အခန်း (၂၀၉-၂၁၂)
Vol. 11 Ch. 209-212
209 01
အခန်း ၂၀၉: လူ့လောကကြီးထဲမှာ ဒါက ဘယ်လို ဆင်းရဲဒုက္ခကြီးတုန်း
ရှီလီ စကားပြောလို့ပြီးသွားတော့ သူမတွင်နောက်ထပ်မှတ်ချက်တွေ မရှိတော့ဘဲ စင်မြင့်ပေါ်တွင် လက်စွက်ဝတ်ပေးနေကြသောသတို့သားနှင့် သတို့သမီးအပေါ်မှာသာ လုံးလုံးလျားလျား အာရုံစိုက်လိုက်တော့၏။
ဤအခိုက်အတန့်၌ ဘိသိက်ဆရာက စကားပြောလာသည်။ “သတို့သား သတို့သမီးကို နမ်းလို့ရပါပြီ”
ချောမောခန့်ညားသော သတို့သားနှင့် လှပကြော့ရှင်းသည့် သတို့သမီးသည် လူအုပ်၏ အကြည့်အောက်၌ နမ်းလိုက်ကြ၏။
ဘိသိက်ဆရာ၏ ဦးဆောင်ချက်အတိုင်း လက်ခုပ်ချီးမြင့်၍ မင်္ဂလာပွဲအခမ်းအနားမှာ လက်ခုပ်ဩဘာသံများဖြင့် ဆူညံသွားတော့သည်။
ဤသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သင့်တာဖြစ်ပြီး အောက်မှပရိသတ်တွေလည်း ထိုအတိုင်း တွေးထားကြသည်။
ရှီလီ၏ စိတ်ထဲမှ အတွေးတွေကို ကြားနိုင်သောအတန်းဖော်အချို့ကတော့ ချွင်းချက်ဖြစ်ပြီး သတို့သား၏ ခေါင်းကိုကြည့်နေကြသည်မှာ ထိုနေရာတွင် မမြင်နိုင်သော ဦးထုပ်စိမ်းတစ်လုံး ရှိနေသည့်အလားပင်။
ရှီလီ၏အကြည့်က သတို့သားအရံအပေါ်မှာပဲ အများဆုံးရှိနေကာ ကိုယ်တိုင်းဖြင့်ချုပ်လုပ် ထားသောဝတ်စုံက သူ၏ တောင့်တင်းခိုင်မာပြီး ကျစ်လစ်သော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်နေစေသည်။
ကျီဖေးယွီသည် နားစွင့်နေ၍ သူမအစ်ကိုသေဆုံးရခြင်း၏ အသေးစိတ်အား ရှီလီပြောလာမှာကို စောင့်ဆိုင်းနေသည်။
သူမအစ်ကိုက ဤယောက်မနှင့် လက်ထပ်ရန်အတွက် မိဘတွေရော သူမနှင့်ပါ အတော်လေး အချင်းများခဲ့ရပြီး သူမကို သွေးသားရင်းချာအစ်ကိုနှင့် သူ့ဇနီးအပေါ် လေးစားမှုမရှိဘူးဟုဆိုကာ ခဏခဏ ဆူပူခဲ့သည်။ ယောက်မလောင်းနှင့် မဆုံခင်တုန်းကတော့ သူမအစ်ကိုက သူမအပေါ် အလွန်ကောင်းခဲ့သည်။
ကျီဖေးယွီသည် သူမအစ်ကို၏ အသက်က တိုတောင်းမည်ဆိုတာကို သိလိုက်ရတော့ သူ့အသက်ကို ကျိန်းသေပေါက် ကယ်ပေးတော့မှာ ဖြစ်သည်။
ယောက်မလောင်းကတော့ သူ့အစ်ကို သေဆုံးပြီးနောက်တွင် သူ့သူငယ်ချင်းကောင်းနှင့်ပတ်သက်မှာဖြစ်သဖြင့် ယောက်မကောင်းတစ်ယောက် မဟုတ်တာကြောင့် ကျီဖေးယွီ၏ထည့်သွင်းစဉ်းစားပေးခြင်းထဲတွင် မပါချေ။
ယခုတော့ ဘယ်အရာက သူမအစ်ကို၏အသက်ထက် မရေးမကြီးတော့ပေ။
ကံကောင်းသည်မှာ ယခုဆိုလျှင် ရှီလီကနေတဆင့် သူမအစ်ကို၏ သေဆုံးခြင်းအကြောင်းကို သိရတော့မည်ဖြစ်တာကြောင့် ၎င်းကို ရှောင်လွှားနိုင်တော့မည်ပင်။
သို့ပေတည့် ကျီဖေးယွီမှာ စောင့်ဆိုင်းရင်း စောင့်ဆိုင်းနေသော်ငြား ရှီလီက ထပ်ပြီးစကားမဆိုလာတော့။
အနီးကပ် သေချာ စုံစမ်းလေ့လာထားသဖြင့်ဘယ်စားပွဲ၌ ရှီလီ ထိုင်နေတယ်ဆိုတာကို သူမ သိနေပြီး ရှီလီ၏စားပွဲက တိတ်တဆိတ် ခိုးစားနေတယ်ဆိုတာပါ မြင်နေရသည်။
ဧည့်သည်များကို မင်္ဂလာပွဲအခမ်းအနား၌ အာရုံစိုက်စေရန်အတွက် ဟိုတယ်က အခမ်းအနားမတိုင်ခင်တွင် အေးစက်သော ဟင်းလျာများကိုသာ တည်ခင်းပေးထားတာဖြစ်၍ အဓိကဟင်းလျာတွေကိုတော့ စင်ပေါ်က အခမ်းအနားပြီးမှသာ တည်ခင်းပေးမှာဖြစ်၏။
စားပွဲပေါ်တွင် အေးစက်သော ဟင်းလျာတွေရှိနေခြင်းက ရှီလီ၏ ခေါင်းငုံ့ပြီး ခိုးစားနေခြင်းကို မတားဆီးနိုင်ချေ။
209 02
ရွေးချယ်စရာဟူ၍ မရှိပေ၊ ဤအတင်းအဖျင်းက အမှန်ကို လက်သင့်မခံနိုင်စရာ ကောင်းနေတာကြောင့် ကြည့်ရှုသူတွေကို အော့အန်ချင်အောင် လုပ်နေသည်။
သတို့သမီးနှင့် သတို့သားအရံကို အကြာကြီးကြည့်နေမိပါက သူမ၏ စားသောက်ချင်စိတ်အပေါ် သက်ရောက်စေမည်ဖြစ်တာကြောင့် မူလစားသောက်ချင်စိတ်ကို ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ သတို့သမီးကို မကြည့်ဘဲ အစာစားခြင်း၌သာ အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။
စားသောက်ချင်စိတ်ပျောက်အောင် လုပ်နေသည့် လူနှစ်ယောက်က စင်ပေါ်တွင် ရပ်နေပြီး ဤဟိုတယ်မှ အစားအသောက်တွေကလည်း ရွက်ကြမ်းရေကျိုမျှသာဖြစ်သလို ကြိုတင်တည်ခင်းပေးထားသော ဟင်းလျာတွေမှာမူ တစ်ကိုက်စာသာ ရှိသည်။
ရှီလီသည် မဝေဖန်ဘဲ မနေနိုင်တော့ပေ[ဒုတိယမြောက် မင်္ဂလာပွဲကျတော့ သတို့သမီး ဒီဟိုတယ်ကို မရွေးခဲ့တာ မအံ့ဩတော့ဘူး၊သူမက တော်တော် စဉ်းစားတတ်တာပဲ]
သူမ၏ အတိတ်ဘဝတုန်းက ရှီလီသည် သတို့သမီး၏ ပထမ မင်္ဂလာပွဲကို မတက်ရောက်ဖြစ်ခဲ့ပေ။ အထက်တန်းကျောင်းသူတစ်ယောက်အနေဖြင့် ရှားရှားပါးပါး ပိတ်ရက်နေ့မှာ အိမ်မှာပဲအိပ်ရင်း အချိန်ကုန်ဆုံးတာ သို့မဟုတ် စားပွဲရှေ့မှာ လေ့ကျင့်ခန်းမေးခွန်းတွေကို ဖြေရှင်းနေတာက သဘာဝပင်။
သူစိမ်းတစ်ယောက်၏ မင်္ဂလာပွဲကို တက်ရောက်ဖို့အတွက် ရှီလီ၏ နေ့တစ်ဝက်ကို ဖြုန်းတီးတာက မတန်ပေ။
သူမသည် လက်ဖွဲ့ငွေကို ကာမိရန်အတွက် ထမင်းတစ်နပ် သွားစားရမည့်အပေါ် မှီခိုစရာ မလိုပေ။
နောက်ပိုင်း ရှီလီ အထက်တန်း စီနီယာနှစ်သို့ ရောက်လာတော့ ဟွမ်ကျဲနှင့် ရှီအဖေတို့က သတို့သမီးနှင့် သတို့သားအရံ၏ မင်္ဂလာပွဲကို တက်ရောက်တော့မှာဖြစ်သည်။
ရှီလီသည် ထိုအကြောင်းကို ပေါ့ပေါ့ပါးပါး မေးမြန်းကြည့်ပြီးနောက် သတို့သမီး၏ ရိုမန့်တစ်ဆန်သော ပထမ မင်္ဂလာပွဲ၌ဤသတို့သားက သတို့သားအရံဖြစ်ခဲ့ပြီးဒုတိယ မင်္ဂလာပွဲ၌ သတို့သားဖြစ်လာသည့်အရှုပ်တော်ပုံကို သိရှိလိုက်ရသည်။
ထိုအချိန်တုန်းက ရှီလီသည် စာတွေပိနေသော်လည်း အချိန်ရအောင်လုပ်ပြီး ဤအံ့ဩဖွယ်ကောင်းသော စုံတွဲ၏ မင်္ဂလာပွဲကို တက်ရောက်ခဲ့သည်။
သတို့သမီးက မိဘတွေမရှိသည့် မိဘမဲ့တစ်ယောက်ဖြစ်သော်ငြား သတို့သားအရံကတော့ မတူပေ။ သတို့သားအရံနှင့် သတို့သားက အသိုင်းအဝိုင်း တစ်ခုတည်းကဖြစ်တာကြောင့် သဘာဝကျစွာပဲ သတို့သမီး၏ ဒုတိယမြောက် မင်္ဂလာဆောင်၌ ရှီလီ၏မိဘတွေ ဖိတ်စာရခဲ့ကြသည်။
ဤမင်္ဂလာပွဲက ရှီလီအပေါ်တွင် နက်ရှိုင်းသောအမြင်တစ်ခု ချန်ရစ်ခဲ့သည်။
ထိုအချိန်တုန်းက အပြင်ထွက်ဖို့ကို ပျင်းရိခဲ့သည့်အတွက် သတို့သမီး၏ပထမ မင်္ဂလာပွဲအား လွဲချော်ခဲ့ရတာကို ရှီလီ နောင်တရမိ၏။
ယခုတော့ နောက်ထပ်အခွင့်အရေးရှိလာပြီ ဖြစ်သဖြင့် ရှီလီသည် ၎င်းကို သေချာပေါက် လက်လွှတ်မခံနိုင်တော့ပေ။
