အခန်း (၁၉၇-၂၀၀)
Vol. 10 Ch. 197-200
197 01
အခန်း ၁၉၇: နင်ဖြစ်ရမှာ မဟုတ်ဘူးလား
ရှီလီ၏ စာဖိအားသည် နေ့စဉ်နှင့်အမျှ တိုးပွားနေပြီး သူမ၏နေရာကို သူများတွေ ယူသွားမှာစိတ်ပူနေလေသည်။ ပိတ်ရက်များတွင် အိမ်မှာတောင်မှ သူမမှာ အနားမယူနိုင်ဘဲ သူမ၏ကျောင်းချိန်အတိုင်း စာလုပ်ပြီး အနားယူဖို့ကို ထိန်းသိမ်းထားသည်။
အိမ်စာလုပ်ပြီးသွားတော့ ရှီလီသည် သူမ၏စိတ်ကို အပန်းဖြေရန်အတွက် စာပေဆိုင်ရာသင်ခန်းစာအချို့ကို ဖတ်ရှုပြီး သူမ၏စာပေအပေါ် တိုးတက်အောင် ပြုလုပ်မှာဖြစ်သည်။
သူမ စာဖတ်နေတုန်း မိသားစု၏ အိမ်ဖော်ကတံခါးခေါက်လာပြီး အထဲဝင်လာကာ “မိန်းကလေးလီ၊ အောက်ထပ်မှာ ဧည့်သည်ရောက်နေတယ်။ မဒမ်က မိန်းကလေးလီကိုအောက်ဆင်းလာဖို့ ခေါ်ခိုင်းလိုက်လို့ပါ”
ရှီလီက “အိုး” ဟူ၍ တုံ့ပြန်လိုက်ပြီး သူမ ဖတ်နေသည့် စာမျက်နှာကို စာညှပ်ဖြင့် မှတ်ထားလိုက်ပြီးနောက် အိမ်ဖော်၏ အနောက်ကနေ လိုက်သွား၍ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
သူမ ပဟေဠိဖြစ်သွားပြီး ဘယ်လိုဧည့်သည်ကများ သူမ၏တည်ရှိမှုကို လိုအပ်နေလဲဆိုတာအား သိချင်နေမိတော့သည်။
ယုတ္တိကျကျပြောရလျှင် မိသားစုဧည့်သည်များမှာ ဟွမ်ကျဲနှင့် ရှီအဖေ၏ သူငယ်ချင်းများသာဖြစ်၍ သူတို့တွေ ဧည့်ခံရုံနှင့်တင် လုံလောက်သည်။ သူမကို အောက်ဆင်းလာဖို့ ခေါ်ရန် မလိုအပ်ချေ။
သူမ အဘွားဘက်က အမျိုးတွေ ရောက်လာလို့ ဟွမ်ကျဲက သူမကို အောက်ဆင်းလာစေချင်တာလား။
ဆိုဖာပေါ်တွင် ခါးမတ်မတ်ထား၍ ထိုင်နေသောလူကို တွေ့လိုက်ရတော့မှ ဘာလို့ ဟွမ်ကျဲက သူမကို အောက်ဆင်းလာဖို့ ခေါ်တယ်ဆိုတာအား ရှီလီ နားလည်သွားတော့သည်။
ဧည့်သည်က ဖုန်းယွင်ဟယ် ဖြစ်နေတာပင်။ ဟွမ်ကျဲသည် သူမ၏သမီးက သူ့ကို သဘောကျနေတယ်ဆိုတာကို သိနေတာကြောင့် သမီးဖြစ်သူကို ပျော်ရွှင်စေရန်အတွက် ရှီလီနှင့်ဖုန်းယွင်ဟယ်တို့ အတူတူ အချိန်ဖြုန်းလို့ရမည့်အခွင့်အရေးကို ဖန်တီးပေးလိုက်တာဖြစ်သည်။
သို့သော် ရှီလီ၏စိတ်ထဲတွင် နောက်မေးခွန်းတစ်ခုက ကြီးစိုးထား၏။ [ငါ အချိန်မှားသွားတာလား။ အခုနေ သူ ဆေးရုံပေါ်မှာ လဲနေရမှာ မဟုတ်လား။ ဘယ်လိုဖြစ်လို့ အကောင်းကြီး ပြေးလွှားနိုင်နေရတာလဲ။ ]
ဟွမ်ကျဲက ဖုန်းအမေ၏ လက်ရှိကျန်းမာရေး အခြေအနေကို ယဉ်ကျေးစွာ မေးမြန်းခဲ့ပြီး ဖုန်းယွင်ဟယ်သည် ရှီလီ၏ စိတ်ထဲကအတွေးတွေကို ကြားနေရသည့် တစ်ချိန်တည်းမှာပဲ သူမ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
သူမသမီး အောက်ဆင်းလာသံကို ကြားလိုက်မိတော့ ဟွမ်ကျဲက အနားလာရန် လက်ပြလိုက်သည်။ “လီ၊ ဒီမှာလာထိုင်။ သမီး ယွင်ဟယ်နဲ့တွေ့ချင်နေတာမလား။ ဒီနေ့ သူ သမီးဆီ လာလည်တယ်”
သေချာတာကတော့ ဤသည်မှာ ဟွမ်ကျဲပုံကြီးချဲ့ ပြောလိုက်တာပင်။ ဖုန်းယွင်ဟယ်၏လာလည်သော ရည်ရွယ်ချက်က ရှီလီကို တွေ့ဖို့မဟုတ်ဘဲ၊ သူ့အမေ၏ မိသားစုခြံဝင်းထဲက လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တစ်သုတ်ကို လာပို့ပေးတာဖြစ်သည်။ သူသည် ဒေါ်လေးရှီအကြီးဆုံးဆီ ပို့ပေးရင်းမှ ရှီလီ၏အိမ်ကိုလည်း လာပို့ပေးဖြစ်သွားတာဖြစ်၏။
ဤအရာအားလုံးကို အကျဉ်းချုံ့လိုက်လျှင်တော့ လာပို့ပေးခြင်းက အမှတ်မထင်ဖြစ်၍ ရှီလီကြောင့် တမင်ရောက်လာခြင်း မဟုတ်ဘူးဆိုတာပင်။
ဒါပေါ့၊ သူ၏ မူလရည်ရွယ်ချက်က ရှီလီကို ကျေးဇူးတင်ရန်အတွက် ဒါတွေကို လာပေးဖို့ဖြစ်သည်။
ရှီလီ၏ သတိပေးချက်ကြောင့် ရုတ်တရက် ဖြစ်လာမည့် ကပ်ဘေးကို သူ ရှောင်ရှားနိုင်ခဲ့တာပင်။
ထိုအစား သူ့အဖေက ကားအက်ဆီးဒန့် ဖြစ်သွားရ၏။ အသက်အန္တရာယ် မရှိသော်လည်း သက်ရောက်မှုကြောင့် လက်ဖျံရိုးကျိုးသွားပြီးပြင်းထန်စွာ သတိလစ်သွားသည်။
အချိန်အတိုင်းအတာ တစ်ခုလောက်အထိကိစ္စတွေကို ဖြေရှင်းရန်အတွက် ကုမ္ပဏီသို့ ပြန်လာလို့မရတော့ဘဲ၊ ရှေးခေတ်တုန်းကလို ရှင်ဘုရင်က ရုတ်တရက် နာမကျန်းဖြစ်လို့ဖြစ်စေ၊ အလုပ်ကိစ္စကြောင့် ခရီးထွက်ရလို့ ဖြစ်စေ၊ အိမ်ရှေ့စံကသာ တာဝန်လွှဲပြောင်းယူရသလိုပင်။ အိမ်ရှေ့စံက ဤကိုယ်စားအုပ်ချုပ်ခြင်းကနေ အာဏာရလာမှာဖြစ်ပြီး အဓိကနေရာများတွင် သူ့လူရင်းများကို ထားနိုင်မှာ ဖြစ်သည်။
အချိန်ကာလတွေ ပြောင်းလဲသွားသော်ငြားအခြေအနေကတော့ အတူတူသာ။
197 02
ရှီလီက သူ့ကို ကပ်ဘေးအားရှောင်ရှားနိုင်ရန် ကူညီပေးခဲ့ရုံတင်သာမက သူ့ကို အကူအညီဖြစ်စေခဲ့သည်။
ဖုန်းအဖေ၏ ကားအက်ဆီးဒန့်မှာ အခြေခံအားဖြင့် ရှီလီနှင့် သက်ဆိုင်မှုမရှိဘဲ၊ ဖုန်းအဖေက ရဲစခန်းတွင် လျန်ရုန်ရုန်ကို အာမခံထုတ်ပေးဖို့ အပြေးအလွှားသွားခဲ့ပြီး ဒရိုင်ဘာကို မြန်မြန်ကားမောင်းရန် တိုက်တွန်းခဲ့ပြီး မိုးရေထဲ၌ မဆင်မခြင် ကားမောင်းခြင်းကြောင့်သာ။
၎င်းမှာ အက်ဆီးဒန့်အတွက် ပြင်ပအကြောင်းတရားဖြစ်ပြီး သူ၏ ပေါ့ဆမှုကြောင့်လည်း ပါဝင်လေသည်။
ဖုန်းယွင်ဟယ်မှာ အမှန်တကယ်ကို ကျေးဇူးတင်နေသော်လည်း လျန်ရုန်ရုန်ကို ပိုပြီးတော့ကျေးဇူးတင်သင့်တာပင်။ လျန်ရုန်ရုန်ကယခင်တုန်းကလို သူ့အသက်ကို မကယ်တင် ပေးခဲ့သော်ငြား အခြားအဆင့်တစ်ခုအထိရောက်သွားအောင်တော့ သေချာပေါက် ကူညီပေးခဲ့လေ၏။
[ဟမ်။ ]
ဤစကားက ရိုးရှင်းလှပြီး ထိုအခိုက်အတန့်၌ ရှီလီ၏ ရင်ထဲတွင် ပြည့်နှက်နေသော မေးခွန်းသင်္ကေတကို ဖုန်းယွင်ဟယ် မခံစားမိလိုက်ပေ။
သို့သော် နောက်စကားတစ်ခွန်းကတော့ ရှီလီ၏ သူ့အပေါ်ထားရှိသော မနှစ်မြို့မှုကို ဖုန်းယွင်ဟယ်အား ဝိုးတိုးဝါးတား ခံစားမိသွားစေသည်။
[သူက ဘာလို့ရောက်လာတာလဲ။ ]
ရှီလီသည် သူမ၏ရင်ထဲ၌ အင်မတန် အထင်သေးနေသော်ငြား အလွန်ပျော်ရွှင်နေသောမျက်နှာကို တပ်ဆင်၍ “အစ်ကိုယွင်ဟယ် ရောက်နေတာပဲ! ကျွန်မကိုတွေ့ဖို့ ရောက်လာတာလား”
ဖုန်းယွင်ဟယ်က သူမကို လာတွေ့တာ မဟုတ်ဘူးဆိုတာကို မေးစရာမလိုဘဲ သူမ သိနေသည်။ ရှီလီက ဖုန်းယွင်ဟယ်ကို စိတ်တိုအောင်လုပ်ဖို့ ပြောလိုက်ခြင်းသာဖြစ်၏။
