အခန်း (၁၃၃-၁၃၆)
Vol. 7 Ch. 133-136
133 01
အပိုင်း 133.
ထိုအတန်းဖော် အသစ်ကလေးမှာ အတော်လေးကို အရပ်မြင့်ပြီး အရပ်က 5’7” ဝန်းကျင်ခန့် ဟု ထင်ရပြီး ရိုးရိုးရှင်းရှင်း ပိုနီတေးလ်သာ စည်းထားပါ၏။
သူမက လူများနှင့် ခပ်ခွာခွာနေကာ စည်းခြားထားပြီး သူမ မျက်လုံးများသည်လည်း အေးစက်ကာ ဥပေက္ခာပြုဟန်များကို ထုတ်လွှတ်နေပေ၏။
ကျောင်းသူ အသစ်၏ မျက်နှာသေကြီးကို ကြည့်ကာ လူတိုင်းသည်လည်း အခြားတပါးသော လူတစ်ယောက်ကို အမှတ်ရမိလေသည်။ သူတို့၏ နှလုံးသားထဲတွင် ရှီလီသည်လည်း ထိုကဲ့သို့သော အမူအရာမျိုး ရှိခဲ့သည်ကို ပြန်လည် သတိရသွား၏။
ပြောင်းလဲချက် တစ်စုံတစ်ရာများ သူမထံမှာ ရှိခဲ့ဖူးပါသလား။ မရှိခဲ့ဖူးပါ။ သူမက ထိုအေးစက်သော ဝတ်ရုံကို ခြုံထားခဲ့ပါသော်ငြား သူတို့ကမူ ရှီလီ၏ အတွင်းစိတ်မှ မိုက်မဲတုံးအမှုများကို သိရှိကြပေရာ သူတို့လည်း သူမ၏ အေးစက်သော မျက်နှာကို အလိုအလျောက်ပင် လျစ်လျူရှုမိကြပေသည်။
ဘာကို အေးစက်တဲ့ မျက်နှာထားနဲ့ အလှလေးလဲ။ သူမက မျက်နှာထိ မျက်နှာထားနဲ့ ငတုံးဘောလုံးလေးမှန်း ဒီလောက် သိသာနေတာကို။
ရှီလီကြောင့်သာ သူတို့လည်း ဤကျောင်းသူသစ်ကို ကြည့်ရသည်မှာ ပိုလို့တောင် ရင်းနှီးကျွမ်းဝင်လှချည့်ဟု ခံစားရလေသည်။
မူလတုန်းကတော့ ဤကျောင်းသူသစ်က စီရင်စု အဓိကကျောင်းမှ ကျောင်းသူဖြစ်ကြောင်း ကြားရသည့်အခါ သူတို့အချင်းချင်း တီးတိုး ပြောဆိုနေကြပေသည်။
(သူက စီရင်စု ဗဟိုကျောင်းကို ဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမှာကို။ ဘယ်လိုလုပ်ပြီး ငါတို့ကျောင်းကို လာဖို့ ဆုံးဖြတ်လိုက်ရတာလဲ)
ရှီလီ၏ အတွင်းစိတ် အတွေးတို့ အသံထွက်လာသည့်အခါ လူတိုင်း၏ စိတ်များသည်လည်း ရေနွေးကရားများနှယ် ပွက်ပွက်ဆူရပေတော့ငည်။ အတန်းသားတို့၏ အတွေးကို မည်သူ တစ်ဦးတစ်ယောက်ကမျှ မကြားနိုင်ခြင်းက ကံကောင်းလှပေသည်။ သို့မဟုတ်လျှင် ဖြတ်သွားဖြတ်လာတို့က သူတို့၏ နားများကို အုပ်ကာ စောဒက တက်ကြပေလိမ့်မည်။ * ကယ်ကြပါဦး။ ဒီအာရုံခံစားနိုင်တဲ့ ရေနွေးကရားတွေက ဘယ်ကနေ ရောက်လာတာတုန်း”
ကျောင်းသူအသစ်၏ အမူအရာကို အကဲခတ်နေသည့် အတန်းသားများကမူ သူမက “ဘယ်သူ စကားပြောလိုက်တာလဲ” သို့မဟုတ် စောဒက တက်ခြင်းမျိုးကဲ့သို့သော မဆီလျော်မှုများ ပြုလုပ်မည်ကို ကြောက်ရွံ့လေသည်။
သို့ဆိုပါလျှင် သူတို့က ကျောင်းသူသစ်ထံ တဟုန်ထိုး ပြေးသွားကာ သူမ ပါးစပ်ကို ပိတ်ရန်ပင် ပြင်ဆင်ပြီးလေပြီ။
အကယ်၍များ ဤကျောင်းသူအသစ်သာ စကား ပြောလာခဲ့ပါလျှင် သူမ၏ ပညာသင်နှစ် အနေအထားကို ဆွေးနွေးရန် အကြောင်းပြကာ ရုံးခန်းသို့ ခေါ်သွားဖို့ကိုတောင်မှ အတန်းပိုင်ဆရာက အသင့်ဖြစ်နေခဲ့ပြီး ဖြစ်၏။
လူတိုင်းက ပြင်ဆင်ထားပြီးသား ဖြစ်ကာ သူတို့က ကျောင်းသူ အသစ်ကို သတိပေးရန် ခုန်အုပ်မည့် အနေအထားပင် ရှိနေပါ၏။
သို့သော် ထိုကျောင်းသူအသစ်ကို ကြည့်ရသည်မှာ ထိုအသံကို အမှန်တကယ် မကြားလိုက်ရပုံ ပေါ်လေသည်။ သူမ ဘယ်မှာ ထိုင်ရမည်လဲဟုပင် အတန်းပိုင်ဆရာကို လှည့်မေးလိုက်၏။
“သမီး ဘယ်မှာ ထိုင်ရမလဲ ဆရာ”
ဆရာကလည်း ပြန်ဖြေလိုက်သည်။
“ဟမ်၊ အိုင်း ၊ မင်း ဘယ်မှာ ထိုင်ရမလဲ။ ငါ ကြည့်ပါရစေဦး”
သူက စာသင်ခန်းအတွင်းမှာ ပတ်ချာလည် လှည့်ကာ လမ်းလျှောက်နေပြီး သူ၏ အကြည့်များက စာသင်စင်မြင့်ဘေးမှာ ရှိနေသည့် စုန့်ရင်းထံသို့ ကျရောက်သွားတော့သည်။
စုန့်ရင်း..????
“အတန်းထဲမှာတော့ မင်းအတွက် နေရာလွတ် မရှိတော့ဘူး။ ဆိုတော့ကာ စာသင်စင် ဘေးနားမှာပဲ ထိုင်လိုက်တော့နော်”
စုန့်ရင်းကမူ သူမ၏ ထိုင်ခုံကို အတန်းသူ အသစ်ထံ ပေးရမည်ဟု တွေးနေမိသည်။ သူမ၏ ထိုင်ခုံကို ဆုံးရှုံးရသည့်အတွက် ဒေါသထွက်ရမည့်အစား သူမက အလွန်ကို ပျော်ရွှင်နေပေသည်။
133 02
“ဒါဖြင့်လည်း သမီး ထိုင်ခုံကို ရုံရုံကို ပေးလိုက်ပါ့မယ်”
သူမက စာလေ့လာရတာကို ကြိုက်နှစ်သက်သည့် ကျောင်းသူကောင်း တစ်ဦး ဖြစ်သော်လည်း သူမခမျာ ဆရာ၏ နှာခေါင်းအောက်မှာ ထိုင်ရပြီး နေ့လည်ခင်း အိပ်မက်ကလေးသော်မှ မက်ခွင့်မရခြင်းက သူမအတွက်တော့ ခက်ခဲလှပေ၏။
ယခုမူ သူမ၏ ထီးမွေနန်းမွေကို ဆက်ခံမည့်သူ ပေါ်ပေါက်လာပေရာ စုန့်ရင်းသည်လည်း အတော်ကြီးကို ကျေနပ်ပျော်ရွှင်လေတော့သည်။
အတန်းပိုင်ဆရာက သူ့လက်များကို ဝှေ့ယမ်းလိုက်၏။
“မင်းထိုင်ခုံကို ပေးလိုက်ဖို့ မလိုပါဘူး။ ရုံရုံက စာသင်စင်ရဲ့ တခြားဘက်မှာ ထိုင်လို့ရတာပဲ”
စုန့်ရင်းက ပြောလိုက်၏။
“ဒါပေမဲ့ အဲဒါက အတန်းထဲကို လမ်းလျှောက်ဖို့ အဆင်မပြေအောင် လုပ်မိသလို ဖြစ်နေမှာပေါ့ ဆရာ”
“အဲဒါက ပြသနာ မဟုတ်ပါဘူး၊ ငါတို့ အခန်းက အတော်ကျယ်တာပဲဟာ။ အပိုနေရာ ချန်နိုင်မှာပါ”
“အတန်းခေါင်းဆောင် ၊ စာကြည့်စားပွဲနဲ့ ကုလားထိုင် ယူလာဖို့ လူတချို့ ခေါ်လာပေးပါဦး”
ယင်းက ရုံရုံကို ကျောင်းက ဦးစားပေး ဆက်ဆံမှန်း သိသာလှပေသည်။ အတန်းခေါင်းဆောင်က စာကြည့်စားပွဲနှင့် ထိုင်ခုံများကိုပင် ယူလာဖို့ မလိုအပ်ဘဲ ဆရာများက ပရိဘောဂများကို စာသင်ခန်းအတွင်းသို့ အရောက်ပို့ဆောင်လာခဲ့ပြီးပြီပင်။
ထိုအတွက်ကြောင့် သူတို့က ကြားထဲမှာ စာသင်စင်မြင့် ခြားနေသည်ဆိုလျှင်တောင်မှ စုန့်ရင်းကတော့ ထိုင်ခုံဖော် ရသွားပေပြီ။ သူတို့က ထိုင်ခုံဖော်တွေဟု ယူဆလို့ ရသည်ပင်။
ရှီလီ၏ အတွင်းစိတ် အသံကို တုံ့ပြန်မှု ကင်းမဲ့လှသည့် အတန်းသူအသစ်၏ သွင်ပြင်ကြောင့် အတန်းသားများမှာ စိတ်ရှုပ်ထွေးရပေတော့သည်။
(ဆိုတော့ သူမက ကြားတာလား ၊ မကြားတာလား)
(ဟုတ်ပ၊ အဲ့တော့ ဘယ်သူမဆို ရှီလီရဲ့ အတွေးကို မကြားနိုင်တာက ဖြစ်နိုင်တယ် မဟုတ်လား။)
(ရွေးချယ်ခံရတဲ့ တစ်ယောက်ပဲ သူ့အတွေးကို ကြားရတာမျိုး ဖြစ်နေမလား)
( ကြားရတဲ့ လူတွေက ရာထူးလျှောလာတဲ့ သေမျိုးတွေပဲ ဖြစ်မှာပေါ့လေ)
ထို့နောက် တတန်းလုံးက ရုံရုံ၏ ထိုင်ခုံဖော်ဖြစ်သည့် စုန့်ရင်းထံသို့ ရုန်ရုန် အသံထွက်လာစေရေး တက်ညီလက်ညီ အပ်နှံလိုက်တော့သည်။