သတို့သမီး၏ မင်္ဂလာပွဲကို နှစ်ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ရသည့်အတွက် ရှီလီတွင် ခံစားချက်တစ်ခုသာ ဖြစ်တည်လာတော့၏:ဒီဟိုတယ်ရဲ့ အစားအသောက်က သတို့သမီးနောက်တစ်ကြိမ် မင်္ဂလာဆောင်တဲ့နေရာကလောက် မကောင်းဘူး။
ကျီဖေးယွီ ကြောင်အမ်းသွားရတော့၏။ သူမမှာတော့ သူမအစ်ကို သေဆုံးရခြင်း၏ဇာတ်မြစ်ကို အင်မတန် သိချင်နေသော်လည်း ရှီလီကတော့ အစားအသောက် ကောင်းလား၊မကောင်းဘူးလား ဆိုသည့်အပေါ်မှာပဲ ဂရုစိုက်နေသည်။
ရှီလီ၏ ဝေဖန်မှုနှင့် ကျီဖေးယွီ၏ ပူပန်တကြီးစောင့်ဆိုင်းနေမှုကြား၌ မင်္ဂလာပွဲအခမ်းအနား ပြီးဆုံးသွားခဲ့ပြီး ဟိုတယ်၏ ဝိတ်တာတွေက တည်ခင်းပေးမည့် ဟင်းလျာတွေကို လင်ဗန်းတွေထဲထည့်၍ သယ်လာကြသည်။
ကြင်စဦးက အောင်ပွဲခံမည့် အဝတ်အစားများလဲဝတ်ရန်အတွက် စင်ပေါ်ကနေ အတူဆင်း လာကြသည်။ တစ်ယောက်တည်းသောသတို့သမီးအရံက စင်မြင့်၏ မလှမ်းမကမ်း၌ ခိုးကြောင်ခိုးဝှက် လုပ်နေသော ကျီဖေးယွီကို မြင်မိတာကြောင့် လှမ်းခေါ်လိုက်သည်။ “နင့် ယောက်မ အဝတ်လဲမှာကို အဖော်လုပ်ပေးလိုက်ဦး၊ ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် သူမ သယ်ထားသောအိတ်ကို ကျီဖေးယွီထံ ကမ်းပေးလိုက်၏။
209 03
သတို့သမီးမှာ မိဘတွေတင် မရိုရုံမက၊အမျိုးသမီး သူငယ်ချင်းများလည်း မရှိတာကြောင့် သတို့သမီးအရံတစ်ယောက်ကိုမျှ မရှာနိုင်ခဲ့ချေ။
တစ်ဦးတည်းသော သတို့သမီးအရံနေရာကို ကျီဖေးယွီ၏ ဝမ်းကွဲက ဝင်လုပ်ပေးခဲ့တာပင်။
မမျှော်လင့်ထားစွာဖြင့် မင်္ဂလာဆောင်အိတ်ကို ကျီဖေးယွီ၏လက်ထဲ ပစ်ထည့်ပေးလာပြီး သူမ၏ လက်ထပ်ပြီးခါစ အစ်ကိုက သူမကို တိုက်တွန်းလာ၏။ “ယောက်မနောက်လိုက်ပြီး သူမကို ဂရုစိုက်ပေးလိုက်ဦး၊ ဒီနေရာနဲ့ သူမ မရင်းနှီးဘူး”
ကျီဖေးယွီမှာ မျက်လုံးမလှ်ိမ့်မိဘဲ မနေနိုင်တော့ပေ။ အကယ်၍ ပုံမှန်လိုသာဆိုပါက သူမက “ကိုကြီးရဲ့မိန်းမက အဖိုးတန်တာနဲ့ပဲ၊ ညီမလေး ကျတော့ မြက်ရိုင်းလို အဖိုးမတန်တော့ပါလား”ဟူသော စကားမျိုးနှင့် ပြန်ပက်မှာပင်။
ကျီဖေးယွီ၏ ခေါင်းမာသော စိတ်နေစိတ်ထားကို သူတို့တွေ သိထားကြပြီး မင်္ဂလာပွဲကို နှောင့်ယှက်၍ သူတို့ကို အရှက်ရအောင် လုပ်မှာစိုးသဖြင့် ကျီဖေးယွီ၏ ဝမ်းကွဲကပဲ သတို့သမီးအရံနေရာကနေ ဝင်လုပ်ခဲ့ရတာဖြစ်သည်။
သူမအစ်ကိုက ခေါင်းပေါ်မှာ ဦးထုပ်စိမ်းကြီးဝဲနေသော သေခါနီးလူတစ်ယောက်အဖြစ် ဘယ်လိုဖြစ်သွားတာလဲဟု ကျီဖေးယွီ တွေးလိုက်၏။
ဤအချက်ကို စဉ်းစားမိပြီးနောက် ကျီဖေးယွီသည် သူနှင့် မငြင်းခုံတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
သူမ၏ယောက်မအသစ်စက်စက် နောက်မှအဝတ်လဲခန်းထဲ လိုက်သွားလိုက်ကာ သူမ မကြိုက်သည့် အရာများကို ကြားထားရတာတောင်မှ စိတ်ခံစားချက်များကို နေရာမှာပဲ လွတ်ထွက်မသွားအောင် ထိန်းထားခဲ့၏။
ကျီမိသားစု၏ မိဘများမှာ ယနေ့တွင် သမီးဖြစ်သူက အလွန်နာခံပြီး လိမ္မာရေးခြား ရှိနေတာကို မြင်လိုက်ရသဖြင့် အံ့ဩသွားရပြီးသူမကို ရင့်ကျက်လာပြီဟု ခံစားမိလိုက်ကြရသည်။
မိဘတွေမှာ စိတ်အေးသွားကြပြီး ကျီဖေးယွီအား သူမ ဆန္ဒရှိသလို အသုံးပြုဖို့ပြောပြီး ဂဏန်းခုနစ်လုံးရှိသည့် မုန့်ဖိုးကို သူမထံအလျင်အမြန် လွှဲပြောင်းပေးလိုက်တော့၏။
ကျီဖေးယွီ၏ ယောက်မအသစ်စက်စက်နှင့်အစ်ကိုအပေါ်ရှိ သည်းခံနိုင်မှုက အဆုံးစွန်ထိ အကန့်အသတ်ဖြင့်သာ။ သူမ၏ဝမ်းကွဲကို မြင်လိုက်ရတော့ မင်္ဂလာဆောင်အိတ်ကို အမြန်ပြန်ပေးလိုက်ပြီး “ငါ ဒါကို နင့်ဆီပဲလွှဲပေးလိုက်မယ်၊ ငါလည်း သန့်စင်ခန်းဝင်ဖို့ လိုနေတာ”
အမှန်တော့ ကျီဖေးယွီသည် သန့်စင်ခန်းသုံးဖို့ မလိုသော်လည်း သူမ၏ အနှီယောက်မအသစ် စက်စက်ကို မကြည့်ချင်ရုံသာ။
ကျီဖေးယွီ၏ ဝမ်းကွဲ မျက်နှာမှာ ရုတ်ချည်းပင် ချဉ်တူးသွားတော့၏။ သူမသည် အနှီယောက်မအသစ်စက်စက်ကို ဝမ်းကွဲ သဘောကျသလားဆိုတာကို သူမ ဂရုမစိုက်ပေ၊ အဆုံးတွင်၎င်းက သူမအစ်ကို၏ ဇနီးမဟုတ်သလို ပွဲတော်တွေမှသာ တစ်နှစ်တွင် တစ်ခေါက်သာတွေ့ကြရသည့် တစ်စုံတစ်ယောက်သာ ဖြစ်တာကြောင့်ပင်။
သို့သော် အနှီယောက်မအသစ်စက်စက်နှင့်သူမက ဘယ်လိုမှ အဆင်မပြေပေ။
ကျီဖေးယွီ၏ ယဉ်ကျေးသော်လည်း တောင့်တင်းနေသော အပြုံးဖြင့် အောင်ပွံခံတော့မည့် သတို့သားနှင့် သတို့သမီးနောက်မှလိုက်သွားကာ သတို့သားအရံတွေကလည်း လိုက်လာကြပြီး - သူတို့က အရက်ကူသောက်ပေးမည့် အဓိကတပ်ဖွဲ့ပင်ဖြစ်ပေသည်။
မကြာခင်မှာပဲ အရက်ခွက်တိုက်တာက ရှီလီ၏ စားပွဲဝိုင်းသို့ ရောက်လာခဲ့သည်။ စားပွဲဝိုင်းရှိ လူတိုင်းဟာ ဂုဏ်သိက္ခာရှိသူများဖြစ်ကြတာကြောင့် သတို့သားကို တမင်သက်သက် အတင်းမတိုက်ခဲ့ကြပေ။
အတင်းအကြပ် အရက်တိုက်တာမျိုးတွေ မရှိတာကြောင့် သတို့သားအရံက ဝိုင်ပုလင်းကို ပေါ့ပေါ့ပါးပါး ကိုင်ထားသည်မှာ ဝယ်သူများအား ဘားထဲ၌ သောက်စရာတွေဝယ်ရန် တိုက်တွန်းနေသည့် အမျိုးသား မော်ဒယ်တစ်ယောက်နှင့် တူနေလေသည်။
ဤမင်္ဂလာပွဲ ပြီးဆုံးသွားသည်အထိ သူမ အစ်ကို သေဆုံးရမည့် အကြောင်းအရင်းကို ရှီလီထံမှ ကျီဖေးယွီ မကြားရသေးပေ။
ကျီဖေးယွီနှင့် ရှီလီတို့က အခန်းတူသောအတန်းဖော်တွေ မဟုတ်သလို ရင်းနှီးသောဆက်ဆံရေးလည်း မရှိချေ။ ရုတ်တရက်ဆန်သော ချဉ်းကပ်မှုက ရှီလီအား သံသယဝင်သွားစေမှာကို သူမ စိုးထိတ်မိသည်။
အဆုံး၌ ကျီဖေးယွီသည် အတင်းအဖျင်းအုပ်စုထဲက သူမ၏ အတန်းဖော်တွေအား သူမအစ်ကို၏သေဆုံးခြင်းနှင့်ပတ်သက်၍ သဲလွန်စလေးဘာလေး သိထားသလားဟူ၍ မေးမြန်းရုံလောက်ပဲ တတ်နိုင်တော့သည်။
အတန်းဖော်များမှာ ရှေ့ဆက်ဖြစ်လာမည့် စိတ်လှုပ်ရှားဖွယ်ကို စောင့်ကြည့်ချင်နေကြသေးတာကြောင့် သဘာဝကျစွာဖြင့် အလျင်အမြန် သဘောတူလိုက်ကြသည်။
နေ့လယ်စာ စားသောက်ပြီးနောက် ရှီလီကမိဘတွေနှင့်အတူ အိမ်ပြန်လာခဲ့သည်။ သူမသည် အိမ်မှာပဲ နှစ်ရက်လောက် လဲလျောင်းနေခဲ့ပြီး တတိယမြောက်နေ့၌သူမ၏ ဝမ်းကွဲက ဘလိုင်းဒိတ်ရှိတာကြောင့် အဖော်လိုက်ခဲ့ပေးဖို့ ရှီလီကို ပြောလာခဲ့၏။
ရှီလီသည် သူမ၏ဝမ်းကွဲအစ်မနှင့် လိုက်ပေးဖို့သဘောတူခဲ့သည်။ သူတို့တွေ ဘလိုင်းဒိတ်လုပ်မည့်နေရာသို့ စောစီးစွာ ရောက်သွားခဲ့ကြသည်။