သေချာသည်မှာ ဖုန်းယွင်ဟယ် ထွက်ပေါ်လာတိုင်း ရှီလီအတွက် ဘယ်တုန်းကမှ မဟုတ်ခဲ့သော်ငြား ယခုတွင်မူ အခြေအနေက ပြောင်းလဲလာခဲ့လေပြီ။ ယခုက ယခင်နှင့် ကွဲပြားသွားပြီဖြစ်ပြီး သူသည် ရှီလီကို ကျေးဇူးတင်ရန်အတွက် ရောက်လာတာဆိုသော်လည်း တစ်စုံတစ်ရာအား ရှီလီ သိရှိသွားမှာစိုးသဖြင့် ထုတ်မပြောနိုင်ပေ။ အစောပိုင်းတုန်းက ဟွမ်ကျဲကို ပြောခဲ့သည့် အကြောင်းပြချက်ကိုပဲ ပြန်ပြောနိုင်သည်။
ရှီလီက သူဘာကြောင့် ရောက်လာတယ်ဆိုတာကို ဂရုမစိုက်သော်လည်း သူမ၏ မျက်နှာထားကတော့ စိတ်ပျက်မှုအချို့ကို ပြသနေကာ“အာ၊ ဆိုတော့ ကျွန်မကို လာတွေ့တာ မဟုတ်ဘူးပေါ့။ အရမ်းဝမ်းနည်းသွားပြီ၊ ဘယ်လိုလုပ်ရပါ့မလဲနော်”
မလှမ်းမကမ်းတွင် ထိုင်နေသော ဟွမ်ကျဲ၏အမူအရာကလည်း ခံစားနေရသော ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှုကို ပြသလာသည်။ ဖုန်းယွင်ဟယ် အရှေ့၌ အဖိုးတန်သမီး၏ဈေးပေါသော အပြုအမူက သူမကို မြေကြီးပေါ်က အက်ကွဲကြောင်းတစ်ခုကိုရှာ၍ဝင်ပုန်းစေချင်မိသည့် အထိပင်။
ဟွမ်ကျဲသည် မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်၍ ရှက်ရှက်နှင့် ရေခွက်ကိုယူကာ ပါးစပ်နား တေ့လိုက်၏။
သူမ၏ အကျင့်စရိုက်ကို စဉ်းစားလိုက်ပြီး ရှီလီသည် ဖုန်းယွင်ဟယ် ဘေးနားက ဆိုဖာပေါ်တိုက်ရိုက်ထိုင်ချလိုက်ပြီး နှစ်ဦးကြားတွင်နှစ်စင်တီမီတာ၊ သုံးစင်တီမီတာခန့်သာ ကွာဝေးသည်။
တစ်ခါတစ်ရံတွင် သူမက ဖုန်းယွင်ဟယ်အနားသို့ တမင်တိုးပြီး တစ်စက်တီမီတာအောက်တောင် လျှော့နည်းသည်အထိ အလွန် နီးကပ်ခဲ့သော အချိန်တွေလည်း ရှိခဲ့ဖူး၏။
သို့ပေတည့် မရင်းနှီးသော ယောက်ျားတစ်ဦးအနားသို့ အလွန်ကပ်ရမှာကို ရှီလီ အင်မတန်စိတ်ရှုပ်လေသည်။ သူမ၏ အကျင့်စရိုက်ကိုထိန်းသိမ်းပြီး တာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ဆိုလျှင်တောင် သူမ၏ ဝိညာဉ်အားနတ်ဆိုးထံ လုံးဝရောင်းချမည် မဟုတ်ဘဲသူမ သဘောဆန္ဒနှင့် ဆန့်ကျင်ဘက်ကိုပြုလုပ်မှာ မဟုတ်ချေ။
ထို့ကြောင့် ဖုန်းယွင်ဟယ် အနားသို့ သူမတိုးကပ်သွားချိန်မှာ သူ့ခန္ဓာကိုယ်ကို မဆိုထားနှင့် အဝတ်စကိုတောင် သူမ ဘယ်တုန်းကမှ မထိပေ။
197 03
အခြားတစ်ဖက်က ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေသည့် ဟွမ်ကျဲမှာ ဤအသေးစိတ်ကို သတိထားမိရန်အထိ မနီးကပ်နေချေ။ သူမသမီး၏ အပြုအမူက အလွန်မသင့်တော်ဘဲ ဖုန်းကောင်လေးက အနည်းငယ် သနားစရာကောင်းနေတယ်လို့သာ ခံစားနေမိသည်။
အရင်တုန်းကဆို ဖုန်းယွင်ဟယ်က ရှီလီ အနားကပ်လာတာနှင့် အနှောင့်အယှက်တစ်မျိုးဟု ခံစားရတာကြောင့် အကွာအဝေး ခြားလိုက်မှာဖြစ်သည်။
ဒီတစ်ကြိမ်တွင် ရှီလီက သူ့ကို အတော်လေး ကူညီပေးထားတာကြောင့် ဖုန်းယွင်ဟယ်သူမကို တိုက်ရိုက်ကြီး မရှောင်လိုက်ပေ။
ဟွမ်ကျဲ၏ အမြင်တွင် နှစ်ယောက်သားက အလွန်နီးကပ်နေပုံပေါ်သော်ငြား ရှီလီက သူ့ကို မထိတွေ့နေဘူးဆိုတာအား ဖုန်းယွင်ဟယ် ခံစားမိနိုင်သည်။
ဖုန်းယွင်ဟယ်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ ထင်ထားတာထဲက ကွဲပြားမှုအချို့ကို ခံစားမိလိုက်သည်။
သူမသည် ဖုန်းယွင်ဟယ် ရွှေ့သွားမှာကို မစောင့်နေဘဲ၊ ၎င်းက ယနေ့တွင် အနည်းငယ် ထူးဆန်းနေသော်ငြား ဤအနေအထားကို ထိန်းသိမ်းထားရတာက အလွန်ပင်ပန်းရ၏။
သူမ စိတ်ထဲတွင် အထွန့်မတက်ဘဲ မနေနိုင်ပေ။ [ဪ၊ သူ ဘာလို့ ထွက်မသွားသေးတာလဲ။ ငါ အရမ်း ပင်ပန်းနေပြီ၊ အခန်းထဲ ပြန်ပြီးနားချင်လိုက်တာ]
ဖုန်းယွင်ဟယ်သည် မိန်းကလေးတွေကို ကောင်းကောင်းကြီး နားမလည်ထားဘူးဆိုတာကို နားလည်လိုက်ရ၏။ ကြည့်ရသည်မှာ ရှီလီက သူမ ပြသထားသလောက် သူ့ကို သဘောမကျသည့်ပုံပင်။
ရှီလီက သူ့ကို အရင်တုန်းက ကြိုက်ခဲ့ဖူးတယ်ဆိုတာက ဖြစ်နိုင်ခြေရှိခဲ့သော်လည်း သူမက သူနှင့်အတူရှိပြီဆိုလျှင် အခန်းထဲပြန်ပြီး အနားယူဖို့ကိုသာ ဆက်တိုက်တွေးနေလေ၏။
ဤသည်မှာ သိပ်ပြီးတော့ ယုတ္တိမဆန်သလို အသေအချာ ရှင်းပြ၍မရနိုင်သော်လည်း ဒါ့ထက် အခြားအကြောင်းအရင်းလည်း မရှိနိုင်ပြန်။
ပထမဆုံး ဖြစ်နိုင်ခြေအတွက်ကတော့ ရှီလီက သူ့ကို လုံးဝမကြိုက်သည့်အတွက် ၎င်းလည်း အဓိပ္ပာယ်မရှိပေ။
ဘယ်သူကများ သူတို့မကြိုက်တဲ့ လူကို အတင်းလိုက်ကြိုက်ပြီး ထိုသူ့ရှေ့မှာ မျက်နှာပန်းလှအောင် ကြိုးစားပြီးတော့ ထိုသူ၏ အေးစက်စက် မျက်နှာထားကိုတောင် လက်ခံပေးနိုင်မှာတဲ့လဲ။
အကယ်၍သာ သူ့ဆီက တစ်ခုခုလိုချင်နေလို့ဆိုလျှင်တော့ နားလည်လို့ရနိုင်သည်။
သို့သော် ရှီမိသားစု၏ အခြေအနေက သူ့မိသားစုအောက် မနိမ့်ကျဘဲ ရှီလီက တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် မရေတွက်နိုင်သော ချစ်ခြင်းတွေဖြင့် အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့တစ်ဦးပင်။ သူ့ဆီက အကျိုးအမြတ်ရရန်အတွက် သူမအနေနှင့် သူ့ရှေ့တွင် မျက်နှာသာရရန် အတင်းကြိုးစားနေစရာ မလိုအပ်ပေ။
ဤသည်မှာ အလွန် ကျိုးကြောင်းဆီလျော်မှုမရှိချေ။
ရှီလီသည် “အစ်ကိုယွင်ဟယ်” ဟူသော သူမ၏ နေ့စဉ်လှည့်ကွက်သုံးခုကို သုံးပြီးပြီဖြစ်ကာသူမ မျှော်လင့်ထားသလိုမျိုး ဖုန်းယွင်ဟယ်ကထွက်မပြေးတော့၊ ရှေ့ဆက်ပြီး ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားရသည်။
ယောက်ျားတွေအပေါ် တွယ်ကပ်သည့် သူမ၏အရှက်မရှိသော အပြုအမူက အကန့်အသတ်နှင့်ပင်။ ပုံမှန်ဆို သူမက “အစ်ကိုယွင်ဟယ်”လို့ ခေါ်လိုက်ပြီဆိုတာနှင့် ဖုန်းယွင်ဟယ်က ဝေးရာသို့ အလိုအလျောက် ရှစ်ကျန့်လောက်ရွှေ့သွားပြီး သူမအတွက် နောက်ထပ်လှည့်ကွက်များသုံးစရာ မလိုအပ်တော့သည်အထိချန်ရစ်ခဲ့သည်(Note: တရုတ်အတိုင်းအတာ ရှစ်ကျန့် =26.24 မီတာ)
