← Chapters

အခန်း (၁၄၅-၁၄၈)

Vol. 8 Ch. 145-148

အခန်း (၁၄၅-၁၄၈)

Vol. 8 Ch. 145-148

145 01

အခန်း ၁၄၅: အရမ်း ချမ်းသာနေတာကိုဘာလို့ ကျောင်းသွားနေဦးမှာလဲ

ကုမ္ပဏီအစား ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ရန်အတွက် မူလကတော့ ဒုဥက္ကဌများထဲမှ တစ်ဦးကို သုံးရက်ကြာ အလုပ်ခရီးထွက်ခိုင်းရန် စီစဉ်ထားတာပင်။ သို့ပေတည့် အချို့သောအကြောင်းရင်းများကြောင့် တက်ရောက်ရမည့်သူက ဝေ့ရှန်းမင် ဖြစ်သွားသည်။

ဝေ့ရှန်းမင် အတွက်ကတော့ ဤခရီးမှာ သူကိုယ်တိုင်ကိုယ်ကျ ကိုယ်တွယ်ရန် မလိုအပ်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်သည်။ ပျင်းရိမှုကြောင့် အိမ်တွင်သာ အနားယူလိုတာပင်။ သို့သော် သူ့မိန်းမက အခြား ပရောဂျက်တွေနှင့် အလုပ်များနေပြီး သူ့ကို အဖော်မပြုပေးနိုင်တာကြောင့် သူအလိုရှိသော အားလပ်ချိန်တစ်ချို့ ရှိလာတော့သည်။ ခရီးစဉ်တွင်သူ့မယားငယ်ကိုပါ တစ်ပါတည်း ခေါ်သွားလို့ရနေလေပြီ။

ဝေ့ရှန်းမင က သူ၏ မယားငယ်နှင့်အတူမြို့ပြင်၌ ပျော်ရွှယ်ဖွယ်ရာ သုံးရက်ကို ကုန်ဆုံးခဲ့သည်။ အိမ်ပြန်ရောက်တော့ သူ မရှိခိုက် သူ့မိန်းမက သူတို့သားကို ကျောင်းထုတ်လိုက်သည့်အကြောင်းအား သိရှိလိုက်ရ၏။

ဤသတင်းကို သူကြား‌လိုက်တော့ အရာအားလုံးက သူ့မျက်စိရှေ့တွင် မှောင်မိုက်သွားသလို ခံစားလိုက်ရတော့သည်။

ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဝေ့ရှန်မင်း ဒေါသပေါက်ကွဲခဲ့ရ၍ ၎င်းမှာ သူ့မိန်းမကို ဦးတည်လိုက်သည်။

“မင်း ဘာတွေလုပ်နေတာလဲကွ။ ဘာလို့ ငါတို့သားကို ကျောင်းထုတ်လိုက်တာလဲ”

“ဒီလုပ်ရပ်ရဲ့ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ မင်းမသိဘူးလား”

ချူထုံရှိုးက အလုပ်အကိုင်ရှိသော အမျိုးသမီး တစ်‌ဦးဖြစ်၍ သူမ၏ ကုမ္ပဏီတွင် တွက်ဆလို့ရသော အင်အားတစ်ခုပင်ဖြစ်၏။ သူမက အားကောင်းသော မိသားစုနောက်ခံကနေ ဆင်းသက်လာသူဖြစ်ကာ ကိုယ်ပိုင်အရည်အချင်းအရဆို ဝေ့ရှန်းမင်က သူမနှင့်မယှဉ်နိုင်ပေ။

ထို့ကြောင့် ဝေ့ရှန်းမင်က ချူထုံရှိုးကို ဘယ်‌တော့မှ အသံမြှင့်ပြောဖူးတာမျိုး မရှိခဲ့ဘဲ သူမထက် နိမ့်ကျသလို ခံစားခဲ့ရသည်။

သေချာသည်မှာ ချူထုံရှိုးက အမည်အရသာ သူ့မိန်းမ ဖြစ်နေသော်လည်း ယောက်ျားအများစုကို ဖိနှိပ်ထားနိုင်သော သူမ၏ ယုံကြည်ချက်ကို ဝေ့ရှန်းမင် သဘောမကျပေ။ သူက ပန်းပွင့်ဖြူလေးလို သိမ်မွေ့နုနယ်သော အမျိုးသမီးတွေကိုသာ နှစ်သက်သူပင်။

ချူထုံရှိုးက ညင်သာစွာ ပြောလိုက်သည်။ “ရှင်းလေးက အနာဂါတ်မှာ မိသားစုစီးပွားရေးကို ဆက်ခံရမှာလေ။ ကျောင်းမှာ အချိန်ဖြုန်းနေတာထက်စာရင် ‌ကုမ္ပဏီထဲ စောစောစီးစီးဝင်ခိုင်းပြီး စီးပွားရေး လည်ပတ်တာတွေကို ရင်နှီးကျွမ်းဝင်အောင် လုပ်ခိုင်းထားလိုက်လို့ရှိရင် အနာဂါတ်မှာ မြန်မြန်ဆန်ဆန် လွှဲပြောင်းယူနိုင်ပြီး အကျိုးရှိတာပေါ့။ အခုချိန် ကျောင်းမှာသင်လိုက်တဲ့ အသိပညာက နောက်ပိုင်းကျ သိပ်ပြီးအသုံးဝင်မှာမှ မဟုတ်တာ၊ လက်တွေ့လုပ်ကြည့်ပြီးမှ အတွေ့အကြုံ ရသွားတာတွေပဲလေ”

ဤငြင်းခုံမှုမှာ အစပိုင်းမှာတော့ ကျိုးကြောင်းဆီလျော်သည့် ပုံပေါ်သော်ငြား စေ့စပ်သေချာခြင်း မရှိပေ။ အကယ်၍ ကျောင်းတက်ရတာက အသုံးမဝင်ရင် ဘာလို့ အရမ်းချမ်းသာတဲ့မိသားစုတွေက သူတို့ကလေးတွေကို အကောင်းဆုံးကျောင်းတွေ ထားပေးဦးမှာလဲ။

ဝေ့ရှန်းမင်က အရူးမဟုတ်သော်လည်း ပါးနပ်သူ မဟုတ်ပေ။ ပြန်လည်ချေပဖို့ကို ချက်ချင်းလက်ငင်း မစဉ်းစားနိုင်။

ထိုအချိန်မှာဘဲ ကျောင်းထွက်ပြီးကတည်းက အိမ်မှာဘဲ ဗီဒီယိုဂိမ်း ကစားနေသော ဝေ့ရှင်းက သူ့အခန်းထဲကနေ ပြေးထွက်လာသည်။

145 02

သူ့အဖေ၏ ဒေါကန်နေသော အသံကိုအပေါ်ထပ်ကနေပြီး ကြားလိုက်ရတာပင်။ ဗီလာက အတော်လေး အ‌သံလုံသော်လည်းဆူညံသံအချို့ကတော့ ထွက်ပေါ်နေဆဲပင်။

ဒါပေါ့၊ ဝေ့ရှင်းက ကျောင်းမသွားချင်ပေ။ မဟုတ်လျှင် ချူထုံရှိုးက သူ့ကို ကျောင်းထွက်၍ မိသားစု စီးပွားရေးကို ဆက်ခံရန်အတွက် အကြံပေးလာချိန်မှာ သူဘာကြောင့် မတုံ့ဆိုင်းဘဲ လက်ခံခဲ့မှာလဲ။

အကယ်၍ ဝေ့ရှင်းကသာ သဘောမတူလျှင် ချူထုံရှိုးက အုပ်ထိန်းသူ ဖြစ်နေပါစေဦး၊သူမအနေနှင့် သူ့ကို ကျောင်းထုတ်ပစ်ဖို့ရာမှာ အလွန်လွယ်ကူနေခဲ့မှာ မဟုတ်ချေ။

ဝေ့ရှင်းက ကလေးဘဝကတည်းက မိဘတွေ၏ အလိုလိုက်ခြင်းကို ခံခဲ့ရသူပင်။ သူက စာသင်တာ မဆိုထားနှင့် ပင်ပင်ပန်းပန်း လုပ်ရတာမျိုးကိုတောင် နှစ်သက်သည့်လူစားမျိုး မဟုတ်ပေ။

သူ့အမြင်မှာတော့ “စာကြိုးစားပြီး နေ့တိုင်းတိုးတက်အောင် လုပ်မယ်” ဟူသော ဆောင်ပုဒ်က ဆင်းရဲသော မိသားစုတွေမှ ကလေးတွေအတွက် ရည်ညွှန်းတာသာဖြစ်သည်။ သူက လူအများစု မရောက်ရှိနိုင်သော အဆုံးသတ်လိုင်းတွင် စတင်၍ မွေးဖွားလာတာလို့ ယုံကြည်နေလေသည်။ ဒါဆို ဘာလို့များ စာကြိုးစားနေတော့မလဲ။

အိပ်ရတာ အဆင်မပြေလို့လား။ ဂိမ်းတွေဆော့ရတာ ပျော်စရာမကောင်းလို့လား။

ဒါပေမဲ့ သူ့မိဘတွေကတော့ သူ့ကို ပိုပြီးကြိုးစားအောင် အမြဲတွန်းအားပေးနေဆဲပင်။

ဝေ့ရှင်း၏ အဆင့်တွေက မကောင်းသလိုသူသည် စာလုပ်ရတာကိုလည်း မကြိုက်ပေ။

သို့သော် သူ မထင်မှတ်ထားတာကတော့ တစ်ရက်မှာ သူ့အမေက ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့အား ကျောင်းသွားဖို့ကိုတွန်းအားမပေးတော့တာပင်။

ထိုအစား သူမက သူ့ကို လူကြီးတစ်ယောက်လို ဆက်ဆံလာ၍ တန်းတူရည်တူ စကားပြောဆိုလာကာ ကျောင်းထွက်၍ ကုမ္ပဏီတွင် အလုပ်လုပ်ပြီး မိသားစု စီးပွားရေးကို ဆက်ခံမလားဟု မေးလာလေသည်။

ဒါပေါ့၊ ဝေ့ရှင်း ဆန္ဒရှိပေသည်။ သူကစိတ်ပါလက်ပါနှင့်ကို သဘောတူလိုက်သေး၏။

ဘာဘဲဖြစ်ဖြစ် တက္ကသိုလ်ပြီးရင် ကုမ္ပဏီမှာ အလုပ်ဝင်ရ‌မှာဆိုတော့၊ ဘာလို့ အခုကတည်းက မစလိုက်မှာလဲ။

ကျောင်းမသွားချင်သည့် သူ့ပန်းတိုင်ကို နောက်ဆုံးတော့ ဆွတ်ခူးနိုင်သွားပြီဖြစ်သဖြင့် ဝေ့ရှင်းက သူ့အဖေကို သေချာပေါက် ဖျက်ဆီးခွင့်ပြုမှာ မဟုတ်ပေ။

ချူထုံရှိုးကို ကာကွယ်ရန်အတွက် ပြေးသွားလိုက်ကာ “အဖေ၊ အမေ့ကို မအော်ပါနဲ့!”

