← Chapters

အခန်း (၁၁၇-၁၂၀)

Vol. 6 Ch. 117-120

အခန်း (၁၁၇-၁၂၀)

Vol. 6 Ch. 117-120

117 01

အခန်း ၁၁၇: မထင်မှတ်ထားသော ဖြစ်ပျက်မှုများ: ငါတို့ မဖြစ်စေချင်ဆုံးအရာ

သူမက စုန့်ရင်းကို နှစ်လိုကာ အံ့ဩစွာဖြင့် “ဒါ ဟုန်ယန်ရဲ့ သမီးလား”

ဟွမ်ကျဲက အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အနှီစကားကိုကြားတော့ ရွှီရှင်း၏ မိန်းမကစုန့်ရင်း၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်၍“သမီးအမေနဲ့ အန်တီက အခင်ဆုံးသူငယ်ချင်းတွေလေ။ အတူတူ ကြီးပြင်းလာခဲ့ကြပေမဲ့သူမ သမီးကိုမွေးပြီးတော့ အဆက်အသွ ယ်ပြတ်သွားကြတာ။ သမီးတို့ ရှီမိသားစုရဲ့ဗီလာဆီ ပြောင်းသွားတယ်ဆိုတာကို ဟိုတစ်လောလေးကမှ သိလိုက်ရတယ်”

လက်ချင်းဆုပ်ကိုင်ထားမှု၏ နွေးထွေးမှုကစုန့်ရင်းကို အလွန်ခံစားသွားရစေပြီး ငိုချင်လာစေသည်။

“အန်တီက သမီးအမေနဲ့ အဆက်အသွယ် လုပ်‌ချင်နေတာ၊ အချိန်မရသေးလို့။ ဒီနေ့ သမီးကိုတွေ့ရတာ အန်တီ အရမ်းပျော်တာပဲကွယ်”

ရွှီရှင်း၏မိန်းမ မျက်နှာမှာ မြင်သာသောအပြုံးတစ်ပွင့်နှင့်အတူ ဝင်းပနေလျှက်။

လက်ကိုင်ထားကြသော လူနှစ်ယောက်ကို လေ့လာနေသည့် ရှီလီမှာ စိတ်ထဲကနေ မြူးတူးစွာဖြင့် [စုန့်ရင်းက မစ္စရှီနဲ့ တကယ့်ကို မတူဘူး ဟုတ်]

အမျိုးသမီးနှစ်ယောက်လုံးတွင် သိမ်မွေ့သောအသွင်အပြင်တွေ ရှိကြသော်လည်း သူတို့၏မျက်လုံးနှင့် မျက်နှာအစိတ်အပိုင်းတွေကတော့ လုံးဝကိုမဆင်ပေ။

ရှီလီသည် အရင်တုန်းက ရွှီရှင်းအား မြင်တွေ့ဖူးခဲ့တာကို တွေးကြည့်လိုက်ပြီး [သမီးက အဖေ့မျိုးရိုး လိုက်တာပဲ]

သူမ၏ လက်ချောင်းထိပ်များက ကြာရှည်စွာစောင့်ဆိုင်းခဲ့ရသော ထိတွေ့မှုပင်။ ရှီလီ၏စိတ်ထဲက အတွေးတွေကို စုန့်ရင်း သတိမပြုမိလိုက်သော်လည်း ရှီလီ၏ စိတ်ပိုင်းဆိုင်ရာသဲလွန်စများနောက် လိုက်နေသော အတန်းဖော်တွေကတော့ အနီးအနားတွင် စုဝေးနေကြလေသည်။

ရွှီရှင်း၏ မိန်းမက စုန့်ရင်း၏လက်ကို ကိုင်ထားရင်း ဤနှစ်‌တွေတလျှောက် သူမ၏ ဘဝအကြောင်းနှင့် ကဘေးဘဝက အတွေ့အကြုံများစွာကို မေးမြန်းနေသေးသည်။

ရှီလီနှင့် ဟွမ်ကျဲတို့မှာ ဘေးပို့ခံထားရသော်လည်း နှစ်ဦးစလုံးမှာ စိတ်ထဲမထားသည့်ပုံပင်။

ဟုန်ယန်က ရွှီရှင်း၏ဇနီးဖြစ်သူနှင့် အခင်ဆုံးသူငယ်ချင်းတွေဆိုတာကို ဟွမ်ကျဲက သိထား ပြီးသားဖြစ်သဖြင့် အခုဖြစ်ပျက်နေသည်မှာသူမ ထင်ထားသလိုချည်းသာ။

သူမသည် ကသိကအောက်ဖြစ်သလိုလည်း မခံစားရဘဲ သူတို့၏ ဆက်ဆံနေခြင်းကို ပြုံးရင်းသာ ကြည့်နေသည်။

ရှီလီသည် သွေးသားဆက်နွယ်ခြင်း၏ အစွမ်းကို စိတ်ထဲကနေ လက်ဖျားခါနေပြီး လေ့လာနေကြသော အတန်းဖော်တွေမှာမူ စုန့်ရင်းကို သနားနေကြသည်။ သူမ၏ မွေးမိခင်က သူမမျက်စိရှေ့တွင်ရှိနေ‌ပြီး စုန့်ရင်းကလည်း ရွှီရှင်း၏မိန်းမက သူမ၏ အမေဆိုတာကို သိနေသော်လည်း သူမခမျာ အသိအမှတ်ပြုခံရရန်အတွက် ရှေ့ဆက်တိုးလို့ မရပေ။

နှလုံးသားနူးညံသော မိန်းကလေးအချို့ဆို နောက်လှည့်၍ မျက်ရည်တွေကို တိတ်တိတ်လေး သုတ်ကုန်ကြ၏။ ဒါက တကယ့်ကို ရင်နာစေတာပဲ။

ရုတ်တရက် ရှီလီ၏စိတ်ထဲတွင် နှိုးဆော်မှုတစ်ခု မြင့်တက်လာပြီး: [ဒီအမေနဲ့ သမီးကို မကြာခင် ပြန်ဆုံစည်းနိုင်အောင်လို့ ငါတို့ နည်းလမ်းရှာဖို့လိုတယ်]

[ကြည့်နေရတာ အရမ်းနာကျင်ရတယ်]

ဘေးမှကြည့်နေသူများမှာ ရင်နာနေကြပြီးစုန့်ရင်းမှာမူ မျက်ရည်တွေဝဲနေရပြီ ဆိုသော်ငြား မျက်ရည်မကျမိစေရန် သူမကိုယ်သူ ထိန်းချုပ်ထားသည်။

ကိုယ့်ကိုယ်ကိုယ် အကဲဆတ်သော လူဖြစ်သည့်ရွှီရှင်း၏ မိန်းမကတော့ သူမ အခင်ဆုံးသူငယ်ချင်း၏ သမီးက သူမနှင့် ပထမဆုံး‌ဆုံတွေ့ချိန်မှာ မျက်လုံးထဲ၌ မျက်ရည်များ ရှိနေတာကို ထူးဆန်းတယ်လို့ မမြင်မိပေ။

117 02

သူမ သူငယ်ချင်း၏ သမီးကို လက်ကိုင်ပဝါကမ်းပေးလိုက်ပြီး ကျောကိုပုတ်ပေးရင်းစနောက်ကာ ပြောလိုက်၏ “ထူးဆန်းလိုက်တာ၊သမီးကို အန်တီ့သမီးလိုမျိုး အရမ်းရင်းနှီးနေ သလို ခံစားနေရတယ်”

သူမ၏ လေသံထဲတွင် လွမ်း‌ဆွတ်မှု အရိပ်အယောင်တို့ကို သယ်ဆောင်ထားကာ“အရင်တုန်းကဆိုရင်လေ သမီးအမေနဲ့ အန်တီက တစ်ပြိုင်တည်း ကိုယ်ဝန်ရှိခဲ့ကြတာ။ အန်တီတို့တွေ သမီးနဲ့ သားမွေးလာရင် ပေးစားမယ်လို့တောင် နောက်ပြောင်ခဲ့ကြသေးတယ်။တကယ်လို့ ယောက်ျားလေးချည်းဘဲ၊ မဟုတ်လည်း မိန်းကလေးချည်းဘဲဆိုရင် သူတို့ကိုညီအစ်ကိုတွေ၊ ညီအစ်မတွေ လုပ်ခိုင်းမယ်၊အန်တီတို့ကတော့ အချင်းချင်းဆီက ကလေးတွေရဲ့ ခေါင်းကိုင်အမေတွေ လုပ်ကြမယ်ဆိုပြီးတော့ပေါ့”

“တကယ်လို့ အန်တီတို့သာ အဲဒီအစီအစဉ်အတိုင်း လိုက်နာမယ်ဆို၊ အခုနေ သမီးအန်တီ့ကို ခေါင်းကိုင်အမေလို့ ခေါ်သင့်တယ်နော်”

စုန့်ရင်း၏ လည်‌ချောင်းမှာ တင်းကြပ်သွား၍သူမအနေနှင့် “ခေါင်းကိုင်အမေ” ဆိုပြီးဘယ်လိုမှ ပြောမထွက်နိုင်။

သူမ၏ အမေရင်းကို “ခေါင်းကိုင်အမေ” ဆိုပြီးခေါ်ရမှာက သူတို့နှစ်ဦးစလုံးမှာ အမှန်တရားကိုမသိသေးသော်လည်း ရှီလီအတွက်ကတော့အလွန်ရက်စက်လှပေသည်။

သူမ ရှေ့ထွက်၍ စကားဖြတ်ပြောလိုက်၏“အန်တီ အဲ့လိုအမည်တပ်ပြီးခေါ်ခိုင်းဖို့ စာအိတ်နီ ပေးပြီးသွားပြီလား? မဟုတ်ရင်အန်တီ့ကို သူမ ခေါ်လို့မရဘူးနော်”

ဟွမ်ကျဲက သူမအား စနောက်စွာ ဆူပူလာတော့သည် “ဒီကလေးကတော့လေ၊ အမြဲတမ်းပိုက်ဆံအကြောင်းဘဲ ပြောနေတာဘဲ။ နင့်အဖေနဲ့ငါက နင့်ကို နှိပ်စက်တယ်လို့ လူတွေထင်ကုန်ကြဦးမယ်”

