အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အခန်း (၇၉) - ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် ကြင်ဖက် တွေ့ဖို့ အိမ်ပြန်ချင်ပါတယ်
~"ဘုန်း"
ကျယ်လောင်သော အသံ တစ်သံနှင့်အတူ ယဲ့ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ သူ၏ ခြေထောက်နှစ်ချောင်းသည် ကောင်းကင်သို့ ထောင်နေပြီး ကျောပြင်သည် နံရံကို မှီလျက်သား အနေအထား ဖြစ်သွားသည်။ သူ၏ ရင်ထဲတွင် အလွန်အမင်း နစ်နာသည်ဟု ခံစားနေရရှာ၏။
'ငါ့ခေါင်း...'
သူ တကယ်ကို မရည်ရွယ်ခဲ့ကြောင်း ကျိန်ဆိုရဲပေသည်။
ယခုလေးတင် သူ မြင်လိုက်ရသော မြင်ကွင်းသည် မတော်တဆ သက်သက်သာ ဖြစ်ချေ၏။
မိုယင်က သူ့ကို မြင်သွားသလား ဆိုသည်ကိုမူ မသေချာပေ။ အကယ်၍ မြင်သွားခဲ့ပါက မည်မျှတိုင် အနေရခက်လိုက်မည်နည်း။
ထိုအကြောင်းကို တွေးတောမိသောအခါ ယဲ့ဖုန်းသည် နောင်တများစွာ ရရှိလာလေ၏။
အရင်က ဝိညာဉ်မျက်လုံးတွင် ဓာတ်မှန်ရိုက်သကဲ့သို့ 'ထိုးဖောက်ဝင်ရောက်' မြင်နိုင်သော လုပ်ဆောင်ချက် ပါဝင်ကြောင်း သူ မသိခဲ့ချေ။
သို့သော် ဤလုပ်ဆောင်ချက်သည် ဝိညာဉ်စွမ်းအင် ရှိသော ကျင့်ကြံသူများအပေါ်တွင်သာ အလုပ်ဖြစ်သည် ဆိုသောကြောင့် ပို၍ပင် ရှက်စရာ ကောင်းနေတော့၏။
ထိုအခိုက်အတန့်၌ ရေချိုးခန်းတံခါး ပွင့်သွားလေ၏။
မိုယင် ထွက်လာသောအခါ ယဲ့ဖုန်းက ခြေထောက်ထောင်ပြီး ထူးဆန်းသော အနေအထားဖြင့် လဲကျနေသည်ကို တွေ့ရှိလိုက်ရသည်။
"ဂိုဏ်းချုပ်က သံခေါင်းသိုင်း ကျင့်နေတာလား"
မျက်နှာသုတ်ပဝါ ကိုင်ဆောင်ထားသော မိုယင်က မေးမြန်းလိုက်သည်။
သူမသည် အနက်ရောင် ခမောက်ကို ဆောင်းထားဆဲ ဖြစ်သဖြင့် မျက်နှာအစစ်အမှန်ကို မမြင်ရပေ။ သို့သော် ယဲ့ဖုန်းသည် အောက်ဘက်မှ မော့ကြည့်နေရသောကြောင့် အနက်ရောင် ပုဝါအောက်ရှိ မိုယင်၏ မျက်နှာတစ်ဝက်ခန့်ကို လှမ်းမြင်လိုက်ရ၏။
သူ မြင်လိုက်ရသည်မှာ အက်စစ်ဖြင့် ပက်ခံထားရသကဲ့သို့ ပျက်စီးနေသော မျက်နှာပင် ဖြစ်၏။ သို့သော် အသားကျသွားပြီ ဖြစ်၍ ယဲ့ဖုန်းအတွက် သိပ်ထူးဆန်းမနေတော့ချေ။
သူသည် 'ကပျာကယာ' ကုန်းထလိုက်ပြီး ကောင်းကင်ပေါ်ရှိ လမင်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်စမ်း... လက သိပ်ဝိုင်းတာပဲနော်"
မိုယင်က မော့ကြည့်လိုက်ရာ လခြမ်းကွေးလေးကိုသာ တွေ့လိုက်ရသဖြင့် သံသယ ဝင်သွားလေ၏။
'ဒါ လပြည့်ဝန်း ဟုတ်လား... ဂိုဏ်းချုပ်ရဲ့ မျက်လုံးက ဘယ်လို ဖြစ်နေတာလဲ'
သူမသည် စိတ်ထဲမှ ညည်းတွားလိုက်ပြီး အောက်ကို ပြန်ငုံ့ကြည့်လိုက်သောအခါ ယဲ့ဖုန်းသည် 'ရုတ်ချည်း ပျောက်ကွယ်' သွားသည်ကို တွေ့ရှိလိုက်ရသည်။
"ထူးဆန်းလိုက်တာ"
မိုယင်သည် ခေါင်းခါလိုက်ပြီး သူမ၏ အခန်းဆီသို့ ပြန်သွားလေ၏။
ဂိုဏ်းချုပ်ခန်းမဆောင် အတွင်း၌မူ ယဲ့ဖုန်းသည် သူ၏ ရင်ဘတ်ကို ဖိထားပြီး ရင်များ 'သိမ့်သိမ့်ခါ' နေအောင် တုန်လှုပ်နေရှာသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် -
ယဲ့ဖုန်း စောစောထလိုက်၏။
လီကျောက်ကျောက်လည်း နိုးထနေပြီဖြစ်ပြီး မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ 'မြေခွေးဖြူလေး' သည် မီးဖိုပေါ်တွင် မတ်တတ်ရပ်ပြီး မျက်လုံးမှေးကာ နွေးထွေးမှုကို ခံယူနေလေ၏။ ကြည့်ရသည်မှာ အတော်ပင် သာယာနေပုံ ရသည်။
"မင်္ဂလာနံနက်ခင်းပါ ဂိုဏ်းချုပ်ဦးလေး... ဂိုဏ်းသားတွေအတွက် မနက်စာ ပြင်ဆင်နေတာပါရှင်"
ဝိညာဉ်ရေကန်ထဲမှ ရေဖြင့် အိုးဆေးနေသော လီကျောက်ကျောက်သည် ယဲ့ဖုန်း လာနေသည်ကို မြင်သောအခါ အမြန် နှုတ်ဆက်လိုက်သည်။
"ဘာလို့ ဒီလောက် စောစောထပြီး မနက်စာ လုပ်နေတာလဲ... ကျင့်ကြံရမှာ မဟုတ်ဘူးလား" ယဲ့ဖုန်း မေးလိုက်သည်။
"မနက်စာ လုပ်တာကလည်း ကျင့်ကြံခြင်း တစ်မျိုးပါပဲရှင့်" လီကျောက်ကျောက်က ပြန်ဖြေသည်။
ယဲ့ဖုန်း အံ့သြသွား၏။ "ဘယ်သူ ပြောတာလဲ"
လီကျောက်ကျောက်သည် ရုတ်တရက် လေးနက်သွားပြီး ကောင်းကင်ကို မော့ကြည့်ကာ ပြောပြလေ၏။
"ဂိုဏ်းချုပ်အိုကြီး သက်ရှိထင်ရှား ရှိစဉ်တုန်းကပေါ့... ကျွန်မကို မြူခိုးတောင်ထိပ် ခေါ်လာတုန်းက လက်ကို ကိုင်ပြီး ပြောဖူးတယ်... 'ကျောက်ကျောက်... ညည်းက ရွာရဲ့ ပန်းပွင့်လေးပါ... ပုံမှန်ဆိုရင် ချက်ပြုတ်သန့်ရှင်းရေး လုပ်စရာ မလိုပါဘူး... ဒါပေမဲ့ ညည်း သတိမထားမိလို့ပါ... ဒါကလည်း ကျင့်ကြံခြင်း တစ်မျိုးပါပဲ' တဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် အမည်းစက်များ ပေါ်လာလေ၏။
'ဂိုဏ်းချုပ်အိုကြီးက ကလေးမလေး နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်သန့်ရှင်းရေး လုပ်ချင်အောင် ချော့မော့ပြောဆို ထားတာ နေမှာပါ'
ထိုအခိုက်အတန့်၌ လီကျောက်ကျောက်က ဆက်ပြောသည်။
"အဲဒီတုန်းက ဂိုဏ်းချုပ်အိုကြီး ပြောတာက... ချက်ပြုတ်နေရင်း ပါဝင်ပစ္စည်းတွေရဲ့ လိုက်ဖက်ညီမှုကို အမြဲ ခံစားနေရင်... ဟင်းချက်ခြင်း လမ်းစဉ် တစ်ခု ဖန်တီးနိုင်ပြီး... ကျင့်ကြံသူတွေအတွက် အကျိုးရှိတဲ့ အစားအစာတွေ လုပ်ပေးနိုင်လိမ့်မယ်တဲ့... ကျွန်မ မှတ်မိတာတော့ ဒီအလုပ်အကိုင်ကို 'ဝိညာဉ်စားဖိုမှူး' လို့ ခေါ်တယ် ထင်တယ်"
"ဒါကြောင့် ကျွန်မက ဝိညာဉ်စားဖိုမှူး ဖြစ်ချင်တာပါ"
လီကျောက်ကျောက်သည် အိုးတိုက်ဖတ် ကိုင်ထားသော လက်သေးသေးလေးကို မြှောက်လိုက်၏။ မျက်နှာပေါ် ရေညစ်များ စင်နေသည်ကိုပင် ဂရုမစိုက်ဘဲ ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေလေ၏။
သူမ၏ စိတ်ဓာတ်ကို ကြည့်ပြီး ယဲ့ဖုန်း ဘာမျှ ဆက်မပြောတော့ချေ။
