အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
အခန်း (၉၁) - လက်နက်တစ်ရာဂိုဏ်း တပည့် ကျန့်ယောက်ရှို
~"ဧည့်သည်တော်... ခဏလောက် စောင့်ရနိုင်ပါတယ်... လက်ဖက်ရည် သောက်မလား" ဝူရွှမ်ဆောင် ပိုင်ရှင်က ပြုံးရွှင်စွာ မေးလိုက်၏။
ယဲ့ဖုန်းသည် သစ်ပင်နတ်ဆိုး၏ ဝိညာဉ်ခန္ဓာကိုယ်ကို သိမ်းဆည်းလိုက်ပြီး အသုံးမလိုသော ပစ္စည်းများစွာကို အရောင်းခုံပေါ်သို့ သွန်ချလိုက်သည်။
"လက်ဖက်ရည် မလိုပါဘူး... ဒီပစ္စည်းတွေကို ရောင်းချင်တယ်... ဈေးဘယ်လောက်ပေးနိုင်မလဲဗျ"
ဤပစ္စည်းများသည် အဓိကအားဖြင့် ဝိညာဉ်လက်နက်များ နှင့် နတ်ဆိုးသားရဲ အစိတ်အပိုင်းများ ဖြစ်ကြ၏။
အချို့မှာ ရှဲ့ကွမ် စခန်းခေါင်းဆောင်နှင့် သူ့လက်အောက်ငယ်သားများထံမှ သိမ်းဆည်းရမိခြင်း ဖြစ်ပြီး အချို့မှာမူ ယဲ့ဖုန်းက ဟေးရွှမ်ဂိတ်ကို ဝင်ရောက်စီးနင်းစဉ်က ရရှိခဲ့သော ပစ္စည်းများ ဖြစ်သည်။
ကျန်ရှိသည်များမှာ နန်လုတောင်တန်း တိုက်ပွဲမှ စစ်ပစ္စည်းများ ဖြစ်ပြီး ဓားသိုင်းအရှင်ဂိုဏ်း မဟာ အကြီးအကဲနှင့် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်တို့၏ ရတနာများ၊ ဂိုဏ်းအသီးသီးမှ လက်ဆောင်များနှင့် အခြားသော ပစ္စည်းမျိုးစုံ ပါဝင်လေ၏။
"ဒါက အဆင့်နိမ့် ဝိညာဉ်လက်နက် 'မိခင်နှင့် သားသမီး ချိတ်ဆက်ထားသော ဓားငါးလက်' ပဲ... စွမ်းအားက အထင်ကြီးစရာပဲ... ရောင်းဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀) လောက် တန်တယ်... ဧည့်သည်တော်... တကယ် ရောင်းမှာလား"
"အိုး... ဒါတွေက 'မြေကမ္ဘာ ရူးသွပ်ပုတ်သင်ညို' ရဲ့ လက်သည်းတွေပဲ... တစ်ချောင်းကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၁၀) တုံးလောက် တန်တယ်... အကြေးခွံတွေလည်း အများကြီးပဲ... အနည်းဆုံး တစ်ပြားကို ဝိညာဉ်ကျောက်တုံး (၁) တုံးလောက် တန်တယ်"
"ဟေ... ဒီဝိညာဉ်လက်နက်တွေရဲ့ အရည်အသွေးက တော်တော် ကောင်းတာပဲ... တစ်ခုကို ရောင်းဈေး (၁၀၀) ကနေ (၂၀၀) ကြား ရှိတယ်... ဧည့်သည်တော်... အဆင့်မြင့်ဂိုဏ်း တစ်ခုခုကို ဝင်စီးလာတာများလား"
ဝူရွှမ်ဆောင် ပိုင်ရှင်သည် တစ်ယောက်တည်း ပွစိပွစိ ပြောဆိုနေလေ၏။
ယဲ့ဖုန်းသည် သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"စုစုပေါင်း ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရမလဲ ဆိုတာကိုပဲ ပြောပါ... ဈေးနှုန်း သင့်တော်ရင် အကုန် ရောင်းပေးမယ်"
ထိုအခါ၊ ဝူရွှမ်ဆောင် ပိုင်ရှင်သည် တဟဲဟဲ ရယ်လိုက်ပြီး ပေသီးတွက်စက် အသေးလေး တစ်ခုကို ထုတ်ယူကာ တွက်ချက်လိုက်သည်။ ထို့နောက် ပြောလိုက်၏။
"စုစုပေါင်း (၁၃၄၀) ပါ... (၁၄၀၀) အထိ တိုးပေးမယ်ဗျာ... ဘယ်လိုလဲ"
"လက်ခံတယ်... ဒါပေမယ့် အရောင်းအဝယ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နဲ့ လုပ်ရမယ်" ယဲ့ဖုန်းက ကမ်းလှမ်းချက် တစ်ခု ထပ်ထည့်လိုက်သည်။
"ကောင်းပြီလေ... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၄) တုံး ယူပါ"
ဝူရွှမ်ဆောင် ပိုင်ရှင်သည် ဝိညာဉ်ကျောက်တုံးများကို စားပွဲပေါ် တင်ပေးလိုက်ပြီး ပါးစပ်နားရွက်ချိတ်မတတ် ပြုံးဖြဲဖြဲ လုပ်နေလေ၏။ ယဲ့ဖုန်း၏ ပစ္စည်းများကို အနည်းငယ် ပြုပြင်မွမ်းမံပြီး ပြန်ရောင်းလိုက်လျှင် အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅) တုံးခန့် အမြတ်အစွန်း ရရှိနိုင်ပေသည်။
ဤအချက်ကို တွေးမိသောအခါ သူ၏ အပြုံးသည် ပို၍ ရွှင်မြူးလာပြီး ယဲ့ဖုန်းကို ရွှေပင်ငွေပင်ကြီး တစ်ခုကဲ့သို့ ကြည့်ရှုနေလေတော့သည်။
ဝူရွှမ်ဆောင် ပိုင်ရှင်သည် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး (၁၄) တုံးကို အလွယ်တကူ ထုတ်ပေးနိုင်သည်ကို မြင်လိုက်ရသဖြင့် ဤလူသည် အလွန် ချမ်းသာကြွယ်ဝသူ ဖြစ်ကြောင်း ယဲ့ဖုန်း တိတ်တဆိတ် သုံးသပ်မိလိုက်၏။
သို့သော် ယဲ့ဖုန်းသည် ဓားပြ မဟုတ်သဖြင့် လုယက်ရန် စိတ်ကူးမရှိချေ။ ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် သူ မေးလိုက်သည်။
"ဒီမှာ ဝိညာဉ်ဆေးပင် မျိုးစေ့တွေ ရနိုင်မလား"
ကျားယွိလန်ကို ဝိညာဉ်ဆေးဥယျာဉ် တည်ထောင်ခွင့် ပေးလိုက်ပြီ ဖြစ်ရာ ယဲ့ဖုန်းအနေဖြင့် အစွမ်းကုန် ပံ့ပိုးပေးရမည် မဟုတ်ပါလော။ မျိုးစေ့မရှိဘဲ ဥယျာဉ်စိုက်၍ မရနိုင်ပေ။
