အခန်း (၁၅၃-၁၅၆)
Vol. 8 Ch. 153-156
153 01
အခန်း ၁၅၃: အန်တီ့လို ကောင်မလေးမျိုး
ရက်အနည်းငယ်ကြာတော့ မြူးထူးနေသောဒေါ်လေးငယ်ရွှီမှာ နောက်ထပ် DNA စစ်ဆေးချက်နှင့်အတူ မိဘအိမ်သို့ ပြန်ရောက်လာ၍ယခင်ကနှင့် တူညီသော ရလဒ်ကို ပြသလာခဲ့သည်။
ဤသည်က ဇာတ်မြူးလာတာပင်။
ဒေါ်လေးငယ်ရွှီ တွေးလိုက်၏။ “အခုတော့နင့်မှာ ပြောစရာမကျန်တော့ဘူးမလား”
မဒမ်ရွှီက ဤနေ့ရက်ကို စောင့်ဆိုင်းနေခဲ့တာပင်။ သူမ ခပ်ပါးပါးသာပြုံး၍ ပြောလိုက်၏။ “ကျွန်မ ရွှီရှင်းအပေါ်မှာ ဘယ်တုန်းကမှ မဖောက်ပြားခဲ့ဘူး။ ကျွန်မ ညီမလေးကရော မွေးခန်းထဲမှာ ကလေးမှားသွားတဲ့ ဖြစ်နိုင်ခြေရော မရှိဘူးလား။ ဒီလို ကလေးမှားတာမျိုး တွေ ဖြစ်ပျက်နေတာ နှစ်တွေကြာလှပြီဆိုတော့ နားလည်ပေးလို့ရပါတယ်”
ဒေါ်လေးငယ်ရွှီမှာ ဒေါသကြောင့် ဆို့နင်သွားလုနီးပါးပင်။ သူမမှာတော့ မိသားစု၏ ပြဿနာကို ရှင်းထုတ်ပေးနိုင်သည့် သူရဲကောင်းလို့ ထင်နေသော်လည်း အခုတော့ သူမကိုသာသံ သယဝင်နေကြသည်။ သူမ၏ အားထုတ်မှုတွေပြီးနောက် သံသယဝင်ခံရသည့်သူမှာ သူမဖြစ်လာခဲ့သည်။
မစ္စတာအိုကြီးရွှီ၏ အမူအရာမှာ လေးနက်လာခဲ့သဖြင့် ဒေါ်လေးငယ်ရွှီက သူမ မိဘတွေ၏ခြေရင်းဆီ အမြန်ပစ်ဝင်လိုက်တော့သည်။ “အဖေ၊ သမီးက အဖေ့ သမီးရင်းပါ။ သမီးတို့ ဘယ်လောက်တောင် ဆင်တူတယ်ဆိုတာအဖေ သိပါတယ်”
သေချာပေါက်ပင် ဒေါ်လေးငယ်ရွှီ၌ ရွှီမိသားစု၏ ရုပ်ရည်လက္ခဏာတွေနှင့် မစ္စတာအိုကြီးရွှီ ငယ်ငယ်တုန်းကနှင့် 30% တူပေသည်။
သို့သော် ယခုချိန်မှာ သူ့သမီးက DNA စစ်ဆေးချက်နှစ်ခုကို ထုတ်ပြလာ၍ သူမ ယောက်မ၏သစ္စာရှိမှုအပေါ် သံသယဝင်နေတာကြောင့် သူ့ချွေးမ၏ ဒေါသကိုဖြေသိမ့်ရန် - နောက်ထပ်DNA စစ်ဆေးမှသာ - မျှတပေလိမ့်မည်။
အမျိုးမျိုးသော ဖြစ်နိုင်ခြေအားလုံးကို စဉ်းစား၍ မစ္စတာအိုကြီးရွှီ၊ မစ္စအိုကြီးရွှီ၊ ဒေါ်လေး ငယ်ရွှီနှင့် ရွှီရှင်း တို့အားလုံး စစ်ဆေးသည့်အဖွဲ့အစည်းသို့ အတူသွားခဲ့ကြသည်။
ဤတစ်ကြိမ်တွင် မစ္စတာအိုကြီးရွှီနှင့် ရွှီရှင်းတို့၏ လွှမ်းမိုးမှုဩဇာကြောင့် ရလဒ်တွေက အလျင်အမြန်ဘဲ ထွက်ရှိလာခဲ့၏။ ရလဒ်အားလုံးက မိသားစု ဆက်နွှယ်မှုများသာ။
အကယ်၍ ဒေါ်လေးငယ်ရွှီသာ နမူနာတွေကို မစစ်ကြည့်ခဲ့လျှင် ၎င်းက ရွှီရှင်းရှင်း၏မိဘတွေနှင့် ပတ်သက်၍ သေချာပေါက် မှားယွင်းနေတယ်ဆိုတာကို သက်သေပြနိုင်သည်။
မစ္စတာအိုကြီးရွှီက သူ့ချွေးမဘက် လှည့်ကာ“ရှိုး၊ အဖေတို့ သမီးရဲ့ အကျင့်စရိုက်ကို သေချာပေါက် ယုံကြည်တယ်။ ဒီအရူးမလေးနမူနာတွေကို လက်ဆော့လိုက်တာပဲ ဖြစ်မယ်။ သမီးရဲ့နာမည်ကို ရှင်းသွားအောင် DNAစစ်ဆေးချက်ကို တစ်ခါလောက် ထပ်ပြီးလုပ်ကြည့်ရင်ရော။ ဘယ်လိုထင်လဲ”
သူမ၏ ယောက်မနှင့် ယောက်ျားမှာ ရွှီမိသားစုမှ ကလေးတွေဖြစ်နေ၍ သူမ၏ သံသယများမှာ ပြောင်းပြန်ဖြစ်သွားရ၏။ အခုတော့သူမနှင့် သမီးဖြစ်သူသာ သံသယဝင်ခံရလေပြီ။
မဒမ်ရွှီ လက်သီးဆုပ်လိုက်၏။ ဘာတွေဖြစ်နေတာလဲ။ ကိစ္စတွေက ဘယ်လိုဖြစ်လို့ ဒီလိုမျိုးဖြစ်လာရတာလဲ။ သူမ ယောက်ျားအပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး။
“ကောင်းပြီ၊ ကျွန်မမှာ ဘာမှ ဖုံးကွယ်ထားစရာမရှိဘူး။ နောက်ထပ် စစ်ဆေးမှာကို ကျွန်မ မကြောက်ဘူး”
ဒီတစ်ကြိမ်တွင် မစ္စအိုကြီးရွှီ ကိုယ်တိုင်ကိုယ် ကျ ရွှီရှင်းရှင်း၏ ခေါင်းပေါ်မှ ဆံစအချို့ကိုဆွဲနှုတ်၍ မစ္စတာအိုကြီးရွှီ၏ လက်ထဲသို့တိုက်ရိုက်ထည့်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးကို ကလေး၏ အဘိုးအဘွားတွေကိုယ်တိုင် ကိုင်တွယ်နေသဖြင့် မည်သို့သော ကူလီကူမာလုပ်နိုင်သည့် ဖြစ်နိုင်ခြေမဆိုကို ပယ်ဖျက်ပြီးသား ဖြစ်သွားလေသည်။
153 02
အမှန်တကယ်ဆို မိဘတွေအနေနှင့် သူတို့၏သမီး အပေါ်ကို ပိုပြီးအားသာကြသည်။ သူတို့၏ သမီးငယ်က တစ်ခါတစ်လေမှာ အနည်းငယ် ရူးမိုက်သော်လည်း အမှားကနေ အမှန်ကို နားလည်နိုင်သည်။ သူမ၏ ယောက်မနှင့် တူမအရင်းကို မိသားစုဝင် မဟုတ်ဘူးဟူ၍မှားယွင်းစွာ စွပ်စွဲသည်အထိတော့ မပြုလုပ်လောက်ပေ။
ထို့နောက် သွေးသားဆက်စပ်မှု မရှိဘူးဆိုသော - ရလဒ်များမှာ အမြန်အဆန်ဘဲ ထွက်ပေါ်လာခဲ့၏။
စစ်ဆေးချက်ရလဒ်ကို မြင်လိုက်ရသည့်အချိန်တွင် မဒမ်ရွှီရော၊ ရွှီရှင်းပါ ကြောင်အသွားကြတော့သည်။
ရွှီယိရမ် သည် ရွှီမိသားစု၌ လတ်တလောအုံကြွခြင်းတို့ကို သိရှိထား၏။ သူ့အမေသစ္စာမရှ်ိခြင်း၊ သူ့အစ်မက အစ်မရင်း မဟုတ်ဘူးဆိုသော ဖြစ်နိုင်ခြေတွေနှင့် ရင်ဆိုင်လာရတော့ စကားပြောနိုင်ရန် ရုန်းကန်လိုက်ပြီးသူ၏ ယခင်သီအိုရီသို့ ပြန်သွားလိုက်ကာ“ဆေးရုံမှာ ကလေးမွေးတုန်းက ကျွန်တော့်အစ်မ လူလဲခံလိုက်ရတာများလား”
သူ အသည်းအသန် မျှော်လင့်နေရသောဆေးရုံမှ လူမှားခြင်းနှင့် သူ့အမေ ဖောက်ပြန်တာဟူ၍ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိတော့သည်။
စစ်ဆေးချက် ရလဒ်တွေမှာ သူတို့ မထင်မှတ်ထားသလိုမျိုး ဒရာမာဆန်လွန်း၏။
ရွှီရှင်းရှင်းက မဒမ်ရွှီနှင့်လည်း သွေးသားတော်စပ်ခြင်း မရှိနေပါချေ!
