← Chapters

အခန်း (၂၁၇၃-၂၁၇၄)

Vol. 158 Ch. 2173-2174

အခန်း (၂၁၇၃-၂၁၇၄)

Vol. 158 Ch. 2173-2174

အခန်း(၂၁၇၃)

“သားနဲ့ ထာဝရဘုရားကျောင်းက ခင်မင်ရင်းနှီးမှုရှိတာ အမေ သိတယ်”

“ချန်အာ.. စန်းယိုနတ်ဘုရင်က အရမ်းသန်မာတယ်.. မဟာမြေရိုင်းနတ်ဘုရင်တောင် သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်.. မင်း မဟာမြေရိုင်းနယ်မြေကနေ အမြန်ဆုံး ထွက်သွားသင့်တယ်.. မင်းထာဝရဘုရားကျောင်းကို သွားနေသရွေ့ စန်းယိုနတ်ဘုရင်က မင်းကို အလွယ်တကူ တိုက်ခိုက်ဝံ့မှာမဟုတ်ဘူး”

ကျီဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ပြီး ကျန်းချန်ကို အလျင်အမြန် ဖျောင်းဖျလိုက်သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှသန်မာကြောင်း ကျီဝူရွှယ် မသိသော်လည်း နတ်ဘုရင်အဆင့်နှင့် ယှဥ်ပြိုင်ရန်မှာ လုံးဝ မလွယ်ကူသော ကိစ္စဖြစ်၏။

ထို့အပြင် စန်းယိုနတ်ဘုရင်သည် သာမန် နတ်ဘုရင်အဆင့် ကျင့်ကြံသူမျိုး မဟုတ်ပေ။

သို့ဖြစ်ရာ ကျန်းချန်သာ မဟာမြေရိုင်းနယ်မြေတွင် ဆက်လက်ရှိနေမည်ဆိုလျှင် ယင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်ပင် အန္တရာယ်များလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ကောင်းပါပြီ.. ဒါဆို အမေနဲ့အတူ ထာဝရဘုရားကျောင်းကို သွားကြတာပေါ့”

ထိုစကားကိုကြားလျှင် ကျီဝူရွှယ်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် သူမအပေါ်တွင် ထားရှိခဲ့ဖူးသည့် ကျေးဇူးတရားများကြောင့် သူမသည် ဟန်ယွဲ့နန်းတော် ပျက်စီးသွားမည်ကို ဤအတိုင်း ထိုင်ကြည့်မနေနိုင်ခဲ့ပေ။

သို့သော်လည်း သူမသာ ထွက်မသွားခဲ့လျှင် ကျန်းချန်သည် သူမကို အလွယ်တကူ ထားခဲ့မည် မဟုတ်မှန်း ကျီဝူရွှယ် သိထားခဲ့သည်။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ခဏမျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။

“အမေ.. အဲဒီလောက်အထိ မစိုးရိမ်ပါနဲ့.. ကျွန်တော်ကလည်း တစ်ချိန်က ဟန်ယွဲ့နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တာပါ.. ဟန်ယွဲ့နန်းတော်ရဲ့အခက်အခဲကို ဖြေရှင်းပြီးမှပဲ ကျွန်တော်တို့ ထွက်သွားကြတာ‌ပေါ့”

ကျီဝူရွှယ်၏ အတွေးများကို ရိပ်စားမိ၍ ကျန်းချန်သည် ရယ်မော၍ ပြောလိုက်သည်။

ကျီဝူရွှယ်က မချိပြုံး ပြုံးလိုက်၏။

“ချန်အာ.. မဟာမြေရိုင်းနတ်ဘုရင်ကိုတောင် သတ်နိုင်တဲ့ စန်းယိုနတ်ဘုရင်ကို မင်းတကယ်ပဲ ရင်ဆိုင်နိုင်လို့လား”

“အမေ ရွှယ်လင်ကုန်းမြေတိုက်ကနေ အခု နတ်ဘုရားနယ်မြေအထိ သား အမေ့ကို စိတ်ပျက်အောင် လုပ်ခဲ့ဖူးတာ ရှိလား”

ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. နတ်ဘုရင်အဆင့် ကျင့်ကြံသူအများအပြားကို သား သတ်ခဲ့ဖူးပါတယ်”

ထိုစကားကိုကြားလျှင် ကျီဝူရွှယ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ရွှယ်လင်ကုန်းမြေတိုက်တွင် ရှိနေစဥ်ကဖြစ်စေ၊ နတ်ဘုရားနယ်မြေကို ရောက်ရှိလာသည့်အခါတွင် ဖြစ်စေ၊ ကျန်းချန်သည် အမြဲတစေ မဖြစ်နိုင်သည်များကို ဖြစ်အောင် လုပ်ပြခဲ့ပြီး တစ်ခါမှ စိတ်မပျက်စေခဲ့ပေ။