ယခုတွင် ဘာနည်းလမ်းမှ မရှိတော့ဘူးဆိုတော့ ရှီလီက ယဉ်ကျေးသော်ငြား ကသိကအောက်ဖြစ်သော အပြုံးကို စတင်ပြသလာတော့၏။ သူများတွေကို ညှဉ်းဆဲခြင်းမှာ အရည်အချင်းတစ်ခုဆိုသော်လည်း ကံမကောင်းစွာဖြင့်ဤဧရိယာတွင် သူမ၏ အတတ်ပညာက မကျွမ်း ကျင်သေးပေ။
ဤအခိုက်အတန့်တွင် သင့်ရဲ့အမေက အမေဖြစ်နေဆဲပဲဆိုတာကို ၎င်းက အပြည့်အဝ လက်တွေ့ပြသလာ၏။
သူမသမီးတွင် ရုတ်တရက်ကြီး ဘာမှပြောစရာမရှိတော့ဘူးဆိုတာကို တွေ့လိုက်ရတော့ ဟွမ်ကျဲက ကနဦးခေါင်းစဉ်ကို ပြန်ဆက်လိုက်သည်။ အောက်ထပ်သို့ ရှီလီ မဆင်းလာတုန်းက သူမသည် ဖုန်းအမေ၏ ကျန်းမာရေး အကြောင်းနှင့် အိမ်တွင် အပျော်အနေနဲ့ ဘာလုပ်လေ့ရှိလဲဆိုတာကို ဖုန်းယွင်ဟယ်နှင့်စကားပြောနေခဲ့ကြတာပင်။
197 04
ဖုန်းယွင်ဟယ်က မေးခွန်းတစ်ခုချင်းစီတိုင်းကိုပြန်ဖြေပေး၏။
ထို့နောက် ဟွမ်ကျဲက ယဉ်ကျေးစွာ ပြောလိုက်သည်။ “သား အချိန်ရရင် သားအမေနဲ့အတူဈေးဝယ်ထွက်ပြီး ပြဇာတ်တွေ ကြည့်ပါလား။ ပြဇာတ်ကြည့်ရတာကို သူမ သဘောကျတယ်ဆိုတာ အန်တီ မှတ်မိတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်။ ပုံမှန်ဆိုကျွန်တော့် အမေက အိမ်မှာအရမ်းပျင်းနေတာ။ တကယ်လို့ အမေနဲ့ အတူတူ အပြင်ထွက်ဖို့အဖော်ပြုပေးမဲ့ မိတ်ဆွေတစ်ယောက် လောက်ရှိမယ်ဆိုရင် အမေ အရမ်းပျော်နေ မယ်ဆိုတာ ကျွန်တော် ပြောရဲတယ်”
ပြီးနောက် ဟွမ်ကျဲက ပြောလိုက်သည်။ “ကောင်းတာပေါ့၊ အန်တီလည်း သားအမေနဲ့အစီအစဉ်တွေ ဆွဲရအောင် အချိန်အားအောင် လုပ်ထားဦးမယ်”
ဖုန်းယွင်ဟယ် ပြောလိုက်၏။ “လောလောဆယ်တော့ အဲ့လိုတွေ မဖြစ်နိုင်လောက်သေးဘူး။ ကျွန်တော့်အဖေ ဆေးရုံတက်နေရတော့ အမေက သူ့ကို အဲ့မှာ ဂရုစိုက်ပေးနေရတယ်”
အိုး။
ဟွမ်ကျဲနှင့် ရှီလီတို့ အမေနှင့်သမီးအတွဲမှာ ရုတ်တရက်ကြီး မတ်မတ်ထိုင်မိသွားကြသည်။ ဟွမ်ကျဲက စိုးရိမ်စွာ မေးလိုက်သည်။ “မစ္စတာဖုန်းရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်ရလို့လား။ ပြင်းထန်လား” ထိုသို့ဖြစ်နေလိမ့်မယ်လို့ သူမ ထင်လိုက်သည်။
တာဝန်ကျေပွန်သော သားဖြစ်သည့် ဖုန်းယွင်ဟယ်က ပူဆွေးသော အမူအရာကို တဖြည်းဖြည်း ပြသလာပြီး “မနေ့ညတုန်းက အဖေ ကားအက်ဆီးဒန့် ဖြစ်သွားတယ်။ အရမ်း ကြီးကြီးမားမားတော့ မဖြစ်သွားပါဘူး၊အသေးစား ထိခိုက်ဒဏ်ရာပဲ ရသွားတာ။ ဆေးရုံမှာ ခဏလောက်အထိ နလန်ပြန်ထူ အောင် လုပ်ဖို့လိုသေးတယ်”
ရှီလီ: ။ အဲဒါ နင်ဖြစ်ရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သူ ဖြစ်သွားရတာတုန်း။
******
198 01
အခန်း ၁၉၈: ခြေတစ်လှမ်းပြန်ဆုတ်တယ်
ယခုတွင် ရှီလီ တကယ့်ကို ခေါင်းရှုပ်နေလေပြီ။ လောကကြီးက အခုနောက်ပိုင်း အရမ်းပျင်းရိလာခဲ့၏။
သူမ၏ အရင်ဘဝနှင့် ယှဉ်ကြည့်ပါကကွဲပြားသော အရာများစွာမှာ ဖြစ်ပျက်နေလေသည်။
ငကြောင်နှစ်ယောက်၏ အချင်းချင်း ထိခိုက်အောင်လုပ်သော ကိစ္စကိုတော့ မတော်တဆဟုသတ်မှတ်၍ရသည်။
ဤတစ်ကြိမ်တွက် ပြုတ်ကျလာသော ကျောက်တုံးကြီးနှင့် ထိရိုက်ခံရမည့် ဖုန်းယွင်ဟယ်က ဘေးမသီရန်မခဘဲ ရှိနေ၏။ ထိုအစား ဖုန်းအဖေကသာ မတော်တဆမှုနှင့်ကြုံတွေ့ခဲ့ရပြီး ကားတိုက်ပြီးနောက် ဆေးရုံပေါ် လဲလျောင်းနေရသည်။
ဧကန္တ ပရောဂျက်ကို စစ်ဆေးရမည့် ဖုန်းယွင်ဟယ်က မသွားခဲ့ဘဲ၊ ဖုန်းအဖေ သွားလိုက်လို့ အက်ဆီးဒန့်ဖြစ်သွားသလားဆိုတာကို ရှီလီ သိချင်နေမိသည်။
ကိစ္စတွေက ဘယ်လိုကြောင့် ယခုလိုဖြစ်သွားရလဲဆိုတာကို သူမ နားမလည်သော်လည်းယခုတွင် ရှီလီ၌ မေးခွန်းတစ်ခုသာရှိ၏:လျန်ရုန်ရုန် လူသွားကယ်သေးလား။
ဒါဆို အခုက အမျိုးသားဇာတ်လိုက်ရဲ့ အသက်ကယ်တင်ရှင်ဖြစ်ရမဲ့ လျန်ရုန်ရုန်ကအမျိုးသားဇာတ်လိုက် အဖေရဲ့ အသက်ကယ်တင်ရှင်အဖြစ် လှလှပပ ပြောင်းလဲသွားတာပေါ့။
တကယ်လို့ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကို မကယ်ဘဲ သူ့အဖေကို ကယ်လိုက်မှတော့၊ သူတို့ရဲ့ဆက်ဆံရေးကဘယ်လိုလုပ်ပြီး တိုးတက်လာတော့မှာလဲ။ ကနဦး မြင့်မားတဲ့-အသိုင်းအဝိုင်းကြားက-ငယ်ရွယ်တဲ့-အချစ် ဒရာမာ ဇာတ်ညွှန်းကမယားငယ်ရဲ့-အာဏာရရန်-ပေါ်ထွက်လာခြင်းဇာတ်လမ်းအနေနဲ့ ပြောင်းလဲသွားမှာလား။
ဖုန်းအဖေ၏ အရွယ်ရင့်နေပြီဖြစ်သော မျက်နှာကို တွေးကြည့်လိုက်ရုံနှင့် ရှီလီသည် ကြက်သီးမထမိဘဲ မနေနိုင်တော့ချေ။ အမျိုးသားဇာတ်လိုက်နေရာမှာ ဖုန်းအဖေကို သူမ တကယ်ကြီးမြင်ယောင်ကြည့်လို့ မရတာပင်။
အမျိုးသားဇာတ်လိုက်က အသက်နှစ်ဆယ်၊ငါးရာ၊ ငါးထောင် သို့မဟုတ် အနှစ်ငါးသောင်းတောင် ဖြစ်၍ရပေမဲ့ အသက်ငါးဆယ်တော့လုံးဝဖြစ်၍ မရချေ။
ဖုန်းအဖေက အသက်ငါးဆယ်နား နီးနေပြီဆိုသော်လည်း စန်းပွင့်နေသေး၏(။ )။ ငယ်ရွယ်စဉ်တုန်းက ဖုန်းအမေကို အရယူနိုင်ခဲ့ပြီးစီးပွားရေးအမြင်လည်း ထက်မြက်ကာ ခန့်ညားသော ရုပ်ရည်မျိုးရှိခဲ့ဖူး၏။
ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ထားသဖြင့်ယခုချိန်ထိ အတော်လေး ကြည့်ကောင်းနေဆဲပင်။
သို့သော် ဖုန်းယွင်ဟယ်၏ ချောမောသောမျက်နှာကနေ ဖုန်းအဖေ၏ အရွယ်ရင့်နေပြီဖြစ်သော မျက်နှာဆီ ပြောင်းလဲဖို့က အမျိုးသမီးဇာတ်လိုက်မဟုတ်သော ရှီလီအတွက်ပင်လက်ခံရခက်ခဲပေသည်။
ယခုလို ကံတရားမျိုးက လျန်ရုန်ရုန်နှင့်မတန်ပေ။
အကယ်၍ ထိုသို့သာ ဖြစ်သွားပါက နောက်ထပ်မိထွေးဇာတ်လမ်းတစ်ခု ရှိမလာနိုင်ဘူးလားဓဖုန်းအဖေ သေသွားပြီးလျှင် အမျိုးသား ဇာတ်လိုက်နေရာကနေ ဒုတိယအမျိုးသားဇာတ်လိုက် ဖြစ်သွားသော ဖုန်းယွင်ဟယ်ကအမျိုးသားဇာတ်လိုက် ပြန်ဖြစ်လာမှာပင်။
“မြင်းက အသက်ကြီးနေပြီ.jpg"
ရှီလီသည် ရုတ်တရက်ကြီး ရိုမန့်ဝတ္ထုတွေကိုဖတ်ချင်မိသွားကာ ဤဝတ္ထု၏ ဇာတ်သိမ်းပိုင်းကို တစ်ချက်တည်းနှိပ်ပြီး ကျော်ချပစ်ချင်လိုက်သည်။
