အခန်း (၁၀၉-၁၁၂)
Vol. 6 Ch. 109-112
109 01
အခန်း ၁၀၉: ဗိုလ်ချုပ်ရွှီကြောင့် ငါ မထိခိုက်သွားပါဘူး၊ ဟုတ်တယ်မလား
ကာယပညာအတန်းတွင် စုန့်ရင်းကို ကျောင်းနောက်ဘက်က တောင်ပေါ်မှာ ထိခိုက်မှုရှိလိမ့်မယ်ဟု လူတိုင်း ကောက်ချက်ချထားကြ၏။
ယခုမှစ၍ သူမက တစ်တန်းလုံး၏ ကာကွယ်ရေးဗဟိုချက် ဖြစ်လာတော့သည်။
ချောင်ကျသော နေရာသို့ သွားရောက်ရမည့်မည်သို့သော လှုပ်ရှားမှုမဆို ဖြစ်နိုင်သမျှ ရှောင်ရှားရမှာပင်။ အကယ်၍ ရှောင်ရှားလို့မရပါက၊ လူတစ်စုမှာ သူမကို ကျိန်းသေပေါက် အဖော်ပြုပေးမှာဖြစ်သည်။
ရွှီရှင်း ဘယ်လောက်ဘဲ ရူးသွပ်နေပါစေ၊အကျိုးဆက်တွေကိုတော့ သူ စဉ်းစားရမှာပဲဖြစ်သည်။
တစ်လကြာမျှ ပြင်းပြင်းထန်ထန် စာလုပ်ပြီးနောက် နောက်ဆုံးတွင် ကျောင်းစကတည်းက ပထမဆုံးသော လစဉ်စာမေးပွဲအား လူတိုင်း ကြိုဆိုကြရတော့သည်။
တစ်လကြာသည့် အပြင်းအထန် ကြိုတင်ပြင်ဆင်ထားမှုက ကျိန်းသေပေါက် အရာထင်လာမှာပင်။
ကျောင်းသားတိုင်း၏ မျက်နှာထက်က ကျေနပ်နေသော အကြည့်တွေမှာ ဤစာမေးပွဲနှင့်ပတ်သက်၍ ယုံကြည်ချက်ရှိကြောင်းကို ပြသနေ၏။
အင်း၊ ဤသည်ကို နားလည်မှုလွဲနေတယ်လို့ ယူဆလည်းရသည်။
လူတိုင်း၏ မျက်နှာပေါ်က ပေါ့ပါးနေသောအမူအရာများမှာ စာမေးပွဲအကြောင်းအရာကို မခက်လောက်ဘူးလို့ တွေးနေတာကြောင့် မဟုတ်ဘဲ စာမေးပွဲညတွင် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန် အတန်းကို တက်စရာမလိုတော့တာကြောင့်ပဲ ဖြစ်သည်။
အတန်းပိုင်က အတော်လေး သနားညှာတာမှုပြသခဲ့ကာ လူတိုင်းကို အိမ်ပြန်ပြီး စာပြန်ကြည့်ဖို့ ခွင့်ပြုပေးလိုက်သည်။
အတန်းပိုင်ကို အရမ်းငယ်သေးတယ်လို့ ပြောရမှာပင်။
သာမန်အချိန်ဇယားအတိုင်း ကျောင်းကနေ စောစောပြန်ရတာကို ကျောင်းသားတွေက ဘယ်လိုလုပ်ပြီး နာခံမှုရှိစွာဖြင့် အိမ်ပြန်ပြီးစာလုပ်ကြမှာလဲ။
အသိပညာက သူတို့ခေါင်းထဲတွင် ရှိနေပြီးသားပင်။ မဖြေခင်ညတွင် နောက်ထပ် နှစ်နာရီ သို့မဟုတ် နာရီအနည်းငယ်ခန့် စာလုပ်တာက အဆုံးတွင် ခြားနားချက် များများစားစား ဖြစ်သွားစေမှာ မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် စာလုံးဝမလုပ်ကြတော့ဘဲ ကောင်းမွန်သော ညနေခင်းကို ပျော်ရွှင်စွာ ကုန်ဆုံးကြတော့၏။ သူတို့၏ စိတ်တွေကို အပန်းဖြေခြင်းက နောက်တစ်နေ့တွင် သာလွန်သော လုပ်ဆောင်ချက်ကိုတောင် ဦးတည်လာနိုင်စေသည်။
အတန်း၏ တစ်ဝက်ကျော်ကျော်လောက်မှာညနေခင်းတွင် တစ်ဦးချင်း ကျူရှင်တွေရှိတာကြောင့် မဆင်နွှဲနိုင်ချေ။
ကျူရှင်ချိန်တွေ မရှိသည့် အုပ်စုငယ်လေးမှာအပြင်ထွက်ပြီး စားသောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရှီလီက နေရာကို ရွေးချယ်ခဲ့၏။ သူမသည် ခုတစ်လော ဆိုရှယ်မီဒီယာပေါ်၌ ထောက်ခံမှုတွေ ရထားသည့် စားသောက်ဆိုင်ငယ်လေးကိုမြင်မိခဲ့သည်။ ၎င်းက မွှေကြော်ဟင်းတွေကိုရရှိနိုင်သော စားသောက်ဆိုင်ဖြစ်ကာ လူနေအဆောက်အဦးအတွင်း တည်ရှိ၍ အများပြောချက်အရ အရသာရှိသော စားကောင်းသောက်ဖွယ်များကို တည်ခင်းသည်ဟူ၍ပင်။
ရှီလီမှာ ထောက်ခံချက်များကြောင့် အချိန်တွေအကြာကြီး ဆွဲဆောင်ခံထားရသော်လည်း သူမနှင့် အတူလိုက်မည့်သူမရှိပေ။
ဒီတစ်ခေါက်တော့ အုပ်စုတောင့်တာကို အခွင့်ကောင်းယူပြီး ထိုနေရာကိုသွားရန် သူမ အကြံပြုလိုက်သည်။
ရှီလီ၏ အကြံပြုချက်ဖြစ်နေတော့၊ ဘယ်သူမှ မကန့်ကွက်ကြပေ။
သူတို့သည် ကျောင်းဂိတ်ဝ၌ တက္ကစီအချို့ကို ငှားရမ်း၍ ကားထဲဝင်ထိုင်ပြီး ဒရိုင်ဘာတွေကို လိပ်စာ ပြောလိုက်သည်။
ရှီလီက အခြားမိန်းကလေးတွေနှင့်အတူ ပထမဆုံး တက္ကစီကိုစီး၍ ရှေ့တန်းက ခရီးသည်ထိုင်ခုံတွင် ဝင်ထင်လိုက်၏။
ဒရိုင်ဘာက ရှီလီ၏ မြေပုံလမ်းညွှန်ကိုကြည့်၍ကြင်နာစွာ အကြံပေးလိုက်သည် “မင်းတို့မိန်းမငယ်လေး လေးယောက်ထဲ အဲ့ကိုသွားရင် မလုံခြုံဘူးနော်”
ဒရိုင်ဘာက စိတ်ထားကောင်းပြီး စကားများသည့်သူပင်။ ကောင်းမွန်စွာ ဝတ်စားထားပြီး ကျောင်းသူကောင်းတွေ ဖြစ်သည့်ပုံတာကို မြင်နေရတော့ သူ့ဆွေမျိုးလေးတွေကဲ့သို့ မနေနိုင်ဘဲ အနည်းငယ် ထပ်ပြောလိုက်သည်။ “သက်မွေးသင်တန်းကျောင်းက အနားမှာဆိုတော့၊ အတော်လေး ပရမ်းပတာဆန်တာ။ ဆံပင်ဆေးဆိုးထားတဲ့ လူရမ်းကားလေးတွေဆိုတာ နေရာတကာတိုင်းဘဲ၊ သူတို့က မိန်းမငယ်လေးတွေဆို အနိုင်ကျင့်ရတာ ကြိုက်တယ်လို့ ဦးလေး ကြားမိတယ်။ မင်းတို့တွေ သတိထားဖို့လိုတယ်”
ရှီလီက သူ၏ကြင်နာမှုကို အသိအမှတ်ပြု၍ဒရိုင်ဘာကို ကျေးဇူးတင်လိုက်၏ “သတိပေးတဲ့အတွက် ကျေးးဇူးပါ။ သမီးတို့နဲ့အတူယောက်ျားလေး အတန်းဖော်လေးတွေ အများကြီးလည်း ပါလာပါတယ်။ စိတ်မပူပါနဲ့၊ သမီးတို့နဲ့ ကောင်လေးတွေ ပါလာတာကို အဲ့ဒီလူရမ်းကားတွေမြင်ရင် ချဉ်းကပ်ရဲမှာ မဟုတ်လောက်ပါဘူး”
ဤသည်ကသာ တကယ့်ကိစ္စပင်။
“ဒါဆိုလည်း ကောင်းပါတယ်”
ချန်ဖူကျောင်း၏ ဂိတ်ဝနှင့် သူတို့၏ပန်းတိုင်မှာအတော်လေး လှမ်းသည်။ ဒရိုင်ဘာက သူတို့ကို သတိပေးပြီးနောက် တက္ကစီအတွင်းရှိလေထုမှာ တိတ်ဆိတ်သွားတော့၏။ ရှီလီသည် သူမလက်ထဲက လမ်းညွှန် app အားကြည့်လိုက်ပြီး သူတို့၏ ပန်းတိုင်ကိုရောက်ရန် ဘယ်လောက်ကြာပြီလဲဆိုတာကို ကြည့်နေစဉ် သူတို့ဦးတည်ရာပန်းတိုင်၏ အနီးဝန်းကျင်က သက်မွေးသင်တန်းကျောင်းကို မတော်တဆ နှိပ်မိသွားသည်။ ကျောင်း၏ နာမည်အပြည့်အစုံနှင့် ကျောင်းဂိတ်ဝ၏ ဓာတ်ပုံက ထွက်ပေါ်လာကာ ဤသည်မှာ ဒရိုင်ဘာပြောသောသက်မွေးသင်တန်းကျောင်း ဆိုတာပင်။
109 02
ရှီလီမှာ ၎င်းကိုကြည့်လေ တစ်နေရာရာတွင်မြင်ဖူးသလိုမျိုး နာမည်ကို ရင်းနှီးလာသည်။
ကားထဲမှ ထွက်ပြီးနောက် ရှီလီ ရုတ်တရက်နားလည်သွား၏။
【ဟုတ်သား၊ ဟုန်ယန်က စုန့်ရင်းကို ဒီကျောင်း ပို့ခဲ့တာ】
ရှ်ီလီ၏ စကားတွေက ရုတ်ချည်းထွက်ပေါ်လာသဖြင့် ကားထဲကလူများ စိတ်ရှုပ်သွားကြတော့သည်။
ဤထဲမှာ ရှီလီ ပြောလိုက်သော စုန့်ရင်းလည်း ပါဝင်သည်။
ကားထဲမှ အခြားသူများမှာ စုန့်ရင်းအား သတိလက်လွတ် ကြည့်လိုက်တော့၊ သူမက မကြားဟန်ဆောင်၍ သာမန်မျက်နှာထားအတိုင်းကားနောက်ခုံမှ ထွက်သွားလေသည်။
