အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း (၈၅) - လုရှန်ယွဲ့နှင့် မြို့တော်ဝန်၏ ဆုံးဖြတ်ချက်
~"ဂိုဏ်းချုပ်... အကြီးအကဲတို့... ယွိယန် ပြောသမျှ အားလုံး အမှန်တွေချည်းပါပဲ... တကယ်ကို မြူခိုးဂိုဏ်း တပည့်တွေရဲ့ လက်ရာပါ... အဲဒီထဲက တစ်ယောက်က ယွိယန် ပြောတဲ့ ချိန်းတွေ့ရမယ့်သူပါ"
လင်းယွိယန်သည် ပြောရင်းဆိုရင်း မျက်နှာလေး ရဲတက်လာပြီး ခေါင်းငုံ့သွားရှာလေ၏။
"ဟေ..."
ထိုင်နေသော အကြီးအကဲများ၏ မျက်လုံးများ အရောင်တောက်လာကြ၏။
အကယ်၍ လင်းယွိယန် ပြောသည့်စကားများသာ မှန်ကန်ခဲ့ပါက မြူခိုးဂိုဏ်းသည် သာမန် အဆင့်နိမ့်ဂိုဏ်းလေးတစ်ခု မဟုတ်သည်မှာ သေချာသွားပေပြီ။
ဤကဲ့သို့သော အဖွဲ့အစည်းပုံစံသည် အလယ်အလတ် သို့မဟုတ် အဆင့်မြင့် ဂိုဏ်းများတွင်သာ တွေ့ရတတ်သည့် အရာမျိုး မဟုတ်ပါလော။
ပို၍ အရေးကြီးသည်မှာ လင်းယွိယန်နှင့် ချိန်းတွေ့မည့်သူသည် ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ရာ အမှန်တကယ်ပင် လိုက်ဖက်ညီသော စုံတွဲတစ်တွဲ ဖြစ်လာနိုင်ပေသည်။
သို့သော် ကိုယ်တိုင် သွားရောက်ကြည့်ရှုမှသာ အမှန်တရားကို သိရှိနိုင်မည် ဖြစ်၏။
ဤသို့ တွေးတောပြီးနောက် ယွင်ဟွာကျန်းရန်သည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်၏။
"ဒီလိုလုပ်ကြတာပေါ့... မနက်ဖြန် စတုတ္ထအကြီးအကဲ ကိုယ်တိုင် တပည့်တစ်ဖွဲ့ကို ဦးဆောင်ပြီး မြူခိုးဂိုဏ်းကို သွားလည်လိုက်ပါ... လမ်းကြုံဝင်တာလို့ပဲ ပြောပေါ့... ပြီးရင် ရေပေါ်ဖြူမြို့တော်ကို ဆက်သွားပြီး ဒုတိယမြို့တော်ဝန်ဆီ ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပြန်ပေါ်လာတဲ့ သတင်းကို သွားပို့ပေးလိုက်ပါ"
ကျက်သရေရှိပြီး ရိုးရှင်းသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မတ်တတ်ထရပ်လိုက်ပြီး ဦးညွှတ်လိုက်လေ၏။
"ယွိကျစ် အမိန့်တော်အတိုင်း နာခံပါ့မယ်"
မြူခိုးဂိုဏ်းတွင် -
ယဲ့ဖုန်းသည် ကြိုးစားပမ်းစား ကျင့်ကြံနေကြသော တပည့်များကို ကြည့်ရှုပြီး ကျေနပ်ပီတိ ဖြစ်နေမိ၏။ ထို့နောက် သူသည် အဆင့်နိမ့် 'မလှုပ်မယှက် အဆောင်လက်ဖွဲ့' ကို ကောက်ယူလိုက်ပြီး ခဏမျှ လေ့လာကြည့်လိုက်ရာ သူ့တွင် အသက်သွင်းရန် ဝိညာဉ်စွမ်းအင် မရှိကြောင်း သတိရသွားသဖြင့် ခေတ္တ ပြန်သိမ်းထားလိုက်ရသည်။
သူသည် ကမ်းပါးအစွန်းသို့ လျှောက်သွားပြီး မီးရှူးတိုင် မြို့တော် ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်လေ၏။
"မနက်ဖြန်ဆို (၇) ရက် ပြည့်ပြီ... ဝူရွှမ်ဆောင်ကို သွားပြီး အရောင်းအဝယ် လုပ်ရတော့မယ်"
ရေပေါ်ဖြူမြို့တော်၊ မြို့တော်ဝန်အိမ်တော်တွင် -
လျိုယွင်ဂိုဏ်း၏ အကြီးအကဲ လုရှန်ယွဲ့ နှင့် ဒုတိယမြို့တော်ဝန်တို့သည် လက်ဖက်ရည်ပွဲ ခင်းကျင်းထားသော စားပွဲခုံပုလေး တစ်လုံးကို ခြားလျက် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
"မနေ့က နန်လုတောင်တန်းမှာ မြူခိုးဂိုဏ်းက တော်တော်လေး နာမည်ကြီးသွားတယ်နော်"
ဒုတိယမြို့တော်ဝန်က ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
လုရှန်ယွဲ့က ရယ်မောလိုက်ပြီး ပြန်ပြော၏။
"ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူလေ... အခုဆိုရင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့် စွမ်းအားကိုတောင် ထုတ်သုံးနိုင်နေပြီ... ရံဖန်ရံခါ ထင်ပေါ်ကျော်ကြားပြီး မြူခိုးဂိုဏ်းရဲ့ နာမည်ကို မြှင့်တင်တာ ကောင်းပါတယ်"
ဒုတိယမြို့တော်ဝန်က သတိပေးလိုက်သည်။
"လူဆိုတာ နာမည်ကြီးမှာ ကြောက်ရတယ်... ဝက်ဆိုတာ ဝမှာ ကြောက်ရတယ်တဲ့... နာမည်ကြီးလွန်းတာ သိပ်မကောင်းလှဘူး"
သို့သော် လုရှန်ယွဲ့က ခေါင်းခါလိုက်၏။
"ပုံမှန်ဆိုရင်တော့ ဟုတ်ပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူလေ... လူထုရဲ့ ထောက်ခံမှုကို ရတာက သူ့ကို ပိုသန်မာစေတယ်... ထင်ပေါ်တာက တကယ်တော့ ကောင်းတဲ့အရာပါ... ဒါနဲ့ မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း ဖြစ်လာဖို့ နီးစပ်နေပြီ မဟုတ်လား"
ဒုတိယမြို့တော်ဝန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ထားလိုက်ပါတော့... မနက်ဖြန်ကျရင် အခြေအနေကို စစ်ဆေးဖို့ လူတချို့ လွှတ်လိုက်ပါ့မယ်"
ရုတ်တရက် နှစ်ဦးစလုံး စကားစဖြတ်လိုက်ကြ၏။
ရှင်းကွမ်ရွှမ် ဝင်ရောက်လာသောကြောင့် ဖြစ်၏။
လုရှန်ယွဲ့သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မေးလိုက်သည်။
"ဘာကိစ္စလဲ"
"တတိယအကြီးအကဲ... ဂိုဏ်းချုပ်ဆီက 'ဓားပေးပို့ သတင်းစကား' ရောက်လာပါတယ်"
ရှင်းကွမ်ရွှမ်သည် ပျံသန်းသော ဓားငယ်လေး တစ်လက်ကို လေးစားစွာ ဆက်သလိုက်လေ၏။
လုရှန်ယွဲ့သည် ဓားငယ်လေးကို ယူလိုက်ပြီး လက်ဟန်အမူအရာ ပြုလုပ်ကာ ဖွဖွလေး တို့လိုက်ရာ ဓားငယ်လေးမှ ပန်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲတွင် သက်ကြီးရွယ်အို တစ်ဦး၏ ခါးအထက် ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားကာ အာဏာရှိသော အသံဖြင့် ပြောကြားလေ၏။
"တတိယအကြီးအကဲ... သတိထားပါ... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပြန်ပေါ်လာပြီ... ဂိုဏ်းပေါင်းစုံက ပါရမီရှင် တပည့်အများအပြား လုပ်ကြံခံလိုက်ရတယ်... ငါတို့ အထူး သတိထားမှ ဖြစ်မယ်"
ပြောပြီးသည်နှင့် အလင်းတန်းများ ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်လည်း လေထဲတွင် ပျော်ဝင်သွားလေ၏။
"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း..."
