← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂) - လက်သည်တရားခံကို ဖမ်းဆီးခြင်းနှင့် လင်းယွိယန်၏ အပြောင်းအလဲ

~"စီနီယာအစ်ကိုကြီး၊ ဒုတိယအစ်ကိုကြီး... လိုက်ဖမ်းကြမလား"

လုံထျန်းရှင်းက အလျင်စလို မေးလိုက်၏။

"ဖမ်းရမှာပေါ့... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းက ဒီမီးရှူးတိုင် မြို့တော် တစ်ဝိုက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်... သူတို့ဂိုဏ်းသားတွေက တစ်ယောက်မှ လူကောင်းမဟုတ်ဘူး"

ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်ပြီးနောက် ဟိုယွင်ဟောင်ဘက်သို့ လှည့်ကြည့်ကာ မှာကြားလိုက်သည်။

"ယွင်ဟောင်... မင်းက အမေ့ကို စောင့်ရှောက်ဖို့ ဒီမှာ ကျန်ခဲ့လိုက်... ငါတို့ ခဏနေရင် ပြန်လာခဲ့မယ်"

ပြောပြီးသည်နှင့် ဟိုယွင်ကျဲသည် ရှီလေ့၊ လုံထျန်းရှင်းတို့နှင့်အတူ ပြတင်းပေါက်ကို ဖောက်ထွက်ပြီး တတိယထပ်မှနေ၍ အောက်သို့ ခုန်ဆင်းလိုက်ကြလေ၏။

"မင်း ပြေးမလွတ်ပါဘူး"

ထိုအချိန်တွင် လင်းယွိယန်သည် ဓားကို ဆွဲထုတ်ပြီး ထွက်ပြေးရန် ကြိုးစားနေသော အစေခံမလေးနောက်သို့ အရှိန်ပြင်းပြင်းဖြင့် လိုက်ပါသွားလေ၏။

"ငါတို့လည်း လိုက်ကြစို့"

ဟိုယွင်ကျဲသည် တွန့်ဆုတ်မနေဘဲ ဓားစီး၍ လိုက်ပါရန် ပြင်လိုက်သည်။

"ဒုတိယအစ်ကိုကြီး... နေပါဦး... ကျွန်တော် တစ်ခုခု တွေ့ထားတယ်"

အပြာရောင် ဝိညာဉ်မျက်လုံးကို အသက်သွင်းထားသော လုံထျန်းရှင်းသည် ဟိုယွင်ကျဲကို လှမ်းတားလိုက်၏။ သူသည် အစေခံမလေး၏ ခန္ဓာကိုယ်ပေါ်တွင် သိမ်မွေ့သော အနက်ရောင် မျဉ်းကြောင်းလေးတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။ ထိုမျဉ်းကြောင်းသည် သူမ ထွက်ပြေးရာ လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေလေ၏။

"စီနီယာအစ်ကိုကြီး၊ ဒုတိယအစ်ကိုကြီး... နောက်ကွယ်က ကြိုးကိုင်သူက တော်တော် ပါးနပ်တာပဲ... တကယ်တော့ ဆန့်ကျင်ဘက် လမ်းကြောင်းကနေ သွားနေတာ"

လုံထျန်းရှင်းသည် အနက်ရောင် မျဉ်းကြောင်းအတိုင်း လိုက်ကြည့်ပြီး မူလအစကို လက်ညှိုးထိုးပြလိုက်သည်။

ဟိုယွင်ကျဲနှင့် ရှီလေ့တို့သည် လုံထျန်းရှင်းတွင် သာမန် ဝိညာဉ်မျက်လုံးများ မမြင်နိုင်သော အရာများကို မြင်နိုင်စွမ်း ရှိကြောင်း သိထားကြသဖြင့် သူ ညွှန်ပြရာ လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်ပါသွားကြလေ၏။

မီတာ ရာဂဏန်း အကွာအဝေးတွင် -

လင်းယွိယန်သည် ထိန်းချုပ်ခံထားရသော အစေခံမလေးကို နောက်ဆုံးတွင် အမီလိုက်နိုင်ခဲ့သည်။ သူမသည် ဓားသိုင်းကွက်တစ်ခုကို အသုံးပြုပြီး အစေခံမလေး၏ ကျောကုန်းကို တို့လိုက်ရာ သူမသည် မြေကြီးပေါ်သို့ ပျော့ခွေလဲကျသွားလေ၏။

ထို့နောက် အစေခံမလေး၏ ခေါင်းပေါ်မှ အနက်ရောင် အရှိန်အဝါများ ထွက်ပေါ်လာပြီး လေထဲတွင် အနက်ရောင် လူ့မျက်နှာပုံစံတစ်ခု ဖြစ်ပေါ်လာ၏။ ထိုမျက်နှာကြီးက 'ကောက်ကျစ်စဉ်းစားသော အပြုံး' ဖြင့် ရယ်မောလိုက်၏။

"လင်းယွိယန်... မင်း လမ်းမှား လိုက်လာမိပြီ... ဟားဟားဟား... အိုး..."

ရယ်မောသံ မဆုံးခင်မှာပင် အနက်ရောင် လူ့မျက်နှာကြီး ပေါက်ကွဲသွားလေ၏။

မီတာ (၅၀၀) အကွာတွင် -

ပျက်စီးယိုယွင်းနေသော သစ်သားတဲအိမ်လေး တစ်လုံးအတွင်း၌...

စားပွဲခုံတစ်ခုတွင် ထိုင်နေသော လူငယ်တစ်ဦး ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အနက်ရောင် အစင်းကြောင်းများ ဖုံးအုပ်ထားပြီး ကျေနပ်အားရစွာ ရယ်မောနေ၏။

သူ့ရှေ့တွင် လင်းယွိယန် ရှိနေသော နေရာမှ မြင်ကွင်းကို ပြသနေသည့် အလင်းဖန်သားပြင် တစ်ခု ရှိလေ၏။

"ဝုန်း"

ရုတ်တရက် တံခါးကြီး ကွဲကြေသွား၏။

ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လုံထျန်းရှင်းတို့သည် စစ်နတ်ဘုရားများသဖွယ် ဆင်းသက်လာကြရာ မျက်နှာမဲ လူငယ်လေးမှာ ကြောက်လန့်တကြား ဖြစ်သွားရလေ၏။

လုံထျန်းရှင်းသည် မျက်နှာမဲ လူငယ်လေးကို လက်ညှိုးထိုးပြပြီး ကြေငြာလိုက်သည်။

"ညီအစ်ကိုတို့ရေ... ဒါ လက်သည်တရားခံပဲ"

"လူကြီးမင်းတို့... အိမ်မှား ဝင်လာတာများလား..."

စကားမဆုံးခင်မှာပင် မျက်နှာမဲ လူငယ်လေးသည် လှည့်ပြေးရန် ပြင်လိုက်၏။

"မီးတိမ်တိုက်လက်ဝါးသိုင်း..."

"စွမ်းအင်ကျည်ဆန်..."

"သံမဏိ ဒိုင်းကာသိုင်း..."

သူတို့ (၃) ဦးသည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချီစုစည်းခြင်း (၇) ဆင့်မြောက် ရှိသော မျက်နှာမဲ လူငယ်မှာ ပါးစပ်မှ အမြှုပ်များထွက်ကာ တက်သွားသည်အထိ 'သည်းကြီးမည်းကြီး' အရိုက်ခံလိုက်ရလေတော့သည်။

"ကြိုးတုပ်ပြီး ခေါ်သွားမယ်" ဟိုယွင်ကျဲက ပြောလိုက်သည်။

လုံထျန်းရှင်းသည် "ဝိညာဉ်ချုပ်နှောင် ကြိုးကွင်း" ကို ချက်ချင်း အသုံးပြုပြီး မျက်နှာမဲ လူငယ်လေးကို ဝိညာဉ်စွမ်းအင် ကြိုးဖြင့် တုပ်နှောင်ကာ ကျူယွိ လက်ဖက်ရည်ဆိုင်ဘက်သို့ 'ရင်ကော့ ခေါင်းမော့' လျက် လျှောက်လှမ်းသွားလေ၏။

ကောင်းကင်ယံတွင် -

လင်းယွိယန်သည် ဓားစီးလာရင်း အဝေးမှ ဟိုယွင်ကျဲတို့ လူစု မျက်နှာမဲ လူငယ်လေးကို ဝိုင်းဝန်း ရိုက်နှက်နေပုံကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ထိတ်လန့်သွားလေ၏။

'သူတို့က "ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" သုံးတဲ့သူကို ဘယ်လို တိတိကျကျ ရှာတွေ့သွားတာလဲ... ဒါ ဘယ်လို နည်းလမ်းမျိုးလဲ...'