ထိုအကြောင်းကို တွေးမိလျှင် ကျီဝူရွှယ်သည် စိုးရိမ်စိတ် သိပ်မရှိတော့ချေ။

သူမက ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် စောင့်ရှောက်မှုကို ခံယူခဲ့ရဖူးသည် ဖြစ်ရာ ဟန်ယွဲ့နန်းတော်သည် စန်းယို နတ်ဘုရင်၏ လက်ချက်ဖြင့် ဖျက်ဆီးမည်ကို မမြင်ချင်သည်မှာ အမှန်ပင်။

ယခုအခါတွင် ကျန်းချန်က စန်းယိုနတ်ဘုရင်ကို ရင်ဆိုင်နိုင်ပြီဟု ယုံကြည်ချက် ရှိနေခဲ့ရာ ဟန်ယွဲ့နန်းတော် အတွက် အခက်အခဲကို ဖြေရှင်းခွင့်ပေးလိုက်ခြင်းသည် အကောင်းဆုံးပင် မဟုတ်ပါလော။

ကျီဝူရွှယ်က ထိုကိစ္စနှင့် ပတ်သက်၍ ဝေခွဲမရ ဖြစ်မနေတော့ဘဲ ကျန်းချန်ကို သံသယ မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“ချန်အာ.. မင်း နတ်ကုန်းမြေတိုက်ကို သွားခဲ့တာ မဟုတ်လား.. ဘာလို့ ရုတ်တရက်ကြီး မဟာမြေရိုင်းနယ်မြေကို ပြန်ရောက်လာရတာလဲ”

နတ်ကုန်းမြေတိုက်သည် ထာဝရဟင်းလင်းပြင် ဗဟိုချက်တွင် တည်ရှိပြီး မဟာမြေရိုင်းနယ်မြေသည် ထာဝရ ဟင်းလင်းပြင်၏ တောင်ဘက် အစွန်အဖျားတွင် တည်ရှိသည်။

ထို့ကြောင့် မဟာမြေရိုင်းနယ်မြေတွင် ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို ကျန်းချန် သိနိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ကျန်းချန်သည် အဘယ်ကြောင့် အချိန်ကိုက် ရုတ်တရက် ပြန်ရောက်လာရပါသနည်း။

“စန်းယိုနတ်ဘုရင်က အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို အသုံးချပြီး အစီအစဥ်ချနေတာကို သိပြီးကတည်းက မဟာမြေရိုင်းနယ်မြေမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သားကြိုတင်ခန့်မှန်းမိခဲ့တယ်.. အခုပြန်လာရတဲ့ ရည်ရွယ်ချက်ကလည်း ဒီကိစ္စကို ဖြေရှင်းဖို့ပါပဲ”

ထိုစကားကို ပြောရင်း ကျန်းချန်က ကျီဝူရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါ့အပြင် အမေနဲ့ ပတ်သက်တဲ့ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်”

ကျီဝူရွှယ်က မျက်မှောင်ကြုတ်သွားခဲ့သည်။

“ငါနဲ့ ပတ်သက်တာလား”

“ကျွန်တော် နတ်ကုန်းမြေတိုက်မှာ အမေနဲ့ သွေးမျိုးဆက်ချင်းတူတဲ့ ကျီမျိုးနွယ်စုနဲ့ တွေ့ခဲ့တယ်”

ကျန်းချန်က ဘာမှ ဖုံးကွယ်မထားဘဲ ကျီမျိုးနွယ်စုအကြောင်းကို ကျီဝူရွှယ်အား ပြောပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျီဝူရွှယ်သည် ခဏမျှ ငြိမ်သက်သွားခဲ့သည်။

ခဏအကြာတွင် သူမက ကျန်းချန် အံ့အားသင့်လောက်မည့်စကားကို ပြောလိုက်သည်။

“ချန်အာ သားခန့်မှန်းတာ မှန်တယ်.. ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သန်းတုန်းက လူသားဧကရာဇ်နန်းတော်မှာ နေထိုင်ခဲ့တဲ့ လူနှစ်ယောက်နဲ့ ပတ်သက်နေနိုင်တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

“အမေက ဒီကိစ္စကို သိနေပြီးသားပဲလား”