အတန်းပြီးသည့်နောက် ပုံမှန်အတိုင်း စာဖတ်ကာ ခွေခေါက်နေရမည့်အစား စုန့်ရင်းက ရုန်ရုန်၏ စားပွဲသို့ ရှပ်တိရှပ်ပြာဖြင့် ကူးသွားလေ၏။
သူမလို Introvert(စကားနည်းသူ) တစ်ယောက်အတွက် တစ်စုံတစ်ယောက်ကို စတင် ဦးဆောင် စကားပြောဖို့က မယုံနိုင်လောက်အောင် ခက်ခဲလှပါ၏။ သို့သော် သူမ၏ အတန်းဖော်များအတွက် ထိုခြေလှမ်းကို စတင်ခဲ့ရပေသည်။
သူမက စကားလေး အနည်းငယ် စ ပြောလိုက်သည်။
“ရုံရုံ ၊ နင်တက်ခဲ့တဲ့ ကျောင်းက စီရင်စုဗဟိုကျောင်းလို့ ဆရာက ပြောတယ်။ နင်က တကယ့်ကို ဉာဏ်ထက်တာပဲ။ တကယ်တော့ ငါလည်း စီရင်စုဗဟိုကျောင်းရဲ့ ဝင်ခွင့်ဆင့်ခေါ်စာကို ရခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီစီရင်စုရဲ့ အခု ကိုယ်ပိုင်အထက်တန်းကျောင်းက ငါ့ကို နှစ်စဥ် ပညာသင်ဆု ပေးမယ်လို့ ကမ်းလှမ်းလာတယ်လေ။ ဒါကြောင့် ငါ့အမေက အဲဒီ ကျောင်းအစား ဒီနေရာကို ပို့လိုက်တာပဲ”
ထိုစကားကြားသော် စာရွက်ပေါ်မှာ သင်္ချာပုစ္ဆာများ ရေးခြစ်နေသည့် ရုံရုံက သူမ ဘောပင်ကို ရပ်ထားလိုက်၏။
“ဒါပေမဲ့ နင်အခု ချန်ဖုအထက်တန်းကျောင်းမှာပဲ မဟုတ််ဘူးလား။ ချန်ဖုအထက်တန်းကျောင်းရဲ့ သင်ကြားရေးကလည်း စီရင်စုဗဟိုကျောင်းထက် ဆိုးဝါးနေတာမျိုးလည်း မဟုတ်ဘူးလေ။ ပြီးတော့ သူတို့က နင့်ကို နှစ်တိုင်းပေးတဲ့ စကော်လာဆုက အဲဒီကျောင်းက ပေးတာထက် ပိုများနေတာပဲ ရှိတာ။ သေချာပေါက်ကို မနည်းဘူးပေါ့”
133 03
စုန့်ရင်းကမူ သူမ၏ ပုဂ္ဂိုလ်ရေး ကိစ္စများကို ကြားသွားမည်ကို စိတ်ထဲ မထည့်ထားပေ။ သူမက အတော်လေးကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“အိုး… အဲဒါက အဲ့လို မဟုတ်ပါဘူး၊ ငါက တကယ်တော့ ချန်ဖုအထက်တန်းကျောင်းမှာ စာသင်ရဖို့အတွက် ကျူရှင်လခ ပေးပါတယ်။ ငါ့အမေက လူချမ်းသာ တစ်ယောက်နဲ့ လက်ထပ်ထားတာလေ။ ပြီးတော့ ငါ့ကို ပြန်ခေါ်လာပြီး ဒီချန်ဖုအထက်တန်းကျောင်းကို ပို့ပေးလိုက်တာပဲ”
ထိုစာကြောင်းလေးနှစ်ကြောင်းက မြောက်မြားလှစွာသော သတင်းအချက်အလက်များကို ထုတ်ဖော်လိုက်ပေ၏။
ကျောင်းသူအသစ်လေးကမူ ဤမိသားစု အခြေအနေက ရှုပ်ထွေးလှချည့်ဟု ခံစားလိုက်ရသည်။ သို့သော် ဤမိန်းကလေးခမျာ သူ့မိခင်ထံမှာ တန်ဖိုးအထား မခံရကြောင်း သူမ ခံစားရနိုင်ပါ၏။ အကောင်းဆုံး ကျောင်းသို့ ဝင်ရောက်ခွင့်ရရန် သူမ၏ အားစိုက်မှုများက အရည်အချင်း ပြည့်ဝခဲ့သော်လည်း သူမ၏ မိခင်ကမူ သူမသမီးကို ပိုက်ဆံအတွက်ကြောင့် ထိုကျောင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။
သင်မည်သို့ပင် ကြည့်ရှုသည် ဖြစ်ပါစေ ထိုမိဘများက အရည်အချင်း မရှိသူများသာတည်း။
သူမသည်လည်း ဤမိန်းကလေးကို သနားကရုဏာ သက်မိပေရာ ထိုမိန်းကလေးနှင့် စကားပြောရန် သူမ၏ လုပ်လက်းများကို ရပ်ထားလိုက်၏။
အားနွဲ့ခြင်းကို ပြသခြင်းကား စုန့်ရင်း နှစ်ပေါင်းများစွာ ရှင်သန်ခြင်းမှ ရရှိခဲ့သည့် ဉာဏ်ပညာပင်တည်း။ မည်သို့သော လူစားမျိုးပင် ဖြစ်နေပါစေ၊ သနားကရုဏာ သက်ဖွယ်ရာ ကောင်းသူကို မည်သူကမျှ တွန်းလှန် ဆန့်ကျင်နိုင်ကြမည် မဟုတ်ပေ။ သူမ အခြားသူများနှင့် ပိုမို နီးကပ်လိုသည့် အချိန်တိုင်း ယခုလို ကရုဏာ သက်ဖွယ်ရာ ပြကွက်မျိုးကို ပြသ အသုံးချခဲ့ခြင်း ဖြစ်ပေသည်။
“နင်က ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရခဲ့တာဆိုတော့ အရမ်း အံသြစရာ ကောင်းတာပဲ။ နောက်ကျ ငါနင့်ဆီကနေ လေ့လာသင်ယူပြီး နင့်လိုပဲ အတော်ဆုံးဖြစ်အောင် ကြိုးစားချင်လိုက်တာ”
စုန့်ရင်းကို ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပြီး အားနည်းလှပေရာ အခြားသူများက သူမကို ရင်အုပ်မကွာ ကာကွယ်ပေးလိုစိတ်များ ဖြစ်ပေါ်လာအောင် အလိုလို လှုံ့ဆော်ပေးနိုင်ပေ၏။
အထူးသဖြင့် ထိုကဲ့သို့သော မိန်းမငယ်လေးက သင့်ကို လေးစားနှစ်သက်စွာ ကြည့်လာပြီး သင့်ထံမှ သင်ယူ လေ့လာလိုပါကြောင်း ပြောလာသည့်အခါမှာတော့ အပြင်ပန်းမှာ အေးစက်သယောင် ထင်ရသည့် ကျောင်းသူအသစ်လေးတစ်ယောက်ကတောင်မှ အတော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်ရပေမည်။
သူမက ပြောလိုက်၏။
“နင် စာလုပ်နေတဲ့အချိန် ဘာပြသနာပဲတွေ့တွေ့ ငါ့ဆီကိုသာ လာလိုက်။ ငါက တခြားဘာသာတွေမှာ ပုံမှန်အဆင့်ပဲ ဆိုပေမဲ့ သင်္ချာမှာတော့ အသင့်အတင့် ကောင်းပါတယ်”
“ကိုယ့်ကိုကိုယ် အရမ်းကြီး နှိမ့်ချမနေပါနဲ့။ နင့်အဆင့်တွေက အသင့်အတင့်လို့ ပြောရုံလောက်ပဲဆိုရင် တခြားလူတွေက သူတို့အဆင့်တွေကို ကောင်းတယ်လို့ ပြောလို့ရမှာတောင် မဟုတ်တော့ဘူး။”
ထို့နောက် စုန့်ရင်းက တခစ်ခစ် ရယ်မောလိုက်ကာ
“ဒါဖြင့် နောက်ပိုင်းကျ ငါ့သင်္ချာပြဿနာနဲ့ ပတ်သက်လို့ နင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ တကယ့်ကို တိုက်ဆိုင်တာပဲနော်။ ငါက ကျန်တဲ့ ဘာသာရပ်တွေ အကုန်လုံးကို နားလည်နိုင်ပေမဲ့ သင်္ချာချိန် ရောက်တာနဲ့ ဦးနှောက်က ချက်ချင်း ပျောက်သွားတော့တာ။ ငါတို့က တကယ့်ကို ရေစက်ပါတဲ့ ထိုင်ခုံဖော်တွေပဲနော်”
“ထိုင်ခုံဖော်”
“အေးလေ၊ Stage ခြားနေတဲ့ ထိုင်ခုံဖော်တွေပေါ့ဟ”
ထိုင်ခုံဖော်တွေဟု သုံးနှုန်းလိုက်ခြင်းက သူတို့နှစ်ဦးကြား ဆက်သွယ်ချက်များကို ပိုလို့တောင် နီးကပ်စေပေတော့၏။
133 04
အတန်း ခဏဖြုတ်ချိန်တိုင်း စုန့်ရင်းက ရုံရုံနှင့် စကား သွားပြောကာ တစ်ခါတစ်ရံမှာ သင်္ချာပုစ္ဆာများကို မေးမြန်းပြီး တစ်ခါတစ်ရံမှာတော့ ဘာသာရပ်ဆိုင်ရာ ဆရာမများကို မိတ်ဆက် ပြောပြပေးလေသည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးက ပိုလို့တောင် နီးကပ်လာကာ ယင်းအတွက်လည်း နေ့တဝက်မျှသာ အချိန်ယူလိုက်ရပါ၏။
စုန့်ရင်းက ရုံရုံ၏ စာကြည့်စားပွဲထက်မှ ဘောပင်အနီလေးကို ဆော့ကစားနေရင်းက သာမန်ကာလျှံကာဟန်ဖြင့် မေးလိုက်၏။
“သြော် ဒါနဲ့ စကားမစပ် ဒီနေ့မနက် ဆရာဝမ် နင့်ကို ခေါ်လာတုန်းက တစ်ယောက်ယောက် စကားပြောတဲ့ အသံကိုများ နက်ကြားမိသေးလား”
“အို့၊ ငါ ကြားမိပါတယ်”
ရုံရုံက ပြန်လှန်မေးခွန်း ထုတ်လိုက်၏။
“ဘာဖြစ်လို့လဲ။ တစ်ခုခု မှားနေလို့လား”
******
134 01
အပိုင်း 134.
