← Chapters

အခန်း (၁၁၃-၁၁၆)

Vol. 6 Ch. 113-116

အခန်း (၁၁၃-၁၁၆)

Vol. 6 Ch. 113-116

113 01

အခန်း ၁၁၃: ဘေးကင်းအဆောင် ပို့ပေးတဲ့အတွက် ဦးလေးရှောင်ဖန်ကို ကျေးဇူးပါ

သို့သော် အတန်းပိုင်အား တကယ်ရူးသွပ်သွားစေနိုင်သော ကိစ္စက ရောက်မလာသေးပေ။ ထိုညက ညသန်းခေါင်တွင် ရှီလီ၏မိဘတွေမှာရှီလီက လက်မောင်းတွင် ဒဏ်ရာရထားသဖြင့် မနက်ဖြန် စာမေးပွဲကို မဖြေဆိုနိုင်တော့ဘူးဟူ၍ စာပို့လာခဲ့သည်။ သူတို့က သူမကို အိမ်မှာအ‌နားယူစေပြီး အခြေအနေကို အကဲခတ်ရန် ဖျားနာခွင့်တစ်ရက် တောင်းခဲ့သည်။

ရှီလီက ဂုဏ်ယူစရာမဟုတ်သည့် ရန်ဖြစ်ခဲ့သောအကြောင်းကို သူမ၏ မိသားစုအား ပြောပြရန်မှာ မဖြစ်နိုင်ချေ။

သို့သော် အချို့အရာတွေကိုတော့ ဖုံးကွယ်ထား၍ မရချေ။

ရန်ပွဲမှရရှိခဲ့သော သူမ၏ မေးစေ့ပေါ်က ခြစ်ရာတွေလိုမျိုးပင်။

ရန်ပွဲအတွင်း ရှီလီ၏အာရုံမှာ ပြိုင်ဘက်အပေါ်မှာဘဲ လုံးလုံးလျားလျား အာရုံစိုက်ထားတာကြောင့် သူမမျက်နှာပေါ်က အမှတ်ရာကို မသိမထားမိခဲ့ပေ။

စိတ်လှုပ်ရှားမှု ပြင်းထန်နေသော အခိုက်အတန့်၌ နာကျင်မှုကိုတောင် သူမ မခံစားမိခဲ့တာပင်။

ဖြစ်ရပ်ကနေ ထွက်လာပြီးမှ သူမ မျက်နှာပေါ်တွင် ပူလောင်နေသလို ခံစားခဲ့ရသော်လည်း သူမ သိပ်ပြီး အာရုံမစိုက်လိုက်။

တကယ်တော့ ဒဏ်ရာက မကြီးသော်လည်း မျက်စိလျင်သော သူမအမေထံမှ မလွတ် မြောက်နိုင်ခဲ့ချေ။

ရှီလဇိ အိမ်ထဲဝင်လိုက်တာနှင့် ဟွမ်ကျဲမှာ သူမသမီး၏ မျက်နှာပေါ်က ဒဏ်ရာကို သတိပြုမိပြီးသားပင်။

ချက်ချင်းပင် စိတ်ပူသွားပြီး ကျောင်းတွင် တစ်ယောက်ယောက်များ အနိုင်ကျင့်ခဲ့သလားဟူပြီး မေးခဲ့၏။

ရှီလီက သေချာပေါက် ဝန်ခံမှာမဟုတ်သဖြင့် ခေါင်းမာစွာ ငြင်းလိုက်သည်။ သို့သော် ဟွမ်ကျဲက ဆေးသေတ္တာဘူးအား ယူလာဖို့ ကလေးထိန်းအား ပူပန်စွာဖြင့် အော်ခေါ်လိုက် ပြီးနေပြီ။

ဟွမ်ကျဲက ဒဏ်ရာကို ဂွမ်းစဖြင့် ဂရုတစိုက် ပိုးသတ်ပေး၏။ သူမအမေ၏ တင်းမာသောအကြည့်အောက်တွင် သူမ၏ အတိတ်ဘဝတုန်းက စုန့်ရင်းကို အဆုံးစီရင်ဖြစ်သွားအောင် တွန်းအားပေးခဲ့သော စုန့်ရင်းအား အနိုင်ကျင့်သော ဆိုးသွမ်းသည့် ကောင်မလေးအုပ်စုနှင့်ရန်ဖြစ်ခဲ့သည့် အပိုင်းကိုတော့ ထိမ်ချန်ခဲ့၏။

သူမသမီး၏ သတ္တိရှိပြီး ဖြောင့်မတ်စွာ ပြုမူခဲ့ပုံကို ကြားလိုက်ရတော့၊ ဟွမ်ကျဲက သဘောမကျခြင်းကို မဖော်ပြလိုက်တော့။

ကလေးထိန်းက ဟွမ်ကျဲကို ဆေးသတ္တာဘူးကမ်းပေးရင်း စိုးရိမ်တကြီး ပြောလိုက်သည်။ “ဒီလောကြီးရဲ့ အပြင်ဘက်မှာ ဘယ်လိုလုပ်ပြီး ကလေးဆိုးတွေ ရှိနေတာတုန်း။ အဲ့လိုအခြေအနေမှာ သမီး ရဲခေါ်လိုက်သင့်တာ။ ရဲတွေက လူကြီးတွေဆိုတော့ ဥပဒေ အတည်ပြုသမားတွေဆိုတော့ ကလေးအုပ်စုထက်စာရင် ပိုပြီးကိုင်တွယ်တတ်တာပေါ့”

ဟွမ်ကျဲက သူမကို မေးလာသည်။ “တစ်ခြားနေရာတွေရော နာနေသေးလား”

ရှီလီ ခေါင်းခါလိုက်သော်လည်း ဟွမ်ကျဲက သူမ၏ အင်္ကျီလက်တွေကို လှန်တင်လာကာ အနီးကပ် စစ်ဆေးလာသည်။

သူမ မြင်တွေ့လိုက်ရတာကတော့ ထိတ်လန့်စရာပင်။ ရှီလီ၏ လက်မောင်းအပေါ်ဘက်နားတွင် တုတ်ချောင်းတစ်ချောင်းလို ထူထည်းသော ခရမ်းရောင် အတွင်းကြေဒဏ်ရာနှစ်ခု ရှိနေသည်။

ရှီလီ၏ ဖြူဖွေးသော အသားရောင်ပေါ်တွင် အတွင်းကြေဒဏ်ရာများက အတော်လေး သောကရောက်စရာ ကောင်းလှ၏။

ကလေးထိန်းမှာ သက်ပြင်းမရှိုက်ဘဲ မနေနိုင်တော့သလို ဟွမ်ကျဲကတော့ ရင်နာသွားသည်။ သူမ၏ အမူအရာက အလွန်လေးနက်လာပြီး“ဒီဟာကို ‘မနာဘူး’ လို့ ခေါ်တယ်လား”

“ထပ်မနာတော့ပါဘူး၊ တကယ်ပါ”

113 02

ဟွမ်ကျဲက ညစာမစားတော့ဘဲ အခြားဒဏ်ရာတွေများ ရှိသေးလား ကြည့်ရအောင်လို့ သေချာစစ်ဆေးကြည့်ရန် ရှီလီကိုခေါ်၍ဆေးရုံသို့ တန်းသွားတော့သည်။

သူတို့သည် အရေးပေါ်ခန်းထဲသို့ သွားလိုက်ကြကာ တစ်ကိုယ်လုံးကို စစ်ဆေးပြီးနောက် နေဝင်တော့မည်ပင်။

ဆရာဝန်ကတော့ ဘာမှ‌ထွေထွေထူးထူး ရှိတယ်လို့ မထင်သော်လည်း မိဘဖြစ်သူ၏ ပူပန်သောက ရောက်နေတာကို မြင်နေရတော့ အနားယူပြီး စောင့်ကြည့်ဖို့ဘဲ သတိထား၍ အကြံပေးလိုက်သည်။

ထို့ကြောင့် ဟွမ်ကျဲသည် ဖျားနာခွင့်တိုင်သည့် မက်ဆေ့ခ်ျကို အတန်းပိုင်ဆီ ပို့လိုက်တော့၏။

အိပ်ရာဝင်နောက်ကျတာကို ကျင့်သားရနေပြီဖြစ်သော အတန်းပိုင်မှာ ဟွမ်ကျဲဆီက မက်ဆေ့ခ်ျကို လက်ခံရရှိချိန်၌ စာဖတ်နေတုန်းပင်။ ထိုညတွင် သူလုံးဝ အိပ်မပျော်နိုင်တော့ဘူးလို့တောင် ခံစားလိုက်ရတာဖြစ်သည်။

ငါ့ထိပ်တန်းကျောင်းသူရဲ့ ခန္ဓာကိုယ်က သူမတစ်ဦးတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘူး။ ငါတို့ တစ်ခန်းလုံးနဲ့ သက်ဆိုင်နေတာ။

ပြိုင်ပွဲမှာ အတန်းအတွက် ကိုယ်စားပြုဖြေရမဲ့ ဒီလိုအချိန်မှာမှ ဒဏ်ရာရသွားတယ်တဲ့လား။

ဤအချိန်တွင် ဒဏ်ရာကြောင့် စာမေးပွဲမဖြေနိုင်သည့် အဖိုးတန်ကျောင်းသူမှာ ရှီလီ တစ်ဦးတည်း မဟုတ်ဘူးဆိုတာကို အတန်းပိုင် မသိသေးချေ။

နောက်နေ့မနက် သူ အိပ်ရာနိုးတော့၊ သူ့ဖုန်းမျက်နှာပြင်တွင် ဖျားနာခွင့် တိုင်ထားသောမက်ဆေ့ခ်ျတွေဖြင့်သာ ပြည့်နှက်နေလေသည်။

အကြောင်းပြချက် မျိုးစုံမှာ - ကြွက်သား နာကျင်ခြင်း၊ လက်မောင်း အဆစ်လွဲခြင်း...

အတန်းပိုင်မှာ သူ့ဘဝက တိုတောင်းသွားသလို ခံစားလိုက်ရ၏၊ မျက်လုံးလေး တစ်ချက်မှိတ်လိုက်တာနဲ့ တစ်ဘစာလုံး ကုန်ဆုံးသွားတာပဲ။

ကျောင်းသားများ ဖျားနာခွင့်ကို စုပြုံတောင်းလာကြတာက သေစေနိုင်လောက်သည့် အခြေအနေဖြစ်နေလေပြီ။

ကျေးဇူးတင်ရမည်မှာ သူ့အတန်းထဲတွင် ကျီဟန်၏အမေ ရှိမနေတာပင်။

ကျောင်းသားတွေ ဖျားနာခွင့်တိုင်ကြတာနှင့်တင် ဆိုးရွားနေပြီဖြစ်ပြီး ပိုပြီးယူကျုံးမရ ဖြစ်စေတာကတော့ ဤအဖိုးတန် ‌ကျောင်းသားတွေက စာမေးပွဲကို တစ်ရက် ဖြေဆိုပြီးသွားပြီဖြစ်ပြီး ယနေ့၏ ဘာသာကတော့ အကျွင်းမဲ့သုညဘဲ ရကြမှာဖြစ်သည်။

အတန်းပိုင်သည် သူတို့၏ အခြေအနေ‌တွေကို မေးမြန်းရအောင်လို့ ကျောင်းသားတစ်ဦးချင်းစီတိုင်းဆီ ဖုန်းဆက်လိုက်သည်။

သူ့ကျောင်းသားတွေက ဆိုးသွမ်းသော မိန်းကလေးတွေနှင့် ရန်ဖြစ်ကာ ထိုညနေခင်း၌ သူတို့ရန်ပွဲ၏ ရလဒ်တွေကို အုပ်စုဖွဲ့ စကား ပြောခန်းထဲတွင် ဝေမျှခဲ့သဖြင့် အတော်လေး လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ထင်သော်လည်း ဆရာတစ်ယောက်အနေနှင့် သူ့ကျောင်းသားတွေ၏ အဆင်ပြေနေမှုအပေါ် စိုးရိမ်စိတ်ပြသဖို့တော့ လိုအပ်နေဆဲပင်။