ထို့ကြောင့် မျိုးစေ့ ဝယ်ရမည်။
"ဝိညာဉ်မျိုးစေ့လား... ရှိတာပေါ့... ဘယ်လို အမျိုးအစား လိုချင်တာလဲ" ဝူရွှမ်ဆောင် ပိုင်ရှင်က မျက်နှာကြီး ပြုံးဖြီးလျက် မေးလိုက်သည်။
"ခင်ဗျားဆီမှာ ဘာတွေ ရှိလဲ" ယဲ့ဖုန်းက ပြန်မေးလိုက်၏။
ဝူရွှမ်ဆောင် ပိုင်ရှင်သည် စင်ပေါ်မှ သစ်သားသေတ္တာ (၁၀) လုံးကို ယူဆောင်လာပြီး စားပွဲပေါ်တွင် စီတန်းတင်ထားကာ မိတ်ဆက်ပေးလေသည်။
"ဒါက 'ဝိညာဉ်စုစည်းခြင်း ပန်း'... သူ့ကို လက်ဖက်ရည် လုပ်သောက်ရင် စိတ်ဝိညာဉ်ကို တည်ငြိမ်စေပြီး... လျင်မြန်တဲ့ ကျင့်ကြံခြင်း အခြေအနေကို တိတ်တဆိတ် ရောက်ရှိစေနိုင်တယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁) တုံးကို မျိုးစေ့ (၅) စေ့ ရမယ်"
"ဒါက 'သက်စောင့် မြက်' ... စားသုံးလိုက်ရင် အသက်စွမ်းအင်ကို စုစည်းပေးနိုင်တယ်... ခန္ဓာကိုယ်ကျင့်ကြံသူတွေနဲ့ သင့်တော်ပြီး... ဝိညာဉ်သားရဲတွေအတွက် အထိရောက်ဆုံးပဲ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁) တုံးကို မျိုးစေ့ (၁၀) စေ့ ရမယ်"
ဝူရွှမ်ဆောင် ပိုင်ရှင်သည် သူ၏ ရတနာများကို တစ်ခုပြီးတစ်ခု စာရင်းပြုစုကာ (၁၀) မျိုးစလုံးကို မိတ်ဆက်ပေးပြီးနောက် မေးလိုက်၏။
"ဧည့်သည်တော်... အကုန် ဝယ်ဖို့ စိတ်ကူးရှိလား"
ယဲ့ဖုန်းက မေးလိုက်သည်။ "ဒီမျိုးစေ့တွေက ဘယ်လောက်ကြာကြာ ခံလဲ"
ဝူရွှမ်ဆောင် ပိုင်ရှင် ကြောင်သွား၏။ "ဘယ်လို အဓိပ္ပာယ်လဲ"
ယဲ့ဖုန်း ခေတ္တ ရပ်တန့်သွားပြီးနောက် ရှင်းပြလိုက်သည်။
"ဆိုလိုတာက... ဒီမျိုးစေ့တွေကို ဘယ်လောက်ကြာကြာ သိမ်းထားလို့ ရလဲ... အပင်ပေါက်နှုန်း သေချာသေးလား ဆိုတာကို မေးတာပါ"
"(၁၀) နှစ်လောက်ကတော့ ပြဿနာ မရှိပါဘူး... ရှင်သန်နှုန်း ကတော့ (၇၀) ရာခိုင်နှုန်းလောက်ပဲ ရှိမယ် ထင်တယ်... ပိုပြီးတော့ အာမ မခံရဲဘူး" ဝူရွှမ်ဆောင် ပိုင်ရှင်က ရိုးသားစွာ ပြောလိုက်သည်။
"(၇၀) ရာခိုင်နှုန်းပဲလား..." ယဲ့ဖုန်း စိတ်ပျက်သွား၏။
"(၃၀) ရာခိုင်နှုန်း လျှော့ဈေး ပေးပါမယ်" ဝူရွှမ်ဆောင် ပိုင်ရှင်က အမြန် ကမ်းလှမ်းလိုက်သည်။
"ကောင်းပြီလေ... အမျိုးအစား တစ်ခုစီ (၁၀၀) စီ ပေးပါ"
ယဲ့ဖုန်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၄) တုံး ပိုင်ဆိုင်ထားပြီး ငွေ ထောနေပြီ ဖြစ်သဖြင့် ဈေးဝယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
ထို့နောက် သူသည် အဆင့်နိမ့် "ချီစုစည်းခြင်း ဆေးလုံး" အချို့ကို ဝယ်ယူခဲ့ပြီး စင်ပေါ်ရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေခဲ့ရာ စုစုပေါင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၄) တုံး ကုန်ကျသွားခဲ့လေသည်။
ထိုအချိန်တွင် လေးလံသော ခြေသံများ နောက်ဘက်မှ ထွက်ပေါ်လာ၏။ ဝဖြိုးသော လူကြီး တစ်ယောက် လမ်းလျှောက်လာသည့်အလား ခံစားရသည်။
ဝူရွှမ်ဆောင် ပိုင်ရှင်၏ မျက်လုံးများ အရောင်တောက်လာ၏။
"ဧည့်သည်တော်... ဝိညာဉ်ခန္ဓာကိုယ် ဝယ်ချင်တဲ့သူ ရောက်လာပါပြီ"
"ဝမ်းကွဲညီလေး... ငါ ရောက်ပြီ... အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် ဝိညာဉ်ခန္ဓာကိုယ်ကို တကယ် ရောင်းမယ့်သူ ရှိလို့လား"
ယဲ့ဖုန်း ရင်းနှီးနေသကဲ့သို့ ခံစားရသော အသံတစ်သံ ထွက်ပေါ်လာ၏။
နောက်တစ်ခဏတွင် ဆိုင်ခန်းတစ်ခုလုံး မှောင်မိုက်သွားလေသည်။
ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ တံခါးဝတွင် မတ်တတ်ရပ်နေသော ဝဖြိုးသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးထုပ်အကြီးကြီး ဆောင်းထားကာ အနည်းဆုံး ပေါင် (၃၀၀) ခန့် ရှိပေလိမ့်မည်။ သူ၏ ကိုယ်ခန္ဓာကြီးမားလွန်းသဖြင့် ဝင်ပေါက်မှ အလင်းရောင်ကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ဝူရွှမ်ဆောင် ပိုင်ရှင်သည် ယဲ့ဖုန်းကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးလိုက်သည်။
"ဝမ်းကွဲအစ်ကိုကြီး... ဒါ ကျွန်တော် ပြောတဲ့ ဧည့်သည်တော်ပါပဲ"
ပေါင် (၃၀၀) ခန့်ရှိသော လူဝကြီးသည် ယဲ့ဖုန်းကို ကြည့်လိုက်ရာ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာဖုံးစွပ် ဦးထုပ်ကို ချွတ်လိုက်ပြီး အော်ဟစ်လိုက်လေ၏။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော်လေ..."