ရုံရုံ၏ မည်းမှောင်နက်ရှိုင်းနေသည့် ထွင်းဖောက်မတတ် အကြည့်စူးစူးများနှင့် ရင်ဆိုင်ရသည့်အခါ စုန့်ရင်းမှာ ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး
“အဲဒါက တစ်ခုခုတော့ တစ်ခုခုပဲ။ ဒါပေမဲ့ နင့်ကို ပြောသင့်လားဆိုတာ ငါလည်း မသေချာဘူးရယ်”
“တကယ်လို့ ပြောသင့်လား၊ မပြောသင့်လား နင် မသေချာရင် မပြောပါနဲ့”
ရုံရုံက ပြန်လှန် ခွန်းတုံ့ပြန်လိုက်ပြီး စုန့်ရင်း၏ ပါးစပ်လေးကို ထိထိရောက်ရောက် ပိတ်ချလိုက်တော့သတည်း။
ထို့နောက် အတန်းတက်ခေါင်းလောင်း မြည်လာလေသည်။ ဆရာ ရောက်မလာမီ စုန့်ရင်းက Group Chat အတွင်းသို့ စာတစ်စောင် အလျင်အမြန် ပို့လိုက်၏။
(သွေးသောက်တို့၊ သူမက သူမ ကြားနိုင်တယ်လို့ ပြောတယ်ဟ)
စုန့်ရင်း၏ ထိုအသိခက်သော Message က ယခင် Conversation များနှင့် လားလားမျှ အဆက်အစပ် မရှိပါပေ။ သို့သော် ယင်းစာကို မြင်သွားသည့် အတန်းသားတို့ကမူ ချက်ချင်းကို သဘောပေါက်ကြပေ၏။ Break time အတွင်းမှာ ကျောင်းသား အများစုက ပုစ္ဆာတွက်နေကြသလို အခြားသူများကလည်း ခေါင်းလောင်း မထိုးခင်အထိ သူတို့ ဖုန်းများကို ပစ်ထားကြတာ ဖြစ်၏။ ထို့ကြောင့် ကျောင်းသား အနည်းစုကသာ ထို Message ကို မြင်ကြတာ ဖြစ်လေသည်။
ထိုကျောင်းသားများမှာ စုန့်ရင်း၏ အခြေအနေကို ပိုပြီး စစ်ဆေးစပ်စုသမှု မပြုရသေးမီ ဆရာက စာသင်စင်မြင့်ထက်သို့ ရောက်ရှိလာပေတော့၏။
သူတို့မှာ ပြောစရာ ဆိုစရာတွေ အများကြီး ရှိနေသော်လည်း သူတို့ခမျာ ချုပ်တည်းထားရပါ၏။
ယခုက သင်္ချာချိန်ဖြစ်သည်။ သင်္ချာဆရာက အသစ်ရောက်လာသည့် ကျောင်းသူအပေါ် အတော်ကြီးကို စိတ်ဝင်တစား ရှိနေပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤကလေး၏ ထူးချွန်လှသော သင်္ချာစွမ်းရည်ကြောင့်ပေတည်း။
ချန်ဖုအထက်တန်းကျောင်းသည်ကား စီရင်စုဗဟိုကျောင်းမှ သင်္ချာထိပ်တန်းကျောင်းသူကို လုလာဖို့ စီစဥ်လိုက်နိုင်ကာ ယခုမူ ထိုဆုလာဘ် ရပိုင်ခွင့်ကြီးကမူ စာသင်စင်မြင့် ဘေးက စားပွဲမှာ ငုတ်တုတ် ထိုင်နေပေသည်။
ထိုသတင်းက အငယ်တန်း အခန်းအားလုံးမှာ ပျံ့နှံ့နေခဲ့ပြီးသားပါပင်။ စီရင်စုဗဟိုမှ ကျောင်းသားတဦးကို လုယက် လာနိုင်ခြင်းသည်ကား ချန်ဖုအထက်တန်းကျောင်း၏ သမိုင်းတလျှောက်ဝယ် မကြုံစဖူး အောင်ပွဲကြီးပါပင်။
ပြိုင်ဘက်က တစ်ခုဆုံးရှုံးချိန်တွင် မိမိက မဟာစစ်ဗိုလ်ချုပ် တစ်ဦးကို ရရှိခြင်းသည်ကား တဖက်စီးနင်း အလေးသာမှုက နှစ်ဆမျှ တိုးသွားသည့် အဓိပ္ပါယ်ပါပင်။
သင်္ချာဆရာကလည်း ထိုကျောင်းသူအသစ်လေးကို မကြုံစဖူး စိတ်ဝင်စားဟန်များ ပြသနေပါ၏။ အဖိုးတန် ကျောင်းသားလေးက မေးခွန်းနှစ်ခုတွင် တစ်ခုတည်းကိုသာ ဖြေနိုင်သော်လည်း ဆရာကမူ ရုံရုံက ဆရာသခင်တဦး၏ လေပြေများ ဝေ့ဝဲနေသည်ဟုပင် ခံစားနေရ၏။
အတန်းသားများကမူ ဤသင်္ချာဆရာက ကျေးဇူးတင်ဖွယ်ရာ ကောင်းစွာဖြင့်ပင် သူ၏ သင်ကြားရေးတာဝန်ကို မေ့လျော့နေပေရာ ကျောင်းသားများသည်လည်း စောင့်ကြည့်ဖို့ကိုပင် ဝန်လေးမနေကြပါပေ။
သင်္ချာဆရာက ရုံရုံကို စီရင်စုဗဟိုကျောင်းမှ သင်ကြားရေး နည်းလမ်းများကို မေးမြန်းပြောဆိုပြီးနောက် သူက ပုံမှန်အတိုင်း စာ စတင် သင်ကြားလေသည်။
ယခုက သူတို့၏ နှစ်လယ်စာမေးပွဲ ရလဒ်များ ထွက်လာပြီးနောက် စတင်သည့် ပထမဆုံး သင်္ချာချိန် ဖြစ်လေသည်။ သူက အမှတ်စာရင်း စာရွက်ကြီးကို ကိုင်ထားပြီး ရမှတ်များ တိုးတက်လာခြင်းအတွက် တစ်ခန်းလုံးကို ရက်ရက်ရောရော ချီးမွမ်းထောမနာ ပြုနေပေသည်။
ကျောင်းသား တစ်ဦးချင်းစီ၏ ရမှတ်များရော အတန်း၏ ပျမ်းမျှ အဆင့်များပါ နှစ်မျိုးစလုံး သိသိသာသာ တိုးတက်လာပေသည်။
သူက ခေါင်းတဆတ်ဆတ် ညိတ်ကာ
“မင်းတို့အတန်းက တခြား ဘာသာရပ် ရမှတ်တွေမှာလည်း တိုးတက်လာတယ်လို့ ငါကြားမိပါတယ်။ အဲဒါ တကယ်ကောင်းတာပဲ။ မင်းတို့ အဲဒီအတိုင်းသာ ဆက်ပြီး ကြိုးစားသွားမယ်ဆို အနာဂတ်ကျ တက္ကသိုလ် ကောင်းကောင်းတွေ တက်ခွင့်ရမှာ သေချာပေါက်ပဲ။ ခက်ခက်ခဲခဲ ကြိုးစားရတာ အချည်းနှီးတော့ မဖြစ်ပါဘူး”
134 02
ယောကျာ်းကြီး တစ်ယောက် ဖြစ်ပါသော်လည်း သင်္ချာဆရာက အတော်ကို လေပေါလှပေ၏။ ကျောင်းသားများကို ချီးကျူး ဂုဏ်ပြုပြီးသော် သူက သင်ခန်းစာ ဆက်မသင်တော့ပေ။
“ဒါနဲ့ စကားမစပ် မင်းတို့ အတန်းက ညနေတိုင်း ကိုယ်ပိုင်စာလေ့လာချိန် အတန်း ရှိတယ်လို့ ငါ ကြားမိတယ်။ အဲဒီ Self-study တန်းက ကြည့်ရတာ ထိရောက်ပုံပဲ။ တခြားအတန်းတွေမှာလည်း အဲဒါကို ကောင်းကောင်း အကောင်အထည်ဖော်ဖို့ ငါ ကျောင်းအုပ်ကြီးကို အကြံဉာဏ်ပေးရမယ်”
(ဒီဆရာကတော့ ကျောင်းသားတွေကို တခြားအတန်းကလူတွေ ကျိန်စာတိုက်အောင် လုပ်နေတာပဲနော်)
ထိုအကြံကို မည်သူပေးလိုက်မှန်း အခြားကျောင်းသားများက မသိကြပေ။.သို့သော် သူတို့ကို Self-study အတန်း ပိုတက်ရအောင် လုပ်သည့် ဆရာကိုမူ မကျေမချမ်း ဖြစ်နေကြပေ၏။
ရုံရုံက ရှီလီ အတွင်းစီတ် အတွေးတို့ကို ကြားနိုင်ကြောင်း စုန့်ရင်းမှတဆင့် Gruop Chatထဲမှ လူများက သိရှိသွားပေပြီ။
သင်္ချာဆရာက အတန်းထဲသို့ ဝင်ရောက်လာပြီးနောက် စာတလုံးမှ သင်ကြားခြင်း မပြုဘဲ သူကအတန်းချိန် တစ်ချိန်လုံးကို တောင်စဥ်ရေမရ ခေါင်းစဥ်များကို ပြောဆိုပြီးသာ ဖြုန်းတီးနေပါ၏။ ကျောင်းသားများက တဦးနှင့်တဦး သတိပေးနေကြရာ ထိုမျှော်လင့်ချက်လေးက ကျယ်ကျယ်ပြန့်ပြန့်ကို ပျံ့နှံ့သွားပါတော့၏။
ရှီလီ၏ အတွေးများကို ရုန််ရုန် ကြားနိုင်ကြောင်း လူတိုင်း သိရှိသွားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ရင်းနှီးကျွမ်းဝင်လှသောအသံ ထွက်ပေါ်လာသည့်အခါ လူတိုင်းက စိတ်လှုပ်ရှားလာတော့သည်။
စုန့်ရင်းက ရုံရုံကို သေးစိတ် ပြောပြခဲ့သည်ဖြစ်စေ၊ ယင်းကို ကြားပြီးနောက် ယုံကြည်တာပဲ ဖြစ်စေ နှစ်ခုစလုံးတော့ အပြောကျယ်သည့် မေးခွန်းထုတ်စရာ များပါပင်။
လူတိုင်းက ရုံရုံကို အနီးကပ် စောင့်ကြည့်အကဲခတ်နေကာ သူမ၏ အပြုအမူများ ပြောင်းလဲလာမလား ဟူသည်ကိူ သူမ၏ နောက်ကျောမှတဆင့် မြင်တွေ့နိုင်ရန် အချည်းနှီး ကြိုးစားနေပေ၏။
ရုံရုံ့ဘေးမှာ ထိုင်နေသည့် စုန့်ရင်းတစ်ယောက်သာ ထိုစွမ်းဆောင်မှုကို ရရှိသူတည်း။ သူမက ခေါင်းလေးကို လှည့်ကြည့်သည့်အခါ ရုံရုံ၏ အမူအရာက ပြောင်းလဲခြင်း မရှိသည်ကိုသာ တွေ့လိုက်ရပါ၏။
တစ်ခုခုတော့မှားနေပြီ၊ အရမ်း မှားနေပြီနော်။
