အခန်း (၂၁၇၉-၂၁၈၀)
Vol. 158 Ch. 2179-2180
အခန်း(၂၁၇၉)
ကျန်းချန်က လူသားဧကရာဇ်နန်းတော်၏ ရှေးဟောင်းစည်းတံဆိပ် သုံးမျိုးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ လက်ရှိ ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် ဤစည်းတံဆိပ်သုံးမျိုးကို ထုတ်ဖော်လိုက်ခြင်းသည် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူပင် ဒဏ်ရာအပြင်းအထန် ရရှိစေရန် လုံလောက်၏။
သို့သော်လည်း ဤမျှ အစွမ်းထက်သော တိုက်ခိုက်မှုသည် ဓားအလင်း၏ အလွယ်တကူ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
သူက ချက်ချင်းဆိုသလိုပင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ပြီး ဓားအလင်းနှင့် ထပ်မံရင်ဆိုင်လိုက်သည်။
သို့ရာတွင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအား ပုံရိပ်သည်လည်း ထိုဓားအလင်းကို အနိုင်မယူနိုင်ခဲ့ပေ။
ဓားအလင်းသည် လေထုထဲတွင် သုံးကြိမ်တိုင်တိုင် ဟန့်တားခံလိုက်ရပြီးနောက်တွင် လက်ကျန် စွမ်းအားများဖြင့် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
ကျန်းချန်က စိတ်ထဲတွင် အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး ရှေးဟောင်း ရွှေရောင်ဓားနှင့် သူ၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓား တို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းလိုက်ကာ ထိုဓားအလင်းကို ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..”
အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ကိန်းအောင်းနေသည့် ပြင်းထန်လှသော ဓားချက်သည် အဆုံးသတ်တွင် ဓားအလင်း၏ လက်ကျန်စွမ်းအားများကို လုံးဝ ချေမှုန်းပစ်နိုင်ခဲ့၏။
“နောက်ဆုံးတော့ ဟန့်တားနိုင်ခဲ့ပြီ”
ကျန်းချန်၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ဓားအလင်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
စန်းယိုနတ်ဘုရင်ကို အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ် အပ်နှင်းခဲ့ပြီး မျိုးစေ့အဖြစ် အသုံးချခဲ့သောသူသည် အမှန်တကယ်ပင် သာမန် မဟုတ်သော ကြောက်မက်ဖွယ် တည်ရှိမှုကြီး ဖြစ်သည်။
အစောပိုင်းတွင် သူက စန်းယိုနတ်ဘုရင်ကို ခပ်မြန်မြန် သတ်ပစ်လိုက်သဖြင့် ထိုလူ၏ စိတ်အာရုံသည် စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်ချိန် မရလိုက်ခြင်း ဖြစ်၏။
သို့သော်လည်း ထိုလူသည် သူ၏ အသံလှိုင်းစွမ်းအားများကို အဆုံးမဲ့နေရာလွတ်အား ဖြတ်ကျော်လာစေပြီး ဓားအလင်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို တိုက်ခိုက်ခဲ့သည်။
ကျန်းချန်က ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်ခဲ့၍သာ ထိုဓားအလင်းကို ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ အဆင့်မတက်မီက ဆိုလျှင် သူ့အနေဖြင့် ထိုဓားအလင်းကို လုံးဝ တားဆီးနိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူက အနက်ရောင်ဓားမြှောင်ဖြင့် စန်ယိုနတ်ဘုရင်ကို အချိန်မီ သတ်ပစ်နိုင်ခဲ့သည်။
