ကိုယ် အခု ပြန်ထွက်လာနိုင်ခဲ့တယ်၊ ဘာမှ မဖြစ်တော့ဘူး"

ရှောင်လင်းယွီ အနည်းငယ် အံ့သြသွားသည်။ "လျန်ဖျောင့်ရွှယ်ဆိုတဲ့ မိန်းမက တကယ် အထင်သေးလို့ မရပါလား"

ထို့နောက် ရှောင်လင်းယွီ တစ်ခုခုကို သတိရသွားပြီး နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။ "ယောက်ျား... ရှင် အခု အလှလေးကို ကယ်တင်တဲ့သူရဲကောင်းလုပ်တာ အောင်မြင်သွားပြီလား"

ကားမောင်းနေတဲ့ ယွဲ့ချီလင် အံ့သြစွာ မျက်ခုံးပင့်လိုက်ပြီး အနောက်ခန်းမှာ ထိုင်နေတဲ့ ဝမ်ကျင်းကျင်းကတော့ မျက်နှာပျက်သွားတယ်။

ကုန်းထျန်းဟောက် ဖုန်းကို ကိုင်ပြီး အနောက်ခန်းကို ချိန်ပြလိုက်သည်။ "ဒါဆို မင်း ကြည့်လိုက်"

ရှောင်လင်းယွီ ဝမ်ကျင်းကျင်း ဒဏ်ရာတွေနဲ့ ဖြစ်နေတာ မြင်တော့ အနည်းငယ် အံ့သြစွာ မေးလိုက်သည်။ "သူ ဘာလို့ ဒဏ်ရာတွေနဲ့ ဖြစ်နေတာလဲ"

"လျန်ဖျောင့်ရွှယ် အဲဒီ အရူးမ နှိပ်စက်ထားတာ။ ဒါပေမဲ့ မသေနိုင်ပါဘူး" ကုန်းထျန်းဟောက် အေးစက်စွာ ပြန်ဖြေလိုက်သည်။

ယွဲ့ချီလင် "..."

ဝမ်ကျင်းကျင်း "..."

တကယ် အေးစက်လိုက်တာ။

ဒါက ခွဲခြားဆက်ဆံတာပဲ။

ဒါပေမဲ့ ဟုတ်ပါတယ်လေ...

တစ်ယောက်က အချစ်ဆုံး မိန်းမ၊ နောက်တစ်ယောက်က... အဲ... ဘာမှ မဆိုင်တဲ့သူလို့ ပြောလို့ရတယ်။

ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ စကားပြောတာကို နားထောင်ပြီး ဝမ်ကျင်းကျင်း မကျေနပ်ပေမဲ့၊ စိတ်မပါပေမဲ့၊ ဒေါသထွက်ပေမဲ့ စိတ်မလျှော့လို့ မရတော့ဘူး။

ဘာလို့လဲဆိုတော့ သူမ သိလိုက်ပြီ၊ သူမ ကုန်းထျန်းဟောက်ကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး၊ စည်းစိမ်ချမ်းသာနဲ့နေရတဲ့ နေ့ရက်တွေကို ပိုလို့တောင် မရနိုင်တော့ဘူး။

ပြီးတော့ ဘဝရဲ့ အတက်အကျတွေကို ဖြတ်သန်းပြီးနောက် သူမ ခံစားမိလာတာက ဘဝက ရိုးရှင်းမှ အစစ်အမှန်ဖြစ်တာ၊ ပျော်ရွှင်မှုဖြစ်တာ ဆိုတာပါပဲ။

အပြင်လူတွေ ရှိနေလို့ ရှောင်လင်းယွီ ကုန်းထျန်းဟောက် ဘာမှမဖြစ်တော့တာ သေချာသွားတော့ စကားနည်းနည်းပြောပြီး ဖုန်းချလိုက်တယ်။

ဖုန်းချလိုက်တာနဲ့ တချိန်လုံး အောင့်ထားရတဲ့ ယွဲ့ချီလင် စပြောတော့သည်။ "ဘော့စ် ဘော့စ်နဲ့ မဒမ်က ဆက်ဆံရေး တကယ်ကောင်းတာပဲနော်"

ကုန်းထျန်းဟောက် နှုတ်ခမ်းထောင့် စွန်းတက်ကာ ပျော်ရွှင်မှုများပြည့်နေသောအပြုံးတစ်ခု ပြုံးပြီး ပြောလိုက်သည်။ "ငါနဲ့ ယွီအာက ဇနီးမောင်နှံတွေလေ။ ဇနီးမောင်နှံတွေကြား ဆက်ဆံရေးမကောင်းရင် ဇနီးမောင်နှံ ဖြစ်ပါ့မလား"

ယွဲ့ချီလင် နောက်ကြည့်မှန်ကနေ ဝမ်ကျင်းကျင်း မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတာကို သတိထားမိလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... ဘော့စ်တို့ လက်ထပ်ပြီးကတည်းက ဘော့စ်တို့ ဆက်ဆံရေးက တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာတာ၊ ကျွန်တော်တို့က သက်သေတွေပါပဲ"

ကုန်းထျန်းဟောက် ရှောင်လင်းယွီကို မရသေးခင်တုန်းက ရှောင်လင်းယွီ ရွာမှာ ကိစ္စလေးတစ်ခု ဖြစ်တုန်းက ကုန်းထျန်းဟောက်က ကုမ္ပဏီက အတော်ဆုံးသက်တော်စောင့်တွေကို ရှောင်လင်းယွီကို ကာကွယ်ဖို့ တိုက်ရိုက်လွှတ်ပေးခဲ့တာလေ။

လက်ထပ်ပြီးနောက် ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ရတနာလေးလို ချစ်ခင်မြတ်နိုးတာ။

လက်မထပ်ခင်ကနေ လက်ထပ်ပြီးတဲ့အထိ၊ လက်ထပ်ပြီး ၃၊ ၄ နှစ် အကြာအထိ သူတို့က ဘေးနားက သက်တော်စောင့်တွေ အနေနဲ့ သက်သေတွေပါပဲ။

ဝမ်ကျင်းကျင်း သူတို့ ပြောတာ ကြားတော့ အနောက်ခန်းမှာ ကျုံ့ကျုံ့လေး ထိုင်ပြီး ဘာသံမှ မထွက်တော့ဘူး။

ထို့နောက် ယွဲ့ချီလင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဘော့စ် ဘော့စ် စောစောက လှုပ်ရှားမှုက တကယ် မိုက်တာပဲ။ ဘော့စ် မသိပါဘူး၊ ကျွန်တော် အသက်ပေးရတော့မယ်လို့တောင် ထင်နေတာ။ ဒီလို ကြီးအပြောင်းအလဲကြီး ဖြစ်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး တကယ် အံ့သြစရာ ကောင်းလိုက်တာ"

ဘောစ်နဲ့ လျန်ဖျောင့်ရွှယ်က ၃၊ ၄ မီတာလောက် ဝေးတာ၊ ဒါပေမဲ့ ဒီ ၃၊ ၄ မီတာ အကွာအဝေးကို ကုန်းထျန်းဟောက်က မျက်စိတစ်မှိတ်အတွင်းမှာပဲ လျန်ဖျောင့်ရွှယ်ကို ဖမ်းချုပ်လိုက်တာ၊ ဘယ်သူမှ ထင်မှတ်မထားနိုင်ဘူး။

ဘော့စ်က ဘာလို့များ ဒီလောက် တည်ငြိမ်အေးဆေးနေရတာလဲပေါ့၊ တကယ်တမ်း သူတို့ ထွက်ခွာနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာကိုး။

"သောက်ကျိုးနည်း... လျန်ဖျောင့်ရွှယ် အဲဒီမိန်းမက တကယ် အထင်သေးလို့ မရဘူး" ယွဲ့ချီလင် ဆဲဆိုလိုက်သည်။ "ငါတို့ မျက်စိနဲ့တပ်အပ် တွေ့လိုက်တာ၊ သူ့ဘေးနားက သက်တော်စောင့် နှစ်ယောက် ခေါ်ပြီး ထွက်သွားတာကို၊ ဘယ်သူ ထင်ထားမလဲ၊ ဒါ ဘော့စ်ကို ပစ်မှတ်ထားတဲ့ ထောင်ချောက် တစ်ခု ဖြစ်နေမယ်၊ ပြန်လှည့်လာမယ် ဆိုတာကို။ ဒီမိန်းမက တကယ်ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များကာ သွေးအေးလိုက်တာ"

ကုန်းထျန်းဟောက် သံသယဖြင့် မေးလိုက်သည်။ "မင်း ဘယ်လိုဖြစ်ပြီး သူတို့ ဖမ်းတာ ခံလိုက်ရတာလဲ"

ယွဲ့ချီလင်က ထိပ်တန်း သက်တော်စောင့် ခေါင်းဆောင်လေ၊ သူ့ကိုယ်ခံပညာကို သူ ကောင်းကောင်း သိတယ်။

ဒါပေမဲ့ ဒီလို ကိုယ်ခံပညာ မဆိုးတဲ့သူက လျန်ဖျောင့်ရွှယ်ရဲ့ လက်အောက်ငယ်သားတွေ ဖမ်းတာကို လွယ်လွယ်ကူကူ ခံလိုက်ရတယ်။

ဒီမေးခွန်း မေးလိုက်တော့ ယွဲ့ချီလင် သိသိသာသာ စိတ်ပျက်သွားတယ်။

သူ ပြောလိုက်သည်။ "သောက်ကျိုးနည်း... သူတို့က တကယ် ကောက်ကျစ်တာပဲ။ ဘော့စ် ဝင်သွားပြီးနောက် ကျွန်တော် အပြင်ကနေ အဲဒီလူတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတာ၊ ဘော့စ် အချိန်မရွေး သတင်းပို့နိုင်အောင်လို့။ ဒါပေမဲ့ ဘယ်သူ ထင်ထားမလဲ၊ သူတို့က သစ်ပင်ပေါ်မှာ လူတွေ ဝှက်ထားတာ။

ကျွန်တော် သစ်ပင်ပေါ်မှာ လူဝှက်ထားတာ သတိထားမိပြီး သစ်ပင်ပေါ် မော့ကြည့်လိုက်တော့ သူတို့ ဖြန့်ချလိုက်တဲ့ဟာတွေ မျက်စိထဲ ဝင်သွားတယ်၊ ပြီးတော့ သစ်ပင်ပေါ်က လူတွေ အမြန်ခုန်ဆင်းလာပြီး ကျွန်တော့်ကို ဖမ်းလိုက်တာ။ ဟွန့်... သူတို့က ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးတာပဲ။ တကယ်လို့ တေ့တေ့ဆိုင်ဆိုင် တိုက်ခိုက်ရင် သူတို့ ကျွန်တော့်ကို ဖမ်းနိုင်မှာ မဟုတ်ဘူး"

"..." ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ "အင်း... ငါတို့ ပေါ့ဆမိသွားတာ"

ယွဲ့ချီလင် တစ်ခုခုကို သတိရသွားပြီး သံသယဖြင့် မေးလိုက်သည်။ "ဘော့စ် ဘာလို့ အဲဒီမိန်းမကို လွှတ်ပေးလိုက်တာလဲ"

အဲဒီတုန်းက သူတို့က အားသာချက် ရနေတာ၊ အဲဒီမိန်းမကိုသတ်ပြီး တခါတည်း ထွက်ပြေးလို့ ရတာပဲ။

ကုန်းထျန်းဟောက် ပြောလိုက်သည်။ "တစ်အချက်က အဲဒီနေရာက လူသတ်ဖို့ မသင့်တော်ဘူး။ အဲဒီနေရာက မြို့စွန်ဖြစ်ပေမဲ့ ပတ်ဝန်းကျင်မဝေးတဲ့နေရာမှာ ရွာသားတွေ အများကြီး နေထိုင်ကြတယ်၊ ငါ တကယ် သူမကို သတ်လိုက်ရင် ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေလွယ်တယ်။ နှစ်အချက်က သူ့ကို အခု သတ်လို့ မရသေးဘူး"

ယွဲ့ချီလင် လေးနက်စွာ ထပ်မေးလိုက်သည်။ "သတ်လို့ မရသေးဘူး ဟုတ်လား"

သူ ဘာကြောင့်လဲ ဆိုတာ မေးချင်ပေမဲ့ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ သူဌေး မပြောချင်ဘူးဆိုတာ သိတယ်၊ သူတို့ မေးလည်း ဘော့စ်က ပြောမှာ မဟုတ်ဘူး။

ကုန်းထျန်းဟောက် အေးဆေးစွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က ရိုးရှင်းတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး။ သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ရှိသေးတယ်၊ ငါ အခု သူ့ရဲ့ အဲဒီ အင်အားစုကို ဆွဲထုတ်ချင်နေတာ"

အဲဒီ အင်အားစုက လျန်ဖျောင့်ရွှယ် တည်ထောင်ထားတာဖြစ်နိုင်ပေမဲ့ လျန်ဖျောင့်ရွှယ် သေသွားရင် သူ့ရဲ့ လက်အောက်ငယ်သားတွေက လက်စားချေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ကို အမြဲ လာဒုက္ခပေးနေမှာ သေချာတယ်။ အဲဒီအစား ဒီအင်အားစုကို အမြစ်ပါမကျန် ရှင်းပစ်လိုက်တာ ပိုကောင်းတယ်။

လျန်မိသားစုဘက်ကတော့ ကုန်းမိသားစုနဲ့ ဆက်ဆံရေး မဆိုးပေမဲ့ လျန်ဖျောင့်ရွှယ်က သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီ၊ သူ လျန်မိသားစုရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားနေမှာ မဟုတ်ဘူး၊ လျန်မိသားစုနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်ရမလား ဘာညာ ဆိုတာတွေပေါ့။

တကယ်တော့ ဒီအခြေအနေအတိုင်းဆက်သွားရင် ကုန်းထျန်းဟောက်က လျန်မိသားစုနဲ့ အဆက်အသွယ် ဖြတ်ရမှာပါပဲ။

ဒါက လျန်မိသားစု ကိုယ့်ကိုယ်ကိုယ် သိမသိ အပေါ်လည်း မူတည်ပါတယ်၊ လျန်ဖျောင့်ရွှယ်ကိစ္စကို သူ လျန်မိသားစုနဲ့ မပတ်သက်စေချင်ပါဘူး။

ယွဲ့ချီလင် ခေါင်းညိတ်လိုက်သည်။ "ဪ... ဒီလိုကိုး"

ဒီအချိန်မှာ ဝမ်ကျင်းကျင်းက သံသယဖြင့် မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ် နောက်ကွယ်မှာ အင်အားကြီး အဖွဲ့အစည်းတစ်ခု ရှိသေးတယ် ဟုတ်လား။ ဒါ လျန်မိသားစုရဲ့ အင်အားစု မဟုတ်ဘူးလား"

ကုန်းထျန်းဟောက် သူမကို စကားမပြောချင်ဘူး၊ ယွဲ့ချီလင်က သူမကို အဖြေပေးလိုက်သည်။ "မဟုတ်ဘူး၊ သေချာတယ်။"

ဝမ်ကျင်းကျင်း မျက်မှောင်ကြုတ်ပြီး သံသယဖြင့် မေးလိုက်သည်။ "ဒါပေမဲ့ ငါ သူနဲ့ ပေါင်းသင်းလာတာ ဒီလောက်ကြာနေပြီ၊ သူမ နောက်ကွယ်မှာ အင်အားစု ရှိတယ် ဆိုတာ မတွေ့မိပါဘူး"

"ရိုးအလိုက်တာ" ယွဲ့ချီလင် မျက်နှာသာ မပေးဘဲ သရော်လိုက်သည်။ "မင်း သူနဲ့ ပေါင်းသင်းလာတာ ဒီလောက်ကြာနေပြီ၊ သူမက ဘယ်လောက် တစ်ကိုယ်ကောင်းဆန်၊ ရက်စက်ပြီး သွေးအေးတဲ့ မိန်းမတစ်ယောက်ဖြစ်နေလဲ ဆိုတာ မင်း မတွေ့မိဘူးလား။ မင်းရဲ့လက်ရှိ ပုံစံကို ကြည့်ပါဦး၊ သူ နှိပ်စက်ထားလို့ ဘယ်လိုအခြေအနေ ဖြစ်နေလဲဆိုတာ၊ ကြည့်ရတာ မင်းကို မညှာတာပေးခဲ့ဘူးဆိုတာ သိသာတယ်"

