← Chapters

အခန်း (၂၁၇-၂၂၀)

Vol. 11 Ch. 217-220

အခန်း (၂၁၇-၂၂၀)

Vol. 11 Ch. 217-220

217 01

အခန်း ၂၁၇: ပါးကျီယိပု

ချူးချွမ်ရှန်း ထွက်သွားပြီးနောက် သုံးယောက်သက အသီးပန်းကန်ကို ရှီလီ၏အရှေ့သို့တွန်းပေးလိုက်ပြီး သူမ စိတ်ငြိမ်သွားစေဖို့မျှော်လင့်နေကြသည်။

အနှီအခြေအနေထဲ ရောက်နေခဲ့သော သူမကသေချာပေါက် အလွန်စိတ်ဆိုးနေပေလိမ့်မည်။

ရှီလီက သရက်သီးစိတ်တွေကို ချူးချွမ်ရှန်းလို့သဘောထား၍ ဒေါသတကြီး အကြိမ်ကြိမ် ကိုက်ဝါးနေတော့သည်။

ရှီလီက ပြက္ကဒိန်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီးသူမကိုယ်သူမ တိုးတိုးတိတ်တိတ် အားပေးလိုက်သည် [အဆင်ပြေတယ်၊ အစ်ကိုကျီဒုက္ခရောက်ပြီးရင် ချူးချွမ်ရှန်းသာ စောင့်ရှောက်ခွင့်ကို လက်ခံပြီး အစ်ကိုကျီရဲ့မိန်းမနဲ့ ပတ်သက်တဲ့အထိ စောင့်ရုံပဲ]

[ရှီရွှမ်းက မျက်လုံးထဲ သဲတစ်ပွင့်ဝင်တာကိုတောင် လက်ခံနိုင်တာ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်ကို သူမ ဘယ်လောက်ထိပဲ ကြိုက်နေပါစေ၊ အဲဒါကို လက်သင့်ခံနိုင်မှာမဟုတ်ဘူး]

[ဘယ်လိုပဲဖြစ်ဖြစ် အခု မကြာတော့ဘူး]

[အဆင်ပြေတယ်၊ ငါ တောင့်ခံနိုင်တယ်]

[ကိုယ်ဝန်နှစ်လရှိနေတာကို အစ်ကိုကျီရဲ့မိန်းမ သိသွားတဲ့အခါကျရင်၊ ချူးချွမ်ရှန်းနဲ့ အစ်ကိုကျီရဲ့ ကုမ္ပဏီက ပူးပေါင်းပြီးတော့အလှူပွဲကျင်းပတဲ့အခါ သင်ပြပေးဖို့အတွက် မဖွံ့ဖြိုးသေးတဲ့ ဧရိယာကို တစ်လလောက်သွားရမှာ။ အဲ့အချိန်အတွင်းမှာ အစ်ကိုကျီကထွန်စက်နဲ့ တိုက်မိတော့မဲ့ ကလေးမလေးကို ကယ်ပေးခဲ့ပေမဲ့ သူကတော့ ထွန်စက်ရဲ့ဘီးလုံးတွေအောက် ရောက်သွားမှာတယ်လေ]

[အဲ့တုန်းက အနားမှာ ချူးချွမ်ရှန်း ရှိနေတာ။ သူ့သူငယ်ချင်းကို အချိန်မှီ မကယ်ပေးနိုင်လိုက်တဲ့အတွက် သူ့ကိုယ်သူ အပြင်တင်နေမိတယ်။ ချောင်ကျတဲ့ တောင်ပေါ်ဒေသမှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကလည်း မစုံလင်ဘူး။ လူနာတင်ယာဉ် မရောက်ခင်မှာတင် အစ်ကိုကျီက အသက်ထွက်သွားခဲ့တာ]

[အစ်ကိုကျီက အသက်ငင်နေတဲ့အချိန်မှာ သူ့ရဲ့ ပူပူနွေးနွေးဇနီးနဲ့ မမွေးလာသေးတဲ့ ကလေးကို စိတ်ပူတော့၊ သူတို့ကို စောင့်ရှောက်ပေးဖို့အတွက် ချူးချွမ်ရှန်းဆီ စိတ်ချထားခဲ့တယ်။ အဆုံးကျတော့ အစ်ကိုကျီရဲ့ ကလေးကိုရော၊ သူ့ဇနီးကိုပါ အဖတ်မဆယ်နိုင်ခဲ့ဘူး]

[ချူးချွမ်ရှန်းလို သူငယ်ချင်းမျိုး ရှိနေတော့၊သူ့ခဗျာ ကံလည်းဆိုးရသလို ဆုံးဖြတ်ချက်ကောင်းလည်း ရှိခဲ့တယ်]

ဤဇာတ်လမ်းမှာ ဖန်တရာထေနေတာကြောင့် ဝေဖန်ဖို့ပင် မတန်ပေ။ ရှီလီက ဤအသေးစိတ်တွေနှင့် အဘယ်ကြောင့် အရမ်းရင်းနှီးနေရတာလဲ။ သူမက တစ်စုံတစ်ယောက်ရဲ့ အိပ်ရာအောက်မှာ မပုန်းခဲ့ပါဘဲနှင့် အတင်းအဖျင်း မဂ္ဂဇင်းတွေတောင် ယခုလို အသေးစိတ်ကျကျရေးနိုင်မည် မဟုတ်ပေ။ ဒါ့အပြင် အတင်းအဖျင်း မဂ္ဂဇင်းများ၏ အမှန်တရားများမှာမေးခွန်းထုတ်စရာတွေ ဖြစ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ၎င်းကို ရှီလီ မယုံကြည်သင့်ပေ။

၎င်းမှာ သူမ၏ ယခင်ဘဝကြောင့်ဖြစ်ကာမိသားစုနှစ်စုကြားက အရှုပ်အထွေးကို ဝိုးတိုးဝါးတား ကြားခဲ့ဖူးတာကြောင့် သူမ၏မှတ်ဉာဏ်ထဲ၌ စွဲထင်ကျန်ရစ်နေခြင်းပင်။ ဤသည်မှာ အမှန်တကယ်တော့ စာရေးသူ၏ နောက်ဝတ္ထုမှ အကြောင်းအရာပင် ဖြစ်သည်။

ရှီလီက အနှီဝတ္ထုကို မဖတ်ရသေးသော်လည်း၎င်း၏ နောက်ခံရှင်းပြချက် အနည်းအကျဉ်းကိုသာ ကြားသိထားတာပင်။

ဇာတ်လမ်း၏‌ နောက်ဆက်တွဲ ပြောင်းလဲမှုကိုတော့ များစွာသော ခက်ခဲမှုတွေကို ကျော်ဖြတ်ပြီးနောက် နှစ်ယောက်သားမှာ တဖြည်းဖြည်းနှင့် ပြီးပြည့်စုံပြီး ပျော်ရွှင်ရသည့် ဘဝ၌ နေထိုင်သွားရမည်ဆိုတာကို သူမ ခန့်မှန်းနိုင် ပေသည်။

ကျန်သုံးယောက်မှာ ဖုန်းကြည့်နေရင်း ရှီလီ၏ပြန်တွေးနေခြင်းများကို တိတ်တဆိတ် နားထောင်နေလေသည်။

ရှီလီသည် အတိတ်ကို ပြန်လည်အောက်မေ့ပြီးနောက် လူတိုင်းမှာ ယခုလို ဒရာမာဆန်သည့်မြင်ကွင်းကနေ ရုန်းထွက်နိုင်ရန်အတွက် အချိန်ခဏလောက် ယူလိုက်ကြရသည်။

ထိုအထဲတွင် တကယ် တရားမဝင်သည့် အပြုအမူဟူ၍ မပါဝင်သော်လည်း ဆက်ဆံရေးတွေက အင်မတန် ရှုပ်ထွေးပွေလီသည်ဟုခံစားလိုက်ကြရ၏။

ရှီလီက သက်ပြင်းချ၍ [အစ်ကိုကျီရဲ့ ဇနီးဘယ်တော့ ကိုယ်ဝန်ရမလဲဆိုတာကိုပဲ ငါ မသိဖြစ်နေတာ။ အဲ့အခါကျ ရှီရွှမ်းတစ်ယောက် အရမ်းကြီး မချစ်မိနေစေဖို့ မျှော်လင့်ရမှာပဲ]

ရှီလီမှာ စိုးရိမ်ပူပန်မှုကြောင့် သက်ပြင်းချနေစဉ်မှာ သူမ စိုးရိမ်နေသည့် သူကတော့အိပ်မက်ထဲတွင် သူမအတွက် သင်ခန်းစာစာတမ်းတွေကို ကူရေးပေးဖို့ ရန်ဖြစ်နေကြသည့် ဇနီးငါးယောက်ရှိကာ ချိုမြိန်သောဘဝတွင် နေထိုင်နေရတယ်လို့ အိပ်မက်မက်နေလျှက်။

ရှီလီသည် မလိုအပ်ဘဲ အစိုးရမ်လွန်နေကာဧကရာဇ်ထက် ပိုပြီးစိုးရိမ်နေသော မိန်းမစိုးတစ်ယောက်နှင့်ပင် တူနေသည်။

ဆရာမတစ်ယောက်ဖြစ်ရတာက ရှီရွှမ်း အတွက် ပင်ပန်းစေသည်။ သူမသည် နေ့လယ်ခင်း၌ တစ်ရေးအိပ်နိုင်သော်ငြား နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

သူမသည် နှစ်နာရီဆက်တိုက် အိပ်စက်ခဲ့ကာ၎င်းမှာ တိုတောင်းသော တစ်ရေးအိပ်ခြင်းဖြစ်သော်လည်း သူမသည် မျက်လုံးဖွင့်လိုက်တာနှင့် ပိုပြီးပင်ပန်းနွမ်းနယ်နေ၍ တစ်ကိုယ်လုံး နုံးချိအားလျော့နေတယ်လို့ ခံစားနေရတော့သည်။

သူမသည် ဖုန်းကိုကောက်ကိုင်၍ အမျိုးသားဇာတ်ကောင်များနှင့် ခဏကြာ ကစားနေလိုက်သည်။ စာကြည့်ခန်းထဲတွင် မှင်သက်မိသွားစေနိုင်သော အလှလေးတစ်‌‌ယောက် ရှိနေသော်လည်း သူမ၏အပိုင် မဟုတ်သေးဘဲ၊ မြင်သာမြင်-မကြင်ရသည့် အခြေအနေ၌သာ ရှိသေးသည်။

217 02

သူမ၏ ငတ်မွတ်မှုကို လောလောဆယ်မှာဤ 2D ဇာတ်ကောင်တွေဖြင့် ဖြည့်ဆည်းရုံသာတတ်နိုင်သည်။

ရှီရွှမ်း အချိန်ကိုကြည့်လိုက်ပြီး ချူးချွမ်ရှန်း၏ အခြေအနေကို ခန့်မှန်းကြည့်လိုက်၏။ အကယ်၍ သူသာ မြန်မြန်ဆန်ဆန်ရေးပါကသုံးပုံတစ်ပုံတော့ ပြီးလောက်နေလေပြီ။