ရှီလီသည် ဘေးနား၌ ငြိမ်ငြိမ်လေး ပုန်းအောင်းနေရင်း ဖုန်းသုံးနေခိုက် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရ၏။ “ဆောရီး၊ ကျွန်တော် နောက်ကျသွားတယ်”
“ရှင် မနောက်ကျပါဘူး၊ ကျွန်မမှာသာ စောစောရောက်တတ်တဲ့ အကျင့်ရှိနေတာ”
ရှီလီသည် အနှီအမျိုးသား၏ပုံစံကို သိချင်မိတာကြောင့် ခေါင်းမော့ကြည့်လိုက်သည့်အခါမှာ မကြာသေးခင်ကမှ သူမ တွေ့ခဲ့သည့်သတို့သားအရံ ဖြစ်နေမှန်း သိလိုက်ရသည်။
ရှီလီ: ဒါ ဘယ်လိုဒုက္ခမျိုးပါလိမ့်။
******
210 01
အခန်း ၂၁၀: ဘာက အစ်မကို တားနိုင်မှာလဲနှင့်ငါ့ရဲ့ အချစ်ကိုစွဲလမ်းနေတဲ့ အစ်မ
ရှီလီ၏ ဝမ်းကွဲအစ်ကိုဖြစ်သော မိသားစုထဲ၌ အကြီးဆုံးကလေးဖြစ်သော ရှီချွမ်သည် လက်ထပ်ရန်အတွက် ဖိအားပေးခြင်းကို ကြာမြင့်စွာ ခံစားခဲ့ရသည်။
သူ့ညီမဖြစ်သော ရှီရွှမ်းမှာ လက်တွဲဖော် မရှိသေးသော်လည်း သူမအထက်တွင် အစ်ကိုရှိသေးတာကြောင့် မိသားစု၏ ဖိအားပေးခြင်းကို ဘယ်တုန်းကမှ မခံခဲ့ရပေ။
ရှီလီကတော့ ကျောင်းတက်နေရဆဲဖြစ်သဖြင့်ဖိအားဆိုတာ မရှိသလောက်ပင်။
ရှီရွှမ်းက လက်တွဲဖော်တစ်ယောက်ကို မရှာချင်တာမဟုတ်ဘဲ သင့်တော်သည့် ကောင်လေးတစ်ယောက်နှင့် မဆုံသေးခြင်းသာ။
သူမကို တက်တက်ကြွကြွ ပိုးပန်းနေကြသောကောင်လေးတွေ ရှိပေမဲ့ သူတို့အားလုံးက သူမမိသားစု၏ ပိုက်ဆံ သို့မဟုတ် အလွန်လူမျိုးကြီးဝါဒဆန်နေသည်။
အကယ်၍ သူမသာ ယခုလိုယောက်ျားမျိုးနှင့်သူမ၏ဘဝကို ကုန်ဆုံးရမည်ဆိုပါက သူမ လက်မထပ်ချင်ပေ။
သူမအစ်ကိုသာ တစ်ကိုယ်တည်း ဖြစ်နေသေးသရွေ့၊ မိသားစုက သူမအပေါ် ဖိအားပေးလာမှာ မဟုတ်ချေ။
သို့သော် လတ်တလောတွင် အိမ်၌ ပုံမှန်လိုလက်ထပ်ဖို့အား တွန်းအားပေးနေသည့် အချိန်တွင် ရှီချွမ်က သူ့တွင် ကောင်မလေးရှိနေပြီဖြစ်ကြောင်း ကြေညာလာခဲ့ပြီး မိသားစုအား သူမ၏ ဓာတ်ပုံကိုတောင် ပြလာသည်။
ရှီချွမ်သည် မိုးက သူ့ကိုယ်ပေါ်ပဲ ရွာချနေတာကြောင့် သူ့ညီမ၏ထီးကို ဆုတ်ဖြဲပစ်ချင်ခဲ့၏။ မိသားစု၏အာရုံက သူ့ကောင်မလေးအပေါ် ရောက်နေစဉ်မှာ ယခုတွင် ရှီရွှမ်းအပေါ်၌ အာရုံစိုက်သင့်ပြီဟု မိဘတွေကို ပြောလိုက်တော့သည်။
ထို့ကြောင့် ရှီရွှမ်းမှာ မိဘတွေ၏ ဖိအားပေးမှုအောက်၌ လက်တွဲဖော်ရှာရန် ဘလိုင်းဒိတ် တွေ့ရတော့သည်။
ရှီလီ၏အဒေါ်ဖြစ်သူ၊ ရှီရွှမ်း၏ အမေကအမျိုးသားနေ့ ပိတ်ရက်အတွင်း သူမအတွက် ဘလိုင်းဒိတ်များ စီစဉ်ပေးခဲ့သည်။
ခြောက်ရက်ဆက်တိုက်တွင် တစ်ရက်ကို တစ်ယောက် တွေ့ရမှာဖြစ်၍ ဘလိုင်းဒိတ်စုစုပေါင်း ခြောက်ခုပင်။
ရှီရွှမ်းသည် ပိတ်ရက်တွေက သည်းမခံနိုင်စရာကောင်းသည်ဟု ပထမဆုံးအကြိမ်အဖြစ် တွေးမိသွားသည်။
သူမသည် ဒိတ်နှစ်ခါတွေ့ပြီးပြီဖြစ်ကာအတွေ့အကြုံက ဖော်မပြတတ်လောက်အောင်ပင်။
ပထမ ဒိတ်နှစ်ခုကို ရှီရွှမ်း၏ ဝမ်းကွဲက အဖော်ပြုပေးခဲ့တာဖြစ်သော်လည်း အနှီဝမ်းကွဲကသူမကောင်လေးနှင့် သွားတွေ့နေတာကြောင့်ရှီရွှမ်းမှာ တစ်ယောက်တည်း ကျန်ရစ်ဖြစ်၍ရှီလီကို အဖော်ပြုပေးဖို့ တောင်းဆိုခဲ့ရတာဖြစ်သည်။
ဒလိုင်းဒိတ်တွေ့ရာ၌ သူမကို အဖော်ပြုပေးသူက ဝမ်းကွဲဖြစ်စေ၊ ရှီလီဖြစ်စေ အလကားမဟုတ်တာကြောင့် သူမ၏မန်နေဂျာလစာမှာ အကုန်ပြောင်လုနီးပါး ဖြစ်နေလေပြီ။
အခြားသော ဒုတိယမျိုးဆက် လူချမ်းသာကလေးတွေနှင့် မတူတာက ရှီရွှမ်းသည် ကောလိပ်၌ ပညာရေးကို အဓိကထားခဲ့ပြီး မာစတာဘွဲ့ရခဲ့၍ အစိုးရအလယ်တန်းကျောင်း၌ ဆရာမအဖြစ် အလုပ်ဝင်ခဲ့သည်။
ဆရာမတစ်ယောက်ဖြစ်ဖို့ ရွေးချယ်ခဲ့တာက စီးပွားရေးစထောင်သော သို့မဟုတ် ကုမ္ပဏီကြီးများတွင် အလုပ်ဝင်လုပ်ကြသည့် သူမ၏ရွယ်တူတွေနှင့် ယှဉ်ကြည့်လိုက်လျှင် ထူးဆန်းသလိုထင်ရသော်ငြား ရှီလီ၏ ဦးလေးနှင့် အဒေါ်ကတော့ အတော်လေး ကျေနပ်ကြ၏။ အနည်းဆုံးတော့ သူမသည် အိမ်မှာပဲနေပြီး မိဘလုပ်စာကို ထိုင်စားတာ သို့မဟုတ် မအောင်မြင်သော စီးပွားရေးများ၌ ငွေကုန်ကြေးကျခံတာတွေကို မလုပ်ပေ။
ချူးချွမ်ရှန်းသည် တလောတုန်းက သူ့သူငယ်ချင်းကောင်း၏ မင်္ဂလာပွဲကို သတို့သားအရံတစ်ယောက်အနေဖြင့် တက်ရောက်ခဲ့၏။
210 02
သူအိမ်ပြန်ရောက်တော့ သူ့အမေက သူ့သူငယ်ချင်းကောင်းဟာ လက်ထပ်သွားပြီဖြစ်ပြီး သူကတော့ ရည်းစားတောင်မရှိသေးဘူးဟု ထေ့ငေါ့ပြောကာ သူမ စီစဉ်ပေးထားသော ဘလိုင်းဒိတ်ကို သွားရမည်ဟူ၍အတင်းအကြပ် တိုက်တွန်းလာခဲ့သည်။
မင်္ဂလာပွဲတုန်းက လေထု၏ လွှမ်းမိုးမှုကို ခံထားရတာကြောင့် သူ့တွင်လည်း လက်ထပ်ချင်သည့် ဆန္ဒတစ်ခု ယာယီဖြစ်ပေါ်လာသည်။ ထို့ကြောင့် သူ့အမေက သူ့ကို ဘလိုင်းဒိတ်သွားဖို့ ဖိအားပေးလာချိန်မှာ ပထမဆုံးအနေဖြင့် သူမငြင်းဆန်တော့ဘဲ ကြိုးစားကြည့်ရန် ဆန္ဒရှိလာခဲ့သည်။
ရှီလီသည် သူမ၏ဝမ်းကွဲအကြောင်းကို ကောင်းကောင်းကြီး နားလည်ထားပြီး သူမက"face-con" (ရုပ်ရည်ပေါ်မူတည်ပြီး အကဲဖြတ်တတ်တဲ့သူ) ဆိုတာကို သိထားသည်။
ရှီရွှမ်း၏ ယခင်ကောင်လေးတွေ အကုန်လုံးကလည်း အတော်လေး ချောမောကြသဖြင့် သူမ၏ လက်တွဲဖော်ရွေးချယ်ရာတွင် ကြည့်ကောင်းသော ယောက်ျားတွေကိုသာ ရွေးချယ်သည့် စံနှုန်းရှိနေတယ်ဆိုတာကို ပြသနေသည်။
ချူးချွမ်ရှန်းက ကြည့်ကောင်းရုံတင်မကဘဲအတော်လေးကို ချောမောခန့်ညားသူပင်။
သူနှင့် ယှဉ်လိုက်လျှင် ရှီရွှမ်း၏ ယခင်ကောင်လေးတွေက နီးတောင်မနီးစပ်ပေ။
ရှီလီသည် သူမဝမ်းကွဲ၏ မျက်လုံးတွေကမျက်နှာချင်းဆိုင်ရှိ ယောင်္ကျားအပေါ်မှာပဲစွဲမြဲနေတယ်ဆိုတာကို သတိထားမိနေပြီးသားပင်။
သူမ စိတ်ထဲကနေ ကြွေးကြော်လိုက်၏။ “မကောင်းတော့ဘူး” ဒီအမျိုးသားက ချောမောပေမဲ့ လက်တွဲဖော်ကောင်းတစ်ယောက် ဟုတ်မနေဘူး။ သူမရဲ့ဝမ်းကွဲက ရုပ်ရည်အပေါ်မှာပဲ မူတည်ပြီး လက်တွဲဖော်ကို ရွေးနေလို့ မဖြစ်ဘူးလေ။
သူက ဘာကြောင့် လက်တွဲဖော်ကောင်းမဖြစ်ရလဲ ဆိုတာကတော့ သူသည် အနာဂါတ်၌ ကျီဖေးယွီ၏ ယောက်မနှင့် ညားသွားမှာဖြစ်တာကြောင့်ပင်။
သူမသည် သူမ၏ အတိတ်ဘဝနှင့်ပတ်သက်၍ မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။ သူမဝမ်းကွဲ ဘလိုင်းဒိတ်သွားတာကို အဖော်ပြု ပေးခဲ့တာအား မမှတ်မိပေ။
အကယ်၍ ရှီရွှမ်းက ယခုလို တောက်ပသောအမျိုးသားနှင့် ဘလိုင်းဒိတ်မှာ တွေ့ခဲ့ပါက အနည်းဆုံးတော့ သူ့ကို အချိန်တစ်ခုအထိမလိုက်ဘဲနှင့် အလွယ်လ လက်လွှတ်ပေးမှာမဟုတ်ချေ။