ဝမ်ကျင်းကျင်း ချက်ချင်း တိတ်ဆိတ်သွားသည်။

"ဟွန့်... ငါ့အမြင်တော့ သူ မင်းကို ချဉ်းကပ်တာ မင်းမှာ အသုံးချစရာ တန်ဖိုး ရှိလို့ ဖြစ်မယ်" ယွဲ့ချီလင် ဆက်ပြောသည်။ "အခု မင်းမှာ တန်ဖိုး မရှိတော့ဘူး ဆိုတော့ ဘာမျက်နှာသာမှ ပေးနေစရာ မလိုတော့ဘူး။ ဟဟ... သူက မင်းကို ချဉ်းကပ်တာ ရည်ရွယ်ချက်ရှိမှတော့ သူ မင်းကို အကုန်ပြောပြပြီး သိခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလေ"

ဝမ်ကျင်းကျင်း၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မျက်လုံးများ ပြန်လည်မှေးမှိန်သွားကာ တိတ်ဆိတ်သွားသည်။

ယွဲ့ချီလင် ပြောသလိုပါပဲ၊ လျန်ဖျောင့်ရွှယ် သူမကို နှိပ်စက်တုန်းက ပြောခဲ့တယ်၊ သူမမှာ အသုံးချစရာ တန်ဖိုး ရှိလို့ သူမကို ချဉ်းကပ်ခဲ့တာပါလို့။ အခု သူမမှာ အသုံးချစရာ တန်ဖိုးမရှိတော့ဘူးဆိုတော့ သူမအပေါ် သံယောဇဉ် ထားစရာ မလိုတော့ဘူးပေါ့။

ယွဲ့ချီလင်က နောက်ကြည့်မှန်ကနေ ဝမ်ကျင်းကျင်းရဲ့ မျက်နှာ အမူအရာ ပြောင်းလဲမှုကို သတိထားကြည့်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ "လူဆိုတာ သိပ်လောဘမကြီးသင့်ဘူး။ စကားပုံ တစ်ခု ရှိတယ် မဟုတ်လား၊ လောဘကြီးရင် အားလုံး ဆုံးရှုံးရတယ်တဲ့။ ဒါကြောင့် လူ ဆိုတာ ရောင့်ရဲတတ်ရမယ်၊ ကောင်းကင်ပေါ်ကနေ အကြောင်းမဲ့ မုန့်ကျလာမှာ မဟုတ်ဘူး"

ဝမ်ကျင်းကျင်း မျက်နှာ ပိုဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခဏ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ် ပြောလိုက်သည်။ "နင် ပြောတာ မှန်တယ်။ လူ ဆိုတာ သိပ်လောဘမကြီးသင့်ဘူး။ လောဘကြီးရင် နောက်ဆုံး ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ မသိနိုင်ဘူး"

သူမရဲ့ လက်ရှိ ဇာတ်သိမ်းက အရင်တုန်းက လောဘကြီးခဲ့လို့ပါ။

တကယ်တော့ သူမ နိုင်ငံခြားမှာ အောင်မြင်မှုတွေနဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခု နေထိုင်နိုင်ခဲ့တာပါ၊ အထက်တန်းလွှာ စည်းစိမ်ချမ်းသာ ဘဝမျိုး မဟုတ်ပေမဲ့ ဇိမ်ခံဗီလာမှာ နေ၊ ဇိမ်ခံကားမောင်း၊ နာမည်ကြီး အဝတ်အစားတွေ ဝတ်၊ အကောင်းစား အစားအသောက်တွေ စားပြီး စံစားနိုင်ခဲ့တာပါ။

ဒါပေမဲ့ သူမ လောဘကြီးတာက သူမက အမြင့်ဆုံးမှာ နေချင်တာ၊ လူတွေ ဝိုင်းဝန်းမြှောက်ပင့် ဆက်ဆံတာကို ခံချင်တာ၊ အာဏာရှိ၊ ငွေရှိ၊ ကျွန်တွေ ဝိုင်းရံနေတဲ့ စည်းစိမ်ချမ်းသာ ဘဝမျိုးကို လိုချင်တာ။

ဒါကြောင့် သူမ ဟွမ်လင်းအုပ်စုနဲ့ ပူးပေါင်းခဲ့တယ်၊ လျန်ဖျောင့်ရွှယ်နဲ့ ပေါင်းပြီး ယုတ်မာခဲ့တယ်၊ ရလဒ်ကတော့ အခု နာမည်ပျက်ပြီး ဆွေမျိုးမိတ်ဆွေတွေ စွန့်ပစ်တာခံရတဲ့ ဇာတ်သိမ်း၊ သူငယ်ချင်းကောင်း ဆိုသူရဲ့ သစ္စာဖောက်မှု၊ နှိပ်စက်မှုတွေကို ခံရတဲ့ သနားစရာ ဇာတ်သိမ်း ရောက်သွားတာ။

စဉ်းစားမိတာနဲ့ ဝမ်ကျင်းကျင်း မသိမသာ မျက်ရည်တွေ ကျလာပြီး အသံကျယ်ကြီး ငိုကြွေးလိုက်သည်။

"အီးဟီး... ငါ မှားသွားပြီ၊ ငါ မှားသွားပြီ၊ ငါ လောဘမကြီးခဲ့သင့်ဘူး"

ကုန်းထျန်းဟောက် ဝမ်ကျင်းကျင်း ငိုသံကို ကြားတော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မျက်နှာပေါ်မှာ ရွံရှာတဲ့ အမူအရာ ပေါ်လာတယ်။

ယွဲ့ချီလင်လည်း မျက်မှောင် ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဟွန့်... အခုမှ သိတာ နောက်ကျသွားပြီ"

ဒီမိန်းမ ဒီလိုအခြေအနေ ရောက်သွားတာ သူ နည်းနည်းလေးမှ မသနားပါဘူး။

ဒါတွေ အကုန်လုံးက သူမ ကိုယ့်ဘာသာ လုပ်ယူတာပဲ။

နိုင်ငံခြားမှာ ကောင်းကောင်းမွန်မွန် မနေဘဲ နိုင်ငံပြန်လာပြီး သူများ တရားဝင်ဇနီးသည်ကို လာဒုက္ခပေးတာ။

ဟွန့်... ဟွန့်... ဒီလို ဇာတ်သိမ်းမျိုးရတာ တန်တယ်။

မကြာခင် ၃ ယောက်သား မြို့တော်ကို ပြန်ရောက်လာတယ်၊ ကုန်းထျန်းဟောက်ကို Imperial Palaceအုပ်စု တံခါးဝမှာ ပို့ပေးပြီးနောက် ယွဲ့ချီလင်သည် နောက်က ဝမ်ကျင်းကျင်းကို ကြည့်ပြီး မေးလိုက်သည်။ "အဲ... ဘော့စ်၊ သူ့ကို ဘယ်လိုလုပ်မလဲ"

ကုန်းထျန်းဟောက် သူမကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်း ကြည့်စီစဉ်လိုက်ပါ"

ယွဲ့ချီလင် ချက်ချင်း စိတ်ညစ်သွားသည်။ "ဒါပေမဲ့ ဘော့စ် ကျွန်တော် သူ့ကို ဘယ်လို စီစဉ်ရမှာလဲ။ တကယ်လို့ သူမ လျန်ဖျောင့်ရွှယ် အဲဒီမိန်းမရဲ့ ဖမ်းတာပြန်ခံရရင် ကျွန်တော်တို့ အလကား ဖြစ်သွားမှာပေါ့"

ကုန်းထျန်းဟောက်က အေးဆေးစွာ ပြောလိုက်သည်။ "သက်တော်စောင့် ကုမ္ပဏီကို ပို့လိုက်၊ ပြီးရင် အမျိုးသမီး သက်တော်စောင့်တစ်ယောက် ရှာပြီး သူ့နောက် လိုက်ခိုင်းလိုက်ရင် ရပြီ"

ယွဲ့ချီလင်က ကုန်းထျန်းဟောက် ဘာလို့ ဝမ်ကျင်းကျင်းကို ကယ်ချင်ရတာလဲဆိုတာ စိတ်ဝင်စားနေတာ။ ဒါပေမဲ့ သူ သေချာတာကတော့ ဘော့စ်က ဝမ်ကျင်းကျင်း ဆိုတဲ့ မိန်းမအပေါ် သံယောဇဉ် မပြတ်သေးတာတော့ မဟုတ်ဘူး ဆိုတာပါပဲ။

ကုန်းထျန်းဟောက် စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ဒီမိန်းမက ငါ့အတွက် အသုံးဝင်သေးတယ်၊ လျန်ဖျောင့်ရွှယ် ထပ်ဖမ်းသွားတာ မခံရစေနဲ့"

ကုန်းထျန်းဟောက် ပြောတာ ကြားတော့ ယွဲ့ချီလင် အနည်းငယ် ကြောင်အသွားပြီး ချက်ချင်း လေးနက်စွာ ခေါင်းညိတ် ပြောလိုက်သည်။ "ဟုတ်ကဲ့... ဘော့စ်"

ဒီအချိန်မှာ ဝမ်ကျင်းကျင်းကို သနားမိသွားတယ်။ ရှင်းနေတာပဲ၊ အစကတည်းက ဒီမိန်းမက အသုံးဝင်လို့ပါ၊ သူက သူဌေးကြီး သူမအပေါ် သံယောဇဉ် မပြတ်သေးဘူး ထင်နေတာ။

ကုန်းထျန်းဟောက် ကုမ္ပဏီထဲ တိုက်ရိုက် ဝင်သွားတယ်၊ ယွဲ့ချီလင်က သူမကို သက်တော်စောင့် ကုမ္ပဏီကို တိုက်ရိုက် ခေါ်သွားတယ်၊ အမျိုးသမီး သက်တော်စောင့် တစ်ယောက် ချက်ချင်းရှာပြီး အဆောင်ထဲ ပို့လိုက်တယ်၊ ပြီးတော့ သေချာ ကြည့်ထားဖို့၊ သူများ ဖမ်းသွားတာ မခံရစေဖို့ မှာကြားလိုက်တယ်။

အမျိုးသမီး သက်တော်စောင့်က ဝမ်ကျင်းကျင်းကို သိပါတယ်၊ ဘာပဲပြောပြော အရင်တုန်းက ဝမ်ကျင်းကျင်း သတင်းတွေ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တာလေ။ သဘာဝကျကျပဲ သူမအပေါ် အမြင်မကောင်းပါဘူး၊ ဒါပေမဲ့ တာဝန်အရ သူမကို တာဝန်ယူလိုက်တယ်။

...

ရှောင်လင်းယွီ ကုန်းထျန်းဟောက် ဖုန်းချပြီးနောက် ရှောင်လဲ့ထုန်ကို ပြောလိုက်သည်။ "မင်းအဖေ ပြောတာ လျန်ဖျောင့်ရွှယ် အဲဒီမိန်းမက ထောင်ချောက်ဆင်ထားတာ၊ သူ မတော်တဆ ဝင်သွားမိတာတဲ့"

စောစောက ဖုန်းထဲက မက်ဆေ့ချ်ကို မြင်လိုက်တော့ တစ်ယောက်ယောက်က သူမကို နောက်ပြောင်နေတယ် ထင်ခဲ့တာ။

ဒါပေမဲ့ နောက်တော့ စဉ်းစားလေ မဟုတ်လေ ဖြစ်နေတယ်၊ ဘယ်သူက သူမဖုန်းနံပါတ်ရှိပြီး ဒီလို နောက်ပြောင်ရဲမှာလဲ။

သူမ ချက်ချင်း ဖုန်းပြန်ခေါ်ဖို့ ပြင်လိုက်ပေမဲ့ ထုန်ထုန်က တားဆီးလိုက်သည်။

ထုန်ထုန်က ပြောသည်။ "မားမား... ခဏ စောင့်ပါဦး၊ ဒါ ဘယ်သူ့ဖုန်းလဲ ဆိုတာ သား စစ်ကြည့်လိုက်ဦးမယ်။"

ပြီးတော့ သူ့လက်ချောင်းလေးတွေက ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ လျင်မြန်စွာ လှုပ်ရှားလိုက်တယ်၊ ခဏကြာတော့ သူ့မျက်နှာထား လေးနက်သွားပြီး ရှောင်လင်းယွီကို ပြောလိုက်သည်။ "မားမား... ဒီနံပါတ်က လျန်ဖျောင့်ရွှယ် နံပါတ်ပဲ။ ပါပါး တကယ်ပဲ လျန်ဖျောင့်ရွှယ်ရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရပြီ ထင်တယ်"

ရှောင်လင်းယွီ ကြားလိုက်ရတော့ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတယ်၊ သူမ ဖုန်းထုတ်ပြီး မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်တယ်၊ စိုးရိမ်တကြီး ပြောလိုက်သည်။ "အဲဒီ လျန်ဖျောင့်ရွှယ်ပြောတာ ငါ့ကို ပစ္စည်းတစ်ခုနဲ့ လာလဲခိုင်းတယ်၊ ဘာပစ္စည်းလဲဆိုတာ ငါ့စိတ်ထဲ ရှင်းရှင်းလင်းလင်း သိပါတယ်တဲ့။ မဟုတ်ရင် သူ မင်းအဖေကို လွှတ်ပေးမှာ မဟုတ်ဘူးတဲ့"

"သူတကယ် သိနေတာပဲ၊ အဲဒီ ကျောက်စိမ်းဆွဲပြား ငါ့လက်ထဲ ရှိနေတယ် ဆိုတာ။ ထုန်ထုန်... အခု ဘယ်လိုလုပ်မလဲ။ ငါ ကျောက်စိမ်းဆွဲပြား သူ့ကို တိုက်ရိုက် ပေးလိုက်ရမလား။ မင်းအဖေ ထိခိုက်နာကျင်တာ မားမား မလိုလားဘူး" ရှောင်လင်းယွီ အနည်းငယ် အခက်တွေ့နေသည်။

ရှောင်လဲ့ထုန် ရှောင်လင်းယွီ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "မားမား... စိတ်မပူပါနဲ့၊ ပါပါး ဘာမှ မဖြစ်ပါဘူး။ မားမား မေ့နေပြီလား၊ သား ပါပါးကို ကာကွယ်ရေး ရေမန်း တိုက်ထားတယ်လေ၊ သူ အန္တရာယ်ရှိတာနဲ့ သား အာရုံခံနိုင်တယ်၊ သား ချက်ချင်းသွားပြီး ပါပါးကို ကယ်တင်နိုင်တယ်။ မားမား... မားမား သားကို ယုံကြည်သင့်တယ်"

ရှောင်လင်းယွီ တဖြည်းဖြည်း တည်ငြိမ်သွားတယ်၊ သူမ ထုန်ထုန် ခေါင်းလေးကို ပုတ်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်... မားမား သားကို ယုံကြည်သင့်တာ၊ မားမား ကိုယ့်ကိုယ်ကိုယ် မရှုပ်ထွေးသင့်ဘူး"

"အင်း... အခု ပါပါး ကာကွယ်ရေးစနစ်ကို မထိခိုက်သေးဘူးဆိုတော့ ပါပါး အခု ဘာအန္တရာယ်မှ မရှိသေးဘူး ဆိုတဲ့ သဘောပဲ။ မားမား... သား ရှိတယ်၊ မားမား မပူပါနဲ့" ရှောင်လဲ့ထုန် ပြောလိုက်သည်။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ငါ့သားက နတ်ဘုရားကြီးပဲ၊ အရာအားလုံး လုပ်နိုင်တယ်၊ ငါ မပူပါဘူး"

ဤနေရာသို့ ရောက်သောအခါ သူမ စဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ငါ မင်းအဖေကို စိတ်မချသေးဘူး၊ ဖုန်းဆက်ကြည့်လို့ ရမလား"

"အင်း" ရှောင်လဲ့ထုန် ခေါင်းညိတ် ပြန်ဖြေလိုက်သည်။

ရှောင်လင်းယွီ ကုန်းထျန်းဟောက်ဆီ ဖုန်းဆက်လိုက်တော့ ကုန်းထျန်းဟောက် ကားပေါ် ရောက်နေပြီ၊ ဘာမှ မဖြစ်တော့ဘူး ဆိုတာ သိလိုက်ရတော့ ရှောင်လင်းယွီ လုံးဝ စိတ်အေးသွားတယ်။

ကုန်းထျန်းဟောက်နဲ့ စကားနည်းနည်း ပြောပြီး ဖုန်းချလိုက်ပြီးနောက် သားဖြစ်သူကို ပွေ့ချီကာ အရမ်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "သား... မင်းအဖေ ဘာမှ မဖြစ်တော့ဘူး၊ ဘေးကင်းသွားပြီ"

ရှောင်လဲ့ထုန် ခေါင်းညိတ်လိုက်သည်။ "အင်း... သား ပြောသားပဲ၊ ပါပါး ဘာမှ မဖြစ်ပါဘူးလို့"

ဤနေရာသို့ ရောက်သောအခါ သူ ခနရပ်လိုက်ပြီး အလွန် လေးနက်စွာ ပြောလိုက်သည်။ "မားမား... လျန်ဖျောင့်ရွှယ် ဆိုတဲ့ မိန်းမက နည်းနည်း အန္တရာယ်များတယ်၊ သူ့ကို ရှင်းပစ်လိုက်ရမလား"

ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "လောလောဆယ် မလိုသေးပါဘူး၊ မင်းအဖေမှာ တခြား အစီအစဉ်တွေ ရှိသေးတယ်"

သားဖြစ်သူကို ဝင်မပါစေချင်ရင် သူတို့ သားဖြစ်သူကို ဝင်ပါစေမှာ မဟုတ်ပါဘူး။ တစ်ခုခု ဖြစ်မှာ စိုးလို့ပါ။

ဒီအချိန်မှာ ရှောင်လဲ့ထုန်က နည်းနည်း မကျေမနပ် ပြောလိုက်သည်။ "အစက ဒီတစ်ခေါက် ပါပါး ထောင်ချောက်ထဲ ဝင်သွားတာ ရည်းစားဟောင်းကို ကယ်ဖို့အတွက်ပဲ။ မားမား... မားမား စိတ်မဆိုးဘူးလား"

ဆေးထိုးလို့ရရင် ထိုးရမှာပေါ့၊ သူနဲ့ မားမားရဲ့ အာရုံစိုက်မှုကို လာမလုနဲ့လေ။

ရှောင်လင်းယွီ ရယ်ချင်သလို ပြောလိုက်သည်။ "စိတ်ဆိုးတာပေါ့၊ သေချာပေါက် စိတ်ဆိုးတာပေါ့။ မင်းအဖေ ပြန်လာရင် ဒူးထောက်ခိုင်းလိုက်ရင် ကောင်းမလား"

ရှောင်လဲ့ထုန် ချက်ချင်း ပျော်ရွှင်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ကောင်းတယ်... သေချာပေါက် နှစ်နာရီ ပြည့်အောင် ဒူးထောက်ခိုင်းရမယ်"

ရှောင်လင်းယွီ သားဖြစ်သူ အတိုင်း လိုက်ပြောလိုက်သည်။ "ကောင်းပြီ... သား ဘယ်လောက်ကြာကြာ ဒူးထောက်ခိုင်းချင်လဲ ဒူးထောက်ခိုင်းလိုက်။ ဘာပဲပြောပြော မင်းအဖေ အခု သံမဏိ ကိုယ်ခန္ဓာ ဖြစ်နေပြီ၊ ဒူးမပျက်စီးပါဘူး"

ရှောင်လဲ့ထုန် ကြားလိုက်ရတော့ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "မများပါဘူး၊ နှစ်နာရီလောက်ပဲ ထားလိုက်ပါ"

...