လောကကြီးတွင် "ဝိညာဉ်စားဖိုမှူး" ဆိုသော အလုပ်အကိုင် ရှိမရှိ မသိသော်ငြား လီကျောက်ကျောက်သာ တကယ်ပင် ဤလမ်းကြောင်းကို လျှောက်လှမ်းပြီး အောင်မြင်မှု တစ်ခုခု ရရှိခဲ့ပါက ဂိုဏ်းချုပ်အနေဖြင့် ယဲ့ဖုန်း ကျေနပ်မိမည်မှာ အမှန်ပင် ဖြစ်၏။
ဂိုဏ်းချုပ်အိုကြီးက လီကျောက်ကျောက်ကို လှည့်စားထားသည်ဟု သံသယရှိသော်လည်း သူမကို ဆက်လက်၍ ထောက်ခံပေးလိုက်ပါ၏။
လူတစ်ယောက်က တစ်ခုခုကို 'သည်းကြီးမည်းကြီး' စိတ်အားထက်သန်နေလျှင် မသိသေးသော လမ်းကြောင်း ဖြစ်နေပါစေ ကြီးမြတ်သော အရာတစ်ခုကို ဖန်တီးနိုင်မည့် အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။
"ကြိုးစားပါ... မင်း ဝိညာဉ်စားဖိုမှူး ဖြစ်လာမယ့် နေ့ကို စောင့်နေမယ်"
ယဲ့ဖုန်းက ပြောလိုက်ပြီး အားပေးသည့် အနေဖြင့် လီကျောက်ကျောက်၏ ပခုံးကို ပုတ်ပေးရန် လက်လှမ်းလိုက်သည်။ သို့သော် လီကျောက်ကျောက်က (၅) ပေ (၂) လက်မခန့်သာ ရှိပြီး သေးကွေးနေသဖြင့် အရပ်ရှည်သော ယဲ့ဖုန်း၏ လက်က သူမ၏ ခေါင်းပေါ်သို့သာ ရောက်ရှိသွားလေ၏။
ရုတ်တရက် "ခေါင်းပုတ်လိုက်ခြင်း" ကြောင့် လီကျောက်ကျောက် မျက်လုံးပြူးသွားပြီး ယဲ့ဖုန်းကို မော့ကြည့်လိုက်ရာ ရင်ခုန်သံများ မြန်ဆန်လာလေတော့သည်။
"ဂိုဏ်းချုပ်ဦးလေး..."
မီးဖိုချောင် အပြင်ဘက်မှနေ၍ ဟိုယွင်ကျဲ၏ အသံ ထွက်ပေါ်လာ၏။
ယဲ့ဖုန်းသည် လက်ကို ရုပ်သိမ်းလိုက်ပြီး ရေတစ်ခွက် ခပ်သောက်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ လီကျောက်ကျောက် ခေါင်းငုံ့သွားပြီး မျက်နှာ တစ်ခုလုံး နေဝင်ချိန်ပမာ နီရဲနေသည်ကို သူ သတိမထားမိလိုက်ချေ။
မီးဖိုချောင် အပြင်ဘက်တွင် -
ဟိုယွင်ကျဲသည် အဝတ်အစားသစ်များ ဝတ်ဆင်ထားပြီး သပ်သပ်ရပ်ရပ် ဖြစ်နေ၏။ လက်ထဲတွင်လည်း စာတစ်စောင် ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း မေးလိုက်သည်။
"ဒီလောက် ခန့်ညားနေအောင် ဝတ်ထားပြီး မုတ်ဆိတ်တွေတောင် ရိတ်ထားပါလား... မင်း ကြင်ဖက် တွေ့ဖို့ သွားမလို့တော့ မပြောနဲ့နော်"
ပြောပြီးသည်နှင့် ယဲ့ဖုန်းက ဝိညာဉ်ရေကို တစ်ငုံသောက်ပြီး ပလုတ်ကျင်းရန် ပြင်လိုက်သည်။
ဟိုယွင်ကျဲက အံ့သြတကြီး ပြောလိုက်၏။
"ဂိုဏ်းချုပ်ဦးလေးက တကယ် နတ်ဘုရားလိုပဲ... အမေ့ဆီက စာရောက်လာလို့... အိမ်ပြန်ပြီး ကြင်ဖက် တွေ့ဖို့ ပြောနေတာဗျ"
"ဖူး..."
ယဲ့ဖုန်း ပါးစပ်ထဲမှ ရေများ အကုန် မှုတ်ထုတ်လိုက်မိသည်။
"တကယ်ကြီး ချိန်းတွေ့မလို့လား"
"ဟုတ်တယ်လေ... ဂိုဏ်းချုပ်ပဲ ကြိုပြောလိုက်တာ မဟုတ်လား"
ဟိုယွင်ကျဲ နားမလည်နိုင် ဖြစ်သွားရှာ၏။ ခုနကပင် တည်ငြိမ်နေပြီး ယခုမှ ဘာကြောင့် အံ့သြနေရသနည်း။
"ဒီရက်ပိုင်း ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်က သိပ်မငြိမ်းချမ်းဘူး... အိမ်ပြန်ရင် လုံခြုံရေး ဂရုစိုက်နော်"
ယဲ့ဖုန်းက သဘောတူလိုက်သည်။
သို့သော် သူသည် စနစ်သိုလှောင်ခန်းထဲမှ ဝိညာဉ်ဓားတစ်လက်ကို ထုတ်ယူပြီး ဟိုယွင်ကျဲကို ကမ်းပေးလိုက်လေ၏။
"ဒါ ယာယီသုံးဖို့ ယူသွား... ဓားစီးပြီး သွားရင် ပိုမြန်လိမ့်မယ်"
ဖန်ဟွာမြစ်တွင် ရှိစဉ်က ယဲ့ဖုန်းသည် ရှဲ့ကွမ်းစခန်းမှ ဓားပြ (၅) ဦးကို 'နှိမ်နင်း' ပြီး ဝိညာဉ်လက်နက် (၅) ခု ရရှိခဲ့၏။ ထိုအထဲတွင် ဝိညာဉ်ဓား တစ်လက် ပါဝင်လေ၏။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး... ဒါပေမယ့်၊ ကျွန်တော်က ဓားမန္တန်တွေ မကျင့်ကြံရသေးတော့ ဓားစီးလို့ မရဘူးဗျ"
"လွယ်ပါတယ်... မိုယင်ရဲ့ ပထမအဆင့် သိုင်းကွက် 'တောက်ပသော ဓားအလင်း' ကို အခုပဲ သင်ပေးလိုက်မယ်... စိတ်မပူနဲ့... ငါ သူမကို မေးပြီးပြီ... ဂိုဏ်းအတွင်းမှာ မျှဝေလို့ ရတဲ့ သိုင်းကွက်တဲ့" ယဲ့ဖုန်းက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး" ဟိုယွင်ကျဲ ကျေးဇူးတင်စွာ ပြောလိုက်၏။
"ဒါနဲ့... မင်းအိမ်က ဘယ်မှာလဲ" ယဲ့ဖုန်း ထပ်မေးလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော့်အိမ်က 'မီးရှူးတိုင် မြို့တော်' မှာပါ ခင်ဗျာ" ဟိုယွင်ကျဲ ပြန်ဖြေသည်။
"ဟေ... မင်းအိမ်က မီးရှူးတိုင် မြို့တော်မှာလား... ဘာလို့ အရင်က တစ်ခါမှ မဖွင့်ဟဝန်ခံ ဖူးတာလဲ"
ယဲ့ဖုန်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။
ဟိုယွင်ကျဲက 'မဲ့ပြုံး ပြုံး' လိုက်၏။
"ဂိုဏ်းချုပ်ဦးလေး မသိပါဘူး... ကျွန်တော့်မိသားစုက ဂုဏ်သရေရှိ မိသားစု ဖြစ်ပေမယ့်... အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်ဗျ... စကားနည်းနည်းနဲ့ ရှင်းပြဖို့ ခက်လို့... မပြောဘဲ နေလိုက်တာပါ"
ယဲ့ဖုန်း ဘာမျှ ထပ်မပြောတော့ချေ။
နောက်ပိုင်း အချိန်များတွင် သူက 'တောက်ပသော ဓားအလင်း’ ကို ကိုယ်တိုင် သင်ကြားပေးလိုက်သည်။ ဟိုယွင်ကျဲက ကြိုးစားသူ ဖြစ်သဖြင့် နာရီဝက်အတွင်းမှာပင် အခြေခံအဆင့်ကို တတ်မြောက်သွားလေ၏။
မနက်စာ စားပြီးနောက် ဟိုယွင်ကျဲက ဝိညာဉ်ဓားကို သန့်စင်လိုက်ပြီး ဂိုဏ်းသားများကို နှုတ်ဆက်ကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်လည်း လိုက်ချင်တယ်"
လုံထျန်းရှင်းက တက်ကြွလွန်းသော ဟပ်စကီးခွေးလေးပမာ စိတ်လှုပ်ရှားစွာ ပြေးလာလေ၏။
"ကျွန်တော့် မျက်စိက ကောင်းတယ်လေ... အစ်ကိုကြီးဘေးမှာ ထိုင်ပြီး ချိန်းတွေ့တဲ့ ကောင်မလေးတွေကို စစ်ဆေးပေးမယ်"
ရှီလေ့ကလည်း ဘေးမှနေ၍ 'ကောက်ကျစ်စဉ်းစားသော အပြုံး' ဖြင့် ရယ်မောပြီး ပြောလိုက်သည်။
"ယွင်ကျဲ... ငါလည်း တစ်ခါမှ ကြင်ဖက် မချိန်းတွေ့ဖူးဘူး... ဒီအခွင့်အရေးကို သုံးပြီး လေ့လာချင်တယ်ကွာ"
