အခန်း (၁၈၉-၁၉၂)
Vol. 10 Ch. 189-192
189 01
အခန်း ၁၈၉: အဖေ့ကို ထိတ်လန့်စရာနည်းနည်းပေးမယ်
အတန်းချိန်တွေအတွက် ကျောင်းတွင်နေထိုင်ကြသော ကျောင်းသားတွေနှင့် ယှဉ်ကြည့်မည်ဆိုပါက ကျောင်းသို့ပြန်ရန် မလိုအပ်သည့်သူတွေက ပိုပြီးပျော်ရသည်။
ဩဂုတ်လ၏ အဆုံးသတ်တွင် ကျောင်းတွေပြန်စပြီး စာသင်ခန်း၏ တစ်စိတ်တစ်ပိုင်းမှာစွမ်းအင်တွေ အပြုံးတွေဖြင့် ပြည့်နှက်နေ၍ကျန်တစ်ခြမ်းကမူ ခေါင်းပေါ်၌ တိမ်မည်းတွေအုပ်ဆိုင်းနေသော ဇွန်ဘီတွေနှင့်တူနေကာမသိလျှင် သူတို့၏ အသက်စွမ်းအင်တွေ ကုန်ခမ်းသွားသလိုပင်။
ယနေ့တွင် ပြန်ရောက်လာကြသော ကျောင်းသားများမှာ မနက်ခင်း အတန်းချိန်တွေကိုသာ တက်ဖို့လိုပြီး နေ့လယ်ပိုင်းကျနားလို့ရသည်။
ယခုနေ့မှစ သူတို့ကို ဒုတိယနှစ် အထက်တန်းကျောင်းသားတွေဟု တရားဝင် ခေါ်ဆိုနိုင်လေပြီ။
နောက်တစ်နေ့တွင် ပထမနှစ်အတန်းကကျောင်းသားသစ်တွေကို ကြိုဆိုခဲ့သည်။
အခန်း 1 က တတိယနှစ် ကျောင်းသားတွေ၏အချိန်ဇယားကို ပုံမှန်အတိုင်း ကျင့်သုံးရပြီးညဘက်တိုင်း ညနေခင်း စာကြည့်ချိန်တွေပါဝင်ပေသည်။
အတန်းဆင်း ခေါင်းဆောင်ထိုးပြီးနောက်လူတိုင်းသည် ပစ္စည်းပစ္စယများကို သိမ်းဆည်း၍ စားသောက်ကြရန် ကန်တင်းဘက်သို့အုပ်စုလိုက်ကြီး ဦးတည်လိုက်ကြသည်။
ကျောင်းယူနီဖောင်းကို ဝတ်ဆင်မထားသောကောင်လေးတစ်ယောက်က တံခါးခေါက်လာသည်။ သူသည် ကျောင်းယူနီဖောင်း မရသေးသည့် ပထမနှစ် ကျောင်းသားသစ်ဖြစ်ပုံရပြီး သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။
"ရွှီဝေ့ဝေ့၊ မင်းရဲ့ နေ့လည်စာ”
လူတိုင်းသည် လုပ်လက်စများကို ရပ်တန့်လိုက်ကြပြီး ချောင်ကျားကျင်း၏ ညာဘက်တွင်ထိုင်နေသော ရွှီဝေ့ဝေ့ကို လှည့်ကြည့်လိုက်ကြသည်။
ရွှီဝေ့ဝေ့က မတ်တပ်ထမရပ်ဘဲ မေးလိုက်၏။ “နင်ဒီကို ဘာလာလုပ်တာလဲ”
ကောင်လေးက နေ့လယ်စာဘူးကို ဇွဲရှိရှိဖြင့် ကိုင်ထားဆဲဖြစ်ကာ “နေ့လယ်စာ”
ရွှီဝေ့ဝေ့၏ ဘေးနားတွင်ထိုင်နေသည့် အတန်းခေါင်းဆောင်က သူမကို တွန်းလိုက်ပြီး“သွားယူလေ” သူ့ကို အဲ့နေရာမှာဘဲ မတ်တပ်ရပ်ခိုင်းလို့ မဖြစ်ဘူး။ အခြားကျောင်းသားတွေမြင်သွားရင် မကောင်းဘူးလေ။
သူတို့လည်း တစ်ခန်းလုံးကို စာသင်ခန်းထဲမှာ ပိတ်မိနေတာမျိုးကို အဖြစ်မခံနိုင်။ စာသင်ချိန် နှစ်ချိန်ကြားက နေ့လယ်စာစားချိန်ကို မိနစ်သုံးဆယ်သာ ပေးထားတာဖြစ်တာကြောင့် ကျောင်းသားတိုင်းက အချိန်နှင့်အပြိုင် လုပ်ကိုင်နေကြရတာပင်။
အနှီနှစ်ယောက်ကြားမှ လေထုမှာ မကောင်းမွန်နေချေ။ အတန်းခေါင်းဆောင်က ရွှီဝေ့ဝေ့သာ မတ်တပ်မရပ်လျှင် သူပဲ ထသွားရန် ပြင်ဆင်ထားလိုက်သည်။
နောက်ဆုံးတော့ ရွှီဝေ့ဝေ့ မတ်တပ်ရပ်လိုက်ပြီး စာသင်ခန်းတံခါးဝသို့ အမြန်လမ်းလျှောက်သွားကာ “သိပြီ၊ သိပြီ။ နောက်ဘယ်တော့မှ ယူမလာနဲ့”
ရွှီဝေ့ဝေ့၏ လေသံထဲက ရွံရှာမှုကို လူတိုင်း ကြားလိုက်ရ၏။ အတန်းဖော်တွေနှင့် သူမ၏နေ့စဉ်ဆက်ဆံရေးတွင် ရွှီဝေ့ဝေ့က အင်မတန်ယဉ်ကျေးပြီး ချစ်စရာကောင်း၍ ရှက်ကြောက်တတ်သော မိန်းကလေးတစ်ယောက်ပင်။
လူတိုင်းသည် ကိုယ့်ဘက်ကိုယ်သာ ယက်ကြတာဖြစ်သဖြင့် အနှီနှစ်ဦးကြားဘဲ ဘာတွေပဲဖြစ်ထားပါစေ၊ တစ်ဖက်လူ၏ အမှားက 100%ဖြစ်သည်။ သူတို့၏ အတန်းဖော်ကတော့ပြစ်ချက်ကင်းပြီး ဟာကွက်မရှိပေ။
အနှီလူငယ်လေးတွင် အလွန်ခံ့ညားသော မျက်နှာရှိ၏။ ယခုလို အထင်အမြင်သေးမှုမျိုးကို သူ ဘယ်တုန်းကမှ မခံစားခဲ့ဖူးသည့်ပုံပင်။ သူသည် ထိုနေရာမှာတင်ဘဲ နှစ်စက္ကန့်ကြာ ရပ်နေပြီးနောက် နေ့လယ်စာဘူးကို အမှိုက်ပုံးထဲထည့်တော့မည့် ရွှီဝေ့ဝေ့ကို ပြောလိုက်၏။ “မင်းအစ်ကိုက ငါ့ကို မင်းဆီ ယူလာခိုင်းတာ”
ရွှီဝေ့ဝေ့၏လက်မှာ အလျင်အမြန် ပြန်ရုတ်သွားသည်။ သူမသည် နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် နောက်ပြန်လှည့်၍ လူငယ်လေးကို တစ်ခုခု ပြောလိုက်ချင်သော်လည်း သူမ နောက်လှည့်လိုက်တော့ သူက ထွက်သွားပြီးလေပြီ။
189 02
ဘယ်သူမှ သတိမထားမိသော ထောင့်နားတွင် ရှီလီက မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး သူမ၏အကြည့်က ရွှီဝေ့ဝေ့နှင့် ကောင်းလေးကြားမှာ လူးလားဆန်ခတ်နေလျှက်။
ရွှီဝေ့ဝေ့က သူမ၏ထိုင်ခုံသို့ ပြန်လျှောက်လာပြီး သူမ၏ ထမင်းစားဖော်ကို ပြောပြလိုက်ကာ“ငါ့အစ်ကို နေ့လယ်စာပို့လိုက်လို့၊ နင်တို့နဲ့ ကန်တင်းကို မလိုက်ဖြစ်တော့ဘူး”
ရှီလီက နဖူးကို ရိုက်လိုက်ရင်း [ငါအခု မှတ်မိသွားပြီ]
ဤသည်မှာ စာရေးသူ၏ အခြားဝတ္ထုစီးရီးထဲမှအခြားသော အကြောင်းအရာပင်။
[လုရှောင်က ရွှီဝေ့ဝေ့အဖေရဲ့သူငယ်ချင်းကောင်းရဲ့ သားပဲ။ လုရှောင်ရဲ့ မိဘတွေက ကားမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားကြတာ။ သူ့ရဲ့ဆိုးသွမ်းတဲ့ ဆွေမျိုးတွေကလည်း သူ့ကို မကျွေးမွေးချင်ကြတော့ ဝေ့ဝေ့ရဲ့အဖေက သနားသွားပြီး သူ့ကို အိမ်ခေါ်လာခဲ့တာ]
လုရှောင် ထွက်သွားပြီးနောက် အတန်းဖော်များမှာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာကြပြီးစာ သင်ခန်းအပြင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားရင်းမှ ရှီလီ၏အသံကို နားစွင့်နေကြသည်။
ရှီလီလည်း စာသင်ခန်းထဲမှ ထွက်တော့မှာဖြစ်ပြီး စုန့်ရင်းနှင့် ကန်တင်းတွင် သွားစားကြမှာပင်။
ရွှီဝေ့ဝေ့သည် အစကတော့ နေ့လယ်စာဘူးကို ဖွင့်မလို့ ပြင်ထားသော်ငြား ရှီလီ၏ စိတ်ထဲက အတွေးတွေကို ကြားလိုက်ရချိန်မှာ အထူးသဖြင့် သူမအကြောင်း ဖြစ်နေတော့ နေ့လယ်စာဘူးအဖုံးကို ပိတ်လိုက်ကာ ထမင်းချိုင့်အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး ထမင်းစားဖော်ကို လေးလေးနက်နက် ပြောလိုက်သည်။ “တစ်ယောက်တည်း စားရမှာ အထီးကျန်ပြီး ခြောက်ကပ်ကပ်နဲ့။ ငါလည်း နင်တို့တွေနဲ့လိုက်ခဲ့မယ်”
ထမင်းစားဖော် အတန်းခေါင်းဆောင်: …အေးပါ
[ဝေ့ဝေ့အဖေရဲ့ ဦးနှောက်ထဲမှာ အပေါက်တွေ တကယ်ရှိနေတာ။ သူ့သူငယ်ချင်းရဲ့သားအပေါ် စိတ်မကောင်းဖြစ်မိပြီး အနာဂါတ်မှာ မှီခိုစရာလူမရှိမှာကို စိုးရိမ်တာနဲ့ပဲ လုရှောင်နဲ့ ဝေ့ဝေ့ကြားမှာ ဘယ်လိုဖြစ်ပြီး စေ့စပ်ပွဲ စီစဉ်ပေးနိုင်ရတာလဲ။ အဓိပ္ပာယ်ကိုမရှိဘူး]
[ဝေ့ဝေ့နဲ့ လုရှောင်တို့က စေ့မစပ်ခင် သိကြတာသုံးနာရီတောင် မရှိသေးဘူး]
ရွှီဝေ့ဝေ့သည် စိုးရိမ်ပူပန်စွာဖြင့် ဘေးဘီလှည့်ကြည့်လိုက်သော်လည်း အတန်းဖော်တွေက သူမကို ခိုးကြည့်မနေကြသဖြင့် စိတ်သက်သာရာ ရသွားသည်။
သူမ၏ အကြီးမားဆုံး လျှို့ဝှက်ချက်က ယခုလေးတင် ဘေးပတ်ဝန်းကျင်မှ လူတိုင်းဆီ ပေါက်ကြားသွားလေပြီ။ ကိုယ်လုံးတီးဖြင့် လမ်းပေါ်ထွက်လာရသလိုမျိုး သူမ ခံစားလိုက်ရတော့သည်။