သို့မဟုတ်ဘဲ အစောပိုင်းက လူသာ စန်းယိုနတ်ဘုရင်၏ ခန္ဓာကိုယ်ဆီသို့ ဆင်းသက်လာခဲ့ရင် အကျိုးဆက်မှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
“စီနီယာနန်းတော်ဝိညာဥ်.. ခုနက လူက ဘယ်လိုမျိုး တည်ရှိမှုလဲ”
ကျန်းချန်က ခေါင်းခါ ရမ်းလိုက်ပြီးနောက်တွင် ခါးသီးစွာ ပြုံး၍ မေးခွန်းထုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် သူတစ်ဦးကို ရန်စမိခဲ့ပြီဟု တွေးမိခဲ့သည်။
စီနီယာ နန်းတော်ဝိညာဥ်က လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်၏။
“သူက အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ရဲ့ စစ်မှန်တဲ့ အရှင်သခင်ပဲ.. အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို သူကိုယ်တိုင်ဖန်တီးခဲ့တာ ဖြစ်ဖို့ အရမ်းများတယ်”
“အင်မော်တယ် ကောင်းကင်နတ်ဘုရားကျင့်စဥ်ကို ဖန်တီးတဲ့သူလား”
ကျန်းချန်က ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
“စီနီယာနန်းတော်ဝိညာဥ်.. ဒီကျင့်စဥ်က နတ်ဘုရားနယ်မြေက ကျင့်စဥ် မဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာ ကျွန်တော်မှတ်မိသေးတယ်.. ဒါဆို ဒီကျင့်စဥ်ရဲ့အရှင်သခင်က နတ်ဘုရားနယ်မြေကလူ မဖြစ်နိုင်ဘူး မဟုတ်လား”
“ဒါတော့ ငါလည်း အတိအကျမသိဘူး.. အင်မော်တယ် ကောင်းကင် နတ်ဘုရားကျင့်စဥ်ကို ဖန်တီးခဲ့တဲ့သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်.. ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုက လူတွေတောင် အဲဒီလူရဲ့ အသေးစိတ်အချက်အလက်ကို လုံးဝ ရှာမတွေ့ခဲ့ဘူး"
"အရှင်းလင်းဆုံး ပြောရရင် အဲဒီလူက အံ့သြစရာကောင်းလောက်အောင် သန်မာလွန်းတယ်.. အဲဒီအချိန်တုန်းကလည်း အဲဒီလူရဲ့ စိတ်အာရုံက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီကို ရောက်လာခဲ့ဖူးတယ်.. ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုရဲ့ နတ်ဘုရင် နဝမအဆင့် ပုဂ္ဂိုလ်တောင် သူ့ကို ဘာမှ မတတ်နိုင်ခဲ့ဘူး”
စီနီယာနန်းတော်၏ ဝိညာဥ်၏ စကားများသည် အံ့ဩစရာကောင်းလောက်အောင် လေးနက်နေခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်ထဲတွင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
ထိုကျင့်ကြံသူသည် စိတ်အာရုံတစ်ခုတည်းဖြင့်ပင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူကို ဘာမှမတတ်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ယင်းမှာ မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော တည်ရှိမှု ဖြစ်ပါသနည်း။
သူ့ စိတ်ထင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ဖန်တီးခဲ့သူသည် အနည်းဆုံး နတ်ဘုရင်အဆင့် အထက်မှ အုပ်စိုးသူ နယ်ပယ်အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
“ကောင်လေး.. အဲဒီလူက အခုလောလောဆယ်မှာတော့ နတ်ဘုရားနယ်မြေမှာ မဟုတ်ဘူး.. ဒါကြောင့် လောလောဆယ်တော့ မင်းအနေနဲ့ ဘာမှ စိတ်ပူနေစရာမရှိဘူး”
