အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
အခန်း (၉၇) - မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်နှင့် ပါးရိုက်ခံရမှု
~ရှင်းကွမ်ရွှမ်သည် ခဏမျှ တိတ်ဆိတ်သွားပြီး မျက်လုံးကို လက်ဖြင့် အုပ်လိုက်ကာ ဗလုံးဗထွေး ပြောလိုက်၏။
"မနေ့ညက အိပ်နေရင်း မတော်တဆ ပြုတ်ကျသွားလို့ပါ"
"ခင်ဗျားက ကျင့်ကြံသူပဲ... ဘယ်လိုလုပ် ပြုတ်ကျနိုင်မှာလဲ... ပြီးတော့ မျက်လုံးနှစ်ဖက်လုံး ညီညီညာညာ ရောင်နေတာ... ရောင်တဲ့ အတိုင်းအတာတောင် တူနေသေးတယ်... သေချာပေါက် အရိုက်ခံထားရတာပဲ"
ယဲ့ဖုန်းက သံသယဖြင့် ကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ ရှင်းကွမ်ရွှမ် ပို၍ စိတ်ပျက်သွားလေ၏။
"ကျွန်တော် အရိုက်ခံရတာ မဟုတ်ပါဘူး... မနေ့ညက မြင့်တဲ့နေရာမှာ အိပ်မိလို့ပါ... (၅) ထပ်လောက် မြင့်တဲ့ ခေါင်မိုးပေါ်ကနေ ခေါင်းနဲ့ စိုက်ကျလာတာပါ... ဟေ... ဘာလို့ မြူခိုးတောင်ထိပ်မှာ မြူတွေ ဒီလောက် များနေရတာလဲ... ပြီးတော့ တောင်ထိပ် ပုံစံကလည်း ပြောင်းလဲသွားသလိုပဲ"
ထိုအခါမှသာ ရှင်းကွမ်ရွှမ်သည် မြူခိုးတောင်ထိပ်၏ ကြီးမားသော အပြောင်းအလဲများကို သတိထားမိသွားလေသည်။
သူ့အမှတ်တရထဲတွင် မြူခိုးတောင်ထိပ်သည် ပုံသဏ္ဍာန် မမှန်သော ဘဲဥပုံ ရှိပြီး မြေပြင်မှာ မညီညာပေ။ သို့သော် ယခုအခါ စက်ဝိုင်းပုံစံ ဖြစ်သွားပြီး မြေပြင်မှာလည်း ကောင်းကင်ဓားဖြင့် ပိုင်းဖြတ်ထားသကဲ့သို့ ညီညာပြန့်ပြူးနေလေသည်။
"ထူးဆန်းတယ်... ဒီနေရာက ဝိညာဉ်စွမ်းအင်တွေလည်း ပိုသိပ်သည်းလာသလိုပဲ"
ရှင်းကွမ်ရွှမ် အသက်ပြင်းပြင်း ရှူလိုက်ရာ မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စွမ်းအင်များသည် အလွန် ကြွယ်ဝနေပြီး လျိုယွင်ဂိုဏ်းနှင့်ပင် ယှဉ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
"ကျွန်တော်တို့ မြူခိုးဂိုဏ်းက သူရဲကောင်းဝိညာဉ်တွေရဲ့ အကာအကွယ်ကို ရရှိထားတာလေ... လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်... ဒါကြောင့် ဒီလိုတွေ ပြောင်းလဲသွားတာပေါ့... သူရဲကောင်းဝိညာဉ်တွေက မြူခိုးဂိုဏ်းကို အဆင့်မြင့်ဂိုဏ်း အဆင့်လောက်နဲ့ မကျေနပ်ကြဘူး ထင်တယ်... ကြယ်အဆင့် ဂိုဏ်း ဖြစ်လာအောင် ကြိုးစားစေချင်နေကြတာ"
ယဲ့ဖုန်းသည် လိမ်ညာ ပြောဆိုရာတွင် ကျွမ်းကျင်သူ ပီသစွာပင် ချောမွေ့စွာ ပြောဆိုလိုက်လေသည်။
သို့သော် သူသည် ရွေးချယ်ခံရသူ ဖြစ်သည် ဆိုသော အချက်ကို အသုံးချလိုက်သဖြင့် ရှင်းကွမ်ရွှမ် ယုံကြည်သွားလေ၏။
"ငါ ထင်သားပဲ... မြူခိုးဂိုဏ်းက အနာဂတ်မှာ ကြယ်အဆင့် ဂိုဏ်း ဖြစ်လာနိုင်တယ် ဆိုတာ... တတိယ အကြီးအကဲက မယုံဘဲနဲ့ ငါ့ကို ရိုက်သေးတယ်၊ ဟားဟားဟား" ရှင်းကွမ်ရွှမ် အားရပါးရ ရယ်လိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း အနည်းငယ် မယုံကြည်နိုင် ဖြစ်သွား၏။
ဘာပဲဖြစ်ဖြစ် လုရှန်ယွဲ့က အကြီးအကဲလေ... ဒီလောက် ကိစ္စလေးနဲ့ လက်ပါပါ့မလား။
"ပေါက်ကရတွေ... ဒီအကြီးအကဲက မင်းကို ရိုက်တာ မင်း လျှောက်ပြောလို့ကွ... ငါက မင်းမပါဘဲ အပျော်အိမ်ကို သွားတယ် ဆိုပြီး... ငါ့ဂုဏ်သိက္ခာ ကျအောင် လုပ်တာကိုး... မနေ့ညက ငါက ရည်းစားဟောင်းနဲ့ တွေ့နေတာ... မင်း ဘာမှ မသိဘဲနဲ့"
မလှမ်းမကမ်းမှ လုရှန်ယွဲ့၏ အော်ဟစ်သံ ထွက်ပေါ်လာလေ၏။
ရှင်းကွမ်ရွှမ် ကြောက်လန့်သွားပြီး ပါးစပ်ပိတ်သွားရှာသည်။
ယဲ့ဖုန်း အားရပါးရ ရယ်လိုက်မိ၏။
အကြီးအကဲကို လှောင်ပြောင်ရဲမှတော့ အရိုက်ခံရတာ နည်းတောင် နည်းသေးတယ်။
ထိုအချိန်တွင် လုရှန်ယွဲ့သည် ဒေါင်ချန်၊ ဖန်ဟိုင်ယွင် တို့နှင့်အတူ တောင်ထိပ်သို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင် အပြောင်းအလဲများကို ကြည့်ကာ အံ့သြသွားကြလေသည်။
"အံ့သြစရာ ကောင်းလိုက်တဲ့ မြူခိုးတောင်ထိပ်... ဒီလို အပြောင်းအလဲတွေ ဖြစ်လာတာ... တကယ်ကို သူရဲကောင်းဝိညာဉ်တွေရဲ့ အကာအကွယ်ကြောင့်ပဲ နေမှာ... ဂိုဏ်းချုပ်ယဲ့က တကယ့် ရွေးချယ်ခံရသူပါပဲ"
လုရှန်ယွဲ့သည် အားကျသော မျက်နှာထားဖြင့် ကြည့်ရှုနေမိသည်။
"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်ယဲ့"
"မြူခိုးဂိုဏ်းအတွက် ဂုဏ်ယူပါတယ်"
ထိုအချိန်တွင် အခြား ဂိုဏ်းချုပ်များနှင့် တပည့်များ တောင်ပေါ်သို့ တက်လာကြပြီး အဝေးမှ လှမ်းအော်ကာ ဂုဏ်ပြုစကား ဆိုကြလေ၏။
"အားလုံးကို ကျေးဇူးတင်ပါတယ်" ယဲ့ဖုန်း ပြန်လည် နှုတ်ဆက်လိုက်သည်။
လူအုပ်ကို လှမ်းကြည့်လိုက်ရာ 'တောင်ပြိုဂိုဏ်း' အပါအဝင် ဂိုဏ်းပေါင်း (၁၀) ဂိုဏ်းကျော်မှ ခေါင်းဆောင်များ ရောက်ရှိနေပြီ ဖြစ်ပြီး အခြား ဂိုဏ်းများလည်း ဆက်တိုက် ရောက်လာနေကြသဖြင့် စည်ကားသိုက်မြိုက်နေလေသည်။
‘တောင်ပေါ်က ပုံရိပ်ယောင် ဝင်္ကပါကို စောစောစီးစီး ပိတ်ထားလိုက်တာ ကောင်းသွားတယ်... မြူခိုး နည်းနည်း ရှိတာကလွဲရင်... တက်လာတဲ့သူတွေကို အနှောင့်အယှက် မဖြစ်စေဘူး’
ယဲ့ဖုန်း ကြိတ်၍ တွေးမိလိုက်သည်။
လက်ရှိအခြေအနေတွင် ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါကို ထုတ်ဖော်ပြသရန် ဆန္ဒမရှိသေးပေ။
"မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်... နီရှန်နန်းတော် ကိုယ်စား နန်းတော်သခင်မ ကိုယ်တိုင် လာရောက် ဂုဏ်ပြုပါတယ်"
