← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃) - အဆနှစ်ဆယ် စွမ်းအားနှင့် ကျရောက်လာသော အန္တရာယ်

~"မင်း ဒီဓားကျမ်းကို ဘယ်က ရလာတာလဲ"

ယဲ့ဖုန်းသည် ပါးစပ်ထောင့်မှ လက်ဖက်ရည်စများကို သုတ်ရင်း စူးစမ်းလိုစိတ် ပြင်းပြစွာ မေးလိုက်၏။

ဟိုယွင်ကျဲသည် ဓားကျမ်းကို ရှက်ရွံ့စွာ ပိတ်လိုက်ပြီး ပြောလိုက်သည်။

"ဓားသိုင်းလေ့ကျင့်ဖို့ သစ်သားတိုင်တွေ သွားဝယ်တုန်းက... ဝတ်ရုံနက်နဲ့ လူတစ်ယောက်ရဲ့ ဝတ်ရုံစကို မတော်တဆ တက်နင်းမိလိုက်လို့ပါ..."

သူသည် ဖြစ်စဉ်အသေးစိတ်ကို ပြောပြလိုက်၏။

ထိုစကားကို ကြားသောအခါ "ဝတ်ရုံနက်ဂိုဏ်း ခေါင်းဆောင်" ဟု အမည်ခံခဲ့သော သူကို ယဲ့ဖုန်း ပြေးမြင်မိလိုက်သည်။ သူ ချက်ချင်း အာရုံစိုက်လိုက်ပြီး မှာကြားစရာများကို မှာကြားကာ ဝတ်ရုံနက်လူကို ရှာဖွေရန် မြို့စားမင်းအိမ်တော်မှ အလျင်အမြန် ထွက်ခွာသွားလေ၏။

တပည့်များသည် နားမလည်နိုင်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။

"ဂိုဏ်းချုပ် တစ်ခုခု ရှာတွေ့သွားတာလား"

"ဝတ်ရုံနက်လူက သံသယ ဖြစ်စရာ ကောင်းတယ်... ဒါကြောင့် ဂိုဏ်းချုပ် လိုက်သွားတာ နေမှာ"

"စီနီယာအစ်ကိုကြီး...ကျွန်တော်တို့ရော လိုက်သွားရမလား"

"ဂိုဏ်းချုပ်ဦးလေးက ငါတို့ကို ဒီမှာ နေပြီး မန္တန်တွေ လေ့လာခိုင်း

ထားတယ်လေ... ကျန်တာ ဂိုဏ်းချုပ်

ဦးလေးကို လွှဲထားလိုက်ပါ... ညစာ စားပြီးရင် ငါတို့.. ပြန်ကြမယ်"

မြူခိုးဂိုဏ်း တပည့်များသည် စိတ်ကို ပြန်လည် တည်ငြိမ်စေလိုက်ပြီး ရှေးဟောင်း စာအုပ်များကို ကိုင်ဆောင်ကာ နေရာတွင်ပင် စတင် လေ့လာကြလေ၏။

လုံထျန်းရှင်း၊ ရှီလေ့နှင့် အိုးယန်ဖုန်း တို့သည် ဟိုယွင်ကျဲ၏ အနောက်တွင် ရပ်လျက် နာမည်မဲ့ ဓားကျမ်း၏ ပထမ စာမျက်နှာကို အတူတူ ကြည့်ရှုနေကြ၏။

"ရင်ထဲမှာ မိန်းမ မရှိရင်... ဓားဆွဲထုတ်တာ နတ်ဘုရားလို မြန်ဆန်လိမ့်မယ်... ဓားကျမ်းရဲ့ ပထမ စာမျက်နှာ... ရင်ထဲက ချစ်ရသူကို မေ့ပစ်လိုက်ပါ တဲ့... ဒါပေမယ့် ငါ့ရင်ထဲမှာ ဘယ်သူမှ မရှိဘူးလေ... ဘယ်လို လေ့ကျင့်ရမလဲ"

ဟိုယွင်ကျဲသည် ဓားကျမ်းကို ဖတ်ရင်း ရေရွတ်လိုက်သည်။

ထိုအခါ၊ လုံထျန်းရှင်းက မကောင်းသော အကြံတစ်ခုကို ချက်ချင်း အကြံပြုလိုက်၏။

"ဒုတိယ စီနီယာအစ်ကိုကြီး... ယွင်ဟွာဂိုဏ်းက လင်းယွိယန် က အစ်ကိုကြီးကို ထမင်းကျွေးဖို့ အကြွေးကျန်နေသေးတယ်လေ... ခင်ဗျားတို့နှစ်ယောက်... ဟဲဟဲ"

ဟိုယွင်ကျဲသည် လုံထျန်းရှင်း၏ ပခုံးကို ရိုက်လိုက်သည်။

"မင်းမှာ မကောင်းတဲ့ အကြံတွေချည်းပဲ ရှိတာလား"

သို့သော် အိုးယန်ဖုန်းနှင့် ရှီလေ့တို့က လုံထျန်းရှင်းကို ထောက်ခံလိုက်ကြ၏။

"စမ်းကြည့်သင့်တယ်လို့ ထင်ပါတယ်ဗျာ"

ဟိုယွင်ကျဲ မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ထဲတွင် လက်မခံနိုင် ဖြစ်နေရှာသည်။

"ထိုက်ဟွာ ဓားသိုင်း" ဟု အမည်ရသော မန္တန်စာအုပ်ကို ကိုင်ဆောင်ထားသည့် မိုယင်သည် ဘေးစားပွဲတွင် ထိုင်နေ၏။ သူမ၏ အေးစက်သော အသံ ထွက်ပေါ်လာ၏။

"ဒီဓားကျမ်းက အစစ်လား အတုလား ဆိုတာ စုံစမ်းရဦးမယ်... စာသား အဓိပ္ပာယ်အရ ဆိုရင်တော့... ဓားသိုင်းလေ့ကျင့်တဲ့အခါ အာရုံစိုက်နိုင်ဖို့... ထွေရာလေးပါး အတွေးတွေကို မေ့ပစ်ရမယ်လို့ ဆိုလိုတာပါ"

ညဘက်တွင် ယဲ့ဖုန်းက သူမအား "တောက်ပ အလင်းဓားသိုင်း" သင်ကြားပေးစဉ်က ပြောခဲ့သော စကားများကို ပြန်လည် သတိရလိုက်ပြီး မိုယင်က ဆက်ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်က ပြောဖူးတယ်... ဓားသိုင်း

လေ့ကျင့်မယ် ဆိုရင်... ပထမဆုံး စိတ်ကို တည်ငြိမ်အောင် ထားရမယ်... အနှောင့်အယှက် ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားရမယ်တဲ့"

ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်သော်လည်း တစ်ဝက်လောက်သာ နားလည်လိုက်သည်။

ကျန်သူများကလည်း နားလည်သယောင် ခေါင်းညိတ်ပြလိုက်ကြသော်လည်း ချက်ချင်း ပြန်မေ့သွားကြပြန်၏။

"စာသား အဓိပ္ပာယ်အရ ဆိုရင်... 'ဓားဆွဲထုတ်တာ' ဆိုတာ... 'ဓားဆွဲထုတ်ခြင်း နည်းစနစ်' ကို ဆိုလိုတာ ဖြစ်ရမယ်... မဟုတ်ဘူးလား"

ဟိုယွင်ကျဲ တွေးတောလိုက်ပြီး ဓားကျမ်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ကွက်လပ်တစ်ခုသို့ သွားရောက်ကာ အနေအထား ပြင်ဆင်ပြီး ဓားဆွဲထုတ်ခြင်းကို လေ့ကျင့်လေတော့သည်။

ရေပေါ်ဖြူမြို့တော်တွင် -

ယဲ့ဖုန်းသည် သာမန် ဓားတစ်လက်ကို စီးနင်းလျက် ခေါင်မိုးများပေါ်မှ ပျံသန်းကာ မြို့တစ်မြို့လုံး အနှံ့ ဝတ်ရုံနက်လူကို လိုက်ရှာနေလေ၏။

သို့သော် နေ့တစ်ဝက်ကျော် ရှာဖွေသော်လည်း ဘာမှ မတွေ့ရပေ။

ညရောက်သောအခါ ယဲ့ဖုန်းသည် စားသောက်ဆိုင် တစ်ဆိုင်တွင် တစ်ယောက်တည်း ညစာစားပြီးနောက် မြူခိုးဂိုဏ်းသို့ ဓားစီး၍ ပြန်လာခဲ့သည်။ တပည့်များ ပြန်ရောက်နှင့်နေပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။

ထိုအတောအတွင်း၌၊ ရေပေါ်ဖြူ မြို့တော်နှင့် မြူခိုးတောင်ထိပ်ကြားရှိ စိမ့်မြေပြင်တွင် -