ရှီရွှမ်းသည် လာမည့် တနင်္လာနေ့၌ ခွင့်ယူရန်ပိုပြီးတော့တောင် သေချာသွားတော့သည်။ ဆရာဝန်ဆီမှ ဖျားနာခွင့်မှတ်တမ်းကို ယူလာနိုင်ခဲ့သည်အထိ ပါးနပ်သည့်အတွက် သူမ ကိုယ်သူမ တိတ်တိတ်လေး ချီးကျူးလိုက်၏။

ကျောင်းတုန်းက သူမ ထုတ်သုံးခဲ့သော ယခုလိုအကွက်များကို အလုပ်၌လည်း အသုံးပြုရဦးမှာကတော့ သနားစရာကောင်းလှသည်။

မာစတာအိပ်ခန်းက စာကြည့်ခန်းနှင့်နီး၏။ ရှီရွှမ်းက ကွင်းထိုးဖိနပ်တွေကိုစီး၍ တိုးတက်မှုအခြေအနေကို သွားစစ်ကြည့်လိုက်သည်။ “ကျွန်မ တစ်ရေးအိပ်ပြီးသွားပြီ။ ရှင်ရောဘယ်လောက်ထိ ရေးပြီးပြီလဲဟင်။ ကျွန်မခေါင်းနည်းနည်းတော့ ကိုက်နေသေးပေမဲ့ရေးနိုင်နေပါပြီ။ ရှင် ပင်ပန်းနေရောပေါ့။ ကျွန်မ ရေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကကျွန်မရဲ့ အလုပ်ပဲလေ၊ ရှင့်ကို ဒုက္ခမပေးသင့်ဘူး”

ချူးချွမ်ရှန်းက ရပ်နားခြင်းမရှိဘဲ ဆက်လက်ရေးသားနေကာ “ရတယ်၊ ကျွန်‌တော် ဆက်ရေးလိုက်မယ်။ မင်းဘာလို့ ဝမ်းကွဲနဲ့ အဲ့ဒီကလေးတွေနဲ့ သွားမကစားတာလဲ။ သူတို့တွေ မာကျောက်ကစားနေကြတာ”

ရှီရွှမ်းက လောင်းကစားသမားအိုကြီးပင်၊မဟုတ်ပါက အိမ်တွင် မာကျောက်စားပွဲ ဘယ်လိုလုပ် ရှိနေပါ့မလဲ။ “မာကျောက်” ဟူသော အသံကို ကြားလိုက်ရတော့ သူမကိုအပြေးအလွှားသွား၍ ပွဲအနည်းငယ်လောက် ကစားချင်မိသွား‌စေသည်။ သို့သော်လည်း သူမက ယခုချိန်တွင် ဖျားနာနေရမှာဖြစ်ပြီး အနည်းငယ် ပိုနူးညံ့သလို ပြုမူသင့်ပေသည်။

မာကျောက်စားပွဲပေါ် ကျရောက်နေသောရှီရွှမ်း၏အကြည့်မှာ သွားရေတမြားမြား ဖြစ်နေသော်လည်း သူမက ဇွဲကောင်းစွာဖြင့်“ကျွန်မ ရှင့်ကို အဖော်ပြုပေးပါ့မယ်”

“သွားကစားပါ၊ ကျွန်တော် ရေးနေတာ ပြီးတော့မယ်”

ချူးချွမ်ရှန်းသည် သူ့ကို မယုံမှာစိုးသဖြင့်ရေးပြီးသားများကို ထုတ်ပြလိုက်သည်။

ရှီရွှမ်း၏ မျက်လုံးများမှာ အံ့ဩမှုကြောင့်ပြူးကျယ်သွားရ၏။ ပြီးခါနီးနေပြီ။ တကယ်ကြီး။ ငါမယုံနိုင်ဘူး.jpg

ရှီရွှမ်းသည် သူမဘာသာ ရေးတုန်းက ၎င်းကိုအပြီးသတ်ရန်အတွက် နှစ်ရက်လောက် အချိန်ယူရပြီး သေချာသည်မှာ ထိုအထဲတွင်စားချိန်၊ အိပ်ချိန်နှင့် ဖုန်းသုံးချိန်များ ပါဝင်လေသည်။

အနှီအချိန်အများစုတွင် အပျင်းတစ်နေခဲ့တာဖြစ်ပြီး ၎င်းကို သူမ၏ အချိန်‌ဆွဲခြင်းကြောင့်လို့ ဝန်ခံရမည်ကို အကျောက်အကန် ငြင်းဆန်လေ၏။ ၎င်းကို ကျောင်းအုပ်ချုပ်ရေးပိုင်း၏အပြစ်ဟူ၍သာ အမိအရ ပြောခဲ့သည်။

သေသပ်ပြီး ကြည့်ကောင်းသော လက်ရေးတွေကြားထဲတွင် ပထမဆုံးစာကြောင်း၏အပေါ်တွင် ရက်စွဲက အောက်တိုဘာထဲ ရောက်နေပြီဖြစ်တာကို ရှီရွှမ်း အလျင်အမြန် သတိထားမိသွားပြီး ချူးချွမ်ရှန်းက တစ်ဝက်နီးပါးအထိ ရေးပြီးပြီဟု ဆိုလိုနေသည်။

သူသည် နှစ်နာရီအတွင်း တစ်ဝက်ပြီးအောင်လုံးဝ ရေးနိုင်ခဲ့သည်။ ကြည့်ရသည်မှာ မနက်ဖြန်ကျလျှင် သူမ ကျောင်းသွားနိုင်မည့်ပုံပေါ်ပြီး ခွင့်ယူစရာ မလိုတော့မည့်ပုံပင်။

စိတ်လှုပ်ရှားသွားသော ရှီရွှမ်းက သူ့ကိုဝက်ဝံဖက်နည်းအတိုင်း အပြေးအလွှားဖက်လိုက်သည်။ ဤအခြေအနေတွင် ချူးချွမ်ရှန်းက ရှီရွှမ်း မြှူဆွယ်ချင်သော တစ်စုံတစ်ယောက်အဖြစ်ကနေ ကျော်လွန်သွားချေပြီ။

ရှီရွှမ်း: ရှင်က ကျွန်မရဲ့ ဘုရားသခင်ပဲ!

သူမသည် ချူးချွမ်ရှန်း၏ မျက်နှာပေါ်သို့ အနမ်းတစ်ပွင့်ခြွေလိုက်ပြီး သင်ခန်းစာ စာတမ်းအပေါ်သို့ နောက်ထပ်အနမ်းခြွေလိုက်သည်။

ချူးချွမ်ရှန်းမှာ ထိုင်ခုံပေါ်မှာတင် အေးခဲသွားပြီး သင်ခန်းစာ စာတမ်းအပေါ်သို့ အကြိမ်ရေများစွာ နမ်းနေသော ရှီရွှမ်းကို ကြည့်နေမိ၏။

“ရှင်က အံ့ဩဖို့ကောင်းလိုက်တာ!” ရှီရွှမ်းက ချီးကျူးပေးရာတွင် ဘယ်တော့မှ ကပ်စီးမနှဲပေ။ ထို့ကြောင့်သာ ငယ်ငယ်တုန်းက ပိုက်ဆံတွေ၊ ခံစားချက်တွေမလိုဘဲ စကားလုံးတွေဖြင့် သူမ၏အိမ်စာတွေအား ရှီလီကို ချော့ရေးခိုင်း နိုင်ခဲ့တာဖြစ်သည်။

သူ့ကိုကြည့်နေသော ရှီရွှမ်း၏ မျက်လုံးများမှာတောက်ပနေလျှက် “ရှင် စာရေးတာ အရမ်း မြန်တာပဲ” ကျောင်းဖွင့်ရက်များ၌ ပိတ်ရက်များတွင်သင်ခန်းစာ စာတမ်းများနှင့် သင်ကြားရေး အစီအစဉ်များကို ရေးခိုင်းရန်အတွက် ချူးချွမ်ရှန်းကို သော့ခတ်သိမ်းထားမည့်ဉာဏ်ဆိုးလေးတစ်ခုက သူမ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ ဟီးဟီးဟီး ~

ချူးချွမ်ရှန်းက နှုတ်ခမ်းများကို စေ့လိုက်ပြီးမှင်အမည်းဖြင့် ရေးသားထားသော စာရွက်ဖြူတစ်ရွက်ကို ထုတ်ပြလာကာ “တကယ်တော့ ဒီထက် မြန်မြန်တောင် ကျွန်တော် ရေးနိုင်သေးတယ်။ မင်းရဲ့ လက်ရေးကို တုပနေရတော့နည်းနည်းနှေးနေတာ”

ချူးချွမ်ရှန်း၏ လက်ရေးကို ရှီရွှမ်း တစ်ခါမှမမြင်ဖူးခဲ့ပေ။ သင်ခန်းစာ စာတမ်းပေါ် ကကျက်သရေရှိသော လက်ရေးကို မြင်လိုက်ရတော့ သူ၏ ပင်ကိုလက်ရေးက သူမနှင့် ဆင်တူတယ်လို့သာ ထင်ခဲ့တာပင်။

သူသည် သူမကိုယ်စား သင်ခန်းစာ စာတမ်းအရွက်နှစ်ဆယ်ကို ရေးပေးရုံတင်မက၊သူမ၏ လက်ရေးကိုပါ တုပ၍ ရေးပေးလိမ့် မယ်လို့ ထင်မထားခဲ့ချေ။

သူသည် သင်ခန်းစာ စာတမ်းများကို ရေးသားရာ၌ ရွေးချယ်ခံထားရသူ အစစ်အမှန်ပင်ဖြစ်ပေတော့သည်။

217 03

ချူးချွမ်ရှန်းက ဆက်ပြောလာသည်။ “ကျွန်တော် အခု မင်းရေးတဲ့ပုံစံအတို င်းအကြမ်းဖျင်းရေးနေတာ။ ပိုမြန်မြန်တောင် ရေးနိုင်သေးတယ်။ အဲ့လိုဆို သိပ်မကြာခင်ပြီးသွားမှာ”

ရှီရွှမ်းမှာ မျက်ရည်များဝဲလာသည်အထိ ခံစားသွားရပြီး “ရှင်က အရမ်းတော်တာပဲ။ ကျွန်မ ရှင့်ကို အရမ်းချစ်သွားပြီ”

ယခုလိုစကားမျိုးကို ပြောလိုက်သော လူတစ်ယောက်အတွက်ကတော့ ၎င်းက ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခုမျှသာ။ သူမက ဤစကားကို မိဘတွေ၊ ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ နှင့် သူငယ်ချင်း‌တွေ အပါအဝင် အနားဝန်း ကျင်မှ လူတွေအား မရေမတွက်နိုင်အောင် နေ့တိုင်း ပြောနေကျဖြစ်သည်။

