← Chapters

အခန်း (၁၂၉-၁၃၂)

Vol. 7 Ch. 129-132

အခန်း (၁၂၉-၁၃၂)

Vol. 7 Ch. 129-132

129 01

အပိုင်း 129.

ရှီလီ၏ ပါးစပ်မှာ ယခုချိန်ထိ တိပ်ဖြင့် အပိတ်ခံထားရဆဲဖြစ်သည်မို့ သူမ၏ ထိတ်လန့်အံ့သြခြင်းများက အတွင်းစိတ် အတွေးထဲမှသာ ဖြတ်သန်း ထွက်ပေါ်လာနိုင်တော့၏။ (ဖူဟွေ့ရှင်း)

“နင် အဆင်ပြေရဲ့လား”

သူမ၏ အသံကို ကြားရသည့်ခါ တစုံတခု ဖြစ်ပွားပြီဟု တစ်ယောက်ယောက်ကတော့ တွေးမိမှာပင်။

အခန်းတွင်းသို့ ဝင်ရောက်လာသူက ရင်းနှီးကျွမ်းဝင်သည့် လူတစ်ယောက် ဖြစ်သည့်အခါ အစောပိုင်းတုန်းက ရှိခဲ့သည့် သောက ဗျာပါဒများက လုံးဝ မလိုအပ်တော့ပေ။

ရှီလီ၏ ပါးစပ်မှ တိပ်ကို ဆွဲခွာပစ်လိုက်သည့်နောက် သူမက စကား ပြောနိုင်ပေပြီ။ သို့သော် သူမခမျာ အသက်ရှူကြပ်လုနီးပါး ဖြစ်နေပြီး စကား မပြောနိုင်သေးပေ။

ထို့နောက် မစဥ်းစားရသေးမီပင် ရှီလီ သူမ၏ စောဒကများကို ရှေ့နောက် မဆင်ခြင်ဘဲ ပြောလိုက်တော့သည်။

“ငါ အခုနတုန်းကတော့ အကောင်းကြီးပဲ။ ဒါပေမဲ့ နင်က ငါ့ကို သေအောင် ခြောက်လိုက်တယ်နော်”

“ဘုရား ဘုရား နင်တော့ လုံးဝ သိမှာမဟုတ်ဘူး။ နင် အခုတံခါးကို ဖွင့်လိုက်တော့ ပြန်ပေးသမားတွေ ဝင်လာတယ်ပဲ ငါ ထင်လိုက်တာ။ အဆိုးဆုံးကတော့ ငါ့ခြေထောက်က ကြိုးတွေကို ဖြည်ပြီးနေပြီလေ။ တကယ်လို့ အဲ့ပြန်ပေးသမားတွေသာ မြင်သွားလို့ကတော့ ငါတော့ သွားပြီပဲ”

စိတ်သဘောထား ပြည့်ဝသည့် ဖူဟွေ့ရှင်းကလည်း ပြန်ဖြေလိုက်၏။

“ငါ တောင်းပန်ပါတယ်။ ငါ အရင်ဆုံး အသံ ပေးလိုက်ရမှာကို”

မူလတုန်းကတော့ ဖူဟွေ့ရှင်းအပေါ် ရှီလီ၏ ဆက်ဆံရေးက သိပ်ပြီး မရင်းနှီးခဲ့ပေ။ သို့သော် သူမက အစဥ်လိုလိုပင် ဖူဟွေ့ရှင်းအပေါ် မသိလိုက်ဘာသာဖြင့် စောဒကတက်မိလေရာ ယင်းက သူတို့နှစ်ဦးကို နီးစပ်အောင် ဆောင်ကြဉ်းပေတော့သည်။

ထိုကပ်ဘေးကြီးကို ရှောင်လွှဲလိုက်နိုင်ပြီးနောက် ရှီလီ ပထမဆုံး လုပ်မိသည်ကတော့ သူမ အတွေးကို မေးမြန်းဖို့ပင်။

“နင်ကရော ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အဆုံးသတ်ရတာလဲ”

ဤပြန်ပေးသမားများက ဘယ်လိုလုပ်ပြီး ဖူဟွေ့ရှင်းကိုပါ ခေါ်လာရတာလဲ။ ထို့ပြင် ယခုက အဓိပ္ပါယ်မရှိသည့် အခြေအနေ ဖြစ်နေလေပြီ။

ရှီလီ အဘယ်ကြောင့် ထိုသို့ ပြောရသည်ကို ဖူဟွေ့ရှင်းက နားမလည်ပေရာ သူက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်၏။

“ငါတို့ ဘာလို့ ဒီကိုရောက်နေတာလဲဆိုတာ ငါလည်း မသိဘူး။ ငါ့မျက်လုံးတွေကို ဖွင်လိုက်တဲ့ အချိန်ကျမှ ကြိုးတုပ်ခံထားရကို သိတော့တာပဲ။ တခြားအတန်းဖော်တွေလည်း ဟိုဘက်အခန်းတွေမှာ ရှိနေမယ်ထင်တယ်။”

အခြား အတန်းသားများသည်လည်း ဤနေရာမှာ ရှိနေနိုင်ကြောင်း ကြားရသည့်အခါ သူမက နောက်တကြိမ် အချိန် ခရီးသွားပြန်ပြီ ဟူသည့် အတွေးတို့မှ လွတ်မြောက်ရတော့သည်။ အခြား အတန်းဖော်များပါ ဤနေရာမှာ ရှိနေသည် ဆိုကတည်းက သူမက အချိန်ခရီးသွားခဲ့တာ မဟုတ်ပဲ အခြားအတန်းသားများနှင့်အတူ ပြန်ပေးဆွဲ ခံရခြင်းပင်။

ဖူဟွေ့ရှင်းက ရှီလီ၏ လက်မှ ကြိုးများကို အလျင်မြန် ဖြည်ပေးလိုက်ကာ သူမကို မြေကြီးပေါ်မှ ထူ မ ပေးလိုက်၏။

သူမက အချိန်ခရီး သွားတာ မဟုတ်သလို သေခြင်းတရား၏ ချောက်ကမ်းပါးထက်မှာ ရောက်နေခြင်းလည်း မဟုတ်တော့ပေရာ ရှီလီခမျာ သူမက မြေကြီးပေါ်မှာ ဘယ်လို လှဲနေသည်လည်း အမှတ်ရသွားပြီး ဖူဟွေ့ရှင်း တံခါး သွားဖွင့်နေချိန်ကျမှ ရှက်ရွံ့ကာ နေမထိ ထိုင်မသာ ဖြစ်ရလေတော့၏။

129 02

တချို့အရာများက မတွေးပဲ နေတာက ပိုကောင်းပေသည်။ ပိုပြီး တဝဲလည်လည် ဖြစ်လေလေ ပိုပြီးတော့ ကသိကအောက် ဖြစ်ရလေလေပင်။

(အာ… အဲဒါ အရမ်းကို ကသိကအောက် ဖြစ်စရာပဲနော်)

(ဘာဖြစ်လို့ သူပဲ ဖြစ်နေရတာလဲဟယ်)

(အဲဒါက ငါ့ဘဝမှာ အရှက်အကွဲဆုံး ဖြစ်ရပ် ဆယ်ခုထဲမှာ ပထမနေရာကို ရောက်သွားပြီ)

လွတ်မြောက်ရန် ကြိုးစားနေသည့် အခြားအခန်းမှ အတန်းသားများက သူမ၏ အတွေးများကြောင့် တံခါးလာဖွင့်သူက ဖူဟွေ့ရှင်း ဖြစ်ကြောင်း သဘောပေါက်သွားကြ၏။ ထို့ကြောင့် သူတို့လည်း ရုန်းကန်နေခြင်းဖြင့် စွမ်းအင် ဖြုန်းတီးခြင်းကို လက်လျှော့လိုက်ကြလေသည်။

ထိုလူက လူဆိုးမဟုတ်ပဲ သူတို့ ဘက်တော်သား ဖြစ်နေမှတော့ သူတို့လည်း ရှီလီကို စိတ်မပူတော့ပေ။

များမကြာမီမှာပင် ရှီလီနှင့် ဖူဟွေ့ရှင်းက သက်တန့် တိမ်စိုင်များကို စီးနင်းကာ အရောင်အသွေး စုံလင်လှသည့် ကိုယ်ရောင်ဝါများဖြင့် သူတို့ကို လာရောက် ကယ်ဆယ်မည်ဟု သူတို့ ယုံကြည်ပါ၏။

ထိုသို့ တွေးမိသော် မည်သူကမှ ဒီထက်ပိုပြီး မရုန်းကန်ပါလေတော့။

ထိုတိုတောင်းလှသည့် အချိန်အတွင်း အတန်းသား အားလုံးက ရုန်းကန်နေခြင်းများကို စွန့်လွှတ်လိုက်ကာ မသိလိုက်ဘာသာပင် ဆက်ပြီး လဲလျောင်းနေလေ၏။

သူ တံခါးကို ဖွင့်လိုက်သည့် အချိန်တွင် ဖူဟွေ့ရှင်းက သူ ဘာကိုမှ မမြင်လိုက်ဟန် ဆောင်နေ၏။

“တခြားလူတွေကို သွားရှာကြရအောင်”

သူကြည့်နေစဥ် ရှီလီက သူမ အိတ်ကပ်ကို ပုတ်ပြလိုက်၏။

“တစ်ခုခု ဖြစ်လို့လား”

ရှီလီက ခေါင်းညိတ်လိုက်သည်။

“ငါ့ ဖုန်း ပျောက်သွားပြီ”

ဖူဟွေ့ရှင်းခမျာ တိတ်ဆိတ် ဆွံ့အသွားပြီးနောက် ပြောလိုက်ပါ၏။

“တကယ်လို့ ငါတို့သာ တကယ်ပဲ ပြန်ပေးဆွဲ ခံရတာဆိုရင် ပြန်ပေးသမားတွေက ငါတို့ ဖုန်းတွေကို ယူထားမှာပဲလေ”

ရှီလီကမူ သူ့ကို ပြန်ပြီး မေးခွန်း ထုတ်လိုက်၏။

“ နောက်ကွယ်မှာ ပြန်ပေးသမားတွေ ရှိတယ်လို့ နင်တကယ် ထင်နေတာလား”

သူမက ရှက်ကိုးရှက်ကန်း ဖြစ်နေစဥ်မှာပင် ကိစ္စ တော်တော်များများကို နားလည် သဘောပေါက်နိုင်ပါ၏။

သူမခမျာ ကျီးလန့်စာစား ဖြစ်ရပြီး ယခုနကတုန်းက သူမ တည်ငြိမ်အေးဆေးမှုများကို ပျောက်ဆုံးခဲ့ရသည့် အကြောင်းပြချက်က သူမ အချိန်ခရီးသွားသည့် အတွေ့အကြုံ များစွာကြောင့် ဖြစ်ပါ၏။ အခြားသော အချိန်ခရီးသွားမှုတခု ဖြစ်ပွားခဲ့ကာ ပြန်ပေးဆွဲသည့် ဇာတ်ကြောင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆုံတတ်ပလေ ဟုသာ သူမ မှတ်ယူခဲ့မိ၏။

ယခုက သဘာဝလွန် ဖြစ်ရပ် ဟုတ်မနေတော့ကတည်းက တကယ်တမ်း ဤဖြစ်ရပ်များ၏ နောက်ကွယ်မှာ ကျောင်းက ပါဝင်ပတ်သက်နေခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

ထို့ပြင် သူမရှေ့မှာ ရှိနေသည့် ဖူဟွေ့ရှင်းက သူမ သံသယများကို အတည်ပြုပေးလိုက်နိုင်ပါ၏။

နှစ်ယောက်သားက ထို မှောင်မည်းနေသော အခန်းထဲမှ အတူတူ လမ်းလျှောက်ကာ ထွက်လာခဲ့ကြ၏။ ဘေးပတ်လည်မှ တံခါးများက တင်းတင်းကြပ်ကြပ် ပိတ်ထားလေရာ အခြား အတန်းသားများကိူ အထဲမှာ ပိတ်လှောင်ထားပုံပင်။

129 03

ဤအထပ်၏ အဆုံးနားမှ တံခါးတံချပ်က ပွင့်နေခဲ့ပြီး ဖူဟွေ့ရှင်း ထွက်လာခဲ့သည့်နေရာ ဖြစ်ဟန်တူလေသည်။