“အရင်ကတော့ မသိဘူး.. ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်လိုက်တဲ့ အချိန်မှာ မှတ်ဥာဏ်တချို့က ငါ့ရဲ့စိတ်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်.. အစတုန်းကတော့ အမေနားမလည်ခဲ့ဘူး.. ဒါပေမဲ့ သားရှင်းပြတာကို ကြားရတော့ နည်းနည်း နားလည်သွားခဲ့ပြီ”

ကျီဝူရွှယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျီဝူရွှယ်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

“အမေ.. အမေ့ရဲ့စိတ်ထဲက မှတ်ဥာဏ် အပိုင်းအစတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းတုန်းက အကြောင်းအရာတွေလား”

ကျီဝူရွှယ်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်၏ နဖူးကို လက်ညှိုးဖြင့် အသာအယာထောက်ကာ သူမ၏ မှတ်ဥာဏ်အပိုင်းအစ တချို့ကို ကျန်းချန်၏ စိတ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

ဤမှတ်ဥာဏ်သည် ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု၏ မှတ်ဥာဏ် ဖြစ်သည်။

စစ်မြေပြင်၏ ဗဟိုတွင် အနှိုင်းမဲ့ပါရမီရှင် နှစ်ယောက် ဖြစ်သည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် အစွမ်းထက် သူရဲကောင်းတစ်စုနှင့်အတူ ရန်သူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသည်။

သူတို့အားလုံးက ရန်သူများ ပတ်လည်ဝိုင်းနေခဲ့ပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိသည့် အခြေအနေတွင် ရှိနေခဲ့၏။

အဆုံးသတ်တွင် အစွမ်းထက် သူရဲကောင်း တစ်စုသည် အနှိုင်းမဲ့ပါရမီရှင် နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များကို ဖြတ်တောက်လိုက်ပြီး အဆင့်နိမ့်နယ်မြေ ဆီသို့ ပို့လွှတ်လိုက်ကြသည်။

ထိုမှတ်ဥာဏ် အပိုင်းအစများကို မြင်လိုက်ရသည့်အခါတွင် ကျန်းချန်၏ စိတ်ထဲမှ သံသယများသည် အလွယ်တကူပင် ပြေလည်သွားခဲ့သည်။

ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုသည် အဆင့်နိမ့်နယ်မြေသို့ ပို့လွှတ်ခံရသည့် ထိုနှစ်ယောက် တည်‌ထောင်ခဲ့ခြင်း ဖြစ်ဖို့များ၏။

မှတ်ဥာဏ် အပိုင်းအစများက အလွန်ပင် ဝေဝါးနေ၍ အနှိုင်းမဲ့ပါရမီရှင် နှစ်ယောက်၏ မျက်နှာများကို မမြင်ရသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းတစ်သန်းခန့်က လူသားဧကရာဇ်နန်းတော်မှ ပါရမီရှင် နှစ်ယောက် ဖြစ်မှန်း ကျန်းချန် အတပ်ပြောနိုင်ခဲ့သည်။

ထိုနှစ်ယောက် ရွှယ်လင်ကုန်းမြေတိုက်တွင် ပေါ်လာနိုင်ရသည့်အကြောင်းအရင်းမှာ ထိုနှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်များ ဖြတ်တောက်ခံလိုက်ရ၍ ဖြစ်သည်။

“အမေ...ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုကို အဲဒီနှစ်ယောက်က တည်ထောင်ခဲ့တယ်ဆိုရင် သူတို့က အခု ဘယ်ကို ရောက်သွားကြတာလဲ.. အမေ့ဆီမှာ သူတို့နဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တွေ ရှိသေးလား”

ကျီဝူရွှယ်က ခေါင်းခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“ပိုပြီး သိချင်တယ်ဆိုရင် မင်းပြောတဲ့ ကျီမျိုးနွယ်စုဆီ ပြန်သွားကြည့်ရမယ် ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ လင်းလက်သွားခဲ့၏။

“ဟုတ်ကဲ့.. စန်းယိုနတ်ဘုရားကျောင်းကို ဖြေရှင်းပြီးတာနဲ့ ကျွန်တော် အမေ့ကို ကျီမျိုးနွယ်စုကို ခေါ်သွားပေးမယ်”

သူ့အမေ ကျီဝူရွှယ်၏ မှတ်ဥာဏ် အပိုင်းအစများသည် သူ၏ စိတ်ထဲမှ သံသယများကို ဖြေရှင်းပေးခဲ့သလို ပို၍ များပြားသည့် သံသယများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ရွှယ်လင်ကုန်းမြေတိုက်ကို ပို့လွှတ်ခံပြီးနောက်တွင် ထိုနှစ်ယောက်သည် မည်သည့် အရာများနှင့် ဆက်လက် ကြုံတွေ့ခဲ့ရပါသနည်း။