ဝေ့ရှင်က သူမ အခန်းထဲမှ ဖြည်းဖြည်းချင်းထွက်လာပြီး ဝေ့ရှင်း၏ သူတို့အမေအား ကာကွယ်ပေးနေသော မြင်ကွင်းကြောင့်မျက်ခုံးတစ်ဖက် ပင့်မိသွား၏။

“အခုနေ ကျောင်းထွက်ပြီး ကုမ္ပဏီမှာ အလုပ်ဝင်လုပ်မယ် ဆိုတာက ကျွန်တော့်ရဲ့ ရွေးချယ်မှုဘဲ။ အမေနဲ့ ဘာမှမဆိုင်ဘူး” ဝေ့ရှင်း ပြောလိုက်သည်။

ဤစကားက ဝေ့ရှန်းမင်၏ ဒေါသထဲ လောင်စာဆီ ထပ်ထည့်လိုက်သလိုသာ။

ဝေ့ရှန်းမင်က သူ၏ လက်ဆွဲအိတ်ကိုမြှောက်၍ သူ၏ ဒုက္ခပေးသော သားဖြစ်သူ၏ကျောကို ရိုက်နှက်ရန် အသင့်ဖြစ်နေလေပြီ။

“မင်း ရူးသွားပြီလား။ ပညာအရည်အချင်းတွေမရှိဘဲနဲ့ ဘယ်ကုမ္ပဏီက မင်းလို စာမတတ်တဲ့‌ကောင်ကို အလုပ်ခန့်မှာလဲ”

ဝေ့ရှန်းမင်၏ အိတ်က ဝေ့ရှင်း၏ ကျောပေါ်သို့ ထပ်ခါတလဲလဲ ကျရောက်သွားတော့သည်။ ချူထုံရှိုးက ကြားဝင်လာကာ “တော်တော့၊ကျွန်မတို့သားကို မရိုက်ပါနဲ့တော့။ ရှင် မကျေနပ်ရင် ထိုင်ပြီး စကားကို အေးဆေးပြောလို့ရတယ်လေ။ ဘာလို့ ကလေးကို ရိုက်နှက်နေတာလဲ။ သူက ငယ်သေးတယ်၊ တကယ်လို့တစ်ခုခု လွဲချော်သွားရင်တောင် ကျွန်မတို့တွေ ဖြည်းဖြည်းချင်း သင်ပေးလို့ရတာပဲလေ။ ပြီးတော့ ဒါက သူ့ဆုံးဖြတ်ချက်တင် မဟုတ်ဘူး၊ ကျွန်မတို့ အတူတူ ဆုံးဖြတ်ခဲ့ကြတာ။ တကယ်လို့ ရှင် ရိုက်နှက်ချင်သပဆိုလည်း ကျွန်မကိုသာ ရိုက်လိုက်!”

145 03

ချူထုံရှိုး၏ လေသံက အလွန်အမင်းကို တင်းမာနေလျှက်။ ဝေ့ရှင်း၏ နားထဲမှာတော့ ၎င်းမှာ မိခင်မေတ္တာ၏ စံနမူနာလို ဖြစ်နေတော့သည်။ အမေရှိတဲ့ ကလေးက တကယ့်ကိုရတနာပဲဟု သူတွေးလိုက်၏။ သူ့အမေ ကအဖေဖြစ်သူ၏ ထိုးနှက်ချက်တွေကနေ သူ့ကို ကာကွယ်ပေးနေချိန်မှာ သူ့အဖေကတော့ သူ့ကို ရိုက်နှက်ရန်သာ ဆုံးဖြတ်ချက်ချထားလေသည်။

ချူထုံရှိုးက ကြားဝင်မည့်ဟန်သာ ပြုလုပ်ရုံဖြစ်ပြီး ဝေ့ရှင်းကို တကယ် ကာကွယ်ပေးနေတာ မဟုတ်သဖြင့် သူ့နောက်ကျောက နာကျင်မှုကို သူ ခံစားနေရသည်။

ဒါပေါ့၊ ချူထုံရှိုး၏ လုပ်ရပ်တွေထဲက ပါးနပ်မှုကို မည်သူမှ သတိမပြုမိကြပေ။

အိမ်ဖော်က မိသားစု ငြင်းခုံနေကတည်းက သူမအခန်းထဲသို့ လျစ်ခနဲ ဝင်သွားပြီဖြစ်၍ ယခုလိုကိစ္စမျိုးတွင် ကြည့်ရှုသူဖြစ်နေတာထက် ပိုကောင်းတာကို သိနေသည်။

သူမအဖေက ရိုက်နှက်ရာတွင် အလုပ်ရှုပ်နေပြီး သားဖြစ်သူက အရိုက်ခံရတာတွင် အလုပ်များနေချိန်၌ အဝေးတစ်နေရာတွင် မတ်တပ်ရပ်နေသည့် ဝေ့ရှင်ကသာ အရာအားလုံးကိုရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။

ဒါပေမဲ့ သူမ တစ်ခုခုပြောမည်လား။ မဟုတ်ပေ၊ သူ ဝင်ပြောမည် မဟုတ်ချေ။

ဝေ့ရှန်းမင် ဟောဟဲလိုက်လာပြီး ပင်ပန်းလာတာကို မြင်ရတော့မှ ဝေ့ရှင်သည် ဂရုစိုက်တတ်‌သည့် အစ်မနေရာကနေ သရုပ်ဆောင်ကာ အချိန်ကိုက် ဝင်ပြောလိုက်သည်။ “အဖေကအခုက အိမ်ပြန်ရောက်တာလေ။ အပြင်မှာ စိတ်ညစ်စရာ ကိစ္စတွေနဲ့ ဘယ်လောက်ပဲ ကြုံလာလာ၊ သမီး မောင်လေးအပေါ်တော့ ပုံမချသင့်ပါဘူး။ သူက သမီးတို့ မိသားစုစီးပွားရေးကို အမွေဆက်ခံရမဲ့ တစ်ဦးတည်းသော ယောက်ျားလေးပါ။ အဖေက အခုချိန်မှာသူ့ကို နာကျင်အောင်လုပ်နေရင် သမီးတို့ရဲ့အနာဂါတ်က ဘာဖြစ်သွားမလဲ” သူ့အစ်မ၏ သူ့အပေါ် ကာကွယ်ပြောဆိုပေးမှုကို ကြားလိုက်ရတော့ ဝေ့ရှင်းမှာ ပိုပြီးတောင် စိတ်လှုပ်ရှားသွား၏။ တစ်ချိန်တည်းမှာပဲ သူ့မျက်လုံးထဲတွင် သူ့အဖေအပေါ် မုန်းတီးစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့က မိသားစုဆိုသော်လည်း သူ့အဖေကတော့ အပြင်ကနေ စိတ်အခြေအနေ မကောင်းလာတိုင်း သားဖြစ်သူအပေါ် ပုံချနေချိန်မှာ သူ့အမေနှင့် အစ်မက သူ့ကို ကာကွယ်ပေးလေသည်။

၎င်းမှာ သူက ငယ်ရွယ်သေးသောကြောင့်သာဖြစ်၏။ နှစ်အနည်းငယ်အတွင်းတွင် ဘယ်သူက ဘယ်သူ့ကို ရိုက်မလဲဆိုတာ မည်သူသိနိုင်မည်နည်း။

ဝေ့ရှင်၏ စဉ်းစားပေးတတ်သည့် သမီးဟူသော ပုံရိပ်က နက်ရှိုင်းစွာ ထင်ကျန်ထား၏။ သူမသည် ဝေ့ရှန်းမင်၏ လက်ထဲက လက်ဆွဲအိတ်ကို ယူလိုက်ပြီး ဆိုဖာပေါ် ဝင်ထိုင်စေ၍ ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

“အဖေရယ်၊ သမီးတို့တွေ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ ရပါတယ်။ အရမ်းကြီး ဒေါသထွက်နေစရာ မလိုပါဘူး”

ဝေ့ရှန်းမင်က သူ့သမီးကို ကြည့်ခဲ့ပြီး သမီးတွေက ပိုစဉ်းစားဉာဏ်ရှိပြီး သားတွေကတော့ ဝန်ထုပ်ဝန်ပိုးဘဲ ဖြစ်စေတယ်ဆိုပြီး အတွေးဝင်မိလာသည်။

ဝေ့ရှန်းမင်၏ လက်တွေမှာ ဒေါသကြောင့် တုန်ရီနေကာ “ဒီလူညစ်လေး ဘာလုပ်ခဲ့တယ်ဆိုတာ သမီး မသိဘူး”

ဝေ့ရှင်က ညင်သာစွာ ပြောလိုက်သည်။ “ဘာဘဲဖြစ်ဖြစ် သမီးတို့တွေ အေးအေးဆေးဆေး ပြောလို့ရပါတယ်။ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ အဖေ့ ကျန်းမာရေးအတွက် မကောင်းဘူးလေ၊ နေမကောင်း ဖြစ်ကုန်ဦးမယ်”

ဝေ့ရှန်းမင်က ဒေါသထွက်ထွက်နှင့် ဝေ့ရှင်း၏နဖူးကို လက်ညှိုးထိုး၍ “ငါ့ကို ပြောကြည့်စမ်းပါဦး၊ မင်းက အခုနေ ကျောင်းထွက်ရင်ဘာလုပ်မှာလဲ?”

ဝေ့ရှင်းက မေးမော့ကာ “ကုမ္ပဏီမှာဘဲ အလုပ်လုပ်မှာပေါ့ဗျ!”

