အခန်း (၂၄၉-၂၅၂)
Vol. 13 Ch. 249-252
249 01
အခန်း ၂၄၉: အတိတ်တုန်းက ဖရဲသီးတွေကိုစားဖို့အတွက် လက်ရှိ ဖရဲသီးတွေကို လက်လွှတ်လိုက်ရတယ်
ကျိုးဟိန်ယိနှင့် ဒုတိယသခင်လေးဖူ အချို့နည်းလမ်းများတွင် အေးဆေးပေါ့ပါး၍ စရိုက်အချို့ တူညီကြသည်။
ဒုတိယသခင်လေးဖူက ဖုန်းထဲကအရာကို ကြည့်ဖို့အတွက် စိတ်ဝင်စားမှုပြလာချိန်တွင် ကျိုးဟိန်ယိက ဖုန်းကို သူ့ဘက်သို့ ရက်ရက်ရောရော စောင်းပေးလိုက်သည်။
“ဒီမှာ၊ ဒါကိုကြည့်ကြည့်”
ဇာတ်လမ်းအပြည့်အစုံကို ဖူကျန်းယန် သိအောင်လို့ ရှီရွှမ်းက အကုန်လုံး ဖတ်ပြီးပြီဆိုသော်လည်း ပို့စ်၏ ပထမစာမျက်နှာကို ပြန်ဆွဲတင်ပေးလိုက်သည်။
ယခင်လမ်းခွဲခြင်းကြောင့် ဝမ်းနည်းပူဆွေးနေသော ဒုတိယသခင်လေးဖူမှာ အတင်းအဖျင်း၏ ပျော်ရွှင်ခြင်းတွင် မွေ့လျော်လာခဲ့သည်။ ဒရာမာ အမျိုးအစားအစုံအပေါ် အာသီသတောင့်တလာကတည်းက - ချေးမများတော့ဘဲ မည်သို့သော အရည်ရွှမ်းသည့် ဇာတ်လမ်းမဆို သဘောကျပေသည်။
ယခုလို ဆက်ဆံရေး ဒရာမာများကတော့ သေချာပေါက် သူ့အကြိုက်ပင်ဖြစ်၏။
ပေါက်ကွဲထွက်နေသော စကားပြောမှတ်တမ်းတွေကို ကြည့်နေရင်း “အမိုက်စားပဲ!” ဟူ၍အကြိမ်ရေများစွာ မပြောမိဘဲ မနေနိုင်တော့။
လက်ရှိတွင် လူတိုင်းက သူတို့၏ဟန်အမူအရာကို ထိန်းသိမ်းနေကြ၍ ယခုလိုကိစ္စမျိုးတွေကို စိတ်မဝင်စားဟန်ဆောင်နေသော်လည်း အတွင်းထဲမှာတော့ ဘာတွေဖြစ်နေတယ်ဆိုတာအား အသည်းအသန် သိချင်နေကြသည်။
ဥပမာအနေနှင့် ကျိုးအဖေနှင့် ဖုန်းယွင်ဟယ်တို့ပင်။
ကျိုးအဖေက သူ့ကိုယ်သူ ဤအုပ်စု၏ လူကြီးတစ်ယောက်၊ ယောက်ျားသားတစ်ယောက်ဟု ခံယူထား၍ သိချင်နေလျှင်ပင် တိုက်ရိုက်ကြီးမမေးနိုင်ပေ။
ဖုန်းယွင်ဟယ်ကတော့ ဂရုမစိုက်သလို ပြုမူရတာက အကျင့်တစ်ခုဖြစ်နေတော့ သူ့အနေနှင့်စိတ်ဝင်စားနေတယ်ဆိုဆာကို မပြသနိုင်။
ရှီရွှမ်းက ကျိုးဟိန်ယိ၊ ဒုတိယသခင်လေးဖူတို့နှင့် ဆွေးနွေးနေတာကို ရှီလီက ဘေးကနေသာ ကြည့်နေသည်။
သူမက တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်၏။ “တကယ်တော့ ဒီကိစ္စကို ညီမသိထားတာကြာပြီရယ်”
ရှီရွှမ်းနှင့် ဖူကျန်းယန်: !!
ကျိုးဟိန်ယိ: ဟမ့်!
ရှီရွှမ်းက တိတ်တဆိတ် အပြစ်တင်လိုက်ကာ“ဒီလိုအရည်ရွှမ်းတဲ့ အတင်းအဖျင်းကို နင် ငါ့ကိုတစ်ခါမှ မပြောပြခဲ့ဘူးနော်၊ ငါတို့တွေ အနေဝေးသွားတာလား၊ ညီမလေး”
ရှီလီက ဤသည်ကို စောင့်ဆိုင်းနေတာပင်“ညီမ အစ်မကိုပြောဖို့ ကြိုးစားပါသေးတယ်”
ရှီရွှမ်းက ပိုလို့တောင် ညည်းညူလာ၏။ “ဒါဆို ဘာလို့မပြောရတာလဲ”
ရှီလီ ပြုံးလိုက်ပြီး “အစ်မ မှတ်မိသေးလား။ ဟိုနေ့ညက အစ်မနဲ့ ဒီအကြောင်းကိုပြောချင်လို့ ညီမ ခေါ်လိုက်တယ်လေ၊ ဒါပေမဲ့ အစ်မပဲ အလုပ်ရှုပ်နေပြီး အချိန်မရှိဘူးဆိုတော့ ညီမလည်း ကိုယ့်ဘာသာကိုယ် သိမ်းထားလိုက်ရတာပေါ့”
ရှီရွှမ်းသည် ပြန်တွေးကြည့်လိုက်တော့ သိပ်ပြီးမသေချာသော်လည်း ထိုကဲ့သို့သောအကြောင်းအရာမျိုး ရှိခဲ့တယ်ဆိုတာကို မှတ်မိသွား၏။
ရှီလီက သူမကို အသိပေးနေရင်း ဆက်လက်ပြုံးနေကာ “အစ်မ၊ ညီမတို့ ဖုန်းပြောထားတဲ့မှတ်တမ်းကို စစ်ရင်စစ်ကြည့်လို့ရတယ်နော်။ အဲ့နေ့တုန်းက တစ်မိနစ်တောင် မကြာတဲ့ ဖုန်းခေါ်ဆိုမှုကို တွေ့လိမ့်မယ်”
ရှီလီ၏ သတိပေးမှုနှင့်အတူ ထိုကဲ့သို့ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို နောက်ဆုံးတော့ ရှီရွှမ်းသတိရသွားတော့သည်။
ထို့ကြောင့် သူမ ရှီလီကို အပြစ်တင်၍မရပေ။ -သူမ၏ အပြစ်ချည်းသာ။
ရှီရွှမ်းက ရှက်ရွံ့စွာရယ်လိုက်ပြီး “ဟီးဟီး၊သံသယဝင်မိတဲ့အတွက် ဆောရီးပဲနော်၊ညီမလေးရေ။ အားလုံးက ငါ့အမှားပါ”
ရှီရွှမ်းက သူမ၏ လေးနက်သော တောင်းပန်ခြင်းကို ဆက်မပြောနိုင်ခင်မှာဘဲ ဒုတိယသခင်လေးဖူက စိတ်ရင်းဖြင့် ပြောလာခဲ့သည်။ “ညီမလေး၊ နောက်တစ်ခါ ဒီလိုအတင်းအဖျင်းကောင်းတွေရှိရင် အချိန်ကုန်ခံပြီး မင်းအစ်မနဲ့ ဝေမျှမနေနဲ့ - သူမက မင်းကိုအာရုံစိုက်ဖို့နေနေသာသာ၊ သူမအချစ်ဇာတ်လမ်းနဲ့သူမ အလုပ်ရှုပ်နေတာ။ အဲ့အစား အစ်ကိုကြီးကိုလာပြော၊အစ်ကိုကြီးဆို အချိန်တိုင်း၊ နေရာတိုင်းအားတယ်”
ဤသည်ကို ရှီရွှမ်း သည်းမခံနိုင်။ နောက်ဆုံးတစ်ခေါက်တုန်းက အတင်းပြောရန်အတွက် ရှီလီ ဖုန်းခေါ်လာတယ်ဆိုတာကို သူမ မသိခဲ့လို့ပင်။ အကယ်၍ သူမသာ သိခဲ့မည်ဆိုပါက ချူးချွမ်ရှန်းနှင့် နမ်းနေရင်း တန်းလန်းဖြစ်နေလျှင်တောင် ရပ်ပစ်လိုက်နိုင်သည်။
ရှီရွှမ်းက သူမ၏သစ္စာရှိမှုကို ရှီလီအား အမြန်သက်သေပြလိုက်၏။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊မဟုတ်ဘူး၊ အဲ့တုန်းက ငါ မှားသွားတာပါ။ ငါတို့က မိသားစုတွေပဲ၊ ဒီလိုကိစ္စတွေဆို ငါ့ဆီ အမြဲလာသင့်တယ်”
ပြီးနောက် နှစ်ယောက်သားဟာ ရှီလီက ဘယ်သူနှင့် အတင်းအဖျင်းအား မျှဝေသင့်တယ်ဆိုတာကို ပြိုင်ဆိုင်နေကြတော့၏။
249 02
ရှီလီသည် ကနဦးတုန်းက ‘အစ်မက ညီမကို လျစ်လျူရှုခဲ့ပေမဲ့ အခုတော့ ညီမနဲ့ အဆင့်ချင်း မတူတော့ဘူး’ ဟု အရိပ်အခြေပြရင်း ရှိရွှမ်းကို စနောက်ချင်ခဲ့တာပင်။
သို့သော် မမျှော်လင့်ထားဘဲ ဤဆွေးနွေးမှုထဲသို့ ဒုတိယသခင်လေးဖူက ခုန်ဝင်လာပြီး အတင်းအဖျင်းဆွေးနွေးရန် ညှိနှိုင်းချက်နှင့် ပတ်သက်၍ ရှီရွှမ်းနှင့် အလေးအနက် စကားပြိုင်လုနေတော့သည်။
ယခုလို အဖြစ်အပျက် အလှည့်အပြောင်းကိုဘယ်သူက ထင်ထားမှာလဲ။
ကျိုးဟိန်ယိလည်း အတော်လေး အံ့ဩသွားရသည်။ တောအုပ်ထဲက ဖောက်ပြန်နေတဲ့ကိစ္စကို သူတို့တွေ ဆွေးနွေးနေကြတာမလား။ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားတာတုန်း။
ကျိုးဟိန်ယိ: ငါတို့တွေ တောအုပ်ကိစ္စကိုဆွေးနွေးနေကြတာရော ဟုတ်ရဲ့လား။
အခြားလူတိုင်း: နေစမ်းပါဦးဟ၊ ငါတို့က အတင်းအဖျင်းကို အခုထိ သေချာတောင် နားမလည်ရသေးဘူး။ မဆီမဆိုင်ကိစ္စတွေအစား စောနကခေါင်းစဉ်ကို ပြန်ဆွေးနွေးကြပါလား။
