အခန်း (၂၆၁-၂၆၄)
Vol. 14 Ch. 261-264
261 01
အခန်း ၂၆၁: အမှန်ပဲလား
ဒုတိယသခင်လေးဖူမှာ နားထောင်နေရင်း ကြောင်အမ်းစွာ ရပ်နေမိ၏။ တုရှင်းယွဲ့က ရှောင်ချန်းမင်ရဲ့ မိန်းမဖြစ်ရမှာ မဟုတ်ဘူးလား။ သူမက ချူးချွမ်ရှန်းကို ဘာလို့ဖက်ရတာလဲ။
ချူးချွမ်ရှန်းအပေါ်ရှိ သူ့အကြည့်မှာ အမှိုက်ကောင်တစ်ယောက်ကို ကြည့်နေသည့်အလား ရိုးရိုးရှင်းရှင်း ပြောင်းလဲသွားကာ—ဒီလူ့မှာ စိတ်ရောဂါရှိနေတာပဲ။ ဘယ်လိုလူမျိုးကများ ညီအစ်ကိုရဲ့ ကံတရားက ချိန်ခွင်ပေါ် ရောက်နေတုန်းမှာ သူ့ရဲ့မိန်းမအပေါ် အခွင့်ကောင်းယူလို့လဲ။
ဒုတိယသခင်လေးဖူသည် ပုလိပ်ရောဂါအား ရှောင်ရှားသလို နောက်ဆုတ်လိုက်ကာ ချူးချွမ်ရှန်းနှင့် နီးကပ်နေပါက သူတို့ကိုပါ ဒီပုပ်ထဲကဒီပဲတွေလို့ သူများတွေ ထင်ကုန်မှာကို ကြောက်နေ၏။ သူ့ဖုန်းထဲက ချူးချွမ်ရှန်း၏ဖုန်းနံပါတ်ကို တိတ်တိတ်လေး ဘလော့ခ်လိုက်ပြီး သူနှင့် ယခုအမှိုက်ကောင်က ဘာမှမသက်ဆိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း လုပ်နေသည်။
ဒုတိယသခင်လေးဖူ၏ သိမ်မွေ့သော လုပ်ရပ်တွေကို ချူးချွမ်ရှန်း သတိမထားမိလိုက်ဘဲ သူ့အာရုံအလုံးစုံကို ရှီရွှမ်းအပေါ်မှာသာ အာရုံစိုက်ထားတာကြောင့်ပင်။ ပုံမှန်ဆိုလျှင် ချစ်ခင်တွယ်တာမှုတွေဖြင့် ပြည့်နှက်နေလေ့ရှိသော သူ့မျက်ဝန်းများမှာ ယခုတော့ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်မရှည်ခြင်းကလွဲ၍ ဘာမှမရှိတော့ချေ။
သူ့နှလုံးသားမှာ ဓားနှင့်အလှီးခံနေရသလို ခံစားနေရသော်လည်း ချူးချွမ်ရှန်းကတော့ အရာအားလုံးကို ရှီရွှမ်းအား ရှင်းပြချင်နေတုန်းပင်။ ကိစ္စတွေကို ပြန်အဖတ်ဆယ်နိုင်မည့် အခွင့်အရေးရှိပါက သူအသုံးချမှာ ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့မလုပ်နိုင်လျှင်ပင် ရှီရွှမ်း ကသူ့အပေါ် နားလည်မှုလွဲနေမှာကို မလိုချင်ပေ။
ရှီရွှမ်းက ခပ်ဟဟရယ်လာပြီး “ရှင့်ကိုလေ မျက်နှာပဲ ဂရုစိုက်တတ်တဲ့သူလို့ ကျွန်မထင်ထားခဲ့တာ၊ အခုတော့ ကျွန်မ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား အမြင်မှား ခဲ့တယ်ဆိုတာကို သိလိုက်ရပြီ။ ဂုဏ်သိက္ခာတစ်အောင်စပဲရှိတဲ့ ဘယ်သူမဆို အရမ်းအရှက်မရှိတာတွေ လုပ်ပြီးသွားရင် အခုလိုအဓိပ္ပာယ်မဲ့တဲ့ ဆင်ခြေတွေကို ပေးနေမဲ့အစား ကြည်ကြည်သာသာ လမ်းခွဲဖို့ကိုပဲရွေးချယ်ကြမှာ”
ရှီရွှမ်းက ဒုတိယသခင်လေးဖူဘက်သို့ လှည့်လိုက်ပြီး မေးလိုက်၏ “ဒုတိယအစ်ကို၊သူ့ရဲ့သရဲပူးကပ်ခံရတဲ့ ဇာတ်လမ်းကို ယုံလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နားထောင်၊ ရွှမ်း၊မင်း အသိဉာဏ်နိုးထဖို့ လိုနေပြီ။ အခုလိုပေါက်ပန်းလေးဆယ် ဆင်ခြေဆင်လက်တွေကို မူလတန်းကလေးတွေတောင် ယုံကြမှာမဟုတ်ဘူး။ မင်းသာ သူ့ဇာတ်လမ်းကိုယုံနေရင် ငါ ရှီချွမ်ကို ပြောလိုက်မှာ၊ မင်းခြေထောက်တွေကို သူ ရိုက်ချိုးပေးလိမ့်မယ်။ အဲဒီ သီအိုရီကို ယုံချင်နေတာလား”
ရှီချွမ်ရ သူ့ညီမကို ဘယ်တော့ တကယ်နာကျင်အောင် မလုပ်သော်လည်း အကယ်၍ ရှီရွှမ်းကသာ ယခုလို တန်ဖိုးမရှိသော အမှိုက်ကိုပြန်လက်ခံမည့် အမှားမျိုးကို ကျူးလွန်မိပါကသူ့အနေနှင့် သူမကို သင်ခန်းစာ မပေးနိုင်ဘူးလို့အာမခံချက် မရှိချေ။
ရှီရွှမ်းမှာ စိတ်ထဲကနေ ထေ့ငေါ့လိုက်တော့၏။ ဒုတိယသခင်လေးဖူက သူမကို အထင်လွဲနေတာလား။ ရုပ်ချောတာနဲ့ပဲ လမ်းစပျောက်သွားမဲ့ မိန်းမစားမျိုးလို့များ သူ ထင်နေတာလား။
အင်း၊ ဟုတ်တယ်လေ။
ရှီရွှမ်းက ချူးချွမ်ရှန်းကို ပြုံးပြလိုက်ပြီး“ရှင် ကြားတယ်မလား။ ဒုတိယအစ်ကိုတောင်ရှင့်ရဲ့ သရဲဇာတ်လမ်းကို မယုံတာ။ ကျွန်မကိုယုံမယ်လို့များ ရှင်ဘာလို့ထင်နေတာလဲ”
ဒုတိယသခင်လေးဖူ: စော်ကားခံလိုက်ရတယ်လို့ ဘာလို့ရုတ်တရက်ကြီး ခံစားမိလိုက်ရတာလဲ။
ချူးချွမ်ရှန်း၏ အမူအရာမှာ လေးနက်နေဆဲဖြစ်သည်။ “ကိုယ် လိမ်မပြောပါဘူး။ ကိုယ် အမှန်အတိုင်း ပြောနေတာပါကွာ”
ရှီရွှမ်း၏ အမူအရာကတော့ အကြံပေးနေရင်း ပိုလို့လေးနက်လာကာ “ကျွန်မကတော့ သရဲဝင်ပူးတဲ့ ဆင်ခြေက မကောင်းဘူးလို့ ထင်တယ်။ ဒီလိုဆိုရင်ကော: ရှင့်မှာ စိတ်နှစ်ခွဖြစ်နေလို့ အဲ့နေ့က ကျွန်မမြင်ခဲ့ရတာက ရှင့်ရဲ့စိတ်ခွဲပါလို့ ပြောရင်ရော။ ဒီစိတ်ခွဲက ဟိုးတုန်းကတည်းက တုရှင်းယွဲ့နဲ့ ချစ်ကြိုက်နေပါတယ်၊အနားမှာ ကျွန်မ မရှိတုန်း၊ သူ့စွဲလမ်းမှုကို မြင်တွေ့လိုက်ရတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ သူမကို ဖက်လိုက်ပါတယ်ပေါ့”
သူမ၏ အပြုံးထဲတွင် ချူးချွမ်ရှန်း ရရှိထားသော ရွံ့ရှာခြင်းများထက် ပိုမိုနာကျင်စေနိုင်သော အလေးမထားမှု အရိပ်အယောင်များပါဝင်နေလျှက်။
ဒုတိယသခင်လေး၏ ပါးစပ်မှာ နားထောင်နေရင်း တွန့်သွားတော့၏။ ဤကောင်မလေးက ရှီချွမ်ကို နောက်ခံအဖြစ် ရရှိထားတာကြောင့် ငယ်ငယ်ကတည်းက နှုတ်သီးကောင်းလျှာပါးဖြစ်ကာ စကားပြောရာတွင် ပိုလို့တောင် အထိန်းအကွပ် မဲ့လာတော့၏။
261 02
ရှီရွှမ်း၏ ပါးစပ်ကြောင့် ရှီချွမ်နှင့်သူ ပူးပေါင်းပြီး ရန်အတော်လေး ဖြစ်ခဲ့ဖူးသည်။
ဒုတိယသခင်လေးဖူမှာ ရန်ဖြစ်ရန်အတွက် သူ့ကိုယ်သူ တိတ်တဆိတ် ပြင်ဆင်ထားလိုက်ကာ အကယ်၍ ချူးချွမ်ရှန်းသာ ရှီရွှမ်းကို ကိုယ်ထိလက်ရောက် ကျူးကျော်လာပါက ကြားဝင်ရန် အသင့်ပြင်ထားသည်။ သူ့လက်သီးတွေက အလှပြထားတာ မဟုတ်ပေ။
ချူးချွမ်ရှန်းကို ကောင်းကောင်း ရိုက်နှက်ပြီးသွားတော့ ရှီရွှမ်းမှာ အတော်လေး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
သူတို့တွေ ယခင်လမ်းခွဲတုန်းက သူမသည် မျှော်လင့်ထားခဲ့သလို မပြုမူမိခဲ့ချေ။ အရင်ရက်တွေတုန်း သူမ အားလပ်နေချိန်၌ ၎င်းကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုပြီး မကြာခဏတွေးတောခဲ့သည်။