ဒါဖြင့် ဖူဟွေ့ရှင်းက အဘယ်ကြောင့် သူနှင့် အနီးစပ်ဆုံး ရှိနေသည့် အခန်းတခါးကို မဖွင့်ဘဲ ထိုအစား သူနှင့် အလွန် အလှမ်းဝေးလှသည့် အခန်းတံခါးကို လာဖွင့်ခဲ့ရပါသနည်း။

ယင်းကား အဓိပ္ပါယ် မရှိလှပေ။

ရှီလီကမူ ထိုသံသယများကို သူ့ စိတ်ထဲမှာ တေးထားလိုက်၏။

နှစ်ယောက်သားက အခြားသူများကို ကယ်ဆယ်ရန် ရှီလီ၏ အခန်းတံခါးကို စမှတ်အဖြစ် စတင်လိုက်၏။

အခြားလူများ၏ လုံခြုံရေးကို သေချာစေရန် သူတို့က ကယ်ဆယ်ရေးကို အတွဲလိုက် ပြုလုပ်ကြလေသည်။

ပထမဆုံး လူနည်းနည်းလေးဖြင့်သာဆိုပါက ဖြစ်စဥ်က နှေးကွေးပေလိမ့်မည်။

ကယ်ဆယ်ပြီးသည့် လူတွေ ပိုပိုများလာလေ ကယ်ဆယ်ရေးအတွက် အားထုတ်ပေးမည့် လူအရေအတွက်က တိုးလာလေဖြစ်ကာ အရှိန်အဟုန် မြင့်လာပေသည်။

အချိန် မကြာမီမှာပင် အားလုံးသော အတန်းသားများက လွတ်မြောက်သွားကြပြီး လူတိုင်း လူတိုင်း ယိုယွင်းဟောင်းမျင်းနေသည့် အဆောက်အအုံမှ ထွက်ခွာမည့် လမ်းပေါ်သို့ အတူတကွ ရောက်ရှိလာကြတော့သည်။

မြေညီထပ်သို့ ရောက်ပါမှ ဤ ချုံးချုံးကျနေသည့် အဆောက်အဦးက တောအုပ်လည်မှာ ထီးတည်းကြီး ရှိနေခြင်းဖြစ်ကာ ရွက်သစ်ထွက်ကာစ ပုရစ်ဖူးများ စီနေသည့် သစ်ကိုင်းများ ဘေးပတ်လည်မှာ ဝန်းရံနေသည်ကို တွေ့လိုက်ရလေသည်။

အခြားသူများ အားလုံး မှင်သက်ကာ ကြက်သေ သေရပေတော့သည်။

“ငါတို့ အခု ဘာလုပ်ရတော့မလဲ”

သူတို့ဖုန်းတွေကိုတော့ ယူသွားပြီး သူတို့၏ လွတ်လမ်းအတွက် မည်သည့် လမ်းညွှန်မှုမှ မရရှိနိုင်သည့် နေရာမှာ ချန်ထားခဲ့လေပြီ။

ထိုမှောင်မိုက်နေသော အခန်းထဲမှ လွတ်မြောက်လာခြင်းက ကယ်တင်ခြင်း ခံရသည့် အဓိပ္ပါယ်ဟု သူတို့တွေးထားခဲ့၏။ သို့သော် သူတို့က ဤဧရာမတောအုပ်ကြီး၏ အလယ်မှာ ဇာတ်သိမ်းရမည်ဟု သူတို့ ဘယ်လို တွေးမိကြမှာတဲ့လဲ။

“ငါ့နာရီမှာ သံလိုက်အိမ်မြောင်ပါတယ်”

တစ်ယောက်က ကမ်းလှမ်းလာ၏။

ဖူဟွေ့ရှင်းက မြေကြီးပေါ်မှ လတ်လတ်ဆတ်ဆတ် ကားတာယာ အရာများကို ညွှန်ပြရင်း ပြောလိုက်သည်။

“တကယ်လို့ အဲဒီအတိုင်းသာ လိုက်သွားရင် ငါတို့တွေ အဆင်ပြေမှာပါ”

ယင်းက သုံးဆယ်မျှသော လူအုပ်ကို အတူတကွ ပို့ဆောင်ခြင်းဖြင့် ကျန်ရှိခဲ့သည့် အရေးသာမှုပင်။

လူအများကြီးကို တပြိုင်တည်း သယ်ဆောင်ဖို့ ဆိုပါလျှင် ဘတ်စ်ကားကဲ့သို့သော ယာဥ်ကြီးတစင်း လိုအပ်ပြီး သင့်တော်သည့် လမ်းကြောင်းလည်း လိုအပ်ပေသည်။

သူတို့က ကားတာယာ စွပ်ကြောင်းများကိုပင် အားထားနေစရာ မလိုဘဲ ထို လမ်းကြောင်းကျယ်ကြီးနောက်သို့ လိုက်ပါသွားရုံမျှဖြင့်ပင် ဦးတည်ရာ အမှန်သို့ ရောက်ရှိနိုင်ပါ၏။

လူအယောက်သုံးဆယ်မျှကို ထိုင်ခုံမှာ ပူးချည်ရသည်က ပေါ့သေးသေး တာဝန် မဟုတ်လေရာ ထိုလူတစုမှာ မနေ့ညတုန်းက အလျင်စလို ဖြစ်နေခဲ့ရပုံ ပေါ်လေသည်။

သူတို့ ထိုအလုပ် လုပ်နေစဥ်အတွင်း တစ်စုံတစ်ယောက် နိုးလာမည်ကို ကြောက်ရွံ့သည့်အတွက် အလုပ်ကို ဖြစ်ကတတ်ဆန်း လုပ်ပစ်ခဲ့ကြပြီး အမှုမဲ့ အမှတ်မဲ့ဖြင့်ပင် ဤကျောင်းသားတစ်အုပ် သူတို့၏ အိမ်ပြန်လမ်းကို ရှာဖွေနိုင်မည့် သဲလွန်စများကို ချန်ထားခဲ့မိလေသည်။

129 04

ထိုအချိန်တုန်းက ကျောင်းမှာ ထိုကိစ္စကို ဆောင်ရွက်ရသော်လည်း ကျောင်းသားများ၏ လုံခြုံရေးကို စိုးရိမ်နေခဲ့ပေ၏။

ထိုစွန့်ပစ် အဆောက်အဦး၏ ထောင့်ချိုးနှင့် အခန်းများထဲမှာ စောင့်ကြည့် ကင်မရာများ တပ်ဆင်ကာ 24နာရီ ခုနစ်ရက်ပတ်လုံး စောင့်ကြည့်နေခဲ့သည်။

အကယ်၍များ ဤကလေးများက နေ့တဝက်ထိတိုင် မည်သည့် လှုပ်ရှားမှုမှ ပြုလုပ်မလာခဲ့ပါလျှင် သူတို့က ထိုကလေးများကို လွှတ်ပေးလိုက်ပြီး ၎င်းတို့၏ အိမ်ပြန်လမ်းကို ကိုယ်တိုင်ရှာဖွေဖို့ ခွင့်ပြုလိုက်မှာ ဖြစ်၏။

ညမြင်ကွင်း တလျှောက်မှ ဖြတ်ကာ ထိုကလေးများက ရုန်းကန် လှုပ်ရှားခြင်းနှင့် လက်လျှော့ခြင်းကြားမှာ တလှည့်စီရှိနေသည်ကို မော်နီတာမှာ စောင့်ကြည့်နေ သူတို့က တွေ့ခဲ့ရပြီး ထိုကလေးတအုပ်မှာ အိပ် ထ မ တင် လုပ်နေသလိုပါပင်။

တိုက်ဆိုင်စွာဖြင့်ပင် ထိုကျောင်းသားများ၏ ရုန်းကန်လှုပ်ရှားချိန်နှင့် အညံ့ခံလိုက်ချိန်က သိသိသာသာပင် တညီတညာတည်း ဖြစ်နေခဲ့ပါ၏။

ယင်းက ထူးခြားဆန်းကြယ်သော အင်အားတရပ်များ အလုပ်လုပ်နေသလားဟုပင် တစ်စုံတစ်ယောက်က တွေးမိသည်အထိပါပင်။

အနီးအနားမှာ စောင့်ကြည့်နေသည့် ကျောင်းဝန်ထမ်းရေးရာ ဌာနက ထိုကျောင်းသားများ ထွက်ခွာသွားပြီး သူတို့၏ ပုံသဏ္ဍာန်များက တဖြည်းဖြည်း သေးသထက် သေးငယ်ကာ တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ တွေ့ရလေတော့သည်။

အချိန်ပို အလုပ်မဆင်းချင်သည့် သူတို့က ဝင်ရောက်နှောင့်ယှက်ခြင်း မပြုဘဲ ထိုအုပ်စုကြီး မြင်ကွင်းတွင်းမှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့၏။

ကားဖြင့်သာဆို မျက်စိတမှိတ်သာ ကြာမြင့်မည့် ခရီးက ခြေလျင် လာရသည့်အခါ အတော်ကြီး အချိန်ယူခဲ့ရ၏။

တောအုပ်ထဲမှ ထွက်မလာခင် အချိန်ထိ ထိုအုပ်စုခမျာ အချိန်အတော်ကြာကြီး လမ်းလျှောက်ခဲ့ရလေသည်။

ထိုအချိန်တွင် ပြန်ပေးဆွဲခြင်းအတွက် အနည်းဆုံးတော့ ရှူးဖိနပ်များ ထောက်ပံ့ ထားခဲ့ပေးသည့် ကျောင်းဝန်ထမ်းများ၏ လူသားဆန်စိတ်ကို သူတို့ခမျာ ကြံဖန် ကျေးဇူးတင်ရပေတော့သည်။

ကြည့်ရတာ တစ္ဆေအုပ်ကြီးနှင့် တူလှသည့် ထိုလူအုပ်မှာ ရွာအနီးသို့ ချဥ်းကပ်လာခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့က ကျောင်းသားများ၏ ကိုယ်ရေး ပိုင်ဆိုင်မှုများကို စုဆောင်း သိမ်းဆည်းပေးရန် ရွာသို့ စေလွှတ်ထားသည့် သူတို့၏ အတန်းပိုင်ဆရာနှင့် ကံအားလျော်စွာ တွေ့ဆုံလေတော့သည်။

“မင်းတို့...မင်းတို့ အိမ်ပြန်လမ်းကို ရှာတွေ့ခဲ့တယ်”

သူက မေးလိုက်၏။ ထိုကျောင်းသားများ၏ သနားဖွယ်ရာ အခြေအနေကို သူ သိသိသာသာ မြင်နေနိုင်ပါ၏။

သူက သူ့လက်ကို ဝှေ့ယမ်းရင်း ကြေငြာလိုက်၏။

“ငါတို့တွေ ဒီအမှိုက်ပုံမှာ ထပ်ပြီးနေစရာ မလိုတော့ဘူး။ ငါနဲ့ ပြန်လိုက်ခဲ့ကြတော့”

ရှီလီကမူ မယုံနိုင်စွာ မေးလိုက်၏။

“ကျွန်မတို့ တကယ် ထွက်သွားလို့ ရလို့လား။ ဒီနားမှာ စောင့်ကြည့်ရေး စက်တွေ ဆင်ထားတယ် မဟုတ်ဘူးလား”

“မစိုးရိမ်ပါနဲ့။ ငါ့နောက်ကိုသာ လိုက်ခဲ့ကြ”

ကျောင်းဝန်ထမ်းရေးရာက ယခုမူ သစ်ပင်မှ စောင့်ကြည့်ရေး စက်ပစ္စည်းများကို ပြန်လည် ရုတ်သိမ်းခဲ့ပြီး ဖြစ်ပါ၏။

အတန်းပိုင်ဆရာက ကျောင်းသားများကို ယင်းတို့၏ ပိုင်ဆိုင်မှုများကိုပါ အတူတကွ သိမ်းဆည်းခိုင်းလိုက်ရင်း ဗန်ကားငယ်များ ခေါ်ပေးလိုက်သည်။

ထိုအချိန်တွင် ယာဥ်၏ အခြေအနေကို မည်သူကမှ ဂရုစိုက်မနေတော့ဘဲ သူတို့က တတ်နိုင်သမျှ အမြန်ဆုံးသာ အိမ်ကို ပြန်ချင်လေသည်။

129 05

ရှီလီမှုမူ မေးခွန်းတွေ အများကြီး ရှိနေပါသေး၏။

“ကျွန်မတို့တွေ ရွာမှာ ကောင်းကောင်းမွန်မွန် နေနေတာပဲကို။ ဘယ်လိုဖြစ်လို့ အဲ့ဒီ အခန်းမှောင်မှောင်ကြီးထဲကို ပစ်ထည့်ရတာလဲ”

“အဲဒါက ပြောရမှာ အရှည်ကြီးပဲ”

အတန်းပိုင်ဆရာက ပြန်ဖြေလိုက်သည်။

(ဒီအဓိပ္ပါယ်မရှိတဲ့ စိတ်ကူးက ဘယ်အယုတ်တမာဆီကများ ထွက်လာလဲ ငါ မြင်ချင်စမ်းပါဘိ။)

******

130 01

အပိုင်း 130.