နောက်တစ်ခဏတွင် ဆွဲဆောင်မှုရှိသော အသံတစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေ၏။
ယဲ့ဖုန်း၏ အနောက်တွင် ရပ်နေသော ယန်ရူယွီသည် ထိုအသံကို ကြားလိုက်ရသဖြင့် စိတ်မသက်မသာ ဖြစ်သွားပြီး ခေါင်းကို အမြန် ငုံ့ထားလိုက်သည်။
"အဆင့်မြင့်ဂိုဏ်းတွေတောင် ရောက်လာကြပြီပဲ" ဂိုဏ်းချုပ်တစ်ဦး ရေရွတ်လိုက်သည်။
"လျိုယွင်ဂိုဏ်းက တတိယအကြီးအကဲ လုရှန်ယွဲ့ တောင် ကိုယ်တိုင် ဦးဆောင်ပြီး လာတာ... အဆင့်မြင့်ဂိုဏ်းတွေက မလာလို့ ဖြစ်ပါ့မလား" တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်က တီးတိုး ပြောလိုက်သည်။
"ကြယ်အဆင့် ဂိုဏ်းတွေတောင် ရောက်လာကြတယ် ဆိုတော့... ဂိုဏ်းချုပ်ယဲ့ရဲ့ သြဇာအာဏာက တော်တော် ကြီးမားတာပဲ... သာမန် အဆင့်မြင့်ဂိုဏ်းတွေထက် အများကြီး သာလွန်တယ်"
ဂိုဏ်းချုပ်များသည် အချင်းချင်း တီးတိုး မှတ်ချက် ပေးနေကြလေ၏။
နီရှန်နန်းတော် နောက်မှ အဆင့်နိမ့်နှင့် အလယ်အလတ် ဂိုဏ်း (၁၀) ဂိုဏ်းကျော် ထပ်မံ ရောက်ရှိလာကြ၏။
" 'ငှက်မွှေးဂိုဏ်း' က ဂုဏ်ပြုပါတယ်"
" 'ဓားသိုင်းအရှင်ဂိုဏ်း' က ဂုဏ်ပြုပါတယ်"
အဆင့်မြင့်ဂိုဏ်း နှစ်ခု ဖြစ်သော ငှက်မွှေးဂိုဏ်းနှင့် ဓားသိုင်းအရှင်ဂိုဏ်းတို့လည်း ရောက်ရှိလာကြပြီး ဂိုဏ်းချုပ်များ ကိုယ်တိုင် ဦးဆောင်လာကြခြင်း ဖြစ်သည်။
ယဲ့ဖုန်းသည် ဓားသိုင်းအရှင်ဂိုဏ်း ဂိုဏ်းချုပ်ကို တစ်ချက်ကြည့်လိုက်ရာ ကျောပေါ်တွင် (၂) မီတာခန့် ရှည်သော ဓားကြီးတစ်လက် လွယ်ထားပြီး တည်ငြိမ်သော မျက်နှာထား ရှိနေသည်ကို တွေ့လိုက်ရသည်။ မဟာအကြီးအကဲ သေဆုံးမှုက သူ့အပေါ် သက်ရောက်မှု မရှိသည့်ပုံ ပေါက်နေလေ၏။
"ရေပေါ်ဖြူမြို့တော်က အဆင့်မြင့်ဂိုဏ်း (၃) ခုစလုံး ရောက်နေပြီ ဆိုတော့... အခမ်းအနား မကြာခင် စတော့မယ် ထင်တယ်" ဂိုဏ်းချုပ် တစ်ဦး ရေရွတ်လိုက်သည်။
ဒုတိယမြို့စားမင်း ဝင်ရောက်လာတော့မည်ဟု အားလုံး ထင်မှတ်နေစဉ် အခြား နူးညံ့သော အသံ တစ်သံ ထွက်ပေါ်လာလေ၏။
"ယွင်ဟွာဂိုဏ်း စတုတ္ထအကြီးအကဲ လျိုယွိကျစ်... ယွင်ဟွာဂိုဏ်း ကိုယ်စား မြူခိုးဂိုဏ်းကို ဂုဏ်ပြုပါတယ်"
အသံမဆုံးခင်မှာပင် လျိုယွိကျစ်သည် လင်းယွိယန်နှင့် အခြား တပည့် (၃) ဦးတို့နှင့်အတူ လက်ဆောင်ပုံးများ ကိုင်ဆောင်လျက် တောင်ထိပ်သို့ ရောက်ရှိလာကြ၏။ မြူခိုးတောင်ထိပ်၏ ကြီးမားသော အပြောင်းအလဲများကို တွေ့ရှိလိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားလေ၏။
"ရွေးချယ်ခံရသူ ဆိုတာ တကယ် ထိုက်တန်ပါတယ်... ဒီလို အပြောင်းအလဲမျိုးက သူရဲကောင်းဝိညာဉ်တွေရဲ့ အကာအကွယ်ကြောင့်ပဲ ဖြစ်ရမယ်... မဟုတ်ဘူးလား" လျိုယွိကျစ်က ယဲ့ဖုန်းကို ပြုံးပြလိုက်သည်။
"မှန်ပါတယ်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
ယွင်ဟွာဂိုဏ်းကပင် ကိုယ်စားလှယ် လွှတ်လိုက်သည်ကို မြင်သောအခါ အခြား ဂိုဏ်းချုပ်များ အံ့သြသွားကြပြီး ယဲ့ဖုန်း၏ အဆက်အသွယ် ကောင်းမွန်ပုံကို တွေးတောမိလိုက်ကြ၏။
ထိုအချိန်တွင် တောင်တက်လမ်းမှ ဂီတသံများ ထွက်ပေါ်လာ၏။ ယဲ့ဖုန်းနှင့် အခြားသူများ လှမ်းကြည့်လိုက်ရာ ဆံပင်ဖြူ ဒုတိယမြို့စားမင်းသည် ရှေ့ဆုံးမှ ဦးဆောင်လာပြီး ကျိုးကျားချန်နှင့် အခြား အိမ်တော်ထိန်းများက မြူခိုးဂိုဏ်း ဆိုင်းဘုတ်ကို သယ်ဆောင်လျက် နောက်မှ လိုက်ပါလာကြ၏။
နောက်ဆုံးတွင် တူရိယာ အဖွဲ့ လိုက်ပါလာ၏။
"ဂိုဏ်းချုပ်ယဲ့... အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်... မြို့စားမင်းအိမ်တော် ကိုယ်စား ကျွန်တော် ကိုယ်တိုင် ဆိုင်းဘုတ် လာတပ်ဆင်ပေးတာပါ"
ပုံမှန်အားဖြင့် တည်ကြည်လေးနက်လေ့ရှိသော ဒုတိယမြို့စားမင်းသည် ရှားပါးစွာ ပြုံးရွှင်လျက် ပြောလိုက်သည်။
အခြားဂိုဏ်းသာ ဆိုလျှင် ဒုတိယမြို့စားမင်း ကိုယ်တိုင် လာရောက်မည် မဟုတ်ဘဲ အိမ်တော်ထိန်းများကိုသာ စေလွှတ်လိုက်မည် ဖြစ်သည်။
သို့သော် ယနေ့ အခြေအနေမှာမူ ထူးခြားနေပေသည်။
"ဒုတိယမြို့စားမင်း ကိုယ်တိုင် လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... လက်ဖက်ရည် သုံးဆောင်ပါဦး"
ယဲ့ဖုန်းသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ တပည့်လေးဦး ဖြစ်သော အိုးယန်ဖုန်း၊ အိုးယန်ယွီ၊ ရှဟဲနှင့် ချိုကျူတို့သည် လက်ဖက်ရည်အိုးများကို ယူဆောင်လာပြီး ဧည့်သည်များကို ငှဲ့ပေးလိုက်ကြလေ၏။
"ဝိုး..ဒါ ဝိညာဉ်စမ်းရေ နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ပဲ... တစ်ခွက်သောက်ရတာနဲ့တင် လာရကျိုးနပ်ပြီ"
"မြူခိုးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က တကယ် ခိုင်မာတာပဲ"
လက်ဖက်ရည် သောက်ရသော ဂိုဏ်းချုပ်များသည် လက်ဖက်ရည်၏ ထူးခြားမှုကို သတိထားမိလိုက်ကြပြီး တညီတညွတ်တည်း ချီးကျူးလိုက်ကြလေ၏။
"ဂိုဏ်းချုပ်ယဲ့... အနီရောင် ပိတ်စကို ကိုယ်တိုင် ဖယ်ရှားပြီး ဆိုင်းဘုတ်တင်လိုက်ပါ... ဒါဆိုရင် အခမ်းအနား ပြီးမြောက်ပါပြီ" ကျိုးကျားချန်က ပြုံးရွှင်စွာ ပြောလိုက်သည်။
ယဲ့ဖုန်း ရှေ့တိုးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် မဖိတ်ခေါ်သော ဧည့်သည်တစ်စု မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာကြလေ၏။
"လူမစုံသေးဘဲ အနီရောင် ပိတ်စကို ဖယ်ရှားတာ... စည်းကမ်းနဲ့ မညီဘူး မဟုတ်လား"
