အခန်း (၁၂၁-၁၂၄)
Vol. 7 Ch. 121-124
121 01
အပိုင်း 121.
ယမမင်းကြီးလျိုဟု ခေါ်ကြသည့် သူ၏ နာမည်ရင်းက လျိုယန့်ဝမ်ဖြစ်ကြောင်း လူတိုင်းက သိကြပါသော်ငြား သူ၏ အေးစက်ပြီး အကြင်နာမဲ့သော စရိုက်များကြောင့် သူ၏ အလုပ်သမားများက သူ့ကို ယမမင်းကြီးလျို ဟူသော အမည်ခေါ်တွင်ခြင်း ဖြစ်သတည်း။ ထိုအမည်ပြောင်က သူ၏ ကုမ္ပဏီမှ ဝန်ထမ်းများနှင့် အခြားပါတနာ ကုမ္ပဏီများထံ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး သူ့နောက်ကွယ်တွင်တော့ သူ့ကို ယမမင်းကြီးလျိုဟု ခေါ်ဆိုကြပေ၏။
သူက မတတ်သာသည့်အဆုံး ကျင့်သုံးရမည့် အစွန်းရောက် နည်းလမ်းမျိုးကို သိရှိသူဖြစ်ကာ သူကိုယ်တိုင်ကတော့ ကြွယ်ဝချမ်းသာမှုတို့ကို ဖန်တီးရာမှာတော့ ထူးထူးခြားခြား အထာနပ်သူတည်း။
အလုပ်သမားများနှင့် သူ၏ အကျိုးတူ ပူးပေါင်းသူများက သူ့နောက်ကွယ်မှာတော့ သူ့အကြောင်း စောဒက တက်ကြပါသော်ငြား သူက ကုံလုံများပြားသော အမြတ်အစွန်းများကို ဆောင်ကြဥ်းပေးနိုင်လေရာ သူ့နောက်ကိုသာ တစိုက်မတ်မတ် လိုက်ကြသည်သာ။
စီးပွားရေးလောကမှာတော့ လူတိုင်း လိုက်နာကြသည့် စည်းမျဥ်းက “ပိုက်ဆံ ဖန်တီးနိုင်တဲ့သူက Boss” ပဲ ဟူ၍ ဖြစ်လေသည်။
အခြားအမျိုးသမီး ဝန်ထမ်းမှာ သူမ ပါးစပ်လေးကို အံ့သြတကြီးပင် ဖုံးအုပ်လိုက်၏။
“မဖြစ်နိုင်လိုက်တာဟယ်။ ငါတို့ ဗိုလ်ချုပ်ဟွမ်ကဖြင့် သူတော်စင်ကြီးဟာကို၊ သူ့ကို မာရီယာဆိုတဲ့ နာမည်ကိုတောင် ပေးထားတာမလား”
(ဒီနေရာမှာ မာရီယာက သခင်ယေရှုရဲ့ မယ်တော်ကို ရည်ညွန်းတာဖြစ်မယ် ထင်ပါတယ်)
ထိုအမျိုးသမီးနှစ်ယောက် အဘယ့်ကြောင့် အံ့အားသင့်ရသနည်း ဟူသည်ကို ရှီလီက သိရှိပါ၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ဖက်တီးလေး၏ဦးလေးမှာ လျိုယန့်ဝမ်ထံမှာ လှည့်ဖြားခံခဲ့ရပြီး ကြီးစွာသော ခလုတ်ကန်သင်းဖြင့် ကြုံတွေ့ခဲ့ရကာ ကုမ္ပဏီပင် ဒေဝါလီခံရလုနီးနီး ဖြစ်ခဲ့ပြီး ခေါင်မိုးထပ်မှ ပျံသန်း ပြုတ်ကျလာသည့် စွန်တစင်းနှယ် ဘဝဆုံးလုနီးနီးပင်။
ဖက်တီးလေး၏ ဦးလေးအပေါ် လှည့်ဖြားမှုက သူ့အခွင့်အလမ်းကို ဖန်တီးခဲ့ခြင်းပင်။ သူက သူ၏ သေလုမြောပါး ကုမ္ပဏီကို အများပြည်သူထံ တိုက်ရိုက် သွားနိုင်ခဲ့သည်ပင်။
ထိုပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်းမှာမှ ဖက်တီးလေးတို့ ဦးလေး၏ ကုမ္ပဏီက တဖြည်းဖြည်းချင်း နလန် ပြန်ထူခဲ့ရတာဖြစ်၏။
နောက်ဆုံးမှာတော့ စုန့်ရင်းက သူမ လက်ထဲမှ Cream Cakeလေးကို စားလို့ ပြီးသွားပေပြီ။ သူမက ခေါင်းကို ပြန်မမော့မီ သူမ နှုတ်ခမ်းမှာ ခရင်မ်များ ပေမနေတာ သေချာစေရန် နှုတ်ခမ်းလေးကို ပွတ်သုတ်လိုက်၏။
သူမ မော့ကြည့်လိုက်ပြီး မကြာမီပင် သူမဖုန်းစခရင်ကို ကြည့်ကာ စိတ်ဝင်စားနေပုံရှိသည့် ရှီလီကို မြင်လိုက်ရသော်လည်း တကယ်တမ်းမှာတော့ ထိုဖုန်းက Sleep Mode ကြီး ဖြစ်နေပေသည်။
ယင်းကား သူတို့၏ ဖုန်းကို ဆော့နေသူနှင့် လားလားမျှ မတူသည်မှာ အရှင်းကြီးပါပင်။
အလွန် ထက်မြက်လှသည့် စုန့်ရင်း၏ ဦးခေါင်းလေးက ၎င်းက ရှီလီတစ်ယောက် ဖရဲသီး စားနေသည့် အမူအရာဖြစ်ကြောင်း အမှတ်ရသွားကာ သူမ ယခုထိတိုင် စောင့်ကြည့်နေဆဲ ဖြစ်သည်ကိုပါ သတိပြုမိသွား၏။
သို့သော် စုန့်ရင်း ပဟေဠိ ဖြစ်ရသည်ကတော့ ရှီလီတစ်ယောက် ထိုအတင်းအဖျင်းများကို နားသောတ ဆင်နေချိန်မှာ စကားပြောသင့်တာကို ဖြစ်၏။
သို့တိုင် ရှီလီကမူ ယခုထိတိုင် ဘာစကားမှ ပြောမလာသေးပါပေ။
ထိုစကားဝိုင်း၏ ဂယက်ရိုက်မှုကို စုန့်ရင်းက မသိသော်ငြား ၎င်းက ထူးခြားသည့် ကိစ္စ ဖြစ်နိုင်ကြောင်းကိုတော့ ရိပ်မိသည်ပင်။
ထို့ကြောင့် အကျွန်ုပ်တို့၏ ကောင်းမြတ်လှစွာသော သွေးသောက်ကြီး စုန့်ရင်းက သူမ ဖုန်းကို တိတ်တဆိတ် ထုတ်ယူလိုက်ကာ သူမ၏ တည်နေရာ အတိအကျနှင့် အခြား အလုပ်သမားများ၏ စကားစမြည် မှတ်တမ်းများကို ကူးယူကာ သူမတို့ Group Chatအတွင်းသို့ ပေးပို့လိုက်တော့သတည်း။
121 02
ရှီလီ၏ သူငယ်ချင်းများထဲတွင် ခေါင်းမာသူ တစ်ဦးတလေကမူ ပိုင်ချန်ချန်နှင့် စွန်းရှို့လီတို့ကို နောက်ယောင်ခံ လိုက်နေဆဲပင်။
အခြားသူများကမူ စုန့်ရင်း၏ လမ်းညွှန်ချက်အတိုင်း ထိုနေရာသို့ ရောက်ရှိလာလေတော့သည်။
စုန့်ရင်းက ဖုန်းကို သူမနှင့် အဝေးမှာ ထားကာ သိုသိုသိပ်သိပ်လေး နေ နေလေသည်။
မလှမ်းမကမ်းမှ ထိုအမျိုးသမီး အလုပ်သမားနှစ်ဦးက ထိုကိစ္စကို ဆက်လက် ဆွေးနွေးနေဆဲပင်။
“ဗိုလ်ချုပ်ဟွမ်က ယမမင်းကြီးလျိုနဲ့များ ပိုက်ဆံလေးတွေ ဖန်တီးချင်နေတာလားဟယ်”
“အဲဒါ မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ငွေရှာတာ ရှက်စရာမှ မဟုတ်ပဲကို”
ထိုဆွေးနွေးမှုကို ကြားသော် ရှီလီမှာ ပဟေဠိ ဖြစ်ရတော့၏။ ( အဲဒါ မှားနေသလိုပဲနော်။ ဖက်တီးလေးရဲ့ ဦးလေးက အဲဒီ ယမမင်းကြီးလျိုနဲ့ အာဃာတတွေ ရှိနေသေးတာကို။ သူတို့က ဘယ်လိုလုပ်ပြီး အတူတူ စီးပွားရှာနိုင်ပါ့မလဲ)
ယခုမူ စုန့်ရင်း သဘောပေါက်နိုင်သည့် တခုတည်းသော အရာကတော့ ဗိုလ်ချုပ်ဟွမ်က ဖက်တီးလေး၏ဦးလေး ဖြစ်သည်ကိုပင်။ သူမက သူတို့ကြားမှ အာဃာတများကို မသိရှိလေရာ ယခု သူမမှာ မေးခွန်းတွေသာ ပြည့်နေတော့သည်။
ရှီလီသည်ကား ထိုအံ့အားသင့်ဖွယ် ပြန်ပေါင်းထုပ်သည့် မြင်ကွင်းမျိုးကို မျက်မြင်တွေ့ချင်လေရာ သူမက စုန့်ရင်းလက်ကို ဆွဲကာ ဖက်တီးလေး၏ ဦးလေးကို သွားရောက် ရှာဖွေတော့သည်။
ရှီလီတို့ ထွက်သွားပြီးနောက် ထိုအမျိုးသမီး အလုပ်သမားများထဲမှ တစ်ယောက်က ပြောလိုက်၏။