ဒုတိယမြို့တော်ဝန်နှင့် လုရှန်ယွဲ့တို့၏ မျက်နှာထားများ မဲမှောင်သွားကြ၏။
လူတိုင်းက ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းကို ဆန့်ကျင်ကြသော်လည်း ၎င်း၏ ဂိုဏ်းချုပ် ဆိုးဟွန်းကျန်းရန် သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဂုဏ်သတင်း ကျော်စောသူ ဖြစ်၏။ ယခင်က ရေပေါ်ဖြူမြို့တော်နှင့် လျိုယွင်ဂိုဏ်းတို့ ပူးပေါင်းပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း ကံဆိုးစွာဖြင့် လွတ်မြောက်သွားခဲ့သည်။
"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပြန်ပေါ်လာတယ် ဆိုကတည်းက... ဆိုးဟွန်းကျန်းရန်ရဲ့ အင်အားက အတော်အတန် ပြန်ပြည့်လာပြီ ဆိုတဲ့ သဘောပဲ... ပြဿနာတော့ တက်တော့မယ်"
လုရှန်ယွဲ့က ညည်းတွားလိုက်သည်။
"ငါတို့ လူအင်အား ပိုထုတ်ပြီး ခံစစ်ကို မြှင့်တင်ရမယ်"
"နတ်ဆိုးသတ်ဖြတ်ခြင်း ညီလာခံကရော ဘယ်လိုလုပ်မလဲ" ဒုတိယမြို့တော်ဝန်က မေးလိုက်သည်။
လုရှန်ယွဲ့က မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ပြောလိုက်၏။
"သေချာပေါက် ဆက်လုပ်ရမှာပေါ့... စည်းကမ်းချက် တစ်ခု ထပ်ထည့်လိုက်မယ်... ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းသားတွေကို သတ်နိုင်ရင်... အဆင့်တူ နတ်ဆိုးသားရဲတွေကို သတ်တာထက် အမှတ် (၂) ဆ ပေးမယ်... ဆိုးဟွန်းကျန်းရန်ရဲ့ နေရာကို ရှာတွေ့ရင်လည်း အမှတ်အများကြီး ဆုချမယ်"
ဒုတိယမြို့တော်ဝန်လည်း ပြုံးလိုက်သည်။ "အကြံကောင်းပဲ"
မကြာမီ ဤသတင်းသည် မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားလေ၏။
မြို့တော်ဝန်အိမ်တော်မှ ထွက်ခွာလာပြီးနောက် ရှင်းကွမ်ရွှမ်သည် မြူခိုးတောင်ထိပ်သို့ ဓားစီး၍ ချက်ချင်း ထွက်ခွာလာခဲ့ရာ မကြာမီ ကြီးမားသော ကာကွယ်ရေးဒိုင်းကြီးကို တွေ့ရှိလိုက်ရသည်။
"မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါကို ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ အဖြစ် သုံးထားတယ်တဲ့လား... ဖြုန်းတီးလိုက်တာဗျာ"
ရှင်းကွမ်ရွှမ်၏ ပါးစပ်ထောင့် တွန့်သွားသည်။
နန်လုတောင်တန်း၌ မြူခိုးဂိုဏ်း၏ စွမ်းဆောင်ရည်များကို သူ ကြားသိခဲ့ပြီး ဖြစ်၏။ ယဲ့ဖုန်းသည် တစ်ဦးတည်းဖြင့် အခြေအနေကို ပြောင်းလဲပစ်ခဲ့ပြီး တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ နှစ်ကောင်ကို မောင်းထုတ်ကာ တစ်ပိုင်းတစ်စ ပြီးစီးနေသော ဝင်္ကပါကို သိမ်းဆည်းရမိခဲ့ကြောင်း သိထားသည်။
သို့သော် သတ်ဖြတ်ခြင်း ဝင်္ကပါကို ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ အဖြစ် အသုံးပြုပြီး အချိန်ပြည့် ဖွင့်ထားသည်ကိုမူ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
စကားတစ်ခွန်းတည်း ပြောရလျှင် - ဖြုန်းတီးလွန်းတယ်။
မကြာမီ ရှင်းကွမ်ရွှမ်သည် ဒိုင်းကာ အပြင်ဘက်သို့ ရောက်ရှိလာ၏။
ယဲ့ဖုန်းသည် တောင်တက်လမ်းတွင် ဝင်ပေါက်တစ်ခု ချန်ထားခဲ့သဖြင့် ရှင်းကွမ်ရွှမ်သည် တည့်တည့်မတ်မတ် လျှောက်ဝင်လာပြီး ခေါင်မိုးပေါ်ရှိ ယဲ့ဖုန်းကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ပါ"
"သြော်... အစ်ကိုရှင်း ပါလား... ဘာကိစ္စများလဲ"
ယဲ့ဖုန်းသည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး မေးလိုက်သည်။
"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းက လူတွေ ပြန်ပေါ်လာပြီလို့ သတင်းရထားတယ်... ခင်ဗျားတို့ အထူး သတိထားမှ ဖြစ်ပါမယ်"
ဟု ရှင်းကွမ်ရွှမ်က လာရင်းကိစ္စကို ချက်ချင်း ပြောပြလိုက်၏။
"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းလား... ကျွန်တော်တို့ သိပြီးသားပါ"
ယဲ့ဖုန်းက ထိုသို့ ပြန်ပြောလိုက်သည့်အတွက် ရှင်းကွမ်ရွှမ် လန့်ဖျပ်သွားသည်။
သူ၏ အမူအရာကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်းသည် မီးရှူးတိုင် မြို့တော်တွင် တပည့်များ ကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုံး ရှင်းပြလိုက်၏။
ဟိုယွင်ကျဲနှင့် အဖွဲ့သည် ဆိုးဟွန်းကျန်းရန်၏ တပည့်အရင်း ကျန်းတာချောင်ကို ဖမ်းဆီးခဲ့ကြောင်း ကြားလိုက်ရသောအခါ ရှင်းကွမ်ရွှမ်သည် အသက်ပြင်းပြင်း ရှူလိုက်မိလေ၏။
"ဒုက္ခပဲ... ဒီကိစ္စကို ဆိုးဟွန်းကျန်းရန် သိသွားရင်... မြူခိုးဂိုဏ်းလည်း ပစ်မှတ်ထား ခံရတော့မယ်"
ယဲ့ဖုန်း စဉ်းစားကြည့်လိုက်သောအခါ ဟုတ်မှန်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် ဝင်္ကပါအကြီးစားဖြင့် ကာကွယ်ထားသဖြင့် ပြဿနာ မရှိနိုင်ဟု ယူဆလိုက်ပြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့... ကျွန်တော့်မှာ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ ရှိပါတယ်"
ရှင်းကွမ်ရွှမ်သည် မျက်နှာကို လက်ဖြင့် အုပ်လိုက်လေ၏။
"ဒီဝင်္ကပါက တစ်ပိုင်းတစ်စပဲ ပြီးသေးတာလေ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူကို တားဆီးနိုင်မှာ မဟုတ်ဘူး... ဟုတ်သားပဲ... မနက်ဖြန် ဒုတိယမြို့တော်ဝန်က လူလွှတ်ပြီး အဆင့်မြင့်ဂိုဏ်း အဖြစ် သတ်မှတ်ဖို့ လာစစ်ဆေးလိမ့်မယ်လို့ ကြားတယ်"
"ဟုတ်လား..."