အသံဆိုးကြီး တစ်သံ ထွက်ပေါ်လာ၏။
အားလုံး၏ အကြည့်များသည် အသံလာရာသို့ ရောက်ရှိသွားကြ၏။
လူ (၄) ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးတွင် လူငယ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ငယ်ရွယ်သော်လည်း အနည်းဆုံး ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။
နောက်ဆုံးတွင် တောင်ဝှေးကို အမှီပြုထားသော အဘိုးအိုတစ်ဦး လိုက်ပါလာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဖိအားအရှိန်အဝါများကို ထုတ်လွှတ်နေလေ၏။
"မင်းကိုး... ရှောင်ဖန်ကူ"
ဟိုယွင်ကျဲသည် လူငယ်တစ်ဦးကို မှတ်မိလိုက်ပြီး မျက်နှာ မဲမှောင်သွားလေသည်။
"သူက ချင်းယွင်ဂိုဏ်းရဲ့ ပါရမီရှင် တပည့်ပဲ"
"ကြည့်ပါဦး... တောင်ဝှေးနဲ့ လူက ဒဏ္ဍာရီထဲက ချင်းယွင်ဂိုဏ်းရဲ့ ကိုးယောက် မြောက် အကြီးအကဲ 'လုံကွိုင်ကျန်းရန်' နဲ့ တူလိုက်တာ... တကယ်ပဲ သူများလား"
"သူ ဖြစ်ရမယ်"
"ချင်းယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲ (၉) ယောက်ထဲမှာ ဓားမသုံးတဲ့သူ ဆိုလို့ လုံကွိုင်ကျန်းရန် တစ်ယောက်တည်း ရှိတာ... ဒါပေမယ့် သူ့စွမ်းအားက ကြောက်စရာ ကောင်းတယ်"
"ချင်းယွင်ဂိုဏ်း ရောက်လာတာ နိမိတ်မကောင်းဘူးလို့ ခံစားရတယ်"
ဂိုဏ်းချုပ်များသည် တီးတိုး ပြောဆိုနေကြပြီး ပတ်ဝန်းကျင် အခြေအနေ တင်းမာလာသည်ကို ခံစားလိုက်ရသဖြင့် အသံများ တိုးသွားကြလေ၏။
"သွေးရောင်မြွေဂိုဏ်းရဲ့ စိန်ခေါ်မှုကို မြူခိုးဂိုဏ်းက ကျော်ဖြတ်နိုင်ခဲ့မယ်လို့ မထင်ထားဘူး... တော်တော် ကံကောင်းတာပဲ"
ရှောင်ဖန်ကူ ရှေ့ထွက်လာပြီး ပြောလိုက်သည်။
ဂိုဏ်းချုပ်အိုကြီး ပိုင်ဆိုင်ခဲ့သော "ရွှမ်ယဲ့ ဓားပျံ" ကို ကိုင်ဆောင်လျက် သူသည် မြူခိုးဂိုဏ်း တံခါးမကြီး ရှေ့တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ခြုံငုံကြည့်လိုက်သည်။
မြူခိုးတောင်ထိပ်၏ ကြီးမားသော အပြောင်းအလဲများ၊ ထူထပ်သော ဝိညာဉ်စွမ်းအင်များနှင့် ညီညာသော မြေမျက်နှာသွင်ပြင်များကို သတိထားမိလိုက်သည်။ ယခင်နှင့် လုံးဝ ကွာခြားနေပေသည်။
ဒါပေမယ့် ဘာဖြစ်လဲ...
အဆင့်မြင့်ဂိုဏ်း တစ်ခုပဲလေ... ငါ ရှောင်ဖန်ကူ ရွေးချယ်ခဲ့တဲ့ ချင်းယွင်ဂိုဏ်း နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ...
ဤသို့ တွေးတောရင်း ရှောင်ဖန်ကူသည် မာနကြီးစွာ ခေါင်းမော့လိုက်လေ၏။
ဟိုယွင်ကျဲ ရှေ့တိုးလာပြီး အော်ဟစ်လိုက်သည်။
"ရှောင်ဖန်ကူ... မင်း ပေါ်လာရဲသေးတယ်ပေါ့... ဂိုဏ်းချုပ်အိုကြီးရဲ့ ရွှမ်ယဲ့ ဓားပျံကို အခုချက်ချင်း ပြန်ပေးစမ်း"
လီကျောက်ကျောက်လည်း ဒေါသတကြီး ဝင်ပြောလိုက်၏။
"မင်း ထွက်သွားတုန်းက ရွှမ်ယဲ့ ဓားပျံကို ဘယ်လိုလုပ် ယူသွားရဲတာလဲ... အဲဒါ ငါတို့ ဂိုဏ်းချုပ်အိုကြီးရဲ့ အမွေအနှစ်ပဲ... မင်းလုပ်ရပ်က သူခိုးနဲ့ ဘာမှ မခြားဘူး"
စကားနည်းသော ရှီလေ့ပင် ဝင်ပြောလိုက်သည်။
"ဂျူနီယာညီလေးရှောင်... ကွယ်လွန်သွားတဲ့ ဂိုဏ်းချုပ်အိုကြီးကို မင်း ဘယ်လို မျက်နှာပြမလဲ"
ထိုစကားများကို ကြားလိုက်ရသောအခါ ရှောင်ဖန်ကူ၏ မျက်နှာထား ပြောင်းလဲသွားလေ၏။
အခြားသူများသည် ဖြစ်စဉ်အစုံအလင်ကို သိရှိသွားကြပြီး ရှောင်ဖန်ကူကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်ကြ၏။
"ဂိုဏ်းချုပ်အိုကြီးက သေသွားပြီလေ... သူ့ရဲ့ ရွှမ်ယဲ့ ဓားပျံက အလကား ဖြစ်နေမှာပဲ... ငါ ယူလိုက်တာ ဘာမှားလို့လဲ... ပြီးတော့ သွေးရောင်မြွေဂိုဏ်းရဲ့ စိန်ခေါ်မှုကို မြူခိုးဂိုဏ်း နိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ"
ရှောင်ဖန်ကူသည် နောင်တရသည့် အမူအရာ လုံးဝ မပြဘဲ အေးစက်စွာ ပြောလိုက်သည်။
"ဖြောင်း"
ပြတ်သားသော အသံ တစ်သံ ထွက်ပေါ်လာ၏။
ရှောင်ဖန်ကူ လွင့်စဉ်သွားပြီး မျက်နှာတစ်ဖက် ရောင်ကိုင်းသွားလေသည်။
"ဂိုဏ်းချုပ်အိုကြီးကို စော်ကားရဲတယ်ပေါ့... မင်း အရိုက်ခံသင့်တယ်"
ယဲ့ဖုန်းသည် လက်ကို ဆန့်တန်းလျက် အနေအထားဖြင့် တည်ငြိမ်လေးနက်စွာ ပြောလိုက်၏။
သူ ရိုက်လိုက်ခြင်း ဖြစ်သည်။
ထိုပါးရိုက်သံသည် နေရာ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ ယဲ့ဖုန်း၏ ဒေါသကို ဖော်ပြနေသကဲ့သို့... မြေကမ္ဘာအောက်တွင် အိပ်စက်နေသော ဂိုဏ်းချုပ်အိုကြီးအတွက် ကာကွယ်ပေးလိုက်ခြင်းလည်း ဖြစ်ပေသတည်း။
အခန်း (၉၈) - ရှောင်ဖန်ကူ နှင့် ဟိုယွင်ကျဲ တို့၏ တိုက်ပွဲ
~"ယဲ့ဖုန်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့"
ရှောင်ဖန်ကူသည် မျက်နှာကို လက်ဖြင့် အုပ်လျက် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်လုံးထဲတွင် အမျက်ဒေါသ မီးတောက်များ တောက်လောင်နေသည်။
"မြန်လိုက်တဲ့ အရှိန်အဟုန်ပဲ"
လုံကွိုင်ကျန်းရန် သည် နောက်ကျိနေသော မျက်လုံးအိုကြီးများကို ပြူးကျယ်လျက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သူတို့နှစ်ဦးစလုံးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တူညီကြသော်လည်း ယဲ့ဖုန်း၏ လှုပ်ရှားမှုကို သူ လုံးဝ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ရှောင်ဖန်ကူသည် ပါးရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
