← Chapters

အခန်း (၁၇၃-၁၇၆)

Vol. 9 Ch. 173-176

အခန်း (၁၇၃-၁၇၆)

Vol. 9 Ch. 173-176

173 01

အခန်း ၁၇၃: မိုးညနှင့် ဝမ်းနည်းဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

သူမအနားသို့ ချဉ်းကပ်လာသူက မေးလာ၏။ “ရှီလီ၊ ဒီကို ဘာလို့ရောက်နေတာလဲ”

ဝန်ထမ်းပြောခဲ့သည့် ဟုန်ယန်အား ယနေ့တွင် ထောင်ဝင်စာလာတွေ့မည်လူကို အခုတော့ မှန်းနိုင်ပြီဟု ရှီလီ တွေးလိုက်မိ၏။

ရှီလီက အတင်းလုပ်ပြုံး၍ “တကယ်လို့ သမီးသာ မမှားရင်၊ ဒီကိုရောက်နေရတဲ့ အကြောင်းရင်းက အန်တီနဲ့ တူလောက်တယ်”

ရှီလီ၏ဒေါ်လေး ဖြစ်ခဲ့ဖူးသော လုယိယွဲ့က သာယာသောအသံဖြင့် ရယ်လိုက်ရင်း ခေါင်းညိတ်ကာ “ဖြစ်နိုင်သားပဲနော်”

စုန့်ရင်းသည် သူမကိုယ်သူ ချုပ်တည်းထားနေရင်း လုယိယွဲ့ကို လေ့လာနေကာ သူမနှင့် ရှီလီတို့ကြားက စကားအသွားအလာကို နားမလည်နိုင် ဖြစ်နေသည်။

“အခြေအနေဆိုးနေတဲ့ သူမကို မြင်လိုက်ရရင် အန်တီ့ကို နေလို့ထိုင်လို့ ကောင်းစေတယ်လေ”

ရှီလီက ခေါင်းညိတ်လိုက်ပြီး “တိုက်ဆိုင်လိုက်တာ၊ သမီးလည်း အဲ့လိုပဲ ခံစားနေရတာ”

“စကားမစပ်၊ သူမ ထောင်ထဲ ဝင်သွားတော့၊ သမီးရဲ့ ဦးလေးရှီအငယ်ဆုံးက သူမကို မပြတ်နိုင်တုန်းဘဲလို့ ကြားတယ်။ ရင်ထဲထိစေတဲ့ အချစ်ဇာတ်လမ်းဘဲကွယ်”

သူမသည် ရင်ထဲထိစေတယ်လို့သာ ပြောလိုက်သော်လည်း လေသံမှာ လှောင်ပြောင်မှုများ ဖြင့် ပြည့်နှက်နေလေသည်။

ဦးလေးရှီအငယ်ဆုံးအကြောင်း ပြောလာတာကို ကြားလိုက်မိတော့ ဤအမျိုးသမီး၏ အထောက်အထားကို စုန့်ရင်း ဝိုးတိုးဝါးတားခန့်မှန်းမိလာသည်။

ဟုန်ယန်အပေါ် ရန်ငြိုးထား၍ ဦးလေးရှီ အငယ်ဆုံးအပေါ် အထင်သေးနေသည့်သူမှာ -ဦးလေးရှီအငယ်ဆုံး၏ ဇနီးဟောင်းသာ ဖြစ်နိုင်သည်။

ဦးလေးရှီအငယ်ဆုံးက အနှီအရင်ဒေါ်လေး အပေါ် အမှားပြုခဲ့ပြီး ရှီလီက သူမကို အတော်လေးစားသည်။ ထို့ကြောင့် သူတို့တွေ ကွာရှင်းပြီးသွားတာတောငနမှ ရှီမိသားစုသည် သူမကိုသမီးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့၍ ရှီလီမှာနောက်ထပ် ဒေါ်လေးတစ်ယောက် ရရှိခဲ့၏။

ရှီလီက အားတုံ့အားနာ ပြုံးလိုက်ရင်း“ဒေါ်လေးသိတဲ့အတိုင်း သမီးရဲ့ဦးလေးက ကန်းနေတာလေ။ သူ သစ္စာရှိတာ‌ကတော့ ကောင်းပါတယ်။ အနည်းဆုံးတော့ သူမထောင်ထဲက ထွက်လာရင် နေစရာအိမ်ရှိတော့ သူများတွေကို ဒုက္ခမပေးတော့ဘူးပေါ့”

ရှီလီ၏ စကားတွေက လုယိယွဲ့ကို စိတ်ကျေနပ်သွားစေသည်။ အများအားဖြင့် စကားပြောဆိုရာ၌ သူမအရှေ့တွင် ဦးလေးရှီအငယ်ဆုံးကိုဝေဖန်တဲ့သူက သူမ၏ နှစ်သက်မှုကိုရမှာပင်။

“လူဆိုးမလေး၊ တော်တော် နှုတ်ချိုလာတာဘဲ။ ဪ၊ စကားမစပ်၊ ဒေါ်လေးရဲ့ တူမအကြီးဆုံးက နောက်ရက်ပိုင်းလောက်ဆို စေ့စပ်တော့မှာ။ လာပျော်ပါးဖို့ သတိရဦးနော်။ အိမ်မှာ စာလုပ်ရင်းနဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားနဲ့။ စာလုပ်ရတယ်ဆိုတာက အဆုံးရှိတာ မဟုတ်ဘူး၊ ငယ်တုန်းရွယ်တုန်းမှာ နည်းနည်းပါးပါး ပျော်ပါးသင့်တယ်”

လုယိယွဲ့က အပြုံးတစ်ပွင့်နှင့်အတူ စုန့်ရင်းဘက်သို့ လှည့်လိုက်ပြီး “ဒါက သမီးရွှီပဲဖြစ်ရမယ်။ သမီးလည်း ပျော်ဖို့ပါးဖို့ ရှီလီနဲ့ လိုက်ခဲ့နော်”

လုယိယွဲ့က သူမ၏ အထောက်အထားကိုအတိအကျ ခန့်မှန်းလိုက်နိုင်သဖြင့် စုန့်ရင်းမှာအံ့ဩသွားရပြီး မျက်နှာပေါ်တွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။

သူမက ချစ်ခင်မှုတွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် စုန့်ရင်းကို ကြည့်လာပြီး“သမီးရဲ အဖေနဲ့အ‌ဒေါ်တို့နဲ့ ‌တော်တော်လေး ရုပ်ချင်းဆင်တာပဲနော်”

ဒီတော့ ဒါကြောင့်လား။ တကယ်လို့ သွေးသားဆက်စပ်မှုကို မျက်နှာကြည့်ရုံနဲ့ ဆုံးဖြတ်လို့ရနေရင် ဘာလို့ အခြားသူတွေ သတိမထားမိခဲ့ကြတာလဲ၊ စုန့်ရင်း ပဟေဠိဖြစ်စွာဖြင့် တွေးလိုက်သည်။

ဒါပေါ့၊ ၎င်းက သူမမျက်နှာပေါ်မှာဘဲ အခြေခံ ထားခြင်းသက်သက်တော့ မဟုတ်ပေ။ ရွှီမိသားစုနှင့် ရုပ်ချင်းဆင်တာက ရှုထောင့်တစ်ခုဖြစ်သော်လည်း အရေးကြီးဆုံးကတော့ ရှီလီက သူတို့တွေ ဟုန်ယန်ကို ထောင်ဝင်စာ လာတွေ့တာလို့ ပြောခဲ့တာကြောင့်ပင်။

ယခုဆို ဦးလေးရှီအငယ်ဆုံးမှလွဲ၍ ဟုန်ယန်ကို ထောင်ဝင်စာလာတွေ့ချင်စိတ်ရှိသည့် အခြားသူများမှာ ပွဲကြည့်ဖို့သာ ဖြစ်နိုင်သည်။

173 02

ရှီလီတွင် ဟုန်ယန်အပေါ် မလိုမုန်းထားများမရှိဘဲ သူမ၏ဒေါ်လေးအသစ်က သူမကို ဤနေရာအထိ ရောက်လာစေရအောင်လို့ လုံလောက်အောင် မလုပ်ခဲ့ပေ။ ထို့ကြောင့် ဘေးနားက ကောင်မလေးကို အဖော်ပြုပေးနေတာဘဲ ဖြစ်နိုင်သည်။

ရွှီသမီးသည် မိသားစုရင်းထံမှ မှတ်မိခြင်းကို မခံရသေးခင်တုန်းက ရှီမိသားစု၏ စောင့်ရှောက်ခြင်းကို ခံခဲ့ရသည်။

ရှီမိသားစုက ကြင်နာတတ်သော စိတ်ထားရှိသည့်လူတွေ ဖြစ်တာကြောင့် ကောင်မလေးကိုသူတို့အိမ်တွင် သေချာဂရုစိုက်ပေးခဲ့တာဖြစ်နိုင်ပြီး သူမနှင့် ရှီမိသားစုကြားက ဆက်ဆံရေးမှာ ကောင်းမွန်နေတာပင်။

ဤအကြောင်းရင်းတွေအပေါ် အခြေခံကြည့်လိုက်လျှင် စုန့်ရင်းက ရွှီမိသားစု၏ သမီးဆိုတာကို လုယိယွဲ့ ခန့်မှန်းနိုင်သည်။

စုန့်ရင်း၏ ရွှန်းလဲ့နေသော မျက်ဝန်းကြီးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့၏။ လုယိယွဲ့က သူမ၏ခေါင်းအား ပုတ်ပေးလိုက်ချင်သည့်စိတ်ကို ချုပ်တည်းထားလိုက်ပြီး ကောင်မလေးနှစ်ယောက်ကို ပြောလိုက်သည်။ “သမီးတို့ကို ဒေါ်လေး အချိန်မဆွဲထားတော့ဘူး၊ မြန်မြန်ဝင်သွားကြတော့။ ဒေါ်လေးကိုလွမ်းရင် ဒေါ်လေးတို့အိမ်ကို ကြိုက်တဲ့အချိန်လာပြီး လွတ်လွတ်လပ်လပ် လာကစားကြ”

ပန်းပွင့်နေကာထီးကို အောက်စိုက်လိုက်ပြီး သူမ၏ မျက်နှာအမူအရာကို ကာလိုက်သည်။

တကယ်တော့ သူမသည် တစ်ခါတုန်းက ရွှီရှင်းအပေါ် မျက်စိကျခဲ့ဖူး၏။ ရွှီရှင်း၏ရုပ်ရည်နှင့် လေ့လာမှုတွေ၏ သူနှင့်ရွယ်တူတွေကြားထဲတွင် ထူးချွန်သူဖြစ်ကာ စီစဉ်ထားသော အိမ်ထောင်ရေးအတွက် ကောင်းမွန်သော တွဲဖက်တစ်ယောက် ဖြစ်စေသည်။

သို့သော် ရွှီရှင်းက နောက်ခံမရှိသော မိန်းကလေးတစ်ယောက်နှင့် ချစ်ကြိုက်မိသွားပြီး အမြန်အဆန် လက်ထပ်ကာ ကလေးတစ်ယောက် ရလာခဲ့သည်။

ထို့နောက်မှာတော့ သူမ၏ မိသားစုကအခြား ကောင်းမွန်သော မိသားစုများမှလူငယ်များကို ရှာဖွေခဲ့သည်။ ဤလူငယ်တွေကြားထဲ၌ တတိယရှီသည် သီးသန့်ရှုပ်ထွေးသော ဘဝများရှိကြသည့် သူများတွေနှင့် မတူဘဲ အထူးချွန်ဆုံး မဟုတ်သော်လည်း ရုပ်ရည်ကြည့်ကောင်းကာ အကျင့်စရိတ္တကောင်းမွန်ပြီး ကိုင်တွယ်ရလွယ်၍ နောက်ခံရှင်းလင်းသူ ဖြစ်လေသည်။

သူမ၏ မိသားစုက လက်ထပ်ရမည့် ပါတနာများကို ရွေးချယ်ပေးခဲ့သော်လည်း သူတို့၏သမီးကို ရောင်းစားကြမည့် အတန်းအစားမျိုးမဟုတ်ကြချေ။

သူတို့၏ သမီးအတွက် ခင်ပွန်းတစ်ယောက်ကို ရွေးချယ်ပေးခဲ့ချိန်မှာ သမီးဖြစ်သူ၏ အမြင်က အရေးကြီးဆုံးဖြစ်သည်မှာ သဘာဝပင်။

စကားပြောကြည့်သည့်အခါမှာလည်း တတိယရှီက အမှတ်များရတာကြောင့် သူ့အား လက်ထပ်ဖို့ကို သူမ ရွေးချယ်ခဲ့တာပင်။

သူမနှင့် တတိယရှီက လက်မထပ်ခင်တွင် နှစ်နှစ်ကာကာ မချစ်ခဲ့ကြသော်လည်း လက်ထပ်ပြီးတာ နှစ်ပေါင်းများစွာ ကြာလာသည့်အခါမှာတော့ တစ်ဦးနှင့်တစ်ဦး လေးစားမှုဖြင့် ဆက်ဆံ၍ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ကြသည်။