ကျောင်းသားများက သူတို့၏ ဖုန်းများကို ပြန်ရချိန်ကျမှ မနက်ခင်း အစောပိုင်းကတည်းကပင် သူတို့ကို ဂရုတစိုက် နေကြဖို့ သတိပေးထားသည့် အတန်းပိုင် ဆရာ၏ Text Message တစ်စောင်ကို တွေ့လိုက်ရလေသည်။ ထိုအချိန်ကတည်းကပင် သူက ကောလာဟလ တချို့ကို ကြားခဲ့ရတာဖြစ်၏။

သို့သော် လူတိုင်းက နေ့အချိန်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး ညနေခင်းကျ စိတ်အား ထက်သန်စွာ ဂိမ်းကစားကြကာ ညရောက်သည့်အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတာ ဖြစ်လေ၏။ သူတို့က Message ကို လက်ခံရရှိလျှင်တောင်မှ တစ်ယောက်မှ မမြင်ခဲ့ကြပေ။

အတန်းပိုင်ဆရာ၏ Messageကို မြင်သည့်အခါ လူတိုင်းက မျက်ရည်ပြည့်နေသည့် မျက်လုံးများဖြင့် သူကို ကြည့်မိလေသည်။ သူက ကြီးလှစွာသော ဖိအား အောက်တွင် ထိုသတိပေးချက်ကို သူတို့ထံ ပေးရခြင်းဖြစ်ကြောင်း သူတို့ သိပါ၏။

ဂရုတစိုက် စောင့်ရှောက်တတ်သူ အတန်းခေါင်းဆောင်ကမူ ပိုပြီး စိုးရိမ်ကာ မေးလိုက်သည်။

“ကျနော်တို့ အားလုံးကို အခုလိုမျိုး ပြန်ခေါ်လာတော့ ကျောင်းက ဘာကန့်ကွက်ချက်မှ မပေးဘူးတဲ့လား”

ကျောင်းသားများဖြစ်သည့် သူတို့က ကျောင်းကို ဒုက္ခရောက်စေမှာ မကြောက်ကြသော်လည်း ကျောင်း၏ခေါင်းဆောင်များက အတန်းပိုင်ဆရာကို အပြစ်တင်မည်ကိုတော့ သူတို့ စိုးရိမ်ပါ၏။

အမှန်တော့ အတန်းပိုင်ဆရာက သူ့ကျောင်းသားများကို သားမီးရင်းများနှယ် ဂရုစိုက်သူ ဖြစ်လေသည်။

ဤမဟုတ်တရုတ် အတွေးများကို ကျောင်းခေါင်းဆောင်များက ယူထုတ်လာချိန်တွင် သူက အပြင်းအထန် ကန့်ကွက်ခဲ့သူ ဖြစ်ပါ၏။ အကယ်၍များ အခြားအတန်းများမှ ကျောင်းသားများ ရွာထဲသို့ ဝင်ရောက်ပြီးနောက် ဒုက္ခဖြစ်စေကာ သူတို့ကို တောတွင်းစွန့်စားမှု သို့မဟုတ် အလားတူ အရာမျိုး လုပ်ခိုင်းလျှင်တောင် သူက စိတ်ထဲ ထားလိမ့်မည်မဟုတ်။

ပြသနာကတော့ ဤကလေးများက အစဥ်လိုလို နာခံလိမ်မာသူများ ဖြစ်ကြကာ သူတို့က အကျင့်စာရိတ္တ ကောင်းမွန်ခြင်းအတွက် အဘယ်ကြောင့်များ ပစ်မှတ် အထားခံရပါသနည်း။

ယင်းက ပြုလုပ်သင့်သည့် အရာမျိုး မဟုတ်ပါပေ။

အတန်းပိုင်ဆရာက နှာမှုတ်လိုက်၏။

“ သူတို့ ဘယ်လို ကန့်ကွက်ချက်တွေပဲ ရှိရှိ၊ ငါ့ ကိုယ်ပိုင် တတ်စွမ်းသမျှ အင်အားကို သုံးပြီး မင်းတို့ကို ခေါ်ထုတ်သွားမယ်”

ထိုအချိန်တုန်းက ရွာအပြင်ဘက်တွင် သူတို့ကို တားဆီးမည့်သူ တစ်ယောက်မှ မရှိလေရာ ဘယ်လိုလုပ်ပြီး သူ့အမှား ဖြစ်ရမည်နည်း။ ၎င်းက ကျောင်းဝန်ထမ်းများ၏ ပြသနာသာ ဖြစ်ပေသည်။

ကျောင်းသား တစ်ယောက်ချင်းစီတိုင်းကို အိမ်မှာ ချပေးပြီးနောက် အတန်းပိုင်ဆရာက သူတို့ကို ဂရုတစိုက် အကြံဉာဏ်ပေးလာ၏။

“အိမ်ပြန်ရောက်ရင် ကောင်းကောင်း အနားယူကြ။ ကိုယ့်ဘာသာ အားလပ်ရက် အပန်းဖြေ ထွက်တယ်လို့ပဲ မှတ်လိုက်ကြပေါ့”

130 02

“တခြားအတန်းတွေရဲ့ နွေရာသီ ခရီးက နောက်တစ်ပတ်ထိ ပြီးမှာ မဟုတ်သေးဘူး။ ဒါကြောင့် အဲဒီ အချိန်အတွင်း မင်းတို့တွေ ကောင်းကောင်း အနားယူနိုင်တယ်နော်”

ယင်းကမှ အမှန်တကယ် အံ့အားသင့်ဖွယ် သတင်းကောင်းကြီးပေတည်း။ သူတို့က ထို စိတ်မချမ်းမြေ့ဖွယ်ရာ နေရာမှ ထွက်လာနိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေကြပါ၏။ သို့သော် သူတို့က သူတို့ဘာသာ ပျော်ရွှင် ဝမ်းမြောက်နေရချိန်တွင် အခြား ကျောင်းသားများကတော့ ဆင်းရဲဒုက္ခ ရောက်နေရသည်ကို သိရသည့်အခါ ပိုလိုတောင် အူမြူးကြလေတော့သတည်း။

ထိုသို့ တွေးရုံမျှဖြင့်ပင် သူတို့က အင်မတန် ကျေနပ်နှစ်သိမ့်ခြင်းများကို ခံစားရပေ၏။

အတန်းပိုင်ဆရာက Class1 Grade1မှ ကျောင်းသားများကို ပြန်ခေါ်သွားပြီး မကြာမီပင် စောင့်ကြည့်ရန် တာဝန်ကျနေသူ ကျောင်းဝန်ထမ်းများမှာ ထိုအခြေအနေကို ရှာတွေ့သိရှိသွားတော့သည်။

သူတို့က ဧကန်ပင် ကြောက်လန့်တကြား ဖြစ်သွားခဲ့၏။ တစ်ဖက်မှာက သူတို့က သူတို့၏ တာဝန်ကို ပျက်ကွက်ခဲ့သည့်အတွက် အပြစ်တင်ခြင်းနှင့် ပြင်းပြင်းထန်ထန် သတိပေးခြင်းကို ရင်ဆိုင်ရနိုင်၏။ သို့သော် အကယ်၍များ ကျောင်းသားတစ်ယောက်ယောက်သာ သူတို့ မသိလိုက်ဘဲ ဒဏ်ရာရခြင်း သို့မဟုတ် အခြားသောကိစ္စ တစ်စုံတစ်ရာသာ ဖြစ်ပွားခဲ့လျှင် သူတို့၏ ပြစ်ဒဏ်က ပိုလို့တောင် ပြင်းထန်ပေလိမ့်မည်။

သို့ဆိုပါလျှင် ကျောင်းသာမိဘများထံ သူတို့ ဘယ်လို ရှင်းပြနိုင်မည်နည်း။

သူတို့လည်း အခြေအနေ အရပ်ရပ်ကို အထက်သို့ အလျင်အမြန် အဆင့်ဆင့် တင်ပြလိုက်ကာ ထို Idea ထုတ်ခဲ့သူ ကျောင်းခေါင်းဆောင်ကမူ အလုပ်ထွက်စာ ရေးဖို့ပင် ပြင်ဆင်ပြီးနေလေပြီ။

သို့သော် များမကြာမီမှာပင် စောင့်ကြည့်ရေး ဝန်ထမ်းတို့က အပင်မှာ တပ်ဆင်ထားသည့် ကင်မရာများမှတစ်ဆင့် ထိုကလေးများ အမှန်တကယ် အိမ်ပြန်သွားသည်ကိူ တွေ့လိုက်ရတော့၏။

အချိန်ကို တွက်ကြည့်သော် ထိုကလေးများက ယခုဆို အိမ်သို့ ပြန်ရောက်လောက်ပေပြီဟု ခန့်မှန်းလိုက်မိ၏။

ထို့ကြောင့် သူတို့လည်း အတန်းပိုင်ဆရာကို အလျင်အမြန် ဆက်သွယ်ကာ ကလေးအုပ်စုနှင့် ဆက်သွယ်ပြီး သူတို့ ဘယ်နေရာမှာ ရှိနေသည်ကို ရှာဖွေပေးရန် ပြောလိုက်ပါ၏။

အတန်းပိုင်ဆရာက ကလေးများကို အိမ်သို့ ပြန်ပို့ပေးခဲ့သူ ဖြစ်လေရာ ကလေးတွေ အကုန် အိမ်ပြန်ရောက်တာ ကြာခဲ့ပြီး ဖြစ်ကြောင်း သူ သိရှိသည်ပင်။ သို့သော် သူကမူ ထိုကလေးတွေ အန္တရာယ် ကင်းကင်းဖြင့် အိမ်ပြန်ရောက်နေပြီ ဖြစ်ကြောင်းကိုတော့ သူတို့ကို မပြောပြပေ။

သူက အခြေအနေ မည်သို့ ရှိသနည်း ဆိုတာနှင့် သူတို့ဘာကြောင့် ယခုလို ပြောသည်ကိုသာ မေးမြန်းလိုက်၏။

အမှန်တော့ ဆရာက မိဘများထံ သတင်းပေါက်ကြားစေမည်ကို ကြောက်လှပေရာ ကျောင်းခေါင်းဆောင်က ဝန်ထမ်းများ၏နှာခေါင်းအောက်မှာပင် ထိုကလေးတွေ ပျောက်သွားသည့် အကြောင်းကို ဆရာထံ မပြောပြဝံ့ပေ။

အကြောင်းပြချက် မရှိပါဘဲ ကလေးများ ဘယ်ဆီဘယ်ဝယ် ရောက်နေကြောင်း စစ်ဆေးပေးရန် သူတိူ့က အတန်းပိုင်ဆရာကို တိုက်တွန်း ဆော်သြလေတော့သည်။

အတန်းပိုင်ဆရာမက သူ့ဘာသာ တွေး၏။ မင်းတို့က ငါ့ကို ဘာကြောင့်ဆိုတာ ပြောမပြနိုင်မှတော့ ငါလည်း အလောတကြီး လုပ်ဖို့ မလိုအပ်တော့ဘူးပေါ့။

ကျောင်းခေါင်းဆောင်၏ လေသံက အရေးတကြီး ဖြစ်နေသော်ငြား သူကမူ စိတ်အေးလက်အေးဖြင့်ပင် ဖုန်းကို ချလိုက်လေသည်။

သူက ကျောင်းခေါင်းဆောင် မျှော်လင့်ထားသလို သု့ကျောင်းသားများထံ ဖုန်းခေါ်ဆိုသမှု မပြုပါပေ။

ကျောင်းသားတွေ အိမ်မှာ ရှိနေကြကြောင်း သူ သိထားပြီးမှတော့ အဘယ့်ကြောင့် အပင်ပန်းခံပြီး ဖုန်းခေါ်ရမည်နည်း။

130 03

သူတို့က China Mobile ဒါမှမဟုတ် China Unicom က သူတို့ မိသားစု လုပ်ငန်းမို့လို့ ဖုန်းခေါ်တာက အလကားရမယ်လို့ ထင်နေတာလား။