ဟိုယွင်ကျဲ၏ မျက်နှာပေါ်တွင် အားကိုးရာမဲ့မှုများ ပြည့်နှက်သွားလေ၏။
"အတူတူ သွားကြပါ... မင်းတို့ ညီအစ်ကို (၃) ယောက် အချင်းချင်း စောင့်ရှောက်လို့ ရတာပေါ့... ဒါမှ ငါလည်း စိတ်ချရမှာ"
ယဲ့ဖုန်း ပြောပြီးသည်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ထုတ်ယူပြီး ဟိုယွင်ကျဲလက်ထဲ ထည့်ပေးလိုက်သည်။
"ဒါ့အပြင်... ချိန်းတွေ့ဖို့ သွားတာ ပိုက်ဆံမပါလို့ ဘယ်ဖြစ်မလဲ"
ပြောပြောဆိုဆို ယဲ့ဖုန်းက ကြေးဒင်္ဂါးပြား ကြိုးတစ်ကုံးကို ဟိုယွင်ကျဲ၏ လည်ပင်းတွင် ဆွဲပေးလိုက်လေ၏။
ယဲ့ဖုန်းက ခဏ စဉ်းစားပြီး ထပ်ပြော၏။
"သြော်... ပြီးတော့ အစားအစာ နည်းနည်း ယူသွားဦး... လမ်းမှာ ဗိုက်မဆာအောင်လို့..."
"ဂိုဏ်းချုပ်ဦးလေး... တော်ပါပြီဗျာ... တကယ် မလိုပါဘူး"
ဟိုယွင်ကျဲက ယဲ့ဖုန်းကို 'လက်မြှောက် ဟန့်တား' လိုက်ရသည်။ သူ့အမေထက်ပင် ပိုပြီး ဗျစ်တောက်ဗျစ်တောက် လုပ်နေသည်ဟု တွေးမိလိုက်၏။ သူက ချက်ချင်း ဝိညာဉ်ဓားကို မောင်းနှင်လိုက်ပြီး ရှီလေ့နှင့် လုံထျန်းရှင်းကို တင်ဆောင်ကာ မြူခိုးတောင်ထိပ်မှ အသက်လုပြီး ထွက်ပြေးသကဲ့သို့ ‘ဒရောသောပါး’ပျံသန်းသွားလေတော့သည်။
"ဟေး... မလောပါနဲ့ဦး... ကြက်ဥတွေ ယူသွားဦးလေ"
ယဲ့ဖုန်းက လက်လှမ်းပြပြီး အော်ဟစ်လိုက်သည်။
ဟိုယွင်ကျဲ တွန့်သွားပြီး ဝိညာဉ်ဓားပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွား၏။ ထို့နောက် အရှိန်မြှင့်ပြီး မောင်းနှင်သွားတော့သည်။
သို့သော် ဝိညာဉ်ဓားက မိုယင်၏ 'လေညှင်းစီး ဓားပျံ' ကဲ့သို့ အရွယ် ချဲ့၍ မရနိုင်ပေ။ ထို့ကြောင့် ညီအစ်ကို (၃) ဦးက (၁) မီတာကျော်ကျော်ခန့်သာ ရှိသော ဓားပေါ်တွင် ပြွတ်သိပ်ထိုးပြီး လိုက်ပါသွားရသည်မှာ တော်တော် ရယ်စရာ ကောင်းနေလေ၏။
ယဲ့ဖုန်း ကြက်ဥခြင်းတောင်းကို ကိုင်ဆောင်ပြီး မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင်မူ ဟိုယွင်ကျဲနှင့် အခြားသူများက အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြပြီ ဖြစ်သဖြင့် သူ စိတ်ပျက်လက်ပျက်နှင့် ပြန်လှည့်ဝင်လာရတော့သတည်း။
အခန်း (၈၀) - မီးရှူးတိုင် မြို့တော် ဟိုအိမ်တော်နှင့် အံ့မခန်း လက်ဝါးသိုင်း
~မကြာမီ အချိန်၌ ယဲ့ဖုန်းသည် မိုယင်ကို တွေ့ရှိခဲ့ပြီး ဝင်္ကပါအလံ ပုံကြီးကို ကမ်းပေးကာ ပြောလိုက်၏။
"ဒီ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို ငါတို့ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ အဖြစ် ယာယီ တပ်ဆင်လိုက်စမ်းပါ"
"ဂိုဏ်းချုပ်… သေချာလို့လား"
မိုယင်သည် မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြန်မေးလိုက်၏။
"ဝင်္ကပါရဲ့ ကာကွယ်ရေးဒိုင်း တစ်ခုတည်းကို အသက်သွင်းထားပြီး အနိမ့်ဆုံး စွမ်းအင်နဲ့ လည်ပတ်ရင်တောင်... ဝင်္ကပါအလံတွေမှာ တပ်ဆင်ထားတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေက တစ်လပဲ ခံမှာနော်"
"သေချာတာပေါ့"
ယဲ့ဖုန်းက ပြန်ဖြေလိုက်သည်။
လက်ရှိ ရှိနေသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများသည် တစ်လအတွင်း ကုန်ခမ်းသွားမည် ဖြစ်သော်လည်း ဂိုဏ်း၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မဟုတ်ချေ။
"ကောင်းပါပြီ... ကျွန်မ တာဝန်ထားလိုက်ပါ"
မိုယင်သည် အဓိက ဝင်္ကပါအလံကို ကောက်ယူလိုက်ပြီး ဝိညာဉ်စွမ်းအင် ထည့်သွင်းကာ ဖွဖွလေး ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကြီးမားသော ဝင်္ကပါအလံ (၁၂) ခုသည် ကောင်းကင်သို့ ပျံတက်သွားပြီး မြူခိုးတောင်ထိပ် ကမ်းပါးအစွန်းတလျှောက် မီတာ (၃၀) အကွာအဝေးစီ၌ စိုက်ဝင်သွားကြ၏။
ထို့နောက် ဝိညာဉ်အလင်းရောင်များ ထွက်ပေါ်လာပြီး ပုံသဏ္ဍာန်မမှန်သော ဇလုံတစ်လုံးကို မှောက်ထားသကဲ့သို့ ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာကာ မြူခိုးဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။
တိုက်ခိုက်ခြင်း မခံရပါက ဒိုင်းကာ၏ စွမ်းအင်သုံးစွဲမှုမှာ နည်းပါးသဖြင့် ပြဿနာမရှိဘဲ တစ်လခန့် ခံပေလိမ့်မည်။ အကယ်၍ ပြင်ပမှ တိုက်ခိုက်မှုများ ရှိလာပါက အခြေအနေ ကွာခြားသွားနိုင်၏။
"ဒီ ဝင်္ကပါအလံတွေကို မင်း ယာယီ တာဝန်ယူလိုက်ပါ"
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ခန်းမဆောင်၏ ခေါင်မိုးပေါ်သို့ ခုန်တက်သွားပြီး သူ၏ ပျင်းရိဖွယ်ရာ နေ့တစ်နေ့ကို စတင်လေတော့သည်။
အဓိက ဝင်္ကပါအလံကို ကိုင်ဆောင်ထားသော မိုယင်မှာမူ ဂိုဏ်းချုပ်က သူမကို ဤမျှ ယုံကြည်ပြီး အသက်တမျှ အရေးကြီးသော ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို လွှဲအပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူမ၏ ရင်ထဲတွင် နောက်တစ်ကြိမ် နွေးထွေးမှုများ ခံစားလိုက်ရသည်။
ဖူယွင် တောအုပ်နက် -
သူငယ်ချင်း (၃) ဦးသည် ဝိညာဉ်ဓားများ စီးနင်းကာ တစ်စက္ကန့်လျှင် (၁၀) မီတာနှုန်းဖြင့် မီးရှူးတိုင် မြို့တော် ဆီသို့ ပျံသန်းနေကြ၏။
"ဝိညာဉ်စွမ်းအင် ကုန်တာ နည်းနည်း မြန်နေသလိုပဲ... မင်းတို့ကောင်တွေ လေးလွန်းနေလို့များလား"
ဟိုယွင်ကျဲသည် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ဆောင်ပြီး စွမ်းအင်ဖြည့်တင်းရင်း ပြောလိုက်သည်။
ရှီလေ့က ခေါင်းကုတ်ရင်း ပြန်ပြော၏။
"မနက်စာ စားတာ များသွားလို့ နေမှာပါ"
လုံထျန်းရှင်းကလည်း ပြောလာသည်။
"ဒုတိယ စီနီယာအစ်ကိုကြီး... ကျွန်တော့်အမှားပါ... မထွက်ခင် အိမ်သာတက်ခဲ့သင့်တာ"
