အခန်း (၂၂၅-၂၂၈)
Vol. 12 Ch. 225-228
225 01
အပိုင်း 225.
ခြေမြန်လက်မြန် ကျောင်းသား အချို့က ယင်း အောင်လံတော်ကြီးကို ဆွဲဖြန့်လိုက်သည့်အခါ “မျက်မှောက်ခေတ် ဆရာ အရှင်သခင်” ဟူသည့် စာလုံးကြီးများကို ထင်ထင်ရှားရှား ပြသမိလေသည်။
မတိုင်မီက ဆူညံ ပွက်လောရိုက်နေခဲ့သည့် အတန်းက ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားခဲ့၏။
သုန်းဝမ်ဟောက်ကမူ တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားလိုက်ရသည့် အချိန်တွင် သူက ထိုချစ်သဝဏ်လွှာကို ဆတ်ခနဲ ဆွဲလုကာ ယင်းကို အလျင်အမြန်ပင် စတင် ဖတ်ရှုလေတော့သည်။
သို့သော် သူ အစောပိုင်းက တင်ဆက်ပြသခဲ့မှုကြောင့် သူ၏ ရုပ်ပျက်ဆင်းပျက် ပြဇာတ်ကြီးက သူ့စားပွဲခုံ ဘေးပတ်လည်မှတဆင့် အခန်း၏ တဝက်နီးပါးထံသို့ ကျရောက် ဆင်းသက်သွားခဲ့လေပြီ။
ထိုသို့သော အများပြည်သူသိ ပြဇာတ်ကြီး၏ အကျိုးဆက်ကြောင့် သူ၏ ရှက်ကိုးရှက်ကန်း ဖြစ်ရခြင်းများကို တစ်တန်းလုံးနီးပါး မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပေ၏။
အားလပ်ချိန်အတွင်း သန့်စင်ခန်း သွားနေကြသည့် ကံဆိုးရှာသူ အချို့တလေသာ ယင်း ဇာတ်ထုပ်ကြီးကို မရှုစားလိုက်ရပေ။ သို့သည့်တိုင် နောက်ပိုင်းတွင်တော့ သူတို့၏ အတန်းဖော်များက ထိုသတင်းကို သူတို့ထံ ပြန်ပေးကြပေလိမ့်မည်။
ထိုနောက်ပိုင်းတွင်တော့ ရုံရုံ၏ အတန်းဖော်ဟောင်း တစ်ယောက်က ယင်း အုတ်အော်သောင်းနင်းအမှုကို “ဝတ်လစ်စလစ် လူတစ်ယောက်ကကွယ် မျက်နှာပျောက်ပြီး ဂျုံကြိတ်တယ်” ဟူ၍ အမှန်အကန် စာချိုး ဖွဲ့ဆိုလိုက်တော့သတည်း။
ရုံရုံကမူ နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည် ဖြစ်စေ သူမ၏ မူလအတန်းမှ လက်ရှိအခြေအနေကို မမြင်နိုင်ပါချေ။
သို့တိုင် သူမက ထိုဖြစ်စဥ် တစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ဖော်ဆောင် အလင်းပြထားသည့် Text Message တစောင်ကို သူမ၏ မူလ အတန်းဖော်ထံမှ လက်ခံ ရရှိခဲ့ပေသည်။
ထိုစာကို ဖတ်လိုက်ခြင်းက အစဥ်လိုလို တည်တင်းနေသည့် ရုံရုံကို နူးညံ့သွားစေခဲ့ကာ ထိုမြင်ကွင်းကို ပုံဖော်ကြည့်ချ်န်တွင်တော့ အတော်ကြီးကို ရယ်ရွှင်ဖွယ်ရာ ကောင်းလှချည့်ဟု ထင်မြင်မိပေတော့သည်။
ရုံရုံက အတင်းအဖျင်းများကို မျှဝေတတ်သူ မဟုတ်ပေ။ သို့သော် သူမ အတန်းဖော်ဟောင်းထံသို့ ကျေးဇူးတင်ကြောင်း ဖော်ပြပြီးသည့်နောက်တွင် သူမက မရည်ရွယ်ပါပဲနှင့် ထို Messageများကို စုပေါင်းကာ သူမတို့ လေးယောက်၏ Group Chat ထဲသို့ ပို့မိသွားလေတော့၏။
အခြားသုံးယောက်မှာလည်း ဖုန်းနှင့် လူ မပြတ်တမ်း ကပ်နေတတ်သည့် ပုံစံမျိုး မဟုတ်လေရာ အချိန် အတန်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပါပေ။
ရုံရုံလည်း စိတ်ထဲ ထားမနေပဲ သူမ ဖုန်းကို ဘေးသို့ ပစ်ချကာ စာဖတ်ခြင်းထံမှာပဲ အာရုံ စိုက်ထားလိုက်ပါ၏။
အိပ်ရာမဝင်မီ ရုံရုံက သူမ ဖုန်းမှ Chat Boxကို တချက်မျှ ဝေ့ကြည့်လိုက်သေး၏။ အမျိုးမျိုးသော Group Chat ငယ်လေးများက ပျားပန်းခပ်မျှ လှုပ်ရှား သက်ဝင်နေပြီး ခေါင်းစဥ်ပေါင်း သောင်းခြောက်ထောင်ကို ဆွေးနွေးနေပါသော်လည်း အရေးမပါသည့် အသေးအဖွဲ ကိစ္စရပ်များသာ။
ရုံရုံကမူ ထိုသို့သော ကိစ္စရပ်များတွင် ဘယ်သောအခါမှ ဝင်မပါဖူးသလို သိပ်အများကြီးလည်း ဂရုမစိုက်ပါပေ။ ထို အဓိပ္ပါယ် မရှိလှသည့် စကားစမြည်များကို အလျင်အမြန် စေ့စေ့ငုငု ကြည့်လိုက်ပြီးနောက် သူမ ဖုန်းကို မပိတ်မီ သီးသန့် Chat မှ Noti တက်နေသည့် အနီစက်လေးကို သတိပြုလိုက်မိ၏။
ယင်းကို ဖွင့်လိုက်သည်နှင့် ရှီလီတစ်ယောက် “သူပျက် ကိုယ်ပျော်” ဟူသည့် စိတ်ကောင်းစေတနာများဖြင့် ပြည့်နေသည့် Message တစောင်ကို လွန်ခဲ့သည့် သုံးဆယ်စက္ကန့်ကမှ ပို့ပေးထားကြောင်း တွေ့လိုက်ရလေတော့သည်။
ထို သုန်းဝမ်ဟောက်က သူ ရရှိလိုက်သည့် အရာများနှင့် ဘယ်လိုတောင် ထိုက်တန်ကြောင်းကိုပင် မှတ်ချက်ပြုထားပေသည်။
ရှီလီ၏ Message ရောက်လာပြီး မရှေးမနှောင်းမှာပင် ကျန်အဖွဲ့ဝင် နှစ်ယောက်သည်လည်း တုံ့ပြန်လာပေတော့သည်။
ဖူဟွေ့ရှင်းတစ်ယောက် ထိုကျေးဇူးတင် စာလွှာ၏ ရေးဖွဲ့သီကုံးမှုကို ချီးမွမ်းထားသည်ကို ရုံရုံ တွေ့သည့်အခါ ယင်းက ထိုကောင်လေး၏ စစ်မှန်ရိုးသားမှု ချို့ငဲ့လှခြင်းကြောင့် သူမက မနှစ်မြို့စွာပင် နှုတ်ခမ်းလေးများ တွန့်ကွေးသွားလေသည်။
သူမ ဖုန်းကို ပိတ်လိုက်ပြီးနောက် ရုံရုံမှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိပြီး ထိုဝေမျှမှုဟူသည် တစ်ဦးတည်း၏ ပျော်ရွှင်မှုကို အမှန်တကယ် နှစ်ဆမျှ တိုးပွားစေကြောင်း သဘောပေါက်ရပေတော့သည်။
ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ရှီလီနှင့် အခြား နှစ်ဦးသည်လည်း သူတို့၏ အတန်းဖော်များနှင့်အတူ ပုံမှန်အတိုင်း အတန်းတက်ကြကာ မည့်သည့် ရက်သတ္တပတ် အတန်းပိုများမှ မရှိတော့ပေ။
ကြည့်ရသည်မှာ အရာရာတိုင်းက တူညီပါသည်ဟု ထင်နေရချိန်တွင် ကိစ္စများက ပြောင်းလဲသွားခဲ့၏။
အကြီးမားဆုံး ပြောင်းလဲမှုကတော့ အပိုထပ်ဆောင်း ရမှတ်ဖြစ်လေရာ ထိုအတွက်ကြောင့် ချောင်ကျင်းကျားတစ်ယောက် ပါးစပ်ကြီး နားရွတ်တက်ချိတ်သည်အထိ ပြုံးဖြီးနေပေတော့သည်။
သူက ပြိုင်ပွဲကို သူကိုယ်တိုင် ဝင်ရောက် မယှဥ်ပြိုင်ရသော်လည်း သူ့အဖွဲ့ထဲမှ သုံးေယာက်က ဝင်ရောက်ယှဥ်ပြိုင်ပြီး အောင်မြင်မှုများ ဆွတ်ခူး ရရှိခဲ့၏။ ထို အပိုထပ်ဆောင်း ရမှတ်များက သူတို့တွေ ခွင့်ယူပြီး လွတ်လွတ်လပ်လပ် နေလို့ရအောင် အာမခံချက် ပေးနိုင်ဖို့ လုံလောက်လေသည်။
225 02
ချောင်ကျင်းကျားက ထိုသုံးယောက်ကို ဆောင်းရာသီ စခန်းသွင်း ကာလအတွင်း ကောင်းကောင်း ရွက်ဆောင်နိုင်ကာ ပိုမိုကောင်းမွန်သည့် ရမှတ်များ ရရှိစေဖို့ပင် မျှော်လင့်မိပါကြောင်း သီးသန့် ပြောကြားခဲ့သည်ဟူ၏။
ဘာဆိုဘာမှ လုပ်စရာ မလိုပါပဲ အောင်မြင်မှုများ ဆွတ်ယူနိုင်ခြင်းက အမှန်တကယ်ကို အံ့အားသင့်စဖွယ် ကောင်းပေစွ။
ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ဟုတ်လှပြီ ထင်ကာ စိတ်ကျေနပ်နေသည့် ချောင်ကျင်းကျား၏ အပြုအမူက သူတို့၏ အခြေခံ အဆင့်များကို ထိန်းသိမ်းထားရန် ကြိုးစားရုန်းကန်နေရရှာသည့် အခြား အတန်းသားများကို မနာလိုစိတ်နှင့် မကျေမချမ်းစိတ်များ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးလိုက်နိုင်လေသည်။
အချို့သော အတန်းသားများကမူ နှစ်သစ်ကူး Performance တလျှောက်လုံး အပိုရမှတ်များ ရရှိ စုဆောင်းနိုင်အောင်သာ အာရုံစိုက်ထားပြီး Show အတွက် ကြိုတင် ပြင်ဆင်နေကြစဥ် သူတို့၏ လေ့လာမှုများကို လျစ်လူရှုထားကြရချေ၏။
ရှီလီမှာမူ ယင်းကို သတိပြုမိသွားပြီးနောက် လိမ္မာပါးနပ်စွာဖြင့်ပင် ထိုကိစ္စကို အတန်းပိုင်ဆရာဖြစ်သူထံ အစီရင်ခံ တင်ပြလိုက်လေသည်။
ရမှတ်များ စုဆောင်းခြင်းဟူသည် ငွေနောက် တကောက်ကောက်လိုက်ခြင်းလိုပင် ဖြစ်လေရာ မည်သူကမှ ငွေကြေး သို့မဟုတ် ရမှတ်များ၏ ကျေးကျွန် ဖြစ်မလာသင့်ပါပေ။
အတန်းပိုင်ဆရာ၏ မူလရည်ရွယ်ချက်က ထိုရမှတ်စနစ်ဟူသည် ကျောင်းသားများ လုံ့လဝီရိယရှိစွာ.စာလေ့လာချင်စိတ်များကို ပျိုးထောင်ပေးရန်သာဖြစ်ပြီး ရမှတ်များ၏ ထိန်းချုပ်ခံ သားကောင်များ ဖြစ်သွားစေဖို့ မဟုတ်ပါပေ။