ထို့နောက် ဟွမ်ကျဲသည် ဒီဆိုးသွမ်းသောကောင်မလေးက ဟုန်ယန်အား စတွေ့တုန်းကလည်း သူမ၏ ဦးလေးငယ်အား စာအိတ်နီတောင်းခဲ့ကြောင်းကိုပါ ထုတ်ပြောလိုက်၏။

အမေနှင့် သမီးမှာ “ခေါင်းကိုင်အမေ” ဆိုသောကိစ္စကနေ အောင်မြင်စွာ အာရုံပြောင်းလဲနိုင်ခဲ့သည်။

စုန့်ရင်းသည် စိတ်ထဲကနေပြီး စိတ်အေးစွာ သက်ပြင်းချလိုက်တော့သည်။

ရွှီရှင်း၏မိန်းမတွင် အခြားဧည့်ခံစရာ ဧည့်သည်တွေ ရှိသေးသဖြင့် သူမ၏ အချိန်အားလုံးကို သူမသူငယ်ချင်း၏ သမီးအပေါ်မှာဘဲ ကုန်ဆုံးလို့မရပေ။ သူမ ပြောလိုက်၏။ “သမီး အိမ်ပြန်ရောက်ရင်၊ ဟုန်ယန့်ကို ကျေးဇူးပြုပြီး ပြောပေးပါ၊ အန်တီ အချိန်အားတာနဲ့လာလည်မယ်လို့”

“သမီး သေချာပြန်ပြောလိုက်ပါ့မယ်”

ဟွမ်ကျဲလည်း မိန်းကလေးနှစ်ယောက်နှင့် တစ်ချိန်လုံးရှိနေလို့ မရတာကြောင့် ရှီလီကို ညွှန်ကြားချက်တစ်ချို့ပေးပြီးနောက် သူမဘာသာ သွားကစားခိုင်းလိုက်သည်။

စုန့်ရင်း၏ ရှီလီတို့မှာ ဟွမ်ကျဲ၏ ထားရစ်ခြင်းကို ခံလိုက်ကြရသည်။ ရှီလီသည် မလှမ်းမကမ်းမှ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို ခြေရာခံမိသွားသည်။ ၎င်းမှာ နှစ်သစ်ကူး မတိုင်ခင်တုန်းက ဖူဟွေ့ရှင်း၏အိမ်တွင် သူမ မြင်တွေ့ခဲ့သော ဒုတိယဖူသခင်လေးနှင့် မစ္စပိုင်ချန်းချန်းပင်။

ယခုလို အခမ်းအနားမျိုးသို့ ပိုင်ချန်းချန်းကို ခေါ်လာပြီဆိုကတည်းက ဤကြယ်ပွင့်စုံတွဲမှာ ဖူမိသားစု၏ သဘောတူလက်ခံခြင်းကို ရရှ်ိသွားပြီဆိုသည့်ပုံပင်။

ဒုတိယဖူသခင်လေး၏ ခေါင်းထက်တွင်အသက်အတွက် အချိန်ရေတွက်နေတာကို ရှီလီ မြင်ယောင်နေမိသည်။

သူမ၏ အကြည့်မှာ ဒုတိယဖူသခင်လေး၏ကျောက်ကပ်အပေါ်သို့ ကျရောက်နေပြီး[သူ့ရည်းစားက *ပြည်မြောက်ပိုင်းကို ဖျားယောင်းပြီး ခေါ်သွားလို့ကတော့၊ အဲဒီအသိုင်းအဝိုင်းထဲမှာ ဒုတိယဖူသခင်လေးကသူ့ရုပ်ရည်ကို အသုံးချမလား၊ တယ်လီဖုန်းလိမ်လည်ရေးအတွက် သူ့ရဲ့ အပြောချိုတာကို သုံးမလား၊ မဟုတ်လည်း သူ့ကျောက်ကပ်တွေ ရိတ်သိမ်းခံရပြီး သဘာဝတရားကြီးနဲ့တစ်သားတည်း ဖြစ်သွားမလားပဲ]

အတန်းဖော်များ: ဝိုး၊ ပြင်းလိုက်တာ!

ဖူဟွေ့ရှင်း: ငါအကြောက်ဆုံးအရာက အခုထိရှိနေတုန်းဘဲ။

******

118 01

အခန်း ၁၁၈: မဖြစ်သေးဘူး၊ ဒုက္ခရောက်ပြီ

အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသော မစ္စပိုင်ချန်းချန်းသည် ခမ်းနားထည်ဝါသည့် ခန်းမထဲ၌ သိသိသာသာ ထင်းထွက်နေ၏။

စုန့်ရင်းသည်လည်း ရှီလီ ရွေးချယ်ပေးထားသည့် ဒီဇိုင်နာချုပ် ကော့တေးဂါဝန်ကို ဝတ်ဆင်ထားသည်။

စုန့်ရင်းတွင် သိမ်မွေ့သော ပုံပန်းသွင်ပြင်ရှိတာကြောင့် နူးညံ့သည့် အဖြူရောင်က သူမ၏တင့်တယ်သော ဂုဏ်သိက္ခာကို ပေါ်လွင်စေသည်။

ဒုတိယဖူသခင်လေးမှာ သူ၏ချစ်သူအားမိဘတွေ သဘောမကျတာကို သိနေသော်ငြား သူကတော့ ယခုလိုကိစ္စမျိုးကို ဂရုမစိုက်ပေ။

နှစ်သစ်ကူးတုန်းက သူ့ကောင်မလေးကို အိမ်ခေါ်လာသည့် နောက်ဆုံးအကြိမ်တုန်းက သူသည် ရိုးအခဲ့သော်လည်း တုံးအနေတာ မဟုတ်ချေ။ (ဖူမိသားစုက သဘောမတူဘူးဆိုတာကိုပါ) ချန်းချန်းကို သူ့မိဘတွေ သဘောမကျဘူးဆိုတာ ပြောနိုင်သော်လည်း သူမကို နားလည်မှု လွဲနေကြတယ်လို့ ဒုတိယဖူသခင်လေး ယုံကြည်သည်။

အချစ်တစ်ခုတည်းဖြင့် သူတို့ကို အားတက်စေသော အသက်အရွယ်ကို ကျော်လွန်လာသည်ကလွဲလျှင် ထိုသို့သော အယူအဆတွေကိုသူတို့တွေ တွယ်ညိနေဆဲသာ။

ဇိမ်ကျကျ ကြီးပြင်းလာခဲ့ရတော့ ငွေကြေးတည်ငြိမ်မှုက အရေးပါလှသော သာမန်ဘဝ၏နေ့စဉ် ရုန်းကန်လှုပ်ရှားနေရမှုနှင့် ပတ်သက်၍ သူဘာမှ မသိပေ။

ရှီလီ၏ ဦးလေးက မိန်းမတစ်‌ယောက်ကြောင့် မိသားစုထဲကနေ ခွဲထွက်ခဲ့၏။ သုံးနှစ်ကြာ ကင်းကင်းရှင်းရှင်း နေခဲ့ပြီးနောက်မှာတော့ မိန်းမ၊ မယားပါသမီးနှင့်အတူ အိမ်သို့ မလုံမလဲ ပြန်လာခဲ့လေသည်။

ဤဖြစ်ရပ်က သူတို့၏ အသိုင်းအဝိုင်းကြားထဲ၌ ရှီလီ၏ ဦးလေးအား ရယ်စရာတစ်ခုလို ဖြစ်လာစေခဲ့သည်။

ရှီလီ၏အဖေမှာ တစ်ခါက ပြောခဲ့ဖူးသည်။ “တကယ်လို့ မိသားစု အကူအညီမပါဘဲနဲ့အပြင်မှာ သူ့ဟာသူ တိုးတက်အောင် လုပ်နိုင်ရင်တော့ သူ့ကို တကယ့်ယောက်ျားသားအနေနဲ့ အဖေ လေးစားမိမှာ”

ရှီလီ၏ ဦးလေးကို ကိုယ့်အကြောင်းကို သတိမပြုခြင်းကြောင့် လူတွေ လှောင်ပြောင်ခဲ့ကြသည်။

သို့သော် ဒုတိယဖူသခင်လေးမှာမူ သူ့မိဘတွေ၊ အခြားသူတွေနှင့် မတူညီသော အမြင်ကို ဆုပ်ကိုင်ထားသည်။ သူကတော့ ရှီလီ၏ဦးလေအား အစစ်အမှန် နှစ်လိုဖွယ်ကောင်းသည်ဟု ထင်နေတာပင်။

တကယ်လို့ မိသားစုကနေ ထွက်ရမှ မင်းချစ် ရတဲ့ မိန်းမတစ်ယောက်နဲ့ အတူနေရမယ်ဆိုလည်း ထွက်လိုက်ပေါ့။

ဤသည်မှာ မိသားစု၏ စည်းစိမ်အားလုံးကို ရရှိမည့် တစ်ဦးတည်းသော ကလေး၏ အကျိုးအမြတ်ပင်။ အမွဥစ္စာအတွက် တိုက်ခိုက်ရမည့် ကလေးတွေများ‌သော မိသားစုတွေနှင့် မတူဘဲ သူဘာဘဲလုပ်လုပ်ယခုလိုကိစ္စတွေကို စိတ်ပူစရာမလိုပေ။

အချစ်ခံရသော သူများမှာ ထင်ရာစိုင်းကြသည်များသာ။

သူက တကယ့်ကို တစ်ခုခုပင်။ မစ္စတာနှင့် မစ္စဖူတို့သည့် သူ၏ ကျန်းမာရေးကို ထည့်တွက်၍ ကန်မထုတ်ရသေးသော်လည်း သူကတော့ သူ့ကောင်မလေးနှင့် မိသားစုထဲမှ ထွက်ခွာရန် စဉ်းစားနေလေသည်။

နှစ်အနည်းငယ်လောက်ကြာမှ အိမ်ပြန်လာလို့ရတယ်လို့ တွေးထားတာဖြစ်သည်။ အဆုံးမှာတော့ သူသည် သူတို့၏ သားအရင်းဖြစ်သဖြင့် သူ့မိဘတွေက သူ့အား ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ။

အစ်ကိုနှစ်ယောက်ရှိပြီး မိသားစုအတွက်မရှိလည်းဖြစ်သည့် ရှီလီ၏ ဦးလေးနှင့် မတူသည်မှာ သူက တစ်ဦးတည်းသော သားပင်။