စားသောက်ဆိုင် တည်ရှိရာ အဆောက်အဦး၏အရှေ့တွင် တက္ကစီရပ်တန့်သွား၏။ လူတိုင်းကားထဲမှ ထွက်လိုက်ကြပြီး စားသောက်ဆိုင်တွင်းသို့ အတူတူ ဝင်စွားကြသည်။
အလုပ်ဆင်းရက် ဖြစ်တာကြောင့် စားသောက်ဆိုင်တွင် လူသိပ်မများဘဲ ရှီလီ အွန်လိုင်းပေါ်တွင် မြင်ခဲ့သလို တန်းစီနေရတာမျိုး မရှိပေ။
ဤစားသောက်ဆိုင်၏ အစားအသောက်များမှာ အတော်လေး ကောင်းမွန်လှပြီး လူတိုင်းသဘောကျကြသည်။
လူငယ်တွေက လျင်မြန်စွာ စားသောက်ကြပြီး ဘေးဝန်းကျင်က ဝိုင်းတွေ မပြည့်ခင်မှာဘဲ ညစာစားပြီးသွားကြသည်။
ရှီလီက ငွေပေးချေရန်အတွက် အရှေ့စားပွဲဆီသွားတုန်း အချိန်ကို တစ်ချက်ကြည့်လိုက်၏။ ၎င်းမှာ ခြောက်နာရီတောင် မထိုးသေးသဖြင့် အပြင်ဘက်တွင် မမှောင်သေးပေ။
အစောပိုင်းတုန်းက ဒရိုင်ဘာ၏သတိပေးစကားကို သတိရသွားပြီး ဤဧရိယာကအတော်လေး ပရမ်းပတာဆန်တယ်ဆိုမှတော့ အစာချေဖျက်ရန်အတွက် လမ်းလျှောက်ကြည့်စရာ မလိုတော့ချေ။ အိမ်ပြန်ရန်အတွက် တိုက်ရိုက်တက္ကစီငှားဖို့သာ ဆုံးဖြတ်လိုက်ကြ၍ အနည်းငယ် စာပြန်ကြည့်လို့ ရသေးသည်။
ဤအတော်လေး ချောင်ကျသော လူနေရပ်ကွက်အတွင်းတွင် တက္ကစီငှားရန်အတွက် လူနေရပ်ကွက်၏ အပြင်ဘက်က အဓိကလမ်း မကြီးဆီ သွားရမှာဖြစ်သည်။
သူတို့က လူများတာကြောင့် ဘာမှမဖြစ်ဘူးလို့ ထင်တားသဖြင့် လမ်းညွှန်ထဲကအတိုင်း အဓိကလမ်းမကြီးဆီ ဦးတည်လိုက်ကြသည်။
ဤဧရိယာမှာ မြို့၏ အိုဟောင်းသော အစိတ်အပိုင်းတစ်ခုဖြစ်၍ အခြေခံကျသော အင်္ဂါရပ်တွေကို ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်။ လမ်းမီးတွေ အလုပ် လုပ်မလုပ်ကတော့ သူတို့၏ စိတ်အခြေအနေအပေါ်မှာပဲ မူတည်နေသည်။
အုပ်စုလိုက်ကြီး မှောင်မည်းသော ထောင့်တစ်နေရာကို ဖြတ်ကျော်လိုက်စဉ် ပြောရက်စရာမရှိသော ဆဲဆိုသံများ၊ တောင်းပန်တိုးလျှိုးသံခပ်အုပ်အုပ်နှင့် ပြတ်သားသော အသံတွေကိုကြားလာရ၏။ ကုယွီချင်က ဖုန်းဓာတ်မီးကိုဖွင့်ကာ အရှေ့ဘက်ကို လျှောက်လှမ်းသွားသည်။ သူမက ရှီလီနှင့် လက်ချင်းချိတ်ထားပြီး ရှီလီနှင့် အနောက်ဘက်က အတန်းဖော်တွေကို ခပ်တိုးတိုးပြောလိုက်သည်။ “ငါ့အထင် ရန်ဖြစ်တာနဲ့ တိုးပြီထင်တယ်”
ဒီစကားကိုကြားတော့ ကောင်လေးများစွာမှာ ရှေ့တိုးလာပြီး မိန်းကလေးတွေကို သူတို့နောက်တွင် ကာကွယ်ပေးထားလိုက်သည်။
ရှီလီက အလွန်နိမ့်ပါးသော အသံဖြင့် ပြောလိုက်သည်။ “ရန်ဖြစ်နေတာနဲ့ မတူဘူး၊တစ်ဖက်က အရိုက်ခံနေရတာနဲ့တူတယ်”
ဤအခိုက်အတန့်၌ ဒီလိုအခြေအနေတွင် ရဲခေါ်ရင် ကောင်းမလားဆိုပြီး ရှီလီလည်း စဉ်းစားနေသည်။
သို့သော် ရဲတွေရောက်တာနှင့် ဤအဖွဲ့ ထွက်ပြေးသွားမှာကို သူမ စိုးရိမ်မိသည်။
ဖြောင့်မတ်သော လူတစ်ယောက်အနေနှင့်ရှီလီသည် သူမ၏ ဖုန်းကင်မရာကို ဖွင့်လိုက်သည်။
ကျောင်းသားတစ်ယောက်က ရှေ့ထွက်လာပြီး အော်ပြောလာကာ “နင် ဘာလုပ်နေတာလဲ!”
109 03
တစ်စုံတစ်ယောက်ကို ရိုက်နှက်နေသော ကြမ်းရမ်းသည့် အမျိုးသမီးတစ်ယောက်က အော်သံကြောင့် လန့်ဖြန့်သွားကာ “နင်တို့ အပူမပါဘူး၊ ကိုယ့်ကိစ္စ ကိုယ်လုပ်”
အမျိုးသမီး လူရမ်းကားတွေ တစ်စုံတစ်ဦးအား ရိုက်နှက်နေသည့် ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းယူထားပြီး ရှီလီက သူမ၏ဖုန်းကိုအိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။
သမားရိုးကျ ဆိုးသွမ်းလူငယ်ပုံစံ ဝတ်ဆင်ထားသည့် အမျိုးသမီး လူရမ်းကားက မူလကတော့ ဖြတ်သွားဖြတ်လာတွေအား မပြောသင့်တာကို မပြောကြရန် ခြိမ်းခြောက်ချင်ခဲ့သည်။
သို့သော် တစ်ဖက်လူအုပ်က သူတို့ထက် လူအင်အားများနေတာကို မြင်လိုက်ရပြီး သူတို့၏ ပုံပန်းသွင်ပြင်နှင့် အမူအကျင့်ကို အကဲခတ်ခြင်းအားဖြင့် သွားရှုပ်လို့မရတဲ့လူတွေ ဖြစ်နေသည်။
လူရမ်းကားလေးတွေမှာ ကြောက်လန့်နေသောငှက်နှင့် သားရဲကောင်တွေလို တကွဲတပြားစီ ဖြစ်သွားကြပြီး ရိုက်နှက်ခံထားရသော မိန်းကလေးကို နောက်တွင် ချန်ရစ်ခဲ့ကြ၏။
ရိုက်နှက်ခံထားရသော မိန်းကလေး၏ အဝတ်တွေမှာ စုတ်ပြဲနေပြီး မလုံဖြစ်နေတာကို မြင်လိုက်ရတော့ ကျောင်းသားတွေက ချဉ်းကပ်မသွားကြပေ။ ထိုအစား ကျောင်းသူတွေကသာ ရှေ့ထွက်၍ မိန်းကလေး၏ အဝတ်တွေကို ပြန်ပြင်ပေးလိုက်ကြသည်။
စုန့်ရင်းက သူမ၏ ဂျက်ကတ်ကို မိန်းကလေး၏ပခုံးပေါ် လွှားပေးလိုက်ပြီး တစ်ရှူးကိုထုတ်၍ မျက်ရည်တွေကို သုတ်ပေးလိုက်ကာ “အဆင်ပြေရဲ့လား”
စုန့်ရင်း ပြောလိုက်သည် “ဒီကိစ္စကို ရဲတိုင်ရအောင်လို့ နင့်ကို ခေါ်သွားပေးမယ်”
အခြားသူတွေလည်း သဘောတူလာကာ“ငါတို့ သက်သေအဖြစ် ဗီဒီယိုရိုက်ထားတယ်။ မကြောက်နဲ့၊ ငါတို့တွေ နင့်အတွက် မျက်မြင်သက်သေ လုပ်ပေးမယ်”
မိနစ်ဝက်စာ ဗီဒီယိုမှာ တိတ်တဆိတ် ပြသနေပြီး နောက်ဆုံးတွင် မိတ်ကပ် အလွန်အကျွံလိမ်းခြယ်ထားသည့် မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။
ဤမျက်နှာက ရှီလီအတွက် ရင်းနှီးနေသည်။
【ဒီမိန်းကလေးတွေကို နည်းနည်းရင်းနှီးနေသလိုပဲ】
ရှီလီအား ခဏကြာသည်အထိ မလှုပ်မယှက်ဖြစ်နေတာကို မြင်လိုက်ရပြီး မိန်းကလေးတစ်ဦးအား ရင်းနှီးနေတယ်လို့ ပြောလာတာကို ကြားလိုက်ရတော့၊ စုန့်ရင်းက ရှီလီ၏ဘေးနား ရောက်လာပြီး မေးလိုက်သည်။ “ဒီလူ့ကို သိလို့လား”
စုန့်ရင်း၏ အသံက ရှီလီကို အမှတ်ရစေပြီး သူတို့တွေအား ဘာကြောင့် ရင်းနှီးနေလဲဆိုတာကို မှတ်မိလာသည်။
【ငါ အခုတော့သိပြီ၊ ခရမ်းရောင်ဆံပင်နဲ့မိန်းကလေးက စုန့်ရင်းကို နေ့တိုင်းအနိုင်ကျင့်တဲ့သူပဲ၊ စုန့်ရင်းကို စိတ်ရောဂါဖြစ်ပြီး အဆောက်အဦးပေါ်က ခုန်ချသတ်သေတဲ့အထိ ဖြစ်စေခဲ့တာ】
သူတို့ကို ဘာကြောင့် ရင်းနှီးနေရသလဲဆိုတာကတော့ သူမ၏ မိတ်ကပ်မပါသော ကိုယ်တစ်ပိုင်းဓာတ်ပုံကို ရှီလီ မြင်ဖူးခဲ့တာ ကြောင့်ပင်။
စုန့်ရင်း အဆောက်အဦးပေါ်မှ ခုန်ချပြီးမှသူမ၏ ဒုက္ခသုက္ခကို ရှီမိသားစု သိရှိခဲ့၏။ သူတို့သည် အနိုင်ကျင့်သူအုပ်စုကို ထောင်ထဲ ပို့ခဲ့သော်လည်း ထိုအချိန်တုန်းက အသက်မပြည့်သေးသဖြင့် ရှီမိသားစုမှာ သူတို့အား ဥပဒေအရ အပြစ်ပေး၍ ထောင်ထဲ ပို့လိုက်သော်ငြား အလျင်အမြန်ဘဲ ပြန်လွတ်လာကြသည်။
