အခန်း (၂၁၇၅-၂၁၇၆)
Vol. 158 Ch. 2175-2176
အခန်း(၂၁၇၅)
“ဒင်..သင်က မဟာဓားကန်အတွင်းရှိ ဓားစွမ်းအင်များကို စုပ်ယူပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် ဆယ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က မဟာဓားကန်အတွင်းရှိ ဓားစွမ်းအင်များကို စုပ်ယူပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် ဆယ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်”
“..........”
ကျန်းချန်၏ စဥ်ဆက်မပြတ် ကျင့်ကြံမှုအောက်တွင် အချိန်များသည် စီးဆင်းနေသော ရေကဲ့သို့ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဓားလမ်းစဥ် အရင်းအမြစ်စွမ်းအားများ တိုးပွားလာခြင်းနှင့်အတူ ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ မြစ်သည်လည်း တဖြည်းဖြည်း ပိုမိုကျယ်ပြောလာခဲ့၏။
တစ်ချိန်တည်းမှာပင် သာယာနာပျော်ဖွယ်ကောင်းသော သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် မြည်ဟည်းလာခဲ့၏။
“ဒင်.. သင်က ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”
အဆုံးသတ်တွင် ဒန်ထျန်အတွင်းရှိ ကျယ်ပြောလှသော မြစ်ကြီးသည် မဆံ့မပြဲ ဖြစ်လာခဲ့ပြီး လျှံထွက်လာခဲ့ကာ သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ကျန်းချန်သည် ဤသုံးလတာ ကာလအတွင်း မဟာဓားကန်ထဲမှ စွမ်းအား ကိုးဆယ် ရာခိုင်နှုန်းခန့်ကို စုပ်ယူပြီး အဆုံးသတ်၌ ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။
“နောက်ဆုံးတော့ ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ကို ရောက်သွားခဲ့ပြီ”
သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်ပြောလှသော သမုဒ္ဒရာကို ခံစားရင်း ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့သော်လည်း ကျန်းချန်သည် မဟာဓားကန်ထဲ၌ စွမ်းအင်အနည်းငယ်မျှသာ ကျန်ရှိတော့သည်ကို ကြည့်ကာ ခဏမျှ မှင်တက်သွားခဲ့သည်။
သူက လမ်းစဥ်ဆယ်မျိုး၏ စွမ်းအားဖြင့် ကြယ်လေးပွင့် အရှင်သခင် အဆင့်သို့ ထိုးဖောက်ခဲ့ခြင်း ဖြစ်ရာ သူအဆင့်တက်ရန် အတွက် လိုအပ်သော စွမ်းအင်ပမာဏသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
သာမန် နယ်မြေနတ်ဘုရား တစ်ပါးကို ကောင်းကင်အရှင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိစေနိုင်သူဟု ဆိုကြသော မဟာဓားကန်သည်ပင် သူ့ကို မြေကြီးအရှင် အစောပိုင်းအဆင့်မှ ကောင်းကင်အရှင် အစောပိုင်းအဆင့်သို့သာ ရောက်ရှိစေနိုင်ခဲ့သည်။
ယခု သူက ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ရာ နောက်ထပ် အဆင့်တက်ရန် အတွက် လိုအပ်သော စွမ်းအင်ပမာဏသည် ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းလာလိမ့်မည် မဟုတ်ပါလော။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန်နှင့် ထိုမှတစ်ဆင့် နတ်ဘုရင် အဆင့်သို့ ထိုးဖောက်ရန်မှာ သူ့အတွက် လွယ်ကူသော ကိစ္စ မဟုတ်လောက်ပေ။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဥ်းစားတော့ပေ။
မြေကြီးအရှင် အဆင့်ကနေ ကောင်းကင်အရှင်အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းသည် သူ၏ စွမ်းရည်ကို အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။