အဆုံးမှာတော့ လျန်ရုန်ရုန်ကပဲ သည်းမခံနိုင်တော့၍ အစောပိုင်းတုန်းက စကားဝိုင်းကို ပြန်ဆွဲခေါ်ဖို့ ကြိုးစားလိုက်သည်။
“ခုနက ဖောက်ပြန်တဲ့ကိစ္စကို ပြောနေကြတာ မလား။ ငါကြားတာ မှန်ပါတယ်နော်။ ဘာဖြစ်တာတဲ့လဲ”
သူမနှင့်ပတ်သက်လာလျှင် အမြဲတမ်း အနည်းငယ် စိတ်မရှည်သော ကျိုးဟိန်ယိက ပြန်ဖြေလိုက်သည်။ “ကျောင်းဖိုရမ်ထဲမှာ သွားကြည့်။ ဖြစ်ကြောင်းကုန်စင်တစ်ခုလုံး အဲ့မှာရှိတယ်”
သူ့လေသံကို လျန်ရုန်ရုန် လျစ်လျူရှုလိုက်သည်။ -အတင်းအဖျင်းကမှ ပိုအရေးကြီးတာ။
ဖုန်းယွင်ဟယ်လည်း ဤအချိန်တွင် ဖိုရမ်ကိုစစ်ကြည့်လိုက်သော်လည်း သူက အင်မတန် ပလွှားလွန်းနေသည်။ အကယ်၍ သူသာ အခုနေ ဖုန်းထုတ်လိုက်မည်ဆိုပါက သူ့စိတ်ထဲမှာ အသေးအဖွဲကိစ္စတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို သက်သေပြလိုက်သလို မဖြစ်သွားပေဘူးလား။ ထို့ကြောင့် ဖုန်းကိုထုတ်ကြည့်ချင်နေသည့် သူ့စိတ်ကို ချိုးနှိမ်ထားလိုက်ရ၏။
ဘယ်သူမှမကြည့်နေတုန်း အိမ်ပြန်ရောက်တာနဲ့ စစ်ကြည့်ရမည်ဟု ဖုန်းယွင်ဟယ် တွေးလိုက်သည်။
ထို့ကြောင့် အိမ်ပြန်ချင်စိတ် လောနေသည်မှာ ရှီချွမ်အပြင် နောက်တစ်ယောက်ပါ တိုးလာတော့သည်။
သူတို့တွေ စောင့်ဆိုင်းနေကြတုန်း ရှီချွမ်က အိမ်ပြန်ရန် အကြံပြုလာခဲ့၏။
ဖုန်းယွင်ဟယ်၏ နှလုံးသားမှာ အပျော်တွေဖြင့် တလှပ်လှပ်ဖြစ်သွားတော့သည်။
အိမ်ပြန်ဖို့ ရှီချွမ် အဆိုပြုလာချိန်၌ ဘယ်သူမှကန့်ကွက်မလာကြပေ။ ဖူညီအစ်ကိုတွေက ရှီဗီလာသို့ ပြန်ရောက်သည်အထိ သဘာဝအလျောက် သူ့ကို အဖော်ပြုပေးမည်မှာဖြစ်၍-သူတို့တွေ ဤဧရိယာထဲ ရှိနေတုန်း ရှီမိသားစုအကြီးအကဲများကိုပါ နှုတ်ဆက်သွားသင့်လေသည်။
ကျိုးအဖေက လူငယ်တွေ ပြန်သွားတာနှင့်သားဖြစ်သူနှင့် အတင်းပြောရန် စီစဉ်ထားတာကြောင့် သူတို့ကို ဆွဲမထားနေတော့ပေ။
အပြင်လူတွေ ရှိနေပါက ယခုလို မသင့်လျော်သော စကားတွေကို ပြောမိလျှင် သူ့ပုံရိပ်ကိုထိခိုက်စေနိုင်လေသည်။
သို့သော် မိသားစုချည်းပဲ ကျန်ရှိနေလျှင်တော့၎င်းမှာ အရေးမပါတော့။
သို့တည့်တိုင် သူ၏ ပြောမနိုင်ဆိုမနိုင် သားကပါ အနှီအုပ်စုနှင့် လိုက်သွားသဖြင့်ကျိုးအဖေ အံ့ဩသွားရသည်။
ဇနီးသည်နှင့် အိမ်တော်ထိန်းက ဧည့်သည်တွေအား လိုက်ပို့တာကို ကြည့်နေရင်း ဗလာဖြစ်သွားသော ဧည့်ခန်းကို ရင်ဆိုင်နေရချိန်တွင်ကျိုးအဖေက ခေါင်းရှုပ်စွာ မေးလိုက်သည်။ “သခင်ငယ်လေး ဘယ်ရောက်သွားတာလဲ။ ခုနကတင် ဒီမှာရှိနေသေးတာကို”
မဒမ်ကျိုးမှာ သူမခင်ပွန်းက မျက်စိမကောင်းတော့တာလား ဒါမှမဟုတ် မျက်စိကပဲ သူ့ကို မကောင်းအောင် လုပ်နေလားဆိုပြီး တွေးမိသွားသည်။
မဒမ်ကျိုးသည် အနှီသူက သူမ၏ ထမင်းစားလက်မှတ် ဖြစ်နေသေးတာကို စဉ်းစားမိကာလှောင်ချင်စိတ်ကို အောင့်အီး၍ ရိုးရိုးရှင်းရှင်း သတိပေးလိုက်၏။ “သခင်လေးက ရှီကလေးတွေနဲ့ ထွက်သွားတယ်” သူက ပုန်းလျှိုးကွယ်လျှိုးမလုပ်ဘဲ လူတိုင်း၏ အရှေ့မှာတင် မျက်နှာပြောင်တိုက်ပြီး ထွက်သွားတာပင်။
ထို့ကြောင့် သူ့အနေနှင့် ယခုလိုမေးခွန်းကို မေးလာတော့ မဒမ်ကျိုးမှာ သူ့ကို နေမကောင်းဖြစ်နေတာလားဟု ထင်မိသွားသည်။
ဒါ့အပြင် ဤလူက သားဖြစ်သူအပေါ် အရင်ကလည်း သိပ်ပြီးဂရုမစိုက်ခဲ့တာကြောင့် -သူ့သား သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတာကို ဘာလို့ရုတ်တရက်ကြီး မေးခွန်းထုတ်လာရတာလဲ။
ကျိုးဟိန်ယိက အတင်းဆက်ပြောရန်အတွက် ရှီရွှမ်း၊ ဒုတိယသခင်လေးဖူတို့နှင့်အတူ ရှီအိမ်တော်သို့ လိုက်သွားလေသည်။
ဖုန်းယွင်ဟယ်မှာ အိမ်ပြန်ပြီး ဖိုရမ်ကို စစ်ကြည့်ချင်သဖြင့် လမ်းခွဲကြဖို့ အကြံပြုလိုက်ကာသဘာဝကျစွာဖြင့် လျန်ရုန်ရုန်ကလည်း သူ့နောက် လိုက်လာခဲ့သည်။
249 03
ရှီမောင်နှမသုံးယောက် အိမ်ပြန်ရောက်တော့ သူတို့အဘွား၏တူက ပြန်သွားပြီဖြစ်ကာနှစ်ကူးတွင် နှုတ်ဆက်စကားဆိုရန်အတွက် ဧည့်သည်အသစ်တွေ ရောက်နေတာကြောင့် အိမ်မှာ အတော်လေး အသက်ဝင်နေ၏။
ဒုတိယသခင်လေးဖူနှင့် ဖူဟွေ့ရှင်းကရှီမိသားစု အကြီးအကဲများကို နှစ်ကူးနှုတ်ဆက်စကား ဆိုလိုက်ကြသည်။
အိမ်မှာ ဧည့်သည်တွေ ရောက်နေတော့ အဒေါ်အကြီးဆုံးက လူငယ်တွေ ပျင်းနေမှာစိုး၍ ရှီချွမ်အား ဧည့်သည်တွေကို အပေါ်ထပ်သို့ခေါ်သွားခိုင်းလိုက်သည်။
ဦးလေးရှီအငယ်ဆုံးက ဧည့်သည်တွေကိုဧည့်ခံနေရင်း ရံဖန်ရံခါတွင် အခြေအနေကို အသက်ဝင်လာစေရန်အတွက် သူ့အစ်ကိုတွေပြောရန် မသင့်လျော်သည့်အရာများကို ဝင်ပြော၍ လာဘ်ကောင်လို ပြုမူနေသည်။
249 03
သူက လူပြက်နှင့် အနည်းငယ် တူတယ်ဆိုတာကို လူတိုင်း သိထားကြပြီး အကယ်၍ သူသာ မသင့်လျော်သည့်စကား တစ်ခုခုကို ပြောလိုက်မိလျှင်ပင် ရှီမိသားစုမှ ဆုံးဖြတ်ချက်ချသူတွေ၏ အမြင်ကို ကိုယ်စားပြုတယ်လို့ ထည့်သွင်းစဉ်းစားခြင်းခံရမှာ မဟုတ်ပေ။
နှစ်ကူးတွင် လာလည်သည့် ဤဧည်သည်က တောင်းဆိုချက်တစ်ခုဖြင့် ရောက်လာခဲ့သော်လည်း အစ်ကိုအကြီးဆုံးက သူ့ကို သဘောမကျဘဲ မဆက်ဆံချင်တာကြောင့် ဦးလေးအငယ်ဆုံးကသာ စကားလမ်းကြောင်းများကို အရေးမပါသော ခေါင်းစဉ်များအဖြစ် လွှဲပေးနေရတော့၏။
“ဒီရာသီဥတုကြီးထဲမှာ ခြင်လည်းမရှိပါဘူး၊မင်းလည်ပင်းက ဘာလို့ နီရဲနေရတာတုန်း”
“ဒဏ်ရာရထားရင် ဆေးရုံကို ချက်ချင်းသွားသင့်တယ်နော်”
အနှီလူက ကသိကအောက်ဖြစ်စွာ ရယ်ရင်း“ကျွန်တော် အခုလေးတင် တစ်ခုခုနဲ့ တိုက်မိ သွားတာ၊ ဘာမှတော့ မဖြစ်ပါဘူး”
သူတို့တွေ အပေါ်ထပ်သို့ ဦးတည်နေရင်းသဘာဝကျစွာပဲ အနှီစကားဝိုင်းကို နားစွန်နားဖျား ကြားလိုက်မိကြသည်။
အရိုးသားဆုံးပြောရလျှင် လည်ပင်းနီရဲနေတာက အချစ်ကိုက်ရာတွေအဖြစ် အလွယ်တကူ တွေးမိစေနိုင်သည်။
လူတိုင်း၏ အတွေးများ ပျံ့နှံ့နေတုန်းမှာပဲ ရှီလီက ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုလာ၏:[ယားနာတစ်ခုပဲကို၊ ဘာတွေဖုံးကွယ်နေစရာလိုလို့လဲ။ ]
ကျိုးဟိန်ယိ: ! အိုးမိုင်ဂေါ့!