အားးး ဘယ်လိုဖြစ်ပြီး သူမရဲ့ အတန်းဖော်တွေအားလုံး သိသွားကြရတာတုန်းလို့။ နွေရာသီအားလပ်ရက် တစ်လကျော်လေးနဲ့ သူမမှာ ခင်ပွန်းလောင်းရှိသွားပြီ။ အရမ်းရှက်ဖို့ကောင်းလိုက်တာ။
[ဒါပေမဲ့ ဝေ့ဝေ့နဲ့ လုရှောင်က တစ်နှစ်တည်း တစ်လတည်း မွေးကြတာပါ။ လုရှောင်က ဘယ်လိုဖြစ်လို့ ပထမနှစ် ဖြစ်နေရတာလဲ] ရွှီဝေ့ဝေ့ ခေါင်းငုံ့လိုက်ပြီး သူမ၏လက်ချောင်းတွေကို ထိုးဆိတ်လိုက်၏။ အကယ်၍ လုရှောင်သာ သူမနှင့် အတန်းတူပါက သူမ၏အဖေက သေချာပေါက် သူ့ကို တစ်ခန်းတည်းထားပေလိမ့်မည်။ သူမ သဘောမကျသည့်တစ်ယောက်ယောက်က ရှီလီ၏ စိတ်ထဲက အတွေးတွေကို ကြားသွားမှာကြောက်သဖြင့်သူမ လှည့်ကွက်အသေးစားတစ်ခုကို ထုတ်သုံးခဲ့တာပင်။
[လုရှောင်ကို လုမိသားစုထဲ ခေါ်လာတော့ဝေ့ဝေ့နဲ့ ဝေ့ဝေ့ရဲ့အစ်ကိုကြီးဆီက အနိုင်ကျင့်ခံရတယ်]
ရွှီဝေ့ဝေ့မှာ သူမ၏လက်ချောင်းတွေကို ဆက်လက်ထိုးဆိတ်နေ၏။ ဒီအတွက် သူမကို အပြစ်တင်လို့ မရဘူးမလား။ သူမက ဘယ်ကမှန်းမသိတဲ့ ခင်ပွန်းလောင်းကို ရုတ်တရက်ကြီး ရသွားတာလေ၊ ဘယ်လိုလုပ်ပြီး သူ့အပေါ်ကောင်းပေးနိုင်ပါ့မလဲ။
သူ့အစ်ကိုကြီးကလည်း မရှင်းပြတတ်လောက်အောင် ယောက်ဖလောင်းတစ်ယောက် ရသွားတာလေ။ အစ်ကိုကြီးတစ်ယောက်အနေနဲ့လုရှောင်ကို သဘောမကျတာ ပုံမှန်ပါဘဲ။
[ဝေ့ဝေ့ တက္ကသိုလ်တက်တော့၊ ရွှီမိသားစု ဒေါဝါလီ ခံလိုက်ရတယ်]
189 03
လက်ချောင်းတွေအား ထိုးဆိတ်နေတာကို ရွှီဝေ့ဝေ့ ရပ်တန့်လိုက်၏။ သူတို့က ဘာလို့ဒေဝါလီခံရတာလဲ။ သေချာရှင်းပြစမ်းပါ။ ဒီဟာက လုရှောင်နဲ့ ပတ်သက်နေတာလား၊ ဘာလားဆိုတာ ပြောလိုက်စမ်းပါ။
[ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ လုရှောင်က စီးပွားရေးလောကထဲမှာ ကြယ်ပွင့်အသစ်ဖြစ်လာခဲ့တယ်။ သူ့ကို အရင်တုန်းက အနိုင်ကျင့်ခဲ့ကြတဲ့ ရွှီမောင်နှမကို လက်စားပြန်ချေချင်ပေမဲ့ ဝေ့ဝေ့ကို ချစ်နေမိတာ နားလည်သွားတယ်လေ]
ရွှီဝေ့ဝေ့: သူ ရူးနေတာလား။ ငါ သူ့ကိုနှစ်တွေအကြာကြီး အနိုင်ကျင့်ခဲ့တာတောင် သူက ငါ့ကို ကြိုက်နေသေးတယ်။
[ဝေ့ဝေ့က ပြေးတယ်၊ လုရှောင်က လိုက်တယ်၊ဝေ့ဝေ့မှာ အတောင်ပါရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး]
ရွှီဝေ့ဝေ့: …ဟုတ်ပြီ၊ နင့်မှာ အရည်အချင်းရှိတယ်ဆိုတာ ငါနားလည်ပြီ။ နောက်တစ်ခါကျအရမ်းတွေ အရည်အချင်း ရှိပြမနေနဲ့။ ဒီစကားက သူမဘဝထဲမှာ အရှက်တရား တိုင်လုံးကြီးတစ်လုံး စိုက်ထူလိုက်သလို ခံစားသွားရစေတယ်။
[အဆုံးကျတော့ သူတို့တွေ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပြီး တစ်ခါတည်းနဲ့ သုံးမွှာပူးတောင် မွေးလိုက်ကြသေးတယ်]
ရိုးသားသော အထက်တန်း ကျောင်းသူလေးမှာ အနာဂါတ်တွင် သုံးမွှာပူးမွေးရမည်ဟု သိလိုက်ရသဖြင့် ထိတ်လန့်မှုကြောင့် သေသွားလုနီးပါး ဖြစ်သွားရသည်။
ကလေးသုံးယောက်။ အဲ့လိုဆို အကြောပြတ်ရာတွေ အများကြီး ရှိကုန်မှာပေါ့။
နေစမ်းပါဦး၊ ငါတို့မိသားစုက ဘာလို့ ဒေဝါလီခံသွားရတယ်၊ ဘာလိုဖြစ်သွားရတယ် ဆိုတာနင် မပြောရသေးဘူးလေ။
ရှီလီသည် ညနေစာရသွားပြီဖြစ်၍ လင်ဗန်းကိုသယ်ကာ စားပွဲတွင် ထိုင်ချလိုက်သည်။ သူမ ခေါင်းလှည့်လိုက်တော့ အခုလေးတင်စိတ်ထဲကနေ အပြစ်တင်နေခဲ့သည့် ရွှီဝေ့ဝေ့ကသူမ၏ဘေးနားတွင် ထိုင်နေတာကို မြင်တွေ့ လိုက်ရ၏။
[ဘာလို့ လုရှောင်နဲ့ ဝေ့ဝေ့က ပျော်ရွှင်စရာအဆုံးသတ်ရှိသွားလဲဆိုတာတော့ တကယ့်ကို နားလည်ရခက်တယ်]
[နှစ်ယောက်စလုံးက အချင်းချင်းကြောင့်အရမ်းခံစားခဲ့ကြရတာ။ သူတို့တွေ အတူတူပေါင်းဖက်သွားတာက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်]
[သူတို့တွေ လှလှပပနဲ့ သီးခြားဖြစ်ကြရင် ပိုကောင်းမယ်လို့ ငါတော့ ခံစားမိတယ်]
[သူတို့ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်က တကယ် တော့ လက်လှမ်းမီရခက်တယ်။ လုရှောင်ကနာမည်ကြီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာပြီး ဝေ့ဝေ့ကျတော့စီးပွားရေး လုပ်ငန်းရှင်ကြီးရဲ့ ဇနီးဖြစ်လာပြီး ကလေးသုံးယောက်အမေ ဖြစ်လာခဲ့တယ်]
ရွှီဝေ့ဝေ့: မေးခွန်းအမှတ်အသားတစ်ခုမှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ငါ့တန်ဖိုးက ကလေးမွေးတာနဲ့ ကလေးပျိုးထောင်တာပဲလား။ မဖြစ်နိုင်တာ၊ ဘယ်သူ့မှ ငါ့ကို လာမတားကြနဲ့နော်၊ ငါပြန်သွားပြီး စာကို အရူးအမူးလုပ်တော့မယ်။
[ငါ့အထင်တော့ အရာအားလုံး ဝေ့ဝေ့ အဖေရဲ့ အပြစ်တွေချည်းဘဲ။ လုရှောင်က အဲ့လောက် မငယ်တော့ဘူး။ သူ့ကို စောင့်ရှောက်ပေးဖို့ ဘာလို့ အိမ်ခေါ်လာရတာလဲ။ တကယ်လို့များသူ့ကို စောင့်ရှောက်ပေးချင်တယ်ဆိုရင် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ လွှတ်လိုက်ပြီးပိုက်ဆံ ပုံမှန်ပို့ပေးလိုက်လေ]
လူတိုင်း: မှန်သားဘဲ၊ အဲဒါက သာမန်လူတစ်ယောက် လုပ်လေ့လုပ်ထရှိတဲ့အရာမျိုးဟ။
စာအုပ်ထဲက ဇာတ်ကွက်အကြောင်းကို သူတို့တွေ ပိုမိုစဉ်းစားလာကြပြီး “ဪ၊ဟုတ်သားဘဲ၊ ငါလည်း အခုမှ မှတ်မိတယ်။ ဝေ့ဝေ့ရဲ့အဖေက လုရှောင်ရဲ့အမေနဲ့ တွဲခဲ့ဖူးတာကိုး။ လုရှောင်ကို သူ့သားအရင်းကို ထင်နေရှာတာ]
ဝေ့ဝေ့နှင့် လုရှောင်တို့ အတူတူရှိသွားကြပြီးနောက် ဝေ့ဝေ့၏အဖေက ထခုန်မတတ် သူတို့ကို တားမြစ်လာသည်။ “မင်းတို့တွေ အတူတူရှိလို့မရဘူးဟ၊ မင်းတို့က မောင်နှမတွေ”
ဝေ့ဝေ့၏အဖေသည် လုရှောင်ကို သူ့သားလို့အမြဲတမ်း ယူဆထားခဲ့တာကြောင့် DNA စစ်ဆေးချက်ကို ဘယ်တုန်းကမှ မလုပ်ခဲ့ချေ။ သူသည် အလွန်ယုံကြည်ချက် ရှိနေပြီး စစ်ဆေးဖို့ကိုတောင် စိတ်ထဲမထားခဲ့တာပင်။
189 04
လူတိုင်း: ငါတို့ မှတ်မိထားတာသာ မှန်ရင်ဝေ့ဝေ့ရဲ့ အဖေက သူ့သမီးနဲ့ သားလို့ ထင်နေတဲ့တစ်ယောက်ကို စေ့စပ်ပေးဖို့ စီစဉ်ထားတာတဲ့လေ။ သွေးသားရင်း စပ်ယှက်တာကို သူ မကြောက်ဘူးလား။
[ဝေ့ဝေ့ရဲ့အဖေက အမှိုက်ကောင်တစ်ယောက်ဘဲ။ လုရှောင်ကို သူ့ရဲ့တရားမဝင်သားလို့ မိန်းမထင်သွားမှာ ကြောက်ပြီး လုရှောင်နဲ့ဝေ့ဝေ့ကြားမှာ စေ့စပ်ပွဲကို အသေအချာ စီစဉ်လိုက်တာ] ရှီလီမှာ ထိုအကြောင်းကို ပိုစဉ်းစားလေ၊ပြောစရာစကားမဲ့လာလေပင်။ ဘာကြောင့်များဒီလိုရွံဖို့ကောင်းတဲ့ ယောက်ျားမျိုး ရှိနေရတာလဲ။
လုရှောင်နဲ့ ဝေ့ဝေ့တို့ တကယ်ကြီး ကြိုက်သွားမှာကို မစိုးရိမ်ဘူးလား။
[သူက ဝေ့ဝေ့ရဲ့ စိတ်ထားကိုသိထားတယ်လေ၊ရုတ်တရက်ကြီး ခင်ပွန်းလောင်းရလာမှာကို ဝေ့ဝေ့ မကြိုက်ဘူးဆိုတာကို သိနေတော့၊ကလေးနှစ်ယောက်ကြားမှာ စေ့စပ်ပွဲစီစဉ်ပေးဖို့ သတ္တိရှိနေတာပဲ]
ရွှီဝေ့ဝေ့၏ နေ့လယ်စာဘူးထဲမှ ပန်းဂေါ်ဖီစိမ်းမှာ သူမ၏ ထိုးဆွမှုကြောင့် အသီးရွက်ပူရီအဖြစ် ချေမွခံလိုက်ရသည်။ ပန်းဂေါ်ဖီစိမ်းကိုသူမ အဖေအဖြစ် စိတ်ကူးနေတာပင်။
