← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆) - တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို တိုက်ခိုက်ခြင်းနှင့် ပြိုင်ဘက်ကင်း ကြမ်းတမ်းမှု

~ယခင်က ယဲ့ဖုန်းသည် "ရွေးချယ်ခံရသူ" ဟူသော ဂုဏ်ပုဒ်ကို အသုံးပြု၍ လူများကို လှည့်စားရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုအယောင်ဆောင်မှုသည် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

သူသည် စနစ်မျက်နှာပြင် ကို အလျင်အမြန် ဖွင့်လိုက်လေ၏။

အပြာရောင် စာတန်းများ သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည် -

[ဂိုဏ်းချုပ် - ယဲ့ဖုန်း (ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်+၊ နှစ်ပေါင်း (၁၀၀) စာ ကျင့်ကြံခြင်းနှင့် ညီမျှသော သူရဲကောင်းဝိညာဉ်စွမ်းအားကို ရရှိထားပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့်၏ အကန့်အသတ်မဲ့နီးပါး ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်သည်)]

[ဂိုဏ်း - မြူခိုးဂိုဏ်း (အဆင့်နိမ့်)]

[ဂိုဏ်းဂုဏ်သတင်း - ၁၆၀၁]

ယဲ့ဖုန်းသည် အောက်ပါစာများကို ဆက်ဖတ်မနေတော့ဘဲ သူ့နာမည်နောက်ရှိ ရှည်လျားသော ရှင်းလင်းချက်ကိုသာ အာရုံစိုက်လိုက်သည်။

‘အဝေးက ပစ္စည်းတွေကို လှမ်းယူနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး... ငါက နှစ်ပေါင်း (၁၀၀) စာနဲ့ ညီမျှတဲ့ သူရဲကောင်းဝိညာဉ်စွမ်းအားကို ရရှိထားတာကိုး... ကောင်းကင်နဲ့ မြေကြီး စွမ်းအား အနည်းငယ်ကို ထိန်းချုပ်နိုင်ပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်နဲ့ နီးကပ်နေပြီပဲ…’

ယဲ့ဖုန်း၏ အသက်ရှူသံများ မြန်ဆန်လာ၏။

'ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ပေါင်းလိုက်ရင်... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် စိန်ခေါ်နိုင်ပြီ မဟုတ်လား...'

စွမ်းအား တိုးတက်မှုက မြန်ဆန်လွန်းသည်ဟု ခံစားရသော်လည်း သေချာ ပြန်စဉ်းစားကြည့်သောအခါ ပုံမှန်ပင် ဖြစ်သည်ဟု ယဲ့ဖုန်း ယူဆလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူက ရွေးချယ်ခံရသူလေ...။

ထို့အပြင် သူရဲကောင်းဝိညာဉ် စွမ်းအားသည် 'ဓာတ်ငါးပါးဝိညာဉ်ပုလဲ' ထဲတွင် ကိန်းအောင်းနေခြင်း ဖြစ်၏။ ပုလဲကိုယ်တိုင်က အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်ပြီး စွမ်းအား မသေးလှပေ။ အနီရောင်ဝတ် အမျိုးသမီး အသုံးပြုစဉ်က နီရှန်နန်းတော် တပည့်များစွာ၏ ဝင်္ကပါတိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့သည် မဟုတ်ပါလော။

နီရှန်နန်းတော်သခင်မသာ ဒေါသတကြီး ဝင်ရောက်မတိုက်ခိုက်ခဲ့လျှင် အနီရောင်ဝတ် အမျိုးသမီးသည် ပုလဲကို ယူဆောင်ပြီး ထွက်ပြေး လွတ်မြောက်သွားနိုင်ပေလိမ့်မည်။

ထို့ကြောင့် သူရဲကောင်းဝိညာဉ်စွမ်းအား၏ အထောက်အပံ့ မပါဘဲ ပုလဲ၏ စွမ်းအားသက်သက်ဖြင့်ပင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။

'အခုအချိန်မှာ စွမ်းအားတွေ အများကြီး ပေါင်းစပ်ထားတော့... ဒီ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို ဖောက်ထွက်ဖို့ မခက်ခဲလောက်ပါဘူး...'

ဤသို့ တွေးတောပြီးနောက် ယဲ့ဖုန်းသည် ဓာတ်ငါးပါးဝိညာဉ်ပုလဲကို သိမ်းဆည်းလိုက်သည်။ သူရဲကောင်းဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် တည်ရှိနေဆဲဖြစ်ပြီး ပျောက်ကွယ်မသွားကြောင်း တွေ့ရှိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားလေ၏။

"မိတ်ဆွေတို့... လျှောက်ပြီး ခန့်မှန်းမနေကြပါနဲ့..."

"ကျွန်တော်က နီရှန်နန်းတော်သခင်မရဲ့ သားလည်း မဟုတ်သလို... သူ့ရဲ့ ကျင့်ကြံဖော် လည်း မဟုတ်ပါဘူး... နီရှန်နန်းတော်ရဲ့ 'ဂုဏ်ထူးဆောင် အကြီးအကဲ' တစ်ယောက်ပါ..."

"ဓာတ်ငါးပါးဝိညာဉ်ပုလဲ ဘာလို့ ကျွန်တော့်လက်ထဲ ရောက်နေလဲ ဆိုတာကတော့... ကျွန်တော်နဲ့ နီရှန်နန်းတော်သခင်မ ကြားက လျှို့ဝှက်ချက်ပါ..."

"ဒါ့အပြင်... ကျွန်တော့်ရဲ့ စွမ်းအားတွေ ရုတ်တရက် တိုးတက်လာတာကို တွေ့လိုက်ရတယ်... ဒါက သူရဲကောင်းဝိညာဉ်တွေက ကျွန်တော့်ကို ဆန္ဒအသစ်တစ်ခု ပေးအပ်လိုက်လို့ ဖြစ်မယ်... နတ်ဆိုးတွေကို သတ်ဖြတ်ပြီး ရေပေါ်ဖြူမြို့တော်ကို ငြိမ်းချမ်းမှု ပြန်လည်ရယူပေးဖို့ပေါ့..."

ယဲ့ဖုန်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး လက်သီးကို ဆုပ်ကာ မိန့်ခွန်းပြောနေသကဲ့သို့ လေးနက်ပြတ်သားသော အသံဖြင့် ပြောလိုက်ရာ လူများကို ကြက်သီးထသွားစေသည်။

နောက်တစ်ခဏတွင်...

လူအများ၏ လေးစားအားကျသော အကြည့်များအောက်တွင် ယဲ့ဖုန်းသည် 'ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့’ ၏ ဒိုင်းကာအပြင်ဘက်သို့ ထွက်ခွာသွား၏။ မြန်ဆန်စွာပင်၊ လက်သီး တစ်ချက်တည်းဖြင့် ဧရာမ ကျောက်သားမြွေကြီး တစ်ကောင်ကို ဖျက်ဆီးပစ်လိုက်လေ၏။

"သူ့ရဲ့ စွမ်းအားတွေ တော်တော် တိုးလာသလိုပဲ..." အမည်းစက်ပြောက် မြွေနတ်ဆိုး၏ မျက်နှာထား မဲမှောင်သွားသည်။

"ဘာ ကြောက်စရာ ရှိလို့လဲ... ငါတို့မှာ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ ရှိတယ်လေ... ရှေ့ပြေးပုံစံပဲ ရှိသေးပေမယ့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် ဘယ်သူကများ ဖြိုခွင်းနိုင်မှာလဲ..."

ဝံပုလွေ ဗိုလ်ချုပ်လေးသည် အေးစက်သော မျက်နှာထားဖြင့် အဓိက ဝင်္ကပါအလံကို ဆက်လက် ဝှေ့ယမ်းနေလိုက်သည်။

ဧရာမ ကျောက်သားမြွေကြီး အားလုံးသည် ယဲ့ဖုန်းထံသို့ တိုးဝင်သွားကြပြီး မြေကြီးတုန်ခါမှု၊ ဖုန်မှုန့်များ လွင့်ပျံမှုနှင့် စွမ်းအင်စီးကြောင်းများ ရိုက်ခတ်မှုတို့ကို ဖြစ်ပေါ်စေကာ အလွန်အမင်း အန္တရာယ်ကြီးမားလှသည်။

သို့သော် ယဲ့ဖုန်းသည် တိုးဝင်လာသော ကျောက်သားမြွေကြီးများကို လက်သီး တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။

ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးကဲ့သို့ သူသည် ဝင်္ကပါ အကာအကွယ်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ စနစ်သိုလှောင်ခန်းထဲမှ ဓားကျိုးကို ထုတ်ယူလိုက်ပြီး လေထဲသို့ ခုန်တက်ကာ အစွမ်းကုန် အားစိုက်ထုတ်မှုနှင့်အတူ ကောင်းကင်နှင့် မြေကြီး စွမ်းအားများကိုပါ ပေါင်းစပ်၍ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေ၏။

"ရွှပ်..."