တတိယရှီကသာ အပြင်ဘက်တွင် အခြားမိန်းမတွေနှင့် လုပ်တာမျိုးနှင့် အိမ်ထောင်ရေး အကြမ်းဖက်တာမျိုးကို မပြုလုပ်ပါက သူနှင့်အတူ သူမ နေထိုင်နိုင်သည်။ အခြားအရာတွေက အရေးမကြီးပေ။

သူတို့သည် လက်ထပ်ပြီး‌နောက်ပိုင်းတွင် ကလေးမရခဲ့ကြဘဲ၊ နှစ်ဖက်မိဘတွေကလည်း ဖိအားမပေးကြချေ။

ကလေးယူခြင်း၏ မကောင်းဘက်များစွာကို သိနေတာကြောင့် သူမတွင် ကလေးယူဖို့ စိတ်‌ဆန္ဒတက်ကြွမှုမျိုး မရှိခဲ့တာပင်။

ထို့ကြောင့် တတိယရှီက ဟုန်ယန်ကိုခေါ်လာပြီး ကွာရှင်းချင်ကြောင်း ပြောလာသည့်အခါတွင်မူ သူမ စိတ်သက်သာရာသာရခဲ့ပြီး ကံကောင်းစွာဖြင့် သူမသည် အမြဲတမ်း တားဆေးများ သုံးခဲ့၍ ကလေးမရှိခဲ့ချေ။ မဟုတ်ပါက ကလေးအတွက်နှင့် ယခုလို မိသားစု၊ ယခုလိုအဖေမျိုးနှင့် ကြုံဆုံရလျှင် ဒုက္ဒဖြစ်ပေလိမ့်မည်။ တတိယရှီက ကွာရှင်းမည့်အကြောင်း ပြောလာချိန်မှာတော့ သူမ မကန့်ကွက်ခဲ့ပေ။

တတိယရှီက ဒုက္ခပေးသော လူအိုကြီးဖြစ်ကာ တန်ဖိုးကြီး လူသုံးကုန်တစ်ခု မဟုတ်ချေ။ သူမက သူ့ကို လက်လွှတ်ပေးချင်စိတ် မရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

173 03

သူမ၏မိသားစုက ရှိနေသေးကာ သူမအား ထောက်ပံ့ပေးနိုင်သည်။ သူမတွင် ပိုက်ဆံသာရှိနေပါက ဘယ်လိုယောက်ျားမျိုးကို သူမမရှာနိုင်မှာမို့လို့လဲ။

ဘိလပ်မြေလောင်းထားသော ကြမ်းပြင်တွင်ဒေါက်မြင့်ဖိနပ်များက တဒေါက်ဒေါက်အသံ မြည်နေလျှက်။

စိတ်ဝင်စားစရာကောင်းသည့် ဘဝအချိုး အကွေ့ကို တွေးလိုက်ရင်း လုယိယွဲ့မှာ မရယ်မိဘဲ မနေနိုင်တော့ချေ။

ဟုန်ယန်သည် ထောင်ဝင်စာတွေ့သည့် အခန်းထဲမှ မထွက်သွားရသေးခင်မှာဘဲ နောက်ထပ် ထောင်ဝင်စာတွေ့သူ တစ်သုတ်နှင့် တွေ့ရပြန်သည်။

သူမသည် လုယိယွဲ့နှင့် မျက်နှာချင်းဆိုင်ရချိန်၌ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သော်လည်း ယခုတွင် မင်းသမီးလေးတစ်ပါးအဖြစ် အသွင်ကူးပြောင်းသွားသော စုန့်ရင်းကို မြင်လိုက်ရချိန်မှာတော့ သူမ၏တည်ငြိမ်မှုကို လုံးဝဆုံးရှုံးလိုက်ရတော့၏။

“နင် ဒီကို ဘာလာလုပ်တာလဲ။ ငါ့ကို ဖျက်ဆီးရတာ မလုံလောက်နိုင်သေးဘူးလား”

အနီးနားရှိ ထောင်စောင့်များထံမှ ထူးဆန်းသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရတော့ စုန့်ရင်းက သဘာဝကျကျ ရှင်းပြလိုက်သည်။ “ကျွန်မရဲ့မွေးစားအမေက နည်းနည်းစိတ်ဆတ်လို့ပါ၊ သူမကို စိတ်မရှိကြပါနဲ့”

စုန့်ရင်းက စကားပြောပိုက်ကို ကိုင်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ “အမေ၊ အမေက သမီးကို ပြန်ပေးဆွဲပြီး သမီးရဲ့မိဘရင်းတွေနဲ့ ဆယ်နှစ်ကျော်ဝေးကွာအောင် လုပ်ခဲ့ပေမဲ့ သမီးတို့က ဆယ်စုနှစ်ကျော်ကြာတဲ့အထိ အမေနဲ့ သမီး ဖြစ်ခဲ့ကြတာပါ။ သမီး အမေ့အပေါ်မှာ ခံစားချက်တွေ ရှိပါသေးတယ်။ ထောင်ထဲမှာ နေရတဲ့ဘဝကို အမေ ကျင့်သားမရမှာဆိုးလို့ အမေ့အကြိုက် အစားအသောက်တွေ အများကြီးကို သမီး ပြင်ဆင်လာတယ်”

ဟုန်ယန်၏ မျက်လုံးများ အနည်းငယ် အရောင်လဲ့သွား၏။ စုန့်ရင်းအပေါ်ရှိ သူမ၏ အမုန်းတရားမှာ ပြင်းထန်လှသော်လည်း အကယ်၍ စုန့်ရင်းကသာ သူမအတွက် အကျိုးအမြတ်အချို့ကို ယူဆောင်လာနိုင်ပေးပါက သူမအနေနှင့် ချစ်ခြင်းမေတ္တာများ ပြသပေးရန် ဆန္ဒရှိပေသည်။

“ရှောင်ရင်းက လိမ္မာတဲ့ကလေးဆိုတာကို အမေသိပါတယ်။ အားလုံးက အမေ့အမှားတွေပါ။ သမီး အမေ့ကို မမုန်းသင့်ဘူး။ အခုဆို အမေ့မှာ ဘာဆိုဘာမှ ရှိတော့တာ မဟုတ်ဘူး၊သမီးဘဲ ရှိတော့တာ”

စုန့်ရင်းက အလွန်ခံစားသွားရသော မျက်နှာထားကို တပ်ဆင်လိုက်ပြီး “အမေ၊ သမီးလည်း အမေ့ကို ချစ်ပါတယ်”

“ဒါဆို အမေ့အတွက် အသနားခံစာရေးလို့ရအောင် သမီးရဲ့ မိဘရင်းတွေကို ပြောပေးပါလား။ အမေ့ကို ထောင်ထဲကနေ မြန်မြန်ထွက် လာစေချင်တယ်မလားဟင်၊ သမီး”

“အမေ၊ သမီး အမေ့ကို ထောင်ထဲကနေ အမြန်ဆုံး ထွက်လာစေချင်တာပေါ့။ ဒီအကြောင်းကိုသမီး အမေနဲ့အဖေကိုပြောပြီး အမေ့အတွက် စကားကောင်းပြောပေးပါ့မယ်”

သူမ ဒီအကြောင်းကို ပြောမှာဆိုပေမဲ့ သူမမိဘတွေနဲ့ ဆွေးနွေးဖို့က ယခု ဒါမှမဟုတ် နှစ်တွေကြာသွားမှလည်း ဖြစ်နိုင်ကာ သူမ၏မှတ်ဉာဏ်အပေါ်ပဲ မူတည်လေသည်။

သူမ၏ ချစ်အမေကလည်း သူမက ထုံထိုင်းတဲ့သူတစ်ယောက် အမြဲဖြစ်ခဲ့တယ်ဆိုတာကို သိနေတာကြောင့် မေ့လျော့တာက သာမန်ပင်။

ဟုန်ယန်က ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး “တော်တယ် ရှောင်ရင်း အမေ့အတွက် ပစ္စည်းကောင်းတွေ ယူလာတယ်လို့ ပြောတယ်မလား။ ဘယ်မှာလဲ”

စုန့်ရင်းက နောင်တရနေသော မျက်နှာကိုတပ်ဆင်၍ ပြောလိုက်သည် “ဟင်း၊ သမီးလေ အ‌စားအသောက်တွေနဲ့ အဝတ်တွေ အများကြီးယူလာပေမဲ့၊ ထောင်စည်းကမ်းတွေကို အမေလည်း သိပါတယ်၊ ပြင်ပလူတွေ ထောင်သားတွေအတွက် ပစ္စည်းတွေ ယူလာပေးတာမျိုးကို ခွင့်မပြုဘူးလေ။ သမီး ပေးချင်ပေမဲ့၊ စည်းကမ်းက စည်းကမ်းဘဲဆိုတော့ သမီးတို့‌တွေ စည်းကမ်းဖောက်လို့ မရဘူး”

ဟုန်ယန်သည် ဖုန်းထဲကနေပြီး စုန့်ရင်းကို ဆဲရေးချင်နေသည့် နှစ်တွေအကြာကြီး ချိုးကပ်နေပြီဖြစ်သော ဗီဇကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားရသည်။

173 04

ဟုန်ယန်မှာ သံကုန်ဟစ်ပြီး ရိုက်နှက်ချင်စိတ်ကို မြိုသိပ်ထားရခြင်းမှာ ထောင်ထဲတွင် ထိန်းသိမ်းထားခံနေရခြင်းကြောင့် မဟုတ်ဘဲ၊စုန့်ရင်းက အိမ်ပြန်ပြီး သူမအတွက် အသနားခံစာ ရေးပေးလိမ့်မည်ဟု မျှော်လင့်နေသေးတာကြောင့် ဖြစ်သည်။ လောလောဆယ်မှာ သူမအနေနှင့် စုန့်ရင်းကို စော်ကားခြင်းမှာ မတတ်စွမ်းနိုင်သာချေ။

ထို့ကြောင့် သူမ မနည်းအောင့်အီးထားလိုက်ရပြီး ပြောလိုက်၏။ “အဆင်ပြေပါတယ်၊သမီးက လိမ္မာတဲ့ကလေးဆိုတာကို အမေ သိတယ်။ သမီးမှာ အဲ့လိုအတွေးရှိတာနဲ့ကို လုံလောက်ပါပြီ”

ကြင်နာတတ်သော တကယ့်အမေတစ်ယောက်ကဲ့သို့ အင်မတန်ညင်သာပြီး နှစ်လိုဖွယ်ကောင်းနေသော ဟုန်ယန်ကို စုန့်ရင်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။

“သမီးကို အမေ အပြစ်မတင်တဲ့အတွက် ဝမ်းသာပါတယ်”

ဟုန်ယန်အပေါ် လှည့်စားလိုက်ရတော့ စုန့်ရင်းမှာ စိတ်ရွှင်လန်းနေတော့၏။

ကားထဲရောက်တော့ သူမက အရင် အကြံပြုလိုက်သည်။ “အဘွားနဲ့ အန်တီ့ကို မတွေ့ရတာ အတော်ကြာပြီ။ ငါတို့တွေ အိမ်ပြန်ပြီး ဒီည ညစာအတူစားကြရင် မကောင်းဘူးလား”

ပြီးနောက် သူမက ကားကိုလှည့်ပြီး မောလ်ဆီဦးတည်ဖို့ ဒရိုင်ဘာကို ညွှန်ကြားလိုက်သည်။

စုန့်ရင်းက ရှီလီကို ရှင်းပြလိုက်သည်။ “အရင်တုန်းကဆို အဘွားနဲ့ အန်တီကဘဲ ငါ့အတွက် ပစ္စည်းတွေ အမြဲဝယ်ပေးခဲ့တာ။ အခု ငါ့မှာ ပိုက်ဆံရှိလာပြီဆိုတော့ သူတို့အတွက် လက်ဆောင်ပြန်ဝယ်ပေးချင်တယ်”

၎င်းမှာ သူမ၏ ကြင်နာသော ရည်ရွယ်သောဖြစ်နေတာကြောင့် သူမကို ရှီလီ မတားမြစ်တော့ပေ။

သို့သော် စုန့်ရင်းက ကားထဲကထွက်လိုက်ပြီး ရတနာဆိုင်ထဲသို့ ဦးတည်လိုက်တာကို မြင်လိုက်ရတော့ ရှီလီမှာ မပြောဘဲ မနေနိုင်တော့ပေ။ “အဒေါ်နဲ့ အဘွားက ဒီဟာတွေ မပြတ်လပ်နေပါဘူး။ သူတို့အတွက် သစ်သီးနဲ့မုန့်တွေဘဲ ဝယ်သွားလိုက်။ ဈေးကြီးတာ‌တွေ ဝယ်မပေးနဲ့”

စုန့်ရင်းတွင် အထူးသဖြင့် သူမဘေးနားက လူတွေအတွက် ဈေးဝယ်ထွက်ပြီး ငွေဖြုန်းရတာကို နှစ်သက်သော ဖုံးကွယ်ထားသည့်အရည်အချင်း ရှိနေတယ်ဆိုတာကို ရှီလီ သိရှိလိုက်ရသလိုပင်။