သာမန်လူတစ်ယောက် အနေဖြင့် အတန်းထဲမှ တစ်စုံတစ်ယောက်၏ တုံ့ပြန်မှုကို ကြားရသည့်အခါ ထူးဆန်းသည့် လှုပ်ရှားမှုကို ပြုလုပ်သင့်တာ မဟုတ်ဘူးလား။ ထိတ်လန့်တုန်လှုပ်ခြင်းမျိုး မရှိလျှင်တောင်မှ အနည်းဆုံးတော့ အံ့သြသင့်တာလေ။
သို့သော် တကယ့်တကယ် ရုံရုံကတော့ မည်သည့် တုံ့ပြန်မှုမှ ပြသမလာပေ။
“ဟုတ်ပြီ ၊ ထပ်ပြီး ဘာစကားမှ မများကြနဲ့တော့။”
သင်္ချာဆရာက ပြောလိုက်ကာ ယနေ့၏ အလဟဿ စကားဝိုင်းကို အဆုံးသတ်လိုက်၏။
သူ၏ နောက်ထပ် စကားများသည်ကား
“ဒါနဲ့ စကားမစပ် ရုံရုံ မင်း တက်ခဲ့တဲ့ကျောင်းမှာ ဘယ်အပိုင်းထိ သင်လို့ ပြီးသွားပြီလဲ”
ရုံရုံတက်ခဲ့သည့် ကျောင်းက သူ့အတန်းထက် ရှေ့ပိုရောက်ကာ သင်ရိုး တအုပ်လုံးနီးပါး သင်ကြားခဲ့ပြီးဖြစ်ကြောင်း သိသွားသည်နှင့် သူက ကူကယ်ရာမဲ့စွာပင် အံ့အားတကြီး ပြောလေသည်။
“ငါ မင်းကို အမြန်ဆုံး သင်ပေးနိုင်မှာပါ”
ယင်းသို့ ပြောရသည့် သူ၏ ရည်ရွယ်ချက်က ကျောင်းသားကောင်းများအတွက် ဖြစ်ကာ သူတို့၏ သဘောပေါက် နားလည်နိုင်စွမ်း မြင့်မားမှုက အမြန်နှုန်းဖြင့် သင်ကြားပေးနိုင်ရန် ခွင့်ပြုလို့ရသည်။ ထို့ကြောင့် သဘာဝ ကျကျဖြင့်ပင် သင်ကြားမှု စွမ်းပကားက အလျင်အမြန် ပြီးဆုံးအောင်မြင်မှာ ဖြစ်ပါ၏။
134 03
သူ့ကိုယ်ပိုင် ကျောင်းသားများ အတွက်ကမူ အားလုံးက သာတူညီမျှ Level တူ ဖြစ်ပေရာ သူတို့၏ တတ်မြောက်နိုင်စွမ်းအတိုင်းသာ ထောက်ပံ့ပေးရမှာဖြစ်ပြီး အရှိန်ကို လျှော့ချရပေမည်။
“ကျမတို့ရဲ့ ဆရာတွေက အတန်းထဲမှာ အလဟဿ စကားတွေ မပြောဘူးလေ”
ဆယ့်ငါးမိနစ်ခန့်မျှ စကားပြောနေသည့် သင်္ချာဆရာမှာမူ သူ့ဒူးခေါင်းကို ပစ်ခတ်ခံလိုက်ရသလို ခံစားလိုက်ရရှာ၏။
သူက သူ့မျက်နှာကို ကယ်ဆယ်ရန် ကြိုးစားလိုက်ကာ
“နှစ်လယ်စာမေးပွဲ ရလဒ်တွေ ထွက်လာတယ်ဆိုတော့ ဒီနေ့က အထူးနေ့ တစ်နေ့ပဲ။ ငါလည်း မတတ်သာဘဲ မင်းတို့နဲ့ စကားတွေ အများကြီး ပြောမိသွားတယ်။ နောက်ကျရင်တော့ ဒါမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး”
ရုံရုံ၏ စကားကို ကြားပြီးနောက် သင်္ချာဆရာသည်ကား နောက်ထပ် အလဟဿ စကားများကို ထပ်မပြောတော့ပေ။
ကျောင်းသူအသစ်ထံမှ ထက်မြင်ချက်ကောင်းများ ရရှိနိုင်ရန် သင်္ချာဆရာက သူတတ်စွမ်းသမျှ ပညာအားလုံးကို အသုံးပြုလေတော့သည်။ စာသင်ကြားမှု စတင်ကတည်းက သူက မည်သည့် အလဟဿ စကားကိုမှ ထပ်ပြီး ဆိုမလာတော့။
သင်္ချာဆရာက အဘယ်မျှလောက် စကားများကြောင်းကို ကျောင်းသားများက သီးသန့် ဆွေးနွေးနေကြ၏။ သို့သော် အတန်းချိန် တဝက်မှာတော့ သူက မလိုအပ်သည့် စကား တလုံးတပါဒမျှကို မပြောဆိုပါလေတော့။ ကျောင်းသားများမှာ အတော်လေးကို နေသားမကျစိတ်များ ခံစားရပေ၏။
သို့သော် သူတို့က သင်္ချာဆရာ၏ အရှိန်အဟုန်ကို လိုက်မှီနိုင်ဖို့တော့ သိပ်ပြီး ဒုက္ခ မများပါပေ။ အတန်းပိုင်ဆရာ၏ ညစဥ် ကျူရှင် အတန်းချိန်များ၏ အဟုန်က ယခုထက် အနည်းငယ် ပိုမြန်နေသော်လည်း ဆရာရှု၏ အရှိန်ထက် နှေးကွေးမည် မဟုတ်သည်ကတော့ အသေအချာပင်။
သင်္ချာဆရာက သူတို့ကို ထိပ်တန်း သင်္ချာအတန်းဖြစ်စေရမည်ဟု ယခင်က ကြုံးဝါးထားပေရာ သူ၏ သင်ကြားမှု အရှိန်ကို မည်သူမဆို ခန့်မှန်ူနိုင်ပြီးသားပင်။ ထိုနည်းလမ်းကို အတန်အကြာမျှ အသုံးပြုလိုက်သည့်အခါ ကျောင်းသားအားလုံး သူ့အဟုန်နောက်ကို အမှီ လိုက်နိုင်လာပါတော့၏။
သင်္ချာဆရာ၏ စာသင်ကြား ပို့ချမှုများကို နားထောင်ပြီး သကာလ နောက်ကလိုက်ပါဖို့က ပိုလို့တောင် လွယ်ကူလာပေ၏။
လှိုက်လှဲစွာသော အတန်းချိန် ပြီးဆုံးသွားသည့်နောက် သင်္ချာဆရာက ကျောင်းသူအသစ်ထံ မျှော်လင့်တကြီး ကြည့်လိုက်ကာ သူ့ပုံစံက ချီးကျူး ဂုဏ်ပြုမှုကို ရှာဖွေနေကောင်း သိသာလှပါ၏။
ရုန်ရုန်ကမူ သူ၏ အမူအရာကို မမြင်သလို ဟန်ဆောင်နေကာ ထိုသင်္ချာစာအုပ်ကို ပိတ်လိုက်ရင်း ပျင်းရိငြီးငွေ့စွာ သမ်းဝေနေလေသည်။
သူမ၏ တုံ့ပြန်ချက်ကြောင်ံ သင်္ချာဆရာခမျာ နှလုံးသားလေး နာကျင်စပ်ဖျင်း ရပေတော့သည်။ သူက ဤ Class 1၏ အနာဂတ် အတန်းချိန်များတွင် သူ၏ A game ကို ယူဆောင်လာကာ ထိတ်လန့် တုန်လှုပ်ဖွယ် လောကဝတ်မျိုး ပေးရမည်ဟု ချက်ချင်း စိတ်ပိုင်းဖြတ်မိလေသည်။
သူ၏ အပြုအမူကို မည်သူ တဦးတစ်ယောက်ကမှ အာရုံမစိုက်လေရာ သူ့ခမျာ စိတ်မချမ်းမြေ့စွာဖြင့်ပင် စာသင်ခန်းအတွင်းမှ ထွက်ခွာလာခဲ့ရ၏။
သို့သော် စုန့်ရင်းကမူ သူမဖုန်းကို စိတ်အားထက်သန်စွာ ထုတ်ယူလိုက်ကာ ဘာပြောရမည် ဆိုသည့် အကြံဉာဏ်ကို တစ်ယောက်ယောက်က ပေးလာဖို့ စောင့်ဆိုင်းနေပါ၏။
ဤအတန်းခဏနားချိန် အတောအတွင်း သူမက ကျောင်းသူအသစ်ထံ သွားရောက် ရောနှောခြင်း မပြုဘဲ ထိုအစား သူမ အတန်းဖော်များ၏ အကြံဉာဏ်ကို စောင့်စားရင်း သူမဖုန်းကိုသာ စောင့်ကြပ်နေပေ၏။
သူမ အတန်းဖော်များ၏ မယုံကြည် မကိုးစားလောက်ဖွယ် အခြေအနေကို သူမ လျစ်လျူရှုထားလိုက်တော့သည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် သူမက တုံ့ပန်ချက် တစ်ခုတည်းကိုသာ လက်ခံရရှိခဲ့၏။ သူမကို အမှန်အတိုင်း ပြောပြလိုက်။
စုန့်ရင်း.. ဒါပဲလားဟယ်
134 04
အေး၊ အဲဒါပဲလေ၊ အတန်းနားချိန် ကုန်သွားသည်အထိ စုန့်ရင်းခမျာ အခြားတပါးသော အဖြေ တစ်ခုတလေကိုမှ မရရှိပါလေတော့။
အခြားသူများက ဤ Messageကို မမြင်တာဖြစ်ကြောင်း စုန့်ရင်းကတော့ မယုံကြည်ပေ။ သူတို့က သူမကို Reply မပြန်ဖို့ ရွေးချယ်ထားတာ ဖြစ်ပေမည်။
အတန်းပိုင်ဆရာက သူမကို မည်သို့ပင် အကျဥ်းချုံးကာ ခေါ်ထုတ်လာသည်ဖြစ်စေ၊ ယခုက အောင်လံတော်ကို ယူဆောင်ပြီး ထိုအကြောင်းအရာကို အခြားသူထံ ပြောပြရန် အချိန်အခါ ဖြစ်သည်ဟု သူမ ခံစားရလေသည်။
နောက်တချိန်က အင်္ဂလိပ်စာ ဖြစ်၏။ စုန့်ရင်း၏ ဦးနှောက်တခြမ်းက ဆရာသင်ကြား ပို့ချနေသည်ကို နားထောင်နေကာ အခြား ဦးနှောက်တခြမ်းကမူ ထိုအကြောင်းကို အတန်းပိုင်ဆရာက သူမကို မည်သို့ပြောခဲ့သနည်းဟု မေးခွန်းထုတ်မိသလို ယင်းသတင်းကို ရုံရုံထံ မည်သို့ လက်ဆင့်ကမ်းရမလဲ တွေးနေမိသည်။
အများကြီး ထောက်ချင့် စဥ်းစားပြီးသော် စုန့်ရင်းက ရုံရုံတစ်ယောက် ကျောင်းဝင်းကို ရင်းနှီးစေရန် ဟူသည့် အကြောင်းပြချက်ကို ဆင်ခြေပေးကာ အကြာဆုံး နားနေချိန်အတွင်း သူမကို အပြင်သို့ ခေါ်ထုတ်လေတော့၏။
ရုံရုံကမူ သူမ၏ အတန်းသစ်ကို ခုခံငြင်းဆန်နေဆဲ ဖြစ်လေရာ အစပိုင်းမှာတော့ စုန့်ရင်း၏ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်လေ၏။
