အခန်း (၁၆၁-၁၆၄)
Vol. 9 Ch. 161-164
161 01
အခန်း ၁၆၁: အတန်းခွဲရေး ကသောင်းကနင်းဖြစ်ခြင်း
ရလဒ်ကတော့ အထက်လူကြီးက မောက်စ်ကိုမတော်တဆ ထိမိသွား၍ ဖန်သားပြင်ပေါ်ရှိပုံရိပ်မှာ စတင်လှုပ်ရှားလာတော့၏။
နှစ်မိနစ်ခန့် ကြာပြီးနောက် သူတို့တွေ လှုပ်ရှားမှုတွေ ပြီးဆုံးသွားခဲ့ပြီး အနှီယောက်ျား ခေါင်းလှည့်လာချိန်မှာတော့ သူ၏ မျက်နှာကိုရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
၎င်းမှာ သိပ်မကြာသေးခင်ကမှ ဝင်ပေါက်တွင် သူတို့တွေ့ခဲ့သော လင်းမိသားစု၏ ဒုတိယသား ဖြစ်သူမှလွဲ၍ အခြားသူ မဟုတ်ပေ။
အထက်လူကြီးနှင့် ဝန်ထမ်းတို့မှာ နှစ်တွေအကြာကြီး နေထိုင်လာခဲ့တာကြောင့် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတွေနှင့် မစိမ်းသက်နေချေ။
ကွယ်လွန်သူ၏ မုဆိုးမတစ်ယောက်အနေနှင့်အထိမ်းအမှတ် ကမ္ပည်းတိုင်ရှေ့မှာ အခြားယောက်ျားသားတစ်ဦးနှင့်အတူ ဖောက်ပြားနေတာက အလွန်ရက်စက်ရာ ကျလွန်းတယ်လို့သူတို့တွေ ထင်ကြသော်ငြား တကယ့်ရက်စက် ရာကျသည့်အပိုင်းမှာ - အနှီယောက်ျားက ဒုတိယလင်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ ကြတာပင်။
ဒါက ဘာတုန်း၊ အညှီအဟောက်ဝတ္ထုတစ်ပုဒ် အသက်ဝင်လာတာလား။
ငါ့အစ်ကိုကြီး ကွယ်လွန်သွားတဲ့ညမှာ၊ သူ့ရဲ့ အထိမ်းအမှတ် ကမ္ပည်းတိုင်၊ ပြာအိုးနဲ့အဖြူအမည်း ဓာတ်ပုံရှေ့က ရှိနေတဲ့ ငါကငါ့မရီးနဲ့...
၎င်းမှာ ကျောချမ်းဖွယ်ကောင်းလှသလို အတော်လေးလည်း မလျော်ကန်ပေ။
အတွေ့အကြုံများသော ဝန်ထမ်းတောင် ထိတ်လန့်သွားလေသည်။
ဝန်ထမ်းက အထက်လူကြီးကို ကြည့်လိုက်ပြီး“ဒီကိစ္စကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ကျွမ်းကျင်မှုဆိုင်ရာ ကျင့်ဝတ်များအရဆိုလျှင်ယခုလို မိသားစု လျှို့ဝှက်ချက်များကို သူတို့တွေ လျှို့ဝှက်ထားသင့်ပေသည်။
သို့သော် အပြင်လူတွေအနေဖြင့်ပင် ယခုလိုအိမ်ထောင်ရေး ဖောက်ပြန်နေသော စုံတွဲ၏လုပ်ရပ်အပေါ် ဒေါသထွက်လာမိကြသည်။
သူတို့ကိုယ်သူတို့ ကွယ်လွန်သူ၏ နေရာကနေဝင်ခံစားကာ သူတို့ ခန္ဓာကိုယ်က အေးတောင် မအေးသေးဘူး၊ သူတို့ ဇနီးကတော့…သူတို့ရဲ့ပြာအိုးရှေ့မှာ အခြားယောက်ျားနဲ့ ဖြစ်နေပြီ။
ထိုအကြောင်းကို တွေးကြည့်လိုက်ရုံဖြင့်ပင် သေသွားခဲ့လျှင်တောင် ဒေါသထွက်ရလွန်းလို့ အသက်ပြန်ရှင်လာနိုင်သည်ဟု သူတို့ကို ခံစားမိစေသည်။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလို တွေးလို့မရဘူး။ ငါ့မှာ ဒီလိုမိန်းမနဲ့ ညီ မရှိဘူး။
ဝန်ထမ်းသည် သဘာဝအားဖြင့် သူတော်စင် မဟုတ်သလို သစ္စာရှိသူလည်း မဟုတ်ချေ။
သို့သော် ဖြစ်ပျက်မှုတစ်ခုကို မြင်တွေ့လိုက်ရချိန်မှာတော့ ဒေါသတွေက သူ့ကိုယ်တွင်း၌လှိုက်တက်လာ၍ ဤအရှက်မရှိဘဲ အိမ်ထောင်ရေး ဖောက်ပြန်နေကြသော စုံတွဲအကြောင်းကိုတစ်လောကလုံး သိသွားအောင် ဖော်ထုတ်ချင်သွားသည်။
ဒုတိယဖူသခင်လေးက စိတ်အားထက်သန်စွာတာဝန်ယူလာသည်။ “ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်လိုက်မယ်” မိနစ်အနည်းငယ် ကြာပြီးနောက် ဧည်သည်များထဲမှ လူဦးရေ တစ်ဝက်ကျော်လောက်မှာ သူတို့ဖုန်းတွေထဲမှ AirDrop ကနေပြီး ဗီဒီယိုအတိုတစ်ပုဒ်ကို လက်ခံရရှိခဲ့ကြသည်။
ဤဗီဒီယိုအတိုက “ငါက လေဖုန်း၊ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး၊ လူတွေအတွက် ကောင်းကျိုးဆောင်ပေးရုံတင်” ဟူသော အသုံးပြုသူ နာမည်နှင့်ပင်။ လက်ခံရရှိသူတို့မှာ ပဟေဠိဖြစ်စွာဖြင့် ဗီဒီယိုကိုဖွင့်လိုက်ကာအချို့ကတော့ ၎င်းကို spam ဟု ထင်ပြီးဖွင့်မကြည့်ကြပေ။ ဗီဒီယိုအား လက်ခံရရှိခဲ့သောသူများမှာ ၎င်းကို ဖွင့်ကြည့်ပီ့း နှစ်စက္ကန့်အကြာမှာတင် မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။ အထိမ်းအမှတ် ကမ္ပည်းတိုင်ရှေ့တွင် အဖြူအမည်းဝတ်စုံဖြင့် မတ်တပ်ရပ်နေသော ဣန္ဒြေသိက္ခာရှိသည့် အမျိုးသမီးကို သူတို့အားလုံး ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။
ဗီဒီယိုတွင် အသံမပါသော်ငြား ကြည့်ရှုရသောအတွေ့အကြုံအပေါ် မသက်ရောက်စေပေ။
161 02
လူတိုင်းသည် တူညီသော နောင်တရသွားကြပြီး - အနှီလူက ဘယ်သူဘယ်ဝါဆိုတာကို မသိချေ။
မျိုးဆက်သစ် အကျိုးဆောင်သူ တစ်ဦးအနေဖြင့် ဒုတိယဖူသခင်လေးမှာ ယခုလိုအသေးအမွှားလေးအပေါ် လူတိုင်းအား သိချင်စိတ်ဖြင့် ဘယ်လိုလုပ် ချန်ရစ်ထားနိုင်မည်နည်း။
ဗီဒီယို မပြီးဆုံးခင်တွင် ကင်မရာအား တစ်ချိန်လုံး ကျောပေးထားသော အမျိုးသားဇာတ်လိုက်က နောက်ဆုံးတော့ မျက်နှာလှည့်ပြလာပြီး လူတိုင်းအား ရှင်းရှင်းလင်းလင်း မြင်တွေ့သွားစေသည်။
ဤမျက်နှာမှာ အလွန်ရင်းနှီးနေလွန်းအားကြီးပြီး သူတို့တွေ အခန်းထဲ ဝင်မလာခင်တုန်းကတွေ့ခဲ့သည့် မျက်နှာနှင့် ဆင်တူနေသည် အထိပင်။
ဒါ၊ ဒါ၊ ဒါ… အချို့ သက်ကြီးရွယ်ကြီး ဧည့်သည်များကတော့၊ ခုခေတ်လူငယ်တွေ များ ဘယ်လို ကစားရမယ်ဆိုတာ သိကြတာပဲဟု တွေးလိုက်ကြတော့၏။ ဒီဇနီးကောင်းကို ကြည့်လိုက်စမ်း၊ သူ့ယောက်ျားရဲ့ အထိမ်းအမှတ် ကမ္ပည်းတိုင်ရှေ့မှာမှ ရမ္မက်ကြီးပြီး အချစ်ဇတ် ခင်းနေရတယ်လို့...