ရှီလီ၏ အစီရင်ခံ တင်ပြချက်ကို နားထောင်ပြီးနောက် ဤပြဿနာကို မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းရမည် ဟူသည်ကို ဂရုတစိုက် ထည့်သွင်းစဥ်စားပေးမည်ဖြစ်ကြောင်း အတန်းပိုင်ဆရာက ပြန်ပြောလိုက်လေသည်။
အမှန်တော့ အတန်းပိုင်အနေဖြင့်လည်း နောက်ဆုံးတွင် ယင်းကို မည်သို့ ဖြေရှင်းရမည်နည်း သဘောမပေါက်နိုင်ပေရာ အဖြေကို စဥ်းစားပေးရန် အတန်းခေါင်းဆောင်ကို ခေါ်လိုက်လေသည်။
အတန်းခေါင်းဆောင်သည်လည်း သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ ဖြေရှင်းခြင်းဖြင့် အလုပ်များနေပေရာ အတန်းပြီးချိန်တိုင်း အိမ်ပြန်ဖို့သာ ခွင့်တောင်းတတ်၏။ ထို့ကြောင့် သူက အတန်းထဲမှ ပြောင်းလဲမှုများကို သတိမပြုမိခဲ့ပေ။
ဤ Performance တွင် ပါဝင်ဖို့ တွန်းအားပေးရန် အပိုထပ်ဆောင်း အမှတ်များအား အသုံးပြုခဲ့ခြင်းကို သူ နောင်တရနေခဲ့ပြီဖြစ်ပြီး ကိစ္စများက ဤသို့ ဖြစ်လာမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
အတန်းပိုင်ဆရာသည်ကား အတန်းတွင်း အချိန်ပြည့်ဆရာ ဖြစ်ပါသော်လည်း သူကိုင်တွယ် ဖြေရှင်းရမည့် အမျိုးမျိုးသော ကိစ္စသောင်းပြောင်းထွေလာများ ရှိနေပေသေး၏။
အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် သူတို့နှစ်ဦးစလုံးက သူတို့ အတန်းသားများ၏ ပြောင်းလဲမှုများကို သတိပြုမိကြဖို့ ရှုံးနိမ့်ခဲ့ကြသော်လည်း ကံကောင်းစွာဖြင့်ပင် အရမ်းကြီး နောက်မကျသေးပါပေ။
အတန်းပိုင်ဆရာသည်လည်း ထို နှစ်သစ်ကူး Performance အတွက် သူ့အတန်းမှ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ ကိုယ်ပိုင်စာလေ့လာချိန်ကို အသုံးချ အမြတ်ထုတ်ကာ အတန်းတတန်းအနေဖြင့် တဒါဇင်ထက်ပိုသည့် Performance တင်သွင်းခွင့် မရှိဟူ၍ ကြေငြာချက် ထုတ်လိုက်ပေတော့သည်။
အခြားသော အတန်းများက ထုံးစံအတိုင်း သုံးခုမှ ငါးခုမျှသော Performance ကိုသာ တင်သွင်းကြကာ ယင်းက နောက်ဆုံးတည်းဖြတ်မှုကို ငါးဆယ်ရာခိုင်နှုန်းမျှသာ ပြုလုပ်နိုင်ပေရာ 2ခု သို့မဟုတ် အနည်းငယ်မျှသာ ကျန်ရှိတော့၏။
အတန်းပိုင်ဆရာကမူ သူ၏ ကျောင်းသားများအပေါ် ယုံကြည်စိတ်ချမှု ရှိပေရာ သူတို့၏ တဒါဇင်မျှသော Performance များမှာ အနည်းဆုံးတော့ ဆယ်ခုလောက် ကျန်ရှိမည်ဟု ယုံမှတ်လေသည်။
နှစ်သစ်ကူး ဖျော်ဖြေပွဲ တခုလုံး၏ ကြာချိန်က သုံးနာရီမျှသာ ရှိပြီး Performance တခုချင်းစီကို ငါးမိနစ်ခန့်မျှဖြင့်ပဲ တွက်ကြည့်လျှင်တောင် သူတို့အတန်း၏ “ဘုရင်ငယ်လေး” သရုပ်ဖော်က တနာရီခန့်မျှ ကြာမြင့်မည် ဖြစ်လေ၏။
တနေရာတည်းမှာပင် နာရီနှင့်ချီပြီး ထိုင်နေခြင်းက လူယောက်ထံ အမှန်တကယ်ပင် လိပ်ခေါင်းရောဂါ ဖြစ်စေမည်မှာပင်။
225 03
အကယ်၍များ ယင်းက ကျောင်းသားများ၏ ပညာသင်နှစ် Performance အတွက်သာ မဟုတ်ပါလျှင် အတန်းပိုင်ဆရာ အနေဖြင့် ကျောင်းတကျောင်းလုံး၏ ဆရာ/ဆရာမများနှင့် ကျောင်းသားများ၏ အရှက်တကွဲ အကျိုးနည်းမှုများအား လွတ်ငြိမ်းခွင့်ပေးရန် ဝင်ရောက် စွက်ဖက်မိမည်သာ။
ကျောင်းသား အတော်များများ၏ သက်ပြင်းချ ညည်းညူသံများကြားတွင် အတန်းပိုင်ဆရာသည်လည်း ထိုမူဝါဒကိုသာ ကြေငြာရပေတော့သည်။
ရနိုင်မည့် နေရာအနည်းငယ်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး နေရာ နှစ်နေရာ သုံးနေရာအတွက်လည်း လေ့ကျင့်မှုက ပိုမို တင်းကြပ်မည်ကို စိုးရိမ်ရပေရာ လူတိုင်းက ပေါင်းစပ် ဖျော်ဖြေမှု တခုတည်းတွင်သာ ပါဝင်ဖို့ သူက အကြံပေးလိုက်၏။.
ကျောင်းသားများအနေဖြင့်လည်း တစ်ဦးချင်း၏ Performance များကို ပေါင်းစည်းခြင်းအား မကန့်ကွက်ပါပေ။ အမှတ်များက အရေးကြီးသည် ဆိုမှတော့ သူတို့လည်း ပျော်ပျော်ပါးပါးဖြင့်ပင် အတူတကွ ပေါင်းစည်းလိုက်ကြလေသည်။
အချို့သော ကျောင်းသားများကမူ ယင်းတို့ မူလက ဆောင်ရွက်လှုပ်ရှားရန် စီစဥ်ထားသည်များကို ဘယ်လိုလုပ်ပြီး တပေါင်းတည်း ပေါင်းစည်းနိုင်ပါမည်လဲ ဟူသည်ကို ခေါင်းချင်းရိုက်ကာ အပြင်းအထန် အဖြေရှာကြလေတော့သည်။
ထိုသုံးဆယ့်နှစ်ယောက်သော ကျောင်းသားများက သူတို့၏ ပရမ်းပတာ စိတ်ကူးယဥ် အတွေးများကို တပြိုင်နက်တည်း ပြောကာ ပွက်လောရိုက်ခြင်းမှ ကာကွယ်ရန် အလို့ငှာ အတန်းပိုင်ဆရာသည်လည်း Group တစ်ခုလျှင် ဆွေးနွေးရန် အချိန် ငါးမိနစ်မျှ ပေးလိုက်ပြီး ထို့နောက်တွင်မှ ထိုအဖွဲ့ တဖွဲ့ချင်းစီတိုင်းက အကြဲပေစးးချက် တစ်ခုစီ ပြန်လည် တင်ပြရန်ဖြစ်၏။
အတန်းပိုင်ဆရာ:: အဲဒီ နည်းလမ်းက အနည်းဆုံးတော့ မထော်မနန်း ပေါက်ပန်းဆေး အဖြေ သုံးဆယ့်နှစ်ခုကို ရှစ်ခုဖြစ်အောင် လုပ်လိုက်နိုင်တယ်လေ။ ငါက အရမ်းတော်တာပဲ။ ဟဲဟဲ။
ရှီလီတို့အဖွဲ့က သုံးခုမြောက် အလှည့်ကျသူဖြစ်ပြီး ပထမ အဖွဲ့နှစ်ဖွဲ့၏ သရုပ်ဖော်တင်ပြချက်များအတွင်း ယင်းတို့၏ အဖြေများက အတော်လေးကို သာမန်ဆန်လှကြောင်း သဘောပေါက်ခဲ့၏။
နောက်ဆုံးမှာတော့ ရှီလီတစ်ယောက် သူမ၏ အဖွဲ့အတွက် စကားပြောရန် အလှည့် ကျေရာက်လာလေသည်။ သူမက ပြောလိုက်၏။
“ကျမတို့အဖွဲ့ အကြံပေးချင်တာကတော့ အဖွဲ့လိုက် တေးသံစုံ သီကျူးတာမျိုး လုပ်ကြမလားလို့ပါ။ အဲဒါက ဝင်ခွင့်ရဖို့အတွက် အတားအဆီး နည်းတယ်လေ”
နောက်ဆုံးမှာတော့ သင့်တင့်လျောက်ပတ်သော အဖြေကတော့ ခရီးဆိုက်လာခဲ့ပြီ ဖြစ်လေရာ အတန်းပိုင်ဆရာ၏ လေသံက ညင်သာသွားပြီး သူက မေးလာလေသည်။
“မင်း အထူးတလှယ် အကြံဉာဏ် ပေးချင်တဲ့ သီချင်းမျိုးများ ရှိလား”
သူတို့၏ အစောပိုင်း ဆွေးနွေးမှုကာလတွင် ယင်းမေးခွန်းမျိုး ပေါ်ပေါက်မလာဖူးပေ။ ထိုအစား သူတို့က သူတို့၏ အချိန်များကို ခက်ခဲသည့် ပြဿနာများကို ဆွေးနွေးရာတွင် အသုံးချခဲ့ကြခြင်းဖြစ်ပြီး အားလုံး တေးသံစုံ ကျူးရင့်ခြင်းကတော့ ရှီလီ၏ အလျင်အမြန် တွေးခေါ်နိုင်စွမ်း ဖြစ်ပေ၏။
ထို့ကြောင့် ယခုလို မေးလာချိန်တွင် အကြံပေးစရာ သီချင်းကို ဘေးဖယ်ထားပါဦး၊ တီးလုံး တလုံးတောင်မှ ရှိမနေပါလေ။
သို့သော် ကျောင်းသားတို့မည်သည် မေးခွန်းတိုင်းအတွက် အဖြေမည်သည် ရှိပြီးသားပေမို့ ရှီလီကလည်း ယုံကြည်မှု အပြည့်ဖြင့် တုံံ့ပြန်လာပေ၏။
“ကျမတို့အဖွဲ့ ဆွေးနွေးပြီးတဲ့နောက် တတန်းလုံးက အရမ်းကို အဓိပ္ပါယ် ပြည့်ဝတဲ့ သီချင်း “ဟွမ်ဟောမြစ် Cantata” ကို ဆိုကြမလားလို့ပါ။ အဲ့လိုမျိုး နိုးကြားတက်ကြွစေတဲ့ သီချင်းမျိုးက.....”
(အရေး အကြီးဆုံးကတော့ မင်းက အဲဒီ သီချင်းဆိုရင် အသံ အကျယ်ကြီး ဆိုလိုက်ရုံပဲ။ စိတ်လေး ရှင်းနေရင် ရပြီ၊ ဘာ နည်းပရိယာယ်မှ လိုမနေဘူးရယ်)
အတန်းဖော်များ::........
အော်ပြီး စကားပြောဦးမယ်၊ မင်းရဲ့ အသံကို ဆုံးရှုံးထားရတာ သိပ်တောင် မကြာသေးဘူး ဆိုတာကိုများ မေ့နေတာလား။
အဖွဲ့များအားလုံး အဆိုပြု တင်သွင်းခြင်းများ ပြီးဆုံးသွားပြီးနောက် သူမတို့ အဖွဲ့၏ အဆိုပြုချက်က အတော်ကြီးကို သမရိုးကျ ဖြစ်နေကြောင်း ရှီလီ သဘောပေါက်သွားလေတော့၏။
(ငါ နင်တို့နဲ့ အံဝင်ခွင်ကျ မဖြစ်တာက ငါ့ရဲ့ အူကြောင်ကြောင် ဂယက်ထတာက နင်တို့လောက် မဆိုးသေးလို့လို့ ငါ ခဏခဏ ခံစားရတယ်နော်)
******
226 01
အပိုင်း 226.