ဆေးရုံတွင် ကလေးမွေးပြီးပြီးချင်း ကလေးလဲခံခဲ့ရတယ်ဆိုတာကို ဤသည်က သက်သေပြနေလေပြီ။
ရွှီရှင်းက အပြုံးတစ်ပွင့်ဖြင့် “ငါ့မိန်းမက အဲ့လိုလူစားမျိုး မဟုတ်ပါဘူးလို့ ပြောသားဘဲ” သူ၏ အသစ်စက်စက် သက်သေထူနိုင်ထားသော မိန်းမက သူ့လက်မောင်းကို ရိုက်လာ၏။ ဒီဟာက ယုံကြည်မှုတင် မဟုတ်တော့ဘူးလေ။ -သူတို့ရဲ့ သမီးရင်းက ပျောက်ဆုံးနေပြီးတစ်နေရာရာမှာ ဒုက္ခရောက်နေနိုင်တဲ့ ဖြစ်နေခြေလည်း ရှိနေသေးတယ်။
သူကတော့ တစ်ခါတလေကျ တကယ့်ကို နလပိန်းတုံးပဲ။
ဒေါ်လေးငယ်ရွှီမှာ မိသားစု၏ မှောင်မိုက်နေသော စိတ်အခြေအနေကို သတိမူမိဟန် မတူဘဲဝင့်ကြွားစွာဖြင့် “ကျွန်မ ပြောသားပဲ၊ သူမက ကျွန်မတို့ထဲက တစ်ယောက်နဲ့မှ မတူပါဘူးလို့၊ရှင်တို့မှ ကျွန်မ ပြောတာကို မယုံကြတာ”
မစ္စတာအိုကြီးရွှီနှင့် မစ္စအိုကြီးရွှီတို့မှာ သူတို့ကလေး၏ အပြုအမူကြောင့် စိတ်တိုသွားကြ၏။ ဒီလိုအချိန်မှာ အသေးအမွှားကိစ္စလေးကအစ အာရုံစိုက်နေကြဆဲပင်။
အဓိကပြဿနာမှာ ရွှီရှင်းရှင်းက ရွှီသွေးစက်မဟုတ်သဖြင့် သူတို့၏ မြေးအရင်းကို ရှာဖို့လိုအပ်နေလေပြီ။
“သား၊ ရမ်အိုက် ဆေးရုံကိုသွားပြီး မှတ်တမ်း တွေ သွားတောင်းလာခဲ့။ ယောက်ျားလေး မွေးတာပဲဖြစ်ဖြစ်၊ မိန်းကလေး မွေးတာဘဲ ဖြစ်ဖြစ် သား မိန်းမနဲ့ တစ်ရက်တည်း ကလေးမွေးတဲ့ ဘယ်မိန်းမကိုမဆို သွားရှာချေ”
ဤအရာအားလုံးကို စောင့်ကြည့်နေခဲ့သော ရွှီယိရမ်မှာ လုံးဝကို ကြက်သေ သေသွားရတော့၏။ ဒါဆိုရင် သူတစ်ချိန်လုံး အစ်မလို့ခေါ်လာတဲ့သူက သူ့ အစ်မရင်း မဟုတ်ဘူးပေါ့။ဆေးရုံမှာ ကလေးလဲတဲ့ - TV ဒရာမာထဲကလိုပဲ။
“ရှင်းရှင်းက ကျွန်မတို့ ကလေး မဟုတ်မှတော့ သူမကိုဆက်ပြီး ပျိုးထောင်ပေးစရာ မလိုတော့ဘူး” ဒေါ်လေးငယ်ရွှီက ကြေညာလိုက်၏။ “ကျွန်မအထင်ကတော့ သူမရဲ့ မိဘရင်းတွေကို ပြန်ရှာတွေ့တာနဲ့ သူမကို ပြန်ပေးလိုက်သင့်ပြီ။ ဪ၊ သူမ မိဘတွေဆီက နစ်နာကြေးလည်း တောင်းသင့်တယ်နော်။ ကျွန်မတို့က ဒီနှစ်တွေတစ်လျှောက် ပိုက်ဆံတွေအများကြီး အကုန်ကျခံပြီး ရှင်းရှင်းကို ပျိုးထောင်လာခဲ့ရတာ၊ မမျှမတအဖြစ်ခံလို့ မရဘူး”
ဒေါ်လေးငယ်ရွှီက သူမ၏ တူကို လက်ဟန်ပြ၍“ရှင်းရှင်းကို ပျိုးထောင်ပေးဖို့ သုံးဖြုန်းလာခဲ့တဲ့ငွေတွေနဲ့ဆို ယိရမ် နှစ်ယောက်၊ သုံးယောက်ကိုတောင် ပျိုးထောင်ပေးလို့ ရတယ်။ တကယ်လို့ ရှင်းရှင်းက တကယ်ဘဲ ကျွန်မတို့ မိသားစုသာဆို ဟုတ်တုတ်တုတ် ရှိသေးပေမဲ့၊ဟုတ်မှမဟုတ်တာ” သူ့မိန်းမဆီက သတိပေးနေသော အကြည့်ကို လက်ခံရရှိလိုက်သဖြင့် ရွှီရှင်း ပြောလိုက်၏။ “တော်သင့်ပြီ။ ငါတို့က ရှင်းရှင်းကို နှစ်တွေအကြာကြီး ပျိုးထောင်လာခဲ့တာ။ တကယ်လို့ သူမက ခွေးတွေ၊ ကြောင်တွေ ဆိုရင်တောင်ငါတို့က သူမအပေါ်မှာ သံယောဇဉ်တွယ်နေကြပြီ၊ ကလေးဆိုတာထက် ငါတို့ရဲ့ သမီးအဖြစ်နဲ့ ပျိုးထောင်ပေးခဲ့တာ။ သူမအပေါ် ငါတို့တွေ ဖြုန်းခဲ့တဲ့ ပိုက်ဆံလောက်ကတော့ငါ တတ်နိုင်ပါတယ်”
153 03
ဒေါ်လေးငယ်ရွှီက သရော်လာကာ “အစ်ကိုကြီး၊ နင့်ကို ဒီလိုမျိုး အသည်းနှလုံး ကြီးမားလိမ့်မယ်လို့ ငါမသိထားခဲ့ဘူး။ နင့်ရဲ့ သမီးရင်းက လောကကြီးရဲ့ ထောင့်တစ်နေရာမှာ ဒုက္ခခံစားနေရလောက်မှာကို နင်က သူများရဲ့ သမီးကို စိတ်ပူပေးနေသေးတယ်”
မဒမ်ရွှီက အားစိုက်ပြုံးလိုက်ကာ “သူမဒုက္ခခံနေရတယ်လို့ ပြောရအောင်ကလည်း တကယ် မမှန်ပါဘူး။ အဲ့ဒီမိသားစုက ရမ်အိုက်လို ဆေးရုံမှာ ကလေးမွေးနိုင်တယ်ဆိုတော့ ချမ်းသာကြမှာဘဲလေ။ ကလေးကို မတရားမဆက်ဆံလောက်ပါဘူး”
ဒေါ်လေးငယ်ရွှီက လှောင်ပြောင်လိုက်သည်။ “အာမခံချက်မှ မရှိတာ။ ယောက်မရယ်၊သူများတွေအပေါ် အရမ်းကြင်နာပြီး တွေးပေးမနေနဲ့ဦး။ မတော်လို့ အဲဒီမိသားစုက ခက်ခဲတဲ့အချိန်တွေ ရှိလာရင်ရော။ မတော်လို့များ မိန်းကလေးထက် ယောင်္ကျားလေးကို အချစ်ပိုကြရင်ရော။ တကယ်လို့ သူမက ချမ်းသာတဲ့ မိသားစုမှာ မွေးလာတယ်ဆိုရင်တောင် သူတို့ကလေးတွေကို ငါတို့လိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ဘေးဘီကြည့်လိုက်ဦး။ ငါတို့လိုမိသားစုမျိုး ဘယ်လောက်များ ရှိလို့တုန်း” သူမယောက်မ ပြောဆိုလာသော ဖြစ်နိုင်ခြေတွေကို စဉ်းစားမိတော့၊ သူမ၏ တကယ့်ကလေး ဒုက္ခခံနေရတယ်ဟူသော အတွေးက မဒမ်ရွှီကို မျက်ရည်ပိုးပေါက် ကျလာစေ၏။ သူမ ယောက်ျား၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး “ကျွန်မတို့တွေ ဘာဆက်လုပ်ကြမလဲ”
ဤအခိုက်အတန့်တွင် ရွှီရှင်းမှာ သူ့မိန်းမကိုဖျောင်းဖျပေးရုံသာ တတ်နိုင်တော့သည်။ “အကောင်းဘက်ကနေပဲ တွေးရအောင်ပါကွာ။ တကယ်လို့ သူမရဲ့ မိသားစုက ကိုယ်တို့ထက် ချမ်းသာပြီး သူမကို ပိုပြီးသေချာဂရုစိုက်ပေးရင်ရော။ ဒီနှစ်တွေအတွင်း ကိုယ်တို့ကလေး အဲ့လောက်လည်း မခံစားခဲ့ရလောက်ပါဘူး၊ ဟုတ်တယ်မလား”
သူ့မိသားစုကို နှစ်သိမ့်ပေးပြီးနောက် ရွှီရှင်းမှာလွန်ခဲ့သော ဆယ်စုနှစ်ကျော်က ဆေးရုံမှတ်တမ်းများကို စုံစမ်းရန်အတွက် တစ်ယောက်ယောက်ကို စီစဉ်တော့သည်။
ရှာဖွေကြည့်လိုက်တော့ သူ့မိန်းမ ကလေးမွေးသည့်နေ့တွင် ဆေးရုံတစ်ခုလုံး၌ အခြားမည်သည့်မှတ်တမ်းမှ ရှိမနေတာကို သိရှိလိုက်ရ၏။
စုံစမ်းရေးမှာ လမ်းဆုံးသွားချေပြီ။
အများပြောကြသည့်အတိုင်း ဖြစ်ရပ်မှန်ပေါ်ပေါက်စေချင်ရင် ဒေါ်လေးငယ်ရွှီကို လိုအပ်ပေသည်။