သို့သော် စုန့်ရင်းက လေးနက်သော အမှန်တရားကို ထုတ်ပြောလာ၏။ “ငါတို့တွေ ဘာမှမဝယ်ဘဲ လျှောက်ပတ်ကြည့်လို့ရတယ်လေ”

ရွေးချယ်စရာ မရှိတော့သဖြင့် ရှီလီသည် သူမနှင့်အတူ ဝင်သွားလိုက်ပြီး စုန့်ရင်း ပိုက်ဆံဖြုန်းမှာကို တားဆီးရန်နှင့် သူမကဒ်ကိုပဲ အသုံးပြုရန် ရည်ရွယ်ထားလိုက်သည်။

ရတနာဆိုင်ထဲ ဝင်ပြီး‌နောက် စုန့်ရင်းက ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်မိသွား၍ အားတက်သရော လှမ်းခေါ်လိုက်တော့၏။ “ယွီချင်း၊ နင်လည်း ဒီမှာ ဈေးလာဝယ်တာလား”

ရှီလီ စိတ်ထဲကနေ တွေးလိုက်၏။ [သူမဘယ်တုန်းက သူငယ်ချင်း ရှာလိုက်တာလဲ။ဘယ်လိုလုပ်ပြီး ငါ မသိလိုက်ရတာတုန်း။]

စုန့်ရင်းနှင့် လီယွီချင်းတို့သည် လွန်ခဲ့သောရက်အနည်းငယ်တုန်းက ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့သော်လည်း အွန်လိုင်းပေါ်တွင် အလွန်ပနံသင့်ခဲ့တာကြောင့် သူငယ်ချင်းအရင်းကြီးတွေလို ဖြစ်သွားကြတာပင်။

ရှီလီ၏ စိတ်ထဲက အတွေးတွေက နောက်ခံသီချင်းအနေဖြင့် ရောက်လာတာနှင့်တူသည်။ လီယွီချင်း နောက်လှည့်မကြည့်ရသေးခင်တွင် စုန့်ရင်း၏ အသံကို ကြားလိုက်ရချိန်၌ သူတို့မှာ စာတွေထဲက၌သာ ဆက်သွယ်ခဲ့ကြပြီး မျက်နှာချင်းဆိုင် စကားသိပ်မပြောခဲ့ကြတာကြောင့် ချက်ချင်းလက်ငင်း မမှတ်မိခဲ့ပေ။

ရှီလီ၏စိတ်ထဲက အတွေးကြောင့်သာ သူမအ‌နောက်တွင် ရှီလီ ရောက်နေတယ်ဆိုတာကို သိလိုက်ရတာပင်။

စုန့်ရင်းက ရှီလီကို လီယွီချင်းနှင့် တိတ်တဆိတ်မိတ်ဆက်ပေးလိုက်၏ “သူမက မူလအခန်း 3တုန်းက အတန်းဖော်လေ။ မနေ့က ကျောင်း ဂိတ်ဝမှာ ငါ milk tea တွေ အများကြီးဝယ် ထားတာကို သူမ မြင်တော့ စာသင်ခန်းထဲထိ ပြန်လိုက်ပို့ပေးခဲ့တာ” သူမက လက်ဦးမှုယူပြီး အကူအညီတောင်းခဲ့သည့် အချက်ကိုတော့ ထိမ်ချန်ထားခဲ့လိုက်၏။

သူမ၏ အစ်မဖြစ်သော ဖက်ရှင်ကျစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးက လီယွီချင်းကို အဖော်ပြုပေးနေသည်။ သူမ အစ်မ၏ခန်းဝင်ပစ္စည်းအတွက် သူတို့တွေရတနာအချို့ လာဝယ်ကြတာဖြစ်သည်။

လီယွီချင်းက နောက်လှည့်လာတော့ သူမ၏မျက်နှာကို ရှီလီ အသေအချာ မြင်လိုက်နိုင်သည်။

[သူမက အဲဒီ မိုးည အစုလိုက်အပြုံလိုက် လူသတ်မှုရဲ့ အငယ်ဆုံးသမီးပဲ]

လီယွီချင်း: “…”

[မိုးည လူသတ်သမားက သူမရဲ့ ခဲအိုလေ]

လီယွီချင်း: ဝိုး!

******

174 01

အခန်း ၁၇၄: ဒီအကြောင်းကို မကြားပါရစေနဲ့

ထိုနေ့တုန်းက ကျောင်းအုပ်၏လက်တွေဘာကြောင့် တုန်ရီနေလဲဆိုတာကို လီယွီချင်း နားလိုက်သွားသလိုပင်၊ ယခုတွင်လည်း သူမ၏ တုန်ရီနေသော လက်များကို မထိန်းချုပ်နိုင် ဖြစ်နေရသည်။

လီယွီချင်း၏အစ်မက သူမကို ကြည့်လာပြီး“နင့်လက်တွေ ဘာလို့လောက်တောင် တုန်နေတာလဲ”

လီယွီချင်းက သူမအစ်မ၏ လက်မောင်းကို ကိုင်ထားသဖြင့် အစ်မဖြစ်သူက သူမ၏ တုန်ရီနေခြင်းကို ခံစားမိ‌နိုင်သည်။

သူမ ရယ်သွေးလွှမ်းလိုက်ပြီး ရှင်းပြလိုက်၏။ “ဆိုင်ထဲက လေအေးပေးစက်က အရမ်းပြင်းလို့၊ ညီမ နည်းနည်း အေးနေတာ”

သူတို့ကို အဖော်ပြုပေးနေသော ဆိုင်၏လက်ထောက်မှာ အပူချိန် ကျဆင်းနေတာကို သတိမပြုမိသော်လည်း အနှီနှစ်ယောက်က အခုလေးတင် ရတနာများစွာကို ဝယ်ယူသွားသော ဝယ်သူကြီးတွေဖြစ်တာကြောင့် သူမ၏လစဉ် KPI အတွက်ပါ စိတ်ကျေနပ်စေရန်အတွက် မည်သည့် တောင်းဆိုချက်မျိုးမဆို ကျိုးကြောင်းမဆီလျော်နေပါစေ၊ ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေသည်။

ထို့ကြောင့် သူမ အလျင်အမြန် ပြောလိုက်၏။ “အပူချိန်ကို ကျွန်မတို့ ချက်ချင်းမြှင့်ပေးပါ့မယ်”

လီယွီချင်း၏ အစ်မက မျက်မှောင်ကြုတ်ကာ“ဒီမှာ အပူချိန်လည်း မမြင့်ပါဘးး။ နင်ဖျားနေတာလား”

သူမ လီယွီချင်း၏ နဖူးကိုစမ်းကြည့်လိုက်ပြီးသူမဘာသာဘဲ ရေရွတ်လိုက်သည်။ “အဖျားလည်း မရှိပါဘူး”

“အဖျားမရှိရင်တောင် ငါတို့တွေ ကြိုပြီးကာကွယ်ထားရမယ်။ အိမ်ပြန်ရောက်တာနဲ့လိုလိုမယ်မယ် အိမ်ဖော်ကို ပန်လန်းကန်းလုပ်ခိုင်းဖို့ သတိရဦး”(ပန်လန်းကန်း = တရုတ်တိုင်းရင်းဆေး)

[ကြည့်ရတာ လီယွီချင်းရဲ့မိဘတွေက သမီးကြီးရဲ့ယောက်ျားကို သဘောမကျတဲ့ပုံဘဲ။ လီယွီချင်းရဲ့ အစ်မက မိဘတွေရဲ့ သဘောကိုဆန့်ကျင်ပြီး သူမ ချစ်တဲ့ယောက်ျားကို လက်ထပ်လိုက်တော့၊ မိဘတွေက မင်္ဂလာပွဲကို လုံးဝမတက်ရောက်ဘူးလေ]

[စုံတွဲက အစပိုင်းတော့ အဆင်ပြေပေမဲ့ နောက်ပိုင်းကျ တစ်ခုခု လွဲချော်သွား‌တော့တာပဲ။ အဲဒီ ခဲအိုဆိုတဲ့သူက သူ့ယောက္ခမရဲ့ တစ်မိသားစုလုံးကိုရော၊ မိန်းမနဲ့ မ‌မွေးသေးတဲ့ ကလေးကိုပါ သတ်ပစ်လိုက်တာ]

ရှီလီ၏ အတွေးတွေကို ကြားလိုက်ရုံနှင့် လီယွီချင်းသည် လည်ပင်းကနေ သိသာသောနာကျင်လာတာကို ခံစားမိလာရသည်။

သူမ လည်ပင်းကို စမ်းကြည့်လိုက်တော့ ဦးခေါင်းမှာ တွဲလျှက်ရှိနေဆဲဖြစ်ပြီး ဘာဒဏ်ရာမှ ရှိမနေချေ။

လီယွီချင်းသည် လက်ကြယ်သီးများအား ပျော်ပျော်ကြီး ရွေးနေသော အစ်မဖြစ်သူကို လှည့်ကြည့်လိုက်ပြီး ထောင်းခနဲတက်လာသောဒေါသကို ရုတ်တရက် ခံစားမိလိုက်သည်။

တကယ်လို့ မမရဲ့ ပိုက်ဆံနောက်ကို လိုက်တဲ့လူမျိုး ဒါမှမဟုတ် ကွယ်ရာမှာ ဖောက်ပြန်နေတဲ့ လူမျိုးကို ရှာတွေ့ခဲ့တယ်ဆိုရင်တောင် အနည်းဆုံးတော့ သူတို့က မမရဲ့အသက်ကို ချမ်းသာပေးကြဦးမယ်။

ဒါပေမဲ့ အခုကျတော့ ခဲအိုလောင်းက မမနဲ့ မမွေးသေးတဲ့ ကလေးကိုတင် မဟုတ်ဘူး၊ အမေတို့ အဖေတို့နဲ့ ညီမကိုပါ ချမ်းသာပေးမှာ ချမ်းသာပေးမှာ မဟုတ်ဘူး။

အတွေးတစ်ချို့ ဝင်သွားပြီးနောက် လီယွီချင်းမှာ ထုတ်မပြောဘဲ မနေနိုင်တော့ချေ။ “မမ၊ အမေနဲ့ အဖေက မမ အိမ်ထောင်ပြုမှာကို သဘောမတူသေးဘူး‌နော်။ ဘာလို့ ပြန်မစဉ်းစားကြည့်တာလဲ။ အလျင်လိုစရာမှ မလိုတာ။သူတို့နဲ့ သေချာစကားပြောကြည့်ဦးလေ။ သူတို့က မမကိုချစ်တော့ အဆုံးကျရင် သေချာပေါက် အလျှော့ပေးကြမှာပဲလေ။ ဒီဟာက တစ်ဘဝလုံးစာ ဆုံးဖြတ်ချက်ပါ။ ညီမတို့မိဘတွေရဲ့ သဘောတူညီချက်ကို မမ ရလိမ့်မယ်လို့ ညီမကတော့ မျှော်လင့်တယ်”

ယခုဆိုလျှင် သူမ၏ ရည်ရွယ်ချက်က အခြေအနေကို ထိန်းညှိန်ရန်နှင့် အစ်မဖြစ်သူကောက်ကာငင်ကာ လက်ထပ်သွားမှာကိုတားဆီးရန်ပင်။

လီယွီဝေက ပျော်မြူးနေသော အမူအရာဖြင့် ဗိုက်ကိုထိလိုက်ပြီး ပြောလိုက်သည်။ “ငါက အဲ့လောက်လည်း အလောမကြီးပါဘူး။ မစောင့်နိုင်တဲ့သူက နင့်ရဲ့ တူလေးလေ။ လက်မထပ်ခက်မှာ ကလေးရှိသွားလို့ မဖြစ်ဘူးလေ၊ ရလို့လား။ လပိုင်းလောက်ဆိုရင်ပဲ ဗိုက်က ပူလာတော့မှာ၊ မင်္ဂလာ‌ဝတ်စုံဝတ်ရင် ကြည့်ကောင်းတော့မှာ မဟုတ်ဘူး”

174 02

သူမက ဗိုက်တောင်ကြီးနေပြီ။

သူမ၏အစ်မက ဤအကြောင်းကို တစ်ခါမှထုတ်ပြောခဲ့ခြင်း မရှိချေ။ သူမကို လက်ထပ်ဖို့ အလျင်လိုနေတယ်၊ မိဘတွေ သဘောမတူဘူးဆိုတာရယ်နှင့် အိမ်ကနေ နှင်ချထားတယ်ဆိုတာရယ်ဘဲ လီယွီချင်း သိထားတာပင်။

ယနေ့က နွေရာသီအားလပ်ရက်၏ ပထမဆုံးနေ့ဖြစ်သည်။ လီယွီချင်းသည် တန်ဖိုးရှိသောအချိန်တွေကို အိပ်ရာထဲတွင် ကုန်ဆုံးရန် စီစဉ်ထားခဲ့သော်ငြား နေ့လယ်ခင်းတွင် အစ်မဖြစ်သူထံမှ ဈေးဝယ်ထွက်ပြီး လက်ဝတ်လက်စားတွေ ကူရွေးပေးဖို့ ဆင့်ခေါ်လာသည့်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ရသည်။

ညီမဖြစ်သူ၏ ထိတ်လန့်တကြား ဖြစ်သွားသောမျက်နှာကို မြင်လိုက်ရတော့ လီယွီဝေမှာသူမက အဒေါ်ဖြစ်လာ‌ပြီဖြစ်သော အ‌ပျော်ကြောင့် ပြောစရာမဲ့သွားတယ်လို့ ထင်သွားသည်။

သူမ ရက်ရောစွာဖြင့် ကမ်းလှမ်းလိုက်၏။ “နင် ထိကြည့်ချင်လား”

ညီမဖြစ်သူက မတုံ့ပြန်လာတော့ လီယွီဝေက သူမ၏ပါးကို တို့လိုက်ရင်း “ကြည့်စမ်းပါဦး၊အ‌ဒေါ်ဖြစ်သွားပြီဆိုပြီး အပျော်လွန်နေလိုက်တာ!”

