အခန်း (၂၁၇၇-၂၁၇၈)
Vol. 158 Ch. 2177-2178
အခန်း(၂၁၇၇)
“အကြီးအကဲကျီ.. စန်းယိုနတ်ဘုရင်ကို ချိတ်ပိတ်လို့ပဲရမယ်.. သတ်လို့မရဘူး.. ကျန်းချန်ကို အမြန်တားမှဖြစ်မယ်”
ကျန်းချန်က စန်းယိုနတ်ဘုရင်ကို အဆက်မပြတ် သတ်ဖြတ်နေသော်လည်း စန်းယိုနတ်ဘုရင်က ထပ်ခါတလဲလဲ ပြန်လည်မွေးဖွားလာသည်ကိုမြင်လျှင် မိုကျင့်လဲ့သည် အလောတကြီး ပြောလိုက်သည်။
စန်းယိုနတ်ဘုရင် ကျင့်ကြံထားသော အင်မော်တယ်ကောင်းကင်နတ်ဘုရားသိုင်းသည် ရိုးရှင်းစွာ ဆိုရလျှင် သတ်၍မသေနိုင်သော ကျင့်စဥ်တစ်ခု ဖြစ်သည်။
ထို့အပြင် ခန္ဓာကိုယ် ပြန်လည်ပေါင်းစည်းပြီးနောက်တွင် စန်းယိုနတ်ဘုရင်သည် ယခင်ကထက်ပင် ပို၍ အစွမ်းထက်လာခဲ့သည်။
အတိတ်တစ်ချိန်က သူတို့ မဟာမြေရိုင်းနတ်ဂိုဏ်းသည် စန်းယိုနတ်ဘုရင်ကို လုံးဝ သတ်ဖြတ်၍ မရသောကြောင့် ချိတ်ပိတ်ရန်သာ ရွေးချယ်ခဲ့ရသည် မဟုတ်ပါလော။
ယခု ကျန်းချန် ရင်ဆိုင်နေရသော အခြေအနေသည် သူတို့မဟာမြေရိုင်းနတ်ဂိုဏ်း၏ ယခင်မျိုးဆက် မဟာမြေရိုင်းနတ်ဘုရင် ရင်ဆိုင်ခဲ့ရသည့် အခြေအနေနှင့် အတူတူပင် ဖြစ်၏။
လက်ရှိအချိန်တွင် ကျန်းချန်သည် စန်းယိုနတ်ဘုရင်ကို အသာစီး ယူထားနိုင်ခဲ့သည်။
သို့သော်လည်း စန်းယိုနတ်ဘုရင်သာ အကြိမ် အနည်းငယ် ထပ်မံ အသတ်ခံရမည်ဆိုလျှင် ကျန်းချန်သည်ပင် စန်းယိုနတ်ဘုရင်၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ကျီဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိက်လိုက်ပြီး ကျန်းချန်ဆီသို့ အသံလှိုင်းဖြင့် အလျင်အမြန် သတင်းစကားပို့လိုက်သည်။
စန်းယိုနတ်ဘုရင်က အလွန်တရာ ဆန်းကြယ်သော ကျင့်စဥ်ကို ကျင့်ကြံထား၍ သတ်ဖြတ်ရန် ကြိုးစားမနေဘဲ ချိတ်ပိတ်ရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။
“နောက်ဆုံးတော့ မင်းလည်း ငါ့ကို သေအောင် မသတ်နိုင်ဘူးပဲ.. ကောင်လေး မင်းလည်း ငါ့ကို သတ်နိုင်ပုံမရဘူး.. ကြည့်ရတာ လွတ်မြောက်မှုကို ရရှိဖို့အတွက် ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ် ထင်တယ်”
စန်းယိုနတ်ဘုရင်သည် ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ကျန်းချန်၏ ဓားချက်အောက်တွင် သွေးမြူအဖြစ် ချေမှုန်းခံရသော်လည်း အဆုံးသတ်၌ အင်မော်တယ်စွမ်းအားဖြင့် ပြန်လည် မွေးဖွားလာပြီးနောက်တွင် စန်းယိုနတ်ဘုရင်၏ မျက်နှာထက်၌ စိတ်ပျက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က သူ့ကို မလွတ်မြောက်နိုင်စေသည် ဖြစ်ရာ သူ၏ အစီအစဥ်ကိုသာ ဆက်လက် လုပ်ဆောင်ရတော့မည် မဟုတ်ပါလော။
သူက ကျန်းချန် သူ့ကို မသတ်နိုင်လောက်အောင် အားကောင်းလာသည်အထိ ကျန်းချန်ကို နောက်ထပ်အကြိမ် အနည်းငယ်သတ်ခိုင်းရန် ဆုံးဖြတ်ထားခဲ့သည်။
ထိုအချိန်သို့ ရောက်လျှင် သူက ကျန်းချန်ကို ပြန်လည် ဖိနှိပ်နိုင်မည် ဖြစ်ပြီး မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို သူ၏ ခြေဖဝါးအောက်တွင် ထားရှိကာ အပြည့်အဝ ကျွန်ပြုနိုင်လိမ့်မည် ဖြစ်၏။