ဆယ်မိနစ် ကြာပြီးနောက် စိတ်အေးလက်အေးဖြင့် စာအုပ်ကို လှန်လှော ဖတ်ရှုနေသည့် အတန်းပိုင်ဆရာက ကျောင်းခေါင်းဆောင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံ ရရှိလိုက်လေသည်။

“ဘယ်လို ဖြစ်သွားပြီလဲ။ မင်း သူတို့ကို ဖုန်းဆက်လို့ ရပြီလား”

“ဟင့်အင်း၊ မရသေးဘူး”

အမှန်တော့ သူမက ဖုန်းတောင် မခေါ်ရသေးပေ။ ထို့အတွက်ကြောင့် ဖုန်းဆက်လို့ ရတာလား မရတာလားဟူသည့် မေးခွန်းမျိုးလည်း ရှိမနေပါချေ။

ဖုန်းတစ်ဖက်မှ လူသည်လည်း အဆိုးတွေ ဖြစ်ကုန်ပြီဟု တွေးမိလေတော့သည်။

အတန်းပိုင်ဆရာမက ကြင်ကြင်နာနာပင် ရှင်းပြ၏။

“ သူတို့က တောင်ထူထပ်တဲ့ နေရာမှာ ရောက်နေတာကြီးကို။ ဖုန်းလိုင်း မကောင်းဘူး နေမှာပေါ့။ အဲဒါကြောင့် ဖုန်းဆက်လို့ မရတာက ပုံမှန်ပါပဲ”

အခြားတဖက်မှ လူက တွေး၏။ တောင်တွေကို ဖောက်မသွားနိုင်တာကတော့ သာမန်ပဲပေါ့။ ဒါပေမဲ့ ကလေးတွေက တောင်တွေထဲ ပိုနက်တဲ့နေရာ ရောက်ကုန်ရင် ဘယ်လိုလုပ်မလဲ။

သူတို့က ဖုန်းကို အလျင်အမြန် ချလိုက်ပြီးနောက် ကျောင်းသားများကို ဖုန်းဆက်လို့ရသည်အထိ ကြိုးစားနေရန် အတန်းပိုင်ဆရာကို ညွှန်ကြားလိုက်လေတော့သည်။

သူက အကြိမ်တိုင်းမှာပင် သူက ကြိုးစားနေဆဲ ဖြစ်ကာ ဖုန်းဆက်လို့ မရကြောင်းသာ တုံ့ပြန်နေ၏။

ကျောင်းက မိဘများနှင့် သွားရောက် ရှင်းလင်းတော့မည်ဟု အတန်းပိုင်ဆရာ ခန့်မှန်းမိသည်အထိ သူတို့က နှစ်ကြိမ် သုံးကြိမ်မျှ လူးလာခေါက်ပြန် ဆက်လက် လုပ်ဆောင်နေခဲ့ပါ၏။ ထို့နောက် သူက ကလေးများထံ ဖုန်းဆက်လို့ ရပြီဖြစ်ကြောင်း ပြောလိုက်ရတော့သည်။

ကျောင်းခေါင်းဆောင်များ အတွက်မူ ထိုမျှ ချိုမြိန်လှသော စာကြောင်းမျိုးကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။

ထိုအချိန်တွင် သူတို့က နွေရာသီ ခရီးစဥ်က ပြီးဆုံးတာဖြစ်စေ မပြီးဆုံးတာဖြစ်စေ သို့တည်းမဟုတ် အခြား အတန်းများက ညှင်းပမ်းခံနေရခြင်းကို ဖြစ်စေ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ဘက်မလိုက် နိယာမအရသာ ဆိုပါလျှင် ထိုကျောင်းသားများသည်လည်း အခြားကျောင်းသားများကဲ့ သို့ ဆင်းရဲဒုက္ခ ခံစားရသင့်တာဖြစ်၏။

သို့သော် ကျောင်းသားများ၏ လုံခြုံရေးက အခြား မည်သည့်ကိစ္စထက်မဆို အရေးကြီးပေရာ ထိုကိစ္စများက ဘယ်မှာမှ အရေးမပါ အရာမရောက်တော့ပေ။

ကျောင်းသားများ အတွက်မူ တပတ်လုံးလုံး အတန်းတက်စရာ မလိုသည်က ကိစ္စကောင်းကြီးပါပင်။ သို့သော် အတန်းပိုင်ဆရာမကမူ သူ့လေသံကို ေပြာင်းပစ်လိုက်သည်မှာ စာရွက်လှန်တာထက်ပင် မြန်နေသေး၏။

မနေ့တုန်းကတော့ သူက စိုးရိမ်ပူပန်မှု အပြည့်အဝဖြင့် အိမ်မှာနားနေဖို့ ကျောင်းသားများကို ပြောလိုက်ပြီး နောက်တစ်ရက်မှာတော့ ကျောင်းသားအားလုံး ကျောင်းကို လာဖို့ ပြောလေသည်။ အခြားသူတွေက အပြင်ထွက် ဆော့ကစားနေချိန်တွင် သူတို့ခမျာတော့ စာကြိုးစား သင်ယူရတော့သည်။

အခြားလူများ...ဒါကြီးကို ငါတို့က ထွက်သွားပြီး ကစားနေတယ်လို့ မင်းတို့က ခေါ်တယ်ပေါ့လေ။ ဆင်းရဲဒုက္ခတွေကို ကစားတယ်လို့ မင်းတို့ ထင်နေတာလား။

Class 1 ကျောင်းသားများ... အဲဒါ ဆရာမ မနေ့က ပြောခဲ့တာ မဟုတ်သလိုပဲနော်။ အိမ်မှာပဲ အနားယူကြလို့ ပြောခဲ့တာကြီးကို။

အတန်းပိုင်ဆရာ၏ စကားအပေါ် လူတိုင်းက မေးခွန်းထုတ်ချင်သော်လည်း နောက်တစ်နေ့ ရောက်သည့်အခါ ဆရာ့စကားအတိုင်း နာနာခံခံဖြင့်ပင် ကျောင်းသို့ ရောက်လာကြ၏။

130 04

ဤသို့ဖြင့် ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်ကြီးက ချန်ဖုအထက်တန်းကျောင်းတွင် ဖြစ်တည် ပေါ်ပေါက်လာသတည်း။ အခြားအခန်းများက အလွတ်ကြီး ဖြစ်နေချိန်တွင် Class 1,Grade 1မှ ကျောင်းသားများကမူ ပုံမှန်အတိုင်း ကျောင်းတက်ရလေသည်။

အခြားအတန်းများက အလွတ်ကြီး ဖြစ်နေရသည်ကတော့ လူတိုင်းက နွေရာသီ ခရီးထွက် နေသောကြောင့်တည်း။

Class1၏ အခြေအနေက မည်သို့ ရှိနေမည်နည်း။ သူတို့၏ နွေရာသီ ခရီးစဥ်က မဆုံးသေးဘူးလေ။

ထိုအချိန်တွင် ကျောင်းခေါင်းဆောင်များက ထိုကိစ္စများကို ကြားသိပြီး ကောလာဟလ မြောက်မြားစွာကို သိရှိပါသော်လည်း ဘာကိုမှ မသိရှိသလိုဟန်ဖြင့် နားကန်းချင်ယောင် ဆောင်နေပေ၏။

Class 1 မှ ကျောင်းသားများ ပြန်ရောက်လာခြင်း၏ မီးစများက ကွင်းဆက် တုံ့ပြန်မှု ဖြစ်ပွားတော့ကာ ခရီးထွက်နေသည့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများသည်လည်း ၎င်းတို့၏ ခရီးစဥ်ကို အဆုံးသတ်ကာ ကျောင်းသို့ ပြန်လာရတော့သည်။

အိမ်မှာနေရသည်က အားလပ်ရက် ရပြီး သက်တောင့်သက်သာ ပိုဖြစ်သည်ဟု ခံစားရသော်လည်း ငှက်ပျောသီးအတွက် တိုက်ခိုက်နေရသည့် ကမ္ဘာဦး တောအုပ်မှ မျောက်များနှယ် ဖြစ်နေရရှာသည့် အခြားကျောင်းသားများနှင့်စာသော် ကျောင်းတက်ရခြင်းက ဆိုးဝါးသည်ဟု မဆိုသာပေ။

နွေရာသီ ခရီးစဥ်အတွင်း ရှီလီ ပျောက်ဆုံးသွားသေးသည် ဟူသည့် သတင်းကို ရှီလီ၏ အဘွားက ကြားသော် သူမက မြေးမ ဖြစ်သူအတွက် အလွန်တရာ ဝမ်းနည်းလှပေရာ ရှီလီမှာသာ အချိန်ရှိလျှင် သူမထံ လာပြီး လည်ပတ်ဖို့ ပြောလိုက်ပါ၏။

သူမ အဘွား၏ Text Message ကို လက်ခံရရှိပြီးနောက် ထိုညနေမှာပင် စုန့်ရင်းနှင့်အတူ ရှီမိသားစု အိမ်တော်ဟောင်းသို့ သွားရောက်ခဲ့လေသည်။

သူ့မြေးမကို မြင်သည့်အခါ ရှီလီ၏ အဘွားက ကြည်နူးဝမ်းမြောက်သွားကာ မြေးမလေး၏ လက်ကို ဆုပ်ကိုင်ထားရင်း သူမ အသားတွေပိုမည်းပြီး ပိုပိန်သွားကြောင်း ပွစိပွစိ ရေရွတ်လေသည်။

သူမ အသားတွေ ပိုမည်းသွားသည် ဆိုသည်ကို ရှီလီအနေဖြင့် ဘာမှ မပြောနိုင်သော်လည်း သူမ ပိုပိန်သွားတာ မဟုတ်သည်ကတော့ သေချာပါသည်။

သူတို့ ရွာမှာ ရှိစဥ်တုန်းက နေ့တိုင်း လယ်အလုပ်တွေ လုပ်ရပြီး အစားအသောက်များကလည်း အိမ်မှာလောက် မကောင်းသည်က မှန်ပါသော်ငြား ဝဝလင်လင်တော့ စားရသည်ပင်။

တနေ့လုံး လယ်အလုပ် လုပ်ပြီးနောက် ညစာစားရန် စားပွဲမှာ ထိုင်လိုက်သည်နှင့် ရိုးရိုး ဟင်းပွဲများကတောင်မှ မှော်အစွမ်း ရှိလာသယောင် ထင်ရကာ အရသာ ရှိလာလေတော့သည်။ ရှီလီသည်ပင် အနပ်တိုင်းမှာ ထမင်းကို ပန်းကန်လုံးကြီး နှစ်လုံးစာမျှ စားသောက်နိုင်ပါ၏။

ထို့အပြင် လူတိုင်းက အစားအသောက်ကို အလုအယက် စားသောက်ကြပေရာ အရသာက အထူးကောင်းမွန်လှပေသည်။

“ဘွားဘွားက တကယ်ကြီးကို အထင်လွဲနေပြီနော်။ ကျွန်မက Weight မကျရုံတင် မကဘူး၊ နောင်ထပ် နှစ်ပေါင်ပါ ထပ်တက်လာသေး”

လူကြီးလူရွယ်တို့မည်သည် ကလေးများ ကျန်းမာ ဝဖြိုးသည်ကိုသာ နှစ်သက်လှပေရာ သူမ၏ မြေးမလေးက Weight တက်လာသည်ဟု ကြားရသည့်အခါ အထူးကို ပျော်ရွှင်ရတော့သည်။

“ငါတို့ ရှီလီလေးကတော့ တကယ်ကို လုပ်နိုင်စွမ်း ရှိတာပဲ။ အဲ့ဒီတုန်းက မင်းအကိုဆိုရင် နွေရာသီ ခရီးတိုကနေလည်း ပြန်ရောက်လာရော ခုနစ်ပေါင် ရှစ်ပေါင်လောက်ကို ကျသွားတာလေ”

အဘွားအိုက သူမ ခေါင်းကို ခါယမ်းလိုက်ကာ

“ပြီးတော့ သူက ယောကျာ်းလေးဖြစ်ပြီး အဲဒီနွေရာသီ ခရီးတိုလို ပေါ့ပေါ့ပါးပါးဟာလေးကတောင် သူ့အတွက် အရမ်းကို များနေသေးတာ”

လှေကားမှ ဆင်းလာသည့် ရှီချွမ်ကမူ ကြိတ်မှိတ်သည်းခံရင်းဖြင့် ပြောလိုက်၏။

130 05

“ဘွားဘွား၊ အဲဒါက ကျန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက သမိုင်းဟောင်းကြီးပါဗျာ။ အဲဒါကြီးကို ဘွားဘွားက အခုထိ သယ်လာတုန်းပဲလား”

ရှီလီ၏ အဘွားကမူ ကလေးတစ်ယောက်နှယ် ပြောလိုက်၏။

“ငါတို့ ရှီလီက အပြင်လူမှ မဟုတ်တာ။ သူ့ကို ပေးသိတာ ဘာများ မှားနေလို့တုန်း”

“အကို ၊ အခုမှ အိမ်ပြန်ရောက်တာကို၊ ဘာဖြစ်လို့ နောက်တစ်ခေါက် ပြန်ထွက်ဦးမှာလဲ”

ရှီလီက မေးလိုက်၏။

သူမ အကိုကြီး ရှီချွမ်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်လေသည်။

“ဖူကျန်းရန်က သူ့ကောင်မလေးဆီမှာ လှည့်စားခံရပြီး နေ့တိုင်း ရေးကြီးခွင်ကျယ် လုပ်နေတယ်တဲ့။ သူ့ကို စိတ်အားပေးဖို့ဆိုပြီး သောက်ရအောင် အပြင်ခေါ်သွားပေးဖို့ ဦးလေးဖုက သူ့သူငယ်ချင်းဟောင်း ငါတို့တွေကို ခေါ်ထားတာလေ”

******

131 01

အပိုင်း 131.