မြေကမ္ဘာ ဝင်္ကပါ၏ အကာအကွယ်သည် တောက်ပသော အလင်းရောင်နှင့်အတူ ကွဲအက်သွားပြီး အလယ်တည့်တည့်မှ ကွဲထွက်သွားကာ (၁၀) မီတာခန့် မြင့်ပြီး (၁) မီတာခန့် ကျယ်သော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။

ယဲ့ဖုန်းသည် အပြင်သို့ ခုန်ထွက်လိုက်ရာ သူ၏ ခြေထောက်အောက်ရှိ ကျောက်တုံးကြီးသည် နတ်ဆိုးဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ အမှုန့်ဖြစ်သွားလေ၏။

"ဆုတ်... မြန်မြန် ဆုတ်..."

ဝံပုလွေ ဗိုလ်ချုပ်လေးသည် ကြောက်လန့်တကြား အော်ဟစ်ပြီး လှည့်ပြေးလေတော့သည်။

မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ၏ ရှေ့ပြေးပုံစံကိုပင် ဖြိုခွင်းနိုင်သည် ဆိုကတည်းက ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ပြသနေ၏။

မပြေးရင် သေမှာ စောင့်နေရမှာပေါ့...

အမည်းစက်ပြောက် မြွေနတ်ဆိုးလည်း ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသဖြင့် အပြာရောင်ဓားကို ကိုင်ဆောင်လျက် လှည့်ပြန်လာပြီး ယဲ့ဖုန်း၏ လည်ပင်းကို ခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။

"ဒေါင်..."

ယဲ့ဖုန်းသည် အပြာရောင်ဓားကို လက်ဖဝါးနှစ်ဖက်ကြားတွင် ညှပ်ဖမ်းလိုက်ပြီး အားကုန် ကွေးလိုက်ရာ အမည်းစက်ပြောက် မြွေနတ်ဆိုး၏ မျက်နှာ စိမ်းပုပ်သွားလေ၏။

"ကျွီ..."

ယဲ့ဖုန်းသည် အပြာရောင်ဓားကို လုယူလိုက်ပြီး အမည်းစက်ပြောက် မြွေနတ်ဆိုး၏ အမြီးကို ခုတ်ပိုင်းပစ်လိုက်ရာ သူမသည် ကြောက်လန့်တကြားဖြင့် 'သွေးများ ဝေါ့ခနဲ အန်ချ' လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် အနီရောင် အလင်းတန်းများ လွှမ်းခြုံသွားပြီး အရှိန်အဟုန် အဆပေါင်းများစွာ မြင့်တက်သွားကာ မျက်တောင်တစ်ခတ်အတွင်း မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

"ဘုရားရေ..."

ဒီမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဝံပုလွေ ဗိုလ်ချုပ်လေးသည် ကြောက်လန့်တကြားဖြင့် 'ဒရောသောပါး ပြေးလွှား' လေတော့သည်။

"ဘယ်ကို ပြေးမလို့လဲ..."

ယဲ့ဖုန်းသည် အပြာရောင်ဓားကို လှမ်းပစ်လိုက်ရာ ထွက်ပြေးနေသော ဝံပုလွေ ဗိုလ်ချုပ်လေး၏ ညာဘက်လက်ကို ဖြတ်တောက်သွားပြီး အဓိက ဝင်္ကပါအလံသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေ၏။

"သွေးထွက်ပြေးခြင်း နည်းစနစ်.."

ဝံပုလွေ ဗိုလ်ချုပ်လေးသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး အနီရောင် အလင်းတန်းများဖြင့် ဖုံးအုပ်ကာ အရှိန်မြှင့်တင်လိုက်ပြီး ချက်ချင်းပင် မျက်စိရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။

"ငါးကြီးနှစ်ကောင် လွတ်သွားတယ်... နှမြောစရာပဲ..."

ယဲ့ဖုန်းသည် ခဏမျှ လိုက်ဖမ်းသော်လည်း ဝံပုလွေ ဗိုလ်ချုပ်လေးနှင့် အမည်းစက်ပြောက် မြွေနတ်ဆိုးတို့၏ ထွက်ပြေးနှုန်းမှာ မြန်ဆန်လွန်းသဖြင့် မမီနိုင်တော့ဘဲ လက်လျော့ကာ ပြန်လှည့်လာခဲ့ရသည်။

သို့သော် မြေကြီးပေါ်တွင် ကျနေသော ဝင်္ကပါအလံကို ကောက်ယူလိုက်သောအခါ ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် 'ကောက်ကျစ်စဉ်းစားသော အပြုံး' တစ်ခု ပေါ်လာလေ၏။

ဒါက မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို ထိန်းချုပ်တဲ့ အဓိက အလံပဲ။

ဘယ်သူ ပိုင်ခဲ့တာလဲဆိုတာ အရေးမကြီးတော့ဘူး... အခု ဒါက ငါ့ပစ္စည်း ဖြစ်သွားပြီ။ ဒီလို အလကားရလိုက်တဲ့ ခံစားချက်က ပျော်စရာ ကောင်းလိုက်တာ။

"ဂိုဏ်းချုပ်ယဲ့... တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ နှစ်ကောင်လုံးကို အနိုင်ယူလိုက်တာလား... တကယ့်ကို ရဲရင့်ပြီး ကြမ်းတမ်းတာပဲ..."

"ဂိုဏ်းချုပ်ယဲ့က ပြိုင်ဘက်ကင်းပဲ..."

"ကျွန်တော်တို့ကို အပြင်ထွက်ခွင့် ပြုပါဦးဗျာ..."

‘

ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များသည် ယဲ့ဖုန်းလက်ထဲမှ ဝင်္ကပါအလံ၊ မြေကြီးပေါ်မှ ဝံပုလွေ ဗိုလ်ချုပ်လေး၏ လက်ပြတ်နှင့် တွန့်လိမ်နေဆဲ ဖြစ်သော အမည်းစက်ပြောက် မြွေနတ်ဆိုး၏ အမြီးပြတ်ကို ကြည့်ပြီး တံတွေးမြိုချလိုက်ကြ၏။

ယဲ့ဖုန်းသည် အဓိက ဝင်္ကပါအလံကို ကိုင်ဆောင်လျက် အကာအကွယ်ရှေ့တွင် ရပ်နေပြီး ရုတ်တရက် လေးနက်တည်ငြိမ်သွားသဖြင့် လူတိုင်း၏ ကျောချမ်းသွားစေသည်။

‘ဂိုဏ်းချုပ်ယဲ့က ငါတို့အားလုံးကို သတ်တော့မလို့လား…’

‘ဒါပေမဲ့ အတွင်းထဲမှာ မြူခိုးဂိုဏ်း တပည့်တွေ ရှိနေသေးတယ်လေ... ကျားတောင် သူ့သားသမီးကို မစားဘူးတဲ့... ဆရာတစ်ယောက်က တပည့်တွေကို သတ်ပါ့မလား…’

ဂိုဏ်းချုပ်များသည် ထိတ်လန့်တုန်လှုပ်နေကြပြီး အတွင်းစိတ်ထဲတွင် ဗလောင်ဆူနေကြ၏။

"ကျွန်တော်... ကျွန်တော် ဝင်္ကပါအလံကို ဘယ်လိုသုံးရမလဲ မသိဘူးဗျ..."

နောက်ဆုံးတွင် ယဲ့ဖုန်းက မျက်နှာအပျက်ပျက်ဖြင့် 'ဖွင့်ဟဝန်ခံ' လိုက်သည်။

ဒီစကားကို ကြားလိုက်ရတော့ အားလုံး မြေကြီးပေါ် လဲကျလုမတတ် ဖြစ်သွားကြ၏။

‘အစ်ကိုကြီးရာ...

