← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀) - အောင်ပွဲခံခြင်းနှင့် လျှို့ဝှက်ဆွေးနွေးခြင်း

~"မြေလျှိုးခြင်း မန္တန်ကို နောက်တစ်ခါ သုံးပြန်တာလား"

လူအုပ်ကြီးသည် မြေပြင်ကို အလျင်အမြန် ကြည့်ရှုလိုက်ကြ၏။

သို့သော် ဘာမှ ရှာမတွေ့ချေ။

မိုယင်၏ အရိပ်အယောင်ကို ကောင်းကင်တွင်ရော မြေကြီးအောက်တွင်ပါ လုံးဝ မတွေ့ရတော့ပေ။

ပိုင်မင်လု သတိကြီးစွာ ထားလိုက်သည်။

မိုယင်.. သူ့ကို တိုက်ခိုက်လာနိုင်မည့် လမ်းကြောင်း အမျိုးမျိုးကို တွက်ချက်ထားပြီး မည်သည့် နေရာမှ ရောက်လာသည် ဖြစ်စေ.. အနေအထား ပြင်ဆင်ကာ "ဓားဆွဲထုတ်ခြင်း နည်းစနစ်"ဖြင့် ချက်ချင်း အနိုင်ယူလိုက်မည်ဟု ကြံရွယ်ထားလေ၏။ ထိုသို့ဖြင့် ထူးကဲသော အောင်ပွဲ တစ်ခုကို ရယူလိုက်မည်ဟု စိတ်ကူးယဉ်ထားသည်။

သို့သော် မိုယင်က စည်းကမ်းအတိုင်း ကစားသူ မဟုတ်ပေ။

သူမသည် လေထဲတွင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ထို့အပြင် "မြေလျှိုးခြင်း မန္တန်" လည်း မဟုတ်သကဲ့သို့ ရှိနေ၏။

‘မကောင်းတော့ဘူး... မြေကြီးပေါ် နေနေရင် အားနည်းချက် ဖြစ်သွားလိမ့်မယ်... လေပေါ် တက်မှ ရမယ်’

ပိုင်မင်လု တွေးတောလိုက်ပြီး ချက်ချင်း ခုန်တက်ရန် ပြင်လိုက်သည်။

"အနောက်ကို သတိထား"

ထိုအချိန်တွင် လုံကွိုင်ကျန်းရန်သည် မိုယင်၏ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် မနေနိုင်ဘဲ သတိပေးလိုက်မိသည်။

ပိုင်မင်လု ကျောချမ်းသွားပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ မိုယင်သည် သူ့အနောက်တည့်တည့်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ထိုအချိန်တွင် ပိုင်မင်လု၏ ဓားသည် (၃) လက်မခန့်သာ ဆွဲထုတ်ရသေးသည်။ သူသည် သက်ပြင်းချလိုက်ပြီး ဓားကို ပြန်သိမ်းလိုက်လေ၏။

"ငါ ရှုံးပြီ..."

ထိုအခါမှသာ လူအုပ်ကြီးသည် မိုယင်က "လေညှင်းစီး ဓားပျံ"ကို ကိုင်ဆောင်လျက် ပိုင်မင်လု၏ ကျောကုန်းနှင့် တစ်လက်မ အကွာတွင် ချိန်ရွယ်ထားသည်ကို တွေ့ရှိလိုက်ကြ၏။

အနည်းငယ် ထိုးစိုက်လိုက်ရုံဖြင့် ပိုင်မင်လု လဲကျသွားပေလိမ့်မည်။

"ငါတောင်.. တုံ့ပြန်ဖို့ အချိန်မရလိုက်ဘူး... ကြောက်စရာ ကောင်းလိုက်တဲ့ လုပ်ကြံ သတ်ဖြတ်ရေး မန္တန်ပါလား"

လုံကွိုင်ကျန်းရန် လေးနက်စွာ မှတ်ချက်ချလိုက်သည်။

အကယ်၍ ပိုင်မင်လု နေရာတွင် သူ ရှိနေခဲ့လျှင်ပင်... မသေဆုံးလျှင်တောင် ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်ပေသည်။

"ငါတို့ နိုင်ပြီဟေ့"

"စီနီယာအစ်မမို ကွ... လန်းလိုက်တာ"

ချင်းယွင်ဂိုဏ်းသားများ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်နှင့် အခြားဂိုဏ်းသားများ အံ့သြ မှင်သက်နေချိန်တွင် မြူခိုးဂိုဏ်းဘက်မှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။

"ချလွင်"

မိုယင်သည် ဓားကို ပြန်သိမ်းလိုက်ပြီး ယဲ့ဖုန်းဘေးတွင် ပေါ်လာကာ မေးလိုက်သည်။

"ဂိုဏ်းချုပ်... ဘယ်လိုလဲ"

"အင်း... အရမ်း မြန်တာပဲ" ယဲ့ဖုန်း ခေါင်းညိတ်ပြီး ကျေနပ်ကြောင်း ပြသလိုက်သည်။

မိုယင် အသုံးပြုခဲ့သော မန္တန်မှာ ပထမအဆင့် ပြီးပြည့်စုံခြင်း ရောက်ရှိနေသော “ကျောကုန်းမှ ဓားဖြင့်ထိုးခြင်း” ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရာတွင် သိပ်မထူးခြားသော်လည်း မမျှော်လင့်ထားသော အခြေအနေမျိုးတွင် အလွန် ထိရောက်ပေသည်။

ပိုင်မင်လုသည် ဓားစတင် ဆွဲထုတ်လိုက်ကတည်းက ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက် ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

"သွားကြစို့"

လုံကွိုင်ကျန်းရန်သည် ဆက်နေရန် မျက်နှာမရှိတော့သဖြင့် ပြန်ရန် ပြင်လိုက်သည်။

"နေပါဦး... လုံကွိုင်ကျန်းရန်" ယဲ့ဖုန်း ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"တစ်ခုခု မေ့မနေဘူးလား"

လုံကွိုင်ကျန်းရန်သည် တောင်ဝှေးကို တင်းတင်းဆုပ်လိုက်ပြီး စကားပြောရန် ပြင်နေသော ရှီးရှင်းယွီကို တားဆီးကာ ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ယဲ့... ဒီနေ့ အဆင့်မြင့်ဂိုဏ်း ဂုဏ်ပြုပွဲကို နှောင့်ယှက်မိတာ ကျွန်တော်တို့ အမှားပါ... နောက်နေ့မှ တွေ့ကြတာပေါ့... သွားခွင့်ပြုပါဦး"

ယဲ့ဖုန်းက ပါးနပ်စွာ နောက်သို့ မှီလိုက်ပြီး ပြောလိုက်သည်။

"စိတ်မရှိပါနဲ့... အဲဒီ အကြီးအကဲ ရာထူးကို ကျွန်တော် စိတ်မဝင်စားပါဘူး"

လုံကွိုင်ကျန်းရန် မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင် ဖြစ်သွားသော်လည်း ဘာမှ ဆက်မပြောတော့ဘဲ တပည့် (၃) ဦးကို ခေါ်ဆောင်ကာ မြူခိုးတောင်ထိပ်မှ ဆင်းသွားလေတော့သည်။

"မြူခိုးဂိုဏ်းက တော်တော် စွမ်းတာပဲ... ချင်းယွင်ဂိုဏ်းကိုတောင် ခေါင်းငိုက်စိုက်ချပြီး ပြန်သွားအောင် လုပ်နိုင်တယ်"

"ဒါပေမယ့် ဒီလိုလုပ်လိုက်တာက... ချင်းယွင်ဂိုဏ်းကို ရန်စလိုက်သလို ဖြစ်သွားပြီ"

"ဂိုဏ်းချုပ်ယဲ့က ရွေးချယ်ခံရသူလေ... ချင်းယွင်ဂိုဏ်းကို ကြောက်ပါ့မလား"

"ရွေးချယ်ခံရသူ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်... ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... အဲဒီလူက ဓာတ်ကြီးငါးပါး စုစည်းခြင်း (၇) ဆင့်မြောက် ရောက်မလို ဖြစ်နေပြီ... ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ပဲ"