သေစမ်း၊ သေစမ်း၊ သေစမ်း။ သေလိုက်စမ်း၊ ဘယ်လိုလုပ် ဒီလိုမျိုး ရွံဖို့ကောင်းတဲ့လူစားမျိုး ရှိနေရတာလဲ။ သူ မွဲပြာကျသွား တာတန်တယ်။ ဘာလို့ သူက မွဲပြာကျဲသွားပြီးတော့ သေပါ မသေသွားရတာတုန်း။
[ဝေ့ဝေ့က ဒီခင်ပွန်းလောင်းကို သဘောမကျလို့ သူ့ကို ပစ်မှတ်ထားနေခဲ့တာ။ ဝေ့ဝေ့ရဲ့အမေက သမီးဖြစ်သူကို စောစောစီးစီး မစေ့စပ်ခိုင်းချင်ဘူး ဆိုပေမဲ့ လုရှောင် အပေါ်မှာ အပြစ်ရှိသလိုမျိုး အရမ်းခံစားမိနေတော့ သူ့အပေါ် အထူးတလည် ကောင်းပေးရော။ ဒီဟာက ဝေ့ဝေ့ရဲ့ လူယုတ်မာအဖေရဲ့တွက်ချက်မှုတွေထဲက တစ်စိတ်တစ်ဒေသ ဖြစ်လောက်တယ်]
ပြဇာတ်တို:
အတန်းခေါင်းဆောင်: ဝေ့ဝေ့၊ နင့်မှာ လုပ်စရာဘာအစီအစဉ်တွေရှိလဲ။
ရွှီဝေ့ဝေ့: ရှေ့ရေးကိုတော့ ငါ မသိဘူး၊ ဒါပေမဲ့ ဒီညကျရင် သွေးရင်းစပ်ယှက်တဲ့ ထိတ်လန့်မှုမျိုးကို အဖေ့ကို ပေးဖို့အတွက် သူ့အရှေ့မှာ လုရှောင်ကို နမ်းမယ်။
အတန်းခေါင်းဆောင်: …ဒီဟာက ရန်သူကို800 နာကျင်အောင် လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်1000 ဒဏ်ရာရတာမျိုး မဟုတ်ဘူးလား။
[မှတ်စု: လူနှစ်ယောက် နမ်းလိုက်တာနဲ့ အဆုံးသတ်မှာ ကျိန်းသေပေါက် အတူတူ ပေါင်းဖက် သွားရမယ်လို့ မဆိုလိုပါဘူး။ လက်ရှိမှာ ဝေ့ဝေ့တွင် တရားဝင် တွဲဖက်မရှိသေးပါဘူး။ အရာအားလုံးက အနာဂါတ်ရဲ့ တိုးတက် ပြောင်းလဲမှုတွေ အပေါ်မှာ မူတည်ပါတယ်]
******
190 01
အခန်း ၁၉၀: သူတို့က မောင်နှမတွေလေ
ရွှီဝေ့ဝေ့သည် ကျောင်းမှ အိမ်ပြန်နောက်ကျပြီး မိသားစုထဲမှ လူတိုင်းကလည်း သူတို့အလုပ်နှင့် သူတို့ ကိုယ်စီအလုပ်ရှုပ်နေကြလျှက်။
ရွှီအမေက ဧည့်ခန်းထဲတွင်ထိုင်၍ သူ့သမီးငယ်ကျောင်းကနေ အိမ်ပြန်ရောက်လာမှာကို စောင့်နေသည်။ ဤသည်မှာ လွန်ခဲ့သော ခြောက်လမှစ၍ သူမ၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပြီး သမီးဖြစ်သူ အိမ်သို့ဘေးကင်းစွာ ရောက်လာတာကို မြင်ရတော့မှ စိတ်အေးနိုင်ပေသည်။ အိမ်ဖော်က သူမ၏အလေ့အထကို သတိထားမိသဖြင့် ရွှီဝေ့ဝေ့၏ ပြန်အလာကို စောင့်ဆိုင်းနေရင်း လတ်လတ်ဆတ်ဆတ်ခွဲထားသော သစ်သီးများကို ပြင်ဆင်ထား၏။
ရွှီဝေ့ဝေ့သည် ဧည့်ခန်းထဲက ဆိုဖာပေါ် ထိုင်လိုက်တာနှင့် သစ်သီးဗန်းကို ပိုက်ကာစားနေစဉ် ရွှီဝေ့ဝေ့၏အစ်ကိုက ညီမဖြစ်သူကို နှုတ်ဆက်ရန်အတွက် အောက်ထပ်သို့ ဆင်းလာသည်။
“ဒီနေ့ရဲ့ ချစ်စရာ နေ့လယ်စာဘူးက ဘယ်လိုနေတုန်း” သူ မေးလိုက်သည်။
ဤအကြောင်းကို အသိပေးလိုက်တော့မှ ရွှီဝေ့ဝေ့မှာ ရှီလီ၏ စိတ်ထဲကအတွေးတွေကို ပြန်သတိရသွားပြီး သူမ၏ စိတ်အခြေအနေမှာ မသာမယာ ဖြစ်သွားတော့သည်။
ညီမဖြစ်သူနှင့် အတော်လေး သဟဇတဖြစ်တာကြောင့် အစ်ကိုက သူမ မျက်မှောင်ကြုတ်နေတာကို သတိထားမိသွားပြီး မပျော်မရွှင်ဖြစ်နေတယ်ဆိုတာ သတိထားမိသွားသည်။ သူ၏ကာကွယ်ပေးလိုသော ဗီဇက ဝင်ရောက်လာ၍ရုတ်ချည်း မတ်တပ်ထရပ်ကာ ကြေညာလိုက်၏။ “ညီမလေးကို လုရှောင် စိတ်ဆိုးအောင် လုပ်ထားတာလား။ အစ်ကိုကြီး သူနဲ့ စကားသွားပြောလိုက်မယ်”
သူ ရေရွတ်လိုက်၏။ “အဖေကကလည်းကွာ ဘာလို့ သူ့ကို အိမ်ခေါ်လာပြီး ညီမလေးနဲ့ စေ့စပ်ပေးချင်နေမှန်း မသိဘူး။ အဓိပ္ပာယ် မရှိလိုက်တာ”
အစက နားမလည်ခဲ့သော ရွှီဝေ့ဝေ့လည်း ယခုတော့ နားလည်သွားလေပြီ။ သူမ အေးစက်စက် ရယ်လိုက်ပြီး သူမအစ်ကို၏အင်္ကျီစကို ဆွဲလိုက်သည်။ “ဟုတ်ပါပြီ၊ ဖြည်းဖြည်းသက်သာလုပ်ပါ။ ကုမ္ပဏီက အလုပ်တွေကြောင့် ပင်ပန်းနေတာ မဟုတ်ဘူးလား။ ညီမလေးရဲ့ ကိစ္စတွေကို စိတ်ပူပေးဖို့ ဘယ်လို လုပ်ပြီး အားအင်တွေ ရှိနေသေးတာလဲ။”
ကုမ္ပဏီကိစ္စတွေအကြောင်း ပြောလာတော့မှ ရွှီယို့လင်၏ လေသံမှာ အသံပျော့သွားပြီး“ညီမလေး သိပါတယ်၊ အစ်ကိုကြီးက ဒုဥက္ကဌ ဆိုတဲ့ အမည်ခံပဲရှိတဲ့၊ လာဘ်ကောင်သာသာပါကွာ။ ကုမ္ပဏီကိစ္စတွေနဲ့ ပတ်သက်လာရင် အစ်ကိုကြီးဆီ ဘယ်သူမှ မလာကြတော့ ဘယ်လိုလုပ်ပြီး ပင်ပန်းတော့မှာတုန်း”
ရွှီဝေ့ဝေ့၏အစ်ကိုဖြစ်သူ ရွှီယို့လင်က ချမ်းသာကြွယ်ဝသော မိသားစု၏ သမားရိုးကျ သားတစ်ဦးဖြစ်ကာ – တုံးအ၍ ချမ်းသာပြီး ညံ့ဖျင်းပေသည်။ သူဌေး၏သား ဖြစ်တာနှင့်ကုမ္ပဏီသို့ ဝင်လာခဲ့သော်ငြား သူ၏ စွမ်းရည်များမှာ အလွန်သာမန်ဆန်တာကြောင့် သူ့ဆို ဘယ်သူကမှ အသုံးမပြုရဲကြပေ။
သူ၏ ဖြောင့်မတ်သောလေသံကို အမြန်အဆန် ပြန်လည်ရရှိသွား၍ “ကုမ္ပဏီကို လူတွေအများကြီး စိုးရိမ်နေကြတာ၊ အစ်ကိုကြကို မလိုဘူး။ ဒါပေမဲ့ ညီမလေးမှာက အစ်ကိုကြီးတစ်ယောက်ဘဲရှိတာ၊ ညီမလေးကို အစ်ကိုကြီးမှ ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ။ ကုမ္ပဏီကိစ္စတွေက ဘယ်လောက်ဘဲ ကြီးမား နေပါစေ၊ အသေးအမွှားဘဲ။ ဒါပေမဲ့ အစ်ကိုကြီးတို့ဝေ့ဝေ့ရဲ့ ကိစ္စဆိုရင်တော့ ဘယ်လောက်ပဲ သေးငယ်ပါစေ၊ ကိစ္စကြီးတယ်”
ရွှီယို့လင်၏ ယခုလိုပြောပုံကို နားထောင် လိုက်ရတော့ ရွှီဝေ့ဝေ့မှာ ရင်ထဲ၌ နွေးထွေး သွားသလို ခံစားမိလိုက်ရသည်။ သူ့အစ်ကိုက နည်းနည်းတော့ အသုံးမကျပေမဲ့ သူမကိုတော့ အမှန်တကယ် ဂရုစိုက်ပေးသည်။
“အစ်ကိုကြီး၊ ကိုယ့်ကိုယ်ကိုယ် အဲ့လောက်ကြီးမနှိမ့်ချနေပါနဲ့”
ရွှီယို့လင်သည် စီးပွားရေး၌ အမြင်မရှိသော်လည်း သူတော်ကောင်းတရား ရှိနေတာကြောင့် ညီမဖြစ်သူက သူ့ကို ချီးကျူးပေးလာတော့မည်ဟု ထင်သွားသည်။
သူ၏ ကောင်းကွက်တွေအား သူမ စာရင်းပြုစုဖော်ပြလာမှာကို စောင့်နေတုန်း ရွှီဝေ့ဝေ့က ပြောလာသည်။ “ကိုယ့်အကြောင်းကို သိတာတန်ဖိုးရှိပါတယ်။ အစ်ကိုကြီးရဲ့ အားနည်းချက်ကို သိနေတယ်ဆိုတာကလည်း အင်အားတစ်ခုပဲလေ။ အစ်ကိုကြီးရဲ့ မတော်တဲ့နေရာမှာ ဝင်မပါတာက အလေ့အကျင့်ကောင်းတစ်ခုပါ။ အစ်ကိုကြီး၊ ဆက်ကြိုးစားသင့်တယ်”
190 02
သူမ၏ စကားတွေက ချီးကျူးတာနှင့် မတူသော်လည်း ရွှီယို့လင်က ပျော်ပျော်ကြီး ထောက်ခံနေဆဲပင် “ဟုတ်ပါပြီဗျာ၊ ညီမလေးပြောတာကို အစ်ကိုကြီး နားထောင်ပါ့မယ်”
ရွှီဝေ့ဝေ့က အသီးလင်ဗန်းကို ရွှီယို့လင်ဘက်တွန်းပေးလိုက်ပြီး သူ့ကိုလည်း စားစေသည်။ ပြီးနောက် သူမက သာမန်ကာလျှံကာ မေးလိုက်သည်။ “စကားမစပ်၊ အိမ်မှာ လုရှောင်ရှိလား”
သူ့ညီမ၏ပါးစပ်ကနေ အနှီနာမည်ကို ကြားလိုက်ရတော့ ရွှီယို့လင်၏ မျက်နှာမှာ ရုတ်ချည်း မည်းမှောင်သွား၏ “ညီမလေး၊သူ့ကို ဘာလို့ရှာနေတာလဲ။ အဲ့ကောင်လေးကို သဘောကျနေပြီလား။ သူက ပြဿနာကောင်ဆိုတာ အစ်ကိုကြီး သိနေတယ်။ ညီမလေးကို နေ့လယ်စာလာပို့တုန်းက သူမြှူဆွယ်ဖို့ ကြိုးစားသေးလား။ အောင်မလေးလေး၊ ငါ့ရဲ့ဖြူစင်ပြီး အပြစ်ကင်းတဲ့ ညီမလေးကတော့၊ လှည့်စားခံလိုက်ရပြီ..."