မျက်ရည်ကျနေဆဲဖြစ်သော မစ္စလင်းကတော့ အခုထိ ဘာဖြစ်နေတယ်ဆိုတာကို မသိသေးပေ။ သူမသည် နောင်တတရားထဲမှာဘဲ နှစ်မြှုပ်နေကာ သူမအား ကြည့်နေကြသည့်ထူးဆန်းသော အကြည့်တွေကို သတိမထားမိချေ။
လင်းရှန်းလီသည် ဧည့်သည်များကို ဧည့်ခံရာ၌ အလုပ်များနေခဲ့တာဖြစ်ပြီး အဆုံးကျတော့မှ အနားယူရန် အချိန်ခဏတဖြုတ် ရလာခဲ့တာပင်။ သူ့မျက်ခုံးပေါ်က ချွေးစက်များကို သုတ်လိုက်ပြီး အိမ် သို့မဟုတ် အလုပ်ဆီက မက်ဆေ့ခ်ျရောက်လို့ရောက်ငြား ဖုန်းထုတ်၍ ကြည့်လိုက်သည်။ ထိုအစား ဗီဒီယိုတစ်ပုဒ်ကိုသာ သူ မြင်လိုက်ရသည်။
အမျိုးသား ဇာတ်လိုက်တစ်ယောက်အနေဖြင့် ဤဗီဒီယိုကို သူ့ထက်ပိုပြီး ရင်းနှီးမည့်လူဆိုတာ မရှိနိုင်။
လင်းရှန်းလီ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်မှာတော့ သူ့ကိုယ်ပေါ် လူတွေ၏ အကြည့်တွေကနေ ဖိအားများကို ခံစားမိလိုက်သည်။
အချို့ဧည့်သည်များမှ သူတို့၏ ဖုန်းမော်ဒယ်တွေကြောင့် ဗီဒီယိုကို လက်ခံမရရှိသေးဘဲ၊အနည်းအကျဉ်းကသာ ၎င်းကို spam ဟု ထင်ပြီး မကြည့်ကြပေ။
ဤသည်က သတင်းပျံ့သွားမှာကို မတားဆီးနိုင်ချေ။ သတင်းအချက်ခေတ်မှာတောင်မှ ပါးစပ်လောကမှာ သတင်းဖြန့်ဖြူးရာ၌ အရေးကြီးသော နေရာတွင် ပါဝင်နေဆဲဖြစ်သည်။
ဤကဲ့သို့ တစ်ဆင့်စကား တစ်ဆင့်ကြားခြင်းမှာ ယခုပင် ဖြစ်ပျက်နေလေပြီ။
ဗီဒီယိုကို ကြည့်ပြီးလျှင် လူတစ်ယောက်ရဲ့အတွေးနှင့် ခံစားချက်ကို ဘေးဝန်းကျင်က လူတွေနှင့်အတူ ဆွေးနွေးခြင်းနှင့် ဗီဒီယိုထဲကအမျိုးသားနှင့် အမျိုးသမီး ဇတ်လိုက်တို့၏စာရိတ္တပျက်ပြားခြင်းအပေါ် ရှုံ့ချခြင်းကပြုလုပ်နေကြ မဟုတ်ပါလား။
သူတို့ကိုယ်၌က ကိုယ်ကျင့်တရား မကောင်းနိုင်သော်ငြား လူတိုင်းက အပြစ်ကင်းပြီး ဖြူစင်သော နေရာတွေကနေ သူတို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ကြတော့၏။
အခန်းထဲ၍ အချို့ဧည့်သည်တွေက ကနဦးတွင်ဗီဒီယိုကို မကြည့်ခဲ့လျှင်တောင် သူငယ်ချင်းမိတ်ဆွေများကြားမှ စိတ်အားထက်သန်စွာ ဖြန့်ဖြူးခြင်းဖြင့် မကြာခင်တွင် လူတိုင်းသိကြမှာ အသေအချာပင်။
လင်းရှန်းလီ၏ နှုတ်ခမ်းများ တုန်ရီသွားတော့သည်။ အပြစ်ရှိစိတ်ကို ခံစားနေရင်းဖြင့် သူ့ဘေးပတ်လည်ရှိ လူတိုင်းက သူ့ကို လက်ညှိုးထိုး၍ တီးတိုးပြောနေကြတာကို သဘာဝအလျောက် ခံစားမိသည်။
သို့သော် ဗီဒီယိုကို လက်ခံရရှိလိုက်သည့်သူက သူတစ်ယောက်တည်း ဖြစ်နေမှာ၊ သူ့လုပ်ရပ်တွေကနေတဆင့် ပေါ်ပေါက်သွားမှာကို ကြောက်နေသဖြင့် မမေးရဲပေ။
လင်းရှန်းလီသည် တစ်ဖက်လူက သူ့ကို အကျပ်ကိုင်ချင်နေတာဟု တွေးလိုက်ပြီး မက်ဆေ့ခ်ျပို့လိုက်သည်။
[မင်း ပိုက်ဆံဘယ်လောက် လိုချင်တာလဲ?]
ဒုတိယဖူသခင်လေးမှာ ဖုန်းကို ဘေးမချထားခင်မှာဘဲ ဤမက်ဆေ့ခ်ျကို တွေ့လိုက်ရသည်။
161 03
ဒုတိယဖူသခင်လေး: *မြေအောက်ရထားတွင် ဖုန်းကြည့်နေသော အဘိုးကြီးရဲ့ဟာသပုံ*သူက ပိုက်ဆံပြတ်လပ်နေတဲ့ တစ်ယောက်ယောက်နဲ့ တူနေလို့လား။
အတော်ကြာသည်အထိ ဘာရီပလိုင်းမှရောက်မလာတော့ လင်းရှန်းလီက နောက်ထပ်မက်ဆေ့ခ်ျပို့လိုက်သည်: [မင်း ဘယ်လောက်လိုချင်လဲ။ ငါ့ကို မင်းရဲ့ ဘဏ်အကောင့် ပို့လိုက် ခုချက်ချင်း ငွေလွှဲပေးလိုက်မယ်]
အမှန်တွင် တစ်ဖက်လူ၏ အထောက်အထားကို လင်းရှန်းလီ အကြမ်းဖျင်း ခန့်မှန်းထားပြီးသားပင်။ ဗီဒီယိုကို စောင့်ကြည့်ရေး ကင်မရာကနေ ရိုက်ယူထားတာ ဖြစ်သဖြင့် အနှီလူက နာရေးရှိဝန်ထမ်းတစ်ယောက် ဖြစ်နိုင်သည်။ ပိုပြီးအသေးစိတ် ပြောရမည်ဆိုပါက စောင့်ကြည့်ရေး စနစ်နှင့် ဆက်နွှယ်နေသော ဝန်ထမ်းဖြစ်နိုင်သည်။
ဒုတိယဖူသခင်လေး ရီပလိုင်း မပြန်ခင်မှာဘဲ ဖူဟွေ့ရှင်းက သူ့လက်ထဲရှိဖုန်းကို ဆွဲယူ၍ မက်ဆေ့ခ်ျပို့လိုက်သည်။
[ပိုက်ဆံ မလိုဘူး။ ခင်ဗျားကို အေးအေး ဆေးဆေး မနေစေချင်လို့]
ဖူဟွေ့ရှင်းက ဖုန်းကို ဒုတိယသခင်လေးထံ ပြန်ပေးသည့် အခါ၌ “သူများတွေကို ပြဿနာမပေးနဲ့” ဟူ၍သာ ပြောလိုက်သည်။
လင်းရှန်းလီသည် အကြာကြီး စောင့်နေခဲ့သော်လည်း ဤမက်ဆေ့ခ်ျတစ်ခုသာ ပြန်ရလိုက်သည်။
သူ၏ နက်မှောင်နေသော မျက်ခုံးတွေ ကြုတ်သွားသည်။ ပိုက်ဆံကြောင့် မဟုတ်ဘူး၊သူ့ကို အေးဆေးမနေစေချင်လို့တဲ့လား။
မနေ့ညတုန်းက သူ့လုပ်ရပ်ကို ရှာတွေ့သွားတဲ့ ဧည့်သည်တစ်ယောက်ယောက်ကိုများ မသိလိုက်ဘဲနဲ့ စော်ကားမိလိုက်လို့ သူ့ကိုခက်ခဲအောင် တမင်လုပ်နေတာလား။
လင်းရှန်းလီ၏ အတွေးများမှာ ထူးထူးဆန်းဆန်း ပြောင်းလဲသွားပြီးနောက်၊ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက အလျင်အမြန် ရောက်ချလာတော့၏။ သဘာဝလွန်စွမ်းအား။
သူ့အစ်ကိုဝိညာဉ်ရဲ့ လက်ချက်လား။
သူသည် ထိုအကြောင်းကို တွေးမိလေ၊ကြက်သီးထလာရတော့သည်။
တကယ်လို့ သူ့အစ်ကိုသာ သူနဲ့ မရီးကြားကကိစ္စကို သိသွားရင် လက်တုံ့ပြန်လောက်မလား။
ဗီဒီယို လျင်မြန်စွာ ပျံ့နှံ့လာသည်နှင့်အမျှ လင်းရှန်းလီ သည် မကောင်းသော ဝိညာဉ်များနှင့် သရဲတစ္ဆေများကို အပနှင်ရန်အတွက်ဆရာသခင်များ ရှာခြင်း၌သာ သူ့ကိုယ်သူ မြှုပ်နှံထားသည်။
ပျံ့နှံ့နေသည့် မကောင်းသတင်းအတွက်ကမူ လင်းရှန်းလီ အနေနှင့် ၎င်းကို အာရုံစိုက်ရန် အင်အားမရှိတော့ချေ။
လူတွေက ပါဝင်သူတွေရှေ့တွင် အတင်းပြောဖို့ ရှောင်ကြသော်လည်း အသံလုံသည့် နံရံဆိုတာမရှိပေ။
မကြာမီ မစ္စလင်းလည်း သိရှိသွားသည်။ ယခုလို ရှက်ရွံ့ဖွယ်ကောင်းသည့် ဖြစ်ရပ်အား သူမနောက်ကွယ်တွင် ဆွေးနွေးနေကြမှာကို တွေးကြည့်လိုက်ရုံနှင့် သူမကို မေ့လဲသွားစေလုနီးပါး ဖြစ်သွားစေသည်။
ကံကောင်းသည်မှာ သူမ၏ ယောက္ခမနှင့်ကလေးနှစ်ယောက်က ထိုအကြောင်းကို မကြားသေးတာပင်။
သို့သော် သူတို့တွေ ဘယ်အချိန်ကျလျှင် ရှာတွေ့သွားမည်ဆိုတာကို မည်သူသိနိုင်မည်နည်း။
ဒုတိယဖူသခင်လေးသည် အဖေဖြစ်သူနှင့် ပြန်ဆုံတော့ သူ၏ ချစ်လှစွာသော ဖခင်အိုကြီးထံကနေ အကြည့်စူးစူးနှစ်ချက်ကို လက်ခံခဲ့ရသည်။
ဦးလေးရှီ ရှိနေတာကြောင့် မစ္စတာဖူသည် ထိုအချိန်တုန်းက သားဖြစ်သူကို မဆူခဲ့ချေ။
ကားထဲပြန်ရောက်တော့ ဒုတိယသခင်လေး ခါးပတ်ပတ်နေတုန်း သူ့အဖေထံမှ ဆူငေါက်ခြင်းကို လက်ခံရရှိလိုက်ရတော့၏။
“အဲ့ဒီ ‘အကျိုးဆောင်သူ’ ဆိုတဲ့ အသုံးပြုသူကမင်းလား”
161 04
ဒုတိယဖူသခင်လေး ထိတ်လန့်သွားတော့၏။ “အဖေ ဘယ်လိုလုပ်သိလဲ”
မစ္စတာဖူ ပြောစရာစကား မဲ့သွားတော့သည်။ သူသည် အစကတော့ မသေချာသော်ငြား အခုတော့ သေချာပေါက် ဤကလေးဆိုတာကို သိလိုက်ရလေပြီ။
ဒုတိယဖူသခင်လေးမှာ ခေါင်းမာစွာဖြင့် သူ့ကိုယ်သူ ခုခံပြောဆိုလိုက်သည်။ “ကျွန်တော်က ကောင်းကျိုး လုပ်နေတာလေ၊အဲဒါ ဘာမှားလို့လဲ”
