အခန်း (၁၉၃-၁၉၆)
Vol. 10 Ch. 193-196
193 01
အခန်း ၁၉၃: ငါတို့တွေ အတူတူ ဖက်ထုပ်ထုပ်ကြတယ်
ရွှီဝေ့ဝေ့က တစ်ညလုံး မအိပ်ဘဲနေခဲ့သော်ငြား နောက်တစ်နေ့ ကျောင်းသွားသည့်အချိန်မှာ သူမ၏ စိတ်အခြေအနေကတော့ ကောင်းမွန်လို့နေလေသည်။
သူမအဖေကို အာခံခဲ့ခြင်းက သူမအတွက် အောင်ပွဲခံထိုက်သော အရာတစ်ခုပင်။
သူမသည် အတန်းချိန်တွေကို တက်တက်ကြွကြွ တက်ရောက်ခဲ့သော်လည်း နေ့လယ်ပိုင်းကျတော့ အိပ်ငိုက်လာခဲ့သည်။
အတန်းဖော်များမှာ မနေ့ညတုန်းက သူမ၏ သူရဲကောင်းဆန်ခဲ့ခြင်းကို သတိပြုမိ၍ အတန်းချိန်အတွင်း ရွှီဝေ့ဝေ့ အိပ်ငိုက်နေတာကို ဖုံးဖိပေးကြသည်။
အတန်းပိုင်သည် မနေ့ညတုန်းက သူမ သိပ်ပြီးမအိပ်ခဲ့ရသဖြင့် စာသင်ကြားရာတွင် ခရီးမရောက်နိုင်ဘူးဟု စဉ်းစား၍ သူမအား အိမ်ပြန်အိပ်ပြီး နောက်နေ့ကျမှ လန်းလန်းဆန်းဆန်း ပြန်လာခဲ့ဟု အကြံပေးလိုက်၏။
ရွှီဝေ့ဝေ့က အထူးတလည် ဆက်ဆံပေးမှုမျိုးကို မလိုအပ်ဘူးဟုဆို၍ ဤအကြံပြုချက်အား ငြင်းဆန်လိုက်သည်။
သေချာတာကတော့ အဓိကအကြောင်းရင်းမှာ သူမ၏အိမ်ကို အလွန်ဆူညံတယ်လို့ ထင်မိတာကြောင့် စာသင်ခန်းထဲမှာ ပိုပြီးသက်တောင့်သက်သာရှိရှိ နေရတယ်လို့ တွေးနေတာပင်။
ယနေ့၏ တာဝန်ကျ ကျောင်းသားများမှာ ရွှီဝေ့ဝေ့၏ အထူးအခြေအနေကို သတိပြုမိကြသဖြင့် ဤအကြောင်းရင်းကြောင့် သူမဆီမှအမှတ်တွေ မနုတ်လိုက်ပေ။
အခန်း 1 ၏ အထက်တန်း ဒုတိယနှစ်တွင်အုပ်စုဖွဲ့စနစ်ကို မိတ်ဆက်လိုက်ပြီးကတည်းက အုပ်စုသေး တစ်ဖွဲ့ချင်းစီတိုင်းမှာ စာသင်ခန်း၏ ဝေယျာဝစ္စများနှင့် နေ့စဉ်စည်းကမ်းများကို အလှည့်ကျတာဝန်ယူကြရသည်။
စကားများခြင်း၊ ကိုယ်ပိုင်စာကြည့်ချိန်အတွင်းအိပ်ခြင်းနှင့် ဘာသာရပ်ဆရာတွေ ပေးလိုက်သော အိမ်စာများကို မပြီးလာခြင်း အစရှိသည်များမှာ အမှတ်နှုတ်ခံထိမည့် လေးနက်သောကိစ္စများဖြစ်ပြီး အတန်းစည်းကမ်းများကို ကျောင်းသားတွေ ချိုးဖျက်ရာ၌ အမှတ်နှုတ်ခြင်းဖြင့် အုပ်စုဖွဲ့အမှတ်စနစ်က ပြီးစီးအောင် ဆောင်ရွက်ပေးလေသည်။
အတန်းပိုင် ချမှတ်ထားသော စာသင်ခန်းတွင်းစည်းမျဉ်းများမှာ ကျောင်းစည်းကမ်းများထက် ပိုရှည်လျားလှပြီး ချန်ဖူအထက်တန်းကျောင်းမှ လင်းမိသားစု၏ ကျယ်ပြန့်သော စည်းကမ်း များနှင့် ပြိုင်ဆိုင်နေလျှက်ပင်။
အကြောင်းရင်းမရှိ အတန်းချိန်ပျက်ကွက်ခြင်း၊ ကျောင်းပြင်ပတွင် ရန်ဖြစ်ခြင်း သို့မဟုတ်ကျောင်းသို့ လက်နက်များ ယူဆောင်လာခြင်း ကဲ့သို့သော အပြအမူများကိုလည်း သင့်လျော်သလို အမှတ်နှုတ်မှာဖြစ်သည်။
စည်းကမ်းအများစုမှာ ဤကလေးတွေ အရင်တုန်းက လုပ်ခဲ့ဖူးတာတွေအပေါ် အခြေခံထားတာဖြစ်၍ သူတို့တွေ နောက်တစ်ကြိမ်ထပ်လုပ်မှာကို တားဆီးဖို့ အတန်းစည်းကမ်းအဖြစ် ရေးသားထားတာဖြစ်သည်။
အတန်းပိုင်က သူ့အတန်းကို စည်းကမ်းတွေမရှိသေးသည့် ဆိုးသွမ်းမှုအသစ်များ လုပ်လာမည့် ပြဿနာကောင်များနှင့် ပြည့်နှက်နေတယ်လို့ တွေးထားတာကြောင့် နောက်ဆုံးဝါကျတစ်ခုကို ပေါင်းထည့်လိုက်သည်:
“ကျောင်းသားတွေ မလုပ်သင့်တဲ့ အခြားသောလုပ်ရပ်တွေအတွက် ဆယ်မှတ်နှုတ်ပါမယ်”
ဤဆယ်မှတ်ကို အရှိကိုအရှိအတိုင်း စုဆောင်း မိနိုင်ရန်အတွက် ရှီလီအနေနှင့် ရူပဗေဒတွင်ပထမနေရာကို ဆယ်ခါဆက်တိုက်ရပါမှ ဆယ်မှတ်ရနိုင်မှာပင်။
သူမသည် စည်းကမ်းဖောက်မိ၍ အမှတ်နှုတ်ခံထားရသော အမှတ်ငါးမှတ်ကို ပြန်လည် ဖာထေးနိုင်ရန်အတွက် တစ်ကျောင်းလုံးတွင်ပထမနေရာကို ငါးခါဆက်တိုက် ရရမှာဖြစ်၏။
အမှတ်တွေကို စုဆောင်းရခြင်းမှာ ခဲယဉ်းလှသော်လည်း အားလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရဖို့ကတော့ အလွန်လွယ်လွန်းနေသည်။
ကျောင်းသားများသည် ကျောင်းတက်နေရင်း“အကြွေးမှတ်” ဖြင့် အလွယ်လေး အဆုံးသတ်သွားနိုင်သည်။
ယခု ကျောင်း၏စာသင်နှစ်စသော နှစ်ရက်အတွင်းမှာကို ဝေ့ယီ၏အုပ်စုက အမှတ်တွေမှာ အနှုတ်လက္ခဏာပြနေလေပြီ။
ဤအမှတ်တွေ၏ ရည်ရွယ်ချက်ကတော့အတော်လေး အသုံးဝင်သည်။
အတန်းပိုင်လည်း မည်မည်ရရ လိုချင်ဆန္ဒမရှိသော ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ခဲ့ဖူး၍ အနှီကလေးတွေအားလုံးက ချမ်းသာကြကာ ငွေကြေးဆု သို့မဟုတ် လက်ဆောင်များအား ဂရုမစိုက်ကြဘူးဆိုတာကို သိနေတာကြောင့် ကျောင်းသားတွေ ဘာလိုချင်တယ်ဆိုတာကို မှန်းဆနိုင်ပေသည်။
ကျောင်းသားတွေ၏ ရမှတ်များကို တိုးပေးရန်အတွက် (လူ့ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သော) ကျောင်း၏ ကွန်ပျူတာများထဲသို့ hack ခြင်းမှလွဲ၍ကလေးတွေကို ပျော်အောင်လုပ်ပေးနိုင်သည့်အခြားအရာများစွာ ရှိလေသည်။
ကျောင်းသားတွေက ပိတ်ရက်များများနှင့်အိမ်စာနည်းနည်း ကဲ့သို့သော အရာမျိုးကို လိုချင်နေကြတာပင်။
193 02
ထို့ကြောင့် အတန်းပိုင်က ပိတ်ရက်များများ သို့မဟုတ် အိမ်စာနည်းနည်းများကို အမှတ်တွေနှင့် လဲလှယ်နိုင်သော မူဝါဒတစ်ခုကို ကျောင်းသားတွေနှင့် မိတ်ဆက်ပေးခဲ့၏။
အမှတ်တစ်ဝက်က တစ်နေ့တာ ကျောင်းဆင်းချိန် အိမ်စာများ လွတ်ကင်းခွင့် သို့မဟုတ် နားရက်တစ်ရက် ရခြင်းကို လဲလှယ်နိုင်သည်။
စာမေးပွဲ အဆင့်ကောင်းသော ကျောင်းသားများအတွက်မူ အမှတ်စုစုပေါင်းမြင့်ခြင်းက သာမန်ဖြစ်ပြီး ကျောင်းသားကောင်းများကို နည်းနည်းပါးပါး ပိတ်ရက်အပိုပေးခြင်းက သက်ရောက်မှု သိပ်ကြီးသွားမှာ မဟုတ်ချေ။
အပြန်အလှန်အားဖြင့် အဆင့်မကောင်းသောအချို့အုပ်စုတွေကတော့ အနှုတ်လက္ခဏာအမှတ်များ ရနိုင်ခြေရှိပြီး သူတို့၏ ပိတ်ရက်တွေကို အကြွေးပေးရာတွင် အသုံးပြုရန် လိုအပ်ပေသည်။