လီယွီချင်း တွေးလိုက်၏။ ငါ့ဘဝက လအနည်းငယ်အတွင်းမှာ အချိန်တွေ ရေတွက်ခံရတော့မဲ့ ကာလထဲ ရောက်တော့မှာ၊ မပျော်ရုံတင်မကဘူး၊ ကြောက်လွန်းလို့ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။

လီယွီချင်းသည် စိတ်တွေမြောလွင့်နေရင်းဖြင့်သာ သူမအစ်မနောက် လိုက်သွားရတော့၏။ လီယွီဝေက သူမ၏အမြင်ကို မေးလာတိုင်း ခေါင်းညိတ်ပြလိုက် သို့မဟုတ် “ကြည့်ကောင်းပါတယ်” ဟူ၌သာ သာမန်ကာလျှံကာမျှ ပြောလိုက်သည်။

လီယွီဝေအနေနှင့် ညီမဖြစ်သူက တစ်ခုခု လွဲမှားနေတယ်ဆိုတာကို သိလိုက်ရဖို့က မကြာလိုက်ပေ။

ပျော်မြူးစရာကောင်းသည့် တွေ့ဆုံခြင်းက ညီမဖြစ်သူ၏ ထပ်တလဲလဲဖြစ်နေသော စိတ်မပါမှုကြောင့် ချဉ်တူးလာတော့သည်။ သူမ၏ အလိုက်လိုက်ခံ ချမ်းသာသောမိန်းကလေးစိတ်က ဒေါသထွက်လာကာ ကိုယ်ဝန်ရှိစဉ် ဟော်မုန်းများကလည်း သူမ၏စိတ်အခြေအနေကို ပိုပြီးဆိုးရွားသွားစေသည်။

“ငါနဲ့ ဈေးဝယ်မထွက်ချင်လည်း ငါ့ဟာငါတစ်ယောက်တည်း ဝယ်လို့ရတယ်။ ကိုယ့် ကိုယ်ကိုယ် ဖိအားပေးနေစရာ မလိုဘူး”

လီယွီချင်းက စိတ်ကုန်လာပြီဆိုသည့် အကြောင်းနှင့် အကယ်၍ သူမ၏ လူကဲခတ်မှားခြင်းကြောင့် သူမတို့ တစ်မိသားစုလုံး ဒုက္ခတွေ့ရတော့မည်ဟု ပြောကာ ဒေါသတကြီး ထွက်သွားလိုက်ချင်မိသည်။

သို့သော် သူမအစ်၏ ကိုယ်ဝန်အကြောင်းကိုစဉ်းစားမိ၍ လီယွီချင်းက သူမကို ပြောရာပြေကြောင်းပြောလိုက်၏။ သူမက အစ်မအပေါ်စိတ်ဆိုးနေတာ မဟုတ်ဘဲ၊ ကျောင်းက ကိစ္စတချို့ကို တွေးမိသွား၍ စိတ်ပျံ့လွင့်သွားတာဖြစ်ကြောင်းဟူ၍ ရှင်းပြလိုက်သည်။ သူမသေချာလေး တောင်းပန်လိုက်သည်။ ပြီးနောက် ကလေးအတွက် အဒေါ်၏ လက်ဆောင်ဟုဆို၍ ဆိုင်ဝန်ထမ်းကို ကလေးလက်ဝတ်လက်စားများ ယူလာခိုင်းလိုက်၏။

အစ်မဖြစ်သူကို အကြမ်းဖျင်း ချွေးသိပ်ပြီးနောက်မှာတော့ လီယွီဝေတွင် ဈေးဝယ်ထွက်ချင်စိတ် မရှိတော့ပေ။

လီယွီချင်းက ဈေးဝယ်ခရီးစဉ် ပထမပိုင်း၏အထုပ်များကိုသယ်ဖို့ တာဝန်ယူလိုက်ပြီး လီယွီဝေ အနောက်သို့ တကောက်ကောက် လိုက်ရတော့သည်။ လီယွီဝေ ဝယ်ချင်တာမှန်သမျှကို လီယွီချင်းက ရှင်ဘုရင်အား ခစားရသည့် မိန်းမစိုးခေါင်းဆောင် တစ်ယောက်အလား ရှေ့ထွက်၍အပြေးအလွှား သွားဝယ်ပေးခဲ့သည်။

မောလ်ထဲတွင် အတော်ကြာသည်အထိ လျှောက်ပတ်ကြည့်ပြီးနောက် ထွက်ပေါက်၌ ရှီလီနှင့် စုန့်ရင်းတို့နှင့် ပြန်ဆုံသည်။

စုန့်ရင်းက ဆေးဆိုင်ကနေ အမျိုးသမီးများအတွက် ကျန်းမာရေး ထုတ်ကုန်အချို့ကို ဝယ်ယူနေကာ ရှီလီ၏ အဘွား၊ အဒေါ်နှင့်သူမကို ဂရုစိုက်ပေးခဲ့သည့် ကလေးထိန်းအတွက်ပါ လက်ဆောင်တွေကို ပြင်ဆင်နေတာဖြစ်သည်။

လီယွီဝေက မိန်းကလေးနှစ်ယောက်ကို အရင်မြင်သွားကာ လက်တစ်ဖက်၌ ဈေးဝယ်အိတ်တွေ ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ရေခဲမုန့်ကိုင်ထားသော သူတို့ကို လက်ညှိုးထိုး၍ သူမ၏ညီမအား မေးလိုက်၏။ “အဲဒါ နင့်ရဲ့အတန်းဖော်တွေမလား”

174 03

လီယွီချင်း ခေါင်းညိတ်လိုက်သည်။

သူတို့တွေ အချင်းချင်း တွေးသွားကြမှတော့နှုတ်ဆက်စကား ဆိုရပေတော့မည်။

သို့သော် လီယွီဝေ၏ မျက်လုံးများမှာ သူတို့လက်ထဲက ရေခဲမုန့်အပေါ် ကျရောက်သွားပြီး သွားရေကျလာရတော့၏။ သူမက လီယွီချင်းထက်ပင် ပိုတက်ကြွနေကာ ညီမဖြစ်သူနှင့်ကလေးဆန်သလို ပြုမူနေသော်လည်း သူများတွေအပေါ် ယဉ်ကျေးနေဆဲပင်။ “အစ်မတို့တွေ ထပ်ဆုံပြန်ပြီ! ညီမလေးတို့ ဈေးဝယ်ထွက်ပြီးကြပြီလား”

ရှီလီက ခေါင်းညိတ်၍ “ဟုတ်ကဲ့၊ အစ်မတို့ရောအိမ်ပြန်ကြတော့မလို့လား”

သူတို့သည် ကနဦးတုန်းကတော့ အိမ်ပြန်ရန် စီစဉ်ထားသော်လည်း ရေခဲမုန့်ကို မြင်ပြီးသွားသည့် အခါမှာတော့ သူမ စိတ်ပြောင်းသွားလေပြီ။ သူမက အရင်ဦးဆုံး ရေခဲမုန့်ဝယ်ချင်ပြီးနောက်မှ အိမ်ပြန်မည့်အကြောင်းကို ပြောလိုက်သည်။

လီယွီဝေက အပြုံးတစ်ပွင့်နှင့်အတူ မေးလိုက်သည်။ “ညီမလေးတို့ အဲ့ဒီရေခဲမုန့်ကို ဘယ်ကဝယ်လာကြတာလဲ”

ရှီလီသည် နေရာအတိအကျနှင့် ဆိုင်လိပ်စာကိုရှင်းပြပေးပြီးနောက်၊ စုန့်ရင်းက သူတို့တွေ အသုံးပြုခဲ့သော လျှော့ဈေးပရိုမိုးရှင်း၏အသေးစိတ်ကိုပါ မနေနိုင်ဘဲ ဝေမျှပေးလိုက်သည်။

ဤသည်မှာ ဈေးမဝယ်ခင်တွင် လျှော့ဈေးများအတွက် အုပ်စုလိုက်ဝယ်ယူ၍ရသော အက်ပ်များကို ရှာဖွေတတ်သည့် စုန့်ရင်း၏ အကျင့်ပင်။

လီယွီဝေသည် လျှော့ဈေးချထားသောရေခဲမုန့်ကိုဝယ်ရန် အလွန် စိတ်ဝင်စားသွားသော်လည်း လုပ်ပုံလုပ်နည်းကို သိပ်နားမလည်ချေ။ ထို့ကြောင့် လုပ်ငန်းစဉ်ကို အစမ်းလုပ်ပြ ခိုင်းဖို့ စုန့်ရင်းကို အနားဆွဲခေါ်လိုက်ပြီး ၎င်းကို အပြည့်အဝ သဘောပေါက်သွားချိန်မှာတော့ မိန်းကလေးနှစ်‌ယောက်ကိုသာ ချန်ရစ်ထားခဲ့တော့သည်။

လီယွီဝေနှင့် စုန့်ရင်းတို့တွေ ခေါင်းချင်းဆိုင်ပြီးပိုက်ဆံချွေတာရေး နည်းလမ်းများကို လေ့လာနေသည့် မြင်ကွင်းမှာ ရင်ထဲတွင် အလွန် နွေးထွေးသွားစေတာကြောင့် ရှီလီမှာ အတွေးမဝင်မိဘဲ မနေနိုင်တော့ချေ။ [လူကောင်းတစ်ယောက်ဘဲ။ လက်တွဲဖော်ရွေးတာ ညံ့သွားတာနဲ့သူမတို့ တစ်မိသားစုလုံးကို သတ်ပစ်ဖို့ ကြံစည်နေတဲ့လူနဲ့မှ ကလေးရသွားမယ်လို့ဘယ်သူ ထင်ထားမှာလဲ?]

လီယွီချင်း တွေးလိုက်၏။ ဒီအကြောင်းကို မကြားပါရစေနဲ့၊ ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အချစ်ကြောင့် စုံလုံးကန်းနေတဲ့ အစ်မကိုသာပြောပေးကြပါ။

ယောက်ျားရွေး မှားသွားတာက သူမတင် မဟုတ်ဘူး၊ တစ်မိသားစုလုံးကိုပါ ဒုက္ခရောက်စေတယ်ဆိုတာ သူမကို သိခိုင်းလိုက်စမ်းပါ။

******

175 01

အခန်း ၁၇၅: နေမကောင်းရင် ဆရာဝန် သွားပြသင့်တယ်

ရှီလီ၏အကြည့်က လီယွီဝေ၏ ပြားချပ်နေသော ဗိုက်ပေါ် ကျရောက်သွားသည်။ ယခင်ဘဝတုန်းက သူမ၏သေဆုံးခြင်းနှင့် ပတ်သက်၍ ပြန်စဉ်းစားကြည့်လိုက်တော့ ဂျပန်တိုက် ဖျက်ရေး စစ်ပွဲရုပ်ရှင်များထဲက ဂျပန်စစ်သားများ၏ ရက်စက်သော လုပ်ရပ်တွေအား ရှီလီပြန်အမှတ်ရသွားသည်။

မေ့ဆေးမပေးဘဲ ကလေးအား မိခင်၏ဗိုက်ထဲကနေ ခွဲထုတ်ပြီး သတ်ပစ်နေချိန်မှာ မိခင်ကတော့ ဗိုက်ဟက်တက်ခွဲခံထားရသည့် အနေအထားဖြင့် သွေးလွန်ကာ သေဆုံးသွားခဲ့ရသည်။

လူတစ်ယောက်၏ လောကအမြင်ကို ပြိုကွဲသွားစေနိုင်သည့် ကျော်မကောင်းကြား မကောင်း အတင်းအဖျင်းများမှာ ယောက္ခမနှင့်ချွေးမကြားက သို့မဟုတ် မရီးနှင့်ကြားက အိမ်ထောင်ရေး ဖောက်ပြန်မှုများကဲ့သို့ သူတို့၏ အသိုင်းအဝိုင်းထဲမှာတော့ သာမန်သာဖြစ်နေလေသည်။