ထို့နောက် နတ်မျိုးစေ့များကို အရူးအမူး ပျိုးထောင်ကာ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ပြီး အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖန်တီးခဲ့သူနှင့် သူသေကိုယ်သေ တိုက်ပွဲဝင်မည် ဖြစ်သည်။
စန်းယိုနတ်ဘုရင်၏ လက်သီးချက် သူ့ထံသို့ သက်ရောက်လာသည်ကို မြင်လျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် နေရာလွတ်စွမ်းအားကို ထုတ်ဖော်လိုက်ကာ စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်၏။
စန်းယိုနတ်ဘုရင်၏ အင်မော်တယ်စွမ်းအားသည် ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေသည် ဖြစ်ရာ ကျန်းချန်ပင်လျှင် စန်းယိုနတ်ဘုရင်ကို မသတ်ရဲတော့ပေ။
သူက စန်းယိုနတ်ဘုရင်ကို ဆက်တိုက်ဆိုသလို အကြိမ်အနည်းငယ် သတ်ဖြတ်ခဲ့သော်လည်း စန်းယိုနတ်ဘုရင်သည် မသေသည့်အပြင် နတ်ဘုရင် တတိယအဆင့်သို့ပင် ထိုးဖောက်သွားခဲ့ပြီ မဟုတ်ပါလော။
အကယ်၍ စန်းယိုနတ်ဘုရင်သာ သူ၏ တိုက်ခိုက်မှုကြောင့် နတ်ဘုရင် စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့လျှင် သူ့အနေဖြင့် ရင်ဆိုင်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
“စန်းယိုနတ်ဘုရင်.. မင်းက ငါသတ်တာကို အလိုရှိနေတဲ့ပုံပဲ”
စန်းယိုနတ်ဘုရင်ကို နေရာလွတ်စွမ်းအားဖြင့် ချုပ်နှောင်ထားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ စိတ်ဝင်စားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
စန်းယိုနတ်ဘုရင်သည် မဟာမြေရိုင်းနယ်မြေတွင် အထွတ်အထိပ်နေရာ၌ ရပ်တည်နေသော နတ်ဘုရင်တစ်ပါး ဖြစ်သည်။
ထို့အပြင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကဲ့သို့ ပြိုင်ဘက်ကင်းကျင့်စဥ်ကိုလည်း ကျင့်ကြံထားခဲ့သည်။
သို့ဖြစ်ရာ စန်းယိုနတ်ဘုရင်က အဘယ်ကြောင့် သေချင်နေရသလဲ ဆိုသည်ကို ကျန်းချန် အမှန်တကယ် နားမလည်နိုင်ဖြစ်နေခဲ့၏။
“ကောင်လေး.. ရှင်သန်ချင်သလို ရှင်သန်လို့မရဘဲ သေချင်သလို သေလို့မရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”
စန်းယိုနတ်ဘုရင်က ညည်းညူလိုက်သည်။
“အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ကျင့်ကြံထားတဲ့ လူတွေနဲ့ ငါနဲ့ကြားမှာ ဘာထူးခြားချက်မှ မရှိဘူး...ငါတို့အားလုံးက အခြားသူရဲ့လက်ထဲက နယ်ရုပ်လေးတွေပါပဲ”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
စန်းယိုနတ်ဘုရင်က သူ့ကိုယ်သူ တခြားသူ တစ်ဦး၏ လက်ထဲမှ နယ်ရုပ်တစ်ရုပ် ဖြစ်သည်ဟု ပြောလိုက်သည် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ကျန်းချန်၏ စိတ်ထဲ၌ အလွန်အမင်းထိတ်လန့်ဖွယ်ရာ ကောင်းသည့် ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
စန်းယိုနတ်ဘုရင်သည် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖြန့်ဝေခဲ့သဖြင့် မဟာမြေရိုင်းနယ်မြေမှ ထိုကျင့်စဥ်ကို ကျင့်ကြံသူ အားလုံးသည် စန်းယိုနတ်ဘုရင်၏ နတ်မျိုးစေ့များ ဖြစ်လာခဲ့ကြသည်။