ယဲ့ဖုန်း အံ့သြသွားသည်။
ခုနက ဤလူဝကြီးကို ရင်းနှီးနေသည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ သူသည် ရှဲ့ကွမ် စခန်းခေါင်းဆောင်ကို သတ်ဖြတ်စဉ်က မတော်တဆ ကယ်တင်ခဲ့မိသော သူ ဖြစ်ကြောင်း သတိထားမိလိုက်သည်။
"မဟုတ်ပါဘူး... ခင်ဗျား လူမှားနေပြီ"
မိမိ၏ အထောက်အထားကို ဖုံးကွယ်လိုသော ယဲ့ဖုန်းသည် ချက်ချင်း ငြင်းဆိုလိုက်လေ၏။
"ဂိုဏ်းချုပ်ယဲ့... ခင်ဗျား ဝတ်ထားတဲ့ မျက်နှာဖုံးစွပ်က သာမန် အဝတ်စနဲ့ လုပ်ထားတာလေ... မျက်နှာကို အတိုင်းသား မြင်နေရတယ်... သူများတွေရဲ့ စပ်စုတဲ့ မျက်လုံးတွေကို ကာကွယ်ချင်ရင် 'ဝိညာဉ်ပိုးချည်' နဲ့ ရက်လုပ်ထားတဲ့ မျက်နှာဖုံးစွပ်ကို သုံးမှ ရမှာ"
ဝဖြိုးသော လူငယ်လေးက အလျင်အမြန် ရှင်းပြလိုက်သည်။
ယဲ့ဖုန်းသည် မျက်နှာကို စမ်းကြည့်လိုက်ရာ မိမိကိုယ်ကို တုံးအသည်ဟု ခံစားလိုက်ရပြီး မျက်နှာဖုံးစွပ် ဦးထုပ်ကို ချွတ်လိုက်ရလေတော့သည်။
"ဒါဆို ခင်ဗျားက ဝိညာဉ်ခန္ဓာကိုယ် ဝယ်ချင်တဲ့သူပေါ့... ကောင်းပြီလေ... ဈေးနှုန်း ဘယ်လို ဆွေးနွေးကြမလဲ"
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် သစ်ပင်နတ်ဆိုး၏ ဝိညာဉ်ခန္ဓာကိုယ်ကို ထုတ်ပေးလိုက်သည်။
ဝဖြိုးသော လူငယ်သည် ခဏမျှ စစ်ဆေးကြည့်ရှုပြီးနောက် မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများ ပိုမို ထင်ရှားလာလေ၏။
"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ... ဒီဝိညာဉ်ခန္ဓာကိုယ်အတွက် ဈေးနှစ်ဆ ပေးပါမယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀)... ဘယ်လို သဘောရလဲ"
"သဘောတူတယ်"
ယဲ့ဖုန်းသည် ဤမျှ ဈေးကောင်းရလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ချက်ချင်း သဘောတူလိုက်လေသည်။
သူတို့နှစ်ဦးသည် ငွေနှင့် ဝိညာဉ်ခန္ဓာကိုယ်ကို လဲလှယ်လိုက်ကြပြီး အရောင်းအဝယ် အောင်မြင်စွာ ပြီးဆုံးသွားလေ၏။
သစ်ပင်နတ်ဆိုး ဝိညာဉ်ခန္ဓာကိုယ်ကို ကျောက်စိမ်းဗူးသီးခြောက် ထဲသို့ ထည့်လိုက်ပြီးနောက် "ကျန့်ယောက်ရှို" က မေးလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်နာမည်က ကျန့်ယောက်ရှို ပါ... 'လက်နက်တစ်ရာဂိုဏ်း' ရဲ့ တပည့်ပါ... ခင်ဗျားက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့ဖူးတယ်... နောက်မှ ထမင်းဖိတ်ကျွေးချင်ပါတယ်... ဘယ်လိုလဲဗျ"
"ခင်ဗျားက လက်နက်တစ်ရာဂိုဏ်းရဲ့ တပည့်လား" ယဲ့ဖုန်း အံ့သြတကြီး မေးလိုက်သည်။
ဝိညာဉ်ကျောက်တုံး (၃၀၀၀) တန်ဖိုးရှိသော ဝိညာဉ်သတ္တုရိုင်းများကို မည်သို့ သန့်စင်ရမည်ကို စဉ်းစားနေခဲ့ရာ ကျန့်ယောက်ရှို၏ နောက်ခံ အကြောင်း ကြားလိုက်ရသည်နှင့် စိတ်ဝင်စားသွားလေ၏။
ထိုအခိုက်အတန့်မှာ၊ ဝူရွှမ်ဆောင် ပိုင်ရှင်က ဝင်ပြောလိုက်သည်။
"ကျွန်တော့် ဝမ်းကွဲအစ်ကိုကြီးက လက်နက်တစ်ရာဂိုဏ်းရဲ့ ပါရမီရှင် တပည့်ပါ... ချီစုစည်းခြင်း (၇) ဆင့်ပဲ ရှိသေးပေမယ့်... (၉) ဆင့်မြောက် အထွတ်အထိပ် စွမ်းအားနဲ့ ယှဉ်နိုင်တဲ့ ရုပ်သေးရုပ်တွေကို ဖန်တီးနိုင်တယ်... လက်နက်သွန်းလုပ်တဲ့ ပညာမှာလည်း အရမ်း ထူးချွန်တယ်... သနားစရာ ကောင်းတာက... သူ့မိသားစုက ကျိန်စာသင့်ထားလို့ ဝက်တွေလို ဝနေကြတာပါပဲ"
ထိုစကားကို ကြားသောအခါ ကျန့်ယောက်ရှို မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဒါတွေအကုန်လုံးက ငါ့အဖေ ရှုပ်ပွေလွန်းလို့ ဖြစ်ရတာ... ဘာကိစ္စ နတ်ဆိုးမ နဲ့ သွားရှုပ်ရတာလဲ... ဟူး... ကံဆိုးတာက ပန်းပွင့်လေးလို လှပခဲ့တဲ့ ငါ့မိန်းမတောင် ဝလာတာပါပဲကွာ"
"ဖူး..."
ယဲ့ဖုန်း ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။ တစ်မိသားစုလုံးကို ဝက်ကဲ့သို့ ဝသွားစေသော ကျိန်စာမျိုး လောကကြီးတွင် ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
တကယ်လို့ အဆီကျဆေးသာ ထိရောက်ရင်... ရောင်းမလောက် ဖြစ်နေမှာပဲ...
ထိုအချိန်တွင် ကျန့်ယောက်ရှိုသည် ယဲ့ဖုန်းကို လက်များ ဆုပ်ပြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ထမင်းစားဖို့ ကိစ္စ ဘယ်လိုလဲဗျ"
"ထမင်းတော့ မစားတော့ပါဘူး... လက်ဖက်ရည်သောက်ပြီး စကားပြောကြတာပေါ့"
ယဲ့ဖုန်းသည် လက်ကာပြလိုက်ပြီး သူ ဖျက်ဆီးခဲ့သော 'မြှားပစ်နွားသိုး ရုပ်သေး' ကို ထုတ်ပြလိုက်သည်။
"ခင်ဗျားက လက်နက်တစ်ရာဂိုဏ်းရဲ့ တပည့်ဆိုတော့... ဒါကို ပြင်နိုင်မလား"
"မြှားပစ်နွားသိုး ရုပ်သေး"
ကျန့်ယောက်ရှိုနှင့် ဝူရွှမ်ဆောင် ပိုင်ရှင်တို့ နှစ်ဦးစလုံး အံ့သြသွားကြ၏။
ကျန့်ယောက်ရှိုသည် ရှေ့သို့ အမြန်တိုးလာပြီး မြှားပစ်နွားသိုး ရုပ်သေးကို ကောက်ယူလိုက်သည်။ လျှို့ဝှက်အခန်းငယ်တစ်ခုကို ကျွမ်းကျင်စွာ ဖွင့်လိုက်ရာ အတွင်း၌ "၁၉" ဟူသော နံပါတ် ရေးထိုးထားသည်ကို တွေ့ရှိလိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားလေ၏။
"ဂိုဏ်းချုပ်ယဲ့... ဒါ ကျွန်တော် လုပ်ထားတာလေ”
အခန်း (၉၂) - သဘောတူညီချက်နှင့် ဝူရွှမ်ဆောင်ပိုင်ရှင်၏ အံ့သြမှု
~ယဲ့ဖုန်းရဲ့ အကြည့်တွေက စူးရှထက်မြက်သွားသည်။
"ဒါ ခင်ဗျားလက်ရာ ဆိုတာ သေချာလား"
ကျန့်ယောက်ရှိုက အရုပ်ပေါ်မှာ ရေးထိုးထားသော "၁၉" ဆိုသည့် နံပါတ်ကို လက်ညှိုးထိုးပြပြီး ယုံကြည်ချက်အပြည့်နှင့် ပြန်ဖြေလိုက်သည်။
"လက်နက်တစ်ရာဂိုဏ်းမှာ လက်နက်သွန်းလုပ်သူတိုင်း ကိုယ်ပိုင်နံပါတ် ရှိကြတယ်... ကျွန်တော့်နံပါတ်က ၁၉ လေ"
ဝူရွှမ်ဆောင်ပိုင်ရှင်က သံသယ ဝင်သွား၏။
"မဟုတ်သေးပါဘူး... ဒီ 'မြှားပစ်နွားသိုး ရုပ်သေး' ကို ထူးဆန်းတဲ့ လေယူလေသိမ်းနဲ့ ပြောတတ်တဲ့ ဝတ်ရုံခြုံထားတဲ့ လူတစ်ယောက်ဆီ ရောင်းလိုက်တာလေ... ဂိုဏ်းချုပ်ယဲ့ လက်ထဲ ဘယ်လိုလုပ် ရောက်နေတာလဲ"
"ဘယ်လို လူမျိုးလဲ" ယဲ့ဖုန်းက အတင်း မေးလိုက်သည်။
ဝူရွှမ်ဆောင်ပိုင်ရှင်က ခဏ စဉ်းစားပြီးနောက် ထိုလူ၏ ပုံပန်းသဏ္ဍာန်ကို အသေးစိတ် ရှင်းပြလိုက်ရာ ယဲ့ဖုန်း ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
"အဲဒီလူက ရောင်စုံငါးသွယ်မြို့တော်၊ ဝတ်ရုံနက်ဂိုဏ်း (ဝတ်ရုံနက်အသင်း) ခေါင်းဆောင် ဆိုပြီး ပြောသေးလား" ယဲ့ဖုန်း ဆက်မေးလိုက်၏။
"ကျွန်တော်တို့က မြေအောက် အရောင်းအဝယ် လုပ်တာဆိုတော့... တစ်ဖက်လူရဲ့ နောက်ကြောင်းကို မမေးမြန်းမိဘူးဗျ"
ဝူရွှမ်ဆောင်ပိုင်ရှင်က ခေါင်းခါလိုက်သည်။
"ဟုတ်လား..."
