← Chapters

အခန်း (၁၈၁-၁၈၄)

Vol. 10 Ch. 181-184

အခန်း (၁၈၁-၁၈၄)

Vol. 10 Ch. 181-184

181 01

အခန်း ၁၈၁: တိုက်ဆိုင်လိုက်တာ

လူတိုင်းကို ကြည့်ရသည်မှာ ကြောင်အမ်းသွားကြသည့်ပုံပင်။

စိတ်ရောဂါ…

ပြီးတော့ တစ်စုံတစ်ယောက်က လူတွေကို စိတ်ကျန်းမာရေးဆေးရုံတွေဆီ ပို့ရတာ ကြိုက်တယ်။

ဒီနှစ်‌ယောက်က လုံးဝကိုကွဲပြားနေပေမဲ့ သူတို့က ဘယ်‌သူတွေတုန်း။

လူတိုင်းမှာ အဓိကကျသည့် အတင်းအဖျင်းတစ်ခုအား လွဲချော်လိုက်ရသလို ခံစားမိသွားကြသည်။

အပူတပြင်း သိချင်နေကြသော အတန်းဖော်များမှာ ခေါင်းကုတ်ရင်း ဘာတွေ ဖြစ်ပျက်ခဲ့တာလဲနှင့် ဘယ်လိုအရည်ရွှမ်းတဲ့ အတင်းအဖျင်းတွေကို သူတို့တွေ အတွင်းကျကျ မသိလိုက်လဲဆိုတာကို သိချင်နေတော့၏။

သို့သော် သူတို့တွင် စုံထောက်စွမ်းရည်အချို့ ရှိစမြဲသာ။ ရှီလီ ပြောလိုက်တဲ့ နှစ်ယောက်က ဒီနေ့ဖြစ်ရပ်မှာ တက်ရောက်လာတာပဲ ဖြစ်ရမယ်။

ပြီးတော့ ဒီနှစ်ယောက်က သေချာပေါက် လူကောင်းတွေမဟုတ်လို့ ရှီလီက သူတို့ကို ချိတ်ပေးချင်နေတာပဲ။

အဝတ်လဲခန်းရှိရာသို့ အသံလာရာအတိုင်း ရောက်လာခဲ့ကြသော ကျောင်းသားအချို့မှာ အပြင်ဘက်တွင် နားစွင့်ခဲ့ကြပြီး ပေါ်ယိရန်က သူ့အတွင်းရေးမှူးနှင့် ဖောက်ပြန်နေတယ်လို့ ခန့်မှန်းနေကြသည်။

ရှီလီက ပေါ်ယိရန်ကို အမှိုက်ကောင်လို့ ခေါ်ခဲ့တာကြောင့် သူမ ဖော်ပြခဲ့သော လူယုတ်မာနှစ်ယောက်ထဲက တစ်ဦးမှာ ပေါ်ယိရန်ဖြစ်ရန် အလားအလာရှိသည်။

လူတိုင်းက ပေါ်ယိရန် အကြောင်းကို အနည်းအကျဉ်းသာ သိထားကြ၏။ သူသည် ကလေးဘဝတုန်းက စာတော်ကာ သိတတ်နားလည်ပြီး အရွယ်ရောက်လာတော့ ကုမ္ပဏီသို့ ဝင်ပြီးပြီးချင်းမှာတင် စီးပွားရေးအမြင်ရှိခြင်းကို သက်သေပြခဲ့သဖြင့် ပြီးပြည့်စုံသော ကလေးတစ်ယောက်ဟု သတ်မှတ်၍ရသည်။

သူ့မိသားစုက ပေါ်ယိရန် အကြောင်းပြောတိုင်း“သူ့မှာ အားကိုးလို့မရတဲ့ မိဘတွေရှိနေတာ သနားစရာပဲ။ အဲလိုကလေးအတွက် ရှက်ဖို့ကောင်းတယ်” ဟု အမြဲတမ်း ထည့်ပြောလေ့ရှိသည်။

သူ့ကို ကြည့်ရသည်မှာ စိတ်အခြေအနေကောင်းသည့်ပုံ ပေါ်သဖြင့် စိတ်ရောဂါ ရှိနေတယ်ဆိုတာ မဖြစ်နိုင်သော်လည်း သူ့တွင် စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ ရှိနေလားဆိုတာကိုတော့ ဘယ်တော့မှ မသိနိုင်ပေ။

လူတွေကို စိတ်ကျန်းမာရေးဆေးရုံဆီ ပို့ရတာ ကြိုက်တာကျတော့ ဘယ်လိုပြဿနာမျိုးလဲ။

တစ်ဝက်တစ်ပျက် အတင်းအဖျင်းများကို သိထားရတာက ဘာမှမသိတာထက်ပင် ဆိုးရွားပေသည်။ ၎င်းက သည်းခံလို့ကို မရပေ။

အချင်းချင်း တီးတိုးပြောနေကြသော စုန့်ရင်းနှင့် ဝေယီချင်းတို့မှာ ရှီလီ၏ စိတ်ထဲကအသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် အချင်းချင်း တအံ့တဩ ကြည့်လိုက်မိကြသည်။

တကယ်လို့ သူတို့ထင်တာသာ မမှားရင် စိတ်ရောဂါသည်က သူမရဲ့ ခဲအိုပဲ။

လီယွီချင်းသည် မျက်တောင်ခတ်လိုက်ပြီး ရှီလီတွင် သူမခဲအိုအတွက် နေရာတစ်ခု စီစဉ်ထားပြီးပြီဟု ခံစားမိလိုက်၏။ ဘယ်လောက် ကောင်းလိုက်လဲ။

မိန်းကလေးနှစ်ဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် အကြံတူရှိနေသည်။ ငါတို့တွေ အခက်အခဲအားလုံးကို ဖြတ်ကျော်ပြီးတော့ ရဲဘော်ရှီလီ အောင်ပန်းဆွတ်နိုင်အောင်လို့ အခွင့်အရေးကောင်းတွေကို ဖန်တီးပေးကြမယ်။

စုန့်ရင်းက ရှီလီ၏လက်ကိုဆွဲ၍ လီယွီဝေကိုစိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။ “အစ်မ၊ အစ်မနဲ့ ထပ်တွေ့ရတာ တိုက်ဆိုင်လိုက်တာ။ ဒါ အစ်မရဲ့ ကောင်လေးလား”

181 02

ရှီလီမှာ အလွန်စိတ်အားထက်သန်နေသည့် စုန့်ရင်းကို တစ်ခါမှ မဖြစ်တွေ့ဖူးခဲ့တာကြောင့် တစ်ခုခုတော့ မဟုတ်ဘူးဟု ခံစားလိုက်မိ၏။

အရင်ရက်ပိုင်းတုန်းက မိန်းကလေးနှစ်ဦးကို လီယွီဝေ မှတ်မိပေသည်။

သူမ ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ဟယ်လို၊ထပ်တွေ့ရတာ ဝမ်းသာလိုက်တာ။ တိုက်ဆိုင်လိုက်တာနော်။ ဟုတ်တယ်၊ ဒါက အစ်မရဲ့ကောင်လေး။ အစ်မတို့က မကြာခင် လက်ထပ်ကြတော့မှာ”

စုန့်ရင်းတွင် ရုတ်တရက် နားလည်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာတော့၏။

သို့သော် လီယွီချင်းက ပြောလာသည်။ “လက်ထပ်ရင် လုပ်ထုံးလုပ်နည်းတွေ အများကြီးနဲ့ တော်တော့်ကို ဒုက္ခများတာ။ အစ်မနဲ့ခဲအိုက လက်ထပ်ပွဲကျင်းပရမှာကို အလျင်မလိုကြပါနဲ့။ အိမ်ပြန်ပြီး အမေတို့ အဖေတို့နဲ့ အရင်ဆွေးနွေးကြဦးမှပေါ့။ သေချာပေါက်သူတို့တွေ သဘောတူလိမ့်မယ်။ တစ်နေ့ကတုန်းက ခဲအိုကို အိမ်ခေါ်လာတော့၊ အဖေက ခဲအိုရှိနေရင်သာ သိပ်ပြီးဘာမှမပြောပေမဲ့၊ အမေနဲ့ ညီမတို့ရှေ့ကျရင် ခဲအိုကို ခဏခဏ ချီးကျူးနေတာ”

“လက်ထပ်ပွဲကျင်းပရင် ပိုက်ဆံအကုန်အကျ အရမ်းများမှာလေ။ အလောမကြီးပါနဲ့ဦး။ ဒီအတွက် ပိုက်ဆံပေးလာအောင် အမေနဲ့ အဖေ့ကိုသာ အရင်ဖျောင်းဖျကြ။ မင်္ဂလာပွဲကို ပိုပြီးတခမ်းတနား မဆောင်ချင်ဘူးလား”

လီယွီချင်း၏ စကားလုံးတွေက သူ့အစ်မ၏ပျော့ကွက်ကို ထိမှန်သွားသည်။ သာမန်လူတစ်ယောက်အနေနှင့် သူမလည်း အသက်ဝင်ပြီး ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကို ကျင်းပချင်သည်မှာ အမှန်ပင်။

သူမ တုံ့ဆိုင်းသွားပြီး ဗိုက်ပေါ်လက်တင်၍နူးညံ့စွာ ပြောလိုက်၏။ “ဒါပေမဲ့ နင် သိပါ တယ်၊ ငါ… အကြာကြီး မစောင့်နိုင်ဘူး။ အဲအခါကျ လူတွေ သတိထားမိကုန်လိမ့်မယ်”

တကယ်တော့ လီယွီဝေက ကြွားပြောနေတာ မဟုတ်သော်လည်း ချောင်ချိသော အဝတ်တွေကို စတင်ဝတ်နေရလေပြီ။

လီယွီချင်းက ပြုံးကာပြောလိုက်၏။ “အဲဒါက အရေးမကြီးပါဘူး။ ဆန္ဒရှိသရွေ့၊ နည်းလမ်းဆိုတာ ရှိပြီးသားပါ။ အစ်မနဲ့ ခဲအိုကသာ အမေနဲ့ အဖေကို ဘယ်လိုဖျောင်းဖျမလဲဆိုတာ အရင်စဉ်းစားထားကြ။ ဒီအသေးစိတ်တွေကို နောက်မှ စဉ်းစားလို့ရတယ်၊ အလောတကြီးဖြစ်စရာ မလိုဘူး”

ပြီးနောက် သူမက ကျိုးထျန်းဟောက် ဘက်သို့လှည့်ကာ “စိတ်မပူနဲ့၊ ခဲအို။ ညီမ အမေနဲ့ အဖေရှေ့မှာ ခဲအိုကောင်းကြောင်းတွေ ကျိန်းသေပြောပေးမယ်။ စာအိတ်နီ ကိစ္စသာ…”

ကျိုးထျန်းဟောက်က အသာပြုံးကာ “စိတ်မပူနဲ့၊ မင်းအတွက် အကျိုးမယုတ်စေရ ဘူး”

[မဖြစ်သေးပါဘူး၊ လီယွီချင်းရဲ့ခဲအိုကို ငါ မြင်လိုက်တိုင်း လူသတ်တဲ့မြင်ကွင်းပဲ မြင်နေမိတယ်]

[ငါ အရင်ဆုံး စိတ်ကိုပြင်ဆင်ထားဖို့လိုတယ်]

အခြားသူများ တွေးလိုက်ကြ၏: ကြည့်ရတာတော့ စိတ်ရောဂါသည်က ဘယ်သူဆိုတာကို ငါတို့တွေ ရုတ်တရက်ကြီး ခန့်မှန်းနိုင်လိုက်ပြီထင်တယ်!