ပုံသဏ္ဍာန်ပြောင်း သားရဲသည် မြွေဖြူ တစ်ကောင် အဖြစ် ပြောင်းလဲပြီး သတိကြီးစွာဖြင့် ရှေ့ဆက်သွားနေလေ၏။

'ငါ ..ဝံပုလွေ ဗိုလ်ချုပ်လေးကို သစ္စာဖောက်ခဲ့တာ... အဲဒီကောင်က အငြိုးကြီးတယ်... ငါ ပြန်သွားလို့ မဖြစ်တော့ဘူး... ဆိုးဟွန်းကျန်းရန် လည်း ပြန်ပေါ်လာပြီလို့ ကြားတယ်... ပစ္စည်းသိမ်းပြီး အဝေးကို အမြန် ထွက်ပြေးမှပဲဟ’

ဤသို့ တွေးတောရင်း ပုံသဏ္ဍာန်ပြောင်း သားရဲသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်လေသည်။

မြူခိုးတောင်ထိပ်တွင် -

ဟိုယွင်ကျဲသည် သစ်သားတိုင်များကို မြေကြီးထဲ စိုက်လိုက်ပြီး (၃) မီတာ အကွာတွင် ရပ်လျက် ဓားကို ထပ်ကာထပ်ကာ ဆွဲထုတ်နေသည်။ ဓားမှ လေပြေများပင် ထွက်ပေါ်လာ၏။

သို့သော် စွမ်းအားမှာ သစ်ရွက်တစ်ရွက်ကိုပင် ဖြတ်တောက်နိုင်စွမ်း မရှိသေးပေ။

ယန်ရူယွီကို ကျားယွိလန်က ဝိညာဉ်ဆေးဥယျာဉ် အခန်းသို့ ခေါ်ဆောင်သွားပြီး ဆေးပင်မျိုးစေ့ (၁၁) မျိုးကို ပြုစုပျိုးထောင်ရာတွင် ကူညီခိုင်းနေသည်။

လက်ရှိအချိန်တွင် ယန်ရူယွီသည် ဝိညာဉ်ဆေးပင်များ၏ ကြီးထွားနှုန်းကို (၁၀) ဆ မြှင့်တင်ပေးနိုင်သော်လည်း မန္တန်တစ်ခုသည် (၃) ရက်သာ ခံလေသည်။

သို့သော် ယန်ရူယွီသည် အသက်ဝိညာဉ်စွမ်းအားများကို ဆက်တိုက် ထုတ်လွှတ်ပေးနိုင်ပြီး ဆေးပင်များကို (၁၀) ဆ ပိုမို လျင်မြန်စွာ ကြီးထွားစေရုံသာမက အပိုစွမ်းအားများပါ ရရှိစေသဖြင့် ကြီးထွားချိန်ကို သိသိသာသာ လျှော့ချပေးနိုင်လေသည်။

ယဲ့ဖုန်းသည် ဂိုဏ်းအတွင်း လျှောက်သွားရင်း တပည့်များ လမ်းကြောင်းမှန်ပေါ် ရောက်နေကြသည်ကို တွေ့မြင်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။

ဝူရွှမ်ဆောင်မှ ဝယ်ယူလာခဲ့သော "ချီစုစည်းခြင်း ဆေးလုံး" များကို ထုတ်ယူပြီး တပည့်များအား ဝေငှပေးလိုက်လေ၏။

မျက်တောင်တစ်ခတ်အတွင်း (၃) ရက် ကုန်ဆုံးသွားသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀) တန်ဖိုးရှိသော ဆေးလုံးများ အားလုံး ကုန်သွားပြီ ဖြစ်ပြီး တပည့်များ၏ စွမ်းအားမှာလည်း အများကြီး တိုးတက်လာခဲ့သည်။ ယဲ့ဖုန်းသည် ပိုမို ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်လာသကဲ့သို့ ခံစားလိုက်ရလေ၏။

ထိုအချိန်တွင် ယဲ့ဖုန်းသည် ခေါင်မိုးပေါ်တွင် ထိုင်လျက် တပည့်များနှင့် သက်ဆိုင်သော စနစ်ဘောင်ကွက်ကို ဖွင့်ကြည့်လိုက်သည်။

[ဂိုဏ်းတပည့် ၁၁/၂၅ - ရှီလေ့ (ချီစုစည်းခြင်း ၈ ဆင့်မြောက် အထွတ်အထိပ်)၊ ဟိုယွင်ကျဲ (၈ ဆင့်မြောက်)၊ လီကျောက်ကျောက် (၆ ဆင့်မြောက် အထွတ်အထိပ်)၊ မိုယင် (၉ ဆင့်မြောက်)၊ လုံထျန်းရှင်း (၆ ဆင့်မြောက်)၊ ကျားယွိလန် (၈ ဆင့်မြောက်)၊ ရှဟဲ (၅ ဆင့်မြောက် အထွတ်အထိပ်)၊ ချိုကျူ (၅ ဆင့်မြောက် အထွတ်အထိပ်)၊ အိုးယန်ဖုန်း (၅ ဆင့်မြောက် အထွတ်အထိပ်)၊ အိုးယန်ယွီ (၅ ဆင့်မြောက် အထွတ်အထိပ်)၊ ယန်ရူယွီ (၇ ဆင့်မြောက်)]

ကျင့်ကြံမှု အမြန်ဆုံး တိုးတက်လာသူမှာ ယန်ရူယွီ ဖြစ်ပြီး စနစ်ကို လှည့်စားထားသကဲ့သို့ပင် ဖြစ်နေသည်။

မိုယင်သည် အဆင့်တက်ရန် အဟန့်အတား ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ချီစုစည်းခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိသွားသဖြင့် ယဲ့ဖုန်း စိတ်သက်သာရာ ရသွားသည်။ မြူခိုးဂိုဏ်းတွင် နောက်ဆုံးတော့ ထိပ်သီး တပည့် တစ်ဦး ရှိလာပြီ အဟုတ်ပါလော။

နန်ကျန်း မြစ်ဝှမ်းဒေသတွင် ငယ်ရွယ်စဉ် (၉) ဆင့်မြောက်သို့ ရောက်ရှိသူများကို ထိပ်သီး တပည့်များဟု သတ်မှတ်ကြ၏။ ဥပမာ - ပိုင်မင်လု၊ ရှင်းကွမ်ရွှမ် စသဖြင့်ပေါ့။

ထိုသူများသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်း များပြားသူများ ဖြစ်ကြ၏။

အခြား ကျင့်ကြံသူများ အနေဖြင့် အသက် (၃၀) ကျော်သည်အထိ (၉) ဆင့်မြောက် မရောက်ရှိသေးပါက ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အောင်မြင်မှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် လျော့နည်းသွားပေလိမ့်မည်။

ထို့ကြောင့် (၉) ဆင့်မြောက်သို့ စောစော ရောက်လေ၊ ပိုကောင်းလေ ဖြစ်သည်။

သေချာတာကတော့ အခြေခံအုတ်မြစ် ခိုင်မာရမည် ဆိုသည့် အချက်က မရှိမဖြစ် လိုအပ်ပေသည်။

ယခုအခါ တပည့်များ၏ ကျင့်ကြံခြင်း

အဆင့်များ သိသိသာသာ တိုးတက်လာသဖြင့် ယဲ့ဖုန်း၏ အမည်နောက်မှ မှတ်ချက်သည် ယခင်က "ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်+" မှ "ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့်" သို့ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။

"ခန္ဓာကိုယ် ခွန်အား ရော... သူရဲကောင်း ဝိညာဉ်စွမ်းအား ပါ..ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့် ရောက်သွားပြီ ဆိုတော့... နှစ်ခုပေါင်းလိုက်ရင် မန္တန် မသုံးဘဲနဲ့တောင် သက်တူရွယ်တူတွေကို အပြတ်အသတ် နိုင်လောက်တယ် မဟုတ်လား" ယဲ့ဖုန်း ခပ်ဖွဖွ ရေရွတ်လိုက်မိသည်။

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရောက်ပြီးနောက် လူအများစုသည် ဒုတိယအဆင့် မန္တန်များကို တတ်မြောက်လာကြသဖြင့် စွမ်းအားကွာခြားချက် ပိုမို ကြီးမားလာတတ်သည်။ ယဲ့ဖုန်း၏ စုစုပေါင်း စွမ်းအားသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် ညီမျှနေပြီ ဖြစ်သည် (ဆိုလိုသည်မှာ အစ်ကိုကြီး ခေါင်းပြား အကောင် (၂၀) စာ အင်အားနှင့် ညီမျှသည်)။ သို့သော် သူ မာန်မတက်ရဲသေးပေ။