118 02

သူသာ ပြန်လာချင်သရွေ့၊ သူ့မိဘတွေက သူ့ကို ထွက်သွားခိုင်းမှာ မဟုတ်ပေ။

သူ့ကို ပျိုးထောင်ရတာက ဝက်သားကင် လုပ်ရတာထက် ပိုဆိုးလေသည်။ ခွေးတစ်ကောင်မှ ၎င်းကို ပျိုးထောင်ပေးသော သခင်ကိုသိ၍သူစိမ်းတွေနှင့် လိုက်ပြေးသွားမည့်အစားအိမ်ကို စောင့်ရှောက်ပေးသည်။

သို့ပေတည့် သူကတော့ သူ့မိသားစုကနေထွက်ခွာပြီးလျှင် အိမ်ပြန်လာရင် ကောင်းမလားဆိုပြီး စဉ်းစားနေလေသည်။

မျှမျှတတပြောရလျှင် သူ့မိဘတွေမှာဒုတိယဖူသခင်လေး၏ လက်ရှိရူးသွပ်မှု အတွက် ကိစ္စများစွာကို တာဝန်ယူထားရ၏။

သူ့တွင် ငယ်ငယ်လေးကတည်းက သာလွန်သော ဉာဏ်ရည်နှင့် ရင့်ကျက်သော ပါရမီရှင်အစ်ကိုတစ်ဦး ရှိလေသည်။ အကြီးဆုံးသားက ဆယ်ကျော်သက်အရွယ်မှာတင် ထိပ်တန်းတက္ကသိုလ်၏ ဉာဏ်ရည်မြင့် ပရိုဂရမ်သို့ဝင်ရောက်ခွင့်ရခဲ့ပြီး မိသားစု၏ ဂုဏ်ထူးဆောင် ဖြစ်လာခဲ့သည်။

သူသည် အခြားမိဘတွေ၏ အသိုင်းအဝိုင်းထဲတွင် နှမြောသော လေသံဖြင့် ချီးကျုးရသော ကလေးတစ်ယောက်ပင်ဖြစ်သည်။ “အဲ့ကလေးက သနားဖို့ကောင်းလိုက်တာနော်”

သူ‌ ဆယ်ကျော်သက် အရွယ်တုန်းက မဒမ်ဖူအတွက် ပန်းဝယ်ပြီး အိမ်ပြန်အလာတွင် မြစ်ထဲပြုတ်ကျသွားသော လေးနှစ်အရွယ်ကလေးမတစ်ဦးကို မြင်ခဲ့သည်။ အနားတွင် ရပ်ကြည့်သူတွေ၊ သက်တော်စောင့်တွေ တစ်ဦး‌တစ်ယောက်မှ မရှိသဖြင့် သူမကိုကယ်ရန် ရေထဲခုန်‌ဆင်းခဲ့သည်။ သက်တော်စောင့်တွေ သူတို့ကို ရှာတွေ့တော့ မြစ်ထဲတွင် အေးခဲနေပြီဖြစ်သော အလောင်းနှစ်လောင်းကိုသာ ရှာတွေ့ခဲ့ကြသည်။

သူတို့၏ ဂုဏ်ယူစရာနှင့် ပျော်ရွှင်ခြင်းကို ဆုံးရှုံးလိုက်ရတော့ စုံတွဲမှာ ထိုအချိန်တုန်းက လသားအရွယ်သာ ရှိသေးသော သားငယ်ကို အလွန်အမင်း အလိုလိုက်ခဲ့ကြတော့သည်။

ကလေးတွေကို အလွန်အမင်း အလိုမလိုက်သင့်ပေ၊ ရလဒ်ကတော့ ဒုတိယဖူသခင်လေးမှာ အတော်လေးကို ပျက်စီးသွား၍ အဓိပ္ပာယ်တိုင်း၌ အစစ်အမှန် “ဒုတိယသခင်လေး” ဖြစ်လာတော့၏။

ဒုတိယဖူသခင်လေး၏ “မိသားစုမှ ထွက်ခွာမည်” ဟူသောအကြံမှာ စိတ်ကူးသက်သက်သာရှိသေးပြီး အကောင်အထည် မဖော်ရသေးပေ။

သူ့မိဘတွေက သူ့အား အလှူပွဲတက်ရောက်ရန်အတွက် ဖိတ်ခေါ်တော့ အချစ်ရူးတစ်ယောက်အနေနှင့် သူ၏ ကောင်မလေးကိုပါ ခေါ်၍ရမလားဟူပြီး သဘာဝကျကျဘဲ မေးခဲ့သည်။

မစ္စတာနှင့် မစ္စဖူတို့မှာ သဘောမတွေ့သော်ငြား မငြင်းဆန်ခဲ့ပေ။

ငြင်းဆန်ခြင်းမပြုခြင်းကို သဘောတူခြင်းဟု မှတ်ယူလို့ရသည်။

ဒုတိယဖူသခင်လေးကတော့ ဤသည်ကိုသူနှင့် ချန်းချန်း၏ ဆက်ဆံရေးတွင် မှတ်တိုင်တစ်ခုအဖြစ် မြင်ခဲ့သည်။ သူ့မိဘတွေမှာ သူတို့၏အချစ်ကြောင့် စိတ်လှုပ်ရှားသွားကြ၍ သူချစ်ရသော ချန်းချန်းကို လက်ထပ်ယူနိုင်ရန် မကြာတော့ဘူးဟု ယုံကြည်နေတော့သည်။

စိတ်လှုပ်ရှားစွာဖြင့် သတင်းကောင်းတွေကို ချန်းချန်းနှင့်အတူ ဝေမျှခဲ့၏။ ဆင်းရဲ‌သောနောက်ခံကနေ တက်လာတာကြောင့် ယခုလိုအလှူပွဲမျိုးကို သူမ တက်ရောက်ဖူးမှာ မဟုတ်ပေ။ ဤသည်က အသိုင်းအဝိုင်းကြီး၏ တစ်ပိုင်းတစ်စအား သူမကို ပြသပေးရန် အခွင့်ကောင်းပင်ဖြစ်လေသည်။

ချန်းချန်းကတော့ သေချာပေါက်ကို အလွန်ကျေနပ်သွားသည်။

သူမ၏ ပျော်ရွှင်မှုက သူ့ကိုပါ ပျော်ရွှင်လာစေသည်။

ချန်းချန်း ရှက်နေတာကို သိနေသောကြောင့်အလှူပွဲတွင် ရင်းနှီးသော မျက်နှာတစ်ခုကို ခြေရာခံမိတာနှင့် ဒုတိယဖူသခင်လေးမှာ စိတ်အားထက်သန်စွာဖြင့် အပြေးရောက်လာတော့၏။

“ရှောင်ရှီလီ၊ မင်းရော ဒီမှာလာကစားတာလား!”

ဒုတိယဖူသခင်လေးမှာ ပြုံးဖြီးနေပြီး သူ၏ရူးသွပ်မှုကို အဝေးကနေတောင် သိမြင်နိုင်လေသည်။

118 03

ရှီလီက စုန့်ရင်းကို ညွှန်ကြားလိုက်သည်။ “ငါနဲ့ နီးနီးနေ၊ ‌လမ်းမပျောက်သွားစေနဲ့”

[ပိုင်ချန်းချန်း အနေနဲ့ အခုလိုနေရာမျိုးမှာမိန်းမငယ်လေးတွေကို ပေါ်တင်ကြီး ဖြား‌‌ယောင်းဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့၊အမျိုးသမီးတွေနှင့် ကလေးတွေကို လူကုန်ကူးနေတဲ့ မြင်ကွင်းတွေကိုတော့ မြင်‌‌ယောင်နေတာ‌ ဖျောက်ပစ်လို့မရဘူး]

အတန်းဖော်‌များ: …ဒါဆို၊ သူမက အဲ့လိုအလုပ်ကို တကယ်လုပ်နေတာလား။ ငါတို့တွေ ရှီလီရဲ့ ဆိုလိုရင်းကို နားမလည်နိုင်တော့ဘူး။

ဖူဟွေ့ရှင်း: ...

ဤစကားကိုကြားတော့ စုန့်ရင်းသည် ရှီလီ၏လက်ကို မြဲမြံစွာကိုင်၍ “မမ၊ ငါနင်နဲ့ နီးနီးနေမှာပါ။ ငါ လျှောက်မသွားပါဘူး”

သူမက အခုမှ အမေရင်းကို ရှာတွေ့ထားတာ၊ပြီးတော့ B*ပြည်နောက်ပိုင်းဆီ ပြန်ပေးဆွဲမခံချင်ပါဘူး။ အဲ့နေရာက အတော့်ကို ဆိုးတယ်လို့ သူမ ကြားတယ်။

ဒုတိယဖူသခင်လေး ရှီလီကို ခြေရာခံမိသည့်တစ်ချိန်တည်းမှာဘဲ ပိုင်ချန်းချန်းလည်းသူမ တွေ့ချင်နေသော မျက်နှာလှလှလေးကိုမြင်သွားသည်။

ရှီလီမှာက မျက်နှာလှလှလေးရှိတယ်။ တကယ်လို့ သူမကိုသာ နိုင်ငံခြား ပို့လိုက်လို့ကတော့ ပိုက်ဆံအများကြီး ရမှာဘဲ။

ပြဿနာက ဤမိန်းကလေးမှာ အပြင်ကိုထွက်ခဲလှပြီး သူမ၏ မိသားစုကလည်း ဩဇာအရှိန်အဝါ ရှိနေတာပင်။ သူမကို ဖြား‌ယောင်းရမှာက လွယ်ကူသောအလုပ် မဟုတ်ချေ။

၎င်းက အမြတ်အစွန်း အကြီးကြီးရနိုင်သော်ငြား အလွန်အမင်း ခက်ခဲမှုနှင့် အန္တရာယ်လည်း ကပ်လိုက်လာပေသည်။

သူမသည် ဤစီးပွားရေး၌ နှစ်တွေအကြာကြီး ကျင်လည်ခဲ့သဖြင့် မိန်းကလေး လှလှလေးတွေကို မြင်နေရတာက သူမ၏ လက်ချောင်းတွေကို ယားယံလာစေသည်။ သို့သော် ရှီလီကို မရနိုင်မှန်း ပိုင်ချန်းချန်း သိသည်။

