အခန်း (၂၃၃-၂၃၆)
Vol. 12 Ch. 233-236
233 01
အပိုင်း 233.
ရှီရွှမ်းက ဆက်ပြောသည်။
“ချူးချွမ်ရှန်းတို့ ကုမ္ပဏီရဲ့ အသေးစိတ် အစီအစဥ်ကိုတော့ ငါလည်း ခုထိ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ အဲဒါက အတော်လေး အဓိပ္ပါယ်ရှိတဲ့ လှုပ်ရှားမှုလို့ ငါတော့ ထင်တာပဲ။ ငါက အခု အားနေတဲ့အပြင် အိမ်မှာလည်း ဘာအလုပ်မှ ရှိမနေမှတော့ အဲဒီအစီအစဥ်မှာ ဝင်ပါမလို့လေ”
ယင်းက ကောင်းသည့် ကိစ္စပေမို့ ရှီရွှမ်းတစ်ယောက် အပြင်ထွက်ပြီး အပျော်ရှာကာ မိတ်ဆွေဖွဲ့ခြင်းမျိုးကို ရှီလီက မကန့်ကွက်ပါပေ။ သူမအနေဖြင့် ရှီရွှမ်းတစ်ယောက် ချူးချွမ်ရှန်းနှင့် အလွန်အမင်း နီးကပ်မည်ကို မလိုလားရုံမျှသာ။
သို့သော် သူမက ရှီရွှမ်း၏ ဝမ်းကွဲတစ်ယောက်သာ ဖြစ်ပြီး မိခင်မဟုတ်လေရာ သူမအနေဖြင့် ရှီရွမ့် ကိုယ်ပိုင် လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်လို့ မရပါပေ။
ရှီလီက လိမ္မာပါးနပ်စွာ မေးလိုက်၏။
“နင် ဆောင်းရာသီ အားလပ်ရက်အတွင်း သင်ကြားရေး အစီအစဥ်တွေ လုပ်စရာရှိတဲ့အပြင် တခြား အလုပ်တွေ ရှိသေးတယ် မဟုတ်ဘူးလား။ အဲဒီ လှုပ်ရှားမှာ ပါဖို့ နင့်မှာ အချိန် ရှိလို့လားဟယ်”
ရှီရွှမ်းက ရုတ်တရက်ကြီး ရှက်ပြုံးလေးပြုံးလိုက်ကာ
“ချူးချွမ်ရှန်းက ငါ့ကို အဲဒါတွေ ကူရေးပေးနိုင်တယ်လ”
ရှီလီခမျာ ပြောစရာစကားများ ပျောက်ရှသွားရေတာ့၏။ ဆိုတော့ အဲဒီအတန်းကို တကယ် စာသင်ပေးတာက ဘယ်သူတဲ့လဲ။
နောက်ဆုံး သူမခမျာ ယခုလိုသာ ပြောနိုင်တော့သည်။
“နင် အပြင်ထွက်တဲ့အခါကျ ဂရုစိုက်။ နင့်ရည်းစားကိုလည်း အရမ်းတွေ ယုံမနေနဲ့။ နင်တို့က ဘယ်လောက်ပဲ ရင်းနှီးပါစေ၊ သတိတော့ ထားမှရမယ်”
ရှီရွှမ်းက ရယ်မောလိုက်ပြီး သူ့ညီမ၏ ဆံပင်လေးများကို ဆွဲဖွလိုက်၏။
“ငါသိပါပြီ။ ကြက်ပေါက်မေမေလေးရဲ့”
ထိုညနေတွင် ဟွမ်ကျဲနှင့် သူမ ခင်ပွန်းသည်တို့လည်း ပြန်လည်တွေ့ဆုံသည့် ညစာစားပွဲအတွက် မိသားစု အိမ်တော်သို့ ရောက်လာလေသည်။
ယခုက အထူးအခါသမယ မဟုတ်သော်လည်း မိသားစု တစ်စုလုံး ဆုံစည်းသည့် မည်သည့်အချိန် မဆို ဆုံဆည်းခြင်း အထိမ်းအမှတ် တနပ်စာဟု မှတ်ယူရပါ၏။
သက်ကြီးရွယ်အိုတို့အတွက်မူ သူတို့၏ သားသမီး မြေးမြစ်များကို တစုတစည်းတည်း တွေ့ရခြင်းထက် နှစ်သက်ရမည့်အရာ မရှိလေရာ ရှီလီ၏ အဘွားကတော့ အတိုင်းမသိ ပျော်ရွှင်ကြည်နူးနေပါ၏။
ရှီလီ၏ အဘွားမှာ နှစ်သစ်ကူးကိုသာ မျှော်လင့် စောင့်စားနေရတာ ဖြစ်ပါ၏။ သူမ စိတ်အပူရဆုံးသော အငယ်ဆုံးသားက အိမ်ကို ပြန်ရောက်လာခဲ့ကာ ဂြိုဟ်မွှေသူ ဟုန်ယန်လည်း ေဘးနားမှာ မရှိတော့ပဲ သူ၏ မြေးကလေးများသည်လည်း သက်ဆိုင်ရာ လက်တွဲဖော်များ ရရှိနေကြပေပြီ။
ထို့ကြောင့် သူမ ဘဝကြီးက ကောင်းသထက်သာ ကောင်းလာရတော့၏။
ညစာ စားသောက်ကြပြီးနောက် ရှီလီတို့ မိသားစု သုံးယောက်က အိမ်တော်ဟောင်းတွင် ခေတ္တမျှ ထိုင်ကာ သူတို့ ဦးလေးမိသားစု အကြောင်းကို ခဏတဖြုတ် ပြောဆိုပြီး အိမ်သိူ့ ပြန်လာခဲ့ကြ၏။
အိမ်ကို ပြန်လာသည့်လမ်းတွင် ညစာ စားပြီးချိန်က အငယ်ဆုံး ဦးလေးရှီ ပြောပြခဲ့သည့် ဟုန်ယန့်အကြောင်းကို ရှီလီ ပြန်လည် အမှတ်ရမိလေသည်။
ရှီလီ၏ အဘွားမှာ သူ့သားအနေဖြင့် ထိုအမျိုးသမီးကို ကွာရှင်းကာ တခြားသော ဇနီးတစ်ယောက်ကို ရှာဖွေဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါ၏။ ထိုအမျိုးသမီး၏ မိသားစု နောက်ခံက ဘာဖြစ်ဖြစ် သူမက ဂရုစိုက်နေမည် မဟုတ်ပဲ ကိုယ်ကျင့်စရိုက် တခုတည်းကိုသာ သူမ ဂရုစိုက်မှာ ဖြစ်လေသည်။ သို့သော် သူမ၏ ရူးနှမ်းသည့် သားဖြစ်သူကတော့ ကွာရှင်းဖို့ကို ခေါင်းမာနေခဲ့ကာ သံတုံးကြီးကို မျိုချထားသည့်နှယ်ပါပင်။
ထို့ပြင် ထောင်ကျနေသည့် ဟုန်ယန့်ထံသို့ပါ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိ၏။ ဦးလေးအငယ်ဆုံးက ထိုနေ့မှာပင် သူမထံသို့ သွားရောက်လည်ပတ်သည်ဟူ၏။
နှစ်သစ်ကူးသမယ ချဥ်းကပ်လာသည်နှင့် အငယ်ဆုံး ဦးလေးမှာ ထောင်တွင်းမှ ဆင်းတောင့်ဆင်းရဲ အခြေအနေများကို စိုးရိမ်လာခဲ့ကာ တကိုယ်ရည်သုံး ပစ္စည်းများကို အထူးတလှယ် ဝယ်ယူသွားခဲ့ကာ ထောင်စောင့်များ အနေဖြင့် ယင်းတို့ကို ဟုန်ယန်ထံ တိတ်တဆိတ် ယူသွားပေးဖို့ မျှော်လင့်နေခဲ့ပါ၏။
233 02
သို့သော် ထောင်စောင့်များမှာ စည်းကမ်းလိုက်နာမှု တင်းကြပ်လှပေရာ အကယ်၍ ခွင့်မပြုပါဆိုလျှင် လုံးဝကို ခွင့်မပြုပေ။
ထို့ကြောင့် အငယ်ဆုံး ဦးလေးခမျာ သူ ဝယ်ယူထားသည့် အဝတ်အစားနှင့် အစားအသောက်များကို ပြန်သယ်လာခဲ့ရလေသည်။ သူ့မှာ ဟုန်ယန်ကို မှန်ထဲမှ တဆင့်သာ မြင်နိုင်ကာ စကားကိုသော်မှ တိုတိုတုတ်တုတ်ပဲ ပြောခဲ့ရပါ၏။
သူမ ထောင်ကျနေစဥ် အတောအတွင်း ဟုန်ယန်မှာ အတော်လေး အသက်အရွယ် ရလာခဲ့ကာ ဆံပင်တွေ တော်တော်ဖြူလာခဲ့ပြီး မျက်နှာပေါ်တွင်လည်း မရေမတွက်နိုင်သည့် အရေးအကြောင်းများ ထွက်ပေါ်လာခဲ့ပေသည်။
သူမကို မတွေ့ခဲ့ရသည့် သုံးလအတွင်း ဟုန်ယန်မှာ ရှိရင်းစွဲအသက်ထက် ငါးနှစ်ခန့်မျှ ပိုမို အိုစာသွားခဲ့ပါ၏။
အငယ်ဆုံး ဦးလေးရှီခမျာ သူမအတွက် အတော်လေးကို စိတ်ထိခိုက်ရပေတော့သည်။
ညစာစားကြပြီးနောက် သူက ထိုကိစ္စကို ရှီလီထံ ပြောပြလာခဲ့ပြီး ယင်းကလည်း ရှီလီက စုန့်ရင်းနှင့် ရင်းနှီးသည်ကိူ သူသိသောကြောင့် ဖြစ်လေသည်။ ဟုန်ယန့်အားခွင့်လွှတ်ကြောင်း စာကို ဟုန်ယန့်အတွက် ရေးသားပေးပါရန် ရှီလီက စုန့်ရင်းကို ပြောပြပေးဖို့ မျှော်လင့်တာ ဖြစ်လေသည်။ ဟုန်ယန်က အတော်လေးကို သနားစရာကောင်းနေမှတော့ သူမ ထောင်ထဲမှ စောစောစီးစီး ထွက်လာရန် စုန့်ရင်းအနေဖြင့် ကူညီပေးစေလိုလေသည်။
အငယ်ဆုံး ဦးလေးအနေဖြင့် ယင်းကို တိုက်ရိုက် မပြောလာသော်လည်း ရှီလီကမူ ဆိုလိုရင်းကို လုံးဝဥသုံ သဘောပေါက် နားလည်ပါ၏။
ရှီလီကမူ သူ့ဦးလေး၏ အရိပ်အမြွက်ကို နားမလည်ချင်ဟန်သာ ဆောင်နေခဲ့ကာ တုံ့ပြန်သမှု မပြုခဲ့ပေ။
သို့သော် အိမ်ပြန်သည့် လမ်းတွင်တော့ ရှီလီအနေဖြင့် သူ့ဦးလေး၏ စကားများကို စုန့်ရင်းထံ လက်ဆင့်ကမ်းပေးဖို့ ဆုံးဖြတ်လိုက်ပြီး ယင်းက သူမ ဟုန်ယန့်ကို ခွင့်လွှတ်ကြောင်းစာလွှာရေးအောင် သွေးဆောင်ဖို့ မဟုတ်လေဘဲ ဟုန်ယန်၏ လက်ရှိအခြေအနေကို သူမ သိသွားပြီး သူမ ပိုပြီး နေသာထိုင်သာ ရှိသွားရန်သာ ဖြစ်ပေတော့သည်။
စုန့်ရင်းမှာမူ လတ်တလောတွင် စာလေ့လာခြင်းများဖြင့် အလုပ်များနေပေရာ ဟုန်ယန်၏ အကြောင်းနှင့် ထိုအမုန်းတရားကိုပင် မေ့လျော့နေခဲ့လေပြီ။
ရှီလီက ယင်းကို သူမထံ သယ်ဆောင်လာမှသာ ပြန်လည် သတိရသွားခဲ့သော်လည်း သူမအတွက်တော့ ထိုကိစ္စက ကိစ္စကောင်းကြီးပါပင်။
နာရီပေါင်း အတန်ကြာ စာလေ့လာရခြင်းကြောင့် ပင်ပန်းနွမ်းလျခြင်းများက ချက်ချင်း ပျောက်ကွယ်သွားခဲ့ကာ သူမအနေဖြင့် လက်တွေ့လေ့ကျင့်ခန်း ဆယ်စုံခန့်မျှကို ပြုလုပ်ပြီးပြီဟု ခံစားရပါ၏။
ရှီလီမှာ ဟုန်ယန်၏ သမီးရင်းအကြောင်းကို စုန့်ရင်းထံ ပြောပြချင်သော်လည်း ယင်းက သူမကို စိတ်လက်မချမ်းမသာ ဖြစ်သွားစေမည်ကို ကြောက်ရွံ့သည့်အတွက် တိတ်တိတ်လေးပဲ ဆက်နေနေလိုက်တော့သည်။
သူမက ထိုအကြောင်းအရာကို ယနေ့နေ့လည်ခင်းမှပင် ရှီရွှမ်းထံမှ ကြားသိခဲ့ရခြင်း ဖြစ်ပါ၏။.ချစ်မေတ္တာ နေရာလွဲမှားမှု၏ ပြင်ပဝယ် အငယ်ဆုံး ဦးလေးရှီမှာ ဟုန်ယန် ထောင်ကျသွားစဥ်ကတည်းကပင် ဟုန်ယန်၏ သမီးရင်းကို သူ၏ လစာများ ပုံမှန် ထောက်ပံ့ပေးလေ့ရှိသည် ဟူ၏။