လူတိုင်း‌ဆီ ဖုန်းဆက်ပြီးနောက် ပြဿနာကောင်လေးတွေက ဒဏ်ရာအပြင်းအထန် ရသွားတာ မဟုတ်ဘဲ သူတို့မိသားစုတွေကသာ ပူပန်ပြီး အိမ်တွင် အနားယူစေတာကြောင့် ယနေ့စာမေးပွဲအား လာမဖြေနိုင်တာ ဖြစ်သည်ကို အတည်ပြုလိုက်နိုင်သည်။

အတန်းပိုင်: ပြီးသွားပြီ၊ ဒါ ငါ့ကို ပစ်မှတ်ထားထားတာ။

ကျောင်းသားတွေ နေမကောင်းဖြစ်နေချိန်မှာ သူသည် သူတို့အား ဖိအားပေးပြီး စာမေးပွဲကို မဖြေခိုင်းနိုင်ပေ။

ထိပ်တန်းကျောင်းသားတွေ ပျက်ကွက်ကုန်တော့၊ အတန်းပိုင်၏ ကြိုတင်မျှော်မှန်းထားရသည့် ပထမဆုံး လစဉ်စာမေးပွဲမှာ အဆုံးသတ်သွားသဖြင့် အေးစက်ပြီး စိတ်ဓာတ်ကျဖွယ် အခြေအနေတွင်းသို့ ကျရောက်သွားသလို ခံစားလိုက်ရတော့သည်။

စာမေးပွဲပြီးဆုံး၍ နောက်တစ်နေ့ရောက်သောအခါ ဒူပေဒါပေခံနိုင်သည့် အချစ်တုံးလေးများများမှာ ပုံမှန်အတန်းချိန်တွေကို တက်ရောက်ရန်အတွက် ကျောင်းသို့ ပြန်လည်ရောက်ရှ်ိလာကြ၏။

113 03

ထိုမနက်ခင်းတွင် ဖြစ်လေ့ဖြစ်ထ မရှိသောဖြစ်ရပ်တစ်ခုက အခန်းတစ် - 1 တွင် ဖြစ်ပျက်သွားခဲ့သည်။ အတန်းပိုင်က တံခါးဝတွင် စောရောက်နေပြီး ကျောင်းသားတွေ၏ လွယ်အိတ်တွေကို စစ်ဆေးတော့သည်။

ဤသည်က အခြားအတန်းများရှိ ဆရာများနှင့်ကျောင်းသားတွေကို အလန့်တကြား ဖြစ်သွားစေပြီး ချန်ပုကျောင်းမှာ သာမန်အထက်တန်းကျောင်း မဟုတ်သဖြင့် ဖုန်းတွေကို သိမ်းယူသည့် ဓလေ့မျိုးမှာ တစ်ခါမှ မရှိခဲ့ပေ။

အကယ်၍ အခန်းတစ် - 1 ရဲ့ ဆရာကဖုန်းတွေကို သိမ်းမယ်ဆိုရင်၊ သူတို့အတန်းတွေပါ လိုက်လုပ်ရမှာလား။

အခြားအတန်းတွေ၏ စောင့်ကြည့်နေသော မျက်လုံးတွေအောက်တွင် အတန်းပိုင်ကကျောင်းသားတွေ၏ လွယ်အိတ်ထဲကနေ ဘေ့စ်ဘောတုတ် တစ်ချောင်း၊ ဘေ့စ်ဘော တုတ် နှစ်ချောင်း၊ ဘေ့စ်ဘောတုတ် သုံးချောင်း၊ ဘေ့စ်ဘောတုတ် လေး‌ချောင်း…တို့်ကို သိမ်းယူခဲ့သည်။ ဘေ့စ်ဘောတုတ်တံတွေ၏အရေအတွက် အတိအကျကိုတော့ ရေတွက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

အခြားအတန်းတွေမှ ကျောင်းသားများနှင့်ဆရာများ တွေးလိုက်ကြ၏။ မင်းတို့ ‌‌‌ကျောင်းသားတွေ ဒီကိုလာတာ စာလာလုပ် ဖို့လား၊ ဂန်းစတား ရုပ်ရှင်ရိုက်ဖို့လား။

အားကစားကွင်းပြင်အတွက် အခန်းတစ်-1 နှင့်အငြင်းပွားဖူးကြသော အခန်းတစ်-5 မှ ကျောင်းသားတို့မှာ အခုတော့ စိတ်အေးသွားကြ၏။ သူတို့တွေနှင့် ရန်မဖြစ်ခဲ့ဘဲ တည်ငြိမ်နေခဲ့သည့်အတွက် ဝမ်းသာနေကြသည်။ အကယ်၍ ရန်ဖြစ်ပြီဆိုပါက၊ အိတ်ထဲတွင်စာအုပ်တွေနှင့် စာရေးကိရိယာတွေသာပါသော သူတို့က ဘေ့စ်ဘောတုတ်တံတွေကို ပိုင်ဆိုင်ထားကြသော အခန်းတစ်-1 မှ ကျောင်းသားတွေနှင့် အဘယ်မှာ ယှဉ်နိုင်မည်နည်း?

တောင်ပုံ ပုံနေသော ဘေ့စ်ဘောတုတ်တံများကို အတန်းပိုင် သိမ်းယူခဲ့ပြီး အခြားအတန်းများမှ ကျောင်းသားတွေနှင့် ဆရာတွေ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေလေ၏။ သို့သော်လည်း သူ့ကျောင်းသားတွေအတွက် ဖုံးဖိပေးရင်း ပြောလိုက်သေး၏။ “ကျွန်တော့်အတန်းက ကျောင်းသားတွေက ဘေ့စ်ဘောကစားရတာကို ဝါသနာပါလို့လေ။ အတန်းပြီးရင် လေ့ကျင့်ခန်းသဘောရော၊ စိတ်ဓာတ်ပျိုးထောင်တဲ့ သဘောအနေနဲ့ပါ အတတူကစားရတာကို ကြိုက်ကြတယ်”

ဤပြဿနာကောင်လေးတွေ၏ အိတ်ထဲတွင် ခေါက်ဓားတွေအစား ဘေ့စ်ဘောတုတ်တံတွေ ရှိနေတာကပင် ကံကောင်းနေတာပင်။

မဟုတ်ပါက သူ့ကျောင်းသားတွေက ခြိုးခြံချွေတာတတ်ပြီး အလုပ်ကြိုးစားကြလို့ ကျောင်းဆင်းတာနဲ့ သစ်သီးလှီးတဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်နေတာပါဟု သူ ပြောရပေလိမ့်မည်။

လူချမ်းသာကလေးတွေ သစ်သီးဆိုင်တွေမှာ သစ်သီးလှီးနိုင်တာကို ယုံချင်ယုံ မယုံချင်နေ၊ထိုအရာအား အတန်းပိုင် စိတ်ပူစရာမလိုပေ။

ဤရှင်းပြချက်အား ကြားလိုက်သည့် ဘယ်သူမဆို ယုံကြည်ကြမှာ မဟုတ်‌ချေ။ အတန်းထဲရှိ လူတိုင်းနီးပါးက ဘေ့စ်ဘောတုတ်တံတွေအား သယ်ဆောင်ထားကြတာကို ရှီလီ မြင်လိုက်ရတော့၊ သူမ၏ ပထမဦးဆုံး အတွေးမှာ:[ငါ အပယ်ခံထားရတာလား]

ရှီလီ၏ စိတ်ထဲက အတွေးတွေကို ကြားလိုက်ရတော့၊ အခြားသူများမှာ ရင်တုန်ပန်းတုန် ဖြစ်သွားကြ၏။

မလိုလားအပ်ဘဲ ပြဿနာရှာသည့် အတန်းပိုင်ကို သူတို့အားလုံး တိတ်တိတ်လေး အပြစ်တင်လိုက်ကြသည်။ အကယ်၍ စာသင်ခန်းတံခါးဝတွင် လွယ်အိတ်တွေကိုသာ မစစ်ဆေးပါက လူတိုင်း ဘေ့စ်ဘောတုတ်တံတွေ သယ်ဆောင်ထားတာကို ရှီလီ မြင်သွားမှာ မဟုတ်သလို၊အတန်း၏ အပယ်ခံလားဟူ၍ သူမ တွေးမိမှာလည်း မဟုတ်ချေ။

ရှီလီ အပယ်ခံနေရတာကို သိသွားခြင်းကကောင်းသည့်အရာတော့ မဟုတ်ပေ။

လူတိုင်းမှာ ရှီလီ၏ အာရုံကို လွှဲပြောင်းနိုင်ရန်နည်းလမ်းတွေကို စဉ်းစားကြကုန်၏။

ဤအခိုက်အတန့်၌ အတန်း၏ ဖက်တီးလေးက ဘေးကင်းအဆောင်နှင့်အတု ကုယွီချင်အနားသို့ ချဉ်းကပ်လာရင်း ပြောလိုက်သည်။ “နင်တို့တွေ အရင်နေ့တုန်းက ငြင်းခုံပြီး ဒဏ်ရာရကုန်တယ်လို့ ကြားတယ်။ ဒီဟာက ငါ့ဦးလေး ဆရာသခင်တစ်ယောက်ဆီကနေ ရလာတဲ့ ဘေးကင်းအဆောင်။ ဘေးကင်းအောင်လို့ နင်နဲ့အတူ ဒါကိုဆောင်ထား”

113 04

ပြီးနောက် ရှီလီထံ လျှောက်လှမ်းလာပြီးတူညီသော ရှင်းပြချက်ကို တစ်ကြော့ပြန်ပြောကာ တစ်ခုကမ်းပေးလာသည်။

မမျှော်လင့်ထားစွာဖြင့် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတော့ ရှီလီ၏ စိတ်ထဲကအတွေးတွေ ထွက်ပေါ်လာတော့သည်။

[ဖက်တီးလေးရဲ့ ဦးလေးက အရမ်းအယူသီးတာ၊ အိမ်မှာ ရိုးရာပေးရအောင်လို့ ဆရာသခင်တွေကို မကြာခဏ ပင့်ဖိတ်သေးတယ်။နောက်ဆုံးတော့လည်း ဖက်တီးလေးရဲ့ အဒေါ်က ဘုန်းကြီးအတုနဲ့ လိုက်ပြေးသွားတာပဲ]

ဖက်တီးလေး: ??

အတန်းဖော်များ: ??

ဖက်တီးလေး၏ ဦးလေး: ??

******

114 01

အခန်း ၁၁၄: သည်းခံလို့မရတဲ့ နာကျင်စရာဘဝ

ကောင်းကင်ပေါ်က ဦးထုပ်စိမ်း ပြုတ်ကျလာချိန်မှာ အိမ်မှာ ထိုင်နေတော့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ။

ဖက်တီးလေးမှာ သူ့ဦးလေးအတွက် နှစ်စက္ကန့်မျှ ဝမ်းနည်းပူဆွေးမိ၏။

သူ့ဦးလေးက မကြာခင်မှာ သို့မဟုတ် ဦးထုပ်စိမ်း ဆောင်းခံထိပြီးသွားပြီ ဆိုသော်လည်း သူသည် ထိုနေ့က အုပ်စုဖွဲ့ရန်ဖြစ်ခဲ့သော သူ့အတန်းဖော်တွေအား အဆောင်လက်ဖွဲ့တွေကို ဖြန့်ဝေပေးနေရင်း ဘာမှမမှားယွင်းသလို ဟန်ဆောင်နေလိုက်သည်။

သူ့လက်ထဲရှိ အဆောင်လက်ဖွဲ့ကတောင် အနည်းငယ် ပူလောင်လာသလို ခံစားမိလာပြီး ဘယ်လိုပဲဖြစ်ဖြစ် သူ့ဦးလေး အိမ်ခေါ်လာသော ဆရာသခင်က ဘုန်းကြီးအတုဆိုတာကို ရှီလီ ပြောပြီးသွားလေပြီ။ အနှီသူသည် ဘုန်းကြီးအတု ဖြစ်နေကတည်းက ထိုသူ၏ဘေးကင်းအဆောင်ကလည်း အလုပ်လုပ်နိုင်ခြေ နည်းပါးလှသည်။

သူ့ဦးလေး၏ လက်ထဲမှ ရရှိလာခဲ့သော အဆောင်လက်ဖွဲ့များမှာ စွန်းထင်းနေသည့်ပုံပေါ်၍ သူ၏ ယောက်ျားလေး အတန်းဖော်များအား ပေးရမည်မှာ အဆင်မပြေသလို ခံစားရစေသည်။

ရှီလီက အဆောင်လက်ဖွဲ့ကို သူမ၏ ဖုန်းကာဗာတွင် သေချာချိတ်လိုက်ပြီး: [အခြားကုမ္ပဏီတွေက ဘော့စ်တွေကတော့ ကံဆိုးမိုးမှောင်အများကြီးနဲ့ ရင်ဆိုင်ရပေမဲ့ ဖက်တီးလေးရဲ့ဦးလေးကတော့ သူ့မိန်းမက ဘုန်းကြီးအတုနောက် လိုက်ပြေးသွားတာကလွဲရင် ဘယ်လိုဘေးဒုက္ခမှ မကြုံသလို၊ သူ့ကုမ္ပဏီက ဘာအခက်အခဲမှ မခံစားခဲ့ရဖူးဘူး]

[ဆရာသခင်ကတော့ စစ်မှန်တဲ့ ဆရာသခင်ပဲ၊ဒီဘေးကင်းအဆောင်ရဲ့ ဘေးထွက်ဆိုးကျိုးက ဦးထုပ်စိမ်း ဆောင်းခံရပေမဲ့၊ လူကိုတော့ ဘေးကင်းစေတယ်]

ဖက်တီးလေး: !!!