သူ၏ လက်ရှိစွမ်းရည်ဖြင့် နတ်ကုန်းမြေတိုက်မှ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ဖြစ်သည့် ကျီချန်းယဲ့နှင့် ထပ်မံရင်ဆိုင်ရလျှင်ပင် ပြန်လည် ခုခံနိုင်စွမ်း ရှိနေခဲ့ချေပြီ။
“သုံးလတောင် ရှိနေပြီဆိုတော့ အပြင်မှာဘာတွေ ဖြစ်နေပြီလဲမသိဘူး”
ထျန်းယိုခန်းမထဲတွင် သုံးလတာ ကျင့်ကြံနေခဲ့သည်ကို သတိရပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး မဟာဓားကန်ထဲကနေ ထရပ်လိုက်သည်။
ထျန်းယိုခန်းမ ထဲသို့ မဝင်ရောက်မီ ကျန်းချန်သည် သူ့အမေကျီဝူရွှယ် ထံသို့ သူ၏ အသိစိတ်အာရုံ ထည့်သွင်းထာသော ကျောက်စိမ်း တံဆိပ်ပြား တစ်ခုကို ပေးအပ်ခဲ့ပြီး အရေးကြီးလျှင် သူ့ကို ဆင့်ခေါ်ရန် မှာကြားခဲ့သည်။
သို့သော်လည်း ထိုသုံးလတာ ကာလပတ်လုံးတွင် ကျီဝူရွှယ်သည် ထိုကျောက်စိမ်းတံဆိပ်ပြားကို တစ်ခါမှ အသုံးမပြုခဲ့ပေ။
သို့ဆိုလျှင် လွန်ခဲ့သည့် သုံးလအတွင်း စန်းယိုနတ်ဘုရင်သည် ဘာမျှမလုပ်ဘဲ နေနေသည်မှာ ဖြစ်နိုင်ပါသလော။
ကျန်းချန်က သံသယအချို့ဖြင့် ထျန်းယိုခန်းမ ထဲကနေ ချက်ချင်းဆိုသလို ထွက်ခွာလာခဲ့ပြီး ဟန်ယွဲ့နန်းတော်တွင် ပေါ်လာခဲ့သည်။
သူက ကျီဝူရွှယ်၏ အရှိန်အဝါကို အာရုံခံလိုက်ကာ ဟန်ယွဲ့နန်းတော်၏ အလယ်ဗဟိုရှိ ခန်းမတစ်ခု ဆီသို့ တိုက်ရိုက်ပင်ရောက်ရှိသွားခဲ့သည်။
ထိုခန်းမအတွင်း၌ လူတစ်ဒါဇင်ကျော် အစည်းအဝေး လုပ်နေကြပြီး လူတိုင်းနီးပါး၏ အရှိန်အဝါသည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုလူများသည် မဟာမြေရိုင်းနယ်မြေတွင် ထင်ရှားကျော်ကြားသော နယ်မြေနတ်ဘုရားများ ဖြစ်ကြပြီး အများစုသည် ကျန်းချန်နှင့် မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲတွင် တွေ့ဆုံဖူးသူများ ဖြစ်ကြ၏။
ထိုအထဲတွင် ကျန်းချန်သည် မဟာမြေရိုင်းနတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်သည့် မိုကျင့်လဲကိုပင် မြင်တွေ့လိုက်ရသည်။
မဟာမြေရိုင်းနတ်ဂိုဏ်းသည် ပျက်စီးသွားခဲ့သော်လည်း စွမ်းအားကြီးမားသော ကျင့်ကြံသူတချို့ ကျန်ရှိနေသေးသည်မှာ ထင်ရှားနေခဲ့သည်။
ဆိုရလျှင် မဟာမြေရိုင်းနတ်ဂိုဏ်းမှ နတ်ဘုရားသားတော်သည် သေဆုံးသွားခြင်း မရှိသေးရုံသာမက ထူးခြားသော အခွင့်အလမ်းများကို ရရှိခဲ့ပြီး အထွတ်အထိပ်ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ထားသော ကြယ်နှစ်ပွင့် အရှင်သခင်တစ်ပါး ဖြစ်လာခဲ့သည်။
ခန်းမထဲတွင် ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်ကို မြင်လျှင် ကျီဝူရွှယ်၏ လှပသော မျက်လုံးလေးသည် လင်းလက်သွားခဲ့သည်။
“ချန်အာ.. သားရောက်ပြီလား”
ခန်းမထဲရှိ လူတိုင်း၏ အကြည့်သည် ကျန်းချန်ဆီသို့ ကျရောက်လာခဲ့ကြသည်။
မဟာမြေရိုင်းနယ်မြေ၏ နယ်မြေနတ်ဘုရားများ အတွက် ကျန်းချန်သည် သူစိမ်း မဟုတ်ပေ။
ဆိုရလျှင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်ကို ကိုယ်စားပြု၍ မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်အားလုံးကို လွှမ်းမိုးကာ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ပါရမီရှင် ဖြစ်လာခဲ့သည်။
ဟန်ယွဲ့နန်းတော်သည် စန်းယိုနတ်ဘုရားကျောင်းကို တိုက်ခိုက်ရန် သူတို့ကို ဆင့်ခေါ်ရဲရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် ကျန်းချန် ပြန်ရောက်လာခြင်းကြောင့် ဖြစ်မှန်း သူတို့ကောင်းစွာ သိထားကြ၏။
ဆိုရလျှင် ကျန်းချန်သည် နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီဟု သူတို့ သိထားခဲ့ကြသည်။