******
250 01
အခန်း ၂၅၀: ဒါက ယဉ်ကျေးတဲ့ လက်ဟန်ခြေဟန်ဆိုတာကို နင် သိရဲ့လား
အေ့စ်သံချပ်ကာ။
ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်သလဲ။
ရှီမိသားစုဗီလာက ကျယ်ဝန်းတာကြောင့် လူတိုင်းသည် အစောပိုင်းတုန်းက ဧည့်ခန်းကိုဖြတ်သန်းသွားရချိန်၌ ၎င်းကိုဝိုင်းပတ်၍လျှောက်ခဲ့ရသည်။
ဦးလေးရှီအငယ်ဆုံး ဧည့်ခံနေသည့် ဧည့်သည်ကို ဘယ်သူမှ သေချာမမြင်လိုက်ကြရဘဲ ယေဘုယျဆန်သော ပုံပန်းသွင်ပြင်တွေဖြစ်သည့် - ခန္ဓာကိုယ်တည်ဆောက်ပုံ ပုံမှန်ရှိသည့်အသက်ငါးဆယ်ဝန်းကျင် သက်လယ်ပိုင်းလူတစ်ယောက်ဖြစ်သည်။
“အေ့စ်သံချပ်ကာ” ဟူသော အသုံးအနှုန်းကအနှီလူနှင့် ခိုင်းနှိုင်းရန် သိပ်မကောင်းပေ။
သို့ပေတည့် ရှီလီ မမှားနိုင်။
အောက်ထပ်က ဆိုဖာပေါ်တွင် ထိုင်နေသည့်လူကို ကျိုးဟိန်ယိ လှည့်မကြည့်မိဘဲ မနေနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် အနှီလူကိုစိတ်ဝင်စားမိပြီး သူ့အကြောင်းအား ပိုပြီးသိချင်လာတော့သည်။
တကယ်တော့ ကျိုးဟိန်ယိ ခေါင်းလှည့်လိုက်ချိန်မှာ အစကတော့ ဖူဟွေ့ရှင်းနှင့် အကြည့်ချင်း ဖလှယ်ချင်တာဖြစ်သည်။ ဤလူတွေထဲ၌ သူနှင့် ဖူဟွေ့ရှင်းကသာ ရှီလီ၏အသံကို ကြားနိုင်တာကြောင့် သဘာဝကျစွာပဲ သူတို့၏တူညီထိတ်လန့်ခြင်းကြောင့် အကြည့်ချင်းဆုံပြီး ဆက်သွယ်သင့်လေသည်။
သို့သော် ဖူဟွေ့ရှင်းက သူ့ကို လှည့်ကြည့်မလာဘဲ ဘာမှမဖြစ်သလို ရှေ့သို့သာ တိတ်တဆိတ် စိုက်ကြည့်နေလေ၏။
ဤတုံ့ပြန်ပုံက ရှီလီ လေ့ကျင့်ပေးထားသောအခန်း 1 မှ ကျောင်းသားများ၏ တိုးတက်မှုဖြစ်သော - သတင်းတွေက ဘယ်လောက်ပဲ ထိတ်လန့်ဖို့ကောင်းနေပါစေ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားရမယ် ဆိုတာပင်။
သို့သော် သူ၏တည်ငြိမ်သော တုံ့ပြန်ပုံက လူမြင်ကွင်းတွင် ရေအေးဖြင့် အပက်ခံလိုက်ရသလိုမျိုး ကျိုးဟိန်ယိကို အင်မတန် စိတ်ပျက်မိသွားစေသည်။
သို့သော် ဤသည်က အနှီလူကို ဓာတ်မှန်ရိုက်နေသော သူ့အကြည့်ကို မတားဆီးနိုင်ပေ။
ဦးလေးရှီကို သူ အနည်းအကျဉ်းတော့ မနာလိုဖြစ်မိသွားသည်။
သို့သော် ကျိုးဟိန်ယိ၏ အကဲခတ်နေသောအချိန်က ရှီချွမ်၏နောက်ကနေ အပေါ်ထပ်သို့ လိုက်သွားရင်း ကုန်ဆုံးလာပြီဖြစ်ကာ ဤညီအစ်ကိုနှင့် တဖြည်းဖြည်း ဝေးလာလေပြီ။
ကျိုးဟိန်ယိက နောက်ဆုံးတော့ ကွတ်တိကျသည့် ဖော်ပြချက်တစ်ခုကို တွေးမိသွား၏:ဟိုးရှေးတုန်းကဆို လှည်းတွေ၊ မြင်းတွေကဖြည်းဖြည်းပဲသွားကြတော့ အတင်းဖြန့်ဖို့ဆို အရမ်းနှေးမှာပဲ။
ရှီချွမ်က လူတိုင်းကို အပေါ်ထပ်က ဇိမ်ခံဧရိယာဆီ ခေါ်သွားပေးလိုက်ပြီး ဧည့်သည်များကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားဖို့ ဖိတ်ခေါ်လိုက်သည်။
ရှီလီက bean bag ပေါ် ထိုင်လိုက်ပြီး ကျန်လူတွေကလည်း ထိုင်စရာနေရာကို ရှာဖွေထိုင်လိုက်ကြသည်။
ဒုတိယသခင်လေးဖူက လူတိုင်း ဖုန်းသုံးပြီး တိတ်ဆိတ်နေတာကို မကြည့်နိုင်တော့ဘဲ -နှစ်သစ်ဆိုတာ သက်ဝင်လှုပ်ရှားပြီး ပျော်မြူးနေသင့်တယ်လို့ ယုံကြည်၍ သူတို့အတူတူ ဘာလုပ်နိုင်မလဲဆိုတာကို စဉ်းစားနေတော့၏။
ရှီလီ၏ ဘေးနားတွင် ထိုင်နေသည့် ရှီရွှမ်းကဖုန်းကို နှစ်မိနစ်လောက် ကြည့်လိုက်ပြီးမှ လည်ချောင်းရှင်းပြီး ပြောလိုက်သည်။ “ခဏနေရင် ချူးချွမ်ရှန်း လာလိမ့်မယ်”
ချူးချွမ်ရှန်းကို သူမ၏ညီမ သဘောမကျဘူးဆိုတာကို ရှီရွှမ်း သိနေသဖြင့် ရှီလီ၏ မျက်လုံးထဲကို မကြည့်ရဲပေ။ သူမသည် တွေ့ဆုံဖို့ကို ငြင်းဆိုရန် ကြိုးစားခဲ့သော်ငြား ချူးချွမ်ရှန်းကနှစ်ကူးတွင် အဘွားကို လေးစားသမှုလာပြုရမည်ဟု ဇွဲမလျှော့စတမ်း ပြောနေတာကြောင့်သူမ မတားနိုင်တော့ချေ။
အစောပိုင်းတုန်းက မောင်လေးနှင့် စကားပြောခဲ့တာကပင် ချူးချွမ်ရှန်းကို စိတ်ဆိုးသွားစေခဲ့သည်။ ရှီရွှမ်းသည် ဤတစ်ခေါက်တော့ သူ့ကို မလွန်ဆန်နိုင်တော့ဘဲ သဘောတူလိုက်ရတာကြောင့် ရှီလီ အရမ်းဒေါသမထွက်ဖို့ကိုသာမျှော်လင့်နေမိသည်။
ထင်ထားသည့်အတိုင်း ရှီလီက အေးစက်စက်နိုင်စွာ ရယ်လာခဲ့သည်။
ရှီရွှမ်း၏ နှလုံးသားနုနုမှာ နှစ်ကြိမ်လောက် တုန်ရီသွားရတော့၏။ သူမရဲ့ ညီမလေးက အရမ်းကြောက်ဖို့ကောင်းတာပဲ။
250 02
ကောင်မလေးနှင့်တွေ့ရန် တွေးတောနေဆဲဖြစ်သော ရှီချွမ်မှာ ရုတ်တရက် ချူးချွမ်ရှန်းဆီမှ သတိပေးချက်ကို လက်ခံရရှိလိုက်သည်။
သူသည် မတ်တပ်ထရပ်လိုက်ပြီး ဘေးနားကလူတွေကို ပြောလိုက်၏။ “ရုတ်တရက်ကြီး တစ်ခုခုပေါ်လာလို့ ငါ အပြင်ထွက်လိုက်ဦးမယ်”
ဒုတိယသခင်လေးဖူက ပါးနပ်မှုမရှိတာကို ပြသလာကာ “ဘယ်သွားမလို့လဲ။ ဘာအတွက်လဲ။ ဘာကိစ္စလဲ”
၎င်းက လက်တွဲဖော်ကို စစ်ဆေးမေးမြန်းရာ၌သုံးသည့် လေသံမျိုးပင်။ ရှီချွမ်က နှစ်ကူးတွင် သူ့ကောင်မလေးအား သွားတွေ့မည်ဆိုတာကိုမိသားစုအား မသိစေချင်တာပေ - ၎င်းမှာသူမအပေါ် အရှက်ရမိ၍မဟုတ်ဘဲ သူကခင်မင်ရင်းနှီးမှုထက် အချစ်နောက်ကိုပဲ လိုက်နေတယ်လို့ မိသားစုက ထင်သွားလျှင်သူ့ ကောင်မလေးအပေါ် အဆိုးမြင်သွားမှာစိုးလို့ပင်။
ရှီချွမ်က သူ့သူငယ်ချင်း၏ မေးခွန်းကို ပြန်မဖြေဘဲ လူတိုင်းကို ခေါင်းညိတ်ပြ၍“ငါ အရင်သွားတော့မယ်။ ရွှမ်းနဲ့ လီ၊ သူတို့ကို သေချာဧည့်ခံထားဦးနော်”
ဒုတိယသခင်လေးဖူ၏ အတင်းပြောချင်စိတ်မှာ လုံးဝကို ပြောင်းလဲမသွားပေ။ ရှီချွမ်က သူ့ကို လျစ်လျူရှုထားချိန်မှာ သူသည် အဖြေပြန်မရမချင်း အနောက်ကလိုက်၍ မေးနေချင်လေသည်။
သူ့ကို ဖူဟွေ့ရှင်းက အလျင်အမြန် ဆုပ်ကိုင်လာ၍ ပြောလာ၏။ “သူ့မှာလည်း သူ့ကိုယ်ပိုင်ဖြေရှင်းစရာ ရှိမှာပေါ့၊ မလိုလားအပ်တာတွေလျှောက်လုပ်မနေနဲ့”