သူမသည် ရှီလီကို မရနိုင်‌သော်လည်း သူမ၏“လှုပ်ရှားမှု” ကိုတော့ မတားဆီးနိုင်ပေ။

ရှီလီ၏ ဘေးနားက ကောင်မလေးကို မြင်သွားတော့၊ ပိုင်ချန်းချန်း၏ မျက်လုံးတွေ လင်းလက်လာတော့၏။

ဒီကောင်မလေးက ကွတ်တိပဲ။

သူမက လှတယ်ဆိုပေမဲ့ ရှီလီလောက်တော့ မျက်စိဖမ်းစားစရာ မဖြစ်ဘူး။

ပိုင်ချန်းချန်းကို စိတ်အကျေနပ်စေဆုံးကတော့ သူမ၏ သွင်ပြင်ကို အကဲခတ်ကြည့်လိုက်ရုံနှင့် ကောင်မလေးက ကျိုးနွံမည့်ပုံပင်။

ကျိုးနွံသည်မှာ အလွယ်တကူ ဖမ်းယူပြီး အလွယ်လေး လေ့ကျင့်ပေးလို့ရတာကို ဆိုလိုတာဖြစ်သည်။

သူမ ပိုကြည့်လေ၊ စိတ်တိုင်းကျလာလေပင်။

ကောင်မလေး၏ မိသားစုနောက်ကြောင်းကို သူမ စိတ်ဝင်စားလာ၏။ အကယ်၍ သူမကို ပြန်ပေးဆွဲလိုက်ရင် သူမ မိသားစုက အဆက်အသွယ်တွေသုံးပြီး လိုက်ရှာလောက်လား။

အကယ်၍ သူမကို ပေါ်ပေါက်သွားစေသော စွန့်စားမှုရှိနေပါက သူမ မလုပ်တော့ပေ။

ရှီလီ၏ဘေးက မရင်းနှီးသော ကောင်မလေးကို ပိုစိတ်ဝင်စားသော်လည်း ပိုင်ချန်းချန်းမှာ စိတ်ရှည်ပေသည်။ သူမ သိသည့် ရှီလီကိုအရင်ဆုံးနှုတ်ဆက်ရန် ဆုံးဖြတ်လိုက်၏။

“ဒီမှာတွေ့တာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ၊ ညီမလေး ရှီလီ”

[ဘယ်လိုတောင် တိုက်ဆိုင်မှုလဲ]

မစ္စပိုင်ချန်းချန်းက သူမကောင်လေး၏လက်ကိုလွှတ်၍ ရှီလီ၏ အခြားလက်မောင်းကို ကိုင်လာကာ “အရင်က ညီ‌မလေးကို အစ်မခေါ်လိုက်တိုင်း မအားဘူးဆိုတာဘဲနော်။ အခုနောက်ဆုံးတော့ ညီမလေးကို ဖမ်းမိပြီ!”

အတန်းဖော်များ: သွားပြီ။ ရှီလီ ဒုက္ခတွေ့နေပြီ။

******

119 01

အခန်း ၁၁၉: ဘာလို့ ‌ကလေးပေါင်းထောင်ချီက နင့်ဘေးနား ရောက်နေတာလဲ

အကယ်၍ သူမက တကယ်ဘဲ သတိချပ်နေလျှင်တောင် တစ်ဖက်လူကို အသိပေး၍ ‌မဖြစ်ပေ။ ရှီလီက ရယ်သွေးလွှမ်းလိုက်ကာ“ညီမတို့က စိတ်ချင်းဆက်နေတယ်လို့ အခြားဘယ်လိုပြောနိုင်မလဲ။ ဒီအလှူပွဲအကြောင်းကို ညီမ စကြားကြားချင်းတုန်းက မလာချင်ခဲ့ဘူး၊အစ်မ လာမယ်ထင်လို့ လာဖို့ဆုံးဖြတ်ခဲ့တာ”

ပိုင်ချန်းချန်းသည် ရှီလီ၏ အပြောချိုမှုအပေါ်တခစ်ခစ် ရယ်လိုက်ပြီး “ညီမရဲ့ ပါးစပ်လေးကတော့ ချိုနေတာဘဲ။ တကယ်လို့ ရှောင်ရှီလီသာ ယောက်ျားလေး ဆိုလို့ကတော့ အရမ်းရုပ်ဆိုးနေရင်တောင် အဲဒီလျှာလေးကြောင့် မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာဘဲ”

“ဒါဆို အစ်မချန်းချန်းက ဒုတိယဖူသခင်လေးကို မျက်နှာတွေ၊ ပိုက်ဆံတွေကြောင့် မဟုတ်ဘဲသူ့ရဲ့ အပြောချိုချိုလေးကြောင့် သဘောကျသွားတာပေါ့နော်”

ပိုင်ချန်းချန်းက သိမ်မွေ့စွာ ပြုံးလိုက်ရင်း“သူ့ရဲ့ အကျင့်စရိုက်နဲ့ အရည်အချင်းကြောင့်သူ့ကို သဘောကျသွားတာလေ”

ရှီလီက ကသိကအောက်သလိုလိုနှင့် ယဉ်ကျေးသော အပြုံးကို တပ်ဆင်၍ “ကောင်းတာပေါ့”

[အပိုတွေ၊ ဒုတိယဖူသခင်လေးက မိသားစုထဲမှာ ယုံလွယ်ပြီး လှည့်စားဖို့ လွယ်လွန်းတာကြောင့်ဆိုတာ အရှင်းကြီးကို]

အစ်မကြီးတစ်ယောက်အနေနှင့် ပိုင်ချန်းချန်းမှာ ရှီလီဟ လက်ကိုဆွဲ၍ စားပွဲရှည်တွင် သွားထိုင်လိုက်၏။ စုန့်ရင်းကလည်း အနောက်ကနေ သဘာဝကျကျ လိုက်သွားသည်။

ပိုင်ချန်းချန်းက လူကုန်ကူးသူဆိုတာကို အတန်းဖော်တွေ သိပြီးကတည်းက သူတို့၏မျက်လုံးတွေကို ရှီလီနှင့် စုန့်ရင်းဆီကနေ မခွာတော့ပေ။

အကယ်၍ သူတို့သာ ခဏလောက်လေး အကြည့်လွှဲလိုက်ပါက ပိုင်ချန်းချန်း ဖြတ်ခုတ်သွားမှာကို စိုးရိမ်နေကြတာပင်။

ရှီလီနှင့် စုန့်ရင်းကို လူကုန်ကူးသမား ပြန်ပေးဆွဲသွားမှာကို စိုးရိမ်တာအပြင် နောက်ထပ်မေးခွန်းတစ်ခုကိုလည်း အ‌တန်းဖော်တွေ စိုးရိမ်ကြသေး၏: ဘာလိုဖြစ်ပြီး ဒုတိယဖူ သခင်လေးက လူကုန်ကူးသမားနဲ့ ပတ်သက်မိသွားတာလဲ။

ဒီဟာက ကိုယ်ကျင့်တရား ပျက်စီနေတာလား၊မဟုတ်ရင် လူသားသဘာဝ တိမ်းစောင်းသွားတာလား။

ပိုင်ချန်းချန်းနှင့်အတူ စားပွဲရှည်ဆီရောက်တော့ မူလက ရှီလီ၏ လက်ကောက်ဝတ်ကို ကိုင်ထားသော စုန့်ရင်းမှာ ရှီလီ၏လက်ကို လွှတ်ပေးလိုက်ရပြီး ပိုင်ချန်းချန်းအား သူမနှင့် ရှီလီကြားတွင် ဝင်ရပ်ခွင့် ပေးလိုက်ရ၏။

ပိုင်ချန်းချန်းက ရှီလီ၏ ပခုံးကိုဖက်ထားပြီး ကျန်တစ်ဖက်နှင့် စုန့်ရင်း၏လက်ကို ဆွဲထားလေသည်။

“ဒီညီမလေးကရော ဘယ်မိသားစုလဲ။ သူမက အရမ်းချစ်ဖို့ကောင်းတာဘဲ”

ရှီလီသည် သူစိမ်းတွေနှင့် ထိတွေ့ဆက်ဆံရတာကို သဘောမကျဘဲ အထူးသဖြင့် ပိုင်ချန်းချန်းက ဘယ်လိုလူစားမျိုးလဲဆိုတာကိုသိနေသည့်အခါတွင်ပင်။

ပိုင်ချန်းချန်း၏လက်က ရှီလီ၏ပခုံးကို ထိလိုက်တာနှင့် သူမ၏ အရေပြားပေါ်ကို အင်းဆက်သေးသေးလေးတွေ ကုပ်တွယ်တက်လာသလို ရှီလီ ခံစားလိုက်ရသည်။

ရှိလီက အချိန်အတော်ကြာသည်အထိ ပိုင်ချန်းချန်းအား ပြန်မဖြေတာကို မြင်လိုက်ရတော့ စုန့်ရင်းမှာ ကသိကအောက်ဖြစ်စွာ ရယ်လိုက်ရင်း ပြောလိုက်၏။ “ကျွန်မတို့က တစ်မိသားစုတည်းပါ။ ကျွန်မက မမရဲ့ညီမလေးလေ”

ပိုင်ချန်းချန်း အတွေးဝင်မိ၏၊ မဟုတ်မှ လွယ်လွယ်မရမဲ့သူကို သူမ ထပ်ပြီးရွေးမိပြန်ပြီလား။ တကယ်လို့ သူမက ရှီလီရဲ့မိသားစုကဆိုရင် သူမကို ထားထားလိုက်တာ အကောင်းဆုံးပဲ။

ဒါပေမဲ့ ရှီလီမှာ ဘယ်တုန်းက ညီမရှိသွားတာလဲ။

တကယ်လို့ သူမ မှတ်မိတာသာမှန်ရင် ရှီလီကမိသားစုရဲ့ အငယ်ဆုံး ကောင်မလေးပါ။ဒီညီမက ဘယ်က ရောက်လာတာလဲ။

119 02

ရှီလီရဲ့ အမေဘက်က အဘွားမိသားစုကBlue City မှာ မဟုတ်ပါဘူး၊ ဟွမ်ကျဲရဲ့မိသားစုကလည်း သိက္ခာရှိတဲ့ နောက်ခံကပါ။