ဟိုယွင်ကျဲသည် ပြောစရာ စကားမရှိ ဖြစ်သွားလေ၏။
လုံထျန်းရှင်းနှင့် ရှီလေ့ကို ကန်ချပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသော်လည်း မလုပ်ရက်ရှာပေ။
တစ်နာရီခွဲ ကြာပြီးနောက် -
သူတို့ (၃) ဦးသည် မီးရှူးတိုင် မြို့တော်သို့ ရောက်ရှိလာကြပြီး မြို့၏ အရှေ့ဘက်ရှိ "ဟိုအိမ်တော်" ဟူသော အိမ်တော်ကြီး တစ်ခုထဲသို့ ဝင်ရောက်လာကြ၏။
"အိမ်တော်ကြီးက အကြီးကြီးပါလား... ကျွန်တော့် ဦးလေးအိမ်နဲ့တောင် တူနေပြီ... ဒုတိယ စီနီယာအစ်ကိုကြီးရဲ့ နောက်ခံက မဆိုးပါလား"
လုံထျန်းရှင်းသည် ဟိုအိမ်တော်၏ ခမ်းနားထည်ဝါသော တံခါးမကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
ရှီလေ့သည် "ဟိုအိမ်တော်" စာတန်း၏ နောက်ကွယ်ရှိ မိုးမခရွက် ပုံသဏ္ဍာန် သင်္ကေတ နှစ်ခုကို သတိထားမိပြီး အံ့သြတကြီး ပြောလိုက်၏။
"ယွင်ကျဲရဲ့ မိသားစုက အလယ်အလတ်အဆင့် ဂိုဏ်းအဆင့်ရှိတဲ့ မိသားစုပဲ... ဒါပေမဲ့ ဘာလို့ မြူခိုးဂိုဏ်းကို ဝင်ခဲ့တာလဲ"
"ဇာတ်လမ်းက နည်းနည်း ရှုပ်တယ်ကွာ"
ဟိုယွင်ကျဲသည် ဝိညာဉ်ဓားကို သိမ်းဆည်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် တံခါးစောင့်နေသော ချီစုစည်းခြင်း (၃) ဆင့်မြောက် အစောင့်နှစ်ဦးသည် ဟိုယွင်ကျဲကို မြင်လိုက်ရသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားကြ၏။ သို့သော် နောက်တစ်ခဏတွင် ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်လိုက်ကြ၏။
"သခင်လေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့... သခင်မကြီး ကိုယ်တိုင် မှာထားပါတယ်... သခင်လေး ရောက်တာနဲ့ နောက်ဖေးဝင်းဆီ လာခဲ့ပါတဲ့... ဒါနဲ့ ဒီလူကြီးမင်း နှစ်ယောက်ကရော..."
ဟိုယွင်ကျဲက မိတ်ဆက်ပေးလိုက်သည်။
"ဒီနှစ်ယောက်က ငါ့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေပါ"
"သြော်... မြူခိုးဂိုဏ်းက တပည့်တွေပေါ့"
အစောင့်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ် ထူးဆန်းနေကြ၏။
မြူခိုးဂိုဏ်းက ဒေဝါလီခံရမလို ဖြစ်နေရပြီဟု ကြားထားသည် မဟုတ်ပါလော။ ကြည့်ပျော်ရှုပျော်ရှိသော တပည့်နှစ်ဦး ဘယ်လိုများ ရှိနေသေးတာလဲ။
အထူးသဖြင့် ငွေရောင်ဆံပင်နှင့် အပြာရောင် မျက်လုံးပိုင်ရှင် လုံထျန်းရှင်းသည် ထူးခြားဆန်းပြားသော အသွင်အပြင် ရှိနေသဖြင့် အစောင့်များကို နောက်ဆုတ်သွားစေသည်။
"ငါ အမေ့ကို သွားတွေ့လိုက်ဦးမယ်"
ဟိုယွင်ကျဲသည် ရင်းနှီးသော်လည်း စိမ်းသက်နေသော ဟိုအိမ်တော်ကြီးထဲသို့ ရှေ့ဆောင် လမ်းပြ ဝင်ရောက်သွား၏။ သူ၏ ရင်ထဲတွင် ခံစားချက်များ ရောထွေးနေလေ၏။
"ဒုန်း ဒုန်း ဒုန်း"
ခြေသံများ နီးကပ်လာ၏။
ဟိုယွင်ကျဲ လှမ်းကြည့်လိုက်ရာ ပိန်ပါးသော ကောင်လေးတစ်ယောက် သူ့ထံသို့ ပြေးလာနေသည်ကို တွေ့လိုက်ရ၏။ သူတို့၏ မျက်လုံးချင်း ဆုံမိသွားသောအခါ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးများ ပေါ်လာကြ၏။
"အစ်ကိုကြီး... အစ်ကိုကြီး ပြန်ရောက်လာပြီ"
ကောင်လေးသည် ပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဟိုယွင်ကျဲသည် ကောင်လေး၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်၏။
"ယွင်ဟောင်... မင်း အရပ်ရှည်လာပါလား... ကျင့်ကြံခြင်းအဆင့်လည်း ချီစုစည်းခြင်း (၅) ဆင့်မြောက် ရောက်နေပြီပဲ... အဆင့်မြင့်ဂိုဏ်း ယွင်ဟွာဂိုဏ်းရဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် မဟာအကြီးအကဲ လက်အောက်ကို ဝင်ခွင့်ရတဲ့ ပါရမီရှင်ဆိုတာ တကယ် ထိုက်တန်ပါတယ်"
"စီနီယာအစ်ကိုကြီး... ဂျူနီယာညီလေးလုံ... ဒါ ကျွန်တော့်ညီ ယွင်ဟောင် ပါ... ယွင်ဟွာဂိုဏ်း မဟာအကြီးအကဲရဲ့ တပည့်ပေါ့"
ဟိုယွင်ကျဲသည် ရှီလေ့နှင့် လုံထျန်းရှင်းဘက်သို့ လှည့်ပြီး မိတ်ဆက်ပေးလိုက်သည်။
"ညီလေး ယွင်ဟောင်... တွေ့ရတာ ဝမ်းသာပါတယ်ကွာ" ရှီလေ့က ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
လုံထျန်းရှင်းကလည်း ဝင်ပြောလာ၏။
"ဒုတိယ စီနီယာအစ်ကိုကြီးရဲ့ ညီဆိုတာ တကယ် ဟုတ်တာပဲ... ချီစုစည်းခြင်း (၅) ဆင့်မြောက်တောင် ရောက်နေပြီကိုး"
ဟိုယွင်ဟောင်သည် ရှီလေ့နှင့် လုံထျန်းရှင်းကို လှမ်းကြည့်လိုက်ရာ ရင်ထဲတွင် တုန်လှုပ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို သူ မမြင်နိုင်သောကြောင့် ဖြစ်၏။
ဟိုယွင်ကျဲ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် သူ အာရုံမခံနိုင်ပေ။
"အစ်ကိုကြီး... ဘာလို့ ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ကျွန်တော် မမြင်ရတာလဲ"
ဟု ဟိုယွင်ဟောင်က အံ့သြတကြီး မေးမြန်းလိုက်သည်။
‘ကံကောင်းထောက်မစွာနဲ့ အခွင့်အရေး ရခဲ့ပြီး ချီစုစည်းခြင်း (၆) ဆင့်မြောက် ရောက်သွားတာများလား’
ဟိုယွင်ဟောင်က ကျင့်ကြံခြင်းအဆင့်အကြောင်း ပြောလိုက်သောအခါ ဟိုယွင်ကျဲ၏ စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်လာ၏။
သူသည် အဆင့်နိမ့် ခန္ဓာကိုယ်ဖွဲ့စည်းပုံသာ ရှိပြီး ဟိုအိမ်တော်တွင် မွေးဖွားသူ မဟုတ်သဖြင့် ဖယ်ကြဉ်ခံထားရသူ ဖြစ်၏။ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသော ညီဖြစ်သူကို အမီလိုက်နိုင်ရန် မလွယ်ကူပေ။ ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုပါက ယခုအချိန်တွင် အလွန်ဆုံး ချီစုစည်းခြင်း (၅) ဆင့်မြောက်သာ ရောက်ရှိနိုင်မည် ဖြစ်၏။
အသက်ကြီးသည်အထိ ကျင့်ကြံလျှင်တောင်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့ တက်လှမ်းရန် မဖြစ်နိုင်ချေ။