အမှတ်တစ်မှတ်က တစ်ရက် ပိတ်ပေးနိုင်သော်လည်း အနုတ်တစ်မှတ်ကတော့ ကျောင်းကို အပိုနှစ်ရက် တက်ပေးရမှာပင်။
ဤစည်းကမ်းကို ကြေညာလိုက်တာနှင့်အားပေးသံများဖြင့် ပြည့်နှက်နေခဲ့ဖူးသော စာသင်ခန်းမှာ ရုတ်ချည်းပင် အော်ဟစ်သံများဖြင့် ပြည့်လျှံသွားတော့၏။
အတန်းပိုင်က တည်ငြိမ်မှုရှိစွာဖြင့် ပြောလိုက်သည်။ “မင်းတို့တွေ ပိုက်ဆံချေးရင် အတိုးမပေးရဘူးလား။ လောကကြီးထဲမှာ အခုလို အပေးအယူကောင်းကို ဘယ်မှာရနိုင်လို့လဲ”
ဘဏ်ကိုပိုင်သော မိသားစုမှ ကျောင်းသားတစ်ဦးက တတွတ်တွတ် ပြောလာကာ“ဒီဟာ အတိုးကြီးချစားနေတာ၊ တရားမဝင်ဘူး”
အတန်းပိုင် ပြန်ဖြေလိုက်သည်၊ “ဆရာက ပိုက်ဆံချေးနေတာမှ မဟုတ်တာ၊ ဒီတော့ တရားဝင်တယ်”
“ဆရာက ပိုက်ဆံမချေးပေမဲ့ အသိတရားကို ချေးငှားနေတာလေ” ကျောင်းသားက ပြန်ပက်သည်။
အတန်းပိုင်က ဤစကားကို အသိအမှတ်ပြု၍ ခေါင်းညိတ်ကာ “ဒါပေါ့၊ မင်းတို့အားလုံး ဒါကိုကျိုးကြောင်းမဆီလျော်ဘူးလို့ထင်ရင် ချေးငှားစရာ မလိုဘူး။ ဆရာလည်း လူတိုင်းကို စာသင်နှစ်အဆုံးမှာ အနှုတ်ရမှတ်တွေ မရစေချင်ဘူး။ မင်းတို့အားလုံး နှစ်ကူးအကြိုအတွက် ကျောင်းမှာပဲ ဖက်ထုပ်တွေ ထုပ်နေရမဲ့အစား၊ နှစ်ကူးမှာ ပိတ်ရက်တွေကို များများလဲလှယ်ပြီး အိမ်ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်”
အတန်းက တွေးလိုက်၏: ဘယ်လိုတောင်ရက်စက်တဲ့ ကျိန်စာလဲဟ။
အတန်းပိုင်သည် ဤကလေးတွေအား နေရာတကာတွင် ပြဿနာရှာနေမည့်အစား မပြုလုပ်ခင်မှာ အကျိုးဆက်ကို တွေးတောစေချင်မိတာပင်။
အတန်းပိုင်တစ်ယောက် ဖြစ်နေရခြင်းက အရာရာတိုင်းကို စိုးရိမ်ပူပန်နေရတာ ဖြစ်သည်။
193 03
အတန်း၏ စည်းကမ်းတစ်ပုံကြီးကို ဖြန့်ဖြူး ပေးပြီးနောက် အတန်းပိုင်၏ ဟာသဉာဏ်ညံ့ဖျင်းမှုအပေါ်မှာ ကျောင်းသားတွေအားလုံး အမူအရာများ ပုပ်သိုးကုန်ကြ၏။
ဆုပေး၊ ဒဏ်ပေးစနစ် ရှိလာကတည်းက ကျောင်းသားတွေ ပိုပြီးတောင် နာခံတတ်လာ ကြသည်။
ယခင်စာသင်နှစ်တုန်းက နောက်နှစ်များတွင် ရှီလီနှင့် တစ်ခန်းတည်းကျနိုင်ရန် ဖြစ်နိုင်ခြေဟူသော မုန်လာဥနီကြီးကို ကျောင်းသားတွေ၏အရှေ့တွင် တွဲလောင်းချည်ထားတာကြောင့် လူတိုင်းအား စာကြိုးစားပေးရန် စိတ်ဓာတ်ခွန်အား ပေးခဲ့သည်။
နောက်ဆုံးစာသင်နှစ်၏ အဆုံးသတ်တွင်အတန်းပိုင်က အတန်းကို လူမလဲရအောင်လို့ အောင်အောင်မြင်မြင် လျှောက်တင်နိုင်လိုက်တာကို သိဘိုက်ရပြီးနောက် ကျောင်းသားအများစုသည် သူတို့၏ ယခင်တုန်းက အခြေအနေဖြစ်သော “နေပူဆာလှုံရတာကြိုက်သော ငါးဆားနယ်” အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြသည်။
ဤအခြေအနေတွင် အတန်းပိုင်လည်း ပါဝင်ခဲ့၏။ ပထမဆုံးနေ့တွင် အမှတ်အတိုး၊ အလျှော့စနစ်ကို ကြေညာခဲ့သော်လည်း ပိတ်ရက်တွေ နှင့် ချိတ်ဆက်ထားသည့် ဆုပေး၊ ဒဏ်ပေး စနစ်အကြောင်းကိုတော့ မပြောခဲ့ချေ။
စာသင်ခန်းထဲမှ အချို့ကျောင်းသားများမှာ အမှတ်တွေလျှော့တာကို ဂရုမစိုက်ဘဲ နေခဲ့ကြလေသည်။ ဒုတိယနေ့ကျမှ စနစ်သည် အိမ်စာ၊ ပိတ်ရက်တွေနှင့် ချည်နှောင်ထားတယ်ဆိုတာကို သိလိုက်ရသည့် အခါမှာတော့ အမှတ်တွေ အနှုတ်လက္ခဏာပြနေသော အုပ်စုများမှာ ကြောင်စီစီ ဖြစ်ကုန်ကြတော့၏။
ဤအုပ်စုတွေထဲ၌ အမှတ်ပြည့်များ သို့မဟုတ် ပထမနေရာကို အကြိမ်ရေများများယူပြီး အမှတ်တွေကို အလွယ်တကူ ပြန်ရှာနိုင်သည့်စာသင်ခန်းထဲက ထိပ်တန်းကျောင်းသားတွေ မပါဝင်ပေ။ သူတို့၏ အကြွေးမှတ်က နှင်းဘောလုံးနှင့်တူပြီး နှစ်ကူးအကြိုနေ့တွင်ကျောင်း၌ စာလုပ်ခြင်းနှင့် ဖက်ထုပ်အတူတူထုပ်ခြင်းဖြစ်သော အတန်းပိုင်၏ စိတ်ကူးအားဖြစ်လာနိုင်ခြေ အလွန်များပြားအောင် လုပ်နေလေသည်။
ယခုလိုဖြစ်လာမှာကို ကာကွယ်နိုင်ရန်အလို့ငှာ ကျောင်းသားများသည် အတန်းချိန်အတွင်း အိပ်ငိုက်တာမျိုး၊ အိပ်မက်ကမ္ဘာထဲ အလည်သွားတာမျိုး၊ ကျောင်းဆင်းချိန် အိမ်စာများကို မလုပ်တာမျိုးနှင့် ကဗြက်ကချော် လုပ်လာတာမျိုးတွေက မလုပ်ရဲကြဘဲ မဟုတ်ပါက အမှတ်နှုတ်ခံရမှာက ပိုပြီးတောင် များသွားမှာ ကြောင့်ပင်။
ကျောင်းသားကောင်းများအနေဖြင့် ပိတ်ရက်များ ပိုမိုရရှိနိုင်ရေးအတွက် အတန်းချိန်များနှင့်စာမေးပွဲများတွင် အထူးတလည် အာရုံစိုက်ကြရတော့၏။ စာမေးပွဲမတိုင်ခင် ရန်ဖြစ်ပြီးလက်ထိခိုက်မိ၍ စာမေးပွဲ ဝင်မဖြေနိုင်ဖြစ်သွားတာမျိုးကို သေချာပေါက် အဖြစ်ခံလို့မရပေ။
ပထမဦးစွာအနေဖြင့် လူတိုင်းသည် အုပ်စု၏အမှတ်တွေကို ပေါင်းထည့်နိုင်ရန်အတွက် စာမေးပွဲတွေဖြေပြီး စုဆောင်းဖို့လိုအပ်သည်။
ဒုတိယမှာ အုပ်စုလိုက် ရန်ဖြစ်ခြင်းက အမှတ်များကို သိသိသာသာ အနှုတ်ခံရမှာဖြစ်သည်။
ဤသည်မှာ ကောင်းမွန်သော အပေးအယူမဟုတ်ချေ။ သူတို့၏အမှတ်များကို ကာကွယ်ရန်အတွက် အကယ်၍ အစမ်းစာမေးပွဲ တိုက်ပွဲတစ်ပွဲနှင့် ရင်ဆိုင်လာရပါက ရဲကို ခေါ်လိုက်တာကမှ ပိုကောင်းပေဦးမည်။
******
194 01
အခန်း ၁၉၄: အမျိုးသားဇာတ်လိုက် ဘယ်ရောက်သွားတာလဲ၊ သူမက အရမ်းကြီးကျယ်တာပဲ
ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်သည် အလျင်အမြန် ပြောင်းလဲသွားခဲ့ချေပြီ။ မကြာသေးခင်ကမှ တိမ်ကင်းစင်၍ ကြည်လင်နေခဲ့တာဖြစ်ပြီး မကြာခင်တွင် တိမ်မည်းများ စုပြုံလာတော့၏။
စာသင်ခန်း၏ အပြင်ဘက်က ကောင်းကင်မှာ မှိုင်းညို့နေတာကြောင့် အထဲက အလင်းရောင်အပေါ်ကိုပါ သက်ရောက်လာခဲ့၏။ မီးခလုတ်နားတွင်ထိုင်သည့် ကျောင်းသားတစ်ဦးက မီးခလုတ်များကို စောစောစီးစီး ဖွင့်လိုက် သည်။
ကျောင်းသားတစ်ဝက်၏ အာရုံမှာ စာသင်ခန်းရှေ့တွင် ရှိနေသည့် ဆရာထံသို့ ရောက်ရှိနေပြီး ကျန်တစ်ဝက်မှာ ပြတင်းပေါက်အပြင်ဘက်က ရာသီဥတုအပေါ် အာရုံစိုက်ထားကြလျှက်။