ရှီလီသည် သူမ၏ အတွေးတွေထဲ စီးမြောဝင်နေတုန်းမှာပဲ ဟွမ်ကျဲက ဖုန်းအဖေ၏ ကံခေမှုအပေါ် စိတ်မကောင်းဖြစ်ခြင်းကို ဖော်ပြပြီးသွားပြီဖြစ်ကာ အမြန်ပြန်သက်သာလာပါစေလို့ ဆုဆောင်းပေး၍ ဘယ်ဆေးရုံမှာတက်နေလဲဟု မေးကာ သူမ နောက်ကျရင်သွားကြည့်မယ်ဆိုပြီး ပြောနေသည်။
ဟွမ်ကျဲ၏ စကားတွေက စိတ်ရင်းစစ်မှန်မှုကင်းလပ်နေသော်ငြား သူမ၏ လေးနက်သောလေသံကို ကြားလိုက်ရရုံနှင့် သူမတွင်စိတ်ပူမှုတွေ အစစ်အမှန် ပြည့်ဝနေတယ်ဟုတွေးနိုင်သည်။
ရှီလီက သူမ၏သိချင်စိတ်ကို ထပ်ပြီးမဖော်ပြတော့ပေ။ သူမ မနေနိုင်ဘဲ မေးလိုက်သည်“အစ်ကိုယွင်ဟယ်၊ ဦးလေးက ဘယ်လိုလုပ်ရုတ်တရက်ကြီး အက်ဆီးဒန့်ဖြစ်သွားတာလဲ။ တစ်ယောက်ယောက်က သူ့ကို အန္တရာယ်ပြုလိုက်တာလား။ သူ့ကားကို ကလီကမာလုပ် ထားတာလား ဒါမှမဟုတ် ဒရိုင်ဘာကို လာဘ်ထိုးထားတာလား”
သူမကိုကြည့်ရသည်မှာ TV ဒရာမာများ၏လွှမ်းမိုးခြင်းကို အလွန်အကျွံ့ခံထားရပြီးဘယ်လို မတော်တဆမှုကိုမဆို လူလုပ်တာဖြစ်ရမည်ဟု ထင်နေသည့်ပုံပင်။
ဖုန်းအမေနှင့် သားဖြစ်သူလည်း သူ့ကို အန္တရာယ်ပေးချင်သည့် ပြိုင်ဘက်တစ်ယောက်ရှိနေလိမ့်မည်ဟု ထင်ခဲ့ကြဖူးသည်။
ဖုန်းအဖေ သတိပြန်ရလာတော့မှ ၎င်းသည်အစစ်အမှန် မတော်တဆမှုဆိုတာကို သူတို့တွေသိခဲ့ရ၏။
ဒါပေါ့၊ လူကြောင့်ဖြစ်တာလည်း အနည်းငယ်တော့ ပါဝင်ပေသည်။
သို့ပေတည့် ၎င်းက အခြားသူတွေနှင့် မဆိုင်ပေ။ ၎င်းမှာ ဖုန်းအဖေ၏ မိုက်မဲမှုကြောင့်သာ။ ဒရိုင်ဘာက မသင့်လျော်ဘူးဟု အတိအလင်းပြောခဲ့တာတောင်မှ သူသည် အရှိန်တင်ဖို့တိုက်တွန်းခဲ့တာကြောင့် အက်ဆီးဒန့်ဖြစ်သွားခဲ့တာပင်။ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ။
ဖုန်းအဖေ၏ ဆုံးဖြတ်ချက်အမှားကြောင့်ဒရိုင်ဘာတောငိ အဆစ်ပါလိုက်ရတာပင်။
ဒရိုင်ဘာက မဆီမဆိုင်ဘဲ မြေစာပင်ဖြစ်ခဲ့ရ၏။ သူ့ဒဏ်ရာများက ဖုန်းအဖေလောက်သိပ်မများသော်လည်း ဖုန်းအမေကတော့ သူ့ကို လစာအပြည့်ပေး၍ လအနည်းငယ်ကြာသည်အထိ အိမ်တွင် အနားယူစေကာ လျော်ကြေးငွေ အများအပြားပါ ပေးခဲ့သည်။
198 02
ဖုန်းယွင်ဟယ်က ခေါင်းယမ်းကာ “အဲ့တာကတမင်ရည်စူးပြီး ဖြစ်သွားတာ မဟုတ်ဘူး။ မိုးရေကြောင့် ကားလမ်းက ချော်နေတယ်၊မြင်ကွင်းကလည်း ဆိုးရွားနေတာကို တိုက်တိုက်ဆိုင်ဆိုင် မိုးကြိုးပစ်ခံလိုက်ရတဲ့သစ်ပင်အိုကြီးက လမ်းမပေါ် လဲကျသွားတယ်လေ။ ကားက သစ်ပင်ကို ဝင်တိုက်မိပြီးအက်ဆီးဒန့်ဖြစ်သွားတာ”
ဖုန်းအဖေ၏ အရှိန်တင်ခိုင်းဖို့ တိုက်တွန်းခြင်းအကြောင်းကို အသေးစိတ် မပြောခဲ့ခြင်းမှာသူ့ကို မျက်နှာမရစေရန် မဟုတ်ဘဲ၊ ကုမ္ပဏီ၏အကျိုးအမြတ်အတွက်ဖြစ်သည်။ အသေးစိတ်ကို အပြင်လူတွေ သိလို့်မဖြစ်ဘဲ လူထုဆို ပိုဆိုးရွားပေသည်။ အုပ်စု၏ CEO က ကုမ္ပဏီ၏ စတော့ဈေးနှုန်းကို သက်ရောက်စေသည့်အရူးတစ်ယောက်ဆိုသော အချက်ကြောင့်ပင်။
[ရွှံ့မြေပြိုတဲ့အထဲ နစ်မြုပ်သွားရမှာ မဟုတ်ဘူးလား။ ]
[ဖုန်းယွင်ဟယ်ရဲ့ အခြေအနေနဲ့ ဘာလို့ ကွဲပြားနေရတာလဲ။ ]
ရှီလီက ခေါင်းကုတ်ကာ “ဒါပေမဲ့ စိတ်ကူးကြည့်ရင် တစ်ယောက်ယောက်က ဦးလေးကိုအက်ဆီးဒန့်ဖြစ်အောင်လို့ အဲ့သစ်ပင်ကိုလမ်းလယ်ခေါင် တမင်ထားထားတာရော မဟုတ်နိုင်ဘူးလား”
ဖုန်းယွင်ဟယ်က ပြုံးလိုက်ပြီး “မင်း အရမ်းအတွေးလွန်နေပြီ။ အဲ့ညတုန်းက ငါ့အဖေရဲ့လုပ်ရပ်တွေက ပင်ကိုစေ့ဆော်မှုကြောင့်၊ဘေးလူလုပ်တာ မဟုတ်ဘူး”
ရှီလီ: “အို၊ သိပြီ”
နေ့လယ်ရောက်တော့မည် ဖြစ်တာကြောင့်ဟွမ်ကျဲက သူ့ကိုမပြန်ရန် ဆွဲထားလိုက်ခြင်းမှာသဘာဝကျသည် “သား မိဘတွေက ဆေးရုံမှာဆိုတော့ အိမ်မှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ အန်တီတို့နဲ့ နေ့လယ်စာ ဝင်စားသွားပါလား”
ရှီလီက ဖုန်းယွင်ဟယ်ကို မနေစေချင်ပေ။ သူ့ကို မြန်မြန်ထွက်သွားစေရန်အတွက် ပုံကြီးချဲ့သော လေသံဖြင့် ပြောလိုက်သည်“အစ်ကိုယွင်ဟယ်၊ ဒီမှာနေပြီး ကျွန်မနဲ့ ထမင်းအတူစားသွားနော်”
၎င်းမှာ အင်မတန် သက်ရောက်မှုရှိတာကြောင့်ရှီလီကိုယ်တိုင်တောင် အန်ချင်သွားသည်။ ယခုလို အန်ချင်စရာကောင်းသည့် အသံကိုကြားလိုက်လျှင် ဖုန်းယွင်ဟယ်တစ်ယောက်မလှုပ်မယှက်ရှိနေနိုင်မှာ မဟုတ်ဘဲ သေချာပေါက် ယဉ်ကျေးစွာ ငြင်းဆန်လိမ့်မည်ဟု သူမယုံကြည်နေသည်။
ရှီလီက ဖုန်းယွင်ဟယ်၏ အင်္ကျီလက်စကိုဆွဲ၍ရှေ့နောက် လွှဲယမ်းနေပုံမှာ သူ့ကို လွှတ်ပေးဖို့အင်မတန် တွန့်ဆုတ်နေသည့် ပုံပေါ်နေသည်။
“ဒါဆိုလည်း ကောင်းပြီလေ၊ မင်းက စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်နေမှတော့ ငါ မငြင်းတော့ဘူး”
သူ့ပါးစပ်ကို ဖွင့်လိုက်ပြီဆိုတာနှင့် ရှီလီကသူ့ကို လိုက်ပို့ပေးရန် ပြင်ထားပြီးပြီဖြစ်သော်လည်း သူက ထွက်မသွားသည့်အပြင် နေမယ်ဆိုပြီး ပြောလာခဲ့မယ်လို့ ဘယ်သူက ထင်ထားမှာလဲ-
ရှီလီ၏ အမူအရာသည် ခဏကြာပြောင်းလဲသွားသော်လည်း အလျင်အမြန် အလိုက်သင့် ပြောင်းလဲလိုက်ပြီး မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ဖြစ်တည်လာကာ“အရမ်းကောင်းတာပဲ! အစ်ကိုယွင်ဟယ်၊ကျွန်မကို တိတ်တိတ်လေး သဘောကျနေလို့နေ့လယ်စာ အတူစားချင်နေမယ်ဆိုတာကို သိနေသားပဲ။ ဒီတော့ အစ်ကိုက ရယူဖို့ခက်ခဲအောင် လုပ်နေတာပေါ့နော်”
ရှီလီသည် သူ၏ လှည့်ကွက်လေးများကို ဖောက်ထွင်းမြင်နိုင်သည့်အလား ပြုမူနေ၏။ အနားတွင်ထိုင်နေသည့် ဟွမ်ကျဲကတော့ ယနေ့တွင် မရေမတွက်နိုင်လောက်အောင် မျက်နှာကို အုပ်နေရပြီး ကမ္ဘာမြေကြီးကနေထွက်ပြေးချင်နေသည်။
ဟွမ်ကျဲသည် သူမသမီးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်မားလွန်းနေတဲ့ မိန်းကလေး တစ်ယောက်လားဟူ၍ ခံစားချက်မျိုးစုံဖြင့် အတွေးဝင်မိသွားသည်။
******
199 01
အခန်း ၁၉၉: အားကစားပွဲ အစည်းအဝေး
တာဝန်ကျ အုပ်စုခေါင်းဆောင်၏ တည်ရှိမှုနှင့်အမှတ်နုတ်ရေးစနစ်က အတန်းခေါင်းဆောင် ကို အနည်းငယ်တော့ လွပ်လပ်သွားစေ၏။