သို့သော် ယဲ့ဖုန်းသည် မြူခိုးဂိုဏ်းကို တာဝန်ယူပြီးကတည်းက ဟိုယွင်ကျဲ၏ ဘဝသည် မိုးမြေ ပြောင်းပြန်လှန်သကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ တစ်လမပြည့်ခင်မှာပင် သူသည် ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့တော့၏။
ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ဖြင့် သူ့ကို ဖယ်ကြဉ်ထားသော ဟိုအိမ်တော် သခင်ကြီး၏ ရှေ့မှောက်တွင် ရပ်တည်ပါက အာရုံစိုက်မှု ရရှိရန် လုံလောက်ပေသည်။
သို့သော် ဟိုယွင်ကျဲသည် တစ်ဖက်လူ၏ အာရုံစိုက်မှုကို ဂရုမစိုက်ပေ။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျယ်လောင်သော အော်ဟစ်သံ တစ်သံ ကြားဖြတ် ထွက်ပေါ်လာ၏။
"ကောင်စုတ်လေး... မင်း ပြန်လာရဲသေးတယ်ပေါ့"
နဂါးကဲ့သို့ ခြေလှမ်း၊ ကျားကဲ့သို့ ဟန်ပန်ဖြင့် ခန့်ညားထည်ဝါသော လူတစ်ဦး လျှောက်လှမ်းလာ၏။
ထိုသူသည် ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဦးထုပ်ဝိုင်း ဆောင်းထားကာ သံမဏိအပ်များကဲ့သို့ မာကျောသော မုတ်ဆိတ်မွေးများ ရှိသည်။ စစ်မြေပြင်မှ စစ်သူကြီးတစ်ဦးကဲ့သို့ ထင်မှတ်ရလေ၏။
"အဖေ... အစ်ကိုကြီးကို ဘယ်လို ပြောလိုက်တာလဲ"
ဟိုယွင်ဟောင်သည် ရှေ့မှ ချက်ချင်း ကာကွယ်လိုက်သည်။
ဟိုအိမ်တော် သခင်ကြီး "ဟိုတာရှုန်း" သည် 'မဲ့ပြုံး ပြုံး' လိုက်ပြီး ပြောလိုက်၏။
"ယွင်ဟောင်... အဖေ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ... ဒီကောင်စုတ်လေးက မင်းနဲ့ အမေတူ အဖေကွဲ ညီအစ်ကိုတွေပါ... မင်းရဲ့ အစ်ကိုကြီး ဖြစ်ကောင်းဖြစ်မယ်... ဒါပေမဲ့ ငါ့သား မဟုတ်ဘူး... ပြီးတော့ အဆင့်နိမ့် ဂိုဏ်းလေး တစ်ခုကို ဝင်သွားပြီး ဟို အိမ်တော်ရဲ့ သိက္ခာကို ချနေတယ်... လအနည်းငယ်လောက် ပျောက်သွားပြီး ဘာတွေ တိုးတက်လာလဲ ကြည့်ရသေးတာပေါ့"
ဟိုတာရှုန်းသည် ချီစုစည်းခြင်း (၈) ဆင့်မြောက် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး ဟိုယွင်ဟောင်ကို ကျော်ဖြတ်ကာ ဟိုယွင်ကျဲထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။
"စီနီယာအစ်ကိုကြီး၊ ဂျူနီယာညီလေး... ဝင်ပါစရာ မလိုဘူး... ကျွန်တော် ရှင်းလိုက်မယ်"
ဟိုယွင်ကျဲ၏ မျက်လုံးများ အေးစက်သွား၏။ သူသည် ရှေ့သို့ တိုးဝင်သွားပြီး ဟိုတာရှုန်း၏ လက်ဝါးကို လေထဲတွင်ပင် ပြန်လည် တိုက်ခိုက်လိုက်ရာ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။
"ဘုန်း"
ဟိုယွင်ကျဲသည် နောက်သို့ (၃) လှမ်းခန့် ယိုင်နဲ့သွားသော်လည်း အသက်ရှူသံ ပုံမှန်ပင် ရှိနေ၏။
ဟိုတာရှုန်းမှာမူ နောက်သို့ (၅) လှမ်းခန့် လွင့်စဉ်သွားပြီး ခြေထောက်အောက်ရှိ မြေကြီးများ ချိုင့်ဝင်သွားလေ၏။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
"ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ်... အဆင့်နိမ့်ဂိုဏ်းလေးက မင်းကို ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ပေးနိုင်တယ် ဟုတ်လား"
ဟိုတာရှုန်း အံ့သြသွားသည်။
ခုနက သူသည် ဟိုယွင်ကျဲကို အနည်းငယ် ဖိနှိပ်ပြီး အရှုံးပေးစေရန် ရည်ရွယ်ချက်ဖြင့် ချီစုစည်းခြင်း (၆) ဆင့်မြောက် အားကိုသာ သုံးခဲ့ခြင်း ဖြစ်၏။ သို့သော် ဟိုယွင်ကျဲသည် အစွမ်းကုန် ပြန်လည်တိုက်ခိုက်လိုက်သဖြင့် သူ၏ လက်မောင်းများ ထုံကျဉ်သွားရလေ၏။
"အစ်ကိုကြီး... ခင်ဗျား တကယ် စွမ်းတာပဲ"
ဟိုယွင်ဟောင်သည် အစ်ကိုကြီးကို အမြဲ လေးစားအားကျခဲ့သူ ဖြစ်၏။ ယခုအခါ ဟိုယွင်ကျဲသည် ဟိုတာရှုန်းကိုပင် အသာစီးရယူနိုင်သည်ကို တွေ့လိုက်ရသဖြင့် အံ့သြလွန်း၍ လဲကျလုမတတ် ဖြစ်သွားရလေ၏။
"ဦးလေး... မြူခိုးဂိုဏ်းက ခင်ဗျား ထင်ထားသလို ရိုးရှင်းမနေဘူး"
ဟိုယွင်ကျဲသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
အသက် (၂) နှစ် အရွယ်တွင် သူ၏ ဖခင်အရင်း ဆုံးပါးသွားခဲ့ပြီး မိခင်သည် သူ့ကို ခေါ်ဆောင်လျက် ဟိုအိမ်တော်သို့ နောက်အိမ်ထောင်ပြုခဲ့သည်။ ဟိုတာရှုန်း၏ သားအရင်း မဟုတ်သဖြင့် အမြဲတမ်း နှိမ်ချဆက်ဆံခံခဲ့ရပြီး ဟိုတာရှုန်းကို "ဦးလေး" ဟုသာ ခေါ်ဝေါ်ခဲ့ရသည်။
"သေနာကောင် ဟိုတာရှုန်း... ရှင် ကျုပ်သားကို အနိုင်ကျင့်ရဲတယ်ပေါ့... ဒီကတ်ကြေးနဲ့ အထိုးခံရရင် အပြစ်မဆိုနဲ့နော်"
စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး ဟိုအိမ်တော် တစ်ခုလုံး တုန်ဟည်းသွားလေ၏။ အိမ်တော်သခင်မကြီး ဒေါသပေါက်ကွဲနေပြီ ဖြစ်ကြောင်း အားလုံး သိလိုက်ကြ၏။
ပြဇာတ်ကြည့်နေသော ရှီလေ့နှင့် လုံထျန်းရှင်းတို့သည် အသံလာရာကို လှည့်ကြည့်လိုက်ရာ လှပသော အမျိုးသမီးတစ်ဦးသည် လက်တစ်ဖက်ဖြင့် စကပ်ကို မပြီး ကျန်လက်တစ်ဖက်ဖြင့် ကတ်ကြေးကို ကိုင်ကာ မီးကုန်ယမ်းကုန် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ အရှိန်နှင့် ဟန်ပန်သည် အစ်ကိုကြီး ခေါင်းပြားနှင့်ပင် ယှဉ်နိုင်ပေသည်။
"အမေ... သူ့ကို ဂရုမစိုက်ပါနဲ့ဗျာ"
ဟိုယွင်ကျဲက အမျိုးသမီးကို အမြန် တားလိုက်သည်။
"သားရယ်... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့... အို... ပိန်သွားလိုက်တာ... ကြည့်ပါဦး... ကိုယ်လုံးကိုယ်ထည်က သိပ်မတောင့်တင်းတော့ဘူး... ဝမ်းဗိုက်ကြွက်သား ကနေ ကြွက်သား ခြောက်ခု ဖြစ်သွားပြီ... ဒီပုံစံနဲ့ ဘယ်သူကများ သားကို သဘောကျမှာလဲ... အမေ ပြောမယ်... များများစားပြီး အသားတင်အောင် လုပ်မှပေါ့... အနည်းဆုံး ပေါင် (၂၀၀) လောက် ရှိမှ ဖြစ်မှာ..."