လင်းယွိယန်သည် နှုတ်ခမ်းများ လှုပ်ရွရုံ ရေရွတ်လိုက်ပြီး မျက်ဝန်းထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေ၏။

သူမသည် မြူခိုးဂိုဏ်းကို လျှော့တွက်မိခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။

ထို့အပြင် ဟိုယွင်ကျဲ "မီးတိမ်တိုက်လက်ဝါးသိုင်း" ကို အသုံးပြုလိုက်စဉ်က သူ၏ လက်ဝါးတစ်ခုလုံး ပူပြင်းသော မီးတောက်များဖြင့် လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။ ဒါက သေချာပေါက် အထွတ်အထိပ်အဆင့် ရဲ့ လက္ခဏာပင်။

'ဒါဆို ဟိုယွင်ကျဲက ကြွားဝါနေတာ မဟုတ်ဘူးပေါ့... သူက သိုင်းကွက်တွေကို အထွတ်အထိပ်အဆင့်ထိ တကယ် တတ်မြောက်ထားတာပဲ... မြူခိုးဂိုဏ်းက ကျန်တဲ့နှစ်ယောက်လည်း ချီစုစည်းခြင်း (၆) ဆင့်နဲ့ (၅) ဆင့် အသီးသီး ရှိကြပြီး... သူတို့ရဲ့ သိုင်းကွက်တွေ အကုန်လုံးက အနည်းဆုံး အဆင့်မြင့်ကြီး အောင်မြင်မှု ရောက်နေကြတယ်...'

လင်းယွိယန် တွေးလေ ပိုပြီး အံ့သြလေ ဖြစ်နေရသည်။

ဒါ တကယ်ပဲ အဆင့်နိမ့်ဂိုဏ်း ဟုတ်ရဲ့လား...

ဟိုယွင်ကျဲ၊ ရှီလေ့နဲ့ လုံထျန်းရှင်းတို့လို တပည့်တွေကို မွေးထုတ်ပေးနိုင်တဲ့ မြူခိုးဂိုဏ်းက... အနည်းဆုံးတော့ အဆင့်မြင့်ဂိုဏ်း ဖြစ်သင့်တာ မဟုတ်ဘူးလား...

ဤသံသယများနှင့်အတူ လင်းယွိယန်သည် ကျူယွိ လက်ဖက်ရည်ဆိုင် အောက်ဘက်တွင် ဟိုယွင်ကျဲတို့နှင့် သွားရောက် ပူးပေါင်းလိုက်ပြီး ကြိုးတုပ်ခံထားရသော မျက်နှာမဲ လူငယ်လေးကို တွေ့ရှိလိုက်ရသည်။

"ရှင် ဘယ်သူလဲ... ဘာလို့ ကျွန်မကို လုပ်ကြံဖို့ ကြိုးစားတာလဲ"

လင်းယွိယန်သည် အသွင်အပြင်အားဖြင့် နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း လုပ်ရပ်များမှာ ပြတ်သားလှပေသည်။ သူမသည် မျက်နှာမဲ လူငယ်လေး၏ ဝမ်းဗိုက်ကို ချက်ချင်း ကန်ကျောက်လိုက်လေ၏။

"အွတ်..."

မျက်နှာမဲ လူငယ်လေး ပါးစပ်မှ အမြှုပ်များ ထွက်လာ၏။

"လင်းယွိယန်... မင်းက တကယ်ပဲ လူခေါ်ပြီး ဝိုင်းတိုက်တာလား... သိုင်းလောက စည်းကမ်း မရှိလိုက်တာ"

"ချလွင်"

ထက်ရှသော ဓားတစ်လက်သည် မျက်နှာမဲ လူငယ်လေး၏ လည်ပင်းပေါ်သို့ ကျရောက်လာလေ၏။

လင်းယွိယန် အနည်းငယ် ဖိလိုက်ရာ သွေးများ စီးကျလာ၏။

မျက်နှာမဲ လူငယ်လေး တံတွေးမြိုချလိုက်ရသည်။

"ကျွန်တော်က ကျန်းတာချောင် ပါ... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းက ဆိုးဟွန်းကျန်းရန်ရဲ့ တပည့်အရင်းပါ... တခြားဂိုဏ်းတွေက ပါရမီရှင် တပည့်တွေကို လုပ်ကြံဖို့ စေလွှတ်ခံရတာပါ... ခင်ဗျားက အဲဒီထဲက တစ်ယောက်ပါပဲ..."

( ဒီနေရာမှာ ကျန်းရန်က တရုတ်လို.. စစ်မှန်သူ - (ဝါ) ဆရာ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ )

ပြောပြီးသည်နှင့် ကျန်းတာချောင်သည် ဟိုယွင်ကျဲနှင့် အခြားနှစ်ဦးကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ပြောလေ၏။

"ဒါပေမဲ့... ခင်ဗျားက ကြယ်အဆင့် ဂိုဏ်း က အကူအညီ ရယူထားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲဗျာ..."

"ငါတို့က ကြယ်အဆင့် ဂိုဏ်းက မဟုတ်ဘူး" ဟိုယွင်ကျဲက ပြောလိုက်သည်။

ကျန်းတာချောင် လန့်ဖျပ်သွား၏။ "မဖြစ်နိုင်တာ... ဒီလောက် အံ့မခန်း နည်းလမ်းတွေကို သုံးနိုင်တာ... ကြယ်အဆင့် ဂိုဏ်းက မဟုတ်ရင် ဘယ်က ဖြစ်ရမှာလဲ"

"သူတို့က အဆင့်နိမ့်ဂိုဏ်း ဖြစ်တဲ့ မြူခိုးဂိုဏ်းက တပည့်တွေပါ" လင်းယွိယန်က ဝင်ပြောသည်။

"ဖူး... ဟားဟားဟား... ခင်ဗျားတို့ လိမ်စရာ မလိုပါဘူးဗျာ... တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း နဲ့ ဖမ်းဆီးခြင်း သိုင်းကွက်တွေ အချိတ်အဆက်မိမိ သုံးနိုင်တဲ့ သုံးယောက်တွဲ အဖွဲ့... ချီစုစည်းခြင်း (၇) ဆင့်က ဦးဆောင်ပြီး (၅) ဆင့်နဲ့ (၆) ဆင့်က ဘေးကနေ ပံ့ပိုးပေးထားတာ... (၈) ဆင့် ကိုတောင် အရှင်ဖမ်းနိုင်တယ်... ဒါက ကြယ်အဆင့် ဂိုဏ်းတွေရဲ့ စံသတ်မှတ်ထားတဲ့ အပြင်ထွက် အဖွဲ့အစည်း ပုံစံလေ... ကျွန်တော် မသိဘူးများ ထင်နေလား..."

ကျန်းတာချောင်၏ အပြုံးသည် သနားစဖွယ် ဖြစ်သွားလေ၏။

"ခင်ဗျားတို့က ကျွန်တော့်ကို အရှက်ခွဲဖို့ အဆင့်နိမ့်ဂိုဏ်းလို့ ဟန်ဆောင်နေတာပဲ မဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသောအခါ ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လုံထျန်းရှင်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ကျန်းတာချောင်သည် 'မွှေနှောက်' တွေးလွန်းသည်ဟု ယူဆလိုက်ကြလေ၏။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"

လင်းယွိယန်သည် ကျန်းတာချောင်နှင့် စကားမပြောချင်တော့သဖြင့် ဓားကို ပြန်သိမ်းလိုက်ပြီး ဟိုယွင်ကျဲကို ဦးညွှတ်လိုက်သည်။

လက်ဖက်ရည်ဆိုင်တွင် ဟိုယွင်ကျဲသည် "သံမဏိ ဒိုင်းကာသိုင်း" ကို အသုံးပြုပြီး သူမ၏ ရှေ့မှ ကာကွယ်ပေးခဲ့ပုံကို ပြန်စဉ်းစားမိလိုက်ရာ အမျိုးသား တစ်ဦး၏ စောင့်ရှောက်မှုကို ခံရခြင်းသည် မဆိုးလှဟု ရုတ်တရက် ခံစားလိုက်ရသည်။

အထူးသဖြင့် သူက သူမထက် သန်မာနေသည် မဟုတ်ပါလော။

သို့သော် လင်းယွိယန်၏ စိတ်ထဲတွင် ဤအတွေးသည် ဖြတ်ခနဲသာ ပေါ်လာခြင်း ဖြစ်ပြီး ဟိုယွင်ကျဲကို မြင်မြင်ချင်း ချစ်မိသွားခြင်း မဟုတ်ပေ။ သူ့အပေါ် စေတနာထားပြီး မိတ်ဆွေကောင်း တစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်းသာ ဖြစ်၏။

"အားနာစရာ မလိုပါဘူး.. မိတ်ဆွေလင်း"

ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်ပြီး ကျန်းတာချောင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ဒီလူကို ဘယ်လို လုပ်ကြမလဲ"

"ဒီလူက ဂိုဏ်းပေါင်းစုံက ပါရမီရှင်တွေကို လုပ်ကြံဖို့ တာဝန်ယူထားတယ်လို့ ပြောတယ်... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းချုပ် ဆိုးဟွန်းကျန်းရန် က တစ်ခုခု ကြံစည်နေမှာ စိုးရိမ်ရတယ်... ကျွန်မ အကြံပေးချင်တာကတော့... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်ပြီး... ဂိုဏ်းချုပ် စစ်ဆေးမေးမြန်းဖို့အတွက် ဂိုဏ်းကို ခေါ်သွားချင်ပါတယ်... ဘယ်လို သဘောရလဲရှင်" လင်းယွိယန်က အကြံပြုလိုက်သည်။

"မလုပ်ပါနဲ့ဗျာ... တောင်းပန်ပါတယ်..."