သူမသည် ထိခိုက်နာကျင်စေမှုများစွာကို တွေးခဲ့သော်လည်း ၎င်းတို့ကို အသုံးချဖို့ အခွင့်အရေးမရှိခဲ့ပေ။ ချူးချွမ်ရှန်းဆီသို့ ပြေးသွားပြီး ဆူငေါက်တာမျိုးကိုလည်း မလုပ်နိုင်—ထိုသို့ဆို အလွန်သိသာသွားပေလိမ့်မည်။
ရှီရွှမ်းသည် ယခုအချိန်အထိ အောင့်အီးထားခဲ့ရတာဖြစ်ပြီး ချူးချွမ်ရှန်းက သူ့အကျင့်ကိုဖျက်၍ သူမဆီလာပြီး ပြန်လာခေါ်လိမ့်မယ်လို့ တော့ ထင်မထားခဲ့တာပင်။
၎င်းက တင်းခံနေသော နိယာမဆိုသော်ငြား ရှီရွှမ်းကတော့ ဂရုမစိုက်နေ။
ရိုးသားရလျှင် ချူးချွမ်ရှန်းကို သူမ မြင်လိုက်သည့် အခိုက်အတန့်မှာပဲ သူမခေါင်းထဲ၌အတွေးတွေ စီထားပြီး သူမ ပြင်ဆင်ထားသောဝေဖန်မှုများကို ဘယ်လိုမျိုး သဘာဝကျကျ ပေါင်းစပ်ရမလဲဆိုတာကို စဉ်းစားနေခဲ့တာဖြစ်သည်။
ချဉ်းကပ်ပုံများစွာကို သူမ စဉ်းစားထားသော်လည်း အကုန်လုံးက အတင်းအကျပ် ဖြစ်နေသလိုပင်။
ချူးချွမ်ရှန်း၏ ရူးမိုက်မှုက သူမကို ယခုလို အခွင့်အရေးမျိုး ပေးလာခဲ့တာဖြစ်သည်။
ရှီရွှမ်းက ယင်ကောင်ကို မောင်းထုတ်နေသကဲ့သို့ လက်ကိုဝေ့ယမ်းလိုက်ပြီး “ကောင်းပြီ၊ကျွန်မ နောက်တစ်ခေါက် ပြန်ပြောမယ်။ အခင်အမင်မပျက်ဘဲ လမ်းခွဲကြရအောင်။ တကယ်လို့ ရှင် အခြားတစ်ယောက်ကို ကြိုက်သွားတယ်ဆိုရင်တောင် ကျွန်မအပေါ်မှာအမြင်ကောင်းတစ်ခုနဲ့ ချန်ရစ်ခဲ့ပေါ့။ ရှင့်ကိုဂုဏ်သိက္ခာမရှိတဲ့ ယောက်ျားလို့ ထင်မိအောင်မလုပ်နဲ့ပေါ့ရှင်”
ရှီရွှမ်းက အပြုံးစစ်စစ်တစ်ပွင့်ကို ဆင်မြန်းထား၍ လမ်းခွဲခြင်းက သူမအပေါ်ကို သိပ်ပြီးသက်ရောက်မှု မရှိသလိုပင်။
ချူးချွမ်ရှန်းက နာကျင်နေပုံရသော်လည်း ဒုတိယသခင်လေးဖူကတော့ ရှီရွှမ်း၏ဟန်မဆောင်နေသည့်ပုံပေါ်သော အပြုအမူကို ပိုပြီးစိတ်ပူပေသည်။
သူငယ်ချင်းနှင့် အသိအကျွမ်းကို သူ ခွဲခြားနိုင်၏။—သူသည် ချူးချွမ်ရှန်းကို သိပ်မသိသေးသဖြင့် ရှီရွှမ်းဘက်သာ ပါမှာဖြစ်သည်။
ရှီရွှမ်းက ဒုတိယသခင်လေးဖူကို ပြန်ကြဖို့မျက်လုံးဖြင့် အချက်ပြလိုက်၏။
အနည်းဆုံးတော့ သူတို့တွင် ယခုလိုနားလည်မှုမျိုး ရှိထားကြတာပင်။
သူတို့တွေ နောက်လှည့်လိုက်တာနှင့် မျှော်လင့်မထားသောလူကို မြင်တွေ့လိုပ်ရသည်။
၎င်းမှာ ရှောင်မိသားစုက အဒေါ်နှင့်အတူ ကော်ဖီအဝယ်ထွက်လာသော ရှောင်ဖေးယွီ ဖြစ်နေသည်။
သူတို့သည် စကားအကုန်လုံးကို မကြားလိုက်ကြသော်လည်း အများစုကိုတော့ နားထောင်မိခဲ့ကြသည်။
ရှောင်ဖေးယွီက သူမအဒေါ်၏ပါးစပ်ကို လက်တွေဖြင့် အုပ်ထားဆဲဖြစ်ကာ သူမသာ အသံထွက်လိုက်ပါက အနှီသုံးယောက်ကို အနှောင့်အယှက်ပေးမိသွားမှာ စိုးနေသည်။
ရှောင်မိသားစုမှ အဒေါ်၏ မျက်ဝန်းလှလှလေးထဲများ၌ ထိတ်လန့်မှုတွေ ရှိနေလေသည်။
ရှောင်မိသားစုမှ အဒေါ်ကို ဘယ်သူမှ မသိကြသော်လည်း ရှောင်ဖေးယွီနှင့်တော့ အကုန်လုံးရင်းနှီးနေကြသည်။
နှစ်သစ်ကူး အထိမ်းအမှတ်တွေတုန်းကတောင် သူတို့တွေအတူတူ အချိန်ဖြုန်းခဲ့ကြသေး၏။
ဤသည်ကို အတော်လေး တိုက်ဆိုင်တာပဲဟု ရှီရွှမ်း တွေးလိုက်၏။ တကယ့်မိသားစုကိုမှ အကုန်လုံးကို နားစွန်နားဖျားကြားသွားအောင် သူတို့တွေ ဘယ်လိုများ စီမံနိုင်ခဲ့ကြတာပါ လိမ့်နော်။
ရှောင်ဖေးယွီ ဘေးနားက အမျိုးသမီးကို သူတို့တွေ မသိကြသော်ငြား သူမနှင့် ရှောင်ဖေးယွီ၏ရင်းနှီးသော အပြုအမူ၊ သူမ၏ အကြည့်စူးစူးရဲရဲများကြောင့် သူမကိုရှောင်မိသားစု၏ ဆွေမျိုးဖြစ်ရမယ်လို့ ချူးချွမ်ရှန်း ထင်လိုက်သည်။ သာမန် မိတ်ဆွေများ၏ တုန့်ပြန်မှုဆို အလွန်ပြင်းထန်နေမှာ မဟုတ်ပေ။
ရှီရွှမ်းက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ဒရာမာ အထုပ်ပြေလာမှာကို ကြည့်ရန် အဆင်သင့်ဖြစ်နေသည်မှာ အရှင်းကြီးပင်။
ရှိရွှမ်း အပေါ်မှာပဲ လုံးဝဥဿုံ အာရုံစိုက်ထားသော ချူးချွမ်ရှန်းကတော့ သဘာဝကျကျပဲ သူမ၏ လှုပ်ရှားမှုလေးကို သတိပြုမိသည်။
သူမ၏ ယခုလို အပြုအမူလေးတွေကတောင် ချစ်ဖို့ကောင်းတယ်လို့ သူ ခံစားမိနေသည်။
ပြီးနောက် အတိတ်မှာတုန်းကသာ ယခုလိုကိစ္စမျိုးနှင့် ကြုံတွေ့လာရပါက ရှီရွှမ်းသည် သူ့ဘေးနားမှရပ်၍ အတူတူရင်ဆိုင်ပေးလိမ့်မယ်ဆိုတာကို သတိရသွားသည်။
261 03
အခုတော့ အရာအားလုံး ပြောင်းလဲသွားချေပြီ။
ဘာလိုဖြစ်ပြီး ဒီလိုဖြစ်လာရတာလဲ။
သူတို့တွေ ဖော်ထုတ်ခံလိုက်ရပြီဆိုတာကို မြင်လိုက်ရတော့ ရှောင်ဖေးယွီလည်း ဖုံးဖိဖို့ကို လက်လျှော့လိုက်တော့၏။
သူမ၏လက်တွေကို ရုတ်လိုက်သည့် အခိုက်အတန့် ရှောင်မိသားစုမှ အဒေါ်၏ အပြစ်တင်ချက်တွေက စတင်လာတော့၏။ “ချူးချွမ်ရှန်း၊ငါတို့ရဲ့ချန်မင်းက ICU ထဲမှာ သေရေး၊ ရှင်ရေးအတွက် တိုက်ခိုက်နေရတုန်း၊ ပြီးတော့လည်း နင်တို့တွေဆိုတာ ဟိုးကလေးဘဝကတည်းက သူငယ်ချင်းတွေ ဖြစ်လာကြတာ။ ဘယ်လိုဖြစ်လို့ နင်သူ့အပေါ် ဒီလိုမျိုး လုပ်ရက်နိုင်ရတာလဲ။ နင် လူရော ဟုတ်သေးရဲ့လားဟမ်”
ရှီရွှမ်း၏ မျက်နှာထက်တွင် အပြုံးကြီးကြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ ဝင်ပြောလာ၏။ “ဟုတ်တယ်! ဖောက်ပြန်တာနဲ့တင် ဆိုးရွားနေပြီကို၊ ကိုယ့်ညီအစ်ကိုရဲ့ မိန်းမကိုပါ ကြံစည်ရဲသေးတယ်။ ဒီလိုအရာမျိုးကို ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။ လောကကြီးမှာ အခြားမိန်းမတွေ မရှိတော့လို့လား”
ရှီရွှမ်း၏ရန်စနေသော မှတ်ချက်တွေနှင့်ရင်ဆိုင်နေရတော့ ချူးချွမ်ရှန်းမှာ ကြိတ်မှိတ်သည်းခံရင်းဖြင့် စိတ်ထဲကနေသာ သက်ပြင်းချနိုင်တော့သည်။
ရှီရွှမ်း၏ စိတ်ဆိုးစေနိုင်သော မှတ်ချက်တွေ၏လှုံ့ဆော်ခြင်းကို ခံလိုက်ရတော့ ရှောင်မိသားစုမှအဒေါ်၏ ဒေါသမှာ ပိုဆိုးရွားလာတော့၏။ ဟုတ်တယ်၊ လောကကြီးမှာ မိန်းမတွေ ဒီလောက်အများကြီး ရှိနေတာကို ဘာလို့ သူမတူရဲ့ မိန်းမကိုမှ ကြိုက်ရတာလဲ။
သူမ တွေးလေလေ၊ တူဖြစ်သူကို ပိုပြီးသနားလာလေပင်။ သူကတော့ ဆေးရုံအိပ်ရာပေါ်မှာ သေရေး၊ ရှင်ရေးကြားထဲ ရောက်နေချိန်၌သူ၏ သူငယ်ချင်းကောင်းဆိုသူကတော့ သူ့မိန်းမကို မြှူဆွယ်ရန် ကြိုးစားနေလေသည်။