ရွှီဝေ့ဝေ့က ဒေါသရိပ်တွေ တက်လာရင်းနားထောင်လိုက်၏။ သူ့အစ်ကို၏လေသံက စကားတစ်ခွန်းတည်းဖြင့် သေခြင်း၊ ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သော ရွာအကြီးအကဲများနှင့် တထေရာတည်းပင်။
ဒီလိုစကားပြောပုံကို သူဘယ်ကနေ သင်လာတာပါလိမ့်။
ကုမ္ပဏီမှာ အလုပ်လုပ်နေရမဲ့အစား၊ နားနေခန်းထဲမှာ အချိန်ဖြုန်းပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေလိုမျိုး အတင်းပြောနည်းကို လေ့လာနေတာလား မသိဘူး။
ရွှီဝေ့ဝေ့သည် မန်စီးယပ်၏အမေ သုံးခါရွှေ့ပြောင်းရခြင်း၏ လိုအပ်ချက်ကို ရုတ်ချည်းပင် နားလည်သွားတော့၏။ သူ့ကို တစ်နေကုန်တစ်နေခမ်း နားနေခန်းထဲမှာပဲနေပြီး လုပ်ဖော်ကိုင်ဖက်များထံမှ အကျင့်ဆိုးများကို သင်ယူနေ ခြင်းမှ တားဆီးရန်အလို့ငှာ သူ့အလုပ်ရာထူးကို ပြောင်းလဲပေးဖို့ မိဘတွေနှင့် အခုချက်ချင်း အပူတပြင်း ဆွေးနွေးချင်မိသွားသည်။ (Note: မန်စီးယပ်ရဲ့အမေက သားဖြစ်သူ သင်ယူနိုင်ဖို့အတွက် နေရာသုံးနေရာ ရွှေ့ပြောင်းခဲ့တာပါ)
နောက်တစ်ကြိမ် သူမ တွေးမိပြန်တော့ နားနေခန်းထဲမှာ ရုံးတွင်းအတင်းအဖျင်းများကို နားထောင်နေခြင်းက အလုပ်မဖြစ်မြောက်သော်ငြား ကြီးကြီးမားမား အန္တရာယ်မဖြစ်စေ ဘူးလို့ တွေးမိသည်။ ၎င်းမှာ ကုမ္ပဏီ၏ အချက်အချာကျသော စီးပွားရေးကို ဖျက်ဆီး နိုင်ခြေရှိသည့် အရေးကြီးသော ရာထူးကို သူ့ဆီ ပေးလိုက်တာထက် သေချာပေါက် ပိုကောင်းပေသည်။ နောက်ပိုင်း ဆုံးရှုံးမှုများက ပိုပြီးတောင် ကြီးမားသွားနိုင်တာကြောင့်ပင်။
ရွှီဝေ့ဝေ့သည် ကနဦးတုန်းက သူမ၏ ရဲတင်း သောအကြံကို အလျင်အမြန်ဘဲ စွန့်လွှတ်လိုက်တော့သည်။
လုရှောင်သည် ရေယူဖို့ အောက်ထပ်သို့ဆင်းလာရင်း ရွှီယို့လင်၏ အမြီးအမောက်မတည့်သော စကားတွေကို ကြားလိုက်မိသည်။ သူသည် ဘာမှမကြားလိုက်သကဲ့သို့ အမူအရာကင်းမဲ့နေသော မျက်နှာထားဖြင့် အနှီနှစ်ဦး၏ဘေးနားကနေ ဖြတ်ကျော်သွားလိုက်သည်။
လုရှောင်ကိုမြင်တော့ ရွှီဝေ့ဝေ့၏ မျက်လုံးများလင်းလက်သွား၏။ အမျိုးသားဇာတ်လိုက်က မြင်ကွင်းထဲ ပေါ်ထွက်လာလေပြီ။
“အစ်ကိုကြီး၊ အဖေ စာကြည့်ခန်းထဲမှာလား။”သူမ မေးလိုက်၏။
“အေး။ သူ့ကို တွေ့ချင်လို့လား။” ရွှီယို့လင်အံ့ဩမိသွားသည်။ သူတို့၏အဖေက ရွှီဝေ့ဝေ့၏ သဘောဆန္ဒမပါဘဲ လုရှောင်နှင့် စေ့စပ်ပေးရန် စီစဉ်ပေးခဲ့ကတည်းက သူမသည် သူ့ရှေ့ရောက်တိုင်း ကလန်ကဆန်လုပ်၍ မျက်နှာသာမပေးပေ။ ဘာကြောင့်များ သူတို့အဖေကို အခုကျ တွေ့ချင်သွားရတာလဲ။
ရွှီဝေ့ဝေ့က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “ညီမလေးမှာ အဖေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရမဲ့ကိစ္စလေးအချို့ ရှိလို့ပါ”
“အစ်ကိုကြီးရော လိုက်ခဲ့ပေးရဦးမလား။” သူကမ်းလှမ်းလိုက်၏။
ရွှီဝေ့ဝေ့က တုံ့ဆိုင်းခြင်းမရှိ သူ့ကို ငြင်းပယ်လိုက်သည်။ “မလိုဘူး၊ ညီမလေး လုရှောင်နဲ့ပဲ သွားလိုက်မယ်။ အစ်ကိုကြီးလည်း အလုပ်ကနေ ပင်ပန်းလာရောပေါ့၊ သွားနားတော့လေ”
လုရှောင်မှာ ရုတ်တရက်ကြီး ပါဝင်လိုက်ရတာကြောင့် ပဟေဠ်ဖြစ်သွားရသော်လည်း သူ ဘာမှပြန်မပြောနိုင်ခင်မှာတင် ရွှီဝေ့ဝေ့က သူ့လက်ကိုဆွဲ၍ အပေါ်ထပ်သို့ ဦးတည်သွားသည်။
190 03
ရွှီဝေ့ဝေ့က ခြေလှမ်းကြီးကြီး လှမ်းနေသဖြင့် လုရှောင်မှာ သူမနောက် အမှီမလိုက်နိုင်ခင် ခြေလှမ်းအနည်းငယ်ခန့် ချော်သွားရသေး၏။ သူ့လက်ကို ပြန်မရုတ်လိုက်ဘဲ သူမ၏ ဦးဆောင်ရာနောက်ကနေ ရွှီအဖေ၏ စာကြည့်ခန်းထဲသို့ လိုက်သွားခဲ့သည်။
ရွှီဝေ့ဝေ့က တံခါးကို ပေါ့ပေါ့ပါးပါး နှစ်ကြိမ်ခေါက်ပြီး ရွှီအဖေက “ဝင်ခဲ့” လို့ မပြောနိုင်ခင်မှာဘဲ တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
သူ့သမီးငယ်ကို မြင်လိုက်ရတော့ ရွှီအဖေ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာတော့သည်။ ရွှီဝေ့ဝေ့နှင့် လုရှောင်တို့၏ လက်ချင်းတွဲထားတာကို မြင်လိုက်ရသည့် အခိုက်၌ သူ့အပြုံးမှာ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသော်ငြား အလျင်အမြန် ပြန်လည်ရောက်ရှိလာပြီး ပိုပြီးတော့တောင် အားတက်သရော ဖြစ်လာခဲ့သည်။
စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားသော ရွှီဝေ့ဝေ့မှာ ဤယာယီမျှသော ထူးဆန်းမှုကိုအမြန်အဆန် သတိထားမိသွားသည်။
“ဝေ့ဝေ့၊ ဘာကိစ္စရှိလို့ အဖေ့ကို လာတွေ့တာလဲ။” သူ မေးလိုက်သည်။
“အဖေ၊ သမီး အဖေ့ကို ကျေးဇူးလာတင်တာ။ သမီး ခုနောက်ပိုင်း ကျိုးကြောင်းဆီလျော်မှု သိပ်မရှိခဲ့ဘူး”
“ဪ"
ရွှီဝေ့ဝေ့က သူတို့၏ တွဲချိတ်ထားသော လက်တွေကို မြှောက်ပြလိုက်သည်။ “သမီးနဲ့ လုရှောင်ကို စေ့စပ်ဖို့ အဖေ စီစဉ်ပေးခဲ့ပေမဲ့ ခုခေတ်ကြီးမှာ ကြိုတင်လက်ထပ်တာမျိုးတွေ မရှိသင့်ဘူးလို့တွေးပြီး သမီး အမြင်ကန်းခဲ့တယ်။ သမီး တုံးအလွန်းလို့ အဖေ့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို နားမလည်ခဲ့မိဘူး။ သူနဲ့နှစ်ပတ်လောက် အတူတူ အချိန်ဖြုန်းကြည့်လိုက်တော့ လုရှောင် ဘယ်လောက်ကောင်းတယ်ဆိုတာကို သမီး သိလာရပါပြီ။ သူကတော်တဲ့ ကောင်လေးတစ်ယောက်ပါ၊ သူနဲ့စေ့စပ်ခွင့်ရတဲ့အတွက် အရမ်းကံကောင်းတယ် လို့ သမီး ခံစားရတယ်။ ကျေးဇူးပါ၊ အဖေ”
ရွှီအဖေ၏ မျက်နှာထက်မှ အပြုံးမှာ အေးခဲလာတော့၏။
ရွှီဝေ့ဝေ့က ပျော်ရွှင်မှုတွေ ပြည့်ဝနေသောမျက်နှာဖြင့် ဆက်ပြောလိုက်သည်။ “အဖေ၊အခု အရမ်းစိတ်ချမ်းသာနေမှာပဲနော်”
ရှီအဖေမှာ သူ့ကိုယ်သူ ပျော်ရွှင်အောင်လုပ်ဖို့မတတ်စွမ်းသာတော့။
သူ ဘယ်လိုလုပ်ပြီး ပြောထွက်နိုင်မှာတုန်း။ သူတို့က အဖေတူ မောင်နှမဝမ်းကွဲတွေမလို့ အတူတူရှိလို့ မရဘူး၊ သူတို့ရဲ့ ဆက်ဆံရေးက လွှဲမှားနေတယ်လို့ ဒီအတိုင်း ထုတ်ပြောလိုက်ရမှာလား။
ပထမဦးဆုံးအကြိမ်အဖြစ် သူ့အပြစ်၏ဖိအားကို အမှန်စင်စစ် ခံစားလိုက်ရသော်ငြား အဆိုးဆုံးက ရောက်မလာသေးပေ။
လုရှောင်အား ရွှီဝေ့ဝေ့ နမ်းလိုက်တာကို ရွှီအဖေ ထိတ်လန့်တကြား ကြည့်လိုက်ရ၏။ အကယ်၍ ကနဦးပိုင်းတုန်းက သူ့ကိုယ်ဟန်ကိုထိန်းထားနိုင်ခဲ့သော်လည်း ဤတိုက်ရိုက်ဆန်သော လှုံ့ဆော်မှုက သူ့ကို ဆတ်ခနဲ မတ်တပ် ရပ်မိစေပြီး စားပွဲပေါ်ရှိ ရေခွက်ကို တိုက်မိသွားစေကာ အရေးကြီးသည့် စာရွက်စာတမ်းတွေအပေါ်သို့ ရေတွေ ဖိတ်ကျသွားစေတော့၏။
ဤအခိုက်အတန့်၌ ရွှီအဖေမှာ စာရွက်စာတမ်းတွေအား ဂရုမစိုက်နိုင်တော့။
ရွှီအဖေ: “ဒီအဓိပ္ပာယ်မရှိတာကို ရပ်လိုက်စမ်း!”
