အခန်း (၁၂၅-၁၂၈)
Vol. 7 Ch. 125-128
125 01
အပိုင်း 125.
လွမ်းမော တ,သ,ဖွယ် စကားများအားလုံးကို ဘေးဖယ်ထားပြီး အကုန်လုံးကို အတိုချုပ်သော် ထိုစာကြောင်း နှစ်ကြောင်း၏ အကျဥ်းချုပ်က ယခုလို ပြောလို့ ရပါ၏။
“ကျောင်းသားတို့၊ အဲဒါက မင်းတို့ရဲ့ နွေရာသီ ခရီးတိုပဲ။ ခရီးက နှစ်ပတ်ကြာလိမ့်မယ်။ ပြီးတော့ မင်းတို့တွေ ဒေသခံ ရွာသားတွေနဲ့.အတူတူနေပြီး အတူတူစားရမယ်”
ထိုကျောင်းသားများမှာ တစ်ဦးနှင့်တစ်ဦး မယုံကြည်နိုင်စွာ ကြည့်မိကြလေသည်။ ဒီနွေရာသီ ခရီးတိုဆိုတာကို အဲဒီ နှစ်ကြီးကျောင်းသားတွေက ကယောင်ကတမ်းတွေများ ပြောခဲ့ကြတာလားဟင်။
အမှန်တော့ ထိုနွေရာ ခရီးတိုဟူသည်ကို လူတိုင်းက ယခင်ကတည်းက ကြားဖူးခဲ့ပြီးသားပင်။ ထိုစီနီယာ ကျောင်းသားတို့၏ အဆိုအရ အံ့သြဖွယ်ရာဟု အခိုင်အမာ ကြားခဲ့ဖူးပြီး ဘဝတသက်တာလုံး ရင်ဝယ်ပိုက်ထားရမည့် အတွေ့အကြုံဖြစ်သည်ဟု ပြောသည်မဟုတ်လား။ ( အထက်တန်းလွှာများ.. ဘာလို့ မဖြစ်နိုင်ရမှာလဲ)
ဒါပေမဲ့ အခုက လူကြီးမင်းတို့ ပြောတဲ့ နွေရာသီ ခရီးတိုက လှတပတ နေရာတွေကို သွားတာလည်း မဟုတ်ဘူး၊ လူကြီးမင်းတို့ စားဖို့ အရသာရှိတဲ့ အစားအသောက်တွေ ယူလာတာလည်း မဟုတ်ဘူး။ ပြီးတော့ ဓာတ်ပုံလှလှလေးတွေ တပြုံကြီး ရိုက်လို့လည်း ရမနေဘူးလေ။
ထိုအစား ကျောင်းသားများခမျာ ရွာသားများနှင့်အတူ နေထိုင်ရဦးမည်တဲ့လား။
အဲဒါ ဘာအဓိပ္ပါယ်တဲ့လဲ။ ဒီနွေရာသီ ခရီးတိုက ရုတ်တရက်ကြီး “ ကျေးလက်ဇနပုဒ်ဆီ ဆင်းသက်ရသည့် လူငယ်များ” ဟူသည့် လှုပ်ရှားမှုသို့ ပြောင်းသွားတာလား။
ဒါနဲ့ စကားမစပ် အဲဒီ စီနီယာတွေက လူလိမ် အကြီးစားတွေပဲနော်။ တကယ့်လက်တွေ့က ငါတို့ စိတ်ကူးယဥ် ထားတာနဲ့ ကွာခြားလွန်းနေပြီလေ။
အမှန်တော့ အတန်းကြီး ကျောင်းသားများက သူတို့၏ ဂျူနီယာလေးများကို အမှန်တရား အားလုံး မပြောပြထားပေ။ သူတို့က ထိုဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပေရာ နောက်လာမည့် ဂျူနီယာ ကျောင်းသား တသိုက်ကိုဖြင့် လွတ်မြောက်ခွင့် ပေးလိမ့်မည် မဟုတ်။
သူတို့ ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခများကို တစ်ယောက်လောက် ပိုပြီး မျှဝေ ခံစားကာ နာကျင်ခိုင်းရမည်ဟု စိတ်ကူးယဥ်ကြည့်ရုံဖြင့် အနည်းငယ်ေတာ့ စိတ်မချမ်းမြေ့ ဖြစ်နိုင်ကြောင်း သူတို့၏ အတွေ့အကြုံမှ တဆင့် သိရှိနိုင်ပါ၏။
သဘာဝ ကျကျဖြင့်ပင် အတန်းကြီး ကျောင်းသားတို့က ဂျူနီယာတို့၏ နှလုံးသားထဲမှ အကောင်းဆုံးသော စိတ်ဝင်စားမှုများကို ရရှိထားသူများပင်။ အဆုံးမှာတော့ ထပ်ပေါင်း အသက်ရှင်မှု စွမ်းရည်များ တတ်မြောက် ကျွမ်းကျင်ထားခြင်းကလည်း သူတို့၏ အနာဂတ်အတွက် အကျိုးအမြတ် ရှိသည်ပဲ။
ထိုအတန်းကြီး ကျောင်းသားများက ထိုအတွေးကို မျှဝေကာ နောက်တက် ဂျူနီယာ ကျောင်းသားတသိုက်ကို ထိုအမှန်တရား အကြောင်း တစ်ဦးတစ်ယောက်ကမျှ ထုတ်ဖော်ခြင်း မပြုခဲ့တာဖြစ်လေသည်။ ထိုအစား ထိုဂျူနီယာလေးများ အမှန်တရားကို သိရှိသွားပါက နွေရာသီ ခရီးတိုကို ကျော်ခွလစ်ပြေးဖို့ ဆင်ခြေရှာမည်ကို ကြောက်လှလေရာ သူတို့က စေ့စေ့စပ်စပ်ဖြင့်ပင် အစစ်အမှန်ကို ဖုံးကွယ်ထားခြင်း ဖြစ်လေတော့သည်။
လူတိုင်းက ကြင်နာစွာဖြင့်ပင် အမှန်တရားကို ဖုံးကွယ်ထားကာ ထိုပွဲကြီးကို အလိမ်အညာများဖြင့် မွမ်းမံ တန်ဆာဆင်ကာ သူတို့၏ ဂျူနီယာလေးများကို ပြောပြထားလေသည်။
စီနီယာ အတန်း၏ နောက်တက် ဂျူနီယာများအပေါ် ထိုလှည့်ဖြားသည့် ရိုးရာက ချန်ဖုအထက်တန်းကျောင်း၏ ရင်ဝယ်ပိုက် ထုံးတမ်းကြီး ဖြစ်လာလုနီးနီးပါပင်။
ထိုနွေရာသီခရီးတို မထွက်ခွာလာမီ ပြတင်းပေါက်မှာ စုပြုံတိုးဝှေ့ကာ သူတို့ကို ကြည့်ခဲ့ကြသည့် ထိုစီနီယာကျောင်းသားများက မနာလို အားကျစိတ်ကြောင့် လုံးဝ မဟုတ်လေဘဲ သူတို့က ဒုက္ခလှလှ တွေ့တော့မည့် ဂျူနီယာ တသိုက်ကို နှစ်ထောင်းအားရစွာ ကြည့်နေခြင်းက သိသာလှတော့၏။
ဤအုပ်စု၏ ခေါင်းဆောင်အနေဖြင့် အတန်းခေါင်းဆောင်က ပြောလိုက်၏။
“ငါတို့ အားလုံးမှာ ဖုန်းတွေ ရှိနေတာပဲဟာ။ အိမ်ပြန်ဖို့ ဘာဖြစ်လို့ ကားခေါ်လို့ မရ ရမှာလဲ။ သူတို့ ဘာများ လုပ်နိုင်မှာလဲ၏။ ဒီဖုန်းဆိုးမြေမှာ နှစ်ပတ်တောင် နေရမယ်တဲ့လား။ ဘဝက အသက်ရှင်ဖို့ထက်တောင်မှ ပိုပြီး ထိုက်တန်နေလို့လား”
ရှီလီကမူ သူမ စိတ်ထဲမှနေ၍ ထိုအကြံကို ရေအေးတဇလုံဖြင့် ပက်လိုက်လေတော့သည်။( နားစမ်းပါဟယ်။ တကယ်လို့ ထွက်သွားဖို့ နင် စီစဥ်နိုင်တယ် ဆိုရင်တောင်မှ သူတို့က ငါတို့ကို ဒီနေရာကို ပြန်ပြီး ပစ်ထည့်ဦးမှာပဲ။ တကယ်လို့ နင်သာ တခြား မြေပုံတွေကို လမ်းဖော်နိုင်ရင်တောင် တောအုပ်ထူထူထဲမှာ အသက်ရှင်နေရသလိုပဲ ဖြစ်နေမှာ)
125 02
သူမ၏ ပြီးခဲ့သည့် ဘဝတုန်းက ရှီလီက လွတ်မြောက်ဖို့ရန်အတွက် အလွန်စိတ်ပျက်ဖွယ်ကောင်းစွာ ကြိုးစားခဲ့ပေသည်။ ရှီးချိုးယွီ အပါအဝင် သူမနှင့် လူအနည်းငယ်မျှက ထွက်ပြေး လွတ်မြောက်ရန် စီစဥ်ခဲ့ကြ၏။ သို့သော် သူမတို့မှာ ကန္တာရထဲမှာ အသက်ရှင်ရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ၏။ ထိုနွေရာသီ ခရီးတို အဆုံးသတ်ခြင်း မတိုင်မီ သူတို့ခမျာ တောစိတ် ဝင်လုနီးနီး ဖြစ်သွားရကာ ကျောင်းဝန်ထမ်းများက သူတို့ကို ပြန်ပြီး ခေါ်ထုတ်ခဲ့ရပါ၏။
ထို့နောက် ထိုကိစ္စကို အတန်းထဲမှာ ဆွေးနွေးခဲ့ကြ၏။ ကြည့်ရသရွေ့တော့ ရှီလီတို့ကဲ့သို့ပင် ထွက်ပြေး လွတ်မြောက်သွားသူ လူ အနည်းအကျဥ်း ရှိခဲ့ပါ၏။ သူတို့အားလုံး မတူညီသည့် “လမ်းညွှန်မှု” စိန်ခေါ်ချက်များထဲသို့ ပစ်ထည့်ခံခဲ့ရ၏။ လိမ်မာကျိုးနွံစွာဖြင့် ရွာထဲမှာ နေခဲ့ကြသည့် ကျောင်းသားများသာ မည်သည့် ဒုက္ခကိုမှ မခံစားခဲ့ရတာ ဖြစ်လေသည်။
ကန္တာရထဲမှာ အသက်ရှင်ရမှာနှင့်စာသော် လယ်အလုပ် လုပ်ပြီး အနပ်တိုင်းကို ပြောင်းဆန်ကြမ်း စားရသည်က တကယ်တော့လည်း ဆင်းရဲဒုက္ခကြီး ဟုတ်ပုံ မရတော့ပေ။
(ကျောင်းက ဘာကြီးကြပ် ကွပ်ကဲမှုမှ မပါပဲ ငါတို့ကို ဒီတိုင်းလွှတ်လိုက်တာလို့ နင်တကယ် ထင်နေတာလား။ နေရာတိုင်း နေရာတိုင်းမှာ စောင့်ကြည့်နေတဲ့ လူတွေ အပြည့်ပဲဟဲ့)
(တကယ်လို့ နင် ဒီရွာထဲကနေ ထွက်လို့ ရရင်တောင် နောက်ထပ် အစီအစဥ်တွေနဲ့ ရင်ဆိုင်ရမှာပဲ)
(နှိုင်းပြောရမယ်ဆိုရင် ဒီရွာထဲမှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနေပြီး အဲဒီနှစ်ပတ်ကို ဖြုန်းလိုက်ရင် ပိုပြီး သက်တောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူးလား)
ရှီလီ၏ အစစ်အမှန် အေးစက်မှု ကာလက ထိပ်တန်း ထိရောက်မှု စွမ်းပကား ရှိပေ၏။ ချက်ချင်းဆိုသလိုပင် သူမ အတန်းဖော်များ၏ နှလုံးသားထဲဝယ် အေးစိမ့်မှုများ ဖြတ်သန်းသွားတော့သတည်း။
ရိုးစင်းပြီး ရိုးသားလှသည့် ရွာလူကြီးကျောက်ကမူ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် လူငယ်လေးများကို တိတ်တဆိတ် စောင့်ကြည့်နေကာ အခြေအနေကို လက်ခံစေရန် စောင့်ဆိုင်းနေပါ၏။
သူတို့ရွာက နှစ်စဥ်နှစ်တိုင်း ယခုကဲ့သို့သော ကလေးတအုက်ကို လက်ခံရပါ၏။ ထိုကလေးများက ကိုင်တွယ်ဖို့ ဘယ်သောအခါမှ မလွယ်ကူခဲ့ပေ။ သို့သော် ရွာအတွက်ပေးသည့် ကျောင်းမှ လျော်ကြေးကတော့ အတော်ကြီးကို ကုံလုံပေသည်။
သို့သော် အစွန်းရောက် စိတ်ခံစားချက်များ ရှိကြသည့် ပြီးခဲ့သည့် နှစ်များမှ ကျောင်းသားများနှင့်စါသော် ဤကလေးတအုပ်ကမူ အံ့သြဖွယ်ရာ ကောင်းစွာပင် တည်ငြိမ်နေကြပါ၏။
သူတို့က မလိုလားသည့် အမူအရာများ ပြသနေကြသော်လည်း အကျင့်စရိုက်ကမူ အလွန် တော်သင့် ကောင်းမွန်လှပေသည်။
အတန်းခေါင်းဆောင်က ရွာလူကြီးနှင့် ဆက်သွယ် ပြောဆိုရန် ရှေ့ကို လျှောက်သွားလိုက်၏။
“ဟယ်လို ဦးလေးကျောက်၊ ကျနော့်ကို လင်း လို့ခေါ်နိုင်ပါတယ်။ ဒီကာလအတွင်းမှာတော့ ကျနော်တို့က ဒုက္ခပေးမိပါပြီ ခင်ဗျာ။ ကျနော်တို့ ဘယ်မှာနေပြီး ပုံမှန်အစီအစဥ်က ဘာလဲဆိုတာ မေးလိူ့ရမလား ခင်ဗျ”
ထိုကလေးများက ထူးထူးခြားခြား ယဥ်ကျေးနေပေရာ ရွာလူကြီးကျောက်ကို ကသိကအောက် ဖြစ် စေတော့သည်။
သူက ရှက်ကိုးရှက်ကန်းဟန်ဖြင့် သူ့ခေါင်းကို ကုတ်လိုက်ကာ
“စိတ်မပူပါနဲ့။ ဒီည မင်းတို့နေဖို့ နေရာ အလုံအလောက် ရှိပါတယ်။”
ရွာလူကြီး၏ စကားကို ကြားသည်နှင့် သူတို့ နေဖို့နေရာ ရှိလျှင်တောင်မှ အခြေအနေကတော့ ကောင်းမည် မဟုတ်ကြောင်း ထိုကျောင်းသားများ နားလည်သွားပေပြီ။
သို့သော် ထိုရွာလူကြီးက သူ့နောက်မှာ ရှိနေသည့် အတန်းလိုက်သော ရွှံ့စေးအိမ်များကို လက်ညှိုး ညွှန်ပြလိုက်ချိန်မှာတော့ လူတိုင်းခမျာ တိတ်ဆိတ်ခြင်းထဲ ပြုတ်ကျလေတော့သည်။ ယခင်တုန်းက သူတို့က ယခုလို နေရာမျိုးမှာ ဘယ်တုန်းကမှ မနေထိုင်ခဲ့ဖူးပါပေ။
125 03
ထိုရွှံ့စေးအိမ်များမှာ အဝါရောင် ရွှံ့စေးဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ ကျောင်းသားတို့၏ မိဘများထက်ပင် အသက်ကြီးကောင်း ကြီးနေနိုင်သေး၏။
“ငါ..တို့က….ဒီ နေရာမှာ… …..နေရမှာ……..”