ကျောက်သင်ပုန်းအထက်က နာရီသည် 11:30သို့ နီးကပ်လာပြီဖြစ်ရာ နေ့လယ်စာစားချိန်ဖြစ်သော အနားယူချိန်သို့ ရောက်ရှိလာခါနီးနေလေသည်။
နားချိန်တွင် မိုးရွာမှာကို စိုးရိမ်နေကြသောကျောင်းသားများက ပြတင်းပေါက်အပြင်ဘက်ကို မကြာခဏ လှမ်းကြည့်နေကြ၏။
ဒါပေါ့၊ ၎င်းမှာ နေ့လယ်စာသွားစားမည့်လမ်းတွင် မိုးရေစိုမှာကို စိတ်ပူရုံသက်သက်တော့ မဟုတ်ချေ။
အပြင်ဘက်က မိုးကောင်းကင်ယံမှာ အလွန်မည်းမှောင်နေ၍ ရံဖန်ရံခါတွင် လျှပ်စီးများလက်ကာ အမှောင်ထုကို လင်းထိန်သွားစေ ပြီးဇာတ်ကားထဲကလို စွမ်းအားကြီးမားသောအမတတစ်ပါး ဆင်းသက်လာသော အမြင်ကိုပေးစွမ်းလို့နေသည်။
နေ့လယ်စာစားချိန် ခေါင်းလောင်းမြည်တော့ အပြင်ဘက်တွင် မိုးမရွာသေးချေ။
စာသင်ခန်းထဲတွင် ထီးအပိုတွေရှ်ိသော်ငြား ကျောင်းသားတွေကတော့ ကန်တင်းဘက်သို့ အပြေးအလွှား သွားကြစမြဲသာ။
စုန့်ရင်းလည်း ချွင်းချက်မဟုတ်ပေ။ ခေါင်းလောင်းထိုးတာနှင့် လက်တစ်ဖက်တစ်ဖက်စီတွင် ရှီလီနှင့် ရုံရုံကို ဆွဲခေါ်ကာ လက်ကြားထဲတွင် ထီးအကြီးကြီးကိုညှပ်၍ ကန်တင်းဘက်သို့ အုပ်စုလိုက် အပြေးအလွှားသွားခဲ့ကြသည်။
စားသောက်ရန်အတွက် အလျင်မလိုကြသည့် လူတွေမှာတော့ မေးခွန်းထုတ်စရာ အတွေးတွေရှိနေသည်။
ဤအခိုက်အတန့်တွင် ရှီလီနှင့် ရုံရုံက သူတို့၏ ယုံကြည်ချက်ကို ပြသလာကြ၏။ သူတို့သည် ကနဦးတုန်းကတော့ စုန့်ရင်း၏ဆွဲခေါ်ခြင်းကို ခံခဲ့ကြရသော်လည်း သူမ၏ခြေတံတိုတိုလေးတွေက သူတို့၏ အရပ် 1.7 မီတာကျော်နှင့် မယှဉ်နိုင်ပေ။
၎င်းမှာ အလယ်ကလူကို ဘေးလူနှစ်ယောက်က ဆွဲခေါ်ရသော ခြေသုံးချောင်းထောက်ပြိုင်ပွဲနှင့်ပင် တူနေချေသည်။ စုန့်ရင်းက ထိုအခြေအနေသို့ ရောက်ရှိနေတာဖြစ်သည်။
ရှီလီနှင့် ရုံရုံတွင် အားကစားပါရမီ ပါလာတာကြောင့် စုန့်ရင်းကို ဝန်ထုပ်ဝန်ပိုးအနေဖြင့် ဆွဲခေါ်နေရတာက သူတို့အပေါ် သက်ရောက်မှု မရှိသလိုပင်။
စုန့်ရင်းက “အလင်းရောင်ရှိပါစေ” ဟု ပြောလိုက်ပြီးနောက် သူတို့နှစ်ယောက်လည်း မိုးမရွာလာခင်မှာ ကန်တင်းထဲသို့ ပြေးဝင်သွားလိုက်ကြသည်။
ရှီလီနှင့် သူငယ်ချင်းနှစ်ယောက်တို့သည် အစားအသောက်တွေကိုယူ၍ ထိုင်ချလိုက်ပြီးနောက် မြေကြီးပေါ်သို့ မိုးသီးမိုးပေါက်များ ကျဆင်းလာသံကို အပြင်ဘက်ကနေတောင် ကြားရလောက်ပြီး မိုးခြိမ်းသံပါ ကပ်ပါလာခဲ့သည်။
ကန်တင်းမှာ လင်းထိန်နေပြီး ကျောင်းသားများလည်း နေ့လယ်စာကို ငြိမ်သက်စွာ စားသောက်နေကြ၏။ နံရံကပ် TV ကနေသာ အသံတွေထွက်ပေါ်နေသည်။
194 02
နေ့လယ်ခင်း သတင်းတင်ဆက်ချိန်ဖြစ်သဖြင့် ပြည်တွင်းသတင်းချန်နယ်၏ တင်ဆက်သူက သိပ္ပံနည်းပညာကိုသုံးကာ ရုတ်တရက် မိုးရွာသွန်းခြင်းနှင့် လာမည့် ရပ်အနည်းငယ်အတွင်း မိုးလေဝသ အခြေအနေကို ကြိုတင်ခန့်မှန်းပြနေသည်။
တင်ဆက်သူသည် အရောင်မျိုးစုံရှိသောတိမ်စိုင်တိမ်ခဲ မြေပုံတွေက ရာသီဥတု အခြေအနေအရ ဘာကိုဆိုလိုလဲဆိုတာကို အကြမ်းဖျင်း ရှင်းပြပေးနေ၏။ ကျောင်းသားများမှာ ကျွမ်းကျင်သူများ မဟုတ်ကြတာကြောင့် တင်ဆက်သူ၏ သုံးသပ်ချက်များကိုသာ နားလည်နိုင်သည်။
မိုးသည်းထန်စွာ ရွာသွန်းတော့မှာ ဖြစ်တဲ့အတွက် ရွှံ့မြေပြိုကျခြင်းများနှငိ့ မြေပြိုခြင်းများကို သတိပြုကြပါ။ မိုးကြိုးမုန်တိုင်းတွေ တိုက်ခိုက်နေချိန်မှာတော့ အပြင်ထွက်ရာတွင်သတိထားပြီးတော့ သစ်ပင်တွေအောက်မှာမခိုလှုံကြပါနဲ့။
ဤမိုးလေဝသ ခန့်မှန်းချက်သည် ရှီလီအားတစ်စုံတစ်ရာကို သတိရသွားစေ၏။
မူလဇာတ်လမ်း၏ ဇာတ်ကွက်ထဲတွင် ဖုန်းယွင်ဟယ်က ပရောဂျက်တစ်ခုအား သွားရောက်စစ်ဆေးရာ၌ ရွှံ့မြေပြိုခြင်းနှင့် ကြုံတွေ့ခဲ့သည်။ အမျိုးသမီးဇာတ်လိုက်ဖြစ်သူ လျန်ရုန်ရုန်က သူ့ကို အခါအားလျော်စွာ ကယ်တင်ပေးခဲ့သည်။ သို့သော်လည်း လျန်ရုန်ရုန်က ပိုက်ဆံရှင်းရန်အတွက် အောက်ထပ်သို့ ဆင်းသွားချိန်တွင် ရက်စက သော အမျိုးသမီးဇာတ်ပို့ဖြစ်သည့် “ရှီလီ” က ဖုန်းယွင်ဟယ် မျက်လုံးဖွင့်လာသည့်အချိန်တွင် ထွက်ပေါ်လာခဲ့ပြီး သူ့ကို ကယ်ပေးသည့်နေရာအား အရှက်မရှိ နာမည်ကောင်း ဝင်ယူခဲ့သည်။
အသက်သခင် ကျေးဇူးရှင်ဖြစ်နေခြင်းကြောင့် ဖုန်းယွင်ဟယ်က “ရှီလီ” အပေါ် အလွန်အကျူး အလိုလိုက်ပေးခဲ့ပြီး သူမနှင့် စေ့စပ်ဖို့ကို သဘောတူခဲ့သည်။
“ဒီတော့ ငါတို့က အခုအဲ့နေရာကို ရောက်လာတော့မှာပေါ့” ကန်တင်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာသော ရှီလီ၏စိတ်ထဲက အသံကြောင့် စားသောက်ရာတွင် အာရုံစိုက်နေကြသည့် ကျောင်းသားအချို့အား အထိတ်တလန့် ဖြစ်သွားစေသည်။
၎င်းကို ရှီလီ နားမလည်သော်ငြား သူမ၏အတိတ်ဘဝက စိတ်ထဲတွင် ပြဿနာအချို့ကို ဖြစ်စေတယ်လို့ တွေးတောနေလိုက်သည်။ “ရွှံ့မြေပြိုကျတဲ့အထဲမှာ ဖုန်းယွင်ဟယ် နစ်နေတာကို လျန်ရုန်ရုန်က ဘယ်လိုလုပ်ပြီး သိနေတာလဲ”
“ဖုန်းယွင်ဟယ် ရေပုံးကို ကန်တော့မဲ့ အချိန်မှာပေါ်လာပြီး သူ့ရဲ့ခွေးအသက်ကို ကယ်ပေးခဲ့တယ်”(Note: ရေပုံးကိုကန်တော့မယ် ဆိုတာက သေတော့မှာကို ပြောတာပါ)
ဝတ္ထုဖတ်ခဲ့စဉ်တုန်းက ဖုန်းယွင်ဟယ် ပြန်လည်သတိရလာတော့ မှတ်ဉာဏ်များမှာ မည်မည်ရရ သိပ်မရှိပေ။
လျန်ရုန်ရုန်က သူ့ကို မတော်တဆ ကယ်တင်ပေးခဲ့တယ်ဆိုတာပဲ သိထားတာဖြစ်သော်ငြား “ရှီလီ” က ဖုန်းယွင်ဟယ်ကို တွယ်ကပ်ရန်အတွက် ၎င်းကို နာမည်ကောင်း ဝင်ယူခဲ့၏။
သတင်းထဲတွင် ဖော်ပြလာသော ရွှံ့မြေပြိုကျခြင်းကြောင့်သာ ဤမတော်တဆမှုကို ရှီလီမှတ်မိသွားတာပင်။ စာအုပ်ထဲတွင် ၎င်းက ဖုန်းယွင်ဟယ်၏ အထက်တန်း ဒုတိယနှစ်ဆောင်းဦးတွင်ဖြစ်ပြီး ယခုချိန်လောက်တွင် ဖြစ်သွားတယ်ဆိုတာကို သူမ ပြန်စဉ်းစားလိုက်သည်။