နောက်ပိုင်း ဤဆိုးသွမ်းသူလေးများ ထောင်မှလွတ်လာပြီးနောက် ဆိုးသွမ်းဆဲဖြစ်နေတုန်းဆိုတာကို ရှီလီ ကြားမိသည်။
သို့သော် သိပ်မကြာခင်မှာဘဲ သူတို့ထဲမှတစ်ဦးသည် အတော်လေး သနားစရာကောင်းစွာ သေဆုံးခဲ့၏။
စုန့်ရင်း: ဘာ… ဒါဆို ငါက ရှီထိုက် ရင်းနှီးမြှုပ်နှံရေးက ရွှီရှင်း သတ်တာကို ခံရတာ မဟုတ်ဘူးပေါ့။
အခြားသူများ: ဘာ ဒါဆို သူမက ရှီထိုက် ရင်းနှီးမြှုပ်နှံရေးက ရွှီရှင်း သတ်တာကို ခံရတာ မဟုတ်ဘူးပေါ့။
ဒီတော့ မေးခွန်းက တကယ်လို့ ရွှီရှင်းက စုန့်ရင်း/ငါ့ ကို အကြောင်းရင်းမရှိဘဲ ထိခိုက်အောင်လုပ်တဲ့သူ မဟုတ်ဘူးဆိုရင်၊ ဘာလို့မစ္စတာရွှီက စုန့်ရင်း/ငါ့ကို ကျောင်းနောက်က တောင်ပေါ်မှာ မြေမြှုပ်ရတာလဲ။
******
110 01
အခန်း ၁၁၀: ဒရာမာကြည့်ရင်း စစ်မှန်တဲ့ အရည်အချင်းတွေ သင်ယူမယ်
စုန့်ရင်း၏သေဆုံးခြင်းက ရွှီဗိုလ်ချုပ်နဲ့ မသက်ဆိုင်ဘူးဆိုမှတော့၊ ဘာလို့ သူက သူမကို ကျောင်းနောက်က တောင်ပေါ်မှာမြေမြှုပ်ရတာလဲ။
ရန်ငြှိုးမရှိဘူးဆိုရင်တော့ ကျေးဇူးတင်တာ သို့မဟုတ် အခြားသော အကောင်းဘက်ရောက်သည့် ခံစားချက်တွေကြောင့်ဟူသော ဖြစ်နိုင်ခြေတွေကို စဉ်းစားလို့ရသည်။
အုပ်စုမှာ ကာယပညာအတန်းတုန်းက ရှီလီ၏ပြောခဲ့သော ရွှီဗိုလ်ချုပ်က ပိုက်ဆံအများကြီး ကုန်ကျခံပြီး ဤမြေနေရာကို ကျောင်းဆီက ဝယ်ခဲ့တယ်ဟူသော လေသံကို ပြန်တွေးကြည့် လိုက်ကြသည်။
အကယ်၍ စုန့်ရင်းကို မြေမြှုပ်ပေးဖို့သက်သက်အတွက်နဲ့ မြေနေရာကို ပိုက်ဆံ အများကြီးပေးပြီး ဝယ်တယ်ဆိုရင်၊ သူမက သူ့အတွက် အရမ်းအရေးကြီးတာကို သက်သေပြလိုက်တာပဲ။
တစ်ခါက ရှီလီ ပြောခဲ့ဖူးတာကို ပြန်တွေးကြည့်လိုက်တော့၊ စုန့်ရင်း၏ မိဘတွေက အလွန်ထူးခြားသောလူတွေ ဖြစ်ရမည်။
အဖြေတစ်ခုက လူတိုင်း၏ရင်ထဲ ဖြစ်တည်လာကာ ထုတ်ဖော်ပြောဆိုချင်သည့် အစွန်းကို ရောက်နေသည့်အလားပင်။
အကယ်၍ ရွှီရှင်းက စုန့်ရင်း၏အဖေ မဟုတ်ဘူးဆိုရငိတောင် သူမ၏ စီနီယာဆွေမျိုး ဖြစ်နိုင်သော ရှုပ်ထွေးပွေလီသည့် ဆက်ဆံရေးတွေရှိနိုင်သော ဖြစ်နိုင်ချေလည်း ရှိသည်။
စုန့်ရင်း၏ ဂျက်ဂတ်မှာ အနိုင်ကျင့်ခံထားရသည့် မိန်းကလေး၏ ပခုံးပေါ်ကနေ လျှောကျသွားပြီး လူအုပ်၏ ရုတ်ချည်းတိတ်ဆိတ်သွားမှာကြောင့် သူမ ခေါင်းရှုပ်သွားရသည်။
သူမတွင်လည်း စိုးရိမ်စရာများ ရှိနေသေး၏။ သူမအတွက် ရဲခေါ်ပေးဖို့ ကမ်းလှမ်းလာသော သူစိမ်းတွေနှင့် ရင်ဆိုင်လိုက်ရတော့ သူမတုံ့ဆိုင်းမိသွားသည်။ သူမက အနိုင်ကျင့်ခံနေရသော်လည်း ဆရာတွေနှင့် အပြင်လူတွေမှာ ကျောင်းသားတွေကြားက စကားများ ရန်ဖြစ်တာလို့ပဲ မြင်ကြမည်ဟု သူမ ခံစားမိသည်။ အကယ်၍ ရဲတိုင်ရင်တောင် သူတို့က အလေးအနက်ထားမှာ မဟုတ်ဘဲ၊ အများဆုံးမှ ပြစ်တင်ဆုံးမပြီး အသိဝင်စေရန်အတွက် ပြောကြမည်သာ။
အနှီနတ်ဆိုးတွေက ဘယ်လိုပဲဖြစ်ဖြစ် သူမကို ရန်ငြှိုးထားကြမှာဖြစ်၍ အနာဂါတ်တွင် သူမအား ပိုပြီးဆိုးရွားစွာ အနိုင်ကျင့်လာကြပေလိမ့်မည်။
လက်ရှိအခြေအနေကို ရင်ဆိုင်ရရုံနှင့် သူမအားတုန်လှုပ်စေရန် လုံလောက်နေလေပြီ။
ထို့ကြောင့် သူမသည် သတ္တိကို စုဆောင်းပြီး အကြင်နာဆုံး ဖြစ်ပုံရသော စုန့်ရင်းကို ပြောလိုက်သည်။ “ဝင်ပါပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ ရဲမခေါ်ချင်ဘူး။ ရဲခေါ်လိုက်ရင် သူတို့ကို ဆွပေးလိုက်သလို ဖြစ်သွားလိမ့်မယ်”
စုန့်ရင်း ပဟေဠိဖြစ်သွားကာ “သူတို့က နင့်ကိုရိုက်နေ၊ ဆဲနေ၊ အနိုင်ကျင့်နေတာက သူတို့ကို နင်အရင်တုန်းက စော်ကားဖူးတာကြောင့်လား”
ထိုဗီလိန်တွေက သူတို့နှင့် လိင်အမျိုးအစားတူသည့်အပေါ်မှာ ဘယ်လောက်တောင် ဆိုးယုတ်တယ်ဆိုတာကို ပုံဖော်ကြည့်ရန်ပင်ခက်ခဲလှသည်။ မြောက်ဘက်ခြမ်းရှိ ဧပြီလ၏ အစောပိုင်းညတာများမှာ သိပ်မနွေးထွေးဘဲ သူတို့က သူတို့အတန်းဖော် မိန်းကလေး၏အဝတ်တွေကို ဖျက်ဆီး၊ ပါးရိုက်၍ သူမ၏ဂုဏ်သိက္ခာအား ထိပါးသော အရာများစွာကို အတင်းအကြပ် လုပ်ခိုင်းခဲ့သည်။
သူတို့ မြင်ခဲ့ရတာက ရေခဲတောက်၏ ထိပ်ဖျားပိုင်းသာဖြစ်ပြီး သူတို့တွေ မမြင်ခဲ့ရသော ပိုဆိုးရွားသည့် အပြုအမူတွေတောင် ရှိနေနိုင်သေးသည်။
စုန့်ရင်း၏ မေးခွန်းက နစ်နာသူ မိန်းကလေးကို ငြိမ်ကျသွားစေသည်။ အမှန်တကယ်တွင်အ နှီလူတွေ သူမအား ဘာလို့အမြဲတမ်းအနိုင်ကျင့်ရလဲဆိုတာကို သူမ နားမလည်ပေ။ သက်မွေးသင်တန်း အထက်ကျောင်းမှာတောင် ကျောင်းသားအမျိုးမျိုးရှိသည်။ အချို့ကကိုယ့်ကိုကိုယ် ဖျက်လိုဖျက်ဆီးလုပ်ကြပြီး အချို့မှာမူ ကြိုးကြိုးစားစား လေ့လာ၍ အတတ်ပညာတစ်ခုကို သင်ယူကြသည်။
110 02
သူမကတော့ ထိုဆိုးသွမ်းသော မိန်းကလေးတွေနှင့် အမျိုးအစားချင်း မတူချေ။ တစ်ခန်းထဲတွင် အတူတူ အတန်းတက်ရတာကလွဲလို့ သိပ်ပြီး ထိတွေ့ဆက်ဆံမှု မရှိသော်လည်း ထင်မှတ်မထားစွာဖြင့် သူတို့တွေ ပစ်မှတ်ထားတာကို ခံခဲ့ရသည်။
၎င်းမှာ တမင်ရည်ရွယ်သော ဝင်တိုက်မှုတွေကနေ စတင်ခဲ့ပြီး နောက်ပိုင်းတွင် သူမအား မိန်းကလေး သန့်စင်ခန်းထဲ၌ ချောင်ပိတ်ကာ ဆိတ်ဆွဲပြီး ရိုက်နှက်လာသည်။ အခုဆိုလျှင် ကျောင်းအပြင်မှာပါ လမ်းပေါ်တွေ့တာနှင့်ယနေ့လိုမျိုး အနိုင်ကျင့်ရန်အတွက် ထောင့်ထဲ ဆွဲခေါ်ကြပေလိမ့်မည်။
ဤမိန်းကလေး၏ စိတ်သဘောထားကို စုန့်ရင်း နားမလည်နိုင်တော့ချေ။ သူမက ပိုပြီးစိတ်လှုပ်ရှားလာကာ “နင့်ကို အလွယ်တကူ အနိုင်ကျင့်လို့ မရဘူးဆိုတာ ဒီကလေကချေတွေကို သိခိုင်းထားမှ သူတို့တွေ နောက်ဆုတ်ပြီး နင့်ကို အနိုင်မကျင့်ကြတော့မှာ။ မဟုတ်လို့ကတော့ ဒီလိုလိုမျိုးပဲ နင့်ကို ဆက်ပြီးအနိုင်ကျင့်ကြလိမ့်မယ်”
ဤသည်မှာ စုန့်ရင်းကို စတွေ့ကတည်းက ယခုလို ဒေါသထွက်ခြင်းနှင့် စိုးရိမ်ကြောင့်ကြမှုတို့အား ပြသလာသော ပထမဆုံးအကြိမ်ပင်။
၎င်းမှာ အရင်က လူတိုင်းသိထားကြသော ယုန်ဖြူလေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် လူများမှာ သူမအား လှမ်းမကြည့်မိဘဲ မနေနိုင်ကြတော့။