ယဲ့ဖုန်း စိတ်ပျက်သွားပြီး နက်ရှိုင်းသော အတွေးထဲသို့ ကျရောက်သွား၏။
ယခင်က ထူးဆန်းသော ဝတ်ရုံခြုံထားသူတစ်ဦး မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာခဲ့ဖူးသည်။ အစ်ကိုကြီးခေါင်းပြားက ထိုသူ၏ ဝတ်ရုံစကို ကိုက်ဆွဲလိုက်စဉ် အသားတစ်တုံး ပါသွားသကဲ့သို့ နာကျင်သွားပုံ ရသည်။
ဝူရွှမ်ဆောင်ပိုင်ရှင် ပြောပြသည့် ပုံစံနှင့် တော်တော် တူနေသည်။
*ဒီနှစ်ယောက်က တစ်ယောက်တည်း ဖြစ်ဖို့များသည်ဟု ယဲ့ဖုန်း ခံစားမိလိုက်သည်။
သို့သော်လည်း၊ ဒါတွေက သူ၏ ခန့်မှန်းချက် သက်သက်ပါပင်။
ဒီလို တွေးမိပြီးနောက် ယဲ့ဖုန်းက ကျန့်ယောက်ရှိုကို မေးလိုက်သည်။
"ရုပ်သေးရုပ်ရဲ့ ဇာစ်မြစ်ကို ခဏ ထားလိုက်ပါဦး... ဒါကို ပြင်လို့ ရမလား"
ကျန့်ယောက်ရှိုက ရင်ဘတ်ကို ပုတ်လိုက်ရာ အဆီခေါက်များ တုန်ခါသွားလေ၏။
"စိတ်မပူပါနဲ့... ကျွန်တော်က ဝနေပေမယ့် လှုပ်ရှားမှုက သွက်လက်ပါတယ်... ပျက်စီးမှု အတိုင်းအတာကို ကြည့်ရတာ နာရီဝက်လောက်ဆိုရင် ပြင်လို့ ပြီးပါပြီ"
"အဲဒီလောက် မြန်တာလား"
(၁၀) ရက်၊ လခွဲလောက် ကြာမည်ဟု သူ ထင်ထားခဲ့သည်လေ။
ကျန့်ယောက်ရှိုက ရယ်လိုက်၏။
"အဟဲ၊ ကျွန်တော့်ဆီမှာ အပိုပစ္စည်းတွေ ရှိတယ်လေ... ပျက်စီးနေတဲ့ နေရာတွေကို အစားထိုးပြီး နည်းနည်း ပြုပြင်လိုက်ရင် ပြီးပါပြီ"
"ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ"
ယဲ့ဖုန်းက ဈေးနှုန်းကို ပိုစိတ်ပူနေသည်။ ဈေးကြီးလွန်းလျှင် ရုပ်သေးရုပ်ကို ရောင်းပြီး ဝိညာဉ်ကျောက်တုံးနှင့် လဲလိုက်တာက ပိုကောင်းဦးမည်။
"ဂိုဏ်းချုပ်ယဲ့က ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ... ပထမဆုံး အကြိမ်ဆိုတော့ အလကား လုပ်ပေးပါမယ်... ကုန်ကျစရိတ် အားလုံး ကျွန်တော်ပဲ စိုက်ထုတ်လိုက်မယ်"
ယဲ့ဖုန်း အတွင်းစိတ်ထဲမှာ ဝမ်းသာသွားသော်လည်း၊ အပြင်ပန်းမှာတော့ အားနာသော ပုံစံမျိုး လုပ်ပြလိုက်သည်။
"အရမ်း များမနေဘူးလားဗျာ"
ဝူရွှမ်ဆောင် ပိုင်ရှင်က ပခုံးတွန့်ပြလိုက်၏။
"ဂိုဏ်းချုပ်ယဲ့ မသိလို့ပါ... ကျွန်တော့် ဝမ်းကွဲ အစ်ကိုကြီးက လက်နက်သွန်းလုပ်သူလေ... သူ့ဘာသာ သူ တော်တော် ချမ်းသာပါတယ်... ဒီလောက်ငွေလေးက သူ့အတွက် ဘာမှ မဟုတ်ပါဘူး"
ထိုအခါ၊ ကျန့်ယောက်ရှိုက မျက်လုံးလှန်ကြည့်လိုက်ပြီး ငေါက်လိုက်သည်။
"ပေါက်ကရတွေ ပြောမနေနဲ့... ငါ့ပိုက်ဆံတွေက လေထဲက ပါလာတာ မဟုတ်ဘူးကွ... ပြီးတော့ ငါ ဝိတ်ချဖို့ ပိုက်ဆံစုနေရသေးတယ်"
ဝူရွှမ်ဆောင်ပိုင်ရှင်က ပါးစပ်ပိတ်ပြီး တခွီးခွီး ရယ်နေလိုက်သည်။
ယဲ့ဖုန်း ဘာပြောရမှန်း မသိတော့ပေ။
ကျန့်ယောက်ရှိုက ကျွမ်းကျင်သော ကိရိယာမျိုးစုံကို ထုတ်ယူလိုက်ပြီး ရုပ်သေးရုပ်ကို ဖြုတ်ကာ ကျိုးပဲ့နေသော အစိတ်အပိုင်းများကို လဲလှယ်ပြီး ပြုပြင်နေလေ၏။ သူ၏ မျက်နှာထားသည် အလွန် အာရုံစိုက်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ ပုံမှန်အချိန်နှင့် လုံးဝ ကွာခြားနေသည်။
နာရီဝက် မပြည့်ခင်မှာပင် "ကလစ်" ဟူသော အသံတစ်သံနှင့်အတူ ကျန့်ယောက်ရှိုသည် ရုပ်သေးရုပ်ကို ပြန်လည် တပ်ဆင်လိုက်ပြီး ဖြစ်လေ၏။
အိုးဝိုး။ အသစ်စက်စက်နှင့် မခြား ကောင်းမွန်သွားခဲ့လေပြီ။
"လက်နက်သွန်းလုပ်သူ ဆိုတာ တကယ် မခေပါလား... လေးစားပါတယ်ဗျာ" ယဲ့ဖုန်း ချီးကျူးလိုက်သည်။
ကျန့်ယောက်ရှိုက ကိရိယာတွေကို သိမ်းဆည်းလိုက်ပြီး ခေါင်းကုတ်ကာ မေးလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... လက်ဖက်ရည် ထပ်သောက်မလား"
လက်ဖက်ရည် ကမ်းလှမ်းမှုကို ရှောင်လွှဲလိုက်ပြီး ယဲ့ဖုန်းက ဝိညာဉ်သတ္တုရိုင်း တစ်တုံးကို ထုတ်ပြလိုက်သည်။
"ကျွန်တော့်အတွက် ဒီသတ္တုရိုင်းတွေကို သန့်စင်ပေးနိုင်မလား"
"ဟေ... ဒါက 'မီးတောက်ရွှေ သတ္တုရိုင်း' ပဲ... ရွှေ နဲ့ မီး ဓာတ်သဘာဝ နှစ်မျိုးပါတဲ့ ဝိညာဉ်လက်နက်တွေ သွန်းလုပ်လို့ ရတယ်... ကံဆိုးတာက ကျွန်တော်က ချီစုစည်းခြင်းအဆင့်ပဲ ရှိသေးတော့... ဒီသတ္တုတွေကို အရည်ဖျော်ဖို့ ဂိုဏ်းက မြေကမ္ဘာမီးကို သုံးမှ ရမှာ"
ဟု ကျန့်ယောက်ရှိုက အခက်တွေ့စွာ ပြောလိုက်၏။
"ဆိုလိုတာက... ခင်ဗျား ကိုယ်တိုင် မလုပ်နိုင်ဘူး... လက်နက်တစ်ရာဂိုဏ်းကို ပြန်မှ ရမယ် ဆိုတဲ့ သဘောပေါ့" ယဲ့ဖုန်း သဘောပေါက်လိုက်သည်။
"ဟုတ်ပါတယ်" ကျန့်ယောက်ရှို ခေါင်းညိတ်လိုက်၏။
ယဲ့ဖုန်း၏ မျက်နှာထား ချက်ချင်း ညှိုးငယ်သွားသည်။