ရှောင်မိသားစု၏ အဒေါ်ကို ကြည့်ရသည်မှာ ချူးချွမ်ရှန်းကို ဆွဲဖြဲပစ်ဖို့ အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ရှီရွှမ်းက ဒုတိယသခင်လေးဖူရဲ့ လက်မောင်းကို သိမ်မွေ့စွာ ချိတ်လိုက်ရင်း “ကိုကြီး၊ချူးချွမ်ရှန်းက သူ့သူငယ်ချင်းကောင်းကို ကြိတ်ကြိုက်နေတယ်လို့ ထင်လား။ အစ်ကို့ကိုမရနိုင်မှတော့ အစ်ကို့မိန်းမကို ယူလိုက်တာက နောက်ထပ်အကောင်းဆုံးပဲလေ”
ရှီရွှမ်းကတော့ တိုးတိုးတိတ်တိတ် ပြောလိုက်တယ်လို့ ထင်နေသော်လည်း ဘေးနားရှိလူတိုင်းကတော့ သူမ ပြောလိုက်တာကိုရှင်းလင်းစွာ ကြားလိုက်ရလေသည်။
နားထောင်နေရင်း ရှောင်ဖေးယွီ၏ ပါးစပ်မှာ တွန့်လာတော့၏။ ရှီလီရဲ့ ဝမ်းကွဲက သူတို့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာ မထူးဆန်းတော့ပါဘူး—သူတို့ရဲ့ အတွေးတွေက ရူးနှမ်းလွန်းတယ်။
ချူးချွမ်ရှန်းက သူမအစ်ကိုနှင့် မချစ်ကြိုက်နေဘူးဆိုတာကို သူမ သေချာသော်လည်း ကျန်သောလူတွေကတော့ ထိုသို့မမြင်နိုင်ကြလောက်ပေ။
******
262 01
အခန်း ၂၆၂: လူသစ်များစွာနှင့် မိတ်ဆက်ပေးခြင်း
ရှောင်မိသား၏ အဒေါ်သည် ငယ်ရွယ်သေးသော်လည်း မိသားစုဂုဏ်သိမ်ထဲတွင် ရာထူးကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားသူ ဖြစ်၏။
ငယ်ရွယ်သော်လည်း အကြံဉာဏ်သစ်တွေကိုအတော်လေး သဘောပေါက်လွယ်သည်။
တစ်ခါတစ်လေတွင် လူတွေက ဘက်လိုက်တတ်ကြ၍ သူတို့ယုံချင်ကြတာကိုသာ အခိုင်အမာ ယုံကြည်ကြပြီး သူတို့၏ ကြိုတင်ဆုံးဖြတ်ထားသော ကောက်ချက်တွေအတွက် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်။
ဤအခိုက်အတန့်တွင် အကယ်၍ ချူးချွမ်ရှန်းကသာ သူမ၏တူအပေါ် ခံစားချက်တွေ မရှိပါက ဆယ်စုနှစ်ကျော်ကြာသည်အထိ သူငယ်ချင်းတွေဖြစ်နေမှာ မဟုတ်ဘူးလို့ ရှောင်မိသားစု၏အဒေါ် တွေးမိလာတော့သည်။
ချူးချွမ်ရှန်းတွင် ဘယ်တုန်းကမှ ကောင်မလေး မရှိခဲ့ဖူးသော်လည်း သူမ၏တူ လက်ထပ်သွားတာနှင့် ရုတ်တရက်ကြီး လျှပ်စီးလိုအလျင်ဖြင့်ကောင်မလေး ရှိလာခဲ့တာပင်။ သူသည် သူမတူ၏ လက်ထပ်ပွဲကြောင့် အချစ်အပေါ် လက်လျှော့လိုက်ကာ မိသားစုကို စိတ်ကျေနပ်စေဖို့ မိန်းမတစ်ယောက် ရှာချင်တာ၊ သို့မဟုတ် သူ၏ “အချစ်စစ်” ကို ရန်စဖို့အတွက် သူ့ကောင်မလေးကို အသုံးချတာလည်း ဖြစ်နိုင်သည်။
ရှောင်မိသားစု၏ အဒေါ်မှာ သူမ၏စိတ်ထဲ ဤအတွေးတွေ ဝင်ရောက်လာတာနှင့် တစ်ကိုယ်လုံး ကြက်သီးထသွားသလို ခံစားလိုက်ရတော့၏။
အကယ်၍ ချူးချွမ်ရှန်း၏ ခံစားချက်တွေက တစ်ဖက်သက်လား သို့မဟုတ် ဇာတ်လမ်းထဲ၌ အခြားအရာတစ်ခု ရှိနေသေးလားဆိုတာကို သူမ မတွေးမိဘဲ မနေနိုင်တော့ပေ။
ယခုခေတ်မှာ “စာချုပ်နှင့်လက်ထပ်ခြင်း” လို့ခေါ်သည့် အရာမျိုး ရှိနေပြီ မဟုတ်ပါလား။
သူတို့အသိုင်းအဝိုင်းထဲတွင် ဒုတိယမျိုးဆက်ဆက်ခံသူများက သာမန်နောက်ခံရှိသည့် ကောင်မလေးတွေနှင့် နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်မိသွားပြီး သူတို့ကိုပဲ အသည်းအသန် လက်ထပ်ယူချင်တာက သာမန်ဖြစ်သည်။
ရှောင်မိသားစု၏ အဒေါ်မှာ အစကတော့သူမ၏တူကို ရိုးရိုးရှင်းရှင်း ချစ်ကြိုက်မိသွား၍ အရေးမပါဘူးဟု သဘောထားခဲ့တာပင်။
ယခုတော့ သူမ လေးလေးနက်နက် တွေးတောလာချေပြီ။
အကယ်၍ သူမ၏တူက ယောက်ျားတွေကိုသဘောကျတယ်ဆိုရင်တော့ အနှီလူက သူမတူ၏ “အချစ်စစ်” ဖြစ်ကာ သာမန်မိသားစုမှဆင်းသက်လာသည့် တုရှင်းယွဲ့ကို အပူတပြင်းလက်ထပ်ချင်ခဲ့ဝာာက သူမအပေါ် အမှန်တကယ် ချစ်မြတ်နိုးခြင်းကြောင့် မဟုတ်ပေ။
သာမန်မိသားစုကလာတဲ့ မိန်းကလေးကို ထိန်းချုပ်ရလွယ်တယ်လို့ သူ တွေးခဲ့တာလား။
သူတို့ရဲ့ဆက်ဆံရေးကို ဝင်ရောက်မစွက်ဖက်ဘူးလား။
ရှောင်ချန်းမင်: ငါကတော့ အခု ဆေးရုံအိပ်ရာပေါ်မှာ လဲနေရတယ်၊ ပြဿနာတွေကတော့ မိုးပေါ်ကနေ ကျဘာပြီ။
သူမရှေ့က အနှီယောက်ျားသည် သူမတူ၏“အချစ်စစ်” ဖြစ်နေနိုင်တယ်ဆိုတာကို နားလည်သွားတော့ ရှောင်မိသားစုမှ အဒေါ်သည်တစ်ကိုယ်လုံး ကြက်သီးထသွားသလို ခံစားမိလိုက်သော်လည်း လေသံကိုတော့ အနည်းငယ်ညှင်သာလိုက်၏။
ရှောင်မိသားစု၏ အဒေါ်တွင် ပြောစရာစကားတွေ အများကြီးရှိနေသော်လည်း သက်ပြင်းရှည်ကြီး ချပြီးနောက် “နင်… နင်တို့နှစ်ယောက်က… အာ…”ဟုသာ အသံထွက်နိုင်တော့သည်။
ချူးချွမ်ရှန်း တွေးလိုက်၏: သူမ ဘာကိုမှရှင်းရှင်းလင်းလင်း မပြောလိုက်ပါဘူး၊ဒါပေမဲ့ အရင်ကထက်တောင် စော်ကားခံလိုက်ရသလိုမျိုး ခံစားနေရတယ်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
262 02
ရှောင်ဖေးယွီမှာ ဆိုးရွားသော ခံစားချက်များရလာတော့၏။ သူမအဒေါ် နားလည်မှု လွဲသွားတာလား။
သူမ၏အစ်ကိုက ဒဏ်ရာအပြင်းအထန်ရထားပြီး သတိလစ်နေကာ သူနိုးသည့်အခါကျ သူ့ဇနီးက သူငယ်ချင်းကောင်းနဲ့ ပတ်သက်နေတာ သို့မဟုတ် သူ့မိသားစုက သူနှင့် သူ့သူငယ်ချင်းကောင်းကို စုံတွဲတွေဟု ထင်နေတာအား သိလိုက်ရလျှင် သိပ်ပြီးမထိတ်လန့်နိုင်လောက်ပေ။
ဖွင့်ဟချက်နှစ်ခုစလုံးက သူမအစ်ကိုကို ချက်ချင်း သတိလစ်သွားစေနိုင်တယ်လို့ ရှောင်ဖေးယွီ တွေးလိုက်၏။
ချူးချွမ်ရှန်းမှာ မရင်းနှီးသော ရှောင်ဖေးယွီနှင့်ရှောင်မိသားစု၏ အဒေါ်တို့ကို အလုပ်ရှုပ်ခံပြီး ရှင်းပြမနေပေ။ သူ့အား အခြားလူတွေ အထင်လွဲမှာကို ဂရုမစိုက်သော်လည်း ရှီရွှမ်းအပေါ်ရှိ သူ့အကြည့်တွေကတော့ နာကျင်ခြင်းတွေဖြင့် ပြည့်နှက်လို့နေကာ“ရွှမ်း၊ ကိုယ့်နှလုံးသားထဲက တစ်ဦးတည်းသောသူက မင်းဆိုတာကို သိနေရက်နဲ့ကွာ”
သူစိမ်းများရှေ့တွင် ယခုလိုစေးကပ်နေသောဝန်ခံချက်ကြောင့် ရှီရွှမ်း ထိတ်လန့်သွားရပြီးနောက်သို့ နေရာတော်တော်များများ ဆုတ်လိုက်ကာ “အဲ့မှာပဲရပ်နေ၊ တော်သင့်ပြီ၊ကျေးဇူးပြုပြီး ဒီလိုအန်ချင်စရာကောင်းတဲ့ အရာတွေကို မပြောပါနဲ့”