"ဒီပါးရိုက်ချက်က... မြေကမ္ဘာအောက်က ဂိုဏ်းချုပ်အိုကြီး ကိုယ်စား ရိုက်တာပဲ... သူ့ရဲ့ ဂျူနီယာညီလေး အနေနဲ့ရော... မင်းရဲ့ ဂိုဏ်းချုပ်ဦးလေး အနေနဲ့ပါ ပြောလိုက်မယ်... မင်းက မြူခိုးဂိုဏ်း တပည့်တစ်ယောက် ဖြစ်ဖို့ မတန်ဘူး... လူတစ်ယောက် ဖြစ်ဖို့တောင် မထိုက်တန်ဘူး"
ယဲ့ဖုန်းသည် လက်ကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်၏။
သူ၏ သြဇာပြည့်ဝသော အသံသည် ကောင်းကင်မှ ကျရောက်လာသော အမိန့်တော်ကဲ့သို့ မြူခိုးတောင်ထိပ် တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး... ပတ်ဝန်းကျင်ရှိ လူအားလုံး၏ မျက်နှာထားများကို လေးနက်သွားစေသည်။
ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ကိုယ်လွတ်ရုန်းခြင်းသည် သဘာဝကျပေသည်။ ထို့ကြောင့် အကျပ်အတည်း ကာလတွင် ရှောင်ဖန်ကူ ဂိုဏ်းကို စွန့်ခွာသွားခြင်းအပေါ် အပြစ်မဆိုသာပေ။
သို့သော် သူသည် ဂိုဏ်းချုပ်အိုကြီး၏ အမွေအနှစ်၊ မြူခိုးဂိုဏ်း၏ တစ်ခုတည်းသော ဝိညာဉ်လက်နက် ဖြစ်သည့် "ရွှမ်ယဲ့ ဓားပျံ" ကို ယူဆောင်သွားခြင်းမှာ လုံးဝ မလုပ်သင့်သော အရာ ဖြစ်သည်။
ထိုမျှမက သူသည် အောင်မြင်လာသောအခါ ဂိုဏ်းဟောင်းသို့ ပြန်လာပြီး ကြွားဝါပြသနေခြင်းက ယဲ့ဖုန်းကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။
အကယ်၍သာ ပွဲကြည့်ပရိသတ်များ မရှိခဲ့ပါက ယဲ့ဖုန်း၏ တုံ့ပြန်မှုသည် ပါးရိုက်ရုံဖြင့် ပြီးဆုံးသွားမည် မဟုတ်ပေ။
အနည်းဆုံး ပါး အချက် (၁၀၀) လောက်တော့ ရိုက်နှက်ပစ်လိုက်မည် ဖြစ်သည်။
"ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ ချင်းယွင်ဂိုဏ်း တပည့်ကို ရိုက်နှက်တာ... သိပ်မသင့်တော်ဘူး ထင်တယ်"
လုံကွိုင်ကျန်းရန် ရှေ့တိုးလာပြီး ရှောင်ဖန်ကူကို ကာကွယ်လိုက်သည်။
"ကျွန်တော် ရိုက်တာက... ရိုင်းပျ စော်ကားတဲ့ သစ္စာဖောက်
တစ်ယောက်ကိုပါ... ဒါပေမယ့် အဲဒီလိုလူက ချင်းယွင်ဂိုဏ်းရဲ့ တပည့် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး" ဟု ယဲ့ဖုန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
ဒုတိယမြို့စားမင်း၊ လျိုယွိကျစ်၊ လုရှန်ယွဲ့နှင့် အခြား ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် (၆) ဦးတို့သည် ဘေးမှ ရပ်ကြည့်နေကြပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။
နှစ်ဖက်စလုံးသည် ကြယ်တစ်ပွင့်အဆင့် အင်အားစုများ ဖြစ်ကြသော်လည်း ချင်းယွင်ဂိုဏ်းသည် အင်အားအကြီးဆုံး ဖြစ်သည်။ ဂိုဏ်းချုပ်အပါအဝင် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ (၁၀) ဦး ပိုင်ဆိုင်ထားပြီး အလွယ်တကူ ရန်စ၍ မရနိုင်သော အင်အားစု ဖြစ်သည်။
"ယဲ့ဖုန်း... မင်းက ရွေးချယ်ခံရသူ ဖြစ်တာနဲ့ပဲ ငါ့ကို ဝေဖန်နိုင်မယ် မထင်နဲ့... ဘေးအန္တရာယ် ကြုံရင် ကိုယ်လွတ်ရုန်းတာ သဘာဝပဲလေ... ငါ ချင်းယွင်ဂိုဏ်းကို ရွေးချယ်တာ မင်းနဲ့ ဘာမှ မဆိုင်ဘူး... မင်းက ငါ့ကို ဝေဖန်ဖို့ အဆင့်မမီ..."
ရှောင်ဖန်ကူသည် ထပ်မံ ခုန်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်၏။
"ဖြောင်း"
သို့သော် နောက်တစ်ခဏတွင် ရှောင်ဖန်ကူ လေပေါ် လွင့်ထွက်သွားပြန်သည်။ ကျန်ရှိနေသော ပါးတစ်ဖက်ပါ ရောင်ကိုင်းသွားပြီး မျက်နှာတစ်ခုလုံး ညီညာစွာ ဖူးရောင်သွားလေ၏။ ပါးနှစ်ဖက်လုံးတွင် လက်ဝါးရာများ ထင်ကျန်ရစ်သည်။
"မင်း တခြားဂိုဏ်းကို ရွေးချယ်တာ ငါ ဂရုမစိုက်ဘူး... ဒါပေမယ့် ဂိုဏ်းချုပ်အိုကြီးရဲ့ ရွှမ်ယဲ့ ဓားပျံကို ယူသွားတာကတော့ ငါ ခွင့်မလွှတ်နိုင်ဘူး... လူပါးဝ မနေနဲ့... ဓားကို ပြန်ပေးလိုက်စမ်း"
ယဲ့ဖုန်းသည် လက်နောက်ပစ်လျက် အေးစက်စွာ ပြောလိုက်၏။
"ငါ ပြန်မပေးနိုင်ဘူး" ရှောင်ဖန်ကူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထို့နောက် ရှီလေ့၊ ဟိုယွင်ကျဲနှင့် လီကျောက်ကျောက် တို့ကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
"မင်းတို့ထဲက တစ်ယောက်ယောက် ငါ့လက်ထဲက ဓားကို လာလုနိုင်ရင်တော့ တစ်မျိုးပေါ့"
ဟိုယွင်ကျဲသည် ရှီလေ့နှင့် လီကျောက်ကျောက်ကို တားဆီးလိုက်ပြီး ရှေ့သို့ (၃) လှမ်း တိုးထွက်လာခဲ့သည်။
"ရှောင်ဖန်ကူ... မင်းရဲ့ စီနီယာအစ်ကိုဟောင်း ဖြစ်တဲ့ ငါက... မင်းကို သင်ခန်းစာ ပေးရမယ့်ပုံပဲ"
ပြောပြီးသည်နှင့် သူသည် ချီစုစည်းခြင်း (၇) ဆင့်မြောက် အထွတ်အထိပ် အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေ၏။
ရှောင်ဖန်ကူသည် "မင်းက ငါ့ စီနီယာအစ်ကို ဖြစ်ဖို့ မတန်ပါဘူး" ဟု ပြန်ပြောရန် ပြင်လိုက်သော်လည်း ဟိုယွင်ကျဲ၏ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် နှုတ်ဆွံ့သွားရသည်။
ချင်းယွင်ဂိုဏ်းမှ ပိုင်မင်လုနှင့် ရှီးရှင်းယွီတို့လည်း အံ့သြသွားကြ၏။ မြူခိုးဂိုဏ်းတွင် ဤအဆင့်ရှိသော တပည့်တစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
သို့သော် လုံကွိုင်ကျန်းရန်ကမူ ဂရုမစိုက်သော ပုံစံဖြင့် ပြောလိုက်သည်။
"ဖန်ကူ.. အဆင့်တူချင်း တိုက်ခိုက်ရတာ ကောင်းတာပေါ့... မဟုတ်ဘူးလား"
ရှောင်ဖန်ကူ သဘောပေါက်သွားပြီး 'ခနဲ့ပြုံးနှင့် စိုက်ကြည့်' လိုက်သည်။