ရှီလီသည် အတိတ်ဘဝတုန်းက ဤအကြောင်းအား ဟွမ်ကျဲ သို့မဟုတ် သူမအဒေါ်တို့ ပြောလာတာကို မကြားဖူးခဲ့တာကြောင့်မဖြစ်နိုင်လောက်ချေ။
သူမ ခေါင်းမကုတ်မိဘဲ မနေနိုင်တော့ကာ ဘာဆက်လုပ်သင့်လဲဆိုတာကို စဉ်းစားနေမိတော့၏။
သူမဝမ်းကွဲ၏ ပိုပြီးသက်ရောက်ခံလာရသော အပြုအမူကို မြင်နေရတော့ ချူးချွမ်ရှန်းကို အင်မတန် စိတ်တိုင်းကျနေမယ်ဆိုတာကို ရှီလီ သိလိုက်ရလေပြီ။
သို့သော် ရှီလီကတော့ မကျေနပ်နိုင်။
သူမ အရှေ့ရှိ ကိတ်မုန့်မှာ သတိမထားမိဘဲ ချေမွခံထားရပြီး ပိုပြီးတော့တောင် ပေကျံကုန်တော့မည်။
သို့သော် ၎င်းကပင် ရှီလီ၏ လက်ရှိစိတ်အခြေအနေလောက် ဆိုးရွားမှာ မဟုတ်ပေ။
သူမဝမ်းကွဲကို မချစ်မ်ိသွားအောင်လို့ တားဆီးလို့ရနိုင်မည့် နည်းလမ်းများ ရှိသေးလားဟု သူမ တွေးဆမိသည်။
ချူးချွမ်ရှန်းက ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ ဝမ်းကွဲကို စိတ်မဝင်စားလောက်ကာ ရှီရွှမ်း၏ခံစားချက်တွေကလည်း တစ်ဖက်သတ် ဖြစ်နေလိမ့်မည်ဟု ရှီလီ မတွေးမိဘဲ မနေနိုင်တော့ပေ။
အတင်းအကြပ် ချစ်ခြင်းက မချိုမြိန်လှဘဲလူတွေက ဥပဒေကို လိုက်နာသင့်ကာ အထူးသဖြင့် အစိုးရအလုပ်ကို လုပ်နေသည့်သူတွေက တရားမဝင်တာတွေကို မလုပ်သင့်ဘူးဟု ရှီရွှမ်း၏ နားထဲကို ထပ်ခါတလဲလဲ တိုးတိုးပြောပြရန် ဆုံးဖြတ်လိုက်တော့၏။
210 03
ဥပဒေကို လိုက်နာသော နိုင်ငံသားတစ်ယောက်ဖြစ်သည့် “ရှီလီ” က ရှီမိသားစုတစ်ခုလုံးတွင်ဤယိမ်းယိုင်မှု ရှိနေသည်ဟု သံသယဝင်လာသည်။
ရှီလီ၏အကြည့်မှာ သူမ၏ မျက်နှာချင်းဆိုင်ထောင့်ဖြတ်နားက လူနှစ်ယောက်အပေါ်မှာပဲ မြဲမြံနေပြီး မျက်လုံးတွေဖြင့် အပေါက်ဖောက်လို့တောင် ရသည့်အထိပင်။ ချူးချွမ်ရှန်းက အကြည့်လားရာအတိုင်း ကြည့်လိုက်တော့ သူ့အား စိန်းစိန်းဝါးဝါးကြည့်နေသည့် အလွန်လှပသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ချူးချွမ်ရှန်းသည် ဤကောင်မလေးကို မြင်ခဲ့ဖူးတာအား မှတ်မိသော်လည်း သူမကို ဘယ်တုန်းက စော်ကားခဲ့မိလို့လဲဆိုတာမသိတော့ပေ။
သို့သော် သူ့အကြည့်က ပါးစပ်ကို အုပ်ပြီးရယ်မောနေသည့် ရှီရွှမ်းထံသို့ ကျရောက်သွားချိန်မှာတော့ ဤသည်ကို ရှီရွှမ်း၏ ညီမဖြစ်ရမည်ဟူ၍ ခန့်မှန်းလိုက်သည်။ ချူးချွမ်ရှန်းက ဤသည်ကို ညွှန်ပြတော့ရှီရွှမ်းက ပွင်ပွင့်လင်းလင်း ဝန်ခံလာကာ“ကျွန်မ ဘလိုင်းဒိတ်တွေ တစ်ခါမှမသွားဖူးတော့ စိတ်ရှုပ်သလိုဖြစ်နေလို့ ညီမဖြစ်သူကို အဖော်ခေါ်လာခဲ့တာ။ ရှင် စိတ်မရှိဘူးမလား ဟင်”
ချူးချွမ်ရှန်းက စိတ်မရှိကြောင်းနှင့် ရှီလီကိုပါသူတို့နှင့် အတူထိုင်ဖို့ကို သဘာဝကျကျ ဖိတ်ခေါ်လိုက်၏။ ရှီရွှမ်းကတော့ ရှီလီကို သေချာပေါက် တတိယလှည်းဘီး မဖြစ်စေသော်လည်း ယောက်ျား တစ်ယောက်အတွက် ညီမဖြစ်သူကို မေ့လျော့ထားသည့်ပုံ ပေါ်နေစေလို့ မဖြစ်ချေ။
ရှီရွှမ်း ပြောလိုက်၏။ “ကျွန်မ ညီမလေးက ရှက်တတ်ပြီး ပြောဆိုဆက်ဆံရမှာကို ပူပန်နေတတ်လို့ပါ။ သူမက သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရမှာကို မကြိုက်ဘူး။ တစ်ယောက်တည်း နေရမှာကိုပဲ ပိုကြိုက်တာ”
ရှီလီသည် အနှီနှစ်ယောက်နှင့် မလှမ်းမကမ်းတွင် ရှိနေတာဖြစ်ပြီး ရှီရွှမ်းက တမင်တကာ အသံတိုးထားသော်လည်း သူမ ပြောသမျှကိုရှီလီ ကြားနေရသည်။
သူမ စိတ်ထဲကနေပြီး ရှီရွှမ်းကို ဆဲရေးလိုက်သည်။ သူမသည် အစကတော့ ဤအခြေအနေထဲကနေ ရှီရွှမ်းကို ကယ်တင်ပေးချင်သော်ငြား ရှီရွှမ်း၏ စကားတွေကြောင့် ဒေါသထွက်သွားရကာ ဆက်ပြီး ဝင်မပါချင်တော့ပေ။ သူမ၏ဝမ်းကွဲက ဘယ်လောက်ပဲ ကြိုက်နေပါစေ၊ချူးချွမ်ရှန်းက သူမဝမ်းကွဲကို သေချာပေါက် စိတ်ဝင်စားလာမှာ မဟုတ်ဘူးဆိုတာကို သိနေတာကြောင့် သူတို့ကို လေးစားပေးပြီး ကောင်းချီးပေးဖို့သာ ဆုံးဖြတ်လိုက်သည်။
ဘလိုင်းဒိတ်ကနေ ပြန်ရောက်တော့မှသာ ရှီရွှမ်းအား ဥပဒေကို လိုက်နာပြီး တစ်ဖက်လူပြောလာတာများအား အာရုံစိုက်ထားဖို့ကို ထပ်ခါတလဲလဲ သတိပေးရန် စီစဉ်ထားလိုက်သည်။
ရှီရွှမ်းသည် စကားပြောဆိုရာ၌ သူမအမေဆီက အမွေကို ရရှိထားသည်။ သူမက စကားဝိုင်းကို ဦးဆောင်နေချိန်မှာ ချူးချွမ်ရှန်းဆီမှအချက်အလက်တွေကို ဆက်တိုက်ညှစ်ထုတ်နေတာဖြစ်ပြီး ရှီလီမှာ ပျင်းရိလာတာကြောင့် စားပွဲပေါ်မှာတင် အိပ်ပျော်သွားရတော့၏။
ဆရာမ အသစ်စက်စက်ဖြစ်သော ရှီရွှမ်းက သူမ၏ အိပ်ပျော်နေသော ဝမ်းကွဲကို တွေ့လိုက်ရချိန်၌ မသိစိတ်ကနေပြီး ပရော်ဖက်ရှင်နယ်ဆန်သော အကျင့်တွေက ထွက်ပေါ်လာသည်။ သူမ စားပွဲပေါ်သို့ နှစ်ချက်လောက် ဆောင့်ထုလိုက်ရင်း “အိပ်မနေနဲ့တော့၊ နင် မနေ့ညကနောက်ကျတဲ့အထိ နေပြန်ပြီလား”
တင်းမာသော လေသံကြောင့် လန့်ဖြန့်နိုးသွားသော ရှီလီမှာ စာသင်ခန်းထဲ၌ အိပ်ပျော်သွားတယ်လို့တောင် ထင်မိလုနီးပါးပင်။
ရှီလီသည် မတ်မတ်ထိုင်လိုက်ပြီး မသိစိတ်ကနေ ဘေးဘီလှည့်ကြည့်လိုက်မိသည်။ မဟုတ်ဘူး၊ သူမ စာသင်ခန်းထဲ ရောက်နေတာမဟုတ်ဘူးပဲ။ သူမ ပါးစပ်ထောင့်ကို သုတ်ကြည့်လိုက်တော့ - သွားရည်တွေလည်း ရှိမနေ။
တော်သေးတာပေါ့။
မော့ကြည့်လိုက်တော့ ပြုံးရွှင်နေသော မျက်ဝန်းနှစ်စုံကို သူမ တွေ့လိုက်ရသည်။ ရှီလီက အိတ်ကိုယူ၍ “ညီမတို့တွေ အခု အိမ်ပြန်လို့ရပြီလား”
အပြင်ဘက်ရှိ ကောင်းကင်မှာ မှောင်ရီစပျိုးနေလေပြီ။ ရှီလီသည် ဖုန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်တော့ – ဘုရားရေ၊ သူတို့သုံးနာရီတောင် စကားပြောခဲ့ကြတာပဲ။
ထင်ထားတဲ့အတိုင်းပါလား၊ ရှီရွှမ်းရယ်။
ရှီလီက အိမ်ပြန်မည့်အကြောင်း တွေးနေခိုက်ရှီရွှမ်းကတော့ ရှက်ရွံ့သောအပြုံးတစ်ပွင့်ဖြင့်“ညစာစားမဲ့အချိန်တောင် ရောက်နေပြီ။ အကြာကြီး အိပ်ထားရတော့ နင် ဗိုက်ဆာနေမှာပေါ့”
ရှီလီ: မပြီးသေးဘူးလားဟ။
******
211 01
အခန်း ၂၁၁: တရားခံက ငါဖြစ်နေတယ်
ရှီလီက အတူတူ ညစာမစားချင်ပေ။ စားသောက်ပြီးနောက် ရုပ်ရှင်သွားကြည့်ခြင်း၊ လမ်းလျှောက်ထွက်ခြင်းတို့ဖြင့် အဆုံးသတ်၍ သူမလို ငယ်ရွယ်ပြီးဖြူစင်သော ကောင်မလေးအတွက် အတော်လေး နာကျင်သွားရမှာကို စိုးရိမ်မိသည်။