ရှောင်ဖေးယွီ၏ စပ်စုနေသော အကြည့်ကချူးချွမ်ရှန်းနှင့် ရှီရွှမ်းတို့ကြားတွင် လူးလားခေါက်ပြန်နေပြီး အနှီနှစ်ယောက်ကြားက ပေါက်ကွဲမှုကို သိချင်နေလေသည်။
နှစ်သစ်ကူးတုန်းက ယခုလို ချိုမြိန်သောစုံတွဲမှာ တစ်လအကြာ၌ ဘယ်လိုဖြစ်ပြီး လမ်းခွဲလိုက်ကြလဲဆိုတာကို သူမ ပိုပြီးစပ်စုချင်နေသည်။
ရှောင်ဖေးယွီ၏ ဖုန်းသံမြည်လာခဲ့၏။ - ၎င်းမှာ ရှောင်မောင်နှမတွေ၏ အမေဆီက ဖုန်းခေါ်ဆိုမှုပင်။
“ဖေးယွီ၊ နင်နဲ့ နင့်ဒေါ်လေးက မပြီးကြသေးဘူးလား။ နင့်ယောက်မက နေမကောင်းဘူးဆိုလို့၊အမေ သူမကို ဆေးစစ်ပေးမလို့ ခေါ်သွားချင်နေတာ။ ကျေးဇူးပြုပြီးတော့ မြန်မြန်ပြန်လာကြ”
ရှောင်ဖေးယွီ တုံ့ပြန်လိုက်၏။ “ဟုတ်ကဲ့ပါ၊ သမီးတို့ မြန်မြန်ပြန်လာခဲ့မယ်”
“ဒေါ်လေး၊ အမေက သမီးတို့ကို အမြန်ပြန်လာခိုင်းနေပြီ”
“အေးပါ” ရှောင်မိသားစု၏ အဒေါ်သည် မနှေးဖင့်တော့ဘဲ ကော်ဖီမှာရန် ကောင်တာဆီ သွားလိုက်သည်။
သူမ၏ နေ့စဉ် မနက်ခင်းကော်ဖီကို လိုအပ်နေပြီဖြစ်သော်လည်း ယခုမနက်တွင် အလောသုံးဆယ်ဖြစ်ခဲ့ရတာကြောင့် ၎င်းအတွက် အချိန်မပေးနိုင်ခဲ့တာပင်။
ရှောင်မိသားစု၏ အဒေါ်သည် ကော်ဖီနှင့် ပတ်သက်လာလျှင် အတော်လေး စေ့စပ်ကာတူညီသော ကော်ဖီဆိုင်များမှ သောက်ရတာကိုသာ နှစ်ခြိုက်ပေသည်။
သူမ၏ အသက်ကို အားဖြည့်စေသော ကော်ဖီကိုဝယ်ယူရန် တူမဖြစ်သူကို ဤဆိုင်သို့ ခေါ်လာခဲ့သော်လည်း ဆိုင်ထဲသို့ဝင်လိုက်တာနှင့် အတွင်းရေးကိစ္စမျိုးစုံကြောင့် အလွန်ထိတ်လန့်သွား၍ ကော်ဖီဝယ်ရန် မေ့လျော့သွားခဲ့တာဖြစ်သည်။
ကော်ဖီဝယ်ပြီး ကားဆီပြန်လာတော့ ရှောင်မိသားစု၏ အဒေါ်က တူမဖြစ်သူကို စပ်စပ်စုစု မေးမြန်းလိုက်၏ ။“ငါ့ကိုပြောစမ်းပါဦး၊ နင့်အစ်ကိုနဲ့ ချူးချွမ်ရှန်းကြားမှာ တကယ်ကြီး တစ်ခုခုရှိနေတာလား”
ရှောင်ဖေးယွီမှာ စိတ်ညစ်ညစ်ဖြင့် ခေါင်းကိုကိုင်လိုက်ပြီး သူမအဒေါ်က အတင်းအဖျင်းသမားဆိုတာကို မေ့လျော့နေခဲ့တာပင်။
နှစ်မိနစ်ခန့်ကြာ စဉ်းစားပြီးနောက် သူမက ဂရုတစိုက် ပြောပြလိုက်၏။ “သမီးက တိုက်ရိုက်ပတ်သက်နေတာ မဟုတ်တော့ ဒီလိုကိစ္စတွေကိုဘယ်သိပါ့မလဲ”
ရှောင်ဖေးယွီအနေနှင့် ဘာရပ်တည်ချက်မှမရှိဘဲ ယခုလို ဒွိဟဖြစ်စေသော တုံ့ပြန်မှုကိုပါးနပ်မှုရှိစွာ ပေးလိုက်နိုင်ခြင်းက ရှားပါးသော်လည်း ရှောင်မိသားစု၏ အဒေါ်ကတော့ ကောက်ချက်ဆွဲနေတုန်းသာ “နင်မှန်တယ်”
ငါဘာမှတောင် မပြောလိုက်ဘဲနဲ့ ဘယ်လိုဖြစ်ပြီး မှန်သွားတာလဲလို့ ရှောင်ဖေးယွီ တွေးလိုက်မိသည်။
မဟုတ်မှ သူမအဒေါ်က ဒါကို သူမနဲ့မဆိုင်ဘူးဆိုတာ နားလည်သွားလို့ အခြားတစ်ယောက်ကို နှိပ်စက်ဖို့ ဆုံးဖြတ်လိုက်တာလား။
262 03
ရှောင်မိသားစု၏ အဒေါ်မှာ ကားကိုစက်မနှိုးသေးဘဲ ရံဖန်ရံခါ ကော်ဖီစုပ်သောက်၍ အတွေးနက်နဲနေတော့သည်။
ရှောင်ဖေးယွီက သူမကို ဆေးရုံကိုကားမောင်းရန် တိုက်တွန်းလိုက်တော့မှ ကော်ဖီကိုအောက်ချ၍ ရုတ်တရက် နားလည်သွားကာ ကြွေးကြော်လာ၏။ “နင်ကတော့ တိုက်ရိုက်ဝင်မပါပေမဲ့ ရှီမိန်းကလေးကတော့ ပတ်သက်နေတယ်လေ။ တစ်ခုခုကို သူမ သိထားလို့ ဒီစကားတွေကို ပြောလာတာပဲဖြစ်ရမယ်”
ရှောင်ဖေးယီမှာ ဇွတ်အတင်း ရယ်လိုက်ရပြီး“ဒေါ်လေး၊ ဒေါ်လေးက ဉာဏ်ကြီးရှင်ဆိုတာကို ဘယ်သူက သိထားမှာလဲ”
ရှောင်မိသားစု၏ အဒေါ်မှာ ဂုဏ်ယူစွာဖြင့်ဆံပင်ကို ဆတ်ခနဲခါ၍ “အိုး၊ သာမန်ပါဟယ်၊လောကမှာ တတိယ အတော်ဆုံးဖြစ်နေရုံပါပဲ”
ရှောင်ဖေးယွီ တွေးလိုက်၏: ဒေါ်လေးကို ချီးကျူးနေတယ်လို့ တကယ်ကြီး ထင်သွားတာတော့ မဟုတ်ဘူးမလား။
သူမသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကာ သူမအဒေါ်၏ ထင်ကြေးတွေနှင့်ပတ်သက်၍ မငြင်းခုံချင်တော့တာကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ “ဒေါ်လေး၊ သမီးကို မြန်မြန်ပြန်လာခိုင်းဖို့ အမေ ဖုန်းထပ်ဆက်လာဦးမယ်”
သူမ၏ယောက်မက သူမကိုကျော်လွန်၍ လုပ်ပိုင်ခွင့်အချို့ကို ဆုပ်ကိုင်ထားဆဲဖြစ်တာကြောင့် အဆုံးတွင် ကားပါကင်မှ ကားကို မောင်းထွက်လိုက်တော့၏။
အဒေါ်ဖြစ်သူနှင့် တူမတို့ ရောက်လာတော့ ရှောင်အမေက သူတို့ကို ဆေးရုံခန်းထဲမှာ သွားစောင့်နေဟု မပြောခင် အနည်းငယ် ဆူပူလိုက်ပြီးနောက် သူမ၏ချွေးမကို ဆေးစစ်ပေးရန်အတွက် အောက်ထပ်သို့ ခေါ်သွားတော့သည်။
သူမ၏ချွေးမ လက်ထပ်ခဲ့သည်မှာ ယခုဆိုအချိန်အတော်ကြာလာပြီဖြစ်ပြီး စောနတုန်းကနံရိုးစွပ်ပြုတ်ကိုမြင်ပြီး ပျို့တက်နေတာကြောင့် သူမတွင် ကိုယ်ဝန်ရှိနေလောက်တယ်လို့ ရှောင်အမေ သံသယဝင်လာတော့၏။
သူမသည် မျှော်လင့်ချက် မှားသွားမှာကို ကြောက်သဖြင့် တိုက်ရိုက်မပြောဘဲ ချွေးမက ခုနောက်ပိုင်း ပင်ပန်းထား၍ ဆေးစစ်ဖို့လိုအပ်တယ်ဟုသာ ပြောလိုက်သည်။
တုရှင်းယွဲ့သည် ဘာကိုမှ သံသယမဝင်မိဘဲ ရှောင်အမေ၏ စီစဉ်မှုများအတိုင်းသာ လိုက်လုပ်ခဲ့သည်။
ကိုယ်ဝန်ဆေးစစ်ချက်ကို အခြားသော ကျန်းမာရေးစစ်ချက်များနှင့် ရောလုပ်ခဲ့တာကြောင့် အချို့ရလဒ်တွေက ထွက်လာခဲ့ကာ အချို့စစ်ဆေးချက်များကိုတော့ စောင့်ဆိုင်းနေရတုန်းပင်။
ရှောင်အမေ၏ဖုန်းမှာ မက်ဆေ့ခ်ျတစ်စောင်ကြောင့် အသံမြည်လာပြီး တုရှင်းယွဲ့၏ မျက်လုံးတွေက စခရင်အပေါ် ခဏတာ ကျရောက်သွားတော့ - မက်ဆေ့ခ်ျမှာ ဆရာဝန်ထံမှ ဖြစ်နေသည်။
ရှောင်အမေ မက်ဆေ့ခ်ျဖတ်ပြီးသည့်နောက်မှ သူမ သိလိုစွာဖြင့် မေးကြည့်လိုက်သည်။ “အမေ၊ အဆင်ပြေရဲ့လား”
******
263 01
အခန်း ၂၆၃: ရုန်ရုန်
ရှောင်အမေက မက်ဆေ့ခ်ျကို မသိမသာဖတ်လိုက်ပြီး အတင်းလုပ်ပြုံးကာ “ဘာမှမဟုတ်ဘူး၊ သူငယ်ချင်းတစ်ယောက်က ချန်းမင်ရဲ့အခြေအနေအကြောင်း လှမ်းမေးတာ”