ရွှီယို့လင်က တံခါးကနေ ပြေးဝင်လာပြီး“ညီမလေး!”
******
191 01
အခန်း ၁၉၁: စေ့စပ်ပွဲကို မဖျက်သိမ်းနဲ့
ရွှီယို့လင်သည် သူ့ညီမက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လုရှောင်၏လက်ကိုဆွဲ၍ အပေါ်ထပ်သို့ တက်သွားတာကို မြင်လိုက်မိသည်။ အစ်ကိုတစ်ယောက်အနေနှင့် ညီမဖြစ်သူအတွက် စိတ်ပူမိသော်လည်း ဘာကြောင့်ဝေ့ဝေ့က လုရှောင်နှင့် အပေါ်ထပ်တက်သွားချင်နေရတာလဲ ဆိုတာကိုလည်း သိချင်သေးသည်။
ထို့ကြောင့် ရွှီယို့လင်သည် အနှီနှစ်ယောက်၏အနောက်မှ ခြေဖျားထောက်ပြီး လိုက်လာကာ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်၍ စာကြည့်ခန်းထဲကို ချောင်းကြည့်နေခဲ့တာပင်။
သူ့ညီမက လုရှောင်အား ဖွင့်ပြောနေတာကို ကြားလိုက်ရတော့ သူ့ကိုယ်သူ မနည်းထိန်းထားလိုက်ရသည်။ သူသည် ဇွတ်အတင်း ဝင်သွားချင်သော်လည်း အသိတရားက သူ့ကို ပြန်ဆွဲထားခဲ့၏။
တံခါးနားတွင် ဆောင့်ကြောင့်ထိုင်နေသဖြင့် အောက်တစ်ပိုင်း တင်းထွက်နေသော သူ၏ကိုယ်ဟန်သည် စာကြည့်ခန်းဘေးမှ ဖြတ်သွားသော ရွှီအမေ၏အာရုံကို အောင်မြင်စွာ ဖမ်းစားနိုင်လိုက်သည်။
ရွှီအမေက သားဖြစ်သူကို ဘာမဟုတ်တာတွေလုပ်နေတာလဲဟု မေးမလို့ ပြင်လိုက်စဉ်မှာဘဲ သူက သူမ၏ပါးစပ်ကို လာအုပ်လာသည်။ ထို့နောက်မှာတော့ အမေနှင့်သားမှာ အတူတူခေါင်းချင်းဆိုင်၍ တံခါးအဟကြားမှတစ်ဆင့် စာကြည့်ခန်းထဲမှ ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်လိုက်ကြတော့သည်။
လုရှောင်ကို နမ်းလိုက်သည် ရွှီဝေ့ဝေ့၏မြင်ကွင်းသည် စာကြည့်ခန်းထဲမှ သွေးသားစပ်ယှက်မှုကို ကျုးလွန်နေကြတဲ့ မောင်နှမတွေဟု တွေးနေသော ရွှီအဖေကိုတင် ထိတ်လန့် သွားစေရုံသာမက၊ အပြင်ဘက်မှ ကြည့်ရှုနေကြသော သူမ၏ စပ်စုတတ်သည့် အစ်ကိုနှင့်အမေကိုပါ ထိတ်လန့်သွားစေတာပင်။
“ဒီအဓိပ္ပာယ်မရှိတာကို ရပ်လိုက်စမ်း!” ဟုအော်ပြီးတော့မှ ရွှီအဖေသည် သူ့တုံ့ပြန်ပုံကနည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားတာကိုခဏတွင်းချင်း နားလည်သွား၏။ ယုတ္တိကျကျဆိုရလျှင် ကလေးနှစ်ယောက်ကို သူဘဲ အားပေးအားမြှောက် လုပ်လာခဲ့တာကြောင့် သူတို့နှစ်ယောက် နမ်းနေတာကို မြင်လိုက်ရတာနှင့် ဘာလို့ စိတ်တည်ငြိမ်မှုတွေ ဆုံးရှုံးလိုက်ရတာလဲ။ ၎င်းက အဓိပ္ပာယ်မရှိချေ။
ထို့ကြောင့် သူ့ကိုယ်သု ဖိအားပေးကာ ထိုင်ချလိုက်ပြီး ရွှီဝေ့ဝေ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည် “နင်က အထက်တန်းကျောင်းသူဘဲ ရှိသေးတာလေ။ ဒီလိုအရှက်မရှိတဲ့ အပြုအမူမျိုးကို ဘယ်လိုတောင် လုပ်ရဲရတာလဲ”
ကြည့်ရသည်မှာ အစောပိုင်းတုန်းက သူ၏ဒေါသပေါက်ကွဲမှုမှာ သမီးဖြစ်သူ၏ သိက္ခာမဲ့သော အပြအမူကြောင့် ဖြစ်သွားသလိုပင်။
ရွှီယို့လင်က စာကြည့်ခန်းထဲသို့ ပြေးဝင်လာပြီးရွှီဝေ့ဝေ့နှင့် လုရှောင်ကို လူချင်းခွဲလိုက်သည်။ နှစ်ဦးကြားတွင် မတ်တပ်ရပ်နေရင်း သူ့ညီမအား ညစ်ပတ်သောအရာတွေကို အလွယ်တကူ မနမ်းဖို့ ပြောလိုက်ချင်ပြီး အရက်ပြန်နှင့် သူမ၏ပါးစပ်ကို သုတ်ဖို့တောင် စဉ်းစားနေတာဖြစ်သော်ငြား ၎င်းက မသင့်လျော်ဘူးသည့်ပုံပေါက်သည်ဟု ဆုံးဖြတ်လိုက်သည်။
ဤဖြစ်ရပ်၏ အဓိကကျသော နောက်ထပ်ပုံရိပ်ဖြစ်သူ၊ လုရှောင်ကတော့ ရွှီယို့လင်ထံမှ လူချင်းအခွဲခံလိုက်ရပြီးနောက် သူ့ဖြစ်တည်မှု တစ်ရပ်လုံးကို ဆုံးရှုံးလိုက်ရလုနီးပါးဖြစ်သွားပြီး စာကြည့်ခန်း၏ ထောင့်နားတွင် တစ္ဆေတစ်ကောင်အလား မတ်တပ်ရပ်နေတော့သည်။
ရွှီယို့လင်က ဒေါသတကြီး ခြေကိုဆောင့်၍“ညီမလေး၊ ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ။ ရွံ့ဖို့ကောင်းတယ်လို့ မထင်ဘူးလား”
ရွှီဝေ့ဝေ့က သူမအစ်ကို၏ ပြိုလဲသွားမှုကို လျစ်လျူရှုထားပြီး ရွှီအဖေကိုဘဲ အပြစ်ကင်းစွာကြည့်ရင်း ပြောလိုက်သည် “အဖေ၊ လုရှောင်က သမီးရဲ့ ခင်ပွန်းလောင်းလေ။ သမီးက သူ့ကို နည်းနည်းလောက် နမ်းလိုက်ရုံတင်ပါ။ ဘာများမှားလို့လဲဟင်”
နင်က အပေါ်ယံဘဲ စေ့စပ်ထားတာဟ၊ နင့်ကိုလက်ထပ်ပေးဖို့ ငါ ဘယ်တုန်းကမှ စဉ်းစားထားတာ မဟုတ်ဘူး။ ဒီဟာက ယာယီ အဆုံးအဖြတ်ပဲ ရှိသေးတာ။
191 02
လုရှောင်ကို နင် ငြင်းလိုက်မှာကို ငါကမျှော်လင့်ထားလို့ နင်တို့ရဲ့ စေ့စပ်ပွဲကို စီစဉ်ပေးခဲ့တာ။
ပြီးတော့ လတ်တလောလကမှ လုရှောင်ကိုအသည်းအသန် ငြင်းနေတာပါ။ ဘာတွေဖြစ်ပျက်သွားတာတုန်း။ ကျောင်းနှစ်ရက်ကလေး တက်လိုက်တာနဲ့ စိတ်ပြောင်းသွားတာလား။
ကျောင်းမှာ လူတွေရဲ့အတွေးတွေကို ပြောင်းလဲနိုင်တဲ့ မကောင်းဆိုးရွားတွေ ရှိနေတာလား။
ရွှီအဖေလည်း အင်မတန် စိုးရိမ်နေတာကြောင့် ခြေဆောင့်လိုက်ချင်သော်ငြား ၎င်းကို ထုတ်မပြနိုင်ချေ။
ရွှီအဖေက စားပွဲပေါ်တွင် လက်သီးကို တင်းတင်းဆုပ်ထား၍ သွားကြားထဲမှထွက်လာသော လေသံဖြင့် ပြောလိုက်၏။ “အဖေ ဒါကို ရှင်းရှင်းပဲပြောလိုက်မယ်၊ သမီးတို့နှစ်ယောက် အဆင်ပြေနေတာကို အဖေ အပြည့်အဝကြီးအားပေးတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက ငယ်သေးတယ်၊ စာမှာပဲ အာရုံစိုက်ထားကြ။ ဒီလိုအပြအမူက မသင့်လျော်ဘူးမလား”
ခေတ္တခဏမျှ တွေးတောပြီးနောက် ရွှီဝေ့ဝေ့ကပြောလိုက်၏ “အရမ်းကြီး မစောတော့ပါဘူး။ သမီးအမြင်ကတော့ စေ့စပ်မှာကိုတောင် စိတ်ထဲမထားသင့်တော့ဘူး။ နေ့ကောင်းရက်မြတ် တစ်ရက်ရက်ရွေးပြီး ချက်ချင်းတောင် လက်ထပ်လိုက်သင့်တာ။ သမီးက ငယ်တုန်းရွယ်တုန်းဆိုတော့ ကလေးမွေးပြီးရင် ထူထူထောင်ထောင်ဖြစ်လာဖို့ မြန်တယ်လေ။ ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်ခင်မှာဘဲသမီး ကလေးမွေးလိုက်လို့ရတယ်”
ရွှီအဖေမှာ သူက တကယ့်ကို အိုမင်းနေပြီဖြစ်တာကြောင့် လူငယ်တွေဟ တွေးခေါ်ပုံကို လိုက်မမှီနိုင်တော့ဘူးဟု တွေးလိုက်မိသည်။ သူ့သမီးကို အထက်တန်းကျောင်းတက်နေတုန်း ကောင်လေးတစ်ယောက်နှင့် အရောတဝင်မနေဖို့ ဖျောင်းဖျနေသည်မှာ အောင်မြင်သည်မရှိဘဲ၊ သူတို့သာ စေ့စပ်သွားပါက ပိုဆိုးချေတော့မည်။
စကားလမ်းကြောင်းက ဘယ်လိုဖြစ်လို့များ လုရှောင်နဲ့ ကလေးယူဖို့အထိ ရုတ်တရက်ကြီး ခုန်တက်သွားရတာလဲ။ နင်တို့နှစ်ယောက်လုံးက မောင်နှမတွေ၊ တရင်းတနှီး လက်ဟန်ခြေဟန်တွေတောင် ရှိလို့မရတာ၊ ကလေးမွေးဖို့ဆိုဝေးလာဝေးပြီပေါ့ဟ။ (ဆင်ဆာကို လေးစားပါတယ်၊ သူတို့က မောင်နှမတွေ တကယ်မဟုတ်ပါဘူး၊ အားလုံးက နားလည်မှု လွဲနေကြတာပါ၊ကျေးဇူးပြုပြီးတော့ ငါ့ကို ပိတ်လှောင်မထားကြနဲ့နော်)
အခုတော့ သူမကို သူဘယ်လိုမျိုး နားချနိုင်ပါတော့မလဲ။
ပြဿနာကို တစ်ခုပြီးတစ်ခု ပြောနေတယ်။
