← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈) - ဆုလာဘ်များ ပွင့်လာခြင်းနှင့် လောကအနှံ့ အသွင်ပြောင်းလဲခြင်း

~“စနစ်... ဂိုဏ်းသိုလှောင်ခန်းကို ဖွင့်လိုက်စမ်း”

ယဲ့ဖုန်းသည် စိတ်ထဲမှ တိတ်ဆိတ်စွာ အမိန့်ပေးလိုက်လေ၏။

နောက်တစ်ခဏ၌ စားပွဲခုံပေါ်တွင် အလင်းတန်း (၅) ခု ပေါ်ထွက်လာတော့သည်။

“စုစုပေါင်း ဆုလာဘ် (၅) မျိုး ရှိတာပဲ... အဲဒါတွေကတော့ 'ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း' (၁) ခု၊ 'အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ' (၁) ခု၊ 'ဒုတိယ ချီပင်လယ် - အလယ်ပိုင်း' သိုင်းကျမ်း၊ 'မူလအစ ပြုပြင်ခြင်း ဆေးလုံး' (၁၀) လုံးနဲ့ 'အထူး လက်ဆောင်အိတ်ငယ်' (၁) အိတ် တို့ပဲ... ပထမဆုံး တစ်ခုကနေ စလိုက်ရအောင်”

ယဲ့ဖုန်းသည် မိမိဘာသာ မသိမသာ ရေရွတ်လိုက်၏။

သူသည် လက်ကို ဆန့်ထုတ်ကာ စားပွဲပေါ်ရှိ အလင်းစက်ဝန်း တစ်ခုကို ထိတွေ့လိုက်ရာ ရှင်းလင်းချက် စာတန်းများ မြင်ကွင်းထဲ၌ ပေါ်လာလေ၏။

[ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း - အသေးစား]

[အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် - ၁ ကြိမ်]

[လုပ်ဆောင်ချက် - ဒေသတစ်ခု၏ မြေမျက်နှာသွင်ပြင်နှင့် အခင်းအကျင်းကို ပြုပြင်ပြောင်းလဲနိုင်ပြီး အသေးစား ဝိညာဉ်သွေးကြော တစ်ခုကို မွေးမြူပေးနိုင်သည်... မီတာ (၁၀၀) ပတ်လည် ဧရိယာကို ကျင့်ကြံခြင်းအတွက် ကောင်းချီးမင်္ဂလာနယ်မြေ အဖြစ် ပြောင်းလဲပေးနိုင်သည်]

မိတ်ဆက်စာကို ဖတ်ပြီးနောက် ယဲ့ဖုန်းသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။

“မြေမျက်နှာသွင်ပြင်ကို ပြုပြင်ပေးနိုင်တာတင် မကဘဲ အသေးစား ဝိညာဉ်သွေးကြောကိုပါ မွေးမြူပေးနိုင်တယ် ဟုတ်လား... ဒါက သန့်စင်ခြင်း ကြာစိမ်းတို့ ၊ ကျောက်စိမ်းဝါးမျှစ်တို့လို ကောင်းကင်နှင့် မြေကြီး ရတနာတွေထက်တောင် ပိုကောင်းနေသေးတယ်”

ကောင်းကင်နှင့် မြေကြီး ရတနာများသည် ဝိညာဉ်သွေးကြောများနှင့် တွဲဖက်လျက် ပေါက်ဖွားလာလေ့ ရှိကြပေသည်။

ဝိညာဉ်သွေးကြော ရှိလာပါက ရတနာများကို ဆက်တိုက် မွေးမြူပျိုးထောင်နိုင်မည် မဟုတ်ပါလော။ ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်ကို ပြုပြင်ပြောင်းလဲလိုက်သည်နှင့် တပြိုင်နက် သန့်စင်ခြင်း ကြာစိမ်းနှင့် ကျောက်စိမ်းဝါးမျှစ်တို့၏ ကြီးထွားနှုန်းသည်လည်း တစ်ဟုန်ထိုး တိုးတက်လာပေလိမ့်မည်။

“နောက်တစ်ခုက အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါပဲ”

ယဲ့ဖုန်းသည် ဒုတိယမြောက် အလင်းစက်ဝန်းကို လှမ်းထိလိုက်ရာ စာတန်းများ ပေါ်လာပြန်၏။

[အမည် - ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ]

[အဆင့် - အသေးစား]

[လုပ်ဆောင်ချက် - ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ငါးပါး စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ရှုပ်ထွေးသော ဝင်္ကပါ ဖြစ်သည်... အမြဲမပြတ် ပြောင်းလဲနေပြီး ဖြေရှင်းရန် ခက်ခဲသည်... အင်အားသုံး၍ တိုက်ခိုက်မှသာ ဖောက်ထွင်းနိုင်မည်... ပုံရိပ်ယောင်၊ ဒိုင်းကာ နှင့် ဓာတ်ငါးပါး ပိတ်လှောင်သတ်ဖြတ်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်]

ဤဝင်္ကပါ၏ ကောင်းမွန်မှုကို ချီးကျူးလိုက်မိစဉ် သူ၏ လက်ထဲမှ အလင်းစက်ဝန်းသည် စတင် ကြီးထွားလာပြီး နောက်ဆုံးတွင် ငါးရောင်ခြယ် ဝင်္ကပါခလုတ်ပြား တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ဓာတ်ငါးပါးနှင့် သက်ဆိုင်သော နေရာများတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းရန် အပေါက်များ ပါရှိလေ၏။

ယဲ့ဖုန်းသည် တတိယမြောက် အလင်းစက်ဝန်းကို ထိတွေ့လိုက်ရာ “ဒုတိယ ချီပင်လယ် - အလယ်ပိုင်း” သိုင်းကျမ်းအုပ် ဖြစ်သွားလေ၏။ စတုတ္ထမြောက် အလင်းစက်ဝန်းမှာမူ အဆင့်နိမ့် “မူလအစ ပြုပြင်ခြင်း ဆေးလုံး” (၁၀) လုံး ပါဝင်သော ကျောက်စိမ်းပုလင်း တစ်လုံး ဖြစ်လေ၏။

“ဒီဆေးလုံးတွေသာ ရှိရင် တပည့်တွေ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်မယ့် အခွင့်အရေးက အများကြီး မြင့်တက်သွားမှာပဲ”

ယဲ့ဖုန်းသည် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားအောင် ခပ်ပြုံးပြုံး ပြုံးလိုက်မိ၏။ သူသည် နောက်ဆုံး အလင်းစက်ဝန်းကို ထိတွေ့ရန် လက်လှမ်းလိုက်လေ၏။

“အထူး လက်ဆောင်အိတ်ငယ် ထဲမှာ ဘာရတနာတွေ ပါမလဲ ကြည့်ရအောင်”

ယဲ့ဖုန်းသည် မျှော်လင့်ချက်များဖြင့် ပြောလိုက်၏။ ရုတ်တရက် အလင်းစက်ဝန်း တုန်ခါသွားပြီး ပစ္စည်းအချို့ ကျလာလေ၏။