မစ္စတာဖူက ပုံမှန်ဆိုလျှင် သူ့သား၏ အပြုအမူတွေအပေါ် ဝင်စွက်ဖက်ခြင်း မပြုပေ။ သူသာ လူကုန်ကူးတဲ့သူနှင့် မတွဲသရွေ့၊ ကြိုက်သလို အရှုပ်ထုပ်လုပ်လို့ရသည်။
သူ့သားကို အလွန်တက်ကြွနေသည့် ပုံစံဖြင့်မြင်ရသည်မှာ ရှားပါးသဖြင့် မစ္စတာဖူက သားဖြစ်သူ၏ သူတစ်ပါး အရေးကိစ္စထဲ ဝင်ပါတာကို ဖျောင်းဖျရန် ရည်ရွယ်မထားပေ။
သို့သော် သူ ရှင်းလင်းအောင်လုပ်ရန် တစ်ခုရှိသေးသည်။ “တော်လှန်ရေး သူရဲကောင်းဟောင်းရဲ့နာမည်ကို မင်း ဒီလိုပဲ အသုံးပြု လိုက်တာလားကွ ဟေ”
ဒုတိယဖူသခင်လေးက သနားကမား ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်က ကောင်းတာ လုပ်နေတာပါ”
သူ့လုပ်ရပ်၏ မလျော်ကန်မှုကို နားလည်သွားသလိုမျိုး အသံမှာ တဖြည်းဖြည်း တိုးဖျော့သွားလေသည်။
“ကျွန်တော် ထပ်မလုပ်တော့ပါဘူး”
မစ္စတာဖူက အသာချောင်းဟန့်လိုက်ပြီး“သူများကိစ္စထဲ ဝင်ပါတာက အဆင်ပြေတယ်ဆိုပေမဲ့ နောက်တစ်ခါ အဲ့လိုမျိုး နာမည်ကိုအလွဲသုံးစား မလုပ်နဲ့တော့”
ဒုတိယသခင်လေးမှာ ရုတ်ချည်းပင် စွမ်းအင် ပြည့်တင်းသွားပြီး “ဟုတ်ကဲ့၊ တာဝန်ကို နားလည်ပါပြီ”
ဤတစ်ကြိမ်မှာတော့ ရှီလီတွင် မည်သို့သောအတွင်းကျကျ သတင်းအရင်းအမြစ်များမှ မရှိတာကြောင့် သူမ၏ အတန်းဖော်တွေလည်း အတင်းအဖျင်းကို ကြိုမသိထားကြပေ။
သို့သော် အတင်းအဖျင်းမှာ အလွန်ကြီးမား လွန်းသဖြင့် နောက်ပိုင်းတွင် သူတို့တွေသူများထံမှတဆင့် ပြန်ကြားခဲ့ရသည်။
လက်ရှိမှာတော့ ဤအတင်းအဖျင်း၏ လေကို သူတို့တွေ မဆုပ်ကိုင်နိုင်သေးပေ။
ပထမနှစ် အထက်တန်းကျောင်းသားတွေကို နောက်ဆုံးစာမေးပွဲကြီး ပြီးဆုံးသွားတာနှင့်မတူညီသော အတန်းအသီးသီးသို့ ပြန်လည်နေရာချမည်ဟူသော ကောလာဟလတွေ ကျောင်းထဲ၌ ပျံ့နှံ့နေသည်။
လက်ရှိ လစဉ်စာမေးပွဲအားလုံးကလည်း အတန်းပြောင်းလဲခြင်းအပေါ် သက်ရောက်မှုရှိမှာ ဆိုသော်ငြား နောက်ဆုံးစာမေးပွဲကြီးကတော့ ပိုပြင်းထန်သည်။
အတန်းပိုင်မှာ ကျောင်းသားတွေရှေ့၌ မျက်နှာထား တင်းတင်းဖြင့် စာသေချာမလုပ်သော ကျောင်းသားတွေကို အတန်းခွဲပစ်မည် ဟူ၍ ခြိမ်းခြောက်နေလေ၏။ ဖြစ်ရပ်၏နောက်ကွယ်မှာတော့ သူသည် အတန်းတွေကို မပြောင်းပေးဖို့ ဒါရိုက်တာကို မျက်နှာချို သွေးနေခဲ့တာပင်။
သူ၏ ဆက်တိုက် အပူကပ်နေခြင်းကြောင့်ဒါရိုက်တာမှာ သူ့အား ကျောင်းအုပ်ထံ သွားဖို့ဘဲ ပြောလွှတ်လိုက်သည်။
ယခုဆိုလျှင် ဘောလုံးမှာ ကျောင်းအုပ်၏ရုံးခန်းတွင်း ရောက်ရှိလာပြီဖြစ်ပြီး အတန်းပိုင်သည် အလုပ်ရောက်လာပြီ ဆိုသည့်အကြောင်းကို အသိပေးနေသည့်အလား ကျောင်းအုပ်ကို အနှောင့်အယှက်ပေးရန် ရောက်လာတော့၏။
******
162 01
အခန်း ၁၆၂: အသေးအမွှားကိစ္စ
အတန်းခွဲခြင်းက ကျောင်း၏ လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်တာကြောင့် အတန်းတစ်တန်းက အတန်းမခွဲချင်တာနှင့် ပြောင်းလဲသွားမှာ မဟုတ်ပေ။
အတန်းဒါရိုက်တာက အတန်းတွေကို ခွဲရမည်ဟု အတန်းပိုင်ကို သေသေချာချာ ပြောခဲ့သော်လည်း ဤသည်က သူ့အပေါ်တွင် သက်ရောက်မှု မရှိသလိုပင်။
အခန်း 1 အတန်းပိုင်က အတန်းများကို မပြောင်းလဲရန်အတွက် ဖြစ်နိုင်ခြေရှိသော အစီရင်ခံစာများကို နေ့စဉ်မပြတ် လာရောက်တင်ပြနေဆဲဖြစ်၏။
ဤလူက ဒီနှစ်တော့ အတန်းတွေ မခွဲတော့ဘူးလို့ ပြောသံကိုဘဲ ကြားချင်နေတယ်ဆိုတာအား အခုတော့ ဒါရိုက်တာ နားလည်လာခဲ့သည်။
သူမ ပြောခဲ့သမျှ အခြားအရာအားလုံးမှာ သူ့အတွက် အရေးမပါပေ။
ဒါရိုက်တာ၏ လစာလျှော့မယ်ဆိုသော သတိပေးချက်ကပင် သူ့အပေါ် သက်ရောက်မှုမရှိ။
အတန်းဒါရိုက်တာမှာ အတန်းပိုင်၏ ဇွဲကောင်းမှုကြောင့် စိတ်တိုလာရတော့၏။ သူမသည် နေ့တိုင်း အလုပ်ရှုပ်သူဖြစ်ပြီး အကြောင်းပြ ချက်တစ်ခုခုပေး၍ သူ့ကို ရှင်းထုတ်ချင်နေမိသည်။
ထို့ကြောင့် သူမ ပြောလိုက်၏။ “ဒီကိစ္စမှာ ကျွန်မ စကားက အရေးမပါဘူး။ ကျောင်းအုပ်ကို သွားပြောသင့်တယ်”
သူမ၏ ရည်ရွယ်ချက်က အကြောင်းပြချက်တစ်ခုခုရှာ၍ သူ့ကို မောင်းထုတ်ချင်ရုံသာ။ ဦးနှောက်ပါသည့် ဘယ်သူမဆို ကျောင်းအုပ်အား ဤကိစ္စနှင့်ပတ်သက်ပြီး အနှောင့်အယှက်သွားပေးကြမှာ မဟုတ်တာကြောင့်ပင်။
အတန်းပိုင်၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို သူမလျှော့တွက်မိသွားသည်။ သူက ဤကိစ္စကိုကျောင်းအုပ်နှင့် တကယ်ကြီး သွားဆွေးနွေးခဲ့သည်။
တစ်ရက်တွင် သာမန်ဆရာတစ်ယောက်က အတန်းမခွဲဖို့ ကိစ္စနှင့်ပတ်သက်ပြီး သူနှင့် လာရောက်ဆွေးနွေးမည်ဟု ကျောင်းအုပ် မမျှော်လင့်ထားခဲ့ဖူးချေ။
ကျောင်းအုပ်က မျက်မှန်ကို ပင့်တင်ပြီး ပြောလိုက်သည်။ “ဆရာ၊ အထက်တန်း ပထမနှစ်ရဲ့ ဒုတိယပညာသင်နှစ်မှာ ကျောင်းသားတွေကို အနုပညာနဲ့ သိပ္ပံတန်းခွဲဆိုပြီး အတန်းခွဲတယ်၊ ပြီးတော့ စာလိုက်နိုင်တဲ့ကျောင်းသားနဲ့ စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကို အဆင့်အလိုက်နဲ့ ကျောင်းသားတွေလက်ခံနိုင်တဲ့ သက်ကြားရေးပိုင်းပေါ် မူတည်ပြီး အတန်းခွဲတယ်။ ဒီဟာက ငါတို့ နှစ်တွေတလျှောက် ကျင့်သုံးလာတဲ့ မူဝါဒပါ။ ဒီသင်ကြားရေး နည်းလမ်းက အရမ်းထိရောက်မှု ရှိတယ်ဆိုတာကိုလည်း သက်သေပြထားပြီးသား။ မင်းရဲ့ အတန်းမခွဲဖို့ အကြံပေးချက်က ငါ့အတွက် ကျိုးကြောင်းဆီလျော်မှု မရှိလှဘူး။ မင်း ပြန်သွားပြီး ဒီကိစ္စရဲ့ ဖြစ်နိုင်ခြေအပေါ် ပြန်စဉ်းစားသင့်တယ်”
အတန်းပိုင်သည် ဘော့စ်ကြီးနှင့် ထိပ်တိုက်တွေ့ရာ၌ သတ္တိကိုဘဲ ကိုးစားထားတာတော့ မဟုတ်ပေ။
ဤပညာသင်နှစ်အတွင်း အခန်း 1 ကျောင်းသားများ၏ လစဥ်စာမေးပွဲ ရလဒ်များကို ထုတ်ပြလိုက်၏။ "ကျောင်းအုပ်၊ ဒါကျွန်တော်တို့ အတန်းက လစဉ်စာမေးပွဲ ရလဒ်တွေပါ။ ကျောင်းအုပ် မြင်တဲ့အတိုင်းဘဲ၊ကျောင်းသားတိုင်းက ထူးချွန်ကြတယ်၊ ကျွန်တော်တို့ အတန်းရဲ့ ပျမ်းမျှရမှတ်ကဒီစာမေးပွဲတွေမှာ အတန်းရဲ့ အမြင့်ဆုံးပါ”
အဆင့်အကြောင်းကို ဖော်ပြလိုက်ခြင်းကကျောင်းအုပ်၏ အာရုံကို ဖမ်းစားနိုင်သွား၏။ သူသည် အတန်းပိုင် ယူလာသော စက်ပစ္စည်းကို ယူလိုက်ပြီး အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။
သူ ခေါင်းညိတ်ကာ ကြည့်လိုက်ပြီး ၎င်းမှာကျောင်းသားတွေ၏ သိသိသာသာ တိုးတက်လာသော အဆင့်တွေကြောင့်တင် မဟုတ်ဘဲ၊ပစ္စည်းထဲတွင် ကျောင်းသားတွေ၏ တိုးတက်မှုကို ခွဲခြမ်းပြထားသော ဆော့ဝဲလ်တစ်ခု ပါဝင်နေကာ စာသင်နှစ်တလျှောက် အဆင့်တွေ အများအပြား တိုးတက်မှုကိုရှင်းလင်းစွာ ပြသထားတာကြောင့်ပင်။
ဒီဆရာက စက်ပစ္စည်းတွေကို ကိုင်တွယ်တဲ့နေရာမှာ အတော်လေး ကျွမ်းကျွင်သားဟုကျောင်းအုပ် အတွေးဝင်မိသည်။
ယနေ့ခေတ်မှာ အရာရာတိုင်းက ဒေတာနဲ့သက်ဆိုင်နေတာ။ ဒီလူငယ်ဆရာ ဘယ်လိုမျိုးစီမံခဲ့လဲဆိုတာကို သူ အံ့ဩမိသည်။