သူ့၏ ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးခံရမည် ဆိုသည်ကို ကြားလိုက်ရသောအခါ ကျန်းတာချောင်၏ မျက်နှာသည် မဲခြောက်ခြောက်နှင့် စိမ်းပုပ်ပုပ် အရောင်များ ရောထွေးသွားလေ၏။

"ခင်ဗျား သူ့ကို ခေါ်သွားလို့ ရပါတယ်... ဒါပေမဲ့ အရင်ဆုံး ကျွန်တော်တို့ကို လျက်ပေး ရမယ်..."

ဟိုယွင်ကျဲသည် ယဲ့ဖုန်း၏ မှာကြားချက်ကို သတိရသွားပြီး ပြောလိုက်သည်။

"လျက်ပေးရမယ် ဟုတ်လား..." လင်းယွိယန် မျက်တောင်ခတ်လိုက်မိသည်။ ဤဝေါဟာရသည် ဆန်းသစ်နေသည်ဟု တွေးမိလိုက်၏။

"ကျွန်တော် လုပ်လိုက်မယ်..."

လုံထျန်းရှင်းသည် လက်မောင်းကို ပင့်တင်လိုက်ပြီး ကျန်းတာချောင်ကို စတင် ပုတ်ခတ်ရှာဖွေတော့သည်။ ကျန်းတာချောင်၏ မျက်နှာသည် မဲ၊ စိမ်း၊ ဖြူ အရောင်စုံ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"ရပ်လိုက်ပါ... ကျွန်တော်က အဲဒီလိုလူမျိုး မဟုတ်ပါဘူးဗျ..."

ဒါကို မြင်တော့ လင်းယွိယန် တုန်လှုပ်သွားပြီး ဟိုယွင်ကျဲနှင့် အဖွဲ့သည် ထိုကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေကြသလားဟု တိတ်တဆိတ် တွေးမိလိုက်သည်။

"ဖြောင်း"

ဟိုယွင်ကျဲသည် ကျန်းတာချောင်ကို ပါးရိုက်လိုက်ပြီး ပြောလိုက်၏။

"မင်း ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ... ငါတို့က မင်းထင်သလို လူမျိုးတွေနဲ့ တူနေလို့လား"

"တွေ့ပြီ..."

ထိုအချိန်တွင် လုံထျန်းရှင်းသည် ကျန်းတာချောင်၏ လျှို့ဝှက်အိတ်ကပ်ထဲမှ ဝိညာဉ်ကျောက်တုံး အိတ်တစ်အိတ်နှင့် ရှေးဟောင်း စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်လေ၏။

"သြော်... ဒါကို 'အိတ်ကို လျက်တာ' လို့ ခေါ်တာကိုး... အခုမှ သဘောပေါက်တော့တယ်"

လင်းယွိယန်သည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

"မိတ်ဆွေလင်း... ဒီလူကို ခင်ဗျားလက်ထဲ အပ်လိုက်ပါပြီ" ဟိုယွင်ကျဲ ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်"

လင်းယွိယန်သည် ဓားကို စိုက်ချလိုက်ပြီး ကျန်းတာချောင်၏ 'ချီပင်လယ်' ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူ့လည်ပင်း ဝတ်ရုံစကို ဆွဲပြီး လင်းအိမ်တော်ဘက်သို့ တရွတ်တိုက် ဆွဲခေါ်သွားလေ၏။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမသည် နောက်လှည့်ကြည့်လိုက်ပြီး ဟိုယွင်ကျဲကို ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် ပြုံးပြလိုက်သည်။

"ဒီနေ့အတွက် ကျေးဇူးပါပဲ... ကျွန်မ... ရှင်တို့ကို ထမင်းဖိတ်ကျွေးချင်ပါတယ်"

"နောက်မှပေါ့ဗျာ" ဟိုယွင်ကျဲ ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီရှင်"

လင်းယွိယန် ထွက်ခွာသွားပြီးနောက် ဟိုယွင်ကျဲနှင့် သူငယ်ချင်းနှစ်ဦးသည် "ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" ဟု အမည်ရသော ရှေးဟောင်း စာအုပ်ကို ဝိုင်းအုံကြည့်ရှုလိုက်ကြ၏။ ၎င်းသည် ဒုတိယအဆင့် သိုင်းကွက်ဖြစ်သော်လည်း မပြည့်စုံသော အပိုင်းအစများသာ ဖြစ်နေသဖြင့် အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံ၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

"အပိုင်းအစတွေပဲ ဖြစ်နေပေမယ့်... ဂိုဏ်းချုပ်ဦးလေးက သေချာပေါက် ပြည့်စုံအောင် လုပ်နိုင်မှာပါ... ဘာပဲဖြစ်ဖြစ် သူက မှော်ပညာ ပါရဂူကြီးလေ..."

ရှီလေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်လေတော့သတည်း။

အခန်း (၈၃) - ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းနှင့် လျှို့ဝှက်ကြံစည်မှု (အပိုပိုင်း)

~ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့ ခေါင်းညိတ်လိုက်ကြ၏။

ဤခရီးစဉ်တွင် ကျင့်ကြံဖော်ကို အိမ်သို့ ခေါ်ဆောင်မလာနိုင်ခဲ့သော်လည်း ရေပေါ်ဖြူမြို့တော် အတွက် ဒုတိယအဆင့် သိုင်းကွက်တစ်ခုကို ရယူနိုင်ခဲ့ခြင်းသည် တော်တော်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေသည် မဟုတ်ပါလော။

"ဟုတ်သားပဲ... ဝိညာဉ်ကျောက်တုံးတွေလည်း ရလိုက်သေးတယ်"

လုံထျန်းရှင်းသည် သူ၏ ဝိညာဉ်ကျောက်တုံးအိတ်ကို အမြန်ဖွင့်လိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး (၂၀) ကျော်ကို တွေ့ရှိလိုက်ရသည်။ ကျောက်တုံးများသည် ကျောက်စိမ်းကဲ့သို့ လင်းလက်တောက်ပနေ၏။

"ငါတို့ ခရီးစရိတ်တောင် ပြန်ရသွားပြီဟေ့"

တပည့် (၃) ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်း ကောက်ကျစ်လာကြလေ၏။

ဟိုယွင်ကျဲသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အဝတ်အစားထဲမှ ငွေရောင် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။

"ဒါက အဆင့်နိမ့် 'မလှုပ်မယှက် အဆောင်လက်ဖွဲ့' ထင်တယ်... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အောက် ဘယ်သူမဆို နဖူးမှာ ကပ်လိုက်တာနဲ့ မလှုပ်မယှက် ဖြစ်သွားလိမ့်မယ်"

ကျန်းတာချောင်သည် "ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" ကို အသုံးပြုပြီး အစေခံမလေးကို စေခိုင်းကာ လင်းယွိယန်အား လုပ်ကြံရန် ကြိုးစားစဉ်က ဤအဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ဟိုယွင်ကျဲသည် အဆောင်လက်ဖွဲ့ စက္ကူကို ခွာယူပြီးနောက် တိတ်တဆိတ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။

"မလှုပ်မယှက် အဆောင်လက်ဖွဲ့တဲ့လား... တကယ့် ရတနာပဲ... ငါတို့ မြူခိုးတောင်ထိပ်ကို အမြန်ပြန်ပြီး ဒီရတနာတွေကို ဂိုဏ်းချုပ်ဦးလေး လက်ထဲ အပ်ရမယ်"

ရှီလေ့သည် ဝမ်းသာမှုကို မထိန်းနိုင်တော့ချေ။

"မလှုပ်မယှက် အဆောင်လက်ဖွဲ့က တကယ်ပဲ အဲဒီလောက် စွမ်းသလားဗျ"

လုံထျန်းရှင်းသည် သိချင်စိတ်ဖြင့် ခေါင်းကုတ်ရင်း မေးလိုက်၏။

ဟိုယွင်ကျဲက ရှင်းပြလေ၏။

"စွမ်းတာပေါ့... ငါ ပြောခဲ့သလိုပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်အောက် ဘယ်သူမှ မခုခံနိုင်ဘူး... တစ်ခုပဲ ရှိတယ်... အနီးကပ် ကပ်မှ ရမှာဆိုတော့... အဲဒါက အားနည်းချက် တစ်ခုပဲ"

"ဒါနဲ့... ဒုတိယစီနီယာအစ်ကိုကြီး... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ဆိုတာ ဘာလဲဗျ"