သို့ဆိုလျှင် စန်းယိုနတ်ဘုရင်၏ နောက်ကွယ်၌ အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထားသည့် ပိုမို အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက် ရှိနေပါသလော။
စန်းယိုနတ်ဘုရင် ကိုယ်တိုင်လည်း အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံသူများ ကဲ့သို့ပင် အခြားသူတစ်ဦး၏ နတ်မျိုးစေ့ ဖြစ်နေခြင်းပေလော။
အကယ်၍ ထိုအတိုင်းသာဆိုလျှင် ယင်းသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည့် ကိစ္စပင် ဖြစ်၏။
နတ်ဘုရင်အဆင့်ကိုပင် နတ်မျိုးစေ့ အဖြစ် အသုံးပြုနိုင်သည်ဆိုလျှင် နောက်ကွယ်မှ လူသည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှုမျိုး ဖြစ်နေပါသနည်း။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စန်းယိုနတ်ဘုရင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“စန်းယိုနတ်ဘုရင်.. မဟာမြေရိုင်းနယ်မြေကနေ ထွက်သွားလိုက်ပါ”
စန်းယိုနတ်ဘုရင်၏ အင်မော်တယ်စွမ်းရည်သည် အလွန်တရာပင် အဆင့်မြင့်လွန်းနေခဲ့ပြီး ကျန်းချန် အနေဖြင့် စန်းယိုနတ်ဘုရင်ကို သတ်ရန် နည်းလမ်းမရှိခဲ့ပေ။
ထို့အပြင် စန်းယိုနတ်ဘုရင် ကိုယ်တိုင်သည်လည်း အခြားသူ တစ်ဦး ပျိုးထောင်ထားသော နတ်မျိုးစေ့တစ်ခု ဖြစ်နိုင်ခြေအလွန်များ၏။
နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် နတ်မျိုးစေ့ အဖြစ် အသုံးပြုနိုင်သူကို ကျန်းချန် တကယ်ပင် စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် မလိုအပ်ဘဲ ကျန်းချန်သည် စန်းယိုနတ်ဘုရင်၏ နောက်ကွယ်မှလူကို မလှုံ့ဆော်လိုခဲ့ပေ။
“ထွက်သွားရမှာလား.. ဒါက ငါ့အတွက် ဘာအဓိပ္ပါယ်မှမရှိဘူး”
စန်းယိုနတ်ဘုရင်က အေးစက်စက် ပြောလိုက်သည်။
“မင်းမှာ အခု ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်.. ငါ့ကို သတ်မလား ဒါမှမဟုတ် ငါ့ကို နောက်တစ်ကြိမ်ပြန်ပြီး ချိတ်ပိတ်မလား ဆိုတာပဲ”
ထိုစကားကို ကြားလျှင် ကျန်းချန်သည် သူ၏ မျက်ခုံးများကို တွန့်ကွေးမိလိုက်သည်။
သတ်မည် ဆိုရအောင်လည်း သူက ယခုအချိန်ထိ စန်းယိုနတ်ဘုရင်ကို သတ်နိုင်မည့် နည်းလမ်းအား ရှာမတွေ့သေးပေ။
ချိတ်ပိတ်မည် ဆိုလျှင်လည်း စန်းယိုနတ်ဘုရင်တွင် မဟာမြေရိုင်းနယ်မြေ အတွင်း၌ နတ်မျိုးစေ့ မည်မျှ ကျန်ရှိနေမှန်း မသိသဖြင့် ချိတ်ပိတ်ရန်လည်း မသေချာပေ။
ထိုခဏဝယ် ကျန်းချန်သည် စန်းယိုနတ်ဘုရင်ကို မည်ကဲ့သို့ ကိုင်တွယ်ရမည်မှန်း မသိတော့ပေ။
“စန်းယိုနတ်ဘုရားကျောင်းက လူတွေအားလုံး ငါ့အမိန့်ကို နားထောင်ကြ.. ငါနဲ့ အတူ ဟန်ယွဲ့နန်းတော်ကို နှိမ်နင်းကြစို့”
စန်းယိုနတ်ဘုရင်ကို ကျန်းချန်က နေရာလွတ်စွမ်းအားဖြင့် ထိန်းချုပ်ထားသည်ကို မြင်လျှင် စန်းယိုနတ်ဘုရားကျောင်းဘက်မှ ကောင်းကင်အရှင်အဆင့် ဖုတ်ကောင်တစ်ဦးသည် စန်းယိုနတ်ဘုရားကျောင်းမှ လူများကို အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင် ဦးဆောင်ကာ ဟန်ယွဲ့နန်းတော်ကို တိုက်ခိုက်ရန်အတွက် ပြေးဝင်သွားခဲ့သည်။