“ငါ့အမေရဲ့ တကယ့် အထောက်အထားက ဘာများလဲ.. ဘာလို့ ငါ့အမေရဲ့စိတ်ထဲမှာ လူသားဧကရာဇ်နန်းတော်က ပါရမီရှင်နှစ်ယောက်ရဲ့ မှတ်ဥာဏ်တွေရှိနေရတာလဲ”

“ချန်အာ. ဒီကိစ္စတွေကို နောက်မှ ပြောကြတာပေါ့.. အခုလောလောဆယ် စန်းယိုနတ်ဘုရားကျောင်းကို ရင်ဆိုင်ဖို့က ပိုအရေးကြီးတယ်.. စန်းယိုနတ်ဘုရားကျောင်းက အရမ်းကို ထူးဆန်းလွန်းတယ်.. စန်းယိုနတ်ဘုရင်က မဟာမြေရိုင်းနတ်ဂိုဏ်းထက်တောင် ပိုပြီး အင်အားကောင်းတဲ့ အဖွဲ့အစည်းကို တည်ထောင်ဖို့ လဝက်လောက်ပဲ အချိန်ယူခဲ့ရတယ်.. ငါတို့အနေနဲ့ စန်းယိုနတ်ဘုရားကျောင်းရဲ့ လက်အောက်ကို မဝင်ချင်ရင် မဟာမြေရိုင်းနယ်မြေက အင်အားစုတွေကို စုစည်းပြီး စန်းယိုနတ်ဘုရားကျောင်းကို ပူးပေါင်း တိုက်ခိုက်ရလိမ့်မယ်ထင်တယ်”

ကျီဝူရွှယ်က သက်ပြင်းချ၍ ပြောလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

“အဲဒီလောက်အထိ ဒုက္ခခံနေစရာမလိုပါဘူး.. စန်းယိုနတ်ဘုရင် သေသွားတာနဲ့ စန်းယိုနတ်ဘုရားကျောင်းဆိုတာ လက်ဖျစ် တစ်ချက် တီးလိုက်ရုံနဲ့ ဖျက်ဆီးပစ်လို့ရပါတယ်.. အမေ ဒီကိစ္စကို ကျွန်တော်နဲ့ပဲ လွှဲထားလိုက်ပါ”

ကျန်းချန်၏ စကားကိုကြားလျှင် ကျီဝူရွှယ်သည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ကျန်းချန်က နတ်ဘုရင်အဆင့်ကို ယှဥ်ပြိုင်နိုင်စွမ်းရှိမှန်း သူမ ယုံကြည်သော်လည်း စန်းယိုနတ်ဘုရင်သည် သာမန်နတ်ဘုရင်အဆင့် ကျင့်ကြံသူ သေချာပေါက်မဟုတ်ပေ။

ဤကဲ့သို့ ပုဂ္ဂိုလ်များကို သတ်ဖြတ်ရန်ဆိုသည်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။

ဆိုရလျှင် စန်းယိုနတ်ဘုရင်သည် သတ်၍ မသေနိုင်သော အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထားပြီး မဟာမြေရိုင်းနတ်ဂိုဏ်း၏ ယခင်မျိုးဆက် နတ်ဘုရင်များပင် စန်းယိုနတ်ဘုရင်ကို မသတ်နိုင်၍ အဆုံးသတ်တွင် ချိတ်ပိတ်ဖို့သာ ရွေးချယ်ခဲ့ရသောသူမျိုး ဖြစ်သည်။

ထို့ကြောင့် စန်းယိုနတ်ဘုရင်နှင့် တိုက်ခိုက်မည့် တိုက်ပွဲသည် အနည်းငယ်ပေါ့ဆရုံဖြင့်ပင် အခြေအနေများ ပျက်စီးသွားနိုင်သည် ဖြစ်ရာ သူတို့အနေဖြင့် အစွမ်းကုန်ကြိုးစားမှသာ ဖြစ်နိုင်ပေလိမ့်မည်။

အခန်း(၂၁၇၃)ပြီး၏။

အခန်း(၂၁၇၄)

မဟာမြေရိုင်းနယ်မြေရှိ မဟာမြေရိုင်းတောင်သည် မူလက မဟာမြေရိုင်းနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည့် မဟာမြေရိုင်းနတ်ဂိုဏ်း တည်ရှိသောနေရာ ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က စန်းယိုနတ်ဘုရင်သည် မဟာမြေရိုင်းနယ်မြေတွင် စန်းယိုနတ်ဘုရားကျောင်းကို တည်ထောင်ခဲ့ပြီး လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် မဟာမြေရိုင်းနတ်ဂိုဏ်းကို ဖျက်ဆီးကာ မဟာမြေရိုင်းတောင်ကို သိမ်းပိုက်ခဲ့သည်။