ထို့ကြောင့် ရှီရွှမ်းသာ ဤတတိယလှည်းဘီး ထွက်သွားတာကို မြင်ရလျှင် ပျော်လိမ့်မည်ဟုတွေး၍ အိမ်ပြန်ပြီး အိမ်စာလုပ်ဖို့ လိုသေးသည်ဟု အကြံပေးလိုက်၏။ မထင်မှတ်ထားစွာဖြင့် ရှီရွှမ်းက ပြောလာခဲ့သည်။ “ငါတို့တွေ နင့်ကို ဘယ်လိုလုပ် တစ်ယောက်တည်း အိမ်ပြန်လွှတ်ရက်မှာလဲ။ အရမ်းအန္တရာယ်များ တဲ့ဟာကို။ ညစာစားပြီးမှ အတူတူပြန်ကြမယ်လေ။ နင် ငါ့အိမ်ကိုလိုက်ခဲ့လို့ရတယ် - အဘွားက နင့်ကို မတွေ့ရတာကြာလို့ လွမ်းနေပြီ”
ချူးချွမ်ရှန်းသည် သူ့ဘလိုင်းဒိတ်၏ညီမလေးကို တစ်ယောက်တည်း အိမ်ပြန်မလွှတ်နိုင်ပေ။ -၎င်းက အလွန်မယဉ်ကျေးရာ ကျပေလိမ့်မည်။ သူလည်း တိုက်တွန်းလိုက်၏။ “မင်းအစ်မ ပြောတာမှန်တယ်။ ညစာစားပြီးရင် ကျွန်တော်နှစ်ယောက်လုံးကို ကားနဲ့ပြန်လိုက်ပို့ပေးမယ်”
သူတို့၏ပူးပေါင်းဖျောင်းဖျမှုအောက်တွင် ရှီလီကသာ အိမ်ပြန်ချင်သည်ဟု ဇွဲကောင်းနေလျှင် ရိုင်းပြရာ ကျပေလိမ့်မည်။
ရှီလီမှာ ရွေးချယ်စရာမရှိတော့ဘဲ သဘောတူလိုက်ရ၏။ ကံကောင်းစွာဖြင့် ညစာစားပြီးနောက်တွင် နှစ်ယောက်သားက ရုပ်ရှင်ကြည့်တာမျိုး သို့မဟုတ် ပန်းခြံထဲ လမ်းလျှောက်ထွက်တာမျိုးကို အကြံပြုမလာကြဘဲ သူမကိုတ တိယလှည်းဘီး ဖြစ်စေခြင်းမှ ချမ်းသာပေးလာကြသည်။
သို့သော် စင်ဂဲလ်တစ်ယောက်အနေနှင့် ညစာက အတော်လေး နှစ်လိုဖွယ်မကောင်းနေကာ အထူးသဖြင့် မိတ်ဖက်ရှာရန်အတွက် ညှို့ဓာတ်တွေကို ထုတ်လွှတ်နေသော ဒေါင်းကဲ့သို့ ပြုမူနေသည့် သူမ၏ ဝမ်းကွဲကို မြင်နေရချိန် မှာပင်။
ကျေးဇူးတင်စရာကောင်းသည်မှာ ရှီရွှမ်းတွင်သိမ်မွေ့သော အသိတရား ရှိနေသေးသဖြင့် အီစီကလီလုပ်ခြင်းကို ထိန်းသိမ်းထားလေသည်။
သူမအား ဆယ်စုနှစ်ကျော်စွာ သိလာခဲ့သောရှီလီလို လူတစ်ယောက်ကသာ သူမ၏သိမ်မွေ့သော အကြံအစည်တွေကို ထောက်လှမ်းနိုင်သည်။
ညစာစားပြီးသည့်နောက် ချူးချွမ်ရှန်းက ရှီညီအစ်မကို အိမ်ပြန်မလိုက်ပို့ခင်၌ မောလ်ထဲတွင် ခဏကြာမျှ လမ်းလျှောက်ခဲ့ကြသေး၏။
ကားထဲမှ ထွက်ပြီးသည့်နောက် ရှီလီက ချူးချွမ်ရှန်းကို အလွန်ယဉ်ကျေးစွာ ပြောလိုက်သည်။ “ကျေးဇူးပါ၊ ဦးလေး။ ကောင်းသောညဖြစ်ပါစေ၊ ဦးလေး”
ချူးချွမ်ရှန်းသည် ရှီရွှမ်းထက် အသက်ကြီးပြီး ရှီလီထက် ဆယ့်ငါးနှစ်ကြီးသည်။ ယခုလိုအသက်ကွာဟသော်လည်း ရှီလီအနေနှင့် သူ့အား ဦးလေးလို့ ခေါ်ဆိုခြင်းမှာ မသင့်လျော်ပေ။
ရှီလီကလည်း ဉာဏ်ဆိုးလေးဖြင့် ရှီရွှမ်းကို ချူးချွမ်ရှန်း၏ အသက်အကြောင်း သတိပေးဖို့ ကြိုးစားနေခြင်းပင်။
တစ်ခါတုန်းက ရှီရွှမ်း၏ ငယ်ရွယ်သော ယောကျ်ားလေးတွေကိုသာ ကြိုက်သည်ဆိုသော စကားကို သူမ မှတ်မိပေသည်။
ရှီရွှမ်းက သူမဝမ်းကွဲ၏ နောက်ကျောကို ရိုက်ကာ “သူ့ကို အဲ့လိုမခေါ်စမ်းနဲ့၊ နင့်ပြောပုံကသူ့ကို အသက်ကြီးအောင် လုပ်နေတယ်။ သူ့ကို အစ်ကိုကြီးလို့ခေါ်” ခဲအိုလို့ခေါ်လည်း အဆင်ပြေတယ်။
ဤစကားများကတော့ သူမ အပြောချင်ဆုံးဖြစ်သော်လည်း ရှီရွှမ်း ပြန်မြိုသိပ်ထားလိုက်သည်။ အခုက အချိန်မကျသေးပေ။ သူမသူ့ကို မခြောက်လွှတ်လိုက်ချင်ချေ။ သူမသည် စိတ်ဝင်စားနေသည် ဆိုသောအကြောင်းအား သူ့အား မသိစေချင်တာကြောင့် သူတို့၏ပြောဆိုဆက်ဆံရေးကို အပေါ်စီးကနေ ထိန်းသိမ်းထားတာဖြစ်သည်။
ချူးချွမ်ရှန်းကတော့ ရှီရွှမ်း၏ စိတ်ထဲက အတွေးများကို သတိမမူမိဘဲ သူမ ဖော်ပြထားသည့်အတိုင်း ရိုးရှင်းပြီး တဲ့တိုးဆန်သောသူ ဟုသာ ယုံကြည်နေသေးသည်။
211 02
ချူးချွမ်ရှန်း၏ကား ထွက်ခွာသွားတာကို ကြည့်ပြီးတော့မှ ဝမ်းကွဲနှစ်ယောက်က သူတို့၏ ဗီဇအမှန်က ထုတ်ဖော်လာကြသည်။
ရှီရွှမ်းက သူမ၏ ဝမ်းကွဲကို ပွေ့ဖက်ပြီး“ဆိုတော့ သူက ချောတယ်မလား၊ မကြာခင်နင့် ခဲအို ဖြစ်လာတော့မှာ”
ရှီလီက သူမ၏အရှေ့တွင် မျက်လုံးကိုဒရာမာဆန်ဆန် လှည့်လိုက်ပြီး “အစ်မရေ၊စိတ်ကူးယဉ်တယ်ဆိုတာကလည်း အကန့်အသတ်ရှိတယ်နော်။ အစ်မ သူ့ကို သဘောကျ နေတယ်ဆိုတာ ညီမ သိပေမဲ့ တကယ့်မေးခွန်းက သူကရော အစ်မကို ကြိုက်နေလို့လား” သူကတော့ တူညီတဲ့မီးပွားကို ခံစားမိလောက်မှာ မဟုတ်ဘူး။
ရှီရွှမ်းက မထီမဲ့မြင်ပြုကာ ပြန်ဖြေလာသည်။ “အဲဒါကြောင့် ငါတို့က လက်ဦးမှု ယူရမှာလေ။ မကြာခင် သူက ငါ့ယောက်ျားဖြစ်လာတော့မှာ”
သူမ၏လေးနက်နေပုံကို မြင်နေရတော့ ရှီလီက မနေနိုင်တော့ဘဲ သူမကို သတိပေးလိုက်သည်။ “အစ်မ၊ အလားအလာရှိတဲ့ လက်တွဲဖော်တစ်ယောက်ဆိုတာ ရုပ်ရည်ကို ကြည့်ပြီး ရွေးလို့မရဘူးနော်”
ရှီရွှမ်းက တခစ်ခစ်ရယ်လျှက် “ငါတို့ ရုပ်ရည်တွေ ကိုက်ညီလားဆိုတာကိုပါ ထည့်တွက်ရဦး မလား”
၎င်းက ပြဿနာမဟုတ်ပေ။ သူမဝမ်းကွဲက အတော်လေးလှသည့် အလှလေးတစ်ဦးပင်။ ရှီမိသားစုထဲ၌ ဆွဲဆောင်မှုမရှိသူဆိုတာ မရှိဘဲ ရှီလီ မွေးထားသည့် ကြောင်သုံးကောင်တောင် ပိုကြည့်ကောင်းလာကြသည်။
ရှီရွှမ်းကိုယ်၌က အတော်လေး လှပတာကို နှင်းဆီရောင် မျက်မှန်ကနေတဆင့် ရှီလီမြင်နေရသည်။ ရှီလီ၏ မျက်လုံးထဲမှာတော့ သူမရော သူမအစ်မအတွက်ပါ သင့်တော်သောယောကျ်ားဆိုတာ လောက၌ မရှိနေချေ။
ပြဿနာမှာ သူမဝမ်းကွဲက ချူးချွမ်ရှန်း အတွက် လုံလုံလောက်လောက် ကောင်းမွန် လားဆိုပြီး မဟုတ်ဘဲ သူကသာ သူမအစ်မ အတွက် လုံလုံလောက်လောက် ကောင်းမွန်ရဲ့ လားဆိုတာပင်။
ရှီလီက ပူပန်နေသော မိခင်တစ်ယောက်လိုပြောလိုက်၏။ “သူ့အကျင့်စရိုက်ကိုလည်းအစ်မ ကြည့်ဖို့ လိုသေးတယ်။ မတော်လို့သူက အခွံဘဲရှိပြီး အစံမရှိရင် ဘယ်လိုလုပ်မလဲ”
အကျင့်စရိုက်ဆိုတာက တကယ့်ကို အရေးကြီးသော အခန်းကဏ္ဍပင်။ ရှီရွှမ်းက လေးလေးနက်နက် ပြန်ဖြေလာ၏။ “ငါပြောနိုင်တာကတော့ သူက ရည်မွန်တဲ့လူတစ်ယောက်ပါ”
ယနေ့ခေတ် အသိုင်းအဝိုင်း၌ ရည်မွန်ခြင်းကရှားပါးသော ကိုယ်ကျင့်တရားတစ်ခုပင်။
“အစ်မ သူ့ကို တစ်ခါပဲ တွေ့ရသေးတာလေ။ သူ့ကို ရည်မွန်တယ်ဆိုပြီး ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ တကယ်လို့ သူက ပြည့်တန်ဆာတွေဆီ သွားရတာ ကြိုက်တယ်ဆိုရင်ရော၊ တကယ်လို့ သူက မြုံနေတယ်ဆိုရင်ရော”
ဤအရာအားလုံးက အရေးကြီးသော ကိစ္စတွေပင်။ အရှေ့ကဟာက သူမကို ပိုးကူးစေမှာဖြစ်ပြီး အနောက်ကတော့ သူမ၏ ပျော်ရွှင်မှုအပေါ် သက်ရောက်စေနိုင်မှာပင်။