ရှီလီက တွေးသည်။ (ငါကများ အရမ်းကို သမရိုးကျ ဆန်နေလို့ နင်တို့ကြားမှာ မဝင်ဆံ့နိုင်တာလား ခဏခဏ တွေးမိပါရဲ့ဟယ်)
အခြားလူများ၏ အတွေး∷ နင်ကလေ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်ပြီး အတွေးလေး နည်းနည်း ချော်နေသလားလို့။ ဘာဖြစ်ဖြစ် နင်က သာမန်မှ ဟုတ်မနေတာကြီး။
အခြားကျောင်းသားများ၏ အကြံပြုချက်များ ဆိုပါလျှင် သူတို့ကိုယ် သူတို့ တကျောင်းလုံးရှေ့မှာ အရှက်ခွဲမလိုပင် ဖြစ်နေသေး၏။
အတန်းပိုင်ဆရာသည်လည်း အပြင်းအထန် ခေါင်းကိုက်လာလေတော့သည်။ ရှီလီ၏ အတွေးက သာမန်အဆန်ဆုံးနှင့် မပြောပလောက်ဖွယ် သာမညောင်ည ဖြစ်ပါသော်လည်း သူတို့အားလုံးကြားမှာတော့ သူမက သမရိုးကျ အဆန်ဆုံး ဖြစ်လေသည်။
ဤအတန်းထဲမှ ပုံမှန် အစီအစဥ် တစ်ခုတလေကိုတောင်မှ အတန်းပိုင်ဆရာက ရှီလီ၏ အဆိုပြုချက်ကိုလောက် စိတ်တိုင်း မကျပါပေ။
သို့သော် ယခုမူ ရှီလီ၏ အဖွဲ့မှလွဲ၍ လူတိုင်း လူတိုင်း ကျရှုံးလေတော့သည်။
အတန်းပိုင်ဆရာသည်လည်း သဘာဝကျကျဖြင့်ပင် ရှီလီ၏ အဆိုပြုချက်ကို မျက်နှာသာ ပေးလိုက်၏။
သူက ခေတ္တမျှ စဥ်းစားပြီးနောက် ပြောလိုက်သည်။
“ငါတို့မှာ အကြံပြုချက် ရှစ်မျိုး ရှိနေတယ်။ ငါ့အတွေးကတော့ ဒီမိုကရေစီ ဆန်ဆန် မဲပေးကြတာပေါ့။ မဲအများဆုံးရတဲ့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အနုပညာ တင်ဆက်မှုအတွက် သူတို့ရဲ့ Ideaကို ငါတို့ အသုံးပြုမယ်။ မင်းတို့ရော ဘယ်လို ထင်တုန်း”
သူက ထင်မြင်ချက်သာ တောင်းခံနေပါသော်လည်း သူကမူ သူ၏ ဖုန်းကို ဆွဲထုတ်နေပြီးဖြစ်ကာ မဲပေးရမည့် အသေးစား Program လေးပင် လုပ်ပြီးနေလေပြီ။ မကြာမီပင် သူတို့ အတန်း၏ Group Chatထဲတွင် မဲပေးစနစ် Program တစ်ခုကို အတန်းပိုင်ဆရာထံမှ လက်ခံရရှိလိုက်လေ၏။
“မဲပေးဖို့ သုံးမိနစ် အချိန်ရမယ်။ လူတိုင်း သွက်သွက်လေး လုပ်ကြ။ မဲပေးရမဲ့ နောက်ဆုံးသတ်မှတ်ချိန် လွန်တာနဲ့ မင်းတို့တွေ မဲပေးရမဲ့ အခွင့်အရေးတွေ ဆုံးရှုံးကုန်မှာနော်။ ဒါကြောင့် မြန်မြန်လေးလုပ်”
အတန်းပိုင်ဆရာကမူ သူ့ဖုန်းကို တိတ်တိတ်လေး ထုတ်ယူကာ အဆုံးအဖြတ် ပေးနိုင်မည့် Icon ထက်သို့ ဖိထားလိုက်လေ၏။
သူ၏ အတွေးတွင်တော့ ဤမဲပေးမှု စနစ်အတွင်းဝယ် ကျောင်းသားတိုင်းကတော့ သူတို့အဖွဲ့ကို သူတို့ မဲပေးကြမည် ဖြစ်လေရာ သူ၏ မဲတမဲက အဆုံးအဖြစ်ပေးနိုင်မည့် အခြေခံ အကြောင်းအရာ ဖြစ်လာပေမည်။
အတန်းပိုင်ဆရာကတော့ ဤမဲပေးခြင်း၏ အခြေအနေကို နောက်ခံစနစ်မှတဆင့် မြင်နိုင်နေပေရာ သူ မျှော်မှန်းထားသည့်အတိုင်း ရှီလီ၏ အဖွဲ့က မဲငါးမဲ ရရှိပြီး ရှေ့ကနေ ဦးဆောင်နေသည့်အတွက် အခြားသော အဖွဲ့များကို ကန်ထုတ်ရန် လုံလောက်သွားပြီမို့ သူလည်း စိတ်သက်သာရာ ရသွားပါ၏။
သုံးမိနစ် ပြည့်သွားသည့်အခါ အတန်းပိုင်ဆရာက မဲပေးထားသည့် စာမျက်နှာကို Screenshot ရိုက်ကာ အတန်း Group Chatထဲ ပို့ပေးပြီးနောက် ပြောလိုက်၏။
“ လူတိုင်း လူတိုင်း သဘောတူတယ် ဆိုမှတော့ နောက်ကျ အဲ့လိုပဲ အပြီးသတ်လိုက်ကြတာပေါ့။ နှစ်သစ်ကူး သရုပ်ဖော် ဖျော်ဖြေမှုအတွက် ငါတို့ တတန်းလုံး အဖွဲ့လိုက် တေးသရုပ်ဖော်ပဲ လုပ်ကြမယ်”
အခြား အတန်းဖော်များက ယင်းကို အသာတကြည် လက်ခံလိုက်ချိန်တွင် ရှီလီကမူ အံ့အားသင့်ကာ ကြက်သေ သေနေပေသည်။
သူမ၏ အကြံပြုချက်က လိုအပ်ချက်ကို ဖြည့်ဆည်းရန် သာမန်ကာလျှံကာ အလွယ်တကူ ပြောလိုက်တာသာဖြစ်ပြီး ထိုအဖွဲ့လိုက် တေးသရုပ်ဖော်တွင်လည်း သူမ မပါဝင်ချင်ပေ။
ထို့ကြောင့် မဲပေးစဥ်အတွင်းက သူမက သူမအဖွဲ့ကိုပင် တမင်သက်သက် မဲမထည့်ပဲနေခဲ့ကာ သူမနှင့် ဘာမှ ပတ်သက်ရဖို့ မရှိသည့် ပါဝင်သူ အနည်းဆုံးသာ ရှိသည့် Project ကို ရွေးချယ်ခဲ့တာ ဖြစ်၏။ သို့သော် ကံမကောင်းစွာပင် ထိုသို့ လုပ်တာတောင်မှ သူမတို့အဖွဲ့က အနိုင်ရခဲ့သေး၏။
ရှီလီခမျာ နားမလည်နိုင်ပေ။ တကယ်ပဲ လူတိုင်းက အဖွဲ့လိုက် တေးသရုပ်ဖော်ကို အရမ်း ကြိုက်ကြလို့လား၊ ဒါမှမဟုတ် အဲဒီ သီချင်းကိုပဲ တကယ် နှစ်သက်ကြလို့လား။ သို့မဟုတ်လျှင် ဤရလဒ်ကို ရှင်းပြဖို့ နည်းလမ်း မရှိပါပေ။
ယင်းက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဟူသည့် အမှန်အကန် ကိစ္စရပ်ကြီးပါပင်။
ယခုဆိုလျှင် နှစ်သစ်ကူး တင်ဆက်ဖျော်ဖြေမှုအတွက် အချိန်တလသာ လိုတော့ကာ ထိုအဖွဲ့လိုက် သီကျူးဖျော်ဖြေမှုအတွက် အစမ်းလေ့ကျင့်ခြင်းကို တတန်းသားလုံး တနင်္လာနေ့နှင့် ကြာသာပတေးနေ့တိုင်း၏Self-Studyအချိန်တွင် ပြုလုပ်ကြရန် အတန်းပိုင်ဆရာက ချက်ချင်းလက်ငင်း ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။
ထိုသို့ ပြောပြီးနောက် အတန်းပိုင်ဆရာက ဂီတနှင့် ပတ်သက်သည့် အစမ်းလေ့ကျင့်မှု ကိစ္စရပ်များ ဆွေးနွေးရန်အတွက် သူနှင့် ရင်းနှီးကျွမ်းဝင်သည့် ဂီတဆရာမကို ဆက်သွယ်လိုက်လေသည်။
226 02
အတန်းပိုင်ဆရာ ထွက်ခွာသွားပြီးနောက် သူတို့ အတန်းတတန်းလုံးက ထို Final Performance တွင် မည်သည့် အဝတ်အစားများ ဝတ်ဆင်ကြမည် ဆိုသည်နှင့် အခြား ကိစ္စရပ်များကို ဆွေးနွေးကြလေသည်။
အတန်းခေါင်းဆောင်က ပြောလိုက်၏။
“ လူတိုင်း စကားမပြောကြနဲ့။ Self-study လုပ်ကြတော့။ မင်းတို့ ဒီနေ့ အိမ်စာတွေ ပြီးပြီလား။ မနက်ဖြန်အတွက် သင်ခန်းစာတွေကို ကြိုကြည့်ပြီးပြီလား။ မင်းတို့ အဖွဲ့လိုက် အမှတ်တွေရော လုံလုံလောက်လောက် ရပြီမို့လို့လား”
ပထမ မေးခွန်းနှစ်ခုကတော့ ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိပါပေ။ သို့သော် နောက်ဆုံးမေးခွန်းကတော့ အတန်းတတန်းလုံးကို ပြန်လည် တိတ်ဆိတ်သွားစေပေတော့သည်။
ရှီလီလည်း အလွန်တရာ စိုးရိမ်လှပါ၏။
တမိနစ်ခန့် ကြာပြီးနောက် ဖူဟွေ့ရှင်းခမျာ ကွက်လပ်ထဲတွင် မင်နီကြီးဖြင့် ရေးခြစ်ထားသည့် စာရွက်ပိုင်းကြီးကို လက်ခံ ရရှိလိုက်ပေတော့သည်။ (အဲဒါ အဖွဲ့လိုက် တေးသရုပ်ဖော်လုပ်ဖို့ ငါ့ကို အကြံပေးလိုက်တဲ့ နင့်ရဲ့ အပြစ်တွေချည်းပဲလေ။ ငါ သီချင်းဆိုရင် ကီးကြောင်ကြီးဟဲ့။ ငါတော့ ကိုယ့်ကိုယ်ကိုယ် သွားပြီး အရှက်ခွဲရတော့မယ်။)
အမှန်တော့ ထိုအဖွဲ့လိုက် တေးသရုပ်ဖော်မှုက ရှီလီ၏ မူလ အကြံဉာဏ် မဟုတ်ပေ။ သူမက ထိုအကြံဆိုးကြီးကို ဖန်တီးသူ မဟုတ်ပါပဲ ယင်းတို့ကို သယ်ဆောင်လာရုံမျှသာ။
ယင်းက ေဆွးနွေးမှု နိဂုံးချုပ်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သူမ ဘာဖြေသင့်သလဲ မေးမြန်းခဲ့တာ ဖြစ်ပေ၏။
ဖူဟွေ့ရှင်းက ထိုအဖွဲ့လိုက် တေးသရုပ်ဖော်မှုကို သာမန်ကာလျှံကာ ပြောပြလာခြင်းသာဖြစ်ကာ နောက်ထပ် စက္ကန့်ပိုင်း အကြာမှာပင် အတန်းပိုင်ဆရာက ယင်းဆွေးနွေးမှုကို ရပ်တန့်ခိုင်းခဲ့၏။
ရှီလီသည်လည်း အခြား မည်သည့် အတွေးအကြံမှ မရှိပေရာ သူမသည်လည်း သူ့အကြံကို အားကိုး အသုံးချလိုက်ခြင်းသာ။ မည်သူကများ ဤမျှ အကြီးအကျယ် ဒုက္ခများစေမည့် အတွေးအကြံကို ရွေးချယ်ခဲ့သူ ဖြစ်ပါသနည်း။