[တီ.. သင်သည် အထူး လက်ဆောင်အိတ်ငယ်ကို ဖွင့်လှစ်လိုက်ပါပြီ... အဆင့်နိမ့် ဝိညာဉ်ဓား 'အေးစက်သော အလင်းဓား' (၁) လက်၊ အဆင့်နိမ့် သိုလှောင်လက်စွပ် (၃) ကွင်း၊ ရှင်သန်နှုန်း (၁၀၀) ရာခိုင်နှုန်းရှိသော 'ကျောက်စိမ်း ဝိညာဉ်မြက်' မျိုးစေ့ (၁၀၀) နှင့် အထူး ဟင်းချက်စရာ ကိရိယာ (၁) စုံ တို့ကို ရရှိပါသည်]

ယဲ့ဖုန်းသည် စနစ်ကို အံ့သြတကြီး အပြစ်တင်လိုက်မိ၏။

“စနစ်... မင်းက ဒါကို လက်ဆောင်အိတ်ငယ်လို့ ခေါ်တာလား”

[ဂိုဏ်းချုပ်က ပထမအဆင့် တာဝန်ကို စောစီးစွာ ပြီးမြောက်ခဲ့တဲ့အတွက် ဆုလာဘ်များကို နှစ်ဆ တိုးမြှင့်ပေးထားခြင်း ဖြစ်ပါတယ်]

ယဲ့ဖုန်းသည် ဆုလက်ဆောင်များကို မည်သူ့အား ပေးရမည်ကို လျင်မြန်စွာ စီစဉ်လိုက်လေ၏။

တစ်နာရီ ခန့် ကြာပြီးနောက် -

မိုယင်သည် မြက်ခင်းပြင်ပေါ်တွင် ရပ်နေပြီး ကျားယွိလန်နှင့် ဟိုယွင်ကျဲ နှစ်ဦးပေါင်း တိုက်ခိုက်မှုကို သက်သောင့်သက်သာ ရင်ဆိုင်နေလေ၏။ ကျားယွိလန်သည် “ပန်းပွင့်ကြွေ မိုးစက်များ” ကို အသုံးပြုလိုက်ရာ မရေမတွက်နိုင်သော ပန်းပွင့်များသည် ပန်းရောင် ပန်းပွင့်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ခုတ်ပိုင်းချလိုက်သော်လည်း မိုယင်သည် ဓားချီကို အသုံးပြုကာ ပိုင်းဖြတ်ပစ်လိုက်လေ၏။

“ချလွင်”

လေညှင်းစီး ဓားပျံသည် ရုတ်တရက် အရှိန်မြင့်တက်လာပြီး ကျားယွိလန်၏ နဖူးရှေ့ (၃) လက်မ အကွာတွင် ရပ်တန့်သွားလေ၏။

“တော်ကြပါစို့... စီနီယာအစ်မမိုက အရမ်း သန်မာလွန်းတယ်... ကျွန်မတို့ နှစ်ယောက်ပေါင်းတာတောင် ယှဉ်လို့ မရဘူး”

ကျားယွိလန်သည် သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်လေ၏။

“ဝုန်း”

ထိုအချိန်တွင် မြူခိုးတောင်ထိပ် တစ်ခုလုံး ရုတ်တရက် သိမ့်သိမ့်ခါသွားလေ၏။ တပည့် (၁၀) ဦးနှင့် ဝိညာဉ်သားရဲ (၈) ကောင်စလုံး ထိတ်လန့်သွားကြပြီး ကွက်လပ်သို့ ပြေးထွက်လာကြလေ၏။

တောင်အောက်ခြေမှ ကျောက်တုံးကြီးများသည် လေထဲသို့ ပျံတက်လာပြီး တောင်ထိပ်ပေါ်သို့ ပြုတ်ကျလာကြတော့သည်။

“မကောင်းတော့ဘူး... ရှောင်ကြ”

တပည့်များသည် ရင်ထဲ၌ ထိတ်လန့်သွားကြသော်လည်း ယဲ့ဖုန်းသည် ဓားပျံ တစ်လက်ပေါ် တက်ကာ လေထဲသို့ မြင့်တက်သွားပြီး ယုံကြည်မှုရှိသော အသံဖြင့် ပြောလိုက်လေ၏။

“မပူကြနဲ့... ဒါက ပြဿနာ အသေးလေးပါ”

ကျောက်တုံးကြီးများသည် တောင်ထိပ်သို့ ရောက်သောအခါ အလိုအလျောက် ကွဲကြေသွားပြီး တောင်ထိပ်ရှိ ကမ်းပါးများနှင့် ပေါင်းစပ်သွားကြလေ၏။ မညီညာသော နေရာများသည်လည်း မမြင်ရသော လက်တစ်ဖက်ဖြင့် သပ်ချလိုက်သကဲ့သို့ လျင်မြန်စွာ ညီညာပြန့်ပြူးသွားကြလေတော့၏။

တောင်အောက်ခြေရှိ လင်းရွာသားများသည် မော့ကြည့်လိုက်ကြရာ ဤမြင်ကွင်းကို တွေ့ပြီး အံ့သြမှင်သက်သွားကြလေ၏။

“ဒါ.. နတ်တန်ခိုးပဲ”

“မဟုတ်တာ... ဒါ မြူခိုးဂိုဏ်းက နတ်ဆရာတွေက သူတို့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို ထုတ်ပြပြီး မြေကြီးကို ပြုပြင်ပြောင်းလဲနေတာပါဟ”

မြူခိုးတောင်ထိပ်သည် ယခုအခါ အချင်း (၂၀၀) မီတာရှိသော စင်မြင့်ကြီး တစ်ခု ဖြစ်လာပြီး အသုံးပြုနိုင်သော ဧရိယာမှာ အဆပေါင်းများစွာ ကျယ်ဝန်းလာခဲ့တော့၏။

ထိုမျှမကသေးချေ။ ရေကန်သည်လည်း ပိုမို ကြီးမားနက်ရှိုင်းလာပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝသော ရေများ ထွက်ပေါ်လာကာ ဝိညာဉ်စမ်းရေတွင်းအစစ်အဖြစ် ပြောင်းလဲသွားလေတော့၏။

“ဒီရေကန်က တကယ့် ဝိညာဉ်စမ်းရေတွင်း ဖြစ်သွားပြီပဲ”

ဗဟုသုတ အကြွယ်ဝဆုံးသော မိုယင်က ဦးစွာ အံ့သြတကြီး အော်ဟစ်လိုက်လေတော့သတည်း။

အခန်း (၈၉) - ဂိုဏ်းကာကွယ်ရေး ဝင်္ကပါနှင့် ဝိညာဉ်ဆေးဥယျာဉ် တည်ထောင်ခြင်း

~"ဟုတ်တယ်... ဒါ ဝိညာဉ်စမ်းရေတွင်း ပဲ"

ယဲ့ဖုန်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး ရေကန်မှ ဝိညာဉ် စမ်းရေတွင်း အဖြစ် ပြောင်းလဲသွားသော နေရာကို လက်ညှိုးထိုးပြလိုက်၏။

"ငါတို့ မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်လာတာကို သူရဲကောင်းဝိညာဉ်တွေက သိသွားပြီး... ပတ်ဝန်းကျင် တစ်ခုလုံးကို ပြောင်းလဲပေးလိုက်တာလေ"

ယဲ့ဖုန်းသည် မျက်နှာသေဖြင့် လိမ်ညာပြောဆိုနိုင်စွမ်း ပိုမို တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

မြူခိုးတောင်ထိပ် ပြောင်းလဲသွားရခြင်း အကြောင်းရင်းမှာ... "ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း" ကို အသုံးပြုလိုက်သောကြောင့် ဖြစ်ပြီး သူရဲကောင်းဝိညာဉ်များနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိချေ။