ပိုင်ချန်းချန်းသည် တစ်ခါတုန်းက ဤချမ်းသာပြီး ဩဇာကြီးသော မိသားစုတွေ၏ အမျိုးမျိုးသော ဆက်ဆံရေးတွေကို အထူးတလည် လေ့လာခဲ့ဖူးသည်။

ထို့ကြောင့် ပိုင်ချန်းချန်းသည် ရှီလီ၌ ဝမ်းကွဲတွေရှိတယ်ဆိုတာကို မှတ်မိနေတာပင် -ဝမ်းကွဲအစ်မတွေ၊ ဝမ်းကွဲအစ်ကိုတွေ၊ ဝမ်းကွဲ မောင်တွေ- ဒါပေမဲ့ ဝမ်းကွဲညီမတော့ မရှိပါဘူး။

ဘယ်လိုဘဲ တွက်ချက်ကြည့်ကြည့်၊ ရှီလီမှာညီမ မရှိနိုင်ဘူး။

ခဏနေပါဦး၊ ပြီးခဲ့သော နှစ်တုန်းက တတိယရှီသခင်လေးမှာ မိန်းမနှင့် ကလေးတစ်ယောက်နှင့်အတူ ရှီမိသားစုထံ ပြန်ခေါ်လာခဲ့သည့်အကြောင်း ကြားမိတာကို ပိုင်ချန်းချန်း မှတ်မိသွားသည်။

ဒီလိုဆို ဖြစ်နိုင်ခြေ တစ်ခုဘဲ ရှိတော့တယ်။ -ဒီကောင်မလေးက တတိယရှီသခင်လေးရဲ့မယားပါသမီးပဲ ဖြစ်ရမယ်။

တကယ်လို့ သူမက ရှီမိသားစုရဲ့ မယားပါသမီးဆိုရင် အရေးကြီးတဲ့သူ မဟုတ်ဘူးဘဲ။ တကယ်လို့ သူမ ပျောက်သွားရင်တောင် သူမကို ရှာဖို့အတွက်နဲ့ ပုံကြီးချဲ့ကြမှာ မဟုတ်ဘူး။

ပိုင်ချန်းချန်းသည် လူကုန်ကူးမည့် ပစ်မှတ်များစာရင်းထဲသို့ သူမကို စိတ်ထဲကနေ ထည့်ထား လိက်တော့သည်။

ဤအတွေးတွေက သူမစိတ်ထဲတွင် ခဏတွင်းချင်း ဖြစ်ပျက်သွားတာတွေပင်။ ပိုင်ချန်းချန်းက သစ်သီးဝိုင်တစ်ခွက်ကို စုန့်ရင်းဆီ သိမ်မွေ့စွာ ကမ်းပေးလိုက်ရင်း “ညီမလေး ဒီရောက်နေတာ အ‌တော်ကြာနေပြီ။ ရေဆာနေပြီလား။ တစ်ခုခု သောက်ချင်နေလား။ ဒီဝိုင်က အရက်ပါဝင်မှုနည်းတော့ ညီမလေးကို မူးစေမှာ မဟုတ်ဘူး”

ရှီလီသည် အရက်အကြောင်း သိပ်မသိသောကြောင့် ပိုင်ချန်းချန်း ပြောတာ မှန်လား၊ မှားလား သူမ မသိပေ။

သို့သော်လည်း အရက်ဆိုတာ အူလမ်းကြောင်းထဲကို တိုက်ရိုက်ဆင်းသက်သွားသည့် အဆိပ် တစ်မျိုးဆို‌သောနိယာမကို သူမ လိုက်နာသဖြင့် လုံးဝမသောက်တာ အကောင်းဆုံးပင်။

ရှီလီသည် လက်ကိုဆန့်ထုတ်၍ ဝိုင်ခွက်အားတွန်းလိုက်ပြီး “သူမက ကောလိပ်ဝင်ခွင့် စာမေးပွဲတွေအတွက် ပြင်ဆင်ဖို့လိုတဲ့ ကလေးပဲရှိပါသေးတယ်။ အရက်သောက်တာက သူမရဲ့ ဦးနှောက်ကို ပျက်စီးစေတယ်၊ အဲတော့ သူမကို ဒါမသောက်ခိုင်းတာ ပိုကောင်းတယ်”

“အဆင်ပြေပါတယ်၊ လည်ချောင်း စွတ်ရုံလေးတစ်ငုံ၊ နှစ်ငုံလောက်က သူမကို မမူးစေပါဘူး”

စားစရာ၊ သောက်စရာနှင့် ဖျော်ဖြေရေးတို့တွင် ဗဟုသုတပိုများသော ဒုတိယဖူသခင်လေးက အနည်းငယ် မျက်မှောင်ကြုတ်၍ “ဒီဝိုင်က အရက်ပါဝင်မှုနှုန်း သိပ်မများဘူးဆိုပေမဲ့၊သောက်ပြီးရင် အာနိသင်ကတော့ ပြင်းတယ်။မင်းတို့ မိန်းမငယ်လေးတွေက ဖျော်ရည်ဘဲ သောက်သင့်တယ်။ အထူးသဖြင့် ဘားတွေမှာ ဒီလိုဝိုင်မျိုးကို ရှောင်ကြ။ တစ်ခွက်တည်းနဲ့ မှောက်နိုင်တယ်၊ တော်ကြာ မသိလိုက်ဘဲနဲ့ ရောင်းစားခံနေရဦးမယ်”

လူတွေကို ရောင်းချတာက သူမ၏ အလုပ်အကိုင်ဟောင်းဖြစ်ပြီး ထုတ်ပြော၍ မရသည့်စီးပွားရေးပင်။ ဒုတိယဖူသခင်လေးက လူကုန်ကူးမှုအကြောင်း ပြောလာတော့ သူမကို အနည်းငယ် အဆင်မပြေ ဖြစ်သွားစေသည်။

ဒါပေါ့၊ ၎င်းက သူမ အပြစ်ရှိစ်ိတ်ဝင်သွားလို့ မဟုတ်ဘဲ ဖော်ထုတ်ခံရမှာစိုးသဖြင့် စိတ်ရှုပ်‌ထွေးသွားခြင်းသာ။

ပိုင်ချန်းချန်းက သူမကောင်လေးအား ကလူသလိုကြည့်လိုက်ပြီး “ရှင်က ဗဟုသုတ အရမ်းရှိတာပဲနော်။ ကျွန်မတောင် မသိဘူးရယ်။ လူတွေ သောက်ကြတာကို အွန်လိုင်းပေါ်ကနေပဲ မြင်ဖူးတော့ အရမ်းမနာလို ဖြစ်ခဲ့ရတာ။ ဘာအရသာမှန်းတောင် မသိဘူး။ ရှင် ဒီမှာရှိနေတော့ ကျွန်မက စမ်းကြည့်မယ်လို့ တွေးထားတာ၊ အဲ့လိုဆို ကျွန်မ မူးသွားရင်တောင် အနားမှာ ရှင်ရှိနေတော့ ပြဿနာမလုပ်မိတော့ဘူးပေါ့”

သူ့ကောင်မလေး ဤသို့ပြောလာတာကို ကြားလိုက်ရတော့ ဒုတိယဖူသခင်လေးမှာ အပြစ်သားတစ်ဦးလို ရုတ်ချည်းခံစားလိုက်ရသည်။ သူအလျင်အမြန်ဘဲ တောင်းပန်လိုက်၏။ “ကိုယ်တောင်းပန်ပါတယ်၊ ချန်းချန်း။ ကိုယ်က ဒီအတိုင်းဘဲ ပြောလိုက်တာပါ”

119 03

အတွေ့အကြုံမရှိသော စုန့်ရင်းသည် သူ ဘာလို့ပိုင်ချန်းချန်းကို တောင်းပန်ဖို့လိုလဲဆိုတာအား နားမလည်နိုင်။

သူမက ရိုးစင်းစွာ မေးလိုက်၏။ “ရှင်က ဘာလို့ တောင်းပန်ဖို့လိုတာလဲ။ ရှင် အမှားလုပ်လိုက်လို့လား။ ဒီဝိုင်က သောက်ပြီးရင် အာနိသင် ပြင်းတယ်ဆိုပြီး ကျွန်မတို့ကို သတိပေးတာလေ၊ ကျွန်မတို့ကတောင် ရှင့်ကို ကျေးဇူးတင်ရဦးမှာ”

ရှီလီ တွေးလိုက်၏: [ကြည့်ရတာ သူမလည်းသဘာဝကိုက သတိမမူတတ်ပါလား]

စုန့်ရင်း၏ နားထဲမှာတော့ ဤသည်မှာချီးမွမ်းပေးတာနှင့် မခြားပေ။

သူမ အနည်းငယ် ရှက်သွေးဖြန်းသွားပြီး ရှက်ရွံ့သွားသည်။

စုန့်ရင်း၏ သတိပေးမှုကြောင့် နောက်ဆုံးတွင်ဒုတိယဖူသခင်လေး အသိပြန်ဝင်လာတော့၏။ဟုတ်သားဘဲ၊ သူက ဘာလို့ တောင်းပန်ရမှာလဲ။

သူ့ကောင်မလေး မ‌ပျော်မှာကို ကြောက်နေလို့လား။

ဒါပေမဲ့ ချန်းချန်း မပျော်ဘူးလို့ သူ ဘာလို့တွေးမိရတာတုန်း။

ရှီလီ၏ အားပေးမှုကြောင့် စုန့်ရင်းသည် ပိုပြီးစိတ်အားထက်သန်စွာ ပြောလာတော့သည်။

“ဒီအစ်မက ကြည့်လိုက်တာနဲ့ ကြင်နာတတ်တဲ့ပုံ ပေါ်ပါတယ်။ ရှင်က အဲ့လိုတောင်းပန်လိုက်တော့ သူမက အကျိုးအကြောင်းကို နားမထောင်တဲ့သူနဲ့ မတူသွားဘူးလား”

ဒုတိယဖူသခင်လေးက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ဟုတ်တယ်၊မင်းမှန်တယ်။ ငါ အခုမှ တကယ်မှားသွားတာပဲ”

သူ့ကို အရူးကြီးခေါ်သည်မှာ ‌ချဲ့ကားပြောခြင်း မဟုတ်ပေ။ အထက်တန်းဘဲ ရှိသေးသော စုန့်ရင်းတောင် သူ့ကို နှာတစ်ဖျားနှင့် ဦးဆောင်နိုင်လေသည်။ သူ့မှာ ဦးနှောက်မှရှိရဲ့လားလို့ အံ့ဩမိသည်။