ဂိုဏ်းချုပ်အသီးသီးမှ ခေါင်းဆောင်များ အတင်းအဖျင်း ပြောဆိုနေကြလေ၏။

ယဲ့ဖုန်း တိတ်ဆိတ်နေသည်။

ဒုတိယမြို့စားမင်းက အနောက်မှ တူရိယာ အဖွဲ့ကို လှမ်းပြောလိုက်သည်။

"ဘာလုပ်နေကြတာလဲ... သီချင်းဆက်တီးလေ... အခမ်းအနား ဆက်လုပ်မယ်"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"

တူရိယာ အဖွဲ့သည် အလျင်စလို ပြန်လည် တီးခတ်ကြလေ၏။

ကျိုးကျားချန်သည် မြူခိုးဂိုဏ်း ဆိုင်းဘုတ်ကို ချက်ချင်း မယူလိုက်ပြီး ယဲ့ဖုန်း ကိုယ်တိုင် တံခါးမကြီး အထက်တွင် ချိတ်ဆွဲကာ ရွှမ်ယဲ့ ဓားပျံဖြင့် အနီရောင် ပိတ်စကို ဖယ်ရှားလိုက်လေသည်။

ယခု အခိုက်အတန့်မှ စ၍ မြူခိုးဂိုဏ်းသည် အဆင့်မြင့်ဂိုဏ်း အဖြစ် တရားဝင် သတ်မှတ်ခံလိုက်ရပြီ ဖြစ်လေ၏။

"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်ယဲ့"

"ဝမ်းသာပါတယ်ဗျာ"

အခမ်းအနားသည် စီးပွားရေးသမားများ အချင်းချင်း နှုတ်ဆက်ကြသကဲ့သို့ စတင် သက်ဝင်လှုပ်ရှားလာလေ၏။

ဂိုဏ်းအသီးသီးတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြသဖြင့် ဧည့်သည်များသည် ဂိုဏ်းချုပ်ခန်းမဆောင်တွင် ခေတ္တမျှသာ နေထိုင်ကြပြီး လက်ဖက်ရည် သောက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြ၏။ ယဲ့ဖုန်းနှင့် မိတ်ဖွဲ့ပြီးနောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည် ထွက်ခွာသွားကြလေသည်။

"ဂိုဏ်းချုပ်ယဲ့... အချိန်ရရင် နီရှန်နန်းတော် ကို လာလည်ပြီး အရည်အချင်း မရှိတဲ့ ကျွန်မရဲ့ တပည့်တွေကို လမ်းညွှန်ပေးပါဦးရှင်"

ဟု နီရှန်နန်းတော် သခင်မက ထွက်ခွာခါနီးတွင် နွေးထွေးစွာ ပြုံးပြပြီး ပြောလိုက်သည်။

"သေချာပေါက် လာခဲ့ပါ့မယ်" ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ယန်ရူယွီသည် ယဲ့ဖုန်း အနောက်သို့ ပြေးလာပြီး ဖြူဖွေးသော လက်ချောင်းလေးဖြင့် သူ့ပခုံးကို တို့လိုက်လေ၏။

"ဘာဖြစ်လို့လဲ" ယဲ့ဖုန်း မေးလိုက်သည်။

"အဲဒီ မိန်းမက ဘယ်သူလဲဟင်... ကြောက်စရာကြီး... လူစားမယ့် ကျားမကြီးလိုပဲ"

ယန်ရူယွီသည် လည်ပင်းကို တွန့်လိုက်ပြီး ကြောက်လန့်တကြား ပြောလိုက်သည်။

ယဲ့ဖုန်း ရယ်ချင်သွားမိ၏။

ယန်ရူယွီသည် ယခင်ဘဝ အမှတ်တရများကို လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သော်လည်း စိတ်ထဲတွင် နီရှန်နန်းတော် သခင်မကို ကြောက်ရွံ့သော စိတ်က အမွေပါလာပုံ ရသည်။

"မကြောက်ပါနဲ့... သူက မင်းကို လက်ဖျားနဲ့တောင် မထိရဲပါဘူး... ပြီးတော့ မင်းရှေ့မှာ ငါ ရှိနေတာပဲ" ယဲ့ဖုန်း နှစ်သိမ့်လိုက်သည်။

"ဟုတ်တယ်နော်"

ယန်ရူယွီ၏ ရင်ထဲတွင် နွေးထွေးသွားလေ၏။

ထိုအချိန်တွင် ဒုတိယမြို့စားမင်းသည် ယဲ့ဖုန်းကို လက်သီးဆုပ် ဦးညွှတ်လိုက်ပြီး လုရှန်ယွဲ့နှင့်အတူ ကောင်းကင်သို့ ပျံတက်ကာ မြူခိုးတောင်ထိပ်မှ ထွက်ခွာသွားကြလေသည်။

သို့သော် ရှင်းကွမ်ရွှမ် ကျန်ရစ်ခဲ့သည်။ လုရှန်ယွဲ့ ထွက်ခွာသွားသည်ကို မြင်သောအခါ သူသည် နောက်ထပ် အရိုက်ခံရမည်ကို စိုးရိမ်သကဲ့သို့ သက်ပြင်းချလိုက်လေ၏။

မထွက်ခွာမီ လျိုယွိကျစ်သည် မြူခိုးတောင်ထိပ်ကို စူးစမ်းကြည့်ရှုလိုက်ရာ ဤနေရာရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ယွင်ဟွာဂိုဏ်းထက်ပင် မြင့်မားနေကြောင်း တွေ့ရှိလိုက်ရသဖြင့် အားကျသွားရလေသည်။

"ဂိုဏ်းချုပ်ယဲ့ကို တကယ် အားကျမိပါတယ်ရှင်... သူရဲကောင်းဝိညာဉ်တွေရဲ့ အကာအကွယ် ရထားတာတင် မကဘဲ... ဝိညာဉ်သွေးကြော တစ်ခုကိုပါ ပိုင်ဆိုင်ထားတယ်ဆိုတော့"

ယဲ့ဖုန်း၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။

"အကြီးအကဲယွိကျစ် က ဒီမှာ ဝိညာဉ်သွေးကြော ရှိနေတာကို သိတယ်ပေါ့"

"သိတာပေါ့ရှင်... ရှင်တို့ဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောက အနိမ့်ဆုံး အသေးစားပဲ ရှိပေမယ့်... ကြယ်အဆင့် ဂိုဏ်း ဖြစ်လာဖို့ လုံလောက်ပါတယ်... ကျွန်မတို့ ယွင်ဟွာဂိုဏ်းနဲ့ ယှဉ်ရင်တောင် သာနေပြီ" လျိုယွိကျစ် သက်ပြင်းချလိုက်သည်။

ယွင်ဟွာဂိုဏ်းသည် ကြယ်အဆင့် ဂိုဏ်း ဖြစ်လာရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ကြောင်း ယဲ့ဖုန်း သတိရလိုက်ပြီး မေးလိုက်၏။

"ခင်ဗျားတို့ဂိုဏ်းမှာ ဝိညာဉ်သွေးကြော မရှိလို့လား"

"ရှိပါတယ်... ဒါပေမယ့် ပြတ်တောက်သွားပြီ"

လျိုယွိကျစ် ခေါင်းခါလိုက်သည်။

"နောက်ထပ် (၁၀) နှစ်လောက်ဆိုရင် ဝိညာဉ်စွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွားတော့မှာ... ကြယ်အဆင့် ဂိုဏ်း ဖြစ်လာဖို့ စံသတ်မှတ်ချက်ကို မမီတော့ဘူး"

လျိုယွိကျစ် ခေတ္တ ရပ်တန့်သွားပြီးနောက် ဆက်ပြောသည်။

"ကဲ... တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ ပြန်လိုက်ပါဦးမယ်... ဂိုဏ်းချုပ်ယဲ့ အချိန်ရရင် ယွင်ဟွာဂိုဏ်းကို အလည်လာပြီး လမ်းညွှန်ပေးပါဦးနော်"

ပြောပြီးသည်နှင့် လျိုယွိကျစ်သည် လင်းယွိယန်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြလေ၏။

ခွဲခွာခါနီးတွင် လင်းယွိယန်သည် ဟိုယွင်ကျဲကို ကြည့်လိုက်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။