တုရှောင်ယွဲ့၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုတစ်ရပ် ဖြတ်ပြေးသွားသော်လည်း ရှောင်အမေကနောက်တစ်ကြိမ် မော့ကြည့်လာချိန်မှာတော့ သူမ၏ပုံမှန်ရိုးသားပြီး ကြင်နာသော အပြုအမူကို ထိန်းသိမ်းထားလျှက်ရှိနေ၏။ “တကယ်လို့ အမေ သွားစရာရှိရင်လည်း သွားလေ။ ကလေးထိန်းဝမ် ဒီမှာရှိနေတော့ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံစရာ မလိုပါဘူး”
အိမ်ဖော်က ဝင်ပြောလာသည်။ “သခင်လေးရဲ့အိပ်ရာဘေးမှာ စောင့်နေပေးတဲ့ မဒမ်လည်း ပင်ပန်းနေပါပြီ။ ကျွန်မ မဒမ်ငယ်ကို ဂရုစိုက်ထားလိုက်ပါ့မယ်၊ စိတ်မပူပါနဲ့”
ရှောင်အမေက အဆင်သင့် သဘေယတူလိုက်ကာ “ကျွန်မ တကယ်လည်း ပင်ပန်းနေပြီရယ်။ အသက်လေးရလာတော့ စွမ်းအင်လယ်ဗယ်တွေက အရင်လို မဟုတ်တော့ဘူး။ ကလေး ထိန်းဝမ်၊ မဒမ်ငယ်ကို ကျေးဇူးပြုပြီးတော့ကူညီပေးပါဦး”
ကလေးထိန်းဝမ်က ခေါင်းညိတ်လိုက်ကာ“စိတ်ချပါ၊ မဒမ်”
ရှောင်အမေ ဆေးရုံခန်းထဲ ပြန်ဝင်လာတော့သူမ၏ညီမငယ်က အနားယူသည့်အိပ်ရာပေါ် ၌ခြေပစ်လက်ပစ်ထိုင်နေပြီး သမီးငယ်ကတော့ ဖန်ပေါင်းပြွန်ဖြင့် ဖုံးအုပ်ထားသော ICU အိပ်ရာပေါ်တွင် လဲလျောင်းနေသည့် သူမ၏သားကြီးကို စူးစိုက်ကြည့်နေ၏။
ရှောင်ဖေးယွီက သူမ၏ယောက်မကို သဘောမကျတာကြောင့် လောကဝတ်တွေကို ဟန်ဆောင်ပြီး ထိန်းသိမ်းမနေသော်လည်း ရှောင်အဒေါ်ကတော့ ပုံမှန်အတိုင်းဆို အားကိုးလို့မရသော်ငြား သူမ၏ လူကြီးသူမဆိုသောဇာတ်ကောင်ကို သတိရ၍ စိတ်ပူစွာ မေးမြန်းလိုက်သည်။ “ရှင်းယွဲ့ရဲ့ ကျန်းမာရေးအခြေအနေဘယ်နှယ့်လဲ”
ရှောင်အမေသည် သူမ၏ အရင်းနှီးဆုံးမိသားစုဝင်တွေဖြစ်သည့် သမီးနှင့်ညီမကြား၌ဘာကိုမှ ဖုံးကွယ်မထားပေ။ သူမ တဲ့တိုးပြောလိုက်သည် “သူမ စွပ်ပြုတ်သောက်တုန်းက ပျို့တက်နေတာကို ငါသတိထားမိလိုက်လို့၊ သူမမှာ ကိုယ်ဝန်ရှိနေတယ်ထင်ပြီး ဆေးစစ်ဖို့ ခေါ်သွားတာ”
ရှောင်ဖေးယွီနှင့် ရှောင်အဒေါ်တို့မှာ လုပ်လက်စများကို ရပ်တန့်လိုက်ကြ၍ ရှောင်အမေကို လှည့်ကြည့်လာကြသည်။
တစ်ခါတုန်းက ရှီလီပြောခဲ့ဖူးသည့် သူမ၏အစ်ကို ဆုံးပါးသွားတော့မှ ယောက်မတွ င်ကိုယ်ဝန်ရှိနေသည့်အကြောင်း ပေါ်ပေါက်လာမှာဖြစ်ပြီး အဆုံးတွင် ကလေးအား ဆုံးရှုံးလိုက်ရမယ်ဆိုတာကို ရှောင်ဖေးယွီ မှတ်မိပေသည်။
သူမ ထိုင်ခုံ၏ လက်ကိုင်ကို သတိလက်လွတ်ဆုပ်ကိုင်လိုက်မိ၏။
ရှောင်အမေက လေးလေးလံလံ သက်ပြင်းချလိုက်ပီုး “သူမမှာ ကိုယ်ဝန်မရှိဘူးလို့ ဆရာဝန် ပြောတယ်”
သူမသား၏ လက်ရှိအခြေအနေတွင် အမေတစ်ယောက်အနေနှင့် သူ့ကို ပြန်ကောင်းလာမယ်လို့ မျှော်လင့်မိသည်မှာ သဘာဝပင်ဖြစ်သော်လည်း လက်တွေ့မှာတော့ သူသ ည်ဤအခြေအနေအတိုင်းပဲ တစ်သက်လုံး နေသွားရနိုင်တယ်ဆိုတာကို သိနေသည်။
ထို့ကြောင့် ရှောင်အမေမှာ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ သူမသား၏မျိုးဆက်ကို ဆက်နိုင်အောင်လို့ ချွေးမဖြစ်သူကိုယ်ဝန်ရှိလာမှာကို အရာရာတိုင်းထက် မျှော်လင့်မိနေတာပင်။
“ဘာ” ရှောင်ဖေးယွီပ ပိုလို့တောင် အံ့ဩသွားရပြီး သူမ၏ ကိုယ်ပိုင်ခံစားချက်များကိုပင်မသေချာတော့ပေ။
သူမသည် သူမ၏အစ်ကိုအား ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာဆီသို့ ခြေတစ်လှမ်းနီး သွားအောင် သယ်ဆောင်သွားလိမ့်မယ်လို့ ခံစားနေမိတာကြောင့် ယောက်မကို ကိုယ်ဝန် မရစေချင်ပေ။
သို့သော် အကယ်၍ သူမအစ်ကိုကို မကယ်နိုင်ခဲ့ပါက အနည်းဆုံးတော့ ကလေးတစ်ယောက်က သူ့အမွေကို ဆက်ခံနိုင်မှာဖြစ်သည်။
ရှောင်အဒေါ်က အစ်မဖြစ်သူ၏ ဆိုလိုရင်းကိုနားလည်ပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။ “အစ်မရယ်၊ အတွေးမများစမ်းပါနဲ့။ ကံဆိုးမှုတွေပြီးရင် ကံကောင်းခြင်းတွေ ရောက်လာမှာပေါ့။ ညီမတို့ ချန်းမင်က လိမ္မာတဲ့ကလေးပဲ၊ဒီအခက်အခဲကို သေချာပေါက် ဖြတ်ကျော်နိုင်မှာပါ”
သူမ၏အသံတွင် ခံစားချက်တွေဖြင့် ဆို့နင့်နေတာကြောင့် အမေနှင့်သမီးကိုပါ မျက်ရည်ဝဲလာစေသည်။
ဘေးဒုက္ခတစ်ခုကို ရှောင်ရှားပြီးတာတောင် ဘာလို့ပိုကြီးတဲ့တစ်ခုက သူမအစ်ကိုအတွက် စောင့်ဆိုင်းနေလဲဆိုတာကို ရှောင်ဖေးယွီ နားမလည်နိုင်တော့ပေ။
သူမ၏အစ်ကိုက အမြဲတမ်း စိတ်ထားကောင်းခဲ့ကာ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ချေ။
အကယ်၍ ဤအရာဟာ ကံကြမ္မာဖြစ်နေပါက လောကတွင် အပြစ်သားတွေ အများကြီးရှိနေပါရက်နှင့် ဘာကြောင့် သူမ၏အစ်ကိုကိုမှ အထူးပစ်မှတ်ထားနေရတာလဲ။
263 02
ဆေးဘက်ဆိုင်ရာ အပိုစစ်ဆေးချက်အချို့ကို လုပ်ဆောင်ပြီး ပြန်ရောက်လာသော တုရှင်းယွဲ့က ရှောင်အမေကို မေးလာသည်။ “အမေ၊ သမီးရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်လို့လား။ ဟုတ်တယ်ဆိုလည်း သမီးကို တိုက်ရိုက်ပြောပြပါ။ သမီးတို့က မိသားစုတွေပဲ၊ သမီးကိုဖုံးကွယ်နေစရာ ဘာမှမလိုပါဘူး”
ရှောင်အမေက သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်ထားပြီးပြီဖြစ်ကာ သူများတွေရှေ့တွင် ပုံမှန်လိုတင့်တယ်ပြီး ဂုဏ်သိက္ခာရှိသောအပြုအမူကို ထိန်းသိမ်းထား၏။ သူမကဖြည်းညင်းစွာ ခေါင်းခါလိုက်ကာ “သမီးကို ကျန်းမာရေးကောင်းတယ်လို့ ဆရာဝန်ပြောတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံလို့တော့ မဖြစ်ဘူး။ ခုနောက်ပိုင်း ချန်းမင်ကို စောင့်ရှောက်ပေးရင်း သမီး ပင်ပန်းထားတာပဲ၊အိမ်ပြန်ပြီး များများအနားယူသင့်ပြီ”
လက်တွေ့တွင် အရမ်းကြီး အားစိုက်ထုတ်နေရတာ မဟုတ်ဘဲ သူနာပြုတွေနှင့် ပြုစုစောင့်ရှောက်ပေးသူတွေ ရှိနေတော့ သူမအနေနှင့်များများစားစား လုပ်စရာမရှိပေ။
မိသားစုဝင်များကို လူနာဆောင်အတွင်း ဝင်ခွင့်မပြုတာကြောင့် “လူနာကိုပြုစုပေးခြင်း” မှာအခန်းအပြင်ကနေ စောင့်ကြည့်ပေးရုံသာဖြစ်သည်။