လုံထျန်းရှင်းက မေးမြန်းလိုက်သည်။

ဟိုယွင်ကျဲ၏ မျက်နှာ အနည်းငယ် မဲမှောင်သွားပြီး လေးနက်သော အသံဖြင့် ပြောပြလေ၏။

"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ဆိုတာက မိစ္ဆာဂိုဏ်း တစ်ခုပဲ... သမားရိုးကျ ဂိုဏ်းတွေက အသိအမှတ် မပြုကြဘူး... ကောလာဟလတွေအရတော့ သူတို့ဂိုဏ်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေ ရှိတယ်တဲ့... အဆင့်မြင့်ဂိုဏ်းတွေထက် မနိမ့်ကျဘူး... သူတို့ဂိုဏ်းသားတွေက ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်... လူသတ်ပြီး ဝိညာဉ်တွေကို သန့်စင်ယူတာမျိုးပေါ့... တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းတယ်"

"မဖြစ်နိုင်တာ... အဲဒီလောက် ရက်စက်တဲ့ ဂိုဏ်းတွေ တကယ် ရှိလို့လား"

လုံထျန်းရှင်းသည် ကျောချမ်းသွားရရှာသည်။

ဟိုယွင်ကျဲသည် သူ့ပခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်၏။

"ဂျူနီယာညီလေးလုံ... မင်းက ငယ်ပါသေးတယ်... ကျင့်ကြံခြင်းလောက ဆိုတာ ရှုပ်ထွေးပြီး အပြန်အလှန် ဆက်နွယ်နေတာ... မင်း ထင်ထားသလို ရိုးရှင်းမနေဘူး"

"ဒါဆို အပြင်လောကကြီးက ဒီလောက်တောင် အန္တရာယ် များတာလား"

လုံထျန်းရှင်း စိတ်ထဲတွင် ဖိအားများ ဝင်ရောက်လာ၏။

ထိုအခါ၊ ရှီလေ့က ရိုးသားသော အပြုံးဖြင့် ပြောလိုက်၏။

"ဂျူနီယာညီလေးလုံ... စိတ်ပူစရာ မလိုပါဘူးကွာ... ပရိယာယ်တွေ လှည့်ကွက်တွေ ဆိုတာက... လုံးဝဥဿုံ သာလွန်တဲ့ အင်အား ရှေ့မှာတော့ ရေပွက်ပမာ ပျောက်ကွယ်သွားမှာပါ... ငါတို့ လုပ်ရမှာက ကြိုးကြိုးစားစား ကျင့်ကြံဖို့ပဲ... အင်အားရှိရင် ဘယ်နေရာမဆို ကြံ့ကြံ့ခံနိုင်မှာပါ"

"ဟုတ်ကဲ့"

လုံထျန်းရှင်းသည် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

သူသည် မိမိ၏ ဇာစ်မြစ်ကို အမြဲတမ်း သိချင်ခဲ့သော်လည်း ဦးလေးဖြစ်သူ လုံကျန့်ချွမ်းနှင့် မိခင်ဖြစ်သူတို့က ခရီးဝေးသွားခွင့် မပြုခဲ့ကြပေ။

မြူခိုးဂိုဏ်းသို့ ရောက်ရှိပြီးနောက်တွင်လည်း ယဲ့ဖုန်းက သူ့အား ချီစုစည်းခြင်း (၇) ဆင့်မြောက် မရောက်မချင်း ရေပေါ်ဖြူမြို့တော်၏ မိုင် (၃၀၀) ပတ်လည် အပြင်ဘက်သို့ မထွက်ခွာရန် သတိပေးခဲ့သည်။

မီးရှူးတိုင် မြို့တော်သို့ ခရီးထွက်လာပြီးနောက် လုံထျန်းရှင်းသည် ပြင်ပလောက မည်မျှ အန္တရာယ်များပြီး ရှုပ်ထွေးကြောင်း သဘောပေါက်လာတော့၏။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ အကြံဉာဏ်ကို နားထောင်ပြီး အင်အားမပြည့်မီမချင်း အဝေးသို့ မသွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"အစ်ကိုကြီး... ခင်ဗျားတို့ အဆင်ပြေရဲ့လား"

ထိုအချိန်တွင် ဟိုယွင်ဟောင်သည် ကျူယွိ လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှ ပြေးဆင်းလာပြီး စိုးရိမ်နေသော ဟိုယွင်ကျဲ၏ မိခင်လည်း ပါလာလေ၏။

"ငါတို့ အဆင်ပြေပါတယ်... ပြဿနာရှာတဲ့သူကို ဖမ်းမိပြီးပြီ... မိတ်ဆွေလင်းကို လွှဲအပ်လိုက်ပြီ" ဟိုယွင်ကျဲက ပြောလိုက်သည်။

ထိုအခါ၊ ဟိုယွင်ကျဲ၏ မိခင် "ရွှယ်ရှုလန်"က 'ကပျာကယာ' မေးမြန်းလာ၏။

"ဘယ်မိတ်ဆွေလင်းလဲ... လင်းမိသားစုက သခင်မလေး လင်းယွိယန်လား... ဟုတ်သားပဲ... သူရော ဘယ်မှာလဲ"

"သခင်မလေး လင်းယွိယန်က အိမ်ပြန်သွားပါပြီ" ဟိုယွင်ကျဲက ဖြေလိုက်သည်။

ဟိုယွင်ဟောင်က အတင်းအဖျင်း စတင်ပြောဆိုလေ၏။

"အစ်ကိုကြီး... ချိန်းတွေ့တာ ဘယ်လိုနေလဲ"

"အဆင်မပြေဘူး"

ဟိုယွင်ကျဲက ခေါင်းခါလိုက်ရာ ရွှယ်ရှုလန်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့မှုများ ပေါ်လာ၏။

သို့သော် လုံထျန်းရှင်းက ဝင်ပြောလိုက်၏။

"ခုနက သခင်မလေး လင်းယွိယန်က ဒုတိယစီနီယာအစ်ကိုကြီးကို ညစာစားဖို့ ဖိတ်သေးတယ်... ဒါပေမဲ့ စီနီယာအစ်ကိုကြီးက နောက်မှလို့ ပြောလိုက်တယ်"

"တကယ်လား..."

ရွှယ်ရှုလန်၏ မျက်လုံးများ အရောင်တောက်လာပြီး မြေးကလေး၏ နာမည်နှင့် တက်ရောက်မည့် ကျောင်းကိုပင် စိတ်ကူးယဉ်ပြီးနေတော့၏။

"အမေ... ချိန်းတွေ့တဲ့ကိစ္စ နောက်မှ ပြောကြတာပေါ့... သားတို့ အရေးကြီးကိစ္စ ပေါ်လာလို့ မြူခိုးတောင်ထိပ်ကို အမြန် ပြန်ရတော့မယ်... သြော်... ဒီမှာ ဝိညာဉ်ကျောက်တုံး (၅) တုံး... အမေ့ရဲ့ ကျင့်ကြံခြင်း ပါရမီက သိပ်မကောင်းတော့... ဒါလေးတွေ သိမ်းထားပြီး ကောင်းကောင်း ကျင့်ကြံနော်... နေ့တိုင်း ကျန်းမာပျော်ရွှင်အောင် နေပါ... အားရင် သား လာတွေ့ပါ့မယ်"

ဟိုယွင်ကျဲသည် ရွှယ်ရှုလန်၏ လက်ထဲသို့ ဝိညာဉ်ကျောက်တုံး (၅) တုံး ထည့်ပေးလိုက်ပြီး ဟိုယွင်ဟောင်၏ ပခုံးကို ပုတ်ကာ ဓားစီးလျက် ကောင်းကင်သို့ ပျံတက်သွားလေ၏။

"နှုတ်ဆက်ပါတယ် အန်တီ"

လုံထျန်းရှင်းနှင့် ရှီလေ့တို့လည်း လက်ပြနှုတ်ဆက်ပြီး ဝိညာဉ်ဓားများပေါ်သို့ ခုန်တက်ကာ ဟိုယွင်ကျဲနောက်သို့ လိုက်ပါသွားကြလေ၏။ မျက်တောင်တစ်ခတ်အတွင်း သူတို့အားလုံး ပျောက်ကွယ်သွားကြတော့သည်။

"ကောင်စုတ်လေး... ပြန်လာခဲ့စမ်း..."