ဝေ့ရှန်းမင်က သူ၏ခွက်ကို ကော်ဖီစားပွဲပေါ် ဆောင့်ချလိုက်ပြီး “ငါတို့ ဝန်ထမ်းအားလုံးက မာစတာဘွဲ့ မရထားရင်တောင် အနည်းဆုံး တက္ကသိုလ်‌ဘွဲ့တော့ ရထားတဲ့သူတွေချည်းဘဲ။ ဘာလို့ ကုမ္ပဏီက အထက်တန်းတောင် မပြီးသေးတဲ့သူကို အလုပ်ခန့်ရမှာတုန်း”

“ကျွန်တော်က အဖေ့သား မို့လို့လေ”

ဝေ့ရှန်းမင်မှာ သူ့သား၏ မျက်နှာပြောင်တိုက်သော အဖြေကြောင့် ခါးသက်စွာ ရယ်လိုက်သည်။

“မင်း ငါ့ကို သေစေချင်နေတာမလား”

145 04

ဝေ့ရှင်းက ဆိုးတာကို မှတ်မိပြီး ကောင်းတာကိုမေ့ပစ်သည့် လူစားမျိုးပင်။ ဝေ့ရှန်းမင်ဆီက အရိုက်ခံလိုက်ရတော့ အရင်တုန်းက သူ့အဖေသူ့ကို ဘယ်လောက်‌တောင် အလိုလိုက်ခဲ့တယ်ဆိုတာကို မေ့သွားပြီး နက်ရှိုင်းစွာ မုန်းတီးသွားတော့သည်။

တကယ်လည်း သူ့အဖေကို ဒေါသထွက်ပြီးသေ‌သွားအောင် လုပ်နိုင်တာပဲဟု သူတွေးလိုက်သည်။

ဝေ့ရှန်းမင်က ရူးမိုက်သော သားဖြစ်သူနှင့်ဆက်ပြီး မငြင်းခုံချင်တော့ပေ။ သူပြတ်သားစွာ ကြေညာလိုက်၏။ “မနက်ဖြန်ကျရင် မင်းအမေက မင်းကို ကျောင်းပြန်ခေါ်သွားပြီး စာရွက်စာတမ်းတွေ လုပ်ပေးလိမ့်မယ်။ မင်း စာမသင်ရင်တောင် ပြန်သွားရမှာပဲ”

“အသုံးမဝင်ဘူး။ ကျွန်တော့် ကျောင်းသားမှတ်တမ်းတွေကို ဖြဲပစ်ပြီးသွားပြီ။ ကျွန်တော့်ကို ပြန်သွားစေချင်‌ရင်တောင် မရတော့ဘူး။ ပြီးတော့ ကျွန်တော်က ကျောင်းထွက်ခဲ့တာ၊ပျက်ကွက်ခွင့်တိုင်ခဲ့တာ မဟုတ်ဘူး!”

ဝေ့ရှင်းသည် ပထမဆုံးအကြိမ်အဖြစ် ရှေ့ရေးကို အလွန်တရာ ကြိုမြင်တတ်တယ်လို့ ခံစားမိသွားသည်။ သူက တကယ့် ဉာဏ်ကြီးရှင်ပဲ။

သူ့အဖေက သူကျောင်းထွက်တာကို သဘောမတူဘူးဆိုတာ သိနေသဖြင့် အခွင့်အရေးရှိတုန်း သူ၏ ကျောင်းသားမှတ်တမ်းတွေကို စုတ်ဖြဲပစ်ခဲ့တာပင်။ အခုတော့ သူ၏ကျောင်းမှတ်တမ်းတွေမှာ ပြန်အဖတ်ဆယ်လို့ မရတော့သည်အထိ တစ်စစီဖြစ်သွားလေပြီ။

ဝေ့ရှန်းမင် မူးဝေသွားသလို ခံစားလိုက်ရ၏။ အံကြိတ်လိုက်ပြီး ပြောလိုက်၏။ “မင်းရဲ့ကျောင်းသားမှတ်တမ်းတွေကို ငါ တစ်ယောက်ယောက်ကိုရှာပြီး ပြန်တင်ခိုင်းလိုက်မယ်။ မင်း ကျောင်းပြန်တက်ရမယ်”

မှတ်တမ်းတွေကို စုတ်ဖြဲပစ်လိုက်၍ ကျောင်းပြန်တက်လို့ မရတော့ဘူးဟု ယုံကြည်ချက် ရှိနေခဲ့သော ဝေ့ရှင်းမှာ ကြောင်အသွားတော့၏။ သူတွင်တွင် ငြင်းလိုက်သည်။“ဘာပဲဖြစ်ဖြစ် ပြန်မတက်ဘူးဗျာ”

ချူထုံရှိုးက ဤအခြေအနေတွင် ကြားဝင်ဖျန်ဖြေပေးလာကာ “ကလေးက အခုချိန်မှာ ကျောင်းတက်ဖို့ကို အကြောက်အကန် ဖြစ်နေမှ‌တော့၊ လောလောဆယ် သူ့ကို အိမ်မှာပဲ နေခိုင်းလို့မရဘူးလား”

သူမက ဆွေးနွေးရန်အတွက် ဝေ့ရှန်းမင်ကို အပြင်သို့ အမြန်ဆွဲခေါ်သွား၍ “ကျွန်မပြောတာ နားထောင်ဦး၊ ကျွန်မကတော့ ဒီလိုတွေးထားတယ်။ သူ့အဆင့်တွေက အခုချိန်မှာ မကောင်းဘူးလေ၊ တကယ်လို့ ဒီအတိုင်းဘဲ ဆက်ဖြစ်နေရင် သူ တက္ကသိုလ်တက်ရမဲ့ အလားအလာက နည်းသွားလိမ့်မယ်။ ကျွန်မတို့တွေ ဘာလို့သူ့ကို ကုမ္ပဏီမှာဘဲ ခဏအလုပ်ပေးထားလိုက်ရင်ရော… စိတ်ခေါ်မှုအားကောင်းတဲ့ အလုပ်တွေကို ကျွန်မ သူ့ကို သင်ပြပေးလိုက်ရင် သူ ကျောင်းပြန်တက်ချင်လာမှာပေါ့။ စိတ်ထဲကတွန်းအားက ဘယ်အရာမဆို ပိုအားကောင်းတယ်‌။ တကယ်လို့ ကျွန်မတို့က သူ့ကို အခုနေတွန်းအားပေးပြီး ကျောင်းပြန်တက်ခိုင်းမယ်ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်”

ဝေ့ရှန်းမင်မှာ ခေတ္တခဏမျှ တွေဝေသွားပြီးသူမ၏ တွေးခေါ်မှုက ကျိုးကြောင်းဆီလျော်မှု ရှိတယ်လို့ ခံစားသွားသည်။

“ကောင်းပြီလေ၊ လောလောဆယ်တော့ အဲ့ဒီနည်းအတိုင်းဘဲ လုပ်ကြတာပေါ့”

သူ့မိဘတွေက သူလိုချင်သည့် ရလဒ်ကို ယူဆောင်လာပေးတော့ ဝေ့ရှင်းမှာ အပျော်လွန်သွားတော့သည်။

ဝေ့ရှင်နှင့်ချူထုံရှိုးတို့မှာ အပြုံးချင်း ဖလှယ်လိုက်ကြပြီး ပြောစရာမလိုဘဲ အချင်းချင်း နားလည်နေကြသည်။

******

146 01

အခန်း ၁၄၆: အုပ်ထိန်းသူ ရှီလီ၏ ခုခံရေးစစ်ပွဲ စတင်လေပြီ

ထို့ကြောင့် အတော်လေး စိတ်မကျေနပ်သေးသော ဝေ့ရှန်းမင်မှလွဲလျှင် ကျန်သည့်သုံးဦးမှာဤရလဒ်အား အ‌တော်ကို ကျေနပ်ကြ၏။

ဝေ့ရှင်းက ကုမ္ပဏီတွင် အလုပ်လုပ်မည်ဟုသာပြောသော်လည်း ပင်ကိုအားဖြင့် အပျင်းကြီးသူဖြစ်သဖြင့် ကျောင်းထွက်ပြီးကတည်းကအိမ်တွင် စားလိုက်၊ အိပ်လိုက်၊ ဗီဒီယိုဂိမ်းတွေဆော့နေရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

ဝေ့ရှန်းမင်က သူ့ကို အကြိမ်ပေါင်းများစွာတိုက်တွန်းခဲ့သော်လည်း သူကတော့ အလုပ်မစခင်တွင် ရက်နည်းနည်းလောက် အနားယူဦးမည်ဟုသာ အမြဲပြောခဲ့သည်။

အဆုံးတွင် ဝေ့ရှန်းမင် သည်းမခံနိုင်တော့ပေ။ ခါးပတ်၏ ခြိမ်းခြောက်မှုအောက်၌ ဝေ့ရှင်းမှာတွန့်ဆုတ်စွာဖြင့် ကုမ္ပဏီသို့ သွားရတော့၏။

ဝေ့ရှင်းက မိသားစု စီးပွားရေးကို ဆက်ခံနိုင်ရန်အတွက် ကုမ္ပဏီသို့ သွားနေရချိန်မှာ မိသားစုထဲ၌ “တန်ဖိုးထားခံရမှု နည်းပါးသော” ဝေ့ရှင်ကတော့ ကျောင်းဆက်တက်နေသည်။

အခုနောက်ပိုင်း ကိစ္စတွေက နည်းနည်းထူးဆန်းလာသလိုမျိုး ရှီလီ ခံစားမိ၏။ အခြားအတန်းတွေမှ ကျောင်းသားများမှာ သူမကို မြင်လိုက်တိုင်း ထူးထူးခြားခြား ကောင်းပြနေကြသည်။

လူများစွာက ရှီလီ၏ နေ့ရက်တွေက အကန့်အသတ်ရှိနေသလိုမျိုး သူမကို ပြုံးကြကြ၏။

သူမ အဆင်မပြေသလို ခံစားလာရပြီး သူမဘာအသိအမှတ်ပြုစရာမှ မလုပ်ထားတာကိုဘာလို့ လူတိုင်းက ကြည့်နေကြတာလဲဟူ၍အံ့အားသင့်နေမိသည်။

အထူးသဖြင့် စုန့်ရင်းကို အရင်တုန်းကဝင်တိုက်မိသော ဝေ့ရှင်း၏အစ်မ ဝေ့ရှင်ကသူမကို ထူးဆန်းသော အမူအရာဖြင့်ကြည့်ဥသူမ သိပ်ပြီးမဖော်ပြတတ်သော ခံစားချက်မျိုးပင်။

အစကတော့ အခန်း 1 နှင့် အခန်း 3 က PE ချိန်တူသော်လည်း ရှီလီက ဖုန်းယွင်ဟယ်ကို“ကြိုက်‌”နေပြီး ဖုန်းယွင်ဟယ်က ဂရုမစိုက်တာကြောင့် အခန်း 3 တစ်ခန်းလုံးမှာ ဖုန်းယွင်ဟယ်ကြောင့် အခန်း 1 ဆီကနေ အေးစက်စက် ဆက်ဆံမှုကို ရရှိခဲ့၏။

သာမန် အခြေအနေအောက်တွင် ဆက်ဆံရေးကောင်းသော အတန်းနှစ်တန်းက PE ချိန်လိုလွတ်လပ်စွာ လှုပ်ရှားရသော အတန်းချိန်မျိုးတွင် အတူတူ ပူးပေါင်းပါဝင်ကြ၍ လူများလေပို‌ပျော်စရာကောင်းလေ ဖြစ်ပေလိမ့်မည်။

သို့သော် အခန်း 1 မှ ကျောင်းသားများမှာရှီလီကို မထိန်းချုပ်နိုင်ဘဲ “အစ်ကိုယွင်ဟယ်”ကို ပြေးရှာခြင်းမှ မတားဆီးနိုင်မှာကို စိုးရိမ်နေကြသည်။