ဟိုဘက်မှာ ဇနီးနဲ့ သားက သူ့ကို အဝတ်လျှော်ခုံပေါ် ဘယ်လောက်ကြာကြာ ဒူးထောက်ခိုင်းမလဲ ဆွေးနွေးနေကြတုန်း ဒီဘက်မှာ ကုန်းထျန်းဟောက် ရုံးခန်း ပြန်ရောက်တာနဲ့ သခင်ကြီးလျန်ဆီက ဖုန်းဝင်လာတယ်၊ လေသံက အရမ်း ဒေါသထွက်နေပြီး အသံကျယ်ကြီးနဲ့ အော်ဟစ်မေးမြန်းလိုက်သည်။ "ကုန်းထျန်းဟောက်... မင်း ငါ့မြေးမလေး ရွှယ်အာကို ပြန်ပေးဆွဲသွားပြီး ဘာလို့ ဝန်မခံရတာလဲ။ ဟွန့်... ငါတို့ လျန်မိသားစုက အနိုင်ကျင့်လို့ ကောင်းတယ် ထင်နေလား"

ကုန်းထျန်းဟောက် ကြားလိုက်ရတော့ လျန်ဖျောင့်ရွှယ်က လူယုတ်မာပီပီ အရင်တိုင်တောလိုက်ပြီဆိုတာ သိလိုက်တယ်။

ကုန်းထျန်းဟောက်က အေးစက်စွာ မေးလိုက်သည်။ "သခင်ကြီးလျန်... ကျွန်တော် ဘယ်တုန်းက ခင်ဗျားမြေးမလေးကို ပြန်ပေးဆွဲသွားလို့လဲ"

သခင်ကြီးလျန် ဒေါသထွက်လွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်နေတယ်၊ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း ဝန်မခံသေးဘူးလား။ မင်း ငါ့မြေးမလေးကို ပြန်ပေးမဆွဲရင် ငါ့မြေးမလေး လည်ပင်းပေါ်က ညှစ်ရာတွေက ဘယ်က ရလာတာလဲ။ ငါ့မြေးမလေး ငါ့ကို ပြောတယ်၊ ဒီညှစ်ရာတွေက မင်း သူ့လည်ပင်းကို ညှစ်လို့ ရလာတာတဲ့။ ငါ မင်းကို ပြောလိုက်မယ် ကုန်းထျန်းဟောက်... မင်း အောင်မြင်မှု နည်းနည်းရတာနဲ့ စိတ်ကြိုက် လုပ်လို့ရတယ် မထင်နဲ့။ ငါ့မြေးမလေး ရွှယ်အာရဲ့ အသက်ကို လိုချင်ရင် ငါ သခင်ကြီး မသေသေးဘူး"

ကုန်းထျန်းဟောက် ငြင်းချက်ထုတ်ဖို့ စိတ်မပါတော့ဘဲ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "သခင်ကြီးလျန်... ခင်ဗျား ယုံယုံ မယုံယုံ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားမြေးမလေးကို ပြန်ပေးမဆွဲခဲ့ပါဘူး။ ကျွန်တော် ပြောစရာ ဘာမှ မရှိတော့ပါဘူး။ ကျွန်တော် အလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်"

သခင်ကြီးလျန် ဘယ်လောက်ပဲ ခုန်ဆွခုန်ဆွ ဖြစ်နေပါစေ၊ ဒေါသထွက်နေပါစေ ကုန်းထျန်းဟောက် လုံးဝ ဂရုမစိုက်ဘဲ ဖုန်းတိုက်ရိုက် ချလိုက်တယ်။

ထို့နောက် ကုန်းထျန်းဟောက် လီယွမ်ဟန်ကို မှာကြားလိုက်သည်။ "ဟွန့်... လျန်မိသားစုက ငါတို့ ပူးပေါင်းဆောင်ရွက်မှုကို ဂရုမစိုက်ဘူးဆိုမှတော့ သတင်းလွှင့်လိုက်၊ လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ၊ လျန်မိသားစု တခြား စီးပွားရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေ အားလုံးကို ငါတို့ ကုမ္ပဏီက လုံးဝ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့"

လီယွမ်ဟန် နှုတ်ခမ်းထောင့်များ တွန့်သွားပြီး ပြောလိုက်သည်။ "ထျန်းဟောက်... မင်း ဒီနည်းလမ်းက တော်တော်ရက်စက်တာပဲ"

အရင်တုန်းက သူတို့ လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်ရုံပဲ ရှိသေးတာ၊ လျန်မိသားစုက တစ်နေ့ကို သန်းချီ ဆုံးရှုံးနေတာတောင် လျန်ဖျောင့်ရွှယ်ကို ရှောင်လင်းယွီဆီ တောင်းပန်ခိုင်းဖို့ မလိုလားဘူး။

လျန်မိသားစု ဘာတွေးနေလဲ မသိဘူး။

တကယ်လို့ လျန်ဖျောင့်ရွှယ် တကယ် မမှားဘဲ ကုန်းထျန်းဟောက်က အတင်း အိမ်တိုင်ရာရောက် တောင်းပန်ခိုင်းရင် သူတို့ ဒီလို ကာကွယ်ပေးတာ နားလည်ပေးလို့ရပါတယ်။

ဒါပေမဲ့ အခု ပြဿနာက လျန်ဖျောင့်ရွှယ် မှားနေတာလေ၊ သူတို့က ဒီလို ကာကွယ်ပေးနေသေးတာ၊ ဒါ လျန်မိသားစုရဲ့ ပြဿနာပဲ။

ကုန်းထျန်းဟောက် မျက်နှာပေါ်မှာ သရော်ပြုံး ပေါ်လာပြီး ပြောလိုက်သည်။ "လျန်မိသားစုက သေတဲ့အထိ လျန်ဖျောင့်ရွှယ်ကို ကာကွယ်ပေးချင်တယ် မဟုတ်လား။ လျန်ဖျောင့်ရွှယ်က လျန်အုပ်စုနဲ့ လျန်မိသားစု သေရေးရှင်ရေးကို လုံးဝ ဂရုမစိုက်ဘူး မဟုတ်လား။ ဒါဆို ငါ ကြည့်ချင်တယ်၊ သူတို့ကြားက အသုံးချမှုတွေ ထိခိုက်လာပြီး ပဋိပက္ခဖြစ်လာရင် ဘယ်လိုရွေးချယ်မှုမျိုးလုပ်မလဲ ဆိုတာကို။ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့၊ ဒါ သူတို့ဘာသာ လုပ်တာပဲ"

သူ လျန်မိသားစုကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ လျန်မိသားစုက အမှားကို လုံးဝ သတိမထားမိကြဘူး၊ ဒီလိုဆိုမှတော့ လျန်မိသားစု ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ သူ ကြည့်ချင်တယ်။

ဖုန်းချခံလိုက်ရတဲ့ သခင်ကြီးလျန် ဒေါသထွက်လွန်းလို့ ခြေဆောင့်နေတယ်၊ မျက်လုံးတွေ နီရဲနေတဲ့ မြေးမလေးကို ကြည့်ပြီး ချက်ချင်း ပြောလိုက်သည်။ "ရွှယ်အာ... စိတ်ချ၊ ကုန်းထျန်းဟောက် ငါ့ကို ဒီလို လုပ်ရဲတယ်၊ ငါ သေချာပေါက် မင်းအတွက် တရားမျှတမှု ရအောင် ယူပေးမယ်"

လျန်ဖျောင့်ရွှယ် အဘိုးရင်ခွင်ထဲ တိုးဝင်ပြီး ငိုယိုကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အဘိုး"

သခင်ကြီးလျန် လေးနက်စွာ ပြောလိုက်သည်။ "ဟွန့်... ငါတို့ လျန်မိသားစုက အဲဒီလောက် အနိုင်ကျင့်လို့ မလွယ်ပါဘူး"

လျန်ဖျောင့်ရွှယ် ကျေနပ်အားရတဲ့ အပြုံးတစ်ခု ပြုံးလိုက်ပေမဲ့ ချက်ချင်း မျက်လုံးထဲမှာ နာကြည်းမှုနဲ့ အဆိပ်ပြင်းတဲ့ အကြည့်တွေ ပေါ်လာတယ်။

ကုန်းထျန်းဟောက်၊ ရှောင်လင်းယွီ... နင်တို့ အကြာကြီး မပျော်ရွှင်နိုင်ပါဘူး၊ ငါ အဲဒီပစ္စည်းကို ရလိုက်တာနဲ့ ငါ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ၊ ငါ နင်တို့ကို ကြောက်စရာ မလိုတော့ဘူး။

အဲဒီအချိန်ကျရင် ငါက ဒီကမ္ဘာကြီးရဲ့ ဘုရင်မ ဖြစ်လာမှာ၊ လူတိုင်းက ငါ့ခြေထောက်အောက်မှာ ဒူးထောက်ကြရမှာ။

ဒါက လျန်ဖျောင့်ရွှယ်ရဲ့ ရည်မှန်းချက်ပဲ။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၁၀၀၆ ။ ဇာတ်သိမ်းပိုင်း (၇)

ကုန်းထျန်းဟောက်၏ အမိန့်တစ်ချက်တည်းဖြင့် လျန်မိသားစု စီးပွားရေးလုပ်ငန်းများဖြစ်သည့် လျန်စစ်ချန်၏ လျန်အုပ်စုနှင့် Imperial Palaceအုပ်စု ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းသွားရုံသာမက လျန်မိသားစုပိုင် အခြားစီးပွားရေးလုပ်ငန်းများပါ ထိခိုက်ခဲ့သည်။ ပို၍ ဆိုးရွားသည်မှာ ပူးပေါင်းဆောင်ရွက်နေသော အခြားကုမ္ပဏီများကလည်း လျန်မိသားစုပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက် ရပ်ဆိုင်းလာကြခြင်း ဖြစ်သည်။ ခဏချင်းမှာပင် လျန်မိသားစုပိုင် ကုမ္ပဏီ အားလုံးနီးပါး လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။

"တကယ် အနိုင်ကျင့်လွန်းတယ်၊ ကုန်းထျန်းဟောက်... သူ တကယ် အနိုင်ကျင့်လွန်းတယ်"

လျန်မိသားစု တစ်ခုလုံးနီးပါး စုဝေးရောက်ရှိနေကြသည်။

အားလုံးက ကုန်းထျန်းဟောက်ကို ဝိုင်းဝန်း ပြစ်တင်ဝေဖန်နေကြသည်။

"သူက ဘာအခွင့်အရေးနဲ့ သူကိုယ်တိုင် ငါတို့နဲ့ မပူးပေါင်းတာ ထားလိုက်တော့၊ တခြားကုမ္ပဏီတွေကိုပါ ငါတို့နဲ့ မပူးပေါင်းခိုင်းတာလဲ"

"ဟုတ်တယ်... သူက လက်ဝါးကြီးအုပ်ချင်နေတာ၊ ငါတို့ လျန်မိသားစုကို အရင်တုန်းက ချင်မိသားစုလိုမျိုး အသက်မရှူနိုင်အောင် ဖိအားပေးပြီး လမ်းဆုံးရောက်အောင် တွန်းပို့ချင်နေတာလား"

ရောက်ရှိနေသူများက ချင်မိသားစု၏ ဇာတ်သိမ်းကို တွေးမိပြီး ကျောချမ်းသွားကြသည်။

မဖြစ်ဘူး... သူတို့ ချင်မိသားစုလို ဇာတ်သိမ်းမျိုး မလိုချင်ကြဘူး။

သူတို့က လူအများအထက်မှာ နေရတဲ့ ဘဝမျိုးကို နေသားကျနေပြီ၊ အောက်ဆုံးတန်း ဘဝမျိုးကို ပြန်သွားဖို့ စိတ်ကူးတောင် မယဉ်ရဲဘူး၊ အဲဒါက သေတာထက် ဆိုးတဲ့ နေ့ရက်တွေပဲလို့ ထင်တယ်။

"ဒါပေမဲ့ ကုန်းထျန်းဟောက်က ဘာလို့ ငါတို့ လျန်မိသားစုကို ရုတ်တရက် ဒီလိုလုပ်ရတာလဲ" ဆွေမျိုးတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... ကုန်းထျန်းဟောက်က ငါတို့ လျန်မိသားစု စီးပွားရေးကို ရုတ်တရက် တိုက်ခိုက်တာ အကြောင်းရင်း တစ်ခုခု ရှိမှာ သေချာတယ်"

"ငါ ကြားတာတော့ ငါတို့ လျန်မိသားစု သခင်မလေးက ကုန်းထျန်းဟောက် မိန်းမကို ပြစ်မှားမိလို့တဲ့။ ကုန်းထျန်းဟောက်က သခင်မလေးကို ကုန်းကတော်ဆီ တောင်းပန်ခိုင်းတာ၊ သူက ကိုယ်မမှားဘူး ထင်လို့ လုံးဝ မတောင်းပန်ဘူးတဲ့"

"ဟင်... အဲဒီလိုလား"

"ဟုတ်တယ်... သခင်မလေးလျန် ကိုယ်တိုင် မတောင်းပန်ရုံတင် မကဘူး၊ သခင်ကြီးကပါ ကာကွယ်ပေးထားပြီး သခင်မလေးကို ကုန်းထျန်းဟောက်ဆီ သွားမတောင်းပန်ခိုင်းဘူး။ ဒါကြောင့် အရင်တုန်းက Imperial Palaceအုပ်စုနဲ့ လျန်အုပ်စု ပူးပေါင်းဆောင်ရွက်မှုပဲ ရပ်ဆိုင်းတာ။ အခုတော့ Imperial Palaceအုပ်စုက လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရုံမက လျန်မိသားစုပိုင် တခြား စီးပွားရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပါ ရပ်ဆိုင်းလိုက်ပြီ၊ ပြီးတော့ ငါတို့ လျန်မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီ မှန်သမျှ Imperial Palaceအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ အမိန့်ထုတ်လိုက်သေးတယ်။ သူ... သူက ငါတို့ လျန်မိသားစု စီးပွားရေးတွေကို တိုက်ရိုက် ဒေဝါလီခံစေချင်နေတာပဲ"

"ဟုတ်တယ်... ကုန်းထျန်းဟောက်က တကယ် ရက်စက်တာပဲ"

"သခင်မလေး တစ်ယောက်တည်းလုပ်တဲ့ အမှားအတွက် ငါတို့ လျန်မိသားစု တစ်ခုလုံး ပေးဆပ်ရတော့မှာလား။ ဒါ ငါတို့အတွက် မတရားလွန်းဘူးလား။ လျန်ဖျောင့်ရွှယ်က လျန်မိသားစု မြေးမလေးဆိုရင် ငါတို့တွေကရော လျန်မိသားစုဝင်တွေ မဟုတ်တော့ဘူးလား"

"ဟုတ်တယ်... သခင်ကြီးက မျက်နှာလိုက်လွန်းတယ်။ သူ့မျက်လုံးထဲမှာ မြေးမလေး လျန်ဖျောင့်ရွှယ်ကလွဲရင် ငါတို့ သားသမီး မြေးမြစ်တွေ မရှိတော့ဘူးလား"

"မဖြစ်ဘူး... လျန်ဖျောင့်ရွှယ် မတောင်းပန်တာနဲ့ သခင်ကြီးက ဒီလို ကာကွယ်ပေးထားတာ၊ ငါတို့ လျန်မိသားစု တစ်ခုလုံး ပေးဆပ်ရတော့မှာလား"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မျိုးဆက်သစ် တစ်ယောက်က မကျေမနပ် ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က မိသားစုရဲ့ ရတနာ၊ သခင်ကြီးရဲ့ ရတနာ ဆိုပေမဲ့ ငါတို့မှာလည်း ပြုစုပျိုးထောင်ရမယ့် ရတနာတွေ ရှိတယ်လေ၊ ဘာကိစ္စ ငါတို့ပါ လိုက်ပါ ထိခိုက်ခံရမှာလဲ"

...