ကြင်စဦးတွေ ဖြစ်လာကြတော့မည့် ပေါ်ယိရန်နှင့်လုလန်ရှန်တို့၏ စေ့စပ်အခမ်းအနားမှာ ပြီးဆုံးသွားပြီဖြစ်၍ ဧည့်သည်အဝင်အထွက်များနှင့် စကားစမြည် ပြောနေခိုက်မှာ ရှီလီက လှမ်းခေါ်လာ၏။ “အစ်မ”

အမျိုးသားဖြစ်သူနှင့် လက်ချင်းချိတ်ထားသော လူလန်ရှန်က သူတို့အုပ်စုဆီ ရောက်လာသည်။

“ဘာလို့ ဒီရောက်နေတာလဲ”

“ကျွန်မ အတန်းဖော်တချို့နဲ့ ဆုံလို့”

ရှီလီက လူတိုင်းနှင့် မိတ်ဆက်ပေးခါနီးမှာပင် လီယွီဝေက အရင်ပြောလာ၏။ “ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ မစ္စတာပေါ်နဲ့အ‌စ်မနဲ့က အတန်းဖော်ဟောင်းတွေလေ”

[အင်း၊ ဒါ တော်တော်လေး ကံကောင်းတာဘဲ။ ရှင်တို့နှစ်ယောက်မှာ ဒီလိုအဆက်အသွယ် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ]

181 03

လီယွီဝေနှင့်ပေါ်ယိရန်တို့သည် လွန်ခဲ့သောဆယ်နှစ်ခန့်က ချန်ဖူကျောင်းတွင် အတူတူပညာသင်ယူခဲ့ကြတာပင်။ သူတို့သည် အခန်းမတူသော်ငြား အတန်းတူကာ တစ်ဦးနှင့် တစ်ဦးအပေါ် အမြင်အချို့ ရှိခဲ့ဖူးသည်။

ရှီလီက နောက်လိုက်၏။ “မစ္စတာပေါ်က အရမ်းခန့်တာ၊ အထက်တန်းကျောင်းတုန်းက မိန်းကလေး အတန်းဖော်တွေရဲ့ စိတ်ကူးထဲကကောင်လေး ဖြစ်နေမလားဘဲ”

ပေါ်ယိရန်သည် ရှီလီဆီကနေ ဝမ်ရှစ်သန်း လိမ်လည်ခံထားရသဖြင့် သူမ ပါးစပ်ကို ဖွင့်ပြီဆိုတာနှင့် သူ့ဆီက ငွေထပ်ညှစ်ဦးမလားဆိုပြီး တွေးနေမိသည်။

သူ့ကို ချီးကျူးလာလိမ့်မယ်လို့ မထင်ထားခဲ့တာပင်။

လီယွီဝေက တုံ့ဆိုင်းခြင်းမရှိ ချီးကျူးလာသည်။ “ဒါပေါ့! ညီမလေး မသိလို့၊ မစ္စပေါ်က အခုထက်စာရင် အထက်တန်းကျောင်းက ပိုတောင်ချောသေးတာ။ သူက အဆင့်တွေလည်း ကောင်းတယ်၊ ဘတ်စကတ်ဘောလည်း ကစားသေးတာ။ ဒီတော့ မိန်းကလေးတွေ အများကြီးသူ့ကို ကြိုက်ပြီပေါ့”

ပေါ်ယိရန်က ရှက်ရွံ့စွာ ပြုံးလိုက်၏။ “ဒီလိုပါပဲ”

လီယွီဝေက လုလန်ရှန်ကို စနောက်လိုက်သည်။ “ရှင် သူ့ကို မျက်စိဒေါက်ထောက် ကြည့်ထားရင် ကောင်းမယ်နော်။ အပြင်ဘက်မှ ဖျားယောင်းချင်တဲ့သူတွေမှ အများကြီး”

ရှီလီက ကြားဖြတ်ပြောလိုက်၏။ “ယင်ကောင်တွေက အက်ကွဲကြောင်းမရှိတဲ့ ဥတွေအပေါ် မနားဘူး။ တကယ်လို့ ဥတစ်ဥကသာ ယင်ကောင်တွေကို ဆွဲဆောင်နိုင်သွားရင် အဲဒီဥကိုယ်၌က ပုပ်နေလို့ပေါ့”

ရှီလီက သူမကို အကြံပေးနေတယ်လို့ လုလန်ရှန် တွေးလိုက်သည်။ သူမက ရှီလီ၏ပခုံးပေါ်ပုတ်၍ “စိတ်မပူနဲ့၊ ညီမလေး။ နင့်ရဲ့အစ်မကြီးက ပုပ်သိုးနေတဲ့ ဥတွေဆို ဘယ်တော့မှ သည်းမခံနိုင်ဘူး။ ပုပ်သိုးနေတဲ့ဥက ဘယ်လောက်ဘဲ ကြည့်ကောင်းနေပါစေ၊အစ်မကတော့ ချက်ချင်းလွှင့်ပစ်လိုက်မှာ”

ပေါ်ယိရန်သည် မျက်ခုံးလှုပ်လှုပ်နှင့် နားထောင်လိုက်ရ၏။ သူ့ကို စောင်းပြောနေတယ်လို့ ခံစားမိသော်လည်း သက်သေပြစရာ မရှိချေ။

ပေါ်ယိရန်နှင့် လီယွီဝေတို့မှာ အတန်းဖော်တွေ ဖြစ်ခဲ့ကြတာကြောင့် အတိတ်တုန်းက ကျောင်းတွင်းဖြစ်ရပ်များနှင့် ယခုချိန်တွင် သူတို့၏အတန်းဖော်တွေ ဘာများလုပ်နေကြသလဲဟူသော အကြောင်းအရာများစွာကို ပြောစရာများရှိနေပြီး စကားဝိုင်းထဲတွင် အခြားသူတွေ ပါဝင်နိုင်ရန် နေရာမရှိပေ။

စိတ်တိုနေသော ကျိုးထျန်းဟောက်မှာ လေကောင်းလေသန့်ရှူရင်း စဉ်းစားရန်အတွက် ဗီလာအပြင်ဘက်က ဧည့်ခန်းငယ်ဘက်သို့ ထွက်လာခဲ့သည်။

သူက လီယွီဝေနှင့် အတူနေတာ‌ဖြစ်ပြီး သူ့ကောင်မလေးက ကိုယ်ဝန်ရှိနေတာကို သိသွားချိန်မှစလို့၊ ကလေးအတွက် မကောင်းဘူးဟုပြော၍ သူ့ကို ဆေးလိပ်သောက်ခွင့် မပေးတော့ချေ။

တက္ကသိုလ်ကထိကတစ်ယောက်အနေနှင့် သူ့တွင် အသိဉာဏ်ဗဟုသုတ ပေါကြွယ်ဝကာ ဆေးလိပ်သောက်ခြင်းက သန္ဓေလောင်းအ တွက် မကောင်းဘူးဆိုတာကို သူသိပေသည်။

တင်းတင်းကြပ်ကြပ် ပြောရမည်ဆိုပါက သန္ဓေသားလောင်းကို လွယ်ထားရသည့်အခါ လူတစ်ယောက်က ဆေးလိပ်ရော၊ အရက်ကိုပါဖြတ်သင့်သည်။

သို့သော် သီအိုရီနှင့် အလေ့အကျင့်ဆိုတာမကြာခဏ ကွဲပြားပေသည်။ ဆေးလိပ်သောက်ခြင်းက သန္ဓေသားလောင်းအတွက် မကောင်းဘူးဆိုတာကို သိထားတာက တစ်ခုဆိုသော်လည်း အမှန်စင်စစ်တွင် ဆေးလိပ်ဖြတ်ရတာကလည်း အခြားတစ်ခုပင်။

ကျိုးထျန်းဟောက် အကြိုးစားနိုင်ဆုံး အရာကတော့ လီယွီဝေ၏ အရှေ့တွင် ဆေးလိပ်မသောက်ခြင်း ဖြစ်သည်။

သူသည် မီးခြစ်ကိုထုတ်ယူ၍ စီးကရက်ကိုကျွမ်းကျင်စွာ မီးညှိလိုက်၏။ အဖြူရောင် မီးခိုးငွေ့များ မြင့်တက်လာတာနှင့် သူ့ကို ကြည့်ရသည်မှာ အသက်ဝင်လာသလိုပင်။

အနောက်ဘက်က ခြေသံတွေ ထွက်ပေါ်လာတာကို ကြားလိုက်ရသဖြင့် ကျိုးထျန်းဟောက် နောက်လှည့်ကြည့်လိုက်၏။ ၎င်းမှာ သူမသိသည့် လူတွေဖြစ်တာကြောင့် ထောင့်နားကပ်လိုက်သည်။

181 04

ဧည့်ခန်းထဲသို့ ပေါ့ပေါ့ပါးပါး စကားပြောရင်း ဝင်လာသော လူငယ်နှစ်ယောက်၏အသံကိုသူ ကြားလိုက်သည်။ ကျိုးထျန်းဟောက်သည် ဖုန်းကိုထုတ်၍ ကြည့်နေဟန် ဆောင်လိုက်သော်လည်း ရင်းနှီးနေသော နာမည်များကို ကြားလိုက်ရသဖြင့် နားစွင့်ထားလိုက်သည်။

"ပေါ်ယိရန်က ကြည့်တော့တာ အရမ်းစည်း စနစ်ကျတဲ့ပုံ ပေါ်ပေမဲ့ တကယ့်တကယ်ကျ ကွယ်ရာမှာ အတော့်ကို ပွေရှုပ်တာ၊ မစ္စလုရဲ့နောက်ကွယ်မှာ မိန်းမတွေနဲ့ ပွေလီနေတာလေ”

“ပြီးတော့လည်း ပေါ်ယိရန်ရဲ့အဖေက သူရှင်းဖို့ အရှုပ်ထုပ်ကြီး ချန်ထားခဲ့တာ။ ဟာပေါက်တွေ‌ဖြည့်ဖို့ သူ့အနေနဲ့ ချမ်းသာတဲ့ ယောက္ခမတစ်ယောက်ကိုရှာဖို့ လိုအပ်နေတာလေ။ မေးခွန်းက မစ္စတာလုက သားမက်လောင်းအတွက် အဲဒီဟာပေါက်တွေကို ဖြည့်ပေးချင်စိတ် ရှိသလား ဆိုတာပဲ”

“မစ္စတာလုက အရမ် ပါးနပ်တာနော်။ အဲဒီဟာပေါက်တွေကိုဖြည့်ဖို့ သူ့ရဲ့ ရွှေအစစ်၊ငွေအစစ်တွေကို သုံးချင်မှာမဟုတ်ဘူး”

“အဲဒါလည်း နားလည်ပေးလို့ ရပါတယ်ကွာ”