"သူငယ်ချင်းယွင်ကျဲ... ရှင် ကျွန်မကို ထမင်းကျွေးဖို့ အကြွေးကျန်သေးတယ်နော်... အခွင့်အရေးရရင် နောက်တစ်ခါ ကျွေးပါဦး"

အသံမဆုံးခင်မှာပင် သူမသည် အဝေးသို့ ပျံသန်းထွက်ခွာသွားလေပြီ။

"ဝါး... ဂျူနီယာညီလေး... မိန်းမလှလေးက မင်းကို ထမင်းလိုက်ကျွေးခိုင်းနေတယ်ကွ"

ရှီလေ့ အားကျစွာ ပြောလိုက်သည်။ "ဒါပေမယ့် ဘာလို့ ငါ့ကိုကျတော့ ဘယ်သူမှ မခေါ်ကြတာလဲ"

ဟိုယွင်ကျဲ ဘာမှ ပြန်မပြောပေ။

ယဲ့ဖုန်း ရယ်လိုက်သည်။

"မင်းက ရိုးသားလွန်းလို့ပါကွာ... နည်းနည်းလောက်.. ဟီးဟီးဟားဟား မလုပ်တတ်ရင်... ဘယ်သူက မင်းကို ခေါ်မှာလဲ"

"ဟီးဟီးဟားဟား.. ဟုတ်လား"

ရှီလေ့.. ခေါင်းကုတ်လိုက်ပြီး တင်ပါးကို ကော့ပြလိုက်သည်။

"ဒီလိုလား ဂိုဏ်းချုပ်ဦးလေး"

ယဲ့ဖုန်း မျက်လုံးလှန်ကြည့်လိုက်ပြီး ဆက်မပြောချင်တော့သဖြင့် ဘေးနားတွင် ရပ်နေသော လုံကျန့်ချွမ်းနှင့် ကျားလီအန်းတို့ကို လှည့်ကြည့်လိုက်သည်။

"မိသားစုခေါင်းဆောင်ကြီး နှစ်ဦး... ထမင်းစားဖို့ ကျန်နေခဲ့တာလား"

ရှင်းကွမ်ရွှမ် အမြန် ဝင်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ယဲ့... ကျွန်တော်လည်း ထမင်းကပ်စားချင်လို့ပါ"

လုံကျန့်ချွမ်းသည် ရှင်းကွမ်ရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့ဖုန်းကို ပြောလိုက်သည်။

"ထျန်းရှင်း.. မြူခိုးဂိုဏ်းကို ဝင်ခွင့်ရတာ လုံမိသားစုအတွက် ကောင်းချီးမင်္ဂလာပါပဲ... ရက်ရွေးနေမယ့်အစား ဒီနေ့ပဲ တိုက်လိုက်ပါ့မယ်... မြူခိုးဂိုဏ်း တစ်ဂိုဏ်းလုံးကို ထမင်းဖိတ်ကျွေးချင်ပါတယ်"

ထိုအခါ၊ ကျားလီအန်းလည်း အားကျမခံ ဝင်ပြောလိုက်၏။

"ကျွန်တော့်သမီး ယွိလန်လည်း မြူခိုးဂိုဏ်း တပည့်ပဲလေ... ဘယ်လိုလုပ် မိသားစု ခေါင်းဆောင် လုံ တစ်ယောက်တည်းကိုပဲ ကျွေးခွင့်ပြုရမှာလဲ"

"ဒီလို လုပ်ကြမလား... ကျွန်တော်က ဧည့်ခံမယ်... ခင်ဗျားတို့ နှစ်ယောက်က ပိုက်ဆံရှင်း... ဘယ်လိုလဲ…" ယဲ့ဖုန်း တဟဲဟဲ.. ရယ်လိုက်သည်။

ငြင်းမရသော အဆိုပြုချက်ကို ကြားလိုက်ရသဖြင့် လုံကျန့်ချွမ်းနှင့် ကျားလီအန်းတို့ ဆွံ့အသွားကြပြီးနောက် တပြိုင်နက်တည်း လက်မထောင်ပြလိုက်ကြလေ၏။

ခဏအကြာတွင် တပည့်အားလုံး မြူခိုးတောင်ထိပ်မှ ပြေးဆင်းလာကြပြီး ရေပေါ်ဖြူမြို့တော်ရှိ အစည်ကားဆုံး စားသောက်ဆိုင်သို့ ပျံသန်းထွက်ခွာသွားကြ၏။

ရှင်းကွမ်ရွှမ်လည်း ဘေးမှ ဝမ်းသာအားရ လိုက်ပါသွားလေ၏။

ထိုစဉ်၊ မြူခိုးတောင်ထိပ်မှ မိုင် (၁၀၀) အကွာ၊ ဖူယွင် တောအုပ်နက်၏ ဗဟိုချက်၊ မြေအောက် လိုဏ်ဂူနက်ကြီး တစ်ခု အတွင်း၌...

လူရိပ် (၂) ခု ဆုံတွေ့နေကြ၏။

"နောက်ဆုံးရသတင်းအရ... မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း ဖြစ်သွားပြီ... ပြီးတော့ အတွင်းထဲမှာ ဝိညာဉ်သွေးကြော ရှိနေပုံ ရတယ်... ခိုးဝင်ပြီး ဖျက်ဆီးပစ်ရမယ်"

အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော တာအိုဆရာအိုကြီး တစ်ဦးက ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် မျက်ဆံမရှိဘဲ ချိုင့်ဝင်နေပြီး "ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" မိထားကြောင်း သိသာထင်ရှားနေလေ၏။

အမှောင်ထဲတွင် ပုန်းကွယ်နေသော အခြားတစ်ယောက်သည် အချိန်အတော်ကြာမှ အက်ကွဲသော အသံကြီးဖြင့် ပြန်ဖြေလိုက်သည်။

"ငါ..ညဘက် ကြယ်တွေကို ကြည့်ပြီးပြီ... (၃) ရက်အတွင်း ကောင်းကင်မှာ တိမ်မဲတွေ ဖုံးလွှမ်းလိမ့်မယ်... အဲဒါ လှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"ကောင်းပြီ... အဲဒီအချိန်ကျရင် ဒီကျန်းရန်ရဲ့ ကိုယ်ပွားက ဘေးကနေ ကူညီပေးမယ်... မြွေနတ်ဆိုး နဲ့ ဝံပုလွေနတ်ဆိုး တို့ရဲ့ ပူးပေါင်းမှုနဲ့အတူ... ငါတို့ ဝိညာဉ်သွေးကြောကို ဖြတ်တောက်ပြီး အမြုတေ ကို ထုတ်ယူရမယ်"

တာအိုဆရာအိုကြီးက 'ကောက်ကျစ်စဉ်းစားသော အပြုံး' ဖြင့် ရယ်လိုက်သည်။

“ဟီးဟီးဟိုးဟိုးဟိုး…”

စူးရှသော အသံကြီးသည် မြေအောက်လိုဏ်ဂူအတွင်း ပဲ့တင်ထပ်သွားပြီး ကျောချမ်းဖွယ်ရာ ကောင်းလှပေတော့သတည်း။

အခန်း (၁၀၁) - အစိမ်းရောင် ကျောက်စိမ်းမျှော်စင်၏ သခင်မ ပိုင်ဟွာရှောင်

~ရေပေါ်ဖြူမြို့တော် -

ယဲ့ဖုန်း၊ လုံကျန့်ချွမ်း၊ ကျားလီအန်း၊ ရှင်းကွမ်ရွှမ်နှင့် မြူခိုးဂိုဏ်း တပည့်များအားလုံး စုဝေးနေကြလေသည်။

"ဒီနေရာက ရေပေါ်ဖြူ မြို့တော်ရဲ့ အကောင်းဆုံး စားသောက်ဆိုင်ပဲ... ဒီနေ့ ဧည့်ခံကျွေးမွေးစရိတ်ကို ကျွန်တော်နဲ့ မိသားစုခေါင်းဆောင်လုံ တို့ မျှရှင်းလိုက်မယ်"

ကျားလီအန်းသည် ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်၏။ 'ငါ့မှာ ပိုက်ဆံမရှားဘူး... ကြိုက်တာ မှာစား' ဟူသော ဟန်ပန်ဖြင့် ဝင့်ကြွားနေလေသည်။