ဟိုဘက်မှာ လျန်မိသားစုဝင်တွေ မကျေမနပ် ဆွေးနွေးငြင်းခုံနေကြတုန်း ဒီဘက်မှာ လျန်အိမ်ထောင်ဦးစီးနဲ့ သခင်ကြီးလျန် ဒေါသထွက်လွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်နေကြတယ်။

"ကုန်းထျန်းဟောက် ဒီကောင်စုတ်၊ တကယ် အနိုင်ကျင့်လွန်းတယ်။ ငါ အရှင်လတ်လတ် ရှိနေသေးတာတောင် ငါ့လျန်မိသားစုကို ဒီလို အနိုင်ကျင့်ရဲတယ်" သခင်ကြီးလျန် တုတ်ကောက်နဲ့ ကြမ်းပြင်ကို "ဒုန်းဒုန်း" မြည်အောင် ထုရိုက်ပြီး မျက်နှာထား တည်ကြည်လေးနက်ကာ ဒေါသထွက်နေပုံ ပေါက်နေတယ်။

ထို့နောက် သခင်ကြီးလျန် ဘေးနားက သားကြီးကို မေးလိုက်သည်။ "ဟိုအဘိုးကြီးကုန်းကို ဖုန်း ဆက်သွယ်လို့ မရသေးဘူးလား"

လျန်စစ်ချန် ခါးသီးစွာ ပြုံးပြီး ခေါင်းခါလိုက်သည်။ "မရဘူး အဖေ"

သူတို့ သခင်ကြီးကုန်းဆီ ဖုန်းခေါ်တာ အကြိမ် ၁၀၀ မကတော့ဘူး၊ ဒါပေမဲ့ တစ်ကြိမ်မှ မဝင်ဘူး၊ သူတို့ ဘာနားမလည်စရာ ရှိသေးလဲ၊ လျန်မိသားစု ဖုန်းခေါ်တာကို လက်မခံဘူး ဆိုတာ ငြင်းပယ်လိုက်တာပဲ။

ဒါကြောင့် သူတို့ အခု ဖုန်းခေါ်လို့မရဘူးဆိုတာက သူတို့ကို ကူညီပေးနိုင်မယ့် တစ်ဦးတည်းသောသူက ငြင်းပယ်လိုက်ပြီဆိုတဲ့ သဘောပဲ။

လျန်စစ်ချန် သခင်ကြီးလျန်ရဲ့ တည်ကြည်လေးနက်ပြီး ဒေါသထွက်နေတဲ့ မျက်နှာထားကို ကြည့်လိုက်တယ်၊ ပြီးတော့ ဘေးနားမှာ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေတဲ့ သမီးဖြစ်သူကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "အဖေ... ကုန်းထျန်းဟောက် လိုချင်တာက ကျွန်တော်တို့ ရွှယ်အာက သူ့မိန်းမကို တောင်းပန်ဖို့ပဲလေ။ ကျွန်တော်တို့ ရွှယ်အာကို ကုန်းကတော်ဆီ တောင်းပန်ခိုင်းလိုက်ရင်..."

"မဖြစ်ဘူး" သခင်ကြီးလျန် ခေါင်းမာမာနဲ့ ပြောလိုက်သည်။ "ငါတို့ ရွှယ်အာက ဘာအမှားကြီးမှ လုပ်ထားတာ မဟုတ်ဘူး၊ ပြီးတော့ တောင်းပန်ရမယ် ဆိုရင်လည်း ကုန်းထျန်းဟောက်က ငါတို့ ရွှယ်အာကို အရင် လာတောင်းပန်သင့်တာ၊ သူက ရွှယ်အာကို ပြန်ပေးဆွဲတဲ့ ကိစ္စတွေတောင် လုပ်ခဲ့တာ၊ အခုထိ ငါ့ကို ဖြေရှင်းချက် မပေးသေးဘူး"

လျန်စစ်ချန် စိတ်လောကြီးစွာ ပြောလိုက်သည်။ "ဒါပေမဲ့ အခု ကုန်းထျန်းဟောက်က..."

သခင်ကြီးလျန် တင်းမာစွာ ပြောလိုက်သည်။ "ဟွန့်... ဆက်မပြောနဲ့တော့"

ထို့နောက် သူ ဒေါသတကြီး ဆက်ပြောသည်။ "ဟွန့်... ကုန်းမိသားစုကောင်လေးက အကဲမခတ်တတ်ဘဲ ဒီလောက် အနိုင်ကျင့်မှတော့ ငါတို့ လျန်မိသားစုကလည်း သူ့ကို အားနာနေစရာ မလိုတော့ဘူး"

လျန်စစ်ချန် သံသယဖြင့် မေးလိုက်သည်။ "အဖေ... အဖေ ဘာလုပ်ချင်လို့လဲ"

"ဘာလုပ်ရမလဲ၊ ဟွန့်..." သခင်ကြီးလျန် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ရွှယ်အာ ပြောသလိုပဲ၊ ကုန်းမိသားစုက ငါတို့ ခေါင်းပေါ် တက်နင်းနေပြီ၊ ကုန်းထျန်းဟောက်က မြို့တော်မှာ လက်ဝါးကြီးအုပ်နေတာ၊ ဒီအတိုင်း ဆက်သွားရင် ငါတို့ ဘယ်လို အသက်ရှင်ရတော့မလဲ။ အခု ငါတို့ ကုန်းထျန်းဟောက်ရဲ့ မောက်မာမှုကို နှိမ်နင်းပေးရမယ်၊ သူ့ကို ဒီလောက် မမောက်မာစေနဲ့။ မြို့တော်က သူတစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး"

လျန်စစ်ချန် ကြားလိုက်ရတော့ ဘေးနားမှာ ခေါင်းငုံ့ပြီး လိမ္မာနေတဲ့ သမီးဖြစ်သူကို စောင်းကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒါဆို အဖေ... အဖေက ကုန်းထျန်းဟောက်ရဲ့ မောက်မာမှုကို ဘယ်လို နှိမ်နင်းမလဲ"

သခင်ကြီးလျန်က ပြောသည်။ "မင်း ချက်ချင်း ကျန်းမိသားစု၊ လီမိသားစု၊ အဲဒီ သခင်ကြီးနှစ်ယောက်ဆီ ဖုန်းဆက်လိုက်"

လျန်စစ်ချန် အံ့သြစွာ မေးလိုက်သည်။ "ဒါဆို အဖေ... အဖေက ကျန်းမိသားစုနဲ့ လီမိသားစုကို ပေါင်းပြီး ကုန်းထျန်းဟောက်ကို ဖိအားပေးချင်တာလား"

"ဟွန့်... ငါတို့ သခင်ကြီးတွေ အသက်ရှင်နေသေးတာတောင် ကုန်းမိသားစု ကလေးက ငါတို့ ခေါင်းပေါ် တက်နင်းနေပြီ" သခင်ကြီးလျန်က ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။ "တကယ်လို့ တစ်နေ့ကျရင် ငါတို့ သခင်ကြီးတွေ မရှိတော့ရင် ငါတို့ ဒီမိသားစုကြီးတွေ တည်ရှိနိုင်ပါဦးမလား။ ငါ ထင်တာတော့ သခင်ကြီးကျန်းနဲ့ သခင်ကြီးလီလည်း မိသားစုနဲ့ မျိုးဆက်သစ်တွေ အတွက် ဒီလို စိုးရိမ်မှုမျိုး ရှိမှာ သေချာတယ်။ ဒါကြောင့် သူတို့က ငါနဲ့ ပေါင်းပြီး ကုန်းမိသားစု ကောင်လေးကို ဖိအားပေးဖို့ သဘောတူမှာ သေချာတယ်"

လျန်စစ်ချန်က အိမ်ထောင်ဦးစီး အနေနဲ့ သခင်ကြီးလျန် ထင်သလောက် မရိုးရှင်းဘူးလို့ ထင်တယ်။

ဘာပဲပြောပြော ကျန်းမိသားစုနဲ့ လီမိသားစုရဲ့ အိမ်ထောင်ဦးစီးတွေက အခု သခင်ကြီးကျန်းနဲ့ သခင်ကြီးလီ မဟုတ်တော့ဘူးလေ။

လျန်စစ်ချန်က ဒီလုပ်ရပ်အပေါ် အကောင်းမမြင်ပါဘူး။

ဘာပဲပြောပြော အခု ကျန်းမိသားစုနဲ့ လီမိသားစုက လျန်မိသားစုနဲ့ ပေါင်းစည်းစရာ အကြောင်းပြချက် မရှိဘူးလေ။

ဒါပေမဲ့ အဖေဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် သခင်ကြီးကျန်းနဲ့ သခင်ကြီးလီဆီ ဖုန်းဆက်လိုက်ရတယ်။

" သင်ခေါ်ဆိုသော ဖုန်းမှာ ဝန်ဆောင်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့်..."

သခင်ကြီးလီဆီ စခေါ်လိုက်တာနဲ့ ဖုန်းထဲက အေးစက်ပြီး ချိုသာတဲ့ အမျိုးသမီး အသံ ထွက်ပေါ်လာတယ်။

သခင်ကြီးလျန် မျက်မှောင် ချက်ချင်း ကြုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ဒီသခင်ကြီးလီ ဘာလုပ်နေတာလဲ။ သခင်ကြီးကျန်းဆီ ဆက်ခေါ်လိုက်"

လျန်စစ်ချန် သခင်ကြီးကျန်းဆီ ဆက်ခေါ်လိုက်တယ်။

" သင်ခေါ်ဆိုသော ဖုန်းမှာ ဝန်ဆောင်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့်..."

ရလဒ်က အတူတူပါပဲ။

သခင်ကြီးလျန် မျက်မှောင် ပိုကြုတ်သွားပြီး နားမလည်နိုင်စွာ ပြောလိုက်သည်။ "ဒီအဘိုးကြီးနှစ်ယောက် ဘာတွေ လုပ်နေတာလဲ၊ ဘာလို့ ဝန်ဆောင်မှု ဧရိယာပြင်ပ ရောက်နေရတာလဲ"

သူ ချက်ချင်း အမိန့်ပေးလိုက်သည်။ "မိသားစု ခေါင်းဆောင်နှစ်ယောက်ဆီ ဖုန်းဆက်လိုက်"

သခင်ကြီးလျန် မတတ်သာဘဲ နောက်ထပ် လူနှစ်ယောက်ဆီ ဖုန်းဆက်ခိုင်းရတော့တယ်။

လီမိသားစုက လီမိသားစု သားကြီး လီချန်ဖုန်း အုပ်ချုပ်နေတာ၊ လျန်စစ်ချန်နဲ့ ရွယ်တူပါပဲ၊ ပုံမှန်ဆို နှစ်ယောက်သား ဆက်ဆံရေးလည်း မဆိုးပါဘူး။

မိသားစုကြီး ၄ ခုထဲမှာ ၂ ခုက လူလတ်ပိုင်းတွေ အုပ်ချုပ်နေပြီး ၂ ခုက လူငယ်တွေ အုပ်ချုပ်နေတာ။

ကျန်းမိသားစုကတော့ သားမျိုးဆက်ကို ကျော်ပြီး မြေးမျိုးဆက်ကို တိုက်ရိုက် လွှဲပြောင်းပေးထားတာ၊ ကျန်းထောင်က တရားဝင် အိမ်ထောင်ဦးစီး မဖြစ်သေးပေမဲ့ အိမ်ထောင်ဦးစီး အာဏာကို ကျင့်သုံးနေပါပြီ။

လျန်စစ်ချန်က လီချန်ဖုန်းဆီ အရင် ဖုန်းဆက်လိုက်တယ်၊ ခဏကြာတော့ ဟိုဘက်က ဖုန်းကိုင်လိုက်တယ်။ "ဟယ်လို..."

သခင်ကြီးလျန်က ဖုန်းကို တိုက်ရိုက် လုယူလိုက်ပြီး မေးလိုက်သည်။ "ကောင်လေးလီ... မင်းအဖေ ဘယ်ရောက်နေလဲ။ သူ့ဖုန်းခေါ်တာ ဘာလို့ ဝန်ဆောင်မှု ဧရိယာပြင်ပ ရောက်နေတယ် ပြောနေတာလဲ"

သခင်ကြီးလျန် လေသံက အပြစ်တင်တဲ့ လေသံ ပါနေတယ်။

လီချန်ဖုန်း အနည်းငယ် ကြောင်သွားပြီးနောက် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ "ဦးလေးလျန်... ကျွန်တော့်အဖေက နေရာကောင်း တစ်ခု ရှာပြီး ကျန်းမာရေး သွားစောင့်ရှောက်နေတာပါ။ သူ မြို့တော်မှာ မရှိပါဘူး၊ ဦးလေး သူ့ကို ရှာစရာအကြောင်းရှိလို့လား"

သခင်ကြီးလျန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ချက်ချင်း မေးလိုက်သည်။ "အဘိုးကြီးလီ ဘယ်သွားပြီး ကျန်းမာရေး စောင့်ရှောက်နေတာလဲ"

လီချန်ဖုန်း ခဏ တွန့်ဆုတ်ပြီးနောက် ပြန်ဖြေလိုက်သည်။ "ထောင်ယွမ်ရွာမှာပါ၊ ဦးလေးကုန်း ရှိတဲ့ နေရာမှာပါ"

သခင်ကြီးလီ ထောင်ယွမ်ရွာမှာ ရှိနေတယ်၊ သခင်ကြီးကုန်းနဲ့ အတူတူ ရှိနေတယ် ဆိုတာ ကြားလိုက်ရတော့ သခင်ကြီးလျန် ဒေါသ ချက်ချင်း ထွက်လာပြီး ဒေါသတကြီး မေးလိုက်သည်။ "ကောင်းပြီ... ငါ ပြောသားပဲ၊ အဘိုးကြီးလီ ဖုန်းက ဘာလို့ ခေါ်မရတာလဲလို့၊ အဲ့ဒီအဘိုးကြီးကုန်းဆီ သွားရှာတာကိုး။ ဟွန့်... သူ ကျန်းမာရေး စောင့်ရှောက်ချင်ရင်တောင် အဲဒီခေါင်ဖျားတဲ့နေရာအထိ သွားစရာ မလိုပါဘူး"

လီချန်ဖုန်း နေရခက်သွားပြီး ဘယ်လို ပြန်ဖြေရမလဲ မသိဘူး။

သခင်ကြီးလျန်က သခင်ကြီးလီအကြောင်း ညည်းညူပြီးနောက် ပြောလိုက်သည်။ "ကောင်လေးလီ... ကုန်းမိသားစု ကောင်လေး ကုန်းထျန်းဟောက်က တကယ် အနိုင်ကျင့်လွန်းတယ်၊ ငါတို့ လျန်မိသားစုကို တစ်ဆင့်ပြီး တစ်ဆင့် ဖိအားပေးနေတယ်၊ သူကိုယ်တိုင် ငါတို့ လျန်မိသားစု စီးပွားရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းတာ ထားလိုက်တော့၊ တခြားလူတွေကိုပါ ငါတို့နဲ့ မပူးပေါင်းခိုင်းဘူး။ သူက... သူက ငါတို့ လျန်မိသားစု စီးပွားရေးတွေကို တိုက်ရိုက် ဒေဝါလီခံစေချင်တာပဲ မဟုတ်လား"