“မစ္စတာလုသာ ဆန္ဒမရှိရင် ပေါ်ယိရန်နဲ့ မစ္စလုကြားက အပေးအယူဆန်တဲ့ လက်ထပ်ပွဲဆိုတာ ရှိလာမှာ မဟုတ်ဘူး”

“ဒါပေါ့ကွ။ ပေါ်ယိရန်ရဲ့ လုမိသားကို လက်ထပ်ချင်တဲ့ ရည်ရွယ်ချက်က ရှင်းနေတာကို။ မိသားစုတွေဖြစ်လာရင် မစ္စတာလုက သူ့ကို‌ ကူညီပေးလာမယ်လို့ မျှော်လင့်နေတာလေ။ တကယ်လို့ မစ္စလုက ကူညီပေးချင်စိတ် မရှိရင် လက်ထပ်ပွဲကို သေချာပေါက် ဖျက်သိမ်းပြီး နောက်မိသားစုတစ်စုကို အမြန်ရှာလိမ့်မယ်”

“ခေတ်သစ် သားမက်တွေများ အထင်ကြီးစရာကောင်းလိုက်တာကွာ။ ဘယ်မိသားစုထဲက သမီးများ နောက်ထပ် ရွေးချယ်ခံရမလဲမသိဘူး။ ”

“မိန်းကလေးတွေအားလုံးက ရုပ်ချောတဲ့ကောင်တွေကိုဘဲ ကြိုက်ကြတာ။ ပေါ်ယိရန်က မိန်းကလေးတွေကို ဆွဲဆောင်နိုင်တယ်လေ။ သူသာ ဆန္ဒရှိလို့ကတော့ သူ့အနေနဲ့ နောက်တစ်ယောက် ရှာဖို့ဆိုတာ အလွယ်လေး”

လူငယ်နှစ်ယောက်က ညစ်ညမ်းစွာ ရယ်လိုက်သော်လည်း ကျိုးထျန်းဟောက်၏ မျက်နှာ ထားကတော့ မည်းမှောင်လာခဲ့သည်။

******

182 01

အခန်း ၁၈၂: “ကံဆိုးခြင်းမှ” “ရှင်နဲ့တန်တယ်”သို့

“ငကြောင်” နှစ်ယောက်က လေကောင်းလေ သန့်ရှူရင်း အတင်းအဖျင်း နည်းနည်းပါးပါးပြောရန်အတွက် ဧည့်ခန်းငယ်ထဲသို့ ရောက်လာခဲ့ကြသည့်ပုံပင်။ စကားပြောပြီးသည့်နောက် သူတို့တွေ အတူတူ ထွက်ခွာသွားကြ၏။

ဧည့်ခန်းငယ်လေးထဲ၌ ကျိုးထျန်းဟောက် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ သူနောက်ပြန် လှည့်လာတော့ ပေါ်ယိရန်နှင့် ပျော်ပျော်ကြီး စကားကောင်းနေသည့် လီယွီဝေကို မြင်လိုက်ရ သဖြင့် သူ့မျက်နှာထားမှာ ပိုလို့တောင် သုန်မှုန်လာတော့သည်။

အတန်းခေါင်းဆောင်က ကျိုးထျန်းဟောက်ကိုကြည့်‌နေလို့ရသည့် ဗီလာ၏ ပြတင်းပေါက်၌မှီနေသည်။ သူ့တွင် ဖူဟွေ့ရှင်း ပေးထားသောတယ်လီစကုပ် အသေးစားလေးတစ်ခုရှိ၏။ ကျိုးထျန်းဟောက်၏ ကြောက်စရာကောင်းလှအောင် သုန်မှုန်နေသော အမူအရာကို မြင်တွေ့လိုက်ရတော့ ဖူဟွေ့ရှင်း၏ လက်မောင်းကို မချိတ်ဘဲ မနေနိုင်တော့ချေ။

“ဒီလူ့မှာ တကယ်ကြီး စိတ်ရောဂါရှိနေတာလား။ သူ့ကို ကြည့်ရတာ ကြောက်စရာကြီး”

ကျိုးထျန်းဟောက်တွင် စိတ်ရောဂါရှိနေတယ်ဆိုတာကို ရှီလီက ပြောဖူးခဲ့ပြီး လူတိုင်းက ရှီလီပြောခဲ့တာကို မေးခွန်းမထုတ်ဘဲ အမြဲယုံကြည်လေသည်။ အနှီထိတ်လန့်စရာကောင်းသည့် အမူအရာကို မြင်လိုက်ရသဖြင့် အတန်းခေါင်းဆောင်မှာ မှတ်ချက်မပေးမိဘဲ မနေနိုင်တော့ပေ။

ဖူဟွေ့ရှင်းက နံရံကိုမှီထားပြီး သူ့အကြည့်က ပေါ်ယိရန် ရှိနေသည့်ဘက်သို့ ရောက်နေသည်။

သူ တည်ငြိမ်စွာ ပြောလိုက်၏။ “အဲဒါ ပုံမှန်ဘဲ။ တိရစ္ဆာန်တွေကို မကြာမကြာ ညှင်းပန်းနှိပ်စက်တဲ့လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်။ တိရစ္ဆာန်တွေကို ညှင်းဆဲရတာကသူတို့ကို စိတ်တိုင်းမကျစေတော့ရင် လူတွေကို ပြောင်းသတ်ကြတယ်”

ဖူဟွေ့ရှင်းက “လူတွေကို သတ်တယ်” ဟူသောနောက်ဆုံးစကားနှစ်ခွန်းကို ပြောလိုက်ချိန်မှာ အလွန်ညင်သာနေသော်လည်း ၎င်းမှာ အတန်းခေါင်းဆောင်ကို တစ်ကိုယ်လုံး ကြက်သီးထသွားစေရန် လုံလောက်သည်။ “ဒါပေမဲ့ သူ တိရစ္ဆာန်တွေကို ညှင်းဆဲတယ်ဆိုတာ မင်း ဘယ်လိုလုပ်သိလဲ” ဖူဟွေ့ရှင်း၏အကြည့်လားရာအတိုင်း အတန်းခေါင်းဆောင် လိုက်ကြည့်လိုက်၏။ သူ ရေရွတ်လိုက်ကာ“မင်းကို ရှီလီ ပြောခဲ့တာလား။ အဲ့အကြောင်းကို ငါ ဘယ်လိုလုပ် မကြားမိရတာလဲ”

ပြီးနောက် အတန်းခေါင်းဆောင်မှာ စိုးရိမ်လာပြီး “သူ့ကို လူသတ်လာနိုင်တယ်လို့ မင်းပြောလိုက်တယ်နော်။ အဲ့လိုဆို သူ့ဘေးနားကလူတွေမှာ အန္တရာယ်မရှိဘူးလား။ အစ်မယွီဝေက သူ့ကောင်မလေးဆိုတော့၊သူမမှာ အန္တရာယ်ပိုများတာပေါ့၊ ဟုတ်တယ်မလား။ ပြီးတော့ သူ့အကြောင်းတွေကို ငါတို့အခုလေးတင်ပဲ ပြောနေကြတာလေ”

သေချာသည်မှာ အစောပိုင်းတုန်းက အနှီ“ငကြောင်” နှစ်ယောက်မှာ အတန်းခေါင်းဆောင်နှင့် ဖူဟွေ့ရှင်းပင်။ သူတို့က ပေါ်ယိရန်အကြောင်းကို အတင်းတုပ်ပြီးနောက် ဧည့်ခန်းငယ်ထဲမှထွက်ကာ ကျိုးထျန်းဟောက်၏ အမူအရာကို လေ့လာနေကြတာပင်။

အတန်းခေါင်းဆောင်က သူ့ပါးစပ်သူ ခပ်ဖွဖွနှစ်ကြိမ်ရိုက်လိုက်ပြီး “ငါတို့တွေ အခုတော့ ဘာလုပ်ကြမလဲ။ အားလုံးက ငါ့အမှားတွေပါ။ ငါ့မှာတော့ အဲ့ဘိုးဘေးလေးရဲ့ တာဝန်ကို ပြီးမြောက်သွားအောင်လို့ ကြိုးစားခဲ့ပေမဲ့ ကိစ္စတွေကို ပိုဆိုးအောင် လုပ်ခဲ့မိပြီ”

“သူ့ရဲ့ အမုန်းတရားတွေအားလုံးကို နောက်မီး လင်းတဲ့သူအပေါ်ဘဲ ဦးတည်ပေးလိုက်။ ဒီလိုဆို တာဝန်လည်း ပြီးနိုင်သေးတယ်” ဖူဟွေ့ရှင်းသည် အတန်းခေါင်းဆောင်ထံမှ တယ်လီစကုပ် အသေးစားကို ပြန်ယူလိုက်ကာ အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်လိုက်ရင်း ပြောလိုက်၏။ “ဒါကို လမ်းကြောင်းပေးဖို့ လိုသေးတယ်”

အတန်းခေါင်းဆောင်က ယခုထိ ငြိမ်မကျသွားသေးသော ကြက်သီးမွေးညင်းများကို ပွတ်သပ်လိုက်ပြီး သူ၏ မိခင်စိတ်က ဝင်ရောက်လာကာ“ငါတို့က တရားဥပဒေစိုးမိုးတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေနေကြတာ။ တရားမဝင်တာ တွေ မလုပ်နဲ့နော်၊ ဟုတ်ပြီလား”

ချမ်းသာသော ဒုတိယမျိုးဆက် ကလေးအားလုံးမှာ သူတို့ လုပ်နိုင်တာ၊ မလုပ်နိုင်တာကို သိကြသည်။ ဥပဒေကို ချိူးဖောက်သည့် မည်သည့်ကိစ္စကိုမှ သူတို့တွေ မပြုလုပ်နိုင်။

ဖူဟွေ့ရှင်းက ခေါင်းညိတ်၍ “ငါ သိပါတယ်”တိရစ္ဆာန်များကို ညှင်းပန်းနှိပ်စက်သူများမှာ တရားဥပဒေကို မချိုးဖောက်ဘဲ တရားဥပဒေစိုးမိုးသည့် အသိုင်းအဝိုင်းထဲတွင် နေထိုင်နေကြတာကြောင့် တရားဝင်စနစ်က ကြားဝင်စွက်ဖက်ခြင်း မလုပ်နိုင်ပေ။

လီယွီဝေက မပြန်ခင်မှာ ပေါ်ယိရန်နဲ့ ခဏကြာစကားပြောနေခဲ့ပြီး ဖုန်းနံပါတ်ချင်း ယဉ်ကျေးစွာဖလှယ်၍ အဆင်အသွယ်မပြတ် ရှိနေမည့်အကြောင်း ပြောခဲ့ကြသည်။ ကျိုးထျန်းဟောက်က လီယွီဝေ၏ လှုပ်ရှားမှု တိုင်းကို စောင့်ကြည့်နေတာဖြစ်ပြီး တစ်ချက် လေးတောင် မလွဲသွားပေ။ အထူးသဖြင့် သူတို့တွေ ဖုန်းနံပါတ်ချင်း လဲလိုက်ကတည်းက အနှီလူက သူ့ကို ဦးထုပ်စိမ်း ဆောင်းပေးနေတယ်လို့ မြင်လာပြီး သူ့မျက်လုံးထဲရှိ ဒေါသမှာ ပြင်းထန်နေတော့သည်။ လီယွီဝေက အနံ့နှင့်ပတ်သက်၍ အကဲဆတ်ကာ အထူးသဖြင့် ကိုယ်ဝန်ရှိလာပြီးနောက် ပိုဆိုးလာခဲ့သည်။ ထူးထူးဆန်းဆန်း အနံ့ဆိုးများကိုမှ သည်းမခံနိုင်ပေ။ ကျိုးထျန်းဟောက် အနားကပ်လာတော့ ဆေးရွက်ကြီးအနံ့ကို သူမ တပ်အပ် သိလိုက်သည်။