ခင်ဗျား မသုံးတတ်ရင် ကျုပ်တို့ ဘယ်လို ထွက်ရမှာလဲ…’

အားလုံး ဆွံ့အသွားကြ၏။

"မပူကြပါနဲ့... ကျွန်တော် မသုံးတတ်ပေမယ့်... ကျွန်တော့်တပည့်ကို ခိုင်းပြီး ဝင်္ကပါကြီးကို ဖျက်ဆီးပြီး ခင်ဗျားတို့ကို လွှတ်ပေးလို့ ရပါတယ်..."

ယဲ့ဖုန်းက နဖူးကို ရိုက်လိုက်ပြီး အကြံကောင်း တစ်ခု ရသွားသလို ပြောလိုက်သည်။

အားလုံး မျက်လုံးလှန်ကြည့်လိုက်ကြ၏။

‘အစ်ကိုကြီး... ခင်ဗျားနဲ့ ဝင်္ကပါအလံက အပြင်မှာလေ... ကျုပ်တို့က အတွင်းထဲမှာ... ဘယ်လိုလုပ် ထိန်းချုပ်မလဲ…’

လူတိုင်း၏ အတွေးမဆုံးခင်မှာပင် ယဲ့ဖုန်းသည် ဓားကျိုးကို ထုတ်ယူပြီး အကာအကွယ်ကို ခွဲကာ လမ်းကြောင်း တစ်ခု ဖွင့်လိုက်ပြီး တည်ငြိမ်စွာ လမ်းလျှောက်ဝင်လာခဲ့လေ၏။

ဂိုဏ်းချုပ်များ - "..."

ထိုအခါမှသာ ယဲ့ဖုန်းသည် အလွန်အမင်း စွမ်းအားကြီးမားပြီး ဝင်္ကပါကို ဖောက်ဝင်ခြင်းသည် သူ့အတွက် ပြဿနာမဟုတ်ကြောင်း သတိရသွားကြ၏။

ဒီလို နည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းလိုက်တာ။

ယဲ့ဖုန်းသည် ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့၏ ဒိုင်းကာအတွင်းသို့ ဝင်ရောက်လာပြီး အဓိက ဝင်္ကပါအလံကို ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးနှင့် ဗဟုသုတ အကြွယ်ဝဆုံး ဖြစ်သော မိုယင်အား ကမ်းပေးလိုက်သည်။

"မင်း ထိန်းချုပ်လိုက်..."

မိုယင်သည် ယဲ့ဖုန်းက သူမကို ဤမျှ ယုံကြည်ပြီး ဝိညာဉ်ကျောက်တုံး ထောင်ချီတန်သော ဝင်္ကပါကို လွှဲအပ်လိုက်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ရင်ထဲတွင် နွေးထွေးသွားလေ၏။

"ကျွန်မ ကြိုးစားကြည့်ပါ့မယ်..."

မိုယင်သည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်ကို အဓိက ဝင်္ကပါအလံထဲသို့ ထည့်သွင်းကာ ထိန်းချုပ်မှု ရယူလိုက်သည်။

ထို့နောက် မိုယင်သည် အဓိက ဝင်္ကပါအလံကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ရာ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ၏ အကာအကွယ်သည် ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားလေ၏။ ဝင်္ကပါအလံ (၁၂) ခုသည် တစ်ခုပြီးတစ်ခု ပျံတက်လာပြီး ယဲ့ဖုန်း၏ ရှေ့တွင် လာရောက်စုပုံနေကြ၏။

သတ်ဖြတ်ခြင်း ဝင်္ကပါ ပျက်စီးသွားပြီဖြစ်သဖြင့် အားလုံးသည် နောက်ဆုံးတွင် လွတ်လပ်ခွင့် ပြန်လည်ရရှိသွားကြလေတော့သတည်း။

အခန်း (၇၇) - ဝိညာဉ်သတ္တုတွင်းကို ပိုင်ဆိုင်သွားခြင်းနှင့် သီးသန့်ကမ္ဘာလေးတစ်ခု

~"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့..."

ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူ အားလုံးသည် ယဲ့ဖုန်းကို ရိုသေလေးစားစွာ ဦးညွှတ် အရိုအသေ ပြုလိုက်ကြ၏။

အကယ်၍ ယနေ့တွင် ယဲ့ဖုန်းသာ ရဲရဲဝံ့ဝံ့ ဝင်ရောက်မကူညီခဲ့ပါက ၎င်းတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းသည် ရုတ်တရက် အဆုံးသတ်သွားရပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေကြခြင်း ဖြစ်ပေသည်။

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ... ဒီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ပါ... လက်ခံပေးပါခင်ဗျာ..."

"ကျွန်တော့်ဆီမှာလည်း ဝိညာဉ်ကျောက်တုံး (၅၀) ရှိပါတယ်..."

"ကျွန်မဆီမှာတော့ အဆင့်နိမ့် ချီစုစည်းခြင်း ဆေးလုံး တစ်ပုလင်း ရှိပါတယ်ရှင်..."

ရောက်ရှိနေသော ဂိုဏ်းချုပ် (၁၀) ဦးကျော်သည် ယဲ့ဖုန်းက ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သော အနေဖြင့် ကိုယ်စီ တန်ဖိုးကြီး ပစ္စည်းများကို ထုတ်ယူကာ ပေးကမ်းကြလေ၏။

ယဲ့ဖုန်းသည် ဟန်ဆောင် ငြင်းဆန်မနေဘဲ ဝမ်းသာအားရ လက်ခံလိုက်၏။

"ကျွန်တော်တို့ တောင်ပြိုဂိုဏ်း အနေနဲ့ ဒီ ဝိညာဉ်သတ္တုတွင်းကို ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး... ဂိုဏ်းချုပ်ယဲ့နဲ့ မြူခိုးဂိုဏ်းကိုပဲ ပေးလိုက်ပါတော့မယ်..."

"ငှက်မွေးတောင်ဂိုဏ်းလည်း မယှဉ်ပြိုင်တော့ပါဘူး..."

"ဒီအန္တရာယ်ကြီးကို ကြုံပြီးတဲ့နောက်... ကျင့်ကြံခြင်းလောကရဲ့ ကြောက်စရာ ကောင်းပုံကို သဘောပေါက်သွားပြီ... မျိုးဆက်ပြတ်သွားမှာတောင် စိုးရိမ်မိတယ်ဗျာ... ပြန်ရောက်ရင် မယားတစ်ယောက်လောက် ရှာယူပြီး စိတ်ငြိမ်အောင် နေတော့မယ်..."

"သွားတော့မယ်ဗျာ..."

ဂိုဏ်းအသီးသီးမှ အဖွဲ့ဝင်များသည် ဒဏ်ရာအသီးသီး ရရှိထားကြသဖြင့် ပြန်လည်ကုသရန် အလျင်လိုနေကြပြီး တောင်ကြားမှ အမြန် ထွက်ခွာသွားကြလေတော့သည်။

"ကောင်းပါပြီ... လိုက်မပို့တော့ဘူးနော်..."

ယဲ့ဖုန်းသည် ထွက်ခွာသွားသော လူအုပ်ကြီးကို လက်ပြ နှုတ်ဆက်လိုက်၏။

လူအားလုံး ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ လုံထျန်းရှင်းသည် (၃) ပေခန့် အမြင့်ထိ ခုန်တက်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုလေ၏။

"ဂိုဏ်းချုပ်... ဝိညာဉ်သတ္တုတွင်းက ကျွန်တော်တို့အပိုင် ဖြစ်သွားပြီ..."

ယဲ့ဖုန်းသည် လျှောက်လှမ်းလာပြီး လုံထျန်းရှင်း၏ ခေါင်းကို လက်ဖြင့် ဖိချလိုက်၏။

"စိတ်မလွတ်နဲ့ဦး... ပြီးတော့... ငါက သိုင်းပညာ မသုံးတတ်ဘူးဆိုတော့... မင်းတို့က မြေလျှိုးခြင်း သိုင်းကွက်ကို သုံးပြီး အပျက်အစီးတွေကြားထဲ ဝင်၊ နေ့မကုန်ခင် ဝိညာဉ်သတ္တုတွင်းကို ပြောင်သလင်းခါအောင် ရှင်းထုတ်ကြ..."

"ဟုတ်ကဲ့ပါ..."