ကျန့်ယောက်ရှိုက လူကောင်းပုံ ပေါက်နေသော်လည်း ဒီနေ့မှ စတွေ့ဖူးခြင်းလေ။ ဝိညာဉ်ကျောက်တုံး ထောင်ချီတန်သော သတ္တုရိုင်းတွေကို သူ့လက်ထဲ ထည့်ပေးလိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။
ထို့ထက်ပို၍၊ မနက်ဖြန်က မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း အဖြစ် တရားဝင် သတ်မှတ်ခံရရမည့်.. နေ့ထူးနေ့မြတ် ဖြစ်နေ၍ ယဲ့ဖုန်း ခရီးထွက်၍ မရပါ။
ရုတ်တရက် အကြံတစ်ခု ရသွားပြီး ယဲ့ဖုန်း လက်ချောင်း တောက်လိုက်၏။
သူက သတ္တုရိုင်း အမျိုးအစား (၁၀) မျိုးကျော်ကို တစ်မျိုးစီ လက်သီးဆုပ်လောက် အတုံးလေးတွေ ထုတ်ယူပြီး စားပွဲပေါ် စီတန်းတင်လိုက်၏။
"ဒါက ကျောက်စိမ်းသတ္တု၊ မီးတောက်ရွှေ၊ ဝိညာဉ်ကြေးနီ... စုစုပေါင်း (၁၀) မျိုးကျော်တောင် ရှိတာပဲ... အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်စုံစာလောက် ရနိုင်တယ်" ကျန့်ယောက်ရှိုက ပြောလိုက်သည်။
ယဲ့ဖုန်းက သတ္တုရိုင်းတွေကို လက်ညှိုးထိုးပြလိုက်ကာ…
"ဒါတွေအားလုံး သန့်စင်ပေးနိုင်မလား... ဈေးကောင်းပေးပါမယ်"
"ဒီလောက်ဆို မများပါဘူး... ဂိုဏ်းပြန်ရောက်ရင် မြေကမ္ဘာမီး သုံးပြီး တစ်ရက်တည်းနဲ့ အကုန် ပြီးအောင် လုပ်ပေးလို့ ရပါတယ်... ကုန်ကျစရိတ်လည်း မရှိပါဘူး" ကျန့်ယောက်ရှို ခေါင်းခါလိုက်သည်။
"အလကား လုပ်ပေးမယ် ဆိုတဲ့ သဘောလား" ယဲ့ဖုန်း အံ့သြသွား၏။
ကျန့်ယောက်ရှို ခေါင်းညိတ်လိုက်သည်။
"အပူချိန်မြင့်မြင့်နဲ့ အရည်ဖျော်ပြီး သန့်စင်တဲ့ မန္တန်တချို့ သုံးလိုက်ရင် ရပါပြီ... လက်နက်သွန်းလုပ်သူ တစ်ယောက်အတွက် ဒါက အခြေခံ အဆင့်ပါပဲ... ကုန်ကျစရိတ် မရှိသလောက်ပါပဲ... ဒါပေမယ့် ဝိညာဉ်လက်နက် အဖြစ် ပုံဖော်မယ် ဆိုရင်တော့ လက်ခ ယူရလိမ့်မယ်ဗျ"
"ကောင်းပြီ... ဒါဆို ဒီသတ္တုရိုင်းတွေကို အရင် သန့်စင်ပေးပါ... နောက်ကျရင် သန့်စင်စရာတွေ အများကြီး လာဦးမှာဗျ" ယဲ့ဖုန်းက ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
သန့်စင်ခြင်း လုပ်ငန်းစဉ် အောင်မြင်ပါက နောင်တစ်ချိန်တွင် လက်နက်တစ်ရာဂိုဏ်းသို့ သွားရောက်လည်ပတ်ပြီး သတ္တုရိုင်း အားလုံးကို သန့်စင်ခိုင်းကာ တပည့်များကိုလည်း ဗဟုသုတ ရှာမှီးစေမည်ဟု စိတ်ကူးလိုက်၏။
"ပြဿနာ မရှိပါဘူး" ကျန့်ယောက်ရှို သဘောတူလိုက်သည်။
"(၇) ရက်နေရင် မီးရှူးတိုင်မြို့တော်ကို ပြန်လာခဲ့ပါ့မယ်... အဲဒီကျရင် ဂိုဏ်းချုပ်ယဲ့ကို ဆက်သွယ်လိုက်ပါမယ်"
"(၇) ရက် ဟုတ်လား... ခင်ဗျားအိမ်ကလည်း မီးရှူးတိုင်မြို့တော်မှာလားဗျ" ယဲ့ဖုန်း တွေးတောရင်း မေးလိုက်သည်။
"ကျွန်တော့်မိသားစုက မီးရှူးတိုင်မြို့တော်က ဂုဏ်သရေရှိ 'ကျန့်မိသားစု'ပါ... တစ်ခါတလေ ကျင့်ကြံဖော် နဲ့အတူ အိမ်ပြန်ပြီး လာကြည့်လေ့ရှိတယ်... ဒီနေ့က အိမ်ပြန်လာတဲ့ရက် ဖြစ်နေလို့... ရှဲ့ကွမ် စခန်းခေါင်းဆောင်နဲ့ တိုးမိတာပေါ့... ကံကောင်းလို့ ဂိုဏ်းချုပ်ယဲ့နဲ့ တွေ့ပြီး အသက်ဘေးက လွတ်ခဲ့တာ... မဟုတ်ရင် ကျွန်တော့်ရဲ့ ပေါင် (၃၀၀) သော အဆီတွေ ပျော်ကျသွားတော့မှာဗျ"
ဒါကို ကြားတော့ ယဲ့ဖုန်း အားလုံး သဘောပေါက်သွားလေ၏။
မကြာမီ -
ယဲ့ဖုန်းသည် ဆက်သွယ်ရေး စက္ကူကြိုးကြာငှက် တစ်ကောင်ကို ကိုင်ဆောင်လျက် ဝူရွှမ်ဆောင်မှ ထွက်ခွာလာခဲ့ပါသည်။
သူ ပျောက်ကွယ်သွားပြီးနောက် ဝူရွှမ်ဆောင်ပိုင်ရှင်က မချုပ်တည်းနိုင်ဘဲ စပ်စုလိုက်၏။
"ဝမ်းကွဲအစ်ကိုကြီး... ဂိုဏ်းချုပ်ယဲ့က ရှဲ့ကွမ် စခန်းခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ တကယ် သတ်လိုက်တာလားဟင်"
"ဟုတ်တယ်... ဂိုဏ်းချုပ်ယဲ့က အရမ်း သန်မာတယ်... ဒါပေမယ့် ငါ မှတ်မိသလောက် မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း မဟုတ်သေးဘူး မဟုတ်လား" ကျန့်ယောက်ရှို မျက်နှာထား ဇဝေဇဝါ ဖြစ်နေရှာသည်။
ဝူရွှမ်ဆောင်ပိုင်ရှင်လည်း မျက်မှောင်ကြုတ်လိုက်မိ၏။
နောက်တစ်ခဏတွင် အနက်ရောင် ဝတ်ဆင်ထားသော လူတစ်ဦးသည် သရဲတစ္ဆေကဲ့သို့ ဝူရွှမ်ဆောင်ထဲသို့ ဝင်ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ စာတစ်စောင်ကို ပိုင်ရှင်ထံ ကမ်းပေးလိုက်သည်။
စာကို ဖတ်ပြီးနောက် ဝူရွှမ်ဆောင်ပိုင်ရှင်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။
"အလိုလေး..ဂိုဏ်းချုပ်ယဲ့က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့်နဲ့ ယှဉ်နိုင်တဲ့ 'ရွေးချယ်ခံရသူ' ဖြစ်နေတာကိုး... ပြီးတော့ မနက်ဖြန် မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း အဖြစ် သတ်မှတ်ခံရတော့မယ်တဲ့"