အငယ်ဆုံး ဦးလေးရှီမှာ အိမ်တော်ဟောင်းတွင် အချိန်အတန်ကြာ နေလေ့ရှိပြီး ရှီရွှမ်း နေ့လည်စာ စားရန် အိမ်ကို ရံဖန်ရံခါ ပြန်လာသည့် အချိန်မျိုးနှင့် အိမ်မှာ ရှိနေသည့်အခါမျိုးတွင် သူ၏အရှက်မဲ့မှုအတွက် သူ့ဦးလေးကို အဘွားဖြစ်သူက ဆူပူကြိမ်းမောင်းနေတတ်သည်ကို ကြားရတတ်ပါ၏
အဘယ့်ကြောင့်ဆိုသော် သူမတို့ ဦးလေးက သူ၏ လစဥ် လစာများကို ဟုန်ယန်၏ သမီးဖြစ်သူထံ ထောက်ပံ့နေပေရာ ယင်းက ပိုက်ဆံများကို အသူတရာနက်သည့် တွင်းကြီးထဲသို့ ပစ်ထည့်နေသလိုပါပင်။ ယင်းကို ရှီလီတို့အဘွား သိရှိချိန်တွင် သူမက အမျက်ချောင်းချောင်း ထွက်လေတော့သည်။
ရှီလီတို့အဘွားခမျာ ထိုကိစ္စကို သားကြီးနှင့် ချွေးမတို့ သိရှိသွားခွင့် မပေးရဲပါပေ။ သို့သော် သူတိူ့ကတော့ ထိုကိစ္စကို သိပြီးသားဖြစ်၏။ ရှီရွှမ်း၏ အတင်းအဖျင်းများ မရှိလျှင်တောင်မှ သူတို့က အကင်းပါးသူများ ဖြစ်ကြရာ အငယ်ဆုံးက ဟုန်ယန်၏ သမီးကို တိတ်တဆိတ် ထောက်ပံ့နေကြောင်း သူတို့သိတာ ကြာပြီ ဖြစ်လေသည်။
သို့သော် ရှီအဘွားကို ဂါရဝ ထားသည့်အားဖြင့် ယင်းကို ကိစ္စကြီး လုပ်မနေတော့ပါပေ။
ထို့အပြင် အငယ်ဆုံးဦးလေးကလည်း ကျန်အချိန်များမှာတော့ သူ့ဘာသာ အဆင်ပြေပြေ နေတတ်ပေရာ ယင်းက သူတို့မိခင်၏ ပျော်ရွှင်မှုအတွက် အနည်းငယ်မျှသော အဖိုးအခအဖြစ်သာ မှတ်ယူလိုက်တော့၏။
အကယ်၍သာ ဤပြဿနာက စိတ်ဝမ်းကွဲစေပြီး အငယ်ဆုံးဦးလေးက မိသားစု သံယောဇဥ်ကို ဖြတ်သွားခဲ့လျှင် စိတ်အပူရဆုံးက ရှီအဘွားသာ ဖြစ်ပေလိမ့်မည်။
ရှီအဘွားက အသက်ရှစ်ဆယ် ကျော်ပြီဖြစ်ကာ နွေရာသီရောက်တိုင်း ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်လေ့ရှိ၏။
ဤမျှ ကိစ္စသေးသေးလေးဖြင့်တော့ အဘွားအိုကို ဒုက္ခမပေးချင်သည့်အတွက် သူတို့လည်း မသိချင်ယောင်သာ ေဆာင်နေရပေသည်။
သူ့ဦးလေး၏ ဘဏ္ဍာငွေ ဟူသမျှက ဟုန်ယန်၏ သမီးဖြစ်သူထံ ထောက်ပံ့နေခြင်း ဖြစ်ကြောင်း သိရသည့်အခါ ရှီရွှမ်းလည်း ထိုသမီး၏ လက်ရှိအခြေအနေကို သူမ သူငယ်ချင်းထံ အသေးစိတ် မေးမြန်းခဲ့၏။
စုန့်ရင်း ပြန်ရောက်လာပြီးနောက် ရွှီမိသားစုက ရွှီရှင်းရှင်းကို မိသားစုထဲမှ နှင်ထုတ်ခဲ့ကြ၏။
233 03
သူတိူ့က နှင်ထုတ်သည်ဟု ေခါ်ခဲ့ကြသော်လည်း ရွှီမိသားစုကတော့ ယင်းကို သိမ်မွေ့ညင်သာစွာ ကိုင်တွယ်ခဲ့ပြီး သူတို့နှစ်ပေါင်းများစွာ ပတ်သက်ဆက်နွယ်ခဲ့သည့် သံယောဇဥ်ကြောင့် သူမအတွက် နှစ်ပေါင်းများစွာ ကုန်ကျသုံးစွဲခဲ့ရသည့် ငွေကြေးများကို အစားပြန်ပေးဖို့ မပြောခဲ့ကြပါပေ။
သူတို့က သူမ၏ အထက်တန်း ကျူရှင်လခနှင့် ပြည်ပတွင် နေထိုင်သည့် စရိတ်များကိုတောင်မှ သူမ အရွယ်ရောက်သည်အထိ ထောက်ပံ့ဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါ၏။
အကယ်၍ ရွှီရှင်းရှင်းသာ ကျောင်းကို ပြန်လာပြီး ကောင်းကောင်းမွန်မွန် စာလေ့လာခဲ့ပါလျှင် သူမ၏ ဘဝ လမ်းကြောင်းက ဖြောင့်ဖြူးကောင်းမွန်လိမ့်မည်သာ။
သို့သော် သူမ မလုပ်ခဲ့ပေ။ ပညာရေး တပိုင်းတစနှင့် ကျောင်းထွက်လိုက်ပြီးနောက် နောင်ကာလများအတွက် ကျူရှင်စရိတ်များက သူမထံ ပြန်လည် ရောက်ရှိလာခဲ့၏။
ရွှီကတော်နှင့် ရွှီလူကြီးမင်းက သူမ၏ နေထိုင်စရိတ်ကို အမြင့်ဆုံး စံနှုန်းနှင့် တွက်ချက်ကာ ပေးထားသည့်အတွက် အတော်လေးကို ကုံကုံလုံလုံ ရှိလှပေရာ ရွှီရှင်းရှင်းက ယင်းတို့အားလုံးကို ပြန်ယူသွားခဲ့၏။
ထိုငွေပမာဏ နှစ်ခုပေါင်းက အတော်ကြီး များပြားလှပြီး အသုံးမပြုရသေးသည့် လစဥ်စရိတ်များနှင့်သာ ဆိုပါလျှင် ယင်းက သာမန်လူတစ်ဦးအတွက်တော့ မျိုးဆက်ပေါင်း အတော်များများထိ အထက်တန်းကျကျ သုံးစွဲနိုင်လောက်အောင် လုံလောက်ပါ၏။
သို့သော် ရွှီရှင်းရှင်းကတော့ ဆေးစွဲတာသာ တိုးပွားလာပြီး ထိုသို့သော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေသူများက အစဥ်လိုလို ငွေမလုံလောက်ပါပေ။
လက်ဖွာပြီး အသုံးအစွဲကြီးသည့် သူမ၏ ဝါသနာနှင့် ပေါင်းစပ်လေသော် ထိုငွေများမှာ လျင်လျင်မြန်မြန်ကြီး တက်တက်ပြောင်သွားတော့၏။
ထိုအချိန်အတောအတွင်း မိဘ၏ ကြပ်မတ်ထိန်းသိမ်းမှုလည်း မရှိတော့လေရာ ပိုလို့တောင် အထိန်းအကွပ် မဲ့သွားပြီး သူမ၏ မူးယစ်ဆေးစွဲမှု ပိုလို့တောင် ဆိုးဝါးလာခဲ့ပေသည်။
ပိုက်ဆံများ တက်တက်ပြောင်သွားချိန်တွင် သူမက ဆေးကိုလည်း မဖြတ်နိုင်သလို အလုပ်လည်း မလုပ်နိုင်တော့ပါပေ။
ထို့ကြောင့် သူမက ရွှီကတော်ကို ချဥ်းကပ်ရန် ဆုံးဖြတ်ခဲ့၏။ ရွှီသခင်ကြီးက အသည်းမာသူဖြစ်ကြောင်း သူမ သိသည့်အတွက် သူ အိမ်မှာ မရှိသည့်အချိန်မှပင် အိမ်ကို လာခဲ့လေသည်။
ရွှီကတော်က အမှန်တကယ်ကို နှလုံးသား နူးညံ့သူ ဖြစ်သည့်အတွက် အတော်ကို ပိန်လှီသွားသည့် သူမကို မြင်သည့်အခါ ငွေအချို့ လွှဲပေးခဲ့သည်။
သို့သော် သူမမှာ ထိုအတွက် အတော်လေးကို စိတ်ထိခိုက်နေပြီး စုန့်ရင်း သိသွားလျှင်လည်း စိတ်လက် မချမ်းမသာဖြစ်မည်ကို စိုးရိမ်ပေရာ ခင်ပွန်းသည် အိမ်ပြန်ရောက်လာချိန်တွင် ထိုကိစ္စကို ပြောပြလိုက်ပါတော့၏။
ရွှီလူကြီးမင်း၏ အမူအရာက ချက်ချင်းကို မှောင်မည်းသွားတော့ကာ ယခုထက်ပိုသည့် မည်သည့် အကူအညီကိုမဆို မပေးတော့ရန် တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်လိုက်ကာ သူမကို နောက်တစ်ကြိမ် အိမ်ထဲဝင်ခွင့်မပေးရန် လုံခြုံရေးများကို အမိန့်ပေးလိုက်တော့သည်။
ရွှီအိမ်တော်သို့ လည်ပတ်ရန် ရွှီရှင်းရှင်း ဒုတိယအကြိမ် ကြိုးစားစဥ်မှာတော့ သူမမှာ လုံခြုံရေးများ၏ ဟန့်တားခြင်းကို ခံလိုက်ရကာ သူမ ဘာကိစ္စပဲရှိရှိ အိမ်ထဲပေးဝင်ဖို့ ငြင်းဆန်ခဲ့ကြကာ ကြမ်းတမ်းသည့် စကားအချို့ကိုပါ ပြောလိုက်ကြသေး၏။
မောက်မာသည့် စရိုက်ရှိသူ ရွှီရှင်းရှင်းက ထိုနေရာကို ဘယ်တော့မှ နောက်တကြိမ် ပြန်မသွားတော့ပေ။
သူမက ငွေတောင်းရန် ပစ်မှတ်ကို ပြောင်းလဲလိုက်ကာ သူမကို ငွေပေးပါရန် အငယ်ဆုံးဦးလေးရှီကို စတင်ပြောဆိုခဲ့ပါ၏။
သူမက သွေးတိုးစမ်းသည့် အနေဖြင့်သာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး တကယ်ကြီး ပိုက်ဆံ ရဖို့တော့ မျှော်လင့်မထားခဲ့ပေ။ သို့သော် ထိုနောက်ပိုင်းမှ အစပြုကာ ယင်းက မရပ်တန့်နိုင် ဖြစ်လာခဲ့ပါ၏။
သို့သော် အငယ်ဆုံး ဦးလေးရှီ၏ လစာက ယွမ်ခြောက်ထောင်မျှသာ ဖြစ်လေရာ ဆေးစွဲနေသူ တစ်ဦး လုံလောက်ဖို့ကတော့ ထိုငွေပမာဏက အလှမ်းဝေးပေစွ။
ရှီရွှမ်းတစ်ယောက် သူမ၏ သူငယ်ချင်းများထံမှ ပြန်ကြားရသည်မှာ သူမက မကြာခဏဆိုသလို Nightclubများ တက်ကာ ပရမ်းပတာ တွေ့ဆုံပွဲများတွင် ယောင်ပေယောင်ပေ လုပ်နေပြီး လတ်လျားလတ်လျား နေနေသည် ဟူသတတ်။
သူမ၏ လက်ရှိ ဘဝအခြေအနေက အဆုံးစွန်ထိတိုင် ပရမ်းပတာ ဖြစ်နေကာ အချို့အရာများကတော့ ထိတ်လန့်စဖွယ်မို့ ရှီရွှမ်းမှာ ရှီလီ၏ ဖြူစင်အပြစ်ကင်းသည့် စိတ်လေးကို ကာကွယ်ရန် အချို့အကြောင်းအရာများကို မပြောဖြစ်ခဲ့ပါပေ။
သူမ၏ အခြေအနေက သိပ်မကောင်းပဲ အငယ်ဆုံး ဦးလေးရှီ၏ အထောက်အပံ့ကိုသာ မှီခိုနေရကြောင်းသာ ရှီလီက အကြမ်းဖျင်း သိထားခဲ့ပါ၏။(သူ၏ ယွမ်ခြောက်ထောင်မျှသော လစာက သူမ၏ အကျင့်ဆိုးကြီးကိူ မထောက်ပံနိုင်ပေမဲ့လို့ပေါ့)
*****
234 01
အပိုင်း 234.