တပည့်များသည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။

ထို့နောက် ယဲ့ဖုန်းသည် ဝင်္ကပါအလံများကို လိုက်လံ ကောက်ယူခြင်း၊ စစ်မြေပြင်ကို ရှင်းလင်းခြင်းများ ပြုလုပ်ပြီးမှ တပည့်များကို ဦးဆောင်ကာ ဥမင်လိုဏ်ခေါင်းထဲသို့ ပြန်လည် ဝင်ရောက်ပြီး မြေအောက် မီတာ (၃၀၀) အထိ ပြန်ဆင်းသွားကြလေ၏။

သို့သော် အပျက်အစီးများ ပြိုကျထားသဖြင့် ဝိညာဉ်သတ္တုတွင်း တည်ရှိရာ လိုဏ်ဂူမှာ ပိတ်ဆို့နေပြီး ယဲ့ဖုန်း ဝင်ရောက်၍ မရနိုင်ချေ။

"ကျွန်တော် အရင် သွားမယ်..."

ရှီလေ့သည် ရှေ့ဆုံးမှ ထွက်လာပြီး ယဲ့ဖုန်း ပေးထားသော 'မှော် လိပ်ခွံဒိုင်း' ကို ထုတ်ယူလိုက်၏။ ထို့နောက် လုံထျန်းရှင်း၏ ပခုံးကို ပုတ်ပြီး တိုက်တွန်းလိုက်သည်။

"ဂျူနီယာညီလေးလုံ... မင်းက မျက်စိပိုရှင်တယ်... ငါနဲ့ လိုက်ခဲ့..."

"စိတ်ချပါ..."

လုံထျန်းရှင်းသည် သဘာဝအတိုင်း တက်ကြွလှုပ်ရှားသူ ဖြစ်သဖြင့် ဝမ်းသာအားရ သဘောတူလိုက်၏။

မကြာမီတွင် အနှီ နှစ်ဦးသည် ပထမအဆင့် သိုင်းကွက် 'မြေလျှိုးခြင်း' ကို အသုံးပြုပြီး ဆားအိတ် တစ်အိတ် ရေကန်ထဲ ပျော်ဝင်သွားသကဲ့သို့ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားကြလေ၏။

"ငါတို့လည်း ဝင်ကြစို့..."

မိုယင်က တိုက်တွန်းလိုက်သည်။

ထိုစကားကို ကြားသောအခါ အခြားတပည့်များလည်း ခေါင်းညိတ်လိုက်ကြ၏။

မိုယင်သည် စတုတ္ထမြောက် တပည့် ဖြစ်သော်ငြား မြူခိုးဂိုဏ်း၏ ထိပ်တန်းတပည့် (၁၀) ဦးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သဖြင့် ကျန်သော သူများက သူမ၏ ဦးဆောင်မှုကို လိုလိုလားလား လိုက်နာကြလေ၏။ အားလုံးသည် အချိန်မဆွဲဘဲ 'မြေလျှိုးခြင်း' သုံးပြီး အပျက်အစီးများကြားသို့ ဝင်ရောက်သွားကြတော့သည်။

'ရေပေါ်ဖြူမြို့တော်.. အင်မော်တယ် (၅) ပါး' နှင့် 'မြေခွေးဖြူလေး' ( ရှောင်ပိုင် ) ပင်လျှင် အပျက်အစီးများကို ဖယ်ရှားပြီး အနီးနားရှိ သတ္တုရိုင်းများကို တူးဖော်ပေးကြရှာသည်။

နှစ်နာရီ ကြာပြီးနောက် -

ယဲ့ဖုန်းသည် မြေကြီးပေါ်တွင် ပုံထားသော (၅) ကုဗမီတာခန့် ရှိမည့် သတ္တုရိုင်းပုံကြီးကို ကြည့်ရှုလိုက်၏။ ၎င်းတို့သည် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ခန့် တန်ကြေးရှိပေသည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပီပြင်လာပြီး နှစ်သစ်ကူး လက်ဆောင်ကြီး ရရှိလိုက်သကဲ့သို့ ပျော်ရွှင်နေမိလေ၏။

"အကုန် ထုတ်ပြီးပြီလား..."

ယဲ့ဖုန်းက တပည့်များကို မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်ဦးလေး... အသစ် တွေ့ထားတာ ရှိတယ်..."

ထိုအခိုက်အတန့်၌ လုံထျန်းရှင်းနှင့် ရှီလေ့တို့သည် အပျက်အစီးများကြားမှ ထွက်လာပြီး စိတ်လှုပ်ရှားစွာ အစီရင်ခံကြ၏။

"ဘာတွေ့တာလဲ..."

ယဲ့ဖုန်းက မေးလိုက်၏။

လုံထျန်းရှင်းက သူ၏ မျက်လုံးကို လက်ညှိုးထိုးပြပြီး ရှင်းပြသည်။

"ခုနက အစ်ကိုကြီးနဲ့ ကျွန်တော် လိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အက်ကွဲကြောင်း အသေး တစ်ခု တွေ့ခဲ့တယ်... အဲဒီကနေ လေတိုးသံ ကြားနေရပြီး ဝိညာဉ်စွမ်းအင် အလင်းရောင်တွေ ဖြာထွက်နေတယ်... အတွင်းထဲမှာ တစ်ခုခု ရှိကို ရှိရမယ်ဗျ..."

ထိုအခါ ဟိုယွင်ကျဲသည် ရှေ့သို့ ထွက်လာ၏။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် သူတို့နဲ့ လိုက်သွားပြီး ထပ်စူးစမ်းကြည့်ပါရစေ..."

"ကောင်းပြီ... ဒါပေမဲ့ သတိထားနော်..."

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့... ကျွန်တော်တို့ အဆင်ပြေပါတယ်..."

ဟိုယွင်ကျဲက ယုံကြည်မှုရှိစွာ လက်သီးထောင်ပြလိုက်၏။

"ခဏ နေဦး..."

ဟု မိုယင်က ဟိုယွင်ကျဲကို လှမ်းတားလိုက်သည်။

"မြေခွေးတာဟုန်ကို စက္ကူစစ်သည်တော် လွှတ်ပြီး အရင် ကင်းထောက်ခိုင်းလိုက်... ကျန်တဲ့လူတွေက အနောက်က လိုက်ကြ... အဲဒါ ပိုစိတ်ချရတယ်..."

ထိုစကားကို ကြားသောအခါ အားလုံးက အဓိပ္ပာယ်ရှိသည်ဟု တွေးမိကြလေ၏။

"ကျုပ် တာဝန်ထားလိုက်..."

မြေခွေးတာဟုန်သည် သူ့အတွက် အသုံးဝင်မည့်နေရာ ရှိလာပြီဖြစ်သဖြင့် ချက်ချင်း စိတ်လှုပ်ရှားသွား၏။ မတ်တတ်ထရပ်၊ လက်နှစ်ဖက်ဖြင့် လက်ဟန်အမူအရာ ပြုလုပ်ပြီး ဝိညာဉ်စွမ်းအင် မှုတ်ထုတ်လိုက်ကာ စက္ကူစစ်သည်တော် တစ်ကောင်ကို ဖန်တီးလိုက်လေ၏။

ဟိုယွင်ကျဲက စက္ကူစစ်သည်တော်ကို ဖမ်းဆုပ်လိုက်ပြီး "မြေလျှိုးခြင်း" သုံးကာ အပျက်အစီးများကြား ဝင်ရောက်သွား၏။ လုံထျန်းရှင်းနှင့် ရှီလေ့တို့၏ ဦးဆောင်မှုနောက်သို့ လိုက်ပါပြီး ဆက်လက် စူးစမ်းရှာဖွေကြလေ၏။

ဥမင်လိုဏ်ခေါင်းထဲတွင် -

ယဲ့ဖုန်းနှင့် ကျန်သောတပည့်များသည် မြေခွေးတာဟုန် ဖန်တီးထားသည့် အလင်းဖန်သားပြင်ရှေ့တွင် စုဝေးနေကြပြီး စက္ကူစစ်သည်တော်၏ မြင်ကွင်းမှတဆင့် ကြည့်ရှုနေကြ၏။ ၎င်းသည် အလွန်ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပြီး လူတစ်ဦး ဘေးတိုက် တိုးဝင်၍ ရရုံမျှသာ ကျယ်ဝန်းကြောင်း တွေ့ရှိလိုက်ရသည်။

ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေ အက်ကွဲကြောင်းထဲမှ အလင်းရောင်များ ပိုမို ထွက်ပေါ်လာလေ ဖြစ်ပြီး အမှောင်ထု လုံးဝ မရှိတော့ချေ။