-------
ရေပေါ်ဖြူမြို့တော်၊ မြို့စားမင်း
( မြို့တော်ဝန် ) အိမ်တော်တွင် -
ကျားယွိလန်သည် ပညာငတ်မွတ်နေသော ကျောင်းသူလေး တစ်ယောက်လို သိုင်းကျမ်းတိုက်ဘေးရှိ ခန်းမဆောင်ကြီးထဲတွင် မတ်မတ်ထိုင်လျက် ဝိညာဉ်လက်ဖက်ရည် သောက်ရင်း စာဖတ်နေလေ၏။
မြို့စားမင်းအိမ်တော် သိုင်းကျမ်းတိုက်ကို အများပြည်သူ ဝင်ရောက်ခွင့် ပြုထားသည်။
သို့သော် ဤနေရာ၌ ထိုင်ဖတ်ရုံမျှဖြင့် သုံးရက်လျှင် ဝိညာဉ်ကျောက်တုံး တစ်တုံး ကျသင့်သည်။ သာမန်လူများအတွက် ဈေးကြီးသော်လည်း ချီစုစည်းခြင်း အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ သိပ်မများလှပေ။
"သြော်... ဒီလိုကိုး... ဝိညာဉ်ဆေးပင် စိုက်ပျိုးဖို့က ပြင်ဆင်စရာတွေ အများကြီး လိုတာပဲ"
ကျားယွိလန်သည် စာဖတ်ရင်း မှတ်စုစာအုပ်ထဲတွင် မှတ်စုများ ရေးမှတ်နေသည်။
ရေငတ်လာလျှင် လည်ချောင်းဝမ်းအောင် ဝိညာဉ်လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တော့ နေဝင်ရီတရော အချိန် ရောက်နေပြီ ဖြစ်၍ ဂိုဏ်းပြန်ဖို့ ပြင်လိုက်သည်။ ဂိုဏ်းအဆင့်တက်ပွဲ ပြီးမှသာ ဆက်လက် လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။
"ပြန်တော့မလို့လား... နည်းနည်းလောက် ထပ်မဖတ်တော့ဘူးလား"
သိုင်းကျမ်းတိုက်မှူး "အကြီးအကဲလျို" က ပြုံးရွှင်စွာ လျှောက်လာပြီး မေးလိုက်သည်။
"မိုးချုပ်တော့မယ်... ကျင့်ကြံဖို့ ဂိုဏ်းပြန်မှ ဖြစ်မှာပါရှင်" ကျားယွိလန် ပြုံးပြလိုက်သည်။
ကျားမိသားစု ခေါင်းဆောင်ရဲ့ သမီးဖြစ်၍ ငယ်ငယ်ကတည်းက သိုင်းကျမ်းတိုက်ကို မကြာခဏ လာခဲ့ဖူးပါသည်။
လိမ္မာရေးခြား ရှိပြီး (အဓိကကတော့ ချောမောလှပ၍ ) အကြီးအကဲလျိုရဲ့ အချစ်တော် ဖြစ်ခဲ့သည်။
"မပူပါနဲ့... ကြိုက်သလောက် ဖတ်ပါ... ဈေးလျှော့ပေးပါ့မယ်" အကြီးအကဲလျိုက ရယ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲလျို... နှုတ်ဆက်ပါတယ်ရှင်"
ကျားယွိလန် လက်ပြနှုတ်ဆက်ပြီး မြို့စားမင်းအိမ်တော်မှ ထွက်ခွာလာခဲ့လေ၏။
လမ်းအနည်းငယ် လျှောက်ပြီးနောက် အနည်းငယ် အုံ့မှိုင်းသော အသံတစ်သံ သူမ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။
"မိန်းကလေးကျား... ကျွန်တော်တို့ ပြန်ဆုံဖို့ ရေစက်ပါလာပုံရတယ် နော်”
အခန်း (၉၃) - ကျားယွိလန်၏ တွေ့ဆုံမှုနှင့် ညဘက် ကယ်ဆယ်ခြင်း
~ကျားယွိလန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်၏။
ဆံပင်ဖရိုဖရဲနှင့် မျက်လုံးများ နီရဲနေသော လီဟန်ရှောင်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် အပျော်အိမ် မှ အမျိုးသမီး နှစ်ဦးက ခြံရံထားပြီး သူက သူမကို ကောက်ကျစ်စွာ ပြုံးပြနေလေသည်။
‘ခုနက လှမ်းခေါ်လိုက်တဲ့သူက သူပဲ ဖြစ်ရမယ်။’
"လီဟန်ရှောင်... ရှင်ကိုး"
ကျားယွိလန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
ဟေးရွှမ်ဂိတ် ပျက်စီးသွားပြီ ဖြစ်ကြောင်းနှင့် လီဟန်ရှောင် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ပြီး ယခုအခါ လမ်းသရဲကျင့်ကြံသူ ဘဝ ရောက်နေကြောင်း သူမ ကြားသိထားပြီး ဖြစ်သည်။
ဟေးရွှမ်ဂိတ်ကိုလည်း လွန်ခဲ့သော ရက်အနည်းငယ်က နှင်ထုတ်လိုက်ပြီ ဖြစ်ပြီး ဂိုဏ်းပိုင်မြေကို မြို့စားမင်းအိမ်တော်က သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။ အသေးစိတ် အချက်အလက်များကိုမူ ကျားယွိလန် မသိရှိပေ။
လီဟန်ရှောင်သည် ကျားယွိလန်ကို ကြည့်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ဘေးနားရှိ အပျော်အိမ်အမျိုးသမီးများကို အတင်း တွန်းထုတ်လိုက်ပြီး လှောင်ပြောင်လိုက်လေ၏။
"မိန်းကလေးကျား... မင်း ကတ်ပြား ကောင်းကောင်း ရွေးလိုက်တာပဲ... အဆင့်နိမ့်ဂိုဏ်း တပည့်ကနေ တစ်ညတည်းနဲ့ အဆင့်မြင့်ဂိုဏ်း တပည့် ဖြစ်သွားပြီ... မင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပေးရမလား"
နှစ်ခွထွက်နေသော စကားများကို ကြားလိုက်ရသဖြင့် ကျားယွိလန်၏ လှပသော မျက်ခုံးလေးများ တွန့်သွားသည်။ သို့သော် ရေပေါ်ဖြူမြို့တော် အတွင်း ရောက်နေသည်ကို သတိရလိုက်သဖြင့် လက်ပါမည့် အစီအစဉ်ကို ထိန်းချုပ်လိုက်ရ၏။
သို့သော် နောက်တစ်ခဏတွင် လီဟန်ရှောင်သည် ရုတ်တရက် ခုန်အုပ်လာပြီး ကျားယွိလန်ကို ဖက်ရန် ကြိုးစားရင်း တဟီးဟီး ရယ်လိုက်သည်။
"ဟီးဟီး၊ မြူခိုးဂိုဏ်း ရောက်ပြီး ဘယ်လောက် တိုးတက်လာလဲ ကြည့်ရအောင်..."