အဆင့်မြင့်ဂိုဏ်း အဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်ချက်များထဲတွင် ဂိုဏ်းချုပ်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့်သို့ ရောက်ရှိရမည် ဖြစ်ကြောင်း ယဲ့ဖုန်း သတိရသွားသည်။ ထို့အပြင် ဂိုဏ်းတွင် ဒုတိယအဆင့် သိုင်းကွက် (၁) ခု၊ ပထမအဆင့် သိုင်းကွက် (၁၀) ခုနှင့် အနည်းဆုံး ဝိညာဉ်လက်နက် (၃) ခု ပိုင်ဆိုင်ရမည် ဖြစ်၏။
လက်ရှိအခြေအနေအရ မြူခိုးဂိုဏ်းသည် လိုအပ်ချက် အားလုံးနှင့် ကိုက်ညီနေပုံ ရသည်။
ရှင်းကွမ်ရွှမ်က ရယ်မောလိုက်၏။
"ကြည့်ရတာ မြူခိုးဂိုဏ်းက လိုအပ်ချက်တွေ ပြည့်မီနေပုံပဲ... အဆင့်မြင့်ဂိုဏ်း ဖြစ်လာမယ့် အထိမ်းအမှတ်အနေနဲ့ ကြိုပြီး ဂုဏ်ပြုပါတယ်ဗျာ... မှတ်ထားနော် ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်ကို အရက်တိုက်ရမယ်... ပြီးတော့ 'အဲဒီလိုနေရာ' ကို သွားပြီး အပန်းဖြေကြတာပေါ့"
ပြောပြီးသည်နှင့် ရှင်းကွမ်ရွှမ်သည် ယဲ့ဖုန်းကို မျက်စိမှိတ်ပြလိုက်သည်။
ယဲ့ဖုန်း ကြောင်သွား၏။ "ဘယ်လိုနေရာမျိုးလဲ"
"အဲဒီလို နေရာမျိုးလေဗျာ"
ရှင်းကွမ်ရွှမ်သည် လေထဲတွင် လက်ဟန်အမူအရာများ ပြုလုပ်ပြလိုက်သည်။
ယဲ့ဖုန်း ချက်ချင်း သဘောပေါက်သွားပြီး "ခင်ဗျား တော်တော် ကဲတာပဲ" ဟူသော အကြည့်ဖြင့် ရှင်းကွမ်ရွှမ်ကို ကြည့်လိုက်လေတော့၏။
နောက်ပိုင်းတွင် ရှင်းကွမ်ရွှမ်သည် ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းသားများကို သတ်ဖြတ်ပါက အမှတ် (၂) ဆ ရရှိမည့်အကြောင်း ပြောပြခဲ့ပြီးနောက် ဂိုဏ်းချုပ်ခန်းမဆောင်တွင် လက်ဖက်ရည်သောက်ကာ ဓားစီး၍ ပြန်လည် ထွက်ခွာသွားလေ၏။
"ရေပေါ်ဖြူမြို့တော်တောင် ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းအကြောင်း သိနေပြီပဲ... သတင်းပြန့်တာ မြန်လိုက်တာ"
ယဲ့ဖုန်းသည် ရေပေါ်ဖြူမြို့တော် ရှိရာဘက်သို့ လှမ်းကြည့်ပြီး 'မသိမသာ ရေရွတ်' လိုက်သည်။
ထိုနေ့တွင် ယဲ့ဖုန်းသည် ဂိုဏ်းအတွင်း လိုက်လံစစ်ဆေးလေ၏။
မူလက သန့်စင်ခြင်း ကြာစိမ်းနှင့် ကျောက်စိမ်းဝါးမျှစ်တို့ကို ဖုံးကွယ်ထားရန် ရည်ရွယ်ခဲ့သော်လည်း မြူခိုးဂိုဏ်းသည် အဆင့်မြင့်ဂိုဏ်း ဖြစ်လာတော့မည် ဖြစ်သဖြင့် အခြားသူများ သိရှိသွားလည်း ကိစ္စမရှိဟု တွေးမိလိုက်သည်။
ဘာပဲဖြစ်ဖြစ် အဆင့်မြင့်ဂိုဏ်းတိုင်းတွင် ကောင်းကင်နှင့် မြေကြီး ရတနာများ ရှိတတ်ကြသည် မဟုတ်ပါလော။ ထူးဆန်းသော ကိစ္စ မဟုတ်ချေ။
နောက်ပိုင်းတွင် ယဲ့ဖုန်းသည် တပည့်များကို စုဝေးစေပြီး လာမည့် ဂိုဏ်းအဆင့် သတ်မှတ်ခြင်း စစ်ဆေးမှုအကြောင်း ပြောပြကာ ကြိုတင် ပြင်ဆင်ထားရန် မှာကြားလိုက်သည်။
မိမိတို့ဂိုဏ်းသည် အဆင့်မြင့်ဂိုဏ်း ဖြစ်လာနိုင်ခြေ ရှိကြောင်း သိလိုက်ရသောအခါ တပည့်များသည် စိတ်လှုပ်ရှားလွန်းသဖြင့် နေရာတွင်ပင် ခုန်ပေါက်နေကြလေ၏။
စစ်ဆေးမှု ချောမွေ့စေရန်အတွက် ယဲ့ဖုန်းသည် မိုယင်နှင့် တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးမှု အသေးစိတ် အချက်အလက်များကို မေးမြန်းကာ လိုအပ်သည်များကို ဖြည့်စွက် ပြင်ဆင်ထားလိုက်သည်။
နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် -
မနက်စာ စားပြီးနောက် ယဲ့ဖုန်းသည် သပ်ရပ်သော အဖြူရောင် ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး လက်ချောင်းတစ်ချက် တောက်လိုက်ရာ ဝိညာဉ်ဓား တစ်လက် ကောင်းကင်သို့ ပျံတက်သွားလေ၏။
သူသည် ဓားပေါ်သို့ တက်လိုက်ပြီး ဖြည်းညှင်းစွာ မြင့်တက်သွားကာ ဓားစီးခြင်း အတတ်ပညာကို လေ့ကျင့်နေသကဲ့သို့ ဟန်ပန်မျိုး ဖမ်းလိုက်၏။
အဖြူရောင် ဝတ်ရုံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေ၏။
ဒါက ယဲ့ဖုန်း "ဓားထိန်းချုပ်ခြင်း နည်းစနစ်" ကို တတ်မြောက်သွား၍ မဟုတ်ပါ။ သူရဲကောင်းဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဝိညာဉ်ဓားကို လေထဲမှာ ရပ်တန့်နေအောင် ထိန်းချုပ်ထားကာ ထိုအပေါ် တက်ရပ်ပြီး ပျံသန်းနေတာ ဖြစ်ပါသည်။
သို့သော် ယဲ့ဖုန်းသည် နာကျင်စရာ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်၏။
သူရဲကောင်းဝိညာဉ်စွမ်းအားသည် သူ့ကို တိုက်ရိုက် ပျံသန်းစေနိုင်ခြင်း မရှိပေ။
မည်မျှပင် ကြိုးစားစေကာမူ လေထဲတွင် ကိုယ်တိုင် ရပ်တန့်နေနိုင်ခြင်း မရှိချေ။ ဓားကို အမှီပြုပြီးမှသာ မြေကြီးနှင့် ကင်းကွာနိုင်ပြီး ပျံသန်းသည့် အရှိန်မှာလည်း သိပ်မမြန်ဆန်လှပေ။
‘ဒီကိစ္စနဲ့ ပတ်သက်ပြီး... စွမ်းရည်ကို ဖွင့်ဖို့ မှန်ကန်တဲ့ နည်းလမ်းတစ်ခု ရှိရမယ်။
သူ ရှာမတွေ့သေးတာပဲ ဖြစ်မယ်။’
"ဂိုဏ်းချုပ်... လူလာနေတယ်"
ထိုအချိန်တွင် မိုယင်က သတိပေးလိုက်သည်။
ယဲ့ဖုန်း၏ ရင်ထဲတွင် ဝမ်းသာမှုများ 'ကခုန်' လာပြီး မိုယင် ညွှန်ပြရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် သူ ဇဝေဇဝါ ဖြစ်သွားရ၏။
"ဟေ... ဘာလို့ မီးရှူးတိုင် မြို့တော် ဘက်ကနေ လာနေကြတာလဲ”
အခန်း (၈၆) - အဆင့်မြင့်ဂိုဏ်း စစ်ဆေးမှု (အပိုပိုင်း)
~"ကြည့်ရတာ... ရေပေါ်ဖြူမြို့တော်က စစ်ဆေးရေးအဖွဲ့ မဟုတ်ပုံရတယ်"
မိုယင်သည် သတိကြီးစွာ ထားလိုက်ပြီး အဓိက ဝင်္ကပါအလံကို လက်တွင် အသင့်ကိုင်ဆောင်ကာ အချိန်မရွေး ဝင်္ကပါကို ထိန်းချုပ်ရန် ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် ဟိုယွင်ကျဲသည် လာရောက်သူများကို လှမ်းကြည့်လိုက်ပြီး အုပ်စုထဲတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေ၏။
"လင်းယွိယန် ပါလား"
ထိုစကားကို ကြားလိုက်ရသည်နှင့် ယဲ့ဖုန်းနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာလေ၏။
လင်းယွိယန်တဲ့လား...
ယွင်ဟွာဂိုဏ်းက ပါရမီရှင် တပည့်မလေး မဟုတ်ပါလော။ ဘာကိစ္စနဲ့ ရုတ်တရက် ရောက်လာရသနည်း။
ချိန်းတွေ့တာ မအောင်မြင်လို့ စိတ်မကျေနပ်ပြီး ပြဿနာ လာရှာတာများလား...