သို့သော် စုန့်ရင်းကမူ အနည်းငယ်မျှသော ကရုဏာ သက်စဖွယ် ဟန်ပန်လေး ရှိနေပေရာ မည်သူကမျှ သူမကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လောကဝတ်အရ ပြန်ပေးဆွဲခံရသူ ရုံရုံခမျာ တွေဝေတုံ့ဆိုင်းစွာဖြင့်ပင် သူမနှင့်အတူ အပြင်ထွက်လာခဲ့ရ၏။
စာသင်အဆောက်အဦးမှ ထွက်ခွာလာပြီးနောက် စုန့်ရင်းက ဘေးဘီပတ်လည်ကို သူခိုးတဦးနှယ် ခိုးကြောင်ခိုးဝှက်ဖြင့် ချောင်းမြောင်း ကြည့်ရှုလေ၏။
သို့သော် ဤဆိုဆုံးမရ ခက်ပုံပေါ်သည့် အတန်းဖော်အသစ်လေးက ထိုကဲ့သို့သော မယုံကြည်လောက်ဖွယ် ပုံပြင်ကို မြန်မြန်ဆန်ဆန်ကြီး လက်ခံသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက ယုံရခက်စွာဖြင့် မေးလိုက်၏။
“နင် ဒါကို ဒီအတိုင်း ယုံလိုက်တယ်ပေါ့လေ။ ထပ်ပြီး ရှင်းပြဖို့ ငါ့ကို ေမးဖို့ မလိုတော့ဘူးလား”
ရုန်ရုန်က သူမကို တစ်ချက်မျှ ဝေ့ကြည့်လိုက်၏။
“ငါ့မှာလည်း ကိုယ်ပိုင် အကဲဖြတ်နိုင်စွမ်း ရှိပါတယ်။ အခြေအနေတွေ အကုန်လုံးကို ငါ့ဘာသာ တိတိကျကျ ချင့်ချိန်ဆုံးဖြတ်မယ်”
စုန့်ရင်းကမူ သူမကို ရှင်းရှင်းလင်းလင်း သိမြင်စေလိုသော်လည်း သူမကမူ တွေဝေမိန်းမောနေသည့် အမူအရာမျိုးဖြင့် အတန်းထဲသို့ ပြန်သွားတော့သည်။
သူမက စာလုံးသုံးကိုသာ ဖုန်းပေါ်မှာ ရိုက်လိုက်ပြီးနောက် ဂန္တဝင်တရုတ်စာပေ သင်ရိုးကို လှန်လှောကာ နှုတ်တိုက်ရွတ်နေခြင်းထံမှာသာ အာရုံစိုက်ထားလိုက်၏။ ယခုမူ သူမ၏ ဦးနှောက်ထဲမှာ ပညာဗဟုသုတတို့ ပြင်းပြင်းထန်ထန် ဖြည့်တင်းထားဖို့ လိုလေသည်။
(သူမ အဲဒါကို ယုံတယ်ဟ)
အခြားသူများ..တကယ်လို့ သူမ အဲဒါကို ယုံတယ်ဆို ယုံတယ်ပဲပေါ့။ နင့်လေသံက ငါတို့ကပဲ လျှို့ဝှက်ကြံစည်မှုကြီးကို ပေါင်းကြံနေတဲ့ အသံကြီးနဲ့။
စုန့်ရင်းကမူ ယာယီ ပြသနာသေးသေးလေး ရှိနေသော်လည်း ဤညနေခင်းမှာ ရှီလီကို ပြောပြရမည့် အရာများကို မမေ့လျော့ပါပေ။
“မမ ညီမနဲ့အတူ ဒီည အိမ်ကို လိုက်ခဲ့မယ် မဟုတ်လား”
“ဘာကိစ္စ ရှိလို့လဲ”
စုန့်ရင်းက သူမ မျက်နှာထက်မှာ ရှက်ပြုံးလေး ပန်ဆင်လိုက်ပြီး
“ဟိုတလော ညစာ စားပွဲမှာ တွေ့ခဲ့တဲ့ မားနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့ ဗိုလ်ချုပ်ရွှီရဲ့ ဇနီး ရွှီကတော်က မနက်ဖြန်ကျ အိမ်ကို လာလည်မှာလေ။ အဲ့လို ဂုဏ်သရေရှိ ဧည့်သည်ရှေ့မှာ ညီမ အရှက်ကွဲမှာ ကြောက်တယ်။ ဒါကြောင့် ညီမနဲ့အတူလိုက်ပြီး မမ အဖော်ပြုပေးနိုင်မလား မေးကြည့်ချင်တာပါ။ မမ ညီမဘေးမှာ ရှိနေရင် ညီမ ယုံကြည်မှု ပိုရှိသလို ခံစားရတယ်လေ”
ယင်းက အတင်းအဖျင်းအတွက် အခွင့်အလမ်းကြီးမှန်း သိသာလေရာ ရှီလီက မည်သို့ ငြင်းဆန်နိုင်စွမ်း ရှိလိမ့်မည်နည်း။
“ကောင်းပါပြီ၊ ငါ လာပြီး နင့်ကို အဖော်ပြုပေးမယ်”
အခြားသူများ.. နင် ငါတို့ကို မေ့နေတာလား။ ငါတို့က ညီအစ်အမ တစ်ပိုင်းတောင် ဖြစ်နေပါပြီဟယ်၊ ဟုတ်တယ်မလား။
ဘေးမှာ ငါတို့ မရှိရင် နင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ လမ်းပျောက်နေမှ မဟုတ်ဘူးလား၊ ဟဟ...
******
135 01
အပိုင်း 135.
လူအုပ်ကြီး၏ ကြေကွဲ တ,သနေသော အကြည့်များ အောက်မှာပင် ရှီလီနှင့် စုန့်ရင်းက ကားအတွင်းသို့ ဝင်ရောက်သွားတော့၏။
အတွင်းမှ ပိတ်လိုက်သည့် ကားတံခါးက လူတိုင်း၏ အတင်းအုပ်ရန် မျှော်လင့်ချက်ကြီးကို ပိုင်းဖြတ်လိုက်သလိုပါပင်။
ရှီလီက အိမ်တော်ဟောင်းမှာ ညလုံးပေါက် နေထိုင်သည်က ရှားပါးသော်လည်း သူမ၏ ဦးလေးပါ အဒေါ်ကတော့ သူမတို့ မိသားစု သုံးယောက်အတွက် ဧည့်သည်ခန်းကိုတော့ အမြဲလိုလို အရံသင့် ပြင်ဆင် ပေးထားတတ်ပါ၏။
ဒီညတော့ ရှီလီက အိမ်မှာ ညလုံးပေါက် နေမည်ဟု သိရသည့်အခါ အိမ်အကူ အန်တီက သူမအတွက် အိပ်ရာခင်းနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများကို ေပျာ်ရွှင်စွာဖြင့်ပင် ပြင်ဆင်လေတော့သည်။
အခန်းတွင်းမှ မွေ့ရာနှင့် စောင်များကိုလည်း လစဥ် အပြင်ထုတ်ပြီး လေသလပ် ခံထားရာ ရှီလီ အနေဖြင့် သူမ အိမ်မှာကဲ့သို့ သက်တောင့်သက်သာ အိပ်စက်နိုင်ပေသည်။
ရွှီရှင်း၏ ဇနီးက နောက်တနေ့ မနက်ကိုးနာရီမှာ လာရောက်လည်ပတ်ဖို့ စီစဥ်ထားတာဖြစ်၏။ ထို့ကြောင့် မနက်စာ စားပြီးသော် ထိုဂုဏ်သရေရှိ ဧည့်သည်ကို ဧည့်ခံကြိုဆိုရန် သန့်ရှင်းရေး ပြုလုပ်ပေးဖို့အတွက် ရှီမိသားစု ဗီလာကလည်း အခြား အိမ်အကူများကို စေလွှတ် ပေးပို့လာ၏။
လုံမငယ်လေး နှစ်ဦးဖြစ်သည့် ရှီလီနှင့် စုန့်ရင်းလည်း ဧည့်သည်ကို လက်ခံ ကြိုဆိုရန် ပြင်ဆင်ကြလေသည်။ မိန်းမငယ်လေး နှစ်ဦးက လှပစွာ ဝတ်စားထားပြီး သူတို့ကို မြင်မြင်ချင်းမှာပင် တဖက်သား၏ စိတ်ကို လင်းလက် တောက်ပသွားစေနိုင်ပေသည်။
ဟုန်ယန်ကမူ သူမ၏ သူငယ်ချင်းကောင်းကြီးက ရုတ်ခြည်း အလည်အပတ် ရောက်လာသည့်အပေါ် စိတ်တွင်းက ကျိတ်ကာ ပျာယာခတ်နေသော်လည်း သူမအပေါ် အစဥ်သဖြင့် အထင်သေးနေတတ်သည့် ယောင်းမကြီးကိုမူ သူမ သူငယ်ချင်းက CEO ၏ ဇနီး ဖြစ်နေသည်ကို ကြွားဝါဖို့ကိုမူ အတော်ကြီး စိတ်အားထက်သန်ပေ၏။
ယင်းကို ဝန်ခံဖို့ တွေဝေ တုံ့ဆိုင်းနေပါသော်လည်း သူမ သူငယ်ချင်းက အတော် အောင်မြင်နေသည်ကတော့ အမှန်တရားပါပင်။
ရွှီကတော်က သမီးလေး တစ်ယောက် ရှိလာပြီးနောက် သူမက နောက်ထပ် သားလေးတစ်ယောက်ကို အလျင်မြန် မွေးဖွားပေးခဲ့ကာ သူမ ခင်ပွန်း၏ မိသားစုအတွင်းတွင် ခိုင်မာမြဲမြံသည့် နေရာတစ်ခုကို ရရှိစေခဲ့ပါ၏။
သူမက အပြင်ဘက်မှာလည်း ပရဟိတ အဖွဲ့အစည်းတစ်ခု တည်ထောင်ထားခဲ့ပြီး အမှန်တကယ်ကို ပိုက်ဆံများ လေလွင့်စေသည်ဟု ပြောရမလိုပင်။ သူမ၏ ယောက္ခမများကလည်း ထိုသို့ ကရော်ကမည် နိုင်လှသည့် အပြုအမူများကို တကယ်ကြီး အလိုလိုက်ခဲ့ကြသေး၏။
ထိုသို့ ရှုပ်ထွေးသော ခံစားချက်များဖြင့်အတူ ဟုန်ယန်က သခင်မရွှီ၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေခဲ့ပါ၏။
ယင်းက ဆယ်စုနှစ်တစ်ခုအထက် ကြာမြင့်ပြီးနောက် အချစ်ဆုံး သူငယ်ချင်းနှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည်ဟု ပြောလို့ ရပါ၏။ ဟုန်ယန်သည်ကား ဤနှစ်များအတွင်း သူမ စုဆောင်း ရရှိခဲ့သမျှသော လက်ဝတ် ရတနာများကို သူမကိုယ်ပေါ်မှာ ဆင်မြန်းထားကာ ထိုသွင်ပြင်ကဖြင့် သူများထက် သာအောင် မလုပ်ထားသလိုပါပင်။
ဆန့်ကျင်ဘက်အားဖြင့် ရွှီသခင်မ၏ ဝတ်စားဆင်ယင်မှုကမူ ပလွှားခြင်း မရှိဟု ဆိုနိုင်ကာ ဥရောပစတိုင် ပုလဲနားကပ်ကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်လာပါ၏။ သေးငယ်သော်လညိး ယင်းတို့၏ စိုရွှန်းတောက်ပသော ရောင်ဝါများက သူမ၏ အသားအရောင်ကိုပင် ပိုမိုကောင်းမွန်စေတော့သည်။