ရှီလီမှာ ခေါင်းကုတ်လိုက်ပြီး သဘောထား ကွဲလွဲနေမိတော့၏။ “လျန်ရုန်ရုန်က ဖုန်းယွင်ဟယ်ကို ကယ်ပေးပြီးတော့ ခေါ်သွား ပေးပြီးတဲ့အထိ ငါ စောင့်နေသင့်လား၊ ပြီးမှ သူ့အိပ်ရာဘေးနားကိုသွားပြီး ဝတ္တရားသိတတ်တဲ့ ကလေးတစ်ယောက်လို ပြုမူပြီးတော့ သူ့ကို ကယ်ပေးခဲ့တဲ့အတွက် နာမည်ကောင်း ဝင်ယူသင့်လား။ ငါ့ကို ကျေးဇူးတင်ပြီး စေ့စပ်လာအောင် သူ့အသက်ကို ကယ်ပေးခဲ့တယ်လို့ အတွေးဝင်သွားအောင် လုပ်သင့်လား”
လူတိုင်း: အကျင့်စာရိတ္တ အရမ်းပျက်ပြားတဲ့အရာတစ်ခုကို နင်လုပ်နိုင်တယ်ဆိုရင်တော့ ဖုန်းယွင်ဟယ်အပေါ်မှာ ထားရှိတဲ့ နင့်အချစ်က စစ်မှန်တာပဲ ဖြစ်ရမယ်။
ရှီလီ၏ အတွေးဖြစ်စဉ်ကို ဘယ်သူမှ နားမလည်ပါချေ။ အကယ်၍ သူမသည် ဖုန်းယွင်ဟယ်က အန္တရာယ်ကျရောက်တော့မှာဖြစ်ပြီး လျန်ရုန်ရုန်က သူ့ကို ကယ်ပေးရင်းဖြင့် အကျိုးအမြတ်ရသွားမှာကို သိနေတယ်ဆိုရင် ဘာလို့ ရှီလီက သူမကိုယ်တိုင် သွားပြီးမကယ်ပေးလိုက်တာလဲ။
မည်သည့်အလိမ်အညာမဆို တစ်နေ့နေ့တွင်ပေါ်ပေါက်ရစမြဲသာ။
ရှီလီမှာ သဘောထား အနည်းငယ်ကွဲလွဲနေ၏။ တစ်ဖက်တွင် ရောဂါကျွမ်းနေသော ပျင်းရိမှုကလှုပ်ရှားရမှာကို သူမအား တွန့်ဆုတ်စေပြီးဖုန်းယွင်ဟယ်ကို မြင်လိုက်တိုင်း စကားဖြင့် လိုက်စနောက်နေရတာကို ပျော်ရွှင်စေသည်။
သို့သော် ရက်စက်သော ဇာတ်ပို့ဇာတ်ကောင်အနေဖြင့် အမျိုးသမီးဇာတ်လိုက်အပေါ် ပြဿနာမရှာဘဲ ဘယ်လိုလုပ် နေလို့ရမှာလဲ။
မူလဇာတ်လမ်းထဲတွင် အသက်ကယ်ပေးသည့်အတွက် နာမည်ကောင်းယူခြင်းက ဇာတ်လမ်း၏အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်နေလေသည်။
၎င်းမှာ “ရှီလီ” က ဖုန်းယွင်ဟယ်နှင့် စေ့စပ်နိုင်ခဲ့ပြီး အမျိုးသားဇာတ်လိုက်၏ ဇနီးလောင်းဖြစ်လာပုံပင်။ များစွာသော အနာဂါတ်အမှတ်တွေက ဤအဆင့်အတန်းအပေါ်မှာ မှီခိုနေတာဖြစ်သည်။
ရှီလီ မရေမရာဖြစ်နေတုန်း သူမ၏ အတွေး တွေကို ကြားလိုက်ကြသည့် ကျောင်းသားများမှာ သူမအတွက် ဆုံးဖြတ်ပေးလိုက်ကြသည်။ ဖုန်းယွင်ဟယ်ကို လျန်ရုန်ရုန် မကယ်နိုင်ခင်ရှီလီ ကယ်နိုင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
သို့သော် ပြဿနာတစ်ခုက ကျန်နေသေး၏။
194 03
လူတိုင်း၏အကြည့်မှာ လက်ထဲတွင် တူတစ်စုံကိုကိုင်ပြီး အေးခဲနေသည့် ဖုန်းယွင်ဟယ်အပေါ်သို့ ကျရောက်သွားကြတော့သည်။ ယခုဆို သူက သူ အန္တရာယ်ကျရောက်တော့မယ်ဆိုတာကို သိပြီးနေပြီဖြစ်တာကြောင့် ရွှံ့မြေပြိုကျသော မတော်တဆဖြစ်ရပ်က ဖြစ်လာတော့မှာ မဟုတ်ပေ။
အကယ်၍ ကိစ္စက ထိုသို့သာဖြစ်လာပါက ရှီလီအနေနှင့် မုန်တိုင်းထန်နေသော ညဘက်၌ အပြင်ထွက်စရာ မလိုတော့ပေ။ ၎င်းက အလွန်အန္တရာယ်ကြီးပေသည်။
ဖုန်းယွင်ဟယ် ဒုက္ခရောက်တာက အရေးမကြီးသော်လည်း ရှီလီကိုတော့ အန္တရာယ်တွင်းထဲထည့်၍ မဖြစ်ချေ။
ထောင့်နားတွင် တစ်ချိန်လုံး ငြိမ်သက်စွာစားသောက်နေသည့် ဖုန်းယွင်ဟယ်မှာ ရှီလီ၏စကားတွေကို ကြားလိုက်ရချိန်၌ တုန်လှုပ်သွားရတော့သည်။
နောက်ဆုံးတော့ သူ့အလှည့် ရောက်လာပြီပေါ့။
ပရောဂျက်ကိစ္စကို သွားရောက်စုံစမ်းရန် ဝမ်တောင်သို့ သွားရန်မှာ တကယ်လည်း သူ၏ မနက်ဖြန်အစီအစဉ် ဖြစ်ပေသည်။
တကယ်လို့ ရွှံ့မြေပြိုကျခြင်းသာ ဖြစ်လာမယ်ဆို သူ မနက်ဖြန် အပြင်မထွက်တာ ကောင်းပေမည်။
ပရောဂျက်၏ အချိန်က ဘယ်လောက်ပဲအရေးကြီးနေပါစေ၊ လုံခြုံရေးနှင့်တော့ လဲလို့မရချေ။
တစ်ခါ ဒဏ်ရာရလိုက်တာနှင့် သူသည် တစ်သက်လုံး အနားယူဖို့ ဖိအားပေးခံလိုက်ရမှာ ဖြစ်၏။
ဝမ်တောင်သို့ ဦးတည်နေသော အမြန်လမ်းမကြီးပေါ်တွင် မိုးရေနှင့်အတူ ရွှံ့တွေနှင့် ကျောက်တုံးကျောက်ခဲများမှာ တောင်တွေပေါ်မှ ကျဆင်းလာကြသည်။ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက လူတွေကို ကယ်ဆင်ရန်အတွက် မျဉ်းတွေ တားထားလိုက်ကြ၏။
လျန်ရုန်ရုန်သည် မျဉ်းအပြာရောင်ကိုဖြတ်၍ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေသည့်ကာကွယ်ရေး လုပ်သားတွေနှင့် ပူးပေါင်းလိုက်သည်။
ဤသည်မှာ အလွန်အန္တရာယ်များသော လုပ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲ မြေပြိုမှုတွေကိုပါ ဖြစ်လာစေနိုင်သည်။
ကာကွယ်ရေး လုပ်သားတွေက လျန်ရုန်ရုန်ကို ထွက်သွားပေးဖို့ ဖျောင်းဖျခဲ့ကြသော်လည်း အသုံးမဝင်ပေ။
သူတို့တွေ မျက်ကွယ်ပြုထားလိုက်ရုံသာတတ်နိုင်ပြီး မိန်းကလေးက အထဲတွင် နစ်မြှုပ်နေသောလူကို ချစ်မြတ်နိုးနေလောက်တယ်ဟု စဉ်းစားပြီး လျန်ရုန်ရုန်ကို လွှတ်ပေးလိုက်ကြသည်။
သေချာသည်မှာ လျန်ရုန်ရုန်ကို စောင့်ကြည့်နေကြရသေးသည်။ ဖုန်းယွင်ဟယ်သည် သတိလစ်နေတုန်း သုံးစက္ကန့်မျှကြာ သတိပြန်လည်လာခဲ့ပြီး ထိုသုံးစက္ကန့်အတွင်းမှာပင် သူမအပေါ် ဘေးလေးနက်နက် ချစ်မိသွားစေမှာပင်။ ဤဧရိယာက အလွန်အန္တရာယ်များတာကြောင့် ကာကွယ်ရေး လုပ်သားတွေက လျင်မြန်စွာ ရှာဖွေခဲ့ကြသည်။
မကြာခင်မှာဘဲ ကားနှစ်စီးကို ကယ်ဆယ်ခဲ့ကြသည်။ မောင်းသူများနှင့် ခရီးသည်များမှာ သတိလစ်နေကြသဖြင့် စောင့်ဆိုင်းနေသော လူနာတင်ယာဉ်များပေါ်သို့ တင်ပေးလိုက်ကြသည်။
လျန်ရုန်ရုန်မှာ မိုးရေတွေ စိုရွှဲနေပြီး အတော်လေး ဖိုသီဖတ်သီဖြစ်နေသည့်ပုံ ပေါ်နေသည်။ အနီးနားက ကယ်ဆယ်ရေး လုပ်သားများထံမှကယ်ဆယ်ရေးအား နားတော့မည့်အကြောင်း ပြောနေကြတာကို ကြားလိုက်ရတာကြောင့် သူမ ကြောင်အသွားရတော့သည်။
ဖုန်းယွင်ဟယ် ဘယ်မှာလဲ။ အဲဒီ ဖုန်းယွင်ဟယ်အကြီးကြီးက ဘယ်ရောက်သွားတာလဲ။
သူ့ကို ရှာမတွေ့သေးဘဲနဲ့ ဘာလို့ကယ်ဆယ်ရေးကို ရပ်လိုက်ကြတာလဲ။
******
195 01