အတန်းခေါင်းဆောင်သည် အတန်း၏ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အမြဲတမ်းနီးပါးစောင့်ကြည့်နေစရာ မလိုတော့ဘဲ၊ အခြားကိစ္စတွေနှင့် စာကို အာရုံစိုက်ပြီး လုပ်ကိုင်နိုင်လာစေသည်။
ပုံမှန်ဆိုလျှင် သူသည် အစည်းအဝေးများအတွက် ထွက်သွားရလျှင် အတန်း ဆူပူလာမှာကို စိုးရိမ်ခဲ့ရသည်။
ယခုဝောာ့ ကွဲပြားသွားလေပြီ၊ သူ့တွင် လက်ထောက်လေး ရှိလာပြီဖြစ်တာကြောင့် အစည်းအဝေးတွေ တက်ရောက်လာရပါက စိတ်အေးနိုင်သည်။
အစည်းအဝေးလုပ်ရန်အတွက် သူ့ကို အိမ်နီးချင်း အတန်းခေါင်းဆောင်က ခေါ်ခဲ့သည်။
စာသင်ချိန် တစ်ချိန်စာနီးပါး အပြင်ရောက်နေပြီးနောက် စာသင်ခန်းသို့ အရင်မပြန်ဘဲ အတန်းပိုင်ကို ရှာရန်အတွက် ရုံးခန်းဘက်သို့အရင်ထွက်လာခဲ့သည်။
အတန်းပိုင်နှင့် အတန်းခေါင်းဆောင်တို့ စာသင်ခန်းထဲ ပြန်မရောက်ခင်တွင် နာရီဝက် ကျော် ကြာသည်အထိ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ တီးတိုးပြောခဲ့ကြပြီးမှ လက်တွေထဲတွင် စာရွက်စာတမ်းများကိုင်ပြီး ပြန်လာခဲ့ကြသည်။
ပုံမှန်လိုပဲ အတန်းပိုင်က စကားမပြောခင်တွင် ကျောင်းသားတွေ၏ အာရုံစိုက်ခြင်းကို ရရန်အတွက် စင်မြင့်ပေါ် တက်လိုက်သည်။ “ဆရာ မင်းတို့အားလုံးကို ပြောစရာရှိတယ်။ မင်းတို့ရဲ့အလုပ်တွေကို ခဏလောက် ဘေးချထားလိုက်ကြဦး။ အခုလေးတင် အတန်းခေါင်းဆောင် အစည်းအဝေး တက်လာခဲ့တဲ့ အကြောင်းရင်းက အောက်တိုဘာ အစပိုင်းမှာ အမျိုးသားနေ့ ပိတ်ရက် ရောက်လာတော့မယ်ဆိုတာကို တို့အားလုံး သိထားကြပြီးသား။ ဆရာတို့ကျောင်းက အမျိုးသားနေ့ ပိတ်ရက် မရောက်ခင်မှာ အားကစားတွေ့ဆုံပွဲ တစ်ပွဲကိုကျင်းပဖို့ စီစဉ်ထားတယ်။ အတန်းခေါင်းဆောင် ခုနက အပြင်ထွက်သွားတယ်ဆိုတာအားကစားတွေ့ဆုံပွဲနဲ့ ပတ်သက်နေတယ်။ လူတိုင်း စာရင်းသွင်းကြည့်ကြပြီးတော့ အားကစားတွေ့ဆုံပွဲမှာ ဆရာတို့ အတန်း အတွက် ဂုဏ်ဆောင်ရအောင်လို့ ရလဒ်ကောင်းတွေ ရယူပေးဖို့ စမ်းကြည့်သင့်တယ်”
ရှီလီသည် အားကစားတွေ့ဆုံပွဲကို စိတ်မဝင်စားဘဲ၊ အသေးစိတ်ကျကျ ပြောရပါက သူမသည် အားကစားဆို လုံးဝ စိတ်မဝင်စားတာပင်။
အားကစားတွေ့ဆုံပွဲ အကြောင်းကို ကြားလိုက်ရတော့ ၎င်းက သူမကို သိပ်ပြီးစိုးရိမ်စေမည့်အရာ မဟုတ်ဘူးဆိုတာကို သိနေတာကြောင့်ငြိမ်ငြိမ်လေး ခေါင်းငုံ့ပြီး စာကို ဆက်ဖတ်နေလိုက်သည်။
ကျောင်းသားအများစုမှာ ရှီလီလိုပဲ အားကစား တွေ့ဆုံပွဲကို စိတ်မဝင်စားကြသော်လည်း ဘယ်အတန်းမှ မျှော်လင့်မထားသော အစီအစဉ်အတွင်း အဆုံးမဲ့ စားသောက်ခြင်းအပေါ်၌သာ ပိုပြီး စိတ်လှုပ်ရှားနေကြသည်။
ကျောင်းသားအနည်းစုသာ အားကစားတွေ့ဆုံပွဲတွင် ပါဝင်ရန် စိတ်ဝင်စားမှုတွေ ပြလာခဲ့ပြီး အတန်းခေါင်းဆောင်ကို ယခုနှစ် တွေ့ဆုံပွဲ၏အစီအစဉ်စာရင်းအကြောင်းအား စိတ်အားထက်သန်စွာဖြင့် မေးမြန်းခဲ့၏။
ကျောင်းသားတွေ၏ တုံ့ပြန်ပုံများသည် အတန်းခေါင်းဆောင် မျှော်လင့်ထားသည့်အတိုင်းဖြစ်ပြီး ဤသည်မှာ အားကစားတွေ့ဆုံ ပွဲကို ပထမဆုံးအကြိမ် စီစဉ်ခြင်း မဟုတ်ပေ။
အတန်းခေါင်းဆောင်က အစီအစဉ်စာရင်းကို ကြည့်ချင်နေကြသည့် ကျောင်းသားတွေအား စိတ်ရှည်ဖို့နှင့် ခဏနေရင် ကြည့်ရမည်ဟုဖျော င်းဖျလိုက်သည်။
ပြီးနောက် သူ ကြေညာလိုက်သည်။ “ငါတို့အတန်းကို ဂုဏ်ဆောင်ပေးလာရင် ဆုပေးတာခံရမယ်။ ငါ ဒါကို ဆရာနဲ့ ဆွေးနွေးပြီးသွားပြီ၊ဒီတစ်ခေါက် အားကစားတွေ့ဆုံပွဲမှာ ပါဝင်တဲ့ကျောင်းသားတွေက ရလဒ်ကောင်းတွေဆွတ်ခူးနိုင်ခဲ့ရင် သူတို့အုပ်စုအတွက် ဘောနပ်စ် အမှတ်တွေယူဖို့ အခွင့်အရေးရှိ တယ်”
ဘောနပ်စ် အမှတ်အကြောင်းကို ပြောလိုက်ခြင်းက ကျောင်းသားတွေ၏ စိတ်ဝင်စားခြင်းကို အလျင်အမြန်ပဲ ရယူနိုင်သွား၏။
ကျောင်းသားတွေ၏ မျက်လုံးထဲက မျှော်လင့်ချက် တပိုင်းတစကို မြင်တွေ့လိုက်ရတော့ အတန်းခေါင်းဆောင်က စွဲမက်ဖွယ်ကောင်းသည့် မုန်လာဥနီကို အမြန်အဆန် တွဲလောင်း ချည်လိုက်၍ “အားကစားတွေ့ဆုံပွဲမှာ ပထမရရင် 2 မှတ်၊ ဒုတိယရရင် 1.5 မှတ်၊ တတိယနေရာရရင် 1 မှတ်နဲ့ စတုတ္ထနဲ့ ပဉ္စမနေရာက0.5 မှတ် ရမယ်”
ဤဘောနပ်စ် အမှတ်တွေက ကုံလုံပြီး အားကစားတွေ့ဆုံပွဲတွင် ပထမနေရာရခြင်းက ဘာသာရပ်တစ်ခုချင်းစီတွင် ပထမနေရာကိုအကြိမ်ရေများစွာ ယူနေရတာထက် တန်၏။
သို့သော် ထိပ်တန်း ကျောင်းသားများမှာမမျှတမှုအပေါ် မကျေနပ်ခြင်း သို့မဟုတ် အထွန့်မတက်ကြပေ။ အရင်ဦးဆုံးအနေနှင့်အားကစားတွေ့ဆုံပွဲ ဆိုတာက နှစ်ပတ်လည် အစီအစဉ်ဖြစ်ကာ တစ်နှစ်၌ စာမေးပွဲဆယ်ခုရှိတာကြောင့် ယှဉ်လို့မရပေ။
199 02
ဒုတိယရတော့ သူတို့တွင် အမှတ်တွေ လစ်ဟင်းမနေသော်ငြား အတန်းထဲရှိ အခြားကျောင်းသားများမှာ ၎င်းတို့ကို အပူတပြင်းလိုအပ်နေပြီး အများစုဆို အနုတ်လက္ခဏာတွေပင် ပြနေလေပြီ။ ဤအားကစားတွေ့ဆုံပွဲ၌သူတို့၏ အကောင့်တွေကို မျှခြေညှိနိုင်လျှင် အကောင်းဆုံးပင်။
အားကစားတွေ့ဆုံပွဲကနေ အမှတ်တွေအား အလွယ်လေး ရယူနိုင်သော အချို့အဖွဲ့တွေကတော့ သူတို့၏ အမှတ်တွေကို ပြောင်းပြန်လှန်ပြီး ထိပ်တန်းအဆင့် အုပ်စုတွေထဲဝင်လာဖို့အလားအလာရှိကာ ၎င်းက သူတို့၏ ကိုယ်ပိုင်လုပ်နိုင်စွမ်းပင်ဖြစ်၏။
ဤမူဝါဒကို ချမှတ်လိုက်သည်နှင့် ကျောင်းသားတွေက စိတ်အားထက်သန်စွာဖြင့်ကြွေးကြော်လာကြတော့သည်။
စာရင်းသွင်းမည့် အချိန်ကျလာတော့ သူတို့ကိုကြည့်ရသည်မှာ အားကစားတွေ့ဆုံပွဲ၌ ရေကူး၊စက်ဘီးစီးနှင့် အပြေးပြိုင်ပွဲများတွင် ပါဝင်ချင်သည့်ပုံပင်။
စာရင်းသွင်းခြင်းကို အုပ်စုတွေက စီမံပြီး အတန်းခေါင်းဆောင်က အနှီစာရင်းများကို စနစ်တကျစီရန်အတွက် အချိန်အကြာကြီးယူလိုက်ရ၏။
အချို့ကျောင်းသားတွေက အနည်းဆုံးအစီအစဉ်သုံးခုအထိ စာရင်းသွင်းကြ၍ ကျန်လူတွေကတော့ အများဆုံး အစီအစဉ်ငါးခုအတွက် စာရင်းသွင်းခဲ့ကြသည်။
အစီအစဉ်တွေကို ကန့်သတ်ထားတော့ အစီအစဉ်တိုင်းတွင် ကျောင်းသားသုံးဦးမှ ငါးဦးအထိ စာရင်းသွင်းပြီးကြလေပြီ။