"မလိုပါဘူးဗျာ... ကျွန်တော်ပဲ ရှင်းပါ့မယ်"

ယဲ့ဖုန်းသည် ရွှေ (၁၀) ကျပ်သားနှင့် ညီမျှသော ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ထုတ်ပေးလိုက်ပြီး အရသာရှိသော ဟင်းလျာ အများအပြား မှာယူလိုက်လေသည်။

"ဂိုဏ်းချုပ်ယဲ့... ဒါက ဘာသဘောလဲ" လုံကျန့်ချွမ်းနှင့် ကျားလီအန်းတို့ နားမလည်နိုင် ဖြစ်သွားကြ၏။

"ခုနက ပြောတာတွေက စနောက်နေတာပါဗျာ... ခင်ဗျားတို့ နှစ်ယောက်ကို ဘယ်လိုလုပ် ပိုက်ဆံရှင်းခိုင်းရမှာလဲ... ဒီနေ့က မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့ နေ့ထူးနေ့မြတ်ပဲ... ဂိုဏ်းချုပ်ကပဲ အားလုံးကို ဧည့်ခံကျွေးမွေးသင့်တာပေါ့"

ယဲ့ဖုန်း၏ ပြတ်သားသော မျက်နှာထားကို ကြည့်ပြီးနောက် လုံကျန့်ချွမ်းနှင့် ကျားလီအန်းတို့သည် ဆက်လက် ငြင်းဆန်ခြင်း မပြုတော့ဘဲ... ဒီတစ်ခါတော့ အရှက်မရှိ ကပ်စားလိုက်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

မကြာမီ ဟင်းလျာများ ရောက်ရှိလာ၏။

အားလုံးသည် ပျော်ရွှင်စွာ စားသောက်ကြလေ၏။

မွန်းလွဲပိုင်းတွင် ဗိုက်ဝသွားကြပြီးနောက် အသီးသီး နေအိမ်သို့ ပြန်သွားကြ၏။

ယဲ့ဖုန်းသည် တပည့်များကို ခေါ်ဆောင်လျက် လမ်းလျှောက်နေစဉ် လီကျောက်ကျောက်အတွက် ဟင်းချက်စရာ ပစ္စည်းများနှင့် အခြား အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူပေးခဲ့သည်။

ထိုအချိန်တွင် ဓားရှည်များကို ကိုင်ဆောင်ထားသော အစောင့် (၁၀) ဦးကျော်သည် သူတို့၏ လမ်းကို ပိတ်ဆို့လိုက်ကြလေ၏။

"အဲဒီ ကောင်မစုတ်လေး ရှိတယ်ကွ... အကုန် ဝိုင်းထားလိုက်"

ခက်ထန်ကြမ်းတမ်းသော မျက်နှာထားဖြင့် ထိပ်ပြောင်ကြီး တစ်ဦးက ဟိန်းဟောက်လိုက်သည်။ အစောင့်များသည် ယဲ့ဖုန်းနှင့် အဖွဲ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြ၏။

"မင်းတို့ ဘယ်သူတွေလဲ... ဘာလိုချင်တာလဲ"

ရှီလေ့ ရှေ့ထွက်လာပြီး ချီစုစည်းခြင်း (၆) ဆင့်မြောက် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ အစောင့်များအားလုံး တုန်လှုပ်သွားကြလေသည်။

သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ချီစုစည်းခြင်း (၂) ဆင့်၊ (၃) ဆင့် လောက်သာ ရှိကြသဖြင့် ရှီလေ့၏ ဖိအားကို မခံနိုင်ဘဲ နောက်ဆုတ်သွားကြရသည်။

ထိပ်ပြောင်ကြီးသည် ချီစုစည်းခြင်း (၅) ဆင့်မြောက် ရှိသော်လည်း ပြိုင်ဘက် မဟုတ်မှန်း သိလိုက်သဖြင့် ဆုတ်ခွာပြီး စစ်ကူခေါ်ရန် ဆုံးဖြတ်လိုက်သည်။

"တောင်းပန်ပါတယ်... လူမှားသွားလို့ပါ"

ပြောပြီးသည်နှင့် ထိပ်ပြောင်ကြီး လှည့်ပြေးရန် ပြင်လိုက်၏။

"ငါက မင်းတို့ကို သွားခွင့်ပြုတယ်လို့ ပြောမိလို့လား"

ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်လိုက်ရာ သူရဲကောင်းဝိညာဉ်စွမ်းအားသည် မမြင်ရသော လက်ကြီးတစ်ဖက်ကဲ့သို့ ပြဿနာရှာသူများ အားလုံးကို ဖမ်းချုပ်လိုက်လေ၏။

ထိပ်ပြောင်ကြီးနှင့် အစောင့်များသည် ခြေထောက်တွင် ပေါင်ချိန်ထောင်ချီ ချိတ်ဆွဲထားသကဲ့သို့ လေးလံသွားပြီး ခြေတစ်လှမ်းမျှ ရွေ့မရတော့ပေ။ သူတို့ မထိသင့်သူကို ထိမိလိုက်ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေသည်။

"မင်းတို့ ဘယ်သူတွေလဲ... ဘာလိုချင်တာလဲ... ငါ ဒုတိယအကြိမ် ထပ်မမေးချင်ဘူး"

ယဲ့ဖုန်းသည် အားကို အနည်းငယ် တိုးလိုက်ရာ သူရဲကောင်းဝိညာဉ်စွမ်းအား ပိုမို ပြင်းထန်လာပြီး ထိပ်ပြောင်ကြီးနှင့် အဖွဲ့သည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ မျှော်စင်သခင် တစ်ဦးနှင့် ရင်ဆိုင်ရသည်ထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေပေသည်။

"အာ... သူတို့ပဲ... သူတို့ အရမ်း ကြမ်းတယ်... ပြီးတော့ ယွီယွီ ကို ရိုက်ကြတယ်"

ယန်ရူယွီသည် ယဲ့ဖုန်း အနောက်တွင် ဝင်ပုန်းလိုက်ပြီး ကြောက်လန့်တကြား ပြောလိုက်သည်။

ကျားယွိလန်သည် ယန်ရူယွီ၏ နောက်ခံကို သိထားသဖြင့် ချက်ချင်း ရှေ့တိုးလာပြီး ကျောကုန်းကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။

"အသက်ချမ်းသာပေးပါ စီနီယာ... ကျွန်တော်တို့က အမိန့်အတိုင်း လုပ်ရတာပါ"

ထိပ်ပြောင်ကြီးသည် ယင်ကောင် တစ်ကောင်ကို မြိုချမိသကဲ့သို့ မသက်မသာ ဖြစ်နေရှာသည်။ ယန်ရူယွီက သူ့ကို ချက်ချင်း မှတ်မိသွားသည် မဟုတ်ပါလော။

"ငါတို့ နို့ထိန်းကို အနိုင်ကျင့်ရဲတယ်ပေါ့... ညီအစ်ကိုတို့... ရိုက်ကြကွာ"

မြေခွေးတာ့ဟုန် အော်ဟစ်လိုက်ပြီး ခွေးအားဟာ နှင့် အခြား ရေပေါ်ဖြူ အင်မော်တယ် ငါးကောင်တို့သည် "စက္ကူစစ်သည်တော်" နည်းစနစ်ကို အသုံးပြုပြီး (၁) မီတာခန့် မြင့်သော စစ်သူကြီး တစ်ဦး အဖြစ် ပေါင်းစည်းလိုက်ကြ၏။ ထို့နောက် ထိပ်ပြောင်ကြီး၏ ကျောပေါ်သို့ ခွတက်လိုက်ပြီး မညှာမတာ ထုနှက်ကြလေ၏။

"အသက်ချမ်းသာပေးပါ စီနီယာ"

ထိပ်ပြောင်ကြီးသည် ခဏအတွင်းမှာပင် ဝက်ခေါင်းကြီးကဲ့သို့ ဖြစ်သွားပြီး တောင်းပန် အသနားခံနေရရှာသည်။

ယဲ့ဖုန်း ရှေ့တစ်လှမ်း တိုးလိုက်ပြီး အေးစက်သော အသံဖြင့် မေးလိုက်၏။

"မင်းတို့ ဘယ်က.. လာတာလဲ... ဘာလို့ မြူခိုးဂိုဏ်း တပည့်တွေကို တိုက်ခိုက်တာလဲ... ရှင်းပြချက် မပေးနိုင်ရင်... မင်းတို့အဖွဲ့ကို မြေလှန်ပစ်မယ် ဆိုတာ မှတ်ထား"

မြူခိုးဂိုဏ်း ဟူသော အမည်ကို ကြားလိုက်ရသောအခါ ထိပ်ပြောင်ကြီးသည် ရေခဲလိုဏ်ဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

‘ဒီနေ့မှ အဆင့်မြင့်ဂိုဏ်း အဖြစ် သတ်မှတ်ခံရသော ဂိုဏ်းလေ... ဒုတိယ မျှော်စင်သခင်ကတောင် သွားမရှုပ်ဖို့ အထပ်ထပ် မှာထားခဲ့တာ...