အကယ်လို့ အစ်ကိုယွင်ဟယ်က ရှီလီကိုလျစ်လျူရှုခဲ့လျှင် တစ်ခန်းလုံးက သူတို့လက်သီးတွေကို မထိန်းချုပ်နိုင်မှာအား စိုးရိမ်နေကြ၍ PE ချိန်တွင် အခန်းနှစ်ခန်း ရန်ဖြစ်ပြီဆိုပါက ကောင်းမွန်မှာ မဟုတ်ချေ။

ထို့ကြောင့် အခန်း 1 မှ ကျောင်းသားများမှာအခန်း 3 နှင့် မရောထွေးဘဲ အခန်း 3 မှ ‌ကျောင်းသားတွေကလည်း အခန်း 1 ဆီမလာကြပေ။

PE ချိန်အတွင်း အခန်းနှစ်ခန်း၏ အခြေအနေမှာ အတော်လေးကို ထူးခြားနေလျှက်ပင်။

သို့သော် အခြေအနေက အခုဆော့ မပြောင်းလဲသွားပေဘူးလား။ အခန်း 1 မှာ အဖိုးတန်ကျောက်လေး ရှိလာခဲ့လေပြီ။

ပုံမှန်စာသင်ချိန်တွေမှာ စာသင်ခန်းထဲရှိ အဖိုးတန်ကျောက်မှာ သူမ၏ အတွေးတွေကို မမြင်နိုင် မကြားနိုင်ဘူးလို့ ပြောကြမှာပေါ့။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ငါတို့တွေ ဘာမှမလုပ်နိုင်ဘူးလေ။ - စာသင်ချိန်တွေမှာ အခန်း 1ရဲ့ တံခါးဝမှာဘဲ ငါတို့အားလုံး စုနေလို့မှ မရတာ။

146 02

‌ဒါပေမဲ့ အခုတော့ ငါတို့က တူညီတဲ့ ကောင်းကင်ပြာ‌အောက်မှာ PE ချိန်ကို အတူတူဖြတ်သန်း‌နေကြပြီ။ အခန်း 1 ရဲ့ တင်းနစ်သင်ရိုးက A1၊ အခန်း 3 ရဲ့ တင်းနစ်သင်ရိုးက A2၊ အားကစားရုံတွေက မတူဘူးဆိုပေမဲ့ အနည်းဆုံးတော့ PE ချိန် တူနေတုန်းပဲလေ။

ဒါဟာ ကံတရားဘဲ။ အများပြောကြသလိုဘဲ၊တစ်ကျောင်းတည်းမှာ စာသင်ရဖို့ဆိုလျှင် နှစ်တစ်ရာ ကျင့်ကြံဖို့လိုပြီး တစ်ခန်းတည်း ကျဖို့ဆိုရင်တော့ နှစ်တစ်ထောင် ကျင့်ကြံဖို့လိုအပ်တယ်တဲ့။

ငါတို့အားလုံးကို ဒီကျောင်းမှာ လာဆုံဆည်းစေပြီး PE အချိန်တူနေတယ်ဆိုတာ ကံတရားပဲ။

နှစ်တစ်ထောင် ကံတရားဆိုမှတော့ လက်တွေ့ကမ္ဘာက အခက်အခဲတွေနဲ့ ဘယ်လိုလုပ် အလွယ်လေး နှိမ်နင်းနိုင်မှာတဲ့လဲ?

အားကစားရုံကြားက နံရံနှစ်ဖက်လိုဘဲ။ အကယ်၍ တောင်တန်းက မူဟာမက်ဆီမသွားနိုင်ရင် မူဟာမက်ကတော့ တောင်တန်းဆီ သွားရမှာပဲလေ။

အခန်း 1မှ ကျောင်းသားတို့မှာ ကစားဖော်တွဲ၍ ကစားနေကြသေးသော်လည်း အိမ်နီးချင်း အားကစားရုံမှ ကျောင်းသားတွေကတော့ သူတို့၏ လွတ်လပ်သော လှုပ်ရှားမှုတွေကို စတင်နေလေပြီ။

သူတို့က တက်ကြွ ပါးနပ်စွာဖြင့် အလွန်အမင်း လျင်မြန်ဖျတ်လတ်စွာ ပြေးလွှားနေကြ၏။

သူတို့က ဘေးကျင်းကပ် အားကစားရုံထဲသို့ တစ်ပြုံကြီး ဝင်လာကြကာ သူတို့ပိုင်သည့်နေရာလိုမျိုး မော်ကြံား၍ လမ်းလျှောက်နေကြသည်။

ဤအခြေအနေတွင် ရှီလီအတွက် စစ်ပွဲစတင်လာပြီဆိုတာကို အခန်း 1 မှ ကျောင်းသားတွေ မသိကြသေးပေ။ ရန်သူက ကောက်ကျစ်ကာ အရှက်မဲ့၍ လက်သီးပုန်းအကွက်အားလုံးကို ကျွမ်းကျင်ထားသူပင်။

ရှီလီက အတန်း၏ အားကစားတွင် ညံ့သူဟုသိထားကြသော ဝေ့ယီနှင့် တွဲဖက်ကစားနေတာ ဖြစ်သည်။ သူမနှင့် ကစားနေချိန်မှာ ရှီလီသည် သူမလည်း တင်းနစ်၌ သာမန်ညောင်ညသာ ဖြစ်သဖြင့် ယုံကြည်ချက် ပိုရှိနေ၏။

ရုတ်တရက် လူတစ်စုက ရှီလီကို ဝိုင်းလာကြသည်။ သူတို့က ရင်းနှီးနေသော မျက်နှာများဖြစ်ကြပြီး စာသင်ချိန်တွေတူသော အတန်းဖော်များပင်။

ဘေးနားတွင် လူတွေဝိုင်းနေချိန်၌ သူမ၏ပုံရိပ်ကို ဂရုစိုက်သော ရှီလီမှာ လူတွေအများကြီးရှေ့၌ ကစားရမှာကို ရှက်ရွံ့သွားသည်။

မိန်းကလေးတွေက မြှောက်လုံးပင့်လုံးများ၌ အတော်လေး တော်ကြသည်။

တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။ “အောင်မလေး၊ ရှီလီရဲ့ ပေးတဲ့ပုံစံက ကွက်တိပဲနော်။ ပရော်ဖက်ရှင်နယ် တင်းနစ် နည်းပြနဲ့များ လေ့ကျင့်ထားတာလား မသိဘူး”

ရှီလီ တွေးလိုက်၏။ လွန်ခဲ့တဲ့ နှစ်လကစပြီးငါတို့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဖြစ်တဲ့PE ဆရာဆီမှာ တစ်ပတ်တစ်ကြိမ် သင်ခဲ့တာ။

ပြီးနောက် လူတိုင်း၏ စောင့်ကြည့်နေသောမျက်လုံးများအောက်၌ ရှီလီ၏ ဘောလုံးက စည်းချက်လွဲသွားတော့၏။

ဝေ့ယီ ပြုံးလိုက်ပြီး ၎င်းကို ဤလူတွေ ဘယ်လိုချီးမွမ်းဦးမလဲဆိုတာ သိချင်နေသည်။

လူတစ်ယောက်က ချီး‌ကျူးလာသည်။ “ဒီဟာက သာမန်အမှား မဟုတ်ဘူး။ ရှီလီက ဒီနေရာမှာ ပွဲကြီးပွဲကောင်း ကစားနေတာလို့ ငါလောင်းရဲတယ်။ သူမ ပြိုင်ဘက်ရဲ့ စည်းချက်ကို နှောင့်ယှက်ရအောင်လို့ တမင်အမှားလုပ်လိုက်တာ”

ဝေ့ယီ တွေးလိုက်၏။ “ကောင်းပြီ၊ ကောင်းပြီ၊နင်‌ နိုင်ပါတယ်။ အရှက်မဲ့တာတို့ ပေါ်တင်ကြီး လိမ်တာ‌တို့ဆို နင် တစ်ပန်းသာပါတယ်”

အလွန်အမငါး ချီးကျူးခံနေရတော့ ရှီလီမှာနောက်လာမည့် ဝင်ဘဲလ်တန် ချန်ပီယံပြိုင်ပွဲ၌ ဝင်ပြိုင်နိုင်သလိုမျိုး ခံစားလိုက်ရသည်။ အမျိုးသမီး တစ်ဦးချင်း ချန်ပီယံဆုထက် နိမ့်‌သည့် မည်သည့်နိုင်ပွဲမဆို လူတိုင်း၏ချီးကျူးမှုကို စိတ်ပျက်စေမိပေလိမ့်မည်။

အားကစားရုံ တစ်ခုတည်း‌တွင်ရှိသော အခန်း 1မှ အခြားကျောင်းသားများ တွေးလိုက်၏။ သူတို့အားလုံးက ကပ်မြှောင်တွေချည်းပဲ အပြောချိုတာပဲရှိတာ။ မြှောက်ပင့်စကားတွေနဲ့ မျက်နှာချို သွေးနေတယ်! လုံးဝကိုအရှက်မရှိကြဘူး!

ငါတို့က နှစ်တွေအကြာကြီး အတူတူ ကုန်ဆုံးလာခဲ့ရတာကို၊ သူတို့က စကားလုံး နည်းနည်းလောက်နဲ့ ရှီလီကို ယိမ်းယိုင်သွာအောင် လုပ်နိုင်လိမ့်မယ်လို့ တကယ်ထင်နေကြတာလား။

-- ဟာသတို --

အခန်း 3 မှ ကျောင်းသားများ: တကယ်လို့ ဖုန်းယွင်ဟယ်ကိုပါ ငါတို့ ခေါ်လာရင်ရော။ ဘယ်လို ရင်ဆိုင်ကြမှာလဲ။

အခန်း 1 မှ ကျောင်းသားများ: ဖုန်းယွင်ဟယ်က ဘာတွေအဲ့လောက် ကောင်းနေလို့လဲ။ ငါတို့မှာ… ငါတို့မှာ ဖူရှင်းရှင်းရှိတယ်(တင်ပါးပေါ် လက်ထောက်လျှက်)

******

147 01

အခန်း ၁၄၇: ငါတို့အတန်းမှာ အတန်းပိုင်လိုနေတာ၊ နင်က အတော်လေး သင့်လျော်တယ်

အခန်း 3 မှ ကျောင်းသားများမှာ ရှီလီ၏ဖန်အကြီးစားတွေ ဖြစ်ကြသည့်ပုံပင်။

ရှီလီက မျက်နှာအရေထူသော်လည်း ယခုလိုချီးမွမ်းမှုတွေကြောင့် အနည်းငယ် မသက်မသာဖြစ်သလို ခံစားသွားရသည်။

ခဏကြာ ကစားပြီးနောက် ရှီလီက သူမ၏ပြိုင်ဘက်ကို ပြောလိုက်၏ “ငါပင်ပန်းနေပြီ၊မဆော့ချင်တော့ဘူး။ နင်နဲ့ ကစားဖို့ ‌တစ်ယောက်ယောက်ကို ရှာသင့်တယ်။ ငါအနားယူဖို့ လိုအပ်နေပြီ”