"ဟုတ်သားပဲ... အဆင့်တူချင်း တိုက်ပွဲပေါ့... ငါ နိုင်ရင်... ချင်းယွင်ဂိုဏ်းရဲ့ အင်အားကို သက်သေပြရာ ရောက်သလို... အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့လည်း အပြောခံရမှာ မဟုတ်တော့ဘူး"
ပြောပြီးသည်နှင့် ရှောင်ဖန်ကူ ရှေ့တိုးလာ၏။
"ကွင်းရှင်းပေးလိုက်" ယဲ့ဖုန်း အမိန့်ပေးလိုက်၏။
အားလုံး နောက်ဆုတ်ပေးလိုက်ကြသဖြင့် အလယ်တွင် မီတာ ဆယ်ချီ ကျယ်ဝန်းသော ကွင်းပြင်တစ်ခု ဖြစ်ပေါ်လာ၏။
"ဟိုယွင်ကျဲ... မင်းက ကြိုးစားပေမယ့်... ငါ့ဓားကို ဆွဲထုတ်ဖို့ထိ မတန်သေးပါဘူး"
ရှောင်ဖန်ကူသည် ဘယ်လက်ကို နောက်ပစ်ထားပြီး ညာလက်ကိုသာ ဆန့်ထုတ်ထားလေသည်။
ယွင်ဟွာဂိုဏ်းမှ လင်းယွိယန်သည် ရှောင်ဖန်ကူ၏ စကားကို ကြားသောအခါ အကြောင်းပြချက်မရှိဘဲ ရွံရှာမိသွား၏။
ဟိုယွင်ကျဲသည် ယဲ့ဖုန်း ပေးထားသော 'အေးစက်သော အလင်းဓား' ကို ထုတ်မသုံးသေးပေ။ ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး "သံမဏိ ဒိုင်းကာ နည်းစနစ်"အား ပြီးပြည့်စုံခြင်းအဆင့် ထိ ထုတ်ဖော်ပြသလိုက်သည်။
"မင်း.. ချင်းယွင်ဂိုဏ်းမှာ ဘာတွေ သင်လာလဲ ကြည့်ရအောင်... မင်းရဲ့ မာနကို ထောက်ပံ့ပေးနိုင်မလား ဆိုတာ"
"မင်း သိရတော့မှာပါ"
ရှောင်ဖန်ကူ၏ မျက်နှာထား အေးစက်သွားပြီး ညာလက်ကို ဓားသဏ္ဍာန် ပြုလုပ်ကာ အပေါ်မှ ခုတ်ချလိုက်လေ၏။
စူးရဲသော ဓားအလင်းတန်း
တစ်ခုသည် အံ့မခန်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။
ဟိုယွင်ကျဲ မပေါ့ဆရဲဘဲ ဒိုင်းကာကို မြှောက်ကာ ကာကွယ်လိုက်ရသည်။ "ရွှပ်" ဟူသော အသံနှင့်အတူ ဒိုင်းကာသည် နှစ်ပိုင်းကွဲမလို ဖြစ်သွား၏။
"ဂျူနီယာညီလေးရှောင် က တကယ် တော်တာပဲ... 'စိမ်းလန်းသော တိမ်တိုက် ဓားသိုင်း' ကို နားလည် သဘောပေါက်မှုက အထင်ကြီးစရာပဲ... အချိန်တိုလေးအတွင်း ပထမအဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီ"
ရှီးရှင်းယွီသည် ပြုံးရွှင်စွာ ချီးကျူးလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။
"ဒါ ချင်းယွင်ဂိုဏ်းရဲ့ အထောက်အကူပြု ကျင့်ကြံခြင်း နည်းစနစ် 'စိမ်းလန်းသော တိမ်တိုက် ဓားသိုင်း' ကိုး"
"ဒါဆို ခုနက မြင်လိုက်ရတာ 'ချင်းယွင် ဓားချီ' ပေါ့"
"ဒီနည်းစနစ်က ဓားချီကို အထူးပြုထားလို့ တိုက်ခိုက်စွမ်းရည် အရမ်း မြင့်မားတယ်လို့ ကြားဖူးတယ်... ပထမအဆင့် ပြီးပြည့်စုံခြင်း ရောက်နေပြီ ဆိုတော့... သာမန် ပထမအဆင့် မန္တန်တွေထက် အများကြီး သာလွန်မှာပဲ"
"ကြည့်ရတာ မြူခိုးဂိုဏ်းက ဟိုယွင်ကျဲ ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဂိုဏ်းချုပ်အများအပြားသည် ပထမအချီကို ကြည့်ရုံဖြင့် ဟိုယွင်ကျဲ နိုင်ခြေနည်းကြောင်း သုံးသပ်လိုက်ကြ၏။
"ပြီးပြည့်စုံခြင်းအဆင့် မန္တန်... စိတ်ဝင်စားစရာပဲ" ရှောင်ဖန်ကူ၏ မျက်နှာထား လေးနက်သွားသည်။
သူသည် ဓားချီတစ်ချက်တည်းဖြင့် ဟိုယွင်ကျဲကို အနိုင်ယူနိုင်မည်ဟု ထင်မှတ်ထားသော်လည်း တွက်ချက်မှု လွဲမှားသွားခဲ့သည်။
"စွမ်းအင်ကျည်ဆန်"
ဟိုယွင်ကျဲသည် ဘာမှ ဆက်မပြောတော့ဘဲ ဘယ်လက်ဖြင့် ဒိုင်းကာကို ကိုင်ထားရင်း ညာလက်ညှိုးဖြင့် ထိုးပြလိုက်သည်။ လေဖိအား ကျည်ဆန်တစ်ခု ပစ်ထွက်သွားပြီး ၎င်း၏ အရှိန်သည် ချင်းယွင် ဓားချီထက် မလျော့နည်းပေ။
"ချင်းယွင် ဓားချီ... ပိုင်းဖြတ်စမ်း"
ရှောင်ဖန်ကူသည် စွမ်းအင်ကျည်ဆန်ကို ဓားချီဖြင့် ပိုင်းဖြတ်လိုက်ပြီးနောက် ရှေ့သို့ တိုးဝင်ကာ ဟိုယွင်ကျဲကို ထိုးစစ်ဆင်လိုက်သည်။
သို့သော် ဟိုယွင်ကျဲသည် ခန္ဓာကိုယ်အနှံ့ လေပြေများ ဖန်တီးလိုက်ပြီး တိုက်ခိုက်မှုကို 'ပွတ်ကာသီကာလေး ရှောင်တိမ်း' လိုက်သည်။ ထို့နောက် "စွမ်းအင်ကျည်ဆန်" နှင့် "မီးတိမ်တိုက်လက်ဝါးသိုင်း" ကို တပြိုင်နက်တည်း အသုံးပြုလိုက်လေ၏။
"မင်းရဲ့ 'လေဝိညာဉ် ခြေလှမ်း'ကလည်း ပြီးပြည့်စုံခြင်း အဆင့် ရောက်နေတာလား"
ရှောင်ဖန်ကူ၏ မျက်နှာ 'ကွက်ခနဲ ပျက်' သွားသည်။ သူသည် လက်နှစ်ဖက်
စလုံးကို အသုံးပြုပြီး ချင်းယွင် ဓားချီများကို ဆက်တိုက် ထုတ်လွှတ်ကာ တန်ပြန်တိုက်ခိုက်လိုက်ရသည်။
"ရွှစ်"
ဟိုယွင်ကျဲ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် အားလုံး အံ့သြသွားကြ၏။
နောက်တစ်ခဏတွင် ဟိုယွင်ကျဲသည် မြေကြီးထဲမှ 'ရိပ်ခနဲ ပြေးထွက်' လာပြီး ရှောင်ဖန်ကူ၏ ရင်ဘတ်ကို "စွမ်းအင်ကျည်ဆန်" ဖြင့် ပစ်ခတ်လိုက်သည်။ ရိုက်ခတ်မှုကြောင့် ရှောင်ဖန်ကူ၏ ဝတ်ရုံ ကွဲထွက်သွားပြီး 'သွေးများ ဝေါ့ခနဲ အန်ချ' ကာ လေထဲသို့ လွင့်စဉ်သွားလေ၏။ သူသည် ရွှမ်ယဲ့ ဓားပျံကို အလျင်အမြန် ဆွဲထုတ်ပြီး လေထဲတွင် ဓားစီးကာ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
"မြေလျှိုးခြင်း မန္တန်ကိုး... မင်း မန္တန်တွေ တော်တော်များများ တတ်ထားတာပဲ... ဒါပေမယ့် ကံဆိုးတာက... ငါ လေပေါ် ရောက်နေရင် မင်း ငါ့ကို ထိလို့ မရတော့ဘူး"
ရှောင်ဖန်ကူသည် မီးကျွမ်းနေသော ရင်ဘတ်ကို ပုတ်လိုက်ပြီး အမုန်းတရား ပြည့်ဝသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အခု... အနိုင်အရှုံး ဆုံးဖြတ်ရမယ့် အချိန် ရောက်ပြီ"
ပြောပြီးသည်နှင့် ရှောင်ဖန်ကူသည် လက်ချောင်းများကို ဓားသဏ္ဍာန် ပြုလုပ်လိုက်ပြီး ဟိုယွင်ကျဲကို ဒူးထောက် အရှုံးပေးစေရန် ဓားချီမုန်တိုင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေ၏။
"ချလွင်"