မိုယင်က သံသယ ဝင်သွားသည်။

"သူရဲကောင်းဝိညာဉ်တွေက တကယ် လုပ်ပေးလိုက်တာလား"

ယဲ့ဖုန်းက လေးနက်သော မျက်နှာထားဖြင့် ဆက်လက် လိမ်ညာလေ၏။

"ဒါပေါ့... သူရဲကောင်းဝိညာဉ်တွေက ပြောတယ်... မြူခိုးတောင်ထိပ်က ဝိညာဉ်သွေးကြောအဖြစ် ပြောင်းလဲသွားပြီတဲ့... ဒီ ဝိညာဉ်စမ်းရေတွင်းက ဝိညာဉ်သွေးကြောရဲ့ မျက်လုံး ပဲ... ဒီအချက် တစ်ချက်တည်းနဲ့တင် ငါတို့ မြူခိုးဂိုဏ်းက ကြယ်အဆင့် ဂိုဏ်း ဖြစ်လာဖို့ ခြေလှမ်းကြီးကြီး တစ်လှမ်း လှမ်းလိုက်နိုင်ပြီ"

"ဝိညာဉ်သွေးကြော ဟုတ်လား..."

အခြား တပည့်များ အားလုံး အံ့သြတကြီး ဖြစ်သွားကြလေ၏။

ဝိညာဉ်သွေးကြောများကို (၆) ဆင့် ခွဲခြားထားသည်။ အသေးစား၊ အငယ်စား ၊ အလယ်အလတ် ၊ အကြီးစား၊ အလွန်ကြီးမားသော နှင့် သူတော်စင် အဆင့်တို့ ဖြစ်ကြ၏။

အနိမ့်ဆုံးဖြစ်သော အသေးစား ဝိညာဉ်သွေးကြောသည်ပင် သဘာဝ ဝိညာဉ်စွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်ပေးနိုင်ပြီး ဝိညာဉ်ဆေးဥယျာဉ် တစ်ခု တည်ထောင်ရန် အရင်းအနှီး ရှိပေသည်။

အဆင့်မြင့်ဂိုဏ်း တစ်ခုအနေဖြင့် ကြယ်အဆင့် ဂိုဏ်း ဖြစ်လာရန်အတွက် အနည်းဆုံး အသေးစား ဝိညာဉ်သွေးကြော တစ်ခု လိုအပ်ပြီး ၎င်းသည် မရှိမဖြစ် လိုအပ်ချက် တစ်ခုလည်း ဖြစ်၏။

"ကျွန်တော် သိသလောက်တော့... ရေပေါ်ဖြူမြို့တော်က ကြယ်တစ်ပွင့်အဆင့် အင်အားစု ဖြစ်လာရတာက... မြို့တော်ဝန်အိမ်တော်ရဲ့ နောက်ဖေးတောင်ကုန်းမှာ အသေးစား ဝိညာဉ်သွေးကြော တစ်ခု ရှိနေလို့တဲ့... အဲဒီမှာ ဆန်းကြယ်တဲ့ မြို့တော်ဝန်က တံခါးပိတ်ကျင့်ကြံနေတာလေ"

ဟိုယွင်ကျဲက ရှင်းပြလိုက်သည်။

ဂိုဏ်းချုပ်အိုကြီးက ဤအချက်အလက်ကို သူတို့အား ပြောပြဖူးခဲ့သည်။

"ဒါပေမဲ့... 'ဘာမှ မပိုင်ဆိုင်တဲ့သူက အပြစ်ကင်းတယ်... ရတနာ ပိုင်ဆိုင်ထားတဲ့ သူကတော့ ဒုက္ခရောက်တတ်တယ်' ဆိုတဲ့ စကား ရှိတယ်လေ... ကျွန်မတို့က အဆင့်မြင့်ဂိုဏ်း အဆင့်ပဲ ရှိသေးတာ... အသေးစား ဝိညာဉ်သွေးကြော ပိုင်ဆိုင်ထားရင်... တခြား အင်အားစုတွေရဲ့ ပစ်မှတ် ဖြစ်မလာနိုင်ဘူးလား"

အဋ္ဌမမြောက် တပည့် ရှဟဲက စိုးရိမ်တကြီး မေးလိုက်သည်။

ထိုအခါ မိုယင်သည် မြေကြီးပေါ်မှ ဝင်္ကပါအလံများကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"အခုအခြေအနေမှာ... မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါရဲ့ စွမ်းအားက မလုံလောက်တော့ဘူး... တကယ်လို့ အစွမ်းထက်တဲ့ ရန်သူ ရောက်လာရင်... ငါတို့ ခုခံနိုင်မှာ မဟုတ်ဘူး"

အိုးယန်ဖုန်း လန့်ဖျပ်သွားပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ရေပေါ်ဖြူမြို့တော် မြို့တော်ဝန် အိမ်တော်က ငါတို့ဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူးလား"

မိုယင် ခေါင်းခါလိုက်၏။

"ဝိညာဉ်သွေးကြော ကိစ္စနဲ့ ပတ်သက်လာရင်... ကြယ်အဆင့် ဂိုဏ်းတွေတောင် ဝင်ပါတတ်ကြတယ်... မြို့တော်ဝန်အိမ်တော်က ကူညီချင်ရင်တောင် ကူညီနိုင်ပါ့မလား မသေချာဘူး... အဆိုးဆုံး တွေးကြည့်ရင်... မြို့တော်ဝန်အိမ်တော်က ငါတို့ဘက်မှာ ရပ်တည်မယ်လို့ သေချာလို့လား"

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး ကျောချမ်းသွားကြလေ၏။

သူတို့သည် ယဲ့ဖုန်းကို လှမ်းကြည့်လိုက်ကြသော်လည်း သူသည် ဝိညာဉ်စမ်းရေတွင်း ဘေးတွင် အေးဆေးတည်ငြိမ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ စိုးရိမ်သည့် အရိပ်အယောင် လုံးဝ မရှိပေ။

"ဂိုဏ်းချုပ်... မစိုးရိမ်ဘူးလား" မိုယင် မေးလိုက်သည်။

ယဲ့ဖုန်း ခေါင်းခါလိုက်ပြီး လက်ချောင်း တစ်ချက် တောက်လိုက်ရာ မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ၏ အလံတိုင်များတွင် တပ်ဆင်ထားသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၂) တုံးစလုံး ပြုတ်ထွက်လာပြီး လေထဲတွင် ဝဲပျံနေကြလေ၏။

"တကယ်တော့ စိုးရိမ်စရာ ဘာမှ မရှိပါဘူး"

ယဲ့ဖုန်း ပြောလိုက်ပြီး သူ၏ လက်ဖဝါးပေါ်တွင် ငါးရောင်ခြယ် ဝိုင်းပြားတစ်ခု ပေါ်လာကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅) တုံးကို ထိုအထဲသို့ ထည့်သွင်းလိုက်လေ၏။

"ဒါက... ဝင်္ကပါခလုတ်ပြားလား" မိုယင် အံ့သြတကြီး အော်ဟစ်လိုက်သည်။

"ဝင်္ကပါခလုတ်ပြား ဆိုတာ ဘာလဲ" ဘေးပတ်လည်ရှိ တပည့်များက မေးမြန်းလိုက်ကြ၏။

မိုယင်သည် "ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ" ၏ ခလုတ်ပြားကို စိုက်ကြည့်ရင်း ရှင်းပြလေ၏။