ဘေးပတ်လည်မှ “မီးသီးများ” (တတိယဘီးများ) ဖြင့် ဝန်းရံ‌ခံထားရခြင်းကြောင့် ဝေ့ယီလည်း ကစားချင်စိတ် ကုန်ဆုံးသွားရ၏။

သူမသည် ခါးကိုင်း၍ မြေပြင်ပေါ်က ဘောလုံးကို ကောက်ယူလိုက်ပြီး “ငါလည်း မကစားချင်တော့ဘူး။ အနားယူတဲ့နေရာမှာ နင်နဲ့ ခဏလောက်ဖြစ်ဖြစ် ထိုင်လိုက်ဦးမယ်”

ရှီလီက ကစားတာ ရပ်နားသွားပြီးဆိုသော်ငြား အကဲခတ်နေသော မိန်းကလေးတွေကတော့ လက်မလျှော့ကြသေးပေ။ သူတို့က ရှေ့ထွက်လာပြီး သူမကို ချီးမွမ်းလာကြပြန်သည်။ “အောင်မလေးလေး ရှီလီရယ်၊ နင် တင်းနစ်ကစားတာ အရမ်းတော်တာပဲနော်”

“ဟုတ်ပါ့၊ ငါတို့က နင့်ကို စာတော်တာပဲ ထင်ထားကြတာ၊ အားကစားမှာလည်း ပါရမီပါလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ နင်က အရမ်းမိမိုက်နေရော”

ခဏကြာသည်အထိ ရှီလီမှာ သူမအား ချီးမွမ်းနေသလား၊ ကဲ့ရဲ့နေသလားဆိုတာ မသေချာတော့ပေ။

ရှီလီက ကသိကအောက်ဖြစ်သော်လည်း ယဉ်ကျေးသော အပြုံးဖြင့် “ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး”

သူတို့၏ တုံ့ပြန်ပုံတွေက သူမကို ချီးကျူးရာတွင်ရော၊ လှောင်ပြောင်ရာတွင်ပါ အလုပ်ဖြစ်လေသည်။

ရှီလီ၏ ဘေးနားတွင် မတ်တပ်ရပ်နေသောဝေ့ယီမှာ ယခုဆိုလျှင် လူအုပ်၏ အစွန်းဘက်သို့ တွန်းပို့ခံလိုက်ရချေပြီ။ ရှီလီမှာ အလယ်ခေါင်တွင် ဝန်းရံခံနေရပြီး နတ်ဆိုးမများ၏ဖျားယောင်းမှုကို ခံရတော့မည့် ထန်စန်းနှင့်တောင် တူနေလေသည်။

အခန်း 3 မှ မိန်းကလေးများမှာ အလွန်အကြူး ဖော်ရွေနေကြ၏။ သူတို့ထဲက တစ်ယောက်ဆိုရှီလီနှင့် လက်ချင်းချိတ်ကာ “အချစ်လေး၊ကြည့်ရတာ နင့်အတန်းဖော်တွေက နင့်ကို ကောင်းကောင်း မဆက်ဆံကြတဲ့ပုံဘဲနော်။ ဘာလို့ ငါတို့အခန်းထဲ ပြောင်းမလာတာလဲ”

“ဟုတ်ပါ့၊ ငါတို့မှာ အတန်း‌ခေါင်းဆောင်နေရာ၊လက်ထောက် အတန်း‌ခေါင်းဆောင်နေရာ၊လူငယ်အဖွဲ့ချုပ် အတွင်းရေးမှုး၊ ကျောင်းသူကိုယ်စားလှယ်နဲ့ အားကစား ကိုယ်စားလှယ်နေရာတွေ လွတ်နေတာရယ်။ တကယ်လို့ နင်စိတ်ဝင်စားရင် အဲ့နေရာတွေထဲက ကြိုက်တဲ့နေရာကို ယူလို့ရတယ်နော်”

မေးခွန်း: ဘယ်အချိန်တုန်းကစ၍ ဒီနေရာတွေရှိလာသနည်း။

အဖြေ: လွန်ခဲ့သော တစ်စက္ကန့်က။

“တကယ်လို့ အဲ့ရာထူးတွေကိုလည်း စိတ်မဝင်စားသေးဘူးဆိုရင် ငါတို့အခန်းက တကယ်တော့ အတန်းပိုင်ဆရာလည်း လိုနေတာရယ်။ နင်က ကျောင်းသူပဲ ရှိသေးတယ် ဆိုပေမဲ့အရမ်းစာတော်တော့ ငါတို့ အတန်းပိုင် မဖြစ်စရာ အကြောင်းမရှိဘူး!”

ရှီလီ၏ မျက်ဆန်များ တုန်လှုပ်သွားကာ[သူတို့အားလုံး ရူးကုန်ကြတာလား။ ဘာတွေပြောနေကြတာလဲ။ ငါတော့ လုံးဝကို နားမလည်နိုင်တော့ဘူး]

ရှီလီနှင့် လက်ချင်းချိတ်ထားသော ကောင်မလေးက နှုတ်ခမ်းကိုကိုက်ကာ အသံကို တိုးလိုက်ပြီး “ဖုန်းယွင်ဟယ်လည်း ကောင်မလေး လိုအပ်နေတာနော်။ ငါတို့အထင် နင်နဲ့ သူနဲ့လိုက်တယ်”

တောင်းပန်ပါတယ်၊ ဖုန်းယွင်ဟယ်၊ ငါတို့တွေ နင့်ရဲ့အမြင်ကို အရင်ဆုံး မမေးခဲ့ပေမဲ့ တစ်ခန်းလုံးရဲ့ အတင်းအဖျင်း အကျိုးအတွက် စွန့်လွှတ်မှုတစ်ချို့လုပ်ဖို့ နင့်ကို ဒုက္ခပေးရ တော့မယ်။

ပြီးတော့ ရှီလီက ကြည့်ရမဆိုးပါဘူး။ ဖုန်းယွင်ဟယ် အရှုံးရှိမှာ မဟုတ်ဘူး။

ဒီလိုနှင့်ပင် မေးခွန်းထဲကသူ မသိလိုက်ပါဘဲနှင့်ဖု န်းယွင်ဟယ်မှာ ကောင်မလေး လိုအပ်နေတယ်ဆိုပြီး တွန်းပို့ခံလိုက်ရသည်။

147 02

ဖုန်းယွင်ဟယ်ကို ရူးသွပ်စွာ ချစ်ကျွမ်းဝင်နေသော အနှီမိန်းကလေးမှာ သူမ၏ စွဲလမ်းမှုအဆင့်ကလည်း မူလဇာတ်လိုက်နှင့် မလျှော့သဖြင့် ဤစကားတွေကို ပြောဆိုလာတော့ ရှီလီ၏ မျက်ဆန်တွေမှာ ဆက်လက် တုန်လှုပ် သွားရသည်။

သို့ပေတည့် သူမက အတော်လေး ရူးသွပ်သော်လည်း သူမ၏ ‌မိသားစုနောက်ခံမှာ အခြားအတန်းဖော်တွေထက် ပိုဆိုးရွားသဖြင့် မူလဇာတ်လမ်းထဲတွင် သူမက အမျိုးသမီးဇာတ်လိုက်ကို ဒုက္ခပေးသော ဗီလိန်အသေးစားမျှသာ။

သူမ၏ ပါးစပ်ကနေ ဤစကားတွေကို ကြားလိုက်ရခြင်းက မြွေပါတစ်ကောင်သည် နှစ်သစ်ကူး လက်ဆောင်အတွက် သူမအား ကြက်တစ်ကောင်ကို လာပေးသကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ရှီလီ ခံစားမိလေသည်။

မြွေပါတွေက ကြက်တွေအား စားရတာကြိုက်တာကို လူတိုင်း သိကြသည်။ အကယ်၍ လက်ဆောင်အနေနှင့် ကြက်တစ်ကောင်အားကမ်းလှမ်းလာတာကို ရှီလီမှာ လက်ခံချင်သော်လည်း မရဲပေ။ ဒါ့အပြင် ရှီလီက ကြက်သားကိုတောင် မကြိုက်တာပင်။

ရှီလီ မတုံ့ပြန်တာကို မြင်လိုက်ရတော့ကုန်းယိုးလန်က ဆက်ပြောလာသည် “ကြည့်၊ နင်နဲ့ ဖုန်းယွင်ဟယ်သာ တွဲဖြစ်ရင်နင်က အခန်း 1 မှာ သူက အခန်း 3 မှာဆိုတော့ အနေဝေးနေမှာပေါ့။ အချိန်တွေကြာလာရင် နင်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်။ ဒီတော့ အချစ်အတွက် ငါတို့အခန်းကို ပြောင်းလာဖို့ အကြံပေးချင်တယ်”

ရှီလီ၏ မျက်ဝန်းလှလှလေးတွေထဲ၌ ရှုပ်ထွေးခြင်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။ သူမမျက်တောင် နှစ်ကြိမ်ခတ်လိုက်ပြီး[ငါအခု အိပ်မက်မက်နေတာလား]

ဘယ်လိုဖြစ်ပြီး ဒီလိုထူးဆန်းတဲ့ မြင်ကွင်းမျိုးက ဖြစ်ပျက်နေရတာလဲ။ ဒီအတန်းဖော်တွေက အချိန်မရွေး ဓားတွေဆွဲထုတ်ပြီး အချင်းချင်း တိုက်ကြတော့မဲ့ပုံလိုလို။

ဤစိတ်ထဲက အတွေးမှာ သူမ ဘေးနားကလူတိုင်း၏ နားထက်သို့ ကျရောက်သွားပြီး ဖုန်းယွင်ဟယ်အ‌ပေါ် ရှီလီ၏ နက်ရှိုင်းသောချစ်ခြင်းအတွက် ကောလလာဟာလတွေကိုပိုပြီး အတည်ပြုပေးလိုက်သလိုပင်။

သူမနှင့် ဖုန်းယွင်ဟယ်တို့ကို တွဲကြဖို့ အကြံပေးလာတာက ရှီလီကို အိပ်မက်မက်နေသလို ခံစားသွားရစေသည်။

ဤအကွက်က မှန်သွားတယ်လို့ ကုန်းယိုးလန် ပိုပြီးတောင် ခံစားမိသွားသည်။ သူမ၏အရင်တုန်းက ဖုန်းယွင်ဟယ်အပေါ် ပြင်းပြတဲ့အချစ်ကျတော့ရော။

အမ်၊ သူမက ဆယ်ကျော်သက်လေးပဲ ရှိသေးတာလေ။ အသက်တောင် မပြည့်သေး ဘူးရယ်။ ကလေးတစ်ယောက်က အချစ်အကြောင်း ဘာသိဦးမှာမို့လို့လဲ။