ယင်းက နှစ်ပေါင်း မည်မျှ ကြာကြာ သူမကို ခင်ပွန်းဖြစ်သူ၏ အိမ်က မည်မျှ ေကာင်းကောင်း ဆက်ဆံခဲ့သလဲ ဟူသည်ကို ထိုမျက်နှာက ပြောပြနေသလိုပါပင်။
ကြည့်ရမည်ဆိုပါလျှင် ငယ်စဥ်တုန်းကတော့ ဟုန်ယန်က ရွှီသခင်မထက် အဆပေါင်းများစွာ သာလွန်ခဲ့သူ ဖြစ်သော်လည်း ယင်းက ငယ်ရွယ်စဥ် အချိန်တုန်းကသာ ဖြစ်ပါ၏။
ယင်းက ဟုန်ယန်အနေဖြင့် သူမကိုယ်သူမ သူငယ်ချင်းနှင့် ယှဥ်ကာ သူမက လှပပါသည်ဟု အပ်ချမတ်ချ မှတ်ယူထားခဲ့သောကြောင့်တည်း။
သို့သော် ဆယ်နှစ်မျှ ကြာပြီးနောက် ရွှီသခင်မက အတော်လေးကို သက်တောင့်သက်သာ ရှိသည့် ဘဝမှာ နေထိုင်ခဲ့ရပြီး ပုံမှန် အလှအပ ထိန်းသိမ်းမှုများကို ပြုလုပ်ထိန်းသိမ်းနိုင်ပေရာ ကြည့်ရသည်မှာ လက်မထပ်ရသေးမီ အသက်သုံးဆယ် အရွယ်ကဲ့သို့ပါပင်။
135 02
သူမကလည်း ဘဝမှာ ရှင်သန်ဖို့ မရုန်းကန်ခဲ့ရသလို ပင်ပင်ပန်းပန်း အလုပ်များ မလုပ်ခဲ့ရသော်လည်း သူမ၏ မနာလို ဝန်တိုတတ်မှုနှင့် အပြစ်ရှာတတ်သည့် ဗီဇက သူမကို အလိုလို ဒေါသ ထွက်လာစေတော့၏။ ယင်းက သူမ ငယ်ရွယ်စဥ် တုန်းကတော့ မပေါ်လွင်ခဲ့ပေ။
အသက်အရွယ်တစ်ခု ရလာသည်နှင့်အမျှ ထိုဉာဥ်မျိုးက မျက်နှာထက်မှာ ပေါ်ထွက်လာသည်ပင်။
ထို့ပြင် သူမ၏ လက်ရှိဘဝကို မကျေနပ်ပဲ မကြာခဏ ဆိုသလိုပင် ထိုကိစ္စများအပေါ် အတွေးလွန်တတ်ပေရာ ဟုန်ယန်က အရွယ်မတိုင်မီ ရင့်ရော်လာခြင်းပင်။
သူမနှင့် အဆင့်အတန်း တူသူများနှင့်ယှဥ်သော် ဟုန်ယန့်အခြေအနေက မဆိုးဝါးလှပေ။ သို့သော် သူမက သူမကိုယ်သူမ ကြွယ်ဝချမ်းသာသည့် ရွှီသခင်မနှင့် နှိုင်းယှဥ်ကြည့်ခဲ့ပေ၏။
တစ်ချက် ဝေ့ကြည့်ရုံမျှဖြင့်ပင် ဟုန်ယန်က ခါးသီးမှုများ ခံစားရလေသည်။
နှစ်ပေါင်းများစွာ ကွဲကွာခဲ့ပြီးနောက် ရွှီသခင်မက သူမ သူငယ်ချင်းဟောင်းကို တွေ့ရသည့်အခါ အလွန့်အလွန် ပီတိ ဖြစ်နေခဲ့ပေသည်။
သူမက နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ရသည့် အိန္ဒြေသိက္ခါနှင့် တည်ငြိမ်အေးဆေးမှုများကိုပင် ဘေးသို့ ဖယ်ချထားလိုက်ကာ ဟုန်ယန့်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။
“နင် အဲဒီတုန်းက ဘယ်လိုဖြစ်ပြီး စကားတခွန်းတောင် မချန်ခဲ့ဘဲ ပျောက်သွားရတာလဲဟယ်။ ငါ မီးဖွားခန်းထဲက ထွက်လာပြီးတော့ နင် ငါ့ကို လာကြည့်သွားတာ သိခဲ့ရတယ်။ ငါ့ကို နှိုးလိုက်သင့်တယ်လို့တောင် အဘိုးကြီးရွှီကို ငါပြောခဲ့သေးတယ်။ အဲဒီနောက်ပိုင်း ငါ နင့်ကို ထပ်မတွေ့ရတော့ဘူး”
ရွှီသခင်မက သူမ၏ လက်တဖက်တွင် ဟုန်ယန်၏ လက်ကို ကိုင်ထားပြီး နောက်တစ်ဖက်ကတော့ စုန့်ရင်းကို ဆုပ်ကိုင်ထားခဲ့ပါ၏။
ရှီလီကမူ နောက်ကွယ်မှနေ၍ တိတ်တဆိတ် စောင့်ကြည့်သူ အဖြစ်သာ တင်းတိမ် ရောင့်ရဲနေခဲ့ပါ၏။
ထိုအကြောင်းကို ပြန်သတိရသော် ဟုန်ယန်က လိပ်ပြာမလုံစိတ် အနည်းငယ်ကို ခံစားလိုက်ရ၏။
“ငါတို့ အခု တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့နေကြပြီပဲလေ၊ ဟုတ်တယ်မလား။ ဒီလိုဆိုမှတော့ ဘာလို့ အတိတ်ထဲမှာပဲ တဝဲလည်လည် လုပ်နေရမတုန်း”
(ဒီမိန်းမက ဘယ်လိုတောင် အရှက်မရှိရတာလဲဟယ်)
အမှန်တော့ ဟုန်ယန်က အရှက်မရှိလေရာ သူမ ရင်မဆိုင်နိုင်သည့်အရာ ဘာတစ်ခုမှ မရှိပါလေ။
ရွှီသခင်မကမူ သူမ သူငယ်ချင်း၏ ဖြတ်ကျော်ခဲ့သည့် နှစ်များစွာ၏ အခြေအနေကို သိချင်စိတ် ပြင်းပြနေခဲ့သလို ဟိုဟာရော ဒီဟာပါ ဆိုသည့် အကြောင်းအရာများကို ဂရုတစိုက် မေးမြန်းနေခဲ့ပေ၏။
ဟုန်ယန်ကမူ မကြီးကျယ်ခဲ့သည့် သူမ ဘဝအကြောင်းများကို လှစ်ဟ မပြချင်ပေရာ ထိုအစား ရွှီသခင်မ၏ ဘဝအကြောင်းကို မေးမြန်းခြင်းဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
ဟုန်ယန်က အခြားသူများ၏ ကလေးကို ဂရုစိုက်တတ်သူ မဟုတ်ေသာ်လည်း သူမ ကိုယ်ပိုင် ရင်သွေးကိုမူ ဂရုတစိုက် ရှိပါ၏။ သို့မဟုတ်လျှင် သူမက သူမ၏ သမီးလေးကို ရွှေလှောင်ချိုင့်အတွင်း အကျဥ်းကျစေအောင် စွန့်စားခဲ့မည် မဟုတ်ပေ။
“ဒါနဲ့ စကားမစပ် သမီးကြီးကို နင် ဘာဖြစ်လို့ အတူတူ ခေါ်မလာခဲ့တာလဲ”
ရွှီသခင်မက ဟုန်ယန်ကို တချက်မျှ ကြည့်လိုက်ကာ
“ဒီကောင်မလေးရဲ့ အဆင့်တွေက သိပ်မကောင်းလှဘူး။ ဒါကြောင့် ငါနဲ့ အဘိုးကြီးရွှီက သူ အလယ်တန်းတက်ကတည်းက ပြည်ပကို ပို့လိုက်တာ”
သူမ သမီးကို နိုင်ငံခြားသို့ ပို့လိုက်ကြောင်း ကြားသည့်အခါ ဟုန်ယန်က အံတင်းတင်း ကြိတ်လိုက်ပြီးနောက်
“ဒီလောက် မိန်းကလေး ငယ်ငယ်လေးကို နိုင်ငံခြား ပို့လိုက်တာ၊ နင်တို့ နှစ်ယောက် တကယ်ကို ဘယ်လို လက်လွှတ်ရမလဲ သိတာပဲနော်”
135 03
“ငါတို့မှာလည်း ရွေးစရာ မရှိဘူးလေ။ သူ့အဆင့်တွေနဲ့ ဒီမှာသာဆို အထက်တန်းတောင် ရောက်လိုက်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ နိုင်ငံခြားမှာဆိုရင် သူ့ပညာရေးကို ရှေ့ဆက်နိုင်မဲ့ အခွင့်အလမ်းလေးတော့ ရှိမှာပေါ့”
သူမ သမီး၏ အဆင့်များက မကောင်းသည့်အကြောင့် တစ်စုံတစ်ယောက်က ပြောလာသည့်အခါ ဟုန်ယန်၏ နားများက ဇကာပေါက်များ ဖြစ်သွားသလိုပင်။
“ငါတို့ ကိုယ်ဝန်ရှိနေတုန်းက ထားခဲ့တဲ့ ကတိစကားကို နင် မှတ်မိလေား”
“ဒါပေါ့၊ ငါ ဘယ်မေ့ပါ့မလဲ။ ငါတို့ ကောင်မလေး နွေရာသီပိတ်ရက် အိမ်ကို အလည်ပြန်လာရင် ရင်းအာလေးကိုတောင် မိတ်ဆက်ပေးမလို့။ သူတို့က ညီအမတွေ ဖြစ်လာမှာ”
“အဲဒါ အံ့သြစရာပဲ”
ဟုန်ယန်က နက်နက်ရှိုင်းရှိုင်းကို သက်ပြင်းချလိုက်၏။
“ငါ့မှာ သမီးလေး ရှိလာကတည်းက နောင်အနာဂတ်ကျ ငါ့သမီးလေးကို ယောကျာ်းလေးတွေက အမြတ်ထုတ်သွားမှာကို စိုးရိမ်ခဲ့ရတာ။ နင်လည်း အမေတစ်ယောက်ပဲဟာ။ ငါ ဘယ်လို ခံစားရလဲ နင် နားလည်မှာပါ”
ဟုန်ယန်က ထိုသို့ ပြောသည်ကို ကြားသော် သူမအကြောင်း ကောင်းစွာသိနေသည့် ရှီလီက ချက်ချင်းကို အမြင့်ဆုံး သတိပေးချက်များ ထွက်ပေါ်လာတော့သည်။ ( ဒါကြီးက မမှန်ဘူးနော်။ လုံးဝကို မှန်မနေတာ)
“ငါလည်း အတူတူပဲ ခံစားရပါတယ်”
“နင်က ဘယ်နည်းနဲ့မဆို ကလေးတွေကို ကောင်းကောင်း ပျိုးထောင်ပေးမယ်လို့ ငါ ယုံပါတယ်။ တကယ်လို့ ငါတို့ ရင်းအာလေးကိုသာ နင့်ဆီ အပ်ထားရမယ်ဆိုရင် ငါလည်း တကယ် စိတ်အေးရမှာ”
“ဒီမိန်းကလေးက မယဥ်မကျေး လုပ်ခဲ့ရင်တောင် နင် စိတ်ထဲ မထားပါနဲ့”
ရှီလီခမျာ တုန်လှုပ်သွားရ၏။ ( Damn‼ ဒီမိန်းမကတော့ တကယ်ကို အကြင်နာမဲ့ပြီး ရက်စက်တာပဲနော်။ သူတို့က သားအမိ အရင်းကြီးတွေပါဟယ်)
******
136 01
အပိုင်း 136.