စီနီယာနန်းတော်ဝိညာဥ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ပြောရရင် နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတွေတောင် အခုအချိန်မှာ နတ်ဘုရားနယ်မြေထဲမှာ မရှိလောက်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
“ဘာလို့မရှိတာလဲ စီနီယာနန်းတော်ဝိညာဥ်”
“ဒီအကြောင်းကို မင်း နောင်တစ်ချိန် သိလာပါလိမ့်မယ်.. ကောင်လေး.. မင်းရဲ့ လက်ရှိ စွမ်းရည်နဲ့ဆိုရင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဆီကို ပြန်သွားပြီး မဟာနဂါးကျောက်တိုင်ကို ယူလို့ရပြီ.. အဲဒီ မဟာနဂါးကျောက်တိုင်က မင်း စန်းယိုနတ်ဘုရင်ကို သတ်ဖို့ အသုံးပြုခဲ့တဲ့ အနက်ရောင်ဓားမြှောင်နဲ့ နေရာတစ်ခုတည်းကနေ လာတဲ့ပစ္စည်းပဲ.. ဒါ့အပြင် မဟာနဂါးကျောက်တိုင်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အမြဲတစေ လိုချင်ခဲ့တဲ့အရာလည်း ဖြစ်တယ်”
စီနီယာနန်းတော်ဝိညာဥ်က ကျန်းချန်ကို တိုက်တွန်းလိုက်သည်။
“မဟာနဂါးကျောက်တိုင်က ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု လိုချင်နေတဲ့ ပစ္စည်း ဖြစ်နေတာကိုး”
မဟာနဂါးကျောက်တိုင်သည် အနက်ရောင်ဓားမြှောင်နှင့် နေရာတစ်ခုတည်းကနေ လာသည်ဆိုလျှင် အလွန်အမင်း ထူးခြားမည်မှာ သေချာလှ၏။
ထို့ကြောင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက မဟာနဂါးကျောက်တိုင်ကို ရယူချင်နေသည်မှာ မဆန်းပေ။
ယခုဆိုလျှင် မဟာမြေရိုင်းနယ်မြေမှ ကိစ္စများသည် အားလုံးနီးပါး ပြီးပြတ်သွားပြီ ဖြစ်ရာ သူ့အနေဖြင့် နတ်ကုန်းမြေတိုက်သို့ အလောတကြီး ပြန်ရန် မလိုအပ်သေးပေ။
ထို့ကြောင့် ထာဝရဟင်းလင်းပြင်ထဲတွင် အတွေ့အကြုံများ ဆက်လက်ရှာဖွေရင်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဆီသို့ ပြန်သွားကာ မဟာနဂါးကျောက်တိုင်ကို ပြန်လည်ရယူရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ အတွေးများကို ဖယ်ထုတ်လိုက်ကာ သူ၏ လက်ထဲမှ အနက်ရောင်ဓားမြှောင်ကို ကြည့်လိုက်၏။
ဤမျှ သာမန် ဆန်လွန်းလှသော ဓားမြှောင်တစ်လက်သည် အင်မော်တယ် ခန္ဓာကိုယ်ကို နှိမ်နင်းနိုင်ရုံသာမက စန်းယိုနတ်ဘုရင်ကိုပါ အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့ကြောင့် သူတော်စင်နဂါးဘုရင်က ဤဓားမြှောင်နှင့် မဟာနဂါးကျောက်တိုင်ကို ရရှိခဲ့သောနေရာသည် အမှန်တကယ်ပင် သာမန် နေရာတစ်ခု မဟုတ်သည်မှာ သေချာသလောက်ပင်။
လေထုထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများသည် တကယ်တမ်းတွင် စက္ကန့်အနည်းငယ် အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
အောက်ဘက်မှ လူများ သတိပြန်ဝင်လာချိန်တွင် မည်သူမျှ သတ်၍မရဟု ထင်ထားသည့် စန်းယိုနတ်ဘုရင်သည်တစ်စုံတစ်ရာသော အကြောင်းကြောင့် ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်ကို တွေ့ရှိလိုက်ရသည်။
“သိပ်ကောင်းတယ်.. စန်းယိုနတ်ဘုရင် သေသွားခဲ့ပြီ"
"အားလုံးပဲ.. အစွမ်းကုန် ကြိုးစားအားထုတ်ပြီး စန်းယိုနတ်ဘုရားကျောင်းက လူတွေကို သတ်ကြစို့”