“ငါနားလည်ပါတယ်။ ငါသူ့ကို သေချာအကဲဖြတ်ကြည့်ပြီးမှ ပြဿနာတစ်ခုခုတွေ့ရင် လျော်ကြေးဆောင်ခိုင်းမှာပေါ့”
ရှီလီမှာ ရှုပ်ထွေးပွေလီနေသလို ခံစားလိုက်ရသည်။ လျော်ကြေးဆောင်ရတာက အခက်တွေ့နိုင်ပြီး - ထိုအခါမှ သူမဝမ်းကွဲ အရမ်းညိတွယ်နေမှာကို စိုးရိမ်မိသည်။
ညီအစ်မနှစ်ယောက်သား အတူတူ အိမ်ပြန်လာခဲ့ကြပြီး ဆိုဖာပေါ်တွင် ထိုင်နေကြသောတစ်မိသားစုလုံး၏ မျှော်လင့်တကြီးဖြစ်နေသည့် အကြည့်များဖြင့် ရင်ဆိုင်လိုက်ရတော့၏။
ရှီအဘွားက ဘလိုင်းဒိတ်အခြေအနေကို မမေးမြန်းရသေးခင်မှာဘဲ ရှီရွှမ်းက သူမ၏အမေနှင့် အဘွားကြားထဲတွင် လှလှပပဝင်ထိုင်၍ ပြောလိုက်၏။ “ဒီလူ့ကို သမီး အရမ်းသဘောကျတယ်”
ဘလိုင်းဒိတ် သုံးခုပြီးမှ အကောင်းဘက်ရောက်သော တုံ့ပြန်မှုကို သူတို့တွေ နောက်ဆုံးတော့ ကြားလိုက်ရတာပင်။
211 03
အဒေါ်အကြီးဆုံးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလာတော့၏။ အနည်းဆုံးတော့ ဒီမင်းသမီးလေးကို စိတ်တိုင်းကျစေတဲ့ တစ်ခုခုကို ရှာတွေ့သွားပြီပဲ။
ယခင်နှစ်ခေါက်တုန်းက ဘလိုင်းဒိတ်တွေကနေ ရှီရွှမ်း ပြန်ရောက်လာတော့ အောင်သွယ်တွေက ဘယ်လောက်တောင်မှ အားကိုးလို့မရကြောင်းနှင့် အနှီယောက်ျားတွေက ရိုင်းပျသည်ဆိုသောအကြောင်းကို နာရီဝက်လောက်မနားတမ်း အပြစ်တင်ဝေဖန်နေခဲ့တာပင်။
“ဒါဆို နောက်ထပ် ဘလိုင်းဒိတ်တွေကို သမီးတို့ ဖျက်ပစ်လိုက်ကြတော့မလား”
အဒေါ်အကြီးဆုံးက ခေါင်းညိတ်လာကာ“လူငယ်လေးချူးကို သမီး သဘောကျလို့သူနဲ့ပဲ ဆက်တွေ့တော့မဲ့အကြောင်း အမေအောင်သွယ်ကို ပြောလိုက်မယ်”
“အမေ နောက်ရက်တွေအတွက် သမီးရဲ့ဒိတ်တွေကို ဖျက်လိုက်မယ်။ သမီးက ဒီကောင်လေးအကြောင်းကို သိအောင်လုပ်မဲ့အပေါ်မှာ အာရုံစိုက်ထား။ အမေ့အထင်တော့ သူက အတော်လေး ကောင်းတဲ့ပုံပဲ၊ အရမ်းအားကိုးရတဲ့ပုံပေါ်တယ်”
ရှီလီသည် မတွေးမိဘဲ မနေနိုင်တော့ချေ။ [အန်တီ့သမီး သူ့ကိုကြိုက်နေတာက အားကိုး လို့ရတဲ့ပုံပေါ်လို့ မဟုတ်ဘူး၊ သူ့ရုပ်ရည်ကြောင့်မို့လေ]
ရှီရွှမ်း၏ အကြိုအောင်မြင်မှုသော ဘလိုင်းဒိတ်က သူမ၏မိသားစုကို အားတက်သွားစေသည်။ နောက်လာမည့် ဘလိုင်းဒိတ် တစ်ပြုံကြီးကို ဖျက်သိမ်းလိုက်ပြီး ဒိတ်၏ အသေးစိတ်ကိုပင် ပြန်ပြောပြခိုင်းဖို့ သူမကို ဒုက္ခမပေးတော့ဘဲ သူမကို ခုရက်ပိုင်းအတွင်းအလုပ်ရှုပ်နေခဲ့ပြီး ချူးချွမ်ရှန်းနှင့် ဆက်ပြီးဆက်သွယ်ပြောဆိုရာတွင် အားရှိနေစေဖို့အခန်းထဲတွင် အနားယူဖို့သာ ပြောလိုက်ကြသည်။
ထို့ကြောင့် ရှီရွှမ်းက အပေါ်ထပ်ရှိ သူမ၏အခန်းရှိရာသို့ အနားယူရန် တက်သွားချိန်မှာရှီလီကတော့ ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့ပြီးယနေ့ ဘလိုင်းဒိတ်၏ အသေးစိတ်ကိုရှီအဘွားနှင့် အဒေါ်အကြီးဆုံးအား ပြန်ပြောပြရတော့၏။
အနှီနှစ်ယောက်၏ ဘလိုင်းဒိတ်က မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်ရာတွင် ရှီလီမှာ အိပ်မက်ထဲကနေသာ အဓိကထားပြီး ပြန်တွေးခဲ့ရသည်။
သူမ အိပ်မပျော်သွားခင်က အချိန်အတွင်းဖြစ်ပျက်ခဲ့သမျှနှင့် ညစာစားချိန်တုန်းက သူမဝမ်းကွဲနှင့် ချူးချွမ်ရှန်းကြားက ပြောဆိုဆက်ဆံရေးကိုသာ စုစည်းပြီးပြောပြနိုင်သည်။
အဒေါ်အကြီးဆုံးက စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကိုရိုက်လိုက်ကာ “ငါသိနေတယ်! ဒီကောင်မလေးက အပြင်မှာ အရမ်းအကြာကြီး မနေပါဘူးလို့၊ သူ့ကို တကယ်ကြိုက်နေတာပဲ ဖြစ်ရမယ်”
မူလ ဘလိုင်းဒိတ်နှစ်ခုတုန်းက သူမသည် ခရီးသွားလာသည့် အချိန်အပါအဝင် တစ်နာရီတောင် မကြာဘဲ အိမ်ကိုပြန်လာခဲ့တာ ဖြစ်၏။
ရှီလီက အဒေါ်အကြီးဆုံးကို အသာအယာသတိပေးလိုက်၏။ “လက်တွဲဖော် ရှာတဲ့နေရာမှာရုပ်ရည်က ဒုတိယဖြစ်သင့်တာ။ အရေးကြီးဆုံး အကျင့်စရိုက်ပဲ။ သမီးအထင်ကတော့ သမီးတို့တွေ သတိထားသင့်တယ်လို့ ထင်တယ်”
သူမ၏ အစ်ကိုဝမ်းကွဲ ရှီချွမ်က ဝင်ပြောလာသည်။ “ငါ့ကို လွှဲထားလိုက်။ ဖူကျန်းယန်ကို စုံစမ်းခိုင်းထားလိုက်မယ်။ ခုနောက်ပိုင်း သတင်းအချက်အလက်တွေ စုံစမ်းရတာကို သူ အရမ်း စိတ်ဝင်စားနေတာ”
သူ၏လမ်းခွဲပြီးနောက်ပိုင်း ဘယ်ဝိုင်ယာက သူ့ဦးနှောက်ထဲ ဖြတ်သွားတယ်ဆိုတာ မရှင်းသော်လည်း အိမ်တွင် အချိန်တစ်ခုအထိ သိုသိုသိပ်သိပ် နေပြီးနောက် အစွန်းရောက်လာပြီး အတင်းအဖျင်းနှင့် ကောလာဟလတွေကို စတင်ပြီး မွေ့လျော်လာခဲ့သည်။
ရှီလီ သူမဘာသာ တွေးလိုက်တော့၏။ ချူးချွမ်ရှန်းနဲ့ ပြဿနာက အခုမဟုတ်ဘူး၊အနာဂါတ်မှာ ဖြစ်လာမှာ။
သူမ ဘာပြောနိုင်မှာတဲ့လဲ။ သူမရဲ့ တွက်ချက်မှုတွေဖြစ်တဲ့ အနာဂါတ်မှာ ချူးချွမ်ရှန်းက ကျီဖေးယွီရဲ့ယောက်မနဲ့ ညားမဲ့အကြောင်းသူတို့တွေကို အသေအချာ ပြောပြလို့မရဘူးလေ။
အခန်းထဲ ပြန်ရောက်တော့ ဟွမ်ကျဲဆီကmissed calls နှစ်ခုကို ရှီလီ တွေ့လိုက်ရသည်။
211 04
ရှီလီသည် ဒီည အိမ်ပြန်မလာဖြစ်တော့ဘဲ ရှီရွှမ်းနှင့် အိမ်ဟောင်းတွင် နေမည့်အကြောင်း သူမအား ပြောပြထားပြီးသားပင်။
ဒီည သူမ အိမ်ပြန်မလာဘူးဆိုတဲ့အကြောင်း မဟုတ်ဘူးဆိုတော့ ဘာများဖြစ်နိုင်မလဲ။
ရှီလီ ဖုန်းပြန်ခေါ်လိုက်တော့ ဟွမ်ကျဲက အလျင်အမြန် ပြန်ဖြေလာ၏။ စခရင်တွင်mask ကပ်ထားသော မျက်နှာတစ်ခုက ပေါ်ထွက်လာသည်။
“သမီး ဒီနေ့ ရွှမ်းရွှမ်းနဲ့ ဘလိုင်းဒိတ် သွားခဲ့တယ်မလား၊ ဘယ်လိုဖြစ်သွားလဲဆိုတာ အမေ့ကို ပြန်ပြောပါစမ်းပါဦး။ ဟိုနေ့က ကျီမိသားစုက သားအကြီးဆုံးရဲ့ မင်္ဂလာပွဲကိုသွားတော့ ချူးမိသားစုက အဲဒီသတို့သားအရံကို သမီး ခဏခဏကြည့်နေတာ အမေ သတိထားမိတယ်။ အမေ့အထင်ကတော့ သူ့ကို မဆိုးဘူးလို့ ထင်တာပဲ၊ အမေတို့ ရွှမ်းရွှမ်းအတွက် သင့်တော်မလားလို့၊ အဲဒါကြောင့် သမီးရဲ့အဒေါ်အကြီးဆုံးကို ဒီအကြောင်း ပြောပြလိုက်တာ”
ရှီလီ: ဆိုတော့ ဒါတွေအားလုံးရဲ့ တရားခံကငါဖြစ်နေတာကို။
******
212 01
အခန်း ၂၁၂: လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိတဲ့ ဆက်ဆံရေးတွေဆိုတာ ရူးချင်ယောင်ဆောင်နေကြတာ
နှစ်ရက်လောက်နေပြီးနောက် မစ္စကျဲသည်ထူးချွန်သော လုပ်ငန်းရှင်အမျိုးသမီးတစ်ဦး ဖြစ်လာသည်မှာ သံသယဝင်စရာမလိုပေ။ သူမသည် ထူးချွန်သော သတို့သားအရံအုပ်စုကြားထဲ၌ ရှီလီအား ဘယ်လိုမျိုး ချက်ချင်းတန်းမြင်လဲဆိုတာကို မနားတမ်း ဝေမျှလာခဲ့သည်။