182 02

ဘေးနားတွင် လူအများကြီးရှိနေကာ တစ်ဦးမျက်နှာတစ်ဦး သတိထားမိနိုင်တာကြောင့် သူမ အလျင်စလို မတုံ့ပြန်လိုက်ပေ။

ရှီလီက လုလန်ရှန်၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။ ပေါ်ယိရန်က သူမကို သဘောမကျဘဲ သူမ၏တည်ရှိမှုကိုလည်း အနှောင့်အယှက်ဖြစ်နေသော်လည်း တိုက်ရိုက်ထုတ်မပြောနိုင်။

“မင်းညီမက သူမနဲ့ သက်တူရွယ်တူတွေနဲ့ဘဲရှိရင် ပိုကောင်းမယ်။ ငါတို့နဲ့သာရှိနေရင် တတိယဘီးလိုဘဲ။ ကိုယ်တို့ ဆွေးနွေးနေတဲ့အကြောင်းအရာတွေကို နားမလည်နိုင်တော့ သူမ ပျင်းနေလိမ့်မယ်”

သို့သော် လုလန်ရှန်က ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ နောက်ကျ သူမ သိတဲ့အမျိုးတွေဆီ ကျွန်မ ခေါ်သွားပေးလိုက်မယ်။ သူမ ထူးဆန်းတာတို့၊ ပျင်းတာတို့ ခံစားရတော့မှာ မဟုတ်ဘူး”

ပေါ်ယိရန်က အင်တင်တင် ပြုံးလိုက်သည်။ သူ မပျော်နိုင်ဖြစ်နေတာကို မြင်ရတာက ရှီလီကို စိတ်ကျေနပ်သွားစေသည်။

ရှီလီ ငယ်ငယ်တုန်းက လုမိသားစုဆီသို့ ဟွမ်ကျဲ ခေါ်လာခဲ့စဉ်က၊ လက်ထပ်သွားသည်မှာ နှစ်တွေအကြာကြီး ရှိပြီဆိုသော်လည်း ကလေးမရသေးသည့် လုယီယွဲ့မှာ ရှီလီကို သေးသေးလေးနှင့် ချစ်စရာကောင်းသဖြင့် သမီးလေးတစ်ယောက်လို ဆက်ဆံပေးခဲ့၏။

တူမရင်းဖြစ်သော လုလန်ရှန်က သူမ၏သမီးကြီးလိုပင်။

လုယီယွဲ့က အပြင်ထွက်ကစားရန် ရှီလီကို မကြာခဏ ခေါ်လေ့ရှိပြီး မိသားစုအိမ်သို့အလည်သွားသည့်အခါတိုင်း ရှီလီကို အမြဲခေါ်သွားလေ့ရှိသည်။

လုမိသားစုတွင် ဆွေမျိုးအများအပြား မရှိဘဲအများစုက ရှီလီနှင့်သိသည်။

သို့သော် နောက်ပိုင်းနှစ်များတွင် မိသားစုနှစ်စု အဆက်အသွယ်ပြတ်သွားပြီးနောက် ဤလူတွေကို ရှီလီ မတွေ့ရတော့ချေ။

လုလန်ရှန်က သူမကောင်လေးကို အဒေါ်တွေနှင့် မိတ်ဆက်ပေးနေစဉ်မှာ ရှီလီအား ညွှန်ပြ၍သူမ ဘယ်သူဆိုတာကို လူတိုင်းအား ခန့်မှန်းခိုင်းလေသည်။

နှစ်တွေကြာပြီးနောက် ရှီလီက အတော်လေး ပြောင်းလဲသွားခဲ့သော်ငြား မမှတ်မိလောက်သည်အထိတော့ မဟုတ်ချေ။

အကြီးအကဲများစွာက ရှီလီ၏လက်ကို ဆုပ်ကိုင်၍ သူမ ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုသည့်အပေါ် အံ့ဩနေကြပြီး သူမ၏ ငယ်ဘဝ အဖြစ်အပျက်များကို ပြန်ပြောင်းပြောနေကြသည်။

သားမက်လောင်းကို မိတ်ဆက်ပေးခြင်းမှာ“သူမ ဘယ်သူလဲဆိုတာ မှန်းကြည့်” ဆိုသည့်ဂိမ်း ဖြစ်သွားတော့သည်။

ပေါ်ယိရန်အပေါ်တွင် ရှိရမည့် ပရိတ်သတ်အာရုံမှာ ရှီလီ၏ ခိုးယူခြင်းကို ခံလိုက်ရသဖြင့် သူ့မျက်နှာမှာ အရုပ်ဆိုးလာသည်။

ရှီလီက သူ၏ မှောင်မည်းနေသော မျက်နှာကိုမြင်နေတာ ကြာပြီဖြစ်သော်လည်း ဂရုမစိုက်ပေ။ [ကျွန်မကို မုန်းနေရင်တောင် ဘာဖြစ်လဲ။ ကျွန်မက ဒီအမှိုက်ကောင်နဲ့ မိသားစုမှ မဟုတ်တာ၊ အစ်မလန်ရှန်ကလည်း ဒီငတုံးကို လက်ထပ်ဖို့ အစီအစဉ် မရှိတော့ဘူး]

[အပြင်လူတွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီး ယောက္ခမရဲ့ ကုမ္ပဏီကို ဒေဝါလီခံရအော င်လုပ်တာတွေ၊ ကိုယ်ဝန်သည်ဇနီးကို ရူးသွားအောင်လုပ်ပြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့တာတွေ၊ နောက်ဆုံး သူမကို မတော်တဆ သေသွားအောင် လုပ်တာတွေ ဖြစ်လာမှာ မဟုတ်ဘူး]

[ခွေးမျိုး၊ ရှင့်မယားငယ်နဲ့ ရှင့်ကုမ္ပဏီနဲ့ပါအတူတူ မွဲပြာကျသွားစမ်းပါ!]

လူတိုင်း: ဒီလောကမှာ ဒီလိုအမှိုက်ကောင်မျိုး ရှိနေတယ်ဆိုတာ ငါတို့တွေ ယုံတောင်မယုံနိုင်ဘူး။

အတန်းခေါင်းဆောင်: စိတ်ရောဂါသည်တစ်ယောက်ရဲ့ ပစ်မှတ်ထားခံနေရတဲ့ ဒီလူ့ကို နည်းနည်းသနားဖို့ ကောင်းတယ်လို့ ငါ အစကတွေးမိသေးတယ်၊ ဒါပေမဲ့ ခင်ဗျားက အမှိုက်ကောင်ဆိုတော့ ခင်ဗျားနဲ့တန်တယ်”

******

183 01

အခန်း ၁၈၃: ပေါ်ယိရန်၏ နေ့လည်စာဘူး

ရှီလီမှာ ထိုအကြောင်းကိုတွေးလေ၊ သူမ၏အကြံက ပိုကောင်းလာသလိုပင်။ ပေါ်ယိရန်က သူ့ဇနီးကို စိတ်ကျန်းမာရေးဆေးရုံဆီ ပို့ပြီး စိတ်ရောဂါအပေါ် နှစ်သက်နေတာကို သက်သေပြနေမှတော့၊ စိတ်ရောဂါသည်တစ်ယောက်ကို သူ့ကို ဘာလို့ သေချာလေး ပြန်မချစ်ခိုင်းရမှာလဲ။

လုလန်ရှန်က သူမ၏စကားအတိုင်းဘဲ နောက်တစ်နေ့တွင် ပိုက်ဆံထုတ်ရန်အတွက် ရှီလီနှင့် ဘဏ်တွင်တွေ့ရန် စီစဉ်လိုက်သည်။

နွေလယ်ခေါင်၌ အပြင်ထွက်ရတာကို ရှီလီ သဘောမကျသော်လည်း ယွမ် 4 သန်းအတွက် ဓားမုန်တိုင်းကို ဖြတ်ကျော်ရမည်ဆိုလျှင်ပင်သူမ သတ္တိရှိနေသည်။

လုလန်ရှန် ဘဏ်သို့ထွက်သွားပြီး မကြာခင်မှာတင် ငွေပမာဏ အသိပေးချက်စာကို ပေါ်ယိရန် လက်ခံရရှိခဲ့သည်။

အဲဒါလေ ယွမ် 8 သန်းလေ။ နာကျင်မှုကိုမခံစားရဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက အလုပ်တွင် အာရုံစိုက်ရန်အတွက်ပင်‌အင်မတန် ဒေါသထွက်နေခဲ့ရ၏။

လုလန်ရှန်က တော်ဝင်မိသားစုရဲ့ မိန်းမပျို‌တစ်ယောက် ဖြစ်နေသင့်တာလေ။ သူမက ပိုက်ဆံကို ဘာလို့ဒီလောက်တောင် စွဲလမ်းနေရတာလဲ။ ဒီလို ကပ်စေနှဲတဲ့ အကျင့်ကို သူမဘယ်သူ့ဆီက ကူးလာတာလဲ။

သူတို့က စေ့စပ်ပါတီအတွက်ရက်ကို သတ်မှတ်ပြီးတာမှ မကြာသေးဘူး၊ အခုတော့ သူမကပိုက်ဆံထုတ်ဖို့ အလောတကြီးဖြစ်နေပြီ။ ဒါ သူ့ကို နှောင့်ယှက်နေတာလား ဘာလား။

လုလန်ရှန်က အခုဆို သူ့ရဲ့ဇနီးလောင်း ဖြစ်နေလေပြီ။ ဘာလို့များ အရာရာတိုင်းကို အရမ်းခွဲခြမ်းတဲ့နေရာမှာ မလျှော့တမ်း ဖြစ်နေရတာလဲ။

ရယ်စရာပင်။ တကယ်တော့ ယွမ် 8 သန်းက သူ့ကို အဲ့လောက်ထိ မစိုးရိမ်စေပေ။ သူ့ကို စိတ်အနှောင့်အယှက် အဖြစ်စေဆုံးကတော့ လုလန်ရှန်၏ အပြုအမူ‌ပင်။

သူမ၏လုပ်ရပ်တွေက သူ့ဂုဏ်သိက္ခာကို အတော်လေး ထိခိုက်သွားစေခဲ့သည်။ ပိုက်ဆွအပေါ်မှာ အလွန်အစွဲအလမ်းကြီးသည့် မိန်းမတစ်ယောက်ကို သူဘယ်တော့မှ မချစ်နိုင်ပေ။

လုလန်ရှန်က သူမလုပ်ရပ်၏ နောက်ဆက်တွဲများကို ခံစားရတော့မှာပင်။

အကယ်၍ လုလန်ရှန်ကို သူ လက်ထပ်ဖြစ်ပါက သူမကို ဘယ်တော့မှ မချသ်မနှစ်သက်သည့် ခင်ပွန်းတစ်ယောက်ကိုသာ သူမ ရရှိပေလိမ့်မည်။