ကျန်းချန်က ခန်းမထဲမှ လူများ၏ အကြည့်များကို လျစ်လျူရှုကာ ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကျီဝူရွှယ်ကို မေးလိုက်သည်။
“အမေ.. ဒီကာလအတွင်းမှာ စန်းယိုနတ်ဘုရင် ဆီက ဘာလှုပ်ရှားမှုမှ မရှိဘူးလား”
“မင်း စတင်ကျင့်ကြံနေတဲ့ အချိန်မှာပဲ စန်းယိုနတ်ဘုရင်က ဟန်ယွဲ့နန်းတော်ကို သုံးလအတွင်း နင်းခြေ ဖျက်ဆီးမယ်လို့ ကြေညာခဲ့တယ်.. အမေ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် စန်းယိုနတ်ဘုရင်က အမေတို့ ဟန်ယွဲ့နန်းတော်ကို တမင်တကာ အချိန်ပေးနေတာပဲ.. သူ့ရဲ့အကြံအစည်က စန်းယိုနတ်ဘုရားကျောင်းကို ဆန့်ကျင်တဲ့လူ အကုန်လုံးကို စုစည်းမိအောင်လို့ပဲ.. ဒါမှပဲ သူက တစ်ခါတည်းနဲ့ အပြတ်ရှင်းနိုင်မှာလေ.. အချိန်ကို တွက်ကြည့်ရင် အခုလောက်ဆို သူရောက်ခါနီးပြီ”
ကျီဝူရွှယ်က လေးနက်စွာ ပြောလိုက်သည်။
သုံးလကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ သူနှင့် စန်းယိုနတ်ဘုရားကျောင်းတို့၏ အကြားတွင် အဆုံးဖြတ်တိုက်ပွဲသည် မကြာခင်စတင်တော့မည် ဖြစ်၏။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ ဓားကဲ့သို့ ထင်ရှားသော မျက်ခုံးများသည် အနည်းငယ် မြင့်တက်သွားခဲ့သည်။
သူစကားပြောရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ကျွန်တော် အပြင်ထွက်လာတာ အချိန်ကိုက်ပဲထင်တယ်.. စန်းယိုနတ်ဘုရင်လာနေပြီ အမေ”
စကားဆုံးသည်နှင့် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်၏ အထက် ကောင်းကင်ယံတွင် တိုက်ရိုက်ပေါ်လာခဲ့၏။
သူ၏ အကြည့်သည် အဆုံးမဲ့နေရာလွတ်ကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး မိုင်ပေါင်းသန်းချီ ဝေးကွာသော နေရာဆီသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် စန်းယိုနတ်ဘုရင်သည် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့်အတူ ဟန်ယွဲ့နန်းတော်ဆီသို့ ချီတက်လာခဲ့၏။
မကြာမီမှာပင် ထိုအုပ်စုသည် ဟန်ယွဲ့နန်းတော်၏ အပြင်ဘက်ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
စန်းယိုနတ်ဘုရင်၏ လက်အောက်ငယ်သား ဒါဇင်ပေါင်းများစွာထဲတွင် တစ်ဝက်ခန့်သည် ဖုတ်ကောင်များ ဖြစ်ကြသည်။
၎င်းတို့ထဲတွင် အပြင်းထန်ဆုံး အရှိန်အဝါသည် ကောင်းကင်အရှင်အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်၏။
ကျန်းချန်က ထိုဖုတ်ကောင်များထဲတွင် ရင်းနှီးသောပုံရိပ် တစ်ခုကို တွေ့ရှိလိုက်ရသည်။
ထိုသူမှာ စန်းယိုနယ်မြေတွင် သူကျွန်ပြုခဲ့ဖူးသည့် ဖုတ်ကောင် ရွှယ်ဟန် ဖြစ်သည်။
ထိုဖုတ်ကောင်များအပြင် ကျန်ရှိနေသော လူတစ်ဝက်ခန့်သည် မဟာမြေရိုင်းနယ်မြေမှ နယ်မြေနတ်ဘုရားများ ဖြစ်ကြပြီး ၎င်းတို့သည် စန်းယိုနတ်ဘုရားကျောင်း ထံတွင် အညံ့ခံရန် ရွေးချယ်ခဲ့ကြသူများ ဖြစ်ကြ၏။
စန်းယိုနတ်ဘုရားကျောင်း၏ တောင့်တင်းသော အင်အားကိုမြင်လျှင် ကျန်းချန်၏ အနောက်တွင် ရပ်နေကြသည့် ကျီဝူရွှယ်နှင့် အခြားသူများ၏ မျက်နှာ အမူအရာသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ လေးနက်သွားခဲ့သည်။
ဤသုံးလအတွင်း ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေမှ နယ်မြေနတ်ဘုရား တစ်ဒါဇင်ကျော်ကို စုစည်းနိုင်ခဲ့သော်လည်း စန်းယိုနတ်ဘုရားကျောင်းထက် အရည်အသွေးရော အရေအတွက်ပါ နည်းနေသည်မှာ ငြင်းဆန်၍ မရပေ။