သေချာသည်မှာ၊ ရွှီယို့လင်လည်း ရွှီအဖေလို ထိတ်လန့်သွားခဲ့ရတာပင်။ သူ့ညီမလေးကို မအော်ရက်သဖြင့် ၎င်းမှာ သေနာကောင်လုရှောင်၏အမှားတွေပဲ ဖြစ်ပေလိမ့်မည်။ သူသည် ဟိန်းဟောက်နေသော သားရဲကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ညီမလေးအား ဘယ်လို အချစ်ဆေးရည်မျိုး တိုက်လိုက်တယ်ဆိုတာကို သိရရန် လုရှောင်ကို ကြိမ်းမောင်းနေတော့၏။
ရွှီအမေကတော့ ရွှီအဖေ၏ အကြံအစည်ကို မသိထားသော်ငြား ကျောင်းသားတွေကစာမှာဘဲ အာရုံစိုက်သင့်တယ်လို့ သူမ ယုံသည်။ သူမ၏သမီးက ငယ်သေးရုံတင်မကဘဲ၊ အရေးကြီးဆုံးကတော့ သမီးဖြစ်သူ၏ ပညာရေးမှာ ဤကိစ္စကို အတားအဆီးတစ်ခု မဖြစ်စေချင်ပေ။
သူမ ရွှီဝေ့ဝေ့ကို စိတ်ရင်းဖြင့် ဖျောင်းဖျရန် ကြိုးစားလိုက်သည်။
10:30 PM တွင် ရွှီမိသားစုဗီလာ၏ တတိယထပ် စာကြည့်ခန်းထဲမှာ ဆူဆူညံညံ ဖြစ်နေလျှက်ရှိသည်။ ရွှီအဖေက စားပွဲခုံနောက်တွင်ထိုင်ကာ တဒုန်းဒုန်းထုနေရင်း ရွှီဝေ့ဝေ့ကို အရှက်မရှိသည့်အတွက် အပြစ်တင်နေသည်။
ရွှီယို့လင်က လုရှောင်၏နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ သူ၏ ဖြူစင်ရိုးသားပြီးတုံးအသော ညီမလေးကို မင်း ဆွဲဆောင်ခဲ့တာ ဟုဆို၍ ဒေါသတကြီး စွပ်စွဲနေလေ၏။
ရွှီဝေ့ဝေ့၏ ဘေးနားတွင် မတ်တပ်ရပ်နေသောရွှီအမေက သူမကို စိတ်ပြောင်းသွားစေရန်လေးလေးနက်နက် ဖျောင်းဖျနေသည်။
စာကြည့်ခန်း တစ်ခန်းလုံးတွင် အတည်ငြိမ်ဆုံးနှစ်ယောက်မှာ ဤဆူညံမှု၏ အဓိကတရားခံ တွေဖြစ်ကြသော ရွှီဝေ့ဝေ့နှင့် လုရှောင်ပင်။ နှစ်ယောက်စလုံးမှာ ကြမ်းကြမ်းတမ်းတမ်း ဆူပူခံနေရသော်ငြား ဩချရလောက်အောင် မလှုပ်မယှက် ရှိနေကြသည်။
ရွှီအဖေ၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး သွေးဖိအားမှာလည်း ကတုံးပြောင်ပြောင်တွင် ဒုံးပျံလို ထိုးတက်လာတာကို ကြည့်နေရင်းရွှီဝေ့ဝေ့မှာ မကျေနပ်သေးသလို ခံစားလိုက်ရတာကြောင့် မီးထဲသို့ လောင်စာထပ်ထည့်လိုက်တော့၏။
“အဖေ၊ ဟိုတစ်နေ့တုန်းကလေ လုရှောင်ရဲ့ အခန်းက အရမ်းရိုးစင်းလွန်းတယ်လို့ အဖေပြောခဲ့သေးတယ်မလား။ အမေ့ကိုတောင်ဒီ ဇိုင်နာတစ်ယောက်လောက် ခေါ်ခိုင်းပြီး သေချာ မွမ်းမံခိုင်းသေးတယ်မလား။ သမီးကတော့ အဲ့လိုလုပ်စရာ မလိုတော့ဘူးလို့ ထင်တယ်။ သမီးတို့က ဗီလာတစ်ခုတည်းမှာပဲနေကြတဲ့ စေ့စပ်ထားတဲ့သူတွေလေ။ ဘာလို့လုရှောင်ကို သမီးနေတဲ့ ဒုတိယထပ်ဆီ မပြောင်းပေးလိုက်တာလဲ။ သမီးတို့ အတူတူနေ့ရက်တိုင်းကို ဖြတ်သန်းပြီး ဆက်ဆံရေးကို တိုးပွားလာအောင် လုပ်လို့ရတာပေါ့”
သူမသည် လုရှောင်အား သူမနေထိုင်သည့်အထပ်သို့ ပြောင်းရွှေ့စေချင်တယ်လို့ ပြောခဲ့သော်လည်း သူမ၏လေသံကတော့ သူ့ကိုသူမအခန်းထဲ ပြောင်းလာစေချင်သည်ဟု ဆိုလိုနေတာပင်။
ရွှီယို့လင်နှင့် ရွှီအမေတို့ စကားမပြောလာနိုင်ခင်မှာတင် ရွှီဝေ့ဝေ့က သူတို့နှစ်ဦးစလုံးကိုဖက်၍ နောက်ကျောကို နှစ်ကြိမ်ဆီ ပုတ်ပေးလိုက်ကာ သူတို့တွေ စကားပြောလာမည့် အရေးမှ တားမြစ်လိုက်၏။
191 03
ရွှီဝေ့ဝေ့၏သိမ်မွေ့သောလုပ်ရပ်ကို ရွှီအဖေ သတိမထားမိလိုက်သော်ငြား စာကြည့်ခန်း၏ထောင့်နားတွင် မတ်တပ်ရပ်နေသည့် လုရှောင်ကတော့ သေချာပေါက် မလွှဲချော်သွားပေ။
ရွှီယို့လင်နှင့် သူ့အမေ တိတ်ဆိတ်နေခိုက်မှာရွှီအဖေက နောက်တစ်ကြိမ် ထရပ်လာပြန်၏။ သူသည် ရွှီဝေ့ဝေ့၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုး၍ အံ့အားသင့်စွာ ပြောလိုက်သည် “နင့်မှာ အရှက်မရှိဘူးလား”
ဒေါသပုန်ထနေချိန်၌ ဤအရာများကိုသာ သူပြောထွက်နိုင်လိုက်သည်။
ရွှီအမေက သမီးဖြစ်သူကို ကာကွယ်လိုက်၏။ “အဘိုးကြီးရွှီ၊ သူမကို သေချာပြောပြလေ။ သူမက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ကလေးမဟုတ်ဘူး”
ဒီပုန်ကန်ထကြွနေတဲ့ ကောင်မလေးကို ကျိုးကြောင်းဆီလျော်တယ်လို့ ခေါ်ရင် ဒီလောကကြီးမှာ ကျိုးကြောင်းဆီလျော်တဲ့ကလေးဆိုတာ ရှိတော့မှာမဟုတ်ဘူးလို့ ရွှီအဖေ တွေးလိုက်တော့သည်။
သူသည် ဒေါသပုန်ထနေပြီး စိတ်ကိုလည်းအလုပ်လုပ်ဖို့ ရုန်းကန်နေရသော်လည်း ကိစ္စတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားသည်: အနှီကလေးနှစ်ယောက်ကြားက စေ့စပ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်နေပြီး မဟုတ်ပါက ကိစ္စတွေ ပိုဆိုးရွားသွားနိုင်တယ်ဆိုတာပင်။
မတော်လို့ ဝေ့ဝေ့နဲ့ လုရှောင်သာ စည်းတစ်ခုကို ဖြတ်ကျော်မိသွားရင် သူ့အနေနဲ့ ပြန်လမ်းရှိတော့မှာ မဟုတ်ဘူး။
သူသည် စိတ်အေးစေရန်အတွက် ခွက်ကိုယူ၍ ရေအေးသောက်ရန် ပြင်လိုက်သော်လည်း ၎င်းမှာ အကြောင်းရင်းတစ်ချို့ကြောင့် မှောက်ကျနေတာကို မြင်လိုက်ရ၏။ ခွက်ထဲ၌ရှိရမည့်ရေတွေက သူ့အင်္ကျီလက်နှင့် စာရွက်စာတမ်းများ အပေါ်မှာသာ စိုရွှဲနေလျှက်။
သူ လည်ချောင်းရှင်း၍ ဆက်ပြောလိုက်၏။ “အဖေ အရင်တုန်းက အမှားလုပ်ခဲ့မိတယ်။ ဝေ့ဝေ့နဲ့ လုရှောင်တို့က ငယ်သေးတယ်၊ စာမှာဘဲ အာရုံစိုက်သင့်တယ်။ သမီးတို့ရဲ့ စေ့စပ်ပွဲ ကို အဖေ မတိုက်တွန်းခဲ့သင့်ဘူး။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ကြတာပေါ့၊ ဒါပေမဲ့ လုရှောင်က အဖေတို့ရဲ့မိသားစုဝင် ဖြစ်နေတုန်းဘဲနော်။ အခုကစပြီး သူ့ကို အဖေ့ရဲ့ ခေါင်းကိုင်သားတစ်ယောက်လို ဆက်ဆံကြ”
စေ့စပ်ပွဲကို အဆုံးသတ်လိုက်သည့် ယခုလိုဆုံးဖြတ်ချက်ကြောင့် အကျေနပ်ဆုံးကတော့ ရွှီယို့လင်ပင်။ သူ၏ နှလုံးသားထဲမှာတော့ သူ့ညီမလေးကသာ အကောင်းဆုံးဖြစ်ပြီးဘယ်သူကမှ သူမနှင့် မတန်ပေ။
သူ့ညီမလေးက ပြိုင်စံရှား အလှပဂေးလေးကို၊ချစ်ရေးဆိုတဲ့သူအားလုံး ရန်ကနေ သူမကို ကာကွယ်ပေးမှာပေါ့။
ဒါပေါ့၊ ရွှီဝေ့ဝေ့လည်း ဤစေ့စပ်ပွဲကို အဆုံးသတ်ချင်နေတာ ဖြစ်သော်လည်း သူမက လောလောဆယ်တွင် အလျင်လိုနေတာပင်။ သူမ၏ ယနေ့ပန်းတိုင်က သူမ၏အဖေကို စိတ်တိုအောင်လုပ်ဖို့ ဖြစ်သည်။
“အဖေ၊ ဒါပေမဲ့ သမီးက လုရှောင်ကို တကယ်ကြိုက်တာ။ သမီးတို့ကို စေ့စပ်ဖို့စီစဉ်ပေးတဲ့ အဖေ့ရဲ့အကြံက လုံးဝမှန်တယ်။ လုရှောင်က ထူးချွန်တဲ့ ကောင်လေး တစ်ယောက်ပါ။ အဖေကတော့ ထင်ထားတဲ့အတိုင်းဘဲ၊ ဒီလိုထူးချွန်တဲ့ ကောင်လေး တစ်ယောက်ကို တွေ့တာနဲ့ သမီးကို အရင်ဆုံးတွေးပေးတယ်။ သမီး အရမ်းခံစားသွားရပြီ”
******
192 01
အခန်း ၁၉၂: လောင်တိမ့်က သူ့ကိုယ်သူဟုတ်လှပြီထင်နေတယ်ပေါ့၊ ဟမ့်
အဖေတစ်ယောက်အနေနှင့် ကလေးတွေကိုထိန်းချုပ်လို့ မရချိန်မှာတော့ အပြစ်တွေကို သူတို့၏အမေထံသို့ ပုံချပေလိမ့်မည်။
ရွှီအဖေက သူ့မိန်းမဘက်သို့ ဒေါသတကြီးလှည့်လိုက်ပြီး “မင်း သူမကို ဘယ်လိုတောင် ပျိုးထောင်လာခဲ့တာလဲကွ။ ပြီးပြည့်စုံတဲ့ ကလေးလိမ္မာတစ်ယောက်ကို အရှက်တရားတဲ့သူအဖြစ် မင်း ပြောင်းလဲလိုက်တာဘဲ!”