ရှီလီက တောင့်တင်းသောအပြုံးနှင့်အတူ သူမ၏ စိတ်အားထက်သန်စွာဖြင့် ဝေမျှလာခြင်းတွေကို နားထောင်နေရသည်။
ဟွမ်ကျဲ၌ ပြောစရာတွေ ရှိနေသေးသည်။ အမေတစ်ယောက်အနေနှင့် သူမ၏ သမီးငယ်ကို အလားအလာရှိသော လက်တွဲဖော်ကောင်းတွေနှင့် မိတ်ဆက်ပေးမည့် အဆင့်သို့ပင်မရောက်သေးပေ။ သို့သော် ထူးဆန်းသောလူလွတ်ကောင်လေး တစ်ယောက်ကို မြင်တွေ့ချိန်တိုင်း သူမသမီးအတွက် သင့်တော်မလားဟူ၍ စဉ်းစားပေလိမ့်မည်။ မင်္ဂလာပွဲတုန်းက သတို့သားသည် သတို့သားအရံတွေက လူလွတ်တွေဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ၏ သူငယ်ချင်းကောင်းတွေအတွက် အောင်သွယ်လုပ်ပေးမလို့တောင် ကြိုးစားခဲ့သေးသည်။ ဟွမ်ကျဲသည် ထိုအချိန်တုန်းက သူမသမီး၏ ချဲ့ကားထားသော အမူအရာကို သတိပြုမိခဲ့သဖြင့် ချူးချွမ်ရှန်းအပေါ် အာရုံရောက်သွားခဲ့သည်။
သူမသမီးက အလွန်ငယ်ရွယ်သေးသော်ငြား တူမဖြစ်သူ ရှီရွှမ်းကတော့ အိမ်ထောင်ပြုဖို့ သင့်တော်သော အသက်အရွယ်ရောက်နေပြီဖြစ်ကာ လူလွတ်ဖြစ်နေသေးသည်။
ကောင်းသောအရာတွေကို မိသားစုထဲ သိမ်းထားချင်သော စိတ်ထားနှင့်အတူ ဟွမ်ကျဲက အိမ်ပြန်ရောက်သည့်အခါ သူ့အကြောင်းကို သူမ၏ယောက်မအား မိတ်ဆက်ခဲ့ပေးခဲ့လေသည်။
ရှီလီ၏အဒေါ်အကြီးဆုံးက ယောက်မ၏မိတ်ဆက်ပေးလာခြင်းကို ကြားလိုက်ရတော့ ထိုသူကို အနည်းဆုံးတော့ အခုတလော သမီးဖြစ်သူ သွားနေရသည့် ဘလိုင်းဒိတ်တွေထ က်တွဲဖက်ကောင်းပဲဟု တွေးမိသွားသည်။
အဆုံးတွင် ဟွမ်ကျဲ စကားဆုံးတာကို ကြားလိုက်ရတော့ ရှီလီက စခရင်ကနေ လက်မထောင်ပြကာ “အမေကတော့ တကယ့်ကို တစ်ခုခုပဲ”
ဟွမ်ကျဲက ၎င်းကို သူမသမီးထံက ချီးကျူးမှုအဖြစ် မှတ်ယူလိုက်ကာ တွန့်ဆုတ်ခြင်းမရှိ လက်ခံလိုက်၏။ သူမ ပြောလိုက်၏။ “အချစ်လေး၊ အမေက ဆက်ဆံရေးတွေနဲ့ပတ်သက်လာရင် အရမ်းအမြင်ကျယ်တာ။ ပါပီအချစ်တောင် အဆင်ပြေတယ်၊ ဘဝရဲ့အတွေ့အကြုံတစ်ခုမို့လေ။ ဒါပေမဲ့ သမီးကအခု ငယ်ပါသေးတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုတယ်နော်၊ နားလည်ရဲ့လား”
ရှီလီ နားမလည်ပေ။ ဟွမ်ကျဲ ဆိုလိုတာကိုလည်း မသိချေ။
စကားတစ်ခွန်းချင်းစီကိုတော့ နားလည်နိုင်ပေမဲ့ အနှစ်ချုပ်ကိုတော့ လုံးဝကို လိုက်မမှီနိုင်အောင် ဖြစ်သွားရသည်။
သူမသမီး၏ ရှုပ်ထွေးနေသော မျက်နှာထားကို တွေ့လိုက်ရတော့ ဟွမ်ကျဲက သူမကို ဟန်ဆောင်နေပြီး ဆက်ဆံရေးအကြောင်းအား မိသားစုကို အသိမပေးချင်နေတာလို့ပဲ တွေးလိုက်သည်။ ထို့ကြောင့် သူမက နားလည်မှုရှိစွာဖြင့် စကားလမ်းကြောင်းပြောင်းလိုက်၍ သူမတွင် အလုပ်လုပ်စရာရှိသေးလို့ အိမ်ကို အလောတကြီး ပြန်လာစရာမလိုဘဲ ရှီအဘွားနှင့် ရက်နည်းနည်းလောက် နေပေးလိုက်ဦးဟုသာ ပြောလိုက်သည်။
ဖုန်းချပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းနေသော ရှီလီက လူးလိမ့်နေပြီး ဘယ်လိုပဲလုပ်လုပ် အိပ်လို့မရဖြစ်နေသည်။
ရှီလီက ခေါင်းအုံးကိုပိုက်၍ ရှီရွှမ်း၏ အိပ်ခန်းတံခါးကို သွားခေါက်လိုက်သည်။
အခန်းထဲ ပြန်ရောက်ပြီးနောက် ရှီရွှမ်းက အတန်းအတွက် ပါဝါပွိုင့်လုပ်နေခဲ့တာဖြစ်ပြီး အရမ်းပင်ပန်းမလာခင်တွင် တစ်နေ့တာ အလုပ်ကို လက်စသတ်ပြီးမှ အိပ်ရာဝင်ခြင်းဖြစ်သည်။
ရှီရွှမ်းက အိပ်ရာပေါ် လဲလျောင်းနေရင်းotome ဂိမ်း ဆော့နေချိန်မှာ တံခါးခေါက်သံ ကြားလိုက်ရသည်။ သူမက ခြေဗလာဖြင့် အိပ်ရာပေါ်ကနေ ခုန်ဆင်းကာ သူမကို အမေက လာရှာတယ်လို့ပဲ ထင်လိုက်သည်။ တံခါးကိုဖွင့်လိုက်တော့မှ ခေါင်းအုံးကိုပိုက်ထားပြီး တစ်ခေါင်းလုံး ရှုပ်ပွနေသော ဝမ်းကွဲလေး မတ်တပ်ရပ်နေတာကို မြင်လိုက်ရသည်။
212 02
အတူတူအိပ်ချင်နေတယ်ဆိုတာ သိလိုက်တာကြောင့် ရှီရွှမ်းက သူမ၏ ခေါင်းအုံးနှင့်စောင်ကို ဘေးပို့၍ အိပ်ရာ၏တစ်ဝက်ကို နေရာလုပ်ပေးပြီးမှ နေရာလွတ်ကို ပုတ်ကာ “ဝင်လာလေ”
ရှီလီက ကိုယ်ပိုင်ခေါင်းအုံးနှင့် စောင်ပါးတစ်ထည်ကို ယူလာပြီး ပေးထားသော နေရာ အလွတ်၌ ကိုယ့်အိမ်ကိုယ်ရာလို သဘောထားလိုက်သည်။
သူမဝမ်းကွဲလေး၏ သုန်မှုန်နေသော အမူအရာကို သတိထားမိတော့ ရှီရွှမ်းက သူမ၏ဖုန်းဂိမ်းထဲက အပေါ်ဗလာနှင့် ယောက်ျားကို ဘေးချိတ်လိုက်ပြီး ရှီလီအနားတိုး၍ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဘာလို့ မပျော်မရွှင်ဖြစ်နေရတာတုန်း။ နင့်ကောင်လေးနဲ့ ရန်ဖြစ်ထားလို့လား။ ဒါမှမဟုတ် စာမေးပွဲမှာ ကောင်းကောင်း မဖြေနိုင်ခဲ့လို့လား”
ဤသည်မှာ အထက်တန်း ကျောင်းသူတစ်ဦးအတွက် ရှီရွှမ်း စဉ်းစားနိုင်သော အခက်အခဲတွေပင်။
ရှီလီက ခေါင်းခါ၍ “အဲ့လိုမဟုတ်ဘူး”
သူမဝမ်းကွဲလေး၏ ငှက်သိုက်လိုဖြစ်နေသော ဆံပင်ပုံစံကို မြင်နေရတော့ ရှီရွှမ်း မရယ်မိဘဲ မနေနိုင်တော့ကာ သူမ၏လေသံလည်းအတော်လေး နူးညံ့သွားတော့၏။ “ဒါဆို ဘာက နင့်ကို မပျော်အောင်လုပ်နေတာတုန်း။ ငါနင့်ကို မနက်ဖြန်ကျရင် ဈေးဝယ်ထွက်ဖို့ ခေါ်သွားပေးရင်ရော”
ရှီလီက သနားကမား မျက်လုံးတွေဖြင့် သူမကို ကြည့်လာ၏။ ဝမ်းကွဲလေး၏သနားကမားအကြည့်ကို လက်ခံလိုက်ရတော့ ရှီရွှမ်းမှာနှလုံးသား အရည်ပျော်ကျသွားသလို ခံစားမိလိုက်ပြီး ကာကွယ်ပေးချင်စိတ်တွေ ရုန်ချည်း ဝင်ရောက်လာတော့၏။ “နင် ဘာပြဿနာပဲရင်ဆိုင်နေရပါစေ၊ အစ်မကြီးကို ပြောပြ။ ငါ ကူပြီး ဖြေရှင်းပေးမယ်။ တကယ်လို့ ငါ မတတ်နိုင်ရင်တောင် နည်းလမ်းရှာပေးမယ်”
“သူများတွေအတွက် မခက်ပေမဲ့ အစ်မအတွက်ကျ နည်းနည်းခက်လိမ့်မယ်။ ညီမအထင် တောင်းဆိုတာ အရမ်းများနေလိမ့်မယ်နဲ့ တူတယ်၊ မပြောတာဘဲ ကောင်းပါတယ်လေ။ ကိုယ့်ဟာကိုယ် တိတ်တိတ်လေးပဲ ဖြေရှင်းတော့မယ်”
သူမက တစ်ဝက်တစ်ပျက်သာ ပြောလိုက်တာကြောင့် ရှီရွှမ်းကို တန်းလန်းကြီး ဖြစ်သွားစေ၏။ “လာစမ်းပါ၊ ပြောပါ၊ ဘာကိစ္စတုန်း”
“ဘာလို့ သူများတွေအတွက်ကျ မခက်ခဲဘဲ ငါ့ကျမှ ခက်ခဲနေရတာလဲ။ နင့် အစ်မကြီးကို လျှော့တွက်နေတာလား”
ရှီလီက အလွန်ရှုပ်ထွေးနေသော အမူအရာဖြင့်ခေါင်းခါပြကာ ပြောလိုက်၏ “မေ့လိုက်တော့၊မပြောတော့ဘူး”
ရှီရွှမ်းက စိုးရိမ်တကြီး ထထိုင်လာပြီး သူမ၏ပေါင်ကိုရိုက်ကာ “ပြောပြပါဆို!”