သို့သော် ဤစကားတွေကို ကြားလိုက်ရသည်လူအတွက်ကတော့ အဓိပ္ပာယ်က လုံးဝကိုကွဲပြားလေသည်။

စာကြည့်ခန်းမှ ဖြတ်သွားရင် အနှီမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ရှီလီမှာ စူးရှပြီးကျယ်လောင်သော အော်သံကို အော်ဟစ်ပစ်လိုက်တော့၏။

ဤအခိုက်အတန့်၌ ရှီလီ၏ဒေါသမှာ အလွန်ပြင်းထန်နေတာကြောင့် လူသုံးယောက်ပင် သူမကို မထိန်းနိုင်ကြတော့ပေ။ သုံးယောက်က ဘေးမှရပ်ကြည့်နေသည့် အများဆုံးအရေအတွ က်ဖြစ်သော်လည်း ရှီလီဒေါသ၏ကန့်သတ်ချက် ဟုတ်မနေပေ။

******

218 01

အခန်း ၂၁၈: ငါနဲ့လာချ

ရှီလီ၏အသံမှာ ဒေါသတွေဖြင့် ပြည့်နှက်နေ၍“အစ်မတို့ ဘာလုပ်နေကြတာလဲ”

ရှီရွှမ်းမှာ လူမိခံလိုက်ရသလိုမျိုး နောက်ပြန်ဆုတ်၍ အခြေအနေနှင့် အကွာအဝေးခြားရန် ကြိုးစားလိုက်၏ “ငါ-ငါ-ငါ… နေ-နေ-နေကောင်းလား”

ရှီလီမှာ ဒေါသထွက်ထွက်ဖြင့် မရယ်မိဘဲမနေနိုင်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုသို့တွေးကြည့်ပြီးနောက် သူမဝမ်းကွဲက ဒါကိုသာ စဉ်းစားလိုက်နိုင်တာပင်။

ကျန်လေးယောက်မှာ ရှီရွှမ်း၏ မဆီမဆိုင်တုံ့ပြန်ပုံကြောင့် တခစ်ခစ်ရယ်မိလိုက်ကြ၏။ သူမ၏ဝမ်းကွဲ ရယ်နေတာကို မြင်လိုက်ရသည့်ရှီရွှမ်းမှာ အရှေ့သို့ ခုန်ထွက်လာပြီး သူမကိုဖက်၍ ပြောလိုက်သည်။ “သွားမယ်၊ သွားမယ်၊ဒီရဲဘော်ကောင်း အလုပ်ကြိုးစားနေတာကို ငါတို့ မနှောင့်ယှက်သင့်ဘူး” ဘယ်လိုပဲဖြစ်ဖြစ်သူမရဲ့ အသက်တစ်ဝက်က သူ့လက်ထဲ ရောက်နေတာလေ။

စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှသာ “ရဲဘော်ကောင်း” ကဆက်လက်ပြီး အချိန်ပိုဆင်းတော့သည်။

ရှီရွှမ်းက သူအလုပ်လုပ်နေတာကို နှောင့်ယှက်မိမှာစိုးသဖြင့် မနှောင့်ယှက်ရဲတာကြောင့် ကြိုတင်ပြီး အော်ဒါမှာယူထားပြီးသားပင်။

ဤသည်မှာ အလေးအမြတ်ထားရာ တာဝန်ဖြစ်ပြီး အရေးကြီးသော မစ်ရှင်တစ်ခုပင်။

ရှီမိသားစုမှ ညီအစ်မနှစ်ယောက်နှင့် ရုန်ရုန်ကအတူတူမှီနေကြပြီး ဆက်စပ်မှုမရှိသော အခန်းဆက် ဒရာမာနှစ်ပိုင်းကို အရှိန်နှစ်ဆ တင်၍ ကြည့်နေကြသည်။ ဒုတိယအပိုင်းသို့ရောက်သည့်အခါ အလေးအမြတ်ထားရာ တာဝန်ကို ပြီးစီးအောင်လုပ်နေခဲ့သည့် ရဲဘော်က စာကြည့်ခန်းထဲကနေ ထွက်လာ၏။

ရှီရွှမ်းက စိုးရိမ်တကြီး မေးလိုက်သည်။“နေမကောင်းဖြစ်လို့လား။ အသီးစားချင်လား၊ရေသောက်ချင်လား။ ကျွန်မကို ခေါ်လိုက်လေ၊လာပို့ပေးမှာပေါ့။ ကျွန်မတို့အိမ်မှာ ရှင်လက်ချောင်းတစ်ချောင်း မြှောက်စရာတောင်မလိုဘူး” ဤသည်မှာ လက်တစ်ချောင်းမြှောက်ရုံတင်မကဘဲ သူမ၏ သင်ခန်းစာ စာတမ်းတစ်ဝက်လောက်က လေထဲ ပျောက်ကွယ်သွားမည်ဟု ဆိုလိုတာပင်။

ယခုလိုပြောလိုက်တော့ သူမကို ကြည့်ရသည်မှာ လွန်ခဲ့သော နာရီပိုင်းတုန်းက မီးဖိုချောင် ထဲ၌ ချူးချွမ်ရှန်း သစ်သီးလှီးနေတာတွေ၊ စာကြည့်ခန်းထဲ၌ အသည်းအသန် စာရေးနေခဲ့ ရတာတွေကို မေ့လျော့သွားသည့်ပုံပင်။

ချူးချွမ်ရှန်းက ခေါင်းခါ၍ “ညစာချက်ရမဲ့အချိန် ရောက်နေပြီ”

ရှီရွှမ်းမှာ ယခုလို ဟင်းချက်ရသည့် အသေးအမွှားကိစ္စများဖြင့် သူ့ကို မနှောင့်ယှက်ဝံ့ပေ။ ယခုချိန်တွင် သူ့အတွက် အရေးကြီးဆုံးက စာကြည့်ခန်းထဲပြန်ပြီး အလုပ်လုပ်ဖို့ပင်!

“ဒုက္ခများပါတယ်။ ကျွန်မတို့တွေ မှာစားလို့ရတာပဲ”

“ဒုက္ခမဖြစ်ပါဘူး။ ကျွန်တော် ပါဝင်ပစ္စည်းတွေကိုတောင် ဝယ်လာပြီးသွားပြီ၊ မင်းပဲ အိမ်ချက်လက်ရာ အစားအသောက်တွေ စားချင်တယ်ဆို”

အိမ်ချက်လက်ရာ အစားအသောက်တွေ ကိုစားချင်တယ်လို့ ရှီရွှမ်း ပြောခဲ့တာက ပါးစပ်ထဲရှိရာ ပြောလိုက်တာဖြစ်သည်။ သူမသာ အိမ်ချက်လက်ရာ အစားအသောက်တွေကို တကယ်စားချင်တယ်ဆိုပါက စံအိမ်ဟောင်းဆီ ပြန်သွားလိုက်ရုံပင်။

အိမ်ချက်လက်ရာ အစားအသောက်တွေကို တောင့်တနေတာက သူမ၏ ကြောင်လေး ကျွမ်းနောက်ပြန်ထိုးသလိုပင်။

နှစ်ယောက်သားမှာ ဟင်းချက်ရမလား၊ မှာစားရမလားကြားတွင် လွန်ဆွဲနေချိန်၌ ရုံရုံက ဝင်ပြောလာသည်။ “ညီမ ဟင်းချက်တတ်တယ်။ ညီမရဲ့အချက်အပြုတ်စွမ်းရည်ကို အစ်ကိုတို့၊အစ်မတို့ မြည်းစမ်းကြည့်လို့ရတယ်နော်”

မျက်လုံးအားလုံးက ရုံရုံအပေါ်သို့ ကျရောက်လာ၏။ ရှီရွှမ်းက သူမကို လူသားမျိုနွယ်အား ကယ်တင်ပေးဖို့ ကြွမြန်းလာသည့်သက်ရှိထင်ရှား ဗုဒ္ဓတစ်ပါးလို ကြည့်လာတော့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ရုံရုံ၏ လက်ကို ဆွဲလိုက်ပြီး “ဝေါင်း၊ ညီမလေးလိုအသက်အရွယ်နဲ့ ဟင်းချက်တတ်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ အရမ်းမိုက်တယ်!”

218 02

စိတ်လှုပ်ရှားနေသော အမျိုးသမီးကြောင့် ရုံရုံမှာ ပျာယာခတ်သွားရ၍ အနည်းငယ် ရှက်သွေးဖြန်းသွားသည်၊ “ထူးထူးခြားခြားမဟုတ်ပါဘူး၊ စားလို့ရရုံလောက်ပါ”

“အဲဒါလည်း အထင်ကြီးစရာ ကောင်းနေတာပဲ။ ရှီလီဆို ဟင်းမချက်တတ်ဘူး၊ အစ်မလည်းညီမလေးထက် အသက်ဆယ်နှစ်ကြီးပေမဲ့ အသင့်စားခေါက်ဆွဲလောက်ပဲ ပြုတ်တတ်တာ”

ရှီရွှမ်းက သူမကို ဆက်လက်ချီးကျူးနေကာ“ဒီလိုဆို ဒီတာဝန်နဲ့ပတ်သက်ပြီး ညီမလေးကိုပဲဒုက္ခခံခိုင်းရတော့မယ်။ အစ်မ ညီမလေးရဲ့လက်ထောက်လုပ်ပေးပါ့မယ်”

ချူးချွမ်ရှန်း၏အကြည့်မှာ သူတို့၏ ဆုပ်ကိုင်ထားသော လက်တွေအပေါ်သို့ ခဏကြာ အကြည့်ရောက်သွားပြီးမှ အကြည့်လွှဲကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဧည့်သည်ဖြစ်တဲ့ လူငယ်တစ်ယောက်ကို ဟင်းမချက်ခိုင်း သင့်ဘူး။ ဓားကိုင်ရတာ အန္တရာယ်များတယ်။ မတော်လို့ သူမ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ သူတို့က ကျောင်းတက်ရဦးမှာ၊ ထိခိုက်သွားရင် စာလုပ်တာအပေါ် သက်ရောက်မှုတွေ ဖြစ်ကုန်လိမ့်မယ်”

ရှီရွှမ်းက သူမကိုယ်၌အတွက်တော့ အချိန်အလုပ်ပျက်လည်း ဂရုမစိုက်သော်လည်း ကျောင်းသားတွေအတွက်ဆိုလျှင် ဇာတ်လမ်းက တစ်မျိုးပြောင်းဖြစ်သည်။ သူမ မယိမ်းယိုင်မိဘဲ ‌မနေနိုင်တော့ချေ။

သူမက ရုံရုံ၏လက်ကို ဖျစ်ညှစ်ပြီး ပွတ်သပ်ကာ ယခုလို လှပပြီး သေးသွယ်သော လက်တွေသာ ဒဏ်ရာရသွားပါက နှမြောဖို့ကောင်းသည်ဟု တွေးနေမိသည်။

ရှီရွှမ်းက တုံ့ဆိုင်းမှုအချို့ဖြင့် ပြောလာ၏။ “ဒါဆိုလည်း ညီမတို့တွေ မှာစားလိုက်ရင်ပဲကော င်းမယ်ထင်တယ်”

“ကျွန်တော် ချက်လိုက်မယ်” ချူးချွမ်ရှန်းက ပြောလိုက်ပြီး အင်္ကျီလက်တွေကို လိမ့်တင် ၍မီးဖိုချောင်ဘက်သို့ လျှောက်လှမ်းသွားလိုက်သည်။ “ပါဝင်ပစ္စည်းတွေလည်း ဝယ်ထားပြီးသားလေ။ ဒီအတိုင်းထားမယ်ဆို လတ်ဆတ်တော့မှာ မဟုတ်ဘူး”

“တကယ်လို့ ကျွန်တော် အခုချိန် ဟင်းချက်ရင်းအလုပ်ရှုပ်နေရင်၊ သင်ခန်းစာ စာတမ်းတွေရေးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ညစာစားပြီးရင် အချိန်ပိုကြာကြာ နေရနိုင်တယ်”

ရှီရွှမ်း ဂရုအစိုက်ဆုံး ကိစ္စအပေါ် ထိလိုက်ပြီးအဆုံးထိ အခြေအနေကိုကြည့်၍ အိမ်မပြန်ခင်မှာ သူမ၏ သင်ခန်းစာ စာတမ်းတွေကို အပြီးသတ်ရေးပေးမည်ဟု စောင်းပါးရိပ်ခြေ ပြောလိုက်တာပင်!