ယနေ့တွင်မူ မဟာမြေရိုင်းတောင်သည် စန်းယိုနတ်ဘုရားကျောင်း၏ ပိုင်နက်နယ်မြေ ဖြစ်လာခဲ့ချေပြီ။

စန်းယိုနတ်ဘုရားကျောင်း၏ တိတ်ဆိတ် ခြောက်ကပ်နေသော ခန်းမကြီး တစ်ခုထဲတွင် ခန္ဓာကိုယ်ကနေ ဆန်းကြယ်သော အလင်းတန်းများ ထုတ်လွှတ်နေသည့် အနက်ရောင်အရိပ် တစ်ခုသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

ထိုအနက်ရောင်အရိပ်သည် တခြားသူ မဟုတ်ပေ။

စန်းယိုနတ်ဘုရားကျောင်း၏ အရှင်သခင် ဖြစ်သည့် စန်းယိုနတ်ဘုရင်ပင် ဖြစ်သည်။

စန်းယိုနတ်ဘုရင်သည် ခန္ဓာကိုယ်မှ ဆန်းကြယ်သော အလင်းတန်းများ ပျက်ပြယ်သွားပြီးနောက်တွင် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်နေခဲ့၏။

“ဒီ အမင်္ဂလာကျင့်စဥ်ကို တီထွင်တဲ့ မအေဘေး.. အခွင့်အရေးရရင် မင်းကို ငါသတ်ပစ်မယ်”

စန်းယိုနတ်ဘုရင်က ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် သံသယဖြစ်စရာမလိုလောက်အောင်ပင် ကောင်းကင်ကို အလွန်အမင်းဆန့်ကျင်နေသော အစွမ်းထက်သည့် ကျင့်စဥ်တစ်ခု ဖြစ်သည်။

သို့သော်လည်း သူ့ကို ရွေးချယ်စရာ နောက်ထပ် တစ်ကြိမ် ထပ်ပေးမည် ဆိုလျှင် သူ့အနေဖြင့် ထိုကျင့်စဥ်ကို ကျင့်ကြံရန် လုံးဝ ရွေးချယ်မည် မဟုတ်ပေ။

ထိုအချိန်က စန်းယိုနတ်ဘုရင်သည် နတ်ကုန်းမြေတိုက်တွင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့ပြီး ထိုကျင့်စဥ်၏ ဆွဲဆောင်မှုကို မခုခံနိုင်ဘဲ ကျင့်စဥ်ကို ကျင့်ကြံမိခဲ့သည်။

သူက အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံပြီး အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့သည့် အချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ထိန်းချုပ်ထားမှန်း သိလိုက်ရသည်။

ဆိုရလျှင် တစ်ဖက်လူသည် သူကျင့်ကြံထားသည့် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်မှ တစ်ဆင့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို အချိန်မ‌ရွေး သိမ်းယူနိုင်စွမ်း ရှိနေခဲ့၏။

ထို့ကြောင့် ဤအင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် ယေဘုယျအားဖြင့် ထိုကျင့်စဥ်ကို ဖန်တီးခဲ့သောလူ၏ ထောင်ချောက်တစ်ခုပင် ဖြစ်သည်။

သူက အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံခဲ့သောကြောင့် သူ့ကိုယ်သူ နတ်မျိုးစေ့ တစ်ခု အဖြစ် ကျင့်ကြံမိသွားခဲ့၏။

ယင်းသည် တစ်ဖက်လူ အတွက် အာဟာရအဖြစ် အချိန်မရွေး စုပ်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဆိုလည်းမမှားပေ။

ထိုအတွက်ကြောင့် စန်းယိုနတ်ဘုရင်သည် မကျေမနပ် ဖြစ်ကာ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်၏ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ရန်အတွက် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သော်လည်း အမြဲတစေ ကျရှုံးခဲ့ရသည်။

အဆုံးသတ်တွင် စန်းယိုနတ်ဘုရင်သည် သေခြင်းတရားဖြင့်ပင် လွတ်မြောက်မှုကို ရှာဖွေရန် ကြိုးစားခဲ့သေး၏။

သို့သော်လည်း သူက အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံကာ ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်စွမ်းအားများကို စုဆောင်းထားသဖြင့် သေချင်လျှင်ပင် သေ၍ မရနိုင်ခဲ့ပေ။