ယင်းက ရှီလီတစ်ယောက် ဘဝ၏ မျှော်မှန်းမထားနိုင်မှုများနှင့် ကံကြမ္မာ၏ ကျီစယ်မှုများကို ကူကယ်ရာမဲ့စွာ သက်ပြင်းချမိအောင် ပြုလုပ်လိုက်နိုင်ပေ၏။
စာကြောင်း၏ အဆုံးသတ်တွင်တော့ ရှီလီက သူမကို ကိုယ်စားပြုသည့် ငိုကြွေးနေသော ပုံလေးကို ဆွဲပေးထားပါ၏။
ဖူဟွေ့ရှင်းက မသိလိုက် မသိဘာသာဖြင့်ပင် သူ၏ ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ရှီလီကလည်း သူ့ကို လှည့်ကြည့်လာလေ၏။
သူ့နှုတ်ခမ်းလေးက အပေါ်သို့ တွန့်ကွေးသွားခဲ့ကာ နှစ်မိနစ်မျှ ကြာပြီးနောက်တွင်တော့ သူက စာရွက်တစ်ရွက်ကို ရှီလီ၏ စားပွဲပေါ်သို့ တင်ပေးလိုက်၏။
ရှီလီ ယင်းကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုသူ ရေးထားသည့် ရိုးရိုးရှင်းရှင်း စာတကြောင်းကိုသာ တွေ့လိုက်ရပေ၏။ ( Mili Vanili လိုပဲ နှုတ်ခမ်းစည်းချက်ပဲ လိုက်လိုက်ပေါ့ဟ။)
သူမက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်၏။ သူက ထိုမျှ ပေါက်ပန်းဆေး အတွေးအကြံကို ရွှတ်နောက်နောက်ဖြင့် ပြောထွက်လာပါသော်လည်း ဤတခုကမှ ကောင်းကောင်းမွန်မွန် တစ်ခုပါပင်။
သီချင်းမဆိုပါပဲ နှုတ်ခမ်းလေး လှုပ်ရုံသာ စည်းချက်လိုက်မည်ဟု ရှီလီက သူမ စိတ်ထဲ ကြိတ်ကြံနေရုံမျှသာ ရှိသေးချိန်တွင် အတန်းပိုင်ဆရာ ရှာတွေ့လာခဲ့သည့် တေးဂီတတရာမကြောင့် သူမ၏ လှပသည့် စိတ်ကူးယဥ် အိပ်မက်လေးခမျာ အစိပ်စိပ်အမြွှာမြွှာ ကွဲကြေပေတော့သည်။
ဆရာမယွီက သူမ၏ ပညာရပ်ပိုင်း ဆိုင်ရာတွင် ပါရဂူဘွဲ့အထိ ပြီးမြောက်ထားသူတည်း။
သူမက တခန်းလုံးရှိ လူ သုံးဆယ့်နှစ်ယောက်ကို အမြင့်ဆုံး အမျိုးသားသံ၊ ဘယ်သံအကျဆုံး အမျိုးသားသံ၊ အမြင့်ဆုံး အမျိုးသမီးသံ၊ အမြင့်ဆုံး အမျိုးသားထက် မြင့်သည့် အမျိုးသမီး ကဏ္ဍ၊ဟူ၍ ပိုင်းခြားလိုက်ပြီး ရှီလီခမျာမှာတော့ အမြင့်ဆုံး အမျိုးသားသံထက် မြင့်သည့် အမျိုးသမီး အဖွဲ့ထဲသို့ တာဝန်ကျလေတော့သည်။
ပထမဆုံး အတန်းချိန်တွင် ဂီတဆရာမက သူမ ကျောင်းသားများအားလုံးက သူမ အတန်းချိန်တိုင်းတွင် အတန်းရှေ့ထွက်ကာ သီချင်းဆိုပြရမည်ဟု ပြောလာပြီး သူတို့၏ Performance ကို အခြေခံကာ အမှန်ပြင်ပေးမည်ဟု ဆိုလာပေသည်။
ရှီလီခမျာ ယခုချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာများ ချို့ယွင်း ပျက်ပြားရပေတော့သည်။ သူမသာ အသံမထွက်ပဲ နှုတ်ခမ်းလေး လှုပ်ရုံသာ လှုပ်ပါလျှင် မည်သို့ ဖြစ်လိမ့်မည်နည်း။
သူမခမျာ ထိုသို့ အယောင်ဆောင်ရန် အခွင့်အရေးလေးမှ မရလိုက်သေးမီ ဖော်ထုတ်ခံလိုက်ရပေသည်။
သူမက မသိလိုက်ဘာသာဖြင့်ပင် ဖူဟွေ့ရှင်းထံသို့ ကြည့်မိလေရာ သူ့အကြည့်များနှင့် ဆုံရုံမျှသာ ဆုံလိုက်ရလေသည်။ ဖူဟွေ့ရှင်းက သူမထံ ဝေတေဝါးတား အပြုံးပေးလာပြီး ရှီလီကမူ သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပေးလိုက်ပါ၏။
ဒါက ဘယ်လို အကြံကောင်း ဉာဏ်ကောင်း ပေးမှုကြီးလဲ။ ဒုက္ခအိုးကြီးပဲဟာကို။
ဖူဟွေ့ရှင်းသည်လည်း အပြစ်ကင်းပါ၏။ သူသည်လည်း အဖွဲ့လိုက် တေးသရုပ်ဖော်မှု ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလို ဤဆရာမ၏ ပုံစံကိုလည်း မသိပါပေ။ သူတို့တွေက တစ်ဦးချင်းစီ ခေါ်ဆိုခံရလိမ့်မည်ဟု သူလည်း မည်သို့မည်ပုံ သိပါအံ့နည်း။
အတန်းသားအားလုံး တစ်ဦးချင်း သီဆိုရသည့်အခါ ရှီလီကမူ သူမထက် မည်သူကမှ ပိုပြီး ဆိုးဆိုးဝါးဝါး သီဆိုနိုင်သူ ရှိမည်မဟုတ်ဟု မှတ်ချက် ချမိပေ၏။
226 03
နောက်ဆုံးမှာတော့ ရှီလီ၏ အလှည့်သို့ ရောက်လာလေသည်။ သူမကို အမျှော်လင့်ကြီး မျှော်လင့်နေကြသည့် အတန်းဖော်များ၏ အကြည့်များအောက်ဝယ် ရှီလီ နှုတ်ခမ်းကို ဖွင့်လိုက်သည်နှင့် တစ်ခန်းလုံးကို ထွက်ပြေးလုနီးနီး ဖြစ်သွားစေခဲ့၏။
လူတိုင်း လူတိုင်းခမျာ အံ့သြ တုန်လှုပ်သွားလေတော့သည်။ ဤမျှ အပြစ်ကင်းကာ ချစ်စဖွယ်ကောင်းလှသည့် ရှီလီ၏ အသွင်အပြင် အလွှာ၏ အောက်ခြေဝယ် ဆိုးဝါးလှသော အသံဆိုးကြီး ရှိနေမည်ဟု အဘယ်သူက သိနိုင်ပါအံ့နည်း။
ယင်းက မကောင်းဆိုးဝါးကြီး သူ့ကိုယ်သူ ပြန်လည် အနမ်းပေးထားသည့် အသံမျိုးကြီးပေတည်း။
ပညာရှင်ဆန်ဆန် လေ့ကျင့်ထားသည့် ဆရာမယွီပင်လျှင် သူမ၏ ဝိသေသ လက္ခဏာ ကျိုးပျက်သွားရပြီး ထွက်ပေါ်နေသည့် စန္ဒရားသံလည်း ရုတ်ခြည်း ရပ်တန့်သွားတော့၏။
ရှုပ်ထွေးနေသည့် ရှီလီ၏ အကြည့်အောက်တွင် သူမက ကသိကအောက်စိတ်ကို သိုဝှက်ရန် ကြိုးစားလိုက်ကာ သူမ လက်ချောင်းလေးများကလည်း အဖြူအမည်း ခလုတ်များပေါ်တွင် ဆက်လက် ကခုန်နေပေသည်။
တင်ဆက်မှု ပြီးဆုံးသည့်နောက် ဆရာမယွီက ရှီလီ့အကြောင်း ချီးကျူးသမှု ပြုခဲ့ပြီး ယင်းချီးကျူးမှုက သူမ၏ အဆိုစွမ်းရည်မှလွဲ၍ အသွင်အပြင်မှစကာ စကားပြောခြင်းအထိသာ ဖြစ်လေသည်။
အတန်းအားလုံး ပြီးသွားသည့်နောက် သူမ ကျန်နေခဲ့ရန် ဆရာမက ပြောလာခဲ့၏။
သူမ၏ Performance က အတော်လေး ညံ့ဖျင်းသည့်အတွက် ဆရာမက အပိုထပ်ဆောင်း လေ့ကျင့်ပေးလို၍ ဖြစ်မည်ဟု သူမက တွေးထင်လိုက်မိ၏။
ဆရာမယွီက သူမကို နောက်တဖန် ချီးကျူးလာပြန်ကာ သူမ မျက်နှာမပူရသေးခင် ပြောလာ၏။
“ လူတိုင်း လူတိုင်းမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိမှာပဲလေ။ ဒို့တွေက အဲဒါကို ငြင်းပယ်လို့ မရဘူး။ တကယ်တမ်းကျ မင်းအသံက သီချင်းဆိုဖို့ သိပ်အဆင်မပြေတာကို ငါ သတိထားမိတယ်။ အရင်တုန်းက မင်းရဲ့ လည်ချောင်းမှာ ဒဏ်ရာ ရဖူးတယ်လို့လည်း ငါ ကြားမိသေးတယ်။ ပြီးတော့ ဒီသီချင်းကလည်း မင်းနဲ့ သိပ် မကိုက်ညီလှဘူး။ ဒါကြောင့် အခုကစပြီး မင်း အဖွဲ့လိုက် တေးသရုပ်ဖော်ကျရင် သီချင်းမဆိုပဲ နှုတ်ခမ်းလေး လှုပ်ရုံပဲ လှုပ်နေတော့နော်”
သို့မဟုတ်လျှင် သူမက အခြား ကျောင်းသားများကို လွင့်ထွက်သွားစေမှာမျိုး ဖြစ်ကောင်း ဖြစ်စေပေလိမ့်မည်။
ရှီလီ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။ ယင်းက “တစ်လမ်းက ပိတ်လို့ နောက်တစ်လမ်းက ပွင့်ရတယ်”ဟု ခေါ်ဆိုရမည်သာ။ ပျော်ရွှင်မှုကို တိုက်ခိုက်ယူရသည် ဟူသည့် ပညာရှိတို့၏ စကားက မှန်ကန်ပေစွ။
ဂီတခန်းထဲမှ ထွက်ခွာလာပြီးနောက် ရှီလီက ဖူဟွေ့ရှင်းထံ အလျင်အမြန် စာပို့လိုက်၏။ ( ဆရာမယွီက ပြောတယ်၊ နောက်လာမဲ့ တေးသရုပ်ဖော် အစမ်းလေ့ကျင့်မှု ကျရင်တဲ့…..blah blah..)
နင့်ရဲ့ သီချင်းဆိုတဲ့ အသံကြီးနဲ့ဆို အဲဒါက မျှော်လင့်ထားပြီးသားပါဟုသာ ဖူဟွေ့ရှင်းက တွေးလေသည်။
ထို့ကြောင့် သူက အလျင်အမြန်ပင် Message ပြန်ပို့လိုက်၏။( မြင်ပြီလား။ ငါ မမှားပါဘူးနော်။)
ရှီလီ∷ (အဲဒါက ငါ့ဘာသာငါ အားထုတ်ပြီး ရလာတဲ့ အောင်မြင်မှုလေ၊ နင်နဲ့ ဘယ်နားက ဆိုင်နေလို့တုန်း)
******
227 01
အပိုင်း 227.