ဒေါ်လေးငယ်ရွှီမှာ သူမ ယောက္ခမ၏အိမ်သို့ ပြန်လာပြီးနောက် သူမ ခန့်မှန်းချက် မှန်ကန်သည့်အပေါ် ဂုဏ်ယူစွာ ကြွားလုံးထုတ်တော့သည်။ ရွှီရှင်းရှင်းက ရွှီသွေးစက်ဆိုတာ လုံးဝမဟုတ်ဘူး။
သူမသည် ရွှီရှင်းရှင်းကို အပြစ်ရှာရန်အတွက် တစ်မိသားစုလုံးကို စုဝေးလိုက်ပြီး “သူမက ကျွန်မတို့ မိသားစုနဲ့ ရုပ်ချင်းမတူရုံတင် မကဘူး။ သူမရဲ့ အဆင့်တွေကလည်း ညံ့တယ်။ ကျွန်မတို့ မိသားစုမှာ မျိုးဆက်တွေတလျှောက် ဘယ်သူကများ စာမေးပွဲကျဖူးလို့လဲ”
ဒေါ်လေးငယ်ရွှီမှာ စိတ်ခံစားချက်နှင့် ပတ်သက်၍ အသိဉာဏ်မရှ်ိသည့် ပုံပေါ်သော်လည်း သူမသည် ဘာသာရပ်တိုင်း၌ အဆင့်တစ် အမြဲရခဲ့သော ထူးချွန်သည့်ကျောင်းသူတစ်ဦး ဖြစ်ခဲ့တာပင်။
ဦးလေးရွှီမှာ ကျောင်းတုန်းက လုပ်ဆောင်ချက်တွေက မျိုးဆက်နှင့် မဆိုင်ဘူးဟု ပြောချင်နေမိသည်။ တကယ့်လက်တွေ့ ဘဝတွင်မူကျောင်းတုန်းက စာတော်သော မိဘတွေ၏ကလေးတွေက ကျောင်း၌ ရုန်းကန်နေရသည့်ဖြစ်ရပ်များစွာ ရှိပေသည်။ ၎င်းမှာ ခိုင်လုံသောငြင်းခုံခြင်း မဟုတ်ပေ။
“ပြီးတော့ ရှိသေးတယ်၊ အမေ သိရဲ့လား။ ကျွန်မမှာ အရင်ကတော့ ထုတ်ပြောဖို့ကို အရမ်းရှက်ခဲ့ရတာ၊ ဒါပေမဲ့ သူမ နိုင်ငံခြားမှာ အထက်တန်းကျောင်း သွားတက်တာက သူမရဲ့ အဆင့်တွေ မကောင်းလို့ဘဲလို့ ထင်သလား”
“ဘယ်ဟုတ်ပါ့မလဲ၊ သူမက လမ်းသရဲတွေ၊အနိုင်ကျင့်တဲ့သူတွေနဲ့ ပေါင်းပြီး ကျောင်းမှာ ကောင်မလေးတွေကို အနိုင်ကျင့်နေတာလေ။ နစ်နာသူတွေထဲက တစ်ယောက်ရဲ့ မိသားစုဆို အဆက်အသွယ်တွေရှ်ိတယ်။ သူတို့တွေက ဘာနစ်နားကြေးမှ မလိုချင်ဘူး၊ သူမကိုပဲ ကျောင်းထွက်စေချင်တာ။ ကျွန်မရဲ့ အစ်ကိုနဲ့ယောက်မက ပိုက်ဆံပေးပြီး တောင်းပန်ပေမဲ့ အဲ့ဒီမိသားစုက မယိမ်းယိုင်သွားဘူးလေ။ အဆုံးကျတော့ သူမ ကျောင်းထွက်လိုက်ရပြီး အချိန်ဖြန်းရအောင်လို့ နိုင်ငံခြား ပို့ပစ်လိုက်ကြတာ”
ထိုမိသားစုမှာ ဤဇာတ်လမ်းကို အရင်တုန်းကတစ်ခါမှ မကြားဖူးခဲ့သဖြင့် ထိတ်လန့်သွားကြ၏။
ဒေါ်လေးငယ်ရွှီ၏ ယောက္ခမက မနေနိုင်တော့ဘဲ ဝင်ပြောလာသည်။ “နင့်ရဲ့ အစ်ကိုနဲ့ ယောက်မက ကြင်နာတဲ့လူတွေပါ။ ဘယ်လိုဖြစ်ပြီး ဒီလိုကလေးကို မွေးထားကြတာလဲ”
ဒေါ်လေးငယ်ရွှီက ပခုံးတွန့်၍ “အဲဒါကြောင့် သူမက ကျွန်မတို့သွေး မဟုတ်ဘူးလို့ ပြောနေတာပေါ့၊ ဟုတ်တယ်မလား။ ကျွန်မ မမှားဘူး”
အရင်က မကြားဖူးခဲ့သော ယခုလို ကလေးလဲ သည့် TV ဒရာမာထဲက ကိစ္စမျိုးမှာ လက်တွေ့ ဖြစ်လာခဲ့လေပြီ။ ဒေါ်လေးငယ်ရွှီ၏ ယောက္ခမက ရှေ့ဆက် ဘာဖြစ်မလဲဆိုတာကို စပ်စုချင်နေတော့သည်။ “သူတို့တွေ တကယ့် ကလေးကို ရှာတွေ့သွားကြပြီလား”
ဒေါ်လေးငယ်ရွှီက ခေါင်းခါ၍ “ဟင့်အင်း၊တစ်ယောက်မှတောင် မဦးဆောင်ကြသေးဘူး”
ချောင်ကျွင်းကျွင်းက ဤအခွင့်အရေးကို အသုံးချ၍ ဝင်ပြောလိုက်သည်။ “အန်တီ၊ သမီး အန်တီ့ကို ပြောချင်နေတာ၊ သမီးတို့ကျောင်းမှာ အန်တီနဲ့ အတော်လေးဆင်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်”
******
154 01
အခန်း ၁၅၄: ယောက်မက ဒီကလေးနဲ့ရင်းနှီးတာ စောမနေဘူးလား
“အဲဒီမိန်းကလေးက ဘယ်လိုပုံစံရှိတုန်း”
အတန်းခေါင်းဆောင်၏ ဆိုရှယ်မီဒီယာတွင် တင်ထားသော အတန်းပုံထဲတွင် ပထမတန်း၏အလယ်နေရာ၌ တည်ရှိနေသော စုန့်ရင်းကို ချောင်ကျွင်းကျွင်း ရှာတွေ့သွား၏။
ဓာတ်ပုံ၏ အလယ်နေရာတွင်ရှိသော မိန်းကလေးမှာ အသားဖြူဖွေး၍ မျက်ခုံးထိအုပ်သော ဆံမြိတ်နှင့်အတူ ဆံပင်က်ို မြင်းမြီး ပုံစံ စီးနှောင်ထားပြီး နေရောင်ထဲတွင် အနည်းငယ် ပြုံးနေသည်မှာ အလွယ်တကူချဉ်းကပ်လွယ်မည့် ပုံပေါ်နေသည်။
တူမတွေက အဒေါ်တွေနှင့် တူကြတယ်လို့ပြောတာ အမှန်ပင်ဖြစ်နေသည်။
ဒေါ်လေးငယ်ရွှီမှာ ဤမိန်းကလေးနှင့် သူမကြားက ဆင်တူမှုကို သတိမပြုမိသေးခင်မှာဘဲ သူမ ယောက်ျားက ဝင်ပြောလာသည်။ “ဒီကောင်မလေးက မင်းငယ်ငယ်တုန်းကနဲ့ အတော့်ကို တူတာပဲကွ”
ဒေါ်လေးငယ်ရွှီက မမြင်သေးသော်လည်း သူမ၏ ငယ်ရွယ်မှုကို မြင်ဖူးသည့် ရွှီမိသားစု၏ အခြားအဖွဲ့ဝင်များလည်း ဆင်တူကြောင်း ထောက်ခံလာကြသည်။
“တကယ်လား”
အန်တီရွှီ၏ ယောက်ျားက အပေါ်ထပ်တက်၍ သူတို့အခန်းထဲ ဝင်သွားပြီး သူမ ငယ်ရွယ်စဉ်တုန်းက ဓာတ်ပုံကိုရှာ၍ တူမ၏ ဖုန်းဘေးတွင် ချလိုက်ကာ “တူတာကို မြင်ပြီလား”
ဓာတ်ပုံနှစ်ပုံကို ဘေးချင်ယှဉ်ကြည့်လိုက်တော့မှ နှစ်ဦးကြား ဆင်တူမှုများမှာ ထင်ရှားလာတော့သည်။
သူမ၏ယောက်ျားဖြစ်သူ ဦးလေးရွှီက မှတ်ချက်ပြုလာ၏။ “သူမရဲ့ မျက်နှာက မင်းနဲ့ဆင်ပေမဲ့ သူမရဲ့ အမူအကျင့်ကတော့ မင်းအစ်ကိုနဲ့ နည်းနည်းဆင်တယ်”
အသိသာကြီးကို ဆင်တူနေတော့ ဒေါ်လေးငယ်ရွှီက သူမ တူမ၏လက်ကို အမြန်ဖမ်းဆွဲ၍ မေးလိုက်သည်။ “ဒါ ဘယ်သူ့ကလေးလဲ”
“သူမက ရှီမိသားစုက တတိယသားရဲ့ မွေးစားသမီးလေ”
ဒေါ်လေးငယ်ရွှီက မျက်မှောင်ကြုတ်လိုက်ကာ“သူမရဲ့ အမေက ငါ့ယောက်မနဲ့ သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား”
အနှီမေးခွန်း၏အဖြေကို ဘယ်သူမှ မသိကြပေ။
သူမ၏ စားစရာကို အနည်းအကျဉ်းဘဲ စားရသေးသော ဒေါ်လေးငယ်ရွှီမှာ အလျင်စလို ထွက်သွားတော့၏။
ချောင်ကျွင်းကျွင်းက လှမ်းခေါ်လိုက်ကာ“အန်တီ၊ အန်တီယူသွားတာ သမီး ဖုန်းလေ”
“ငါပြီးကျရင် ပြန်ပေးမယ်!”