ဟန်ယွဲ့နန်းတော်ဘက်မှ လူများက ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြပြီး စန်းယိုနတ်ဘုရားကျောင်းမှ လူများကို သတ်ဖြတ်ရန် စိတ်အားတက်ကြွနေခဲ့ကြသည်။
“ငါတို့ရဲ့ခေါင်းဆောင် နတ်ဘုရင်ကြီး ကျဆုံးသွားခဲ့ပြီလား”
စန်းယိုနတ်ဘုရားကျောင်းမှ အစွမ်းထက် ကျင့်ကြံသူများစွာ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောင်အောင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ဟန်၏ သစ္စာဖောက်မှုကြောင့် အခြေအနေ ရှုပ်ထွေးနေသော စန်းယိုနတ်ဘုရားကျောင်းသည် စန်းယိုနတ်ဘုရင်ပါ ကျဆုံးသွားသည်ကို မြင်လိုက်ရလျှင် စိတ်ဓာတ်များ အလွန်အမင်း ကျဆင်းသွားခဲ့သည်။
လုံးဝမသေနိုင်ဟု သူတို့ ထင်မှတ်ခဲ့ကြသည့် စန်းယိုနတ်ဘုရင်သည် ယခုအခါတွင် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရွေးချယ်စရာမရှိ၍ စန်းယိုနတ်ဘုရားကျောင်းထံတွင် အညံ့ခံခဲ့ကြသည့် အင်အားစုတချို့သည် ယခုအချိန်တွင် ဟန်ယွဲ့နန်းတော်ဘက်ကနေ စန်းယိုနတ်ဘုရားကျောင်းကို ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
စန်းယိုနတ်ဘုရင် စန်းယိုနယ်မြေကနေ ခေါ်ဆောင်လာခဲ့သည့် ဖုတ်ကောင် သတ္တဝါများသည်သာလျှင် အသည်းအသန် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဖုတ်ကောင်သတ္တဝါများသည် ဟန်ယွဲ့နန်းတော်၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။
မကြာမီမှာပင် ဖုတ်ကောင် သတ္တဝါများကို ကျီဝူရွှယ်နှင့် အခြားသူများသည် အပြတ်ရှင်းပစ်လိုက်ကြသည်။
“နိုင်ပြီ.. ငါတို့ ဒီတိုက်ပွဲမှာ အနိုင်ရပြီ”
စန်းယိုနတ်ဘုရားကျောင်းကို အနိုင်ရပြီးနောက်တွင် မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများစွာသည် အိပ်မက်မက်နေသလိုမျိုး ခံစားချက်ကို ရရှိခဲ့ကြသည်။
ဤတစ်ကြိမ် မဟာမြေရိုင်းနယ်မြေ ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ် ကပ်ဘေးကြီးသည် ဤမျှလောက်အထိ အလွယ်တကူပင် ပြေလည်သွားခဲ့ပါသလော။
ရှင်းလင်းစွာဆိုရလျှင် အောင်ပွဲအတွက် သူတို့ထံတွင် မျှော်လင့်ချက် မရှိခဲ့ပေ။
တကယ်တမ်းတွင်လည်း စန်းယိုနတ်ဘုရားကျောင်းသည် မဟာမြေရိုင်းနတ်ဂိုဏ်းကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့သည့် အင်အားစု ဖြစ်ရာ သူတို့ ရင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။
ဤမတိုင်ခင်က သူတို့သည် စန်းယိုနတ်ဘုရားကျောင်း၏ ကျွန်ပြုခြင်းခံရမည်ကို မလိုလားသောကြောင့် သူသေကိုယ်သေ တိုက်ပွဲဝင်ရန် အတွက် ဟန်ယွဲ့နန်းတော်၏ ဆင့်ခေါ်မှုကို လက်ခံခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း မဟာမြေရိုင်း ပါရမီရှင် စာရင်းတွင် နံပါတ်တစ်နေရာ၌ ရှိခဲ့ဖူးသည့် ကျန်းချန်သည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်ကို ရောက်ရှိလာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ဆိုရလျှင် ယခင်မျိုးဆက် မဟာမြေရိုင်း နတ်ဘုရင်များပင် မသတ်ဖြတ်နိုင်ခဲ့သည့် စန်းယိုနတ်ဘုရင်ကိုပင် ကျန်းချန်သည် သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလော။