ထိုစကား ကြားသည့်အခါ ရှီလီကမူ လန်းဆန်း ရွှင်ပျလာလေတော့သည်။

ထိုဒုတိယသခင်လေးဖူက သူ့ကောင်မလေး လှည့်စားတာကို ခံလိုက်ရလေပြီ။

(သူ့ကောင်မလေးမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာကို သူသိသွားတာများ ဖြစ်နိုင်မလား)

(ပိုင်ချန်းချန်းက စီးပွားရေးပူးပေါင်းမှု သူလျှိုဆိုတာကို သူ သိသွားတာလား၊ ဒါမှမဟုတ် လူကုန်ကူးမှု အတွေ့အကြုံ အနှစ်နှစ်ဆယ်ရှိတဲ့ လူကုန်ကူးမကြီးဆိုတာ သိသွားလို့များလား)

စုန့်ရင်း..*ငါလေးတော့ ရှော့ခ် ရသွားပြီဟယ်။ သူက လူကုန်ကူးတဲ့လူလို့ပဲ ငါသိထားတာ၊ ဒါပေမဲ့ သူ့နယ်ပယ်မှာတော့ ဝါရင့်ကြီး ဖြစ်နေမယ်လို့ ငါ တွေးတောင် မတွေးမိဘူး*

(ဒါမှမဟုတ် သူက နှစ်မျိုးစလုံးကို.သိနေတာမျိုးတောင် ဖြစ်နိုင်တယ်)

စုန့်ရင်း.. *အဲဒါဆိုရင်တော့ တော်တော်လေးကို ကံဆိုးတာပဲ*

ရှီလီကမူ သူမ၏ အကြီးဆုံး အကိုဝမ်းကွဲထံမှ အတွင်းသတင်းများကို ပိုသိချင်နေသေး၏။

“အကိုကြီး၊ ဒုတိယသခင်လေးဖူကို သူ့ကောင်မလေးက ဘာကြောင့်လှည့်စားရတာလဲ။ ပြောပြပါဦး၊ သူက ဘယ်လို လှည့်စားခံရတာတဲ့လဲ”

အကြီးဆုံးဝမ်းကွဲမှာ သူ၏ ဝမ်းကွဲနှမငယ်လေးကို ကြည့်မိကာ ဤအတင်းအဖျင်း အုပ်လိုလှသော ဗီဇက ဘယ်ကနေ လက်ဆင့်ကမ်းလာသလဲ စဥ်းစားမိတော့သည်။

သူ့အကြည့်များကလည်း အတော်ကြီးကို စိတ်ကုန်နေဟန်တို့ ပြည့်နှက်နေကာ ရှီလီက အလွန် စပ်စုတတ်တာလား သို့တည်းမဟုတ် သူမက ဒုတိယခင်လေးဖူ၏ ကောင်မလေး အကြောင်းကိုပဲ သိချင်တာလား။ သူလည်း ရှင်းရှင်းလင်းလင်း မသိပါလေတော့။

“လူကြီးတွေရဲ့ကိစ္စကို ကလေးတွေက စိတ်ပူနေစရာ မလိုဘူး”

အကြီးဆုံး ဝမ်းကွဲအကိုက ပြန်လည် ထွက်ခွာသွားပြီးနောက် ရှီလီကို သူ၏ နောက်ကျောနှင့်သာ မျက်နှာချင်းဆိုင်ရန် ပြုလုပ်လိုက်ပေတော့သည်။

ရှီလီ၏အဘွားက ဆိုဖာပေါ်မှာ ထိုင်နေရင်းက မိန်းမငယ်လေး နှစ်ယောက်စလုံး၏ လက်များကို ဆုပ်ကိုင်ထားလိုက်၏။

“ကျန်ခဲ့တဲ့ ရက်တွေတုန်းကပဲ အဲဒီ အကြောင်းကို မင်းတို့ဒေါ်လေးဆီကနေ အဘွား ကြားထားခဲ့ပြီးသား”

ရှီလီက နေကြာစေ့ လက်တစ်ခုပ်ကြီးကို သူမလက်နှင့်အပြည့် ထည့်လိုက်၏။

“သူက ဘာပြောတာလဲ”

ရှီလီ၏ အဘွားက သူမလက်များကို ဝှေ့ယမ်းရင်း

“ အိုင်း ကလေးရယ်။ အဲဒီ ဖူမိသားစုကက ဒုတိယသခင်လေးဖူရဲ့ ကောင်မလေးကလေ တစ်ခုခုတော့ တစ်ခုခုပဲတဲ့။ သူက နှစ်တော်တော်ကြာကြာ လူကုန်ကူးခဲ့တာ ဆိုပဲ”

ရှီလီကမူ အလွန် သင့်တော်သော အမူအရာဖြင့် ပင့်သက်ရှိုက်လိုက်ကာ

“အဲဒါ မဖြစ်နိုင်ဘူး ထင်တယ်နော်။ အဲဒီ လူမှောင်ခိုသမားတွေက သာမန်မျက်နှာရှိတဲ့ သက်ကြီးရွယ်အိုတွေ မဟုတ်သလို လူအုပ်ထဲမှာ အလွယ်တကူ သတိမထားမိနိုင်တဲ့ လူတွေ မဟုတ်ဘူးလား။ သမီး သူ့ကောင်မလေးကို အရင်က မြင်ဖူးပါတယ်။ သူက အဲ့လောက်လှတာကို။ ဘယ်လိုလုပ်ပြီး လူကုန်ကူးတဲ့လူ ဖြစ်ပါ့မလဲ”

ရှီလီ၏ထိပ်တန်း သရုပ်ဆောင်စွမ်းရည်ကို စုန့်ရင်းခမျာ အထင်ကြီးရပေတော့သည်။ သူမ၏ ထိတ်လန့် တုန်လှုပ်ဟန်မှာ အတုအယောင် ဖြစ်ပုံမရဘဲ ဤသတင်းကို ပထမဆုံး ကြားဖူး၍ မယုံကြည်နိုင်သလို ဖြစ်နေပုံရလေသည်။

သူမ၏ မြေးမလေးက လူကုန်ကူးသူနှင့် တွေ့ကြုံခဲ့ရသည်ကို ကြားရသည့်အခါ ရှီလီ၏ အဘွားမှာ ချက်ချင်းကို ကြောက်ရွံ့စိတ်များ ပြည့်နှက်လာပေတော့သည်။

“သမီး အဲဒီ လူကုန်ကူးတဲ့လူနဲ့ ကြုံခဲ့ရသေးတယ်ဆို။ အဲဒီ မိန်းကလေးက သမီးကို အရမ်းကြီး ဖော်ရွေမှုတွေများ ပြခဲ့သလား”

131 02

“ဘွားဘွား၊ သူက အခု အဖမ်းခံလိုက်ရပြီလေ၊ မဟုတ်ဘူးလား။ ဘွားဘွား သမီးကို စိတ်ပူဖို့ မလိုတော့ပါဘူးနော်”

ရှီလီ၏ အဘွားက ကတောက်ကဆတ်ဖြင့် တရစပ်ပြော၏။

“လူကုန်ကူးတဲ့ လူတွေက အပစ်ခံရသင့်တယ်။ လူတွေရဲ့ကလေးတွေကို ခိုးနေမှတော့ မိဘတွေက စိတ်မပူဘဲ ဘယ်နေနိုင်ပါ့မလဲ”

ရှီလီက ခေါင်းညိတ်လိုက်သည်။

“လူကုန်ကူးတဲ့ လူတွေက ကွပ်မျက်ခံရသင့််တယ်လို့ သမီးလည်း ထင်တယ်”

“အဘွား၊ သမီးကို ထပ်ပြောပြပါဦး။ တကယ်လို့ သူသာ လူကုန်ကူးတဲ့လူ ဆိုရင် သူက ဘာဖြစ်လို့ ဒုတိယသခင်လေးဖူကို လိုက်ရတာတဲ့လဲ။ သူက အဲဒီ ယုတ်ညံ့တဲ့ ကုန်သွယ်မှုကနေ အငြိမ်းစား ယူချင်လို့များ ချမ်းသာတဲ့ ယောကျာ်းကို ခင်ပွန်းတော်ချင်လို့ ရှာတာများလား။ ဒါမှမဟုတ် သူက လူချမ်းသာမိသားစုက ကလေးတွေကိုများ ပြန်ပေးဆွဲချင်လို့လား”

ရှီလီ၏ အဘွားက ပြောလိုက်၏။

“အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ခွေးဆိုတာမျိုးက မစင်စားတာကို မရပ်တန့်နိုင်ဘူးလေ”

“မင်းတို့က အဲဒီကိစ္စရဲ့ တဝက်ကို မသိသေးလို့။ ဒီကိစ္စတစ်ခုလုံးက မယုံနိုင်လောက်အောင်ကို ရှုပ်ထွေးတာ။ စွန်းရှို့လီက အဲဒီ မိန်းကလေးကို ဖူမိသားစုကရဲ့ ဒုတိယသားနဲ့ နီးစပ်အောင် ပို့လိုက်တာက ဖူမိသားစုကပိုင် ကုန်သွယ်ရေးပူးပေါင်းမှု လျို့ဝှက်ချက်တွေကို ခိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ”

ရှီလီနှင့် စုန့်ရင်းကမူ အလွန်ပူးပေါင်းစွာဖြင့်ပင် သူမတို့ ပါးစပ်များကို ထိတ်လန့်တကြား အကျယ်ကြီး ဟလိုက်လေတော့သည်။

သူ့မြေးမလေးများ၏ အတွေ့အကြုံ နုနယ်ခြင်းကို ရှီလီ၏ အဘွားက အားရကျေနပ်သွားပြီး ဆက်ပြော၏။

“စွန်းရှို့လီက *Bနိုင်ငံမှာရှိတဲ့ ပိုင်မိသားစုရဲ့ တရားမဝင်သားလေ။* သူ့ရဲ့ အဲဒီ စွန်းလုပ်ငန်းစု ဆိုတာလည်း မသတီစရာ လုပ်ငန်းတွေရဲ့အပြသက်သက်ပဲဟာ။ သူက အဲဒီမှာနေပြီး ငါတို့နိုင်ငံက လူတွေကို လှည့်စားဖို့ လိမ်ဆင်တွေ အမျိုးမျိုးကို သုံးနေတော့တာ”

“အဲဒီ မိန်းကလေး ကိုယ်တိုင်ကလည်း တစ်ခါတုန်းက နစ်နာသူ ဖြစ်ခဲ့ရတယ်လို့ ငါကြားခဲ့ရတယ်။ သူမ အဆင့်အတန်းကို တိုးတက်အောင်လို့ လူကုန်တဲ့အဖွဲ့ထဲကို ဝင်ခဲ့တာတဲ့။ ကလေးတုန်းကတော့ သူ့ကို လူတွေ ကရုဏာသက်အောင် လုပ်ပြီး လူကုန်ကူးတဲ့ လူတွေရှိတဲ့ နေရာတွေ ရောက်အောင် နစ်နာသူတွေကို လိမ်ဆင် ဆင်ခဲ့တာဆိုပဲ။.သူတို့က ဓားစာခံတွေ ထုတ်ဖို့ မူးယစ်ဆေးတွေ သုံးပြီး အစွန်အဖျား ချောင်ကျတဲ့ တောင်တန်းဒေသတွေဆီ ရောင်းစားပစ်တာ”

