← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄) - စာအုပ်ထဲတွင် 'ယန်ရူယွီ' ဆိုသော မိန်းကလေး ရှိသည်

~ညဉ့်မှောင်မိုက်နေသော အချိန်တွင်...

ကျားယွိလန်သည် သတိလစ်နေသော ဆန်းကြယ်သည့် အမျိုးသမီးကို သယ်ဆောင်လျက် ပန်းရောင် ပန်းပွင့်ငှက်ပျံကြီးပေါ်သို့ တက်ကာ မြူခိုးတောင်ထိပ်သို့ ဦးတည် ပျံသန်းလိုက်လေ၏။

"ပန်းပွင့်ကြွေ မိုးစက်များ" ကို ပြီးပြည့်စုံခြင်းအဆင့် ( အထွတ်အထိပ် ) ထိ တတ်မြောက်ထားပြီးနောက် "ဒုတိယ ချီပင်လယ် - အလယ်ပိုင်း" ကို ဆက်လက် ကျင့်ကြံခဲ့သဖြင့် သူမ၏ ချီပင်လယ် ပမာဏသည် သက်တူရွယ်တူများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ စွမ်းအင်မကုန်ဘဲ မိုင် (၁၀၀) လောက်အထိ ဆက်တိုက် ပျံသန်းနိုင်ပေသည်။

မကြာမီ သူမသည် မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာ၏။

ည (၉) နာရီခန့် ရှိနေပြီ ဖြစ်သည်။ တပည့်များသည် "ဒုတိယ ချီပင်လယ် - အလယ်ပိုင်း" ကို ကျင့်ကြံပြီး၍ ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှ ထွက်လာကြစဉ် ကျားယွိလန် ပြန်ရောက်လာသည်ကို တွေ့လိုက်ကြရသည်။

"သတ္တမ ဂျူနီယာညီမလေး... ဘယ်သူ့ကို ခေါ်လာတာလဲ"

စုတ်ပြတ်နေသော သူစိမ်းတစ်ယောက်ကို ပွေ့ချီထားသည့် ကျားယွိလန်ကို မြင်လိုက်ရသဖြင့် ရှီလေ့က မေးလိုက်သည်။

"ဒီလိုပါ..."

ကျားယွိလန် ရှင်းပြလိုက်သောအခါ အမျိုးသမီး ကြုံတွေ့ခဲ့ရသော အန္တရာယ်များကို သိရှိလိုက်ရပြီး အားလုံး လက်သီးဆုပ်ကာ အပျော်အိမ်ကို ကျိန်ဆဲလိုက်ကြလေ၏။

"ဘာဖြစ်တာလဲ"

ယဲ့ဖုန်းသည် နောက်ဖေးဝင်းဘက်မှ လျှောက်လာ၏။

သူသည် မွန်းလွဲပိုင်းကတည်းက မြူခိုးတောင်ထိပ်သို့ ပြန်ရောက်နေခဲ့ခြင်း ဖြစ်သည်။ ကျားယွိလန် ပြန်မရောက်သေးသဖြင့် ဝိညာဉ်ဆေးပင် မျိုးစေ့များကို စနစ်သိုလှောင်ခန်းထဲတွင် ယာယီ သိမ်းဆည်းထားလိုက်ရသည်။

"ယွိလန်... မင်းက မြို့စားမင်းအိမ်တော် သိုင်းကျမ်းတိုက်မှာ စာဖတ်နေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ကောင်မလေး တစ်ယောက် ပါလာတာလဲ... ဒါ ဒဏ္ဍာရီထဲက 'စာအုပ်ထဲက ယန်ရူယွီ' များလား" ဟု ယဲ့ဖုန်းက နောက်ပြောင်လိုက်သည်။

ထိုအခါ၊ ကျားယွိလန်သည် အမျိုးသမီးနှင့် တွေ့ဆုံပုံကို ပြန်လည် ပြောပြလိုက်၏။

သေမလို ဖြစ်နေသော မြက်ပင်ကို ပြန်လည် ရှင်သန်စေနိုင်သည့် စွမ်းရည်အကြောင်း ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်လုံးများ အရောင်တောက်လာ၏။

"ဆုံးဖြတ်လိုက်ပြီ... သူ့ကို မြူခိုးဂိုဏ်း တပည့်အဖြစ် လက်ခံလိုက်မယ်"

"တကယ်လား" ကျားယွိလန် ဝမ်းသာသွားသည်။

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"ဂိုဏ်းတစ်ခုမှာ လူနည်းနည်းလေးပဲ ရှိနေလို့ ဘယ်ဖြစ်မလဲကွ... တပည့်သစ်တွေ ဆက်လက် ခေါ်ယူရမှာပေါ့... ဒါပေမယ့် မြူခိုးဂိုဏ်းက အရေအတွက်ကို ဂရုမစိုက်ဘူး... အရေးအကြီးဆုံးက စိတ်ဓာတ်ပဲ... ပါရမီနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဒုတိယပဲ"

"ဒါဆို သူ့ကို သန့်ရှင်းရေး လုပ်ပေးပြီး အဝတ်အစား လဲပေးလိုက်ဦးမယ်နော်... နိုးလာမှ ဆက်ပြောကြတာပေါ့"

ကျားယွိလန်သည် ဆန်းကြယ်သော အမျိုးသမီးကို ပွေ့ချီပြီး ဧည့်ခန်းဘက်သို့ ထွက်ခွာရန် ပြင်လိုက်သည်။

"အဟွတ် အဟွတ်..."

ရုတ်တရက် အမျိုးသမီး ချောင်းဆိုးလာပြီး မျက်တောင်ရှည်ကြီးများ လှုပ်ခါသွားကာ ကြည်လင်တောက်ပသော မျက်လုံးများကို ဖွင့်လိုက်၏။ သူမသည် အလိုအလျောက် ရုန်းကန်ရန် ကြိုးစားလိုက်သည်။

သို့သော် ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ဝိညာဉ်ထဲမှ နက်ရှိုင်းသော ရင်းနှီးမှုနှင့် နီးစပ်မှု တစ်ခုကို ခံစားလိုက်ရပြီး သူမတို့ နှစ်ဦးကြားတွင် ရေစက်တစ်ခု ရှိနေသကဲ့သို့ ဖြစ်သွားလေသည်။ သူမက အားနည်းစွာ မေးလိုက်၏။

"ဒါ ဘယ်နေရာလဲဟင်"

"ဒါက မြူခိုးတောင်ထိပ် ပါ... ငါတို့ မြူခိုးဂိုဏ်းရဲ့ အခြေစိုက်စခန်းပေါ့... ဒီမှာဆိုရင် လုံခြုံပါတယ်နော်" ကျားယွိလန်က ဖြေလိုက်သည်။

"ကျွန်မ ဘာလို့ ဒီရောက်နေတာလဲ"

"လမ်းကြားထဲမှာ သတိလစ်နေလို့ ကယ်လာတာပါ"

ကျားယွိလန်သည် အပျော်အိမ်မှ လူများအကြောင်း ထည့်မပြောတော့ပေ။

"ရေ... ရေဆာတယ်"

ကျားယွိလန်သည် အမျိုးသမီးကို တွဲထူပြီး ဝိညာဉ်စမ်းရေတွင်း နားသို့ ခေါ်ဆောင်သွားပေးလိုက်သည်။

အမျိုးသမီးသည် ဝိညာဉ်စမ်းရေကို တစ်ငုံ သောက်လိုက်သည်နှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာသည် ပန်းရောင်သမ်းလာပြီး အားအင်များ ပြန်လည် ရရှိလာသကဲ့သို့ ဖြစ်သွားလေ၏။ သူမသည် ရေကို အငမ်းမရ သောက်သုံးလိုက်ရာ ဘေးမှ ကြည့်နေသူများပင် အံ့သြသွားကြရသည်။

ခဏအကြာတွင် အမျိုးသမီးသည် မတ်တတ်ထရပ်လိုက်ပြီး ပြားကပ်နေဆဲ ဖြစ်သော ဗိုက်ကို ပုတ်လျက် ကျေနပ်စွာ ပြောလိုက်၏။

"ဗိုက်ဝသွားပြီ"