အခန်း(၂၁၇၉)ပြီး၏။
အခန်း(၂၁၈၀)
ကျန်းချန်က စန်းယိုနတ်ဘုရင်ကို သတ်ဖြတ်ခဲ့သည့် တိုက်ပွဲသည် ပရမ်းပတာဖြစ်နေသော မဟာမြေရိုင်းနယ်မြေကို လျင်မြန်စွာပင် ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ကျန်းချန်၏ တည်ရှိမှုကြောင့် မဟာမြေရိုင်းနယ်မြေရှိ အင်အားစု အားလုံးနီးပါးသည် ဟန်ယွဲ့နန်းတော်ကို ရိုသေလေးစားရမည့် အလားအလာများပင် ရှိလာခဲ့သည်။
ဆိုရလျှင် ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေ၏ နံပါတ်တစ် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။
ကျန်းချန်သည် ဟန်ယွဲ့နန်းတော်တွင် အချိန်အကြာကြီး မနေလိုခဲ့ပေ။
ယခုတစ်ခေါက် မဟာမြေရိုင်းနယ်မြေသို့ သူပြန်ရောက်လာရသည့် အဓိက အကြောင်းအရင်းမှာ သူ့အမေ၏ ဘေးကင်းမှုကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယခု စန်းယိုနတ်ဘုရင်ကို ဖြေရှင်းပြီးပြီ ဖြစ်ရာ မဟာမြေရိုင်းနယ်မြေတွင် ဆက်လက် နေထိုင်ရန်မှာ အဓိပ္ပါယ်မရှိတော့ပေ။
ဟန်ယွဲ့နန်းတော်တွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက်တွင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော် အတွက် နတ်ဘုရင် ပထမအဆင့်ကို ခုခံနိုင်သည့် အစီအရင်တစ်ခု တည်ဆောက်ပေးခဲ့သည်။
ထို့နောက်တွင် သူက ဖုတ်ကောင်ရွှယ်ဟန်ကို ဟန်ယွဲ့နန်းတော်တွင် ထားရစ်ခဲ့ပြီး သူ့အမေနှင့်အတူ မဟာမြေရိုင်းနယ်မြေကနေ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
သူတို့ သားအမိနှစ်ယောက်သည် ထာဝရဘုရားကျောင်း၏ အခြေစိုက်စခန်းကို ဖြတ်ကျော်ခဲ့ပြီး မဟာမြေရိုင်းနယ်မြေရှိ ထာဝရဘုရားကျောင်း ဌာနခွဲသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။
“ကျန်းချန်.. မင်းနဲ့မတွေ့ဖြစ်တာ နှစ်အနည်းငယ်လောက်ပဲ ရှိသေးပေမဲ့ မင်းရဲ့စွမ်းရည်က စန်းယိုနတ်ဘုရင်ကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်တဲ့အထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
သူ့ရှေ့မှ ကျန်းချန်ကိုကြည့်ရင်း ရှချန်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ရှချန်းသည် မဟာမြေရိုင်းနယ်မြေနှင့် ပတ်သက်သော သတင်းများကို ကြားသိခဲ့ရပြီးပြီ ဖြစ်၏။
ကျန်းချန်က တိုက်ပွဲအတွင်း စန်းယိုနတ်ဘုရင်ကိုသတ်ဖြတ်လိုက်သည်ဟု သိလိုက်ရသောအခါတွင် သူက အချိန်ခဏမျှ မှင်တက်သွားခဲ့သည်။
ကျန်းချန်၏ သိုင်းပညာပါရမီက ပြိုင်ဘက်ကင်းပြီး ထိုစဥ်က ထာဝရဘုရားကျောင်း၏ တောင်ဘက်ပင်မခန်းမတွင် ကျန်းချန်သည် ပါရမီရှင်အားလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။
သို့သော်လည်း ကျန်းချန် အနေဖြင့် နှစ်အနည်းငယ် အတွင်း စန်းယိုနတ်ဘုရင် ကဲ့သို့ နတ်ဘုရင်တစ်ပါးကိုပင် သတ်ဖြတ်နိုင်သည်အထိ တိုးတက်လာလိမ့်မည်ဟု ရှချန်း မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် ကျန်းချန် သတ်ဖြတ်လိုက်သော နတ်ဘုရင်သည် သတ်၍ မသေနိုင်ဟု ကျော်ကြားခဲ့သည့် စန်းယိုနတ်ဘုရင် ဖြစ်နေခဲ့သည်။