သူမက တွန့်ဆုတ်စွာဖြင့် ပြောလိုက်တော့၏။ “ဒီနေ့ အစ်မနဲ့ ဘလိုင်းဒိတ်လုပ်ခဲ့တဲ့ အဲ့လူကို လူကောင်းမဟုတ်ဘူးလို့ ခံစားမိနေရလို့ပါ။ သူ့ကို မကြိုက်နဲ့၊ တွဲလည်းမတွဲနဲ့”
ရှီရွှမ်း၏ အမူအရာမှာ ပြောင်းလဲသွားပြီး အခက်တွေ့သွားသည့်ပုံပင်။ “ဒါကတော့ နည်းနည်းခက်တယ်ဟ။ အဲ့လိုမပြောခင် ငါသူ့ကို အောင်အောင်မြင်မြင် လိုက်ပြီးတဲ့အထိ စောင့်ရင်ရော ဘယ်လိုလဲ”
ရှီလီ၏ချဉ်တူးနေသော မျက်နှာလေးမှာ ချက်ချင်းပင် ရှုံ့မဲ့သွားတော့၏။ ရှီရွှမ်းက ရယ်လိုက်ရင်း “ငါ သူ့ကို လက်ထပ်ဖို့အထိမစီစဉ်ထားပါဘူး၊ အခြေအနေကို သိရအောင်လို့ လောလောဆယ် တွဲရုံလောက်ပဲတွဲမှာ။ ငါတို့သာ ပျော်နေရင် သူ့အကျင့်စရိုက်က အရေးမကြီးဘူး”
“အဲဒါက စံပြဆရာမတစ်ယောက် ပြောသင့် တဲ့စကားနဲ့လည်း တူမနေဘူးရော်”
ရှီရွှမ်းက ပခုံးတွန့်၍ “အလုပ်ကအလုပ်၊ဘဝက ဘဝ။ နှစ်ခုကို ရောထွေးပစ်လို့ မရဘူး။ နင်က ကလေးပဲရှိပါသေးတယ်၊ နားမလည်နိုင်သေးပါဘူး”
ရှီလီက နားမလည်ချင်ပေ။
ချူးချွမ်ရှန်းက လွယ်လွယ်လေးရမည့်လူ မဖြစ်သင့်ဘူးလို့သာ ခံစားမိလို့ပင်။ သူမရဲ့ဝမ်းကွဲက အငြင်းခံလိုက်ရရင် စွဲလမ်းပြီး ကျန်ရစ်ခဲ့မှာလား။
သို့သော် ရှီရွှမ်း၏ယုံကြည်ချက်ရှိနေသောမျက်နှာကို မြင်နေရတော့ ရှီလီက သူမကို ညင်ညင်သာသာ သတိပေးရုံပဲ တတ်နိုင်သည်။ “လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ တွဲနေတာက လှည့်ပတ်ကစားနေတာနော်”
212 03
ရှီရွှမ်းက ခပ်ဖွဖွ သရော်၍ ရှီလီ၏ ပါးနုနုကို ဆွဲဆိတ်ကာ “ဒီရှေးဟောင်းပစ္စည်းလေးက ဘယ်ကနေဘယ်လို ငါ့အိပ်ရာထဲ ရောက်လာတာပါလိမ့်နော်”
ရှီလီက တစ်ဖက်သို့ ခေါင်းလှည့်လိုက်ကာ“ဒီလိုဆက်လုပ်နေမယ်ဆိုရင် ညီမ ဦးလေးကို တိုင်ပြောလိုက်မှာ”
ရှီရွှမ်းက သူမ၏ ခေတ်နောက်ကျသော အဖေကို အကြောက်ဆုံးပင်။ ဝမ်းကွဲဆီက သူမ၏အဖေအကြောင်း ပြောလာတာကို ကြားလိုက်ရတော့ ရှီရွှမ်းက သက်ညှာပေးဖို့ တောင်းဆိုသော လက်ဟန်ကို အမြန်လုပ်၍“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါမှားတယ်၊ ငါ့အမှားပါ။ နင့်ဦးလေးကိုတော့ မပြောနဲ့နော်” “စိတ်မပူပါနဲ့၊ ငါ့အတွေးကို သေချာပေါက် ပြင်လိုက်မယ်!”
“ဒါဆို အစ်မရဲ့လစဉ် ပါတီပို့ချချက်ထဲမှာ အတွေးအမြင်ကို လေးလေးနက်နက် လေ့လာပြီး ငယ်ရွယ်မှုအသစ် ဖြစ်လာအောင် ရုန်းကန်လှုပ်ရှားသင့်ပြီ”
ယခုတော့ မေးခွန်းအမှတ်အသားတွေ ပြည့်ရမည်မှာ ရှီရွှမ်း၏ အလှည့်ပင်။ လူငယ်တွေရဲ့စိတ်ကူးစိတ်သန်းကို လိုက်မမှီနိုင်လောက်အောင် သူမ အရမ်းအိုသွားပြီလား။ ရည်းစားထားခြင်းက ပါတီပို့ချချက်နှင့် ဘယ်လိုသက်ဆိုင်လဲဆိုတာကို သူမ နားမလည်နိုင်။
ရှီလီက ထပ်ပေါင်းပြောလိုက်ကာ “ဥပဒေ စည်းမျဉ်းစည်းကမ်းရဲ့ အတွေးအခေါ်က အစ်မရဲ့စိတ်ကို ရှင်းလင်းပေးဖို့ ပြည်သူ့ဥပဒေရဲ့ စိတ်ဓာတ်ကိုလည်း သေချာလေ့လာထားဦး” ယောက်ျားတစ်ယောက် အတွက်နဲ့ တရားမဝင်တဲ့ လုပ်ရပ်တွေကို သူမ လုပ်လို့ မရဘူး။
ရှီရွှမ်း: ငါက အပြစ်သားမှမဟုတ်တာ၊ ငါ့မှာပြစ်မှုကျူးလွန်ချင်စိတ် မရှိပါဘူး။ ငါ့စိတ်က ဖြူစင်ပြီး မစွန်းမထင်း ရှိနေတဲ့ဟာကို ဘာလို့သန့်ရှင်းအောင်လုပ်ဖို့ လိုရတာလဲ။
ရှီရွှမ်းငည် ရှီလီ၏ခေါင်းပေါ်ကို စောင်ဖြင့်အုပ်ချင်သည့်စိတ်ကို မထိန်းနိုင်တော့ပေ။ ညီအစ်မနှစ်ယောက် ခဏကြာသည်အထိကစားခဲ့ပြီးနောက် ချွေးပြန်လာကြသည်။
အနှီ အိပ်ရာမဝင်ခင် ကြမ်းတမ်းစွာ ကစားခဲ့ကြသဖြင့် ညီအစ်မတွေဟာ ထိုည၌ အင်မတန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။
ရှီလီက အိမ်ဟောင်းတွင် နောက်ထပ်နှစ်ရက်ထပ်နေခဲ့ပြီး ရှီအဘွား ဒရာမာများကြည့်ခြင်းနှင့် ရုပ်ပုံဇယားများ ထည့်သွင်းရာတွင် အဖော်ပြုပေးခဲ့သည်။
ဤရက်တွေအတွင်း ရှီရွှမ်းက ယောက်ျားတွေအား လိုက်မဖမ်းသဖြင့် ရှီလီ အံ့ဩသွားရ၏။ ညီအစ်မနှစ်ယောက်မှာ အိမ်မှာပဲနေပြီး အဘွားဖြစ်သူကို အဖော်ပြုပေး၍ သူမကို အလွန်ပျော်ရွှင်အောင် လုပ်ပေးခဲ့ကြသည်။
ရှီလီကတော့ ၎င်းကို သူတို့၏ အိပ်ရာဝင်ချိန်စကားပြောခဲ့တာကြောင့်ဟု ထင်နေသော်ငြားယနေ့ခေတ်၏ နည်းပညာ တိုးတက်နေသောကမ္ဘာကြီး၌ တမင်သက်သက် လူချင်းတွေ့ပြီး စကားပြောစရာ မလိုဘူးဆိုတာကို သူမ ထည့်မတွက်မိပေ။