"ရေသောက်ရုံနဲ့ ဗိုက်ဝတဲ့လူ တစ်ခါမှ မမြင်ဖူးဘူး" အိုးယန်ယွီ အံ့သြတကြီး ပြောလိုက်သည်။

ယခုအချိန်တွင် အမျိုးသမီး၏ အဝတ်အစားများ စုတ်ပြတ်နေဆဲ ဖြစ်သော်လည်း သူမသည် တက်ကြွလန်းဆန်းနေပြီး ထူးခြားသော အလှတရား တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

လူအုပ်ကြီးသည် အခွင့်အရေးယူပြီး သူမ၏ မျက်နှာကို သေချာ ကြည့်ရှုလိုက်ကြ၏။

မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို ကြည့်လျှင် သိပ်မလှသော်လည်း စုပေါင်းလိုက်သောအခါ အလွန် ဆွဲဆောင်မှု ရှိနေသည်။

ကျားယွိလန်၏ အလှကို (၉၅) မှတ် ပေးနိုင်လျှင် ဤအမျိုးသမီးသည် (၈၅) မှတ် သေချာပေါက် ရနိုင်ပေသည်။ ထို့အပြင် ကြည့်လေ ကြည့်မဝလေ ဖြစ်ပြီး ကလေးနာမည် ဘယ်လိုပေးရမလဲ ဆိုတာကိုတောင် စဉ်းစားမိသွားစေနိုင်သော အလှမျိုး ဖြစ်သည်။

ယဲ့ဖုန်းသည် အမျိုးသမီးကို ထူးဆန်းသည်ဟု ခံစားရ၏။ မျက်နှာကို မမြင်ဖူးသော်လည်း တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ ခံစားနေရသည်။

"မင်း နာမည် ဘယ်သူလဲ" ယဲ့ဖုန်း မေးလိုက်သည်။

"နာမည်... အဲဒါ ဘာလဲ... စားလို့ရလား"

အမျိုးသမီးသည် မျက်တောင်ခတ်ပြီး ဘာမှ မသိနားမလည်သော ကလေးငယ် တစ်ယောက်လို မေးလိုက်၏။

ယဲ့ဖုန်းသည် သူမ၏ ဇာစ်မြစ်ကို မေးမြန်းရန် ပြင်လိုက်သော်လည်း ဂိုဏ်းသားအဖြစ် အရင် လက်ခံလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးမိလိုက်သည်။ ထိုသို့ဆိုလျှင် စနစ်မှ တဆင့် သူမ၏ အချက်အလက်များကို တိုက်ရိုက် သိရှိနိုင်မည် မဟုတ်ပါလော။

"ငါ့ဂိုဏ်းကို ဝင်ချင်လား"

မြူခိုးဂိုဏ်း အဆင့်မြင့်သွားပြီးကတည်းက လက်ခံနိုင်သော တပည့်အရေအတွက်သည် [၁၀/၂၅] သို့ ပြောင်းလဲသွားကြောင်း ယဲ့ဖုန်း တွေ့ရှိခဲ့ရသည်။

(၁၅) ယောက်သာ တိုးလာသည်မှာ နည်းပါးလွန်းသော်လည်း မြူခိုးတောင်ထိပ်၏ အရွယ်အစားနှင့် ယှဉ်လျှင် (၂၅) ယောက် ဆိုသည်မှာ မဆိုးလှပေ။ လူအများကြီး တစ်ပြိုင်နက် လက်ခံရန် နေရာမလုံလောက်နိုင်ချေ။

ထို့အပြင် စနစ်၏ လုပ်ဆောင်ပုံအရ မသမာသော ရည်ရွယ်ချက် ရှိသူများကို ဖယ်ထုတ်ပေးမည် ဖြစ်ကြောင်း ယဲ့ဖုန်း သိထားသည်။

ထို့ကြောင့် တပည့်သစ် ခေါ်ယူခြင်းကို ဖြည်းဖြည်းချင်း လုပ်ဆောင်ရပေမည်။

"ဒီရေကို နေ့တိုင်း သောက်လို့ ရမလား"

အမျိုးသမီးသည် လက်ချောင်းများကို တင်းတင်းဆုပ်ထားပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ရတာပေါ့... ကြိုက်သလောက် သောက်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

အမျိုးသမီးသည် ရင်းနှီးနေသော ယဲ့ဖုန်းကို ကြည့်ပြီး "ဟုတ်ကဲ့" ဟု ဖြေကြားကာ မြူခိုးဂိုဏ်းသို့ ဝင်ရောက်ရန် သဘောတူလိုက်လေသည်။

"ကောင်းပြီ... လိုက်ခဲ့ပါ"

ယဲ့ဖုန်းသည် အားလုံးကို ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားပြီး အဓိက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ စာရင်းသွင်းစာအုပ်ကို ထုတ်ယူလိုက်လေသည်။

"မင်းမှာ နာမည်မရှိတော့... ငါ ပေးမယ်လေ... ဘယ်လိုလဲ" ယဲ့ဖုန်း စုတ်တံကို ကိုင်ရင်း မေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

အမျိုးသမီးက နာမည်ဆိုတာ ဘာမှန်းမသိပေမယ့် ခေါင်းညိတ်လိုက်၏။

"ယွိလန်က စာဖတ်ဖို့ သွားရင်း တွေ့ခဲ့တာဆိုတော့... 'ယန်ရူယွီ' လို့ နာမည်ပေးလိုက်မယ်"

ယဲ့ဖုန်းသည် တစ်ကိုယ်တည်း ရေရွတ်ရင်း ယန်ရူယွီ ဟူသော အမည်ကို စာရင်းထဲတွင် ရေးသွင်းလိုက်လေ၏။

[ Yan Ruyu ဆိုတာက "စာအုပ်တွေထဲမှာ ကျောက်စိမ်းလို လှတဲ့ မိန်းမပျို (Yan Ruyu) ရှိတယ်" (书中自有颜如玉) ဆိုတဲ့ ရှေးကဗျာထဲက စာသားကို ယူထားတာပါ။ စာဖတ်ရင်၊ ပညာတတ်ရင် မိန်းမလှလေးတွေ ရနိုင်တယ် ဆိုတဲ့ သဘောပေါ့။ ဒီမှာလည်း စာဖတ်ဖို့ သွားရင်း ကောက်ရလာတာဆိုတော့ "စာအုပ်ထဲက မိန်းမလှလေး" ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီနာမည် ပေးလိုက်တာပါပဲ။ ]

နောက်တစ်ခဏတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။

[တီ.. စာရင်းသွင်း တပည့် 'ယန်ရူယွီ' ကို လက်ခံလိုက်ပါပြီ... အဆင့်မြင့် အဆင့် ပါရမီ... ကျင့်ကြံခြင်းအဆင့် မရှိသေးပါ... မွေးရာပါ 'အသက်ဝိညာဉ် ခန္ဓာကိုယ်' ပိုင်ဆိုင်ထားပြီး... မိမိအဆင့်ထက် အဆတစ်ရာကျော် ပိုမိုများပြားသော ဝိညာဉ်စွမ်းအင်များကို သိုလှောင်ထားနိုင်သည်... ကုသခြင်း နှင့် ကြီးထွားခြင်း စွမ်းရည်များ ပါရှိသည်... အစာစားရန် မလိုအပ်ဘဲ ဝိညာဉ်စွမ်းအင် ဖြည့်တင်းရုံဖြင့် ဗိုက်ဝနိုင်သည်]

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း လန့်ဖျပ်သွားပြီး စုတ်တံ လွတ်ကျမလို ဖြစ်သွားလေ၏။

'သေစမ်း... စနစ်က တော်တော် သဘောကောင်းတာပဲ... ငါ့တပည့်သစ်က ဒီလောက် စွမ်းတာလား... ကြီးထွားခြင်း နဲ့ ကုသခြင်း စွမ်းရည်တွေတဲ့... မြူခိုးဂိုဏ်းမှာ နောက်ဆုံးတော့ ကုသပေးနိုင်သူ တစ်ယောက် ရောက်လာပြီပဲ'