ရွာလူကြီးက ခေါင်းညိတ်လိုက်၏။
“ဟုတ်ပါတယ်။ ဒီအိမ်တွေက မင်းတို့အတွက် ကျောင်းက ကြိုတင် နေရာယူပေးထားတာပါ။ တစ်ခုက ယောကျာ်းလေးတွေအတွက်၊ တစ်ခုက မိန်းကလေးတွေအတွက်”
“မင်းတို့က ဒီနေရာကို ပထမဆုံး စ ရောက်တဲ့နေ့ဆိုတော့ ခရီး ပမ်းလာကြမှာပဲ။ ဒီနေ့တော့ ငါတို့က မင်းတို့ကို ဘယ် လယ်အလုပ်မှ မလုပ်ခိုင်းတော့ဘူး။ ခဏနေကျ ငါ မင်းတို့အတွက် နေ့လည်စာနဲ့ ညစာကို ဒီကို ယူလာခဲ့ပေးမယ်။ နေ့လည်စာ စားပြီးရင် မင်းတို့တွေ အနားယူနိုင်ပါပြီ”
ထိုအချိန်ကတော့ နေ့လည်စာနှင့် ညစာကို အတူတကွ ယူလာခဲ့ပေးမည် ဆိုသည့် ရွာလူကြီး၏ ဆိုလိုရင်းကို ကျောင်းသားများက နားမလည်ခဲ့ပါပေ။ နာရီဝက်မျှပင် မတိုင်သေးမီ ရွာလူကြီးက ပစ္စည်းပစ္စယများ ပြည့်သိပ်နေသည့် အိတ်ကြီးနှစ်လုံးကို သယ်ကာ ပြန်ရောက်လာပါမှ သူတို့၏ အနပ်တိုင်းကို ကိုယ့်ဘာသာ ချက်ပြုတ်ကြရန် မျှော်မှန်းထားတာ ဖြစ်ကြောင်း သဘောပေါက်ရတော့သည်။
ရွာလူကြီးက အဝါရောင်ဟာကြီးများ ထည့်ထားသည့် အိတ်ကို ကျောင်းသားများထံ ညွှန်ပြကာ မိတ်ဆက်ပေးလိုက်၏။
“ဒါက ပြောင်းဖူးမှုန့်တွေလေ”
ထို့နောက် သူက အရွက်များ ဝေဆာနေပါသော ဟင်းရွက်အိတ်ကြီးကို လက်ညှိုးထိုးကာ
“မင်းတို့ တကယ် ကံကောင်းတယ်။ အခုက ဟင်းရွက်ရိုင်းတွေ ဆွတ်ရမဲ့ အကောင်းဆုံး အချိန်လေ။.ဒါတွေက အရမ်း အရသာ ရှိတာနော်”
ပစ္စည်း ပစ္စယတိုင်းကို မိတ်ဆက်ပေးပြီးနောက် ရွာလူကြီးက သူ့ဘာသာ လက်ဖဝါးချင်းရိုက်ကာ ခြံဝင်းထဲမှ ထွက်ခွာသွားတော့၏။ နောက်မှာ ကျန်ခဲ့သည့် လူအုပ်ကြီးမှာတော့ ကာယလုပ်အားကို မသုံးဖူးသလို ထိုသီးပင်စားပင် အစေ့အဆံတို့ကိုပါ မကျွမ်းဝင်လေရာ တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်မိလေတော့သည်။
မီးဖိုချောင်ထဲမှာ ချက်ပြုတ်ရမည့် အကြောင်းကို မေ့ထားပါဦး၊ သူတို့ထဲက အများစုက ကုန်ကြမ်းများကို မြင်ဖူးသည်ကပင် ရှားပါးလှပေသည်။
“ဒါကို ဘယ်လို ပြင်ဆင်ရမှာလဲ”
“ငါတို့ ဘာလို့ ထွက်မပြေးရမှာတုန်း”
ရှီလီက တွေး၏။ (တွေ့ပြီလား။ ဒီအခြေအနေကို မြင်တာနဲ့ ပထမဆုံး တုံ့ပြန်မှာက ထွက်ပြေးဖို့ပဲလို့ ငါ နင်တို့ကို ပြောခဲ့သားပဲ)
ထွက်ပြေးဖို့ အကြံပေးနေသည့် လူကို အတန်းခေါင်းဆောင်က စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ
“မဟုတ်တရုတ်တွေ ပြောမနေနဲ့”
အိမ်ထဲနှင့် အိမ်ပြင်ကို လှည့်လည် ကြည့်ရှုနေသည့် ဖူဟွေ့ရှင်းက စကား ပြောလာ၏။
“မီးဖိုချောင်ထဲမှာ အိုးတွေရော ၊ ပန်းကန်လုံးတွေနဲ့ ပရိဘောဂ အစုံရှိတယ်။ ငါတို့ ပုံမှန်အတိုင်း ချက်ပြုတ်စားလို့ ရလောက်မှာပါ”
“ပြဿနာက ဒီဟာတွေက ဘာတွေမှန်းတောင်မှ ငါတို့ သိမနေတာတာလေ။ အဲဒါကို ဘယ်လိုလုပ်ပြီး ချက်စားနိုင်ပါ့မလဲ”
ဖူဟွေ့ရှင်းက သူ့ဖုန်းကို မြှောက်ကာ Page တခုကို ရှာဖွေပြလိုက်၏။
“ဒါက ပြောင်းဖူးမှုန့်တွေလို့ ရွာလူကြီးက ပြောသွားတယ်လေ။ ဘယ်လိုချက်ရမလဲ ငါတို့ ရှာကြည့်လို့ ရသားပဲ”
၎င်းက ဖူဟွေ့ရှင်း စတင်လိုက်သည့် ကိစ္စကောင်းကြီး ဖြစ်ပါ၏။ သို့မဟုတ်လျှင် ဘယ်လိုလုပ်ရမည် ဆိုသည်ကို ရှီလီက လူတိုင်းကို လမ်းညွှန်ပေးနေရဦးမည်။
125 04
ပြီးခဲ့သည့် ဘဝတုန်းကတော့ သူမက ပထမဆုံး အတွေ့အကြုံ ဖြစ်ပေရာ မည်ကဲ့သို့ ချက်ပြုတ်ရမည်ကို တကယ်ကြီး မသိခဲ့ပါပေ။ ထိုအချိန်ကတည်းကပင် ဖူဟွေ့ရှင်းက အချက်အပြုတ် တာဝန် ယူခဲ့ပုံ ပေါ်လေသည်။
ရှီလီက အချိန်အနည်းငယ်မျှ ကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် လေ့လာလို့ ပြီးသွားလေသည်။
လူတိုင်းက သူတို့၏ နွေရာသီ ခရီးအတွက် ကျောပိုးအိတ်များ ပါရှိကြပါ၏။ ဖူဟွေ့ရှင်းက လူအုပ်ကြီးကို ကြည််လိုက်ပြီး
“မင်းတို့ ခရီးဆောင်အိတ်တွေ အရင်သွားထားပြီး ဒီည အိပ်မဲ့ နေရာ ရှာကြလေ။ ငါအရင်ဆုံး ချက်ပြုတ်ဖို့ ကြိုးစားကြည့်ဦးမယ်”
ယခုက နေ့လည် 1:30 ရောက်နေပြီ ဖြစ်ရာ နေ့လည်စာ စားချိန်ကိုပင် ကျော်နေခဲ့ပြီးပြီမို့ အားလုံး ဆာလောင်နေပေပြီ။
ချက်ပြုတ်နည်း လမ်းညွှန်များကို Online မှာ ရှာဖွေနေသည့် ဖူဟွေ့ရှင်းကို စောင့်ကြည့်ရင်းက ယခုအခြေအနေက သူ့အတွက်လည်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း ရှီလီ သဘောပေါက်ရတော့သည်။
သူမ၏ ပြီးခဲ့သည့် ဘဝတုန်းက သူ ဘယ်လိုတောင် အချက်အပြုတ် စွမ်းရည် မြင့်မားခဲ့သည်ကို မြင်ခဲ့သည့် ရှီလီမှာ သူက လျှို့လျှို့ဝှက်ဝှက်ဖြင့် ကြိုတင် ေလ့ကျင့်ခဲ့ခြင်း ဖြစ်သည်ဟုပင် ရှီလီက မှတ်ယူခဲ့မိ၏။
သူမ၏ ပြီးခဲ့သည့် ဘဝမှ အတွေ့အကြုံနှင့်အတူ ရှီလီက ဆန္ဒပြုလိုက်သည်။
“ငါ နင့်ကို လက်ထောက်အဖြစ် ကူညီပေးရမလားဟင်”
အသီးအရွက်များကို ချက်ပြုတ်ရမည့်အခါမှာတော့ ဤအမည်မသိ ဟင်းသီးဟင်းရွက် အရိုင်းပင်များကို မည်သို့ ကိုင်တွယ်ရမည်နည်း ဟူသည်ကို ဖူဟွေ့ရှင်းပင်လျှင် ရှုပ်ထွေးရတော့၏။
ရှီလီက သူမ၏ ကျောပိုးအိတ်လေးကို ပုတ်ပြလိုက်၏။
“ငါ လောင်ကမ်းမား* တချို့ ယူလာခဲ့တယ်”
(* လောင်ကမ်းမား- တရုတ်ရိုးရာ ငရုတ်သီးအနှစ်)
သူတို့က အသီးအရွက်များကို ရေနွေး ပွက်ပွက်ဆူထဲသို့ ထည့်ရမှာ ဖြစ်ပြီး ထိုအထဲသို့ လောင်ကမ်းမား တချို့ ရောထည့်ရမှာ ဖြစ်ပေ၏။ ယင်းက စားသုံးရနိ သင့်လျော်လေသည်။
ရှီလီက သူမ ကျောပိုးအိတ်ကို ဖွင့်လိုက်၏။ အိတ်ထဲမှာတော့ ဆန်နှင့် ဟင်းသီဟင်းရွက်တို့ကို ခပ်ရမည့် ဟင်းခတ်မှုန့်နှင့် အမွှေးအကြိုင်များ ထည့်ထားသည့် ပုလင်းငယ်များ ပြည့်နှက်နေ၏။ သူမက ယင်းတို့ကို ခရီးမထွက်မီကမှ စူပါမားကတ်ထဲမှ သွားဝယ်ထားခြင်း ဖြစ်၏။
ဖူဟွေ့ရှင်းက သူ့ဘာသာ တွေးသည်။ အဲဒါတွေက မလေးဘူးလား။ တစ်လမ်းလုံး သယ်လာရတာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာပေါ့။
******
126 01
အပိုင်း 126.