အခုတော့ သူတို့က သွားဝိုင်းထားမိပြီလား။’

ထိပ်ပြောင်ကြီး၏ သွားများ တဆတ်ဆတ် တုန်ခါနေပြီး ကမ္ဘာပျက်နေ့ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေရှာသည်။

"ကြည့်စမ်း... အဲဒါ ..အစိမ်းရောင် ကျောက်စိမ်းမျှော်စင် ရဲ့ ထိပ်တန်း လက်မရွံ့ ထိပ်ပြောင်ရှန် မဟုတ်လား"

"တကယ်ပဲကွ... သူ ဒီလိုနေ့မျိုး ကြုံရလိမ့်မယ်လို့ မထင်ထားဘူး"

"ပုံမှန်ဆိုရင် ထိပ်ပြောင်ရှန်က ကျောက်စိမ်းမျှော်စင်သခင်ရဲ့ အရှိန်အဝါကို ကိုးကားပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်နေကျ... အခုတော့ မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ နဲ့ တိုးပြီဆိုတော့... ခံပေတော့ကွာ"

"ဂိုဏ်းချုပ်ယဲ့ကို ထောက်ခံတယ်"

ဘေးပတ်လည်ရှိ လူအုပ်ကြီးက အားပေးလိုက်ကြ၏။

[တီ.. ဂိုဏ်းဂုဏ်သတင်းအမှတ် +၂၀]

ယဲ့ဖုန်းသည် စနစ်၏ အသိပေးသံကို ကြားလိုက်ရသော်လည်း မျက်နှာထား အေးစက်နေဆဲပင်။

"မင်းတို့က ရေပေါ်ဖြူမြို့တော်ရဲ့ နံပါတ်တစ် အပျော်အိမ် 'အစိမ်းရောင် ကျောက်စိမ်းမျှော်စင်' ကပေါ့... ဒါပေမယ့် ငါတို့ မြူခိုးဂိုဏ်း တပည့်ကို ထိခိုက်အောင် လုပ်ရဲမှတော့... ဒီဂိုဏ်းချုပ် ရက်စက်တယ်လို့ အပြစ်မဆိုနဲ့"

"ရပ်လိုက်ပါရှင်"

နူးညံ့သော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာ၏။

အသံလာရာသို့ လှမ်းကြည့်လိုက်ကြရာ ရောင်စုံအဝတ်အစား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လေထဲမှ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ သူမသည် "ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်"ကို အသုံးပြုနေပြီး ကျိုးကျားချန်ထက်ပင် ပိုမို ကျွမ်းကျင်နေ၏။ ငှက်မွှေးတစ်စကဲ့သို့ ပေါ့ပါးပြီး အလေးချိန် မရှိသကဲ့သို့ပင်။

အမျိုးသမီးသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ယဲ့ဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။

"ကျွန်မက အစိမ်းရောင် ကျောက်စိမ်းမျှော်စင်ရဲ့ သခင်မ 'ပိုင်ဟွာရှောင်' ပါ... ဒီကိစ္စမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေမယ် ထင်ပါတယ်"

ပိုင်ဟွာရှောင်သည် ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်ရှိနေပြီး အလွန် အစွမ်းထက်သူ ဖြစ်သည်။

သို့သော် ရွေးချယ်ခံရသူဟု နာမည်ကြီးနေသော ယဲ့ဖုန်း ရှေ့မှောက်တွင် သူမ၏ မာနကို လျှော့ချလိုက်ရခြင်းက ပွဲကြည့်ပရိသတ်များကို အံ့သြသွားစေသည်။

"အားပါးပါး..ကျောက်စိမ်းမျှော်စင် သခင်မက အရမ်း လှတယ်လို့ ကြားဖူးပေမယ့်... ဒီလောက် လှလိမ့်မယ်လို့ မထင်ထားဘူး"

"သူ့ဂါဝန်အောက်မှာ သေရရင် ကျေနပ်ပါပြီဗျာ"

ပရိသတ်များသည် တံတွေးမြိုချလိုက်ကြ၏။

ယဲ့ဖုန်းသည် ပိုင်ဟွာရှောင်ကို စစ်ဆေးကြည့်လိုက်ရာ သူမသည် အသက် (၂၀) အရွယ်ခန့်သာ ရှိသေးသော်လည်း (၉) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရှင်းကွမ်ရွှမ်ကဲ့သို့သော ဂိုဏ်းတပည့်များထက် မနိမ့်ကျပေ။ သို့သော် သူမသည် အသက်ရှည်ဆေးများ သောက်သုံးထားခြင်း ဟုတ်မဟုတ် တွေးမိလိုက်သည်။

သူသည် လက်နောက်ပစ်လျက် အေးစက်စွာ ပြောလိုက်၏။

"နားလည်မှုလွဲတာ ဟုတ်လား... ဒါဆို ရှင်းပြချက် ကောင်းကောင်း ပေးပါ"

ပိုင်ဟွာရှောင်၏ အကြည့်သည် ယဲ့ဖုန်းကို ကျော်လွန်ပြီး ယန်ရူယွီထံသို့ ရောက်ရှိသွားသည်။ ယန်ရူယွီသည် မျက်တောင်ခတ်လိုက်ပြီး ဝမ်းသာသော အမူအရာဖြင့် ယဲ့ဖုန်းကို ပြောလိုက်၏။

"ဂိုဏ်းချုပ်... အဲဒီ အစ်မကြီးက ကျွန်မကို စားစရာကောင်းကောင်းတွေ ကျွေးဖူးတယ်"

"ဟုတ်လား..." ယဲ့ဖုန်း သံသယ ဝင်သွားသည်။

ယန်ရူယွီသည် လက်ချောင်းကို ကိုက်လျက် အလေးအနက် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အင်း... လမ်းကြားလေးထဲမှာ မြက်ပင်လေးနဲ့ ကစားနေတုန်း... လူတစ်ယောက်က ကျွန်မကို ဖမ်းခေါ်သွားတာ... ဒါပေမယ့် ဒီအစ်မကြီးက အစားအစာတွေ၊ အဝတ်အစားတွေ ပေးခဲ့တယ်"

ထိုစကားကို ကြားသောအခါ ပိုင်ဟွာရှောင် သက်ပြင်းချလိုက်သည်။

"သြော်... ဒီလိုကိုး"

အသေးစိတ် အချက်အလက်များကို ယဲ့ဖုန်း မသိသော်လည်း ယန်ရူယွီ ပြောသည့်အတိုင်း သူရဲကောင်းဝိညာဉ်စွမ်းအားကို လွှတ်ပေးလိုက်ရာ အစောင့်များသည် မြေကြီးပေါ်သို့ ပြိုလဲကျသွားကြလေ၏။

"ခွင့်လွှတ်ပါ ဂိုဏ်းချုပ်ယဲ့... ရှင်တို့ဂိုဏ်းတပည့်ကို ဖမ်းခေါ်လာတာ ကျွန်မတို့ ကျောက်စိမ်းမျှော်စင်က လူတွေ မဟုတ်ပါဘူး... ကျွန်မ အပြင်ထွက်ပြီး အလုပ်ကိစ္စ သွားနေတုန်း ဖြစ်သွားတာပါ... ပြန်ရောက်ရင် ပါဝင်ပတ်သက်သူတွေကို အကုန် သတ်ပစ်လိုက်ပါ့မယ်"