“သူ နည်းနည်း အရွယ်ရောက်လာတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီလေ။ လုပ်ခလစာမြင့်မားတဲ့ အလုပ်တွေကို ပြည်ပမှာ လုပ်ကိုင်ရမယ်လို့ လူတွေကို ကတိပေးဆွဲဆောင်ပြီး နောက်ကျမှ သူတို့ကို ကန့်သတ် ထိန်းချုပ်ပစ်လိုက်တာပေါ့”

အဘွားအိုက စကားပြောနေရင်းမှပင် သူမ ခေါင်းကို ခါယမ်းလိုက်ကာ

“ ဒီနေ့ခေတ်မှာတော့ အဲဒီလို လိမ်ဆင်တွေကို သတိထားမိဖို့ဆိုတာ ခက်ခဲသွားပါပြီလေ။ ဒီလောက်လှတဲ့ မိန်းကလေးက အဲ့လောက်ထိ နှလုံးသား မည်းပုပ်နေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတဲ့လဲ”

ရှီလီကမူ ထိုအကြောင်းအရာ အားလုံးကို သိရှိခဲ့ပြီးသားပင်။ သူမ အဘွားကို ရှီလီ မေးမြန်းရသည့် အကြောင်းပြချက်ကတော့ စွန်းရှို့လီနှင့် ပိုင်ချန်းချန်းတို့၏ မကောင်းဆိုးဝါ ဆန်လှသည့် အကြောင်းများကို ဘယ်လောက်များများ ထုတ်ဖော်ပြီးပြီလဲ သိချင်လို့သာ။

ရှီလီကမူ ပိုင်ချန်းချန်း၏ ဘဝမှ ပြစ်မှုများကို စိတ်မဝင်စားပေ။ ထိုအကြောင်းအရာနှင့် ပတ်သက်သည့် အထူးအစီရင်ခံစာကိုပင် သူမက ပြီးခဲ့သည့် ဘဝမှာ မြင်ဖူးခဲ့ပြီးသားပင်။

“စွန်းရှို့လီနဲ့ ပတ်သက်တဲ့ ကိစ္စကရော။ သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး နိုင်ငံခြားသား ဖြစ်သွားရတာလဲ။ သူက လူကုန်ကူးမှု နောက်ကွယ်က ကြိုးကိုင်တဲ့လူ ဆိုတာကိုရော သူတို့ အတည်ပြုပြီးပြီလား။ လူကုန်ကူးမှုက သေဒဏ် မမြောက်ဘူးဆိုရင်တောင်မှ သူလွတ်သွားတာ အရမ်းလွယ်နေတာပဲ”

131 03

“လူကုန်ကူးမှုထဲမှာ သူမပါဘူးလေ။ သူ့ကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်။ ပြီးတော့ တချို့အမှုတွေက ဥပဒေက ကန့်သတ်ထားတဲ့ ဘောင်အထိ မရောက်သေးဘူး။ လူသတ်မှု တစ်ခုတည်းနဲ့တင် ဒင်းကို အကြိမ်ကြိမ် ကွပ်မျက်ဖို့ လုံလောက်နေပြီကို”

ထိုသို့ကြားသော် ရှီလီက စိတ်ကျေနပ်သွားလေသည်။ ထိုအယုတ်တမာက ဥပဒေလက်ကနေ ပြေးမလွတ်ဘူးဆိုမှတော့ အင်မတန် ကောင်းပေစွ။

သူမ၏ ပြီးခဲ့သည့် ဘဝတွင်တော့ ဖူမိသားစုက ကျဆုံးချိန် ရောက်သည့်အခါ ထိုစွန်းရှို့လီက သူ၏ အစဥ်မပြတ် လူသတ်မှုများ၏ သက်သေကွင်းဆက်များကို စုံထောက်ဟောင်းကြီး ရှာမတွေ့ခင်အချိန်ထိ ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းခဲ့ပါ၏။

ကံဆိုးစွာဖြင့်ပင် ထိုအမှုက ဥပဒေ၏ ကန့်သတ်မှုဘောင်ကို ကျော်လွန်သွားခဲ့လေသည်။ စွန်းရှို့လီကမူ ကိစ္စများကို ချောချောမွေ့မွေ့ ပြီးဆုံးစေရန် ငွေကြေးအမြောက်အမြားကို သုံးစွဲခဲ့ပြီး ပြည်ပကို ထွက်ပြေးသွားခဲ့ပါ၏။

နောက်ပိုင်းမှာတော့ သူနှင့် ဆက်စပ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းခဲ့ကာ ထိုအချိန်တုန်းက သူက နိုင်ငံထဲမှာ မရှိတော့လေရာ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။

ရှီလီက ပခုံးတွန့်လိုက်၏။

“ကောင်းပါလေ့၊ အဲဒါ တကယ့်ကို ကိစ္စကောင်းပဲ။ လူသေကို အသက် ပြန်ယူပေးလို့ မရဘူး ဆိုပေမဲ့ အနည်းဆုံးတော့ လူသတ်သမားကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူးလေ။”

ရှီလီ၏ အဘွားက သူ့မြေးမ၏ ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။

“အဲဒါက တကယ့်ကို ကိစ္စကောင်းပါပဲ။ အဲဒီ စွန်းရှို့လီက လူကြည့်တော့ လူယဥ်ကျေး ပညာတတ် လူငယ်လေး ပုံဖမ်းပြီး အခုကျ အဲ့လိုကိစ္စတွေ လုပ်ထွက်လာတယ်။ တကယ်ကို အဖုံးကိုပဲကြည့်ပြီး စာအုပ်ကို အကဲဖြတ်လို့ မရဘူးဘဲ”

အဘွားက မြေးမများကို သင်ကြားအကြံပေး၏။

“အဲဒါက သူငယ်ချင်း ဖွဲ့တဲ့ နိယာမနဲ့ အတူတူပဲ။ အပေါ်ယံ မျက်နှာကိုပဲ မကြည့်နဲ့။ အတွင်းစိတ်ကို မြင်အောင် ကြည့်တတ်ဖို့လည်း လိုသေးတယ်”

ရှီလီက ပြုံးလိုက်၏။

“အဲဒါက သူတို့လိုမျိုး ကံဆိုးမိုးမှောင်ကျပြီး စွန်းရှို့လီနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာမှ မဟုတ်တာ။ အဲဒါက မယုံနိုင်လောက်အောင် ကံဆိုးတာပဲ”

ဘယ်လို ကံဆိုးတဲ့လူကများ စွန်းရှို့လီနှင့် သူငယ်ချငိး ဖြစ်ရမည်နည်း။

ဟုတ်ပ ၊ ဖူဟွေ့ရှင်း၏ ဦးလေးက ထိုတစ်ယောက်ပေါ့။

ဘယ်လောက်တောင် ဂြိုဟ်ဆိုးဝင်သည့်သူက ပိုင်ချန်းချန်းနှင့် ချိန်းတွေ့ပါမည်နည်း။

ကောင်းပါလေ့၊ ဖူဟွေ့ရှင်း၏ ဝမ်းကွဲက ထိုတစ်ယောက်ပေါ့။

ရှီလီ၏ အဘွားက နက်နက်ရှိုင်းရှိုင်းပင် သက်ပြင်းချလိုက်၏။

“ သူတို့အိမ်ရဲ့သခင်မဟောင်း ကွယ်လွန်သွားပြီးကတည်းက ဖူမိသားစုကခမျာ ဘယ်ကံကောင်းခြင်းမှ မရှိရှာတော့ဘူး။ အဲဒီလို ထက်မြက်တဲ့ကလေးက မတော်တဆမှုနဲ့ သေသွားရပြီး အခု ဒုတိယသခင်လေးဖူကတော့ နလပိန်းတုံး ဖြစ်နေပြန်တယ်”

အရွယ်မရောက်မီ သေဆုံးရရှာသည့် ကလေးတစ်ယောက်အကြောင်း ပြောသည့်အခါတွင် ရှီလီ အဘွား၏ လေသံမှာ ဝမ်းနည်းကြေကွဲခြင်းတို့ဖြင့် ပြည့်နှက်နေပေသည်။

ထိုဝမ်းနည်းကြေကွဲဖွယ် အကြောင်းအရာကို ဆက်မပြောချင်တော့ပေရာ သူမက စကားလမ်းကြောင်း လွှဲလိုက်၏။

“ဖူမိသားစုကရဲ့ ဒုတိယသခင်လေးက အခု အရမ်း ဝမ်းနည်း ကြေကွဲနေတယ်လို့ မင်းအကိုဝမ်းကွဲဆီကနေ ငါ ကြားခဲ့ရတယ်”

အဘွားအိုကမူ ဤခေတ်လူတို့ကို နားလည်ရန် သူမက အလွန် အသက်ကြီးရင့်ခဲ့ပြီဟု ခံစားရ၏။

“လူမှောင်ခို ကူးတဲ့လူကို ရတနာတုံးလေးလို ဆက်ဆံရအောင် လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လောက် ကန်းရပါလိမ့်”

လမ်းခွဲပြီးနောက် သေချင်နေသည့် အပြုအမူမျိုးကို အဘွားအိုက အထင်သေးလှ၏။

131 04

“ဒီမိန်းကလေးက လူကောင်း မဟုတ်ဘူးဆိုတာကို သိနေတာတောင်မှ သူက သွားသေတော့မလို သရုပ်ဆောင်နေတယ်။ သူဘာတွေများ တွေးနေတာလဲအေ”

ရှီလီက ပခုံးတွန့်လိုက်၏။

“အိုင်း အဘွားရယ်။ အရူးတွေ ဘာတွေးနေလဲသာ လိုက်ပြီး စဥ်းစားနေရင် အဲဒါ သမီးတို့ကိုလည် ရူးအောင် လုပ်နေတာပဲ မဟုတ်လား”

“ငါ့အထင်တော့ မင်းတို့တွေ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတွေနဲ့ အပေါင်းအသင်း မလုပ်သင့်ဘူး။ ပြီးတော့ အရမ်းကို တုံးအ မိုက်မဲတဲ့ လူတွေနဲ့လည်း အပေါင်းအသင်း မလုပ်သင့်ဘူး။ သူတို့တွေက မင်းတို့ကို အောက်ရောက်အောင် ဆွဲချမှာ”

“အိုင်း ချစ်လှစွာသော အဘွားရယ်။ သမီးတို့တွေ အကုန်လုံး သိပါတယ်လို့။ ဟုတ်တယ်မလား။ ရင်းအာ”

စုန့်ရင်းသည်လည်း ကြက်ကလေး ဆန်စေ့ကောက်သည့်နှယ် ခေါင်းညိတ်ပြလိုက်ကာ

“သမီး သိပါတယ် အဘွား။ သမီးတို့က မကောင်းတဲ့ ရည်ရွယ်ချက် ရှိသူတွေနဲ့ အပေါင်းအသင်း မလုပ်သင့်ဘူး”

မိမိကိုယ်ပိုင် ကလေးကို အလွယ်တကူ လဲလှယ်ခံလိုက်ရချိန် ကတည်းကပေါ့။

******

132 01

အပိုင်း 132.