အခြားသူများ: ငါ့ကို မတားကြနဲ့၊ ငါ့မှာလက်တွဲဖော် မရှိဘူး။၊ ဖောက်ပြန်ခံရမှာကို ငါ မကြောက်ဘူး။

သူတို့ထဲတွင် စုန့်ရင်းက ဖက်တီးလေး၏ဘေးကင်းအဆောင်ကို သုန်မှုန်လုနီးပါးဖြစ်စွာ လက်ခံခဲ့ပြီး မဝေးတော့သော အနာဂါတ်တွင် သေရေး‌ရှင်ရေး အခိုက်အတန့်က သူမကို စောင့်‌ဆိုင်းနေတာကြောင့် ဤဘေးကင်းအဆောင်က သူမအတွက်တော့ အလွန်ကို လိုအပ်နေတာပင်။

အစောပိုင်းတုန်းက လက်ခံရန် အနည်းငယ်ပူလောင်သလို ခံစားခဲ့ရသော ဘေးကင်းအဆောင်မှာ ယခုတော့ သူ့အား ထုတ်ပေးလိုက်တာနှင့် ယုံကြည်ချက်များ၊ အကောင်းမြင်စွမ်းအင်များဖြင့် ပြည့်ဝလို့နေလေသည်။

ရှီလီ မရှိသော လျှို့ဝှက်အခြေစိုက်စခန်းတွင် ဖက်တီးလေးမှာ ရုတ်တရက်ကြီး အာရုံစိုက်ခံလာရ၍ လူတိုင်းက သူ့ဆီကနေ ဘေးကင်းအဆောင်များ တောင်းနေကြပြီး အချို့ဆိုစန်းပွင့်စေသော အဆောင်လက်ဖွဲ့၊ အလှအပဆိုင်ရာ အဆောင်လက်ဖွဲ့နှင့် ချမ်းသာစေသောအဆောင်လက်ဖွဲ့များအကြောင်းပါ စုံစမ်းမေးမြန်းလာကြသည်။

ဘေးကင်းအဆောင်များကတော့ သေချာပေါက် ရရှိနိုင်ပြီး သူ့အိမ်တွင် လိုချင်သလောက်ကို ရှိသည်။

လူတွေ တောင်းဆိုကြသည့် အခြားသောအဆောင်လက်ဖွဲ့တွေအတွက်ကတော့ ဖက်တီးလေးက အိမ်ပြန်ပြီး သူ့ဦးလေးကို မေးကြည့်ပေးမယ်ဟု ပြောလိုက်သည်။

ဆရာသခင်က “ရိုးရာပေးရန်” အတွက် အိမ်သို့မကြာခဏ ရောက်ချလာတတ်သော်လည်း ဖက်တီးလေးမှာ ဤဆရာသခင်ကို ခဏခဏ မမြင်ဖူးသလို၊ ရင်းလည်း မရင်းနှီးပေ။

နောက်အတန်းချိန်စရန် ခေါင်းလောင်းသံမြည်လာတော့ သူ့ဖုန်းကို အောက်ချလိုက်ပြီး ဖက်တီးလေးက အံအားသင့်နေသော အခြေအနေထဲ ရောက်ရှိနေသည်။ သူ့ဦးလေး ဖောက်ပြန်ခံနေရသော ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီးမှာ ရုတ်တရက်ကြီး သူ့ဦးလေးက အကျိုးသက်ရောက်မှုရှိသည့် ဘေးကင်းအဆောင်တွေကို ဆုပ်ကိုင်ထားသော သူဌေးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဖက်တီးလေး တွေးလိုက်၏: ဦးလေးကအချစ်နဲ့ မိန်းမကိုတော့ ဆုံးရှုံးလိုက်ရပေမဲ့၊ဦးလေးရဲ့ ကျန်ဘဝသက်တမ်း တစ်ဝက်က ငြိမ်းချမ်းပြီး ချောမွေ့နေတာပဲလေ၊ ဘာတွေများ မကောင်းလို့တုန်း။

၎င်းကို ကောင်းသောအရာလို့ ဖက်တီးလေး မြင်သော်လည်း ထိုထဲတွင် သူ့ဦးလေး ဖောက်ပြန်ခံနေရတာ ပါဝင်နေတော့၊ သူ့ဦးလေးကို ကြိုတင်ပြင်ဆင်လို့ရအောင် သတိပေးသင့်တယ်လို့ သူ ခံစားမိသည်။

114 02

ဤသည်မှာ ရုတ်တရက် ဖြစ်ပျက်လာပြီးသူ့အား အလွန်အမင်း ထိခိုက်စေနိုင်သော အခြေအနေမှ ကာကွယ်ရန်ဖြစ်သည်။

ချန်ပုကျောင်းတွင် ငွေပေးပြီး တက်ကြသော လူချမ်းသာကလေးတွေနှင့် မတူသည်မှာ ဖက်တီးလေး၏ မိဘတွေက တကယ်တော့ မချမ်းသာကြပေ။

ဖက်တီးလေး၏ ဦးလေးကသာ IQ ရော EQ ပါ မြင့်သည့် အောင်မြင်သူတစ်ဦးပင်။ ဖက်တီး လေး၏အမေပြောစကားအရဆို၊ မိသားစု၏အရာအားလုံးက ဖက်တီးလေး၏ ဦးလေးအပေါ်မှာဘဲ မူတည်နေတာပင်။

ဖက်တီးလေး၏ ဦးလေးမှာ ကျကုတ်ကျခဲ ကြိုးစားပြီးမှ သူ၏အောင်မြင်မှာကို တည်ဆောက်နိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ ဖက်တီးလေး၏ အဖေကတော့ လုပ်ရည်ကိုင်ရည် သိပ်မရှိဘဲ အလုပ်ကြမ်းလုပ်ရင်း ဝင်ငွေရှာနေရသူပင်။ သူ၏ ညီဖြစ်သူက အစ်ကိုလုပ်သူ၏ ခက်ခဲကြမ်းတမ်းသော အလုပ်အပေါ် သနားစိတ် ဝင်မိခြင်းကြောင့် အစ်ကိုဖြစ်သူအား သူ့ကုမ္ပဏီတွင် ဝင်ရောက်အလုပ်လုပ်စေခဲ့၏။ ဖက်တီးလေး၏ အဖေသည် အလုပ်ကြမ်းတွေအား ဆက်လုပ်စရာ မလိုတော့သလို၊ အလကားနေရင်း လစာရသွားတော့သည်။

ဤသည်မှာ ရှီလီ၏ဦးလေးနှင့် ဦးလေးငယ်တို့ကြားမှ ဆက်ဆံရေးနှင့် ဆင်တူသလို ရှိသော်လည်း ကွဲပြားသေးသည်။ ရှီလီ၏မိသားစုက စီးပွားရေးကို အမွေဆက်ခံထားရတာဖြစ်ပြီး ရှီလီ၏ဦးလေးငယ်လည်း ထိုအထဲတွင် သက်ဆိုင်မှုရှိသည်။

သို့သော် ဖက်တီးလေး၏ဦးလေး ပိုက်ဆံတွေကတော့ ဖက်တီးလေး၏ အဖေထံမှ အဆက်အသွယ်များနှင့် ပတ်သက်မှုမရှိဘဲ သူကိုယ်တိုင် ရှာဖွေထားတာတွေပင်။

ရှီလီ၏ဦးလေးငယ် ယွမ်ထောင်ဂဏန်းရသော လစာမှာ ဖက်တီးလေး၏ဦးလေးမှ ဖက်တီးလေး၏အဖေထံ ပေးသည့်လစာနှင့် ယှဉ်လို့မရပေ။

ဖက်တီးလေး၏ဦးလေးက သူ့အစ်ကို၏မိသားစုကို ထောက်ပံ့ပေးနေတာဖြစ်ပြီး သူ့တူတောင် သူ၏အိမ်တွင် နေနိုင်ခြေရှိတာကြောင့် သူတို့ဆက်ဆံရေး၌ လျှို့ဝှက်ချက်ဆိုတာ မရှိချေ။

နှိုင်းယှဉ်မှုဆိုတာ မရှိလျှင် ထိခိုက်နစ်နာမှုဆိုတာလည်း မရှိပေ။ ထို့ကြောင့် ဟုန်ယန်မှာ သူ့ယောက်ျား၏ ယွမ်ထောင်ဂဏန်းသာရရှိသော လစာအပေါ် မကျေနပ်တာပင်။ ဤယွမ်ထောင်ဂဏန်းက သူမ၏ကိုယ်ရေးကိုယ်တာ စိတ်ဆန္ဒကို မကျေနပ်စေသည်တင်မကဘဲ ဖက်တီးလေး၏အဖေနှင့် နှိုင်းယှဉ်နေတာကြောင်လည်း ပါဝင်သည်။

ဟုန်ယန်က သူများဆီကသာ အကျိုးအမြတ်တွေ ရလိုသော်လည်း သူမ ဘာကူညီပေးခဲ့လဲဆိုတာကိုတော့ ထည့်သွင်းစဉ်းစားခြင်း မရှိ။

ဖက်တီးလေး၏ ဦးလေးက သူ့အစ်ကို၏ပျိုးထောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး သူ၏ကောလိပ်ကျူရှင်ဖိုးကလည်း ဖက်တီးလေး၏အဖေ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင်အလုပ်လုပ်ပြီး ရရှိခဲ့တာတွေပင်။

သူသည် မူလကတော့ ထိုပိုက်ဆံကိုသုံး၍ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသော်လည်း အထက်တန်း ပညာရေးနှင့်တင် လုံလောက်ပြီဟု လူတိုင်း တွေးနေကြချိန်တွင် သူ့ညီက ကောလိပ်တက်ရတော့ မိသားစုတွင် ညီဖြစ်သူ၏ ပညာရေးအတွက် အပိုပိုက်ဆံဆိုတာ မရှိနေချေ။

ကျေးလက်ဒေသမှ လူတွေမှာ တက္ကသိုလ်ပညာရေး၏ အရေးပါပုံကို မသိကြပေ။သူတို့‌တွေ ဘာဆိုဘာမှမသိသော တက္ကသိုလ်ဘွဲ့ထက်စာရင် တကယ့်ချွေးမကမှ ပိုပြီးအသုံးဝင်လေသည်။ လူအိုစုံတွဲမှာ မကြာခင် မြေးချီရရန်အတွက် သူတို့သားကို အိမ်ထောင်ချပေးဖို့ စီစဉ်နေကြတာပင်။

ဖက်တီးလေး၏အဖေက သတို့သမီး တင်တောင်းငွေအတွက် ပြင်ဆင်ထားသော ပိုက်ဆံတွေအား သူ့ညီ၏ပညာရေးအတွက် ပေးခဲ့သည်။ သူသည် လက်မထပ်နိုင်တော့တာကြောင့် ဖက်တီးလေး၏အမေကို တင်တောင်းရန်အတွက် လုံလုံလောက်လောက် စုဆောင်းရန် နောက်ထပ် နှစ်တွေအကြာကြီး ကြာခဲ့ပြီး ထို့နောက်မှသာ ဖက်တီးလေးကို ရလာခဲ့တာဖြစ်သည်။