စက်ပစ္စည်းကိုကြည့်ပြီးနောက် ကျောင်းအုပ်က၎င်းကိုပိတ်၍ ပြောလိုက်သည်။ “ဒီစာသင်နှစ်အတွင်းမှာ မင်း အလုပ်လုပ်တာတော်တယ်၊အတော်လေး ကြိုးစားခဲ့ရမှာဘဲ”
သူသည် အတန်းပိုင်၏ အလုပ်လုပ်ပုံကို ချီးကျူးလိုက်သော်ငြား အတန်းခွဲခြင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်နေ၏။
အတန်းပိုင်က စကားဆက်ပြောရသည်။ “တကယ်တော့ ကျွန်တော်တို့အတန်းကို အတန်းမခွဲဖို့ ကျောင်းအုပ်ကို တောင်းဆိုတာက ကိုယ်ရေးကိုယ်တာ ဆန္ဒအရ နည်းနည်းတော့ ပါပါတယ်။ ကျွန်တော် သင်ကြားရေးအတွက် ခရီးထွက်တုန်းက အခြားကျောင်းတွေကနေ တန်းမြင့် အယူအဆအချို့ကို လေ့လာခဲ့ပါတယ်။ အဲဒါတွေက အရမ်းလက်တွေ့ကျတယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ကျောင်းအုပ် သိတဲ့အတိုင်းပဲ အခန်း 1 ရဲ့ အဆင့်တွေ အရမ်းတဟုန်ထိုး တိုးတက်လာတယ်ဆိုတာ၊ အသေစိတ်ကျကျပြောရရင်တော့ အဲဒီ သင်ကြားရေး နည်းလမ်းတွေကို ထပ်တိုးသင်ထားလို့ပါ”
162 02
ဒါရိုက်တာကျူး၏ မူလရည်ရွယ်ချက်ဖြစ်သည့် သူ့ကို ခက်ခဲသော အချိန်တစ်ချို့ ရစေရန်အတွက် အလုပ်ကိစ္စနှင့် ခရီးထွက်စေခြင်းက ယခုမှာတော့ သူ့အတွက် အသုံးဝင်လာခဲ့လေပြီ။
ဆရာ၏ ယခုလိုပြောလာပုံကို ကြားလိုက်ရသည့် အခါမှာတော့ ကျောင်းအုပ်က ပိုတောင်စိတ်ဝင်စားသွားသည်။ သူ ခေါင်းညိတ်ကာ ဆရာကို စကားဆက်ရန် အချက်ပြလိုက်၏။
အတန်းပိုင်က ဆက်ပြောလိုက်သည်။“ဒီဟာကို စာသင်နှစ် တစ်ခုတည်းမှာပဲ ကျွန်တော် စမ်းသပ်ရသေးတာ၊ ကျောင်းသားတွေက အခုလို သိသိသာသာ ပြောင်းလဲမှုတွေ ပြလာခဲ့ပါတယ်”
“အဲ့လိုဆို မင်းရဲ့ သင်ကြားရေး အတွေ့အကြုံတွေကို ဝေမျှပေးဖို့ အချိန်တစ်ခု စီစဉ်လိုက်လို့ရတယ်” ကျောင်းအုပ်က ပြောလိုက်သည်။
သူက ဖြည်းဖြည်းချင်းစီ စကားဆက်လိုက်ပြီး“ဒါပေမဲ့ အဲ့တာက စာသင်နှစ်တစ်ခုထဲမှာ စမ်းသပ်ထားတာဘဲ ရှိသေးတာပါ။ နောက်ပိုင်းရလဒ်တွေ ပြောင်းပြန်ထွက်မလာပါဘူးလို့ အာမမခံနိုင်ပါဘူး။ ကျွန်တော့် အထင်ကတော့ပထမနှစ်တွေဖြစ်တဲ့ အခန်း 1 ကို အစမ်းသဘောအနေနဲ့ နှစ်နှစ်လောက် စမ်းကြည့်ရင် ကောင်းမယ်ထင်တယ်။ တကယ်လို့ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အခန်း 1 က ကျောင်းသားတွေ ရလဒ်ကောင်းတွေ ထွက်လာတယ် ဆိုရင်တော့ ကျွန်တော့် သင်ကြားရေးနည်းလမ်းက သက်ရောက်မှုရှိတယ်ဆိုပြီး သက်သေပြီးသား ဖြစ်သွားတာပေါ့ဗျာ။ အဲတော့မှ ဝေမျှလို့ရတယ်လေ”
အတန်းပိုင်၏ စကားတွေကို နားထောင်ပြီးနောက် ကျောင်းအုပ်မှာ အတော်လေး ဒုက္ခတွေ့သွားပုံရသည်။
သူသည် သက်ပြင်းချ၍ “မင်း သိပါတယ်၊ငါတို့ကျောင်းက ကျောင်းသားတွေက သာမန်ကျောင်းသားတွေနဲ့ မတူဘူးဆိုတာ။ တကယ်လို့ ကျောင်းသားတွေကို စမ်းသပ်ချက်တွေအနေနဲ့ သုံးလိုက်ပြီဆိုပါစို့၊ သူတို့ မိဘတွေသိသွားတာနဲ့ ကျောင်းကို ပြဿနာရှာကြမှာ”
ကျောင်းအုပ်က သူ့ကို ခေါင်းညိတ်ပြပြီး“မင်း ကျောင်းပြန်ပြီး အဲ့အကြောင်းကို စဉ်းစားသင့်တယ်။ ငါက ပြီးရင် အစည်းအဝေး တက်ရတော့မှာ၊ မင်းကို ဧည့်မခံနိုင်တော့ဘူး”
သူ ငြင်းဆန်လိုက်သည်မှာ ရှင်းလင်းသော်ငြား အတန်းပိုင်က အငြင်းခံလိုက်ရရုံဖြင့် သတ္တိကြောင်သွားမည့်လူ မဟုတ်ပေ။
တစ်ဖက်တွင် ကျောင်းသားတွေကို ခြောက်လှန့်ရန်အတွက် အတန်းခွဲမည့်အကြောင်းကို နေ့စဉ် ပြောကြားခဲ့သည်။
ကျောင်းအုပ်၏ ရုံးခန်းဆီကိုလည်း မကြာခဏ သွားလည်ပတ်သေး၏။
ကျောင်းအုပ်သည် အနှီလူငယ်ဆရာကြောင့်အတော်လေး စိတ်တိုလာရတော့သည်။ နောက်တစ်ကြိမ် သူရောက်ရှိလာချိန်မှာတော့ သူ့သဘောထားက အင်မတန် ပြတ်သားနေသည်။
ဒီကိစ္စက ဆွေးနွေးစရာ မလိုတော့ဘူး။ သူ ဘယ်နှစ်ကြိမ်ဘဲလာလာ၊ မရဘူးဆို မရဘူးဘဲ။
အချိန်ကြာမြင့်စွာ ဦးဆောင်သူတစ်ယောက် ဖြစ်လာသည့်အလျောက် ကျောင်းအုပ်သည်ဆိုလိုရင်းကို တဲ့တိုးပြောရသည်ထက် ကွေ့ပတ်ပြီး ပြောရတာကို ပိုသဘောကျလေသည်။
သူသည် လူတွေ၏ နောက်ကွယ်မှာမှ အတင်းပြောရသည်ကို သဘောကျသော စိတ်ရှည်သည့် လူစားမျိုး ဖြစ်ခဲ့ဖူး၏။
အတန်းပိုင်က သူ၏ စိတ်နေစိတ်ထား ပြောင်းလဲလာအောင်လို့ တွန်းအားပေးခဲ့တာ ဖြစ်သည်။
162 03
ပြတ်သားသည့် ငြင်းဆန်ချက်နှင့် ရင်ဆိုင်လိုက်ရချိန်မှာ အတန်းပိုင်က လုံးဝကို နောက်မဆုတ်ပေ။ သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်၏!
"ကျောင်းအုပ်၊ ကျောင်းအုပ်ရဲ့ မိန်းမနဲ့ တလောတုန်းက ကွာရှင်းလိုက်တယ်လို့ ကျွန်တော် ကြားမိတယ်”
ကျောင်းအုပ်၏ မျက်နှာမှာ ပြောင်းလဲသွား၍“မင်း ငါ့အကြောင်း စုံစမ်းထားတာလား”ကျောင်းအုပ်၏ ပျော့ကွက်က သူ့မိန်းမဆိုတာပြောနေစရာပင် မလိုပေ။ တစ်ခါလေး ထုတ်ပြောလိုက်ရုံဖြင့် တစ်ဖက်သားက တစ်စုံတစ်ရာကို စောင်းပါးရိပ်ခြေ ပြောနေသည်လား သို့မဟုတ် သူ့ကို စော်ကားဖို့ ကြိုးစားနေတာလားဟူ၍ အတွေးဝင်ပေလိမ့် မည်။
ဒီလိုကိစ္စမျိုးက စုံစမ်းနေစရာတောင် လိုလို့ လား ဟူ၍ အတန်းပိုင် တွေးလိုက်သည်။
သို့သော် သူ့စကားတွေက ခြိမ်းခြောက်သည့် သဘောပေါက်နေမှန်း နားလည်သွားကာ ပိုနူးညံ့သော လေသံဖြင့် အမြန်ပြန်ပြောလိုက်ရသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ ကျွန်တော်က ကျောင်းသားတွေရဲ့ ရလဒ်တွေကို ကြီးကြပ်နေရင်းနဲ့ဘဲ နေ့တိုင်း အလုပ်ရှုပ်နေရတာ။ အဲ့အတွက် ကျွန်တော့်မှာ တကယ်ကိုအချိန်မရှိပါဘူး”
“ဒါပေါ့၊ ဒီအကြောင်းကို ကျွန်တော် သိနေတယ်ဆိုတာ တောက်ဖာ ကြောင့်လေ”
“မင်းလည်း ကြားနိုင်တယ်” လွှတ်ခနဲ စကားထွက်သွားသဖြင့် ကျောင်းအုပ်မှာ ရုတ်ချည်းပင် နောင်တရသွားတော့၏။
“မင်း ဘယ်လို ဇာတ်ထုပ်ခင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့” ဟူသော အကြည့်ဖြင့် သူ့ပါးစပ်ကို တင်းကြပ်စွာ ပိတ်ထားလိုက်တော့သည်။
“အဲအသံ ဘယ်ကလာတယ်ဆိုတာကို ကျောင်းအုပ် မသိချင်ဘူးလား” အတန်းပိုင်မေးလိုက်သည်။
ကျောင်းအုပ်မှာ သိချင်နေသော်လည်း ယခုနေထုတ်မေးလိုက်ပါက သိက္ခာမဲ့ရာ ကျသွားပေလိမ့်မည်။
ကျောင်းအုပ် တိတ်ဆိတ်နေတာကို မြင်လိုက်ရတော့ အတန်းပိုင်က စကားဆက်လိုက်သည်“အင်း၊ အဲ့အသံက ကျွန်တော်တို့ အတန်းနဲ့ဆက်စပ်နေတာပါ”
“ကျွန်တော်တို့ အတန်းကိုမခွဲဖို့ လာတောင်းဆိုနေရတဲ့ အကြောင်းရင်းက အဲဒါကြောင့်ပါ”
အတန်းပိုင်၏ ယခင်စကားတွေက ဒွိဟဖြစ်နေတာကြောင့် အဆုံးတွင် ကျောင်းအုပ်မှာ မမေးဘဲ မမေးနိုင်တော့ပေ “ဘာအကြောင်းရင်းလဲ”
“တကယ်လို့ ကျွန်တော်တို့ အတန်းကို ခွဲလိုက်ရင် အဲ့အသံ ပျောက်သွားမှာ”
သူသည် ပျောက်သွားနိုင်တယ်လို့ မပြောဘဲပျောက်သွားမယ်ဟု ပြောလိုက်ခြင်းမှာ ကျောင်းအုပ်က ထိုအသံကို ကြားရသော်ငြား ဇာတ်မြစ်အား မသိဘူးဆိုတာကို အပြည့်အဝ သိရှိထားတာကြောင့်ပင်။