ရုတ်တရက် ယဲ့ဖုန်း ကြက်သီးထသွား၏။

အန္တရာယ် အရှိန်အဝါကို အာရုံခံမိလိုက်သည်။ မြူခိုးဂိုဏ်း အန္တရာယ်နှင့် ကြုံတွေ့တော့မည့်အလား ခံစားလိုက်ရပြီး လေထဲသို့ အလျင်အမြန် ပျံတက်သွားလိုက်လေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က ယဲ့ဖုန်းသည် ရေပေါ်ဖြူမြို့တော်သို့ သွားရောက်ပြီး ခိုင်ခံ့သော သတ္တုဖိနပ်တစ်ရံ ပြုလုပ်ခိုင်းခဲ့ကာ သတ္တုခါးပတ် တစ်ခုလည်း ဝယ်ယူခဲ့သည်။

သူရဲကောင်းဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သတ္တုဖိနပ်နှင့် ခါးပတ်ကို ထိန်းချုပ်လိုက်သောအခါ ဓားစီးစရာ မလိုဘဲ လေထဲတွင် ပျံသန်းနိုင်လာလေ၏။

ယဲ့ဖုန်းသည် "အဝတ်အစားစီးနင်းခြင်း" နည်းစနစ်ကို စမ်းသပ်ခဲ့သော်လည်း ဘောင်းဘီက ကျပ်လွန်းသဖြင့် အကြမ်းခံသော သတ္တုဖိနပ်နှင့် ခါးပတ်ကို ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ညရောက်နေပြီ ဖြစ်သည်။

ယဲ့ဖုန်းသည် ကောင်းကင်ယံ မြင့်မြင့်သို့ တက်သွားပြီး ဝိညာဉ်သားရဲ ဆောင် တွင် ပါဝင်သော "ကင်းထောက်ခြင်း" လုပ်ဆောင်ချက်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ဖူယွင် တောအုပ်နက် အနီးတစ်ဝိုက်တွင် နတ်ဆိုးသားရဲများ၏ ခြေရာလက်ရာများ နည်းပါးလွန်းနေသည်ကို သတိထားမိလိုက်သည်။ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကြောင့် ကြောက်လန့်ပြီး ငြိမ်သက်နေကြသကဲ့သို့ ဖြစ်နေလေ၏။

"ဂျိမ်း"

ကောင်းကင်ယံ ဟိုအမြင့်ဆီမှ မိုးခြိမ်းသံအုပ်အုပ် ထွက်ပေါ်လာ၏။

လေပြင်းမုန်တိုင်းများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တဟူးဟူး တိုက်ခတ်နေ၏။

ဧရာမ တိမ်တိုက်ကြီး တစ်ခုသည် ကြယ်တာရာများကို ဖုံးလွှမ်းသွားပြီး မိုင်ရာချီ အကွာအဝေးအထိ အလင်းရောင် ကွယ်ပျောက်သွားစေသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး အမှောင်တိကျသွားပြီး လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်နိုင်တော့ချေ။

"မိုးရွာတော့မယ်... အဝတ်တွေ မြန်မြန် ရုပ်ကြ"

မြူခိုးဂိုဏ်း အတွင်းတွင် လီကျောက်ကျောက် အော်ဟစ်လိုက်သည်။ အိုးယန်ယွီသည် အဝတ်အစားများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး နှစ်ဦးစလုံး အသီးသီး အခန်းထဲသို့ ဝင်ရောက် ခိုလှုံလိုက်ကြလေ၏။

ဝိညာဉ်စမ်းရေတွင်း ဘေးတွင် မြေခွေးဖြူလေးသည် အန္တရာယ်ကို အာရုံခံမိပြီး ကွေးနေသည်။ ရေပေါ်ဖြူ အင်မော်တယ် ငါးကောင်နှင့် အခြား ဝိညာဉ်သားရဲများနှင့်အတူ စုဝေးနေပြီး ကြောက်လန့်တကြား တုန်ရီနေကြရှာ၏။

အစ်ကိုကြီး ခေါင်းပြားကမူ မတ်တတ်ထရပ်နေပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေ၏။

ရေပေါ်ဖြူ မြို့တော်၊ မြို့စားမင်းအိမ်တော်တွင် -

ဒုတိယမြို့စားမင်းနှင့် လုရှန်ယွဲ့တို့သည် ခေါင်မိုးပေါ်တွင် ရပ်လျက် မှောင်မိုက်နေသော ကောင်းကင်ကြီးကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ရှုနေကြ၏။

"ရှားပါးတဲ့ ကောင်းကင် ဖြစ်စဉ်တွေ ထပ်ဖြစ်ပြန်ပြီ... နောက်ထပ် 'ဘုရားသခင် မူလအစ နယ်ပယ်' အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး မိုးကြိုးဘေးသင့်မှု ခံယူနေတာများလား" ဒုတိယမြို့စားမင်း ရေရွတ်လိုက်သည်။

လုရှန်ယွဲ့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိတ်ဆိတ်နေလေ၏။

မြူခိုးတောင်ထိပ် အထက်တွင် -

ယဲ့ဖုန်းသည် ဘယ်လက်တွင် 'ဝိညာဉ်မူလ နာရီ'၊ ညာလက်တွင် ဝိညာဉ်ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး တင်းမာသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေလေ၏။

"ဂျိန်း"

ခရမ်းရောင် ရောစပ်နေသော ရွှေရောင် လျှပ်စီးကြောင်းကြီး တစ်ခုသည် အဝေးမှ ကွေ့ကောက်ဆင်းသက်လာပြီး မိုင်တစ်သောင်းခန့် ရှိသော ကောင်းကင်ယံကို ဖြတ်ကျော်ကာ တစ်ဖက်ခြမ်းရှိ တိမ်တိုက်များထဲသို့ ဝင်ရောက်သွားလေသည်။ အောက်ဘက်ရှိ အရာအားလုံးကို ခေတ္တမျှ လင်းထိန်သွားစေ၏။

"ဝေါ"

သည်းထန်သော မိုးစက်များ ရွာသွန်းကျလာပြီး ယဲ့ဖုန်း၏ အန္တရာယ် အာရုံခံစားမှုသည် ပိုမို ပြင်းထန်လာလေသည်။

မိုင်ဆယ်ချီ ဝေးကွာသော နေရာတွင် -

ဧရာမ သစ်ပင်ကြီး တစ်ပင်အောက်၌...

လူရိပ်မည်းကြီး အများအပြား မတ်တတ်ရပ်နေကြ၏။ လျှပ်စီးလက်ချိန်တွင် မှိတ်တုတ်မှိတ်တုတ် ပေါ်လာသော မြူခိုးတောင်ထိပ်ကို စိုက်ကြည့်နေကြပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးများ ပြုံးနေကြလေတော့သတည်း။

wunzy

အခန်း (၁၀၄) - နို့ထိန်းနှင့် ဝိညာဉ်စမ်းရေတွင်း၏ အရေးပါမှု

~နတ်ဆိုးတပ်ဖွဲ့၏ ရှေ့ဆုံးတွင် လူနှစ်ဦး ရပ်နေသည်။

တစ်ဦးမှာ မျက်လုံးများကို မမြင်ရသော တာအိုဆရာအိုကြီး တစ်ဦး ဖြစ်သည်။

အခြားတစ်ဦးမှာမူ ဝတ်ရုံခြုံထားသဖြင့် မျက်နှာအစစ်အမှန်ကို မမြင်ရသော်လည်း ဝတ်ရုံအောက်မှ သန်မာထက်မြက်သော ကျားလက်သည်းနှစ်ဖက် ထွက်ပေါ်နေပြီး ထူးဆန်းသော သတ္တုရောင် တောက်ပနေလေ၏။

ထိုသူသည် ဖူယွင် တောအုပ်နက်၏ နတ်ဆိုးဗိုလ်ချုပ်ကြီး ပင် ဖြစ်ပေသည်။

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အသွင်ပြောင်း ကျားနတ်ဆိုးကြီးတည်း။

"အားလုံး ငါ့အမိန့်ကို နာခံကြ... မြူခိုးတောင်ထိပ်ကို တိုက်ခိုက်၊ ဝိညာဉ်သွေးကြောကို ဖြတ်တောက်၊ အမြုတေကို သိမ်းဆည်း၊ ဂိုဏ်းချုပ် ယဲ့ဖုန်းကို လုပ်ကြံသတ်ဖြတ်ကြ"

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးက အက်ကွဲပြီး ခြောက်ခြားဖွယ် အသံဖြင့် အမိန့်ပေးလိုက်သည်။

သူ၏ လက်အောက်ခံ နတ်ဆိုးသားရဲများ မဆိုင်းမတွ..နာခံလိုက်ကြပြီး သွားများကို ဖြီးလျက် ရှေ့သို့ တိုးဝင်တိုက်ခိုက်ကြလေ၏။