ဒုတိယသခင်လေးဖူက မလိုလားအပ်တာလို့ အခေါ်ခံရတာကို စိတ်ထဲမထားသော်လည်း ဤအတွင်းရေးကိစ္စကို ဘာဖြစ်မလဲဆိုသည့်အပေါ် အင်မတန် သိချင်ပြီး စိုးထိတ်နေ၏။
သူက အလွန်တိုးတိတ်သော လေသံဖြင့်ရေရွတ်လိုက်သည်။ “ဘာကိစ္စမို့လို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ”
ကံကောင်းသည်မှာ အတင်းအဖျင်း စိတ်အားထက်သန်သူ အုပ်စုက စုဝေးလာကြပြီး အခုလေးတင်ထွက်သွားသော လူအကြောင်းကို ဆွေးနွေးကြတော့သည်။
“ညီမအစ်ကိုမှာ တိတ်တိတ်ပုန်းကလေး ရှိနေလို့ကလေးကို အပြေးအလွှား သွားတွေ့တာများလား”
ရှီရွှမ်း၏ စိတ်ကူးယဉ်ခြင်းက အမြဲတမ်းထိန်းမနိုင်သိမ်းမရနိုင်အောင်ပင်။
ဒုတိယသခင်လေးဖူက ဤယုံကြည်ချင်စရာမရှိသော သီအိုရီကို တကယ်ကြီး ယုံသွား၍ ရှီရွှမ်းနှင့် လေးလေးနက်နက် ဆွေးနွေးလာတော့၏။ “မဖြစ်နိုင်ဘူးမလား။ မင်းအစ်ကိုက အဲ့လိုလူမျိုး မဟုတ်ပါဘူး၊ ဟုတ်လို့လား”
သူက ပြောပြီးတာနှင့် သူ့ကိုယ်သူ မသေမချာဖြစ်လာပြီး “ဒါပေမဲ့ လူတစ်ယောက်အကြောင်းကို ဘယ်တော့မှ လုံးလုံးလျားလျားမသိနိုင်ဘူးနော်။ ဘယ်သူသိမှာလဲ၊ မင်းရဲ့အစ်ကိုက အပြင်ပန်းမှာတော့ ဖြောင့်မတ်သလိုလိုနဲ့၊ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အတော်လေး ပရမ်းပတာဖြစ်နေနိုင်တာပဲလေ”
ကျိုးဟိန်ယိက တိတ်တဆိတ် ခေါင်းညိတ် လိုက်ပြီး ယခုလိုထိတ်လန့်မှုကို သူကိုယ်တိုင် ခံစားနေရတော့ ဤစကားတွေက အတော်လေး ကျိုးကြောင်းဆီလျော်မှု ရှိတယ်ဆိုတာကို နားလည်သွားသည်။ လူတိုင်းမှာ ဆွေးနွေးမှု၌ ဈာန်ဝင်နေတုန်းမှာပဲရှီရွှမ်း၏ဖုန်းက အသံမြည်လာခဲ့သည်။ ရှီလီက အကြည့်မလွှဲခင် ၎င်းကို တစ်ချက် လှမ်းကြည့်လိုက်သေး၏။
ရှီရွှမ်းက ဖုန်းကိုင်လိုက်ကာ အသိအမှတ်ပြုသော အသံအနည်းငယ်ကို အသံပြုပြီးနောက်bean bag ကနေ ထလိုက်၏။ “မြန်သားပဲ၊ ရှင်နဲ့တွေ့ရအောင် ကျွန်မ အောက်ဆင်းလာခဲ့မယ်”
ချူးချွမ်ရှန်း လာမယ်လို့ ရှီရွှမ်း လူတိုင်းကို ပြောပြီးတာ ဆယ်မိနစ်ပဲ ရှိသေးတာပင်။ လေယာဥ်စီးပြီး ရောက်လာတယ်ဆိုရင်တောင်သူ ရှီရွှမ်းကို မက်ဆေ့ခ်ျပို့ပြီးပြီးချင်း လမ်းမှာပဲ ရှိနေရဦးမှာဖြစ်သည်။
ရှီလီက စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ -သူ့ကို ရှီရွှမ်း မငြင်းလောက်ဘူးဆိုပြီး သူ့ကိုယ်သူ တော်တော်လေး ယုံကြည်ချက် ရှိနေတာပဲ။
ကျိုးဟိန်ယိ မျက်တောင်ခတ်လိုက်သည်၊ ရှီရွှမ်း၏ ကောင်လေးက ချူးချွမ်ရှန်း ဆိုတာကို စကားပြောနေရင်းမှ သိလိုက်ရတာဖြစ်သည်။
ချူးချွမ်ရှန်းက သူတို့အတန်းထဲတွင် ဆယ်လီတစ်ယောက်လိုမျိုးဖြစ်ပြီး အတန်းထဲက မဟုတ်သော်လည်း သူနှင့်ပတ်သက်သော ဇာတ်လမ်းတွေကတော့ အတန်းထဲတွင် ပြည့်နှက်နေတာပင်။ သူသည် ချူးချွမ်ရှန်းကို တွေ့ချင်စိတ်လောနေပြီး သူ၏ မိုးကုတ်စက်ဝိုင်းကို ဖြန့်ကျက်ချင်နေမိသည်။
ယနေ့ကတော့ အတင်းအဖျင်းတွေ တစ်ခုပြီးတစ်ခု ရလိုက်တာကြောင့် တကယ့်ကို တန်သည်။
ကျိုးဟိန်ယိသည် ဘာကြောင့် ဖုန်းယွင်ဟယ် အိမ်ပြန်သွားတယ်ဆိုတာကို နားမလည်နိုင်တော့ပေ။ ဒီအတင်းအဖျင်းကို အတူတူမွေ့လျော်ရင် မကောင်းဘူးလား။
ပြီးနောက် ဖုန်းယွင်ဟယ်က သူနှင့်မတူဘဲ အတင်းအဖျင်း မကြိုက်ဘူးလို့ တွေးမိပြန်၏။
သူကသာ ပေါ့တန်သည့်လူဖြစ်နေမှန်း နားလည်သွားတော့သည်။
ဖုန်းယွင်ဟယ်: အရင် အတင်းအဖျင်းအတွက် လက်ရှိအတင်းအဖျင်းကို လက်လွှတ်လိုက်ရတာကွ။
******
251 01
အခန်း ၂၅၁: လက်ဖက်စိမ်းအိုကြီး
“ငါ သူ့ကို သွားကြိုပြီး ပြန်လာခဲ့မယ်။ နင်စားချင်တာရှိလား။ ငါပြန်လာရင် ယူလာခဲ့ပေးမယ်
ရှီလီက ရှီရွှမ်းအတွက် ကိစ္စတွေကို ခက်ခဲစေချင်သဖြင့် မုန့်နှင့် သောက်စရာ အများကြီးကိုစာရင်းပြု၍ ရှီရွှမ်းကို ယူလာခိုင်းစေချင်၏။
၎င်းတို့ကို သယ်ရမည့်လူက ချူးချွမ်ရှန်း ဆိုတော့ ရှီရွှမ်းက စိတ်ထဲထားမနေ။
အောက်ထပ်ရှိ ဧည့်သည်က အခုထိ မပြန်သေးပေ။ သူ့ကြည့်ရသည်မှာ မိသားစုစ မနှစ်မြို့မှုကို မသိကျိုးကျွံပြု၍ ထွက်သွားဖို့ကို ခေါင်းမာမာဖြင့် ငြင်းဆန်နေသည့်ပုံပင်။
ဧည့်ခန်းထဲတွင် ဦးလေးရှီအကြီးဆုံးနှင့် ဦးလေးရှီအငယ်ဆုံးကသာ ဧည့်သည်ကို ဧည့်ခံပေးနေလေသည်။ ရှီလီ၏ မိဘတွေကအပြင်ရောက်နေပြီး ရှီအဘွားနှင့် အဒေါ်အကြီးဆုံးက နေ့လယ်ခင်း၌ အနားယူနေကြ၏။
ဦးလေးရှီအကြီးဆုံးက မျက်လုံးမှိတ်၍ ငိုက်မျဉ်းနေသလို ဟန်ဆောင်နေပြီး အပေါ်ထပ်မှ ဆင်းလာသည့် ခြေသံတွေကို ကြားတော့မှသာ မျက်လုံးဖွင့်ကြည့်လာသည်။ “တစ်ခုခုလိုရင် အိမ်ဖော်ကိုခေါ်ပြီး ယူလာခိုင်းလိုက်လေ။ သမီးကိုယ်တိုင် အောက်ဆင်းလာစရာမှ မလိုတာ”
ရှီရွှမ်းက ရှက်ရွံ့စွာ ပြုံးပြလိုက်၏။ ချူးချွမ်ရှန်းက နှစ်ကူးတွင် လူကြီးများကို လေးစားသမှုလာပြုမယ်လို့ မပြောချင်သဖြင့်“သမီး ဘာမှမလိုပါဘူး။ ချူးချွမ်ရှန်းက ကိုကြီးနဲ့ အပြင်ထွက်မလို့ ရောက်လာမယ်တဲ့”
ဧည့်သည်မှာ ခေါင်းရှုပ်သွားပုံရပြီး သိပ်မကြာသေးခင်ကပင် ရှီမိသားစု၏ အကြီးဆုံးသား အပြင်ထွက်သွားတာကို ပြန်တွေးနေသည်။
“သူရောက်လာမှ ကိုကြီး အိမ်မှာမရှိတာကိုသိလိုက်ရတယ်လေ။ သူလည်း ရောက်လက်စနဲ့ အဘွားနဲ့ အဖေ့ကို နှစ်ကူးနှုတ်ဆက်စကားပြောချင်လို့တဲ့”
အဖေတစ်ယောက်အနေနှင့် သမီးဖြစ်သူ၏ဗီဇကို သိထားကာ ချူးချွမ်ရှန်းက ရှီချွမ်ကို တွေ့ဖို့ရောက်လာတာ မဖြစ်နိုင်ဘူးဆိုတာကိုသူ သိနေသည်။
ဦးလေးရှီအကြီးဆုံးက ခပ်ဖွဖွ နှာခေါင်းရှုံ့၍“ဒါဆိုလည်း သူ့ကို မြန်မြန်သွားကြိုမှာပေါ့။ မတော်လို့ လမ်းရှာမတွေ့ရင် ဘယ့်နှယ်လုပ်မလဲ”