ယဲ့ဖုန်းသည် ယန်ရူယွီကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ ရုပ်ရည်သည် အမှန်တကယ်ပင် "ကုသပေးနိုင်သူ" နှင့် တူကြောင်း တွေးမိလိုက်သည်။ အနည်းဆုံးတော့ အဆင့်အတန်း မြင့်မားပုံ ပေါက်ပေသည်။

စနစ်က ဘာမှ ပြန်မပြောပါ။

"စနစ်... ဘာလို့ ယန်ရူယွီကို ရင်းနှီးနေသလို ခံစားရတာလဲ" ယဲ့ဖုန်း စိတ်ထဲမှ မေးလိုက်သည်။

[ခွဲခြမ်းစိတ်ဖြာချက်အရ... ယန်ရူယွီဟာ 'ဓာတ်ငါးပါး ဝိညာဉ်ပုလဲ' ရဲ့ ပိုင်ရှင်ဟောင်း ပြန်လည်ဝင်စားသူ ဖြစ်ပါတယ်... အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မွေးဖွားပြီး မကြာမီမှာပဲ ယခင်ဘဝ အမှတ်တရတွေကို ထာဝရ ဆုံးရှုံးခဲ့ရပြီး... အသက်ဝိညာဉ် ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းတုန်းက ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲသွားခဲ့ပါတယ်... အရင်ဘဝနဲ့ ဘယ်လိုမှ မသက်ဆိုင်တော့ပါ]

"သူ.. ဖြစ်နေတာကိုး"

ယဲ့ဖုန်း၏ စိတ်ထဲတွင် မုန်တိုင်းထန်သကဲ့သို့ ဖြစ်သွားလေ၏။

ယန်ရူယွီကို ပြန်ကြည့်လိုက်သောအခါ သူမသည် ခေါင်းလေးစောင်းလျက် စူးစမ်းလိုစိတ် ပြင်းပြသော မျက်နှာထားဖြင့် သူ့ကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တပည့်များသည် ယဲ့ဖုန်း၏ မျက်နှာ အရောင်အမျိုးမျိုး ပြောင်းလဲနေသည်ကို သတိထားမိလိုက်ကြပြီး လေထဲတွင် တစ်စုံတစ်ခုနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေသကဲ့သို့ ထင်မှတ်ကာ နားမလည်နိုင် ဖြစ်နေကြလေ၏။

"ဂလု..."

ထိုအချိန်တွင် ယဲ့ဖုန်း၏ ဗိုက်ထဲမှ အသံမြည်လာပြီး အခြား တပည့်များ၏ ဗိုက်များလည်း လိုက်လံ မြည်တမ်းလာကြလေသည်။

ဉာဏ်ကောင်းသော ယဲ့ဖုန်းသည် ချက်ချင်း ပြောလိုက်၏။

"တွေ့လား... ငါတစ်ယောက်တည်း ဗိုက်ဆာနေတာ မဟုတ်ဘူး"

ဒါကို ကြားတော့ တပည့်တွေက ယဲ့ဖုန်း မျက်နှာ အရောင်ပြောင်းတာ ဗိုက်ဆာ၍ ဖြစ်မည်ဟု ထင်မှတ်လိုက်ကြပြီး ဘာမှ ဆက်မတွေးတော့ပါ။

ကျားယွိလန်က အခွင့်အရေးယူပြီး ပြောလိုက်၏။

"ဒီနေ့ အိမ်ပြန်တုန်းက အားလုံးအတွက် အရသာရှိတဲ့ အစားအစာတွေ အများကြီး ထုပ်လာခဲ့တယပါတယ်"

ပြောပြီးသည်နှင့် သူမသည် သိုလှောင်ခါးပတ်ထဲမှ စားပွဲတစ်ပွဲစာ အစားအစာများကို အမြန် ထုတ်ယူလိုက်လေ၏။

ယဲ့ဖုန်းသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး စနစ်သိုလှောင်ခန်းထဲမှ ပန်းကန်နှင့် တူကို ထုတ်ယူလိုက်သည်။

"ဟဲဟဲ... ငါ အရင် စားမယ်"

"ဟာ... ဂိုဏ်းချုပ်က သူခိုးပဲ"

"မီးဖိုချောင်ကို ပြေးပြီး ပန်းကန် သွားယူလိုက်ဦးမယ်"

"ငါကတော့ လက်နဲ့ပဲ စားလိုက်တော့မယ်"

တချို့က မီးဖိုချောင်ကို ပြေးကြ၊ တချို့က ပန်းကန်လိုက် မကြ၊ လုယက်စားသောက်နေကြတာ ကြည့်ရတာ တော်တော် ပျော်စရာ ကောင်းနေပါ၏။

ဒီမြင်ကွင်းကို ကြည့်ပြီး ယန်ရူယွီက ကြောင်တောင်တောင် ပြုံးလိုက်သည်။

သူမရဲ့ အပြုံးမှာ အကန့်အသတ်မရှိတဲ့ နူးညံ့မှုတွေ ပါဝင်နေပြီး... တပည့်တွေရဲ့ ရင်ထဲမှာ ထူးခြားသော ခံစားမှု တစ်ခု ဖြစ်ပေါ်လာစေလေ၏။

ဆောင်းတွင်း၏ မြူခိုးတွေ ကင်းစင်သွားပြီး နွေဦး၏ နေရောင်ခြည်အောက်မှာ ပန်းတွေ ပွင့်လန်းလာသလိုမျိုးတည်း။

အခန်း (၉၅) - ကြောက်မက်ဖွယ်ရာ ပါရမီနှင့် မျက်ရည်မထွက်သော ငိုကြွေးခြင်း

~"တကယ့်ကို စိတ်ကို ကုစားပေးနိုင်တဲ့ အပြုံးလေးပဲ..."

မိုယင်သည်လည်း အစားအသောက် လုယက်စားသောက်နေသော်လည်း သူမ၏ လှုပ်ရှားမှုများသည် သပ်ရပ်ကျနပြီး ထိရောက်မှု ရှိနေ၏။ ဓားသမားတစ်ဦး၏ ထူးခြားသော ဟန်ပန်နှင့် ကျက်သရေကို ဖော်ဆောင်နေသည်။ သူမ၏ အကြည့်သည် မတော်တဆ ယန်ရူယွီ၏ အပြုံးဆီသို့ ရောက်သွားပြီး စိတ်ထဲတွင် ကြည်နူးသွားမိလေသည်။

"ရူယွီ... မစားဘူးလား"

ကျားယွိလန်က စားပြီးပြီ ဖြစ်သဖြင့် အစားအသောက် လုပွဲတွင် မပါဝင်တော့ဘဲ မေးလိုက်သည်။

ယန်ရူယွီသည် အငမ်းမရ စားသောက်နေကြသော ဂိုဏ်းတူများကို ကြည့်ရှုပြီး ခေါင်းခါလိုက်သည်။ စားပွဲပေါ်ရှိ ရေခွက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"ရေသောက်လိုက်ရင် ရပြီ"

လုံထျန်းရှင်း ခေါင်းမော့လာပြီး အော်ဟစ်လိုက်သည်။

"ဒီလောက် လွယ်လွယ်နဲ့ ပြည့်စုံသွားရောလား"

ယဲ့ဖုန်းသည် လုံထျန်းရှင်း၏ ခေါင်းကို ဖြည်းညှင်းစွာ ရိုက်လိုက်ပြီး ရှင်းပြလိုက်သည်။

"ဝိညာဉ်စွမ်းအင် ပါဝင်တဲ့ ရေ ဖြစ်ရမယ်... ဘာလို့လဲဆိုတော့ ရူယွီမှာ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိလို့ပဲ... မင်းတို့နဲ့ လုံးဝ မတူဘူး"

"ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ..."