တုရှင်းယွဲ့က ထပ်ပြောရန်ပြင်လိုက်စဉ်မှာပဲ ရှောင်အမေက လက်အမူအရာဖြင့် သူမကိုတားမြစ်လာပြီး “သမီးနဲ့ အမေ့သား ဆက်ဆံရေးကောင်းတယ်ဆိုတာရယ်၊ ချန်းမင်ကို သမီး စိတ်ပူနေတယ်ဆိုတာရယ် အမေသိတယ်။ အဲဒါက နားလည်ပေးလို့ရတယ် ဆိုပေမဲ့၊သမီးလည်း အနားယူဖို့လိုအပ်တဲ့ လူသားတစ်ယောက်ပဲလေ။ ဒီမှာ သူ့ကို အမေတို့ စောင့်ကြည့်ပေးနေတာနဲ့တင် လုံလောက်ပါပြီ။ အမေတို့တွေ ဒီမှာရှိနေတုန်း ပိတ်ရက်လို့သဘောထားပြီး အိမ်ပြန်အနားယူချည်။ တနင်္လာနေ့ရောက်လို့ အမေတို့အားလုံး အလုပ်သွား၊ ကျောင်းသွားဖို့ ပြန်လာရင် သမီးက တစ်လှည့်ပြန်စောင့်ကြည့်ပေးပေါ့”
ရှောင်အမေ၏ စကားလုံးတွေက စိတ်ရင်းစစ်မှန်ပြီး တုရှင်းယွဲ့၏ အမူအရာမှာ ရင်ထဲခံစားရသလိုမျိုး ပြသလာ၍ “ဟုတ်ကဲ့ပါ၊ အမေကတိုက်တွန်းနေမှတော့ သမီး အိမ်ပြန်ပြီး နှစ်ရက်လောက် နားလိုက်ပါ့မယ်”
ရှောင်အမေက “အဲ့လိုမှပေါ့” ဟူသော လက်ခံသည့်အသံဖြင့် တုံ့ပြန်လိုက်သည်။
တုရှင်းယွဲ့ ထွက်သွားပြီးနောက် ရှောင်အမေကသူမ၏ လောကဝတ်မျက်နှာဖုံးကို အဆုံးတွင် ဆွဲခွာချလိုက်တော့၏။
သူမ၏ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ပူပန်မှုတွေကို ပြသနေသည်။
ဤရက်တွေအတွင်းမှာ ရှောင်ဖေးယွီက သူမ၏အမေကို နှစ်သိမ့်စကားများစွာ ပြောခဲ့သော်လည်း ယခုတော့ သူမ ဘာပြောရမှန်းမသိဖြစ်နေရတော့သည်။
အချို့တွေအရာတွေကို ကြိမ်ဖန်များစွာ ပြောနေပါက ပြောသူကိုယ်တိုင်ပင် ၎င်းတို့ကို အမှန်တရားဟု စတင်ယုံကြည်လာတတ်၏။
ရှောင်ဖေးယွီက သူမ၏အမေကို အဆင်ပြေသွားမှာပါဟုသာ ထပ်ခါတလဲလဲ ပြောပေးနေသော်လည်း တစ်ခါပြောလိုက်တိုင်း ယုံကြည်မှုတွေ ဆုတ်ယုတ်လာရသည်။
ကျောင်းသူဖြစ်သော ရှောင်ဖေးယွီသည် ကျောင်းဆင်းချိန်နှင့် ပိတ်ရက်များမှသာ သူမ၏အစ်ကိုကို လာကြည့်နိုင်တာပင်။
ယှဉ်ကြည့်လိုက်လျှင် ရှီလီ၌ အားလပ်ချိန်တွေပိုများနေ၏။
ရှီလီက ကျောင်းပုံမှန်တက်စရာမလိုတော့ဘဲသူမ အလိုရှိမှသာ အတန်းတက်လို့ရပြီး အတန်းမတက်ချင်ပါက အိမ်၌သာ နေနိုင်လေပြီ။
ရှီလီက ကျောင်းတက်လျှင်တောင် အတော်လ စိတ်အေးလက်အေးရှိနေပြီး အတန်းနားချိန်တွေတွင် အတန်းဖော်တွေနှင့် စကားပြောပြီးစာသင်ချိန်များအတွင်း စိတ်ပြေနပြေ စာဖတ်လို့ရသည်ပင်။
ရှီလီသာ အတန်းချိန်အတွင်း ဖုန်းသုံးခြင်း သို့မဟုတ် အတန်းဖော်များကို စကားပြော၍နှောင့်ယှက်ခြင်းတွေ မလုပ်သရွေ့၊ ဆရာတွေ က သူမဘာပဲလုပ်လုပ် ဘေးမဲ့ပေးထားကြ၏။
ရုံရုံကတော့ ရှီလီနှင့် မတူပေ၊ ယခင်လိုကျောင်းပုံမှန်တက်ဖို့ လိုအပ်နေသေးသည်။
ကျောင်းအုပ်၏ အကူအညီဖြင့် ယခုဆိုအတန်းထဲ၌ သင်ကြားရေးအကူအဖြစ် အလုပ်လုပ်နေပြီး လစာရနေလေပြီ။
သူမက ဆရာတွေကို ကူညီပေးပြီး ဆရာတွေမရှိချိန်၌ ကျောင်းသားတွေ၏ မေးခွန်းများကိုဖြေကြားပေးသည်။
အမှန်တွင် အကယ်၍ ကျောင်းက သူမကိုလစာမပေးလျှင်တောင် ယခင်ကလည်း သူမအတန်းဖော်တွေ၏ မေးခွန်းတွေနှင့် ပတ်သက်၍ ကူညီပေးနေကျပင်။
သို့ပေတည့် သူမ ဆန္ဒရှိ၍သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုတော့ သူမက လစာအတွက် လုပ်နေတာပဲဖြစ်သည်။
ရှီလီ ကျောင်းလာတက်လျှင် အတန်းဖော်တွေက သူမဆီလာ၍လည်း မေးခွန်းတွေ မေးမြန်းကြသည်။
သို့သော် နောက်ပိုင်း၌ ရှီလီက ကျောင်းသိပ်မတက်တော့ချေ။
ရှီရွှမ်း၏ လမ်းခွဲခြင်းပြီးနောက် သူမကိုစိုးရိမ်သဖြင့် ကြည့်ရှုပေးရန်အတွက် အိမ်တော်ဟောင်းသို့ မကြာပကြာ သွားလည်နေတာပင်။
အထူးသဖြင့် ရှီရွှမ်း အလုပ်ပိတ်သော ပိတ်ရက်များတွင် ရှီလီက သူမကို အဖော်ပြုပေး၍ Blue City အနှံ့ ခရီးထွက်ကြသည်။
တက်ကြွသော ရှီရွှမ်းက တနင်္လာနေ့တွင်ပုံမှန်အတိုင်း အလုပ်သွားချိန်၌ ရှီလီကတော့ အားပြန်ဖြည့်ရန် အိမ်မှာနှစ်ရက်လောက် အနားယူရလေသည်။
263 03
ယခုလိုမျိုး နှစ်ပတ်ကြာ ဖြစ်ပျက်နေပြီးနောက် ရှီလီသည် သူမဝမ်းကွဲ၏ နောက်တီးနောက်တောက် လုပ်ရပ်တွေကြောင့် ကြံရာမ ရဖြစ်လာလုနီးပါးပင်။ သူမ၏ စိတ်တစ်ပိုင်းတစ်စကို ချူးချွမ်ရှန်းဆီ အလွန်အမင်း ပေးလိုက်ချင်မိသည်။- ရှီရွှမ်းက ဘာများဖြစ်နေလို့ သူ့နှလုံးသားက ပြောင်းလဲသွားရတာလဲ။
အကယ်၍ မချစ်တော့ဘူးဆိုလျှင်တောင် ပုံမှန်အတိုင်း လမ်းခွဲလို့ရလေသည် - သူက ဘာကြောင့်မို့ ဖောက်ပြန်ခဲ့ရတာလဲ။
ယခုတော့ ရှီရွှမ်းမှာ စိတ်ဒဏ်ရာ ရသွားပြီးပြိုလဲလုနီးပါး နာကျင်နေရသည်။
သို့သော် ချူးချွမ်ရှန်း၏ စရိုက်ပြောင်းလဲခြင်းက အတော်လေး ပြင်းထန်တာပင်။ အဘယ့်ကြောင့်ဆို စာရေးသူ၏ အခြားစီးရီးများထဲရှိအမျိုးသားဇာတ်လိုက်များမှာ - တစ်ဦးကမိထွေးနှင့် တွဲနေခြင်း၊ အခြားတစ်ယောက်က ရည်းစားဟောင်းကို အမှောင်ခန်းထဲတွင် အကျဉ်းချထားခြင်း ကဲ့သို့သော… နိမ့်ပါးသည့်အကျင့်စာရိတ္တများ ရှိကြသဖြင့် ယှဉ်ကြည့်လိုက်လျှင် ချူးချွမ်ရှန်ူကတော့ စာရေးသူ၏လက်ရာတွေထဲ၌ အဖြောင့်မတ်ဆုံးသောအမျိုးသားဇာတ်လိုက်ဟု သတ်မှတ်နိုင်သည်။
သူ့ညီအစ်ကို၏ ဇနီးနှင့် ညားသွားလျှင်ပင် ၎င်းက စိတ်ပိုင်းဆိုင်ရာ ဒုက္ခရောက်ခြင်းနှင့် မြှူဆွယ်ခံလိုက်ရတာကြောင့် သူ့ကို လူကောင်းဟု သတ်မှတ်၍ရသည်။
ထိုသို့တွေးကြည့်လိုက်တော့ ချူးချွမ်ရှန်း၏ဖောက်ပြားသော အကျင့်စရိုက် သွေဖည်ခြင်းမရှိတာကို ရှီလီ နားလည်လာတော့၏။ သူငယ်ချင်းကောင်း၏ ဇနီးမယားကို လက်ထပ်ခြင်းက သင့်ကို လူကောင်းဖြစ်စေမှာ မဟုတ်ပေ။
ရှီရွှမ်းကြောင့် နှစ်ပတ်ကြာ ပင်ပန်းခဲ့ရပြီးသည့်နောက် သူမ၏ ပင်ပန်းနွမ်းနယ်မှုတွေကို အခြားတစ်ယောက်ထံ လွှဲပြောင်းပေးရန်အတွက် ရှီရွှမ်းကို ကောင်လေးအသစ်အချို့ ရှာပေးရန် ရှီလီ စတင်စဉ်းစားလာမိတော့၏။
******
264 01
အခန်း ၂၆၄: ဒီလူ့ကို ရင်းနှီးနေသလိုပဲ
ရှီလီတွင် ယောက်ျားလေးတွေကို ကြည့်ရန်အရည်အချင်း မပြည့်မီသဖြင့် ဤကိစ္စကို မစ္စဟွမ်ကျဲအား လွှဲပြောင်းလိုက်သည်။
မျိုးရိုးဗီဇ နိုးထသော အသက်အရွယ်ကို ရောက်လာ၍ထင်သည်၊ ဟွမ်ကျဲက အောင်သွယ်လုပ်ပေးခြင်း၌ အင်မတန် စိတ်အားထက်သန်နေလေသည်။