ဝေးလံသော ကောင်းကင်ယံတွင် -
ယွင်ဟွာဂိုဏ်း၏ စတုတ္ထအကြီးအကဲ လျိုယွိကျစ် သည် ဧရာမ ငှက်ပျောရွက်ကြီး တစ်ခုပေါ်တွင် လက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေ၏။ သူမ၏ နောက်တွင်မူ ချီစုစည်းခြင်း (၇) ဆင့်မြောက် တပည့် (၃) ဦး ရပ်နေကြလေ၏။
မြူခိုးတောင်ထိပ်ရှိ ဝင်္ကပါ အကာအကွယ် ဒိုင်းကြီးကို အဝေးမှ လှမ်းမြင်လိုက်ရသောအခါ လျိုယွိကျစ်၏ စိတ်ထဲတွင် သံသယများ ဝင်ရောက်လာလေ၏။
"ယွိယန်... ဒီနေရာက မြူခိုးဂိုဏ်း ဆိုတာ သေချာလို့လား... အဆင့်နိမ့်ဂိုဏ်းတစ်ခုမှာ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ရှိနေစရာ အကြောင်း မရှိဘူးလေ"
လင်းယွိယန်က လေးစားစွာ ပြန်ဖြေသည်။
"သေချာပါတယ် ဆရာသခင်... ဟိုအိမ်တော်က ရခဲ့တဲ့ လိပ်စာက ဒီနေရာ အတိအကျပါပဲ"
ယွင်ဟွာဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် လင်းယွိယန်သည် စတုတ္ထအကြီးအကဲ လျိုယွိကျစ်၏ တပည့်အရင်းအဖြစ် လက်ခံခြင်း ခံခဲ့ရပြီး အလေးပေး ဆက်ဆံခံခဲ့ရသူ ဖြစ်ပေသည်။
ထိုစကားကို ကြားသောအခါ လျိုယွိကျစ်သည် မေးစေ့ကို ဖွဖွလေး ပုတ်လိုက်ပြီး ဆုံးဖြတ်လိုက်၏။
"ကောင်းပြီလေ... သွားကြည့်ကြတာပေါ့"
ခဏအကြာတွင် -
ဧရာမ ငှက်ပျောရွက်ကြီးသည် မြူခိုးတောင်ထိပ် အထက်၌ ရပ်တန့်လိုက်လေ၏။
လျိုယွိကျစ်နှင့် ယွင်ဟွာဂိုဏ်းသားများသည် ဓားစီးလျက် ရပ်တန့်နေသော ယဲ့ဖုန်းကို ကြည့်လိုက်ကြ၏။ ထိုသူသည် ဝတ်ရုံဖြူများ လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး ခန့်ညားသော ရုပ်ရည်ရှိသော်လည်း ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် အတက်အကျ လုံးဝ မရှိသည်ကို တွေ့လိုက်ရသည်။ သို့သော် ဓားစီးပြီး ပျံသန်းနေနိုင်ခြင်းမှာ အလွန် ထူးခြားဆန်းကြယ်နေပေသည်။
'ထူးခြားလိုက်တဲ့ အရှိန်အဝါပါလား'
လျိုယွိကျစ်၏ ရင်ထဲတွင် တုန်လှုပ်သွားလေ၏။
'ငါတောင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အာရုံမခံနိုင်ဘူး... သူက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် (၂) ဆင့်မြောက် ဒါမှမဟုတ် (၃) ဆင့်မြောက် ရောက်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်များလား'
ဤသို့ တွေးတောပြီးနောက် လျိုယွိကျစ်သည် လက်အုပ်ချီလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ကျွန်မက ယွင်ဟွာဂိုဏ်းရဲ့ စတုတ္ထအကြီးအကဲ လျိုယွိကျစ် ပါ... မြူခိုးဂိုဏ်းကို လာရောက် လည်ပတ်တာပါရှင်"
"သြော်... ယွင်ဟွာဂိုဏ်းက အကြီးအကဲကိုး... ကျွန်တော်က မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ... ကြွပါ ခင်ဗျာ"
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်လေ၏။
မိုယင်သည် သဘောပေါက်လိုက်ပြီး ချက်ချင်းပင် ဒိုင်းကာကို ဖွင့်ပေးလိုက်ရာ လျိုယွိကျစ်နှင့် အဖွဲ့သည် ဝင်ရောက်လာကြပြီး ဂိုဏ်းတံခါးမကြီး ရှေ့ရှိ ကွက်လပ်တွင် ရပ်နားလိုက်ကြ၏။
"အစ်ကိုဟို... ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
လင်းယွိယန်သည် ဟိုယွင်ကျဲကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"ကံကောင်းတာပါပဲ" ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်၏။
ကျန်သူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။
လျိုယွိကျစ်သည် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ဖြစ်ပြီး ဝိညာဉ်အာရုံ ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် တမင်သက်သက် ကြိုးစားစရာ မလိုဘဲ မြူခိုးဂိုဏ်း ထိပ်တန်းတပည့် (၁၀) ဦး၏ ကျင့်ကြံခြင်းအဆင့်များကို အလွယ်တကူ သိရှိလိုက်လေ၏။
'မြူခိုးဂိုဏ်းမှာ တပည့်အရေအတွက် နည်းပေမယ့်... တစ်ယောက်ချင်းစီက အနည်းဆုံး ချီစုစည်းခြင်း (၄) ဆင့်မြောက် အထွတ်အထိပ် ရောက်နေကြတယ်... (၇) ဆင့်မြောက်အထက် သုံးယောက်တောင် ရှိတယ်... တကယ်ကို ထူးချွန်တာပဲ... ပြီးတော့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါလည်း ရှိသေးတယ်... သိပ်မကောင်းလှပေမယ့်... ယေဘုယျအားဖြင့် ကြည့်ရင် အဆင့်မြင့်ဂိုဏ်း အဆင့်အတန်း ရှိနေပြီ'
လျိုယွိကျစ်သည် စိတ်ထဲတွင် သုံးသပ်လိုက်၏။
"ဝါး..."
ရုတ်တရက် နောက်ဖေးဝင်းဘက်မှ စိတ်လှုပ်ရှားဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာလေ၏။
နောက်တစ်ခဏတွင် အစ်ကိုကြီး ခေါင်းပြားသည် အခြား တောင်စောင့်ဝိညာဉ်သားရဲ (၇) ကောင်နှင့်အတူ အရှိန်အဟုန်ပြင်းပြင်းဖြင့် 'ဒရောသောပါး ပြေးလွှား' ထွက်ပေါ်လာရာ ယွင်ဟွာဂိုဏ်း တပည့်များ၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြလေ၏။
"ဧည့်သည်တွေလေ... တိုက်ခိုက်ဖို့ လာတာ မဟုတ်ဘူး"
ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြားကို လက်ကာပြပြီး အော်ဟစ်လိုက်၏။
တိုက်ခိုက်ရမည် မဟုတ်ကြောင်း ကြားလိုက်ရသောအခါ အစ်ကိုကြီး ခေါင်းပြား၏ စိတ်အားထက်သန်မှုများ လျော့ကျသွားလေ၏။ သူသည် မတ်တတ်ထရပ်လိုက်ပြီး လက်သည်းများကို ဟိုဒီဝှေ့ယမ်းကာ မကျေမနပ် ဟန်ပန်ပြလိုက်၏။
'မတိုက်ခိုက်ရရင် ဘာလာလုပ်ကြတာလဲ...'