လီချန်ဖုန်း ချက်ချင်း သခင်ကြီးလျန် ဆိုလိုရင်းကို နားလည်သွားတယ်၊ သူ စဉ်းစားပြီး ပြောလိုက်သည်။ "ဦးလေးလျန်... ကျွန်တော် ကြားတာက ဦးလေးရဲ့မြေး ရွှယ်အာက ထျန်းဟောက် မိန်းမကို အသရေဖျက်ပြီး စွပ်စွဲခဲ့လို့တဲ့၊ နောက်တော့ အမှန်တရား ပေါ်လာတာတောင် ဦးလေးရဲ့မြေးက တောင်းပန်မလာဘူးတဲ့"

သခင်ကြီးလျန် ကြားလိုက်ရတော့ ဒေါသထွက်သွားပြီး မေးလိုက်သည်။ "ကောင်လေးလီ... မင်း စကားက ဘာသဘောလဲ။ ငါ့မြေးမလေးက အဲဒီ တောသူမကို ဘာကိစ္စ တောင်းပန်ရမှာလဲ။ ပြီးတော့ ကုန်းထျန်းဟောက်က ငါ့မြေးမလေးကို ပြန်ပေးဆွဲခဲ့တယ်၊ လည်ပင်းကို ညှစ်ခဲ့တယ်၊ သူက ဘာလို့ ထွက်ပြီး မတောင်းပန်တာလဲ။ ပြီးတော့ ငါ့မြေးမလေး အဲဒီ တောသူမလေးကို အရေးယူခဲ့တာကလည်း သူများ လှည့်စားတာ ခံလိုက်ရလို့ပါ"

လီချန်ဖုန်း မျက်မှောင်ကြုတ်ပြီး မျက်နှာထား လေးနက်စွာ မေးလိုက်သည်။ "ဒါဆို ဦးလေးလျန်... ဦးလေးက ဦးလေးရဲ့မြေးမ မမှားဘူးလို့ ထင်နေတာလား"

"ဟုတ်တယ်... ငါ့မြေးမလေး ဘာမှ မမှားဘူး" သခင်ကြီးလျန်က ခေါင်းမာမာနဲ့ ပြောလိုက်သည်။ "ဟွန့်... မှားရင်တောင် အဲဒီ တောသူမက ငါ့မြေးမလေးရဲ့ တောင်းပန်မှုကို ခံယူဖို့ အရည်အချင်း မရှိပါဘူး။ ငါ့မြေးမလေးရဲ့ ဂုဏ်သရေရှိ ခန္ဓာကိုယ်က အဲဒီ တောသူမလေးကို ခေါင်းငုံ့စရာအကြောင်း မရှိဘူး"

သခင်ကြီးလျန်ရဲ့ ခေါင်းမာတဲ့ စကားကို ကြားတော့ လီချန်ဖုန်း စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး သတိပေးလိုက်သည်။ "ဦးလေးလျန်... ဦးလေး မေ့နေပြီလား။ အဲဒီ ရှောင်လင်းယွီက တောသူမလေး ဆိုရင်တောင် သူမက ကုန်းထျန်းဟောက်ရဲ့ မိန်းမ၊ ကုန်းမိသားစု သခင်မလေ။ ကုန်းမိသားစု သခင်မ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် ဦးလေးမြေးရဲ့ တောင်းပန်မှုကို ခံယူထိုက်ပါတယ်"

သူ ဒီစကား မပြောချင်ပါဘူး၊ ဘာပဲပြောပြော တစ်ဖက်လူက လူကြီးလေ၊ ဒါပေမဲ့ တစ်ဖက်လူပြောတာ နားထောင်ရ နည်းနည်း ခက်နေလို့။

သခင်ကြီးလျန် ကြားလိုက်ရတော့ မကျေမနပ် ပြောလိုက်သည်။ "ကောင်လေးလီ... မင်း စကားက ဘာသဘောလဲ။ မင်း ဆိုလိုတာက အဲဒီ ရှောင်လင်းယွီရဲ့ အဆင့်အတန်းက ငါ့မြေးမလေး အဆင့်အတန်းထက် မြင့်မြတ်တယ် ဆိုတဲ့ သဘောလား"

လီချန်ဖုန်း တိတ်ဆိတ်နေသည်။

သခင်ကြီးလျန် လီချန်ဖုန်းရဲ့ တိတ်ဆိတ်နေတဲ့ သဘောထားကြောင့် ဒေါသထွက်လွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်သွားပေမဲ့ နောက်တော့ အရေးကြီး ကိစ္စကို သတိရသွားပြီး ပြောလိုက်သည်။ "ကောင်လေးလီ... ငါ ဖုန်းဆက်တာ အရေးကြီး ကိစ္စ ရှိလို့"

"ဦးလေးလျန်... ပြောပါ၊ ကျွန်တော် နားထောင်နေပါတယ်" လီချန်ဖုန်း ယဉ်ကျေးစွာ ပြောလိုက်သည်။

သခင်ကြီးလျန် တိုက်ရိုက် ပြောလိုက်သည်။ "ကုန်းမိသားစု ကောင်လေးက အရမ်း အနိုင်ကျင့်လွန်းတယ်၊ အခု ငါတို့ လျန်မိသားစုကို တစ်ဆင့်ပြီး တစ်ဆင့် ဖိအားပေးနေတယ်၊ ငါတို့ လျန်မိသားစုကို ဒေဝါလီခံပြီး ပျောက်ကွယ်သွားအောင် လုပ်ချင်နေတဲ့ ပုံစံပဲ။ တကယ်လို့ တစ်နေ့ကျရင် မင်းတို့ လီမိသားစုက ကုန်းမိသားစုကို ပြစ်မှားမိရင် သူက မင်းတို့ လီမိသားစုကိုလည်း ဒီလို လုပ်မှာလား"

လီချန်ဖုန်း ကြားလိုက်ရတော့ ခဏ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ "ဒါဆို ဦးလေးလျန်... ဦးလေး ဆိုလိုရင်းက ဘာလဲ"

သခင်ကြီးလျန်က ပြောသည်။ "ငါတို့ မိသားစုနှစ်ခု ပေါင်းပြီး ကုန်းထျန်းဟောက် ကောင်လေးကို ဖိအားပေးလိုက်ရအောင်၊ ငါတို့ မိသားစုကြီးတွေကလည်း အလွယ်တကူ ရန်စလို့ရတာ မဟုတ်ဘူး ဆိုတာ သူ သိအောင်လို့"

လီချန်ဖုန်း စဉ်းစားပြီး ပြောလိုက်သည်။ "ဦးလေးလျန်... ကျွန်တော့်ကို စဉ်းစားခွင့် ပေးပါဦး။ ဆောရီးပါ ဦးလေးလျန်... ကျွန်တော် အခု အရေးကြီးကိစ္စရှိနေလို့ ဖုန်းချလိုက်တော့မယ်နော်"

ပြောပြီးတာနဲ့ ဖုန်းတိုက်ရိုက် ချလိုက်တယ်။

လျန်စစ်ချန် "..." လီချန်ဖုန်း စကား ကြားလိုက်တာနဲ့ သူတို့ကို ဟန်ဆောင် ပြောဆိုနေတာ သိသာတယ်။

လျန်စစ်ချန် ကြားနိုင်ရင် သခင်ကြီးလျန် ဘယ်မကြားဘဲ နေမလဲ၊ သူ ချက်ချင်း လျန်စစ်ချန်ကို ပြောလိုက်သည်။ "သွား... ကျန်းမိသားစု ကောင်လေးဆီ ဖုန်းဆက်လိုက်"

ကျန်းမိသားစု ကောင်လေးဆီ ဖုန်းဆက်မယ် ကြားတော့ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေတဲ့ လျန်ဖျောင့်ရွှယ် မျက်လုံးတွေ အရောင်တောက်လာတယ်၊ ပြီးတော့ ခေါင်းပြန်ငုံ့သွားပြီး အပြစ်ကင်းစင်ပြီး နစ်နာသလို ပုံစံ ဟန်ဆောင်လိုက်တယ်။

လီချန်ဖုန်းတောင် ငြင်းပယ်တယ်ဆိုရင် ကျန်းမိသားစုက ကျန်းထောင်က ပိုငြင်းပယ်မှာပေါ့။

ကျန်းထောင်နဲ့ ကုန်းထျန်းဟောက်က ငယ်ငယ်ကတည်းက သူငယ်ချင်းကောင်းတွေ၊ ကြားတာတော့ ကျန်းထောင်က ရှောင်လင်းယွီကို စောစောစီးစီးသိပြီး ရှောင်လင်းယွီကို ကြိုက်နေတာတဲ့။

သူ ရွှယ်အာနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းတာ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက ရွှယ်အာကို မကြိုက်လို့၊ ရှောင်လင်းယွီ ဆိုတဲ့ မိန်းမကို ကြိုက်လို့လေ။

လျန်စစ်ချန် စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ကျန်းထောင်ဆီ ဖုန်းဆက်လိုက်တယ်။

ဘယ်သူ ထင်ထားမလဲ၊ ဖုန်းဆက်လိုက်တော့ ဖုန်းပိတ်ထားတယ်။

ဒီတစ်ခေါက်တော့ ရှိနေတဲ့ လူနည်းစု အနည်းငယ် ကြောင်သွားကြတယ်။

"ဖုန်းပိတ်ထားတယ် ဟုတ်လား" သခင်ကြီးလျန် မျက်မှောင်ကြုတ်ပြီး သံသယဖြင့် ပြောလိုက်သည်။ "သူ့ဖုန်းက ဘယ်လိုလုပ် ပိတ်ထားရတာလဲ။ မင်း ဖုန်းမှားခေါ်မိတာများလား"

လျန်စစ်ချန်က ပြောသည်။ "အဖေ... ကျွန်တော် မမှားပါဘူး။ ဒီနံပါတ်ပါပဲ"

"ဒါဆို ဆက်ခေါ်" သခင်ကြီးလျန် အမိန့်ပေးလိုက်ပြန်သည်။

လျန်စစ်ချန် ဆက်ခေါ်ရုံပဲရှိတော့တယ်၊ ဒါပေမဲ့ ပိတ်ထားတုန်းပဲ။

လျန်စစ်ချန် စဉ်းစားပြီး တခြားဖုန်းနံပါတ်တစ်ခု ခေါ်လိုက်တယ်၊ တစ်ဖက်က ကိုင်တာနဲ့ တိုက်ရိုက် ပြောလိုက်သည်။ "ကျွန်တော် လျန်စစ်ချန်ပါ၊ ကျန်းထောင်ကို ရှာချင်လို့ပါ"

တစ်ဖက်က ယဉ်ကျေးစွာ ပြောလိုက်သည်။ "မစ္စတာလျန်... ဆောရီးပါ၊ ကျွန်တော်တို့ ခေါင်းဆောင်က တာဝန်ထမ်းဆောင်ဖို့ ထွက်သွားပါတယ်၊ အခု ရုံးခန်းမှာ မရှိပါဘူး"

"တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ် ဟုတ်လား" လျန်စစ်ချန် သံသယဖြင့် မေးလိုက်သည်။ "ဘာတာဝန် ထမ်းဆောင်ဖို့ ထွက်သွားတာလဲ"

"ဆောရီးပါ မစ္စတာလျန်... ကျွန်တော်တို့ ခေါင်းဆောင် လျှို့ဝှက် တာဝန် ထမ်းဆောင်နေတာပါ၊ ကျွန်တော်တို့ ပြောပြလို့ မရပါဘူး" တစ်ဖက်က ယဉ်ကျေးစွာ ပြောလိုက်သည်။ "တကယ်လို့ မစ္စတာလျန် အရေးကြီးကိစ္စရှိရင် စာချန်ထားခဲ့လို့ ရပါတယ်၊ ကျွန်တော်တို့ ခေါင်းဆောင်ကျန်းကို ပြောပြပေးပါ့မယ်"

"ထားလိုက်ပါတော့" လျန်စစ်ချန် သက်ပြင်းချလိုက်ပြီး ဖုန်းချလိုက်တယ်။

ထို့နောက် သူ သခင်ကြီးကို ပြောလိုက်သည်။ "အဖေ... ကျန်းထောင် လျှို့ဝှက်တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်တဲ့"

တကယ်လို့ မိသားစုကြီး ၃ ခု ပေါင်းပြီး ကုန်းမိသားစုကို ဆန့်ကျင်မယ်ဆိုရင် အာဏာအရှိဆုံး အိမ်ထောင်ဦးစီး ၃ ယောက် စကားပြောမှ ရမှာ။

အခု ဖုန်းဆက်လိုက်တော့ သိသာပါတယ်၊ ခဏတာ မိသားစု ၃ ခု ပေါင်းစည်းဖို့ မဖြစ်နိုင်ဘူး။

ပြီးတော့ မိသားစု ၃ ခု ပေါင်းစည်းတယ်ဆိုတာ ပါးစပ်ပြောရုံနဲ့ ရတာ မဟုတ်ဘူး။

သခင်ကြီးလျန် သားကြီးကို စောင်းကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "ငါ နားမလည်တာ မဟုတ်ဘူး၊ သူ လျှို့ဝှက်တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်ဆိုတာ သေချာပေါက် ကြားလိုက်ပါတယ်"

ဤနေရာသို့ ရောက်သောအခါ သခင်ကြီးလျန် ဒေါသတကြီး ပြောလိုက်သည်။ "ဟွန့်... ကျန်းမိသားစု ကောင်စုတ်၊ စောစောမသွား နောက်ကျမသွား ဒီအချိန်မှ သွားတယ်၊ သူ သေချာပေါက် တမင်လုပ်တာ" သူ ဒီလို ပြောပေမဲ့ စိတ်ထဲမှာတော့ အစိုးရအဖွဲ့အစည်းကိစ္စတွေက ကျန်းထောင် တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတာ မဟုတ်ဘူးဆိုတာ သိပါတယ်။

လျန်ဖျောင့်ရွှယ် ကျန်းထောင် လျှို့ဝှက် တာဝန် ထမ်းဆောင်ဖို့ ထွက်သွားတယ် ဆိုတာ ကြားလိုက်ရတော့ မျက်လုံးတွေ မှေးမှိန်သွားတယ်၊ သခင်ကြီးလျန် စကားကြားတော့ သူမ ရင်ထဲမှာ ဒေါသနဲ့ အငြိုးအတေးတွေ ထွက်ပေါ်လာတယ်။

သူမ သိတယ်၊ သူမအဘိုး ပြောသလိုပဲ၊ ကျန်းထောင်က တမင်လုပ်တာ။

သူ လျန်မိသားစု ဒုက္ခရောက်နေတာ တွေ့ပြီး ရှောင်နေတာ၊ သေတာ မကယ်ချင်လို့။

ဟွန့်... ရှောင်လင်းယွီ၊ မြေခွေးမ၊ ကျန်းထောင်က နင့်အတွက်နဲ့ ငါ့လျန်မိသားစုကို သေတာ မကယ်ချင်ဘူးပေါ့၊ နင် စောင့်နေလိုက်၊ ငါ နင့်ကို သေချာပေါက် ပျောက်ကွယ်သွားအောင် လုပ်မယ်၊ နင် ပျောက်ကွယ်သွားတာနဲ့ ငါ နတ်ဘုရားပစ္စည်းရပြီဆိုရင် ငါ ကျန်းထောင်ကို ငါ့အပေါ် သေချာပေါက် သစ္စာရှိအောင် လုပ်နိုင်မှာ။

အဲဒီအချိန်ကျရင် ငါက ဒီကမ္ဘာကြီးရဲ့ ဘုရင်မ ဖြစ်လာမှာ၊ ကျန်းထောင်က ငါ့ရဲ့ ဘုရင် ဖြစ်လာပြီး ငါနဲ့အတူ ကမ္ဘာကြီးကို ပိုင်ဆိုင်ရမှာ။

လျန်ဖျောင့်ရွှယ် တကယ် တွေးတတ်တာပဲ၊ တွေးတာလည်း အရမ်းလှပတယ်။

ကမ္ဘာကြီးရဲ့ ဘုရင်မ ဖြစ်ချင်သေးတယ်၊ သူမ တကယ်ပဲ အခု ဘယ်ခေတ်ရောက်နေပြီလဲ၊ ရှေးခေတ် ထင်နေတာလား။

သူမက ကိုယ့်ဉာဏ်ရည်ကို အထင်ကြီးနေတာလား၊ နိုင်ငံတော်ရဲ့ စွမ်းရည်ကို အထင်သေးနေတာလား။

ဟဟ...