ထိုအခါမှသာ ရွှယ်ရှုလန်သည် သားဖြစ်သူ ထပ်မံ ထွက်ပြေးသွားကြောင်း သတိထားမိလိုက်ပြီး ဒေါသတကြီးဖြင့် လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ပစ်ပေါက်လိုက်လေ၏။

"အမေ... အဲဒါ ဝိညာဉ်ကျောက်တုံးတွေလေ... မပစ်ပါနဲ့ဗျာ"

ဟိုယွင်ဟောင် မျက်ခွံများ လှုပ်သွားပြီး လေထဲသို့ ခုန်တက်ကာ ဝိညာဉ်ကျောက်တုံးများကို ဂရုတစိုက် ဖမ်းယူလိုက်ရသည်။

"ဟယ်... ဝိညာဉ်ကျောက်တုံးတွေလား... အမေက နင့်အစ်ကို ကျောက်စိမ်းတုံးတွေနဲ့ လာညာနေတယ် မှတ်လို့"

ရွှယ်ရှုလန်သည် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြောင်း သိလိုက်ရသောအခါ ချက်ချင်း နောင်တရသွားရှာသည်။

မြူခိုးတောင်ထိပ်တွင် -

ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် စောင်းစောင်းလေး လဲလျောင်းနေ၏။ ဘယ်လက်ဖြင့် ခေါင်းကို ထောက်ထားပြီး ခြေထောက်နှစ်ချောင်းကို ချိတ်လျက်၊ ညာလက်ဖြင့် သူရဲကောင်းဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဓားမြောင် တစ်လက်ကို ထိန်းချုပ်နေ၏။ ဓားမြောင်သည် သူ၏ စိတ်ဆန္ဒအတိုင်း လေထဲတွင် လျင်မြန်စွာ ထိုးစိုက်နေပြီး "ဓားထိန်းချုပ်ခြင်း နည်းစနစ်"ကို အသုံးပြုနေသကဲ့သို့ ဖြစ်နေ၏။

အခြား ခေါင်မိုး တစ်ခုပေါ်တွင် -

မိုယင်သည် လက်တစ်ဖက်တည်းဖြင့် လက်ဟန် ဖော်ဆောင်ပြီး "လေညှင်းစီး ဓားပျံ" ကို ထိန်းချုပ်ကာ ယဲ့ဖုန်း၏ ဓားမြောင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေ၏။ ထိခတ်မိတိုင်း တောက်ပသော မီးပွားများ ကခုန်လာ၏။

မြေပြင်ပေါ်တွင် -

အခြားတပည့်များသည် မော့ကြည့်ပြီး တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုနေကြလေ၏။

"ဂိုဏ်းချုပ်ရဲ့ ဓားထိန်းချုပ်ခြင်း နည်းစနစ်က တကယ့်ကို အံ့မခန်းပါပဲ... နေ့တစ်ဝက်လောက် အတွင်းမှာပဲ စီနီယာအစ်မမို ကို အပြတ်အသတ် ဖိအားပေးနိုင်နေပြီ"

အိုးယန်ဖုန်းသည် လက်သီးကို ဆုပ်လျက် အားကျစွာ ပြောလိုက်၏။

"အဲဒါ ဓားထိန်းချုပ်ခြင်း နည်းစနစ် မဟုတ်ဘူး... ဂိုဏ်းချုပ်ဦးလေးမှာ ကျင့်ကြံခြင်းအဆင့်မှ မရှိတာ... သူ အခု သုံးနေတာက 'သူရဲကောင်းဝိညာဉ်စွမ်းအား'လို့ခေါ်တဲ့ မမြင်ရတဲ့ စွမ်းအားတစ်မျိုးပဲ... ကောင်းကင်နဲ့ မြေကြီး စွမ်းအား တစ်မျိုးပေါ့... ဓားတွေတင် မကဘူး... အရာအားလုံးကို ထိန်းချုပ်လို့ ရတယ်"

ကျားယွိလန်က ရှင်းပြလိုက်သည်။

ပြောပြီးသည်နှင့် သူမသည် "ပန်းပွင့်ကြွေ မိုးစက်များ" သိုင်းကွက်ကို အသုံးပြုလိုက်ရာ ပန်းပွင့်များစွာ စုစည်းသွားပြီး ထက်ရှသော ဓားတစ်လက်အဖြစ် ပြောင်းလဲကာ အပေါ်သို့ ခုတ်ပိုင်းလိုက်လေ၏။

"ဂိုဏ်းချုပ်... စီနီယာအစ်မမို... ကျွန်မလည်း ပါမယ်ရှင်..."

"ကောင်းပြီလေ" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

ဒီနေ့ တော်တော် ပျင်းစရာ ကောင်းနေသည် မဟုတ်ပါလော။

ထို့ကြောင့် ယဲ့ဖုန်းသည် သူရဲကောင်းဝိညာဉ်စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်အောင် စတင် လေ့ကျင့်လိုက်ခြင်း ဖြစ်၏။

မိုယင်၏ အကူအညီဖြင့် သူသည် ဤစွမ်းအားကို မည်သို့ အသုံးပြုရမည်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ "ဓားတိုက်ခိုက်မှု သိုင်း"ကိုပင် တတ်မြောက်သွားသဖြင့် မိုယင် အံ့သြသွားရသည်။ ယဲ့ဖုန်း၏ ဉာဏ်ရည်ဉာဏ်သွေးသည် ကြောက်ခမန်းလိလိ ကောင်းမွန်ပြီး နတ်ဆိုးတစ်ပါးကဲ့သို့ပင် ဖြစ်သည်ဟု သူမ တိတ်တဆိတ် တွေးမိလိုက်သည်။

အကယ်၍ အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် ဝံပုလွေ ဗိုလ်ချုပ်လေးတို့ကို ယခု ပြန်တွေ့ပါက ထိုနတ်ဆိုးနှစ်ကောင် လွတ်မြောက်နိုင်မည့် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ကြောင်း ယဲ့ဖုန်း ခံစားမိလိုက်သည်။

ဖူယွင် တောအုပ်နက် အထက်တွင် -

ကျိန်ဆိုထားသော ညီအစ်ကို (၃) ဦးသည် ဓားပျံများစီး၍ ရှေ့ဆက်သွားနေကြ၏။

အောက်ဘက်ရှိ ထူထပ်သော တောအုပ်ထဲမှ အေးစက်သော မျက်လုံး (၂) စုံသည် သူတို့ကို စောင့်ကြည့်နေကြောင်း သူတို့ မသိလိုက်ကြချေ။

"ဝံပုလွေ ဗိုလ်ချုပ်လေး... သူတို့ (၃) ယောက်တည်း ရှိပုံရတယ်... ကျွန်မ သွားတိုက်ခိုက်လိုက်ရမလား" ဟု အမည်းစက်ပြောက် မြွေနတ်ဆိုးက မကျေမနပ် ပြောလိုက်သည်။

"မိုက်မဲလိုက်တာ... မြူခိုးဂိုဏ်းက ယဲ့ဖုန်းက အနီးနားမှာ ပုန်းနေမှာ သေချာတယ်... ဒီ (၃) ယောက်က ငါးစာတွေ ဖြစ်ဖို့ များတယ်... မင်း ထွက်သွားရင် သေလမ်းရှာသလို ဖြစ်သွားမှာပေါ့"

ဝံပုလွေ ဗိုလ်ချုပ်လေးက မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ပြောလိုက်၏။

တဆက်တည်း၌၊ သူသည် ပြတ်တောက်သွားသော သူ့လက်မောင်းကို ငုံ့ကြည့်ပြီး အံကြိတ်ကာ ရေရွတ်လိုက်သည်။

"ယဲ့ဖုန်း... ငါ့လက်မောင်းအတွက်... မင်းကို အမှုန့်ကြိတ်ပစ်မယ်"

ယဲ့ဖုန်း နာမည်ကြားသည်နှင့် အမည်းစက်ပြောက် မြွေနတ်ဆိုး၏ မျက်နှာပေါ်တွင်လည်း နာကြည်းမုန်းတီးမှုများ ပေါ်လာ၏။ သူမ၏ ပြတ်တောက်နေသော အမြီးကို ကြည့်ပြီး ဒေါသများ ပိုမို ကြီးထွားလာ၏။

"ယဲ့ဖုန်းက သန်မာလွန်းတယ်... နတ်ဆိုးဗိုလ်ချုပ်ကြီး ကိုယ်တိုင်မှပဲ သူ့ကို ရှင်းနိုင်မယ်"

ခဏမျှ စဉ်းစားပြီးနောက် ဝံပုလွေ ဗိုလ်ချုပ်လေးက ပြောလိုက်သည်။

"မနေ့ညက နတ်ဆိုးဗိုလ်ချုပ်ကြီးဆီက သတင်းစကား ရောက်လာတယ်... သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီတဲ့... ဒီနေ့ ဆိုးဟွန်းကျန်းရန် နဲ့ အရေးကြီးကိစ္စ ဆွေးနွေးမယ်လို့ ပြောတယ်... ငါတို့ သတင်းကောင်းကို စောင့်နေလိုက်ရုံပဲ"

"ဒါနဲ့... 'ပုံသဏ္ဍာန်ပြောင်း သားရဲ' ဘယ်ရောက်သွားပြီလဲ" ဟု အမည်းစက်ပြောက် မြွေနတ်ဆိုးက မေးလိုက်သည်။

"အဲဒီ သစ္စာဖောက်ခွေးကောင်... ငါ ယဲ့ဖုန်းကို မယှဉ်နိုင်မှန်း သိတာနဲ့ ချက်ချင်း သစ္စာဖောက်သွားတယ်... အခု ဘယ်ကို ထွက်ပြေးသွားမှန်း ဘယ်သူ သိမှာလဲဟ"

ဝံပုလွေ ဗိုလ်ချုပ်လေးသည် ရုတ်တရက် စိတ်တိုသွားပြီး ပုံသဏ္ဍာန်ပြောင်း သားရဲကို အမှုန့်ကြိတ်ပစ်ချင်စိတ် ပေါက်လာလေ၏။

"အဲဒီကောင်..."