လူကောင်းတစ်ယောက်ပဲဟု ရှီရွှမ်းကို နောက်တစ်ကြိမ် တွေးမိသွားစေသည်။

ရှီရွှမ်းမှာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်သော်လည်း ရှီလီကမူ ကိုယ့်တံတွေးနှင့်ကိုယ် နင်သွားလုနီးပါးပင်။ ဤလူ့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာကိုသူမ သိနေခဲ့ပြီး ယခုတော့ သူ့ဗီဇအမှန်ကိုထုတ်ပြလာခဲ့လေပြီ။

ရှီလီက အရူးတစ်ယောက်နှယ် ပြုံးဖြီးနေသောဝမ်းကွဲကို စိတ်တိုတိုဖြင့် ကြည့်လိုက်ပြီး ရုံရုံကို ပြောလိုက်၏။ “အဆင်ပြေတယ်၊နင် နားနေလိုက်။ သူ့ကိုပဲ ချက်ခိုင်းလိုက်ကြတာပေါ့”

“ညီမတို့တွေ သူများတွေကိုပဲ အမြဲတမ်းဒုက္ခခံခိုင်းလို့ မဖြစ်ဘူးလေ။ အစ်မရဲ့သင်ခန်းစာ စာတမ်းက ဘယ်လောက်ကျန်နေသေးလဲ။ ညီမ ကူပြီး ကူးပေးမယ်”

အဆုံးမှာတော့ တာဝန်အကုန်လုံးကို သူမပဲ ခေါင်းခံလိုက်တော့သည်။

သူမ ဘာလုပ်နိုင်မှာတဲ့လဲ။ သင်ခန်းစာ စာတမ်းတွေ ရေးဖို့အတွက် ချူးချွမ်ရှန်းကို နောက်ကျသည်အထိ မနေခိုင်းနိုင်ပေ။

ရှီရွှမ်းက အရူးတစ်ယောက်နှင့်တူသော သူမကိုကြည့်လိုက်၏။ သူတို့မှာ ကူညီပေးချင်နေတဲ့ငတုံးရှိနေပြီကို၊ သူမက ဘာလို့ အလုပ်လုပ်နေမှာလဲ။

ရှီလီက တွေးလိုက်၏: ညီမ ဘာလုပ်နိုင်မှာလဲ။ အားလုံးက အစ်မအတွက်ချည်းပဲလေ!

ထိုအခိုက်တွင် မီးဖိုချောင်ထဲက ယောကျ်ားအသံတစ်သံမှာ ထွက်ပေါ်လာသည် “ရှီရွှမ်း၊ပဲငံပြာရည်ပုလင်းက ဘယ်နားမှာလဲ။ ကျွန်တော် ရှာလို့မတွေ့ဘူး”

ရှီရွှမ်းမှာ ခေါ်ဆောင်ခံလိုက်ရ၏။ တရုတ် စတိုင် အဖွင့်မီးဖိုချောင်ထဲမှ သူတို့၏စကားဝိုင်းကို ခပ်တိုးတိုး ‌ကြားနေရသည်။ “ရှင် မမှတ်မိဘူးလား။ အိမ်မှာ ပဲငံပြာရည် ကုန်နေတယ်လေ။ စောနကမှ ကျွန်မတို့တွေ အသစ်တစ်ပုလင်း ဝယ်လာတာ” “အားနာလိုက်တာ၊ ကျွန်တော် မေ့သွားတယ်။ ကျွန်တော့်ကို ပဲငံပြာရည်ပုလင်း ယူပေးပါလား”

“အိုး၊ ရတယ်လေ”

ရှီရွှမ်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ရှင် တစ်ခုခု လိုသေးလား”

“ကျွန်တော့်ကို ပန်းကန်ပြားတစ်ချပ် ယူပေးပါလား။ ဘယ်မှာသိမ်းထားလဲ မသိလို့”

ထိုသို့ဖြင့် မီးဖိုချောင်ထဲတွင် အရေးကြီးတာဝန်မရှိဘဲ၊ ရှီရွှမ်းမှာ ဆားကမ်းပေးလိုက်၊ပန်းကန်ပြား ရှာပေးလိုက်နှင့် ပျားပန်းခတ်မျှ လှုပ်ရှားနေရသည်။ ၎င်းက သူမကို မောပန်းစေသလို၊ ရှီလီကိုလည်း ဒေါပွလာစေသည်။

ရှီလီက လှမ်းခေါ်လိုက်၏ “အစ်မ၊ ခေါင်းကိုက်နေသေးတယ်မလား။ ဘာလို့အိပ်ရာထဲသွားပြီး ခဏလောက် အနားမယူတာလဲ။ ဖျားနေတုန်းသေချာမနားရင် နာတာရှည် ဖြစ်သွားနိုင်တယ်နော်”

အချိန်အတော်ကြာသည်အထိ ဘယ်သူမှမတုံ့ပြန်လာကြဘဲ အဆုံးတွင် ဂရုမစိုက်သော“အဆင်ပြေတယ်” ဟူသော အသံကိုသာ ကြားလိုက်ရသည်။

မီးဖိုချောင်ထဲတွင် ရှီရွှမ်းက ချူးချွမ်ရှန်းအား ဟင်းဘယ်လိုချက်တတ်လဲနှင့် အရမ်းတော်တယ်ဟု ပြောနေသော စကားဝိုင်းသာ ဆက်လက်ထွက်ပေါ်နေသည်။

218 03

ချူးချွမ်ရှန်းက နိုင်ငံခြား၌ ပညာသင်တုန်းက အချက်အပြုတ်ကို ဘယ်လိုမျိုး လေ့လာခဲ့ တယ်ဆိုတာကို အသေးစိတ်ပြောပြခဲ့ပြီး ပင်လယ်ရပ်ခြားက ရယ်စရာ ပုံပြင်အတိုအထွာလေးတွေကို ပြောနေသဖြင့် ရှီရွှမ်းကိုမရပ်မနား တခစ်ခစ် ရယ်မောစေသည်။

ဆိုဖာပေါ်တွင် ရှီလီက ကူရှင်ကို ချူးချွမ်ရှန်းဟုသဘောထား၍ အပြင်းအထန် ထိုးနှက်နေလေသည်။

ရုတ်တရက် ရှီလီတွင် အကြံကောင်းတစ်ခု ထွက်ပေါ်လာ၏: [ငါ့အစ်မအတွက် အိမ်ဖော်တစ်ယောက် ရှာပေးရမယ်၊ အဲ့ကျမှ ရှင့်မှာ ဘယ်လိုစွမ်းရည်တွေ ကျန်သေးလဲဆိုတာကိုကြည့်ရသေးတာပေါ့]

ကျန်သုံးယောက်: ကောင်းလိုက်တဲ့ အကြံ!

နှစ်ဦးသားမှာ မီးဖိုချောင်ထဲ၌ ခိုးခိုးခစ်ခစ်အသံပြုနေခိုက်၊ ရှီလီက ဟွမ်ကျဲကိုဆက်သွယ်ပြီး အချက်အပြုတ်နှင့် အိမ်မှုကိစ္စနိုင်နင်းသောအချိန်ပိုင်း အလုပ်သမားတစ်ယောက်ကို ရှာခိုင်းလိုက်သည်။

သူမက အကြောင်းရင်းကိုတောင် တွေးထားပြီးသားပင်: အစ်မက အိမ်သစ်မှာ တစ်ယောက်တည်းနေရတော့ စိတ်ပူရတယ်၊ စိတ်အေးရအောင်လို့ သူမဘေးမှာ ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်ကို ထားဖို့လိုနေပြီ။

ရှီလီ၏ စကားတွေထဲက စစ်မှန်ခြင်းကို ဟွမ်ကျဲ သံသယမဝင်ပေ။ ညီအစ်မတွေကအမြဲတမ်း အနေနီးခဲ့ကြတာကြောင့် ရှီလီအနေနှင့် အစ်မဖြစ်သူမအပေါ် စိတ်ပူနေတာက သဘာဝပင်။

ဟွမ်ကျဲက အလွန်ကျွမ်းကျင်ပေသည်။ အစားအသောက်တွေ အဆင်သင့်မဖြစ်ခင်မှာပဲ အလားအလာကောင်းသော လျှောက်ထားသူတွေ၏ အလုပ်လျှောက်လွှာများအား ရှီလီထံပေးပို့လာသည်။

ချက်ပြုတ်ရာ၌ ကျွမ်းကျင်မှုရှိပြီး အရှေ့ပိုင်းတွင် နှစ်တွေအကြာကြီး လေ့လာခဲ့ဖူးသည့် အန်တီတစ်ယောက်ကို ရှီလီက အထူးတလည်ရွေးချယ်လိုက်သည်။

ညစာစားပွဲ၌ ရှီရွှမ်းက ချူးချွမ်ရှန်း၏ အချက်အပြုတ်ပညာအား ချီးကျူးနေတာ မရပ်‌နိုင်တော့ပေ။

“အစ်မ၊ ညီမ အစ်မအတွက် အိမ်ဖော်တစ်ယောက် ရှာတွေ့ထားတယ်။ ဒီလိုဆို အစ်မအိမ်ပြန်ရောက်တာနဲ့ အိမ်ချက်လက်ရာ ပူပူနွေးနွေးဟင်းတွေကို စားနိုင်ပြီ”

သူတို့မျက်နှာထက်က အနည်းငယ် အံ့အားသင့်သွားသော အမူအရာတွေကို မြင်လိုက်ရတော့ရှီလီက ချူးချွမ်ရှန်းကို အသာပြုံးပြလိုက်၏။