ပြစ်မှုဆိုင်ရာ မှုခင်းတွေက မကြာခဏ ဖြစ်လေ့ရှိသော်လည်း အလွန်အမင်း ရှားပါးသည်။

ဖြစ်ပွားခဲ့လျှင်တောင်မှ အများအားဖြင့် စည်းမရှိကမ်းမရှိသည့်ချမ်းသာသော ကလေး တွေ မူးရူးပြီး ပျက်စီးဆုံးရှုံးမှုများသော ကားမတော်တဆမှုများ ဖြစ်ပွားခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က သမီးရည်းစားနှင့် ဆေးသုံးနေစဉ် ဆေးလွန်သွားခြင်းတို့ပင် ဖြစ်လေသည်။

လီမိသားစု၏ ထိတ်လန့်စရာကောင်းသော မှုခင်းကတော့ အတော်လေးကို ရှားပါးကာ သူတို့၏ အသိုင်းအဝိုင်းထဲမှာတင် မကဘဲ၊Blue City တစ်မြို့လုံးတွင်ပါဖြစ်သည်။

နစ်နာသူများ၏ သေဆုံးပုံများမှာ အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားကာ မှုခင်းဖြစ်ပွားရာ နေရာတွင် သွေးများ ပြန့်ကျဲနေလျှက်ရှိ၏။

‌ဖော်ပြချက်များကို နားထောင်လိုက်ရရုံဖြင့် ရှီလီကို ကြောက်ရွံ့သွားစေသည်။

အထူးသဖြင့် နစ်နာသူများထဲက တစ်ယောက်ဟာ သူမ၏ ကျောင်းတက်ဖော်ဖြစ်နေကာ သူမ သိသော တစ်စုံတစ်ယောက်အပေါ် ဖြစ်ပျက်သွားတာကြောင့် အခြေအနေမှာ ပိုပြီးတော့တောင် ကြောက်မက်ဖွယ် ကောင်းသွားစေသည်။

[လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာ ကိုယ့်ကိုယ်က်ိုယ် ယုံကြည်ချက်အားနည်းတာမျိုး၊ မနာလိုဖြစ်တာတို့၊ အတွေးလွန်တတ်တဲ့လူမျိုးတွေကို ဘယ်တော့မှ မရွေးလိုက်နဲ့။ လီမိသားစုရဲ့ သားမက်အကြီးဆုံးက သူတို့တွေ လက်ထပ်ပြီးနောက်ပိုင်းမှာ သူ့မိန်းမက အခြားယောက်ျားတစ်ယောက်နဲ့ ခဏတဖြုတ် စကားလေးပြောနေတာကို မြင်သွားပြီး၊ သူမကို ဖောက်ပြန်နေတယ်လို့ ထင်သွားတဲ့အပြင် ဗိုက်ထဲက ကလေးကိုပါ သံသယဝင်သွားတဲ့အထိပဲ]

[အဲ့ဒီလူယုတ်မာက မြန်မြန်ဆန်ဆန်ဘဲ အဖမ်းခံလိုက်ရတယ်။ မှုခင်းပညာရှင်က ကလေးအတွက် DNA စစ်ပေးတဲ့အထိ ကြင်နာလို့၊ကလေးက သူ့သွေးသားဆိုတာကို သက်သေပြနိုင်လိုက်တယ်လို့ ကြားမိသေးတယ်]

ဤနည်းပါးသော ဖော်ပြချက်တွေမှတဆင့် လီယွီချင်းသည် သူမမိသားစု ဘယ်လို‌မျိုးဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားမလဲဆိုတာကို ရိပ်ဖမ်းသံဖမ်းတော့ နားလည်လိုက်သည်။ သို့သော် သေဆုံးခြင်းက အေးချမ်းသည်ဖြစ်စေ သို့မဟုတ် ဆိုးရွားသည်ဖြစ်စေ အရေးမကြီးတော့ပေ။ အဆုံးမှာတော့ သူတို့အားလုံး သေဆုံးကြရမည်သာ။

လူတစ်‌ယောက် အေးချမ်းစွာ သေဆုံးသွားတာနှင့် နာကျင်ခံစားသွားရပြီး သေဆုံးသွားရတာက ဘာကွာလို့လဲ။

သူမအား လီယွီဝေ ဆွဲခေါ်သွားတာကို ထုံထိုင်းစွာဖြင့် ခွင့်ပြုပေးလိုက်သည်။ လီယွီဝေ အတွက်ကတော့ လျှော့ဈေးများကို အမဲလိုက်ခြင်းက စိတ်ဝင်စားစရာကောင်းသော အတွေ့အကြုံသစ်တစ်ရပ်ဖြစ်ကာ ယခုလေးတင် သူမသင်ယူခဲ့သော နည်းလမ်းများကို စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။

လီညီအစ်မများနှင့် လမ်းခွဲပြီးသည့်နောက်ရှီလီနှင့် စုန့်ရင်းတို့တွေ မောလ်ထဲမှ ထွက်လာခဲ့ကြသည်။ ဒရိုင်ဘာက ဝင်ပေါက်နားတွင် သူတို့ကို အဆင်သင့် စောင့်‌ဆိုင်းနေ‌၏။

နှစ်ယောက်သား ကားနောက်ခန်းထဲ ဝင်လိုက်ကြသည်။

ခါးပတ်ပတ်ပြီးနောက် စုန့်ရင်းက လီယွီချင်း၏ အခြေအနေကို စိတ်ပူနေတာကြောင့် သူမနှစ်သိမ့်သည့် စာတစ်ကြောင်း ပို့လိုက်သည်။ [နင်တစ်ခုခုလိုအပ်ရင် ငါ့ဆီလာဖို့ တုံ့ဆိုင်းမနေနဲ့။ ရှက်နေစရာလည်း မရှိဘူး]

175 02

[ငါက ဉာဏ်အကောင်းဆုံး ဖြစ်ချင်မှဖြစ်မယ်၊ဒါပေမဲ့ ဖိနပ်ချုပ်သမား သုံးယောက်ရဲ့ဉာဏ်ကိုပေါင်းရင် ကျုးကော်လျန်ကို ကျော်နိုင်ပါတယ်။ ငါတို့ ခေါင်းတွေကိုသာ ပေါင်းစပ်လိုက်ရင် အဖြေတစ်ခု ထွက်လာမယ်ဆိုတာသေချာတယ်]

လီယွီချင်းသည် ရေခဲမုန့်ဝယ်ရင်း အလုပ်များနေတာကြောင့် စုန့်ရင်း၏ မက်ဆေ့ခ်ျကို မမြင်မိလိုက်ချေ။

ရီပလိုင်းမရှိသော်လည်း စုန့်ရင်းသည် အားမလျှော့ဘဲ ဇွဲကောင်းကောင်းဖြင့် မက်ဆေ့ခ်ျတွေ ထပ်ပို့လိုက်သည်။

[စကားမစပ်၊ နင့်ရဲ့ခဲအိုက အရမ်းအစွန်းရောက်တာပဲနော်၊ သူ့မှာ စိတ်ရောဂါတွေ ဘာတွေများရှိနေသလားပဲ။]

[စိတ်ရောဂါက ကြောက်ဖို့ကောင်းတယ်၊သူတို့က လူသတ်မှုအတွက် တရားဝင် တာဝန်ယူစရာ မလိုဘူး]

[ဒါပေမဲ့ သူ့မှာ စိတ်ရောဂါရှိတယ်ဆိုတာကို ငါတို့တွေ ကြိုသိထားရင်၊ ကုသလို့ရအောင်သူ့ကို ဆေးရုံပို့ထားတာက အကောင်းဆုံးလို့ ငါတော့ထင်တယ်]

ဆိုးဆိုးရွားရွား စိတ်မတည်သော စိတ်ရောဂါရှိသည့် လူများအတွက် အကောင်းဆုံးနေရာမှာ စိတ်ကျန်းမာရေးဆေးရုံပင်။

ရှီမိသာစု၏ ဗီလာသို့ရောက်တော့ စုန့်ရင်းက ဖုန်းကို အမှတ်မထင် ဘေးချထားလိုက်ပြီး ရှီလီနှင့်အတူ ကားထဲမှ ထွက်လိုက်သည်။

အိမ်ဖော်က စုန့်ရင်းကို မြင်လိုက်ရတော့ ဝမ်းသာအားရဖြစ်သွားပြီး “ရှောင်ရင်း ပြန်လာပြီ!”

စုန့်ရင်းက သူမကို အားပါတရဖက်လိုက်ကာ“သမီး ပြန်လာပါပြီ၊ ဒီမှာ အန်တီ့အတွက် လက်ဆောင်”

ဘယ်လက်ဆောင်က ဘယ်သူ့အတွက်ဆိုတာကို စုန့်ရင်း ရှင်းလင်းစွာ သိထားသည်။ အိတ်တွေထဲက တစ်အိတ်ကို အိမ်ဖော်အားပေးလိုက်ရင်း “ကြိုက်မကြိုက် ကြည့်ကြည့်ပါဦး။ မမနဲ့ သမီးက အချိန်အကြာကြီးယူပြီး ရွေးခဲ့ရတာ”

အိမ်ဖော်က စနောက်သည့်သဘောဖြင့် အပြစ်ဆိုလိုက်၏။ “သမီးရောက်လာတာနဲ့တင် လုံလောက်နေပါပြီ၊ လက်ဆောင်တွေ မလိုဘူး။ မလိုအပ်တာတွေ!”

ရှီလီက ရယ်ရင်း ပြောလိုက်သည်။ “အခုဆို ရှောင်ရင်းက အတော်လေး ချမ်းသာနေပြီလေ။ သူမအနေနဲ့ ပိုက်ဆံချွေတာနေစရာ မလိုတော့ဘူး။ အခု သမီးတို့ အပြင်ထွက်တော့လည်း သူမပဲ ပိုက်ဆံရှင်းတာ”

သူမက သူတို့တွေ ဝယ်ခဲ့သော ရေခဲမုန့်နှစ်ခုကို ဆိုလိုနေတာဖြစ်ပြီး စုန့်ရင်းတွင် ဈေးအနိမ့်ဆုံးနှင့်ရအောင် ထူးခြားသည့်စွမ်းရည် ရှိနေသဖြင့်သူမဘဲ ပိုက်ဆံရှင်းခဲ့တာဖြစ်သည်။

ရှီအဘွားက ထိုင်ခုံပေါ်ထိုင်ပြီး TV ဒရာမာကြည့်နေတာပင်။ ရှီလီ၏ စကားတွေကိုကြားလိုက်ရတော့ သူမ ပြန်ပြောလိုက်သည်။ “အဲ့လိုမလုပ်ပါနဲ့ကွယ်။ အခု ရှောင်ရင်းမှာ ပိုက်ဆံရှိနေပြီဆိုပေမဲ့ အချိန်တိုင်း သူမကိုဘဲ ပိုက်ဆံရှင်းခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ နှစ်ယောက်စလုံးက ရင်းနှီးတယ်ဆိုရင်တောင် ရှောင်ရင်းအပေါ် အခွင့်အရေး မယူသင့်ဘူး”

ရှီလီက အဘွားဖြစ်သူဆီ ပြေးသွားလိုက်ပြီး စနောက်လိုက်၏။ “ဒါပေမဲ့ သမီးက ဆင်းရဲတယ်လေ။ သမီးမိဘတွေက မုန့်ဖိုးအများကြီး မပေးဘူးဆိုတာကို အဘွားလည်း သိရဲ့သားနဲ့”

သူမ လက်ဆန့်ထုတ်လိုက်ပြီး “အဘွား၊အဝတ်လှလှလေးတွေ ဝယ်ရအောင်လို့ သမီးကို ပိုက်ဆံပေးပါဦး”

ရှီအဘွားက စနောက်စွာဖြင့် သူမကို ရိုက်လိုက်ကာ “ပေါက်ကရတွေ! သမီးမိဘတွေက သမီး အပေါ် ရက်ရောတာမှလွန်ရော။ သမီးကသာ ဒီအဘွားအိုကြီးဆီက ငွေတွေကို လိမ်ယူချင်နေတာ!”