အခန်း ၁၉၅: သတိမထားမိသော အခိုက်အတန့်နှင့် သူမ လွတ်မြောက်ခဲ့သည်
လျန်ရုန်ရုန်သည် မိုးရေထဲ၌ မတ်တပ်ရပ်နေရင်း အလွန်အမင်း မှားယွင်းနေသလို ခံစားနေရသည်။
ဖုန်းယွင်ဟယ်ကို ကယ်တင်ပြီး သူမအပေါ် အသက်ကြွေးတင်နေစေခြင်းက သူ့နှလုံးသား ထဲသို့ ဝင်ရောက်နိုင်မည့် အကောင်းဆုံး အခွင့်အရေးတစ်ခုပင်။
သူမ၏ အတန်းဖော်များက နောက်ကွယ်တွင်သူမနှင့် ဖုန်းယွင်ဟယ်ကို စုံတွဲတွေဆိုပြီး အတင်းပြောကြကာ အချို့လူတွေမှာ ထိုအတွက်ကြောင့် သူမကို ပစ်မှတ်ထားကြသော်ငြား ဖုန်းယွင်ဟယ်က သူမအပေါ် သေချာဂရုစိုက်ပေးသည့်ပုံ ပေါက်အောင်ပဲ လုပ်နေတယ်ဆိုတာကို လျန်ရုန်ရုန် သိနေသည်။
ဖုန်းယွင်ဟယ်၏ မျက်လုံးထဲမှာတော့ တစ်နှစ်လုံးနီးပါး နေ့ညအတူ နေထိုင်နေသော်လည်း သူမက သူစိမ်းတွေနှင့် မခြားနားပေ။
အထူးသဖြင့် ဖုန်းအဖေ၏အချစ်ဦးက သူမ၏အမေ ဖြစ်နေတာကိုသာ ဖုန်းယွင်ဟယ် သိသွားပါက သူမကို လုံးလုံးလျားလျားကြီး ရွံရှာမုန်းတီးသွားပေလိမ့်မည်။
ဖုန်းယွင်ဟယ်၏ နှလုံးသားထဲက သူမ၏နေရာကို ပြောင်းလဲနိုင်ရန်အလို့ငှာ အနှီလျှို့ဝှက်ချက် ပေါ်ပေါက်သွားတာနှင့် ကျရှုံးခြင်းမှသူမအား ကာကွယ်ပေးနိုင်ရန် သန်မာသောဒိုင်းကာတစ်ခုကို အပူတပြင်း လိုအပ်နေသည်။
သူ့အသက်ကို ကယ်ပေးခြင်းက ပြီးပြည့်စုံသော အခွင့်အရေးပင်။
သို့သော် ဆေးရုံ၌ ဘယ်သူမှ နာမည်ကောင်း ဝင်ယူလို့မရအောင်တော့ ဖုန်းယွင်ဟယ်၏ အိပ်ရာဘေး၌ သူမ ရှိနေပေးရမည်။
ဖုန်းယွင်ဟယ်ကို အသက်ရှင်လျှက် ပြန်ခေါ်ရမည်ဟူသော သူမ၏ စိတ်ပိုင်းဖြတ်မှုက ပိုမိုအားကောင်းလာပြီး ကယ်ဆယ်သူများကသူမကို တားဆီးရန် ကြိုးစားနေကြသော်ငြား လျန်ရုန်ရုန်ကတော့ မတော်တဆမှုဖြစ်ပွားရာသို့ ပြေးဝင်သွားခဲ့သည်။
ဒီဟာက ဖုန်းယွင်ဟယ် အပေါ်ထားရှိတဲ့ သူမရဲ့စစ်မှန်မှုကို စမ်းသပ်တဲ့ ကောင်းကင်ရဲ့ စစ်ဆေးချက်ပဲ ဖြစ်ရမယ်။
ဟုတ်တယ်၊ အဲလိုပဲဖြစ်ရမယ်။ လူတိုင်း လက်လျှော့နေချိန်မှာ သူမတစ်ယောက်တည်း သူ့ကို ကယ်ပေးဖို့ ဆန္ဒရှိနေတာ။
သူမ တစ်ဦးတည်းကပဲ သူ့ကို ချစ်တာ။
အရှေ့ရှိလမ်းမမှာ အန္တရာယ်များသေးသဖြင့် ကယ်ဆယ်သူများအား သူမအား မသေခိုင်းရက်တာကြောင့် သူမကို တားလိုက်ကြသည်။
လျန်ရုန်ရုန်မှာ ဒေါပွနေပြီး ယခုချိန်မှာ အတားအဆီးတွေကို သူမ ပိုကြုံတွေ့ရလေ၊အနာဂါတ်မှာ ဖုန်းယွင်ဟယ်က သူမကို ပိုချစ်လာလိမ့်မယ်ဟု တွေးထားသည်။
ကယ်ဆယ်သူများမှာ အရမ်းသေချင်နေသည့်တစ်စုံတစ်ယောက်ကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ မြေပြိုထားသော ဧရိယာကို ရှာဖွေကြည့်ပြီးနောက် မြေအောက်ထဲ နစ်မြုပ်နေသူ တစ်ယောက်မှ မရှိတော့ဘူးဆိုတာကို အတည်ပြလိုက်ကြ၏။
ဒီတော့ ဒီမိန်းမငယ်က လူကယ်ဖို့ ကြိုးစားနေတာ မဟုတ်ဘဲ၊ သတ်သေဖို့ ကြံစည်နေတာလား။
သူတို့တွေ နားမလည်နိုင်သော်ငြား အသက်ကိုစွန့်လွှတ်တော့မည့် မိန်းမငယ်ကို ကယ်တင်ရန် သူတို့တွင် တာဝန်ရှိနေလေသည်။
ကယ်ဆယ်သူများက လျန်ရုန်ရုန်ကို အန္တရာယ်ရှိသော ဧရိယာနှင့် အဝေးကို ပို့ဆောင်လိုက်ကြပြီး သူမတွင် စိတ်ရောဂါ ရှိနိုင်လောက်သည်ဟု သံသယဝင်လာကြတော့၏။ သူတို့သည်သူမ၏ မိသားစုကို ဆက်သွယ်ရန်အတွက် ရဲစခန်းသို့ ပို့လိုက်ကြပြီး သတိမထားလိုက်လျှင်သူမ ထွက်ပြေးသွားမှာကို စိတ်ပူနေကြ၏။
“သူမကိုယ်သူမပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ် ထိခိုက်အောင်လုပ်မိရင် မကောင်းဘူး။ ဂျူလိုင်လတုန်းက စိတ်ရောဂါသည်တစ်ယောက်ရဲ့ ဓားထိုးတဲ့အမှုကို မှတ်မိကြလားဗျ။ တော်တော့်ကို ကြောက်ဖို့ကောင်းတာနော်”
ကယ်ဆယ်သူများက ရဲအရာရှိအား ယခုလိုပြောနေတာကို ကြားလိုက်ရတော့ လျန်ရုန်ရုန်သည် ဒေါသထွက်လွန်းလို့ ပေါက်ကွဲမတတ်ပင်ဖြစ်သွားရ၏။
သူမလို ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် စိတ်ရောဂါသည် ဖြစ်နိုင်မှာလဲ။
195 02
သူမ အော်ဟစ်လိုက်၏။ “ကျွန်မ မရူးဘူး၊ကျွန်မက စိတ်ရောဂါသည်တစ်ယောက်ဆိုတာ လုံးဝ မဟုတ်ဘူး!”
ကယ်ဆယ်သူက သရော်လာ၏။ “အမူးသမားတွေ အရက်မမူးဘူးလို့ ပြောသလိုပေါ့၊ရူးနေတဲ့လူကလည်း သူတို့ ရူးနေပါတယ်လို့ ဘယ်ပြောပါ့မလဲ”
သူတို့သည် ရွှံ့မြေပြိုကျထားသော ဧရိယာကိုအကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့ကြပြီး အပျက်အစီးအောက်တွင် ပိတ်မိနေသူ မရှိဘူးဆိုတာကို အတည်ပြုခဲ့ပြီးသွားလေပြီ။
သို့ပေတည့် ဤအမျိုးသမီးက တစ်ယောက်ယောက်ကို ကယ်တင်ပေးဖို့ သူတို့တွေကို ဆက်တိုက်အော်ဟစ်နေလေသည်။
အစကတော့ ကယ်ဆယ်သူများမှာ အရူးလုပ်ခံလိုက်ရပြီး လူတစ်ယောက်မှ မကျန်တော့ဘူးဆိုတာကို သေချာစေရန်အတွက် နောက်တစ်ကြိမ် ပြန်သွားကြည့်လိုက်ကြသေး၏။
ဤအရူးမဆီက လှည့်စားခံလိုက်ရတယ်လို့ ခံစားမိသွားကြသဖြင့် သူတို့တွေ မပျော်မရွှင်ဖြစ်သွားရသော်ငြား သူမကို စိတ်ရောဂါသည်တစ်ယောက် ဖြစ်နိုင်သည်ဟု စဉ်းစားမိ၍ ၎င်းကို အတည်မယူကြတော့ပေ။
“ကောင်းပြီ၊ မငြင်းနဲ့တော့။ သူမလည်း မတတ်နိုင်ဘူး၊ စိတ်မကောင်းစရာဘဲ”
စိတ်မကောင်းစရာဘဲ၊ စိတ်မကောင်းစရာဘဲ၊စိတ်မကောင်းစရာဘဲ…
လျန်ရုန်ရုန်မှာ စိတ်မကောင်းစရာဘဲဟု အကြိမ်ပေါင်းများစွာ ခေါ်ခံနေရသော်လည်း ဤသည်မှာ အကျိုးအမြတ်ရရန်အတွက် သူမဇာတ်တိုက်ထားရသည့် အခြေအနေတွေပင်။ အကျိုးအမြတ် ပမာဏကတော့ ပြောနေသောလူ၏ အဆင့်အတန်းပေါ် မူတည်ပေသည်။
သူမသည် တစ်စုံတစ်ယောက်က သူမအား စိတ်မကောင်းစရာဘဲလို့ ပြောလာတာကိုကြားလိုက်ရသည့်အတွက် အလွန်အမင်း ဒေါသမထွက်ဖူးခဲ့ချေ။
အရူးတစ်သိုက်ကဘဲ ရွှေစီခြယ်ထားတဲ့ ကျောက်စိမ်းကို မသိကြတာ!