ဟိန်းဟောက်ပြီးနောက် အစ်ကိုကြီး ခေါင်းပြားသည် နောက်ဖေးဝင်းဘက်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်သွားလေတော့သည်။
"ဒါတွေက ရှင်တို့ဂိုဏ်းရဲ့ တောင်စောင့်ဝိညာဉ်သားရဲတွေလား... တော်တော် ထည်ဝါတာပဲ... အားကျစရာ ကောင်းလိုက်တာ"
လျိုယွိကျစ်၏ အသံတွင် အံ့သြမှု အရိပ်အယောင်များ ပါဝင်နေလေ၏။
ဤဝိညာဉ်သားရဲ (၈) ကောင်သည် အစွမ်းထက်ကြောင်း သူမ သိရှိလိုက်ပြီး ၎င်းတို့ကို ယဉ်ပါးအောင် ပြုလုပ်ထားနိုင်သော မြူခိုးဂိုဏ်းသည် သာမန် မဖြစ်နိုင်ကြောင်း တွေးမိလိုက်၏။
"သာမန် ဝိညာဉ်သားရဲလေးတွေပါဗျာ... အကြီးအကဲက မြှောက်ပြောလွန်းပါပြီ" ယဲ့ဖုန်းက နှိမ့်ချစွာ ပြောလိုက်သည်။
စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် "အိမ်တော်ထိန်း ကျိုးကျားချန်" သည် လူတစ်စုကို ဦးဆောင်ပြီး မြူခိုးတောင်ထိပ်သို့ တက်လာသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာလေ၏။
"လူကြီးမင်းတို့ရေ... ဂိုဏ်းအဆင့် စစ်ဆေးရေးအဖွဲ့ ရောက်လာပါပြီ"
ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ဟွာဂိုဏ်းသားများသည် ဂိုဏ်းဆိုင်းဘုတ်ကို မော့ကြည့်လိုက်ကြရာ မြူခိုးဂိုဏ်းတွင် "မိုးမခရွက် သင်္ကေတ" တစ်ခုသာ ရှိနေသည်ကို သတိထားမိလိုက်ကြ၏။ ကောလာဟလများအတိုင်း အဆင့်နိမ့်ဂိုဏ်း တစ်ခုသာ ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။
'အဆင့်နိမ့်ဂိုဏ်း ဖြစ်ပေမယ့် အဆင့်မြင့်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်တွေ ပိုင်ဆိုင်ထားတယ်... ပတ်ဝန်းကျင်က သဘာဝ ဝိညာဉ်စွမ်းအင်တွေကလည်း အရမ်း ကြွယ်ဝတယ်... ပြီးတော့ ငါတောင် အဆင့်မမြင်နိုင်တဲ့ ဂိုဏ်းချုပ်တစ်ယောက် ရှိနေတယ်... တကယ် မရိုးရှင်းဘူး'
လျိုယွိကျစ် တိတ်တဆိတ် တွေးတောလိုက်မိသည်။
'သူတို့က ဒီလောက် သန်မာနေတာကို... ဘာလို့ အခုမှ အဆင့်မြင့်ဂိုဏ်း အဖြစ် အသိအမှတ်ပြုခံဖို့ လျှောက်ထားရတာလဲ'
မကြာမီ ကျိုးကျားချန်သည် ချီစုစည်းခြင်း (၇) ဆင့်မြောက် အိမ်တော်ထိန်း (၅) ဦးနှင့်အတူ တောင်ထိပ်သို့ ရောက်ရှိလာလေ၏။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့က ဒုတိယမြို့တော်ဝန်ရဲ့ အမိန့်အရ မြူခိုးဂိုဏ်းကို အဆင့်မြင့်ဂိုဏ်း အဖြစ် စစ်ဆေးဖို့ ရောက်လာတာပါ... ဒီနေ့ စစ်ဆေးဖို့ အဆင်ပြေပါ့မလား" ကျိုးကျားချန်က ပြုံးရွှင်စွာ မေးလိုက်သည်။
ပြောပြီးသည်နှင့် သူသည် ဘေးနားရှိ လျိုယွိကျစ်ကို သတိထားမိလိုက်ပြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
"သြော်... ယွင်ဟွာဂိုဏ်းရဲ့ စတုတ္ထအကြီးအကဲ ပါလား... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
"အိမ်တော်ထိန်းကျိုး... မတွေ့တာ ကြာပြီနော်" လျိုယွိကျစ်က ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
ရေပေါ်ဖြူမြို့တော်၊ မြို့တော်ဝန်အိမ်တော်မှ လူများကပင် ယဲ့ဖုန်းကို ဤမျှ လေးစားသမှုဖြင့် ဆက်ဆံနေကြသည်ကို မြင်လိုက်ရသောအခါ ယွင်ဟွာဂိုဏ်း တပည့်များသည် နောက်တစ်ကြိမ် အံ့သြသွားရပြန်လေ၏။
ထိုအချိန်တွင် ယဲ့ဖုန်းက ပြောလိုက်သည်။
"ပြဿနာ မရှိပါဘူး... ဒီနေ့ပဲ ဂိုဏ်းအဆင့် စစ်ဆေးတာကို လုပ်ဆောင်လို့ ရပါတယ်"
အဆင့်မြင့်ဂိုဏ်း ဖြစ်လာရုံဖြင့် အခြား အကျိုးကျေးဇူးများကို ထားလိုက်ဦး... "အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ" တစ်ခုတည်းနှင့်ပင် မြူခိုးဂိုဏ်းအတွက် ခံစစ်လက်နက်ကောင်း တစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ယဲ့ဖုန်းသည် ပြင်ပလူများ ကြည့်ရှုနေသည်၊ မနေသည်ကို ဂရုမစိုက်တော့ချေ။
စကားတစ်ခွန်းတည်း ပြောရလျှင် - လုပ်လိုက်တော့ ဟူ၍သာ။
"ကောင်းပါပြီ... ဒါဆို မြူခိုးဂိုဏ်းအတွက် စစ်ဆေးမှုကို စတင်လိုက်ကြတာပေါ့"
ကျိုးကျားချန် ပြုံးလိုက်သည်။
လျိုယွိကျစ်သည် စကားပြောချင်သော်လည်း ရပ်တန့်လိုက်သည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်းက ပြောလိုက်၏။
"ယွင်ဟွာဂိုဏ်းက ဧည့်သည်တော်များ... ခဏလောက် စောင့်ပေးပါနော်"
"စိတ်မပူပါနဲ့.. ဂိုဏ်းချုပ်ယဲ့... ကျွန်မတို့က လာကြည့်ရုံ သက်သက်ပါ... ဘာမှ အနှောင့်အယှက် မပေးပါဘူး"
လျိုယွိကျစ်သည် လက်ကာပြလိုက်ပြီး ယွင်ဟွာဂိုဏ်း တပည့်များကို အနောက်သို့ ဆုတ်ခွာစေကာ အခွင့်အရေးယူပြီး လေ့လာစောင့်ကြည့်ရန် ပြင်ဆင်လိုက်လေ၏။
ကျိုးကျားချန်သည် စာရွက်စာတမ်း တစ်ခုကို ထုတ်ယူပြီး ဖတ်ပြလေ၏။
"ဒီနေ့ စစ်ဆေးမှာက သက်တမ်း (၃၀) ရှိပြီဖြစ်တဲ့ အဆင့်နိမ့်ဂိုဏ်း မြူခိုးဂိုဏ်း ပါ... တည်ထောင်သူ ဂိုဏ်းချုပ် ကွယ်လွန်သွားပြီ ဖြစ်ပြီး... လက်ရှိ ဂိုဏ်းချုပ်ကတော့ ဂိုဏ်းချုပ်ဟောင်းရဲ့ ဂျူနီယာညီလေး ယဲ့ဖုန်း ဖြစ်ပါတယ်... လက်ရှိမှာ တပည့် (၁၀) ဦးနဲ့ တောင်စောင့်ဝိညာဉ်သားရဲ (၈) ကောင် ရှိပါတယ်"
ဤအချက်အလက်များကို ယဲ့ဖုန်း၏ ညွှန်ကြားချက်အရ ဟိုယွင်ကျဲက မနေ့ကတည်းက ပေးပို့ထားခြင်း ဖြစ်၏။
ကျိုးကျားချန် ဆက်လက် ကြေညာလာသည်။
"ဂိုဏ်းအဆင့် စစ်ဆေးမှုမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်... ဂိုဏ်းချုပ်ရဲ့ အင်အား၊ သိုင်းကွက်အမျိုးအစားနဲ့ အရေအတွက်၊ ပြီးတော့ ဝိညာဉ်လက်နက်တွေပါ... ဒီမနက်တင် ဒုတိယမြို့တော်ဝန် ကိုယ်တိုင် ပြောကြားလိုက်ပါတယ်... မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ ဟာ 'ရွေးချယ်ခံရသူ' ဖြစ်တဲ့အတွက်... ဂိုဏ်းချုပ်ရဲ့ အင်အား အပိုင်းကို တိုက်ရိုက် အောင်မြင်ပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ မြူခိုးဂိုဏ်း တပည့်များသည် ဦးစွာ ကြောင်အသွားကြပြီးနောက် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ကြလေ၏။
"ရွေးချယ်ခံရသူ!"