ကျန်းချန်၏ ဤမျှအထိ လျင်မြန်စွာ ကြီးထွားနှုန်းသည် အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလွန်းနေခဲ့သည်။
“ကံကောင်းသွားလို့ပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ရှချန်းကို မေးလိုက်သည်။
“ရှချန်း.. ကျန်းဝူကောင်းကင်နယ်မြေရဲ့ တောင်ဘက်မှာ ရှိတဲ့ ထာဝရဟင်းလင်းပြင်မှာ နယ်မြေတစ်ခုရှိတယ် မဟုတ်လား”
“ရှိတယ်”
ရှချန်းက အနည်းငယ် စဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
“အဲဒီနေရာက သွေးနတ်ဆိုးကောင်းကင်နယ်မြေရဲ့ ပိုင်နက်ပဲ”
“သွေးနတ်ဆိုး ကောင်းကင်နယ်မြေလား.. အဲဒီနေရာက ပျက်စီးနေတဲ့ နယ်မြေ တစ်ခု မဟုတ်ဘူးလား”
ရှချန်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူဆိုလိုသော နယ်မြေသည် တစ်ချိန်က မဟာနဂါးနန်းတော် ထိန်းချုပ်ခဲ့သည့် မဟာနဂါးကောင်းကင်နယ်မြေ ဖြစ်သောကြောင့်ပင်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ လက်ချက်ဖြင့် မဟာနဂါးနန်းတော် ဖျက်ဆီးခံရပြီးနောက်တွင် မဟာနဂါးကောင်းကင်နယ်မြေသည်လည်း ပြိုကွဲသွားခဲ့ပြီး အပျက်အစီးနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
သို့ဆိုလျှင် ထိုနယ်မြေသည် အဘယ်ကြောင့် သွေးနတ်ဆိုးကောင်းကင်နယ်မြေ ဖြစ်လာရပါသနည်း။
“မဟာနဂါးကောင်းကင်နယ်မြေ ပျက်စီးသွားတဲ့အချိန်ကစပြီး အဲဒီနေရာက အပျက်အစီးနယ်မြေတစ်ခု ဖြစ်လာခဲ့တာ အမှန်ပဲ”
ရှချန်းက အသေအချာရှင်းပြလိုက်သည်။
“ဒါပေမဲ့ ငါ တောင်ဘက်ပင်မခန်းမကနေ ပြန်လာတဲ့အချိန်မှာပဲ အဲဒီနယ်မြေမှာ သွေးနတ်ဆိုး နတ်ဘုရင် တစ်ပါး ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်.. အဲဒီ သွေးနတ်ဆိုးနတ်ဘုရင်က အဲဒီ နယ်မြေတစ်ခုလုံးကို အလျင်အမြန် စိုးမိုးခဲ့ပြီး သွေးနတ်ဆိုးကောင်းကင်နယ်မြေကို တည်ထောင်ခဲ့တယ်”
ထိုအချိန်တွင် ကျန်းချန်၏ မျက်နှာထက်၌ အံ့ဩသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ဒီသွေးနတ်ဆိုးနတ်ဘုရင်က ဘယ်ကနေ ဆင်းသက်လာတာများလဲ”
ကျန်းချန် သိထားသလောက် ဆိုလျှင် နတ်ကုန်းမြေတိုက်၏ ပြင်ပရှိ နယ်မြေများတွင် ကောင်းကင်ဥပဒေသများသည် အလွန်ပင် မပြည့်စုံလှသဖြင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာရန်မှာ မလွယ်ကူပေ။
ထို့အပြင် နတ်ကုန်းမြေတိုက်မှ နတ်ဘုရင်အဆင့် ကျင့်ကြံသူများတွင် သူတော်စင်နဂါးဘုရင် ကဲ့သို့ နတ်ကုန်းမြေတိုက်မှ မဖြစ်မနေ ထွက်ခွာရသူမှ လွဲလျှင် မည်သူကမှ နယ်မြေတစ်ခုတည်ထောင်ရန် အတွက်ဖြင့် ထာဝရဟင်းလင်းပြင်သို့ ထွက်လာရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ထာဝရဟင်းလင်းပြင်မှ နယ်မြေများသည် ကဏ္ဍပေါင်းစုံတွင် နတ်ကုန်းမြေတိုက်ထက် များစွာ နိမ့်ကျနေသောကြောင့်ပင်။
“သွေးနတ်ဆိုး ကောင်းကင်နယ်မြေမှာရှိတဲ့ ထာဝရဘုရားကျောင်း ဌာနခွဲ ခန်းမသခင်က ဒီကိစ္စကို ပြောပြခဲ့ဖူးတယ်.. မဟာနဂါးနန်းတော် အုပ်ချုပ်တဲ့ ခေတ်တုန်းက မဟာနဂါးကောင်းကင်နယ်မြေမှာ သွေးနတ်ဆိုးနန်းတော်လို့ ခေါ်တဲ့ ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားအင်အားစု တစ်ခု ရှိခဲ့ဖူးတယ်”