"ဝင်္ကပါခလုတ်ပြား ဆိုတာ ဝင်္ကပါရဲ့ ထိန်းချုပ်ရေး ဗဟိုချက်ပဲ... အဓိက ဝင်္ကပါအလံတွေထက် ထိန်းချုပ်ရတာ ပိုလွယ်ကူပြီး ဝိညာဉ်စွမ်းအင် ကုန်ကျမှုလည်း နည်းတယ်... ပုံမှန်အားဖြင့် ရှုပ်ထွေးတဲ့ ဝင်္ကပါတွေမှာပဲ သုံးကြတာ... ဂိုဏ်းချုပ် ဘယ်က ရလာလဲတော့ မသိဘူး"

"ဒါက ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ ပါ... ငယ်ငယ်က ခရီးထွက်တုန်းက ရခဲ့တာ... လုပ်ဆောင်ချက်တွေ အများကြီး ပါတယ်... ဒီနေ့မှ ထုတ်သုံးလိုက်တာလေ"

ယဲ့ဖုန်း ဆက်လက် လိမ်ညာလေ၏။

သူ့ကို ဂိုဏ်းချုပ်အိုကြီးက ခေါ်လာခဲ့သည်ဟု ပြောထားပြီး ဖြစ်ရာ... နောက်နောင် ထူးဆန်းသော ပစ္စည်းများ ပေါ်လာတိုင်း ဤအကြောင်းပြချက်ကို အသုံးပြု၍ ရှင်းပြနိုင်ပေသည်။

ယုတ္တိမရှိဟု ထင်ရသော်လည်း ပိုပြီး ကြွားဝါလေ ၊ ပိုကောင်းလေပင်။

တခြားသူတွေ ယုံတာ မယုံတာ ယဲ့ဖုန်း ဂရုမစိုက်ပါ။

"ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ... အသက်ဝင်စမ်း..."

ယဲ့ဖုန်းသည် ဝင်္ကပါခလုတ်ပြား၏ အလယ်ဗဟို ချိုင့်ခွက်ကို လက်ညှိုးဖြင့် တို့လိုက်ရာ တောက်ပသော အလင်းတန်း (၅) ခု ပေါက်ကွဲထွက်ပေါ်လာပြီး မြေကြီးနှင့် ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်သွားကြ၏။ မကြာမီတွင် အဖြူရောင် မြူခိုးကွင်း တစ်ခုသည် ပတ်ဝန်းကျင်တွင် ပေါ်လာပြီး မြူခိုးတောင်ထိပ် တစ်ခုလုံးကို လွှမ်းခြုံကာ ဆက်လက် ပြန့်ကားသွားလေ၏။

ဤမြူခိုးများသည် အလွန် ထူးဆန်းပေသည်။

မြူခိုးတောင်ထိပ် ပေါ်တွင် ရပ်နေသူများ အနေဖြင့် ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်နှင့် မျက်စိရှေ့မှ မြူခိုးများသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး အမြင်အာရုံကို လုံးဝ မကာကွယ်တော့ပေ။

အဝေးမှ ကြည့်လျှင်မူ မြူခိုးတောင်ထိပ် တစ်ခုလုံးသည် တောင်ခါးပန်းမှ တောင်ထိပ်အထိ ထူထပ်သော မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ဝိညာဉ်မျက်လုံး အသုံးပြုလျှင်ပင် ထိုးဖောက်မမြင်နိုင်ပေ။

ဝင်္ကပါကို တပ်ဆင်ပြီးနောက် ယဲ့ဖုန်းသည် ဝင်္ကပါခလုတ်ပြားက ပတ်ဝန်းကျင်မှ သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး ကုန်ခမ်းလုမတတ် ဖြစ်နေသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅) တုံးထဲသို့ ဖြည့်သွင်းပေးနေသည်ကို သတိထားမိလိုက်သည်။

မကြာမီ ထိုဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်သည် ပြည့်ဝသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေ၏။

ထို့နောက် ပိုလျှံသော ဝိညာဉ်စွမ်းအင်များကို ဝင်္ကပါခလုတ်ပြား၏ သိုလှောင်ခန်းထဲသို့ ပို့လွှတ်လိုက်သည်။ မည်မျှ သိုလှောင်နိုင်သည်ကိုမူ ယဲ့ဖုန်း မသိသေးပေ။

"ဒီဝင်္ကပါက မြူခိုးသက်သက်ပဲလား... ဖောက်ထွင်းခံရမှာ စိုးရိမ်တယ်" ကျားယွိလန်က စိုးရိမ်တကြီး ပြောလိုက်သည်။

"ဒါက 'ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း' ဝင်္ကပါ တစ်မျိုးပါ... တခြားဟာတော့ အာမ မခံနိုင်ပေမယ့်... ဒီမြူခိုးတွေက ဓာတ်ကြီးငါးပါး စုစည်းခြင်း (၄) ဆင့်မြောက် အောက် ဘယ်သူ့ကိုမဆို ပိတ်လှောင်ထားနိုင်တယ်"

ယဲ့ဖုန်းက တပည့်များကို စိတ်မပူရန် ပြောလိုက်သည်။

"တကယ်လို့ ဓာတ်ကြီးငါးပါး စုစည်းခြင်း (၄) ဆင့်မြောက် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့သူ ရောက်လာရင်... ဝင်္ကပါရဲ့ 'ပိတ်လှောင်သတ်ဖြတ်ခြင်း’ လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ရင် ရပြီ... (၄) ဆင့် သို့မဟုတ် (၅) ဆင့် လောက်အထိ ကိုင်တွယ်နိုင်တယ်"

ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ၏ စွမ်းအားကြီးမားပုံကို ကြားလိုက်ရသောအခါ တပည့်များသည် သက်ပြင်းချကာ စိတ်အေးသွားကြလေ၏။

"ဒီဝင်္ကပါ ရှိနေသရွေ့... လောလောဆယ် အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ဘူး... နောက်တစ်ခုက... မင်းတို့အတွက် ပစ္စည်းတချို့ ပေးစရာ ရှိတယ်"

ပြောပြောဆိုဆိုနှင့်၊ ယဲ့ဖုန်းသည် အဆင့်နိမ့် ဝိညာဉ်ဓား 'အေးစက်သော အလင်းဓား'၊ အဆင့်နိမ့် သိုလှောင်လက်စွပ်များနှင့် အထူး ဟင်းချက်စရာ ကိရိယာများကို ထုတ်ယူလိုက်ပြီး... ယခင် အစီအစဉ်အတိုင်း ဟိုယွင်ကျဲ၊ မိုယင်၊ ရှီလေ့၊ လုံထျန်းရှင်းနှင့် လီကျောက်ကျောက် တို့အား ခွဲဝေပေးလိုက်လေ၏။

"ထက်လိုက်တဲ့ ဝိညာဉ်ဓားပဲ... ရတနာ ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး"

ဟိုယွင်ကျဲသည် အေးစက်သော အလင်းဓားကို ကိုင်ဆောင်လျက် မချနိုင်အောင် ဖြစ်နေရှာသည်။

"ဒီ သိုလှောင်လက်စွပ်တွေရဲ့ အတွင်းခန်းက တော်တော် ကျယ်တာပဲ... ပစ္စည်းတွေ အများကြီး ထည့်လို့ ရပြီ... ကျေးဇူးပါ ဂိုဏ်းချုပ်"