ယွင်ဟွာဂိုဏ်း တပည့်များသည် မျက်လုံးများ ပြူးကျယ်သွားကြ၏။
'ဒါကြောင့်ကိုး... ငါ ယဲ့ဖုန်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အာရုံမခံနိုင်တာ... သူက ရှားပါးတဲ့ ရွေးချယ်ခံရသူ ဖြစ်နေတာကိုး... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေထက်တောင် ပိုရှားပါးသေးတယ်'
လျိုယွိကျစ်၏ စိတ်ထဲတွင် လှုပ်ရှားသွားလေ၏။
နန်ကျန်း မြစ်ဝှမ်းဒေသတွင် နှစ်ပေါင်းထောင်ချီကြာအောင် ရွေးချယ်ခံရသူ မပေါ်ထွက်ခဲ့သည်ကို သူမ သတိရသွားသည်။
အကယ်၍ ယဲ့ဖုန်းသည် အမှန်တကယ် ရွေးချယ်ခံရသူ ဖြစ်ပါက ဤအချက်၏ အရေးပါမှုသည် ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပြန်လည်ပေါ်ထွက်လာခြင်းလောက်ပင် ကြီးမားပေသည်။
ကျိုးကျားချန် ဆက်ပြောသည်။
"ဒုတိယအပိုင်း... သိုင်းကွက်များကို စစ်ဆေးခြင်း... မြူခိုးဂိုဏ်း အနေနဲ့ ပထမအဆင့် သိုင်းကွက်သိုင်းကျမ်းအုပ် အပြည့်အစုံ (၁၀) အုပ် နဲ့ ဒုတိယအဆင့် သိုင်းကွက် (၁) ခု ပိုင်ဆိုင်ထားရင်... သို့မဟုတ် အရေအတွက်တူညီတဲ့ သိုင်းကွက်တွေကို တတ်မြောက်ထားရင်... ဒီစစ်ဆေးမှုကို အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်"
ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး အမိန့်ပေးလိုက်၏။
"မြူခိုးဂိုဏ်း တပည့်တို့... ငါ့အမိန့်ကို နာခံပြီး မင်းတို့ရဲ့ စွမ်းရည်တွေကို ထုတ်ပြလိုက်ကြစမ်း"
"ဟုတ်ကဲ့ပါ"
တပည့် (၁၀) ဦးသည် နေရာအသီးသီးတွင် နေရာယူလိုက်ကြ၏။
နောက်တစ်ခဏတွင် သူတို့သည် သိုင်းကွက်များကို စတင် ထုတ်ဖော်ပြသကြလေ၏။
"မီးတိမ်တိုက်လက်ဝါးသိုင်း"၊ "သံမဏိ ဒိုင်းကာသိုင်း"၊ "လေဝိညာဉ် ခြေလှမ်း"၊ "ကျောကုန်းမှ ဓားဖြင့်ထိုးခြင်း" ၊စီးဆင်းသော အလင်းဓားသိုင်း"၊ "ဝိညာဉ်စက်ဝန်း ဓားပျံ"၊ "ဝိညာဉ်ချုပ်နှောင် ကြိုးကွင်း"၊ "မှော် လိပ်ခွံဒိုင်း"၊ "မြေလျှိုးခြင်း"၊ "စွမ်းအင်ကျည်ဆန်"။
"မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း" မှလွဲ၍ ကျန်ရှိသော ပထမအဆင့် သိုင်းကွက်အားလုံးကို အသုံးပြုခဲ့ကြပြီး တစ်ခုချင်းစီကို အနည်းဆုံး အဆင့်ကြီး အောင်မြင်မှု အထိ တတ်မြောက်ထားကြ၏။
"ဒီလောက် ကျွမ်းကျင်မှု အဆင့်အတန်း မြင့်မားတာ... တကယ်ပဲ အဆင့်နိမ့်ဂိုဏ်း ဟုတ်ရဲ့လား"
လျိုယွိကျစ်နှင့် ယွင်ဟွာဂိုဏ်း တပည့် (၃) ဦးသည် နောက်တစ်ကြိမ် အံ့သြသွားကြပြန်၏။
သူတို့သည် ကြယ်အဆင့် ဂိုဏ်းများမှ တပည့်များကို ကိုယ်တိုင် တွေ့မြင်ဖူးကြ၏။ ထိုအထဲတွင် ပါရမီရှင်များ ပါဝင်သော်လည်း သာမန်အဆင့်များလည်း ရှိနေတတ်သည်။
ပျမ်းမျှအားဖြင့် ကြည့်လျှင် မြူခိုးဂိုဏ်း၏ စံနှုန်းသည် အခြားဂိုဏ်းများကို အပြတ်အသတ် ကျော်လွန်နေပေသည်။
"ဂိုဏ်းချုပ်ယဲ့က 'မှော်ပညာ ပါရဂူ' ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်ပါတယ်ဗျာ... တပည့်တွေ တတ်မြောက်ထားတဲ့ သိုင်းကွက်အရေအတွက်က များပြားလှပြီး... အားလုံးကို အဆင့်ကြီး အောင်မြင်မှုထိ တတ်မြောက်ထားကြတယ်... တကယ့်ကို အထင်ကြီးစရာပါပဲ"
ကျိုးကျားချန် ချီးကျူးလိုက်သည်။
အခြား အိမ်တော်ထိန်း (၅) ဦးလည်း ခေါင်းညိတ်လိုက်ကြပြီး ဤမျှ စွမ်းအားကြီးမားသော အဆင့်နိမ့်ဂိုဏ်းမျိုး တစ်ခါမျှ မမြင်ဖူးကြောင်း ဝန်ခံကြလေ၏။
ဤကဲ့သို့သော ဂိုဏ်းမျိုးသည် ဒုတိယမြို့တော်ဝန်၏ အထူးမျက်နှာသာပေးမှု မပါဘဲနှင့်ပင် အဆင့်မြင့်ဂိုဏ်း အဖြစ်သို့ အလွယ်တကူ တက်လှမ်းနိုင်မည် ဖြစ်ပေသတည်း။
အခန်း (၈၇) - အဆင့်ကျော်တက်သော ပထမဆုံး ဂိုဏ်း
~"မြူခိုးဂိုဏ်းရဲ့ တပည့်တွေက တော်တော်ကို ထူးချွန်တာပဲ... အဆင့်မြင့်ဂိုဏ်း အဖြစ် သတ်မှတ်ခံရဖို့က သံသယ ဝင်စရာတောင် မလိုတော့ဘူး"
မြို့တော်ဝန်အိမ်တော်မှ အိမ်တော်ထိန်း တစ်ဦးက ပြောလိုက်သည်။
"ဟုတ်တာပေါ့... ကျွန်တော်တို့ လာတာက ဟန်ပြ သက်သက်ပါပဲ"
နောက်တစ်ဦးက တီးတိုး ပြောဆိုလိုက်၏။
"ရွေးချယ်ခံရသူ ရှိတဲ့ ဂိုဏ်းတစ်ခုက အဆင့်မြင့်ဂိုဏ်း မဖြစ်ရင် ဘယ်ဂိုဏ်းက ဖြစ်ဦးမှာလဲ"
ထိုအချိန်တွင် အိမ်တော်ထိန်းကျိုးက ခေါင်းညိတ်လိုက်ပြီး ကြေငြာလိုက်သည်။
"မြူခိုးဂိုဏ်းက ပထမအဆင့် သိုင်းကွက် (၁၀) ခုကို တတ်မြောက်ထားပြီးပါပြီ... အခု ဒုတိယအဆင့် သိုင်းကွက်ကို စစ်ဆေးပါမယ်... စတင်နိုင်ပါပြီ"
"ကျွန်မ လုပ်ပြပါရစေ"
ကျားယွိလန်သည် ရှေ့သို့ ထွက်လာပြီး လေထဲ၌၊ လက်ဟန်အမူအရာ ရေးဆွဲလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းရောင်များ ဖြာထွက်လာပြီး မရေမတွက်နိုင်သော ပန်းရောင် ပန်းပွင့်လေးများ အဖြစ် ပြောင်းလဲသွားလေ၏။
ကြည့်ရှုနေသူများ အံ့သြနေစဉ်မှာပင် ပန်းပွင့်များသည် ရက်ကန်းယက်သကဲ့သို့ စုစည်းသွားပြီး ငှက်တစ်ကောင်ပုံသဏ္ဍာန် ဖြစ်ပေါ်လာကာ ကျားယွိလန်ကို သယ်ဆောင်လျက် ကောင်းကင်သို့ ပျံတက်သွားလေ၏။ သူမသည် ကောင်းကင်ယံတွင် လှပစွာ ဝဲပျံနေ၏။ ပန်းပွင့်အတောင်ပံများ ခတ်လိုက်တိုင်း တောင်များကိုပင် ပိုင်းဖြတ်နိုင်မည့် အရှိန်အဟုန်များ ထွက်ပေါ်နေ၏။
"ဒါ ဒုတိယအဆင့် သိုင်းကွက် 'ပန်းပွင့်ကြွေ မိုးစက်များ' မဟုတ်ဘူးလား"
လျိုယွိကျစ်သည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အကြိမ်ကြိမ် သေချာ ကြည့်ရှုလိုက်သည်။ ကျားယွိလန် အသုံးပြုနေသည်မှာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော 'ပန်းပွင့်ကြွေ မိုးစက်များ' ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သောအခါ သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားရလေ၏။
သူမသည် ဤသိုင်းကွက်အကြောင်း ကြားဖူးသည်။
ဒဏ္ဍာရီများအရ နတ်သမီး တစ်ပါးသည် ဤမပြည့်စုံသော သိုင်းကွက်သိုင်းကျမ်းအုပ်များကို ဖန်တီးခဲ့ပြီး ကံပါသူသာလျှင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မည်ဟု ဆိုခဲ့သည်။
'ဒီတပည့်မလေးက နတ်သမီး ပြောတဲ့ ကံပါသူများလား'
လျိုယွိကျစ် တွေးတောမိလိုက်သော်လည်း အသံထွက် ပြောဆိုခြင်း မပြုခဲ့ပေ။
"ဝီ..."