ရှီလီက လူမိသွားတာကို စိတ်မဆိုးချေ။ သူမအူလိုက်သည်းလိုက် ရယ်လိုက်ရင်း ပြောလိုက်၏။ “သမီးကို ချက်ချင်းတန်းမြင်တာပဲနော်!ဇာတ်လမ်းတွဲတွေ ကြည့်မနေနဲ့တော့၊ အဘွားအတွက် ရှောင်ရင်း အထူးတလည် ဝယ်လာတဲ့လက်ဆောင်ကိုပဲ ကြည့်ကြည့်ပါဦး”

175 03

ရှီအဘွားတွင် လက်ဆောင်တွေ မပြတ်လပ်နေသော်လည်း လက်ဆောင်တွေနောက်ကွယ်က ကလေးတွေ၏ တွေးပေးတတ်ပုံတွေကိုတော့ တန်ဖိုးထားသည်။

လက်ဆောင်က ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ၊ ရှီအဘွားက သာတူညီမျှ သဘောကျမှာဖြစ်သည်။

အဒေါ်အကြီးဆုံးက သူမအတွက်လည်း လက်ဆောင်ပါတယ်ဆိုတာကို သိတာကြောင့် ရှီအဘွားနည်းတူ စိတ်လှုပ်ရှားမှုများ ပြသလာသည်။

ရှီအဘွားမှာ စုန့်ရင်းက ဘယ်လောက်တောင် တွေးပေးတတ်လဲဆိုတာကို ဆက်တိုက်ပြောနေပြီး ညစာအတွက် စုန့်ရင်း၏ အကြိုက်ဆုံးဟင်းလျာများကို ပြင်ဆင်ရန် ညွှန်ကြားနေတော့သည်။

အိမ်ဖော်က ပြုံးရွှင်ကာ ပြောလိုက်သည်။ “ညွှန်ကြားနေဖို့ မလိုတော့ပါဘူး၊ ကျွန်မတို့တွေ ပြင်ဆင်ထားပြီးသား။ ကလေးတွေ အိမ်ပြန်လာပြီဆိုတာနဲ့ သူတို့ကြိုက်တဲ့ ဟင်းတွေကိုချက်ထားပြီးသားပါ”

ယခုလို စဉ်းစားပေးတတ်သော မြေးဖြစ်သူစုန့်ရင်းကြောင့် ရှီလီမှာ ဘေးပို့ခံထားရလုနီးပါးပင်။

ရှီအဘွားမှာ သူမကို မစဘဲ မနေနိုင်တော့ပေ။ “နှစ်နှစ်ဆယ်တောင် ကျော်သွားပြီ၊ ဒီဟာက မြေးတစ်ယောက်ဆီကနေ ရဖူးတဲ့ ပထမဆုံးလက်ဆောင်ဘဲ”

အလုပ်ကနေ အိမ်ပြန်ရောက်လာသော ဝမ်းကွဲအကြီးဆုံးမှာ ဒူးပေါ် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရတော့၏။

ရှီလီကတော့ သူမ၏အဘွားက ဝမ်းကွဲအကြီးဆုံးအပေါ် စောင်းပြောနေကာ သူမနှင့် ဘာမှမဆိုင်ဘူးလို့ ယူဆလိုက်သည်။

မိုးပြိုကျရင် အစ်ကိုအကြီးဆုံးက ခေါင်းခံဖို့ရှိနေမှာပဲလေ။

ဝမ်းကွဲအကြီးဆုံးမှာ သူ့ညီမနှစ်ယောက်အား မကျေမချမ်းဖြစ်နေသော အကြည့်ဖြင့် ကြည့်ပေးလိုက်ပြီး ဘာလို့ သူက ဒီထဲကို မဆီမဆိုင် ဆွဲခေါ်ရလဲဆိုတာအား တွေးနေမိတော့သည်။

ရှီလီသည် ဝမ်းကွဲအကြီးဆုံး၏ မကျေမနပ်ဖြစ်နေသော အကြည့်ကို သတိထားမိသွားကာ အလွန်တွေးပေးတတ်စွာဖြင့် သူ့ဘက်ကနေ ကာကွယ်ပေး‌လိုက်သည်။ “အစ်ကိုကြီးက အသိတတ်ဆုံးပါ။ မနက်ဖြန်ကျရင် အဘွားအတွက် သူ လက်ဆောင် ဝယ်လာပေးလိမ့်မယ်လို့ သမီး အာမခံတယ်”

ရှီအဘွား၏ မျက်လုံးများ အရောင်တောက်သွားကာ “နင့်အစ်ကိုကြီးက ကောင်မလေးကို အိမ်ခေါ်လာမှာလား”

စင်ဂဲလ်ခွေးဖြစ်သည့် ရှီချွမ်က ပြန်ဖြေပေးလိုက်သည်။ “မဟုတ်ပါဘူး၊ ကောင်မလေးကို လက်ဆောင်လို့ ရည်ညွှန်းတာက မသင့်လျော်ဘူး။ အမျိုးသမီးတွေအပေါ် မလေးစားရာရောက်တယ်”

အဒေါ်အကြီးဆုံးမှာ သားဖြစ်သူ၏ လေတလုံးမိုးတလုံးပြောပုံကို သည်းမခံနိုင်တော့ချေ။ သူမသည် သူ့အား ကူရှင်ဖြင့် ပစ်ပေါက်လိုက်၍ “ပုံမှန်အတိုင်းပြောစမ်း”

ရှီချွမ်သည် ကူရှင်ကို နေရာတကျ ပြန်ထား လိုက်ပြီး ပုံမှန်လေသံဖြင့် ပြန်ပြောလိုက်ရ၏ “ဟုတ်ပါပြီဗျာ”

တစ်လကျော်ကြာပြီးနောက်မှ စုန့်ရင်းသည် လူတိုင်းနှင့်အတူ နောက်တစ်ကြိမ် ထပ်ပြီးညစာအတူစားခဲ့တာပင်။

စားပွဲပေါ်တွင် မနှစ်မြို့စရာကောင်းသောဟုန်ယန် ရှိမနေတာကြောင့် ညစာက အတော်လေးကို ပျော်စရာကောင်းတယ်လို့ ခံစားမိစေသည်။

ဦးလေးရှီအငယ်ဆုံး အိမ်ပြန်လာသောအခါ စုန့်ရင်းကို မြင်သွားတော့ သူ့မျက်လုံးများ အရောင်မှိန်သွားပြီး ဟုန်ယန့်အကြောင်းကို တွေးမိမည်မှာ ရှင်းလင်းပေသည်။

သို့သော် ယနေ့တွင်မူ သူ့ကိုယ်သူ ချုပ်တည်းထား၍ လူတိုင်း အလွန်ပျော်ရွှင်နေချိန်မှာ အော်ဂလီဆန်စရာကောင်းသည့် လူအကြောင်းအား ထုတ်မပြောနေတော့ချေ။

175 04

ညစာစားပြီးနောက် ရှီအဘွားနှင့် အဒေါ်အကြီးဆုံးက စုန့်ရင်းကို ညအိပ်ညနေ,နေပြီး ရှီလီနှင့်ကစားရန် မရမက ‌ဖိတ်ခေါ်နေတော့၏။

စုန့်ရင်းသည် အလွန်စိတ်ပါနေသော်လည်း ယခုချိန်တွင် သူမမိသားစုက သူမ မရှိလို့ မဖြစ်ပေ။

ဟုန်ယန်က သူမကို တစ်ခါခိုးသွားဖူးသဖြင့် သူမ၏မိသားစုက သူမကို ကလေးပြန်ပေးဆွဲသည့် လူတွေနှင့်တွေ့ပြီး နောက်တစ်ကြိမ်ပြန်ပေးဆွဲခံရမှာကို အင်မတန် စိတ်ပူနေကြသည်။

စုန့်ရင်း၏ မွေးမိခင်သည် မကြာခဏ မက်ဆေ့ခ်ျတွေ ပို့တတ်ပြီး သူမ ဘယ်သူတွေနဲ့ရှိပြီး ဘာလုပ်နေလဲ ဆိုတာမျိုးတွေ မေးလေ့ရှိသည်။

အကယ်၍ စုန့်ရင်းသာ အလုပ်များနေသဖြင့်မက်ဆေ့ခ်ျအား ရီပလိုင်း ပြန်ချိန်ကြာသွားပါက ဖုန်းတစ်ဖက်ခြမ်း၏ သူမအမေမှာ သူမရဲ့ကလေး တစ်ခုခုဖြစ်သွားလို့လား။ ပြန်ပေးဆွဲခံလိုက်ရပြီလားဟူ၍ မြင်ကွင်းမျိုးကို စတင်မြင်ယောင်လာပေလိမ့်မည်။

ဤအကြောင်းရင်းကြောင့် လတ်တလောတွင် ရှီမိသားစု၌ စုန့်ရင်း နေလို့မရချေ။

ကျိုးကြောင်းရှင်းပြပြီးနောက် ရှီအဘွားနှင့်အဒေါ်အကြီးဆုံးက အလွန်နားလည်ပေးရှာပြီး ၎င်းကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် မမြင်ဖို့နှင့်အချိန်ကြာလာလျှင် သူမ အမေက ဒီလိုမျိုးလုပ်တော့မှာ မဟုတ်‌တော့ဘူးဟူ၍ သူမအား အကြံပေးလာကြသည်။

စုန့်ရင်း လုံးလုံး နားလည်နိုင်သည်။

အရိုးသားဆုံးပြောရလျှင် သူမသည် ငယ်ငယ်လေးတုန်းက မိဘများနှင့် မိသားစုထဲမှ အချစ်မခံခဲ့ရတော့ သူများတွေအတွက် အနည်းငယ်ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည့် ယခုလို မိခင်ပီသသော စိုးရိမ်ပူပန်မှုက သူမအတွက်တော့ တန်ဖိုးထားခံရသလို ခံစား‌မိစေသည်။ ယခုလိုအာရုံစိုက်ပေးခြင်းမျိုးကို သူမက ပိုပြီးတောင်နှစ်သက်ပေသည်။

အိမ်ပြန်လမ်းတွင် စုန့်ရင်း ဖုန်းဖွင့်ကြည့်လိုက်တော့ လီယွီချင်းဆီက OK ဟူသော လက်ဟန်ကို ပို့ထားသည်အား တွေ့လိုက်ရသည်။

အိမ်သို့ပြန်ရောက်တော့ တစ်နေ့တာ ဖြစ်ရပ်များကို မိဘများနှင့် အဘိုးအဘွားတွေအား မျှဝေပြီးနောက် သူမ၏အခန်းထဲသို့ ဝင်သွားလိုက်သည်။

အနည်းငယ် တွေးကြည့်ပြီးနောက် သူမသည် လီယွီချင်းနှင့် စကားပြောခန်းကို ဖွင့်လိုက်ပြီးသူမ ဘာဆက်လုပ်ချင်လဲဆိုတာကို မေးမြန်းလိုက်သည်။

စာထဲကနေ လီယွီချင်း၏ စိတ်အေးသွားမှုကိုသူမ မြင်နိုင်သည်။

[သူ့မှာ စိတ်ရောဂါရှိနေတယ်လို့ ငါ့ မိဘတွေကိုတော့ ပြောလိုက်တယ်။ အဖေက စုံစမ်းဖို့အတွက် တစ်ယောက်ယောက်ကိုတောင် ရှာတွေ့ပြီးသွားပြီ]

[ရလဒ်တွေက မကြာခင် ထွက်လာတော့မှာ]

[နင့်ရဲ့အကြံအတွက် ကျေးဇူးတင်ပါ‌တယ်။ စိတ်ရောဂါရှိနေတဲ့သူက စိတ်ကျန်းမာရေးဆေးရုံတွေမှာဘဲ ရှိနေသင့်တယ်]

******

176 01

အခန်း ၁၇၆: သစ္စာရှိသော အွန်လိုင်းပေါ်ကအမျိုးသားဇာတ်လိုက်

လုယီယွဲ့နှင့်တွေ့ပြီး နောက်တစ်နေ့တွင် သူမက ဟွမ်ကျဲဆီ ဖုန်းခေါ်ဆို၍ သူမ၏ တူမက စေ့စပ်တော့မှာဖြစ်သဖြင့် ရှီလီကိုပါ တစ်ပါတည်း ခေါ်လာဖို့ အမိအရ တိုက်တွန်းလာခဲ့သည်။

လုယီယွဲ့သည် လက်ထပ်ပြီးသည့်နောက်ရှီလီ၏ ‌‌ဒေါ်လေးဖြစ်ခဲ့ဖူးသည်။ သူမ၏တူမက ရှီမိသားစု၏အိမ်သို့ မကြာခဏလာလည်လေ့ရှိခဲ့သည်။

လုလန်ရှန် က ရှီလီထက် နှစ်အနည်းငယ်ပိုကြီးသည်။ အလယ်တန်းကျောင်း မတက်ရ သေးခင်တုန်းက ရှီလီကိုခေါ်၍ အပြင်ထွက်ကစားဖူးခဲ့သည်။

သူမသည် အလယ်တန်းတက်ရန်အတွက် နိုင်ငံခြားထွက်ခဲ့ပြီး ဦးလေးရှီအငယ်ဆုံးနှင့်လုယီယွဲ့တို့ ကွာရှင်းပြတ်စဲပြီးသည့်နောက် ရှီလီနှင့် လုလန်ရှန်တို့တွေ အဆက်အသွယ်ပြတ်တောက်ခဲ့ကြသည်။

ဦးလေးရှီအငယ်ဆုံးသည် လုယီယွဲ့နှင့် ကွာရှင်းမည့်ကိစ္စကို တစ်ပြားသားမှ အလျှော့မပေးခဲ့ပေ။ လုမိသားစုသည် သူများတွေအပေါ်ကို ရန်ငြိုးမထားဘူးဟု ပြောခဲ့သော်လည်း လက်တွေ့မှာတော့ ရှီမိသားစုနှင့် ဆက်ဆံရေးများကို တဖြည်းဖြည်း ဖြတ်တောက်ခဲ့၏။

စီးပွားရေးအရ ပူးပေါင်းမှုများကို ဖျက်သိမ်းသည်မှစ၍ မိသားစုနှစ်စုကြားမှ ဆက်ဆံရေးအကုန်လုံးကို တဖြည်းဖြည်းချင်းစီ ရပ်စဲစေခဲ့သည်