ရှချန်းက ပြုံး၍ ပြောလိုက်သည်။
“ခန်းမသခင်ရဲ့ ခန့်မှန်းချက်အရတော့ ဒီသွေးနတ်ဆိုးနတ်ဘုရင်က အဲဒီ သွေးနတ်ဆိုးနန်းတော်က ဖြစ်နိုင်ခြေ အရမ်းများတယ် ဆိုတာပဲ”
“လက်စသတ်တော့ သွေးနတ်ဆိုးနတ်ဘုရင်က မဟာနဂါးကောင်းကင်နယ်မြေမှာ တစ်ချိန်က ရှိခဲ့ဖူးတဲ့ သွေးနတ်ဆိုးနန်းတော်က ဖြစ်နေတာကိုး”
ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုသည် သူတော်စင်နဂါးဘုရင်ကို ရှာဖွေတွေ့ရှိပြီးနောက်တွင် မဟာနဂါး ကောင်းကင်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး မဟာနဂါး ကောင်းကင်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် မဟာနဂါး ကောင်းကင်နယ်မြေ တစ်ခုလုံးသည် လုံးဝကို ပျက်စီးသွားခဲ့ရ၏။
ထိုအချိန်က မဟာနဂါး ကောင်းကင်နယ်မြေရှိ အင်အားစုအားလုံးနီးပါးသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
ကျန်ရှိနေသော အင်အားစု အနည်းငယ်သည် သာမန် အင်အားစု တချို့သာ ဖြစ်ပြီး ထိုအင်အားစုများသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ကျန်းချန် ကြုံတွေ့ခဲ့ရသည့် နယ်မြေလေးခုမှ အင်အားစုများ ဖြစ်ကြသည်။
ထိုအင်အားစုများ ကဲ့သို့ပင် သွေးနတ်ဆိုးနန်းတော်သည် မဟာနဂါး ကောင်းကင်နယ်မြေ လက်ထက်ကတည်းကပင် အစဥ်အဆက် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်နိုင်ပါသလော။
အကယ်၍ သွေးနတ်ဆိုးနန်းတော်သာ ထိုခေတ်ကတည်းက အမှန်တကယ် အစဥ်အဆက် လက်ဆင့်ကမ်းလာခဲ့ပြီး ဤမျှအစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားသည် ဆိုလျှင် နှစ်ပေါင်းများစွာ ကြာသည်အထိ ပျောက်ကွယ်နေရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သွေးနတ်ဆိုးနန်းတော်သည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်နိုင်လောက်၏။
သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သော်လည်း မည်သည့် အင်အားစုကိုမှ မတွေ့ရှိခဲ့ရပေ။
သို့ရာတွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် အလွန်တရာ ကျယ်ဝန်းလှသည် ဖြစ်ရာ ကျန်းချန်၏ မူလစွမ်းရည်ဖြင့် ဆိုလျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ တစ်ခုလုံးကို အပြည့်အဝ စူးစမ်းရန်မှာ မလွယ်ကူပေ။
အနည်းဆုံးတော့ သူ၏ မှတ်ဥာဏ်ထဲတွင် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေနှင့် ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်တချို့ကို မှတ်မိနေခဲ့သည်။
ဆိုရလျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် သူသည် ကျွမ်းရှန့်ယန်ကို သတ်ဖြတ်ခဲ့ဖူး၏။
သို့သော်လည်း သူ၏ ဂရုမစိုက်မှုကြောင့် ကျွမ်းရှန့်ယန်၏ ဝိညာဥ်သည် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ကျွမ်းရှန့်ယန်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှ ထွက်လာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ ပြန်လည် ပုံဖော်နိုင်ခဲ့ရုံသာမက စွမ်းအားများသည်လည်း များစွာ မြင့်တက်လာခဲ့သည်။