အမည်းစက်ပြောက် မြွေနတ်ဆိုးသည်လည်း ဒေါသတကြီး အံကြိတ်လိုက်သည်။

—-----

မြူခိုးတောင်ထိပ်၌မူ -

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ပြန်ရောက်ပါပြီ"

လုံထျန်းရှင်းနှင့် သူငယ်ချင်းနှစ်ဦးသည် ဓားစီးလျက် ပြန်ရောက်လာကြ၏။ အဝေးမှနေ၍ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို မြင်လိုက်ရသဖြင့် နတ်ဆိုးမျိုးနွယ်များ ကျူးကျော်လာသည်ဟု ထင်မှတ်ပြီး အလွန်အမင်း ထိတ်လန့်သွားကြ၏။

အနီးကပ် ကြည့်လိုက်သောအခါမှ ပြဿနာ မရှိကြောင်း သိလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

"ဒီလောက် မြန်မြန် ပြန်ရောက်လာကြတာလား"

ယဲ့ဖုန်း အနည်းငယ် အံ့သြသွားသည်။

ယုတ္တိနည်းကျ စဉ်းစားကြည့်မည် ဆိုပါက... ချိန်းတွေ့ပြီးလျှင် မင်္ဂလာဦးခန်း ဝင်ရမည် မဟုတ်ပါလော။

ချိန်းတွေ့တာ အဆင်မပြေပြန်ဘူးလား...

မြူခိုးဂိုဏ်းတွင် လူပျိုကြီးဘဝမှ ကျွတ်မည့်သူ ရှိလာပြီဟု ထင်မှတ်ပြီး အောင်ပွဲခံရန် ပြင်ဆင်ထားသော်လည်း သူတို့သည် လူပျိုကြီးများ ဖြစ်နေဆဲပင်။ သနားစရာ ကောင်းလိုက်တာ...

မိုယင်သည် ဟိုယွင်ကျဲနှင့် အဖွဲ့ ပြန်ရောက်လာသည်ကို မြင်သောအခါ အဓိက ဝင်္ကပါအလံကို ဝှေ့ယမ်းပြီး လမ်းဖွင့်ပေးလိုက်လေ၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ အံ့သြစရာ လက်ဆောင် တစ်ခု ယူလာခဲ့တယ်"

ဟိုယွင်ကျဲသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"ဟေ... ဘာလက်ဆောင်လဲ"

ယဲ့ဖုန်း၏ မျက်လုံးများ အရောင်လက်သွားလေတော့သတည်း။

အခန်း (၈၄) - ဂိုဏ်းဂုဏ်သတင်းအမှတ်များ ဆက်တိုက် တိုးပွားလာခြင်း

~ဟိုယွင်ကျဲ ဤမျှ စိတ်လှုပ်ရှားနေရခြင်းမှာ... သူ၏ ကြင်ဖက် ချိန်းတွေ့ခြင်း အောင်မြင်သွားသောကြောင့် ဖြစ်နိုင်မည်ဟု ယဲ့ဖုန်း တွေးထင်မိလိုက်၏။

အကယ်၍ မြူခိုးတောင်ထိပ်တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပမည်ဆိုပါက... ဂိုဏ်းပေါင်းစုံမှ လာရောက်ဂုဏ်ပြုကြမည် ဖြစ်ရာ... လက်ဖွဲ့ငွေများဖြင့်ပင် သူဌေးဖြစ်နိုင်ပေသည်။

‘ငါတို့ ချမ်းသာပြီဟေ့... ချမ်းသာပြီ…’

ယဲ့ဖုန်း၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ကောက်ကျစ်လာလေ၏။

ယဲ့ဖုန်း၏ မျက်နှာထားကို မြင်လိုက်ရသောအခါ ဟိုယွင်ကျဲ ခေတ္တမျှ ကြောင်သွားပြီးနောက် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဦးလေး... သိပ်အများကြီးတော့ မဟုတ်ပါဘူးဗျ... ပြီးတော့ ချမ်းသာတယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း မဟုတ်ပါဘူး... ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှာ ဖွင့်ကြည့်ကြတာပေါ့"

"ဖွင့်ကြည့်မယ် ဟုတ်လား..."

ယဲ့ဖုန်း မျက်တောင်ခတ်လိုက်၏။ သူ နားလည်မှုလွဲသွားပြီ ဖြစ်ကြောင်း တိတ်တဆိတ် သဘောပေါက်လိုက်သည်။ ဟိုယွင်ကျဲ ဆိုလိုသော အံ့သြစရာ လက်ဆောင်မှာ မင်္ဂလာပွဲနှင့် မသက်ဆိုင်ကြောင်း သိလိုက်ရသောအခါ သူ၏ အပြုံးသည် တဖြည်းဖြည်း တောင့်တင်းသွားလေ၏။

ခဏအကြာတွင် -

ဂိုဏ်းချုပ်ခန်းမဆောင် အတွင်း၌...

စားပွဲခုံပေါ်တွင် ပစ္စည်း (၃) မျိုး တင်ထားသည်။

ဝိညာဉ်ကျောက်တုံး အိတ်ငယ်တစ်အိတ်၊ ရှေးဟောင်း စာအုပ်တစ်အုပ်နှင့် အဆောင်လက်ဖွဲ့ တစ်ခု ဖြစ်ပေသည်။

"ဂိုဏ်းချုပ်ဦးလေး... ဒါက ဝိညာဉ်ကျောက်တုံး (၂၀)... ဒုတိယအဆင့် သိုင်းကွက် 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' ရဲ့ မပြည့်စုံသော အပိုင်းအစ စာအုပ်... ပြီးတော့ အဆင့်နိမ့် 'မလှုပ်မယှက် အဆောင်လက်ဖွဲ့' ပါ... ဒီပစ္စည်း (၃) ခုက ဂိုဏ်းချုပ်အတွက် ကျွန်တော်တို့ရဲ့ အံ့သြစရာ လက်ဆောင်တွေပါပဲ"

ဟိုယွင်ကျဲသည် စားပွဲပေါ်မှ ပစ္စည်းများကို လက်ညှိုးထိုးပြပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

လုံထျန်းရှင်းကလည်း နောက်မှ လိုက်၍ စနောက်လေ၏။

"ဂိုဏ်းချုပ်... အံ့သြသွားလားဗျ"

ယဲ့ဖုန်းသည် ထိုင်ခုံတွင် ထိုင်လျက် ဆွံ့အလျက် ရှိနေ၏။

'ကြင်ဖက် တွေ့ဖို့ သွားခိုင်းတာ... ချစ်သူက ဘယ်ရောက်သွားလဲ...'

…အံ့သြတာပေါ့... သေချာပေါက် အံ့သြတာပေါ့ကွာ...

ဤသို့ တွေးတောရင်း ယဲ့ဖုန်းသည် မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး မေးလိုက်သည်။

"အေးပါကွာ... အံ့သြပါတယ်... ဒါနဲ့ ယွင်ကျဲရဲ့ ချိန်းတွေ့တာကရော ဘယ်လိုနေလဲ"

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော့်ရဲ့ ချိန်းတွေ့တာက... သေချာပေါက် အဆင်မပြေဘူးပေါ့ဗျ" ဟိုယွင်ကျဲက ပြောစရာ မလိုသည့်ကိစ္စ တစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ယဲ့ဖုန်း ငိုချင်သွား၏။

"ကိုးကြိမ်ရှိပြီ... ကိုးကြိမ်လုံး အဆင်မပြေဘူး... မင်းက 'ကြင်ဖက် တွေ့ခြင်းကို ခုခံနိုင်စွမ်း' ရှိနေတာလား"

ဟိုယွင်ကျဲ ခေါင်းကုတ်လိုက်သည်။

"ခုခံနိုင်စွမ်း ဟုတ်လား... အဲဒါက အခွင့်အရေးတွေ အကုန်လုံးကို ပိတ်ပင်တားဆီးနိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးလား... ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"

"ကျွန်မလည်း မကြားဖူးဘူး"

စာပေဗဟုသုတ ကြွယ်ဝသော မိုယင်ပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ဤဝေါဟာရသည် သူမအတွက် အလွန်အမင်း စိမ်းသက်နေပေသည်။

သူ၏ တပည့်များသည် ဤ "ခုခံနိုင်စွမ်း" အကြောင်းကို အလေးအနက်ထား ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသောအခါ ယဲ့ဖုန်း ပို၍ပင် အားကိုးရာမဲ့သွားလေ၏။ သို့သော် သူ ရှင်းပြရန် ပျင်းရိနေသဖြင့် စကားလမ်းကြောင်း လွှဲလိုက်၏။

"ဒီပစ္စည်း (၃) ခုကို ဘယ်လို ရလာတာလဲ"