ရွှီဝေ့ဝေ့က အရှေ့ထွက်၍ သူမအမေကို ကာပေးလိုက်သည်။ “အမေ၊ သမီး ဘာအမှားလုပ်မိလို့လဲ။ အဖေက သမီးအတွက် ခင်ပွန်းလောင်း ရှာပေးတယ်၊ သမီးက လက်မခံတော့ စဉ်းစားဉာဏ်မရှိဘူးဆိုပြီး ဆူတယ်။ အခုသမီးက သူနဲ့ သင့်မြတ်ချင်ပါပြီဆိုတော့ အဖေက သမီးကို အရှက်မရှိဘူးလို့ စွပ်စွဲပြီး သမီးတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းချင်နေပြီ။ အဖေ ဘာတွေတွေးနေလဲဆိုတာ သမီးတော့ နားမလည်နိုင်တော့ဘူး၊ အခုလည်း တာဝန်တွေ အားလုံးကို အမေ့ဆီ လွှဲချနေပြန်ပြီ”
ရွှီဝေ့ဝေ့က ကလန်ကဆန် ဆက်ပြောသည်။ “သမီးတို့ကို အဖေကြိုက်တဲ့အချိန် စေ့စပ်ပေးမယ်၊ ကြိုက်တဲ့အချိန် မင်္ဂလာပွဲဖျက်သိမ်းပစ်မယ်လို့ ပြောနေတာလား။ သမီးက အဖေ့သမီးအဖြစ် စဉ်းရောစဉ်းစားရဲ့လား။ သမီးတို့ရဲ့စေ့စပ်ပွဲကို အဖေ ဘယ်လိုထင်လဲ။ အိမ်မှာကစားရတဲ့ ကလေးဂိမ်းတစ်ခုလိုမျိုးလား။ အဖေက ပါးစပ်ဖွင့်လိုက်၊ ပိတ်လိုက်ရုံနဲ့ သမီးတို့က ရုတ်တရက်ကြီး စေ့စပ်လိုက်ရတော့။ နောက်တစ်ကြိမ် လုပ်ပြန်တော့ သမီးတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပြန်တယ်။ အဓိပ္ပာယ်ကိုမရှိတာ”
“ဒီနေ့ အဖေ့ကိုယ်အဖေ မရှင်းပြနိုင်ရင် ဒါကိုသမီး အလွတ်မပေးနိုင်ဘူး။ သမီးနဲ့ လုရှောင်ရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းတာကိုလည်း သဘောမတူဘူး။ ဒီည သမီးနေတဲ့အထပ်ကို သူ ပြောင်းမလာဘူးဆို၊ သူ့အခန်းထဲ သမီး ပြောင်းသွားမယ်။ စေ့စပ်ပွဲကို ဖျက်သိမ်းတယ်ဆိုတာ နှစ်ဦးသဘောတူမှရတာ၊ သမီးကတော့ ဖျက်သိမ်းဖို့ သဘောမတူဘူး”
ရွှီဝေ့ဝေ့၏ လေသံမှာ စကားပြော ကောင်းနေသော်လည်း သူမ၏စကားလုံးတွေက ရွှီအဖေကို ချောင်းဆိုးရာ၌ သွေးပါလာအောင် လုပ်နိုင်စွမ်းရှိ၏။ “ဪ၊ စိတ်မပူပါနဲ့၊ အဖေ။ လုရှောင်နဲ့ သမီးက မနက်ဆို အတန်းတွေတက်ပြီး ညဘက်ကျမှ ကလေးတွေ လုပ်ကြမှာပါ။ သုံးနှစ်အတွင်း ကလေးနှစ်ယောက်ရအောင်လို့ သမီးတို့ကြိုးစားမှ အဖေ့ရဲ့ သူငယ်ချင်းအိုကြီးတွေရှေ့မှာ မျက်နှာမော့နိုင်မှာပေါ့နော်”
လက်မထပ်ထားတဲ့ သမီးတစ်ယောက်က ကလေးမွေးနေတာ ဂုဏ်ယူရတဲ့ အရာလား။
ရွှီဝေ့ဝေ့၏ ပါးစပ်က စက်သေနတ်နှင့်တူပြီးရွှီအဖေကို စကားပြောခွင့် မပေးပေ။ သူမကဆက်ပြော၏။ “အဖေဘဲ မြေးလိုချင်လို့ အလောသုံးဆယ် ဖြစ်နေတာမလား။ အစ်ကိုကြီးကိုတောင် ဘလိုင်းဒိတ်တွေသွားဖို့ တွန်းအားပေးနေတာဘဲကို။ သမီးရှိနေတော့ စိတ်ပူနေစရာ မလိုတော့ဘူး။ အစ်ကိုကြီးလည်း အသိုင်းအဝိုင်းထဲက ထူးဆန်းတဲ့ လူတွေကို သွားဒိတ်နေစရာ မလိုတော့ဘူး။ တက္ကသိုလ်ကျောင်းသားတွေမှာ ကလေးရှိနေရင် အပိုငွေရနိုင်တယ်လို့ သမီး ကြားမိသေးတယ်။ နှစ်ဖက်လုံးနိုင်တဲ့ အခြေအနေပဲလေ”
သို့ပေတည့် ရွှီအဖေသည် ယခုချိန်မှာ မျက်နှာပျက်ရမှာကို စိတ်မပူနေပေ။ အကယ်၍ သူ့သမီးသာ လုရှောင်နှင့် တကယ်ကြီး ကလေးရသွားပါက ဘာဖြစ်လာမလဲဆိုတာကိုပဲ စိုးရိမ်နေရလေပြီ။
တစ်ယောက်က သူ့သမီးဖြစ်ပြီး ကျန်တစ်ဦးက သူ့သားပင်။ သွေးသားချင်း စပ်ယှက်သောအိမ်ထောင်တွေက ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးတွေ မွေးတတ်သည်။
ထိုကဲ့သို့ ကလေးမျိုးကို မွေးထားသော ဘယ်လိုမိသားစုမဆို နောက်ကွယ်၌ အတင်းအဖျင်း ပြောခံထိမှာဖြစ်ပြီး ဤဘဝတွင် မကောင်းမှုတွေ အများကြီးကို ကျူးလွန်ထားတယ်ဟု အပြောခံရမှာဖြစ်သည်။
ရွှီအဖေသည် ၎င်းကို ဆက်ပြီးလျှို့ဝှက်ထားနိုင်ဖို့ လမ်းမမြင်တာကြောင့် ရွှီဝေ့ဝေ့က ကိုယ်လက်အင်္ဂါချို့တဲ့သည့် ကလေးတစ်ဦးကိုမွေး လာမှာအား စိုးရိမ်လာရတော့သည်။
ရွှီအဖေသည် သူ့ကဒ်များကို စားပွဲပေါ် တင်ပြလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။ “နင် သူနဲ့ အတူရှိလို့မရဘူး။ နင်တို့က မောင်နှမတွေ”
အိုး ဝေါင်း၊ ရွှီဝေ့ဝေ့သည် သူမအဖေအား ၎င်းကို တိုက်ရိုက်ကြီး ဝန်ခံလာသည်အထိ သတ္တိရှိလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ရွှီအဖေမှာ ရွှီဝေ့ဝေ့က သူမကိုယ်သူမ မထိန်းသိမ်းနိုင်ဘဲ လုရှောင်နှင့်အတူ မကောင်းသတင်း တစ်ခုအား ဖန်တီးလာမှာကို ကြောက်သဖြင့် မငြင်းဆန်နိုင်တော့ချေ။ အကယ်၍ သူသည် အနာဂါတ်မှာ လုရှောင်ကို အသိအမှတ်ပြုချင်ပါက ပိုပြီးဆိုးရွားသောပျက်စီးကိန်းကို ရင်ဆိုင်ရတော့ပေမည်။
ယခုချိန်တွင် လုရှောင်က သူ၏ တရားမဝင်သားဟူပြီး ဝန်ခံလိုက်ခြင်းက ပြဿနာသိပ်မကြီးပေ။ ဘယ်လိုလူချမ်းသာမှာများ တရားမဝင်ကလေးတွေ မရှိကြလို့လဲ။ တရားမဝင်ကလေးတွေ တစ်ပြုံကြီးရှိကြတဲ့အခြားလူတွေနဲ့ ယှဉ်လိုက်ရင် သူကမှ လုရှောင်တစ်ယောက်တည်းရှိတာ။ သူ့မိန်းမကတောင်ကျေးဇူးတင်သင့်သေးတယ်။
ဒီကိစ္စကို သူမ ရေးကြီးခွင်ကျယ်မလုပ်လောက်ဘူးမလား။
192 02
ရွှီယို့လင်နှင့် ရွှီအမေမှာ အမေနှင့်သား ဆက်ဆံရေး ပီသပြီး ဤပေါက်ကွဲစေနိုင်သော သတင်းကို ကြားလိုက်ရချိန်မှာ နှစ်ဦးစလုံး၏ပါးစပ်တွေမှာ ပွင့်ဟသွားကြပြီး မေးရိုးမှာ တူညီသောဒီဂရီအထိ အောက်ကျသွားတော့သည်။
ယခုဆိုလျှင် သူတို့၏စိတ်ထဲ၌ အမေးသင်္ကေတများဖြင့်သာ ပြည့်နှက်နေတော့သည်။
မေးခွန်း: သင့်ရဲ့ ခင်ပွန်း၊အဖေက သူ့တွင်တရားမဝင်သားတစ်ယောက်ရှိတယ်လို့ ရုတ်တရက်ကြီး ပြောလာပါက သင်ဘာလုပ်မည်နည်း။ ခင်ပွန်း၊အဖေ ဒရာမာနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရတာ အလုပ်ရှုပ်နေတဲ့အတွက် အွန်လိုင်းပေါ်မှာ အရေးတကြီး မေးမြန်းလိုပါတယ်။
သူတို့နှစ်ယောက်လည်း အတွေးတူကြ၏:လုရှောင်က သူ့ရဲ့ တရားမဝင်သားဆိုရင် သူကဘာလို့ ဝေ့ဝေ့နဲ့ လုရှောင်ကို စေ့စပ်ပေးချင်ရတာတုန်း။ သူပြောပုံအရဆို ဝေ့ဝေ့နဲ့လုရှောင်က မောင်နှမတွေလေ။