၎င်းမှာ မိဘတွေက ကျောင်းမတက်ရသေးသည့် လူသားလေးတွေကို သတင်းအချက်အလက် ကွာဟမှုအပေါ် အသုံးချ၍ လှည့်စားနေသလိုပင်။
ယခုလို လက်ခံနိုင်ဖွယ်မရှိသည့် အရာမျိုးကို ကျောင်းအုပ် မကြားဖူးခဲ့ချေ။
သူ့ကို အချိန်အတော်ကြာ ဒုက္ခတွေ့စေခဲ့သောလျှို့ဝှက်ဆန်းကြယ်သည့် အသံမှာ ဝိုးတိုးဝါးတား ဖြေရှင်းပြီးသား ဆိုသော်လည်း လုံးလုံးလျားလျားကြီးတော့ မဟုတ်ပေ။
အဲ့အသံက ဘာလဲ။ ဘာလို့ ထွက်ပေါ်လာတာလဲ။ ဤမေးခွန်းတွေနှင့် ပတ်သက်၍ သူ ဘာကိုမှ မသိထားတာပင်။
သူသိတာဆိုလို့ အခန်း 1 ကိုသာ အတန်းခွဲလိုက်ပါက (အခန်း 1 မှ အတန်းပိုင် ပြောသည့် အတိုင်း အမှန်လားဆိုတာ မသိသေးသော်ငြား)ထိုအသံက ပျောက်ကွယ်သွားမှာဖြစ်သည်။
သို့ပေတည့် သူ့အရှေ့က လူငယ်ဆရာ၏ ယုံကြည်ချက်ပြည့်ဝနေသော အမူအရာကိုကြည့်လိုက်ရင်း၊ သူပြောတာ မှန်လောက်တယ်မလား။
ပြီးတော့ တကယ်လို့ မမှန်ဘူးဆိုရင်၊ သူ့အတန်းကို ဘာလို့ အတန်းမခွဲစေချင်မှာလဲ၊
သူ့အတွက် ဘာအကျိုးအမြတ်တွေ ရလာစေမှာလဲ။
162 04
တကယ်လို့ အတန်းမခွဲလိုက်တညက သူ့အတွက် အကျိုးအမြတ်တွေ လုံလုံလောက်လောက် ရစေမယ်ဆိုရင်တော့ ဒီလိုမျိုး လုပ်မှာပေါ့။
တကယ်လို့ ဒါကသာ အကြောင်းရင်းဆိုရင်သူ သေချာ စဉ်းစားရတော့မယ်လေ။
ဘယ်လိုဘဲဖြစ်ဖြစ် သူက အသက်အရွယ်ရလာပြီဆိုပေမဲ့ အတင်းပြောရတာတော့ ကြိုက်သေးတယ်။
မတော်လို့ အတန်းခွဲလိုက်တဲ့ တန်ကြေးက အနာဂါတ်မှာ အတင်းပြောလို့ မရတော့ဘူးဆို၊လက်ခံရတာ အတော်ခက်မှာ။
ကျောင်းအုပ်က လည်ချောင်းရှင်းလိုက်ကာ“မင်းပြောနေတာကို ငါနားလည်ပြီ။ အခန်း 1ကို စမ်းသပ်ခံအနေနဲ့ သုံးတာက ပေါ့သေးသေးကိစ္စ မဟုတ်ဘူးနော်။ ငါ သေချာ စဉ်းစားကြည့်ရဦးမယ်။ ဒီကိစ္စကို အတည်မပြုခင်မှာ ကျောင်းရဲ့ အခြားခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြည့်ရဦးမယ်။ အခုတော့ မင်း ပြန်သွားပြီး၊ အသေးစိတ် ရလဒ်နဲ့ သက်ဆိုင်တဲ့ အကြောင်းကြားလာမှာကို စောင့်နေ”
ကျောင်းအုပ် ယခုလို ပြောလာခြင်းက သဘောတူတယ်လို့ ဆိုလိုနေတာပင်။
ယုတ္တိကျကျဆိုလျှင် အတန်းပိုင်မှာ အရေးသာနေတုန်း တော်လိုက်သင့်ပြီ ဆိုသော်လည်း သူသည် အခြေအနေကို မဖတ်တတ်ဘဲ၊ဤနိယာမကို နားမလည်သည့် လူစားမျိုး ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ကံကိုအားထား၍ ပြောလိုက်သည်။ “မကြာခင် အတန်းတွေ ခွဲရတော့မှာနော်၊ ကျောင်းအုပ်။ မြန်မြန်စဉ်းစားမှ ဖြစ်မယ်”
ကျောင်းအုပ် အံကြိတ်ပြီး ပြောလိုက်ရတော့၏“ကောင်းပြီ၊ ငါ နားလည်ပြီ။ အမြန်ဆုံး လုပ်လိုက်မယ်”
အတန်းပိုင်မှာ ကြိတ်ပြီး ဝမ်းသာသွားတော့၏။ ဒီလိုကိစ္စလေးကို ကိုင်တွယ်ဖို့ သူ့အနေနဲ့တကယ်ခက်ခဲပါ့မလား။
******
163 01
အခန်း ၁၆၃: ယေး! အောင်ပြီ
အတန်းပိုင်သည် 70-80% နီးပါး သေချာနေပြီဆိုသော်လည်း သတင်းကောင်းကို ကျောင်းသားတွေနှင့် ချက်ချင်း မဝေမျှခဲ့ပေ။ ဤသည်မှာ အတန်းခွဲဖြစ်ခဲ့ပါက သူတို့အား မျှော်လင့်ချက်အမှားတွေ ပေးမိမှာစိုးလို့ဖြစ်ပြီးအဓိကကတော့ လူတိုင်း၏ အရှေ့တွင် မုန်လာဥနီကို တွဲလောင်းချိတ်၍ နောက်ဆုံး စာမေးပွဲကြီး၌ အပတ်တကုတ် ကြိုစားကြရန်စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးလိုခြင်းပင်။
နောက်ဆုံးစာမေးပွဲ နိဂုံးချုပ်သွားတော့ အတန်းခွဲမည့် သတင်းတွေ ပေါ်ထွက်လာတော့သည်။ ၎င်းတွင် အခန်း 1 က သိပ္ပံခန်းဖြစ်ပြီး ကျောင်းသားတွေက စမ်းသပ်လေ့လာသည့်အတန်းပုံစံ ဖွဲ့စည်းမှာဖြစ်သဖြင့် သူတို့ကိုတော့ အတန်းမခွဲဘူးဆိုသည့် သတင်းပါ တစ်ပါတည်း ထွက်လာခဲ့သည်။ အခန်း 1 ၏ ထူးခြားသောအခြေအနေကြောင့် အခန်း 2 က အတန်းခွဲပြီးသည့်နောက်တွင် လုပ်ဆောင်ချက် အကောင်းဆုံး အတန်းဖြစ်လာကာ အခြားအတန်းများကတော့ ပုံမှန်အတိုင်းဘဲ ရှိနေဆဲဖြစ်သည်။
ဤသတင်းသည် အခြားအတန်းများမှ ကျောင်းသားတွေ အတွက်တော့ အရေးမပါဘဲအခန်း 1 က ဘယ်လို စမ်းသပ်မှုတွေ ပြုလုပ်မှာလဲ ဆိုတာကိုသာ သူတို့တွေ သိချင်နေကြသည်။
သာမန် အခန်း 2 နှင့် အခန်း 3 မှ ထိပ်တန်းကျောင်တွေကတော့ ဆူပူသောင်းကျန်းလာကြတော့၏။ ယခင်နှစ်တွေကလို အနုပညာနှင့်သိပ္ပံတန်းများအဖြစ် ခွဲဝေကာ တန်းခွဲတစ်ခု ချင်းစီအတွက် လုပ်ဆောင်ချက် အကောင်းဆုံးအတန်းဟူ၍ ရှိလိမ့်မည်ဟု သူတို့တွေ ထင်မှတ်ထားခဲ့ကြတာပင်။
သူတို့အတန်းထဲက ထိပ်တန်းအဆင့် ကျောင်းသားများမှာ ရှီလီနှင့် အခန်းတူဖို့ကို မျှော်လင့်ခဲ့ကြတာဖြစ်သည်။
လူတိုင်းက အတန်းခွဲမှာကို စောင့်မျှော်နေခဲ့သော်လည်း အခန်း 1 က အတန်းမခွဲဘူးဟူ၍ သူတို့ကို ပြောလာခဲ့သည်။
၎င်းက စိတ်တိုဖို့ကောင်းသည်။
သိပ္ပံတန်းအတွက် စာရင်းပေးခဲ့ကြသော ကျောင်းသားအချို့က မကျေနပ်ချက်များကို ပြင်းပြင်းထန်ထန် ဖော်ပြခဲ့ကြသည်။ လုပ်ဆောင်ချက်အကောင်းဆုံး အတန်း၏အတန်းပိုင်မှာ ဤမကျေမနပ် ဖြစ်နေကြသည့်ကျောင်းသားတွေက မူလအခန်း 2 နှင့် အခန်း 3 မှ ကျောင်းတွေဆိုတာကို ပါးနပ်စွာ သိနေသည်။
ဤအတန်းအတွက် စာရင်းပေးခဲ့ကြသော အခြားအတန်းများမှ ကျောင်းသားများကတော့ဘာအထွန့်မှ မတက်ခဲ့ကြပေ။
သူမကို ပဟေဠိဖြစ်စေတာကတော့ အခန်း 1က အခန်းမခွဲရခြင်းမှာ – ထိုအတွင်း၏ အတွင်းရေးကိစ္စဖြစ်ပြီး – ဤအပြင်လူတွေကိုသာ စိုးရိမ်သင့်ပေသည်။
ဒါ့အပြင် ဤသည်က ကျောင်းအုပ်ချုပ်ရေးပိုင်း၏ ဆုံးဖြတ်ချက်ဖြစ်သဖြင့် သူမလို သာမန် အတန်းပိုင်အနေနှင့် ဘာမှလုပ်လို့မရနိုင်ချေ။
ကျောင်းသားတွေ ဘယ်လောက်ဘဲ မကျေမနပ်ဖြစ်နေကြပါစေ၊ သူမ ပြောင်းလဲပေးလို့ မရနိုင်။
ရှီလီနှင့် အတန်းဖော်တွေ ဖြစ်လာရန် မျှော်လင့်ခဲ့ကြသော ဒေါသထွက်နေသည့် ထိပ်တန်းကျောင်းသားများနှင့် နှိုင်းယှဉ်ကြည့်ပါက အခြားကျောင်းသားများမှာ တည်ငြိမ်နေ၍ သူတစ်ပါး ဒုက္ခရောက်နေတာကိုပင် ကျေနပ်နေကြသေးသည်။
“ငါ့မှာ ရှီလီနဲ့ အတန်းဖော်တွေဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတော့၊ သူများတွေလည်း မဖြစ်ရမှ မျှတမှာ”
မူလအခန်း 1 ကျောင်းသားများကတော့ အစကတည်းက သူများတွေနှင့် စမှတ်မတူတာကြောင့် မနာလို မဖြစ်ကြပေ။
အကယ်၍ တစ်ယောက်ယောက်ကသာသင်နှင့် စမှတ်တူပါလျှက်နှင့် အနာဂါတ်တွင်သင့်အား ကျော်တက်သွားပါက တကယ့်ကို စိတ်တိုစရာကောင်းပေလိမ့်မည်။
အခန်းသုံးခန်း၏ အုပ်စုဖွဲ့စကားပြောခန်းထဲမှ ယူကျုံးမရဖြစ်နေသော ထိပ်တန်းကျောင်းသားများမှာ အခန်း 1 မှ ကျောင်းသားများကို ကောက်ကျစ်ပြီး မသမာသော နည်းလမ်းများသုံးခဲ့ကြသည်ဟူ၍ စွပ်စွဲလာကြတော့၏။
အခန်း 1 မှ ကျောင်းသားများ: “လက်ဆောင်အတွက် ကျေးဇူးပါ၊ ဘော့စ်!”