"ကျွန်တော် အစအဆုံး သိပါတယ်... ကျွန်တော် အသေးစိတ် ပြောပြမယ်"

ဟု လုံထျန်းရှင်းသည် စိတ်အားထက်သန်စွာ ဝင်ပြောလိုက်သည်။

သူသည် ထွက်ခွာသွားချိန်မှ ပြန်ရောက်လာချိန်အထိ အဖြစ်အပျက် အားလုံးကို လက်ဟန်ခြေဟန်ဖြင့် သရုပ်ဖော် ပြောပြလေ၏။ ဇာတ်ကြောင်းဆုံးသွားသောအခါ ရေငတ်လာသဖြင့် ရေတစ်ခွက် အမြန်မော့သောက်လိုက်ပြီး ဆက်ပြောရန် ပြင်နေသေးသည်။

ယဲ့ဖုန်းသည် လုံထျန်းရှင်းကို အတင်း ထိုင်ခိုင်းလိုက်ပြီး ကြွားဝါနေခြင်းကို ရပ်တန့်စေလိုက်ရသည်။

ဤအချိန်တွင် အားလုံးသည် ၎င်းတို့ (၃) ဦး၏ ယနေ့ အတွေ့အကြုံများကို သိရှိသွားကြတော့၏။

စားပွဲပေါ်မှ "ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" စာအုပ်ကို ကောက်ယူလိုက်ပြီး ယဲ့ဖုန်း ပြောလိုက်၏။

"ဒါကြောင့်ကိုး... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း... ကိုင်တွယ်ရ ခက်ခဲမယ့် အဖွဲ့အစည်းတစ်ခု ဖြစ်ပုံရတယ်"

နန်လုတောင်တန်း ခရီးစဉ်အပြီးတွင် သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့ တရားဝင် ဝင်ရောက်လာပြီဟု ဆိုနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သော စွမ်းအားသာ ရှိသေးသည်။

သူတို့၏ ပတ်ဝန်းကျင်တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြား ရှိနေသည် မဟုတ်ပါလော။

ဂိုဏ်းအသီးသီးမှ ပါရမီရှင်များကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်လေ့ရှိသော ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပေါ်ထွက်လာခြင်းသည် ယဲ့ဖုန်းအား မကောင်းသော ခံစားချက်ကို ပေးစွမ်းနေ၏။

"မိုယင်... မင်း ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းအကြောင်း သိလား" ယဲ့ဖုန်း မေးလိုက်သည်။

မိုယင်က ခေါင်းညိတ်လိုက်ပြီး ရှင်းပြလေ၏။

"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းက မိစ္ဆာဂိုဏ်းတွေထဲမှာ ပါဝင်ပါတယ်... အရင်တုန်းက ကြယ်အဆင့် ဂိုဏ်း အများအပြား ပူးပေါင်းပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုကြတယ်... ဒါပေမဲ့ နောက်ဆုံးမှာ 'ဆိုးဟွန်းကျန်းရန်' က လွတ်မြောက်သွားခဲ့တယ်... သူ ပျောက်ကွယ်သွားတာ ကြာပြီ... အခုမှ ပြန်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး"

ဒီတစ်ခါတွင် ယဲ့ဖုန်းသာမက အခြားသူများ၏ မျက်နှာထားများလည်း လေးနက်သွားကြ၏။

"ဒီရက်ပိုင်း နတ်ဆိုးမျိုးနွယ်တွေနဲ့ ပြဿနာတွေ ရှိနေတာတင် မကဘူး... အခု ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းပါ ပေါ်လာပြီဆိုတော့... အခြေအနေတွေက ပိုပြီး အန္တရာယ်များလာပြီ... ဒါပေမဲ့ ကံကောင်းတာက ငါတို့မှာ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ရှိတယ်... ပြီးတော့ ရေပေါ်ဖြူမြို့တော်နဲ့လည်း နီးတော့... လောလောဆယ် ဘေးကင်းပါတယ်"

ယဲ့ဖုန်းသည် မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေ၏။

"ဂိုဏ်းချုပ်... ဒီ 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' က မပြည့်စုံတဲ့ အပိုင်းအစ စာအုပ် ဖြစ်နေပေမယ့်... အရမ်း အစွမ်းထက်တယ်... ပြီးတော့ မြေခွေးတာဟုန်ရဲ့ စွမ်းရည်နဲ့လည်း နည်းနည်း တူနေတယ်... ခင်ဗျား ဒါကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်လို့ ထင်လား" ရှီလေ့က မေးမြန်းလိုက်သည်။

"သေချာတာပေါ့"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ရာ အားလုံး၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပေါ်လာကြ၏။

ယဲ့ဖုန်း စိတ်ထဲတွင် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။

ဘုရားပေးသော စနစ်ကြီးတွင် 'ဂုဏ်သတင်းအမှတ် လဲလှယ်ခြင်း' ပါဝင်နေ၍သာ တော်တော့သည်။ ထိုအရာကို အသုံးပြုပြီး ဂုဏ်သတင်းအမှတ်များဖြင့် သိုင်းကွက်များကို နားလည်သဘောပေါက်နိုင်သည် မဟုတ်ပါလော။ သို့မဟုတ်ပါက သူသည် တပည့်များကို လှည့်ဖြားပြီး အခြေခံအဆင့် အထိသာ ကျင့်ကြံခိုင်းနိုင်ပေလိမ့်မည်။

"စနစ်... ဂုဏ်သတင်းအမှတ် ဒေတာကို ဖွင့်လိုက်"

ယဲ့ဖုန်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

နောက်တစ်ခဏတွင် စာတန်းများ သူ၏ မြင်ကွင်းထဲ၌ ပေါ်လာ၏။

[ဂိုဏ်းဂုဏ်သတင်းတန်ဖိုး - ၂၀၀၁]

[လက်ကျန် လဲလှယ်နိုင်သော ပမာဏ - ၁၈၅၁]

[လဲလှယ်ခြင်း ညွှန်ကြားချက် - ဂိုဏ်းဂုဏ်သတင်းတန်ဖိုးကို အသုံးပြုပြီး သိုင်းကွက်တစ်ခုကို အထွတ်အထိပ် အဆင့်သို့ ချက်ချင်း တတ်မြောက်နိုင်သည်... ပထမအဆင့် သိုင်းကွက်အတွက် (၅၀) မှတ်၊ ဒုတိယအဆင့် သိုင်းကွက်အတွက် (၁၀၀) မှတ် လိုအပ်သည်...]

ဂုဏ်သတင်းအမှတ် (၂၀၀၀) ပြည့်သွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ယဲ့ဖုန်း အံ့သြသွားသည်။ ယခင်ကထက် ရာဂဏန်းခန့် ပိုများနေသည် မဟုတ်ပါလော။

"ဘာဖြစ်သွားတာလဲ" ယဲ့ဖုန်း ဇဝေဇဝါ ဖြစ်သွား၏။

ပြန်လည် စဉ်းစားကြည့်လိုက်သောအခါ သူ နားလည်သွားသည်။

မနေ့က နန်လုတောင်တန်းတွင် ဂိုဏ်းပေါင်းစုံမှ လူများကို ကယ်တင်ခဲ့သောကြောင့် ဖြစ်ရမည်။ ထိုသူများက သတင်းဖြန့်လိုက်သဖြင့် တစ်ရက်တည်းနှင့် ဂုဏ်သတင်းအမှတ် ရာဂဏန်း တက်လာခြင်း ဖြစ်ပေလိမ့်မည်။

ကောင်းမှုကုသိုလ် ပြုလုပ်ခြင်း သို့မဟုတ် လူသိရှင်ကြား ဖြစ်မည့် ကိစ္စများ လုပ်ဆောင်ခြင်းသည် အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပုံရသည်။

'စနစ်... ဂုဏ်သတင်းအမှတ် (၁၀၀) သုံးပြီး 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' ရဲ့ မပြည့်စုံတဲ့ အပိုင်းအစကို နားလည်သဘောပေါက်ချင်တယ်' ဟု ယဲ့ဖုန်း စိတ်ကူးလိုက်သည်။

[တီ.. ဂုဏ်သတင်းအမှတ် (၁၀၀) သုံးစွဲလိုက်ပါပြီ... လဲလှယ်ရန် (၁၇၅၁) မှတ် ကျန်ရှိပါသည်]

စနစ်မှ အသိပေးသံ ထွက်ပေါ်လာ၏။

မကြာမီ ယဲ့ဖုန်းသည် သူ၏ ခေါင်းထဲသို့ နတ်ဘုရားဉာဏ်အလင်းများ ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ "ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" စာအုပ်ကို ပြန်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများ အရောင်တောက်လာပြီး မှော်ပညာ ပါရဂူကြီး တစ်ဦးကဲ့သို့ ဖြစ်လာလေ၏။

"တကယ်တော့... ဒီ 'ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်' က ရိုးရှင်းပါတယ်... ဂိုဏ်းချုပ်အနေနဲ့ ဘယ်လို ကျင့်ကြံရမလဲ ဆိုတာကို အခုပဲ သင်ပေးလိုက်မယ်"