တပည့်များ၏ အစာခပ်နေသော လက်များ တောင့်တင်းသွားကြ၏။

ယဲ့ဖုန်းသည် အားလုံးကို ကြည့်လိုက်ပြီး ယန်ရူယွီ၏ “နို့ထိန်း” သွင်ပြင်လက္ခဏာကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း ခံစားလိုက်ရသည်။ ထို့အပြင် တပည့်များ အားလုံးသည် ယုံကြည်စိတ်ချရသူများ ဖြစ်ကြပါသည်။

[ ဒီမှာ သုံးထားတဲ့ "နို့ထိန်း" ဆိုတာက တရုတ်လို "Nǎi mā" (奶妈) ပါ။ မူရင်းအဓိပ္ပာယ်က "နို့ထိန်း" ဖြစ်ပေမယ့် ဂိမ်းလောကမှာတော့ ကိုယ့်အဖွဲ့သားတွေကို သွေးပြန်ဖြည့်ပေးတဲ့ Healer (Support တဲ့ သူ) တွေကို ခေါ်တဲ့ Slang ပါပဲ။ မိခင်က ကလေးကို နို့တိုက်သလိုမျိုး ကိုယ့်လူတွေကို သွေးဖြည့်ပေး၊ အားဖြည့်ပေးလို့ ကမ္ဘာ ကူးပြောင်းလာသူ ယဲ့ဖုန်းက ဒီလို တင်စားခေါ်တာပါ။ ဒီဇာတ်လမ်းမှာ ရူယွီက သူများကို ကုသပေးနိုင်တဲ့၊ အားဖြည့်ပေးနိုင်တဲ့ စွမ်းအင်ရှိသူမို့လို့ "နို့ထိန်း"လို့ သုံးနှုန်းထားတာ ဖြစ်ပါတယ်။ ]

"ရူယွီရဲ့ ခန္ဓာကိုယ်က အရမ်း ထူးခြားတယ်... ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးနိုင်သလို... ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်တယ်... ဝိညာဉ်စွမ်းအင် ဖြည့်တင်းလိုက်ရုံနဲ့ အသက်စွမ်းအားတွေ ပြည့်လျှံလာပြီး... မင်းတို့နဲ့ လုံးဝ ကွာခြားတယ်"

"ဝိညာဉ်ဆေးပင် စိုက်ပျိုးခြင်း" ပါရမီအကြောင်း ကြားလိုက်ရသောအခါ ကျားယွိလန်၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အပြုံး တစ်ခု ပေါ်လာလေ၏။

ဘာပဲဖြစ်ဖြစ် ယန်ရူယွီက သူမ ရှာဖွေတွေ့ရှိခဲ့သော ပါရမီရှင် မဟုတ်ပါလော။

အခြား တပည့်များကမူ "ကုသခြင်း" စွမ်းရည်ကိုသာ အာရုံစိုက်နေကြပြီး ယန်ရူယွီကို ပြန်ကြည့်လိုက်သောအခါ သူမသည် ယခင်ကထက် ပို၍ မျက်စိပသာဒ ဖြစ်လာသကဲ့သို့ ခံစားလိုက်ကြရသည်။

"ကုသခြင်း ပါရမီက အရမ်း အရေးကြီးတယ်"

"ဒီလို ကျင့်ကြံသူမျိုးကို ဘယ်လို ခေါ်သင့်လဲ"

တပည့်များသည် အစားအသောက်ကို ဂရုမစိုက်နိုင်တော့ဘဲ ဆွေးနွေးငြင်းခုံနေကြလေ၏။

ယဲ့ဖုန်း ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။

"ရူယွီလို ကုသနိုင်ပြီး ကျင့်ကြံနိုင်တဲ့သူကို... ငါတို့... 'နို့ထိန်း' လို့ ခေါ်ကြတာပေါ့"

"နို့ထိန်း ဟုတ်လား..."

တပည့်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားကြ၏။

ရိုးသားဖြူစင်သော စိတ်ထားရှိသည့် ယန်ရူယွီသည် အခြားသူများ၏ မျက်နှာထားများကို ကြည့်ပြီး စူးစမ်းလိုစိတ် ပြင်းပြလာကာ မျက်တောင်ခတ်ရင်း မေးလိုက်၏။

"ကျွန်မ နာမည်က ယန်ရူယွီ မဟုတ်ဘူးလား... ဘာလို့ အခု နို့ထိန်း ဖြစ်သွားတာလဲ"

"နို့ထိန်း ဆိုတာက မင်းရဲ့ နာမည်ပြောင်လေ... ဥပမာ... ငါ့နာမည်က ယဲ့ဖုန်း... ငါ့နာမည်ပြောင်က မြူခိုးဂိုဏ်း ဂိုဏ်းချုပ်... ပြီးတော့ မင်းရဲ့ ဂိုဏ်းချုပ်လည်း ဟုတ်တယ်" ယဲ့ဖုန်း ရှင်းပြလိုက်သည်။

စနစ်၏ အသိပေးချက်အရ ယန်ရူယွီ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုသည် ကလေးတစ်ယောက် အဆင့်တွင်သာ ရှိသေးသော်လည်း အသက်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသဖြင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားပြီး အရာရာကို လျင်မြန်စွာ သင်ယူနိုင်ကြောင်း ယဲ့ဖုန်း သိထားသည်။

"သြော်..."

ယန်ရူယွီ နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

"ကဲ... ဆက်စားကြတော့"

ယဲ့ဖုန်းသည် ပန်းကန်ပြား တစ်ချပ်လုံးရှိ အစားအစာများကို သူ့ပန်းကန်လုံးထဲသို့ အမြန် လောင်းထည့်လိုက်ရာ တပည့်များအကြား "ဆူညံသံ" များ ထွက်ပေါ်လာပြီး အစားအသောက် လုပွဲ အသစ်တစ်ဖန် ပြန်စတင်လေတော့သည်။

စားသောက်ပြီးနောက် ယဲ့ဖုန်းသည် အိုးယန်ယွီီ၏ အခန်းဘေးရှိ ဧည့်သည်အခန်းကို ယန်ရူယွီ၏ အခန်းအဖြစ် ပြောင်းလဲပေးလိုက်ပြီး အဝတ်အစားသစ်များ ပေးလိုက်လေသည်။

ရေချိုးပြီး အဝတ်အစားသစ် လဲလှယ်လိုက်သောအခါ ယန်ရူယွီသည် ပိုမို နူးညံ့သိမ်မွေ့ပြီး အေးချမ်းသွားကာ နွေဦးပေါက်ရာသီ၏ နွေးထွေးမှုမျိုး ပေးစွမ်းနေလေ၏။

ယန်ရူယွီ နောက်ဖေးဝင်းထဲသို့ ဝင်ရောက်လာသောအခါ အစ်ကိုကြီး ခေါင်းပြားသည် ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်နေပြီး သူမ၏ အနံ့ကို ရှူရှိုက်ကာ ပျော်ရွှင်စွာ ပြေးလွှားနေလေ၏။

"ဒီ ကြာပန်းလေးက သိပ်လှတာပဲ"

ယန်ရူယွီသည် ဝိညာဉ်စမ်းရေတွင်း နားသို့ ကပ်သွားပြီး သန့်စင်ခြင်း ကြာစိမ်းအပေါ် လက်နှစ်ဖက် တင်လိုက်ကာ နူးညံ့သော အလင်းရောင်များ ထုတ်လွှတ်လိုက်လေသည်။

သန့်စင်ခြင်း ကြာစိမ်းသည် မျက်စိရှေ့မှာပင် တရိပ်ရိပ် ကြီးထွားလာပြီး ထိပ်ဖျားတွင် လက်မအရွယ်အစားခန့် ရှိသော ပန်းဖူးလေး တစ်ဖူး ထွက်ပေါ်လာလေ၏။

သို့သော် ယန်ရူယွီလည်း အလွန်အကျွံ စွမ်းအင်သုံးစွဲမှုကြောင့် မူးဝေသွားသဖြင့် ကျားယွိလန်က ချက်ချင်း တွဲထူလိုက်ပြီး ဝိညာဉ်စမ်းရေ အများအပြား တိုက်ကျွေးလိုက်မှ ပြန်လည် သက်သာလာလေသည်။

"ရူယွီက ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားပေမယ့်... ကျင့်ကြံခြင်း လမ်းကြောင်းပေါ် တရားဝင် မရောက်သေးတော့... ခန္ဓာကိုယ်ထဲမှာ အသက်ဝိညာဉ် စွမ်းအား နည်းနည်းပဲ ရှိသေးတယ်... အများကြီး သုံးလို့ မရသေးဘူး"

ယဲ့ဖုန်း လျှောက်လာပြီး ပြောလိုက်သည်။

"သူ ဒီနေရာနဲ့ အသားကျသွားအောင် အရင် လွှတ်ထားလိုက်... ပြီးမှ ကျင့်ကြံခြင်း ခရီးစဉ်ကို တရားဝင် စတင်ခိုင်းမယ်"