ချောင်ကျွင်းကျွင်း တွေးလိုက်သည်။ ပြန်မပေးတာက အကြောင်းမဟုတ်ဘူး၊ password ကိုတောင် သိလို့လား။
ထွက်သွားပြီဖြစ်သော သူမ၏အဒေါ်အား ဖုန်း၏ password ကို လှမ်းအော်ပြောလိုက်သည်။
ဒေါ်လေးငယ်ရွှီက ရွှီမိသားစု ဗီလာထံ ပြန်ရောက်မလာခင်အထိ ထွက်သွားတာ ခဏပဲ ရှိသေးတာပင်။
ဤတစ်ကြိမ်တွင် အရင်နှင့်မတူဘဲ အိမ်တွ င်ရွှီရှင်းရှင်းနှင့် ကြုံဆုံမိသည်။
ရွှီရှင်းရှင်းက သူမ၏ အဒေါ်အရင်းနှင့် မတည့်တာကြောင့် တွေ့တာနှင့် မလှောင်ပြောင်ဘဲ မနေနိုင်ချေ၊ “ဪ၊ ညအချိန်မတော်ကြီး ရောက်လာရတယ်လို့။ ဦးလေးနဲ့ ရန်ဖြစ်ခဲ့တာလား။ သူ့အတွက်သူ တစ်ခါလောက် ရပ်တည်တာကို မြင်ရတာ သိပ်ရှားတာပဲ”
ကလေးတစ်ယောက်၏ အဆင့်ကို မတားဆီးတာက သူတော်ကောင်းတရားပင်။
154 02
သို့သော် ဒေါ်လေးငယ်ရွှီကလည်း ဂြိုလ်မွှေသော ကလေးတွေ၏ အတန်းအစားထဲတွင် ပါဝင်နေသဖြင့် ဤသူတော်ကောင်းတရားက သူမအပေါ် မသက်ရောက်ပေ။
ဒေါ်လေးငယ်ရွှီ အိမ်ပြန်လာတိုင်း သူမ၏တူမနှင့် စကားများ ရန်ဖြစ်ပေလိမ့်မည်။
မစ္စအိုကြီးရွှီကတော့ ၎င်းကို အဘွားလေးနှင့်အဘွားအိုကြီး ရန်ဖြစ်ကြပြန်ပြီဟုသာ သမုတ်လေသည်။
သို့သော်ငြား ဤတစ်ကြိမ်တွင် ဒေါ်လေးငယ်ရွှီက ပုံမှန်အတိုင်း သူမ၏ တူမနှင့် စကားမများပေ။ အခုလောလောဆယ်တော့ သူမအောင်ပွဲခံပါစေဦး၊ နောက်ကျ အိမ်ကနေ ကန်ထုတ်ခံရမှာဘဲဟာဟု သူမ တွေးလိုက်၏။
ရွှီရှင်းရှင်းနှင့် မတူတာက သူမသည် ရွှီမိသားစု၏ ကလေးဖြစ်ကြောင်းကို DNA-စစ်ဆေးထားပြီးသားပင်။
ဒေါ်လေးငယ်ရွှီက ဖုန်းကိုကိုင်၍ သူမအမေ၏ဘေးတွင် ဝင်ထိုင်ကာ ဓာတ်ပုံကိုဖွင့်လိုက်၏။ “အမေ၊ ဒီကောင်မလေးက ဘယ်သူနဲ့တူလဲ”
ဓာတ်ပုံထဲမှ မိန်းမငယ်လေးကို ကြည့်နေရင်း မစ္စအိုကြီးရွှီ၏ မျက်လုံးတွေ ပြူးကျယ်သွားကာ “ဒီကောင်မလေးက သမီး ငယ်ငယ်ကနဲ့အတော့်ကို တူတာပဲ”
“ဒါအကုန် မဟုတ်သေးဘူး။ ဒီကောင်မလေးကအထက်တန်း ပထမနှစ်ကို တက်နေတာ၊ ရွှီရှင်းရှင်းနဲ့ အသက်အတူတူဘဲ။ သူမရဲ့ မွေးနေ့အတိအကျကိုတော့ သမီး မသိသေးဘူးဆိုပေမဲ့ သူမက ရွှီရှင်းရှင်းနဲ့ တစ်နေ့တည်း မွေးတယ်လို့တော့ သမီး ထင်တယ်”
မစ္စအိုကြီးရွှီနှင့် ဒေါ်လေးငယ်ရွှီတို့က အမေနှင့်သမီးဆိုတာ မှန်ပေသည်၊ သူတို့၏ ပထမဆုံးတုံ့ပြန်ချက်ကလည်း ဒီကလေးက ဘယ်သူ့ ကလေးလဲဆိုတာနှင့် ဒီနှစ်တွေအတွင်း ဒုက္ခခံစားခဲ့ရလား ဆိုတာကို စုံစမ်းရန်ဖြစ်သည်။
ဤကောင်မလေးကို အရင်တုန်းက မမြင်ဖူးခဲ့မှန်း နားလည်သွားသဖြင့် ကောင်မလေး၏ မိသားစု နောက်ခံက အရမ်းမကောင်းလောက်ဘူးဟု တွေးလိုက်သည်။
ဒေါ်လေးငယ်ရွှီက ဒရာမာဆန်ဆန် မျက်လုံးကိုလှိမ့်လိုက်ရင်း “ဒီတိုက်ဆိုင်မှုကြီးကို အမေယုံမှာတောင် မဟုတ်ဘူး။ ရှီမိသားစုရဲ့ တတိယသားက လတ်တလောလေးမှာတင် ဒုတိယမိန်းမနဲ့ ပြန်ရောက်လာတယ်ဆိုတယ်ဆိုတာကို အမေ သိတယ်မလား။ အင်း၊ဒီကောင်မလေးက သူ့မယားပါသမီး။ သူမ တက်နေတဲ့ကျောင်းက ကျွင်းကျွင်းနဲ့ အတူတူဘဲ။ သမီး အိမ်ပြန်သွားတော့ ကျောင်းမှာ သမီးနဲ့ အတော်လေးတူတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်လို့ ကျွင်းကျွင်းပြောတာကို ကြားခဲ့တာ”
သူမသည် ယောက္ခမတွေနှင့် အိမ်ထောင်စုအကြောင်းကို အတင်းတုပ်ခဲ့တယ်ဟူသည့် အချက်ကိုတော့ အလျင်သင့်သလို ထိမ်ချန်ခဲ့သည်။
“သမီးကိုယ်တိုင်တောင် တူနေတာကို သတိမပြုမိသေးဘူး၊ အမေ့ သားမက်က သမီးနဲ့တူတယ်ဆိုပြီး အရင်ပြောလာတာ”
မစ္စအိုကြီးရွှီသည် ဖန်သားပြင်ထက်က မိန်းမငယ်လေး၏ မျက်နှာကို လှမ်းထိကြည့်လိုက်သည်။ သူမ ခေါင်းညိတ်လိုက်ပြီးအနည်းငယ် ဆို့နင်နေသော လေသံဖြင့်“သူမက သမီးနဲ့ တကယ်တူတယ်”
ဒေါ်လေးငယ်ရွှီက အမေဖြစ်သူ၏ ပခုံးပေါ်လက်တင်ကာ “အမေ့ သားမက်က ပြောသေးတယ်၊ သူမက သမီးနဲ့တူပြီး အပြုအမူကတော့ အစ်ကိုနဲ့ နည်းနည်းပိုတူတယ်တဲ့”
အမျိုးသမီးကြီးက ဆက်လက်ခေါင်းညိတ်ကာ“မှန်တယ်၊ သူမက သမီးနဲ့တူတယ်၊ ဒါပေမဲ့ သူမရဲ့ အပြုအမူကတော့ သမီး အစ်ကိုနဲ့ နည်းနည်းတူတယ်”
မဒမ်ရွှီက အခန်းထဲမှာနေပြီး သူမ ကိုယ်ဝန် ဆောင်တုန်းက အချက်အလက်တွေကို စီရီနေတုန်းမှာဘဲ သူမ၏သားက အခန်းထဲဝင်လာ၍ အဒေါ်က ရှာဖွေမှု အသစ်တစ်ခုကို ပြုလုပ်နိုင်သွားပြီထင်တယ်ဟု လာပြောလေသည်။
ရိုးရိုးသားသားပြောရလျှင် ရွှီယိရမ်က သူ၏ဒီအဒေါ်ကို ကြမ်းတမ်းပြီး ပစ္စည်းဥစ္စာကို အဓိကထားသဖြင့် ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ သို့သော် ဤကိစ္စမှာတော့ မတော်တဆဖြင့် အရေးပါသည့် ကိစ္စကို တူးဖော်နိုင်ခဲ့လေသည်။
ရွှီယိရမ်မှာ အများပြောကြသလိုမျိုး “ဉာဏ်ကြီးရှင်တွေက ရူးသွပ်တဲ့ပုံပေါက်တယ်”ဟူသော စကားအတိုင်း သူ့အဒေါ်မှာ ဖုံးကွယ်ထားသော ဉာဏ်ပညာအချို့ ရှိနေမယ်လို့ထင်လာတော့သည်။ သူ့အဒေါ်က သူ၏ပျောက်ဆုံးနေသော အစ်မကို ရှာတွေ့သွားတာတောင် ဖြစ်နိုင်သည်။
154 03
ထို့ကြောင့် သူမက အဘွားဖြစ်သူကို ပြရန်ဓာတ်ပုံကို အလျင်အမြန် ယူလာတာနှင့် ရွှီယိရမ်မှာ မိဘတွေနေထိုင်သော အထပ်သို့ အပြေးအလွှားတက်၍ အခြေအနေကို သတင်းပါးလိုက်သည်။
သူမသမီးနှင့် ပတ်သက်၍ သတင်းထူးတွေ ရှိနိုင်တယ်လို့ ကြားလိုက်ရော မဒမ်ရွှီက သူမ ယောက္ခမတွေနေရာ တတိယထပ်သို့ဆင်းလာခဲ့သည်။
“အမေ၊ အဲဒီကလေးနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားသေးလား”
မစ္စအိုကြီးရွှီက မျက်နှာပေါ်မှ ခြောက်လက်စ မျက်ရည်တွေကို သုတ်လိုက်ရင်း “အေး”
သူမက ဖုန်းဖန်သားပြင်ကို သူမ ချွေးမ သေချာမြင်ရအောင်လို့ တိုးပေးလိုက်သည်။
ဘယ်လိုဖြစ်လို့ ဒီကလေး ဖြစ်နေရတာလဲ။
“အမေ၊ မမှားဘူးဆိုတာ သေချာရဲ့လား။ မဟုတ်သေးသလိုဘဲ”
သူမ ယောက်မ၏ ပြောင်းလဲနေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရတော့ ဒေါ်လေး ငယ်ရွှီက ညင်သာစွာ တခစ်ခစ်ရယ်ရင်း“ယောက်မ၊ မဟုတ်မှ ဒီကလေးကို အရင်က တွေ့ဖူးပြီးသားလား”
******
155 01
အခန်း ၁၅၅: ရွှီမိသားစုက ကလေးကို လိုက်ရှာနေတယ်