လူချမ်းသာတို့ အတွက်က ငွေကြေးနှင့် ဘဝဟူသည် ထိပ်ဆုံး ဦးစားပေးနေရာမှ ညီတူညီမျှ ရှိရမည့် အရာများပါပင်။
သို့သော် ဤလို ပတ်ဝန်းကျင်မှာ လူလားမြောက်ခဲ့ရသည့် ကလေးအများစုမှာမူ ထိုသို့သော စွမ်းရည်မျိုးကို မပိုင်ဆိုင်ကြပါလေ။
ချန်ဖုအထက်တန်းကျောင်းက သူတို့ကျောင်းသားများ ဤပြသနာကို ရင်ဆိုင် ဖြေရှင်းနိုင်ရန်အတွက် နွေရာသီ လှုပ်ရှားမှု ကဏ္ဍကို စေ့စပ်သေချာစွာ ပြင်ဆင်ပေးခဲ့ခြင်းပင်။
အထူးသဖြင့် မိဘများဘက်မှ ကြည့်လျှင် တုံ့ပြန်ချက်က အမြဲလိုလို ကောင်းမွန်လှပေ၏။
ကျောင်းသားများက စောဒက တက်ကြပါသော်လည်း ဆရာ၊ ဆရာမများက ထိုကျောင်းသားများကို ဘယ်လိုတောင် ငြီးငြူခွင့် မပြုနိုင်ရပါမည်လဲ။ ကျောင်းသားများအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိစေသည် ဆိုပါက ၎င်းက ကောင်းမွန်သင့်တော်သည်ပင်။
ကျောင်း၏ သဘောထားအရ ဤနွေရာသီ ခရီးတိုကို သူတို့ ဖွဲ့စည်းရသည်က ဒုက္ခသုက္ခတို့ ပြည့်နေသည့် ပညာရေးကို ထောက်ခံ အားပေးလို၍ မဟုတ်ဘဲ ဒုက္ခ အခက်အခဲဟူသည် ဘယ်လိုဟာ ဖြစ်ကြောင်း သိစေလိုရုံသာ။
ထိုနွေရာသီ ခရီးတိုက သူတို့အတွက် အသက်ရှင်နေထိုင်နိုင်ရေးအတွက် လေ့ကျင့်ပေးသည့် သင်ခန်းစာလည်း ဖြစ်ပါ၏။
ကျောင်းအနေဖြင့် ကျောင်းသားတို့၏ မိသားစုများထံမှ အထောက်အပံ့များကို ရရှိသည်မှာ ကာလ ကြာရှည်ခဲ့ပေပြီ။ သူတို့ ကလေးများအတွက် အဘယ်အရာက အကောင်းဆုံးဟူသည်ကို မသိရှိနိုင်သည့် မိဘဟူသည် အဘယ်မှာ ရှိလိမ့်မည်နည်း။ သူတို့ကိုယ်တိုင်လည်း သူတို့ကလေးများကို စည်းကမ်းတင်းကြပ်ဖို့ ဝန်လေး တုံ့ဆိုင်းနေပေရာ ထိုလူကြမ်းဇာတ်ကို ကျောင်းကိုသာ ကပြခိုင်းခြင်း ဖြစ်ပေတော့သည်။
တကယ်တမ်းမှာတော့ ဒုက္ခသုက္ခ သေးသေးလေးကဖြင့် သူတို့ကို မနာကျင်စေနိုင်ပါပဲ ဤအသက် ရှင်သန်နိုင်ရေး လေ့ကျင့်ခန်းမှတဆင့် ထိုကလေးများက အစစ်အမှန် စွမ်းရည်ကို ရရှိနိုင်ပေသည်။
ကလေးများ၏ ဘေးအန္တရာယ်ကို အာမခံပေးနိုင်ပြီး သေဆုံးခြင်းနှင့် ဒဏ်ရာ အနာတရ ရတာမျိုးသာ မရှိပါလျှင် ထိုလေ့ကျင့်ရေးကို ကျောင်းက မည်သို့မည်ပုံ ဦးစီးဆောင်ရွက်ပါစေ ကိစ္စမရှိပါလေ။
မိသားစုများကလည်း ကျောင်းဘက်ကို အပြည့်အဝ ပူးပေါင်းပါဝင်ကာ ထိုကြိုးပမ်းချက်ကို ဝင်ရောက် ဟန့်တားခြင်း မပြုသလို ကလေးများကိုလည်း မည်သည့် အထောက်အပံ့ အကူအညီကိုမှ မပေးသည်ကတော့ အသေအချာပါပင်။
ရှီလီ၏ သတိပေးချက် မရရှိသည့် အခြား ပထမနှစ် အတန်းသားများကမူ သူတို့ကို အကူအညီပေးပါရန် သူတို့မိသားစုများကို ဦးဆုံးရှာဖွေခဲ့၏။ ရလဒ်ကတော့ မကြာမီပင် သူတို့ကို လာခေါ်ပါမည်ဟူသည့် ကတိစကားကိုသာ ရရှိလိုက်ပါ၏။ သို့သော် လ မွန်းတည့် လာချိန်မှာတောင်မှ တစ်ဦးတစ်လေမှ ရောက်ရှိမလာကြပါလေ။
သူတို့ တဖန် ဖုန်းပြန်ခေါ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ ဖုန်းပြန်မဖြေပါလေတော့။
သူတို့က လမ်းမှာ မတော်တဆ ဖြစ်သည်ဟု ထင်ကာ သူတို့က သူတို့ မိဘများကို ဖုန်းခေါ်ကာ ကိုယ်ပိုင်အတွင်းရေးမှူးနှင့် အိမ်အအကူများကိုတောင်မှ တောင်းဆိုသော်ငြား အရာမရောက်ခဲ့ပါပေ။
မည်သူကမှ ရူးမနှမ်းနေပေရာ လူတိုင်းက တူညီသည့် အခြေအနေထဲသို့ ကျရောက်နေခြင်းက မိသားစုများအနေဖြင့် မည်သည့် အကူအညီ အထောက်အပံ့ကိုမှ ပေးအပ်မည်မဟုတ်ဟု ဆိုလိုခြင်းကို သဘောပေါက်ကြလေသည်။
126 02
အချို့သော တွေးခေါ်ပညာရှင်ကြီးများကမူ Ride-hailing Service ကိုပင် ခေါ်ယူဖို့ စဥ်းစားနေပေပြီ။
သို့သော် အနှီအတွေးကို သူတို့ တွေးမိသည့် အချိန်တွင် ညဥ့်နက်နေပြီ ဖြစ်ပေရာ Platform တော်တော်များများမှ ယာဥ်မောင်းများကို မရရှိတော့ပါပေ။
အကယ်၍ ယာဥ်မောင်းများ Onlineပေါ်မှာ ရှိနေလျှင်တောင်မှ သူတို့က ဤအော်ဒါကို လက်ခံဝံ့ကြလိမ့်မည် မဟုတ်ပါချေ။
ယခုလို မနက်စောစော အချိန်မတော်ကြီးတွင် တစ်ယောက်ယောက်က ကားစီးရန် ကြိုတင် မှာကြားချင်နေပြီး ခရီးဆုံးကလည်း ဘယ်နေရာမှာမှန်း မသိပေ။ ယာဥ်မောင်းများသည်လည်း ၎င်းတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုးရိမ် ပူပန်ရပေမည်။
အကယ်၍များ သူခိုးဓားပြသာ မဟုတ်လျှင် ညဥ့်လယ်ယံ တစ္ဆေ၏ ဖုန်းခေါ်ဆိုမှုပင် ဖြစ်ပေလိမ့်မည်။ သင်က မည်မျှ များပြားသော ငွေကြေးဖြင့် ကမ်းလှမ်းသည် ဖြစ်ပါစေ လက်ခံရဲသည့် ယာဥ်မောင်း ရှိမည်မဟုတ်ပေ။
ပိုမို များပြားသည့် ငွေကြေးကို ကမ်းလှမ်းလေ သံသယ အခြေအနေတွေ တိုးပွားလာလေပါပင်။ ထိုယာဥ်မောင်းများက သေဖို့ ဆန္ဒရှိနေသည်ဟုများ သူတို့ တွေးထင်နေသလား။
သူတို့က ငွေရှာရမည့် အခွင့်အရေးကို လက်လွှတ်ရမည်ကို ကြောက်ရွံ့သော်လည်း ထိုလောဘ အပေါ်မှာတော့ အသက်ကိူ မဖြုန်းတီးဝံ့ပါလေ။
အရုဏ်တက်ချိန်အထိ ရုန်းကန်နေပြီးနောက် ရွာလူကြီးက ပေါ်လာကာ ရှည်ရှည်လျားလျား သမ်းဝေရင်း အကြံပြုလာ၏။
“မင်းတို့ ဘာဖြစ်လို့ တည်းခိုနေရာကို သွားပြီး ခဏလေးလောက် အနားမယူကြတာလဲ”
လူတိုင်းက ပင်ပန်းနေခဲ့ကြပြီဖြစ်၏။ ထို့ကြောင့် သူတို့လည်း ထိုတည်းခိုနေရာဟု ခေါ်ဆိုသည့်နေရာသို့ ရွာလူကြီးနှင့်အတူ လိုက်ပါဖို့သာ တတ်နိုင်ကြတော့၏။
ထိုနေရာ ရောက်ကြသည့်အခါ ထိုအနုပ်စုတ်ဂုတ်စုတ် ပတ်ဝန်းကျင်ကို ကြည့်ကာ ထို Sec-Gen လူချမ်းသာကလေးတို့က သဘာဝတကျဖြင့်ပင် လက်မခံနိုင်ရာ အခြားသော ပွက်လောရိုက်ခြင်းတို့ကို ဖြစ်ပွားစေတော့၏။
ရွာလူကြီးခမျာလည်း ဤနေရာက ကျောင်းသားများအတွက် ကျောင်းက ကြိုတင် စီစဥ်ပေးထားသည့် နေရာဖြစ်လေရာ ဤပြသနာကို ဖြေရှင်းဖို့ရန် နည်းလမ်း သူ့မှာ မရှိကြောင်း ပြောပြရတော့သည်။
မိုးသောက်ချိန် ရောက်သည်အထိ ထိုလူအုပ်ကြီးမှာ.အိပ်မပျော်နိုင်ပါပေ။
သူတို့ကို တည်းခိုနေရာသို့ ခေါ်လာပေးပြီးနောက် ရွာလူကြီးက သူတို့နှင့်အတူ ဆက်လက် လိုက်ပါရန် စိတ်မရှည်တော့ပေ။
တကယ်တမ်းမှာတော့ သူက အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ အိပ်ရေး ဝဝ အိပ်ဖို့ လိုအပ်ပါ၏။
ထိုရွာလူကြီးက ထွက်ခွာသွားပြီးနောက် ထိုကလေးတစ်အုပ် မည်သို့ ဖြစ်ပျက် ကျန်ခဲ့သည်ကို လုံးဝ ဂရုမစိုက်ပါလေတော့။
သူက ကျောင်းနှင့် သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးခဲ့စဥ်ကတည်းက ထိုကျောင်းသားများ မည်ကဲ့သို့ ပြုမူပါစေ ကိစ္စမရှိသလို သူကလည်း ၎င်းတို့ကို စီမံပေးရန် မလိုအပ်သလို သူတို့တွေ ဘေးအန္တရာယ် ကင်းရန်နှင့် ကိစ္စများကို ကျောင်းသို့ အချိန်နှင့် တပြေးညီ တင်ပြပေးရန်သာ ကျောင်းဘက်က ပြောထားခဲ့တာ ဖြစ်ပါ၏။
မိုးသောက်ပြီးနောက် ထိုရည်မှန်းချက် ကြီးလှသူ ချန်ဖုအထက်တန်းကျောင်းမှ ကျောင်းသားများ(Clsaa1မှ ကျောင်းသားများ မပါဝင်ပါ)က ယာဥ်မောင်းများကို ဆက်သွယ်ရန် ကြိုးစားနေကြပြီး Ride-Hailing Srevice ကိုတောင် ခေါ်ယူရန် ကြိုးစားနေ၏။
ရလဒ်ကတော့ ခန့်မှန်းလို့ ရပါသည်။ ဝင်ပေါက်တိုင်းကို ကောင်းကောင်း စောင့်ကြပ်ရန် ကျောင်းဘက်က လူများကို ကင်းချထားလေသည်။ ထိုကားများ ချဥ်းကပ်လာသည့်အခါ ခရီးစဥ် ဖျက်သိမ်းခြင်းအတွက် လျော်ကြေးငွေများကို ကျောင်းက ရက်ရက်ရောရောပင် ပေးကမ်းလိုက်ပြီး သူတို့၏ မှတ်တမ်းတွင် မှတ်စု ရေးထားလိုက်၏။
126 03
ထိုစောင့်ဆိုင်းသထက် စောင့်မျှော်နေသူများမှာ ထိုယာဥ်မောင်းများကို စောင့်ကြည့်နေစဥ် အလွန် နီးနီးကပ်ကပ်ကို ရောက်ရှိလာပြီးနောက် ရုတ်တရက် ဝေးသထက် ဝေးရာသို့ မောင်းထုတ်ခံရကာ လူတိုင်း၏ မျက်လုံးအောက်မှာပင် မြို့တော်ပြာသို့ ပြန်လှည့်သွားလေတော့သည်။
ကျဆုံးမှုတစ်ခုက အများကြီး ရှိလာမည်ဟု မဆိုလိုပေ။ လူတိုင်းသည်ကား ကျောင်းကို အဆုံးထိ တိုက်ခိုက် ဆန့်ကျင်ရန်သာ တညီတညွတ်တည်း ဆုံးဖြတ်ထားပါ၏။
အခြား အတန်းများ၏ ရုန်းကန်လှုပ်ရှားမှုများနှင့် စာသော် Class1မှ ကျောင်းသားများမှာ အတော်ကြီးကို စိတ်အေးလက်အေး ရှိနေပြီး မီးစင် ကြည့် က,တတ်သူများ ဖြစ်ပုံပေါ်လေသည်။