သူ၏ နိုင်ငံခြားတွင် အချက်အပြုတ်ပညာကို နှစ်နှစ်လောက် လေ့ကျင့်ခဲ့ခြင်းက သက်မွေးလမ်းကြောင်းအတွက် သင်ယူခဲ့သော ကျွမ်းကျင်သည့် စာဖိုမှူးအန်တီနှင့် ယှဉ်လို့ရတယ်ဆိုတာကို သူမ မယုံကြည်နိုင်ပေ။

ဝါသနာပါရုံနဲ့ ကျွမ်းကျင်သူတစ်ယောက်ကိုစိန်‌မခေါ်သင့်ဘူးလေ။

******

219 01

အခန်း ၂၁၉: ဟမ်

ရှီရွှမ်းက မျက်တောင်ခတ်လိုက်ပြီး ဝမ်းကွဲကိုမယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ကာ“အချစ်လေး၊ ငါ့ရဲ့လစာက ဘယ်လောက်ဆိုတာကို သိရဲ့လား”

ဤအခိုက်အတန့်၌ ရှီလီမှာ အမှန်တကယ် မသိထားသဖြင့် မေးလိုက်သည် “အစ်မရဲ့လစာက ဘယ်လောက်မို့လို့လဲ”

ရှီရွှမ်း ပြုံးရင်း “လူမှုရေးအာမခံနဲ့ အိမ်စရိတ်ကို နုတ်လိုက်ရင် တစ်လကို ယွမ် 7,000 ကျန်တယ်”

ဤလစာက ရှီလီ ထင်ထားသော ပမာဏထဲရှိနေသဖြင့် မအံ့ဩမ်ပေ။

ရှီရွှမ်းက သူမကို ထပ်မံမေးမြန်းလိုက်၏“ဒါဆို အိမ်ဖော်တစ်ယောက်ရဲ့ လစာကရော ဘယ်လောက်လဲ”

ဤသည်က်ိုတော့ အလုပ်လျှောက်စာထဲတွင်မျှော်မှန်းလစာက ယွမ် 20,000 မှ 25,000 အထိ ဖြစ်တာကို ရှီလီ သေချာသိထားသည်။

ထို့ကြောင့် ရှီလီက ဤဂဏန်းတွေကို ပြောပြလိုက်၏ “ယွမ် 20,000 ကနေ 25,000 ကြား”

ယခုလို ကျွမ်းကျင်သော အိမ်ဖော်၏လစာက သေချာပေါက် မနည်းပါးဘူးဆိုတာကို ရှီရွှမ်းသိထားလို့သာ သူမ၏ဝမ်းကွဲကို မေးနေရတာပင်။

ရှီရွှမ်းက ဖြည်းဖြည်းချင်းစီ ပြောပြလိုက်၏။ “ငါ့လစာက ယွမ် 7,000 ၊ လစာ အနည်းဆုံး20,000 ပေးရတဲ့ အိမ်ဖော်တစ်ယောက်ကို ငှားခိုင်းတယ်ဆိုတော့၊ ငါက ရူးနေလို့လား။ ငါအလုပ်လုပ်နေတဲ့ လတိုင်း အိမ်ဖော်ကိုယွမ် 13,000 အကြွေးတင်နေမှာ။ ငါ့အနေနဲ့သုံးလလောက် ကြိုးကြိုးစားစား အလုပ်လုပ်မှအိမ်ဖော်ရဲ့တစ်လစာ လစာကို ပေးနိုင်မှာလေ” ရှီရွှမ်းက ဝမ်းကွဲ၏ စဉ်းစားပုံကို နားမလည်နိုင်တော့ဘူးဟူသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။ “အဲ့လိုဆိုမှတော့ အလုပ်မလုပ်တော့ဘဲ ငါ့ဟာငါ အိမ်မှာပဲ ချက်ပြုတ်စားပြီး သန့်ရှင်းရေးလုပ်တော့မှာပေါ့။ ပိုက်ဆံမရှာနိုင်ရင်တောင် အနည်းဆုံး ပိုက်ဆံမကုန်တော့ဘူး”

“ငါ့ဘာကြောင့် အလုပ်လုပ်နေတယ်လို့များ နင်ထင်နေလဲ။ အလှူလုပ်ဖို့လား။ ငါတို့နိုင်ငံရဲ့ပညာရေးစနစ်က မလုံလောက်လို့ ပညာရေးတိုးတက်အောင်လို့ ငါ့ကိုယ်ပိုင်လစာကို လျှော့ပြီး အလုပ်လုပ်နေတယ်လို့များထင်နေလား”

“ဒါမှမဟုတ် ငါ့ကိုယ်ပိုင်တန်ဖိုးကို နားလည် ချင်လို့၊ ဘဝက အရမ်းပျင်းဖို့ကောင်းတယ် ထင်လို့၊ ငါ့ကိုယ်ငါ အပျင်းပြေအောင် အလုပ် လုပ်နေတယ်လို့ ထင်နေတာလား”

ဤအချက်တွင် ရှီရွှမ်းကို ရှီလီ ကောင်းကောင်းကြီး နားလည်ပေသည်။ သူမက အားလပ်နေတာကို နှစ်သက်၍ အလုပ်လုပ်ရမှာကို မုန်းတီးကာ ပျင်းရိခြင်းကို အပြင်းအထန် ခံစားနေရသူပင်။ ရှီရွှမ်းက အထက်ပါ ဖော်ပြထားသောနှစ်မျိုးနှစ်စားထဲက တစ်ခုမှ မဟုတ်ပေ။

အကြောင်းရင်းကို ရှီလီ မှန်းဆကြည့်နိုင်သည်။ ရှီရွှမ်း အလုပ်လုပ်လိုသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သဘောကျလို့ မဟုတ်ဘဲ၊အာမခံကြေးကို လစဉ်ထုတ်ယူနိုင်ရန်အတွက် အရည်အချင်း ပြည့်မှီအောင်လို့ပင်။

ရှီရွှမ်းတွင် အိမ်မှာပဲနေပြီး မိဘလုပ်စာကို ထိုင်စားလို့ရသည့် ငွေပုံကြီးရှိနေတာကို ဘာလို့လုံ့လဝီရိယရှိရှိဖြင့် အလုပ်လုပ်ဖို့ကို ရွေးချယ်ခဲ့ရသနည်း။ အားလုံးက မိသားစု၏ အာမခံကြေးပေါ် မူတည်နေလို့ဖြစ်သည်။

ရှီမိသားစုထဲရှိ ကလေးတိုင်းသည် မွေးလာကြကတည်းက ကျွမ်းကျင်သော အာမခံမန်နေဂျာတွေ စီမံပေးထားသည့် ရင်းနှီးမြှုပ်နှံထားသောအာမခံကြေးတွေ ရှိထားကြ၏။ အနှီငွေကြေးက သူတို့နာမည်ဖြင့်ဆိုသော်ငြား စိတ်ရှိတိုင်း သုံးလို့မရပေ။ တစ်ခုတည်းသော အခြေအနေ မှာ ရှီမိသားစု၏ ကလေးများတွင် အလုပ် အကိုင်တစ်ခု သေချာပေါက် ရှိနေရမည်ဖြစ်ပြီး အိမ်မှာပဲ သေသွားသည်အထိ ထိုင်စောင့်နေလို့ မရချေ။

သူတို့တွင် အလုပ်အကိုင်ရှိနေသရွေ့၊ အာမခံငွေများကို လစဉ်လတိုင်း ထုတ်ယူသုံးစွဲနိုင်၏။

တစ်ချိန်တည်းမှာပင် သူတို့သာ အချိန်တစ်ခုအထိ အလုပ်လက်မဲ့ ဖြစ်သွားပါက အာမခံငွေမှ ပိုက်ဆံတွေကို ထုတ်ယူခွင့်မရနိုင်တော့ချေ။ အလုပ်သစ်ရှာပြီးမှသာ ငွေထုတ်ရန် အရည်အချင်း ပြည့်မှီမှာဖြစ်သည်။

ရှီရွှမ်းသည် ငယ်စဉ်ကတည်းက ခက်ခဲပင်ပန်းသော အလုပ်များကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘဲ လွတ်လွတ်လပ်လပ် နေရတာကိုသာ သဘောကျလေသည်။ တည်ငြိမ်သော အလုပ်တစ်ခုကသာ အာမခံကြေးကို လစဉ်လတိုင်း ထုတ်ယူခွင့်ရှိတယ်ဆိုတာကို နားလည်လာခဲ့တာကြောင့် ဘယ်အလုပ်က တည်ငြိမ်လဲဆိုတာကို စတင်စဉ်းစားခဲ့၏။ အတော်များများ စဉ်းစားကြည့်ပြီးသည့်နောက် အစိုးရအလုပ်တွေကသာ လောက်ငှစေနိုင်သည်ဟု ကောက်ချက်ချခဲ့တာပင်။

ဆရာမဖြစ်ဖို့ကို ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းကတော့ ဆရာ‌များသည် အခြားသောအလုပ်များထက် ဆောင်းရာသီနှင့် နွေရာသီ၌ပိတ်ရက်ပိုရသဖြင့် အနှီပိတ်ရက်များအတွင်းသူမ၏ ခရီးထွက်ခြင်းကို အဆင်ပြေစေတာ ကြောင့်သာ။

ဆရာမဖြစ်လာဖို့အတွက် သူမ၏ပန်းတိုင်ကိုသတ်မှတ်ခဲ့ပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ လူတွေထံမှ လေ့လာခဲ့တာကနေတဆင့် ၎င်းကို လွယ်ကူ‌သည့် ကျွမ်းကျင်မှုဟုတွေးကာ သူမ၏ အားစိုက်ထုတ်မှုအကုန်လုံးကို ဤပန်းတိုင်၌ အာရုံစိုက်ခဲ့တာဖြစ်သည်။

မကြာခင်မှာပဲ ဆရာမ လုပ်ရသည်မှာ ထင်သလောက် မလွယ်ကူဘူးဆိုတာကို သူမစတင်နားလည်လာခဲ့၏။

219 02

ပုံမှန်အတန်းချိန်များအပြင် အမျိုးစုံသောအစည်းအဝေးပွဲများ၊ စာမေးပွဲ မေးခွန်းထုတ်ခြင်းများ၊ အဆင့်သတ်မှတ်ပေးရခြင်းများ၊သင်ခန်းစာ စာတမ်းများနှင့် သင်ကြားရေးအစီအစဉ်များကို ရေးသားခြင်းများပါ ပါဝင်လေသည်...