လျန်စစ်ချန် လျန်ဖျောင့်ရွှယ်ရဲ့ ရည်မှန်းချက်ကို မသိဘူး၊ သခင်ကြီးလျန်ကို နားချဖို့ ပြင်လိုက်စဉ် အပြင်က ဆူညံသံတွေ ကြားလိုက်ရတယ်။

သူ မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးလိုက်သည်။ "အပြင်မှာ ဘယ်သူလဲ"

သူ့စကားဆုံးသည်နှင့် လျန်မိသားစု ဒုတိယသား၊ တတိယသားနဲ့ မြေးမျိုးဆက် လူငယ်တစ်စု အခန်းထဲ ဝင်လာကြတယ်။

သခင်ကြီးလျန် သူတို့ကို မြင်တော့ မကျေမနပ် ဟိန်းဟောက်လိုက်သည်။ "ဒုတိယကောင်၊ တတိယကောင်... မင်းတို့ ဘာလုပ်တာလဲ။ ပုန်ကန်ချင်နေတာလား"

လျန်မိသားစု ဒုတိယသားက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။ "ပုန်ကန်လို့ အောင်မြင်မယ် ဆိုရင် ကျွန်တော် အခုပဲ ပုန်ကန်လိုက်ချင်တယ်"

"ဒုတိယကောင်... အဖေ့ကို ဘယ်လို ပြောနေတာလဲ" လျန်စစ်ချန် ဟောက်လိုက်သည်။

လျန်ဒုတိယသားက သူနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့လိုက်သည်။ သူ ထက်ရှစွာ မေးလိုက်သည်။ "အစ်ကိုကြီး... ကုန်းထျန်းဟောက်က ငါတို့ လျန်မိသားစု စီးပွားရေးကို ဆက်တိုက် တိုက်ခိုက်နေတာ၊ အစ်ကိုကြီး ဘာမှ ပြောစရာ မရှိဘူးလား"

လျန်စစ်ချန်က ပြောသည်။ "ငါတို့ ဖြေရှင်းနည်း ရှာနေတာ မဟုတ်ဘူးလား"

"ရှာတွေ့ပြီလား" လျန်ဒုတိယသားက ထပ်မေးလိုက်သည်။ "ဒါဆို အစ်ကိုကြီး ပြောပြပါဦး၊ ငါတို့ နားထောင်ကြည့်ရအောင်"

လျန်စစ်ချန် ပါးစပ်ဟပြီး ပြောလိုက်သည်။ "ငါတို့... ငါတို့ နည်းလမ်း ရှာနေတုန်းပါပဲ"

လျန်တတိယသားက စိတ်လောကြီးစွာ ပြောလိုက်သည်။ "အစ်ကိုကြီး... ဘာနည်းလမ်း ရှာစရာ လိုသေးလို့လဲ။ ကုန်းထျန်းဟောက် ဘာလို့ ငါတို့ လျန်မိသားစုကို ရုတ်တရက် ဖိအားပေးတာလဲ၊ လျန်ဖျောင့်ရွှယ် ပြဿနာရှာလို့ မဟုတ်ဘူးလား။ အခု လျန်ဖျောင့်ရွှယ်က ကုန်းထျန်းဟောက် ဇနီးမောင်နှံကို ကောင်းကောင်း တောင်းပန်လိုက်ရင် ရပြီ၊ လွယ်ကူတဲ့ ကိစ္စလေးကို ဘာလို့ လျန်မိသားစု စီးပွားရေး ထိခိုက်တဲ့အထိ မဖြေရှင်းချင်ရတာလဲ"

"တခြား စီးပွားရေးတွေ မပြောနဲ့၊ လျန်အုပ်စု တစ်ခုတည်းနဲ့တင် တစ်ရက်ကို သန်းဆယ်ချီ ဆုံးရှုံးနေတာ" လျန်မိသားစု ဒုတိယသားက ပြောလိုက်သည်။ "အခု လျန်မိသားစု လုပ်ငန်းအားလုံး နီးပါး ရပ်ဆိုင်းနေရတယ်၊ ရပ်ဆိုင်းတာ တစ်ရက်ကြာရင် ဆုံးရှုံးမှု ဘယ်လောက် ကြီးမားမလဲ သိလား။ တကယ်ပဲ အစ်ကိုကြီး သမီးရဲ့ ဆိုးသွမ်းမှုအတွက် ငါတို့ လျန်မိသားစု တစ်ခုလုံး လိုက်ပြီး ပေးဆပ်ရတော့မှာလား"

လျန်မိသားစု ဒုတိယသားက သခင်ကြီးလျန်ကို မငြင်းရဲတော့ အစ်ကိုကြီးကိုပဲ ဖမ်းပြောရတော့တယ်။

"မိုက်မဲတဲ့ ကောင်တွေ၊ ဘာစကား ပြောနေတာလဲ" သခင်ကြီးလျန် လေးနက်စွာ ဟိန်းဟောက်လိုက်သည်။

"ကျွန်တော် ပြောတာ အမှန်တရားတွေပဲ" လျန်တတိယသား မျက်နှာပေါ်မှာ ဒေါသတွေ ပေါ်လာပြီး ပြောလိုက်သည်။ "အဖေ... အဖေ့မျက်လုံးထဲမှာ လျန်ဖျောင့်ရွှယ် ဆိုတဲ့ မြေးမလေး တစ်ယောက်တည်းပဲ ရှိတာလား။ ကျွန်တော်နဲ့ ဒုတိယအစ်ကို၊ ပြီးတော့ ကျွန်တော်တို့ ကလေးတွေက အဖေ့မျက်လုံးထဲမှာ ဘာမှ မဟုတ်တော့ဘူးလား။ မဟုတ်ရင် အဖေက တောင်းပန်မှုလေး တစ်ခုအတွက်နဲ့ ကျွန်တော်တို့ လျန်မိသားစု တစ်ခုလုံးကို ဒီလို အန္တရာယ်ရှိတဲ့နေရာရောက်အောင် လုပ်မလား။ အဖေ... တကယ်ပဲ လျန်ဖျောင့်ရွှယ်ရဲ့ အမှားအတွက် ကျွန်တော်တို့ လျန်မိသားစု တစ်ခုလုံး ကြီးလေးတဲ့ တန်ဖိုး ပေးဆပ်ရမယ်၊ လျန်မိသားစု မြို့တော်ကနေ ပျောက်ကွယ်သွားတဲ့အထိ ဖြစ်စေချင်တာလား"

လျန်စစ်ချန် သူ့အဖေ မျက်နှာထားကို ကြည့်ပြီး ချက်ချင်း ဝင်ဟောက်လိုက်သည်။ "တတိယကောင်... ပါးစပ်ပိတ်ထား"

လျန်ဒုတိယသားက မကျေမနပ် ပြောလိုက်သည်။ "ကျွန်တော်တို့ ဘာလို့ ပါးစပ်ပိတ်ထားရမှာလဲ။ အစ်ကိုကြီး... အမှားလုပ်တာ အစ်ကိုကြီးသမီး ရွှယ်အာလေ၊ ဘာလို့ ကျွန်တော်တို့ပါ လိုက်ပါ ခံစားရမှာလဲ။ တောင်းပန်တာ ဒီလောက် ရိုးရှင်းတဲ့ ကိစ္စလေးကို ဘာလို့ ဒီလောက် ခေါင်းမာနေပြီး လျန်ဖျောင့်ရွှယ်ကို ကုန်းကတော်ဆီ သွားမတောင်းပန်ခိုင်းရတာလဲ။ အဖေ... လျန်ဖျောင့်ရွှယ်က အဖေ့ရတနာ ဆိုရင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ ကလေးတွေက မြက်ပင်တွေလား"

သခင်ကြီးလျန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်လုံးအေးစက်စွာ ဒုတိယသားနဲ့ တတိယသားကို ကြည့်လိုက်တယ်၊ ပုံမှန်ဆို ဒီအဖေကို အရမ်းကြောက်တဲ့ နှစ်ယောက်က သခင်ကြီးလျန်ရဲ့ အေးစက်တဲ့ အကြည့်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ကြတယ်။

သခင်ကြီးလျန် လေးနက်စွာ မေးလိုက်သည်။ "ပြောလို့ ပြီးပြီလား။ ပြီးရင် ထွက်သွားကြ"

"မသွားဘူး" ဒုတိယသားနဲ့ တတိယသား တညီတညွတ်တည်း ပြောလိုက်ကြသည်။

လျန်တတိယသားက အံကြိတ်ပြီး ပြောလိုက်သည်။ "အဖေ... တကယ်လို့ အဖေက လျန်ဖျောင့်ရွှယ်ကို ဒီလောက် ကာကွယ်ပေးချင်တယ်၊ ကျွန်တော်တို့ လျန်မိသားစုတစ်ခုလုံးကို ဒီလို အန္တရာယ်ရှိတဲ့ နေရာ ရောက်အောင် လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အိမ်ခွဲပြီး ပိုင်ဆိုင်မှု ခွဲလိုက်ကြမယ်"

"တတိယကောင်... မင်း ဘာတွေ လျှောက်ပြောနေတာလဲ" လျန်စစ်ချန် လန့်ဖျပ်သွားသည်။ "အဖေ ရှိနေသေးတယ်၊ မင်း ဘယ်လိုလုပ် အိမ်ခွဲပြီး ပိုင်ဆိုင်မှုခွဲမယ် ပြောရဲတာလဲ"

လျန်တတိယသားက အခု အခိုင်အမာ ပြောလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီးက သမီးကို ကာကွယ်ချင်တယ်၊ ကျွန်တော်နဲ့ ဒုတိယအစ်ကိုလည်း ကျွန်တော်တို့ သားသမီးတွေကို ကာကွယ်ချင်တာပဲ။ လျန်ဖျောင့်ရွှယ်ရဲ့ အမှားနဲ့ ဆိုးသွမ်းမှုတွေကြောင့် သူတို့ အစက လူအများအထက်မှာနေရတဲ့ သခင်လေးတွေ ဘဝကနေ တစ်ညတည်းနဲ့ ကျွန်တော်တို့ အထင်သေးခဲ့တဲ့ သာမန်ပြည်သူတွေဘဝ ရောက်သွားမှာကို မလိုလားဘူး။ သူတို့ ဒုက္ခရောက် ပင်ပန်းခံရမှာကို မလိုလားဘူး၊ သိလား"

လျန်ဒုတိယသားလည်း ပြောလိုက်သည်။ "ကျွန်တော်လည်း တတိယညီ ပြောတာ ထောက်ခံတယ်။ အစ်ကိုကြီး... အစ်ကိုကြီး သမီးကို ကာကွယ်ချင်ရင် ကိုယ့်ဘာသာ ကာကွယ်ပါစေ။ ကျွန်တော်တို့က ကျွန်တော်တို့ သားသမီးတွေအတွက် သူတို့ ရသင့်ရထိုက်တာတွေကို ကာကွယ်ပေးချင်ရုံပါပဲ"

နောက်က လူငယ်တချို့လည်း ချက်ချင်း မကျေမနပ် ပြောလာကြတယ်။

"အဘိုး... အဘိုးက ပုံမှန်ဆို လျန်ဖျောင့်ရွှယ်ကို ချစ်တာ ထားလိုက်ပါတော့၊ ဒါပေမဲ့ အခု လျန်ဖျောင့်ရွှယ် တစ်ယောက်တည်း အတွက်နဲ့ ကျွန်တော်တို့ မြေးတွေကို ဂရုမစိုက်ဘဲ နေလို့ မရဘူးလေ။ ဘာပဲပြောပြော ကျွန်တော်တို့လည်း အဘိုးမြေးတွေပါ၊ လျန်မိသားစုရဲ့ မျိုးဆက်တွေပါ"

"အဘိုး... ဒါ လျန်ဖျောင့်ရွှယ် သွားတောင်းပန်ရုံလေးပါ၊ အသားလွတ်သွားတာမှ မဟုတ်တာ၊ ဘာလို့ မသွားခိုင်းရတာလဲ။ သူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးလို့လား။ ဂုဏ်သိက္ခာ ထိခိုက်ရင်တောင် သူ့ရဲ့ ဂုဏ်သိက္ခာက ငါတို့ လျန်မိသားစု တစ်ခုလုံးထက် အရေးကြီးနေလို့လား"

"ဪ... အခုမှ ဂုဏ်သိက္ခာ လိုချင်နေတာလား၊ ဒါဆို အရင်တုန်းက ဘာလို့ ကုန်းထျန်းဟောက် ဇနီးမောင်နှံကို သွားရန်စခဲ့လဲ။ ရန်စမိမှတော့ ကိုယ့်အမှားအတွက် တန်ဖိုးပေးဆပ်ရမယ်လေ၊ မမှန်ဘူးလား"

"အဘိုး... တကယ်လို့ အဘိုးမျက်လုံးထဲမှာ လျန်ဖျောင့်ရွှယ် မြေးမလေးတစ်ယောက်တည်း ရှိတယ် ဆိုရင် ကျွန်တော့်အဖေ ပြောသလိုပဲ၊ ကျွန်တော်တို့ အိမ်ခွဲလိုက်ကြရအောင်။ သူလုပ်တဲ့ အမှားအတွက် ကျွန်တော်တို့ ဘာကိစ္စ အကျိုးဆက်ခံစားရမှာလဲ"

...

ဒီသားသမီး မြေးမြစ်တွေ တစ်ယောက်တစ်ပေါက် ပြောနေတာကြောင့် သခင်ကြီးလျန် မျက်မှောင် တင်းတင်းကြုတ်သွားတယ်၊ သိသိသာသာ မကျေမနပ် ဖြစ်နေတယ်၊ သူ ဒေါသထွက်ချင်နေတယ်၊ ဒီမှာ ရပ်နေတဲ့ သားသမီး မြေးမြစ်တွေကို ကြည့်လိုက်တယ်၊ ပြီးတော့ ဘေးနားမှာ ခေါင်းငုံ့ပြီး ဘာမှ မပြောဘဲ နေနေတဲ့ အဖိုးတန်မြေးမလေးကို ကြည့်လိုက်တယ်။

သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဟူး... ငါ မောပြီ၊ ဒီကိစ္စ မင်းတို့ ကြည့်လုပ်ကြတော့"

ဒီစကား ကြားတော့ လျန်ဖျောင့်ရွှယ် ချက်ချင်း ခေါင်းမော့ပြီး အဘိုးကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေပြီး အံ့သြတုန်လှုပ်စွာ ခေါ်လိုက်သည်။ "အဘိုး..."

အဘိုးက ဒီအတိုင်း သူမကို စွန့်လွှတ်လိုက်တာလား။

အခန်းထဲက "မျိုးမစစ်" တချို့ကြောင့် သူမလို မြေးမလေးကို စွန့်လွှတ်လိုက်တာလား။

သူမ စိတ်ထဲမှာ အေးစက်စွာ ရယ်မောပြီး တွေးလိုက်သည်။ "ဟဟ... ဒါက ပုံမှန် သူမကို ရတနာလို ချစ်ခင်မြတ်နိုးတဲ့ အဘိုးတဲ့လား၊ လျန်မိသားစု တခြားသားသမီး မြေးမြစ်တွေနဲ့ ပတ်သက်လာရင်၊ လျန်မိသားစု အကျိုးစီးပွားနဲ့ ပတ်သက်လာရင် သူမကို စွန့်လွှတ်ဖို့ ရွေးချယ်လိုက်တာလား။ ဟဟ... အရင်ဘဝကလည်း ဒီလိုပဲ၊ ဒီဘဝလည်း ဒီလိုပါပဲ။

ဟွန့်... နင်တို့က ငါ့ကို ဒီလို စွန့်လွှတ်လိုက်မှတော့ နောက်ကျရင် ငါ သံယောဇဉ် မပြတ်ဘူးလို့ အပြစ်မတင်နဲ့။ သွေးသားတော်စပ်တဲ့ ဆွေမျိုးသံယောဇဉ်ဆိုတာ ခွေးချေးလောက်တောင် တန်ဖိုးမရှိဘူး"

အတွေးအခေါ် လွဲမှားနေတဲ့ လူတစ်ယောက် အတွက်တော့ သူမရဲ့ အတွေးတွေ အကုန်လုံးက တစ်ကိုယ်ကောင်းဆန်ပြီး ခေါင်းမာနေတတ်တယ်။

တကယ်တော့ သခင်ကြီးလျန်နဲ့ လျန်မိသားစုက သူမအပေါ် တော်တော် ကောင်းခဲ့ပါတယ်။

သူမ အမှားလုပ်ထားတာ သိသာနေတာတောင် သခင်ကြီးလျန်က ကာကွယ်ပေးခဲ့တယ်၊ လျန်မိသားစု တစ်ရက်ကို သန်းဆယ်ချီ ဆုံးရှုံးနေတာတောင် သူမကို ရှောင်လင်းယွီဆီ တောင်းပန်ဖို့ မလွှတ်ခဲ့ဘူး၊ တခြားလူတွေလည်း သခင်ကြီးလျန် စကားမပြောခင်အထိ ဘာမှ မပြောခဲ့ကြဘူး။

ဒါပေမဲ့ အခု ကုန်းထျန်းဟောက် အမိန့်တစ်ချက်ကြောင့် လျန်မိသားစုဝင် အားလုံးရဲ့ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်လာတော့ လျန်မိသားစု တခြားလူတွေလည်း ကိုယ့်အတွက် ကိုယ်စဉ်းစားရတော့မှာပေါ့။ လျန်ဖျောင့်ရွှယ်တစ်ယောက်တည်းရဲ့ အမှားကြောင့် လူတိုင်း ကြီးလေးတဲ့ တန်ဖိုး လိုက်ပါ ပေးဆပ်ရမယ် ဆိုတာ မဖြစ်နိုင်ဘူးလေ။

ပြီးတော့ တောင်းပန်ခိုင်းရုံပဲလေ၊ သေခိုင်းတာမှ မဟုတ်တာ၊ သူမကတော့ လျန်မိသားစု စီးပွားရေးတွေ ရပ်ဆိုင်းနေတာ၊ လျန်မိသားစုဝင်တွေ စိုးရိမ်ပူပန်နေတာကို ကြည့်ပြီး ဘာမှ မဖြစ်သလို နေနေတာ။

တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် ဘယ်သူက တကယ့် တစ်ကိုယ်ကောင်းဆန်တဲ့သူလဲ။

…..