“ဪ၊ ဟုတ်သားဘဲ၊ ခုမှ ကျွန်မ မှတ်မိပြီ။ စန်းရှီကြီးရဲ့ ဒုတိယမိန်းမက ယောက်မရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးမလား၊ အဲကောင်မလေးရဲ့ အမေက ယောက်မရဲ့သူငယ်ချင်းလေ။ သူမကို အရင်က မြင်ဖူးမှာပဲ ဟုတ်တယ်မလား”
ကြည့်ရသည်မှာ ယောက်မတွေက တစ်ဦးနှင့်တစ်ဦး အသိဆုံးဖြစ်သည့်ပုံပင်။ သူမယောက်မ၏ လက်မထပ်ခင်တုန်းက အားမကိုးရသော သူငယ်ချင်းကို ဆယ်စုနှစ်ကျော်ကြာ သွားတာအောင် အသေးအမွှားလေးကအစမှတ်မိနေသေးသည်။
မဒမ်ရွှီ၏ မျက်နှာမှာ အရောင်တွေ ဖြူဆုတ်သွား၍ “ဒီကလေးကို ကျွန်မ အရင်က မြင်ဖူးပါတယ်၊ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ။ တစ်ခုခု မှားနေတာများလား”
ဒေါ်လေးငယ်ရှီက သူမကို မယုံကြည်နိုင်သလိုကြည့်လိုက်၏။ “ယောက်မ၊ ဒီကလေးက ကျွန်မနဲ့ အရမ်းတူနေတယ်လေ”
မဒမ်ရွှီသည် သူမ ယောက်မ၏ ငယ်ရွယ်စဉ်ကပုံပန်းသွင်ပြင်ကို ပြန်စဉ်းစားကြည့်လိုက်တော့ ထိုမိန်းကလေးနှင့် တကယ်လည်း တူနေတယ်ဆိုတာကိုတော့ ဝန်ခံရပေမည်။ အခုတောင်မှ သူတို့မျက်နှာထက်ရှိ ဆင်တူခြင်းကို ရှာတွေ့နိုင်သေးသည်။ မဒမ်ရွှီ လက်သီးဆုပ်လိုက်သဖြင့် သူမ၏လက်သည်းတွေက လက်ဖဝါးထဲ စိုက်ဝင်သွားတော့သည်။ “တကယ်လို့ ကျွန်မတို့မှာ အခွင့်အရေးရှိရင် DNA စစ်ဆေးတာကို အရင်လုပ်သင့်တယ်။ ကလေးမှားပြီး အတည်ပြုတာမျိုးကို ကျွန်မတို့ မမှားချင်ဘူး”
ဒေါ်လေးငယ်ရွှီက သရော်လာကာ “ဒါပေါ့၊ကျွန်မတို့တွေ ဆယ်စုနှစ်ကျော်ကျော် ကျွေးမွေးလာခဲ့တဲ့ သူများကလေးကို အခြားမိသားစုဆီ မပေးလိုက်နိုင်ဘူးလေ”
မဒမ်ရွှီ ထွက်သွားတော့ မစ္စအိုကြီးရွှီက သူမ သမီးကို ကြိုးစားပြီး ဖျောင်းဖျကြည့် လိုက်သည်။ “သမီးရဲ့ ယောက်မက လူကောင်းပါ။ သူမမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး”
“ဟမ့်၊ သူမက ကိုယ့်သမီးကို မမှတ်မိတဲ့အထိ အရမ်း တုံးအနေတာ။ လူကောင်းဆိုတာ ဘာတွေကောင်းနေလို့လဲ။ ဒီနှစ်တွေအတွင်း အဲ့ကလေး သမီးတို့ မိသားစုအပြင်ဘက်မှာ ဒုက္ခခံစားခဲ့ရမှာတွေကို တွေးကြည့်စမ်းပါ။ အားလုံးက ဝံပုလွေကို သူမ အိမ်ထဲ ခေါ်သွင်းခဲ့လို့ပါ”
နှစ်တွေအကြာကြီး သူမ၏မြေး ဒုက္ခခံခဲ့ရမှာက်ု တွေးကြည့်ပြီးနောက် မစ္စအိုကြီးရွှီမှာ သူမကိုယ်သူ မသိမ်းသွင်းနိုင်တော့ဘဲ သမီးဖြစ်သူကို လွှတ်ထားလိုက်တော့၏။
စုန့်ရင်း မသိလိုက်ပါဘဲနှင့် တစ်စုံတစ်ဦးက သူမ၏ ဆံပင်စကို ခိုးယူ၍ တိတ်တိတ်လေး DNA စစ်ခဲ့သည်။
ဤသည်မှာ ရှီလီာန် ဆွတ်ခူးသော မှန်ကန်ပြီး ချိုမြန်ဖို့ အာမခံချက်ရှိသော အတင်းအဖျင်း၏ အရည်ရွှမ်းသည့် အစိတ်အပိုင်းပင်။ စစ်ဆေးမှု ရလဒ်တွေက မိသားစုဆက်ဆံရေးဆိုပြီး ပြသနေသည်။
သူမ၏ သားနှင့် ချွေးမရှေ့တွင် မစ္စအိုကြီးရွှီက ဝေဖန်စကား တစ်ခွန်းမှမဆိုပေ။ သူတို့တွေဆွေးနွေးကြသည့် တစ်ခုတည်းသော အရာမှာ စုန့်ရင်းအား အိမ်သို့ ဘယ်လိုပြန်ခေါ်ရမလဲဆိုတာနှင့် မိန်းကလေးနှစ်ယောက်နှင့် အခြေအနေကို မည်သို့မည်ပုံ ကိုင်တွယ်ကြမည်ဆိုတာပဲ ဖြစ်သည်။
တစ်ဦးက နှစ်တွေအကြာကြီး မှားယွင်းခဲ့သောသမီးရင်းဖြစ်ကာ ကျန်တစ်ယောက်ကတော့ သူတို့တွေ ဆယ်စုနှစ်ကျော် ကျွေးမွေးလာခဲ့သော အယောင်ဆောင်ပင်။
၎င်းမှာ အမှန်တကယ်ကို ဖြေရှင်းရခက်သည့်အခြေအနေပင်။
မိသားစုသည် ညနက်သည်အထိ ဆွေးနွေးခဲ့ကြပြီး ရွှီယိရမ်ကတော့ ဘေးနား၌ ဆောင့်ကြောင့်ထိုင်၍ စောင့်ကြည့်နေခဲ့သည်။ ထို့နောက်တွင် ရွှီရှင်းရှင်းက အပြင်ဘက်ကနေ တံခါးအား တွန်းဖွင့်ဝင်လာပြီး ဧည့်ခန်းထဲတွင် လူပြည့်နေတာကြောင့် လန့်ဖြန့်သွားရသည်။
“အောင်မလေး၊ ဘာလို့ အိပ်ရာမဝင်ကြသေးတာလဲ။ အရမ်းနောက်ကျနေပြီကို ဒီမှာဘာလုပ်နေကြတာတုန်း”
သမီးဖြစ်သူက အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီတိုတွေဝတ်ပြီး အိမ်ပြန်လာတာကို မြင်လိုက်ရတော့ ရွှီရှင်း၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။ သူသည် ရှေးရိုးစွဲ အဖေတစ်ဦး မဟုတ်သော်လည်း ညနက်သန်းခေါင်ကြီး ယခုလိုမျိုး ဝတ်စားထားသော သူ့သမီးကို မြင်လိုက်ရတော့ ဒေါသထွက်လာရတော့၏။
155 02
“အဖေတို့က မိသားစုလိုက် ဆိုဖာမှာထိုင်ပြီးကိစ္စတွေ ဆွေးနွေးနေကြတာ။ အဲ့တာ တစ်ခုခုမှားနေလို့လား။ သမီးကရော ညသန်းခေါင်ကြီး ဒီလိုဝတ်စားထားပြီး ပတ်ပြေးနေတာကို ကြည့်ကောင်းတယ်လို့ ထင်နေတာလား”
မိသားစုမှာ သူတိူ့၏ သမီးရင်းကို ရှာရန်အလို့ငှာ တစ်နေကုန် အလုပ်များနေခဲ့တာကြောင့် ရွှီရှင်းရှင်းကို မကြည့်အားပေ။ ဘယ်သူကမှ သူမကို ဂရုမစိုက်ကြတော့ သူမမှာ အာသီသဖြစ်ခြင်းကို တောင့်မခံနိုင်တော့ဘဲ နိုင်ငံတွင်းပြန်ရောက်ပြီး နှစ်ရက်အကြာမှာတင် မူးယစ်ဆေးဝါးတွေကို ဝယ်ယူနိုင်မည့် နည်းလမ်းကို အလျင်အမြန်ဘဲ ရှာတွေ့ခဲ့သည်။
ကြောင်နှင့် ကြွက်တွေမှာတောင် ၎င်းတို့၏ကိုယ်ပိုင်နည်းလမ်းဆိုတာ ရှိပေသည်။ ဘိန်းဖြူထိုးရန်အတွက် အမြန်ဆုံးနည်းလမ်းကိုသူမ ရှာတွေ့ခဲ့၏။
“အဖေ၊ သမီး အခု အရွယ်ရောက်နေပါပြီ။ ကျေးဇူးပြုပြီးတော့ သမီးကို မထိန်းချုပ်တော့လို့ မရဘူးလား။ သမီးကို လွတ်လပ်ခွင့်လေးဘာလေး ပေးစမ်းပါဦး။ နိုင်ငံခြားက မိဘတွေဆိုရင် အဖေ့လို လုံးဝမဟုတ်ဘူး”
ရွှီယိရမ်မှာ ပြန်လည်မချေပဘဲ မနေနိုင်တော့“အစ်မ၊ နင် လွတ်လပ်ခွင့် လိုချင်ရင် ယူလို့ရတယ်။ ဒါပေမဲ့ ကိုယ့်အားကိုယ်ကိုးဖို့တော့ လိုသေးတယ်လေ”
အဆုံးမှာတော့ သူမက သူ၏ အစ်မရင်း မဟုတ်သဖြင့် သူပြောချင်သလို ပြောလို့ရပေသည်။
ရွှီယိရမ်၏ စကားတွေက အမှားမပါပေ။ လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူခြင်းကပါ ကပ်လိုက်လာသည်။ အကယ်၍ နင်သာမိဘတွေရဲ့ အုပ်ထိန်းမှုကို မလိုချင်ဘူးဆိုရင် အမှီအခိုကင်းကင်းနေပြီး သူတို့ဆီက ပိုက်ဆံမတောင်းနဲ့လေ။
ရွှီရှင်းရှင်း ချက်ချင်းပင် ဒေါသပေါက်ကွဲထွက်လာတော့၏။ “အမေနဲ့ အဖေက မသေသေးဘူး၊နင်က သူတို့ရဲ့ အမွေဥစ္စာတွေကို မျက်စိကျနေပြီလား။ နင် ငါ့ကို အိမ်ကနေ ကန်ထုတ်ချင်နေတာမလား။ ဘယ်တော့မှ မရဘူး!”