အမျိုးသမီး နှစ်ယောက်က တချိန်တည်းမှာပင် ကိုယ်ဝန် ရှိခဲ့ကြခြင်းဖြစ်ကာ သူတို့၏ ကလေးများကလည်း ဆက်နွယ်မှု တစ်စုံတရာ ရှိလာရမည်ဟု ပြောဆိုထားခဲ့ပြီး ထိုအချိန်တုန်းကတော့ စစ်မှန်ရိုးသားခဲ့ကြလေရာ မှားယွင်းဖောက်ပြန်သည့် စိတ်မျိုးလည်း မရှိခဲ့ကြပါပေ။
အချိန်တွေ ကုန်ဆုံးခဲ့ပြီးနောက် သူတို့နှစ်ဦးလည်း တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ မတွေ့ရပါလေတော့။
ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံကြပြီးနောက် ဟုန်ယန်က သူမ သမီးကို ရွှီသခင်မ၏ သားနှင့် လက်ဆက်ပေးရန်ဟူသည့် အတွေးကို ဆောင်ကြဥ်းလာခဲ့ပေ၏။
ရွှီသခင်မ၏ မျက်နှာထက်မှ ပျော်ရွှင်နေသည့် အမူအရာများသည်လည်း လျော့ပါး လွင့်ပြယ်သွားခဲ့ပါ၏။
သူမတို့၏ နှစ်ပေါင်းများစွာတိုင် သူငယ်ချင်း ဆက်ဆံရေးကို ထောက်ချင့်ကာ သူမက မည်သည့် မဖွယ်မရာ စကားကိုမှ မဆိုလိုက်ပါပေ။
သူမက စကားလမ်းကြောင်းကိုသာ လွှဲပြီး ပြောလိုက်။
“ငါတို့လို လူအိုကြီးတွေက ကလေးတွေရဲ့ ကိစ္စကို ဝင်မစွက်ဖက်သင့်ပါဘူးဟယ်”
ထိုလေသံက သူမ၏ မနှစ်မြို့မှုကို ရှင်းရှင်းလင်းလင်း ညွှန် ပြနေပေရာ ဟုန်ယန်က သူမ၏ မကျေမနပ်ဖြစ်မှုများကို မကွယ်ဝှက်နိုင်ခဲ့ဘဲ ရွှီသခင်မက သတိပြုမိသွား၏။
အတော်ကြာကြာ တစ်ဦးနှင့်တစ်ဦး မတွေ့ခဲ့ကြသည့်တိုင် ဆယ်စုနှစ်နှင့်အထက် သူငယ်ချင်းဖြစ်ခဲ့သူတို့အတွက် တစ်ယောက်စိတ်ကို တစ်ယောက် ကောင်းစွာ ဖတ်ရှုနိုင်သည်ပင်။
ထိုမျက်နှာ အမူအရာ သေးသေးလေးမှတဆင့် ဟုန်ယန် မပျော်မရွှင် ဖြစ်သွားကြောင်းကို ရွှီသခင်မက အတပ်ပြောနိုင်ပါသည်။
သူမကမူ အရင်တုန်းကနှင့် အတူတူပင်ဖြစ်ကာ အနည်းငယ်မျှသော သဘောထားကွဲလွဲမှုဖြင့်ပင် ဒေါသတွေ ထွက်လာတော့ကာ အပျော့ဆွဲ ဆွဲနိုင်ရန် စောင့်ဆိုင်းနေပါ၏။
သို့သော် ရွှီသခင်မ အံအားသင့်ရသည်ကတော့ သူမက ဟုန်ယန်ကို ချွေးသိပ်သမှု မပြုရသေးမီ ဟုန်ယန်က ပျက်ယွင်းနေသည့် မျက်နှာကို အပြုံးအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။
“အသက်ကြီးတဲ့ ဇနီးသည်တွေ အကုန်လုံးက ဂရုတစိုက် ပြုစုတတ်တယ်နော်။ ငါတို့ ရင်းအာလေးက နင့်သားထက် အသက်နည်းနည်း ပိုကြီးတယ်လေ။ အရာရာတိုင်းအတွက်တော့ ငါ မပြောနိုင်ပေမဲ့ တစ်ယောက်ယောက်ကို ဂရုစိုက်ရမဲ့ အချိန် ရောက်လာရင်တော့ ထိပ်တန်းအဆင့် ရှိမယ်ဆိုတာ သေချာတယ်”
ယခုက နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးနောက် ယင်း ဟုန်ယန်ဆိုသည့် ထိုအမျိုးသမီးက အမေတစ်ယောက်အနေဖြင့် စုန့်ရင်းကို ချီးမွမ်းသည့် ပထမဆုံးအကြိမ် ဖြစ်နိုင်သလို သူမကို အခြားသူများရှေ့မှာ မြှောက်စားသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။
ထိုစာကြောင်း နှစ်ကြောင်းကို ပြောပြီးနောက် စုန့်ရင်းကိူ အပြစ်ရှာ ဝေဖန်နေမြဲသာဖြစ်သည့် ဟုန်ယန့်အနေဖြင့် အနည်းငယ်မျှ ကသိကအောက်စိတ်ကို ခံစားလိုက်ရလေသည်။
သို့သော် သူမ၏ အစီအစဥ်များ ချောချောမွေ့မွေ့ အကောင်အထည် ဖော်နိုင်ဖို့ရာ သူမ စိတ်ကို သူမဘာသာ ချုပ်တည်းထားရပေမည်။
တောင့်ခံထားပါဦး၊ သူမက အချိန်တခဏမှာတော့ စုန့်ရင်းကို အပြစ်တင် ကြိမ်းမောင်းနိုင်ဦးမည် မဟုတ်ပါပေ။
“ဒီကောင်မလေးရဲ့ အဆင့်တွေက ေကာင်းတဲ့အပြင် နောင်အနာဂတ်ကျ တက္ကသိုလ် ကောင်းကောင်းမှာပါ တက်ခွင့်ရဦးမှာ။ သူ့ကို ကြည့်ပါဦး။ ရုပ်ဆိုးနေတာလည်း မဟုတ်ဘူးလေ။ နင့်သားက နင် သဘောမကျတဲ့ ချွေးမမျိုးကို အိမ်ခေါ်လာမှာ စောင့်နေတာထက် နင်စိတ်တိုင်းကျတဲ့ တစ်ယောက်ကို ဘာလို့ အရင် ခေါ်မသွားရမှာလဲ”
ဟုန်ယန်က အဖြေမထုတ်သော မေးခွန်းကို မေးလာပြန်သည်။
“ဒါမှမဟုတ် ဒီကောင်မလေးက အရမ်းကို နိမ့်ကျလွန်းလို့ နင့်သားအတွက် မကောင်းဘူးလို့များ ထင်နေတာလား”
ယင်းက သူမ တွေးထင်နေတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရွှီသခင်မကမူ ငြင်းပယ်လိုက်လေ၏။
136 02
“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ ငါကဖြင့် စတွေ့တည်းက ရင်းအာနဲ့ ဒီလောက် ပလဲနံပ သင့်နေမှကို။ သူ့ကို ငါ့သမီးရင်းလေးလို့ပဲ မြင်တာပါအေ။ သူက နိမ့်ကျတယ်လို့ ငါ တွေးပါ့မလား။ နင် ငါ့ကို မှားပြီး စွပ်စွဲနေတာပါနော်”
စုန့်ရင်းကို သူမ သမီးလေးလို သဘောထားပါသည်ဟု အခိုင်အမာ ဆိုလာသည့် ရွှီသခင်မ၏ စကားက ဟန်လုပ်တာလား တကယ်လားဆိုသည်ကတော့ သူမ တစ်ယောက်တည်းသာ သိလိမ့်မည့်ဖြစ်ပြီး ထိုစကားများကတော့ ဟုန်ယန့်နားထဲမှာ သံဆူးသွားများ စိုက်ဝင်နေသလိုပင်။
တချိန်တည်းမှာပင် ဤသည်က ရုပ်နာမ်သဘာဝတို့နှင့် မသက်ဆိုင်သည့် ခွေးမများကြား အမှန်တကယ် ဆက်သွယ်ချက်ဟုသာ ခံစားနေရပေ၏။
ဟုန်ယန်က အတော်ကြီးကို ထေ့ငေါ့သော လေသံဖြင့် ပြောနေကာ ယင်းက အတိတ်တချိန်တုန်းက သူမအနေဖြင့် သူမ သူငယ်ချင်းထံမှ တစ်စုံတရာကို အလိုရှိတိုင်း သုံးတတ်သည့် ဗျူဟာဟောင်းကြီးပင်။
“ဒါဖြင့် နင်က ငါ့ကို အထင်သေးလို့ ငါ့သမီးကိုပါ ဆက်ပြီး အထင်သေးလို့ပေါ့လေ”
ဟုန်ယန်က မည်မျှပင် ရန်လို ကြမ်းကြုတ်လာစေကာမူ ရွှီသခင်မ၏ လေသံကမူ တည်ငြိမ် အေးဆေးနေဆဲပါပင်။
“ငါ ဘယ်လိုလုပ်ပြီး နင့်ကို အထင်သေးပါ့မလဲ။ ငါ ဘယ်လိုပဲ ရင်းအာကို တကယ် သဘောကျစေဦးတော့၊ နောက်ဆုံးကျ သူတို့ တစ်ဘဝလုံးကို အတူတူ ဖြတ်သန်းသွားရမှာက ဒီကလေး နှစ်ယောက်ပဲလေ။ ဒီလို ကိစ္စမျိုးဆိုတာ ကလေးနှစ်ယောက်က ဆက်ဆံရေး ရှိချင်လား ဆိုတာနဲ့ သူတို့ စိတ်ဆန္ဒအပေါ်ပဲ မူတည်နေတာကို။ တကယ်လို့ ကလေးနှစ်ယောက်သာ သဘောတူရင် ငါလည်း ငြင်းစရာ မရှိပါဘူး”
ရွှီသခင်မက ဖြစ်နိုင်ချေရှိသည့် နည်းလမ်းမျိုးကို ကမ်းလှမ်းလာခဲ့၏။
“မစိုးရိမ်ပါနဲ့။ တကယ်လို့ ရင်းအာလေးနဲ့ ငါတို့သား မရည်ရွယ်ခဲ့ရင်တောင် သူ တက္ကသိုလ် တက်တဲ့ အချိန်ကျရင် သူ့ရဲ့ ခေါင်းကိုင်အမေ တစ်ယောက်အနေနဲ့ ထူးချွန်ထက်မြက်တဲ့ ကောင်လေးတွေကို ငါ သေချာပေါက် မိတ်ဆက်ပေးမှာပါ။ ကလေးတွေက အခုထိ ငယ်လွန်းသေးတော့ အိမ်ထောင်ရေး ဆွေးနွေးဖို့က စောပါသေးတယ်ဟယ်”
အရိုးသားဆုံး ဆိုရပါမူ သူမ၏ သဘောထားက အတော်ကြီး ကောင်းလှသည်ပင်။