ဘာကြောင့် နစ်နာသူက ရဲမခေါ်ချင်ရလဲဆိုတာကို ရှီလီ နားလည်နိုင်သည်။
သူမ စုန့်ရင်း၏ လက်မောင်းကို ဆွဲလိုက်ရင်း“ဒီကောင်မလေးရဲ့ ပူပန်စရာတွေကို မသိနိုင်ဘူးလေ။ လူ့အသိုင်းအဝိုင်းထဲမှာ ကိစ္စတွေကိုချောချောမွေ့မွေ့ဖြစ်အောင် ဖြေရှင်းနိုင်တဲ့ရဲအရာရှိတွေမှ အများကြီးပါ၊ ပြီးတော့လည်းဒီကလေကချေတွေက အသက်မပြည့်သေးတော့ ရဲခေါ်လိုက်ရင်တောင် သူတို့ကို အပြစ်ပေးလို့ မရဘူးလေ”
နစ်နာသူ မိန်းကလေးကို ရှီလီ ပြောပြလိုက်၏။ “ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့အကြောင်းကို နင့်မိဘတွေကို ပြောပြဖို့ စဉ်းစားပြီးပြီလား။ လူတွေက စရိုက်ကြမ်းတဲ့သူတွေကိုပဲ အမြဲကြောက်ကြတာ။ တကယ်လို့ နင့်မိသားစုက ဗလတောင့်တဲ့ ဆွေမျိုးတစ်ယောက်ကို နင့်ဘက်ကနေ ကူရပ်တည်ခိုင်းပြီး နင်က သွားရှုပ်လို့မရတဲ့သူဆိုတာ သူတို့ကို သိခိုင်းကြည့်လိုက်ရင် အနာဂါတ်မှာ နင့်ကို ထပ်ပြီးအနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး”
မိန်းကလေးက ခေါင်းခါလိုက်ပြီး “ငါက ငါ့အဘွားနဲ့ နေတာ။ ငါ့အမေက နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်၊ ငါ့မှာ အခြားဘာဆွေမျိုးမှ မရှိဘူး”
စုန့်ရင်း နှာခေါင်းမရှုံ့မိဘဲ မနေနိုင်တော့“နင့်နည်းလမ်းက ရောဂါကိုဘဲ ကုသပေးနိုင်တာ၊ အမြစ်မပြတ်နိုင်ဘူး။ တကယ်လို့ အဲဒီဆိုးသွမ်းတဲ့ ကောင်မလေးတွေက ဒီကောင်မလေးကို အနိုင်မကျင့်တော့ရင်တောင် အခြားအတန်းဖော်တစ်ယောက်ကို အနိုင်ကျင့်ကြလိမ့်မယ်”
ရှီလီ မနေနိုင်ဘဲ စုန့်ရင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ မှန်တယ်၊ ဒါပေမဲ့ လူတိုင်းက ဒီနစ်နာသူ ထပ်ပြီးအနိုင်ကျင့်ခံရမှာကို ကာကွယ်ရအောင်လို့ လက်ရှိကိုဘဲ တွေးနေကြ တာ။ အနာဂါတ်မှာ အခြားနစ်နာသူတွေရှိလာမယ်လို့ ဘယ်သူက စဉ်းစားမိခဲ့မှာလဲ။
တရားခံတွေပဲ ကောင်းစားသွားမှာ။
အတန်းဖော်မှာ စကားဝင်မပြောဘဲ မနေနိုင်တော့ပေ။ “လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်ရက်စာ ကျွေးလိုက်တာဘဲ။ လူတစ်ယောက်ကို ငါးဖမ်းနည်း သင်ပေးလိုက်ရင်တော့ တစ်သက်လုံးစာ ကျွေးနိုင်တာပဲဟ။ ဒီကောင်မလေး ကိုယ့်ကိုကိုယ် သန်မာလာမဲ့တစ်ခုတည်းသော နည်းလမ်းက အနိုင်ကျင့်တဲ့လူတွေကို သတ္တိရှိရှိ ငြင်းဆန်ရမှာပဲလို့ ငါထင်တယ်။ နင့်ကိုယ်ပေါ်မှာ ဓားတစ်ချောင်း ဆောင်ထား၊ နောက်တစ်ခါ သူတို့တွေ နင့်ကိုရိုက်လာရင် ဓားကို ထုတ်ပြလိုက်။ အဲဒါကို ကိုယ့်ကိုကိုယ် ခုခံတာလို့ ခေါ်လို့ရတယ်၊ပြီးတော့ နင်က အသက်မပြည့်သေးတော့ အဆုံးသတ်ကျ သေချာပေါက် အပြစ်တင်ခံရမှာ မဟုတ်ဘူး”
ဤအကြံပေးချက်အား ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ရှီလီ ခံစားမိလိုက်သည်။
[ဒီတော့ ဒီဟာက ဖေးနျို ဝှေးသင်းမှုကို မျက်မြင်ကြုံတွေ့ထားတာရဲ့ အတွေ့အကြုံပေါ့လေ]
စုန့်ရင်း: ဒါဘယ်လိုကိစ္စကြီးလဲ?
စုန့်ရင်း အလျင်အမြန်ဘဲ မှတ်မိသွားသည်။ ဖေးနျိုက အဲ့ဒီနာမည်ကြီးနေတဲ့ အမျိုးသမီးသရုပ်ဆောင် မဟုတ်လား။ သူမ ခင်ပွန်းရဲ့“ရာဇဝတ်ပစ္စည်း”ကို နှစ်အစောပိုင်းတုန်းက ဖြတ်ပစ်ခဲ့တာ။ အင်တာနက် သုံးနေတုန်း အဲ့ဒီပြစ်မှုရဲ့ ပြောင်းလဲမှုတွေ သူမ အတော်ကြာ ကြည့်မိခဲ့သေးတယ်။ ရှီလီ၏ လေသံကို ကြားပြီးနောက် စုန့်ရင်းမှာ စတုတ္ထတံတိုင်း ပြိုကျသွားသလို ခံစားမိလိုက်သည်။ ဒါဆိုရင် အဲ့အချိန်တုန်းက မှုခင်းဖြစ်တဲ့နေရာမှာ နင်တို့အားလုံး ရှိနေခဲ့တာပေါ့။
အခြားသူများ: ငါပြောသားပဲ၊ အတင်းအဖျင်းတွေနောက်ကို လိုက်ရင် စစ်မှန်တဲ့ အရည် အချင်းတွေကို သင်ပေးနိုင်ပါတယ်ဆို။
******
111 01
အခန်း ၁၁၁: သူတန်ဖိုးထားရတဲ့ ပိုင်ဆိုင်မှုကစာမေးပွဲမဖြေခင် ဒဏ်ရာရသွားတယ်
ရှီလီ ခေါင်းညိတ်ကာ “အဲဒီ အကြံကောင်းတယ်လို့ ငါလည်းထင်တယ်၊ ဒါပေမဲ့ မွေးလာကတည်းက ကောင်းတယ်၊ ဆိုးတယ်ဆိုတာမှ မရှိတာ ။ စိတ်ဓာတ်ကြံ့ခိုင်တာပဲဖြစ်ဖြစ်၊သိမ်မွေ့တာပဲဖြစ်ဖြစ် နှစ်ခုလုံးက အဆင်ပြေတယ်လို့တော့ ငါပြောချင်တယ်။ မကောင်းတဲ့လူတွေက နင့်ရဲ့ အကျင့်စရိုက်ကြောင့်မို့လို့ အနိုင်ကျင့်တာ မဟုတ်ဘူး၊ သူတို့ကိုယ်၌ကိုက မကောင်းတာ။ သူတို့ ဆိုးသွမ်းတာကလည်း နင်နဲ့ ဘာမှမဆိုင်ဘူး”
အနိုင်ကျင့်ခံရသော မိန်းကလေး၏ မျက်ဝန်းထဲမှ မျက်ရည်တွေ စီးကျလာကာ “ငါသာ နည်းနည်းလောက်ပိုပြီး စိတ်ဓာတ်မာရင်၊ငါ့မိဘတွေသာ ငါ့အနားမှာ ရှိနေရင်၊ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူးလို့ ငါ မကြာခဏ တွေးမိတယ်”
“ဒီလူဆိုးတွေနဲ့ ဆုံစည်းမိတာ နင့်အပြစ် မဟုတ်ပါဘူး။ နင့်ကံ မကောင်းလို့ လူကောင်းတွေနဲ့ မတွေ့ရုံပါ”
“ပိုစိတ်ဓာတ်မာရင် အနိုင်ကျင့်ခံရမှာ နည်းသွားမှာကတော့ သံသယဖြစ်စရာ မလိုအောင် သေချာတယ်”
မိန်းကလေးမှာ အလျင်စလို ထွက်သွားပြီးသူတို့၏ အကြံပေးစကားတွေကို ရင်ထဲထည့်လား ဆိုတာကတော့ မရေရာပေ။
သူမက ဤကိစ္စကို ရဲတိုင်ဖို့ ငြင်းဆန်ခဲ့ကာ အနိုင်ကျင့်သူတွေ လက်တုံ့ပြန်မှာကို ကြောက်နေတာပင်။ ရှီလီသည် သူမ ပိုင်ဆိုင်ထားသော ဗီဒီယိုအား ရဲလက်အပ်ရမည်ကို မသေချာတော့။
အကယ်၍ သူမသာ တိုင်ကြားလိုက်ပါက အနာဂါတ်တွင် ပိုပြင်းထန်သော လက်တုံ့ပြန်ခြင်းတွေကို ထိုမိန်းကလေး ရင်ဆိုင်ရမည်အား ရှီလီလည်း စိုးရိမ်မိသည်။
အကယ်၍ မိန်းကလေးသာ သူမဘာသာ မရပ်တည်နိုင်လျှင် အပြင်လူတွေ ဘယ်လောက်ပဲ အားစိုက်ထုတ်ပေးပါစေ ကွာခြားချက်ရှိလာမှာ မဟုတ်ချေ။
အနိုင်ကျင့်သူတွေက ရုတ်တရက်ကြီး မတော်တဆဖြစ်လို့ ပျောက်ကွယ်သွားမယ်ဆိုသောဖြစ်ရပ်မှာ ဖြစ်နိုင်ခြေ သုံညသာရှိသည့် -နောက်ထပ် ဖြစ်နိုင်ခြေလည်း ရှိသည်။
အဓိကလမ်းမကြီးဆီသို့ သူတို့တွေ ဦးတည်လာတာနှင့် စုန့်ရင်း၏ စိတ်အခြေအနေမှာ ပြောင်းလဲလာသည်။
နာရီဝက်အတွင်းမှာပင် သူမ သေဆုံးရခြင်း၏အမှန်တရားကို သိရှိခဲ့ပြီး သူမက အနိုင်ကျင့်ခံခဲ့ရပြီး သည်းမခံနိုင်သဖြင့် အဆုံးစီရင်သွားခဲ့တာပင်။
သူမ အဆုံးစီရင် ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသော်လည်း အဆုံးသတ်မှာ ထိုသို့သာ။