ရှီလီ၊ ရုံရုံနှင့် ဖူဟွေ့ရှင်းတို့က သူတို့၏ ပြီးခဲ့သည့် ညနေပိုင်း Self-Studyချိန် အချိန်ဇယားများ မစတင်မီ အနားယူရန် ရက်သတ္တပတ်မျှ ရရှိခဲ့၏။ အတန်းပိုင်ဆရာကလည်း သူတို့တွေ ဆောင်းရာသီ လေ့ကျင့်ရေး စခန်းသွင်း ဝင်ရောက်ရန်အတွက် ကြိုတင် ပြင်ဆင်ရမည့် အရာများကို အပိုထပ်ဆောင်း လမ်းညွှန်သင်ကြားမှုများ ဆက်ပေးခဲ့လေသည်။
သူတို့ခမျာ အတန်းချိန် အတော်များများပါ ထပ်ပေါင်းထည့်ခံရပြီး ရက်သတ္တပတ် ဆုံးချိန်တိုင်းဝယ် အားလပ်ချိန် နေ့တဝက်မျှသာ ရရှိလေ၏။
ထိုအချိန်ဇယားက အတော်လေးကို ခြေကုန်လက်ပမ်း ကျဖွယ်ရာပါပင်။ သို့သော် အတန်းပိုင်ဆရာကမူ သူတို့ အနာဂတ်အတွက် အလားအလာကောင်းလေးများဖြင့် မြှူဆွယ်လာခဲ့ပြီး ယင်းက သူတိူ့သာ လအနည်းငယ်မျှ မဆုတ်မနစ် ကြိုးစားကာ လုံ့လ စိုက်လိုက်ပြီး Training Camp တွင် ကောင်းကောင်း ရွက်ဆောင်လိုက်ပါက တက္ကသိုလ်သို့ တိုက်ရိုက် ဝင်ခွင့်ရရန် အရည်အချင်း ပြည့်မီ
သွားမည်ဖြစ်ပြီး မည်သည့် ပုံမှန်အတန်းကိုမှ ဒီထက်ပိုပြီး ထပ်တက်စရာ လိုတော့မည် မဟုတ်ဟု ဆိုလာလေသည်။
ထိုအချိန်တွင် အတန်းပိုင်ဆရာမှာ ကျောင်းသားများ၏ အနာဂတ်နှင့် သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည် ညွှန်းကိန်းများကိုသာ စဉ်းစားနေပြီး ရှီလီအိမ်ပြန်သွားပါက အတန်းတတန်းလုံးမှာ ထိုစိတ်လှုပ်ရှားဖွယ် ဇာတ်ကွက်အားလုံးကို လွဲချော်သွားလိမ့်မည် ဖြစ်ကြောင်းကိုတော့ လုံးလုံးလျားလျား မေ့လျော့နေခဲ့ပေသည်။
အတန်းပိုင်ဆရာ၏ မဟာ ကတိကဝတ်များကို ရက်ပေါင်းများစွာ နားထောင်ရပြီးနောက်၊ ကျောင်းသားများသည်လည်း သူ၏ စိတ်အားထက်သန်စေဖွယ် စကားလုံးများကို နားယဉ်ပါးသွားကြပေတော့သည်။
သို့ပေသော်ငြား အတန်းများကတော့ ဆက်တက်ရမည်သာ။
တနင်္ဂနွေနေ့ နေ့လည်ခင်းသည် ယင်းတို့၏ တစ်ပတ်တာတွင် သက်တောင့်သက်သာဖြင့် အနားယူနိုင်သည့် တစ်ခုတည်းသောအချိန် ဖြစ်ပါ၏။ အတန်းဆင်းပြီးတိုင်း ရှီလီ၊ ရုံရုံနှင့် ဖူဟွေ့ရှင်းတို့က ကျောင်းအနီးမှ အစားအသောက်ဆိုင်တွင် ထိုင်ကာ မုန့်နှင့် Bubble Tea ဝယ်သောက်ရင်း နေ့စဉ်ကြုံတွေ့ရသည့် ပြဿနာများကို ဆွေးနွေးလေ့ရှိကြ၏။ အကယ်၍များ ဆွေးနွေးစရာ ကိစ္စမရှိပါက သူတို့သုံးယောက်လုံး အနီးအနားရှိ စာကြည့်ခန်းတွင် နာရီအနည်းငယ်လောက် အတူတူစာကြည့်ပြီးနောက်၊ ညစာစောစောစားကာ အိမ်ပြန်ရောက်ပါက စာမကြည့်တော့ဘဲ အနားယူရင်း အပန်းဖြေစရာတစ်ခုခု လုပ်လေ့ရှိကြ၏။
ထိုနိစ္စဓူဝ လုပ်ငန်းဆောင်တာသည် လဝက်မျှ တိုင်ခဲ့လေသည်။
ရာသီဥတုလည်း ပိုမို အေးခဲလာချိန်တွင် ဆောင်းရာသီ အားလပ်ရက်လည်း နီးကပ်လာခဲ့ပြီ ဖြစ်ပါ၏။
Final Exam နီးကပ်လာခြင်းက ကျောင်းသားများ ပိုမိုကြိုးစားရန် တွန်းအားပေးနိုင်စွမ်း ရှိခဲ့ကာ Class 1 နှင့် အခြား အတန်းများလည်း အပတ်တကုပ် ကြိုးစားနေရပေ၏။
ပုံမှန်အတိုင်း ဆိုပါလျှင် သူတို့သုံးယောက်က အတန်းများပြီးသည့် ရက်သတ္တပတ် ကုန်ဆုံးတိုင်း နေ့လည်စာစားရန် အပြင်ထွက်လေ့ရှိပြီး တစ်ခါတစ်ရံတွင်တော့ အရှက်မရှိလှသည့် အတန်းပိုင်ဆရာကပါ ပူးပေါင်း ပါဝင်လာလေ့ ရှိလေသည်။
သို့သော် ယနေ့မှာတော့ အတန်းပိုင်ဆရာက တစ်စုံတစ်ရာ တက်ရောက်ရန် ရှိနေကာ အခန်းတွင်းမှ အလောသုံးဆယ် ထွက်ခွာသွားခဲ့၏။
သူတို့တွေ ဘေးချင်းယှဥ်ကာ ကျောင်းဝင်းထဲမှ လမ်းလျှောက်ထွက်လာစဥ် ရှီလီက တအံ့တသြဖြင့် အသံ အကျယ်ကြီး ပြောလိုက်၏၊ "ငါတို့ အတန်းပိုင်ဆရာ ဒီလိုလွယ်လွယ်နဲ့ အတန်းပြီးတာ ငါတစ်ခါမှမမြင်ဖူးဘူး။ တစ်ခုခုတော့ မှားနေပြီ။"
အတန်းပိုင်ဆရာမှာ အတန်းချိန်ကို အရစ်ရှည်ဆွဲဆန့်တတ်သည့် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်ပေရာ၊ ရုတ်တရက်ကြီး အချိန်မှန်လာသည်က ထူးဆန်းပေစွ။
ဖူဟွေ့ရှင်းက တိုပြတ်ပြတ် ရှင်းပြလာ၏။
“သူက Blind Date သွားတွေ့တာလေ”
Blind Dateတဲ့လား။
ဘာကြောင့်မှန်းမသိ "Blind Date" ဟူသည့် အယူအဆတော့ ကြည့်ရသည့်မှာ သူတို့၏ အတန်းပိုင်ဆရာနှင့် လုံးဝမအပ်စပ် ဟုသာ ထင်ရပေသည်။
ရုံရုံက သူမခေါင်းကို ကုတ်လိုက်၏။
“အတန်းပိုင်ဆရာက ယောကျာ်းလေးတွေကိုပဲ ကြိုက်တာ မဟုတ်ဘူးလား”
ရှီလီ∷……….
227 02
Blind Date ဟူသည့် အကြောင်းအရာထက် ရုံရုံ အဘယ်ကြောင့် ဤသို့သော ကောက်ချက်ကို ချရသည်ကို ပိုမို စပ်စုလိုသည့်အတွက် ရှီလီက မေးလိုက်လေသည်။
“အတန်းပိုင်ဆရာက ကောင်လေးတွေကိုပဲ ကြိုက်တယ်လို့ နင်က ဘာကိုကြည့်ပြီး ထင်ရတာတုန်း”
သူမ၏ ပြီးခဲ့သည့် ဘဝတုန်းကမူ အတန်းပိုင်ဆရာက ကောင်လေးတွေကိုသာ နှစ်သက်တတ်သည် ဟူသည့် ကောလဟလမျိုးကို ရှီလီ ကြားဖူးခဲ့ပါ၏။ သို့သော် သူက သူမ၏ မြတ်ဆရာ ဖြစ်နေပေရာ ဘာပဲဖြစ်ဖြစ် သူမ မျက်လုံးဖြင့် မြင်တွေ့ရသည်ကိုသာ ယုံကြည်နိုင်ပေမည်။
ရုံရုံက မျက်တောင် တဖျပ်ဖျပ် ခတ်၏။
“သူက Straight မဟုတ်ဘူးလို့ ငါ ခံစားရလို့လေ”
ရှီလီက သူမ လက်ကို အိတ်ကပ်တွင်းမှ ဆွဲထုတ်ကာ ရုံရုံ၏ သိုးမွေးဦးထုပ် အစွန်းလေးကို နှစ်ချက်မျှ ဖွဖွလေး ပုတ်လိုက်၏။
“သူက လူလွတ်တစ်ယောက်ပါပဲဟယ်။ တခြား ဘာအကြောင်းပြချက်မှ မရှိဘူး”
သူမ၏ အတန်းပိုင်ဆရာကို နှုတ်၏ စောင်မခြင်းဖြင့် ကာကွယ်နေစဥ် ရှီလီက သူမဘာသာ တွေး၏။ (လက်ထောက် ကျောင်းအုပ်ရဲ့ မျက်လုံးတွေက အတန်းပိုင်ဆရာရဲ့ နောက်မှာပဲ ရှိနေတာ အဆန်းမဟုတ်တော့ဘူး။ သူ့ကြည့်ရတာလည်း တကယ်ကြီး အဖြောင့်နဲ့မှ တူမနေပဲကို။ တခြားလူကိူ အပြစ်မတင်နိုင်တော့ဘူး)
ရုံရုံ∷ အဲဒါ ဘာကြီးလဲ။ ငါ အရင်က အဲဒါကို ဘယ်တုန်းကမှ မကြားဖူးပါဘူး။ တကယ်ပဲ ငါ ဘယ်လို လွဲသွားရတာလဲလို့။)
သို့သော် သူမက ရှီလီထံ တိုက်ရိုက်မမေးပေ။ ဖူဟွေ့ရှင်းကိုသာ တိတ်တဆိတ် ကြည့်လိုက်ပြီး သူမအတွက် အကောင်းဆုံး အဖြေပေးနိုင်ရန် မျှော်လင့်မိလေသည်။
သို့သော် ဖူဟွေ့ရှင်း၏ အာရုံ အလုံးစုံက ရှီလီထံမှာသာ စွဲနစ်နေပေရာ သူမ၏ အကြည့်လေးတချက်မျှကို လုံးလုံးလျားလျား လွဲချော်သွားတော့၏။
ရုံရုံက စိတ်ထဲက ကြိတ်ကာ သရော် လှောင်ပြောင်လိုက်သည်။
ရှီလီက စပ်စုလိုစိတ် ပြင်းပြလှစွာဖြင့် ဖူဟွေ့ရှင်းကို မေးလိုက်၏။
“အတန်းပိုင်ဆရာရဲ့ Blind Dateကို နင်က ဘယ်လိုလုပ်ပြီး သိသွားတာတုန်း”
ဖူဟွေ့ရှင်းက ပြန်ဖြေသည်။
“သူ ဖုန်းပြောနေတာကို ငါလည်း နားစွန်နားဖျား ကြားလိုက်တာ။ နောက်မကျဖို့ သူ့အမေက သူ့ကို လောဆော်နေတာလေ”
ထိုရှင်းပြချက်ကတော့ ထိုအတိုင်းသာ။