"ဂိုဏ်းချုပ်ဦးလေး... ရူယွီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဘယ်လိုလဲဟင်" ကျားယွိလန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အဆင့်မြင့် အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ... ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားလို့ ကျင့်ကြံနှုန်းက ပိုမြန်လိမ့်မယ်... မင်းတို့အားလုံးထက် မြန်ပါတယ်" ယဲ့ဖုန်း ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ တပည့်အားလုံး အံ့သြသွားကြလေ၏။

"ကြည့်ရတာ ငါလည်း ကြိုးကြိုးစားစား ကျင့်ကြံမှ ဖြစ်တော့မယ်... မဟုတ်ရင် တစ်နေ့ကျရင် နို့ထိန်းကတောင် ငါ့ကို ကျော်တက်သွားလိမ့်မယ်"

လုံထျန်းရှင်း အသက်ရှူမှားသွားပြီး ဝိညာဉ်စမ်းရေတွင်း ဘေးတွင် ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားလေသည်။

အခြား တပည့်များလည်း ထိုနည်းလည်းကောင်း ပြုလုပ်ကြ၏။

သူတို့ ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်ကို ကြည့်ပြီး ယဲ့ဖုန်း ကျေနပ်ပီတိ ဖြစ်နေမိသည်။

မြူခိုးဂိုဏ်းတွင် ဝိညာဉ်သွေးကြော ရှိလာပြီးကတည်းက ဝိညာဉ်စမ်းရေတွင်း ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် (၁၀) ဆခန့် မြင့်တက်လာခဲ့ပြီး ဆေးလုံးများ မသုံးစွဲဘဲနှင့်ပင် ကျင့်ကြံနှုန်း ပိုမို မြန်ဆန်လာခဲ့လေသည်။

"ဂိုဏ်းချုပ်... ကျွန်မလည်း ကျင့်ကြံချင်တယ်"

တပည့်များ ဝိညာဉ်စမ်းရေတွင်း ဘေးတွင် စက်ဝိုင်းပုံစံ ထိုင်နေကြသည်ကို မြင်သောအခါ ယန်ရူယွီ စိတ်ဝင်စားသွားပြီး ပြောလိုက်သည်။

"မလောပါနဲ့" ယဲ့ဖုန်း ခေါင်းခါလိုက်၏။

"ဒါပေမယ့်... ကျင့်ကြံရတာ ပျော်စရာကောင်းမယ့် ပုံပဲ... ဟိုမှာ ကြည့်ပါလား... ရောင်စုံ အလင်းတန်းလေးတွေ သူတို့ ခန္ဓာကိုယ်ထဲ စီးဝင်နေကြတာ... စမ်းချောင်းလေးတွေလိုပဲ... ကျွန်မလည်း စမ်းကြည့်ချင်တယ်"

ယန်ရူယွီက တပည့်များကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ပျော်စရာ ဟုတ်လား..."

ယဲ့ဖုန်း လဲကျမတတ် ဖြစ်သွား၏။

ယန်ရူယွီ ဝိညာဉ်စွမ်းအင်များကို မြင်နိုင်သည်မှာ မဆန်းပေ။ သူမသည် အသက်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ပြီး သဘာဝအရ ဝိညာဉ်စွမ်းအင်နှင့် နီးစပ်သူ ဖြစ်သည် မဟုတ်ပါလော။

ဒီလိုလူမျိုးကိုမှ ပါရမီရှင်လို့ ခေါ်တာ ဖြစ်လိမ့်မည်။

"ကောင်းပြီလေ... ကျင့်ကြံနည်း သင်ပေးမယ်"

ယဲ့ဖုန်းသည် အခြေခံ ကျင့်ကြံခြင်း နည်းစနစ် "ချီငါးပါး စုစည်းခြင်း" စာအုပ်ကို ထုတ်ယူပြီး ယန်ရူယွီကို ရှင်းပြရန် ပြင်လိုက်သည်။

"သြော်... ကျွန်မ ဘယ်လို ကျင့်ကြံရမလဲ သိပြီ ထင်တယ်"

ယန်ရူယွီသည် "ချီငါးပါး စုစည်းခြင်း" စာအုပ်ထဲမှ ချီစီးဆင်းမှု ပုံစံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် တင်ပျဉ်ခွေထိုင်လိုက်သည်။ နှလုံးသားငါးခု ကောင်းကင်သို့ ညွှန်ပြသော ဟန်ပန်အား ထိန်းသိမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များသည် သူမထံသို့ ချက်ချင်း တိုးဝင်လာပြီး ရေပွေတစ်ခု ဖြစ်ပေါ်လာလေ၏။

"ဒီပါရမီက... မတရားဘူးကွာ..."

ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်ရာ ယန်ရူယွီ၏ ဝိညာဉ်စွမ်းအင် စုပ်ယူနှုန်းသည် အခြား တပည့် (၁၀) ဦး ပေါင်းစည်းထားသည်ထက်ပင် ပိုမို မြန်ဆန်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် အံ့သြမှင်သက်သွားရလေသည်။

မကြာမီ ယန်ရူယွီသည် ချီစုစည်းခြင်း ပထမအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားလေ၏။

သူမသည် မျက်လုံးဖွင့်လိုက်ပြီး ယဲ့ဖုန်းကို ဝမ်းသာအားရ ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ကျင့်ကြံရတာ တကယ် ပျော်စရာ ကောင်းတယ်နော်... အဲဒီ ရောင်စုံ အလင်းတန်းလေးတွေ ခန္ဓာကိုယ်ထဲ ဝင်လာတော့... လူက ပေါ့ပါးသွားသလိုပဲ"

"ဟုတ်လား၊ ကောင်းတာပေါ့..."

ယဲ့ဖုန်း မျက်ရည်မထွက်ဘဲ ငိုချင်သွားသည်။

ဘာဖြစ်လို့ သူကောက်ရတဲ့ တပည့်တိုင်းက ဒီလောက် စွမ်းနေရတာလဲ... သူကျတော့ ဘုရားပေးတဲ့ ခွေးစနစ်ကြီးကြောင့် ဘာမှ ကျင့်ကြံလို့ မရပေ။

‘ငါက ထာဝရ သာမန်လူပဲ ဖြစ်နေတော့မှာလား’

ယဲ့ဖုန်း သက်ပြင်းချလိုက်ပြီး တပည့်များကို ကာကွယ်ပေးရန် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူရဲကောင်းဝိညာဉ်စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်နေလိုက်၏။

နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် -

ယဲ့ဖုန်းသည် တစ်ညလုံး မအိပ်ဘဲ ဝိညာဉ်စမ်းရေတွင်း ဘေးတွင် ရပ်နေခဲ့သည်။

ယန်ရူယွီသည် ချီစုစည်းခြင်း ပထမအဆင့်မှ ပဉ္စမအဆင့်အထိ တက်လှမ်းသွားသည်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရှုခဲ့ရပြီး အံ့သြလွန်းသဖြင့် အိပ်မပျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

တပည့်များ ကျင့်ကြံခြင်း ပြီးဆုံး၍ မျက်လုံးဖွင့်လိုက်ကြသောအခါ ယန်ရူယွီသည် ပဉ္စမအဆင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ဆွံ့အသွားကြလေ၏။

နှိုင်းယှဉ်ကြည့်လိုက်လျှင် သူတို့၏ ကျင့်ကြံနှုန်းသည် လိပ်တစ်ကောင် သွားနေသကဲ့သို့ နှေးကွေးလွန်းလှပေသည်။

"ပါရမီရှင် ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မယ်"

ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သော အိုးယန်ယွီနှင့် အိုးယန်ဖုန်းတို့သည် ငိုချင်လျက်နှင့် မျက်ရည်မထွက်နိုင် ဖြစ်နေကြရှာသည်။

သူတို့သည် (၄) ဆင့်မြောက် အထွတ်အထိပ် ရောက်ရှိနေကြပြီး ဝိညာဉ်မျက်လုံး အကူအညီဖြင့် ဒီမနက်မှ (၅) ဆင့်မြောက်ကို ချိုးဖျက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယန်ရူယွီသည် တစ်ညတည်း ကျင့်ကြံရုံဖြင့် သူတို့ကို အမီလိုက်နိုင်ခဲ့လေပြီ။