ကျားယွိလန်သည် ကောင်းကင်မှ ပြန်ဆင်းလာ၏။ ပန်းပွင့်များ တဖွဲဖွဲ ကြွေကျနေသည်မှာ နတ်သမီးတစ်ပါး ဆင်းသက်လာသကဲ့သို့ လှပနေ၏။
"အိမ်တော်ထိန်းကျိုး... ဘယ်လိုလဲရှင်"
"ဒုတိယအဆင့် စစ်ဆေးမှု... အောင်မြင်ပါတယ်"
ဟု အိမ်တော်ထိန်းကျိုးက ချက်ချင်း အဖြေပေးလိုက်သည်။
"နောက်ဆုံးအဆင့်က ဝိညာဉ်လက်နက် အရေအတွက် စစ်ဆေးခြင်းပါ... ဒီအဆင့်ကို မြူခိုးဂိုဏ်း အနေနဲ့ ကင်းလွတ်ခွင့် ပေးပါတယ်"
ဤကြေငြာချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်းသားများသာမက ယွင်ဟွာဂိုဏ်းသားများနှင့် အခြားသူများပါ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။
‘ကင်းလွတ်ခွင့် ဟုတ်လား... ဘာကြောင့်လဲ…’
လူတိုင်း၏ မျက်နှာပေါ်မှ ဇဝေဇဝါ ဖြစ်မှုများကို မြင်လိုက်ရသဖြင့် အိမ်တော်ထိန်းကျိုးက ရှင်းပြလိုက်သည်။
"မြူခိုးဂိုဏ်းမှာ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ ရှိပါတယ်... တစ်ပိုင်းတစ်စပဲ ပြီးသေးပေမယ့်... တန်ဖိုးအားဖြင့် အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) ခုထက် အများကြီး သာလွန်နေပါပြီ... ဒါကြောင့် အချိန်ကုန်ခံပြီး စစ်ဆေးနေစရာ မလိုပါဘူး"
ခဏနားပြီးနောက် အိမ်တော်ထိန်းကျိုးက ကျယ်လောင်စွာ ကြေငြာလိုက်၏။
"ဒီစစ်ဆေးမှု ရလဒ်အရ... မြူခိုးဂိုဏ်းကို အဆင့်နိမ့်ဂိုဏ်း အဆင့်ကနေ အဆင့်မြင့်ဂိုဏ်း အဖြစ် တိုက်ရိုက် အဆင့်တိုးမြှင့်ပေးလိုက်ပါပြီ... မနက်ဖြန်ကစပြီး အသက်ဝင်မှာပါ... ရေပေါ်ဖြူမြို့တော်ရဲ့ စတုတ္ထမြောက် အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
သူ၏ စကားသံ အဆုံးတွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
"ငါတို့ အဆင့်မြင့်ဂိုဏ်း ဖြစ်သွားပြီလား... ဒီလောက် လွယ်လွယ်လေးနဲ့လား"
မြူခိုးဂိုဏ်း တပည့်များသည် မယုံနိုင်သေးဘဲ အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။
အမှန်တကယ်တွင် အဆင့်မြင့်ဂိုဏ်း ဖြစ်လာရန် လိုအပ်ချက်များမှာ မလွယ်ကူလှပေ။
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရှိရမည်၊ သိုင်းကွက် (၁၁) ခု တတ်မြောက်ရမည်၊ အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) ခု ပိုင်ဆိုင်ရမည်။
နောက်ဆုံး အချက်နှစ်ချက်ကို အလယ်အလတ်အဆင့် ဂိုဏ်းများ အနေဖြင့် ဖြည့်ဆည်းနိုင်ကောင်း ဖြည့်ဆည်းနိုင်ပေမည်။ ရှေးဟောင်း အဆင့်နိမ့်ဂိုဏ်း အချို့ပင်လျှင် အရင်းအမြစ်များ စုဆောင်းထားနိုင်ကြ၏။
သို့သော် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဦးဆောင်ရမည် ဆိုသည့် အချက်က ဂိုဏ်းပေါင်း (၉၉) ရာခိုင်နှုန်းကို တားဆီးထားသည့် အခက်ခဲဆုံး အတားအဆီး ဖြစ်ပေသည်။
မြူခိုးဂိုဏ်းတွင် ထူးခြားသော ပါရမီရှင် ယဲ့ဖုန်း ရှိနေသောကြောင့်သာ ဤမျှ လျင်မြန်စွာ အဆင့်တက်နိုင်ခြင်း ဖြစ်၏။
ဤအချက်ကို သဘောပေါက်လိုက်သောအခါ မြူခိုးဂိုဏ်း တပည့်များသည် မျက်နှာပေါ်မှ အပြုံးများကို အမြန် ဖျောက်ဖျက်လိုက်ကြပြီး မာန်တက်ခြင်း မရှိရဲကြတော့ချေ။
ထိုအချိန်တွင် ယဲ့ဖုန်းသည် နေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ ရပ်တန့်နေ၏။
အကြောင်းမူကား အိမ်တော်ထိန်းကျိုး ကြေငြာလိုက်သည်နှင့် တပြိုင်နက် ဘုရားပေးသော စနစ်ကြီး ထံမှ အသိပေးချက် တစ်ခု ရောက်ရှိလာသောကြောင့် ဖြစ်၏။
[တီ.. ပထမအဆင့် တာဝန်ကို ပြီးမြောက်အောင်မြင်သည့်အတွက် ဂိုဏ်းချုပ်အား ဂုဏ်ပြုပါသည်... ဆုလက်ဆောင်များ အနေဖြင့် 'ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း' တစ်ခု၊ 'အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ' တစ်ခု၊ 'ဒုတိယ ချီပင်လယ် - အလယ်ပိုင်း' သိုင်းကျမ်း၊ 'မူလအစ ပြုပြင်ခြင်း ဆေးလုံး' ဆယ်လုံး နှင့် ‘အထူး လက်ဆောင်အိတ်ငယ်’ တစ်ခု ရရှိပါသည်... သမိုင်းတစ်လျှောက် အသန်မာဆုံး ဂိုဏ်းချုပ် ဖြစ်လာစေရန် ဆက်လက် ကြိုးစားပါ]
ပြောပြီးသည်နှင့် စနစ်သည် တိတ်ဆိတ်သွားလေ၏။
ဆုလက်ဆောင်များသည် စနစ် သိုလှောင်ခန်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားပြီး ယဲ့ဖုန်း ထုတ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
လျိုယွိကျစ်၊ လင်းယွိယန်နှင့် အခြားသူများသည် ဘေးတွင် ရပ်လျက် မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း အဖြစ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွားပုံကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရလေ၏။
"ဆရာ... မြူခိုးဂိုဏ်းက နန်ကျန်း မြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ဒီလို အဆင့်ကျော်တက်တဲ့ ပထမဆုံးဂိုဏ်း မဟုတ်ဘူးလားဟင်" လင်းယွိယန်က တိုးတိုးလေး မေးလိုက်သည်။
လျိုယွိကျစ် အနည်းငယ် ခေါင်းညိတ်လိုက်၏။
"မင်း ပြောတာ မမှားဘူး... နန်ကျန်း မြစ်ဝှမ်းဒေသမှာ ဂိုဏ်းအဆင့် တိုးမြှင့်တာက လုပ်ထုံးလုပ်နည်း အတိုင်းပဲ သွားကြတာ... မြူခိုးဂိုဏ်း တစ်ခုတည်းကသာ အဆင့်နိမ့်ကနေ အဆင့်မြင့်ကို တိုက်ရိုက် ရောက်သွားတာ... ဒါပေမဲ့ အဆင့်မြင့်ဂိုဏ်း လို့ သတ်မှတ်ခံရပေမယ့်... ဂိုဏ်းတစ်ခု အနေနဲ့ကတော့ အစပဲ ရှိပါသေးတယ်"
လင်းယွိယန်နှင့် အခြား တပည့်နှစ်ဦးလည်း ထောက်ခံလိုက်ကြ၏။
အဆင့်မြင့်ဂိုဏ်း အဆင့်အတန်း ရောက်ရှိပြီးနောက်တွင် ဂိုဏ်းအချင်းချင်းကြား ကွာခြားချက်များမှာ ကြီးမားလှပေသည်။ ဥပမာအားဖြင့် မြူခိုးဂိုဏ်းနှင့် ယွင်ဟွာဂိုဏ်းကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက... တပည့်အရေအတွက်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်နှင့် အခြေခံအဆောက်အအုံများတွင် ယွင်ဟွာဂိုဏ်းက အပြတ်အသတ် သာလွန်နေပေသည်။