“အဲဒီ ဗိုလ်ချုပ်ဟွမ်က ကိစ္စကြီးကြီး တစ်ခု လှုပ်ရှားတော့မယ်လို့ ငါ ခံစားနေရတယ်”
ထွက်ခွာသွားခဲ့ပြီးဖြစ်သည့် ရှီလီကမူ ထိုထင်မြင်ချက်ကို မကြားနိုင်တော့ပေ။
စုန့်ရင်း မျှဝေပေးလိုက်သည့် တည်နေရာကို လိုက်ပါပြီးနောက် ရောက်ရှိလာသည့် အတန်းဖော်များကား ရှီလီကိုသော်၎င်း၊ စုန့်ရင်းကိုသော်၎င်း တစ်ယောက်တလေ၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့တော့ပေ။
ထိုအခိုက်အတန့်လေး မတိုင်မီက ထိုအမျိုးသမီး လုပ်ဖော်ကိုင်ဖက် နှစ်ယောက်မှာ ကျောင်းသားများ ရပ်နေကြသည့် ဤနေရာနှင့် အနီးဆုံးမှာ ရှိနေကြတာဖြစ်၏။ သို့သော် ရေသာခိုနေသည့် သူတို့မှာ သူတို့ သူဌေးထံမှာ အမိခံလိုက်ရပြီး မဆိုင်းမတွပင် အလုပ်ခွင်သို့ ပြန်သွားကြတော့သည်။
ထို့ကြောင့် အတင်းအဖျင်း ချစ်သူ Class1မှ ကျောင်းသားများခမျာ သူတို့ ရောက်ရှိလာချိန်တွင် ရှီလီသည်သာမက အတင်းအုပ်သူ မိန်းမနှစ်ယောက်ပါ မရှိတော့သည့် အတင်းအဖျင်း ကင်းမဲ့ဇုန်ကိုသာ မျက်ဝါးထင်ထင် တွေ့ရှိရတော့သည်။
စုန့်ရင်း ပေးသည့် မှန်ကန်တိကျသော သတင်းအချက်အလက်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ သံသယ မရှိပေ။ နေရာမှားကာ အဆုံးသတ်ရခြင်း ဖြစ်သည်ဟုပင် လူတိုင်းက မှတ်ယူလိုက်ကြတာ ဖြစ်၏။
ထို့ကြောင့် သူတို့က ဤစားသောက်ခန်းမအတွင်းဝယ် ရှီလီ ရှာပုံတော် ဖွင့်ကြလေတော့သည်။
ဒါဖြင့် အဲဒီနောက် ရှီလီ ဘယ်နေရာမှာ ရှိနေမတဲ့လဲ။ သူမနှင့် စုန့်ရင်းက လိမ္မော်ရည် အပြည့်ထည့်ထားသည့် ဖန်ခွက်ရှည်ကြီး နှစ်ခွက်ကို ကိုယ်စီ ကိုယ်စီ ကိုင်ထားကြပေသည်။
သူမတို့ နှစ်ဦးစလုံးက ဖက်တီးလေး၏ဦးလေးအနားမှာ ခိုးကြောင်ခိုးဝှက်ဖြင့် တိုးဝှေ့နေခြင်းပေတည်း။
ဖက်တီးလေး၏ဦးလေးမှာ ဖက်တီးလေးနှင့် အလွန်ပင် ဆင်တူလှပြီး နှစ်ဦးစလုံးကို ကြည့်ရသည်မှာ ဝဝကစ်ကစ် ဖောင်းဖောင်းမို့မို့လေးနှင့် ကြွယ်ဝချမ်းသာမှုတို့၏ အသရေဆောင်ကာ တင့်တယ်နေပေ၏။
ဖက်တီးလေး ဦးလေး၏ ဘယ်ဘက်တွင် ဘုန်းတော်ကြီးယောင် ဆောင်ထားသူ ဆရာသခင်ယွမ်ကျင်းရှိနေပြီး ညာဘက်မှာ ရှိနေသူ တစ်စုံတစ်ယောက်ကတော့ သူတို့ အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသူများနှင့် ချိတ်ဆက်ပေးနိုင်သည့် ကြားခံလူ ဖြစ်ပေ၏။
121 03
ဖက်တီးလေး၏ဦးလေးမှာလည်း အသက်အရွယ် ငယ်သော်ငြား နာမည်ကျော်ကြားလှသည့် လျိုယန့်ဝမ်နှင့် ရင်ဆိုင်ရသည့်အခါ ငယ်ရွယ်သည့် စွန်းရှို့လီနှင့်တော့ လားလားမျှ မတူညီတော့ပါပေ။
ရှီလီအတွက်တော့ ထင်ရှားကျော်ကြားသည့် လူပုပ္ဂိုလ်တို့၏ စကားဝိုင်းကို နားထောင်ခြင်းက အတင်းအဖျင်းများကို ခိုးနားထောင်တတ်သည့် ထိုအမျိုးသမီး အလုပ်သမားနှစ်ဦးနှင့် မတူလှပေ။ ထို့ကြောင့် သူမတို့ အကွာအဝေးကို သေချာအောင် လုပ်ဖို့ လိုအပ်လေသည်။
ရှီလီက အတန်အသင့်မျှသော အကွာအဝေးကို ထိန်းထားလိုက်၏။ ဘေးပတ်ဝန်းကျင်မှ ပျော်ရွှင်မြူးတူးနေသည့် ဆူညံလှသော အသံမြောက်မြားစွာက ထိုစကားဝိုင်းကို ရှင်းရှင်းလင်းလင်း မကြားရစေနိုင်သော်လည်း ရှီလီအနေဖြင့် ထိုသူတို့၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။ ဖက်တီးလေး၏ ဦးလေးက အလွန်ကို ချစ်ကြည်ရင်းနှီးလှဟန်ဖြင့် သူ၏ လက်မောင်းများကို ဆရာသခင်ယွမ်ကျင်း၏ ပခုံးထက်မှာ တင်ထားကာ တစ်ဦးနှင့်တစ်ဦး ရဲဘော်ရဲဘက်စိတ် ရှိကြသည့် ညီနောင်ရင်ချာများ ဖြစ်ကြပုံ ပေါ်လေသည်။
သူက သူ့ရှေ့ မျက်နှာချင်းဆိုင်မှ လူများဖြင့် ရယ်မော စကားပြောနေပေသည်။ ထို့နောက် ဆရာသခင်ယွမ်ကျင်းက သူ့ဝတ်ရုံအတွင်းမှ အဆောင်လိပ် အထပ်လိုက်ကြီးကို ဆွဲထုတ်လိုက်ကာ ထိုကြားခံပွဲစားနှင့် ယမမင်းကြီးလျိုကို ပေးလိုက်လေသည်။
ယမမင်းကြီးလျိုက ထိုအဆောင်လက်ဖွဲ့ အထပ်လိုက်ကြီးကို လက်ခံခြင်း မပြုမီ ခေတ္တမျှ တွေဝေတုံ့ဆိုင်းနေပြီး ထို့နောက်မှာမှ သူ့အိတ်ကပ်ထဲသို့ ထိုးကြိတ်ထည့်လိုက်၏။
ထိုဖလှယ်မှုက သူတို့ကြားမှ ရေခဲလွှာပါးပါးကို ချိူးဖျက်လိုက်ကာ လေထုသည်လည်း သိသိသာသာပင် နွေးထွေး တက်ကြွလာတော့သည်။
ထို့နောက် ရှီလီက သူမ၏ အာရုံ အလုံးစုံကို ဆရာသခင်ယွမ်ကျင်းထံသို့သာ စူးစိုက်ထားလိုက်တော့သည်။ သူမက သူမဘာသာ တွေး၏။ ( ချမ်းသာတဲ့ မိန်းမပျိုတွေ တော်တော်များများကို သူ ဆွဲဆောင်နိုင်တာ အံ့သြစရာ မရှိတော့ပါဘူး။ သူက အတော့်ကို ချောမော ပြေပြစ်တာပဲ)
(ဒီဘုန်းတော်ကြီးရဲ့ ဝတ်စား ဆင်ယင်မှုက မဟာ့မဟာ Cosplayကြီးပဲနော်။ တွေးကြည့်မယ်ဆို တကယ့်ကို ရင်ဖိုစရာပဲ)
အဓိကသော့ချက်ကိုက ရှီလီ၏ စိတ်အတွေးများမှ တစ်ဆင့်သာ ရှာဖွေလို့ ရပေမည်။
ရှီလီ၏ အတွင်းစိတ် အသံတို့က ထောင့်တိုင်း ထောင့်တိုင်းမှာ ပဲ့တင်နေပေရာ သူမ အတန်းဖော်တို့လည်း ခြေရာခံမိသွားကြ၏။
သူမ၏ အတန်းဖော်တို့က သူမ စိတ်တွင်းမှ ကျင့်ဝတ်မဲ့ တစ်ကိုယ်တော် ပြဇာတ်ရှည်ကြီးကို နားစွန်နားဖျား ကြားလိုက်သည်ကို သတိမမူမိလေရာ သူမက ဖက်တီးလေး၏ ဦးလေးနှင့် ဆရာသခင်ယွမ်ကျင်းတို့ကိုသာ ဆက်လက် စပ်စုလေ့လာနေတော့၏။
ဆရာသခင်ယွမ်ကျင်းနှင့် လျိုယန့်ဝမ်တို့မှာ စကားစမြည် ပြောရင်း မအားမလပ်နိုင် ဖြစ်နေကြပြီး Business Cardများ ဖလှယ်ကာ သူတို့၏ ဖုန်းများမှ QR Codeများကိုပင် Scan ဖတ်လိုက်ကြသေး၏။
အချိန်ရောက်ရှိလာသည့်အခါ သူမ၏ အတန်းဖော်များသည်လည်း ထိုမြင်ကွင်းကြီးကို စောင့်ကြည့်ကြတော့သတည်း။ သူတို့က ဖက်တီးလေး၏ ဦးလေး ဘာအစီအစဥ် ရှိသည်ကို တွေးနေကြပုံ ပေါ်လေသည်။
******
122 01
အပိုင်း 122.