"အဟမ်း... ဂိုဏ်းချုပ် ပြောခဲ့သလိုပဲ... ရူယွီက အဆင့်မြင့် အဆင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတဲ့ ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင်လေ... ကျင့်ကြံနှုန်းက အရမ်း မြန်မှာပဲ... မင်းတို့ နောက်ကျရင် အသားကျသွားမှာပါ... ဝမ်းနည်းပူဆွေးမနေကြပါနဲ့... နေ့တိုင်း ခံစားနေရရင် မောနေဦးမယ်" ယဲ့ဖုန်း ရှင်းပြလိုက်သည်။

ရှဟဲနှင့် ချိုကျူတို့သည်လည်း အဆင့်နိမ့်သူများ ဖြစ်ကြသဖြင့် ထိုစကားကို ကြားသောအခါ ပါးစပ်ထဲတွင် ခါးသက်သက် ဖြစ်သွားကြလေ၏။

တပည့်များ ကျင့်ကြံခြင်း ပြီးဆုံးသွားသည်ကို မြင်သောအခါ ယဲ့ဖုန်းသည် ထွက်ပေါ်လာသော နေမင်းကြီးကို ကြည့်လိုက်ပြီး မျက်နှာထား လေးနက်သွားလေသည်။

"ဒီနေ့က ငါတို့ မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း အဖြစ် တိုးမြှင့်ခံရမယ့်နေ့ပဲ... ခဏနေရင် လူတွေ အများကြီး ရောက်လာကြလိမ့်မယ်... မနက်စာ စားပြီးရင် ပြင်ဆင်ကြ... တောင်ထိပ်ကို သန့်ရှင်းရေး သေချာ လုပ်ထားကြ"

"အမိန့်တော်အတိုင်းပါ ဂိုဏ်းချုပ်"

အားလုံး လက်သီးဆုပ် ဦးညွှတ်ပြီး ပြန်ဖြေလိုက်ကြလေတော့သတည်း။

အခန်း (၉၆) - ဝိညာဉ်ဆေးဥယျာဉ် အစပျိုးခြင်းနှင့် ရှောင်ဖန်ကူ၏ အံ့သြမှု

~တပည့်များ မြူခိုးတောင်ထိပ်ကို သန့်ရှင်းရေး လုပ်နေစဉ်အတွင်း ယဲ့ဖုန်းသည် ယန်ရူယွီ၊ ကျားယွိလန် တို့နှင့်အတူ ဧည့်သည်အခန်း တစ်ခန်းထဲသို့ ဝင်ရောက်လာခဲ့လေ၏။

"ဒါတွေက ဝိညာဉ်ဆေးပင် မျိုးစေ့တွေ... 'ဝိညာဉ်စုစည်းခြင်း ပန်း'၊ 'သက်စောင့် မြက်' အပါအဝင်... စုစုပေါင်း (၁၀) မျိုး၊ တစ်မျိုးကို အစေ့ (၁၀၀) စီ ပါတယ်။ ပြီးတော့ 'ကျောက်စိမ်း ဝိညာဉ်မြက်' လည်း ပါသေးတယ်။ ဒါက ဝိညာဉ်ဆေးဥယျာဉ်ရဲ့ ကနဦး အခြေခံအုတ်မြစ်ပဲ"

ယဲ့ဖုန်းသည် ဝူရွှမ်ဆောင်မှ ဝယ်ယူလာခဲ့သော မျိုးစေ့များကို ထုတ်ယူပြသလိုက်သည်။

သူသည် အလျား (၂) မီတာ၊ အနံ (၁) မီတာခန့် ရှိသော စားပွဲရှည်ကြီး တစ်လုံးကို ဧည့်သည်အခန်းထဲတွင် နေရာချလိုက်သည်။ စားပွဲဘေးပတ်လည်တွင် တစ်ပေခန့် မြင့်သော လက်ရန်းများ တပ်ဆင်ထားပြီး ရောင်စုံ သဲနုများဖြင့် ဖြည့်တင်းထားကာ နံရံလေးဖက်ကို ရေလုံအောင် ပြုလုပ်ထားလေ၏။

"ဒါက 'ဝိညာဉ်သဲ' ပဲ... ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့ သီးသန့် သုံးတာ... ဂိုဏ်းချုပ် ဘယ်က ရလာတာလဲဟင်" ကျားယွိလန်က မေးလိုက်သည်။

ယဲ့ဖုန်း ပြုံးလိုက်၏။

"မြို့စားမင်းအိမ်တော် သိုင်းကျမ်းတိုက်မှာ လေ့လာခဲ့တာ တကယ် ထိရောက်သားပဲ... ဒါ ဝိညာဉ်သဲ ဆိုတာကို သိနေတယ်... ဒီနေ့က စပြီး ဒီအိပ်ခန်းကို ဝိညာဉ်ဆေးဥယျာဉ် အဖြစ် ယာယီ သတ်မှတ်လိုက်မယ်... ဝိညာဉ်ဆေးပင် စိုက်ပျိုးဖို့ သီးသန့် သုံးမယ်"

"ဂိုဏ်းချုပ်ရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်"

ကျားယွိလန်သည် မျိုးစေ့ (၁၁) မျိုးထဲမှ တစ်မျိုးလျှင် (၁၀) စေ့စီ ယူလိုက်ပြီး ဝိညာဉ်သဲခင်းထဲတွင် ကျင်းငယ်လေးများ တူးကာ စိုက်ပျိုးလိုက်သည်။ ထို့နောက် ဝိညာဉ်စမ်းရေတွင်းမှ ရေကို ယူဆောင်လာပြီး လောင်းပေးလိုက်လေ၏။

ဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ဝိညာဉ်စွမ်းအင် အားလုံးကို မျိုးစေ့များက စုပ်ယူနေသည်ကို ယဲ့ဖုန်း တွေ့ရှိလိုက်ရသည်။ မကြာမီ အညှောက်လေးများ သဲလွှာကို ဖောက်ထွက်လာပြီး သန်စွမ်းစွာ ကြီးထွားလာကြလေ၏။

သို့သော် ကျားယွိလန်က ဝိညာဉ်ရည် ဆက်လက် လောင်းပေးနေသော်လည်း ဆေးပင်များ၏ ကြီးထွားနှုန်းမှာ နှေးကွေးသွားသည်။ ဤနှုန်းအတိုင်းဆိုလျှင် ရင့်ကျက်လာရန် (၃) နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။

"ဝိညာဉ်ဆေးပင် စိုက်ပျိုးရတာက ဒီလိုပါပဲ... နှေးကွေးတယ်... ရိတ်သိမ်းဖို့ နှစ်နဲ့ချီ၊ ဆယ်စုနှစ်နဲ့ချီ ကြာတတ်တယ်" ကျားယွိလန် ညည်းတွားလိုက်သည်။

"ကျွန်မ မြန်ဆန်အောင် လုပ်ပေးမယ်"

ယန်ရူယွီ ရှေ့တိုးလာပြီး လက်ကမ်းပေးလိုက်၏။ သူမ၏ လက်ဖဝါးမှ အသက်ဝိညာဉ်စွမ်းအားများ စီးဆင်းသွားသောအခါ ဆေးပင်များ၏ ကြီးထွားနှုန်းသည် ရုတ်တရက် (၁၀) ဆခန့် မြင့်တက်သွားလေသည်။

"နှေးနေတုန်းပဲ... ရိတ်သိမ်းဖို့ (၃) လခွဲလောက် ကြာဦးမယ်" ကျားယွိလန် ရေရွတ်လိုက်သည်။

ယဲ့ဖုန်းသည် လက်နောက်ပစ်လျက် ဝင်ပြောလိုက်၏။

"ဒီနှုန်းက တော်တော် မြန်နေပါပြီ... ရူယွီရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်မားသေးလို့ပါ... သူ့ရဲ့ အဆင့် တိုးတက်လာတာနဲ့အမျှ... တစ်ခါ သုံးလိုက်တိုင်း ဆေးပင်တွေကို အဆ (၂၀)၊ (၃၀) လောက် ပိုမြန်အောင် လုပ်ပေးနိုင်လိမ့်မယ်... ကြာချိန်လည်း တိုးလာမှာပါ"

ယန်ရူယွီ အံ့သြသွားသည်။ "ဂိုဏ်းချုပ်... ဘယ်လို သိတာလဲ"

ယဲ့ဖုန်းက စကားမပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

'ငါ့မှာ ခွေး စနစ်ကြီး ရှိနေတာပဲ... မသိစရာလား...'