အချစ်နဲ့ စိတ်ကူးယဉ်တာတွေ ဆိုတာက လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ တဒင်္ဂအရာတွေပဲလေ။ ကလေးလေးဘဲရှိသေးတဲ့ သူမက အဲဒါတွေကို မဖမ်းဆုပ်နိုင်ဘူး။ သူမ တကယ်မြင်တွေ့တိုင်တဲ့ အတင်းအဖျင်းကမှ ဘယ်တော့မှ မပြောင်းလဲသွားတဲ့အရာ။

ကုန်းယိုးလန်က ဆက်ပြောလိုက်သည်။ “ငါတို့ အခန်းဆီလာရင် သူ့ကို နေ့တိုင်းမြင်ရမှာနော်၊ နင်တို့ရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေဦးမှာ” ဟီးဟီး၊ ပြီးတော့ သူတို့တွေလည်း ဒရာမာကို နေ့တိုင်းမြင်ရတော့မယ်။

သင် ကြိုက်ရတဲ့သူအား နေ့တိုင်းမြင်တွေ့ရမှာကို ဘယ်သူက မလိုချင်လို့လဲ။

ကမ်းလှမ်းမှုက ပြုလုပ်ပြီးသွားလေပြီ။ ဖုန်းယွင်ဟယ်၏ အမြင်ကတော့၊ တောင်းပန်ပါတယ်၊ ဘယ်သူမှ ဂရုမစိုက်ဘူး။

တရားဝင် ရာထူးတွေအတွက် ပထမဆုံးကြိုးစားမှုဖြစ်သော အခန်း 3 မှ မိန်းကလေး တွေ၏ ဝန်းရံခြင်းကို ရှီလီ ခံလိုက်ရပြီး နောက်တော့ ရုပ်ချောသော ကောင်လေးနှင့်ပင်။

မလှမ်းမကမ်းတွင်ရှိသည့် အခန်း 1 မှ ကျောင်းသားများလည်း ထိုစကားတွေကို ကြားလိုက်ရသည်။ သူတို့၏ အဖိုးတန် အတန်းဖော်ကို ရုပ်ချောသော ကောင်လေးကို‌သုံး၍ ဆွဲဆောင်နေသော အစီအစဉ်ကို အထမမြောက်စေရန်အတွက် ရှီလီကို မြန်မြန် ခေါ်ထုတ်သွားရန် ဝေ့ယီကို မျက်လုံးနှင့် အချက်ပြလိုက်ကြသည်။

ရှီလီ၏ နှလုံးသားထဲမှ ဖုန်းယွင်ဟယ်၏နေရာကို လူတိုင်း သိထားကြပြီး လူသားသဘာဝအရ အနှီဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပေ။

အထူးသဖြင့် ရှီလီက အနှီဆွဲဆောင်မှုကို လွန်ဆန်နိုင်မည့်သူ မဟုတ်ချေ။

147 03

တာဝန်အားလုံးက သူမအပေါ် ပုံကျလာတော့ ဝေ့ယီမှာ မျက်လုံးလှိမ့်လိုက်သော်လည်း ရှီလီကို ကာကွယ်ရမှာက သေချာပေါက်ကို သူမ၏ တာဝန်ပင်။

ဝေ့ယီက လူအုပ်ကြားထဲ တိုးဝင်လိုက်ပြီးရှီလီကို ဆွဲထုတ်လိုက်သည်။ “အောင်မလေး၊နင့်ကို ခဏလောက် ထားခဲ့မိပါတယ်၊ နင့်ကို လူအုပ်က ဝါးစားတော့မယ်”

ရှီလီ၏ ထူးဆန်းသော အတွေးဖြစ်စဉ်ကို တွေးမိပြီး ဝေ့ယီတွင် အကြံပေါ်လာခဲ့သည်။ သူမ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်၏။ “နင့်ကို ပြောရဦးမယ်၊ နင် ဂရုစိုက်ရမယ်နော်။ မလိုလားအပ်တဲ့ စိတ်အားထက်သန်မှုဆိုတာ ယုတ်မာဖို့နဲ့ ခိုးယူဖို့ဘဲ။ ဒီအခန်း 3 က ကျောင်းသားတွေက နင့်အပေါ် အရင်က ဒီလိုမျိုး စိတ်အားထက်သန်ကြတာ မဟုတ်ဘူး။ ဒီနေ့ သူတို့သဘောထားတွေ နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား”

ရှီလီက ခေါင်းအသာညိတ်ကာ “နည်းနည်း‌ထူးဆန်းတယ်”

ဝေ့ယီ၏ ချယ်ရီရောင် နှုတ်ခမ်းပါးတို့မှာ ကော့တက်သွား၍ “အဲဒါကြောင့် နင့်ကို ဂရုစိုက်ပါလို့ ပြောတာ။ လှည့်စားမခံရစေနဲ့”

ရှီလီမှာ မူလတန်း ကျောင်းသူတစ်ယောက်လိုနာခံမှုရှိစွာ ခေါင်းညိတ်လိုက်တော့၏။

ကုန်းယိုးလန်၏ နှာခေါင်းမှာ ဒေါသကြောင့် ပွယောင်းလာတော့မည်ပင်။ သူမက ဘယ်လိုဖြစ်ပြီး ရည်ရွယ်ချက် မကောင်းတဲ့ ကိုယ်စားလှယ် ဖြစ်သွားရတာလဲ။

သူတို့၏ အဖိုးတန် အတန်းဖော်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ပြီးနောက် ဝေ့ယီသည် မလှမ်းမကမ်းရှိ အခြားအတန်းမှ မိန်းကလေး တွေကို ရက်စက်သောအပြုံးဖြင့် ပြုံးပြလိုက်၏။

ဤသည်မှာ အခန်း 3 မှ မိန်းကလေးတွေကို‌ ဒေါသထွက်သွားစေ၏။ သူတို့သည် စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားကြပြီး အကယ်၍ ဤကြိုးစားမှု ကျရှုံးသွားပါက နောက်ထပ်ကြိုးစားရန် စီစဉ်နေကြသည်။

ထို့နောက် ဝေ့ယီက “ငါလုပ်နိုင်ခဲ့ပြီ” ဟူသောအမူအရာဖြင့် သူမ၏ အတန်းဖော်တွေကို မျက်ခုံးပင့်ပြလိုက်ပြီး သူတို့ထံမှ လက်မကို တိတ်တိတ်လေး လက်ခံရရှိခဲ့သည်။

ထိုနေ့မှစ၍ အခန်း 1 မှ ကျောင်းသားတိုင်းမှာ အခြားအခန်းတွေ၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်တွေကို သတိထားလာကြသည်။ သူတို့သည် ပြန်ပေးဆွဲမခံရရေး လမ်းညွှန်တွေကို စတင်ထောက်ခံလာကြပြီး ကလေးငယ်တွေကို သတိပေးနေရသကဲ့သို့ ရှီလီအားမထင်မှတ်ထားဘဲ ဖြားယောင်းခံလိုက်ရမှာကို ကြောက်လန့်နေကြသည်။

အတန်းပိုင်လည်း ပြင်ဆင်ထားသည်။ အကယ်၍ ရှီလီသာ အခြားအတန်းကြောင့် ဖြားယောင်းခံလိုက်ရပါက သူမကို ပြန်ရရန် သူသည် ကျောင်းအုပ်၏ ရုံးခန်းဆီသွား၍ ဝုန်းဒိုင်းကြဲပစ်ဖို့ အဆင်သင့်ပင်။

ရှီလီက ဟိုးအရင်ကတည်းက အခန်း 1 နဲ့ခွဲခွာလို့ မရဘူး။

ငါတို့ အခန်း 1 က တစ်ယောက်တလေမှတောင် လျှော့သွားလို့ မရဘူး။

ကံကောင်းသည်မှာ သူမအတွက်နှင့် ကျောင်းအုပ်၏ ရုံးခန်းတွင် ရန်ဖြစ်ရန်အထိ မလိုအပ်သေးပေ။

ဒါပေါ့၊ အတန်းဖော်တွေ မသိကြသေးတဲ့ ထောင့်တစ်နေရာမှာ လူတိုင်းကို အော်ဟစ်စေမိတော့မည့် အရာတစ်ခုက ဖြစ်ပျက်လာတော့မည်ပင်။

ရှီလီသည် သူမ၏ နောက်ဆုံးသော မေးခွန်းလွှာတွေကို ဖြေနေစဉ်၌ မစ္စဟွမ်ကျဲက တံခါးခေါက်ပြီး အထဲဝင်လာသည်။ “ယွင်ဟယ့် အမေရဲ့ မွေးနေ့က နောက်ရက်နည်းနည်းလောက်နေရင် ရောက်တော့မှာ၊သူမက မွေးနေ့ပါတီ အသေးစားလေးကို ကျင်းပမှာတဲ့လေ။ သမီးရဲ့ အခုလေးတင် အမေ့ကို ဖုန်းခေါ်လာပြီး သမီး သွားချင်လားလို့မေးနေတယ်”

ရှီလီ၏ အဒေါ်က ဖုန်းယွင်ဟယ်၏ အမေနှင့်အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတာကြောင့် သူမအနေနှင့် မွေးနေ့ပါတီပွဲသို့ ဖိတ်ကြားခံရတယ်ဆိုတာ ပုံမှန်ပင်။

သူမ၏ တူမလေးက ဖုန်းယွင်ဟယ်အား သဘောကျနေတယ်ဆိုတာကို သိထားသဖြင့် ရှီလီက သူမ သဘောကျနေတဲ့သူကို တွေ့ချင်နေမယ်လို့ တွေးမိကာ ဖုန်းဆက်၍ ရှီလီကိုပါအတူသွားချင်လားလို့ မေးလိုက်တာပင်။

ယနေ့တွင် ဖုန်းယွင်ဟယ်ကို ကြိုက်နေသောရှီလီ၏ သရုပ်သကန်မှာ ခိုင်မာနေဆဲဖြစ်၏။

147 04

သူမ၏ အပြင်ပန်းပုံရိပ်က ဖုန်းယွင်ဟယ်ကို ကြိုက်နေတဲ့သူ ဖြစ်နေသဖြင့် ရှီလီအနေနှင့်ဖုန်းအမေ၏ မွေးနေ့ပါတီပွဲသို့ မတက်ရောက်ဘူးဆိုတာ မဖြစ်နိုင်ပေ။

“ဒါပေါ့ အမေရဲ့။ သမီး လက်ဆောင်တွေ ပြင်ထားရဦးမလား”

ဟွမ်ကျဲက ခေါင်းညိတ်၍ “အဲဒါက သမီးရဲ့စေတနာကို ပြသတာပဲလေ။ လက်ဆောင်အပိုပြင်ထားတော့ သမီးအတွက် ကောင်းတာပေါ့”