မြူခိုးတောင်ထိပ်တွင် -

ယဲ့ဖုန်း၏ အန္တရာယ် အာရုံခံစားမှုသည် ပိုမို ပြင်းထန်လာလေသည်။

သူသည် ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ ကို အသက်သွင်းလိုက်ပြီ ဖြစ်ရာ ပတ်ဝန်းကျင် တစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားသည်။ တောင်တက် ကျောက်လှေကားလမ်းတွင်သာ အားနည်းသော ဝင်ပေါက် တစ်ခု ချန်ထားခဲ့သည်။ အစွမ်းထက်သော ရန်သူများ တိုက်ခိုက်လာပါက ရှေ့မှ ဝင်ရောက်လာရန် ရွေးချယ်ကြမည် မဟုတ်ပါလော။

"ဂိုဏ်းချုပ်... ဘာဖြစ်တာလဲ"

မိုယင်သည် ဓားစီးလျက် ရောက်ရှိလာ၏။ လေပြင်းတိုက်ခတ်မှုကြောင့် သူမ၏ အနက်ရောင် မျက်နှာဖုံးစွပ် လွင့်ပါးနေသော်လည်း အတွင်းဘက်တွင် နောက်ထပ် အနက်ရောင် မျက်နှာဖုံးစွပ် တစ်ခု ရှိနေသေးကြောင်း တွေ့ရှိလိုက်ရ၏။

ယဲ့ဖုန်းသည် လေထဲတွင် ရပ်တန့်နေပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ငါ စိတ်မလုံခြုံသလို ခံစားနေရတယ်... အစွမ်းထက်တဲ့ ရန်သူတစ်ယောက် တိုက်ခိုက်တော့မယ့် ပုံပဲ... တခြားသူတွေကို သွားပြောလိုက်... အထူး သတိထားကြလို့"

ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ၏ ခံစစ်စွမ်းအားမှာ မနည်းလှသော်လည်း အသေးစား ဝင်္ကပါ တစ်ခုသာ ဖြစ်သဖြင့် အလွန်အမင်း သန်မာသော ရန်သူ လာရောက်ပါက တောင့်ခံနိုင်မည် မဟုတ်ချေ။

"တပည့် နာခံပါ့မယ်"

မိုယင်သည် လက်သီးဆုပ် ဦးညွှတ်လိုက်ပြီး နောက်ဖေးဝင်းသို့ ပြန်သွားကာ သတင်းဖြန့်လိုက်ရာ တပည့်များသည် အခန်းများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြလေ၏။

"အူး... ဝူး..."

ထိုအချိန်တွင် စိတ်လှုပ်ရှားဖွယ်ရာ ဝံပုလွေအူသံ တစ်သံ တောင်အောက်ခြေမှ ထွက်ပေါ်လာပြီး မှောင်မိုက်နေသော ညကောင်းကင်ယံအောက်တွင် အလွန် ကျောချမ်းဖွယ်ရာ ကောင်းနေလေသည်။

"ဂျိန်း"

လျှပ်စီးကြောင်း တစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကမ္ဘာမြေကြီးကို ခေတ္တမျှ လင်းထိန်သွားစေသည်။

ကောင်းကင်ယံတွင် ရပ်နေသော ယဲ့ဖုန်းသည် ဧရာမ ပုံရိပ်မည်းကြီး အများအပြား မြူခိုးတောင်ထိပ်၏ အပြင်ဘက် တောင်စောင်းများကို အရှိန်အဟုန်ဖြင့် တွယ်တက်လာနေကြသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရ၏။

ခေါင်းဆောင်များမှာ "လက်မောင်းတစ်ဖက်ပြတ် ဝံပုလွေ ဗိုလ်ချုပ်လေး" နှင့် "အမြီးပြတ် အမည်းစက်ပြောက် မြွေနတ်ဆိုး" တို့ ဖြစ်ကြ၏။

"မကောင်းတော့ဘူး... တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ နှစ်ကောင်နဲ့ အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့် နတ်ဆိုးသားရဲ ဒါဇင်ချီ တက်လာနေကြတယ်... ငါတို့ တားနိုင်မှာ မဟုတ်ဘူး"

မိုယင်သည် ဓားစီးလျက် ကောင်းကင်သို့ ပျံတက်သွားပြီး ဘေးပတ်လည်မှ တက်လာနေကြသော နတ်ဆိုးသားရဲများကို မြင်လိုက်ရသဖြင့် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။

"မပူပါနဲ့... ငါတို့ ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါက အဲဒီလောက် မပျော့ညံ့ပါဘူး" ဟု ယဲ့ဖုန်းက လေးနက်သော အသံဖြင့် အခိုင်အမာ ပြောလိုက်သည်။

နောက်တစ်ခဏတွင် နတ်ဆိုးသားရဲ အများအပြားသည် ဝင်္ကပါ၏ အပြင်ဘက်ဆုံး အပိုင်း၊ မြူခိုးနယ်မြေထဲသို့ ဝင်ရောက်လာကြ၏။ သူတို့သည် အနံ့ခံအာရုံ ပျောက်ဆုံးသွားပြီး လမ်းကြောင်းပါ ပျောက်သွားကြသဖြင့် နေရာတွင်ပင် စိုးရိမ်တကြီး လည်ပတ်နေကြလေ၏။

"ကြောက်စရာ ကောင်းလိုက်တဲ့ ဝင်္ကပါပါလား"

အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် ဗိုလ်ချုပ်လေးတို့ကဲ့သို့သော အစွမ်းထက်သူများပင် ပိတ်မိနေသည်ကို တွေ့လိုက်ရသဖြင့် မိုယင် အံ့သြသွားသည်။

"ဂိုဏ်းချုပ်... သူတို့ကို ကျွန်မ ရှင်းလိုက်ပါ့မယ်"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"တပည့်တို့... ငါ့အမိန့်ကို နာခံကြ... မြူခိုးနယ်မြေထဲ ဝင်ပြီး ပိတ်မိနေတဲ့ နတ်ဆိုးသားရဲတွေကို အကုန် သတ်ပစ်ကြ... တစ်ကောင်မှ အရှင်မထားနဲ့"

"အမိန့်အတိုင်းပါ"

တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသော "နို့ထိန်း" ယန်ရူယွီမှ လွဲ၍ ကျန်ရှိသော တပည့် (၁၀) ဦး လှုပ်ရှားလိုက်ကြ၏။

ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါသည် စနစ်မှ ထုတ်လုပ်ပေးထားသော ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ဖြစ်သဖြင့် မိုယင်နှင့် စနစ်က အသိအမှတ်ပြုထားသော ဂိုဏ်းသားများသည် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်လေသည်။

သူတို့သည် လရောင်ကျောက်တုံးများဖြင့် မီးထွန်းညှိလိုက်ပြီး ဝိညာဉ်မျက်လုံးများကို အသက်သွင်းကာ ရန်သူမရှိသော နယ်မြေ တစ်ခုကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားလျက် တွေ့သမျှ နတ်ဆိုးသားရဲများကို တိုက်ခိုက် သတ်ဖြတ်ကြလေ၏။

"ဓားဆွဲထုတ်ခြင်း နည်းစနစ်"

ဟိုယွင်ကျဲသည် (၂) မီတာခန့် ရှည်သော ကင်းမြီးကောက် သားရဲ တစ်ကောင်ကို တွေ့လိုက်ရပြီး အေးစက်သော အလင်းဓားကို ရုတ်တရက် ဆွဲထုတ်ကာ တိုက်ခိုက်လိုက်သည်။

သို့သော် လွဲချော်သွား၏...။

"ငါ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို မတတ်မြောက်သေးပါလား... နတ်ဆိုးသားရဲ တစ်ကောင်ကိုတောင် မထိနိုင်ဘူး"

ဟိုယွင်ကျဲသည် "တောက်ပ အလင်းဓားသိုင်း" ကို ချက်ချင်း ပြောင်းလဲ ဖော်ဆောင်လိုက်ပြီး ကင်းမြီးကောက်သားရဲ၏ ခေါင်းကို ဓားဖြင့် ထိုးဖောက်ကာ သတ်ဖြတ်လိုက်လေသည်။

အခြားတစ်ဖက်တွင် မိုယင်သည် သူမ၏ ထူးခြားသော "ဓားတိုက်ခိုက်မှု သိုင်း" အား အသုံးပြုပြီး ချီစုစည်းခြင်း (၉) ဆင့်မြောက် မြွေနတ်ဆိုး တစ်ကောင်ကို အလွယ်တကူ ခုတ်ပိုင်း သတ်ဖြတ်လိုက်လေ၏။

ကျန်ရှိသော တပည့်များလည်း အသီးသီး တိုက်ခိုက်နေကြ၏။

ကောင်းကင်ယံ မြင့်မြင့်တွင် -

ယဲ့ဖုန်းသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း ကျေနပ်ပီတိ ဖြစ်နေမိသည်။