စကားဆုံးသောအခါ လေထုအပူချိန် ကျဆင်းသွားသည်ကို ယဲ့ဖုန်း ခံစားလိုက်ရသည်။ ပိုင်ဟွာရှောင်သည် ရက်စက်သောသူ ဖြစ်ပြီး သူမကိုယ်သူမ ကာကွယ်ရန်အတွက် လက်အောက်ငယ်သားများကို စွန့်လွှတ်ရန် ဝန်မလေးသူ ဖြစ်ကြောင်း မှတ်သားလိုက်သည်။

"ဟုတ်ပါပြီ၊ ဒီကိစ္စကို အသေးစိတ် စုံစမ်းခိုင်းလိုက်ပါမယ်"

ယဲ့ဖုန်းသည် ပိုင်ဟွာရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး တပည့်များနှင့်အတူ ထွက်ခွာသွားလေ၏။

ယဲ့ဖုန်းနှင့် အဖွဲ့ ထွက်ခွာသွားသည်နှင့် ပိုင်ဟွာရှောင်သည် ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမ၏ အေးစက်သော မျက်လုံးများသည် ထိပ်ပြောင်ရှန်နှင့် အခြား အစောင့်များအပေါ်သို့ ကျရောက်သွားပြီး အံကြိတ်ကာ ပြောလိုက်၏။

"ငါ အဝေးကို ခဏထွက်သွားတာနဲ့... နင်တို့က ငါ့အတွက် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ကို ရန်စပေးလိုက်ကြတယ်ပေါ့... ကြည့်ရတာ ကျောက်စိမ်းမျှော်စင်ထဲက တချို့လူတွေက သူတို့ နေရာကို မကျေနပ်ကြတော့ဘူး ထင်တယ်"

ထိပ်ပြောင်ရှန် တံတွေးမြိုချလိုက်သည်။

"သခင်မ... အသက်ချမ်းသာပေးပါ... ဒါတွေအားလုံး ဒုတိယ မျှော်စင်သခင် ရဲ့ အကြံပါ..."

ရုတ်တရက် သေးငယ်သော အပ်တစ်ချောင်းသည် ထိပ်ပြောင်ရှန်၏ မျက်ခုံးနှစ်ခုကြားသို့ 'ထိုးဖောက်ဝင်ရောက်' သွားလေ၏။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အချိန်အတော်ကြာ မတ်တတ်ရပ်နေပြီးမှ နောက်ဆုံးတွင် မြေကြီးပေါ်သို့ လဲကျသွားလေသည်။

ပိုင်ဟွာရှောင်မှာမူ လက်ချောင်းကြားတွင် (၃) လက်မခန့် ရှည်သော ဖန်ရောင် အပ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး အေးစက်သော မျက်နှာထားဖြင့် ကျောက်စိမ်းမျှော်စင် ရှိရာသို့ ပျံသန်းထွက်ခွာသွားလေတော့သတည်း။

အခန်း (၁၀၂) - နာမည်မဲ့ ဓားကျမ်း၏ ပထမ စာမျက်နှာ

~ယဲ့ဖုန်းသည် တပည့်များကို ခေါ်ဆောင်လျက် လမ်းမကြီးမှ ကွေ့ဝင်ကာ မြို့စားမင်းအိမ်တော် သိုင်းကျမ်းတိုက်ရှေ့သို့ ရောက်ရှိလာလေ၏။

"ဂိုဏ်းချုပ်ယဲ့ ပါလား... ဒီနေ့ ဘာစာအုပ်တွေ ဖတ်ချင်လို့လဲဗျ"

သိုင်းကျမ်းတိုက်မှူး အကြီးအကဲလျိုသည် လက်နောက်ပစ်လျက် ယဲ့ဖုန်းကို မြင်လိုက်သည်နှင့် ပြုံးပြလိုက်ရာ ပါးစပ်ထဲမှ ရွှေသွားကြီးများ တောက်ပစွာ ပေါ်ထွက်လာလေသည်။

ယဲ့ဖုန်းသည် စည်းမျဉ်းအတိုင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃) တုံးကို ပေးလိုက်ပြီး ပြောလိုက်၏။

"တပည့်တွေကို ဗဟုသုတ ရှာခိုင်းမလို့ပါ"

အကြီးအကဲလျို ရယ်လိုက်သည်။

"ခင်ဗျားတို့ဂိုဏ်းရဲ့ လေ့လာလိုစိတ်ကို ကျွန်တော် သဘောကျတယ်... အလားအလာ ကောင်းတယ်ဗျာ"

ပြောပြီးသည်နှင့် အကြီးအကဲလျိုသည် တခစ်ခစ် ရယ်လျက် ဝိညာဉ်ကျောက်တုံးများကို အိတ်ထဲ ထည့်လိုက်လေ၏။

"အကြီးအကဲလျို... ရွှေသွား အသစ်တွေ ထပ်စိုက်လိုက်ပြန်ပြီလား" ကျားယွိလန်သည် ပါးစပ်ကို အုပ်ပြီး ရယ်ကာ မေးလိုက်သည်။

အကြီးအကဲလျိုသည် သွားများကို စမ်းသပ်ကြည့်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်၏။

"ဒီရက်ပိုင်း ပိုက်ဆံလေး နည်းနည်း ရွှင်နေလို့ အသစ်လဲလိုက်တာလေ... ဘယ်လိုလဲ... မိုက်တယ် မဟုတ်လား"

ကျားယွိလန် ရယ်ချင်စိတ်ကို မနည်းအောင့်ထားပြီး ဘာမှ ပြန်မပြောတော့ပေ။

"အကြီးအကဲလျို... ကျွန်တော်တို့ စာအုပ်သွားဖတ်လိုက်ဦးမယ်ဗျာ"

ယဲ့ဖုန်းသည် နှုတ်ဆက်ပြီးနောက် တပည့်များနှင့်အတူ သိုင်းကျမ်းတိုက် ပထမထပ်သို့ ဝင်ရောက်သွားကြလေ၏။

စာအုပ်စင်တစ်ခု ရှေ့တွင် ရပ်လျက် ယဲ့ဖုန်းသည် စနစ်ဘောင်ကွက် (မျက်နှာပြင်)ကို ဖွင့်လိုက်သည်။

[ဂိုဏ်းဂုဏ်သတင်း တန်ဖိုး - ၂၃၇၈]

[လက်ကျန် လဲလှယ်နိုင်သော ပမာဏ - ၂၀၇၈]

[လဲလှယ်ခြင်း ညွှန်ကြားချက် - ဂိုဏ်းဂုဏ်သတင်း တန်ဖိုးကို အသုံးပြုပြီး မန္တန်တစ်ခုကို ပြီးပြည့်စုံခြင်းအဆင့် သို့ ချက်ချင်း တတ်မြောက်နိုင်သည်... ပထမအဆင့် မန္တန်အတွက် (၅၀) မှတ်၊ ဒုတိယအဆင့် မန္တန်အတွက် (၁၀၀) မှတ် လိုအပ်သည်...]