ခန္ဓာကိုယ် တစ်ခုလုံးကနေလည်း အလွန်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
“ဘာပဲဖြစ်ဖြစ် သွေးနတ်ဆိုး ကောင်းကင်နယ်မြေကို အရင်သွားကြည့်ရမယ်”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သွေးနတ်ဆိုး နတ်ဘုရင်နှင့်ပတ်သက်၍ ဆက်လက် မစဥ်းစားတော့ပေ။
အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ကျွမ်းရှန့်ယန်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် ရှိနေနိုင်ခြေ ရှိပြီး အမွေအနှစ်နယ်မြေထဲမှ ဆန်းကြယ်သော တည်ရှိမှု တချို့နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်လောက်သည်။
သူ၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူနှင့် ကြုံတွေ့ရလျှင်ပင် အနိုင်ရရန် မခက်ခဲသည်ဖြစ်ရာ သွေးနတ်ဆိုး နတ်ဘုရင်လောက်ကို အလွန်အမင်း ဂရုစိုက်မနေခဲ့ပေ။
မည်သို့ပင် ဖြစ်စေကာမူ သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဆီသို့ နောက်တစ်ကြိမ် ထပ်မံ သွားရောက်ပြီး မဟာနဂါး ကျောက်တိုင်ကို ရယူရဦးမည် မဟုတ်ပါလော။
ရှချန်နှင့် ခဏမျှ စကားပြောပြီးနောက်တွင် ကျန်းချန်သည် သူ့အမေ ကျီဝူရွှယ်ကို ခေါ်ဆောင်ကာ ထာဝရဘုရားကျောင်း၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ တက်လိုက်သည်။
ထာဝရဘုရားကျောင်းတော်၏ အထွတ်အထိပ် ထာဝရတံဆိပ်ပြားကို ပိုင်ဆိုင်ထားသော ကျန်းချန်သည် ပင်မခန်းမ၏ အကြီးအကဲနှင့် တူညီသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ ထာဝရဘုရားကျောင်း၏ ဌာနခွဲ အားလုံးရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များကို အလိုရှိသလို အသုံးပြုနိုင်ခဲ့သည်။
ယင်းက ထာဝရဟင်းလင်းပြင်ထဲတွင် ခရီးသွားရန် သူ့အတွက် သိသိသာသာကို အဆင်ပြေစေခဲ့၏။
နှစ်ကြိမ် ဆက်တိုက် တည်နေရာ ရွှေ့ပြောင်းပြီးနောက်တွင် ကျန်းချန်တို့သားအမိသည် သွေးနတ်ဆိုး ကောင်းကင်နယ်မြေအတွင်း တည်ရှိသော ထာဝရဘုရားကျောင်း ဆီသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။
“အရှင်ကျန်းချန် ကြွလာတာက ကျွန်တော် လော့ရုံရဲ့ ခန်းမအတွက် ဂုဏ်ယူစရာပါပဲ”
သွေးနတ်ဆိုး ကောင်းကင်နယ်မြေ အတွင်းရှိ ထာဝရဘုရားကျောင်း၏ ဌာနခွဲခန်းမသခင် ဖြစ်သူ လော့ရုံသည် ကျန်းချန်ရောက်ရှိလာမှန်း သိလိုက်ရလျှင် ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့သည်။
လော့ရုံသည် တောင်ဘက်ပင်မခန်းမ၏ ထာဝရပွဲတော်တွင် ကျန်းချန်၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူလည်း ဖြစ်၏။
ကျန်းချန်သည် တောင်ဘက်ပင်မခန်းမရှိ ပါရမီရှင် အားလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီး အထွတ်အထိပ် ထာဝရတံဆိပ်ပြားကို ကိုင်ဆောင်ထား၍ လော့ရုံသည် သဘာဝကျစွာပင် အလွန်ယဥ်ကျေးစွာ ဆက်ဆံခဲ့သည်။
လောရုံက ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
“အရှင်ကျန်းချန်.. အခုတစ်ခေါက် သွေးနတ်ဆိုးကောင်းကင်နယ်မြေကို ကြွလာတာက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ အတွက်လား”
အခန်း(၂၁၈၀)ပြီး၏။