“ရန်သူတွေကို ရင်ဆိုင်ကြစို့”
ကျီဝူရွှယ်နှင့် အခြားသူများ၏ အမူအရာများသည် ပျက်ယွင်းသွားခဲ့ပြီး စန်းယိုနတ်ဘုရားကျောင်း၏ တိုက်ခိုက်မှုကို တားဆီးရန် အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။
သို့သော်လည်း ဟန်ယွဲ့နန်းတော်ဘက်တွင် ကြယ်နှစ်ပွင့်အရှင်သခင်နှစ်ပါး ဖြစ်သော ကျီဝူရွှယ်နှင့် မိုကျင့်လဲ့ တို့မှ လွဲ၍ ကျန်ကျင့်ကြံသူများသည် သာမန် အဆင့်နိမ့် နယ်မြေ နတ်ဘုရားများသာ ဖြစ်ကြပြီး မြေကြီးအရှင်အဆင့် ကျင့်ကြံသူပင် မရှိကြပေ။
ထို့ကြောင့် ဟန်ယွဲ့နန်းတော်သည် အရည်အသွေးရော၊ အရေအတွက်ပါ စန်းယိုနတ်ဘုရားကျောင်းနှင့် နှိုင်းယှဥ်၍ မရခဲ့ပေ။
ခဏအကြာမှာပင် ဟန်ယွဲ့နန်းတော်ဘက်မှ လူများသည် စန်းယိုနတ်ဘုရားကျောင်း၏ လက်ချက်ဖြင့် ရှုံးနိမ့်လုနီးပါး အခြေအနေသို့ ကျရောက်သွားခဲ့သည်။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် စန်းယိုနတ်ဘုရင်သည် ကျန်းချန်ကို အေးစက်စက် ပြောလိုက်သည်။
“ကောင်လေး.. မင်းငါ့ကို နေရာလွတ်စွမ်းအားနဲ့ ဆက်ပြီး ချုပ်နှောင်ထားမယ် ဆိုရင် ဟန်ယွဲ့နန်းတော်က ပျောက်ကွယ်သွားလိမ့်မယ်”
ကျန်းချန်က စန်းယိုနတ်ဘုရင်၏ စကားကို လျစ်လျူရှုလိုက်ပြီး စန်းယိုနတ်ဘုရင်၏ လူစုထဲတွင် ရောနှောနေသော ဖုတ်ကောင် ရွှယ်ဟန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ရွှယ်ဟန် မင်းဘာမှမလုပ်ဘဲ နေနေဦးမယ် ဆိုရင် မင်းသေတာတောင် အကျည်းတန်စေရမယ်လို့ ငါကတိပေးတယ်”
ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ဟန်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့သည်။
ထို့နောက်တွင် ရွှယ်ဟန်သည် သူ၏ အနီးရှိ နယ်မြေနတ်ဘုရားနှစ်ပါးကို ချက်ချင်းဆိုသလို သတ်ဖြတ်ပစ်လိုက်၏။
ရွှယ်ဟန်၏ လက်ရှိစွမ်းရည်သည် ကောင်းကင်အရှင်အဆင့်သို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူ၏ ပါဝင် တိုက်ခိုက်မှုကြောင့် ကျီဝူရွှယ်တို့ လူစုသည် အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် စန်းယိုနတ်ဘုရင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ကောင်လေး မင်းက ငါ့ကို တကယ်ပဲ အံ့သြအောင် လုပ်နိုင်သားပဲ”
“စန်းယိုနတ်ဘုရင်.. ငါ့အနေနဲ့ မင်းကို မသတ်နိုင်မှတော့ ချိတ်ပိတ်ရုံပဲ ရှိတော့တယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး စန်းယိုနတ်ဘုရင်ကို ချိတ်ပိတ်ရန် ပြင်လိုက်စဥ်မှာပင် ကျန်းချန်၏ စိတ်ထဲတွင် လှောင်ရယ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ရဲ့ အရှိန်အဝါပါလား.. ကောင်လေး.. အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ကျင့်ကြံထားတဲ့သူနဲ့ ရင်ဆိုင်နေရတယ်ဆိုတော့ မင်းရဲ့ကံတရားက အတော်လေး ကောင်းမွန်သားပဲ”
အခန်း(၂၁၇၇)ပြီး၏။
အခန်း(၂၁၇၈)
“စီနီယာနန်းတော်ဝိညာဥ် နိုးလာပြီလား”
သူ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည့် ရင်းနှီးသောအသံကို ကြားလိုက်ရလျှင် ကျန်းချန်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