သူမကို သူ ကန်ချမှာမဟုတ်ဘူး၊ သူမရဲ့ အမွေရပိုင်ခွင့်ကို ချက်ချင်းလက်ငင်း ဆုံးရှုံးရတော့မှာဟု ရွှီယိရမ် တွေးလိုက်သည်။
၎င်းမှာ သူ လှုပ်ရှားစရာလိုသော အခြေအနေသို့ပင် မရောက်သေးပေ။
သူ့အစ်မ၏ ဒေါသက လွန်ခဲ့သော တစ်နှစ်ကထက်ပင် ပိုဆိုးရွားလာတာကို ရွှီယိရမ် သတိထားမိသည်။ သူမကို မြင်ရသည်မှာ ဆောင်းဦးနှောင်းပိုင်းပြီးနောက် ခုန်ပေါက်ဖို့ သိပ်မကျန်တော့သည့် နှံကောင်ကို မြင်နေရတာနှင့် မခြားတာကြောင့် သူဆက်ပြီး အငြင်းမပွားချင်တော့။
ရွှီယိရမ် မဆိုထားနှင့် ရွှီရှင်းရှင်းနှင့် ဘယ်တော့မှ မတည့်သော ဒေါ်လေးငယ်ရွှီကတောင် သူမကို ရန်မစနေချေ။
မစ္စတာအိုကြီးရွှီက ဖြည်းဖြည်းချင်း ထရပ်ကာပြောလိုက်၏။ “ကောင်းပြီ၊ နောက်တောင်ကျနေပြီ။ သမီး၊ အိမ်မပြန်နဲ့တော့။ သမီး ယောက်ျားနဲ့ ကလေးတွေကို သမီးကို မစောင့်ကြတော့ဖို့ ပြောလိုက်ချေ။ အဖေတို့ ဒီကိစ္စကိုမနက်ကျမှ ဆက်ဆွေးနွေးမယ်”
ရွှီမိသားစုသည် သူတို့ကလေးအား ပြန်ရရှိရန်အတွက် အချိန်အကြာကြီး မစောင့်နိုင်ကြချေ။ ရှီမိသားစုဆီသို့သွားရန် နောက်တစ်နေ့မှာ သူတို့တွေအတွက် အကြာဆုံးနေ့ပင်။
ကျောင်းဆင်းတာနှင့် ရှီလီသည် ပုံမှန်လိုပဲ သူမ၏ဖုန်းကို စစ်ဆေးကြည့်လိုက်တော့ လွန်ခဲ့သော နှစ်နာရီတုန်းက သူမအမေဆီမှပို့ထားသော မက်ဆေ့ခ်ျကို မြင်လိုက်၏။
[ကျောင်းဆင်းရင် စုန့်ရင်းကို စောင့်ပြီးအိမ်အတူတူပြန်ကြ။ ရွှီမိသားစုက စုန့်ရင်းကို သူတို့ရဲ့သမီးဆိုပြီး အခုလေးတင် ရောက်လာကြတယ်။ ကြည့်ရတာ ကလေးမွေးတုန်းက လူမှားသွားတာ ထင်တယ်]
ရှီလီမှာ အခုလေးတင် သူမ ဖတ်လိုက်တာကို သံသယဝင်မိသွား၏။ [ရွှီမိသားစုက စုန့်ရင်းကို လာရှာတယ်။ ဒီကိစ္စက နှစ်နှစ်ကြာပြီးမှ ဖြစ်လာရမှာ မဟုတ်ဘူးလား။ ဘာလို့ သူတို့တွေ စောရောက်လာကြတာလဲ]
[ထူးဆန်းလိုက်တာ]
အချို့အတန်းဖော်များမှာ သူတို့၏ လွယ်အိတ်တွေကို ထုတ်ပိုးနေကြပြီး အချို့ကတော့ ထုတ်ပိုးပြီးပြီဖြစ်၍ တံခါးဆီ ဦးတည်နေကြသည်။ ရှီလီ၏ အသံကို သူတို့တွေ ကြားလိုက်မိသော်လည်း ဘာမှမဖြစ်သွားသကဲ့သို့ လုပ်လက်စတွေကိုသာ ဆက်လုပ်နေကြသည်။
155 03
ဒါပေမဲ့ အခုဆို ပြဿနာက ရှီလီရဲ့အိမ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာက အထုပ်ပြေနေပြီ။ သူတို့ပါ အတူလိုက်လို့ မရဘူးလား။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက အတန်းဖော်တွေချည်းပဲလေ၊ သူတို့လည်း ပျော်ပျော်ပါးပါးကြီး ကိုယ်တိုင်မြင်ချင်တာပေါ့လို့။
စုန့်ရင်းလည်း ထိတ်လန့်သွားရ၏။ သူမသည် အရင်က ဘာကိုမှ မလုပ်ခဲ့ဖူးတာကြောင့် သူမ၏ မိဘရင်းတွေ လာရှာကြမယ်လို့ မထင်မှတ်ထားပေ။
ထိတ်လန့်သွားတာအပြင် သတိလက်လွတ် ဖြစ်သွားရပြီး အဆင်သင့်မဖြစ်သေးတာလည်း ပါသည်။
ရှီလီက ဘာအကြောင်းပြချက်ကိုသုံး ၍အိမ်သို့ အဖော်ပြုပြီး လိုက်ခိုင်းတယ်ဆိုတာကို စုန့်ရင်း သိပ်ပြီးမမှတ်မိတော့ချေ။
ကားထဲ ဝင်ပြီးတာတောင်မှ လက်တွေ့မဆန်သလိုမျိုး သူမ ခံစားနေရတုန်းပင်။
ဒီလို သာမန်နေ့လယ်ခင်းမှာ အိမ်ပြန်ရောက်ရင်သူမရဲ့ မိဘရင်းတွေနဲ့ ရုတ်တရက်ကြီး တကယ်တွေ့ရတော့မှာလား။
ရှီလီသည် စုန့်ရင်း၏ ဆံပင်နှင့် အဝတ်တွေကိုပြင်ပေးရန် အနားကပ်လိုက်ရင်း သူမ၏မိဘတွေ၊ ဆွေမျိုးတွေနှင့် တွေ့ဆုံချိန်၌ သူမအား အကောင်းဆုံး ဖြစ်စေချင်သည်။
ရှီလီ၏ လုပ်ရပ်တွေက ငေးကြောင်နေသောစုန့်ရင်းကို အသိပြန်ဝင်လာစေသော်လည်း သူမအား ပိုပြီး စိတ်လှုပ်ရှားလာစေသည်။
သူမရဲ့ မျက်နှာ သန့်ရှင်းရဲ့လား။ ဆံပင်ကရောရှုပ်ပွနေတာလား။ သူမကို မြင်တာနဲ့ ဖရိုဖရဲ ဖြစ်နေပြီး ဆွဲဆောင်မှုမရှိဘူးလို့ သူမ မိဘတွေ ထင်ကြမှာလား။
စုန့်ရင်းက စိုစွတ်နေသော မျက်လုံးတို့ဖြင့် ရှိလီကို ကြည့်လိုက်ကာ “မမ၊ ငါ…”
သူမက အမြဲတမ်း သပ်သပ်ရပ်ရပ်နေသော မိန်းကလေးဖြစ်သဖြင့် ရှီလီအနေနှင့် ဘာမှထွေထွေထူးထူး ကူညီပေးစရာဟူ၍ မရှိပေ။ ရှီလီက သူမ၏ ပခုံးကို ခပ်ဖွဖွပုတ်ပေးရင်း ပြောလိုက်၏။ “အောင်မလေးလေး၊ ငါတို့ညီမလေးက အရမ်းလှတာပဲ”
နှစ်ဖက်စလုံးက ပြင်ဆင်ထားပြီးကြလေပြီ။ စုန့်ရင်းသည် အိမ်ပြန်လမ်းတစ်လျှောက်လုံး သူမ၏စိတ်ကို ပြင်ဆင်ထားသော်လည်း သူမအိမ် ပြန်ရောက်တာနှင့် ဧည့်ခန်းအပြည့် သူစိမ်းတွေကို မြင်လိုက်ရသည့်အခါ အထိတ်တလန့် ဖြစ်သွားရတုန်းပင်။
[ရွှီမိသားစုက ဘာတွေဖြစ်နေကြတာတုန်း။ ကလေးကိုရှာဖို့ တစ်မိသားစုလုံး ထွက်လာကြတာလား]
ဧည့်ခန်းထဲ၌ တကယ်ကို မရင်းနှီးသောမျက်နှာတွေ အများအပြားရှိနေလေသည်။ စုန့်ရင်းသည် ရှာဖွေရေးအင်ဂျင် ဝင်ခွင့်တွေ၊အတင်းအဖျင်း ခေါင်းစဉ်တွေနှင့် အလှူပွဲတုန်းက အနည်းငယ် ကြုံဆုံခဲ့ခြင်းတို့ကြောင့် -ရွှီရှင်းနှင့် မဒမ်ရွှီကိုသာ မှတ်မိပေသည်။
အခြားသူတွေကို သူမ မမှတ်မိသော်လည်း ရှီလီကတော့ မတူပေ။ သူတို့အားလုံးကို သူမ သိနေသည်။
ရှီမိသားစုနှင့် ရွှီမိသားစုတို့မှာ သီးသန့်ရင်းနှီးဆက်သွယ်ခြင်းများ များများစားစားမရှိဘဲ နည်းလမ်းတကျဆိုလျှင် လူထုရှေ့သို့ ထွက်ပေါ်လာခဲသည့် ဤမိသားစုဝင်များကို သူမ မသိနေသင့်သော်လည်း အရင်ဘဝတုန်းက ရွှီမိသားစုသည် ကလေးရှာရန်အတွက် သူတို့အိမ်သို့ ရောက်ချလာခဲ့ဖူးတာကြောင့် လူတိုင်းကို ရှီလီ မှတ်မိနေရခြင်းပင်။
ရှီမိသားစုသည်လည်း အလုံးအရင်းဖြင့် စုဝေးနေကြပြီး အစည်းအဝေးတွေနှင့် အမြဲတမ်းလိုလို အလုပ်ရှုပနေသော ဦးလေးအကြီးဆုံးမှအစ ကုမ္ပဏီတွင် လတ်တလောမှအလုပ်သင်အဖြစ် ဝင်လုပ်သော ဝမ်းကွဲအထိရှိနေသည်။
ကျောင်းကနေ ရှီလီနှင့် စုန့်ရင်း ပြန်ရောက်လာချိန်မှာတော့ မိသားစု စုံလင်သွားချေပြီ။
လူတိုင်းသည် ပေါ်ပေါက်လာတော့မည့် ဒရာမာအပေါ် မျှော်လင့်စောင့်စားနေသော အမူအရာများ ရှိနေကြပြီး ဟုန်ယန်နှင့် ဦးလေးရှီအငယ်ဆုံးကတော့ တင်းမာနေသောမျက်နှာထားများ ရှိနေကြသည်။
စုန့်ရင်းက အတော်လေး သတိထားမိသွားအောင် ပြုမူလိုက်၏။ အခန်းထဲမှ သူစိမ်းတွေကို မြင်လိုက်ရတော့ ရှီလီ၏အင်္ကျီစကို အလိုလိုကိုင်မိသွား၍ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ရှီလီ၏နောက်တွင် နေရတာကအလုံခြုံဆုံးဟု ခံစားနေရကြောင်းကို ဖော်ပြလိုက်သည်။