"(၃၀၀) တောင် တိုးလာတာပဲ... မဆိုးဘူး... မြူခိုးဂိုဏ်း အဆင့်မြင့်ဂိုဏ်း ဖြစ်လာတဲ့သတင်း ပျံ့သွားရင် ဂုဏ်သတင်းတန်ဖိုး ပိုတက်လာမှာ သေချာတယ်"

ယဲ့ဖုန်း ဝမ်းသာအားရ တွေးမိလိုက်သည်။

ဂုဏ်သတင်းအမှတ် ဆိုသည်မှာ တစ်စုံတစ်ယောက်က မြူခိုးဂိုဏ်းကို စစ်မှန်စွာ အသိအမှတ်ပြုမှသာ ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သတင်းပျံ့နှံ့ရုံဖြင့် မလုံလောက်ဘဲ လက်ခံယုံကြည်မှု လိုအပ်ပေသည်။ ပြောင်းလဲမှုနှုန်း မှာလည်း သိပ်မမြင့်မားလှချေ။

ရေပေါ်ဖြူမြို့တော်ရှိ လူဦးရေ သိန်းချီက သတင်းကြားလျှင်တောင်မှ... တစ်ရာခိုင်နှုန်းလောက် အမှန်တကယ် အသိအမှတ်ပြုလျှင်ပင် ကောင်းလှပြီဟု ယဲ့ဖုန်း တွက်ဆထားသည်။

"လဲလှယ်ဖို့ အမှတ် (၂၀၀၀) ကျန်သေးတယ်... အလဟဿ မဖြစ်စေဘဲ မြူခိုးဂိုဏ်းနဲ့ သင့်တော်မယ့် မန္တန်တွေ ရှာဖွေရမယ်"

ယဲ့ဖုန်းသည် အကြီးအကဲလျို ငှားရမ်းထားသော စာရင်းကတ်တလောက်ကို ကိုင်ဆောင်ပြီး တစ်ခုချင်း လိုက်ရှာနေလေ၏။

"ဒါက 'ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်' ပဲ... ဒါလေး သင်ချင်တယ်"

လီကျောက်ကျောက်သည် လျှို့ဝှက်ခန်း တစ်ခုကို ကြည့်ပြီး ပြောလိုက်သည်။

ထိုအခါ၊ အကြီးအကဲလျို လျှောက်လာပြီး အဝါရောင်သမ်းနေသော ရှေးဟောင်း စာအုပ်တစ်အုပ်ကို ထုတ်ယူကာ လီကျောက်ကျောက်ကို ပေးလိုက်သည်။

"မိန်းကလေးက အမြင်ရှိတာပဲ... 'ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်' က 'ဆွဲငင်အား နည်းစနစ်' နဲ့တန်းတူ ပျံသန်းနိုင်တဲ့ မန္တန်ပဲ... တတ်မြောက်သွားရင် ခရီးတို ပျံသန်းဖို့ အဆင်ပြေတယ်"

"ကျွန်တော်တို့လည်း သင်ချင်ပါတယ်"

အိုးယန်ဖုန်းနှင့် အိုးယန်ယွီ မောင်နှမနှစ်ယောက်လည်း အနားရောက်လာပြီး လီကျောက်ကျောက်နှင့်အတူ စာဖတ် ခန်းမ..ရှိ စားပွဲပေါ်တွင် စာအုပ်ဖြန့်ကာ စိတ်ဝင်တစား လေ့လာကြလေ၏။

ဒါကို မြင်တော့ ယဲ့ဖုန်း ပိုက်ဆံထပ်သုံးမယ့် အကြံကို စွန့်လွှတ်လိုက်တော့၏။

‘သူ တပည့်တွေကို ဒီကို ခေါ်လာတာက သူတို့ဘာသာသူတို့ နားလည်သဘောပေါက်လာမယ့် အချိန်ကို စောင့်ဖို့ပဲလေ။ ဒါမှ ဂုဏ်သတင်းအမှတ်တွေ သက်သာမှာပေါ့။ မဟုတ်လား။’

မကြာမီ အမှတ်တရများစွာသည် သူ၏ ခေါင်းထဲသို့ စီးဝင်လာ၏။

ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။ ၎င်းသည် "ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်" ၏ အချက်အလက်များ ဖြစ်ပြီး သူ ချက်ချင်း တတ်မြောက်ကာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားလေသည်။

"လီကျောက်ကျောက်ရဲ့ ပါရမီက ဒီလောက်တောင် ကောင်းတာလား"

ယဲ့ဖုန်း စာဖတ်ခန်းမသို့ အမြန်သွားကြည့်လိုက်ရာ ယန်ရူယွီသည် လေထဲတွင် ဝဲပျံနေပြီး လီကျောက်ကျောက်နှင့် အိုးယန်ယွီတို့ကို ဘယ်တစ်ဖက် ညာတစ်ဖက် ဆွဲထားသည်ကို တွေ့လိုက်ရသည်။

‘ယန်ရူယွီက 'ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်' ကို အခြေခံအဆင့်ထိ ကျင့်ကြံပြီးသွားပြီကိုး... အသက်ဝိညာဉ် ခန္ဓာကိုယ် နဲ့ အဆင့်မြင့် အဆင့် ပါရမီ ပေါင်းစပ်လိုက်တော့ တကယ် ကြောက်စရာ ကောင်းတာပဲ’

ယဲ့ဖုန်း အံ့သြသွားသည်။

ယန်ရူယွီက လွဲလျှင် ကျန်သည့် လူတွေ ဘာမှ တိုးတက်မှု မရှိသေးပါ။

ထိုအချိန်တွင် ဟိုယွင်ကျဲ ရောက်လာ၏။

"ဂိုဏ်းချုပ်ဦးလေး... မြို့ထဲမှာ ပစ္စည်း ဝယ်စရာ ရှိတာ သတိရလို့... ခဏ သွားဝယ်လိုက်ဦးမယ်"

"ဂရုစိုက်သွား" ယဲ့ဖုန်း မှာလိုက်သည်။

"ဟုတ်ကဲ့"

ဟိုယွင်ကျဲသည် မြို့စားမင်းအိမ်တော်မှ ထွက်ခွာလာပြီး လမ်းမကြီး တစ်ခုဆီသို့ တည့်တည့်သွားကာ ဓားသိုင်း

လေ့ကျင့်ရန် သစ်သားတိုင်များ ဝယ်ယူလိုက်သည်။ မြူခိုးတောင်ထိပ်တွင် ပြန်လည် အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် ပစ္စည်းဝယ်ပြီး မြို့စားမင်းအိမ်တော်သို့ ပြန်ရန် ပြင်လိုက်စဉ် မတော်တဆ အနက်ရောင် ဝတ်ရုံဝတ်ထားသူ တစ်ဦး၏ ဝတ်ရုံစကို တက်နင်းမိလိုက်လေ၏။

"အား... မင်းက မျက်ကန်းလားကွ... ငါ့ဝတ်ရုံကို နင်းရဲတယ်ပေါ့"

ဝတ်ရုံနက် ဝတ်ဆင်ထားသူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နေရာတွင်ပင် ခုန်ပေါက်နေလေသည်။

"တောင်းပန်ပါတယ်ဗျာ"

ဟိုယွင်ကျဲ တောင်းပန်လိုက်သည်။ ထိုလူသည် ခေါင်းမှ ခြေအဆုံး ဖုံးအုပ်ထားပြီး မျက်လုံးကိုပင် အနက်ရောင် အဝတ်စဖြင့် ဖုံးကွယ်ထားသဖြင့် မျက်နှာကို မမြင်ရပေ။

"တောင်းပန်ရုံနဲ့ ပြီးရောလား... မင်း ဘာကို နင်းမိလိုက်လဲ သိရဲ့လား" ဝတ်ရုံနက်လူက ပွစိပွစိ ပြောနေလေ၏။

ဟိုယွင်ကျဲ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ခင်ဗျားဝတ်ရုံကို နင်းမိတာ ကျွန်တော့်အမှားပါ... တောင်းပန်ပြီးပြီလေ... လျော်ကြေး လိုချင်ရင်လည်း ပေးပါ့မယ်"

"ဟေ... မင်းက မြူခိုးဂိုဏ်း တပည့်ပဲ"

ဝတ်ရုံနက်လူသည် ဟိုယွင်ကျဲကို သေချာ ကြည့်ရှုလိုက်ပြီးနောက် ကျောချမ်းသွားကာ လှည့်ပြေးလေတော့သည်။

"ဘာလို့ ပြေးတာလဲ" ဟိုယွင်ကျဲ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး အမြန် လိုက်ဖမ်းလိုက်သည်။

"မလိုက်နဲ့ကွာ..."

ဝတ်ရုံနက်လူသည် အော်ဟစ်လိုက်ပြီး လမ်းဘေးဝဲယာမှ ပစ္စည်းများကို တွန်းလှဲကာ ဟိုယွင်ကျဲ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားလေ၏။

"ကျွန်တော်တို့ အရင်က တွေ့ဖူးလား"

ဟိုယွင်ကျဲသည် "လေဝိညာဉ် ခြေလှမ်း" ကို အသုံးပြုပြီး အကွာအဝေးကို လျှော့ချကာ မေးလိုက်သည်။

"မတွေ့ဖူးပါဘူးဟ..."