လူတိုင်းက ဝတုတ်အန်ကယ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သလို ဆရာသခင်ယွမ်ကျင်းက မည်ကဲ့သို့သော ပုဂ္ဂိုလ် ဖြစ်သနည်းဟူသည်ကို သတိပြုမိကာ ယခုသူ့ထံ ယမမင်းကြီးလျိုကို တမင်တကာ မိတ်ဆက်ပေးလိုက်ခြင်းပင်။
အထူးသဖြင့် ယမမင်းကြီးလျိုကား ဝတုတ်ဦးလေး၏ မပြေနိုင်သော ရန်ဘက်ပေတည်း။
ထိုပုံမှန်အမူအကျင့်မှ သွေဖယ်ခြင်းမည်သည် ပြသနာတို့ကို လမ်းညွှန် ပြသတတ်သည်ပင်။
အကယ်၍များ ဝတုတ်ဦးလေးက သူ၏ ရန်သူတော်များနှင့် စကားစစ်ထိုးခြင်းမှ ပြန်လည်ဖာထေးနိုင်ရန် ယမမင်းကြီးလျိုကို ဆရာသခင်ယွမ်ကျင်းထံ မိတ်ဆက်ပေးခြင်း ဖြစ်သည်ဟု ဆိုပါလျှင် ထိုစောဒကကို မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ဝတုတ်ဦးလေး၏ စဥ်းလဲသော လှုပ်ရှားမှုကြောင့် လူတိုင်း လူတိုင်းမှာ ကြက်သေ သေရပေတော့သည်။
ရှီလီက အမှောင်ထဲမှာပဲ ရှိနေသေးကာ ဝတုတ်ဦးလေးက သူက သစ္စာဖောက်ခံရသည့် ချစ်သူထံမှ ဦးထုပ်စိမ်း ဆောင်းရသည်ကို သိရှိထားကြောင်းကိုတော့ သတိမပြုမိပေ။
ထို့ကြောင့် သူမ၏ အမြင်မှာတော့ ဝတုတ်ဦးလေး၏ ရည်ရွယ်ချက်က တော်တော်ကြီးကို ပွင့်လင်း မြင်သာလှကာ မည်သည့် နက်နက်နဲနဲ ရည်ရွယ်ချက်မှ ရှိမနေပါပေ။
သို့သော် ထိုလှုပ်ရှားမှုကိုတော့ ရှီလီလည်း ခံစားမိပါသည်။ (ဒါကြီးက အထင်နဲ့ အမြင် တက်တင်စင်အောင် လွဲနေတာ မဟုတ်ဘူးလား။ ဝတုတ်ဦးလေးက အဲဒီ လျိုယန့်ဝမ်ကို လက်စားချေဖို့ နှစ်ပေါင်းများစွာ စီစဥ်ထားပေမဲ့ အခုကျ သူ့ကို ကြည့်ရတာ ပြန်ပေါင်းထုပ်ချင် နေသလိုပဲနော်။ သူ့ရဲ့ အဖိုးတန် ဆရာသခင်ဆီမှာ သူ့ရန်သူတော်ကြီးကို မိတ်ဆက်ပေးလိုက်တာက အခုကျ လက်စားချေတဲ့ လှည့်ကွက်ကြီး ဖြစ်နေတာပေါ့။)
အနှီ ဆရာသခင်ယွမ်ကျင်း၏ ကိုယ်ကျင့်စရိုက်ကို ရှီလီက ကောင်းကောင်းသိပါ၏။ သို့သော် အခြားသူများအတွက်မူ မဖြစ်နိုင်ပေ။
ပြီးခဲ့သည့် ဘဝတုန်းက ရှီလီက ကျောင်းစာ လေ့လာခြင်းပြီးနောက် သူမ အနှစ်သက်ဆုံးက လူပြိန်းကြိုက် သတင်းများကို စုစည်းဖတ်ရှုခြင်း ဖြစ်လေသည်။ ဆရာသခင်ယွမ်ကျင်းက အင်အားကြီးသည့် သွင်ပြင်မျိုးကို တည်ထောင်စရာ မလိုအပ်ပါပေ။ သို့သော် သူက မြောက်မြားလှစွာသော လူချမ်းသာများနှင့် ဆက်ဆံရေးရှိကာ အထက်တန်းစား မိန်းမပျိုများကို သွေးဆောင် ဖြားယောင်းနိုင်ပေ၏။ သူ၏ အကျော်ကြားဆုံးသော ဇာတ်ရှုပ်ကြီးက ဗိုလ်ချုပ်ဟွမ်၏ ဇနီးဖြစ်သူနှင့် ချစ်ဇာတ်လမ်း ခင်းခဲ့ခြင်းဖြစ်ကာ ၎င်းက သူတို့ကို ကွာရှင်း ပြတ်စဲစေခဲ့လေသည်။
မြောက်မြားလှစွာသော လူပြိန်းကြိုက် အယ်ဒီတာတို့ကမူ ထိူလူက ဘုန်းကြီးတု ဘုန်းကြီးယောင် ဖြစ်သော်ငြား ထူးခြားသော ပင်ကိုယ်ပါရမီ ရှိသူဖြစ်သည်ဟု ထင်ကြေးပေး ပြောဆိုကြလေတော့သည်။
ရှီလီက ယုံကြည်သလို ထိုအထူး ပင်ကိုယ်ပါရမီကို မဖော်ပြနိုင်လောက်အောင်ပင် သိလိုစိတ် ပြင်းပြလှပါ၏။
(တကယ်လို့ ဒီလူက အတုအယောင် ဆရာသခင်ဆိုရင် ဒါက ကိစ္စကြီး မဟုတ်သေးဘူး။ ဒီအတုအယောင်ဆရာသခင်က တခြားလူတွေရဲ့ ဇနီးမယားတွေကိုသာ လိုက်ပြီး သွေးဆောင်တဲ့ အကျင့်ဆိုးမျိုး ရှိနေတယ်ဆိုရင် အဲဒါကမှ ပြသနာပဲ။ အခုတော့ အရာရာက ကွဲပြားသွားပြီပဲ။
( လျိုယန့်ဝမ်နဲ့ သူ့ဇနီးရဲ့ ဆက်ဆံရေးကလည်း တော်တော်မကောင်းဘူးဆိုတဲ့ ကောလာဟလတွေ ရှိနေသေးတယ်။ ဒါကြောင့်သာ ချောမောပြေပြစ်ပြီး လှိုက်လှဲတတ်တဲ့ ဆရာသခင်က ကြားဝင် ဖျန်ဖြေပေးရတယ်ပေါ့လေ)
ဟမ့်.. စိတ်ဝင်စားစရာပဲ။
122 02
တတွတ်တွတ် ရေရွတ်နေသည့် ရှီလီ၏ မှတ်ချက်များက အနီးအနားမှာ ရှိနေသူတို့၏ နားများထဲသို့ တန်းတန်းမတ်မတ် ဆိုက်ရောက်သွားတော့သတည်း။ အရှက်မရှိ မျက်နှာပြောင်တိုက်သော စကားများကြောင့် ပါးပြင်များ နီးမြန်းနေသည့် ကြက်သွေးရောင်သမ်းနေသူ မိန်းမပျိုလေးစုန့်ရင်းခမျာ ထိတ်လန့် တုန်လှုပ်သွားလေသည်။
သူမ ရှက်သွေးဖြာနေသကဲ့သို့ အကယ်၍ အခြားသူများကသာ ရှီလီ၏ စကားများကို ကြားသွားပါက သိက္ခာမရှိသည့် မိန်းကလေးဟု ထင်မှတ်မှားသွားမည်ကိုလည်း သူမ စိုးရိမ်မိလေသည်။
စုန့်ရင်းခမျာ သက်ပြင်းကို လေးလေးလံလံကြီး ချမိပေတော့သည်။ ထိုသို့သော ပူပန်များကို ဝန်ထုပ်ထားရန် သူမ အသက်က ငယ်လွန်းလှသေးသည်လေ။
ထိုစဥ်တွင် ဝတုတ်ဦးလေးကမူ လျိုမျိုးရိုး စိတ်ကျေနပ်စေရန် အလို့ငှာ ထိုလျိုယန့်ဝမ်နှင့် စကားစမြည် ပြောနေစဥ်က သူက အနည်းငယ်မျှ ကျိုးနွံသေဝပ်နေပေသည်။
ထိုလေးယောက်သားမှာ သာတောင့်သာယာ စကားဝိုင်းမျိုး ရှိနေကာ နောက်တဖန် ရက်ဆက်မျှ ဆက်သွယ်တိုင်ပင်ဖို့ရန် သဘောတူခဲ့ကြ၏။
ဘေးဘက်မှ ခိုးကြောင်ခိုးဝှက် စပ်စုနေသည့် ရှီလီမှာမူ ဝတုတ်ဦးလေးကြောင့် လျိုယန့်ဝမ်တစ်ယောက် မျောက်မ,ထားသူ* ၏ လင်ယောကျာ်း ဖြစ်ရတော့မည်ကို ကြိုမြင်နေပေသည်။
(* မျောက်မ,ထား= လင်ကြီး ရှိပါရက် လင်ငယ်နေသည့် မိန်းမများ)
ထိုဇာတ်လမ်း နိဂုံးချုပ်သွားပြီကို ကြည့်ကာ ရှီလီလည်း စုန့်ရင်းကို ခေါ်ပြီးနောက် ဟွမ်ကျဲထံသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့၏။
သူတို့ ပြန်ရောက်သည့်အခါ ဟွမ်ကျဲက ထိုစားပွဲမှာ ရှိမနေတော့ပဲ ကြည့်ရသည်မှာ သူမ အသိအကျွမ်းများနှင့် စကားစမြည် ပြောနေပုံပင်။
ဟွမ်ကျဲက ပျောက်သွားတာ မဟုတ်နိုင်သည့်အတွက် ရှီလီကလည်း စိတ်မပူပေ။
ဟွမ်ကျဲ ထိုင်ခုံမှ ထသွားသည့်တိုင် ဖုမိသားစုမှ ဒုတိယသခင်လေးဖူကတော့ စားပွဲမှာပင် ထိုင်နေဆဲဖြစ်ကာ သူနှင့် တပူးတွဲတွဲ မခွဲမခွာ ရှိနေတတ်သည့် ပိုင်ချန်ချန်ကိုတော့ ဘယ်မှာမှ မတွေ့ရပေ။
ထိုင်ခုံမှာ ထိုင်လိုက်ပြီးနောင် သူ့ကို မမေးမီ ရှီလီက ဘေးဘီကို ဝေ့ကြည့်လိုက်ကာ
“မမချန်ချန် ဘယ်မှာလဲ။ ညီမ သူ့ကိုလည်း မတွေ့မိပါလား”
“သူ နေရတာ သိပ်မကောင်းလို့ဆိုပြီး နားနေခန်းဆီ ပြန်သွားတယ်”
သူက ပြန်ဖြေလိုက်၏။
ရှီလီကလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ
“ဒါဖြင့် မမက နားနေခန်းဆီ သွားလိုက်ပြီပေါ့”
သူမ ရောက်ကတည်းက စုန့်ရင်း၏ ပါးစပ်ကလေးများ လှုပ်ရှားနေသည်မှာ မရပ်တန့်တော့ပေ။ သူမ၏ မျက်လုံးများက စားပွဲပေါ်မှာ လှလှပပ စီစဥ်ထားသည့် ကိတ်မုန့်များထံမှာသာ ကျရောက်နေပြီး သူမ၏ ပန်းကန်ပြားငယ်လေးထဲသို့ ထိုကိတ်မုန့်ပိုင်းများ ထည့်ရန် ပြတ်ပြတ်သားသား လက်လှမ်းလိုက်ပေတော့သည်။
သူမနောက်မှ ရှီလီက ထိုလက်လေးများကို ဖွဖွတို့ကာ
“ညနေခင်းကြီးမှာ အများကြီး မစားနဲ့။ အထူးသဖြင့် ဒီအဆီများ သကြားများတဲ့ သရေစာတွေက အစာမကြေစေဘူး”
ဤကောင်မလေး တစ်ညတည်းနှင့် ဘယ်လောက်များများကများ စားပစ်လိုက်ပြီကို ရှီလီမှာ မျက်နှာရိပ် မျက်နှာကဲ ပြရသည် အထိပင်။
စားသောက်ပွဲမှ အစားအသောက်များက အခမဲ့ဖြစ်ပြီး ၎င်းတို့ကို မစားပါက လေလွင့်သွားမည် ဖြစ်သော်လည်း ထိုဟင်းပွဲများကို မဆင်မခြင် စားသောက်ခြင်းကိုတော့ သူမ အလိုလိုက်ခွင့် မပြုနိုင်ပါပေ။
စုန့်ရင်းက ရှီလီကို ကြည့်ကာ ပြုံးလိုက်၏။
“ငါ ထပ်မစားတော့ပါဘူး”
122 03