အဆင့်မြင့်ဂိုဏ်း အချင်းချင်းကြားတွင်ပင် ကွာဟချက်များ ကြီးမားနိုင်ပေသည်။
ကြေငြာပြီးနောက် ယဲ့ဖုန်း မှင်သက်နေသည်ကို တွေ့လိုက်ရသဖြင့် အိမ်တော်ထိန်းကျိုးက လည်ချောင်းရှင်းလိုက်ပြီး မေးလိုက်၏။
"အဟမ်း… ဂိုဏ်းချုပ်ယဲ့... ဂိုဏ်းဆိုင်းဘုတ်ကို ကျွန်တော်တို့ ဖြုတ်သိမ်းလိုက်ပါပြီ... မနက်ဖြန်ကျရင် ဆိုင်းဘုတ်အသစ် လာတပ်ပေးပြီး တစ်မြို့လုံးကို ကြေငြာပေးပါမယ်... ဘယ်လို သဘောရပါသလဲ"
ထိုအခါမှ၊ ယဲ့ဖုန်း သတိပြန်ဝင်လာပြီး ပြောလိုက်သည်။
"ကောင်းပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်"
"ဒါဆို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်"
ထို့နောက်၊ အိမ်တော်ထိန်းကျိုးသည် မြူခိုးဂိုဏ်း ဆိုင်းဘုတ်ဟောင်းကို ယူဆောင်လိုက်ပြီး လျိုယွိကျစ်ကို နှုတ်ဆက်ကာ အခြား အိမ်တော်ထိန်း (၅) ဦးနှင့်အတူ "ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်"ကို အသုံးပြု၍ ပြန်လည် ထွက်ခွာသွားကြလေ၏။
မြူခိုးတောင်ထိပ်တွင် မြူခိုးဂိုဏ်းသားများနှင့် လျိုယွိကျစ် အဖွဲ့သာ ကျန်ရစ်ခဲ့သည်။
"အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်... မနက်ဖြန် ဂုဏ်ပြုပွဲကျရင် ကိုယ်တိုင် လာရောက် ဂုဏ်ပြုပါမယ်... အခုတော့ အရေးကြီးကိစ္စ ရှိလို့ ပြန်ခွင့်ပြုပါဦး"
လျိုယွိကျစ် ရုတ်တရက် နှုတ်ဆက်လိုက်သဖြင့် သူမ၏ တပည့် (၃) ဦး ဇဝေဇဝါ ဖြစ်သွားကြလေ၏။
ယဲ့ဖုန်းလည်း အနည်းငယ် ထူးဆန်းနေသော်လည်း ဧည့်သည်များကို အတင်း ဆွဲထားခြင်း မပြုတော့ချေ။
မကြာမီ -
လျိုယွိကျစ်သည် တပည့်များကို ဦးဆောင်ပြီး ရေပေါ်ဖြူမြို့တော်ဘက်သို့ ပျံသန်းထွက်ခွာသွားလေ၏။
လမ်းခရီးတွင် လင်းယွိယန်က နားမလည်နိုင်စွာ မေးလိုက်သည်။
"ဆရာ.. ဘာလို့ မြူခိုးဂိုဏ်းမှာ ကြာကြာ မနေခဲ့တာလဲ"
လျိုယွိကျစ် ခေါင်းခါလိုက်၏။
"ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်း ပြန်ပေါ်လာတဲ့ သတင်းကို ရေပေါ်ဖြူမြို့တော် ဒုတိယမြို့တော်ဝန်ဆီ အရင် သွားပို့ရမယ်... ပြီးတော့ မြူခိုးဂိုဏ်းက မနက်ဖြန်ကျရင် အဆင့်မြင့်ဂိုဏ်း အဖြစ် တရားဝင် သတ်မှတ်ခံရတော့မှာ ဆိုတော့... ဒီကိစ္စကို ငါတို့ဂိုဏ်းချုပ်ဆီ အသိပေးဖို့ ဒီနေ့ ပြန်မှ ဖြစ်မယ်"
"ဒါဆို မနက်ဖြန် လာပြီး ဂုဏ်ပြုကြမှာပေါ့" လင်းယွိယန် သဘောပေါက်သွားသည်။
"ဟုတ်တယ်... အဆင့်မြင့်ဂိုဏ်း တစ်ခု ပေါ်ထွက်လာတိုင်း... အိမ်နီးချင်း ဂိုဏ်းတွေနဲ့ ပိုကြီးတဲ့ ဂိုဏ်းတွေက လာရောက် ဂုဏ်ပြုလေ့ရှိကြတယ်... ရည်ရွယ်ချက်ကတော့ အဲဒီဂိုဏ်းက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူနဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ... တပည့်တို့... သဘောပေါက်လား"
လျိုယွိကျစ်က လေးနက်သော အဓိပ္ပာယ်ဖြင့် ပြောကြားလိုက်၏။
"ဆုံးမစကားအတွက် ကျေးဇူးတင်ပါတယ် ဆရာ"
လင်းယွိယန်နှင့် အခြားနှစ်ဦးတို့ အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
—-----------
ရေပေါ်ဖြူ မြို့တော်၊ မြို့တော်ဝန် အိမ်တော်တွင် -
လျိုယွိကျစ်သည် ဧည့်သည်ခုံတွင် ထိုင်လျက် သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
ဒုတိယမြို့တော်ဝန်က ပြုံးလိုက်ပြီး ပြောလိုက်၏။
"ကိုယ်တိုင် လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲယွိကျစ်... မနေ့ကပဲ လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်ဆီက သတိပေးစာ ရောက်လာလို့... ကျွန်တော်တို့ အထူး သတိထားနေကြပါတယ်"
"လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်တောင် သတိပေးစာ ပို့လာတယ် ဟုတ်လား"
လျိုယွိကျစ် ရင်ထဲတွင် တုန်လှုပ်သွားလေ၏။
'ဒီကိစ္စက ငါ ထင်ထားတာထက် ပိုလေးနက်နေပုံပဲ'
"ဟုတ်တယ်... အခြေအနေက အရင်ကထက် ပိုဆိုးရွားနေတယ်... ကံဆိုးတာက မြို့တော်ဝန်က တံခါးပိတ် ကျင့်ကြံနေတုန်းပဲ... ဘယ်တော့ ထွက်လာမလဲ မသိရသေးဘူး... ရေပေါ်ဖြူ မြို့တော်မှာ ဆိုးဟွန်းကျန်းရန် ကို ယှဉ်နိုင်တာ သူတစ်ယောက်တည်း ရှိတာ" ဒုတိယမြို့တော်ဝန်က လေးနက်စွာ ပြောလိုက်သည်။
လျိုယွိကျစ်လည်း အခြေအနေ၏ အရေးကြီးပုံကို သဘောပေါက်သွားလေ၏။
"မပူပါနဲ့... တန်ပြန်မယ့် နည်းလမ်းတွေ ရှိလာမှာပါ"
ထိုအချိန်တွင် လျိုယွင်ဂိုဏ်း အကြီးအကဲ လုရှန်ယွဲ့ သည် ကန့်လန့်ကာနောက်မှ ပြုံးရွှင်စွာ ထွက်ပေါ်လာလေ၏။
သူ့ကို မြင်လိုက်ရသောအခါ လျိုယွိကျစ်သည် အံ့သြတကြီး မတ်တတ်ထရပ်လိုက်၏။
"အကြီးအကဲလု... ဘယ်လိုလုပ် ဒီရောက်နေတာလဲရှင်"
"တာဝန်တစ်ခုနဲ့ ရောက်လာတာပါ... အလုပ်ကိစ္စတွေ ရှုပ်နေလို့ ယွင်ဟွာဂိုဏ်းကို မဝင်နိုင်ခဲ့တာပါဗျာ" လုရှန်ယွဲ့က မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်သည်။
"အစ်ကိုလု... ခင်ဗျားတို့နှစ်ယောက်က သိနေကြတာလား" ဒုတိယမြို့တော်ဝန်က မေးလိုက်သည်။
လုရှန်ယွဲ့ ခေါင်းညိတ်လိုက်၏။
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက... အပြင်လောကမှာ စွန့်စားခန်းထွက်ရင်း ဒဏ်ရာရခဲ့ဖူးတယ်... အဲဒီတုန်းက ယွိကျစ် က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာလေ"
"သြော်... အဲလိုကိုး" ဒုတိယမြို့တော်ဝန် သဘောပေါက်သွားသည်။
မြူခိုးတောင်ထိပ်တွင် -
ယဲ့ဖုန်းသည် ဝိညာဉ်ရေဖြင့် လက်ဆေးကြောလိုက်ပြီး ဂိုဏ်းချုပ်ခန်းမဆောင်ထဲတွင် တစ်ကိုယ်တည်း နေလိုက်ကာ တာဝန်မှ ရရှိလာသော ဆုလက်ဆောင်များကို စစ်ဆေးရန် ပြင်ဆင်လိုက်လေတော့သတည်း။