သာမန် နတ်ဆိုးစစ်သည်တော် အဆင့် သားရဲများ များပြားနေသော်လည်း ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ၏ သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုလိုက်ပါက ချက်ချင်း ရှင်းလင်းပစ်နိုင်ပေသည်။

သို့သော် ၊ ထိုသို့ လုပ်လိုက်လျှင် တပည့်များအတွက် လေ့ကျင့်ခန်း ရရှိမည့် အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။

"မင်း စွမ်းရည်ပြဖို့ အလှည့်ရောက်ပြီ"

ယဲ့ဖုန်းသည် စိတ်လှုပ်ရှားစွာ လည်ပတ်နေသော အစ်ကိုကြီး ခေါင်းပြားကို လှမ်းခေါ်လိုက်သည်။

တိုက်ခိုက်ခွင့် ရပြီဟု ကြားလိုက်ရသည်နှင့် အစ်ကိုကြီး ခေါင်းပြား၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာပြီး တောင်အောက်သို့ ထိုးဆင်းသွားကာ အသန်မာဆုံး ဖြစ်သည့် ဝံပုလွေဗိုလ်ချုပ်လေးဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလေ၏။

ယဲ့ဖုန်း၏ ပါးစပ်ထောင့် တွန့်သွားသည်။

သူ့ရည်ရွယ်ချက်က အစ်ကိုကြီး ခေါင်းပြားကို အခြား အဆင့်မြင့် နတ်ဆိုးစစ်သည်တော်အဆင့် သားရဲများကို ကိုင်တွယ်စေချင်ခဲ့သော်လည်း ဤကောင်က အမာဆုံးကောင်ကို ရွေးချယ်သွားလေပြီ။

"ရွှပ်"

ဗိုလ်ချုပ်လေးသည် အစ်ကိုကြီး ခေါင်းပြား၏ လက်ချက်ကြောင့် ဒဏ်ရာရသွားပြီး မျက်နှာတွင် သွေးများ ချင်းချင်းနီသွားသည်။ သို့သော် သူလည်း အစ်ကိုကြီး ခေါင်းပြားကို သတိထားမိလိုက်ပြီး ပျံဝဲကန်ချက်ဖြင့် တိုက်ခိုက်လိုက်ရာ အစ်ကိုကြီး ခေါင်းပြားလည်း မီတာ ဆယ်ချီ လွင့်စဉ်သွားလေ၏။

"ဝေါ"

အစ်ကိုကြီး ခေါင်းပြားသည် မြူခိုးတောင်ထိပ်တွင် နေထိုင်ရင်း ဝဖြိုးသန်မာလာပြီး ခံစစ်စွမ်းအား ပိုမို ကောင်းမွန်လာခဲ့သည်။ ဗိုလ်ချုပ်လေးကို မနိုင်သော်လည်း သူသည် အကြိမ်ကြိမ် ပြန်လည် ခုန်အုပ်ကာ ရန်သူ၏ ခန္ဓာကိုယ်အနှံ့ ကုတ်ဖဲ့နေလေ၏။

"တောက်... မြူခိုးဂိုဏ်း... မင်းတို့ ကြွက်စုတ်တွေ... ငါတို့ကို သတ်ဖို့ ဝင်္ကပါ ဆင်ထားရဲတယ်ပေါ့... ထိပ်တိုက် ရင်ဆိုင်ရဲသလား"

ဗိုလ်ချုပ်လေးသည် ဟိန်းဟောက်လိုက်ပြီး ခြေထောက်ကျိုးနေသော တောခွေးရိုင်းကြီး အဖြစ် ပြောင်းလဲကာ မြင်မြင်သမျှ အရာအားလုံးကို ရက်စက်စွာ ကိုက်ဖြတ်ဖျက်ဆီးလေတော့သည်။ ကြောက်ရွံ့ခြင်း မရှိသော အစ်ကိုကြီး ခေါင်းပြားကိုပင် ဖိနှိပ်ထားနိုင်လေ၏။

ထိုအချိန်တွင် အမည်းစက်ပြောက် မြွေနတ်ဆိုးသည် မိုယင်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်။

"ချလွင်"

လေညှင်းစီး ဓားပျံ ကျရောက်လာသော်လည်း မြွေနတ်ဆိုး၏ အမြီးဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး လေးမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ကျောက်နံရံတွင် စိုက်ဝင်သွားလေ၏။

"ကောင်မစုတ်... မင်း အသက်ကို ယူမယ်"

အမည်းစက်ပြောက် မြွေနတ်ဆိုးသည် အမြီးပြတ်နေသော်လည်း အမြီးပိုင်းကို အားပြုကာ ခုန်ပျံတိုက်ခိုက်လိုက်ပြီး မိုယင်ကို ဝင်ဆောင့်လိုက်ရာ သူမသည် လွင့်စဉ်သွားပြီး တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားလေ၏။

"အစ်မ... အဆင်ပြေရဲ့လား"

ယန်ရူယွီသည် မိုယင်ကို ချက်ချင်း တွဲထူလိုက်ပြီး သူမ၏ အသက်ဝိညာဉ်စွမ်းအားများကို လွှဲပြောင်းပေးလိုက်သည်။

မိုယင်သည် တစ်ကိုယ်လုံး ဖိနှိပ်ခံထားရသကဲ့သို့ ခံစားနေရပြီး သွေးအန်မလို ဖြစ်နေသော်လည်း အသက်ဝိညာဉ်စွမ်းအားများ ဝင်ရောက်လာသောအခါ အထွတ်အထိပ် အခြေအနေသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားပြီး ဝမ်းသာအားရ ဖြစ်သွားလေ၏။

"ကျေးဇူးပါ.. ဂျူနီယာညီမလေးရူယွီ"

ကျေးဇူးတင်စကား ဆိုပြီးနောက် မိုယင်သည် လက်ဟန် ရေးဆွဲကာ လေညှင်းစီး ဓားပျံကို ပြန်လည် ဆင့်ခေါ်လိုက်၏။ အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် နောက်တစ်ကြိမ် ပြင်းထန်သော တိုက်ပွဲ ဆင်နွှဲလေတော့သည်။

ယဲ့ဖုန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ယန်ရူယွီ၏ ပခုံးကို ပုတ်ကာ မှာကြားလိုက်၏။

"ရူယွီ... မင်းက ကုသပေးသူ ပဲ... ကုသပေးဖို့ပဲ အာရုံစိုက်ထား... ဝိညာဉ်စွမ်းအင် မလုံလောက်တော့ဘူးလို့ ခံစားရရင်... ဝိညာဉ်စမ်းရေတွင်းကို သုံးပြီး ချက်ချင်း ဖြည့်တင်းလိုက်"

"ဟုတ်ကဲ့ပါ" ယန်ရူယွီသည် ယဲ့ဖုန်း၏ အမိန့်ကို ခြွင်းချက်မရှိ နာခံလိုက်သည်။

ဒါကို မြင်တော့ ယဲ့ဖုန်း စိတ်သက်သာရာ ရသွားရ၏။

ကုသပေးသူ၊ ဝိညာဉ်စမ်းရေတွင်း နှင့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ တို့ ရှိနေသမျှ... တောင်ပေါ် တက်လာသော နတ်ဆိုးသားရဲ အားလုံးကို သတ်ဖြတ်ရန် အချိန် သိပ်မကြာနိုင်ပေ။

သို့သော် ယဲ့ဖုန်း မပေါ့ဆရဲပေ။

အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် ဝံပုလွေ ဗိုလ်ချုပ်လေးတို့လောက်နှင့် သူ့ကို အန္တရာယ် အရှိန်အဝါ ခံစားရစေနိုင်မည် မဟုတ်ချေ။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ရန်သူတစ်ဦး အမှောင်ထဲတွင် ပုန်းခိုနေနိုင်ကြောင်း ယဲ့ဖုန်း ခန့်မှန်းမိလိုက်သည်။ လက်ရှိ အခြေအနေအရ ဖူယွင် တောအုပ်နက်၏ နတ်ဆိုးဗိုလ်ချုပ်ကြီး ကိုယ်တိုင် ပါဝင်ပတ်သက်နေနိုင်ခြေ များပြားလေ၏။

"စစ်သူကြီး... ပေါင်းစပ်စမ်း"

ရေပေါ်ဖြူ အင်မော်တယ်ငါးကောင် သည် မကြောက်မရွံ့ဘဲ ပေါင်းစပ် စက္ကူစစ်သည်တော်ကြီးကို ထုတ်လွှတ်လိုက်သည်။ စစ်သည်တော်ကြီးသည် ရဲရင့်သော အရှိန်အဝါများဖြင့် တောင်အောက်သို့ ခုန်ဆင်းသွားသော်လည်း ငရဲ ဝံပုလွေ တစ်ကောင်၏ လက်သည်းချက်ကြောင့် တစ်စစီ ကွဲကြေသွားလေ၏။

"ဟာ..."