အမှန်တော့ သူမက ထိုအချိန်တွင် ဗိုက်ပြည့်နေပြီဟု ခံစားရသော်ငြား ငတ်မွတ်ဆာလောင်ခြင်းမှ ဖြစ်တည်ခဲ့သည့် ငယ်ဘဝ အလေ့အကျင့်ကြောင့်သာ အရသာရှိသည့် အခမဲ့ အစားအသောက်များကို ဘယ်နေရာမှာ မြင်မြင် စားလိုသည့် ဆန္ဒများ ထွက်ပေါ်လာခြင်းသာ။
“နင် ရေနွေးအလွတ်ပဲ သောက်သင့်တယ်နော်။ ဘယ်အဖျော်ယမကာမှ ထပ်မသောက်နဲ့တော့။ အချိုတွေ အများကြီးစားတာက ဆီးချိုရောဂါ ဖြစ်စေလိမ့်မယ်”
စုန့်ရင်းသည်လည်း ကြက်ပေါက်လေး အစာကောက်သည့်နှယ့် ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ
“ငါ သိပါပြီ”
အနှီ စုန့်ရင်းက သူမ၏ ညီမငယ်လေးဖြစ်ကြောင်း ပိုင်ချန်ချန့်ထံသို့ ခပ်တည်တည် ကြေငြာပြီးကတည်းက ရှီလီက စုန့်ရင်းကို သူမ၏ သွေးရင်း ညီမလေးနှယ် စစ်မှန်စွာ ဆက်ဆံပေးခဲ့သည်။
ရှီလီက အုပ်ထိန်းသူကဏ္ဍတွင် သူမဘာသာ သရုပ်ဆောင်လိုက်ရာ ထိုစုန့်ရင်းလည်း သဘာဝကျကျဖြင့်ပင် စောင့်ရှောက်မှု လိုအပ်သူ ဖြစ်လာတော့၏။
ညီအစ်မ နှစ်ဦးကြား အပြန်အလှန် ဆက်ဆံမှုများကို ဒုတိယသခင်လေးဖူက စိတ်အားထက်သန်စွာဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေလေသည်။ ရှီလီ၏ ဝမ်းကွဲနှင့် အတန်းဖော်ဖြစ်သည့် သူ့ဝမ်းကွဲကြောင့် သူက ရှီးမိသားစုကို အတန်အသင့်မျှ နားလည်သဘောပေါက်ကာ ထိုမိန်းကလေးများက ဝမ်းကွဲအနေဖြင့် ရှိနေေသာ်ငြား သူတို့က သွေးမတော်သလို လတ်တလောကမှ တွေ့ဆုံထားခဲ့တာ ဖြစ်ကြောင်း သူလည်း သိထားသည်ပင်။
သူတို့၏ အပြန်အလှန် ဆက်ဆံမှုက စိတ်ဝင်စားဖွယ် ကောင်းလေရာ သူလည်း ထိုကောင်မလေး နှစ်ယောက်ကို ကျီစယ်လိုသည့် အပြုံးဖြင့် ကြည့်နေမိ၏။
သို့သော် ထိုကျီစယ်လိုသော အပြုံးကို ရှီလီ အဓိပ္ပါယ် ကောက်လိုက်သည်ကတော့( နေပါဦး။ အဲဒီ ဒုတိယသခင်လေးဖူ ပြုံးနေတာကြီးက ဘယ်လိုဖြစ်လို့ ဟက်စကီးကြီး သွားဖြီးနေတာနဲ့ တူနေရတာတုန်း)
ကံကောင်းစွာဖြင့်ပင် ရှီလီ၏ စိတ်တွင်းမှတ်စုတိုများကို သူက မကြားနိုင်ပေ။ သို့သော် ရေသောက်နေသည့် စုန့်ရင်းကမူ သူမ စိတ်ထဲမှ အသံများကို ကြားလိုက်ရပါ၏။
ဒုတိယသခင်လေးဖူ၏ မျက်နှာထက်သို့ ရေများ အန်ထုတ်မိမည်ကို ချုပ်တည်းထားရသည့်အတွက် သူမက ရေများကို လေပြွန်ထဲသို့ မတော်တဆ အလောတကြီး မြိုချမိကာ ရေသီးလေတော့သည်။
“အခု ဘာဖြစ်ရပြန်ပြီလဲ။ ကလေးလည်း မဟုတ်တော့ဘဲနဲ့ ရေတောင်မှ ဂရုတစိုက် မသောက်နိုင်ဘူးလား”
စုန့်ရင်းက သူမ လက်များကို လှုပ်ရမ်းကာ သူမ အဆင်ပြေကြောင်း အချက်ပြလိုက်ပြီး ရေသောက်နေစဥ် အနှောင့်အယှက် မဖြစ်အောင် သတိထားလိုက်၏။
ထို့နောက် သူမက ရှီလီ လက်ထဲမှ လက်ကိုင်ပဝါဖြင့် သူမ မျက်နှာထက်မှ ရေကွက်များကို သုတ်လိုက်၏။
စုန့်ရင်း ဘာကိုမှ သေသေသပ်သပ် မပြုပြင်ရသေးမီ ပိုင်ချန်ချန်က ရေချိုးခန်းမှ ပြန်ရောက်လာလေသည်။
သူမလက်မှာ ရေစက်များ ရှိနေဆဲဖြစ်ကာ သူမ အိတ်ထဲမှ တစ်သျှူးကို သူမအတွက် ထုတ်ပေးရန် ဒုတိယသခင်လေးဖူကို ပြောလိုက်၏။ သူမက သူမလက်များကို သုတ်နေရင်း ရှီလီကိုပါ နှုတ်ခွန်းဆက်လိုက်၏။
“မင်းတို့ ညီအစ်မနှစ်ယောက် ဘယ်ကို သွားလိုက်တာလဲ။ ငါ မျက်တောင် တစ်ချက်ခတ်ရုံရှိသေး။ နှစ်ယောက်စလုံး ပျောက်သွားတာနော်”
ပိုင်ချန်ချန်က ကိုယ်ကျင့်စရိုက် ချို့ငဲ့သူ ဖြစ်လေရာ သူမအနေဖြင့် အခြားသူများနှင့် နီးနီးကပ်ကပ် ဆက်ဆံရသည်ကို နှစ်သက်လှ၏။
ဝမ်းနည်းဖွယ်ရာပင်။ သူမ ရှီလီကို ချဥ်းကပ်သည့် ဘယ်အချိန်မှာဖြစ်ဖြစ် သူမက ပက်ကျိတကောင် တွားသွားသည့်နှယ် ခံစားရကာ ရှီလီကို စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။
122 04
“ညီမတို့ အသိတွေနဲ့ တိုးတာနဲ့ သွားပြီး နှုတ်ဆက်နေတာပါ”
ပိုင်ချန်ချန် သူတို့အနား ချဥ်းကပ်လာသည့်အခါ ရှီလီက တပ်မက်ဖွယ် ပန်းရနံ့သဲ့သဲ့မျှကို ထင်ထင်ရှားရှား အနံ့ရလိုက်ကာ ၎င်းက ပိုင်ချန်ချန့်ဆီမှပင်။
ထိုသိမ်မွေ့သော ပန်းနံ့အတွင်းဝယ် ယောကျာ်းသုံး ရေမွှေး၏ အနံ့သဲ့သဲ့ကိုပါ ရိုးတိုးရိပ်တိပ် ရနေပါ၏။
ဒုတိယသခင်လေးဖူထံမှ မည်သည့် ရေမွှေးနံ့မှ မရလေရာ ထိုရနံ့၏ မူလဇစ်မြစ် နေရာက သိသာလှပါ၏။
စွန်းရှို့လီက သူ၏ လူအိုနံ့ကို ဖုံးကွယ်ရန် ရေမွှေးတွေ တရဟော ဖျန်းလာခဲ့ပုံပင်။
နောက်ဆုံး စားသောက်ပွဲ ပြီးဆုံးသွားချိန်မှာတော့ ဟွမ်ကျဲခမျာ သူ့သမီးနှစ်ယောက်နှင့်အတူ လက်ဗလာဖြင့် အိမ်ပြန်လာရလေသည်။
သို့သော် စုန့်ရင်းက သရေစာအပြည့်ပါလာပြီး ရှီလီကမူ ဖရဲသီး စားခဲ့ရလေရာ လက်ဗလာကြီး ပြန်လာရသည်ဟုတော့ တိတိပပ မဆိုနိုင်ပေ။
“ဒီနေ့ ပွဲကျင်းပတဲ့ နေရာကနေ ဘာသင့်တော်တာမှ မတွေ့ခဲ့ဘူး။ နောက်တခေါက်ကျမှ သမီးအတွက် ကောင်းတာလေး ဝယ်ပေးမယ်နော်”
ရှီလီကမူ သိပ်အများကြီး ဂရုမစိုက်ပေ။
“မား အရင်ဆုံး အနားယူသင့်တယ်။ သူများ သုံးပြီးသားကြီး သမီးလည်း မသုံးချင်ပါဘူး”
ကားရှေ့ခန်းမှ ထိုင်ခုံမှာ ထိုင်လိုက်ပြီး ဟွမ်ကျဲက အနောက်ဖက်ကို လှည့်ကာ သူမ နောက်ဖက် ထိုင်ခုံမှာ လိမ်လိမ်မာမာ ထိုင်လိုက်သည့် စုန့်ရင်းကို တချက်မျှ ဝေ့ကြည့်လိုက်လေသည်။
“ ရှောင်ရင်း ဒီနေ့ ဒေါ်လေးတို့အိမ် လိုက်ခဲ့ပြီး မမနဲ့ အတူတူနေမလား၊ မဟုတ်ရင် သမီးကို အိမ်ပြန်ပို့ဖို့ ဒရိုင်ဘာကို ပြောရမလား”
စုန့်ရင်းက သူမဘာသာ ချိန်ဆလိုက်ပြီး သူမ၏ မည်သည့် ရွေးချယ်မှုက သူတပါးကို ဝန်ပေါ့စေမလဲ တွေးလိုက်ပြီးနောက် ပြောလိုက်၏။
“သမီးကို အိမ်ပြန်ပို့ပေးဖို့ပဲ ဒရိုင်ဘာကို ပြောပေးပါ”
“ဟုတ်ပါပြီ”
ဟွမ်ကျဲက သက်ပြင်းချလိုက်၏။
“သမီးကို အိမ်အရင် ပြန်ပို့ပေးဖို့ ဒရိုင်ဘာကို ပြောလိုက်မယ်နော်။ သမီးလည်း ဒီနေ့ ခြေကုန်လက်ပမ်း ကျနေရောပေါ့”
သက်ကြီးဝါကြီးဖြစ်သည့် ရှီလီတို့ အဘွားက တစ်ခါတစ်ရံ အိမ်တော်ဟောင်းမှာ နေထိုင်လေရာ သူမ၏ ချွေးမဖြစ်သည့် ဟွမ်ကျဲအနေဖြင့် အိမ်ကို ဝင်ရောက် လည်ပတ်ခြင်း မပြုပါက ဂါရဝတရား မရှိရာ ကျလေသည်။
ထို့ကြောင့် ဟွမ်ကျဲနှင့် ရှီလီလည်း စုန့်ရင်းနှင့်အတူ အိမ်တော်ဟောင်းသို့ လိုက်ပါလာခဲ့၏။
ရှီလီ၏ အဘွားက အနားယူရန် သူမ အခန်းသို့ ပြန်သွားခဲ့ပြီဖြစ်ကာ အကြီးဆုံးဦးလေးနှင့် အကြီးဆုံးဒေါ်လေးလည်း ဧည့်ခန်းထဲမှာ မရှိပေ။ ဧည့်ခန်းမီးတွေကို ဖွင့်ထားသော်လည်း အငယ်ဆုံးဦးလေးနှင့် ဟုန်ယန်သာ ဧည့်ခန်းထဲမှာ ရှိနေပေသည်။
ဟုန်ယန်ကိုရော အငယ်ဆုံးဦးလေးကိုပါ ဟွမ်ကျဲက မနှစ်သက်သည့်တိုင် ဧည့်ခန်းထဲသို့ ဝင်လာသည့်အခါ သူမက ထိုနှစ်ဦးကို နှုတ်ခွန်းဆက်လိုက်ပါ၏။ သူမက ပိုလို့တောင် မနှစ်သက်သည့် ဟုန်ယန်နှင့်စာသော် ဟွမ်ကျဲက အငယ်ဆုံးဦးလေးကိုသာ နှုတ်ဆက်လိုက်လေသည်။
အငယ်ဆုံးဦးလေးက သူ့မရီးကို အတိုင်းထက်အလွန်သော ဂါရဝ ပေးလိုက်ကာ ယနေ့အခြေအနေကို ပြုံးပြီး မေးလိုက်
“အဲဒါ အရမ်း ပျော်စရာကောင်းတာပဲ”
စုန့်ရင်းက ထိုစကားဝိုင်းကို ဦးဆောင်လိုက်၏။
ထို့နောက် သူမက ပြောလိုက်လေသည်။
“ဒီနေ့ သမီးတို့တွေ ဗိုလ်ချုပ်ရွှီရဲ့ ဇနီးကိုတောင် တွေ့ခဲ့သေးတယ်”
******
123 01
အပိုင်း 123.