မကြာမီတွင် စက္ကူစစ်သည်တော်သည် နောက်ထပ် လိုဏ်ဂူတစ်ခုဆီသို့ ရောက်ရှိသွားလေ၏။

အတွင်းဘက် နေရာလွတ်သည် မထင်မှတ်လောက်အောင် ကျယ်ဝန်းပြီး ဘူးသီးပုံသဏ္ဍာန် ရှိ၏။ နံရံလေးဖက်စလုံးသည် ကျောက်သားများ ဖြစ်နေသဖြင့် "မြေလျှိုးခြင်း" သုံး၍ ဖြတ်သန်းမရနိုင်ပေ။ အလယ်တွင် (၃) မီတာခန့် ကျယ်သော ရေကန်လေး တစ်ခုရှိပြီး ထိုအထဲ၌ တစ်ပေခန့် မြင့်သော 'ကျောက်ဝါးမျှစ်' တစ်ခု ပေါက်ရောက်နေ၏။ ထိုအပင်မှ တောက်ပသော အရောင်အဝါများ ထွက်ပေါ်နေပြီး 'ဝိညာဉ်စွမ်းအင် ရေပွေ' တစ်ခုအဖြစ် စုစည်းနေသည်ကို အံ့သြဖွယ်ရာ တွေ့မြင်လိုက်ရသည်။

"ဒါက အသေးစား ကျောက်စိမ်းဝါးမျှစ် ပဲ... ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်ရတနာ တစ်မျိုးပါ... သူ့ရဲ့ လုပ်ဆောင်ချက်က ဝိညာဉ်စွမ်းအင် ရေပွေနဲ့ တူတယ်... ကျင့်ကြံဖို့အတွက် ကောင်းချီးမင်္ဂလာနယ်မြေ တစ်ခု ဖန်တီးပေးနိုင်တယ်..."

မိုယင်သည် သူမ၏ ဗဟုသုတ ကြွယ်ဝမှုကို ထပ်မံ ထုတ်ဖော်ပြသရင်း ရှင်းပြလိုက်၏။

"အန္တရာယ် မရှိဘူးဆိုတာ သေချာရင်... တူးပြီး ယူခဲ့လိုက်..."

ဟု ယဲ့ဖုန်းက အမိန့်ပေးလိုက်သည်။

မြေခွေးတာဟုန်သည် ခေါင်းညိတ်လိုက်ပြီး စက္ကူစစ်သည်တော်ကို ရေကန်ပတ်လည် လှည့်ပတ်ကြည့်ရှုခိုင်းလိုက်၏။ အန္တရာယ် မရှိကြောင်း သေချာသောအခါမှ ဟိုယွင်ကျဲနှင့် အခြားသူများကို ဝင်ရောက်လာပြီး ကျောက်စိမ်းဝါးမျှစ်ကို တူးယူရန် လက်ပြ အချက်ပြလိုက်လေ၏။

ထိုအခိုက်အတန့်၌ ရှီလေ့သည် မော့ကြည့်လိုက်ရာ ရေကန်၏ အပေါ်တည့်တည့်တွင် ရေပုံးခန့် ကျယ်သော လမ်းကြောင်းတစ်ခု အပေါ်သို့ တောက်လျှောက် ဖောက်ထွက်နေသည်ကို တွေ့ရှိလိုက်ရသည်။

"လေဝင်လေထွက် ရှိနေတာ မဆန်းပါဘူး... အပေါ်မှာ လေပေါက် ရှိနေတာကိုး..."

ရုတ်တရက် အရိပ်မည်းတစ်ခုက လေပေါက်ဝတွင် ပေါ်လာပြီး ရှီလေ့တို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ထိုးဆင်းလာလေ၏။

"သတိထား..."

ရှီလေ့သည် ရှေ့သို့ တိုးထွက်ပြီး ကာကွယ်လိုက်၏။ လက်တစ်ဖက်ဖြင့် လက်ဟန်အမူအရာ ပြုလုပ်ပြီး 'မှော် လိပ်ခွံဒိုင်း' ကို ကြီးထွားစေကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"ဒုန်း"

အရိပ်မည်းက တိုးဝင်တိုက်ခိုက်လိုက်သော အရှိန်ကြောင့် လိပ်ခွံဒိုင်းပင် မတားဆီးနိုင်ဘဲ ရှီလေ့ မြေကြီးပေါ်သို့ လဲကျသွားရရှာသည်။

ထိုအခါမှသာ အရိပ်မည်း၏ ပုံသဏ္ဍာန်အမှန် ပေါ်ထွက်လာ၏။

(၃) မီတာခန့် ရှည်လျားသော ကင်းခြေများကြီး တစ်ကောင် ဖြစ်ချေသည်။

၎င်း၏ အခွံသည် အဖြူရောင် ဖြစ်သော်လည်း ထူးဆန်းသော သတ္တုရောင် တောက်နေပြီး ဖျက်ဆီး၍ မရနိုင်မည့် ပုံစံမျိုး ဖြစ်နေ၏။

"ဒီပုံစံက... အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် နတ်ဆိုးသားရဲ အခွံဖြူ ကင်းခြေများ ပဲ... အဆိပ်ပြင်းတယ်... ကျင့်ကြံသူတွေတောင် ခံနိုင်ချင်မှ ခံနိုင်မှာ... ခံစစ်ကလည်း အရမ်းကောင်းတယ်... ကံကောင်းတာက အဆိပ်က လွဲရင် တခြား တိုက်ခိုက်နိုင်စွမ်းတွေက သိပ်မပြင်းထန်ဘူး..."

အလင်းဖန်သားပြင်ကို စိုက်ကြည့်နေသော မိုယင်သည် အခွံဖြူ ကင်းခြေများကို မြင်သည်နှင့် ချက်ချင်း သတိပေးလိုက်၏။

သို့သော် မြေခွေးတာဟုန်သည် အသံကို ဟိုဘက်ရောက်အောင် ပို့မပေးနိုင်သဖြင့် ယဲ့ဖုန်းနှင့် အဖွဲ့မှာ စိုးရိမ်ပူပန်နေကြရသည်။

ရေကန်ရှေ့တွင် -

ရှီလေ့သည် လိပ်ခွံဒိုင်းကို ကောက်ကိုင်ပြီး ရှေ့ဆုံး၌ ရပ်လိုက်သည်။ ကျောက်စိမ်းဝါးမျှစ်ကို ကိုင်ထားသော လုံထျန်းရှင်းကို အော်ဟစ်ပြောဆိုလိုက်၏။

"မင်း အရင် ပြန်နှင့်... ယွင်ကျဲနဲ့ ငါ ခဏ တောင့်ထားပေးမယ်... အား..."

ရှီလေ့ စကားမဆုံးခင်မှာပင် ဟိုယွင်ကျဲက သူ့ပခုံးကို ဖမ်းဆွဲပြီး အက်ကွဲကြောင်းထဲသို့ ပစ်ထည့်လိုက်ခြင်း ခံလိုက်ရသည်။

နောက်တစ်ခဏတွင် လုံထျန်းရှင်းလည်း ဟိုယွင်ကျဲ၏ ပစ်ထည့်ခြင်းကို ခံလိုက်ရပြန်သည်။

"ဒီမှာ ငါက အသန်မာဆုံးပဲ... မင်းတို့ အရင် ဆုတ်ကြ... ငါ ခဏ တောင့်ထားပေးမယ်..."

ဟိုယွင်ကျဲသည် သူ၏ ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ ဘယ်လက်ဖြင့် "သံမဏိ ဒိုင်းကာသိုင်း" ကို၊ ညာလက်ဖြင့် "မီးတိမ်တိုက်လက်ဝါးသိုင်း" ကို အသုံးပြုပြီး ကျောက်အက်ကွဲကြောင်းကို ပိတ်ဆို့လိုက်လေ၏။

လုံထျန်းရှင်းနှင့် ရှီလေ့တို့သည် ပြန်ကူညီချင်သော်လည်း မိမိတို့ ပြန်သွားပါက ဟိုယွင်ကျဲ ဖန်တီးပေးသော အခွင့်အရေး အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အက်ကွဲကြောင်းထဲမှ အမြန်ဆုံး တွားသွားထွက်လာကြ၏။ ထို့နောက် "မြေလျှိုးခြင်း" သုံးပြီး မြေကြီးထဲသို့ ဝင်ရောက်သွားကြလေ၏။

ဤအချိန်တွင် အခွံဖြူ ကင်းခြေများသည် ရေကန်ဘောင်ပေါ် ကျရောက်လာပြီး ကြက်သီးထဖွယ် အသံများ ပြုလုပ်နေ၏။ ၎င်း၏ ခန္ဓာကိုယ်ကို စပရိန်ကဲ့သို့ ကျုံ့လိုက်ပြီး ဟိုယွင်ကျဲထံသို့ ချက်ချင်း ခုန်အုပ်လိုက်လေ၏။

"သွားစမ်း..."