ဟိုယွင်ကျဲကို မြင်လိုက်ရသည်နှင့် အမျိုးသမီးသည် ကတ်ကြေးကို လွှတ်ချလိုက်ရာ ဟိုအိမ်တော်သခင်ကြီး ဟိုတာရှုန်း၏ ခြေထောက်ပေါ်သို့ တည့်တည့်မတ်မတ် စိုက်ဝင်သွားလေ၏။ ထို့နောက် သူမသည် ယွင်ကျဲ၏ မျက်နှာကို လက်ဖြင့် အုပ်ကိုင်ပြီး တွင်တွင် ပြောဆိုလေတော့သည်။
'လာပြန်ပြီ...'
ဟိုယွင်ကျဲသည် ဗျစ်တောက်ဗျစ်တောက် လုပ်လွန်းသော မိခင်ကို မခံနိုင်တော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်ရသည်။
"အမေ... သားကို ပြန်ခေါ်တာ... ကြင်ဖက် ချိန်းတွေ့ဖို့တော့ မဟုတ်ပါဘူးနော်”
အခန်း (၈၁) - ဟိုယွင်ကျဲ၏ ကြင်ဖက် ချိန်းတွေ့ခြင်း
~"ဘာ... ချိန်းတွေ့တာ မဟုတ်လို့ ပြန်မခေါ်ခိုင်းရတော့ဘူးလား..."
အမျိုးသမီးကြီးသည် ခါးကို လက်ထောက်လျက် မကျေမနပ် 'စိမ်းစိမ်းကြည့်' ကာ ပြောလိုက်လေ၏။
ဟိုယွင်ကျဲက 'ကပျာကယာ' ငြင်းဆိုလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော် အဲလို ဆိုလိုတာ မဟုတ်ပါဘူးဗျာ..."
ထိုအချိန်တွင် မလှမ်းမကမ်း၌ ရှိနေသော ဟိုတာရှုန်းသည် သူ့ဖိနပ်ထဲ စိုက်ဝင်နေသော ကတ်ကြေးကို ဆွဲထုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောကြားလေ၏။
"ဒီချိန်းတွေ့ပွဲက မီးရှူးတိုင် မြို့တော်က လင်းမိသားစုရဲ့ သခင်မလေးနဲ့ ချိန်းပေးထားတာ... သူက ယွင်ဟွာဂိုဏ်း ရဲ့ ထူးချွန်တဲ့ တပည့်တစ်ယောက်လည်း ဖြစ်တယ်... ယွင်ဟောင်ရဲ့ စီနီယာအစ်မလို့ ပြောလို့ရတယ်... အရင်တုန်းက ဆိုရင် မင်းလိုကောင်က လင်းသခင်မလေးရဲ့ မျက်လုံးထဲ ဝင်မှာတောင် မဟုတ်ဘူး... ဒါပေမဲ့ အခုတော့... ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ် ရောက်နေပြီဆိုတော့... အောင်မြင်နိုင်ခြေ အတော်များတယ်..."
မူလက ဟိုတာရှုန်းသည် ဟိုယွင်ကျဲအပေါ် ယုံကြည်မှု နည်းပါးခဲ့၏။
အကြောင်းမူကား ဤကဲ့သို့သော အသက်အရွယ်ဖြင့် အဆင့်နိမ့်ဂိုဏ်း တစ်ခုသို့ ဝင်ရောက်သွားသူ တစ်ဦးသည် ချီစုစည်းခြင်း (၄) ဆင့် သို့မဟုတ် (၅) ဆင့် ရောက်ရှိလျှင်ပင် ကောင်းလှပြီဟု ယူဆထားသောကြောင့် ဖြစ်၏။
သို့သော် ဟိုယွင်ကျဲသည် နတ်ဆေးများနှင့် အံ့ဖွယ်ဆေးဝါးများကို မှီဝဲထားသကဲ့သို့ လပိုင်းအတွင်း ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ အဆင့်မြင့်ဂိုဏ်းကြီးတစ်ခု၏ အဓိကတပည့် အဖြစ် သတ်မှတ်ခံရနိုင်သည့်အပြင် လင်းသခင်မလေးထက်ပင် သာလွန်နေသေးသည်။
ဤအချက်ကို စဉ်းစားလိုက်သောအခါ ဟိုမိသားစုနှင့် လင်းမိသားစုတို့ လက်ထပ်ထိမ်းမြားခြင်းဖြင့် မဟာမိတ်ဖွဲ့နိုင်ခြေ အလွန် များပြားလာလေ၏။
ဟိုမိသားစု၏ သခင်ကြီးအနေဖြင့် ဟိုတာရှုန်းသည် အကျိုးအမြတ် အများဆုံး ရရှိမည့်သူ ဖြစ်၏။ ထိုအကြောင်းကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်လာပြီး ဟိုယွင်ကျဲကို ကြည့်ရသည်မှာပင် ယခင်ကထက် မျက်စိပသာဒ ဖြစ်လာသယောင် ခံစားလိုက်ရသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဟိုယွင်ကျဲ မျက်မှောင်ကြုတ်လိုက်မိ၏။
နှစ်များတစ်လျှောက်လုံး ဟိုတာရှုန်းသည် ဟိုယွင်ကျဲအား မီးရှူးတိုင် မြို့တော်ရှိ အခြား ဂုဏ်သရေရှိ မိသားစုတစ်ခုခုနှင့် လက်ထပ်စေချင်ခဲ့သည်။ ဟိုယွင်ကျဲ၏ မိခင်ဖြစ်သူကလည်း သဘောတူခဲ့သည်။ အထူးသဖြင့် ယခုနှစ်အတွင်း ဟိုယွင်ကျဲသည် ချိန်းတွေ့ပွဲ (၉) ခုအထိ တက်ရောက်ခဲ့ရသဖြင့် သူ၏ သည်းခံနိုင်စွမ်းများ ကုန်ခမ်းလုမတတ် ဖြစ်နေပြီ မဟုတ်ပါလော။
"ဒုတိယအစ်ကိုကြီး... ယွင်ဟွာဂိုဏ်း ဆိုတာ ဘာလဲဗျ..."
လုံထျန်းရှင်းသည် ဟိုယွင်ကျဲနားသို့ ကပ်၍ တိုးတိုးလေး မေးလိုက်သည်။
ဟိုယွင်ကျဲသည် ခေါင်းလှည့်ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။
"ယွင်ဟွာဂိုဏ်း ဆိုတာက မီးရှူးတိုင် မြို့တော်နဲ့ မိုင်တစ်ရာကျော် ဝေးတဲ့နေရာမှာ တည်ရှိတဲ့ အဆင့်မြင့်ဂိုဏ်းတစ်ခုပဲ... (၁၀) မိုင်ပတ်လည် ကျယ်ဝန်းတဲ့ တောင်တန်းကြီး တစ်ခုလုံးကို ပိုင်ဆိုင်ထားတယ်... တပည့်ပေါင်း တစ်ထောင်ကျော် ရှိတဲ့အပြင်... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေလည်း ရှိတယ်..."