ထိုအမည်ကို ကြားသော် ဟုန်ယန်၏ အမူအရာမှာ ချက်ချင်း တောင့်တင်းသွားတော့သည်။ စုန့်ရင်းက သတိမထားမိသလို ဟန်ဆောင်ကာ ဆက်ပြော၏။
“မား အဲဒီ ရှီးထိုက် ရင်းနှီးမြှုပ်နှံမှု CEOရဲ့ ဇနီးနဲ့ ရင်းနှီးတာကို အရင်တုန်းက တခါမှ မပြောဖူးဘူးနော်”
ဟုန်ယန်၏ နှုတ်ခမ်းများက တွန့်ရွဲ့သွားကာ ပြန်ဖြေလိုက်၏။
“အဲဒါ ရာဇဝင်ဟောင်းကြီးပါဟယ်။ ပြန်ပြောဖို့တောင် မတန်ဘူး”
သို့သော် စုန့်ရင်းကမူ ဇွတ်ပြောနေဆဲပင်။
“အိုင်း မားရယ်။ အဲဒီ သခင်မရွှီကဖြင့် မားနဲ့ သူက သူငယ်ချင်းကောင်းတွေလို့တောင် ပြောလိုက်မှကို။ ဘယ်လိုလုပ်ပြီး ပြောဖို့ မထိုက်တန်ရတာလဲ”
မူလတုန်းကတော့ ဟွမ်ကျဲအနေဖြင့် အကျဥ်းချုပ် နှုတ်ဆက်ကာ ပြန်လာဖို့ပင်။ သို့သော် ဟုန်ယန်၏ ကသိကအောက်ဟန်ကို ကြည့်ကာ သူမက ဆက်နေရန် ဆုံးဖြတ်လိုက်လေသည်။
သူမ၏ စိုးရိမ်ပူပန်မှုများကို ကွယ်ဝှက်ရန် ဟုန်ယန်က ဆူညံပူညံ လုပ်လေတော့သည်။
“ဒီ ကျေးဇူးမသိတတ်တဲ့ ကောင်မလေး၊ ငါသာ နင့်ရဲ့ အသုံးမကျတဲ့ အဖေနဲ့ လက်မထပ်ဘဲ နင့်ကိုလည်း မမွေးခဲ့ရင် ကံဆိုးမိုးမှောင် ကျပြီး ဘယ်လိုတောင် အခုလိုမျိုး အဆုံးသတ်ပါ့မလဲ။ ငါ့ရဲ့ သူငယ်ချင်းကောင်းကိုရော ဘယ်လိုလုပ်ပြီး ဆုံးရှုံးပါ့မလဲ”
(ဘယ်လောက်တောင် အဓိပ္ပါယ် မရှိလိုက်သလဲလို့။ ရှင်က ကလေးနှစ်ယောက်ကို လဲလိုက်ပြီး သူတို့နဲ့ တမင်တကာ အဆက်အသွယ် ဖြတ်လိုက်တာလေ။ ဘာလို့လဲဆိုတော့ သူမနဲ့ သူမ ခင်ပွန်းက အဲဒီအမှန်တရားကို ရှာတွေ့သွားမှာကို ရှင်ကြောက်လို့။ )
(ရှင်က ရှင့်ကလေးကိုတော့ ကြွယ်ဝချမ်းသာတဲ့ သူငယ်ချင်းဆီပေးပြီး ပြုစုခိုင်းတယ်။ သူမရဲ့ ကိုယ်ပိုင်ကလေးကိုတော့ ရိုက်နှက်ပြီး အပြစ်တင်နေတော့တာပဲ။ ကောင်မလေးရဲ့ အဆင့်အတန်းကို နှိမ့်ချပြီး သူများ အောက်ကျခံရဖို့ ရှင်မျှော်လင့်နေတာ)
ဟွမ်ကျဲက သရော်တော်တော်ဖြင့် ပြောလိုက်၏။
“ဒါဖြင့် ငါတို့ရဲ့ တတိယမောင်လေးကတော့ နင့်ကို ဘဝကောင်း မပေးနိုင်ဘူးလို့ အပြစ် တင်နေတာပေါ့လေ။ ဟုတ်ရဲ့လား”
ဟုန်ယန်က ဟွမ်ကျဲကို ပြန်လည် နှုတ်လှန် မထိုးဝံ့ပေ။.သို့သော် သူမ၏ မထီမဲ့မြင် အမူအရာကတော့ သိသိသာသာကြီးကို ထင်ရှားနေပေတော့၏။
“မား၊ သူက သမီးကို တွေ့တော့လေ သမီးနဲ့ အရမ်းရင်းနှီးသလို ခံစားရတယ်တဲ့။ ရင်းနှီးတာမှ သူ့သမီးလေး အတိုင်းပဲလို့တောင် ရွှီသခင်မက ပြောတယ်”
စုန့်ရင်းက ဆက်ပြောပြန်သည်။
ဟုန်ယန်က သူမ၏ စိတ်ခံစားချက်များကို ဘယ်တုန်းကမှ ကောင်းကောင်း မသိုဝှက်နိုင်ခဲ့သူ ဖြစ်လေရာ သူမ၏ မျက်နှာအမူအရာမှ ထိန်းမရအောင် ပျက်ယွင်းလာတော့သည်။
စုန့်ရင်းက မညှာမတာပင် ဖိအားပေးနေဆဲ။
“နှစ်ယောက်သားရဲ့ ကလေးတွေအတွက် မားတို့နှစ်ယောက်က အပြန်အလှန် ခေါင်းကိုင်အမေ လုပ်ပေးမယ်လို့ သဘောတူထားတဲ့ အကြောင်းကိုလည်း သခင်မရွှီက ပြောပြသေးတယ်။ ပြီးတော့ သမီးက သူ့ကို ခေါင်းကိုင်အမေလို့ ခေါ်ရမယ်တဲ့”
နလပိန်းတုံးဖြစ်သည့် အငယ်ဆုံး ဦးလေးနှင့် မတူသည့် ဟွမ်ကျဲကမူ ဤနေရာမှာ တစ်စုံတစ်ခုကတော့ မှန်မနေကြောင်း ဝိုးတိုးဝါးတား ခံစားမိနေလေပြီ။
ဘာဖြစ်ဖြစ် ၎င်းက သူမနှင့် မသက်ဆိုင်သည့် အရာတစ်ခု ဖြစ်သည်ဟု စဥ်းစားကာ သူမ အနေဖြင့် ဤပွဲမှာ မပါဝင်ပဲ ဖြည်ချလာမည့် ဇာတ်ထုပ်ကို စောင့်ကြည့်သူသက်သက်သာ လုပ်ရန် ဆုံးဖြတ်ထားလိုက်ပါ၏။
123 02
အကြောင်းအရာကို ပြောင်းလဲဖို့ စုန့်ရင်းကို ဆူပူကြိမ်းမောင်းရန် ရည်ရွယ်လိုက်သော်လည်း ထိုစကား ကြားလိုက်ရချိန်တွင် သူမ အတွေးများ ပြောင်းသွားတော့သည်။
ထိုကလေးနှစ်ယောက်ကို လဲလှယ်လိုက်ကတည်းက သူမ၏ သမီးရင်းကို တစ်ကြိမ်လေးတောင်မှ မမြင်ရတော့သလို ဆိုရှယ်မီဒီယာမှ ဓာတ်ပုံတပုံလေးကိုတောင် မမြင်ဖူးခဲ့ပေ။
ဟုန်ယန်က စုန့်ရင်းကို ကြည့်မိသည့် အခါတိုင်း သူမကိုယ်တိုင် အဝေးကို ပေးပစ်ခဲ့သည့် သူမ၏ သမီးရင်းလေးကို အမှတ်ရမိ၏။
သူမကား အနှီ ကျန့်ကျင်းယာနှင့် စုန့်ရင်းဟူသည့် အမေနှင့် သမီး အတွဲလိုက်ကြီးကို မုန်းတီးလှပေ၏။ အကယ်၍များ သူတို့ကြောင့်သာ မဟုတ်လျှင် သူမက ဘယ်လိုလုပ်ပြီး သူမ၏ သမီးရင်းလေးကို ဆယ်စုနှစ်နှင့် အထက် မတွေ့ရဘဲ အဝေးသို့ ထွက်သွားခဲ့ရမည်နည်း။
ဟုန်ယန်က မဝံ့မရဲဟန်ဖြင့် မေးလိုက်၏။
“အဲဒီအချိန်တုန်းကတော့ ငါတို့တွေ တစ်ယောက်ကလေးကို တစ်ယောက် ခေါင်းကိုင်အမေ ဖြစ်ပေးဖို့ ပြောခဲ့ဖူးပါတယ်။ ဒီနေ့ အဲဒီ ရွှီမိသားစုရဲ့ သမီးကို မင်း တွေ့ခဲ့သေးလား”
ရှီလီကမူ အေးစက်စက်ပင် မှတ်ချက်ပြုလိုက်၏။
“ဘယ်လိုတောင် ထူးဆန်းရတာလဲ။ ဒေါ်လေးက ဒေါ်လေးရဲ့ သမီးရင်းကိုတော့ ဂရုမစိုက်ပေမဲ့ သူများ သားသမီး အကြောင်းကိုကျ သိချင်နေပြန်ရော”
သူမ လက်ကိုပိုက်ကာ စောင့်ကြည့် အကဲခတ်နေသည့် ဟွမ်ကျဲက မျက်ခုံးများ ပင့်သွားလေတော့သည်။ ပိုပြီး ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပေပြီ။
ဟုန်ယန်ကမူ အရေးမထားဟန်ဖြင့် ပြောလိုက်၏။
“ငါက ဒီတိုင်း မေးရုံမေးလိုက်တာပါ။ မင်းမျက်လုံးထဲမှာ ဘယ်လိုတောင် စိတ်ဝင်တစားနဲ့ စပ်စုတဲ့ပုံ ပေါက်သွားရတာလဲ”
သူမက ထပ်လောင်းပြောလိုက်၏။
“ပြီးတော့ တကယ်တမ်းကျ အဲဒါ ငါ့သူငယ်ချင်းကောင်းလေးရဲ့ သမီးလေးပဲလေ။ အဲဒီတော့ ငါ သူ့အကြောင်း မေးကြည့်တာက အရမ်းကို သာမန်ပါပဲဟယ်”
ရှီလီက အပြစ်ကင်းရိုးသားသည့် မျက်နှာလေးကို ချီထားလိုက်ကာ
“ကျွန်မက တခြား ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ ဒေါ်လေးက လိပ်ပြာမလုံ ဖြစ်နေတယ်လို့လည်း မပြောမိပေါင်။ ဒါ့ကြောင့် အရမ်းကြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး”
ဟုန်ယန်ကမူ ခပ်ခြောက်ခြောက် ရယ်သံကိုသာ ပေးလာ၏။
“ငါ စိတ်မလှုပ်ရှားပါဘူး။ စပ်စုရုံသက်သက်ပဲ”
ရှီလီကမူ ခေါင်းညိတ်ရင်းက
“ကျွန်မ သိပါတယ်”
ရှီလီ ထောက်ပြလိုက်သည့်အရာက ထုံထိုင်း တုံးအ,လွန်းသူ အငယ်ဆုံး ဦးလေးတောင်မှ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသွားပါ၏။