တစ်ခါကဆိုလျှင် နတ်ဘုရင်အဆင့် အင်အားစုဆီ တမင်တကာ သွားရောက်ရန်စခဲ့ပြီး ထိုဂိုဏ်းမှ နတ်ဘုရင်၏ ဓားချက်ဖြင့် ခန္ဓာကိုယ်ကို ထိုးဖောက်ခံခဲ့ရသော်လည်း ဤအမင်္ဂလာ ကျင့်စဥ်ကြောင့်ပင် ဆက်လက် အသက်ရှင်နေခဲ့သည်။

ထို့အပြင် အသတ်ခံရသော အကြိမ်တိုင်းတွင် သူ၏ အင်မော်တယ်ခန္ဓာကိုယ်သည် ပို၍ပင် သန်မာလာခဲ့သည်။

နောက်ပိုင်းတွင် စန်းယိုနတ်ဘုရင်သည် သေဖို့ပင် မဝံ့ရဲတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ ခဏခဏ သေကြောင်းကြံလေလေ၊ အတိုင်းအတာတစ်ခုအထိ ပို၍ သန်မာလာလေလေ ဖြစ်သောကြောင့်ပင်။

ယင်းနောက်ပိုင်းတွင် စန်းယိုနတ်ဘုရင်သည် ထိုလူ၏ အာဟာရ ဖြစ်ဖို့အတွက် ကံကြမ္မာက သတ်မှတ်ထားခဲ့ပြီဟု တွေးမိကာ အလွန်အမင်း မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။

ထို့ကြောင့် စန်းယိုနတ်ဘုရင်သည် ထွက်ပြေးရန် ရွေးချယ်ခဲ့ပြီး နတ်ကုန်းမြေတိုက်ကနေ ထာဝရဟင်းလင်းပြင်ထဲကို ထွက်ပြေးခဲ့သည်။

ထိုမှတစ်ဆင့် ထာဝရဟင်းလင်းပြင်၏ တောင်ဘက်အစွန်အဖျားရှိ ဝေးလံခေါင်သီသော မဟာမြေရိုင်းနယ်မြေအထိ ပြေးခဲ့၏။

သူ့အနေဖြင့် အဝေးဆုံးကို ထွက်ပြေးနိုင်သရွေ့ ထိုအင်မော်တယ်စွမ်းအား၏ နှိပ်စက်မှုကနေ လွတ်မြောက်နိုင်လိမ့်မည်ဟု စန်းယိုနတ်ဘုရင် မူလက တွေးထင်ထားခဲ့သည်။

သို့သော် ရလဒ်ကမူ စိတ်ကူးယဥ် သက်သက်သာ ဖြစ်နေခဲ့သည်။

သူ စန်းယိုနယ်မြေတွင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်လိုက်သည့် အချိန်မှာပင် တစ်ဖက်လူ၏ ထိန်းချုပ်မှုသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

သူသာ ဆက်လက် ကျင့်ကြံနေမည်ဆိုလျှင် သိပ်မကြာခင်မှာပင် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်အား ဖန်တီးသူ၏ ဝါးမျိုခြင်း ခံရတော့မည်ဟု တွေးမိခဲ့သည်။

ယင်းသို့ တွေးမိပြီးနောက်တွင် စန်းယိုနတ်ဘုရင်သည် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် မဟာမြေရိုင်းနတ်ဂိုဏ်းသည် သူ နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားပြီ ဟူသည့် သတင်းကို ရရှိခဲ့ပြီး စန်းယိုနယ်မြေထဲကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

စန်းယိုနတ်ဘုရင်သည် စိတ်ရင်းထဲကနေ သေချင်နေခဲ့သော်လည်း မဟာမြေရိုင်းနတ်ဘုရင်က သူ့ကို မသတ်ဖြတ်နိုင်ခဲ့သောကြောင့် အဆုံးသတ်တွင် ချိတ်ပိတ်ထားရန်သာ ရွေးချယ်ခဲ့ရသည်။

ထိုချိတ်ပိတ်မှုသည် နှစ်သန်းပေါင်းများစွာပင် ကြာမြင့်ခဲ့၏။

ဤမျှလောက်အထိ နှစ်ပေါင်းများစွာ ကြာမြင့်သွားလျှင် အမင်္ဂလာကျင့်စဥ် ဖြစ်သည့် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖန်တီးသူ၏ လက်ထဲကနေ လွတ်မြောက်နိုင်လိမ့်မည်ဟု မူလက တွေးထားခဲ့သည်။

သို့သော်လည်း သိပ်မကြာခင်ကပင် ထိုလူ၏ ထိန်းချုပ်မှုကို ခံနေရဆဲ ဖြစ်ကြောင်း ခံစားမိခဲ့၏။