ဆောင်းရာသီ အားလပ်ရက်က ခုနစ်ရက်မှ ရှစ်ရက်အတွင်း စတင်မှာဖြစ်ပြီး နှစ်သစ်ကူး သမယ ချဥ်းကပ်လာသည့်တိုင် Calss 1,2မှ ကျောင်းသားများ၏ သုံးပုံတစ်ပုံက ကျောင်းတက်နေရဆဲပါပင်။
အကြောင်းပြချက်ကတော့ ရိုးရှင်းပါ၏။ ထိုကံဆိုးသူ မောင်ရှင်များမှာ အတန်းလိုက်ပါဝင်ရမည့် ရမှတ်များကို အတန်းပိုင်ဆရာထံ အကြွေးတင်နေသောကြောင့်တည်း။
ရှီလီမှာ Group Message များကို ကြည့်ပြီး ယင်းကို ရှာတွေ့ချိန်တွင် ယုံကြည်လက်ခံဖို့ရာ မယုံနိုင်လောက်အောင်ပင် ခက်ခဲခဲ့ရပေသည်။ သူမ၊ ရုံရုံနှင့် ဖူဟွေ့ရှင်းတို့ ပြင်းထန်သည့် Training မသွားမီ တလအလိုကပင် အများဆုံး အလျှော့ခံရသည့် ရမှတ်က အနှုတ်ငါးမျှသာ။
သို့သော် ယခုမူ ဆောင်းရာသီ အားလပ်ရက် ရောက်ရှိရန် တပတ်ခန့်မျှသာ လိုတော့ချိန်တွင် ကျောင်းသား အများစုက အတန်းတက်နေရဆဲ ဖြစ်ပြီး ယင်းက အတန်း၏ သုံးပုံတစ်ပုံခန့်ကတော့ အနည်းဆုံး ခုနစ်မှတ် အနှုတ်ခံရပြီဟူသည့် အဓိပ္ပါယ်ပါပင်။
ထိုအမှတ် အများစုကို အကြွေးတင်နေသူက မည်သူဖြစ်သည် ဆိုသည်ကိုတော့ သူမလည်း ယခုထိ မသိသေး။
အိမ်ကို ပြန်ရောက်သည့်အခါ ရှီလီလည်း အချိန် ဖြုန်းမနေတော့ပဲ အတန်းပိုင်ဆရာထံ ဖုန်းခေါ်လိုက်၏။
တနင်္လါနေ့ မနက်ခင်း ရောက်သည့်အခါ ယခုချိန်ထိတိုင် အားလပ်ရက် မယူရသေးသည့် သူမ၏ အတန်းဖော်များထံ သွားရေယက် လည်ပတ်ချင်သည့် သူမ၏ ဆန္ဒကို ဖော်ပြလိုက်ပါ၏။
အတန်းပိုင်ဆရာထံတွင်လည်း မည်သည့် ငြင်းပယ်ချက်မှ ရှိမနေဘဲ သူမလာချင်သည့် မည်သည့်အချိန်မတို လာနိုင်ပြီး ကျောင်းဂိတ်ဝမှ လုံခြုံရေးကိုသာ သတင်းပို့ရန်လိုငြောင်း ပြောလာပေ၏။
လာပြီး လည်ပတ်သည် ဆိုကတည်းက ရှီလီက လက်ဗလာကြီး ရောက်လာခဲ့တာ မဟုတ်ပါပေ။
အိမ်မှာ ရှိနေခြင်း၏ အကျိုးကြောင့် သူမက အိမ်အကူများကို ပြောဖို့ တခုတည်းသာ လိုအပ်ကာ အကုန်လုံးကို သူမအတွက် ကြိုတင် ပြင်ဆင်ပေးကြပါ၏။
သူမက ပုံမှန်အတန်းတက်ရခြင်း မဟုတ်သည့်အတွက် ရှီလီအနေဖြင့် ကျောင်းချိန်အတိုင်း ရောက်ဖို့ မလိုအပ်ပါပေ။ မနက်ကိုးနာရီတွင် သူမ ယူလာသည့် ကော်ဖီများနှင့်အတူ ဒရိုင်ဘာက သူမကို ကျောင်းဂိတ်ဝသို့ ပို့ဆောင်လာခဲ့၏။
သောက်စရာ ဘူးက စုစုပေါင်းမှ ဆယ်ခုခန့်သာ ရှိပါသော်ငြား ယာဥ်မောင်းကမူ ယင်းတို့ကို ရှီလီ သယ်ဆောင်မသွားနိင်မည်ကို စိုးရိမ်သည့်အတွက် အထဲကို ကူသယ်ပေးချင်လေသည်။
သို့သော် ကျောင်းလုံခြုံရေးကမူ ယခုခို အားလပ်ရက် သမယမှာပင် အတော်လေးကို နိုးကြားလုံ့လ ရှိနေပါ၏။ ရှီလီက သူမ၏ ကျောင်းတံဆိပ်ကို ပြသကာ အတန်းပိုင်ဆရာ၏ အမည်ကို ပြောကာ သူမ ယာဥ်မောင်းကို အထဲသို့ ဝင်ခွင့်ပေးပါရန် တောင်းဆိုသော်ငြား ယာဥ်မောင်းခမျာ ကံမကောင်း ရှာပါပေ။
မည်သည့် အခြေအနေမျိုး အောက်မှာမဆို ကျောင်းလုံခြုံရေးက ယာဥ်မောင်းကို အထဲသို့ ဝင်ခွင့်မပေးခဲ့ပါပေ။
ရှီလီအတွက်တော့ ထိုသောက်စရာ အိတ်နှစ်အိတ်မျှကို သူမဘာသာ သယ်သွားရခြင်းက ကိစ္စကြီး မဟုတ်ဟု တွေးမိသော်ငြား ယာဥ်မောင်းကမူ သူမ ပင်ပန်းမည်ကို စိုးရိမ်နေခဲ့ပါ၏။
ရှီလီ၏ အသွင်အပြင်ကို ကြည့်ရသည့်မှာ အတော်လေးကို နုနယ်နေဟန် ရှိသည့်အတွက် ကျောင်းစောင့်က ထိုသောက်စရာများကို အထဲသို့ ကူသယ်ပေးမည်ဟု ကမ်းလှမ်းလာလေ၏။
ထိုအတွက်ကြောင့် ယာဥ်မောင်းသည်လည်း အထဲသို့ ဝင်ဖို့ရန် မရမက တောင်းဆိုမနေတော့ပေ။
ထို့နောက် ရှီလီက ကျောင်းစောင့် ခြံရံလျက် စာသင်ခန်းဆီ ထွက်ခွာသွားတော့၏။
သူမ အခန်းတွင်းသို့ ဝင်သွားချိန်တွင် သူမ၏ အတန်းဖော်များက လုံ့လဝီရိယရှိစွာ.စာရေးသူက ရေး၊ အလေးအနက် စာလေ့လာသူက လေ့လာနှင့် ပျင်းရိ ခိုကတ်နေသူ တစ်ယောက်တလေမှ မရှိပါပေ။ ရှီလီမှာ အံ့အားသင့်သွားခဲ့၏။ ဤဂြိုဟ်ကောင်လေးများမှာ ပုံမှန်ကျောင်းတက်ရက်များအတွင်း အနှုတ်မှတ် မြောက်မြားစွာတို့ကို စုဆောင်းမိသူများ ဖြစ်ကြပြီး ရံဖန်ရံခါတွင် နေ့ခင်းကြောင်တောင်ကြီး အိပ်မက် မက်နေတတ်ကြသလို အာရုံ ပျံ့လွင့်နေတတ်သူများတည်း။
ယင်းက သူတို့အနေဖြင့် ပုံမှန် ကျောင်းတက်ရက်များအတွင်း အချောင်ခိုနေကြသည့်အတွက် အမှတ်များ အကြွေးတင်သွားခြင်းက အပ်ချမတ်ချ ဖြစ်ပေတော့သည်။
ပုံမှန်ဆိုလျှင် ကျောင်းသားများက သင်ကြားမှုဝန်းကျင် ကောင်းကောင်း ရှိနေလျှင်တောင်မှ သူတို့က ဟိုဟိုသည်သည် စိတ်ပျံ့လွင့်တတ်ကြသေး၏။ ယခုမူ လူတိုင်းက အားလပ်ရက် ရနေပြီး ကျောင်းတကျောင်းလုံးကလည်း အလွတ်နီးပါ ဖြစ်နေကာ ကျန်ခဲ့သည့် သူတို့ကလည်း တဒါဇင်ခန့်မျှသာ။
ထိုသို့သော အခြေအနေမျိုးတွင် အာရုံပျံ့လွင့်ဖို့က အလွယ်ကူဆုံးဖြစ်ကာ ဤကျောင်းသားများကတော့ စာလေ့လာရာတွင် အတော်လေးကို အာရုံ စူးစိုက်ထားနိုင်ပေ၏။ ယင်းမှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ကြောင်းကို ရှီလီ ရှာတွေ့ခဲ့ရပေသည်။
ယင်းအခြေအနေ အားလုံး၏ အကြောင်းပြချက်ကတော့ အတန်းပိုင်ဆရာ၏ ဖိအားများမှ ဖြစ်ကြောင်းကတော့ သေချာလှပါ၏။
မူလတုန်းကတော့ ထိုကျောင်းသားများ အနှုတ်ခံရသည့် အမှတ်ကတော့ အနှုတ်ခုနစ်မျှသာ။ အခြားသူများ၏ အားလပ်ရက်အတွင်း ကျောင်းတက်နေရသည့် သူတို့မှာ ဂနာမငြိမ်ဖြစ်ပြီး အာရုံပျံ့လွင့်မည်က မလွဲဧကန်ဖြစ်ကာ သူတို့ခမျာ ရက်အနည်းငယ်မျှ သည်းခံ ကျော်ဖြတ်ဖို့သာ လိုအပ်ပါသည်ဟု တွေးထင်မိတော့သည်။
234 02
သို့သော် ရက်ပေါင်း အတော်များများအထိ သက်တောင့်သက်သာဖြင့် ဖြတ်သန်းလာပြီးနောက် အတန်းပိုင်ဆရာက အတန်း၏ စောင့်ကြည့်ရေး မှတ်တမ်းရုပ်ရှင် အရှည်ကြီးကို ယူထုတ်လာပြီး Self-studyချိန်တွင်း အာရုံပျံ့လွင့်ခြင်းနှင့် အိပ်ငိုက်ခြင်းက သူတို့တွေ အမှတ်လျှော့ခံရသည့် ရလဒ် အကြောင်းခံဖြစ်ကြောင်း ဖော်ပြလာတော့၏။
မူလက အမှတ်ခုနစ်မှတ်သာ အကြွေးတင်နေသူများမှာ ရက်အနည်းငယ်မျှ အတန်းတက်ပြီးနောက်တွင်တော့ အမှတ်များ ပိုမို အကြွေးတင်ခြင်းဖြင့်သာ အဆုံးသတ်ရလေတော့၏။
ယခုလို အချိန်မျိုးတွင် အပြင်းအထန် စာလေ့လာဖို့ မည်သူကမှ အလိုမရှိသော်ငြား သူတို့ အတန်းပိုင်ဆရာက အနီးကပ် စောင့်ကြည့်နေသည့်အတွက် သူတို့မှာ ရွေးချယ်စရာ မရှိတော့ပါပေ။ အနည်းတကာ့ အနည်းဆုံးသော အားလပ်ရက်ကလေး ရရှိရန်အတွက် သူတို့ခမျာ သဲကြီးမဲကြီး စာလေ့လာရန်သာ ရှိပေတော့၏။
အတန်းထဲသို့ ဝင်လာပြီးနောက် ရှီလီက ကော်ဖီခွက်များကို ဆရာစားပွဲပေါ်တွင် တင်လိုက်၏။
“နင်တို့အားလုံး ကြိုးစားနေကြတာ ငါသိတယ်။ ဒါကြောင့် နင်တို့တွေ နိုးနိုးကြားကြား ရှိအောင်လို့ဆိုပြီး ကော်ဖီတွေ ယူလာရင်းနဲ့ အဆာပြေစားဖို့ ကိတ်လေးတွေပါ ယူလာခဲ့တယ်”
အတန်းဖော်များကလည်း ရှီလီကို ကျေးဇူး တင်ရှိလိုပါ၏။ သို့သော် ယခုက အတန်းချိန်ကြီး ဖြစ်နေပြီး အတန်းပိုင်ဆရာကြောင့်လည်း အထိတ်တလန့် ဖြစ်နေရပေရာ သူတို့ကို စစ်ဆေးရန်အတွက် ရှီလီကို သူတို့ထံ အတန်းပိုင်ဆရာက လွှတ်လိုက်ခြင်း ဖြစ်နေမည်ကိုလည်း စိုးရိမ်လှပါ၏။
ထို့ကြောင့် ရှီလီ စကားဆုံးသည့်နောက်တွင်လည်း မည်သူကမှ တုံ့ပြန်မလာသလို စားပွဲပေါ်မှ ကော်ဖီကိုလည်း မည်သူကမှ လာမယူကြပေ။