"ကဲ... ဒီ ဝိညာဉ်သဲခင်းက စမ်းသပ်ကွင်းပေါ့... နောက်ကျရင် ဝိညာဉ်သဲတွေ ထပ်ဝယ်ပြီး စိုက်ပျိုးဧရိယာ ချဲ့ထွင်ကြတာပေါ့"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဝိညာဉ်ဆေးဥယျာဉ် အခန်းမှ ထွက်ခွာသွားလေ၏။

...

ရေပေါ်ဖြူမြို့တော်...

တည်းခိုခန်းတစ်ခု၏ နောက်ဖေးဝင်းတွင်...

လူငယ်တစ်ဦးသည် ဓားသိုင်းကွက်များ လေ့ကျင့်နေလေသည်။

ဓားသွား ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဓားချီများ တုန်ခါသွားပြီး ဝင်းထဲရှိ မြက်ပင်များနှင့် သစ်ပင်များသည် ခါးလယ်မှ တိတိကျကျ ပြတ်တောက်သွားကြလေ၏။

"ဟူး... နောက်ဆုံးတော့ ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ် ရောက်ပြီ"

လူငယ်သည် ဓားကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ ခန့်ညားသော်လည်း အေးစက်သော မျက်နှာထား ပေါ်လွင်နေ၏။

ထိုအချိန်တွင် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဓားသမားတစ်ဦး ရောက်လာ၏။ ကြယ်ကဲ့သို့ တောက်ပသော မျက်လုံး၊ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးမွေးများနှင့် ဖြစ်ပြီး ပါးစပ်တွင် မြက်တစ်ပင်ကို ကိုက်ထားကာ ပေါ့ပါးလွတ်လပ်သော ပုံစံရှိလေသည်။

"ဂျူနီယာညီလေးရှောင်... မင်း တကယ် ကြိုးစားတာပဲ... ငါတို့ 'ချင်းယွင်ဂိုဏ်း' ကို ရောက်တာ မကြာသေးဘူး... ချီစုစည်းခြင်း (၅) ဆင့်ကနေ (၇) ဆင့်ထိ ရောက်လာပြီနော်"

ရှောင်ဖန်ကူ လှည့်ကြည့်လိုက်ပြီး အစိမ်းရောင် ဝတ်စုံနှင့် ဓားသမားကို ဓားဖြင့် အရိုအသေပြုလိုက်သည်။

"စီနီယာအစ်ကိုကြီးပိုင်... ခင်ဗျားလည်း စောစောထတာပဲ"

ချင်းယွင်ဂိုဏ်း တပည့် "ပိုင်မင်လု" သည် ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်လိုက်၏။

"ငါက အမြဲ စောစောထတတ်ပါတယ်... မင်းကသာ ဂိုဏ်းရောက်ကတည်းက မိုးလင်းမိုးချုပ် လေ့ကျင့်နေတာ... အကြီးအကဲရဲ့ မြေတောင်မြှောက်ပေးတာ ခံရတာ မဆန်းပါဘူး"

ရှောင်ဖန်ကူ၏ မျက်လုံးများ စူးရှသွားသည်။

"ဂိုဏ်းချုပ် ပြောခဲ့တဲ့ စကားကို ကျွန်တော် အမြဲ မှတ်ထားတယ်... ပါရမီ နဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က ကြိုးစားအားထုတ်မှု ပေါင်းစပ်လိုက်ရင်... ပိုမြန်မြန် တိုးတက်နိုင်တယ်တဲ့"

ပိုင်မင်လု ပြုံးလိုက်၏။ "ဂိုဏ်းချုပ်က စကားပြော တော်တော် ကောင်းတာပဲ"

ထိုစကားကို ကြားသောအခါ ရှောင်ဖန်ကူ မျက်လုံးများ ပြူးကျယ်သွားသည်။

"စီနီယာအစ်ကိုကြီးပိုင်... ဂိုဏ်းချုပ်ကို ဘယ်လို ပေါ့ပေါ့တန်တန် ပြောလိုက်တာလဲ... သူက ဓာတ်ကြီးငါးပါး စုစည်းခြင်း (၆) ဆင့်မြောက် ရောက်နေတဲ့သူလေ... နန်ကျန်း မြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ပဲ"

ပိုင်မင်လု ဘာမှပြန်မပြောဘဲ ပခုံးတွန့်ပြလိုက်သည်။

ထိုအချိန်တွင် ငါးရံ့ကိုယ်လုံးလေးနှင့် အမျိုးသမီးငယ် တစ်ဦး အပြင်ဘက်မှ ပြေးဝင်လာသည်။ သူမက စာတစ်စောင်ကို ကိုင်ဆောင်လျက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"ဂျူနီယာညီလေးရှောင်... နင် သိချင်မယ့် ကိစ္စတစ်ခု ရှိတယ်"

"အစ်မရှီး... ဘာကိစ္စလဲ" ရှောင်ဖန်ကူ မေးလိုက်သည်။

"ရှီးရှင်းယွီ"အမည်ရှိသော အမျိုးသမီးငယ်သည် (၁၈) နှစ်အရွယ်ခန့် ရှိပြီး ကျော့ရှင်းသော ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။ ရှောင်ဖန်ကူ ချင်းယွင်ဂိုဏ်းသို့ ရောက်ရှိလာကတည်းက သူမသည် သူ့ကို အထူး ဂရုစိုက်ခဲ့သူ ဖြစ်ပေသည်။

ရှီးရှင်းယွီက မေးလိုက်၏။

"မြူခိုးဂိုဏ်းကို မှတ်မိသေးလား"

ရှောင်ဖန်ကူ ကြောင်သွားသည်။

"အဲဒီ အဆင့်နိမ့်ဂိုဏ်းက ပျက်စီးသွားလောက်ပြီ မဟုတ်ဘူးလား... 'သွေးရောင်မြွေဂိုဏ်း' ရဲ့ စိန်ခေါ်မှုကို သူတို့ ဘယ်လို ယှဉ်နိုင်မှာလဲ... အစ်မရှီး... ဘာလို့ ရုတ်တရက် ထမေးတာလဲ"

"ဒီစာကို ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါ"

ရှီးရှင်းယွီသည် စာအိတ်ကို ဖွင့်ပေးလိုက်သည်။

စာကို ဖတ်နေရင်း ရှောင်ဖန်ကူ၏ မျက်မှောင်များ ကြုတ်သွားလေ၏။

ဖတ်လေလေ လက်များ တုန်ယင်လာလေလေ၊ ဖြစ်ပြီး မျက်ခွံများ လှုပ်ခတ်လာ၏။

"ဝုန်း"

ရှောင်ဖန်ကူသည် စာရွက်ကို လုံးချေလိုက်ပြီး မြေကြီးပေါ်သို့ ပစ်ချကာ အေးစက်စွာ ပြောလိုက်၏။

"မြူခိုးဂိုဏ်းက ရှိနေသေးတာတင် မကဘဲ... အဆင့်မြင့်ဂိုဏ်း ဖြစ်လာတော့မယ်တဲ့လား... ပြီးတော့ ဂိုဏ်းချုပ် ယဲ့ဖုန်း က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် စွမ်းအားရှိတဲ့ 'ရွေးချယ်ခံရသူ'တဲ့"

"ဒါပေမယ့်... မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်လာတော့ရော ဘာဖြစ်လဲ"

"စီနီယာ အစ်ကိုကြီး၊ စီနီယာ အစ်မကြီး... ခင်ဗျားတို့လည်း သိသားပဲ... အဆင့်မြင့်ဂိုဏ်း စစ်ဆေးမှုက တော်တော် လျော့ရဲတယ်ဆိုတာ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တစ်ယောက် ရှိရုံနဲ့ အောင်မြင်နိုင်တာပဲ... ဘာမှ အထွေအထူး မဟုတ်ပါဘူး"