ရှီရွှမ်းက အပြုံးတစ်ပွင့်နှင့်အတူ ပခုံးတွန့်ပြလိုက်ကာ “သမီး ခုချက်ချင်းသွားလိုက်မယ်”
ဤသည်မှာ ချူးချွမ်ရှန်း၏ ရှီမိသားအိမ်သို့ ပထမဆုံးအကြိမ် အလည်ရောက်ရှ်ိလာခြင်းပင်။ ချစ်သူကောင်လေးအနေနှင့် ပထမဆုံးလာလည်ရတော့ အင်မတန် စိတ်ရှုပ်နေကာ သူ့ကားနောက်ဖုံးထဲတွင် လက်ဆောင်တွေဖြင့် ပြည့်နှက်နေတော့သည်။
ကားထဲက လက်ဆောင်တွေကို ထုတ်ယူမလို့ပြင်တော့ အိတ်ကပ်ထဲ လက်ထည့်ထားသောရှီရွှမ်းက သူ့နောက်ကိုလိုက်လာပြီး ပေါ့ပေါ့ပါးပါး ပြောလာ၏ “ဒါတွေ သယ်လာစရာမလိုဘူး။ ကိုကြီးနဲ့တွေ့ဖို့ ရောက်လာတာလို့ ကျွန်မ သူတို့ကို ပြောထားတာ” သူငယ်ချင်းဆီ လာလည်တာကို ကားအပြည့် လက်ဆောင်တွေ သယ်လာမည်ဆိုပါက ထူးဆန်းပေလိမ့်မည်။
ချူးချွမ်ရှန်း၏ လေးနက်သော အကြည့်အောက်တွင် ရှီရွှမ်းမှာ အနည်းငယ် အပြစ်ရှိ သလိုမျိုး ခံစားမိလိုက်၏။ နှစ်ကူးတွင်ကောင်မလေး၏အိမ်သို့လာ၍ အကြီးအကဲများကို လာရောက်နှုတ်ဆက်ခြင်းက သူတို့၏ဆက်ဆံရေးအတွက် တရားဝင် ခွင့်ပြုချက်ကို တောင်းခံနေသလိုမျိုးနှင့် တူနေတယ်လို့ သူမ တွေးခဲ့သည်။
သူမ၏ လက်ရှိအခြေအနေက အရမ်းအလျင်စလို ဖြစ်နေတယ်လို့ ခံစားမိခဲ့သည်။
ထို့ကြောင့် ချူးချွမ်ရှန်းက နှစ်ကူးတွင် အကြီးအကဲများအား နှုတ်ဆက်ဖို့ရောက်လာ တယ်ထက် ရှီချွမ်နှင့်တွေ့ဖို့ ရောက်လာတာဟု သူမ၏အဖေအား ပြောခဲ့တာဖြစ်သည်။
ရှီရွှမ်း၏အဖြေကြောင့် ချူးချွမ်ရှန်းမှာ မရယ်မိဘဲ မနေနိုင်တော့ပေ။ သူသည် သူ့ယောက်ဖလောင်း ရှီချွမ်ကို သိရုံသာသိထားတာဖြစ်ပြီး ရှီရွှမ်းနှင့် မတွဲခင်တုန်းကဆို အကြိမ်ရေအနည်းခန့်သာ တွေ့ဖူးတာပင်။
ယခုလို ဆက်ဆံရေးမျို့ကို သူက ရှီချွမ်နှင့် တွေ့ဖို့ရောက်လာတယ်ဟု ရှီရွှမ်းက သတ်မှတ်လိုက်လေသည်။
ရှီရွှမ်းက သူ့ကို တွန်းလိုက်ပြီး “ဝင်လာခဲ့”
သူမက ချူးချွမ်ရှန်း၏လက်ကိုဆံ၍ ရှေ့သို့ဆွဲခေါ်လိုက်သည်။
“ကိုယ်က လာလည်တယ်ဆိုမှတော့ လက်ဆောင်တွေ ယူလာသင့်တယ်လေ”
သူသည် ကားနောက်ဖုံးထဲက လက်ဆောင်အချို့ကို ရွေးယူလိုက်၏။
လက်နှစ်ဖက်စလုံးတွင် လက်ဆောင်တွေကို သယ်ထားတာကြောင့် ချူးချွမ်ရှန်းမှာ ရှီရွှမ်း၏လက်ကို မတွဲနိုင်တော့တာကြောင့် သူမက သူ့နောက်ကနေသာ လိုက်ရတော့သည်။
“အဖေ၊ ဦးလေး၊ သမီး ပြန်ရောက်ပြီ”
ချူးချွမ်ရှန်းက လူကြီးနှစ်ယောက်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ဦးလေးရှီအကြီးဆုံးသည် သူ့လက်ထဲက လက်ဆောင်တွေကို မျက်လုံးထိမရောက်သော အပြုံးတစ်ပွင့်နှင့်အတူ လှမ်းကြည့်လိုက်ကာ“မင်းကို ရှီရွှမ်း လမ်းမှာပြောပြထားမှာပေါ့၊မင်းလာတာ အချိန်လွဲသွားတယ်ကွာ။ ရှီချွမ်ကခုလေးတင် ကိစ္စတစ်ချို့ရှိလို့ အပြင်ထွက်သွားတာ”
ဦးလေးရှီအကြီးဆုံးနှင့် ရှီရွှမ်းထံမှ တူညီသောရှင်းပြချက်ကို ကြားလိုက်ရချိန်မှာ ချူးချွမ်ရှန်းက သူ၏ယဉ်ကျေးသော အပြုံးကို ထိန်းသိမ်းထားနေဆဲပင်။
251 02
“အလောမကြီးရင် မင်းသူ့ကို အပေါ်ထပ်မှာ စောင့်နေလို့ရတယ်”
ချူးချွမ်ရှန်းက အလွန်နာခံမှုရှိစွာ ပြောလိုက်သည်။ “ကျွန်တော် အလောမကြီးပါဘူးဗျ”
“ဦးတို့လည်း ဒီနေ့ကျမှ လူငယ်လေးတွေလာလည်တာ များနေတယ်၊ အတော်လေး အသက်ဝင်နေတာပေါ့”
“ရွှမ်း၊ ချွမ်ရှန်းကို အပေါ်ထပ်ခေါ်သွားပြီး ကောင်းကောင်းဧည့်ခံထားလိုက်”
“ဟုတ်”
ရှီရွှမ်းက သဘောတူလိုက်သော်လည်း မုန့်တွေယူလာခိုင်းသည့် ရှီလီ၏ တောင်းဆိုချက်ကို မှတ်မိသွားသည်။
အလကားရသည့် လုပ်အားရှိနေတော့ ၎င်းကိုမသုံးလျှင် ဖြုန်းတီးရာရောက်ပေလိမ့်မည်။
ချူးချွမ်ရှန်းက မုန့်တွေအားလုံးကို သူ့ဟာသူသယ်လာရပြီး ရှီရွှမ်းကတော့ လက်ဗလာဖြင့်အရှေ့က ဦးဆောင်လျှောက်သွားသည်။
ဧည့်သည်မှာ ခေါင်းရှုပ်သွားပြီး ရောက်လာတာနှင့် လုပ်အားလာပေးသည့် ဧည့်သည်ကို တစ်ခါမှ မမြင်ဖူးဘူးဟု တွေးနေမိတော့၏။ သူ့တောင်းဆိုချက်ကို မစ္စတာရှီ သဘောမတူ ပေးတာက လာလည်တုန်းကများ လက်ဦးမှုယူပြီး မကူညီပေးခဲ့မိလို့များလားဟု အတွေးဝင်လာတော့သည်။
ဦးလေးရှီအကြီးဆုံးက စိတ်ထဲကနေတော့ ကဲ့ရဲ့နေတာပင်။ ယောက္ခမတစ်ယောက်အနေနှင့် အလားအလာရှိသော သားမက်လောင်း ချူးချွမ်ရှန်း၏ အရာရာတိုင်းက သဘောမကျချင်စရာ ကောင်းလှသည်။ မုန့်ထုပ်အားလုံးကို ချူးချွမ်ရှန်း သယ်သွားတာကတောင် သူ့မျက်စိထဲတွင် ထောင့်မကျိုးနေပေ။
အပေါ်ထပ်သို့ သွားရာလမ်း၌ ချူးချွမ်ရှန်းကလေသံတိုးတိုးဖြင့် ရှီရွှမ်းကို မေးလိုက်သည်။ “ကိုယ် အဘွားနဲ့ အန်တီ့ကိုရော နှုတ်ကူးနှုတ် ဆက်စကား မပြောသင့်ဘူးလား”
၎င်းက မေးခွန်းတစ်ခုဆိုသော်လည်း သူ့လေသံကတော့ သေချာနေသည်။
ဤတစ်ကြိမ်တွင် ရှီရွှမ်းက ကိစ္စတွေကို ခက်ခဲအောင် မလုပ်တော့ပေ။ “အဘွားနဲ့ အမေက နေ့လယ်ခင်း တရေးတမောအိပ်နေတယ်၊မနှုတ်ဆက်တာ ကောင်းမယ်”
ချူးချွမ်ရှန်းက ခေါင်းညိတ်လိုက်ကာ“အဲ့လိုဆို အခက်သား။ အဆင်မပြေတဲ့ အချိန်ကျမှ ကိုယ် ရောက်လာမိတာပဲ”
မိသားစုက မနက်ပိုင်းတွင် အလုပ်များနေခဲ့တာကြောင့် သူ အားတာနှင့် ရှီရွှမ်းကို လာတွေ့မိလိုက်တာပင်။
သို့သော် အချိန်အခါမသင့် ဖြစ်သွားရ၏။
“လီ၊ ငါပြန်လာပြီ၊ မုန့်တွေလည်း ယူခဲ့တယ်”
ရှီရွှမ်း တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ ဖူဟွေ့ရှင်းနှင့် ရှီလီမှလွဲ၍ လူတိုင်း၏ စပ်စပ်စုစုအကြည့်တွေက ချူးချွမ်ရှန်းအပေါ် ကျရောက်လာတော့၏။
ဖူဟွေ့ရှင်းက ချူးချွမ်ရှန်းနှင့် အရင်က ဆုံတွေ့ခဲ့ဖူးပြီး ထမင်းတစ်နပ်ပင် အတူတူစားခဲ့ကြတာကြောင့် မစပ်စုနေပေ။