လူတိုင်းသည် သူက အနှိုင်းမဲ့ကျင့်စဥ် ဖြစ်သည့် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထားပြီး ထိုကျင့်စဥ်သည် အမှန်တကယ်ပင် မသေနိုင်သော စွမ်းအား ရှိသည်ဟု ထင်နေခဲ့ကြသည်။

မည်သူကမျှ စန်းယိုနတ်ဘုရင်က အခြား လူတစ်ယောက် မွေးမြူထားသည့် နတ်မျိုးစေ့ တစ်စေ့ထက် မပိုမှန်း သိနိုင်မည် မဟုတ်ပေ။

“အမင်္ဂလာကျင့်စဥ်ကို ဖန်တီးတဲ့ မေဘေး.. မင်းဆီကနေ မလွတ်မြောက်နိုင်မှတော့ ငါ မင်းကို ပြန်လည် တိုက်ခိုက်ရုံပဲ ရှိတော့တာပဲ”

စန်းယိုနတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

အတိတ်တုန်းက သူသည် ဝါးမျိုခံရမည်ကို စိုးရိမ်ခဲ့ရသောကြောင့် သူ၏ ခွန်အားကို တိုးတက်အောင် မလုပ်ရဲခဲ့ပေ။

ဤတစ်ကြိမ်တွင်မူ စန်းယိုနတ်ဘုရင်သည် ရှောင်ပြေးရန် မရည်ရွယ်တော့ဘဲ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ဖန်တီးသူက သူ့ကို မည်သည့်အချိန်တွင် ဝါးမျိုမလဲဆိုသည်ကိုပါ မတွေးတောတော့ပေ။

သူက သူ၏ ခွန်အားကို အလျင်အမြန် မြှင့်တင်ချင်ခဲ့ပြီး သူ၏ ခွန်အား တိုးတက်လာရန် အတွက် အခွင့်အရေးတိုင်းကို အရယူသွားရန် ဆုံးဖြတ်ခဲ့သည်။

သူသာ အလုံအလောက် သန်မာလာမည် ဆိုလျှင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ် ဖန်တီးသူကို ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့၏။

ထိုအကြောင်းကြောင့်ပင် စန်းယိုနတ်ဘုရင်သည် မဟာမြေရိုင်းနယ်မြေတစ်ခုလုံးကို ကျွန်ပြုရန် လုပ်ဆောင်ခဲ့ခြင်းပင်။

သူက မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင် အားလုံးကို အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံခိုင်းပြီး ၎င်းတို့ကို သူ၏ နတ်မျိုးစေ့များ အဖြစ် မွေးမြူကာ သူ၏ တိုးတက်မှုအတွက် အသုံးချချင်ခဲ့ခြင်း ဆိုလည်းမမှားပေ။

ထိုအချိန်မှာပင် ခန်းမ အပြင်ဘက်ကနေ အနက်ရောင်အရိပ်တစ်ခုသည် တစ္ဆေတစ်ကောင် ကဲ့သို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး စန်းယိုနတ်ဘုရင်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

စန်းယိုနတ်ဘုရင်က ထိုအနက်ရောင်အရိပ်ကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။

“အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ”

“နန်းတော်သခင် ဟန်ယွဲ့နန်းတော်က စန်းယိုနတ်ဘုရားကျောင်းကို တိုက်ခိုက်ဖို့ အတွက် မဟာမြေရိုင်းနယ်မြေက ကျင့်ကြံသူတွေကို စည်းရုံးနေတယ်.. ကျွန်တော်တို့ ဖျက်ဆီးခဲ့တဲ့ ဂိုဏ်းတွေက ကျန်ရစ်သူတွေ အပါအဝင် အားလုံးက ဟန်ယွဲ့နန်းတော်ရဲ့ စည်းရုံးမှုကို လက်ခံပြီး ဟန်ယွဲ့နန်းတော် ဆီကို သွားနေကြတယ်”

အနက်ရောင်အရိပ်က တရိုတသေ လျှောက်တင်လိုက်သည်။

“ဒီလိုဆိုမှတော့ ငါသူတို့ကို နောက်ထပ် လအနည်းငယ်လောက်တော့ အချိန်ထပ်ပေးလိုက်ဦးမယ်.. ဟက်.. ဟန်ယွဲ့နန်းတော်ရဲ့ ဒီလုပ်ရပ်က ငါတို့ စန်းယိုနတ်ဘုရားကျောင်းအပေါ် ဆန့်ကျင်နေတဲ့သူတွေကို အမြစ်ပြတ် သုတ်သင်ဖို့ အလုပ်အများကြီး သက်သာသွားစေတယ်”