ဂုဏ်သတင်း ကြီးမားလှသော စွန်းအုပ်စုမှာ လူကုန်ကူးမှု နယ်ပယ်၏ မျက်နှာဖုံး တစ်ခုသာ ဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရ၏။

ထိုထုတ်ဖော်ခံရမှုက သူတို့ လူမှုအသိုင်းအဝိုင်းထဲတွင် ဧရာမ အုတ်အော်သောင်းနင်းအမှုကို ဖြစ်စေလေ၏။

အထူးသဖြင့် မြောက်မြားလှစွာသော Netizenတို့၏ စိတ်ကူးယဥ် ချစ်သူဖြစ်သည့် စွန်းရှို့လီက ဥပဒေလိုက်နာသည့် နိုင်ငံ့သားကောင်းနှယ် ဟန်ဆောင်လိမ်လည်ကာ ဥပဒေကို တိတ်တဆိတ် ချိုးဖောက်သူ ဖြစ်နေခဲ့သော် အထူးပင် တုန်လှုပ်ရပေတော့သည်။

ကောင်းပါလေ့၊ သူကတော့ ဥပဒေပုဒ်မ အမြောက်အမြားကို ချိုးဖောက်ထားခဲ့ရာ ဥပဒေချိုးဖောက်သူ ဟူသည့် အမည်တွင်ပင် အကျုံးမဝင်နိုင်တော့ပေ။

အကယ်၍များ ဖြစ်နိုင်မည် ဆိုပါလျှင် သူကျူးလွန်ခဲ့သည့် ပြစ်မှုများက သေဒဏ် ဆယ်ကြိမ်မျှ ချမှတ်ရန် လုံလောက်နေပေပြီ။

သူက လျှောက်လဲချက် အတော်များများ ပေးပါသော်လည်း တစ်ခါတည်း ကွပ်မျက်ရန် အမိန့်ချခံခဲ့ရ၏။

သူတို့၏ အတန်းပိုင်ဆရာထံမှ နေ့စဥ်လိုလို ဖိအားပေးခံရသည်ကလွဲလို့ ကျောင်းသားများ လုပ်သည်ကတော့ စွန်းရှို့လီ၏ ပြစ်မှုမှတ်တမ်းများကို Onlineမှ ရှာဖတ်ကာ အချိန်ဖြုန်းကြခြင်းပင်။

သူက အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကာ နစ်နာသူ တစ်ဦးချင်းစီကို မည်သည့်အချိန်မှာ မည်သို့မည်ပုံ သတ်ဖြတ်သနည်း ဆိုသည့်အကြောင်း ဆောင်းပါးများက အသေးစိတ် ဖော်ပြကြ၏။

အကျွန်ုပ်တို့က သတင်းအချက်အလက် နည်းပညာခေတ်တွင် နေထိုင်သည်ဟု ဆိုလာပါက ယင်းက ချဲ့ကားပြောခြင်း မမည်ပေ။ ဒုတိယသခင်လေးဖူ၏ ချစ်သူကောင်မလေးကတောင်မှ လုပ်ငန်းသူလျှိုလုပ်ခြင်းနှင့် လူကုန်ကူးမှု အတွေ့အကြုံတို့ကိုပါ ဖော်ထုတ်လိုက်လေပြီ။

ထို Nietizen တို့က သူတို့၏ သတင်းအချက်အလက်များကို ဘယ်နေရာက ရသလဲ မရှင်းသော်ငြား စိတ်ပျက်ဖွယ်ရာ ကောင်းစွာဖြင့်ပင် ထို ကောလာဟလ ဟု ခေါ်ဆိုအပ်သော အရာများက အမြင့်ဆုံးသော အမှန်တရားများ ဖြစ်နေပေတော့သည်။

နွေရာသီခရီးစဥ် ပြီးဆုံးသွားပြီးနောက် ရှီလီနှင့်အတူ အတန်းထဲမှ ထိပ်တန်းကျောင်းသားများက ဇွန်လ သင်္ချာပြိုင်ပွဲအတွက် ပြင်ဆင်နေရပြီး နေ့တိုင်းလိုလိုပင် ပုစ္ဆာပြီးရင်း ပုစ္ဆာများကိုသာ တွက်ချက် ဖြေရှင်းနေရပေသည်။

ပြီးခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် ရှစ်မှတ်တန် ကျောင်းသူကြောင့် ကျောင်းအနေဖြင့် အမည်စာရင်း တင်သွင်း စီစစ်ရာတွင် အဆုံးစွန်ထိတိုင် သတိထားနေခဲ့ပါ၏။ အထပ်ထပ် အခါခါ ရွေးချယ်မှု ပေါင်းစုံ ပြုလုပ်ပြီးနောက် သူတိူ့က အထက်တန်း ပထမနှစ်မှ ကျောင်းသားငါးဦးကို စိတ်တူကိုယ်တူ ရွေးချယ်လိုက်တော့သည်။

မူလတုန်းကတော့ ဖုန့်ယွင်ဟယ်ပါ ဤပြိုင်ပွဲမှာ ပါဝင်မည်ဖြစ်ကြောင်း ကြားခဲ့ရသော်လည်း အကြောင်းပြချက် တချို့ကြောင့် ပယ်ချခံလိုက်ရသည်ကို ရှီလီ ကြားခဲ့ရပါ၏။ ထို့ကြောင့် သူက အဆင့်ခြောက်ကျောင်းသား နေရာသို့ ရောက်ရှိသွားလေသည်။

ထိုသတင်းကို ကြားသည့်အခါ သူမက “ယွင်ဟယ်ကိုကို” နဲ့ အတူတူ စာမေးပွဲ ဖြေဆိုခွင့် မရတော့၍ ဝမ်းနည်းကြေကွဲနေသည့် သူမ၏ အမူအရာများကို ဇာတ်ဟန်နှော၍ ပြောဆိုတော့ကာ ယင်းက သူမ ဘဝမှာ မဟာ့မဟာ စိတ်မချမ်းမြေ့ရခြင်း ဖြစ်သည်ဟူ၍ပင် ရွှီးနေပေသေး၏။

သူမ၏ အမူပိုပို ဟန်လုပ် အကဲပိုခြင်းများကြောင့် သူမ အတန်းဖော်များက မျက်နှာကြီးတွေ ရှုံ့မဲ့ကုန်သည်ကို တွေ့သည့်အခါ သူမက အလွန်ကို စိတ်ကျေနပ် အားရလေတော့သည်။

ကနဦးတုန်းကတော့ Class1 မှ ရွေးချယ်ခံရသူက ရှီလီ တစ်ဦးတည်း ဖြစ်၏။ သို့သော် ဖုန့်ယွင်ဟယ်က သူ့နေရာကို လက်လျှော့လိုက်ရာ ထိုအခွင့်အလမ်းကို ကုယွီချင်းက ကောက်ရသွားတော့သည်။

ရုံးချုပ်မှာ ရှိနေသည့် အတန်းပိုင်ဆရာမက သူမတို့ကို အားပေးစကား ပြောပေးခဲ့ကာ အရမ်းကြီး စိတ်မပူကြရန်နှင့် ပုံမှန် စာမေးပွဲ ဖြေဆိုသည့်အတိုင်းသာ သဘောထားကြရန် ပြောလေသည်။

132 02

ဘာကြီးက ဘာကိစ္စ ဖြစ်နေနေ ဤတကြိမ်မှာတော့ အဖွဲ့လိုက်ဆုကိုတော့ ရနိုင်ကောင်းပါ၏။

ရှီလီကလည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့၊ ဘယ်တစ်ယောက်ကမှသာ သမီးတို့ကို ရှစ်မှတ်နဲ့ ဆွဲမချဘူးဆိုရင် အဖွဲ့လိုက်ဆုကို ရဖို့ မျှော်လင့်ချက်ကတော့ ပိုကောင်းမှာပါ”

ဤတစ်ခေါက်ရွေးချယ်ထားသည့် ကျောင်းသားတိုင်းက စာမေးပွဲတိုင်းမှာ ထိပ်တန်းရမှတ်များ ရရှိထားသူများပင်။ ထို့ကြောင့် သူတို့က ထိုကျောင်းသား တစ်ယောက်ချင်းစီတိုင်းကို ကောင်းကောင်းကြီး သိရှိပါ၏။

ထိုအချိန်တွင် အတန်းပိုင်ဆရာက လေ့ကျင့်ရေးဆင်းရန် အဝေးရောက်နေသော်လည်း အတင်းအဖျင်းများနောက် လိုက်ပါရန်ကိုမူ မတားဆီးနိုင်ပါပေ။

သတင်းဆိုးတို့မည်သည် ခရီးတွင်မှု လျင်မြန်လှပေရာ ထိုရှစ်မှတ်ဟူသည့် အမည်းစက်ကြီးက မြို့တော်မှ ဆရာဆရာမများကြား အလျင်အမြန် ပျံ့နှံ့သွားခဲ့ပေသည်။

တစ်စုံတစ်ယောက်က ငွေကြေးအမြောက်အမြားကို အသုံးပြုကာ သာမညောင်ည မည်ကာမတ္တမျှသာ ရှိသည့် ကျောင်းသားကို ပါရမီရှင် အဆင့်ရောက်ရှိရန် အံ့အားသင့်ဖွယ် အသွင်ပြောင်းကာ နောက်ထပ်သော အံ့ဖွယ် ရှစ်မှတ်ကို ပြိုင်ပွဲဝင် အဖွဲ့ထဲသို့ ထည့်လိမ့်မည်ကို စိတ်ပူစရာ မလိုတော့။

ထိုရှစ်မှတ် ဆောင်ကြဥ်းလာသူကြောင့် အရှက်တကွဲ ဖြစ်ရသည်ကို သူတို့ သိရှိသွားပြီဖြစ်ရာ ကျောင်းသည်လည်း နောက်တစ်ကြိမ် မျက်နှာပျောက်ရမည်(အရှက်ကွဲ) ကို ကြောက်ရွံ့သွားလေပြီ။

ပိုပြီး အရေးကြီးသည်ကတော့ ထိုရှစ်မှတ်တန် ဆောင်ကြဥ်းသူကြီးက လတ်တလောမှာ အလွန်ကို အလုပ်များနေရပြီး သူတို့၏ သက်မွေးမှုလုပ်ငန်းကို တိုးတက်အောင် ဖော်ဆောင်ခြင်းနှင့် ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများကို နယ်ပယ်ချဲ့ထွင်ရာမှာ အာရုံစိုက်နေရပါ၏။

နွေရာသီခရီးမှ ပြန်လာပြီးနောက် လျန်ရုန်ရုန်က ဖုန့်လုပ်ငန်းစုအတွက် ပရိုမိုးရှင်းဗီဒီယို ရိုက်ကူးပေးခဲ့ပြီး Onlineပေါ်သို့ အမြန်ဆုံး လွှင့်တင်ခဲ့၏။

ထို ပရိုမိုးရှင်း ဗီဒီယိုက ထွက်ရှိလာပြီး မကြာမီပင် တခဲနက်သော စိတ်ဝင်စားမှုများ ရရှိခဲ့ပြီး Social Mediaတွင်လည်း ကြိမ်ဖန်များစွာ Trend ဖြစ်ကာ ဆက်စပ် ဗီဒီယိုများအားလုံး Like and share များ တဟုန်ထိုး တိုးပွားလာပေတော့သည်။

ထိုဗီဒီယို၏ နောက်ကွယ်တွင် ဈေးကွက်စီးပွားရေးဆိုင်ရာ အားစိုက်ထုတ်မှုများ ရှိနေသည်လား မရှင်းလင်းပေ။ မတိုင်မီတုန်းကလည်း ထိုကဲ့သို့သော Promo ဗီဒီယိုများကို အခြားကုမ္မဏီများက ပြုလုပ်ခဲ့ဖူးပြီး သူတို့ခမျာ ရေသေမြစ်ထဲသို့ ကျောက်စရစ်ခဲ ပစ်ချလိုက်သလိုပင် လှိုင်းမထန်ခဲ့ရသလို ပွဲလည်း မစည်လိုက်ရရှာပါပေ။

ထိုဗီဒီယိုများကို လုပ်ငန်းတို့၏ Official Accountမှာ Pin ထောက်ထားပါသော်ငြား Like and Share ကတော့ ကျဲပါးလှကာ ဝန်ထမ်းများကိုပင် ကြည့်ကောင်းရှုကောင်း ဖြစ်အောင် ကြိုးစားပေးထားသလိုပါပင်။

ထို Promo ဗီဒီယိုထဲမှ အောင်မြင်သည့် သွင်ပြင်၏ ကျေးဇူးကြောင့် လျန်ရုန်ရုန်ကား ေကျာ်စောထင်ရှားမှု တချို့ကို ရရှိခဲ့ပေသည်။

Production ကုမ္ပဏီငယ်လေး အချို့က သူတို့ကုမ္ပဏီကို Audition ဝင်ပေးရန်ပင် သူမကို ဖိတ်ခေါ်ကြသေး၏။ မူလတုန်းကတော့ သူတို့က သူမကိူ Minor Role အတွက်သာ အလိုရှိခဲ့ကြတာဖြစ်သည်။ သို့သော် ဒါရိုက်တာက သူမကို မြင်သည့်အခါ သူမ၏ ရုပ်သွင်နှင့် သရုပ်ဆောင်စွမ်းရည်က ပြည့်စုံလှပေရာ သူက လျန်ရုန်ရုန်ကို Female Lead အဖြစ် ကြီးမားသော ဇာတ်ကွက်ကို ပေးအပ်လိုက်လေတော့သည်။

(အဲဒါက သူမကို လူသိများအောင် ဘယ်လို Promote လုပ်လိုက်လဲ ဆိုတာပေါ့။ အဲဒါက အမှန်ပဲလား ဒါမှမဟုတ် သူမရဲ့ဇာတ်လိုက်မ နေရာအတွက် ဖုန့်အဘိုးကြီးကပဲ လာဘ်ထိုးလိုက်သလား မသဲကွဲပေမဲ့ပေါ့)