သူမ အတန်းဖော်များက ပုံမှန်ဆို ယခုလို မဟုတ်လေရာ ရှီလီခမျာ အတော်လေးကို နားမလည်နိုင်ပါပေ။ သူတို့ ဘာတွေ ဖြစ်နေကြလဲ ဆိုသည်ကို သူမ တွေးမိလေသည်။
ကျေးဇူးတင်ဖွယ်ရာ ကောင်းစွာဖြင့်ပင် ရှီလီက စိတ်ပိုင်းဆိုင်ရာ သန်မာရင့်ကျက်သူတည်း။ သို့မဟုတ်လျှင် သူမကို ဝိုင်းပြီး ဖယ်ကျဥ်ထားသည်ဟု တွေးထင်မိလိမ့်မည်သာ။
သူမက ကော်ဖီများကို သူမ အတန်းဖော်များအတွက်ပါ ယူဆောင်လာခြင်း မဟုတ်ဘဲ သူမ အတန်းပိုင်ဆရာအတွက်ပါ တစ်ယောက်စာ ပြင်ဆင် ယူဆောင်လာပါသေး၏။
ရှီလီမှာ ကော်ဖီတခွက်နှင့် ကိတ်ငယ်လေးအချို့ကို အိတ်ထဲမှ ထုတ်ယူလိုက်ကာ အတန်းပိုင်ဆရာ၏ ရုံးခန်းတံခါးကို ခေါက်လိုက်ရင်း ရှုပ်ထွေးခြင်းများကိုပါ ခံစားနေရပါ၏။
တံခါးခေါက်သံကို ကြားသည့်အခါ အတန်းပိုင်ဆရာက ဗီဒီယိုကို အလျင်အမြန် ပိတ်လိုက်၏။ သို့သော် ရှီလီကမူ ယင်းအသံကို ကြားလိုက်ရပါ၏။
သူမက သူမဘာသာ တွေး၏။ ( အတန်းပိုင်ဆရာကတော့ အတော်လေးကို သာယာနေတာပဲနော်။ (သူ့ကျောင်းသားတွေက စာသင်ခန်းထဲမှာ စာလေ့လာနေတုန်း သူကတော့ အပြောင်အပြက်တွေကို ကြည့်နေနိုင်သေးတယ်။)
သို့သော် သူမက ယင်းကို သူ့ထံ မြင်သာအောင် မပြပါပဲ သူ အပြောင်အပြက်များ ကြည့်နေသည်ကို မမြင်ချင်ယောင် ဆောင်နေပေ၏။
အတန်းပိုင်ဆရာ:: ငါ မြင်အောင် ပြပြ မပြပြ ဘာမှမှ ကွာမနေတာကြီး။
အတန်းပိုင်ဆရာသည်လည်း သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ဖို့ရန် ရှီလီကို အမူအရာ ပြလိုက်၏။
“မင်းရောက်လာတာလား”
ရှီလီက ကော်ဖီခွက်နှင့် ကိတ်မုန့်ကို သူ့စားပွဲပေါ် တင်လိုက်၏။
“ဆရာ အချိန်ပို ဆင်းတဲ့အချိန်မှာတောင် ကြိုးစားနေတာ သမီး သိပါတယ်။ ဒါကြောင့် ဆရာ လန်းဆန်းသွားအောင်လို့ဆိုပြီး အမေရိကာနိုလေးတစ်ခွက် ဆရာ့ဖို့ အထူးတလှယ် ယူလာခဲ့တာ”
အတန်းပိုင်ဆရာ၏ နှုတ်ခမ်းက တွန့်ရွဲ့သွားလေသည်။ အကယ်၍များ သူအလုပ်ချိန်အတွင်း အပြောင်အပြက် ဗီဒီယိုများ ကြည့်နေသည်ကို ရှီလီ၏ စိတ်တွင်းမှ မှတ်ချက်ပြုသည်ကိုသာ မကြားခဲ့ရပါလျှင် သူအလုပ် ကြိုးစားလှချည့် ဟူသည့် မှတ်ချက်က အတော်လေးကို ရိုးသား ဖြူစင်ဟန် ရှိပါ၏။
ယခုမူ သူ့နားထဲတွင် ထိုလှောင်ပြောင်သံကြီးကသာ ပဲ့တင်ထပ်နေပေ၏။
အတန်းပိုင်ဆရာက ယင်းကို မတုံ့ပြန်ပဲ ထိုင်ဖို့ရန်သာ သူမထံ လက်ဝှေ့ယမ်းပြလိုက်၏။
“ငါ အခု မင်းကို စကားမပြောသေးဘူး။ Trainingက ဘယ်လိုလဲ”
မနေ့ညက သူတို့ ဖုန်းပြောစဥ်ကပင် သူ့အနေနှင့် ယင်းကိစ္စကို မေးမြန်းချင်ခဲ့ပါ၏။ သို့သော် ရှီလီက ယနေ့ ကျောင်းကိုလာမည်ဖြစ်ပြီး လူချင်း ပြောသည်က ပိုကောင်းသည်ဟု တွေးထင်သည့်အတွက် သူသည်လည်း စကားပြောရန်အတွက် ယနေ့အထိတိုင် စိတ်ရှည်လက်ရှည် သည်းခံ စောင့်ဆိုင်းနေခြင်းပင်။
ရှီလီသည်လည်း Training ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ၊ အတန်း၏ နေ့စဥ် ပုံသေပုံစံ၊ သူတို့ ဖြေရှင်းရသည်က မည်သို့သော ပြဿနာများဖြစ်ကြောင်းနှင့် သူတို့ ဆုံတွေ့ခဲ့ရသည်က မည်သို့သော ဆရာများ ဆိုသည်ကို အတန်းပိုင်ဆရာနှင့်အတူ အချိန်အတန်ကြာ စကားစမြည် ပြောနေခဲ့ပါ၏။
ထိုစကားစမြည် ပြောဆိုသည့် စကားဝိုင်းက ရှီလီကို အလွန်အမင်း ရေငတ်စေလေသည်။ သူ ရေငတ်ခြင်းကို ငြိမ်းသတ်ဖို့ရန် အတန်းပိုင်ဆရာထံတွင် အမေရိကာနို အေးအေးလေး ရှိနေစဥ်တွင် ရှီလီခမျာမှာမူ မိမိအတွက် သောက်စရာ ယူမလာမိခြင်းကို နောင်တ ရ ရပေတော့သည်။
234 03
သူတို့တွေ အချိန်အကြာကြီး စကားပြောပြီးသည့်နောက် စာသင်ခန်းထဲတွင် ကျောင်းသား ဆယ်ယောက်နှင့်အထက် ရှိနေသေးကြောင်း သတိရသွားတော့၏။ သူက စကားဝိုင်းကို အလျင်အမြန် လက်စသတ်လိုက်ကာ ယခု သူက ကျောင်းသားများကို သွားရောက် စစ်ဆေးရန် လိုအပ်သည့်အတွက် စကားဝိုင်းကို မှတ်ထားရန် ရှီလီကို ပြောခဲ့လိုက်၏။
ရှီလီကမူ သူမက အတန်းပိုင်ဆရာနှင့် စကားပြောရန် ရောက်လာခဲ့တာ.မဟုတ်သည့်အတွက် သူ့နောက်ကနေ လိုက်ကာ အတန်းဆီသို့ပဲ ပြန်လာခဲ့လိုက်၏။
အခန်းအနီးသို့ နီးကပ်လာချိန်တွင် သူမက အတန်းပိုင်ဆရာ၏ အမူအရာအတိုင်း တုပကာ အတွင်းဘက်မှ မြင်ကွင်းကို ပြတင်းပေါက်မှတဆင့် ချောင်းကြည့်လိုက်လေသည်။
ထိုအချိန်တွင်မှ ရှီလီသည်ကား ကျောင်းသားများမှာ သူတို့၏ စားပွဲစွန်းတွင် ကော်ဖီခွက်များ ကိုယ်စီကိုယ်စီ တင်ထားကြောင်း အံ့အားသင့်ဖွယ် ရှာဖွေ တွေ့ရှိရတော့သည်။
ရှီလီခမျာ အတော်လေးကို ထိတ်လန့် တုန်လှုပ်သွားလေသည်။ (ငါ့ အတန်းဖော်တွေကတော့ အတော်ကြီးကို ထူးထူးဆန်းဆန်း ပြုမူနေကြတာပဲ။)
ရှီလီ၏ အတွင်းစိတ် အတွေးတို့ကို ကြားရသည့် အခိုက်အတန့်ကျကာမှ ကျောင်းသားများသည်လည်း ရှီလီ အနီးအနားသို့ ရောက်နေကြောင်း သိရှိသွားပေသည်။ ဆရာလည်း ထိုနေရာမှာ ရှိနေလား သူတို့ သေချာမသိပေ။ သို့သော် သူတို့ကမူ ဆရာရှိသယောင် ပြုမူနေပေသည်။
ရှီလီ၏ အတွေးများ ထုတ်လွှင့်ပြီးနောက် အတန်းပိုင်ဆရာက စိတ်တွင်းကနေ အာမေဋိတ်ပြု၏။ (Oh မဟုတ်ပါဘူး) မူလတုန်းကတော့ သူက အတန်းရှိရာသို့ တိတ်တဆိတ် ချဥ်းကပ်လာခြင်းဖြစ်ပေသည်။ သို့သော် ယခုမူ သူ့မှာ ရေဒါ ထောက်လှမ်းရေးစက်ကြီးက သူနှင့်အတူ ပါလာသလို ဖြစ်နေသည့်အတွက် ထိုကလေးများကို အဆက်မပြတ် သတိရှိစေတော့၏။
ထို့ကြောင့် သူ၏ လျှပ်တပြက် စစ်ဆေးမှုရန် ကြိုးပမ်းအားထုတ်မှုက ရှုံးနိမ့်သွားသည် ဟူသည့် အဓိပ္ပါယ်ပါပင်။ အတန်းပိုင်ဆရာမှာ ရှီလီကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီး Training အကြောင်း ဆက်ပြောကြဖို့ ထို့ထက်ပိုပြီး စိတ်မဝင်စားတော့ပေရာ အတန်းထံ ပြန်သွားဖို့သာ သူမကို ညွှန်ပြလိုက်တော့၏။
ရှီလီမှာမူ ယင်းအတွက် စိတ်ထဲ မထားပါပေ။ ဘာဖြစ်ဖြစ် သူမက ရေငတ်နေပြီ ဖြစ်သည့်အတွက် အတန်းထဲသို့ ပြန်ကာ သောက်စရာ တစ်ခုခု ယူဖို့ လိုအပ်နေသည် မဟုတ်ပါလား။
စာလုပ်နေကြသည့် သူမ အတန်းဖော်များကို အနှောင့်အယှက် ပေးမိမည်ကို စိုးရွံ့လှပေရာ သူမက ရေထည့်ရာတွင် တတ်နိုင်သမျှ တိတ်ဆိတ်နေအောင် ကြိုးစားနေရပေသည်။
စာမလုပ်သည့် မည်သည့် အချိန်မှာမဆို ရှီလီ၏ စိတ်က အလွန်ကို တက်ကြွနေတတ်ပါ၏။ သူမက တသွင်သွင် စီးကျနေသည့် ရေစီးကြောင်းငယ်လေးကိုသာ စောင့်ကြည့်နေပေ၏။
(Class 10က ဆရာမဆွန်းက နေ့လည်စာ နားချိန်တုန်းက သစ်တောငယ်လေးထဲမှာ Class 6ရဲ့ ခေါင်းဆောင်ဆရာနဲ့ အဲဒီကိစ္စကို လုပ်ခဲ့တာ။ နေ့လည်စာ နားချိန်ကျ ငါ ဘယ်လို ဆင်ခြေမျိုးကို သုံးပြီး အဲဒီ သစ်တောလေးထဲ ရောက်အောင် လုပ်ရပါ့မလဲနော်။)
အတန်းဖော်များ:: အဲဒီ တစ်ခုတည်းနဲ့တင် ဒီနေ့ ကျောင်းကို လာရတာ ထိုက်တန်သွားပြီဟေ့။
ဝေးဝေး မသွားရသေးသည့် အတန်းပိုင်ဆရာ:: လုပ်ဖော်ကိုင်ဖက်ရဲ့ အတင်းအဖျင်းထက် ပိုကောင်းတာ ဘာမှ မရှိဘူးပဲ။
အိမ်မှာ သက်တောင့်သက်သာနေပြီး လတ်လျားလတ်လျား လုပ်နေသည့် အခြားသူများ :: အားလပ်ချိန်ကို ဖျက်လိုက်တော့။ ငါတို့ ကျောင်းသွားမှာ။
******
235 01
အပိုင်း 235.