ရှီလီကတော့ သူမအကြည့်များမှာ ရန်လိုခြင်းတွေဖြင့် ပြည့်နှက်နေလျှက်။
ချူးချွမ်ရှန်းလည်း လူတိုင်းအကြောင်းကို သိချင်နေပြီး သူ့အကြည့်မှာ ရှီလီကို အလို အလျောက်ကျော်ချ၍ အခန်းထဲက ယောက်ျားလေး တစ်ယောက်ချင်းစီအပေါ် သက်ဆင်းသွားသည်။
ရှီရွှမ်းက သူ့လက်ထဲကနေ ရှီလီ၏ အကြိုက်ဆုံးမုန့်တွေကို ယူလိုက်ပြီး ကျန်တာများကိုမူ သူမ၏ မောင်လေးနှစ်ယောက်ဖြစ်သော ဖူဟွေ့ရှင်းနှင့် ကျိုးဟိန်ယိထံ ဝေပေးလိုက်၏။
အစ်မတဖြစ်လဲ၊ ဆရာမတစ်ယောက် အနေနှင့်သူမထက် အငယ်များကို အမြဲတမ်း ဂရုစိုက်ပေးလေသည်။
ဖူမိသားစု၏ ဒုတိယသခင်ဘေးက သူ့ကိုနွေးထွေးစွာ နှုတ်ဆက်လာ၏။ “ဟယ်လို၊ခင်ဗျားက ရွှမ်းရဲ့ ကောင်လေးဖြစ်ရမယ်”
ဖူကျန်းယန်က ရှီရွှမ်းနှင့် သက်တူရွယ်တူဖြစ်သော်လည်း တကယ်တော့ သူမထက် အသက် ပိုကြီးသည်။ ရှီလီနှင့် ရှီရွှမ်းက ရှီချွမ်အားခေါ်သလိုမျိုး သူ့ကို ကိုကြီးဟု ခေါ်ကြသည်။
ယုတ္တိကျကျပြောရလျှင် ရှီရွှမ်း၏ကောင်လေးလည်း သူ့ကို အစ်ကိုကြီးဟု ခေါ်သင့်သော်ငြား ချူးချွမ်ရှန်းက ရှီချွမ်ထက် အသက်ကြီးကာ သဘာဝကျကျပဲ ဖူကျန်းယန်ထက်ပါ အသက်ကြီးလေသည်။
ဖူမိသားစု၏ ဒုတိယသခင်လေးက ထူးဆန်းသလို ခံစားနေမိသဖြင့် သူ့ကို အစ်ကိုကြီးလို့ လည်း မခေါ်ပေ။
သူတို့အသိုင်းအဝိုင်းထဲရှိ ဒုတိယမျိုးဆက်တွေကြားထဲတွင် အများအားဖြင့် လူတွေက အင်မတန် ထူးချွန်ခြင်းသို့မဟုတ် မကောင်း သတင်းဖြင့် ကျော်ကြားခြင်းဟူ၍ - အနှီနှစ်ခုဖြင့် နာမည်ကြီးကြသည်။
ဒုတိယသခင်လေးက အားကိုးလို့မရသော်ငြား သူသည် အနှီနှစ်ခုနှင့် မဆက်နွှယ်နေပေ။
သို့သည့်တိုင် သူတွင် လူကုန်ကူးသည့်ကောင်မလေးတစ်ယောက် ရှိခဲ့တာကြောင့်သူတို့၏ အသိုင်းအဝိုင်းတစ်ခုလုံးထဲတွင် အသစ်အဆန်း ဖြစ်လာခဲ့၏။ အနာဂါတ်တွင်တူညီသော ဖြစ်ရပ်တွေ ဖြစ်လာမလားဆိုတာ မသေချာသော်လည်း အလားအလာတော့ မရှိလောက်ချေ။
251 03
အတိုးအလျော့ဆိုတာ အမြဲတမ်းရှိတယ်လို့ လူတွေ ပြောကြသော်လည်း – ဖူမိသားစု၏ဒုတိယသခင်လေးမှာ သူ့ကောင်မလေးကို ဆုံးရှုံးလိုက်ရပြီး နာမည်ကြီးလာခဲ့၏။
သူ့အဖေတောင် သူ့လောက် လူသိမများပေ။ လူတွေက မစ္စတာဖူနှင့် မိတ်ဆက်မပေးခင် သူ့နာမည်နှင့် ရာထူးများကို အတန်းလိုက် ထည့်ပြောကြပေလိမ့်မည်။
ဖူမိသားစု၏ ဒုတိယသခင်လေးက ကွဲပြားပေသည်။ လူတွေက ဖူကျန်းယန်ဆိုသည့် နာမည်ကို ကြားလိုက်ပြီဆိုတာနှင့် လူတစ်ဦး၏စိတ်ထဲမှာ - “ဪ၊ သူ့ကောင်မလေးက လူကုန်ကူးတဲ့သူပဲ” ဟု အလိုအလျောက်တွေးမိမှာပင်။
“ဟယ်လို၊ မင်းအကြောင်းတွေကို ရှီရွှမ်း ပြောတာ ကျွန်တော် ကြားဖူးတယ်”
သူ့လက်ရှိ ဂုဏ်သတင်းကြောင့် သူ့အကြောင်းကြားထားလျှင် မကောင်းလောက်ဘူးဟု ဖူမိသားစု၏ ဒုတိယသခင်လေး တွေးလိုက်သော်လည်း ချူးချွမ်ရှန်း၏ မျက်လုံးတွေက အလွန်ရိုးသားနေသည်။ “တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း ရှီရွှမ်းဆီကနေ ခင်ဗျားအကြောင်းကို ခဏခဏကြားဖူးတယ်”
ဖူမိသားစု၏ ဒုတိယသခင်လေးမှာ စကားစမြည်ပြောရာ၌ ကျွမ်းကျင်သူပင်။ စကားဝိုင်းအား ဘယ်လိုဆက်ပြောရမယ်ဆို တာကို မသိတော့လျှင် တစ်ဖက်လူပြောတာကို အခြားအဓိပ္ပာယ်တစ်မျိုးဖြင့် ပြန်ပြောတတ်လေသည်။
ဘယ်သူကမှ ယခုလို အလာပသလ္လာပကို အတည်မယူသော်လည်း ချူးချွမ်ရှန်းကတော့ ပုံမှန်စည်းမျဉ်းအတိုင်း မလိုက်နာသူပင်။
သူ ပြုံးလိုက်ပြီး “ကျွန်တော့်အကြောင်းကို ရှီရွှမ်းက ဘယ်လိုပြောလို့လဲ”
ဖူမိသားစု၏ ဒုတိယသခင်လေးမှာ ကြောင်အသွားရတော့၏။ ချူးချွမ်ရှန်းအကြောင်း ရှီရွှမ်း ပြောတာကို သူက ဘယ်လိုလုပ်ပြီး သိမှာတုန်း။
မိတ်ဖြစ်ဆွေဖြစ် အလာပသလ္လာပပြောတာကို နားမလည်ဘူးလား။ အတည်ယူလို့ မရဘူးလေဗျာ။
******
252 01
အခန်း ၂၅၂: သားမက်ကောင်း
ပြဿနာရှာရာနှင့် လူများအား အဆင်မပြေဖြစ်အောင် လုပ်ရာတွင် ကျော်ကြားသော ဒုတိယသခင်လေးမှာ ပထမဆုံးအကြိမ်အဖြစ် ယဉ်ကျေးသော်လည်း ကသိကအောက်ဖြစ်သော အပြုံးကို ပြသလိုက်၏။
ဖူကျန်းယန်က ရယ်သွေးလွှမ်းလိုက်ပြီး ကိစ္စတွေကို ဘယ်လိုအဆင်ချောအောင် လုပ်ရမယ်ဆိုတာကို တွေးနေမိသည်။
“လူငယ်လေး၊ ကျွန်တော် မှားသွားပါတယ်။ ရှီရွှမ်းက ခင်ဗျားအကြောင်းကို ကျွန်တော့် တစ်ခါမှမပြောခဲ့ပါဘူး။ နောက်လိုက်တာပါ၊ အတည်မယူလိုက်ပါနဲ့ဗျာ” ဟူ၍ သူ အတိအကျ တိုက်ရိုက်ကြီး မပြောနိုင်ပေ။
အကယ်၍ သူသာ ထိုသို့ပြောလိုက်ပါက ရှီရွှမ်း နှင့်သူ့ကြားက ခင်မင်မှုအပေါ် သို့မဟုတ် ရှီရွှမ်းနှင့် သူမကောင်လေးကြားက ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိသွားနိုင်သည်။
ဤသည်ကို ဖြေရှင်းဖို့ သူ နည်းလမ်းတစ်ခု လိုအပ်နေလေပြီ။
ဖူကျန်းယန်၏ သစ်ကြားသီးအရွယ်အစားဦးနှောက်မှာ အလျင်အမြန် အလုပ်လုပ်နေပြီး ဂရုတစိုက်ဖြင့် ပြောလိုက်၏။ “သူမက ခင်ဗျားကို လူကောင်းဆိုပြီး ခဏခဏ ချီးကျူးနေကျ”
ဤစကားက မမှားလောက်ဘူးဟု ဒုတိယသခင်လေးဖူက ရိုးရိုးသားသား တွေးလိုက်သည်။
ချူးချွမ်ရှန်း၏ အပြုံးက အနည်းငယ် မှေးမှိန်သွားပြီး ပေါ့ပေါ့ပါးပါး မေးလာသည်။ “ဒါဆို မင်းနဲ့ ရှီရွှမ်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေပေါ့။ နောက်တစ်ခါ အပြင်သွားရင် ကျွန်တော့်ကိုပါ ဖိတ်ရမယ်။ ရှီရွှမ်းက သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း အမြဲတမ်း ကျွန်တော့်ကို နောက်မှာချန်ထားခဲ့တာ”