ဤအမူအရာလေးက သူမ၏ အဘွားနှင့်အမေတို့၏ အသည်းနှလုံးတွေကို ကွဲအက်သွားစေသည်။
******
156 01
အခန်း ၁၅၆: ကလေး၊ ဒုက္ခခံခဲ့ရပြီ
မဒမ်ရွှီသည် အရှေ့ကို အပြေးသွားကာ သူမက အမေရင်းဖြစ်ကြောင်း ထိုကလေးအား ပြောပြချင်နေသော်လည်း သူမအား လန့်သွားအောင် လုပ်မိမှာကိုလည်း စိုးရိမ်မိသည်။
အစ်မကြီးတစ်ယောက်အနေနှင့် ယခုလိုအခိုက်အတန့်တွင် သူမ၏ ညီမအတွက် တစ်ခုခုပြောပေးဖို့ လိုအပ်ပေသည်။ သူမမိသားစုရှိရာသို့ လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။ “တစ်ခုခုဖြစ်လို့လား”
ရှီအဘွားက လက်ခါပြလာ၍ “အရင် ဝင်လာကြဦး။ ဦးလေးရွှီနဲ့ ဒေါ်လေးရွှီတို့မှာ သမီးကို ပြောစရာရှိတယ်”
ဟွမ်ကျဲ စိတ်ထဲကနေသာ ရယ်လိုက်သည်။ သူမရဲ့ သမီးက သရုပ်ဆောင်ကောင်းသားပဲ။ စောစောစီးစီး သိထားပြီး မက်ဆေ့ခ်ျကို မြင်ကြောင်းပြတဲ့အနေနဲ့ "OK” အီမိုဂျီကို ပြန်ပို့ပြီးတာတောင်မှ ဘာမှမသိသလိုမျိုး ဟန်ဆောင်နေသေးတယ်။
မဒမ်ရွှီက သူမ သမီးကို မလှန့်မိသွားစေရန် ညင်သာသော လေသံဖြင့် ရှင်းပြလာခဲ့၏။ စုန့်ရင်းက သူမ၏ သမီးဖြစ်ကြောင်းနှင့် ဟုန်ယန်က ကလေးချင်း လူလဲခဲ့သည့် အကြောင်းကို ပြောပြလိုက်သည်။
စုန့်ရင်းက မယုံသင်္ကာဖြစ်နေသော လေသံဖြင့်မေးလာသည်။ “ဒါဆို သမီးက အမေ့ရဲ့ သမီးရင်း မဟုတ်ဘူးပေါ့၊ အန်တီတို့က သမီးရဲ့မိဘရင်းတွေပေါ့နော်”
မစ္စအိုကြီးရွှီက ခေါင်းညိတ်လာ၍ “ဟုတ်ပါတယ်၊ ကလေးရယ်”
ရှီလီက ခပ်ဖွဖွရယ်လိုက်ရင်း ဤအခြေအနေကို မနှစ်သက်သော နေရာကနေ ဝင်သရုပ်ဆောင်ကာ “အန်တီတို့ အမှားမလုပ်မိဘူးဆိုတာ သေချာရဲ့လား။ သူများ ကလေးကို ကိုယ့်ကလေးဆိုပြီး အိမ်ခေါ်သွားတယ်၊ ခဏနေတော့မှ လူမှားတာပါဆိုပြီး ရေးကြီးခွင်ကျယ် လုပ်ရတာက ပျော်စရာမကောင်းလောက်ဘူးနော်။ အန်တီတို့က ကိုယ့်အချိန်တင် ပုတ်မှာ မဟုတ်ဘူး၊ တစ်ပါးသူ ကလေးရဲ့ ခံစားချက်တွေကိုပါ ကစားနေသလို ဖြစ်သွားမှာ”
ရွှီမိသားစုဝင် အားလုံးမှာ အပြုအမူကောင်းကို ထိန်းသိမ်းထားကြ၏။ “အန်တီတို့တွေ DNAစစ်ကြည့်ပြီးသွားပါပြီ။ စုန့်ရင်းက အန်တီတို့ရဲ့ကလေးပါ”
ဟုန်ယန်ကို အထင်အမြင်သေးသော ရှီလီက သူမ အကြောင်းကို ဆက်တိုက်မကောင်းပြောတော့၏။ “အို၊ သမီးသိပြီ။ ဘယ်လိုအမေရင်းက ကိုယ့်သမီးကို “ဈေးပေါတဲ့ အပျက်မ” “ငွေတွင်း” ဆိုပြီး ဆက်တိုက်ခေါ်မှာလဲလို့ စဉ်းစားနေခဲ့တာ။ တကယ်လို့ သူမသာ အခိုးခံလိုက်ရတယ်ဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။ ကိုယ့်အသွေးအသား မဟုတ်ဘူးဆိုရင် သူမကို ဆဲဆိုရလည်း စိတ်မကောင်းဖြစ်မှာမှ မဟုတ်တာ”
မဒမ်ရွှီနှင့် ရွှီမိသားစုဝင်အားလုံး ထင်ထားခဲ့ကြသည်မှာ ဟုန်ယန် ကလေးချင်း လူလဲလိုက်တာက သူမသမီးကို ပိုကောင်းမွန်တဲ့ဘဝမှာ နေစေချင်၍ ထိုကလေးကတော့ အရမ်းကြီးဒုက္ခမခံစားခဲ့ရလောက်ပါဘူး ဟူ၍ပင်။
ဟုန်ယန်က သူမ၏ မွေးစားသမီးအပေါ် အလွန်ရက်စက်လိမ့်မယ်ဟု ဒေါ်လေးငယ်ရွှီတောင် မထင်မှတ်ထားပေ။
ရန်သူကို ဆဲဆိုနေလျှင်တောင် ယခုလိုရက်စက်သည့် စကားလုံးတွေကို မပြောသင့်ပေ၊ သူတို့နှင့် နှစ်တွေအကြာကြီး အတူနေထိုင်လာခဲ့သည့် မွေးစားသမီးဆို ပိုတောင် မပြောအပ်ချေ။
အကယ်၍ ဟုန်ယန်က ရှီမိသားစုထဲ ဝင်လာပြီးနောက် စုန့်ရင်းအား ယခုလိုမျိုးဘဲ နှိပ်စက်နေခဲ့ပါလျှင် အရင်တုန်းက စုန့်ရင်း၏ဘဝမည်သို့မည်ပုံ ဖြစ်ခဲ့မယ်ဆိုတာကို ဘယ်သူမဆို မှန်းဆမိနိုင်သည်။
ဟုန်ယန်မှာ ဤလျှို့ဝှက်ချက်ကို သူမ တစ်သက်တာလုံး ဖုံးကွယ်ထားနိုင်ပြီဟု ထင်ထားခဲ့သော်လည်း အချိန်တိုအတွင်းမှာပင် ဖော်ထုတ်ခံလိုက်ရလေပြီ။
အရင်တုန်းက စုန့်ရင်းကို ဆဲဆိုတုန်းကတော့ သူမ အပြစ်ရှ်ိစိတ် မဝင်မိပေ။ အခုတွင်မူ စုန့်ရင်း၏ မိဘရင်းတွေနှင့် ရင်ဆိုင်လာရပြီး စုန့်ရင်းအား နှိပ်စက်ခဲ့သည်ဟု စွပ်စွဲခံလာရချိန်မှာတော့ သူမ စတင်ကြောက်ရွံ့လာတော့သည်။
မဒမ်ရွှီ၏ မျက်ရည်များ ရုတ်တရက် ကျဆင်းလာခဲ့၏။ ဟုန်ယန်ကို သူမ၏ လက်ဗလာဖြင့် ဆွဲဖြဲနိုင်တယ်လို့တောင် သူမ ခံစားမိနေသည်။
“ဖြန်း!” ၎င်းမှာ ဒေါ်လေးငယ်ရွှီ၏ လက်ချက်ပင်။
ကြွပ်ဆပ်သော ပါးရိုက်သံကို ကြားလိုက်ရတာကြောင့် ရှီလီ အနည်းငယ် စိတ်ကျေနပ်သွားသည်။
သို့သော် အကယ်၍ ဒေါ်လေးငယ်ရွှီသာ ထပ်ရိုက်လိုက်ပါက ရှီလီမှာ ပိုတောင်နေသာသွားမှာ ဖြစ်၏။
ဒေါ်လေးငယ်ရွှီက အိမ်မှာတင် ကြမ်းတမ်းတာမဟုတ်ဘဲ၊ အပြင်လူတွေနှင့် ရင်ဆိုင်လာရချိန်၌ ပိုပြီးတောင် ထိန်းမနိုင်သိမ်းမရပင်။
သူမ ဟုန်ယန်အား သံကုန်အော်ဟစ်၍ စော်ကားနေခြင်းမှာ အရင်တုန်းက စုန့်ရင်းကို ဟုန်ယန် ပြောခဲ့သော ရက်စက်သည့် စကားလုံးများထက် ပိုပြင်းထန်လေသည်။
156 02
ဦးလေးရွှီကတော့ ၎င်းကို ကျင့်သားရနေလေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မိန်းမက မှန်ကန်တဲ့အရာကို လုပ်နေတာပဲလေ။
သူ မမြင်သလိုဘဲ ဟန်ဆောင်လိုက်မယ်။
ဒေါ်လေးငယ်ရွှီက ဟုန်ယန်ကို မြေပြင်ပေါ်လဲချ၍ ရိုက်နှက်နေ၏။ သာမန်အားဖြင့်ဆိုလျှင် အပြင်လူတစ်ယောက်က ရှီမိသားစု၏ပိုင်နက်ထဲမှလူကို လာရောက်ရိုက်နှက်လာပါက မိသားစုဝင်များမှာ ပြန်ချသင့်ပေသည်။
သို့ပေတည့် ဟုန်ယန် ပြုလုပ်ခဲ့တာတွေက အလွန်တရာ အရှက်မဲ့လွန်းလှသဖြင့် ကျိုးကြောင်းဆီလျော်မှုရှိသော လူတိုင်းမှာ မိသားစုဆိုတာနှင့်ပဲ မှားတဲ့ဘက်ကနေ ကျိန်းသေပေါက် ရပ်တည်ပေးမည် မဟုတ်ချေ။
ဒါ့အပြင် ဟုန်ယန်က ရှီမိသားစုထဲ၌ လူမုန်းများလေသည်။ ဘယ်သူကမှ သူမကို သဘောမကျသဖြင့် ဤအခိုက်အတန့်တွင် ဝင်ရောက်ဖျန်ဖြေပေးမည့်သူဆိုတာ မရှိပေ။
ဟုန်ယန်ကို နင့်နင့်နဲနဲ ချစ်မြတ်နိုးသည့် ဦးလေးရှီအငယ်ဆုံးကတောင် မတားဆီးပေ။ ဤကိစ္စတွင် မှားသည့်သူက သူမ ဖြစ်သဖြင့် စုန့်ရင်း၏ မိသားစုဘက်က ဒေါသဖွင့်ထုတ်ရန် သူမအား အကြိမ်ရေအနည်းငယ်ခန့် ရိုက်နှက်ခြင်းက မှန်ကန်ပေသည်။