ပြောရင်းဆိုရင်း ရှောင်ဖန်ကူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။

"ခင်ဗျားတို့ မသိလို့ပါ... မြူခိုးဂိုဏ်းမှာ ယဲ့ဖုန်း က လွဲရင်... တိုက်ခိုက်နိုင်စွမ်း ရှိတဲ့သူ တစ်ယောက်မှ မရှိဘူး"

ရှီးရှင်းယွီ ခေါင်းညိတ်လိုက်သည်။

"စာထဲမှာ ရေးထားတာက... ငါတို့ (၃) ယောက် ကိုးယောက်မြောက် အကြီးအကဲ နဲ့အတူ အပြင်ထွက် လေ့ကျင့်နေတယ် ဆိုတာ မြို့စားမင်းအိမ်တော်က သိသွားလို့... မြူခိုးဂိုဏ်းရဲ့ ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်တာတဲ့... ဂျူနီယာညီလေး... သွားမှာလား"

ရှောင်ဖန်ကူသည် လက်နောက်ပစ်လျက် တိမ်တွေဖုံးလွှမ်းနေသော အဝေးမှ မြူခိုးတောင်ထိပ်ကို လှမ်းမျှော်ကြည့်လိုက်၏။

"သွားမှာပေါ့... ပြီးတော့ ကျွန်တော့်ရဲ့ အင်အားကို ထုတ်ပြပြီး ဂိုဏ်းသားဟောင်းတွေကို သက်သေပြမယ်... အဆင့်မြင့်ဂိုဏ်း ဖြစ်လာရင်တောင်... ဂိုဏ်းချုပ်ကလွဲရင် ဘယ်သူမှ ကျွန်တော့် ပြိုင်ဘက် မဟုတ်ဘူး ဆိုတာကို... ဒါက သာမန်ဂိုဏ်းနဲ့ ကြယ်အဆင့် ဂိုဏ်းကြားက ကွာခြားချက်ပဲ"

ပိုင်မင်လု ရယ်လိုက်သည်။

"ဟားဟား၊ ဂျူနီယာညီလေးရှောင်ရဲ့ အင်အားနဲ့ ဆိုရင်... အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ ဖြစ်သွားမှာပေါ့ကွာ"

*

မြို့စားမင်းအိမ်တော်တွင် -

ကျိုးကျားချန်သည် "မြူခိုးဂိုဏ်း" ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ကြည့်ရှုပြီး မိုးမခရွက် ပုံသဏ္ဍာန် သင်္ကေတ (၃) ခုကို ဂရုတစိုက် တပ်ဆင်လိုက်လေ၏။

"ဟားဟား... ပြီးသွားပြီ... အခုကစပြီး မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း အဆင့်အတန်းကို တရားဝင် ရရှိသွားပြီ... ကြယ်အဆင့် ဂိုဏ်း ဖြစ်လာမယ့် လမ်းကြောင်းပေါ် စတင် လျှောက်လှမ်းနိုင်ပြီပေါ့... ဒါပေမယ့် ကြယ်အဆင့် ဂိုဏ်း ဖြစ်လာနိုင်မလား ဆိုတာတော့ မသိသေးဘူး"

ဘေးနားတွင် ဓားကို ပိုက်လျက် ရပ်နေသော ရှင်းကွမ်ရွှမ် ရယ်လိုက်သည်။

"ဂိုဏ်းချုပ်ယဲ့ လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်... သူ ရှိနေသရွေ့ မြူခိုးဂိုဏ်းက ကြယ်အဆင့် ဂိုဏ်း မကြာခင် ဖြစ်လာမှာပါ"

"ဘာလို့ အဲ့ဒီလောက် သေချာနေတာလဲ..

အစ်ကိုရှင်း" ကျိုးကျားချန် အနည်းငယ် အံ့သြသွားသည်။

ရှင်းကွမ်ရွှမ် လက်ဖြန့်ပြလိုက်၏။

"သေချာတော့ မသိပါဘူး... ဒါပေမယ့် ကျွန်တော့်ရဲ့ အာရုံခံစားမှုက ပြောနေတယ်... မြူခိုးဂိုဏ်းက ကြယ်အဆင့် ဂိုဏ်း သေချာပေါက် ဖြစ်လာလိမ့်မယ်... ကျွန်တော်တို့ လျိုယွင်ဂိုဏ်းကိုတောင် ကျော်တက်သွားနိုင်တယ်"

ဘေးနားရှိ လျိုယွင်ဂိုဏ်း တပည့် တုန်းချန် နှင့် ဖန်ဟိုင်ယွင်တို့ အသံတိုးတိုးဖြင့် သတိပေးလိုက်ကြ၏။

"အစ်ကိုရှင်း... တတိယအကြီးအကဲ ခင်ဗျားအနောက်မှာ ရောက်နေတယ်"

ရှင်းကွမ်ရွှမ် လက်ကာပြလိုက်သည်။

"ဖူး... မယုံပါဘူးကွာ... တတိယအကြီးအကဲက မနေ့ညက ငါ့ကို မခေါ်ဘဲ အပျော်အိမ်ကို တစ်ယောက်တည်း သွားတာလေ... အခုလောက်ဆို ခါးနာပြီး အိပ်ရာထဲ လဲနေလောက်ပြီ"

"သြော်... မင်း တကယ် အဲလို ထင်လား"

ရုတ်တရက်၊ အေးစက်ပြီး ပြင်းထန်သော အသံတစ်သံ အနောက်ဘက်မှ ထွက်ပေါ်လာလေ၏။

ရှင်းကွမ်ရွှမ်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ချက်ချင်းပင် ဓားစီး၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ လုရှန်ယွဲ့၏ လှောင်ပြောင်သော အကြည့်နှင့် ဆုံတွေ့လိုက်ရလေ၏။

"တတိယအကြီးအကဲ... ကျွန်တော် နောက်နေတာပါဗျာ..."

ရှင်းကွမ်ရွှမ် သနားစဖွယ် မျက်နှာထားဖြင့် ပြောလိုက်သည်။

"သောက်ပိုတွေ ...လာခဲ့စမ်း .. သေအောင် ရိုက်မယ်..."

ပြောပြီးသည်နှင့် လုရှန်ယွဲ့သည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဖိအားများကို ထုတ်လွှတ်လိုက်လေတော့သတည်း။

*

တစ်နာရီ ကြာပြီးနောက် -

ယဲ့ဖုန်းသည် အဝတ်အစားသစ် လဲလှယ်ဝတ်ဆင်လိုက်ပြီး တပည့်များကို အနောက်တွင် ရပ်စေကာ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါများကို ထိန်းချုပ်ထားလိုက်သည်။ ဂိုဏ်းတံခါးမကြီး ရှေ့ရှိ ကွက်လပ်တွင် ပြုံးရွှင်စွာ ရပ်လျက် တောင်ပေါ်သို့ တက်လာသော ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်နေလေ၏။

သူ့မျက်လုံးထဲ ပထမဆုံး ဝင်ရောက်လာသည်မှာ မျက်လုံးနှစ်ဖက်လုံး မဲပုပ်နေသော ရင်းနှီးသည့် မျက်နှာ တစ်ခုတည်း…။

"အစ်ကိုရှင်း... ခင်ဗျား မျက်လုံးတွေ ဘာဖြစ်တာလဲ... ဘာလို့ ဒီလောက် ရောင်ကိုင်းနေတာလဲ... အား... ညိုမဲစွဲနေတာပဲ... ဘယ်သူ ရိုက်လိုက်တာလဲ...အာ.. တော်တော် ကြည့်ရဆိုးနေတယ်"

ပထမဆုံး ရောက်ရှိလာသော ရှင်းကွမ်ရွှမ်ကို မြင်လိုက်ရသဖြင့် ယဲ့ဖုန်း အံ့သြတကြီး အော်ဟစ်လိုက်မိလေသည်။

ထိုစကားကို ကြားသောအခါ ရှင်းကွမ်ရွှမ် နှုတ်ခမ်းစူလိုက်ပြီး မျက်နှာထား မဲမှောင်သွားလေတော့သတည်း။

All Chapters