ရှီရွှမ်းက မပျော်မရွှင်ဖြစ်စွာဖြင့် သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်၏။ “ကျွန်မ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ဘယ်တုန်းကများ ရှင့်ကို စွန့်ပစ်ခဲ့ဖူးလို့လဲ။ အဲဒါတွေအားလုံးက ကြိုတင် စီစဉ်ထားတဲ့ အစီအစဉ်တွေမို့ပါ”
ချူးချွမ်ရှန်းက သနားစရာကောင်းသလို ပြောလာသည်။ “မင်း သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ကိုယ့်မှာ အိမ်မှာပဲ အထီးကျန်နေခဲ့ရတာ။ နောက်နောင် မင်းသူငယ်ချင်းတွေနဲ့သွားတွေ့ရင် ကိုယ့်ကိုပါ ခေါ်သွားလို့ရတယ်။ မင်းအိတ်တွေကို ကိုယ် သယ်ပေးနိုင်သလို၊မင်းရဲ့ ATM စက်လည်း ဖြစ်ပေးလို့ရတယ်။ အဲ့လိုဆို မင်းကို ကြည့်မကောင်းသွားစေဘူးလား”
သူသည် သနားစဖွယ် စကားပြောနေသော်ငြားရှီရွှမ်းတွင် ခိုင်မာသော ကိုယ်ပိုင်အတွေးတွေရှိနေ၏။ မိန်းကလေးသူငယ်ချင်းတွေနဲ့ အပြင်ထွက်တာကို ကောင်လေးကိုခေါ်လာရင် ထူးဆန်းမှာပေါ့။
ဒါ့အပြင် သူမနှင့် သူမ၏ မိန်းကလေး သူငယ်ချင်းတွေက သူများတွေ နားထောင်လို့မရသည့်အတွင်းရေး စကားတွေကို ပြောဖို့လိုသေး၏။
“လိမ္မာစမ်းပါ၊ ပျင်းရင် ရှင့် သူငယ်ချင်းတွေနဲ့အပြင်ထွက်လို့ရတာပဲ”
သူတို့နှင့် အနီးဆုံးတွင် ထိုင်နေသော ဒုတိယသခင်လေးဖူမှာ လူမြင်ကွင်းတွင် ချပြနေသည့်သူတို့၏ ချစ်ခြင်းတရားတွေကို အပြည့်အဝတည်ခင်းနေရသည်။
သို့သော် နားလည်ရာ၌ အနည်းငယ် နှေးကွေးသောသူ ဖြစ်သည့်အလျောက် ချူးချွမ်ရှန်းကသူ့ကို အလားအလာရှိသည့် ပြိုင်ဘက်အနေနှင့်သဘောထား၍ သူတို့၏ဆက်ဆံရေးအား ကြွားလုံးထုတ်နေတယ်ဆိုတာကို သူ နားမလည်သေးပေ။
သူတို့အား ခွဲခွာရမှာကို မကြိုက်သည့် ချစ်ခင်နေသော စုံတွဲလို့သာ တွေးနေမိကာ သူလည်းပဲ တစ်ချိန်လုံး မခွဲနိုင်မခွဲရက်ဖြစ်နေသည့် ထိုကဲ့သို့လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။
သူ့တွင်လည်း တစ်ခါတုန်းက ပျော်ရွှင်ရကာကောင်းချီးပေးခံခဲ့ရသော အချိန်တွေ ရှိခဲ့ဖူးပြီး ၎င်းက တစ်ဖက်လူ၏ အကြံအစည်တွေနှင့်သူ့ကိုယ်ပိုင် တောင့်တနေသော အတွေးသက်သက်ပဲ ဖြစ်နေတယ်ဆိုတာကို မှတ်မိသွားချိန်မှာတော့ ဝမ်းနည်းသော အရိပ်ကအယောင်က ဒုတိယသခင်လေးဖူ၏ မျက်လုံးထဲ ဖြတ်ပြေးသွားတော့သည်။
ချူးချွမ်ရှန်းသည် သနားစရာကောင်းသော ကဒ်ကို ထုတ်သုံးနေချိန်၌ မျက်နှာချင်းဆိုင်ရှိ ဖူကျန်းယန်အား အကဲခတ်ဖို့်ကိုလည်း မမေ့မလျော့ရှိနေကာ ဒုတိယသခင်လေးဖူ၏ မျက်လုံးထဲက ဝမ်းနည်းခြင်း အရိပ်အယောင်ကို သဘာဝကျကျ ဖမ်းမိသွားသည်။
ဒီလိုအမူအရာကို သူ ဘာလို့ ရုတ်တရက်ကြီးပြသလာတာလဲ။
ရှီရွှမ်းနဲ့ သူနဲ့ နီးကပ်နေတာကို မြင်လိုက်ရလို့ဖူကျန်းယန် ဝမ်းနည်းသွားတာလား။
ရှီရွှမ်းက အလွန်ဆွဲဆောင်မှု ရှိတယ်ဆိုတာကို သူသိထားပြီး အချစ်ပြိုင်ဘက်တွေ အများကြီး ရှိတာကို မအံ့ဩနေတော့ပေ။
သို့သော် ဖူကျန်းယန်နှင့် ရှီရွှမ်းတို့ သိလာတာနှစ်တွေအကြာကြီး ရှိနေပြီဆိုတော့ သူတို့၏ဆက်ဆံရေးက ကွဲပြားလောက်သည်။
252 02
ရှီရွှမ်း လူလွတ်ဖြစ်ခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ သူမနဲ့ ဆယ်စုနှစ်ကျော်လောက် သိခဲ့တာတောင်မှ မရယူနိုင်ခဲ့ဖူးပဲဟု ချူးချွမ်ရှန်းတွေးလိုက်သည်။
ယခု သူပါဝင်လာပြီဆိုတော့ အနှီလူတွင် အခွင့်အရေးတစ်ခုတောင် မရှိလောက်တော့ပေ။
ထို့နောက် ချူးချွမ်ရှန်းက သူ့ခြေထောက်ပေါ်တွင် ရှိနေသော ရှီရွှမ်း၏ ညာလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး ဒုတိယသခင်လေးဖူကို သတိပေးနေသည့်အကြည့်ဖြင့် ကြည့်လိုက်၏။
ချူးချွမ်ရှန်းက သူမ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသဖြင့် သူမ၏ လက်ပေါ်က အလေးချိန်ကို ရုတ်တရက် ခံစားမိလိုက်သည်။
ရှီရွှမ်းမှာ ပဟေဠိဖြစ်သွားရပြီး ဘာသဘောလဲဆိုပြီး တွေးတောနေမိတော့၏။
ချူးချွမ်ရှန်းက အရာရာတွင် ကောင်းမွန်ပေသည်။ ရုပ်ရည်ချောမောခြင်း၊ ခန္ဓာကိုယ်မိမိုက်ခြင်း၊ အကျင့်စရိုက်ကောင်းခြင်းဟင်းချက်ကောင်းခြင်း… သူ့တွင် ကောင်းကွက်တွေများစွာ ရှိလေသည်။
တစ်ခုတော့ရှိသည်။ - တစ်ခါတစ်ရံ သူမ နားမလည် နိုင်သော ထူးဆန်းသည့် အရာတွေကို ထလိုက်တတ်တာပင်။
၎င်းမှာ ထူးဆန်းသော်လည်း သူ့ကောင်းကွက်အားလုံးကို စဉ်းစားကြည့်လိုက်ပါက ဤသေး ငယ်သော ပြစ်ချက်က သည်းခံ၍ရ၏။
ရှီလီက လက်ဖက်ရည်နှပ်လိုပ်ပြီး လူတိုင်းအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။
ချူးချွမ်ရှန်း၏ အလှည့်သို့ရောက်လာတော့ အခြားသူများကို ပြောခဲ့တာနှင့် မတူဘဲ သူမတွင် ပြောစရာတွေ ရှိနေသေး၏။
“လာ၊ ဦးလေးချူး၊ လက်ဖက်ရည်နည်းနည်း သောက်ပါဦး။ ဒီဟာက သက်တမ်းရင့်နေတဲ့လက်ဖက်စိမ်းလေ၊ ညီမ ဦးလေးရဲ့ သီးသန့်စုဆောင်းထားတာပေါ့၊ ဦးလေးအကြိုက်နဲ့တထပ်တည်း ဖြစ်လိမ့်မယ်”
ရှီလီက လက်ဖက်ရည်ခွက်ကို ရှေ့သို့ အနည်းငယ် တွန်းပေးလိုက်ရာ အဖြူရောင်ကြွေခွက်ထဲရှိ အစိမ်းရောင်သန်းနေသော လက်ဖက်ရည်များ လှိုင်းထသွားတော့၏။ “ညီမတို့မှာ ခွက်အပိုမရှိတော့ အစ်မရဲ့ခွက်ကိုသုံးလည်း စိတ်ထဲမထားဘူးမလား”
ချူးချွမ်ရှန်းက ရောဂါပိုးကြောက်တတ်သည့် ရောဂါရှိပြီး တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့်ပတ်သက်လျှင် ဇီဇာကြောင်ကာ သူ့ပစ္စည်းများအား အခြားလူ ကိုင်တွယ်တာကို မကြိုက်ဘဲသူလည်း အခြားလူ၏ ပစ္စည်းတွေအား ဘယ်တော့မှ အသုံးဘူးဆိုတာကို ရှီလီ မှတ်မိသည်။
ချူးချွမ်ရှန်း၏ နှုတ်ခမ်းများ အနည်းငယ် ကော့တက်သွားကာ “ကိုယ့်ကောင်မလေးရဲ့ခွက်ကိုသုံးတာပဲ ဘာလို့ စိတ်ထဲထားရမှာလဲ”