သူတို့တွေ သစ်တောအုပ်ထဲတွင် ချိန်းတွေ့ကြမည် ဟူသည်ထက် ပိုမိုအံ့သြ ထိတ်လန့်ဖွယ်ရာကတော့ Class 6မှ အတန်းပိုင်ဆရာနှင့် ဆရာမဆွန်းတို့ကြားက အသက်အရွယ် ကွာဟချက်ပင် ဖြစ်ပါ၏။
Class 6မှ ဆရာက မကြာသေးမီကမှ လက်ထပ်ထားတာ ဖြစ်ကာ အိမ်တွင်လည်း သုံးနှစ်အရွယ် ကလေးတစ်ဦး ရှိနေပြီး အတော်လေး ငယ်ရွယ်သေးကာ အသက်သုံးဆယ် စွန်းစသာ ရှိပေသေး၏။
Class 10မှ ဆရာမဆွန်းကတော့ အတော်လေး ကွဲပြားပြီး လေးဆယ်တန်း နှောင်းပိုင်းမှသာ ခရိုင်တွင်း ထူးချွန်ဆရာမ ဖြစ်လာကာ အသက်ငါးဆယ်နား နီးနေပြီ ဖြစ်ပါ၏။
အတန်းပိုင်ဆရာနှင့် အတန်းသားများမှာမူ သူတို့သိသည့် မျက်နှာများကို ရှီလီ ပြောခဲ့သည့် သူများနှင့် ဆက်စပ်မိစေရန် ကြိုးစားနေရပါ၏။
သစ်တောထဲမှာ အတူတူရှိနေကာ ချွေးတွေလည်း မနည်းမနော ထွက်နေပြီး ချစ်ဇော အဟုန်ထဲတွင် ပျော်ဝင်နေမည့် သူတို့နှစ်ဦး၏ မျက်နှာများကို စိတ်ကူးယဥ်ကြည့်မိသည့်အခါ လူတိုင်းမှာ စိတ်ကသိကအောက်ဖြစ်ပြီး ခိုက်ခိုက်တုန်ရပေတော့သည်။
ထို့အပြင် လွန်ခဲ့သည့် လအနည်းကပင် ကျောင်းအုပ်ကြီး၏ဇနီးကို ထိုဆရာနှင့်အတူ ဗီဒီယိုထဲတွင် သူတို့ မြင်ခဲ့ကြရပါ၏။
ထိုရည်ညွှန်းချက် အကိုးအကားကြီး ရှိနေခြင်း၏ အကူအညီကြောင့် လူတိုင်း ထိုမြင်ကွင်းကို မြင်ယောင်နိုင်ပေရာ ကွက်ကွက်ကွင်းကွင်း ထင်ရှားလှသည့် သူတို့၏ ကိုယ်ပိုင် အတွေးပုံရိပ်များကို မုန်းတီးရတော့၏။
ထို အုတ်အော်သောင်းတင်း အမှုကြီးအား ရှီလီ မည်သိူ့ သိသနည်း ဟူမူကား ယင်းက တိုက်ဆိုင်မှု မဟုတ်သလို စာအုပ်ထဲမှာ ဖော်ပြထားခြင်းကြောင့်လည်း မဟုတ်ပါပေ။
သူတို့ ရွေးချယ်ခဲ့သည့် နေရာက အတော်ကလေးကို ကံဆိုးမိုးမှောင် ကျခဲ့ရပြီး ဖြစ်ချင်တော့ အနီးအနားမှ လုံခြုံရေး ကင်မရာက အရာရာကို မှတ်တမ်းတင် ရိုက်ကူးထားခဲ့သောကြောင့်တည်း။
ချန်ဖူအထက်တန်းကျောင်းမှာ ကျောင်းတွင်း အနိုင်ကျင့်မှုကို ကြိုတင် ကာကွယ်ရန် အလို့ငှာ စာသင်ခန်းများနှင့် ထောင့်ကြိုထောင့်ကြားတလျှောက်တွင် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားပေသည်။
ထိုကင်မရာများက လျှို့ဝှက်ချက် မဟုတ်သလို တစ်ကျောင်းလုံးမှ လူကုန် အကုန်သိကြသည်သာ။
ကျောင်းအုပ်ချုပ်သူများကလည်း ကျောင်းသားများ ကင်မရာအကြောင်း သိကုန်ကြမည်ကို မကြောက်ကြသလို သူတို့ကို ပေါ်ပေါ်တင်တင်ပင် လူသိရှင်ကြား ထုတ်ဖော်ပြခဲ့ကာ ထိုကင်မရာ ရှိနေရုံမျှဖြင့်ပင် အခြေအနေများကို ဟန့်တား ထိန်းချုပ်နိုင်ကြောင်း နားလည် သဘောပေါက်သောကြောင့်တည်း။
ချန်ဖူအထက်တန်းကျောင်း၏ အသုံးအဆောင်များက ထိပ်တန်းအဆင့် ဖြစ်ပြီး ယင်းတို့ထဲတွင် အရည်အသွေးမြင့် Outdoor ကင်မရာများပါ ပါဝင်ကာ အကုန်လုံးကို ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့် ရိုက်ကူးပေးနိုင်ပေသည်။
ထိုဗီဒီယိုမှာ လုံခြုံရေးများထံတွင် အရင်ဆုံး လှည့်လည်နေခဲ့ကာ ထို့နောက်မှာမှ အခြားသော ဆရာဆရာမများထံ ပြန့်နှံ့သွားခဲ့ခြင်းပင်။
ယင်းကိစ္စမှာ လူတိုင်း လူတိုင်း အိမ်မှာ အပျင်းတစ်နေကြသည့် ဆောင်းရာသီ အားလပ်ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိုအရည်ရွှမ်းလှသည့် အရှုပ်တော်ပုံကြီး ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံစူးစိုက်မှာကို ဝါးမြို စားသုံးသွားပေတော့သည်။
ဆရာများနှင့် ကျောင်းသားများက ထိုနှစ်ယောက် ဘယ်လိုလုပ်ပြီး တွေ့ဆုံခဲ့သည်ကို ခွဲခြမ်းစိတ်ဖြာကြကာ သဲလွန်စအတွက် အသေးစိတ် အချက်အလက်တိုင်းကိုပင် စစ်ဆေးခဲ့ကြလေသည်။
တစ်စုံတစ်ခုသော ပြောစမှတ်ပြုဖွယ် ကိစ္စကြောင့်သာ မဟုတ်ပါလျှင် နှစ်သစ်ကူး ပိတ်ရက်က အတော်လေးကို ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေမည်ဖြစ်ကာ ထိုလူနှစ်ဦးမှာ ချန်းဖုနှင့် အခြား အနီးအနား ကျောင်းများမှ ဆရာများနှင့် ကျောင်းသားများအ တွက် စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး မမေ့ရက်ဖွယ် နှစ်သစ်ကူး အမှတ်တရ များ ပေးစွမ်းရန် တစိတ်တပိုင်း ပါဝင် ကူညီ အားဖြည့်ခဲ့ပေ၏။
သူမ၏ ပြီးခဲ့သည့် ဘဝတုန်းကတော့ ထိုကသောင်းကနင်း ကိစ္စများကို ရှီးချိုးယွီ၊ ကောင်းယွမ်တို့နှင့် Video Callခေါ်ကာ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက်တို့ ကျန်ရှိခဲ့ပေသည်။
ရေပူထုတ်စက်မှ ရေပူပူတခွက် ဖြည့်လိုက်ပြီးနောက် ရှီလီက သူမ ထိုင်ခုံ ရှိရာထံ ပြန်လာခဲ့၏။ ရေက ပူလွန်းအားကြီးသည့်အတွက် ရှီလီက ယင်းကို အအေးခံရန် ပြတင်းပေါက်ဘောင်ပေါ် တင်ထားလိုက်သည်။
ရှီလီမှာ လက်ပေါ် မေးထောက်ကာ ကြိုးစားပမ်းစား စာကြည့်နေဟန်ရှသည့် ကျောင်းသားများကို သေချာ စောင့်ကြည့် လေ့လာနေပါ၏။
ထိုကျောင်းသားများကို ကြည့်ရသည့်မှာ စာကို လေးလေးနက်နက် လေ့လာနေဟန် ရှိပါသော်လည်း သူတို့၏ စိတ်အတွေးများကမူ အတော်ဝေးဝေးကို လေလွင့်ထွက်ခွာသွားကြလေပြီ။
အမှတ်လျှော့ခံရမည့် သတိပေးချက်ကြောင့်ပေလား။
မဟုတ်ပါပေ။ အမှတ်လျှော့ခံရမည်ကို ထို့ထက်ပိုပြီး ကြောက်ရွံ့နေသူ မည်သူမှ မရှိပါလေတော့။
အပြစ်အနာအဆာတွေ အရမ်းများနေမှတော့ နည်းနည်းလေး ပိုလာလည်း ကိစ္စမရှိပါပေ။
ယခင်တုန်းကတော့ သူတို့ခမျာ သူတို့စိတ်တွေကို လေလွင့်ခွင့် မပေးရဲပါပေ။ သို့သော် ယင်းက မြှူဆွယ်ဖြားယောင်းသည့်အရာမှာ လုံလုံလောက်လောက် အင်အား မကောင်းသောကြောင့်တည်း။
235 02
သို့သော် ယခုမူ ထိုအရည်ရွှမ်းရွှမ်း အရှုပ်တော်ပုံကြီးနောက် လိုက်ရခြင်းထက် ပိုမိုသွေးဆောင်နိုင်သည့်အရာ ဘာတစ်ခုမှ မရှိပါလေတော့။
သူ့ရုံးခန်းဆီ ပြန်သွားနေသည့် အတန်းပိုင်ဆရာ၏ ခြေလှမ်းများက ကမ္ဘာမြေ ဗြန်းဗြန်းကွဲဖွယ် ဤအတင်းအဖျင်းစကားကြောင့် ရုတ်တရက် ရပ်တန့်သွားလေတော့သည်။
ဤအရှုပ်တော်ပုံကြီး ဖြစ်ပွားနေဆဲတွင် သူတွေးနေမိသည်ကတော့ ထိုငရှုပ်ကလေးများက ယခုဆိုလျှင် လေးလေးနက်နက် စာမလုပ်ပါပဲ ထိုအစား ထိုအကြောင်းအရာများကို ေတွးတောနေမည်က အမှန်ဖြစ်သည် ဟူ၍ပါပင်။ အကယ်၍ သူသာ ယခုနေ ပြန်သွားလိုက်လျှင် သူတို့အားလုံးကို လက်မိလက်ရ ဖမ်းမိပေလိမ့်မည်။
အတန်းပိုင်ဆရာက အတော်လေးကို ထက်မြက်ပေရာ ထိုအဖိုးတန် ဂြိုဟ်ကောင်လေးများက အနားယူရန် အဆောင်သို့ ပြန်ကြမည်မဟုတ်ပဲ ဖြစ်ခင်းကြီးကို သူတို့ကိုယ်တိုင် လက်မိလက်ရ ဖမ်းနိုင်ဖို့ရန် သစ်တောဆီသို့ သွားလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်ပေသည်။
သူက သူ့ကျောင်းသားများကို နေ့လည်စာ စားချိန်အတွင်း ဖမ်းမိပါက သူ့အနေဖြင့် ဖြစ်ခင်းကြီးကို ပထမဆုံး လက်မိလက်ရ မျက်မြင်ကိုယ်တွေ့ မြင်ရရုံသာမက သူ့ကျောင်းသားများ နေ့လည်ခင်း အနားယူချိန် လစ်ပြေးခြင်းကိုလည်း ဖမ်းမိမည်ဖြစ်ကာ အမှတ်ငါးမှတ်ကြီးတောင် နှုတ်ရမည့် ရလဒ်ကြီးလည်း ရပေဦးမည်။
နေ့လည်နားချိန် အတန်းလစ်ပြေးခြင်းက အမှတ်လျှော့ရမည့် စာရင်းတွင် တရားမဝင်သော်ငြား အခြေခံအားဖြင့်တော့ အတန်းလစ်ခြင်းနှင့် ညီတူကာ အမှတ်ငါးမှတ် ပြစ်ဒဏ်ပေးပြီး အာမခံ ရယူနိုင်ပါ၏။