လူကြီးလူကောင်းတစ်ယောက်ဆိုသည်မှာ ရိုင်းစိုင်းသော စကားလုံးများကို အသုံးမပြုဘဲ ခင်မင်မှုတစ်ခုကို ဖြတ်တောက်ပစ်လေသည်။ ကွာရှင်းပြီးသည့်‌နောက် မိသားစုနှစ်စုသည် ဆက်ဆံရေးများကို ချက်ချင်းကြီး မဖြတ်တောက်ပစ်ခဲ့ဘဲ စတော့ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိမည်များကို အဓိကရှောင်ရှား၍ တစ်ဖက်သားအပေါ်ရှိ ဆိုးကျိုးသက်ရောက်မှုများအား အနည်းဆုံးဖြစ်သည်အထိ လျှော့ချခဲ့ကြသည်။

ထောင်အပြင်ဘက်တွင် ရှီလီကို တွေ့လိုက်ရတုန်းက လုယီယွဲ့မှာ အချိန်တွေ ကုန်လွန်သွားပုံနှင့် မမှန်းဆနိုင်သော ကံတရားအကြောင်းကိုရုတ်တရက် ခံစားမိလိုက်ရသည်။ အနှီအတိတ်တုန်းက ဖြစ်ရပ်များမှာ အဆုံးသတ်သွားပြီ ဖြစ်တာကြောင့် မိသားစုနှစ်စုကြားမှ နှစ်တွေကြာချီပြီဖြစ်သော ခင်မင်မှုများအား သူမ၏ကျရှုံးသွားသော အိမ်ထောင်ရေးနှင့်အတူ မြှုပ်နှံပစ်လို့ မလိုအပ်ဘူးဟု သူမ တွေ့ခဲ့သည်။

ထို့ကြောင့် သူမက အရင်တူမဖြစ်သူ၏စေ့စပ်ပါတီပွဲသို့ ရှီလီကို ဖိတ်ခေါ်ခဲ့ပြီး သံလွင်ခတ်တစ်ခတ်ကို ကမ်းလှမ်းခဲ့တာပင်။

နောက်ပိုင်းတွင် ရှီလီက ငယ်သေးတာကြောင့် သူမ၏ အမှာစကားကို တဆင့်ပြောပေးဖို့မေ့သွားမှာ သို့မဟုတ် အပြောမတတ်မှာကိုစိတ်ပူမိသဖြင့် သူမ၏ ဖုန်းနံပါတ်များထဲတွင်နှစ်တွေအကြာကြီး ငြိမ်သက်နေခဲ့သောဟွမ်ကျဲ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ သူမသည် စေ့စပ်ပွဲသို့ ရှီလီကို ပါခေါ်ခဲ့ဖို့ဖိတ်ခဲ့သည့်အပြင် အချိန်ရပါက သူမ၏အိမ်သို့ဝင်လည်ဖို့ပါ ဖိတ်ခဲ့သည်။

ဖုန်းချပြီး‌နောက် ဟွမ်ကျဲသည် ခေတ္တခဏမျှတွေးကြည့်ပြီးနောက် လူတစ်ရပ်စာမြင့်သောစတိုခန်းငယ်ထဲသို့ ဝင်သွားလိုက်ပြီး အခန်းထောင့်နားက မီးခံသေတ္တာကိုဖွင့်ကာ သူမ၏လက်ဝတ်ရတနာ စုဆောင်းမှုထဲမှ အချို့ကိုထုတ်ယူလိုက်၏။ စေ့စပ်လက်ဆောင်အဖြစ် လုလန်ရှန ကို လက်ဖွဲ့ရန် ကျောင်စိမ်းလက်ကောက်တစ်ကွင်းကို သူမ ရှာတွေ့ခဲ့သည်။

လုယီယွဲ့က သံလွင်ခတ်ကို ကမ်းလှမ်းပေးလာ မှတော့ သူတို့မိသားစုကလည်း လက်ဗလာဖြင့် သွားလို့မကောင်းချေ။

ယနေ့တွင် လုယီယွဲ့နှင့် လုလန်ရှန် တို့တွေ အိမ်မှာရှိနေတယ်ဆိုတာကို သိနေတာကြောင့် ဟွမ်ကျဲက စာကြည့်ခန်းထဲတွင် လေ့ကျင့်ခန်းစာအုပ်များကို တွက်ချက်နေသည့် ရှီလီကိုဆွဲခေါ်၍ ပိုပြီးလန်းလန်းဆန်းဆန်းဖြစ်စေမည့် အဝတ်အစားများ လဲဝတ်ခိုင်းလိုက်သည်။ “အမေနဲ့ အပြင်ခဏလောက် လိုက်ခဲ့ဦး”

ဟွမ်ကျဲနှင့်အတူ ကားထဲဝင်ထိုင်ပြီးတော့မှ ရှီလီက သူတို့တွေ ဘယ်သွားမှာလဲဆိုတာကို နောက်ဆုံးတွင် မေးလိုက်သည်။

176 02

“လန်ရှန်က ရက်ပိုင်းအတွင်း စေ့စပ်တော့မှာ။ သမီးရဲ့ အရင်ဒေါ်လေးက အမေတို့ကိုဖိတ်ထားတယ်လေ။ အမေတို့တွေ သတို့သမီးလောင်းကို သွားကြည့်ကြမယ်။ သူမအတွက် လက်ဖွဲ့အနေနဲ့ ခရမ်းရောင်ကျောက်စိမ်း လက်ကောက်တစ်ကွင်းကို အမေ ပြင်ဆင်လာတယ်”

ရှီလီသည် ဟွမ်ကျဲ၏အိတ်ထဲမှ လက်ဝတ်ရတနာသေတ္တာကို ထုတ်ယူပြီး ဖွင့်ကြည့်လိုက်တော့ ကတ္တီပါသားပေါ်တွင် လဲလျောင်းနေသည့် လှပသော ခရမ်းရောင်ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို မြင်တွေ့လိုက်ရ၏။

သူမသည် ၎င်းကို အလွန်နှစ်သက်တာကြောင့်နေရောင်အောက်တွင် ဂရုတစိုက် လေ့လာနေလိုက်သည်။

ယခုလို လှပသည့် လက်ကောက်တစ်ကွင်းကို ပေးပစ်လိုက်ရတာက ရှီလီ၏ နှလုံးသားကို ကိုက်ခဲလာစေသည်။ “အမေ၊ ဘာလို့များ နောက်ကလေး မယူရတာလဲ။ လက်ဖွဲ့ငွေတွေကို ပြန်ဖာထေးဖို့ သမီးရဲ့ စေ့စပ်ပွဲနဲ့ မင်္ဂလာဆောင်က လက်ဖွဲ့ငွေတွေအပေါ် မှီခိုတာက နည်းနည်း လက်တွေ့မဆန်သလိုဘဲ”

ဟွမ်ကျဲက သူမလက်ထဲရှိ လက်ကောက်ကိုဖျတ်ခနဲ ဆွဲလု၍ အနှီရူးမိုက်သော ကလေး၏နောက်ကျောကို တစ်ချက်လောက် မရိုင်ခင်မှာသေတ္တာထဲသို့ ဂရုတစိုက် ပြန်ထားလိုက်သည်။ “ဘာပေါက်တက်ကရတွေ ပြောနေတာတုန်း။ နောက်ကလေးယူရအောင် ငါက အသက်ဘယ်လောက် ရှိနေပြီလဲ။ ရူးနေပြီလား။ စာတွေလုပ်လွန်းလို့ ရူးသွားတာလား။ တကယ်လို့ ငါသာ နောက်ကလေးတစ်ယောက် မွေးလိုက်ရင်မိသားစုအမွေအတွင် နင်တို့တွေ ပြိုင်ဆိုင်မနေရလောက်ဘူးလား။ မတော်လို့ လက်ဖွာတဲ့ တစ်ယောက်ကိုများ မွေးမိရင် ဘယ်နှယ့်လုပ်မတုန်း။ ငါတို့သုံးယောက်စလုံး သူတို့နဲ့ပါ ဒုက္ခခံစားကြရမှာ”

အမျိုးသား ဆက်ခံသူများနောက်သို့ လိုက်ဖမ်းနေကြသေးသော မိသားစုများနှင့် ယှဉ်ကြည့်ပါက ဟွမ်ကျဲနှင့် ရှီလီ၏အဖေက အ‌တော် ခေတ်ရှေ့ပြေးသည်။

မိန်းကလေးမွေးခြင်းက သူတို့၏ မျိုးဆက်ကို အဆက်ပြတ်စေလိမ့်မည်ဟု ဘယ်တုန်းကမှ မခံစားမိခဲ့ကြချေ။ ထိုအစား အလကားထိုင်ဖြုန်းနေသည့် သားတစ်ယောက်ကို မွေးမိမှသာ တကယ်ဒုက္ခကြုံမှာလို့ ယုံကြည်ထားကြသည်။

ကားထဲမှမထွက်ခင်တွင် ဟွမ်ကျဲက ရှီလီကို တင်းမာသောအကြည့်ဖြင့် ကြည့်ပေးလိုက်ပြီး မသင့်လျော်တာတွေ မပြောဖို့ပြောလိုက်သည်။

ရှီလီက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။“အမေရယ်၊ စိတ်ချပါ။ သူများတွေရှေ့မှာ ဦးနှောက်မဲ့တဲ့စကားတွေ မပြောပါဘူး”သူမက မတုံးပါဘူး၊ ဘာကိုပြောအပ်တယ်၊ မပြောအပ်ဘူးဆိုတာကို သိပါတယ်။

ထိုတော့မှ မွေးမိခင်သည် သူမ၏ ခြိမ်းခြောက်ထားသော အကြည့်စူးစူးကို ရုတ်သိမ်းလိုက်ပြီး ကားထဲမှမထွက်ခင် မတူညီသော အပြုအမူတစ်ခုသို့ ပြောင်းလဲလိုက်သည်။

လုမိသားစု၏ အိမ်ဖော်က ဝင်ပေါက်နားတွင် ဟွမ်ကျဲနှင့် သမီးဖြစ်သူကို နှုတ်ဆက်လာ၏။

သူတို့တွေ နောက်ဆုံးတစ်ခေါက် တွေ့ဆုံဖြစ်ခဲ့သည်မှာ နှစ်တွေကြာညောင်းခဲ့လေပြီ။ ဟွမ်ကျဲ ပြုံးလိုက်၏ အိမ်ဖော်၏ ကျန်းမာရေးအခြေအနေကို မေးမြန်းလိုက်သည်။

အိမ်ဖော်က ယဉ်ကျေးစွာဖြင့် ပြန်တုံ့ပြန်လာ၍လက်တစ်ဖက်ဖြင့် အမူအရာပြကာ သူတို့အားအိမ်ထဲသို့ လမ်းပြပေးလေသည်။

ဟွမ်ကျဲသည် မကြာခဏ လာလည်ခဲ့ဖူးသဖြင့် နှစ်တွေအကြာကြီး မလာဖြစ်ခဲ့တာတောင်မှ လမ်းတွေကို မမေ့လျော့သေးပေ။

သို့သော် လုမိသားစု ဗီလာ၏ မြေကွက်က သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။ တစ်စုံတစ်ယောက်သာ လမ်းမပြပေးပါက အလွယ်တကူ လမ်းပျောက်သွားနိုင်သည်။

သမီးယောက်မဟောင်းတွေ ဖြစ်ကြသောလုယီယွဲ့နှင့် ဟွမ်ကျဲတို့ ဆုံတွေ့ချိန်မှာတော့ ခဏကြာ စကားစမြည် ပြောခဲ့ကြသည်။ လုယီယွဲ့က ရှီလီ၏လက်ကိုလည်း ကိုင်ထားဖို့ မမေ့လျော့ခဲ့ချေ။

“ရှောင်ရှီက မိန်းမလှလေးအဖြစ်တောင် ကြီးပြင်းလာခဲ့ပြီ။ မိန်းကလေးတွေက အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီဆိုတာနဲ့ တကယ်ကြီးပြောင်းလဲသွားကြတာဘဲ။ မနေ့တုန်းက သူမကို အပြင်မှာတွေ့တော့ ကျွန်မမှာ မမှတ်မိတော့ဘဲ ဖြစ်တော့မလို့”

ဟွမ်ကျဲသည် ဤတွေ့ဆုံမှုအကြောင်းကို သူမသမီးထံမှ မကြားခဲ့ရတာကြောင့် ရှီလီကို စူးစိုက်ကြည့်လိုက်သည်။

176 03

လုအမျိုးသမီးများ၏ မျိုးဆက်သုံးဆက်လုံးအိမ်တွင် ရှိနေကြသည်။ လူကြီးသူမများက ခန်းဝင်ပစ္စည်းများအတွက် ပြင်ဆင်နေကာ လုလန်ရှန်ကတော့ သူမ၏အမေနှင့် အဘွားဆီကနေ ခန်းဝင်ပစ္စည်း ပြင်ဆင်ပုံအား လေ့လာလို့နေလေ၏။

ဟွမ်ကျဲက မဒမ်ကြီးလုကို အရင်နှုတ်ဆက်ပြီးမှ ပြင်ဆင်လာသော လက်ဆောင်ကို လုလန်ရှန်အား လက်ဖွဲ့လိုက်သည်။ “ဒါကသမီးအတွက် အန်တီ့ရဲ့ လက်ဖွဲ့ပစ္စည်း”