ဟိုယွင်ကျဲသည် ဒိုင်းကာဖြင့် အခွံဖြူ ကင်းခြေများကို ရိုက်ထုတ်လိုက်ပြီး အက်ကွဲကြောင်းထဲသို့ ခုန်ဝင်လိုက်သည်။ ကျောက်နံရံကို ရိုက်ချလိုက်ရာ ကျောက်တုံးကြီးများ ပြိုကျလာပြီး အက်ကွဲကြောင်း ဝင်ပေါက်အများစုကို ပိတ်ဆို့သွားစေ၏။

"သီသီလေးပဲ..."

ဟိုယွင်ကျဲသည် အပျက်အစီးများကြားမှ မြေကြီးများရှိရာ အက်ကွဲကြောင်း တစ်ဖက်အဆုံးသို့ အမြန်ဆုံး တွားသွားလိုက်သည်။ ထိုသို့ပြုလုပ်မှသာ "မြေလျှိုးခြင်း" သုံးပြီး ထွက်ပြေး၍ ရနိုင်မည် မဟုတ်ပါလော။

သို့သော် သူ အဆုံးသို့ ရောက်ခါနီး၊ မြေကြီးထဲ ဝင်ခါနီးလေးမှာပင် အခွံဖြူ ကင်းခြေများသည် ပိတ်ဆို့ထားသော ကျောက်တုံးများကို ဖြိုခွင်းပြီး အလျင်အမြန် တွားသွားရောက်ရှိလာကာ ဟိုယွင်ကျဲ၏ ပခုံးကို ကိုက်လိုက်လေတော့သည်။

"အား..."

ပြင်းထန်သော နာကျင်မှုသည် ဟိုယွင်ကျဲ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သတိလစ်မတတ် ဖြစ်သွားစေ၏။ သို့သော် နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့သော စိတ်ဓာတ်ခွန်အားဖြင့် အံကြိတ်ပြီး ဆက်လက် တွားသွားကာ မြေကြီးထဲသို့ အမြန်ဆုံး ဝင်ရောက်သွားလေတော့သတည်း။

အခန်း (၇၈) - ကာကွယ်စောင့်ရှောက်သူ ယဲ့ဖုန်းနှင့် ဝင်္ကပါသီအိုရီများ

~အခွံဖြူ ကင်းခြေများသည် ဟိုယွင်ကျဲ၏ အနံ့အသက်ကို ရရှိလိုက်သည်နှင့် တပြိုင်နက် မြေကြီးများကို ထိုးခွဲကာ အပျက်အစီးများကြားမှ မြားတစ်စင်းပမာ ပြေးထွက်သွားလေ၏။

ဥမင်လိုဏ်ခေါင်းအတွင်း၌ -

ယဲ့ဖုန်းနှင့် အဖွဲ့သည် မြေခွေးတာဟုန်၏ အလင်းဖန်သားပြင်မှတဆင့် ရေကန်ပတ်လည်၌ ဖြစ်ပျက်နေသည်များကို မြင်တွေ့နေရ၏။ ဟိုယွင်ကျဲက ၎င်းတို့ကို ကာကွယ်ပေးရန် အနောက်တွင် နေရစ်ခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့၏ ရင်ထဲ၌ ဆို့နင့်ကာ စိတ်မကောင်း ဖြစ်မိကြ၏။

သို့သော် ထို့နောက်ပိုင်း မည်သို့ ဆက်ဖြစ်သနည်း ဆိုတာကိုမူ ၎င်းတို့ မသိလိုက်ရချေ။

ဟိုယွင်ကျဲက ကျောက်နံရံကို ရိုက်ချလိုက်ပြီး လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် အခွံဖြူ ကင်းခြေများက ရူးသွပ်သွားပြီး စက္ကူစစ်သည်တော်ကို ဖျက်ဆီးပစ်လိုက်သဖြင့် အလင်းဖန်သားပြင် မဲမှောင်သွားတော့သည်။

"ဘုရားရေ... လန့်လိုက်တာ..."

ထိုခဏ၌ လုံထျန်းရှင်းနှင့် ရှီလေ့တို့သည် အပျက်အစီးများကြားမှ ခုန်ထွက်လာကြ၏။ လုံထျန်းရှင်း၏ လက်ထဲတွင် တစ်ပေခန့်ရှည်သော ကျောက်စိမ်းဝါးမျှစ်ကို ကိုင်ဆောင်ထားသဖြင့် ၎င်းတို့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဝိညာဉ်စွမ်းအင်များ ပိုမို သိပ်သည်းလာလေ၏။

မကြာမီ ဟိုယွင်ကျဲလည်း အပျက်အစီးများကြားမှ လွတ်မြောက်လာလေ၏။

သို့သော် ယဲ့ဖုန်းရှေ့သို့ ရောက်သည်နှင့် ဟိုယွင်ကျဲ၏ အမြင်အာရုံများ ဝေဝါးသွားပြီး ဒူးတစ်ဖက် ထောက်လျက် 'ခန္ဓာကိုယ် ပျော့ခွေလဲကျ' မလို ဖြစ်သွားသည်။

"ယွင်ကျဲ... မင်း ဘာဖြစ်သွားတာလဲ..."

ယဲ့ဖုန်းက သူ့ကို ချက်ချင်း တွဲထူလိုက်၏။ သူ့လက်က ဟိုယွင်ကျဲ၏ ပခုံးကို ကိုင်မိလိုက်ရာ စိုစွတ်နေသည်ကို သတိထားမိလိုက်သည်။

"သူ အခွံဖြူ ကင်းခြေများရဲ့ ကိုက်တာ ခံလိုက်ရပြီ..."

မိုယင်က ယဲ့ဖုန်း ကိုင်ထားသော နေရာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

သေချာ ကြည့်လိုက်သောအခါ အပေါက်ငယ်လေး နှစ်ခုကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင် တစ်ဝိုက်တွင် နီရဲ ရောင်ရမ်းနေပြီး သွေးများ စီးကျနေဆဲ ဖြစ်၏။

"ဝုန်း"

ထိုအခိုက်အတန့်၌ အခွံဖြူ ကင်းခြေများသည် အပျက်အစီးများကြားမှ ကျောက်တုံးကြီးတစ်ခုကို ဖြိုခွင်းပြီး လူအုပ်ကြီးထံသို့ 'ဒရောသောပါး ပြေးလွှား' ဝင်ရောက်လာလေ၏။

"ငါ့တပည့်ကို ကိုက်ရဲတယ်ပေါ့..."

ယဲ့ဖုန်း ဒေါသထွက်သွား၏။

သူသည် အခွံဖြူ ကင်းခြေများထံသို့ လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ဆုပ်ကိုင်လိုက်သကဲ့သို့ လက်ဟန်ပြုလုပ်လိုက်သည်။ ကင်းခြေများကြီးသည် မမြင်ရသော လက်တစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသကဲ့သို့ လေထဲတွင် တွဲလောင်းပါသွားပြီး ရုန်းကန်နေရရှာသည်။

"သေစမ်း..."

ယဲ့ဖုန်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အားကုန် ညှစ်လိုက်၏။ "ခွပ်" ကနဲ အသံနှင့်အတူ အခွံဖြူ ကင်းခြေများ၏ အခွံမာကြီး ကွဲကြေသွားပြီး အတွင်းကလီစာများ ထွက်ကျလာလေတော့သည်။

'တကယ်ကို အစွမ်းထက်တဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအားပါလား... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့် စံနှုန်းကို တကယ် ရောက်ရှိနေပြီပဲ... ငါတို့ ဂိုဏ်းချုပ်က တပည့်တွေရဲ့ ဘေးကင်းရေးကို စိုးရိမ်လွန်းလို့ သူ့ရဲ့ စွမ်းအားတွေကို မထင်မှတ်ဘဲ မြှင့်တင်လိုက်နိုင်တာပဲ... အံ့သြစရာ ကောင်းလိုက်တာ...'

မိုယင်သည် တိတ်ဆိတ်စွာ ကြည့်ရှုရင်း စိတ်ထဲမှ 'ရေရွတ်' ကာ ချီးကျူးလိုက်မိ၏။

"ဂိုဏ်းချုပ်... ဒုတိယအစ်ကိုကြီးကို လာကြည့်ပါဦး..."