"နှာဘူးကောင်... ထွက်သွားစမ်း"
ကျားယွိလန်၏ မျက်နှာထား အေးစက်သွားပြီး ခြေထောက်ဖြင့် မြေကြီးကို ဖွဖွလေး တို့လိုက်ရာ အနောက်သို့ လွင့်စဉ်သွားပြီး အကွာအဝေး တစ်ခု ယူလိုက်သည်။ ထို့နောက် သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်ပြီး "စွမ်းအင်ကျည်ဆန်" ဖြင့် ပစ်လွှတ်လိုက်လေ၏။
"ဘုန်း"
လီဟန်ရှောင်သည် ချီစုစည်းခြင်း (၅) ဆင့်မြောက် အထွတ်အထိပ် ရောက်နေသော်လည်း (၈) ဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်သော ကျားယွိလန်ကို ယှဉ်နိုင်စွမ်း မရှိချေ။ အသံအုပ်အုပ် တစ်ချက် ထွက်ပေါ်လာပြီးနောက် သူသည် စွမ်းအင်ကျည်ဆန် ထိမှန်ပြီး လွင့်စဉ်သွားကာ အဝတ်အစားများ စုတ်ပြဲကုန်လေ၏။
"ဝေါ"
လီဟန်ရှောင်သည် မြေကြီးပေါ်သို့ ပက်လက်လန် ကျသွားပြီး ခြေကားယား လက်ကားယား ဖြစ်သွားလေသည်။ အပျော်အိမ်အမျိုးသမီး နှစ်ဦးမှာ ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ် တုန်နေကြရှာသည်။
အဝေးမှ ဖြတ်သွားဖြတ်လာများသည်လည်း ဤမြင်ကွင်းကို တွေ့လိုက်ရပြီး ကျားယွိလန် (၈) ဆင့်မြောက်သို့ ရောက်ရှိနေကြောင်း သိလိုက်ရသောအခါ အံ့သြတကြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေ၏။
"နောက်တစ်ခါ ရဲတင်းကြည့်... ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး"
ကျားယွိလန်သည် နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လီဟန်ရှောင်၏ အခြေအနေကို မတော်တဆ မြင်လိုက်ရသဖြင့် မျက်နှာလေး ရဲတက်သွားပြီး 'ကပျာကယာ' ထွက်ခွာသွားလေ၏။ တွေးလေ ဒေါသထွက်လေ ဖြစ်နေသဖြင့် အိမ်ပြန်ပြီး ထမင်းစားကာ စိတ်ဖြေဖျောက်ရန် ဆုံးဖြတ်လိုက်သည်။
"ချီစုစည်းခြင်း... (၈) ဆင့်မြောက်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လီဟန်ရှောင်သည် မြေကြီးပေါ်တွင် လဲလျောင်းလျက် မျက်လုံးများ ပြူးကျယ်ကာ ကောင်းကင်ကို ငေးမောကြည့်ရှုနေမိသည်။ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်နေ၏။
နောက်ဆုံး တွေ့ခဲ့စဉ်က ကျားယွိလန်သည် (၆) ဆင့်မြောက် အထွတ်အထိပ်သာ ရှိသေးသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း (၈) ဆင့်မြောက်သို့ ရောက်ရှိသွားသည်သာမက အခြေခံအုတ်မြစ် ခိုင်မာနေသည်မှာလည်း အံ့သြဖွယ်ရာပင်။
"ဟယ်... မဖွယ်မရာကြီး"
ပွဲကြည့်ပရိသတ်များသည် မလှမ်းမကမ်းတွင် စုဝေးလာကြပြီး လီဟန်ရှောင်ကို လက်ညှိုးထိုးကာ တီးတိုး ပြောဆိုနေကြလေ၏။
"ဟာ... ငါ့အဝတ်အစားတွေ..."
လေတိုက်လိုက်သဖြင့် အေးစိမ့်သွားမှ လီဟန်ရှောင်သည် သူ၏ အဝတ်အစားများ စုတ်ပြတ်နေကြောင်း သတိထားမိလိုက်သည်။ သူသည် ချက်ချင်း ကျိန်ဆဲလိုက်လေ၏။
"ကျားယွိလန်... မင်း တွေ့မယ်..."
ကျားယွိလန် ကျားအိမ်တော်သို့ ပြန်ရောက်လာ၏။
"ဟော... သမီးလေး ပြန်လာပြီလား... ညစာ ပြင်ခိုင်းထားပြီးပြီ... မိသားစုထဲက ဦးလေးတွေလည်း လာကြလိမ့်မယ်... ဟေ... သမီးရဲ့ ကျင့်ကြံခြင်းအဆင့်က... ချီစုစည်းခြင်း (၈) ဆင့်မြောက်လား"
ကျားမိသားစု ခေါင်းဆောင် "ကျားလီအန်း"သည် ဝိညာဉ်မျက်လုံးကို အသုံးပြုလိုက်သည်။ မူလက (၇) ဆင့်မြောက် ရောက်မရောက် ကြည့်ရှုရန် ရည်ရွယ်ခဲ့သော်လည်း...
အံ့သြစရာပါလား...
(၈) ဆင့်မြောက်တဲ့လား...
ကျားလီအန်းသည် သမီးဖြစ်သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ အခြေခံအုတ်မြစ် ခိုင်မာနေကြောင်း တွေ့ရှိလိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။
"သမီး... 'ချီစုစည်းခြင်း ဆေးလုံး' သောက်ပြီးတော့... 'ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး'ပါ ထပ်သောက်လိုက်တာလား"
"ဟုတ်ပါတယ် အဖေ" ကျားယွိလန် ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းချုပ်ယဲ့ ပေးတာလား" ကျားလီအန်းက အမောတကော မေးလိုက်၏။
"ဟုတ်ကဲ့... လွန်ခဲ့တဲ့ ရက်ပိုင်းက ဂိုဏ်းချုပ်ယဲ့က ချီစုစည်းခြင်း ဆေးလုံးတွေ အများကြီး ပေးခဲ့လို့ သမီးတို့ရဲ့ အခြေခံတွေ မတည်မငြိမ် ဖြစ်နေတာ... မကြာခင်မှာပဲ သူက ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး တစ်လုံးစီ ထပ်ပေးပြီး ပြန်ထိန်းခိုင်းလိုက်တာလေ၊ အဖေ"
"တစ်ယောက် တစ်လုံး ဟုတ်လား"
ကျားလီအန်း အသက်ရှူမှားသွားလေ၏။
ဝိညာဉ်ကျောက်တုံး (၃၀) တန်ဖိုးရှိသော ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးကို ကျားမိသားစုတွင်ပင် တစ်ပုလင်းသာ ရှိပြီး ရတနာကဲ့သို့ သိမ်းဆည်းထားရသည်။
သို့သော် မြူခိုးဂိုဏ်းတွင်မူ ထိုဆေးလုံးများကို တစ်ယောက် တစ်လုံး ဖြန့်ဝေပေးနေသည်တဲ့လား...
"အဖေ စိတ်ချပါ... သမီး မြူခိုးဂိုဏ်းမှာ အဆင်ပြေပါတယ်... ဂိုဏ်းချုပ်က ဝိညာဉ်ဆေးဥယျာဉ် တည်ထောင်တော့မှာနော်... သမီးက တာဝန်ခံရှင့်" ကျားယွိလန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဘုရားရေ..."