ဧည့်သည်တွေ နေရာယူပြီးတော့ အလှူပွဲ၏အရေးကြီးဆုံး အပိုင်းကဏ္ဍဖြစ်သော -လေလံတင်ပွဲက စတင်လေပြီ။

အဖွဲ့အစည်း၏ ခေါင်း‌ဆောင်များနှင့် ပူးတွဲကုမ္ပဏီတွေက အကြမ်းဖျင်း မိတ်ဆက်ပြီးနောက် အခမ်းအနားမှူးက ဤလေလံပွဲ၏အမြတ်အစွန်းကို ဗုဒ္ဓဘုရားကျောင်းတွေအား ပြန်လည်ပြုပြင်ရာနှင့် ယဉ်ကျေးမှုအစဉ်အလာ ကို မြှင့်တင်ရာ၌ အသုံးပြုမည်ဟု ကြေညာလာသည်။

စင်ပေါ်တွင် မတ်တပ်ရပ်နေသော ဗုဒ္ဓဝင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဆရာသခင်ကို ကြည့်လိုက်ပြီး ဤမြင်ကွင်းက အတော်လေး အဓိပ္ပာယ်မရှိဘူးဆိုတာကို ရှီလီ သိလိုက်ရ၏။

ထို့နောက် လေလံပွဲရောက်လာသည်။ ရှီလီမှာလေလံဆွဲမည့် ပစ္စည်းတွေကို ဂရုမစိုက်သော်လည်း ဘေးဝိုင်း၏ သူတို့၏ကဒ်တွေကို မြှောက်နေကြသော လူတွေအား ပိုစိတ်ဝင်စားလေသည်။

ထိုလူ ကဒ်မြှောက်လိုက်တိုင်း ရှီလီသည် ပိုင်ချန်းချန်းအား ကြည့်ချင်စိတ်ကို ချုပ်တည်းနေရသည်။

ပိုင်ချန်းချန်းက သူမအပေါ် တွယ်ကယ်နေသည့်ပုံပေါ်ကာ လေလံပွဲ၌ ရှီလီနှင့် စုန့်ရင်း၏အနားတွင်း အတင်းဝင်ထိုင်လေသည်။

သူမ၏ အပြုအမူက ဒုတိယဖူသခင်လေးကိုအနည်းငယ် ဝေဖန်လာစေ၏။ “မင်းက သူငယ်ချင်းအသစ်တွေနဲ့ ကစားဖို့ကို အာရုံအရမ်းစိုက်နေတာဘဲ၊ ကိုယ့်ကိုယ်တောင် ဂရုမစိုက်တော့ဘူး”

သူမ၏ စိတ်ကျန်းမာရေးအတွက် ရှီလီသည် ပိုင်ချန်းချန်း၏ ကောင်လေးကို ချော့မော့နေသည့် စကားတွေအား လျစ်လျူရှုထားရန် ရွေးချယ်လိုက်၏။

လေလံပွဲအား မိတ်ဆက်ပေးပြီးနောက် နောက်ထပ် အကူးအပြောင်းကာလထဲ ဝင်ရောက်လာတော့သည်။

119 04

ဒုတိယဖူသခင်လေးက ဟွမ်ကျဲကို တလေးတစား ခေါင်းညိတ်ပြ၍ “အန်တီရှီ၊ ကျွန်တော် အန်ကယ်စွင်းကို သွားနှုတ်ဆက်လိုက်ဦးမယ်”

ဟွမ်ကျဲသည် ဤစားပွဲဝိုင်း၌ စီနီယာအကျဆုံးဖြစ်သဖြင့် ထွက်မသွားခင်၌ သူမအား အရင်နှုတ်ဆက်ဖို့ လိုပေသည်။

ဟွမ်ကျဲက အသာခေါင်းညိတ်ပြလာပြီး“သွားလေ”

ဒုတိယဖူသခင်လေးက သူ့ကောင်မလေး၏လက်ကိုဆွဲ၍ စွင်းရှို့လီဆီ သေချာလျှောက်လှမ်းသွား၍ ပြောလိုက်သည်။ “ဟယ်လို၊ အန်ကယ်စွင်း”

ထို့နောက် သူ့ကောင်မလေးအား သူနှင့်မိတ်ဆက်ပေးလိုက်သည်။

ရှီလီက သူတို့အနောက်ကနေ တိတ်တိတ်လေး စောင့်ကြည့်နေပြီး တွေးလိုက်သည်:[သူ မိတ်ပေးတာ လိုတာကျလို့၊ သူတို့က သိကျွမ်းနေပြီးသား]

[ရှင့်ရဲ့ အဖိုးတန်ချန်းချန်းက ဘာလို့ ရှင့်အနား လာကပ်တယ်ထင်လဲ]

ဒုတိယဖူသခင်လေး၏ အသံကလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာသည် “အန်ကယ်စွင်းက ကိုယ့်အဖေရဲ့ ညီအစ်ကိုလေ”

အနီးအနားမှ အတန်းဖော်များ အတွေးဝင်သွားကြ၏: နေစမ်းပါဦး၊ သတင်းအချက် အလက်တွေ လိုက်မမှီနိုင်လောက်အောင် များသွားပြီ၊ ငါတို့ရဲ့ CPU တွေကတော့ အပူလွန်ကုန်တော့မှာပဲ။

******

120 01

အခန်း ၁၂၀: ကောင်းကင်နဲ့ မြေကြီးက ကျယ်ပြောတယ်၊ ဘဝကို စူးစမ်းလေ့လာတာက အဓိကပဲ

ရှီလီ၏ စကားတွေက လူတိုင်း၏စိတ်ကိုအပြင်းအထန် လှုပ်ခတ်သွားစေသည်။

သူမ ဘာပြောတာလဲ။

ဒုတိယဖူသခင်လေးရဲ့ ကောင်မလေးက လူကုန်ကူးတဲ့သူ မဟုတ်ဘူးလား။ ဘာလိုဖြစ်လို့ စွင်းရှို့လီက ရုတ်တရက်ကြီး ပါဝင်လာရတာတုန်း။

စွင်းရှို့လီက ဒုတိယဖူသခင်လေးရဲ့ အတွင်းစည်းထဲသို့ ထိုးဖောက်ဝင်ရောက်ဖို့ တစ်စုံတစ်ယောက်ကို ပို့လိုက်သလိုမျိုး ရှီလီက စောင်းပါးရိပ်ခြေ ပြောနေသလိုပဲ။ ဒါပေမဲ့ စွင်းရှို့လီရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ အသက်နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတဲ့ ဒုတိယဖူသခင်လေးရဲ့ ကျန်းမာတဲ့ ကိုယ်တွင်းအင်္ဂါတွေနောက်ကို လိုက်နေတာလား။

ဒါမှမဟုတ် စောစောစီးစီး သူလျှိုထားထားမဲ့ အကြံအစည်ကြီးလား။ မဟုတ်မှလွဲရော ဒုတိယဖူသခင်လေးက ဖူမိသားစုရဲ့ ဆုံးဖြတ်ချက်ချရတဲ့သူ ဖြစ်လာပြီဆိုရင် အဖွဲ့နှစ်ဖွဲ့ကြား ပူးပေါင်းမှာတို့ အခြားတစ်ခုခုကို ရယူဖို့ကြောင့် ဒီမိန်းမကို စကားချိုချိုလေးတွေဘဲ တီးတိုးပြောခိုင်းမဲ့ အစီအစဉ်လား။

ဒါပေမဲ့ တစ်ခုခုက မဟုတ်သေးသလိုဘဲ။

ဒီမိန်းမက လူကုန်ကူးတဲ့သူလေ။

စွင်းရှို့လီရော သူမက လူကုန်ကူးတဲ့သူဆိုတာကို သိထားလား။

သူ့လက်အောက်ငယ်သားကို ဒုတိယဖူသခင်လေးဆီ ပို့လိုက်တဲ့ စွင်းရှို့လီရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဤသည်မှာ လူတိုင်း နားလည်ရန် ရုန်းကန်နေရသော မေးခွန်းတွေပင်။

အတိအကျ မသိကြသော်လည်း ၎င်းက ကောင်းတာမဟုတ်ဘူး ဆိုတာကိုတော့ လူတိုင်း သဘောတူကြ၏။

တကယ်လို့ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေက ဖြူစင်တယ်‌ဆိုရင်၊ အခုလိုမျိုးမရိုးသားတဲ့ နည်းလမ်းတွေကို အားထားနေတာလဲ။

စွင်းရှို့လီအား မစ္စတာဖူ၏ ညီအစ်ကိုကောင်းအဖြစ် မိတ်ဆက်ပေးလာတာကို လူတိုင်းကြားလိုက်ရ၏။

သိပ်မကြာသေးခင်က ရွှီရှင်း၏ မိန်းမလည်းဘဲစုန့်ရင်းအား “သမီးအမေက အန်တီ့ရဲ့အခင်ဆုံးသူငယ်ချင်းလေ” ဟူ၍ ခံစားချက်များစွာဖြင့် ပြောခဲ့သေးတာကို မှတ်မိကြသည်။

လူတိုင်းသည် ကနဦးပိုင်းတွင် “အခင်ဆုံးသူငယ်ချင်း” နှင့် “ညီအစ်ကိုကောင်း” ဟူသောအသုံးနှုန်းက တရားလွန်ကြီး အလွဲသုံးစားလုပ်ခံလိုက်ရတယ်လို့ မခံစားမိဘဲ မနေနိုင်တော့ပေ။

အတန်းဖော်များ: ငါတို့တွေတော့ တစ်ယောက် ယောက်သာ ငါတို့ရဲ့ “အခင်ဆုံးသူငယ်ချင်း”လို့ ပြောလာပြီဆိုရင် အချိန်အကြာကြီး သတိကြီးကြီး ထားဖို့လိုတော့မှာပဲ။

အသက်ငါးဆယ် ဝန်းကျင်ရှိပြီဖြစ်သော စွင်းရှို့လီသည် ပညာတ်ပုံစံ ပေါက်‌လေသည်။ သူသည် သပ်ရပ်သော ရွှေရောင်မျက်မှန်ကိုင်း ကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကိုလည်းအနောက်ဘက်သို့ သေသပ်စွာ ဖြီးသင်ထား၍ အနက်ရောင်ဝတ်စုံက သူနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေလေသည်။