ခဏမျှ စဉ်းစားပြီးနောက် ဟိုယွင်ကျဲက ထပ်ပြောသည်။
"သြော်... ဒါနဲ့... ဒီပတ်ဝန်းကျင်က လူတွေက ကျင့်ကြံသူတွေချည်းပဲ... သူတို့ရဲ့ အာရုံခံနိုင်စွမ်း (၆) မျိုးစလုံးက အရမ်း ထက်မြက်တယ်... မင်း အသံတိုးတိုး ပြောစရာ မလိုပါဘူး... တိုးတိုးပြောတာနဲ့ ပုံမှန်ပြောတာ အတူတူပဲ... သူတို့ ကြားနေရတာပဲ..."
နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ လုံထျန်းရှင်း၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် ရဲတက်သွားလေ၏။
"ဟုတ်တယ်... ယွင်ဟွာဂိုဏ်းက ဒီဒေသမှာ အသန်မာဆုံး အဆင့်မြင့်ဂိုဏ်းပဲ... အခြေအနေတချို့ မပြည့်မီသေးလို့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း မဖြစ်သေးတာ... တကယ်တမ်းကျတော့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေနဲ့ ယှဉ်ရင် မနိမ့်ကျပါဘူး... ငါ့သား ယွင်ဟောင်က ပါရမီပါလို့ ကံကောင်းထောက်မစွာ ယွင်ဟွာဂိုဏ်းကို ဝင်ခွင့်ရခဲ့တာ..."
ဟိုတာရှုန်းသည် သူကိုယ်တိုင် ယွင်ဟွာဂိုဏ်းသို့ ဝင်ရောက်ခဲ့သကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်လေ၏။
ခဏနားပြီးနောက် ဟိုတာရှုန်းက ဆက်ပြောသည်။
"ငါ့သား ယွင်ကျဲ ချိန်းတွေ့ရမယ့် မိန်းကလေးက ယွင်ဟွာဂိုဏ်း အကြီးအကဲတစ်ဦးရဲ့ တပည့်အရင်း ဖြစ်ပြီး ချီစုစည်းခြင်း (၇) ဆင့် ရှိတယ်... ဒီလက်ထပ်ပွဲသာ အောင်မြင်သွားရင်... ငါတို့ ဟိုမိသားစုက ယွင်ဟွာဂိုဏ်းနဲ့ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်လိမ့်မယ်..."
ဟိုတာရှုန်းသည် မူလက "ကောင်စုတ်လေး" ဟု ခေါ်ရန် ရည်ရွယ်ခဲ့သော်လည်း "ကောင်..." ဟု စပြောလိုက်သည်နှင့် ဟိုယွင်ကျဲ၏ မိခင်က ကတ်ကြေးကို မြှောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် အသက်ရှင်လိုစိတ် ပြင်းပြလာပြီး ချက်ချင်း စကားပြင်လိုက်ရလေ၏။
ထိုစကားများ အားလုံးကို ကြားပြီးနောက် ဟိုယွင်ကျဲသည် 'မဲ့ပြုံး ပြုံး' လိုက်ပြီး ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"မိန်းမတွေက... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနှုန်းကို နှေးကွေးစေရုံပဲ ရှိမှာပါ..."
သူသည် ဟိုတာရှုန်း၏ အမိန့်ပေးခြင်းကို အလွန် မုန်းတီးပေသည်။
ပထမအချက်မှာ သူသည် ဟိုတာရှုန်း၏ သားအရင်း မဟုတ်သောကြောင့် ဖြစ်၏။
ထို့အပြင် ငယ်စဉ်ကတည်းက ဟိုတာရှုန်းသည် သူ့ကို ရိုက်နှက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ဆက်ဆံရေးမှာ အေးစက်လျက် ရှိသည်။ အကယ်၍ ကိုယ်ပိုင် အင်အား မရှိသေးခြင်းနှင့် မိခင်ကို စိတ်မချခြင်းတို့သာ မရှိပါက ဟိုယွင်ကျဲသည် လွန်ခဲ့သော ကြာမြင့်စွာကပင် အဝေးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။
"မင်း တော်တော် ရဲလာပါလား..."
ဟိုတာရှုန်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြမ်းပြင်ကို ခြေဆောင့်လိုက်ရာ ကြမ်းခင်းကျောက်ပြား ကွဲအက်သွားလေ၏။
ဟိုယွင်ကျဲ၏ မိခင်သည် ကတ်ကြေးကို ချက်ချင်း လွှတ်ချလိုက်ပြီး နောက်ကျောမှ တောက်ပြောင်နေသော မီးဖိုချောင်သုံး ဓားမကြီးကို ဆွဲထုတ်လိုက်လေ၏။
"ဟိုတာရှုန်း... ပါးစပ်ပိတ်ထားလိုက်စမ်း...ရှင့်ရဲ့ လေ့ကျင့်ရေးအခန်းကို အခုချက်ချင်း ပြန်သွား... ယွင်ကျဲ... အမေနဲ့ လိုက်ခဲ့... လင်းသခင်မလေးကို သွားတွေ့ရအောင်..."
ဟိုတာရှုန်းသည် အလွန် မာန်မာနကြီးသူ ဖြစ်သော်လည်း ဇနီးသည်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရရှာသည်။ ဓားမကြီး ကိုင်ဆောင်ထားသော အမျိုးသမီးကို ရင်ဆိုင်ရသောအခါ သူ၏ မာနကို မြိုသိပ်လိုက်ရပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားရလေတော့သည်။
ကျူယွိ လက်ဖက်ရည်ဆိုင်-
မီးရှူးတိုင် မြို့တော်၏ အကျော်ကြားဆုံး လက်ဖက်ရည်ဆိုင် ဖြစ်ပေသည်။
တတိယထပ်ရှိ ဇိမ်ခံ သီးသန့်အခန်းအတွင်း၌ အလယ်တွင် လက်ဖက်ရည်ပွဲ တစ်ခု ခင်းကျင်းထားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တစ်ဖက်စီတွင် ထိုင်နေကြ၏။
အမျိုးသားမှာ ဟိုယွင်ကျဲ ဖြစ်ကြောင်း ပြောစရာ မလိုပေ။
အမျိုးသမီးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်ရှည်များကို ဖြန့်ချထားကာ အနီရောင် ကြိုးလေးဖြင့် လိပ်ပြာပုံသဏ္ဍာန် ချည်နှောင်ထားသဖြင့် ရိုးရှင်းပြီး ကျက်သရေရှိသော အသွင်အပြင်ကို ဆောင်လေ၏။
သို့သော် ဟိုယွင်ကျဲသည် လက်ဖက်ရည်သောက်ခြင်း၌သာ အာရုံစိုက်နေပြီး ရှေ့တွင် ထိုင်နေသော လှပသည့် လင်းသခင်မလေးကို လုံးဝ ဂရုမစိုက်ချေ။
သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
'မိန်းမတွေက... ငါ့ရဲ့ ကျင့်ကြံခြင်းနှုန်းကို နှေးကွေးစေရုံပဲ ရှိမှာပါ'
အမျိုးသမီးကလည်း တိတ်ဆိတ်စွာပင် လက်ဖက်ရည် သောက်နေ၏။
ဤကိစ္စတွင် သူတို့နှစ်ဦးသည် အံ့သြဖွယ် ကောင်းလောက်အောင် နားလည်မှု ရှိနေကြ၏။
သီးသန့်အခန်း အပြင်ဘက်တွင် -
ရှီလေ့၊ လုံထျန်းရှင်း၊ ဟိုယွင်ဟောင်၊ ဟိုယွင်ကျဲ၏ မိခင်နှင့် အခြား အမျိုးသမီး အချို့သည် ကန့်လန့်ကာကို ကပ်လျက် ခိုးချောင်းကြည့်နေကြလေ၏။
"ဘုရားရေ... ဘာလို့ စကားမပြောကြတာလဲ... လက်ဖက်ရည်ပဲ သောက်နေကြတယ်... လက်ဖက်ရည်သောက်ရင်း သံယောဇဉ် ဖြစ်လာမယ်များ ထင်နေကြလား..."
"လက်ဖက်ရည်သောက်ရင်း သံယောဇဉ် ဖြစ်လာနိုင်ရင် ကောင်းသားပဲ..."
"ဒီလို ချိန်းတွေ့တာကြီးက တော်တော် အနေရခက်စရာ ကောင်းတာပဲ..."