သူတို့က နေ့လည်စာနှင့် ညစာ ဖူဖူလုံလုံ ရရှိပြီးနောက် အများသုံး ခန်အိပ်ရာကြီးထက်မှာ စောင်များခင်းကာ လဲလျောင်းရင်း ဖုန်းသုံးနေကြ၏။
ယခုက မှောင်နေပြီ ဖြစ်သော်လည်း ဆယ့်တစ်နာရီ ထိုးသည့်တိုင် သူတို့အားလုံး အိပ်လို့ မပျော်ကြသေးပါပေ။ နေ့လည်စာ စားပြီးပြီးးချင်း အိပ်ရာဝင်ရသည်က သိပ်ပြီးတော့ လက်တွေ့မဆန်လှပေ။
သို့သော် သူတို့၏ ဖုန်းများကို ထုတ်ယူလိုက်ချိန်မှာတော့ ဤနေရာမှ Network က နုံချာလှပေရာ မည်သည့် ဗီဒီယိုကိုမှ ကြည့်လို့ မရသလို ဂိမ်းဆော့လို့လည်း မရကြောင်း တွေ့ရှိရတော့သည်။
ယခုလို Network အခြေအနေမျိုးတွင် ဖုန်းကို လှန်လှော ကြည့်ရှုရသည်က စိတ်ပျက်ဖွယ် ကောင်းလေစွ။ ကံကောင်းစွာဖြင့်ပင် တစ်စုံတစ်ယောက်ကတော့ သူ့ကျောပိုးအိတ်ထဲမှာ ဂိမ်းဘုတ်ပြားကိုပင် ထည့်ယူလာခဲ့ပြီး တမျိုးတည်းတောင် ဟုတ်မနေပေ။
(မူလတုန်းကတော့ နွေရာသီ ခရီးတို ထွက်ဖို့ ပြင်ဆင်လာတာပဲ။ အခုကျ ကျေးလက် ရွှံကျောက်တုံး အိမ်တွေထဲမှာ ဘုတ်ဂိမ်းကစားပြီး အဆုံးသတ်ရမယ်လို့ ဘယ်သူက စိတ်ကူးယဥ်မိမှာတဲ့လဲ)
ရှီလီကမူ ဂိမ်းဆော့ရာမှာ သူမနှင့် ပူးပေါင်းဖို့ ကောင်လေးများကို ဖိတ်ခေါ်ချင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့က သူတို့ ဖုန်းများကို သုံးချင်ပါသော်လည်း အင်တာနက်လိုင်း မရခြင်းကြောင့် နာကျင်ကြေကွဲနေနိုင်သောကြောင့်ပင်။
သို့သော် ရှီလီက သူတို့ စစ်ဆေးရန် သွားလိုက်ချိန်မှာတော့ ထိုကောင်လေးများက ဂိမ်းဆော့နေလေပြီ။
ထို့ကြောင့် ရှီလီလည်း ပြန်လာခဲ့ကာ ကောင်လေးများကို စိတ်မပူရန် လူတိုင်းကို ပြောပြလိုက်ပါ၏။
စုန့်ရင်းကမူ ပထမဆုံး ဂိမ်းဆော့ဖူးခြင်း ဖြစ်သည့်အတွက် သူမခမျာ ဘာတစ်ခုကိုမှ မသိလေရာ ရှီလီက သူမကိူ လက်ဆင့်ကမ်း သင်ကြားပေးဖို့ အလိုရှိနေပါ၏။
ကံကောင်းစွာပင် သူမက လျင်လျင်မြန်မြန် သင်ယူလိုက်နိုင်ပြီး ဆရာဖြစ်သည့် ရှီလီက မည်သည့် စိတ်လက်မရှည်မှုများကိုပင် မပြသလိုက်နိုင်ဘဲ သူမက ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတော့သည်။
သူတို့၏ ဖုန်းများထဲမှာ အင်တာနက်လိုင်း မရသော်လည်း ထိုအုပ်လိုက်ကြီးက ကတ်ဂိမ်းကစားပြီး အတင်းအုပ်ကြလေရာ အချိန်က လျင်လျင်မြန်မြန် ပင် ပျံသန်းသွားတော့သည်။
ဤနွေရာသီ ခရီးတိုအတွက် လူတိုင်းက သင့်လျော်ရာ အဆာပြေစာ မြောက်မြားစွာကို သူတို့ ကျောပိုးအိတ်ထဲမှာ ထည့်ယူခဲ့ကြတာဖြစ်၏။ အူတူတူ ကောင်မလေး ရှီလီ တစ်ယောက်တည်းသာလျှင် ဟင်းခတ်မှုန့်များကို ထည့်ယူလာခြင်းပေတည်း။
မူလတုန်းကတော့ ဤနေရာမှ နုံချာလှသည့် အခြေအေနကို ကြည့်ကာ သူတို့ ကျောပိုးအိတ်ထဲမှ သရေစာများကတော့ သူတို့၏ လူမှုအဆင့်အတန်းလေးများကို ထိန်းသိမ်းထားရန် ချွေတာထားမည်ဟု စဥ်းစားထားခဲ့ခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ဤနေရာမှာ လဝက်နီးပါးမျှ နေထိုင်ရမည် ဖြစ်သောကြောင့်ပင်။
သို့သော် ယခုညခင်းမှာ သူတို့က ဂိမ်းဆော့ချင်ကြပေရာ ကစားနေတုန်း ဘာစားစရာမှ မရှိသည့် အဖြစ်က သူတို့ကို ကသိကအောက် ဖြစ်စေတော့၏။
ထိုသရေစာများကို အတူတကွ စားသောက်ကြရန် ထုတ်ယူလိုက်သည့် ရလဒ်ကတော့ သရေစာအပြည့် ကျောပိုးအိတ်မှာ ပမာဏ နည်းနည်းလေးသာ ကျန်ရှိခဲ့ကာ ၎င်းက မူလပြောခဲ့သည့် ချွေတာမည် ဟူသည့် အဓိပ္ပါယ်ပါပင်။
126 04
လက်ဖက်ရည်ပွဲကြီး ပြီးဆုံးသွားသည့်နောက် လူတိုင်းက ရှုပ်ပွနေသည့် အခန်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် သိမ်းဆည်းလိုက်ကြပြီး သူတို့ ဘာတွေ လုပ်လိုက်ပြီကို သဘောပေါက်ရတော့၏။
သို့သော် ယခုအချိန်မှ နောင်တရဖို့ရန်တော့ အချိန်နှောင်းသွားလေပြီ။
ကံကောင်းစွာဖြင့်ပင် ထိုအစားအသောက်များက အတန်းဖော်များ၏ အစာအိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခြင်း ဖြစ်သည့်အတွက် လေလွင့်သည်ဟုတော့ မဆိုသာပါလေ။
နောက်တစ်နေ့ မနက် ခုနစ်နာရီ ရောက်သည့်အခါ လူတိုင်း အလုပ်လုပ်ကြဖို့ ရွာလူကြီးက လာရောက် ခေါ်ဆောင်လေသည်။
ဤနေ့ မတိုင်မီကတည်းက သူတိူ့က အကြောင်းကြားချက် လက်ခံ ရရှိပြီးလေရာ အားလုံးက မနက်စာကို စောစောစီးစီး စားသောက်ပြီးလေပြီ။
လူတိုင်းက ရှီလီ၏ သုံးသပ်ချက်များမှတစ်ဆင့် နာခံကျိုးနွံခြင်းက ပိုကောင်းပြီး ထိုသို့ နာခံကျိုးမွံမှသာလျှင် ထိခိုက်နစ်နာမှု နည်းမည်ဟူသည့် အဓိပ္ပါယ်ပါပင်။
ဘာလုပ်ရမည်ဟု ရွာလူကြီးက ပြောလိုက်သည် ဖြစ်စေ လူတိုင်းက မေးခွန်း ပြန်မထုတ်ဘဲ လုပ်ပေးလိုက်သည်သာ။
ထိုမနက် အစောကြီးတွင် သူတို့က လယ်အလုပ် လုပ်ရန် ထွက်လာခဲ့ကြ၏။ ထိုရွာလူကြီးမှာက သူတို့ မြေကျင်းတူးရန်၊ မျိုးစေ့ကြဲရန်နှင့် ၎င်းတို့ကို မြေသြဇာ ဖုံးပေးရန် သင်ကြားပေးမည့် မိန်းမကြီး အများအပြား ရှိနေကာ ယင်းက သူတို့ ဤမနက်ခင်း လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း ပြောလာပေသည်။ ထို့ပြင် အလုပ်ပြီးပါက အစားအသောက် တစ်ကြိမ် သွားစားနိုင်ပါ၏။
ဤအကွက်၏ မြေနေရာက မကြီးမားလှပေ။ ဝါရင့် လယ်သမားကြီးများကတော့ ဤလုပ်ငန်း ပြီးဆုံးဖို့ လူငါးဦးနှင့် အချိန်နှစ်နာရီခန့်သာ လိုအပ်ပါ၏။
သို့သော် ဤကျောင်းသားငယ်လေးများကမူ ယခင်တုန်းက ဤသို့သော လယ်အလုပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။ ထို့ကြောင့် ရွာလူကြီးကျောက်က ဤအုပ်စုအတွက် မည်သည့် မြင့်မြင့်မားမား မျှော်လင့်ချက်ကိုမှ ထားမနေတော့ပေ။
သူတို့သာ ကောင်းကောင်းမွန်မွန် နေပြီး မည်သည့် ဒုက္ခမှ မရှာလျှင် သူကပင် ကျေးဇူးသိတတ်ရဦးမည်။
ပြီးခဲ့သည့် နှစ်များကဆိုလျှင် ထိုကျောင်းသားများ ရောက်လာကြတိုင်း သူတို့က ဒုက္ခ အမြောက်အမြားကို ဖြစ်ပွားစေကာ သူတို့ အရှုပ်အထွေးများကို သူရှင်းလင်းရအောင် လုပ်တတ်၏။
အကယ်၍များ ကျောင်းကသာ ရက်ရက်ရောရော ပေးကမ်းခြင်း မရှိပါလျှင် ဤသို့သော ဖရိုဖရဲ ဗျာများရခြင်းကို သူလည်း အလိုရှိမည် မဟုတ်ပေ။
ဤနှစ်၏ ကလေးများကတော့ အသိတရား ရှိပုံပေါ်ကာ ပြီးခဲ့သည့် နှစ်များထက် ပိုကောင်းပေသည်။
ရွာလူကြီးကျောက်ကမူ သူ၏ လက်များကို နောက်ပစ်ထားရင်း ဟင်းရွက်စိုက်ခင်း၏ အဝေးသို့ ထွက်ခွာသွားခဲ့ကာ သူ့မှာ ကျေနပ်အားရစိတ်များ ခံစားရတော့၏။
ရှီလီကမူ ဤလယ်အလုပ်အတွက် အနည်းဆုံး တကြိမ်မျှ လုပ်ဆောင်ခဲ့ဖူးသူပင်။ ထို့ကြောင့် သူမက အတွေ့အကြုံရှိပါ၏။
ရှီလီက သူမ၏ အတန်းဖော်များကို ကျား၊မ၊ အရပ်အမြင့်နှင့် အခြားသွင်ပြင်များအရ ရေလောင်းရန်၊ မြေကျင်းတူးရန်နှင့် မျိုးစေ့ကြဲရန် အုပ်စုငယ်လေးများ အသီးသီး ခွဲပေးလိုက်သည်။
လုပ်ငန်းများကို ပိုင်းခြားထားသည့် မည်သည့် အဖွဲ့ငယ်လေးများ ဖြစ်ပါစေ၊ ခေါင်းဆောင်ကတော့ ရှိရပေမည်။
လူတိုင်းသည်လည်း သူတို့ကို ခွဲဝေပေးထားသည့် တာဝန်များအတိုင်း တညီတညွတ်တည်း လုပ်ဆောင်သွားကြ၏။
အမှန်အတိုင်း ပြောရပါလျှင် စွမ်းဆောင်ရည် မြင့်မားခြင်းက အရှိန်ကို လျင်မြန်စေလေသည်။ အချို့လူများကမူ အရိုးထဲမှပင် အရည်အချင်းရှိလှသည့် ပါရမီရှင်လေးများက လယ်လာစိုက်နေလားဟုပင် ခံစားရပေ၏။
သူတို့ အိမ်ပြန်ရောက်သည့်အခါ လယ်စိုက်သည့် အတွေ့အကြုံကို မိသားစုဝင်များထံ ပြောပြဖို့ပင် စဥ်းစားပြီးလေပြီ။
ဆယ်နာရီဝန်းကျင်မျှ ရှိသည့်အခါ အလုပ်ကို စစ်ဆေးရန် ရွာလူကြီးကျောက် ရောက်ရှိလာသည့်အခါ စွမ်းဆောင်ရည် ပြည့်ဝသည့် လူအများကြီးကြောင့် လူတိုင်းက အလုပ်ပြီးသွားခဲ့ကာ ကွင်းစပ်နားမှာ ခဏတဖြုတ် အနားယူနေကြပေပြီ။
မြေဆီလွှာပေါ်မှ ရေစက်ရေပေါက်များနှင့် တဝက်မျှ သွားလိုက်ပြီဖြစ်သည့် မျိုးစေ့များကို ကြည့်ကာ ရွာလူကြီးကျောက်ခမျာ ကြက်သေ သေသွားလေတော့သည်။
“မင်းတို့ ဒါတွေ အကုန်လုံး လုပ်လိုက်ပြီလား”
“မင်းတို့ တကယ်ပဲ အကုန်လုံး လုပ်ပြီးသွားပြီပဲ”
******
127 01
အပိုင်း 127.