ကျားလီအန်း အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ယခင်က သမီးဖြစ်သူ မြူခိုးဂိုဏ်းသို့ ဝင်ရောက်ခြင်းကို မိုက်မဲသည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ အလွန် မွှေးပျံ့သော ရနံ့များ ရရှိနေပြီဟု ခံစားလိုက်ရလေ၏။
"သခင်ကြီး... သတင်းထူး ရောက်လာပါတယ်ဗျ..သတင်းထူး ရောက်လာပါတယ်ဗျ"
အဘိုးအို တစ်ဦး ခန်းမဆောင်ထဲသို့ ပြေးဝင်လာပြီး မြို့စားမင်းအိမ်တော်မှ စာတစ်စောင်ကို ကိုင်ဆောင်ထားလေသည်။
"ဘာတဲ့လဲ"
ကျားလီအန်း စာကို ယူဖတ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွား၏။
"သမီး... မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း စစ်ဆေးမှုကို အောင်မြင်သွားပြီလား"
"ဟုတ်ကဲ့... အခုပဲ ပြောပြမလို့ပါ" ကျားယွိလန် ခေါင်းညိတ်လိုက်သည်။
"ဟားဟားဟား... ကောင်းကင်ဘုံက ကျားမိသားစုကို ကူညီနေတာပဲ... သတင်းဖြန့်လိုက်ကြစမ်း... ငါ့သမီး ကျားယွိလန် ချီစုစည်းခြင်း (၈) ဆင့်မြောက် ရောက်သွားပြီလို့... ဒီည အောင်ပွဲခံမယ်... ပြီးတော့ မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့အတွက် လက်ဆောင်တွေ အများကြီးနဲ့ သွားဂုဏ်ပြုကြမယ်"
ကျားလီအန်း၏ ရယ်သံကြီးသည် ကျားအိမ်တော် တစ်ခုလုံး ပျံ့နှံ့သွားပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။
ကျားယွိလန်သည် မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်ရသည်။
ရှက်စရာ ကောင်းလိုက်တာ။
သူမအဖေက ဒီလိုပါပင်... သူမကို ရတနာ တစ်ခုလို သဘောထားပြီး သတင်းနည်းနည်းရတာနှင့် ကြွားဝါတတ်လွန်း၍ သူမ အမြဲတမ်း အနေခက်ရပါသည်။
မကြာမီ ကျားမိသားစု၏ ညစာစားပွဲ စတင်လေ၏။
ဧည့်သည် အများအပြား ရောက်ရှိလာကြပြီး (၈) ဆင့်မြောက် ရောက်ရှိနေသော ကျားယွိလန်ကို အားကျစွာ ကြည့်ရှုနေကြ၏။ အထူးသဖြင့် မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်တော့မည် ဆိုသည်ကို ကြားသိလိုက်ရသောအခါ ငိုချင်လောက်အောင် မနာလို ဖြစ်သွားကြရလေ၏။
ထိပ်ဆုံးတွင် ထိုင်နေသော ကျားလီအန်းသည် ဧည့်သည်များ၏ အားကျသော မျက်နှာထားများကို ကြည့်ပြီး အလွန် ကျေနပ်နေလေသည်။
"ဒါ..ငါ့သမီးမို့လို့ ကွ... ဟားဟားဟား"
ကျားယွိလန်မှာမူ အလွန်အမင်း ရှက်ရွံ့နေပြီး အခက်တွေ့သော အပြုံးဖြင့်သာ နေလိုက်ရသည်။
စားပွဲ ပြီးဆုံးသောအခါ ကျားယွိလန်သည် အရသာရှိသော အစားအစာများကို သိုလှောင်ခါးပတ်ထဲသို့ ထည့်လိုက်ပြီး ကျားအိမ်တော်မှ ထွက်ခွာကာ လရောင်အောက်တွင် အရှေ့ဘက် မြို့တံခါးဆီသို့ အမြန် လျှောက်လှမ်းသွားလေ၏။
ခဏအကြာတွင် -
တိတ်ဆိတ်သော လမ်းကြားလေး တစ်ခု အနီး၌...
ကျားယွိလန်သည် ဝိညာဉ်စွမ်းအင် အတက်အကျ တစ်ခုကို အာရုံခံမိလိုက်သဖြင့် လမ်းကြားထဲသို့ လှမ်းကြည့်လိုက်ရာ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး မြေကြီးပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လက်ထဲမှ အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ်နေပြီး နင်းချေခံထားရသော အပင်လေး တစ်ပင်ကို ပြုစုပျိုးထောင်
ပေးနေလေ၏။
ကျားယွိလန် အံ့သြသွားသည်။ အပင်လေးသည် လျင်မြန်စွာ ပြန်လည် ရှင်သန်လာပြီး သန်စွမ်းသော အသက်စွမ်းအင်များဖြင့် မတ်မတ်ရပ်တည်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
'အံ့သြစရာကောင်းလိုက်တဲ့ စွမ်းရည်ပါလား... ငါတို့ ဝိညာဉ်ဆေးဥယျာဉ် အတွက် လိုအပ်နေတဲ့ လူမျိုးပဲ'
ကျားယွိလန် ဝမ်းသာအားရ တွေးမိလိုက်သည်။
"ဘုန်း"
ဆန်းကြယ်သော အမျိုးသမီးသည် တောမြက်ပင်လေးကို ကယ်တင်ပြီးနောက် မြေကြီးပေါ်သို့ လဲကျသွားပြီး သတိလစ်သွားလေ၏။ သူမ၏ နူးညံ့သော ခန္ဓာကိုယ် အချိုးအစားကို ကျားယွိလန်ပင် အားကျသွားရသည်။
ထိုအချိန်တွင် လမ်းကြား တစ်ဖက်ထိပ်မှ စကားပြောသံများ ထွက်ပေါ်လာ၏။
"အဲဒီကောင်မ စောက်ရမ်း ဆိုးတာကွာ... ဘယ်သူ့ကိုမှ အထိမခံဘူး... ဖောက်သည်တစ်ယောက်ရဲ့ နားရွက်ကိုတောင် ကိုက်ဖြတ်ပြီး အပျော်အိမ်ကနေ ထွက်ပြေးသွားတာ... ရှာတွေ့ပါ့မလား မသိဘူး"
"မတွေ့ရင်လည်း တခြားတစ်ယောက် ဖမ်းခေါ်သွားလိုက်မယ်ကွာ"
"ဟေး... ဟိုမှာ ကြည့်စမ်း... သူ ရှိနေတယ်"
လူမိုက်ရုပ် ပေါက်နေသော လူငယ်အချို့ လမ်းကြားထဲသို့ ဝင်ရောက်လာကြ၏။ ဆန်းကြယ်သော အမျိုးသမီးကို ဖမ်းဆီးရန် ရည်ရွယ်ထားသော်လည်း လမ်းကြားထိပ်တွင် ရပ်နေသော ကျားယွိလန်ကို တွေ့ရှိသွားကြလေ၏။
လမင်းကို တိမ်များ ဖုံးကွယ်ထားသဖြင့် လမ်းကြားထဲတွင် မှောင်မိုက်နေရာ လူငယ်များသည် ကျားယွိလန်၏ ကျော့ရှင်းသော ခန္ဓာကိုယ် အချိုးအစားကိုသာ မြင်တွေ့လိုက်ရသည်။ သူတို့၏ စိတ်ရိုင်းများ နိုးကြွလာပြီး တံတွေးမြိုချလိုက်ကြလေ၏။
"ရှယ်ပဲကွ... ရှယ်ပဲ..."
"ဟဲဟဲ... သူ့ကို ဖမ်းခေါ်သွားရင်... ငါတို့ အပျော်အိမ်ရဲ့ ထိပ်တန်း အဆွဲဆောင်နိုင်ဆုံး ဖြစ်လာမှာ သေချာတယ်"
ထိုရိုင်းစိုင်းသော စကားများကို ကြားလိုက်ရသဖြင့် ကျားယွိလန် လက်ကို ဆန့်ထုတ်လိုက်သည်။
"ငါသာ ကျင့်ကြံသူ မဟုတ်ခဲ့ရင်... ဒီည ငါ့ဘဝက နင်တို့လို တိရစ္ဆာန်တွေ လက်ထဲမှာ စိစိညက်ညက် ကြေမွသွားတော့မှာပဲ...နင်တို့... သေသင့်တယ်"
အေးစက်စွာ ပြောပြီးနောက် ကျားယွိလန်သည် "စွမ်းအင်ကျည်ဆန်" များ ပစ်လွှတ်လိုက်လေ၏။
လမင်းကြီး တိမ်တိုက်များကြားမှ ပြန်ထွက်လာပြီး လမ်းကြားကို အလင်းရောင် ပေးလိုက်သောအခါ မီးကျွမ်းနေသော အလောင်းအချို့သာ ကျန်ရစ်တော့သည်။