ကျားယွိလန်၏ အသံကြောင့် ယဲ့ဖုန်း သတိဝင်လာ၏။ သူ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်ကို သတိထားမိလိုက်သော်လည်း ဂရုမစိုက်နိုင်တော့ဘဲ ဟိုယွင်ကျဲ၏ ပခုံးပေါ်မှ အဝတ်အစားများကို 'ကပျာကယာ' ဆွဲဖြဲလိုက်ရာ ခရမ်းရောင်သမ်းနေသော ရောင်ရမ်းနေသည့် အနာကို တွေ့လိုက်ရ၏။

"အဆိပ်သွေးတွေကို အရင် ဖောက်ထုတ်ရမယ်..."

ယဲ့ဖုန်းသည် ဟိုယွင်ကျဲကို ဇောက်ထိုး ဆွဲမလိုက်ပြီး သန့်ရှင်းသော ဓားမြောင်တစ်လက်ဖြင့် အနာပတ်လည်ကို ခွဲစိတ်ကာ မဲနက်နေသော အဆိပ်သွေးများကို ဖောက်ထုတ်လိုက်လေ၏။

ထို့နောက် သူ တစ်ခုခုကို သတိရသွားပြီး စနစ်သိုလှောင်ခန်းထဲမှ ရေပုလင်းတစ်လုံးကို ထုတ်ယူကာ ဟိုယွင်ကျဲ၏ အနာကို ဆေးကြောပေးလိုက်သည်။

ဤရေသည် မြူခိုးတောင်ထိပ်ရှိ ရေကန်ထဲမှ ဖြစ်ပြီး သန့်စင်ခြင်း ကြာစိမ်း၏ အာနိသင်များ ပါဝင်နေသဖြင့် အနာကို ဆေးကြောလိုက်သောအခါ ရောင်ရမ်းခြင်းများ တဖြည်းဖြည်း လျော့ကျသွားလေ၏။

"အား... နာလိုက်တာ..."

ဟိုယွင်ကျဲ သတိပြန်ဝင်လာ၏။ သူ ဇောက်ထိုး အဆွဲခံထားရသည်ကို သိလိုက်ရသောအခါ လန့်ဖျပ်သွားပြီး ရုန်းကန်လိုက်ရာ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေ၏။

"အဆင်ပြေသွားပြီ..."

ယဲ့ဖုန်း သက်ပြင်းချလိုက်၏။

ဟိုယွင်ကျဲက ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ် ရောက်နေသူ ဖြစ်လို့သာ အဆိပ်ကို ခံနိုင်ရည်ရှိနေခြင်း ဖြစ်၏။ ချက်ချင်း ကုသခွင့် မရခဲ့ပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။

သို့သော် ထိုအချိန်က အခြေအနေသည် အလွန် ဆိုးရွားနေခဲ့သည် မဟုတ်ပါလော။ မပြေးခဲ့ပါက ကုသရန် အချိန်ပင် ရနိုင်မည် မဟုတ်ချေ။

"အန္တရာယ် ကင်းသွားပြီဆိုတော့... အခွံဖြူ ကင်းခြေများရဲ့ အသုံးဝင်တဲ့ အစိတ်အပိုင်းတွေကို ယူပြီး ပြန်ကြစို့..."

ယဲ့ဖုန်းက ပြောလိုက်သည်။

နာရီဝက် ကြာပြီးနောက် -

အဖွဲ့သည် ရောင်စုံငါးသွယ်မြို့တော်သို့ ပြန်ရောက်လာကြပြီး အနီးနားတွင် ပျံသန်းနေသော သံလက်သည်း နဂါးလင်းယုန်ကို တွေ့ရှိလိုက်ရသဖြင့် ၎င်း၏ ကျောပေါ်သို့ တက်ရောက်ကာ မြူခိုးဂိုဏ်းသို့ ပြန်လာခဲ့ကြလေ၏။

ထိုညတွင် တပည့်များ အားလုံး ကျင့်ကြံနေကြ၏။

ယဲ့ဖုန်းသည် နန်လုတောင်တန်းမှ ရရှိခဲ့သော ပစ္စည်းများကို ဂိုဏ်းချုပ်ခန်းမဆောင်ထဲတွင် ဖြန့်ခင်းပြီး စာရင်းပြုစုနေလေ၏။

ဝိညာဉ်ကျောက်တုံး (၃၀၀၀) ခန့် တန်ဖိုးရှိသော ဝိညာဉ်သတ္တုရိုင်းများ။ ရုပ်သေးဝံပုလွေ အပိုင်းအစများ။ ဂိုဏ်းချုပ်များ ပေးကမ်းလိုက်သော ကျေးဇူးတင်လက်ဆောင်များ။ ထို့အပြင် တစ်ပိုင်းတစ်စ ပြီးစီးနေသော မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ လည်း ပါဝင်သည်။

ထို့အပြင် သတ်ဖြတ်ခဲ့သော နတ်ဆိုးသားရဲ အချို့လည်း ပါဝင်၏။ ၎င်းတို့ကို ချက်ပြုတ်ပြီး အစ်ကိုကြီး ခေါင်းပြား၊ သံလက်သည်း နဂါးလင်းယုန်နှင့် အခြား တောင်စောင့်ဝိညာဉ်သားရဲများကို ကျွေးမွေးလိုက်သည်။

ရက်အတော်ကြာ တိုက်ပွဲမရှိသည့်အပြင် အစားကောင်းများ စားသောက်နေရသဖြင့် အစ်ကိုကြီး ခေါင်းပြားသည် သိသိသာသာ ဝလာလေ၏။ ၎င်းသည် ရေကန်ဘေးတွင် မှီလျက် ငေးငိုင်နေပြီး သူ၏ လူမိုက်ဘဝ လူငယ်ကာလများကို လွမ်းဆွတ်နေပုံရသည်။

အစ်ကိုကြီး ခေါင်းပြားနှင့် အခြား ဝိညာဉ်သားရဲများသည် နတ်ဆိုးသားရဲများ၏ အသားနှင့် သွေးကို စားသုံးပြီးနောက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်လာကြောင်း ယဲ့ဖုန်း သတိထားမိလိုက်သည်။ ဤနည်းလမ်းသည် ဝိညာဉ်သားရဲဆေးလုံး စားသုံးခြင်းနှင့် မတိမ်းမယိမ်း ထိရောက်မှု ရှိပုံရသည်။

"မိုယင်... ဝိညာဉ်သတ္တုရိုင်းတွေကို ဘယ်မှာ သန့်စင်လို့ ရမလဲ သိလား..."

ယဲ့ဖုန်း မော့ကြည့်လိုက်ရာ မျက်နှာသုတ်ပဝါနှင့် အဝတ်အစားများ ကိုင်ဆောင်ပြီး လျှောက်လာသော မိုယင်ကို တွေ့လိုက်ရသဖြင့် မေးမြန်းလိုက်သည်။

"ဝိညာဉ်သတ္တုရိုင်းတွေက ကုန်ကြမ်း သက်သက်ပါပဲ... အညစ်အကြေးတွေ အများကြီး ပါဝင်နေတတ်လို့... ကျွမ်းကျင်တဲ့ လက်နက်သွန်းလုပ်သူတွေက အရင် သန့်စင်ပြီး အမျိုးအစား ခွဲခြားပေးဖို့ လိုပါတယ်... လက်နက်သွန်းလုပ်သူ ရှာချင်ရင်တော့... နန်ကျန်း မြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ 'လက်နက်တစ်ရာဂိုဏ်း'က နံပါတ်တစ်ပါပဲ..."

မိုယင်က စိတ်ရှည်လက်ရှည် ရှင်းပြလေ၏။

လက်နက်တစ်ရာဂိုဏ်း ဆိုသော အမည်ကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း၏ မျက်လုံးများ အရောင်လက်သွား၏။

စနစ်သိုလှောင်ခန်းထဲတွင် ပျက်စီးနေသော 'မြှားပစ်နွားသိုး ရုပ်သေး' တစ်ရုပ် ရှိနေပြီး ၎င်းသည် လက်နက်တစ်ရာဂိုဏ်းမှ ပြုလုပ်ထားခြင်း ဖြစ်၏။ အကယ်၍ လက်နက်တစ်ရာဂိုဏ်းမှ လက်နက်သွန်းလုပ်သူ တစ်ဦးကို ရှာဖွေတွေ့ရှိပါက ဤဝိညာဉ်သတ္တုရိုင်းများကို သန့်စင်ပေးနိုင်ပေလိမ့်မည်။

'ဒါနဲ့... ဂိုဏ်းအဆင့် မြှင့်တင်ပြီးရင် လက်နက်သွန်းလုပ်ဆောင် ပွင့်လာမလား မသိဘူး...'