အခန်း 1 မှ ကျောင်းသားများမှာ အတန်းမခွဲခံရတာကြောင့် ကောင်းကင်ကြီးက ပြာနှမ်း၍ ရေတွေက အလွန်ကြည်ရှင်းနေကာ ဘဝကအလွန်စိတ်ဝင်စားဖို့ကောင်းသလိုမျိုး ခံစားနေကြတော့သည်။
အခြားအတန်းများမှ အပေါင်းအဖော် ကျောင်းသားများ ဝမ်းနည်းပက်လက် ဖြစ်နေကြသော်လည်း သူတို့ကတော့ သဘောထားကြီးစွာဖြင့် လျစ်လျူရှုပေးခဲ့ကြသည်။ အဆုံးမှာတော့ သူတို့က ရှီလီအား ပိုင်ဆိုင်ခွင့်တွင် အနိုင်ရသွားပြီဖြစ်သဖြင့် ယှဉ်ကြည့်လိုက်လျှင် ကျန်တာတွေက မှေးမှိန်သွားလေသည်။
163 02
အနိုင်ရသူတွေက ရှုံးနိမ့်သူတွေကို ကြည့်နေ ရတဲ့အခါမှာ အမြဲတမ်း သည်းခံတတ်ကြတယ်မဟုတ်လား။ နားလည်ပေးလို့ ရပါတယ်။
ဤဖြစ်ရပ်ပြီးနောက် အတန်းပိုင်သည် ကျောင်းသားများထံမှ နဖူးစည်းစာတန်းကို လက်ခံရရှိလိုက်၏: "GOAT!”(GOAT = Greatest Of All Time)
အတန်းပိုင်: “ဒီဟာက ယုတ္တိကိုမဆန်ဘူး။ နဖူးစည်းစာတန်း ပေးရတာကို ဒီလူဆိုးလေးတွေ ဘာလို့အရမ်းကြိုက်နေလဲ မသိတော့ဘူး”
ဤတစ်မူထူးသော အရာက မည်သို့မည်ပုံ ခေတ်ထလာသည်ဆိုတာ မသိသော်လည်းချန်ဖူ အထက်တန်းကျောင်း၏ ဒုတိယမြောက်နဖူးစည်းစာတန်းပေးခြင်းအဖြစ် ပေါ်ပင်ဖြစ်လာခဲ့သည်။
ထိုမှစ၍ ဆရာများနှင့် ကျောင်းသားများကိုနဖူးစည်းစာတန်းပေးခြင်းက မည်သို့သောအခါသမယတွင်မဆို မရှိမဖြစ် လက်ဆောင်ဖြစ်လာတော့၏!
သေချာသည်မှာ၊ ၎င်းက နောင်တစ်ချိန်အတွက် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာပင်။
ဤမထင်မှတ်ထားသော ဖြစ်ရပ်အလှည့်အပြောင်းတွင် ရှီလီ ပါဝင်ခြင်း မရှိပေ။
၎င်းကို သူမ၏ အရင်ဘဝတွင် မကြုံတွေ့ခဲ့ရသော်လည်း ရှီလီ အတော်လေး ကျေနပ်မိ၏။ သူမ တစ်နှစ်နီးပါးလောက် ကုန်ဆုံးပြီး အတန်းဖော်တွေနှင့် ရင်းနှီးလာအောင် ပြုလုပ်ခဲ့ရတာပင်။
ဤတိုတောင်းသောနှစ်တွင် အတန်းဖော်တွေနှင့် သူမ၏ ဆက်ဆံရေးမှာ အရင်ဘဝကထက် နှစ်ဆနီးပါး အားကောင်းလာခဲ့တာပင်။
အရင်ဘဝတုန်းကတော့ ရှီလီမှာ ဘွဲ့ရပြီးသွားတာတောင်မှ တစ်ကျောင်းလုံးတွင် သူမနှင့်သိသည့် လူအရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရသည်။
ဤသည်က သတင်းကောင်းပင်။ အခြားအတန်းမှ ကျောင်းသားများမှာ အတန်းခွဲခြင်းနှင့် စာသင်ခန်း ကူးပြောင်းခြင်းများတွင် အလုပ်များနေချိန်ခိုက် အခန်း 1 မှ ကျောင်းသားတွေကတော့ စာသင်ခန်း၏ပြတင်းပေါက်များနှင့် တံခါးများကို မေးခွန်းစာရွက်များဖြင့် ကာ၍ အတန်းထဲတွင် မျက်နှာပြောင်တိုက်ပြီး ဟော့ပေါ့စားပွဲတော် ကျင်းပနေကြသည်။
စားပွဲခုံအားလုံးကိုတွန်း၍ ဧရာမ စားပွဲကြီးဖြစ်အောင် ပြုလုပ်ထားသည်။
ကျောင်း၏အနီးဝန်းကျင်တွင် နေထိုင်ကြသောအတန်းဖော်တွေက သူတို့၏ မိသားစုတွေအားကျောင်းသို့ ဟော့ပေါ့အိုး လာပို့ခိုင်းခဲ့ကြ၏။ ပါဝင်ပစ္စည်းများကတော့ လျင်မြန်သည့်ဒလီဝန်ဆောင်မှုဖြင့် မှာယူခဲ့ကြတာပင်။
ဤအတန်းခွဲခြင်း ရလဒ်တွင် အတန်းပိုင်၏အရေးပါသော အကူအညီကို ထည့်သွင်းစဉ်းစားသောအားဖြင့် စားသောက်ပွဲ၌ သူ့ကို ဖိတ်ခေါ်ရန် မမေ့လျော့ခဲ့ကြချေ။
ဒီတစ်ခေါက် သူတို့ သုံးလိုက်သည့် ဟော့ပေါ့အခဲက ကြုံရာတံဆိပ်သာဖြစ်၍ အရင်တုန်းက သွမ့်ယောင်ကျင်း၏အိမ်တွင် စားခဲ့တာလောက် အရသာ မကောင်းချေ။
သို့သော် ဟော့ပေါ့စားနေချိန်၌ လေထုမှာအတော်လေး အသက်ဝင်နေသည်။
ရုံးခန်းထဲက အတန်းပိုင်ကို ဖိတ်ခေါ်တော့ အတန်းခေါင်းဆောင်သည် အကြောင်းအရင်းကို မပြောဘဲ စာသင်ခန်းထဲသို့ ခဏလာခဲ့ပါဟူ၍ ခေါ်ခဲ့တာပင်။
အတန်းခေါင်းဆောင်၏ လျှို့ဝှက်သောအပြုအမူက အံ့ဩစရာတစ်ခု စောင့်ဆိုင်းနေတယ်လို့ သူ့ကို ထင်မိသွားစေသည်။
သူသည် ၎င်းမှာ အွန်လိုင်းပေါ်မှ ဗီဒီယိုတွေထဲ ကလို တံခါးဖွင့်လိုက်တာနှင့် ရောင်စုံစက္ကူ လေးတွေ ပေါက်ကွဲကာ ကျောင်းသားတွေက တံခါးနားတွင် စုပြုံလာ၍ သူ့ကို ကျေးဇူးဝိုင်း တင်ကြလိမ့်မည်ဟု စိတ်ကူးယဉ်ထား၏။
အတန်းပိုင်မှာ စိတ်ကူးယဉ်နေရင်စ ဘဝင်ခိုက်စွာဖြင့် တံခါးကို တွန်းဖွင့်လိုက်၏။ ရောင်စုံစက္ကူလေးတွေအစား အနံ့ပြင်းသော ဟင်းလတ်အမွေးအကြိုင် အနံ့ဖြင့်သာ ထိမှန်ခံလိုက်ရသည်။ အတန်းခေါင်းဆောင်က လူအုပ်ထဲသို့ ပြန်ပြီးတိုးမဝင်ခင်၌ တုံ့ဆိုင်းစွာဖြင့် သူ့ကို တူတစ်စုံ ကမ်းပေးလာသည်။
ထိုတော့မှ အတန်းပိုင်မှာ သူ့ကို ဘာလို့ခေါ်လိုက်မှန်း သိသွားတော့၏။- ဒီအဆိုးအပေလေးတွေက စားသောက်ပွဲကြီး ကျင်းပပြီး သူ့ကို ဖိတ်လိုက်တာဘဲ။
163 03
ဒါပေမဲ့ စာသင်ခန်းထဲမှာ ချက်ပြုတ်တာကို ကျောင်းစည်းကမ်းနဲ့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ် မဟုတ်လား။
ဪ၊ နေပါဦး။ တကယ်တော့ ကျောင်းမှာဒီစည်းကမ်း မရှိသေးဘူး။ သူ တက္ကသိုလ်တက်တုန်းက အဆောင်က စည်းကမ်းဘဲ။
ချန်ဖူ အထက်တန်းကျောင်းမှာ အခြားသောကျောင်းတွေနှင့် ကွဲပြားသဖြင့် ကျောင်းအိပ်-ကျောင်းစားနေသည့် ကျောင်းသားများ မရှိချေ။
ထို့ကြောင့် ချန်ဖူကျောင်း၏စည်းကမ်းများမှာ အခြားသော အထက်တန်းကျောင်းတွေနှင့် အတော်လေး ကွဲပြားနေတာဖြစ်သည်။
ချန်ဖူကျောင်းမှ ကျောင်းသားတွေက ကျောင်းကို မိုဘိုင်းဖုန်း ယူလာလို့ရတယ်ဟူသည့် အချက်ကပင် သက်သေပင်။
ကျောင်းအိပ်-ကျောင်းစား လက်ခံသည့်ကျောင်းများကတော့ အဆောင်၏ ဘေးကင်းမှုကို သိသိသာသာ စိုးရိမ်ရသည်။
အိပ်ဆောင်များတွင် စွမ်းအားမြင့် လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ် ထမင်းပေါင်းအိုးများ၊လျှပ်စစ်စောင်များ မယူရခြင်းက တွေ့ရများသော ဗဟုသုတပင်။