ဒါ့အပြင် လစာမှာ အလုပ်လုပ်ရတာနှင့် အချိုးမညီချေ။ ရှီရွှမ်းကတော့ မိသားစုနောက်ခံရှိသဖြင့် အဆင်ပြေနေသေးသော်လည်း သာမန်မိသားစုများမှ သူမ၏ လုပ်ဖော်ကိုင် ဖက်တွေ အတွက်မှာ အမှန်တကယ်ကို ခက်ခဲပေသည်။

လစာ ယွမ် 20,000 က ရှီရွှမ်းအတွက်‌တော့ ကိန်းဂဏန်းကြီး မဟုတ်ပေ။ သူမ၏ အဒေါ်က သမီးဖြစ်သူကို လစဉ်လတိုင်း မုန့်ဖိုးပေးရတာကို မဆိုထားနှင့်၊ အာမခံကြေးကနေ ထုတ်ယူ၍ရသော ပိုက်ဆံနှင့်ပင် အိမ်ဖော်အဖွဲ့ကို ထောက်ပံ့ပေးဖို့ မလောက်ငှချေ။

သို့သော် ရှီရွှမ်းမှာ သူမ အလုပ်ခန့်မည့် အိမ်ဖော်၏ လစာက ယွမ် 20,000 ဖြစ်နေပြီးသူမ၏ ကိုယ်ပိုင်လစာကတော့ ယွမ် 7,000 ဖြစ်နေတာကို တွေးမိချိန်၌ မမျှတဘူးဟု တွေးလိုက်မိသည်။

သူမ၏ အားအင်ကုန်ခမ်းစေသော အလုပ်မှပင်ပင်ပန်းပန်း ရှာထားရသည့် ပိုက်ဆံသည် အိမ်ဖော်တစ်ယောက်ကိုပင် မထောက်ပံ့ပေးနိုင်ပေ။

ရှီလီသည် သူမဝမ်းကွဲက ပိုက်ဆံပြတ်လပ်နေတာ မဟုတ်ဘူးဆိုတာကို သိနေတာကြောင့် လုံးလုံးလျားလျား အပြစ်တင်လိုက်၏။ သူမပြောလိုက်သည်၊ “အဆင်ပြေတယ်ရယ်၊အိမ်ဖော်အတွက် လစာကို ညီမ ပေးမယ်”

သူမတွင် အရင်တုန်းက ပေါ်ယိရန်ဆီကနေရရှိထားသော ယွမ် 4 သန်း ရှိနေသေးကာအနှီ လုပ်ရည်ကိုင်ရည်ရှိသော အိမ်ဖော်၏15 နှစ်စာ လစာကိုပေးရန် လုံလောက်သည်။

ရှီရွှမ်းက သူမ၏ဝမ်းကွဲအား မထောက်ပံ့ခိုင်းနိုင်ပေ။ သူမက ဤတိုက်ခန်းတွင် အမြဲတစေ နေတာမဟုတ်သဖြင့် အချိန်ပိုင်း သန့်ရှင်းရေးသမားကို ပုံမှန်ခေါ်နေခြင်းနှင့်တင် လုံလောက်ပေသည်။ သူမသည် ကန်တင်းကနေ သို့မဟုတ်အော်ဒါမှာစားလို့ရပြီး အကယ်၍ အိမ်ချက်ဟင်းများကို စားချင်လာပါကလည်း ဒရိုင်ဘာကို လာပို့ခိုင်းခြင်း သို့မဟုတ် သူမကိုယ်တိုင် အိမ်သို့ တကူးတကပြန်နိုင်ပေသည်။

“ဒီအကြောင်းကို နောက်မှ ပြောရအောင်ပါ။ ငါက ဒီတိုက်ခန်းမှာလည်း အမြဲနေဖြစ်တာ မဟုတ်တော့ ငါ့အတွက် အထူတလည် ချက်ပြုတ်ပေးမဲ့ အိမ်ဖော်တစ်ယောက်ကို ငှားဖို့မလိုဘူး”

ရှီရွှမ်းက အသားတစ်ချို့ကို တူဖြင့်ညှပ်၍ ဝမ်းကွဲလေးအတွက် ထည့်ပေးလိုက်သည်၊ “ငါတို့ရဲ့ အချစ်လေးလီက အကောင်း‌ဆုံးပဲ၊အစ်မက နင့်ကို အချစ်ဆုံးပဲနော်”

သူ့ညီမက စိတ်ထားနူးညံ့ပြီး မာကြောသည့်သူမဟုတ်၍ ယခုလိုချဉ်းကပ်သော နည်းလမ်းကအမြဲတမ်း အလုပ်ဖြစ်တယ်ဆိုတာကို ရှီရွှမ်း သိနေသည်။

ဤပရိယာယ်က အမှားအယွင်းမရှိဘူးဆိုတာ သေချာသလောက်ပင်။ ရှီလီက မျက်နှာမှာ စကားပြောလိုက်တိုင်း အဆင်မပြေသလို ဖြစ်လာပြီး “အစ်မ တစ်ယောက်တည်း အပြင်မှာနေနေတာကို စိတ်မချလို့ပါ။ ဒီနေ့ ဘာလို့အိမ်မပြန်တာလဲ”

ရှီရွှမ်းက သူမ၏ မပြီးပြတ်သေးသော သင်ခန်းစာ စာတမ်းအကြောင်းကို တွေးနေ တုန်းပင်။ သူမက ပြောလိုက်၏။ “အိမ်မှာနေတာက ပိုပြီးသက်တောင့်သက်တာ ဖြစ်တယ်ဆိုပေမဲ့ မနက်ဖြန်ကျရင် ငါ အလုပ်သွားရဦးမှာ။ အခုနေ အိမ်ပြန်လိုက်လို့ရှိရင် နောက်နေ့မနက်ကျ ပြန်လာနေရဦးမယ်။ အရမ်းအလုပ်ရှုပ်ပါတယ်”

သူမ၏ ရှင်းပြချက်ကို ရှီလီ တုံ့ဆိုင်းစွာဖြင့် လက်ခံလိုက်ရသည်။ သူတို့ခြောက်ယော က်ညစာစားပြီးသည့်နောက် ပန်းကန်တွေကို အတူတူ ဆေးကြောလိုက်ကြသည်။

အိမ်တွင် ပန်းကန်ဆေးစက်ရှိတာကြောင့် ဘယ်သူ ပန်းကန်ဆေးမယ်ဆိုတာကို စိတ်ပူနေစရာ မလိုတော့ပေ။

ယုတ္တိကျကျပြောရလျှင် နောက်ကျနေပြီဖြစ်သဖြင့် အုပ်စုမှာ ထွက်သွားသင့်နေလေပြီ။ ဦးစွာအနေနှင့် အိမ်ရှင်က အနားယူဖို့ လိုအပ်နေကာ သူတို့လေးယောက်ကလည်း မနက်ဖြန်ကျလျှင် ကျောင်းတက်ရဦးမှာဖြစ်၍ စောစောစီးစီး အနားယူဖို့ လိုအပ်နေသည်။ ဒုတိယမှာရုန်ရုန်က ယနေ့တွင် အိမ်ပြောင်းထားသဖြင့်ပစ္စည်းအတော်များများကို ပြန်လည်နေရာချထားရဦးမှာပင်။ သူတို့သည် နေ့လယ်တုန်းက သူမ၏အချိန်အများစုကို ယူခဲ့ကြတာကြောင့်ဆက်ပြီး မနှောင့်ယှက်သင့်တော့ချေ။

ရုံရုံက လက်တွေကို ခါယမ်းပြလိုက်ပြီး:ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး။ ဒရာမာကြည့်နေရတာက ပိုကောင်းတယ်။

ညစာစားပြီးနောက် ချူးချွမ်ရှန်း၏ မျိုးစုံသောအရိပ်အမြွတ်များအောက်၌ ရှီရွှမ်းက မှောင်နေပြီဖြစ်ပြီး အပြင်မှာ နောက်ကျသည့်အထိနေလျှင် အန္တရာယ်များသည်ဟု ပြောလာ၍ လူတိုင်းကို အိမ်မြန်မြန်ပြန်ဖို့ နှိုးဆော်လာတော့သည်။

ရှီလီမှာ တွန့်ဆုတ်စွာဖြင့် ထွက်သွားပေးလိုက်ရပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်း နောက်သို့ ပြန်လှည့်ကြည့်လာ၏။ ရှီရွှမ်းက လူတိုင်းအား အိမ်သို့ ဘေးကင်းကင်းဖြင့် ပြန်ရောက်လျှင် မက်ဆေ့ခ်ျပို့လိုက်ဟု ပြောလိုက်သည်။

ရှီရွှမ်း၏ တိုက်ခန်းကနေ ထွက်လာပြီးနောက်လေးယောက်သားမှာ ချူးချွမ်ရှန်းဆီက အခွင့်ကောင်းယူပြီး ဝယ်ထားသော မီးဖိုချောင်သုံး ဇွန်းခရင်းများနှင့် အိမ်သုံးပစ္စည်းလေးများကိုသယ်၍ အိမ်နီးချင်း တိုက်ခန်းဘက်သို့ဦးတည်လိုက်ကြ၏။

ညကောင်းကင်ယံတွင် ဝိုင်းစက်နေသော လမင်းကြီးမှာ အမြင့်ကြီးတွင် တည်ရှိနေ၍ လူငယ်လေးတွေနှင့် မိန်းမငယ်လေးတွေကတစ်ယောက်ကို ဈေးဝယ်အိတ်ကြီးနှစ်အိတ်စီ သယ်ထကြပြီး သူတို့၏ အရိပ်များမှာ မြေကြီးပေါ်တွင် ရှည်လမြော ဆန့်ထွက်နေကြလျှက်။

219 03

ရုံရုံကို အိမ်ပြန်လိုက်ပို့ပေးပြီးသည့်နော က်သုံးယောက်သားဟာ သူမအား ပစ္စည်းတွေကို နေရာချစေ၍ သူတို့ကတော့ စားသောက်ကုန်များကို ရေခဲသေတ္တာထဲ ထည့်ပေးခြင်းနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို နေရာချထားပေးခြင်းတို့ဖြင့် ကူညီပေးခဲ့ကြသည်။

ရုံရုံတစ်ယောက် အကူအညီမလိုတော့ဘူးဆိုတာကို သေချာအောင်လုပ်ပြီးမှ သုံးယောက်သားက သူမကို တံခါးကို သော့ခတ်ထားဖို့ သတိပေး၍ တိုက်ခန်းထဲကနေ အတူတူထွက်လာခဲ့ကြသည်။

ရှီလီ၏ မိသားစုဒရိုင်လာက တိုက်ခန်း၏ဝင်ပေါက်တွင် စောင့်ဆိုင်းနေပြီး ဖူဟွေ့ရှင်းနှင့်ချောင်ကျင်းကျားတို့ကို အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။

အိမ်ပြန်လမ်း၌ ရှီလီမှာ စိုးရိမ်စိတ်တွေ တိုးပွားလာပြီး ရှီရွှမ်းနှင့် ဗီဒီယို‌ကောလ် ခေါ်လိုက်၏။

ရှီရွှမ်းက ဖုန်းကို စွဲနေသူပင်။ သူမက အလုပ်လုပ်နေချိန်မှာတောင် ဖုန်းခိုးသုံးမှာဖြစ်ပြီး အလုပ်မလုပ်နေသည့် အခါမျိုးမှာတော့ ပြောနေစရာပင် မလိုတော့ပေ။ သူမ ဖုန်းသုံး‌ေနေလောက်သည်။

နောက်ဆုံးတွင် ဖုန်းမကိုင်လာမချင်း ရှီလီ၏ နှလုံးသားမှာ တဖြည်းဖြည်း နစ်မြုပ်သွားရ၏။