သူ၏သွင်ပြင်က ပိုငယ်သွားစေသည့်ပုံပေါ်၍ သူ့အား လေးဆယ်ဝန်းကျင်သာ ထင်ရစေ၏။

ထူးထူးခြားခြား ချောမောခြင်း မရှိသော်ငြား စွင်းရှို့လီသည် သူ၏ အပြောအဆို၊ စတိုင်လ်တို့နှင့် ဖန်တီးယူထားသည်။

120 02

ခုတစ်လောတွင် စွင်းရှို့လီ၏ ကုမ္ပဏီတွင် အစည်းအဝေးထိုင်နေပုံက ရေပန်းစားသွားခဲ့သည်။ ငါးစက္ကန့်စာ ဗီဒီယိုလေးအတွင်းမှာတင် သူသည် မရေတွက်နိုင်သော ဖန်များကို ရရှိခဲ့ကာ အင်တာနက်အသုံးပြုသူတွေက သူ့ကလေးကို မွေးပေးချင်တယ်ဟူ၍ ဆူပူခဲ့ကြသေးသည်။

အသက်အရွယ်က အတားအဆီးမဟုတ်ဘဲ၊ပိုက်ဆံက အရာရာကို ချောမွေ့စေသည်။

သူ၏ ချမ်းသာကြွယ်ဝသော ဖဲချပ်ကြောင့် အသက်အရွယ်ကိုတောင် ဘေးချိတ်ထားလို့ရသည်။

စွင်းရှို့လီသည် ဝဘ်ဝတ္ထုတွေထဲ၌ ရေပန်းစားသော နမူနာဖြစ်သည့် “ရင့်ကျက်သော အမျိုးသား” ဟူသော ဗားရှင်း၏ တကယ့်အစစ်အမှန်ပုံ ဖြစ်လာခဲ့သည်။ သူ၏ အွန်လိုင်းပေါ်က ကြီးမားသော ကျော်ကြားမှုကြောင့်သူ့ကုမ္ပဏီ၏ ရှယ်ယာဈေးကလည်း မိုးထိအောင် မြင့်တက်လာခဲ့သည်။

ဒုတိယဖူသခင်လေးက စွင်းရှို့လီနှင့် စကားဆက်ပြောနေစဉ်တွင် ပိုင်ချန်းချန်းက သိမ်မွေ့သော အပြုံးတစ်ပွင့်ကို တပ်ဆင်ထား၍ ပြီးပြည့်စုံသော အားပေးတတ်သည့် ပါတနာနေရာကနေ သရုပ်ဆောင်နေသည်။

စွင်းရှို့လီက ဒုတိယဖူသခင်လေး၏ စာတွေနှင့်အနာဂါတ် အစီအစဉ်အကြောင်းတွေကို မေးမြန်းခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှီလီသည် ငါးနံ့ရသော ကြောင်ကဲ့သို့ အံ့ဩစွာဖြင့် “အား! သူတို့အကြည့်ချင်း ဖလှယ်လိုက်ပြီ။ သူတို့ရဲ့ဆက်ဆံရေးက အထက်လူကြီးနဲ့ လက်အောက်ငယ်သား သက်သက်ဘဲ မဟုတ်ဘူးလို့ ငါထင်သားပဲ။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိကိုရှိရမယ်”

အတန်းဖော်များ: ခဏလေး၊ တစ်ခုခု ဖြစ်နေတယ်လို့ ဘယ်သူ့ကို ပြောနေတာလဲ။ ငါတို့ထင်နေတာတော့ မဟုတ်ပါဘူးနော်။

ဒုတိယဖူသခင်လေးရဲ့ ကောင်မလေးကလူကုန်ကူးတဲ့လူ၊ အတွင်းသူလျှို ဖြစ်ရုံတင်မကဘဲ သူမက… သူမက… ဒုတိယဖူသခင်လေးကို ဦးထုပ်စိမ်းလည်း ဆောင်းပေးသေးတယ်လို့ စောင်းပါးရိပ်ခြေ ပြောနေတာလား။ [ဘာသာပြန်သူ၏ မှတ်ချက်: “ဦးထုပ်စိမ်း ဆောင်းတယ်” ဆိုတာ တရုတ်လိုဆိုရင်ဖောက်ပြန်ခံရတာကို ပြောတာပါ]

ဒီအခြေအနေကြီးက ဘယ်လောက်တောင် ပြင်းထန်သွားပြီလဲ။

လူတိုင်းသည် သူတို့၏ အကြည့်တွေကို ထိန်းချုပ်ရန် ကြိုးစားလိုက်၍ စွင်းရှို့လီနှင့်ပိုင်ချန်းချန်းတို့ကို အရမ်းသိသိသာသာကြီး မကြည့်မိစေရန် ကြိုးစားလိုက်ကြ၏။

ဖူမိသားစုနှင့်ရော သူတို့အတန်းဖော်တွေနှင့်ပါ အဖွဲ့ဝင်ဖြစ်နေသော ဖူဟွေ့ရှင်းသည်လည်း ဤပြင်းထန်‌သော အတင်းအဖျင်းကို ကြားခဲ့ရသည်။ လူတိုင်းထံမှ စာနာကာ လေးစားသောအကြည့်တွေကို လက်ခံလိုက်ရသည်။

ဖူဟွေ့ရှင်းသည် သူ၏ ကံမကောင်းသောသနားသည့် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သန်းတွေ ဖုံးလွှမ်းနေပါပြီးမှ ဘယ်နေရာက ပိုယားတော့မှာလဲ။ အတွင်းသူလျှို၊ လူကုန်ကူးတဲ့သူနဲ့ပတ်သက်ပြီးမှတော့ ပိုင်ချန်းချန်းက သူ့အစ်ကိုကို ဦးထုပ်စိမ်းဆောင်းပေလည်း ဘာအရေးကြီးတော့မှာလဲ။

အကြည့်ပေါင်းများစွာ၏ ဦးတည်ရာဖြစ်ခဲ့သော နောက်ဆုံးတစ်ခေါက်က သူသည် ရှီလီထံမှ ကျေးဇူးတင်သောအားဖြင့် နဖူးစည်းစာတန်းကို လက်ခံရတုန်းကပင်။ ဒရာမာ၏ အရည်အချင်းပြည့်မီသော ကြည့်ရှုသူတစ်ယောက်တွင် သင့်လျော်သော လောကဝတ် ရှိဖို့လို၍ ဒရာမ၏ အခြားသောပုဂ္ဂိုလ်တွေကို စောင့်ကြည့်‌ခံနေရတယ်ဆိုတာ သိသွားခွင့်ပြုလို့ မဖြစ်ပေ။

“သူတို့ အကြည့်ချင်း ဖလှယ်ပြန်ပြီ၊ ပြုံးတောင် ပြလိုက်သေးတယ်!”

“ဘာဖြစ်နေတယ်ဆိုတာကို ဒီအရူးကြီး ဒုတိယဖူသခင်လေး ဘယ်အချိန်ကျမှ နားလည်မှာလဲ”

အင်းလေ၊ သူတို့တွေက သူ့ကို အရူးကြီးလို့ ခေါ်မှတော့၊ သူ နားမလည်နိုင်လို့ပေါ့။

ပိုင်ချန်းချန်းနှင့် စွင်းရှို့လီတို့မှာ လူများသောခန်းမနှင့် ဒုတိယဖူသခင်လေး၏ အရှေ့၌ သတိချပ်ထားကြ၏။ သူက အရူးကြီးဆိုသော်လည်း သူတို့ရှေ့က သက်ရှိထင်ရှားလူတစ်ယောက် ဖြစ်နေတုန်းပင်။

120 03

ထို့ကြောင့် နှစ်ယောက်သားမှာ သေးငယ်သောဟန်အမူအရာတွေက သူတို့၏ လျှို့ဝှက်ချက်ကို ပေါ်ပေါက်စေမှာ စိုးသဖြင့် အကြည့်ချင်းသာ ဖလှယ်ပြီးသာ ဆက်သွယ်နိုင်သည်။

သို့သ်ော လှုပ်ရှားမှုကင်းမဲ့ခြင်းက ဒရာမာကို ဆာလောင်နေကြသော ဝိုင်းကြည့်နေသူများကို စိတ်ပျက်သွားစေသည်။ “ပျင်းဖို့ကောင်းလိုက်တာ။ ဒါပေမဲ့ နောက်ပိုင်းကျ သူတို့တွေ သန့်စင်ခန်းထဲ ခိုးဝင်သွားရင်၊ ငါ သူတို့နောက်ကနေ လိုက်ချောင်းသင့်လား”

အတန်းဖော်များ: ဒီဟာက တွန့်ဆုတ်ဖို့တောင် လိုလို့လား။

ဒါပေါ့၊ နင် တုံ့ဆိုင်းမနေသင့်ဘူး။ သွားကြည့်၊အခွင့်အရေးကို ဆုပ်ကိုင်၊ ငယ်ရွယ်မှုကို ဆုပ်ကိုင်ချေ…

တစ်တန်းလုံး သန့်စင်ခန်းထဲကို ပြုံတိုးဝင်သွားတယ်လို့ စဉ်းစားကြည့်လိုက်လျှင် ၎င်းက သန့်ရှင်းမှု မရှိရုံတင်မဟုတ်ဘဲ၊ အလွန်တရာကို ကျင့်ဝတ်မရှိခြင်းပင်။

ငါတို့ကို နှာဘူးတွေ‌ဆိုပြီး အရိုက်ခံရနိုင်ခြေ များတယ်။

ရှီလီသည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး ထိုအကြံကို အလျင်အမြန်ပဲ ပယ်ချလိုက်၏။ “မေ့လိုက်ပါတော့။ စွင်းရှို့လီက တရားမဝင် ပစ္စည်းတွေကို သယ်ဆောင်ထားတဲ့ အကြင်နာတရား ခေါင်းပါးတဲ့လူ၊ သူ့လက်ထဲမှာ မရေတွက်နိုင်တဲ့ အသက်တွေရှိတယ်”