ရွာလူကြီးကျောက်ကမူ ဤမျှ ပူးပေါင်း ပါဝင်တတ်သည့် ကျောင်းသားမျိုးကို ယခင်တုန်းက ဘယ်တုန်းကမှ မမြင်ဖူးခဲ့သလို ဤမြေကွက်ပေါ်မှာ မျိုးစေ့ကြဲချသည့် တာဝန်ကိူ ပြီးဆုံးသည့် ကျောင်းသားမျိုးလည်း မရှိခဲ့ဖူးပါပေ။
ပြီးခဲ့သည့် နှစ်တွေတိုင်း ထိုကျောင်းသားများ ပြန်သွားပြီးနောက် မျိုးစေ့ကြဲခြင်းကို သူ့ဘာသာပင် လက်စသတ်ရတာ ဖြစ်သည်။
ထိုရွာလူကြီးကျောက်က အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်ငြား ယခုလို အသေးအဖွဲ ကိစ္စအတွက် ပျာယာခတ်နေကြောင်း သူ့ဘာသာ တွေ့ရှိသွားတော့၏။
ကျောင်းသားများကမူ သူတို့ဘာသာ တွေးကြ၏။ ( ဒီလူကြီးခမျာ လောကကြီးကို ကျယ်ကျယ်ပြန့်ပြန့် မမြင်ဖူးရှာဘူးနော်။ ဒါကြီးက တကယ်ရော ကိစ္စကြီးမို့လို့လားဟယ်)
သူ့ဘာသာ စိတ်ထိန်းလိုက်ပြီးနောက် ရွာလူကြီးကျောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်ပြီ၊ မင်းတို့အားလုံး မနက်ခင်း တာဝန် ပြီးသွားပြီ။ မင်းတို့အားလုံး တည်းခိုနေရာကို ပြန်လို့ရပြီ။ ကိုယ့်ဘာသာ စိတ်ကြိုက် ချက်စားလို့ရအောင် ငါ ခဏနေကျ နေ့လည်စာအတွက် ချက်ပြုတ်စရာတွေ လာပို့ပေးမယ်”
“ဟုတ်ကဲ့၊ ဒုက္ခခံပေးလို့ ကျေးဇူးပါ”
ထိုရွာလူကြီးကျောက်မှာ သံသယ ပြည့်နေသည့် ခြေလှမ်းများဖြင့် အိမ်ပြန်သွားလေသည်။ ပြန်ရောက်သည်နှင့် သူက အရင်ဆုံး ထိုကျောင်းသားတစ်အုပ်က တစ်မနက်ခင်းအတွင်း မြေကွက်တကွက်လုံးပေါ်မှာ အပင်စိုက်လို့ပြီးအောင် မည်သို့မည်ပုံ စီမံလိုက်သလဲ မသိလိုက်ကြောင်း သူ့ဇနီးကို ပြောပြလိုက်လေသည်။ ထို့ကြောင့် ရွာလူကြီး၏ ဇနီးသည်မှာ အလွန်အံ့အားသင့်သွားရသည်။
သို့သော် ရွာလူကြီးမှာလည်း ထိုအချည်းနှီး အကြောင်းအရာများကို ရောက်တတ်ရာရာ ပြောနေဖို့ အချိန် မရှိပါလေ။ သူက မနေ့တုန်းက စလို့ ယခုချိန်ထိတိုင် အခြေအနေများကို တင်ပြရန် ကျောင်းကို ဖုန်းခေါ်ဆိုလိုက်ပြီး အထူးသဖြင့် ဤကျောင်းသားများက အဘယ်မျှ အကျင့်စာရိတ္တ ကောင်းမွန်သနည်း ဆိုသည်ကိူ ချီးမွမ်းကာ အပင်စိုက်ခြင်း တာဝန်ကို ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောပြလိုက်ပါ၏။ သူက စစ်ဆေးပြီးခဲ့ပြီး မည်သည့် လိမ်လည် လှည့်ဖြားမှုကိုမှ ရှာမတွေ့ကြောင်းကိုပင် ပြောပြလိုက်၏။
လွန်ခဲ့သည့် နှစ်များမှ ကျောင်းသားများနှင့်စာသော် ဤနှစ်မှ ကလေးများမှာ လိမ်မာကျိုးနွံပြီး မည်သည့် ဒုက္ခမှလည်း မဖြစ်စေပေ။ ထို့အပြင် မျိုးစေ့ကြဲသည့် လုပ်ငန်းကိုပင် ကောင်းကောင်းလုပ်ဆောင် ပြီးမြောက်ခဲ့ကြသေး၏။ ရွာလူကြီးကျောက်က ဤနှစ်မှ ကလေးများကို အတော်ကြီး နှစ်သက်လေသည်။ ထို့ကြောင့် သူက ဤကလေးများ ကျောင်းသို့ ပြန်ရောက်သည့်အခါ ချီးကျုးမှုတချို့ ရရှိစေရန် စဥ်းစားကာ ထိုကလေးများအတွက် စကားကောင်းလေးများကို ကျောင်းသို့ ပြောပေးလိုက်သည်။
ဖုန်း၏ အခြားတစ်ဖက်မှ ကျောင်းအုပ်ကြီးသည်လည်း ဤအခြေအနေအတွက် အံအားသင့်နေပေသည်။ ထိုကျောင်းသားများက ဖြစ်နိုင်သမျှ နည်းလမ်းများကို သုံးကာ အိမိပြန်ဖို့ မကြိုးစားသလို လိမ်လိမ်မာမာ ဖြင့်ပင် အပင်စိုက်နေကြသေး၏။
သူဘယ်လိုလုပ်ပြီး ၎င်းကို မယုံကြည်ဘဲ နေနိုင်ပါအံ့နည်း။
သို့သော် ရွာလူကြီးကျောက်၏ ကိုယ်ကျင့်စရိုက်ကိုတော့ သူ ယုံကြည်ပါ၏။ သူက ဘယ်တုန်းကမှ လိမ်လည် လှည့်ဖြားတတ်သူမျိုး မဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စက အမှန်တရား ဖြစ်နိုင်ပါ၏။
စာသင်ကြားရေးမှာ သက်မွေးနေသူများပီပီ သူတို့က အလုပ်ကောင်းကောင်း လုပ်သူများကို ချီးမွမ်းပြီး စွမ်းဆောင်ရည် နိမ့်သူများကိုတော့ အပြစ်ရှာ ဝေဖန်သည်ကို နှစ်သက်လှပေသည်။
ထိုပထမနှစ် အတန်းက အသိတရား ရှိလေရာ ကျောင်းသားများအတွက် ချက်ပြုတ်ရမည့် အမယ်များ လုံလုံလောက်လောက် ပိုပေးရန် ရွာလူကြီးကို ကျောင်းက ညွှန်ကြားလိုက်တော့သည်။ ထိုအမယ်များကို သူတို့ မည်သို့ပင် ချက်ပြုတ်ကြပါစေ ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်ပါ သူ့ကို ပြောလိုက်၏။
ကျောင်းမှ ညွှန်ကြားချက်ကို လက်ခံ ရရှိလိုက်ပြီးနောက် ရွာလူကြီးက ရက်ရောစွာဖြင့်ပင် အသားနှင့် ငါးများ ယူဆောင်လာပေးကာ ရွာမှာ အလေ့ကျ ပေါက်နေသည့် ဂေါ်ဖီထုပ်နှင့် အာလူးများကိုပင် ယူဆောင်ပေးလာလေသည်။
ကျောင်းသားများမှာ နေ့လည်စာအတွက် အလွန် အူမြူးရတော့သည်။ သူတို့ အသား မစားရသည်မှာ တရက်မျှသာ ရှိသေးသော်လည်း သူတို့ကမူ ဤတောင်ပေါ်ရွာသို့ ရောက်ပြီး နှစ်ပေါင်းများစွာတိုင် ထိုအရသာကို မမြည်းစမ်းခဲ့ရသလို ခံစားရလေသည်။
ပုံမှန်ဆို လျစ်လျူရှု ခံထားရသည့် အသားနှင့် ငါးများမှာ ယခုမူ လူတိုင်း၏ မျက်လုံးကို ဆွဲဆောင်နိုင်စွမ်း ရှိနေပုံ ပေါ်ပါ၏။
127 02
အကယ်၍များ ၎င်းတို့သာ ဟင်းချက်ပစ္စည်းများ မဟုတ်ပါလျှင် ကွဲကွာနေသည့် မိဘများထံမှ နှစ်ရှည်လများ ပျောက်ဆုံးသွားသည့် သွေးရင်းများနှယ်ပင်။
ရှီလီတောင်မှ ၎င်းကို မမျှော်လင့်ခဲ့ပေ။ သူမ၏ ပြီးခဲ့သည့် ဘဝတုန်းက ဤရွာကို ရောက်ရှိလာချိန်မှစလို့ လွတ်မြောက်သွားသည်အထိ အသားအနည်းငယ်ကိုပင် မမြင်ဖူးလိုက်ချေ။ ယခု ဤနေရာမှာ ရှိနေကြသည့် သူတို့ကမူ ဒုတိယနေ့မှာပင် အသား စားနိုင်လေပြီ။ ၎င်းက ဖော်ပြခြင်းငှာ မစွမ်းသာလောက်အောင်ပင် အိပ်မက် ဆန်လှပေသည်။
ရွာလူကြီးက သူမတို့အပေါ် သဘောထားကောင်းများ ထားရှိသည်ကို ခံစားမိသွားသည့် ရှီလီက သူမ၏ ကံကောင်းမှုကို တွန်းထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ဦးလေး၊ မီးဖိုချောင်ထဲမှာ ဘာဟင်းခတ် အမွှေးအကြိုင်မှ မရှိဘူးရယ်။ ဦးလေးတို့ အိမ်က ဆားနဲ့ ရှာလကာရည်တွေ အပိုရှိရင် ကျွန်မတို့ကို ပေးလို့ရမလား။ ဟင်းခတ်မှုန့် မပါရင် အစားအသောက်တွေက အရသာ မရှိဘူးလေ။ ဆားကိုသာ မစားရရင် လူတွေလည်း ပင်ပင်ပန်းပန်း အလုပ် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်မတို့ ဦးလေးကို ငွေပေးနိုင်ပါတယ်”
ရွာလူကြီးအနေဖြင့် ရှီလီထံမှ ငွေယူရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ကလေးများထံမှ ငွေကြေးမယူရန်နှင့် သူတို့၏ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ ကူညီပေးဖို့သာ ကျောင်းက ပြောထားပါ၏။ ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းထားရန်အတွက် ရွာလူကြီးက ဟိုးယခင်ကတည်းပင် ရွာသားများကို ညွှန်ကြားထားပေရာ သူကိုယ်တိုင်ကရော ဤစည်းမျဥ်းကို ဘယ်လိုကြောင့် မလိုက်နာရပါမည်လဲ။
ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ရွာအတွက် မြောက်မြားစွာသော အကျိုးအမြတ်များ ယူဆောင်ပေးနိုင်ပါ၏။ ထို့ကြောင့် သူတို့က ရွှေဥ ဥနေသည့် ငန်းကို အဘယ့်ကြောင့် သတ်ရမည်နည်း။ ရွာသားများသည်လည်း ထိုသို့ပင် ကောင်းစွာ မှတ်ယူထားသည်သာ။
သူက ခေတ္တမျှ စဥ်းစားလိုက်၏။ ဤကလေးများကို ဟင်းခတ် အမွှေးအကြိုင် တချို့တလေ ပေးလိုက်ခြင်းက အကူအညီ ပေးသည်ဟုပင် တွက်လို့ မရပါပေ။
ဟင်းခတ်အမွှေးအကြိုင် မပါဘဲ ချက်ပြုတ်ဖို့က မဖြစ်နိုင်သလို ကျောင်းဘက်ကလည်း ကလေးများကို အတွေ့အကြုံ ရဖို့သာ အလိုရှိခြင်းဖြစ်ပြီး အမှန်တကယ်ကြီး ဒုက္ခရောက်စေလိုတာ မဟုတ်ပေ။
ထို့ကြောင့် ရွာလူကြီးက သဘောတူလိုက်လေသည်။
“ဟုတ်ပါပြီ၊ ငါ မင်းကို ငါတို့အိမ် ခေါ်သွားပေးမယ်လေ။ ပြီးရင် ဟင်းခတ်မှုန့် နည်းနည်းစီလောက် ထုပ်ပေးဖို့ ငါ့မိန်းမကို ပြောပေးမယ်”
သူမက ရွာလူကြီး၏ အိမ်သို့ သွားရမည်ကို ကြားသည့်အခါ ရှီလီက ပိုလို့တောင် ပျော်ရွှင်သွားတော့၏။ သူမသာ ထိုနေရာကို ရောက်ပါက သူမက နောက်ထပ် လိုအပ်တာတွေ ထပ်တောင်းလို့ ရပေမည်။