တူညီစွာဖြင့် အနှီကျောင်းများတွင် စာသင်ခန်းတွင်း ချက်ပြုတ်ခြင်းကိုလည်း တားမြစ်ထားသည်။
သေချာသည်က သာမန်ကျောင်း အများစုတွင်စာသင်ခန်းတွင် ချက်ပြုတ်ခြင်းကို ခွင့်မပြုထားကြချေ။
သို့ပေတည့် ချန်ဖူအထက်တန်းကျောင်းမှကျောင်းသားအများစုမှာ ချမ်းသာသော မိသားစုတွေမှ ဆင်းသက်လာတာဖြစ်သဖြင့် သူတို့တွေ ဗိုက်ဆာပါက ပါဆယ်မှာယူစားလို့ရသည်။
အထူးတလည် လက်ခံထားသည့် ကျောင်းသားများအတွက်ကတော့ စားသောက်ခန်းမကို အလကား ပေးထားသည်။
အစားအသောက်တွေ ကောင်းမွန်သောစားသောက်ခန်းမပင် ဖြစ်ပေသည်။
နှစ်တွေတလျှောက် စာသင်ခန်းတွင်း ချက်ပြုတ်ကြသည့် ကျောင်းသားတွေဆိုတာ တကယ်လည်း မရှိခဲ့တာပင်။
ယခုကဲ့သို့ တရားလွန် အပြုအမူမျိုးမှာ ဘယ်တုန်းကမှ မဖြစ်ပွားခဲ့ဖူးသဖြင့် ကျောင်း၏ အုပ်ချုပ်ရေးအပိုင်းကလည်းစာသင်ခန်းတွင်း ချက်ပြုတ်ခြင်းကို တားမြစ်ရမည်ဟူ၍ အထူးတလည် မစဉ်းစားမိခဲ့ကြပေ။
အတန်းပိုင်သည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် စာသင်ခန်းတွင် ချက်ပြုတ်ခြင်းကို တားမြစ်ထားသည့် ကျောင်းစည်းကမ်းမရှိဘူးဆိုတာကို နားလည်သွားသည်။ သိကြသည့်အတိုင်း မတားမြစ်ထားတာကို ခွင့်ပြုလို့ရသည်ပင်။
ဒီကျောင်းသားတွေများ ဝံပုလွေလေးတွေ ဝင်စားသလား မှတ်ရတယ် - သူ လက်လျင်မှ။ သူ့အလှည့်ရောက်လို့ အသားတွေကုန်သွားပြီး အရွက်တွေပဲ ကျန်တော့မှ ဒုက္ခ။
******
164 01
အခန်း ၁၆၄: လူတွေဘယ်ရောက်ကုန်တာလဲ
အတန်းခေါင်းဆောင်သည် စားပွဲ၌ တိုးဝင်ရန် အမြန်ပြန်ပြေးဝင်သွားပြီး သူ့အတန်းဖော်တွေ၏ စားချင်သောက်ချင်စိတ်ကို အသေအချာနားလည်ထားသည်။
စင်မြင့်ထက်တွင် တစ်ခါသုံး ပန်းကန်လုံးများနှင့် ပန်းကန်ပြားများ ရှိနေသည်။ အတန်းပိုင်က တစ်ခါသုံး ပန်းကန်လုံးတစ်လုံးကိုယူ၍ အစားအသောက်အချို့ကို နှိုက်ယူရန် စားပွဲဆီ သွားလိုက်တော့၏။
အတန်းပိုင် အစားအသောက်တွေကို နှိုက်ယူတော့ စားချင်စိတ်နည်းသည့် ကျောင်းသားအချို့က စားသောက်ပြီးသွားကြ၍ ထိုင်ခုံမှထွက်သွားကြသည်။
စုန့်ရင်းလည်း စားချင်စိတ်နည်းသူ ဖြစ်သည်။ သူမ ငယ်ငယ်တုန်းက အစားအသောက် ဝလင်အောင် မကြာခဏ မစားခဲ့ရချေ။ မကြာခဏ ဆာလောင်နေရခြင်းကြောင့် ဗိုက်ပြည့်နေသည့် ခံစားချက်ကို သူမ နှစ်သက်သော်လည်း စိတ်ကျေနပ်သွားပြီးလျှင် အများကြီး မစားနိုင်တော့ပေ။
စုန့်ရင်းက သူမ၏ အလွန်ပြည့်တင်းနေသော ဗိုက်ကိုပွတ်ကာ “ဆရာ၊ ဒီကိုလာခဲ့လေ၊ သမီးဗိုက်ဝပြီ”
အခြားအတန်းဖော်များ စားသောက်နေစဉ်စုန့်ရင်းက အစပ်ပြေအောင်လုပ်ရန် ရေနွေးယူဖို့ ရေစက်ဆီ သွားလိုက်သည်။ သူမသည် ဟော့ပေါ့စားပြီး milk tea သောက်လိုက်လျှင် ဘယ်လောက်တောင် ကောင်းလိုက်မလဲဟု တွေးမိသွားသည်။
ထို့ကြောင့် ဖုန်းကိုထုတ်၍ အစားအသောက်ပို့ဆောင်ပေးသော အက်ပ်ကို ဖွင့်လိုက်၏။ ဒလီ အမြန်ပို့အောင်လို့ မတူညီသော ဆိုင်နှစ်ဆိုင်ထံမှ milk tea ဝယ်လိုက်သည်။
Milk tea မှာယူပြီးနောက် homepage ၌အကြံပြုထားသည့် အရသာရှိမည့်ပုံပေါ်သော ခရင်မ်ကိတ်တစ်လုံးကို တွေ့လိုက်ရသည်။
သူမ ငယ်ငယ်တုန်းက မွေးနေ့ရောက်လျှင် မွေ့နေ့ကိတ် မခွဲဖူးခဲ့ဘဲ၊ အတန်းဖော်များ၏မွေးနေ့ပါတီများ၌သာ မြည်းစမ်းကြည့်ဖူးတာဖြစ်သည်။
ရွှီမိသားစုသို့ ပြန်ရောက်တော့ သူမ၏ မိဘတွေနှင့် ဆွေမျိုးတွေက သူမကို ပစ်ထားမိတယ်လို့ ခံစားမိသဖြင့် လစဉ်လတိုင်းမုန့်ဖိုးအများကြီး ပေးကြသည်။ ယခုတော့ သူမသည် ပိုက်ဆံမပြတ်သော ချမ်းသာသည့်ကောင်မလေးတစ်ယောက် ဖြစ်နေလေပြီ။
စုန့်ရင်းက မနက်ဘက်တွင် ကျောင်းသွား၍ ညဘက်တွင် အိမ်ပြန်လာကာ ကျောင်းသွားကျောင်းပြန်ကို ကားစီးသည်။ သူမအနေနှင့် ပိုက်ဆံဖြုန်းဖို့ နည်းလမ်းတွေကို မတွေးတတ်ချေ။
ထို့ကြောင့် သူမသည် ရွှီမိသားစု ပေးထားသောမုန့်ဖိုးများကို မသုံးဖြစ်တာကြောင့် ဤအပြုအမူက ရွှီမိသားစုကို သူမအား ပိုလို့တောင် သနားသွားစေသည်။
လတိုင်း မုန့်ဖိုးကုန်နေသည့်အပြင် မိသားစုထံမှပိုက်ဆံတွေ ပိုတောင်းတတ်သော ရွှီရှင်းရှင်းနှင့် ယှဉ်ကြည့်လိုက်လျှင် စုန့်ရင်းက ပိုပြီးသနားဖို့ကောင်းတယ်လို့ သူတို့တွေ ခံစားမိကြ၏။
သူတို့၏ စုန့်ရင်းကို နှစ်သိမ့်ပေးသည့် နည်းလမ်းတော့ သူမကို မုန့်ဖိုးတွေ မရမက ဆက်တိုက်ပေးနေတာပင်။
စုန့်ရင်း ကိုယ်၌ကိုက ပိုက်ဆံဖြုန်းစရာ နေရာမရှိတာကြောင့် လက်ထဲရှိတုန်း စုဆောင်းထားတတ်သည်မှာ သူမ၏ အကျင့်ဟောင်းဖြစ်၏။
သူမကိုယ်သူမအတွက်ကတော့ ခြိုးခြံချွေတာတတ်သော်ငြား အတန်းဖော်တွေအပေါ်မှာတော့ အင်မတန် ရက်ရောသည်။
သူမသည် ဆယ်ယွမ်လောက် ကုန်ကျမည့် ဘောပင်တစ်ချောင်းအတွက် နေ့တစ်ဝက်ကြာ စဉ်းစားမည်ဖြစ်ပြီး နောက်ဆုံးမှာတော့ ယွမ်အနည်းငယ်သာ ကုန်ကျသည့် ဘောပင်ကိုသာ ရွေးချယ်ပေလိမ့်သည်။
သို့သော် ဂဏန်းလေးလုံးမျှ ကုန်ကျမည့်ခရင်မ်ကိတ်မုန့်တစ်လုံးကိုတော့ မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ယူခဲ့သည်။
164 02
သူမသည် မွေးနေ့ကိတ်အမျိုးအစားကို ရွေးချယ်ခဲ့သော်လည်း ဘယ်သူတစ်ဦးတစ်ယောက်၏ မွေးနေ့မှ မဟုတ်တာကြောင့်စာသားက “ဟက်ပီဘတ်ဒေး” ဖြစ်နေလျှင်သင့်လျော်မှာ မဟုတ်ပေ။ ထို့ကြောင့် စုန့်ရင်းက ဆိုင်ရှင်ကို “စာကြိုးစားပြီး နေ့တိုင်း တိုးတက်လာအောင် လုပ်ကြမယ်” ဟူ၍ ရေးပေးဖို့ တောင်းဆိုလိုက်သည်။
စာလုပ်ရတာ မကြိုက်၍ ကိတ်မုန့်ရောင်းရန် ရွေးချယ်ခဲ့သော ဆိုင်ရှင်: ......