သူ၏ အကြည့်များက ရှုပ်ထွေးမှုနှင့် ပရမ်းပတာဖြစ်ခြင်းတို့ဖြင့် ပြည့်နှက်နေပေသည်။
ရှီလီက ပြုံးပြီး ပြောလိုက်၏။
“အော် ဟုတ်သား။ နောက်ရက် နည်းနည်းလောက်ကျ ဒေါ်လေးဆီလာလည်ဖို့ အိမ်ကို လာခဲ့မဲ့အကြောင်း သခင်မရွှီက ပြောလိုက်သေးတယ်။ ဒေါ်လေးကို သေချာ အသိပေးပေးပါလို့ ပြောတယ်။”
စုန့်ရင်းက သူမ နဖူးကို ဖြန်းခနဲ ရိုက်လိုက်ကာ
123 03
“ဟုတ်သား ၊ သမီး အဲဒါကို မေ့သွားတော့မလို့ ယုံတောင် မယုံနိုင်ဘူး”
ရှီလီကိုတော့ မကြိမ်းမောင်းနိုင်လေရာ ဟုန်ယန်က သူမ၏ မကျေနပ်မှုများကို စုန့်ရင်းထံသို့သာ ပုံချတော့သည်။
“ဒီငတုံးမလေးကတော့၊ ဒီလောက် ရိုးရှင်းတဲ့ စာကြောင်းလေး နှစ်ကြောင်းကိုတောင် သတိမရနိုင်ဘူး။ နင် ဘာကိုများ သတိရနိုင်လဲ။ ငါ့အထင်တော့ နင့်ရဲ့ အဲဒီဝက်ဦးနှောက်နဲ့ဆို ကောလိပ်သွားနိုင်ဖို့ စဥ်းတောင် မစဥ်းစားနဲ့။ နင်စောစောစီးစီး အလုပ်လုပ်ပြီး မိသားစုကို ဝန်ထုပ်ဝန်ပိုး ပေးမဲ့အစား ငွေရှာပြီး ထောက်ပံ့ပေးတာက ပိုတောင် ကောင်းဦးမယ်”
အငယ်ဆုံးဦးလေးက သိပ်ပြီး ကိုးစားလောက်ဖွယ် မရှိသော်လည်း စုန့်ရင်းကို ကျောင်းဆက်တက်ခွင့် မပြုတော့ဟု ဆိုလာချိန်တိုင်း အထူးသဖြင့် မိန်းကလေးတွေက ပညာ ပိုမိုသင်ယူသင့်ကြောင်း သူက အခိုင်အမာ ထောက်ခံပေးခဲ့သည်သာ။
“မင်း ဘယ်လိုလုပ်ပြီး ဒီလိုစကားပဲ ထပ်ပြောပြန်တာလဲ။ သူက အခုမှ ငယ်ငယ်လေး ရှိသေးတာ။ တကယ်လို့ ပညာဆက်မသင်တော့ရင် သူက ဘာလုပ်ရတော့မလဲ။”
“သူ ဘယ်ဟာကို မလုပ်နိုင်ရမှာလဲ။ ကျွန်မဆို အလယ်တန်းပဲ ပြီးတာလေ။ ဒါနဲ့တောင် အခုထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာပဲ မဟုတ်ဘူးလား”
ရှီလီကမူ တိတ်တဆိတ် သရော်လိုက်၏။ ( ရှင့်ကို ကြည့်တာနဲ့တင် ပညာရေးက ဘယ်လောက်အရေးကြီးမှန်း ဘယ်သူမဆို မြင်နိုင်နေတာကြီး)
ဟုန်ယန်က သူမ၏ မွေးမိခင်မဟုတ်ကြောင်း မသိရှိမီက သူမ၏ အပြစ်ရှာ ဝေဖန်မှုများကို ကြားရချိန်တိုင်း စုန့်ရင်းခမျာ နာကျင်ဝမ်းနည်းကာ ထုံထိုင်းသွားရသည်ပင်။
ဟုန်ယန်က သူမ၏ မွေးစားမိခင်မျှသာ ဖြစ်ကြောင်း သူမ သိရှိသွားကတည်းက ထိုဟီရိသြတပ္ပ ကင်းမဲ့သော စကားများက သူမကို ရွံရှာ စက်ဆုပ်စိတ်တို့ ဖြစ်စေသော်လည်း ထိုစကားကြမ်းများ နားတဖက်က ဝင်လာသည့်အခါ နောက်နားတစ်ဖက်ကနေ ပြန်ထုတ်လိုက်သည်ပင်။
ရှီလီ၏ သရော်သံကို ကြားပြီးနောက် စုန့်ရင်း၏ စက်ဆုပ် ရွံရှာစိတ်များက သဘောတကျ ပြုံးရယ်ခြင်းသို့ ပြောင်းသွားလေတော့သည်။
ရှီလီက ဟုန်ယန့်ကို သိမ်သိမ်မွေ့မွေ့ပင် သတိပေးလိုက်၏။
“ဒေါ်လေး အခု စကားပြောလိုက်တဲ့ အသံက တော်တော် ကျယ်သွားတာနော်။ အဘွားသာ နိုးလာရက် ဒေါ်လေး ရှောင်ရင်းကို ဆူပူေနတာ သူ သိသွားလိမ့်မယ်။ ပြီးရင်တော့ ဒေါ်လေး အထုပ်အပိုး ပြင်ပြီး တံတားအောက်မှာ သွားအိပ်နေရမယ်”
ဟုန်ယန်ခမျာ နင်သွားကာ စုန့်ရင်းကို မုန်းတီးစွာ ကြည့်လိုက်ပြီး
“မြန်မြန်သွားပြီး စာကြည့်ချေတော့။ နင်က မထက်မြက်ရတဲ့အထဲ ကြိုးစားရမှာကိုတောင် မသိဘူး”
မည်သည့် ဇာတ်လမ်းကိုမှ စောင့်ကြည့်ရန် မရှိတော့လေရာ ဟွမ်ကျဲက ပြောလိုက်၏။
“ ဟုတ်ပြီ၊ ဒို့တွေလည်း အိမ်ပြန်ကြတာပေါ့”
ရှီလီကလည်း မငြင်းပေ။
နောက်တနေ့ ကျောင်းပြန်ဖွင့်သည့်အခါ လူတိုင်း လူတိုင်း မကျေမနပ် ခံစားရသည်ကတော့ အားလပ်ရက်များ အဆုံးသတ်သွားခြင်းကြောင့် မဟုတ်ပါလေ။ သို့သော် မနေ့ညက အလှူပွဲကြီးမှာတော့ ဗဟုသုတ ရစရာ အချက်အလက်အျား ပြည့်နှက်နေသည်လေ။ ယင်းက ကြည့်ရသည်မှာ မိနစ်တိုင်း မိနစ်တိုင်းမှာ စမ်းသပ်စရာ ခေါင်းစဥ်များ ပေါ်ပေါက်လာသလိုပင်။
နေ့လည်ခင်း ကိုယ်ပိုင်လေ့လာချိန်အတွင်း အတန်းပိုင်ဆရာက အပြင်မှ လျှောက်လာကာ စာသင်စင်မြင့်ထက်မှနေ၍ ကရားရေလွှတ် ပြောလေသည်။
“ဒီနေ့ညရဲ့ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန် အတန်းကို ဖျက်သိမ်းတယ်”
ဆရာ့စကား မဆုံးသေးမီပင် ကျောင်းသားများထံမှ အားတက်သရော အသံများက ပေါက်ကွဲ ထွက်လာလေတော့သည်။
123 04
သူက Whiteboardကို နှစ်ချက်မျှ အားပြင်းပြင်း ခေါက်လိုက်ကာ
“မင်းတို့တွေ စိတ်မလှုပ်ရှားခင် ငါ့ကို စကားဆုံးအောင် ပြောခွင့် ပေးပါဦး”
(အဲဒါက ပျော်စရာ ကိစ္စလို့ ငါတော့ မခံစားရဘူးနော်)
ရှီလီ၏ အတွင်းစိတ် အတွေးက လူတ်ုင်း၏ တက်ကြွ ပျော်ရွှင်မှုများကို ဆွဲချလိုက်ပေသည်။ ထို့ကြောင့် စာသင်စင်မြင့်ထက်မှ ဆရာ၏ Blackboardကို ခေါက်သံကိုတောင် သတိမပြုမိကြပေ။
ထိုကျောင်းသားများ၏ တက်ကြွနေမှုများ တဖြည်းဖြည်း လျော့ပါးသွားပါမှ ဆရာက သူ့စကားကို နောက်တဖန် ပြန်ပြော၏။
“ နွေရာသီ ရှုခင်းတွေက အရမ်းလှတယ်လေ။ ဒီတော့ ကျောင်းကလည်း ကျောင်းသား အားလုံးအတွက် နွေရာသီ ခရီးတိုလေး စီစဥ်ပေးထားတယ်။ အဲဒါက ရက်နည်းနည်းလောက် ကြာမှာဆိုတော့ အဲဒီရက်အတွင်း မင်းတို့တွေ အတန်းတက်စရာ မလိုဘူး”
(ဘာရယ်။ မရဘူး၊ နောက်တစ်ခေါက် မဖြစ်ရဘူးနော်)
ရှီလီက ကာယ လှုပ်ရှားမှုများကို မနှစ်သက်ပေရာ ထို့အတွက်ကြောင့်သာလျှင် သူမက ကျောင်း၏ နွေရာသီ ခရီးတိုကို ငြင်းပယ်နေခြင်း ဖြစ်မည်ဟု အခြားလူများက မှတ်ယူလိုက်၏။
အတန်းပိုင်ဆရာက လူတိုင်းကို ပြုံးပြလိုက်၏။
“ ကျောင်းသားတွေအနေနဲ့ ဒီ Activity အတွက် သက်တောင့်သက်သာ ရှိမဲ့ အဝတ်အစားနဲ့ ဖိနပ်တွေ ပြင်ဆင်လာရမယ်။ Outdoor Activity အတွက် လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေရောပေါ့။ ကောင်းလေးပြင်ဆင်လာကြနော်”
(ငါ ဒီနွေရာသီ ခရီးတိုကို ကျော်ခွပစ်နိုင်မဲ့ ဖြစ်နိုင်ချေ ဘာမှ မရှိဘူးလားဟယ်)
အတန်းပိုင်ဆရာ.. ငါကြားတယ်လေ၊ ဒီတော့ Noပဲ၊ လုံးဝ မရဘူး။
လူတိုင်း…နွေရာသီ ခရီးတိုက ပျော်စရာကြီးဟာကို၊ နင်က ဘာလို့ ကျော်ပစ်ချင်ရတာတုန်း
******
124 01
အပိုင်း 124.