“ အရမ်း အရမ်းကို ကောင်းတာပေါ့”
ဖူဟွေ့ရှင်းကလည်း ပြောလိုက်၏။
“ငါ နင်နဲ့အတူ လိုက်ခဲ့ပေးမယ်လေ။ နင့်ကို ကူပြီး သယ်ပေးလို့ ရတာပေါ့”
ရှီလီကမူ တိတ်တိတ်လေး မျက်မှောင် ကြုတ်မိ၏။ ဟင်းခတ်မှုန့် နည်းနည်းပါးပါးက ဘယ်လောက်လေးမှာ မို့လို့လဲဟယ်။ ရွာလူကြီးရဲ့ ရက်ရောမှုအပေါ် အခွင့်ကောင်းယူမဲ့ ငါ့ရဲ့ရည်ရွယ်ချက်ကို နင်က ဖော်ထုတ်လိုက်တာပဲနော်။
အတန်းခေါင်းဆောင်ကလည်း သဘောတူပြီး ခေါင်းညိတ်လိုက်၏။
“မင်းတို့နှစ်ယောက် အတူတူ သွားကြ။ မြန်မြန်သွားပြီး မြန်မြန်ပြန်လာ။ ငါတို့တွေ နေ့လည်စာ ချက်ရဦးမှာ”
ရှီလီနှင့် အတူ လိုက်သွားမည့် ဖူဟွေ့ရှင်းကြောင့် လူတိုင်း စိတ်အေးသွားလေသည်။
သို့မဟုတ်လျှင် ဤခရီးက ကျောင်းက စီစဥ်ပေးတာဖြစ်ပြီး ကောင်းမွန်ပါသည် ဆိုလျှင်တောင်မှ မိန်းကလေးငယ်လေး တစ်ယောက်တည်းကို ယောကျာ်းတစ်ယောက် အိမ်သို့ တစ်ယောက်တည်း သွားခွင့်ပြုလိုက်ခြင်းက လုံးလုံးလျားလျား စိတ်အေးလက်အေး ရှိရမည်တော့ မဟုတ်ပေ။ ဖြစ်ပြီးမှ ဝမ်းနည်းတာထက် ကာကွယ်တာက ပိုကောင်းသည်။
127 03
ဖူဟွေ့ရှင်းပါ အတူလိုက်သွားပါက သူတို့လည်း စိတ်အေးနိုင်မည်။
ဖူဟွေ့ရှင်းက သိုင်းပညာ ကျွမ်းကျင်ကြောင်း လူတိုင်း သိ၏။ ထို့ကြောင့် သူသာ ဘေးမှာ ရှိနေလျှင် မည်သည့် မတော်တဆမှ ဖြစ်ပွားမည် မဟုတ်ပေ။
ရွာလူကြီးကလည်း သူတို့နှစ်ဦးကို အိမ်သို့ ခေါ်လာခဲ့၏။ ရွာလူကြီး၏ ဇနီးသည်မှာ ရင်သပ်ရှုမောသွားပေ၏။ လူငယ်လေးများက ဘယ်လောက် လှပချောမောသည်ကို ကြည့်ပါဦး။ TV ထဲမှ Cele များနှင့်ပင် တူနေသေးလေသည်။
ဤကျောင်းသားလေး နှစ်ဦးက “ ဆင်းရဲဒုက္ခများကို အမှတ်ရပြီး ချိုမြိန်မှုလေးများကို တွေးတောခြင်း”ဟူသည့် အတွေ့အကြုံကို ရယူရန် ရွာသို့ ရောက်ရှိလာကြသည့် ကျောင်းသားများဖြစ်ကြောင်း သူမ သဘောပေါက်သွားပါ၏။
ရွာလူကြီးက ပြောလာသည်။
“ သူတို့အတွက် ဟင်းခတ်မှုန့် နည်းနည်းပါးပါး ထုပ်ပေးလိုက်ပါဦး။ ချက်ပြုတ်စားဖို့ သူတို့ အဲဒါတွေ လိုတယ်လေ”
“အို့….ဟုတ်ပါပြီ၊”
ခေတ္တမျှ တုံ့ဆိုင်း တွေဝေနေသည့် ရွာလူကြီး၏ ဇနီးသည်လည်း လိုအပ်သည်များကို ရှာဖွေရန် အလျင်အမြန် ထွက်သွား၏။
ရှီလီက သူမနောက်မှ လိုက်သွားပြီး အခန်းထဲကို မဝင်ဘဲ သိုလှောင်ခန်း တံခါးဝမှ ရပ်စောင့်နေ၏။
ရွာလူကြီး၏ ဇနီးသည်က မေးလိုက်သည်။
“မင်း ဘာလိုချင်တာလဲ။ ဆီလား၊ ဆားလား၊ ရှာလကာရည်လား”
“ဟုတ်ကဲ့၊ အဲဒါတွေနဲ့ ပဲငံပြာရည်ပါ လိုချင်တယ်။ ဒေါ်လေးမှာ ငရုတ်သီးခြောက်တွေများ ရှိဦးမလား…”
ရှီလီ ထိုအမယ်များကို စတင် စာရင်းပြုစုစဥ်ကတည်းက သူမက မရပ်တန့်နိုင်တော့ပေ။ ရွာလူကြီး အိမ်မှာ ရှိနေသည့် အချို့ ဥစ္စာများက အိတ်တဝက်မျှသာ ကျန်ရှိတော့ရာ ကုန်စုံဆိုင်ငယ်လေးသို့ သွားကာ အသစ်ဝယ်လာရန် ရွာလူကြီး၏ ဇနီးက သူမ ခင်ပွန်းကို ပြောလိုက်၏။
ရွာလူကြီးက အိမ်ဆိုင်ငယ်လေးမှ အိမ်သို့ ပြန်ရောက်လာသည့်အခါ သူ ပိုပြီး စဥ်းစားလေ၊ တစ်စုံတစ်ရာကတော့ လွဲမှားနေပြီဟု ပိုခံစားရလေ ဖြစ်ကာ သူ၏ လက်ချောင်းများကိုပင် ဘယ်ဟာမှန်း တိတိကျကျ မသိရှိတော့ပေ။
ဆိုင်မှ ဝယ်လာသည့် ပစ္စည်းများကို အိမ်သို့ ယူလာသည့် ရွာလူကြီးက ထူးဆန်းမနေပေ။ သို့သော် သူ့ဇနီးကတော့ သွေးရူးသွေးတန်း ဖြစ်နေပုံ ပေါ်၏။
သူတို့မှာ သန့်စင်ခန်းသုံး တစ်ရှူး မရှိဘူးဟု ကြားသည့်အခါ နှစ်ထုပ်မျှ ပိုဝယ်လာရန် ရွာလူကြီး၏ဇနီးက သူ့ခင်ပွန်းကို ပြောလိုက်၏။ သူ့ခမျာ ထိုတိုလီမုတ်စ အကုန်လုံးကို ဝယ်ခြမ်းလို့ ပြီးသော် ဤမျှ အများအပြား ဝယ်ယူခြင်းကြောင့် ဆိုင်ရှင်ပင်လျှင် အံ့သြရတော့သည်။
အထူးသဖြင့် နောက်ပိုင်းကျ ဤကုန်ကျငွေများကို ဘယ်နည်းနှင့်မဆို ကျောင်းဘက်က ပြန်ပေးမည် ဖြစ်ပေရာ ဤမစို့မပို့ ငွေပမာဏလောက်ဖြင့်တော့ သူက စကားကတ်ပြီး ပြောမနေတော့ပေ။
ယခုက အကျိုးအမြတ် ရခြင်းသာ ဖြစ်သည်ဟု သူက ခံစားရ၏။ ထို့နောက် သူ အိမ်ပြန်ရောက်သည့်အခါ ကျောင်းသူကောင်မလေးက ဟင်းရွက်အိတ်ကြီး သယ်ထားပြီး ကျောင်းသားကောင်လေးက ဥခြင်းကြီးကို ကိုင်ထားသည်ကို မြင်လိုက်ရပါ၏။
ဤလှည့်ဖြားခံရသည့် ခံစားချက်က ပိုလို့တောင် သိသာလာတော့သည်။
ရွာလူကြီးက သူ့ဇနီးကို မျက်နှာထား တင်းတင်းဖြင့် မေးလိုက်၏။
“မင်း ဒါတွေအတွက် ပိုက်ဆံ ယူလိုက်သေးလား”
ရှီလီက ရှင်းပြရန် ရှေ့ကို လှမ်းလာ၏။
“မယူဘူး။ မယူဘူး။ ဒါတွေ အကုန်လုံး အန်တီက ကျွန်မတို့ကို အလကားပေးတာ။ အန်တီက တကယ့်ကို ကြင်နာတတ်တာပဲ”
127 04
ရွာလူကြီး.!!!!!
ရွာလူကြီး၏ဇနီးက စိတ်ဆိုး ဒေါသထွက်သွားလေသည်။ သူမက အကြောင်းပြချက်မရှိပဲ ကြိမ်းမောင်း ခံလိုက်ရပေရာ သူမကလည်း သူ့ကို ချက်ချင်းပြန်ပြီး ဆူပူလိုက်၏။
“ဒီလောက်လှတဲ့ ကောင်မလေးကို ကြက်ဥပေးတာ ဘာများ မှားနေလို့တုန်း”
ရွာလူကြီးခမျာ စကား ပြန်မပြောဝံ့ပေ။ ဒါပေမဲ့ အဲဒီ ကြက်ဥတွေက ငါ အားဖြည့်ဖို့ အတွက်လို့ မင်းပဲ ရှင်းရှင်းလင်းလင်း ပြောထားခဲ့တာကို။
သူမ၏ ခင်ပွန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည့် အန်တီမှာ ချောချောလှလှ ကျောင်းသားလေးနှစ်ဦးထံ လှည့်သွားချိန်မှာတော့ မျက်နှာမှာ အပြုံးများ ပြည့်နေပေသည်။
“မင်းတို့ ဦးလေးက အကုန်လုံး ပြန်ယူလာပြီ။ တကယ်လို့ မင်းတို့ ဘာပဲ လိုအပ် လိုအပ်၊ အန်တီကိုသာ ပြောလိုက်၊ အန်တီ မင်းတို့ကို ကူညီပေးမယ်”
နောက်မှာ ကျန်နေခဲ့သည့် ကလေးများကတော့ ဝန်စည်စလှယ် အပြည့်ဖြင့် ပြန်လာသည့် ထိုနှစ်ယောက်ကို တွေ့သည့်အခါ အံ့သြ တုန်လှုပ်သွားလေတော့သည်။ သူတို့က ဟင်းခတ် အမွှေးအကြိုင် တချို့ပဲ သွားယူတာ မဟုတ်ဘူးလား။
ဥနှင့် ဟင်းသီးဟင်းရွက်များက ဟင်းခတ်ပစ္စည်းများဟု မှတ်ယူလို့ ရစေဦးတော့။ သန့်စင်ခန်းသုံး တစ်ရှုးတွေကရော…
လက်တွေ့ ဟင်းချက်နည်းများကို Online ပေါ်မှာ ရှာဖွေကာ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်လိုက်သည့်အခါ ယနေ့အတွက်တော့ လူတိုင်း၏ တစ်နပ်စာက အတော်ကြီး ကောင်းမွန်ပေတော့သည်။
သူတို့က မနက်နှစ်နာရီ၊ နေ့လည် နှစ်နာရီသာ အလုပ်လုပ်ကြရာ လယ်သမား ဦးလေးကြီးများ၏ အလုပ်ထက်တော့ ပိုမို လွယ်ကူပါ၏။
လယ်လုပ်ချိန် ပြင်ပတွင်တော့ လူတိုင်းက သူတို့နှစ်သက်ရာ အလုပ်များ လုပ်ခြင်းဖြင့် အချိန်ဖြုန်းနိုင်ပါ၏။
ထို့ကြောင့် ကျန်သည့် အချိန်များတွင် သူတို့က ဂိမ်းလေးဆော့လိုက် အတင်းလေး အုပ်လိုက်နှင့် ဘဝကြီးကို သာတောင့်သာယာ နေထိုင်နေကြလေသည်။
ထိုလယ်အလုပ်များကြောင့် အနည်းငယ် ပင်ပန်း နွမ်းလျသည်မှ လွဲ၍ ဤမျှ သာယာပြီး ပျော်ရွှင်ဖွယ် ဘဝနေထိုင်မှုက ယခုလက်ရှိ လူတိုင်းကို ငြိမ်းချမ်းခြင်းနှင့် ရောင့်ရဲတင်းတိမ်သည့် အာရုံများကိုသာ ပေးစွမ်းတော့သည်။
ဤနွေရာသီ ခရီးတိုက ပျော်ရွှင်ကြည်နူးဖွယ် ကောင်းပေစွ။
တဟုန်ထိုး တိုးတက်လာသည့် မြို့ပြ၏ အရှိန်အဟုန်နှင့်အတူ အထူးသဖြင့် သူငယ်ချင်းကောင်းများနှင့် အဖော်ပြုကာ အတူနေရသည့် ဤကျေးလက်ဘဝက ငြိမ်သက်အေးချမ်းလှသည်ပင်။
သူတို့၏ ကျောင်းသားများက အကျင့်စာရိတ္တ ကောင်းသည့် ကျောင်းသား မရှိပါဘူးဟု မည်သူက ပြောပါသနည်း။ ဤကျောင်းသားလေးများကပင် သက်သေမဟုတ်ဘူးလား။
ထို့နောက် ဤကျောင်းသားများက နာခံကျိုးနွံမှု ရှိကြပေရာ အခြားနေရာမှာ ရှိနေသည့် ဒုက္ခရောက်နေသူ ကျောင်းသားများနှင့် ဆန့်ကျင်ဘက် ဖြစ်စွာပင် သက်တောင့်သက်သာ နေထိုင်နေကြကြောင်း ရွာလူကြီးထံမှ ကြားသိခဲ့ရ၏။
ထို့ကြောင့် ကျောင်းအုပ်ကြီးလည်း အတော်ကို စိတ်တထင့်ထင့် ဖြစ်ရပေတော့သည်။
******
128 01
အပိုင်း 128.