သူမက ရှီလီအပေါ် အမြဲအေးအေးလူလူရှ်ိကာ လက်ဆောင်ပြင်ရတာက ရေးကြီးခွင်ကျယ် မဟုတ်သဖြင့် သေချာပေါက် ရှီလီ ကောင်းကောင်း ပြင်ဆင်နိုင်လိမ့်မည်ဟု သူမ တွေးမိသည်။ သို့သော် သူမ အခုရက်ပိုင်းမြင်ခဲ့တော့ အချို့သော ဖျော်ဖြေရေး သတင်း တွေကို မှတ်မိသွား၍ ဟွမ်ကျဲ သူမကို သတိပေးလိုက်ဆဲပင်။ “အဲဒါက သမီးရဲ့ စေတနာကို ပြသမဲ့ဟာဆိုတော့ သင့်တော်မဲ့ဟာကိုပြင်နော်။ သင့်တော်တယ်ဆိုတာ သေချာပါစေ။ အရမ်းကြီး ထင်းထွက်နေစရာ မလိုသလို၊အရမ်းကြီးလည်း ရိုးစင်းတဲ့ဟာ မဖြစ်ရဘူး”lint roller လို ဟာမျိုးကို ပေးတယ်ဆိုရင်လုံးလုံးကို မဆိုင်တာဘဲ။

သူမ အမေထံမှ သတိပေးခံရခြင်းမှာ အလွန်ကိုနွေးထွေးသော အရာပင်။ ရှီလီသည် ဟွမ်ကျဲ၏ ခါးကိုဖက်၍ ချွဲနွဲ့စွာပြောလိုက်သည်။ “သမီး သိပါပြီ၊ အမေရယ်။ သမီးက ကလေးလည်း မဟုတ်တော့ပါဘူး၊ ဒီကိစ္စတွေကို အမေစိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ သမီး ပြင်ထားတဲ့ လက်ဆောင်ကို အမေ သဘောတူ လားလို့ ပြပါ့မယ်။ အမေ သဘောမတူရင် သမီး မယူတော့ဘူးလေ” အကယ်၍ လက်ဆောင်မှာ မသင့်လျော်ဘူးဆိုပါက မပေးလိုက်တာ အကောင်းဆုံးပင်၊ ဟွမ်ကျဲကလည်း လက်ဆောင်ပြင်ထားမှာကြောင့်ပင် ဖြစ်သည်။

ဖုန်းအမေ၏ မွေးနေ့ပါတီပွဲက ပိတ်ရက်မှာဖြစ်သဖြင့် အဒေါ်လုပ်သူက ရှီလီကို မေးကြည့်တော့ ၎င်းက အတန်းချိန်တွေနှင့် တိုက်မနေပေ။

ဖုန်းအမေသည် အမြဲတစေ ကျန်းမာရေး ဆိုးရွားသူဖြစ်သဖြင့် ဤမွေးနေ့ပါတီပွဲမှာ ရင်းနှီးသော သူငယ်ချင်းတွေနှင့် မိသားစုတွေဘဲ စုစည်းထားတာပင်။

ဖုန်းအဖေက ကုမ္ပဏီကိစ္စတွေနှင့် အလုပ်များနေတာ ဖြစ်နိုင်ပြီး ဖုန်းအမေ၏ဘေးတွင် သူ့ကို ရှီလီ မမြင်မိပေ။

ဖုန်းအမေ၏ သူငယ်ချင်းကောင်းဖြစ်သော အဒေါ်က ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေ၍ အရာရာတိုင်းတွင် အလုပ်များနေလျှက်။

ဖုန်းအဖေက ထွက်ပေါ်လာခြင်း မပြုပေ။ အမျိုးသား အစီအစဉ်မှူး၏ နေရာမှာ ဖုန်းယွင်ဟယ်ဖြစ်ပြီး သားဖြစ်သည့်သူက အမေဖြစ်သူကို အဖော်ပြုပေးနေတာကြောင့်‌ နားလည်ပေးလို့ရသည်။

သို့သော် ဖုန်းယွင်ဟယ်၏ ဘေးတွင် ရပ်နေသော သိမ်မွေ့သည့်ပုံရိပ်က ရှီလီ၏ အာရုံကို ဖမ်းစားသွားသည်။

အံ့ဩစရာကောင်းသည်မှာ လျန်ရုန်ရုန်လည်း ထိုနေရာတွင် ရှိနေလေသည်။

ရှီလီက ပြောစရာရှိနေသော အမူအရာဖြင့် ဟွမ်ကျဲဘက်ကို ခေါင်းလှည့်လိုက်ကာ“စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ”

[တကယ်လို့ ငါ့ရဲ့ မွေးနေ့ပါတီသာဆိုရင် ငါ့ယောက်ျားရဲ့ တရားမဝင်သမီးလို့ စွပ်စွဲခံထားရတဲ့သူက သူ့အနောက်မှာ ရပ်နေမယ်ဆို၊အရင်ဆုံး ယောက်ျားလုပ်တဲ့သူကို သတ်ပစ်မယ်၊ ပြီးမှ ဒုက္ခများတဲ့ သားကို သတ်မယ်။ အဓိကအကြံက၊ သူတို့ထဲက ဘယ်သူကမှအသက်ရှင်ဖို့ မမျှော်လင့်ထားသင့်တာဘဲ]

******

148 01

အခန်း ၁၄၈: အကယ်၍ ဤအရာသာ အချစ်မဟုတ်ခဲ့လျှင်

လျန်ရုန်ရုန်ကို ဖုန်းအဖေ အိမ်ခေါ်လာတုန်း ကဟွမ်ကျဲသည် သူမ ခင်ပွန်းနှင့်အတူ အလုပ်ခရီး ထွက်နေခဲ့သော်လည်း နောက်ပိုင်းတွင် အတင်းပြောခြင်းမှ သူမအား မတားဆီးနိုင်။

အန်တီရှီအကြီးဆုံးက ဖုန်းအဖေကို အတော်လေး အမြင်ကတ်နေတာပင်။ သူမ၏ ယောက်မနှင့် စကားပြောတိုင်း လူယုတ်မာ ဖုန်းအဖေအကြောင်းကိုပါ မကြာခဏ ထည့်ပြောတတ်သည်။

လျန်ရုန်ရုန်က ဖုန်းအဖေ၏ တရားမဝင်ကလေးဆိုတာကို အပြင်လူတွေတင် မကဘဲ၊ဖုန်းအမေကပါ သံသယဝင်ပေသည်။

သို့သော် သူမ သားအတွက်ကြောင့် သူမ၏ခင်ပွန်းကို မကွာရှင်းဘဲ ဤဆေးခါးကြီးကို တစ်ဦးတည်း မြိုချခဲ့ရသည်။

အန်တီရှီအကြီးဆုံး မပါလျှင်တောင် ရှီလီအား ဖုန်းအဖေနှင့် အိမ်ခေါ်လာသော ကောင်မလေးအကြောင်း အခြားအတင်းအဖျင်းတွေကို ကြားနေခြင်းကနေ မတားဆီးနိုင်ပေ။ သူမကိုဖုန်းအဖေ၏ တရားမဝင် သမီးဆိုပြီး လူတိုင်းထင်နေကြတာပင်။

မဟုတ်ရင် ကလေးတစ်ယောက်ရဲ့ အထောက် အထားကို မရှင်းပြဘဲ သမီးအဖြစ် မွေးစားချင်လို့ပါဆိုပြီး ရုတ်တရက်ကြီး ဘာလို့ အိမ်ခေါ်လာခဲ့တာလဲ။ အဓိပ္ပာယ်ရှိဘူးလေ။

လက်ထပ်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည့် ဟွမ်ကျဲမှာ သူမနောက် လိုက်နေသည်ဟု စွပ်စွဲခံနေရသော တရားမဝင်ကလေးကို မြင်တွေ့လိုက်ရချိန်၌ ဖုန်းအမေကို သနားမိ သွားသည်။

ဖုန်းအမေက ဘာမှပြောစရာ မလိုပေ၊ မွေးစားသမီးကို ခေါ်လာဖို့ သူမကို ပြောခဲ့သူကခွေးမျိုး ဖုန်းအဖေ ဆိုတာကို ဟွမ်ကျဲ သိနေသည်။ မဟုတ်ရင် ဘာလို့ သူမရဲ့ မွေးနေ့ပွဲမှာဖုန်းအမေက စိတ်တိုစရာကောင်းတဲ့ အရာကိုခေါ်ထုတ်လာမည်နည်း။

ဟွမ်ကျဲ တိတ်တဆိတ် ဆဲရေးလိုက်တော့၏။ ချမ်းသာကြွယ်ဝသည့် မိသားစုတွေ အနေနှင့်တရားမဝင်ကလေးတွေ ရှိကြတယ်ဆိုတာသာမန်ဘဲဆိုပေမဲ့ တရားဝင် ဇနီးမယားရှေ့သို့ ခေါ်ထုတ်လာပြီး ပျိုးထောင်ခိုင်းတယ်ဆိုတာကတော့ ရှားပါးပေသည်။

၎င်းက စော်ကားရာ ရောက်လွန်း၏။

လျန်ရုန်ရုန်သည် သူမဘေးနားက လူတွေ၏လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့်သွားတာကို သတိပြုမိလိုက်သည်။ သူမ ခေါင်းလှည့်လိုက်ပြီး တစ်ခုခုလွဲချော်နေလားဟု အကြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်။

ဖုန်းယွင်ဟယ်၏ မျက်လုံးများမှာ လေးနက်၍ ဖတ်မရနိုင်ပေ။ သူသည် လျန်ရုန်ရုန်ကို မတုံ့ပြန်ဘဲ သူ့အကြည့်မှာ ရှီလီ ရှိရာသို့ ရွေ့လျားသွားသည်။

[လျန်ရုန်ရုန်က သူမခင်ပွန်းရဲ့ တရားမဝင်သမီး မဟုတ်ဘူးဆိုပေမဲ့၊ သူမရဲ့ အထောက်အထားက သိပ်မကောင်းနေဘူး။ သူမက ဖုန်းအဖေရဲ့ အချစ်ဦးရဲ့ သမီးဆိုတော့ သူနဲ့ သက်ဆိုင်မှုမရှိရင်တောင် အဖေအဖြစ် ပြုမူပေးဖို့ကို ဆန္ဒရှိနေတုန်းပဲ]

[တကယ်လို့ ဒီဟာက အချစ်မဟုတ်ဘူးဆိုရင်ဘာတုန်း]

[သူ ငါ့ကို တကယ်ငိုချင်အောင် လုပ်နေတာဘဲ]

ဖုန်းယွင်ဟယ်သည် သူ့အမေလက်ထဲကဝိုင်ခွက်ကို တည်ငြိမ်စွာ ယူလိုက်သည်။ “အရက်က အမေ့ ကျန်းမာရေးအတွက် မကောင်းဘူးလေ အမေရဲ့။ ဖျော်ရည်ပဲ သောက်သင့်တယ်”