အရင်းရှင်တို့မည်သည် နှလုံးသား မရှိပေရာ အမှတ်များ နှုတ်ယူချိန်တွင် အတန်းပိုင်ဆရာမှာ သူ၏ ကျွန်ငယ်လေးများအတွက် မည်သည့် သနားကရုဏာကိုမှ ခံစားရမည် မဟုတ်ပါပေ။
အတန်းပိုင်ဆရာမှာမူ အလွန်တရာ ကျေနပ်ဝမ်းမြောက်ခြင်းများကို ခံစားကာ သူ့ရုံးခန်းဆီသို့ ပြန်လာပြီး သူ၏ ထူးချွန်ထက်မြက်မှုများအတွက် သူ့ကိုယ်သူ ဂုဏ်ပြုထောမနာ ပြုနေပေ၏။
စာသင်ခန်းအတွင်းမှာတော့ ရှီလီက အအေးခံထားသည့် ရေကို သောက်နေကာ နေ့လည်စာ စားချိန်အတွင်းဝယ် ထိုဖြစ်ခင်းတွင် သဘာဝကျကျနှင့် ရိုးရိုးသားသားလေး ပေါ်ပေါက်လာစေရန် မည်သို့ ပြုရပါ့ဟူသည်ကို ချင့်ချိန် တွေးတောနေပေသည်။
ဆောင်းရာသီ အားလပ်ရက်အတွင်း မည်သည့် Cafeteria ဝန်ဆောင်မှုမှ မရှိလေရာ ကျောင်းသားများခမျာ နေ့လည်စာနှင့် ညစာအတွက် အစားအသောက်များကို Deliဖြင့် မှာစားခြင်းကိုသာ မှီခိုနေရပေသည်။
မိဘများကလည်း အစားအသောက်များကို အိမ်အကူများဖြင့် လယရောက် ပို့ဆောင်လိုသော်လညိး သူတို့အားလုံး ငြင်းပယ်လိုက်ကြ၏။
အိမ်အကူများ ချက်ပြုတ်ထားသည်က မည်မျှပင် အရသာရှိပြီး အာဟာရ ပြည့်စေကာမူ သူတို့ကတော့ သူလိုငါလို ချက်ပြုတ်ထားသည့် ပြင်ပမှ အသင့်စား အစားအသောက်များကို ရွေးချယ်ရသည်ကိုသာ နှစ်သက်ပေသည်။
ရှီလီက ကျောင်းမှာနေဦးမည်ကို သိထားသည့်အတွက် အတန်းဖော်များကလည်း သူတို့ အစားအသောက် မှာယူရာတွင် ပါဝင်ဦးမလားဟု ရှီလီထံ မေးမြန်းလာ၏။
အမှန်တော့ ရှီလီသည်လည်း နေ့လည်စာ စားဖို့ လိုအပ်လေသည်။
အတန်းဆင်းပြီးသည်နှင့် စားရဖို့ သေချာစေရန်အတွက် ကျောင်းသားများက သူတို့၏ စားစရာများကို နောက်ဆုံးအတန်းမဆင်းမီ ခေတ္တ အားလပ်ချိန်အတွင်း မှာယူထားကြတာ ဖြစ်ပါ၏။
အချိန်လည်း သိပ်မယူရသည့်အတွက် အစားအသောက်များ မှာယူပြီးနောက် လူတိုင်းက သူတို့၏ Group Chatကိုဖွင့်ကာ အိမ်မှာ လတ်လျားလတ်လျား ရှိနေကြမည့် သူတို့၏ အတန်းဖော်များထံ ထိုအရည်ရွှမ်းရွှမ်း အရှုပ်တော်ပုံကြီးကို ပြန်လည် ဖောက်သည်ချလေတော့သည်။
ရင်းနှီးသည့် မိတ်ဆွေဟူသည် သက်အောင်မြင်ချိန်တွင် မနာလို မဖြစ်သော်ငြား သင် ကျရှုံးချိန်တွင်တော့ ချနင်းမည်က အသေအချာပါပင်။
ပမာဆိုရသော် ေကျာင်းသား အချို့က Self-study အချိန်အတွက် ကျောင်းသို့ ပြန်လာရစဥ် မစာနာတတ်သူများကတော့ ယင်းတို့တွေ စိမ်ပြေနပြေ အနားယူနေသည့် Status များဖြစ်သည့် နေရောင်ခြည်များ လင်းလက်စွာ ဖြန့်ကျက်နေပုံများ၊ သူတို့ ဥယျာဥ်ထဲမှာ ပွင့်လန်းနေသည့် ပန်းပင်များနှင့် သူတို့တတွေ အပူအပင်ကင်းစွာဖြင့် အိမ်မှာ လတ်လျားလတ်လျား ရှိနေပုံများကို Group Chat အတွင်း Post တင်ခဲ့ကာ ယင်းတို့အားလုံးကလည်း ကြီးမားပြင်းထန်သည့် မနာလို ဝန်တိုမှုများကို လှုံ့ဆော်နိုင်ပေ၏။
ယင်းတို့က ပုံအနည်းငယ်မျှသာ ဖြစ်သော်လည်း လူတိုင်း၏ အသည်းညှာများကိုတော့ ဆောင့်ဆွဲနိုင်ခဲ့ပါ၏။
ထိုတဒါဇင်ကျော်မျှသော ကျောင်းသားများ ဤနေရာမှာ ဆက်လက် ရှိနေရခြင်း၏ အကြောင်းပြချက်ကတော့ မစာနာတတ်သည့် သူတို့၏ အတန်းဖော်များထံ ၎င်းတို့၏ အပန်းဖြေအနားယူခြင်းများကို ကြွားလုံးထုတ်ရန်အတွက်သာ။
ကျန်နေခဲ့သည့် ကျောင်းသားများမှာ ကနဦးတည်းကပင် စာလေ့လာရာမှာ ဇွဲနပဲရှိသူများ မဟုတ်လေရာ ယခုအခါမှာတော့ သူတို့တတွေကို ဖုန်းထဲမှ သွေးဆောင်ဖြားယောင်းသူများ ရှိနေပေပြီ။
လူတိုင်းက စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ကျိုးပျက်လုဆဲဆဲ အခြေအနေတွင် ရှိနေပြီး အတန်းပိုင်ဆရာကလည်း သူတို့၏ လှုပ်ရှားမှုကို စောင့်ကြည့်ပြီး ဖမ်းလိုက်ရုံသာ။
ဖမ်းမိသည်နှင့် တပြိုင်နက် အမှတ်များ လျှော့ပစ်လိုက်ရုံသာ။
235 03
ဤနည်းလမ်းဖြင့် သူတို့၏ အမှတ်လျှော့ခံရမှုများက ပြန်လမ်းမရှိသည့် နေရာသို့ ဆက်လက် ချဥ်းကပ်လာပေတော့၏။
ကျန်နေသည့် ကျောင်းသားများမှာ ထိုကျီးအာသီးနှယ် ဒုက္ခရှာလှသည့် ဂြိုဟ်ကောင်လေးများကို အမျက်ထွက်ကာ အံကို တင်းတင်း ကြိတ်မိပေတော့သည်။
ထို့ကြောင့် ရှီလီ အလည်ရောက်လာပြီး သူတို့ကို ဒကာခံ ကျွေးမွေးရန် အစားအသောက်များ ယူဆောင်လာချိန်တွင်တော့ သူတို့က Group Chatထဲတွင် ပုံများ Post တင်ကြတော့၏။
တစ်ဖက်တွင်တော့ ယင်းတို့က သူမတို့မရနိုင်သည့် ရှီလီ၏ ဒကာခံ ပစ္စည်းများကို ကြွားဝါရန်ဖြစ်ပြီး အခြားတစ်ဖက်ကမူ ရှီလီ၏ ဂရုစိုက်မှုနှင့် သူတို့၏ အပြုအမူများကြား ကွာခြားမှုကို သွယ်ဝိုက်ညွှန်းဆိုဖို့ရန် ဖြစ်လေသည်။
ကျန်နေခဲ့ရသည့် ကျောင်းသားများ တင်လိုက်သည့် ပုံများက ကိုယ်ချင်းစာတရား မရှိသည့် ထိုကျောင်းသားများကို မနာလို အားကျစိတ် မဖြစ်အောင် မလှုံ့ဆော်နိုင်သလို ရောင်ပြန်ပင် မဟပ်လိုက်ရပါဘဲ ထိုအစား သူတို့က သူတို့၏ ကျောင်းပိတ်ရက် လွတ်လပ်ခွင့်များကို ပိုလို့တောင်မှ တက်တက်ကြွကြွ ကြွးဝါလာခဲ့ကြတာဖြစ်၏။
ထိုသို့သော သဘောထားမျိုးက စိတ်တိုဒေါသထွက်စရာပါပင်။
သူတို့ထက် တစ်ပန်းသာဖို့ ဆုံးဖြတ်ထားသည်မို့ လာလတ္တံ့သော Dramaကြီးကို ရှီလီထံမှ ကြားသိရချိန်တွင် ကျောင်းတက်ခြင်းက အကျိုးရှိလှကြောင်းကို သူတို့တွေ သဘောပေါက်သွားရပြီး ဤနေရာမှာ ရှိမနေသူတွေက မျက်မြင်ကိုယ်တွေ့ မတွေ့နိုင်သည့်အတွက် သူတို့်တွေ ယင်းကို ပြန်လည် ကြွားဝါလို့ ရပေပြီ။
တခြားလူတွေ အလျင်စလို ပြေးလာကြအောင် ကြိုတင် သတိပေးချက် ပေးထားလိုက်ရင်ရော။
မဖြစ်နိုင်ပေ။ ရှီလီတစ်ယောက် သံသယ ဝင်လာမည်ကို ကြောက်ရွံ့သည့်အတွက် သူတို့တွေ လာဝံ့မှာ မဟုတ်ပါလေ။
Dramaအကြောင်းကိုလည်း သိသည်။ ကိစ္စကြီး ဖြစ်ပွားသည့် နေရာကိုလည်း သိနေသည်။ သို့ပေသော်ငြား ဤနေရာကို လာဖို့ အစွမ်းအစလည်း မရှိပေရာ ထိုခံစားချက်က သူတို့ကို ရူးသွားလောက်အောင် တွန်းအားပေးနိုင်ပါ၏။
အတန်းတက်ခေါင်းလောင်းသံ မြည်လာသည့်အခါ သူတို့က ဖုန်းများကို Silent လုပ်ပြီး အဝေးမှာ ထားလိုက်ကြကာ တောက်လျှောက် ဝင်လာနေသည့် Message များကို လျစ်လျူရှုထားလိုက်ကာ သူတို့လည်း ဘာမှ တုံ့ပြန်မနေတော့ပေ။
ယခုက အတန်း တက်နေရချိန်ဖြစ်ပြီး ကျောင်းသားကောင်းများအနေဖြင့် သူတို့ဖုန်းများဖြင့် ဆော့နေမှာ မဟုတ်တာတော့ မလွဲဧကန်ပါပင်။
အိမ်မှာ ရှိနေကြသည့် ကျောင်းသားများမှာ လာလတ္တံ့သော Drama အကြောင်းကို အသိပေးချက် ရရှိပြီးကတည်းက အတော်လေးကို ဂနာမငြိမ် ဖြစ်ကြရတော့သည်။
သို့သော် ကျောင်းသားတစ်ယောက်၏ နောက်ဆုံး Message ကို ဖတ်လိုက်သည့်အခါမှာတော့‼ (ငါတို့က သူမရဲ့ အတွေးတွေကို ကြားနိုင်တာကို ရှီလီ သိသွားမှာကို ရှောင်ရှားဖို့အတွက် မင်းတို့တွေ ဒီDramaကို မျက်မြင်ကိုယ်တွေ့ တွေ့ချင်ရုံနဲ့တော့ ကျောင်းဆီ တကူးတက မလာကြဘူးဆိုတာ ငါ ယုံကြည်ပါတယ်။)
အိမ်မှာ ရှိနေသည့် ကျောင်းသားများ: : မင်းကတော့ တကယ့် အမှန်တရားကို ပြောလိုက်တာပဲနော်။
******
236 01
အပိုင်း 236.