မိုယင်၊ ရှီလေ့နှင့် လုံထျန်းရှင်းတို့သည် လက်စွပ်များကို ကြည့်ရှုရင်း မျက်လုံးများ အရောင်တောက်နေကြ၏။

လီကျောက်ကျောက်သည် အထူး ဟင်းချက်စရာ ကိရိယာများကို ကြည့်ပြီး သူမနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ယဲ့ဖုန်းကို ဖက်လိုက်မိလေ၏။

အားလုံး မျက်လုံးပြူးသွားကြ၏။

မိမိ၏ အမှားကို သတိထားမိလိုက်သောအခါ လီကျောက်ကျောက် မျက်နှာရဲသွားပြီး အမြန် ခုန်ထွက်လိုက်သည်။ နားထင်စပ်မှ ဆံနွယ်များကို သပ်တင်ရင်း ခြင်ကိုက်သံလောက်သာ ရှိသော အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး စိတ်ချပါ... ကျွန်မ ဝိညာဉ်စားဖိုမှူး ဖြစ်အောင် သေချာပေါက် ကြိုးစားပါ့မယ်"

"ကြိုးစားပါ" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

ရတနာ မရရှိလိုက်သော ကျားယွိလန်၊ ရှဟဲ၊ ချိုကျူ၊ အိုးယန်ယွိီနှင့် အိုးယန်ဖုန်းတို့သည် ဘေးတစ်ဖက်တွင် ရပ်လျက် အားကျသော မျက်လုံးများဖြင့် ကြည့်ရှုနေကြ၏။

ဒါကို မြင်တော့ ယဲ့ဖုန်း ပြုံးလိုက်ပြီး ပြောလိုက်သည်။

"မင်းတို့အတွက်လည်း ရှိပါတယ်... ဒါပေမဲ့ နည်းနည်း ထူးခြားတယ်"

ပြောပြီးသည်နှင့် သစ်သားသေတ္တာငယ် တစ်လုံးကို ထုတ်ယူလိုက်လေ၏။

အားလုံး ဝိုင်းအုံကြည့်လိုက်ကြရာ အတွင်းထဲတွင် 'လေချူသီး' အရွယ်အစားခန့် ရှိသော ဝိညာဉ်မျိုးစေ့ အလုံး (၁၀၀) ကို တွေ့ရှိလိုက်ရသည်။ ၎င်းတို့သည် တောက်ပသော အစိမ်းရောင် ရှိပြီး မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်နေ၏။

"ဂိုဏ်းချုပ်... ဒါတွေက စားဖို့လား"

ကျားယွိလန်သည် မျိုးစေ့ တစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်ရန် ပြင်လိုက်သည်။

ယဲ့ဖုန်း အမြန် တားလိုက်ရ၏။

"မစားနဲ့... ဒါ စားဖို့ မဟုတ်ဘူး... ဒါတွေက 'ကျောက်စိမ်း ဝိညာဉ်မြက်' ရဲ့ မျိုးစေ့တွေ... သူရဲကောင်းဝိညာဉ်တွေရဲ့ ကောင်းချီးပေးထားလို့ ရှင်သန်နှုန်း (၁၀၀) ရာခိုင်နှုန်း ရှိတယ်... ဝိညာဉ်စမ်းရေတွင်းက ရေနဲ့ လောင်းပေးရင် ပိုမြန်မြန် ကြီးထွားနိုင်တယ်"

"ကျောက်စိမ်း ဝိညာဉ်မြက်!"

ကျားယွိလန်၏ မျက်လုံးများ အရောင်တောက်လာ၏။

"ကျွန်မ ဒီဝိညာဉ်မြက် အကြောင်း သိတယ်... ဒဏ္ဍာရီတွေအရ ကျောက်စိမ်း ဝိညာဉ်မြက် ရင့်ကျက်လာရင်... သူ့ရဲ့ ပန်းပွင့်တွေက (၉) ဖတ် ပွင့်လာပြီး... သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်တယ်တဲ့... ကျင့်ကြံတဲ့အခါ ဝိညာဉ်ကျောက်တုံး အစားထိုး သုံးလို့ ရတယ်"

"တကယ်ပဲ အဲဒီလောက် စွမ်းလား"

အခြား တပည့်များ အံ့သြသွားကြ၏။

"ဒီမှာ ကျောက်စိမ်း ဝိညာဉ်မြက် မျိုးစေ့ (၁၀၀) ရှိတယ်... မင်းတို့ (၅) ယောက် ယူသွားပြီး စိုက်ပျိုးကြ... ငါတို့ မြူခိုးဂိုဏ်းရဲ့ ပထမဆုံး ဝိညာဉ်ဆေးဥယျာဉ် တည်ထောင်မယ့် တာဝန်က မင်းတို့အပေါ်မှာ ရှိတယ် "

ယဲ့ဖုန်းက မက်လုံးပေး စည်းရုံးလိုက်သည်။

"ယွိလန်... မင်းက ဝိညာဉ်ဆေးဥယျာဉ်ကို တာဝန်ယူရမယ်"

"ကျွန်မ... တာဝန်ယူရမယ် ဟုတ်လား"

ကျားယွိလန် အိပ်မက်မက်နေသလို ခံစားလိုက်ရပြီးနောက် လေးနက်စွာ ပြောလိုက်၏။

"ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးအောင် မလုပ်ပါဘူးရှင်"

ဂိုဏ်းချုပ်က သူမကို အနာဂတ် ဝိညာဉ်ဆေးဥယျာဉ် သခင်မ အဖြစ် လေ့ကျင့်ပေးနေခြင်း ဖြစ်မည်ဟု သူမ ခံစားလိုက်ရသည်။ အခြားဂိုဏ်းများတွင် ဆိုလျှင် ဤရာထူးသည် အကြီးအကဲ အဆင့်အတန်း ရှိသည် မဟုတ်ပါလော။

ဤသို့ တွေးတောရင်း ကျားယွိလန်၏ ရင်ထဲတွင် ပျားရည်စားလိုက်ရသကဲ့သို့ ချိုမြိန်သွားလေတော့သတည်း။

အခန်း (၉၀) - စခန်းခေါင်းဆောင်နှင့် မတော်တဆ တွေ့ဆုံခြင်း၊ ဝူရွှမ်ဆောင်သို့ ပြန်သွားခြင်း (ဒုတိယပိုင်း)

~"ဂိုဏ်းချုပ်... ကျွန်မ တောင်ထိပ်ပေါ်က မြေကွက်လပ် တစ်ခုကို ရွေးပြီး ပထမဆုံး ဝိညာဉ်ဆေးဥယျာဉ် စတင် တည်ထောင်လိုက်တော့မယ်"

ကျားယွိလန်သည် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး စကပ်ကို မကာ မြေကွက်ဖော်ရန် ပြင်ဆင်လိုက်၏။

"မလောပါနဲ့ဦး... ဆေးဥယျာဉ် တည်ထောင်တာကို ခဏ ရွှေ့ဆိုင်းထားလို့ ရပါတယ်... အခုလောလောဆယ် မင်း ရှေးဟောင်းသိုင်းကျမ်းတွေကနေ ဗဟုသုတတွေ အရင် ရှာမှီးသင့်တယ်... ပြီးတော့... မင်းတို့အားလုံးအတွက် နောက်ထပ် လက်ဆောင်တစ်ခု ရှိသေးတယ်"