သူမက ဒဲ့တိုးကြီး ငြင်းဆန်ခြင်း မပြုသလို ကလေးနှစ်ယောက်ကို လမ်းဖောက်ပေးဖို့ပင် သဘောတူနေသေးကာ အကယ်၍ သူတို့နှစ်ယောက် မဆုံဆည်းလျှင်တောင်မှ အခြား ကောင်လေးများထံ မိတ်ဆက်ပေးဖို့ သူမ ဆန္ဒရှိပါ၏။
သူမက အမှန်တကယ်ကို ယုံကြည်ထိုက်သူဖြစ်ကာ သူမ အဆင့်အတန်းနှင့် တွေ့ဆုံခဲ့သည့် မည်သည့်ကောင်လေးမဆို မိသားစု နောက်ခံနှင့် ကိုယ်ကျင့်ဗီဇ နှစ်မျိုးစလုံးမှာပင် သာလွန် ထူးချွန်လိမ့်မည် ဖြစ်ကြောင်း သံသယ ရှိဖွယ်ရာပင် မလိုပေ။
ရွှီသခင်မကမူ သူမ သူငယ်ချင်းက ကလေးနှစ်ဦးကို လက်တွဲစေလိုသည်မှာ သူမတိူ့ အိမ်က ချမ်းသာကြွယ်ဝသည့်အတွက် သမီးဖြစ်သူကို ချမ်းသာသည့် ခင်ပွန်းရှာပေးလိုခြင်း ဖြစ်သည်ဟုသာ ထင်မှတ်မိပေ၏။ ထိုသို့သော အတွေးမျိုးက နားလည် လက်ခံပေးလို့ ရပါ၏။
ယခုအချိန်မှာတော့ ယင်းက သူမ ထောက်ပံ့ပေးနိုင်သည့် အကောင်းဆုံး အခြေအနေကို ကမ်းလှမ်းပေးခဲ့ခြင်းပင်။
၎င်းက အလွန် ကောင်းမွန် သင့်တင့်လှချည့်ဟု သူမ တွေးထင်ခဲ့သော်ငြား တကယ်တမ်းမှာတော့ အစကတည်းကပင် သူမ သူငယ်ချင်း၏ ရည်ရွယ်ချက်ကို လွဲမှား မှတ်ယူခဲ့ခြင်းပင်။
ရွှီသခင်မ၏ စိတ်ထဲမှာတော့ သူမ သူငယ်ချင်းက အတော်လေးကို ပလွှားတတ်သော်လည်း မကောင်းသည့်လူတော့ မဟုတ်ပါပေ။
သို့ပေသော်ငြား ဟုန်ယန်၏ အမှန်တကယ် အတွေးများကမူ မလိုမုန်းထား စိတ်များဖြင့်သာ အနားသတ်ထားခဲ့ပေသည်။
အကယ်၍ ဟုန်ယန်ကသာ စိတ်ကြီးဝင်ရုံမျှသာ ဆိုပါလျှင် သူမက ဝမ်းပမ်းတသာ လက်ခံလိမ့်ဦးမည်။ သို့သော် ယင်းက ဟုန်ယန်၏ တကယ့် ရည်ရွယ်ချက် ပန်းတိုင် မဟုတ်ပါပေ။
136 03
စုန့်ရင်းက ကြွယ်ဝချမ်းသာသည့် ကောင်လေးမျိုး ရှာတွေ့သွားမည်ကို သူမက လုံးဝ အလိုမရှိ။ အကယ်၍များ စုန့်ရင်းသာ ရွှံ့နွံထဲကျကာ ပျက်စီးသွားပြီး ပုပ်ရိသွားမည်ဆိုလျှင် အကောင်းဆုံးပါပင်။
ဟုန်ယန်က သူမ လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲဒါက တကယ် အဲ့လို မဟုတ်ပါဘူး၊”
သူမ အမူအရာက အတော်ကြီး ပြင်းထန်နေသလို ဖြစ်သွားနိုင်သည့်အတွက် သူမက ထပ်ပေါင်း ပြောလိုက်၏။
“အဲဒါက ဒီလိုပါ။ နင်က ငါသိတဲ့ တဦးတည်းသော လူချမ်းသာ ခမည်းခမက်လေ။ နင်က အကောင်းဆုံးပဲလို့ ငါ ထင်တယ်။ ငါ့ကလေးကို နောက်ထပ် တခြားတစ်ယောက်ဆီပေးဖို့ အယုံအကြည် မရှိဘူး။ တကယ့်တကယ် အိမ်ထောင်ပြုချိန် ရောက်လာရင် ခင်ပွန်းသည် တစ်ယောက်တည်းကိုပဲ ထည့်တွက်ရမှာ မဟုတ်ဘူးလေ။ ယောက္ခမကိုပါ ထည့်တွက်ရတော့မှာ။ နင်လည်း အိမ်ထောင်ပြုဖူးတာပဲ။ နင်သိမှာပါ။ တကယ်လို့ နင့်ယောက္ခမကသာ နင့်ကို ကောင်းကောင်း မဆက်ဆံဘူးဆိုရင် နင်လည်း အခုလိုမျိုး ဘဝကို သက်တောင့်သက်သာ နေနိုင်ပါ့မလား”
ဟုန်ယန့်ကို နောက်တဖန် ပြန်ကြည့်ပြီးချိန်တွင် သူမက အနည်းငယ်မျှ စိတ်ကြီးဝင်နေကာ နှလုံးသားက ညစ်နွမ်းမနေပါဟု ခံစားရသော်လည်း သူမ သမီး၏ အကျိုးအမြတ် အတွက်ကို ရိုးသားစွာ တွေးပေးနေသည့် အမေကောင်းဟုသာ မြင်မိလေသည်။
သူမ ကိုယ်တိုင်ကလည်း မိခင်တစ်ယောက် ဖြစ်ပေရာ ၎င်းတို့၏ သားသမီးများကို ကာကွယ်ပေးချင်သည့် မိခင်တို့၏ သဘာဝကို ကောင်းကောင်းကြီး နားလည်နိုင်ပါ၏။
ရွှီသခင်မက ပြောလိုက်သည်။
“ငါတို့ အချိန်ရရင် ကလေးနှစ်ယောက်ကို မိတ်ဆက်ပေးကြတာပေါ့။ တကယ်လို့ သူတို့ နှစ်ယောက်သာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ရှိလာရင် အဲဒါ အကောင်းဆုံးပါပဲ။ တကယ်လို့ မဟုတ်ခဲ့ရင်တော့ ဒီကမ္ဘာပေါ်မှာ ကိုယ်နဲ့ နီးကပ်ရင်းနှီးတဲ့သူ တစ်ယောက်လောက် ပိုရှိတာလဲ ကောင်းတာပါပဲ”
သို့သော် ဟုန်ယန်ကမူ ယုံကြည်ချက် အပြည့်အဝ ရှိပါ၏။ လင်ပါမယားပါ သားသမီးများက တစ်ဦးနှင့်တစ်ဦး ဆွဲဆောင်မိကြသည့် ဖြစ်စဥ်မျိုးကို Onlineပေါ်မှာ သူမ ကြားဖူးနားဝ ရှိခဲ့သည်ကို အမှတ်ရမိခဲ့၏။ ထို့ပြင် မောင်ရင်းနှမများက ချစ်သူများ ဖြစ်လာကြသည့် အလားတူ ဖြစ်ရပ်များကိုလည်း ကြားဖူးခဲ့ပေသည်။
သူမက စုန့်ရင်း၏ လက်လေးကို ဆုပ်ကိုင်ထားလိုက်ကာ
“အန်တီ့ဆီမှာလည်း မင်းနဲ့ အသက်တူတဲ့ သမီးတစ်ယောက် ရှိတယ်။ သူက သမီးနဲ့ မွေးတဲ့ရက် နည်းနည်းပဲခြားတယ်လေ။ သူက အခု နိုင်ငံခြားမှာ စာသင်နေတာ။ နွေရာသီ ပိတ်ရက်ကျမှ ပြည်မထဲကို ပြန်လာမှာ။ သူမ အိမ်ပြန်ရောက်လာရင် အန်တီ မင်းကို သူနဲ့ မိတ်ဆက်ပေးမယ်။ မင်းအမေနဲ့ အန်တီက သူငယ်ချင်းကောင်းတွေဆိုတော့ မင်းတို့နှစ်ယောက်လည်း သူငယ်ချင်းကောင်းတွေ ဖြစ်လာမှာ အသေအချာပါပဲ”
စုန့်ရင်းကလည်း ပြန်ပြောလိုက်သည်။
“ကြားရတာ အရမ်းကောင်းတာပဲ။ အန်တီ့သမီးက ဘယ်မှာ စာသင်နေတာလဲဟင်။ ကျမ ငယ်ငယ်တုန်းကတော့ မိသားစုက မချမ်းသာခဲ့တော့ သူငယ်ချင်းတွေ အများကြီး မရခဲ့ဖူးဘူး။ လေးလေးရှီနဲ့အတူ ရှီမိသားစုကို လိုက်မလာခင်အထိ ကျမကို အထင်မသေးတဲ့ ညီအစ်မမျိုး မရှိဖူးဘူးရယ်။ သမီး ညီမလေးတစ်ယောက်တော့ အမြဲတမ်း လိုချင်ခဲ့တာ။ တကယ်လို့ သမီးမှာသာ တစ်ယောက်လောက် ရလာခဲ့ရင် သူ့ကို ဂရုစိုက်ပေးမှာ အသေအချာပဲ”
ရှီလီကမူ နားထောင်နေရင်းက နဖူးကြောလေးများကို တွန့်ထားမိကာ ( တကယ်လို့ ကိစ္စတွေသာ ဒီအတိုင်း ကြီးထွားလာမယ်ဆိုရင် နေ့ရောညပါ အတူရှိပေးနိုင်မဲ့ ညီမလေးတစ်ယောက် နင့်မှာ တကယ်ရှိလာမှာပါဟယ်)
( အဲဒါက “သမီးရင်းနဲ့ သမီးတု”ဆိုတဲ့ Plotကြီး အသက်ဝင်လာတာပဲ။ ပြီးရင်တော့ ဒီလူနှစ်ယောက်ရဲ့ ကာရိုက်တာတွေက အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ တဇွတ်ထိုး သမီးအတုအယောင်က အားနည်းပျော့ညံ့တဲ့ သမီးရင်းကို အလွယ်တကူ အနိုင်ကျင့်တယ်ဆိုတဲ့ ဇာတ်ကြောင်းထဲကို အရမ်းကို ပြည့်ပြည့်ဝဝနဲ့ အံဝင်ခွင်ကျ အပ်ကျမတ်ကျ ဝင်သွားတော့မှာပေါ့)
(တကယ်လို့ ဒီ Plot သာ ဆက်ပြီး တိုးတက်လာမယ်ဆို အရိုးတုဆိုတဲ့ ဇာတ်ကြောင်းထဲကို ရောက်တော့မှာ။ လင်ပါ မယားပါ မောင်နှမ ဆိုတာတွေက သွေးသားမှ မတော်တာ၊ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်မိတယ် ဆိုရင်တောင်မှ သူတို့ရဲ့ မိသားစုဆိုတဲ့ အနှောင့်အဖွဲ့က ဟန့်တားနေမှာ အသေအချာမှတော့ အတူရှိသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ဆုံး သူတို့တွေက သွေးသား မတော်စပ်ဘူး ဆိုတာ သိသွားတာနဲ့ အဲဒီ ခလုတ်ကန်သင်းတွေကို ကျော်ဖြတ်ပြီး တွေဝေတုံ့ဆိုင်းတာမျိုး မရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးသွားလိမ့်မယ်)