ဘယ်သူကမှ ပေါ်ယိရန်၏ အတွေးတွေကို အလေးမထားကြပေ။ သူသည် ယွမ် 8 သန်းဆုံးရှုံးလိုက်ရသဖြင့် ဝမ်းနည်းနေခိုက်မှာ ကမ္ဘာပေါ်က မိန်မငယ်လေး နှစ်ဦးကတော့ သူတို့၏ ဘဏ်အကောင့်များထဲ၌ ယွမ် 4 သန်းစီ ချမ်းသာလာတာကို ရုတ်တရက် သိရှိလိုက်ရသည်။

ရှီလီက ကျောင်းတက်နေတုန်းဖြစ်ပြီး သူမတွင် ကုန်ကျစရိတ်ဟူ၍ များများစားစား မရှိပေ။ သူမသာ ပိုက်ဆံလိုအပ်လာပါက ဟွမ်ကျဲက ဆင့်ပွားကဒ် သို့မဟုတ် သူမအတွက် ပစ္စည်းများကို မိသားစုအား ဝယ်ခိုင်းလို့ရသည်။

၎င်းသာ မှောင်ခိုပစ္စည်း မဟုတ်သရွှေ့၊ သူမ၏မိသားစုက သူမ၏ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးပေလိမ့်မည်။

သူမတွင် ပိုက်ဆံဖြုန်းစရာနေရာ သိပ်မရှိတာကြောင့် သူမ၏ နှစ်ရှည်လများ စုဆောင်းလာခဲ့သော မုန့်ဖိုးများနှင့် ပညာသင်စရိတ်များကိုဘဏ္ဍာရေး ထုတ်ကုန်များထဲ၌ ရင်းနှီးမြှုပ်နှံထားခဲ့သည်။ (ဘဏ္ဍာရေး စီမံခန့်ခွဲမှုက ဆုံးရှုံးနိုင်ခြေများတာကြောင့် သတိဖြင့် ရင်းနှီးမြှုပ်နှံပါ။ သူမ၏ ဘဏ္ဍာရေးအပေါ် ချဉ်းကပ်တာကို အကြံမပြုပါဘူး၊ ကျေးဇူးပြုပြီး လိုက်မလုပ်ကြပါနှင့်)

ထို့ကြောင့် သူမ၏ ဘဏ်အကောင့်ထဲတွင် သုံးစွဲနိုင်မည့် ငွေသားမရှိသဖြင့် ရုတ်တရက်ကြီး ယွမ် 4 သန်း ရလိုက်ခြင်းက သူမကို အ‌တော်လေး ပျော်သွားစေသည်။

183 02

ရှီလီ၏ ထိန်းမနိုင်သိမ်းမရဖြစ်နေသော အပြုံးကို မြင်နေရတော့ လုလန်ရှန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။ “အဲလောက်တောင် ပျော်နေတာလား”

“ဒါပေါ့၊ ဘယ်သူကများ ပိုက်ဆံကို မကြိုက်လို့လဲ”

ရှီလီက သူမ၏ဖုန်းကို ရတနာတစ်ပါးအလား ဆုပ်ကိုင်ထားပြီး “မစ္စတာပေါ်က တကယ့်လူကောင်းပဲနော်”

လုလန်ရှန်က အပြုံးတစ်ပွင့်နှင့်အတူ ခေါင်းညိတ်လိုက်ကာ “ဒါဆိုလည်း အနာဂါတ်မှာ ညီမလေးကို ထောက်ပံ့ရအောင်လို့ သူ့ပိုက်ဆံတွေကို အစ်မ ခိုးပစ်မယ်”

“ကောင်းသားပဲ၊ ဒါပေမဲ့ ညီမကို ထောက်ပံ့ဖို့ဆိုရင် ပိုက်ဆံ တော်တော်ကုန်မှာနော်။ သူ့ဆီကနေ ခပ်များများခိုးဖို့ သတိရဦး”

“လုံးဝ ပြဿနာမရှိဘူး”

အမှုဆောင်ထိုင်ခုံတွင် ထိုင်နေသော ပေါ်ယိရန်မှာ အကြိမ်ရေများစွာ ဆက်တိုက် နှာချေနေရတော့၏။

ဝမ်ကျင်းရွှမ်က CEOရုံးခန်း၏ အပြင်ဘက်မှာထိုင်သည်။ ပေါ်ယိရန်၏ နှာချေသံကို သူမကြားတော့ အလောတကြီး ပြေးဝင်သွားကာ“လေအေးပေးစက်က အရမ်းအေးနေလို့ အအေးမိသွားတာလား”

သူမက လေအေးပေးစက်ကို နှစ်ဒီဂရီအထိမြှင့်လိုက်ပြီး ရေနွေးတစ်ခွက် ငှဲ့ပေးကာ“ရေနွေး အရင်သောက်လိုက်ပါဦး။ ကုမ္ပဏီတစ်ခု‌လုံးက ရှေ့ဆက်နိုင်အောင်လို့ သူဌေးအပေါ်ဘဲ မှီခိုနေရတာပါ။ သူဌေး ဖျားသွားလို့ လုံးဝမဖြစ်ဘူး”

ဝမ်ကျင်းရွှမ်သည် ပေါ်ယိရန်ကို ဂရုစိုက်ပေး ပြီးနောက် သူမ၏စားပွဲသို့ ပြန်သွားလိုက်၏။

သူမ၏ ဝင်လိုက်ထွက်လိုက် ပြုလုပ်နေခြင်းကို အခြားလုပ်ဖော်ကိုင်ဖက်များ မြင်မိသည်မှာ သဘာဝပင်ဖြစ်ပြီး သူမအပေါ်ထားရှိသော အထင်အမြင်သေးမှုကို ဖော်ပြရန်အတွက် အဓိပ္ပာယ်ပြည့်ဝသော အကြည့်တွေကို ဖလှယ်နေကြသည်။

အခြား လုပ်ဖော်ကိုင်ဖက်တွေက သူမအား ကြိတ်ပြီးဖယ်ကြဉ်ထားကြတာကို ဝမ်ကျင်းရွှမ် သိနေသော်လည်း ဂရုမစိုက်ပေ။ အားလုံးက သူမနှင့် သူဌေးတွင် ဆက်ဆံရေးကောင်း ရှိနေတာကြောင့်ပင်။ သူများတွေက သူမကို မနာလိုဖြစ်နေရုံသာ။ ထူးချွန်သော လူတွေတွင် သူငယ်ချင်း မရှိသလို၊ လိုလည်းမလိုအပ်ပေ။

ကျိုးထျန်းဟောက်က နော်မယ်တက္ကသိုလ်တစ်ခုတွင် ကတ္ထိကတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်သည်။ ကျောင်းသားတွေ နွေရာသီအားလပ်ရက်ကို ခံစားနေခိုက် သူ့တွင် လည်းအချိန်ပိုတချို့ ရှိနေ၏။

သို့ပေတည့် သူအလုပ်လုပ်သော တက္ကသိုလ်ကဆရာငယ်များအပေါ် ဖိအားအတော်‌ပေးပြီး နှစ်စဉ် သုတေသန တာဝန်အချို့ကို ပြီးမြောက်အောင် လုပ်ရမည်ဖြစ်ပြီး မဟုတ်ပါက ရာထူးမှထုတ်ပယ်ခံရမည် ဖြစ်တာကြောင့် နွေရာသီအားလပ်ရက်မှာတောင် သူ့အနေနှင့် အနားမယူနိုင်ချေ။

ဒါ့အပြင် ယခုက နွေရာသီအားလပ်ရက် ရောက်နေပြီဖြစ်သဖြင့် သင်ကြားရေးတွင် ဖိအားမရှိတော့ဘဲ သူ၏သုတေသန၌သာ အပြည့်အဝ အာရုံစိုက်နိုင်သည်။

လူတိုင်းက ဖိအားများအောက်တွင် စိတ်ထွက်ပေါက်ရှာရန် အချို့နည်းလမ်းများ လိုအပ်ပေသည်။

သူ့တွင်လည်း သူ့ကိုယ်ပိုင်နည်းလမ်းရှိ၏။

တက္ကသိုလ် နယ်မြေထဲတွင် လေလွင့်ခွေးတွေ၊ကြောင်တွေ များစွာရှိပြီး အများစုကို ကျောင်းသားတွေ စွန့်ပစ်ထားတာပင်။

ဤနေရာအနှံ့ ပျံ့နှံ့နေသည့် ကြောင်တွေဖခွေးတွေက သူ့ဖိအားများကို ဖြေလျှော့သည့်နည်းလမ်းပင်ဖြစ်သည်။

သို့သော် ယခုနောက်ပိုင်းတွင် ထူးဆန်းတာတစ်ခု ဖြစ်သွားခဲ့၏။ နယ်မြေထဲတွင် ‌လေလွင့်ကြောင်နှင့် ခွေးတွေကို တွေ့ရတာအလွန်ရှားသွားတာပင်။

သူသည် ကြောင်စာအိတ်ကိုသယ်၍ တက္ကသိုလ်မှ လုံခြုံရေး ရုံးခန်းဆီသွား၍ ခုနောက်ပိုင်း လေလွင့်ကြောင်တွေနှင့် ခွေးတွေကို ဘာလို့မတွေ့ရတော့တာလဲဆိုပြီး မေးမြန်းခဲ့သည်။

183 03

တက္ကသိုလ်နယ်မြေ၏ အသိုင်းအဝိုင်းလေးထဲတွင် ကျိုးထျန်းဟောက်က ကြင်နာတတ်ကာ ကြောင်တွေ၊ ခွေးတွေကို ဂရုစိုက်တယ်ဆိုပြီး လူအများ သိထားကြသည်။ သူက တက္ကသိုလ်နယ်မြေတွင်း၌ လေလွင့်များအတွက် အမိုးအကာတွေကို တက်တက်ကြွကြွ တည်ဆောက်ပေးကာ မကြာခဏ အ‌စာကြွေးလေ့ရှိပြီး လေလွင့်ကြောင်နှင့်ခွေး အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသည့် အလှူဒါန ရောင်းချပွဲတွင် ပါဝင်ဆင်နွှဲလေ့ရှိသည်။

သူ၏ ချောမောသောရုပ်ရည်နှင့် ကြင်နာတတ်သော စိတ်ထားကြောင့် တက္ကသိုလ်နယ်မြေထဲရှိ ကျောင်းသူအများအပြားမှာ သူ့ကို သဘောကျကြသည်။

ကျိုးထျန်းဟောက် ဆိုတာလည်းမြင်ရော လုံခြုံရေးအစောင့်၏ အပြုအမူက အလွန်ရည်မွန်သွားသည်။ တက္ကသိုလ်နယ်မြေတွင်း၌ လေလွင့်ကြောင်တွေ၊ ခွေးတွေ ပျောက်ဆုံးမှုကို လုံခြုံရေးအစောင့် ကြားမိတော့ အရမ်းကြီးစိုးရိမ်သည့်ပုံ မပေါ်ပေ။