ထိုဒါရိုက်တာက နာမည်ကြီး ဒါရိုက်တာ မဟုတ်သော်ငြား ပြီးခဲ့သည့် နှစ်အနည်းငယ်လောက်က ဤဒါရိုက်တာ၏ Drama များက နည်းနည်းတော့ Hit ဖြစ်ခဲ့သည်ပင်။ ဤနယ်ပယ်သို့ ဝင်ရောက်လာပြီး တက်သစ်စအနေဖြင့် ဇာတ်လိုက်နေရာမှာသာ ပါဝင်ရပြီဆိုလျှင် သူမ၏ အနာဂတ်က အကန့်အသတ် မရှိတော့ပါပေ။

132 03

ဤမျှ တောက်ပသော အနာဂတ်ကြီးက ကမ်းလင့်နေပေရာ သူမက ဘယ်လိုလုပ်ပြီး စာလေ့လာရာမှာ ကြိုးကြိုးစားစား အာရုံစိုက်နိုင်ပါတော့မည်နည်း။

ပြိုင်ပွဲဝင်ရန်အတွက် ေကျာင်းက နာမည်များ ရွေးချယ်နေချိန်တွင် လျန်ရုန်ရုန်ကမူ ရိုက်ကူးရေးအဖွဲ့နှင့် ပူးပေါင်းရန် အလုပ်များနေရပြီး အတန်းတက်ရန်အတွက် ကျောင်းသို့ လာရောက်ခြင်းကပင် ရှားပါးလှပေသည်။ သို့ဖြစ်လေရာ သူမက ပြိုင်ပွဲမှာ ပါဝင်ဖို့ အချိန်ကို အဘယ်မှာ ရှာချိန် ရှိပါအံ့နည်း။

ထို့အပြင် ဤတစ်ခေါက် ပြိုင်ပွဲဝင်ဖို့ အလှည့်ကျသူက ကုယွီချင်း ဖြစ်ပါ၏။ အကယ်၍ သူမသာ ကုယွီချင်းကို ပြိုင်ပွဲမှ ထွက်ရအောင် ကန်ထုတ်လိုက်ပါက ကုမိသားစုသည်လည်း ယီးတီးယားတား လုပ်လို့ရသည့် မိသားစု ဟုတ်မနေပေ။

လျန်ရုန်ရုန် ရုပ်ရှင်ရိုက်ကူးနေစဥ် ရှီလီနှင့် အခြားကျောင်းသားလေးဦးသည်လည်း ပြိုင်ပွဲဝင် စာမေးပွဲကို ဖြေဆိုရင်းဖြင့် ထိုရက်သတ္တပတ်ကို အချိန်ဖြုန်းရလေတော့သည်။

စာမေးပွဲက လျင်လျင်မြန်မြန် ပြီးသွားသော်လည်း ရလဒ် ထွက်လာဖို့ကတော့ အချိန်တချို့ ယူရပေဦးမည်။

ထိုအချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမှ Team ကို ဆွဲမချခဲ့သလို လူတိုင်းက ကောင်းစွာ ကြိုးစားခဲ့တာဖြစ်၏။ အထူးသဖြင့် ကုယွီချင်းက မျှော်လင့်သည်ထက် ပိုမိုသာလွန်ကာ အံ့သြဖွယ်ရာ ကောင်းစွာပင် ကြေးတံဆိပ်ဆု ရရှိခဲ့ပါ၏။ သူမက မူလတုန်းကတော့ ဤပြိုင်ပွဲတွင် အရေအတွက် တိုးလာရန်သာ ပြုလုပ်ခဲ့ပြီး သူမ ဆုရရှိမည်ဟု မည်သူကမှ မမျှော်လင့်ခဲ့ပေ။

ထိုပြိုင်ပွဲတွင် ချန်ဖုအထက်တန်းကျောင်း အနေဖြင့် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် အဖွဲ့လိုက် ပြိုင်ပွဲတွင်လည်း ဒုတိယနေရာ ရရှိခဲ့သေး၏။

ခရိုင်တွင်းမှ ထိပ်တန်း အထက်တန်းကျောင်းက အုပ်စုလိုက် ပြိုင်ပွဲတွင် ပထမ နေရာကို ရရှိခဲ့လေသည်။ သူတို့က ရွှေတံဆိပ်ဆုကိုတော့ ချန်ဖုအထက်တန်းကျောင်းနှင့် အတူတူရရှိခဲ့ပြီး ကြေးတံဆိပ်က သုံးခု ရရှိပါ၏။

ကျောင်းသားငါးဦးကို ပြိုင်ပွဲသို့ ဦးဆောင် ခေါ်လာသည့် ဆရာက သူတို့ကို နှစ်သိမ့်ပေးလိုက်၏။

“ဒီတစ်ကြိမ်တော့ မင်းတို့အားလုံး ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ ဒီစီရင်စုက ထိပ်တန်းကျောင်းတွေနဲ့ ယှဥ်ရင် ငါတို့ ကျောင်းက ကျောင်းသားတွေရဲ့ အခြေခံကလည်း ဘယ်နားမှာမှ ချို့တဲ့မနေပါဘူး။ အသင်းလိုက် ပြိုင်ပွဲမှာ ဒုတိယ နေရာကို ရတာနဲ့တင် အရမ်းကို အထင်ကြီးစရာ ကောင်းနေပြီ။ ဒီညတော့ ငါ မင်းတို့ကို ညစာ လိုက်ကျွေးမယ်။ မင်းတို့ ဒီလောက် အကြာကြီး စာကြိုးစားထားရတာကို၊ အပြင်ထွက်ပြီး အပန်းဖြေကြရအောင်လေ”

ဤအုပ်စုကို ဦးဆောင်လာသည့် ဆရာက အယ်လ်ကိုဟောဒဏ် ခံနိုင်စွမ်း သိပ်မမြင့်ရှာပေ။ သူက ဘီယာ ဘူးတဝက်လောက် သောက်ပြီးနောက် သူ့စကားများက အတော်ကြီးကို ဗလုံးဗထွေး ဖြစ်လာပြီး သူ့ကျောင်းသားများကိုလည်း သူ့အထက်လူကြီးသဖွယ် ပြုမူလေတော့သည်။

“လူကြီးမင်းတို့၊ ငါ မင်းတို့ကို ပြောစမ်းပါရစေ၊ ဒီတစ်ခေါက် ငါတို့တွေ ဒုတိယဆု ရခဲ့ပြီ၊ နောက်တစ်ခေါက် ကျရင်တော့ ငါတို့တွေ ပထမဆုရနိုင်မှာပါ”

ဆရာနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည့် ရှီလီကမူ သူမ ခေါင်းကို ငုံ့ကာ ဟာသနှောသည့် အတွေးကို တွေးမိ၏။ ( အလုပ်သမားတွေကို ဗလာသက်သက် ကတိတွေ စွတ်ကန်ပေးတဲ့ ခေါင်းဆောင်မျိုးကတော့ မထူးဆန်းပါဘူးဟယ်။ ဒါပေမဲ့ လက်အောက်ငယ်သားက သူဌေးကို ဗလာကတိတွေ ပေးနေတာမျိုးကိုတော့ ငါလည်း အခုမှ မြင်ဖူးတာပဲ)

ရှီလီ၏ ထေ့လုံးငေါ့လုံးများကို ကြားရသည့် ကုယွီချင်းကမူ သူမ၏ ရယ်ချင်စိတ်များကို အတင်း ကျိတ်မှိတ် မြိုသိပ်ထားရပေ၏။

ကုယွီချင်း၏ ဘေးမှာ ထိုင်နေသည့် အတန်းဖော်ကမူ သူမက ဆရာ၏ မူးယစ်မှု အခြေအနေကို ဆက်လက် သည်းမခံနိုင်တော့ပြီဟု တွေးမိကာ သူမ၏ နာကျင်စရာ အမူအရာကို ရှင်းချက်ထုတ်နေလေသည်။

“လူကြီးမင်းတို့၊ နောက်တစ်နှစ် ရောက်ရင်တော့ ငါတို့တွေ ရွှေတံဆိပ် နှစ်ခုရဖို့ ငါ စီစဥ်ထားတယ်။ ရွှေတံဆိပ် နှစ်ခုရတဲ့ ကျောင်းသားနဲ့သာဆို ငါတို့ ပထမနေရာ ရမှာ အသေအချာပဲ”

ဆရာ၏ ဘေးနားတွင် ထိုင်နေသည့် ကျောင်းသားကမူ ပိုလို့တောင် အရှက်မရှိပါပေ။ သူက အမှုဆောင် စကားပြောသည့် နည်းလမ်းကို အတုခိုးကာ မေးလိုက်၏။

“ဘယ်လို ထူးချွန်ပြောင်မြောက်တဲ့ အစီအစဥ်မျိုး ဆရာ့မှာ ရှိနေလို့လဲ”

132 04

ဆရာကလည်း ဗလုံးဗထွေးဖြင့် ပြန်ဖြေသည်။

“အဲဒါက.. အဲဒါက အဲလို မဟုတ်ဘူးလေ၊ အဲဒါ ခက်တော့ခက်တယ်။ ရွှေတံဆိပ် ဆုရှင်က ငါတို့ကျောင်းကို ရောက်လာမှ ရမှာပေါ့။ နောက်ပြိုင်ပွဲကျ ငါတို့လည်း ရွှေတံဆိပ် နှစ်ခု ရလာမှာ”

လူတိုင်း……… ဆရာက တကယ့်ကို ဉာဏ်ကြီးရှင်ကြီးပဲနော်၊ ဟုတ်တယ်မလား။

“အဲဒါက ကြည့်ရတာ လုပ်ဖို့တော့ သိပ်မလွယ်လောက်ဘူး”

ဆရာကမူ အထင်အမြင် သေးစွာဖြင့် သူ့လက်များကို ဝှေ့ယမ်းလိုက်ကာ

“အဲဒါ လုပ်ရကိုင်ရ အရမ်းကို လွယ်ပါတယ်။ ပိုက်ဆံက မဖြေရှင်းနိုင်တဲ့ ပြသနာမှ မရှိပဲဟာ”

လူတိုင်း တိတ်ဆိတ် ဆွံ့အမှုထဲသို့ ပြုတ်ကျသွား….!!!!!!!!!

ညစာ စားချိန်အတွင်းဝယ် ရှီလီရော ကုယွီချင်းပါ ဆရာက သာမန်ကာ လျှံကာ မှတ်ချက်ပြုလိုက်သည့် အရာက အမှန်တကယ်ကြီး ဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။

တပတ်ကြာပြီးနောက် အတန်းပိုင်ဆရာက အရပ်ရှည်ရှည် ပိန်ပါးပါး မိန်းကလေး တစ်ဦးကို အတန်းထဲသို့ ခေါ်ဆောင်လာကာ သူတို့၏ အတန်းဖော် အသစ်အဖြစ် မိတ်ဆက်ပေးလေတော့သည်။

ထိုကျောင်းသူအသစ်ကို မိတ်ဆက်ပေးချိန်တွင် ဆရာမက ပုံမှန် အချိန်များထက် ပိုမို လေကြောရှည်နေပေသည်။

သူက အလေးထား ဂရုစိုက်စွာဖြင့်

“ရုံရုံက ဒီစီရင်စုမှာ အဓိက အထက်တန်းကျောင်းက ထိပ်တန်းကျောင်းသူပဲ။ ငါတို့ အတန်းထဲက ရှီလီနဲ့ ကုယွီချင်းတို့ လတ်တလောတုန်းကမှ ဝင်ပြိုင်ခဲ့တဲ့ သင်္ချာ ပြိုင်ပွဲမှာ သူမကလည်း ထူးချွန်တဲ့ ရမှတ်တွေ ရထားပြီး ရွှေတံဆိပ်ဆုပါ ရ,ထားတာ။ အခုကစပြီး သူမက ငါတို့ရဲ့ အတန်းသူ ဖြစ်သွားပြီ။ အားလုံး အဆင်ပြေပြေနဲ့ ပေါင်းစည်းပြီး ဘဝမှာရော စာလေ့လာတာမှာ အတူ တိုးတက် အောင်မြင်လာဖို့ မျှော်လင့်တယ်နော်”

*ရုံရုံ = ဇာတ်ကောင်အသစ်

(မဖြစ်နိုင်လိုက်တာဟယ်။ ငါတို့ဆရာဝမ်ကတော့ သူများတကာရဲ့ အဖိုးတန်ကျောင်းသူကို တကယ်ကြီး လုလာဖို့ စီမံလိုက်နိုင်တာပဲနော်)

All Chapters