ယဲ့ဖုန်းသည် ရှေးဟောင်း စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေ၏။

မျက်နှာဖုံးပေါ်ရှိ စာတန်းများကို မြင်လိုက်ရသောအခါ တပည့်များ အသက်ရှူမှားသွားကြလေ၏။

ရှီလေ့သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဒါ... ဒါက 'ဒုတိယ ချီပင်လယ် - အလယ်ပိုင်း' ပဲ... ကျွန်တော်သာ ဒါကို တတ်မြောက်သွားရင်... ချီပင်လယ် ပမာဏက အဆင့်တူ ကျင့်ကြံသူတွေထက် သုံးပုံနှစ်ပုံ ပိုများလာတော့မယ်"

'မှော် လိပ်ခွံဒိုင်း' ကို ရရှိပြီးကတည်းက ရှီလေ့သည် ဝိညာဉ်လက်နက် အသုံးပြုရာတွင် ဝိညာဉ်စွမ်းအင် ကုန်ကျမှု များပြားကြောင်း သတိထားမိခဲ့သည်။ သူ၏ ချီပင်လယ် ပမာဏ မလုံလောက်သကဲ့သို့ ခံစားနေရ၏။ ယခုအခါ "ဒုတိယ ချီပင်လယ် - အလယ်ပိုင်း" ကို ရရှိလိုက်ပြီ ဖြစ်သဖြင့် စွမ်းအင်ကုန်ခမ်းမည်ကို မကြောက်ရွံ့တော့ပေ။

"ငါ ကိုယ်တိုင် 'ဒုတိယ ချီပင်လယ် - အလယ်ပိုင်း' ကို အရင် သင်ကြားပေးမယ်... ဒါကို တတ်မြောက်ပြီးမှ တခြားကိစ္စတွေ လုပ်ကြတာပေါ့"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ခန်းမဆောင် အတွင်းသို့ ဝင်ရောက်သွားလေ၏။

တပည့်များသည် နောက်မှ ကပ်လိုက်ပါသွားကြပြီး နေရာယူလိုက်ကြ၏။ ယဲ့ဖုန်းသည် သင်ကြားရေး ကျောက်သင်ပုန်းကို ခေါက်လိုက်ပြီး အသေးစိတ် ရှင်းပြနေသည်ကို သူတို့ စိတ်ဝင်တစား နားထောင်နေကြ၏။

မွန်းလွဲပိုင်းတွင် နေရောင်ခြည်သည် တောက်ပစွာ သာနေလေ၏။

တပည့်များသည် "ဒုတိယ ချီပင်လယ် - အလယ်ပိုင်း" ကို ကြိုးစားပမ်းစား လေ့ကျင့်နေကြဆဲ ဖြစ်၏။

ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ခန်းမဆောင် အပြင်ဘက်တွင် တစ်ကိုယ်တည်း ရပ်နေပြီး မီးရှူးတိုင် မြို့တော်ရှိ ဝူရွှမ်ဆောင် သို့ ချိန်းဆိုထားသည့်အတိုင်း သွားရောက်ရန် ပြင်ဆင်နေလေ၏။

ထိုအချိန်တွင် ကျားယွိလန် ခန်းမဆောင်ထဲမှ ထွက်လာ၏။

"ဒီလောက် မြန်မြန် ထွက်လာတာ... အကုန် သင်ယူပြီးသွားပြီလား" ယဲ့ဖုန်း မေးလိုက်သည်။

ကျားယွိလန် ခေါင်းခါလိုက်ပြီးနောက် ပြန်ညိတ်ပြလိုက်သည်။

"အခြေခံ သဘောတရားလောက်တော့ နားလည်သွားပါပြီရှင့်... ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာ တစ်ညတည်းနဲ့ ပြီးမြောက်နိုင်တဲ့အရာ မဟုတ်ဘူးလေ... ကျွန်မ မြို့တော်ဝန်အိမ်တော်က သိုင်းကျမ်းတိုက်ကို သွားပြီး ဝိညာဉ်ဆေးပင် စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ ရှေးဟောင်း ကျမ်းတွေ ငှားဖတ်မလို့ စဉ်းစားနေတာပါ"

သူမ၏ ဇွဲလုံ့လကို မြင်တွေ့ရသဖြင့် ယဲ့ဖုန်း ရုတ်တရက် လေးနက်သွားပြီး မေးလိုက်၏။

"မင်း တကယ်ပဲ ဝိညာဉ်ဆေးပင် စိုက်ပျိုးတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်ပြီလား"

"ပညာဆိုတာ များလေ ကောင်းလေပါပဲ... ပိုပြီး လေ့လာထားတာ ကောင်းတာပေါ့"

ဟု ကျားယွိလန်က လှပသော အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ် သဘောတူတယ် မဟုတ်လားဟင်"

"မှန်ပါတယ်... ဒါပေမဲ့ ကျင့်ကြံခြင်းက အဓိက ဦးစားပေး ဖြစ်နေဆဲပါ... အဓိက နဲ့ သာမည ခွဲခြားတတ်ရမယ်"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရှေးဟောင်း စာအုပ် (၃) အုပ်ကို ထုတ်ပေးလိုက်သည်။

"မင်း မြို့တော်ဝန်အိမ်တော် သိုင်းကျမ်းတိုက်ကို သွားမယ်ဆိုရင်... ငါ့အစား ဒီစာအုပ် (၃) အုပ်ကိုပါ ပြန်အပ်ပေးပါလား"

ပြီးခဲ့သော အခေါက်က ရှင်းကွမ်ရွှမ်နှင့်အတူ မြို့တော်ဝန်အိမ်တော်သို့ သွားရောက်စဉ်က "မှော် လိပ်ခွံဒိုင်း"၊ "မြေလျှိုးခြင်း" နှင့် "စွမ်းအင်ကျည်ဆန်" ဟူသော အဆင့်နိမ့် သိုင်းကွက် (၃) ခုကို ငှားရမ်းခဲ့သည်။ ယခု ကျားယွိလန် သွားမည့် အခွင့်အရေးကို အသုံးချပြီး ပြန်အပ်ခိုင်းလိုက်ခြင်း ဖြစ်၏။

"အမိန့်တော်အတိုင်းပါ ဂိုဏ်းချုပ်"

ကျားယွိလန်သည် စာအုပ်များကို ယူလိုက်ပြီး ပန်းပွင့်များဖြင့် ပြည့်နှက်နေသော ငှက်ရုပ်ပျံကြီး ပေါ်သို့ တက်ကာ ပျံသန်းထွက်ခွာသွားလေ၏။

သူမ ထွက်ခွာသွားပြီးနောက် ယဲ့ဖုန်းကတော့ ဝိညာဉ်ဓား တစ်လက်ကို ထုတ်လိုက်ပြီး သူရဲကောင်းဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဓားစီးလျက် မီးရှူးတိုင် မြို့တော်ဆီသို့ တစ်စက္ကန့်လျှင် (၁၅) မီတာနှုန်းဖြင့် အမြန်ဆုံး သွားရောက်လေ၏။