လုံခြုံရေးဌာနကို ကြည့်ရတာ စိတ်အေးလက်အေး ရှိနေသည့်ပုံပေါ်သော်ငြား အမှန်တွင် သူတို့၌ တက္ကသိုလ်နယ်မြေတွင်းမှ ယာဉ်အဝင်၊အထွက်များကို စီမံခြင်း၊ လျှပ်စစ်စက်ဘီးလိုင်စင်များကို ဖြေရှင်းခြင်းနှင့် နယ်မြေထဲရှိ လေလွင့်တိရစ္ဆာန်များ၏ ပြဿနာကိုတောင် ဖြေရှင်းရန်အတွက်ပါ တာဝန်များစွာရှိသည်။

သူ့အမြင်မှာတော့ ‌အနှီလေလွင့်တိရစ္ဆာန်အားလုံး ‌ပျောက်ကွယ်သွားလျှင် အကောင်းဆုံးပင်၊ ထိုသို့ဆိုလျှင် လုံခြုံရေးဌာနအတွက်တာဝန်တစ်ခု လျှော့သွားမှာဖြစ်၏။

သို့သော် အနှီလူငယ် မစ္စတာကျိုးက လေလွင့်ကြောင်တွေ၊ ခွေးတွေအား သဘောကျတာကို သိနေတော့ ဤစကားတွေကို သူ့ရှေ့၌ မပြောနိုင်ချေ။

လုံခြုံရေးအစောင့်က “မဟုတ်မှ သူတို့အားလုံးကို ကျောင်းသားတွေ မွေးစားလိုက်တာ ဖြစ်မှာပေါ့ဗျာ။ အဲ့လိုဆိုလည်း အေးတာပဲ။ ဒီကြောင်တွေ၊ ခွေးတွေကို ခင်ဗျား ခဏခဏ စိတ်ပူစရာ မလိုတော့ဘူးပေါ့။ သူတို့လည်းတည်ငြိမ်တဲ့ အစာအရင်းအမြစ်ကို တွေ့သွားပြီဆိုတော့ နှစ်ဖက်လုံးနိုင်တဲ့ အခြေအနေပေါ့ဗျာ”

ကြည့်တော့တာ နှစ်ဖက်စလုံးအနိုင်ရသည့် အခြေအနေဆိုသော်လည်း ကျိုးထျန်းဟောက်ကတော့ ထိုသို့မမြင်ပေ။ သူသည် ကြောင်တွေ၊ခွေးတွေကို တကယ်ဂရုစိုက်သည့် စိတ်နှလုံးလှသောလူစားမျိုး မဟုတ်တာကြောင့်ပင်။ လေလွင့်တွေ အိမ်ကောင်းကောင်း ရှာတွေ့သွားတာကို သူ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာတဲ့လဲ။

လေလွင့်ကြောင်တွေ၊ ခွေးတွေ၏ တည်ရှိမှုက သူ့စိတ်ဖိအားကို အချိန်မရွေး ဖြေလျှော့လို့ရသည့် နေရာတစ်ခုကို ပေးစွမ်းထားတာပင်။ လေလွင့်တိရစ္ဆာန်များ၌ ပိုင်ရှင်မရှိသဖြင့် အကယ်၍ တစ်ယောက်ယောက်က အမှိုက်ပုံးထဲမှာ အသေကောင်တွေ့လျှင်ပင် သနားစိတ်ဖြင့် သက်ပြင်းချရုံမှလွဲ၍ ဘာကြောင့် သေဆုံးရလဲဆိုတာကို ဘယ်သူမှ စုံစမ်းစစ်ဆေးကြမှာမဟုတ်ပေ။

ဒါ့အပြင် ဤလူ့အသိုင်းအဝိုင်းထဲ၌ အိမ်မွေးတိရစ္ဆာန်ချစ်သည့် လူအများစုက လေလွင့်‌ကြောင်များနှငိ့ ခွေးများအပေါ် ဘက်လိုက်လေသည်။ ဤသို့လုပ်ခြင်းအားဖြင့် နိဗ္ဗာန်ဘုံ၏ကိုယ်စား တရားမျှတမှုကို တစ်ဝက်လုပ်ပေး နေတာပင်။

လုံခြုံရေးအစောင့်ကို နှုတ်ဆက်ပြီးနောက် ကျိုးထျန်းဟောက်သည် ငေးမှိုင်လျှက် လုံခြုံရေးရုံးခန်းထဲမှ ထွက်လာခဲ့လိုက်၏။

လက်မလျှော့ချင်သဖြင့် တက္ကသိုလ်နယ်မြေထဲတွင် နောက်ထပ် နှစ်ပတ်လောက် ထပ်ပတ်လိုက်သော်လည်း လေလွင့် ခွေးတစ်ကောင်၊ကြောင်တမြီးကိုမှ မမြင်တွေ့ခဲ့ရချေ။

၎င်းမှာ နောက်ကျနေပြီဖြစ်သဖြင့် လီယွီဝေဆီမှ ဘယ်အချိန် အိမ်ပြန်လာမှာလဲဟု သူ့ကို လှမ်းမေးသော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ကျိုးထျန်းဟောက်၏ မဖော်ပြထားသောအချည်းနှီးဖြစ်ခြင်းက စိတ်အခြေအနေကို ဆိုးရွားနေစေသည်။ အိမ်ပြန်ရောက်လျှင် သူ့စိတ်အခြေအနေ ပေါ်ပေါက်သွားမှာ စိုးတာကြောင့် စာတမ်းတွေကို ကြည့်နေရသဖြင့် အိမ်ပြန်နောက်ကျမည်ဟု၍သာ လီယွီဝေကို ရွှီးသမ်းပြောလိုက်သည်။

သူသည် ရုံးခန်းသို့ ပြန်မသွားခဲ့သလို၊ ပစ္စည်းပစ္စယများ ရှာရန်အတွက် စာကြည့်တိုက်သို့လည်း မသွားခဲ့ဘဲ နော်မယ်တက္ကသိုလ်နယ်မြေ၏ အပြင်ဘက်၌သာ လမ်းလျှောက် ထွက်နေလိုက်သည်။

အကယ်၍ တက္ကသိုလ်နယ်မြေထဲ၌ လေလွင့်ကြောင်တွေ၊ ခွေးတွေ မရှိပါက အနားဝန်းကျင်မှာ‌တော့ တစ်ကောင်တလေ ရှိလောက်သည်။

လေလွင့်ကြောင်တွေနှင့် ခွေးတွေမှာ ပုံမှန်ဆိုနေရာအနှံ့ မြင်တွေ့နေကျဖြစ်သော်လည်းသူ ရှာချင်သည့် အခါမှာတော့ မတွေ့တော့ပေ။ ၎င်းမှာ တကယ့်ကို ယုတ္တိမကျတာပင်။

183 04

ညဉ့်နက်လာလေလေ၊ လူသားအမြင်က အကန့်အသတ်နှင့် ရှိလာလေဖြစ်တာကြောင့် လေလွင့်ကြောင်တွေကိုရှာဖို့ မသင့်လျော်တော့ချေ။

စိတ်ဓာတ်ကျစွာဖြင့် နောက်ပုန်လှည့်ကာအိမ်ကို ကားမောင်းပြန်ရန်အတွက် တက္ကသိုလ်နယ်မြေတွင်းသို့ လမ်းပြန်လျှောက်ရန် ကြံရွယ်လိုက်သည်။

ညတာက ရှည်လျားပေသည်။ လူနှစ်ယောက် စကားပြောနေသံကို သူ နားစွန်နားဖျား ကြားလိုက်ရ၏။ “ငါ့ကောင်၊ ငါ မင်းကို သတိမပေးတာ မဟုတ်ဘူးနော်။ မင်းကောင်မလေးက သူမရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အရမ်းအနေနီးလွန်းတယ်။ ဟိုတစ်နေ့ကဆို အစပ်ဟင်းရည်တစ်ပန်းကန်ကို အတူမျှသောက်နေတာ ငါ မြင်ခဲ့သေးတယ်။ မင်း သတိထားရင်ကောင်းမယ်၊ တော်ကြာ မသိလိုက်ဘဲနဲ့ ဦးထုပ်စိမ်းဆောင်းနေရဦးမယ်”

လူနှစ်ယောက်ထဲက တစ်ဦးသည် ခပ်ပွပွအဝတ်များကို ဝတ်စားထား၍ ဆံပင်ရောင်စုံဆိုးထားကာ ယောက်ျားလေးဆိုတာ ရှင်းနေသော်လည်း ဆံပင်ကတော့ မတိုမရှည်ပုံပင်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ပညာအရည်အချင်းသိပ်မရှိသည့် လူရမ်းကားလေးဖြစ်ကာ လမ်းသရဲနှင့်တူသည်။

ယခုလို လူစားမျိုးကို ကျိုးထျန်းဟောက် သဘောမကျပေ။ သူ့အမြင်တွင် အနှီလူရမ်းကားလေးတွေက လူ့အသိုင်းအဝိုင်း၏ ကပ်ပါးကောင်တွေသာ။

သူ့ကျောင်းသားတွေ အားလုံးက တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး ဤအမျိုးအစားနှင့်လားလားမျှ မသက်ဆိုင်ပေ။

သူ အရှိန်တင်လိုက်ပြီး အနှီလူရမ်းကားနှစ်ယောက်နှင့် ခပ်ခွာခွာနေချင်ကာ သူတို့ကို ခွာချပစ်နိုင်ဖို့ မျှော်လင့်နေမိသည်။

အနှီလူရမ်းကားနှစ်ဦးက လက်မောင်းချင်းသိုင်းရင်း လမ်းလျှောက်လာကာ သူတို့ကို ခွဲပစ်လို့မရဘူးဆိုတာ သေချာနေသလိုပင်။

ဖောက်ပြန်ခံရသည့် ခေါင်းစဉ်နှင့်ပတ်သက်၍ ကျိုးထျန်းဟောက် အကဲဆတ်နေမိသည်။ လွန်ခဲ့သော ရက်ပိုင်းက သူ့ကောင်မလေးမှာ သူ့ကိုခေါ်၍ စေ့စပ်ပါတီတစ်ခုသို့ တက်ရောက်ခဲ့သည်။ ပါတီ၌ သူ့ကောင်မလေးသည် အထက်တန်းတုန်းက အတန်းဖော်‌နှင့် ရယ်ရယ်မောမော စကားပြောနေခဲ့တာကြောင့် သူ့ကို အတော်လေး ဒေါသထွက်စေခဲ့၏။

သူ့အပေါ် သူ့ကောင်မလေး ဖောက်ပြန်နေတယ်လို့ သူ သံသယဝင်မိသည်။ သူ၏ သာမန်နောက်ခံနှင့်မတူဘဲ အနှီလူက ချမ်းသာကြွယ်ဝသော မိသားစုမှ ဒုတိယမျိုးဆက် လူချမ်းသာဖြစ်သည်။

******

184 01

အခန်း ၁၈၄: ဘာဖြစ်တာလဲ

ထိုနေ့တုန်းက ဧည့်ခန်းငယ်လေးထဲတွင် ညစ်တီးညစ်ပတ် လူနှစ်ယောက်၏ စကားဝိုင်းကို သူ နားစွန်နားဖျား ကြားခဲ့သည်။ ၎င်းမှာပေါ်ယိရန်က ချမ်းသာကြွယ်ဝသည့် ယောက္ခမတစ်ယောက်အား ရှာချင်နေသည့်အကြောင်းကို ဖော်ထုတ်ထားတာပင်။ အနှီသူက လက်ရှိတွင်ချမ်းသာသော ဇနီးလောင်းတစ်ယောက်ရှိသော်လည်း အကယ်၍ သူ့လက်ရှိယောက္ခမက မထောက်ပံ့ပေးလျှင် စေ့စပ်ပွဲကို ချက်ချင်းဖျက်သိမ်း၍ နောက်ပစ်မှတ်တစ်ခုကို ရှာတော့မှာဖြစ်သည်။