မကြာမီမှာပင် သူ၏ မျက်ဝန်းထဲ၌ ဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ရှိနေစဥ်က နတ်ဘုရင်အဆင့်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခုခံရန် မဟာနဂါးနန်းတော်ကို အသုံးပြုခဲ့ရပြီး ထိုအချိန်ကစ၍ စီနီယာ နန်းတော်ဝိညာဥ်သည် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။
ယခုအခါတွင်မူ စီနီယာ နန်းတော်ဝိညာဥ်သည် အဆုံးသတ်တွင် နိုးထလာခဲ့ချေပြီ။
“ကောင်လေး.. မင်းက ကောင်းကင်အရှင် အဆင့်ကိုတေင် ထိုးဖောက်သွားပြီဆိုတော့ ငါအိပ်ပျော်နေတဲ့ အချိန်အတွင်းမှာ အတော်လေး လျင်လျင်မြန်မြန် တိုးတက်လာတာပဲ”
ကျန်းချန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ခံစားမိလျှင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။
ကျန်းချန်က ခပ်သွက်သွက် ပြောလိုက်သည်။
“စီနီယာနန်းတော်ဝိညာဥ် ဒီကိစ္စကို အသာထားပါဦး.. စီနီယာက ဒီကောင့်ရဲ့ အင်မော်တယ်စွမ်းအား အကြောင်းကို အတော်လေး သိထားတဲ့ပုံပဲ”
“အင်း ဒီကျင့်စဥ်က နတ်ဘုရားနယ်မြေမှာ လုံးဝ မပေါ်ပေါက်လာသင့်တဲ့ ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေတဲ့ ကျင့်စဥ် တစ်ခုပဲ”
စီနီယာ နန်းတော်ဝိညာဥ်၏ စကားသည် အံ့ဩစရာကောင်းလောက်အောင် လေးနက်နေခဲ့သည်။
“နတ်ဘုရားနယ်မြေမှာ မပေါ်ပေါက်လာသင့်တဲ့ ကျင့်စဥ်တစ်ခုလား”
ကျန်းချန်က အံ့ဩ ထိတ်လန့်သွားခဲ့သည်။
သို့ဆိုလျှင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်သည် နတ်ဘုရားနယ်မြေ၏ ပြင်ပကမ္ဘာမှ ကျင့်စဥ် ဖြစ်နေပါသလော။
“ငါ့ရဲ့သခင်ကြီး ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုမှာ ရှိနေစဥ်က အဲဒီ မျိုးနွယ်စုထဲမှာ အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ကျင့်ကြံဖူးတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်.. ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုကို သခင်ကြီး ပုန်ကန်ခဲ့ရတာက ဒီအင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်နဲ့ ပတ်သက်မှုတချို့ ရှိတယ်”
ကျန်းချန် မှင်တက်နေစဥ်မှာပင် စီနီယာ နန်းတော်ဝိညာဥ်သည် နောက်ထပ် တုန်လှုပ်ဖွယ်ရာ အချက်အလက် တစ်ခုကို ထုတ်ပြောလိုက်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်၏။
“စီနီယာနန်းတော်ဝိညာဥ် သူတော်စင်နဂါးဘုရင်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှာ ဘာတွေ ကြုံတွေ့ခဲ့တာလဲ ဆိုတာ ပြောပြလို့ရမလား”
“ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ.. နောင် အခွင့်အရေးရရင် မင်းကို ငါပြောပြပါ့မယ်”
စီနီယာနန်းတော်ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။