အင်မော်တယ် ငါးကောင် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ယဲ့ဖုန်း ရယ်လိုက်၏။

"မင်းတို့ရဲ့ စက္ကူစစ်သည်တော်ကြီးက ချီစုစည်းခြင်း (၆) ဆင့်မြောက် အဆင့်လောက်ပဲ ရှိတာလေ... အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့် သားရဲတွေကို ဘယ်ယှဉ်နိုင်မှာလဲ"

အင်မော်တယ်ငါးကောင် ခေါင်းကုတ်လိုက်ကြပြီး အလံများကို ဝှေ့ယမ်းကာ အားပေးသည့် အလုပ်သို့ ပြောင်းလဲ လုပ်ကိုင်လိုက်ကြလေ၏။

"အဟွတ် အဟွတ်... ရန်သူက နည်းနည်း တောင့်တင်းသားပဲ"

ထိုအချိန်တွင် လုံထျန်းရှင်းသည် ဒဏ်ရာအများအပြားဖြင့် တောင်ထိပ်သို့ ပြေးတက်လာ၏။ ယန်ရူယွီက ချက်ချင်း ကုသပေးလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ကောင်းမွန်သွားပြီး ဟိန်းဟောက်လျက် တိုက်ပွဲထဲသို့ ပြန်လည် ဝင်ရောက်သွားလေ၏။

မြူခိုးဂိုဏ်း တပည့်များ ပူးပေါင်း တိုက်ခိုက်ခြင်းနှင့် ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ၏ မြူခိုးအာနိသင်တို့ကြောင့် မကြာမီ နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာ သေဆုံးသွားကြပြီး အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် ဗိုလ်ချုပ်လေးတို့သာ ကျန်ရစ်တော့သည်။

သို့သော် တပည့်များ ဝိုင်းဝန်း တိုက်ခိုက်နေသော်လည်း သူတို့ နှစ်ဦး၏ ဖိနှိပ်မှုကို ခံနေကြရဆဲ ဖြစ်သည်။

တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲများ၏ စွမ်းအားသည် ကြီးမားလွန်းလှပြီး မိုယင်ပင်လျှင် ယှဉ်နိုင်စွမ်း မရှိချေ။

"သတ်... သတ်... သတ်..."

ဗိုလ်ချုပ်လေးသည် လုံးဝ ရူးသွပ်သွားပြီး ရှေ့သို့ ခုန်အုပ်လိုက်ကာ ဟိုယွင်ကျဲနှင့် မိုယင်တို့၏ ပူးပေါင်း တိုက်ကွက်ကို ဖောက်ထွက်ပြီး အနီးဆုံးရှိ မိုယင်ကို ကိုက်ခဲရန် ကြိုးစားလိုက်လေ၏။

"တိရစ္ဆာန်ယုတ်... ရပ်လိုက်စမ်း"

ထိုအချိန်တွင် ယဲ့ဖုန်း၏ ဟိန်းညံသော အသံကြီး ကောင်းကင်ယံမှ ထွက်ပေါ်လာ၏။

ဗိုလ်ချုပ်လေးသည် လေထဲတွင် တောင့်တင်းသွားပြီးနောက် ထက်ရှသော ဝိညာဉ်ဓားတစ်လက် ရုတ်တရက် ပေါ်လာပြီး ဗိုလ်ချုပ်လေးကို မြေကြီးပေါ်တွင် စိုက်ချလိုက်လေသည်။

"ယဲ့ဖုန်းက ပိုပြီး သန်မာလာပြန်ပြီ"

အမည်းစက်ပြောက် မြွေနတ်ဆိုးသည် ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် ငါးရောင်ခြယ် အလင်းဓားသွား တစ်ခု ဖြတ်သန်းသွားပြီး အမည်းစက်ပြောက် မြွေနတ်ဆိုးကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်ရာ

နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလေတော့သတည်း။

အခန်း (၁၀၅) - ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် နှစ်ယောက်၏ တိုက်ခိုက်မှုနှင့် ပိတ်လှောင် ဖမ်းဆီးခြင်း

~ကောင်းကင်ယံ မြင့်မြင့်တွင် -

ယဲ့ဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။

ငါးရောင်ခြယ် အလင်းဓားသွားသည် ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ၏ တိုက်ခိုက်ရေး နည်းလမ်းတစ်ခု ဖြစ်ပြီး အလွန် ထက်မြက်လှပေသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိပြီး တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ အဆင့်သာ ရှိသော အမည်းစက်ပြောက် မြွေနတ်ဆိုး အနေဖြင့် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

"တပည့်တို့... နေရာပြန်ယူကြ... အခုကစပြီး ငါ့မျက်နှာအမူအရာ အတိုင်း လှုပ်ရှားကြ" ယဲ့ဖုန်း အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသောအခါ မိုယင်နှင့် အခြားသူများသည် နတ်ဆိုးသားရဲ အလောင်းများကို သိမ်းဆည်းရန် မမေ့ကြဘဲ တောင်ထိပ်သို့ ပြန်လည် ဆုတ်ခွာလာကြ၏။ ယဲ့ဖုန်း၏ လေးနက်သော မျက်နှာထားကို ကြည့်ပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲ တစ်ခု လာတော့မည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြလေသည်။

"ဟားဟားဟား... မြူခိုးဂိုဏ်းက တော်တော် မိုက်တာပဲ"

စူးရှသော ရယ်သံကြီး ကောင်းကင်ယံမှ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

"ဂျိန်း"

တိမ်မဲများကြားမှ လျှပ်စီးကြောင်း တစ်ခု လက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေသည်။ မြူခိုးဂိုဏ်းသား အားလုံးသည် ကောင်းကင်ယံတွင် ပျံဝဲနေသော လူရိပ် (၂) ခုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရလေ၏။

တစ်ဦးမှာ မျက်လုံးများ မရှိသော တာအိုဆရာအိုကြီး တစ်ဦး။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အထွတ်အထိပ် အရှိန်အဝါများကို ထုတ်လွှတ်နေကာ ကျောချမ်းဖွယ် ကောင်းလှသည်။

အခြားတစ်ဦးမှာမူ ကျားလက်သည်းများ ထွက်ပေါ်နေသော ကျားဗိုလ်ချုပ်ကြီး ပင်။ ၎င်းက အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်ကြီး အဆင့်သို့ ရောက်ရှိနေသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အထွတ်အထိပ်နှင့် ညီမျှလေသည်။

အနက်ရောင် ဝတ်ရုံဖြင့် မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူ၏ ကျားလက်သည်း နှစ်ဖက်သည် အသည်းထိတ်စရာ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်များကဲ့သို့ ထင်မှတ်ရပြီး ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

"ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် လူသားကျင့်ကြံသူ တစ်ယောက်..."

"ပြီးတော့ နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ကောင်..."

တပည့်များ အလွန်အမင်း တုန်လှုပ်သွားကြလေ၏။

ယဲ့ဖုန်းသည် တပည့်များကို စိတ်မပူရန် ပြောလိုက်ပြီး ထိုလူနှစ်ဦးနှင့် တစ်တန်းတည်း ဖြစ်အောင် ကောင်းကင်သို့ ပျံတက်သွားလိုက်သည်။

"ဘယ်သူတွေလဲ" သူ မေးလိုက်၏။

"ကျုပ်က ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းချုပ် ပါ... ဆိုးဟွန်းကျန်းရန်လို့ ခေါ်နိုင်ပါတယ်"

တာအိုဆရာအိုကြီးသည် မုတ်ဆိတ်မွေးရှည်ကြီးကို သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။

ရောက်လာသူမှာ ဆိုးဟွန်းကျန်းရန် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်နှာထား ပျက်သွားပြီး မြူခိုးဂိုဏ်း တပည့်များ၏ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြလေ၏။

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးကမူ မိတ်ဆက်ခြင်း မပြုဘဲ အေးစက်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ ထိပ်တန်း လက်ထောက်နှစ်ယောက်ကို သတ်ခဲ့တဲ့အတွက်... ဒီည မြူခိုးဂိုဏ်းကို မြေလှန်ပစ်မယ်"

ယဲ့ဖုန်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။

"ခင်ဗျားတို့ နှစ်ယောက်တည်းနဲ့လား"

ထိုအခါ၊ ဆိုးဟွန်းကျန်းရန် ထေ့ငေါ့လိုက်သည်။

"မြူခိုးဂိုဏ်းမှာ ပြီးပြည့်စုံတဲ့ အသေးစား ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ရှိနေတာ ငါ မထင်မှတ်ထားဘူး... ဒါပေမယ့် စမ်းသပ်ကြည့်ပြီးပါပြီ... ဘာမှ မဟုတ်ပါဘူး"