အနှီလူငယ်လေးနှစ်ယောက် ပြောပုံအရဆို ပေါ်ယိရန်၏ လက်ရှိယောက္ခမက တွက်ချက်ရာ၌ ပါးနပ်ပြီး သူ့ကိုထောက်ပံ့ပေးနိုင်မည့်ဖြစ်နိုင်ခြေမှာ နည်းပါးလှသည်။

ထို့ကြောင့် စေ့စပ်ပွဲကိုဖျက်၍ နောက်ထပ်ချမ်းဝကြွယ်ဝသော ယောက္ခမတစ်ယောက်ကို ရှာနိုင်ဖို့ ဖြစ်နိုင်ခြေများသည်။

ဒါဆို သူ ဘယ်သူ့ကို ရွေးမှာလဲ။

လီယွီဝေလား။

ပေါ်ယိရန်နှင့် လီယွီဝေတို့မှာ အထက်တန်း ကျောင်းတုန်းက အတန်းဖော်‌တွေ ဖြစ်ခဲ့ကြတာကြောင့် သူတို့တွင် ခံစားချက်အုတ်မြစ်တစ်ခု ရေရေရာရာ ရှိထားသည်။ စေ့စပ်ပါတီတုန်းက သူတို့သည် အချင်းချင်း ပျော်ရွှင်စွာစကားပြောခဲ့ကြသဖြင့် တစ်ဦးအပေါ်တစ်ဦး အတော်လေး စိတ်ခံစားချက်ကောင်းတယ်ဆိုတာကို မြင်နိုင်ပေသည်။

တိုက်ဆိုင်စွာဖြင့် လီယွီဝေ၏ဖခင်က အနှီဆင်းရဲသော သားမက်ကို သဘောမကျဘဲ လီယွီဝေနှင့် လမ်းခွဲဖို့ကိုတောင် အမြဲတမ်း မျှော်လင့်နေတာပင်။

ယခုလောလောဆယ်မှာ လီအဖေ၏ သဘောထားက အနည်းငယ် ပျော့ပျောင်းသွားပြီဆိုသော်လည်း အကယ်၍ ပိုထူးချွန်သည့်ပေါ်ယိရန်ကသာ သူ့ရှေ့ ထွက်ပေါ်လာပါက ဘယ်သူ့ကို သဘောကျမယ်ဆိုတာ သိသာပေသည်။

အဲ့အခါကျ သူ့အတွက် ဘယ်လို ညှိနှိုင်းစရာအပိုင်းအစလေးတွေ ကျန်တော့မလဲ။

ဟုတ်သားဘဲ၊ ယွီဝေရဲ့ဗိုက်ထဲက ကလေး။ သူ့မှာ ကလေးရှိသေးတယ်။

ဒါပေမဲ့ လီမိသားစုက ယွီဝေကို ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးလာရင်ရော။

ဤဖြစ်နိုင်ခြေကို တွေးကြည့်လိုက်ရုံနှင့်ပင် သူ့နှလုံးသားမှာ မီးခဲပေါ် ရောက်နေသကဲ့သို့ ပူလောင်လာရတော့၏။

အနှီလမ်းသရဲနှစ်ယောက်၏ အသံတွေကသူ့ နားထဲ ဝင်ရောက်လာ၏။ “ငါ့ကောင်မလေးက လုပ်ဖော်ကိုင်ဖက်ဆီက မြှူဆွယ်ခံလိုက်ရတာ။ ငါ့ကောင်မလေးအပြစ် မဟုတ်ဘူး။ အားလုံးက အဲဒီမြေခွေးထီးရဲ့ အပြစ်တွေချည်းပဲ။ သူသာ ပျောက်ကွယ်သွားရင်တော့ကွာ”

အခြား လမ်းသရဲတစ်‌ယောက်က သူငယ်ချင်းဖြစ်သူကို လက်မထောင်ပြပြီး ပြောလာသည်။“ငါ့ကောင်၊ မင်းအတွေးကတော့ ရှင်းသားဘဲ။ တုံးအတဲ့ယောက်ျားတွေဘဲ မိန်းမတွေနဲ့ ရင်ဆိုင်တယ်၊ ထက်မြက်တဲ့ ယောက်ျားတွေကမှ ယောက်ျားချင်း ရင်ဆိုင်ကြတာ”

ဆံပင်ရောင်စုံ ဆိုးထားသော အခြားလမ်းသရဲက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒါပေါ့ကွာ၊အဲ့ဒီမြေခွေးထီးကို ငါ့ကောင်မလေးအနားက ထွက်သွားရအောင် ဘယ်လိုလုပ်မလဲဆိုတာ ငါ စဉ်းစားဖို့ လိုသေးတယ်၊ သူ့အလုပ်ကို နှောင့်ယှက်ရမလား၊ ဒါမှမဟုတ် သူ့ကို အလုပ်ပြောင်းအောင် လုပ်လိုက်ရမလားဘဲ။ တိုတိုတုတ်တုတ်ကွာ၊ ငါ့ကောင်မလေး အနားကနေ သူ့ကို ဝေးဝေးရှင်းထုတ်ဖို့ လိုတယ်၊ အဲဒါမှ သူမကို တစ်နေကုန် မမြှူဆွယ်နိုင်မှာ”

ကျိုးထျန်းဟောက်သည် လမ်းသရဲများကို မကြိုက်သော်ငြား အနှီလမ်းသရဲတွေပြောတာ အဓိပ္ပာယ်ရှိတယ်လို့တော့ ဝန်ခံရပေလိမ့်မည်။

တုံးအတဲ့ယောက်ျားတွေဘဲ မိန်းမတွေနဲ့ ရင်ဆိုင်တယ်၊ ထက်မြက်တဲ့ ယောက်ျားတွေ ကမှ ယောက်ျားချင်း ရင်ဆိုင်ကြတာတဲ့။

မှားတဲ့လူက ယွီဝေ မဟုတ်ဘူး၊ ဒါပေမဲ့ ယွီဝေကို နည်းမျိုးစုံသုံးပြီး မြှူဆွယ်ဖို့ ကြိုးစားနေတဲ့ ပေါ်ယိရန်ပဲ မှားတာ။

သူ လုပ်ဖို့ အလိုအပ်ဆုံးက ပေါ်ယိရန်နဲ့ဖြေရှင်းဖို့ပဲ။

184 02

ဒါပေမဲ့ သူ့အခြေအနေက အဲ့ဒီ ရောင်စုံဆံပင်နဲ့ လမ်းသရဲနဲ့ မတူဘူးလေ။ ပေါ်ယိရန်က ယွီဝေရဲ့ လုပ်ဖော်ကိုင်ဖက်မှ မဟုတ်တာ။ နှစ်ယောက်ထဲက တစ်ယောက်ကို အလုပ်ပြောင်းခိုင်းလိုက်ရုံနဲ့ ပြဿနာကို ဖြေရှင်းလို့မရဘူး။

ကျိုးထျန်းဟောက်သည် အနှီလမ်းသရဲ နှစ်ယောက်ကိုခေါ်၍ သူဘာလုပ်ရမလဲဆိုပြီး မေးချင်နေသော်လည်း သူတွေးနေစဉ်မှာပဲ အနှီလမ်းသရဲနှစ်ယောက်က နောက်ထပ် လမ်းကြားလေးထဲ ဝင်သွားပြီဖြစ်၍ သူတို့၏နောက်ကျောကိုသာ မြင်ရတော့သည်။

သူသည် လေ့လာရေး၌ ပတ်သက်၍ အကူအညီတောင်းရမှာကို မရှက်သော်ငြား အနှီလူတွေက သူ အထင်သေးသည့် လမ်းသရဲတွေ ဖြစ်နေချိန်မှာတော့ ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ပေ။

ကျိုးထျန်းဟောက်သည် ကားထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး အနည်းငယ် လမ်းစပျောက် နေသလို ခံစားနေမိသည်။ စိတ်ပျံ့လွင့်နေတာကြောင့် မီးနီတွေကိုတောင် အကြိမ်ရေများစွာ ဖြတ်မောင်းလုမတတ် ဖြစ်ခဲ့ရသည်။

လီယွီဝေနှင့် အတူနေထိုင်သော အိမ်ငယ်လေးဆီ ပြန်ရောက်‌လာတော့မှ သူ့စိတ်သူ အနည်းငယ် စုစည်းထားလိုက်ချိန်မှာတော့ အိမ်က မှောင်မည်းနေတာကို မြင်တွေ့လိုက်ရတော့သည်။ လီယွီဝေ အိမ်တွင် မရှိပေ။

သူမ အိမ်မှာမရှိဘူးဆိုရင် ဘယ်တွေသွားနေတာလဲ။ ပေါ်ယိရန်ကို သွားတွေ့တာလား။

ရုတ်ချည်းပင် ပေါ်ယိရန်နှင့် ဖောက်ပြန်နေသော လီယွီဝေ၏ မြင်ကွင်းတွေကို ကျိုးထျန်းဟောက် မြင်ယောင်လာသည်။

သူ့မျက်လုံးများ နီရဲလာကာ ကြောက်စရာကောင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့၏။ သူ ဧည့်ခန်းမီးတွေကို ဖွင့်လိုက်သည်။ အဆင်မပြေမှုတွေကို ဖြေလျှော့ရန်အတွက် အိမ်ပြန်လမ်းတလျှောက်မှာ လေလွင့် ကြောင်တစ်ကောင်ကိုမှ ရှာမတွေ့ခဲ့ခြင်းသည် သူ့တစ်ကိုယ်လုံးအား မသက်မသာသလို ခံစားလာရစေသည်။

အိမ်ပြန်လမ်းမှာလည်း သူ့အတွေးတွေမှာမြောလွင့်နေပြီး လီယွီဝေနှင့် ပေါ်ယိရန်တို့ ဖောက်ပြန်နိုင်သည့် ဖြစ်နိုင်ခြေကို စဉ်းစားလာခဲ့တာကြောင့် ‌သူ့ဒေါသအပေါ် လောင်စာဆီ ထည့်ပေးလိုက်သလိုပင်။

လူသူရှင်းလင်းနေသော အိမ်ကို မြင်တွေ့လိုက်ရ‌ချိန်မှာတော့ သူ့ဒေါသတွေ အဆုံးစွန်ထိ ရောက်သွားလေပြီ။

ယွီဝေ ပေါ်ယိရန်ကို သွားရှာတာများလား။

ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ကော်ဖီစားပွဲပေါ်က လီယွီဝေ၏ မက်ဆေ့ခ်ျနှင့်အတူ မှတ်စုစာရွက်တစ်ရွက် ကပ်ထားခဲ့တာကို နောက်ဆုံးတော့ သတိထားမိသွား၏။

-- အမေနဲ့ အဖေက ကျွန်မကို လွမ်းလို့တဲ့၊ အိမ်အရင်ပြန်လိုက်ဦးမယ်။ ရှင်ဗိုက်ဆာရင် မှာစားလိုက်။ အချိန်မှန်စားဖို့ သတိရဦးနော်!