ထိုအချိန်တုန်းက ဖက်တီးလေး၏ အဖေပေးခဲ့သော ကျူရှင်စရိတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဖက်တီးလေး၏ဦးလေး ယခုလိုအောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ပြောလို့ရ၏။

ဖက်တီးလေး၏ဦးလေးက သူ့အစ်ကို၏ကြင်နာမှုကို အမြဲတမ်း မှတ်မိခဲ့သည်။ သူ ပိုက်ဆံရှာနိုင်လာပြီးနောက် သူ့အစ်ကိုအား ပြန်ကျေးဇူးဆပ်ကာ ဖက်တီးလေးကို သူ၏သားအရင်းလို ဆက်ဆံခဲ့သည်။

114 03

ဖက်တီးလေး၏ အဖေကလည်း အမြဲတမ်းကိုယ့်စရိုက်ကိုသိသဖြင့် သူ့ညီကို ဘယ်တော့မှ ဒုက္ခမပေးပေ။

သူ့ညီ ပေးသမျှကို ယူလိုက်ပြီး၊ သူ့ညီ မပေးတာကိုတော့ ဘယ်တော့မှ လက်ဖြန့်တောင်းမှာ မဟုတ်ချေ။

ဒါ့အပြင် ဖက်တီးလေး၏ဦးလေးက သူ့အစ်ကိုကို ဘယ်တော့မှ နှိမ်ပြီး မပေးပေ။ သူ့အစ်ကိုက မတောင်းဆိုတော့ ကောင်းမွန်သော အရာတွေကိုပေးရန် ပိုပြီးတောင် စိတ်အားထက်သန် လာခဲ့သည်။

ဖက်တီးလေးကလည်း သူ့ဦးလေး၏ကြင်နာမှုအတွက ကျေးဇူးတင်ပေသည်။

ဖက်တီးလေးမှာ သူ့ဦးလေးအား ဘယ်လိုအသိပေးရမယ်မှန်း မသိသော်လည်း ထိုကိစ္စက မဖြစ်လာသေးသဖြင့် အနှီဘုန်းကြီးအတုကို သူတို့တွေ မောင်းထုတ်ပစ်လိုက်လို့ရပြီး သူ့အဒေါ်ကိုတော့ ‌ချောက်ကမ်းပါးစွန်းကနေ ပြန်ဆွဲတင်လို့ ရသေးကာ သူ့ဦးလေး၏မိသားစု တည်မြဲနိုင်သေး၏။

သူ့အတန်းဖော်တွေက အတင်းအဖျင်းဆို စိတ်ဝင်စားကြတာကို သူသိထားပြီး အနာဂါတ်မှာ ဘုန်းကြီးအတုကြောင့် သူ့ဦးလေး ဖောက်ပြန်ခံရမှာကို ရှီလီထံမှ သိပြီးကတည် က သူတို့တွေမှာ အလွန်စပ်စုလာကြပြီး ဒရာမာကို ကိုယ်တွေ့မြင်နိုင်ရန် မျှော်လင့်နေကြ၏။

သို့သော် ဤသည်က သူ့ဦးလေးကို စိုးရိမ်စေပြီး သူ့ဦးလေးအတွက် အဖတ်ဆယ်ပေးချင်၍ ဦးလေး၏ရှက်စရာကောင်းသော အခြေအနေကို လူတိုင်းအား မကြည့်စေလို။

ထို့ကြောင့် ဖက်တီးလေးသည် အုပ်စုဖွဲ့ စကားပြောခန်းထဲ၌ တောင်းပန်စကား ဆိုလိုက်၏:[ချစ်ရတဲ့ အတန်းဖော်တို့ကို တောင်းပန်ပါတယ်ကွာ၊ ငါ့ဦးလေးကို ငါ အရမ်းစိတ်ပူတတ်တာ မင်းတို့လည်း သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက ငါ့မိသားစုအရေး မဟုတ်တော့ မင်းတို့အားလုံး ကြည့်လို့ရအောင်လို့ မခေါ်သွားပေးနိုင်ဘူး]

[ဒါပေမဲ့ အဖြစ်အပျက်ရဲ့ ပြောင်းလဲမှုတိုင်းကို အုပ်စုဖွဲ့ စကားပြောခန်းထဲမှ အချိန်နဲ့တပြေးညီ တင်ပေးပါ့မယ်]

လူတိုင်းမှာ အတင်းအဖျင်းကို ကိုယ်တိုင်မြင် တွေ့ခွင့်မရတော့သော်လည်း ဖက်တီးလေးက အလွန်စိတ်ရင်းစစ်မှန်စွာဖြင့် ပြောဆိုလာကာ အခြားသော ပမာဏနှင့် ‌ထောက်ပံ့ပေးမည်ဟု ပြောလာသည်။ ဘယ်သူမဆို ဘယ်လိုလုပ်ပြီး အဲဒါကို ငြင်းနိုင်မှာလဲ။

တစ်စုံတစ်ယောက်အတွက် အတင်းအဖျင်းကို မြင်တွေ့ခိုင်းတာနှင့်တင် မျက်နှာသာ ပေးနေတာဖြစ်ပြီး သူတို့ကိုပါ ခေါ်မသွားတာက ဘာမှမမှားယွင်းပေ။

ဖက်တီးလေးက ဖြစ်စဉ်တွေကို အတန်းဖော်တွေနှင့် ဝေမျှချင်စိတ် ရှိသည့်အတွက်နှင့်တင် လူတိုင်းက ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုက်ကြ၏။

သူ့ကို အတန်းဖော်တွေ နားလည်ပေးမှုကြောင့် ဖက်တီးလေး ရင်ထဲထိသွားသည်။

ကျေးဇူးတင်သော ခံစားချက်တွေကြား၌ နောက်ထပ်အရာတစ်ခုကို သူစိုးရိမ်ရပေဦးမည်၊ သူ့‌ဦးလေးကို မနာကျင်စေဘဲနဲ့ ဒီကိစ္စကို ဘယ်လိုပါးပါးနပ်နပ် ရှင်းပြရမှာလဲ။

သင်မည်သို့ပဲ ပြောပါစေ၊ ယခုလိုကိစ္စမျိုးဆိုတာက ပါးနပ်စွာ ဖော်ပြရန်အတွက် ခက်ခဲပေသည်။

ထို့ကြောင့် ဖက်တီးလေးသည် ကပ်ဖားရပ်ဖားလုပ်ရန်အတွက် သူ့ဦးလေးအိမ်သို့ သွားလိုက်ပြန်သည်။ ဖက်တီးလေး၏အဒေါ်က သူမခင်ပွန်း၏ အစားကြီးသော တူလေးကို နွေးထွေးစွာ ကြိုဆိုလိုက်၏။

သူ၏ ကြင်နာတတ်ပြီး သိမ်မွေ့သော ‌ဒေါ်လေးက အနာဂါတ်မှာ ဘုန်းကြီးအတုအယောင်နှင့် လိုက်ပြေးသွားမည်ကို ရှီလီထံမှ သိလိုက်ရပြီးနောက် ယခုဆိုလျှင် ဖက်တီးလေးမှာ သူမကိုမြင်လိုက်တိုင်း အဆင်မပြေ ဖြစ်ရပေတော့မည်။

ညစာစားပြီးနောက် သူ့ဦးလေးနှင့် သီးသန့်ရှိသောနေရာတွင် ဖက်တီးလေးမှာ ပါးနပ်စွာ အသိပေးဖို့ခြင်းကို တုံ့ဆိုင်းစွာ ပြောလိုက်၏။ သို့သော် ဖက်တီးလေး၏ ဦးလေး နားထဲမှာတော့ ၎င်းက လုံးဝကိုပါးနပ်မနေချေ။

၎င်းက သူ၏ချစ်ခင်ရသော တူဖြစ်သူကြောင့် မိန်းမအပေါ် သံသယဖြစ်သွားတာကြောင့် မဟုတ်ပေ။

114 04

ထိုသည်ထက် ယခုလိုကိစ္စမျိုးကို ကြားလိုက်ရခြင်းက မည်သူမဆို နှလုံးသား စည်းချက် လွဲသွားမှာဖြစ်ပြီး အမှန်တရားကို စုံစမ်းကြတော့မှာပင်။

သူ့မိန်းမအား နားလည်မှုလွဲသွားမှာ စိုးသဖြင့် ဖက်တီးလေး၏ ဦးလေးသည် တစ်ပတ်မျှကြာ ထပ်တလဲလဲ စုံစမ်းစစ်ဆေးခဲ့၏။

ရှီလီ၏ မျက်နှာပေါ်မှ အမာရွတ်မှာ ယခုဆို လုံးဝကွာကျသွားပြီဖြစ်ပြီး နူးညံ့သောပန်းရောင်အရာတစ်ခု ကျန်ရစ်သွားသည်။

ထိုမှသာ ဖက်တီးလေး၏ ဦးလေးက သူ့မိန်းမနှင့် သူဖိတ်ကြားခဲ့သော ဆရာသခင်တို့ အတူတူရှိနေတာကို အတည်ပြုနိုင်မှာပင်။

သူသည် လက်ပူးလက်ကြပ် ဖမ်းနေတာဖြစ်သဖြင့် ဆရာသခင်၏ နောက်ကြောင်းကို သဘာဝကျကျ စုံစမ်းကြည့်လိုက်တော့၊ ရိုသေလေးစားခဲ့ရသော ဆရာသခင်ကတကယ်တော့ ဘုန်းကြီးအတုဖြစ်နေမှန်းကို ဖက်တီးလေး၏ ဦးလေး သိရှိလိုက်ရ၏။

တစ်ပြိုင်တည်းမှာဘဲ အနှီသတင်းနှစ်ပုဒ်ကို ကြားသိလိုက်ရသဖြင့် သူ့မိန်းမရော၊ ဆရာသခင်ဆီကပါ တစ်နေ့တည်းမှာတင် သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။

ဒေါသထွက်စရာ အကောင်းဆုံးကတော့ ဤလူနှစ်ဦး အတူတူရှိနေကြသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။

၎င်းမှာ သည်းညည်းခံရန်အတွက် အလွန်ကြီးမားနေသော နာကျင်မှုပင်။

******

115 01

အခန်း ၁၁၅: ဒီအလှူပွဲကို သေချာပေါက် တက်ရောက်ရမယ်

သူ့ဦးလေး၏ စုံစမ်းရေးဖြစ်စဉ်အား ဖက်တီးလေး သတိမထားမိပေ။

တစ်ညနေခင်းတွင် သူ့ဦးလေး၏ဒရိုင်ဘာက ကျောင်းဂိတ်ဝတွင် သူ့အားလာကြိုပြီး ပြီးကျရင် သူ့ဦးလေးက အပြင်မှာစားသောက် ဖို့ ခေါ်သွားမည်ဟု ပြောလာ၏။

တိတ်ဆိတ်နေသော သီးသန့်ခန်းထဲ၌ ဖက်တီးလေး၏ ဦးလေးက သူ့ကို စားစရာတွေ ထည့်ပေးပြီး ပေါ့ပေါ့ပါးပါး မေးမြန်းလာ၏။ “မင်းအ‌ဒေါ်နဲ့ ဆရာသခင်ယွမ်ကျင်းကြားက ဖောက်ပြန်တဲ့ကိစ္စကို ဘယ်လိုသိတာလဲ”

ဖက်တီးလေး ကြောင်အမ်းသွားတော့သည်။ ငါ မသိဘူးလေ၊ ရှီလီဆီကနေပဲ ကြားခဲ့ရတာ။သူမ ပြောတော့ သူတို့နှစ်‌ယောက်က အနာဂါတ်မှာ လိုက်ပြေးသွားမှာတဲ့။ သူ့ဦးလေးရဲ့ လေသံအရဆို သူ့အဒေါ်နဲ့ ဆရာသခင်ယွမ်ကျင်းတို့က ပတ်သက်နေကြပြီလား။