"စကားများမနေနဲ့တော့... ဝင်္ကပါကို ဖျက်ဆီး၊ အကုန်သတ်၊ ဝိညာဉ်သွေးကြော အမြုတေကို ယူမယ်... အဲဒါမှ ငါ့ဒဏ်ရာတွေ ကုသပြီး အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကြီး အဖြစ် အဆင့်တက်နိုင်မှာ"

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။

အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကြီး အဖြစ် အဆင့်တက်သွားပါက သူသည် အကြီးစား ခုန်ပျံကျော်လွှားမှု တစ်ခု ရရှိမည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထ အဆင့် စွမ်းအားကို အလိုအလျောက် ပိုင်ဆိုင်လာမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် အကြံအစည်များ လိုအပ်တော့မည် မဟုတ်ပေ။ ရေပေါ်ဖြူ မြို့တော်ထဲသို့ တည့်တည့် ဝင်ရောက်ပြီး မြို့စားမင်းကို တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာအောင် ဖိအားပေးနိုင်မည်။

မြို့စားမင်း ထွက်မလာပါက အလယ်အလတ် အဆင့် နတ်ဆိုးဗိုလ်ချုပ်ကြီး၏ စွမ်းအားဖြင့် တမြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်လိုက်ရုံသာ ရှိတော့သည်။

ဆိုးဟွန်းကျန်းရန်သည် ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ဘာလောနေတာလဲ... ဒီဂိုဏ်းကာကွယ်ရေး ဝင်္ကပါက မသေးလှဘူး... ငါ့ ကိုယ်ပွား တစ်ခုတည်း အင်အားနဲ့ ဖောက်ထွင်းနိုင်ပါ့မလား မသိဘူး"

"မင်းက ကူညီပေးရုံပဲလေ"

“ဝေါင်း…”

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် မြန်မြန်ဆန်ဆန်.. ကြီးထွားလာပြီး အနက်ရောင် ဝတ်ရုံကို ဖောက်ထွက်ကာ (၈) ကျန်း အရှည်၊ (၄) ကျန်း အမြင့် ရှိသော ဧရာမ ကျားကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားလေ၏။

သူ၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ရာ အလင်းရောင်များဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

"ကောင်းကင်ခွင်း လက်သည်းချက်"

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးသည် ကောင်းကင်မှ ဝေါခနဲ ထိုးဆင်းလာ၏။ ထက်ရှသော လက်သည်းကြီးများဖြင့် မြူခိုးများကို ပိုင်းဖြတ်ကာ ယဲ့ဖုန်း၏ ခေါင်းကို တည့်တည့်မတ်မတ် တိုက်ခိုက်လိုက်လေ၏။

မြူခိုးတောင်ထိပ်တွင် ဝိညာဉ်သွေးကြော ရှိကြောင်း ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး သိရှိနေသည်ကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း တင်းမာသွားသည်။ သူသည် 'ဝိညာဉ်မူလ နာရီ' နှင့် ဝိညာဉ်ဓားကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ဝင်္ကပါခလုတ်ပြားဖြင့် ဝင်္ကပါကို ထိန်းချုပ်ကာ သူ့ရှေ့တွင် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော အကာအကွယ်လွှာ တစ်ခုကို ဖန်တီးလိုက်လေ၏။

ထက်ရှသော ကျားလက်သည်းများသည် အကာအကွယ်လွှာကို ရိုက်ခတ်လိုက်ရာ အကာအကွယ်လွှာ အနည်းငယ် ချိုင့်ဝင်သွားရုံသာ ရှိပြီး ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးကို လေထဲသို့ ပြန်ကန်ထုတ်လိုက်လေသည်။

"ငါ့ရဲ့ ကောင်းကင်ခွင်း လက်သည်းချက်ကိုတောင် တားဆီးနိုင်တယ် ဟုတ်လား"

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး ကျားမျက်နှာပေါ်တွင် လူသားဆန်သော အံ့သြမှုများ ပေါ်လာလေ၏။

"တကယ်ကို သန်မာတာပဲ"

ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားပင်လျှင် လေးနက်သော မျက်နှာထား ဖြစ်သွားပြီး မြူခိုးဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို လျှော့တွက်မိခဲ့ကြောင်း ဝန်ခံလိုက်ရသည်။

"ငါ မဖျက်ဆီးနိုင်ဘူး ဆိုတာ မယုံဘူးကွ"

အရှုံးမပေးလိုသော ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးသည် ပါးစပ်ကို ဟလိုက်ပြီး လေကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရာ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပိုမို ကြီးထွားလာပြီး အရှိန်အဝါများသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် အထွတ်အထိပ်မှ ဒုတိယ အဆင့်သို့ မြင့်တက်သွားလေ၏။

"ကောင်းကင်ခွင်း လက်သည်းချက်"

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး၏ လက်သည်းများသည် အကာအကွယ်လွှာကို ထပ်မံ ရိုက်ခတ်လိုက်ရာ အကာအကွယ်လွှာ ပုံပျက်သွားသော်လည်း နောက်ဆုံးတွင် ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးကို ပြန်လည် တွန်းထုတ်လိုက်နိုင်လေသည်။

ဒါကို မြင်တော့ ယဲ့ဖုန်း တခွီးခွီး ရယ်လိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားရဲ့ ကျားခေါင်းဦးနှောက် ပုံစံကို ကြည့်ရတာ... တုံးတုံးအအ နဲ့ ရူးကြောင်ကြောင် နိုင်လိုက်တာ... ခင်ဗျားက ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်ရမယ်... သနားစရာ ကောင်းတာက ခင်ဗျားမှာ အင်အားမရှိသလို ဦးနှောက်လည်း မရှိဘူး... အကာအကွယ်လွှာကိုတောင် မဖောက်နိုင်ရင် အိမ်ပြန်၊ ရေချိုးပြီး အိပ်လိုက်ပါတော့လား"

ယဲ့ဖုန်း အစောပိုင်းက နည်းနည်း စိုးရိမ်ခဲ့မိသည်။

သို့သော် အကာအကွယ်လွှာ မည်မျှ စွမ်းအားကြီးမားကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ... စနစ် ပြောထားသည့်အတိုင်း ဝိညာဉ်စွမ်းအင် ဆက်တိုက် ရရှိနေသမျှ ဓာတ်ကြီးငါးပါး စုစည်းခြင်း (၄) ဆင့် သို့မဟုတ် (၅) ဆင့် လောက်ကိုတောင် တွန်းလှန်နိုင်ကြောင်း သိရှိလိုက်ရသဖြင့် ခွေးအိုကြီး တစ်ကောင်လို တည်ငြိမ်သွားလေတော့သည်။

‘ဆိုးဟွန်းကျန်းရန် က ဝင်္ကပါ အကွာအဝေးထဲ မဝင်သေးဘူး... သူတို့အားလုံး ဝင်လာအောင် ဆက်ပြီး ရန်စရမယ်... ပြီးမှ ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါရဲ့ စွမ်းအားကို အမြင့်ဆုံးတင်ပြီး အကုန် သတ်ပစ်လိုက်မယ်’

ယဲ့ဖုန်း တိတ်တဆိတ် ကြံစည်လိုက်သည်။

ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါသည် အမှန်တကယ်ပင် အလွန် စွမ်းအားကြီးမားပေသည်။

မြူခိုးနယ်မြေ၏ ပုံရိပ်ယောင် ဝင်္ကပါ တစ်ခုတည်းကပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်အောက် ကျင့်ကြံသူများကို ပိတ်လှောင်ထားနိုင်သည်။ ယခင်က ယဲ့ဖုန်းသည် စွမ်းအား (၁၀) ပုံ (၁) ပုံသာ အသုံးပြုခဲ့ပြီး အမည်းစက်ပြောက် မြွေနတ်ဆိုး၊ ဗိုလ်ချုပ်လေးနှင့် နတ်ဆိုးသားရဲ အုပ်စုကို ပိတ်လှောင်ထားနိုင်ခဲ့သည်။

စွမ်းအားကို အမြင့်ဆုံး တင်လိုက်လျှင် ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးရော၊ ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားပါ ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

ယဲ့ဖုန်းက သူ့ကို တုံးအသည်၊ ရူးကြောင်ကြောင် နိုင်သည်ဟု ပြောလိုက်သဖြင့် ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး၏ ပါးစပ်ထောင့် မဲ့သွားပြီး ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားဘက်သို့ လှည့်ကာ ဟိန်းဟောက်လိုက်၏။

"ဘယ်အချိန်ထိ ကြည့်နေဦးမှာလဲဟ"

"စိတ်လျှော့ပါ... ငါတို့ ပေါင်းလိုက်ရင် ဝင်္ကပါကို သေချာပေါက် ဖောက်ထွင်းနိုင်မှာပါ"

ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားသည် လက်နှစ်ဖက်ဖြင့် မန္တန် ရွတ်ဆိုလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် မျက်စိရှေ့မှာပင် ရှုံ့တွသွား၏။ ခြောက်သွေ့နေသော လက်ချောင်းများကြားမှ တောက်ပပြီး အန္တရာယ်ရှိသော အလင်းရောင်များ ထွက်ပေါ်လာလေ၏။

"အန္တရာယ် ရှိတယ်... မြန်မြန် ပုန်းကြ"

ယဲ့ဖုန်း ရုတ်တရက် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ သူ့ပတ်ဝန်းကျင်တွင် အကာအကွယ်လွှာ အများအပြား ဖန်တီးလိုက်သည်။

တပည့်များသည် အလျင်အမြန် ဆုတ်ခွာသွားကြပြီး ရေပေါ်ဖြူ အင်မော်တယ်ငါးကောင်မှာ ကြောက်လန့်လွန်းသဖြင့် တုန်ရီနေကြလေ၏။

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီး မျက်လုံးများ အရောင်တောက်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ကောင်းတယ်... သူတို့ ကြောက်နေပြီ... ငါတို့ ပေါင်းပြီး အကာအကွယ်လွှာကို ဖောက်ထွက်ကြစို့"

ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားသည် ပိုမို ရှုံ့တွသွားသော်လည်း မန္တန်၏ အလင်းရောင်သည် ပိုမို တောက်ပလာပြီး အစ်ကိုကြီး ခေါင်းပြားပင် မနေနိုင်လောက်အောင် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေလေ၏။

"မိုးကြိုး ဆင်းသက်ခြင်း"

ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွား လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

ခရမ်းရောင် သမ်းနေသော အနက်ရောင် မိုးကြိုးတန်းကြီး တစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ပြီး နတ်ဘုရားဓား တစ်လက် ခုတ်ပိုင်းချလိုက်သကဲ့သို့ အကာအကွယ်လွှာ အလွှာများစွာကို ချက်ချင်း ဖောက်ထွင်းသွားလေ၏။

"ကောင်းကင်ခွင်း လက်သည်းချက်"

နောက်မှ ကပ်လိုက်ပါလာသော ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးသည် ဒိုင်းကာ အပေါက်ကို လက်သည်းဖြင့် ထပ်မံ ဆွဲဖြဲလိုက်ရာ (၁၀) မီတာခန့် ကျယ်ဝန်းသော အပေါက်ကြီး ဖြစ်ပေါ်လာလေသည်။

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးနှင့် ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားတို့သည် အပေါက်မှ တဆင့် ဝင်ရောက်လာပြီး မြူခိုးတောင်ထိပ်ပေါ်တွင် ရပ်တန့်လိုက်ကြ၏။ သူတို့ ခြေချလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ မြက်ပင်များသည် ချက်ချင်း ပြာကျသွားကြလေ၏။

တပည့်များသည် ယဲ့ဖုန်း၏ အနောက်တွင် ပုန်းအောင်းနေကြပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ ခန္ဓာကိုယ်များ ထိန်းချုပ်မရအောင် တုန်ရီနေကြ၏။

"ဒီဂိုဏ်းကာကွယ်ရေး ဝင်္ကပါက တကယ် သန်မာတာပဲ... အနည်းဆုံးတော့ သာမန် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်ကို တားဆီးနိုင်တယ်... ငါတောင် ဒီကိုယ်ပွားရဲ့ စွမ်းအား အကုန်သုံးပြီးမှ ဖောက်ထွင်းနိုင်ခဲ့တာ"

ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွား ပြောလိုက်သည်။ သူ၏ အသံသည် သေခါနီး လူအိုကြီး တစ်ဦးကဲ့သို့ အက်ကွဲခြောက်သွေ့နေလေ၏။

"နောက်တစ်ဆင့်က... မြူခိုးဂိုဏ်းကို ရှင်းလင်းပစ်ဖို့ပဲ... ဒီပူးပေါင်းဆောင်ရွက်မှုက တော်တော် ချောမွေ့သားပဲ"

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ကြောက်လန့်နေသော ယဲ့ဖုန်းနှင့် အဖွဲ့ကို ကြည့်လိုက်သည်။

"ခင်ဗျားက ကိုယ်ပွားပဲလား... လူအစစ် မဟုတ်ဘူးလား... ဆိုးလိုက်တာ... ငါးကြီး ဖမ်းမိပြီ မှတ်နေတာ... အရည်အသွေးမြင့် ပုံတူ ဖြစ်နေတာကိုး"

ယဲ့ဖုန်း၏ ကြောက်ရွံ့နေသော မျက်နှာထားသည် ရုတ်တရက် စိတ်ပျက်သော ပုံစံသို့ ပြောင်းလဲသွားလေ၏။

တပည့်များလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြပြီး ခုနက ကြောက်ရွံ့နေမှုများ ပျောက်ကွယ်သွားကြ၏။

ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးနှင့် ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားတို့ ကြောင်အသွားကြ၏။

‘ဒီအချိန်မှာ ယဲ့ဖုန်းတို့အဖွဲ့က ဆက်ပြီး တုန်ရီနေသင့်တာ... ဒါမှမဟုတ် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်သင့်တာ မဟုတ်ဘူးလား...

ဘာလို့ အေးဆေးတည်ငြိမ်နေကြတာလဲ...

ဒီလို မဖြစ်သင့်ပါဘူး…’

“ယား..သေပေတော့…”

နားမလည်နိုင်သော်လည်း ကျားနတ်ဆိုးဗိုလ်ချုပ်ကြီးသည် ယဲ့ဖုန်းထံသို့ လက်သည်းဖြင့် ကုတ်ခြစ်လိုက်ပြီး သူ၏ လက်ထဲမှ ဝင်္ကပါခလုတ်ပြားကို အရင်ဆုံး ဖျက်ဆီးပစ်ရန် ကြံရွယ်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် ဘယ်ကမှန်း မသိ..ရောက်လာသော ငါးရောင်ခြယ် အလင်းကြိုး တစ်ချောင်းက သူ့ကို ရစ်ပတ်ထားကြောင်း သတိထားမိလိုက်ပြီး အချည်းနှီး ရုန်းကန်နေရလေ၏။

"သွားပြီ... ဒါ ထောင်ချောက်ပဲ" ကျားနတ်ဆိုး နောက်ဆုံးတော့ သဘောပေါက်သွားသည်။

"ဂုဏ်ယူပါတယ်... ခင်ဗျား မှန်ပါတယ်... ဆုလက်ဆောင် အနေနဲ့... ငရဲပြည်ကို တစ်ရက် ခရီးစဉ် ပို့ပေးပါ့မယ်"

ယဲ့ဖုန်းသည် ဝင်္ကပါခလုတ်ပြားကို ဖိလိုက်ရာ ငါးရောင်ခြယ် အလင်းကြိုးသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ထက်ရှသော ဓား တစ်လက်ကဲ့သို့ ကျားနတ်ဆိုး

ဗိုလ်ချုပ်ကြီး၏ ခေါင်းကို တိခနဲ ဖြတ်တောက်လိုက်လေ၏။

"ဘုန်း"

ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီး၏ ခေါင်းပြတ်ကြီးသည် မြေကြီးပေါ်တွင် လိမ့်သွားပြီး အသံအုပ်အုပ် ထွက်ပေါ်လာ၏။

နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ကောင် ဖြစ်သော်လည်း မိမိကိုယ်ကို အထင်ကြီးပြီး ရန်သူကို လျှော့တွက်မိသောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ပေသည်။

ယဲ့ဖုန်းသည် ဝင်္ကပါခလုတ်ပြားကို ချလိုက်ပြီး ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားကို ကြည့်လိုက်သည်။

"မင်းတို့ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါက ရှုပ်ထွေးတဲ့ ဝင်္ကပါ ဖြစ်နေတာကိုး... ငါ့ ကိုယ်အစစ် ကိုယ်တိုင် လာရင်တောင် လွတ်မြောက်နိုင်မယ် မထင်ဘူး... ခုနက မင်း.. တမင်သက်သက်.. အကာအကွယ်လွှာကို လျှော့ချပေးပြီး... ငါတို့ကို ဝင်္ကပါ အလယ်ဗဟိုထိ ဝင်လာအောင် မျှားခေါ်လိုက်တာ မဟုတ်လား"

ဆိုးဟွန်းကျန်းရန်၏ ကိုယ်ပွားက လေးနက်သော အသံဖြင့် မေးလိုက်ခြင်းပါ။

ပြောရင်း၊ ဆိုရင်း သူ၏ မျက်နှာပေါ်မှ အပြုံးများ လုံးဝ ပျောက်ကွယ်

သွားလေတော့သတည်း။

All Chapters