လူအုပ်ကြီးသည် တစ်ယောက် တစ်ပေါက် တီးတိုး ဝေဖန်နေကြ၏။
သီးသန့်အခန်း အတွင်း၌ -
လင်းမိသားစု၏ သခင်မလေးသည် လက်ဖက်ရည်ခွက်ကို အရင်ဆုံး ချလိုက်ပြီး မိတ်ဆက်လိုက်သည်။
"လင်းယွိယန်... ယွင်ဟွာဂိုဏ်း အကြီးအကဲတစ်ဦးရဲ့ တပည့်အရင်းပါ... ချီစုစည်းခြင်း (၇) ဆင့် ရှိပြီး ပထမအဆင့် သိုင်းကွက် (၉) ခု နဲ့ ဒုတိယအဆင့် သိုင်းကွက် (၁) ခုကို အဆင့်ကြီး အောင်မြင်မှု အထိ တတ်မြောက်ထားပါတယ်... ကျွန်မရဲ့ ရည်ရွယ်ချက်က ကျင့်ကြံခြင်းပါ... ကိုယ်ရေးကိုယ်တာ သံယောဇဉ် ကိစ္စတွေကို စိတ်မဝင်စားပါဘူး..."
ဟိုယွင်ကျဲက ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ပြန်လည် မိတ်ဆက်လိုက်သည်။
"ဟိုယွင်ကျဲ... ရေပေါ်ဖြူမြို့တော် မြူခိုးဂိုဏ်းရဲ့ ဒုတိယတပည့်ပါ... ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ် ရောက်နေပြီး... ပထမအဆင့် သိုင်းကွက်အများအပြားကို အထွတ်အထိပ် အဆင့် အထိ တတ်မြောက်ထားပါတယ်... မိန်းမတွေက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ကို နှေးကွေးစေရုံပဲ ရှိမှာပါ..."
လင်းသခင်မလေး (ဝါ) လင်းယွိယန်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေ၏။
ယနေ့ ချိန်းတွေ့မည့်သူသည် လူနုံလူအ တစ်ယောက် ဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း အံ့သြစရာ ကောင်းလောက်အောင်ပင် သူမထက် ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး သိုင်းကွက်များကို အထွတ်အထိပ် အဆင့်ထိ တတ်မြောက်ထားသော ခန့်ညားသည့် လူငယ်တစ်ဦး ဖြစ်နေ၏။
တစ်ခုတည်းသော အားနည်းချက်မှာ ကြွားဝါရသည်ကို နှစ်သက်ခြင်း ဖြစ်ပေသည်။
သို့သော် လင်းယွိယန်သည် အချစ်ရေး ကိစ္စများကို စိတ်မဝင်စားပေ။ ဟိုယွင်ကျဲကို သဘောကျသော်လည်း ဤလက်ထပ်ပွဲကို သဘောတူရန် အစီအစဉ် မရှိချေ။
"ကြည့်ရတာ... မိတ်ဆွေလင်းနဲ့ ကျွန်တော် နားလည်မှု ရသွားပြီ ထင်တယ်... နောက်ထပ် လက်ဖက်ရည် တစ်ခွက်လောက် သောက်ပြီးရင်... ကိုယ့်အိမ်ကိုယ် ပြန်ကြတာပေါ့..."
ဟိုယွင်ကျဲက ရယ်မောလိုက်သည်။
အမှန်စင်စစ် လင်းယွိယန်သည် သူ့အပေါ် ကောင်းမွန်သော ပထမအမြင်အား ပေးစွမ်းနိုင်ခဲ့သည်။ သူမ၏ မိတ်ကပ်မှာ ပါးလွှာပြီး ကျက်သရေရှိကာ သန့်ရှင်းစင်ကြယ်သော အသွင်အပြင်ကို ဆောင်လေ၏။
သို့သော် သူ့စိတ်ထဲတွင် ကျင့်ကြံခြင်း တစ်ခုတည်းသာ ရှိနေ၏။
"ကောင်းပါပြီ..."
လင်းယွိယန်သည် လက်ဖက်ရည်အိုးကို မလိုက်သော်လည်း အိုးထဲတွင် လက်ဖက်ရည် မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်သည်။
"လက်ဖက်ရည် တစ်အိုးလောက် ထပ်ချပါဦး..."
ပြတင်းပေါက် အပြင်ဘက်ရှိ လူအုပ်ကြီးမှာမူ ဆွံ့အသွားကြလေ၏။
'သူတို့နှစ်ယောက်က လက်ဖက်ရည်သောက်နေတာ ကြာလှပြီ... ရုတ်တရက် စကားနည်းနည်း ပြောပြီးတာနဲ့ ပြီးသွားပြီလား...'
သူတို့ ပြောနေသည်များကို ရှင်းရှင်းလင်းလင်း နားမလည်ကြသော်လည်း ဤချိန်းတွေ့ပွဲသည် အရာမထင်တော့ကြောင်း ခန့်မှန်းမိလိုက်ကြသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြရသည်။
ထိုအချိန်တွင် လက်ဖက်ရည်အိုး ကိုင်ဆောင်ထားသော အစေခံမလေး တစ်ဦးသည် သီးသန့်အခန်းထဲသို့ ဝင်ရောက်လာပြီး သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ငှဲ့ပေးရန် ပြင်လိုက်သည်။
လုံထျန်းရှင်းသည် အစေခံမလေးကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် ဝိညာဉ်စွမ်းအင်ကို မျက်လုံးထဲသို့ ချက်ချင်း ပို့လွှတ်လိုက်ရာ အစေခံမလေး၏ ခေါင်းပေါ်တွင် ထူးဆန်းသော အနက်ရောင် လူ့မျက်နှာသရဲ ပုံရိပ်တစ်ခု ဝဲပျံနေသည်ကို တွေ့ရှိလိုက်ရသည်။
"တစ်ခုခု မှားနေပြီ..."
လုံထျန်းရှင်းသည် အစေခံမလေးကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။
သတိပေးသံကို ကြားလိုက်ရသဖြင့် ဟိုယွင်ကျဲနှင့် လင်းယွိယန်တို့သည် အစေခံမလေးကို မော့ကြည့်လိုက်ကြရာ သူမ၏ မျက်လုံးများတွင် မျက်ဆံမရှိဘဲ ဖြူဖွေးနေသည်ကို သတိထားမိလိုက်ကြ၏။
"မကောင်းတော့ဘူး... ဒီမိန်းမ 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' မိနေပြီ..."
လင်းယွိယန် ရုတ်တရက် သတိရသွား၏။
ထိုအခိုက်အတန့်၌ အစေခံမလေးသည် လက်ဖက်ရည်အိုးဖြင့် လင်းယွိယန်ကို 'သည်းကြီးမည်းကြီး' ရိုက်ချလိုက်ပြီး သူမ၏ လက်စွပ်ထဲမှ ငွေရောင် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ ပစ်လွှတ်လိုက်လေ၏။
လက်ဖက်ရည်အိုးကို ရှောင်တိမ်းနေရသဖြင့် လင်းယွိယန်သည် လာနေသော တိုက်ခိုက်မှုကို သတိမထားမိလိုက်ဘဲ "မလှုပ်မယှက် အဆောင်လက်ဖွဲ့" ထိမှန်သွားကာ သူမ၏ နဖူးပေါ်တွင် ကပ်ငြိသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်မယှက် ဖြစ်သွားလေတော့သည်။
သူမ၏ ချီစွမ်းအင်ကိုလည်း အသုံးပြု၍ မရတော့ချေ။
"ချလွင်"
အစေခံမလေး၏ လက်စွပ်ထဲမှ နောက်ထပ် ဓားမြောင် တစ်လက် ထွက်ပေါ်လာပြီး အနက်ရောင် အရှိန်အဝါများ လွှမ်းခြုံလျက် လင်းယွိယန်၏ အသက်အန္တရာယ် ရှိသော နေရာများကို ထိုးစိုက်ရန် တိုးဝင်လာလေ၏။
"မင်းက ငါ့ကို ကိုယ်ပျောက်သလို ထင်နေတာလား..."
ဟိုယွင်ကျဲသည် ဒေါသတကြီးဖြင့် လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်ပြီး "သံမဏိ ဒိုင်းကာ သိုင်း" ကို အသုံးပြုကာ ရှေ့မှ ကာကွယ်လိုက်၏။ အစေခံမလေးကို တိုက်ခိုက်လိုက်ရာ သူမသည် လွင့်စဉ်သွားပြီး တတိယထပ် ပြတင်းပေါက်မှ တဆင့် အောက်ဘက် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေ၏။
ထို့နောက် သူသည် လက်လှမ်းလိုက်ပြီး လင်းယွိယန်၏ နဖူးပေါ်မှ ငွေရောင် အဆောင်လက်ဖွဲ့ကို ခွာယူလိုက်ရာ သူမ၏ လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိလာလေ၏။
"အဲဒါ 'ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း' က လူပဲ... မြန်မြန်... လိုက်ဖမ်းကြ..."
လင်းယွိယန်သည် ဝိညာဉ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက်မှတဆင့် 'ခုန်ပျံတိုက်ခိုက်' ရန် လိုက်ပါသွားလေတော့၏။