ရှီလီကို ယုံကြည်ပြီး တစ်သက်လုံး နေထိုင်သွားရမယ်။

ရှီလီက အကောင်းဆုံးပဲ။

ဖက်တီးလေးသည် သူမသိတာကို ရှာတွေ့တယ်လို့ မပြောနိုင်သဖြင့် “အန်တီနဲ့ ဆရာသခင် ယွမ်ကျင်းတို့ကြားမှာ ဘာဖြစ်လို့တုန်း။ သားက ဦးလေးအိမ်မှာ ခဏခဏ လာစားသောက် ဖူးတော့ တစ်ခါတစ်လေကျ ဆရာသခင်ယွမ်ကျင်းကို မြင်မိတယ်။ သားအထင်ကတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အတူတူရှိမနေသင့်ဘူး။ ဒါပေမဲ့ အဲဒါက သားရဲ့ခေတ်နောက်ပြန်နေတဲ့ အတွေးသက်သက်ပါ။ အခုခေတ်လူတွေဆို အဲ့လိုမတွေးကြတော့ဘူး။ သားကို ဝင်ရှုပ်တယ်ဆိုပြီး မထင်လို့ဘဲ မျှော်လင့်ပါတယ်” လို့သာ ပြောနိုင်သည်။

ဖက်တီးလေးက သူ့တူအရင်းဖြစ်ပြီး ငယ်ရွယ်သေးကာ အသက်အရွယ်ကြောင့်မို့လို့ ကိစ္စတွေကို သူ့ဆီကနေ ထိမ်ချန်ထားရမယ်လို့တော့ ဦးလေးဖြစ်သူက မယုံကြည်ပေ။

ထို့ကြောင့် အရာအားလုံးကို ပြောပြလိုက်၏။ “မင်းထင်တာ မမှားဘူးဟေ့။ မင်းအဒေါ်နဲ့ယွမ်ကျင်းနဲ့က တကယ်ဖြစ်နေတာ…”

သင့်တော်သည့် အခိုက်အတန့်ရောက်လာတော့ ဖက်တီးလေးက ဟန်ဆောင်အံ့ဩပြလိုက်၏။

ဘဝတွင် ကိစ္စများစွာကို မြင်တွေ့ခဲ့ဖူးသည့် ယောက်ျားသားဖြစ်သော ဖက်တီးလေး၏ဦးလေးမှာ တစ်စုံတစ်ယောက်၏အရေးကို ပြောပြနေသည့်အတိုင်း အတော်လေး တည်ငြိမ်နေသည်။

ဖက်တီးလေးမှာ သူ့ဦးလေးအား ဘယ်လိုနှစ်သိမ့်ရမယ်မှန်း မသိတော့ပေ။ သူ့ဦးလေးမှာ လည်ချောင်းထဲ အရက်အနည်းငယ်ကို မျှောချလိုက်ပြီး အသည်းကွဲနေတာကို သူမြင်နိုင်သည်။

သူတို့ စကားဆုံးတော့မည့် အခါတွင် အရက်မူးနေပြီဖြစ်သော ဖက်တီးလေး၏ ဦးလေးက တောင်းဆိုလာသည်။ “ဖက်တီး၊ ဒီကိစ္စကိုဘယ်သူ့မှမပြောဖို့ ဦးလေး မင်းကို တောင်းဆိုချင်တယ်။ မင်းနဲ့ ငါကလွဲရင် သူများတွေ မသိစေတဲ့နော်”

ဖက်တီးလေး တွေးလိုက်၏။ ဒါဆိုရင်တော့ ခက်ပြီ၊ ဒီကိစ္စကို သားတို့အတန်းထဲက လူတိုင်း သိပြီးကုန်ပြီ။

ဖက်တီးလေးသည် သေချာခေါင်းညိတ်လိုက်၍ ထိုအချိန်အခါမရွေးသော စာသားကို ရွတ်ပြလိုက်၏။ “ကောင်းကင်ရယ်၊ မြေကြီးရယ်၊ဦးလေးရယ်၊ သားရယ်ပဲ သိတယ်။ စိတ်ချ၊သား ဘယ်သူ့ကိုမှ မပြောဘူး” သူ့အတန်းဖော်တွေက ဒီကိစ္စကို ရှီလီဆီက သိထားတာဆိုတော့ သူပြောပြတယ်ဆိုပြီး ထည့်တွက်လို့မရဘူး။

ဟုတ်တယ်၊ အဲဒါမှန်တယ်။

ဖက်တီးလေးက သူ့ဦးလေးကို လေးလေးနက်နက် ကတိပေးလိုက်ပြီး နှုတ်ဆက်ပြီးနောက် လက်ရှိဖြစ်စဉ်အား အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် ဝေမျှလိုက်ပြီး လျို့ဝှက်ထားဖို့လည်း ဆရာနှင့် အတန်းဖော်တွေကို တိုက်တွန်းလိုက်သေးသည်။

115 02

ဒီလိုကိစ္စမျိုးက နည်းနည်းရှက်ဖို့ကောင်းပြီး သူ့ဦးလေးက ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့်ယောက်ျားတစ်ဦးပင်။

သူ့ဦးလေး၏ အနာဂါတ် အစီအစဉ်တွေဖြစ်နိုင်သော - ကွာရှင်းပြတ်စဲဖို့ ရည်ရွယ်ထားလား၊ ဆရာသခင်ယွမ်ကျင်းကို မောင်းထုတ်ပြီး ဤကိစ္စကို မသိဟန်ဆောင်၍ သူ့အဒေါ်နှင့်ပဲ ဆက်ပေါင်းသင်းမည်လား ဆိုတာကိုတော့ ဖက်တီးလေး မသိပေ။

သူ့ဦးလေး ဘာကိုပဲရွေးချယ်ပါစေ၊ ဖက်တီးလေးကတော့ သူ၏ဆုံးဖြတ်ချက်ကို လေးစားပေးမှာပင်။

သို့သော် ထိုမတိုင်ခင်တွင် သူ့ဦးလေး၏တန်ဖိုးအရှိ‌ဆုံး အမွေအနှစ်ဖြစ်သည့် သူ၏ဂုဏ်သတင်းကို ကာကွယ်ပေးရန် လိုအပ်နေသေးသည်။

လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားကြရန် သူ့အတန်းဖော်တွေအား ထပ်ခါတလဲလဲ အလေးပေး တိုက်တွန်းခဲ့သည်။

ပြီးနောက် ကိစ္စတွေမှာ ဖက်တီးလေး၏ဦးလေးလက်ထဲမှာဘဲ ငြိမ်သက်စွာ ကျန်ရှိနေတော့၏။ သူ့မိန်းမနှင့် လုံးဝငြင်းခုံခြင်း မရှိသလို၊ သူမနှင့် ကွာရှင်းပြတ်စဲမည်ဟူ၍ ကောလာဟလတွေလည်း ထွက်မလာခဲ့ပေ။

ဖက်တီးလေးကတော့ ရံဖန်ရံခါတွင် အုပ်စုဖွဲ့စကားပြောခန်းထဲ၌ သူ့ဦးလေး၏ နောက်ထပ်ရွှေ့လာမည့် အကွက်တွေကို အတန်းဖော်တွေအား ထင်ကြေးပေးသည်။

ဖက်တီးလေး တွေးလိုက်၏။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သူ့အတန်း‌ဖော်တွေက ပါဝင်ပတ်သက်နေတဲ့ လူတွေရှေ့မှာ ဆွေးနွေးရင် အဆင်မပြေဖြစ်နေတာကို မြင်နေရတော့၊နောက်ဆုံးကျ လွတ်လွတ်လပ်လပ် စကားပြောလို့ရအောင်လို့ အုပ်စုဖွဲ့ စကားပြောခန်းလေးကို ဖွင့်ခဲ့ကြတယ်လေ။

အုပ်စုငယ်လေးမှ ဖယ်ရှားမခံရစေရန် အလို့ငှာဖက်တီးလေးက ထိုအကြောင်းအရာ၏ ခေါင်းဆောင်ဖြစ်လာပြီး အဓိကအုပ်စုဖွဲ့ စကားပြောခန်းထဲ၌ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတော့၏။ သူ့အတန်းဖော်တွေမှာ စကားပြောပြီဆိုတာနှင့် ထိန်းချုပ်နေရသလို မခံစားရတော့သဖြင့် သဘာဝကျစွာပဲ အုပ်စုငယ်လေးတစ်ခုအဖြစ် ခွဲထွက်ကြဖို့ကို မစဉ်းစားကြတော့ပေ။

နောက်ဆုံးတော့ သူ့နေရာကို ကျော့ကွင်းထဲ၌ မြဲမြံအောင် လုပ်လိုက်နိုင်ပြီး‌ ဖက်တီးလေးမှာ စိတ်ထဲကနေ ကြွေးကြော်လိုက်တော့သည်။ “တော်သေးတာပေါ့‌ကွာ!”

လူတိုင်းဆီမှ ဖယ်ကြဉ်ခံထားရသော ရှီလီကတော့ အတင်းအဖျင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ရန် အခွင့်အရေး မရှိပါချေ။

သူမ၏ အတန်းဖော်တွေ နောက်ဆုံးပေါ် တိုးတက်မှုတွေအကြောင်းကို ဆွေးနွေးနေခိုက် နောက်အပတ်ကျရင် အလှူပွဲကို အတူတူသွားမလားဟု မေးလာသော ဟွမ်ကျဲ၏ တားမြစ်ခြင်းကို ရှီလီ ခံလိုက်ရသည်။

“အမေတို့တွေ အဲဒီမှာ လက်ဝတ်ရတနာတွေ ကြည့်လို့ရတယ်။ ဒီနှစ် သမီးရဲ့ မွေးနေ့လက်ဆောင်အဖြစ် အမေ ဝယ်ပေးလို့ရတယ်လေ”

ရှီလီမှာ ပဟေဠိဖြစ်သွားပြီး “အမေရယ်၊ သမီးမွေးနေ့က နောက်သုံးလလောက် လိုပါသေးတယ်”

ဟွမ်ကျဲ: “ဒါ‌ဆိုလည်း ကလေးများနေ့အတွက် လက်ဆောင်အဖြစ် ယူလိုက်ပေါ့”

ဘယ်သူက ကလေးများနေ့မှာ လက်ဝတ်ရတနာတွေကို လက်ဆောင်ပေးလို့လဲ။ လုံးဝကို ကလေးဆန်မနေဘူး။

ပြီးတော့ ကလေးများနေ့က နှစ်လတောင်လိုသေးတယ်။

သူ့သမီး၏ဝေဖန်ချက်ကို ကြားလိုက်ရတော့ ဟွမ်ကျဲ စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။ “ဒါဆိုလည်း အလုပ်သမားနေ့အတွက်ပေါ့။ အမေ့သမီးလေးက တစ်နှစ်လုံးစာတွေကို ခက်ခက်ခဲခဲ လေ့လာနေရတာလေ၊ဒီတော့ အလုပ်သမားနေ့မှာ ဆုချရမယ်”

ရှီလီက ယခုလိုမျိုး ငြီးငွေ့ဖွယ်ကောင်းပြီး ကြာရှည်သော အခမ်းအနားမျိုးတွေကို တက်ရောက်ရန် အမြဲတမ်း တွန့်ဆုတ်လျှက် ရှိသည်။ သူမ ငြင်းလိုက်တော့မည့် အချိန်၌ဟွမ်ကျဲက အလှူပွဲ၏ စီစဉ်သူတွေကို ဖော်ပြလာတော့ တုံ့ဆိုင်းခြင်းမရှိ အမြန်သဘောတူလိုက်တော့သည်။

စီစဉ်သူများစာရင်း၌ ရှီထိုက် ရင်းနှီးမြှုပ်နှံရေးနှင့် ရွမ်ချီနည်းပညာက ရှီလီ၏ အာရုံကိုဖမ်းစားသွား၏။

115 03

ရှီထိုက် ရင်းနှီးမြှုပ်နှံရေးက ဦးဆောင်ကျင်းပမှာဆိုတော့ ကုမ္ပဏီ၏ ဥက္ကဌနှင့် ဇနီးဖြစ်သူတို့သေချာပေါက် တက်ရောက်ကြမှာပင်။

သို့သော် ၎င်းက ရှီလီကို စိတ်အလှုပ်ရှားစေဆုံး မဟုတ်ပေ။ ရွမ်ချီနည်းပညာ ပါဝင်နေတော့ ဖက်တီးလေး၏ဦးလေးလည်း ကျိန်းသေ တက်ရောက်ရမှာဖြစ်ပြီး အဆုံးတွင် ဆရာသခင်ယွမ်ကျင်း၏ နာမည်လည်း ပါဝင်သေး၏။