လုလန်ရှန်က သေတ္တာကို ဖွင့်ကြည့်လိုက်တော့ ကြည်လင်နေသည့် ခရမ်းရောင် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို မြင်တွေ့လိုက်ရ၏။ သူမ အလျင်အမြန်ဘဲ ကျေးဇူးတင်လိုက်ကာ“ကျေးဇူးတင်ပါတယ်၊ အန်တီ။ သမီး အရမ်းကြိုက်တယ်”

ဟွမ်ကျဲက ပြုံးလိုက်ရင်း “သမီးကြိုက်တယ်ဆိုအန်တီ ဝမ်းသာပါတယ်။ သမီး ကလေးဘဝ တုန်းကတည်းက အကောင်းကြိုက်တတ်တာကို အန်တီ မှတ်မ်ိတယ်။ တစ်ခါတုန်းက သမီးအန်တီရဲ့ ကျောက်စိမ်းလက်ကောက်အပေါ် မျက်စိကျဖူးတယ်လေ”

လုလန်ရှန်က ဆူပုပ်လိုက်ပြီး “သမီး မှတ်မိတာပေါ့။ ဒါပေမဲ့ သမီးရဲ့အန်တီက ကပ်စေးနည်းကြီး၊ သမီးကို မပေးဘူးရယ်”

လုယီယွဲ့က သူမကို အပြစ်တင်လာသည်။ “အဲ့လက်ကောက်က ငါ့ဟာငါနဲ့တောင် မလောက်တာ။ နင့်ကို ဘာလို့ပေးရမှာတုန်း။လူကြီးလူကောင်းတစ်ယောက်ဆိုရင် သူများတန်ဖိုးထားတဲ့အရာကို မတပ်မက်ရဘူးတဲ့။ ကျေးဇူးမသိတတ်တဲ့ ကလေးမ၊ ငါလေ နှစ်တွေတလျှောက်လုံး နင့်ကို လက်ဆောင်တွေတစ်ပုံကြီး ပေးခဲ့ပါတယ်တော်”

အတိတ်အကြောင်းပါလာတော့ ယခင်ချိန်တွေကို ပြန်ပြောင်းအောက်မေ့သွားကြကာ သူတို့ကြားတွင် သိမ်မွေ့သော လေထုတစ်ရပ်ဖြစ်တည်လာတော့၏။

ဟွမ်ကျဲက လုလန်ရှန်ကို ထပ်ခါတလဲလဲချီးကျူးနေချိန်မှာ လုအမျိုးသမီးနှစ်ဦးကရှီလီကို ပြန်လည်‌ချီးမွမ်းနေကြလျှက်။

အချင်းချင်း မြှောက်ပင့်ကြသည့် အခန်းကဏ္ဍပြီးဆုံးသွားတော့ ဟွမ်ကျဲက လုလန်ရှန် ၏လက်ထပ်ပွဲနှင့် သတို့သားလောင်း အကြောင်းကို ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။

“လန်ရှန်ရဲ့ သတို့သားလောင်းက ပေါ်မိသားစုက ဟုတ်တယ်မလား”

သူမသည် ကောလာဟလအချို့ကို ကြားခဲ့ဖူးသော်လည်း ယခုနောက်ပိုင်းတွင် ဟုန်ယန်နှင့်စုန့်ရင်းတို့၏ ကိစ္စများ၌သာ လုံးပန်းနေရတာကြောင့် နောက်ဆုံးပေါ် အတင်းအဖျင်းကို မသိလိုက်ချေ။

မကြာခင်ဖြစ်လာတော့မည့် အနှီသားမက် လောင်းအကြောင်းကို ပြောလာတော့ လုမိသားစုမှ လူကြီးများမှာ စကားပြောမရပ်ကြတော့ချေ။ “အဲ့လူငယ်လေးက အတော့်ကိုထူးချွန်တာ။ ရုပ်ရည်သန့်တယ်၊ လုပ်ရည်ကိုင်ရည်ရှိတယ်၊ အရည်အချင်းလည်း ရှိတယ်။ ကျွန်မတို့မှာက သမီးလေး လန်ရှန်တစ်ယောက်တည်းရှိတော့ သူမကို အရမ်းကြီး မရုန်းကန်နေစေချင်ဘူးလေ။ သူမနဲ့ သူမခင်ပွန်းတို့ သူတို့အလုပ်အကိုင်တွေထဲမှာ အချင်းချင်းဖေးမပါစေလို့ဘဲ မျှော်လင့်ရတာဘဲ”

ဟွမ်ကျဲလည်း သမီးတစ်ယောက်တည်းမွေးထားတာကြောင့် လုမိသားစုမှ လူကြီးများ၏ရှု‌ထောင့်ကို နားလည်ပေးနိုင်သည်။ “အဲ့ကောင်လေးက တော်တော့်ကို ထူးချွန်တာ။ ဒီလိုမိသားစုကြောင့် ဝန်ထုပ်ဝန်ပိုးထမ်းရမှာကတော့ နှမြောစရာဘဲ။ သူက ကျွန်မတို့လန်ရှန်အတွက် အတော်လေး သင့်လျော်တယ်။ သူနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေလည်းမကြားမိဘူး။ အဲဒါ အရမ်းကောင်းတယ်”

ဟွမ်ကျဲမှာ စကားပြောလေ အနှီသားမက်က လက်တွဲဖော်ကောင်းဟု ခံစားမိလာလေပင်။ သူမလည်း ရှီလီအတွက် ယခုလို သားမက်တစ်ယောက် ရှာနိုင်ပါစေလို့ ဆုတောင်းမိလုနီးပါး ဖြစ်သွားရသော်လည်း ရှီလီက အသက်ငယ်သေးကာ လက်တွဲဖော်တစ်ယောက်ရှာ၍ အိမ်ထောင်ပြုမည့် အကြောင်းတွေပြောရန် အရမ်းစောလွန်းနေသေးသည်။

အထူးသဖြင့် အနှီအရူးမလေးက ဤနေရာသို့လာရာလမ်းတွင် သူမ၏ စေ့စပ်ပွဲနှင့် လက်ထပ်ပွဲက အလှမ်းဝေးသေးတာကြောင့်လက်ဖွဲ့ငွေတွေကို မြန်မြန်ဖာဖေးရန်အတွက် ဟွမ်ကျဲအား နောက်ထပ်ကလေးယူရန် အကြံပေးခဲ့တာကို သတိရသွားချိန်မှာပင်။

ဤသို့တွေးမိတော့ ဟွမ်ကျဲလည်း ပထမဆုံးအခွင့်အရေး၌ သားမက်ကောင်းတစ်ယောက်ရှာဖို့ အတွေးကို လက်လွှတ်လိုက်တော့သည်။

လုလန်ရှန်က အလုပ်အကိုင်ကို အလေးပေးသော မိန်းကလေးတစ်ဦးပင်။ တက္ကသိုလ်ကနေ ဘွဲ့ယူပြီးနောက် တရုတ်ပြည်ပြန်ပြီး မိသားစုကုမ္ပဏီတွင် အလုပ်မလုပ်ခင်၌ ထင်ရှားကျော်ကြားသော နိုင်ငံခြား ကုမ္ပဏီတစ်ခုတွင်တစ်နှစ်ကြာ အလုပ်လုပ်ခဲ့သည်။

176 04

သူမက သူမ၏အလုပ်ထဲတွင် အတော်လေး အောင်မြင်နေကာ ရှီလီနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် အစ်မကြီးတစ်ယောက်၏ နေရာကိုသဘာဝကျကျဘဲ ယူလိုက်ပြီး ရှီလီ၏ကျောင်းသူဘဝကို ကြင်နာစွာ မေးမြန်းလိုက်တော့သည်။

သူမသည် ရှီလီကို ကျောင်းနှင့် ကျောင်းစာတွေနှင့် ပတ်သက်၍သာ မေးမြန်းလိုက်သော်လည်း ရှီလီကတော့ သူမကိုမေးမြန်းချင်သည့်မေးခွန်းအမြောက်အမြား ရှိနေလေပြီ။

အဓိကပြဿနာမှာ ဤအခိုက်အတန့်တွ င်လုမိသားစု ဗီလာထဲ၌ ရှီလီ၏ အတန်းဖော်တွေ မရှိနေတာကြောင့် သူမ၏ လက်ရှိတွင် ဘေးကျပ်နံကျပ်ဖြစ်နေပုံ သို့မဟုတ် သူမ၏အတွေးတွေကို ဘယ်သူမှ မကြားဖြစ်နေတာပင်။

အစောပိုင်းတုန်းက ဟွမ်ကျဲ ‌ပြောခဲ့သည့်“အဲ့ကောင်လေးက ပေါ်မိသားစုကလား” ဟူသော စကားသည် ယခင်ဘဝတုန်းကအဓိကအချက်များကို ရှီလီအား ပြန်လည်အမှတ်ရသွားစေတော့သည်။

တကယ်တော့ လုလန်ရှန်၏ သတို့သားလောင်းပေါ်ယိရန်တွင် အသုံးမကျသော လူဖျင်းလူညံ့အဖေတစ်ယောက် ရှိလေသည်။ ပေါ်ယိရန်၏အဘိုး ဆုံးပါးသွားတော့ သူ့အဖေက ကုမ္ပဏီကို လွှဲပြောင်းယူခဲ့၏။ နှစ်နှစ်အတောအတွင်းမှာဘဲ သူသည် ဒါဇင်ကျော်သောအမှားကြီးများနှင့် အသေးအမွှား အမှားအယွင်း များစွာကို ပြုလုပ်ခဲ့ကာ ကုမ္ပဏီကို ချွတ်ခြုံချ၍ ဒေါဝါလီခံသွားစေလုနီးပါး ဖြစ်စေခဲ့သည်။

ပေါ်ယိရန် ကုမ္ပဏီထဲ ဝင်ရောက်ပြီးနောက်ဒီရေကိုလှန်ပစ်နိုင်ခဲ့ကာ ကုမ္ပဏီအား ဒေဝါလီခံရတော့မည့် အဖြစ်ကနေ ကယ်ဆယ်နိုင်ခဲ့တာပင်။ သို့သော် ပျက်စီးနေသော နောက်ဆက်တွဲများကြောင့် ကုမ္ပဏီသည် ဆက်လက်လည်ပတ်နိုင်ရန် ငွေကြေးများစွာ လိုအပ်နေသေးသည်။

ပြီးနောက် ပေါ်ယိရန်က လုလန်ရှန်နှင့် ဘလိုင်းဒိတ် လုပ်ခဲ့သည်။ လက်ထပ်ပွဲကိုရှေ့ဆက်သည်နှင့် လုမိသားစုက ပေါ်မိသားစု၏ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံ၍ အကူအညီအချို့ကို ထောက်ပံ့ပေးသွားမှာဖြစ်သည်။ အပြန်အလှန်အနေဖြင့် ပေါ်မိသားစုက အနာဂါတ် ပူးပေါင်းမှုများတွင် လိုက်လျောမှုအချို့ကို ပြုလုပ်ပေးရမှာပင်။ ဤသည်ကို စာချုပ်ထဲ၌ ထည့်သွင်းရေးသားထားပြီးသားဖြစ်၏။

၎င်းမှာ နှစ်ဖက်မိသားစု အကျိုးစီးပွားအတွက်စီစဉ်ထားသော လက်ထပ်ပွဲဖြစ်သော်လည်း မျက်စိကောင်းသည့် ဘယ်သူမဆို လုမိသားစုက တုတ်‌ချောင်း၏ တိုသောအပိုင်းကိုပဲရလိုက်တယ်ဆိုတာကို မြင်နိုင်သည်။

ဒါပေါ့၊ စီးပွားရေးကိစ္စတွေက ပမွှားသာဖြစ်ပြီး ဘယ်သူက အကျိုးမြတ်တယ်၊ ဘယ်သူကအကျိုးယုတ်တယ်လို့ ပြောဖို့ရာ ခက်ခဲသည်။

သို့သော် ပေါ်ယိရန်က ကျေးဇူးကန်းသောလူယုတ်မာပင်။ လုလန်ရှန်ကို လက်ထပ်ပြီးသူမ မိသားစု၏ အရင်းအမြစ်များကို ပျော်ပျော်ကြီး ဇိမ်ခံနေချိန်မှာ တစ်ဖက်တွင်လည်း အတွင်းရေးမှူးမလေးနှင့် ဖောက်ပြန်နေကာ ထောင်ချီသော ဖြစ်နိုင်ခြေများထဲမှ ဤအချစ်ကို ရွေးချယ်နေလေတော့သည်။

[အားးးး!]

[ပေါ်ယိရန်ဆိုတာ ကျေးဇူးမသိတတ်တဲ့မိမစစ်ဖမစစ် အမှိုက်ကောင်ဘဲ]

[ဘယ်အောင်သွယ်ကများ အစ်မလန်ရှန်နဲ့ဒီလိုအမှိုက်ကောင်ကို မိတ်ဆက်ပေးခဲ့တာလဲ။]

All Chapters