“ဒီအင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်က ကျင့်ကြံသူတွေကို မသေနိုင်အောင် လုပ်ပေးနိုင်တာ မှန်ပေမဲ့ ငါ့ရဲ့သခင်ကြီးက ဒီကျင့်စဥ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အားထုတ်မှုတွေကို မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးတယ်”
“သူတော်စင်နဂါး ဘုရင်ဆီမှာ အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ကိုင်တွယ်ဖြေရှင်းမဲ့ နည်းလမ်းရှိတယ်လား”
စီနီယာနန်းတော်ဝိညာဥ်၏ စကားကိုကြားလိုက်ရလျှင် ကျန်းချန်သည် ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထားသည့် စန်းယိုနတ်ဘုရင်ကို မည်ကဲ့သို့ ဖြေရှင်းရမှန်းမသိ၍ သူက စိတ်ပူနေခဲ့သည်။
စီနီယာ နန်းတော်ဝိညာဥ်သည် ဤကဲ့သို့ သူအခက်တွေ့နေသော အချိန်တွင် နိုးထလာလိမ့်မည်ဟု မထင်ထားခဲ့သလို အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကိုပါ ယူဆောင်လာပေးလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
“အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်က မဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေကို ဖြစ်ပေါ်စေပြီး အဆုံးသတ်မှာ အင်မော်တယ် ခန္ဓာကိုယ်ကို ဖွဲ့စည်းစေနိုင်စွမ်းရှိတယ်.. ဒီအင်မော်တယ်ခန္ဓာကိုယ်ကို နတ်ဘုရားနယ်မြေရဲ့ ကိုယ်ခံပညာရပ်တွေနဲ့ သတ်လို့မရဘူး.. နတ်ဘုရားနယ်မြေမှာ ဘယ်သူကမှ အင်မော်တယ် ခန္ဓာကိုယ် ပေါင်းစည်းထားတဲ့သူကို မသတ်နိုင်ဘူး ဒါပေမဲ့ ငါ့ရဲ့သခင်ကြီးက အင်မော်တယ် ခန္ဓာကိုယ်ကို နှိမ်နင်းနိုင်တဲ့ နတ်လက်နက် တစ်ခုကို နေရာတစ်ခုကနေ ယူဆောင်လာခဲ့ဖူးတယ်”
စီနီယာ နန်းတော်ဝိညာဥ်၏ စကားဆုံးသည်နှင့် ဆန်းကြယ်သော အနက်ရောင် ဓားမြှောက်တစ်လက်သည် မဟာနဂါးနန်းတော်ထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ရှေ့ရှိ လေထုထဲတွင် လွင့်မျောနေခဲ့သည်။
သူ့ရှေ့မှ အနက်ရောင်ဓားမြှောင်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဤအနက်ရောင်ဓားမြှောင်ကို ကြည့်ရသည်မှာ အလွန်ပင် သာမန် ဆန်လွန်းလှ၏။
ကျန်းချန်၏ မြင်နိုင်စွမ်းအရ ဤအနက်ရောင်ဓားမြှောင်သည် လမ်းစဥ်စွမ်းအားများ ပါဝင်သည့် တာအိုလက်နက် မဟုတ်သလို နယ်မြေနတ်ဘုရားအဆင့် နတ်လက်နက်လည်း မဟုတ်ပေ။
ဤမျှလောက်အထိ သာမန် ဆန်လွန်းလှသော ဓားမြှောင်တစ်လက်သည် စန်းယိုနတ်ဘုရင်၏ အင်မော်တယ် ခန္ဓာကိုယ်ကို နှိမ်နင်းနိုင်မည်ဟု ကျန်းချန် မယုံကြည်နိုင် ဖြစ်နေခဲ့၏။
ကျန်းချန်က သံသယများနှင့်အတူ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ရှေ့မှ ဓားမြှောင်ကို လှမ်းကိုင်၍ နယ်မြေနတ်ဘုရား စွမ်းအားများကို ထည့်သွင်းလိုက်သည်။
ကျန်းချန်က နယ်မြေနတ်ဘုရား၏ မူလရင်းမြစ် စွမ်းအားများဖြင့် အနက်ရောင် ဓားမြှောင်ကို လှုံ့ဆော်ရန် ကြိုးစားခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို တအံ့တဩ တွေ့ရှိလိုက်ရသည်။
“ကောင်လေး.. အလကားနေရင်း အားကုန်ခံမနေနဲ့.. နယ်မြေနတ်ဘုရားရဲ့ မူလအရင်းအမြစ် စွမ်းအားတင် မကဘူး.. နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားတွေတောင် ဒီအနက်ရောင်ဓားမြှောင်ကို လှုံ့ဆော်နိုင်မှာမဟုတ်ဘူး.. အဲဒီကောင်ကို ဒီဓားမြှောင်နဲ့ တိုက်ရိုက်တိုက်ခိုက်ဖို့ပဲ ကြိုးစားကြည့်ပါ”