ကယ်ဆယ်သူများထံမှ အမှုကို လွှဲပြောင်းယူခဲ့သည့် လူငယ်ရဲအရာရှိမှာ ဂိုဂျီဘယ်ရီသီးလက်ဖက်ရည်ကို နှပ်ထားသည့် ဓာတ်ဘူးကို သယ်ထားသော အသက်ကြီးကြီး ရဲအရာရှိနှင့်ပူးပေါင်းလိုက်သည်။ သူသည် သူတို့၏ဖော်ပြချက်တွေကို နားထောင်ပြီးနောက် ဒေါတသကြီးဖြစ်နေသည့် ရွှဲရွှဲစိုနေသော လျန်ရုန်ရုန်ကို တစ်ချက်ကြည့်ကာ သူ၏ဓာတ်ဘူးကို စားပွဲပေါ်ချလိုက်သည်။
“သူမကို ကြည့်ရတာ ဆေးသုံးထားတယ် ထင်တယ်၊ ဆေးသုံးတာစစ်တဲ့ စစ်ဆေးချက်ကို အရင်ဆုံးလုပ်လိုက်”
လူငယ်အရာရှိမှာ သူ့နဖူးသူ ပြန်ရိုက်လိုက်ပြီးအနှီဖြစ်နိုင်ခြေအား မေ့လျော့နေခဲ့တာကို နားလည်သွားသည်။ မိုးရေထဲကို ထီးမပါဘဲပြေးထွက်လာပြီး အန္တရာယ်များတဲ့ နေရာကို အသည်းအသန် သွားချင်နေတဲ့—ဒီအမျိုးသမီးရဲ့ အပြုအမူတွေက—ဆေးသုံးထားလို့ ဖြစ်နိုင်တယ်။
ကယ်ဆယ်သူများမှာ ဤအာလူးပူကို လွှဲပေးလိုက်နိုင်သည့်အတွက် စိတ်အေးသွားကြသော်လည်း ဤအမျိုးသမီး ဆေးသုံးထားတာလားသို့မဟုတ် စိတ်ရောဂါသည်လား ဆိုတာကိုစောင့်ကြည့်ချင်မိကြသေး၏။
လူသားသဘာဝကိုက စပ်စုပေ၏။
သို့သော် ပင်ပန်းနွမ်းလျမှုက စပ်စုစိတ်အပေါ် တဖြည်းဖြည်း အနိုင်ယူသွားပြီး အနှီအခိုက်အတန့်တွင် သက်တောင့်သက်သာအဖြစ်ဆုံးနေရာကတော့ အိပ်ဆောင်ထဲက သူတို့၏အိပ်ရာပင် ဖြစ်ပေတော့သည်။
ဤအမျိုးသမီး ဆေးသုံးထားတာ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူတို့ကတော့ စိုးရိမ်စရာတွေ ဖြစ်လာမှာကို ကာကွယ်နိုင်ရန်သူမ၏ မိသားစုကို ဆက်သွယ်ဖို့ လိုအပ်ပေသည်။
ရဲအရာရှိက လျန်ရုန်ရုန်၏ ဆက်သွယ်ရန် အချက်အလက်ကို မေးမြန်းလာချိန်မှာတော့သူမက အဆင်သင့်ဖြစ်နေပြီးသားပင်။
အနှီရဲအရာရှိနှစ်ယောက် မြေမြှုပ်ဗုံးပေါ် တက်နင်းလိုက်မိပြီဆိုတာကို သူမ သိစေချင်မိသည်။ သူမ၏ ခေါင်းကိုင်အဖေက စာရင်းဝင်ကုမ္ပဏီတစ်ခု၏ CEO တစ်ယောက်ဖြစ်ပြီးသူမက စိတ်ရောဂါသည် လူနာတစ်ယောက်မဟုတ်ပေ။
အခု သူတို့တွေ သူမအပေါ် အမှားလုပ်မိသည့်အတွက် နောင်တရချေတော့မည်။
195 03
သူတို့၏ ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ချမ်းသာသော မိသားစု၏ ဆက်ဆံသူတစ်ဦး အသက်ဆုံးရှုံးလုနီးပါး ဖြစ်တော့မယ်ဆိုတာကို သူတို့အားလုံး သိရပေတော့မည်။
ဖုန်းခေါ်ဆိုမှုကို ဖုန်းအဖေ မြန်မြန်ဆန်ဆန်ပဲ ဖြေဆိုလိုက်၏။
"ဟယ်လို၊ ဘယ်သူပါလဲ”
“ဟယ်လို၊ မစ္စတာဖုန်း၊ ရဲဌာနက ပြောနေတာပါ။ လျန်ရုန်ရုန် ဆိုတာ ခင်ဗျားရဲ့ ခေါင်းကိုင်သမီးလား”
ရဲအရာရှိက ရုန်ရုန်နှင့် ပတ်သက်သည့်အ ကြောင်းကို ပြောလာတာ ကြားလိုက်ရတော့ ဖုန်းအဖေက အလျင်အမြန် စိုးရိမ်တကြီးမေးလိုက်သည်။ “ဟုတ်ပါတယ်။ သူမ တစ်ခုခုဖြစ်လို့လား”
လျန်ရုန်ရုန်သည် အပြင်ဘက်က စကားဝိုင်းကို ယဲ့ယဲ့ကြားလိုက်ရသဖြင့် သွေးရူးသွေးတန်း အော်ဟစ်လာတော့၏ “ခေါင်းကိုင်အဖေ၊အစ်ကို ဒုက္ခရောက်နေတယ်! သူ့ကို ကယ်ပေးဖို့ တစ်ယောက်ယောက်ကို အဖေ လွှတ်ပေးလိုက်ပါ၊ အခုတောင် အရမ်းနောက်ကျနေပြီ!”
သူမသည် ဒါကိုဘဲ အကြိမ်ရေများစွာ ပြောဆိုနေခဲ့ပြီး ဖုန်းပြောနေသော ရဲအရာရှိ၏အသံကို ဖုံးလွှမ်းသွားနိုင်သည်အထိ ကျယ်လောင်နေလေလျှက်။
သူ ရပ်တန့်သွားပြီး ပြောလိုက်၏ “စကားမစပ်၊ခင်ဗျားရဲ့သားက အမြန်လမ်းမကြီးပေါ်မှာရွှံ့မြေပြိုတဲ့အထဲပါသွားလို့ အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုပြီး ခင်ဗျားရဲ့ခေါင်းကိုင်သမီးက အခိုင်အမာ ပြောနေပါတယ်”
ဖုန်းအဖေသည် အခိုက်အတန့်တစ်ခုအထိ အသက်မရှူနိုင်အောင် ဖြစ်သွားရ၏။
လွန်ခဲ့သော ဆယ်မိနစ်ပိုင်းတုန်းကတင် ပေါ့ပေါ့ပါးပါး ဝတ်စားထားသည့် သားဖြစ်သူအား မြင်တွေ့ခဲ့တာကို သူအလျင်အမြန် မှတ်မိသွားသည်။ ဒီအချိန်တိုလေးအတွင်းမှာ ဗီလာထဲကနေ သူ ထွက်သွားတာများလား။
******
196 01
အခန်း ၁၉၆: ဖုန်းဖူက နေရာချင်းလဲဖို့ရောက်လာတယ်
ပြီးနောက် ဖုန်း၏အခြားတစ်ဖက်ကနေ ရဲအရာရှိက ပြောလာ၏။ “ကယ်ဆယ်ရေးလုပ်သားတွေက မတော်တဆမှု ဖြစ်ပွားထားတဲ့နေရာကို အကြိမ်ရေတော်တော်များများ ရှာခဲ့ကြပေမဲ့ ခင်ဗျားသားရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ကြဘူး။ ဒီတော့ ခင်ဗျားရဲ့ ခေါင်းကိုင်သမီးမှာ စိတ်ရောဂါရှိနေတယ်လို့ ကျွန်တော်တို့ယူဆထားပါတယ်။ သူမမှာ အခုလိုပြဿနာတွေကို လုပ်ဖူးတဲ့ မှတ်တမ်းများရှိလား”
ဖုန်းအဖေ ပြောလိုက်၏။ “ကျေးဇူးပြုပြီးခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော့်သား အိမ်မှာရှ်ိလားဆိုတာ သွားစစ်ကြည့်လိုက်ဦးမယ်”
“ကောင်းပါပြီ”
ဖုန်းအဖေက ဖုန်းယွင်ဟယ်၏ စာကြည့်ခန်းဆီသို့ အလျင်စလို ပြေးသွားပြီး တံခါးကို ရိုင်းပြစွာ တွန်းဖွင့်လိုက်၏။ ဖုန်းယွင်ဟယ်က ကော်ဖီခွက်ကို နှုတ်ခမ်းနားတေ့လိုက်ရုံ ရှိသေးသည်။ တံခါးဖွင့်သံကို ကြားလိုက်ရတော့ အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည့်အခါသူ့အဖေနှင့် မျက်လုံးချင်း ဆုံသွားတော့သည်။
ဖုန်းယွင်ဟယ်၏ မေးခွန်းထုတ်နေသော အကြည့်နှင့် ရင်ဆိုင်လိုက်ရတော့ ဖုန်းအဖေက ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး“ဆောရီး၊ အဖေ အခန်းမှားဝင်တာ”
ဖုန်းယွင်ဟယ်နှင့် သူ့အဖေ၏ စာကြည့်ခန်းတို့မှာ တစ်ထပ်တည်းတွင် မဟုတ်သလို၊ အခန်းတည်နေရာကလည်း မတူညီပေ။ အထပ်မှားတာ သို့မဟုတ် အခန်းမှားသော ဖြစ်နိုင်ခြေမှာ မရှိနိုင်။
ဖုန်းယွင်ဟယ်က သူ့ကို မဖော်ထုတ်တော့ဘဲ“ဪ၊ တစ်ခုခုလိုလို့လား” ဟုသာ ပြောလိုက်သည်။
ဤသည်မှာ ထွက်သွားဖို့ သဲလွန်စပေးနေသည်မှာ အရှင်းကြီးပင်။
ဖုန်းအဖေက အလျင်အမြန် ခေါင်းခါ၍“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။ အဖေ အခုသွားတော့မှာ။ မင်းဘာသာမင်းဆက်လုပ်၊ စောစောအိပ်ဦး၊ အရမ်းနောက်ကျတဲ့အထိ မနေနဲ့”
ထိုစကားများကို စိုးရိမ်စိတ်ဖြင့်ပြောပြီးနောက် ဖုန်းအဖေသည် ဖခင်ကောင်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။