ချမ်းသာသော အသိုင်းအဝိုင်းတွေထဲ၌ အယူသီးသည့် လူတွေဆိုတာ အတော်လေး များပြားသည်။ ဖက်တီးလေး၏ဦးလေးက လူချမ်းသာ အများအပြားနှင့် ဆရာသခင်ယွမ်ကျင်းကို မိတ်ဆက်ပေးပြီးသားပင်။ယခုနှစ်များအတွင်း သူ၏ ဂုဏ်သတင်းမှာ ကျော်ဇောလာခဲ့ပြီး လူချမ်းသားများစွာနှင့် နာမည်ကြီးများက သူ၏ ကောင်းချီးပေးခြင်းနှင့် အဆောင်လက်ဖွဲ့တွေအတွက် တောင်းခံခဲ့ကြသည်။

ပွဲတစ်ခုတည်းတွင် စုံတွဲနှင့် အပျော်လင်တို့ ဆုံမိချိန်၌ ဘယ်လိုမီးပွားတွေ ပျံထွက်လာမလဲဆိုတာကို ရှိလီ အတော်လေး မြင်ချင်မိသည်။

ဤအခြေအနေတွင် ဖက်တီးလေး၏ဦးလေးက သူ့အိမ်ထောင်ရေးတွင် ဆရာသခင်ယွမ်ကျင်းက ဝင်နှောင့်ယှက်နေပြီး ဦးထုပ်စိမ်း ဆောင်းပေးနေတယ်ဆိုတာကို သိပြီးထားမှန်း ရှီလီ မသိသေးပေ။

မဟုတ်ပါက ဤလှုံ့ဆော်ပေးသော အလှူပွဲတွင် သူမ ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေဦးမှာပင်။

ရွှီရှင်း အကြောင်းကို တွေးနေတုန်း ရှီလီဟွမ်ကျဲကို ပြောလိုက်၏။ “အမေ၊ အဲ့နေ့ကျရင် ဘာလို့ စုန့်ရင်းကိုပါ မခေါ်လိုက်လဲ။ သူမကို အိမ်မှာပဲနေပြီး ဟုန်ယန်ရဲ့ မျက်နှာကို မြင်ခိုင်းနေမဲ့အစား လောကကြီးကို နည်းနည်းပါးပါး ကြည့်ခိုင်းလိုက်ပါလား”

ဟုန်ယန်နှင့် ဦးလေးရှီအငယ်ဆုံးက အလှူပွဲ၏ဖိတ်ကြားလွှာစာရင်းတွင် ပါဝင်ခြင်းမရှိဘဲ၊အကယ်၍ ဟုန်ယန်က သွားရတယ်ဆိုရင်တောင် စုန့်ရင်းကို ခေါ်မှာမဟုတ်ချေ။

ဟွမ်ကျဲနှင့် ဖက်တီးလေး၏အဒေါ်မှာ ဟုန်ယန်အပေါ်ရှိ အလွန်အမင်း ရွံရှာသောသဘောထား တူညီမှုရှိသည်။ စုန့်ရင်းက ဟုန်ယန်၏ သမီးရင်းဆိုသော်လည်း သူမအနေနှင့် ဟုန်ယန်လို ပြဿနာရှာသည့် အမေမျိုး ရှိနေသည့်အတွက် စိတ်မကောင်း ဖြစ်မိကြသည်။

ဟွမ်ကျဲက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ သူမသမီးက အပြင်လူတွေနှင့် နီးကပ်မှုရှိနေတာကြောင့် အနည်းငယ် ချဉ်တူးသလို ခံစားလိုက်ရပြီး “သမီး တစ်ယောက်ယောက်ကို သဘောကျတာ ရှားတယ်နော်။ ဒါဆိုလည်း သူမကိုပါ ခေါ်ကြရအောင်။ သူမနဲ့ သင့်‌တော်မဲ့ ကော့တေး ဂါဝန်တွေဝယ်ဖို့ အဝတ်ဆိုင် ခေါ်သွားပေးလိုက်၊ သူမကို လောကဝတ်တွေ၊ယဉ်ကျေးမှုတွေပါ သင်ပေးလိုက်ဦး။ အနာဂါတ်ကျ ဒီကျွမ်းကျင်မှုတွေကို သူမလိုအပ်လာမဲ့ အခိုက်အတန့်တွေ ရှိလာဦးမှာ”

ရှီလီတွင် ကန့်ကွက်ချက်ဟူ၍ မရှိပေ။“ဟုတ်ကဲ့”

သို့သော် နောက်တစ်နေ့ အဝတ်အစားဝယ်ဖို့ ဈေးဝယ်ထွက်ရန်အတွက် စုန့်ရင်းကိုခေါ်ရန် အိမ်ဟောင်းသို့ ရှီလီ ရောက်သွားချိန်မှာတော့ သူမ ပြဿနာကြုံရလေပြီ။

ဟုန်ယန်က စုန့်ရင်းကို အလှူပွဲသွားရန် ခွင့်မပြုပေးချေ။ “ဒီလိုတွေ့ဆုံပွဲမျိုးကို နင်အရင်က သွားဖူးတာလည်း မဟုတ်ဘဲနဲ့။ သွားပြီး ကိုယ့်ကိုကိုယ် အရှက်ရအောင် လုပ်မနေနဲ့”

ဦးလေးရှီအငယ်ဆုံးက ဝင်ဖျန်ဖြေပေးသည်။ “ဘယ်အရာမဆို ပထမဆုံးအကြိမ်‌ဆိုတာ ရှိတာပဲလေကွာ”

******

116 01

အခန်း ၁၁၆: မဒမ်ရွှီနှင့် ပထမဆုံးတွေ့ဆုံခြင်း

သူမ ယောကျာ်း၏ သမီးအတွက် ပြောပေးလာတာကို ကြားလိုက်ရတော့ ဟွမ်ကျဲမှာ အနည်းငယ် မကျေနပ်သလို ခံစားလိုက်ရ၏။

“ကျွန်မက ရှင့်အတွက် တွေးပေးတာပါ။ ဒီကလေးက အတွေ့အကြုံ မများဘူးလေ၊ငယ်ငယ်ဘေးကတည်းက ရှက်ကြောက်တတ်တာ။ အပြင်ထွက်ရင် ကျွန်မတို့မိသားစုကို အရှက်ရစေတာပဲ ရှိလိမ့်မယ်”

ကလေးရှေ့မှာ ဒီလိုနည်းလမ်းနှင့် ပြောဆိုလာတော့ ဦးလေးရှီအငယ်ဆုံးမှာ သူ့မိန်းမနှင့် ထပ်ပြီးမငြင်းခုံနိုင်တာကြောင့် သူအမေကို ဒိုင်းကာအဖြစ် သုံးရတော့သည် “မင်း ဒီလိုပြောဆိုနေတာကို အမေကြားသွားရင် ငါတို့ကို ကန်ထုတ်လိုက်လို့ တံတားအောက်မှာ အိပ်ရရင် ဘယ်နှယ့်လုပ်မလဲ။ ငါ့ရဲ့ လစာငါးထောင်၊ ခြောက်ထောင်က အိမ်လခပေးဖို့ မလောက်ဘူးနော်”

သုံးနှစ်လောက် လေနေပြီးနောက် သူသည် မိသားစုမရှိလျှင် ဘာကောင်မှ မဟုတ်ဘူးဆိုတာကို ဦးလေးရှီအငယ်ဆုံး ကောင်းကောင်းနားလည်လာခဲ့၏။ အခုတော့ သူ့အမေရှေ့နှင့်အစ်ကိုနှစ်ယောက်ရှေ့၌ အထူးတလည် လိမ္မာနေတော့သည်။

သူ့ကို ဘယ်သူက ထောက်ပံ့ပေးနေတယ်ဆိုတာကို ရှင်းလင်းစွာ နားလည်ပေသည်။

ဟုန်ယန်က သူ့ယောက်မဖြစ်သူ ဟွမ်ကျဲရှေ့၌လက်မလျှော့ပေးချင်ပေ၊ ၎င်းက သူမအားနိမ့်ကျသလို ခံစားရစေ၏။

သို့သော် သူမ၏ယောက္ခမ နှင်ချမည်စိုးသဖြင့်သူမ၏ ကြမ်းတမ်းသော စကားလုံးတွေကို အတင်းပြန်မြိုချလိုက်ရသည်။ သူမ၏ ဒေါသကို စုန့်ရင်းအပေါ် မပုံချနိုင်သော်လည်း သူမတွင် လက်ဝှေ့အိတ်ဖြစ်သော ဦးလေးရှီအငယ်ဆုံး ရှိသေးသည်။

ဦးလေးရှီအငယ်ဆုံးကို ဟုန်ယန် မျက်စောင်း ခဲကြည့်လိုက်၍ “ကျွန်မက စကားပြောမတတ်လို့ပါ။ ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့၊ကျွန်မက စုန့်ရင်းကို ဆူဖို့ မရည်ရွယ်ပါဘူး။သူမက ကျောင်းအသစ်မှာ တက်နေတာဆိုတော့ သူမရဲ့ အခြေခံက သိပ်ပြီးမကောင်းလောက်သေးဘူးလေ၊ ပိတ်ရက်တွေကို အိမ်မှာနေပြီး စာသေချာလုပ်ရင် ကျောင်းစာတွေကို အမြန်လိုက်မီနိုင်မယ်လို့ ထင်ရုံပါ”

သူမ၏ ယခင်ဗျူဟာက အလုပ်မဖြစ်တော့ ဟုန်ယန် နောက်တစ်နည်း ပြောင်းတော့သည်။ သူမက ပိတ်ရက်တွေမှာ ကလေးကို အိမ်မှာဘဲစာလုပ်စေချင်တာပင်။ သူမ၏ အရင်စကားထဲတွင် စုန့်ရင်းအား ဆူငေါက်သည့် စကားလုံးတစ်လုံးမှ မသုံးခဲ့ပေ။ အမေ တစ်ယောက်အနေနဲ့၊ သူမကလေးရဲ့ အဆင့်တွေ တိုးတက်ဖို့ မျှော်လင့်တာ ဘာမှားလို့လဲ။ ရှီအဘွားက သူမကို ဒါကြောင့်နဲ့တော့ နှင်ထုတ်လို့မရဘူး။

ဟုန်ယန်က ရှီလီကို ဘဝင်ခိုက်စွာ ကြည့်လိုက်ပြီး ဒီတစ်ခေါက် သူမ ပြစ်ချက်ရှာနိုင်မယ်လို့ မယုံကြည်ပေ။

ရှီလီမှာ မည်သည့်ပြစ်ချက်မှ မရှာနိုင်ဘဲ၊အသာပြုံး၍ “အရင်လစဉ် စာမေးပွဲတုန်းက စုန့်ရင်း အဆင့်တစ်ရခဲ့တယ်လေ။ အန်တီ့ကလေးကို အမြင့်ကြီးတွေ မျှော်လင့်လို့ မရဘူးလေ။ စာလုပ်တာက အရေးကြီးပေမဲ့၊လူတစ်ယောက်မှာ သင့်တော်တဲ့ ‌ဖျော်ဖြေမှုတွေရှိဖို့ကလည်း အရမ်းအရေးကြီးပါတယ်”

ရှီလီ လိမ်ပြောနေတာ မဟုတ်ပေ၊ အတန်းထဲ၌ စုန့်ရင်းက တကယ်ကို ပထမရခဲ့တာပင်။

သို့သော် အဆင့်တစ်ဆိုတာက ဖောင်းဖွနေလေသည်။ တစ်ကျောင်းလုံးတွင် သူမ၏ အဆင့်မှာတစ်ဆယ်ဖြစ်သဖြင့် အရင်အဆင့်တွေက မဆိုးဘူးဆိုတာကို ပြသနေသည်။

သို့သော် စုန့်ရင်း ပထမရသွားသည့် အကြောင်းရင်းကတော့ ရှီလီကို ကိုယ်စားပြုသော အခန်းတစ် မှ ထိပ်သီး‌ကျောင်းသားများမှာထိုနေ့က အုပ်စုဖွဲ့ ရန်ဖြစ်ခြင်းကြောင့် အိမ်မှာနားနားနေပြီး စောင့်ကြည့်ဖို့ သူတို့မိသားစုတွေက တင်းကြပ်စွာ အမိန့်ပေးခဲ့တာကြောင့်ပင်။