“စပ်စုလိုစိတ်က ကြောင်တစ်ကောင်ကို သတ်ပစ်နိုင်တယ်။ ငါတို့ရဲ့ စပ်စုချင်စိတ်ကို ဖြည့်ဆည်းချင်ရုံနဲ့ ငါတို့ အသက်တွေကို မစွန့်စားသင့်ဘူး”

အတန်းဖော်များမှာ ယနေ့တွင် သူတို့ခေါင်းတွေအား ဘယ်လောက်တောင် နည်းဗျူဟာကျကျ ကုတ်ဖဲ့ခဲ့သလဲဆိုတာကို မရေတွက်နိုင်သည်အထိပင်။

ဒီတော့ စွင်းရှို့လီက အခုလို အန္တရာယ်များတဲ့ကစားပွဲကို ကစားနေတာပဲ။

တကယ့်လို့ အဲ့လိုသာဆို၊ ဒီဒရာမာထဲ ဝင်မပါဝာာ ကောင်းမယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အသက်ကို တန်ဖိုးထားတာထက် ဘာမှပိုအရေးမကြီးဘူး။

စွင်းရှို့လီ၏ ကုမ္ပဏီနှင့် စီးပွားရေးအရ ဆက်သွယ်နေကြသော မိသားစုတွေ၏ အချို့အတန်းဖော်များမှာ သူတို့၏ မိသားစုတွေအားပူးပေါင်းမှုကို အဆုံးသတ်ခိုင်းဖို့ သတိပေးရမလားဆိုပြီး စဉ်းစားနေလေပြီ။

မှန်ပေသည်၊ သူတို့တွေသည် ပူးပေါင်းမှုကို အဆုံးသတ်ရုံသာမက စွင်းရှို့လီနှင့် တစ်မိုင်လောက်အထိ အကွာအဝေးခြား၍ သူ့ကို ဘယ်တော့မှ တစ်ဦးတည်း မတွေ့သင့်တော့ပေ။

လူသုံးဆယ်ဝန်းကျင်၏ သိသာနေ‌သော အကြည့်တွေအောက်၌ ဒုတိယဖူသခင်လေးမှာစွင်းရှို့လီနှင့် စကားလက်ဆုံပြောနေတာကို လက်စသတ်လိုက်၍ သူ့ကောင်မလေးနှင့်အတူ နောက်အသိအကျွမ်းတစ်ဦးဆီသို့ ရွှေ့သွားတော့၏။

ရှေ့ဆက်ဖြစ်စဉ်များမှာ စိတ်ဝင်စားဖို့ မကောင်းတော့သဖြင့် ရှီလီသည် အနည်းငယ် စိတ်ပျက်စွာဖြင့် သူမ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။

အခြား‌သော အတန်း‌ဖော်တွေက‌တော့ လက်မလျှော့ပေ။ သူတို့သည် ခိုးနားထောင်ရန်အတွက် သန့်စင်ခန်းထဲအထိ လိုက်မသွားနိုင်သော်ငြား အကယ်၍ သူတို့သာ အသေအချာအာရုံစိုက်ပါက နောက်ထပ် သဲလွန်စတွေကို ရှာတွေ့နိုင်မည်ဟု ယုံကြည်ကြ၏။

ဤသည်မှာ ရှီလီ၏ ခေါင်းမာသော အတန်းဖော်များ၏ အတွေးဖြစ်စဉ်ပင်။

လူတိုင်းသည် ပိုင်ချန်းချန်းအား အနီးကပ်လေ့လာနေခိုက် ရှီလီသည် ထိုနေရာကနေ ထွက်ခွာသွားသဖြင့် သဘာဝကျကျဘဲစုန့်ရင်းလည်း သူမနောက်ကနေ လိုက်သွားသည်။

ထို့ကြောင့် ရှီလီသွားသည့် နေရာတိုင်းတွင် သူ‌မနောက်ကနေ အရိပ်လေးတစ်ခု ကပ်လိုက်လာပေလိမ့်မည်။

ရှီလီ နေရာမှ ထွက်ခွာလာခြင်းမှာ သူမ ရှိရာသို့လျှောက်လှမ်းလာသော ဖုန်းယွင်ဟယ်ကို မြင်လိုက်တာကြောင့်ပင်။ လူအများကြီးရှေ့၌ သရုပ်ဆောင်နေရမည်စိုးသဖြင့် လွတ်မြောက်ဖို့ကို ရှီလီ ရွေးချယ်ခဲ့သည်။

120 04

ပုံရိပ်မည်း အလွှာများနောက်က ပုန်းကွယ်နေသော လူနည်းပါးသည့် တိတ်ဆိတ်သော နေရာ တစ်နေရာကို ရှာပြီးနောက် ရှီလီသည် ဖုန်းယွင်ဟယ်ကို မမြင်ရတော့သဖြင့် လုံခြုံသွားသလို ခံစားလိုက်ရသည်။

ထိုမှသာ အစကတည်းကနေ လက်ရှိနေရာအထိ သူမနောက်သို့ တစ်ကောက်ကောက် လိုက်ပါလာသော စုန့်ရင်းကို သတိထားမိ၏။

အစောပိုင်းတုန်းက လွတ်မြောက်ရန် ဇောကပ်နေခြင်းကြောင့် သူမနောက်က စုန့်ရင်းကို သတိမထားမိခဲ့တာပင်။

စုန့်ရင်းက ရှီလီကို ညင်သာစွာ ပြုံးပြလာ၍“မမ၊ ငါတို့ ဒီမှာဘာလုပ်နေတာလဲ”

ရှီလီသည် ခေတ္တာခဏမျှ ပြောစရာစကား မဲ့သွားတော့သည်။ သူမ ဒါကို ဘယ်လိုရှင်းပြရပါ့။ သူမ မရေမရာ ပြောလိုက်တော့သည်။ “နင့်ရဲ့ အတွေ့အကြုံတွေ ကျယ်ပြန့်လာအောင်လို့ ဒီကိုခေါ်လာတာ”

စုန့်ရင်းက ရှီလီ ပြောသမျှကို အမြဲတမ်းယုံသည်။ ရှီလီက သူမရဲ့ အတွေ့အကြုံတွေ ကျယ်ပြန့်လာအောင်လို့ဆိုပြီး ပြောလာတော့ စုန့်ရင်းသည် ထူးဆန်းတယ်လို့ လုံးဝမခံစားမိပေ။

ရှီလီက သူမကို ခရင်မ်ကိတ်မုန့်တစ်ပိုင်း ပေးလာတော့ အစောပိုင်းတုန်းက မေးခွန်းကိုစုန့်ရင်း ရုတ်ချည်းမေ့လျော့သွားလေပြီ။

စုန့်ရင်းက အရသာရှိသော အစားအသောက်ကမ္ဘာထဲမှာဘဲ သူမကိုယ်သူ မြှုပ်နှံထားပြီး ရှီလီက သူမအား စိတ်ကျေနပ်စွာ ကြည့်နေလေသည်။ သူမက တကယ့်ကို ကလေးလေးပဲ၊ကိတ်မုန့်လေးတစ်ပိုင်းနဲ့ အားလုံးကို မေ့သွားတယ်။

မူလကတော့ ထောင့်နားတွင် ရှီလီနှင့် စုန့်ရင်းသာ ရှိတာပင်။ ရှီလီက ရေနွေးတစ်ခွက်ကိုကိုင်၍ အချိန်နှင့်အမျှ တစ်ငုံစီသောက်နေပြီး စုန့်ရင်းမှာမူ သူမ၏ ကိတ်မုန့်လေးထဲမှာပဲ အာရုံဝင်စားနေ၏။

အကယ်၍ လူသားတွေတွင် အမြီးပေါက်နိုင်သည် ဆိုပါက၊ စုန့်ရင်းသည် အရသာရှိသောကိတ်မုန့်ကို စားနေရင်း သူ‌မနောက်တွင် သေချာပေါက် အမြီးယမ်းနေပေလိမ့်မည်။

ရှီလီသည် တစ်‌စုံတစ်ယောက်က ရင်းနှီးကျွမ်းဝင်နေသော နာမည်တွေကို ဖော်ပြလိုက်တာအား ကြားလိုက်ရသည်။ အသံကို ပိုရှင်းလင်းစွာ ကြားနိုင်ရန်အတွက် အသံလာရာဘက်သို့ သူမ ခြေလှမ်းအနည်းငယ်ခန့် တိုးသွား၏။

ကိတ်မုန့်အပေါ်မှာဘဲ အာရုံစိုက်ထားသည့်စုန့်ရင်းမှာ သူမဘေးနားက နေရာလွတ်ကို သတိပြုမိ‌လိုက်သည်။ သူမ ရှီလီ ထွက်သွားသောနေရာကို မော့ကြည့်လိုက်ပြီးနောက် ဘယ်ဘက်ကို နှစ်လှမ်းလှမ်းကာ စိတ်မအေးသွားခင် သူမဘေး၌ ရှီလီ ရှိနေတာကို သေချာအောင် လုပ်လိုက်သည်။

ရှီလီက ဖုန်းကိုထုတ်ကာ အင်တာနက်ကြည့်နေသလို ဟန်ဆောင်၍ သူမ၏ နားတွေမှာ ဝန်ထမ်းနှစ်ယောက်၏ ပါးစပ်တွေနှင့် ကော်လိုကပ်တွယ်နေသည်။

ဤနှစ်ဦးမှာ ဖက်တီးလေး ဦးလေး၏ ကုမ္ပဏီမှဝန်ထမ်းတွေ ဖြစ်ပုံပေါ်ပြီး သူတို့၏ အလုပ်တာဝန်တွေကို ဖြည့်ဆည်းရန်အတွက်အလှူပွဲသို့ ရောက်နေခြင်းပင်။

နှစ်ယောက်သား သူဌေးတွေနှင့် အထက်လူကြီးအကြောင်း အတင်းတုပ်နေတာကို ရှီလီ နားစွန်နားဖျား ကြားနေရ၏။

အမျိုးသမီး ဝန်ထမ်းတွေထဲမှ တစ်ယောက်က လျှို့ဝှက်ဆန်းကြယ်သလို ပြောလာသည်။ “နင် တွေ့ပြီးပြီလား။ ငါတို့ရဲ့ ဗိုလ်ချုပ်ဟွမ်က ဆရာသခင်ယွမ်ကျင်းကို ယမမင်းကြီးလျူနဲ့ မိတ်ဆက်ပေးလိုက်တယ်”

All Chapters