ဖုန်းအဖေက ထိုအထပ်ကနေ အောင်မြင်စွာ ပြန်ဆုတ်ခွာလာခဲ့ပြီး သူ့အိပ်ခန်းထဲသို့ ဦးတည်လိုက်သည်။ ရဲအရာရှိကို ဖုန်းပြန်ဖြေနေတုန်းသူ၏ အိမ်နေရင်း အဝတ်အစားများကို ခမ်းနားသော ဝတ်စုံဖြင့် လဲဝတ်လိုက်၏။
“ကျွန်တော့်သား အိမ်မှာရှိနေပါတယ်။ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ ခေါင်းကိုင်သမီးကို ဘယ်လိုမျိုးအာမခံနဲ့ လွှတ်ပေးမှာလဲမသိဘူး”
ဤခေါင်းစဉ်သို့ရောက်လာတော့ တစ်ဖက်ခြမ်းက လေသံမှာ ပိုမိုလေးနက်သွားပြီး “မစ္စတာဖုန်း၊ ခင်ဗျားရဲ့သမီးမှာ စိတ်ရောဂါမှတ်တမ်းတွေတစ်ခုခု ရှိဖူးလား။ သူမရဲ့မိသားစုဝင်တစ်ယောက်အနေနဲ့ သူမကိုနောက်တစ်ခါ ထွက်မပြေးအောင် သေချာစောင့်ကြည့်နေသင့်တယ်။ ဒီဟာက သူမကိုယ်တင်မကဘူး၊ သူများတွေကိုပါ ထိခိုက်စေနိုင်တဲ့ အလားအလာရှိနေတယ်”
စိတ်ရောဂါမှတ်တမ်း။
ဖုန်းအဖေသည် တစ်စုံတစ်ယောက်က သူ့သမီးအား ထိုကဲ့သို့ပြောလာတာမျိုးကို လက်မခံနိုင်။ သူသည် တစ်ဖက်သားကို အလျင်အမြန်ဘဲ မာမာထန်ထန် ကြိမ်းမောင်းလိုက်၏။ “ပြည့်သူ့ဝန်ထမ်းတွေဖြစ်နေပြီး မိန်းမငယ်လေးတစ်ယောက်ကို ဘယ်လိုတောင် စွပ်စွဲရက်ကြတာလဲ။ သူများတွေသာ ဒါကိုကြားသွားရင်၊ သူမ ဘယ်လိုရှင်သန်ရတော့မှာလဲ။ ခင်ဗျားရဲ့တံဆိပ်နံပါတ်က ဘာလဲ။ ခင်ဗျားရဲ့ အထက်လူကြီးကို ကျုပ် တိုင်ကြား ချင်တယ်”
196 02
ယခုလိုအခြေအနေမျိုးနှင့် ရင်ဆိုင်လာရတာ များနေပြီဆိုတော့ ရဲအရာရှိမှာ လူတွေက သူ့အား တိုင်ကြားမယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေကို ထုံနေလေပြီ။
သူ တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါက မေးမြန်း တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ခင်ဗျားအနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
လျန်ရုန်ရုန်က ဖုန်းအဖေ၏ အသည်းညှာဖြစ်တာကြောင့် သူမ၏မကောင်းကြောင်းကို အပြင်လူတွေ ပြောလာတာအား လုံးဝ ခွင့်မပြုနိုင်ပေ။
သို့သော် ဤရဲအရာရှိက သူမတွင် စိတ်ရောဂါရှိနေတယ်ဆိုပြီး ပြောလာလေသည်။ ဖုန်းအဖေက ဖုန်းထဲကနေပြီး သူ့ကို ဆယ်မိနစ်လောက် ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ကားထဲရောက်မှသာ ဤခေါင်းစဉ်ကို ရပ်နားလိုက်သည်။
တစ်ဖက်ခြမ်းရှိ ရဲအရာရှိမှာ ဆယ်မိနစ်ကျော် လောက် ပြစ်တင်ကြိမ်းမောင်းခံနေရသော်ငြား အလွန်တည်ငြိမ်နေဆဲပင်။
အပြင်ဘက်တွင် မိုးတွေခြိမ်းနေသော်လည်း ဖုန်းအဖေကတော့ လုံးဝမကြောက်နေပေ။ ကားရွေ့တာ အလွန်နှေးနေတယ်လို့တောင် ခံစားမိနေသေးတာပင်။ သူ့ရဲ့ ချစ်လှစွာသောရုံရုံက ရဲစခန်းထဲတွင် အချုပ်ကျနေတာဖြစ်ပြီး သူမ ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ည့ဉ်နက်နေပြီဖြစ်ကာ ရာသီဥတု ဆိုးရွားနေတာကြောင့် ဒရိုင်ဘာသည် လုံခြုံရေးအရ ဖြည်းညင်းစွာသာ မောင်းနှင်ပေသည်။
ဖုန်းအဖေက ခရီးလမ်းတလျှောက်တွင် ဒရိုင်ဘာအား မြန်မြန်မောင်းနှင်ရန် ဆက်တိုက်တိုက်တွန်းခဲ့၏ “မြန်မြန်၊ မြန်မြန်လေးသာ မောင်းစမ်းပါ။ အခုချိန် လမ်းပေါ်မှာ ဘယ်လူ၊ဘယ်ကားမှ မရှိဘူး၊ အရှိန်နည်းနည်းတင်လိုက်လို့ အဆင်ပြေတယ်”
လမ်းပေါ်တွင် ကားတွေသိပ်မရှိသော်လည်းလမ်းမျက်နှာပြင်က ချောနေသေးသည်။ အကယ်၍ ကားကို အရမ်းအမြန်ကြီးမောင်းနှင်လိုက်ပါက အလွန်အန္တရာယ်များပေသည်။
ဒရိုင်လာက လေကာမှန်ကနေတဆင့် လမ်း၏အခြေအနေကိုသာ အာရုံစိုက်ထားသည်။ သူ ဖျောင်းဖျလိုက်၌ “သူဌေး၊ အခုချိန် လမ်းကချော်နေတာ။ လုံခြုံရေးအတွက် ကျွန်တော်တို့တွေ အရမ်းအမြန်ကြီး မမောင်းသင့်ဘူး”
သို့သော် ဖုန်းအဖေက တိုက်တွန်းနေဆဲပင်။ “မရဘူး၊ မြန်မြန်မောင်း။ ရုန်ရုန်က ပူပန်သောကရောက်ပြီး စောင့်နေရတာ”
အဆုံးမှာတော့ ဤသည်မှာ သူ့သူဌေးဖြစ်ပြီး ဖုန်းမိသားစုက သူ့ကို လစာကောင်းကောင်း ပေးထားတာပင်။ သူ့ကို တိုက်ရိုက်စော်ကားမိလိုက်လို့ အလုပ်ဖြုတ်ခံထိရင် ဘယ်လိုလုပ်မလဲ။
အလုပ်သမားဖြစ်သော ဒရိုင်ဘာမှာ သဘောတူလိုက်ဖို့ဘဲ တတ်နိုင်၏။ “ဟုတ်ကဲ့၊ မစ္စတာဖုန်း။ မိန်းကလေးရုန်ရုန် အရမ်းအကြာကြီး မစောင့်နေရအောင်လို့ ကျွန်တော် နည်းနည်းမြန်လိုက်ပါ့မယ်”
“အဲ့လိုမှပေါ့ကွ။ စိတ်မပူနဲ့၊ ဘာမှဖြစ်မှာ မဟုတ်ဘူး”
တစ်ခါတလေတွင် လူတွေက ကံကြမ္မာကိုသွေးတိုးမစမ်းသင့်ပေ။
ဘာမှမဖြစ်ဘူးလို့ ဖုန်းအဖေ ပြောလိုက်ပြီး မရှေးမနှောင်းမှာဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်ချလေသည်။
လူနှစ်ယောက် လက်မောင်းဖက်စာလောက်ရှိသည့် ကြီးမားသော သစ်ပင်ကြီးမှာ ရုတ်ချည်းပင် အရှေ့က လမ်းပေါ်သို့ လဲကျလာတော့၏။
ဒရိုင်ဘာကို ဒါကိုမြင်တော့ အမြန်ဘရိတ်အုပ်လိုက်သော်လည်း ကားကို အရှိန်မြန်နှင့် မောင်းနေခဲ့၍ မိုးရေကြောင့် လမ်းတွေလည်း ချော်နေသဖြင့် ကားဘရိတ်ကို အချိန်မှီနင်းလိုက်သော်ငြား မထိန်းနိုင်တော့ဘဲ လဲကျနေသော သစ်ပင်ကို ဝင်တိုက်မိသွားသည်။
ဖုန်းအဖေကို ရဲတွေဖုန်းဆက်ခဲ့တာ လျန်ရုန်ရုန် သိသည်။ သူမအပေါ် သူ၏ဂရုစိုက်ပုံနှင့်ဆို မကြာခင်အိမ်ပြန်ရတော့မည်ဟု တွေးထားလိုက်သည်။
196 03
သူမ စောင့်ပြီးရင်း စောင့်ဆိုင်းနေခဲ့သည်။ နံရံပေါ်က နာရီပေါ်တွင် မိနစ်လက်တံက တစ်ပတ်ပြီးတစ်ပတ်ပြောင်းကာ နာရီနှင့်ချီပြီးကြာလာသော်လည်း ဖုန်းအဖေက သူမကို လာမခေါ်သေးပေ။
လျန်ရုန်ရုန်၏ မျက်နှာမှာ မည်းမှောင်လာတော့၏။ သူက ဘာဖြစ်နေတာလဲ။
ဖုန်းမိသားစုဗီလာကနေ ရဲစခန်းကို တစ်နာရီထက် ပိုမကြာသင့်ဘူးလေ။ သူက ဘာလို့ဒီလောက်တောင် ကြာနေရတာလဲ။
ယောက်ျားတွေက လုံးဝကို အားကိုးလို့မရဘူးဟု လျန်ရုန်ရုန် ခါးသီးစွာ တွေးလိုက်သည်။
ငယ်ရွယ်သော ရဲအရာရှိက သူမကို လာခေါ်မည့် ဖုန်းအဖေကို အကြာကြီးစောင့်နေရင်းသူ့စားပွဲတွင် အိပ်ပျော်သွားပြီဖြစ်သည်။
နေ့လယ်အနားယူချိန် ရောက်နေပြီဖြစ်ကာ ဘယ်သူမှ ရောက်မလာကြသေးပေ။
ရဲအရာရှိသည် ခရီးက အရမ်းကြာနေတာလားသို့မဟုတ် အဆင်မပြေလို့လားဟုမေးရန် မနေ့တုန်းက ဖုန်းနံပါတ်ကို ပြန်ခေါ်လိုက်၏။
သူသည် အကြိမ်ရေများစွာ ဖုန်းခေါ်နေသော်လည်း ဖုန်းဆက်၍မရချေ။