ဒါ့အပြင် နောက်ထပ် ဖြစ်နိုင်ခြေ၌ သူမကို အနိုင်ကျင့်ခဲ့သော ကလေကချေတွေကို မြင်တွေ့ခဲ့ရပြီး အခုတော့ ထိုလူတွေက ထိခိုက်လွယ်သော မိန်းကလေးတစ်ဦးကို အနိုင်ကျင့်နေကြ၏။
စုန့်ရင်း၏ စိတ်ခံစားချက်မှာ အတော်လေး ထူးဆန်းနေပြီး ရှီလီဆို ပိုတောင်ဆိုးရွားနေလျှက်ရှိသည်။
[ငါ့တုံ့ပြန်ပုံကတော့ တကယ်တစ်ခုခုပဲ၊ကလေး သေသွားလို့ လာနှစ်သိမ့်ပါတယ်ဆိုမှ၊သစ်ပင်ကို ကားနဲ့မတိုက်မီ ပြန်လှည့်ဖို့ပဲ တွေးနေတယ်]
[အဲဒီမိမစစ်ဖမစစ်တွေ ထွက်သွားတော့မှသူတို့က စုန့်ရင်းကို နှစ်နှစ်တိုင်တိုင် အနိုင်ကျင့်ခဲ့ပြီး သူမကို အဆုံးစီရင်ဖြစ်အောင် တွန်းပို့ခဲ့တဲ့ သူတွေဆိုတာကို ငါသတိရတယ်]
[ငါလေ ဖြစ်နိုင်လို့ရှိရင် အဲ့ကိုအပြေးသွားပြီး ဒေါသပြေအောင် သူတို့ကို ရိုက်နှက်ပစ်လိုက်ပါတယ်]
[အကြောင်းပြချက်က အဆင်သင့်ရှိပြီးသား၊အာနည်းတဲ့သူတွေ အနိုင်ကျင့်ခံနေရတာကို ငါမကြည့်ရက်ဘူး၊ ငါ ဝင်ပါသင့်တယ်]
လူသားများသည် သဘာဝအလျောက် တစ်ကိုယ်ကောင်းဆန်ကြ၍ ရှီလီလည်း ချွင်းချက်မဟုတ်ပေ။ အုပ်စုတစ်စု၏ အနိုင်ကျင့်ခြင်းကို ခံနေရသော သူစိမ်းတွေနှင့်ကြုံဆုံမိချိန်၌ ကြားဝင်တားဆီးခြင်းက လိုအပ်တာထက် ပိုလွန်းသည်ဟု ရှီလီ ခံစားမိသည်။
111 02
သို့သော် အကယ်၍ ထိုအုပ်စုက သူမ၏သူငယ်ချင်းကို အနိုင်ကျင့်သည့် လူဆိုးတွေဖြစ်နေပါက တွေးကြည့်ရုံနှင့်တင် ရှီလီ၏လက်ကို ယားယံလာစေသည်။
၎င်းက ယခုဘဝတွင် မဖြစ်ပွားခဲ့သော်လည်း ဤလူတွေသည် ယခင်ဘဝတုန်းက ပြုလုပ်ခဲ့တာတွေအတွက်တော့ ပြန်ပေးဆပ်ရမှာပင်။
လူတွေ ယခင်ဘဝတွေတုန်းက ပြုလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်သင့်သလား ဆိုတာကတော့ ရှုပ်ထွေးသော မေးခွန်းပင်ဖြစ်၏။
ရှီလီက ဒဿနပညာရှင် မဟုတ်ပေ၊ ဒီမေးခွန်း၏အဖြေကို ယုတ္တိရှိရှိ မဖြေဆိုနိုင်။ သူမ၏ဒေါသကို ဖွင့်ထုတ်ရန်အတွက် ဤလူတွေကို ကောင်းကောင်းလေး ပညာပေးချင်ရုံသာ ဖြစ်သည်။
ဤစကားကို ကြားတော့၊ စိတ်ထဲတွင် အလွန်တရာ နွေးထွေးသလိုမျိုး စုန့်ရင်း ခံစားလိုက်ရသည်။ တန်ဖိုးထားခံရသည့် ခံစားချက်မှာအတော်လေး ကောင်းမွန်လှ၏။
အနာဂါတ်က သူမလည်း အနိုင်ကျင့်ခံရမယ်လို့ ကြားလိုက်ရတာကိုတော့ သူမ စိတ်မဆိုးမိပေ။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းက မဖြစ်ပျက်သေးသည့်အတွက် သူမအနေနှင့် ထပ်တူထပ်မျှ ခံစားကြည့်ရန်မှာ ခဲယဉ်းလှသည်။ သို့သော် သူမ သေဆုံးရခြင်း၏ အကြောင်းရင်းကို ကြားသိလိုက်ရတော့ မှိန်ဖျော့သော စိတ်အားငယ်မှုက သူမကို တိုက်စားသွားကာ အနာဂါတ်ကို မရေရာတော့ပေ။
အိုဟောင်းနေပြီဖြစ်သော လူနေရပ်ကွက်ကဝင်္ကပါနှင့်တူပြီး ရှီလီ စိတ်ထဲကနေ ဒဏ်ခတ်နေသော အုပ်စုနှင့် ထောင့်အချိုးတွင် ထပ်မံဆုံတွေ့ရလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားကြချေ။
ဤသည်ကို လူနေရပ်ကွက်ဟောင်း၏“ထောင့်ချိုးနားက ချစ်ခြင်း” ဟူ၍ပင် ဖော်ပြလို့ရသည်။
မိန်းကလေးများက လက်ချောင်းကြား၌ စီးကရက်တွေကို ညှပ်ထားပြီး အငွေ့တွေကို မှုတ်ထုတ်နေကြသည်။ အနှီစပ်စုစိန်များနှင့်နာရီဝက်အတွင်း နှစ်ခါတောင် ကြုံဆုံရသည့်လေးနက်သော ဆက်နွှယ်မှု ရှိနေမယ်လို့ သူတို့လည်း မထင်ထားကြပေ။
မိန်းကလေးတွေ၏ ခေါင်းဆောင်၏ စကားမပြောပေ၊ ၎င်းက သာမန်သာဖြစ်ပြီး -ဘယ်ဘော့စ်ကများ လူတွေကိုစပြီး စော်ကားတာ မြင်ဖူးလို့လဲ။
ပိန်ခြောက်ကပ်နေသော မိန်းကလေးတွေထဲမှတစ်ဦးက ကပ်ဖားကောင်လုပ်ကာ ဆဲရေးလာသည်။ “နင်တို့ ဘာကြည့်နေတာလဲ။ မျက်စိ စွံကုန်ဦးမယ်”
ဒီတစ်ကြိမ်တော့ ရှီလီ စဉ်းစားလာလေပြီ[တကယ်လို့ ငါသာ အခုနေ အဲဒီလူတွေဆီ ပြေးသွားပြီး ရိုက်ပစ်လိုက်ရင်၊ ငါ့ရဲ့ နိုင်နိုင်ခြေက ဘယ်လောက်ဖြစ်မလဲ။]
[အဓိကက ငါ့ကို ရူးသွားတယ်ဆိုပြီး ငါ့အတန်းဖော်တွေ တွေးကုန်ကြမှာလား]
[အား၊ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။ ဒီနေ့ငါ့အတန်းဖော်တွေနဲ့ အပြင်ထွက်စားဖို့ သဘောမတူလိုက်သင့်ဘူး။ ဒီနေရာမှာ လာစားဖို့ သက်တော်စောင့် ဆယ်ယောက်လောက်ကိုပါ ခေါ်လာလိုက်ရမှာ]
[ငါ အခု မလှုပ်ရှားသင့်သေးဘူးထင်တယ်။နောက်နောင် ဒီဧရိယာမှာ လာစားဖြစ်ရင် သက်တော်စောင့်ကို ခေါ်လာမယ်၊ ဒီနေရာကိုအကြိမ်ရေ နည်းနည်းလောက် ပတ်ကြည့်ပြီး အတန်းဖော်တွေကို အနိုင်ကျင့်တဲ့ ဒီအုပ်စုကိုတွေ့တာနဲ့ သက်တော်စောင့်နဲ့အတူ ငါပါ ဝင်လုံးပစ်မယ်။ ဒီဟာကို အတော်လေး ကျိုးကြောင်းဆီလျော်တဲ့ အမှန်ပြင်ခြင်းလို့ ခေါ်တယ်]
အရူးနှင့်မတူအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး ရှီလီ တွေးနေတုန်းမှာဘဲ ရွှီရွှယ်ကျားကတော့ တစ်ဖက်နှင့် စတင်စကားများနေလေပြီ။
“နင့်ကိုကြည့်တော့ ဘာဖြစ်တုန်း။ နင်က ရုပ်ဆိုးလို့ အကြည့်ခံရမှာကို ကြောက်နေတာလား။ အင်းလေ၊ အနည်းဆုံးတော့ ကိုယ့်ဟာကိုယ် သတိထားမိသားပဲနော်။ ဒါပေမဲ့ နင့်ဟာနင် ရုပ်ဆိုးတယ်ဆိုတာကို သိနေမှတော့ ဖြတ်သွားဖြတ်လာတွေ မျက်စိမနာရအောင်လို့ အပြင်မထွက်ဖို့ အကြံပေးလိုက်မယ်”
ရွှီရွှယ်ကျား၏ လျှာစောင်းထက်မှုက ဘယ်တော့မှ မကျရှုံးပေ။
111 03
တစ်ဖက်ခြမ်းမှ မိန်းကလေးမှာ လူတွေကို စော်ကားရာ၌ ရွှီရွှယ်ကျားလောက် အပြောမတတ်သဖြင့် ယောက်ျား၊ မိန်းမ အင်္ဂါဇာတ်တွေနှင့် သက်ဆိုင်သော အောက်တန်းကျသည့် စကားလုံးများကို ပြောဆိုလာတော့၏။
ရွှီရွှယ်ကျား ရယ်လိုက်ရင်း “နင်စိတ်တိုနေပြီ၊နင်စိတ်တိုနေပြီ၊ နင်စိတ်တိုနေပြီ၊ နင်စိတ်တို နေပြီ။ ငါပြောလိုက်တာ ချက်ကောင်း ထိသွားတဲ့ပုံပဲ”
ဒီကလေကချေတွေမှာ အစကတည်းက ဆင်ခြင်နိုင်စွမ်း သိပ်မရှိကြပေ။ သူတို့ကို ရုပ်ဆိုးတယ်ဆိုပြီး စော်ကားပြောဆိုလာချိန်မှာတော့ စကားထိုးစစ်ပွဲတွင် ရှုံးနိမ့်သွားကာ သည်းမခံနိုင်ကြတော့ချေ။
သူတို့က ဒါကိုဘယ်လိုလုပ်ပြီး သည်းခံနိုင်ကြမှာလဲ။
ဒီပါးစပ်သရမ်းပြီး စပ်စုစိန် ကောင်မလေးတွေကို အဝတ်တွေဆွဲချွတ်၊ ဒူးထောက်ခိုင်း၊ သူတို့ဖိနပ်တွေကို လျှာနဲ့လျက်ခိုင်းပြီး ဘယ်သူ့ကို လာရှုပ်လို့မရဘူးလဲဆိုတာ သိသွားအောင် သင်ခန်းစာပေးပစ်ရမယ်။