ဖုန်းအမေ၏ မျက်နှာချင်းဆိုင်က အမျိုးသမီးမှာ သူမတွင် ယခုလို သိတတ်သော သားတစ်ယောက်ရှိနေသည့်အပေါ် စနောက်လာ၏။ သူမ၏ အဖိုးတန်သား ချီးကျူးခံနေရတာကို ကြားလိုက်ရတော့ ဖုန်းအမေ၏ မျက်နှာထက်မှအပြုံးဖျော့ဖျော့မှာ ပို၍နက်ရှိုင်းလာတော့သည်။

148 02

သူမက သားဖြစ်သူကို အမြဲတမ်း ရက်ရောစွာ ချီးကျူးပေသည်။ သူမ ခေါင်းညိတ်ကာ“သူက တကယ့်ကို စဉ်းစားပေးတတ်တယ်။ သူ့ခဗျာ တင်္လာနေ့ကနေ သောကြာနေ့အထိ ကျောင်းသွားရတယ်၊ ကျန်တဲ့အချိန်ပိုကို ကုမ္ပဏီကိုသွားတယ်၊ ဒါတောင် အချိန်ရအောင်လုပ်ပြီး စောင့်ရှောက်ရေးဂေဟာက ငါ့ဆီ လာလည်သေး‌တယ်လေ။ အခုနောက်ပိုင်း သူ တကယ်ကို ကြိုးစားနေတာ”

ဖုန်းယွင်ဟယ်ကို စဉ်းစားပေးတတ်သည့်အတွက် ချီးကျူးပြီးနောက် ထိုအမျိုးသမီးက မဆီမဆိုင်သော ဝေ့ရှင်းကို ဆန့်ကျင်ဘက်အနေနှင့် ပြောလာ၏။ “နင်ကတော့ သိမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဝေ့မိသားစုက အမြွှာနှစ်ယောက်မှာ သားငယ်က အခုတလောလေးကတင် ကျောင်းထွက်လိုက်တယ်လေ။ မိသားစု စီးပွားရေးကို ဆက်ခံချင်လို့ သူတို့ကုမ္ပဏီမှာ အလုပ်စလုပ်နေပြီလို့ ပြောတာဘဲ”

အမြွှာတွေကို နိမိတ်ကောင်းတယ်လို့ ယူဆကြကာ သူတို့၏ နောက်ခံက မည်သို့ပင်ဖြစ်ပါစေ မိသားစုတိုင်းအတွက် အမြွှာမွေးရန်မှာ ရှားပါးလှသည်။

ထို့ကြောင့် ထိုအမျိုးသမီးက အမြွှာတွေအကြောင်းကို ပြောပြလာတော့ ဘယ်သူတွေကို ပြောနေလဲဆိုတာ ဖုန်းအမေ ချက်ချင်းသိလိုက်သည်။

သူမ အနည်းငယ် အံ့ဩသွားကာ “ကျောင်းထွက်ပြီး အိမ်ပြန်ရအောင် သူက အသက် ဘယ်လောက် ရှိပြီမို့လို့လဲ”

မျက်နှာချင်းဆိုင်မှ အမျိုးသမီးက မျက်ခုံးပင့်ကာ “သူက နင့် ယွင်ဟယ်နဲ့ အသက်အတူတူလောက်ဘဲ”

အမျိုးသမီး၏ ရည်ရွယ်ချက်မှာ ဤခေါင်းစဉ်ကိုသုံး၍ ဝေ့ရှင်းကို ဆန့်ကျင်ဘက်ထားကာ ဖုန်းယွင်ဟယ်ကို ချီးကျူးလိုခြင်းပင်။ “နင့်ရဲ့ ယွင်ဟယ်ကတော့ တကယ့်ကို ထူးချွန်ပါပေတယ်။ နှစ်ယောက်လုံးက မိသားစုကုမ္ပဏီတွေမှာ ဝင်ကူနေတယ်ဆိုပေမဲ့ သူတို့ကောင်းလေးက ကျောင်းထွက်လိုက်တယ်လေ။ ငါတို့ ယွင်ဟယ်ကတော့ ကျောင်းရောအလုပ်ကိုရော တစ်ပြိုင်တည်း စီမံနိုင်တယ်။ တကယ့်ကို ထူးခြားပါပေတယ်”

ဖုန်းအမေသည် သူမ၏သားအပေါ် ချီးကျူးပေးခြင်းကြောင့် ဝမ်းသာမိသော်လည်း ဤအချိန်တွင် ဝေ့ရှင်းကို ပိုစိတ်ပူနေမိကာ“ဒါဆိုရင် ဝေ့မိသားစုရဲ့ အငယ်ဆုံးသားက ကျောင်းဆက်မတက်တော့ဘူးလား?”

ဖုန်းအမေ၏ လေသံထဲက မယုံကြည်နိုင်မှုမှာ သိသာလေသည်။ အမျိုးသမီးက သရော်သောလေသံဖြင့် “ဟုတ်ပါ့တော်။ သူက ကျောင်းထွက်ပြီး ကုမ္ပဏီမှာ တရားဝင် အလုပ်စဝင်နေပြီ”

သူမက ပါးစပ်ကိုအုပ်ကာ အသာအယာရယ်ရင်း “ဒါပေမဲ့ နင်သိလား၊ ဒီကောင်လေးက ကုမ္ပဏီကို စဝင်ကတည်းက အချိုးမပြေဘူးလို့ ငါကြားတယ်။ အင်း၊ ငါတို့တွေ စောင့်ကြည့်ရသေးတာပေါ့”

သူမသည် ဖြစ်ပျက်လာမည့် အခြေအနေကို စောင့်ကြည့်နေသည်သူသော အမူအရာမျိုး လုပ်ပြလိုက်၏။

ဖုန်းအမေက ဒရာမာကြည့်ရတာ ကြိုက်သော အခြားသူတွေနှင့် မတူဘဲ စိတ်ထားနူးညံ့ပေသည်။ သူမက သဘောမတူလိုစွာ ခေါင်းခါ၍“ဘာလို့များ သူ့မိဘတွေက သု့ကို မတားကြ တာတုန်း။ ဒီကိစ္စက ကလေးရဲ့ ဘဝအပေါ် သက်ရောက်နိုင်တယ်”

“သူတို့ ဘာတွေးနေတယ်ဆိုတာ ဘယ်သူသိမှာလဲ” သူတို့တွေ ဝင်မစွက်ဖက်ရင်တောင် ပိုကောင်းဦးမယ်၊ အဲဓါမှ ငါတို့တွေ ရှိူးကြည့်ရမှာ”

ဖုန်းအမေသည် မျက်နှာချင်းဆိုင်မှ အမျိုးသမီးနှင့် စကားကောင်းနေခိုက်၊ လျန်ရုန်ရုန်က လက်ဦးမှုယူ၍ အဆာသွပ်မုန့်ပန်းကန်ကို ကမ်းပေးလာကာ “ခေါင်းကိုင်အမေ၊ အ‌ဆာပြေမုန့်လေး ဘာလေး စားပါဦးလား”

ဖုန်းအမေက ယဉ်ကျေးသိမ်မွေ့သည့် အမျိုးသမီးပင်။ သူမသည် လျန်ရုန်ရုန်ကို အလွန်အမင်း မနှစ်မြို့သော်လည်း အနည်းအကျဉ်းသာ မျက်မှောင်ကြုတ်လိုက်၏။

ဖုန်းယွင်ဟယ်က ရုတ်တရက် စကားဝင်ပြောလာကာ “မင်းမှာ ဒီနေ့လယ်ကျရင် ရုပ်ရှင်ရိုက် စရာ ရှိတယ်မလား။ အခု သွားသင့်ပြီ မဟုတ်ဘူးလား”

လျန်ရုန်ရုန်က အချိန်ကိုကြည့်လိုက်ပြီးဖုန်းယွင်ဟယ်ကို တောက်ပစွာ ပြုံးပြလာကာ“ဪ၊ အလျင်လိုစရာ မလိုပါဘူး။ ဒီနေ့က ခေါင်းကိုင်အမေရဲ့ မွေးနေ့ဆိုတော့၊ ညီမအိမ်မှာဘဲနေပြီး သူမကို နည်းနည်းဖြစ်ဖြစ် ပိုပြီးအဖော်ပြုပေးချင်လို့ပါ”

148 03

ဖုန်းအမေသည် စိတ်ထဲကနေပြီး သူမ မြန်မြန်ထွက်သွားပါစေလို့ ဆုတောင်းနေသော်လည်း သူမကို အလျင်စလို ထွက်သွားခိုင်းသည့် မည်သည့်လှုပ်ရှားမှုကိုမှ လုပ်မပြနေပေ။ သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ ပန်းအိုးထဲက ပန်းပွင့်တွေကိုသာ စိုက်ကြည့်နေလိုက်၏။

ဖုန်းယွင်ဟယ်က စကားထပ်ပြောလာသည်။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းက ခေါင်းဆောင်မင်းသမီးလေ။ စောစောရောက်တာ‌ ကောင်းတယ်၊ မဟုတ်ရင် သူများတွေရဲ့ ရိုက်ကူးရေးအချိန်ဇယားတွေကို သက်ရောက်မှု ဖြစ်စေလိမ့်မယ်”

ယနေ့တွင် ဖုန်းယွင်ဟယ်က သူမကို စကားတွေအများကြီး ပြောလာသဖြင့် ပုံမှန်မဟုတ်ပေ။ ဘာကြောင့်လဲဆိုတာ လျန်ရုန်ရုန် နားမလည်သော်လည်း သူ့စကားတွေက သူမအတွက် စိုးရိမ်ပေးနေသည့် ပုံပေါ်သဖြင့် ဤသည်ကိုအစကောင်းဟု သူမ ခံစား‌မိသွားသည်။

လျန်ရုန်ရုန်က ပျော်ပျော်ကြီး သဘောတူလိုက်သည်။ “အစ်ကို ပြောတာမှန်ပါတယ်။ ညီမအခု သွားတော့မယ်နော်”

ပြီးနောက် သူမ ဖုန်းအမေကို တောင်းပန်လိုက်သည်။ “သမီး တောင်းပန်ပါတယ်၊ ခေါင်းကိုင်အမေ။ သမီး အခု သွားရတော့မယ်၊ ဒါပေမဲ့ နောက်တစ်ခေါက်ဆို အချိန်ရအောင် လုပ်ထားပါ့မယ်”

စိတ်တိုစရာကောင်းသည့်သူ ထွက်သွားတော့မှာဖြစ်သဖြင့် ဖုန်းအမေမှာ စိတ်အေးသွားရပြီး လုံးလုံးလျားလျား ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “ကောင်းပြီ”

[ဟားဟား၊ ရယ်ရလိုက်တာ! နင့်ရဲ့ ခေါင်းကိုင်အမေက နင်မလာရင် ပိုတောင် အဆင်ပြေဦးမယ်]

[သူတို့အားလုံးက ဝန်လေးနေတဲ့ ဆွေမျိုးတွေချည်းပဲ။ ကွယ်ဝှက်ပြီး ပြောနေစရာတောင် မလိုဘူး၊ နင်မလာလေ ပိုကောင်းလေပဲ]

All Chapters