Class1မှ ကျောင်းသားများက အတော်ကို နာခံကျိုးနွံကြသူ များပေတည်း။ သက်တောင့်သက်သာ ရှိမည့် အဝတ်အစားနှင့် အားကစားအတွက် သင့်လျော်သည့် ရှူးများ စီးလာရန် သူတို့ဆရာ၏ အကြံပေးချက်ကို ကြားရသည့်အခါ လူတိုင်းက ပုံမှန်အဝတ်အစားနှင့် ဖိနပ်များကိုသာ ဝတ်ကျေတန်းကျေ ဝတ်ဆင်လာပါ၏။
အခြားအတန်းမှ ကျောင်းသားများက သူတို့နှင့် မတူစွာပင် ဤနွေရာသီ ခရီးတိုဝယ် သူတို့က ယူနီဖောင်း ဝတ်စရာ မလိုကြောင်း ကြားရသည်နှင့် သူတို့အားလုံး လှတပတ အဝတ်အစားများနှင့် လယ်သာရှူးဖိနပ်များ လဲလှယ် ဝတ်ဆင်ကြတော့သည်။
၎င်းက သာမန် နွေရာသီ ခရီးတိုလေး ဖြစ်ပါသော်ငြား ကျောင်းကမူ အရေးကြီးကိစ္စနှယ် မှတ်ယူပေ၏။
ခရီးမစတင်မီ သူတို့က အထူးကို တက်ကြွနေသည်မှာ Oath-taking Ceremony* နှယ် သက်ဝင် လှုပ်ရှားနေပေသည်။
(* Oath-taking Ceremony- …ရိုးရာ ဘုရားကန်တော့ပွဲ အခမ်းအနား)
ကျောင်းအုပ်ကြီးက စင်မြင့်၏ ဗဟိုထက်မှာ ရပ်နေပြီး သူ့ကျောင်းသားများ အနေဖြင့် ဤနွေရာသီ ခရီးတိုမှ တစ်စုံတစ်ရာ လေ့လာသင်ယူနိုင်ကာ သူတို့၏ ပျော်ရွှင်မှုနှင့် လန်းဆန်းတက်ကြွမှုများကို ရှာတွေ့ သင်ယူနိုင်ဖို့ မျှော်လင့်မိကြောင်း မဟာ့မဟာ တက်ကြွမှုဖြင့် ပြောဆိုနေပေသည်။
(အဲဒါ ပျော်စရာမှ မဟုတ်တာ)
အထက်တန်း ပထမနှစ်မှ အတန်းအားလုံး၏ ဆရာ ဆရာမမ အားလုံးက စင်မြင့် အစွန်နားမှာ ထိုင်နေကြတာ ဖြစ်၏။ တချက် ကြည့်ရုံမျှဖြင့်ပင် Class1,Grade1မှ ကျောင်းသားများသာလျှင် ဗလာသက်သက်ကြီးနီးပါး ဝတ်စားထားကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရပေ၏။
Class 2မှ ဆရာက Class 1,Grade 1 အတန်းပိုင်ဆရာ အနီးသို့ ကိုယ်ကို ယိမ်းကာ တိုးတိုးလေး မေးလိုက်၏။
“မနေ့တုန်းက ဆရာ့ ကျောင်းသားတွေကို သတိ မပေးထားဘူးလား”
“ငါ သူတို့ကို ခရီးတို အားကစားအတွက် သင့်တော်မဲ့ အဝတ်အစားတွေ ဝတ်လာဖို့ အကြံပေးပြီး ပုံမှန်အတိုင်း သတိပေးထားပါတယ်”
Class1 မှ အတန်းပိုင်ဆရာက ပြန်ဖြေလိုက်၏။ ထို့နောက် ပြောလိုက်ပြန်သည်။
“ခင်ဗျားလည်း အတူတူပဲ မဟုတ်ဘူးလား”
Class2မှ အတန်းပိုင်ဆရာခမျာ ကူကယ်ရာမဲ့စွာပင် အစိပ်စိပ်အမြွှာမြွှာ ကွဲကြေရတော့သတည်း။ အမှန်တော့ သူလည်း အတူတူပင် ပြောဆိုခဲ့ခြင်းဖြစ်ပါ၏။ သို့သော် သူ့ကျောင်းသားများ အားလုံးက ပုန်ကန် ထကြွတတ်သူများတည်း။ နောက်ဆုံး သူတို့က ယူနီဖောင်း ဝတ်ဆင်စရာ မလိုတော့ရာ သူတို့တစ်ဦးချင်းက ၎င်းတို့၏ ငှက်မွေးလေးများကို ကြွားဝါနေသည့် ဒေါင်းကလေးများနှင့်ပင် ဆင်တူလေတော့သည်။
“ငါ သူတို့ကို သတိပေးထားပါတယ်”
ကျောင်းသားများ အားကစားဝတ်စုံ ဝတ်လာဖို့ သတိပေးခြင်းက ကျောင်း၏ ခွင့်ပြုချက်အရသာ ဖြစ်ပြီး ကျောင်းသားများထံ ဆရာများ ပေးနိုင်သည့် ကြိုတင်သတိပေးချက်ပင် ဖြစ်ပါ၏။
တစ်ဆောင်တည်းမှာ ရှိနေသည့် စီနီယာကျောင်းသားများမှာ ထိုမြင်ကွင်းထံမှာ ဆွဲဆောင်ခံလိုက်ရပြီး ပြတင်းပေါက်မှ လှမ်းကြည့်နေကြ၏။
ဘာတွေ ဖြစ်ပျက်သည်ကို သတိမမူမိသည့် ပထမနှစ် ကျောင်းသားများကမူ ထိုသနားစရာ စီနီယာ အကို အစ်မများခမျာ သူတို့က အပြင်ထွက် ကစားခွင့် ရသည့်အပေါ် မနာလို အားကျနေသည်ဟုသာ တွေးမိလေသည်။
တစ်ခါတစ်ရံ နှိုင်းယှဥ်ခြင်းမှလည်း ပျော်ရွှင်မှု ရရှိနိုင်သည်ပဲ။ ပြတင်းပေါက်မှ ပုံရိပ်မည်းမည်းများကို မြင်သော် ထိုပထမနှစ် ကျောင်းသားလေးများမှာ ချက်ချင်းကို ပျော်ရွှင်လာပေတော့သည်။
မင်းတို့တွေ စာသင်နေတုန်း ငါတို့က အားလပ်ချိန်ရပြီး အပြင်ထွက်နိုင်တယ်နော်။
ထိုနွေရာသီ ခရီးတိုက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့က အတန်းထဲမှာ ငုတ်တုတ်ထိုင်ပြီး စာမသင် စာအုပ်ဖတ်စရာ မလိုမှတော့ ၎င်းက မဟာကိစ္စကြီးပါပင်။
သူမဘေးမှ လူတိုင်းက ပျော်ရွှင်သည့် အမူအရာများကို ဝတ်ဆင်နေကြစဥ် ရှီလီကမူ သူမ၏ အတန်းဖော်များကို ဤနွေရာသီ ခရီးတိုအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား မထားကြရန် သတိမပေးခဲ့ပါပေ။ သူမက အတော်ကြီး ကျီစားဟန်ဖြင့် တွေးမိ၏။ (ဟီးဟီး အဲဒါက ဘယ်လောက် ပြင်းထန်လဲ နင်တို့တွေ မကြာခင် သိရတော့မှာပါ)
124 02
ရှီလီ၏ အတွေးကို ကြားနိုင်သည့် အတန်းဖော်များ… *အဲ့တော့ ငါတို့က ဘာလုပ်ရတော့မလဲ။ အဲဒီအတွက် မကောင်းတဲ့ ခံစားချက်ကြီး ရနေပြီနော်*
ထို မကောင်းသော နိမိတ်ဆိုးများအတွက် စိတ်လေးခြင်းကို ခံစားရသည်က ယခုတော့ တကယ်ကြီး နောက်ကျခဲ့လေပြီ။
ထိုအချိန်တွင် သူတို့ခမျာ ဘတ်စ်ကား တန်းကြီးပေါ် တက်နေခဲ့ရပြီး ဖြစ်သောကြောင့်ပင်တည်း။ အတန်းတတန်းချင်းစီမှာ ကျောင်းသား များများစားစား မရှိလေရာ ဘတ်စ်ကား တစီးချင်းစီက အတန်းတတန်းမှ ကျောင်းသားအားလုံး ဝင်ဆံ့လေသည်။
ကျောင်းသားအားလုံး ကားပေါ်သို့ တက်ကြပြီးနောက် သူတို့ဆရာက သူတို့နှင့် အတူ လိုက်မလာကြောင်း သဘောပေါက်လေတော့သည်။
သူတို့၏ အတန်းဆရာမက ဘတ်စ်ကား အပြင်ဘက် မြေပြင်ပေါ်မှ သူတို့ကို အမေကြီးများနှယ် လက်ကို ဝှေ့ယမ်း နှုတ်ဆက်နေသည်မှာ သူတို့၏ သားသမီးများကို ကျောင်းလိုက်ပို့ကြသည့် မိဘများနှယ် Deja Vu အာရုံကိုသာ ပေးစွမ်းပေတော့သည်။
ရှီလီ၏ သတိပေးချက် မရှိသည့် အခြားအတန်းမှ ကျောင်းသားများက တစ်စုံတစ်ရာ မှားနေပြီဖြစ်ကြောင်း ခံစားရသော်ငြား သိပ်အများကြီး အာရုံမစိုက်ပေ။
Class 1,Grade 1 မှ ကျောင်းသားများက သူတို့ဆရာက သူတို့နှင့်အတူ ကားပေါ်သို့ လိုက်တက်မလာသည်ကို ကြည့်ကာ ဤနေရာမှာ တခုခုတော့ မသင်္ကါဖွယ် ဖြစ်နေပြီဟူသည့် ခံစားချက်များ တိုးလာပြီး ဂရုတစိုက်နှင့် နိုးနိုးကြားကြား နေကြဖို့ တဦးနှင့်တဦး သတိပေးထားကြပါ၏။
အတော်ကြီး သတိကြီးနေကြသည့် သူမ၏ အတန်းဖော်များနှင့် မတူစွာပင် ဘာတွေဆက်ဖြစ်မည်ကို သိရှိပြီး ယခုထိတိုင် လုံခြုံနေဆဲ ဖြစ်သည့်အတွက် သူမက တရေးတမော အိပ်ရန်သာ ဆုံးဖြတ်လိုက်၏။
ကားဒရိုင်ဘာက ထိုကျောင်းသားလေးများကို နောက်ကြည့်မှန်မှတဆင့် တစ်ချက်မျှ ဝေ့ကြည့်လိုက်၏။ ထိုကလေးများမှာ သူတို့၏ မျက်လုံးများကို အကျယ်ကြီး ပြူးထားကြကာ တစ်စုံတစ်ရာကို သတိပြုနေကြောင်း သိသာလှသည်။ ဤအတန်းမှ ကျောင်းသားများက နိုးကြား ဝီရိယ ရှိလှချည့်ဟု တွေးကာ သူက ပြုံးလိုက်၏။
ခရီးဆုံး မရောက်ခင်အထိ ကားများက လေးနာရီမျှ မောင်းနှင်ခဲ့လေသည်။ ခရီးနှင်နေစဥ်အတွင်း ကျောင်းသားများလည်း တရေးတမောမျှ အိပ်ကြ၏။
သူတို့ ဆင်းနိုင်ပြီဖြစ်ကြောင်း ဒရိုင်ဘာက လောေဆာ်လိုက်ပြီးနောက် ကားပေါ်မှ ဆင်းလာကြသည့် ကျောင်းသားများမှာ ဤဘတ်စ်ကားနောက်မှ လိုက်လာကြသည့် အခြား အတန်းမှ ကျောင်းသားများကို တင်ဆောင်လာသော ဘတ်စ်ကားများကို ဘယ်မှာမှ မတွေ့တော့သည်ကို သတိပြုမိသွား၏။ ယခု ဤနေရာမှာက သူတို့၏ ဘတ်စ်ကား တစ်စီးသာ ရှိလေသည်။
ထို့အပြင် ယခု ရောက်ရှိနေသော နေရာကို ကြည့်ရသည်မှာလည်း နွေရာသီ ခရီးတိုနှင့် သင့်လျော်သည့် ပတ်ဝန်းကျင်မျိုး ဟုတ်မနေပေ။