အတန်းပိုင်ဆရာ မပါဝင်သည့် ဤနေ့လည်စာ တနပ်ကဖြင့် အတော်လေးကို ငြိမ်းချမ်းဖွယ်ရာ ကောင်းပေစွ။
သူတို့က နေ့လည်စာ စားရန် ကြုံရာ စားသောက်ဆိုင် တစ်ဆိုင်ကိုသာ ရွေးချယ်လိုက်ကာ Bubble Teaကိုတော့ နီးစပ်ရာ ဆိုင်မှသာ ဝယ်လိုက်၏။
ရက်သတ္တပတ် ကုန်ဆုံးချိန်တွင် ကျောင်းသား အနည်းငယ်သာ ရှိရမည် ဖြစ်သော်လည်း Bubble Teaဆိုင်တွင်တော့ တန်းစီနေသည့် ကျောင်းသားများ တအုပ်တမကြီး ရှိနေပါ၏။
ကံကောင်းစွာဖြင့်ပင် ဆိုင်က စောင့်ဆိုင်းရန် နေရာလွတ် ကျယ်ကျယ်ဝန်းဝန်း ရှိကာ စားပွဲလွတ် အများအပြား ရှိနေပေသည်။
သောက်စရာ စောင့်ဆိုင်းနေကြစဥ် သူတို့လည်း ထိုင်ရန် စားပွဲ ရှာတွေ့သွားပါ၏။
ဆိုင်က လူပြည့်နေပြီး ကျောင်းသားအချို့က ယင်းတို့ စာကြည့်ရန် နေရာလွတ်တချို့ကို အသုံးပြုကြပေရာ နေရာ အတော်များများမှာ လူရှိနေပြီးသားဖြစ်သည့်အတွက် သူတို့မှာ ဝင်ပေါက်နားမှ နေရာကိုသာ ရနိုင်ပေတော့၏။
ဤနေရာမှာ စာမလုပ်ကြမှတော့ ဘယ်နားမှာပဲ ထိုင်ရထိုင်ရ သူတို့ သုံးယောက်လည်း စိတ်ထဲ ထားမနေတော့ပေ။
သူတို့က ဤBubble Teaဆိုင် ရောက်သည်နှင့် မနက်ခင်းတုန်းက ပုစ္ဆာများကို ဆွေးနွေးကြကာ ထို့နောက်မှာမှ သူတို့၏ သောက်စရာများကို မှာယူကာ ထိုင်ခုံနေရာသို့ ပြန်လာခဲ့ကြ၏။
ပုံမှန်အတိုင်းပင် ဖူဟွေ့ရှင်းထံမှာ မေးခွန်း ရှိနေပြီး ရှီလီကလည်း အဖြေကို ပိုင်းခြားရေးပြရန် ဘောပင်လေး ထုတ်ယူလိုက်၏။
ထိုစဥ်တွင် ရုံရုံမှာ သူမ မျက်လုံးများကို တိတ်တိတ်လေး လှိမ့်လိုက်လေ၏။ ဘယ်လိုတောင် အတုအယောင်ကြီးလဲလို့။
သုံးမိနစ်မျှ ကြာပြီးနောက် ပုစ္ဆာ တပုဒ် ရှင်းလို့ ပြီးသွား၏။
ဖူဟွေ့ရှင်းက သူ၏ မေးခွန်းစာရွက်များ၊ ရေးခြစ်ထားသည့် စာရွက်များနှင့် ဘောပင်ကို ကျောပိုးအိတ်ထဲသို့ သိမ်းဆည်းနေစဥ် ရှီလီက မိမိတို့ စားပွဲဝိုင်းကို ခေါ်ဆိုမည့် နံပတ်ကို စစ်ဆေးရန် ခေါင်းမော့လိုက်၏။
တစ်ချက်မျှ ဝေ့ကြည့်လိုက်စဥ် သူမက ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
ထိုသူက ရှီလီကို တွေ့သည့်အခါ ပြုံးပျော်သွားလေသည်။
“ရှီလီ၊ မင်းလည်း ဒီမှာ Bubble Tea လာသောက်တာလား”
ရှီလီလည်း ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
227 03
အမျိုးသား ဇာတ်ဆောင်တိုင်း အောက်ဆွဲအဖော်တစ်ယောက်နှင့် ကလေးဘဝ သူငယ်ချင်းတစ်ယောက် ရှိဖို့ မရှိမဖြစ် လိုအပ်ကာ ထိုတစုံတစ်ယောက်ကလည်း ချောမောသည့်တိုင် အမျိုးသား ဇာတ်ဆောင်လောက် မချောမောရပဲ မိသားစုကောင်း ရှိပါကလည်း Male Lead လောက် ကောင်းစရာ မလိုအပ်သလို အရည်အချင်းကောင်း များစွာ ရှိပါကလည်း ဇာတ်လိုက် ရှိရမည့် အရည်အချင်းများနှင့်လည်း ကိုက်ညီမှု မရှိစေရ။
ကျောက်ဟန်ယိကား ထို Character မျိုးနှင့် လုံးဝဥသုံ အံဝင်ခွင်ကျ ရှိသူမျိုးတည်း။
သူနှင့် ဖုန့်ယွင်ဟယ်က အတူတူ ကြီးပြင်းလာသည့် ငယ်သူငယ်ချင်းများ ဖြစ်ကြကာ မူကြိုတန်းမှသည် အထက်တန်းအထိ အတန်းဖော်များလည်း ဖြစ်ကြလေသည်။
မူလ ရှီလီ ဖုန့်ယွင်ဟယ်ကို သွေးဆောင် ဖြားယောင်းခဲ့စဥ်က သူမက သိမ်မွေ့ညင်သာလှသည့် ချဥ်းကပ်မှုမျိုးကို မကြာခဏ အသုံးချခဲ့ကာ ထိုသူ၏ မိဘ သူငယ်ချင်းများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ခဲ့ပေ၏။
ရည်ရွယ်ချက်ရှိရှိရော မရည်ရွယ်ပါသည့် အမျိုးမျိုးသော အပြန်အလှန် ဆက်ဆံရေးများ တလျှောက်ဝယ် ရှီလီနှင့် ကျောက်ဟန်ယိမှာ သင့်တင့်လျောက်ပတ်သည့် သူငယ်ချင်း ဆက်ဆံရေးအဖြစ်သို့ တိုးတက်လာခဲ့ပါ၏။
သူတို့က တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြုံကွဲ သာမန်နှုတ်ဆက်ကြသည့် သူငယ်ချင်းမျိုးသာ ဖြစ်ကာ တွေ့ဆုံချိန်တွင်လည်း တိုတိုတောင်းတောင်းသာ နှုတ်ခွန်းဆက်ကြလေသည်။
သို့စေကာမူ ရှီလီ၏ ထိုသူနှင့် ပတ်သက်သည့် ဆက်ဆံရေးကဖြင့် ထိုမျှဖြင့်သာ အဆုံးသတ်ရန် ကန့်သတ်ထားပါ၏။
“မင်း တခြား ဆုတတစ်ဆု ရခဲ့သေးတယ်လို့ ငါ ကြားခဲ့သေးတယ်။ ငါ မင်းကို အခုချိန်ထိ ဂုဏ်ပြုစကား မပြောရသေးဘူး။ မင်းက တကယ့်ကို အံ့သြစရာပဲနော်”
ရှီလီကမူ ယဥ်ကျေးသိမ်မွေ့စွာပင် ဆက်လက် ပြုံးနေရင်းက
“ ကျေးဇူးပါ၊ ကျေးဇူးပါ”
ထိုအချိန်တွင် သူတို့၏ အော်ဒါနံပတ်များကို ဆိုင်က ခေါ်လိုက်ပြီ ဖြစ်ပြီး ရှီလီ၏ မျက်လုံးလေးများက လင်းလက်သွားလေသည်။
ဖူဟွေ့ရှင်းက မတ်တပ် ထရပ်လိုက်သည်။
“မင်းတို့တွေ စကား ဆက်ပြောကြပါ။ ငါ သွားယူလိုက်မယ်”
သူက ရှီလီနှင့် ရုံရုံ၏ ပြေစာများကိုပါ ယူကာ သောက်စရာ သွားယူလေသည်။
ဖူဟွေ့ရှင်း ထသွားသည်နှင့် ရှီလီ၏ မျက်စောင်းထိုးနေရာက နေရာလွတ် ဖြစ်သွားခဲ့၏။
ထို့ကြောင့် ကျောက်ဟန်ယိက ဖူဟွေ့ရှင်း၏ မူလနေရာကို မောင်ပိုင်စီးကာ ထိုင်လိုက်လေတော့သည်။
ထိုသူက ထွက်မသွားမှတော့ ရှီလီလည်း ကသိကအောက် စကားစမြည်ကို ပြောဆိုရပေတော့သည်။
“Bubble Tea သောက်ဖို့ နင်တစ်ယောက်တည်း လာခဲ့တာလား”
“တကယ်ကြီး မဟုတ်ဘူးပေါ့”
ကျောက်ဟန်ယိက အနီးအနား စားပွဲမှာ ထိုင်နေသည့် စုံတွဲထံ အကြည့်ရောက်သွားကာ
“ငါတို့ အတူတူ လာကြတာလေ”
ထို့အတွက်ကြောင့် ထိုသူက သူ၏ ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းများနှင့် ပူးပေါင်းဖို့ထက် သူမနှင့် ခွတီးခွကျ စကားစမြည် ဖန်တီးရန် အရောင်လာခဲ့သည်ကို ရှီလီ နားလည်သွားတော့၏။ ဘာဖြစ်ဖြစ် Third Wheel ဖြစ်ချင်တဲ့လူ ဘယ်သူမှ မရှိပဲဟာ။
သို့သော် ထိုစုံတွဲကို မြင်သည့်အခါ ရှီလီခမျာ အေးခဲသွားရပြီး သူမ မျက်လုံးများကလည်း ထိုသူတို့နှင့် ကျောက်ဟန်ယိတို့ထံ အစုန်အဆန် လှစ်ခနဲ ပြေးသွားလေသည်။
သူမ၏ စူးစူးစိုက်စိုက် ကြည့်နေခြင်းက ကျောက်ဟန်ယိကို မသက်မသာ ဖြစ်လာစေကာ တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သူလည်း ခံစားလာရ၏။
227 04
ထိုအချိန်တွင် ဖူဟွေ့ရှင်းက Bubble Tea သုံးခွက်ဖြင့် ပြန်ရောက်လာပြီဖြစ်၏။ သို့သော် ကျောက်ဟန်ယိကမူ သူ့ထိုင်ခုံကို လက်လျှော့မည့်ပုံ မပြပါပေ။ ထိုအစား သူက အတွင်းဘက်သို့ ပိုမို တိုးကပ်ကာ အိမ်ရှင်လို ပြုမူလာ၏။
“လာစမ်းပါ၊ ညီအစ်ကိုရ၊ ထိုင်ပါဦး၊ ရှက်မနေနဲ့”
ဖူဟွေ့ရှင်းကလည်း အမူအရာ ကင်းမဲ့စွာဖြင့်ပင် ထိုင်လာလေသည်။
နောက်ဆုံးတွင် ရှီလီက မှတ်မိသွားခဲ့ပြီဖြစ်၏။
(ငါ မှတ်မိပြီ၊ ကျောက်ဟန်ယိ သူငယ်ချင်းရဲ့ ကောင်မလေးက သိပ်မဝေးလှတဲ့ အနာဂတ်ကျ ကျောက်ဟန်ယိရဲ့ မိထွေး ဖြစ်လာတော့မှာ။)
ကျောက်ဟန်ယိ∷ ဘာကြီး??
******
228 01
အပိုင်း 228.