နေ့လည်စာ စားချိန် ရောက်သည့်အခါ အတန်းထဲမှာ ကျန်နေသည့် ကျောင်းသားကောင်လေး သုံးယောက်က စေတနာ့ဝန် ထမ်းရွက်ကာ အစားအသောက် ပါဆယ်များကို ကျောင်းဂိတ်ဝမှ သွားရောက် ယူဆောင်လာပေး၏။
ဤနေ့လည်စာ စားချိန်အတွင်း ဆိုက်ရောက်လာမည့် အရည်ရွှမ်းလှသည့် အတင်းအဖျင်းကြီးကို လူတိုင်းက မျှော်လင့် စောင့်စားနေပေရာ ယနေ့ နေ့လည်စာကတော့ ရိုးစင်းလှပါပေ၏။ သူတို့အားလုံးက အတွေး တစ်ခုတည်းကိုသာ မျှဝေနေကြပေသည်။ နည်းနည်းပဲ စားရမယ်။ ပွဲကြီးပွဲကောင်းက ရောက်လာတော့မှာလေ။
နေ့လည်စာကို အခန်းထဲမှာပင် အတူတကွ စားသောက်ကြပြီးနောက် အခြားသော ကျောင်းသားတချို့က နေ့လည်ခင်း အနားယူရန် ကျောင်းအိပ်ဆောင်များသို့ ပြန်သွားခဲ့ကြပြီး ရှီလီကမူ နေ့လည်ခင်း Self-study ချိန်ထိ နေမည့်သူ မဟုတ်သဖြင့် သူတို့နှင့် ပူးပေါင်းစရာ မလိုပါပေ။
တရေးတမော အိပ်ကြရန်အချိန် နီးကပ်လာပြီး သူမ အတန်းဖော်များကလည်း အိပ်ဆောင်ဆီသို့ သွားကြဖို့ ယခုချိန်ထိ မမြင်မိသေးရာ ရှီလီလည်း သူတို့တွေ ထွက်ခွာသည်အထိ စောင့်မနေတော့ပဲ သစ်တောထဲသို့ လမ်းလျှောက်သွားမည့် အစီအစဥ်ကို အကောင်အထည် ဖော်လိုက်တော့၏။
ထို့ကြောင့် သူမလည်း အတန်းထဲမှာ ကျကျနန ထိုင်နေကြသည့် သူမ အတန်းဖော်များကို တချက်မျှ ဝေ့ကြည့်လိုက်ပြီး သူမ အိတ်ကို ကောက်ယူလိုက်ကာ သူတို့ကို ယဥ်ကျေးပျူငှာသည့် နှုတ်ဆက်စကား ဆိုလိုက်၏။
“တရေးအိပ်ချိန်တောင် ရောက်နေပြီ။ ငါ နင်တို့ကို မနှောင့်ယှက်တော့ဘူးနော်။ အခုပဲ အိမ်ပြန်လိုက်တော့မယ်”
ထိုအချိန်မှာပင် သူတို့စာအုပ်များထဲမှာ နစ်မြုပ်နေပုံရသည့် အခြားသော ကျောင်းသားများမှာ ချက်ချင်းဆိုသလို မတ်တပ် ထရပ်ကာ ပြောလာတော့သည်။
“ငါတို့တွေ ဘယ်လိုလုပ်ပြီး နင့်ကို တစ်ယောက်တည်း လွှတ်လိုက်နိုင်ပါ့မလဲ။ အန္တရာယ်များကများနဲ့။ ငါတို့ နင့်ကို အပြင် လိုက်ပို့ပေးပါ့မယ်”
ရှီလီခမျာ စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။
“ ကျောင်းဝင်းထဲမှာ ဘယ်လိုလုပ်ပြီး အန္တရာယ် ရှိပါ့မလဲဟယ်။ ငါတို့ ကျောင်းက လုံခြုံရေးတွေက အပြသက်သက်မှ မဟုတ်တာကြီး”
သူမက ထပ်ပေါင်း ပြောပြန်သည်။
“အခုက တရေးအိပ်ရမဲ့ အချိန်ပဲ ရောက်ခါနီးနေပြီကို။ နင်တို့ ကိုယ့်ဘာသာ ဒုက္ခခံဖို့ မလိုပါဘူးဟယ်။ ငါ့ဘာသာလည်း အဆင်ပြေပါတယ်”
ဖက်တီးလေးက ချက်ချင်းပင် ပြန်ဖြေသည်။
“ဘာဒုက္ခမှ မများပါဘူးဟာ။ ဘာဖြစ်ဖြစ် ငါတို့လည်း အိပ်ဆောင် ပြန်မှာပဲဟာ။ ဆိုတော့ နင် သွားမှာက ငါတိူ့ နဲ့ လမ်းသင့်နေတာပဲကို”
ရွှယ်ရွှယ်ကျားကလည်း စကား ဖြတ်ပြောလာသည်။
“ငါတို့က နင် မပြန်ခင် နင်နဲ့ အချိန် ပိုဖြုန်းချင်ရုံပါပဲ”
ရှီလီမှာမူ သူမကသာ အမှန်တကယ် ကျောင်းထဲကနေ ပြန်မည်ဆိုပါက ထိုအပေါင်းအဖော်များကို စိတ်ထဲ ထားနေမည် မဟုတ်သလို ကျောင်းဂိတ်ဝအထိ အခြံအရံများ ပါလာခြင်းကလည်း အတော့်ကို သာမန်ပါပင်။
ပြဿနာကတော့ အိမ်ပြန်မယ် ဟူသည်က ဆင်ခြေသက်သက်သာ ဖြစ်ပြီး သူမ၏ ပန်းတိုင်အစစ်က တောအုပ်ဆီသို့ သွားရန် ဖြစ်နေခြင်းပါပင်။
သို့သော် သူမ၏ အတန်းဖော်များကတော့ သူမ ဘေးနားမှာ.စုဝေးနေပြီဖြစ်ကာ သူမ အပြင်ထွက်သွားသည်ကို မြင်ရဖို့ ဆုံးဖြတ်ထားကြောင်း သိသာလှပေ၏။
ရှီလီ၏ နှုတ်ခမ်းလေးများက ယောင်ယောင်လေး တွန့်ရွဲ့သွားကာ ပြောလိုက်တော့သည်။
“ဟုတ်ပါပြီ၊ ဒါဆိုလည်း နင်တို့ကို ကျေးဇူးပါဟယ်”
သူတို့တွေ စာသင်ဆောင်မှ ထွက်ခွာလာပြီးနောက် ရှီလီက သူမ ဗိုက်လေးကို ခပ်ဖွဖွ ပုတ်လိုက်၏။
“ငါတော့ နေ့လည်စာတွေ စားထားတာ များသွားပြီထင်တယ်။ လေပွနေသလိုပဲ။ အခုနေသာ ကားစီးပြီး ပြန်လို့ကတော့ ငါ ကားမူမှာ သေချာပေါက်ပဲ။ အစာကြေအောင်လို့ ကျောင်းထဲကို ခဏလောက် လမ်းလျှောက်ထွက်ရင်တော့ ခဏနေကျ သက်သာသွားမှာ”
ရှီလီမှာ အပီအပြင်ကို သရုပ်ဆောင်နေကာ သူမ လုပ်စရာ တစ်စုံတစ်ရာ ရှိနေပါသဖြင့် အပြင်ဘက်မှာ အတော်ကြာအောင် စောင့်နေရမည်ဟု သူမ ယာဥ်မောင်းထံ Voice Message ပို့ပေးလိုက်၏။
အမှန်တော့ ယဥ်မောင်းမှာ ကျောင်းအပြင်ဘက်တွင် စောင့်တောင် စောင့်ဆိုင်းမနေပါပေ။
236 02
သူက သူမ၏ Message ကို ရှုပ်ထွေးခြင်းများစွာဖြင့် လက်ခံလိုက်ပြီး ရှီလီ ဘာတွေ လုပ်နေလဲ တွေးမိလေသည်။
Message ပို့ပေးပြီးနောက် ရှီလီက သူမ အတန်းဖော်များထံ လှည့်ကြည့်လိုက်၏။
“အခု နင်တို့တွေ တရေးအိပ်ဖို့ ပြန်သင့်ပြီနော်။ ငါတော့ ကျောင်းထဲမှာ နည်းနည်းလောက် လမ်းလျှောက်လိုက်ဦးမယ်။ ဆိုတော့ ငါ့ကို အပြင် လိုက်ပို့ပေးဖို့ မလိုတော့ပါဘူး”
ထိုအုပ်စုကြီးမှာ အကြည့်များ ဖလှယ်လိုက်ကြပြီး သူတို့ထဲတွင် စကားအသွက်ဆုံးဖြစ်သည့် ရွှယ်ရွှယ်ကျားက အလျင်အမြန် တုံ့ပြန်လာ၏။
“ဘယ်လိုတောင် ထူးဆန်းရတာလဲ။ ငါလည်းပဲ ဒီနေ့ အစားများသွားတယ်လို့ ခံစားရတယ်ဟယ်။ အစာကြေအောင် လမ်းလျှောက်မဲ့အထဲ ငါ့လည်း ပါခိုင်းနော်။ ငါတို့ ဒီကျောင်းရောက်တာ တနှစ်ခွဲလောက် ရှိပြီကို ေကာင်းကောင်း မစူးစမ်းရသေးဘူး။ အခု အဲ့လို အခွင့်အရေးသာ မရှိရင် ငါတို့ ဘယ်တော့မှ အဲဒါကို လုပ်ဖြစ်တော့မှာ မဟုတ်ဘူးရယ်”
ရွှယ်ရွှယ်ကျား ပြောပြီးနောက် မကြာမီမှာပင် အခြားသူများသည်လည်း သူတို့တွေ အစားများသွားပြီး လမ်းလျှောက်ရာတွင် ပါဝင်လိုကြောင်း မရမက ပြောဆိုလာတော့၏။
ရှီလီက ခပ်ဖွဖွလေး မျက်မှောင်ကြုတ်လိုက်ကာ သူမဘာသာ တွေး၏။
(ဒီနေ့ အစားအသောက်တွေက ကောင်းတောင်မှ ကောင်းမနေတာကြီးကို။ ပြီးတော့ သူတို့တွေ အများကြီး စားတာ ငါလည်း မတွေ့မိပါဘူး။ အဲဒါကို သူတို့တွေ ဘယ်လိုလုပ်ပြီး အစာမကြေ ဖြစ်ကုန်တာတုန်း။)
အခြားသူများမှာ အပြစ်ရှိစိတ် ယောင်ယောင်လေးကို ခံစားရပေသည်။ အထူးသဖြင့် အသင့်စား အစားအသောက်များကို မှာယူပေးကြသည့် ကျောင်းသားများပါပင်။
သူမ၏ ဖုန်းAppတွင် ထိုစားသောက်ဆိုင်ကို အကြံပြုထားတာကိုမြင်ပြီးနောက်၊ သူမကလည်း ထိုအကြံပြုချက်ကို သူငယ်ချင်းများထံ ပြန်လည်မျှဝေမိသည့်အတွက်၊ မသိလိုက်ပါဘဲနှင့် အားလုံးကို စိတ်ပျက်စရာ အစားအသောက်များဖြင့် တွေ့ကြုံရစေခဲ့ခြင်း ဖြစ်ပါ၏။
အကယ်၍များ လူအချို့ကသာ သူမနှင့်အတူ ထိုဇာတ်လမ်းကို မျက်မြင်တွေ့ရပါလျှင် ရှီလီအနေဖြင့် ယင်းက တိုက်ဆိုင်မှုသက်သက်ပါဟုသာ မရမက ပြောဆိုနိုင်ပါ၏။ သို့သော် ယင်းက ပြဿနာတော့ ရှိနေဆဲပါပင်။
“နင်တို့တွေ တမှေးအိပ်ဖို့ လိုသေးတယ် မဟုတ်ဘူးလား။ ငါတို့တွေမှာ.နေ့လည်ပိုင်း အတန်း ရှိနေသေးတာကို”
ကျောင်းသားတစ်ယောက်ကမူ သာမန်ကာလျှံကာပင် ပြန်ပြောလာ၏။