အတန်းတစ်တန်းချင်းစီတိုင်းက အစီအစဉ်တစ်ခုတွင် နေရာတစ်နေရာသာ ရမှာဖြစ်၍သူတို့အတန်းလည်း ပြိုင်ပွဲတစ်ပွဲတွင် ကျောင်းသားငါးဦးကို ပါဝင်ခိုင်းဖို့ ချွင်းချက်လုပ်ပေးရန်မှာ မဖြစ်နိုင်ပေ။
အစီအစဉ် တစ်ခုချင်းစီတိုင်းအတွင် နာမည်စာရင်းအရှည်ကြီးကို ကြည့်နေသော အတန်းခေါင်းဆောင်က ထပ်ပေါင်းပြောလိုက်၏။ “အစီအစဥ် တစ်ခုချင်းစီတိုင်းမှာ တစ်နေရာပဲ ရမှာဆိုတော့၊ ငါတို့တွေ အများနဲ့ယှဉ်ပြီးလူရွေးမယ်။ ဒီနေ့ ကျောင်းမဆင်းခင်မှာ ငါတို့တွေ အားကစားကွင်းဆီသွားပြီးတော့ လေ့ကျင့်ခန်း နည်းနည်းလုပ်ပြီးမှ အစီအစဉ်တစ်ခုချင်းစီအတွက် ထိပ်ဆုံးနှစ်ယောက်ကိုရွေးချယ်မယ်။ ဒီနှစ်ယောက်က အချင်းချင်းရဲ့အစားထိုးတွေဖြစ်မှာ။ ကျောင်းသားတစ်ယောက်ယောက် နေမကောင်းဖြစ်တဲ့ အထူးအခြေအနေမျိုးနဲ့ ကြုံလာရရင် အားကစား တွေ့ဆုံပွဲမှာ ဝင်မပြိုင်ခင် လုပ်ဆောင်ချက်အကောင်းဆုံး ကျောင်းသားကို ငါတို့တွေရွေးချယ်မယ်”
ရှီလီက မေးစေ့ကိုပွတ်၍ ငြိမ်ငြိမ်လေး စဉ်းစားလိုက်သည်။ [တစ်ယောက်ယောက်က အားကစားတွေ့ဆုံပွဲမှာ ပါဝင်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတော့၊ တစ်ဖက်လူ ဒုက္ခရောက်အောင်လို့ ခိုးကြောင်ခိုးဝှက်နဲ့ ဆေးခတ်မဲ့ အခြေအနေမျိုး ရှိလာမလားမသိဘူး]
လူတိုင်း: နင် အရမ်း ဒရာမာဆန်သွားပြီ။ ပြဇာတ်ဆန်လွန်းတဲ့ ဝတ္ထုတွေကို နင် ဘယ်လောက်တောင် ဖတ်ထားတာလဲ။ လူနှစ်ယောက် ရွေးချယ်ခံရတဲ့ အခြေအနေမှာတစ်ယောက်က ကျန်တစ်ယောက်ကို ဒုက္ခပေးလိမ့်မယ်လို့ ဘာလို့အမြဲတမ်း ယူဆနေရတာတုန်း။ ငါတို့တွေ ပျော်ရွှင်ရတဲ့ မိသားစုကြီးတစ်ခု မဖြစ်နိုင်ဘူးလား။
အတန်းခေါင်းဆောင်က ရှီလီ၏စိတ်ထဲက အတွေးတွေကို မကြားချင်ယောင်ဆောင်ကာ အခြားအတန်းဖော်များ၏ မေးခွန်းတွေကိုတည်ငြိမ်စွာ ဖြေလိုက်၏။
တစ်စုံတစ်ယောက်က မေးလာသည်။ “ငါတို့အုပ်စုက လေးယောက်စလုံး 4x400 မီတာကျား၊ မ မရွေး လက်ဆင့်ကမ်းပြိုင်ပွဲအတွက်စာရင်းပေးထားတာ။ တကယ်လို့ ငါတို့သာ ပထမရသွားရင် ငါတို့အားလုံး နှစ်မှတ်စီရမယ်လို့ ဆိုလိုတာလား” အစီအစဉ်တစ်ခုတည်းနှင့် ရှစ်မှတ်ရမည်ဟူသော အတွေးက အတော့်ကိုဝမ်းသာစရာကောင်းသည်။
အခြား အုပ်စုတွေ၌လည်း တူညီသော အကြံတွေရှိနေကာ အတန်းခေါင်းဆောင်၏အဖြေကို စောင့်ဆိုင်းနေကြသည်။
အတန်းခေါင်းဆောင်က အနည်းငယ် ကူကယ်ရာမဲ့နေသော အပြုံးတစ်ပွင့်နှင့် လူတိုင်းကိုကြည့်လိုက်ရင်း ပြန်မေးလိုက်၏။ “မင်းတို့ရော ဘယ်လိုထင်လဲ”
လေသံက မဖြစ်နိုင်ဘူးလို့ ညွှန်ပြနေသော်ငြား ကျောင်းသားတစ်ဦးက စပ်ဖြဲဖြဲနှင့် ပြောလိုက်သည်။ “ငါကတော့ အဆင်ပြေတယ် ထင်တာပဲ၊ဟုတ်တယ်မလား”
အတန်းခေါင်းဆောင်က ပြုံးကာ ပြောလိုက်၏။ “မရဘူး။ အစီအစဉ်တစ်ခုစီတိုင်းအတွက် အများဆုံးအမှတ်က 2 မှတ်ပဲ။ မင်းပြောသလို အခြေအနေမှာဆို မင်းရဲ့အုပ်စုက နှစ်မှတ်ရသွားရင် လူလေးယောက်ဆီ ခွဲပေးလိုက်တော့ တစ်ဦးကို 0.5 မှတ် ရမှာ။ အဲ့ပမာဏကလည်း မနည်းနေပါဘူးကွာ”
199 03
အမှတ်တွေက မသေးနုတ်သော်ငြား မျှတပုံမပေါ်ပေ။ လူတစ်ယောက် ပထမနေရာရရင်ရမဲ့ တူညီသော အမှတ်ကို ယခုတော့လူလေးယောက်၏ အားထုတ်မှုနှင့် ရယူရန်လိုအပ်နေလေသည်။
အကယ်၍ လေးယောက်အုပ်စု အဖွဲ့ဝင်တို့မှာ မတူညီသော အစီအစဉ်တွေတွင် ပထမနေရာရမည်ဆိုပါက စုစုပေါင်း ရှစ်မှတ်ရမှာဖြစ်၍ပမာဏက လေးဆလောက်ရှိသည်။
လူတိုင်းက မတုံးအပေ၊ အုပ်စုဖွဲ့ အစီအစဉ်ကနှစ်မှတ်သာ ရနိုင်မည်ဆိုတာကို နားလည်သွားကြသည့်အခါ ဆက်လက် ပါဝင်လိုစိတ် မရှိကြတော့။
အုပ်စုဖွဲ့ အစီအစဉ်တွေအတွက် စာရင်းပေးခဲ့ကြသော ကျောင်းသားများမှာ စုပြုံလာပြီး အတန်းခေါင်းဆောင်ကို သူတို့၏နာမည်တွေ ဖျက်ခိုင်းလိုက်တော့သည်။
အတန်းခေါင်းဆောင်က ကျောင်းသားတွေကို သူတို့၏ထိုင်ခုံတွေဆီ ပြန်သွားခိုင်းလိုက်ပြီး သူကတော့ အစီအစဉ်များစွာအတွက် ပြိုင်ပွဲဝင်စာရင်းကို စီမံကာ မကြာခင်တွင်ကျောင်းသားတွေအား အစမ်းလေ့ကျင့်စေရန် အားကစားကွင်းသို့ ခေါ်သွားပေးရန် အလို့ငှာ သူ့ထိုင်ခုံဆီ ပြန်သွားလိုက်သည်။
အုပ်စုတွေကို စီစဉ်ပြီးသည့်နောက်မှာတော့ အတန်းခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်၏: 4x400 မီတာ ကျား၊ မ မရွေး လက်ဆင့်ကမ်း ပြိုင်ပွဲအတွက် စာရင်းပေးသူ မရှိပေ။
သူသည် စင်မြင့်ပေါ်ရပ်၍ ခဏကြာသည်အထိစိတ်ဝင်စားမှုတွေ မြင့်တက်လာအောင်လို့ ကြိုးစားခဲ့ပြီး ကျား၊ မ မရွေး အုပ်စုပြိုင်ပွဲတွင် ဝင်ပြိုင်ပါက ရရှိလာမည့် အမှတ်တွေကို ပြိုင်ပွဲဝင်လေးယောက်ကြား ခွဲဝေယူလို့ရသည့်အကြောင်းပါ ဖော်ပြခဲ့သည်။
ပြီးနောက် မီတာ 400 အစီအစဉ်အတွက် စာရင်းပေးခဲ့သော ကျောင်းသားတွေကို လှမ်းကြည့်၍ ပါဝင်ချင်လားဟု မေးလိုက်သော်လည်း တစ်တဝမ်းတည်း ငြင်းဆိုမှုနှင့်ကြုံတွေ့လိုက်ရသည်။
ပြီးနောက် သူ့အကြည့်သည် မည်သည့် အားကစား အစီအစဉ်အတွက်မှ စာရင်းမပေးရသေးသည့် တစ်ခုတည်းသော အုပ်စုထံ ကျရောက်သွား၏။ အုပ်စုဝင်များတွင် ခြေတံရှည်များရှိတာကို သတိထားမိသွား၍ အားကစားတွင် ပေါက်ကွဲစေနိုင်လောက်သော အလားအလာ ရှိနေမည့် ပုံပေါ်သည်။
အရေးကြီးဆုံးက ဤအုပ်စုသည် လက်ရှိ၌အမှတ် ဘုတ်ပြားပေါ်၌ ထိပ်ဆုံးနေရာကိုဆုပ်ကိုင်ထားပြီး အတန်းထဲတွင် အမှတ်နည်းမှာကို ဂရုမစိုက်သည့် လူလေးယောက် ဖြစ်သွားစေသည်။
ထို့ကြောင့် သူ ထပြောလိုက်၏:
“ရှီလီ၊ နင်တို့အုပ်စုဝင်တွေက ခြေတံရှည်တယ်၊ပြီးတော့ အားကစားမှာလည်း လိုက်လျောညီ ထွေ ဖြစ်ကြမဲ့ပုံပဲ။ 4x400 မီတာ ကျား၊ မမရွေး လက်ဆင့်ကမ်း ပြိုင်ပွဲဆိုရင်ရော။ နင်တို့အုပ်စုမှာက ယောက်ျားလေး နှစ်ယောက်၊မိန်းကလေး နှစ်ယောက်ဆိုတော့၊ ကျား၊ မ မရွေး လက်ဆင့်ကမ်းပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တွေဖြစ်ဖို့ သင့်လျော်နေတာပဲ”