ဟိုယွင်ကျဲသည် နောက်ဆုံးတွင် အဆင့်နိမ့် ဝိညာဉ်လက်နက် 'အေးစက်သော အလင်းဓား' ကို ဆွဲထုတ်လိုက်ပြီး "တောက်ပ အလင်းဓားသိုင်း" ကို အသုံးပြုကာ ဓားစီးလျက် လေထဲသို့ ပျံတက်သွားပြီး ရှောင်ဖန်ကူနှင့် ရင်ဆိုင်လိုက်လေသည်။
"ဘုရားရေ... ဟိုယွင်ကျဲက ဓားကျင့်ကြံသူလား"
ပွဲကြည့်ပရိသတ်များသည် တိုက်ပွဲ ပြီးဆုံးတော့မည်ဟု ထင်မှတ်ထားသော်လည်း ယခုမှ ပွဲကြီးပွဲကောင်း စတင်တော့မည် ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။
"ဓားစီးတတ်ရုံနဲ့ ဓားကျင့်ကြံသူ ဖြစ်ပြီ ထင်နေလား... ငါတို့ ချင်းယွင်ဂိုဏ်းကမှ စစ်မှန်တဲ့ ဓားကျင့်ကြံသူ မျိုးဆက်ဆိုတာ မင်း သိစေရမယ်"
ရှောင်ဖန်ကူ ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်မှ ဓားချီများကို ရက်စက်စွာ ထုတ်လွှတ်လိုက်လေ၏။
ဟိုယွင်ကျဲ တိတ်ဆိတ်နေသည်။ သူသည် "သံမဏိဒိုင်းကာ နည်းစနစ်" ဖြင့် အဓိက ကာကွယ်ပြီး "စွမ်းအင်ကျည်ဆန်" ဖြင့် အဝေးမှ ရံဖန်ရံခါ တိုက်ခိုက်နေသည်။
နှစ်ဦးစလုံးသည် ဓားကျင့်ကြံသူ လမ်းစဉ်ကို လိုက်စားသူများ ဖြစ်ကြပြီး အနီးကပ် တိုက်ပွဲဝင်ရန် မဝံ့ရဲကြပေ။
ဓားကျင့်ကြံသူ၏ ဓားချီသည် အလွန် ပြင်းထန်လွန်းလှသည်။ အနီးကပ် တိုက်ခိုက်မိပါက ရှောင်တိမ်းရန် ခက်ခဲပြီး ပွဲချင်းပြီး သေဆုံးနိုင်ခြေ ရှိသည်။
သူတို့နှစ်ဦး မတည့်ကြသော်လည်း ဤသည်မှာ ယှဉ်ပြိုင်ပွဲ သက်သက်သာ ဖြစ်ပြီး သေရေးရှင်ရေး တိုက်ပွဲ မဟုတ်ချေ။
ထို့ကြောင့် အဝေးမှ တိုက်ခိုက်ပြီး တစ်ဖက်လူ၏ စွမ်းအင်ကို ဖြုန်းတီးစေကာ အခွင့်ကောင်း စောင့်ပြီး တစ်ချက်တည်းဖြင့် အနိုင်ယူခြင်းသည် အကောင်းဆုံး ဗျူဟာ ဖြစ်ပေသည်။
ဟိုယွင်ကျဲနှင့် ရှောင်ဖန်ကူတို့သည် လေထဲတွင် ဓားစီးလျက် တစ်ဦးနှင့်တစ်ဦး မန္တန်များကို ရှောင်တိမ်းကာ တိုက်ခိုက်ခွင့် ရှာဖွေနေကြ၏။ တိုက်ပွဲ အခြေအနေမှာ မျှတနေသယောင် ရှိသော်လည်း...
ယေဘုယျအားဖြင့် ကြည့်လျှင် ဟိုယွင်ကျဲသည် အနည်းငယ် အရေးနိမ့်နေသည်။
ဒါကို မြင်တော့ လီကျောက်ကျောက်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်ဦးလေး... ဒုတိယ စီနီယာအစ်ကိုကြီး နိုင်ပါ့မလား"
ယဲ့ဖုန်း ကိုယ်တိုင်လည်း မသေချာသော်လည်း တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းလျက် ပြောလိုက်၏။
"ယွင်ကျဲ လည်း ဓားသိုင်းလမ်းစဉ် မှာ နားလည်မှု ကောင်းပါတယ်... သူ နိုင်မှာပါ”
အခန်း (၉၉) - မင်းနဲ့ ဂိုဏ်းတူနေရတာ ငါ့အတွက် အရှက်ရစရာပဲ
~"ငါတို့ ဂျူနီယာညီလေးရှောင် ကပဲ နိုင်မှာပါ"
ချင်းယွင်ဂိုဏ်းမှ ရှီးရှင်းယွီသည် ချက်ချင်း ပြန်လည် 'ချေပ' လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ရှောင်ဖန်ကူကိုသာ အာရုံစိုက် ကြည့်ရှုနေလေ၏။
ပိုင်မင်လုသည် ပါးစပ်တွင် မြက်ပင်ကို ကိုက်ထားလျက် မျက်လုံးများ လှုပ်ခတ်သွားသည်။
ချင်းယွင်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် (၁၀) ဦး စာရင်းဝင် ပိုင်မင်လုသည် "စိမ်းလန်းသော တိမ်တိုက် ဓားသိုင်း" ဒုတိယ အဆင့်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ တတ်မြောက်ထားသူ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် သက်တူရွယ်တူများကို အပြတ်အသတ် ကျော်လွန်နေပြီး အမြင်အာရုံမှာလည်း အလွန် ထက်မြက်ပေသည်။
သို့သော် ဟိုယွင်ကျဲသည် အနည်းငယ်သာ အရေးနိမ့်နေပြီး ပြိုလဲမည့် လက္ခဏာ လုံးဝ မပြသည်ကို သူ သတိထားမိလိုက်သည်။
"အခုအဆင့်မှာတော့... ဘယ်သူ ပိုပြီး တောင့်ခံနိုင်မလဲ ဆိုတာပဲ ကြည့်ရတော့မယ်" လုံကွိုင်ကျန်းရန် ရေရွတ်လိုက်သည်။
ရှီးရှင်းယွီက ချက်ချင်း မေးလိုက်၏။
"ကိုးယောက်မြောက် အကြီးအကဲ... ဂျူနီယာညီလေးရှောင် က မြူခိုးဂိုဏ်း တပည့်ကို ထိပ်တိုက် ရင်ဆိုင်ပြီး မနိုင်နိုင်ဘူးလို့ ထင်လို့လား"
လုံကွိုင်ကျန်းရန် ခေါင်းညိတ်လိုက်သည်။
"ဖန်ကူရဲ့ ဓားသိုင်းလမ်းစဉ် ပါရမီက ကောင်းမွန်ပါတယ်... 'စိမ်းလန်းသော တိမ်တိုက် ဓားသိုင်း' ကို ကျင့်ကြံဖို့ သင့်တော်တယ်... ဒါပေမယ့် သူ ကျင့်ကြံတဲ့ အချိန်က တိုတောင်းလွန်းသေးတယ်... ပထမအဆင့် ပြီးပြည့်စုံခြင်း ရောက်နေပေမယ့်... သာမန် ပထမအဆင့် မန္တန်တွေထက် နည်းနည်းပဲ သာလွန်တာ... အပြတ်အသတ် ဖိနှိပ်နိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်သေးဘူး"
"ဟိုဘက်က လူက အဆင့်မြင့်ဂိုဏ်း တပည့်လေးပဲလေ... အထောက်အကူပြု ကျင့်ကြံခြင်း နည်းစနစ် ရှိမှာ မဟုတ်ဘူး... အချိန်ကြာလာရင် ဂျူနီယာညီလေးရှောင် ကပဲ နိုင်မှာ သေချာပါတယ်"
ရှီးရှင်းယွီသည် ရှောင်ဖန်ကူအပေါ် နားမလည်နိုင်လောက်အောင် ယုံကြည်မှု ရှိနေသည်။
လေထဲတွင် -
ရှောင်ဖန်ကူသည် ရွှမ်ယဲ့ ဓားပျံပေါ်တွင် ရပ်လျက် လျင်မြန်သွက်လက်စွာ လှုပ်ရှားနေသည်။ ဟိုယွင်ကျဲ၏ နောက်ကျောဘက်သို့ ရောက်ရှိရန် ကြိမ်ဖန်များစွာ ကြိုးစားသော်လည်း အမြဲတမ်း ပျက်ကွက်နေရသည်။
"စွမ်းအင်ကျည်ဆန်"
ဟိုယွင်ကျဲနှင့် ရှောင်ဖန်ကူသည် (၁၀) မီတာကျော် ကွာဝေးနေပြီး စွမ်းအင်ကျည်ဆန်များဖြင့် အဆက်မပြတ် ပစ်ခတ်နေကြ၏။ ကျည်ဆန်များကို ကြီးမားအောင် ဖန်တီးထားသော်လည်း အမှန်တကယ် စွမ်းအားမှာ နည်းပါးနေပြီး အစွမ်းကုန် တိုက်ခိုက်နေသယောင် ဟန်ဆောင်နေခြင်း ဖြစ်သည်။
"ဟူး... ဟူး..."