******

220 01

အခန်း ၂၂ဝ : နင်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ

စခရင်ပေါ်တွင် ရှီရွှမ်း၏ ပြုံးရွှင်နေသောမျက်နှာပေါ်လာပြီး ပြောလာသည် “ဘာကိစ္စ။ ငါ့ကို စစ်ဆေးနေတာလား။ စိတ်မပူနဲ့၊ ဇနီးလေးရေ၊ ချူးချွမ်ရှန်းက ပြန်သွားပြီ”

ရှီရွှမ်း၏ စကားတွေကို ရှီလီ မယုံကြည်သော်လည်း သူမ၏ ပေါ့ပါးသောလေသံက ချူးချွမ်ရှန်း အမှန်တကယ် ထွက်သွားပြီလို့ရှီလီကို ယုံကြည်အောင်လုပ်နေ၏။ ရှီရွှမ်းက ချူးချွမ်ရှန်း၏ အရှေ့တွင် မိန်းမပျိုတစ်ဦးလို ပြုမူနေသောအဆင့်ပဲရှိသေး၍ အကယ်၍သူသာ ရှိနေသေးလျှင် ယခုလိုအပြုအမူမျိုးဖြင့် ပြောလာမှာ မဟုတ်ပေ။

ညီအစ်မတွေ ဆိုသည့်အတိုင်း သူတို့၏အာရုံစိုက်ရာက တူညီသည်။ ရှီလီ မေးလိုက်၏။ “သင်ခန်းစာ စာတမ်းတွေကို ကူးရေးလို့ ပြီးသွားပြီလား”

ရှီရွှမ်းက ကောက်ကျစ်စွာ ပြုံးဖြီးလာ၍“ဒါပေါ့၊ ပြီးသွားပြီ။ မပြီးသေးရင် ငါ သူ့ကိုဘယ်လိုလုပ် ပြန်လွှတ်နိုင်မှာလဲ”

စခရင်ပေါ်ရှိ ရှီရွှမ်းက ခေါင်းခါလာပြီး ကျွတ်စုပ်ကာ “သူက သင်ခန်းစာ စာတမ်းတွေရေးတဲ့နေရာမှာ တကယ့်ကို ပါရမီပါတာ။ သူ ဆရာဖြစ်မလာတာ နှမြောစရာကောင်းတယ်”

ရှီလီ၏ သူမ၏ စိတ်အားထက်သန်နေခြင်းကို လျှော့ချပစ်လိုက်၏။ “သူသာ ဆရာဖြစ်ကြည့်၊အစ်မအတွက် ရေးပေးမဲ့အစား သူ့ရဲ့သင်ခန်းစာ စာတမ်းကိုတောင် ပြီးအောင်ရေးနိုင်မှာ မဟုတ်ဘူး”

“ဟုတ်သားပဲ”

ရှီရွှမ်းသည် ကင်မရာမှတဆင့် ကားအတွင်းပိုင်းကို သတိထားမိသွားတာကြောင့် ရှီလီ အိမ်ပြန်မရောက်သေးဘူးဆိုတာကို ညွှန်ပြနေသည်။ သူမ ညီမဖြစ်သူကို အကြံပေးလိုက်၏။“ဒရိုင်ဘာကို မလောဖို့ ပြောလိုက်ဦးနော်။ အိမ်ကို အလောသုံးဆယ် ပြန်စရာမလိုဘူး၊ဖြည်းဖြည်းမောင်းလို့ ပြောလိုက်ဦး”

ရှီလီက နားကြပ်တပ်ထားတာဖြစ်ပြီး ဒရိုင်ဘာကြားသွားနိုင်သည့် မသင့်လျော်သော စကားတစ်ခုခုကို ရှီရွှမ်း ပြောလာမည်အား စိုးရိမ်လို့ပင်။ ဒရိုင်ဘာက မိသားစု၏ ရေရှည်အလုပ်သမား ဖြစ်သော်လည်း သတိထားတာကပိုကောင်းသည်။

ရှီလီက ခေါင်းညိတ်ကာ စိတ်မပူနဲ့၊ သူ့ကို ညီမပြောလိုက်မယ်။ အစ်မလည်း နားသင့်ပြီ။ ထိခိုက်ထားတာ မဟုတ်လား။ နောက်ကျတဲ့အထိ မနေနဲ့ဦး၊ မနက်ကျရင် အလုပ်သွားဖို့ စောစောထရဦးမှာ”

ရှီလီက သူမကို ပုံမှန်အတိုင်း သတိပေးလိုက်ပြီး သူမ အလေးထားတာ၊ မထားတာကတော့ သူမ ထိန်းချုပ်လို့မရပေ။

ဗီဒီယိုကောလ်က အလျင်အမြန်ပဲ အဆုံးသတ်သွားခဲ့သည်။ ဤအချိန်တွင် ရှီလီ၏ ဗီလာသို့ရောက်ရန် အနည်းငယ် လိုသေး၏။ ရှီလီကနားကြပ်ကို ဆက်တပ်ထားလိုက်ပြီး ယခုတွင်ငြိမ့်ညောင်းသော သီချင်းကို နားထောင်နေတာပင်။

ရှီလီ အိမ်ပြန်လမ်းမှာပဲ ရှိနေသေးသည့်အခိုက်၊ ရုံရုံက အိပ်ရာခင်းများနှင့် ခေါင်းအုံးစွပ်များကို စွပ်ပြီး၍ သန့်စင်ခန်းထဲတွင် အိမ်သာသုံးပစ္စည်းတွေကို နေရာချထားနေလျှက်။ သူမစာအုပ်တွေကို ထုတ်ယူလိုက်ပြီး အိပ်ခန်းထဲရှိစားပွဲခုံတွင် ထိုင်ချလိုက်၏။ အနည်းငယ်တွေးတောပြီးနောက် သူမ၏ဖုန်းကိုထုတ်၍ မရင်းနှီးသော စကားပြောခန်းထဲတွင် မက်ဆေ့ခ်ျတစ်ကြောင်းကို စာစီလိုက်သည်။

တစ်ချိန်တည်းမှာပင် မတူညီသော နေရာများ၌ဖူဟွေ့ရှင်းနှင့် ချောင်ကျင်းကျားတို့ကလည်း တူညီသော အရာတစ်ခုကို လုပ်ဆောင်နေကြ ကာ ရှီလီဆီက ကြားခဲ့ရသော သတင်းအချက်အလက်များကို စုစည်း၍ ကျီဖေးယွီထံ မက်ဆေ့ခ်ျပို့လိုက်ကြသည်။

ကျီဖေးယွီသည် သူစိမ်းသုံးယောက်ထံမှ မက်ဆေ့ခ်ျများကို တစ်ပြိုင်တည်းနီးပါး လက်ခံရရှိခဲ့ပြီး စာပိုဒ်အတိုလေးများ ဖြစ်နေ တာကို သိလိုက်ရသည်။

၎င်းတို့ကို ဖတ်ကြည့်ပြီးနောက် အနှီအဓိပ္ပာယ်ပြည့်‌ဝနေသော လူသုံးယောက်က ရှီလီထံမှ သူတို့တွေ ကြားခဲ့သော သူမအစ်ကို၏သေဆုံးခြင်းအကြောင်းအရာအား ပေးပို့လာတယ်ဆိုတာကို ကျီဖေးယွီ နားလည်သွားတော့သည်။

သူတို့တွေက တူညီသော အကြောင်းအရာကိုနားထောင်ခဲ့တာ မှန်သော်လည်း မက်ဆေ့ခ်ျသုံးခုက အတော်လေးကို ကွဲပြားနေ၏။

မက်ဆေ့ခ်ျတစ်ခုက လိုရင်းတိုရှင်းဖြစ်ကာအဓိကအချက်တွေကို အကျဉ်းချုံး၍ပေးပို့သူ၏ ကောက်ချက်ချချက်များပါ ပါဝင်ပေသည်။

နောက်တစ်ခုကတော့ အတော်လေးကို ရှည်လျား၍ ရှီလီထံမှ သူတို့တွေ ကြားခဲ့ရသော အပြည့်အစုံကို ပြန်ပြောပြနေသည့်ပုံပင်။

220 02

ဤမက်ဆေ့ခ်ျနှစ်ခုကနေ သူမအစ်ကိုကကုမ္ပဏီမှ ဦးစီးကျင်းပသော အလှူပွဲကြောင့်ဝေးလံခေါင်ပါးသော ရွာတစ်ရွာတွင် သေဆုံးသွားမည်ဖြစ်၍ ထိုအချိန်တွင် သူမ၏ယောက်မမှာ ကိုယ်ဝန်နှစ်လရှိနေပြီ ကဲ့သို့သောသတင်းအချက်အလက် အတော်များများကို ကျီ‌ဖေးယွီ စုဆောင်းနိုင်ခဲ့သည်။

ကျီဖေးယွီ နောက်ဆုံးမှ လက်ခံရရှိခဲ့သည့် နောက်ဆုံးမက်ဆေ့ခ်ျကတော့ အကျယ်ပြန့်ဆုံးပင်။

ဤတတိယမြောက် မက်ဆေ့ခ်ျက စိတ်ဝင်စား ဖို့ကောင်းလှသည်။ ရှီလီ၏ စကားတွေအားအပြည့်အစုံ ရေးသားထားကာ ပေးပို့သူ၏ကိုယ်ပိုင်ထင်ကြေးများကို အကြမ်းဖျင်းပြောပြထားသည်။ ပထမ မက်ဆေ့ခ်ျတွေတုန်းကလို ‌မရေမရာ ခန့်မှန်းချက်မျိုး မဟုတ်ဘဲ၊ဤတစ်ခုက ဒွိဟဖြစ်စေနိုင်သော အသုံးအနှုန်းများကို အသုံးပြုထားသည့်တိုင် “ဖေဖော်ဝါရီလလောက်” ဟူသည့် အတော်လေး တိကျ‌သောသတ်မှတ်ကာလကိုပါ ဖော်ပြထားသည်။

အနှီတတိယလူက ကျန်နှစ်ယောက် သတိမပြုမိခဲ့သည့် အတွင်းသတင်းများကို ရှီလီထံက ရခဲ့တာလားဟူ၍ ကျီဖေးယွီကို အံ့အားသင့်သွားစေသည်။

သို့သော် ပထမဆုံး မက်ဆေ့ခ်ျနှစ်ခုတွင်ဖေဖော်ဝါရီလကို မဖော်ပြခဲ့ကြကတည်းက ဤသတင်းကို ကျီဖေးယွီ သိပ်မအံ့ဩမိပေ။

သူမ၏ယောက်မ ကိုယ်ဝန်နှစ်လရှိတာနှင့်ကုမ္ပဏီ၏ အလှူပွဲအခမ်းအနားနှင့် ပတ်သက်သော အချက်အလက်တွေအပေါ်မှာပဲ အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။