"ပထမဆုံးအနေနဲ့... ဒီသိုင်းကွက်က အထောက်အကူပြု သိုင်းကွက် တစ်မျိုးပါ... တတ်မြောက်သွားရင် ကိုယ့်ထက် အားနည်းတဲ့ ဝိညာဉ် ဒါမှမဟုတ် စိတ်ဝိညာဉ် တစ်ခုခုကို မိမိရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စ နဲ့ ထိန်းချုပ်ပြီး... ခိုင်းစေချင်တာ ခိုင်းစေလို့ ရတယ်... ရန်သူကို ကင်းထောက်တာ၊ လုပ်ကြံသတ်ဖြတ်တာ နဲ့ စစ်ဘက်ရေးရာ စုံစမ်းထောက်လှမ်းတာတွေမှာ အလွန် ထိရောက်တယ်"

"အားနည်းချက်ကတော့... ထိန်းချုပ်နိုင်တဲ့ အကွာအဝေး အကန့်အသတ် ရှိတယ်... ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့် နဲ့ ဝိညာဉ်ခွန်အား ပေါ် မူတည်တယ်... ပုံမှန် အခြေအနေမှာတော့... ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူ တစ်ယောက်က (၃၀၀) ကျန်း အထိ ရောက်ရှိနိုင်တယ်"

( (၃၀၀) ကျန်း- ပေအားဖြင့် - ၃၂၇၀ ပေ ဝန်းကျင် ရှိပါတယ်။

မှန်းဆရလွယ်အောင် ပြောရရင် - ၁ ကီလိုမီတာ (၃၂၈၀ ပေ) နီးပါး ရှိတဲ့ အကွာအဝေးပါ။ မိုင်အားဖြင့်ဆိုရင်တော့ ၀.၆ မိုင်လောက် ရှိပါတယ်။ ဒါကြောင့် မျက်စိတစ်ဆုံး လှမ်းမြင်ရတဲ့ အကွာအဝေးမျိုးလို့ မြင်ယောင်ကြည့်နိုင်ပါတယ်။ )

ယဲ့ဖုန်းသည် မီးသွေးခဲ တစ်ခုကို ယူလိုက်ပြီး အသင့် ပြင်ဆင်ထားသော ကျောက်ဖြူပြားပေါ်တွင် 'ချီ' စီးဆင်းမှု ပုံစံများ ရေးဆွဲကာ စတင် သင်ကြားပေးလေ၏။

တပည့်များသည် ကျောက်ဖြူပြားပေါ်ရှိ ပုံများနှင့် မှတ်စုများကို ကြည့်ရှုပြီး သိုင်းကွက်ကို စတင် ကျင့်ကြံကြ၏။ မကြာမီတွင် သူတို့သည် ခန္ဓာကိုယ်မှ သီးခြား ကွဲထွက်သွားနိုင်သော စိတ်ဆန္ဒ တစ်စွန်းတစ်စကို စုစည်းနိုင်လာကြလေ၏။

အထူးသဖြင့် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော မိုယင်သည် သူမ၏ စိတ်ဆန္ဒကို မြူခိုးတောင်ထိပ် တစ်ဝက်ခန့်အထိ ဖြန့်ကျက်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော် သူမ၏ မြင်ကွင်းနယ်ပယ်မှာ မကျယ်ဝန်းလှပေ။ (၁၀) ကျန်း (ပေအားဖြင့် - ၁၀၉ ပေ (သို့) ၁၁၀ ပေ ဝန်းကျင်။ ၁၀ ထပ်တိုက် တစ်လုံးစာ အမြင့်လောက် (သို့) ဘတ်စ်ကား ၃ စီးစာလောက်

အကွာအဝေး )ခန့်သာ ရှိ၏။

သူမသည် ဖြတ်သန်းသွားသော ပိုးမွှားများ၊ ငှက်များ၊ မြွေများနှင့် ကြွက်များအပေါ်တွင် စိတ်ဆန္ဒကို တွယ်ကပ်လိုက်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ကာ မြင်ကွင်းကို ရယူနိုင်လေ၏။

"အံ့သြစရာကောင်းတဲ့ သိုင်းကွက်ပါလား"

မျက်လုံးဖွင့်လိုက်သည်နှင့် မိုယင်သည် သိုင်းကွက်၏ ဆန်းကြယ်မှုကို အရင်ဆုံး ချီးကျူးလိုက်မိသည်။ ထို့နောက် ယဲ့ဖုန်းကို လှမ်းကြည့်လိုက်သောအခါ ပါရဂူကြီး တစ်ဦးကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရ၏။

'ငါတို့ ဂိုဏ်းချုပ်က တကယ့်ကို ထူးခြားဆန်းပြားတဲ့ လူတစ်ယောက်ပဲ... လက်ဖက်ရည် တစ်ဝက်လောက် သောက်မယ့် အချိန်အတွင်းမှာ ဒုတိယအဆင့် သိုင်းကွက်ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံကို ဖော်ထုတ်နိုင်ခဲ့တယ်... အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ဝင်စားတာများလား... ငါ့ရဲ့ လျှို့ဝှက်ချက်ကိုများ ရှာတွေ့သွားမလား မသိဘူး...'

စိုးရိမ်မှု အနည်းငယ် ရှိသော်လည်း မိုယင်သည် မြူခိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ခံစားနေရဆဲ ဖြစ်၏။

—-----

မီးရှူးတိုင် မြို့တော်နှင့် မိုင်တစ်ရာကျော် ဝေးကွာသော နေရာတွင် -

ဤနေရာတွင် မိုင်ဆယ်ချီ ရှည်လျားသော တောင်တန်းကြီး တစ်ခု ရှိလေ၏။

အဓိက တောင်ထိပ် ယွင်ဟွာ တောင်ထိပ် ၏ (၁၀) မိုင် ပတ်လည် ဧရိယာတွင် ကျင့်ကြံရေး ဂိုဏ်းတစ်ခု တည်ရှိ၏။

ယွင်ဟွာဂိုဏ်းပင် ဖြစ်ချေသည်။

ထိုအချိန်တွင် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်း၌ -

"ဂိုဏ်းချုပ်... ဖြစ်ပျက်ခဲ့တာတွေက အဲဒါပါပဲ"

လင်းယွိယန်သည် ခန်းမဆောင်ကြီး အတွင်းတွင် ရပ်လျက် မီးရှူးတိုင် မြို့တော်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အစီရင်ခံ တင်ပြနေလေ၏။

အဓိက ထိုင်ခုံတွင် -

လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ယွင်ဟွာဂိုဏ်းချုပ် "ယွင်ဟွာကျန်းရန်" သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူသည် ဘေးပတ်လည်တွင် ထိုင်နေကြသော ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အကြီးအကဲများနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ အားလုံး၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများကို မြင်တွေ့လိုက်ရသည်။

"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပြန်ပေါ်လာတာ နိမိတ်မကောင်းဘူး"

မဟာအကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်တယ်... ပြီးတော့ ငါတို့ ယွင်ဟွာဂိုဏ်း တစ်ခုတည်း အင်အားနဲ့ ဆိုရင်... ဆိုးဟွန်းကျန်းရန် ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး... ကြိုတင် ကာကွယ်မှုတွေ လုပ်ထားမှ ဖြစ်မယ်"

ဒုတိယ အကြီးအကဲကလည်း ဝင်ပြောလိုက်၏။

ယွင်ဟွာကျန်းရန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဆိုးဟွန်းကျန်းရန် ရဲ့ ကျင့်ကြံခြင်းအဆင့်က ဓာတ်ကြီးငါးပါး စုစည်းခြင်း (၄) ဆင့်မြောက် ကို ရောက်ရှိထားပြီးသား... လျှော့တွက်လို့ မရဘူး... အခု ငြိမ်သက်နေရာကနေ ပြန်ထွက်လာပြီ ဆိုတော့... ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဘယ်သူမှ မသိနိုင်ဘူး... တခြားဂိုဏ်းတွေကို အသိပေးပြီး သတိထားခိုင်းရမယ်"

ယွင်ဟွာကျန်းရန်သည် လင်းယွိယန်၏ ဘေးတွင် ဒူးထောက်နေသော ကျန်းတာချောင်ကို ကြည့်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေ၏။

"ယွိယန်က ဒီတာဝန်မှာ ကံအမှတ်ရခဲ့တယ်... ဆုချသင့်တယ်... ဒါနဲ့... ဆိုးဟွန်းကျန်းရန်ရဲ့ တပည့်အရင်း ကျန်းတာချောင် ကို ဖမ်းဆီးခဲ့တဲ့သူက... တကယ်ပဲ ရေပေါ်ဖြူမြို့တော် မြူခိုးဂိုဏ်းကလား"

ထိုစကားကို ကြားလိုက်ရသောအခါ ရှိနေသူအားလုံး၏ အကြည့်များသည် လင်းယွိယန်ထံသို့ ရောက်ရှိသွားကြလေတော့သတည်း။

All Chapters