“အဆင်ပြေပါတယ်။ တနေ့လောက်လေး တရေးမအိပ်ရတာ ကိစ္စကြီးမှ မဟုတ်တာကို။ အတန်းရဲ့ စည်းကမ်းက အတန်းမလစ်ဖို့ပဲလေ။ တရေးအိပ်ချိန် လစ်တဲ့အကြောင်းကိုတော့ ဘာမှမှ ပြောမထားပဲဟာ”
ရှီလီ၊၏ ပဟေဠိအကြည့်များက လူတိုင်း၏ မျက်နှာထက်သို့ သိမ်းကြုံး ကျရောက်သွားခဲ့ကာ တွေးမိ၏။ (သူတို့ကို အတူလိုက်ခိုင်းလိုက်တာ ကောင်းလည်း ကောင်းပါတယ်လေ။ ဖောက်ပြန်သူတွေကို လက်မိလက်ရ ဖမ်းမိဖို့ဆိုတာ ဘဝတသက်တာလုံးမှာ တခါပဲရမဲ့ အခွင့်အရေးကြီးပဲ ဥစ္စာ။ နင်တို့ အခုလိူ အခွင့်အရေးမျိုးကို နောက်တစ်ခေါက် ရတော့မှာ.မဟုတ်ဘူးရယ်။)
သူမက ပြုံးလိုက်၏။
“ဒါဆိုလည်း ဟုတ်ပါပြီ၊ အစာ ကူခြေဖို့ အတူတူ လမ်းလျှောက်ကြတာပေါ့ဟယ်”
အတန်းပိုင်ဆရာမှာ နေ့လည်စာကို ကသောကမျော စားပြီးနောက် ရုံးခန်း ပြတင်းပေါက်မှာ မတ်တပ်ရပ်နေသည့်အတွက် အရောင်အသွေး စုံစွာ ဝတ်စားထားသည့် ကျောင်းသား တအုပ်တမကြီးက အတော်ဝေးဝေး နေရာဆီသို့ လမ်းလျှောက်သွားသည်ကို မြင်နိုင်ပေသည်။
သူက ပြုံးလိုက်ပြီး တခါသုံး ကော်ဖီခွက် အခွံကြီးကိူ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ကာ နေ့လည်ခင်း အနားယူချိန်ကို စစ်ဆေးရန် ပြင်ဆင်လေတော့သည်။
ဆောင်းရာသီ အားလပ်ရက်အတွင်း ကျောင်းသားအများစုက အပန်းဖြေခရီး ထွက်နေကြပေရာ ကျောင်းဝင်းထဲတွင် ကျောင်းလုံခြုံရေးများသာ ရှိပေသည်။
ပုံမှန်အတန်းတက်ရမည့် ကျောင်းသားများ ရှိနေသည့်အတွက် ဤဆောင်းရာသီ အားလပ်ရက်အတွင်း အိပ်ဆောင်များကို ပုံမှန်အတိုင်း ဖွင့်ပေးထားပါရန် အတန်းပိုင်ဆရာက ကျောင်းအုပ်ကြီးထံ မေတ္တာရပ်ခံထားခဲ့တာ ဖြစ်လေသည်။
Cafeteria ကလည်း ပိတ်ထားသည်မို့ ကျောင်းသားများမှာ သူတို့၏ အစားအသောက်အတွက် အသင့်စား အစားအသောက်များကို မှာချင်မှာ သို့မဟုတ်လျှင် သူတိူ့အတွက် အစားအသောက်များကို မိဘများက လာပို့ပေးဖို့သာ ရှိပါ၏။
သို့သော် တရေးအိပ်ချိန် အတွက်တော့ အိပ်ဆောင်များကို ဖွင့်ပေးထားဖို့ လိုအပ်ပြီး ယင်းက ကျောင်းသားများ နေ့လည်ခင်း စာလေ့လာရာတွင် အင်အား အပြည့် ရှိနေစေဖို့ အကျိုးသက်ရောက်ပေသည်။
အတန်းပိုင်ဆရာ၏ ကျောင်းဖြင့် အဆက်အသွယ် ပြုလုပ်မှုကြောင့် ေကျာင်းစောင့်များမှာ အိပ်ဆောင် ကြီးကြပ်သူ အသစ်များ ဖြစ်လာရတော့၏။ ယင်းက ရှုပ်ထွေးသည်တော့ မဟုတ်ပါပေ။ သူတို့အနေဖြင့် နေ့လည်ခင်း ရောက်သည့်အခါ တံခါး သွားဖွင့်ပေးပြီး တရေးအိပ်ချိန် ပြီးသည့်နောက် အိပ်ဆောင် တံခါးကို သွားပိတ်ပေးဖို့သာ လိုအပ်ပေသည်။
ယင်းကို ကြည့်ရသည်မှာ အတော်လေးကို ရိုးစင်းလှပါ၏။
236 03
သို့သော် ထိုလုံခြုံရေးများအနေဖြင့် ဤမျှ ရိုးရှင်းလှသည့် တာဝန်လေးက ပြဿနာ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပါပေ။
ထိုကိစ္စသည် ကျောင်းသားများ တရေးအိပ်ချိန်အတွင်း အတန်းပိုင်ဆရာက ကျောင်းသားများကို စစ်ဆေးလိုသည့် အချိန်မှ စတင်ခဲ့လေသည်။ လုံခြုံရေးကလည်း သူ့ကို ဒုတိယနှစ် Class1 မှ ေကောင်လေးများ၏ အိပ်ဆောင်သို့ လမ်းပြခေါ်ဆောင်လာခဲ့၏။
သို့သော် သူတို့ကို အံ့အားသင့်စေသည်ကတော့ အိပ်ဆောင်က လုံးလုံးလျားလျားကို အလွတ်ကြီး ဖြစ်နေခြင်းပင်။
အတန်းပိုင်ဆရာမှာမူ သူတို့တွေ နေရာမှားပြီး သွားကုန်ပြီလားဟု စိုးရိမ်တကြီး မေးလာပြီး သူ့ကျောင်းသားများ ဘယ်နေရာကို ရောက်ကုန်ပြီလဲ တွေးမိပေ၏။
ပထမဆုံးအနေဖြင့် လုံခြုံရေးများသည်လည်း ဤကျောင်းသားများ နေရာတွေ မှားရောက်ကုန်ပြီလား တွေးမိပါ၏။ သို့သော် စာရွက်စာတမ်းများကို စစ်ဆေးပြီးသည့်နောက်မှာမှ ဤကျောင်းသားများက အမှန်တကယ်ကို အိပ်ဆောင်မှာ.ရှိနေရမည့် သူများပါပင်။
ထို့ကြောင့် ထိုကျောင်းသားများ အားလုံး ဘယ်နေရာကို သွားလိုက်ကြပါသနည်း။
အတန်းပိုင်ဆရာက အမောတကော မေးလိုက်၏။
“ဒီနေ့ သူတို့တွေ အိပ်ဆောင်ထဲ ဝင်သွားတာ မင်း မြင်မိသေးလား”
“ငါ့ ကျောင်းသားတွေ ဒီနေ့ ကျောင်းလာပါတယ်။ ပြီးတော့ ငါ ဒီကို မလာခင် စာသင်ခန်းကို သွားစစ်တော့ အခန်းကလည်း အလွတ်ကြီး ဖြစ်နေတယ်။ သူတို့တွေ ဘယ်ကို သွားကုန်တာလဲ။ သူတို့များ ပျောက်ကုန်တာ၊ ပြန်ပေးဆွဲခံရတာများ ဖြစ်နေရင်……”
သူ၏ ချစ်လှစွာသော ကျောင်းသားများ (အကယ်၍များ ဤကိစ္စကို သိခဲ့ပါလျှင်) ∷ * အရှက်ရစွာဖြင့် မျက်နှာကို အုပ်ထား*
အတန်းပိုင်ဆရာသည်ကား သူ့ သားသမီးများ ပျောက်နေသည့် အဖေကြီးနှယ် ပြုမူနေကာ ယင်းအတွက်ကြောင့် ကျောင်းလုံခြုံရေးများမှာ ချွေးအေးများ စို့လာပေတော့သည်။
မိဘများကို စိတ်အနှောင့်အယှက် ပေးခြင်းက ကိစ္စတစ်ခုဖြစ်ကာ ဤကလေးများက ဆယ်ကျော်သက်လေးများသာ ဖြစ်နေသည့်အတွက် သူတို့ ဘာအန္တရာယ်မှတော့ မဖြစ်နိုင်ပါပေ။
ထိုအချိန်တွင် အမျိုးသမီး လုံခြုံရေးကလည်း Class 1 ဒုတိယနှစ်၏ မိန်းကလေး အိပ်ဆောင်သည်လည်း အလွတ်ကြီး ဖြစ်နေကြောင်း အစီရင်ခံ တင်ပြလာတော့၏။
ထိုကိစ္စက အလေးအနက် ပြဿနာကြီး ဖြစ်လာပေပြီ။
ယခုအချိန်မှာတော့ ထိုကျောင်းသားများကို ရှာဖို့ကလွဲပြီး အခြား အရေးကြီးသည့် ကိစ္စ ဘာတခုမှ မရှိပါလေတော့။
ဤအားလပ်ရက်အတွင်း သူတို့မှာ လုံခြုံရေး များများစားစား မရှိပါပေ။ ထို့ကြောင့် သူတို့က ရနိုင်သမျှသော လုံခြုံရေးများကို စုစည်းလိုက်ကာ တစ်ဦးကိုတော့ စောင့်ကြည့်ကင်မရာများကို စစ်ဆေးခိုင်းလိုက်ပြီး ကျန်လူများကတော့ ကျောင်းပတ်ပတ်လည်ကို ဖြန့်ကျက်ကာ ကလေးများကို ရှာဖွေရတော့၏။
သူတို့က ကျောင်းဝင်းအတွင်းမှ စတင်ကာ ရှာဖွေရေး စတင်ခဲ့ကြလေသည်။
ရှီလီနှင့် သူမ၏ အဖွဲ့ကတော့ အတန်းပိုင်ဆရာ ပွက်လောရိုက်ပြီး ဂြိုဟ်မွှေနေခြင်းကို သတိမမူမိခဲ့ပါပေ။ ထို့ကြောင့် သူတို့က သစ်တောအုပ် ရှိရာဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြ၏။
သူမ၏ ပထမ ဘဝတုန်းကတော့ ရှီလီမှာ ထိုဗီဒီယိုကို မရေမတွက်နိုင်အောင် ကြည့်ခဲ့ဖူးပြီး ထိုနေရာသည်လည်း ချန်ဖူအထက်တန်းကျောင်း၏ နာမည်ကျော် နေရာ ဖြစ်လာခဲ့ကာ များစွာသော ကျောင်းသားဟောင်းများကလည်း ဤနေရာသို့ အထူးတလှယ် ပြန်လာပြီး လည်ပတ်ကြကာ ဓာတ်ပုံလှလှများကိုပင် ရိုက်ကြသည် ဟူသတတ်။
ရှီလီသည်လည်း ထိုနေရာကို ရှီးချိုးယွီ၊ ကောင်းယွမ်တို့ဖြင့် လာရောက် လည်ပတ်ခဲ့ဖူးပြီး ဖြစ်ပွားခဲ့သည့် နေရာတိုင်းကိုလည်း ရှင်းလင်းတိကျစွာ မှတ်မိနေပါသေးသည်။
သူတို့တွေ ထိုနေရာကို နီးကပ်လာချိန်တွင် ထူးထူးခြားခြား အသံများကို ကြားလိုက်ရသလိုလို ရှိပေတော့၏။
ထို့နောက်တွင်တော့ လုံခြုံရေးများက သူတို့ထံသိူ့ အားအင်အပြည့်ဖြင့် အပြေးအလွှား ရောက်ရှိလာကြလေတော့သည်။