မသိပါက ရှီရွှမ်းက သူ့ကောင်မလေးဆိုတာ သူများတွေ မသိမှာကို ကြောက်နေသလိုပင်၊ရှီလီ နှုတ်ခမ်းဆူလိုက်၏။
ရှီရွှမ်းက ယခုအခိုက်အတန့်တွင် အနည်းငယ်နှေးနေပြီး ရှီလီ၏ စကားများအောက်က ဆိုလိုရင်းကို မသိနေပေ။ သူမ မျက်မှောင်ကြုတ်၍“ဘာလို့ ဒီအချိန်ကြီး လက်ဖက်စိမ်း သောက်နေတာလဲ” ရှီလီက ဧည့်ဝတ်ကျေသော အိမ်ရှင်ဖြစ်ကာ ဧည့်သည်တွေ လက်ဖက်ရည် သောက်ပြီးပြီဆိုတာနှင့် နောက်ထပ်တစ်ဝက်လောက် ထပ်ငှဲ့ပေး၍ သူတို့၏အကြိုက်ကို မေးမြန်းလိုက်သည်။ “ဘယ်လိုလဲ။ အကြိုက်တွေ့ရဲ့လား”
ချူးချွမ်ရှန်းက အကြိုက်တွေ့တယ်၊ မတွေ့ဘူးတွေ ပြောမနေဘဲ “အရမ်းကောင်းပါတယ်”ဟုသာ ပြောလိုက်၏။
ဒါက သူ့ယောက္ခမလောင်း သီးသန့်စုဆောင်း ထားတဲ့ လက်ဖက်ရည်လေ၊ မကောင်းဘူးလို့ ဘယ်လိုလုပ် ပြောရဲမှာလဲ။
အကယ်၍ သူသာ မကောင်းဘူးလို့ ပြောလိုက်မိပါက အနှီခယ်မလောင်းသည် လက်ဖက်ရည်အကြောင်း ညည်းတွားလိုက်တာကို သူမအဖေအား ကွန့်ညွန့်ပြီး ပြန်ပြောလိုက်မှာပင်။
ရှီလီက ခေါင်းညိတ်၍ “ဦးလေးကြိုက်လို့ ဝမ်းသာပါတယ်။ ဒီလက်ဖက်ရည်က ဦးလေး ရဲ့အကျင့်စရိုက်နဲ့ လိုက်ဖက်နေတော့ သေချာပေါက် ကြိုက်မှာပေါ့လေ”
ချူးချွမ်ရှန်းမှာ ဘယ်လိုအကျင့်ရှိလို့လဲ။ သေချာပေါက် လက်ဖက်စိမ်းအိုကြီးရဲ့ စရိုက်ပေါ့။
သူသည် ရှီလီ၏ စကားတွေထဲက ထေ့ငေါ့ခြင်းကို သတိမမူမိသည့်ပုံပေါ်၍ လေးလေးနက်နက် သဘောတူလိုက်၏။ “ကျေးဇူးပဲ၊ မင်းအစ်မက ငါ့ရဲ့စရိုက်ကို တကယ်သဘောကျတာ”
ရှီရွှမ်းမှာ မျက်တောင်ခတ်လိုက်ပြီး ဒီဟာကသူမဘက် ဘယ်လိုလုပ် လှည့်လာလဲဆိုပြီးတွေးနေမိသည်။
အရိုးသားဆုံးပြောရလျှင် ချူးချွမ်ရှန်းကိုရှီလီ အသာအယာလေး နှိပ်ကွပ်နေတာကို အချိန်နှောင်းမှ သိလိုက်သော်ငြား ကြားရောက်နေတော့ လူအနေနှင့် ချူးချွမ်ရှန်းကို မကူညီနိုင်သလို ရှီလီကလည်း သေချာပေါက်ပေါက်ကွဲပေလိမ့်မည်။
အရင်ရန်စသည့် ရှီလီကို ကူညီပေးခြင်းကသူမ၏စတိုင် မဟုတ်ပေ။
ရှီရွှမ်းသည် ဘာမှနားမလည်သလိုသာ ဟန်ဆောင်နေရ၏။
ယောက္ခမနှင့် ဇနီး ရန်ဖြစ်ရာတွင် ကြားညှပ်နေသော အသုံးမကျသည့် ယောက်ျားကဲ့သို့သူ့ကို ကျွေးမွေးခဲ့သည့် မိခင်ကို မဆူငေါက်နိုင်သလို သူ့ “ဇနီး” ကိုလည်း ပွင့်ပွင့်လင်းလင်း မကူညီရဲချေ။
သူတို့တွေ နှစ်ယောက်တည်းရှိတော့မှ “ဇနီး” ကိုနှစ်သိမ့်ပေး၍ လူကြီးသူမ၏စကားတွေကို အတည်မယူဖို့ ပြောရုံသာ တတ်နိုင်သည်။
252 03
ရှီရွှမ်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိ၏။ သူမသည် အဘွားရှီနှင့် မိသားစု ဒရာမာတွေကိုကြည့်ခဲ့စဉ်က သူတို့၏ ဇနီးသည်တွေကိုမကာကွယ်ပေးနိုင်သည့် အနှီယောက်ျားတွေကိုအထင်သေးခဲ့သော်လည်း ယခုတွင်မူ သူမကအနှီအသုံးမကျသည့် “ယောက်ျား” ဖြစ်လာခဲ့လေပြီ။
“မေမေချစ်သားလေးများ” အပေါ် မေးခွန်းထုတ်နေမိကာ “မေမေချစ်သားလေးများ” ကိုနားလည်လာပြီး “မေမေချစ်သားလေးများ”ဖြစ်လာခဲ့သည်။
ကျေးဇူးတင်ရမည်မှာ အခြေအနေကို မဖတ်တတ်သည့် ဒုတိယသခင်လေးဖူ ရှိနေသေး၍ ဝင်ရောက်ဖျန်ဖြေနိုင်လေသည်။
အုပ်စုသည် တစ်နေ့လယ်ခင်းလုံး ကဒ်တွေပဲကစားခဲ့ကြပြီး လူတိုင်းမှာ ပျော်ရွှင်ခဲ့ကြသော်လည်း ချွင်းချက်ကတော့ ခေါင်းမော့ကြည့်လိုက်တိုင်း အစ်မဖြစ်သူနှင့် ချစ်ကြည်နူးတီတူးနေသော ချူးချွမ်ရှန်းကို မြင်လိုက်ရ၍ စိတ်တိုနေရသော ရှီလီပင်။ မဟုတ်ပါက လူတိုင်းစိတ်အခြေအနေ ကောင်းနေပေလိမ့်မည်။
အထူးသဖြင့် ယနေ့ကို ကောင်းချီးပေးခံရသော နေ့တစ်နေ့အဖြစ် ခံစားမိနေသော ကျိုးဟိန်ယိဖြစ်သည်။
ဤခရီးက အလကားမဖြစ်သွားချေ၊ သူသည်ဒရာမာကို ကိုယ်တွေ့ကြည့်ရရုံတင်သာမက၊နေ့လယ်ခင်း ဖျော်ဖြေမှုကိုပါ ကြည့်လိုက်ရသေး၏။
လူတိုင်း အတူတကွ ပျော်ပျော်ရွှင်ရွှင် ကစား နေခိုက်၊ ဖုန်းယွင်ဟယ်က အတင်းအဖျင်း မကြိုက်၍ ပျော်စရာအများကြီး လက်လွှတ်လိုက်ရသည့်အပေါ် နောင်တရကာ ဖုန်းယွင်ဟယ်ကို စာပို့လိုက်သည်။
ဖုန်းယွင်ဟယ်: ….
ညစာစားချိန် နီးလာတော့ ကျိုးဟိန်ယိကဖျော်ဖြေမှုကို လုံလုံလောက်လောက် ရရှိပြီးပြီဖြစ်တာကြောင့် သင့်တော်သော အချိန်တွင်အိမ်ပြန်ရန် အစပျိုးလိုက်ပြီး ရှီမိသားစုတွင် ညစာစားရန် အစီအစဉ်မရှိပေ။
သို့ပေတည့် ဒုတိယသခင်လေးဖူတွင် အိမ်ပြန်ရန် ရည်ရွယ်ချက် မရှိပေ။ ရှီမိသားစုရှိ လေထုမှာ ယခုချိန်တွင် သူ့အိမ်က မှောင်မှိုင်းပြီး သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသော လေထုထက် ပိုမိုကောင်းမွန်နေလေသည်။ ပြန်သွားချင်ပါက သူ ရူးနေလို့ပင်။
ဤသည်က ရှီမိသားစုတွင် ကုန်းဆင်းသည့်သူ၏ ပထမဆုံးအကြိမ်မဟုတ်ဘဲ၊ ငယ်ငယ်တုန်းကလည်း ရှီချွမ်နှင့်အတူ လာစားလေ့ရှိတာကြောင့် အခုချိန်တွင် သူ ရှက်မနေပေ။
ချူးချွမ်ရှန်းက မျက်ခွံကိုပင့်၍ ထိုင်ခုံတွင် မလှုပ်မယှက်ထိုင်နေသော ဒုတိယသခင်လေးဖူကို ကြည့်လိုက်သည်။ သူသည် သိမ်မွေ့သောအပြုံးတစ်ပွင့်ဖြင့် ရှီရွှမ်းဘက်သို့ လှည့်ကာ“ဒီည လန်မြို့ပန်းခြံမှာ မီးရှူးမီးပန်းဖောက်မှာ။ ကလေးတွေကိုခေါ်ပြီး သွားကြည့်ဖို့ ကိုယ်တို့စီစဉ်ထားတယ်။ မင်း အားလား။ အားရင်ကိုယ်တို့နဲ့ လိုက်ခဲ့ပါလား”
အိမ်တွင် ဘာမှလုပ်စရာလည်း ရှိမနေတော့ သဘာဝကျစွာပဲ ရှီရွှမ်းက ထွက်သွားချင်ပေသည်။
ရှီလီက ပြုံးလိုက်ပြီး “အစ်မ၊ ညီမလေးလည်း အတူတူလိုက်လို့ရလား”
ပြောလိုက်သည့်သူက ရှီလီဆိုသော်လည်း စိတ်ဝင်စားနေသူမှာ သူမ တစ်ဦးတည်း မဟုတ်နေ။ အခြားသူတွေကလည်း ဆင်တူသောအပြုံးကို ပြသလာပြီး တူညီသောအတွေးတွေကို ဖော်ပြနေကြ၏။ - သူတို့လည်း လိုက်ချင်သည်။
ချူးချွမ်ရှန်း: ......