ကျောက်ဟန်ယိကဲ့သို့ပင် ဤပတ်သက်ဆက်နွယ်မှုတွင် ပါဝင်သည့် အခြားလူများသည်လည်း ယင်းကို ကြားလိုက်ရပါ၏။
ကျောက်ဟန်ယိ၏ သူငယ်ချင်းသည်လည်း သူ့ ချစ်သူ မိန်းကလေးက များမကြာမီမှာပင် သူ့သူငယ်ချင်း၏ မေမေလေး ဖြစ်လာမည် ဆိုသည်ကို ရှာတွေ့သွားခဲ့၏။
ယင်းက အံ့အားသင့် တုန်လှုပ်ဖွယ်ရာ ဖြည်ချခံရသည့် လျှို့ဝှက်ချက်ကြီးပါပင်။
သူတို့တွေ အတန်း မခွဲကြခင်ကပင် ကျောက်ဟန်ယိနှင့် ဟယ်ယွီချီက အတန်းဖော်များ ဖြစ်ခဲ့ဖူးပါ၏။
ထို့ကြောင့် သူတို့တွေ ယခုလို အတန်းခွဲပြီးနောက် ထိုင်ခုံဖော်များ ဖြစ်လာချိန်တွင်တော့ ထိုပတ်သက်မှုက ပိုလို့တောင် ရင်းနှီး နီးကပ်လာခဲ့ပေသည်။
ဖုန့်ယွင်ဟယ်အပြင် ကျောက်ဟန်ယိသည်လည်း အခြားသူငယ်ချင်းများ ရှိဖို့ လိုအပ်သေးသည် မဟုတ်ပါလား။
သားတစ်ယောက်အနေဖြင့် သူ့ဖခင်က အသက်ငယ်ငယ် မေမေလေး တစ်ဦးကို လက်ထပ်ယူမည်ဟု ကြားရသည့်တိုင် သူက မအံ့သြမိတော့ပါပေ။ ထိုအစား သူက ယင်းကိစ္စကို အတော်လေး ကျင့်သား ရခဲ့ပြီးပြီပင်။
အောင်မြင်ထင်ရှားသည့် အမျိုးသား တစ်ယောက် အနေဖြင့် ကျောက်ဟန်ယိ၏ ဖခင်သည်ကား သူ၏ စီးပွားရေးနယ်ပယ်ထက် စိတ်ကူးယဥ် ဆန်လှစွာသည့် သမိုင်းပူံပြင်များက ပိုလို့တောင် လူပြောများပေသေးသည်။
မည်သူ တစ်ဦးတစ်ယောက်၏ ဇနီးကမျှ အသက်ဆယ့်ရှစ်နှစ်တွင် ထာဝရ မတည်တံ့နိုင်သော်ငြား ကျောက်ဟန်ယိ၏ ဖခင်ကတော့ ယင်းကို အံ့ချီးဖွယ် စွမ်းဆောင်ထားနိုင်ပေသည်။
သူ၏ အသက် နှစ်ဆယ့်လေးနှစ်တွင် သူ့ဇနီးက အသက် နှစ်ဆယ့်လေးနှစ်၊ သူ့အသက် သုံးဆယ့်လေးနှစ် အရွယ်တွင် ဇနီးကတော့ နှစ်ဆယ့်လေးနှစ်မှာသာ ရှိနေသေးပြီး လေးဆယ့်လေးနှစ် အရွယ်တွင်တော့ သူ့ဇနီးက အသက် နှစ်ဆယ့်နှစ်နှစ် ဖြစ်လေသည်။
ယခု သူ့အသက် လေးဆယ့်ကိုးနှစ်တွင် သူ့ဇနီးမှာ အသက် နှစ်ဆယ့်ခြောက်နှစ် ဖြစ်လေသည်။
ကျောက်ဟန်ယိ၏ ဖခင်မှာ ယခုလက်ရှိ သူ၏ သတို့သမီးငယ်လေးကို လွန်ခဲ့သော သုံးနှစ်ခန့်ကမှ လက်ထပ်ယူခဲ့ခြင်း ဖြစ်ပြီး သူ၏ အိမ်ထောင်သက်က အချိန်မည်မျှ သက်ဆိုးရှည်လိမ့်မည် ဆိုသည်ကို ကျောက်ဟန်ယိက စဥ်းစားဖူးခဲ့ပေသည်။
သူ့ဖခင်၏ လက်ရှိ အိမ်ထောင်က အချိန် ဘယ်ရွေ့ဘယ်မျှ သက်ဆိုး ရှည်လိမ့်မည်ကို သူ မသိသေးပါသော်ငြား ယခုမူ သူက ဖြစ်လာလတ္တံ့သော သူ၏ မေမေလေးကိုဖြင့် သိရပေပြီ။
ယင်းက သူ့ကို တစ်စုံတစ်ယောက်က Spoiler ပေးသည်ဟုပင် ခံစားရလေသည်။
ကျောက်ဟန်ယိမှာ စိတ်အေးချမ်းသာစွာ ရှိနေဆဲပင်။ ဘာဖြစ်ဖြစ် သူက တဒါဇင်မကသော မေမေလေးများဖြင့် ကြုံတွေ့ခဲ့ရသူပင်။ ထို့ကြောင့် လာလတ္တံ့သူက ဘယ်သူဖြစ်ဖြစ် သူ့အတွက် ပြဿနာ များများစားစား မရှိပါလေ။
အနည်းငယ်မျှ အံ့သြတုန်လှုပ်ဖွယ်ဟူ၍ သူ၏ အနာဂတ် မေမေလေးက သူ့သူငယ်ချင်း၏ ချစ်သူမိန်းကလေး ဖြစ်နေသည့် အချက် တစ်ခုတည်းသာ။
Relationship များကြား ပြောင်းလဲစေနိုင်သည့် အင်အားဟူသည် အတော်လေးကို ရှုပ်ထွေး ပွေလီပေစွ။
စစ်မြေပြင် အတွေ့အကြုံ ရင့်သန်လှပြီဖြစ်သည့် သူ၏ သူငယ်ချင်းများဖြစ်သူ ဖူဟွေ့ရှင်း၊ ရုံရုံတို့နှင့် မတူခြားနားစွာပင် ကျောက်ဟန်ယိသည်ကား ထိုသတင်းကို ကြားပြီးနောက် သူ့သူငယ်ချင်းထံ မသိလိုက်ဘာသာ ကြည့်မိပေရာ ရှုပ်ထွေးကာ ပရမ်းပတာ ဖြစ်နေသည့် သူ့သူငယ်ချင်း၏ အကြည့်စူးစူးများဖြင့်သာ တွေ့ဆုံလိုက်ရတော့၏။
ထိုသို့ တွေးမိခြင်းက သူ့သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ခြင်းကို ခံစားလိုက်ရပေရာ ကျောက်ဟန်ယိခမျာ အတော်လေးကို အပြစ်ရှိစိတ်ကို ခံစားရပါ၏။
သူက မည်သူတစ်ဦးတစ်ယောက်၏ ချစ်သူမိန်းကလေးကိုမှ ခိုးယူ အလစ်သုတ်ခြင်း မပြုလုပ်ထားပါသော်ငြား ထိုသို့သော ကိစ္စရပ်ကို လုပ်ထွက်လာသူက သူ့ဖခင်ရင်း ဖြစ်နေပေသည်။ သူတို့စကားလို ပြောရမည်ဆိုပါလျှင် ဖခင်၏ ကြွေးမြီကို သားဖြစ်သူက ဆပ်ရမည် ဟူသတတ်။
ယင်းကိစ္စကို ပိုပြီး တွေးမိလေ ကျောက်ဟန်ယိမှာ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လာလေဖြစ်နေပေသည်။ ထိုလူအိုကြီး ဂြိုဟ်မွှေသမျှကို သူက အဘယ်ကြောင့် တာဝန်ယူပေးရမည်နည်း။
228 02
သူ့ဖခင်၏ မပြတ်တမ်း ဇနီးပြောင်းလဲခြင်းတွင် ကောင်းကောင်း ကြီးပြင်းလာရခြင်းက သူက အတော်လေး အရေထူလာမှု တိုးတက်လာသည်ကို ပြသနေသည်ပင်။
သူက ချက်ချင်းဆိုသလိုပါပင် မိမိကိုယ်ကို သမာဓိရှိသူ ဖြစ်လာပြီဟု ယုံကြည်လာ၏။ သူတို့အားလုံးထဲတွင် ရိုးသား အပြစ်ကင်းဆုံး သူပါပင်။ ချစ်သူ ကောင်မလေးကို ခိုးယူခံရသည့် ဟယ်ယွီချီက ပိုလို့တောင် အပြစ်ကင်းသည် ဆိုပါလျှင် ယင်းက အမှန်တရား မဟုတ်နေသေး။ ယင်းက စာရိတ္တကို ကောင်းကောင်း အကဲမဖြတ်နိုင်ခြင်းနှင့် ချစ်သူ အရွေးမှားခြင်းက သူ့အမှားသာ ဖြစ်လေသည်။
ဘာဖြစ်ဖြစ် သူသည်လည်း သနားစရာ ကျောက်ဟန်ယိလေးကို နာကျင်စေသူ တစ်ယောက်ပါပင်။
ကျောက်ဟန်ယိ၏ အမူအရာမှာ ဆက်လက် ပြောင်းလဲနေဆဲဖြစ်ပြီး ရှီလီနှင့် သူမ၏ အဖော်နှစ်ယောက် ထွက်ခွာသွားသည်ကိုပင် သတိမပြုမိခဲ့ပေ။ သူ စိတ်နှင့်ကိုယ် ပြန်ကပ်ချိန်မှာတော့ စုံတွဲတစ်တွဲက သူ့ရှေ့ ထိုင်ခုံမှာ နေရာယူပြီးခဲ့လေပြီ။
ကျောက်ဟန်ယိသည်ကား ရှီလီထံမှ အတင်းအဖျင်းများကို ပိုမို သိရှိလိုပါသော်လည်း သူ အတွေးပင်လယ်ထဲ နစ်မြုပ်နေချိန်တွင် သူမက ကွယ်ပျောက်သွားခဲ့လေပြီ။
သူ့ခမျာ ဝမ်းနည်း နောင်တကိုသာ ခံစားလိုက်ရပြီး သူဘာအကြောင်းတွေ တွေးနေမိပါလိမ့်ဟု တနုံ့နုံ့ ဖြစ်ရချေ၏။
ရှီလီ ထွက်ခွာသွားပြီ ဆိုကတည်းက အတင်းအဖျင်းများကို အသေးစိတ် သိရရန် နည်းလမ်း မရှိတော့ပါပေ။
ကျောက်ဟန်ယိမှာ သူ့အနေဖြင့် ဟယ်ယွီချီကို ဦးဆုံး နှစ်သိမ့်ပေးကာ သူ၏ ချစ်သူ ကောင်မလေးကို နောက်ဆုံးတွင် မည်သို့ အနိုင်ရအောင် လုပ်ရမည်ဆိုသည်ကိုပါ ထည့်သွင်းစဥ်းစားခိုင်းသင့်ကြောင်း တွေးမိလေသည်။
သူတို့၏ နေ့စဥ် အပြန်အလှန် ဆက်သွယ် လှုပ်ရှားမှုများမှတဆင့် ထိုသူက သူ့ချစ်သူ မိန်းကလေးကို အမှန်တကယ် ဂရုစိုက်ကြောင်း ရှင်းရှင်းလင်းလင်း သိသာလှပါ၏။
ဤမျှ ရုတ်တရက် ဆန်လှသော သတင်းကြီးက သူ့အတွက်တော့ ဧရာမ ရိုက်ချက်ကြီးသာ ဖြစ်ပေလိမ့်မည်။
ဤအသိတရား ခေါင်းထဲ ဝင်လာပြီးသည့်နောက် ကျောက်ဟန်ယိလည်း ဟယ်ယွီချီကို လှမ်းကြည့်မိလေသည်။
သို့သော် ဟယ်ယွီချီ၏ ထိုင်ခုံမှာ ယခုအခါ အလွတ်ကြီး ဖြစ်နေပြီး အတော်လေး ကြက်သေသေနေသည့် ချောင်လွီသာ ကျန်ရှိလေတော့သည်။
ချောင်လွီက အတန်းမခွဲခင်ကတည်းကပင် Class1,2,3 တို့မှ မဟုတ်လေရာ ရှီလီ၏ အတွေးတို့ကို မကြားနိုင်ပေ။