116 02

သေချာ ကာကွယ်ခံထားရသော စုန့်ရင်းမှာ ထိခိုက်ဒဏ်ရာ သိပ်မရှိသဖြင့် ပုံမှန်အတိုင်းစာမေးပွဲ သွားဖြေနိုင်ခဲ့သည်။ တကယ်တော့ ထိုနေ့က စုန့်ရင်းလည်း ဒဏ်ရာရခဲ့ရင်တောင် သူမ၏ မိသားစုက သူမအား အိမ်မှာဘဲ အနားယူစေပြီး စောင့်ကြည့်ပေးမည့် အခွင့် အရေးက ရှားပါးလေသည်။ သူမ၏ “အမေ”ဖြစ်သူ ဟုန်ယန်မှာ သူမအပေါ် စိုးရိမ်စိတ်သုညပဲရှိ၍ သူမ၏ ပထွေးဖြစ်သော ဦးလေးရှီအငယ်ဆုံးကလည်း သူ၏ မယားပါသမီးကိုအလွန်အကျွံ စိတ်ပူနေ၍ မဖြစ်ပေ။

အိမ်ဟောင်းမှ အခြားလူတွေကလည်း စုန့်ရင်းအပေါ် သဘော ကောင်းကြသော်လည်းသူတို့က သူမ၏ သွေးရင်းမိဘတွေ မဟုတ်ကြချေ။ အကယ်၍ စုန့်ရင်း ဒဏ်ရာရခဲ့ပါကဘယ်သူမှ သတိပြုမိမှာ မဟုတ်ပေ။

ဟုန်ယန်၏ မျက်နှာထက်မှ ဘဝင်ခိုက်နေသောအပြုံးမှာ ရုတ်ချည်းပင် အေးခဲသွားတော့၏။‌ စုန့်ရင်း၏ ထူးချွန်ခြင်းကို ကြားသိရတာက ယောက်ျား သေတာထက်ကို ပိုပြီးသည်းမခံနိုင်စရာ ကောင်းလှသည်။

သူမသည် အနည်းငယ် ခြောက်ကပ်ကပ် ရယ်လိုက်၍ “စုန့်ရင်း၊ ဒီလို‌သတင်းကောင်းကို ဘာလို့ အမေ့ကို မပြောရတာတုန်း။ အမေ့ကိုအပြင်လူလို့ မြင်နေတာလား”

စုန့်ရင်းမှာ သူများကလေးတွေလို ငယ်ရွယ်ပြီး အဆင့်ကောင်းတွေ ရလာချိန်မှာ ဟုန်ယန်အား ပြောပြချင်သော်လည်း သူမအမေဆီကနေ ဘယ်တော့မှ ချီးကျူးခံရမှာ မဟုတ်ပေ။

သူမ ကြီးပြင်းလာတော့ စ်ိတ်ခံစားချက်တွေကိုစုန့်ရင်း ဖတ်တတ်လာလေပြီ။ ဟုန်ယန်က သူမ ရလဒ်ကောင်းတွေရတာကို မမြင်ချင်မှန်းသူမ သိလာခဲ့သည်။

စုန့်ရင်းက သူမလိုချင်တာကို အတိအကျသိပြီး ဟုန်ယန့်ကို စိတ်ကျေနပ်စေဖို့နှင့်သူမ၏ စာတွေကို တမင်လျစ်လျူရှုထားတာမျိုး မလုပ်ပေ။

အိမ်ဆိုတာက ကလေးတစ်ဦး၏ လုံခြုံသောနိဗ္ဗာန်ပင်။ ပျော်ရွှင်‌ပါစေ၊ ဝမ်းနည်းပါစေ၊စုန့်ရင်းက ဟုန်ယန်နှင့် ဝေမျှတာ၊ အပြစ်ဆိုတာမျိုး လုပ်မှာမဟုတ်ချေ။

ယခု ဒီအကြောင်းရင်းကြောင့် ဟုန်ယန်ဆီကနေ အပြစ်တင်ခံလိုက်ရတော့၊ ဟုန်ယန်က တကယ့်တစ်ခုခုဘဲ ပြောင်းပြန်တွေ ပြောနေတယ်လို့တွေးကာ စုန့်ရင်း စိတ်ထဲကနေ အပြစ်တင်လိုက်သည်။

စုန့်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။ “ရလဒ်‌တွေက ဒီနေ့မှ ထွက်လို့ပါ၊ အမေ့ကို ပြောတော့မလို့ပါပဲ”

အမှန်တွင် ရလဒ်တွေထွက်သည်မှာ လွန်ခဲ့သောလေးရက်ကတည်းကပင်။ ယခုဆိုလျှင် သူမ၏အတန်းဖော်တွေလို မရှက်မကြောက် လိမ်ပြောနိုင်သည့် ကျွမ်းကျင်မှုတစ်ခုကို သူမ သင်ယူခဲ့ပြီးလေပြီ။

ဟုန်ယန်၏အရှေ့တွင်မှာတော့ စုန့်ရင်းက အမြဲတမ်း စိတ်ကျေနပ်စေသော ပုံရိပ်ကိုသာ ချပြခဲ့၏။ စုန့်ရင်းက သူမကို မလိမ်ဘူးဟူ၍ယုံကြည်ချက်ရှိစွာ ယုံကြည်လေသည်။

ဤဆင်ခြေက အလုပ်မဖြစ်ပေ။ ရှီလီ ဘယ်လိုဆင်ခြေတွေသုံးပြီး ငြင်းဆန်လာမလဲဆိုတာကို ဟုန်ယန် သူမ၏ဦးနှောက်အား ဖျစ်ညှစ်ပြီး စဉ်းစားလိုက်၏။

ဦးလေးရှီအငယ်ဆုံးက ဆိုဖာပေါ် နောက်မှီ လိုက်၍ လက်ဖက်ရည်ခွက်ကိုကိုင်ကာ လွတ်လွတ်လပ်လပ် မေးလာ၏။ “အလှူပွဲကို ဘယ်ကုမ္ပဏီက ဦးစီးမှာလဲ။ နောက်တစ်ပတ်နေရင် အလှူပွဲကို ရှီထိုက် ရင်းနှီးမြှုပ်နှံရေးနဲ့အခြားကုမ္ပဏီတစ်ခု ပူးပေါင်းဦးစီးမယ်လို့ဒီနေ့ ကုမ္ပဏီမှာ ကြားလာတယ်”

အလှူပွဲဆိုသည်မှာ အလွယ်တကူ ပေါက်ရောက်နိုင်သော လယ်ကွင်းထဲက မုန်လာဥဖြူတွေလို မဟုတ်ဘူးလို့ ဦးလေးရှီအငယ်ဆုံးက စဉ်းစား၍ “စုန့်ရင်းကို ခေါ်သွားမဲ့ အလှူပွဲက ရှီထိုက် ရင်းနှီးမြှုပ်နှံရေး ဦးစီးမှာနော်၊ ဟုတ်တယ်မလား”

ရှီလီက ဟုတ်တယ်လို့ မပြောချင်သဖြင့်ဤမေးခွန်းကို ‌ကျော်ချရန် ရည်ရွယ်လိုက်၏။

ရှိလီက ဟုတ်တယ်လို့ မပြောရသေးသော်လည်း ဟုန်ယန်က သူမယောက်ျား၏ စကားကိုကြားတော့ အမှန်လို့ဘဲ ယူဆလိုက်သည်။

ဟုန်ယန်က “ရှီထိုက် ရင်းနှီးမြှုပ်နှံရေး” ဟူသော စကားလုံးကို အကဲဆတ်တာကြောင့်စိတ်လှုပ်ရှားသော လေသံဖြင့် ပြတ်သားစွာပြောလိုက်သည် “ရှီထိုက်… မရဘူး၊ စုန့်ရင်းသွားလို့မရဘူး!”

ဦးလေးရှီအငယ်ဆုံးသည် ဟုန်ယန်၏ ယခုလို ပုံစံမျိုးကို ပထမဆုံးမြင်ဖူးတာကြောင့်“ဘာဖြစ်လို့လဲ၊ မိန်းမရဲ့”

116 03

အခုလေးတင် သူမ၏ တုံ့ပြန်ပုံက အနည်းငယ် ပြင်းထန်သွားတာကို နားလည်သွားပြီး ဟုန်ယန်ရှ င်းပြလိုက်သည်။ “ရှီထိုက် ရင်းနှီးမြှုပ်နှံရေးက အတော်လေး ကျော်ကြားတယ်။ အလှူပွဲကျစုန့်ရင်း အနိုင်ကျင့်ခံရမှာကို စိုးရိမ်လို့ပါ”

ရှီလီ၏ ကဲ့ရဲ့သောအသံက စုန့်ရင်း တစ်ဦးတည်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်[စုန့်ရင်း အနိုင်ကျင့်ခံရမှာကို စိုးရိမ်လို့ပါ ~ ဟုတ်တယ်နော်~]

လူတိုင်းသိထားကြသည်မှာ စုန့်ရင်းကို အနိုင်အကျင့်ဆုံးသူက ဟုန်ယန်ပင်။

ဦးလေးအငယ်ဆုံးကတော့ သူ့မ်ိန်းမကိုဖြူစင်သော ပန်းပွင့်လေးလို့သာ အမြဲတွေး‌ထားတာဖြစ်သည်။ ရှီထိုက် ရင်းနှီးမြှုပ်နှံရေး၏ CEO က လူကောင်းဖြစ်၍ သူတို့ကုမ္ပဏီ၏ယဉ်‌ကျေးမှုကလည်း အတော်လေး အကောင်းဘက်ရောက်ကြောင်းကို သူ့မိန်းမအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးလိုက်၏။ သူတို့က စုန့်ရင်းကို အနိုင်ကျင့်ခံစေမှာ မဟုတ်ပေ။ ဒါ့အပြင် ဒုတိယမရီးနှင့် ရှီလီကလည်း စုန့်ရင်းကို အဖော်ပြုပေးကြမှာဆိုတော့ သူတို့က သူမအား အနိုင်ကျင့်ခံရ‌စေမှာ မဟုတ်သဖြင့် သူမ စိတ်ချထားလို့ရ၏။

ခဏကြာ တွေးကြည့်ပြီးနောက် ဟုန်ယန်က ထပ်မံမေးလိုက်သည်။ “အလှူပွဲသွားဖို့ စုန့်ရင်းကိုကျွန်မ ခွင့်ပြုပါတယ်၊ ဒါပေမဲ့ စုန့်ရင်းနဲ့အမေတစ်ယောက်အနေနဲ့ ကျွန်မပါ လိုက်သွားသင့်တယ်။ အဲ့လိုမှ ပိုပြီးစိတ်အေးရမှာ၊မဟုတ်ရင် သူမ အနိုင်ကျင့်ခံနေရဦးမယ်”

ရှီလီမှာ သူမရင်ထဲကနေ တိတ်တိတ်လေး လှောင်လိုက်၏။ [ဟမ်၊ သမီးရင်းကို တွေ့ချင်နေတာမလား]

စုန့်ရင်းက သူမစိတ်ထဲတွင် တိတ်တိတ်လေး ဘာသာပြန်နေပြီး ထိုစကားများကို ကြားလိုက်ရတော့ ဟုန်ယန်၏ သမီးရင်းကလည်း ထိုနေရာတွင် ရှိနေလိမ့်မည်ဟု ဆိုလိုနေသည်။

ဒီတော့ ဟုန်ယန်မှာလည်း သမီးရင်း ရှိနေတာပေါ့။ စုန့်ရင်း တစ်စုံတစ်ယောက်ကို အလျင်အမြန် တွေးမိသွား၏။- ရွှီရှင်းမှာလည်း သမီးရှိတာပဲ။

တကယ်လို့ သူမက ရွှီရှင်းရဲ့ သမီးဆိုရင်၊ဟုန်ယန်ရဲ့ သမီးက ဘယ်သူလဲ။

စုန့်ရင်းသည် သူမရင်ထဲ၌ ရဲတင်းသော ခံစားချက်တစ်ခု အမြဲရှိနေခဲ့ပြီး ရှီလီ၏ စကားနှစ်ခွန်းက စုန့်ရင်း၏ မှန်းဆချက်ကို အတည်ပြုပေးလိုက်တာပင်။