မကြာမီ ဟိုယွင်ကျဲ စတင် မောပန်းလာပြီး အသက်ပြင်းပြင်း ရှူနေရသည်။
ရှောင်ဖန်ကူ၏ မျက်လုံးများ အရောင်တောက်လာ၏။
"နောက်ဆုံးတော့ မင်း အားကုန်လာပြီပေါ့... မင်းကို ကောင်းကင်ပေါ်ကနေ ရိုက်ချပစ်မယ်"
သူသည် လက်ဟန်အမူအရာ ပြုလုပ်လိုက်ပြီး "တိမ်တိုက်စုစည်း ဓားသိုင်း" ဟု ခေါ်သော ပထမအဆင့် မန္တန်ကို ထုတ်ဖော်လိုက်သည်။ သူ၏ ချီစွမ်းအင် တစ်ဝက်ခန့်ကို အသုံးပြုပြီး တိမ်တိုက်များနှင့် တူသော ဓားကြီးတစ်လက် အဖြစ် ပြောင်းလဲလိုက်သည်။ ဓားကြီးသည် (၁) မီတာ အကျယ်၊ (၅) မီတာ အရှည် ရှိပြီး လေးလံထက်မြက်သော အရှိန်အဝါများဖြင့် ခုတ်ပိုင်းချလိုက်လေ၏။
"ဝှစ်"
ဟိုယွင်ကျဲသည် ရုတ်တရက် အရှိန်မြှင့်တင်လိုက်ပြီး အေးစက်သော အလင်းဓားကို စီးလျက် ရှောင်ဖန်ကူထံသို့ တိုးဝင်သွားသည်။ အားမကုန်ခင် နောက်ဆုံးအကြိမ် စွန့်စားတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့် ပုံစံမျိုး ဖြစ်သည်။
"မိုက်မဲလိုက်တာ... မင်း ငါ့ကို ထိလို့တောင် ရမှာ မဟုတ်ဘူး"
ရှောင်ဖန်ကူသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း စွမ်းအင်အများအပြား သုံးစွဲထားသဖြင့် လှုပ်ရှားမှု အနည်းငယ် နှေးကွေးနေသည်။
အခွင့်ကောင်းကို စောင့်နေသော ဟိုယွင်ကျဲသည် ယခင်က အားနည်းနေသော ပုံစံမှ ရုတ်တရက် ပြောင်းလဲသွားပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေ၏။ သူသည် အမြန်ဆုံး အရှိန်ဖြင့် "တိမ်တိုက်စုစည်း ဓားသိုင်း" ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီးနောက် ဓားပျံပေါ်မှ 'ခုန်ပျံတိုက်ခိုက်' လိုက်သည်။
"ချလွင်"
လူမပါတော့သဖြင့် အေးစက်သော အလင်းဓား၏ အရှိန်သည် ရုတ်တရက် မြင့်တက်သွားပြီး မြှားတစ်စင်းကဲ့သို့ ရှောင်ဖန်ကူ၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားလေ၏။
ရုတ်တရက် အပြောင်းအလဲကြောင့် ရှောင်ဖန်ကူ ကြောက်လန့်သွားပြီး ချင်းယွင်ဂိုဏ်း၏ ပထမအဆင့် မန္တန် "စိမ်းလန်းသော တိမ်တိုက် ဓားဒိုင်း" အား အလျင်အမြန် ထုတ်ဖော်ကာ ကာကွယ်လိုက်ရသည်။
ထိုအချိန်တွင် လေထဲသို့ ခုန်တက်သွားသော ဟိုယွင်ကျဲသည် "ဝိညာဉ်ချုပ်နှောင် ကြိုးကွင်း"မန္တန်ကို ရုတ်တရက် အသုံးပြုလိုက်ပြီး ချီစွမ်းအင် ကြိုးများဖြင့် ရှောင်ဖန်ကူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ထို့နောက် အားကုန်ဆွဲလိုက်ပြီး ထိုအရှိန်ကို အသုံးပြုကာ ရှောင်ဖန်ကူ၏ ခေါင်းပေါ်သို့ ကျော်တက်သွားပြီး လေထဲတွင် လှည့်ပတ်လျက် "စွမ်းအင်ကျည်ဆန်" ဖြင့် ပစ်ခတ်လိုက်လေ၏။
"ဘုန်း"
အရှေ့နှင့် အနောက် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသဖြင့် ရှောင်ဖန်ကူ ခုခံနိုင်စွမ်း မရှိတော့ပေ။ စွမ်းအင်ကျည်ဆန် ထိမှန်သွားပြီး နာကျင်စွာ အော်ဟစ်လျက် တောင်ထိပ်ပေါ်သို့ 'မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ' သွားလေသည်။
ရွှမ်ယဲ့ ဓားပျံသည် ထိန်းချုပ်သူ မရှိတော့သဖြင့် ပြုတ်ကျလာပြီး မြေကြီးပေါ်တွင် စောင်းစောင်းလေး စိုက်ဝင်သွားကာ သာယာသော ဓားမြည်သံ ထွက်ပေါ်လာ၏။
ရှောင်ဖန်ကူ၏ အရှက်ရဖွယ် ရှုံးနိမ့်မှုနှင့် ဆန့်ကျင်ဘက်တွင် ဟိုယွင်ကျဲသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး ပြုတ်ကျလာသော 'အေးစက်သော အလင်းဓား' ကို ဖမ်းယူလိုက်သည်။
သူသည် ဓားကို ကိုင်ဆောင်လျက် မတ်တတ်ရပ်နေပြီး ဝတ်ရုံများ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်မှာ ဓားနတ်ဘုရား လူငယ်လေး တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေပေသည်။
"တိုက်ပွဲ ပြီးဆုံးသွားပါပြီ"
ဒုတိယမြို့စားမင်း ရှေ့ထွက်လာပြီး ကြေငြာလိုက်သည်။
မြူခိုးဂိုဏ်းသည် ရေပေါ်ဖြူမြို့တော် အနီးရှိ အင်အားစု တစ်ခု ဖြစ်သည့် အလျောက်၊ သူသည် ယဲ့ဖုန်းနှင့် ရင်းနှီးမှု ရှိသဖြင့် ယခု အချိန်တွင် ဝင်ရောက် စွက်ဖက်ခြင်းက အရေးပါပေသည်။
မျှော်လင့်ထားသည့် အတိုင်းပင်...