ထို Class1 အထက်တန်း ပထမနှစ်မှ ကျောင်းသားများက အခြားအတန်းများမှ သနားကရုဏာသက်ဖွယ် ကျောင်းသားများနှင့် ဆန့်ကျင်စွာပင် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေနိုင်ကြလိမ့်မည်ဟု ကျောင်း၏ခေါင်းဆောင်များက ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါပေ။
ထိုကျောင်းသားများအတွက် ဤခရီးစဥ်က လွယ်ကူလွန်းနေသည်ဟု ကျောင်းခေါင်းဆောင်က ခံစားရ၏။
ထို့ကြောင့် သူတို့က စဥ်းလဲသော အကြံကို ကြံစည်လေသည်။
ရှီလီက သူမ၏ ပြီးခဲ့သည့် ဘဝတုန်းက အတွေ့အကြုံ၏ အကူအညီကြောင့်သာ ရွာမှာပဲ လိမ်လိမ်မာမာ နေလိုက်ခြင်းက သူတို့ကို ဒုက္ခမှ လွတ်စေခဲ့တာ ဖြစ်သည်ဟုသာ တွေးမိခဲ့၏။
သို့သော် ရှီလီခမျာ ကျောင်းအုပ်ချုပ်သူတို့၏ သမရိုးကျ မဟုတ်သည့် နည်းဗျူဟာတို့ကိုမူ ထည့်မတွက်မိပါပေ။
ယင်းက စာမေးပွဲ မဖြေဆိုမီ အခြေအနေနှင့် ဆင်တူလှပါ၏။ စာစစ်သူ၏ ရည်ရွယ်ချက်ကို သင်ခန့်မှန်းနိုင်သည်ဟု တွေးထင်ထားသော်ငြား ထိုစာစစ်သူက နားလည်ရခက်သော စိတ်ရှိသူ ဖြစ်ပေရာ သင် နားလည်သဘောပေါက်ဖို့ မဖြစ်နိုင်ပေ။
နေ့တိုင်းလိုလို ထိုကျောင်းသားများက လယ်ကွင်းဆီသွားကာ အချိန်မှန် အလုပ်လုပ်ကြပြီး မည်သည့် စောဒက တခုမှ မတက်ပါပေ။
ယင်းက ဘယ်တုန်းကမှ အမှား မရှိခဲ့ဖူးသည့် ရှီလီ၏ အတွင်းစိတ် အတွေးထဲမှ မြော်မြင်မှုများကို ယုံကြည်ကြသောကြောင့်ပင်။
သူတို့တွေ ရှီလီအပေါ် ထားရှိသည့် ယုံကြည်မှုက ရှီလီတစ်ယောက် သူမကိုယ်ကို ယုံကြည်ခြင်းထက်ပင် ခိုင်မာနေသေး၏။
သူတို့က ဘေးနားမှာ အိပ်မောကျနေမည့် အတန်းဖော်များ ဝန်းရံနေသည့် ခန်ပုံစံ မြေကြီး အိပ်ဆောင်ထက်မှာ နိုးထလာရမှာ မဟုတ်ကြောင်း ရှီလီရော သူမ အတန်းဖော်များပါ ဘယ်တုန်းကမှ မတွေးထင်ခဲ့ပေ။
ထိုအစား သူတို့နိုးလာသည့်အခါ သူတို့က သူတို့ ဘေးမှလူများ၏ ကောက်ကြောင်းကိုသာ မြင်ရလောက်သည့် ပိန်းပိတ်အောင် မှောင်နေသည့် အခန်းထဲမှာ ရှိနေကြောင်း တွေ့ရှိရတော့သည်။
သူတို့၏ ခြေထောက်နှင့် လက်များကို ပူးပြီး ချည်နှောင်ခံထားရကာ သူတို့ခမျာ အလွန်တရာကို သက်တောင့်သက်သာ မရှိလှသည့် အနေအထားမှာ ထိုင်နေရခြင်းပင်။ အကယ်၍များ ထိုအချိန်မှာ သူတို့က မတ်တပ်ရပ်ခြင်း သို့မဟုတ် ကိုယ်လက်စန့်ခြင်းများ ပြုလုပ်နိုင်ပြီး ယုတ်စွအဆုံး သူတို့၏ ခြေလက်များကို အနည်းငယ်မျှ လှုပ်ရှား၍ ရလျှင်တောင်မှ သူတို့က ဧရာမ စိတ်အေးမှုကြီး ရရှိပေလိမ့်မည်။
သူတို့၏ ခြေလက်များကို တုပ်နှောင်ခံထားရခြင်းဖြင့်သာ.ဆိုပါလျှင် မတ်တပ်ရပ်ခြင်းတောင်မှ မဖြစ်နိုင်သည့် အလုပ်ကြီးပါပင်။
သူတို့၏ ပါးစပ်များကိုပါ ပိတ်ဆို့ခံထားရပေရာ သူတို့ခမျာ အသံတောင်မှ မထွက်နိုင်ပါပေ။
ရုပ်ရှင်များတွင် တွေ့ရသလို သူတို့၏ ပါးစပ်များကို အဝတ်စများဖြင့် ထိုးသိပ် ထည့်ထားတာမဟုတ်ပဲ သူတို့ ပါးစပ်များကို ဆေးရုံသုံး တိပ်များဖြင့် ပိတ်ထားခြင်းပေတည်း။
သူတို့ခမျာ အသံထွက်ရန် ဝေးစွ၊ ပါးစပ်တောင် မဟနိုင်ပါပေ။
ရှီလီက သူမ မျက်လုံးကို အရင်ဆုံး ဖွင့်ကြည့်လိုက်သည့်အခါ သူမက နောက်တကြိမ် ကူးပြောင်းဝင်ရောက် သွားပြန်ကာ ဤအချိန်က မူလဝတ္ထု၏ ဇာတ်ကြောင်း ရှိမည့်နေရာ ဖြစ်မည်ဟု တွေးမိလေသည်။
Male Lead ကို လွန်လွန်ကျူးကျူး စွဲလန်းနေသည့် ဆိုးယုတ်ရက်စက်သော အမျိုးသမီး ဇာတ်ပို့ပီသစွာပင် ဖုန့်ယွင်ဟယ်နှင့် လျန်ရုန်ရုန်တို့ စုံတွဲဖြစ်သွားချိန်တွင် သူမ၏ အသည်းကျော်လေးကို တခြားလူက လုပြေးသွားမည်ကို သူမအနေဖြင့် လက်မခံနိုင်ခဲ့ပါပေ။ ထို့ကြောင့် သူမလည်း မတတ်သာသည့် အဆုံးတွင် ရာဇဝတ်မှုမြောက် ဗျူဟာများကို ကျင့်သုံးရတော့သည်။
ထိုအထဲတွင် လျန်ရုန်ရုန် ပြန်ပေးဆွဲခံရခြင်းလည်း တစ်ခုအပါအဝင် ဖြစ်လေသည်။ Female Leadတို့၏ သမာသမတ်ကျသော အရောင်အဝါတို့၏ အကာအကွယ်ရရှိထားသည့် ဇာတ်ဆောင်တစ်ဦးအနေဖြင့် လျန်ရုန်ရုန်က သေချာပေါက်ကို ဘေးကင်းခဲ့ပါ၏။
ဆိုးယုတ် ရက်စက်လှသည့် အမျိုးသမီး ဇာတ်ပို့ကမူ သူမ ထောင်ချောက်မှာ ပြန်မိခြင်းဖြင့် အဆုံးသတ်ခဲ့ပြီး လျန်ရုန်ရုန်အစား သူမက ပြန်ပေးဆွဲ ခံရသူ ဖြစ်သွားတော့၏။
128 02
ရှီလီကမူ သူမ အိပ်စက်နေစဥ် ထိုဇာတ်ကြောင်း နေရာသို့ ကူးပြောင်း ဝင်ရောက်လာခြင်း ဖြစ်သည်ဟု အမှန်ကြီး ယုံကြည်နေပေသည်။
အပြင်မှာ ရှိနေသူများက အကြင်နာမဲ့စွာ ရက်စက်လှသည့် ပြန်ပေးသမားများ ဖြစ်လေရာ သူမ အသက်ကတော့ အန္တရာယ် ရှိနေလေပြီ။
ရှီလီက မူလဝတ္ထုမှ ဇာတ်ကြောင်းကို ပြန်မှတ်မိဖို့ အသည်းအသန် ကြိုးစားနေပါ၏။ သို့သော် ၎င်းက ဆိုးယုတ်ရက်စက်သည့် ဇာတ်ပို့ကာရိုက်တာ၏ ဝမ်းနည်းဖွယ် အဆုံးသတ်မျှသာ ဖြစ်ပေရာ အသေးစိတ်ကျကျ ဖော်ပြမထားပါပေ။
အခြား အတန်းသားများသည်လည်း သူတို့၏ သက်ဆိုင်ရာ အမှောင်ခန်းများမှ တဖြည်းဖြည်း နိုးလာကြပြီး သူတို့ ပြန်ပေးဆွဲခံထားရကြောင်း သဘောပေါက်လာလေတော့၏။
သို့သော် အခြေအနေ အမှန်က ဘယ်အရာနည်း။ ပြန်ပေးဆွဲသမားများကရော မည်သူတွေလဲ။ သူတို့ အဘယ်ကြောင့် ပြန်ပေးဆွဲရသနည်း။ လက်စားချေဖို့ သို့မဟုတ်၊ ငွေညှစ်ဖို့အတွက်လား။ တခြားအတန်းဖော်တွေရော ဘယ်လို ဖြစ်နေကြပြီလဲ။ သူတို့ကို ဘယ်လို လုပ်လိုက်ပြီလဲ။
လူတစ်ဦးတည်း ပြန်ပေးဆွဲ ခံရခြင်းးလား သို့မဟုတ် တစ်ခန်းလုံးလား။
အကယ်၍များ တခန်းလုံးကို ဆိုပါလျှင် မည်သူကများ ထိုသို့ လုပ်နိုင်သနည်း။ လူသုံးဆယ်မျှကို တပြိုင်တည်း ထိန်းချုပ်ခြင်းက အလွန်ကြီးမားသော တာဝန်ကြီးပါပင်။
လူတိုင်းက စိတ်လွတ်နေရာကနေ တအီအီ ငိုကြွေးသံကြောင့် ရုတ်တရက် လန့်ဖျပ်ကုန်တော့သည်။
သူတို့၏ မျက်နှာရှေ့မှ လက်များကိုပင် မမြင်နိုင်သည့် ဤပိန်းပိတ်အောင် မှောင်နေသော အခန်းထဲတွင် မျက်ရည်တွေ ကျကာ ရှိုက်ငိုနေသည့် မိန်းမတစ်ယောက်၏ အသံကို ကြားရခြင်းက အတော်ကြီးကို တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေစွ။
ယင်းက အပြာရောင် တစ္ဆေမီးတောက်နှစ်ခု ဝိုင်းရံထားပြီး အဖြူရောင် ဝတ်ဆင်ကာ လမ်းပေါ်မှာ မျောလွင့်နေသည့် ဆံပင်ရှည်သရဲမကို မြင်ရခြင်းနှင့် မကွာခြားလှပါပေ။
(ဘယ်လိုကြောင့်များတုန်းဟယ်)
(ငါ့မျက်လုံးကို ဖွင့်လိုက်တာနဲ့ ဘယ်လိုလုပ်ပြီး ဒီလိုနေရာကြီးမှာ အဆုံးသတ်ရတာတုန်း)
(ကျူးမီးငါး။ ကယ်ကြပါဦး)
(ငါ့ဘဝနှယ် ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲလို့)
သူမမှာတော့ ဤတာဝန်များကို ပြီးမြောက်အောင် ရေကုန်ရေခမ်း ကြိုးစားခဲ့ရတာကို ဘယ်လိုလုပ်ပြီး နောက်တစ်ကြိမ် ကူးပြောင်းလာရသည်လဲ။