လူငယ်ရဲအရာရှိက သက်ပြင်းချလိုက်ပြီး မနက်စာအပို ဝယ်ရတော့မယ်ဆိုတာကို နားလည်သွားသည်။ နေ့လယ်စာစားချိန် မတိုင်ခင်တွင် မိန်းကလေး၏ မိသားစုက လာခေါ်မှာကိုပဲ သူ မျှော်လင့်နေမိသည်။
နှစ်နာရီကြာပြီးနောက် သိမ်မွေ့သော အမျိုးသမီးက ဖုန်းဖြေလာပြီး သူမကိုယ်သူမဖုန်းပိုင်ရှင်၏ ဇနီးဟုပြောကာ သူ့ဆီ ဘာလို့missed calls တွေ ဒါဇင်ချီ ခေါ်ထားလဲဆိုတာနှင့် အရေးကြီးလို့လားဟု မေးလာခဲ့သည်။
လူငယ်သည် လျန်ရုန်ရုန်၏ မိသားစုကိုနောက်ဆုံးတော့ ဆက်သွယ်နိုင်သွားပြီဖြစ်တဲ့အတွက် စိတ်အေးသွပြီး နေ့လယ်စာစားချိန်မတိုင်ခင် သူမကို လာခေါ်ကြတော့မယ်ဟု တွေးလိုက်သည်။ “ဟယ်လို၊ ဒါက ဒီလိုပါ၊ခင်ဗျားခင်ပွန်းရဲ့ ခေါင်းကိုင်သမီးကို အခုရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သူမကိုလာခေါ်ပေးလို့ ရမလား”
“ခေါင်းကိုင်သမီး” နှင့် “ခေါင်းကိုင်အဖေ” ဟူသော နာမ်စားတွေကို အချို့လူတွေက အလွဲသုံးစားလုပ်ကြသဖြင့် ဤမိန်းကလေးကဒုက္ခရောက်နေချိန်မှာ အဖေလို့ မခေါ်ဘဲခေါင်းကိုင်အဖေလို့ ခေါ်နေခဲ့တာကို စဉ်းစားကြည့်ပါက သူ့အနေနှင့် ၎င်းကို မကောင်းဘက်ကနေ မတွေးမိဘဲ မနေနိုင်တော့ပေ။
ယခုလိုအရာမျိုးကို တစ်စုံတစ်ယောက်၏ဇနီးအား ပြောပြရသည်မှာ ရက်စက်ရာကျသော်လည်း ဤသည်မှာ သူ့အလုပ်၏ တစိတ်တပိုင်း ဖြစ်နေပင်။ ရက်စက်ရာကျတယ်လို့ ခံစားရတာနှင့် မလွှဲရှောင်နိုင်။
တစ်ဖက်က သိမ်မွေ့သောအသံမှာ စကား ဆက်ပြောမလာခင်အထိ အတန်ကြာ ငြိမ်သက်သွားပြီး “မနေ့ညတုန်းက ကျွန်မယောက်ျား ကားအက်ဆီးဒန့်ဖြစ်ထားတယ်။ သူ အခု သတိလစ်နေတော့ သူမကို လာမခေါ်နိုင်ဘူး။ သူမကို လာခေါ်ဖို့ သူ့အတွင်းရေးမှူးကို လွှတ်ပေးလိုက်ရင်ရော”
မနေ့ညတုန်းက အနှီလူ ကားအက်ဆီးဒန့် ဖြစ်သွားတယ်ဆိုတာကို ကြားလိုက်ရတော့ လူငယ်ရဲအရာရှိသည် အထိတ်တလန့်ဖြစ်သွားပြီး လျန်ရုန်ရုန်ကို လာခေါ်ခိုင်းခဲ့သည့် သူ့အပြစ်ဟု ခံစားလိုက်ရသည်။
သူ ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။ အဆင်ပြေပါတယ်ဆိုပြီး အလျင်အမြန် သဘောတူလိုက်သည်။
နာရီဝက်အကြာတွင် ဝတ်စုံဝတ်ထားပြီးလက်ဆွဲအိတ် အမည်းရောင်ကို ကိုင်ထားသောသတ်လယ်ပိုင်း အမျိုးသားတစ်ယောက်ကဝင်ရောက်လာသည်။ သူ၏ အထောက်အထားကို ပြောပြပြီးနောက် လျန်ရုန်ရုန်ကို ခေါ်သွားမလို့ ရောက်လာတာပါဟု၍ ပြောလာ၏။
အနှီ မစ္စတာအတွင်းရေးမှူးကို လိုအပ်သောစာရွက်စာတမ်းအချို့အား လက်မှတ်ထိုးခိုင်းပြီးနောက် ရဲအရာရှိက သူ့ကို လျန်ရုန်ရုန်အားခေါ်သွားခွင့်ပြုလိုက်သည်။
လျန်ရုန်ရုန်သည် ဖုန်းအဖေ၏ အတွင်းရေးမှူးကို မြင်လိုက်ရချိန်၌ ကနဦးပိုင်းတွင်တော့ မုန်းတီးမိသွားသည်။ သူ့ ခေါင်းကိုင်အဖေက ဘာသဘောလဲ။ သူမကိုယ် ကိုယ်တိုင်ကိုယ်ကျလာမခေါ်ဘဲ ရဲစခန်းမှာ ဆယ်နာရီကျော်အောင် ထားထားတယ်၊ ပြီးတော့ အတွင်းရေးမှူးနဲ့သူမကို လာခေါ်တယ်။ သူမကို အရေးပါတယ်လို့ သူ မတွေးတာလား။
196 04
ယခုချိန်၌ သူမတွင် အမုန်းတရားတွေ ပြည့်နှက်နေပြီး ဖုန်းယွင်ဟယ် သေသလား၊ရှင်သလားဆိုတာကို လုံးလုံး မေ့လျော့နေလေပြီ။
ဤလက်ရှိရာထူးသို့ အရောက်လှမ်းနိုင်ခဲ့သောအတွင်းရေးမှူးက ပါးနပ်သည်မှာ သဘာဝကျပြီး လျန်ရုန်ရုန်၏ မျက်နှာပေါ်က မုန်းတီးမှုကိုဖောက်ထွင်းမြင်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမက သူ့သူဌေး၏ ခေါင်းကိုင်သမီးပင်။ သူ့အနေနှင့် သူမကို စော်ကား၍မရပေ။
သူ ပြောလိုက်၏။ “မနေ့ညတုန်းက သူဌေးကားအက်ဆီးဒန့်ဖြစ်သွားတယ်”
“ဘာ" လျန်ရုန်ရုန်၏ အသံမှာ ရှစ်သံတွဲ၏တတိယမြောက်အထိ မြင့်တက်သွား၏။
“အခု သူ ဆေးရုံမှာ သတိမေ့မြောနေတော့ မိန်းကလေးရုန်ရုန်ကို လာမခေါ်နိုင်ဘူး။ အဲဒါကြောင့် သူ့ဇနီးက မိန်းကလေးရုန်ရုန်ကိုလာခေါ်ဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ”
အကြောင်းရင်းက ထိုသို့သာဆိုပါက ခွင့်လွှတ်ပေးလို့ရနိုင်သည်။
ဖုန်းအဖေ မတော်တဆမှု ဖြစ်သွားတယ်ဆိုတာကို ကြားလိုက်ရတော့ လျန်ရုန်ရုန်အား အခြားပြဿနာတစ်ခုကို တွေးမိသွားစေသည်။
“ကျွန်မရဲ့ အစ်ကို အဆင်ပြေရဲ့လား”
သူမက သခင်လေးဖုန်း အကြောင်းကို ရုတ်တရက်ကြီး ထုတ်ပြောလာတော့ ကားမောင်းနေသည့် အတွင်းရေးမှူးမှာ နောက်လှည့်မကြည့်မိဘဲ မနေနိုင်တော့ချေ။ “သခင်လေးဖုန်းက ဘယ်လိုလုပ်ပြီး တစ်ခုခုဖြစ်မှာလဲဗျာ။ ကားအက်ဆီးဒန့် ဖြစ်တုန်းက သူ အိမ်မှာရှိနေတာပါ။ မစ္စတာဖုန်းနဲ့ ဒရိုင်ဘာဘဲ ကားထဲမှာ ရှိနေကြတာ”
လျန်ရုန်ရုန်သည် အစောပိုင်းတုန်းက သူမ၏စိုးရိမ်သွားသော အမူအရာမှာ မလုံလောက်ဘူးဆိုတာကို နားလည်သွားပြီး အမြန်ပြန်ဖာထေးဖို့ ကြိုးစားလိုက်၏ “ကျွန်မရဲ့ ခေါင်းကိုင်အဖေရော ဘယ်လိုနေလဲ။ သူ အဆင်မှပြေရဲ့လား”
“သူ အသက်အန္တရာယ်တော့ မရှိတော့ပါဘူး၊မကြာခင် နိုးလာတော့မှာပါ”
“တော်သေးတာပေါ့၊ ရှင် ဆေးရုံကိုသွားမှာလား။ ကျွန်မ ခေါင်းကိုင်အဖေဆီ သွားကြည့်ချင်သေးတယ်”
လျန်ရုန်ရုန်က ယဉ်ကျေးနေရုံသာဖြစ်ပြီးသူမတွင် ဆေးရုံပေါ်က ဖုန်းအဖေအား သွားကြည့်ရန် ရည်ရွယ်ချက် မရှိနေပေ။
သူမသည် တစ်ညလုံးနီးပါး မအိပ်ရသေးဘဲအေးစက်သော မိုးရေတွေ စိုရွှဲထားသေး၏။ အခု သူမက ရေနွေနွေးလေးဖြင့် ရေချိုးပြီးကောင်းကောင်းကြီး အိပ်စက်ချင်နေတာပင်။
အတွင်းရေးမှူးက အမျှော်အမြင်ရှိသော လူတစ်ယောက်ဖြစ်၏။ “ကုမ္ပဏီမှာ ဖြေရှင်းရမဲ့ ကိစ္စတွေ အများကြီးရှိသေးတယ်။ မိန်းကလေးရုန်ရုန်လည်း အရမ်းပင်ပန်းနေရောပေါ့။ အိမ်ပြန်ပြီး အနားယူလို့ရပါတယ်” ဟုသာပြောလိုက်သည်။
လျန်ရုန်ရုန်က အချိန်ကိုက် နှာချေလိုက်၏။ သူမက နှာခေါင်းကိုပွတ်၍ “အားနာလိုက်တာ၊မနေ့ညတုန်းက မိုးမိထားတော့၊ ကြည့်ရတာနည်းနည်းဖျားသွားတဲ့ပုံပဲ။ ကျွန်မ နည်းနည်းအနားယူပြီးမှ ဆေးရုံကို သွားလိုက်မယ်”
ဘယ်လိုဘဲဖြစ်ဖြစ် ငါ့ရဲ့ ခေါင်းကိုင်အဖေက ကိုမာဝင်နေတော့ သူ့ကို သွားကြည့်လည်း အလဟဿပဲဖြစ်မှာ။ သူ့ကို သွားကြည့်ဖို့နဲ့ဆေးရုံကို အပြေးတပိုင်းသွားစရာမှ မလိုတာ။
အတွင်းရေးမှူးက ဆက်လက်ပြုံးပြရင်း ပြန်ဖြေလိုက်၏ “ကောင်းပါပြီ”