သူမက ရွှီမိသားစု၏ သမီးဖြစ်ပြီးတော့၊ရွှီမိသားစု၏ သမီးမှာမူ ဟုန်ယန်၏ သမီးရင်းဖြစ်နေလေသည်။

ရှီလီကတော့ ဟုန်ယန် ပြောနေတာကို သေချာပေါက် သဘောမတူပေ။ “မသင့်တော်ဘူးလေ၊နောက်တစ်ခေါက်မှပေါ့”

[နောက်တစ်ခေါက် နောက်တစ်ခေါက်နဲ့နောက်တစ်ခေါက်တွေ ဘယ်နှစ်ခါတောင် ရှိနေပြီလဲ]

ဟုန်ယန် ဘာမှမပြောနိုင်သေးခင်မှာတင် ရှီလီက စုန့်ရင်း၏လက်ကိုဆွဲ၍ ဗီလာထဲမှ ပြေးထွက်သွားတော့သည်။

သူတို့သည် မောလ်သို့ သွားလိုက်ကြပြီး စုန့်ရင်းအတွက် ဂါဝန်နှစ်ထည် ဝယ်ခဲ့ကြ၏။လှပသော အဝတ်အစားများကို မြင်နေရတော့ရှီလီမှာ ခဏတာမျှ ထိန်းချုပ်မှုလွတ်သွားပြီး သူမအတွက်ပါ နှစ်ထည်ဝယ်ခဲ့လိုက်သည်။

တစ်ပါးသူတွေ၏ ကြိုးပမ်းမှုများနှင့် ကြင်နာပေးမှုများကို လက်ခံရာ၌ စုန့်ရင်းမှာ အမြဲတမ်း အဆင်မပြေသလို ခံစားရသည်။

အထူးသဖြင့် ရှီမိသားစုက သူမနှင့် သွေးသားမတော်စပ်သော်လည်း ရှီမိသားစု၏ ဗီလာထံ ပြောင်းလာကတည်းက စုန့်ရင်းသည် ရှီမိသားစုဝင်များထံမှ ကြင်နာမှုများစွာကို လက်ခံခဲ့ရသည်။

ရှီအဘွား၏ ဂရုစိုက်ပေးမှု၊ သူမအတွက်အဝတ်အစားတွေကို ဝယ်ပေးရန် တစ်စုံတစ်ယောက်အား စေလွှတ်ပေးသော အဒေါ်နှင့်ယခုအခါ ရှီလီက သူမတွင် ပွဲသွားပွဲလာ ဂါဝန်မရှိတာကို သိနေပြီး ပွဲသွားပွဲလာ ဂါဝန်လေးကို ဝယ်ရန်အတွက် စတိုးဆိုင်ဆီ တကူးတကွ ခေါ်သွားပေးခဲ့သည်။

ဂရုစိုက်ပေးခံရခြင်းနှင့် တန်ဖိုးထားခံရသော ဤခံစားချက်မှာ တကယ်တော့ ကောင်းမွန်လှပေသည်။

116 04

အတန်းထဲတွင်လည်း လူတိုင်း၏ တူညီစွာချစ်ခင်ပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို တွေးကြည့်လိုက်လျှင် စုန့်ရင်းမှာ စိတ်ထဲ၌ကျေးဇူးတင်နေမိသည်။

လူတိုင်းက အတင်းအဖျင်း ကြိုက်ကြတာကို သိလိုက်ရတော့၊ သူမ၏ ကိစ္စကို လူတိုင်းနှင့်မျှဝေပေးရန် ကပ်စေးကုပ်မနေတော့ချေ။သူမအတွက် လူတိုင်းအား နည်းလမ်းတွေ စဉ်းစားခိုင်းချင်တာကြောင့် မဟုတ်ဘဲ အတန်းဖော်တွေ၏ အတင်းအဖျင်း ပြောချင်စိတ်ကို ဖြည့်ချင်းပေးချင်ရုံသာ။

ဤသည်က တကယ်လည်း လူတိုင်း၏ ချက်ကောင်းကို ထိသွားလေ၏။ ဒီဟာက ရှိုးကြည့်ဖို့ အခမ်းအနားဆိုတာ ရှင်းနေတာပဲလေ၊ သူတို့တွေ မသွားလို့ ဘယ်ဖြစ်ပါ့မလဲ။

ဖက်တီးလေး၏ ဦးလေးက အလှူပွဲ၏ စီစဉ်မှုများတွင် တစ်စိတ်တစ်ဒေသ သက်ဆိုင် မှု ရှိသော်လည်း ၎င်းမှာ ကုမ္ပဏီနှင့် ပတ်သက် နေကာ ရည်ရွယ်ချက်မရှိသော နွေဦးခရီးစဉ် မဟုတ်သဖြင့် ဖက်တီးလေး၏ ဦးလေးက သူ့တူကို ခေါ်မနေတော့တာကြောင့် ဤကိစ္စကိုဖက်တီးလေး မသိသည်မှာ သဘာဝပင်။

လန်မိသားစု၏ လက်ထပ်ပွဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားပြီးနောက် ရှီလီ၏အခင်ဆုံးသူငယ်ချင်းဖြစ်သည့် ရှီချွေ့ယွီမှာ ရန်သူ့တပ်ထဲ ထိုးဖောက်စိမ့်ဝင်နိုင်သော စစ်သားကောင်းအဖြစ် လူတိုင်း၏ထင်မြင်ခြင်းကို ခံခဲ့ရသည်။ အနာဂါတ်တွင်လည်း ရှီလီ၏ နောက်ဆုံးပေါ် အတင်းအဖျင်းတွေကို လူတိုင်းနှင့် ဝေမျှပေး၍ အတန်းဖော်များအား ဦးဆောင်ပြီး အတူအတင်းပြောပေးဖို့ မျှော်လင့်ခဲ့ကြသည်။

သို့ပေတည့် လူတွေ၏ စစ်သားကောင်းမှာ အတွင်းထဲကနေ ပြောင်းလဲခဲ့သော စုန့်ရင်းလိုမဟုတ်ဘဲ အမှန်တကယ်တော့ အတွင်းစက်ဝိုင်းထဲထိတောင် မဝင်နိုင်ခဲ့တာပင်။

စုန့်ရင်းကမှ ရှီလီ၏ အတင်းအဖျင်း အရှိန်ကို လူတိုင်းလိုက်မှီစေရန် ဦးဆောင်နိုင်သော တကယ့်အစစ်အမှန်ပင်ဖြစ်၏။

စုန့်ရင်းက သူတို့၏ သတင်းပေးဖြစ်နေတော့ အတန်းဖော်များမှာ အလှူပွဲသို့ တက်ရောက်နိုင်ရန်အတွက် ရရာနည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြပြီး အတင်းအဖျင်းကို ကိုယ်တိုင်မြင်တွေ့ရန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

ရှီထိုက် ရင်းနှီးမြှုပ်နှံရေးက အားဖြည့်ပေးထားသဖြင့် အလှူပွဲမှာ အတော်လေးကို ခမ်းနားကြီး ကျယ်လှပေသည်။

ယခုလို အခမ်းအနားမျိုးကို တက်ရောက်ရသည်မှာ စုန့်ရင်း၏ ပထမဆုံးအကြိမ်ပင်။ သူမက ပွဲ၏ဝင်ပေါက်ထဲသို့ ရှီလီ၏ အနောက်ကနေ လိုက်ဝင်ခဲ့ပြီး သူတို့တွေ အထဲရောက်သွားတာနှင့် အလွန်အမင်း ခမ်းနားထည်ဝါ မှုကြောင့် သူမ မျက်စိကျိန်းလုနီးပါး ဖြစ်သွားလေသည်။

ရှီမိသားစု၏ စံအိမ်ဟောင်းသည် စုန့်ရင်းမြင်ဖူးသမျှထဲတွင် တန်ဖိုးအကြီးဆုံးနေရာ ဖြစ်သော်လည်း ဤပွဲခန်းမမှာမူ ရှီမိသားစုဗီလာထက် ပိုတောင်ခမ်းနားထည်ဝါလွန်း‌နေတာပင်။

စုန့်ရင်း၏ တရုတ်ဘာသာမှာ မဆိုးရွားသော်လည်း ဤအခိုက်အတန့်တွင်မူ ၎င်းကိုဖော်ပြရန် စကားနှစ်လုံးသာ တွေးနိုင်တော့သည်:မျက်စိကျိန်းလိုက်တာ။

ရှီလီသည် သူမ၏ လက်ကောက်ဝတ်အား တင်းကြပ်လာစေသော လက်ချောင်းတွေကို ခံစားမိလိုက်၏။ သူမ စုန့်ရင်း၏လက်ကိုပုတ်ပေးလိုက်ပြီး မကြောက်ဖို့ အချက်ပေးလိုက်သည်။

စုန့်ရင်းက ကြောက်နေတာ မဟုတ်ပေ၊ သူမက ရွှီရှင်းနှင့် မဒမ်ရွှီတို့ကို တွေ့ရတော့မှာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတာပင်။

ဟွမ်ကျဲက သမီးနှစ်ယောက်အား ခေါ်ထုတ်လာသလို ပြုမူနေပြီး ရင်းနှီးကျွမ်းဝင်သောအသိမိတ်ဆွေတွေနှင့် မိတ်ဆက်ပေးလာသည်။

လူတွေက ဦးလေးရှီအငယ်ဆုံး၏ မွေးစားသမီးဖြစ်သူ စုန့်ရင်း၏အကြောင်းအား ဟွမ်ကျဲ မိတ်ဆက်ပေးလာတာကို ကြားလိုက်တာနှင့်သုမ ဘယ်သူဆိုတာ သိသွားကြ၍ စုန့်ရင်းအပေါ်ရှိ သူတို့၏ အကြည့်တို့မှာ ရုတ်ချည်းပင် အေးစက်သွားကြသည်။

စုန့်ရင်းသည် သူမ ဘေးပတ်လည်မှ စေ့စေ့စပ်စပ် ကြည့်ရှုနေသော အေးစက်နေသည့်အကြည့်တွေကို စိတ်ထဲ မထားပေ။ ထိုအကြည့်တွေမှာ တစ်ခါက ဟုန်ယန် သူမကို စော်ကားပြောဆိုခဲ့တာလောက် မနာကျင်‌ရပေ။

116 05

သို့သော် သူမရှေ့တွင် နှစ်လိုဖွယ်ကောင်းသောအပြုံးတစ်ပွင့်နှင့်အတူ မတ်တပ်ရပ်နေသည့်လှပ‌သော အမျိုးသမီးကို မြင်တွေ့လိုက်ရတော့သူမ ဖုန်းထဲရှိ ဓာတ်ပုံအယ်လ်ဘမ်ထဲတွင်တစ်ခါက သိမ်းထားသော မျက်နှာကို မှတ်မိသွားသည်။

စုန့်ရင်းသည် ညမအိပ်ခင်တိုင်း သူမဖုန်းထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်၍ ကြည့်တတ်လေသည်။

စုန့်ရင်း မကြာခဏ ကြည့်ဖြစ်ခဲ့သော အနှီဓာတ်ပုံမှာ ဆယ်စုနှစ်တစ်စုစာကျော် ကြာမြင့်ခဲ့လေပြီ။ အချိန်တွေ ကုန်ဆုံးသွားသော်ငြား သူမရှေ့က အမျိုးသမီးမှာ ဓာတ်ပုံထဲကထက်ပိုလှပပြီး ပိုပြီးချဉ်းကပ်ရလွယ်သည်ဟု သူမခံစားမိသည်။

ဟွမ်ကျဲက လွတ်လပ်သော စိတ်နေစိတ်ထားရှိကာ အသေးအမွှား ကိစ္စလေးတွေကို မငြင်းခုံတတ်သဖြင့် သူမအား ချစ်ခင်သူတွေ များပြားလှသည်။

သူမနောက်က မိန်းမပျိုလေးနှစ်ယောက်ကိုမဒမ်ရွှီနှင့် မိတ်ဆက်ပေးလာကာ သူတို့နှစ်ဦးလုံးက မဒမ်ရွှီအား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြ၏။

စုန့်ရင်းကို အေးစက်စွာ ဆက်ဆံသော အခြားသူတွေနှင့်မတူဘဲ မဒမ်ရွှီကတော့ သူမကို ပိုပြီးစိတ်ဝင်စားနေသည့်ပုံပင်။

All Chapters