ထိုအချိန်တွင် စီနီယာ နန်းတော်ဝိညာဥ်၏ စကားသံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ မျက်စိတစ်မှိတ်အတွင်း စန်းယိုနတ်ဘုရင်၏ ဘေးတွင် ပေါ်လာခဲ့ပြီး အနက်ရောင်ဓားမြှောင်ဖြင့် စန်းယိုနတ်ဘုရင်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။
သိပ်မထက်လှဟု ထင်ရသည့် အနက်ရောင် ဓားမြှောင်သည် စန်းယိုနတ်ဘုရင်၏ အားကောင်းလှသော ခန္ဓာကိုယ်ကို အလွယ်တကူပင် ထိုးဖောက်သွားခဲ့ပြီး ရင်ဘတ်ပေါ်တွင် သွေးပေါက်ရာ တစ်ခု ဖြစ်သွားစေခဲ့သည်။
ကျန်းချန်ကို ပို၍ အံ့ဩထိတ်လန့်သွားစေခဲ့သည်မှာ ထိုအနက်ရောင်ဓားမြှောင်က စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ထားရစ်ခဲ့သည့် ဒဏ်ရာကို စန်းယိုနတ်ဘုရင် အင်မော်တယ် ခန္ဓာကိုယ်က တစ်ခဏအတွင်း ပြန်လည် မကုသနိုင်ခြင်းပင်။
စီနီယာနန်းတော်ဝိညာဥ် ပြောခဲ့သလိုပင် ဤဆန်းကြယ်သော အနက်ရောင် ဓားမြှောင်သည် အင်မော်တယ်စွမ်းအားကို သဘာဝကျစွာပင် နှိမ်နင်းနိုင်ပုံရ၏။
“မင်းရဲ့လက်ထဲက လက်နက်က ဘာလက်နက်လဲ”
စန်းယိုနတ်ဘုရင်သည်လည်း အနက်ရောင်ဓားမြှောင်၏ ထူးဆန်းမှုကို လျင်မြန်စွာပင် ခံစားမိလိုက်သည်။
ကျန်းချန်၏ လက်ထဲမှ အနက်ရောင်ဓားမြှောင်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
စန်းယိုနတ်ဘုရင်သည် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံထား၍ သူ၏ ခန္ဓာကိုယ်က မည်မျှအထိ အစွမ်းထက်နေမှန်း မည်သူ့ထက်မဆို ကောင်းစွာသိသည်။
စန်းယိုနတ်ဘုရင်မထင်ထားခဲ့သည်မှာ ကျန်းချန်၏ လက်ထဲမှ အနက်ရောင် ဓားမြှောင်ကနေ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ထားရစ်ခဲ့သည့် ဒဏ်ရာများကို အင်မော်တယ်ခန္ဓာကိုယ်က ပြန်လည် မကုသနိုင်ခြင်းပင်။
“ဒါက မင်းကို သတ်နိုင်မဲ့ လက်နက်ပဲ”
ကျန်းချန်က အေးစက်စက် ပြန်ဖြေလိုက်သည်။
“စန်းယိုနတ်ဘုရင်.. မင်း ငါ့ကို သေခွင့်တောင်းနေတာ မဟုတ်လား.. ဒီနေ့ ငါမင်းကို ကူညီပေးမယ်”
“ကောင်းပြီ.. ငါလည်း တခြားလူရဲ့ အာဟာရ မဖြစ်ချင်တော့ဘူး.. မင်းငါ့ကို သတ်နိုင်တယ်ဆိုရင် သတ်လိုက်တော့”
စန်းယိုနတ်ဘုရင်၏ မျက်နှာထက်တွင် အဆုံးသတ်၌ စိတ်သက်သာရာ ရသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
အဆုံးသတ်တွင် သူသည် ထိုအောက်တန်းကျလှသည့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကနေ လွတ်မြောက်နိုင်တော့မည် ဖြစ်၏။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အနက်ရောင်ဓားမြှောင်ကို ဝှေ့ယမ်းကာ စန်းယိုနတ်ဘုရင်၏ မျက်ခုံးအလယ်ကို ထိုးစိုက်လိုက်သည်။
အနက်ရောင်ဓားမြှောင်သည် စန်းယိုနတ်ဘုရင်၏ မျက်ခုံးအလယ်ကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့ပြီး သွေးပေါက်ရာတစ်ခု ကျန်ရစ်စေခဲ့သည်။
စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ထဲမှ မပျက်စီးနိုင်သော စွမ်းအားများသည် အနက်ရောင် ဓားမြှောင်ကနေ ချန်ထားရစ်ခဲ့သည့် ဒဏ်ရာကို ပြန်လည် မကုသနိုင်တော့ပေ။
စန်းယိုနတ်ဘုရင်၏ နီစွေးသော သွေးများသည် ဓားမြှောင်မှတစ်ဆင့် လေထုထဲကို စီးကျနေခဲ့သည်။
သို့သော် ထိုအချိန်မှာပင် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ထူးထူးဆန်းဆန်း တုန်ခါလာခဲ့၏။
“မြန်မြန် ဒီကောင့်ကို အဆုံးသတ်လိုက်တော့.. မဟုတ်ရင် သူ့ကို နတ်မျိုးစေ့ အဖြစ် ပျိုးထောင်ထားတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီး ရောက်လာတော့မယ်”
ထိုအချိန်မှာပင် စီနီယာ နန်းတော်ဝိညာဥ်၏ အလောတကြီး သတိပေးလိုက်သော အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
စန်းယိုနတ်ဘုရင်၏ နောက်ကွယ်မှ အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖန်တီးခဲ့သော ကျင့်ကြံသူသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကျန်းချန် မမှန်းဆနိုင်ပေ။
သူက စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်မှ တစ်ဆင့် ထိုကြောက်စရာ ကောင်းသောသူ ဆင်းသက်လာမည်ကို သဘာဝကျစွာပင် ခွင့်မပြုနိုင်ခဲ့ပေ။
ထို့ကြောင့် ကျန်းချန်က အနက်ရောင်ဓားမြှောင်ကို လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး စန်းယိုနတ်ဘုရင်၏ လည်ပင်းကို အစွမ်းကုန် လှီးဖြတ်လိုက်ရာ စန်းယိုနတ်ဘုရင်၏ ဦးခေါင်းသည် တိုက်ရိုက်ပင် ပြတ်ကျသွားခဲ့သည်။
စန်းယိုနတ်ဘုရင်၏ ဦးခေါင်းကို ဖြတ်လိုက်သည့် အချိန်မှာပင် ဒေါသတကြီး ကြုံးဝါးသံ တစ်သံသည် အဆုံးမဲ့ နေရာလွတ်ကို ဖြတ်ကျော်ပြီး ကျန်းချန် ဆီသို့ ပျံ့နှံ့လာခဲ့သည်။
“ကောင်လေး.. မင်းက ငါ့ရဲ့နတ်မျိုးစေ့ကိုတောင် ဖျက်ဆီးရဲတယ်လား.. ငါမင်းကို လုံးဝအလွှတ်ပေးမှာမဟုတ်ဘူး”
ထိုဒေါသတကြီး ကြုံးဝါးသံသည် မည်မျှပင် များပြားလှသော နေရာလွတ် အလွှာများကို ထိုးဖောက်လာခဲ့မှန်း မသိသော်လည်း ထိုအသံလှိုင်းသည် ကြောက်မက်ဖွယ် ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်လာသကဲ့သို့ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
ထိုခဏဝယ် ဖော်ပြ၍ မရနိုင်သော အေးစိမ့်မှုတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
“ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်”
“ကျူးရှန်းစည်းတံဆိပ်”
“ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်”
ကျန်းချန်က လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ် စွမ်းအားများကို အထွတ်အထိပ်အထိ လှုံ့ဆော်ကာ ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ်စည်းတံဆိပ်၏ ရှေးဟောင်း စည်းတံဆိပ်သုံးမျိုးသည် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး အသံလှိုင်းကနေ ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ် ဓားအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အခန်း(၂၁၇၈)ပြီး၏။