ဒါက ယဲ့ဖုန်းရဲ့ ပထမဆုံး အစစ်အမှန် ပျံသန်းခြင်း အတွေ့အကြုံပါပင်။

လူတွေ ဘာကြောင့် ပျံသန်းဖို့ ကိရိယာတွေ လိုအပ်လဲ ဆိုတာ မသိပေမယ့်... ယဲ့ဖုန်းကတော့ အောက်ဘက်မှာ လျင်မြန်စွာ ကျန်ရစ်ခဲ့သော သစ်ပင်တွေကို ငုံ့ကြည့်ရင်း ပျံသန်းရသည့် အရသာကို ခံစားနေမိသည်။ ခံစားချက်က အလွန် ကောင်းမွန်လှပေ၏။

နာရီဝက်ကျော် ကြာပြီးနောက် ၊ ယဲ့ဖုန်းသည် မီးရှူးတိုင် မြို့တော်နှင့် (၁၀) မိုင်အကွာသို့ ရောက်ရှိလာ၏။ သူသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အနက်ရောင် ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်ကာ မျက်နှာဖုံးစွပ် ဦးထုပ်ကို ဆောင်းရန် ပြင်လိုက်သည်။

"ဟေးဟေး... မင်းတို့က စခန်းခေါင်းဆောင်ရဲ့ လက်ထဲကနေ ပြေးလွတ်မယ် ထင်နေလား"

မောက်မာသော အသံတစ်သံသည် ထောင့်ချိုး တစ်နေရာမှ ထွက်ပေါ်လာလေ၏။

ယဲ့ဖုန်းသည် ထိုအသံကို ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ဝဖြိုးသော လူငယ် တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် ဧရာမ ကျားရုပ်သေးရုပ်ကြီးကို စီးနင်းလျက် မီးရှူးတိုင် မြို့တော် ဘက်သို့ အသည်းအသန် ထွက်ပြေးနေကြသည်ကို တွေ့လိုက်ရသည်။

သူတို့၏ နောက်တွင် ပါးရိုးမြင့်မြင့်၊ မျက်လုံးခွက်ခွက်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လိုက်ပါလာ၏။ သူသည် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ဘယ်လက်တွင် ဓားမ၊ ညာလက်တွင် ဓားရှည်ကို ကိုင်ဆောင်ထားကာ ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် အရှိန်အဝါများကို ထုတ်လွှတ်နေလေ၏။

ထိုသူကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်လာ၏။

"ရှဲ့ကွမ်း စခန်းခေါင်းဆောင်.. နေရာအနှံ့ လိုက်ရှာနေတာ... ဒီမှာ လာတွေ့ရတယ် ဆိုတော့... ဒါ ကံကြမ္မာပဲ ဖြစ်ရမယ်"

ယဲ့ဖုန်း၏ အပြုံးသည် တဖြည်းဖြည်း ကောက်ကျစ်လာလေ၏။

ဖန်ဟော်မြစ်ကမ်းပါးတွင် နောက်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရှဲ့ကွမ်း စခန်းခေါင်းဆောင်သည် အရိပ်အယောင်မပြဘဲ ပျောက်ကွယ်သွားခဲ့သဖြင့် သူ နေရာအနှံ့ လိုက်လံရှာဖွေခဲ့ရသည် မဟုတ်ပါလော။

ယနေ့တွင်မူ စခန်းခေါင်းဆောင်သည် မူလအလုပ်ကို ပြန်လုပ်နေစဉ် လမ်းကြုံသွားသော ယဲ့ဖုန်းနှင့် တည့်တည့်တိုးလေတော့သည်။

ဒါက ကံကြမ္မာ ဖန်တီးပေးတာလို့ပဲ ဆိုရမည်ပေါ့။

"စခန်းခေါင်းဆောင် ပြောသလိုပဲ... မင်းတို့ ပြေးမလွတ်ပါဘူး"

ရှဲ့ကွမ်း စခန်းခေါင်းဆောင်သည် လက်ထဲမှ ဓားရှည်ကို ရုတ်တရက် ပစ်လွှတ်လိုက်ရာ စူးရှသော ဓားအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကျားရုပ်သေးရုပ်ကြီးကို တစ်ချက်တည်းနှင့် 'ဓားရောင်တစ်ချက်ဝင်းလက်' ကာ ပိုင်းဖြတ်ပစ်လိုက်လေ၏။ ဝဖြိုးသော လူငယ်နှင့် အမျိုးသမီးတို့သည် ယဲ့ဖုန်း၏ ရှေ့တည့်တည့်သို့ ပြုတ်ကျလာကြ၏။

"ဟေ... နောက်ထပ် လူတစ်ယောက် ရှိနေတာလား... ထူးဆန်းတယ်... ဘာလို့ သူ့ဆီမှာ ကျင့်ကြံခြင်းအဆင့် မရှိရတာလဲ... ပြီးတော့ ရင်းနှီးနေသလိုပဲ"

စခန်းခေါင်းဆောင် ရေရွတ်လိုက်သည်။

သို့သော် သူသည် လုံးဝ မတုန်လှုပ်သွားပေ။ ယဲ့ဖုန်းနှင့် အခြား နှစ်ဦးကိုပါ တစ်ပါတည်း ရှင်းပစ်လိုက်ရန် ဆုံးဖြတ်လိုက်၏။ သို့မှသာ သူ၏ တည်နေရာ ပေါက်ကြားမည် မဟုတ်ပေ။

"ပြေး... ဒါ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရှဲ့ကွမ်း စခန်းခေါင်းဆောင်ပဲ"

ဝဖြိုးသော လူငယ်က အရေးတကြီး သတိပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် စက္ကူကြိုးကြာငှက် တစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။ ကြိုးကြာငှက်သည် (၂) မီတာခန့် အထိ ကြီးထွားလာပြီး လေထဲသို့ ပျံတက်သွားလေ၏။

"ရွှပ်"

စခန်းခေါင်းဆောင်သည် အနားသို့ ရောက်ရှိလာပြီး ကြိုးကြာငှက်ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်ကာ သူတို့နှစ်ဦး၏ ထွက်ပြေးလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် "ဘုန်း ဘုန်း" ဟူသော အသံနှစ်ချက်နှင့်အတူ သူတို့ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်လေ၏။

ယခုအချိန်တွင် စခန်းခေါင်းဆောင်သည် ယဲ့ဖုန်းနှင့် (၅) မီတာခန့်သာ ဝေးကွာတော့သည်။

ယဲ့ဖုန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ စခန်းခေါင်းဆောင်၏ စိတ်ထဲတွင် ရင်းနှီးမှုများ ရုတ်တရက် ဝင်ရောက်လာပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

"ငါ သိပြီ... ဖန်ဟွာမြစ်ကမ်းမှာ ငါ့လက်ထောက် (၅) ယောက်ကို သတ်ခဲ့တာ မင်းပဲ"

ယဲ့ဖုန်း ပြုံးလိုက်သည်။

"ခင်ဗျား တကယ် မှတ်မိသားပဲ"

"မင်း ပြာဖြစ်သွားရင်တောင် ငါ မှတ်မိနေဦးမှာကွ"

စခန်းခေါင်းဆောင်သည် အံကြိတ်လိုက်ပြီး ဓားကို ကိုင်ဆောင်လျက် ရုတ်တရက် ခုတ်ပိုင်းချလိုက်လေ၏။

"သတိထား..."