စန်းယိုနတ်ဘုရင်၏ မျက်ဝန်းထဲတွင် အလင်းတန်းများ လက်ခနဲဖြစ်သွားခဲ့သည်။

ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်။

“အမိန့်ထုတ်ပြန်လိုက်.. စန်းယိုနတ်ဘုရားကျောင်းက နောက်သုံးလကြာရင် ဟန်ယွဲ့နန်းတော်ကို သွားရောက် ချေမှုန်းမယ်”

စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်များ ကျဆုံးသွားပြီးသည့်နောက်တွင် ကျီဝူရွှယ်နှင့် အရှင်ဟောင်ယွဲ့ တို့သည် စန်းယို နတ်ဘုရားကျောင်းကို တိုက်ခိုက်ရန်အတွက် မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများကို စတင် စည်းရုံးခဲ့ကြသည်။

စန်းယိုနတ်ဘုရားကျောင်းက မဟာမြေရိုင်းနယ်မြေမှ အင်အားစုများကို ကျွန်ပြုခဲ့ခြင်းသည် အစကတည်းကပင် အင်အားစု များစွာကို မကျေမနပ် ဖြစ်စေခဲ့သည်။

ထို့ကြောင့်လည်း စန်းယိုနတ်ဘုရားကျောင်းကို အသေခံတိုက်ခိုက်ရန် ဆုံးဖြတ်ထားသည့် မရေမတွက်နိုင်သော အင်အားစုများသည် ဟန်ယွဲ့နန်းတော်နှင့် လာရောက် ပူးပေါင်းခဲ့ကြသည်။

စန်းယိုနတ်ဘုရားကျောင်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည့် ချင်းမင်ဓားဂိုဏ်း အပါအဝင် အသက်ရှင်ကျန်ရစ်သူ တချို့သည်လည်း ဟန်ယွဲ့နန်းတော်ဆီကို ရောက်ရှိလာခဲ့ကြသည်။

တစ်လ၊ နှစ်လ အတွင်းမှာပင် ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေ၏ အင်အားကြီးပုဂ္ဂိုလ် တစ်ဝက်နီးပါးခန့်ကို စုမိသွားခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချန်သည် သဘာဝကျစွာပင် ဂရုစိုက်မနေခဲ့ဘဲ ဟန်ယွဲ့နန်းတော်တွင်သာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

စန်းယိုနတ်ဘုရင်၏ ခွန်အားက အားမနည်းသည့်အပြင် အလွန်အမင်းထူးဆန်းသည့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကိုပါ ကျင့်ကြံထား၍ ကျန်းချန်သည် လုံးဝပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

နတ်ကုန်းမြေတိုက်မှ လူသားဧကရာဇ်နန်းတော်နှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုတို့နှင့် နှိုင်းယှဥ်လျှင် စန်းယိုနတ်ဘုရင်သည် ဘာမှမဟုတ်ပေ။

လက်ရှိအချိန်တွင် ကျန်းချန်သည် မဟာဓားကန်ထဲမှ စွမ်းအားများကို စုပ်ယူပြီး ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ချင်နေခဲ့သည်။

ထို့နောက်တွင်မူ နတ်ဘုရင်အဆင့်ကို အမြန်ဆုံး ထိုးဖောက်ရန် ဆုံးဖြတ်ထားခဲ့၏။

သူ၏ ကြယ်လေးပွင့် အဆင့်ရှိ ကြောက်မက်ဖွယ်အလားအလာဖြင့်သာ ဆိုလျှင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် နတ်ဘုရင် စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်ကိုပင် တစ်ထိုင်တည်း ရောက်ရှိသွားနိုင်သည်မဟုတ်ပါလော။

ထိုအချိန်သို့ရောက်လျှင် နတ်ဘုရင် ဆဋ္ဌမအဆင့် သို့မဟုတ် နတ်ဘုရင် သတ္တမအဆင့် အစွမ်းထက် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ယှဥ်ပြိုင်နိုင်ရန် အတွက် အပြည့်အဝ အရည်အချင်း ရှိလာလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်မှသာ သူ့အနေဖြင့် နတ်ကုန်းမြေတိုက်မှ ထိပ်တန်းအင်အားစုများကို ယှဥ်ပြိုင်ရန်အတွက် အရည်အချင်း ပြည့်မီလာမည် ဖြစ်၏။

ထျန်းယွမ်ခန်းမထဲတွင် ကျန်းချန်သည် မဟာဓားကန်ထဲ၌ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည် မဟာဓားကန်ထဲမှ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအင် မူလအရင်းအမြစ်သည်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာပင် ကြီးထွားလာခဲ့၏။

အခန်း(၂၁၇၄)ပြီး၏။

All Chapters