သူတို့၏ ပုံပန်းသွင်ပြင်နှင့် ဝတ်စားထားပုံတွေကို ကြည့်လိုက်ရုံနှင့် သူတို့ဟာ ချမ်းသာကြွယ်ဝသော မိသားစုတွေက လူတွေဆိုတာကို ပြောနိုင်သည်။
သို့သော် ယခုတော့ သူတို့သည် ဒေါသစိတ်ကြောင့် မွှန်ထူနေကာ အနှီလူတွေ၏ နောက်ခံက ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေကို ဂရုမစိုက်ကြတော့။ အနှီသူတွေအား သင်ခန်းစာပေးရန်အတွက် သူတို့တွေ အသင့်ဖြစ်နေလေပြီ။
ဤလူငယ်လေးတွေမှာ အလွယ်လေး ဒေါသထွက်နိုင်သည့် ဦးနှောက်မရှိသော လူမျိုးတွေဖြစ်ကာ အကျိုးဆက်အား မစဉ်းစားဘဲ လုပ်ကိုင်ကြသူတွေပင်။
တစ်ဖက်ခြမ်းက အင်္ကျီလက်တွေ လိမ့်တင်ပြီးတိုက်ခိုက်ရန် အသင့်ဖြစ်နေတာကို မြင်လိုက်ရတော့ စုန့်ရင်း ကြောင်အသွား၏။ ကိစ္စတွေကဘယ်လိုဖြစ်လို့ ရန်ဖြစ်ရတဲ့အထိ ပြင်းထန်လာရတာလဲ။
ဒါ့အပြင် သူမ၏အတန်းဖော် ရွှီရွှယ်ကျားက ပြဿနာကို အရင်စမွှေတတ်သည့်သူဆိုတာ သူမ မသိခဲ့ပေ။
အုပ်စုလိုက်ရန်ပွဲတွေတွင် အတွေ့အကြုံရှိသော ကလေကချေတစ်သိုက်နှင့် ရင်ဆိုင်လာရချိန်မှာ ရှီလီ၏ဘက်က လူအင်အား တောင့်သော်လည်း လူတိုင်း၏ နောက်ခံကို သူမ သိထားသည်။
ဤသည်မှာ တစ်ခါမှ ရန်မဖြစ်ဖူးသော အဖွဲ့ဖြစ်ပြီး သူတို့ကိုယ်တိုင် လက်တစ်ချောင်း မြှောက်စရာမလိုဘဲ အပြင်ထွက်တိုင်း သက်တော်စောင့်တွေကို ခေါ်သွားကြသည့်သူများပင်။
နှုတ်ရေးဖြင့် စော်ကားခြင်းကနေ လက်ပါကာ ထိပ်တိုက်ရင်ဆိုင်သည်အထိ ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့၏။
ရှီလီ မတုံ့ပြန်နိုင်ခင်မှာတင် သူမ၏ အတန်းဖော်တွေက အိတ်တွေထဲကနေ ရှည်လျားပြီး တုတ်ချောင်းလို အရာဝတ္ထုတွေအား ပြိုင်တူဆွဲထုတ်လိုက်တာကို မြင်လိုက်ရသည်။
သူမ အနီးကပ်ကြည့်ကြည့်လိုက်တော့ ဘေ့စ်ဘောတုတ်တံတွေ ဖြစ်နေသည်။
ရှီလီ:? ဘယ်လူကောင်းတွေက အိတ်ထဲမှာ ဘေ့စ်ဘောတုတ်တံတွေ သယ်ကြလို့လဲ။ ငါ မကြည့်နေတုန်း ငါ့အတန်းဖော်တွေ ဘာဖြစ်သွားကြတာလဲ။
ရှီလီ အတော်လေး ယုံကြည်ရခက်သွား၏။
သူမ မြင်တွေ့နေရတာကို သံသယဖြစ်လာရသော်လည်း ၎င်းတို့က တကယ့်ဘေ့စ်ဘောတုတ်တံတွေ ဖြစ်သည်။
သွမ့်ယောင်ကျင်း၏ အိမ်ကိုသွားတုန်းက အတွင်းခံခိုးသော နှာဘူးကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း ရှီလီ၏ အော်သံက တားဆီးမရနိုင်သော အဘွားစွင်းကို ခေါ်ခဲ့သည်။
ထိုနေ့တုန်းက အတန်းဖော်တွေ ဝယ်ယူခဲ့သောဘေ့စ်ဘောတုတ်တံတွေကို အသုံးမပြုခဲ့ရဘဲ အလှဆင်ပစ္စည်းသက်သက်သာ ဖြစ်လာခဲ့၏။
ထိုနေ့က သူတို့တွေ မသုံးလိုက်ရသော်လည်း လူတိုင်းမှာ သူတို့အိတ်ထဲ၌ ဘေ့စ်ဘောတုတ်တံလေးကို ထည့်ထားရုံဖြင့် အလွန်လုံခြုံသွားသလို ခံစားလိုက်ရသည်။
လူဆိုးတွေနဲ့ ကြုံကြိုက်မိမှာကို အမေ စိတ်ပူစရာ မလိုတော့ဘူး။
111 04
ထို့ကြောင့် သူတို့အိတ်ထဲမှာ ထိုကတည်းက ရှိနေခဲ့သော ဘေ့စ်ဘောတုတ်တံတွေမှာ လမ်းလျှောက်ရာ၌ သူတို့၏အိတ်တွေကို လေးလံစေသော်လည်း ပြန်သိမ်းတာမျိုးတော့ မလုပ်ခဲ့ကြပေ။
ယခုလို မထင်မှတ်ထားသည့် အခိုက်အတန့်၌ ထိုဘေ့စ်ဘောတုတ်တံတွေ အသုံးဝင်လာလိမ့်မယ်လို့ မည်သူက ထင်ထားမည်နည်း။
သူမ၏ အတန်းဖော်တွေ ဘာကြောင့် ဘေ့စ်ဘောတုတ်တံတွေကို သယ်ထားလဲဆိုတာ ရှီလီ မသိသော်လည်း ယခုချိန်မှာ ထိုအကြောင်းကို စဉ်းစားရန် သူမတွင် အချိန်မရှိပေ။
သူမ၏ အတန်းဖော်တွေ အိတ်ထဲကနေပြီး ဘေ့စ်ဘောတုတ်တံလေးတွေကို ထုတ်လိုက်တာကို မြင်လိုက်ကြသော တစ်ဖက်အဖွဲ့၏မျက်လုံးထဲမှ မယုံကြည်နိုင်မှုကိုလည်း ရှီလီသတိထားမိသည်။
သူမ၏ဘက်တွင် လူနှစ်ယောက်ရှိပြီး တစ်ဖက်တွင် ခြောက်ယောက်ရှိတာကြောင့် သူတို့တွင် လူအင်အားပိုသာ၏။
သူမ၏ဘက်တွင် ယောက်ျားလေးသုံးဦးနှင့်မိန်းကလေး ငါးဦးရှိပြီး၊ တစ်ဖက်တွင် ယောက်ျားလေး မပါဘဲ မိန်းကလေး ခြောက်ဦးရှိသည်။
သူမ၏ဘက်တွင် လူတိုင်းနီးပါးမှာ ဘေ့စ်ဘောတုတ်တံတွေရှိပြီး တစ်ဖက်တွင် လမ်းဘေးက တံမြက်စည်းနှင့် ကြမ်းတိုက်တုတ်တွေကို ကိုင်ထားကြသည်။
သူမ၏ဘက်တွင် တိုက်ခိုက်သည့် အတွေ့အကြုံမရှိဘဲ တစ်ဖက်တွင် ထိုလူတွေကတော့ တိုက်ပွဲ၌ အကြမ်းခံပြီး ရက်စက်သည်။
သူမ၏ဘက်တွင် အများကြီး တစ်ပန်းသာနေသော်လည်း တစ်ဖက်က ကြိုတင်စီစဉ်ထားသည့် ရန်ပွဲတွေတွင် သူတို့၏ အကြိမ်ရေများနေသော အတွေ့အကြုံပေါ် မူတည်ကာ ကစားကွင်းပြင်ပေါ်တွင် တစ်နည်းနည်းဖြင့် တစ်ညီတည်းဖြစ်လာအောင် လုပ်နိုင်စွမ်းရှိ၏။
အုပ်စုဖွဲ့ရန်ဖြစ်ကြသည် မဆိုထားနှင့် ဤသည်မှာ ရှီလီ၏ ပထမဆုံးသော ရန်ဖြစ်ဖူးခြင်းပင်။
အခြားဖက်ရှိ လူတွေက ရှီလီတွင် ဘေ့စ်ဘောတုတ်တံ မရှိတာကို မြင်လိုက်ရတော့ သူမနှင့်စုန့်ရင်းကို ပစ်မှတ်ထားလာကြသည်။
ယုတ္တိကျကျပြောရလျှင် အုပ်စု၏အလယ်တွင် ကာကွယ်ခံထားရသော ရှီလီနှင့် စုန့်ရင်းကသာ အလုံခြုံဆုံးပင်။
သို့သော် တစ်ခါတစ်ရံတွင် ကောင်းစွာတပ်ဆင်ထားသော လက်နက်တွေက အတွေ့အကြုံနှင့်ရင်ဆိုင်လာရလျှင် သက်ရောက်မှုမရှ်ိ ဖြစ်တတ်သည်။
ရှီလီ၏ဘက်မှာ လူအရေအတွက်အရ အင်အားတောင့်သော်လည်း သူတို့ထဲမှ နှစ်ယောက်မှာ တိုက်ခိုက်ရေးစွမ်းရည် မရှိတာကြောင့် တစ်ယောက်ဆိုလျှင် ရှိလီအား တုတ်တံနှင့် မတော်တဆ ရိုက်မိသွားသေး၏။
[အလိုလေး၊ တိုက်ပွဲမစခင်ကတည်းက ရှုံးနေပါ့လား]
တိုက်ခိုက်နေရင်း မရည်ရွယ်ဘဲ မတော်တဆ ထိခိုက်မိတာက သာမန်ဖြစ်ပျက်နေကြပင်။ ယခုလို အခြေအနေမျိုး၌ အပြစ်တင်လို့က မရချေ။ ရှီလီမှာ သူမအား ထိပ်တိုက်တွေ့ရန် ချဉ်းကပ်လာသော မိန်းကလေးနှင့် ခေါင်းချင်း ဆိုင်ရတော့မည်မှန်း သိလိုက်ရသည်။
အသိပညာက စွမ်းအားဟူသော နိယာမကို နက်ရှိုင်းစွာ နားလည်ထားသော ကျောင်းသူတစ်ယောက်အနေနှင့် ရှီလီတွင် ဘေ့စ်ဘောတုတ်တံ မရှိသော်လည်း သူမတွင် အလွန် ထူထည်းသော လေ့ကျင့်ခန်းစာအုပ်တွေ ပါဝင်သည့် ကျောပိုးအိတ်ကို ပိုင်ဆိုင်ထား၏။
သူမ၏ ပြိုင်ဘက်ကို ကျောပိုးအိတ်နှင့် လွှဲရိုက်လိုက်ခြင်းမှာ ဘေ့စ်ဘောတုတ်တံကဲ့သို့ ထိရောက်မှုရှိကြောင်းကို ပြသခဲ့သည်။