ကျန်းချန်က သူ၏ရှေ့တွင် ပေါ်လာသော စန်းယိုနတ်ဘုရင်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“စန်းယိုနတ်ဘုရင် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့”
“ကျန်းချန်.. မင်းရဲ့ပါရမီက နတ်ကုန်းမြေတိုက်မှာတောင် အင်မတန်ရှားပါးတဲ့ အဆင့်ပဲ”
စန်းယိုနတ်ဘုရင်က ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ငါမင်းကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်.. မင်း ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် ငါ မင်းကို မသတ်ဘဲ အသက်ချမ်းသာပေးမယ်”
သူ၏ ရှေ့မှ ကောင်လေး၏ ပါရမီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အကယ်၍သာ သူ့ကို အညံ့ခံပြီး အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်အား ကျင့်ကြံမည်ဆိုလျှင် အလွန်တရာ အစွမ်းထက်သော နတ်ဘုရင်တစ်ပါး သေချာပေါက် ဖြစ်လာပေလိမ့်မည်။
အချိန်တန်လျှင် သူက ကျန်းချန်ထံမှ အစွမ်းများကို စုပ်ယူပြီး သူ၏ အစွမ်းများကို လျင်မြန်စွာ တိုးတက်လာရန် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပါလော။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“စန်းယိုနတ်ဘုရင် အပိုစကားတွေ ပြောမနေနဲ့တော့.. မင်းရဲ့ အင်မော်တယ်စွမ်းအားက တကယ်ပဲ ကောလာဟလတွေလို မသေနိုင်တာလား ဆိုတာ ဒီကနေ့ ငါ စမ်းကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် ကျန်းချန်သည် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့ပြီး မိုင်ပေါင်း သောင်းချီ မြင့်မားသော နေရာကနေ ဝင့်ကြွားစွာ ပြောလိုက်သည်။
“စန်းယိုနတ်ဘုရင် သတ္တိရှိရင် တက်လာပြီး ငါနဲ့ တိုက်ခိုက်စမ်း”
အခန်း(၂၁၇၅)ပြီး၏။
အခန်း(၂၁၇၆)
“ကောင်းပြီလေ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”
စကားဆုံးသည်နှင့် စန်းယိုနတ်ဘုရင်သည် ကျန်းချန်၏ အရှေ့သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။
ထို့နောက်တွင် စန်းယိုနတ်ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျန်းချန်ထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
စန်းယိုနတ်ဘုရင်သည် အင်မော်တယ် ကောင်းကင်နတ်ဘုရားသိုင်းကို ကျင့်ကြံထားပြီး အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူ၏ လက်သီးချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး ကျန်းချန် ရပ်နေသည့် ပတ်ဝန်းကျင် နေရာလွတ် တစ်ခုလုံးကို ဘာမှ မကျန်ရှိတော့သည်အထိ ချေမှုန်းပစ်တော့မည်အလား ဖြစ်နေခဲ့၏။
“တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ လက်သီးချက်ပါလား”
စန်းယိုနတ်ဘုရင်၏ ကြောက်မက်ဖွယ် လက်သီးချက်ကို ကြည့်ကာ အောက်ဘက်ရှိ ကျီဝူရွှယ်နှင့် အခြားသူများ၏ မျက်နှာ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်သည် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းသော လက်သီးချက်ကို အမှန်တကယ်ပင် တားဆီးနိုင်ပါမည်လော။
“မင်းက နတ်ဘုရင် ဒုတိယအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေပြီကိုး.. မဟာမြေရိုင်းနတ်ဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးနိုင်တာ မဆန်းတော့ဘူး”
စန်းယိုနတ်ဘုရင်၏အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ပြုံးကာ ရေရွတ်လိုက်သည်။