ဝဖြိုးသော လူငယ်နှင့် အမျိုးသမီးတို့ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

မူလက ယဲ့ဖုန်းကို သာမန်လူဟု ထင်မှတ်ထားခဲ့သော်လည်း ရှဲ့ကွမ်းစခန်းမှ လက်ထောက် (၅) ဦးကို သတ်ဖြတ်ခဲ့သူ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ အံ့သြသွားကြ၏။ သို့သော် ယဲ့ဖုန်းသည် စခန်းခေါင်းဆောင်ကို ယှဉ်နိုင်မည် မဟုတ်ဟု ထင်မြင်နေကြဆဲ ဖြစ်၏။

သို့သော် နောက်တစ်ခဏတွင် စခန်းခေါင်းဆောင်သည် ဓားခုတ်မည့် ဟန်ပန်အတိုင်း နေရာတွင် 'ကျောက်ရုပ်ကြီးပမာ' တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။

"ဘာဖြစ်တာလဲ"

စခန်းခေါင်းဆောင်သည် အစွမ်းကုန် ရုန်းကန်သော်လည်း မရချေ။ သူ၏ ချီကြောများထဲမှ ဝိညာဉ်စွမ်းအင် စီးဆင်းမှုသည် အမြန်ဆုံးနှုန်းသို့ ရောက်ရှိနေသော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ချုပ်နှောင်ထားသကဲ့သို့ ခံစားနေရသည်။

သူ၏ အကြည့်သည် ယဲ့ဖုန်းထံသို့ ရောက်သွားပြီး ယဲ့ဖုန်းက ပြုံးလျက် လက်ကို ဆန့်ထုတ်ထားသည်ကို တွေ့လိုက်ရသည်။

"မင်း လက်ချက်လား" သူ အံ့သြတကြီး အော်ဟစ်လိုက်သည်။

ယဲ့ဖုန်း၏ မျက်နှာထားသည် အေးစက်သွားပြီး ပြောလိုက်၏။

"မှန်တယ်... မှတ်ထားပါ... ခင်ဗျားကို သတ်တာ... မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ"

စကားဆုံးသည်နှင့် တပြိုင်နက်...

ဓားရှည်တစ်လက်သည် စခန်းခေါင်းဆောင်၏ ခန္ဓာကိုယ်ကို 'ထိုးဖောက်ဝင်ရောက်' သွားလေ၏။

သူ၏ မျက်လုံးသူငယ်အိမ်များ ကျယ်သွားပြီး မြေကြီးပေါ်သို့ ပျော့ခွေလဲကျသွားလေ၏။ ယဲ့ဖုန်း ဘာကြောင့် ဤမျှ ကြောက်စရာကောင်းသည်ကို သူ ဘယ်တော့မှ သိရှိခွင့် ရတော့မည် မဟုတ်ချေ။

ယဲ့ဖုန်းသည် တုန်ရီနေသော လူငယ်နှင့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရှဲ့ကွမ်း စခန်းခေါင်းဆောင် သေသွားပြီ... ကိစ္စပြီးပြီ"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် စခန်းခေါင်းဆောင်၏ အလောင်းကို အမြန် ရှင်းလင်းဖျောက်ဖျက်လိုက်ပြီး မျက်နှာဖုံးစွပ် ဦးထုပ်ကို ဆောင်းကာ ဓားစီးလျက် အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားလေ၏။

ဖြစ်စဉ်တစ်ခုလုံးသည် ရေစီးသကဲ့သို့ ချောမွေ့လွန်းလှသဖြင့် ဝဖြိုးသော စုံတွဲသည် မြေကြီးပေါ်တွင် ထိုင်လျက် အံ့သြမှင်သက် ကျန်ရစ်ခဲ့ကြလေ၏။

"ဝိညာဉ်စွမ်းအင် အတက်အကျတောင် မရှိဘဲနဲ့... ဒီလို ဆန်းကြယ်တဲ့ နည်းလမ်းတွေကို သုံးနိုင်တယ်... မြူခိုးဂိုဏ်း... ဒါ ဘယ်လို အင်အားစုမျိုးလဲ... ယဲ့ဖုန်း ဆိုတာ နာမည်ကြီး ပုဂ္ဂိုလ် ဖြစ်ရမှာ... ဘာလို့ ငါ မကြားဖူးရတာလဲ"

ဝဖြိုးသော လူငယ်သည် ခံစားချက်များ လွှမ်းမိုးနေရှာသည်။

သူသည် ယဲ့ဖုန်း ထွက်ခွာသွားရာ နောက်ကျောပုံရိပ်ကို ငေးမောကြည့်ရှုရင်း ဤပုဂ္ဂိုလ်သည် အလွန် ခန့်ညားထည်ဝါသည်ဟု ခံစားလိုက်ရသည်။ ဘေးနားရှိ အမျိုးသမီးကလည်း "မြူခိုးဂိုဏ်း" ဟူသော အမည်ကို တီးတိုး ရေရွတ်ရင်း မျက်ဝန်းထဲတွင် 'ကျေးဇူးတင်သော မျက်လုံး' များဖြင့် ပြည့်နှက်နေလေ၏။

[တီ.. ဂိုဏ်းဂုဏ်သတင်းအမှတ် +၂]

ယဲ့ဖုန်းသည် စနစ်၏ အသိပေးသံကို ကြားလိုက်ရပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေ၏။

ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး မကြာမီ မီးရှူးတိုင် မြို့တော်သို့ ရောက်ရှိလာကာ မြေအောက်ဈေးကွက်ရှိ ဝူရွှမ်ဆောင် ပိုင်ရှင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားလေ၏။

"ဆိုင်ရှင်... ကတိအတိုင်း (၇) ရက် ပြည့်လို့ ရောက်လာပါပြီ"

အပိုစကားများ မပြောဘဲ ယဲ့ဖုန်းသည် 'ဝိညာဉ်မူလ နာရီ'အား ခပ်သွက်သွက်.. ထုတ်ယူလိုက်ပြီး နှစ်တစ်ရာ သစ်ပင်နတ်ဆိုး၏ ဝိညာဉ်ခန္ဓာကိုယ်ကို လွှတ်ထုတ်ကာ သူရဲကောင်းဝိညာဉ်စွမ်းအားဖြင့် လေထဲတွင် ချုပ်နှောင်ထားလိုက်လေ၏။

"တကယ်ကို အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် ဝိညာဉ်ခန္ဓာကိုယ်ပါလား"

ဝူရွှမ်ဆောင် ပိုင်ရှင်သည် ဝမ်းသာအားရ ဖြစ်သွား၏။

"ခဏလေး စောင့်ပါ ဧည့်သည်တော်... တခြား ဖောက်သည်ကို အခုပဲ လာဖို့ အကြောင်းကြားလိုက်ပါ့မယ်"

ပြောပြီးသည်နှင့် သူသည် အံဆွဲထဲမှ စက္ကူကြိုးကြာငှက် တစ်ကောင်ကို ထုတ်ယူကာ လေမှုတ်ထည့်လိုက်ရာ စက္ကူကြိုးကြာငှက်သည် ချက်ချင်း အသက်ဝင်လာပြီး အတောင်ပံခတ်ကာ ပျံသန်းထွက်ခွာသွားလေ၏။

ယဲ့ဖုန်းသည် စက္ကူကြိုးကြာငှက်ကို မြင်လိုက်ရသောအခါ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရလေတော့သတည်း။

All Chapters