နောက်တစ်နေ့ ကျောင်းတက်တော့၊ အတန်းပိုင်မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့၏။
သူ၏ အဖိုးတန် ထိပ်တန်းကျောင်းသူက စာမေးပွဲမဖြေခင်မှာ ညာဘက်လက်ကို ထိခိုက်မိသွားသည်။
သူမရဲ့လက်ကို ထိခိုက်အောင် လုပ်လိုက်တာ ဘယ်သေနာကျလဲ။
လက်သည်တရားခံနဲ့ အသေတိုက်ဖို့ သူ အဆင်သင့်ဖြစ်နေပြီ။
******
112 01
အခန်း ၁၁၂: ထိခိုက်လွယ်သော အတန်းပိုင်
ပြဿနာကောင်အချို့နှင့် ရန်ဖြစ်ခဲ့စဉ်တွင် အရင်တုန်းက တစ်ခါမှ လက်ပါပြီး ရန်မဖြစ်ဖူးတာကြောင့် အရင်ဆုံး သူတို့၏ ခွန်အားအား ကိုင်တွယ်ရန် ခက်ခဲနေတာကို ရှီလီနှင့်သူမ၏အတန်းဖော်များ သိလိုက်ကြရသည်။
နောက်ဆုံးတော့မှ သူတို့၏ ဘေ့စ်ဘောတုတ် တံတွေကို ပိုပြီးထိရောက်မှုရှိစွာ အသုံးပြုလာနိုင်ပြီး တစ်ဖက်လူတွေအား သူတို့၏ဒူးအောက်ရောက်အောင် လုပ်နိုင်လာသည်။
ဘေ့စ်ဘောတုတ်တံ၏ သက်ရောက်မှုက ပြင်းထန်လှ၏။ စီနီယာတန်း အခန်းတစ် မှ ကျောင်းသားများမှာ ဤလူတွေအား စုန့်ရင်း သတ်သေရခြင်း၏ နောက်ကွယ်က တရားခံတွေဟုတွေးပြီး အားထည့်ရိုက်ကြသည်။
ဒါ့အပြင် သူတို့တွေ လေ့ကျင့်လာလေ၊ဖူဟွေ့ရှင်း၏ ဘေ့စ်ဘောအား ဘယ်လိုရိုက်ရမယ်၊ ဒဏ်ရာကြီးကြီးမားမား မရသွားဘဲ နာကျင်သွားအောင် ဘယ်နေရာကို ရိုက်ရမယ်ဟူသော လမ်းညွှန်ချက်တွေကို ပြန်မှတ်မိလာကြ၏။
ရှီလီအား ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ဘယ်သူကမှ မသင်ပေးဖူးပေ။ ထိုသည့်တိုင် သူမက ဓာတ်ဘူးနှင့် လေးလံသော လေ့ကျင့်ခန်းစာအုပ်တွေကို တနင့်တပိုး ထည့်ထားသောကျောပိုးအိတ်ကို ဝှေ့ယမ်းနေ၍ ၎င်းက အဆင်မပြေဖြစ်စေသော်ငြား ဘေ့စ်ဘောတုတ်တံကို ကိုင်ထားသည့် လူတွေကဲ့သို့ ကြမ်းတမ်းလှသည်။
သူမ၏ ကျောပိုးအိတ်ကို ဝှေ့ယမ်းနေစဉ်တွင် အားပြင်းပြင်းသုံးခဲ့သဖြင့် အကြိမ်ရေအနည်းငယ်ခန့် ဝှေ့ယမ်းပြီးတာနှင့် အားကုန်ခမ်းလာရသည်။
ပြိုင်ဘက်တွေကြောင့် သူမ၏ ကျောပိုးအိတ်မှာ စုတ်ပြဲသွားသဖြင့် မတတ်သည့်အဆုံး လက်ဗလာဖြင့်သာ ချရတော့၏။
ရန်ဖြစ်ရာတွင် ကျွမ်းကျင်မှုရှိနေမှန်း ရှီလီ နားလည်လာခဲ့သည်။ သူမ၏ ရှည်သွယ်သောလက်နှင့် ခြေထောက်တွေက သူမအား အားသာစေလေသည်။
အမျိုးသမီးပြိုင်ဘက်က အရင်စညစ်ပြီး တိုက်ခိုက်လာတာကြောင့် ရှီလီမှာ အရေးနိမ့်ခဲ့ရသည်။ သို့သော် ရှီလီက တတ်မြောက်လွယ်သောသူ ဖြစ်သဖြင့် ပြိုင်ဘက်တွေ၏ သံသယဖြစ်ဖွယ်ရာ နည်းပရိယာယ်တွေကို ပိုပြီးကျွမ်းကျင်စွာသုံး၍ အမြန်တန်ပြန်ချလိုက်သည်။
စုန့်ရင်းအား အနိုင်ကျင့်ခဲ့သော ဤလူတွေကို မုန်းတီးခြင်းက ရှီလီ လက်တုံ့ပြန်ရာတွင် ရက်စက်လာစေခဲ့သည်။
ထို့အပြင် ရှီလီမှာ ရန်ဖြစ်ရာ၌ မကျွမ်းကျင် သောသူဆီကနေ မတော်တဆ ဘေးတိုက်ကန်ခံလိုက်ရသည်။ သူမက ပြဿနာကောင်တွေနှင့် အနီးကပ်ချရာတွင် ဈာန်ဝင်နေသော ရှီလီကို မရည်ရွယ်ဘဲ နာကျင်အောင် လုပ်မိသွားတာပင်။ သူမ၏ ကန့်သတ်ချက်တွေကို နားလည်သွားသဖြင့် စည်းဝါးကိုက်မှပဲ ဝင်ချတော့၏။ ဤသည်မှာ သူတို့တွေ ပထမဆုံး ရန်ဖြစ်ဖူးတာဖြစ်ပြီး ရန်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းမှုလည်းဖြစ်သည်။ သို့သော်သူတို့တွေ၏ ညီညွတ်ခြင်းကတော့ အပြစ်အနာဟူ၍ မရှိချေ။
ရှီလီက ပြိုင်ဘက်ကို လက်သည်းဖြင့် ကုတ်လိုက်စဉ် သူမ၏ မဟာမိတ်က ဘေ့စ်ဘောတုတ်နှင့် ဝင်ရိုက်လေသည်။
သူတို့က မျက်နှာကိုမဟုတ်ဘဲ ခန္ဓာကိုယ်ကိုဘဲ ပစ်မှတ်ထားကြသဖြင့် ပြိုင်ဘက်တွေ၏မျက်နှာတွေမှာ ခြစ်ရာတွေမရှိဘဲ ကျန်သည့်အစိတ်အပိုင်းတွေကတော့ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်။
အဆုံးတွင် သူတို့ဘက်က လူအရေအတွက်နှင့် လက်နက်အင်အားကြောင့် အနိုင်ရရှိခဲ့၏။ ပြိုင်ဘက်တွေကတော့ ကိုယ်ကိုကျုံ့၊ ခေါင်းကိုငုံ့၍ သူတို့အရှုံးကို ဝန်ခံလိုက်ကြသည်။
ဗီလိန်တစ်ယောက်၏ ခံစားချက်များရှိသောရှီလီက ပြိုင်ဘက်တစ်ဦး၏ မျက်နှာကို ခပ်ကြမ်းကြမ်း ဖျစ်ညှစ်ပြီး မေးလိုက်၏။ “နင်တို့ကို ငါတို့ ဘာလို့ချလဲဆိုတာ သိလား”
ကြမ်းတမ်းဟန် ဆောင်ထားသော ပြိုင်ဘက်မှာ သူမ၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ကို ပြသရန်အတွက် သူတို့၏ မျက်နှာတွေကိုတံတွေးဖြင့် ထွေးပစ်ချင်နေသည်။
112 02
သို့သော် ရှီလီ၏ ဘေးနားတွင် ရပ်နေသူမှာ ဘေ့စ်ဘောတုတ်တံကို ကိုင်ထားသည့် ကြမ်းတမ်းသော အတန်းဖော်ဖြစ်နေသည်။ ပြိုင်ဘက်မှာ အစောပိုင်းတုန်းက လက်ခံရရှိခဲ့သော ဘေ့စ်ဘောတုတ်တံမှ ရိုက်ချက်တွေကြောင့် ကိုက်ခဲနေဆဲပင်။
ရိုက်နှက်ချက်များကို ပြန်စဉ်းစားကြည့်ပြီး နောက် သူမ နာခံမှုရှိစွာဖြင့် ပြန်ပြောလိုက်နိုင်သည်။ “ငါမသိဘူး”
ရှိလီက ပြုံးကာပြောလိုက်၏။ “ငါတို့ရဲ့ ညီမလေးကို နင်အနိုင်ကျင့်လို့၊ ဒီတော့ နင်နဲ့လာပြီး ဆွေးနွေးတာ။ နောက်နောင် သူမကို အနိုင်မကျင့်ဖို့ မျှော်လင့်ပါရဲ့”
ရိုက်နှက်ခံရပြီးနောက် ရှီလီ၏ “ဆွေးနွေးတာ”ဟူသော စကားလုံးတွေကို ကြားလိုက်ရတော့ အနိုင်ကျင့်သူများမှာ မျက်ရည်ကျလုနီးပါး တုံ့ပြန်လိုက်ကြ၏။ ဘယ်သူက လက်ထဲမှာ ဘေ့စ်ဘောတုတ်ကိုကိုင်ပြီး ဆွေးနွေးလို့လဲ။သူတို့တွေ ပြဿနာရှာဖို့ ဒီရောက်လာတယ်ဆိုတာ ရှင်းနေတာပဲ။
သို့သော် ရှီလီနှင့် သူမ၏ အတန်းဖော်တွေက အသာစီးရနေတော့လည်း၊ သူတို့မှာ သဘောမတူကြောင်းကို တစ်ခွန်းမှ မပြောနိုင်။
ခေါင်းဆောင်မိန်းကလေးက အလျှင်အမြန် မေးလိုက်သည်။ “နင့်ရဲ့ ညီမလေးဆိုတာ ဘယ်သူလဲ။ သူမကို နောက်ထပ်အနိုင်မကျင့်ပါဘူးလို့ ကတိပေးပါတယ်။ စိတ်ချ၊ နင့်ညီမက ငါ့ညီမပဲ။ နင်သာ တောင်းဆိုသရွေ့ သူမကို ကျောင်းမှာ ကာကွယ်ပေးပါ့မယ်။ဒီကျောင်းမှာ သူမကို ဘယ်သူမှထပ်ပြီး အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး”
ယခုလိုလူစားမျိုးက အားနည်းသူကို ဗိုလ်ကျ၍ အင်အားကြီးသူကို ကြောက်ရွံ့သည်ဟူပြီး လူသိများကြသည်။ ရှီလီက သူမကို ရိုက်နှက်ထားတာအပြင် ပိုအင်အားကြီးသည့် လူတွေ၏အရှေ့မှာရှိနေတော့၊ သူမက အလွန်နာခံမှုရှိနေသော်လည်း နောက်ကွယ်ရောက်ပြီဆိုတာနှင့် သူမထက် အားနည်းသောသူတွေကို ပြန်အနိုင်ကျင့်ဦးမှာပင်။