ကူးပြောင်းဝင်ရောက်ခြင်းက ကိစ္စတခုဖြစ်သော်လည်း ယခုလောက် ဆိုးဝါးသည့် အချိန်ကြီးမှာ အဆုံးသတ်ရမည်တဲ့လား။ ဒါကြီးက ဘယ်လိုတောင် အသက်ရှင်နေသည်ဟု ပြောလို့ရပါမည်လဲ။
အကယ်၍ သူမက အလွန်ခက်ခဲ ပင်ပန်းလှစွာသော တက္ကသိုလ် ဝင်ခွင့်ကို နှစ်ကြိမ်တိုင်မျှ ကြိုးစားရသည် ဆိုလျှင်တောင် ယခုထက်တော့ ပိုကောင်းသေးသည်ပင်။
(ငါတကယ်ကြီးကို မိုက်မဲတာပဲ၊ဝါးးးးးး)
အခြား အခန်းများထဲမှာ အကျဥ်းကျနေသည့် ကျောင်းသားများလည်း ဂရုတစိုက် နားထောင်လိုက်ပေရာ ထိုအသံရှင်မှာ သူတို့၏ သူငယ်ချင်းဟောင်းကြီး ရှီလီမှလွဲ၍ အခြားမည်သူမျှ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့၏။
ယင်းက မြောက်မြားလှစွာသော သတင်းအချက်အလက်များကို လှစ်ဟ ပြလိုက်ပေ၏။ သေချာသည်က ဤနေရာမှာ ရှိနေသူက သူတို့သာ မဟုတ်ဘဲ တစ်ခန်းလုံး ဤနေရာသို့ ခေါ်လာခံရသည်မှာ 90% ဖြစ်နိုင်ချေ ရှိလေသည်။
ကိစ္စက ထိုသို့ ဖြစ်ပါလျှင် လက်စားချေရန် ဆောင်ရွက်ခြင်း၏ ဖြစ်နိုင်ချေက သုညပါပင်။
၎င်းက ငွေညှစ်ဖို့ပဲ ဖြစ်နိုင်ပါသည်။ ဤကလေးများက ရွာမှာ အတွေ့အကြုံ လာယူသည့် လူချမ်းသာကလေးများ ဖြစ်ကြောင်းကို ပြန်ပေးသမားများက သိရှိသွားသောကြောင့် ဖြစ်နိုင်ကာ သူတို့က ပြန်ပေးဆွဲရန် ဆုံးဖြတ်လိုက်ပြီး လူချမ်းသာများထံမှ ငွေညှစ်လိုခြင်းပင်။
128 03
ထိုခန့်မှန်းချက်က ဖြစ်နိုင်ချေ အမြင့်ဆုံးဖြစ်၏။ ယခုမူ အခြားသော ကျောင်းသားတချို့ကမူ မဖြစ်နိုင်သည့် ဇာတ်ညွှန်းဖြစ်သော “ကျောင်းကလုပ်တာလား” ဟူ၍ပင် တွေးမိနေလေပြီ။
ယင်းခန့်မှန်းချက်ကလည်း ဘာအထောက်အထားမှ မရှိပေ။ ထို့ပြင် အကျိုးသင့် အကြောင်းသင့် ဆိုရသော် ကျောင်းကလည်း ထိုသို့ လုပ်မည် မဟုတ်ပေ။
သို့သော် လူတိုင်း လူတိုင်းကမူ ဤကိစ္စက ကျောင်းနှင့် ပတ်သက်နေမည်ဟု တညီတညွတ်တည်း ခံစားရလေသည်။
အကယ်၍များ ၎င်းက ကျောင်း၏ လက်ချက်ဆိုပါလျှင် တစ်စုံတစ်ယောက်ကတော့ သူတို့ကို စောင့်ကြည့်နေမည်က အသေအချာဖြစ်ပေသည်။ ထို့ကြောင့် အကယ်၍ သူတို့ဘက်ကသာ နေ့တဝက်မျှ မည်သည့် လှုပ်ရှားမှုကိုမှ မမြင်ရပါက ထိုလူများက သူတို့ကို လာရောက် ကယ်ဆယ်ပေလိမ့်မည်။
ထိုနည်းလမ်းကို စဥ်းစားမိသည့် ကျောင်းသားများက ရုန်းကန် လှုပ်ရှားခြင်းများကို ရုတ်ခြည်း လက်လျှော့လိုက်ကြတော့၏။
အခြေအနေကို သတိမမူမိသည့် ရှီလီ တစ်ယောက်တည်းကသာ သူမက နောက်တစ်ကြိမ် ကူးပြောင်း ဝင်ရောက်လာကာ သေတော့မည်ဟု ယုံကြည်နေပြီး သူမက လွတ်မြောက်ရန် ရေကုန်ရေခမ်း ကြိုးစားလေတော့သည်။
အထူးသဖြင့် ဆိုးဝါး ပြင်းထန်သော အခြေအနေတွင် လူသားတို့၏ စွမ်းပကားက အကန့်အသတ်မရှိဟု ဆိုရိုး ရှိကြသည် မဟုတ်လား။
သင့်ကိုယ်သင် ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ခြင်း မခံရသရွေ့ သင်၏ စွမ်းပကား မည်မျှရှိကြောင်း သင်ဘယ်သောအခါမှ သိလိမ့်မည် မဟုတ်ပေ။
ရှီလီက ထိုအခြေအနေထဲသို့ အတိအကျ ရောက်ရှိနေသူပင်။
ရုန်းကန်နေသည့် ရှီလီက ထိုကုလားထိုင်ကြီးနှင့်အတူ မြေကြီးပေါ်သို့ ပြုတ်ကျလေတော့သည်။
(အို့ အိုး )
သူမက သူမ လက်များကို ဆန့်ကာ ခြေထောက်မှာ ချည်ထားသည့် ကြိုးကို ဖြည်ရန် ကြိုးစား၏။ သူမ၏ လက်ကောက်ဝတ်မှာ ကြိုးကြောင့် ပွန်းရှကာ နာကျင်နေပြီ ဖြစ်သော်လည်း သူမက ထိုအထုံးကို ဖြည်ရန် ဇွတ်ပေကာ ကြိုးစားနေပေသည်။
သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း အလွန်ခွေခေါက်နေသည့် အခြေအနေသို့ ရောက်ရှိနေပေပြီ။ ထိုအချိန်တွင် ရှီလီက သူမ အက သင်ခဲ့ခြင်းအပေါ် အလွန် ဂုဏ်ယူမိပေသည်။ သူမက ကွေးနိုင် ဆန့်နိုင်စွမ်း မြင့်မားလှသူ ဖြစ်သည့်အတွက် အခြားသူများအတွက် မဖြစ်နိုင်သည့် အားသွန်ခွန်စိုက် လုပ်ရမည့် အရာမျိုးက ရှီလီအတွက်တော့ မခက်ခဲပေ။
နောက်ဆုံးမှာတော့ သူမက သူမခြေကျင်းဝတ်မှာ ချည်ထားသည့် ကြိုးကို ဖြည်လိုက်နိုင်ကာ လွတ်လပ်သွားပြီး သူမ နိုးလာကတည်းက ပိတ်ထားသည့် တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်မှ အလင်းရောင်များကို တိုးဝင်လာခွင့် ပြုလိုက်လေသည်။
အမှောင်ထဲမှာ ကြာရှည်စွာ နေခဲ့ရသည့်အတွက် ထိုစူးရှသော အလင်းရောင်များက ရှီလီကို ကသိကအောက် ဖြစ်သွားစေခဲ့၏။
သို့သော် ထိုအလင်းရောင် စူးစူးဖြစ်စေ အခြားဖြစ်စေ ယခု ရှီလီအတွက် အဓိက မဟုတ်ပေ။ သူမ စိတ်ထဲတွင် ယခုလို အတွေးများသာ ပြည့်နှက်နေပါ၏။ (အဲဒါ ပြီးသွားပါပြီ၊ အဲဒါ ပြီးသွားပါပြီ။ အဲဒီ ပြန်ပေးသမားတွေက ငါ လွတ်အောင်ကြိုးစားနေတာကို ဖမ်းမိသွားမှာလား။ အိုး မဟုတ်ဘူး။ မဟုတ်ဘူး။ သူတို့ ငါ့ကို သတ်ပစ်ကြမှာလား)
အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည့် သူမ အတန်းဖော်များမှာ ရုတ်တရက်ကြီး ထ အော်လိုက်သည့် ရှီလီ၏ စူးစူးရှရှ အော်ဟစ်သံကြောင့် နားစည်ကွဲလုမတတ်ပင်။ သို့သော် ယခု ယင်းက အရေးကြီးသည့် အရာ မဟုတ်သေးပေ။
အဘယ့်ကြောင် ရှီလီက သူရှိနေသည့် အခန်းကို ဖွင့်လိုက်ရသနည်း။ သူတို့၏ ခန့်မှန်းချက်များ မှားယွင်းကုန်သည်လား။ ဒါကြီးက ကျောင်းရဲ့ နောက်ပြောင်ကျီစယ်မှု ဟုတ်မနေတာလား။
128 04
လူတိုင်ကလည်း ရှီလီအတွက် စတင် ပူပန်လာကြပြီ ဖြစ်၏။ ယင်းက သူတို့တွေ နောက်ထပ် ဘယ်တော့မှ အတင်းမပြောရတော့မည်ကို ကြောက်ရွံသောကြောင့် မဟုတ်ဘဲ အချိန်တွေ အကြာကြီး အတူ ရှိလာကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် သွေးသားရင်းဟု ရှုမြင်ကြသောကြောင့်ပင်။ ယခု မည်သူ တဦးတစ်ယောက်ပဲ ဒုက္ခတွေ့ရသည်ဖြစ်စေ လူတိုင်း စိုးရိမ်ပူပန်ကြမှာပဲ ဖြစ်လေသည်။
ထို့ကြောင့် သူတို့က ယခုထက်ပိုပြီး အသုံးမကျသူ တစ်ယောက်လို ထိုင်မနေတော့ဘဲ ဘယ်လိုလုပ်မှ လွတ်မြောက်မည်လဲ စတင် တွေးတောကြတော့သည်။
အပြင်ဘက်မှ တံခါး ပွင့်လာသည့်အခါ ရှီလီက မြေပြင်ပေါ်သို့ မှောက်ချလိုက်၏။
တံခါးမှ ထိုလူက ပြန်ပေးသမားဟုသာ သူမက ယုံကြည်နေပြီး သူမ ခေါင်းလေးကို ငဲ့စောင်းကာ မျက်နှာထက်မှာလည်း မျက်နှာလိုအားရ လုပ်သည့် အပြုံးကို ဆင်မြန်းထားပြီး သူမ၏ ပြိုင်ဘက်ကင်း အောက်ကျို့မှုနှင့် ကျိုးနွံသေဝပ်မှုတို့ကို ပြသနေပြီး ထိုအားစိုက်ထုတ်မှု အားလုံးက သူမ အသက်ရှင်ဖို့အတွက်ပါပင်။
သူမ လက်များကလည်း သူမခြေထောက်နားမှာ သပွတ်အူလိုက်ကာ ပုံကျနေသည့် ကြိုးစများကို ဖုံးကွယ်ရန် သနားစဖွယ် ကြိုးစားနေရကာ ထိုပုံစံမှာ ရယ်ဖွယ်ရာ ကောင်းလောက်အောင် တွန့်လိမ် ကွေးကောက်နေပေတော့သည်။
နေရောင်ခြည်က အခန်းတွင်းမှ အစိုဓာတ်များကို လွင့်ပြယ်သွားစေခဲ့ပြီး အကဲဖြတ်လိုက်သည့် နောက်မှာတော့ ရှီလီက ေနာက်ခံ အလင်းမှုန်မှုန်ကြောင့် ထိုသူ၏ မျက်နှာကို တွေ့ရှိ ပုံဖော်မိတော့၏။