ယဲ့ဖုန်း စိတ်ထဲတွင် တွေးတောမိလိုက်သည်။

ထိုစဥ်၊ မိုယင်က လက်ထဲမှ မျက်နှာသုတ်ပဝါကို ခါလိုက်ရင်း မေးလိုက်သည်။

"ဂိုဏ်းချုပ်... တခြား ကိစ္စ ရှိသေးလား…”

"မရှိရင် ကျွန်မ ရေသွားချိုးတော့မယ်..."

"ကိစ္စတစ်ခုတော့ ရှိသေးတယ်... မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ အဖြစ် အသုံးပြုရင် သင့်တော်မလား..."

မိုယင်၏ မျက်လုံးများထဲတွင် စိတ်ပျက်အားလျော့သော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း အနက်ရောင် မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားလိုက်၏။ သူမက ပြန်ဖြေလိုက်သည်။

"သတ်ဖြတ်ခြင်း ဝင်္ကပါ နဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ဆိုတာ မတူပါဘူး..."

"ဘယ်လို ကွာခြားတာလဲ..."

ယဲ့ဖုန်းက စူးစမ်းလိုစိတ် ပြင်းပြသော ကလေး တစ်ယောက်လို မေးလိုက်သည်။

ထိုအခါ၊ မိုယင်က မြေကြီးပေါ်မှ ဝင်္ကပါအလံများကို လက်ညှိုးထိုးပြပြီး ရှင်းပြ၏။

"သတ်ဖြတ်ခြင်း ဝင်္ကပါ ဆိုတာက လူတွေကို ပိတ်လှောင်ပြီး အစွမ်းထက်တဲ့ တိုက်ကွက်တွေနဲ့ သတ်ဖြတ်ဖို့ သုံးတာပါ... အခု ရထားတဲ့ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါလိုမျိုးပေါ့... သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က သတ်ဖြတ်ဖို့ပါပဲ..."

"ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ကျတော့ ခံစစ်ကို အဓိကထားတာပါ... ဝင်္ကပါအတွင်းက ဂိုဏ်းကို ကာကွယ်ပေးနိုင်မယ့် အစွမ်းထက် ဒိုင်းကာတစ်ခု ဖန်တီးပေးပါတယ်... တိုက်ခိုက်နိုင်စွမ်းလည်း ပါဝင်ပေမယ့်... အများအားဖြင့်တော့ အပြင်ကနေ တိုက်ခိုက်လာသူတွေကို ပြန်လည်တုန့်ပြန်ဖို့ သုံးပါတယ်..."

ပြောပြီးသည်နှင့် မိုယင်သည် ရေချိုးခန်းဆီသို့ လှည့်ထွက်သွားပြီး ထပ်ပြောလိုက်သည်။

"ဒါ့အပြင်... ဝင်္ကပါတွေ လည်ပတ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ လိုအပ်ပါတယ်... ကျွန်မတို့ မြူခိုးဂိုဏ်းက ဆင်းရဲလွန်းတော့... အချိန်ပြည့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို အသက်သွင်းထားဖို့ မတတ်နိုင်လောက်ပါဘူး..."

"ဘုန်း"

မိုယင်က သစ်သားတံခါးကို ပိတ်လိုက်ပြီးနောက် ရေကျသံများ ထွက်ပေါ်လာလေ၏။

ယဲ့ဖုန်းသည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်သွား၏။

ထို့နောက် သူသည် မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ၏ အလံတစ်ခုကို ကောက်ယူကြည့်လိုက်ရာ အကွက် (၃) ခု ပါဝင်သည်ကို တွေ့လိုက်ရသည်။ နှစ်ကွက်က အလွတ်ဖြစ်ပြီး ကျန်တစ်ကွက်တွင် ကုန်ခါနီးဖြစ်နေသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး တပ်ဆင်ထားသည်။

"အဓိက ဝင်္ကပါအလံ (၁၂) ခု အပြည့်အဝ လည်ပတ်ဖို့ဆိုရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၆) တုံး လိုအပ်တာပေါ့... အဲဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၆၀၀) နဲ့ ညီမျှတယ်... အဆင့်မြင့်ဂိုဏ်းတွေတောင် ဒီလောက် ကုန်ကျစရိတ်ကို ခံနိုင်ပါ့မလား..."

ယဲ့ဖုန်း စကားမပြောနိုင်တော့ချေ။

သို့သော် ဂိုဏ်း၏ လုံခြုံရေးအတွက်နှင့် အဆင့်မြင့်ဂိုဏ်းအဖြစ် အဆင့်မြှင့်တင်ခြင်း တာဝန်ပြီးဆုံး၍ 'အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ' ဆုလက်ဆောင် မရမချင်း ယာယီအနေဖြင့် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ခဏအကြာတွင် ယဲ့ဖုန်းသည် ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်၏။ ဝူရွှမ်ဆောင် ပိုင်ရှင်နှင့် ချိန်းဆိုထားသော "ခုနစ်ရက် ကတိ" မတိုင်မီ အချိန်အနည်းငယ် လိုသေးသဖြင့် 'မီးရှူးတိုင် မြို့တော်'သို့ မသွားမီ လက်ရှိ လုပ်စရာများကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။

ခေါင်မိုးပေါ်တွင် -

ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးကို အသက်သွင်းပြီး နောက်ဖေးဝင်းဘက်သို့ လှမ်းကြည့်လိုက်သည်။

ပြန်ရောက်ကတည်းက ဟိုယွင်ကျဲသည် "သေလူလို လဲလျောင်း" နေပြီး အခြားတပည့်များလည်း ကျင့်ကြံနေကြ၏။ ကျောက်စိမ်းဝါးမျှစ်ကိုမူ ရေကန်ထဲတွင် စိုက်ပျိုးထားပြီး သန့်စင်ခြင်း ကြာစိမ်းဘေးတွင် ကပ်လျက် ရှိနေ၏။

ထို့ကြောင့် မြူခိုးဂိုဏ်း၏ ဝိညာဉ်စွမ်းအင်သည် အလွန် ကြွယ်ဝလာပြီး အဆင့်မြင့်ဂိုဏ်းများ တည်ရှိရာ ကောင်းချီးမင်္ဂလာနယ်မြေများနှင့် ယှဉ်နိုင်လောက်အောင် ဖြစ်လာ၏။

'ဝိညာဉ်ပစ္စည်းတွေ ပိုများလာတာနဲ့အမျှ... ငါတို့ မြူခိုးဂိုဏ်းက နေရာပြောင်းစရာ မလိုတော့ဘဲ... ဝိညာဉ်သွေးကြော ရှိသလိုမျိုး ကျင့်ကြံမှု အကျိုးကျေးဇူးတွေ ရရှိနိုင်တော့မယ်...'

ယဲ့ဖုန်းသည် အနာဂတ်အတွက် စိတ်ကူးယဉ်နေမိသည်။

နောက်တစ်ခဏတွင် ရေကျသံကို ကြားလိုက်ရသဖြင့် သူသည် မသိစိတ်ဖြင့် ရေချိုးခန်းဘက်သို့ လှမ်းကြည့်လိုက်မိလေ၏။ ဝိညာဉ်မျက်လုံး အသက်ဝင်နေသဖြင့် ယဲ့ဖုန်း၏ အကြည့်သည် သစ်သားနံရံများကို 'ထိုးဖောက်ဝင်ရောက်' သွားပြီး ဝိညာဉ်စွမ်းအင် အရောင်အဝါများဖြင့် ပြည့်နှက်နေသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခု၏ ပုံရိပ်ကို မြင်တွေ့လိုက်ရ၏။ ထိုသူကလည်း သူ့ကို ပြန်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် နှစ်ဦးသား၏ အကြည့်များသည် သစ်သားနံရံကို ဖြတ်ကျော်လျက် ဆုံတွေ့သွားကြသကဲ့သို့ ဖြစ်သွားလေ၏။

"သေစမ်း... ဒါ အထင်လွဲစရာ ဖြစ်ကုန်ပြီ..."

ယဲ့ဖုန်း လန့်ဖျပ်သွားပြီး ခေါင်မိုးပေါ်မှ ခြေချော်ကျသွားလေတော့သည်။

All Chapters