နောက်တစ်နည်းဖြင့်ဆိုရလျှင် စက်ဆုပ်ဖွယ်ကောင်းသော ပြုမူပုံဖြစ်၏။
“တကယ်လို့ နင်တို့တွေ သူမကို ထပ်ပြီးအနိုင်ကျင့်နေတာကိုသာ ငါသိလို့ကတော့ လေးလေးနက်နက် စကားပြောဖို့အတွက် နင့်ကို လာရှာရလိမ့်မယ်နော်။ ဒီနေ့ ဒီအကြောင်းကို နင်နဲ့လာဆွေးနွေးတာ၊ ဒါပေမဲ့ နင်ကတိမတည်လို့ကတော့ ငါ နောက်တစ်ခါဆို ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး” ရှီလီ သတိပေးလိုက်၏။
ခေါင်းဆောင်မိန်းကလေးက အသနားခံကာ“အစ်မကြီး၊ နင့်ညီမနာမည် ငါ့ကို ပြောပြလေ၊သူမကို နောက်နောင် မလေးမစားမလုပ်ပါဘူးလို့ ကတိပေးတယ်။ တကယ်လို့ ငါအဲ့လိုလုပ်မိရင်၊ ငါ့ခေါင်းကို ယူလို့ရပါတယ်”
ရှီလီက လှလှလေးပြုံးလိုက်ပြီး သူမ၏မျက်ဝန်းတွေမှာ တလက်လက် တောက်ပနေ၍“နင့်မှာ မျက်လုံးရှိနေမှာတော့၊ ငါ့ညီမက ဘယ်သူဘယ်ဝါဆိုတာ နင်သိသင့်တာပေါ့၊နင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ငါ ယုံကြည်ပါတယ်”
သူမက ‘နင်လုပ်နိုင်ပါတယ်’ ဟူသော လက်ဟန် ဖြင့် လက်သီးဆုပ်ကို ထောင်ပြကာ အားပေးလိုက်သည်။
ခေါင်းဆောင်မိန်းကလေးမှာ ကြောင်အသွား၍“အစ်မကြီး၊ နင့်ညီမနာမည်နဲ့ ပုံစံတွေ ဘာတွေမပြောဘူးလား၊ ငါမသိလိုက်ဘဲ နင့်ညီမကိုစော်ကားမိမှာ စိုးရိမ်မိတယ်”
“နင့်မျက်လုံးတွေမှာ ရည်ရွယ်ချက်ရှိတယ်လေ။နင်က ကန်းနေတယ်ဆိုရင်တော့၊ နင့်မျက်ခုံးအောက်က အပေါက်နှစ်ပေါက်ကို အသုံးမဝင်ဘူးလို့ ပြောရမှာဘဲ” အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ရောင်စုံအမွေးတွေရှိသည့် ခေါင်းဆောင်မိန်းကလေး၏ခေါင်းကို ရှိလီ ပုတ်ပေးလိုက်ပြီး အားပေးစကား ဆိုလိုက်၏။ “လိမ္မာတဲ့ ကောင်မလေး၊ ငါ နင့်ကို ယုံတယ်”
“ဒါပေမဲ့ ငါမလုပ်နိုင်…"
“အင်း၊ နင်လုပ်နိုင်ပါတယ်” ရှီလီက ညင်သာသည့် အပြုံးတစ်ပွင့်ဖြင့် သူမအား နှစ်သိမ့်ကာ “နင်မလုပ်နိုင်ဘူးလို့ နောက်တစ်ခါ ထပ်ပြောရင် ငါ စိတ်ဆိုးတော့မှာနော်”
ရှီလီက သူမကိုယ်သူမ အလွန်အမင်း စိတ်ထားကောင်းတယ်လို့ ယုံကြည်ထားလေ၏။ အနိုင်ကျင့်သူလေးများကို မလှုပ်နိုင်သည်အထိ ရိုက်နှက်ပြီးသွားတော့၊ ခေါင်းဆောင်မိန်းကလေး၏ ဖုန်းကိုသုံး၍ လူနာတင်ယာဉ်ကိုတောင် ရက်ရောစွာ လှမ်းခေါ်ပေးသေးသည်။
112 03
သူတို့၏ ဒဏ်ရာတွေကို ဆေးရုံတွင် ကုသမှုခံယူပြီး အနားယူနေချိန်ခိုက်၊ သူမ၏ ညီမက ဘယ်သူဆိုတာကို သူတို့တွေ သိသွားစေရန် မျှော်လင့်နေရင်းပင်။
အကယ်၍ သူတို့တွေ မဖော်ထုတ်နိုင်ပါက ရိုးရှင်းသော ဖြေရှင်းချက်တစ်ခုသာ ရှိသည်။အခုကစ၍ ရှီလီ၏ “ညီမ” ကို မှားယွင်းပြီး ဒုက္ခမပေးမိစေဖို့မှာ သူတို့၏ အတန်းဖော်တွေကို အနိုင်မကျင့်တော့ဖို့သာ ဖြစ်သည်။
ထိုညက အိမ်ပြန်ရောက်တော့ ရှီလီနှင့် အဖော်ပြုလိုက်ပါခဲ့သော လူများမှာ “စုန့်ရင်း၏သေဆုံးခြင်း” ၏ နောက်ဆုံးပေါ် တိုးတက်ပြောင်းလဲလာမှုကို သူတို့၏ အုပ်စုဖွဲ့ စကားပြောခန်းထဲ၌ ဝေမျှခဲ့ကြသည်။
စုန့်ရင်းက ရွှီရှင်းကြောင့် သေဆုံးခဲ့ရတာ မဟုတ်ပေ၊ သူမသည် အဆုံးမစီရင်ခင်အထိ ကလေကချေအဖွဲ့လေး၏ အနိုင်ကျင့်ခြင်းကို နှစ်ပေါင်းများစွာ ဆက်တိုက်ခံခဲ့ရတာပင်။
အောင်ပွဲခံနေကြရင်း အပြစ်မဲ့သည့် ကောင်မလေးတစ်ဦးကို အနိုင်ကျင့်နေသော၊ စုန့်ရင်းကို ညှဉ်းဆဲခဲ့သည့် အနိုင်ကျင့်သူလေးများနှင့် ဘယ်လိုဆုံမိလဲဆိုတာကို ထိုအုပ်စုက ပြန်လည်ဝေမျှခဲ့သည်။
သူတို့၏ လက်နက်တွေကို ကိုင်ဆောင်ပြီး ထိုအနိုင်ကျင့်သူများကို ကောင်းကောင်းကြီး ရိုက်နှက်ခဲ့ကြတာဖြစ်သည်။
ကျောင်းသားတွေက ကျောင်းလွယ်အိတ်ထဲမှာ ဘာကြောင့် လက်နက်တွေ သယ်ထားတာလဲ ဆိုတာကိုတော့ အတန်းပိုင် ဆက်မမေးတော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဆယ်တန်း အခန်း1 သည် အတော်လေးကို ဂုဏ်သတင်း ကျော်ဇောသောအတန်းဖြစ်၏။ လက်နက်တွေကို သယ်ဆောင်ထားတာက သူတို့အတွက် လုပ်ရိုးလုပ်စဉ်ဖြစ်မည့်ပုံပင်။
သို့သော် ထိုသို့တွေးမိပြန်တော့ အတန်းပိုင်အား တိတ်တဆိတ် ဒေါသထွက်မိစေသည်။ သူက အခုချိန်မှာ ဤသူပုန်လေးများအား စာမေးပွဲအပေါ်မှာဘဲ အာရုံစိုက်ထားစေချင်တာဖြစ်ပြီး စာမေးပွဲပြီးတာနှင့် လက်နက်တွေကို သိမ်းယူရန် သူတို့၏အိတ်တွေကို ရှာဖွေဖို့ စီစဉ်ထားလေသည်။
အကယ်၍ လက်နက်တွေကိုသာ ကျောင်းထဲ သယ်လာပါက စကားများရန်ဖြစ်ခြင်းကနေ ဓားရန်ပွဲအဖြစ် ပြောင်းလဲသွားမှာကို သူစိုးရိမ်နေမိတာ ဖြစ်သည်။
စာမေးပွဲပြီးကာလ အကြောင်းကို တွေးကြည့်နေရင်း နောက်ကိစ္စတစ်ခုအား သူအမှတ်ရသွားသည်။
ဤလူဆိုးလေးတွေက ဒီရက်ပိုင်းအတွင်းမှာ အိမ်ပြန်ပြီး စာမလုပ်ဘဲနဲ့၊ အပြင်ထွက် ရန်ဖြစ်နေကြတယ်။
လောကကြီးမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား။
အခုလေးတင် အုပ်စုထဲ၌ အတော်လေးကို တက်ကြွနေသော ကျောင်းသားအနည်းငယ်ကို ထပ်မံကြည့်လိုက်တော့ သူတို့က အတန်း၏ထိပ်ဆုံးကျောင်းတွေ ဖြစ်သဖြင့် ကျောင်းပြီးလျှင် ကျူရှင်တက်စရာ မလိုပေ။
အတန်းပိုင်မှာ ရုးသွပ်သွားတော့မလို ခံစားလာရသည်၊ သူ့အတန်းထဲက အကောင်းဆုံးလုပ်ဆောင်ချက်တွေရှိတဲ့ အုပ်စုက လစဉ်စာမေးပွဲ မတိုင်ခင်မှာ ကလေကချေ မိန်းကလေးတစ်ဦးနှင့် အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့လေသည်။
မင်းတို့ကောင်တွေ ကောလိပ်ဝင်ခွင့် စာမေးပွဲမဖြေခင်မှာ ဘာလို့ စစ်ထွက်မတိုက်ကြတာလဲ။ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ စာမေးပွဲခန်း စောင့်ဆရာနဲ့ ဘာလို့ မငြင်းခုံကြတာလဲ။
သူ့အခန်းထဲက ထိပ်ဆုံးကျောင်းသားတွေကို ယုံကြည်ရတဲ့ ကလေးတွေလို့ ထင်ထားတာ အခုတော့ သူဘဲ နုံအနေတာလို့ ခံစားလာရပြီ။
ဒီအတန်းထဲမှာ ပုံမှန်လူတစ်ယောက်မှ မရှိဘူး။
ချမ်းသာတဲ့မိသားစုက ဘယ်လိမ္မာတဲ့ ကလေးကများ စာမေးပွဲမဖြေခင်မှာ တရားမျှတမှုကို ဆုပ်ကိုင်ထားတာလို့ ဟိတ်ကြီးဟန်ကြီးနဲ့ပြောပြီး ရန်ဖြစ်ကြလို့လဲ။
သူ တကယ်ရူးတော့မယ်။