ရလဒ်ကတော့ အိပ်ရာမှနိုးလာသည့် မနက်ခင်း တိုင်းတွင် ကျီဖေးယွီ မေးလာသည့် ပထမဆုံးအရာမှာ သူမ၏ယောက်မ ကိုယ်ဝန်ရှိနေလားဆိုတာပဲ ဖြစ်နေတာကို ကျီမိသားစု သတိထားမိလာကြသည်။

ကျီဖေးယွီ၏ မိဘတွေလည်း စောစောစီးစီး မြေးချီချင်ကြသော်ငြား သူတို့၏ သမီးငယ်လိုအခြေအနေမျိုးထိတော့ မရောက်သေးပေ။

ဘယ်သူကများ သူတို့ရဲ့ယောက်မ ကိုယ်ဝန်ရှိနေပြီလားလို့ နေ့တိုင်းမေးမှာတဲ့လဲ။

ကျီဖေးယွီ၏အစ်ကိုမှာ သူ့ညီမလေးက ပုံမှန်မဟုတ်စွာ ပြုမူနေတယ်လို့ ခံစားမိလာ၏။ သူ့ညီမ၏ နေ့တိုင်းမေးခွန်းထုတ်ခြင်းကြောင့်ဇ နီးဖြစ်သူ ဖိအားတွေ ခံစားလာရမှာကို စိတ်ပူသဖြင့် ကျီဖေးယွီကို တစ်ကြိမ်ထက်မက ပြင်းပြင်းထန်ထန် အပြစ်တင် ပြောဆိုခဲ့ပြီး ကွယ်ရာတွင် ကလေးယူဖို့ကို လောစရာမလို ဘူးဟု သူ့မိန်းမအား ပြောခဲ့သည်။

ကျီဖေးယွီမှာ မှားယွင်းသလို ခံစားလိုက်ရ၏။ သူမကိုယ်သူမ စိတ်အနှောင့်အယှက် အဖြစ်ခံပြီး ယောက်မမှာ ကိုယ်ဝန်ရှိနေလားလို့ မေးနေတာကို ပျော်နေတယ်လို့များ သူတို့တွေ ထင်နေကြတာလား။

သူမက အဒေါ်ဖြစ်လာဖို့ အလျင်လိုနေခြင်း မဟုတ်ချေ။ သူမ၏ တူလေး၊ တူမလေးတွေအပေါ် နှစ်သက်မှုက သူမ၏ယောက်မအားသဘောမကျခြင်းနှင့် တူပေသည်။

သဘောမကျသော ယောက်မက မွေးလာသည့်ကလေးတွေလည်း သဘောမကျခြင်းကို ခံရမှာဖြစ်သည်။

လူတွေကို ပွင့်ပွင့်လင်းလင်း စိတ်ရှုပ်အောင် မလုပ်နိုင်တော့၊ ကျီဖေးယွီက ယောက်မကိုတိတ်တဆိတ် လေ့လာရုံသာ တတ်နိုင်တော့သည်။

ကျီဖေးယွီမှာ ယခုလိုလုပ်နေရခြင်းကြောင့် မောပန်းနေရပြီး ဏှာဘူးတစ်ယောက်လို ခံစားနေရသည်။

ကျီဖေးယွီသည် သူမအစ်ကို၏ သေဆုံးခြင်းဇာတ်မြစ်နှင့် မက်ဆေ့ခ်ျသုံးခုထံမှ ခန့်မှန်းချိန်ကို သိလိုက်ရပြီးနောက် ၎င်းကို တားဆီးရန်လျှို့ဝှက်ပြီး ကြိုးစားနေချိန်မှာ ရှီလီနှင့်“သူခိုးသုံးဖော်” ထဲက နှစ်ယောက်ကတော့ပိတ်ရက်ပြီးလျှင် သင်္ချာပြိုင်ပွဲ၌ ဝင်ပြိုင်ရပေတော့မည်။

လူတိုင်းသည် ဤသင်္ချာပြိုင်ပွဲအတွက် အချိန်အကြာကြီး ပြင်ဆင်လာခဲ့ရတာပင်။

နောက်ဆုံး ရွေးချယ်မည့်အဆင့်၌ စုစုပေါင်းလေးနေရာရှိ၏။ ရှီလီနှင့် သူမ၏အပေါင်းအသင်း နှစ်ယောက်မှလွဲလျှင် စတုတ္ထမြောက်နေရာကို အိမ်နီးချင်းအတန်း၏ သင်္ချာကိုယ်စားပြု ရသွားသည်။

ဤပြိုင်ပွဲအတွက် ကျောင်းက ကျောင်းသားလေးယောက်ကို သောကြာနေ့တွင် နေ့တစ်ပိုင်းနားခွင့် ပေးလိုက်ပြီး စာမေးခန်းခန်းကို သွားကြည့်၍ ကောင်းကောင်း အနားယူဖို့မှာကြားလိုက်သည်။

220 03

လေးယောက်သားဟာ ဘတ်စ်ကားစီး၍ စာမေးပွဲခန်းကို သွားရောက်မကြည့်ခင်တွင် ကန်တင်း၌ နေ့လယ်စာအတူတူ စားလိုက်ကြသေး၏။

စာမေးပွဲခန်းက ချန်ဖူအထက်တန်းကျောင်းနှင့်သိပ်မဝေးဘဲ ငါးမှတ်တိုင်လောက်သာ ကွာဝေးသည်။

လူရှုပ်ချိန်မဟုတ်သဖြင့် ဘတ်စ်ကားမှာ လူချောင်ပေသည်။ လေးယောက်သားမှာ ဘတ်စ်ကား၏ နေရောင်ကျသောဘက်ခြမ်း၌ဘေးချင်းကပ် ထိုင်လိုက်ကြ၏။

နေ့လယ်ခင်း နေရောင်အောက်၌ ဘတ်စ်ကားမှာ ဖြည်းဖြည်းချင်း မောင်းနှင်နေတာကြောင့်ထိုင်ခုံပေါ်ရှိ ကျောင်းသားလေးယောက်ကို အိပ်ချင်လာစေသည်။

သူတို့တွေ ရောက်ရှိလာတော့၊ ကျောင်းသားလေးယောက်မှာ ဘတ်စ်ကားပေါ်မှ ခုန်ဆင်းလာခဲ့ကြသည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားဦးရေမှာ သိပ်မများဘဲ၊ အချို့များဆိုလျှင် စာမေးပွဲခန်းတွေကို ကြိုတင်စစ်ဆေးသည့်အကျင့်မရှိကြသဖြင့် စာမေးပွဲခန်း၏ ဝင်ပေါက်မှာ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို ဝင်ခွင့်ဖြေရာ၌ စာမေးပွဲခန်းကို လာရောက်စစ်ဆေးကြည့်ကြသော လူထူထပ်သည့် မြင်ကွင်းနှင့် ယှဉ်ကြည့်ပါက တိတ်ဆိတ်နေလေသည်။

လေးယောက်သားမှာ “ငါတို့ ဒီရောက်ခဲ့တယ်”လို့ ပြောဖို့အတွက် ရောက်လာသလိုမျိုး ပြုမူခဲ့ကြပြီး စာမေးပွဲခန်း‌နေရာကို ခြုံငုံ၍အကြမ်းဖျင်း ကြည့်ခဲ့ပြီးနောက် စာမေးပွဲကျင်းပရာနေရာ၏ ဘေးပတ်ဝန်းကျင်ကမုန်များဘက်သို့သာ အပြည့်အဝ အာရုံစိုက်လိုက်ကြတော့သည်။

ဆောင်းဦးသို့ ဝင်ရောက်လာပြီဆိုတာနှင့် ကန်စွန်းဥကင်ရောင်းသော ဆိုင်ခန်းလေးတွေမှာ လမ်းမထက် ထွက်ပေါ်လာလေပြီ။

အေးစက်သော ရာသီဥတု၌ ရှီလီ၏လက်တွေမှာ အမြဲတမ်း အေးစက်နေလေ၏။

ကန်စွန်းဥကင်တွေကို မြင်လိုက်ရတော့ ရှီလီကသူမ၏လက်တွေ အနွေးဓာတ်ရစေရန်တစ်လုံးလောက် ဝယ်ချင်သွားသည်။

သူတို့သည် နေ့လယ်စာစားပြီးပြီဆိုသော်ငြား ကန်စွန်းဥကင်တွေ၏ မြင်ကွင်းက သူတို့ကိုအနည်းအကျဉ်းတော့ ဗိုက်ပြန်ဆာလာစေ၏။

ရှီလီသည် အနီးနားရှိ ကန်စွန်းဥကင်ဆိုင်ကိုညွှန်ပြကာ တစ်လုံးလောက်ဝယ်ဖို့ အကြံပြုလိုက်သော်လည်း မရင်းနှီးသော ယောက်ျားအသံက သူမ၏လုပ်ရပ်တွေကို နှောင့်ယှက်လာသည်။

အသံက မနှစ်မြို့စရာကောင်းနေတာ မဟုတ် သော်လည်း ထိုအထဲရှိ ကောက်ကျစ်မှု အရိပ်အယောင်ကို ရှီလီ ထောက်လှမ်းမိနိုင်သည်။ “ရုံရုံ နင်လည်း ဒီကိုလာပြီး စာမေးပွဲခန်းတွေ လာကြည့်တာလား။ ချန်ဖူအထက်တန်း ကျောင်းက စာတော်တဲ့ကျောင်းသားတွေ မရှိတော့လို့လား။ ပြိုင်ပွဲဝင်ပြိုင်တာ တစ်ခါ လောက်လေး ကံကောင်းသွားရုံနဲ့ နင်တို့ကျောင်းက နင့်ကို ကိုယ်စားပြုအနေနဲ့ ဖြေခိုင်းရဲတယ်နော်။ နင့်ရဲ့ သရုပ်မှန်ကိုပြမိပြီး အမှတ် 8 မှတ်ပဲရတဲ့ နောက်ထပ် ကျောင်းသားဖြစ်လာမှာကို သူတို့တွေ မကြောက်ကြဘူးလား”

အနှီလူက ဘယ်သူဘယ်ဝါဆိုတာကို သူမမသိသော်ငြား အရင်က ရုံရုံနှင့် သိခဲ့ကြသည့်ပုံပင်။

အနှီကောင်လေး၏ ရုံရုံအပေါ်နှင့် တစ်ချိန်တည်းမှာပဲ ချန်ဖူအထက်တန်းကျောင်းအား လှောင်ပြောင်နေခြင်းကို ကြားလိုက်ရတော့၊အိမ်နီးချင်းအတန်းမှ သင်္ချာကိုယ်စားပြုမှာ လူမြင်ကွင်းတွင် ပါးနှစ်ချက် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အစမ်းစာမေးပွဲများထဲတွင် ‌အမှတ်ပြည့် ဆက်တိုက်ရခဲ့သောရုံရုံကို ကံကောင်းလို့ဆိုလျှင် သူက ဘာဖြစ်သွားပြီလဲ။ နှစ်ရှစ်ဆယ်လောက်က သေသွားပြီဖြစ်တဲ့ ဇွန်ဘီကြောင်လား။

All Chapters