ရှီလီ: ခြေတံ၊ လက်တံရှည်တာနဲ့ပဲ အားကစားမှာ ကျိန်းသေပေါက် တော်ပါတယ်လို့ ဘယ်သူပြောတုန်း။
******
200 01
အခန်း ၂၀၀: အခြားဘာအတွက်မှ မရည်ရွယ်ဘူး၊ အတန်းရဲ့ အကျိုးအတွက်ကြောင့်မို့ပါ
အတန်းခေါင်းဆောင်က ဆက်လက်ဖျောင်းဖျသည်။ “အားကစား တွေ့ဆုံပွဲရဲ့ အနှစ်သာရက ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲဝင်မဲ့ လူအုပ်ပဲ။ နိုင်တာက အဓိကမဟုတ်ဘူး၊ ပါဝင်ဆင်နွှဲ တာကမှ အရေးအကြီးဆုံးနော်”
ရှီလီက ငြင်းဆန်ရန် ရွေးချယ်လိုက်ပြီး မေးလိုက်၏။ “ကြိုးခုန်တဲ့ အစီအစဉ်လည်းရှိတယ်မလား။ အဲ့အတွက် ငါတို့အုပ်စုစာရင်းပေးလိုက်လို့ရတယ်”
အစောပိုင်းတုန်းက အတန်းခေါင်းဆောင်က ယောက်ျားလေး ငါးယောက်၊ မိန်းကလေးငါးယောက်တို့ ပါဝင်သော ကျား၊မ မရွေးကြိုးခုန်ပြိုင်ပွဲအပါအဝင် အားကစား တွေ့ဆုံပွဲအတွက် စာရင်းကောက်နေတာကို သူမ ကြားခဲ့လေသည်။ ဤအစီအစဉ်တွင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းက အများဆုံး 0.2 မှတ်စီ ရကြမှာဖြစ်ပြီး ထို့အတွက် လူတွေ အများကြီး စာရင်းမပေးလောက်ဘူးဟု ရှီလီ ခန့်မှန်းလိုက်သည်။
မီတာ-400 ကျား၊မ မရွေး လက်ဆင့်ကမ်း အပြေးပြိုင်ပွဲနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် တစ်မိနစ်စာ ကြိုးခုန်ရသော အစီအစဉ်က စိန်ခေါ်မှုပိုနည်းပါးသည်။ အကယ်၍ လေ့ကျင့် ဖို့ လိုအပ်လျှင်တောင် အများကြီး အားစိုက် ထုတ်စရာ မလိုအပ်ပေ။ သူတို့၏ အားလပ်ချိန် အတွင်း ကစားကွင်း၌ မိနစ်အနည်းငယ် လောက်သာ ကြိုးခုန်လိုက်ရုံပင်။
နေ့စဉ် အပြေးလေ့ကျင့်ရပြီး အဖွဲ့လိုက်ပူးပေါင်းမှုကို လေ့ကျင့်ရန် လိုအပ်သောကျား၊မ မရွေး လက်ဆင့်ကမ်း အပြေးပြိုင်ပွဲနှင့် မတူပေ။
လက်ရှိတွင် စုန့်ရင်းနှင့် သူမ၏ထိုင်ခုံဖော်ကပဲ ကြိုးခုန်ရန်အတွက် စာရင်းပေးထားတာဖြစ်တာကြောင့် အမှန်တကယ်ကို လူနည်းနေသေးသည်။ ဤသည်မှာ အတန်းခေါင်းဆောင် နောက်ထပ် ပရိုမိုးရှင်းဆင်းမည့် ပရောဂျက် တစ်ခု ဖြစ်လာခဲ့သည်။
ဘယ်သူကမှ ကျား၊ မ မရွေး လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဝင်မပြိုင်ချင်ကြသော်လည်းအနည်းဆုံးတော့ အုပ်စုလိုက် ကြိုးခုန်သည့်အစီအစဉ်မှာ ရုတ်တရက်ကြီး ပါဝင်သူလေးယောက် တိုးလာတော့၏။
ကြိုးခုန်အဖွဲ့ထဲသို့ ရှီလီ ဝင်လိုက်ပြီဆိုတာနှင့်ယောက်ျားလေး ငါးယောက် နှင့် မိန်းကလေးငါးယောက် - လူဆယ်ယောက် အုပ်စုအဖြစ် -အလျင်အမြန် လူပွားလာသည်။
ရှီလီ ငြင်းလိုက်သော မီတာ 400 ကျား၊ မ မရွေး လက်ဆင့်ကမ်းပြိုင်ပွဲအတွက်ကတော့ အတန်းခေါင်းဆောင်တွင် အခြားအကြံများရှိသေး၏။ မီတာ 400 ပြိုင်ပွဲအတွက် အမျိုးသား၊ အမျိုးသမီး အားကစားသမားတွေကို ရွေးချယ်ပြီးနောက် ဤလေးဦးကိုလက်ဆင့်ကမ်းပြိုင်ပွဲအတွက်ပါ လေ့ကျင့်ခိုင်းဖို့ ကြံရွယ်ထားပြီး ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်မှာပင်။
နောက်ထပ် အားကစား အစီအစဉ်များအတွက် စာရင်းပေးထားသော ကျောင်းသားတွေကိုမူ ကွဲပြားသော အစီအစဉ် ကွင်းပြင်တွေပေါ် အခြေခံ၍ အုပ်စုလေးတွေ အများကြီး ခွဲခြမ်းလိုက်မှာဖြစ်သည်။ အုပ်စုတစ်ခုချင်းစီကိုသင့်တော်သော အားကစားသမားများကို ရွေးချယ်ရာ၌ တာဝန်ရှိသော အုပ်စုခေါင်း ဆောင်က ဦးဆောင်မှာဖြစ်သည်။
ဤအုပ်စုခေါင်းဆောင်က ယခုတစ်ခေါက်တွင်သင့်တော်သော အားကစားသမားများကို ရွေးချယ်ရာ၌သာ တာဝန်ရှိမည် မဟုတ်ဘဲပြိုင်ပွဲ မတိုင်ခင်အထိ အုပ်စုဝင်များကို လေ့ကျင့်ပေးရာ၌ပါ တာဝန်ယူရလေသည်။
ပြိုင်ဘက်ကင်း ကြိုးခုန် အားကစားသမားတွေ ဖြစ်ကြသည့်အလျောက် ရှီလီနှင့် သူမ၏အသင်းသားများက လူရွေးသည့်အဆင့်တွင်ဝင်ပြိုင်ရန် မလိုပေ။
အတန်းပိုင်နှငိ့ အခြားအတန်းပိုင်များကအုပ်စုငယ် တစ်ခုချင်းစီတိုင်းကို ဦးဆောင်၍သူတို့၏ ပြိုင်ပွဲဝင်တွေ လေ့ကျင့်ရန်အတွက် အားကစားကွင်းသို့ ခေါ်သွားလိုက်ကြသည်။
ကျောင်းသား ကိုယ်စားပြုဖြစ်သော ရှီလီကအဖွဲ့တစ်ဖွဲ့ထဲ စာရင်းသွင်းခံခဲ့ရ၏။
200 02
သူမ၏ ကြိုးခုန်အစီအစဉ်ကြောင့် ရှီလီကဓားရေးယှဥ်ခြင်း၊ သေနတ်ပစ်ခြင်းနှင့် အထူးသဖြင့် ကြိုးခုန်ခြင်းတို့တွင် စာရင်းသွင်းခြင်း ခံခဲ့ရသည်။
အတန်းခေါင်းဆောင်က ပြေးခုန်ပစ် အစီအစဉ်များအတွက် စာရင်းပေးထားသော ကျောင်းသားတွေကို ရော်ဘာလမ်းကြောင်းဆီဦးဆောင်ခေါ်သွားခဲ့ပြီး မီတာ 400 အားကစားသမားတွေကို ကျား၊ မ မရွေး လက်ဆင့်ကမ်း ပြိုင်ပွဲတွင်လည်း ဝင်ပြိုင်အောင်လို့ ဘယ်လိုနားချရမယ်ဆိုတာကို တွေးတောနေတော့၏။
သေချာသည်မှာ ကြိုးခုန်သည့် အားကစားသမားတွေကိုတော့ ရွေးချယ်ရန် မလိုပေ။
ဓားရေးယှဉ်ခြင်းနှင့် သေနတ်ပစ်ခြင်းတို့မှာ ဟိုးတုန်းကတည်းက ဈေးကြီးသော အားကစားတွေဖြစ်၍ လူတိုင်း မသင်နိုင်ကြတာကြောင့် ပါဝင်မည့် ကျောင်းသားဟူ၍ သိပ်မရှိပေ။ အများစုမှာ ပင်ပန်းမှုဒဏ်ကိုမခံနိုင်ကြသဖြင့် ဘယ်တုန်းကမှ မသင်ယူခဲ့ကြဘဲ ရှီလီကလည်း သူတို့ထဲက တစ်ယောက်ဖြစ်သည်။
အားကစားသမားများကို ရွေးချယ်မှာဖြစ်တာကြောင့် တစ်တန်းလုံး စာသင်ခန်းထဲကနေ ထွက်လာကြ၏။
လူတိုင်းက ရွေးချယ်မှုထဲ ပါသွားသည်ဖြစ်စေ၊မပါသည်ဖြစ်စေ၊ အဆုံးမှာတော့ အလကားဖျော်ဖြေမှုကို ဘယ်သူက လက်လွှတ်ခံနိုင်မှာတဲ့လဲ။
အားကစားတွေက ဟော်မုန်းတွေကို လှုံ့ဆော်ပေး၍ ပွဲကြည့်သူများတောင် ဟော်မုန်းတွေ မြင့်တက်လာခြင်း၏ စိတ်လှုပ်ရှားမှုကိုခံစားမိနိုင်သည်။
သေချာပေါက် သူတို့တွေ သွားကြည့်ရပေမည်။ ဒါတင်မက စိတ်လှုပ်ရှားစရာအကောင်းဆုံး အစီအစဉ်တွေလည်း သူတို့တွေက ကြည့်ချင်နေကြတာပင်။
ရင်ဖိုစရာ အကောင်းဆုံးကတော့ ပါဝင်ယှဉ်ပြိုင်သူတွေ အဝတ်အနည်းဆုံးသာ ဝတ်ဆင်ရသော ရေကူးခြင်းဆိုတာ သံသယ ဖြစ်စရာ မလိုပေ။
ကြွက်သားတောင့်တင်းသော ခန္ဓာကိုယ်တွေ၏အရှေ့တွင် ရှီလီ၏ စန်းကတောင် အသေးအဖွဲ့ဖြစ်သွားတော့သည်။