ကျိုးထျန်းဟောက် သရော်လိုက်၏။ သူမသာ ပေါ်ယိရန်နဲ့ အတူရှိဖို့ စီစဉ်နေရင် သူ အချိန်မှန်စားမှာကို ဂရုစိုက်နေပါဦးမလား။

အခုတော့ မှတ်စုစာရွက်ပေါ်တွင် အိမ်ပြန်လိုက်ဦးမယ်ဆိုသည့် လီယွီဝေ၏ စကားတွေကို သူ မယုံတော့ပေ။

လီယွီဝေက ပေါ်ယိရန်ကို သွားရှာတဲ့ဟာ၊အိမ်ပြန်မယ်ဆိုပြီး လိမ်ပြောနေသေးတယ်။ သူ့ကို အမှောင်ထဲမှာ ပိတ်လှောင်ထားလို့ရတဲ့ အရူးတစ်ယောက်လို့များ သူမ တကယ်ကြီးထင်နေတာလား။

လီယွီဝေက တကယ်ကြီး အိမ်ပြန်သွားတာပင်။ လီယွီချင်းက သူမအစ်မကို အိမ်ပြန်ခေါ်ရန်အတွက် သက်တော်စောင့်တွေကိုပါ ခေါ်လာခဲ့တာဖြစ်သည်။

လီယွီဝေကို ကျိုးထျန်းဟောက် အန္တရာယ်ပေးမှာကို စိုးရိမ်တာကြောင့် ညီအစ်မနှစ်ယောက် အိမ်ပြန်ပြီး မိဘတွေကို ဖျောင်းဖျမည်ဟု ယိုးမယ်ဖွဲ့ခဲ့တာပင်။

ယခုတွင် သူတို့အိမ်၏ လုံခြုံရေးအဆင့်ကအိမ်ဖြူတော်နှင့်ပင် ယှဉ်လို့ရသည်။ သူမက သူတို့ဗီလာ၏ ဘေးကင်းရေးအတွက် ပိုက်ဆံပမာဏ အများကြီးသုံး၍ လုံခြုံရေးကုမ္ပဏီ တစ်ခုကို ငှားယမ်းဖို့ သူမ၏မိဘတွေကို စည်းရုံးထားတာ ဖြစ်သည်။

မိဘတွေက သူတို့သမီးငယ်က ဘာလို့ အရမ်းစိတ်သောက ရောက်နေတယ်ဆိုတာကို နားမလည်ဘဲ၊ သူမကို လွန်ကဲစွာ တုံ့ပြန်နေ၍အနည်းငယ် ကျိုးကြောင်းမဆီလျော်ဘူးဟု တွေးနေကြသည်။

184 03

သို့သော် သမီးငယ်က သားမက်လောင်းကို သတိထားသင့်တယ်ဟု ပြောလာတော့ ၎င်းကို လိုအပ်သည်ဟု သူတို့ ခံစားမိသွားကြသည်။

၎င်းမှာ နေ့စဉ်ရက်စဉ် ငွေကုန်ကြေးကျ အတော်များပြားသော်လည်း သားမက်လောင်း၏ရန်မှ ကာကွယ်နိုင်သရွေ့၊ လောလောဆယ်တွင် သမီးငယ်၏ နည်းလမ်းအတိုင်း လုပ်ခွင့်ပေးထားမှာ ဖြစ်သည်။

သို့ပေတည့် ကျိုးထျန်းဟောက်ကတော့ သူ၏ကိုယ်ပိုင်ထင်ကြေးကိုသာ ခိုင်ခိုင်မာမာ ယုံကြည်နေဆဲပင်။

ကော်ဖီစားပွဲထောင့်နားက ပေါ်ယိရန်၏ လုပ်ငန်းသုံးကဒ်က သူ့သံသယကို အတည်ပြုပေးလိုက်သည်။

ပေါ်ယိရန်က သူနဲ့လုယွီဝေရဲ့အိမ်ကို ရောက်လာပြီး အာဏာပြချင်လို့ လုပ်ငန်းသုံးကဒ်ကို ထားသွားတာပဲဖြစ်ရမည်။

ကဒ်ပေါ်တွင် ပေါ်ယိရန်၏ ရာထူး၊ ဆက်သွယ်ရန် အချက်အလက်နှင့် ကုမ္ပဏီလိပ်စာတို့ကို ဖော်ပြထားသည်။

သစ်သီးပန်းကန်ထဲမှ ပန်းသီးပေါ် စိုက်ထားသော သစ်သီးလှီးဓားမှာ ၎င်း၏တည်ရှိမှုကို ပြစနေသည့်အလား ဓားသွားမှာ အလင်းရောင်လက်နေလျှက်။

ဤသည်မှာ လီယွီချင်းက လီယွီဝေကို လာခေါ်ရန် အိမ်သို့ရောက်လာပြီး လီယွီဝေစားဖို့ ပန်းသီးအခွံနွှာပေးရာကနေ စတာပင်။ အခွံနွှာပြီးသော ပန်းသီးများမှာ လှလှပပထွက်လာသော်လည်း လီယွီချင်းက ပန်းသီးဆို အခွံနွှာပြီးသားတောင် စားရတာ မကြိုက်ပေ။

ညီအစ်မနှစ်ယောက် အခန်းထဲမှထွက်တော့ လီယွီချင်းက ကားထဲတွင် ဖြည်းဖြည်းချင်းစားရန် ပန်းသီးကို ယူသွားသည်။

အနှီလူငယ်နှစ်ယောက် ပြောဆိုခဲ့သောထက်မြက်တဲ့ ယောက်ျားတွေက ယောက်ျားချင်း ဖြေရှင်းတယ်ဆိုတာကို ကျိုးထျန်း ဟောက် မှတ်မ်ိသည်။

သူသည် အစကတည်းက သာမန်လူတစ်ဦးမဟုတ်ဘဲ ယနေ့၏ မျိုးစုံသော လှုံ့ဆော်မှုတွေအောက်မှာ သစ်သီးလှီးဓားနှင့်အတူ အိမ်ကနေ ထွက်လာခဲ့လိုက်တော့၏။

ပေါ်ယိရန်လည်း ကံမကောင်းနေချေ။ အကယ်၍ သူသာ ယနေ့တွင် ကုမ္ပဏီ၌ အချိန်ပို မဆင်းခဲ့ပါက ကျိုးထျန်းဟောက်က သူ့ကို လာရှာရန် အားစိုက်ထုတ်ခဲ့ရပင်လျှင်အရမ်းကြီး အဆင်သင့်ဖြစ်နေမှာ မဟုတ်ပေ။

ပေါ်ယိရန်၏ ကုမ္ပဏီ အဆောက်အအုံသို့ သူရောက်လာခဲ့သည်။ ဝန်ထမ်းအများစုက အိမ်ပြန်သွားပြီဖြစ်ကာ ကံခေလှသောပေါ်ယိရန် အပါအဝင် ဝန်ထမ်းအနည်းစုသာ အချိန်ပို‌ဆင်းနေကြသည်။

ကုမ္ပဏီ၏ ဧည့်ကြိုကလည်း အိမ်ပြန်သွားပြီဖြစ်၍ ဗီဒီယိုကြည့်နေသော လုံခြုံရေးအစောင့်ဦးလေးကြီးသာ ရှိနေသည်။

တစ်စုံတစ်ယောက် ဝင်လာတာကိုမြင်တော့ သူသည် စစ်ဆေးရန် သို့မဟုတ် စာရင်းသွင်းရန်အတွက်ပင် စိတ်ထဲထားမနေပေ။

ခြေသံကြားတာနှင့် မျက်ခွံကိုအသာပင့်လိုက်ကာ မရင်းနှီးသည့် မျက်နှာကိုမြ င်တွေ့လိုက်ရသည်။ “ဘယ်သူ့ကို ရှာနေတာလဲ”

“ခင်ဗျားရဲ့ CEO ပေါ်”

“18 ‌ထပ်မှာ၊ ကိုယ့်ဘာသာတက်သွား”

ဤသည်ကို ကျိုးထျန်းဟောက်ကဲ့သို့ ဘယ်သူမှ မရှိသလိုမျိုး ဝင်ရောက်သွားခြင်းဟု ခေါ်ပေသည်။

ပေါ်ယိရန်က အခုလေးတင် သူ့အတွင်းရေးမှူးမလေးနှင့် လူးလိမ့်လို့ပြီးသွားတာဖြစ်ပြီး လည်ပင်းပေါ်တွင် သူမ၏ နှုတ်ခမ်းနီရာတွေရှိနေတုန်းပင်။

အတွင်းရေးမှူးမလေးက နားနေခန်းထဲတွင်သူမ၏ အဝတ်တွေကို ပြန်ပြီးသပ်ရပ်အောင် လုပ်နေခိုက်မှာ ကျိုးထျန်းဟောက်က ကျူးကျော်ဝင်ရောက်လာ၏။

184 04

ပေါ်ယိရန်မှာ သူ့ကို မြင်လိုက်ရချိန်၌ ခဏကြာကြောင်အသွားသည်။ သူတို့က လွန်ခဲ့သောနှစ်ရက်ကမှ ဆုံခဲ့ကြတာဖြစ်ပြီး အနှီလူက သူ့အတန်းဖော်၏ ကောင်လေးပင်။

သူအမြန် မတ်တပ်ထရပ်လိုက်၏။ “ညီအစ်ကိုကျွန်တော့်ကိုတွေ့ဖို့ ဒီအထိ ရောက်လာတာလား”

သို့သော် ကျိုးထျန်းဟောက်၏ မျက်လုံးတွေက သူ့လည်ပင်းထက်ရှိ နှုတ်ခမ်းနီရာများပေါ်၌သာ အကြည့်ကျရောက်နေသည်။ အနှီလူက ယခုလေးတင် ကမြင်းကြောထထားတာဖြစ်ပြီးသေချာသည်မှာ လုမိသားစုမှ မိန်းကလေးနှင့်မဟုတ်ချေ။

သူနဲ့ အတူတူ ကမြင်းကြောထထားတဲ့ မိန်းမက ဘယ်သူလဲ။ သူ့ဇနီးလား။

ဟုတ်လောက်တယ်။ ယွီဝေက အိမ်ပြန်သွားတယ်လို့သာ ပြောပေမဲ့၊ ပေါ်ယိရန်ရဲ့ကုမ္ပဏီကို တကယ်ကြီး ရောက်လာတာဘဲ။ ဒီနှစ်ယောက်က ဆက်ဆံရေးကိုယ်စီ ရှိနေကြပေမဲ့ အတူတူရှိနေကြတယ်။

ဤလူနှင့်ပတ်သက်ပြီး တစ်ခုခု မူမမှန်ပေ။ ပေါ်ယိရန် သေချာပေါက် အာရုံရနေ၏။

ကျိုးထျန်းဟောက်က သူ့ထံသို့ လျှောက်လှမ်းလာတော့သည်။ တစ်ခုခုမှားယွင်းနေတယ်လို့ သူ ခံစားမိလိုက်သော်ငြား အလွန် နောက်ကျ သွားချေလေ‌ပြီ။

All Chapters