ဒါ့အပြင် နောက်ဆုံးတစ်ခေါက်တုန်းက ရှီရွှမ်းကို အမှိုက်ကောင်နှင့် မိတ်ဆက်ပေး လိုက်မိသဖြင့် ဟွမ်ကျဲမှာ အကြွေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားတော့သည်။
ဟွမ်ကျဲက သူမ၏ မိန်းကလေး သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များအား စုစည်းကာအကယ်၍ အဆင်ပြေသည့် လူငယ်လေးတွေတွေ့ပါက သူမဆီ အကြောင်းကြားပေးဖို့ တောင်းဆိုခဲ့သည်။
သူမ၏ အားစိုက်ထုတ်မှုက အတိအကျကြီးသိမ်မွေ့နေတာ မဟုတ်သဖြင့် လူများစွာက ဟွမ်ကျဲ၏ တာဝန်ကို သတိပြုမိလာကြ၏။
ယခုလို ကြီးကျယ်သော စစ်ဆင်ရေးကို သတိပြုမိကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ သူမအနေနှင့် အလုပ်သမားအသစ် စုဆောင်းနေတာ မဖြစ်နိုင်လောက်ဘူးဟု ကောက်ချက်ချလာကြသည်။
အကယ်၍ လူသစ်စုဆောင်းတာ မဟုတ်လျှင် သားမက်ရှာနေတာပဲ ဖြစ်ရပေမည်။
ဟွမ်ကျဲ၏သမီးက ငယ်သေးပြီး အသက် မပြည့်သေးသဖြင့် သမီးဖြစ်သူအတွက် တွဲဖက်ရှာပေးရာတွင် သေချာပေါက် အလျင်စလိုဖြစ်နေမှာ မဟုတ်ပေ။
ချမ်းသာကြွယ်ဝသော အမျိုးသမီးများကသူတို့စ နေ့လယ်ခင်း လက်ဖက်ရည်သောက်ချိန်မှာ ဤကိစ္စကို ဆွေးနွေးခဲ့ကြပြီး သူမက ဘယ်မိသားစုဝင်အတွက် တွဲဖက်ရှာပေးနေ တယ်ဆိုတာကို သိချင်နေကြသည်။
မစ္စချူးမှာ ဤသတင်းကိုကြားတော့ ဟွမ်ကျဲက မိသားစုထဲရှိ တစ်ယောက်ယောက် အတွက် တွဲဖက်ရှာပေးနေတယ်ဆိုတာကို သိထားသော်လည်း အလားအလာရှိသည့် အထဲ၌ ရှီရွှမ်းကို ထည့်သွင်းမစဉ်းစားခဲ့ချေ။
ချူးချွမ်ရှန်းက လမ်းခွဲလိုက်သည့်အကြောင်းကို မိဘတွေအား အသိမပေးရသေးတာပင်။ သူမ၏စိတ်ထဲတွင်မူ သားဖြစ်သူနှင့် ရှီရွှမ်းက အဆင်ပြေနေပြီး နှစ်ကုန်လျှင် လက်ထပ်နိုင်ခြေရှိတယ်လို့တောင် ထင်နေတာဖြစ်သည်။
ဒါပေါ့၊ တရားဝင် သားမက်လောင်းဖြစ်ရန်အတွက် သူ့ယောက္ခမတွေကို အရင်ဦီးဆုံး အနိုင်ယူဖို့ လိုအပ်နေသေးသည်။
ထို့ကြောင့် မစ္စချူးက ဤအကြောင်းကိုကြားတော့ ချူးချွမ်ရှန်းကို အမြန်ခေါ်လိုက်ကာ“သား၊ သားက နည်းပညာကုမ္ပဏီမှာ အလုပ်လုပ်နေတာဆိုတော့ သားတို့ဆီမှာ ငယ်ရွယ်ပြီးသင့်တော်တဲ့ လူပျိုလေးတွေ ရှိမှာပဲနော်”
ချူးချွမ်ရှန်းက အခုနောက်ပိုင်း ဖတ်ဖြစ်နေသည့် စိတ်ပညာစာအုပ်ကို အရှေ့တွင် ဖွင့်ထားသည်။
“ရှိတယ်လေ၊ ဘာဖြစ်လို့လဲ”
“အဲဒါလေ၊ ရွှမ်းရဲ့ ဒုတိယအဒေါ်က ထူးချွန်တဲ့ လူငယ်လေးတွေကို ရှာနေတယ်လို့အမေ ကြားမိတယ်။ သူမ ဘယ်သူနဲ့ တွဲပေးမယ်ဆိုတာကိုတော့ မသိဘူး၊ ဒါပေမဲ့သားရဲ့ကုမ္ပဏီမှာ သင့်တော်တဲ့လူတွေဘာတွေရှ်ိလား ကြည့်ကြည့်တာ”
မစ္စချူးက သူမ၏သားအား ယောက္ခမလောင်းတွေရှေ့တွင် မျက်နှာသာ ရစေချင်နေတာပင်။
သူ့အမေ၏ စကားကို ကြားလိုက်ရတော့ဖုန်းတစ်ဖက်ခြမ်းရှိ ချူးချွမ်ရှန်းမှာ နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားတော့၏။ ဟွမ်ကျဲက ဘယ်သူနှင့် တွဲဖက်လုပ်ပေးမယ်ဆိုတာကို မစ္စချူး မသိသော်ငြား သူကတော့ သိနေတယ်လို့ ယုံကြည်နေသည်။
ချူးချွမ်ရှန်းက အသေးစိတ်မပြောဘဲ နားလည်ပြီဟုသာ ပြောလိုက်သည်။
ထူးချွန်သည့် ယောက်ျားလေးများကို ယခုလိုရှာဖွေနေခြင်းက တကယ်တော့ သူမ၏ချွေးမလောင်းအတွက်ဆိုတာကို အတိအကျမပြောနိုင်ပေ။
ချူးချွမ်ရှန်းသည် အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူ့အမေက အရမ်းစိတ်အားထက်သန်နေ၍ တစ်ယောက်ယောက်အား ရှီမိသားစုဆီ တိုက်ရိုက်ပို့လိုက်မှာကို စိတ်ပူလာသဖြင့် ထပ်ပြောလိုက်၏။ “ဒီကိစ္စကို သားဆီ အပ်ထားလိုက်၊ အမေ စိတ်ပူစရာ မလိုဘူး”
“အဲဒါဆိုလည်း မမေ့နဲ့ဦး”
ချူးချွမ်ရှန်းက မမေ့တတ်ဘဲ တကယ်တော့ ဤကိစ္စကို သူအတော်လေး ပူပန်နေမိတာပင်။
အကယ်၍ သူသာ နိုးနိုးကြားကြားမရှိနေလျှင် ရှီရွှမ်းက မကြာခင်မှာပဲ အခြားတစ်ယောက်၏ ကောင်မလေး ဖြစ်လာပေတော့မည်။
264 02
စားပွဲပေါ်က စာအုပ်ကို စိုက်ကြည့်နေရင်းသူလုံးဝ အာရုံစူးစိုက်၍မရတော့ပေ။
မစ္စချူးက ဤကိစ္စထဲ ဝင်မပါရန်အတွက် သားဖြစ်သူ၏ ညွှန်ကြားချက်ကို ရရှိထား၏။
ဖုန်းချပြီးမကြာခင်မှာပဲ သားဖြစ်သူ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိကာ ဟွမ်ကျဲချဉ်းကပ်နေတာ ဘယ်မိသားစု၏ ပါရမီရှင်ငယ်လေးလဲဟု မေးလာတာပင်။
အနှီကျပန်းတောင်းဆိုချက်က ရှင်းပြချက်မပါဝင်သော်လလ်း စုံစမ်းပေးရန်အတွက် သူမနှင့် ရင်းနှီးသော သူငယ်ချင်းများကို တောင်းဆိုလိုက်သေးသည်။
ဟွမ်ကျဲ၏ ဒုတိယအကြိမ်မြောက် အောင်သွယ် ပေးခြင်းတွင် ပိုမိုကျွမ်းကျင်လာပြီး ပထမအကြိမ်ထက် အားကိုးလို့ရလာသည်။
ပထမအကြိမ်ထက်စာရင် အရည်အသွေးနှင့်စီမံမှုမှာ သိသိသာသာကို တိုးတက်လာခဲ့၏
ရှီလီက ကျောင်းသွားတာကို ရပ်နားလိုက်ပြီး သူမ၏အမေ စီစဉ်ပေးထားသည့်အတိုင်း ရှီရွှမ်း ဘလိုင်းဒိတ်သွားရာ၌ အဖော်ပြုပေးရမှာဖြစ်သည်။
နောက်ဆုံးတစ်ခေါက် ရှီရွှမ်း ဘလိုင်းဒိတ်သွားခဲ့တုန်းက ရှီလီမှာ အနီးနားရှိ စားပွဲ၌သာထိုင်ခဲ့ရသည်။
ဒီတစ်ခေါက်မှာတော့ ရှီလီက အဆင့်တက်လာလာ အဓိကစားပွဲတွင် ထိုင်ရမှာဖြစ်ပြီး နောက်ဆုံးတွင်မူ အနှီအောင်သွယ်ပေးရသောမြင်ကွင်းတွေ၌ သူမ၏ ကိုယ်ပိုင်နေရာကို ရရှိလာခဲ့သည်။
ဟွမ်ကျဲက ချူးချွမ်ရှန်းထက် သာသည့်လူကိုရှာကန် စိတ်ပိုင်းဖြတ်ထားသော်လည်း အင်မတန် ခက်ခဲနေသည်။ အဆုံးမှာတော့ ချူးချွမ်ရှန်းသည် အခြားစာအုပ်ထဲက အမျိုးသားဇာတ်လိုက်ဖြစ်ကာ သူ့ထက်ထူးချွန်သော လူငယ်ဟူ၍ သိပ်မရှိပေ။
မိသားစုနောက်ခံ ပိုကောင်းမွန်သောလူတွေမှာသူ့လောက် မချမ်းသာဘဲ၊ ပိုချမ်းသာသည့်လူတွေကတော့ သူ့လောက် ရုပ်ရည်မချောမောပေ၊ ဒါ့အပြင် သူကတော့ ဂုဏ်ဒြပ်ရှိသော တက္ကသိုလ်မှ ဘွဲ့ရထားသူဖြစ်ကာ အထင်ကြီးစရာကောင်းသည့် လုပ်နိုင်ရည်များစွာကိုကိုင်ဆောင်ထားသည့်သူ ဖြစ်နေသည်။