ဦးလေးရှီအငယ်ဆုံးမှာ ဟုန်ယန်နှင့် နှစ်အနည်းကြာ အတူနေလာသည့်သူ ဖြစ်တာကြောင့် စုန့်ရင်းအား သူမ မည်သို့မည်ပုံ ဆက်ဆံတယ်ဆိုတာကို သိလေသည်။
ဟုန်ယန်၏ ကလေးအား ဤသို့ဆက်ဆံခဲ့တာကို သူ မကြည့်ရက်သဖြင့် တစ်ခါတလေ ကလေးအား မဆူရန် သူမအား တားဆီးလေ့ရှိခဲ့သည်။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဟုန်ယန်နှင့် စုန့်ရင်းက သားအမိတွေဖြစ်ပြီး သူကတော့ သွေးသားဆက်စပ်မှုမရှိသည့် ပထွေးဖြစ်နေတာကြောင့် သူအများကြီး ဝင်ပြောသင့်တယ်လို့ မခံစားမိခဲ့ချေ။
သူများနေရာမှာသာ ဝင်ခံစားကြည့်လိုက်ရင် –တကယ့်လို့ ကိုယ့်ကလေးက မလိုတမာစိတ်ကြောင့် အစားထိုးခံလိုက်ရမယ်၊ အဲ့လူက ကိုယ့်ကလေးကို မကြာခဏ နှိပ်စက်မယ်၊ကလေးရဲ့ ဦးလေးတွေ အဒေါ်တွေကတောင် တရားခံကို ရိုက်ချင်နေကြတယ်။
ဤသည်မှာ ယုတ်ညံ့သည့် ဟုန်ယန် ပြုလုပ်ခဲ့သော အရာဖြစ်ကာ အကျိုးဆက်ကို သူမ ခံစားသင့်ပေသည်။
ဒါပေါ့၊ ဟုန်ယန်က သူမအပေါ် တစ်ယောက်ယောက် ဖြတ်လျှောက်မှာကို ခွင့်ပြုပေးမည့်သူ မဟုတ်ဘူးလေ။ သူမ ပြန်ချပြီး ခုခံတော့၏။ ဟုန်ယန်ရော ဒေါ်လေးငယ်ရွှီရောက ခွန်အားသုံးရတာကို ကျင့်သားမရသည့် အမျိုးသမီးတွေပင်။
ဟုန်ယန်သည် ငယ်ရွယ်စဉ်တုန်းက လမ်းဘေးရန်ပွဲများတွင် အတွေ့အကြုံအချို့ ရှိခဲ့ဖူးတာကြောင့် သူမ၏ ရန်ဖြစ်တဲ့ကျွမ်းကျင်မှုမှာ ဒေါ်လေးငယ်ရွှီထက် သာလွန်ပေသည်။ သူ့မိန်းမ အသာစီး မရတော့တာကိုလည်းမြင်ရော ဦးလေးရွှီက ဝင်ကူညီတော့သည်။
အမျိုးသမီးတွေကို မရိုက်တာက မွန်မြတ်တယ်လို့ ပြောလာရင်လား၊ ဆောရီးပဲ၊ ကလေးပြန်ပေးဆွဲတဲ့သူတွေကိုတော့ လူတွေအဖြစ် ထည့်မတွက်ဘူး။ သူတို့တွေက သေတဲ့အထိရိုက်သတ်ခံရထိုက်တယ်။
ဦးလေးရှီအငယ်ဆုံးက ဘယ်လိုပဲဖြစ်ဖြစ် သူ့မိန်းမကိုချစ်သော ယောက်ျားကောင်းပင်။ ဦးလေးရွှီ ဝင်ပါလာတာကို မြင်လိုက်ရတော့ သူ့နှလုံးသားထဲတွင် လွန်ဆွဲလာရတော့၏။
မမြင်ရရင် စိတ်ထဲ မရှိဘူး - ထို့ကြောင့် ဦးလေးရှီအငယ်ဆုံးက နောက်ကျောပေးလိုက်သည်။
ဟုန်ယန်က သူမ တစ်ဦးတည်း ထိုစုံတွဲကို မနိုင်ပေ။ သူမ လူဘက်ကို လှည့်ကြည့်လိုက်တော့ နောက်ကျောပေးထားသည့် ဦးလေးရှီအငယ်ဆုံးကို မြင်လိုက်ရသည်။
အသုံးမကျတဲ့ ငကြောက်ကြီး။
အခုတော့ ဟုန်ယန်က ဒေါ်လေးငယ်ရွှီကို မဆဲနိုင်တော့ဘဲ သူမ၏ အသုံးမကျသောယောက်ျားကိုသာ ဆူပူတော့သည်။
156 03
ဦးလေးရှီအငယ်ဆုံးမှာ နောက်ကျောပေးထားတာကြောင့် သူ့မျက်လုံးတွေက မမြင်နိုင်သော်လည်း နားတွေကတော့ ဟုန်ယန်၏ ဆဲဆိုနေခြင်းများကို ကြားနေရသည်။
ဦးလေးရှီအငယ်ဆုံးက သက်ပြင်းချကာ “သွေးသားကိုခွဲတဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ဒီလိုအရာကို မင်း လုပ်ခဲ့တယ်။ တကယ်လို့ အနည်းဆုံးတော့ မင်းသာ စုန့်ရင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့ရင် ခွင့်လွှတ်ပေးလို့ရသေးတယ်။ ဒါပေမဲ့ စုန့်ရင်းအပေါ် မင်းရဲ့ အပြုအမူက - ငါ ထုတ်ပြောရမှာတောင် ရှက်တယ်ကွ။ မင်းသူတို့ဆီက အရိုက်ခံရဖို့ဘဲ ထိုက်တန်တယ်။ မင်း လက်ခံလိုက်ပါ”
ဟုန်ယန်မှာ ဒေါ်လေးငယ်ရွှီက သူမအပေါ် ဖိထိုင်ထား၍ ဆံပင်ဆောင့်ဆွဲကာ ပါးရိုက်ခြင်းကို ခံနေရသည်။ သူမ၏ တစ်ကိုယ်လုံးမှာ ရိုက်နှက်ဒဏ်ကြောင့် ကိုက်ခဲနေလျှက်။
သို့သော် သူမ၏ယောက်ျာကတော့ သူမကို အရိုက်ခံသင့်သည်ဟု ပြောဆိုလာလေသည်။ ၎င်းက ဟုန်ယန်ကို ဒေါသပေါက်ကွဲသွားစေသည်။ အကယ်၍ ဒီကိစ္စသာ မပေါ်ပေါက်ခဲ့ပါက ဤအပြစ်ဒဏ်ကို သူမ ခံစားရမည် မဟုတ်သလို၊ သူမ သမီးလည်း တစ်သက်လုံး သခင်မလေးအနေနှင့် နေသွားလို့ရသည်ဟု သူမ တွေးလိုက်မိသည်။ သူမ လက်ခံသင့်တယ်ဆိုတာ သူ ဘာကိုဆိုလိုတာလဲ။ သူမရဲ့ကံဆိုးတာကြောင့်လား။
ဒေါ်လေးငယ်ရွှီ၏ သက်လုံက ပျှမ်းမျှဘဲရှိ၏။ ဟုန်ယန်ကို ကြိမ်ဖန်များစွာ ရိုက်နှက်ပြီးနောက် သူမအား တစ်ယောက်ယောက်က တော်ခိုင်းလာမှာကို စောင့်နေသော်လည်း သူမသာ စွမ်းအင်ကုန်ခမ်းသွားရသည်။
ဒေါ်လေးငယ်ရွှီ၏ လှုပ်ရှားမှုတွေ အရှိန်လျှော့ကျသွားတာကို ရှီလီ သဘာဝကျကျဘဲ သတိထားမိလိုက်ပြီး သူမ အားအင်ကုန်ခမ်းလောက်ပြီဟု ခန့်မှန်းလိုက်သည်။ သူမ မီးထဲသို့ လောင်စာဆီထပ်ထည့်ရန် ဆုံးဖြတ်လိုက်သည်။
ရှီလီက လေးလံစွာ သက်ပြင်းချလိုက်ပြီး “တကယ်တော့ စုန့်ရင်းရဲ့ အဆင့်တွေက အရမ်းကောင်းတယ်၊ ဒါပေမဲ့ မစ္စဟုန်က သူမကို သက်မွေးသင်တန်းကျောင်းကိုပဲ ပြောင်းစေချင်နေတာ။ သူမ ကလေးရဲ့ အဆင့်တွေက မကောင်းဘူးလို့လည်း ပြောသေးတယ်။ သက်မွေးသင်တန်းကျောင်းက ကျောင်းသားတွေရဲ့ အဲဒီပြဿနာကိုလည်း အန်တီတို့အားလုံး သိကြမှာပါ၊ သူတို့င လိမ္မာတဲ့ကျောင်းသားတွေဆို ခဏခဏ အနိုင်ကျင့်ရတာကို ကြိုက်တယ်လေ။ စုန့်ရင်းက ဒီလောင်တောင်သိမ်မွေ့ပြီး အပြောနူးညံ့တာ ကျိန်းသေပေါက် အဲဒီက ပြဿနာကောင်တွေ အနိုင်ကျင့်တာကို ခံရမှာပဲ”
“မစ္စဟုန်က စုန့်ရင်းရဲ့ အဆင့်တွေက မကောင်းဘူး၊ သက်မွေးသင်တန်းကျောင်းကိုတောင် အလှမ်းမီနိုင်ရုံဘဲ ရှိတာလို့ အမြဲပြောတယ်။ သမီးလည်း သူမ အဆင့်တွေက ဆိုးရွားမယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ သမီးတို့ အတန်းထဲ သူမ ရောက်လာပြီးတော့ လစဉ်လစာမေးပွဲတိုင်းမှာ ထိပ်ဆုံးအဆင့်တွေထဲက နေရာကိုထိန်းထားနိုင်တယ်လေ။ တစ်ခါကဆို သမီးတို့အတန်းထဲမှာ အဆင့်တစ်တောင် ရဖူးတယ်”
ကောင်းပြီ၊ ဒေါ်လေးငယ်ရွှီ၏ လုပ်ရပ်တွေထပ်ပြီး ကြမ်းတမ်းလာတာကို မြင်လိုက်ရတော့ ရှီလီ ကျေနပ်သွားတော့သည်။ ကြည့်ရတာ ဒီထပ်ဆောင်းသတင်းက အတော်လေး သက်ရောက်မှုရှိတဲ့ပုံဘဲ။
မစ္စအိုကြီးရွှီနှင့် မဒမ်ရွှီတို့မှာ နားထောင်ရလေ နှလုံးကွဲလာလေပင်။ ဒီနှစ်တွေတလျှောက်လုံး ဒီကလေး အတော်လေးကို ခံစားခဲ့ရတယ်။
တစ်ချိန်တည်းမှာပင် ဟုန်ယန်အပေါ်ရှိ သူတို့၏ အကြည့်တွေမှာ ပိုပြီးစူးရဲလာကြ၏။ ဘယ်လောက်တောင် နှလုံးသား မည်းညစ်ပြီး ပုပ်သိုးနေတဲ့ မိန်းမလဲ။
မစ္စအိုကြီးရွှီက မျက်နှာထက်က မျက်ရည်များကို လက်ကိုင်ပဝါနှင့် သုတ်လိုက်ပြီး“ကလေးရယ်၊ ဒီနှစ်တွေအတွင်း ဒုက္ခခံစားခဲ့ရပြီ။ သမီးကို စောစောစီးစီး မရှာမိတာ အဘွားတို့ အမှားတွေပါ”