မဟာမြေရိုင်းနတ်ဘုရင်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ပထမအဆင့်သာ ရှိမည်ဟု သူခန့်မှန်းခဲ့သည်။
ဆိုရလျှင် စန်းယိုနတ်ဘုရင်သည် ကျန်းဝူကောင်းကင်နယ်မြေမှ ကျန်းဝူနတ်ဘုရင်ထက်ပင် များစွာပို၍ သန်မာ၏။
သို့ဖြစ်ရာ မဟာမြေရိုင်းနတ်ဘုရင်သည် စန်းယိုနတ်ဘုရင်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
သို့သော်လည်း စန်းယိုနတ်ဘုရင် မည်မျှပင် အစွမ်းထက်နေပါစေ ကျန်းချန်သည် ဂရုစိုက်နေမည် မဟုတ်ပေ။
ကောင်းကင်အရှင်အဆင့်ကို မထိုးဖောက်မီကပင် ကျန်းချန်သည် စန်းယိုနတ်ဘုရင် ကဲ့သို့ နတ်ဘုရင် ဒုတိယအဆင့်ကို အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သည်။
ထို့ကြောင့် ယခုလို ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်သို့ အဆင့်တက်သွားသည့် အခါတွင်မူ ပြောနေစရာပင် မလိုတော့ပေ။
သူက စန်းယိုနတ်ဘုရင်၏ လက်သီးချက်ကို အေးစက်စက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အသာအယာဝှေ့ယမ်းလိုက်ရာ လက်သီးစွမ်းအားသည် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။
ထို့အပြင် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ပင်လျှင် သူ၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် လွင့်ထွက်သွားခဲ့ပြီး လေထုထဲတွင် ဧရာမ နေရာလွတ် တွင်းနက်ကြီးတစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“စန်းယိုနတ်ဘုရင် ရှုံးနိမ့်သွားပြီလား”
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက မှင်တက်နေခဲ့ကြပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
စန်းယိုနတ်ဘုရင် ဆိုသည်မှာ မဟာမြေရိုင်းနတ်ဂိုဏ်းကို ဖျက်ဆီးပြီး သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် မဟာမြေရိုင်းနယ်မြေတစ်ခုလုံးကို စိုးမိုးထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။
ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ကျန်းချန်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုအောက်တွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ပါသလော။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန်၏ အပေါ်တွင် ယုံကြည်မှုရှိသည့် ကျီဝူရွှယ် ပင်လျှင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်က ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ကောင်းလိုက်တာ စန်းယိုနတ်ဘုရင် ရှုံးနိမ့်သွားပြီ"
"ကျန်းချန်က ငါတို့ မဟာမြေရိုင်းနယ်မြေရဲ့ နံပါတ်တစ်ပါရမီရှင် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သူက နတ်ဘုရင်အဆင့်ကိုတောင် မရောက်သေးပေမဲ့ နတ်ဘုရင်အဆင့်ထက်တောင် ပိုအစွမ်းထက်သေးတယ်"
"ကျန်းချန် ရှိနေသရွေ့ မဟာမြေရိုင်းနယ်မြေ ကယ်တင်ခံရပြီကွ”
“...........”
ဟန်ယွဲ့နန်းတော်ဘက်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ပြည့်နှက်နေခဲ့သည်။
စန်းယိုနတ်ဘုရားကျောင်းဘက်ကမူ သူတို့နှင့် ဆန့်ကျင်စွာပင် ထိတ်လန့်တကြား ဖြစ်နေကြသည်။
မဟာမြေရိုင်းနယ်မြေတွင် ပြိုင်ဘက်ကင်းသော သူတို့၏ ခေါင်းဆောင် စန်းယိုနတ်ဘုရင်သည် ကျန်းချန်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုဖြင့် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ခံရမည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
“ဝုန်း..”