အိမ်၌ ဟွမ်ကျဲ၏ Blue City တွင် ရည်မွန်သောလူငယ်လေးတွေဟူ၍ မရှိကြဘဲ အားလုံးကဆောင်းရာသီ ဖရဲသီးတွေနှင့်သာတူကြပြီးသူတို့၏ နတ်မိမယ်လို သမီးကို ပိုးပန်းဖို့အတင့်ရဲကြီး တွေးကြတယ်ဟူသော ပြစ်တင် ခြင်းများကို ရှီလီ မကြာခဏ ကြားနေရသည်။
ချူးချွမ်ရှန်းက အမျိုးသားဇာတ်လိုက်ဖြစ်တာကြောင့် အခြားသော အမျိုးသားဇာတ်လိုက်တွေကတော့ သူနှင့် သေချာပေါက် ယှဉ်လို့ရနိုင်သည်ဟု ရှီလီ အတွေးဝင်မိသည်။
သို့သော် အစ်ကိုကျိုးတွင် ကောင်မလေးရှိနေပြီဖြစ်ကာ ဖုန်းယွင်ဟယ်နှင့် လုရှောင်က အသက်မပြည့်သေးသဖြင့် သင့်လျော်သူ များများစားစား မရှိချေ။
ရှီလီလည်း သိပ်ပြီးမကူညီနိုင်ဘဲ သူမ၏ ယခင်ဘဝတုန်းက မှတ်ဉာဏ်တွေကိုသာသုံး၍ ရှီရွှမ်းဘလိုင်းဒိတ်သွားရာတွင် အဖော်ပြုပေးကာ အလားအလာရှိသော အမှိုက်ကောင်များကိုရှီရွှမ်းအား ကူပြီးသတိပေးဖို့ပဲ တတ်နိုင်သည်။
ဘလိုင်းဒိတ်တွေကို တစ်ပတ်လုံး ဆက်တိုက်သွားပြီးနောက် ရှီရွှမ်းမှာ သူမကို ရင်ခုန်အောင်လုပ်နိုင်သည့် လူတစ်ယောက်ကိုမှ မတွေ့ခဲ့သော်လည်း ထိုအစား ထူးဆန်းသော စရိုက်တွေရှိသည့် လူအများကြီးနှင့်တော့ ဆုံတွေ့ခဲ့ရသည်။
ရှီလီတောင် သည်းမခံနိုင်ဘဲ အလွန်ထူးဆန်းသည့် လူတွေနှင့် တွေ့ခဲ့သည့်အကြောင်းအားဟွမ်ကျဲဆီ ပြန်ပြောမိသည်။ ကြည့်ရသည်မှာBlue City၏ ငကြောင်တစ်ဝက်လောက်က ရှီရွှမ်းနှင့်ဒိတ်ဖို့ ရောက်လာသည့်ပုံပင်။
ဟွမ်ကျဲလည်း အနှီလူငယ်တွေကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ဘဲ သူများတွေဆီက ကောင်းကွက်များကိုသာ ကြားခဲ့တာကြောင့်မှားယွင်းသလို ခံစားမိနေသည်။
သူတို့တွေက ပထမတစ်ချက် ကြည့်လိုက်စဉ်တွင် သာမန်ဖြစ်ပုံရသော်လည်း ပါးစပ်ဟလိုက်ပြီဆိုတာနှင့် ထူးဆန်းသော အကျင့်စရိုက်တွေ ပေါ်ထွက်လာလိမ့်မည်ဟု ဘယ်သူက ခန့်မှန်းနိုင်မှာတဲ့လဲ။
ရှီရွှမ်း၏ ဘလိုင်းဒိတ်တွေက ရှီလီကိုလည်း ညှင်းဆဲနေလေသည်။
တစ်ပတ်ကြာ အညှင်းဆံခံရပြီးနောက် ကျောင်းတက်ရသည့် နေ့ရက်တွေကိုတောင် ရှီလီ လွမ်းလာတော့သည်။
ဒီမှောင်မိုက်တဲ့ အချိန်ကြီးက ဘယ်တော့မှအဆုံးသတ်မှာလဲ။
ရှီရွှမ်းသည် ယခင်က ကျောင်းသားမျိုးစုံ၊ မိဘမျိုးစုံနှင့် ရင်ဆိုင်ခဲ့ဖူးသဖြင့် ထူးဆန်းသောစရိုက်မျိုးစုံကို မြင်တွေ့ခဲ့ဖူးလေပြီ။ ဤငကြောင်များက သူမ သည်းခံနိုင်သောအတိုင်းအတာထဲ ရှိနေသေးသည်။
ရှီလီကို ကြည့်ရသည်မှာ ရှီရွှမ်းထက်စာရင်ဘလိုင်းဒိတ်တွေကို ပိုပြီးတွန့်ဆုတ်နေသည့်ပုံရပြီး အပြင်လူသာဆို ရှီလီကသာ ဘလိုင်းဒိတ်သွားဖို့ ဖိအားပေးခံထားရသည့်သူဆိုပြီးတွေးမိမှာပင်။
ဘလိုင်းဒိတ်များတွင် ရှီရွှမ်းအား အဖော်ပြုပေးရမှာကို ရှောင်ရှားရန်အတွက် ရှီလီက အတန်းချိန်တွေအတွက် ကျောင်းပြန်တက်ရဦးမည်ဟူသော ဆင်ခြေတွေပင် ပေးခဲ့သေးသည်။
အမှန်တော့ သူမ အတန်းမတက်ချင်သော်ငြား ဘလိုင်းဒိတ်များကို ပိုပြီးတော့ ရှောင်ဖယ်ချင်နေမိတာကြောင့် ဖြစ်သည်။
264 03
ရှီရွှမ်းက ဖုန်းထဲကနေ သရော်လိုက်သည်။“ဘယ်သူက အဲဒါကို ယုံမှာတဲ့လဲ။ ငါ နင်တို့ဧည့်ခန်းထဲ ရောက်နေပြီ။ နင်မထဘူးဆိုရင် ငါကိုယ်တိုင် အပေါ်တက်လာပြီး လာနှိုးမှာ”
ကားထဲက ခရီးသည်ထိုင်ခုံတွင် တွန့်ဆုတ်စွာ ထိုင်ပြီးသည့်နောက် ပုံမှန်မောင်းလေ့မောင်းထမရှိသဖြင့် ရှီရွှမ်း၏ ကားမောင်းစကေးလ်က အတော်လေး သာမန်ဆန်တာကို ရှီလီ သတိပြုမိလိုက်သည်။
ရှီလီသည် လုံခြုံရေးခါးပတ်ကို တင်းကြပ်စွာပတ်လိုက်ကာ အသက်ကို တန်ဖိုးထားသဖြ င့်ဟာသမနှောဘဲ မနေနိုင်တော့ပေ။ “ဘာလို့ဒရိုင်ဘာမခေါ်တာလဲ။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံနေရတယ်လို့”
မနက်အစောကြီး ထွက်လာရတာကြောင့် ရှီလီမှာ အတော်လေး စိတ်ပျက်နေလေ၏။ “အစ်မအနေနဲ့ အလုပ်မသွားဘဲ နေ့တိုင်း ဘလိုင်းဒိတ်တွေပဲ သွားနေတာ တကယ်ရောအဆင်ပြေရဲ့လား”
“နင်ကလေ ကျောင်းသူပဲရှိသေးတယ်၊ အိမ်မှာတစ်နေကုန်တစ်နေခမ်း လှဲပြီး အိပ်နေတာပဲ။ ငါ ကျောင်းကနေ ခွင့်ယူလာခဲ့ပြီ၊ သာမန်အတန်းချိန်တွေကို သက်ရောက်မှု မရှိတော့၊ လစာနည်းနည်းလျော့သွားမှာကို ငါတော့ဂရုမစိုက်ပေါင်”
ရှီလီမှာ တိုးတိုးတိတ်တိတ် မရေရွတ်မိဘဲမနေနိုင်တော့ပေ။ “အစ်မရဲ့လစာ အနုတ်ဘက်ပြလာမှာပဲ စိုးရိမ်ရတယ်၊ တော်ကြာ သူတို့ဆီ အကြွေးတင်နေဦးမယ်”
ရှီရွှမ်းက ကားမောင်းရာ၌ အာရုံစိုက်ထားပြီး ကားလှည့်လိုက်ချိန်၌ အံ့ဩတကြီး ရေရွတ်လိုက်သည်။ “အိုး၊ အဲဒါ နင့်အတန်းဖော်မဟုတ်လား”
ရှီလီက ခေါင်းရှုပ်ထွေးစွာဖြင့် မေးလိုက်၏။“ဘယ်အတန်းဖော်လဲ။ ညီမရဲ့ အတန်းဖော်တွေကို ဘယ်တုန်းက မြင်ဖူးသွားတာလဲ”
ရှီရွှမ်းသည် နောက်ကြည့်မှန်ကနေ ပြန်ကြည့်လိုက်ရင်း “နောက်ဆုံးတစ်ခေါက်တုန်းက နင်နဲ့အတူတူ ငါတို့အိမ်ကိုရောက်လာတဲ့ မိန်းကလေး အတန်းဖော်လေ။ အခုက အတန်းချိန်ရှိတယ်မလား။ သူမက ဘာလို့ ကျောင်းမှာမရှိဘဲ ကောင်လေးနဲ့ ရှိနေရတာလဲ”
သူမ၏ ဆရာမဗီဇက ဝင်ရောက်လာကာအတန်းလစ်သော ကျောင်းသားတွေကို မြင်တွေ့လိုက်ရတာက သူမကို မျက်မှောင်ကြုတ်မိလာစေသည်။ ကားရပ်၍ ဘာတွေဖြစ်နေတယ်ဆိုတာကို ကြည့်ဖို့တောင် စဉ်းစားထားတာပင်။
အထက်တန်းကျောင်းက အရေးကြီးနေသည့်အချိန် ရောက်နေပြီဖြစ်ကာ ကျောင်းသားတွေအနေနှင့် စာသင်ကြားရာတွင် ဆက်ဆံရေးများ ၏ သက်ရောက်ခြင်းကိုခံရနိုင်သဖြင့် ရည်းစား မထားသင့်ပေ။
မိန်းကလေးတွေက ဖြူစင်ရိုးသားပြီး အလွယ်တကူ လှည့်စားလို့ရသည်။
ရှီလီနှင့်အတူ ရှီရွှမ်း၏အိမ်သို့ ရောက်လာသည့်မိန်းကလေး အတန်းဖော်။
ရှီလီ၏စိတ်ထဲတွင် အရပ်ရှည်ပြီး ပိန်ပါးသောပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့သည်။
ရုံရုံက သင်ကြားရေးလက်ထောက်ဖြစ်ကာ ယခုချိန်ဆို ကျောင်းမှာပဲ ရှိနေသင့်သည်။
ရှီရွှမ်း ပြောပုံအရဆို သူမအနေနှင့် အထူး သဖြင့် ကောင်လေးတစ်ယောက်နှင့်အတူ ကျောင်းအပြင်ရောက်နေတာက ပုံမှန်မဟုတ်နေချေ။