သူမသည် milk tea အော်ဒါကို“အလျင်လိုတယ်” ဟူ၍ မှတ်ချက်ပေးလိုက်သော်လည်း အတန်းဖော်တွေမှာ အခုလေးတင် ဟော့ပေါ့စားပြီးသဖြင့် ဗိုက်မဆာသေးမည်စိုးသဖြင့် ခရင်မ်ကိတ်မုန့်ကိုတော့ အလျင်မလိုလိုက်ပေ။ အားလုံး၏ ဗိုက်ထဲက ဟော့ပေါ့တွေအနည်းငယ် အစာကြေသွားချိန်၌ ကိတ်မုန့်ရောက်လာလျှင် အရေးစောနေသေးမှာ မဟုတ်တော့။
Milk tea ကို အလျင်လိုတယ်လို့ မှတ်ချက် ပေးထားသဖြင့် အမြန်အဆန် ရောက်ရှိလာ၏။
အားတက်သရော စားသောက်နေကြသည့်အတန်းဖော်တွေကို ကြည့်လိုက်ပြီး milk tea ကို ကိုယ်တိုင် သွားယူလိုက်ဖို့ဘဲ စုန့်ရင်း ဆုံးဖြတ်လိုက်၏။
သုံးဆယ်စွန်းစွန်း ခွက်တွေကို သယ်ရတာများ ဘာအရေးကြီးတာ မှတ်လို့။
ကျောင်းဂိတ်ဝသို့ ရောက်သွားတော့မှ သုံးဆယ်စွန်းစွန်း ခွက်တွေက တကယ့်ကို အရေးကြီးတယ်ဆိုတာ စုန့်ရင်း နားလည်သွားတော့သည်။
လေးလွန်းအားကြီးတယ်၊ သူမ မသယ်နိုင်ဘူး!
သူမ၏ အတန်းဖော်တွေ ဝဝလင်လင် မသောက်ရမည်စိုး၍ milk tea များကိုခွက်ကြီး မှာယူခဲ့တာပင်။ သူမ အိတ်တွေကို သယ်ဖို့ ကြိုးစားတော့မှ မလိုက်သည့် ကျောက်တုံးက ခြေထောက်ပေါ် ပြန်ကျသည်ဟူသည့် ဆိုလိုရင်းကို နားလည်သွားတော့၏။
အီးဟီး၊ သူမ တကယ်ကို မသယ်နိုင်ဘူး။
သို့သော် ကျောင်းဂိတ်ဝ၌ ပါဆယ်ယူနေသည့်ရင်းနှီးနေသော မျက်နှာတစ်ခုကို သူမ မြင်လိုက်သည်။ ထိုလူ၏ နာမည်ကို သူမ မသိသော်လည်း လူ့ကျင့်ဝတ်အတန်း အတူတက်ဖူးတာကိုတော့ မှတ်မိသည်။
သူတို့က လူ့ကျင့်ဝတ်အတန်းကို တက်ရင်း ရှီလီ၏ စိတ်ထဲက အတွေးတွေကို အတူတကွ နားထောင်ခဲ့ဖူးတာကြောင့် ယခုဆိုလျှင်အသိအကျွမ်းတွေ ဖြစ်လာခဲ့လေပြီ။
ရှီလီနှင့် သိလာတာ ကြာလာပြီတော့ ယခုတွင်ယခင်ကလိုမျိုး သူမ မရှက်ရွံ့နေတော့ပေ။
နောက်တစ်နည်းဖြင့် ဆိုရလျှင် သူမက ပိုပြီးအရှက်မဲ့လာခဲ့တာပင်။
ထို့ကြောင့် တစ်ဖက်လူကို တုံ့ဆိုင်းစွာ လှမ်းခေါ်လိုက်၏။ “အတန်းဖော်၊ ငါ milk tea ဝယ်တာ နည်းနည်းများသွားလို့၊ ငါ့ကို နည်းနည်းပါးပါးကူသယ်ပေးပါလား?”
လီယွီချင်းက စုန့်ရင်းအပေါ်တွင် အမြင်အချို့ရှိသည်။ သူမသည် PE အတန်းချိန်အတွင်း ရှီလီကို သွားရှာခဲ့တုန်းက ရှီလီ၏ အနားတွင်အမြဲတမ်း ကပ်လိုက်နေသော အရိပ်လေး တစ်ခုရှိပြီး ၎င်းက သူမအရှေ့က မိန်းကလေးပင်။
တစ်ဖက်လူ၏ ခြေရင်းနားက milk tea အိတ်ကြီးများကို ငုံ့ကြည့်လိုက်ပြီး “နင်ဒလီသမား လုပ်နေတာလား”
စုန့်ရင်းက ရှက်ရွံ့စွာ ပြုံးလိုက်ရင်း“ငါ အတန်းဖော်တွေအတွက် milk tea မှာလိုက်တာ”
လီယွီချင်းက တစ်ဖက်လူ၏ ကိုယ်လုံးကိုယ်ပေါက်ကို တစ်ချက်ကြည့်၍ “ဒါဆိုလည်း ဘာလို့ သူတို့က နင့်ကို မကူကြတာလဲ?”
စုန့်ရင်းက လေးနက်စွာ ရှင်းပြလိုက်၏။ “ငါ့အတန်းဖော်တွေက အလုပ်များလို့၊ သူတို့မှာ အချိန်မရှိဘူး။ ငါ သောက်စရာတွေ ဝယ်တာကိုသူတို့ မသိလို့ပါ။ သိလို့ကတော့ သေချာပေါက်ငါ့ကို လာကူပေးကြမှာရယ်”
လီယွီချင်းသည် သူမအရှေ့က မိန်းကလေးမှာ အနည်းငယ် ထုံအပြီး အနိုင်ကျင့်လို့လွယ်တဲ့ပုံ ပေါ်တယ်ဟု တွေးလိုက်၏။ အကြီးဆုံးအိတ်နှစ်အိတ် ဖြစ်ပုံရသည့် နှစ်အိတ်ကို သူမ သယ်လိုက်သည်။ “သွားမယ်”
တစ်ဖက်လူက အိတ်ကြီးနှစ်အိတ်အားလာသယ်တာကို မြင်လိုက်ရတော့ စုန့်ရင်းမှာ အနည်းငယ် ရှက်သွားပြီး “နင် ဒီအိတ်နှစ်အိတ်ကို သယ်လိုက်လေ၊ ဒါတွေက ပိုပေါ့တယ်”
164 03
စုန့်ရင်းမှာ အကူအညီအတွက် ကျေးဇူးတင်မိသွားသည်။ စာသင်ခန်း တံခါးနားရောက်တော့ တစ်ဖက်လူနှင့် ဖုန်းနံပါတ်ချင်း ဖလှယ်ကာ ကျေးဇူးတင်ရန်အတွက် အိတ်ထဲက နို့လက်ဖက်ရည်တစ်ခွက်ကို ထုတ်ပေးလိုက်သည်။
စုန့်ရင်းက milk tea အိတ်များကို စာသင်ခန်းထဲ သယ်သွားလိုက်၏။ အချို့ စားသောက်ပြီးသော အတန်းဖော်များက တံခါးနားတွင်ထိုင်၍ အနားယူနေကြသည်။ တံခါးဝတွင် ရုန်းကန်နေရသည့် သူမကို မြင်လိုက်ရတော့ သူတို့တွေ လန့်ဖြန့်သွားကြသည်။ “အောင်မလေးလေး၊milk tea သွားဝယ်မှာကို လူနည်းနည်းပါးပါး ခေါ်သွားတာ မဟုတ်ဘူး။ ဒါတွေကို နင်တစ်ယောက်တည်း သယ်လာရတယ်လို့၊စိတ်မကောင်း ဖြစ်လိုက်တာဟယ်!”
လီယွီချင်းမှာ အပြီးတိုင် မထွက်သွားသေးတာကြောင့် အခန်း 1 မှ တံခါးဖွင့်လိုက်တာနှင့်အတွင်းမှ ပွတ်လောရိုက်နေသံကို ကြားလိုက်ရတော့သည်။ သူမ လက်ထဲက ရေခဲစိမ် milk tea ကို ကိုင်ထားရင်း မရယ်မိဘဲ မနေနိုင်တော့ချေ။
လူတိုင်းက နှစ်သက်ရာ အရသာကို ရွေးယူနိုင်ရန်အတွက် စင်မြင့်ဆီ သွားလိုက်ကြသည်။ စုန့်ရင်းက milk tea ခွက်ကြီးတွေကို ဝယ်ခဲ့တာကြောင့် သူများကို တစ်ခွက်ပေးလိုက်လျှင်ပင် မလုံလောက်မှာကို ပူစရာ မလိုချေ။
စုန့်ရင်း ထိုင်လိုက်ပြီးပြီးချင်းမှာဘဲ ဒလီသမားဆီကနေ ကိတ်မုန့်လာပြီဖြစ်သဖြင့် ကျောင်းဂိတ်ဝတွင် လာယူပေးဖို့ ပို့လာသော စာတစ်စောင် ဝင်လာသည်။
တံခါးနားတွင် ထိုင်နေကြသော အတန်းဖော်များက စုန့်ရင်း၏ လှုပ်ရှားမှုကို သတိထားမိသွားကြပြီး သူမ နောက်ထပ် ဒလီသွားယူမယ်ဆိုတာကို သိလိုက်ကြသည်။ သူမ တစ်ယောက်တည်း မသယ်နိုင်မှာစိုးသဖြင့် သူမကို သူတို့ပါ အဖော်ပြုပေးမည်ဟု မလျှော့တမ်း ပြောလိုက်ကြသည်။
တအောင့်ကြာ ဟော့ပေါ့စားပြီး milk tea သောက်ပြီးနောက် အင်မတန် ဗိုက်ပြည့်သွားသလို ခံစားနေရတာကြောင့် နောက်ထပ်လူတစ်သုတ်က စားပွဲကနေ ထွက်လာခဲ့ကြ၏။
ဤအခိုက်တွင် ကျောင်းသားအချို့နှင့် အခုလေးတင်မှ စစားသော အတန်းပိုင်တို့သာ ဟော့ပေါ့စားပွဲ၌ ကျန်ရှိခဲ့သည်။
စုန့်ရင်းမှာ ကိတ်မုန့်သယ်ပြီး ပြန်လာတုန်း အတန်းဖော်နှင့် အစီအစဉ်ကို စိတ်လှုပ်ရှားစွာ စကားပြောလိုက်သည်။ “အားလုံး ဟော့ပေါ့ စားပြီးသွားရင်၊ ကိတ်မုန့်မစားခင်မှာ ခဏနားလို့ရတယ်။ ငါတို့ လိုက်ကာတွေပိတ်ပြီး ဖယောင်းတိုင်မီး မှုတ်ကြမယ်လေ။ ငါ အရင်တုန်းက တစ်ခါမှ ဖယောင်းတိုင်မီး မမှုတ်ဖူးဘူး” ယခင် အတန်းဖော်များ၏မွေးနေ့ပါတီတွေတုန်းက မွေးနေ့ရှင်ကသာ အဓိကလူဖြစ်သဖြင့် သဘာဝအတိုင်းဘဲသူမတွင် ဖယောင်းတိုင်မီးမှုတ်ရန် အခွင့်အရေးမရှိခဲ့ချေ။
အတန်းဖော်က စာနာစွာဖြင့် သူမခေါင်းကို ပုတ်ပေးလိုက်ကာ “ပြီးကျရင် ငါတို့ နင့်ကို ဖယောင်းတိုင်မီး မှုတ်ခိုင်းမယ်”
နှစ်ယောက်သား စာသင်ခန်းထဲ ပြန်ရောက်တော့ လူသူရှင်းလင်းနေပြီး ခွက်တွေနှင့် ပန်းကန်တွေ ရှုပ်ပွနေတာကိုသာ မြင်တွေ့လိုက်ကြရသည်။
အတန်းဖော်တွေနဲ့ အတန်းပိုင်က ဘယ်တွေရောက်ကုန်ကြတာတုန်း။