သခင်ကြီးလျန်ရဲ့ ကာကွယ်မှု၊ တားဆီးမှု မရှိတော့တာနဲ့ အခြေအနေကို ကြည့်ပြီး လျန်စစ်ချန်နဲ့ တခြား ညီအစ်ကိုနှစ်ယောက်က သေချာပေါက် အမြန်ဆုံး လျန်ဖျောင့်ရွှယ်ကို Imperial Palaceအုပ်စုဆီ ခေါ်သွားကြတယ်။

Imperial Palaceအုပ်စု ရောက်တော့ တားဆီးခံရတယ်။

"ဆောရီးပါ မစ္စတာလျန်... ကျွန်မတို့ ဥက္ကဌ ပြောထားပါတယ်၊ ကုမ္ပဏီနဲ့ မသက်ဆိုင်တဲ့ လူတွေ အဝင်အထွက် မလုပ်ရပါဘူးတဲ့" ဧည့်ကြိုက ယဉ်ကျေးစွာ ပြောလိုက်သည်။

လျန်စစ်ချန် မျက်နှာ မည်းမှောင်သွားပြီး ဒေါသကို ထိန်းချုပ်ကာ ဧည့်ကြိုကို ပြောလိုက်သည်။ "ဒါဆို မင်းတို့ ဥက္ကဌကို အကြောင်းကြားလိုက်၊ ငါ လျန်စစ်ချန် သမီး လျန်ဖျောင့်ရွှယ်ကို ခေါ်လာပါတယ်လို့"

ဧည့်ကြို ကြားလိုက်ရတော့ မျက်လုံးများ လှုပ်ရှားသွားပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။ "ဒါဆို ခဏလောက် စောင့်ပါ၊ ကျွန်မ အခုပဲ ဥက္ကဌကို ဆက်သွယ်လိုက်ပါ့မယ်"

ပြောပြီးတာနဲ့ ဧည့်ကြိုက ကုန်းထျန်းဟောက် အတွင်းရေးမှူးဆီ ဖုန်းဆက်လိုက်တယ်။

ခဏကြာတော့ သူမ ဖုန်းချလိုက်ပြီး သူတို့ကို ပြောလိုက်သည်။ "ကျွန်မတို့ ဥက္ကဌ အစည်းအဝေး လုပ်နေပါတယ်၊ ခဏလောက် စောင့်ပေးပါ"

လျန်စစ်ချန် အံကြိတ်ပြီး မေးလိုက်သည်။ "ငါတို့ အပေါ်တက်ပြီး စောင့်လို့ မရဘူးလား"

ဧည့်ကြိုက ပြောသည်။ "ဆောရီးပါ မစ္စတာလျန်... ကျွန်မတို့ ကုမ္ပဏီမှာ စီးပွားရေး လျှို့ဝှက်ချက်တွေ အများကြီး ရှိပါတယ်၊ ပြင်ပလူတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးနိုင်ပါဘူး။ စိတ်ချပါ... ဥက္ကဌ အစည်းအဝေး ပြီးတာနဲ့ ရှင်တို့ကို ချက်ချင်း အပေါ်တက်ခိုင်းပါ့မယ်"

လျန်စစ်ချန် ညီအစ်ကိုတွေ ဧည့်ကြို စကား ကြားတော့ ကုန်းထျန်းဟောက်က သူတို့ကို ဒီမှာ စောင့်စေချင်နေတာ ဆိုတာ နားလည်လိုက်ကြတယ်။

သူတို့လို မြို့တော်က အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးတွေကို Imperial Palaceအုပ်စု ဧည့်ခန်းမမှာ ကုန်းထျန်းဟောက် အစည်းအဝေး ပြီးတဲ့အထိ စောင့်ခိုင်းတာ၊ ဒါ သတင်းထွက်သွားရင် ရယ်စရာ ဖြစ်သွားမှာ။

ဒါပေမဲ့ သူတို့ အခု သည်းခံရတော့မယ်။

၂ နာရီလောက် ကြာတော့ ဧည့်ကြိုက သူတို့ကို လာအကြောင်းကြားတယ်၊ ဥက္ကဌ အစည်းအဝေး ပြီးပြီ၊ အပေါ်တက်လို့ ရပြီတဲ့။

ဥက္ကဌ ရုံးခန်း ရောက်တော့ ကုန်းထျန်းဟောက်ရဲ့ သရော်တဲ့ အသံကို ကြားလိုက်ရတယ်။ "ဦးလေးလျန်၊ ဦးလေးလျန်... ဒီနေ့ ဘယ်လေတိုက်ပြီး ကျွန်တော့်ဆီ ရောက်လာကြတာလဲ" မျက်လုံးက လိမ္မာနေသယောင် ရှိတဲ့ လျန်ဖျောင့်ရွှယ်ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှာ အံ့သြသွားတယ်။ "တကယ်ပဲ... ဘယ်နေရာမဆို သရုပ်ဆောင် အရည်အချင်း လိုအပ်တာပဲ"

ကြည့်ပါဦး ဒီလျန်ဖျောင့်ရွှယ်၊ တကယ်လို့ သူက သူမရဲ့ ပင်ကိုစရိုက်က စိတ်နှလုံး ရက်စက်ကြမ်းကြုတ်၊ တစ်ကိုယ်ကောင်းဆန်၊ သွေးအေးတဲ့ မိန်းမတစ်ယောက် ဆိုတာ မသိရင် သေချာပေါက် သူမရဲ့ အပေါ်ယံ ပုံပန်းသဏ္ဍာန်ရဲ့ လှည့်စားတာ ခံလိုက်ရမှာ။

ကုန်းထျန်းဟောက် လျန်ဖျောင့်ရွှယ်ရဲ့ သရုပ်ဆောင် အရည်အချင်းကို တိတ်တိတ်လေး အံ့သြနေစဉ် လျန်စစ်ချန်က မျက်နှာချိုသွေးပြီး ပြောလိုက်သည်။ "ထျန်းဟောက်... ငါတို့ သိပါတယ်၊ ငါတို့ ရွှယ်အာ မှားသွားပါတယ်၊ မင်းရဲ့ဇနီးအပေါ် လွန်ကဲတဲ့ ကိစ္စတွေ လုပ်မိသွားတယ်၊ ဒါကြောင့် ဒီနေ့ သူ့ကို ခေါ်လာပြီး မင်းနဲ့မင်းဇနီးကို တောင်းပန်ခိုင်းမလို့ပါ။ မသိဘူး..."

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "ဘယ်သွားပြီး တောင်းပန်ရမှာလဲ။ ငါတို့ ထောင်ယွမ်ရွာကို တိုက်ရိုက် သွားပြီး မင်းရဲ့ဇနီးကို မျက်နှာချင်းဆိုင် တောင်းပန်ရမလား"

ကုန်းထျန်းဟောက်က သူတို့ကို ပြုံးတုံ့တုံ့ ကြည့်ပြီး လျန်ဖျောင့်ရွှယ်ဆီ အကြည့်ရောက်သွားကာ မေးလိုက်သည်။ "ဪ... သခင်မလေးလျန် နောက်ဆုံးတော့ သဘောပေါက်သွားပြီလား၊ ကိုယ်မှားမှန်း သိသွားပြီလား"

လျန်ဖျောင့်ရွှယ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သနားစရာ ကောင်းသလို၊ နစ်နာသလို ပုံစံဖြင့် အားနည်းစွာ ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ မှားမှန်း သိပါပြီ"

လျန်စစ်ချန်က လျန်ဖျောင့်ရွှယ်ရဲ့ အခု မျက်နှာထားကို ကျေနပ်ပုံရပြီး ကုန်းထျန်းဟောက်ကို ကြည့်ကာ ပြောလိုက်သည်။ "ထျန်းဟောက်... ကြည့်ပါဦး၊ ရွှယ်အာက မှားမှန်း သိနေပါပြီ။ ငါတို့ ဒီနေ့လည်း အထူးတလည် လာတောင်းပန်တာပါ၊ မင်း..."

ကုန်းထျန်းဟောက်က ဒီအချိန်မှာ မျက်နှာသာ လုံးဝ မပေးဘဲ လေးနက်စွာ ပြောလိုက်သည်။ "တောင်းပန်မယ် ဆိုတာ ကျွန်တော့်ဇနီးကို မျက်နှာချင်းဆိုင် တောင်းပန်ရမယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ ဦးလေးလျန်... ဒီတောင်းပန်မှုက ပါးစပ်က ပြောရုံနဲ့ မဖြစ်သင့်ဘူး မဟုတ်လား။ ပါးစပ်က ပြောရုံ တောင်းပန်မှု ဆိုရင် ဘာအသုံးဝင်မှာလဲ။ နောက်ကျ လူသတ်ပြီးရင် တောင်းပန်ပါတယ် တစ်ခွန်း၊ တောင်းပန်မှု တစ်ခုနဲ့ ခွင့်လွှတ်ပေးလို့ ရတော့မှာလား"

လျန်စစ်ချန် ညီအစ်ကို ၃ ယောက် မျက်နှာထား ချက်ချင်း တောင့်တင်းသွားတယ်၊ လျန်ဒုတိယသားက တုံ့ပြန်မှု မြန်ပြီး ရိုးသားစွာ ပြောလိုက်သည်။

"တူလေးထျန်းဟောက်... ရွှယ်အာ ဒီကလေးက တစ်ခါတလေ ဆိုးသွမ်းပြီး အကြောင်းအကျိုး မသိပေမဲ့ ပုံမှန်ဆို သဘောကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်း အမှားလုပ်ရင် အကျိုးဆက်နဲ့ တန်ဖိုး ပေးဆပ်ရမှာပဲ။

ရွှယ်အာ ဒီအမှားကို လုပ်မိပြီ၊ သူလည်း မှားမှန်းသိသွားပြီ၊ ဒါပေမဲ့ အမှားလုပ်ရင် အမှားပဲ၊ တောင်းပန်ပါတယ် တစ်ခွန်းနဲ့ အကုန် ပြီးသွားလို့ မရဘူး။

ဒါဆို မင်း ပြော၊ မင်း ကျွန်တော်တို့ကို ဘာလုပ်စေချင်လဲ၊ ရွှယ်အာကို ဘာတန်ဖိုး ပေးဆပ်စေချင်လဲ၊ သူ့ကို ခွင့်လွှတ်နိုင်မယ့် အရာဆိုရင် ငါတို့ လုပ်နိုင်သလောက် လုပ်ပေးပါ့မယ်"

ကုန်းထျန်းဟောက် ကြားလိုက်ရတော့ ပြုံးပြီး ပြောလိုက်သည်။ "အင်း... လျန်ဒုတိယဦးလေးက စကားပြောတတ်တာပဲ။ ဟုတ်တယ်... လူတိုင်း အမှားလုပ်ရင် အမှားလုပ်တဲ့ အကျိုးဆက်နဲ့ တန်ဖိုးကို ပေးဆပ်ရမယ်။

ကျွန်တော့်ဇနီး ရှောင်လင်းယွီက သခင်မလေးလျန်နဲ့ ရန်ငြိုးမရှိပါဘူး၊ ဒါပေမဲ့ သခင်မလေးလျန်က အဖြူအမည်း ပြောင်းပြန်လှန်ပြီး ကျွန်တော့်ဇနီး ခေါင်းပေါ် ရေပုပ်ရေစပ် အိုးလိုက် လောင်းချခဲ့တယ်၊ ကျွန်တော့်ဇနီး နာမည်ဂုဏ်သတင်းကို စွပ်စွဲခဲ့တယ်၊ ကျွန်တော့်ဇနီးကို အွန်လိုင်း တစ်ခုလုံးက လူတွေ ဝိုင်းဆဲအောင် လုပ်ခဲ့တယ်၊ ထောင်ချီ၊ သောင်းချီ ဆဲဆိုခံရအောင် လုပ်ခဲ့တယ်၊ ကျွန်တော့်ဇနီး နာမည်ပျက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်၊ တံခါးဝအထိလာပြီး ရန်ရှာတာတောင် ခံခဲ့ရတယ်၊ လူ့အသက်တောင် ပါလုနီးပါး ဖြစ်ခဲ့တယ်။

မိသားစုနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် အပန်းဖြေစခန်းနဲ့ ဆိုင်ခွဲ အားလုံးကို ပိတ်သိမ်းခဲ့ရတယ်။ ခင်ဗျားတို့ သိလား၊ Green Freshအုပ်စု လက်အောက်ခံ လုပ်ငန်းအားလုံး တစ်ရက် ပိတ်သိမ်းလိုက်ရင် ဆုံးရှုံးမှု ဘယ်လောက် ကြီးမားလဲဆိုတာ"

ကုန်းထျန်းဟောက် ဒီလောက် ပြောလိုက်တော့ လျန်စစ်ချန်နဲ့ တခြားလူတွေ ဘာနားမလည်စရာ ရှိသေးလဲ။

ကုန်းထျန်းဟောက်က သူတို့ကို ဆုံးရှုံးမှု လျော်ကြေး ပေးခိုင်းနေတာ။

ဒါက သူတို့ကို ခေါင်းကိုက်စေပြီး နှမြောစေတယ်။

ကြားတာတော့ Green Freshအုပ်စုက အခု ဘီလီယံ ရာချီ၊ ထောင်ချီ တန်ဖိုးရှိတဲ့ ကုမ္ပဏီကြီး ဖြစ်နေပြီတဲ့၊ တစ်ရက် ပိတ်သိမ်းလိုက်ရင် ဆုံးရှုံးမှု ဘယ်လောက် ကြီးမားမလဲ စဉ်းစားကြည့်လို့ ရတယ်။

အဲဒါက လျန်အုပ်စု ဆုံးရှုံးမှုနဲ့ ညီမျှနေတာပဲ။

တွက်ကြည့်လိုက်ရင် သူတို့ အနည်းဆုံး ယွမ် သန်းရာချီ လျော်ကြေး ပေးရတော့မယ်။

လျန်စစ်ချန် ချက်ချင်း ပြောလိုက်သည်။ "ထျန်းဟောက်... မင်း ပြောတာ ငါ နားလည်ပါတယ်"

ဒါပေမဲ့ ကုန်းထျန်းဟောက်က ခေါင်းခါပြီး ပြောလိုက်သည်။ "ဦးလေးလျန်... ခင်ဗျား ကျွန်တော့် ဆိုလိုရင်းကို နားမလည်သေးဘူး ထင်တယ်"

လန်ညီအစ်ကို ၃ ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကုန်းထျန်းဟောက် ဆိုလိုရင်းကို တကယ် နားမလည်ကြဘူး။

လျန်စစ်ချန် သံသယဖြင့် မေးလိုက်သည်။ "ထျန်းဟောက်... မင်း ဆိုလိုတာက ဘာလဲ"

ကုန်းထျန်းဟောက် တိုက်ရိုက် ပြောလိုက်သည်။ "တကယ်လို့ အရင်တုန်းက လျန်ဖျောင့်ရွှယ် ကျွန်တော့်ဇနီးကို ကောင်းကောင်း တောင်းပန်မယ်ဆိုရင် ကျွန်တော် ကုန်းထျန်းဟောက် သိပ်ပြီး တွက်ကပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ လျန်မိသားစုက တစ်ခါတလေ အရမ်း အနိုင်ကျင့်လွန်းတယ်။ ကျွန်တော် ကုန်းထျန်းဟောက်ရဲ့ မိန်းမ၊ ကုန်းမိသားစု သခင်မက ကျေးလက်က လာတဲ့သူမို့လို့ ခင်ဗျားတို့ လျန်မိသားစု သခင်မလေးရဲ့ တောင်းပန်မှုကို ခံယူဖို့ မထိုက်တန်ဘူးလို့ ထင်နေကြတာ။ ခင်ဗျားတို့က ကျွန်တော့်ဇနီးကို ဗြောင်ကျကျ အထင်သေးပြီး မလေးစားတာပဲ"