လေထုထဲရှိ အခြေအနေကြောင့် လူတိုင်း အံ့ဩထိတ်လန့်နေစဥ်မှာပင် စန်းယိုနတ်ဘုရင်သည် နေရာလွတ် တွင်းနက်ထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် လုံးဝနီးပါး ကြေမွနေခဲ့သည်။
သို့သော်လည်း သူလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မပျက်စီးနိုင်သော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေခဲ့၏။
တစ်ခဏအတွင်းမှာပင် ဒဏ်ရာအပြင်းအထန် ရရှိထားသော စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ထိုခဏတွင် ကျန်းချန်ကို စိုက်ကြည့်နေသည့် သူ၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
“မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုသန်မာတာပဲ.. ကောင်လေး မင်းရဲ့အစွမ်းကို အကုန်အစင် ထုတ်သုံးပြီး ငါ့ကို သတ်ပေးစမ်းပါ”
စန်းယိုနတ်ဘုရင်၏ စကားကို ကြားလျှင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် မှင်တက်သွားခဲ့သည်။
မဟာမြေရိုင်းနယ်မြေတွင် ဂုဏ်သိက္ခာကြီးမားသော စန်းယိုနတ်ဘုရင်သည် သေရမည်ကို လိုလိုလားလား ဖြစ်နေပုံရ၏။
ကျန်းချန်က အကြောင်းရင်းကို အသေအချာ မသိသော်လည်း လှုပ်ရှားမှုကို ရပ်တန့်မနေခဲ့ပေ။
သူက ဓားကို အသုံးပြုကာ စန်းယိုနတ်ဘုရင်ကို ခုတ်ပိုင်းလိုက်သည်။
စန်းယိုနတ်ဘုရင်က လုံးဝ မခုခံဘဲ ကျန်းချန်၏ ဓားချက်ကသူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ရန် ခွင့်ပြုထားခဲ့သည်။
သို့သော်လည်း စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ထဲမှ မပျက်စီးနိုင်သော စွမ်းအားသည် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ကို မူလ အခြေအနေသို့ ချက်ချင်းဆိုသလို လျင်မြန်စွာ ပြန်လည်ရောက်ရှိစေခဲ့၏။
ခန္ဓာကိုယ် ပြန်လည်စုစည်းပြီးနောက်တွင် စန်းယိုနတ်ဘုရင်၏ စွမ်းအားသည် ပို၍ပင် သန်မာလာခဲ့ပြီး နတ်ဘုရင် တတိယအဆင့်သို့ပင် ထိုးဖောက်တော့မည့် လက္ခဏာများပင် ပြလာခဲ့သည်။
“တကယ့်ကို ရင်ဆိုင်ရခက်တဲ့ အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ပါလား”
သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက စန်းယိုနတ်ဘုရင်၏ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို အထင်သေးမိနေဆဲ ဖြစ်ကြောင်း နားလည်လိုက်သည်။
မဟာမြေရိုင်းနယ်မြေသို့ သူပြန်ရောက်ခါစတွင် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်အား ကျင့်ကြံထားသော စန်းယိုနတ်ဘုရားကျောင်းမှ တမန်တော်ကို သူတွေ့ဖူးသည်။
ထိုတမန်တော်သည် ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်စွမ်းအားများ ရှိနေခြင်းသာ ဖြစ်ပြီး ထိုအင်မော်တယ်စွမ်းအား ကုန်ဆုံးသွားသည်နှင့် သတ်၍ မသေနိုင်သော စွမ်းရည်လည်း ဆုံးရှုံးသွားမည် ဖြစ်သည်။
သို့သော်လည်း စန်းယိုနတ်ဘုရင်၏ အင်မော်တယ်စွမ်းအားကမူ တမန်တော်ထက် သိသိသာသာပင် တစ်ဆင့် ပိုမြင့်နေခဲ့၏။
ဆိုရလျှင် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေရုံသာမက ကုန်ခန်းသွားသော စွမ်းအားများကိုလည်း အဆက်မပြတ် ပြန်လည် ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်။
“ဒီကမ္ဘာပေါ်မှာ တကယ်ပဲ သတ်လို့မရတဲ့သူ ရှိတယ်လို့ ငါ လုံးဝ မယုံဘူး”
ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်စွမ်းအားသည် မကုန်ခန်းနိုင်သော အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ယင်းသည် အမှန်တကယ်ပင် မသေမျိုးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ထို့နောက်တွင် သူက ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်သုံးကွက်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် တောက်ပသော ရွှေရောင် ဓားအလင်းသုံးခုသည် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ရှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။
သို့သော်လည်း ရှစ်ပိုင်း ပြတ်သွားသော စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာပင် အကောင်းပကတိ အတိုင်း ပြန်လည် ပေါင်းစည်းသွားခဲ့သည်။
“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း.. ဖျက်ဆီးစမ်း”
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းအထက်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး ကြယ်တာရာစွမ်းအားများသည် ဧရာမ ကြယ်တာရာဓားတစ်လက် အဖြစ် ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံကနေ သက်ဆင်းလာခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်သည် ဧရာမ ကြယ်တာရာဓား၏ လက်ချက်ဖြင့် ကြေမွပျက်စီးသွားခဲ့ပြီး သွေးတိမ်တိုက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအခြေအနေသည် သေပြီထက်ပင် ပို၍ သေသွားပြီဟု ဆိုနိုင်သော အခြေအနေ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် စန်းယိုနတ်ဘုရင်၏ သွေးများကို စူးစိုက် ကြည့်နေခဲ့သည်။
သူ၏ အမူအရာက အလွန်တရာပင် လေးနက်နေဆဲ ဖြစ်၏။
သူ၏ ဓားချက်သည် စန်းယိုနတ်ဘုရင်ကို သွေးတိမ်တိုက်အဖြစ် ချေမှုန်းပစ်ခဲ့သော်လည်း ထိုသွေးတိမ်တိုက်သည် အင်မော်တယ်စွမ်းအားဖြင့် လွှမ်းခြုံခံထားရပြီး လေထုထဲကနေ အချိန်အတော်ကြာသည်အထိ လွင့်ပျယ်မသွားခဲ့ပေ။
ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ ကျန်းချန်သည် ထိုသွေးတိမ်တိုက်ထဲကနေ အသက်စွမ်းအားကို ခံစားနေရဆဲဖြစ်သည်။
ယခုအခြေအနေအထိ စန်းယိုနတ်ဘုရင်သည် မသေသေးပါသလော။
အမှန်တရားသည် ကျန်းချန် ခန့်မှန်းထားသလိုပင် ဖြစ်နေခဲ့သည်။
အင်မော်တယ်စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် သွေးတိမ်တိုက်သည် တဖြည်းဖြည်း သွေးပုံရိပ် အဖြစ် ပြောင်းလဲလာခဲ့ပြီး စန်းယိုနတ်ဘုရင်၏ အသွင်အပြင် အဖြစ် ပြန်လည် ဖန်တီးလိုက်သည်။
ဤသို့ဖြင့်ပင် စန်းယိုနတ်ဘုရင်သည် ကျန်းချန်၏ ရှေ့တွင် ထပ်မံ ပေါ်လာခဲ့၏။
ထို့အပြင် စန်းယိုနတ်ဘုရင်၏ အရှိန်အဝါအရ နတ်ဘုရင်တတိယ အဆင့်သို့ ရောက်ရှိသွားပြီမှန်း ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
“တကယ်ကို ကြောက်စရာကောင်းတဲ့ ကျင့်စဥ်ပါလား.. ဒီကမ္ဘာပေါ်မှာ ကောင်းကင်ကို ဒီလို အလွန်အမင်း ဆန့်ကျင်နေတဲ့ ကျင့်စဥ် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်ပင်လျှင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် သွေးတစ်စက်ပဲ ကျန်ရှိလျှင်ပင် ပြန်လည် မွေးဖွားနိုင်စွမ်းရှိသော ကျင့်စဥ်အမျိုးအစား ဖြစ်သည်။
ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ကျင့်စဥ်သည် ကျန်းချန်၏ သိမြင်နားလည်မှုကို ကျော်လွန်သွားခဲ့ချေပြီ။
ဆိုရလျှင် သူ၏ ရှေ့ရှိ အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထားသော စန်းယိုနတ်ဘုရင်သည် အမှန်တကယ်ပင် သတ်၍ မသေနိုင်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့၏။
အခန်း(၂၁၇၆)ပြီး၏။