အမေနှင့်သားမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့ရှေ့တွင် မတ်တပ်ရပ်နေသည့် ရွှီဝေ့ဝေ့ကို ကြည့်လိုက်ကြသည်။
ဒီနေ့ ဝေ့ဝေ့ရဲ့ အပြုအမူက အရမ်းထူးဆန်းနေတယိ၊ သူမ တစ်ခုခုများ သိထားလို့လား။
စာကြည့်ခန်း၏ ထောင့်နားကနေ ထုတ်ဖော်နေသော ပြဇာတ်ကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေခဲ့သည့် လုရှောင်လည်း မျက်လုံးပြူးသွားရ ၏။ သူ့ရဲ့သား။
ဒီလူအိုကြီးကတော့ သူ့ကိုယ်သူ ယုံကြည်ချက် တော်တော်ရှိနေတာဘဲ။
ရွှီမိသားစုထဲမှာ ပုံမှန်ဖြစ်တဲ့လူတွေ မရှိတော့ဘူးလား။
ရွှီမိသားစု၏ ဘယ်ကလေးကမှ ရွှီအဖေနဲ့ မတူကြပေ။ ဤသည်မှာ ရွှီအမေ၏ အားကောင်းသော မျိုးရိုးဗီဇက ရွှီအဖေ၏အားပျော့သော မျိုးရိုးဗီဇအပေါ် လွှမ်းမိုးထားတာကြောင့်ပင်။
ကံကောင်းသည်မှာ မောင်နှမနှစ်ဦးစလုံးရွှီအမေနှင့် တူနေတာက သူတို့ကို ကယ်သွားတာဖြစ်သည်။
မဟုတ်ပါက မောင်နှမနှစ်ဦးစလုံးသည်ရွှီအဖေလို လူရမ်းကားရုပ်ပေါက်သွားမှာဖြစ်၏။
လုရှောင်၏ အမေသည် လွန်ခဲ့သော ဆယ်စုနှစ်ကျော်တုန်းက လူထု၏ အချစ်ခံပုံရိပ်တစ်ခုဖြစ်သော နိုင်ငံတွင်းရှိ နာမည်ကျော်ကြားသည့် ရုပ်ရှင်စတားတစ်ဦးဖြစ်တာကြောင့် သူ့ရုပ်ရည်မှာ ချောမောပေသည်။
လုရှောင်၏ မျက်နှာသွင်ပြင်မှာ သူ့အမေနှင့်တူသော်လည်း မျက်နှာအချိုးအစားနှင့် အသားရောင်ကတော့ ကွဲပြားသည်။
သူ ငယ်ငယ်လေးတုန်းက မိဘတွေ၏ ဓာတ်ပုံကို မြင်တွေ့ခဲ့ဖူးပြီး သူသည် သူတို့၏ တရားဝင် သားတစ်ယောက်ဆိုတာကို လုံးဝသေချာပေသည်။
အခုတော့ ဘယ်နေရာကမှန်းမသိ ထွက်လာသော လူတစ်ယောက်က သူ့အဖေဟု အတိအလင်း ပြောနေချေသည်။
ဤသည်မှာ အဓိပ္ပာယ်မရှိချေ။
သူ့မိဘတွေ ကားမတော်တဆမှုဖြစ်ပြီးမှ ရွှီအဖေသည် သူ့မိဘတွေ၏ နာရေး၌ သူ့ကိုဇွတ်အတင်း မွေးစားခဲ့သည်မှာ ထူးဆန်းနေခဲ့တာပင်။
သူ့မိဘတွေသည် အမွေအချို့ကို ချန်ထားရစ်ခဲ့ကြသော်ငြား သူတို့တွေ ဆုံးပါးသွားပြီးသည့်နောက် မရိုးသားသော ဆွေမျိုးတွေက အကုန်လုံးကို လက်ဝါးကြီး အုပ်ခဲ့တာကြောင့် သူ့ကို အိမ်ခြေရာမဲ့ ဖြစ်သွားစေခဲ့သည်။
အကယ်၍ ရွှီအဖေသည် သူ့ကို ကူညီပေးချင်ပါက သူ့မိဘတွေ၏ အမွေဥစ္စာကို ပြန်လည်ရရှိရေးရန် သူ့အတွက် ရှေ့နေတစ်ယောက် ရိုးရိုးရှင်းရှင်း ဌားပေးနိုင်သည်။ သူ့မိဘတွေ၏အိမ်ခြံမြေကို အမွေဆက်ခံနိုင်ဖို့ ဦးစားပေးမှာယခုလို တရားစွဲဆိုမှုနှင့်ဆို အလွယ်တကူ နိုင်နိုင်သည်။
လုရှောင်က အရင်တုန်းကတော့ ဤအရာကို ရွှီအဖေအား အကြုပြုခဲ့ဖူးသော်လည်း ရွှီအဖေက အကြောင်းရင်းတချို့ကြောင့် ဆင်ခြေဆင်လက်တွေ ပေးခဲ့ကာ အဆုံးတွင်မူ သူ့ကို အတင်းအကြပ်နီးပါး အိမ်ခေါ်လာခဲ့လေသည်။
တိုက်ဆိုင်စွာဖြင့် ရွှီအဖေ ဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာကို လုရှောင် အလွန်သိချင်နေခဲ့သည်။
192 03
ရွှီအဖေက သူ့ဆီကနေ ဘာလိုချင်နေတာလဲ။
ယုတ္တိကျကျပြောရလျှင် အလကားစားရသည့်နေ့လယ်စာဟူ၍ မရှိချေ။ ရွှီအဖေက သူ့မိဘတွေနှင့် ခင်မင်လာခဲ့သော်ငြား သူ့ကို အိမ်ခေါ်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ဖို့အထိ မလိုအပ်ပေ။
ပိုထူးဆန်းတာက ရွှီအဖေနှင့်အတူ အိမ်သို့လိုက်သွားတော့ ရွှီအဖေက သူနှင့် ရွှီဝေ့ဝေ့ကို စေ့စပ်ပေးရန် အကြံပြုလာလေသည်။
သူတွေးကြည့်လေ၊ ရွှီအဖေတွင် ဖုံးကွယ်ထားသော အကြံဉာဏ်များ ရှိနေသလိုပင်။
ရွှီအဖေ၏ သူ့အဖေရင်းဖြစ်သည်ဟု အခိုင်အမာပြောနေခြင်းကို ကြားလိုက်ရတော့ ရွှီအဖေ၏ လုပ်ရပ်တွေက အနည်းငယ်တော့ ကျိုးကြောင်းဆီလျော်မှု ရှိလာသလိုပင်။
ရွှီအဖေသည် သူ့ကိုယ်သူ ဟုတ်လှပြီဟု ထင်နေသည်ဟုလွဲ၍ လုရှောင်နှင့် ရွှီသားစုမှ အမေနှင့်သားမှာ ဘာကြောင့် ရွှီအဖေက ဝေ့ဝေ့နှင့် သူ့ကို စေ့စပ်ပေးချင်ရလဲဆိုတာကို အတော်လေး နားမလည်နိုင်ဖြစ်သွားကြသည်။
ရွှီအမေမှာ ပြဿနာမရှာရသေးခင်မှာတင်ရွှီအဖေက အရင်ဆုံး စော်ကားပုတ်ခတ်လာပြီး ဇနီးသည်နှင့် ကလေးတွေကို ဆူပူလာသည်။ သူ့အဖေဆိုလည်း တရားမဝင်ကလေးတစ်ယောက် ရှိခဲ့သဖြင့်၊ သူ့တွင် အမှားလုံးဝမရှိချေ။
ဤညကတော့ အိပ်ရေးပျက်ဖို့ ကံပါလာခဲ့၏။
ရွှီဝေ့ဝေ့သည် မိုးသောက်ယံအထိ သူမအဖေနှင့် တစ်ညလုံး ငြင်းခုန်နေခဲ့ပြီး ရွှီအဖေသည် ကုမ္ပဏီအစည်းအဝေး တက်စရာရှိသေးသည်ဟူသော အကြောင်းပြအောက်မှာ အိမ်ကနေ လွတ်မြောက်သွားတော့သည်။ ရွှီအဖေ ထွက်သွားတော့မှ ရွှီဝေ့ဝေ့သည် ရွှီအမေကို လုရှောင်က အဖေ့ရဲ့သားမဟုတ်ဘဲ သူ့ဟာသူ စိတ်ကူးယဉ်နေတာဖြစ်ပြီး အကယ်၍ မယုံလျှင် DNA စစ်ဆေးချက်ကိုပြုလုပ်လို့ရသည်ဟု ပြောပြလိုက်၏။
ရွှီအမေသည် သဘာဝအားဖြင့် သူမသမီးကို ယုံကြည်ချင်သော်ငြား ယောက်ျားဖြစ်သူ၏ယုံကြည်ချက်ရှိနေသော အမူအရာကြောင့် သူမသမီးများ ခန့်မှန်းတာ မှားများမှားနေလားဟု တွေးမိသွားစေသည်။
လုရှောင်၏ ချောမောသော မျက်နှာကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးတော့မှ ရွှီအမေသည် ရွှီဝေ့ဝေ့၏ စကားတွေကို တစ်ရာရာခိုင်နှုန်း ယုံကြည်သွားတော့၏။
သို့သော် ခင်ပွန်းဖြစ်သူက ရွှီအမေ၏ နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက်လုပ်နေခဲ့တာတွေကို သိလိုက်ရတော့ သူမကို သတိချပ်သွားစေသည်။
ယောက်ျားတွေကို နံရံပေါ် ချိတ်ဆွဲထားမှသာ စကားနားထောင်ပေလိမ့်မည်။ ဒီတစ်ကြိမ်တွင် လုရှောင်က အနှီခွေး၏ တရားဝင်သား မဟုတ်တာ ကံကောင်းသွားသော်ငြား တစ်နေ့မှာ သူက တရားဝင်သားတစ်ယောက်ကို တကယ်ကြီး အိမ်ခေါ်လာရင် ဘယ်နှယ့်လုပ်မလဲ။ သူမနှင့်ကလေးအပေါ်ရှိ သက်ရောက်မှုမှာ ကြီးမားသွားမှာပင်။
ထို့ကြောင့် အမွေပစ္စည်းတွေကို လွှဲပြောင်းပေးဖို့က ပထမခြေလှမ်းဖြစ်ပြီး မဟုတ်ပါကလူအိုကြီးတွင် နောက်ထပ်ကလေးတွေ မရှိတော့ဘူးဆိုတာကို သေချာအောင်လုပ်ရန် ဖြစ်သည်။