ဝတ်ရုံနက်လူက ခေါင်းခါပြီး ပိုမို လျင်မြန်စွာ ထွက်ပြေးလေ၏။

ဝတ်ရုံအောက်မှ တိမ်တိုက်များကဲ့သို့ ဖြူဖွေးသော ခြေထောက်တစ်စုံကို ဟိုယွင်ကျဲ ရေးရေးလေး မြင်လိုက်ရသဖြင့် အလွန် ထူးဆန်းနေလေသည်။

"မလိုက်နဲ့တော့လို့ ပြောနေတယ်... ရပ်တော့ကွာ..."

ဟိုယွင်ကျဲကို ခါထုတ်၍ မရနိုင်မှန်း သိလိုက်ရသောအခါ ဝတ်ရုံနက်လူသည် ထိတ်လန့်သွားပြီး ဝတ်ရုံထဲမှ အုတ်ခဲများ၊ သစ်ကိုင်းများ၊ ကျောက်စရစ်ခဲများနှင့် အမျိုးသမီး အတွင်းခံများကိုပါ ထုတ်ယူကာ ဟိုယွင်ကျဲထံသို့ အတင်း ပစ်ပေါက်လေတော့သည်။

ဟိုယွင်ကျဲသည် သွက်လက်စွာ ရှောင်တိမ်းလိုက်သည်။ လေထဲတွင် ဝဲပျံလာသော အမျိုးသမီး အတွင်းခံများမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသဖြင့် သူ၏ မျက်နှာထား ရှုံ့မဲ့သွားပြီး ဤလူ၏ အကြိုက်မှာ အလွန် ထူးဆန်းသည်ဟု တွေးမိလိုက်၏။

"ဖြောင်း"

စာအုပ်တစ်အုပ်သည် သူ့မျက်နှာကို ရုတ်တရက် လာမှန်သည်။ ဟိုယွင်ကျဲ မျက်လုံးများ ပြာသွားပြီး ချက်ချင်း ရပ်တန့်လိုက်ရသည်။ စုတ်ပြတ်နေသော စာအုပ်ကို ဆွဲခွာလိုက်ပြီး ရှေ့ကို ပြန်ကြည့်လိုက်သောအခါ ဝတ်ရုံနက်လူ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေ၏။

"ဆန်းကြယ်လိုက်တဲ့ လှုပ်ရှားမှုပါလား... လွတ်သွားပြန်ပြီ"

ဟိုယွင်ကျဲ မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲမှ ရှေးဟောင်း သိုင်းကျမ်းအုပ်ကို ကြည့်လိုက်သည်။

"'နာမည်မဲ့ ဓားကျမ်း၊ ပထမ စာမျက်နှာ'... ဒါ ဓားသိုင်း မှတ်တမ်းပဲ"

ဟိုယွင်ကျဲ စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ စာတစ်မျက်နှာတည်းသာ ပါဝင်ပြီး အောက်ပါအတိုင်း ရေးသားထားလေသည်။

'ရင်ထဲမှာ မိန်းမ မရှိရင်... ဓားဆွဲထုတ်တာ နတ်ဘုရားလို မြန်ဆန်လိမ့်မယ်'

'ဓားကျမ်းရဲ့ ပထမ စာမျက်နှာ... ရင်ထဲက ချစ်ရသူကို မေ့ပစ်လိုက်ပါ'

"ဒါ ဘာကြီးလဲ"

ဟိုယွင်ကျဲ ခေါင်းကုတ်လိုက်သည်။ စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်ကြည့်သော်လည်း ထိုစာကြောင်းနှစ်ကြောင်းသာ ပါဝင်ပြီး အဓိပ္ပာယ် နက်ရှိုင်းပုံ ပေါက်နေလေ၏။

"ထားလိုက်ပါတော့... မြို့စားမင်းအိမ်တော်ကို ပြန်တော့မယ်"

ဟိုယွင်ကျဲသည် ဓားကျမ်းကို အိတ်ထဲ ထည့်လိုက်ပြီး ရှုပ်ပွသွားသော လမ်းမကြီးကို ဦးညွှတ်ကာ တောင်းပန်လိုက်သည်။

"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... လူတစ်ယောက်ကို လိုက်ဖမ်းနေလို့ပါ"

ကျင့်ကြံသူ ဟိုယွင်ကျဲ၏ ယဉ်ကျေးပျူငှာမှုကို တွေ့မြင်ရသဖြင့် ဈေးသည်များက ကိစ္စမရှိကြောင်း လက်ပြလိုက်ကြ၏။

ဟိုယွင်ကျဲ ထွက်ခွာသွားပြီးနောက် လမ်းဘေး မိုးမခပင်ပေါ်မှ အဖြူရောင် ကျိုင်းကောင်လေး တစ်ကောင်သည် သက်ပြင်းချလိုက်လေ၏။

"သေပါပြီ... ဒီကောင်လေး နောက်ဆုံးတော့ ထွက်သွားပြီ... ဆက်လိုက်လာရင် အန္တရာယ် ရှိတယ်"

အဖြူရောင် ကျိုင်းကောင်လေးသည် ချွေးသီးများကို သုတ်လိုက်သည်။

သူသည် ဝံပုလွေ ဗိုလ်ချုပ်လေးကို သစ္စာဖောက်ခဲ့သော "ပုံသဏ္ဍာန်ပြောင်း သားရဲ" ပင် ဖြစ်ပေသည်။

ရုတ်တရက် စာကလေး တစ်ကောင် သစ်ပင်ပေါ်သို့ ပျံတက်လာပြီး အဖြူရောင် ကျိုင်းကောင်လေးကို နှုတ်သီးဖြင့် ကောက်ယူကာ မျိုချလိုက်လေ၏။

"တောက်..."

ပုံသဏ္ဍာန်ပြောင်း သားရဲသည် ထိတ်လန့်ဒေါသထွက်သွားပြီး ကိုယ်ခန္ဓာကို လျင်မြန်စွာ ကြီးထွားစေကာ စာကလေးကို အတွင်းမှ ဖောက်ထွက်လိုက်သည်။ ထို့နောက် ငှက်ကြီးအဖြစ် ပြောင်းလဲကာ အလွန် အန္တရာယ်များသော ရေပေါ်ဖြူမြို့တော်မှ အလျင်အမြန် ပျံသန်းထွက်ခွာသွားလေတော့သည်။

မြို့စားမင်းအိမ်တော်တွင် -

ဟိုယွင်ကျဲ ပြန်ရောက်လာပြီး ထိုင်ချကာ ဓားကျမ်းကို ဖွင့်၍ အလေးအနက် လေ့လာနေလေ၏။

သို့သော် စာကြောင်းနှစ်ကြောင်းတည်းနှင့် ဘာမှ နားမလည်နိုင် ဖြစ်နေရှာသည်။

"ဝိညာဉ်တွယ်ကပ်ခြင်း" မန္တန်စာအုပ်ကို ကိုင်ဆောင်ထားသော လုံထျန်းရှင်းသည် ဘေးတွင် ထိုင်နေပြီး ဟိုယွင်ကျဲ၏ နာမည်မဲ့ ဓားကျမ်းကို စိတ်ဝင်စားသွားလေသည်။

"ရင်ထဲမှာ မိန်းမ မရှိရင်... ဓားဆွဲထုတ်တာ နတ်ဘုရားလို မြန်ဆန်လိမ့်မယ် တဲ့"

လုံထျန်းရှင်းသည် စာကြောင်းကို အသံထွက် ဖတ်လိုက်ရာ ဘေးပတ်လည်ရှိ လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေ၏။

"တိုးတိုးနေစမ်းပါကွာ... ရှူး..." ဟိုယွင်ကျဲ အမြန် သတိပေးလိုက်သည်။

သို့သော် လူများ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

"ဒါ.. ဘာမန္တန်လဲ..."

ယဲ့ဖုန်းသည် လက်ဖက်ရည်ခွက် ကိုင်ဆောင်လျက် လျှောက်လာပြီး စာကြောင်း နှစ်ကြောင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်...

"ဖူး..."

ပါးစပ်ထဲမှ လက်ဖက်ရည်များ ပန်းထွက်ကုန်လေတော့သတည်း။

All Chapters