ထို့ကြောင့် သူမ၏ လက်ရှိအခြေအနေကို ရှီလီ၏ အတွေးတို့က သက်ရောက်မှု မရှိပါပေ။
ကျောက်ဟန်ယိတစ်ယောက် ယင်းကို တစိမ့်စိမ့် တွေးနေစဥ် ချောင်လွီက သူ့ကို ကြည့်ကာ အပြုံးလေးနှင့်အတူ လျှောက်လာလေသည်။
“ယွီချီကတော့ ဘာမှ ရှင်းမပြဘဲ ထွက်သွားပြီး ပြန်ကိူ မလာတော့ဘူးဟယ်။ သူ ဘယ်သွားလဲ နင်သိလား”
သူ ဘယ်ကို သွားလိုက်လဲ ကျောက်ဟန်ယိ မသိပေ။ သို့သော် သူ ဘာကြောင့် ထွက်သွားသည်ဟူသည့် အကြောင်းပြချက် လှလှလေးကိုတော့ သူ သိရှိပါသည်။
ထို့ကြောင့် သူက ဝေ့လည်ကြောင်ပတ်ဖြင့် ပြောလိုက်လေသည်။
“ငါလည်း မသိဘူးလေ။ သူ့အိမ်မှာ ကိစ္စ တစ်ခုခု ရှိလို့ နေမှာပေါ့”
ထိုလှတပတ မိန်းမငယ်လေးက နှုတ်ခမ်းစူလိုက်၏။
“သူက သူ့ဖုန်းကို စစ်တောင် မစစ်ရသေးပဲနဲ့ ရုတ်တရက်ကြီး ထရပ်လိုက်တာကို။ ငါကတော့ ငါများ သူ စိတ်အနှောင့်အယှက် ဖြစ်စရာ စကား တစ်ခွန်းခွန်းများ ပြောမိတာလို့ ထင်နေတာ”
ကျောက်ဟန်ယိက တွေးသည်။ (မိန်းကလေးရေ၊ မင်း မှန်လိုက်လေ။ ဒါပေမဲ့ အဲဒါက မင်းသူ့ကို ပြောလိုက်တဲ့ ဝမ်းနည်းစရာ စကားကြောင့်တော့ မဟုတ်ဘူး။ ရှီလီ ပြောလိုက်တဲ့ စကားက သူ့ကို ဒဲ့ထိသွားလို့လေ။)
228 03
စိတ်တွင်းကနေ ကြိတ်ကာ ထေ့ငေါ့နေသည့်တိုင် သူက အသံ ကျယ်ကျယ်လေး ပြောလိုက်ပါ၏။
“တကယ် မဟုတ်ဘူးပေါ့၊ သူ့မှာ အရေးပေါ် ကိစ္စ ရှိနေလို့ နေမှာပေါ့ဟ။ သူတစ်ယောက်တည်း နေလို့ရအောင် အချိန်ပေးလိုက်ပါဦးဟာ”
စုံတွဲတစ်တွဲက ကျောက်ဟန်ယိရှေ့မှာ ထိုင်နေပေရာ ချောင်လွီခမျာ ထိုနေရာမှာ ထိုင်လို့ မရပါပေ။ သူ့ဘေးနား ထိုင်ခုံမှာတော့ နေရာလွတ်နေသည့်အတွက် ချောင်လွီလည်း ကျောက်ဟန်ယိ ေဘးမှာ ထိုင်လိုက်၏။
သူ့ဘေးနားမှ ဆိုဖာနေရာက အိခနဲ ဖြစ်သွားသည်ကို ခံစားလို့ ရလိုက်ပေရာ ကျောက်ဟန်ယိသည်လည်း သားမွေးများ ထောင်လာသည့် ကြောင်နှယ် ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကနေ စူးစူးရှရှပင် အော်ဟစ်နေပေ၏။: : ငါ့ကို မထိနဲ့။
ကောင်းကောင်းမွန်မွန် ပြုစု ပျိုးထောင်ခံခဲ့ရပြီး သူ၏ ကိုယ်ကျင့်စရိုက်က အပြစ်အနာအဆာ မရှိ စင်းလုံးချောဟု အထင်ရောက်နေသည့်တိုင် ယင်းက သူ၏ စိတ်ကူးယဥ်မှု သက်သက်မျှသာ။
သူက ချောင်လွီ၏ တည်ရှိနေမှုကို ခုခံနေပါသော်ငြား သူ၏ ယဥ်ကျေးသိမ်မွေ့လှသော ကိုယ်နှုတ်အမူအရာကဖြင့် ပြစ်ချက်ပြောစရာ ရှိမနေပေ။
ချောင်လွီက စောဒကတက်၏။
“ငါတို့တွေ မနက်ပိုင်း စာအတူတူကြည့်ပြီး နေ့လည်ကျ အပန်းဖြေဥယျာဥ် သွားမယ်လို့ စီစဥ်ထားပြီးသားကို။ ငါက လက်မှတ်တွေတောင် ဝယ်ထားပြီးပြီ။ ခုကျ သူက မပြောမဆိုနဲ့ ပြန်သွားပြီ။ သူ ဘယ်လိုတောင် လုပ်နေတာလဲလို့”
ကျောက်ဟန်ယိခမျာ သူမကို နှစ်သိမ့်ပေးရန်သာ တတ်နိုင်ပေသည်။
“သူက ကိုယ့်ကောင်မလေးကို ချိန်းပြီးမှ လာမတွေ့ပဲ ထားတတ်တဲ့ လူမျိုးမှ မဟုတ်တာကြီး။ ကြိုမသိတဲ့ ကိစ္စတခုခု ပေါ်လာလို့ နေမှာပါ”
ချောင်လွီကို ကြည့်ရသည်မှာ ယင်းကို လက်ခံလိုက်ပုံပေါ်ပြီး ထို့နောက်မှာမှ ပြောလာလေသည်။
“လမ်းတဝက်မှာတင် အစီအစဥ် ဖျက်ပစ်ရတာမျိုး ငါ မကြိုက်ဘူး။ ငါတို့တွေ သူမပါဘဲနဲ့ သွားကြရင်ရော ဘယ်လိုလဲ။ အနည်းဆုံးတော့ ဆုံးရှုံးမှုတွေကို လျှော့ချလို့ ရတာပေါ့ဟယ်”
ကျောက်ဟန်ယိ∷ အန္တရာယ်ဟေ့၊ အန္တရာယ်ဟ၊ အန္တရာယ်ကြီး။
သူက ယဥ်ကျေးစွာပင် ငြင်းပယ်လိုက်၏။
“ငါ အိမ်စာတွေ လုပ်စရာ အများကြီး ရှိသေးတယ်။ နေ့ခင်းကျရင်လည်း ကစားနိုင်မှာ မဟုတ်ပါဘူးဟာ။ မဟုတ်လို့ကတော့ မနက်ဖြန်ကျ ဆရာမဆီမှာ ကြိမ်းမောင်းခံရလိမ့်မယ်”
သူမက သူ၏ အနာဂတ် မေမေလေး ဆိုသည်ကို ဘေးဖယ်ထားပါဦး၊ သူ့သူငယ်ချင်း လက်ရှိတွဲနေသည့် ချစ်သူမိန်းကလေး ဆိုကတည်းက သူ့အနေဖြင့် သူမနှင့် နှစ်ယောက်တည်း ပန်းခြံသို့ မသွားသင့်ဟူသည့် အဓိပ္ပါယ်ပါပင်။
အချို့သော စည်းမျဥ်းများကတော့ ကန့်သတ်ထားဖို့ရန် မရှိမဖြစ် လိုအပ်လေသည်။
ထိုသို့ ငြင်းပယ်ပြီးနောက် ချောင်လွီသည်လည်း သူမနှင့်အတူ ပန်းခြံသို့ သွားရောက်လည်ပတ်ရန် ကျောက်ဟန်ယိကို မရမက မတောင်းဆိုတော့ပါပေ။
ထိုအစား သူမက အကြံပြုလာ၏။
“ဒီလိုဆိုမှတော့ ငါတို့တွေ စာကြည့်ခန်းပဲ အတူသွားရအောင်”
ကျောက်ဟန်ယိကမူ သူမနှင့်အတူ စာကြည့်ခန်းသို့ မသွားချင်ပေ။ သို့သော် သူမ၏ အစောပိုင်း ဖိတ်ကြားချက်ကို ငြင်းပယ်ရန် သူ့မှာ အိမ်စာတွေ အများကြီး လုပ်ဖို့ ရှိနေသည်ဟု ဆင်ခြေပေးခဲ့လေရာ ယခု သူမက စာအတူ လုပ်ကြမည်ဟု အကြံပြုလာချိန်တွင်တော့ သူ့ခမျာ ငြင်းပယ်ရန် မစွမ်းသာပါလေတော့။
သူ့မှာ ခွတီးခွကျ နိုင်စွာဖြင့်ပင် ခေါင်းညိတ်ပြရတော့သည်။
“ကောင်းပြီလေ။ စာကြည့်ခန်းထဲမှာ ထိုင်ခုံအလွတ်တွေ ရှိဦးမလားဆိုတာ ငါလည်း မသေချာဘူး”
228 04
တကယ်တမ်းကျ စာကြည့်ခန်းထဲမှ ထိုင်ခုံများကလည်း အမှန်တကယ် နည်းပါးလှပေ၏။
စာကြည့်ခန်းထဲသို့ ဝင်လာချိန်တွင် ကျောက်ဟန်ယိလည်း သူ ရင်းနှီးကျွမ်းဝင်သည့် မျက်နှာများကို လိုက်လံ ရှာဖွေမိ၏။
ကံကောင်းစွာဖြင့်ပင် သူက ရင်းနှီးကျွမ်းဝင်လှသည့် ကတုံးဆံတောက်ကေ တစ်ခုအား တွေ့လိုက်ရလေသည်။
ဖူဟွေ့ရှင်းက အရပ်ရှည်သူဖြစ်ပြီး သူက ထိုင်နေတာတောင်မှ လူအုပ်ကြားထဲတွင် ထင်းထွက်နေပေသည်။
ကျောက်ဟန်ယိခမျာ ယခုချိန် ရှီလီကို တွေ့လိုက်ရခြင်းလောက် ဘယ်တုန်းကမှ စိတ်မလှုပ်ရှားခဲ့ဖူးပေ။ သူက ချောင်လွီနှင့် နှစ်ယောက်တည်း ရှိရမည်ကို အဘယ်မျှ ရှောင်လွှဲနေချင်ကြောင်းကိုဖြင့် ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
လူတိုင်းက စာလေ့လာကြသည် ဖြစ်လေရာ ကျောက်ဟန်ယိခမျာ သူ၏ စိတ်လှုပ်ရှားမှုကို ကိုယ်အမူအရာဖြင့်သာ ပြသရတော့၏။
ရှီလီမှာမူ သူနှင့် နောက်ထပ်တဖန် ကံအားလျော်စွာ တိုက်တိုက်ဆိုင်ဆိုင် ဆုံဆည်းရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက ကျောက်ဟန်ယိနောက်မှာ မတ်တပ်ရပ်နေသည့် ချောင်လွီကို သတိပြုမိသွားကာ အတော်လေး အံ့အားသင့်နေပေ၏။
(ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး နှစ်ယောက်တည်း ကျန်ခဲ့ရတာတုန်း။)
ကျောက်ဟန်ယိက သာမန်ကာလျှံကာ ပုံစံဖြင့် ဖူဟွေ့ရှင်းဘေးမှာ ထိုင်လိုက်ပြီး ချောင်လွီကိုပါ အတူထိုင်ရန် ဖိတ်ခေါ်လိုက်သေး၏။
(ရိသေသမှု နည်းနည်းပါးပါး ပြစမ်းပါဟဲ့။)
(ချောင်လွီက နင့်ရဲ့ အနာဂတ် မေမေလေးတင် မဟုတ်ဘူး၊ နင့်ရဲ့ မရီးအသစ်လေးပါ ဖြစ်လာဦးမှာ သတိရဦး။)
သနားစရာ ကျောက်ဟန်ယိလေး∷ ဦးနှောက် တန်ပိုပြီး ချောင်သွားပြီ။