ကုန်းထျန်းဟောက်က ဗြောင်ကျကျ ဖွင့်ပြောလိုက်တော့ လျန်စစ်ချန် ဆိုတဲ့ အိမ်ထောင်ဦးစီးမှာ မျက်နှာထားရခက်သွားတယ်။

လျန်ဖျောင့်ရွှယ် မတောင်းပန်ချင်တာ၊ သခင်ကြီးလျန် ကာကွယ်ပေးထားတာ၊ အဲဒါ ရှောင်လင်းယွီက ကျေးလက်က လာတဲ့သူ ဖြစ်နေလို့ပဲလေ။

ကုန်းထျန်းဟောက်က သူတို့ မျက်နှာထားကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်၊ စိတ်ထဲမှာ ပိုပြီး အေးစက်စွာ ရယ်မောလိုက်သည်။ "ဟွန့်... တကယ် ဟုတ်နေတာပဲ"

ထို့နောက် ကုန်းထျန်းဟောက် အလွန် လေးနက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။ "ဟွန့်... ပြောလိုက်မယ်။ ကျွန်တော့်ဇနီးကို ခင်ဗျားတို့ အထင်သေးလို့ ရတယ်၊ မလေးစားလို့ ရတယ်၊ ဒါပေမဲ့ ရှောင်လင်းယွီက ကျွန်တော့်မိန်းမ၊ ကုန်းမိသားစု သခင်မ၊ ကျွန်တော် သူ့ကို ဘယ်လို စော်ကားမှု၊ နစ်နာမှုမျိုးမှ မခံစားစေဘူး။ ဒါကြောင့် သူ့ကို စော်ကား၊ နစ်နာစေတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် ကုန်းထျန်းဟောက်က တန်ဖိုးပေးဆပ်စေရမယ်။ ဦးလေးလျန်... ကျွန်တော့်စကား နားလည်လား"

လျန်စစ်ချန် ကြားလိုက်ရတော့ ရင်ထဲ လေးလံသွားတယ်၊ ထို့နောက် သူ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "နားလည်ပါပြီ။ ဒါပေမဲ့ ထျန်းဟောက်... မင်းက ငါနဲ့ ရွှယ်အာကို ဘာလုပ်စေချင်လို့လဲ၊ ဘာလုပ်ရင် လျန်မိသားစုကို လွှတ်ပေးမှာလဲ"

တကယ်တော့ အားလုံး နားလည်ပါတယ်၊ အမှားလုပ်ရင် အမှားလုပ်တဲ့ အကျိုးဆက်နဲ့ တန်ဖိုးကို ပေးဆပ်ရမယ် ဆိုတာ။

တကယ်လို့ သူတို့ လျန်မိသားစုက ကုန်းမိသားစုထက် ပိုအင်အားကြီးရင်၊ လျန်မိသားစု လူငယ်တွေက ကုန်းထျန်းဟောက်ထက် ပိုထူးချွန်ရင် ကုန်းထျန်းဟောက် မိန်းမကို အထင်သေးတာ မပြောနဲ့၊ အနိုင်ကျင့်ရင်တောင် ကုန်းထျန်းဟောက် ဘာလုပ်နိုင်မှာလဲ။

ဒါပေမဲ့ ကုန်းမိသားစုနဲ့ ကုန်းထျန်းဟောက်က လျန်မိသားစုနဲ့ လျန်မိသားစုဝင်တွေထက် ပိုအင်အားကြီးနေတာ၊ သူက မိန်းမကို ဒီလောက် ချစ်တာ၊ ဘယ်လိုလုပ် အသံတိတ် သည်းခံပြီး ကိုယ့်မိန်းမကို အဲဒီလို စော်ကား၊ နစ်နာခံခိုင်းမှာလဲ။

သူများထက် အားနည်းနေမှတော့ သဘာဝကျကျပဲ အကျိုးဆက်နဲ့ တန်ဖိုးကို ပေးဆပ်ရမှာပေါ့။

ကုန်းထျန်းဟောက်က မကျေမနပ်ဖြစ်နေတဲ့ လျန်ဖျောင့်ရွှယ်ကို တစ်ချက် ကြည့်လိုက်တယ်၊ မျက်လုံးထဲမှာ အထင်အမြင်သေးမှုတွေ တစ်ချက် လက်ခနဲ ဖြစ်သွားတယ်။

ကုန်းထျန်းဟောက် ပြုံးပြီး ပြောလိုက်သည်။ "ဦးလေးလျန် နားလည်ရင် ပြီးတာပါပဲ။ ဒါဆို ကျွန်တော် တိုက်ရိုက် ပြောလိုက်မယ်။ တစ်၊ လျန်ဖျောင့်ရွှယ်က ကျွန်တော့်ဇနီးကို မျက်နှာချင်းဆိုင် တောင်းပန်ရမယ်။ နှစ်၊ ကျွန်တော် တောင်းဆိုတာက ဦးလေးလျန် ခင်ဗျား လျန်မိသားစုကိုယ်စား သတင်းစာ၊ မီဒီယာနဲ့ အွန်လိုင်းမှာ ကျွန်တော့်ဇနီး ရှောင်လင်းယွီကို လူသိရှင်ကြား တောင်းပန်ရမယ်။ သုံး၊ ကျွန်တော့်ဇနီး ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေရဲ့ ဆုံးရှုံးမှု အားလုံးကို ၃ ဆ လျော်ကြေးပေးရမယ်"

ကုန်းထျန်းဟောက်ရဲ့ အခြေအနေကို ကြားတော့ လန်ညီအစ်ကို ၃ ယောက် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတွေ ထွက်ပေါ်လာတယ်။

"ကုန်းထျန်းဟောက်... မင်း သိပ်လွန်လွန်းနေပြီ မဟုတ်လား။ ငါ့အစ်ကိုကြီးကို မင်းမိန်းမကို လူသိရှင်ကြား တောင်းပန်ခိုင်းမယ် ဟုတ်လား။ ငါ့အစ်ကိုကြီးက လျန်မိသားစု ခေါင်းဆောင်လေ၊ ဘယ်လိုလုပ် တောင်းပန်နိုင်မှာလဲ၊ ငါတို့ လျန်မိသားစု မျက်နှာ ဘယ်နားထားရမလဲ"

လျန်မိသားစု ခေါင်းဆောင်ကို ရှောင်လင်းယွီကို တောင်းပန်ခိုင်းတာ၊ ဒါ လုံးဝ စော်ကားတာပဲ။

"ဪ... ဘာလို့ ကျွန်တော့်မိန်းမကို မတောင်းပန်နိုင်ရမှာလဲ။ ကျွန်တော် ကုန်းမိသားစု သခင်မက ခင်ဗျားတို့ လျန်မိသားစု ခေါင်းဆောင်ရဲ့ တောင်းပန်မှုကို ခံယူဖို့ မထိုက်တန်လို့လား"

ကုန်းထျန်းဟောက် သရော်လှောင်ပြောင်ပြီး ပြောလိုက်သည်။ "ခင်ဗျားတို့က မျက်နှာပျက်စရာ ကောင်းတယ် ထင်ရင် ဘာလို့ ကိုယ့်သမီးကို ကောင်းကောင်း မဆုံးမခဲ့တာလဲ။ သူ့ကို ခွေးရူးလို လျှောက်ကိုက်ခွင့် ပေးထားတာ။ စကားပုံ ရှိတယ် မဟုတ်လား၊ သားသမီး မဆုံးမတာ မိဘအပြစ်တဲ့။ ခင်ဗျားတို့ လျန်မိသားစု သခင်မလေးက ကျွန်တော့်မိန်းမကို ရေအေးနဲ့ ပက်တဲ့ အချိန်ကတည်းက ခင်ဗျားတို့ လျန်မိသားစုမှာ မျက်နှာ မရှိတော့ဘူး"

လျန်စစ်ချန် ကုန်းထျန်းဟောက် ပြောတာ ကြားတော့ မျက်နှာ နီလိုက် ပြာလိုက် ဖြစ်နေတယ်၊ ရှက်သလို ဒေါသထွက်သလို ဖြစ်နေပေမဲ့ ဘယ်လို ပြန်ပြောရမလဲ မသိဘူး။

လျန်စစ်ချန်ရဲ့ တခြား ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးထဲမှာ မတတ်သာတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။

လျန်မိသားစု ဒုတိယသားက သက်ပြင်းချပြီး မတတ်သာသလို မေးလိုက်သည်။ "ထျန်းဟောက်... မဖြစ်မနေ လုပ်ရမှာလား"

ကုန်းထျန်းဟောက်က ပြောသည်။ "ဒုတိယဦးလေးလျန်... ကျွန်တော် ပြောပြီးပြီလေ၊ အရင်တုန်းက ဆိုရင် လျန်ဖျောင့်ရွှယ်က ကျွန်တော့်မိန်းမကို ရိုးရိုးသားသား ကောင်းကောင်း တောင်းပန်မယ် ဆိုရင် ကျွန်တော် ဒီလောက် တွက်ကပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလောက် အချိန်ကြာသွားပြီ၊ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက တကယ် စိတ်ပျက်စရာ ကောင်းတယ်"

သူတို့ လျန်မိသားစုက တစ်ရက်ကို သန်းဆယ်ချီ ဆုံးရှုံးတာတောင် လျန်ဖျောင့်ရွှယ်ကို ရှောင်လင်းယွီဆီ တောင်းပန်ခိုင်းဖို့ မလိုလားဘူး။ လျန်မိသားစု ဘာကြောင့် ခေါင်းမာနေလဲ မသိဘူး၊ အဓိက အကြောင်းရင်းက ရှောင်လင်းယွီကို အထင်သေးလို့ မဟုတ်ဘူးလား။

ဒီလိုဆိုမှတော့ သူတို့ တန်ဖိုးပေးဆပ်ရမှာပေါ့။

လန်ညီအစ်ကို ၃ ယောက် တိတ်ဆိတ်သွားပြန်တယ်။

လျန်မိသားစု တတိယသားက မေးလိုက်ပြန်သည်။ "ဒါဆို Green Freshအုပ်စုရဲ့ ဆုံးရှုံးမှု ၃ ဆ လျော်ကြေးပေးရမယ် ဆိုတာ ဘယ်လောက်လဲ"

သူတို့ လျန်မိသားစုက Imperial Palaceအုပ်စုရဲ့ ဖိအားပေးမှု ခံရလို့ ဒီရက်ပိုင်း လျန်မိသားစု လုပ်ငန်းအားလုံး အများကြီး ကျုံ့သွားတယ်။

ကုန်းထျန်းဟောက်က ဖိုင်တစ်ဖိုင် သူတို့ဆီ ပေးလိုက်ပြီး ပြောလိုက်သည်။ "ဒီမှာ ကျွမ်းကျင် စာရင်းစစ် အဖွဲ့ တွက်ချက်ထားတဲ့ ဆုံးရှုံးမှု စာရင်း အသေးစိတ်ပါတယ်၊ ခင်ဗျားတို့ ကြည့်လိုက်ပါ"

လျန်တတိယသား ယူကြည့်လိုက်တော့ မျက်လုံးများ ပြူးကျယ်သွားပြီး ကုန်းထျန်းဟောက်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်သည်။ "ဘာလို့ ဒီလောက် များရတာလဲ"

"ဘယ်လောက်လဲ" လျန်ဒုတိယသားနဲ့ လျန်စစ်ချန်လည်း သံသယဖြင့် ခေါင်းတိုးကြည့်လိုက်တော့ အတူတူ အံ့သြသွားကြတယ်။ "၁.၅ ဘီလီယံ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တကယ်လို့ ၃ ဆ လျော်ကြေးပေးရမယ် ဆိုရင် ၄.၅ ဘီလီယံ ပေါ့။

ကုန်းထျန်းဟောက် မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ "ဒါ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ခင်ဗျားတို့ မသိဘူးလား၊ Green Freshအုပ်စုရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက ဘီလီယံ ၁၀၀ ကျော် ရှိနေပြီ ဆိုတာ။ အပန်းဖြေစခန်း ၇ ခု၊ ဆိုင်ခွဲ ၃၀၀ ကျော်၊ ပြဿနာ မဖြစ်ခင်က တစ်ရက် အရောင်းပမာဏက သန်း ၅၀ ကျော် ရှိတယ်"

လန်ညီအစ်ကို ၃ ယောက် ထပ်မံ တိတ်ဆိတ်သွားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပုံရတယ်။

ဆိုတော့ လျန်ဖျောင့်ရွှယ်ရဲ့ စိတ်လိုက်မာန်ပါ အမှားတစ်ခုကြောင့် လျန်မိသားစု လုပ်ငန်းတွေ ဘီလီယံ ၁၀ ကျော် ဆုံးရှုံးရုံတင် မကဘူး၊ လျန်မိသားစု မျက်နှာလည်း အကြီးအကျယ် ပျက်သွားရတယ်။

ဒီအမှားရဲ့ တန်ဖိုးက ကြီးမားလွန်းမနေဘူးလား။

လျန်စစ်ချန် သားသမီး ဆုံးမတာ မမှန်ကန်ဘူး ဆိုတာ ပထမဆုံးအကြိမ် သတိထားမိလိုက်တယ်၊ အလိုလိုက်လွန်းမိသွားပြီ။

လျန်စစ်ချန် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ထျန်းဟောက်... တကယ်လို့ တောင်းဆိုချက် ၃ ခုလုံး ငါတို့ လုပ်ပေးနိုင်ရင် မင်းက Imperial Palaceအုပ်စုနဲ့ လျန်အုပ်စု ပူးပေါင်းဆောင်ရွက်မှုကို ပြန်စပေးမှာလား"

အခြေအနေ အရ လျန်စစ်ချန်က ဒီတောင်းဆိုချက် ၃ ခုကို သဘောတူလိုက်ရတော့တယ်။

ဘာလို့လဲဆိုတော့ လျန်မိသားစုက ဆက်ပြီး အချိန်ဆွဲလို့ မရတော့ဘူး။

ကုန်းထျန်းဟောက် အေးဆေးစွာ ပြောလိုက်သည်။ "ဒီတောင်းဆိုချက် ၃ ခု ခင်ဗျားတို့ ပြီးမြောက်အောင် လုပ်နိုင်ရင် Imperial Palaceအုပ်စုက လျန်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု သေချာပေါက် ပြန်စမှာပါ။ ဘာပဲပြောပြော ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာ၊ အလုပ်က အလုပ်ပဲလေ"

လန်ညီအစ်ကို ၃ ယောက် ကြားလိုက်ရတော့ နှုတ်ခမ်းထောင့်များ တွန့်သွားကြတယ်။

တကယ်လို့ ဒီလောက်ထိ ကိုယ်ရေးကိုယ်တာနဲ့ အလုပ် ခွဲခြားတတ်ရင် မင်း ဒီလိုလုပ်မှာ မဟုတ်ဘူး၊ လျန်မိသားစု လုပ်ငန်း ဆုံးရှုံးမှုလည်း ဒီလောက် ကြီးမားမှာ မဟုတ်ဘူး။

လျန်စစ်ချန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ငါ သဘောတူတယ်"

ကုန်းထျန်းဟောက် ရယ်မောရင်း ပြောလိုက်သည်။ "ကောင်းပြီ... ဦးလေးလျန်က တကယ် ပြတ်သားတာပဲ"

လျန်စစ်ချန် မေးလိုက်သည်။ "ရွှယ်အာကို ထောင်ယွမ်ရွာ သွားပြီး မင်းမိန်းမကို တောင်းပန်ခိုင်းရမလား"

ကုန်းထျန်းဟောက် လက်ကာပြပြီး ပြောလိုက်သည်။ "ဒါတော့ မလိုပါဘူး"

ပြောပြီးတာနဲ့ သူ ကီးဘုတ်ပေါ် ရိုက်ထည့်လိုက်ပြီး ရှောင်လင်းယွီ ဗီဒီယို ပေါ်လာတယ်။

ရှောင်လင်းယွီ မေးလိုက်သည်။ "လောင်ကုန်း... ဘာကိစ္စ ရှိလို့လဲ"

ကုန်းထျန်းဟောက် ပြောလိုက်သည်။ "မိန်းမ... လျန်ဖျောင့်ရွှယ်က မင်းကို တောင်းပန်ချင်လို့တဲ့၊ ဒါကြောင့် ကိုယ် မင်းဗီဒီယို ဖွင့်လိုက်တာ"

***

All Chapters