ယှဥ်ပြိုင်သူများနှင့် ရှီလီ၏အဖွဲ့ထဲ အခြားသုံးယောက်သာ သူမနှင့်အတူ ဓားရေးယှဉ်သည့် ဟောခန်းထဲသို့ သွားခဲ့ကြ၏။ အတန်းထဲက ကျန်လူတွေကတော့ လူအုပ်ကြီးနောက်ကို လိုက်၍ ရေကူးကန်သို့ ဦးတည်နေကြသည်။ ရှီလီက မနာလိုသော အကြည့်ဖြင့် သူတို့ကိုလှမ်းကြည့်၍ - ဘယ်သူက မကြည့်ချင်လို့လဲ။
စာရင်းပေးသူနည်းသော အစီအစဥ်တွေ အတွက်ကတော့ အားကစားတွေ့ဆုံပွဲအတွက် ပါဝင်သူများကို အမြန်အဆန်ပဲ ရွေးချယ်ခဲ့ကြသည်။
ပြိုင်ပွဲဝင်တွေကြားက ကွာဟချက်မှာ အတော်လေး ကြီးမားတာကြောင့် ပထမနေရာက အခြားယှဉ်ပြိုင်သူများကို အပြတ်အသတ်အနိုင်ယူခဲ့ရာ ယှဉ်ပြိုင်မည့်လူကို ရွေးချယ်နေစရာ မလိုတော့ပေ။
အားကစားသမားများကို အလျင်အမြန် ရွေးချယ်ခဲ့ကြပြီး အရွေးမခံလိုက်ရသည့်လူတွေကလည်း အားမလျော့သွားချေ။ အခြားအစီအစဉ်တွေအတွက် စာရင်းပေးခဲ့ကြသော ကျောင်းသားတွေက အတန်း၏အုပ်စုဖွဲ့ စကားပြောခန်းကို စစ်ကြည့်ပြီးနောက် အခြားလူရွေးရန်အတွက် အချိန်ရှိသေးသောအစီအစဉ်များထံ အပြေးအလွှား သွားကြပေသည်။
ရှီလီလည်း အတွေးတူပြီး အုပ်စုဖွဲ့ စကား ပြောခန်းကို စစ်ကြည့်လိုက်ချိန်မှာတော့ ရေကူးရမည့် အားကစားသမားတွေအား ရွေးချယ်ပြီးပြီဆိုတာကိုသာ သိလိုက်ရ၏။
အင်း၊ အဲ့မှာ ပျော်စရာလည်း မကောင်းပါဘူး။
ထိုနေ့မှစ၍ အထက်တန်း အခန်း 2-1 ကနေ့လယ်ခင်း၏ နောက်ဆုံးချိန်ဖြစ်သည့် ကိုယ်ပိုင်စာကြည့်ချိန်ကို အားကစား လေ့ကျင့်ရေးအတွက် ကွင်းပြင်ပေါ်တွင် အချိန်မှန် ကုန်ဆုံးခဲ့ကြသည်။
ရှီလီ၏ အဖွဲ့ထဲမှ လူဆယ်ယောက်သည်ကြိုးတွေနှင့်အတူ အပြင်ထွက်၍ မိနစ်အနည်းငယ်ခန့် ကြိုးခုန်ပြီးနောက် ကျန်သည့်အချိန်ကိုဓားရေးယှဉ်ခြင်းနှင့် သေနတ်ပစ်ခြင်းတို့ ၌လေ့ကျင့်နေသည့် အတန်းဖော်တွေကို ကြည့်ရှုရာ၌ ကုန်ဆုံးခဲ့ကြသည်။
သူတို့က အခြားကျောင်းသားတွေ လေ့ကျင့်နေတာကို ကြည့်ရုံတင်မက၊ အချို့ကမူအနီးနားက ကုန်စုံဆိုင်ဆီသွား၍ ရေခဲချောင်းတွေတောင် ဝယ်ခဲ့ကြ၏။ အတန်းဖော်တွေ လေ့ကျင့်နေတာကို သူတို့က ရေခဲချောင်းစားရင်း ကြည့်ခဲ့ကြတာပင်။
200 03
ဤသည်က အကြည့်ခံရသော ကျောင်းသားတွေကို ဒေါကန်စေ၏။ သူတို့မှာတော့ ချွေးတွေ ရွှဲနစ်နေသော်လည်း တစ်ဖက်လူတွေက ဟောင်ဖွာဟောင်ဖွာလုပ်ကာ ရေခဲချောင်းတွေ စားနေကြ၏။ ၎င်းက လွန်လွန်းအားကြီးပေသည်။
ဝေဖန်သံတွေကို လက်ခံရရှိပြီးနောက်မှာတော့နော က်တစ်နေ့၌ သူတို့သည် ရေခဲချောင်းတွေ ထပ်မစားတော့ပေ။ ထိုအစား လူတစ်ယောက်ချင်းစီတိုင်းဟာ ဖရဲသီးတစ်ပိုင်းစီကိုင်ကာ ပြုံးဖြီးရင်း ကွင်းပြင်တွင် လေ့ကျင့်နေသည့်အတန်းဖော်တွေကို ကြည့်ရှုခဲ့ကြသည်။
စလေ့ကျင့်သည့် ရက်တွေမှာတော့ ကြိုးခုန်သည့်အဖွဲ့မှ ဆယ်ဦးစလုံးဟာ အနှီ အပူအပင်ကင်းသော အပြုအမူကို ထိန်းသိမ်းထားကြသည်။
အားကစားတွေ့ဆုံပွဲ နီးကပ်လာသည်နှင့်အမျှ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ရှီလီက စတင်ပူပန်လာတော့၏။
မူလ မိနစ်အနည်းငယ်ကနေ ယခုတော့ သူတို့တွေ နေ့တိုင်း အပိုလေ့ကျင့်ဖို့ လိုအပ်လာတော့သည်။
ရှီလီက ကလိမ်ကကျစ်ကျပြီး လေ့ကျင့်ရေးနည်းလမ်းများကို အွန်လိုင်းပေါ်တွင် ရှာကြည့်ခဲ့သည်။ အပိုလေ့ကျင့်သော ပထမရက်တွင်လူတိုင်း၏ ခြေထောက်များမှာ လမ်းလျှောက်လိုက်တိုင်း ခေါက်ဆွဲလို ပျော့ဖတ်သွားကြ၏။ ဖူဟွေ့ရှင်း တစ်ယောက်တည်းသာ အနည်းငယ် အခြေအနေကောင်းပြီး ပုံမှန်အတိုင်း လမ်းလျှောက်နိုင်လေသည်။
စာသင်ခန်းသို့ အပြန်လမ်း၌ ရှီလီက လူတိုင်းကို နောက်တစ်နေ့တွင် ပုံမှန်အတိုင်း လေ့ကျင့်နိုင်ရန်အတွက် အိမ်တွင် နှိပ်စက်ဖြင့်နှိပ်ရန် သို့မဟုတ် အိမ်ဖော်များအား သူတို့၏ခြေထောက်ကြွက်သားတွေကို နှိပ်ခိုင်းရန် ညွှန်ကြားလိုက်သည်။
ရှီလီက အချောင်ခိုလို့ရအောင်လို့ ကြိုးခုန်ရန် ရွေးချယ်ခဲ့သော်လည်း အဖွဲ့ခေါင်းဆောင်ဖြစ်နေတော့ ဤတာဝန်၏ အဓိပ္ပာယ်က ပြောင်းလဲသွားသည်။
သူမသည် အတန်းပိုင်၏ ယုံကြည်မှုအတိုင်းနေထိုင်ရမည်ဖြစ်ကာ မကြိုးပမ်း၍ မဖြစ်တော့ပေ။
ဤသည်က သူမ၏ အသင်းသားတွေအပေါ်တင်းကြပ်စေကာ အနားယူထားသော အိမ်နေရင်းစိတ်ဓာတ်မှ ရုတ်တရက် နိုင်ငံတကာအဖွဲ့စိတ်ဓာတ်အဖြစ် ပြောင်းလဲသွားတော့၏။ ကွာခြားချက်က အတော်လေး ကြီးမားသည်။
အရင်တုန်းက ရေခဲချောင်း စားလိုက်၊ ဖရဲသီး စားလိုက်၊ milk tea သောက်လိုက်နှင့် ကြည့်နေ ခဲ့ကြသော ကျောင်းသားများမှာ ယခုတော့အကြည့်ခံနေရသည်။
ဤအရာကို ဝဋ်လည်သည်ဟု ခေါ်သည်။
မလှမ်းမကမ်းတွင် ထိုင်နေရင်း လက်တစ်ဖက်တွင် ဖရဲသီးကိုကိုင်၍ ကျန်တစ်ဖက်တွင် ရေခဲချောင်းတွေ ကိုင်ထားကာ ခြေရင်းနား၌ milk tea အေးအေးလေးကို ချထားသောကျောင်းသားတွေကို ကြည့်လိုက်ရင်း ကံခေလှသော ကြိုးခုန်သည့် အဖွဲ့ဝင်တို့မှာ ခါးသီးစွာတွေးလိုက်ကြတော့၏။ “အအေးစာတွေကို တပြိုင်တည်း စားနေတယ်၊ မနက်ဖြန်ကျဝမ်းလျောမှာကို သူတို့တွေ မကြောက်ကြဘူးလား မသိဘူး”
တစ်ယောက်က မနေနိုင်တော့ဘဲ ရှီလီအား ကျယ်လောင်စွာ အပြစ်တင်လာသည်။ “အဖွဲ့ခေါင်းဆောင်၊ ငါတို့တွေ အချိန်မှန် လေ့ကျင့်ဖို့ဆိုတာ အားကစားသမားတွေ အနေနဲ့ အအေးစာတွေကို တပြိုင်တည်းမစားဘဲ ကျန်းမာရေးနဲ့အညီ စားသင့်တယ်။ ဒါပေါ့၊ ငါလေးက အခြားဘာကိုမှ ရည်ရွယ်ပြီး ပြောနေတာ မဟုတ်ဘူးနော်။ ငါတို့အတန်းအတွက် စဉ်းစားပေးနေတာ ကျောင်းသားတိုင်း အားကစားတွေ့ဆုံပွဲမှာ အောင်အောင်မြင်မြင် ပါဝင်ဆင်နွှဲနိုင်ပြီး ငါတို့အတန်းအတွက် ဂုဏ်ဆောင်နိုင်ပေးမယ်လို့ မျှော်လင့်မိပါရဲ့”
ပါးစပ်အပြည့် ဖရဲသီးကိုစားကာ ရေခဲချောင်းကို လျက်၍ milk tea သောက်နေကြသောလူအုပ်၏ အတွေးမှာ: စက်ဆုပ်ဖို့ကောင်းတဲ့သူပဲ!
ဘယ်သူကမှ ရေနွေးမကြိုနေသော်လည်း လေထဲတွင် လက်ဖက်ရည်နံ့ ပြင်းပြင်းက ထွက်ပေါ်လာလေပြီ။