လူတိုင်း၏ စိတ်ကူးထဲတွင် နွေရာသီ ခရီးတိုဟူသည် လှပသည့် နေရာလေးမှာ နေသာနေပြီး တောင်တန်းနှင့် ရေကန်များ ရှိသင့်ပေသည်။ သူတို့က ပျော်ပွဲစား ဖျာများကို မြက်ခင်းပေါ်မှာ ဖြန့်ခင်းကာ အရသာရှိသည့် အစားအသောက်များကို အတူတူ စားသောက်ကြပြီး ဂိမ်းဆော့လျှင်ဆော့ မဆော့လျှင် ကတ်ကစားကြကာ ဂိမ်းဆော့တာကို မကြိုက်သူများကတော့ မြက်ခင်းပေါ်မှာ လဲလျောင်းကာ တောက်ပလင်းချင်းသော နေရောင်ကို ခံစားနိုင်ပါ၏။
၎င်းကသာလျှင် ဖြစ်သင့် ဖြစ်ထိုက်သော နွေရာသီ ခရီးတိုပါပင်။
ကျောင်းသားများကို ခရီးဆုံးမှာ ချပေးပြီးနောက် ဒရိုင်ဘာက ချက်ချင်းထွက်မသွားပေ။ သို့သော် ဒရိုင်ဘာ၏ ထိုင်ခုံမှ ခုန်ချ ဆင်းလာ၏။
ယာဥ်မောင်း၏ မျက်နှာကို မြင်သည့်အခါ ကျောင်းသားများမှာ ထိတ်လန့် တုန်လှုပ်သွားလေတော့သည်။
“ခင်ဗျားက လုံခြုံရေး ဦးလေး မဟုတ်လား”
အမှန်တော့ ကျောင်းသားများကို ဤနေရာသို့ မောင်းပို့ပေးခဲ့သူမှာ သူတို့တွေ ကျောင်းမှာ နေ့တိုင်း တွေ့နေရသည့် ကျောင်းလုံခြုံရေးမှ လွဲ၍ အခြား မည်သူမှ မဖြစ်နိုင်တော့ပေ။
124 03
“မင်းက ဉာဏ်ကောင်းတာပဲ။ ကလေး”
ထိုကျောင်းသားခမျာ သူ့ကို ချီးကျူး ဂုဏ်ပြုခြင်းအတွက် မည်သည့် ပျော်ရွှင်မှုကိုမှ မခံစားရပဲ ယဥ်ကျေးစွာပင် ပြန်မေးလိုက်၏။
“ငါတို့ကို နွေရာသီ ခရီးတို ပို့ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုကျ ဘယ်လိုဖြစ်လို့ ငါတို့ကို ဖုန်းဆိုးမြေလို နေရာကြီးကို ခေါ်လာတာတုန်း။ တခြား အတန်းက ကျောင်းသားတွေရော ဘယ်မှာလဲ။ ငါတို့ ဆရာကရော ဘာလို့ ငါတို့နဲ့ အတူတူ လိုက်မလာတာလဲ။ ခင်ဗျား ငါတို့ကို ပြန်ပေးဆွဲလာတာလား”
“မင်း အရမ်းကို သတိကြီးနေတာ မဟုတ်ဘူးလား”
ရွှယ်ရွှယ်ကျားက ထေ့ငေါ့ရင်း ပြန်ပက်လိုက်၏။
“အဲဒီအတွက်တော့ ငါတို့လည်း မကူညီနိုင်ဘူး။ ဒီနေ့ရဲ့ ကမ္ဘာကြီးထဲမှာ ပြန်ပေးသမားတွေ အများကြီးပဲလေ။ တကယ်လို့ ကျွန်မတို့သာ သတိမထားမိရင် ဒီလူမှုအဖွဲ့အစည်းထဲမှာ အသက်ရှင်မှာတောင် မဟုတ်ဘူး”
အတန်းခေါင်းဆောင် တစ်ဦးအနေဖြင့် သူကလည်း ပြောလိုက်၏။
“ဦးလေး၊ ကျနော်တို့ ကျောင်းက အတန်းပိုင်ဆရာနဲ့ ပေါင်းပြီး ကျနော်တို့ကို နောက်နေတာ မဟုတ်လား။ ကျေးဇူးပြုပြီး ကျနော်တို့ကို မြန်မြန် ပြန်ပို့ပေးပါ”
မြောက်မြားလှစွာသော အတွေးတို့က သူတို့ စိတ်ထဲမှာ လင်းလက်နေ၏။ ယခုကိစ္စက ပြန်ပေးဆွဲခြင်း သို့မဟုတ် ငွေညှစ်ခြင်း ဖြစ်နိုင်သည်ဟု သူတို့က သံသယ ရှိနေပြီ။ သို့သော် သူတို့၏ အတန်းပိုင်ဆရာက ကားပေါ် တက်မလိုက်လာသည့် အချက်ကြောင့် သူတို့က အနည်းငယ်မျှ စိတ်အေးမိ၏။
ဤနွေရာသီ ခရီးတိုတွင် အတန်းပိုင်ဆရာက ကျောင်းသားများနှင့်အတူ အတူလိုက်ပါသင့်သော်လည်း သူက ကားပေါ်ပင် တက်မလာလေရာ ယခုဖြစ်ရပ်ကို သတိပြုမိကြောင်း သက်သေခံနေပါ၏။
ယာဥ်မောင်း တဖြစ်လဲ လုံခြုံရေးက သူ့နောက်မှ ညစ်ပတ်နေသည့် လမ်းငယ်လေးကို ညွှန်ပြကာ
“အမှန်တော့ ဒါက နောက်ပြောင် ကျီစယ်နေတာ မဟုတ်ဘူး။ ဒီနေရာက မင်းတို့တွေ နွေရာသီ ခရီးတို ထွက်ရမဲ့ နေရာပဲလေ”
သူ၏ အမူအရာက အလွန်သေချာနေပေရာ ကျောင်းသားများက သူတို့ကိုယ်သူတို့ သံသယ ဝင်ကုန်ကြ၏။ ခင်ဗျား အတည်ပြောနေတာလား။
မနေ့တုန်းက ရှီလီ၏ ငြင်းတန်မှုကို သူတို့ခမျာ ယခုမှပင် နားလည်သွားပုံ ရှိလေတော့၏။
ဟောင်းမြင်းပြီး ယိုယွင်းနေသည့် နွားလှည်းတစင်းက ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် Second-Gen Rich Kids တသိုက်ကို ဖြတ်သွား၏။ လှည်းမောင်းလာသည့် လူအိုကြီးက နွားထီးကြီး၏ ကျောကို ကျာပွတ်ဖြင့်ရိုက်လိုက်ပြီး နွားထီးကြီးခမျာ လှည်းကို ဆွဲနေတာတောင်မှ သက်သာရာ ရမနေပါပေ။
ထို Second-Gen လူချမ်းသာ ကလေးများမှာ အနှီသိူ့သော ဆင်းရဲဒုက္ခမျိုးကို မကြုံတွေ့ဖူးလေရာ မှင်သက် အံ့သြကြလေသည်။ ယခုလို မြင်ကွင်းမျိုးကို သူတို့က TV ထဲမှာသာ မြင်ဖူးခဲ့တာဖြစ်၏။
အရိုးသားဆုံး ဆိုရပါမူ သူတို့က ဤသို့သော လယ်သူကြီး ဘဝကို အတွေ့အကြုံကို စိတ်ထဲ မထားပါပေ။ သို့သော် ပြသနာက မတိုင်မီက သူတို့ သိခဲ့ဖူးသည့် လယ်သမား ဘဝဟူသည်က သန့်ရှင်းပြီး သေသပ်သော ကျေးရွာသစ်များကိုပင်။
ဖုန်မှုန့်ပျံကြီးတွေ နှစ်ပေါင်လောက် ကန်ထုတ်နိုင်သည့် နွားလှည်းအိူကြီး ဖြတ်သွားမည့် နေရာမျိုး မဟုတ်ပါပေ။
မော်တော်ဆိုင်ကယ်သံ တဖုန်းဖုန်းက ချဥ်းကပ်လာခဲ့ကာ အသားမည်းမည်းနှင့် သက်လတ်ပိုင်း လူတစ်ဦးက ဆိုင်ကယ်ပေါ်မှ ဆင်းလာ၏။
လုံခြုံရေး ဦးလေးက သူ့ကို ယခုလို အကြောင်းကြားလိုက်၏။
“ရွာလူကြီးကျောက်၊ ကလေးတွေကို ဒီနေရာ ခေါ်လာခဲ့ပါပြီ။ သူတိူ့ကိုကောင်းကောင်း ဂရုစိုက်ပေးပါဦး”
124 04
လုံခြုံရေး ဦးလေးက အဝေးကို အလျင်အမြန် လစ်ပြေးလိုသော်လည်း ကျောင်းသားများက သူ့ကို အလျင်မြန် တားဆီးလိုက်၏။
“ခင်ဗျား ထွက်မသွားခင် အခု ဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြမှ ရမယ်”
လုံခြုံရေးက သူတို့၏ ဖုန်းများကို ညွှန်ပြကာ ပြောလိုက်၏။
“မင်းတို့ ဆရာဆီကနေ မက်ဆေ့ချ် ရပြီးလောက်ပြီ။ မက်ဆေ့ချ်ကို ဖတ်ပြီးတာနဲ့ မင်းတို့ သဘောပေါက်သွားမှာပါ။”
လုံခြုံရေး ဦးလေး၏ သတိပေးမှုကြောင့် ကျောင်းသားအားလုံး ခေါင်းများ ငုံ့ကာ သူတို့ဖုန်းကို ကြည့်လိုက်ကြလေသည်။ သူတို့တွေ အာရုံပျက်သွားစဥ် ထိုလုံခြုံရေးက သွက်လက်ကျွမ်းကျင်စွာဖြင့် သူ့ကို တားဆီးထားသည့် ကျောင်းသားလေးကို ဖြတ်ပြေးသွားကာ ဘတ်စ်ကား၏ ဒရိုင်ဘာခုံပေါ် အလျင်အမြန်ပင် တွယ်တက်သွားလေတော့၏။
ဘီးလည်လာခြင်းနှင့်အတူ ဘတ်စ်ကားက Gas ခြေနင်းကိုဖြတ်ကာ တဟုန်ထိုး ထွက်သွားပေရာ ခြောက်သွေ့နေသော လမ်းမထက်ဝယ် ဖုန်တထောင်းထောင်း ထ သွားလေတော့သည်။
ရွှယ်ရွှယ်ကျားကမူ ထိုလုံခြုံရေးကို တားဆီးဖို့ ကြိုးစားသည့် ကောင်လေးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကာ
“နင့်လို အားသန်တဲ့ ကောင်လေး ငယ်ငယ်လေးက ဘယ်လိုလုပ်ပြီး အဲဒီ သက်လတ်ပိုင်းလောက် လူကိူတောင်မှ မတားနိုင်ရတာလဲ”
သူတို့ခမျာ ထိုအတွက် အမှန်တကယ်လည်း အပြစ်မတင်နိုင်ပါပေ။ အနှီ လုံခြုံရေး ဦးလေးက လူငယ်များထက်ပင် သွက်လက်ကျွမ်းကျင်ကြောင်း လူတိုင်း မြင်နေနိုင်သည်ပင်။ ထို့ကြောင့် အတန်းခေါင်းဆောင်လည်း သူ၏ ခေါင်းဆောင်မှု ကဏ္ဍကို ရယူကာ ပြောလိုက်၏။
“ဟုတ်ပါပြီ၊ ငါတို့ ကျောင်းက လုံခြုံရေးတွေရဲ့ နောက်ခံကို အကုန် သိနေကြတာပဲဟာ။ တကယ်လို့ အဲဒီ လုံခြုံရေးဦးလေးကို တားနိုင်ရင် ငါတို့က ထူးချွန်သူ ကြေးစားစစ်သားတောင် ဖြစ်လာဦးမှာ”
ထိုကျောင်းသားများမှာ မျက်ရည်ကျလုနီးနီးပါပင်။ သို့သော် သူတို့ကို ပိုလို့တောင် မျက်ရည် ပြည်သွားစေသည်ကတော့ သူတို့ အတန်းပိုင်ဆရာက အားလုံးထံ ပို့ပေးလိုက်သည့် မက်ဆေ့ချ်ကြောင့်သာ ဖြစ်ပေတော့သည်။