ဒုတိယ မြို့စားမင်း၏ စကားကို ကြားလိုက်ရသောအခါ စကားပြောရန် ပြင်နေသော လုံကွိုင်ကျန်းရန်သည် ပါးစပ်ပိတ်သွားပြီး တောင်ဝှေးကို ထောက်လျက် မကျေမနပ် နှာမှုတ်လိုက်လေ၏။
"ရှောင်ဖန်ကူ... မင်း ရှုံးပြီ"
ဟိုယွင်ကျဲသည် ဓားကို ပြန်သိမ်းလိုက်ပြီး ရွှမ်ယဲ့ ဓားပျံ ရှိရာသို့ လျှောက်သွားကာ မြေကြီးထဲမှ ဆွဲနှုတ်လိုက်သည်။ ထို့နောက် မြေကြီးပေါ်တွင် လဲကျနေသော ရှောင်ဖန်ကူကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"မှတ်ထားပါ... မင်းနဲ့ ဂိုဏ်းတူနေရတာ ငါ့အတွက် အရှက်ရစရာပဲ"
ပြောပြီးသည်နှင့် ဟိုယွင်ကျဲသည် ရွှမ်ယဲ့ ဓားပျံကို ယဲ့ဖုန်းထံ လေးစားစွာ ဆက်သလိုက်လေသည်။
ရှောင်ဖန်ကူ၏ ရင်ထဲတွင် ဒေါသနှင့် ခံပြင်းမှုများ ပြည့်နှက်လာပြီး 'သွေးများ ဝေါ့ခနဲ အန်ချ' လိုက်သည်။ သူ၏ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး လက်သီးဖြင့် မြေကြီးကို ထုနှက်ကာ ရှုံးနိမ့်မှုကို လက်မခံနိုင် ဖြစ်နေရသည်။
ရွှမ်ယဲ့ ဓားပျံသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျော်သာ တန်ဖိုးရှိသော အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခုသာ ဖြစ်သည်။ သိပ်မဈေးကြီးလှပေ။ ပျောက်သွားလျှင် နောက်တစ်လက် ဝယ်လိုက်ရုံသာ။
သို့သော် ဤတိုက်ပွဲတွင် သူ အထင်သေးခဲ့သော ဟိုယွင်ကျဲအား ရှုံးနိမ့်ခဲ့ရခြင်းက သူ့ကို အလွန်အမင်း ခံပြင်းစေခဲ့သည်။
"ဂျူနီယာညီလေးရှောင်... အဆင်ပြေရဲ့လား"
ရှီးရှင်းယွီ အမြန် ပြေးလာပြီး ရှောင်ဖန်ကူကို တွဲထူကာ ဘေးသို့ ခေါ်ထုတ်သွားလေ၏။
ရှောင်ဖန်ကူသည် အံကြိတ်လျက် တစ်ကိုယ်လုံး တုန်ရီနေသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
"ငါ မင်းကို လျှော့တွက်ခဲ့မိတယ်... မင်းရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုကောင်းတာပဲ"
ထိုအချိန်တွင် ပိုင်မင်လုသည် ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်လိုက်ပြီး ဓားကို ကိုင်ဆောင်လျက် ရှေ့သို့ (၃) လှမ်း တိုးထွက်လာကာ ဟိုယွင်ကျဲကို စူးစိုက်ကြည့်လိုက်သည်။
"ငါက ချင်းယွင်ဂိုဏ်းရဲ့ (၁၀) ယောက်မြောက် ပါရမီရှင် ပိုင်မင်လု ပါ... မြူခိုးဂိုဏ်းရဲ့ အသန်မာဆုံး တပည့်နဲ့ ယှဉ်ပြိုင်ချင်ပါတယ်"
ဟိုယွင်ကျဲ လက်ခံရန် ပြင်လိုက်စဉ် ယဲ့ဖုန်းက လှမ်းခေါ်လိုက်သည်။
"ယွင်ကျဲ... ပြန်လာခဲ့"
ပိုင်မင်လု မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်စွာ မေးလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... ဂျူနီယာလေးနဲ့ ယှဉ်ပြိုင်ခွင့်လေးတောင် မပေးနိုင်ဘူးလားဗျာ"
ပိုင်မင်လု၏ တွေးခေါ်ပုံက ရိုးရှင်းပါသည်။
ရှောင်ဖန်ကူသည် လူအများရှေ့တွင် ဟိုယွင်ကျဲအား ရှုံးနိမ့်ခဲ့သဖြင့် ချင်းယွင်ဂိုဏ်း၏ သိက္ခာကျဆင်းခဲ့ရသည်။ အစ်ကိုကြီး တစ်ယောက်အနေဖြင့် သူ ရှေ့ထွက်ပြီး ဂုဏ်သိက္ခာ ပြန်လည် ဆယ်ယူပေးရမည်။
ထိုသို့ဆိုလျှင် သူသည် အောင်နိုင်သူ အနေဖြင့် ပြန်လည် ထွက်ခွာနိုင်မည် မဟုတ်ပါလော။
သို့သော် ယဲ့ဖုန်းက ပြောလိုက်သည်။
"ငါတို့ မြူခိုးဂိုဏ်းမှာ ယွင်ကျဲရဲ့ စွမ်းအားက အဆင့် (၃) ပဲ ရှိသေးတယ်... မင်းက အသန်မာဆုံးနဲ့ ယှဉ်ပြိုင်ချင်တယ် ဆိုမှတော့... ဂိုဏ်းချုပ်အနေနဲ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်... ဒါပေမယ့် စည်းကမ်းချက် တစ်ခု ရှိတယ်... မင်း ရှုံးရင်... ချက်ချင်း ထွက်သွားရမယ်"
"ထွက်သွားရမယ်" ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟာရီကိန်း မုန်တိုင်းကဲ့သို့ ပြင်းထန်သော ဖိအားတစ်ခု လူအုပ်ကြီးအပေါ် လွှမ်းခြုံသွားလေ၏။
လုံကွိုင်ကျန်းရန်၏ မျက်နှာထားပင် မဲမှောင်သွားသည်။
"တကယ်လို့.. မင်လု ရှုံးသွားရင်... ကျန်းရန် ( တာအို ဆရာ ) တစ်ယောက်အနေနဲ့ ကိုယ်တိုင် တောင်းပန်ပြီး ဒီနေရာကို ဘယ်တော့မှ ခြေမချတော့ပါဘူး" လုံကွိုင်ကျန်းရန်က ပိုင်မင်လုအစား ကတိပေးလိုက်သည်။
ယဲ့ဖုန်းသည် စကားအပို မပြောတော့ဘဲ လက်ဝှေ့ယမ်းလိုက်၏။
"မိုယင်... မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား ရှင်းလိုက်"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
မိုယင်သည် လေညှင်းစီး ဓားပျံကို ကိုင်ဆောင်လျက် ကွင်းလယ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ ထိုအခါမှသာ သူမ၏ ချီစုစည်းခြင်း (၈) ဆင့်မြောက် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသလိုက်လေ၏။
"မြူခိုးဂိုဏ်း တပည့်တစ်ယောက်က ဒီအဆင့်ထိ ရောက်နေပြီတဲ့လား... နောက်တစ်ဆင့် တက်လှမ်းလိုက်ရင်... အလယ်အလတ်အဆင့် ဂိုဏ်းချုပ်တွေနဲ့တောင် ယှဉ်လို့ ရနေပြီ"
ဂိုဏ်းချုပ်အသီးသီးမှ ခေါင်းဆောင်များသည် ကြီးမားသော ဖိအားကို ခံစားလိုက်ကြရသည်။
အချို့မှာ ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားကြ၏။ မြူခိုးဂိုဏ်း တပည့်တစ်ယောက်ကိုပင် မယှဉ်နိုင်သော သူတို့၏ အဖြစ်ကို တွေးပြီး စိတ်ပျက်သွားကြခြင်း ဖြစ်သည်။
ရှောင်ဖန်ကူသည် မိုယင်ကို 'စူးစိုက်ကြည့်' နေမိသည်။
ယဲ့ဖုန်းသည် ဤမျှ ထူးချွန်သော တပည့်ကို ဘယ်က ရှာတွေ့ခဲ့သနည်း။ အကယ်၍ သူသာ မိုယင်နှင့် ရင်ဆိုင်ခဲ့ရပါက (၃) ကွက်ပင် ခံနိုင်မည် မဟုတ်ကြောင်း တွေးမိပြီး ကျောချမ်းသွားရလေ၏။
သို့နှင့်၊ ပိုင်မင်လု.. ကွင်းလယ်သို့ ရောက်ရှိလာ၏။
သူသည် ဒူးကို ကွေးညွတ်ပြီး ခန္ဓာကိုယ်ကို ကိုင်းငုံ့လိုက်သည်။ လက်တစ်ဖက်က ဓားအိမ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဓားရိုးကို ဆုပ်ကိုင်ထားကာ ဓားသွားကဲ့သို့ ထက်မြက်သော အရှိန်အဝါများ သူ့ထံမှ ထွက်ပေါ်လာလေ၏။
"အစ်ကိုပိုင်.. အတည်ကြီး လုပ်တော့မယ်" ရှီးရှင်းယွီ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"သူ..လပေါင်းများစွာ ကြိုးစား လေ့ကျင့်ထားတဲ့ 'ဓားဆွဲထုတ်ခြင်း နည်းစနစ်'ကို သုံးတော့မှာကိုး"
လုံကွိုင်ကျန်းရန်ပင် ပြုံးလိုက်မိသည်။
ပိုင်မင်လု၏ စွမ်းအားကို သူ..ယုံကြည်သည်။
ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်ရှိနေသော ချင်းယွင်ဂိုဏ်း၏ (၁၀) ယောက်မြောက် ပါရမီရှင် ပိုင်မင်လုသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အောက်တွင်... သက်ကြီးဝါရင့်များ ဖယ်နှုတ်လိုက်သော်၊ ပြိုင်ဘက်ကင်းသူ တစ်ဦး ဖြစ်ပေသည်။
ရှောင်ဖန်ကူသည် မျက်လုံးများ ပြူးကျယ်လျက် သင်ယူရန် အသင့်ပြင်ထားလေ၏။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် နိမ့်တယ်... မင်း အရင် တိုက်ခိုက်ပါ" ပိုင်မင်လုက မိုယင်ကို ပြောလိုက်သည်။
သူ၏ ဓားဆွဲထုတ်ခြင်း နည်းစနစ်သည် ရန်သူ တိုက်ခိုက်ပြီးမှ တုံ့ပြန်တိုက်ခိုက်သော်လည်း ရန်သူထက် ဦးစွာ ထိမှန်စေသော နည်းစနစ် ဖြစ်သည်။ မိုယင်ကို အရင် တိုက်ခိုက်ခိုင်းခြင်းသည် သူမကို အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။
"သေချာလို့လား"
မိုယင်၏ အသံသည် အေးစက်နေပြီး လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေသည်။
ထို့နောက်... ရုတ်တရက်... သူမ၏ ပုံရိပ်သည် မျက်စိရှေ့မှ 'ရုတ်ချည်း ပျောက်ကွယ်' သွားလေ၏။
အားလုံး မှင်သက်သွားကြ၏။
ဘယ်ရောက်သွားတာလဲ…